20211

သစ္စာနှစ်ရပ် ခွဲခြားမှတ် တရားတော်

သစ္စာနှစ်မျိုး

(၁) မရှိဘဲ မှန်ကန်ခြင်းသည် သမုတိသစ္စာ။(၂) အဟုတ်ရှိ၍ မှန်ကန်ခြင်းသည် ပရမတ္ထသစ္စာ။(၁) နတ်ရွာ, သုဂတိ, ဗြဟ္မာပြည်ရောက်လိုက သမုတိသစ္စာ ကြိုးစားရာ၏။(၂) မဂ်, ဖိုလ်, နိဗ္ဗာန် ရလိုက ပရမတ္ထသစ္စာ ကြိုးစားရာ၏။(၁) သမုတိသစ္စာ နားမလည်လို့ ပယ်ရင် အပါယ်ကျမည်။(၂) ပရမတ္ထသစ္စာ ပယ်ရင် (၃၁) ဘုံက မလွတ်, နိဗ္ဗာန်မရောက်နိုင်။(၁) သမုတိသစ္စာအလုပ်က သဒ္ဓါပြဋ္ဌာန်းသည်၊ သဒ္ဓါလိုရင်းစွဲ။(၂) ပရမတ္ထသစ္စာအလုပ်က ပညာပြဋ္ဌာန်းသည်၊ ညာလိုရင်းစွဲ။

ဆောင်ပုဒ်

သစ္စာနှစ်ပါး၊ မြတ်ဘုရား၊ ခွဲခြားဟောမိန့်ညွှန်း။

မရှိမှန်ဘိ၊ သမုတိ၊ လောကိနယ် တစ်ဝှမ်း။

ရှိမှန်, မှန်လှ၊ ပရမတ္ထ၊ လောကထက် မြတ်လွန်း။

သစ္စာနှစ်ပြင်၊ မသိလျှင်၊ လွဲစင် ဒိဋ္ဌိဝန်း။

ဒိဋ္ဌိချပ်ကာ၊ ပါယ်လေးရွာ၊ သေခါ ကျဖို့တန်း။

သတိ

လောဘမျိုးစေ့ ပြိတ္တာလေ့စွဲ၊ ငရဲဒေါသ၊ မောဟတိရစ္ဆာန် ကျိုးပေးသန်၊ သင်းခံရမြဲလမ်း။

တရားသား

သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ

ဒီကနေ့ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာနှစ်မျိုးကို ခွဲခြားပြီး ပြောမယ်။ ယမကဟာ ဒီသမတိသစ္စာနဲ့ ပရမတ္ထ သစ္စာ နှစ်မျိုးကို ခွဲခြားပြီး မသိလို့ ခွဲခြားပြီး နားမလည်လို့ ဒိဋ္ဌိဖြစ်တယ်ဆိုတာ မှတ်ကြ။ ဒီသစ္စာနှစ်မျိုး မကွဲပြားရင် ဘယ်လောက် အပြစ်ကြီးသွားနိုင်တယ်ဆိုတာ ရိပ်မိကြပလား?။ ဒီနှစ်ချက်မကွဲရင် ဒိဋ္ဌိဝင် ဒိဋ္ဌိမစင်သေးသမျှ ငရဲနဲ့ အိုးစားမကွဲသေးဘူးလို့ ဆုံးဖြတ်ချက်ချကြ။

ဒါကြောင့် တို့ဒကာတွေ ဒီနှစ်ခု ခွဲခြားပြီး သိဖို့လိုတယ်။ သမုတိသစ္စာက မရှိဘဲနဲ့ မှန်တဲ့တရား၊ ပရမတ္ထသစ္စာ က ရှိပြီး မှန်တဲ့တရားလို့မှတ်။ သမုတိသစ္စာနယ်မှာ အမေ၊ အဖေ၊ ရဟန်း စတဲ့ ပုဂ္ဂိုလ်တွေဟာ ပရမတ္ထမျက်စိနဲ့ကြည့် ရင် အမှန်ရှိတဲ့ အရာမဟုတ်ဘူး။ အမေဆိုတာ ဘယ်ဟာလဲ?။ အဖေဆိုတာ ဘယ်ဟာလဲ?။ ရဟန်းဆိုတာ ဘယ်ဟာ ခေါ်သတုံး?ဆိုပြီး ကြည့်လို့၊ ကိုင်တွယ်စမ်းသပ်လို့ မရဘူး။ ကိုင်တွယ်ကြည့်ရင် အဖေ မတွေ့၊ အမေလည်း မတွေ့၊ ရဟန်းလည်း မတွေ့ရဘူး။

ပရမတ္ထက သစ္စာထိုက်အောင် မှန်တယ်

ဒါဖြင့် ဘာကိုတွေ့မလဲ? စမ်းသပ်ကြည့်ရင် ပူတာတွေ့ရင်လည်းတွေ့မယ်၊ အေးတာတွေ့ရင်လည်းတွေ့မယ်။ မာတာ၊ ပျော့တာ တစ်ခုခုတွေ့မယ်။ ဒီလို အမှန်အရှိဖြစ်တဲ့ ဓာတ်ကြီးလေးပါး တစ်ပါးပါးကို တွေ့ရမယ်။ သမုတိသစ္စာ ဆိုတဲ့ အမှန်က မုသားမဖြစ်ရုံ မှန်ကန်တာပဲ။ အခုန ပူ၊ အေး၊ မာ၊ ပျော့ စတဲ့ ဓာတ်တရားကမှ အမှန်ရှိဖြစ်တဲ့ ပရမတ္ထသစ္စာလို့ မှတ်ကြ။ ပရမတ္ထက သစ္စာထိုက်အောင် မှန်တယ်။ သမုတိက သစ္စာထိုက်အောင် မမှန်ဘူး။ သမုတိက သစ္စာထိုက်အောင် မမှန်ဘူး။ သစ္စာထိုက်အောင် မမှန်ရင် နိဗ္ဗာန်ရောက်မယ် မဟုတ်ဘူး။

ဒါနဲ့ သမုတိသစ္စာ ပယ်ရမလားလို့ မေးစရာရှိတယ်။ ဘုရားရှင်က “ငါဘုရားအောက်မေ့ကြ၊ ငါဘုရားအောက် မေ့ရင် ကြောက်ခြင်း ကြက်သီးမွေးညှင်းထခြင်း စတဲ့ အန္တရာယ်တွေ ပျောက်မယ်”လို့ ဟောတယ် နိဗ္ဗာန်တော့မရောက် ဘူး။ ဆရာသမား မိဘများကို ရှိခိုးပူဇော်ကြ၊ ဖူးမြော်ကန်တော့ကြ၊ ကုသိုလ်တော့ ရတယ်။ နိဗ္ဗာန်တော့ မရဘူးတဲ့။ ဆရာသမား မိဘများကို ဆည်းကပ်ကိုးကွယ်ကြ၊ ဆည်းကပ်ကိုးကွယ်ရင် ချမ်းသာအမျိုးမျိုးကို ရကြမယ်။ နိဗ္ဗာန်ချမ်းသာ ကိုတော့ မရနိုင်ဘူးတဲ့။

ဘာကြောင့်လဲဆိုတော့ သမုတိက သစ္စာထိုက်အောင် မမှန်လို့ပဲတဲ့။ သမုတိက တထလက္ခဏာရှိတဲ့ သစ္စာ မထိုက်လို့ပဲတဲ့။ တကယ် မချွတ်မယွင်းမှန်တာက တထလက္ခဏာပဲလို့ မှတ်ကြ။ ရိုသေကိုင်းညွှတ်ရမယ့်သစ္စာက သမုတိ သစ္စာ၊ သီလမပျက်ရုံ မှန်ကန်တယ်၊ အားကိုးအားထား ပြုရမယ့်သစ္စာက ပရမတ္ထသစ္စာ၊ နိဗ္ဗာန်တိုင်အောင် မှန်ကန် တယ်လို့ မှတ်ထားကြ။ ရှင်းပလား?။

သစ္စာ နှစ်မျိုးကို ခွဲခြားပြီး သိထားရမယ်

သမုတိပယ်ရင် အမေမရှိ၊ အဖေမရှိ ဖြစ်မယ်။ သမုတိလည်း သူ့နေရာနဲ့သူ မှန်ကန်လို့ မပယ်ရဘူး။ သူ့ နေရာနဲ့သူ နားမလည်ရင် အပါယ်ကျမယ်လို့ မှတ်ကြ။ သမုတိနယ်က ရဟန္တာလို့ ဆိုရတယ်။ ပရမတ္ထနယ်မှာက ရဟန္တာမရှိ၊ ရုပ်နဲ့နာမ်ပဲရှိတယ်။ သမုတိအနေနဲ့ တကယ်မရှိဆိုပြီး ပြစ်မှားရင် အန္တရာယ်ထိုက်မယ်။ ဒါကြောင့် ဒီသစ္စာ နှစ်မျိုးကို ခွဲခြားပြီး သိထားရမယ်။ ဒီသစ္စာနှစ်ပါး နားမလည်ရင် ဒုက္ခအသီးသီး ရောက်ကြမယ်ဆိုတာ မှတ်လိုက်ကြ။

ဦးထိပ်မှာ သံမှိုစွဲသလို မြဲမြဲကြီး မှတ်လိုက်ကြလို့ ပြောလိုက်တယ်။ နတ်ရွာ၊ သုဂတိနဲ့ ဗြဟ္မာပြည်ရောက်ချင် ရင် သမုတိသစ္စာ ကြိုးစားကြ။ နိဗ္ဗာန်ရချင်ရင် ပရမတ္ထသစ္စာ ကြိုးစားကြ။ သဘောပါကြပလား?။ သမုတိ နားမလည် ရင် လဝနယ်က လူရိုင်းပဲတဲ့။ ငရဲနဲ့လည်း အဆက်မပြတ်တော့ဘူး။ ဘုရားမြတ်သော်မှလည်း မကယ်မချွတ်နိုင်အောင် ဖြစ်တော့မယ်။ ဘုရားမှ မကယ်နိုင်တဲ့ အခြေရောက်ရင် ဒုက္ခကိုယ်ပိုင်နဲ့ အမြဲနေကြရတော့မယ်ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ကြ။

သမုတိလည်း မပယ်နဲ့။ ပရမတ္ထကိုလည်း ကိုယ်ပိုင်ရအောင် အားထုတ်ကြ။

ဘုရားကြည်ညိုတာဟာ သဒ္ဓါနဲ့ ကြည်ညိုတာ၊ ပညာနဲ့မဟုတ်ဘူး။ သဒ္ဓါနဲ့ချည်း နိဗ္ဗာန်မရောက်ဘူး။ ပညာနဲ့မှ နိဗ္ဗာန်ရောက်မယ်။ သမုတိသစ္စာက သဒ္ဓါလုပ်ငန်း၊ ပရမတ္ထသစ္စာက ပညာလုပ်ငန်း ဒါကြောင့် တို့ဒကာတွေ သမုတိလည်း မပယ်နဲ့။ ပရမတ္ထကိုလည်း ကိုယ်ပိုင်ရအောင် အားထုတ်ကြ။

ယမက ရဟန်းဟာ ဒီသစ္စာနှစ်ပါးကို ခွဲခြားမသိတော့ အပြတ်ယူလိုက်တာပေါ့။ ပြတ်တယ်ယူတာ မရှိတာကို ပြတ်တယ်လို့ ယူနေတာ။ ဥပမာ- အပ်ချည်မရှိဘဲနဲ့ ပြတ်တယ်ဆိုတာ မဖြစ်နိုင်သလိုပဲတဲ့။ ပရမတ္ထနယ်မှာ နဂိုကမှ ပုဂ္ဂိုလ်၊ သတ္တဝါမရှိ၊ ရဟန္တာမရှိဆိုတော့ ရဟန္တာသေတယ်ဆိုတဲ့စကား မရှိနိုင်တော့ဘူး။ မရှိတာကို အရှိလုပ်ပြီးပြော တော့ အကုန်လုံး လွဲတော့တာပေါ့။

ပြတ်တယ်ဆိုတာ နိဗ္ဗာန်ကို ပယ်လိုက်တာ။ နိဗ္ဗာန်ပယ်တဲ့အယူဟာ သံသရာ့သစ်ငုတ်အယူပဲ။ သံသရာ့သစ်ငုတ် ဆိုတာ ဘယ်ဘုရားလာလာ ခလုတ်သာတိုက်သွားမယ် ကယ်ချွတ်လို့တော့ မရနိုင်တော့ဘူး။ ရိပ်မိကြပလား?။ တို့ဒကာ တွေ ကြပ်ကြပ်စဉ်းစားကြ။ ကိုယ့်အထဲမှာ ငရဲမျိုးစေ့ အမြဲရှိပြီးနေတာ။ ဒီငရဲမျိုးစေ့ရှိနေတာ သိပြီးရင် ကြိုးစားကြ။ မဂ်နဲ့ မပယ်ရသေးသမျှ အပါယ်စာဖြစ်ရဖို့ပဲရှိတယ်။ ဒီမျိုးစေ့တွေ ရှိနေတော့ သေရင် အပါယ်ပင်ပဲ ပေါက်မယ်။

မျိုးစေ့တွေဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ မျိုးစေ့တွေ လောဘမျိုးစေ့က ပြိတ္တာပင်ပေါက်မယ်။ ဒေါသ မျိုးစေ့က ငရဲပင်ပေါက်မယ်။ မောဟမျိုးစေ့က တိရစ္ဆာန်ပင်ပေါက်မယ်။ အဲဒီအပါယ်ပင် အမျိုးမျိုးတွေဟာ ဆိုင်ရာ ဆိုင်ရာ ပေါက်လာကြမယ်။ ရိပ်မိကြပလား?။ ဒိဋ္ဌိက ငရဲမျိုးစေ့ ငရဲပင်ပေါက်မယ်။

ဝမ်းထဲက ကံမျိုးစုံ အမြဲရှိတယ်လို့ မှတ်ကြ

ခင်ဗျားတို့တစ်တွေဟာ ကမ္မသမင်္ဂီပုဂ္ဂိုလ်တွေ ဖြစ်နေကြတယ်။ ဝမ်းထဲက ကံမျိုးစုံ အမြဲရှိတယ်လို့ မှတ်ကြ။ ဒီကံတွေ အဟောသိကံ မဖြစ်သမျှ၊ မဂ်မလာသမျှ မပြုတ်တော့ဘူး။ အကျိုးရမှာပဲ။ ဒီပါလာသမျှ အကုသိုလ်မျိုးစေ့ တွေ မကျေကျေအောင် အကျိုးပေးခံပြီး ခန္ဓာနဲ့သာ ဆပ်ကြပေတော့။

နောက်ဘဝ ဒီဘဝ ရှေးရှေးဘဝတွေက လုပ်သမျှ သမုဒယက ထိန်းထားတယ်။ ဘာလုပ်ဖို့ ထိန်းထားသလဲ?။ ခင်ဗျားတို့အတွက် ဒီဒယ်ကနေ ဟိုဘက်ဒယ်အိုးရောက်ဖို့၊ ဒယ်အိုးကလေးကနေ ဒယ်အိုးကြီးကြီးရဖို့၊ ခွေးဘဝကနေ ဝက်ဘဝပေးဖို့ ထိန်းထားတာဟာ သမုဒယကပဲ။ သမုဒယဟာ ခင်ဗျားတို့ရဲ့ ဘဏ္ဍာစိုး၊ ဘဏ္ဍာရေးမှူးပဲလို့ဆိုရင် မမှားဘူး။ ဥပမာဆိုရင် စိန်နားပန်ပွင့် လေတိုက်ချလိုက်သလိုပဲတဲ့။ စိန်နားပန်ပင် လေတိုက်ချလိုက်တော့ မျိုးစေ့ ကလေးတွေဟာ ဟိုကျဒီကျ ကျချင်သလိုကျပြီး ဟိုပေါက်ဒီပေါက် ပေါက်ချင်သလို ပေါက်လာကြတယ်။

တဏှာက ကံတွေစုထားလို့

ဒီဥပမာလိုပဲ ဘဝအဆက်ဆက်က ပြုသမျှကံတွေကို စုထားတာ။ သမုဒယက စုထားတာ။ စုထားပြီး ကျချင် ရာကျ ရောက်ချင်သလိုရောက်အောင် ခင်ဗျားတို့ကို အကျိုးပေးတော့မယ်။ အကျိုးပေးတာ တဏှာရှိလို့။ တဏှာက ကံတွေစုထားလို့။ ရိပ်မိကြပလား? ကမ္မသမင်္ဂီပုဂ္ဂိုလ် ဖြစ်နေသမျှ ဒီလိုအဖြစ်က မလွတ်နိုင်ကြဘူး။ ဒီတော့ တို့ဒကာ တွေ ဒီအဖြစ်ကလွတ်အောင် ဘယ်လိုလုပ်ကြမလဲ?။

ကမ္မသမင်္ဂီပုဂ္ဂိုလ်အဖြစ်က လွတ်အောင်လုပ်ကြဖို့ ပထမအနေနဲ့ သက္ကာယဒိဋ္ဌိကို ဖြုတ်ကြရမယ်။ အဲဒီကမှ နောက်တစ်ဆင့်တက် လုပ်ရမယ်။ ဒါကြောင့် လက်ဦးဆုံးအနေနဲ့ သက္ကာယဒိဋ္ဌိ ပြုတ်အောင် ကြိုးစားကြလို့ ပြောလိုက် တယ်။ သဘောပါကြရဲ့လား?။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦး တစ်နာရီစေ့သွားပြီ။

**********