ဉာဏ်သုံးဆင့်တက် ဝဋ်မှထွက် တရားတော်
ဉာဏ်သုံးဆင့်
(၁) ယထာဘူတဉာဏ်၊ ဟုတ်တိုင်းမှန်စွာ၊ သိတတ်သည်။
ဆောင်ပုဒ်-
ယထာဘူတ၊ နိဗ္ဗိန္ဒ၊ မဂ္ဂဉာဏ်သုံးချက်။
ဟုတ်မှန်သိမြင်၊ ငြီးငွေ့ထင်၊ လိုချင်ကင်းကွာမဂ်။
တစ်ဉာဏ်ရမှ၊ နှစ်တက်ရ၊ နှစ်ရသုံးဉာဏ်တက်။
ဓမ္မနိယာမ၊ သဘာဝ၊ ဆောင်ထလုပ်အားတွက်။
သတိချပ်-
ဒုက္ခရဟတ်၊ လှည့်ကာပတ်၊ မပြတ်သံသာစက်။
အသေဒုက္ခ၊ နေဒုက္ခ ဘာမျှပိုမစွက်။
ခန္ဓာဓာတ်သား၊ ကန့်လန့်သွား၊ ကိုယ်အားမလိုက်ခက်။
စိတ်ကူးတခြား၊ ဓာတ်သွားတဖုံ၊ မသိတုံ၊ အပုံရူးလှချက်။
ကန့်လန့်သမား၊ ပေါင်းတာများ၊ အံ့အားသင့်အောင်ခက်။
ဘဝသုံးတန်၊ စဏ္ဍာလံ၊ သုသာန်သင်္ချိုင်းပျက်။
ဒွန်းစဏ္ဍားပျော်၊ နှစ်ခြိုက်ပျော်၊ မြို့တော်မသိတွက်။
တရားသား။
အလုပ်သုံးခု
ဒီကနေ့မှာ အလုပ်သုံးခုကို ပြောရမယ်။ ဒကာတို့လုပ်ရမယ့် အလုပ်သုံးခုပဲ။
ဒီအလုပ်သုံးခုက ဘာလဲ ဆိုတော့
(၁) ဟုတ်မှန်တဲ့အတိုင်းသိဖို့၊
(၂) ငြီးငွေ့နိုင်ဖို့၊
(၃) မလိုချင်ဖို့တဲ့။ အကျဉ်းချုပ်က ဒီသုံးခုပဲ မှတ်ထား။ ဒီအလုပ်သုံးခုကို ဘာကြောင့်လုပ်ရသလဲ?၊ မလုပ်မိရင် ဘယ်လိုဒုက္ခနဲ့ တွေ့ရမလဲ?၊ လုပ်ရင် ဘယ်လိုအကျိုးကို ခံစားရမလဲ?၊ သိထားကြဖို့ လိုတယ်။
ကိုယ့်ခန္ဓာမှာ အမှန်ရှိနေတာက ရုပ်,နာမ်ဖြစ်ပျက် အနိစ္စ၊ ရုပ်,ဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက်၊ သညာဖြစ်ပျက်၊ သင်္ခါရဖြစ်ပျက်၊ ဝိညာဏ်ဖြစ်ပျက်၊ အဲဒီဖြစ်ပျက်အနိစ္စတွေပဲ အမှန်ရှိနေတာပါ။ ဒကာတို့တစ်တွေ ထင်နေ၊ မြင်နေကြ တာကတော့ လူပဲ၊ နတ်ပဲ၊ ယောကျ်ားပဲ၊ မိန်းမပဲလို့ မြင်နေကြတယ်။ အမှန်ရှိတာတော့ မမြင်။ အမှန်မရှိတာတော့ မြင်တတ်ကြတယ်။ ဒါ ဘာကြောင့်လဲ အဝိဇ္ဇာဥခွံက ထူလွန်းလို့။
ဥခွံကထူ၊ တဏှာရေကများ ဒီတော့ ဉာဏ်သွားကလည်းတုံး ပိတ်ပိတ်တုံးကန်းကြရောပဲ။ ပိတ်ပိတ်တုံးကန်း တော့ အမှန်မမြင်နိုင်ကြတော့ဘူး။ အမှန်မမြင်တော့ မြင်ချင်သလိုမြင်ပြီး ဆင်ကန်းတောတိုး အဖြစ်မျိုးနဲ့ ကြုံကြရတာ ပဲ။ ဘဝများစွာ သံသရာက ဒီနည်းချည်းပါပဲ။ စုံလုံးကန်းအဖြစ်နဲ့ သံသရာဥခွံထဲမှာပဲနေပြီး ဥခွံထဲမှာပဲ သေကြရတာ။ ဥခွံကကို မထွက်နိုင်ခဲ့ကြဘူး။ အပုပ်သေနဲ့ချည်း ကြုံကြရတာပဲ။
သံသရာဥခွံထဲက ထွက်ချင်ရင်
သံသရာဥခွံထဲက ထွက်ချင်ရင် ဘာလုပ်ရမလဲ? ပထမပြောခဲ့တဲ့ အလုပ်သုံးလုပ်ကို လုပ်ကြရမယ်။ ဥခွံဆိုတာ က သံသရာပဲ။ ရုပ်အစဉ် နာမ်အစဉ် ဖြစ်ပြီးပျက်နေတဲ့ ဖြစ်ပျက် ဒုက္ခစက်ကြီးမပြတ်တာ ဒုက္ခစက်ကြီးလည်နေတာကို သံသရာခေါ်တာပဲ။ သံသရာဆိုတာ တခြားမှာရှိတာမဟုတ်ဘူး။ ခန္ဓာအစဉ်မှာ တည်နေတာပါ။
အခုဘဝ သေပြီးတဲ့နောက် ရှေးဦးစွာ ပဋိသန္ဓေ ဒုက္ခရမယ်။ ပဋိသန္ဓေ ဒုက္ခရပြီး တစ်မိနစ်ထက်တစ်မိနစ်၊ တစ်စက္ကန့်ထက်တစ်စက္ကန့်ဆိုသလို တဖြည်းဖြည်း အိုဒုက္ခဘက် လာရပြန်တယ်။ အိုဘက်လာတာနဲ့ နာဘက်ရောက် တော့တာပါပဲ။ အဲ- နောက်ဆုံးကျ သေလိုက်ဦးပဲ။ အဲဒါလို ဘဝအစဉ် ခန္ဓာအစဉ်မပြတ် ပဋိသန္ဓေ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခစက်ကြီး တစ်ခုပြီးတစ်ခု မပြတ်လှည့်ပတ်ပြီးနေတာဟာ သံသရာပဲလို့ မှတ်ကြ။
ဒီအသေပြီးပြန်တော့ အနေလာဦး။ နောက်အသေပြီးတော့လည်း နောက်အနေလာခဲ့ဦး။ အဲဒီလို အသေရယ်၊ အနေရယ် အစဉ်မပြတ်အောင် ဆက်စပ်နေတော့တယ်။ သတ္တဝါတိုင်းဟာ ဒီနှစ်ခုကိုပဲ ပခုံးပြောင်းနေကြရတာပဲ။ ဒါ နှစ်ခုအပြင် ဘာမှမရှိပါဘူး။
အသေဒုက္ခနှင့် အနေဒုက္ခမှတစ်ပါး အခြားဘာမှမရှိ
ဘုရားရှင်က ကစ္စာယန အနွှယ်ဖြစ်တဲ့ ရဟန်းတစ်ပါးကို ဟောတော်မူတယ်။ “အို-ချစ်သား လောကသုံးခွင် ဘုံအပြင်ဝယ် ပညာဖြင့် ကြည့်ရှုပါက အသေဒုက္ခနှင့် အနေဒုက္ခသာ ရှိပေတယ်။ အသေဒုက္ခနှင့် အနေဒုက္ခမှတစ်ပါး အခြားဘာမှမရှိ။ ဒီနှစ်ခုပဲရှိတယ်”လို့ အသေအချာ ဟောတော်မူခဲ့တယ်။
တို့ဒကာတွေက ဒါကိုပဲ မနည်းဖော်ပြနေရတယ်။ မသိသား ဆိုးဝါးလွန်းလို့။ အင်း ဒကာတို့ကတော့ အခု နေမှာ လူဖြစ်လို့ ကောင်းတုန်းရှိသေးတယ်လို့ အောက်မေ့နေကြတာ။ အခုလိုဟောပြနိုင်တဲ့ ဆရာနဲ့ကြုံလို့ သိကြရပြီ။ သိရင် ခုလိုအခါမှာ ကိုယ့်ဇာတ်ကိုယ်သိမ်းကြ။ ဒကာတို့တစ်တွေက လှူလိုက်ဦးမယ်၊ ဒါန်းလိုက်ဦးမယ် အေးအေးဆေး ဆေး လှူဒါန်းလို့ပြီးရင်ဖြင့် လုပ်ပါတော့မယ်ဆိုပြီး အချိန်ဆွဲနေကြရင် ခန္ဓာကတော့ စောင့်မှာမဟုတ်ဘူး။ ခန္ဓာက အသေဒုက္ခဘက်ကို ဒိုင်းဒိုင်းပြေးနေတယ်ဆိုတာ သတိထားဖို့သင့်တယ်။
ကိုယ့်စိတ်ကူးနောက်ကို ခန္ဓာက လိုက်ပါရဲ့လား? မလိုက်ပါဘူး။ အနတ္တခန္ဓာပါဆိုမှပဲ သူဖြစ်ချင်သလို ဖြစ် နေမှာပဲပေါ့။ ဒီတော့ စိတ်ကူးတခြား ဓာတ်သွားတဖုံဆိုသလို ဖြစ်နေကြပြီ။ ဒီစိတ်ကူးတွေ လျှော့ကြ။ မလျှော့ရင် အရူးပဲ။ ဆိုထိုက် မဆိုထိုက် ခန္ဓာက အမှန်အတိုင်း သွားနေတာ။ သူ့ထုံးစံ သူ့ဓမ္မတာ သူ့သဘာဝအတိုင်း သူကသွား နေတာ။ ခန္ဓာက အမှန်သွား၊ စိတ်ကူးက အရူးကူး စဉ်းစားကြ။ ထုံးစံနဲ့ သဘာဝနဲ့ ပြောင်းပြန်ပြန်ပြီး ကူးချင်သလို ကူးနေကြတာဟာ အရူးကူးမို့ပဲပေါ့။
အရူးစိတ်ဟာ ဘာကြောင့်ဖြစ်ရသလဲ
ဒီအရူးစိတ်ဟာ ဘာကြောင့်ဖြစ်ရသလဲ? အဝိဇ္ဇာဖုံးလို့ တဏှာရေကလည်းပေါလို့ ဉာဏ်ကလည်း မထက်လို့ သာပဲ။ အဝိဇ္ဇာကထူ၊ တဏှာရေကများနေလေတော့ ရှိသမျှ ဉာဏ်စွမ်းကလေးဟာ မထက်မြက်နိုင်တော့ဘူး။ မထက် တော့ အမှန်အတိုင်း မမြင်နိုင်ဘူး မြင်ချင်သလိုမြင် အရူးမြင် အနှမ်းမြင်ပဲ မြင်တော့တာပဲ။
ခန္ဓာက ကန့်လန့်သမား ကိုယ်လိုသလို ဘယ်တော့မှ မသွားဘူး ဒါကို အနတ္တခေါ်တာပဲ။ ဒကာတို့က ဒီကန့်လန့် သမားနဲ့ပဲ တည့်အောင် ပေါင်းနေနိုင်ကြတယ်။ တည့်အောင်ပေါင်းနိုင်တာဟာ အံ့စရာပဲ တော်တော်ရူးလို့သာ ပေါင်း နိုင်ကြတာပါ။ ကိုယ်က အလုပ်ကလေးတစ်ခုလုပ်ဖို့ စိတ်ကူးကာရှိသေး ဟော… သူက ဖောက်လာလိုက်ပြီ။ ခေါင်း ကိုက်လို့၊ လေနာထလို့၊ အအေးမိလို့၊ အပူငုပ်လို့ မလှုပ်ချင် မရှားချင်ဖြစ်နေပြီ။ သူက ဝင်ပြီး ကန့်လန့်လုပ်လိုက်ပါ ရော။ ဒီကန့်လန့်သမားများ နောက်ထပ် ပေါင်းချင်ကြသေးသလား?။
အေး… တော်ကြ,တန်ကြ၊ တော်လောက်,တန်လောက်ကြပါပြီ။ တော်လောက်,တန်လောက်ကြရောပေါ့။ မပေါင်းချင်ရင် သူနဲ့မပေါင်းရအောင် ဘယ်လိုလုပ်ကြမလဲ?။ ဘုန်းကြီးက နည်းပေးပါမယ်။ ဘုရားရှင်ကလည်း ဒီနည်းကို ဟောတော်မူခဲ့တယ်။
ဉာဏ်သုံးဆင့်နဲ့ တက်တဲ့နည်း
ဒီနည်းက ဘယ်လိုလဲ ဉာဏ်သုံးဆင့်နဲ့ တက်တဲ့နည်းလို့ မှတ်ကြ ဉာဏ်သုံးဆင့်ဆိုတာ (၁) ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် (၂) ငြီးငွေ့တဲ့ဉာဏ် (၃) မလိုချင်တဲ့ဉာဏ် ဒီသုံးချက် အလုပ်သုံးလုပ်နဲ့ လုပ်ကြရမယ်။
ဒီသုံးချက်ဟာ အနတ္တလက္ခဏသုတ်ပါဠိတော်မှာ ဟောတော်မူခဲ့တဲ့ သုံးချက်ပါပဲ။ ဘုရားရှင် အဆူဆူ ပွင့်တော် မူလာသမျှ ဒီတရား ဒီနည်းလမ်းကို ဒီအတိုင်းဟောတော်မူခဲ့ကြတယ်။ ဘုရားအဆူဆူမစွန့်တဲ့ ဉာဏ်သုံးချက်လို့ မှတ် ကြ။ ဘုရားရှင်အဆူဆူဟာ ဒီဉာဏ်သုံးဆင့်နဲ့ တက်တာ။ ဒီဉာဏ်သုံးဆင့်နဲ့ ပွင့်တော်မူလာကြတာလို့ မှတ်ကြ၊ ရှင်းပ လား?။
ဒီဉာဏ်သုံးဆင့်နဲ့ တက်ဆိုတော့ ရမ်းတက်လို့မရဘူး။ တက်နည်းက လိုသေးတယ်။ ၁-မရဘဲနဲ့ ၂-မတက်နဲ့၊ ၂-မကူးနဲ့ ၂-မရဘဲနဲ့ ၃-မတက်နဲ့၊ ၁-ကိုရမှ ၂-ကိုတက်၊ ၂-ကိုရမှသာ ၃-ကိုတက်ရမယ်။ သုံးဉာဏ်ရပြီးနောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တော့တယ်။ အဝိဇ္ဇာဥခွံတွင်းက လွတ်ကင်းပါပြီ။ တဏှာအနှောင်အဖွဲ့မှလည်း ကျွတ်လွတ် ပါပြီလို့ ဆုံးဖြတ်နိုင်တော့တယ်။
ဒါ ဘာကြောင့်လဲဆိုတော့ ဉာဏ်ထက်လို့ ထက်မြက်တဲ့ဉာဏ် ကိုယ်ပိုင်ရလို့ပဲ ဆိုတာမှတ်။ တို့ဒကာတွေ အခုလို အခွင့်ကောင်းကြုံကြိုက်တုန်းမှာ ကြိုးစားယူကြ။ ပေါ့ပေါ့များ မထင်လိုက်ကြနဲ့။ ဒီလိုအချိန်မျိုးနဲ့ ဒီလိုအခွင့် အခါမျိုးကို ရနိုင်ဖို့ မလွယ်ဘူး။ သာသနာ (၅၀၀၀) ငါးထောင်ဆိုပေမယ့် ကိုယ်မသေခင် အတွင်းမှာသာ ကိုယ့်သာသနာ ရှိတာပါ။
ယထာဘူတဉာဏ် ရတဲ့သူရအောင် ဟောပြနိုင်တဲ့သူ အလွန်ရှား
ပုဂံခေတ်က ဒီဘက်ကို ယထာဘူတဉာဏ် ရတဲ့သူရအောင် ဟောပြနိုင်တဲ့သူ အလွန်ရှားပါးတယ်။ မရှိမဟုတ် ဘူး အင်မတန်ခဲယဉ်းတယ်ဆိုတာ သိကြရမယ်။ အခုအခါမှာမှ အင်မတန် ကံကြီးလို့ ကံထိုက်လို့သာ ကြုံကြိုက်ရတယ် ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီတော့ ရတောင့်ရခဲရလို့မှ မကြိုးစားရင် အရှုံး။ ဒီပြင်မရှိတော့ဘူး။ စုံးစုံးမြုပ်ဖို့သာ ပြင်ကြ ပေတော့ပဲ။ မဆိုထိုက်ပေဘူးလား?။
အင်း တို့ဒကာတွေက ဘဝတဏှာ အားကြီးလွန်းလို့ အမှားကြီးမှားနေတာ။ ထန်းလက်ဖတ်စုတ်ကို နတ်ရုပ် ထင်အောင် လှည့်စားလိုက်တော့ အမိုက်တိုက်ပဲ ဇွတ်တိုးကြတော့တာပေါ့။ ဘဝတဏှာဒဏ်ချက်ဟာ ဘယ်လောက်များ ထက်မြက်သလဲ သိရဲ့လား?။ မြင်းသားကလေးဟာ အမိဝမ်းက ကျွတ်ရင်ကျွတ်ချင်း သူ့အမေ မြင်းမကြီးကို လေးငါး ခုနစ်ပတ်လောက် ပတ်ပြီး ပြေးလေ့ပြေးထရှိတယ်။ အဲဒါ သူရောက်လာရတဲ့ မြင်းဘဝမှာ ပျော်ရှာလွန်းအားကြီးလို့ ပါပဲ။ ဒီလိုပျော်နိုင်တာ ဘဝတဏှာအားကြီးလို့ဆိုတာ မှတ်လိုက်ကြ။
ဒကာတို့တစ်တွေလည်း ဒီနည်းအတိုင်း ပျော်ကြရွှင်ကြ မွေ့လျော်နိုင်ကြတာပါ။ ဘဝတဏှာက အားကြီးတော့ ကိုယ့်အဖြစ်မှန်ကိုယ် မသိရှိကြဘူး။ မသိကြတော့ ဒွန်းစဏ္ဍားထဲမှာ သူကြီးလုပ်ပြီး ပျော်သလို ပျော်နေကြတာပါ။
ဒွန်းစဏ္ဍားပျော် ပျော် နေကြတာပဲ
သုသာန်တစပြင်မှာ ဒွန်းစဏ္ဍားခေါင်းသူကြီးလုပ်တဲ့သူဟာ လူရာမရောက်လို့ လူထဲမပေါက်မြောက်နိုင်တော့ စုလစ်မွန်းချွန် အမွန်အမြတ်ဖြစ်တဲ့ ရွှေနန်းပြာသာဒ်တော်ကို တစ်ခါတစ်ရံမှ မမြင်ရှာဘူးဘူး။ သူနေရတဲ့ ဇရပ်စုတ်စုတ် တဲကုပ်ကုပ်ကလေးထဲမှာ ဖြစ်သလိုနဲ့ နေနေရတာပေါ့။
ရပ်ကရွာက အသုဘကလေး သင်္ဂြိုဟ်လာမှ ကူးတို့ခကလေး ပဲစ ပြားစဆိုသလို ရတဲ့အခါရ၊ သင်္ဂြိုဟ်ပြီး ပြန်သွားကြတော့ ထမင်းကျန်၊ ဟင်းကျန်၊ ကွမ်းဆေး လက်ဖက်ကျန်ကလေးများနဲ့ ဆေးလိပ်တိုကလေးအစ အကြွင်း အကျန်ကလေးများ ရလိုက်ကြတယ်။ ဝတ်ဖို့ဆီးဖို့ကျပြန်တော့လည်း အလောင်းက ခွါချထားခဲ့တဲ့ သွေးနံ့၊ ပြည်နံ့၊ ညှီစော် ပုပ်စော်နံ့တွေနဲ့ အဝတ်စုတ် အဝတ်နွမ်းကလေးများနဲ့ပဲ ထွေးရခြုံရ ဝတ်ဆင်ကြရရှာတယ်။
တဲအိုကုပ်ကလေးက လေ၊ မိုး မလုံခြုံပြန်တော့လည်း သူများတွေ စုပုံပြီး ပစ်ထားခဲ့တဲ့ တလားပျက် လောင် တိုက်ပျက်က သစ်တိုဝါးစ ရတတ်သမျှနဲ့ ဖြစ်သလိုမိုးကာပြီး နေကြရရှာတယ်။ ဒီလိုအဖြစ်ဆိုးနဲ့ နေနေရပေမယ့် သူ့ ဘဝမှာတော့ သူအလွန်ပျော်ပိုက်နှစ်ခြိုက်ပြီး နေလေတော့တယ်။ အဲဒါ =မြစ်မမြင်ဖူးတော့ မူးမြစ်ထင်+ဆိုတဲ့စကားလို အလွန်မြင့်မြတ် ဆန်းကြယ်အံ့ဩဖွယ်ရာ မင်္ဂလာကျက်သရေအဖြာဖြာနဲ့ ပြည့်စုံတဲ့ ရွှေဘုံရွှေနန်းကြီးကို မမြင်ဘူး၊ မတွေ့ဘူးသေးလို့သာ ပျော်ပိုက်နေနိုင်ကြတာပါ။
ဒီဥပမာကဲ့သို့ပဲ တို့ဒကာတွေလည်း ရွှေနန်းဗိမာန်ကို မသိဘူး၊ မကြုံဘူးကြသေးတော့ ဒွန်းစဏ္ဍားပျော် ပျော် နေကြတာပဲ။ ထားခဲ့ရမယ့် လောကီစည်းစိမ်ကလေးကို အဟုတ်ထင်ပြီး မက်ကပ်နေနေကြတယ်။ လောကီစည်းစိမ် ဆိုတာ ကွမ်းကျန်၊ လက်ဖက်ကျန်ကလေး၊ ဆေးလိပ်တိုကလေးနဲ့ အတူတူပါပဲ။ ဒါကိုပဲ ဒကာတို့က သူမရ ငါမရ လုနေကြပြန်တယ်။ ရှက်ဖို့များ မကောင်းကြဘူးလား?။
ဒါဟာ ရွှေနန်းတော်ကြီးကို မရောက်ဖူးကြသေးလို့ပါ။ ရွှေနန်းတော်ကြီး ရောက်ဖူးတဲ့သူဟာ ဒွန်းစဏ္ဍားရွာကို ဘယ်တော့မှ ပြန်လိုစိတ်မရှိတော့ပါဘူး။ ရွှေနန်းတော်မရောက်ဘူးသေးတော့ ဒွန်းစဏ္ဍားရွာပဲ အဟုတ်အဟပ်ကြီး ထင်ပြီး ပျော်နေကြတယ်။ တလားပျက် လောင်တိုက်ပျက်တွေနဲ့နေပြီး ထမင်းကျန် ဟင်းကျန် ကွမ်းဆေးလက်ဖက်ကျန် ကလေးများနဲ့ တင်းတိမ်နေကြ။ သူများပစ်ခဲ့တဲ့ ပစ္စည်းအတိုအစ ကူးတို့ခ ပဲစ ပြားစကလေးနဲ့ပဲ မျှတနေကြတာကိုပဲ ဟုတ်လှပြီထင်။ ငါ လူဟုတ်ကြီးပဲထင်ပြီး ပျော်ရွှင်ဝမ်းမြောက်နေကြတယ်။
အခုလက်ရှိစည်းစိမ်းဟာ ဆေးလိပ်တိုကလေး တစ်တိုလောက်ပါပဲ။ ဒီလိုနဲ့ နှစ်ခြိုက်နေနိုင်တာ၊ ပျော်ပိုက်နိုင် တာဟာ ဒွန်းစဏ္ဍားရွာမှာ သူကြီးလုပ်ပြီး ပျော်နေတာနဲ့ မခြားပါဘူး။ ဒီဥပမာဟာ ဘုန်းကြီးတို့က လုပ်ကြံပြီး ပြော နေတာမဟုတ်ပါဘူး။ တို့ဒကာတွေ ဖြစ်စဉ်အတိုင်း ရွှေဉာဏ်တော်နဲ့ကြည့်ပြီး ပါဠိတော်မှာ ဘုရားရှင် ဟောတော်မူ ခဲ့တဲ့ ဥပမာလို့ မှတ်ကြပါ။
ဝိသာခသူကြွယ်နဲ့ ဓမ္မဒိန္နာတို့ ဝတ္ထု
ပါဠိတော်လာ ဥပမာဟာ ဒကာတို့ဖြစ်စဉ်နဲ့ မကွာဘူး။ ဒီအချက်ကို ထင်ရှားအောင် ဝိသာခသူကြွယ်နဲ့ ဓမ္မ ဒိန္နတို့ ဝတ္ထုသွားကို ကြည့်ရမယ်။ ဝိသာခသူကြွယ်ကိုကြည့်ရင် ဘုရားပေးတဲ့ ဥပမာစကားနဲ့ ဒကာတို့ဖြစ်စဉ်နဲ့ ဘယ် လောက်ကိုက်ညီတယ်ဆိုတာ ငြင်းဖို့မရှိပါဘူး။ တစ်ထပ်တည်းကျတယ်ဆိုတာ ဝန်ခံရမှာပဲ။
ဓမ္မဒိန္နာရဲ့ ခင်ပွန်းသည် ဝိသာခသူကြွယ်ဟာ မြတ်စွာဘုရားထံတော် သွားသွားပြီး တရားနာယူလေ့ရှိတယ်။ အဲဒီလိုနဲ့ တစ်ဆင့်ထက်တစ်ဆင့်ဆိုသလို ရင့်ကျက်လာပြီး တစ်နေ့မှာတော့ ပါရမီဉာဏ်အားလျော်စွာ အနာဂါမ်စခန်း တိုင် ပေါက်မြောက်နိုင်ခဲ့တယ်။ ဘုရားထံတော်က အနာဂါမ်တည်ပြီးတဲ့နောက် အိမ်ပြန်ရောက်လာရင်ပဲ တစ်မူထူးခြား ပြီး စိတ်နေစိတ်ထား ပြောင်းလဲသွားတာကို တွေ့ကြရတယ်။
ဝိသာခ တခြားနေရာထွက်လို့ အိမ်ပြန်လာတိုင်း ဓမ္မဒိန္နာက အိမ်ဝင်ကနေပြီး စောင့်မျှော်ဆီးကြိုလေ့ရှိတယ်။ ဝိသာခကလည်း စောင့်မျှော်ဆီးကြိုနေတဲ့ ဓမ္မဒိန္နာရဲ့လက်ကို ချစ်ခင်ယုယစွာ ဆွဲကိုင်ပြီး အိမ်ထဲ ဝင်လေ့ရှိတယ်။ ဒီဝတ္တရားဟာ ခရီးတိုရှည်တယ်က ပြန်လာလာ ပြုလုပ်မြဲဖြစ်တဲ့ ဝတ္တရားတစ်ခုပဲ ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ဝတ္တရားမပျက် နေထိုင်လာကြတာ အဲဒီနေ့မှာတော့ အကြီးအကျယ် ပြောင်းလဲသွားတဲ့ ဝိသာခရဲ့ဖြစ်ပုံဟာ အလွန် ဆန်းနေတော့တာပေါ့။
အဲဒီနေ့မှာတော့ အိမ်ရှေ့ခပ်လှမ်းလှမ်းရောက်တယ်ဆိုရင်ပဲ ဓမ္မဒိန္နာက ဆီးကြိုဖို့ အဆင်သင့် စောင့်နေရှာ တယ်။ ဝိသာခကိုလည်း မလှုပ်မယှက် ဣန္ဒြေကလည်း ရင့်ကျက်ပြီး တည်တံ့ခံ့ညားတဲ့ အမူအရာနဲ့ လာနေတာကို မြင်ရတယ်။ အိမ်ဝင်ဝရောက်တဲ့အခါ ဓမ္မဒိန္နာဟာ သူပြုနေကြ ဝတ္တရားအတိုင်း ပြုပေမယ့် ဝိသာခက ခါတိုင်းလို လက်ကို လှမ်းယူဆွဲကိုင်မနေတော့ဘဲ ဣန္ဒြေအခန့်သားနဲ့ တိုက်ပေါ်အရောက်သာ တက်သွားတော့တယ်။ အဲဒါ ဒွန်း စဏ္ဍားရွာ ဇရပ်ပျက်မှန်း သိလို့ပဲ။
ဓမ္မဒိန္နာကလည်း စဉ်းစားခန်း ဝင်တော့တာပေါ့
အဲဒီတော့ ဓမ္မဒိန္နာကလည်း စဉ်းစားခန်း ဝင်တော့တာပေါ့။ ‘မောင်မောင်ဝိသာခဟာ ခါတိုင်းနဲ့ မတူပါဘူး။ ဒီနေ့ ဘယ်လိုများဖြစ်လာပါလိမ့်မလဲပဲ ငါလည်း ဘာအပြစ်မှမရှိပါဘူး ခက်တော့တာပဲ’နဲ့ ဗျာများပြီး တိုက်ပေါ်တက် လိုက်သွားတယ်။ တက်သွားလို့ ဝိသာခရှေ့ရောက်ရင်ပဲ မောင်မောင်ဟာ ဒီနေ့ ဘယ်လိုဖြစ်လာပါသလဲ? စကားမပြော တဏှိဘောနဲ့ နှမသည်မှာ အင်မတန် စိတ်ဆင်းရဲလှပါတယ် စသည်ဖြင့် မိန်းမတို့မာယာ ရှိသမျှသုံးပြီး ဒူးကလေး ထောက်ကာ ခယတောင်းပန် မေးမြန်းလိုက်တယ်။
ဒါပေမဲ့ ဝိသာခကတော့ မဖြုံဘူးတဲ့။ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ မလှုပ်မယှက် ဣန္ဒြေနဲ့ နေမြဲနေတာပဲတဲ့။ ဘယ်တုန်လှုပ်တော့မလဲ ဝိသာခရဲ့ ဉာဏ်အမြင်မှာ အတော်စင်ကြယ်သွားပြီ။ ဒွန်းစဏ္ဍားရွာမှန်းလည်းသိ၊ ဇရပ်အို ဇရပ်ပက်မှာ လောင်တိုက်ပျက်တလားပျက်နဲ့ အသက်ဆက်ပြီး ဒွန်းစဏ္ဍားပျော် ပျော်နေရတဲ့ အဖြစ်မှန်ကိုလည်း သိသွားရှာပြီကိုး။ သူ့စိတ်ထဲမှာ နှစ်သက်စရာ ခင်မင်တွယ်တာစရာ ဘာတစ်ခုမှ မမြင်မိတော့ဘူး။ ဒီတော့ ဘယ် တုန်လှုပ်စရာရှိတော့မလဲ။
ဒီလိုနဲ့ ဝိသာခက ဘာမှပြန်မပြောလေလေ ဓမ္မဒိန္နာမှာ အခံရခက်လေလေ ဖြစ်နေတာပေါ့။ ဒါနဲ့ ဓမ္မဒိန္နာ ကလည်း ရှိသမျှမာယာလက်နက်မျိုးစုံသုံးပြီး နောက်ဆုံး ဝိသာခရှေ့မှာ လူးလှိမ့်ကာ သနားစဖွယ် ငိုကြွေးပစ်လိုက် တယ်။ ဒါပေမဲ့ ဝိသာခကတော့ ဖာသာလဝါ ဣန္ဒြေမပျက် ထိုင်နေရက်ပဲတဲ့။
ဒီလိုနဲ့ ဓမ္မဒိန္နာက ရုတ်တရက် အငိုရပ်ပြီး ခပ်တည်တည် မျက်နှာထားနဲ့ အကြောင်းစုံ ဖွင့်ဟပြောဆိုဖို့ရာ ထပ်ပြီးတောင်းပန်တယ်။ ဒီတော့မှ ဝိသာခဟာ အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ ခံ့ခံ့ညားညားကြီး ပြန်ကြားဖြေဆို လိုက်တယ်တဲ့။
”နှမသည်ဓမ္မဒိန္နာ ဘာကိုမှ ထူးထူးထွေထွေ မေးမြန်းမနေနဲ့တော့။ ကျုပ်တစ်ခုပြောမယ် အသေအချာနား ထောင်။ ပြောလိုတာက တခြားမဟုတ်ဘူး။ တို့နှစ်ယောက် မောင်လိုနှမလို သဘောထားပြီး နေထိုင်ကြဖို့ပါပဲ။ ကျုပ် ကလည်း ဓမ္မဒိန္နာအပေါ်မှာ နှမရင်းကလေးတစ်ယောက်လို သဘောထားပြီး ထိုက်သလို စောင့်ရှောက်သွားမယ်။ ဓမ္မဒိန္နာကလည်း ကျုပ်ကို အစ်ကိုကြီးသဘောပိုက်ပြီး လုပ်ကျွေးသမှုပြုပါလို့ဆိုတဲ့အကြောင်း ပြောချင်တာပါပဲ။ တစ်အိုး တစ်အိမ်ထောင် ပြုလိုရင်လည်း ခွင့်ပြုပါမယ်”။
တို့ဒကာတွေ စဉ်းစားကြ။ ဒကာတို့တစ်တွေမှာတော့ ဒွန်းစဏ္ဍားရွာမှာ ဒွန်းစဏ္ဍားပျော်ပျော်ပြီး ကိုယ့်ကိုယ် ကိုယ်များ အဟုတ်ကြီးထင်နေကြတယ်။ ရွှေနန်းတော်ကြီးကို မတွေ့ဘူး မရောက်ဘူးခင်မှာတော့ ဒီနည်းချည်းပါပဲ။ ဝိသာခသူကြွယ်ကတော့ ဒွန်းစဏ္ဍားရွာမှာ ဒွန်းစဏ္ဍားပျော် ပျော်နေမှန်းသိသွားတော့ ငြီးငွေ့နေတာပေါ့။ ပျော်ဖို့ရာ အကွက် မမြင်မိတော့ဘူး။ ဒကာတို့တစ်တွေ ပျော်နိုင်ကြတဲ့အဖြစ်ဟာ အမှန်အကန်မသိကြ၊ မမြင်ကြသေးလို့ပါ။ သဘောပါကြရဲ့လား?။
အမြင်ဆုံးအောင် အမြင်မှန်ရောက်အောင် ကြိုးစားကြ
ဒကာတို့တစ်တွေက အမြင်မဆုံးကြသေးလို့ အမြင်ဆုံးအောင် အမြင်မှန်ရောက်အောင် ကြိုးစားကြ။ အမြင် ဆုံးမှသာ အေးကွက်ကို ရကြမယ်။ အမြင်မဆုံးသေးတော့ ပူစရာပိုက်ထားကြ။ ငိုစရာပိုက်ထားကြတာ ပူစရာအထုပ် ငိုစရာအထုပ်ကလေးတွေ ကိုယ်စီနှင့် ဒကာတို့ပိုက်ထားတဲ့ အထုပ်ကလေးတွေဟာ အရူးထုပ်ကလေးတွေလိုပါပဲ။
အရူးများဟာ သူတို့အိတ်ထောင်ထဲမှာ အထုပ်ကလေးတွေကို ပြည့်လို့နေတယ်။ ဆေးလိပ်တို၊ အဝတ်စုတ်၊ သံဘူး၊ သံခွက်၊ ငါးခြောက်မီးတို ခရမ်းချဉ်သီး၊ ငရုတ်သီးပုပ်ကအစ မကောင်းဆိုးဝါးမှန်သမျှ စုံရာက ထပ်လို့ပဲ။ ဒီအရူးဟာ သူ့အထုပ်ကလေးတွေ ထမ်းပိုးပြီး လှည့်လည်သွားလာနေတာပဲ။ သူ့အထုပ်ကလေးတွေကို အလွန်ကို နှစ် ခြိုက်လွန်းလို့ လက်ကမချဘူး။ တခြားသူတွေက လူကောင်းတွေက လုယူမယ်များလုပ်တော့ ဘယ့်နှယ်များနေမယ် ထင်ကြသလဲ?။
မကြိုက်ဘူး သဘောမကျနိုင်ဘူး။ အလွန်စိတ်ဆိုးတယ်။ လူကောင်းတွေကို သူက ပြန်ပြီးရန်မမူရင် ကံကောင်း လို့ အောက်မေ့။
တစ်ကိုယ်လုံး ရူးနေတာ
ဒီဥပမာလိုပဲ ဒကာတို့တစ်တွေလည်း ဒီအတိုင်းပဲဆိုရင် မမှားပါဘူး။ ပုထုဇဉ်ဆိုတော့ အကောင်းကိုမရှိဘူး။ တစ်ကိုယ်လုံး ရူးနေတာပါ။ တစ်ကိုယ်လုံးရူးတော့ သားထုပ်၊ သမီးထုပ်၊ ပစ္စည်းထုပ်ကလေးတွေ ကိုယ်စီပိုက်ထားကြ။ လုမယ်လုပ်ရင် မကြိုက်နိုင်ကြဘူးပေါ့ ရှင်းကြပလား?။
အရူးဟာ သောတာပန်ဆိုတောင် အနည်းငယ်တော့ ကျန်နေသေးတယ်။ အကုန်မပျောက်တတ်သေးဘူး။ အကုန်ပျောက်အောင် ဆက်ပြီးကုစားရဦးမယ်။ ဒကာတို့လည်း အရူးပျောက်ချင်ရင် ဆရာကပေးတဲ့ဆေးကို ကြိုးစား စားကြရမယ်။ မစားချင်သေးရင် အရူးဖြစ်ရတာ သဘောကျနေလို့ပဲမှတ်။ ဆေးက ဘာဆေးလဲဆိုတော့ လွယ်ပါတယ်။
မိမိခန္ဓာမှာ ဝေဒနာတစ်ခုခု ပေါ်လာတယ်ဆိုပါတော့ အဲဒီဝေဒနာတစ်ခုခုပေါ်မှာစိုက်ပြီး ဉာဏ်နဲ့ ဖြစ်ပျက် ရှုရမယ်။ ဝေဒနာဖြစ်ပျက်ကို တွေ့မှသာ အရူးပျောက်မှာ။ သုခဝေဒနာဆိုရင် အရူးမပျောက်သေးဘူး။ ဒုက္ခဝေဒနာ တွေ့နေလည်း အတူတူပဲ။ ဝေဒနာဖြစ်ပျက်ကို တွေ့မှသာ အရူးပျောက်မယ်ဆိုတာ မှတ်ထားကြ၊ သဘောပါကြရဲ့လား?။
မိမိခန္ဓာမှာ ဝေဒနာတစ်ခုခုပေါ်လာလို့ ဝေဒနာလို့ ထင်နေသေးရင် ယထာဘူတဉာဏ် မဟုတ်သေးဘူး။ ‘ယထာ သဘာဝ ဇာနန ဉာဏံ’လို့ ဆိုတဲ့အတိုင်း ခန္ဓာမှာ တကယ်အရှိက ရုပ်ဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက်၊ သညာ ဖြစ်ပျက်၊ သင်္ခါရဖြစ်ပျက်နဲ့ ဝိညာဏ်ဖြစ်ပျက် တစ်ခုခုရှိတာပဲ။ ဒီပြင်မရှိဘူး။ ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်ကို သိတာမှ ‘ယထာဘူတဉာဏ်’ပဲလို့ မှတ်ကြ။
ယထာဘူတဉာဏ်ရရင်
ယထာဘူတဉာဏ်ရရင် အကောင်းကြီး မဟုတ်သေးပေမယ့် သိပ်ပြီးမညံ့တော့ဘူး။ ယထာဘူတဉာဏ် ထက် ထက်သန်သန်နဲ့သာသေရင် ဒုတိယဘဝမှာ သောတာပန်ဖြစ်ဖို့ သေချာပြီလို့ မှတ်ကြ။ ဒါဖြင့် တို့ဒကာတွေ အားမလျှော့ တမ်း မဖြစ်မနေ ကြိုးစားကြဖို့ အားထုတ်ကြဖို့ မသင့်ပါလား?။ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်တယ်။
ဒီယထာဘူတဉာဏ်ရတဲ့သူဟာ ဒီဘဝ ဆက်ကြိုးစားသွားရင် ‘နိဗ္ဗိန္ဒ’ဆိုတဲ့ ငြီးငွေ့တဲ့ဉာဏ်ပေါ်လာမယ်။ အဲဒီငြီးငွေ့တဲ့ဉာဏ်ရောက်၊ နောက်မကြာခင်မှာပဲ ရုပ်၊ နာမ်၊ သင်္ခါရ၊ ရုပ်၊ နာမ်၊ ဖြစ်ပျက်မှာ တွယ်တာကပ်ငြိခြင်းကင်း ပြီး ‘မဂ်ဉာဏ်’ဆိုက်တော့တာပဲ။ ဒါကြောင့် အနတ္တလက္ခဏာသုတ် ပါဠိတော်မှာ…
+++ “ဧဝံ ပဿ ဘိက္ခဝေ သုတဝါ အရိယသာဝကော”
ဒီလိုခန္ဓာရုပ်နာမ် ဖြစ်ပျက်အရှိကို အမှန်အတိုင်း သိမြင်တဲ့ အရိယာသာဝကလို့ ဆိုလိုတယ်။
ဒီအရိယာသာဝကဟာ…
+++ “ရူပသ္မိမ္ဗိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ”
ရုပ်၊ နာမ်၊ ခန္ဓာမှာ ငြီးငွေ့မုန်းဉာဏ်ဝင်လာတော့တယ်လို့ ဆိုတယ်။
ဒီလိုငြီးငွေ့လာတော့ ‘နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ ဝိရာဂါ ဝိမုစ္စတိ ဝိမုတ္တသ္မိံ ဝိမုတ္တမှိတိ ဉာဏံ ဟောတိ’တဲ့။ ငြီးငွေ့လို့ တပ်ခြင်းကင်းသွားတယ်။ တပ်ခြင်းကင်းလို့လည်း ကိလေသာမှလွတ်တော့၏။ ကိလေသာကလွတ်တော့ ‘ဪ-လွတ် ပြီကိုး’လို့ သိရတယ်လို့ ဆိုတယ်။
မဂ်ဉာဏ်ဖြစ်တော့ မဂ်ဉာဏ်ဖြစ်တာကိုးလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်တော့တယ်တဲ့။ ဒါကြောင့် တို့ဒကာ တွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်အောင် ဒီဉာဏ်သုံးဆင့်နဲ့ တက်ရမယ်။ တက်နိုင်အောင် ကြိုးစားအားထုတ်ကြ ရှင်းကြ ပလား?။
