ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်တရားတော်
သစ္စာနှစ်ပါး
ဒုက္ခသစ္စာ။ ။ ဆင်းရဲအမှန်သဘော၊ အကျိုးတရား၊ ဥပါဒါန်၏ အာရုံတရားစု။
သမုဒယသစ္စာ။ ။ ဆင်းရဲကြောင်းတရား၊ အကြောင်းတရား တဏှာသုံးပါး။
ဆောင်ပုဒ်
ပဋိစ္စသမုပ္ပါဒ်၊ စက်ရဟတ်၊ မပြတ်လှည့်လည်ဟန်။
ကြောင်းကျိုးဆက်ဆက်၊ ဖြစ်ကာပျက်၊ ဉာဏ်သက်ရှုမြင်ရန်။
ဖြစ်ပျက်သိက၊ နောက်မဂ္ဂ၊ စင်ထကိလေသံ။
ကိလေကင်းစင်၊ မကြာလျှင်၊ မြတ်ယာဉ်မဂ္ဂဉာဏ်။
သတိချပ်
ဒွိဟိတ်လေလော၊ တိဟိတ်လော၊ စောကြောကျိုးမရှိ။
ကျင့်ထုတ်ဖို့ရန်၊ ကိုယ့်တာဝန်၊ ဧကန်စွဲသတိ။
ဓမ္မောဟဝေ၊ ကျင့်သူတွေ၊ ပြန်လေကျင့်ကျိုးရှိ။
ကိုယ်လုပ်သလောက်၊ အကျိုးရောက်၊ ယွင်းဖောက်ဖိတ်မရှိ။
တရားသား။ ။
‘ပဋိစ္စသမုပ္ပါဒ်’ စက်ရဟတ်ကြီး
ဒီကနေ့ ကိုယ့်ခန္ဓာမှာ ‘ပဋိစ္စသမုပ္ပါဒ်’ စက်ရဟတ်ကြီး အစဉ်မပြတ် လည်နေတာကို သိကြရမယ်။ ပဋိစ္စဆိုတာ အစွဲပြုပြီး အကြောင်းပြုပြီးလို့ ဆိုလိုတယ်။ သမုပ္ပါဒ်ဆိုတာ အဖန်ဖန် အထပ်ထပ် ဖြစ်နေတာလို့ ဆိုလို တယ်။
ဒီတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ‘အကြောင်းတရားကို အစွဲပြုပြီး အကျိုးတရား ဖြစ်ပေါ်တာကို’ ခေါ်တာ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ လွယ်လွယ်မှတ်ပေါ့။ အဲဒီလိုနဲ့ အကြောင်းနဲ့အကျိုး အမျိုးမျိုး အထွေထွေ အစဉ်မပြတ် ဖြစ်ပေါ်ပြီးနေတာကို ပဋိစ္စသမုပ္ပါဒ်လို့ မှတ်ထားကြ။
အချုပ်မှာတော့ အကြောင်းနဲ့အကျိုး တစ်မျိုးပြီးတစ်မျိုး အစဉ်မပြတ် ဖြစ်ပေါ်နေတာဟာ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် သံသရာ ခေါ်ရတာပါပဲ။ ဒီသံသရာစက်လည်နေပုံ ပထမပြောရမယ်။ နောက် ဖြတ်ပုံဖြတ်နည်းကို ပြော ရမယ်။
အဝိဇ္ဇာဆိုတာ
အလွယ်တကူ ပထမသိဖို့က ပါဠိလို ‘အဝိဇ္ဇာ’တဲ့။ အဲဒါ မြဲမြဲမှတ်။ မြန်မာလိုတော့ အဝိဇ္ဇာဆိုတာ သိရမှာကို မသိ၊ မသိရမှာကို သိတတ်တယ်။ စင်စစ်တော့ အမှန်အတိုင်း မသိတာ၊ ဟုတ်တိုင်းမှန်စွာ မသိတာ ‘အဝိဇ္ဇာ’လို့ မှတ် ထားကြတာ။
‘သိရမှာကို မသိဘူး’ဆိုတဲ့နေရာမှာ သိသင့်၊ သိအပ်တဲ့ သိရမယ့် အစစ်အမှန်ရှိနေတဲ့ ပရမတ္ထ ရုပ်တရား၊ နာမ်တရား၊ ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်တရား၊ သင်္ခါရရုပ်နာမ်တို့ရဲ့ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အလိုမပါခြင်း၊ အနှစ်ကင်းမဲ့ခြင်းဆိုတဲ့ လက္ခဏာတရားရယ်၊ သစ္စာဆိုတဲ့ အမှန်တရားရယ်၊ အဲဒီတရားတွေကို မသိဘူး၊ မမြင်ဘူး။
‘မသိရမှာကို သိတယ်’ဆိုတာက ပရမတ္ထနယ်မှာ အမှန်တကယ်မရှိတဲ့ သူပဲ၊ ငါပဲ၊ ယောကျ်ား၊ မိန်းမ၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတွာပဲလို့ သိနေတာ ထင်မှတ်နေတာကို ဆိုလိုတယ်။ ဒီအဝိဇ္ဇာက ငါးမျိုးရှိတယ်လို့မှတ်။ နောက်တော့ ပြောပြမယ်။
‘သင်္ခါရ’ဆိုတာ ပြုပြင်မှု
‘သင်္ခါရ’ဆိုတာ ပြုပြင်မှု၊ အားထုတ်မှု၊ စေ့ဆော်မှုပဲ။ ဘဝအဆက်ဆက်က ပါလာတဲ့ မသိမှုအဝိဇ္ဇာ။ ယခု ဘဝမှာ မသိမှုအဝိဇ္ဇာ။ ဒီလိုမသိမှုကြောင့် ပြုမိပြုရာ ပြုလုပ်ကြတယ်။ အဲဒီပြုမူဟာ သင်္ခါရပဲ။ မသိမှုကြောင့် ကောင်း ကောင်းဆိုးဆိုး အမျိုးမျိုး ပြုမိပြုရာပြုတော့ ဘာဖြစ်လာသလဲ?။
အသိစိတ်ဆိုတဲ့ ‘ဝိညာဏ်’ ခြောက်မျိုး တစ်မျိုးမျိုး ဖြစ်ပေါ်လာတယ်။ အဲဒါ သင်္ခါရကြောင့် ဝိညာဏ်ဖြစ် တာပဲ။
ဝိညာဏ်ဖြစ်တာနဲ့ တစ်ပြိုင်နက် နာမ်တရား၊ ရုပ်တရားတွေ ပါလာတယ်။ ဝိညာဏ်ဖြစ်လို့ ‘နာမ်-ရုပ်’ ဖြစ် တာ။ ဒါကြောင့် ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဆိုလိုတယ်။
နာမ်-ရုပ်ဖြစ်တော့ သံသရာချဲ့တတ်တဲ့ ‘အာယတန’ ၆ ပါး သင့်သလို ဖြစ်ပေါ်လာရတယ်။ အာယတနဖြစ် တော့ အာယတနကြောင့် အာရုံ အာရမ္မဏိက တိုက်ခိုက်မှု တွေ့ထိမှုဆိုတဲ့ ‘ဖဿ’ ၆ မျိုး ထိုက်သလို ဖြစ်ပေါ်လာ တယ်။
အဲဒီတွေ့မှုဖဿကြောင့် ခံစားမှုသဘော ‘ဝေဒနာ’များဟာ ထိုက်သလို ဖြစ်လာရပြန်တယ်။ ဝေဒနာကလည်း သုံးမျိုး ကောင်းတာနဲ့တွေ့တော့ သုခဝေဒနာ၊ မကောင်းတာနဲ့တွေ့တော့ ဒုက္ခဝေဒနာ အသင့်အတင့်နဲ့ တွေ့ပြန်တော့ ဥပေက္ခာဝေဒနာ၊ အဲဒီသုံးပါးပဲ။
ဝေဒနာကြောင့် ‘တဏှာ’
ဒီဝေဒနာကြောင့် ‘တဏှာ’ဆိုတဲ့ တပ်ခြင်း၊ နှစ်သက်ခြင်း ဖြစ်ရတယ်။ ကောင်းတဲ့အာရုံကျတော့ သုခဝေဒနာ ကြောင့် တဏှာဖြစ်တယ်။ မကောင်းပြန်တော့ ဒုက္ခဝေဒနာကြောင့် ဒေါမနဿ၊ နောက်ပြီး ကောင်းတာ တောင့်တတဲ့ တဏှာဖြစ်တာပဲ။ ဥပေက္ခာဝေဒနာကြောင့်လည်း တဏှာဖြစ်တာပဲ။ အဲဒီလိုဝေဒနာကြောင့် တဏှာဟာ ဖြစ်လာရ တယ်။
တပ်မက်မှုတဏှာကြောင့် ‘ဥပါဒါန်’ ၄ ပါး ထိုက်သလိုဖြစ်တယ်။ ဥပါဒါန်ဆိုတာ လွန်လွန်မင်းမင်း စွဲလမ်းမှု ကိုဆိုတာ။ တဏှာအကြီးစားပါပဲ။ ၄ ပါးက ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗံတုပါဒါန်၊ အတ္တဝါဒုပါဒါန်။
ဥပါဒါန်ဖြစ်တာနဲ့ ‘ဘဝ’ဆိုတဲ့ ကံဖြစ်တယ်။ ကံဖြစ်ရင် ဇာတိရဖို့ သေချာပြီ။ ဒီဘဝမှာ ပြုသမျှ ကောင်းမှု မကောင်းမှု အမျိုးမျိုးတွေကို ဥပါဒါန်ဖြစ်လည်းပြီးရော နောင်အခါ အကျိုးပေးဖို့ရာ ‘ဘဝ’ ကမ္မဘဝဆိုတဲ့ နာမည်နဲ့ သိမ်းဆည်း၊ သိမ်းဆည်းပြီး ထားလိုက်တယ်။
ကမ္မဘဝကပေးလို့ ကမ္မဘဝကြောင့် ‘ဇာတိ’ဖြစ်တယ်။ ဇာတိဆိုတဲ့ ပဋိသန္ဓေမူရတော့ ‘ဇရာ’ အို-ဒုက္ခ၊ ‘မရဏ’ မသေဒုက္ခ၊ ‘သောက’ စိုးရိမ်ပူဆွေးရတဲ့ဒုက္ခ၊ ‘ပရိဒေဝ’ ငိုကြွေးမြည်တမ်းရတဲ့ ဒုက္ခ၊ ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ရှိုက်ကြီးတငင် ပြင်းစွာပူလောင်ခြင်း ‘ဥပါယာသ’ဆိုတဲ့ ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲအစုတွေ ဆက်တိုက် ဖြစ်ပေါ်လာတော့တာပဲ။
ဇာတိလည်းရရော
ဘယ်ဘဝ ဖြစ်ရပါလို၏။ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်သတွာ ဖြစ်ရပါလို၏။ တို့ဒကာတွေအဖြစ်ကိုချည်း တောင်းတနေကြတယ်။ ဘာအဖြစ် ညာအဖြစ်ဆိုတာ ‘ဇာတိ’ခေါ်တာ။ အဖြစ်ဆိုတဲ့ ဇာတိလည်းရရော ဟော ဇာတိ ရမှတော့ ‘ဇရာ’၊ ‘မရဏ’ စတဲ့ အို၊ နာ၊ သေ ဒုက္ခတွေ ရတာပဲ။ တို့ဒကာတွေ ယူချင်တာ တောင်းတာက အကောင်း ထင်လို့ တောင်းတာ။ ရမယ့်ရတော့ အလောင်းချည်းပဲ အလောင်းပဲ တောင်းယူနေကြသလား?။
နတ်ဖြစ်တဲ့အခါ နတ်အလောင်း၊ ဗြဟ္မာဖြစ်တော့ ဗြဟ္မာအလောင်း၊ ဗြဟ္မာ့အလောင်းက ပိုပြီးတောင် လေး သေးတယ်။ လူဖြစ်တော့ လူ့အလောင်း၊ အလောင်းထမ်းဘဝကို မလွတ်နိုင်ကြသေးဘူး။ ဒကာတို့က လိုချင်ကြတာကိုး။ လိုချင်လို့ ရကြတာပါ မလိုချင်ရင် မရပါဘူး။
ဒီတော့ အလောင်းထမ်းဘဝကလွတ်အောင် ဘယ်လိုလုပ်ကြမလဲ။ အဲ… ဝေဒနာဖြစ်ပြီး ‘တဏှာ’ အလာ မခံနဲ့။ တဏှာအဖြစ်မခံနဲ့။ တဏှာဆိုတာ လိုချင်တာ။ လိုချင်ရင် ရနေကြဦးမှာပဲ။ တကယ်လို့ တဏှာဖြစ်တော့ လည်း…
+++ “သရာဂံ ဝါစိတ္တံ သရာဂံ ဝါစိတ္တန္တိ ပဇာနာတိ”
ဆိုတဲ့အတိုင်း တဏှာဖြစ်ရင် တဏှာဖြစ်တယ်လို့ သိလိုက်ရမယ်။ ဉာဏ်နဲ့သိလိုက်၊ ဉာဏ်နဲ့ကြည့်လိုက်ကြ၊ ဉာဏ်နဲ့ကြည့်တော့ တဏှာဆိုတဲ့ ရာဂစိတ်ဟာ ‘ဥဒယဝယ’ အချက်ဖြစ်ပြီး ပျက်တာပဲရှိတယ်။ ဖြစ်ပြီးတာနဲ့ တစ်ပြိုင် နက် ပျက်သွားတာကို တွေ့ရမယ်။
‘ဥပ္ပါဒ’ နဲ့ ‘ဝယ’ဆိုတဲ့ ဖြစ်ပျက်
ဉာဏ်နဲ့ ကြပ်ကြပ်ကြည့်လေ ‘ဥပ္ပါဒ’ နဲ့ ‘ဝယ’ဆိုတဲ့ ဖြစ်ပျက်ကိုသာ တွေ့ရလေပဲ။ ဓာတ်ရှင်ကြည့်တဲ့အခါ ဖလင်ကော်ပြား အသေတွေကိုသာ တွေ့ရသလို ရုပ်အသေတွေ နာမ်အသေတွေကိုသာ ဉာဏ်ထဲမှာ တွေ့ကြရမယ်။
အမှန်ရှိနေတဲ့ ‘ဝေဒနာ’ ဖြစ်ပျက်၊ တဏှာ ဖြစ်ပျက် စတဲ့ ဥပ္ပါဒနဲ့ ဝယ၊ ဖြစ်ပြီး ပျက်လိုက်၊ ဖြစ်ပြီး ပျက်လိုက် နဲ့ ဖြစ်ပျက်စက်ကြီး လည်နေတာကို တွေ့ကြရမယ်။
အခု ပစ္စုပ္ပန်၊ မျက်မှောက်ဘဝမှာက ‘ဝိညာဏ်’ အစ ‘ကံ’ အဆုံးဖြစ်တဲ့ တရားရှစ်မျိုးဟာ အဆက်မပြတ် ဒလစပ် စက်ရဟတ်လည်သလို အမြဲတမ်း ဖြစ်ပြီး ပျက်နေတာပဲ။ ကိုယ့်သန္တာန်မှာ ဒီတရားတွေ အမှန်ရှိနေတာ တကယ်ရှိလို့ တကယ်သိရတာက ‘သမ္မာဒိဋ္ဌိ’ဆိုတဲ့ အမြင်မှန် အသိမှန်ပဲ။
အဲဒီ အမြင်မှန်၊ အသိမှန် ထက်သန်လာတော့ ဪ ခန္ဓာမှာ ရုပ်ဆိုတာလည်း ဖြစ်ပြီးပျက်တာပဲ။ နာမ်ဆိုတာ လည်း ဖြစ်ပြီးပျက်တာပဲ။ ဪ ခန္ဓာမှာ အမှန်ရှိနေတာက ဖြစ်တာနဲ့ပျက်တာပဲ ရှိနေတာ။ ဖြစ်ပြီးရင်း ပျက်ရင်း၊ ဖြစ်ပြီးရင်း ပျက်ရင်းနဲ့ ဖြစ်ပျက်ကလွဲလို့ ဘာမျှမရှိပါကလား။ အဖြစ်နဲ့အပျက်သာ ရှိပါကလားလို့ ဉာဏ်ဝမှာ အမှန်ကို သိမြင်လာရတယ်။
အမှန်သိတဲ့အတွက် သမ္မာဒိဋ္ဌိ
အမှန်သိတဲ့အတွက် ‘သမ္မာဒိဋ္ဌိ’ ဒီသမ္မာဒိဋ္ဌိ ဉာဏ်အမြင်ဖြစ်တဲ့ ဖြစ်ပျက်တွေစ ဖြစ်ပျက်မြင်စက စပြီး အနုစား ဝိပဿနာခေါ်တယ်။ ဖြစ်ပျက်ကို မုန်းလာရင် ငြီးငွေ့လာရင် အရင်စားဝိပဿနာ။ မုန်းပြီးတဲ့နောက် ဖြစ်ပျက်တွေ ရှာမတွေ့တော့ဘဲ ဖြစ်ပျက်တွေဆုံးသွားရင် ‘မဂ်ဉာဏ်’ပဲ။ ဉာဏ်နဲ့ ဖြစ်ပျက်တွေ့မှ ‘တိရဏပရိညာ’ တိရဏပရိညာ ဆိုတာ ရုပ်နာမ်တို့ရဲ့ အနိစ္စအချက် ဖြစ်ပျက်အမှန်ကို ဧကန်ပိုင်းခြားပြီး သိတဲ့ဉာဏ်ကို ခေါ်တာ။
မိမိခန္ဓာမှာ တကယ်ရှိနေတာက ဖြစ်ပျက်ပဲ။ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခ။ ဒီဒုက္ခအစုကို မြင်တာ။ အဲဒါမှ ‘ဒုက္ခ သစ္စာ’ တွေ့တာပဲ။ ဒုက္ခသစ္စာမှာ ‘ပရိညာကိစ္စ’ ဒုက္ခသစ္စာကို ပိုင်းခြားပြီး သိရမယ်ဆိုတာ။
ပါဠိနာမည်တွေ တပ်တာဟာ ဆိုင်းဘုတ်ဆွဲတာပါ။ ဆိုင်းဘုတ်ဆွဲရင် ဉာဏ်တုံးသွားမယ်။ ဉာဏ်တုံးရင် အောက် ဉာဏ် ပြန်ရောက်သွားမယ်။ ဒီတော့ အကျယ်မချဲ့ချင်နဲ့၊ ဉာဏ်မချဲ့ချင်နဲ့ ဖြစ်ပျက်ကိုသာရှုကြ၊ ကိုယ့်ဉာဏ်ထဲမှာ ဖြစ်ပျက်ကိုသာ တွေ့ပေစေ ဒါမှ အတက်မြန်မယ်၊ ရှင်းကြပလား?။
အမှန်ကတော့ ဒုက္ခအဆက်ဆက် လာနေတာ။ တစ်ဒုက္ခပြီး တစ်ဒုက္ခ၊ ဝိညာဏ်ဒုက္ခပြီး နာမ်ရုပ်ဒုက္ခ၊ နာမ်ရုပ် ဒုက္ခပြီး အာယတနဒုက္ခ၊ နောက်ပြီး ဖဿဒုက္ခ၊ ဝေဒနာဒုက္ခ၊ တဏှာဒုက္ခပြီးတော့ ဥပါဒါန်ဒုက္ခ၊ ကံဒုက္ခ၊ အဲဒီကံဒုက္ခ ပြီးတော့လည်း ဝိညာဏ်ဒုက္ခ ပြန်ပြီးလည်ဦး။ အဒီလို ဒုက္ခအစုကြီး ဆင်းရဲတုံးကြီး ဆင်းရဲခဲကြီးလို့ မသိကြ မထင်မြင် ကြဘူး။ ဘုရားက ပဋိစ္စသမုပ္ပါဒ် မသိလို့လို့ မဟောဘူး။
မင်းတို့ သတွာတွေဟာ ဒုက္ခသစ္စာ မသိကြလို့ သံသရာရှည်လျှောက်နေကြရတာ။ သံသရာလည်နေကြရတာ လို့ ဟောတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။
ဒုက္ခစက်ကြီး လည်နေတာပါလား
ဝိပဿနာယောဂီရဲ့ ဉာဏ်အမြင်မှာ “ဪ… ဒုက္ခစက်ကြီး လည်နေတာပါလား။ ဒုက္ခစက်ကြီး လည်နေ တာကိုး”လို့ ထင်ရမြင်ရမယ်။ အခုပျက်သွားတာလည်း ဒုက္ခ၊ ပေါ်လာတဲ့ဟာလည်း ဒုက္ခ၊ နောက်ပေါ်လာမှာလည်း ဒုက္ခ၊ အဲဒီလို ဒုက္ခစက်ကြီး လည်နေတာလို့ မြင်ရမယ်။
ဉာဏ်ထဲမှာ ဝိညာဏ်ကို မတွေ့ရဘူး။ နာမ်ရုပ်လည်း မတွေ့ရဘူး။ အာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ ဘာမှမတွေ့ရဘူး။ တွေ့ရမှာက ဖြစ်ပျက်ပဲ။ ဖြစ်ပျက်ကိုသာ တွေ့နေရမယ်။
ဒီပြင် တခြားအာရုံတွေ နိမိတ်တွေမြင်လာရင် ထင်လာရင် အကုန်ပယ်ချပစ်။ ဒါတွေဟာ ‘ကိလေသာ’တွေပဲ။ ဘုရားက ‘ဒုက္ခက္ခန္ဓဿ’လို့ ဟောခဲ့တယ်။ ဒုက္ခအစုတွေပဲတဲ့။ ဒီတော့ ဟောတဲ့အတိုင်း ရှုကြ။ အမှန်ကို တွေ့မြင်ရမယ်။
‘ပဉ္စုပါဒါနက္ခန္ဓာပိဒုက္ခာ’တဲ့။ ဖြစ်ပေါ်လာသမျှ ဒုက္ခချည်းပဲတဲ့။ တခြားပြင်ပအာရုံဆိုရင် ဘာကိုမှ လက်သင့် မခံနဲ့။ လက်သင့်ခံရင် ဥပါဒါန်အာရုံဖြစ်တဲ့ ဒုက္ခအစု ဆင်းရဲမှုတွေဟာ အမျင်ပြတ်နိုင်ဖို့ ခဲယဉ်းတယ်။
ဒီဒုက္ခအစု ဆင်းရဲမှုတွေရဲ့ ချုပ်ရာဆုံးရာဟာ နိဗ္ဗာန်ပဲ။ ဒါကြောင့် သံယုတ်ပါဠိတော်မှာ ‘တေသံ ဝူပသမော သုခေါ’လို့ ဟောတော်မူခဲ့တာပဲ။ တေသံ ထိုရုပ်နာမ်ဖြစ်ပျက်မှု ဒုက္ခအစုတို့၏ ဝူပသမော ချုပ်ဆုံးငြိမ်းအေးရာ နိဗ္ဗာန် မြတ်သည်။ သုခေါ စင်စစ်ဧကန် ပုထုဇဉ်တို့နှင့် မဆက်ဆံသော ချမ်းသာစစ်ကြီး မှန်လှပါပေ၏။
တို့ဒကာတွေ ဒီဒုက္ခအစုထဲမှာ တဝဲလည်လည်နဲ့ အပါယ်သံသရာက လွတ်တယ်လို့ မရှိဘူး။ သုဂတိဘုံဘဝ ဆိုတာ ခဏတာကလေးပဲ။ ကောင်းကင် ပစ်မြှောက်လိုက်တဲ့ ‘ခဲ’အရှိန် ရှိသလောက်ပါပဲ။ ‘ဒုက္ခချုပ်ရာ နိဗ္ဗာန်လိုချင်ရင်’ ကြိုးစားပြီး ရှုကြရမယ်။ ရှုမှတ်တတ်ကြပလား?။
တစ်ခါတစ်ခါမှာ ဝိညာဏ်ပြဋ္ဌာန်းပြီး ဉာဏ်မှာပေါ်တယ်။ တစ်ခါတစ်ခါ နာမ်ရုပ် ပြဋ္ဌာန်းပြီး ပေါ်တယ်။ တစ်ခါတစ်ခါ ဖဿဝေဒနာ ပြဋ္ဌာန်းပြီး ပေါ်တယ်။ ပြဋ္ဌာန်းပြီးပေါ်တဲ့ တရားတစ်ခုခုကို မိအောင်ရှု။ ရှုဆိုလည်း ဖြစ်ပျက်ကိုသာ ရှုကြရမှာ။
ဖြစ်တာပျက်တာဟာ ဒုက္ခပဲ
ဖြစ်တာပျက်တာဟာ ဒုက္ခပဲ။ ဖြစ်ပျက်ဒုက္ခသာ ရှိနေတာ။ ဒုက္ခရှိလို့ ဒုက္ခသိတာဟာ အမှန်သိတာပဲ။ အမှန် သိလာရင် နိဗ္ဗာန်ရဖို့ နီးနေပြီ။ ‘ပဓာနိယင်္ဂအင်္ဂါ’ ငါးချက်နဲ့ ပြည့်စုံရင် ညက အားထုတ်။ မနက် ရရမယ်။ မနက်က အားထုတ်ရင် ညမှာ ဧကန်ရရမယ်။ ယုံမှားသံသယ မရှိကြနဲ့။ ဘုရားက ဒီအတိုင်းဟောတယ်။ ဘုန်းကြီးကလည်း ဒီအတိုင်းဟောတယ်။ အလုပ်လုပ်ကြည့်မှ ကိုယ်တိုင်သိရမယ်။
ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးကြနဲ့။ အထင်သေးရင် လွဲကြလိမ့်မယ်။ တိဟိတ်မှ ဟုတ်မှဟုတ်ပမလား?။ ရနိုင်တဲ့ ပါရမီမှ ရှိမှရှိမလား ဒွိဟိတ်များ ဖြစ်နေမလား? ဘာလား? ညာလား? တွေးတောမနေကြနဲ့။ တရားတော် အတိုင်း ကျင့်ကြံအားထုတ်ဖို့သာ ကိုယ့်တာဝန်။ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာ ဆုံးဖြတ်ချက်ချ။
ဖြစ်ပျက်မြင်ရင် အင်မတန့် လူလို့ အောက်မေ့။ ဖြစ်ပျက်မြင်ရင် မဖြစ်မပျက်ရာ ဝါ ဖြစ်ပျက်မရှိရာ နိဗ္ဗာန် ကို မကြာခင် မြင်ရတော့မယ်ဆိုတာ စိတ်ချတော့။ ဖြစ်ပျက်မြင်ပြီးမှသာ နိဗ္ဗာန်မြင်မှာ။ ဖြစ်ပျက်ကိုမှ မမြင်ရင်တော့ မဖြစ်ရာ မပျက်ရာ နိဗ္ဗာန်မြင်နိုင်ဖို့ ဝေးသေးတယ်ဆိုတာမှတ်။
ဝိညာဏ်ဖြစ်ပျက်၊ ဝိညာဏ်သင်္ခါရ၊ နာမ်ရုပ်ဖြစ်ပျက် နာမ်ရုပ်သင်္ခါရ၊ အဲဒီလို အာယတနသင်္ခါရ၊ ဖဿသင်္ခါရ၊ ဝေဒနာသင်္ခါရ၊ တဏှာသင်္ခါရ အစရှိတဲ့ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်တွေကို ငါကောင်ထင်နေတာ။ ဒီတရားတွေဖြစ်ပြီး ပျက်နေတဲ့ ဖြစ်ပျက်ဒုက္ခသစ္စာတွေပဲ။ ဒီဒုက္ခသစ္စာတွေကို ဒုက္ခသစ္စာမှန်း မသိ။ မသိတော့ ငါလို့ ထင်မြင်နေ၊ ငါလို့ ထင်မြင်နေတော့ တွယ်တာနှစ်သက်စုံမက်မှုတဏှာ ‘သမုဒယသစ္စာ’ ဖြစ်တာပေါ့။ ကောင်းပါဦးမလား?။
ဒုက္ခသစ္စာပျောက်ရင် သမုဒယသစ္စာရောက်တာနဲ့ တစ်ချက်တည်းပဲ။ ဒုက္ခသစ္စာ ပျောက်မသွားစေနဲ့။ ပျောက် ရင် သမုဒယရောက်တယ်ဆိုတာ သတိကြပ်ကြပ်ပြုကြ။ အမှတ်မဲ့နေရင် နိဗ္ဗာန်မြင်ဖို့နဲ့ ဝေးလိမ့်မယ်၊ ရှင်းကြပလား?။
နိဗ္ဗာန်ဟာ တည်ရာ ရှိပါသလား
ဒီနေရာမှာ နိဗ္ဗာန်အကြောင်း နည်းနည်းပြောရဦးမယ်။ မိလိန္ဒမင်းက ရှင်နာဂသိန်ကို မေးတယ်။ နိဗ္ဗာန်ဟာ တည်ရာ ရှိပါသလား။ နိဗ္ဗာန်ဟာ ဘယ်နေရာမှာ တည်နေပါသလဲတဲ့။
ဒီတော့… ရှင်နာဂသိန်က “ဒကာတော်မင်းကြီး နိဗ္ဗာန်ဟာ တည်ရာမရှိဘူး။ ဘယ်နေရာမှာ တည်တယ် လို့ မဆိုနိုင်ဘူး”လို့ ဖြေလိုက်တော့ မိလိန္ဒက “အရှင်ဘုရား၊ ဒါဖြင့် နိဗ္ဗာန်ဟာ မရှိတော့ဘူးလား?။ နိဗ္ဗာန်ရတယ် ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်ပါသလဲ ရနိုင်တဲ့နည်းလမ်းကို ညွှန်ပြတော်မူပါဘုရား”လို့ လျှောက်တဲ့အခါ ရှင်နာဂသိန် မထေရ်က…
မင်းကြီး နိဗ္ဗာန်ရှိတာ မှန်တယ်။ ဒါပေမဲ့ နိဗ္ဗာန်ကို ကံထိုက်လို့ဖြင့် ဘယ်နည်းနဲ့မှ မရနိုင်ဘူး။ ဉာဏ်ထိုက် မှသာ ရနိုင်တယ်။ ဒါန၊ သီလ၊ သမထမှုနဲ့ဖြင့် ရနိုင် ရောက်နိုင်ဖို့ အခွင့်မရှိဘူး။ ဝိပဿနာ ဘာဝနာကို အခါခါ ပွားယူမှ ရနိုင်ရောက်နိုင်တယ်။ ဝိပဿနာဉာဏ် ထက်သန်လို့ တစ်ဆင့်တက်ပြီး မဂ်ဉာဏ်ကျမှ နိဗ္ဗာန်ကို ရနိုင်တာ ဖြစ်တယ်။
ဥပမာဆိုရင်… ရုပ်စု နာမ်စု တစ်ခုခုမှာ စူးစိုက်ပြီး ဝိပရိဏာမအချက် ဖြစ်ပျက် ဒုက္ခသစ္စာကို ရှုမှတ် ပွားများရမယ်။ ပွားများမှုကြာတော့ ဒုက္ခစက်ကြီး လည်နေတာကို ဉာဏ်နဲ့ မြင်ရမယ်။ အဲဒီလို ဒုက္ခစက်ကြီး အဆက် မပြတ် လည်နေတာကို မြင်ပါများလာတော့ ရှုဉာဏ်ဟာ တခြားကို ထွက်မသွားတော့ဘူး။ တခြားအာရုံဆီ မရောက် တော့ဘူး။ ဝိပဿနာရှုဉာဏ်ဟာ ဒုက္ခစက်မှာသာ တည်တံ့နေမယ် ဖြစ်ပျက်မှာ ဧကဂ္ဂတာ ကျနေမယ်။
ဒီနောက် မကြာခင်ပဲ အဲဒီဖြစ်ပျက်ဒုက္ခစက်ကို လွန်မြောက်သွားတယ်။ အဲဒါ နိဗ္ဗာန်မျက်မှောက်ပြုတာပဲလို့ ဖြေကြားတော်မူတယ်။ ဒါက မိလိန္ဒပဥှာမှာလာတဲ့ အဓိပ္ပာယ်ပါပဲ။
ဒီတော့ နိဗ္ဗာန်ဟာ ဉာဏ်လမ်းပဲ။ ကံလမ်းမဟုတ်ဘူး။ ကံထိုက်လို့ မရနိုင်ဘူး။ ဉာဏ်ထိုက်မှ ရကြမယ်ဆိုတာ သေချာပလား ကံလမ်းကသွားလို့ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။ ကံလမ်းက လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကိုသာ ရမယ်။ နိဗ္ဗာန်ကို ဉာဏ်လမ်းကသွားပြီး ဉာဏ်နဲ့သာ နိဗ္ဗာန်တွေ့နိုင်တယ်လို့ မှတ်ကြ။
ဒါဖြင့် ကံကို မလုပ်ရတော့ဘူးလား?။ ကံထိုက်လို့ မရဘူးဆိုလို့ ကံကိုတော့ မပယ်လိုက်နဲ့ဦး။ ဒါန၊ သီလ၊ သမထတွေ မလုပ်ရတော့ဘူးလား? ပယ်ရမှာလား?ဆိုတော့ မပယ်လိုက်နဲ့ဦး။ ဒါန၊ သီလ၊ ဘာဝနာကံတွေ မလုပ်မိ ရင် အပါယ်မှာ မြုပ်ရလိမ့်မယ်။
ဒီကံတွေကြောင့် ဉာဏ်ရဖို့ ဒီလူ့ဘဝကို ရလာကြတာ။ ကံလမ်းကနေပြီး ဉာဏ်လမ်း ပို့ပေးနေတာ ရှင်းကြ ပလား?။
