20119

ဥခွံအဝိဇ္ဇာ မှောင်ငါးလွှာ တရားတော်

အဝိဇ္ဇာငါးလွှာ

(၁) ပထမအဝိဇ္ဇာ … ကံ, ကံ၏အကျိုး မယုံကြည်။(၂) ဒုတိယအဝိဇ္ဇာ … နာမ်၊ ရုပ်ကို မသိ။(၃) တတိယအဝိဇ္ဇာ … ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးမသိ။(၄) စတုတ္ထအဝိဇ္ဇာ … အနိစ္စ၊ ဒုက္ခ၊ အနတ္တ မသိ။(၅) ပဉ္စမအဝိဇ္ဇာ … သစ္စာမသိ။

ဣန္ဒြေငါးပါး

သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ။

ဤငါးပါးကို အဝိဇ္ဇာ အမှောင်ထုငါးထပ်က အထပ်ထပ် အုပ်ဖုံးထား၏။

ဆောင်ပုဒ်-

သဒ္ဓါ၊ သတိ၊ သမာဓိ၊ ဝီရိ၊ ပညာ, ငါး။

ဣန္ဒြေထက်၊ မှောင်ငါးချက်၊ ဖုံးဝှက်ကွယ်ကာထား။

မိုက်မဲလှစွာ၊ အဝိဇ္ဇာ၊ မြန်စွာခွါသင့်လား။

မခွါချေက၊ နိဗ္ဗာန၊ လမ်းစပိတ်တုံးခြား။

ဇာတိမရဏံ၊ သံသာရံ၊ ဖန်ဖန်ဝဲလှည့်သွား။

ရစ်ပတ်ချာချာ၊ ဆင်းရဲမှာ၊ ပမာဆုံလည်နွား။

သမုတိနယ်၊ ဆိုင်းဘုတ်တွယ်၊ သွယ်သွယ်ဇာတိပွား။

ခွင့်သာဆဲတွင်၊ မခဲလျှင်၊ လွဲချင်တက်တက်မှား။

တရားသား။

သံသရာ ဒုက္ခစက်ကြီးထဲမှာပဲ တဝဲလည်လည်

ဒီကနေ့ မနေ့ကအဆက်ကို ပြောရမယ်။ သတ္တဝါမှန်သမျှတွေဟာ ဇာတိဇရာ ဗျာဓိမရဏဆိုတဲ့ သံသရာ ဒုက္ခစက်ကြီးထဲမှာပဲ တဝဲလည်လည် မြုပ်ချည်ပေါ်ချည် နေကြရတာပဲ။ ဒီပြင် ဘာမှမရှိပါဘူးဆိုတဲ့အကြောင်း သုတ္တနိပါတ် ပါဠိတော်မှာ ဟောတော်မူတယ်။

သတ္တဝါတွေဟာ ဇာတိဆိုတဲ့ တရားက လာခဲ့ကြပြီး ဇရာဆိုတဲ့ အိုမှုဒုက္ခ၊ မရဏဆိုတဲ့ အသေဒုက္ခ၊ ဒီဒုက္ခ စက်ကြီးထဲမှာ အဖန်ဖန်ဘဲ လှည့်လည်နေကြရတယ်။ ပုထုဇဉ်ဆိုတဲ့ အဖြစ်မှာတော့ ဒီနည်းအတိုင်းချည်း လှည့်ပတ် နေရမှာပဲ။ ဒီဒုက္ခစက်က ဘယ်လိုနဲ့မှ လွတ်ထွက်မသွားနိုင်ကြဘူး။ ဇာတိ ဒုက္ခသစ္စာ ကိုယ်ပိုင်ရ၊ ဇရာ ဒုက္ခသစ္စာ၊ မရဏ ဒုက္ခသစ္စာလည်း ကိုယ်ပိုင်ချည်း ရထားကြတာကိုး။

ဥပမာဆိုရင် ဆီဆုံမှာကောက်တဲ့ နွားလိုပဲတဲ့။ ဆီဆုံကောက်တဲ့နွားဟာ တရစ်ပတ်ပတ် ဒလစပ် လှည့်ပတ်ပြီး သွားနေရတယ်။ သွားနေရပေမယ့် သူ့ရဲ့သွားလမ်း အစလည်းမထင် အဆုံးကိုလည်း မမြင်နိုင်ဘူး။ ‘ဆုံနဲ့ ထမ်းပိုး ကြိုးနဲ့ကြိမ်လုံး’ဆိုတဲ့ ဒုက္ခဝန်ကို ထမ်းပြီး လှည့်ပတ်သွားနေရှာတယ်။ သတ္တဝါတွေလည်း ဒီနည်းအတိုင်းပါပဲ။ ဒီဘဝမှာ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ဒုက္ခသစ္စာကြီး ကိုယ်ပိုင်ရလာကြတယ်။ နောက်လည်း ဒီဒုက္ခသစ္စာပဲ ကိုယ်ပိုင်ရကြဦးမှာပါ။ ဘဝအမျိုးမျိုး အဖြစ်မျိုးမျိုး အဖန်ဖန် ဘဝပြောင်းနေပေမယ့် ဒီဒုက္ခသစ္စာကတော့ မပြောင်းပါဘူး။ ဒုက္ခသစ္စာ ကိုယ်ပိုင်ရမှာချည်းပဲ။ ဆင်းရဲဒုက္ခအမျိုးမျိုး တစ်မျိုးပြီးတစ်မျိုး ပြောင်းနေရတာပါပဲ။

ပရမတ္ထသစ္စာကတော့ ပြောင်းလို့မရဘူး

ပြောင်းရတာလည်း သမုတိသစ္စာအနေနဲ့သာ ပြောင်းနေတာပါ။ သမုတိသစ္စာဆိုတာ ဆိုင်းဘုတ်ဆွဲထားတာပဲ။ ရွှေကို ငွေလုပ်ဆွဲ ငွေကို ရွှေလုပ်ဆွဲ၊ ဆွဲချင်သလို ဆွဲလို့ဖြစ်တယ်။ ပရမတ္ထသစ္စာကတော့ ပြောင်းလို့မရဘူး။ အိုမှု၊ နာမှု၊ သေမှုပြီးရင် ဇာတိပြန်လာ။ စကြာဝတေး မန္ဓာတ်ဖြစ်လည်း ဇာတိဒုက္ခပြီး ဇရာဒုက္ခ၊ ဇရာပြီး မရဏဒုက္ခ အဆင့်ဆင့်ရတာပဲ။

သမုတိနယ်မှာ သမုတိသစ္စာအနေနဲ့ ဆိုင်းဘုတ်တွေ အမျိုးမျိုးဆွဲ။ လူ၊ နတ်၊ ဗြဟ္မာ၊ ခွေး၊ ဝက်၊ ကြက်၊ ငှက် ဆိုတဲ့ ဆိုင်းဘုတ်တွေက ပြောင်းနေကြပေမယ့် ပရမတ္ထဒုက္ခသစ္စာကတော့ မပြောင်းပါဘူး။ ဒုက္ခသစ္စာ-ဒုက္ခသစ္စာပါပဲ။ ဘဝပြောင်းတယ်ဆိုတာ အမှန်ကတော့ ဒုက္ခရတာ ဒုက္ခပြောင်းတာပါ။ ဒီဒုက္ခခံလို့ အားရတော့ ဟိုဒုက္ခကူးပြီး လှည့်ခံ ကြတာ။ ပဋိသန္ဓေရတာဟာ ဒုက္ခပြောင်းလိုက်တာ။ ဒီဒုက္ခခံလို့ အားရတာနဲ့ ဟိုဒုက္ခ ပြောင်းသွားလိုက်တာပဲ။ ရှင်းကြ ပလား?။

ပေါ့ပေါ့ကလေးများ မမှတ်ကြနဲ့။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းပူးလို့ရတဲ့ ဉာဏ်တော်နဲ့ ကြည့်ပြီး ဟောလို့ သိကြရတာ။ လေးလေးစားစားမှတ်ကြ။ ဘုရားကျေးဇူးတော်ဟာ ဘယ်တော့မှ ဆပ်လို့ကုန်နိုင်စရာမရှိဘူး။ ကျေးဇူးသိရင်ဖြင့် ကြိုးစားလိုက်နာကြရမယ်။

ဣန္ဒြေငါးခုပေါ်မှာ အဝိဇ္ဇာက ငါးထပ်အုပ်ထား

တို့ဒကာတွေ အဝိဇ္ဇာငါးထပ် အုပ်ထားတဲ့ ဥခွံထဲမှာ နေရတယ်ဆိုတော့ ‘စက္ခုံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ’ဆိုတာ တွေ မလာနိုင်တော့ဘူး။ ကြက်ဥထဲက ကြက်ကောင်ကလေးဟာ ခြေထောက်နှစ်ချောင်း၊ အတောင်ကနှစ်ဖက်၊ နှုတ်သီး က တစ်ခု၊ ဒီငါးမျိုး အသုံးချစရာပါလျက်နဲ့ ဥခွံက ငါးထပ်တောင် အုပ်ထားတော့ ဥခွံထဲမှာပဲ သေရရှာတယ်။

ဒကာတို့မှာလည်း သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ဣန္ဒြေငါးခုပေါ်မှာ အဝိဇ္ဇာက ငါးထပ်အုပ်ထား တော့ ဒီငါးခုဟာ ပေါ်ခွင့်မရကြဘူး။ ကြက်ကောင်ကလေးထက်တောင် ဆိုးနေသေးတယ်။ နိဗ္ဗာန်လမ်းစကို မမြင်နိုင် ကြတော့ဘူး။ ထွက်ရပ်လမ်းစ မရှိကြတော့ဘူး။ ဒီဥခွံငါးခုထဲမှာ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုတဲ့ ဒုက္ခတွေနဲ့ ထပ်တလဲလဲ ပဲ ကြုံတွေ့နေရတယ်။ ဥခွံငါးထပ်ထဲက ထွက်နိုင်စရာလမ်းကို မတွေ့ကြတာဟာ ဝိဇ္ဇာမဂ္ဂင် ကလေးမရကြလို့။ ဝိဇ္ဇာ မဂ္ဂင်ကလေးမရတာ ဒီငါးထပ်အုပ်ထားလို့ပေါ့။ အလယ်လမ်းဖြစ်တဲ့ ဝိဇ္ဇာဉာဏ်ဖြစ်ဖို့ရာ အဝိဇ္ဇာငါးထပ်က အုပ်ထား တော့ ဖြစ်ခွင့်မရနိုင်ခဲ့ကြရှာဘူးပေါ့။

အဲဒီငါးထပ်ကို ခွါရမယ်

ဒီတော့ အဲဒီငါးထပ်ကို ခွါရမယ်။ အဲဒီငါးထပ်က ၁ က ကံ, ကံ၏အကျိုးကို မယုံကြည်တဲ့ အဝိဇ္ဇာ၊ ၂ က နာမ်ရုပ်မသိတဲ့ အဝိဇ္ဇာ၊ ၃ က ပဋိစ္စသမုပ္ပါဒ်မသိတဲ့ အဝိဇ္ဇာ၊ ၄ က အနိစ္စ ဒုက္ခ အနတ္တမသိတဲ့ အဝိဇ္ဇာ၊ ၅ က သစ္စာ မသိတဲ့ အဝိဇ္ဇာ။ ဒီအစဉ်မသိရင် မခွါနိုင်ဘူး။ ငါးထပ်တောင်ပဲ တော်တော့သတ္တိနဲ့ ရုန်းကန်ထွက်လို့ မတတ်နိုင်ဘူး။

ဘုရားရှင်များဟာ သူ့ကရုဏာတော်ကို သိရရင် ကြည်ညိုလို့ မဆုံးနိုင်ပါဘူး။ ဒီငါးထပ်ကို ဘုရားဉာဏ်တော် နဲ့ လှန်မှသာ ရနိုင်တာပါ။ ငါးထပ်လုံး လှန်ပေးပြီး သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်အောင် လုပ်ပေး နိုင်တာ။ ဘုရားဉာဏ်တော်မို့ပဲ။ ဥခွံထဲက ခွါပေးနိုင်တာ သဗ္ဗညုတဉာဏ်တော်မို့ ခွါနိုင်တာ။ ဘုရားက ကရုဏာတော် အားကြီးလွန်းလို့ အမျိုးမျိုး အနစ်နာခံပြီး ဘုရားဖြစ်အောင် ကြိုးစားခဲ့ရတာပဲ။ ဘုရားဖြစ်တော့မှ ဒီအဓိပ္ပာယ်ကို ဟောပြနိုင်တာ သာမည မမှတ်လိုက်ကြနဲ့။

ဒုက္ခသစ္စာမှ မသိရင် အပါယ်လေးပါးတံခါး ဟင်းလင်းကြီး ပွင့်နေတယ်။ ဥခွံငါးထပ်က ထွက်နိုင်မှသာ အပါယ်ဘေးက လွတ်နိုင်ကြရမယ်။ ဥခွံထဲက မထွက်ရသေးခင်မှာ ကြွားမနေကြနဲ့ဦး၊ ပျော်မနေကြနဲ့ဦး။ အခု ပျော် သလောက် အသေဆိုးသေရလိမ့်မယ်ဆိုတာ သိထားကြ။ တို့ဒကာတွေ ကိုယ့်ကိစ္စကိုယ် အရင်ပြီးအောင် လုပ်ထားကြ ဖို့ လိုတယ်။ ကိုယ့်ကိစ္စလုပ်မယ်ကြံရင် ဟိုငဲ့ဒီငဲ့နဲ့ ငဲ့တာဟာ ကိုယ့်ကိုယ်ကိုယ် ပိတ်ပင်တာပဲလို့ မှတ်ကြ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်နဲ့ ဆင်ခြေလည်း မနေကြနဲ့တော့ ရိပ်မိကြပလား?။

ပထမအဝိဇ္ဇာ

တို့ဒကာတွေ ငယ်ငယ်ကတည်းက လူကြီးမိဘတွေရဲ့ အဆုံးအမကို ရခဲ့ကြတယ်။ သူ့အသက်သတ်ရင် ငရဲ သွားရလိမ့်မယ်လို့ ယုံကြည်ကြတယ်။ အလှူဒါနပြုလို့ ရေစက်ချတဲ့အခါများမှာလည်း ‘ကံ, ကံ၏အကျိုးကို ယုံကြည်ပါ ကုန်သည်ဖြစ်၍’ဆိုပြီး ချကြတယ်။ အဲဒါ ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာဉာဏ် ရထားလို့ပဲ။ ဒီဉာဏ်ကို မိဘရိုးရာနဲ့ ရခဲ့ကြတယ်။ ဒီဉာဏ်ရလို့ တစ်နံပါတ် တစ်ထပ်ကွာပြီ။

ကမ္မဿကတာဉာဏ်ဆိုတာ ဝိဇ္ဇာကလေးပဲ။ တရားနာတာလည်း ဒီကမ္မဿကတာဉာဏ်နဲ့ နာနေကြတာပဲ။ ဒါပေမဲ့ ‘ဝိဇ္ဇာဥဒပါဒိ’ မဖြစ်သေးဘူး။ ဥခွံက မထွက်နိုင်သေးဘူး။ လေးထပ်က အုပ်နေသေးတယ်။ အခုနေမှာ မိဘ ရိုးရာဉာဏ်လောက်နဲ့ မသေလိုက်ကြနဲ့ဦး။ ဝိဇ္ဇာဉာဏ်ရဖို့ အားထုတ်ရဦးမယ်။ ဝိဇ္ဇာဉာဏ်ရမှ နိဗ္ဗာန်မြင်မှာဖြစ်လေ တော့ အခုမသေကြနဲ့ဦးလို့ ပြောလိုက်ပါတယ်။ ရှေးက သေသွားတဲ့လူတွေဟာ ဥခွံတွင်းက မထွက်နိုင်ဘဲ သေခြင်း မလှ သေသွားကြရရှာတယ် သဘောပါကြရဲ့လား?။

‘ကျုပ်တို့တော့ လှူဒါန်းပြီးရင် သေပျော်ပါပြီ’လို့ ပြောလိုက်ကြသေးတယ်။ တို့အဖြစ်ဟာ အဖြစ်ကောင်းလို့ ထင်နေကြတယ်။ မထင်ကြနဲ့ မသေပျော်သေးဘူးလို့မှတ်။ တရားနာတာတောင် မသေသေးဘဲနဲ့ စောင့်နာဖို့ကောင်း တယ်။ ဒီတရားမျိုး တစ်ကြိမ်တစ်ခါဆိုသလို နာရဖို့ ခဲယဉ်းပါတယ်။ ရှင်းကြပလား?။

ဒုတိယအဝိဇ္ဇာ

ဒုတိယဥခွံက နာမ်နဲ့ရုပ်ကို သိဖို့ အရေးကြီးတယ်။ နာမ်ရုပ်သိတဲ့ ဝိဇ္ဇာနဲ့ တွန်းလှန်ပစ်ရမယ်။ သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာကနာမ်၊ စားတာကရုပ်၊ လှုပ်ချင်တာကနာမ်၊ လှုပ်တာကရုပ်၊ စာထဲပါတဲ့ နာမ်ရုပ် မလိုချင်ဘူး။ ခန္ဓာထဲမှာရှိတဲ့ နာမ်ရုပ်ကို သိသာမှ အဖိုးတန်ကြမှာ။ ကိုယ့်သန္တာန်မှာရှိတဲ့ နာမ်ရုပ်သိရင် ပြီးတာပဲ။ နာမ်ရုပ်ဆိုတာ သိဖို့သာပါ ရှုဖို့မဟုတ်ဘူး။ ဉာတပရိညာကိစ္စလို့ မှတ်ရမယ်။

ကိုယ့်သန္တာန်မှာရှိတဲ့ နာမ်ရုပ်လိုတယ် ‘အိပ်ချင်တာက နာမ်၊ အိပ်တဲ့ခန္ဓာကြီးက ရုပ်’ သိပြီးရင် ပြီးတာပဲ ပွားနေဖို့ မလိုဘူး။ သိဖို့တင်ပဲ မပွားပါနဲ့။ နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမား၊ နာမ်နဲ့ရုပ်ဟာ သဟဇာတ ပစ္စည်း နာမ်က သဟ၊ ရုပ်က ဇာတ၊ ပေါင်းတော့ သဟဇာတပဲ။ နာမ်ချုပ်သွားရင် ရုပ်ချည်းနေလို့မဖြစ်ဘူး။ ရုပ်ချည်း နေရင် ပုပ်သွားလိမ့်မယ်။ နာမ်ရုပ်သိတာ ဝိဇ္ဇာဉာဏ်ပဲ။ သိရင် နှစ်ထပ်ကွာပြီ သုံးထပ်အုပ်နေသေးတယ်။

တတိယအဝိဇ္ဇာ

အဝိဇ္ဇာဆိုတဲ့ အကြောင်းရင်းကြောင့် သင်္ခါရ စတဲ့ အကျိုးတရားအဆက်ဆက်တွေ ဖြစ်ပေါ်လာရတယ်။ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာမရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်အားဖြင့် အကြောင်းအကျိုး အဆက်ဆက် ဖြစ်ကြရတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ရတယ်။ အဲဒီလို အကြောင်းအကျိုး သိနေရမယ်။

ကမ္မဘဝ ပစ္စယာ ဇာတိ ဇာတိပစ္စယာ ဇရာ ဇရာကြောင့် မရဏ စတဲ့ တရားတွေ ခန္ဓာထဲမှာ အကြောင်း အကျိုး ဆက်နေတာပဲ။ ကံကုန်တော့ သေရတယ်။ ဖြစ်တော့ ကံကြောင့်ပဲ ဖြစ်တယ်။ ကံက ကူညီနေတော့ သွားလို့ လာလို့ ဖြစ်သေးတယ်။ ကံကုန်တော့ သေပြီလို့ ကြားရတယ်မဟုတ်လား? ဒကာ ဒကာမတွေ အကြောင်း အကျိုး အဆက်ဆက်ဖြစ်နေတယ်။ ကံက အကြောင်း၊ ပဋိသန္ဓေက အကျိုး ကံပေးသလို ဖြစ်ကြရတယ်။ အကြောင်းကြောင့် အကျိုးဖြစ်၊ ဒီလိုအကြောင်းအကျိုး အဆက်ဆက် လှည့်လည်ဖြစ်ပျက်နေတဲ့ သံသရာစက်ကြီးပဲလို့ သိကြရမယ်။ အကြောင်းအကျိုး လှည့်နေတာဆိုတဲ့ စကား ကျေနပ်ကြပြီလား?။

‘သိကြားဖန်ဆင်းတယ် ဗြဟ္မာဖန်ဆင်းတယ်’ဆိုတဲ့ စကားမဟုတ်ဘူးဆိုတာ ရိပ်မိပြီလား။ ဒီအကြောင်းနဲ့အကျိုး သိရင် ဘယ်ကလာလို့ ဘယ်သွားရပါလိမ့်မလဲဆိုတဲ့ ဝိတက်တွေ မရှိတော့ဘူး။ ရုပ်နာမ် ဖြစ်ပျက် အကြောင်းအကျိုး အဆက်ဆက်တွေဟာ ပတ်လည်စက်ကြီးလို လုံးလည်လိုက်နေတယ်ဆိုတဲ့အဖြစ်ကို သိကြပလား? သိရင် သုံးထပ်ကွာ သွားပြီ။

တစ်နံပါတ်က မာတာပိတုဂုဏောကြောင့် ကွာရတယ်။ နှစ်နဲ့သုံးက ဆရာသမား ဟောပြလို့ ကွာရတယ်။ အာစရိယဂုဏောက တယ်ပြီး ကျေးဇူးကြီးပေတယ်။ ဒကာတို့က ရမ်းရွတ်နေကြတာ။ စာက ကျေးဇူးတော်ရင်ပေမယ့် ဉာဏ်ကမပါဘဲ ဖြစ်နေကြတယ်။ အမိ၊ အဘက နတ်ရွာသုဂတိပို့ပေးတယ်၊ ဆရာကတော့ အပါယ်တံခါးပိတ်သွားအောင် တတ်နိုင်တယ်။

စတုတ္ထအဝိဇ္ဇာ

လေးနံပါတ် သာသနာတွင်းကြုံမှ ခွါနိုင်တယ်။ လူကလည်း သာသနာတွင်းသားဖြစ်မှ ဘုရားရှင်၏ တပည့် သား သာဝကဖြစ်ပါမှ ခွါနိုင်တယ်။ သာသနာပြင်က လူဆိုရင် မခွါနိုင်ဘူး။ မိစ္ဆာဒိဋ္ဌိဖြစ်နေရင် ခဲယဉ်းတယ်။ ခွါရ မှာက အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ ဒီသုံးချက်အုပ်တဲ့ အဝိဇ္ဇာ။

မိမိ အဖိုးတန်တာ သိပလား?။ သာသနာတွင်းနဲ့ ကြုံနေလို့ အဖိုးတန်တာ။ ကိုယ်အဖိုးတန်မှန်းသိပြီး ကြိုးစား ကြ။ လျှာမရှည်ကြနဲ့။ လျှာရှည်နေရင် သံသရာရှည်ဦးမယ်။ အခုနှယ် ဆုတောင်းပြည့်နေတာ ထပ်မရှည်ကြနဲ့ဦး။ လင်နဲ့မယား ရန်ဖြစ်ကြတာ လျှာရှည်လို့။ လျှာရှည်တဲ့အပြစ်ဟာ ကြီးတယ်။ နိဗ္ဗာန်မရသေးခင် ဆုတောင်းနေတာဟာ လျှာရှည်နေတာပဲ။ နောက်ဘုရားစောင့်ဦးမယ်ဆိုတာ လျှာရှည်တာပဲ။ အရိမေတ္တယျ ပွင့်တော်မူတဲ့အခါ ဆီမီးငါးတိုင် ကြာငါးခိုင်နဲ့ ဘာညာနဲ့ လျှာရှည်လိုက်တာလွန်ပါရော။

‘ဂေါတမပေးတာ မလိုချင်ဘူး မေတ္တယျကျမှ ယူမယ်’နဲ့ အခုဘုရား နိဗ္ဗာန်ပေးနိုင်လျက်သားနဲ့ နောက်ဘုရား ကျမှဆိုပြီး ကြောင်တောင်ဗြောင်တိုက်နေရင် တော်ပမလား? စဉ်းစားကြ ဒကာတို့ဆီ လာပြီး ကြောင်တောင်ဗြောင် တိုက်နေရင် ခံနိုင်ပါ့မလား? လျှာရှည်နေကြရင် ဂေါတမဘုရား မျက်နှာတော် မထောက်ရာကျမယ်။ ဒီတရားက အခုလုပ်ရင် အခုနိဗ္ဗာန်ပေးနိုင်တယ်။

ဒကာတို့ဟာ ဘုရားကို ကြောင်တောင်ကြီး ဗြောင်တိုက်ညာနေကြတာ။ ကိုယ်ချင်းစာကြည့်ကြ။ လူတစ်ယောက် က အိမ်လာဗြောင်တိုက်ရင် ကြိုက်နိုင်ပမလား?။ မိဘရိုးရာ အမှားတွေ ပြင်လိုက်ကြတော့။ ‘ဘုရားတပည့်တော် ယခု အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်ကို ကျေးဇူးပြု၍ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင် ရပါလို၏’လို့ ဆုတောင်းပြင်ကြ သဘောပါကြရဲ့လား?။

လေးနံပါတ်ဥခွံကို ဝိပဿနာဉာဏ်နဲ့ ခွါရမယ်

လေးနံပါတ်ဥခွံကို ဝိပဿနာဉာဏ်နဲ့ ခွါရမယ်။ မိမိခန္ဓာထဲမှာကြည့်၊ ဖြစ်ပျက်တွေ့ရင် စတုတ္ထဥခွံ ကွာပြီ။ သတိပဋ္ဌာန် ပါဠိတော်မှာ…

+++ “ဣဓ ဘိက္ခဝေ ဘိက္ခု ဣတိရှုပံ ဣတိရူပဿ သမုဒယော ဣတိရှုပဿ အတ္ထင်္ဂမော၊ ဣတိဝေဒနာ ဣတိဝေဒနာယ သမုဒယော ဣတိဝေဒနာယ အတ္ထင်္ဂမော” စသည်ဖြင့် ဟောတော်မူတယ်။

ရုပ်၊ နာမ် ခန္ဓာငါးပါး တစ်ပါးပါး ဖြစ်ပျက်မြင်ရင် လေးအဝိဇ္ဇာ ကွာပြီလို့မှတ်ကြ။

မိမိသန္တာန်မှာ ပေါ်လာတဲ့ စိတ်ကလေးတစ်ခု အဲဒီစိတ်ကလေး ကြည့်လိုက်တော့ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်။ ခန္ဓာမှာ ဝေဒနာရှိတာ ရှာလိုက်တော့ ဖြစ်တာနဲ့ပျက်တာပဲ ရှိတယ်။ ရုပ်၊ သညာ၊ သင်္ခါရတွေလည်း ဒီအဖြစ်နဲ့အပျက် ပဲ ရှိတယ်။ ဒါကိုမြင်အောင် ဝိပဿနာရှုရမယ်။ ရှုတဲ့အခါ စိတ်ကိုရှုကြ စိတ်ရှုမှ ဖြစ်တာပျက်တာ အမြန်သိမယ်။

သိရင် စတုတ္ထဥခွံ သေသေချာချာ ကွာပြီမှတ်။ သမုဒယနဲ့ ဝယတွေ့မှ မှန်တယ်။ ဖြစ်တာနဲ့ပျက်တာပဲ တွေ့ နေရမယ်။ တွေ့ရင် လေးထပ်ကွာပြီ။ အနုလောမဉာဏ် ရောက်ပြီ။ စူဠသောတာပန် မကတော့ဘူး။ မဟာသောတာပန် နား ကပ်နေပြီ။ မဟာသောတာပန်နားက ငါးနံပါတ်ကို ခွါရမယ်။ သစ္စာဖုံးထားတဲ့ အဝိဇ္ဇာ ရှိနေသေးတယ်။ သစ္စာ မသိတဲ့ အဝိဇ္ဇာရှိသေးလို့ နိဗ္ဗာန်မရသေးဘူး။ ဒိဋ္ဌိဝိစိကိစ္ဆာ ရှိနေသေးတယ်။

နိဗ္ဗာန်လိုချင်ရင် ပါရမီစောင့်ဖို့ မလိုဘူး။ ဒါတွေကို တွန်းလှန်ပစ်ရင် ပြီးပါတယ်ဆိုတာ မြဲမြဲစွဲစွဲ မှတ်ထားကြ ရှင်းကြပလား?။

ပဉ္စမအဝိဇ္ဇာ

အခု ငါးနံပါတ်ကို ခွါရမယ်။ ဒီအဝိဇ္ဇာက မဂ်သမ္မာဒိဋ္ဌိ စတုသစ္စာ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ခွါရမယ်။ ဒီဉာဏ်ရရင် ကွာပြီလို့မှတ်။ မဂ်ရအောင် အားထုတ်မှ ကွာမယ်လို့ဆိုတာ သတိပဋ္ဌာန် ပါဠိတော်မှာ…

+++ “ကတမာစ ဘိက္ခဝေ သမ္မာဒိဋ္ဌိ ယံခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခ နိရောဓေ ဉာဏံ ဒုက္ခ နိရောဓ ဂါမိနိပဋိပဒါယ ဉာဏံ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ”လို့ ဟောတော်မူတယ်။

၁-ဆင်းရဲအမှန်ကို သိတဲ့ဉာဏ်၊ ၂-ဆင်းရဲဖြစ်ပွားကြောင်း သိတဲ့ဉာဏ်၊ ၃-ဆင်းရဲငြိမ်းရာအမှန်ကို သိတဲ့ဉာဏ်၊ ၄-ဆင်းရဲငြိမ်းရာရောက်ကြောင်း အမှန်ကိုသိတဲ့ဉာဏ်၊ ဒီဉာဏ်လေးခုပေါ်မှာ အုပ်ထားတဲ့ အဝိဇ္ဇာ၊ သစ္စာဉာဏ်ပေါ် အုပ်ထားတဲ့ အဝိဇ္ဇာ အဲဒါကို သစ္စာသိတဲ့ဉာဏ် မဂ်ဉာဏ်နဲ့ ခွါရမယ်။ မဂ်ဉာဏ်ရရင် ဒီငါးအဝိဇ္ဇာ ကွာပြီလို့မှတ်။

သစ္စာလေးပါးသိမဲ့ ဉာဏ်ကလေးကို ဒီငါးအဝိဇ္ဇာက ဖုံးထားတယ်။ သူ့ကွာအောင်လုပ်ပြီး နိရောဓသစ္စာ မသိဘဲနဲ့ ဘယ်သူနိဗ္ဗာန်ရောက်မှာတုံး?။ ဒီတရားကို သုံးလေးရက်တိုင်တိုင် ဟောတာဟာ အရေးကြီးလို့ပဲမှတ်။ သောတာ ပတ္တိမဂ်ဉာဏ်မှာ ဒီတစ်၊ နှစ်၊ သုံး၊ လေး၊ ငါးထပ်တိုင်တိုင် အုပ်ထားတော့ ဒီဟာတွေကွာမှပဲ နိဗ္ဗာန်မြင်ရမှာ ဒီဟာတွေ မလှန်လှောဘဲနဲ့ သောတာပတ္တိမဂ်ဉာဏ် မရနိုင်ဘူး။ ဒီမဂ်ဉာဏ်မှ အပါယ်တံခါးပိတ်မှာ ရှင်းကြပလား?။

ယနေ့ အချိန်စေ့သွားပြီ နက်ဖြန်မှပဲ ဆက်ကြစို့။

ကိုင်း… ဒီတွင် တော်ကြဦးစို့။

*********