20102

မြုပ်မျောရှောင်ကြဉ် ဆန်လမ်းယှဉ်တရားတော်

လမ်းသုံးသွယ်-

(၁) ကာမသုခလ္လိကာနုယောဂ၊ လကျ်ာစွန်း အယုတ်တရား မျောလမ်း။(၂) အတ္တကိလမထာနုယောဂ၊ လက်ဝဲစွန်း အယုတ်တရား မြုပ်လမ်း။(၃) မဇ္ဈိမပဋိပဒါ၊ အလယ်ဗဟို အမြတ်တရား၊ ဆန်လမ်း နိဗ္ဗာန်လမ်း။

ဆောင်ပုဒ်-

မြုပ်, မျောရှောင်ကြဉ်၊ ဆန်လမ်းယှဉ်၊ အေးယာဉ်နိဗ္ဗူတာ။

အေးခွင်ရောက်မှု၊ စိတ္တာနု၊ ပွားရှုသတိပါ။

ရှေ့စိတ်ဖြစ်ပျက်၊ နောက်ဉာဏ်သက်၊ ဆက်ဆက်စဉ်တိုင်းသာ

ဖြစ်ပျက်မြင်မုန်း၊ ဖြစ်ပျက်ဆုံး၊ ကြာဦးခုနစ်ရက်တာ။

တရားသား။

ဒုက္ခနိရောဓနဲ့ ဂါမိနီပဋိပဒါ

ဒီကနေ့ညမှာ လွယ်လွယ်နဲ့ မှတ်ဖို့ပြောရမယ်။ ဘာလဲဆိုတော့ ‘ဒုက္ခနိရောဓနဲ့ ဂါမိနီပဋိပဒါ’လို့ မှတ်ထားကြ။ အဲဒါ ‘သစ္စာဆိုတဲ့’ အမှန်တရားပါပဲ။ မှတ်တော့ တစ်ပုဒ်စီခွဲပြီး မှတ်ပေါ့။

ဒုက္ခနိရောဓ,က ဒုက္ခ၏ချုပ်ရာ။

ဂါမိနီပဋိပဒါ,က ဒုက္ခချုပ်ရာ ရောက်ရာ အကျင့်မှန်၊ အမှန်တရား၊ ဒီအမှန်တရားကို ကိုယ်ပိုင်ရမှသာ ဒုက္ခ ချုပ်မှာ။ ကိုယ်ပိုင်မရရင် ဘယ်တော့မှ ဒုက္ခမချုပ်နိုင်ဘူး။

ကမ္ဘာလောကဓာတ်ကြီးထဲမှာ ဒုက္ခကြောက်သူ၊ ဆင်းရဲကြောက်သူတို့ရဲ့ ကိုးကွယ်ရာ၊ ဆည်းကပ်ရာ၊ အားထား စရာ၊ လက်ကိုင်ပြုစရာ အိတ်ဆောင်တရားပဲလို့ မှတ်ထားကြ။

ဒီတရားဟာ လောကမှာ အမှန်ဆုံးတရား။ ဒီထက်မှန်တဲ့တရား မရှိတော့ပါဘူး။ တရားကိုယ်ကတော့ ‘မဂ္ဂင် ရှစ်ပါး’။ ဒီမဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်တရားဟာ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အကျင့်တရား အမှန်အကန်ဆုံး တရားပဲ။

အဲဒီ ဒုက္ခချုပ်ရာနိဗ္ဗာန်ဟာ ခြေလျင်၊ လေယာဉ်နဲ့ သွားသွား၊ အဘိညာဉ်ဈာန်ယာဉ်နဲ့ပဲ သွားသွား ဘယ်လို နည်းနဲ့သွားလို့မှ မရောက်နိုင်ကြပါဘူး။ ဒီတော့ ဘာနဲ့သွားရမလဲ?။ ဒီမဂ္ဂင်အကျင့်နဲ့ သွားရမယ်။ ဒီမဂ္ဂင်အကျင့်ကို ကျင့်မှ အားထုတ်မှသာ ရနိုင်ကြမယ်။ ရှင်းကြပလား?။

မဂ္ဂသစ္စာ အကျင့်ဆိုတာမှာ ‘မဂ္ဂ’က နိဗ္ဗာန်သွားရာ လမ်းကြောင်း၊ ‘သစ္စာ’က အမှန်၊ အဲဒီတော့ နိဗ္ဗာန်သွား ဖို့ လမ်းအမှန်ဆိုတာ မဂ္ဂင်ရှစ်ပါးအကျင့်ပဲလို့ မြဲမြဲမှတ်ထားကြ။

သတွာတွေဟာ ဘာကို ကိုးစားရမယ်၊ ဘာကို အားထားရမယ်လို့ မသိရှာကြဘူး။ မသိကြတော့ ဟိုပြောင်း ဒီပြောင်း၊ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အမျိုးမျိုး အစားစားပေါ့။ ချမ်းသာသုခ ရကြမလားဆိုပြီး ရှာလိုက်ကြ၊ ဖွေလိုက် ကြ၊ ပြောင်းလဲနေလိုက်ကြတာ ဒုက္ခနဲ့ချည်း တွေ့နေကြရတော့တယ်။

ဒါဘာကြောင့်လဲဆိုတော့ သုခရောက်ရာ နိဗ္ဗာန်ရောက်ရာအကျင့်က မမှန်ကြလို့ ရမ်းလုပ်ကြ၊ ရမ်းလုပ်တော့ ဒုက္ခနဲ့ပဲ စခန်းသိမ်းကြရရှာတာပေါ့။ အဲဒီဒုက္ခတွေဟာ ပဋိသန္ဓေ အို၊ နာ၊ သေဆိုတဲ့ ဘယ်တော့မှ အစမသတ်နိုင်တဲ့ ဒုက္ခအစု ဒုက္ခမှုတွေပဲ။

မျက်စိလည်နေကြတယ်

တို့ဒကာတွေဟာ မျက်စိလည်နေကြတယ်။ ကြပ်ကြပ်စဉ်းစားကြ။ နတ်ပြည်ရောက်တော့ ချမ်းသာနိုးနိုး အား ကိုးတကြီးတစ်ခုနဲ့ တောင့်တကြ။ အဲ ချမ်းသာမလား?၊ ဝေးပါသေးတယ်။ နတ်ပြည်ရောက်တော့ နတ်မသာနဲ့တွေ့ နတ်အလောင်းကြီး ထမ်းကြရ။ ဗြဟ္မာပြည်ရောက်တော့လည်း ဒီလိုပဲ။ အလွန်ကြီးမားလေးလံတဲ့ ဗြဟ္မာမသာ, ဗြဟ္မာ အလောင်းကြီးတွေ ထမ်းကြရပြန်တယ်။

ဒီအခြေမျိုးနဲ့ဖြင့် ဘယ်ဘုံ၊ ဘယ်ဘဝမှာမှ ချမ်းသာရာရတယ်လို့ မရှိဘူး။ ချမ်းသာရှာပါသော်လည်း ဆင်းရဲ နဲ့ချည်းသာ တွေ့နေကြရတယ်။ မရှိတဲ့နေရာ သွားရှာတော့ ဘယ်မှာရနိုင်ပါမလဲ?။

ဒါ ဘာကြောင့်လဲ? ဒုက္ခချုပ်ရာရောက်ရာ အကျင့်က မှားနေကြလို့ တို့ဒကာတွေ ဒီတစ်ခါမှလွဲကြရင်တော့ မဟာအလွဲတော်ကြီးနဲ့ ကြုံရတော့မယ်။ ဒီတော့ ဘာလုပ်ရမလဲ? သစ္စာအကျင့်ကို ကျင့်ရလိမ့်မယ်။ ကျင့်ရမှာက အမှန်တရား သစ္စာအကျင့်ဖြစ်တဲ့ မဂ္ဂင်အကျင့်လို့ မှတ်လိုက်ကြ။

ဘုရားရှင်က ဘယ်လိုဟောပါသလဲ?။ “ငါနိဗ္ဗာန်ရတာဟာ ဒီမဂ္ဂင်အကျင့်ကို ကျင့်မှရတာ။ ဒီအကျင့် မကျင့် ခင်က မရခဲ့ဘူး” ဥပမာ- ပင်လယ်ကူးတဲ့ လူလိုပဲလို့မှတ်။ ပင်လယ်ပြင်မှာ တစ်ဖက်ကမ်းရောက်အောင် ကူးတဲ့သူဟာ အပန်းတကြီး ဒုက္ခကြီးခံပြီး တအားကူးပြန်ရင်လည်း မျောမှာပဲ။ လုံ့လလျော့ပြီး မကူးမခတ်ဘဲ နေပြန်ရင်လည်း မြှုပ်တော့မှာပဲ။

ဒီဥပမာလိုပဲ ခဲခဲယဉ်းယဉ်း အပန်းတကြီး ဒုက္ခကြီးခံပြီး ကျင့်ခဲ့ရတဲ့ ဒုက္ကရစရိယာ အတ္တကိလမထာနုယောဂ အကျင့်နဲ့လည်း ဘုရားမဖြစ်ခဲ့ဘူး။ သက်သက်သာသာ ကာမသုခလ္လိကာနုယောဂလမ်းကလည်း မြှုပ်မယ့်လမ်းပဲ။

အလယ်လမ်းကို လိုက် ကြ

ဒါကြောင့် မင်းတို့သာဝကတွေ နိဗ္ဗာန်ရချင် ချမ်းသာချင်ကြရင် မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းကို လိုက် ကြ၊ အလယ်လမ်း မဇ္ဈိမပဋိပဒါအကျင့် ကျင့်ကြလို့ ဟောတော်မူခဲ့တယ်။ ကိုင်း… ရှင်းကြပလား?။

တို့ဒကာတွေဟာ လောကမှာ ဘာသာတွေကလည်း အမျိုးမျိုး အထွေထွေ ဝါဒတွေကလည်း အဖုံဖုံဆိုတော့ ဆရာမျိုးကလည်း စုံတာပေါ့။ ဒါနဲ့ပဲ တရားတွေ ဟုန်သွားကြမယ်။ ဒီတော့ တရားမှန်ကို ရွေးချယ်တတ်ဖို့ အလွန် အရေးကြီးတယ်။ တရားမှန်ရအောင် ရွေးချယ်ယူကြ။

ဒါကြောင့် အစွန်းနှစ်ပါး အယုတ်တရားနှစ်ခုကိုရှောင် မဇ္ဈိမအလယ်လမ်း မဂ္ဂင်အကျင့်ကို ဆောင်ထားရမယ် လို့ တိုက်တွန်းလိုက်ပါတယ်။ ဆိုလိုရင်းက မြုပ်မျောရှောင်၊ ဆန်လမ်းကို ဆောင်ကြရမယ်၊ အလယ်လမ်း မဂ္ဂင်လမ်းကို လက်ကိုင်ထားကြရမယ်တဲ့။

ဒီမဂ္ဂင်လမ်းဆိုတာ ဘာဝေတဗ္ဗလမ်း၊ ပွားများမှ ရမယ့်လမ်း၊ ပွားများပြီး သွားရမယ့်လမ်းပဲ။ ပွားများမှုအဆုံး မှာ နိဗ္ဗာန်ရမှာပါ။ မပွားရင် မရဘူး။ လုပ်မယူရင် မရနိုင်ဘူး။ လုပ်ယူမှသာ ဧကန်ရကြမှာလို့ မြဲမြဲမှတ်ထားကြ။

ဘယ်မှာပွားရမလဲ

ဒါဖြင့် ဘယ်မှာပွားရမလဲ? ခန္ဓာမှာ ပွားရမှာပဲ။ ခန္ဓာမှာ ပွားယူမှ မပျက်မစီးနိုင်တဲ့ ခိုင်တဲ့မြဲတဲ့ နိဗ္ဗာန်ကို ရကြမယ်။ ရှင်းကြပလား?။

ခန္ဓာမှာကော ဘယ်သူ့ကို ပွားရမှာလဲ? အပေါင်းကို မဟုတ်ဘူး။ အစိတ်အစိတ်ကိုသာ ပွားရမှာ။ ခန္ဓာကို ငါးစိတ်စိတ်၊ ငါးပုံပုံလိုက်။ ငါးပုံက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် အဲဒီလိုပုံထား။ အဲဒီငါးပုံကို ဉာဏ်နဲ့ ပရိ ညေယျတဲ့။ ဉာဏ်နဲ့ ပိုင်းခြားလိုက်ပါတဲ့။ ဉာဏ်နဲ့ မစိတ်နိုင်ရင် အပေါင်းဖြစ်နေမယ်။ အပေါင်းဖြစ်နေသေးရင် ပညတ် ဖြစ်နေလိမ့်မယ်။ ဉာဏ်နဲ့စိတ်မှ ဉာဏ်နဲ့အစိတ်ကို တွေ့အောင်ကြည့်နိုင်မှ ပရမတ်ဖြစ်မယ် သတိပြုကြ။

အဲဒီငါးပုံထဲကမှ ကြိုက်တာတစ်ခုကို ကိုင်ထား။ ကိုယ်ကြိုက်ကိုင်ပေါ့။ လွယ်ကူအောင်ဟာ တခြားမကိုင်နဲ့ စိတ်ကိုကိုင်။ စိတ်ကိုကိုင်ရင် ဒီပြင်ဟာ အကုန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝိညာဏက္ခန္ဓာ ပြဋ္ဌာန်းလို့ပဲလို့မှတ်။ ဒါကြောင်း…’မနော ပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနော သေဋ္ဌော မနောမယာ’လို့ ဓမ္မပဒ ပါဠိတော်မှာ ဘုရားရှင် ဟောတော်မူ တာပေါ့။

အခုကိုပဲ နားထောင်ကြည့်ပါလား။ ငါ့စိတ်မစမ်းနဲ့ ငါ့စိတ်က မရဘူး။ ငါ့စိတ်က ဆိုးမိရင် သူများနဲ့ မတူးဘူး နဲ့ ပြောပြောနေကြတာ စိတ်ပေါ်မှာ ‘ငါ’စွဲအားကြီးတယ်။ ဒီတော့ စိတ်ကိုကိုင်ရင် ထင်ရှားတယ်၊ လွယ်ကူတယ်။

ကိုယ့်စိတ်အကဲ ကိုယ်ခတ်ကြ

ရှင်သာရိပုတ္တရာမထေရ်ကလည်း ‘ကိုယ့်စိတ်ကို အကဲခတ်ကြ၊ သူများစိတ်ကို အကဲမခတ်ကြနဲ့၊ သူများစိတ် အကဲခတ်ဖို့ထက် ကိုယ့်စိတ်အကဲခတ်ဖို့က လွယ်ကူတယ်၊ ကိုယ့်စိတ်အကဲ ကိုယ်ခတ်ကြ’လို့ ဟောတော်မူခဲ့တယ်။

အကဲခတ်နည်းက (၁) စိတ်ကိုနောက် (၂) စိတ်နဲ့ အကဲခတ်ရမယ်။ ရှေ့စိတ် (၁) ကို အကဲခတ်တဲ့။ နောက် စိတ် (၂) က မဂ်ပဲ။ ဒီလို အကဲခတ်တဲ့စိတ်က မဂ်ဖြစ်တော့ အဲဒီစိတ်ဟာ မဂ္ဂင်ဖြစ်တာပေါ့။ ဒါကြောင့်… ရှေ့စိတ် ကို နောက်စိတ်နဲ့ အကဲခတ်ကြ။

အကဲခတ်နည်းက အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာရင် အဲဒီအိပ်ချင်စိတ်ကလေးကို အကဲခတ်လိုက်။ ဒီလို အကဲခတ်ရမယ်ဆိုတာ ဘုရားရှင်ကလည်း ဟောတယ်။ ရှင်သာရိပုတ္တရာကလည်း ဟောခဲ့တယ်။ ဘုန်းကြီးကလည်း ဟောလိုက်ပါတယ်။

အိပ်ချင်စိတ်ကလေးဟာ ‘သံခိတ္တံ ဝါစိတ္ထံ သံခိတ္တံ ဝါစိတ္တန္တိပဇာနာတိ’တဲ့။ မြန်မာလိုတော့ ထိန၊ မိဒ္ဓ၊ စိတ် ဖြစ်ရင် ထိန၊ မိဒ္ဓစိတ်ဖြစ်တယ်လို့ သိပါ။ ရှုတဲ့အခါမှာ ဒီစိတ်ဟာ ဖြစ်လည်းဖြစ်တယ် ဖြစ်ပြီးလည်း ပျက်တာပဲလို့ တွေ့ရမယ်။ အဲဒီလို ဖြစ်လာလိုက်၊ ပျက်သွားလိုက်၊ အကဲခတ်ပါများတော့ ဖြစ်ပြီးပျက်တာချည်းပဲ တွေ့ရ သိရမယ်။

ဒီလိုသိတော့ ‘ဖြစ်ပြီးပျက်တာ အနိစ္စ၊ သိတာ မဂ္ဂ’ အကဲမခတ်ဘဲထားတော့ ကံဘက်သွားမယ်။ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာမရဏ၊ သောက၊ ဒုက္ခတွေ ဆက်သွားလိုက်ဦးတော့ပဲ။ ဆုံးကွက် မမြင်တော့ဘူး။ ဒုက္ခပင် ပြန်စိုက် ဒုက္ခသီးတွေ သီးကြဦးပဲ။

အဲဒါ ပွားရမှာကို မပွားမိလို့ ကာမသုခလ္လိကာနုယောဂ လမ်းရောက်သွားရတာပဲ ကြောက်စရာပါလား။ နောက်ဆက်ပြီး ဥပါယာသ၊ အဝိဇ္ဇာ၊ လာလေဦးတော့မယ်။ အိပ်ချင်တာက လောဘ ကာမဂုဏ်လမ်း။ ကာမဂုဏ် လမ်းက မျောလမ်း။ တောက်လျှောက် မျောလေဦးတော့။ မကောင်းတာချည်း မျောရမှာပါ။

အိပ်ချင်ရင် အိပ်ချင်စိတ်ကို ရှုပြီး အိပ်ပါ။ မဂ္ဂင်ဖြစ်တယ်။ ရှုရင်းနဲ့ အိပ်ပျော်ပစေ တို့ဒကာတွေဟာ ကိုယ် ကိုယ်တိုင်တော့ ခုထိမအိပ်တတ်ကြသေးဘူး။ ကလေးတော့ သိပ်တတ်ကြတယ်။ ဒီအိပ်နည်းနဲ့ မအိပ်ဘူးကြသေးဘူး မဟုတ်လား?။

‘ထိနမိဒ္ဓံ ပဉ္စသု သသင်္ခါရိက စိတ္တေသု’လို့ဆိုတော့ အိပ်ချင်တဲ့အခါ လောဘနဲ့ ဒေါသဖြစ်တာပဲ။ လောဘက ပြိတ္တာ၊ ဒေါသက ငရဲကြီးရှစ်ထပ်ပို့၊ မရှုဘဲအိပ်ရင် တော်ပါ့မလား? စဉ်းစားကြ။ မရှုမိရင် သွားလေသေး သောက၊ ပရိဒေဝ(လ) အဝိဇ္ဇာ သံသရာကြီး လည်ကြဦးတော့မယ်။

ဒီလိုတရားမျိုး နာရတာ အင်မတန်ကံကောင်းလို့

ဒီခေတ်အခါ ဒီလိုတရားမျိုး နာရတာ အင်မတန်ကံကောင်းလို့ မှတ်ရမယ်။ သေလွန်သွားကြတဲ့ မိဘ၊ ဘိုးဘွား တွေ၊ ဆွေမျိုးဉာတကာတွေ ဒီတရားမျိုး ကြားနာရဖို့ အခွင့်မရကြဘူး မလွယ်ခဲ့ကြဘူး။ တို့ဒကာတွေမှ ကံကြီးလို့ နာရတာ။ ဟောတဲ့ပုဂ္ဂိုလ်နဲ့လည်း ကြုံကြိုက်ဦးမှ။ ထောင်နိုင်တဲ့နားလည်း ရှိဦးမှ အင်မတန်မှ ရခဲတယ်လို့ မှတ်ရမယ်။ ကြိုးစားပြီး နာကြ၊ ကြိုးစား လိုက်နာကြ။

တို့ဒကာတွေ ငိုက်တတ်ကြပလား? ငိုက်တတ်ကြပါစေ။ မိဘရိုးရာနဲ့ မိရိုးဖလာ မငိုက်မိကြစေနဲ့။ ကိုယ့်ဟာ ကိုယ် ဒီသောက်တောင် အိပ်ချင်ရမလားဆိုပြီး ဆွဲလိမ်၊ ပုတ်ခတ်ပစ်၊ ဖျစ်ညှစ်ပလားဆိုရင် အတ္တကိလမထာ နုယောဂ လမ်းပဲ။ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့လမ်း၊ သံသရာမြုပ်လမ်းလို့မှတ်။ တို့တကာတွေ ဒီကနေ့ကစပြီး မူပြောင်းကြ၊ ရှုပွားပြီးအိပ်ကြ။

ဘုရားက သတိပဋ္ဌာန်းမှာ ‘သံခိတ္တံဝါစိတ္တံ၊ သံခိတ္တံဝါစိတ္တန္တိပဇာနာတိ’လို့ ဟောတော်မူတယ်။ သံခိတ္တဆိုတာ ငိုက်တတ်တဲ့စိတ်ကို ဆိုတာ။ ပျံ့လွင့်တဲ့စိတ် တောင်ပြေး၊ မြောက်ပြေး ပြေးတဲ့စိတ်က ဥဒ္ဓစ္စ။ ဒါလာလည်း ရှုပစ်။ အဲဒါကို ‘ဝိက္ခိတ္တံဝါစိတ္တံ ဝိက္ခိတ္တံဝါစိတ္တန္တိ ပဇာနာတိ’လို့ ဟောတယ်။ အဲဒါ ဖြစ်ပျက်ဖြစ်ပျက်လို့ ရှုပစ်လိုက်ပါ။

မရှုမိရင် ဥဒ္ဓစ္စ။ အဲဒါ မောဟပဲ။ မောဟဆိုတော့ အဝိဇ္ဇာ။ အဝိဇ္ဇာကစပြီး ဆက်တိုက် မျောကြဦးမယ်။ ရှုတော့ ဥဒ္ဓစ္စဖြစ်ပျက် အဝိဇ္ဇာချုပ်၊ အဝိဇ္ဇာစက် အစကချုပ်တော့ ကျန်တာ အကုန်ချုပ်။ သံသရာစက်ပြတ်ကရော။ ခန္ဓာဒုက္ခဆုံးတဲ့လမ်းပဲ။ အဲဒါ မဇ္ဈိမပဋိပါဒ အလယ်လမ်းပဲ။

စိတ်ပျက်ရင်လည်း စိတ်ပျက်တာကို ဘုရားက ရှုဖို့ ဟောတယ်။ မဟန်လို့ မရှုတော့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက် လည်မယ်။ အဲဒါ မျောလေဦးတော့။ မျောလမ်းပဲ။ မစ္ဆေရဆိုတာ ဒေါသ။ ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှု၊ ရှေ့က ဖြစ် ပျက် နောက်က မဂ်လာပစေ။

ကိလေသာကြား မခိုဖို့ အရေးကြီးတယ်

ဘုရားရှိခိုးစိတ်လည်း ဖြစ်ပျက်ရှုပေး။ ပေါ်လာသမျှ မလစ်ရအောင် အစဉ်အတိုင်း ရှုပေး။ ကိလေသာကြား မခိုဖို့ အရေးကြီးတယ်။ ကိလေသာ ကြားမခိုရင် (၇) ရက်နဲ့ နိဗ္ဗာန်ရနိုင်တယ်။

ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော်မှာ ဘုရားရှင်က-

”ယောဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တာဟံ၊ တဿ ဒွိန္နံ ဖလာနံ

အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ သတိဝါသဥပါဒိ သေသေ အနာဂါမိတာ”လို့ ဟောတော်မူထားတယ်။ သံသယမဖြစ်ကြပါနဲ့။ ကြိုးစားအားထုတ်ရင် ကြာလှ (၇) ရက်ပါပဲ။

ကိလေသာ မခြားဖို့က ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်လို့ ဖြစ်ပျက်နဲ့မဂ် ဆက်သွားရင် ကိလေသာ ကြားမခိုနိုင် တော့ဘူး။ ကိလေသာ ကြားခိုခွင့်မရရင် နိဗ္ဗာန်ရောက်ဖို့ သေချာပြီလို့ မှတ်ကြ။

အဲဒါ အလုပ်လုပ်ရမယ့်ကိစ္စ၊ ဆုတောင်းကိစ္စမဟုတ်ဘူး။ အပြောကိစ္စလည်း မဟုတ်ဘူး။ လုပ်ရခဲအလုပ်၊ လုပ်ယူမှသာ ရကြမှာ။ အတောင်းအရမ်းတွေ လျှော့ကြ၊ ရပ်မိကြပလား?။

ဘယ်စိတ်ရှုမလဲ? ကိုယ့်သန္တာန်မှာ ပေါ်သမျှစိတ် ရှုပစ်၊ အနိစ္စနဲ့ မဂ္ဂပဲ ရှိနေရမယ်။ ရှုပါများလာတော့ အပျက်တွေချည်း မြင်ရမယ်။ အပျက်ချည်း မြင်ပါများတော့ မုန်းလာရော။ အမုန်းအားကြီးတာနဲ့ ဆုံးတာနဲ့ တစ်ချက် တည်းပဲ။

ကိုင်း… နက်ဖြန်မှ ဆက်ကြစို့။

**********