ဒိဋ္ဌိသက္ကာယ မြန်ခွါချ တရားတော်
ဆောင်ပုဒ်
ဒါန, သီလ၊ သမထ၊ ရွှံ့မျှပမာနည်း။
မဂ်ရမှန်လစ်၊ ဇမ္ဗူရာဇ်၊ အနှစ် ရွှေစင်ခဲ။
ရဟန်းလူရှင်၊ မဂ်မမြင်၊ ပါယ်ခွင် ကျဖို့မြဲ။
ရဟန်းလူရှင်၊ မဂ်ရလျှင်၊ ပါယ်ခွင် အိုးစားကွဲ။
အိုးစားကွဲရာ၊ ရဖို့ငှာ၊ လျင်စွာ အားသစ်ကြဲ။
ရင်ဝလှံစူး၊ ထိပ်ဦးမီးလောင်၊ ပမာဆောင်၊ ရအောင်ကြိုးလို့ခဲ။
တရားသား
ဒိဋ္ဌိမကွာကြရင် အပါယ်သံသရာက လွတ် ရက်မရှိ
ဒီကနေ့ မနေ့က တရားအဆက်ကို ပြောရမယ်။
ဒိဋ္ဌိဟာ အလွန်ကြောက်စရာကောင်းတယ်ဆိုတဲ့အချက် ပြောခဲ့ပြီ။ ဒိဋ္ဌိမကွာကြရင် အပါယ်သံသရာက လွတ် ရက်မရှိတော့ဘူး။ ဒါကြောင့် တို့ဒကာတွေ မဂ်ကို အမြန်ဆုံး လက်ရှိရအောင် ကြိုးစားကြလို့ အထူးတလည် တိုက် တွန်းလိုက်ပါတယ်။ ရဟန်းဖြစ်နေပေမယ့် မဂ်မရသေးရင် ဒိဋ္ဌိအပြည့်အစုံ ရှိသေးတယ်လို့ မှတ်လိုက်ကြ။ ယမကရဟန်း ကိုပဲ ကြည့်ကြတော့။
ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ရုပ်နာမ်ဖြစ်ပျက်နဲ့ ရုပ်နာမ်ဖြစ်ပျက်အဆုံး နိဗ္ဗာန်မသိသေးသမျှ အပါယ်နဲ့ အိုး စားမကွဲသေးဘူးလို့မှတ်။ ရုပ်နာမ်ဖြစ်ပျက်နဲ့ ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်မြင်ပြီးမှသာ အိုးစားကွဲမှာ။ အခုနေ ဘယ်လောက် ပဲ အထက်တန်းရောက်ရောက် ခေတ္တယာယီပဲလို့မှတ်။ ဒီတော့ တို့ဒကာတွေ ယာယီအနေမှာ စိတ်မချရသေးဘူး။ ဘဝင်မမြင့်ကြနဲ့ဦးလို့ ပြောလိုက်ပါတယ်။
ပေါဋ္ဌိလရဟန်းကို ဘာကြောင့် နှင်ထုတ်တော်မူသလဲ?
ဘုရားက ပေါဋ္ဌိလရဟန်းကို ဘာကြောင့် နှင်ထုတ်တော်မူသလဲ?။ ပိဋကတ်တော်တွေကို ထုံးလိုချေပြီး ရေလို နှောက်နိုင်တဲ့သူဖြစ်ပေမယ့် ဘာမဂ်မှ မရသေးတော့ မချီးကျူးဘူး။ တုစ္ဆပေါဋ္ဌိလ၊ အလကားပေါဋ္ဌိလဆိုပြီး နှင်ထုတ် တော်မူတယ်။ ဒီလိုနှင်ထုတ်တဲ့ သာဓကကို ထောက်ကြည့်ရင် ဘုရားရှင်ရဲ့ ဆန္ဒတော်က မဂ်ရမှ လိုရင်းကျမယ်လို့ မှတ်ကြ။
ဒိဋ္ဌိဟာ တော်တော်အစွမ်းထက်တယ်။ တရားနာရင်းကတောင် ဒိဋ္ဌိဖြစ်နေသေးတယ်။ အလွတ်နေထည့်အခါ ဆို ဘယ်ပြောစရာရှိတော့မလဲ။ သူက အပါယ်ကို ဇောက်(စောက်)ထိုးချနိုင်တဲ့ အစွမ်းရှိတယ်။ ဒါကြောင့် တို့ဒကာတွေ သူ့နယ်က အမြန်လွတ်မြောက်အောင် ကြိုးစားကြ။ ဒီအဓိပ္ပာယ်စကားကို ဘုရားရှင်က သံယုတ်ပါဠိတော်မှာ ဟောတော် မူခဲ့တယ်။
ရင်ဝမှာ လှံစူးနေရင်
”ဥပမာ- ရင်ဝမှာ လှံစူးနေရင် ဒီပြင်ကိစ္စ မလုပ်နိုင်ဘူး။ စူးတဲ့လှံ အရင်နှုတ်ပစ်ရမယ်။ ခေါင်းမှာ မီးလောင် နေရင်လည်း ဒီပြင်အလုပ် ဘာမှမလုပ်နိုင်ဘူး။ ဒီမီးကို အရင် ငြိမ်းသတ်ရမယ်။ ဒီပြင် လုပ်စရာရှိသမျှ နောက်မှလုပ် ရမယ်။ ဒီကဲ့သို့ပဲတဲ့ သက္ကာယဒိဋ္ဌိ အစွဲရှိနေရင် ဒီပြင်ကိစ္စတွေ အသာချထားပြီး ဒီသက္ကာယအစွဲ အရင်ပြုတ်အောင် ပယ်နုတ်ပစ်ရမယ်။ ဒါက အရေးတကာ့ အရေးထက် ပိုပြီး အရေးကြီးတယ်”လို့ ဟောတော်မူတယ်။
+++သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိံ ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။
(သံယုတ်-ပါဠိတော်)
ဘာသာပြန်
လှံမကြီး ရင်ဝမှာ စူးဝင်နေသူကဲ့သို့လည်းကောင်း၊ ဦးခေါင်းထက်မှာ မီးဟုန်းဟုန်းတောက်လောင်နေသူကဲ့သို့ လည်းကောင်း၊ သက္ကာယဒိဋ္ဌိ အယူမှားကို ပယ်ဖြုတ်ဖို့ရာ သံသရာအပါယ်ဘေးကြီးကို မျှော်တွေးမြင်သူ ရှင် လူ ရဟန်းသည် မမေ့မလျော့ မပေါ့သော သတိရှိလျက် ဝိပဿနာအလုပ်ကို အဟုတ်လျင်စွာ အားထုတ်လေရာသတည်း။
ရွှံ့လုံးကို ရွှေလုပ်ပြီး အားကိုးနေကြတယ်
တို့ဒကာတွေက ရွှံ့လုံးကို ရွှေလုပ်ပြီး အားကိုးနေကြတယ်။ ဒီရွှံ့လုံးက မိုးကျတော့ အကုန်လုံး အရည်ပျော် သွားမှာပဲ။ ဒါန၊ သီလ၊ သမထတွေဟာ ရွှံ့လုံးနဲ့ အတူတူပါပဲ။ ဝိပဿနာ မဂ်နဲ့ကျမှ ဇမ္ဗူရာဇ် ရွှေစင်ကို ရကြမယ်။ ဇမ္ဗူရာဇ်ရွှေစင် ကိုယ်ပိုင်ရထားအောင် ကြိုးစားကြ။ ဒါမှသာ စိတ်ချရမယ်။ ရှင်းပလား?။
ကြိုးစားကြ၊ အားထုတ်ကြဆိုတော့ တချို့တွေက ရမ်းပြီးလုပ်နေကြတယ်။ မည်းမည်းမြင်တိုင်း ရန်သူမှတ်ပြီး သတ်နေကြတယ်။ မည်းမည်းမြင်ရာ ရမ်းပြီးသတ်တော့ ခရီးမရောက်ဘူး၊ မငြိမ်းမပျောက်ဘူး။ ရန်သူအမှန်ကို သတ်မှ ငြိမ်းမယ်၊ ပျောက်မယ်၊ သဘာဝကျမယ်လို့ မှတ်ကြ။ ဒိဋ္ဌိအပိုင်းမှာ ဒိဋ္ဌိသတ်ရမယ်။ တဏှာအပိုင်းကျမှ တဏှာသတ်ရ မယ်။ သူ့ဆိုင်ရာ သူမသတ်ဘဲ မဆိုင်ရာ သတ်နေရင် ဘယ်တော့မှ လမ်းမဆုံးဘူး။ ခုတ်ရာတခြား၊ ရှရာတခြားဆိုသလို အလကားနေမယ်လို့ မှတ်ကြ။
ဒါကြောင့် ဆရာအရေးကြီးတယ်။ နည်းမှန်ပြတတ်တဲ့ ဆရာကောင်းရှာကြလို့ အခါခါမှာခဲ့တာပဲ။ ဘုရား သက်တော်ထင်ရှားအခါကတောင် လွဲမှားနိုင်သေးတယ်ဆိုရင် အခုလိုအခါမျိုးမှာ ပြောစရာမရှိဘူး။ ပေါ့ပေါ့ကလေး များလို့ မထင်လိုက်နဲ့။ ယမကရဟန်းဟာ သူ့ဉာဏ်ယုံခြေထောက်နဲ့ သမုဒြာ ပညာစခန်း ထောက်ကြည့်လို့ မမှီနိုင်ဘူး။ မမှီနိုင်တော့ တောင်ရောက် မြောက်ရောက် ရောက်ချင်ရာ ရောက်သွားတော့တာပေါ့။
နည်းမှန်လမ်းမှန် ရတုန်းမှာ လက်မလွတ်ကြစေနဲ့
အမှန်က သူ့သဘာဝတရားဟာ အမှောင်ပျောက်ပြီး အလင်းရောက်တဲ့ ဥပမာကဲ့သို့ပါပဲ။ နိဗ္ဗာန်သဘော အမှန်သိဖို့ရန် ဒုက္ခပျောက်ပြီး သုခရောက်ပုံပဲလို့ မှတ်ကြ။ အမှောင်ပျောက်ရင် အလင်းရောက်သလို ဝါ… အလင်း ရောက်တာနဲ့ အမှောင်ဓာတ်ပျောက်ရသလို ဒုက္ခအစုပျောက်တာနဲ့ သုခနိဗ္ဗာန်ရောက်တော့တာပါပဲ။ ရှင်းကြပလား?။ ယမကဟာ ဒီနိဗ္ဗာန်ရဲ့ သဘာဝကို သဘောမပေါက်တာနဲ့ တောင်ရောက် မြောက်ရောက် ရောက်သွားတာပဲ။ ဒါကြောင့် တို့ဒကာတွေ နည်းမှန်လမ်းမှန် ရတုန်းမှာ လက်မလွတ်ကြစေနဲ့။
ခန္ဓာမှာ တစ်ကိုယ်လုံး အနာတွေ ရှိပြီးနေတာ။ အခု နည်းနည်းမကောင်း၊ နောက် ပိုမကောင်း၊ နောက် ဒီထက်ပိုမကောင်းတာပဲရှိတယ်။ ဘုရားက ‘အာဗာဓတော, ရောဂတော’လို့ ဟောတယ်။ ခန္ဓာမှာ ဘာမှကောင်းတာ မပါဘူးတဲ့။ အနာအပြည့် ရောဂါအပြည့်တွေပဲ ရှိတယ်တဲ့။ ခန္ဓာမှာ ရောဂါနဲ့ အမြဲစွဲ တွဲနေတယ်။ ရောဂါ အမြဲမကင်း ဘူး။ ဒါနဲ့ တို့ဒကာတွေက အနာတွေပြည့်နေတဲ့ အနာကောင် သိမ်းပိုက်ထားချင်ကြသေးသလား?။ အနာကောင်များ သိမ်းပိုက်ထားချင်ကြသေးသလား? တော်လောက်ကြရောပေါ့။
ဒီဒုက္ခတွေမြင်လို့ ကယ်တင်ဖို့ရာ ပါရမီဖြည့်ရတာ
ပြောတဲ့၊ ဟောတဲ့စကား နားမထောင်ကြရင် ဒုက္ခအဆုံးမမြင်တော့ဘူး။ ဘုရားရှင်က ဒီဒုက္ခတွေမြင်လို့ ကယ်တင်ဖို့ရာ ပါရမီဖြည့်ရတာ။ သတ္တဝါတွေ တရားဟောဖို့ မခက်ဘူး။ တန်ခိုးပြဖို့က ခက်တယ်။ တန်ခိုးပြနိုင်အောင် တန်ခိုးပြဖို့အတွက် ပါရမီဖြည့်ရတာ။ ဘုရားပါရမီတော်ဖြည့်စဉ်ကို ကြည့်ရင် သိနိုင်ပါတယ်။ သုမေဓာရသေ့ဘဝ မရောက်ခင်ကလည်း ကမ္ဘာအသင်္ချေ မရေမတွက်နိုင်အောင် ဖြည့်ခဲ့ရတယ်။ အဲဒီ သုမေဓာဘဝကနေပြီး ဒီဘက်မှာ နှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့ထံမှာ ဗျာဒိတ်ခံရင်းနဲ့ ကမ္ဘာပေါင်းများစွာ ပါရမီတွေ ဖြည့်ခဲ့ရတယ်။
အဲဒီလို ကမ္ဘာအသင်္ချေ မရေမတွက်နိုင်တဲ့ အသင်္ချေပေါင်း လေးအသင်္ချေနှင့် ကမ္ဘာကြီးပေါင်း တစ်သိန်း အတွင်းမှာ ကိုယ်တော်၊ စိတ်တော် ဆင်းရဲဒုက္ခအမျိုးမျိုးခံ၊ မျက်လုံးထုတ်လှူ၊ လက်ဖြတ်လှူ၊ ဇက်(ခေါင်း)ဖြတ်လှူ ဆိုတဲ့ အင်မတန် ခဲယဉ်းတဲ့ အလှူကြီးမျိုးတွေ ပြင်ပအလှူမျိုးမှာတော့ ပြောစရာမရှိတော့ဘူး။ အဲဒီလို အနစ်နာ အမျိုးမျိုး ဆင်းရဲဒုက္ခိအမျိုးမျိုးတွေခံပြီး သဗ္ဗညုတဉာဏ် ရှာတော်မူခဲ့ရတယ်။
ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး စတဲ့ အကျင့်တွေ အတုမရှိအောင် လုပ်ခဲ့ရတယ်။ အဲဒါ ဘာကြောင့်လဲ?။ ခင်ဗျားတို့တစ်တွေကို တန်ခိုးပြဖို့ပဲဆိုရင် မမှားပါဘူး။ တို့ဒကာတွေ အကျင့်က သာမန်နဲ့ ဟောလို့ မရနိုင်ဘူး။ ပထမတန်ခိုးပြ တန်ခိုးမြင်တော့ အထင်ကြီးပြီး ဆည်းကပ်ကြမယ်။ အဲဒီအခါမှာမှ ဟောလို့လွယ်တယ် ဆိုပြီး ပါရမီဖြည့်ရတာ။ ဒါ ဘာကြောင့်လဲ?။ ခင်ဗျားတို့တစ်တွေရဲ့ ဒုက္ခထုထည်တွေကို မြင်လို့ ခင်ဗျားတို့ကို အင်မတန် သနားတော်မူလွန်းလို့ အမျိုးမျိုး အနစ်နာခံပြီး ပါရမီဖြည့်ရတာပဲဆိုတဲ့ အချက်ကို မြဲမြဲကြီး မှတ်လိုက်ကြ။ သဘော ပါကြပလား?။
အမှိုက်ပုံ ရှာစားချင်နေသေးရင် ရူးလို့ပဲ
ဒီကြားထဲကမှ ဘုရားရွှေမျက်နှာတော် မထောက်၊ ဘုရား မဟာကရုဏာတော် မထောက်ထားဘဲ အမှိုက်ပုံ ရှာစားချင်နေသေးရင် ရူးလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ရွှေငွေရတနာတိုက်တာ အိမ်ခြေကားတွေ တဝီဝီနဲ့ ပျော်ကြ၊ ပါးကြ၊ မော်ကြ၊ ကြွားကြ၊ အဲဒါ အမှိုက်ပုံရှာစားနေတာပဲ။ တစ်ယောက်နဲ့တစ်ယောက် မြှောက်ကြ၊ ခင်ဗျားတို့က ကုသိုလ်ကောင်းပေတယ်။ မတောင့်မတ၊ မကြောင့်မကြနဲ့ ပြည့်စုံပါနဲ့ မြှောက်နေကြ၊ ကြားနေရတဲ့လူက စိတ်ကြီးဝင် ပြီး ဘဝင်မြင့် မြေကြီး ခြေမကျဘူး။ ပြောတဲ့လူကလည်း ကျုပ်တို့လည်း တစ်နေ့ ဒီလိုရူးချင်သေးတယ်။ ရူးရဦးမယ် လို့ ဆိုသလိုပါပဲ။
ခင်ဗျားတို့တစ်တွေ ယမကထက်တောင် ပိုပြီးရူးပါသေးတယ်ဆိုရင် ငြင်းဖို့များ ရှိသေးသလား?။
ကိုယ့်မျက်စိက တိမ်သလာ အပြည့်နဲ့ ကုသလို့လည်းမရ။ ဒီအနေက သူများ ကုချင်၊ သချင်၊ သနားချင်တယ် ဆိုရင် ယုတ္တိရှိပါ့မလား?။ ဒီတော့ သူများကို အသာထားပြီး ကိုယ့်ကိုယ်ကိုယ် အရင်သနားကြ။ ဒါကြောင့် ဘုရားက-
‘အတ္တာန မော ပဋ္ဌမံ၊ ပဋိရူပေ နိဝေသယေ’လို့ ဟောတော်မူတယ်။ ကိုယ့်ကိုယ်ကိုယ် သနားပြီး ကိုယ့်ဟာကိုယ် အရင်ပြီးအောင် အလုပ်လုပ်ကြ။ ကိုယ့်အပါယ်တံခါး ကိုယ်စိတ်ချရအောင် စာရင်းပိတ်ကြ။ နောက်မှ သူများအတွက် ပူစရာရှိရင် ပူကြလို့ ဆိုလိုတယ်။
အပါယ်တံခါးပိတ်ဖို့ ဖင့်နွှဲမနေကြနဲ့
တို့ဒကာတွေကတော့ ပြောင်းပြန်လုပ်နေကြတယ်။ အိမ်က ဘယ်သူ့စိတ်မချလို့၊ ကလေးတွေက ငယ်သေးလို့၊ ဘယ့်နှယ်၊ ညာ့နှယ်နဲ့ ရမယ်ရှာပြီး သနားနေတတ်ကြတယ်။ အဲဒါနဲ့ ကိုယ့်ကိစ္စ လစ်ဟင်း၊ သေမင်းနောက် ကောက် ကောက်ပါတော့မှ အမယ် ကယ်ပါ၊ ဘ ကယ်ပါ လုပ်လို့မရဘူး။ အဲဒီအချိန်ရောက်မှ အကြီးအကျယ် မျက်ရည်ကျရ မယ်ဆိုတာ မှတ်ကြ။ သားတွေ၊ သမီးတွေဆိုတာ တက်လူတွေ။ ကိုယ်က သင်္ချိုင်းမျက်စောင်းထိုးနေပြီ။ သေချင်းသေရင် ကိုယ်က အရင်သေရမှာ သူများကိုချည်း သနားမနေနဲ့။ ကိုယ့်ကိုယ်ကိုယ် အရင်သနားကြ။ အချိန်သိပ်မရတော့ဘူး။ ရိပ်မိကြပလား?။
ဒါကြောင့် သက္ကာယဒိဋ္ဌိခွါဖို့၊ အပါယ်တံခါးပိတ်ဖို့ ဖင့်နွှဲမနေကြနဲ့၊ ပေါ့တန်မနေကြနဲ့လို့ လေးလေးနက်နက် ပြောလိုက်ပါတယ်။ ဒီလိုအခွင့်အခါကောင်း၊ ဆရာသမားကောင်းနဲ့ ကြုံကြိုက်ဖို့ရာ မလွယ်ပါဘူး။ အနှစ်ရှစ်ရာ တစ် ထောင်မှ တစ်ကြိမ်ဆိုသလို အင်မတန်မှ ခဲယဉ်းတယ်ဆိုတာ မှတ်လိုက်ကြ။ အခါကောင်းကြုံပေမယ့် ယမကာဟာ မျက်စိလည်သွားတဲ့ အချက်ကို စဉ်းစားကြ။
ပရမတ္ထသစ္စာက ရှိမှန် မှန်တယ်
ယမကဟာ နိဗ္ဗာန်မရှိဘူးလို့ ယူလိုက်တာပဲ။ အဲဒါ ဓမ္မ မသိရှာလို့။ ဘုရားက သစ္စာနှစ်မျိုးကို ခွဲခြားဟော တော်မူတယ်။ ‘ဒုဝေသစ္စာနိ အက္ခာသိ’ဆိုတာပဲ။ ပရမတ္ထသစ္စာက ရှိမှန် မှန်တယ်။ သမုတိသစ္စာက မရှိမှန် မှန်တယ်။ ယမကဟာ အဲဒီရှိမှန် ပရမတ္ထသစ္စာနဲ့ မရှိမှန် သမုတိသစ္စာ ဒီနှစ်ပါးကို ခွဲခြမ်းပြီး မသိလို့ပဲလို့ မှတ်ကြ။ ခွဲခြမ်းပြီး မသိတတ်တော့ တွေးကြည့်၊ တွေးသိမှာပဲ လမ်းဆုံးသွားတာပေါ့။ ရိပ်မိကြပလား?။
တို့ဒကာတွေ ကလေးငယ် ကလေး လက်ဆွဲရသလိုပဲ။ ခဏခဏ ခွေလဲကျနေတော့ အခက်သားကလား။ ကလေးငယ် လမ်းသွားသင်ရတာကမှ လွယ်လိမ့်ဦးမယ်။ ခင်ဗျားတို့က ဒီထက်ပိုဆိုးပါသေးတယ်ဆိုရင် လွဲသလား?။ အေး… မလွဲဘူးဆိုရင် ကြိုးစားလိုက်နာကြ။ လောက သမုတိအနေမှာ မရှိမှန် မှန်တဲ့ သမုတိသစ္စာ၊ ပရမတ္ထနယ်မှာ အဟုတ်ရှိ အမှန်ရှိပြီး ရှိမှန် မှန်တဲ့ ပရမတ္ထသစ္စာ။ ဒီသစ္စာနှစ်မျိုးကို ခွဲခြားပြီး နားလည်ကြရမယ်။ ဒီနှစ်ခု မခွဲခြား တတ်ရင် ပရမတ်ပေါက်ထွက်သွားမယ်ဆိုတာ မှတ်ထားကြ။ ဒီသစ္စာနှစ်မျိုးကို နက်ဖြန်မှ ပြောမယ်။
