13609

မာတိကာသို့

ခန္ဓာထဲရှိကောင်းသောတရားနှင့် မရှိကောင်းသောတရား

ကျေးဇူးတော်ရှင် – အမရပူရမြို့

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့-ဓမ္မာရုံ၌ဟောကြားတော်မူသော

ခန္ဓာထဲရှိကောင်းသောတရားနှင့် မရှိကောင်းသောတရား

အလုပ်ပေးတရားတော်

(၁-၁၂-၁၉၆၁)

ရှိကောင်းတဲ့တရား ဆိုတာကသမ္မာဒိဋ္ဌိ

တရားနာကြတယ်ဆိုတဲ့ ဥစ္စာက ဘာပါလိမ့်မတုံးလို့မေးလို့ရှိရင်ဖြင့် ခန္ဓာထဲမှာ ရှိကောင်းတဲ့တရားနဲ့ မရှိကောင်း တဲ့တရားကိုသိဖို့ တရားနာကြတယ်လို့ မှတ်ရမယ်နော်(မှန်ပါ့)။

တရားနာကြတဲ့ ဒကာ ဒကာမတွေသည် ဘယ့်နှယ်ကြောင့် တရားနာကြပါလိမ့်မလဲလို့ အမေးထုတ်လို့ရှိရင် ခန္ဓာထဲမှာ ရှိကောင်းတဲ့တရား၊ ခန္ဓာထဲမှာ မရှိကောင်းတဲ့တရား ဒီနှစ်ခုကို သိဖို့တရားနာ ကြပါတယ်(မှန်ပါ)၊

ခန္ဓာထဲမှာ ရှိကောင်းတဲ့တရား ဆိုတာက မောင်ဘသော်တို့ ဒကာကြွယ်တို့က မှတ်ပါ၊ သမ္မာဒိဋ္ဌိ။ ရှိကောင်းတယ်(မှန်ပါ)၊ ခန္ဓာထဲ မရှိကောင်းတဲ့တရားက မိစ္ဆာဒိဋ္ဌိ။ မရှိကောင်းဘူး(မှန်ပါ)။

ခန္ဓာထဲရှိကောင်းတာက (သမ္မာဒိဋ္ဌိပါ ဘုရား)၊ ခန္ဓာထဲမရှိကောင်းတာက (မိစ္ဆာဒိဋ္ဌိပါ ဘုရား)။

ဪ ဒကာကြွယ် ဒီနှစ်ခုဟာ သိပ်အရေးကြီးပါတယ်(မှန်ပါ)၊ ဒီနှစ်ခုကို ဒကာ ဒကာမတွေ ဒီနေ့ ရှင်းလင်း ပြောရမယ်(မှန်ပါ)၊ တရားနာကြတယ်ဆိုတာ ခန္ဓာထဲမှာ ရှိကောင်းတဲ့တရားနဲ့ မရှိကောင်းတဲ့တရားကို ရွေးချယ်ပြီး သကာလ ရှိကောင်းတဲ့တရားကို များများရှိအောင်၊ မရှိကောင်းတဲ့ တရားကို ပယ်နိုင်ရအောင် ဒါအရေးကြီးပါတယ် ဆိုတဲ့ ဥစ္စာသေသေချာချာ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။

ကိုင်း-ဒါဖြင့်ပြောကြပါစို့တဲ့။ ဒကာ ဒကာမတွေ အခုလို သံသရာကြီးရှည်ပြီး သကာလ ဒီ ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီးအတိုင်း အိုလိုက်၊ နာလိုက်၊ သေလိုက် ထပ်ပြီး သကာလ နေတာဟာ မရှိကောင်းတဲ့ တရားရှိနေလို့ (မှန်ပါ)၊ ရှိကောင်းတဲ့တရား ရှိမယ်ဆိုလို့ရှိရင်လဲ အိုလိုက်၊ နာလိုက်၊ သေလိုက် ဆိုတဲ့ ခန္ဓာဇာတ်ဟာ ရပ်စဲပြီး သကာလ အအို၊ အသေ သိမ်းပါပြီ(မှန်ပါ့)။

သံသရာရှည်တာဟာ ဘယ့်နှယ်ကြောင့်

ဒါဖြင့် ဒကာကြွယ်တို့ သံသရာရှည်တာဟာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး မေးလို့ရှိရင်ဖြင့် တရားက မနာခဲ့ရ တော့ ခန္ဓာထဲရှိကောင်းတဲ့ တရားကိုလဲ မသိဘူး (မသိပါဘူး ဘုရား)၊ မရှိကောင်းတဲ့တရားကော (မသိပါဘူး ဘုရား)၊ အဲဒီ မသိမှုတွေထပ်နေလို့ ဤကဲ့သို့ အရှုပ်အထွေးတွေ ဖြစ်ပြီး သကာလ သံသရာထဲမှာ အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အဖော်လုပ်ပြီးနေရတယ် ဆိုတာဖြင့် ရိပ်မိကြပါပြီ (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှိကောင်းတဲ့တရားဆိုတာသည် သမ္မာဒိဋ္ဌိ(မှန်ပါ)၊ မရှိကောင်းတဲ့ တရားက (မိစ္ဆာဒိဋ္ဌိပါ)၊ ဒါက အရေးအကြီးဆုံး အချက်ပဲ မှတ်ပါ့(မှန်ပါ)။

ဒကာ ဒကာမတို့၊ ခန္ဓာထဲမှာ ရှိတာက ဖြစ်မှုပျက်မှု အနိစ္စ ဒုက္ခ အနတ္တတွေ ရှိပါတယ်(မှန်ပါ)၊ ခန္ဓာထဲမှာ နဂိုရှိနေတာက သဗ္ဗေ သင်္ခါရ အနိစ္စ။ အနိစ္စာ ဝဘ သင်္ခါရာဆိုတဲ့အတိုင်း အနိစ္စနဲ့ သင်္ခါရပဲ ရှိတယ်(မှန်ပါ) တစ်နည်း သဗ္ဗေ သင်္ခါရ အနိစ္စ၊ သဗ္ဗေသင်္ခါရာ ဒုက္ခ သဗ္ဗေ ဓမ္မာ အနတ္ထ ဆိုတာ ဒါတွေပဲရှိတယ်(မှန်ပါ)။

အတိုချုံးလိုက်တဲ့အခါ ကျတော့ ခန္ဓာကိုယ်ထဲမှာ ဖြစ်မှုပျက်မှုပဲရှိတယ်(မှန်ပါ) ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် ဒါပဲ ရှိပါတယ် (မှန်ပါ)။

အဲဒါရှိတာကို မိစ္ဆာဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်မှုပျက်မှု ရုပ်နာမ်ဓမ္မကို ယောကျာ်းပဲ မိန်းမပဲ ငါပဲ သူပဲ လို့ထင်တယ်။ မရှိကောင်းတဲ့တရား ရှိနေပြီဆိုရင် ဖြစ်မှု ပျက်မှုတရားကို ငါ သူတစ်ပါး ယောကျာ်းမိန်းမ လုပ်တယ် (မှန်ပါ)။

ဖြစ်မှုပျက်မှုခန္ဓာကြီးကို ဘာလုပ်ပါလိမ့်

ဖြစ်မှုပျက်မှုခန္ဓာကြီးကို ဘာလုပ်ပါလိမ့် (ငါ သူတစ်ပါး ယောကျာ်း မိန်းမ လုပ်နေပါတယ် ဘုရား)။

အဲဒါက မှတ်ကြစမ်းပါ တရားတစ်ပွဲလုံး မရှိကောင်းတဲ့ တရားဆိုတာ ဘာပါလိမ့် (မိစ္ဆာဒိဋ္ဌိပါ)၊ မိစ္ဆာဒိဋ္ဌိဆို တာ ဖောက်ပြန်ပြီး သိနေတဲ့အရှိ(မှန်ပါ ဘုရား)၊ ဖောက်ပြန်ပြီး သိနေတဲ့တရားရှိနေလို့ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

ခန္ဓာထဲမှာ တကယ်ရှိတာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မဟောလဲ အနိစ္စ ဒုက္ခ အနတ္တပဲ ရှိတာပဲ (မှန်ပါ)။ ဟောပြန်တော့လဲ (အနိစ္စ ဒုက္ခ အနတ္တ ပဲရှိပါတယ် ဘုရား) အနိစ္စ ဒုက္ခ အနတ္တ ပဲရှိတယ်လို့ပဲ ဟောတာပဲ (မှန်ပါ)၊ ဒကာ ဒကာမတွေ သန္တာန်မှာ မရှိကောင်းတဲ့ တရားက ရှိပြီနေပြီဆိုမှဖြင့် ဒီ အနိစ္စ ဒုက္ခ အနတ္တတွေကိုပင်လျှင် ငါပဲ သူပဲ ယောကျာ်းပဲ မိန်းမပဲလို့ လုပ်နေကြတယ်(မှန်ပါ ဘုရား) ဘယ်တရားပါလိမ့်မလဲလို့ အကဲခတ်ကြည့်တော့ မရှိကောင်းတဲ့တရား ရှိနေလို့ (မှန်ပါ့) သဘောပေါက်ကြပြီလား (ပါ ပါပြီ)။

အဲဒါ တရားမနာရလိုရှိရင်ဖြင့် မရှိကောင်းတဲ့တရားဟာ အမြဲရှိတာဘဲ(ရှိပါတယ် ဘုရား)၊ တရားနာရမှ ရှိကောင်းတဲ့တရား ရှိလာတာ(မှန်ပါ)။

တရားမှ မနာရတဲ့ပုဂ္ဂိုလ်များမှာ

ဒါဖြင့် တရားမှ မနာရတဲ့ပုဂ္ဂိုလ်များမှာဖြင့် မရှိကောင်းတဲ့တရား ရှိနေမှာပဲ(မှန်ပါ)၊ မရှိကောင်းတဲ့တရား၊ ရှိနေပြီဆိုမှဖြင့် မရှိကောင်းတဲ့တရားက မိစ္ဆာဒိဋ္ဌိ(မှန်ပါ)၊

မိစ္ဆာဒိဋ္ဌိဆိုတော့ သူ့အဖော်က လိုက်တာတယ်။ ဒိဋ္ဌိဥပါဒါန် လိုက်လာတယ်(မှန်ပါ)၊ ဒိဋ္ဌိဥပါဒါန်ပြီးတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံလိုက်လာတယ်(မှန်ပါ) ကံလိုက်လာပြီဆိုမှဖြင့် ကမ္မ ဘဝ ပစ္စယာ ဇာတိ ဒုက္ခ သစ္စာလိုက်လာတယ်(မှန်ပါ)၊ မလိုက်ဘူးလား(လိုက်ပါတယ် ဘုရား) အဲဒါ စဉ်းစားစမ်းပါ၊ ဒကာ ဒကာမတို့ တရားမနာတော့ မရှိကောင်းတဲ့တရား ရှိနေတယ် (မှန်ပါ)။

ဒိဋ္ဌိပါဒါန်ဆိုသဖြင့် ဒိဋ္ဌိတရားကိုယ် ဥပါဒါန် သုံးမျိုးစလုံးဖြစ်နိုင်သည်။

ဘာပါလိမ့်မလဲ (တရားမနာတော့ မရှိကောင်းတဲ့တရားရှိနေပါတယ် ဘုရား) မရှိကောင်းတဲ့တရား ရှိနေတယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက်တော့မှ ဪ တရားမနာတဲ့ သတ္တိဟာ တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား) တရား မနာတဲ့ သတ္တိဟာ အင်မတန် ဆိုးတယ်ဆိုတာ မှတ်ပါနော် (မှန်ပါ)။

ဒါကလဲ ဒီနေရာမှာ စကားပြောခွင့်ကြုံလို့ တရားဟောခွင့်ကြုံလို့ ဒကာ ဒကာမတွေကို သတိပေးရဦးမယ် (မှန်ပါ) ခန္ဓာတို့ အာယတနတို့ ဓါတ်တို့ သစ္စာတို့ဆိုက်တဲ့ တရားကိုနာရမှ ဒီ ဒိဋ္ဌိက ပြုတ်မှာ (မှန်ပါ)၊ ဒါနတရား၊ သီလတရားလောက်နဲ့ တင်းတိမ်ရောင့်ရဲနေကြမယ်ဆိုရင်လဲ ဒိဋ္ဌိကမပြုတ်ဘူး ဒကာကြွယ် (မှန်ပါ)။

ငါလုပ်ရင် ငါရတာဘဲ ငါဆောက်တည်ရင် ငါအသက်ရှည်တာပေါ့(မှန်ပါ)၊ ခက်နေပြီကော ဒကာ ဒကာမတို့၊ ဒါန သီလ သက်သက်လောက်နဲ့ ဆိုတော့လဲ ဒီတရားမျိုးလောက်သာ နာထားရပြန် တော့လည်း သက္ကာယဒိဋ္ဌိဆိုတဲ့ မရှိကောင်းတဲ့တရားက ဝင်ပြီးရှိနေ တယ် (မှန်ပါ) သဘောပေါက် ကြပြီလား (ပါ ပါပြီ ဘုရား)။

သုညတ တရားကိုနာရမှ

ဒါကြောင့် တရားပေမယ့်လဲ ခန္ဓာ အာယတနဓါတ် သစ္စာနဲ့ဆိုင်တဲ့ သုညတ တရားကိုနာရမှ ဒကာ ဒကာမတို့ လမ်းမှန်တော့မယ်ဆိုတာ သေသေချာချာ မှတ်ကြစမ်းပါ (မှန်ပါ ဘုရား)။

ဘယ်တရားမျိုး နာရမှာပါလိမ့် (ခန္ဓာ အာယတနဓါတ် သစ္စာဆိုက်တဲ့ တရားမျိုးနာရမှာပါ) သုညက တရားနာ ရမှ (မှန်ပါ)။

သုညက တရားဆိုတာကလဲ ခင်ဗျားတို့ စပ်မိတော့လဲ ပြောရဦးမယ် ဦးဘအုန်းရေ (မှန်ပါ)၊ ရူပက္ခန္ဓာတွေ့ တယ်ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါမှ ဆိတ်သုဉ်းသောကြောင့် သုညက(မှန်ပါ)၊ ဝေဒနာကို ဟောနေမယ်ဆိုရင် ပုဂ္ဂိုလ် သတ္တဝါ ပါသေးသလား(မပါပါဘူး)၊ ဒါဖြင့် ခန္ဓာဟောနေရင် သုညတ(မှန်ပါ)၊ အာယာဘနဟောနေရင် (သုညတပါ)၊ ဓာတ်တွေဟောနေရင် (သုညတပါ)၊ သစ္စာတွေဟောနေရင် (သုညတပါ)၊ အဲဒီ တရားမျိုးနာရမှလည်း ဒကာကြွယ် ဒိဋ္ဌိကပြုတ်တာ(မှန်ပါ) ခုနင်က ဒါနတရား၊ သီလတရားလောက်နဲ့သာဆိုရင် ဦးဘအုန်း မပြုတ်ဘူးနော် (မှန်ပါ)။

ကဲ ဒါနတရားတွေ ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်း၊ နဂိုယူထားတဲ့ ကိုယ့်အယူပဲ အကဲခတ်ကြည့်လိုက်ရင် ပေါ်ပါတယ်၊ ဒို့တော့ ဒါနပြုရဦးမယ်၊ ဒါမှ နောက်ဘဝမှာ ကိုယ့်မှာ ပေါများမှာတဲ့(မှန်ပါ)၊ ဟောကိုယ်လွတ်တဲ့လား၊ (မလွတ်ပါဘူး)၊ ကိုယ်ဆိုတော့ ငါပေါ့ဗျာ(မှန်ပါ)၊ ငါပြုတ်ကြရဲ့လား(မပြုတ်ပါဘူး)၊ ဘာဖြစ်လို့ မပြုတ်ပါလိမ့်မတုံး ဆိုတော့ သုညတ တရား မဟုတ်လို့ (မှန်ပါ)။

ဦးဘအုန်း သေသေချာချာမှတ်ပါ။ ဘာတရားမဟုတ်လို့တုံး (သုညတ တရား မဟုတ်လို့ပါ ဘုရား) သုညတ မထိုက်လို့ (မှန်ပါ) သီလဆောက်တည်ပါလားလို့ ဒကာကြွယ်က တိုက်တွန်းလို့ရှိရင် အို ကိုယ့်ဟာကိုယ် ဆောက်တည် ကိုယ်အသက်ရှည်တာဘဲ၊ အင်း ဒိဋ္ဌိပဲ ပြန်ပေါ်တယ်(ပေါ်ပါတယ် ဘုရား) ဒါဟာ ဘယ်တရားမနာရလို့ပါလိမ့် (သုညတ တရား မနာရလို့ပါ ဘုရား)။

ဒိဋ္ဌိက ပြုတ်ကိုမပြုတ်လို့ရှိရင်ဖြင့်

အဲ မှတ်ထားကြပါ။ ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါယ်တရားကိုမှ မနာရလို့ရှိရင် ဒိဋ္ဌိက ပြုတ်လို့ မပြုတ်ဘူး (မှန်ပါ)၊ ဒိဋ္ဌိက ပြုတ်ကိုမပြုတ်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပါယ်လေးပါးက လွတ်ကို မလွတ်ဘူးလို့မှတ်ပါ (မှန်ပါ)။

ဒါဖြင့် တရားပေမယ့် ဒကာကြွယ် ဘယ်တရားအရေးကြီးပါလိမ့် (သုညတရား အရေးကြီးပါတယ်)၊ ဒါဟာ ဒကာ ဒကာမတို့ သုညတ တရား အရေးကြီးတယ်ဆိုတာ သေသေချာချာမှတ်ကြပါ (မှန်ပါ)၊ သုညတ တရားဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ငါ ငါဥစ္စာလို့မစွဲဘဲ တရားကိုနာရမှာ (မှန်ပါ) သဘောကြပြီလား (ပါပြီ ဘုရား)၊ ငါ ငါ့ဥစ္စာ ဆိတ်သုဉ်းတဲ့ တရားကိုနာရမှ သုညတ ဆိုက်တယ်(မှန်ပါ)။

ကဲ ဒါဖြင့် ပြန်ပြောပါ့မယ် ဒကာ ဒကာမတို့၊ ရုပ်တရားဟောတော့ကို ခန္ဓာကိုယ်ထဲမှာ ရုပ်တရားပဲ ရှိတယ်လို့ ဟောလိုက်လို့ရှိရင် ဒါ ဘာတရားခေါ်ကြမတုံး(သုညတ တရားပါ ဘုရား)၊ ခန္ဓာကိုယ်ထဲမှာ ဝေဒနာပဲ ရှိတယ်လို့ ဟောလိုက်ရင် (သုညတ တရားပါ ဘုရား)၊ အဲ ခန္ဓာတွေဟောရင် သုညတ(မှန်ပါ)၊ အာယတနတွေ ဟောရင် (သုညတပါ) အာယတနတွေဟောရင် (သုညတပါ)၊ သစ္စာတွေဟောရင်(သုညတပါ ဘုရား)၊ ငါ ငါဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါဘူး) ပဋိစ္စသမုပ္ပါဒ်တွေ ဟောလိုက်ရင် (သုညတပါ ဘုရား)၊ ဒါကို သေသေချာချာမှတ်ပါ ဒကာကြွယ်ရ သုညတ တရားကို နာရမှာ ဒိဋ္ဌိပြုတ်တယ်(မှန်ပါ)။

ပြောကြစမ်းပါဦး၊ ဘာတုံး (သုညတ တရားကို နာရမှာ ဒိဋ္ဌိ ပြုတ်ပါတယ်)၊ ဪ ဒါဖြင့် ဒါတွေ မနာရသေးတဲ့ ပုဂ္ဂိုလ်တွေဖြင့် အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိမပြုတ်ပါဘူး(မှန်ပါ) မပြုတ်လို့ရှိရင် ဦးဘအုန်းရေ၊ တက်လိုက်၊ ဆင်းလိုက် နေဦးမှာပဲ(မှန်ပါ)။

တက်လိုက်ဆင်းလိုက်နေဦးမှာပါ

ဘယ်လိုဆိုကြမယ် (တက်လိုက်ဆင်းလိုက်နေဦးမှာပါပဲ) သုဂတိ တက်လိုက် ဒုဂ္ဂတိဆင်းလိုက်နဲ့ နိဗ္ဗာန်ဘက်တော့ လုံးဝမသွား (မှန်ပါ)၊ ဒကာကြွယ် ဒီလိုနေလိမ့်မယ်(မှန်ပါ ဘုရား)၊ ဘယ်တရားနာရမှ ဒိဋ္ဌိပြုတ်မှာတုံးလို့ မေးလို့ရှိရင် သုညတ တရားနာရမှ (မှန်ပါ)။

ဘယ်တရား နာရမှတုံး(သုညတ တရားနာရမှာပါ ဘုရား)။

သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့၊ ဒီဟာ သာမည ပြောနေတယ်လို့ မယူပါနဲ့၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ သုညတ တရား မနာရလို့ရှိရင် ဒိဋ္ဌိဖြစ်မယ်တဲ့(မှန်ပါ) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ နာထားရတာက ဘာလှူလို့ ဘယ်သူဘာဖြစ်သွားတယ်။ ဘယ်သူနိဗ္ဗာန်ဝင်သွားတယ်(မှန်ပါ)၊ ဘယ်သူဟာ သီလကို တစ်ကြိမ်တည်း ဆောက်တည်လိုက်တာနဲ့ လူ့ပြည် နတ်ပြည်ကို သူဟာအကြိမ်ကြိမ် ခံစားရတယ်။

၎င်း နောက်သူ နိဗ္ဗာန်ဝင်သွားတယ်ဆိုတော့ ဒီပုဂ္ဂိုလ်ပဲ လုပ်တာပဲ၊ ဒီပုဂ္ဂိုလ်ပဲ နတ်ပြည် အကြိမ်ကြိမ် ခံစားတာပဲ၊ ဒီ ယောကျာ်း ဒီမိန်းမပဲ နိဗ္ဗာန်ဝင်သွားတာပဲလို့ဆိုတော့ ဒါက သုတ္တန်ဒေသနာတော် သမုတိသစ္စာနည်းနဲ့ ဟောထားတော့ နာကြားသူက မယူတက်ရင် သုညတဆိုက်တဲ့ဆီကို မရောက်ဘဲ ဖြစ်နေတတ်တယ်(မှန်ပါ)၊ ဒီတော့ သုညတဆိုက်ဖို့ ဖြည့်စွက်ပြောပေးရင် ပိုပြီးရှင်းသွားပါလိမ့်မယ်(မှန်ပါ)။

သုညတ ပရမတ္ထသစ္စာတွေ ရွတ်တာ

ဒါကြောင့် ဦးဘအုန်းတို့ မောင်ဘသော်တို့ မသိကြလို့ ဤကား သုတ္တန် ဒေသနာတော်ဖြစ်ချေသည်။ အဘိဓမ္မာ ဒေသနာတော်မြတ်သည်ကား ဆိုပြီး သကာလ တစ်ခါဆက်လက်ပြီး ရှေးဆရာတော်ကြီးများ ဟောပြောလေ့ ရှိကြတယ်။ (မှန်ပါ)။ ဆက်လာတော့ ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာ၊ တစ်နည်းအားဖြင့်လဲ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော စသည်ဖြင့် အဘိဓမ္မာရွတ်ပြီး ဟောပြောကြတယ်(မှန်ပါ)၊ အဲဒါ သုညတ ပရမတ္ထသစ္စာတွေ ရွတ်တာ (မှန်ပါ)။

ဦးဘအုန်း ဒါတွေဟာ ဘာရွတ်တာတုန်း (သုညတ ပရမတ္ထသစ္စာတွေ ရွတ်ထားပါ)။

သုညတ နားမလည်လို့ရှိရင် ဒိဋ္ဌိမပြုတ်မှာစိုးတာနဲ့ အဘိဓမ္မာထည့်ဦး သုညတထည့်ဦးဆိုပြီး ဟောကြတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သုညတ နားမလည်ရင် သက္ကာယဒိဋ္ဌိက မပြုတ်ဘဲနေမှာစိုးလို့(မှန်ပါ)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကလည်း တရားဒေသနာတော် ဟောပြီးရင် နောက်ဆုံးပိတ်ကျတော့ သစ္စာဒေသနာတော်ကို ဟောပြောရိုးအစဉ်ကို ဒေသနာတော်စဉ်မှာကြည့်ရင် ထင်ရှားနေပါတယ်(မှန်ပါ) သစ္စာနဲ့ပြပြီး ဤကား သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ စသည်နဲ့ သိမ်းတန်လဲ သိမ်းရမယ်(မှန်ပါ)၊ ဘယ့်နှယ် ကြောင့် သိမ်းရပါလိမ့်မလဲ မေးတဲ့အခါကျတော့မှ ရှေ့ကဟောခဲ့တဲ့ သမ္ပတ္တိတွေဖြတ်ပြီး၊ သုညတဆိုက်အောင် ဝိပဿနာ ထင်မြင်အောင် ဟောရတာ(မှန်ပါ)၊ ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

အလျင်ဟောလာတာတွေကို (သုညတဆိုက်အောင် ဖြည့်စွက်ပြီး သစ္စာထည့်ရတာပါ)။

ဒိဋ္ဌိမကွာရင် နိဗ္ဗာန် မရောက်နိုင်ဘူး

အလျင် ဟောခဲ့တာတွေက ဇာတ်ဝတ္ထုအကြောင်းအရာ စသည်ဖြစ်နေတော့ ဒိဋ္ဌိမကွာရင် နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်ပါ) ဒိဋ္ဌိတန်းလန်းနဲ့တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အားထုတ်လို့မရနိုင်ဘူး (မှန်ပါ)၊

အဲဒါကြောင့် ဤကား သုတ္တန် ဒေသနာတော်ဖြစ်ချေသည်၊ အဘိဓမ္မာ ဒေသနာတော်မြတ်သည်ကား ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော အစရှိသည်နဲ့ ခန္ဓာကိုယ်ထဲမှာ ဟေတုသာရှိပါတယ်၊ အာရမ္မဏသာရှိပါတယ်၊ အကြောင်းအကျိုးသာရှိပါတယ်ဆိုတော့ ဘာကို ဖျက်ချ လိုက်တာတုန်း၊ အလျင်ရိုးရိုး ဟောတုန်းကတော့ မည်သူ မည်ဝါဟာ ဘာလှူလို့ ဘာတန်းပြီး နိဗ္ဗာန်ဝင်သွားတယ်ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါတွေပေါ်နေတယ်။ အဲဒီ ပုဂ္ဂိုလ် သတ္တဝါသက္ကာယတွေနဲ့ဖြင့် မဖြစ်နိုင် သေးဘူးဆိုပြီး သကာလ ဟေတု ပစ္စယော အာရမ္မဏပစ္စယော စသည်ဖြင့် အကြောင်းအကျိုးတွေပါ (မှန်ပါ) ထပ်ပြီး ဖျက်ပစ်ရတာ(မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ တရားသာနာနေကြတာ ဘာရယ်လို့မသိဘူး။ နောက်ဆက်တွဲ ဘယ့််နှယ်ကြောင့် တွဲပါလိမ့်မလဲလို့ ရှေ့ပိုင်းက ဘာဖြစ်လို့မှန်းလဲ မသိဘူး၊ ခက်လိုက်တာ ဦးဘအုန်းတို့က (မှန်ပါမသိပါ ဘုရား)၊ အေးအခုပြောမှ ရိပ်မိတာပဲ (မှန်ပါ အခုမှပဲ ရိပ်မိပါတယ် ဘုရား)။

**မြတ်စွာဘုရားသည် ရှေ့ပိုင်း၌ သမ္ပတ္တိ ဖြစ်ပေါ်မှုကိုပြပြီး တရားနိဂုံးသတ်၌ ထိုသမ္ပတ္တိစည်းစိမ်တွေ ကို အနိစ္စာနုပဿနာ ဉာဏ်ထင်မြင်အောင်၊ သစ္စာဉာဏ်ဆိုက်အောင်၊ ပဿာနန္ဒသင်္ခါရာ ဧဝံ အနိစ္စာ ဧဝံ အဓုဝါ စသည်ဖြင့် ဖျက်ပစ်မြဲ ဓမ္မတာ ဖြစ်ပေသည်။

**ထိုသို့ ဖျက်ပစ်ခြင်းကို ဆင်ကိုတန်ဆာဆင်ပြီး နှာမောင်းက ဖြတ်ချသော ဟတ္တိမသာဏုဆိုန္ဒနနည်း၊ ကလေးသူငယ်များ မြေကြီး၌ အိမ်ဆောက်ကစားပြီး အဆုံး၌ ဖျက်ပစ်ကြသည့် ပံသွာဂါရကိဠန-နည်းဟု သုတ်မဟာဝါမဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ်နှင့် မဟာသုဒဿနသုတ်တော်များ၌ လာသည်။

အလျင်ဟာတွေက သက္ကာယဒိဋ္ဌိမပြုတ်ဘူး

အလျင်ဟာတွေက သက္ကာယဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဦးဘအုန်းတို့၊ မောင်ဘသော်တို့က စဉ်းစားကြည့်ပါ၊ ဇာဏုပေါသဘ တစ်ခါတည်း ဥပုသ်စောင့်တာနဲ့ နတ်ရွာ သုဂတိအကြိမ်ကြိမ်ခံစားတယ်၊ နောက်ကျတော့ ရဟန္တာဖြစ်သွားတယ်ဆိုတော့ ပုဂ္ဂိုလ် တစ်ယောက်တည်းက ကူးဆက် သွားတယ်ဆိုသလိုဖြစ်နေတော့ သဿတဒိဋ္ဌိတွေကကော (ဝင်နိုင်ပါတယ်)၊

လူ့ပြည်မှာ ဥပုသ်စောင့်တာလဲ သူပဲ၊ နတ်ပြည်ဖြစ်သွားတယ် (သူပါပဲ)၊ နိဗ္ဗာန်ဝင်သွားတာလည်း (သူပါပဲ) ဟာ-သွားပြီပေါ့ဗျ ဒီဥစ္စာ သဿတိဒိဋ္ဌိတွေက မကွာတော့ဘူး (မှန်ပါ)၊ ပုဂ္ဂိုလ်သတ္တဝါကော ပျောက်သေးရဲ့လား (မပျောက်ပါဘူး)၊ ဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါဆိတ်သုဉ်း တဲ့ ဓမ္မဟုတ်သေးရဲ့လား(မဟုတ်ပါဘူး)။

အဲဒီလို ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းမှု မဖြစ်နိုင်လို့ သုညကဆိုက်သွားအောင် ဤကား သုတ္ထန်ဒေသနာတော် မြတ်ဖြစ်သည်။ အဘိဓမ္မာဒေသနာတော်မြတ်သည်ကား ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာ ဓမ္မာ စသည် ဖြင့် အဘိဓမ္မာကို နိဂုံးသတ်ပြီး ဟောရိုး ပြောရိုး ပြုကြတယ်(မှန်ပါ)။ အဲဒါ နောက်ဆုံးပိတ် ဘာတွေ ဟောလိုက်တုန်း (သုညတဆိုက်အောင် ဟောလိုက်ပါ ဘုရား)၊ အဲ ဟိဟာတွေ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊ ဓမ္မာတွေပဲလို့သိအောင် ဖျက်ချ လိုက်တာ ရိပ်မိပြီလား (မှန်ပါ)။

နို့မဟုတ်လို့ရှိရင် တစ်ယောက်တည်းကပဲ လူ့ပြည်မှာ ဥပုသ်စောင့်တာလဲ သူပဲ၊ နတ်ပြည် အကြိမ်ကြိမ် စံစား တာလဲ ဥပုသ်တစ်ကြိမ်စောင့်တဲ့ ပုဂ္ဂိုလ်ပဲ၊ နောက်နိဗ္ဗာန်ဝင်သွားတာလဲ ဥပုသ်တစ်ကြိမ်စောင့်တဲ့ ပုဂ္ဂိုလ်ပဲဆိုတဲ့ သဿက အယူ ပုဂ္ဂိုလ် သတ္တဝါ ပါနေတယ် (မှန်ပါ) ဤကား သုတ္တန်ဒေသနာ တော်မြတ်သည်ကားလို့ ဆိုတာက သူ့ဖြစ်စဉ်ကို တန်းပြီးဟောတာ စင်စစ်တော့ဖြင့် ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော တွေပါ၊ ရုပ်နာမ်တွေ ဖြစ်နေ တာပါ (မှန်ပါ)။ ပုဂ္ဂိုလ်သတ္တဝါကို ဖျက်ချလိုက် ရတယ် ဦးဘအုန်း (မှန်ပါ့) ဖျက်ချလိုက်တဲ့ အခါကျတော့ သုညတ ဆိုက်တယ်၊ သုညက ဆိုက်သွားတော့မှ သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ)။

ခင်ဗျားတို့က နားမလည်တော့

သို့သော် ခင်ဗျားတို့က နားမလည်တော့ သုတ္တန်ပြီးလို့ အဘိဓမ္မာ ဆက်တာပဲ၊ ဒါလောက်ပဲ နားလည်တာပဲ၊ အဘိဓမ္မာ ဆက်လို့ရှိရင်ဖြင့် တရားသိမ်းတော့မှာပဲ။ ဒါပဲနားလည်တယ်၊ ဒိပြင် ဘာမှနားမလည်ဘူး (မှန်ပါ)။

ဒကာကြွယ်တို့ အခုကြားရတာနော် (မှန်ပါ့) စင်စစ်တော့ သုညတ မဆိုက်ဘဲနဲ့ သက္ကာယဒိဋ္ဌိ ပြုတ်ပါ့မလား (မပြုတ်ပါဘူး) သက္ကာယဒိဋ္ဌိ တန်းလန်းနဲ့ဆိုရင် နိဗ္ဗာန်ဝင်နိုင်ပါ့မလား (မဝင်နိုင်ပါဘူး) သက္ကာယဒိဋ္ဌိဆိုတာ မဂ်တား ဖိုလ်တား တရားပဲ၊ သဘောကျပြီလား (ကျပါပြီ) အဲဒီတော့မှ ခုနင်တုန်းက ပြောခဲ့တဲ့ တစ်ဝတ္ထုလုံးဟာ အာရမ္မဏ ပစ္စယောတွေ၊ ဟေတုပစ္စယောတွေ အကြောင်းနဲ့ အကျိုးရှိတာပဲ ပုဂ္ဂိုလ်သတ္တဝါ မပါဘူးလို့ ဒါကသိအောင် ဟောနေတာ (မှန်ပါ) ဒီတော့ သုညတဆိုက်မသွားဘူးလား (ဆိုက်သွားပါတယ်) အဲဒီ သုညတ ဆိုက်အောင်လို့ ပြန်ပြီး ဟောရတာ (မှန်ပါ) သုညတဆိုက်မှ ဒိဋ္ဌိကွာတယ်၊ ဒိဋ္ဌိကွာမှ နိဗ္ဗာန်ဝင်နိုင်မယ်၊ လက္ခဏာရေးသုံးပါး ဆက်လက် ရှုလို့ရှိရင် (မှန်ပါ)။

ဒါကို ဒကာကြွယ်တို့က ဒီထိအောင် မယူပါဘူး၊ ဦးဘအုန်းတို့ကလည်း မယူပါဘူး (မှန်ပါ့) အဘိဓမ္မာဆက်ရင် တရားသိမ်းတော့မှာ ဆိုပြီး ဒါလောက်သိကြတယ် (မှန်ပါ့) စင်စစ်တော့ဖြင့် ဇာတ်ဝတ္ထုတွေ ဟောရင် ပုဂ္ဂိုလ်သတ္တဝါစွဲ သက္ကာယဒိဋ္ဌိ ဝင်နိုင်စရာရှိနေလို့ ဒိဋ္ဌိပြုတ်တဲ့တရားကို နောက်ဆက်တွဲ တွဲရတာ (မှန်ပါ)။

ဥပမာ နတ်သားတစ်ဦးဖြစ်စေ၊ ဖားနတ်သားပဲဖြစ်စေ ဒါတွေဟာ နောက်ဆုံးပိတ်ကျတော့ ဖားလည်းမဟုတ် ပါဘူး၊ နတ်သားလည်း မဟုတ်ပါဘူး၊ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယောတွေပါ အကြောင်းအကျိုး ရုပ်နာမ် ဓမ္မတွေ ပါလို့ ဆိုလိုရင်း (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) တစ်နည်းကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကထာ ဓမ္မာ တွေပါ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါ ဘာလုပ်တာတုံးဆိုတော့ အလျင်ဟာက ပုဂ္ဂိုလ် သတ္တဝါ မပျောက်ဘူး (မှန်ပါ) ဒါကြောင့် ပုဂ္ဂိုလ် သတ္တဝါ ဖျောက်ပစ်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

တရားသိမ်းတော့မယ်လို့ ယူပါတယ်

ပုဂ္ဂိုလ် သတ္တဝါ ဖျောက်တာကို ဒကာကြွယ်တို့၊ ဦးဘအုန်းတို့က ပုဂ္ဂိုလ်သတ္တဝါ ဖျောက်တယ်လို့ ဒီလိုယူသလား၊ တရားသိမ်းတော့မယ်လို့ ယူသလား (တရားသိမ်းတော့မယ်လို့ ယူပါတယ် ဘုရား) သွားပါပြီကော ခင်ဗျားတို့လည်း (မှန်ပါ) ဘုန်းကြီးကလည်း အဘိဓမ္မာ ထပ်ခဲလိုက်တာတောင် အောက်မေ့နေသေးတယ် (မှန်ပါ)။

ဒါကလည်း ဒီလိုရှိပါတယ်။ ဟောတော်မူကြတဲ့ ဆရာတော် သမားတော်တွေကလည်း ဒီအကြောင်းကို ခွဲပြော ဦးမှ ခင်ဗျားတို့နားလည်မှာကိုး (မှန်ပါ့) မခွဲပဲနဲ့ စာပါတဲ့အတိုင်း လျောက်နေပြန်လဲ သိပ်မဟုတ်လှသေးဘူး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီနေ့ ဒီဟာ ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား) ဘယ်တရားမှ ခင်ဗျားတို့ ဒီဋ္ဌိကွာမှာတုံး (သုညတ ဆိုက်အောင် ဟောမှ ဒိဋ္ဌိကွာမှာပါ) ဒါကြောင့် ဝတ္ထုဇာတ်ကြောင်းတွေ ဟောရာမှာ အများအားဖြင့် ဤကား သုတ္တန် ဒေသနာတော်ဖြစ်ချေသည် ဆိုတုန်းက သုညတ မဆိုက်ခဲ့ဘူး။ ပုဂ္ဂိုလ် သတ္တဝါနဲ့ချည်း ဟောလာတယ် (မှန်ပါ့) ပုဂ္ဂိုလ် သတ္တဝါနဲ့ချည်းဟောတော့ သက္ကာယဒိဋ္ဌိက ဦးစီးနေတာကိုး (မှန်ပါ) ဘယ်လိုစီးသတုံး၊ ငါလည်း ဒီလို လှူရမယ် ငါလည်းဒီလိုလုပ်ရမယ် သက္ကာယဒိဋ္ဌိပဲ ကူးစက်လာတယ် (မှန်ပါ)။

ဒကာကြွယ် မကူးစက်ဘူးလား (ကူးစက်ပါတယ် ဘုရား)၊ အဲဒီတော့ ဦးဘအုန်းရေ ဒီလို ကူးစက်ကုန်တော့ ငါပြုတ်အောင် မဖြုတ်ရပေဘူးလား (ဖြုတ်ရပါမယ်) အဲဒီဟာတွေဟာ အဘိဓမ္မာဒေသနာတော် ပရမတ္တသစ္စာနဲ့ ကြည့်လိုက်တော့ ဟေတုပစ္စယော၊ အာရမ္မဏ ပစ္စယောတွေပဲ၊ အကျိုးအကြောင်းဆက်နေတာတွေ၊ အကြောင်းအကျိုး ချုပ်မှ နိဗ္ဗာန်ရောက်မှာ (မှန်ပါ) ဒီလိုမြင်အောင် သွားရမှာ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သုညတ ဆိုက်အောင်ပါ

ဒါဖြင့် အဘိဓမ္မာသတ်တာလည်း ဒကာကြွယ် ရိပ်မိရောပေါ့ (ရိပ်မိပါပြီ) ဘယ်လိုရိပ်မိသတုန်းဗျာ (သုညတ ဆိုက်အောင်ပါ ဘုရား)၊ အလျင်တရားက သုညတမဆိုက်ရင် နောက်တရားက ဘာလုပ်ပေးရသတုံး (သုညတဆိုက် အောင် ထည့်ပေးရပါတယ်) သုညတ ဆိုက်တော့ ဘာကွာသွားသတုံး (ဒိဋ္ဌိကွာသွားပါတယ်)။

အဲ-ဒိဋ္ဌိမကွာရင် ဒကာ ဒကာမတွေ ဒိဋ္ဌိ တန်းလန်းကြီးဖြစ်ပြီး သကာလ နေတော့ နိဗ္ဗာန်မရောက် နိုင်တော့ ဘာဖြည့်စွက်ရသတုံး (သုညတဆိုက်တဲ့တရား ဖြည့်စွက်ရပါတယ်)။

အဲဒါကြောင့် ဤကား သုတ္တန်ဒေသနာတော်ဖြစ်သည် ဆိုတုန်းကတော့ သုညတမပါခဲ့သေးလို့ ဟောခဲ့တဲ့တရား ထဲမှာ (မှန်ပါ) အဘိဓမ္မာ ဒေသနာတော် မြတ်သည်ကားဆိုမှ သုညတ စလာတာ (မှန်ပါ့)။

ဤဒီသုညတကလည်း ခင်ဗျားတို့က သုတ္တန်တခြား အဘိဓမ္မာတခြားလို့ အောက်မေ့နေပြန်တာပဲ (မှန်ပါ) ဒီလို မအောက်မေ့ရဘူး ဒကာကြွယ်၊ ခုနကဟောခဲ့တဲ့ ဝတ္ထုတစ်ခုလုံးမှာ အကြောင်းအကျိုးချည်းပဲလို့ ခုနက ဝတ္ထုကို ထပ်ပြီး အဘိဓမ္မာနည်းနဲ့ပြောနေတာ၊

သမုတိသစ္စာကို ပရမတ္တသစ္စာနဲ့ ထပ်ပြီး အုပ်ပြတာ (မှန်ပါ) အကြောင်းအကျိုး ချည်းပဲ၊ ခန္ဓာနာမ်ရုပ်ချည်းပဲ ဒီလိုပြောပြနေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ပုဂ္ဂိုလ် သတ္တဝါဆိုတာ မယူနဲ့၊ ခန္ဓာရုပ်နာမ်ချည်းပဲ၊ အကြောင်းအကျိုးချည်းပဲ ဆိုတော့မှ ဒိဋ္ဌိက ဘယ့်နှယ်နေသတုံး (ကွာပါတယ် ဘုရား) အဲ-ဒိဋ္ဌိကွာတဲ့ တရားကျမှ ခင်ဗျားတို့ကလည်း ထပြီး ပြေးတဲ့လူတွေဗျ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘယ်ကျမှ ထပြေးလေ့ရှိကြသတုံး

ဘယ်ကျမှ ထပြေးလေ့ရှိကြသတုံး (ဒိဋ္ဌိခွါတဲ့ တရားကျမှ ထပြေးပါတယ်) ဒိဋ္ဌိနဲ့ တန်းလန်း တုန်းကတော့ သဘောကျလိုက်တာ သာဓု သာဓုနဲ့၊ ဒိဋ္ဌိနဲ့ သဘောကျနေတာ အဲဒါက (မှန်ပါ) တကယ့်ကို ဒိဋ္ဌိပြုတ်မည့် တရားကျလို့ ရှိရင်ဖြင့် ဦးဘအုန်းတို့ ထဖို့ပြင်ကုန်ကြပြီ (မှန်ပါ) မပြင်သေးဘူးလား (ပြင်ပါတယ် ဘုရား) ဘာဖြစ်လို့ ပြင်တာတုံး (ပြန်မလို့ ပြင်တာပါ) ပြန်တော့မလို့ ဒိဋ္ဌိကွာသွားရင် ခက်ချည်ရဲ့ မဟုတ်ဘူးလား နို့မဟုတ် အပါယ်နဲ့ အိုးစားကွဲ သွားမှာ စိုးရတယ်၊ မြန်မြန်ပြန်တာအေးတယ်၊ ဒီအဓိပ္ပါယ်ပဲ ရောက်နေတယ် (မှန်ပါ) ဒီအဓိပ္ပါယ်ကို မသိကြဘူး (မှန်ပါ) အခုတော့ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အလျင်ဟောလာတဲ့ ဝတ္ထု ဇာတ်လမ်း ဇာတ်ကြောင်းတွေဟာ စင်စစ်တော့ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘူး၊ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကထာ ဓမ္မာတွေပါ၊ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယောတွေပါ၊ ရုပ်နာမ်တွေ ဖြစ်ပျက်ချုပ်နေကြတာပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)၊ အဲဒါတွေဆိုတော့ ဦးဘအုန်း ဘာဖြစ်သွားသတုံး (သုညတဖြစ်သွားပါတယ်) ပုဂ္ဂိုလ် သတ္တဝါ ပျောက်သွားတယ် (မှန်ပါ) သုညတသို့ ရောက်သွားတယ် (မှန်ပါ)။

အဲဒီ ရောက်သွားတော့မှ ဟိုဝတ္ထု တစ်ခုလုံးဟာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ပါဘူး၊ သုညတ တရား အနတ္တတရားတွေပါလို့ ဟောလိုက်တာ (မှန်ပါ) ဟောလိုက်တော့ ဟိုဟာတွေကို မင်းတို့ဒီအတိုင်း ယူမနေနဲ့၊ ဟိုဟာတွေ ဒိဋ္ဌိတန်းလန်း ရှိနေတယ်၊ ဒီတော့ ဒိဋ္ဌိတန်းလန်းမရှိအောင် ဒိဋ္ဌိကို ခွါပေးတဲ့ သဘောနဲ့ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကထာဓမ္မာ တွေပါ။

ဖားနတ်သား ဆိုငြားသော်လည်း

ဥပမာ ဖားနတ်သား ဆိုငြားသော်လည်း သူ့မှာရှိတာက တရားနာတာက ကုသလာဓမ္မာရယ်၊ နဂို တိရစ္ဆာန်စိတ် က အကုသလာဓမ္မာ၊ သူ့မှာ ကျန်တဲ့ရုပ်ကြီးနဲ့ နာမ်ဟာ အဗျာကထာ ဓမ္မာပဲ ရှိတယ်။ ဖားရယ်လို့ သတ္တဝါကို မဟုတ်ဘူးလို့ ဒီလိုသိစေလိုရင်း (မှန်ပါ့)။

ပြီးတော့မှ နောက်ဆုံးပိတ် အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေပဲ ဆိုတော့ ဖားပျောက်သွားတယ်၊ မပျောက်ဘူး လား (ပျောက်ပါတယ်)။

နဂို ဖားမပျောက်လို့ရှိရင်ဖြင့် ဒီဖားသည် လူ့ပြည်ကဖား၊ နတ်ပြည်ကျတော့ ဖားနတ်သား၊ နိဗ္ဗာန်ဝင်တော့လည်း ဖားနတ်သားဝင်သွားတာပဲဆိုတော့ ခက်ပကော၊ ခင်ဗျားတို့က မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ်၊ ခင်ဗျားတို့ မသိတာ ရှင်းပေးရတာနဲ့ နာရီဝက်ကြာသွားပါပြီ။ ရှင်းရတာကို လွယ်တာ မဟုတ်ဘူး (မှန်ပါ) ကဲ အခုတော့ ရှင်းပြီလား(ရှင်းပါပြီ)။

နောက်အကြောင်းတို့ ဘာတို့ ညီညွတ်လို့ တရားနာကြလို့ရှိရင် ရှေ့ပိုင်းဝတ္ထုဇာတ်လမ်း မနာချင်နေပါ။ နောက် ဆုံးပိတ် သုညတဆိုက်တဲ့နေရာမှာတော့ ကြိုးစားနာရမယ်(မှန်ပါ) ဒီနေရာမှာ ထမည့်ပြင်တာတို့ ပြန်မည့်ပြင်တာတို့ လုပ်ရမှာ မဟုတ်ဘူး (မှန်ပါ)၊ ရိပ်မိပြီလား(ရိပ်မိပါပြီ)။

ဒါကြောင့် အဘိဓမ္မာဒေသနာ တော်မြတ်သည်ကား ဆိုလို့ရှိရင် သုညတ ဆိုက်အောင်ကူးစက်လာတဲ့တရား၊ ဒိဋ္ဌိခွါတဲ့တရားမို့ ဒီနေရာမျိုးမှာ အရေးတကြီးလိုတာ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တရားဟောစဉ်ကလေး ပြောလိုက်ပါဦးမယ်၊

ကဲ-ဒါဖြင့် ခင်ဗျားတို့ စမ်မိလို့ ဗဟုသုတရှိအောင် တရားဟောစဉ်ကလေး ပြောလိုက်ပါဦးမယ်၊ တရားဟောစဉ် က ရှေးဦးစွာ ဒါနကထာဟောလိုက်တယ်၊ ဒါနကထာဆိုတော့ ဒါန၏ အကျိုးပေးတွေကို တစ်ခါတည်း လှူလိုက် တန်းလိုက် ပေးလိုက် ကမ်းလိုက်တဲ့အတွက် လူ့ပြည် နတ်ပြည် သုဂတိရောက်ကြောင်းမှာ ဒါနဟာ အလွန် ကိုးစားအားထား ရာကြီးပဲ၊ ဒါနလှူမှ စားရ သောက်ရ ဝတ်ရ နေရ ထိုင်ရတာတွေပဲလို့ ဟောလိုက်တယ်(မှန်ပါ)။

ပြီးတော့မှ တစ်ခါသီလကို ဆက်လက်ပြီး ဟောလိုက်ပြန်တယ်။ ဒါနတွေလုပ်ထားသော်လည်း အသက်ကိုတော့ အလကားပဲ၊ သူပါမှ တာရှည်ခံစားရ တယ်၊ နတ်ပြည်ဘက်ရောက်မှုမှာ သီလမှာ စောင်းတန်းကြီးပဲဆိုပြီး သီလရဲ့အကျိုးတွေကို ဦးဘအုန်း ဟောချလိုက်တယ် (မှန်ပါ)၊ နှစ်မျိုးရှိသွားပြီနော်(မှန်ပါ)။

ပြီးတော့မှ အဲဒီဒါန သီလရှိတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်နိုင်တာစသည်ဖြင့် သဂ္ဂကထာကို ဟောလိုက်တယ်၊ ဒါဟာ ဘုရားကိုယ်တော်တိုင် ဟောတော်မူတဲ့ အနုပုဗ္ဗိကထာ တရားဟောစဉ်နော်(မှန်ပါ)။ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ ဆိုတော့ နတ်ပြည်ရောက်ကြောင်းနှင့် နတ်ပြည်ဆိုင်ရာကိုလည်း ဟောကြားတော်မူတာပဲ (မှန်ပါ)။

ပြီးတော့မှ အဲဒီ နတ်ပြည် အကျိုးပေးနေတဲ့ ဥစ္စာတွေ၊ မြက်မီးရှူးကိုင်မိတာတွေ၊ လွှတ်ရင်လွှတ်၊ မလွှတ်ရင် လောင်တာပဲဆိုတော့ ဦးဘအုန်း ဖျက်ချပစ်လိုက်တယ်(မှန်ပါ)။ မဖျက်ချဘူးလား(ဖျက်ချပါတယ် ဘုရား) ဒါဟာ ဟို အကျိုးပေးရဲ့ အပြစ်တွေကို ပြနေတယ် (မှန်ပါ) ခုနင်တုန်းက ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာတွေကို ဘာလုပ်ချ လိုက်သတုံး (ဖျက်ချလိုက်ပါတယ် ဘုရား)၊

ဖျက်ချလိုက်တယ်၊ ငါးပါးအာရုံ ကာမဂုဏ်ဆိုတာ အဋ္ဌိကင်္ကာလူပမာကာမာ ခွေး၊ အမဲရိုးကိုက်သလိုပဲ၊ ဘယ်တော့မှ ဝတယ်ရယ်လို့မရှိဘူး၊ နောက်ဆုံးပိတ် အမဲရိုးနားပဲ သေခြင်းဆိုး သေတာပဲ(မှန်ပါ) မြက်မီးရှူးကိုင်တဲ့လူလဲ လေလာတဲ့ဘက် မီးရှို့သွားလို့ရှိရင် လွှတ်ရင်လွှတ်၊ မလွှတ်ရင် သူ့ကို လောင်တာပဲဆိုပြီး ဒါတွေကို အပြစ်တွေ ပြလိုက်တယ် (မှန်ပါ)။

နေက္ခမ္မအာနိသံသကထာ

ပြီးတော့မှ နေက္ခမ္မအာနိသံသကထာ ဆိုပြီးတော့ ကာမမှထွက်ဖို့ ဟောတယ်(မှန်ပါ)၊ သဘောကျပြီလား(ကျပါပြီ)။

အဲဒါတွေဟောလိုက်ပြီးတော့မှ တော်တော်ကလေး ကိလေသာက ပါးလာတော့ ခုနင်တုန်းကတော့ ငါရမယ် ငါခံစားရမယ်ဆိုပြီး သာယာတဲ့ တဏှာတွေများနေတော့ ခုနင်က အပြစ်တွေ ပြလိုက်တော့ တဏှာက ပါးမသွားဘူး လား (ပါးသွားပါတယ်)။

အဲဒီတဏှာက ပါးသွားပြီးတဲ့အခါကျတော့မှ ကာမဂုဏ်၏ အပြစ်တွေပြပြီး တော်တော်ကလေး တက်လာတော့မှ တရားနာသူ ဝမ်းထဲကို အဇ္ဈာသယကို ဘုရားက ကြည့်ရှုတော်မူတယ်။ ဒိဋ္ဌိ ပါးသွားပြီလား၊ မပါးသေးဘူးလား၊ ကိလေသာ နည်းသွားပြီးလား၊ မနည်းသေးဘူးလားလို့ ကြည့်တော်မူတယ်။ ကာမာနံ အာဒီနဝကထာ ဟောလိုက်က တည်းက ကာမဂုဏ်၏ အပြစ်တွေ ပြလိုက်ကတည်းက သူ့မှာလိုချင်ရချင် တွယ်တာချင်တဲ့စိတ်တွေ ဘယ့်နှယ်နေသတုံး (ပါးသွားပါတယ်)။

သာမုက္ကံသိက ဒေသနာဆိုတာ

အဲဒီ ပါးသွားတဲ့ အချိန်ကျတော့မှ သာမုက္ကံသိက ဒေသနာဆိုတာ ဘုရားပွင်လာတော်မူမှ ဟောနိုင်တဲ့ ဤကား ဒုက္ခသစ္စာ၊ သူ့ကို ဖြစ်စေတဲ့ လောဘက သမုဒယ သစ္စာ၊ လောဘချုပ်လို့ ခန္ဓာသိမ်းတာ နိဗ္ဗာန် – နိရောဓသစ္စာ(မှန်ပါ) နိဗ္ဗာန်ရအောင်ကျင့်တဲ့ ဘာဝေတဗ္ဗကိစ္စနဲ့ ပွားများရမှာက မဂ္ဂသစ္စာလို့ သစ္စဒေသနာတော်ကို ဟောလိုက်တယ်(မှန်ပါ) အထဲမှာ ကိလေသာဖြူစင်နေတုန်းမှ ဟောတော်မူတာ(မှန်ပါ)။

ဝမ်းထဲမှာ ကိလေသာတွေ ဖြူစင်နေတဲ့အချိန်ကျတော့ ဘာဟောလိုက်သတုန်း (သာမုက္ကံသိကဒေသနာ ဟောပါ တယ်) သစ္စာဟောလိုက်တယ် ဆိုလိုက်ပါတော့ (မှန်ပါ)။

ဝမ်းထဲမှာ ဖြူစင်နေတုန်း ဘာဟောလိုက်သတုန်း (သစ္စာဟောလိုက်ပါတယ် ဘုရား) အဲဒီမှာ သောတာပန်တည် တာပဲ၊ ဥပါလိ စသည်တို့လဲ ဒီမှာ တည်တာပဲ(မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

အဲဒါ ဘုရား တရား ဟောစဉ်လို့ မှတ်ပါ၊ အလျင်ဟာတွေ ဖျက်ရပါတယ်(မှန်ပါ) ရှင်းပြီးလား(ရှင်းပါပြီ)

ကဲ ဒါဖြင့် ခင်ဗျားတို့ အလျင်ဟာတွေ ဖျက်ပြီး သစ္စာဟောလိုက်တော့ သုညတ မဆိုက်သေးဘူးလား (ဆိုက်ပါ တယ်)၊ ဒုက္ခသစ္စာထဲမှာလဲ ပုဂ္ဂိုလ် သတ္တဝါ ပါသေးရဲ့လား(မပါပါဘူး) သမုဒယသစ္စာ ထဲမှာကော (မပါပါဘူး) နိရောဓ သစ္စာထဲမှာကော (မပါပါဘူး)၊ မဂ္ဂသစ္စာထဲမှာကော (မပါပါဘူး)၊

အဲဒီလို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် တရားနာ ပုဂ္ဂိုလ်ကိလေသာဖြူစင်တဲ့အချိန် ကောက်ဟောလိုက်တော့မှ တစ်ခါတည်း သောတာပန် သကဒါဂါမ် အနာဂါမ် တည်သွားတယ်(မှန်ပါ) တစ်ခါတည်း ခန္ဓာကို နှလုံးသွင်းလိုက်ပြီပေါ့ဗျာ(မှန်ပါ)၊ နှလုံးသွင်းလိုက်တော့ မြင်ပြီကော(မှန်ပါ) မြင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ခုနင်က ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး တွေ့လာတော့တာပဲ(မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ သဘောပါကြပြီလား(ပါပါပြီ)။

သာယာနေမှာစိုးလို့

အဲဒါကြည့်စမ်း ဒကာ ဒကာမတွေ၊ ဘုရားက ဒါနတွေ ဟော၊ သီလတွေဟောပြီးတော့မှ အပြစ်တွေ ပြတယ် (မှန်ပါ)။ ဒါတွေ သာယာနေမှာစိုးလို့ (မှန်ပါ)။ အကျိုးမပေးဘူးလို့ ဟောတာမဟုတ်ဘူး ပေးပါတယ်၊ ပေးတဲ့အတိုင်း ငြိပြီး သာယာနေပြန်လို့ရှိရင်လဲ မောင်ဘသော် တစ်ခါတဏှာငြိ၊ ဒိဋ္ဌိက ငြိပေါ့ကွာ(မှန်ပါ)၊ ငြိနေမှာစိုးလို့ အဲ့ဒါတွေ အပြစ်တွေကွ၊ မြက်မီးရှိူးလိုပဲ ခန္ဓာကိုယ် လောင်တာပဲ၊ အဋ္ဌိကင်္ကလူပမာ ကာမာ အစရှိသည်နဲ့ ဟောတယ်(မှန်ပါ)။

မံသပေသူပမာကာမာ-ကျီးတစ်ကောင်ဟာ အမဲသားတစ်ရတယ်၊ ရတဲ့ကျီးကို ဝိုင်းပြီး ဆိတ်ကြတယ်၊ တစ်ကောင်သော ကျီးက ကောက်ယူသွားပြန်ရော၊ ကောက်ယူတဲ့ကျီး အဆိတ်ခံရပြန်တယ်(မှန်ပါ)။ မင်းတို့ ငါးပါးအာရုံကာမဂုဏ်တွေ ဟာ အဲဒီအမဲစားတစ်နဲ့ တူသကွ၊ မင်းတို့ အဆိတ်အဆွခံပြီး သေချင်းဆိုး သေရတတ်တယ်။ အလကားဟာတွေကွ စသည်နဲ့ ဖျက်ချလိုက်တယ်(မှန်ပါ)။

ဒီတော့မှ ဒါကိုတော့ဖြင့် မလိုချင်ဘူးလို့ တရားနာတဲ့ ပုဂ္ဂိုလ်မှာ ကိလေသာ ဖြူစင်နေတော့မှ ဒကာကြွယ် ဘာကိုင်ဟောသတုံး(သစ္စာတရား ဟောပါတယ်) အဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောစဉ်လည်း ရိပ်မိပြီလား (ရိပ်မိပါပြီ)။ နောက်ဆုံးပိတ် သစ္စာဒေသနာ အဘိဓမ္မာ သတ်တာပဲဆိုကြပါစို့ (မှန်ပါ) အဲဒါ ဘာဖြစ်လို့ သတ်ရသတုံး ဆိုတော့ အလျင်ဟာတွေက ဘာမှ မဟုတ်ဘူးဟေ့။ အလျင်ဟာတွေသည်ကားဆိုရင် သုညတဆိုက်အောင် မသွားတတ်မှာ စိုးလို့ သုညတဆိုက်တဲ့ တရားကို ဘုရား နောက်ဆုံးပိတ် ဟောတယ်(မှန်ပါ)၊ အဲဒီမှာ ရဟန္တာဖြစ်တာ ချည်းပဲ ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အဲဒါ တရားဟောစဉ်လို့ မှတ်ကြပါ(မှန်ပါ)။

ပစ္ဆာဘူမက ဆိုတဲ့ ရွာကို သွားပါရစေ

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတွေ သုညတ တရားပဲ ဟောပါမယ်တဲ့ ပဋိစ္စသမုပ္ပါဒ် ပြပြီးတော့နော်(မှန်ပါ့)။

တစ်နေ့က တရားမဆုံးခဲ့တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သက္ကတိုင်းမှာ သီတင်းသုံးနေတယ်၊ ရဟန်း၊ ငယ်တွေက “အရှင်ဘုရား တပည့်တော်တို့ ပစ္ဆာဘူမက ဆိုတဲ့ ရွာကို သွားပါရစေ” လို့ လျှောက်ထားကြတယ်(မှန်ပါ)။

ဘာကိစ္စတုန်းဆိုတော့ ဟိုရွာသွားပြီး သီတင်းသုံး တရားအားထုတ်ချင်လို့(မှန်ပါ)၊ ဒီတော့ ဘုရားက မသွားရဘူးလို့ မတားဘူး(မှန်ပါ) မင်းတို့နောင်တော်ကြီး ရှင်သာရိပုတ္တရာကို တိုင်ပင်ပြီးပြီလား လျှောက်ထား ပြီးပြီလား မေးတော့ “မလျှောက်ရသေးပါဘူးဘုရား”လို့ ဖြေကြတယ်(မှန်ပါ) သူ့ဆီကို သွားလျှောက်ထားကြဦး၊ သူက ဆိုဆုံးမတတ်တယ်၊ သွန်သင်တတ်တယ် ဟိုကျရင် ဘယ်လိုပြောကြ ဆိုကြဆိုတာလဲ သွန်သင်တတ်တယ်၊ မင်းတို့အပေါ်မှာ အင်မတန် သနားစောင့်ရှောက်တတ်တယ်၊ ဒါကြောင့် သူ့ဆီကို တောင်းပန်လျှောက်ထားချေကြဦး ဆိုပြီး လွှတ်လိုက်ပါတယ်(မှန်ပါ ဘုရား)။

လွှတ်လိုက်တော့ ရှင်သာရိပုတ္တရာဆီကို ရဟန်းငယ်တွေက ရောက်သွားတော့ မင်းတို့ ဘာကိစ္စတုံးလို့ ဆီးမေး တော့ တပည့်တော်တို့ ပစ္ဆာဘူမက သွားချင်လို့ဘုရား၊ ဒါကြောင့် အရှင်ဘုရားဆီလာပြီး လျှောက်ပါတယ်(မှန်ပါ)။

ဒါဖြင့် မင်းတို့ဘုရားကို လျှောက်ခဲ့ပြီလားလို့ မေးတော့ ဘုရားကို လျှောက်ခဲ့ပါပြီဘုရား၊ ဘုရားက သာရိပုတ္တရာ ဆီ သွားလို့ဆိုလို့လာခဲ့ပါတယ်ဆိုတော့ ရှင်သာရိပုတ္တရာက ရိပ်မိတယ် ဪ ငါ့ကို သင်ကြားပြသလိုက်ဖို့ ဒီရဟန်းငယ်တွေ လွှတ်လိုက်တာပဲဆိုပြီး သကာလ ရှင်သာရိပုတ္တရာက စကားစလိုက်တယ်(မှန်ပါ)။

ဘုရားဝါဒဟာ ဘာဝါဒတုံး

ရဟန်းငယ်တို့ မင်းတို့ ပစ္ဆာဘူမက သွားမယ်ဆိုတော့ အဲဒီမှာ တာရုက္ခပုဏ္ဏားတို့ စိတ္တသူကြွယ်တို့လဲ ရှိတယ်၊ လူပညာရှိရဟန်း ပညာရှိတွေဟာ ကြည့်နေတာ၊ မင်းတို့က သက္ကတိုင်းဘုရားဆီက လာတယ်ဆိုတော့ မင်းတို့ကို မေးလိမ့်မယ်တဲ့။ ဘုရားဝါဒဟာ ဘာဝါဒတုံး ဘုရားဟာ ဘယ်လိုဟောလေ့ ရှိသတုံး ဒီဟာတွေ သေသေချာချာ မေးမှာ ပဲတဲ့(မှန်ပါ)။

ဘုရားဝါဒ (ဘာဝါဒတုံး)၊ ဘုရားဟာ ဘယ်လိုဟောလေ့ရှိသတုံး (မှန်ပါ့)။

အဲ ခင်ဗျားတို့လဲ အခု ဝါဒတွေ ဝါဒီတွေ သိပ်ရှုပ်တယ်နော်(မှန်ပါ)၊ ဒီတော့ ကျုပ်တို့က ဘုရားဝါဒတစ်ခု တည်း အလျင်မှတ်ပါဦး၊ ဗုဒ္ဓဘာသာဆိုပြီး ဒီ့ပြင်ဝါဒတွေ လိုက်မနေပါနဲ့ဦး။ ဘုရားဝါဒကို အရေးတကြီး မှတ်ကြစမ်း ပ်ဆိုတာကို ပြောချင်လို့ ဒီဝတ္ထုထုတ်လာပါတယ်(မှန်ပါ)၊ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်မှာ လာတယ်လို့ မှတ်ကြပါ(မှန်ပါ)။

မင်းတို့ ဘုရားဆီက လာခဲ့တယ်ဆိုတော့ မင်းတို့ကို မေးလိမ့်မယ်တဲ့၊ ဟိုမှာ ပညာရှိ မျိုးစုတွေရှိနေတယ်(မှန်ပါ)။ ဘုရားဟာ ဘယ်ဝါဒတုံးလို့ ဘုရားဟာ ဘယ်လိုဟောလေ့ရှိသတုံးလို့ မေးလိမ့်မယ်(မှန်ပါ) မေးတော့ မဖြေတတ်လို့ရှိရင်၊ လွဲသွားလို့ရှိ ရင် ဘုရားတောင် စွပ်စွဲရာ ရောက်လိမ့်မယ်(မှန်ပါ)။

”ဒါဖြင့် တပည့်တော်များ ဟောပြောမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဘုရား၊ အရှင်ဘုရားကပဲ တပည့်တော် တို့ကို သနားသဖြင့် ဆုံးမသွန်သင်ပေးပါတဲ့” ရဟန်းတွေက တောင်းပန်လာတယ်(မှန်ပါ)။

လောဘပယ်တဲ့ ဝါဒဟာ ဘုရားဝါဒ

အဲဒီတော့ ဒီတရားပွဲမှာ ဒကာ ဒကာမတွေ ပြောချင်တာက ဗုဒ္ဓဘာသာဆိုတဲ့ ဥစ္စာဘုရားဝါဒကို လိုက်ကြတယ်၊ ဪတို့ ဘုရား ဘယ်ဝါဒရှိသတုံးဆိုတာ မသိကြဘူး(မှန်ပါ)။ မသိတော့ ဒီနေ့ ရှင်းလင်းပြီး သကာလ ပြပါ့မယ်(မှန်ပါ)။

ရဟန်းကလေးတွေက”အရှင်ဘုရား တပည့်တော်တို့ကို ဟောပြတော်မူပါ၊ သွန်သင်တော်မူပါ၊ ဆုံးမတော်မူပါ” ဆိုတော့ မင်းတို့ကို ဟိုကျတော့ စိတ္တသူကြွယ်စသည်တို့က မေးကြပြီကွာတဲ့ အရှင်ဘုရားတို့ ဘုရားဟာ ဘယ်ဝါဒရှိ သတုန်းလို့ (မှန်ပါ) အရှင်ဘုရားတို့က ဘုရားဆီကလာတာ၊ ဘုရားဝါဒ ပြောစမ်းပါ ဆိုတာတော့ လာမှာပဲတဲ့ (မှန်ပါ) ဘုရားဝါဒမေးလို့ရှိရင် –

ဆန္ဒရာဂ ဝိနယက္ဓာ ယီခေါအာဝုသောသတ္ထာ။ ဒီလိုဖြေပါတဲ့(မှန်ပါ)၊ အာဝုသော-ငါ့ရှင်တို့၊ သတ္ထာ-မြတ်စွာ ဘုရားသည်၊ ဆန္ဒရာဂ ဝိနယက္ဓာယိ-ဆန္ဒရာဂ ပယ်ခြင်းကို ဟောကြားတော်မူလေ့ရှိ၏ (မှန်ပါ) ငါတို့ဆရာ၏ ဝါဒပဲတဲ့ (မှန်ပါ)။

ဘုရားဝါဒဟာ ဒကာ ဒကာမတွေ လောဘပယ်တဲ့ ဝါဒဟာ ဘုရားဝါဒပဲ(မှန်ပါ)၊ သေသေချာချာမှတ်ကြပါ (မှန်ပါ)။

တကာကြွယ် ဘာတဲ့တုန်း (လောဘပယ်တဲ့ ဝါဒဟာ ဘုရားဝါဒပါ ဘုရား) ဘုရားဝါဒက ဘယ်ရောက်ရောက် ဘယ်သွားသွား လောဘပယ်ဖို့ပဲ (မှန်ပါ)၊ ကိုယ်တော်တိုင်လဲ လောဘပယ်တာပဲ၊ သူတစ်ပါးကိုလဲ လောဘပယ်ဖို့ ဟောတော်မူတာပဲ(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရားဟောတဲ့အခါလဲ လောဘပယ်ဖို့ပဲ ဟောလေ့ရှိတယ်။ အဲဒီလို ဖြေကြပါကွာတဲ့(မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘုရားဟောတဲ့အခါလဲ ဘာကိုဟောလေ့ရှိသတုံး(လောဘပယ်ဖို့ပဲဟောလေ့ရှိပါတယ်) လောဘပယ်ဖို့ပဲ ဟော တယ်။ ဘယ်သူ့ကို ဟောဟော (မှန်ပါ)၊ အရေးတကြီးပုဂ္ဂိုလ်အလိုမလိုက်ဘဲနဲ့ ဟောရင် ဒါပဲဟောတယ်(မှန်ပါ) ရှင်းပြီ လား (ရှင်းပါပြီ)။

ကြည့်ပါ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ကြည့်ရင် ခင်ဗျားတို့ ရှင်းပါတယ်(မှန်ပါ)၊ ပဋိစ္စသမုပ္ပါဒ် ဟောလို့ရှိရင် ထားပြီး ပိုမိုရှင်းပါလိမ့်မယ်(မှန်ပါ)၊ ဒါဟာခင်ဗျားတို့ ခန္ဓာငါးပါး၊ ဒီနောက်က ဟောဒီ တဏှာ လောဘမလိုက်ဖို့ ဟောတယ် (မှန်ပါ)၊ ၂ နံပါတ်နောက်က ၃ နံပါတ်မလိုက်ဖို့ ဟောတယ်(မှန်ပါ)။ ဘုရားဝါဒက ဒီဘက် တဏှာဥပါဒါန်ကံ မလိုက်ဖို့ (မှန်ပါ) လောဘတို့ တဏှာတို့ ဥပါဒါန်တို့ ကံတို့ မလိုက်ဖို့ပဲ၊ ဒါဘယ်သူ့ဝါဒတုန်း (ဘုရားဝါဒပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဆန္ဒရာဂဝိနယက္ခာယီခေါအာဝုသေသတ္ထာ။ ကိုင်း ဒါဟာ ဘုရားဝါဒပဲ(မှန်ပါ)။

သူတစ်ပါးဟောပြန်လို့ရှိရင်လဲ

လောဘပယ်တဲ့ဝါဒဟာ (ဘုရားဝါဒပါ)၊ သူတစ်ပါးဟောပြန်လို့ရှိရင်လဲ ဘာကို ဟောလေ့ရှိသတုံး (လောဘကို ပယ်ဖို့ ဟောပါတယ်)။

လောဘပယ်ဖို့ဆိုတော့ ဟောဒီခန္ဓာထဲမှာ ဒကာ ဒကာမတို့ နောက်ထပ် ဒီခန္ဓာခင်တဲ့ တဏှာဥပါဒါန်ဘဝ မလာပါစေနဲ့ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေကတော့ အခုနားရည်ဝနေတော့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းအရ ပြောရရင် ၂ နံပါတ်က ၃ နံပါတ်ကို မကူးဖို့ဝါဒပဲ(မှန်ပါ)။

ဘယ်လိုမှတ်ကြမယ်(၂ က ၃ ကို မကူးဖို့ ဝါဒပါ ဘုရား)။ ဒါ ဘယ်သူ့ဝါဒပါလိမ့်(ဘုရားဝါဒပါ ဘုရား)။

အဲဒီတော့ ဦးဘအုန်းတို့က စဉ်းစားတာပေါ့၊ ဒကာကြွယ်တို့က စဉ်းစားပါနော်(မှန်ပါ)၊ ငါ တစ်နေ့မှာဆိုရင် ၂ က ၃ ကို ဘယ်နှစ်ခါကူးသတုန်းလို့ ကိုယ့်ဟာကိုယ် စဉ်းစားလိုက်တဲ့ အခါကျတော့ ငါဘုရားဝါဒ မဟုတ်သေးပါဘူး (မှန်ပါ)၊ ဘုရားဝါဒလဲ မဟုတ်သေးပါဘူး၊ ဘုရားဟောတဲ့ တရားလဲ ငါမလိုက်နာသေးပါဘူး၊ ဘုရားဟောတဲ့ တရားလဲ ငါမလိုက်နာသေးပါဘူး၊ ဘုရားနဲ့ငါနဲ့ ကန့်လန့်ပဲရှိပါသေးတယ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ(မှန်ပါ ဘုရား)၊ သဘောကျပြီလား(ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဘုရားဝါဒ သိပါပြီတဲ့၊ ၂-က ၃-ကို မကူးဖို့(မှန်ပါ)၊ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာက တဏှာ ဥပါဒါန်ကံကို မကူးဖို့(မှန်ပါ)၊ ဦးဘအုန်း ရိပ်မိပြီဘား(ရိပ်မိပ်ါပြီ ဘုရား) အဲဒါ ဘယ်သူ့ဝါဒပါလိမ့် (ဘုရားဝါဒပါ ဘုရား)။ သူတစ်ပါးဟောပြန်တော့လဲ ၂ အ ကွက်ထဲက ၃ အကွက် မကူးစေနဲ့လို့ ဟောတာ(မှန်ပါ) ၂-က ၃-မကူးစေနဲ့ဆိုတော့ ၂ ကို ဝိပဿနာရှုမှ ၃-မကူးမှာ (မှန်ပါ) နို့မဟုတ်ရင်တော့ (ကူးမှာပါ ဘုရား)။

ဒါနဲ့ မင်းတို့ ဒီအတိုင်းဖြေကြပေတော့ဆိုတော့ ကောင်းပါပြီဘုရား၊ ဘုရားဝါဒကို တပည့်တော်များ ဖြေတတ်ပါပြီ ဘုရားသည်ကားဆိုရင်ဖြင့် လောဘပယ်တဲ့ ဝါဒပါပဲ(မှန်ပါ) သူတစ်ပါးဟောလို့ရှိရင်ဖြင့် လောဘဒိဋ္ဌိပယ်ကြ။ လောဘနဲ့ ဒိဋ္ဌိကလဲတူတူပါပဲ (မှန်ပါ) လောဘနဲ့ ဒိဋ္ဌိကို ပယ်ကြကွာလို့ သူတစ်ပါးလဲ ဟောလေ့ရှိတယ်(မှန်ပါ)။

ဘယ်အပေါ်၌ရှိတဲ့ ဆန္ဒရာဂတုံး

ကောင်းပြီ၊ ဟိုမှာလဲ ပစ္ဆာဘုမကမှာ လူပညာရှိ ရဟန်းပညာရှိတွေရှိတော့ မင်းတို့ ဒါလောက်ဖြေရုံနဲ့တော့ သူတို့က ကျေနပ်မယ် မဟုတ်ဘူးတဲ့၊ တစ်ဆင့်တက်ပြီး မေးဦးမှာပဲတဲ့(မှန်ပါ) အရှင်ဘုရားတို့ဘုရားက ဆန္ဒရာဂတို့ကို ပယ်တဲ့ဝါဒဟာ သူတစ်ပါးကိုဟောလည်း ဆန္ဒရာဂကိုပယ်ဖို့ပဲ ဟောလေ့ရှိတယ်ဆိုတာ တပည့်တော်တို့ ကျေနပ်ပါပြီတဲ့။ ဘယ်အပေါ်၌ရှိတဲ့ ဆန္ဒရာဂတုံး၊ ဘယ်အပေါ်၌ရှိတဲ့ လောဘတုံး၊ ငါကိုရှင်းပြီးဟောပါဦး(မှန်ပါ) ဦးဘအုန်းမေးခွင့် ကောမကြုံဘူးလား (ကြုံပါတယ်)။

အဲဒီတော့ မင်းတို့ဒီလိုဖြေကြပါတဲ့၊ ခန္ဓာငါးပါး ခင်တွယ်တဲ့ ဆန္ဒရာဂကိုပယ်ဖို့ရာ ဟောလေ့ရှိတယ်လို့ မင်းတို့ ဖြေကြပါတဲ့ (မှန်ပါ)။

ဘာတဲ့တုန်း (ခန္ဓာငါးပါးခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ရပါမယ်) ကဲ ဒီမှာ ဘာရှိသတုံးကြည့်။ ၂ နံပါတ်မှာ ခန္ဓာငါးပါး) အဲ့ဒီခင်တွယ်တဲ့ ဆန္ဒရာဂကိုပယ်ရမယ်(မှန်ပါ)။ ဆန္ဒနဲ့ တဏှာကို ပယ်ရမယ်ဆိုတော့ ဒကာ ဒကာမတွေ ဝိပဿနာကင်းလို့ ရပါ့မလား (မရပါဘူး)၊ ကဲ ဒါကို ရိပ်မိပြီဆိုကြပါစို့(မှန်ပါ)။

ကဲ ပုစ္ဆာဘယ်နှစ်ချက်ပြေသွားပြီလဲ(နှစ်ချက်ပါ ဘုရား)။ အဲ နှစ်ချက်ပြေသွားပြီနော်။ ပထမက ဝါဒကိုသူဖြေ တယ်။ နောက်ဘယ်အပေါ်၌ရှိတဲ့ ဆန္ဒရာဂကို ပယ်ရမှာတုံးဆိုတော့ ခန္ဓာငါးပါးမှာရှိတဲ့ လောဘကို (ဝါ) ခန္ဓာ ငါးပါကို ခင်တွယ်တဲ့ လောဘကို ပယ်ရမယ်လို့ ဖြေလိုက်တယ်(မှန်ပါ)။

ဆန္ဒရာဂကို မပယ်ရင် ဘယ်အပြစ်သင့်မတုံး

တစ်ခု သူနည်းပေးတဲ့ နှစ်ခုကို ဖြေတတ်ကြပြီလား မေးတော့ ဖြေတတ်ပါပြီလို့ဆိုတော့ သို့သော်လဲ ဟိုမှာ လူပညာရှိ ရဟန်းပညာရှိတွေကရှိတော့ သူတို့ ဒါလောက်နဲ့ ကျေနပ်မှာမဟုတ်သေးဘူး၊ ဒါလောက် ဖြေရုံနဲ့တော့ (မှန်ပါ) ဒီတော့ တစ်ဆင့် တက်မေးလိမ့်မယ်တဲ့၊ အရှင်ဘုရားတို့၊ ခန္ဓာငါးပါးအပေါ်၌ရှိတဲ့ ဆန္ဒရာဂကို မပယ်ရင် ဘယ်အပြစ်သင့်မတုံးဆိုတာ တက်လာလိမ့်ဦးမယ်(မှန်ပါ)၊ မေးတော့ ဒီလိုဖြေကြပေတော့ဆိုပြီး အဖြေပေးလိုက်ပါတယ်၊ ဒကာ ဒကာမတွေက သေသေချာချာ မှတ်ကြရမယ်(မှန်ပါ)။

ဒီခန္ဓာငါးငါးအပေါ်၌ လောဘနဲ့ ခင်နေမယ်၊ လောဘနဲ့ စွဲလမ်းနေမယ် လောဘနဲ့ပဲ ချစ်ခင်နေမယ်ဆိုလို့ရှိ ရင် ခန္ဓာငါးပါးဆိုတာက ဖြစ်ပြီးပျက်တတ်တဲ့ ဓမ္မ(မှန်ပါ) အဲဖြစ်ပြီး ပျက်သွားတဲ့အခါကျတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလိုက်မယ်(မှန်ပါ)။

ခန္ဓာငါးပါးခင်တဲ့ ပုဂ္ဂိုလ်ဟာဖြစ်ပြီး ပျက်သွားတော့ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်ပါတယ် ဘုရား)။ ဥပမာမယ် အိုခန်း၊ နာခန်း၊ သေခန်းတွေ့မယ်၊ ဘာဖြစ်ကြမယ်ထင်သတုံး(သောက ပရိဒေဝ ဒုက္ခဒေါမနဿဖြစ်ပါမယ်) အဲ ဒါဟာ ခန္ဓာငါးပါးကို ခင်မှုကြောင့် ဦးဘအုန်းသောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ သင်္ခါရ ဆိုတဲ့ ပဋိစ္စ သမုပ္ပါဒ် နောက်ပြန်လှည့်သွားတယ်(မှန်ပါ) အဝိဇ္ဇာပစ္စယာ သင်္ခါရ ကျအောင် ပြန်လှည့်တယ်(မှန်ပါ)၊ ဒါဟာ ဘယ့်နှယ် ကြောင့်ပါလိမ့်မတုန်း (ခန္ဓာငါးပါးခင်တွယ်လို့ပါ ဘုရား)။ ခန္ဓာခင်လို့ အပြစ်သင့်တာ(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ခန္ဓာခင်လို့ အပြစ်သင့်တာလို့ မင်းတို့ ဖြေကြပါတဲ့(မှန်ပါ) ခန္ဓာငါးပါးကတော့ ဖြစ်လိုက်၊ ပျက်လိုက် အိုလိုက် နာလိုက်ဆိုတာ သူ့ရဲ့ဓမ္မတာပဲ၊ ခန္ဓာ၏ ဓမ္မတာမဟုတ်လား(မှန်ပါ)။

သောကပရိဒေဝဒုက္ခဒေါမနဿ လာ မလာ

အဲဒါကို မင်းတို့က ဒီလိုဖြစ်ပျက်ရှုမထားတဲ့ ပုဂ္ဂိုလ်ကျတော့ ဖြစ်မှ ဖြစ်ရလေခြင်းဆိုတဲ့ သောက ပရိဒေဝဒုက္ခဒေါမနဿ လာ မလာ(လာမှာပါ ဘုရား)၊ သောက ပရိဒေဝ ဒုက္ခဒေါမနဿဟာ သိလို့ လာတာလား၊ မသိလို့လာတာလား (မသိလို့လာတာပါ)၊ မသိလို့လာရင် အဝိဇ္ဇာ ပါလာပြီ (မှန်ပါ) အဝိဇ္ဇာလာရင် သင်္ခါရကကော(လာမှာပါ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပေါ်မလာပေဘူးလား(ပေါ် လာပါတယ် ဘုရား) ဒါဖြင့်် ပဋိစ္စသမုပ္ပါဒ် သင်္ခါရကကော (လာမှာပါ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) အဆုံးက ပြန်ပတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်လာတယ်(မှန်ပါ) ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့် (ခန္ဓာ ငါးပါးခင်တွယ်လို့ပါ) ခန္ဓာငါးပါးခင်ခြင်းကြောင့် အပြစ်သင့်တာ(မှန်ပါ)။

ဦးဘအုန်း ဘာတဲ့တုံး(ခန္ဓာငါးပါး၊ ခင်ခြင်းကြောင့် အပြစ်သင့်တာပါ)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသာပို့ဖူးကြပါပြီတဲ့၊ သူတစ်ပါး မသာတွေကို ခင်ဗျားတို့က အတော်များများ ပို့ဖူးကြပါပြီ(မှန်ပါ)၊ အဲဒီမသာရှင်တွေကို သွားကြည့်စမ်းပါ ဒကာ ဒကာမတို့၊ သောကပရိဒေဝများ ဖြစ်နေကြသလား (ဖြစ်နေပါတယ် ဘုရား) ဦးဘအုန်း ဘာဖြစ်လို့ပါလိမ့် (ခန္ဓာငါးပါး ခင်လို့ပါ ဘုရား) လင်ဖြစ်ရင် လင်၏ ခန္ဓာငါးပါးပေါ့ (မှန်ပါ) သမီးဖြင့်် (သမီးခန္ဓာငါးပါးပါ ဘုရား) သားဖြင့် (သားခန္ဓာငါးပါးခင်ပါတယ်)။

ဒကာကြွယ် သိပြီနော်(သိပါပြီ ဘုရား) မသာပို့ဖူးတာများလှပြီ(မှန်ပါ ဘုရား) များတော့ ဟိုမှာ သောက ပရိဒေဝ ဖြစ်တာတွေကော (တွေ့ဖူးပါတယ်)။

တွေ့ဖူးတော့ ဒကာကြွယ်တို့က ဪ ခင်လို့ဖြစ်ရှာတာပဲ၊ ဝိပဿနာဉာဏ်မလုပ်လို့ ဖြစ်တာပဲလို့ မတွေးမိပါဘူး(မတွေးမိပါဘူး) ဒီလိုမတွေးမိတဲ့အပြင် ခင်လဲ ခင်စရာပေကိုး ဒီလိုတောင် ထင်လိုက်သေး တယ် (မှန်ပါ)၊ ခွကျသွားပြီကော အဆင်းကို တွန်းလိုက်ပြီ(မှန်ပါ)။

အဆင်း တွန်းတာပါ

မင်းသား၊ သားသမီးကလေးက သူများသား၊ သမီးနဲ့ တူတာမှ မဟုတ်တာပဲကွာ၊ ရုပ်ရည်ကလဲသန့်၊ ပညာအရည်အချင်း ကလေးက အခု အင်မတန်ပြည့်စုံနေတယ်။ လိမ္မာ ရေးခြားဆိုတာလဲ ဆိုစရာမရှိဘူး၊ အဲဒီတော့ ငိုမယ်ဆိုလဲ ငိုထိုက်တယ်(မှန်ပါ) ဘယ့်နှယ်ဖြစ်တာတုန်းဗျ(အဆင်း တွန်းတာပါ ဘုရား) ကိုယ်ပါရောပြီး ငိုချင်လို့ လုပ်ပြီ(မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒီလိုအသွားတွေကလဲ မသာဧည့်ခံတွေကလဲ များသနော(မှန်ပါ)။

ဦးဘအုန်း ဒီလိုများ ဧည့်ခံဖူးရဲ့လား(ခံဖူူးပါတယ် ဘုရား) နို့မဟုတ်ရင် လက်ဖက်မှ စားမကောင်း သလိုလို ခင်ဗျားတို့ကိစ္စတွေက အင်မတန်ဆိုးရွားနေတဲ့ အဓိပ္ပါယ်တွေ ပေါ်ပြီလား(ပေါ်ပါပြီ ဘုရား)။

မသာ ပို့ဖူူးကြလို့ရှိရင်ဖြင့်် ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ငိုပွဲဆင်နေသတုံး အကဲခတ်စမ်း (ခန္ဓာငါးပါး ခင်တွယ်နေလို့ပါ ဘုရား)၊ ခင်တော့ ဘာလိုက်လာသတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလိုက်ပါတယ်)။

အဲဒါ သေသေချာချာ မှတ်ပါတဲ့၊ ခန္ဓာငါးပါး ခင်တဲ့ အပြစ်ဟာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ သင်္ခါရနဲ့ ဟိုဘက် အပါယ်လေးပါးကျအောင် ဘဝဆက်သွားတယ်(မှန်ပါ) သောက ပရိဒေဝ ဒုက္ခဒေါမနဿပြီးတော့ အဝိဇ္ဇာ မလာဘူးလား(လာပါတယ်) အဝိဇ္ဇာပစ္စယာ သင်္ခါရ(လာပါတယ်) ၊ သင်္ခါရပစ္စယာ(ဝိညာဏံပါ) ဟော ဝိညာဏံ ဆိုပြီး သေသည်၏အခြားမဲ့၌ ပဋိသန္ဓေလာပြန်ပြီ(မှန်ပါ့) ဒါဘယ်က လာသတုံး (ခန္ဓာငါးပါးခင်တာက လာတာပါ) ခင်ခြင်းကြောင့် ဘာဖြစ်လာသတုန်း (မဖြစ်သင့်တာပါ) အပ္ပါယ်အပြစ်တောင် သင့်နိုင်လိုက်သေးတယ်(မှန်ပါ) ပစ္စုပ္ပန်မှာ သောက ပရိဒေဝမီးသင့်လိုက်တယ်၊ အနာဂတ်မှာ ပဋိသန္ဓေနေရခြင်း အပြစ်သင့်တယ်(မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ကဲ ဒါဖြင့်် မင်းတို့ ရဟန်းငယ်တွေ မှတ်မိပြီလားတဲ့ ခန္ဓာငါးပါးကို ခင်လို့ရှိရင် ဘယ်လို အပြစ်သင့်တယ်ဆိုတာ ဘုရားက ဘယ်လိုများ ဟောသတုံး ဆိုတဲ့ ဥစ္စာမေးလို့ရှိရင် မင်းတို့ ဒီအတိုင်း ဖြေကြတဲ့(မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ခန္ဓာငါးပါး ခင်လို့ရှိရင် ဘာအပြစ်သင့်သတုံး

ခန္ဓာငါးပါး ခင်လို့ရှိရင် ဘာအပြစ်သင့်သတုံး(သောကပရိဒေဝ ဒုက္ခ ဒေါမနဿအပြစ်သင့်တယ်) အဝိဇ္ဇာ သင်္ခါရပါ ထည့်ကြပါ (မှန်ပါ) အဝိဇ္ဇ သင်္ခါရပါ အပြစ်မသင့်ဘူးလား (သင့်ပါတယ်) အဲဒီတော့ နောက်ဘဝ ဇာတိ ပဋိသန္ဓေရ မရ (ရပါတယ် ဘုရား) ဒါတွေကျအောင် ဘယ်ကလာတာပါလိမ့်(ခန္ဓာငါးပါး ခင်ရာကလာတာပါ) အဲ ခန္ဓာငါးပါး ခင်ခြင်းကြောင့် အပြစ်သင့်တာလို့ မှတ်လိုက်ပါ(မှန်ပါ)၊ ဦးဘအုန်း ရှင်းပြီလား(ရှင်းပါပြီ)။

ဒါလောက်နဲ့ မင်းတို့ကိုလဲ အဲဒီ ပစ္ဆာဘူမကမှာ နေတဲ့ရဟန်းပညာရှိ လူပညာရှိတွေက အရှင်ဘုရားတို့ အပြစ်သင့်တာတော့ တပည့်တော်တို့ သိပါပြီ၊ ဘုရားဟောတောမူလို့ ဒီလို အပြစ်သင့်တာကိုးဆိုတာ တပည့်တော်တို့ သိပါပြီ၊ ယုံလည်း ယုံကြည်ပါတယ်၊ အပြစ်သာ သင့်တယ်၊ ပယ်ခြင်းကြောင့် အကျိုးကျေးဇူးပြောစမ်းပါဦး ဆိုတာ မေးဦးမှာပဲ(မှန်ပါ)။

ရှင်သာရိပုတ္တရာက ဟောပြောနေတာ ဒကာ ဒကာမတို့၊ သိပ်အဖိုးတန်တဲ့ တရားနော်(မှန်ပါ)၊ ဘယ်လို သင့်တာတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြည့်လိုက်တော့ ၂ နံပါတ်က ၃ နံပါတ်ကူးသွားတယ်(မှန်ပါ)၊ ကူးသွားတော့ ၄ နံပါတ်မရောက်ဘူးလား(ရောက်ပါတယ်) သဘောကျပြီလား(ကျပါပြီ) ၄ ရောက်သွားတော့ ဇာတိ ဇရာ မရဏ တွေ့ရတယ် (မှန်ပါ)၊ အဲဒါ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကြည့်နေတဲ့ ပုဂ္ဂိုလ်များ ရှင်းသွားပါလိမ့်မယ်(ရှင်းပါတယ် ဘုရား) မရှင်းသေးဘူးလား ဒကာကြွယ် (ရှင်းပါတယ် ဘုရား)။

ခန္ဓာငါးပါး ခင်မှုအပြစ်သင့်တာသည် အမြင်ပြောစမ်းပါဆိုတော့ ၂ နံပါတ်တည်းဟူသော ခန္ဓာငါးပါးက ၃ နံပါတ် တဏှာ ဥပါဒါန်ဘက် ကူးသွားတယ်(မှန်ပါ) ကူးသွားသောကြောင့် ဟိုဘက်ဘဝ အနာဂတ်ဘာ ဇာတိ ဇရာ မရဏဆိုတဲ့ ၄ နံပါတ်ဟာ ပေါ်လာတယ်(မှန်ပါ)၊ ဦးဘအုန်း မပေါ်သေးဘူးလား(ပေါ်ပါတယ် ဘုရား) ဒါဘယ့်နှယ်ကြောင့် ပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာငါးပါး ခင်လို့ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ကိုလဲ ဟောနေတာနော်(မှန်ပါ)။ ခန္ဓာငါးပါး ခင်နေလို့ရှိရင်ဖြင့် သား၊ သမီးခန္ဓာ၊ သူတစ်ပါး သား၊ သမီးခန္ဓာ ခင်လို့ရှိရင်ဖြင့် မျက်ရည်သာကျမယ် စိတ်ကူးပေတော့ (မှန်ပါ) မျက်ရည်ကျပြီး၊ အပါယ်ပဲ သွားမယ်လို့ ရည်ရွယ်ချက် ထားလိုက်ပါဦး(မှန်ပါ)။

သေသည်၏ အခြားမဲ့၌ အပါယ်ရောက်မယ်

ယခုဘဝမှာ ဘာတုန်း ယခုဘဝမှာ တိုတိုပြောကြပါစို့ မောင်ဘသော်ရာ မျက်ရည်ကျရမယ်၊ သေသည်၏ အခြားမဲ့၌ အပါယ်ရောက်မယ်(မှန်ပါ)။

ခန္ဓာငါးပါးခင်တဲ့ ပုဂ္ဂိုလ်များ ကိုယ့်ခန္ဓာခင်ခင် သူတစ်ပါးသားသမီးခင်ခင်ဘာဖြစ်ရမတုံး(မျက်ရည်ကြီးငယ် ကျရပါမယ်) ယခုဘဝမှာ မျက်ရည်ကျရမယ်၊ နောင်ဘဝမှာ(အပါယ်ကျရပါမယ် ဘုရား) အဲဒါနှစ်ခု အမြတ်လိုချင်ရင် လုပ်သာလုပ်ခင်ဗျားတို့ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဦးဘအုန်း လုပ်ရဲပါ့မလား(မလုပ်ရဲတော့ပါ ဘုရား) ဟာ-မဟုတ်သေးပါဘူး၊ ခင်ဗျားတို့က လုပ်နေတဲ့လူတွေ (မှန်ပါ) ဒကာကြွယ်တို့ လူစုက အတော်ဆိုးတဲ့ လူတွေ(မှန်ပါ) လူမြင်ရင် ခင်ဗျားတို့က ခင်တတ်တယ် ပြောနေတာက အတော်ဆိုးနေတာ မဆိုးဘူးလား(ဆိုးပါတယ် ဘုရား)၊ အဲဒီတော့ ဒီဝါဒဟာ ဘုရားဝါဒ ဟုတ်ရဲ့လား။ လူမြင်ရင် ခင်တတ်တဲ့ဝါဒ ပြောစမ်းပါဦး(မဟုတ်ပါဘူး ဘုရား) ဒါက တပည့်တော်တို့ရဲ့ အပါယ်ဝါဒဘုရား ဒီလိုလား (မှန်ပါ)၊ ဒီလိုကလေးလဲ ပြောင်းဦးမှပေါ့(မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားဝါဒကတော့ နိဗ္ဗာန်သွားတဲ့ဝါဒပါ၊ တပည့်တော်တို့ကတော့ အပ္ပါယ်သွားတဲ့ဝါဒပါ၊ ဒါကြောင့် တပည့်တော် တို့က မချစ်မခင် မကြင်နာရရင် နေကိုမနေနိုင်ဘူး (မှန်ပါ) ဒကာကြွယ်တို့ သဘောပါပြီလား(ပါ-ပါပြီ) ဒကာကြွယ် ဝါဒကိုပြောစမ်းပါ ဒါဖြင့်် (အခုတော့ ပြင်ပြီးပါပြီ ဘုရား) ပြင်ပြီးကြပြီလား၊ မတော်လူကြီးတွေမို့ ရှက်နေကြဦးမယ် (မှန်ပါ့) အပ္ပါယ်ဝါဒဆိုတာ နဂိုကရှိနေတယ်နော် ဒကာ ဒကာမတို့(မှန်ပါ)၊ တရားသာမနာရလို့ရှိရင် ဦးဘအုန်း ရှိနေတာပဲ (မှန်ပါ ရှိပါတယ် ဘုရား)။

အိမ်ထိအောင်ပါကြစမ်းပါစေ

ကဲ-ဒါဖြင့် ဦးဘအုန်း ဝါဒကောပြင်ပြီးပြီလား(ပြင်ပြီးပါပြီ) ဟာ ဒီတရားပွဲတင်ပြင်မှာလား၊ အိမ်ရောက်အောင် ပြင်မှာလား (အိမ်ရောက်အောင်ပြင်မှာပါ) အိမ်ထိအောင်ပါကြစမ်းပါစေ(မှန်ပါ) တရားပွဲမှာတော့ ဘုန်းကြီးရှေ့မှာတော့ မုသားမပြောပါဘူး ခင်ဗျားတို့(မှန်ပါ)။

ကဲ ဒကာ ဒကာမတို့ခင်တဲ့အပြစ်ကိုတော့ သိရပါပြီ၊ မခင်တဲ့အကျိုးကို ပြောစမ်းပါဦးဆိုတော့ ဒကာ ဒကာမ တို့ မခင်တဲ့အကျိုးကတော့ ၂ နံပါတ်ရှိတဲ့တရားကို ဖြစ်ပျက်ရှုပေးပါ(မှန်ပါ) ခင်သေးရဲ့လား(မခင်ပါ ဘုရား)၊ ကိုယ့်ခန္ဓာထဲ မှာပဲ ခန္ဓာငါးပါးရှိတယ်၊ တစ်ပါးပါးကို ဖြစ်ပျက်ရှုစမ်းပါ ဖြစ်ပျက် အင်း-ဆိုတော့ ခင်သေးရဲ့လား(မခင်ပါ ဘုရား)၊ မခင်တဲ့အပြင် ဒီမဂ်က ခင်တဲ့တရားတွေကို သတ်ပစ်တယ်(မှန်ပါ)။

ဒါဖြင့် ဝိပဿနာရှုတာရိပ်မိကြပါပြီ်(မှန်ပါ) ခင်တဲ့တရားကို (သတ်ပစ်တာပါ) ခင်တဲ့တရား မခင်မိအောင် သတ်ပစ်(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ကဲ ဒီနေ့ည ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။