ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အရ နမူနာပြအဖြစ် ထည့်သွင်းလိုက်သော ရေစက်ချတရားတော်
အလှူဆိုတာ စွန့်လွှတ်တာကို ခေါ်တာ
အလှူဆိုတာ စွန့်လွှတ်တာကို ခေါ်တာပဲ။ စွန့်တာလည်း အမျိုးမျိုးရှိတယ်။ အမှိုက်ပုံထဲ စွန့်တာ၊ ရေထဲ စွန့် တာ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ အခု အလှူအတန်းပြုတယ်ဆိုတဲ့ စွန့်လွှတ်တာက အမှိုက်ပုံထဲ စွန့်သလို၊ ရေထဲ စွန့်သလို အစွန့်မျိုးမဟုတ်ဘူး။ အဲဒီအစွန့်ဟာ မိမိလက်က လွတ်သွားပြီး ပြန်မရတဲ့အစွန့်မျိုးလည်း ရှိတယ်။ မိမိပြန် ရတဲ့ အစွန့်မျိုးလည်းရှိတယ်။ အဲဒီနှစ်ခုထဲက ယခုအလှူဆိုတဲ့ အစွန့်က မိမိပြန်ရတဲ့အစွန့်ပဲ။ ပြန်ရတဲ့နေရာမှာလည်း ရှိပြီးသားအတိုင်းဟာကိုပဲ ပြန်ရတာတစ်မျိုး၊ သာလွန် မွန်မြတ်တဲ့ ပစ္စည်းပြန်ရတာတစ်မျိုးလို့ နှစ်မျိုးပဲ မှတ်ရမယ်။
ယခု လှူဒါန်းရသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းကြီးတွေရဲ့ ဘဝတွေ၊ စည်းစိမ်းတွေကို တောင့်တ မယ်ဆိုရင် အဲဒီစွန့်လွှတ်တဲ့နည်းဟာ ရှိပြီးသား ပြန်ရတဲ့ အရှင်းအတိုင်း ပြန်ရတဲ့ စွန့်လွှတ်ခြင်းပဲ။ ဘာကြောင့်လဲ ဆိုတော့ ယခု မိမိတို့ ရထားတဲ့ ခန္ဓာကိုယ်ကြီးဟာလည်း အိုရ၊ နာရ၊ သေရတဲ့ သဘောတွေနဲ့ပဲဖြစ်တယ်။ နောက်ထပ် တောင့်တလိုတဲ့ နောက်ထပ်ရမယ့် လူ၊ နတ်၊ ဗြဟ္မာကိုယ်တွေလည်း ဒီ အို၊ နာ၊ သေ ခေါ်တဲ့ ဇာတိ၊ ဇရာ ဗျာဓိ၊ မရဏ ဒုက္ခတွေက မလွတ်နိုင်ကြတဲ့ဟာတွေပဲ။ ဒီတော့ ဘာထူးသေးသလဲ။
ဒါကြောင့် အို၊ နာ၊ သေတွေနဲ့ ရောထွေးနေတဲ့ ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး မအို၊ မနာ၊ မသေရတဲ့ နိဗ္ဗာန်နဲ့ ရအောင် လဲယူနိုင်ရမယ်။ ပျက်စီးတတ်တဲ့ ခန္ဓာငါးပါးကို စွန့်ပြီး မပျက်စီးတဲ့ နိဗ္ဗာန်ကို လဲလှယ်ပြီး ယူရမယ်။ အလှူ လှူတဲ့နေ့ဟာ ငါတို့ရဲ့ အို၊ နာ၊ သေ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ခန္ဓာငါးပါးနဲ့ ထိုဒုက္ခမျိုးတွေ ကင်းသဖြင့် အလွန် အေးချမ်းသာယာတဲ့ နိဗ္ဗာန်ကို လဲလှယ်ယူတဲ့နေ့ပဲလို့ မှတ်ရမယ်။
ဉာဏ်ရှိ၊ ကံရှိမှ လဲနိုင်တာ
ဒီလို အို၊ နာ၊ သေ ဒုက္ခတွေနဲ့ ရောထွေးနေတဲ့ ခန္ဓာကိုယ်နဲ့ မအို၊ မနာ၊ မသေရတဲ့ နိဗ္ဗာန်ကို လဲလှယ်ယူနိုင် တယ်ဆိုတာလည်း အလွန် ဉာဏ်ကောင်း၊ ကံကောင်းသူများမှ လဲယူနိုင်တော့ ကိုယ်မှာရှိတဲ့ ခန္ဓာနှင့်တကွ ရတနာ ရွှေ၊ ငွေ၊ ပစ္စည်းတွေဟာ ရန်သူငါးတန်တို့နဲ့ ဆက်ဆံနေတာ။ ဒီတော့ အချိန်မရွေး ပျက်စီးနိုင်တဲ့ဟာတွေ အဲဒီပစ္စည်း တွေနဲ့ ရန်သူငါးတန်တို့ လုံးဝအနားမသီနိုင်တဲ့ ပြည်နိဗ္ဗာန်ကို လဲလှယ်ယူနိုင်ဖို့ဆိုတာ တော်တော်ဉာဏ်ရှိ၊ ကံရှိမှ လဲနိုင်တာ။
တစ်ဆယ့်တစ်သီးသော မီးတွေ ညီးညီးလောင်နေတဲ့ ပစ္စည်းနဲ့ မီးမလောင်တဲ့ နိဗ္ဗာန်ဆိုတဲ့ ပစ္စည်းကို လဲယူမယ့် နေ့ ဒီနေ့ဟာဖြင့် အတော်ဉာဏ်ပါးထုတ်နိုင်တဲ့နေ့လို့ မှတ်ကြပေတော့။ ဒီလိုဉာဏ်ပါးမထုတ်နိုင်ကြလို့ ဒီလိုအပါးထုတ် တတ်တဲ့ဉာဏ်ကို မရခဲ့လို့ တစ်သံသရာလုံး ခံခဲ့ရလှပါပြီ။ ဒါကြောင့် ဒီနေ့ဖြင့် အမြတ်သက်သက် ရှာတတ်တဲ့ ဘဝထူး၊ ဘဝမြတ်၊ ဉာဏ်ထူးဉာဏ်မြတ် ရတဲ့နေ့လို့မှတ်။ ဒီလဲလှယ်နည်းကိုလည်း အမြတ်အစွန်း လုံးဝရှိတဲ့ လဲလှယ်နည်းလို့ မှတ်ပါ။
ထို့ပြင် မိမိတို့ ယခုရရှိထားတဲ့ ခန္ဓာကြီးဟာ ဇာတိတွေ၊ ဇရာတွေနဲ့ ရှုပ်ထွေးနေတာ။ ဇာတိရတဲ့သူဆိုရင် အမေရဲ့ စားဖတ်ဝါးဖတ်တွေကြားမှာ နေခဲ့ရတာ။ အောက်က အစာဟောင်းအပေါ်က အစာသစ်တွေက ညှီလိုက် နံလိုက်ပါဘိနဲ့ ဒုက္ခိတအဖြစ်နဲ့ နေခဲ့ရတာပါ။ သုခဆိုလို့ တစ်စက်ကမှ မရှိပါဘူး။ ပြီးတော့ ဒီနေရာ ခေတ္တခဏကလေး နေတာ မဟုတ်ဘူး ၉ လ၊ ၁၀ လ ဆိုသလို နေရတာ။
ဇာတိဒုက္ခကို ကြောက်လို့၊ ရွံလို့၊ မုန်းလို့
ဖွားမြင်တယ်လို့ ခေါ်ကြတဲ့ အပြင်ထွက်တဲ့အခါမှာလည်း သက်သက်သာသာ ထွက်ခဲ့ရတာမဟုတ်ဘူး။ အလွန် ဆင်းဆင်းရဲရဲနဲ့ အပြင်ရောက်ခဲ့တာပါ။ ဒီဒုက္ခမှန်သမျှဟာ ဇာတိရသူမှာ မုချတွေ့ရတဲ့ ဒုက္ခတွေပဲ။ ရှောင်လို့လွဲလို့ ရစကောင်းတဲ့ ဒုက္ခတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဇာတိဒုက္ခကို ကြောက်လို့၊ ရွံလို့၊ မုန်းလို့ သူ့ရဲ့လွတ်ရာ အဇာတိ ခေါ်တဲ့ နိဗ္ဗာန်ကို ရလိုလို့ ရောက်လိုလို့ ဒီသင်္ကန်း စသော လှူဖွယ်ဝတ္ထုများကို လှူဒါန်းပါတယ်လို့ စိတ်ပြောင်းပြီး ညွှတ်ပါ။
ပြီးတော့ ယခု ဒကာကြွယ် ဒကာမသန်းသန်းတို့ ဒကာတို့ဟာ ဘယ်သွားနေကြသလဲလို့မေးရင် မန္တလေးက တောင်မြို့၊ တောင်မြို့က မန္တလေး သွားနေကြပါတယ်လို့ ထင်နေတာ။ အမှန်ကတော့ ဇာတိမှ မရဏသို့ အပြေးသွား နေရတယ်လို့ မှတ်ပါ။ ဒီလိုသွားနေရာမှ ကြားထဲမှာ ဇရာနဲ့ ဗျာဓိကိုလည်း ရောက်ရ၊ တွေ့ရဦးမှာ မလွဲပါဘူး။ သွား မကျိုးချင်ဘဲ ကျိုးရ၊ မျက်စိမမွဲချင်ဘဲ မွဲရ၊ နားမထိုင်းချင်ဘဲ ထိုင်းရ၊ ခါးမကိုင်းချင်ဘဲ ကိုင်းရဆိုတဲ့ အအိုမျိုးစုံကလည်း မုချတွေ့ရဦးမှာပါ။ သံသယရှိမနေနဲ့။
အကောင်းမှန်သမျှ အကုန်ဆုတ်ယုတ်ပြီး အဆိုးနဲ့ချည်း တွေ့ရမှာ အမှန်ပဲ။ ဒီဇရာတွေဟာ ဘယ်နေရာသွား သွား ဘယ်နေရာရောက်ရောက် အိုလျက်ပါပဲ။ ပူတဲ့နေရာနေလည်း အိုလျက်ပါပဲ။ အအေးထဲမှာမှ သက်သာလိမ့်မယ် ထင်လို့ အအေးထဲ ပြောင်းနေလည်း အိုလျက်ပါပဲ။ ဘယ်ပြောင်း-ပြောင်းလေ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အအိုကတော့ မလျော့ပါဘူး။ အမြဲ အိုလျက်ပါပဲ။
ဒီဇရာဒုက္ခကြီးမှ လွတ်လိုလို့ ကျွတ်လိုလို့
ဒီအအိုဒုက္ခဟာ ရှေ့သာတိုးနေတာ နောက်ဆုတ်တာ မရှိပါဘူး။ ဒါကြောင့် ဤမျှဆိုးဝါးသော အိုရခြင်းဒုက္ခ ကို ရွံ့ခြင်း၊ ကြောက်ခြင်း၊ မုန်းခြင်း ပြင်းပြပါသည်ဖြစ်၍ ဒီဇရာဒုက္ခကြီးမှ လွတ်လိုလို့ ကျွတ်လိုလို့ ဒီသင်္ကန်း စသော ပစ္စည်းများကို လှူဒါန်းပါ၏လို့ စိတ်ပြောင်းပါ။
ဒီဇရာဒုက္ခသာမကသေးဘူး။ ဗျာဓိဆိုတဲ့ ဒုက္ခကလည်း တွေ့ရဦးမှာ မုချပါပဲ။ လူ့ဘဝ ရရပါလို၏ထဲမှာ ဒီဗျာဓိဒုက္ခကြီး ပါလာလိမ့်မယ်တဲ့။ သစ္စာဉာဏ်မရှိတဲ့အတွက် မသိခဲ့တာကြောင့် ဆုတောင်းမှားခဲ့ကြတယ်။ ကိုယ့်ဟာ ကိုယ် ဆုတောင်းမိခဲ့တာဆိုတော့ အောင့်ခံရုံပဲ ရှိတော့တယ်။ မျက်စိ နာရ၊ နား၊ နာရသွားနာရနဲ့ စုံလို့ပါပဲ အနာမျိုးစုံ လာဦးမယ်။
အဲဒီလို အနာမျိုးစုံ မိမိခန္ဓာထဲမှာ ရှိနေလျက်နှင့် နောက်ထပ် အနာမျိုးစုံပါတဲ့ ခန္ဓာမျိုး လိုချင်သေးရင်တော့ ဒီထက်မိုက်တာ မရှိတော့ပါဘူး။ ဒီဗျာဓိဒုက္ခကြီးရဲ့ မရှိရာ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ အအေးဓာတ်တရားဟာ မုချ ရှိပါတယ်။ ဒီဗျာဓိဟာ ဒုက္ခသစ္စာပဲ။ ဗျာဒိကို ဒုက္ခလို့သိတာဟာ မဂ္ဂသစ္စာပဲ။ ဒုက္ခမှန်းသိလို့ မလိုချင်ရင် တဏှာချုပ် တာပဲ။ တဏှာချုပ်ရင် နိရောဓခေါ်တဲ့ နိဗ္ဗာန် မျက်မှောက်ပြုပြီးသား ဖြစ်တာပဲ။
ဗျာဓိဒုက္ခကင်းတဲ့ နိဗ္ဗာန်ကို ရောက်လိုရလို
ဒါကြောင့် ဒီဗျာဓိဒုက္ခကြီးက လွတ်ဖို့ကျွတ်ဖို့လို့ ဗျာဓိဒုက္ခကင်းတဲ့ နိဗ္ဗာန်ကို ရောက်လိုရလိုသော ဆန္ဒပြင်းပြ ပါသည်ဖြစ်၍ ဤသင်္ကန်း စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းပါတယ်လို့ စိတ်ပြောင်းပါ။ တို့ဟာ ‘ဒီနေ့ ဒီပစ္စည်း တွေနဲ့ ဗျာဓိဒုက္ခကင်းတဲ့ နိဗ္ဗာန်ကိုလည်း ယူမယ့်နေ့ပဲ’လို့ မှတ်လိုက်ပါ။
ဗျာဓိဒုက္ခပြီးတော့ ဘာတွေ့ရဦးမယ် မှတ်သလဲ?။ အနှိပ်သည်တွေ၊ မြန်မာဆရာတွေ၊ အင်္ဂလိပ်ဆရာတွေ ဘေးပတ်ပတ်လည်ဝိုင်းနေမယ့် မရဏန္တိကဒုက္ခ မရဏဒုက္ခ တွေ့ရဦးမှာပဲ။ ယခု ဒကာကြွယ်တို့ ဒကာမသန်းသန်းတို့ ဒကာတို့ဟာ ဘယ်သွားနေသလဲ? သိလား?။ အဲဒီ မရဏဒုက္ခကို အရောက်ပြေးနေတာ။ ဒီနားထိုင်နေရတာ မမှတ် ပါနဲ့။ ဒီလောက်ဆိုးဝါးတဲ့ ဒုက္ခကြီး အစကပါလိမ့်မယ် မထင်ခဲ့ကြလို့ ဒကာတို့တစ်တွေ ဆုတောင်းမှားခဲ့ကြတာ။ မှား မှန်းသိရင် သစ္စာဉာဏ်ပဲ။
မရဏဒုက္ခ၏ မရှိရာ နိဗ္ဗာန်ကို ရလိုရောက်လို
ဘေးက လာကြည့်တဲ့လူတွေက လက်ခါပြီး မရတော့ပါဘူး။ ဒီတောင်ကတော့ ကျော်မယ်မထင်တော့ပါဘူး ဆိုတဲ့ မရဏဒုက္ခကို တွေ့မှ တွေ့ပါ့မလားလို့များ သံသယမရှိနဲ့ တွေ့ရမှာ မုချပါပဲ။ ဒါကြောင့် ‘ဒီမရဏဒုက္ခကြီးမှ လည်း ကြောက်ခြင်း၊ ရွံ့ခြင်း၊ လန့်ခြင်း၊ ငြီးငွေ့ခြင်း ပြင်းပြပါသည်ဖြစ်၍ ထိုမရဏဒုက္ခ၏ မရှိရာ အမရဏခေါ်သည့် နိဗ္ဗာန်ကို ရလိုရောက်လိုသောကြောင့် ဒီသင်္ကန်း စသော ပစ္စည်းများကို လှူဒါန်းပါသည်’လို့ စိတ်ထားကို ပြုပြင်ပါ။
‘ဤကဲ့သို့ ပြုစုလှူဒါန်းသော သဒ္ဓါ၊ စေတနာ၊ ပညာ၊ ဝီရိယတို့ကြောင့် အို၊ နာ၊ သေ ဒုက္ခကြီးများသို့ သွားရာ လမ်းကို မလုပ်လိုခြင်း၊ မရလိုခြင်း မအို၊ မနာ၊ မသေရာ နိဗ္ဗာန်ကို မဂ္ဂင်ဆိုက်သောဉာဏ်ဖြင့် မြင်၍ ရလိုခြင်း ရောက်လိုခြင်းကြောင့် လှူတဲ့နေ့’လို့ မှတ်။ ယနေ့ဟာ မျက်လုံးအကြီးအကျယ် ပွင့်တဲ့နေ့လို့ မှတ်ပါ။ ဘာမျက်လုံးပွင့် သလဲ သမ္မာဒိဋ္ဌိ မျက်လုံးပွင့်တဲ့နေ့ အမြင်မှန်ရတဲ့နေ့ မှတ်ပါ။
အမြင်ကြောက်ကမှ တကယ်ကြောက်တာ
အပြောကြောက်နဲ့ အမြင်ကြောက် (၂) မျိုးမှာ အပြောကြောက်က အဟုတ်ကြောက်တာ မဟုတ်ပါဘူး။ အမြင်ကြောက်ကမှ တကယ်ကြောက်တာပါ။ ဒါကြောင့် အပြောကြောက်ကလေးတွင် ရပ်မထားပါနဲ့။ မိမိဉာဏ်နဲ့ ဆင်ခြင်၊ မဂ်ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ကြောက်ပါ။ ဒီလိုဉာဏ်မမြင်လျှင် အအိုရှိလျက် အအိုရှာ၊ အနာရှိလျက်နှင့် အနာရှာ၊ အသေရှိလျက်နှင့် အသေရှာတဲ့နေ့ ဖြစ်လိမ့်မယ်။ ကိုယ့်မှာ အအိုတွေ၊ အနာတွေ၊ အသေတွေ ရှိလျက်နှင့် နောက်ထပ် အအို၊ အနာ၊ အသေ ရှာတယ်ဆိုတာ ပုထုဇဉ်အမိုက်တို့ရဲ့ ရှာမှီးခြင်းဖြစ်တယ်။
အရိယာပုဂ္ဂိုလ်တွေကတော့ အအိုလွတ်ရာ အနာလွတ်ရာ အသေလွတ်ရာကို ရှာကြတာ။ အဲဒီလိုမရှာတတ် ရင်တော့ ဇာတိထဲနေပြီး ဇာတိထဲ ပြန်ချင်လို့၊ ဇရာထဲနေပြီး ဇရာထဲ ပြန်ချင်လို့၊ ဗျာဓိထဲနေပြီး ဗျာဓိထဲ ပြန်ချင်လို့၊ မရဏထဲနေပြီး မရဏထဲ ပြန်ချင်လို့ မှတ်ရလိမ့်မယ်။ ဒါကြောင့် ဒီနေ့ဟာဖြင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြင့် အမှန် ကိုမြင်လျက် အို၊ နာ၊ သေရေး ဒုက္ခဘေးကြီးတွေ ရောပြွမ်းနေတဲ့ ခန္ဓာကိုယ် ဇာတ်သိမ်းချင်လို့ လှူတဲ့အလှူလို့ မှတ် ပါ။
ခန္ဓာကိုယ်ဟာ ဒုက္ခသစ္စာ၊ ဇာတ်သိမ်းတာက နိရောဓသစ္စာ၊ ဇာတ်သိမ်းချင်တာက မဂ္ဂသစ္စာ။ ခန္ဓာကိုယ်ကို ဒုက္ခမှန်းသိလို့ မလိုချင်ရင်တော့ တဏှာချုပ်တော့တာပဲ။ ဒီလို တဏှာချုပ်၍ ‘ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ကို အမှန် မျက်မှောက်ပြုလို၍ လှူပါတယ်’လို့ စိတ်ပြောင်း၊ ယခုလိုလှူ၍ ယခုလို အမြင်မှန်မြင်လျှင် ဧကန် နိဗ္ဗာန်ကို ရနိုင်တယ်။ ဒီလိုရနိုင်ကြောင်းကို ယုံကြည်လျှင် ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿ ကတာဉာဏ်လို့ ဆိုရတယ်။ ဝဋ်ဒုက္ခ လွတ်လိုတာက မဂ်ဉာဏ်။ အဲဒီ ‘ကမ္မဿကတာဉာဏ် မဂ်ဉာဏ်တွေနဲ့ ဒီနေ့ လှူပါ၏’လို့ စိတ်ကပြောင်း၍ ထားပါ။
ရေစက်ချ
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဧကဒသဂ္ဂီဟိ၊ တစ်ဆယ့်တစ်သီး ညီးညီးပြောင်ပြောင် တောက်လောင်ကုန်သော ရာဂ စသော မီးတို့သည်။ ပရိပီဠိတံ၊ အမြဲမပြတ် တစ်လောင်တည်း လောင်အပ်သော။ သံသာရဘယံ၊ တစ်ဖြစ်တည်းဖြစ် တစ်ပျက်တည်းပျက်၍ နေရသော သံသရာဝဋ်ဒုက္ခဘေးကြီးကို။ ဘီတာ၊ ကြောက် ခြင်း ရွံ့ခြင်း ပြင်းပြပါကုန်သည်ဖြစ်၍။ တတော၊ ထိုသံသရာဝဋ်ဒုက္ခမှ။ မုတ္တာ၊ ကျွတ်လွတ်ကြကုန်သည်။ ဟုတွာ၊ ဖြစ်၍။ နိဗ္ဗာနံ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို။ သစ္ဆိကရဏတ္ထာယ၊ မျက်မှောက်ပြုပါရခြင်း အကျိုးငှာ။ ဉာဏစက္ခုံ၊ အမှန်ကိုမြင်တတ်သော ဉာဏ်စက္ခုကို။ ဂဝေသန္တော၊ ရှာမှီးလတ်သော်။ ဘိက္ခဝေ၊ သံသရာဘေး လာမည့် ရေးကို မျှော်တွေးကြောက်ငြား အို…ချစ်သားတို့။ ပုညံ၊ ကုသိုလ်ကောင်းမှုအစုစုသည်။ သုခံ၊ လူနတ်ချမ်းသာမျှ သာမက အတုမရှိ အချမ်းသာဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာကို။ ဇနေတိ၊ မုချမသွေ ဖြစ်စေနိုင်၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဟောတော်မြွက်ကြား အမိန့်တော်စကားကို။ မနသိကတွာ၊ နှလုံးသွင်း၍။ တိသရဏေန၊ သရဏဂုံသုံးပါးနှင့်။ သဟ၊ တကွ။ အဋ္ဌင်္ဂသီလာနီ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလတော်မြတ်တို့ကို။ သမာဒိယိတွာ၊ ကျင့်သုံးခံယူ ဆောက် တည်ပြီး၍။ ဣမာနိစီဝရာဒိဝတ္ထူနိ၊ ဤသင်္ကန်း အစရှိသော။ ဒေယျဓမ္မ ဒါတဗ္ဗဝတ္ထု အစုစုတို့ကို။ အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။ ယထာဥဒ္ဒိဋ္ဌံ၊ ရည်ညွှန်းပိုင်းခြားထားသည့်အတိုင်း။ ဒေမ၊ သဒ္ဓါရွှင်လန်း လှူဒါန်းဆက်ကပ်ပါ ကုန်၏။
ဘန္တေ၊ အရှင်ဘုရား။ ဣမိနာဒါနပုညေန၊ ဤသို့လှူဒါန်းပြုစုရသော ဒါနကုသိုလ်ကြောင့်လည်းကောင်း။ ဣမိနာ သီလ ပုညေန၊ ဤသို့ဆောက်တည်ရသော သီလကုသိုလ်ကြောင့်လည်းကောင်း။ အညေဟိ ပုညေဟိ၊ ဤမှ တစ်ပါး များများထူးထူး ပြုခဲ့ဖူးသော ကောင်းမှုတို့ကြောင့်လည်းကောင်း။ မယံ၊ တပည့်တော်-တပည့်တော်မတို့သည်။ အဇာတိံ၊ ပဋိသန္ဓေတည်နေရခြင်းမရှိသော။ အဇရံ၊ ခန္ဓာရွတ်ယိုအိုရခြင်းမရှိသော။ အဗျာဓိံ၊ ဆင်းရဲပြင်းစွာ နာရခြင်း မရှိသော။ အမတံ၊ ခန္ဓာလည်းကြွေ သေရခြင်းမရှိသော။ သီဝံ-ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို။ ဣစ္ဆိတဝ ရေန၊ အလိုရှိအပ်သော ဆုထူးဆုမြတ်နှင့်တကွ။ သစ္ဆိကရေယျာမ၊ မငြိုမငြင် ဆောလျင်ကူးမြောက် အသော့ရောက် ၍ မျက်မှောက်ပြုရပါလိုကုန်၏ အရှင်ဘုရား…။
ဘန္တေ၊ အရှင်ဘုရား။ ဣမဿ ပုညဿ၊ ဤသို့ စုစုပြုပါရသော ကောင်းမှု၏။ ဘာဂံ၊ အဖို့ကို။ ဂုဏဝိသိဋ္ဌ တရာနံ၊ ဂုဏ်ကျေးဇူး အထူးရှိတော်မူကြကုန်သော။ မာတာပိတုနဉ္စ၊ မိခင်ဖခင် ကျေးဇူးရှင်တို့အားလည်းကောင်း။ အာစရိယာနဉ္စ၊ ဆရာသခင်ကျေးဇူးရှင်တို့အားလည်းကောင်း။ ဣမာသံ ပရိသာနဉ္စ၊ ဤအလှူမဏ္ဍပ်သို့ ကြွရောက်လာ တောင်း ပရိသတ်အပေါင်းတို့အားလည်းကောင်း။ ယမရာဇဿစ၊ ငရဲသေဋ္ဌီနင်း ယမမင်းအားလည်းကောင်း။ ဒေဝ ရာဇဿစ၊ နတ်တို့သေဋ္ဌီနင်း သိကြားမင်းအားလည်းကောင်း။ ဧကတိံသဘဝေ (၃၁) ဘုံ၌၊ စရန္တာနံ၊ ကျင်လည်ကျက်စား ပြေးသွားနေကြကုန်သော။ သဗ္ဗသတ္တာနဉ္စ၊ အလုံးစုံသော သတ္တဝါတို့အားလည်းကောင်း။ ဘာဇေမ၊ အမျှ အမျှ အမျှ ပေးဝေငှပါကုန်၏။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ အမှေဟိ၊ တပည့်တော်တို့နှင့်။ သမံ၊ ထပ်တူထပ်မျှ။ ပုညသာဂံ၊ ကောင်းမှုအဖို့ကို။ လဘိတွာ၊ ရကြကုန်၍။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်သည်။ မုဒိတာ၊ ပီတိလွှမ်းမောက် ဝမ်းမြောက်သောစိတ် ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
မှတ်ချက်
ယခုလို အမျှပေးဝေရာ၌ ကောင်းမှုအဖို့သည် မိမိမှာ လျှော့မသွားပါ တိုး၍ပင် လာပါသေးသည်။ ဥပမာ ဖယောင်းတိုင်မှ မီးကို အခြားဖယောင်းတိုင်များသို့ ကူးယူရာ၌ နဂိုဖယောင်းတိုင်မှ မီးသည် မလျှော့သည့်ပြင် နောက် နောက် ဖယောင်းတိုင်မီးများကြောင့် ပို၍ပင် အရောင်အလင်းရသကဲ့သို့တည်း။
ထို့ပြင် အမျှဝေရာ၌ သာဓုခေါ်နိုင်သူများမှာ ငရဲကျနေသော သူများမပါ။ အနီးအနားမှာရှိသော ပြိတ္တာများ သာ ပါသည်။ ၎င်းပြိတ္တာများလည်း နုမှရသည်။ ရင့်နေသေးက မခေါ်နိုင်။ ကျွတ်ချိန်နီးသော ပြိတ္တာများမှ ရသည်။ ထိုသို့ အမျှယူသူမရှိသော်လည်း အမျှပေးသောသူမှာကား ကုသိုလ်ကတော့ ဖြစ်သည်သာ။
ဥပမာ
ဧည့်သည်တစ်ယောက်လာ၍ ထမင်း စသည်ဖြင့် ကျွေးမွေးရာ၌ ဧည့်သည်က မစားသော်လည်း အိမ်ရှင်မှာ ကား တာဝန်ကျေ၍ ဒါနကုသိုလ် အထမြောက်သကဲ့သို့ပင် ဖြစ်သည်။
နိဂုံးစကား
ဤမျှတည်းသော ဒေသနာတော် အစု အစဉ်ဖြင့် ‘မိုးကုတ်ဝိပဿနာ ဒုလ္လဘဒေသနာ’ဟု အမည်တွင်သော တရားတော်များ ‘ပထမတွဲ’ကို ဤနေရာတွင် ကမ္ပတ်ဖုံးကာ အဆုံးသတ်ရပေတော့ပြီ။
အကယ်၍သာ ဓမ္မအဆွေတော် ဝေနေယျ အများစု၌ ကံကောင်းအထောက်အပံ့အားကြီးစွာ ရှိကြသည်မှန်ခဲ့ ပါမူ ရေးကူးပြီး ‘ဆရာတော်ကိုယ်တိုင်’ ကြည့်ရှုစစ်ဆေးပြီးဖြစ်သော တရားတော်စာမူများ အများပင် ကျန်ရှိနေသေး သဖြင့် ဒုတိယပိုင်း၊ တတိယပိုင်း စသည်အားဖြင့် ထွက်ပေါ်လာနိုင်ရန် အကြောင်းအခွင့်ရှိပါသည်။
ရေကူးတင်ဆက်သူ(ဦးမြင့်ဆွေ-မိတ္ထီလာ၊)၏ စေတနာ သဒ္ဓါဆန္ဒ အဓိက ရည်ရွယ်ချက်မှာ…
