20103

မဂ္ဂင်ပွားမှ နိဗ္ဗာန်ရတရားတော်

သစ္စာနှစ်ပါး

မဂ္ဂသစ္စာ= မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန်သွားလမ်း အကျင့်မှန်၊ သံသရာ ဒုက္ခစက်ဝန်း ပြတ်ကြောင်း အကျင့်တရား၊ အကြောင်းတရား။

နိရောဓသစ္စာ= နိဗ္ဗာန်၊ ဒုက္ခခပ်သိမ်း ငြိမ်းရာ သံသရာ ဒုက္ခစက်ပြတ်ရာ၊ မရှိရာ၊ အကျိုးတရား။

ဆောင်ပုဒ်။

ဒုက္ခချုပ်ရာ၊ နိဗ္ဗာန်မှာ၊ မှန်စွာအမြဲရှိ။

နိဗ္ဗာန်လိုချင်၊ များလူရှင်၊ လမ်းစဉ်မှန်မသိ။

ကျင့်စဉ်မမှန်၊ ထိုနိဗ္ဗာန်၊ တရံမရောက်ဘိ။

မဂ္ဂင်ရှစ်ပါး၊ ကြဉ်ဖယ်ထား၊ အခြားလမ်းမရှိ။

ခန္ဓာငါးအင်၊ ဖြစ်ပျက်စဉ်၊ ဉာဏ်ယှဉ်စွဲသတိ။

ရုပ်နာမ်ဖြစ်ပျက်၊ ပေါ်တိုင်းဆက်၊ မပျက်လိုက်ပါဘိ။

ဖြစ်ပျက်များမြင်၊ အမုန်းဝင်၊ မုန်းလျှင်ဆုံးတိနိဗ္ဗူတိ။

တရားသား။

‘ဒုက္ခချုပ်တာ’+ ‘ရောက်ရာအကျင့်’+ ‘အမှန်’

ဒီကနေ့ မနေ့ကအဆက်ကို ပြောရမယ်။ ဘုရား တကယ်ဟောတာက =ဒုက္ခနိရောဓနဲ့ ဂါမိနီပဋိပဒါ+ ဒါက အလယ်ပိုင်းက၊ ဒီဘက်က =သစ္စာ+လို့ မှတ်ထားကြ ဒါက ပါဠိလိုပြောတာ။

မြန်မာလိုက ‘ဒုက္ခချုပ်တာ’နဲ့ ‘ရောက်ရာအကျင့်’နဲ့ ‘အမှန်’သုံးခုပေါင်းတော့ ဒုက္ခချုပ်ရာ ရောက်ရာအကျင့် မှန်တာ။ ‘မဂ္ဂသစ္စာ’ဆိုတာပါပဲ။ ဒုက္ခချုပ်တာဆိုတော့ ‘နိဗ္ဗာန်’ကိုဆိုတာ။ ဒုက္ခချုပ်ရာပဲ ရှင်းကြပလား?။

အမှန်တရားကိုဖြင့် ဒါပဲရှိတယ်လို့ သေသေချာချာမှတ်ကြ။ ရောက်ရာအကျင့်ဆိုတာက ‘မဂ္ဂင်ရှစ်ပါး’ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီရှစ်ပါး။

”ဒါဖြင့် ဒီပြင်အကျင့်တွေဟာ မမှန်ဘူးလို့ ဘုရားက တာဝန်ခံတော်မူတာပဲ”လို့ ဆုံးဖြတ်ချက်ချလိုက်။

နိဗ္ဗာန်ရချင်ရင် အိုးပစ် အိမ်ပစ်ကျင့်၊ သက်သတ်လွတ်စား ရဟန်းဝတ် တောထွက်လို့ ကျင့်ရမလား?ဆိုပြီး အမျိုးမျိုး ကြံစည်မိကြမယ်။

”ဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်ဖြစ် အကျင့်မမှန်ရင် နိဗ္ဗာန်မရောက်ဘူး”ဆိုတာ မြဲမြဲမှတ်ကြ။

တို့ဒကာတွေ ဗြဟ္မာ ဗိဿနိုး ကိုးကွယ်ကြ၊ နတ်ကိုးကွယ်ကြ၊ ညောင်ပင်ကိုးကွယ်ကြနဲ့ ဒုက္ခက လွတ်ချင်ကြ လို့၊ နိဗ္ဗာန်ရချင်ကြလို့၊ လွတ်ချင်ရချင်တာကတော့ မှန်ပါရဲ့။ ဒါပေမဲ့ အကျင့်က မမှန်ကြဘူး။ ဒုက္ခကြောက်လို့ ဗြဟ္မာ ဗိဿနိုး အမျိုးမျိုးတွေ ကိုးကွယ်ကြ ဆည်းကပ်ကြပေမယ့် မရနိုင်ကြဘူး။

ဘုရားရှင်က သတိပဋ္ဌာနသုတ် ပါဠိတော်မှာ ဟောတော်မူခဲ့တယ်။

တစ်ကြောင်းတည်းသောလမ်း

”ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊ သတ္တာနံ ဝိသုဒ္ဓိယာ သောက ပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမန သာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ”လို့ ဟောပါ တယ်။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿဆိုတဲ့ တရားဆိုးတွေက လွတ်ဖို့၊ အရိယာမဂ်ကိုရဖို့၊ နိဗ္ဗာန်ကို မျက်မှောက် ပြုဖို့ရာ တစ်ကြောင်းတည်းသောလမ်းဟာ ဒီမဂ္ဂင် အကျင့်တရားပဲ။ ဒီမဂ္ဂင်ရှစ်ပါး သတိပဋ္ဌာန် အကျင့်တရားကလွဲရင် ဒီပြင်လမ်း မရှိဘူးလို့ ဆိုလိုရင်းဖြစ်တယ်။

တို့ဒကာတွေ ဒီတရားကို မသေသေးလို့ ကြားနာရတာ။ သာသနာတွင်းနဲ့လည်းကြုံ၊ ဟောပြမယ့်သူကလည်း ရှိ၊ ထောင်နိုင်တဲ့နားလည်းပါကြ၊ ကိုယ်တိုင်ကလည်း ကျင့်ကြံနိုင်ကြတယ်။ နည်းတဲ့အခွင့်အရေး မဟုတ်ပါဘူး။

ဘုရားကျေးဇူးတော်တွေကို ကိုယ်တိုင်ကျင့်ပြီး တရားနဲ့ ပူဇော်နိုင်၊ တရားနဲ့ ဆပ်နိုင်တဲ့ အကျိုးငါးပါးကို ရကြတယ်။ ကိုယ်တိုင်ကျင့်ပြီး ကျေးဇူးဆပ်ကြ၊ အလွန်ရခဲ့တဲ့ အကျိုးတရား ‘ဒုလ္လဘငါးပါး’နဲ့ ပြည့်စုံနေကြတယ်။ လေးလေးစားစား လိုက်နာကြ။

ဒုက္ခချုပ်ရာ နိဗ္ဗာန်

”ဒုက္ခချုပ်ရာ နိဗ္ဗာန်ဟာ အမြဲတမ်းရှိနေတယ်။ အမြဲရှိနေတဲ့တရား”။

ဘုရားတွေ အဆူဆူ ပွင့်နေပေမယ့် အကျင့်မမှန်လို့ နိဗ္ဗာန်မရောက်နိုင်ကြဘူး။ အခုတောင်မှ လေး၊ ငါး၊ ခြောက်နှစ် တောင်ဝှေးဆွဲ ဆွဲလာခဲ့လို့ သိကြရတာ။ တို့ဒကာတွေ အလွန်ကံကောင်းတယ်လို့ အောက်မေ့ကြ၊ ကံကောင်း ကြလို့ ကိုယ့်ကိုယ်တိုင် ကျင့်ကြရတယ်။ ကျင့်နိုင်တဲ့ ဒီအခါမျိုးကို ရောက်လာရတယ်လို့ မှတ်ကြ။

ဘုရားက “သောက ပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနသာနံ အတ္ထင်္ဂမာယ”တဲ့။

ဪ… ဒုက္ခရောက်လိုက်တာ ဘယ်ကုန်ကူးရကောင်းမတုံး?။ ရက်ကန်းနဲ့ဖြင့် နေရာမကျသေးပါဘူး။ အရောင်းအဝယ်ဘက် ပြောင်းဦးမှ ထင်ပါရဲ့။ အရောင်းအဝယ်ကလည်း ဒီကုန်နဲ့ဖြင့် မဟန်သေးပါဘူး။ ဘယ်ကုန် ပြောင်းရကောင်းပါမတုံးနဲ့ ပြောင်းလိုက်ကြ၊ ရွှေ့လိုက်ကြ စုံလို့ ထပ်လို့ပဲ။

သုခရနိုးနိုး ချမ်းသာလိမ့်နိုးနိုးပေါ့။ ပြီးတော့ ဒုက္ခချည်းသာ တွေ့ကြရတာပဲ။ တို့ဒကာတွေ စိတ်ကူးအတော် ရှော်တယ်။ ဒုက္ခရှိတာ ဒုက္ခဖြစ်တာချည်း လိုက်ရှာနေကြတယ်။ မျက်စိလည်လိုက်ကြတာ ကမ်းကိုကုန်ပါရော။ ဒီတစ်ခါ မှ မျက်စိလည်ကြဦးမယ်ဆိုရင် ကမ်းအပြင် ချောက်ပဲ ကျန်တော့တယ်။ ချောက်ထဲကျဖို့ပဲ ရှိတော့တယ်။

စိတ်ကူးလွဲလိုက်ကြတာ

စိတ်ကူးလွဲလိုက်ကြတာ တက်တက်စင်လို့ပဲ။ ဟိုဘက်ကူး ဟိုဒုက္ခနဲ့တွေ့။ ဒီဘက်ကူးတော့ ဒီဒုက္ခနဲ့ တွေ့တာ ပဲ။ ဘုံဘဝလယ်ပြန်တော့လည်း ဒီနည်းပဲ။ အောက်နယ်က မကောင်းဘူးဆိုပြီး အထက်နယ်ပြောင်း၊ အထက်နယ် ဒုက္ခတွေရ၊ ဒီလိုနဲ့ ဘုံအထွေထွေ ဘဝအထွေထွေမှာ နေရာမကျဘူးထင်တိုင်း ပြောင်းလိုက်ကြ၊ ရွှေ့လိုက်ကြတာ ဘာကြောင့်လဲ?။

ဒုက္ခကြောက်လွန်းလို့ ဒုက္ခက လွတ်လိမ့်နိုးနိုး၊ ချမ်းသာလိမ့်နိုးနိုးနဲ့ အမျိုးမျိုးပြောင်းကြပေမယ့် နောက်ဆုံး တော့ ဒုက္ခနဲ့သာ တွေ့နေကြရှာတယ်။ ဒုက္ခက လွတ်ခွင့်မရနိုင်ကြဘူး။ တို့ဒကာတွေ ဒုက္ခတောထဲမှာ မျက်စိလည် နေကြတယ်လို့ဆိုရင် မလွဲပါဘူး။ သဘောပါကြပလား?။

တစ်သံသရာလုံးမှာ တို့ဒကာတွေ မတွေ့ခဲ့တဲ့တရားဟာ ဒီတရားတစ်ခုပဲ။ မကြုံခဲ့ရ၊ မမြင်ခဲ့ရတဲ့ တရားဟာ ဒီ’ဒုက္ခချုပ်ရာ ရောက်ရာ အကျင့်မှန်’ဆိုတဲ့ တရားပါပဲ။ ဒီဟာကလွဲရင် ဒီပြင်ဟာ အကုန်တွေ့ဖူးတာချည်းပဲ။

ဒကာတို့ စိတ်ကူးစိတ်သန်းက အတော်လွဲခဲ့တယ်။ ဒီအရပ်မကောင်းရင် ဟိုအရပ်ပြောင်း ချမ်းသာနိုးနိုး။ ဟိုအရပ်ကျတော့ ဟိုအရပ် မသာချရတာပဲ ဘာမှမထူးဘူး။ ဒီတစ်ခါသာလွဲကြရင်ဖြင့် ‘ကိုယ်ကျိုးမက အကုန်လုံး လွဲကြတော့မယ်’ဆိုတာ မြဲမြဲကြီး မှတ်ထားကြ။

မဂ္ဂင်ရှစ်ပါး ‘အလုပ်’ဘက်ကို ပြောင်းလိုက်ကြပါ

ဟိုအရပ်ပြောင်းလိုက်ကြ၊ ဟိုဘုံပြောင်းလိုက်ကြ၊ ဟိုခင်ပွန်းမပြောင်းလိုက်ကြနဲ့ ဘယ်လောက်ပဲ ပြောင်းနေကြ, ပြောင်းနေကြ ဒုက္ခသာ အဖတ်တင်တာပဲ။ ဘုန်းကြီးက သတိပေးလိုက်ပါတယ်။ အခုကစပြီး အပြောင်းရပ်ကြ၊ နောက် မပြောင်းကြနဲ့တော့။ ဒီတစ်ခါ ပြောင်းချင်လို့များ ပြောင်းမယ့်ကြံရင် မဂ္ဂင်ရှစ်ပါး ‘အလုပ်’ဘက်ကို ပြောင်းလိုက်ကြပါ တော့လို့ ပြောချင်တယ်။

အဲဒီလိုမဟုတ်ရင် အပြောင်းလွဲကြတော့မယ်ပဲ။ အပြောင်းတစ်ချက်လွဲရင် ဒီဘက်မှာ ရွှံ့ရှိတယ်။ ရွှံ့အပြင် ဟိုဘက်မှာ ဗွက်ထဲကျမှာ ဧကန်ပဲလို့ မှတ်ကြ။ ဒီလမ်းမသိကြရင်ဖြင့် အလွန်သနားစရာကောင်းတော့မှာပဲ၊ မြင်ကြ ပလား?။

ဟိုဘာသာ ကူးလိုက်ကြ၊ ဟိုအယူ ယူလိုက်ကြ၊ ဟိုအကျင့် ကူးလိုက်၊ ဒီအကျင့် ပြောင်းလိုက်နဲ့ ဒီတစ်ချီ အပြောင်းတစ်ချက်သာ လွဲလိုက်ရင်ဖြင့် ချောက်ကမ်းပါးအပြင်ဘက်က နရက်ဆိုတာပဲ ကျန်တော့တယ်။ ကြပ်ကြပ် စဉ်းစားကြပါ။

အခုမှပဲ အမှန်ရကြတော့တယ်

တို့ဒကာတွေ ကံကောင်းလွန်းလို့ အခုလို တရားမျိုး နားထဲကြားရ၊ ကိုယ့်ဝမ်းထဲရောက်ရ၊ ကျင့်ကြံခွင့်ရကြ ရတာ အခုမှပဲ အမှန်ရကြတော့တယ်။ ရှေးက အကုန်ပြောင်းခဲ့ကြတာ ဘယ်ဟာမှ နေရာမကျခဲ့ဘူး။ ဒုက္ခကြောက်ရင် အပြောင်းမှန်ဖို့ အရေးကြီးတယ်။ အပြောင်းမှန်အောင် သစ္စာဘက်ပြောင်းကြလို့ တိုက်တွန်းလိုက်တယ်။

ဒီအပြောင်းလွဲလို့ ဗိုင်းဗိုင်းလဲပြီး သေပွဲချည်း ဝင်ခဲ့ကြရပြီ။ ငြင်းဖို့များ ရှိသေးသလား?။ ဘုရားက အပြောင်း မခိုင်ဘူး။ တို့သဘောအတိုင်း ပြောင်းကြ။ ပြောင်းသမျှမှာ အသေချည်းရခဲ့တယ်။ အင်း ‘ရူးချက်သန်လှချည့်လား’လို့ ဆိုထိုက်, မဆိုထိုက် စဉ်းစားကြ။ တစ်သံသရာလုံး ပြောင်းလာကြတာ အလောင်းနဲ့ချည်း ကြုံကြရတာပဲ။ ဘယ်နေရာ အလောင်းချရပမတုံး? ဆိုပြီး နေရာရွေးနေကြရတယ်။

သတိပြုဖို့က မပြောင်းဘဲ မနေနိုင်ကြရင်ဖြင့် ဒုက္ခချုပ်ရာရောက်ရာ အကျင့်ပဲလို့ မှတ်ကြ။ ဒီဘက်ကိုချည်း ရှေးက ပြောင်းလာခဲ့ကြတယ်။ ဖြစ်မှ ဖြစ်ရပလေတယ် ဒကာတို့ရယ်။ တို့ဒကာတွေစိတ်ထဲမှာ အသက်ကလေးကြီး ရင်ဖြင့် နေရာကျမှာပဲ။ ‘အသက်ငယ်တော့ လူမလေး-ခွေးမခံ့နဲ့၊ သေခါနီးပြန်တော့လည်း ဪ… ငါ သုဂတိ ဘုံဘဝလေးရောက်ရရင် ကောင်းမှာပဲ’တဲ့။ ဒီအရပ်မှာ ဟန်မကျလှဘူး၊ ဘယ်အရပ်သွားပြီး ဘယ်မိတ်ဆွေနဲ့များ ပေါင်းရရင် ကောင်းပမလားဘဲ။ လှုပ်ရှားနေလိုက်တာ သွက်သွက်ကိုခါလို့ပဲ။

အဲ… အခု ဒီအကျင့်ကိုသိတော့ ခြေငြိမ်သွားပြီ။ ဒါလောက်ပြောင်းရရင် တော်လောက်ကြရောပေါ့၊ မတော် လောက်ကြသေးဘူးလား?။ ပြောင်းချင်းပြောင်းရင် ဘယ်ဘက်ပြောင်းမလဲ?။ အဲ ‘ဒုက္ခချုပ်ရာ ရောက်ရာ အကျင့်မှန်’ ဘက် ပြောင်းရမယ်။ ရိပ်မိပလား?။

နည်းမှန်ပြမယ့် ‘ဆရာ’ကိုလည်း ဆည်းကပ်

ပြောင်းချင်တဲ့စိတ်ရှိရုံနဲ့ မပြီးသေးဘူး။ အရေးကြီးတာက နည်းမှန်ပြမယ့် ‘ဆရာ’ကိုလည်း ဆည်းကပ်ပြီး နည်းယူဦးမှ။ ဒါမှမဟုတ်ရင် ဆရာမကောင်းလို့ ဆရာပြောင်းနေရရင် မကောင်းသေးဘူး။ ဒါကြောင့် ဘုရားရှင်က ‘ယထာဘူတံ ဉာဏာယသတ္တာ ပရိယေသိ တဗ္ဗော’ ‘လမ်းမှန်ပြတတ်တဲ့ ဆရာကောင်းကို ရှာရမယ်’လို့ အတိအလင်း မှာတော်မူခဲ့တာပဲ။

ဒီတော့ ဆရာနဲ့ တွေ့ရတုန်း ဆရာက ပြောတာ လိုက်နာကြ။ ‘ယောဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံဘာဝေယျ သတ္တာတံ’လို့ သတိပဋ္ဌာန်မှာ ဟောတဲ့အတိုင်း သတိပဋ္ဌာန်အလုပ် လုပ်ရလိမ့်မယ်။ သတိပဋ္ဌာန်လုပ်ရင် (၇) ရက်နဲ့တောင် ရနိုင်တယ်တဲ့။

သတိပဋ္ဌာန်လုပ်ငန်း မဂ္ဂင်လုပ်ရင် ရက်ကန်းလောက် မကြာပါဘူး (၇) ရက်ပါပဲတဲ့။ (၇) ရက်ဆိုရင် ‘ဒိဋ္ဌေဝ ဓမ္မေ အညာ’တဲ့။ အရဟတ္တဖိုလ်ကို ရနိုင်တယ်ကွတဲ့။ ဒါကြောင့် တို့ဒကာတွေ ကြိုးစားဖို့သင့်တယ်၊ ကြိုးစားထိုက်တယ်၊ ကြိုးစားလိုက်မယ်လို့ ဆုံးဖြတ်ချက်ချ။

ကြိုးစားနည်းကို ပြောရဦးမယ်။ ဒီဒုက္ခချုပ်ရာ ရောက်ရာ အကျင့်ကို ဘာကြောင့် အကျင့်မှန်လို့ ဆိုရသလဲ?။ အဖြေက ရှင်းရှင်းပဲ။ ‘ပဋိစ္စသမုပ္ပါဒ်’ ပြတ်လို့ပဲလို့ မှတ်ကြ။ စာပဋိစ္စသမုပ္ပါဒ်ပြတ်တာကို ဆိုတာမဟုတ်ဘူးလို့မှတ်။

ကိုယ့်ခန္ဓာမှာ အဆက်ဆက်ဖြစ်နေတဲ့ ဒုက္ခစက်ကြီး ဒုက္ခခန္ဓာကြီး ဒုက္ခသစ္စာကြီး အကြွင်းမဲ့ ပြတ်သွားတဲ့ အကျင့်တရားဖြစ်လို့ အကျင့်မှန်လို့ ဆိုရတာပေါ့။ ဒီလို ခန္ဓာအဆက်ဆက်ဖြစ်တာ ပြတ်အောင် ဝိပဿနာရှုမှ ပြတ် မှာ။ မရှုရင် မပြတ်ဘူး။ မလုပ်ဘဲနဲ့ မရဘူး လုပ်မှရမှာပဲလို့ မြဲမြဲကြီးမှတ်ကြ။

တို့ဒကာတွေ ‘ဝဋ်ဘဝတိုတိုနဲ့ ရရပါလို၏’နဲ့ တောင်းယူနေကြတယ်။ ဒီကနေ့ကစပြီး မတောင်းကြနဲ့။ တောင်း ယူရင် တစ်ဆုပ်တစ်ခဲပဲ ရမယ်။ ဒီထက်မပိုဘူး။ တောင်းယူရင် ဒါပဲရမယ် တစ်ဆုပ်တစ်ခဲပဲတဲ့။ လုပ်ယူမှ မဂ္ဂင်အစိုင် အခဲကြီးကို ရကြမှာ။ သဘောပါကြပလား?။

မဂ္ဂင်ဆိုတာ ပွားယူမှရမှာ

တကာတို့တစ်တွေ ဘဝတိုင်းပဲ တောင်းချည့်လာကြတာ မရှက်ကြသေးဘူးလား?။ ကိုယ့်သိက္ခာကိုယ်များ အားနာကြပါဦး။ ဒီကနေ့ကစပြီး ပြင်ကြ။ နောက် ဘုရားရှေ့သွားပြီး တစ်ဆုပ်တစ်ခဲနဲ့ မလုပ်ကြနဲ့။ ဒီလိုသာ တောင်း နေရင် တစ်ဆုပ်တစ်ခဲသာ တန်တဲ့ လူတွေလို့ မဆိုထိုက်ဘူးလား?။ အေး နောက်မတောင်းကြနဲ့။

မဂ္ဂင်ဆိုတာ ပွားယူမှရမှာ ပွားမယူ မရဘူး။ လုပ်ယူမှ ရမှာ တောင်းယူလို့မရဘူး။ ကိုင်း… ဒါဖြင့် ဘယ် လိုလုပ်ယူရမလဲတဲ့။ ဘုရားက ‘ဘာဝေတဗ္ဗံ’ကွတဲ့။ ရုပ်နာမ်တို့ရဲ့ ဖြစ်တာပျက်တာကို ပွားများရမယ်။ ရုပ် နာမ် ဖြစ် ပျက်ပွားနေရင် ကြာတော့ မုန်းလာရော၊ မုန်းတော့ ဆုံးရော၊ ဆုံးသွားတော့ နိဗ္ဗာန်ရတာပေါ့။

ဘာဝေတဗ္ဗ ကိစ္စလို့ ဘုရားက ဟောခဲ့တယ်။ တို့ဒကာတွေက ဘုရားရှေ့ကျ လျှာရှည်ကြတယ်။ တကတည်း ဧရာမဆုတောင်းရှည်ကြီးတွေနဲ့ ဘာတွေညာတွေနဲ့ လျှာရှည်လို့ကို အပြီးမသတ်နိုင်ကြဘူး။

အဲဒါမှ လုပ်ရမယ့်လုပ်ငန်းစဉ်ပဲ

တကယ်လုပ်ရမှာက ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက် မြင်အောင်ပွားရမှာ။ ဖြစ်ပျက်မြင်အောင် ပွားကြ။ နောက် ဖြစ်ပျက် အစဉ်တန်းကြီး ရှည်နေတော့ မုန်းလာအောင်ပွား၊ မုန်းလာတော့ ဆုံးအောင်ပွား၊ အဲဒါမှ လုပ်ရမယ့်အလုပ်၊ လုပ်ငန်းစဉ်ပဲလို့မှတ်။

ရုပ်ကြိုက်ရင် ရုပ်ရှု၊ ဝေဒနာကြိုက်ရင်လည်း ဝေဒနာတွေ့တိုင်း တွေ့တိုင်းရှု၊ ရှုတဲ့အခါတော့ ဝေဒနာမရှုဘဲ ဖြစ်ပျက်မြင်အောင်ရှု ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်ကိုသာပွား၊ စိတ်ကြိုက်ရင်လည်း စိတ်ရှောင်ပြီး ဖြစ်ပျက်ကိုသာ မြင်အောင်ပွား၊ ရှင်းပလား?။

မပွားရင် ဖြစ်ပျက်မမြင်ဘူး။ ဖြစ်ပျက်မမြင်သေးရင် ကိုယ့်ခန္ဓာ ကိုယ်မမုန်းသေးဘူး။ မမုန်းရင် ‘နိဗ္ဗိန္ဒဉာဏ်’ မရ၊ နိဗ္ဗိန္ဒဉာဏ်မရတော့ နိဗ္ဗာန်မရဘူးပေါ့။

ဒါကြောင့် ရုပ်နာမ် ဖြစ်တိုင်း၊ ပျက်တိုင်း ဖြစ်ပျက်မြင်အောင် ပွား။ ပွားတော့ မဂ္ဂင်ဝမ်းထဲရောက်မယ်။ မဂ္ဂင်ဝမ်းထဲရောက်တော့ မဂ်ကို ရတော့တာပေါ့။ ပေါ့ပေါ့တန်တန် မဖြစ်စေနဲ့။ လုပ်ရင် လုပ်သလောက် အကျိုးရမယ်။

ဘာမှမလုပ်ရင် ဘာမှမရဘူး။ အနှေးအမြန်ရဖို့ရာ ဒကာတို့ရဲ့ ကြိုးစားမှုပေါ်မှာတည်တယ်။ ကဲ… ရှင်း ကြပလား?။

ကိုင်း… ဒီနေ့ ဒီတွင်တော်ကြဦးစို့။

**********