ခန္ဓာလှေနှင့် နိဗ္ဗာန်ဝင် တရားတော်
သိမှတ်ရန်
ခန္ဓာ, ရုပ်, နာမ်သည် လှေနှင့်တူသည်။
ဉာဏ်, ပညာသည် လှေထိုးသမားနှင့် တူသည်။
နိဗ္ဗာန်သည် ဟိုမှာဘက်ကမ်းနှင့် တူသည်။
ဆောင်ပုဒ်
ခန္ဓာထဲမှာ၊ ရုပ်နာမ်သာ၊ မှန်စွာ နှစ်ပါးရှိ။
ခန္ဓာရုပ်နာမ်၊ လှေသဏ္ဌာန်၊ မှတ်ရန် ပမာညှိ။
လှေထိုးသမား၊ ဉာဏ်စိတ်ထား၊ မခြားတူလှ၏။
ရုပ်နာမ်လှေတွင်၊ ဉာဏ်စိတ်ဝင်၊ အစဉ်ခပ်ပါဘိ။
ရုပ်နာမ်ဆက်ဆက်၊ ဖြစ်ကာပျက်၊ ဉာဏ်ချက် မျက်ဝါးမိ။
မျက်ဝါးဉာဏ်မြင်၊ ဆက်ရှုလျှင်၊ များဖြင် ဖြစ်ပျက်သိ။
ဖြစ်ပျက်သိက၊ ရူးနာပ၊ ပျောက်စ ပြုလေ၏။
သတိချပ်ရန်
နိဗ္ဗာန်ရောက်ကြောင်း၊ တရားကောင်း၊ ကိန်းအောင်းခန္ဓာခွင်။
နိဗ္ဗာန်ရောက်လို၊ လူထိုထို၊ ကိုယ့်ကိုယ်ကြည့်ဖို့ပင်။
ကိုယ့်ခန္ဓာပြ၊ ကိုယ်ကြည့်မှ၊ ရကြ နိဗ္ဗာန်ပင်။
ရုပ်နာမ်သဘော၊ သူ့အပြော၊ စောကြော ဉာဏ်ရှုမြင်။
ဒိဋ္ဌ ဓမ္မ၊ ဝိဒိတ၊ လုံးဝ ယုံမှားစင်။
သူပြောမယုံ၊ ကိုယ်တွေ့ကြုံ၊ စွမ်းဟုန် ရဲရင့်အင်။
ပြင်ပခန္ဓာ၊ ကြည့်သူမှာ၊ ဝေးစွာ တက်တက်စင်။
တရားသား
ခန္ဓာက လှေနဲ့တူတယ်, ဉာဏ်က လှေထိုးသမားနဲ့ တူတယ်
ဒီကနေ့မှာ ခန္ဓာနှင့် နိဗ္ဗာန် ရောက်နိုင်ပုံ ပြောရမယ်။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဆိုတာ ဒီခန္ဓာက ပို့နိုင်တယ်လို့ မှတ်ကြ။ ဥပမာဆိုရင် ခန္ဓာက လှေနဲ့တူတယ်။ ဉာဏ်က လှေထိုးသမားနဲ့ တူတယ်လို့ မှတ်ထားကြ။ ခန္ဓာကိုယ်ဟာ နိဗ္ဗာန်ရောက်ကြောင်း တစ်မျိုးပဲလို့ ဆိုနိုင်တယ်။ ခန္ဓာဟာ ရုပ်နဲ့နာမ်ပဲရှိတယ်။ ဒီအပြင် ဘာမှမရှိဘူး။ ဒီနှစ်ပါးပဲရှိတယ်။ သွားချင်တာက နာမ်၊ လာချင်တာကလည်း နာမ်၊ စားချင်တာ သောက်ချင်တာကလည်း နာမ်ပဲ။ ပြောချင်ဆိုချင်တာကလည်း နာမ်၊ ခိုင်းလို့လုပ်တာက ရုပ်၊ နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမား၊ မှတ်တော့ ဒီလိုလွယ်လွယ်ပဲ မှတ်ထားကြ။
သွားချင်တဲ့စိတ်၊ စားချင်တဲ့စိတ်၊ အဲဒီစိတ်သဘောက ခိုင်းတော့ စားတယ်၊ သွားတယ်ဆိုတဲ့ ရုပ်သဘောတွေ ပေါ်လာရတယ်။ ရုပ်ဟာ သူ့ချည်းနေလို့ ဘာမှအကျိုးမများဘူး။ နာမ်နဲ့တွဲမှ အဓိပ္ပာယ်ရှိတယ်။ ရုပ်ချည်းနေလု့ိ ဘာ မှမလုပ်တတ်ဘူး။ နာမ်ကခိုင်းမှ လုပ်တတ်တယ်။ ဒီလောက်ပြောရင် ရုပ်နာမ်သဘော ရိပ်မိရောပေါ့။ အဲဒီရုပ်နာမ် နှစ်ပါးထဲမှာ ပညာရှိတစ်ယောက် သွင်းပေးလိုက်။ ပညာရှိဆိုတာ ပညာစေတသိက်ကို ပြောတာ။
အဲဒီ ရုပ်နာမ်ခန္ဓာ လှေကြီးဟာ သူ့အတိုင်းထားရင် ဖြစ်ပါမလား?။ သူ့အတိုင်းထားရင် မျောချင်တဲ့ဘက် မျောလို့ ရောက်ချင်တာရောက်၊ ကပ်ချင်တဲ့ကမ်းကပ်၊ မရပ်မနား မျောချင်သလို မျောသွားရဖို့ပဲရှိတယ်။ ဒီကြားထဲမှာ လေနီကြမ်း၊ လှိုင်းတံပိုးတို့နဲ့ တွေ့ရင် စုံးစုံးမြုပ်ပြီဆိုတာ ယုံမှားဖို့ မရှိတော့ပါဘူး။ ဒါကြောင့် အလိုရှိတဲ့ကမ်း ကပ်နိုင် အောင်၊ လိုရာရောက်နိုင်အောင် ပဲ့ကိုင်လှေထိုးသမားတစ်ယောက် ထည့်ပေးရမယ်။ အဲဒီလှေထိုးသမားပါမှ လိုရာခရီး ရောက်တော့မပေါ့။ သဘောပါကြပလား?။ ဒီလိုလှေထိုးသမားကိုလည်း ဘုရားပွင့်မှ တည့်ပေးနိုင်တာ။ လွယ်လွယ်များ မမှတ်လိုက်ကြနဲ့။
နာမ်ရုပ်နှစ်ယောက်ကို ဉာဏ်တစ်ယောက်က အကဲခတ်
ဒီနာမ်ရုပ်နှစ်ယောက်ကို ဉာဏ်တစ်ယောက်က အကဲခတ်ရမယ်။ ဝိပဿနာအလုပ်ဆိုတာ ရုပ်နှစ်ခုကို ပညာ တစ်ခုက အကဲခတ်တာပဲလို့ စွဲစွဲမြဲမြဲ မှတ်လိုက်ကြ။ ဒီသဘောအဓိပ္ပာယ်ဟာ ဘုန်းကြီးသဘောတစ်ခုတည်းနဲ့ ပြောနေ တယ်များ မမှတ်နဲ့။ ရှင်သာရိပုတ္တရာ ဟောခဲ့တာလို့ မှတ်ကြ။ ဘုရားကလည်း ဒီသဘောအတိုင်းပဲ ဟောခဲ့တယ်။ ဒီတော့ လေးလေးစားစားနဲ့ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တို့ဒကာတွေကို ဧရာမ၊ စေတနာ၊ မေတ္တာနဲ့ အင်မတန် ကရုဏာသက်လွန်းလို့ အလေးအနက် တိုက်တွန်းပြောပြနေတယ်ဆိုတာ ယုံမှားမရှိကြနဲ့။
တို့ဒကာတွေမှာ ရုပ်နာမ်ကို ကံကပေးလို့ ရခဲ့ကြပြီ။ ပညာကို ဆရာသမားက အခုပေးလို့လည်း ရပြီပဲ။ ဒါ လည်း ဘုရားပွင့်တော်မူလို့ ပေးနိုင်တာပါ။ ဘုရားမပွင့်ရင် ဝေးပါတယ်။ တို့ဒကာတွေ အင်မတန် ကံကောင်းလို့ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီတော့ ဒီအခြေမှာ ဘာလိုသေးသလဲ?။ ဒကာတို့ တာဝန်တစ်ခုပဲ ကျန်တော့တယ်။ ဒီတစ်ခုတည်း ကိုမှ မလုပ်ချင်ကြဘူးဆိုရင်ဖြင့် တက်တက်စင်အောင် လွဲတော့မယ်။ မဟာအမှားတော်ကြီးနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ စိတ်ချတော့ ရိပ်မိကြပလား?။
အခုပြောတဲ့သဘောကို ဟိုစာ၊ ဒီစာကြည့်လို့မရဘူး။ ကိုယ့်မှာရှိတဲ့ ရုပ်နာမ်နှစ်ခုကို ကြည့်ကြ။ အမှန်ရှိတဲ့ ရုပ်နာမ်ကို ကြည့်မှသာ အမှန်သဘာဝကို သိရမယ်။ စာအုပ်ဆိုတာ ဝိပဿနာမှတ်တမ်းသာရှိတာပါ။ မှတ်တမ်းရှိတော့ မှတ်တမ်းသာ တွေ့ရမှာပေါ့။ သည်မှာ အမှန်သဘာဝကို တွေ့နိုင်ပါ့မလဲ?။ သဘောပါကြပလား?။ ဟိုစာ၊ ဒီစာ အသာထားပြီး ဘုရားစကားကိုသာ နားထောင်ကြလို့ ပြောလိုက်ပါတယ်။
ဉာဏ်နဲ့ ပို့ပေးမှ လိုတဲ့နိဗ္ဗာန် ရောက်နိုင်မယ်
လှေကိုလည်း လှေထိုးသမားက ပို့ပေးမှ လိုတဲ့ကမ်း၊ လိုတဲ့နေရာရောက်တယ်။ ဒီရုပ်နာမ်ကိုလည်း ဉာဏ်နဲ့ ပို့ပေးမှ လိုတဲ့နိဗ္ဗာန် ရနိုင် ရောက်နိုင်မယ်။ ဥပမာ ဥပမေယျ မြဲမြဲမှတ်ထားကြ။
နိဗ္ဗာန်လိုချင်တဲ့ ဒကာ၊ ဒကာမတွေ အဝေးကို မကြည့်နဲ့။ အနီးဆုံးဖြစ်တဲ့ မိမိခန္ဓာမှာ ကြည့်ကြလို့ သတိပေး လိုက်ပါတယ်။ ကြည့်တဲ့အခါ ရုပ်ကိုပဲကြည့်ကြည့်၊ နာမ်ပဲကြည့်ကြည့် ကြည့်ချင်တာ တစ်လုံးတည်းကြည့်ရင် ပြီးပါတယ်။ ရုပ်ကြည့်တဲ့အခါ ပထဝီရုပ်၊ တေဇောရုပ်၊ ဝါယောရုပ် စတဲ့ ရုပ်သဘောတွေ ဖြစ်ပြီးပျက်တာပဲ တွေ့ရမယ်။ နာမ်ကြည့် ပြန်တော့လည်း ဝေဒနာသဘောတွေ ဖြစ်ပျက်၊ အသိစိတ်ကလေး ဖြစ်ပျက်နေတာကို တွေ့ရမယ်။ ဘာကြည့်ကြည့် ရုပ်အများ၊ နာမ်အများ မလိုဘူး။ တစ်လုံးတည်း မိအောင်ကြည့်ဖို့ အရေးအကြီးဆုံးပဲဆိုတာ မှတ်ထားကြ။
ဆရာသမားကောင်းဖို့လည်း အရေးတစ်ခုပဲ
ဆရာကောင်း၊ သမားကောင်းထံ ဆည်းကပ်၊ ဆရာသမားကောင်းဖို့လည်း အရေးတစ်ခုပဲ။ နောက် ဆိတ်ငြိမ် ရာမှာ ချဉ်းကပ်၊ ဆရာညွှန်ပြတဲ့အတိုင်း ရုပ်နာမ်နှစ်ခု တစ်ခုခုကို ဉာဏ်နဲ့မြင်အောင် ကြည့်ကြ။ ဒီအချက်ကို တစ်သက် လုံး မမေ့ကြနဲ့လို့ ပြောလိုက်ပါတယ်။
ခန္ဓာမှာ ကြည့်ကြဆိုတော့ ဘာမှမတွေ့လို့ ငြိမ်နေရင်လည်း အဲဒီငြိမ်နေတာကို စိုက်ကြည့်နေရင် မကြာခင် အငြိမ်ပျောက်ပြီး အလှုပ်ရောက်လာမယ်။ ငြိမ်နေတာလည်း ဝါယော၊ လှုပ်လာတာလည်း ဝါယောပဲ။ အနုံ့နဲ့အထက် သာ ကွာမယ်။ ဉာဏ်မချဲ့နဲ့။ မြင်ရင် မြင်တာသာကြည့် တစ်ချက်ချက်မှာ မိလာလိမ့်မယ်။ အငြိမ်ပျောက်ရင် အလှုပ် ရောက်မယ်။ အလှုပ်ပျောက်လည်း အငြိမ်ရောက်တာပဲ။
ရုပ်ရှုရင် ငြိမ်ရုပ်, မငြိမ်ရုပ်ဘဲ။ စိတ်ရှုတော့ ငြိမ်စိတ်, မငြိမ်စိတ်လို့ မှတ်ကြ။ အဲဒီ ရုပ်သဘော နာမ်သဘော တစ်ခုခု စူးစိုက်ပြီး ဉာဏ်နဲ့ကြည့်နေရင် သူတို့က ပြောလာလိမ့်မယ်။ ကျုပ်တို့ဟာ အရင်ဟာမဟုတ်တော့ဘူး အခုဟာ ပါ။ အရင်ရုပ် မဟုတ်ဘူး။ ခုရုပ်ပါလို့ ပြောလာလိမ့်မယ်။ ဒီငြိမ်ရုပ်, မငြိမ်ရုပ် သဘောကလေးတွေကို တစ်ခုပြီးတစ်ခု ပြောင်းလဲ, ပြောင်းလဲပြီး ပျက်စီးသွားကြတဲ့အချက်ကို မြင်တွေ့လာလိမ့်မယ်။
အမှန်ရှိက ပြောလို့ အမှန်အကန် သိရတာပဲ
ဒီတော့ ဉာဏ်မှာ မမြဲတဲ့သဘောကို အမှန်အတိုင်းမြင် ကိုယ်ပိုင်မဟုတ်တာသိ, ဘယ်လောက်များ အဖိုးတန် သလဲ?။ ဒါသူများပြောလို့လား? မဟုတ်ဘူး။ ရုပ်နာမ်က ပြောလို့။ ရုပ်နာမ်က ခဏခဏ ဖြစ်ပျက်ပြနေလို့ ကိုယ်တွေ့ သိရတာပါ။ ဒီတော့ ဉာဏ်က ဟုတ်ပေသဗျာ၊ ဟုတ်ပေသဗျာလို့ ခေါင်းညိတ်လိုက်နေရတော့တာပေါ့။ သဘောပါကြ ပလား?။ အမှန်ရှိက ပြောလို့ အမှန်အကန် သိရတာပဲဆိုတာ ရိပ်မိကြပလား?။
ဘုရားဟောလို့ မဟုတ်ဘူး သူများပြောလို့လည်း မဟုတ်ဘူး။ ရုပ်နာမ်က ပြောလို့ ကိုယ်တိုင်သိရတာမို့ မယုံ စရာမရှိတော့ဘူး။ တို့ဒကာတွေ ကျေနပ်ပလား?။
ဒီအခါကျတော့ ဉာဏ်က ဒီနာမ်၊ ဒီရုပ်တွေဟာ ကိုယ်ပိုင်လည်း မဟုတ်၊ ကိုယ့်ဟာလည်း မဟုတ်၊ ကိုယ့်ဥစ္စာ လည်း မဟုတ်ပါလားဟေ့ဆိုပြီး ဆုံးဖြတ်ချက်ချနိုင်တော့တယ်။ ဒီရုပ်နာမ်သဘောတွေဟာ သူ့သဘာဝအတိုင်း ဖြစ်ပြီး ပျက်နေတဲ့သဘောသာ ရှိပါကလားလို့ အမှန်သိမြင်လာတော့တယ်။ အဲဒီအခါမှာ ကိုယ်အကြောင်းကိုယ် ကောင်းကောင်း ကြီး သိလာပြီဆိုတာ မှတ်ရမယ်။ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့ ဉာဏ်ဟာ ယထာဘူတဉာဏ်ပဲလို့ မှတ်လိုက် ကြ။ ရှင်းကြပလား?။
ဒီနေရာကစပြီး အရူးအကန်း ပျောက်စပြုလာပြီဆိုတာ ဆုံးဖြတ်ကြ။ တို့ဒကာတွေက ရှိတာကတခြား၊ ကြည့် တာကတခြား၊ တခြားစီဖြစ်နေကြလို့ပဲဆိုတာ ပေါ်ကြပလား?။ အေး ပေါ်ရင် ပြင်ကြ။ ဒီအချိန်ကစပြီး မပြင်ရင် မဖြစ်တော့ဘူးဆိုတာ ရိပ်မိကြ။ နောက်ကို အမှားလမ်း မလိုက်မိကြစေနဲ့လို့ သတိပေးလိုက်ပါတယ်။ ဒါကြောင့် တို့ ဒကာတွေ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရချင် ရောက်ချင်ရင် ကိုယ့်အကြောင်း ကိုယ်သိရမယ်ဆိုတဲ့အချက်။ ရှင်းကြပလား?။
ကိုယ့်ခန္ဓာမှာ ကြည့်တတ်ဖို့သာ အရေးကြီးတယ်
တချို့တွေပြောကြသေးတယ်။ ကျုပ်တို့က စာမတတ်၊ ပေမတတ်နဲ့ ဝိပဿနာအလုပ် မလုပ်တတ်ပါဘူး။ ကျုပ်တို့အရာ မဟုတ်ပါဘူးနဲ့ ပြောတတ်ကြတယ်။ စာတတ်ဖို့ မလိုဘူး။ စာတွေ၊ ပေတွေ သင်မှ မဟုတ်ပါဘူးလို့ သတိပေးလိုက်ပါတယ်။ စာပေမတတ်ပေမယ့် ကိုယ့်ခန္ဓာမှာ ကြည့်တတ်ဖို့သာ အရေးကြီးတယ်လို့ မှတ်ကြ။ ဘေးမကြည့် နဲ့ ဘေးကိုကြည့်ရင် သမထတွေဖြစ်နေမယ်။ တို့ဒကာတွေ သံသရာအဆက်ဆက်က မရှိတာကို ကြည့်မိလို့ ဒုက္ခရောက် နေကြတာ။ ရိပ်မိပလား?။
ဒါကြောင့် ကိုယ့်ခန္ဓာကြည့်ဖို့အရေးဟာ သာမညအရေး မဟုတ်ဘူးဆိုတာ ပေါ်ကြပလား?။ ခန္ဓာအရှိကို ကြည့်တော့ ရုပ်ကပြောလို့ သိရ၊ နာမ်ကပြောလို့လည်း သိကြရ၊ ကိုယ်တိုင်သိကြရတယ်။ သူများပြောလို့ မဟုတ်ပါဘူး။ ဒါကြောင့်..
ဒိဋ္ဌိဓမ္မော၊ မြင်အပ်ပြီးသော တရားရှိသည်။
ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော တရားရှိသည်။
ဝိဒိတဓမ္မော၊ သိအပ်ပြီးသော တရားရှိသည်။
ဆိုတဲ့အချက်တွေကို ဟောခဲ့တယ်။ ဒီအတိုင်း ဖြစ်ရမယ်တဲ့။ ငါပြောတာ မယုံနဲ့ဦး။ မင်းတို့ကိုယ်တိုင် ဉာဏ်နဲ့ ကြည့်ကြ။ ကိုယ်တိုင်ကြည့်လို့ ကိုယ်တွေ့သိမှ ယုံကြ။ ဒါမှ ဒိဋ္ဌ၊ ပတ္တ၊ ဝိဒိတဆိုတာ ဖြစ်ကြမယ်လို့ ဟောတော်မူခဲ့တယ်။ သဘောပါကြပလား?။
ဤခန္ဓာကာယကို သုံးသပ် ဆင်ခြင်ကြလော့
အရှင်သာရိပုတ္တရာကလည်း…
+++ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပုနံ။
ကာယေ သဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿထ။
လို့ ဟောတော်မူခဲ့တယ်။
ဘာသာပြန်
ဤခန္ဓာကာယကို သုံးသပ် ဆင်ခြင်ကြလော့။ အဖန်ဖန် ဉာဏ်စက္ခုဖြင့် ရှုကြည့်သိမြင်ကြလေလော့။ ဤကာယ တွင် သဘောအမှန် ဖြစ်ပျက်ဟန်ကို ဧကန်သိမြင်ရလျှင် ဒုက္ခဆုံးရာ နိဗ္ဗာန်ကို ရကြပေလတံ့။ ဒီလိုဆိုလိုရင်းအဓိပ္ပာယ် ရှိတယ်လို့ မှတ်ကြ။
ဒီတော့ တို့ဒကာတွေ ဘာလုပ်ဖို့ လိုသေးသလဲ?။ ဆုတောင်းဖို့ လိုသေးသလား?။ ဆုတောင်းဖို့ မလိုဘူးဆိုတာ ရိပ်မိကြပလား?။ ခန္ဓာအရှိသဘောကို ဉာဏ်နဲ့ကြည့်ဖို့ပဲ လိုတယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ခန္ဓာအရှိမှာ ဉာဏ်နဲ့ကြည့် တော့ ရုပ်ကပြောတယ်။ နာမ်ကလည်း ပြောတယ်။ ဒီရုပ်နာမ် အမှန်သဘောရှိတာကို အမှန်ပြောလို့ သိရတာပဲ။ ဒါကိုမကြည့်ဘဲ ဆုသာထိုင်တောင်းနေရင် ဘုရား အသင်္ချေ မရေနိုင်အောင် ပွင့်နေပေမယ့် မရပါဘူး။ ဒါကိုကြည့်မှသာ ရနိုင်မယ်ဆိုတာ မှတ်လိုက်ကြ။
အခု ဒီဉာဏ်ကို ဘုရားပွင့်လို့ရတာ။ ဘုရားပွင့်မှ ဉာဏ်ရနိုင်တာ။ မပွင့်တဲ့အခါ မရနိုင်ဘူး။ ဉာဏ်အလုပ်၊ ဉာဏ်နဲ့လုပ်မှရမှာ။ ဉာဏ်မပါရင် ဗလာပဲလို့ မှတ်ကြ။ ရိပ်မိကြပလား?။
တို့ဒကာတွေ ဉာဏ်နဲ့လုပ်ရမှာ။ ဉာဏ်မပါရင် သံသရာ သစ်ငုတ်ဖြစ်ဖို့ပဲ။ ကိုယ်ပိုင်ဉာဏ်လည်းမပါ၊ ဆရာ ပေးတဲ့ဉာဏ်၊ ဘုရားပေးတဲ့ဉာဏ်လည်း မယူဘူးဆိုရင် ဒီထက်မိုက်ဖြင့် မရှိတော့ဘူးဆိုတာ ရိပ်မိကြ။ အခု ဘုရားပွင့်လို့ ဘုရားက ဉာဏ်ပေးထားပြီ။ ဒါကို ဒကာတွေက အကြောင်တိုက်ပြီး နောက်ဘုရားမှပဲ လိုချင်တယ်ဆိုရင် ငါးပါးတင် မက သံဃာစင်ပါ မှောက်ကြဖို့ပဲ ရှိတယ်ဆိုတာ စိတ်ချထားကြတော့။
ဉာဏ်ကသာ ပို့နိုင်တာပါ
နိဗ္ဗာန်ပို့တယ်ဆိုတာ ဘုရားက မပို့နိုင်ဘူး။ ဉာဏ်ကသာ ပို့နိုင်တာပါ။ ဉာဏ်ရှိရင် ဘုရားရှိတယ်လို့ပဲ အောင်း မေ့ကြ။ သဘောပါကြပလား?။ ဘုရားလက်ထက်တော်က ဉာဏ်မပါလို့ ကျန်နေခဲ့ကြတဲ့လူတွေ ဘယ်လောက်များတယ် ဆိုတာ တို့ဒကာတွေ ရိပ်မိပါလိမ့်မယ်။
ဒါကြောင့် ဉာဏ်အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။ ခန္ဓာအရှိကို ဉာဏ်နဲ့ကြည့်ရင် နာမ်ဖြစ်ပျက်၊ ရုပ် ဖြစ်ပျက်တွေပဲ မြင်ကြမယ်။ ကြပ်ကြပ်ကြည့်လို့ အကြည့်များလာတော့ ရုပ်နာမ်ဖြစ်ပျက်သက်သက် ဘာမှ အပိုမစွက် ဘူးဆိုတဲ့အချက်ကို သိလာကြမယ်။ ဒီလို အမှန်သိလာတော့ ရုပ်နာမ်ကို မင်းတို့ဟာ အလကားဟာတွေပဲ မင်းနဲ့ပေါင်း လို့တော့ မဖြစ်နိုင်ဘူးဆိုပြီး စွန့်ချင်လာပြီ။ မလိုချင်တော့ဘူး။ မုန်းလာကြရော။ မင်းနဲ့ငါ အိုးစားကွဲမှဆိုပြီး ဉာဏ်က စွန့်လိုက်တော့ တဏှာသေတယ်။
ခန္ဓာမှာက အနတ္တက ရှိပြီးနေတာ။ တို့ဒကာတွေမှာ ဘုရားပေးတဲ့ ဉာဏ်မရကြလို့ အနတ္တဉာဏ် မရကြတာ။ ဒီဟာ ဘယ်သူ့အပြစ်လဲ?။ အနတ္တက ခန္ဓာထဲမှာ အမြဲရှိပြီးနေတာပါ။ ရုပ်နာမ်က ပြောပြနေပါတယ်။ ကျုပ်တို့ဟာ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတွေပါ။ ဖြစ်ပျက်ဒုက္ခတွေပါ၊ ဖြစ်ပျက်အနတ္တတွေပါလို့ အမြဲတစေ ပြောနေကြတယ်။ ဒါကို ပြောင်တိုက်ပြီး တို့ဒကာတွေက လိမ်လိုက်ကြသေးတယ်။ ငါ့ကိုယ်တဲ့၊ ငါတဲ့၊ ငါ့ဥစ္စာတဲ့၊ ဘယ့်နှယ်များ ဖြစ်နေကြတာတုံး?။
ခန္ဓာက အနတ္တပါလို့ ပြနေတဲ့ကြားထဲက
ဒါကို ဘုရားပေးတဲ့ဉာဏ်နဲ့ မကြည့်ဘဲ ပြောင်အရွဲ့တိုက်ပြီး ကိုယ့်ဟာကိုယ်များ လိမ်နေကြသေးတယ်။ ဘုရား လည်း လက်မလွှတ်ပါဘူး။ တရားလည်း လက်မလွှတ်ပါဘူး။ ကျုပ်ကံကိုက ညံ့လို့ စီးပွားပျက်ရတယ်။ စီးပွားဖြစ်တုန်း ကလည်း လက်မလွှတ်ပါဘူးတဲ့။ ခန္ဓာက အနတ္တပါလို့ ပြနေတဲ့ကြားထဲက သက်သက်လိမ်နေတာများ အံ့လောက်ပါရဲ့။
ရုပ်နာမ်က အနတ္တမို့ အနတ္တသဘော ပြောနေတာ။ အနတ္တပါလို့ ဘုရားက ဉာဏ်ပေးထားတယ်။ ရုပ်နာမ်က ခင်ဗျားတို့အလိုကို မလိုက်နိုင်ပါဘူး။ ကျုပ်သဘာဝအတိုင်း ဆောင်ရွက်ရလိမ့်မယ်။ ကျုပ်အနတ္တပါ၊ ကျုပ်ဒုက္ခပါလို့ ပြောပြနေတာ။ ဒါကို တို့ဒကာတွေက မသိသား ဆိုးဝါးလွန်းလို့သာပဲဆိုရင် မမှားဘူး။ ဘုန်းကြီးက ပြောလို့ မယုံချင် နေကြ။ ခန္ဓာကပြောမို့ ယုံကြဖို့ပဲ။ ခန္ဓာက ကျုပ်ဟာ အနိစ္စပါ၊ ဒုက္ခပါ၊ အနတ္တပါ၊ အသုဘပါလို့ အမြဲပြောနေတာပဲ။ သဘောပါကြပလား?။
ခန္ဓာက ရုပ်ပရမတ်၊ နာမ်ပရမတ်။ ပရမတ်ဆိုတာ ဘယ်တော့မှ လိမ်လည်ကောက်ကျစ်ပြီး မပြောဘူး၊ မပြ ဘူးဆိုတာ မှတ်ရမယ်။ ပရမတ်ဆိုတာ အမှန်ကိုသာ ပြတယ်။ မချွတ်မယွင်း မဖောက်ပြန်တတ်တဲ့ တရား။ ရိပ်မိကြ ပလား?။ ဒါကြောင့် ခန္ဓာပြောတာ၊ ပြတာကို ယုံကြလို့ ပြောလိုက်တယ်။
ခန္ဓာက အနိစ္စပါ
ခန္ဓာက အနိစ္စပါ၊ ဒုက္ခပါ၊ အနတ္တပါ၊ အသုဘပါလို့ အမြဲပြောနေတာ။ ဉာဏ်နဲ့ကြည့်တော့ ဒါတွေချည်း မြင် နေရတယ်။ ဒါတွေချည်း ပြောပြနေတော့ နားခါးလှပြီလို့ဆိုပြီး မုန်းလာရော။ ဒီလိုနဲ့ မုန်းတာကနေ ဆက်ကြည့်။ ဒါတွေက အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ၊ အသုဘတွေချည်းပဲ ဖြစ်နေတာတွေ့တော့ မလိုချင်တော့ဘူး။ မလိုချင်တော့ တစ်ချက်ချက်မှာ ဆုံးသွားရော ဆုံးသွားတယ်ဆိုတာ ခန္ဓာဖြစ်ပျက် ဒုက္ခသစ္စာကြီး ဖြတ်ခနဲဆို ပျောက်သွားတာကို ပြောတာ။ အဲဒီလို ဒုက္ခသစ္စာပျောက်တာနဲ့ တစ်ပြိုင်နက် နိစ္စ၊ သုခနိဗ္ဗာန် ရောက်တော့တာပဲ။ ရှင်းကြပလား?။
ရုပ်နာမ်ဖြစ်ပျက်ရှိတဲ့ ခန္ဓာဟာ လူ့သင်္ချိုင်းပဲ။ သင်္ချိုင်းမှန်း သိရအောင် အားထုတ်ဖို့လိုတယ်။ သင်္ချိုင်းမှန်း သိရင် ဒီနေရာ မကြိုက်တော့ဘူး၊ မနေချင်တော့ဘူး၊ မကြိုက်တာ မနေချင်တာ မုန်းလို့။ မုန်းတော့ မကြာခင် ဆုံး တာပဲ။ ဆုံးလို့ ဒုက္ခခန္ဓာ ပျောက်တာနဲ့ မြဲတဲ့ ချမ်းသာတဲ့ နိဗ္ဗာန်ရတာပဲ။ အဲဒီတော့မှ ကိုယ်တွေ့ချမ်းသာပြီး ဒီနိဗ္ဗာန် က မခွါချင်၊ အမြဲနေချင်တော့တာပဲ။ ရုပ်နာမ်မရှိတာက နိဗ္ဗာန်၊ မခွဲချင်တာက ဉာဏ်ပဲ။ သဘောပါကြပလား?။
ကိုယ်တိုင်ကြုံရမယ်၊ ကိုယ်တိုင်ဖြစ်ရမယ်
ဒီသဘောတွေ၊ ဒီလမ်းစဉ်တွေ ဘုရားတည်းဟူသော မှန်ကပြလို့ သိကြရတယ်။ ဒကာ၊ ဒကာမတွေရဲ့ အဖြစ် မှန်ကိုလည်း သိကြရတယ်။ ကျင့်ကြံအားထုတ်ကြည့်တော့လည်း ကိုယ်တွေ့ဧကန် သိကြရမယ်။ ဒါကြောင့် ဘုရားက-
”ဒိဋ္ဌဓမ္မော၊ ကိုယ်တိုင်မြင်အပ်ပြီးသော တရားရှိသည်။
ပတ္တဓမ္မော၊ ကိုယ်တိုင်ရောက်အပ်ပြီးသော တရားရှိသည်။
ဝိဒိတဓမ္မော၊ ကိုယ်တိုင်သိအပ်ပြီးသော တရားရှိသည်။
ပရိယောဂါဠှဓမ္မော၊ ကိုယ်တိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်။
တိဏ္ဏဝိစိကိစ္ဆော၊ ယုံမှားခြင်းကို လွန်မြောက်ပြီးသည်။
ဝိဂတကထံကထော၊ သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည်။
ဝေသာရဇ္ဇပ္ပတ္တော၊ ကြောက်ရွံ့ခြင်း ကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည်။
အပရပ္ပစ္စယော၊ ဘုရားသာသနာတော်မှတစ်ပါး အားထားယုံကြည်စရာ မရှိသည်”။
လို့ ဆိုတဲ့ အဓိပ္ပာယ် ကိုယ်တိုင်ကြုံရမယ်၊ ကိုယ်တိုင်ဖြစ်ရမယ်လို့ ဟောတော်မူတယ်။ တို့ဒကာတွေ လက်တွေ့ သိရအောင် အခုထွက်ပြီး အားထုတ်ကြည့်ဖို့ မသင့်ဘူးလား?။
တို့ဒကာတွေကို လေးလေးနက်နက်ကြီး သတိပေးလိုက်ပါတယ်။ ဘုရားက ဒကာတွေ အဖြစ်မှန် ဧကန်သိလို့၊ အလွန်သနားလွန်းလို့ သူ့ဉာဏ်နဲ့ အမှန်မြင်ပြီးမှ ဟောပြခဲ့တာ။ ဘုရားကိုယ်စားလှယ် ဘုန်းကြီးတို့ကလည်း အင်မတန် စေတနာထားပြီး တစ်ဆင့်ဟောပြနေတာ။ ကိုယ့်ခန္ဓာ ကိုယ်ကြည့်ပြီး ရဲရဲတင်းတင်း လုပ်ကြ၊ လုပ်ပြီး ရဲရဲကြီး ပြောကြ၊ အရင်က သူများပြောမှာ လမ်းဆုံးနေကြလို့ လမ်းမှန်ကို မရောက်ခဲ့ကြဘူး။ သဘောပါကြပလား?။
ရုပ်နာမ်နှစ်ခုကိုသာ ဉာဏ်နဲ့ကြည့်ကြ
သတိပေးလိုက်ပါတယ်။ ကြပ်ကြပ် သတိပြုကြ။ ရှည်ရင် ခရီးမပေါက်နိုင်ဘူး။ တိုတိုနဲ့ လိုရင်းရောက်အောင် မိမိ ရုပ်နာမ်နှစ်ခုကိုသာ ဉာဏ်နဲ့ကြည့်ကြလို့ ပြောလိုက်ပါတယ်။
တို့ဒကာတွေ ရှေးကမြင်တာ၊ ရှေးကကြည့်တာ ဘုရားပေးတဲ့ မျက်လုံးနဲ့ မဟုတ်ပါဘူး။ သူများပေးတဲ့ အရပ် ကပေးတဲ့ မျက်လုံးနဲ့ချည်း ကြည့်လာကြတော့ အမှားချည်းပဲ။ အရပ်ကပေးတဲ့ မျက်လုံးနဲ့ပဲ မွေးဖွားလာ၊ ကြီးပြင်းလာ ကြ။ ဒီမျက်လုံးနဲ့ပဲ အိမ်ထောင်ကျကြ၊ သားမွေး သမီးမွေး မွေးကြ။ ပဋာစာရီဟာ အရပ်ပေးတဲ့ မျက်လုံးကြောင့်ပဲ အရူးဖြစ်ရရှာတယ်။ သွက်သွက်လည် အဝတ်ဗလာကျင်းလောက်အောင်ကို ရူးသွားရှာတယ်။ အဲဒါ အရပ်ပေးတဲ့မျက်လုံး ကြောင့်ပဲ။ နောက် ဘုရားပေးတဲ့ မျက်လုံးရတော့မှ ဘုရားပေးတဲ့မျက်လုံးကြောင့် အရူးရောဂါ ပျောက်ကင်းချမ်းသာ ခွင့်ကို ရတော့တယ်။
အရပ်ထဲမှာနေနေ၊ ဘယ်မှာပဲနေနေ၊ နေချင်တဲ့နေရာမှာနေ၊ ဘုရားပေးတဲ့ မျက်လုံးနဲ့ ကြည့်ကြရမယ်။ ဘုရားပေးတဲ့ မျက်လုံးနဲ့နေမှ ရောဂါပျောက်ကြမယ်။ အရပ်ထဲက လူတွေကလည်း အရူးတွေပဲဆိုတော့ အရပ်ပေးတဲ့ မျက်လုံးဆိုရင် အရူးမျက်လုံား ရကြမှပါ။ ရိပ်မိပလား?။ ဒါကြောင့် မိရိုးဖလာ အရပ်ပေးမျက်လုံးနဲ့ မကြည့်ဘဲ ဘုရားပေးတဲ့ မျက်လုံးနဲ့ ကြည့်ကြလို့ ပြောလိုက်ပါတယ်။ သဘောပါကြပလား?။
ဒီလိုမလုပ်ရင် ဘယ်လိုအပြစ်တွေ ဖြစ်မလဲ?။ ဒီလိုလုပ်ရင် ဘယ်လိုအကျိုးတွေ ရကြမလဲ?။ ဘုရားပေးတဲ့ မျက်လုံးနဲ့ကြည့်တော့ ဉာဏ်တွေ အဆင့်ဆင့် တက်လာမယ်၊ ရင့်ကျက်လာမယ်။ ယထာဘူတ အမှန်အတိုင်းသိတဲ့ဉာဏ် နောက် နိဗ္ဗိန္ဒ၊ ငြီးငွေ့တဲ့ဉာဏ်နောက် မဂ်ဉာဏ် နိဗ္ဗာန်ကိုမြင်တဲ့ဉာဏ် ဒီလို ဉာဏ်အဆင့်ဆင့် တက်လာမယ်။ အရပ် ပေးတဲ့ မျက်လုံးနဲ့ကြည့်ရင် အပူတွေ အဆင့်ဆင့် တက်လာမယ်။ ဒုက္ခတွေ အဆင့်ဆင့် ရလာကြမယ်။ ဒါပဲထူးတယ် ဆိုတာ မှတ်ထားကြ။
အရပ်ပေးတဲ့မျက်လုံးနဲ့သာ နေကြရတော့
တို့ဒကာတွေ အရင်က အရပ်ပေးတဲ့မျက်လုံးနဲ့သာ နေကြရတော့ ကိုယ်အခြေ ဘယ်ရောက်နေတယ်ဆိုတာ မသိကြဘူး။ ကိုယ့်ဟာကိုယ် အနာရှိလို့ ရှိမှန်း မသိကြဘူး။ ဘုရားက မာဂဏ္ဍီကို ဟောတဲ့အချက်မှာ နူနာရှိတဲ့ လူနာ ဟာ မီးမကင်ရင် နေမဖြစ်သလို ကိလေသာနူနာရှိတဲ့ လူနာဟာ မီးမကင်ရင် နေမဖြစ်သလို ကိလေသာနူနာရှိတဲ့သူ ဟာလည်း သားသမီး စတဲ့ မီး၊ ကာမဂုဏ်မီးကင်နေရမှ နေနိုင်တယ်။ သူ့ဟာသူ အနာရှိမှန်း မသိတော့လည်း မီး ကင်ရတာ ဂုဏ်တစ်ခုလို့ ထင်တယ်။ ကျုပ်မို့ ဒီတာဝန်ထမ်းနိုင်တာ။ ဒီသား၊ ဒီသမီးတွေ ကျုပ်မို့ ရှာဖွေကျွေးနိုင်တာ။ ဒီသား၊ ဒီသမီးနဲ့ အသက်ရှည်ရှည်နေပြီး အိုအောင်၊ မင်းအောင် လုပ်ကျွေးနိုင်ပါရစေလို့တောင် ဆုတောင်းကြသေး တယ်။ ရူးချက်သန်လှချည်းလား?လို့ ဆိုသင့်-မဆိုသင့် စဉ်းစားကြ။ မာဂဏ္ဍီကလည်း ဘုရားကို ‘မျိုးပြတ်’ပဲလို့ စွပ်စွဲ ပြီး သူ့မီးနဲ့သူ၊ ကျက်သရေရှိတယ်လို့ ထင်နေတာလား။ ဒီတော့ တို့ဒကာတွေကို မာဂဏ္ဍီမျိုးတွေလား?လို့ မေးလိုက် ပါတယ်။ ကျေနပ်ကြပလား?။
ဒါကြောင့် တို့ဒကာတွေ အခွင့်ရတုန်း ဆရာသမားတွေ့တုန်း ကိုယ့်အနာ ငန်း မန်းမထခင် ကြိုးစားကုလိုက် ကြ။ ကျွေးတဲ့ဆေး စားလိုက်ကြလို့ တိုက်တွန်းလိုက်တယ်။ စားဖို့က လွယ်ပါတယ်။ ဆေးက ဒကာတို့ခန္ဓာနဲ့ ကပ်လျက် ချပ်လျက် အမြဲပါပြီးနေတာပါ။ ဒါကို ဆေးမှန်းမသိတော့ စားရကောင်းမှန်း မသိရှာကြလို့သာပါ။ ဒါကိုဖော်ပြပြီး ဆရာပြောရင် ကိုယ့်မှာ အင်မတန်ဆိုးဝါးတဲ့ အနာရှိမှန်းလည်း သိရလို့ မစားရင် မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက် ချ။ သဘောပါကြပလား?။
ဖြစ်ပျက်ဒုက္ခသစ္စာတွေ အမြင်များလာရင်
စားနည်းက မိမိခန္ဓာမှာ အကျဉ်းချုပ်ရင် ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။ ဒီနှစ်ခုထဲက တစ်ခုခုကို မိမိရရဉာဏ်နဲ့ စိုက်ရှုရမယ်။ ဉာဏ်နဲ့ရှုတဲ့အခါ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ဆိုတဲ့ ဖြစ်ပျက်အနိစ္စ၊ ဖြစ်ပျက်ဒုက္ခ၊ ဖြစ်ပျက်အနတ္တတွေကို ကိုယ်တိုင်မြင်ကြရမယ်။ ဒီလိုဆက်ရှုလို့ ဖြစ်ပျက်ဒုက္ခသစ္စာတွေ အမြင်များလာရင် ကိုယ့်ခန္ဓာ ကိုယ်မုန်းလာမယ်။ ကိုယ့်ခန္ဓာမုန်းရင် သူများခန္ဓာပါ မုန်းတာပါပဲ။ မုန်းလာတော့ မလိုချင်၊ မလိုချင်ရင် အနာပျောက်လို့ပဲဆိုတာ မှတ်ကြ။
အနာပျောက်ရင် မီးမလှုံချင်တော့ဘူး။ သား၊ သမီး၊ ပစ္စည်း၊ ဆွေမျိုးညာတကာတွေနဲ့ နေချင်သေးရင် ဒီလို နေရတာ စိတ်မပျက်သေးရင် အနာမပျောက်သေးလို့ပဲလို့ မှတ်ရမယ်။ မီးလှုံချင်တာ အနာမပျောက်သေးလို့ပဲလို့ မှတ်ထားကြ။ ရှင်းကြပလား?။ မီးဟာ ပူတဲ့သဘောရှိတယ်။ မီးမှန်ရင် ပူတာချည်းပဲ။ မီးက မဖောက်ပြန်ဘူး။ အနာ ရှိတဲ့သူကသာ ဖောက်ပြန်တာ။ အနာရှိတုန်းက ပူမှန်းမသိဘူး။ အနာလည်းပျောက်ရော မီးပူမှန်းသိပြီး အနားလည်း မကပ်ချင်တော့ဘူး။
ဒါကြောင့် တို့ဒကာတွေ မီးမှန်းသိအောင် ကြိုးစားကြလို့ သတိပေးလိုက်ပါတယ်။ ခန္ဓာမီးမှန်းသိရင် ခင်ဇော မရှိတော့ပါဘူး။ ခန္ဓာခင်တဲ့ဇော မရှိရင်ဖြင့် အနာပျောက်တာပဲလို့ မှတ်လိုက်ကြ။ ရှင်းကြပလား?။
