ခန္ဓာငါးချက် ဉာဏ်ဖောက်ဖျက် တရားတော်။
ခန္ဓာငါးပါး
(၁) ရူပက္ခန္ဓာ ဖောက်ပြန်တတ်သော သဘောအစု ဖြစ်ပျက်မှု။
(၂) ဝေဒနာက္ခန္ဓာ ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု။
(၃) သညာက္ခန္ဓာ မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု။
(၄) သင်္ခါရက္ခန္ဓာ တိုက်တွန်းစီရင်တတ်သော သဘောအစု ဖြစ်ပျက်မှု။
(၅) ဝိညာဏက္ခန္ဓာ သိကြံတတ်သော သဘောအစု ဖြစ်ပျက်မှု။
ဆောင်ပုဒ်။
ခန္ဓာငါးဝ၊ ပရမတ္ထ၊ သဘာဝသက်သက်သာ။
သူ့သဘောမူ၊ သူဆောင်ယူ၊ ငါ,သူမဟုတ်ရှာ။
သူ့သဘာဝ၊ ဖြစ်ပျက်ကြ၊ အနတ္တစင်စစ်သာ။
ရုပ်သဘောမှန်၊ မြဲဖောက်ပြန်၊ ခဏံမစဲပါ။
ဆိုး, ကောင်း, သင့်များ၊ လှည့်ခံစား၊ သုံးပါးဝေဒနာ။
မှတ်သားခြင်းလျှင်၊ သညာပင်၊ မြဲဖြင်အနိစ္စာ။
သင်္ခါရမှန်၊ တိုက်တွန်းပြန်၊ စီမံပြုပြင်ကာ။
သိကြံသမျှ၊ ဝိညာဏ၊ ပျက်ရအနတ္တာ။
သတိချပ်။
ခန္ဓာငါးချက်၊ သံသာစက်၊ ဖြစ်ပျက်လှည့်လည်ကာ။
ဇရပ်ဝင်နား၊ ဧည့်သည်ငါး၊ တူငြားဥပမာ။
လာစဉ်မပြော၊ ထွက်မပြော၊ သူ့သဘောအတိုင်းသာ။
အကြောင်းတိုက်က၊ ပေါ်လာကြ၊ ခဏပျောက်ပျက်ရှာ။
မဆိုင်မိမိ၊ ဧည့်သည်သိ၊ မရှိနှစ်သာရာ။
ခန္ဓာသဘာဝ၊ မြင်သိက၊ အနတ္တပိုင်သည်သာ။
တောင့်တ,မဖြစ်၊ ယာယီစစ်၊ ဉာဏ်လှစ်ရှုကြည့်ရာ။
အနတ္တဉာဏ်မြင်၊ နိဗ္ဗူဝင်၊ ပပဉ်သေဆုံးကွာ။
တရားသား။ ။
တရားနာနေကြတာဟာ ခန္ဓာငါးပါး
ဒကာ-ဒကာမတွေ အခု တရားနာနေကြတာ ခန္ဓာငါးပါးနဲ့ နာနေကြတာပဲလို့ မှတ်ရမယ်၊ ဒီခန္ဓာငါးပါးကို မိမိခန္ဓာ, ကိုယ်ခန္ဓာလို့များ မမှတ်လိုက်ကြနဲ့၊ တရားနာနေကြတာဟာ ပရမတ်နယ်က ခန္ဓာငါးပါးပဲလို့ မှတ်ကြရမယ်၊ မည်သူ=မည်ဝါ၊ ငါပဲ- သူပဲလို့ မမှတ်လိုက်ကြနဲ့လို့ သတိပေးလိုက်ပါတယ်၊ သဘောပါ ကြပလား?။
သေတဲ့သူများကျတော့ ဝေဒနာစတဲ့ နာမ်ခန္ဓာလေးပါး ကမ္မဇစိတ္တဇရုပ်ခန္ဓာတွေ ချုပ်ပျောက်ပြီး ဥတုဇ ရုပ်ခန္ဓာတစ်ပါးသာ, ကျန်တဲ့အတွက် တရားမနာနိုင်ကြတော့ဘူး၊ တို့ဒကာ ဒကာမတွေ အခုအခါမှာ ခန္ဓာငါးပါးရှိကြ လို့၊ ခန္ဓာငါးခုစုံလို့သာ တရားနာနိုင်ကြတာလို့ မှတ်ကြ၊ အမှန်အစစ်က ဒကာတို့တစ်တွေမှာ ခန္ဓာငါးပါးသာရှိကြတာ၊ မောင်မဲ-မောင်ဖြူ ငါသူဆိုတာ မပါကြဘူး၊ ငါပဲ, သူပဲ, ယောက်ျားပဲ, မိန်းမပဲ နာမည်ပေးတာဟာ ခေါ်လွယ်အောင်လို့၊ ခန္ဓာငါးပါး နာမည်ပေးတာဟာလည်း ထင်လွယ်အောင်လို့ပဲဆိုတာ မှတ်ထားကြ၊ အမှန်အရှိ လိုရင်းက “သဘော သဘာဝ” မျှသာရှိတယ်လို့ မှတ်လိုက်ကြ၊ ရှင်းကြပလား?။
ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်လို့ ဆိုဆို၊ ခန္ဓာငါးပါးလို့ပဲ ဆိုဆို၊ ဘာဆိုဆို အမှန်အရှိက ပရမတ္ထ ရုပ်နာမ်မှာ သဘောမျှသာရှိတယ်၊ သဘာဝတရားသက်သက်မျှသာဖြစ်တယ် ဆိုတဲ့အချက်ကို လေးလေးနက်နက် မှတ်ထားကြ၊ သဘောပါကြပလား?။
ရူပက္ခန္ဓာ။ ။
ရုပ်ဆိုတာ ခဏခဏ ဖောက်ပြန်တဲ့သဘောမျှသာရှိတယ်၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီး ဖောက်ပြန် ပျက်စီးနေတဲ့သဘောပဲရှိတယ်၊ ပူတဲ့ရုပ်က အေး၊ အေးရုပ်က ပူ၊ လှုပ်ရှားရုပ်က ငြိမ်၊ ငြိမ်ရုပ်က လှုပ်၊ စသည်အားဖြင့် ခဏမစဲ မသဲသဲ ဖောက်ပြန်နေကြတာပဲ၊ နွေအခါ အိုက်တော့ ပူတော့ ယပ်ခတ်ကြတယ်၊ ယပ်ခတ်တဲ့လေနဲ့ တွေ့တော့ ပူရာက အေးသွားတဲ့သဘောပဲလို့ မှတ်ကြ၊ တစ်ခုပျက်ရင် တစ်ခုဖြစ်၊ တစ်ခုချုပ်ရင် တစ်ခုပေါ် ဒါပဲ၊ ဖောက်ပြန်ဆိုတာ ပင်ကိုယ်သဘာဝကို စွန့်သွားတာ၊ ပင်ကိုယ်သဘော စွန့်သွားတာဟာ ဖောက်ပြန် တာပဲလို့ မှတ်ထားကြ။
ရုပ်သဘာဝဟာ သူ့သဘော သူဆောင်နေတာပဲ၊ သူ့သဘောက ဖောက်ပြန်တတ်တဲ့သဘောပဲရှိတယ်၊ ဒီပြင် အပိုမပါဘူး အစိုးတရ ပုဂ္ဂိုလ်သတ္တဝါ ဘာတစ်ခုမှ မဟုတ်ဘူး၊ တားမရ ဆီးမရ ချုပ်ပျောက်သွားတဲ့ အနတ္တသဘောသာ အမှန်ဖြစ်တယ်။ ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်မပါတဲ့ အနတ္တသဘောပါပဲလို့ သိရင် တို့ဒကာတွေ တစ်ခါထဲ မဂ် ဆိုက်ပါတယ်၊ ဒီတော့-ဒီသဘောအမှန် အနတ္တဉာဏ်ရဖို့ အရေးကြီးတယ်၊ ဒါကြောင့် ဒကာတို့တစ်တွေက ဆရာသမား ခိုင်းတဲ့အတိုင်း လိုက်နာကြဖို့ပဲ လိုက်နာရင် ဘုရားပြောနဲ့ ခန္ဓာပြောက မဂ်ဆိုက်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ဝေဒနာက္ခန္ဓာ။ ။
ဝေဒနာဆိုတာ ခံစားတတ်တဲ့သဘောကို ဆိုတာပဲ၊ သူက ကောင်းတာလည်း ခံစားတယ်၊ မကောင်း တာလည်း ခံစားတယ်၊ အလယ်အလတ် အသင့်မှာလည်း ခံစားတတ်တယ်၊ ဒီလို ခံစားတတ်တဲ့သဘောကို ခေါ်တာ၊ ခံစားတာဟူသ၍ ဝေဒနာချည့်ပဲလို့ မှတ်ကြ၊ ဒီ-ကောင်း, မကောင်း အသင့်ဆိုတဲ့ သုံးမျိုးမှာ လှည့်ခံစားတယ်၊ ဒီသုံးခု တစ်မျိုးပြီးတစ်မျိုး လှည့်ပြီးဖြစ်ပျက်နေတာပဲ ရှိတယ်၊ ဖြစ်လာပြီး ပျက်သွားလိုက်၊ သူ့သဘောအတိုင်းဖြစ်၊ သူ့သဘော အတိုင်းပျက်တာပဲ ပေါ်ပါလို့ တောင်းလို့မရဘူး၊ မပျောက်ပါနဲ့လို့ တားလို့လည်း မရဘူး သဘောပါကြပလား?။
ဒီဝေဒနာဆိုတဲ့ ခံစားသဘောလေးဟာ ခန္ဓာမှာ အမြဲတမ်း ဖြစ်ပျက်နေတာပဲ၊ သုံးခုထဲက တစ်ခုခုတော့ အမြဲရှိပြီးနေတာပဲလို့ မှတ်ကြ၊ ဖြစ်လာလိုက်, ပျက်သွားလိုက်နဲ့ သူက သူ့သဘာဝကို ပြပြီးနေတာပါ၊ ကျုပ်ဟာ ဖြစ်ပြီး ပျက်နေတဲ့ အနတ္တသဘောပါ၊ ကျုပ်ကို အနတ္တလက္ခဏာရှုစမ်းပါ ပြောနေသလိုပါပဲ၊ အစိုးတရ အာဏာပြလို့ရတဲ့တရား မဟုတ်ပါဘူး၊ ရိပ်မိကြပလား?၊ တို့ဒကာ, ဒကာမတွေကသာ မသိကြ, မမြင်ကြ, သိအောင် မြင်အောင် မကြည့်ကြသေး လို့သာပါ။ ဒီသဘာဝအမှန် သိနိုင်အောင် ကြိုးစားကြလို့ ပြောလိုက်ပါတယ်။
သညာက္ခန္ဓာ။ ။
သညာဆိုတာ မှတ်သားတတ်တဲ့ သဘောပဲရှိတယ်လို့ မှတ်ကြ၊ သညာဆိုတာ အမှတ်သဘောပဲ၊
ဟိုလူ-မောင်ဖြူ၊ ဒီလူက-မောင်ညိုဆိုပြီး မှတ်သားတတ်တယ်၊ ယောက်ျားပဲ, မိန်းမပဲ, ငါပဲ, သူပဲ ဆိုပြီး အစဉ်အလာအတိုင်း မှတ်သားတတ်တယ်၊ ဒီလူက ဘယ်သူလဲ၊ ဘယ်သူတော့ မရောက်သေးဘူးနဲ့ ပြောကြ, ဆိုကြတာဟာ အမှတ်အသားထားပြီး ပြောဆိုနေကြတာပဲ၊ သညာနယ်ပယ်ဟာ အလွန်ကျယ်ဝန်းပါတယ်၊ ဒီသညာ ဖြစ်ချင်တော့ ဖြစ်စရာအာရုံနဲ့ တွေ့တွေ့ခြင်းဖြစ်လာတာပါပဲ၊ သူလည်း ဖြစ်ပြီးပျက်တော့တာပဲ။
ဒကာ, ဒကာမတွေ သဘောပါကြပလား? ဒီအမှတ်သဘောကလေးဟာ ပေါ်စရာအာရုံနဲ့ တိုက်ဆိုင်တဲ့အခါ ပေါ်လာပြီး ချက်ချင်းပျောက်သွားတာပဲ၊ ခေါ်လို့လာတာလည်း မဟုတ်, နှင်လို့သွားတာလည်း မဟုတ်ပါဘူး၊ သူူ့သဘာဝ အတိုင်း အနိစ္စမျိုးမို့ ပျက်စီးသွားရတာပါ၊ ရှင်းကြပလား?၊ သူ့သဘောအတိုင်း ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ နေတာပဲ၊ ဒါကို ဒကာ, ဒကာမတွေက ဉာဏ်နဲ့စောင့်ကြည့်နေရင် အမှန်ဖြစ်ပျက်နေတဲ့သဘော မပိုင်မဆိုင်တဲ့သဘော ကို တွေ့ရ,မြင်ရမယ်၊ ဒါကြောင့် ဒကာတို့တစ်တွေက ဒါကို အမှန်အကန် တွေ့ရမြင်ရအောင် ဉာဏ်နဲ့ စောင့်ကြည့် ကြလို့ တိုက်တွန်းလိုက်တယ်။
သင်္ခါရက္ခန္ဓာ။ ။
သင်္ခါရဆိုတာ တိုက်တွန်းသဘော, စီရင်တတ်တဲ့သဘောရှိတယ်လို့ မှတ်ကြ၊ ဥပမာ ထိုင်ချင်တယ်, စောင်းချင်တယ်, ရွှေ့ချင်တယ်, ပြောင်းချင်တယ်, ဆိုတဲ့သဘောတွေပဲ၊ ဒီသဘောတွေဟာလည်း သူ့သဘောအတိုင်း ဖြစ်ပေါ်လာလိုက် ပျက်သွားလိုက်နဲ့ မရပ်မနား ပျက်ပြားနေကြတဲ့သဘောတွေပဲလို့ မှတ်ကြ၊ သူလည်း ဇရပ်လာပြီး တည်းခိုတဲ့ ဧည့်သည်သဘော၊ ဧည့်သည် ဥပမာလိုပါပဲ၊ သဘောပါကြပလား?။
ဒီ-တိုက်တွန်းသဘော ပြုပြင်စီရင်တတ်တဲ့ သဘောဟာလည်း ကိုယ့်အလို တစ်ချက်မှ မလိုက်ပါဘူး၊ ကိုယ့် အကြိုက်လည်း တစ်ခုမှ မဆောင်ပါဘူး၊ ဒါကြောင့်, သူ့ကိုလည်း ကိုယ်ပိုင်ကိုယ်ဆိုင် မဟုတ်တဲ့သဘောသဘာဝပဲ၊ မပိုင်မဆိုင်တဲ့ အနတ္တပဲလို့ ဉာဏ်နဲ့မြင်အောင် ကြည့်ပေးရမယ်၊ ရိပ်မိကြပလား?။
ဝိညာဏက္ခန္ဓာ။ ။
ဝိညာဏ်ဆိုတာ သိတတ်တဲ့သဘောပါပဲ၊ အသိသဘော, သိလုံးကလေးကို ဝိညာဏ်လို့ ခေါ်တယ်လို့ မှတ်ကြ၊ ဘယ်သူ့ကိုသိတယ်၊ ဘယ်ဝါကို သိတယ်လို့ ပြောကြတာဟာ ဝိညာဏ်ခေါ်တဲ့ သိလုံးကလေး ပဲ၊ သူလည်း မမြဲပါဘူး၊ သိပြီး ပျက်သွား, သိပြီး ပျက်သွားနဲ့ ဒါလည်း မပိုင်မဆိုင်တဲ့သဘောရှိတယ်လို့ မှတ်ကြ၊ ဒါကို ဉာဏ်နဲ့ကြည့်မှသာ မြင်ရမယ်၊ ကြည့်ပေးဖို့က ဒကာတို့တာဝန်၊ အမှန်အကန်သဘာဝကို ပြမှာက ဓမ္မတာဝန်၊ ကြည့်ပေး မပိုင်ဆိုင်တဲ့ သဘာဝအမှန် မြင်ကြရမယ်၊ သဘောပါကြပလား?။
မပိုင် မဆိုင်တဲ့သဘောက အနတ္တ၊ သိတာက အနတ္တဉာဏ်ပဲလို့ မှတ်ကြ၊ အနတ္တရှိလို့ အနတ္တသိတာ အဟုတ် အမှန် သိတာဖြစ်လို့ ယထာဘူတဉာဏ်ရတာပဲလို့ ဆုံးဖြတ်ချက်ချ၊ ကျေနပ်ကြပလား?၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်, ငါးခုထဲက ကြည့်ချင်တာကြည့်၊ တစ်ခုကြည့်ရင် ပြီးပါတယ်၊ ဉာဏ်နဲ့ကြည့်ရင် အမှန်မြင်ရမယ်၊ ဖြစ်ပြီး ပျောက်သွားတဲ့သဘောရှိတာမို့ ဖြစ်ပြီး ပျောက်သွားတာပဲ မြင်ရမယ်၊ ရှင်းကြပလား?။
ဆောင်ပုဒ်။ ။ ဖောက်ပြန် ခံစား၊ မှတ်သား ပြုပြင်၊ သိဝိညာဉ်၊ ငါးအင် ခန္ဓာမှတ်။
ဇရပ်မှာ ဝင်တည်းတဲ့ ဧည့်သည်ငါးယောက်
ဒီခန္ဓာငါးပါးသဘော ဆောင်ပုဒ်ကလေးလည်း ရအောင်ကျက်ထားကြ၊ ခန္ဓာငါးပါးရဲ့သဘောက သူ့ဟာသူ ဖောက်ပြန်၊ သူ့ဟာသူ ခံစား၊ သူ့ဟာသူ မှတ်သား၊ သူ့ဟာသူ စေ့ဆော်တိုက်တွန်း၊ သူ့ဟာသူ သိပြီး၊ ဖောက်ပြန်ပျက်စီး သွားကြတာပဲရှိတယ်၊ ဥပမာအားဖြင့် ဇရပ်မှာ ဝင်တည်းတဲ့ ဧည့်သည်ငါးယောက်နဲ့ တူတယ်လို့ မှတ်ကြ၊ လမ်းဘေးဇရပ် တစ်ဆောင်မှာ ကိုယ့်ကိစ္စနဲ့ ကိုယ်အရေးကြုံလို့ ခရီးသွားရင်း ဝင်ပြီးနားနေ တည်းခိုကြတယ်၊ အဲဒီဧည့်သည်ငါးယောက် ဟာ ဝင်လာတည်းခိုတုန်းကလည်း ဘယ်သူ့ကိုမှ ဘာစကားကိုမှ မပြောမဆိုဘဲ ဝင်လာတည်းခိုကြတယ်၊ အချိန်တန်လို့ ထွက်ခွါသွားကြတော့လည်း မပြောမဆိုဘဲ ကိုယ့်သဘောနဲ့ကိုယ်ပဲ ထွက်ခွါသွားကြတာပါပဲ။
ဒီဥပမာအတူပဲ ဧည့်သည်ခန္ဓာငါးပါးဟာလည်း ဒကာတို့ခန္ဓာမှာ လာတုန်းကလည်း မပြောကြဘူး၊ သူ့သဘော အတိုင်း လာကြပြီး သွားတော့လည်း မပြောကြပါဘူး၊ သူ့သဘောအတိုင်း သူဖြစ်ပြီး ပျက်နေကြတယ်လို့ သိကြရမယ်၊ အကြောင်းတိုက်ဆိုင်တော့ ပေါ်လာကြ၊ အကြောင်းကုန်တော့ ပျောက်ပျက်ကုန်ကြ၊ အဲဒီလို သူ့သဘာဝ ဓမ္မတာ လမ်းစဉ်အတိုင်း ဆောင်ရွက်နေကြတာပဲရှိတယ်၊ ဒီသဘောအမှန်ကို ဒကာ, ဒကာမတွေ ကိုယ်တိုင် ဒိဋ္ဌိမြင်အောင် ကြိုးပမ်းကြ၊ ဒီလိုမြင်ရင် ဒီတရားတွေဟာ ကိုယ်နဲ့မဆိုင်ဘဲ အနတ္တတွေပဲလို့ ဆုံးဖြတ်ချက် ချနိုင်မယ်၊ ရှင်းကြပလား?။
အနတ္တဉာဏ် ကိုယ်ပိုင်ရရင်
ဒကာ, ဒကာမတွေ ဒီအနတ္တဉာဏ် ကိုယ်ပိုင်ရရင် ခန္ဓာနဲ့ မိမိ မဆိုင်မှန်း မပိုင်မှန်းသိကြမယ်၊ မဆိုင်မှန်းသိရင် မဆိုင်သလိုနေလိုက်ရုံပဲ၊ ဒီလိုနေလိုက်ရင် မလှုပ်တော့ဘူး၊ ငြိမ်သွားပြီလို့ မှတ်ကြ၊ တို့ဒကာတွေက ဒီသဘော အမှန် အကန် မသိကြတော့ “လှံဖျားပဇင်းနားတာနဲ့၊ ကျီးကန်းက ချေးပါဆိုသလို” ရုပ်,နာမ်ခန္ဓာက သူ့သဘောအတိုင်း ဖောက်ပြန်လိုက်တော့ ချေးပါနေကြတယ်၊ ရိပ်မိကြပလားရှိ၊ ခန္ဓာငါးပါးက သူ့သဘောအတိုင်း သူဖြစ်ပျက်နေကြတာပဲ၊ ဒကာတို့တစ်တွေက ချေးပါနေဖို့ မလိုပါဘူး၊ သဘောပါကြပလား?။
အခုအချိန်ကစပြီး တို့ဒကာတွေ သိကြ, မြင်ကြတော့လို့ သတိပေးလိုက်ပါတယ်၊ ဒီခန္ဓာငါးပါးဖြစ်တာ ပျက်တာ ဖောက်ပြန်တာမြင်ရင် ဧည့်သည်တစ်ယောက် ထွက်သွားလို့ တစ်ယောက်ဝင်လာတာပဲလို့ အောင်းမေ့ပြီးနေကြ၊ သဘော ပါကြပလား?၊ ဧည့်သည်ဟာ ဧည့်သည်ပဲ၊ ကိုယ်နဲ့ ဘာမှဆိုင်တာ မဟုတ်ပါဘူး၊ တို့ဒကာတွေက ကိုယ်ဆိုင်ချင်လို့ ဆိုင်နေကြတာ၊ မဆိုင်တာ မဆိုင်မှန်းသိအောင် ကြိုးစားကြ မဆိုင်မှန်း, မပိုင်မှန်း ဧကန်သိလာတော့ ခန္ဓာပေါ်မှာ တဏှာဒိဋ္ဌိနဲ့ မမှီတော့ဘူး မမှီတော့ ခန္ဓာဘာဖြစ်ဖြစ် မလှုပ်တော့ဘူး မလှုပ်ရင် ငြိမ်းတာပါပဲ ကျေနပ်ကြပလား?။
ဧည့်သည်သဘော မြင်အောင်ကြည့်ကြ
ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ ဧည့်သည်သဘော မြင်အောင်ကြည့်ကြဖို့ အထူးတိုက်တွန်းလိုက်ပါတယ်၊ ဒီခန္ဓာငါးပါးဟာ ဖြစ်လာလိုက်, ပျက်သွားလိုက်နဲ့ ဉာဏ်နဲ့စောင့်ကြည့်ရင် ဧည့်သည်သဘောနေပြီး ဧည့်သည်သေ သေသွားကြတာပဲလို့ မြင်လာမယ် မြင်လာရင် ကိုယ့်ခန္ဓာလို့ မဆိုနဲ့တော့ ဧည့်သည်ခန္ဓာလို့ ဆိုကြ၊ ဒါကြောင့် ဒကာ, ဒကာမတွေ ခန္ဓာပေါ်မှာ ဧည့်သည်အမြင်မျိုးမြင်အောင် ဧည့်သည်အကြည့် အမြင်မျိုးနဲ့ ကြည်ပေးကြ၊ အိမ်သည်အနေနဲ့ မကြည့်ကြနဲ့ သဘောပါကြပလား? ခန္ဓာငါးပါးဟာ အမှန် သဘာဝက ဧည့်သည်တရားတွေပါ ရှင်းပလား?။
ခန္ဓာငါးပါးကို ဧည့်သည်သဘောသိသွားရင် မလှုပ်တော့ဘူး မလှုပ်ရင် ငြိမ်းတာပဲဆိုတာ ရိပ်မိကြပြီ ရိပ်မိ ကြရင် ဒီကရှေ့ခန္ဓာငါးပါးကို အတွင်းလူ အတွင်းသားအဖြစ် မထားကြနဲ့ မကြည့်ကြနဲ့ ဧည့်သည်မို့ ဧည့်သည်သဘောပဲ ထားကြ ဉာဏ်နဲ့မြင်အောင်ကြည့်ကြ ရှင်းကြပလား? ခန္ဓာငါးပါးကို ခိုင်ပါစေ မြဲပါစေ မဖောက်ပြန်ပါစေနဲ့လို့ ဆုတောင်း လို့ မရဘူး၊ ဆုတောင်းလို့ မပြည့်တဲ့တရားပဲလို့ သိကြ၊ ပင်ကိုယ်က မခိုင်မမြဲတဲ့တရား, အနှစ်သာရ လုံးဝမရှိတဲ့တရား ဟာ ခန္ဓာငါးပါးပဲလို့ မြင်ကြ၊ ဒီလိုမြင်မှ အေးငြိမ်းချမ်းသာမှု ဧကန်ရကြမယ်၊ ဒါ မမြင်နိုင်သမျှ အပူလက်စ ဘယ်တော့မှ မသိမ်းတော့ဘူးလို့ မှတ်လိုက်ကြ၊ သဘောပါကြပလား?။
တဏှာ, မာန, ဒိဋ္ဌိသေတယ်
ဒီခန္ဓာငါးပါးကို ဧည့်သည်အဖြစ် ဧည့်သည်အမြင်နဲ့ မြင်တော့ တဏှာ, မာန, ဒိဋ္ဌိသေတယ်၊ တဏှာ, မာန, ဒိဋ္ဌိ သေတော့ နောက်က ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, ဆိုတဲ့ ဒုက္ခအစုတွေပါ သေကုန်တော့တယ်၊ ဒီတရားဆိုးတွေ ဖြစ်ခွင့်မရဘဲ ချုပ်ပျောက်ကုန်ကြတယ်၊ ဒီတရားဆိုးတွေ သေတော့ သံသရာစက် ပြတ်တယ်လို့ မှတ်ကြ ရှင်းကြပလား?၊ ဒီတော့, ဒီတရားဟာ သံသရာစက်ပြတ်တဲ့တရားပဲလို့ ဆုံးဖြတ်ချက် ချ၊ ကျေနပ်ကြပလား?။
ဒကာ, ဒကာမတွေ “ဂတိငါးပါး” နားလည်ကြတယ်၊ ဂတိငါးပါးက “ဒေဝမနုဿ, နိရိယ၊ ပေတ, တိရစ္ဆာ,၊ လားရာဂတိ၊ ငါးပါးရှိ၊ မှတ်သိလူဗိုလ်ပ၊” ဆိုတဲ့အတိုင်း နတ်ရွာ, လူရွာ, ငရဲရွာ, ပြိတ္တာ, တိရစ္ဆာန် ဆိုတဲ့ ငါးမျိုးပဲဆိုတာ သိကြတယ်၊ ဒီတော့ ဒကာ, ဒကာမတွေကို မေးတယ် ဆိုပါတော့ ခန္ဓာငါးပါးရဲ့ လားရာ ရောက်ရာ ဂတိက ဘာပါလဲ? လို့ မေးတဲ့အခါ ဒကာတို့တစ်တွေက ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တဝါအဖြစ်နဲ့ ပြောကြမယ် ငါ, သူတစ်ပါး, ယောက်ျား, မိန်းမအမှတ်နဲ့ ပြောကြမယ် ဘယ်ဂတိပဲနဲ့ ပြောကြမယ် ရိပ်မိကြပလား?။
ဖြစ်ပေါ်ပြီး ပျောက်သွားတာ ဟာ သူတို့ ဂတိပါပဲ
ဒီလိုပြောတော့ အမှန်ကျပါ့မလား? မကျပါဘူး၊ “ဝိဘဝေါဂတိဓမ္မာနံ”လို့ ဆိုတဲ့အတိုင်း ဘုရားအလိုတော်နဲ့ဖြင့် ဖီလာကျမှာပဲလို့ မှတ်ကြ၊ အဓိပ္ပာယ်က ဒီခန္ဓာငါးပါးရဲ့ဂတိဟာ ဖြစ်ပြီးပျက်သွားတာပဲတဲ့၊ ဖြစ်ပေါ်ပြီး ပျောက်သွားတာ ဟာ သူတို့ ဂတိပါပဲလို့ ဆိုလိုတယ်၊ သဘောပါပလား?၊ ရုပ်ဓမ္မ, နာမ်ဓမ္မတို့ရဲ့ ဂတိဟာ ဝိဘဝေါ, ဂတိပဲတဲ့၊ ဝိဘဝေါ, ဂတိဆိုတာ ဖြစ်ပြီးပျက်သွားတာကိုဆိုတာ၊ ဒီနေရာမှာ “မရှိတာ”ဖြစ်ပြီး မရှိတာဟာ သူ့ဂတိပဲလို့ မှတ်လိုက်ကြ၊ ရှင်း ကြပလား?။
ဒီတော့ ဒကာ, ဒကာမတွေ အထူးမှတ်သားဖို့က ဒီဂတိကိုပိုင်ရင် အနတ္တကိုပိုင်ပြီ၊ ဒီဂတိ မပိုင်ရင် အနတ္တ မပိုင်သေးဘူး၊ အနတ္တဉာဏ် မရသေးဘူးလို့ ဆိုတဲ့အချက်ပဲ၊ သဘောပါကြပလား?၊ သူ့လားရာဂတိပိုင်ရင် အနတ္တပိုင် တယ်၊ ပိုင်ဖို့ဆိုတာက ဒီနေရာမှာပေါ်ပြီး ဒီနေရာမှာ ပျောက်သွားတာကို ဝိဘဝေါဂတိဖြစ်တဲ့နေရာမှာ လားရာဂတိ ရှိတယ်လို့ သိကြဖို့ပဲ၊ သူ့လားရာဂတိကို သိတော့ ကြောင့်ကြမှု, တောင့်တမှု မရှိတော့ဘူး၊ ဒီသဘောဟာ ခန္ဓာ့ထုံးစံ သူ့ထုံးစံပဲလို့ သိသွားပြီ၊ ထုံးစံသိတဲ့ဉာဏ်ဟာ အနတ္တဉာဏ်ပဲ၊ ထုံးစံပျက်တာက အတ္တပဲလို့ မှတ်ကြ ရှင်းကြပလား?။
ခန္ဓာ့ထုံးစံ အမှန်သိတော့ ခန္ဓာက ဖောက်ပြန်တဲ့အခါ ဪ… သူ့သဘော သူဆောင်ရွက်နေတာပဲ၊ သူ့ထုံးစံ သူလုပ်နေတာကိုး၊ ဒါဟာ သူ့ထုံးစံပေပဲလို့ ဆုံးဖြတ်နိုင်တော့တယ်၊ သူ့သဘောသိရင် အနတ္တပိုင်တယ်၊ သူ့ သဘောမသိရင် အတ္တပဲလို့ မှတ်ကြ၊ သူ့သဘောမသိတော့ ကိုယ်ပိုင်, ကိုယ်ဆိုင်မှတ်ပြီး အတ္တလုပ်နေကြတယ်၊ လုပ်လို့ မရတော့ ဒုက္ခနဲ့ အိုးစားမကွဲတော့ဘူး၊ ရိပ်မိပလား?၊ အမှန်တော့ သူတို့ မွေးရာဇာတိ၊ လားရာဂတိကို မသိကြလို့- ငါပဲ, ကိုယ်ပဲ, မှတ်ထင်နေကြတာပါ၊ သဘောပါကြပလား?။
ဉာဏ်နဲ့ အသေအချာကြည့်ကြ
ဒကာ, ဒကာမတွေ ဉာဏ်နဲ့ အသေအချာကြည့်ကြ၊ အဆင်းနဲ့တွေ့တဲ့အခါ မျက်လုံးစိတ်ကလေးပေါ်မယ်၊ ပေါ်ပြီး မျက်လုံးစိတ်ဟာ မျက်လုံးထဲမှာပဲ လားရာဂတိ ရှိတာပဲဆိုတာ သိကြမယ်၊ နားစိတ်လည်း နားထဲမှာပဲ လားရာ ဂတိရှိတာပဲ၊ ကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့စိတ်ကလေးဟာလည်း ဒီအတိုင်းပါပဲ၊ သူ့ဖြစ်ပေါ်တဲ့နေရာဟာ လားရာဂတိပဲ၊ သဘောပါကြပလား?၊ ဒီသဘောကိုသိပြီး တို့ဒကာ, ဒကာမတွေ သူ့သဘောအတိုင်း ဧည့်သည်နေ, နေပြီး ဧည့်သည်သေ, သေသွားတာကို ရင်မ, မနေကြနဲ့၊ ရိပ်မိကြပလား?၊ ဒီလိုဖြစ်တာ သူ့သဘော, သူ့ထုံးစံပဲလို့ ဉာဏ်နဲ့ကြည့်လိုက်ကြ။
ဒကာ, ဒကာမတွေ လေးလေးစားစား မှတ်ထားပါ၊ ထုံးစံအတိုင်းနေရင်, အနတ္တ၊ ထုံးစံ ဖျက်ရင်ဖြင့် အတ္တ, ရမယ်လို့ ခန္ဓာက ဖောက်ပြန်တိုင်း- ဖောက်ပြန်တိုင်း ဪ… သူတို့ရဲ့ ထုံးစံပဲကိုးလို့ အောက်မေ့ကြ၊ ထုံးစံသိရင် အနတ္တမြင်မယ်၊ အနတ္တ မြင်ရင် ပပဉ္စသေတယ်၊ ရှင်းကြပလား?၊ ဒီသဘောကို ဉာဏ်နဲ့ မကြည့်မိရင် ကောင်းတာနဲ့တွေ့ တော့ ကျုပ်ကောင်းတာပဲဆိုပြီး ဝေဒနာကို ငါလုပ်လိုက်တော့တယ်၊ ကျုပ်ကောင်းတာပဲဆိုရင် သုခ ဝေဒနာ ငါလုပ်တာ ပဲလို့ မှတ်ကြ၊ ရိပ်မိကြပလား?။
ငါအိုက်တယ်, ငါချမ်းတယ်ဆိုရင် ရူပက္ခန္ဓာ ငါလုပ်တာ၊ ငါ,ခေါင်းကိုက်တယ်၊ ငါ,ခါးနာတယ်ဆိုရင် ဒုက္ခဝေဒနာ ငါလုပ်လိုက်တာပဲ၊ ဝေဒနာက္ခန္ဓာ ငါလုပ်တာပဲ၊ ငါမှတ်မိသားပဲတဲ့ အဲဒါ သညာက္ခန္ဓာကို ငါလုပ်တာ၊ ငါစားချင်တယ်, ငါလုပ်ချင်တယ်ဆိုတာက သင်္ခါရက္ခန္ဓာ ငါလုပ်တာလို့ မှတ်ကြ၊ ငါသိတယ်ဆိုတာက ဝိညာဏက္ခန္ဓာ ငါလုပ်တာပါ၊ ဉာဏ်နဲ့ကြည့်ရင် ခန္ဓာငါးပါးချည့်ပါပဲ၊ ဒီထဲမှာ ငါ,မပါဘူး သူလည်းမပါ ပုဂ္ဂိုလ်ဆိုစရာ သတ္တဝါဆိုစရာ တစ်ခုမှ မပါ ပါဘူး၊ ရိပ်မိကြပလား?။
ဒကာ, ဒကာမတွေက ဒီခန္ဓာရုပ်နာမ်ကို ငါလုပ်ပြီး ခင်ကြ, မင်ကြ, ကြောင့်ကြစိုက်ကြ, ပူပန်ကြ, သောက ဒုက္ခရောက်ကြ ဒုက္ခလက်စ မသတ်နိုင်ကြအောင် ဖြစ်နေကြတယ်၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် ခန္ဓာရုပ်နာမ်ကလွဲလို့ ဘာမှအပိုမပါဘူး၊ သဘောပါကြပလား?၊ ဒါတွေဟာ အကြောင်းတိုက်ဆိုင်တဲ့အခါ ပေါ်လာပြီး ပေါ်တဲ့နေရာမှာပဲ ပျောက်ပျက်သွားကြတာပဲ၊ အမှန်အရှိက ပရမတ္ထသဘောသဘာဝမျှသာရှိတယ်လို့ မှတ်ကြ၊ ရှင်းကြပလား?။
စောင်းထဲမှာ အသံရှာ ဥပမာ
တို့ဒကာ, ဒကာမတွေကို ဥပမာစကားနဲ့ပြောရမယ်၊ “ရှေးအခါက ရှင်ဘုရင်တစ်ယောက် ရှိတယ်လို့ မှတ်ကြ၊ တစ်နေ့သ၌မှာ စောင်းသမားတစ်ယောက်ဟာ စောစောစီးစီး စောင်းကို သာသာယာယာ တီးခတ်ပြီး အဲဒီရှင်ဘုရင်ရှိတဲ့ နန်းရင်ပြင်ရှေ့က ဖြတ်သန်းသွားတယ်တဲ့”၊ ဒါနဲ့ – ရှင်ဘုရင်ဟာ အင်မတန် သာယာလှပြီး သူမကြားဖူးတဲ့ စောင်းသံ ဖြစ်နေတော့ နားဝင်ချိုသွားတယ်၊ အလွန်လည်း သဘောကျ နှစ်ခြိုက်ပြီး အဲဒီစောင်းသမားကို အခေါ်ခိုင်းလိုက်တယ်တဲ့။
”အခေါ်ခိုင်းလို့ စောင်းသမားသူ့ရှေ့မှောက်ရောက်ရင်ပဲ အလွန်သာယာနာဖွယ်ကောင်းတဲ့ အကြောင်းနဲ့ ချီးမွမ်းအံ့ဩပြီး ဒီစောင်းသံကို တွေ့ချင်လွန်းလို့ စောင်းထဲမှာ အသံကို လိုက်ရှာတယ် မတွေ့ဘူးတဲ့၊ ဒီတော့-စောင်း သမားက အရှင်မင်းကြီး အသံရှိတာ မှန်ပါတယ်၊ ရှာလို့မတွေ့ပေမဲ့ အသံမရှိဘူးလို့လည်း ဆိုလို့မရပါဘူးလို့ ပြန်ပြော တယ်၊ အရှင်မင်းကြီး အသံရှိတာမှန်ပေမဲ့ ဒီအသံဟာ ရှာလို့မတွေ့၊ ကြည့်လို့မရနိုင်ပါဘူး သူ့ကြိယာ တန်ဆာပလာ စုံလင်မှသာ အသံထွက်ပေါ် လာပါတယ်လို့ ပြောလိုက်တယ်”တဲ့။
”ဒါပေမဲ့ ရှင်ဘုရင်က မကျေနပ်နိုင်ဘူးတဲ့၊ ဒါနဲ့ အသံရှာမယ်ဆိုပြီး အဲဒီစောင်းကို ခွဲစိတ်ကြည့်တယ်၊ အသံ မတွေ့ပြန်တာနဲ့ အစိတ်စိတ် အမြွှာမြွှာ အစိတ်တစ်ရာလောက် စိတ်ကြည့်ပြန်တယ်တဲ့ ဒီလိုနဲ့ အသံမတွေ့ပြန်တော့ အစိတ်ပေါင်းများစွာ ငါးရာတစ်ထောင်ကျအောင် ခွဲစိတ်ပြီး ကြည့်ပေမဲ့ မတွေ့ပါဘူးတဲ့” အကြောင်းတိုက်ဆိုင်မှ ပေါ်လာနိုင်တာကို ဘယ်ရှာလို့ တွေ့နိုင်ပါ့မလဲ၊ ဒါနဲ့လည်း မကျေနပ်ပြန်တော့ မှုန့်ညက်နေအောင် အမှုန့်ထောင်းကြည့်၊ အဲဒီထဲ မွှေကြည့်လည်း မတွေ့၊ နောက်, ဒီအမှုန့်ကို စပါးလှေ့သလို လှေ့ပြီး ကြည့်ရင် ခြေရင်းမှာ အသံတွေ စုပြီး ကျလာမလားဘဲလို့ ထင်ပြီး ရှာကြည့်ပြန်တယ်။
”ဒီလိုနဲ့ အသံမတွေ့ပြန်တော့ အင်း… အသံက တယ်ပြီး အပုန်း, အအောင်း ကောင်းပါသလား?၊ တယ် ခက်ပါလားနဲ့ဆိုပြီး ထွက်ပြေးသွားတာ တွေ့ရမလား အောက်မေ့ပြီး အဲဒီအမှုန့်ကို မီးရှို့ကြည့်ပြန်တယ်တဲ့၊ ထွက်ပြေးတာ မတွေ့ရတော့ မီးသွေးမှုန့်တွေ ထောင်းကြည့်၊ ရေထဲ သွန်ချကြည့်၊ မျှောကြည့်နဲ့ ဘယ်လိုနည်းနဲ့မှ အသံကို ရှာမတွေ့ ရတော့မှ လက်လျှော့လိုက်ရတယ်တဲ့” တို့ဒကာတွေ- ဒီဥပမာဝတ္ထုကို သဘောပါပလား?၊ အသံရှာလို့ မတွေ့တာ အသံကပဲ မရှိလို့လား?၊ ရှင်ဘုရင်က ရူးလို့လား?၊ စဉ်းစားကြ။
အကြောင်းတိုက်ဆိုင်မှ ပေါ်နိုင်တာ
အသံက ရှိတာမှန်တယ်၊ ရှင်ဘုရင်က ရူးလို့သာ ရအောင်မရှာနိုင်တာပါ၊ အဲ အသံသဘောဟာ အကြောင်းစုံမှ အကြောင်းတိုက်ဆိုင်မှ ပေါ်နိုင်တာပါ၊ အကြောင်းမရှိတော့ ပျောက်တဲ့သဘောပဲရှိတယ်၊ အကြောင်းမပြည့်စုံတဲ့အခါမို့ သာ ပျောက်နေတာ အသံမရှိတာ မဟုတ်ဘူး၊ ဒီဥပမာကဲ့သို့ပဲ ဒကာတို့တစ်တွေ သိကြဖို့က ရုပ်,နာမ်တရားများဟာ စုဝေးနေတဲ့သဘော မရှိဘူး၊ အကြောင်းတိုက်ဆိုင်တဲ့အခါ ဖြစ်ပေါ်လာပြီး ဒီနေရာမှာပဲ ပျောက်ကွယ်သွားကြတဲ့သဘော ရှိတယ်လို့ သိကြရမယ်၊ ရှင်းပလား?။
ဒီရုပ်,နာမ်သဘောတွေဟာ အကြောင်းတိုက်ဆိုင်ညီညွတ်တဲ့အခါ ပေါ်ပေါက်လာကြပြီး အကြောင်းချုပ်တော့ ချုပ်ငြိမ်း ရုပ်သိမ်းသွားကြတဲ့သဘောပဲရှိကြတယ်၊ ဒီရုပ်နာမ်ခန္ဓာတွေဟာ ယာယီအနေနဲ့ ပေါ်လာပြီး, ယာယီအနေမှာပဲ ပျောက်ကွယ် ပျောက်ကွယ်သွားကြတော့တာပဲ၊ ရိပ်မိကြပလား?၊ ခိုင်တာ မြဲတာ တစ်ခုမှ မပါကြဘူး၊ မပျက်စီးပါစေနဲ့ ခိုင်ပါစေ, မြဲပါစေ, ဘယ်လိုဖြစ်ပါစေ, ညာလိုဖြစ်ပါစေလို့ တောင်းတလို့လည်း မရကြဘူး၊ သူ့သဘာဝ, သင်္ခါရ, ရုပ်, နာမ်တို့ရဲ့ ထုံးစံအတိုင်း ဆောင်ရွက်သွားကြတာပဲ ရှိတာပါ၊ ရှင်းကြပလား?။
ရုပ်,နာမ်အပေါ်မှာ တစိမ်းပြင်ပြင် သဘောထားကြ
ဒီတော့- ဒကာ, ဒကာမတွေ့က ဒီခန္ဓာ ရုပ်,နာမ်အပေါ်မှာ တစိမ်းပြင်ပြင် သဘောထားကြဖို့ပဲ ရှိတယ်ဆိုတာ ပေါ်ကြပလား?၊ ဒီသဘောအမှန်သိပြီး တစိမ်းသဘောထားကြလို့ ပြောလိုက်ပါတယ်၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် အမှန် ရှိတာက ရုပ်, နာမ် အနိစ္စ ရုပ်ဖြစ်ပျက်, နာမ်ဖြစ်ပျက်ပဲ ရှိတာပါ၊ ခန္ဓာတစ်ခုလုံးဟာ ဖြစ်ပျက်အနိစ္စ၊ ဖြစ်ပျက်ဒုက္ခ၊ နောက်ဆုံးပိတ် ဖြစ်ပျက်ဟာ အနတ္တပါပဲ၊ အနတ္တကို အနတ္တမှန်းသိဖို့ သိအောင် ဉာဏ်နဲ့ကြည့်ပေးဖို့ ကြိုးစားကြ၊ အနတ္တကို အတ္တလုပ်မိရင် ရှင်ဘုရင်ရူးလိုဖြစ်နေကြမယ်လို့ သတိပေးလိုက်ပါတယ်။
ဒကာ, ဒကာမတို့ခန္ဓာဟာ ကိုယ့် အလိုမလိုက် ကိုယ့်အကြိုက်မပါဘဲ အနတ္တမှန်း ဧည့်သည်မှန်း တစိမ်းပြင်ပ မှန်း အမှန်အကန်သိကြပါ၊ သိအောင်အားထုတ်ကြလို့ အထူးသတိပေးလိုက်ပါတယ်၊ ရှင်းကြပလား?၊ ဧည့်သည်ကို ဧည့်သည်မှန်းသိရင် ပပဉ္စသေပြီးသား သတ်ပြီးသားပဲ၊ ပပဉ္စသေပြီးလို့ မှတ်ကြ၊ ရိပ်မိကြပလား?၊ ပပဉ္စသေရင် “တဏှာ နိရောဓော နိဗ္ဗာနံ, မာနနိရောဓော နိဗ္ဗာနံ, ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ”ပဲ၊ ဘာသေသေ သေရင် နိဗ္ဗာန်ပဲ၊ တစ်ခုခုသေအောင် ကြည့်တတ်ရင် နိဗ္ဗာန်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ပလား?။
ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။
