20122

အာသဝကုန်ရန် နည်းလမ်းမှန် တရားတော်

ဆောင်ပုဒ်-

ခန္ဓာငါးရပ်၊ ရှုဉာဏ်ကပ်၊ မပြတ်ရှုကြည့်ရာ။

အကြောင်းတိုက်က၊ ဖြစ်ပေါ်ရ၊ ခဏချုပ်ဆုံးရှာ။

ဖြစ်ပျက်သိမြင်၊ ဉာဏ်ရလျှင်၊ မှန်မြင်ဇာနသာ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သုံးဝပြီးပိုင်လာ။

ဖြစ်ပျက်မြင်ပိုင်၊ ဒုက္ခိပိုင်၊ ဖြတ်နိုင်ပဋိစ္စာ။

ဖြစ်ပျက်ဒုက္ခံ၊ သိမြင်ဉာဏ်၊ မဂ္ဂံမြတ်သစ္စာ။

အာသဝချုပ်၊ ဉာဏ်ဝိမုတ်၊ ကောင်းယုတ်နိဗ္ဗူချာ။

သတိချပ်

အဝိဇ္ဇာစ၊ အာသဝ၊ ပဋိစ္စခန္ဓာစက်။

တဏှာ,ဒိဋ္ဌိ၊ မောဟဖိ၊ မသိမိုက်မဲတွက်။

ဖြစ်ပျက်ဖန်ခါ၊ ငဲလှည့်ကာ၊ ဒုက္ခာလွန်နဲနက်။

သိမြင်ဉာဏ်ရ၊ ထိုဒုက္ခ၊ မုချလွတ်နိုင်ကွက်။

ခန္ဓာဖြစ်စဉ်၊ ဉာဏ်ရှုဝင်၊ မှန်မြင်ဒုက္ခနက်။

ဖြစ်ပျက်တစ်လုံး၊ ပိုင်နိုင်သုံး၊ လမ်းဆုံးအာသဝက်။

ဆုတောင်းကာမျှ၊ အာသဝ၊ ကုန်ပ,မရှိတွက်။

ဆုတောင်းပယ်ဖြုတ်၊ မဂ္ဂင်လုပ်၊ မှန်ဟုတ်နိဗ္ဗူတွက်။

တရားသား။

နိဗ္ဗာန်ကိုရောက်ဖို့ ဘယ်လိုမိန့်မှာတော်မူခဲ့လဲ

ဒကာ၊ ဒကာမတို့ အာသဝေါတရား ကုန်ဖို့ရာ အာသဝ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ဖို့ရာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုဟောတော်မူခဲ့တယ်၊ ဘယ်လိုမိန့်မှာတော်မူခဲ့တယ်ဆိုတာ ဒီကနေ့ည အထူးတလည် သိမှတ်ကြရမယ်။ သိမှတ်ရတဲ့အတိုင်းလည်းပဲ လိုက်နာဆောင်ရွက်ကြရလိမ့်မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြပါ။

ဒကာ၊ ဒကာမတို့ ဘုရားရှင်က အာသဝေါကုန်ဖို့ရာ ဘယ်လိုမိန့်မှာတော်မူခဲ့ပါသလဲ?ဆိုတဲ့အချက်ကို သေသေ ချာချာ မှတ်လိုက်ကြပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ‘ခန္ဓဝဂ္ဂသံယုတ် ဝါဋိဇဋ’သုတ်မှာ…

+++ “ဇာနတော တံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ နော အဇာနာတော နော အပဿတော”

”ဘိက္ခဝေ၊ သံသရာရေး လာမည့်ဘေးကို မျှော်တွေးကြောက်ငြား အို…ချစ်သားတို့။ ဇာနတော၊ ခန္ဓာငါးပါး တို့၏ ဖြစ်ပျက်ကိုသိသောသူအားသာလျှင်။ ပဿတော၊ ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်ကို မြင်သောသူအားသာလျှင်။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယံ၊ ကုန်ခြင်းကို။ (ဝါ) ကုန်ရာနိဗ္ဗာန်ကို။ လဒ္ဓေါတိ၊ ရအပ်၏ဟူ၍။ အဟံ၊ ငါ ဘုရားသည်။ ဝဒါမိ၊ ဧကန်မြွက်တော် ဟောကြားတော်မူ၏။ ။ အဇာနတော၊ ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်ကို မသိသော သူအား။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယံ၊ ကုန်ခြင်းကို။ လဒ္ဓေါတိ၊ ရအပ်၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ နောဝဒါမိ၊ ဟောတော်မမူ။ အပဿတော၊ ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်ကို မမြင်သောသူအား။ အာသဝါနံ၊ တို့၏။ ခယံ၊ ကို။ လဒ္ဓေါတိ၊ ၍။ အဟံ၊ သည်။ နောဝဒါမိ၊ ဟောတော်မမူ။”

ဖြစ်ခြင်းပျက်ခြင်းကို မြင်မှသာ အာသဝကုန်မယ်

အဲဒီလို ဟောကြားမှာထားတော်မူခဲ့ပါတယ်။ အဲဒီတော့ သိတဲ့သူ မြင်တဲ့သူဆိုရင် အာသဝကုန်မယ်။ မသိ၊ မမြင်တဲ့သူဆိုရင် အာသဝမကုန်ဘူးဆိုတဲ့အချက် မှတ်ကြရမယ်။ သိမှ၊ မြင်မှ ကုန်မယ်ဆိုတော့ ဘယ်လိုသိမှ၊ ဘယ်လို မြင်မှ အာသဝကုန်မှာလဲလို့ မေးစရာရှိတော့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိမှ၊ ဖြစ်ခြင်းပျက်ခြင်းကို မြင်မှသာ အာသဝကုန်မယ်ဆိုတဲ့ အဓိပ္ပာယ်ကို မှတ်လိုက်ကြ။ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သဘောပါကြပလား?။

အာသဝက (၁) ကာမာသဝ၊

(၂) ဘဝါသဝ၊

(၃) ဒိဋ္ဌာသဝ၊

(၄) အဝိဇ္ဇာသဝ၊

အဲဒီလေးပါးပဲ။ လေးပါးဆိုပေမယ့် တရားကိုယ်အရင်းကောက်လိုက်တော့ ကာမာသဝ-လောဘ၊ ဘဝါသဝက လည်း လောဘပဲ။ ဒိဋ္ဌာသဝက-ဒိဋ္ဌိ၊ အဝိဇ္ဇာသဝက-မောဟ၊ ဒီသုံးခုပဲ ရပါတယ်။ အချုပ်ကတော့ လောဘ၊ ဒိဋ္ဌိ၊ မောဟပဲ ရှင်းကြရဲ့လား?။ စာလိုသုံးရင် ခက်တယ်။ ဒကာ၊ ဒကာမတို့ အာသဝဆိုတာ မောဟ၊ လောဘ၊ ဒိဋ္ဌိ ဒီသုံးခု ပဲ မှတ်ထားကြ။ မှတ်တတ်ကြပလား?။

ပဋိစ္စသမုပ္ပါဒ လည်သွားမယ်

ဒီသုံးခုထဲက မောဟကို မပယ်နိုင်ရင် ပဋိစ္စသမုပ္ပါဒ် အစကစပြီး အဆုံးထိအောင် လည်သွားမယ်။ ဒုက္ခအကုန် ပုံပြီးဖြစ်တော့မယ်ဆိုတာ မှတ်လိုက်ကြ။ မောဟဆိုတာ အဝိဇ္ဇာပဲ။ အဝိဇ္ဇာဆိုတော့ သူဖြစ်လာလို့ရှိရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုပြီး သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ကျအောင် ဒုက္ခအကုန်လုံး လိုက်လာမယ်။ ရိပ်မိကြပလား?။

လောဘဆိုရင် ပဋိစ္စသမုပ္ပါဒ် အလယ်ကဖောက်ပြီး အဆုံးထိအောင်သွား။ နောက် အစက ပြန်ပတ်ပြန်တာပဲ။ ကာမာသဝ၊ ဘဝါသဝ နှစ်ခုလုံးက လောဘတဏှာချည်းပဲ။ တဏှာဆိုတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုပြီး အဆုံးရောက်အောင်သွား။ နောက် ဒေါသ၊ သောကဆိုတော့ အဝိဇ္ဇာက တစ်ခါပြန်ပြီး စလှည့်ပြန်တာ ပဲ။ သဘောပါကြရဲ့လား?။

ဒိဋ္ဌာသဝက-ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်ဆိုတော့ သူကလည်း အလယ်ကစပြီး အဆုံးကျအောင်သွား။ နောက် အစကပဲ ပြန်ပြီးပတ်ဦးဆိုတော့ ဝဲလှည့်သလို ရစ်ပတ်ပြီး လှည့်နေရတယ်။ ဝဲလှည့်သလိုပဲ ဒုက္ခစက်ကြီး လှည့်နေရတယ်။ ဒီတော့ ဒကာ၊ ဒကာမတို့ ခန္ဓာအစဉ်မှာ ဒုက္ခစက်ဝဲကြီး အမြဲတမ်း လှည့်နေတယ်လို့ဆိုရင် မမှားတော့ဘူး။ ဒုက္ခစက်ဝဲ ကြီးပဲလို့သာ မှတ်လိုက်ကြ။ ရိပ်မိကြရဲ့လား?။

အာသဝစက်ကြီး ဒုက္ခစက်ကြီး

ဒကာ၊ ဒကာမတို့ သန္တာန်အစဉ် ခန္ဓာအစဉ်မှာ ဒီအာသဝတရားတွေပဲ။ အကြောင်းအကျိုးဆက်ပြီး ဝဲလှည့် သလို လှည့်နေတယ်။ စက်ကြီးများ လည်သလို လည်နေရတယ်ဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ။ ဒီဟာ ဒုက္ခစက်ကြီး ပဲ။ ဒီအာသဝစက်ကြီး ဒုက္ခစက်ကြီးကို ရပ်သွားအောင်၊ ပြတ်သွားအောင် လုပ်ကြရလိမ့်မယ်။ အာသဝစက်မပြတ်ရင် ဒုက္ခစက်လည်း ဘယ်တော့မှ ရပ်ခွင့်မရှိတော့ဘူး။ ရှင်းကြရဲ့လား?။

ဒါကြောင့် ဒကာ၊ ဒကာမတွေ မိမိသန္တာန်မှာ ပဋိစ္စသမုပ္ပါဒ်တစ်ခုပေါ်လာရင် ဖြစ်ပျက် ရှုရမယ်ဆိုတာ ကြိုတင်ပြီး မှတ်ထားလိုက်ကြပါ။ ဖြစ်ပျက်တစ်လုံးကို ပိုင်ပိုင်နိုင်နိုင် ရှုနိုင်ရင် အာသဝလေးပါးလုံး အကုန်ချုပ်မယ်။ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ အားလုံး ပြုတ်မယ်။ ဖြစ်ပျက်တစ်လုံးထဲကို ပိုင်ရင် ဒီလေးပါးလုံး အကုန်ချေမှုန်းနိုင်တယ်ဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပလား?။

ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဒီလိုဆိုတော့ ဘာလိုသေးတုံး။ ဖြစ်ပျက်တစ်လုံးကို ပိုင်ဖို့သာ အရေးကြီးပါ တယ်။ ဒါဆို ဘာမှမခဲယဉ်းတော့ဘူး။ ဖြစ်ပျက်တစ်လုံးကို ပိုင်အောင်လုပ်ဖို့ အရေးဟာ ဒကာ၊ ဒကာမတို့ အရေးပဲ ဆိုတာ ရိပ်မိကြပလား?။ ရိပ်မိရင် ဒီဖြစ်ပျက်တစ်လုံးကိုဖြင့် ပိုင်အောင် ကြိုးစားတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ကျေနပ်ပလား?။ ဒီတစ်လုံးထဲကိုမှ မလုပ်ချင်ရင် အပါယ်သွားဖို့အပြင် မရှိတော့ဘူးလို့သာ မှတ်ကြတော့။ ရှင်းကြ ပလား?။

ဖြစ်ပျက်တစ်လုံးကို သိဖို့

ဖြစ်ပျက်တစ်လုံးကို သိဖို့ဆိုတော့ မခဲယဉ်းပါဘူး။ ဘုန်းကြီး အရင်ရက်တွေက ဟောပြထားတဲ့အတိုင်း ခန္ဓာ ထဲမှာ ဉာဏ်နဲ့စိုက်ကြည့်ဖို့ပဲ။ အဲဒီလို ဉာဏ်နဲ့ကြည့်ရင် ဝေဒနာတစ်ခုခုရင်လည်း တွေ့ရင်တွေ့မယ်၊ စိတ်တစ်မျိုးမျိုး ကို တွေ့ချင်လည်းတွေ့မယ်၊ ဘာတွေ့တွေ့ တွေ့တဲ့တစ်ခုခုကို အကဲခတ်ပြီး ကြည့်လိုက်ရမယ်။ အဲဒီလိုကြည့်လိုက်တဲ့ အခါ ဒီဓမ္မကလေးဟာ ဖြစ်ပြီး ပျက်စီးသွားတာပဲရှိတယ်။

အဲဒီလိုပေါ်လာတိုင်း ဓမ္မကလေးတွေ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်နဲ့ အစဉ်အတိုင်း ဖြစ်ပျက်နေတာချည်း တွေ့ရ မြင်ရမယ်။ ဒကာ၊ ဒကာမတွေ သဘောပါကြပလား?။ မိမိခန္ဓာမှာပေါ်လာတဲ့ ဓမ္မလေးတွေရဲ့ အဖြစ်နဲ့အပျက် အစုကို တွေ့ရင် ဒီအတိုင်းသာ ဆုံးအောင် ဆက်လိုက်ရမယ်။ ဒီဖြစ်ပျက်တစ်လုံးကိုသာ ကိုင်ထားဖို့ အရေးကြီးတယ်။ ဖြစ်ပျက် ကို ပိုင်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?။

ဒကာ၊ ဒကာမတို့ ‘အာသဝကုန်ဖို့ရာ ဆုတောင်းနဲ့မရဘူး။ ဆုတောင်းရုံနဲ့ အာသဝမကုန်ဘူး’ဆိုတာ သေသေ ချာချာ မှတ်ကြရမယ်။ နောက်ပြီး ‘ရုပ်၊ နာမ်၊ ခန္ဓာတို့ရဲ့ ဖြစ်ပျက်ကို မမြင်ရင်လည်း အာသဝမကုန်ဘူး။ ဖြစ်ပျက်ကို မြင်မှသာ အာသဝကုန်မယ်။ အာသဝကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ကို ထူးထူးခြားခြား မှတ်လိုက်ကြဆိုတာ သတိပေးပါတယ်။

ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေး

ဒါကြောင့် အာသဝကုန်ချင်ရင် မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးရမယ်။ ကြည့်ပေးလို့ ပေါ်လာတဲ့ ဓမ္မလေးတွေ ရဲ့ ဖြစ်ပျက်ကိုမြင်ရင် နေရာကျပြီ။ ဒီဖြစ်ပျက်ကို ဆက်ပြီး လိုက်ကြရမယ်။ ဆက်ပြီးလိုက်လို့ ဖြစ်ပျက်တွေကုန်ရင် အာသဝကုန်တာပဲ။ ကျေနပ်ပလား?။ အဲဒီတော့ ဆုတောင်းနေလို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား?။

ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တဲ့အလုပ် မဂ္ဂင်အလုပ်နဲ့မှ အာသဝကုန်မယ်။ ဒီအလုပ်မပါရင် ဘယ်အခါမှ မရနိုင် ဘူး။ ဒါကြောင့် ဒကာ၊ ဒကာမတွေ အာသဝကုန်ရာ နိဗ္ဗာန်ရချင်ရင် မိမိခန္ဓာမှာ ဉာဏ်နဲ့သာ ကြည့်ပေးကြ။ ဒီအလုပ် လက်လွတ်ရင် အာသဝဝင်မယ် ရိပ်မိကြပလား?။ အဝိဇ္ဇာသဝ ဝင်ရင် ပဋိစ္စသမုပ္ပါဒ် အစက စပြီးလည်မယ်။ ကာမာ သဝဆိုရင် အလယ်ကဖောက်ပြီး လည်မယ်။ ဘဝါသဝဆိုလည်း အလယ်ကဖောက်ပြီး လည်မှာပဲ။ ဒိဋ္ဌာသဝဆိုလည်း အလယ်ကပဲ စပြီးလည်၊ နောက်အဆုံးက တစ်ခါအစပြန်ပတ်ပြီး လည်ပြန်တာပဲ။

ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ရှေးကဆိုရင် အာသဝ ခြယ်လှယ်သမျှ ငုံ့ခံကြရတယ်။ သူပြုသမျှပဲ နုကြ ရတယ်ဆိုရင် မမှားပါဘူး။ ဒကာ၊ ဒကာမတွေဟာ ရှေးရှေးက အာသဝချုပ်ချယ်သမျှ ခြယ်လှယ်သမျှပဲ ငုံ့ခံခဲ့ရတယ် ဆိုတာ ပေါ်ကြပလား။

ဒီအာသဝကို ဘာနဲ့ဖြတ်ရမလဲ

အဲဒါကြောင့် ဒီအာသဝကို ဖြတ်နိုင်အောင် ဖြတ်ကြရမယ်။ မဖြတ်ရင် ဖြစ်ပါ့မလား? မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။ အဲဒီလို အာသဝကို ဖြတ်ကြဖို့ဆိုတော့ ဒါကို ဘာနဲ့ဖြတ်ရမလဲ?။ ဒကာ၊ ဒကာမတို့ ဒီအာသဝကို ဘာနဲ့ဖြတ်ရမလဲလို့မေးရင် ‘ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ’တဲ့ ရုပ်နာမ်ဖြစ်ပျက်၊ အမြင်နဲ့ ဖြတ်ရမယ်၊ ဖြစ်ပျက်မြင်တဲ့သူမှ အာသဝပြတ်တယ်။ အဲဒါ ဘုရားဟောတော်မူခဲ့တဲ့စကားပဲ။ ကျေနပ်ကြ ပလား?။

အဲဒီတော့ အာသဝပြတ်ဖို့ရာ ရုပ်နာမ်ဖြစ်ပျက် မြင်မှသာ ပြတ်မယ်။ မမြင်ရင် မပြတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို လေးလေးစားစား မှတ်လိုက်ကြ။ ရှင်းကြပလား?။ ရုပ်နာမ်ဖြစ်ပျက် အမြင်ကိုလည်း တခြားမှာ ရှာနေဖို့ မလိုဘူး။ မိမိခန္ဓာမှာ ဉာဏ်နဲ့ရှာရမှာဆိုတာ မှတ်ရမယ်။ ဥပမာ ကျောထဲက ယားတယ်လို့ဆိုတော့ ဒုက္ခဝေဒနာပဲ။ ဒီယားတဲ့ ဝေဒနာလေးဘက်ကို ဉာဏ်နဲ့ လှည့်ကြည့်လိုက်။ ကြည့်လိုက်တော့ ယားတာဟာ ငါမဟုတ်၊ သူမဟုတ် ဝေဒနာကလေး ပဲလို့ သိရတယ်။ ဒီယားတဲ့ ဝေဒနာဟာလည်း ဉာဏ်နဲ့ သေသေချာချာကြည့်တော့ ဝေဒနာက ပေါ်တာနဲ့ ပျက်တာ ပြမယ်။ အဲဒီလို ဝေဒနာပြတဲ့အတိုင်း ဉာဏ်ကမြင်ရင် ဖြစ်ပျက်ကို မြင်တာပဲ ရှင်းကြရဲ့လား?။

ဝိဇ္ဇာလာလို့ အဝိဇ္ဇာချုပ်တော့

အဲဒီလို ဉာဏ်နဲ့ ဖြစ်ပျက်ကိုမြင်တော့ ဝေဒနာက္ခန္ဓာကလေး တစ်ခုရဲ့ အနိစ္စအခြင်းအရာ ဒုက္ခသစ္စာလို မြင်ရတာပဲ။ အဲဒီလိုမြင်ရင် ‘ဒုက္ခေ ဉာဏံ’ပဲဆိုတာ မှတ်ကြတော့။ ဒီဉာဏ်က ဒုက္ခသစ္စာကို မြင်တဲ့ဉာဏ်။ ဖြစ်ပျက်ကို မြင်တဲ့ဉာဏ်ပဲ။ ဒီဉာဏ်က ဝိဇ္ဇာကလေးဖြစ်တာမို့ ပဋိစ္စသမုပ္ပါဒ်ကို အစကနေပြီး ဖြတ်ချလိုက်တာပဲ။ ဝိဇ္ဇာလာလို့ အဝိဇ္ဇာချုပ်တော့ အစကပြတ်သွားတယ်ဆိုတာ ပေါ်ကြပလား?။ ဒုက္ခအစက ပြတ်သွားတော့ ဒုက္ခအလယ်၊ ဒုက္ခအဆုံး ပါ အကုန်ပြတ်တာပဲ ရှင်းကြရဲ့လား?။

ဒကာ၊ ဒကာမတွေ သဘောပါကြပလား?။ ဖြစ်ပျက်သည် ဒုက္ခသစ္စာ။ သိတဲ့၊ မြင်တဲ့ဉာဏ်သည် မဂ္ဂသစ္စာ။ အဲဒီတော့ ‘ဒုက္ခေ ဉာဏံ’ပဲဆိုတာ မှတ်ကြ။ ဝေဒနာကလေးရဲ့ ဖြစ်ပျက်မှုက ဒုက္ခသစ္စာ၊ ဒီဖြစ်ပျက်ဒုက္ခသစ္စာကို ဉာဏ်ကမြင်တော့ ‘ဒုက္ခေ၊ ဝေဒနာဖြစ်ပျက် ဒုက္ခသစ္စာ၌။ ဉာဏံ၊ သိမြင်သောဉာဏ်သည်။ ဟောတိ၊ ဖြစ်၏။’တဲ့။ ဒီဒုက္ခသစ္စာကို သိမြင်တဲ့ဉာဏ်ဟာ ဝိဇ္ဇာကလေးပဲ။ ဒါက ဝိဇ္ဇာပဲဆိုတော့ ဒါလာတော့ အဝိဇ္ဇာချုပ်တယ်။ အဝိဇ္ဇာချုပ် တော့ ပဋိစ္စသမုပ္ပါဒ် အစကချုပ်တာပဲ ကျေနပ်ပလား?။

ဖြစ်ပျက်တစ်လုံးကို မြင်မှ၊ သိမှသာ အာသဝကုန်မယ်

ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဖြစ်ပျက်တစ်လုံး မြင်မှုဟာ ဘယ်လောက်ကျေးဇူးများတယ်ဆိုတဲ့အချက် ပေါ်ကြပလား?။ ဒီဖြစ်ပျက်တစ်လုံးကို မြင်မှ၊ သိမှသာ အာသဝကုန်မယ်ဆိုတာလည်း ဘုရားက တာဝန်ခံထားပြီ။ အခု ဒကာတို့ လက်တွေ့အမြင်မှာလည်း ပဋိစ္စသမုပ္ပါဒ်စက်ကြီး အစက ပြတ်သွားတယ်ဆိုတာကိုလည်း ရိပ်မိကြပါပြီ။ ဒီတော့ ဘာလိုနေသေးတုံး?၊ ဒကာ၊ ဒကာမတို့ တာဝန်တစ်ခုပဲ ကျန်တော့တယ်။ ဖြစ်ပျက်မြင်အောင် ကြိုးစားဖို့ တာဝန်တစ်ခုဟာ ဒကာ၊ ဒကာမတွေရဲ့ တာဝန်ပဲ။ သဘောပါပလား?။

ဒါကြောင့် ဖြစ်ပျက်မြင်အောင် ကြိုးစားကြရမယ်။ ဖြစ်ပျက်ကိုမြင်ရင် ဖြစ်ပျက်မြင်တာဟာ ဒုက္ခသစ္စာကို မြင်တာပဲဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ။ ဒကာ၊ ဒကာမတို့ ဖြစ်ပျက်မြင်တဲ့ အမြင်ဉာဏ်ဟာ ဝိဇ္ဇာပဲ။ ဝိဇ္ဇာဆိုတော့ ဝိဇ္ဇာဉာဏ်က ပဋိစ္စသမုပ္ပါဒ်ကို အဝိဇ္ဇာပေါ်ခွင့်မပေးဘဲ အစကနေပြီး ဖြတ်ချလိုက်တယ်။ ဒီဝိဇ္ဇာဉာဏ်ဟာ ဒုက္ခစက် ကို အစကဖြတ်လို့ ကိုးစားလောက်တယ်၊ အားထားလောက်တယ်ဆိုတာ မှတ်လိုက်ကြ။ ဒီဖြစ်ပျက်မြင်တဲ့ဉာဏ်ဟာ ကိုးစားအားထားလောက်တဲ့ ဉာဏ်ပဲ။ ရှင်းကြရဲ့လား ကြိုးစားကြ။

ဒကာ၊ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ရဟတ်ကြီး ဘာကြောင့် ပြတ်သွားရသလဲ?လို့ မေးရင် ဒုက္ခသိတဲ့ ဉာဏ်လာလို့ ဒုက္ခဖြစ်ကြောင်း အစပြတ်သွားတာပဲလို့ မှတ်ကြ၊ ရှင်းကြရဲ့လား?။ ဒကာ၊ ဒကာမတွေ ဖြစ်ပျက်မြင်အောင် ကြည့်ပေးကြ။ ဖြစ်ပျက်မြင်ရင် သာမညလူမဟုတ်တော့ဘူး။ ထူးတဲ့လူ မြတ်တဲ့လူ ဖြစ်သွားပြီ။ ဖြစ်ပျက်မြင်ရင် ‘လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းပူးမှရတဲ့ ဉာဏ်ဟာ တို့သန္တာန်ရောက်ပြီ’လို့သာ ဆုံးဖြတ်လိုက်ကြ။ ကျေနပ်ကြ ပလား။

ဖြစ်ပျက်တွေ့ရင် ဒုက္ခေဉာဏံ ရတာပဲ

ဖြစ်ပျက်တွေ့ရင် ဒုက္ခေဉာဏံ ရတာပဲ။ ကိုယ့်သံသရာအစကလည်း ပြတ်တာပဲ။ ဒါကြောင့် ဒီဉာဏ်ကို မရရ အောင် ယူကြ၊ သိမ်းဆည်းကြလို့ ထူးထူးခြားခြား တိုက်တွန်းလိုက်တယ်။ ဒကာ ဒကာမတို့ ဒီဉာဏ်ရအောင် မိမိခန္ဓာ မှာ ဉာဏ်နဲ့ကြည့်ရမယ်ဆိုတာ ပြောခဲ့ပြီးပြီ ကြည့်တတ်ကြပလား?။ ဉာဏ်နဲ့ကြည့်ပေးကြ ခန္ဓာမှာ ဘာပေါ်ပေါ် ခုမှ အသစ်ပေါ်တာကို မိအောင် ဖြစ်ပျက်ရှုပေးကြ။ အခုပေါ်လာပြီး ပျက်သွားတာကို မြင်ရင် ဖြစ်ပျက်မြင်တာပဲ။ ဖြစ်ပျက် မြင်ရင် ဒုက္ခေဉာဏံ ဒုက္ခသစ္စာသိတဲ့ဉာဏ် ရတာပဲ ရှင်းပလား?။

ဒကာ၊ ဒကာမတို့ ‘ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံဟောတု’လို့ ဆိုတုန်းက အာသဝေါတရားကုန်တာ မသိ ပါဘူး။ အဲဒီတုန်းက မသိသာပေမယ့် အခုလက်တွေ့ရှုမှ လက်တွေ့ကုန်တာ သိရတယ်။ ဒါကြောင့် လက်တွေ့ကုန်ချင် ရင် လက်တွေ့ အခုရှုကြဖို့ပဲ လိုတယ်ဆိုတာ ရိပ်မိကြပလား?။ ကိုယ့်သန္တာန်မှာ ဘာပေါ်ပေါ် ဖြစ်တိုင်းပျက်တိုင်း သိလိုက်သွားရမယ်။ သဘောပါကြပလား?။ ဒကာ၊ ဒကာမတို့ ဒီဉာဏ်ကို ရနိုင်ဖို့ဟာ လွယ်တဲ့အရာမျိုး မဟုတ်ကြဘူး။ ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် လုပ်ယူမှရတဲ့ဉာဏ် ဒါလောက်ကြာအောင်လုပ်မှ ရတယ်။ ရိပ်မိ ကြရဲ့လား?။

ဖောက်ပြန်ပျက်စီးသွားတဲ့သဘော

‘ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ’လို့ ဆိုတဲ့အတိုင်း ဖောက်ပြန်ပျက်စီးသွားတဲ့သဘော၊ ပင်ကိုသဘာဝကို စွန့်တဲ့ သဘော၊ အဲဒီသဘောကို မြင်အောင် ကြည့်ရမယ်။ အဲဒီသဘောကို မြင်တာဟာ ဒုက္ခသစ္စာကို မြင်တာပဲ။ ဒီဉာဏ်အမြင် ကို ရတဲ့သူဟာ ထူးခြားမြင့်မြတ်တဲ့သူပဲ မှတ်ကြရမယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ‘ဓမ္မပဒပါဠိတော်’မှာ အသေ အချာ ဟောတော်မူခဲ့တယ်။

”ရုပ်နာမ်ဖြစ်ပျက် မမြင်တဲ့သူအဖို့ရာမှာ အသက်တစ်ရာ နေရပေမယ့်လည်း အလကားပဲ။ မမြင့်မြတ်ဘူးတဲ့။ ရုပ်နာမ် ဖြစ်ပျက်မြင်တဲ့သူရဲ့ တစ်ရက်ထဲ အသက်ရှည်ရခြင်းက ပိုပြီးမြင့်မြတ်တယ်၊ တန်ဖိုးရှိပါတယ်”တဲ့။

ဒကာ၊ ဒကာမတွေ ကျေနပ်ကြပလား?။ ဒါကြောင့် ရုပ်နာမ်ဖြစ်ပျက်ကို မမြင်ရင် အသက်တစ်ရာ နေရပေမယ့် လည်း ဒီတစ်ချက်အမြင်လောက် မမြတ်ဘူးဆိုတာ မှတ်ကြရမယ်။ ဒကာ၊ ဒကာမတွေမှာမှ ဘုန်းထူးကံထူးရှိလို့ ဘုန်း ရှင်ကံရှင်တွေမို့သာ ကြုံရ တွေ့ရ အခွင့်အရေးရကြတယ်ဆိုတာ ယုံမှားမရှိကြနဲ့တော့။ ချီးမြှောက်ပြီး ပြောနေတာမဟုတ် ဘူး။ မလွယ်လို့ မလွယ်ဘူးပြောတာ။

ကိုယ့်သန္တာန်မှာ ပေါ်လာတဲ့ဟာကို ဉာဏ်ကြည့်ပေး။ ကြည့်ပေးတော့ ဖြစ်ပေါ်ပြီး ပျက်စီးသွားတာကို တွေ့ရ မယ်။ အဲဒီလိုတွေ့တာဟာ အနိစ္စလက္ခဏာ ဖြစ်ပျက်ဒုက္ခသစ္စာကို တွေ့ရတာပါပဲ။ ဒုက္ခသစ္စာကို သိမြင်ရတော့ အဲဒီ မှာ ဒုက္ခေဉာဏံ လာတာပဲ။ ဒုက္ခေဉာဏံဆိုတော့ ဒုက္ခေအဉာဏံဆိုတဲ့ အဝိဇ္ဇာဟာ မလာနိုင်တော့ဘူး။ မလာဘဲ ချုပ် သွားရတယ်။ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ဟာ အဝိဇ္ဇာကစပြီး ချုပ်သွားတော့တာပဲ။ သဘောပါကြရဲ့လား?။

ဒုက္ခသစ္စာသိတဲ့ဉာဏ်ကို ရပါမှ အာသဝကုန်မယ်

ဒကာ၊ ဒကာမတို့တစ်တွေမှာ ဒီဒုက္ခသစ္စာသိတဲ့ဉာဏ်ကို တစ်သံသရာလုံးက မရခဲ့ကြဘူးဆိုတာ မှတ်လိုက်ကြ။ ဒုက္ခေဉာဏံဆိုတာကို ရခဲ့ရင် ‘အာသဝါနံ ခယံ ဝဒါမိ’လို့ ဘုရားက ဟောတယ်။ ဘယ်ပါဠိတော်နဲ့ရှာရှာ ဒီသဘောပဲ ရတယ်ဆိုတာ မှတ်လိုက်ကြ။ ဒုက္ခသစ္စာသိတဲ့ဉာဏ်ကို ရပါမှ အာသဝကုန်မယ်။ ဒီဉာဏ်မှမရရင် ဘယ်တော့မှမကုန် ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ သဘောပါကြရဲ့လား?။

မိမိခန္ဓာမှာ အခုနာတာ အခုသိ၊ အခုနာတာကို အခုရှုလို့ အခုသိတော့ ဒုက္ခသစ္စာကို သိရတာပဲ။ ဒီလိုသိဖို့ ပိုပြီးအရေးကြီးတယ်။ ဒီအသိမျိုးရမှ အာသဝကုန်မယ်။ ရှင်းကြရဲ့လား?။ ဒုက္ခသစ္စာ တစ်လုံးကိုသိရင် ပါဠိတော်ဟာ ဒီမှာ အကုန်ဝင်သွားတယ်ဆိုတာ မှတ်ကြ။ ကျေနပ်ကြပလား?။ ကိုယ်မှာ ဝေဒနာလေး ပေါ်လာတယ်။ အဲဒီအခါမှာ ဉာဏ်နဲ့ ဖြစ်ပျက်ရှုလိုက်တော့ ဝေဒနာလေးဟာ ဖြစ်ပျက်အနိစ္စဖြစ်သွားတယ်။ ဝေဒနာလေး ချုပ်သွားတယ်။ ချုပ်သွား တော့ ‘ဝေဒနာ နိရာဓာ တဏှာ နိရောဓော’ပဲ။

ဒီတော့ ‘ဒုက္ခေသမုဒယေဉာဏံ’ ဒုက္ခဖြစ်ကြောင်းဖြစ်တဲ့ သမုဒယချုပ်တာကိုလည်း ဉာဏ်နဲ့သိလိုက်ရတယ်။ ရှင်းကြရဲ့လား?။ ဝေဒနာချုပ်တော့ တဏှာမလာဘူးလို့ သိရတယ်။ အဲဒီလိုသိတာဟာ ‘ဒုက္ခသမုဒယေဉာဏံ’ပဲ။ ဒကာ၊ ဒကာမတွေ ပေါ်ကြပလား?။ အခုပြောတဲ့အဓိပ္ပာယ်ကို စာထဲသွားကြည့်လို့ မရဘူး။ စာမှာက အပေါင်းချုပ် တာကို ပြထားတာပဲရှိတယ်။ ဒါကြောင့် စာထဲမှာ မတွေ့နိုင်ဘူးဆိုတာ မှတ်ကြ။

ဒီဉာဏ်ကိုရတော့ ကာမာသဝ၊ ဘဝါသဝ ချုပ်သွားတယ်။ ဒုက္ခသမုဒယေ အဉာဏံလည်း ချုပ်တာပဲ။ ဒကာ၊ ဒကာမတွေ ရှင်းကြပလား?။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို သိတဲ့ဉာဏ်ရရင် ကာမာသဝ၊ ဘဝါသဝဆိုတဲ့နောက် က တဏှာချုပ်တယ်။ ဒီသစ္စာကိုမသိတဲ့ အဝိဇ္ဇာသဝလည်း ချုပ်တော့တာပဲဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပြီမို့ လား?။ ဖြစ်ပျက်တစ်လုံး မြင်တဲ့ကျေးဇူးဟာ ဘယ်လောက်များသလဲဆိုတာ ရိပ်မိကြတော့။

ဖြစ်ပျက်တစ်လုံးကိုဖြင့် ပိုင်အောင် ကြိုးစားကြ

ဒါကြောင့် ဖြစ်ပျက်တစ်လုံးကိုဖြင့် ပိုင်အောင် ကြိုးစားကြရမယ်။ ပေးထားတဲ့ဖြစ်ပျက်ကို ပိုင်ရင် အာသဝေါ ကုန်ရပါလို၏လို့ ဆုမတောင်းကြနဲ့တော့။ ဖြစ်ပျက်ကိုပိုင်ရင် အာသဝေါ ကုန်ပါတယ်။ သဘောပါကြပလား?။ ဝေဒနာ လေး ပေါ်လာတာကို ဉာဏ်နဲ့ကြည့်တော့ ဒီဝေဒနာလေးဖြစ်ပြီး ပျက်သွားတာကို သိမြင်ရတယ်။ အဲဒါ ဒုက္ခေဉာဏံ ပဲ။ ဒီဝေဒနာလေးချုပ်တော့ သူ့နောက်က တဏှာမလာဘူး။ ဝေဒနာ နိရောဓာ တဏှာ နိရောဓော ဖြစ်သွားတယ်။ အဲဒါ ဒုက္ခသမုဒယေ ဉာဏံပဲ။ ရိပ်မိကြပလား?။

ဒီဉာဏ်ရတော့ ပဋိစ္စသမုပ္ပါဒ်အလယ်က ပြတ်သွားတယ်။ ဒီဉာဏ်က ဒုက္ခဖြစ်ကြောင်းတွေ ချုပ်သွားပြီလို့ သိတဲ့ဉာဏ်ပဲ။ သိတဲ့ဉာဏ် ရတာပဲလို့ မှတ်ကြ။ ဒကာ၊ ဒကာမတို့ ဒီလိုရှုတော့ ဒီဉာဏ်တွေကို ရတယ်။ ဒီဉာဏ်တွေကို ရတော့ အာသဝေါတွေ ချုပ်ကုန်တယ်။ ဆုတောင်းတုန်းက မပြည့်ဘူး။ အခုရှုမှပြည့်တယ်။ ဘာဝေတဗ္ဗကိစ္စမို့ ရှုမှသာ ပြည့်မယ်ဆိုတာ မှတ်ထားကြ။ ရှင်းပလား?။

အခု ဒကာ၊ ဒကာမတွေ လက်တွေ့ရှုလိုက်တော့ အာသဝသုံးခု ချုပ်သွားပြီ။ ကာမာသဝ၊ ဘဝါသဝနဲ့ အဝိဇ္ဇာ သဝ ဒီသုံးခုချုပ်သွားပြီ။ ဒိဋ္ဌာသဝ တစ်ခုတည်း ကျန်တော့တယ်။ ဟုတ်ကြရဲ့လား?။ အဲဒီတော့ ဝေဒနာလေး ပေါ် လာတယ်။ ပေါ်လာပြီး ပျက်သွားတယ်။ အဲဒီလိုဉာဏ်က ဝေဒနာလေး ဖြစ်တာပျက်တာမြင်တော့ ‘ဝေဒနာပါကလား၊ ငါကောင်းတာ မဟုတ်ပါကလား’လို့ သိမြင်လာမယ်။ အဲဒီလိုသိရင် ဒိဋ္ဌာသဝ မရှိတော့ဘူး။ စင်သွားပြီ။ ကျေနပ်ပလား?။

ဖြစ်ပျက်ကိုမြင်တာဟာ သမ္မာဒိဋ္ဌိပဲ

ဒီဝေဒနာလေးရဲ့ ဖြစ်ပျက်ကိုမြင်တာဟာ သမ္မာဒိဋ္ဌိပဲ။ သမ္မာဒိဋ္ဌိဆိုတော့ ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိချုပ်နေပြီးသား ဖြစ်နေပြီ။ သဘောပါကြပလား?။ အဲဒီတော့ ဒီဖြစ်ပျက်ရှုတဲ့ သမ္မာဒိဋ္ဌိအလုပ်၊ မဂ္ဂင်အလုပ်နဲ့ အာသဝလေးပါးလုံး ချုပ်တယ်။ ဆုတောင်းနဲ့ မချုပ်ဘူး။ ဘာဝေတဗ္ဗဆိုတဲ့ ပွားများမှုကိစ္စ မဂ္ဂင်လုပ်ငန်းနဲ့မှ အာသဝချုပ်မယ်။ ဒီလုပ်ငန်း မပါရင် အာသဝမချုပ်ဘူး။ ရှင်းကြပလား?။

ဒကာ၊ ဒကာမတို့ ဒုက္ခကြောက်သူ၊ ဆင်းရဲကြောက်သူဟူသရွေ့ ဒုက္ခမြတ်ကြောင်းဖြစ်တဲ့နည်းကိုရရင် ရတဲ့ အတိုင်း တသဝေမတိမ်း လိုက်နာကြဖို့ပဲ။ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ အခုနည်းပေးလို့ ရကြပြီ။ အခုနည်းရရင် အခုလက်ငင်းနေရာကျအောင် ကြိုးစားကြရမယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ‘ဒီအလုပ်ကို နောက်မှပဲလုပ်တော့မယ်။ ပစ္စည်းကလေး ရှာဦးမယ်။ ရွှေလေး ငွေလေး စုမိအောင် ရှာဦးမယ်’နဲ့ဆိုရင် သွားပြီလို့သာ မှတ်ကြ။

ပစ္စည်း၊ ပစ္စယတွေ၊ ရွှေ၊ ငွေ၊ စိန်ကျောက်တွေ ရှာဖွေနေပေမယ့် အလကားပါပဲ။ သူတို့က အပါယ်ဘေးကို လည်း မကာကွယ်နိုင်၊ ဘာဘေးကိုမှ မကာကွယ်နိုင်ပါဘူး။ ဒီပစ္စည်း ရွှေငွေ စတဲ့ဟာတွေက ဒုက္ခတိုးစေတာပဲရှိတယ်။ ရှာဖွေစဉ်ကလည်း ဒုက္ခရောက်ရ၊ နောက် သိမ်းရဆည်းရ ထိန်းသိမ်းစောင့်ရှောက်ရ၊ ကြောင့်ကြရတဲ့ ဒုက္ခ တိုးပွားဖို့ပဲ ရှိတယ်။ နောက် အဆင်မပြေရင် သူတို့ကပါ ကူပြီး အပါယ်ကို တွန်းချလိမ့်ဦးမယ် ကျေနပ်ကြပလား?။

မဂ္ဂင်အလုပ်ကို အရင်ကြိုးစားပါဦး

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကို ကရုဏာရှေ့ထားပြီး အထူးတလည်ပဲ တိုက်တွန်းလိုက်ပါတယ်။ =သံသရာ့အလုပ်တွေ ရိုးရာအလုပ်တွေ သားရေး၊ သမီးရေး၊ စီးပွားရေးတွေ အသာချထားပါဦး။ ကိုယ့်အတွက် စိတ်ချ လောက်အောင် ကိုယ့်အလုပ်ဖြစ်တဲ့ “မဂ္ဂင်အလုပ်ကို အရင်ကြိုးစားပါဦး”လို့ အထူးသတိပေး တိုက်တွန်းလိုက်ပါတယ် သဘောပါကြရဲ့လား?။ အင်း… ‘ဆရာဘုန်းကြီးက ဒါလောက်တောင် တိုက်တွန်းနေမှပဲ လုပ်ဦးမှထင်ပါရဲ့’ဆိုပြီး ပေါ့ပေါ့ကလေး မမှတ်လိုက်ပါနဲ့ အလွန်ကြီးတဲ့ အရေးပါ။

ဒကာ၊ ဒကာမတို့ ဒီအာသဝချုပ်တဲ့အလုပ်ကို လုပ်ရင်လုပ် မလုပ်ရင် မလုပ်တဲ့အချိန်တိုင်းမှာ အာသဝေါ တရားတွေ အမြဲတမ်း တိုးပွားနေမှာဆိုတာ မှတ်ကြ။ အာသဝေါ တိုးပွားတဲ့အချိန်ဟာ အပါယ်သွားလမ်း ပွင့်တဲ့အချိန်၊ မဂ္ဂင်အလုပ်ကို လုပ်နေတဲ့အချိန်ဟာ အာသဝချုပ်ရာ နိဗ္ဗာန်လမ်း ပွင့်တဲ့အချိန်ပဲဆိုတာ ယုံမှားမရှိကြနဲ့။ အဲဒီတော့ မလုပ်ဘဲ ပေါ့တန်နေလို့ ဖြစ်ပါ့မလား?။ မဖြစ်တော့ဘူး။ ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ပြီး လုပ်ဖြစ်အောင် လုပ်ကြ။

‘အာသဝါနံ သမုပ္ပါဒါ အဝိဇ္ဇာစ ပဝတ္တတိ’တဲ့။ ဒကာ၊ ဒကာမတို့သန္တာန်မှာ အာသဝဖြစ်ရင် အဝိဇ္ဇာလည်း ဖြစ်နေတာပဲ။ အဝိဇ္ဇာဖြစ်တော့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီးဟာ အစကချည်းစပြီး လှည့်ပတ်နေရတော့တာပဲ။ ရိပ်မိ ကြရဲ့လား?။ ဒီလိုဆိုတော့ ဒကာ၊ ဒကာမတို့အတွက် ကောင်းနိုင်စရာအကွက် တစ်ကွက်ကမှ မမြင်နိုင်တော့ဘူး။ ဒါကြောင့် အာသဝချုပ်တဲ့ အလုပ်ကိုဖြင့် မလုပ်ရင် မဖြစ်တော့ပါလားဆိုတာ ပေါ်ကြပလား?။

ဒကာ၊ ဒကာမတို့ အာသဝဖြစ်ရင် အဝိဇ္ဇာဖြစ်တယ်။ အာသဝချုပ်ရင် အဝိဇ္ဇာ မလာတော့ဘူး။ အဝိဇ္ဇာ မလာရင် ဒုက္ခစက်ကြီး အစကစပြီး ပြတ်တော့တာပဲ။ ဒါကြောင့် ဖြစ်ပျက်တစ်လုံးကို ပိုင်အောင် လုပ်ကြရမယ်။ ဒီတစ်လုံးပိုင်အောင် ဝေဒနာတစ်ခုထဲကို ကိုင်ထားကြ။ ဝေဒနာတစ်ခုကို ငါမဟုတ်၊ သူမဟုတ် ဖြစ်ပြီးပျက်တဲ့ သဘော လေးပဲလို့ ဉာဏ်နဲ့မြင်အောင် ရှုပေးကြ။ ရှုတတ်ကြပလား?။

ဝေဒနာ ငါ၊ သူမဟုတ်။ ဖြစ်ပြီးပျက်တဲ့သဘော

ဝေဒနာလေးတစ်ခုကို ငါ၊ သူမဟုတ်။ ဖြစ်ပြီးပျက်တဲ့သဘောလေးပဲလို့ သမ္မာဒိဋ္ဌိနဲ့ ရှုတော့ အဲဒီလိုရှုတာဟာ ‘ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါယ ဉာဏံ’ ရတာပဲ။ ဒုက္ခချုပ်ရာ ရောက်ကြောင်း အကျင့်မှန် ဉာဏ်အမြင်ကို ရတာပဲလို့ မှတ်ကြ။ သဘောပါရဲ့လား?။

ဒီလိုရှုမြင်နေတဲ့အခါမှာ သမ္မာဒိဋ္ဌိက ဦးစီးနေတယ်။ သမ္မာဒိဋ္ဌိက ဦးစီးနေတော့ သမ္မာသင်္ကပ္ပလည်း ပါလာ တယ်။ သတိဝီရိယ၊ သမာဓိတွေလည်း စုံနေတယ်။ အဲဒီအချိန်မှာ အဝိဇ္ဇာမလာဘူး။ အဲဒီအခိုက်မှာ အဝိဇ္ဇာကုန်နေတယ်။ အဝိဇ္ဇာကုန်လို့ သင်္ခါရ ဝိညာဏ် နာမ် ရုပ် စတဲ့ ပဋိစ္စသမုပ္ပါဒ်တွေ မလာဘူး။ ရှင်းကြရဲ့လား?။ ဖြစ်ပျက်ရှုနေတော့ ဝေဒနာ့နောက်က တဏှာမလာဘူး။ တဏှာချုပ်လည်း ဥပါဒါန်ချုပ်။ ချုပ်တော့ ပဋိစ္စသမုပ္ပါဒ် အလယ်ကလည်း ချုပ်တာပဲ။ ရှင်းပလား?။

ပဋိစ္စသမုပ္ပါဒ် ချုပ်တာဟာ ဖြစ်ပျက်ရှုလို့ ချုပ်တာ။ ရိပ်မိကြပလား?။ ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်မြင်တော့ ဒုက္ခချုပ်ကြောင်း အကျင့်ဉာဏ်ကို ရပြီလို့ မှတ်ကြ။ ဒီဉာဏ်နဲ့ပဲ ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာတွေ ချုပ်တာကို သိရတယ်။ အစကလည်း ချုပ်၊ အလယ်ကလည်း ချုပ်၊ အဲဒီဒုက္ခချုပ်တာကို သိတဲ့အတွက် ဒီဉာဏ်ဟာ ‘ဒုက္ခနိရောဓေဉာဏံ’ပဲ။ အဝိဇ္ဇာသဝ၊ ကာမာသဝ၊ ဘဝါသဝနဲ့ ဒိဋ္ဌာသဝဆိုတဲ့ ဒုက္ခဖြစ်ကြောင်းတွေ ချုပ်လို့ ဒုက္ခဖြစ်ကျိုးတွေ မလာတော့ဘူး။ မလာတော့ ခန္ဓာဇာတ်ကြီးလည်း မလာတော့ဘူး။ အဲဒီလိုမလာတော့ ‘ဒုက္ခတွေချုပ်ပေါ’လို့ သိတဲ့ဉာဏ်ပဲလို့ မှတ်လိုက် ကြ၊ ရှင်းကြပလား?။

ဉာဏ်လေးဉာဏ်ကို ရတယ်

ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား?။ ဖြစ်ပျက်တစ်လုံးတည်းကို ရှုတာနဲ့ ဉာဏ်လေးဉာဏ်ကို ရတယ်။ ဒါကြောင့် ‘ဇာနတောဖြစ်ပျက်ကို သိသောသူအား။ ပဿတော၊ ဖြစ်ပျက်ကိုမြင်သောသူအား။ အာသဝါနံ၊ အာသဝေါ တရားတို့၏။ ခယံ၊ ကုန်ရာနိဗ္ဗာန်ကို။ လဒ္ဓေါတိ၊ ရအပ်၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏’လို့ ဘုရားကိုယ်တော်မြတ်ကြီးက ဝန်ခံတော်မူခဲ့တာပဲဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပလား?။

ဒကာ၊ ဒကာမတို့ ဖြစ်ပျက်ကိုရှုတော့ ရှုနေဆဲမှာ အဝိဇ္ဇာချုပ် တဏှာချုပ်၊ ဒိဋ္ဌိချုပ် ချုပ်နေတယ်။ ချုပ်တော့ ချုပ်တဲ့နေရာမှာ နိဗ္ဗာန်လာတာပဲ၊ ရှင်းပလား?။ ဖြစ်ပျက်ရှုတုန်းကတော့ ကိလေသာတွေ ချုပ်နေတယ်။ နောက် ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်တွေ ဆုံးသွားတော့ ခန္ဓာငါးပါးပါ အကုန်လုံး ချုပ်သွားတယ် အဲဒီမှာ လေးဉာဏ်လုံးရတယ်။ ဖြစ်ပျက်မြင်နေဆဲမှာ သုံးဉာဏ်ရတယ်၊ ဖြစ်ပျက်ဆုံးသွားသူမှာကျတော့ လေးဉာဏ်လုံး ရသွားတယ်။ အဲဒီမှာ သစ္စာ လေးပါး တစ်ခါတည်း ပြီးစီးတယ်။ ဖြစ်ပျက်တစ်လုံးတည်းကို ရှုတာနဲ့ ပြီးစီးတယ်။ ဒါကြောင့် ဖြစ်ပျက်တစ်လုံးတည်းပဲ ရှုရမယ်။ ဖြစ်ပျက်တစ်လုံးတည်းပိုင်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။

ဒါလေးတစ်လုံးပိုင်ဖို့အရေးဟာ အလွန်ပဲကြီးပါတယ်

ဒကာ၊ ဒကာမတွေ အိမ်ပြန်ရောက်ရင် ဒီတစ်လုံးတည်းကိုဖြင့် မိအောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချကြ။ ဒါလေးတစ်လုံးပိုင်ဖို့အရေးဟာ အလွန်ပဲကြီးပါတယ်။ တစ်လုံးတည်းလုပ်ရမှာမို့ ဝန်လေးစရာလည်း မရှိတော့ဘူး။ ဒီတစ်လုံးမှ မလုပ်ချင်ရင် ဒကာတို့အတွက် သုညပဲကျန်တော့တယ်။ သုညချည်းကျန်ရင် ဘာမှအသုံးချလို့ မရတော့ ဘူး သဘောပါကြပလား?။ အသုံးချလို့ မဖြစ်တဲ့သူဆိုရင် ‘ဖိုးသုည’ပဲလို့သာ မှတ်ကြတော့။

အခု ပဋိစ္စသမုပ္ပါဒ်ကို အာသဝနဲ့ ခင်းပြီး ပြလိုက်တော့ ရှင်းမသွားဘူးလား?။ ရှင်းသွားပြီ။ ပဋိစ္စသမုပ္ပါဒ် အစနဲ့အလယ်ကို ပြလိုက်ပြီ။ ဖြစ်ပျက်တစ်လုံးကို မြင်တာနဲ့ ပဋိစ္စသမုပ္ပါဒ် အစနဲ့အလယ် ပြတ်တယ်ဆိုတာကိုလည်း ထင်ရှားသွားပြီ။ ဖြစ်ပျက်ဆုံးရင် ဉာဏ်လေးဉာဏ်ရတယ်ဆိုတာကိုလည်း သိကြရပြီ။ ရှင်းကြရဲ့လား။ ဒါက စာနဲ့ပြော တဲ့ စာပြောပဲရှိသေးတယ်။ ဒကာတို့ကိုယ်တိုင်လုပ်ကြည့်မှ ခန္ဓာပြော ဉာဏ်မြင်ဖြစ်မယ်။ ဒါကြောင့် ခန္ဓာပြောလို့ သိရတဲ့ ကိုယ်တွေ့ဉာဏ်မြင်ဖြစ်အောင် ကြိုးစားကြရမယ်။

ဒကာ၊ ဒကာမတို့တစ်တွေ အင်မတန်မှ ကံကြီးကြတယ်ဆိုရင် မမှားပါဘူး။ ကံကြီးလို့ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းဆိုတဲ့ ကလျာဏမိတ္တကို ရနိုင်ကြတယ်။ ဒီလိုတရားမျိုးကို ကလျာဏမိတ္တ အမှီရလို့သာ တွေ့နိုင် ကြတယ်။ သို့မဟုတ်ရင် လွယ်ကူတဲ့ အခွင့်အရေး မဟုတ်ကြဘူး။ ဒီတရားဟာ ကလျာဏမိတ္တ မှီရလို့ ရတဲ့ တရားပဲ လို့ မှတ်လိုက်ကြ။ သဘောပါကြပလား?။

ဖြစ်ပျက်တစ်လုံးကိုပိုင်ရင် အားလုံးကိစ္စပြီးပါတယ်

ဒါကြောင့် ဒကာ၊ ဒကာမတွေက မိမိတို့နဲ့ ထိုက်တန်လို့ ရလာတဲ့ အခွင့်အရေးကြီးကို လက်လွတ်မခံရစေနဲ့။ မရ,အရ ကြိုးစားပြီးယူကြပါလို့ ဆရာဘုန်းကြီးက အထူးတလည် တိုက်တွန်းလိုက်ပါတယ်။ အဲဒီတော့ ဖြစ်ပျက်တစ်လုံး ကိုဖြင့် ပိုင်အောင် ကြိုးစားကြပါ။ ဖြစ်ပျက်တစ်လုံးကိုပိုင်ရင် အားလုံးကိစ္စပြီးပါတယ်။ ဖြစ်ပျက်တစ်လုံးဟာ အကုန် မိတယ်ဆိုတာ မှတ်လိုက်ကြ။ အားလုံး သဘောပါကြရဲ့လား?။

ဒကာ၊ ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာလည်း ‘အနိစ္စာဝတ သင်္ခါရာ’ပဲရှိတယ်။ မိမိတို့ ခန္ဓာအစဉ်မှာလည်း ဒီ’အနိစ္စာဝတ သင်္ခါရာ’ပဲရှိတယ်။ ဘယ်ဘုံ၊ ဘယ်ဘဝ၊ ဘယ်ဌာန၊ ဘယ်ခန္ဓာမှာပဲကြည့်ကြည့် ဒီနှစ်ခုပဲရှိတယ်။ သင်္ခါရနဲ့ အနိစ္စနှစ်ခုပဲ။ ဒီနှစ်ခုအပြင် ဘာမှ အပိုမစွက်ပါဘူး။ ဉာဏ်ရောက်ကြပလား?။ ‘သင်္ခါရာအကြောင်းတိုက်ကာ ဖြစ်ပေါ် လာကြ။ ရုပ်၊ နာမ်နှစ်ဝ သင်္ခါရတို့သည်။ ဝတ၊ စင်စစ်ဧကန် အမှန်မုချ။ အနိစ္စာ၊ ခိုင်မြဲခြင်းမရှိကြပေကုန်။ အနိစ္စာ၊ ဖြစ်ပျက်သဘောမျှသာ ရှိကြပေကုန်၏’တဲ့။

သင်္ခါရက ဖြစ်တာ၊ အနိစ္စက ပျက်တာ၊ ဒီဖြစ်တာနဲ့ပျက်တာ နှစ်ခုပဲရှိတယ်။ ခန္ဓာမှာ အမှန်အရှိက ဒီနှစ်ခု တည်းပဲ။ ဒီသင်္ခါရနဲ့ အနိစ္စ နှစ်ခုတည်းပဲ ရှိပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကို ဒီနှစ်ခုပဲ ရေလည် အောင် ပြောနေရတယ်။ ဒီဖြစ်တာနဲ့ ပျက်တာနှစ်ခုကို သဘောပေါက်အောင် ဉာဏ်ရောက်အောင် ကြိုးစားကြရမယ်။ ဒီနှစ်ခုပဲ အရေးကြီးတယ်။ လိုရင်းက ဒီသင်္ခါရနဲ့ အနိစ္စနှစ်ခုကို သိဖို့ပဲဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ။

ဒကာ၊ ဒကာမတို့ ဒီနှစ်ခုကိုသိရင် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်။ အာသဝတရားတွေ ကုန်မယ်။ ဉာဏ်လေးဉာဏ် ကိုလည်း ရမယ်။ ဒီဖြစ်ပျက်နှစ်ခုကို မြင်တဲ့ကျေးဇူးဟာ ဘယ်လောက်များသလဲ?ဆိုတာ ပေါ်ကြပလား?။ ဒါကြောင့် ကြိုးစားသင့်တယ်ဆိုတာ သဘောပါကြပလား?။ ဒကာ ဒကာမတို့ အရှင်သာရိပုတ္တရာတို့ အရှင်မဟာမောဂ္ဂလ္လာန်တို့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ရတာ ဒီဉာဏ်အတွက်ပဲ သာမညကလေးများ မမှတ်လိုက်ကြပါနဲ့။ ဒီဉာဏ်တွေကို ရဖို့၊ ဒီအာသဝတွေကုန်ဖို့၊ ဒီပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့၊ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ဒီဖြစ်ပျက်တစ်ခုလုံးကို လိုက်ရှာကြရတာပဲဆိုရင် မလွဲဘူး။ ရိပ်မိကြပလား?။

မင်းတို့ကိုယ်တိုင် ရှုယူမှရမယ်

ဘုရားက ရော့-အင့်ဆိုပြီး မပေးနိုင်ဘူး။ မင်းတို့ကိုယ်တိုင် ရှုယူမှရမယ်။ ဒါကို ကိုယ်တိုင်ရှုမယူရင် မရနိုင် ဘူးတဲ့။ ကုသိုလ်အဖို့ အမျှတော့ ပေးနိုင်ရဲ့တဲ့ နိဗ္ဗာန်တော့ မပေးနိုင်ဘူးတဲ့။ သဘောပါကြပလား?။ သုံးဆယ့်တစ်ဘုံ ကုသိုလ်သာ အမျှပေးလို့ ရချင်ရမယ်။ နိဗ္ဗာန်ကိုတော့ မရနိုင်ဘူး။ အမျှပေးလို့ရတာက တစ်မျိုး၊ မရတာက တစ်မျိုး၊ နှစ်မျိုးရှိတယ်ဆိုတာ မှတ်ရမယ်။ ရှင်းကြရဲ့လား?။ ဒါက ဖြစ်ပျက်ကို အားထုတ်မှသာရမယ်။ အားမထုတ်ရင် မရ နိုင်ဘူးဆိုတာ လေးလေးစားစား မှတ်လိုက်ကြ။

ဒကာ၊ ဒကာမတို့ ဖြစ်ပျက်တစ်လုံးဟာ အာသဝတွေကို ချုပ်စေနိုင်တယ်။ ပဋိစ္စသမုပ္ပါဒ်ကိုလည်း ပြတ်စေနိုင် တယ်။ ဉာဏ်လေးဉာဏ်ကိုလည်း ရစေနိုင်တယ်။ အင်မတန်ပဲ ခရီးရောက်ပါတယ်။ ဒါကြောင့် ဖြစ်ပျက်တစ်လုံးကို ပိုင်အောင် လုပ်ကြရမယ်။ ဒါကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ပထမ ကြိုးစား၊ နောက် မုန်းအောင် ဆက်ပြီးလိုက်၊ နောက် ဆုံးအောင် ဆက်ပြီးကြိုးစားကြ။ ဒါတစ်လုံးဆုံးသွားရင် သုံးဆယ့်တစ်ဘုံရဲ့ ပြင်ဘက်ကို ရောက်ပြီလို့သာ မှတ်လိုက်ကြ။ သဘောပါကြပလား?။

ဖြစ်ပျက်ရှိနေတာက သုံးဆယ့်တစ်ဘုံ၊ ဖြစ်ပျက်မရှိတဲ့ဘက်ကဟာက နိဗ္ဗာန်ပဲ၊ ရှင်းကြရဲ့လား?။ ဒီအဓိပ္ပာယ် ကို ဘုရားဟောတော်မူလို့ ဘုန်းကြီးက ဟောပြလို့ဆိုတဲ့အနေလောက်နဲ့ ယုံကြည်ပြီး ကျေနပ်မနေပါနဲ့။ ဒကာတို့ကိုယ် တိုင် ကိုယ်တွေ့ဉာဏ်တွေ့နဲ့ တွေ့ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်နိုင်အောင် လုပ်ကြဖို့ အထူးတလည် သတိပေးလိုက် ပါတယ်။ ကျေနပ်ကြပလား?။

ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံး

ဒါကြောင့် ဒီဖြစ်ပျက်တစ်လုံးကို ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်မြင်အောင်ကြည့်။ နောက် မုန်းအောင်ကြည့်။ မုန်းရာကနေပြီး နောက် ဆုံးအောင် ဆက်ကြည့်။ ဒီလမ်းစဉ်အတိုင်း တသဝေမတိမ်း လိုက်နာကြဖို့ဟာ ငါတို့တာဝန် ပဲလို့သာ ဆုံးဖြတ်လိုက်ကြတော့။ ဒီလမ်းစဉ်အတိုင်း လိုက်လို့ ဖြစ်ပျက်ဆုံးရင် ဆုံးတဲ့နေရာမှာ ‘တေသံ ဝူပသမော သုခေါ’ကို ရမယ်။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို ကိုယ်တိုင်ရကြမယ် ကျေနပ်ပလား?။

သုံးဆယ့်တစ်ဘုံထဲမှာ ဒီနိဗ္ဗာန်ချမ်းသာမရှိဘူး သုံးဆယ့်တစ်ဘုံထဲက ဒုက္ခသစ္စာသာ ရှိတယ်။ နိရောဓမရှိဘူး။ သုံးဆယ့်တစ်ဘုံရဲ့ ပြင်ဘက်မှာက နိရောဓသစ္စာပဲ။ ရိပ်မိကြရဲ့လား?။ ဒုက္ခသစ္စာကိုတွေ့ရင် နိရောဓသစ္စာကို တွေ့ မယ်။ ဒုက္ခကိုမှမတွေ့ရင် နိရောဓကို ဘယ်နည်းနှင့်မှ မတွေ့နိုင်ဘူးဆိုတာ မှတ်ထားကြ။ ဒုက္ခဆိုတာ ဖြစ်ပျက်ပဲ။ ဖြစ်ပျက်ကိုတွေ့ရင် ဒုက္ခကို တွေ့တာပဲ။ ဒါကြောင့် နိရောဓကိုတွေ့ချင်ရင် ဖြစ်ပျက်ကို လက်လွှတ်လို့မရဘူး။ သူမပါ ရင် မတွေ့ဘူး။ ဒီဟာ အရေးအကြီးဆုံး လိုရင်းအချက်ပဲ။ ရှင်းကြရဲ့လား?။

ဒကာ၊ ဒကာမတို့ ဒုက္ခအချက် ဖြစ်ပျက်ကိုမတွေ့ရင် မတွေ့သမျှ နိဗ္ဗာန်ကို မတွေ့ဘူးဆိုတဲ့ အဓိပ္ပာယ် သဘောပါကြပလား?။ လေးလေးစားစား မှတ်ယူကြ။ သုံးဆယ့်တစ်ဘုံကို ချဉ်းလိုက်ရင် နှစ်ပဲကျန်တယ်။ သုံးဆယ့် တစ်ဘုံကို အကျဉ်းချုံးရင် ‘အဖြစ်နဲ့အပျက်ဆိုတဲ့ ဖြစ်ပျက်နှစ်ခုထဲပဲ ကျန်တယ်။ ဒီနှစ်ခုကိုပျောက်အောင် ချဉ်းနိုင်ရင် သုံးဆယ့်တစ်ရဲ့ ပြင်ဘက်ကို ရောက်ပြီဆိုတာ မှတ်လိုက်ကြ။ ရှင်းကြရဲ့လား?။ သုံးဆယ့်တစ်ကိုချဉ်းရင် နှစ်ပဲရှိတယ်။ ဒီနှစ်ကိုပျောက်အောင် ချဉ်းနိုင်ရင် သုံးဆယ့်တစ်ရဲ့ ပြင်ဘက်ကို ရောက်သွားပြီ။ သုံးဆယ့်တစ် ပြင်ဘက်က နိဗ္ဗာန်ပဲ။ ကျေနပ်ကြပလား?။

ဆုံးအောင် ဝိပဿနာဉာဏ်နဲ့ လိုက်ရမယ်

ဒီဖြစ်ပျက်နှစ်ခုကိုပျောက်အောင် ချဉ်းနိုင်ရင် ဖြစ်ပျက်ဒုက္ခဆုံးပြီလို့ မှတ်လိုက်ကြ။ ဒီနှစ်ခုကို ဆုံးအောင် ဝိပဿနာဉာဏ်နဲ့ လိုက်ရမယ်။ ဒကာ၊ ဒကာမတို့ ဒီဖြစ်ပျက်ကို ဝိပဿနာဉာဏ်နဲ့လိုက်ရင် တဖြည်းဖြည်း တိုးတက် လာမယ်။ တစ်ဆင့်ထက်တစ်ဆင့် ရင့်ရင့်လာမယ်။ အဲဒီလို ရင့်လာပြီးတဲ့နောက်မှာ ငါးကနေပြီး ရှစ်ဖြစ်သွားမယ်။ ငါးက မဂ္ဂင်ငါးပါး၊ ရှစ်က မဂ္ဂင်ရှစ်ပါး ရိပ်မိကြပလား?။

ဒကာ၊ ဒကာမတို့ ငါးက သုံးဆယ့်တစ်ထဲမှာ ဖြစ်ပျက်ကို မြင်တယ်။ ရှစ်က သုံးဆယ့်တစ်ရဲ့ ပြင်ဘက်က မဖြစ်မပျက်တာကို မြင်တယ်။ ဖြစ်ပျက်မရှိတာကို မြင်တယ်။ အဲဒီအမြင်ဟာ မွေးဒုက္ခနဲ့ သေဒုက္ခ မရှိတာကို မြင်တာ ပဲလို့ ရှင်းရှင်းလင်းလင်း မှတ်လိုက်ကြ။

မွေးဒုက္ခက သုသာန်မျက်စောင်းထိုးတာ။ သေဒုက္ခက မျက်ရည်နဲ့ မျက်ခွက်ပဲ။ ရိပ်မိကြရဲ့လား။ ဒကာ၊ ဒကာမတွေ သုသာန်မျက်စောင်းထိုးတဲ့ဒုက္ခနဲ့ မျက်ရည်နဲ့မျက်ခွက်ဒုက္ခထဲက ဘယ်ဒုက္ခများ ကြိုက်ကြတုံး?။ အေး မကြိုက်တာ တကယ်မှန်ရင် ဆရာသမား ညွှန်ပြတဲ့အတိုင်း လိုက်နာကြဖို့ပဲ ရှိတော့တယ်။ ဒီအတိုင်းသာ ကြိုးစားရင် မွေးဒုက္ခ၊ သေဒုက္ခက လွတ်ကင်းကြရမယ်။ ဒီဒုက္ခ မရှိရာဟာ အလွန်ငြိမ်းအေးတဲ့ နိဗ္ဗာန်ပဲ ရှင်းပလား?။

နိဗ္ဗာန်ကို ဘယ်လိုနည်းနဲ့ ရောက်နိုင်မလဲ

ဒီလို အလွန်အေးမြချမ်းသာတဲ့ ဒုက္ခတွေ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုနည်းနဲ့ ရောက်နိုင်မလဲ?။ ဘယ်လိုမှ ရောက်မလဲ?လို့ဆိုတော့ ဒကာ၊ ဒကာမတို့ အသေအချာ မှတ်လိုက်ကြ ‘ပဋိစ္စသမုပ္ပါဒ်ပြတ်မှ အာသဝတွေ ကုန်မှ ဉာဏ်လေးဉာဏ်ကိုရမှ ဒီနိဗ္ဗာန်ကိုရောက်မယ်၊ ရမယ်’ ဒီလိုမှမဟုတ်ရင် မရနိုင် မရောက်နိုင်ဘူး။ သဘောပါကြပလား?။

ဒကာ၊ ဒကာမတွေ ဖြစ်ပျက်တစ်လုံးမြင်ဖို့အရေးဟာ ဘယ်လောက်ကြီးတယ်။ ဒီတစ်လုံးမှာ ဘယ်လောက် ခရီးရောက်တယ်ဆိုတဲ့အချက် ရိပ်မိကြပလား?။ ဖြစ်ပျက်တစ်လုံးကို မြင်ရင် ပဋိစ္စသမုပ္ပါဒ် အစကလည်းပြတ်တယ်။ အလယ်ကလည်းပြတ်တယ်။ အာသဝတရားလေးပါးလုံးလည်း ကုန်တယ်။ ဉာဏ်လေးဉာဏ်ကိုလည်း ရမယ်ဆိုတာ တထစ်ချ မှတ်လိုက်ကြ။ ကျေနပ်ကြပလား?။

ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီးက…

+++ “အနိစ္စာ ဝတ သင်္ခါယာ၊ ဥပ္ပါဒဝယ ဓမ္မိနော။

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။”

လို့ ‘သံယုတ်ပါဠိတော်’မှာ အသေအချာ ဟောတော်မူခဲ့တာပဲလို့ မှတ်ကြ။

အဓိပ္ပာယ်။ ။ အကြောင်းပြုပြင်၊ ဖန်စီရင်မှ၊ ဖြစ်ပေါ်ကြသည့်၊ ငါးဝခန္ဓာ၊ ရုပ်နာမ်မှာကား၊ မှန်စွာပကတိ၊ မြဲမရှိ တည်း၊ ဖြစ်ဘိပျက်ပြန်၊ ဧဝကန်မို့၊ အမှန်ဓမ္မ၊ သဘာဝရှင့်၊ ဉာဏချင့်လောင်း၊ ရှုမြင်တောင်းသော်၊ အကြောင်းတိုက်ကာ၊ ဖြစ်ပြန်ပါ၍၊ မြန်စွာ တစ်ခဏ၊ ချုပ်ပြန်ရတည့်၊ နှစ်ဝဖြစ်ချုပ်၊ ငါမဟုတ်သည့်၊ ဤရုပ်နာမ်သာ ဖြစ်ပျက်ပါကြ၊ ထိုဒုက္ခ တို့၊ လုံးဝငြိမ်းရာ၊ ကုန်ဆုံးရာဟု၊ ခေမာ အမတ၊ နိဗ္ဗာနကား၊ သုခမှန်စွာ၊ လွန်ချမ်းသာသည်၊ မြန်စွာရောက်မှ၊ အေး မည်သောဝ်။ ။

သစ္စာလေးပါး

ဒီနေရာမှာ… ရုပ်နာမ်ဖြစ်ပျက် နှစ်ခုက … ဒုက္ခသစ္စာ။

ရုပ်နာမ်ဖြစ်ပျက် နှစ်ခု ဆုံးတဲ့နေရာ ပေါ်တာက … နိရောဓသစ္စာ။

သိတဲ့ဉာဏ်က … မဂ္ဂသစ္စာ။

ဒီနေရာမှာ ချုပ်တဲ့ ကိလေသာတွေက … သမုဒယသစ္စာ။

ရှင်းကြပလား၊ ကိုင်း ယနေ့ ဒီမှာတွင် တော်ကြဦးစို့။

*********