20104

ကြောက်သေလွတ်ရာ နည်းလမ်းရှာ တရားတော်

မှတ်ရန်

သစ္စာမမြင်သူ သေဘေးကြောက်သည်။

သစ္စာမြင်သူ သေဘေးမကြောက်။

သေဘေးကြောက်ရာ၊ ကြောင်းလေးဖြာ၊ ကြောက်သူလေးမျိုး။

(၁) အပခန္ဓာ တွယ်တာသူ၊ သူ့မှာရှိတဲ့ သားသမီးနှင့် ပစ္စည်းကို ဒုက္ခသစ္စာပဲလို့ မသိ၊ မသိလို့ ခင်မင်တွယ် တာတဲ့သူ။

(၂) မိမိခန္ဓာ တွယ်တာတဲ့သူ၊ မိမိခန္ဓာရဲ့ ဝိပရိဏာမအချက်၊ ဖြစ်, ပျက်, ဒုက္ခသစ္စာကို မပွားများလို့မသိ၊ မသိလို့ တွယ်တာသူ။

(၃) ကုသိုလ် လိုသေးသူ၊ ဝိပဿနာအလုပ် မလုပ်ရသေးသဖြင့် ဘာဝနာကုသိုလ် လိုသေးသူ၊ ကတဉာဏ် မရသေးသူ။

(၄) ပဋိစ္စသမုပ္ပါဒ် မသိသူ၊ ပဋိစ္စသမုပ္ပါဒ် ကြောင်း, ကျိုး မသိမမြင်သဖြင့် ဝိစိကိစ္ဆာနှင့် သေရသူ။

ဆောင်ပုဒ်။

ကြောက်သေ,သေက၊ ငရဲကျ၊ ဒုက္ခဆုံးမမြင်။

ကြောက်သေလွတ်မှု၊ မြန်ယခု၊ ပွားရှုခန္ဓာခွင်။

ရုပ်နာမ်ဖြစ်ပျက်၊ နောက်ဉာဏ်မဂ်၊ ဆက်ဆက်လိုက်လျှင် ကိလေစင်။

ကိလေစင်က၊ မြန်ခဏ၊ ဒုက္ခအဆုံးမြင်။

တရားသား။

ဒီကနေ့ညမှာ သေခါနီးအတွက် အရေးကြီးတဲ့အချက်ကို ပြောရမယ်။ ပထမဦးဆုံး အင်္ဂုတ္ထိုရ်ပါဠိ တော်မှာ လာတဲ့ စကားကို ထုတ်ပြောမယ်။ သတိချပ်ပြီး လေးလေးနက်နက် မှတ်ကြ။

ပုဏ္ဏားတစ်ဦးက မြတ်စွာဘုရားကို မေးမြန်းတယ်။ “အရှင်ဘုရား၊ လောကကြီးမှာ သေရမယ့်ဘေးကို မကြောက် တဲ့သူ မရှိ၊ သေဘေးတို့ကို ကြောက်တဲ့သူချည်းပဲလား ဘုရား?”လို့ လျှောက်တယ်။

သေရမှာ ကြောက်တဲ့သူတစ်မျိုး၊ မကြောက်တဲ့သူတစ်မျိုး

ဒီတော့ ဘုရားရှင်က “အို… ပုဏ္ဏား၊ သေသေချာချာမှတ်၊ လောကမှာ သေရမှာ ကြောက်တဲ့သူတစ်မျိုး၊ မကြောက်တဲ့သူတစ်မျိုး၊ နှစ်မျိုးရှိတယ်”လို့ ဖြေကြားတော်မူတယ်။

ပုဏ္ဏားက “ဒါဖြင့် အကျယ်တဝင့် ရှင်းလင်းမိန့်ကြားတော်မူပါ”လို့ လျှောက်ပြန်တော့ ဘုရားရှင်က အကျယ် ရှင်းကာ မိန့်ကြားဖြေဆိုတော်မူလိုက်တယ်။

”အို-ပုဏ္ဏား၊ သစ္စာမမြင်တဲ့သူမှာ သေဘေးကိုကြောက်တယ်၊ သစ္စာမြင်တဲ့သူကတော့ သေဘေးကို လုံးဝ မကြောက်တော့ဘူး ဝမ်းမြောက်စွာနဲ့ သေခြင်းတရားကို ရင်ဆိုင်ဝံ့တယ်”။

ဘာကြောင့်လဲဆိုတော့ ရုပ်၊ နာမ်၊ သင်္ခါရတို့ရဲ့ ဖြစ်တတ်ပျက်တတ်တဲ့ သဘောအမှန် သိလို့ပဲတဲ့။ သစ္စာသိတဲ့ သူက “ဪ… စုတိပြီး ပဋိသန္ဓေလာမှာပဲ။ စုတိစိတ်ဖြစ်ပြီး ပျက်သွားတဲ့နောက် ပဋိသန္ဓေစိတ် ဖြစ်ပြီး ပျက်တာ ပဲ။ စုတိဒုက္ခနောက် ပဋိသန္ဓေ ဒုက္ခရောက်တာပဲ။ ဒီသဘောဟာ သင်္ခါရရုပ်၊ နာမ်တို့ရဲ့ အမှန်ဖြစ်ပျက်နေတဲ့သဘော။ ဖြစ်ရပျက်ရမယ့် သဘာဝပဲ”လို့ ဉာဏ်နဲ့ သုံးသပ်ဆင်ခြင်နိုင်တယ်။

ဒီလိုဉာဏ်နဲ့ သဘာဝအမှန် သစ္စာတရားကို မြင်ပြီးနေတော့ မကြောက်တော့ဘူးပေါ့။ ဒီလို အမှန်တရား သဘောကို မြင်နေတော့ သူ့စိတ်အစဉ် သူ့ဉာဏ်အမြင်မှာ ပုဂ္ဂိုလ်ပဲ သတ္တဝါ ငါ သူတစ်ပါးမမြင်၊ ခင်မင်စရာ တွယ်တာ နှစ်သက်စရာ စွဲလမ်းစရာရယ်လို့ မမြင်တော့ဘူး မထင်တော့ဘူး။

အားလုံးသော ရုပ်၊ နာမ်ဓမ္မ သင်္ခါရတွေဟာ သူ့သဘာဝဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်အတိုင်းသာ ဖြစ်ပြီးပျက်၊ ဖြစ် ပြီးပျက်နဲ့ အစဉ်မပြတ်ဖြစ်ပြီး ပျက်နေကြတဲ့ သဘောသဘာဝမျှသာ ဖြစ်ပါကလားလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် ဧကန်ဆုံးဖြတ်နိုင်တဲ့ သစ္စာဉာဏ်ရထားတော့ ကြောက်စိတ်ကင်းတာပေါ့။

သူက သေတော့ ဒေါသဆိုတဲ့ ကြောက်ဇော မလာတော့ဘဲ ကုသိုလ်ဇောသာ လာတော့တယ်။ ကုသိုလ်ဇော နဲ့ သေတော့ အသေကောင်း သေရတာပဲ။

သစ္စာမသိတဲ့သူကတော့ ကြောက်ပြီး သေရတယ်

သစ္စာမသိတဲ့သူကတော့ ကြောက်ပြီး သေရတယ်။ ကြောက်သေဆိုတော့ ဒေါသဇောနဲ့ သေရရှာတာပေါ့။ ကြောက်သေဆိုရင် သေခြင်းဆိုးပဲ။ အပါယ်သွားရမှာ သေချာတယ်။ သစ္စာမသိတဲ့သူဟာ ဘာကြောင့် ကြောက်ပြီး သေရသလဲ?။

သစ္စာမသိတော့ သက္ကာယဒိဋ္ဌိက မကွာဘူး။ ဒီဒိဋ္ဌိရှိတော့ ငါ့ကိုယ်လို့ စွဲလမ်းတယ်။ ငါ့ကိုယ်ရှိတော့ ငါ့သား၊ ငါ့သမီး၊ ငါ့ပစ္စည်းဆိုတဲ့ စွဲလမ်းမှုတွေက ရှိတာပေါ့။ ဒါတွေရှိတော့ ခင်မင်ပြီး မစွန့်ချင်၊ ဒါတွေနဲ့ ဖက်ပြီးသာ နေချင် တယ်။ အဲ… သေချိန်နီးလို့ “ငါသေရတော့မှာ ဧကန်ပဲ၊ တယ်မကြာတော့ဘူး”လို့ သိတာနဲ့ တစ်ပြိုင်နက် အပူကြီး ပူလာတော့တယ်။ မီးလောက်မကတဲ့ အပူကြီး။

ပူတာပေါ့ လက်ရှိခန္ဓာ စွန့်ရတော့မယ်ဆိုတာ သိနေပြီကိုး။ အင်မတန် တွယ်တာနှစ်သက်ထားတဲ့ သား၊ သမီး၊ ပစ္စည်း၊ အိုး၊ အိမ်တွေ ဒါတွေလည်း စွန့်ရတော့မယ်သိတော့ အပူကြီး ပူတာပေါ့။ ဒါဟာ ရှိသမျှကို တွယ်တာတဲ့ လောဘ၊ ဒီလောဘကြောင့် ပေါ်လာတဲ့ ဒေါသတွေပဲ။ ဒါဟာ သစ္စာမသိတဲ့ မောဟအဝိဇ္ဇာ အရင်းခံပါပဲ။

ဒီလို သေခါနီးမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဒေါထပြီးသာ သေရရင် ဘယ်ရောက်မယ်ဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားကြ။ အဲဒီလို ကြောက်ပြီးသေရရင် အသေဆိုးတင်မကတော့ဘူး “ဟဲ့… အမိုက်၊ အပါယ်လေးဘုံ နင် ဘယ်ဘုံကြိုက်သတုံး အမြန်သာရွေးပေတော့”လို့ မဆိုပေမယ့် ဆိုသလိုကျတော့တာပဲ။

ဒီအဓိပ္ပာယ်ကို ဘုရားရှင်က အင်္ဂုတ္ထိုရ် ပါဠိတော်မှာ-

”မိစ္ဆာဒိဋ္ဌိယာ ဘိက္ခဝေ သမန္နာဂတာ သတ္တာကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ” ဟောတော်မူထားတယ်။

မိစ္ဆာဒိဋ္ဌိဆိုတဲ့အချက်မှာ အနည်းဆုံး သက္ကာယဒိဋ္ဌိ (၂၀) ရှိနေတာလည်း ဒိဋ္ဌိခေါ်တာပဲလို့ ဖွင့်ပြတော်မူ ထားတယ်။

အမှတ်တမဲ့နေပြီး အမှတ်တမဲ့ သေသွားရင်

ဒီတော့ မဂ်မှ မရသေးရင် အေးနေလို့တော့ မဖြစ်သေးဘူးဆိုတဲ့အချက်ကို လေးလေးနက်နက် ဆုံးဖြတ်ကြပါ။ ဒီလိုသာ အမှတ်တမဲ့နေပြီး အမှတ်တမဲ့ သေသွားရင် သေခါနီးကာမှ ကြောက်သေနဲ့ ကြုံရမယ်၊ အဲဒါ သေခြင်းဆိုးပဲ။

တို့ဒကာတွေ နေ့တိုင်း သွားနေကြတာ ဘယ်လမ်းကိုများ သွားနေတယ်ထင်သလဲ?။ ဒကာတို့ နေ့တိုင်း သွားနေတာဟာ အသေလမ်းပဲ။ ရှေ့တစ်နေ့တိုး သေဖို့တစ်နေ့နီး၊ ရှေ့တစ်လတိုးပြန်တော့ သေဖို့တစ်လ ပိုပြီးနီးတာပေါ့။ ဒါ… သေလမ်းမဟုတ် ဘာလမ်းလို့များ ထင်နေကြသေးလို့တုံး? ရှင်းပလား။

ဒီလိုနဲ့ အချိန် နာရီ မိနစ်မလပ် နေ့စဉ်ရက်ဆက် သွားနေကြတာ သေဘက်ကို တရွေ့ရွေ့ နီးလာကြပြီ။ သွားလို့ရောက်တာ မသွားရင်မရောက်ဘူး။ ဘယ်လောက်များ နီးလာပြီတုံးဆိုတော့ ဒီနေ့လား နက်ဖြန်လားကို မပြော နိုင်ပါဘူး။ သေရမှာကတော့ သေချာပြီးသားပါ။

ဒီလို အတိအကျမသိရတဲ့ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်သေဆိုရင်ဖြင့် ငရဲပြည်ဆိုတာ ကိုယ်ပိုင် အိမ်ပဲလို့သာ မှတ်ထားကြ ဧကန္တပါပဲ။ မကြောက်သေ သေမှ သုဂတိနဲ့ နိဗ္ဗာန်ကို ရကြမှာ၊ သဘောပါကြပလား?။

တို့ဒကာတွေဟာ ဘုရားရှင်ကလည်း ဟောတော်မူတယ်။ ဆရာဘုန်းကြီးကလည်း ဟောတယ်ဆိုပြီး ယုံယုံ ကြည်ကြည် လေးလေးစားစားနဲ့ မကြောက်သေ သေရအောင် လုပ်ထားဖို့များ မသင့်ဘူးလား?၊ အေး… မသင့်သေး ရင်ဖြင့် မြုပ်, မျောဖို့သာ ပြင်ကြ။

ကိုယ့်ကိုယ်ကိုယ် သနားရင်ဖြင့် လုပ်ရမယ်

ကိုယ့်အကျိုး ကိုယ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သနားရင်ဖြင့် လုပ်ရမယ်၊ လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။ ဘုန်းကြီးက ကရုဏာရှေ့ထားပြီး ဟောပြနေတာမို့လည်း လိုက်နာဖို့သင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ အခုဟောတာ သူနဲ့သာဆိုင်တယ် ငါနဲ့သာဆိုင်တယ်လို့ မဆိုနိုင်ဘူး။ ခန္ဓာရှိသူ ခန္ဓာရထားသူအားလုံးနဲ့ ဆိုင်တယ်လို့ မှတ်ထားကြ။ သတွာအားလုံးဟာ ခန္ဓာနဲ့ချည်းလာကြတာ အမှန်ဖြစ်တယ်။

အခုဟောနေတာက သံဝေဂလို့များ မထင်ကြနဲ့။ သံဝေဂမဟုတ်ဘူး။ ဧကန်ရောက်မှာမို့ ပြောနေတာ။ ဒါကို အားလုံးလည်း အသိပဲ။ သေရမှာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ ဒကာတို့က မေ့နေကြလို့ သတိပေးနေရတာပါ။

ဘုရားရှင်က ပုဏ္ဏားကို ဟောတဲ့အချက်ဟာ ‘စတုကနိပါတ် အင်္ဂုတ္ထိုရ် ပါဠိတော်မှာ’ လာရှိတဲ့စကားဖြစ်တယ်။ ဆက်ပြီး ဟောကြားတော်မူတဲ့အချက်က “အို… ပုဏ္ဏား၊ သေရမှာကြောက်တဲ့သူဟာ ဘာကြောင့်ကြောက်သလဲဆိုတော့ အကြောင်းတရား အချက်လေးမျိုးကို မစွန့်ပယ်နိုင်လို့ ကြောက်တာပဲ”။

အဲဒီအချက်လေးချက်က

(၁) သူ့မှာရှိတဲ့ သား၊ သမီးနဲ့ ပစ္စည်းကို ဒုက္ခသစ္စာပဲလို့ မသိရှာဘူး။ မသိလို့ ခင်မင်တွယ်တာတဲ့သူ။(၂) မိမိခန္ဓာရဲ့ ဝိပရိဏာမ ဖြစ်ပျက်ဒုက္ခကို မပွားလို့ မသိသူ။(၃) ပဓာနအလုပ် မလုပ်ရသေးသူ၊ ကုသိုလ်လိုသေးသူ။(၄) ပဋိစ္စသမုပ္ပါဒ် မသိလို့ ဝိစိကိစ္ဆာနဲ့ သေသူ၊ ကိုယ့်သံသယနဲ့ ကိုယ်သေသူ။ ဒီအချက်လေးခုထဲက တစ်ခုခုနဲ့ ညီညွတ်ရင် တစ်ခုခုကို စွဲလမ်းချက်ရှိထားရင် သေတဲ့အခါ ကြောက်ဒူးတုန်ပြီး ကြောက်အားကြီးစွာနဲ့ သေရမှာပဲ ကြောက်သေဆိုတာ ဒေါသဒေါမဿနဲ့ သေရတာ။ ဒေါသနဲ့သေရင် ငရဲပြည်ဆိုတာ သေချာပြီးသားလို့မှတ်။

ဒကာတို့တာဝန်က လုပ်ရေး။ ဆရာဘုန်းကြီးက ဟောပြောရေး။ အရေးနှစ်ရေးရှိတဲ့အနက်က ကိုယ့်အရေး ကိုယ်ရေးကြဖို့က ကိုယ့်တာဝန်ပဲလို့ ဆုံးဖြတ်ကြ။ ပေါ့ပေါ့တန်တန် မနေကြနဲ့။ လေးလေးစားစားနဲ့ နားကြီးကြီးထားပြီး နာယူကြ။

အခုနေ ကျန်းမာရေးလည်းကောင်း၊ စီးပွားရေးလည်း သင့်တင့်၊ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်း နဲ့လည်း တွေ့ကြုံကြရ။ ဒီလိုအခါမှာ မေ့နေကြလို့ မသင့်တော့ဘူးဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ကြည့်ကြ။ မေ့ရင် အခုပျော်သလောက် နောင်အခါ ငိုရမယ်။ ငိုရမယ့်နေ့ရက် ငိုသက်ကလည်း အပိုင်းအခြားမရှိပါဘူး။

ငရဲဒုက္ခ အကုန်မပြနိုင်

အဲ… ငရဲကျသွားရင် ငရဲဒုက္ခ ငိုသက်ကိုဖြင့် ကုန်စင်အောင် ဟောမပြနိုင်ဘူး။ ဘာကြောင့် ငရဲဒုက္ခ အကုန်မပြနိုင်တုံး?ဆိုတော့ ကာလရှည်လျားပြီး နှစ်ပရိစ္ဆေဒ အလွန်များလွန်းလို့ပဲတဲ့။ ဒီစကားကို ဘုရားကလည်း ဟောတယ်၊ မိလိန္ဒပဥှာ ပါဠိသော်မှာလည်း “သော န တာဝ ကာလံ ကရောတိ၊ ယာဝ န တံ ပါပ ကမ္မံ ဗျန္တိ ဟောတိ” လို့ ဟောတော်မူတယ်။

အဓိပ္ပာယ်က “သူ့ကံမကုန်သမျှ ငရဲက ကျွတ်လွတ်ခွင့်ကို မရနိုင်ဘူး”လို့ ဆိုလိုတယ်။

ဘုရားရှင်ကလည်း ဒီလောက်ပဲ ဟောပြတော်မူနိုင်တယ်။ ငရဲသတွာရဲ့ ဒုက္ခတွေဟာ အသင်္ချေ, အသင်္ချာ ကမ္ဘေ, ကမ္ဘာမက ငရဲသက်က အလွန်အမင်း ရှည်လျားလှလို့ပဲတဲ့။

ဘုရားသခင်ရဲ့ ရွှေဉာဏ်တော်မှာ ထင်ရှားပေမယ့် ကျေးဇူးမများ ကာလကလည်း ရှည်လျားအားကြီးလို့ ဟောပြတော်မမူခဲ့ဘူးလို့ မှတ်ရမယ်။ ဒီစကားအဓိပ္ပာယ်ကို ‘ပဋိစ္စသမုပ္ပါဒ်’ သဘောကျရင် နားလည်ပါတယ်၊ ရိပ်စား မိနိုင်ပါတယ်။

အကုသိုလ်ကံတွေကို ထပ်ခါတလဲလဲပဲ သိမ်းဆည်းနေမိတယ်

ငရဲမှာက ဒုက္ခဝေဒနာ ခံစားမှုသာရှိတယ်။ ဒုက္ခပြီး ဒုက္ခ၊ တစ်ဒုက္ခနဲ့ တစ်ဒုက္ခ အဆက်မပြတ်တော့ဘူး။ ဖဿပစ္စယာ ဒုက္ခဝေဒနာချည်း လာနေတာပဲ။ ဒုက္ခဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုပြီး အဲဒီဘဝမှာပဲ ကံသစ်တွေ ဒေါမနဿနှင့်တကွ အကုသိုလ်ကံတွေကို ထပ်ခါတလဲလဲပဲ သိမ်းဆည်းနေမိတယ်။ ဒီအသစ်ထပ်ပြီး သိမ်းဆည်းမိတဲ့ ဒေါသဇောနဲ့ အကုသိုလ်ကံတွေက ထပ်ပြန်တလဲလဲ အကျိုးဆက်နေတော့ လွတ်ရက်မရှိတော့ဘူး။ ဘဝတစ်ခုက စုတိကျပြီး ငရဲမှာ အနှစ် (၅၀၀) ကျခွင့် သတ်မှတ်ခဲ့ပေမယ့် ဟိုမှာ ထပ်ပြုတဲ့ကံတွေက ကုန်နိုင်ဖို့ အခြေကို မမြင်တော့ ဘူး။ ဒါကြောင့် ငရဲဒုက္ခ ဆုံးစမမြင်ဘူးလို့ ဆိုရတာပေါ့ ကိုင်း… ရှင်းပလား?။

ဒီတော့ တို့ဒကာတွေ အားထုတ်ဖို့ မသင့်ကြသေးဘူးလား?။ နာရုံနာပြီး အားမထုတ်ကြရင် (၃) နံပါတ်နဲ့ သေကြရမှာ။ ငါ အလုပ် မလုပ်ရသေးပါလား။ မလုပ်ဖြစ်လိုက်လေခြင်းလို့ ညည်းတွားပြီး သေရမယ်။ ဒီလိုနဲ့ သေရင် မပြုံးနိုင်သေးဘူး။ မဲ့သေပဲ။ အလုပ် မလုပ်ရသေးသမျှ စိတ်မချရသေးဘူးဆိုတာ မှတ်ထားကြ။

မရဏာသန္နဇော ငါး ကြိမ်

ကြောက်သေတဲ့သူဟာ သေခါနီးတော့ ငရဲနိမိတ်တွေ ထင်လာပလားဆိုရင် အခု ကြွားနေသလောက် မျက်ရည် ကျရမယ်။ အဲဒီအခါမျိုးမှာ သား၊ လင်၊ ခင်ပွန်း ဝေးလို့ ဘုရားသော်မှ မကယ်နိုင်တော့ဘူး။ မရဏာသန္နဇော ငါး ကြိမ်စောတဲ့အခါမှာ ငရဲနိမိတ်မြင်၊ သေတော့လည်း ကြောက်ပြီးသေရမှာ မုချပဲ။

ဥပမာဆိုရင် အလွန်ထက်မြက်တဲ့ သင်ဓုန်းဓားသွားပေါ်မှာ ယင်ကောင်ကလေး တင်ဖိလိုက်၊ ဒီယင်ကောင် ကလေးဟာ ဖျတ်ခနဲဆို ချက်ချင်းသေသွားပေမယ့် ဇောငါးကြိမ်စောပြီး သွားရမယ့်နေရာမြင်ပြီးမှ သေသွားတာလို့ မှတ်ပါ။

ဒါဟာ ဓမ္မနိယာမ ဓမ္မသဘာဝဖြစ်စဉ်ပဲ။ ဒီတော့ ဒီလောက်မြန်တဲ့ အချိန်ကလေးအတွင်းမှာ ကယ်နိုင်၊ ဆယ်နိုင်သူ ဝေးရောပေါ့။

ဒါကြောင့် ဒီဘဝတာလောက်မှာ ဆင်းရဲချမ်းသာကို မှုစရာမလိုပါဘူး။ ဆင်းရဲလည်း ဝမ်းမနည်းနဲ့။ ချမ်းသာ လည်း ဝမ်းမသာနဲ့။ မပြောပလောက်တဲ့ အခုအချိန်ကလေးမှာ ငရဲသက်နဲ့စာရင် မိနစ်၊ စက္ကန့်လောက်ကလေးပဲ ရှိတယ်။

ဒီဟာ ဘုန်းကြီးက ကြောက်အောင်လို့ သံဝေဂဟောနေတာမဟုတ်ဘူး။ ဒကာတို့ သေရင် အဟုတ် တကယ် သွားရ၊ ရောက်ရမယ့်အတွက်က သေချာလွန်းလို့ ပြောပြနေတာပါ။

ဒါကြောင့် ပြခဲ့တဲ့ အချက်လေးချက်ထဲက တစ်ချက်ချက် မိအောင်ကြိုးစား။ ဒါမှ မဲ့သေအဖြစ်က လွတ်ကြ မှာ။ သိဖို့က “စုတိ ဒုက္ခပြီး ပဋိသန္ဓေဒုက္ခ လာမှာပဲ”လို့ သိထားရမယ်။ နက်နက်နဲနဲသိအောင် ကြိုးစားကြ၊ သေမှာ မကြောက်တဲ့သူဟာ သေခါနီးတော့ ဪ… သေရတယ်ဆိုတာ ဒုက္ခချုပ်တာပဲလို့ အမှန်သိပြီး ပြုံးတယ်။ ဒုက္ခချုပ်မှ အေးရမှာပဲလို့ အောက်မေ့တယ်။

ကတဉာဏ်ဆိုက်အောင်လုပ်ကြ

ဒါဖြင့် ဒကာတို့လည်း ကတဉာဏ်ဆိုက်အောင်လုပ်ကြ။ ဒါမှသာ ပြုံးနိုင်မှာ။ ပြုံးပြီးသေရမှာ။ သဘောပါကြ ရဲ့လား?။ ဒီအရေးဟာ သာမညအရေးလို့ မအောင်းမေ့နဲ့။ အလွန်ကြီးတဲ့ အရေးပဲလို့မှတ်။ ပြင်ချိန်မရှိတော့ဘူး။ နည်းနည်းကလေးပဲ ကျန်တော့တယ်။

ဒီကြားထဲနှုတ် နှုတ်ပစ်တာတွေက များများနေသေးတယ်။ ဒီအချိန် နည်းနည်းကလေးထဲမှာ သားရေး၊ သမီး ရေး၊ စီးပွားရေးတွေနဲ့ အချိန်ကုန်ကြဦးမလား?။ ရှိသမျှပစ္စည်း အကုန် ပျောက်ပျက်သွားတာက ကိုယ်ကျိုးမနည်းသေး ဘူး။ ဒီအရေးကို လက်လွတ်သွားလို့ ကြောက်သေနဲ့ သေရမှာက ကိုယ်ကျိုးနည်းရတော့မှာပဲ။

နည်းနည်းကျန်တော့တဲ့ အချိန်ကောင်း အခါကောင်းလေးကို ထပ်နုတ်မယ်များ မကြံကြပါနဲ့။ နောက်-နောက် က အလကားဖြစ်တဲ့ အဟောသိကံတွေနဲ့ဆိုတော့ အခုလည်း နှုတ်ကြဦးမယ်ဆိုရင်ဖြင့် မကျန်တော့ဘူး။

ကိစ္စဉာဏ် ကတဉာဏ်

ကိုယ် အရုပ်ဆိုးခဲ့တာ ဘယ်လောက်ကြာပြီလဲ?။ နှစ်၊ လ၊ ရက်ဆိုတဲ့ မှန်နဲ့ ကြည့်ကြ။ ကိုယ့်ခန္ဓာကိုယ် ဉာဏ် နဲ့ မှပ်လုပ်ပြီး ကြည့်ကြရင် အရုပ်ဆိုးတာ သိရလိမ့်မယ်။ ကြည့်ကြစမ်းပါ။ ကိုယ့်ခန္ဓာ ကိုယ့်ဉာဏ်နဲ့ကြည့်ရင် ဖြစ်ပျက် ဒုက္ခတွေကို မြင်ရမယ်။ အဲဒီဖြစ်ပျက်ကိစ္စကို မြင်နေရင် ‘ကိစ္စဉာဏ်’ပဲ။

အဲဒီလို အရှုအပွားများလာရင် ဖြစ်ပျက်တွေ များများကြီး မြင်လာမယ်။ နောက် တစ်ဆင့်ထက်တစ်ဆင့် ဖြစ်ပျက်တွေ နူးညံ့ပြီး ဖြစ်ပျက်မရှိတဲ့ဘက် ဉာဏ်လှည့်သွားရင် ကတဉာဏ်ပဲ။ လိုရင်းတော့ မဂ်ကိစ္စပြီးပြီလို့ သိတဲ့ ဉာဏ်ကို ကတဉာဏ်ခေါ်တာ။

ဘုန်းကြီးတို့က ပေးထိုက်လို့ ပေးတာ။ ပေးထိုက်လို့ ပေးရင် ယူလိုက်ကြ။ ယူထိုက်မှသာ ယူနိုင်ကြပေမယ့် ကြိုးစားသာ ယူကြပေတော့လို့ ပြောလိုက်ပါတယ်။

ဒီခန္ဓာမှာ အမှန်ရှိတာက ‘ဥပ္ပါဒါဝယ ဓမ္မိနော’ဆိုတဲ့ ရုပ်၊ နာမ် ဖြစ်ပျက်သဘောပဲ ရှိတယ်။ ခန္ဓာသဘော ဖြစ်ပျက်သဘောပဲရှိတယ်လို့ ဘုရားက ဟောတော်မူတယ်။ ဒီတော့… ကိုယ်ခန္ဓာမှာ ဒီနှစ်ခုပဲရှိတာ မှန်တယ်။ ဒီပြင်ဟာ ဘာမှမရှိဘူးလို့ စွဲစွဲမြဲမြဲ မှတ်ထားကြ။

ဖြစ်တာ၊ ပျက်တာ ဒုက္ခဆင်းရဲတာ အမှန်ဖြစ်လို့ ‘ဒုက္ခသစ္စာ’ ဒုက္ခအစစ်ပဲလို့ ဧကန်သိလာတော့မုန်း၊ မုန်း တော့ဆုံးသွား၊ ဖြစ်ပျက်မရှိတဲ့ဘက် ပြေးဝင်သွားရော၊ အဲဒါ ‘ဒုက္ခနိရောဓပဲ’။ ဒါကြောင့် “စတုတ္ထသစ္စံပန ယသ္မာ ဧတံ ဒုက္ခနိရောဓံ ဂစ္ဆတိ အာရမ္မဏဝသေန တဒဘိမုခီဘူတတ္တာ”လို့ မှတ်လိုက်ကြလို့ ‘သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ’ မှာ အမိန့်ရှိခဲ့တာပဲ။

ကိုင်း… ဒီည ဒီတွင်ပဲ တော်ကြဦးစို့။

**********