20308

ရုပ်နာမ်ကြောင်းကျိုး အနတ္တမျိုး တရားတော်

ဆောင်ပုဒ်။

မနံပဋိစ္စ၊ ဓမ္မေစ၊ မနဝိညာဏာ။

မနောအကြည်၊ အတည်တည်၊ ကြံစည်တွေးသိလာ။

မနောမှန်ကြုံ၊ ဓမ္မာရုံ၊ တွေ့ဆုံကြံသိကာ။

ကြောင်းကျိုးဆိုက်လျက်၊ ဖြစ်ပြီးပျက်၊ သက်သက်ငါးခန္ဓာ (ရုပ်နာမ်သာ)။

ငါ-သူတစ်ပါး၊ မဟုတ်ငြား၊ ပျက်ပြားအနတ္တာ။

ရုပ်နာမ်ဟူက၊ သဘာဝ၊ မုချအနတ္တာ။

သတိချပ်။

ဂုဏ်တော်စည်းချ၊ ရံတားကြ၊ လုံးဝ မသင့်မြတ်။

နှစ်ဆယ့်လေးပါး၊ ပစ္စည်းများ၊ ဦးဖျားရိုညွတ်အပ်။

ဘေးရန်ကင်းလို၊ များလူဗိုလ်၊ ကိုယ့်ကို တရားကပ်။

တရားကိုယ်တွင်၊ ကပ်လေလျှင်၊ ပုံသွင် စေတီမြတ်။

ရွတ်ဖတ်အောင်းမေ့၊ ကျင့်ထုတ်လေ့၊ မမေ့ပူဇော်အပ်။

အားထုတ်ပူဇော်၊ ကျင့်ပါသော်၊ ခေမော်နိဗ္ဗာန်ကပ်။

ဘေးရန်ခပ်သိမ်း၊ ကင်းကွာငြိမ်း၊ အောင်ကိန်းချမ်းသာမြတ်။

တရားသား။ ။

အနတ္တနှစ်မျိုး

ဒကာ-ဒကာမတွေ ဒီကနေ့ညမှာ မနေ့က အနတ္တတရားအဆက်ကိုပဲ ပြောရလိမ့်မယ်။ မနေ့က ပြောခဲ့တဲ့ အနတ္တနှစ်မျိုး၊ ခန္ဓာက ပုဂ္ဂိုလ်အကြိုက် မလိုက်တဲ့ အနတ္တက တစ်မျိုး၊ အကြောင်းတရားက အနတ္တမို့ အကျိုးတရားလည်း အနတ္တဖြစ်ရတယ်ဆိုတာကတစ်မျိုး၊ နှစ်မျိုးပြောခဲ့တယ်၊ ဒီနှစ်မျိုးလုံးဟာ သံယုတ်ပါဠိ တော်မှာ လာတယ်လို့ မှတ်တကြ၊ တို့ဒကာ ဒကာမတွေအတွက်တော့ ဒုတိယအချက်ဖြစ်တဲ့ အနတ္တကို သိကြရမယ်၊ ဒီ-အနတ္တက သူ့အရှင်သခင်က အနတ္တမို့၊ သူ့ကျွန်လည်း အနတ္တပဲလို့ မှတ်ကြ၊ ရှင်းကြပလား?။

ဒကာ-ဒကာမတွေ ဒီကနေ့ “ဥပရိ ပဏ္ဏာသ ပါဠိတော် ဆ,ဆက္ကသုတ်မှာ” လာတဲ့ အနတ္တသဘောကို ထည့် ပြောရမယ်၊ ဒီအနတ္တကို သိရမယ်လို့ မှတ်ကြ၊ ဒကာ-ဒကာမတွေမှာ ပူစရာ ပန်စရာရှိတဲ့ သားကိစ္စ၊ သမီးကိစ္စ၊ ပစ္စည်းကိစ္စ စတဲ့ ကိစ္စအထွေထွေဟာ တခြားအချိန်တွေမှာ မေ့နေပေမဲ့လည်း အိပ်ရာဝင်တော့ ပေါ်လာကြတယ်၊ အိပ်ရာဝင်ပြီး လှဲလိုက်တာနဲ့ ဒီကြံလုံး စည်လုံးတွေဟာ အလျှိုလျှို ပေါ်လာကြတော့တယ်၊ သား, သမီး, ပစ္စည်းအတွက် ကြောင့်ကြမှု ကြံလုံး, စည်လုံးကလေးတွေပဲ၊ သားအတွက် ကြံစည်လိုက်တော့ သားဆီကလာတာပဲ၊ သဘောပါပလား?။

ကြံစိတ်တွေးစိတ်

သားကြောင့်, သမီးကြောင့်, ပစ္စည်းကြောင့် ဒီကြံစိတ်တွေးစိတ်ကလေးတွေ ပေါ်ရတာ၊ သူတို့မရှိရင် မပေါ် ပါဘူး၊ ရှင်းပလား?။ ဒါကြောင့်ဒီကြံတွေးစိတ်ဟာ ဓမ္မာရုံကြောင့် ပေါ်တာပဲလို့ မှတ်ကြ၊ သားလည်း မြင်ရတာ မဟုတ်ပါဘူး၊ မဟုတ်ပေမဲ့ ဓမ္မာရုံကြောင့်သာ ပေါ်လာကြရတာ၊ ကြံစည်တဲ့သားအတွက် ကြံစိတ်ကလေးဟာ ဘာ့ကြောင့် ပေါ်လာရသလဲဆိုတော့… မနော အကြည်မှန်က သားဘက်လှည့်တော့ သားစိတ်ကလေး မှန်မှာပေါ်လာရတယ်၊ ဒီစိတ်ဟာ သားကြောင့်လည်းကောင်း၊ မှန်ကြောင့်လည်းကောင်း၊ ပေါ်လာရတယ်လို့ မှတ်ကြ။

ဥပမာဆိုရင် မှန်ရှေ့မှာ လူရပ်သလိုပါပဲတဲ့၊ မှန်ရှေ့မှာ လူက သွားပြီးရပ်လိုက်တော့ မှန်ထဲမှာ လူရိပ်ပေါ် လာတယ်၊ မရပ်ရင် မပေါ်ပါဘူး၊ မှန်ကလည်း ကြည်နေမှ လူကလည်း ရပ်ပါမှ အရိပ်ပေါ်တာ၊ ဒီအကြောင်းမညီရင် မပေါ်နိုင်ဘူး၊ ဒီအတိုင်းပါပဲ၊ ဒီသားစိတ်ကလေးဟာ သူ့အလိုလို ပေါ်လာတာ မဟုတ်ပါဘူး၊ မနောအကြည်ကြောင့် လည်းကောင်း၊ သားကြောင့်လည်းကောင်း၊ သားစိတ်ပေါ်ရတာလို့ မှတ်ကြ၊ ရှင်းပလား?။ ဒီအကြောင်းတွေ ညီညွတ် မှသာ ပေါ်နိုင်တာပါ၊ ဒါကြောင့် ဘုရားက…

”မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ”

”မနဉ္စ၊ မနောဓာတ် အကြည်ကိုလည်းကောင်း၊ ဓမ္မေစ၊ သား, စသော ဓမ္မာရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ၊ အစွဲပြု၍ မနောဝိညာဏံ၊ သား,အသိစိတ်ကလေးသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍လာရပေ၏လို့၊ ဟောတော် မူတတ်ဆိုတာ မှတ်ကြ၊ ရှင်းပလား?။

ဒီစိတ်ဟာ နဂိုက ရှိတာမဟုတ်ဘူး

ဒီတော့ ဒီစိတ်ဟာ နဂိုက ရှိတာမဟုတ်ဘူး၊ မှန်နဲ့ သားဘက်လှည့်လိုက်လို့သာ ပေါ်လာတာပဲ၊ သဘောပါ ပလား?။ ဒါကို ဒကာတို့တစ်တွေက “ငါကတော့ သူတို့အတွက် ကြံလိုက် စည်လိုက်ရတာ အမောပဲ”တဲ့၊ တို့ဒကာတွေ လုပ်ပုံ ဟုတ်ကြပါရဲ့လား?။ စိတ်က စိတ်ပဲ၊ ဒီထဲမှာ ငါမပါပါဘူး၊ ငါမဟုတ်ပါဘူး၊ ဒီစိတ်ကို ငါ-ထင်တာက ဒိဋ္ဌိပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?။ စိတ်ကလေး ငါ-လုပ်တော့ “ဝိညာဏံ အတ္တတော သမနုပဿတိ” ဝိညာဏ်စိတ်ကို ငါပဲလို့ ယူစွဲတယ်လို့ ဟောတော်မူတာပဲ။

ဒါကြောင့် တို့ဒကာ-ဒကာမတွေ ဒီစိတ်ကလေးကို ဒီစိတ်ကလေးအတိုင်းပဲထားကြပါ၊ ငါမတပ်ကြပါနဲ့၊ ငါနဲ့ မရောကြစေနဲ့လို့ သတိပေးလိုက်ပါတယ် စိတ်ကို ငါတပ်လိုက်တော့ ဒိဋ္ဌိအယူပဲ၊ တို့ဒကာတွေ ပြောတတ်ကြသေးတယ် “ငါ့သားအတွက် ငါ-ကြံစည်တယ်”တဲ့၊ အဲဒီအပြောဟာ အနတ္တပျောက်ပြီး အတ္တရောက်လာတာပဲ၊ အတ္တ ဒိဋ္ဌိဖြစ်ပြီး အရူးသန်တာပဲလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိပလား?။

ဧည့်သည်ကို ဧည့်သည်မှန်းသိကြပါ

ခန္ဓာမှာ ပေါ်လာတာက ဧည့်သည်။ ထင်တာက အိမ်သည် ထင်နေကြတာ၊ တို့ဒကာ-ဒကာမတွေ ဧည့်သည်ကို ဧည့်သည်မှန်းသိကြပါတော့လို့ ပြောလိုက်တယ်၊ ငါ-ထင်တဲ့ ဒီ-စိတ်ကလေးပျောက်သွားတော့ ငါသေပေါ့လို့ သိရင်လည်း အကောင်းသားပဲ၊ ဒီလိုလည်း မဟုတ်ကြဘူး၊ စိတ်ကလေးပျက်သွားတော့ ငါ-မပါဘူး ငါက ကျန်နေရစ်တယ်၊ တယ်လည်း ခက်တဲ့ ဒကာ-ဒကာမတွေပဲ၊ သဘောပါကြပလား?။ ဥပမာ လက်နှစ်ဖက်ထဲမှာ ဘယ်ဘက်ထဲမှာမှ အသံမရှိကြဘူး၊ ဒါပေမဲ့ လက်နှစ်ဖက်ကို ရိုက်လိုက်တော့ ဖျတ်,ဆိုတဲ့အသံပေါ်လာတယ်၊ ဒီဥပမာ အတိုင်းပဲလို့ မှတ်ကြ။

ဒကာ-ဒကာမတွေ သေသေချာချာစဉ်းစားကြည့်ကြ၊ ဖြစ်လာတာက ငါ-တဲ့၊ သေခါကျတော့ ငါ-ကျန်နေတယ် ဆိုရင် ဟုတ်နိုင်ပမလား? နေရာမကျပါဘူး၊ တို့ဒကာတွေ ယောင်ချက်ကဖြင့် အလွန်ပဲ သန်လှတယ်၊ ရိပ်မိကြပလား?။ ဘုရားက “မနောဝိညာဏံ အနတ္တာတဲ့၊ မနောအသိစိတ်ဟာ အနတ္တပဲ”လို့ ဟောတော်မူတယ်၊ ကျေနပ်ပလား?။

အနတ္တမို့ အနတ္တ ပြတာပဲ

”မနောဝိညာဏံ အတ္တာတိ ယော ဝဒေယျ တံ န ဥပ္ပဇ္ဇတိ၊ မနောဝိညာဏဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ မနောအသိစိတ်ကို အတ္တပဲလို့ တစ်ဦးဦးကဆိုခဲ့လျှင်၊ ဒီစကားဟာ… မသင့်မြတ် မမှန်ကန်ဘူး၊ မနော အသိစိတ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်းဟာ အလွန်ထင်ရှားပါတယ်” လို့ ဆိုလိုရင်းဖြစ်တယ်၊ တို့ဒကာတွေ ကျေနပ်ကြပလား?။ ဖြစ်တာလည်း ထင်ရှားတယ်၊ ပျက်တာလည်း ထင်ရှားတယ်ဆိုတော့ ဒီထဲမှာ ပုဂ္ဂိုလ်, သတ္တဝါ, ငါ-ဆိုတာ ပါနိုင်ပါဦးမလား? ဘာမှ မပါနိုင်ဘူး၊ အနတ္တမို့ အနတ္တ ပြတာပဲလို့ မှတ်ကြ၊ ရှင်းပလား?။

မနော အသိစိတ်ကလေးဟာ ဖြစ်ပြီး ဖျက်ဆီးသွားတဲ့ အနတ္တသဘောသာ ဧကန်ရှိတာပါ၊ ဖြစ်ပေါ်တာလည်း ငါ-မဟုတ်, ပျက်သွားတာလည်း ငါ-မဟုတ်၊ အတ္တ သဘောမပါတဲ့ အနတ္တသဘောသာ ဖြစ်တယ်လို့ သိကြရမယ်၊ ဘုရားက ဖြစ်ပေါ်တာလည်း အထင်အရှား ပျက်သွားတာလည်း အထင်အရှားပဲ၊ ဒါကြောင့် အနတ္တလို့ သိမြင်ကြရမယ်လို့ ဟောတယ်၊ သဘောပါကြပလား? ဒကာ-ဒကာမတွေ ဒီသဘော အမှန်အကန်သိပြီး မစွဲကြနဲ့တော့လို့ ပြောလိုက်တယ်၊ မနေနိုင် မထိုင်နိုင်လောက်အောင် ဖြစ်လို့ စွဲချင်ရင်ဖြင့် “ငါဟာဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်လို့”သာ ယူကြတော့လို့ သတိပေးလိုက်တယ်။

ခန္ဓာက ကိုယ့်ကို လိမ်နေတာ

ဒီစိတ်ကလေးဟာ အကြောင်းနှစ်ခုတိုက်တော့ ဖြစ်ပေါ်လာတယ်၊ သူ့အသက်တမ်းစေ့တော့ ချုပ်ပျောက်သွား တယ်၊ ခန္ဓာသဘောက ဖြစ်ပြီးပျက်စီးသွားတတ်တဲ့ အနတ္တ သဘောအမှန်ပဲ ရှိနေတာ၊ ဒါကို ဒကာတို့က ငါ-ထင်လိုက် တော့ ခန္ဓာအလိမ်ခံလိုက်ကြရတာပါပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?။ ခန္ဓာက ကိုယ့်ကို လိမ်နေတာ၊ ဒကာတို့က အမှန်သိပြီး ကိုယ့်ကိုယ်ကိုယ် ဖြေပစ်ကြ၊ အလိမ်ပြေအောင် ဖြေကြတော့လို့ တိုက်တွန်းလိုက်တယ်၊ ကိုယ်တိုင်ကမှ မဖြေရင် သူများဝင်ဖြေပေးဖို့ မလွယ်ဘူး၊ နောက်ကို အလိမ်မခံရအောင် ကြိုးစားကြလို့ သတိပေးလိုက်ပါတယ်။

မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်၊ ဧည့်သည်လာရင် လာမှန်းသိ၊ ဧည့်သည်သွားရင် သွားမှန်းသိကြ၊ ဧည့်သည်လာရင် လာတာပဲ၊ သွားရင်လည်း ဧည့်သည်သွားတာပဲလို့ ဉာဏ်နဲ့တွေးရှုကြ၊ ဉာဏ်နဲ့မြင်ဖို့ အရေးကြီးတယ်၊ ဉာဏ်နဲ့မြင်ရင် ဧည့်သည်မှန်း သိကြမယ်၊ သဘောပါပလား?။ ဘာစိတ်လာလာ ဖြစ်တာလည်းထင်ရှား ပျက်တာလည်း ထင်ရှားတာမို့ အနတ္တပဲဆိုတာ ဆုံးဖြတ်နိုင်ကြမယ်၊ ဒါကို အမှန်သိရရင် ဘာမှ မျက်ရည်ကျစရာ မရှိပါဘူး၊ ကျေနပ်ပလား?။

ကိုယ့်သန္တာန်မှာ ဘာစိတ်ပေါ်ပေါ် ဉာဏ်နဲ့မြင်အောင် ကြည့်

ဒကာ-ဒကာမတွေ ကြိုးစားကြ၊ ဉာဏ်နဲ့ ခန္ဓာကြည့်ကြ၊ ကိုယ့်သန္တာန်မှာ ဘာစိတ်ပေါ်ပေါ် ဉာဏ်နဲ့မြင်အောင် ကြည့်ပြီး ဖြစ်တာ ပျက်တာမြင်ရင် အနတ္တပဲလို့ ဆုံးဖြတ်ချက်ချ၊ အခုပေါ်လာတာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ ဒီစိတ်ကလေးဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တာပဲလို့ သိလိုက်ကြ ရိပ်မိပလား?။ သိအောင်စောင့်ပြီး ဉာဏ်နဲ့ ကြည့်ကြ၊ ဒီ ပထမနည်းနဲ့မှ မထင်,မမြင်သေးရင် ငါဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်လို့ ဒုတိယနည်းနဲ့ ထပ်ရှုကြ၊ နားလည်ကြပလား?။ နားလည်ရင် ကြိုးစားဖို့ပဲ။

ပထမနည်းနဲ့ ရှုလို့ အဲဒီလို ပထမအနတ္တဉာဏ် မပေါ်သေးရင် ဒုတိယ အနတ္တဉာဏ်နဲ့မြင်အောင်ရှုကြလို့ သတိပေးလိုက်တယ် ရှင်းကြပလား?။ မရှင်းသေးရင် ထပ်ပြောမယ်၊ ဒကာတို့ သန္တာန်မှာ စိတ်ကူးကလေးတစ်ခုပေါ်လာ မယ်၊ ပေါ်လာတဲ့အခါ “ဒီစိတ်ကူးကလေးဟာ စိတ်ကူးပြီး ပျက်စီးသွားတာပဲ” လို့ ရှုကြ၊ စိတ်ကူးလို့ ငါထင်လို့ ဒါနဲ့မှ မရရင် “ငါသည် ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်”လို့ ဒုတိယအချက်မှာ ပိုင်အောင်လုပ်ကြ၊ သဘောပါပလား?။ ဒကာတို့ သန္တာန်မှာ ဧည့်သည်တွေကတော့ မပြတ်တမ်း လာနေမှာပဲ၊ ပထမနည်းနဲ့ ဧည့်သည်လာလာ-သွားသွား အနတ္တပဲလို့ ရှုကြ၊ ဒါကိုမှ မမိရင် နောက်နည်းနဲ့ရှုကြ၊ ကျေနပ်ပလား?။

ငါ့စိတ်မစမ်းနဲ့တဲ့ ငါက စိတ်ကြီးတယ်တဲ့

ဒကာ-ဒကာမတွေပြောတတ်ကြတယ်၊ “ငါ့စိတ်မစမ်းနဲ့တဲ့ ငါက စိတ်ကြီးတယ်တဲ့၊ ငါ့စိတ်က မရဘူးတဲ့၊ အဲဒါ ဟာ စိတ်ကို ငါထင် ငါစွဲနေကြတယ်၊ ငါ့စွဲပြီး ငါလုပ်နေတာပဲ၊ တို့ဒကာတွေ ဘယ်လောက်ခက်သလဲဆိုတာ စဉ်းစားကြ၊ ပေါ်ကြပလား?။ အနတ္တ ဧည့်သည်ကို အတ္တအိမ်သည် ထင်ကြတာ ပြောင်းပြန်ထင်ကြတာပဲ၊ ပြောင်းပြန်ထင်တဲ့မြင်တဲ့ အမြင်ဟာ သွေးရိုးသားရိုးမှ ဟုတ်ကြရဲ့လား?လို့ မေးလိုက်တယ်၊ ဒါကို တည့်အောင် ဒုတိယနည်းနဲ့မှ မရသေးရင်ဖြင့် တတိယနည်းနဲ့ တတိယအချက်နဲ့မိအောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်၊ ကျေနပ်ပလား?။

တတိယနည်းပြောမယ်၊ ဒကာ-ဒကာမတွေ လေးလေးစားစားနဲ့ မှတ်လိုက်ကြ၊ ဒီက သား, ဒီဘက်က မှန် အကြည်- သားနဲ့ မှန်အကြည်နဲ့ တည့်တော့ သားအရိပ်ပေါ်တယ်၊ သားနဲ့ မှန်ရှိလို့ သားနဲ့မှန်ကြောင့် သားအရိပ်ပေါ် ရတာ၊ မှန်က ပူရေဇာတပစ္စည်း၊ သားက အာရမ္မဏပစ္စည်း၊ ဒီပစ္စည်းနှစ်ခု၊ ဒီအကြောင်းနှစ်ပါးက သားစိတ်ပေါ်အောင် နှစ်ခုညှပ်ပြီး ကျေးဇူးပြုတယ်၊ ဒီသားနဲ့ မှန်နှစ်ခုက အကြောင်း၊ စိတ်က အကျိုး၊ ဒီအကြောင်းနဲ့ အကျိုးပဲရှိတယ်၊ အကြောင်းအကျိုးအပြင် ပုဂ္ဂိုလ်, သတ္တဝါ, ငါ-မရှိပါဘူး၊ ပေါ်ပလား?။

အကြောင်းအကျိုး အဆက်ဆက် ကျေးဇူးပြုနေတာ

ခန္ဓာမှာ ဒီရုပ်, ဒီနာမ်, အကြောင်းအကျိုး အဆက်ဆက် ကျေးဇူးပြုနေတာ၊ ဖြစ်ပျက်တွေပဲရှိတာပါ၊ ဒီပြင် ဘာမှအပိုမပါဘူး၊ နှစ်ဆယ့်လေးပစ္စည်းဆိုင်ရာ အကြောင်းအကျိုး အဆက်ဆက် ကျေးဇူးပြုနေကြတာပဲ ရှိတယ်လို့ မှတ်လိုက်ကြ၊ သဘောပါပလား?။ ဒကာတို့တစ်တွေက ဒါကိုပဲ အန္တရာယ်ကင်းအောင်, ဘေးရှင်းအောင်ဆိုပြီး စည်းချ ကြ စည်းကာကြနဲ့ လုပ်နေကြတယ်၊ တော်ပါ့မလား၊ စည်းချ စည်းကာရမှာ မဟုတ်ဘူး၊ ထိပ်ပေါ်တင်ပြီး ကိုးကွယ်ရမှာ ပဲဆိုတာ မြဲမြဲမှတ်ကြ၊ ရိပ်မိကြပလား?။

ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ တက်တက်စင် လမ်းလွှဲနေကြတယ်၊ ထူးထူးခြားခြားပဲ သတိပေးလိုက်ပါတယ်၊ နှစ်ဆယ့်လေး, ပစ္စည်းတို့ ဂုဏ်တော်တို့ဆိုတာ တရားတော်တွေဖြစ်လို့ စည်းချရမှာမဟုတ်၊ ကိုးကွယ်ရမှာပဲလို့ မှတ်ကြ၊ အန္တရာယ်ကင်း ဘေးရှင်းချင်တာမှန်ရင်ဖြင့် မိမိကိုယ်ကို စေတီထိုက်အောင် လုပ်ကြရမယ်၊ ခန္ဓာစေတီထိုက်အောင် တရားတော် ခန္ဓာထဲ ကိန်းအောင်လုပ်ဖို့လိုတယ်၊ ကိန်းအောင်လုပ်ရမှာက ကိုယ်တိုင်တရားအားထုတ်ကြဖို့၊ ကိုယ်တိုင်က တရားကို ကျင့်ကြံအားထုတ်မှသာ စေတီထိုက်မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

စေတီထိုက်အောင် လုပ်ကြပါ

ဒါကြောင့် အန္တရာယ်ကင်းချင်ရင် စေတီထိုက်အောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်တယ်။ ဒါမှမဟုတ်လို့ ရွတ်ဖတ်သရဇ္ဈာယ်နေရင် အောက်မေ့နေရင်လည်း ဋ္ဌာပနာတရားတော်တွေဖြစ်မယ်၊ မြဲစွဲရင် အရိုးအသားတွေ စေတီ ဖြစ်သွားမယ်၊ ဒီနည်းမှသာ အမှန်တကယ် အကျိုးရကြမှာ၊ စည်ကားလို့ အန္တရာယ်မကင်းနိုင်ကြဘူးဆိုတာမှတ်ကြ၊ သဘောပါကြပလား?။ ပြင်ကြ ဆင်ကြတော့…၊ နောက်ကို အလွှဲမလုပ်မိကြစေနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ပြီး သင့်-မသင့် ဝေဖန်ကြည့်ကြ။

ခန္ဓာစေတီထိုက်ရင် အကျိုးအနန္တရကြမယ်၊ သူတစ်ပါး လုံ့လ ပယောဂ, လက်နက်နဲ့လည်း မသေကြရဘူး၊ ခုခေတ် အနေမှာ အန္တရာယ်တွေက အလွန်များပါဘိသနဲ့၊ ဘေးဆိုးကြောက်ကြရင် အန္တရာယ်အမျိုးမျိုးတွေက ကင်းချင် ကြတာ မှန်ရင်ဖြင့် ခန္ဓာစေတီထိုက်အောင် လုပ်ကြဖို့ပဲ။

ဒကာ-ဒကာမတွေ တကယ့်တကယ် အန္တရာယ်ကင်းဖို့ ဆိုတာကတော့ ဒီနည်းနဲ့ မလုံလောက်သေးပါဘူး၊ ဘုန်းကြီးတို့ ဒကာ=ဒကာမတွေက လူနတ်ခန္ဓာဆိုတဲ့ ခန္ဓာအမျိုးမျိုးကို မရရအောင် တောင်းယူလာခဲ့ကြပါ၊ ဥပမာဆိုရင် “ရေယူခဲ့ပါ”လို့ ဆိုတော့ ရေတွင်မက ရေခွက်ပါ ပါလာရသလိုပဲ၊ ဒကာတို့တစ်တွေက လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏ လို့ ဆိုတော့… လူသေ-နတ်သေ, သေရပါလို၏လို့ ဆိုသလိုပါပဲ၊ လူ့ခန္ဓာ-နတ်ခန္ဓာ စတဲ့ ခန္ဓာတောင်းယူတော့ အိုဘေး, နာဘေး, သေဘေး စတဲ့ ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုးတွေက ခန္ဓာနဲ့ ကပ်လျက် ချပ်လျက် ပါလာကြ တာပဲ၊ ရိပ်မိပလား?။

မရဏလက်နက်နဲ့ကတော့ မုချသေရမှာပဲ

ဒီတော့ ဒကာ-ဒကာမတွေမှာ သူတစ်ပါးလက်နက်နဲ့တော့ မသေ၊ ကိုယ်ယူလာတဲ့ ဇရာလက်နက်၊ ဗျာဓိ လက်နက်၊ မရဏလက်နက်နဲ့ကတော့ မုချသေရမှာပဲ၊ တားလို့မရ၊ ဆီးလို့မရ၊ ဘယ်သူမှ မတတ်နိုင်ကြတော့ဘူးလို့ မှတ်ကြ၊ သဘောပါပလား?။ အဲဒါ ကိုယ်တိုင်တောင်းယူလာကြတာမို့ပဲ၊ ကျေနပ်ပလား?။ ဒါ့ကြောင့် တကယ်တမ်း အန္တရာယ်ကင်း, ဘေးရှင်းချင်တာဖြင့် ဒီနည်းနဲ့တော့ မပြည့်စုံသေးဘူးလို့ ပြောလိုက်ပါတယ်၊ ပြည့်စုံတဲ့နည်းက ဘယ်နည်း လဲ? မဂ္ဂင်အကျင့် မဂ္ဂင်အလုပ် လုပ်ကြမှပဲလို့ ဆုံးဖြတ်ချက်ချ။

သူတစ်ပါးလက်နက်နဲ့ လုံ့လပယောဂနဲ့ မသေချင်ရင် ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာဂုဏ်တော် တွေ ဝမ်းထဲရောက်အောင်လုပ်၊ ကိုယ်တိုင်လုပ်တဲ့ ကိုယ့်ပယောဂနဲ့ ကိုယ့်အတွက်တော့ တာဝန်မခံနိုင်ဘူး၊ ဒီ-ပယောဂက ဒကာ-ဒကာမတွေ ကိုယ်တိုင်ယူလာကြတဲ့ ပယောဂဘဲ၊ ရိပ်မိပလား?။ “ယောဥပ္ပါဒံ ပတ္ထေတိ၊ သော ဒုက္ခံ ပတ္လေတိ နာမ”တဲ့၊ “အဖြစ်ကို တောင့်တ, ဒါဟာ ဒုက္ခ (ဆင်းရဲ)ကို တောင့်တ, ဒါပါပဲ”လို့ ဆိုလိုတယ်၊ ဒကာတို့တစ်တွေ အကောင်းထင်လို့ ယူလာကြတာ အကောင်းမပါဘဲ အလောင်းသာရကြဖို့ ရှိတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား?။

နိဗ္ဗာန်ရမှ လွတ်ကြမယ်

ဒကာ-ဒကာမတွေ ဒီဘေးရန်တွေ အန္တရာယ်တွေ အားလုံးက လွတ်ချင်ကြရင် ဘာလုပ်ရမလဲ?၊ နိဗ္ဗာန် ရအောင် လုပ်ကြ၊ နိဗ္ဗာန်ရမှ လွတ်ကြမယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ နိဗ္ဗာန်ဟာ ပယောဂမရှိ၊ ဘယ်သူမှလုပ်တာမဟုတ်ဘူး၊ ဒါကြောင့် ဘုရားက “အပစ္စယာ ဓမ္မာ”လို့ ဟောတော်မူထားတယ်၊ နိဗ္ဗာန်ရမှသာ ဒုက္ခအကုန်ငြိမ်းမှာ၊ နိဗ္ဗာန်ရအောင် ဘာလုပ်ရမလဲ?၊ မဂ္ဂင်အလုပ်နဲ့ အနတ္တဉာဏ်ရအောင် လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ ဒီနည်း ဒီလမ်း ဒီစခန်းကို လည်း ဘုရားပွင့်တော်မူလို့သာ ဟောနိုင်ပြောနိုင်တာ၊ ငါတို့အလွန် ကံကောင်းပါလားဆိုပြီး ကြိုးစားယူကြလို့ ပြောလိုက် ပါတယ်။

ဒကာ-ဒကာမတွေ သတ္တဝါတွေကို အလွန်သနားတော်မူလို့ ဖွင့်လာရတာ၊ ဘုရားက တို့ဒကာတွေ အိုဘေး, နာဘေး, သေဘေးက လွတ်စေချင်လို့ လွတ်အောင်လုပ်ပေးဖို့ ပွင့်လာရတာ၊ ရိပ်မိကြပလား?။ ဒီဘေးတွေ လွတ်အောင် လွတ်လမ်း-ကျွတ်လမ်း တရားတော်တွေကိုလည်း ဟောထားခဲ့တာပဲ၊ ဘုရားပွင့်တော်မူတာ ဘယ်သူ့အတွက်လဲ?၊ ဒကာ တို့အတွက် မဂ်တရား-ဖိုလ်တရား နိဗ္ဗာန်တရားတွေ ဟောခဲ့တာ ဘယ်သူ့အတွက်လဲ? ဒကာတို့အတွက် ဒါကို အမှန် အကန် သိပြီး ဘုန်းကြီးတို့ ဒကာ-ဒကာမတွေက ဘုရားပွင့်ရတာ၊ တရားဟောရတာ ငါတို့အတွက်ပါလားဆိုပြီး ဆုံး ဖြတ်ချက်ချ၊ ကြိုးစားလိုက်နာကြဖို့ပဲ။

ဘုရားအလိုတော်နဲ့ ကိုက်အောင်လုပ်ကြ

ဒကာတို့တစ်တွေက ဘုရားရှေ့သွားပြီး ဘုရားကျောပေးနေကြရင် တော်ပမလား?၊ မတော်ရင်ပြင်ကြတော့၊ ဘုရားအလိုတော်နဲ့ ကိုက်အောင်လုပ်ကြ၊ ရှင်းကြပလား?။ ဒကာ-ဒကာမတွေက ဘုရားရှေ့သွားပြီး ကျောပေးနေသလို ပါပဲ၊ “ဤ-ကောင်းမှုကြောင့် တပည့်တော်သည် လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ် ခံစား, စံစားရပါလို၏”တဲ့၊ ဒကာတို့ တစ်တွေ အဲဒီလိုလုပ်နေတာ သစ္စာမသိ၊ ကိုယ်သေဖို့ ကိုယ်လုပ်နေတာပါပဲလို့ မှတ်လိုက်ကြ၊ ကိုယ်လုပ်တာ ဘာလုပ်လို့ ဘာလုပ်မှန်း မသိနိုင်အောင် ဆိုးတဲ့အဖြစ်ဟာ တော်ပါ့မလား?၊ စဉ်းစား။

ဒါကြောင့် သစ္စာတရားကို သိအောင် လုပ်ကြမှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အခု မဂ်ရ ဖိုလ်ရဖြစ်အောင် လုပ် ကြပါလို့ တိုက်တွန်းလိုက်တယ်၊ မဂ်ဖိုလ်ရရင် မကောင်းဆိုးဝါးတွေ ပ,ပျောက်တယ် ဘေးအန္တရာယ်ဟူသမျှ ကင်းရှင်း ရတော့မယ်၊ ကံ-ဟူသမျှ အကုသိုလ်ကျွေးရှိသမျှ အဟောသိကံ ဖြစ်သွားမယ်လို့ မှတ်လိုက်ကြ၊ ကျေနပ်ပလား?။ ဒါကြောင့် အခု မဂ်ရ, ဖိုလ်ရ ဖြစ်အောင် အခုလုပ်ကြလို့ လေးလေးနက်နက် တိုက်တွန်းလိုက်တယ်၊ ဒီတော့… တို့ ဒကာတွေ အနတ္တဉာဏ်ရအောင် မိမိခန္ဓာကြည့်ပေးကြဖို့ပဲလို့ မှတ်ကြ။

တစ်နည်းနဲ့ မရရင် တစ်နည်းနဲ့ရစေတော့လို့

ဒကာ, ဒကာမတွေကို တစ်နည်းနဲ့ မရရင် တစ်နည်းနဲ့ရစေတော့လို့ ဧရာမ, မဟာကရုဏာတော်နဲ့ ဟောပြ ခဲ့တယ်၊ ဘုရားက မလျှော့ဘူး၊ ဒကာတို့တစ်တွေရဲ့ အဖြစ်ဆိုးမှန်သမျှ ဧကန်သိတော်မူလို့ သနားလို့သာ ကယ်ချွတ်တော် မူခဲ့တာပဲလို့ မှတ်ကြ၊ ဘုရားက ဒါနဲ့မှမရရင် ပြောပြဦးမယ်ဆိုပြီး ဆ,ဆက္ကသုတ်ကို ဟောခဲ့တာ အစောပိုင်းက ပြခဲ့တဲ့အဓိပ္ပာယ်ပဲ၊ “အသိစိတ်ကလေး ဖြစ်ပေါ်လာတာဟာ မနောအကြည်နဲ့ ဓမ္မာရုံဆိုတဲ့ အကြောင်းနှစ်ခုကြောင့်သာ ဖြစ်ပေါ်လာရတာပဲ၊ သူ့ကိုဖြစ်စေတဲ့ အကြောင်းနှစ်ခုဟာလည်း အနတ္တမို့၊ ဖြစ်လာတဲ့ အကျိုးစိတ်ကလေးဟာလည်း အနတ္တပဲ”လို့ ဟောတော်မူပါ၊ အနတ္တအမေက မွေးလို့ အနတ္တသားဖြစ်တာပဲတဲ့၊ ရှင်းပလား?။

နောက်ပြီး အနတ္တခြောက်မျိုး ပေါက်ပွားပုံကို ပြောပြတယ်၊ “တိဏ္ဏံသင်္ဂတိ ဖဿော” အဲဒီမှာဖြစ်လာတဲ့ ဖဿဟာလည်း အနတ္တက မွေးတာမို့ သူလည်း အနတ္တပဲတဲ့၊ ဖဿ, ပစ္စယာ, ဝေဒနာ အဲဒီဖဿကြောင့် ဖြစ်လာတဲ့ ဝေဒနာလည်း အနတ္တပါပဲတဲ့၊ ဝေဒနာပစ္စယာ, တဏှာ နောက် ဆက်ပြီး ဝေဒနာကြောင့် ဖြစ်လာတဲ့တဏှာလည်း မိဘရိုးရာအနတ္တ၊ အကြောင်းအဆက်ဆက် အနတ္တမို့ သူလည်း အနတ္တစင်စစ်ပဲလို့ ခြောက်ခုလုံး အနတ္တတွေသာ ဖြစ်တဲ့အကြောင်း “ဆ,ဆက္ကသုတ်”မှာ ဟောတော်မူတယ်။

အနတ္တ ၆-မျိုး ၆-မျိုး ထင်ရမြင်ရမယ်

ဆ,ဆက္ကဒေသနာမှာ တဒွါရ၊ တဒွါရမှာ အနတ္တ ၆-မျိုး ၆-မျိုး ထင်ရမြင်ရမယ်၊ ထင်မြင်အောင် ရှုရမယ်လို့ ဟောတယ်၊ ဒကာ-ဒကာမတွေ သဘောပါပလား?။ အဲဒီဒေသနာဟာ… သာမညများ မမှတ်ကြနဲ့၊ ဘုရားရှင်ကစပြီး အဆင့်ဆင့်ဟောပြရတဲ့ ဒေသနာတော်ဖြစ်တယ်၊ ဘုရားက ရှင်သာရိပုတ္တရာဟော၊ အရှင်သာရိပုတ္တရာက အရှင်မဟာ မောဂ္ဂလာန်ကိုဟော၊ အရှင်မောဂ္ဂလာန်က အသီတိသာဝက ရှစ်ကျိပ်ကိုဟော၊ အဲဒီလိုအဆင့်ဆင့်၊ ထပ်ခါထပ်ခါ ဟောပြတဲ့ ဒေသနာ၊ အလွန်ကျေးဇူးကြီးမား များပြားလှတဲ့ ဒေသနာတော်ပဲလို့ မှတ်ကြ၊ ကျေနပ်ပလား?။

ကိုင်း… ယနေ့ အချိန်စေ့သွားပြီ၊ နက်ဖြန်မှ ဆက်ကြစို့။

**********