မချုန်းဘဲနဲ့ရွာတဲ့မိုး၊ စာမတတ်ပေမယ့် ကျွတ်တမ်းဝင်တယ်
စာအုပ်ပါရက်စွဲနှင့် ဟောတရားမကိုက်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားသော တရားတော်
မချုန်းဘဲနဲ့ရွာတဲ့မိုး
စာမတတ်ပေမယ့် ကျွတ်တမ်းဝင်တယ်
ဒကာ ဒကာမတို့ တရားနာတာက ဗဟုသုတ အင်မတန် များပါတယ်၊ တရားသာနာပြီး တရားအားမထုတ် ကြပြန်လျှင်လည်း၊ နေရာမကျသေးဘူး ဆိုတာကိုလည်း မှတ်စေချင်တဲ့ သဘောနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မိုးလေးမျိုး ဥပမာနဲ့ ပြတယ်။
ခန္ဓာကိုယ်ဉာဏ်လှည့်တရားနာ
တရားနာ တရားနာဆိုတဲ့ဥစ္စာ ခန္ဓာမှာမရောက်သေး ခန္ဓာကို ဉာဏ်လှည့်ပြီး မနာလို့ရှိရင်ဖြင့် တရားနာတာသည်ကားလို့ ဆိုရင် စာသင်တာနဲ့ အတူတူပဲ။
ခန္ဓာကိုယ် ဉာဏ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ယထာဘူတဉာဏ် ရသွားတဲ့အတွက် ဒကာ ဒကာမတို့ အလွန် ကျေးဇူးများလိမ့်မယ်ဆိုတာ မှတ်ထားဖို့ပဲ (မှန်ပါ့)။
အဲ့ဒါတွေ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မိုးလေးမျိုး ဥပမာနဲ့ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ ဟောရှာတယ် ဘယ်လိုဟောလိုက်တုံးဆိုတော့။
မိုးလေးမျိုး
ချုန်းသာချုန်း၍ မရွာသောမိုးတစ်မျိုး (၁) တစ်နံပါတ်မိုးက ဘာပါလိမ့် (ချုန်းသာချုန်း၍ မရွာသော မိုးပါ ဘုရား)
(၂) နှစ်နံပါတ်မိုးသည်ကား ဆိုလို့ ရှိရင်ဖြင့် မချုန်းဘဲနဲ့ ရွာတဲ့မိုး ဒါ နှစ်နံပါတ်က မချုန်းပဲနဲ့ ရွာတဲ့မိုးနော် (မှန်ပါ့)။
(၃) သုံးနံပါတ်ကတော့ ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးလို့ သုံးနံပါတ်ကို မှတ်ထားကြပါ။
(၄) လေးနံပါတ်ကတော့ မောင်နိုင်၊ မောင်ဘမှီတို့ ချုန်းလည်း ချုန်း ရွာလည်းရွာတဲ့ မိုးလို့ မိုးဘယ်နှစ်မျိုးပါ လိမ့် (မိုးလေးမျိုးပါ ဘုရား)။
ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ဒကာ ဒကာမတွေ စိုးရိမ်ကြောင့်ကြတော်မူ သောကြောင့် ဤလေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပေးလို့ ရတဲ့ သဗ္ဗညုတ ဉာဏ်တော်နဲ့ ချိန်တဲ့အခါမှာ အယူအဆတွေ အမျိုးမျိုးအဖုံဖုံ လွဲနေမှာ စိုးတဲ့အတွက် ကိုစောမောင် မိုးလေးမျိုးကို ပြောတယ် (မှန်ပါ့)။
မိုးလေးမျိုးကို ပြောလာတယ် ဒကာ ဒကာမတို့ ပထမ မိုးက ချုန်းသာချုန်းတယ် မရွာဘူး၊
ဒုတိယမိုးက (မချုန်းဘဲနဲ့ ရွာပါတယ် ဘုရား) မချုန်းပဲနဲ့ ရွာပါတယ်။
တတိယမိုးကတော့ ချုန်းလည်းမချုန်း ရွာလည်း မရွာတဲ့ မိုးပါ ဘုရား)။
စတုတ္ထမိုးကတော့ (ချုန်းလည်းချုန်း ရွာလည်း ရွာတဲ့မိုးပါ ဘုရား)။
အလုပ်လုပ်ပါစေတော့လို့ ဟောတာ
အဲ့ဒီကဲ့သို့ ဒကာ ဒကာမတို့ မိုးလေးမျိုးကို ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောထား တာသည်၊ ဘုန်းကြီး တို့၏ ဒကာ ဒကာမတွေ စဉ်းစားပြီး သကာလ၊ ဪ ဒါ အလုပ်ဖြစ်ပါစေတော့ ဆိုတဲ့ အာသီသ ဆန္ဒရှိလို့ ဟောတာပဲ လို့ မှတ်ထားရမယ်နော် (တင်ပါ့)။
အလုပ်လုပ်ပါစေတော့လို့ ဟောတာပဲလို့ ကောက် နှုတ်ချက်ချလိုက်တဲ့အခါ မောင်နိုင် မောင်ဘမှီတို့ အလုပ်လုပ် ဖို့ ဟောတာပဲဆိုတာ မှတ်ထားရမယ် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်ဖို့ ဟောတာကို ကျုပ်တို့ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့် အလုပ်နဲ့ပဲ စခန်းသိမ်းရမှာပဲဆိုတာ ဒကာ ဒကာမတို့ မှတ်ထားကြပါ (မှန်ပါ့)။
၁။ ချုန်းသာချုန်း၍ မရွာသာမိုး
ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာသော မိုးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တရားကို စာကိုအမျိုးမျိုး အဖုံဖုံတွေကို ကိုယ့်စိတ်ထဲမှာ ထင်လည်း ထင်တယ် မှတ်လည်း မှတ်မိတယ်။
သို့သော် သစ္စာသိအောင်တော့ အလုပ် မလုပ်ဘူး၊ သစ္စာကို ပဋိဝေဓဉာဏ်နဲ့ သိအောင် အလုပ်မလုပ်ဘူး ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ဘာပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် သိသာသိ၍ မလုပ်လို့ရှိရင် ချုန်းသာချုန်း၍ မရွာသောမိုးနဲ့ တူတယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် တရားအမျိုးမျိုးတွေနဲ့ ဗဟုသုတ အမျိုးမျိုးတွေရှာ၊ အဲဒီလိုရှာပြီး သကာလ သစ္စာသိတဲ့ အလုပ်ကို ပဋိဝေဓဉာဏ်တို့နဲ့ သိအောင် မလုပ်လို့ရှိရင်၊ ချုန်းသာချုန်းတာပေါ့တဲ့ မရွာဘူးတဲ့ (မှန်ပါ) ကဲ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အင်း သိပြီးသကာလ နေငြားသော်လည်း၊ သစ္စာသိအောင် ကျင့်မယ့် အကျင့် မလာ လို့ရှိရင် ဘာမိုးနဲ့ တူတုံး (ချုန်းသာချုန်း၍ မရွာသောမိုးနဲ့ တူပါတယ် ဘုရား)။
တစ်နံပါတ်မီးနဲ့တူတယ်၊ ချုန်းသာချုန်း၍ မရွာသော မိုးနဲ့တူတယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘူရား)။
၂။ မချုန်းဘဲနဲ့ရွာတဲ့မိုး
နှစ်နံပါတ်ကတော့ ဒကာ ဒကာမတွေ၊ အင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တစ်လုံး တစ်ပါဒ၊ ဤ ဆရာသမားတွေ ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ရုပ်ဖြင့်ရုပ် သတိပဋ္ဌာန် လေးပါးထဲက တစ် ပါးပါးသော ဝတ္ထု ဝေဒနာလေးပဲ ကိုယ့်ဉာဏ်ထဲက တည့်တာလေးပဲ ကြိုးစားပြီးသကာလ နေရင်းမတ္တနဲ့တဲ့ အဖြစ် အပျက်ဆိုတဲ့ ဒုက္ခသစ္စာ သူသွား တွေ့တယ်။
ထိုကဲ့သို့ သစ္စာတွေ့တဲ့ အခါကျလို့ရှိရင်၊ သစ္စာဆိုတာ ဒုက္ခပိုင်းခြားနိုင်လို့ရှိရင်ဖြင့် သစ္စာလေးချက်ဟာ တစ်ပြိုင်နက် ထင်ပါတယ် နော် (တင်ပါ့)။
စာမတတ်၊ ဗဟုသုတမရှိ၊ အလုပ်လုပ်တယ်
ဒါကြောင့်စာက ဗဟုသုတတော့မရှိဘူးတဲ့၊ တစ်ခု တည်းထားပြီး သကာလ အလုပ် လုပ်လိုက်တဲ့ အတွက်၊ သူ သစ္စာကို သိသွားတယ်လို့ ဆိုလို့ရှိရင်ဖြင့်၊ ဗဟုသုတလည်းမရှိ စာပေကျမ်းဂန်လည်း မတတ်၊ အင်း သူ့အလုပ်သည်ကားလို့ ဆိုရင်ဖြင့်၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို သစ္စာ ဆိုက်အောင် လုပ်လိုက်တဲ့အတွက်၊ သူခရီးပေါက်သွားတယ် (မှန်ပါ့)။
ဒါကတော့ ဒုတိယ မောင်နိုင်၊ မောင်ဘမှီတို့ မိုးနဲ့ တူတယ်နော် (တင်ပါ့)၊ ချုန်းကောချုန်းလား (မချုန်းပါ ဘုရား) ရွာတော့ (ရွာပါတယ် ဘုရား)။
အဲဒီလိုပါပဲတဲ့ ဒကာ ဒကာမတို့၊ ဒုတိယမိုးသည်ကား လို့ဆိုလို့ရှိရင်၊ စာမတတ် ပေမတတ်နဲ့ နေငြားသော်လည်း၊ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးဖြစ်ပျက် အနိစ္စကို မြင် ပြီးသကာလ၊ အနိစ္စမုန်း အနိစ္စဆုံး ဆိုတဲ့ ဒုက္ခအဆုံးကို အနိစ္စ ဒုက္ခသစ္စာ အဆုံးကို မြင်သွားပြန်လို့ ရှိရင်လည်းတဲ့၊ လိုရာ ကိစ္စပြီးသွားတယ်လို့ မဆိုထိုက်ဖူးလား (ဆိုထိုက်ပါ တယ် ဘုရား)။
ဒါက ဘယ်မိုးနဲ့ တူတာတုံး (ဒုတိယမိုးနဲ့တူ တာပါ ဘုရား) သော် မချန်းဘဲ ရွာတယ် ဆိုတာကော သဘောကျပလား (ကျပါတယ် ဘုရား)။
၃။ ချုန်းလည်းမချုန်း ရွာလည်းမရွာတဲ့မိုး
တတိယမိုးကတော့ ဗဟုသုတလည်းမရှိ၊ စာပေကျမ်း ဂန်လည်းမတတ်သေး၊ သစ္စာ သိအောင်လည်း တဖြည်းဖြည်း ရှုမှတ်ပြီး သကာလအလုပ်မလုပ်ဘူး၊ ဤကဲ့သို့ ပုဂ္ဂိုလ်တွေ လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှိသေးတယ်ဆို တဲ့အဖြစ်သိပါစေလို့၊ ချုန်းလည်းမချုန်း သစ္စာ မသိသော ကြောင့် ရွာလည်းမရွာ၊ ဒါဘာမိုးနဲ့တူပါလိမ့် (တတိယမိုး နဲ့တူပါတယ် ဘုရား)။
တတိယမိုးနဲ့တူတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
၄။ ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုး
ဪ စတုတ္ထမိုးကတော့ဖြင့်တဲ့ ပရိယတ် တွေ၊ ကျမ်းဂန်တွေက အမျိုးမျိုးအဖုံဖုံ၊ တရား ဓမ္မတွေက အမျိုးမျိုး အဖုံဖုံနာပြီး သကာလ၊ ဪ အားထုတ်တဲ့အခါ၊ ကျပြန်တော့တစ်ခုမှတ်ပြီး သစ္စာလေးပါးကို တစ်ခါတည်း ဒုက္ခသစ္စာပိုင်းခြားနိုင်တဲ့ ဉာဏ်ရအောင် ကြိုးစားလိုက်ပြန်တော့ သူကတော့ဖြင့် ချုန်းလည်းချုန်း ရွာလည်းရွာတဲ့ မိုးနဲ့တူ တယ်လို့ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ့)။
ဒါကြောင့် ဒီထဲမှာ တရားနာတဲ့အထဲမှာ ဒီလေးဦး ထဲကဖြင့် ဒကာ ဒကာမတို့ ပထမမိုး၊ ပထမမိုးက မောင်နိုင် ဘာတဲ့ (ချုန်းသာချုန်းပြီး မရွာတဲ့မိုးပါ ဘုရား) မရွာဘူး။
အဲဒီ ပထမမိုး အဖြစ်မှလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်ကြပါစို့လို့ သဘော ကျပလား (ကျပါတယ် ဘုရား)။
ပထမမိုး အဖြစ်ဆိုတာကတော့ ဗဟုသုတ ကျမ်းဂန် စာပေကျမ်းဂန်တွေတော့ရှိပါရဲ့၊ ခုနက သစ္စာဆိုက်အောင် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို အလုပ်မလုပ်ဘူးနော် (မှန်ပါ့)။
စာတတ်ပြီး၊ အလုပ်မလုပ်တဲ့လူ
ထိုကဲ့သို့မလုပ်ခဲ့တဲ့ သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ အင်း ချုန်းသာချုန်း၍ မရွာသောမိုး ဖြစ်နေတော့ ဒါ လည်း တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
နိဗ္ဗာန်မဂ်ဖိုလ် ဆိုတဲ့ ဥစ္စာ ဒုက္ခ ပိုင်းခြားမှ နိဗ္ဗာန်မြင် မှာကိုး၊ ဒုက္ခမပိုင်းခြားပဲနဲ့ နိဗ္ဗာန် မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး)။
ဒုက္ခ အဆုံးမှာ နိဗ္ဗာန်ရှိတယ်၊ ‘‘ဒုက္ခဿ အန္တံ ကရိဿတိ’’
ဒုက္ခဿ- ဒုက္ခ၏၊ အန္တံ -အဆုံးကို၊ ကရိဿတိ = မျက်မှောက်ပြုနိုင် လတ္တံ့ လို့ သံယုတ် ပါဠိတော်မှာ လာထား တဲ့အတွက်၊ ဒကာ ဒကာမတို့ ဒုက္ခအဆုံးရောက်အောင်လုပ် နိုင်မှသာလျှင်၊ အဖိုးတန်ကြတော့မယ် ဆိုတာကော၊ သဘော ပါကြပလား (ပါ ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာဆိုတော့ တော်ပါ့မလား (မတော်ပါဘူး ဘုရား) အင်း စာပေကျမ်းဂန်တွေ အမျိုးမျိုး အဖုံဖုံတတ်ပြီး သကာလ နေ ငြားသော်လည်း၊ လုပ်ရိုးအလုပ်ကို မလုပ်ရလို့၊ သတိပဋ္ဌာန် အလုပ်ကို မလုပ်ပဲနဲ့နေခဲ့သော် မောင်ဘမှီတို့ ဘယ့်နှယ့် နေပါ့ မတုံး (မတော်ပါဘူး ဘုရား)။
မတော်ဘူး ဒါရှောင်ရမည့် အလုပ်လို့မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ်)။
ဒုတိယမိုးကတော့ဖြင့် မချုန်းဘဲနဲ့ရွာတယ် ဆိုတော့ ဒကာ ဒကာမတို့၊ စာပေကျမ်းဂန် ကတော့ဖြင့် သူ့မှာဗဟုသု တ ပညာကောင်းတွေ၊ ဆရာကောင်း သမားကောင်းတွေနဲ့ မတွေ့လို့၊ အင်း တွေ့တဲ့ ဆရာဆီက ယထာဘူတဉာဏ်က လေးရအောင်လုပ်ပြီး သကာလ ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့် စိတ်၊ ဓမ္မဖြင့်ဓမ္မ၊ ဆိုတော့ ကာယဖြင့် ကာယလေးပါးထဲက တစ်ပါးပါး ရှုပြီးသကာလနေလို့ သစ္စာဆိုက်သွားမယ် ဆိုလို့ ရှိရင်လည်း တဲ့၊ သူကိစ္စပြီးတာပဲလို့ ဆိုတာသဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်တွေကတော့ဖြင့်တဲ့ ဒကာ ဒကာမတို့ မိုးသည်ကားလို့ ဆိုရင်ဖြင့် မချုန်းဘဲနဲ့ ဘာဖြစ်တုံး (ရွာပါတယ် ဘုရား)။
အသက်အရွယ်ကြီးသူများ၊ မချုန်းဘဲနဲ့ရွာကြပါ
အဲဒီတော့ မချုန်းဘဲနဲ့ရွာတာကိုလည်း၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသက် အရွယ်ကြီးတော့၊ မချုန်းဘဲနဲ့ရွာတဲ့ အဖြစ်ကိုလည်း ခင်ဗျားတို့ အရယူကြပါလို့ ပြောလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒီအရွယ်ကြီးတွေကျမှ ပညာတွေသင်ပြီးသကာလ၊ သဒ္ဒါသဂြိုဟ်က စပြီး သကာလ အမျိုးမျိုး အဖုံဖုံ မြတ်စွာဘုရား ပါဠိတော်တွေ သင်မယ်ဆိုလို့ ရှိရင်လည်း သေရုံပဲရှိမယ်၊ သူတို့ ခရီးပေါက်စရာ (မရှိပါဘူး ဘုရား)။
အဲဒါတွေမြင်ပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မချုန်းဘဲနဲ့ ရွာတဲ့မိုးလည်း ရှိပါ သေးတယ်ကွာ ဆိုတဲ့ဥစ္စာကိုလည်း ဘုရားဟောထားတဲ့ အတွက်၊ ဒကာ ဒကာမတွေကိုယ် လုပ်တဲ့ အလုပ်ကို သစ္စာဆိုက်အောင် လုပ်လိုက်ရင်ကိစ္စပြီး တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ရှောင်ရမည့်သူ
တတိယ ပုဂ္ဂိုလ်ကတော့ဖြင့် လုံးဝရှောင်ကြဉ်ကြ ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)အင်း ဗဟုသုတလည်း မရှာ အင်း သစ္စာဆိုက်အောင်လည်း မကြိုးစားဆိုတော့၊ မောင်နိုင်၊ မောင်ဘမှီတို့ ဒါကတော့ဖြင့် သတိမှတ် ရမည့် အလုပ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ တတိယပုဂ္ဂိုလ်ရှောင်ဖို့ နော် (မှန်ပါ့)။
စတုတ္ထပုဂ္ဂိုလ်ကတော့ဖြင့် ပညာကလည်းတတ်၊ ဗဟုတသုတတွေလည်းများ၊ တကယ်လည်း ကြိုးစား သစ္စာဆိုက်အောင် ဆိုတော့၊ အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်လို့ မဆို ထိုက်ဖူးလား (ဆိုထိုက် ပါတယ်)။
အဲဒါကြောင့်ဒီထဲမှာ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက် တဲ့ပုဂ္ဂိုလ်ဟာဘယ်နှစ်မျိုး ပါပါလိမ့်မတုံးလို့ မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား)။
ပထမ ပုဂ္ဂိုလ်ရထိုက်ပါတယ် (ရထိုက်ပါ တယ် ဘုရား) တတိယပုဂ္ဂိုလ် (မရထိုက်ပါဘူး ဘုရား) အင်း ဒုတိယနဲ့ စတုတ္ထကလည်း မဂ်ရထိုက်တယ်ဆို တာ ဘုရားဝေဖန်ပြီး သကာလ ဟောလိုက် ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အဲဒီတော့ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ ဒို့မှာ စာမကြည့်၊ ပေမကြည့်နဲ့ ဖြစ်ပြီးသကာလ နေတဲ့အတွက်၊ ဒီဘဝမဂ်ဖိုလ်ခရီးမှ ရောက်နိုင်ပါ့မလားလို့ ဒီလိုမယူပါနဲ့တဲ့၊ တစ်ခုသောသစ္စာလေးပါး၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါး ပါးကို ဖြစ်ပျက်မြင်အောင် ရှုပါ၊ အဖြစ်အပျက် မုန်းအောင် ရှုပါ၊ အဖြစ်အပျက် ဆုံးအောင်ရှုပါ ဆိုတာ ဒုက္ခအဆုံး မြင်အောင်ရှုပါ ပြောတာပဲ (မှန်ပါ့)။
ဒုက္ခပိုင်းခြားပါလို့ ပြောလိုက်တာပဲ (မှန်ပါ့) ရှင်းကြလား (ရှင်းပါတယ် ဘုရား)။
ဤကဲ့သို့ ကြိုးစားလို့ ရှိရင်ဖြင့် ဒီထဲမှာ ဒုတိယပုဂ္ဂိုလ် လည်းပါကြမှာပဲ (မှန်ပါ့) သို့သော် ဒီစတုတ္ထပုဂ္ဂိုလ်ဖြစ် ဖို့အရေးကတော့ဖြင့် မလွယ်ဘူးပေါ့ဗျာ (မှန်ပါ့)။
မလွယ်ဘူးတဲ့၊ သဗ္ဗညုတ ဉာဏံဆိုတာ ယုန်သူငယ် ခြေနဲ့တောက်ပြီး သကာလ၊ ပင်လယ်ကြီးထဲမှာ ယုန်သူငယ် ခြေနဲ့ထောက်တဲ့အခါကျတော့ မောင်နိုင်၊ မောင်ဘမှီတို့ အကုန်မှီပါ့မလား (မမှီပါဘူး ဘုရား)။
စမ်းထောက်ရတာချည့်ပဲ ဆိုတာကော သဘောကျပလား (ကျပါတယ်) စမ်းထောက်ရတာပဲ။
ဒါကြောင့်ဒကာ ဒကာမတို့၊ ဒုတိယပုဂ္ဂိုလ်ဖြစ်ရင် လည်း ကောင်းကြ၏၊ စတုတ္ထပုဂ္ဂိုလ် ဖြစ်ရင်လည်း အလွန့် အလွန် ကောင်း၏ ဆိုတာကို၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဟောတယ်။
ဟောတော့များသော အားဖြင့် ဒုတိယပုဂ္ဂိုလ်များကြ လိမ့်မယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)
အဲတော့ခုတရားနာလာကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ၊ ဪ ညည်းလုံးတော့ဖြင့် မထုတ်လိုက်ပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့)။
စာပေမတတ်လို့ အားမငယ်လိုက်ပါနဲ့
စာကလည်း မတတ်၊ ပေကလည်း မတတ်နဲ့၊ ဒို့မှတ်ပြီး ဆရာသမား ပြောတာလုပ်နေရတာပဲလို့ ဒီလိုအားမငယ် လိုက်ပါနဲ့တဲ့၊ မချုန်းပဲနဲ့ရွာတဲ့မိုးမျိုးလည်း ရှိပါတယ်လို့ပြော လိုက်တယ် (မှန်ပါ့) သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။
ကောင်းပြီ ဒါဖြင့်ချုန်းလည်းချုန်း ရွာလည်းရွာတဲ့ မိုး ဆိုရင်အလွန့် အလွန်ကောင်း၊ စာပေ ကျမ်းဂန်တွေလည်း တတ်၊ အလုပ်လည်း သစ္စာဆိုက်အောင် အလုပ်လုပ်မယ်ဆို ရင်၊ အလွန် ကောင်းတယ် ဆိုတာတော့ဖြင့် ပြောဖို့လိုသေး သလား (မလိုပါဘူး ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အားမငယ်စရာ ဒုတိယ ပုဂ္ဂိုလ်အားငယ်စရာပါရဲ့ လား (မပါ ပါဘူး ဘုရား)။
အဲဒီနှစ်ယောက်ဖြင့် ဒကာ ဒကာမတွေ ဒုတိယနဲ့ လည်းမဂ်ရတာပဲ၊ စတုတ္ထအဖြစ်နဲ့ကော (ရပါတယ် ဘုရား)။
အဲဒါကြောင့် အားငယ်စရာမရှိဘူးဆိုတာလည်း သဘောကျပလား (ကျပါတယ် ဘုရား) အားငယ်စရာ မရှိဘူးဆိုတာ သဘောကျပါ။
ဘာကြောင့် သဘောကျခိုင်းရပါသတုံးလို့ မေးတဲ့ အခါကျတော့မှ စာဆိုတဲ့ဥစ္စာ ဘယ်အချိန်က စပေါ်တယ် ဆိုတာ ဆင်ခြင်ယူလိုက်ရုံပေါ့နော် (မှန်ပါ့)။
စာဘယ်အချိန်ကစပါလိမ့်
စာဘယ်အချိန်ကစပြီး သကာလ၊ စာရယ်လို့ဖြစ်ထွန်းပြီး သကာလ စာတွေစုကြပါလိမ့်မလဲလို့ မေးလို့ရှိရင်၊ ဘုရား ပရိနိဗ္ဗာန်စံပြီး ခုနှစ်ဆယ်ရက် လောက်ရှိမှ သင်္ဂါယတနာတင် တယ်ဆိုပြီး စာစုပွဲကြီးလုပ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဘုရားပွင့်တာနဲ့၊ သင်္ဂါယတနာတင်တဲ့ စာစု ပွဲနဲ့၊ ဒကာ ဒကာမတွေ ဘယ်သူရှေ့၊ ဘယ်သူ နောက်လည်း ဆိုတာလည်း ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘယ်သူကပါလိမ့် (ဘုရားကရှေ့ပါ ဘုရား) ဒါဖြင့် စာကနောက်မှ (နောက်မှ) သဘော ကျပလား (ကျပါပြီ ဘုရား)။
အဲဒီတင် တစ်ခါစဉ်းစားတော့၊ အင်းဘုရားဖြစ်ပြီး သကာလ ဘုရားဖြစ်ပြီး ဘုရား၏ အလုပ်ကို လုပ်လို့ ကျွတ် တမ်းဝင်သွားတဲ့ ပုဂ္ဂိုလ်နဲ့၊ ဒကာ ဒကာမတို့စာတွေကြည့်ပြီး ပေါ်လာတဲ့ အချိန်ကျမှ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ် လို့ရပါ့မလား (မရပါဘူး)။
ဘုရားလည်းဖြစ် ဘုရားလက်ထက်က ကျွတ်တမ်းဝင် တာကတယ်များတယ် (များပါတယ် ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား)။
အဲဒါကြောင့် ဒါတွေ ထောက်လိုက်သဖြင့်၊ ဪ ဘုရားလက်ထက်ကပင် များသောအားဖြင့်၊ နှစ်နံပါတ်မိုးနဲ့ တူတဲ့ ပုဂ္ဂိုလ်တွေ များလိမ့်မယ် ဆိုတာလည်း ခင်ဗျားတို့ သဘော ကျဖို့ကောင်းတယ် (ကျပါတယ် ဘုရား)။
စာမတတ်ပေမယ့်၊ ကျွတ်တမ်းဝင်ကြတယ်
ဘာပြုလို့တုံး စာမကြည့်၊ ပေမကြည့် ပေမယ့်ကျွတ် တမ်းဝင်ကြတယ် (မှန်ပါ့) အဲဒါ ဘယ်ပုဂ္ဂိုလ်ထဲ ရောက် (နှစ်နံပါတ် ပုဂ္ဂိုလ်ထဲရောက်ပါတယ် ဘုရား) နှစ်နံပါတ် ပုဂ္ဂိုလ်ထဲ ရောက်သွားတယ် ဆိုတာ သဘောကျပလား (ကျပါတယ်)။
ဒါကြောင့် ဘုရားသည် ဘယ်လိုပုဂ္ဂိုလ်တွေကို အ များကြီး ကျွတ်တမ်းဝင်အောင် ကြိုးစားပါလိမ့်မလဲ ဆိုတော့၊ ဧကော ဓမ္မော ဆိုတော့တစ်ခုတည်းလုပ်ပြီး သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးကို ပြသပြီး၊ သစ္စာဆိုက်အောင်ပြုပြီးသကာ လ၊ ကိုယ်တော်မြတ်ကြီးသည် ကျွတ်တမ်း ဆွဲသွားတယ်၊ ကျွတ်တမ်းဝင်အောင် ဆွဲငင်သွားတယ်ဆိုတာ ငြင်းပယ်ဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း အားမငယ်နဲ့ဆိုတာကို၊ မိုးလေးမျိုး ဥပမာနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး စတုက္ကနိပါတ် အင်္ဂုတ္တုရ် မှာ၊ ကိုယ်တော်တိုင် – ဖွင့်ဟပြီးသကာလ ပြောတဲ့အတွက် အားငယ်စရာကော ရှိရဲ့လား (မရှိပါဘူး ဘုရား)။
ကောင်းပြီ ဒါဖြင့်မှတ်ဖို့၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာ တစ်လုံးနဲ့သာလိုက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကကော (စိတ် တစ်လုံးနဲ့ လိုက်ရမှာပါ ဘုရား) အင်း ရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကကော (ရုပ်နဲ့ပဲ လိုက်ရမှာပါ ဘုရား) ရုပ်ဆုံးအောင် လိုက်လိုက်ရင်ပြီးတာပဲ။
သစ္စာကြည့်တဲ့ ပုဂ္ဂိုလ်ကရော (သစ္စာဆုံး အောင်လိုက်ရမှာပါ ဘုရား) အဲဒုက္ခသစ္စာအဆုံး ဒုက္ခဿ အန္တံ ကရိဿတိ ဆိုသဖြင့်၊ ဒုက္ခသစ္စာအဆုံးမှာ နိရောဓသစ္စာ ရှိတယ်ဆိုရင်ကော ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
နိဗ္ဗာန်ရမှုသည် အလုပ်ပေါ်မှာမှီတယ်
အဲတော့ နိဗ္ဗာန်ရမှုမှာ အလုပ်ပေါ်မှာ မှီခဲ့တယ်ဆို တာမသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါဖြင့် ဒီလေးမျိုးကို ဆရာဘုန်းကြီး ယနေ့ ပြောလိုက်သဖြင့်၊ စာမတတ် ပေမတတ် သမားကလည်း ဒကာ ဒကာမတို့၊ မဂ်ဖိုလ် ရောက်တယ် ဆိုတဲ့အကြောင်းကို ထောက်ခံချက် ပေးလိုက်ပါ တယ် (မှန်ပါ့)။
စာတတ်ပေတတ်လည်း မဂ်ဖိုလ်ကို အလုပ်လုပ်ရင် မဂ်ဖိုလ်ရောက်တယ်ဆိုတာကို ဘုရား ထောက်ခံချက် မပေး ဘူးလား (ပေးပါတယ်)။
ဒါဖြင့် ဒီနှစ်မျိုးထဲကသာ ဖြစ်ကြပါစေဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေအား လေးလေးနက်နက် တိုက်တွန်းတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အလုပ်သဘောကို ပြောကြပါစို့ ဒကာ ဒကာမတို့၊ အလုပ်သဘော ဆိုတာသည် ပညာ။
ပညာဆိုတာဟာတဲ့၊ ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ်နော်၊ ပညာဆိုတာ ဘာပါလိမ့် (ထိုးဖောက်နိုင် တဲ့ စွမ်းရည်သတ္တိရှိပါတယ် ဘုရား)။
ထိုးဖောက်စရာရှိတဲ့နေရာမှာ ထိုးဖောက်နိုင်တဲ့စွမ်း ရည်သတ္တိရှိတယ်ဆိုတာ သဘောကျပလား (ကျပါ တယ် ဘုရား)။
ဒါဖြင့် ဘယ်လိုနေရာထိုးဖောက်ပါလိမ့်မတုံးဆိုတော့၊ ကျုပ်တို့ကတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ (မှန်ပါ့)။
ဒီပုဂ္ဂိုလ်တွေ ဘယ်ကလာခဲ့ကြတုံးမေးရင် (အဝိဇ္ဇာ၊ ပစ္စယာ သင်္ခါရာ ကလာခဲ့ပါတယ် ဘုရား) အဝိဇ္ဇာ ပစ္စယာသင်္ခါရာ၊ အဝိဇ္ဇာကြောင့်ဖြစ်တာသည် သင်္ခါရလို့ကြည့် ပြီးသကာလ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုပြီး ကျုပ်တို့ ပဋိသန္ဓေ နေလာကြတယ်၊ သဘောကျပလား (ကျပါ တယ် ဘုရား)။
အင်း လက်သည်အစ အဝိဇ္ဇာပစ္စယာကပဲ ဆိုတာ ငြင်းဖို့လိုသေးလား (မလိုပါဘူး ဘုရား) အဝိဇ္ဇာဆို တာဘာတုံးဆိုတော့ – ဒုက္ခ အဉာဏံ၊ ဒုက္ခ သမုဒယေ အဉာဏံ။ ဒုက္ခနိရောဓေ အဉာဏံ၊ ဒုက္ခနိရောဓ ဂါမိနိ ပဋိပဒါ အဉာဏံဆိုတော့ သစ္စာလေးပါးမသိတဲ့တရား အဝိဇ္ဇာပဲမဟုတ်လား (မှန်ပါ့) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။
အင်း ကျုပ်တို့က ပဋိသန္ဓေနေတယ်ဆိုတာ၊ ဒီပုဂ္ဂိုလ် တွေဟာ အဝိဇ္ဇာ ပစ္စယာသင်္ခါရကြောင့် နေပြီးသကာလလာ ခဲ့ကြတော့၊ သော် တို့ကအဝိဇ္ဇာရှိလို့လား၊ သစ္စာလေးပါး မသိတဲ့ တရားကြီးများ ရှိရော့လား၊ မရှိလေရော့လား လို့မတွေးနဲ့တော့၊ ကိုယ့်အကြောင်းကို ပြန်ကြည့်လိုက်မယ် အဝိဇ္ဇာ ပစ္စယာသင်္ခါရာ လာတွေ့တယ် (မှန်ပါ့)
မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) အား လုံးပဲ ဒကာ ဒကာမတွေမှာ အဝိဇ္ဇာမှရှိကြပါရဲ့ လား (ရှိကြပါတယ် ဘုရား)။
ပညာကိုဝိဇ္ဇာလို့ခေါ်တယ်
အင်း ဒါကြောင့် ပညာဆိုတာသည် ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဝိဇ္ဇာလို့လည်း ခေါ်တယ်။
ပညာကို ဘယ်လိုခေါ်နိုင်တဲ့ (ဝိဇ္ဇာလို့ခေါ် နိုင်ပါတယ် ဘုရား) ဝိဇ္ဇာလို့လဲ ခေါ်နိုင်တဲ့အတွက် ဒကာ ဒကာ မတို့ စတုက္ကနိပါတ် ပါဠိတော်များ၌ ကိုယ်တိုင် ဟောထားတာ ရှိတယ်။
ပညာဟာအမြတ်ဆုံး၊ အခက်ဆုံး
ဝိနည်းတော်က ဘာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်၊ လောကမှာပေါ့တဲ့ အမြတ်ဆုံးရွေးလို့ရှိရင်၊ ပညာဟာ အမြတ်ဆုံး အခက်ဆုံးပဲ သဘောကျပလား (ကျပါတယ် ဘုရား)
ဘယ့်နှယ့်ကြောင့်တုံး ပြောတဲ့အခါက တော့ ဘုရား က ပညာသည် သူများ မထိုးဖောက် နိုင်တာကို ထိုးဖောက်နိုင် တယ် ဘယ်လောက် အမှောင်ထု ထဲဖြစ်ဖြစ် ပညာတည်းဟူသော အလင်းက ထိုးဖောက်လိုက်လို့ရှိရင် အမှောင်တွေ ဘာ ဖြစ်ကုန်တုံး (ပျောက်ကုန်ပါတယ် ဘုရား)
ဒါဖြင့် ပညာအရေးမကြီးဘူးလား (ကြီးပါ တယ် ဘုရား) ဒါကခင်ဗျားတို့ ပညာစခန်းကို ဆရာဘုန်ကြီး ပြောတဲ့အတိုင်း မရှုခဲ့ကြပါဘူး ဆိုလို့ရှိရင် ခင်ဗျားတို့အလင်း ရောင်မရတဲ့ ပုဂ္ဂိုလ်တွေဘက် ပါသွားမယ် (မှန်ပါ့)
မပါပေဘူးလား (ပါပါတယ်) ပညာစခန်းကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ အင်း အမှောင်ထဲ မွေးပြီး အမှောင်ထဲမှာ သေရှာတော့မှာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ပညာစခန်းမလုပ်ရင်ဘာပါလိမ့် (အမှောင် ထဲမွေးပြီး အမှောင်ထဲမှာ သေပါ ဘုရား) အဝိဇ္ဇာနဲ့ မွေးပြီး အဝိဇ္ဇာနဲ့ သေမယ်ပြောတာ (မှန်ပါ့)။
သေခါနီးကျတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမန ဿတွေလာတော့ အဝိဇ္ဇာက တွဲရက် မနေဘူးလား (နေပါတယ် ဘုရား)။
အင်းဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့စ၍ ဘာနဲ့ဆုံး ပါလိမ့် (အမှောင်စပြီး အမှောင်နဲ့ ဆုံးပါ ဘုရား) အမှောင်နဲ့စ အမှောင်ဆုံးဆိုတာ မောင်နိုင် မောင်ဘမှီတို့ ကျေ နပ်လား (ကျေနပ်ပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာရှုတဲ့ပညာ၊ ဒါ သီလလည်း ထိုး ဖောက်တော့မှာ (မှန်ပါ့) နို့မဟုတ်ရင် ထိုးဖောက်နိုင် ပါ့မလား (မထိုးဖောက်နိုင်ပါ ဘုရား)။
ကိုယ့်အကြောင်းကိုယ်သိကြပါ
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်းကိုယ်သိကြ ပါတော့ (မှန်ပါ့) ကိုယ်ဟာ အမှောင်ထဲက မွေးလာတာ၊ ဒီတစ်ခါ ဆရာသမား တိုက်တွန်းတဲ့အတိုင်း၊ ဘုရားဟောတော်မူတဲ့အတိုင်း အလွဲ အလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ ရှိရင်ဖြင့်၊ ဒို့ဟာ အင်း မျက်လုံးမပါတဲ့ ပိုးဆင်ကောင်တို့လို ပိုးဖလံတို့လို ထင်ရာပျံပြီး၊ ထင်ရာစိုင်း တာပဲ (မှန်ပါ့)။
ထင်ရာစိုင်း ဝုန်းခနဲကျတာပဲ၊ ဒီနေရာတိုက် ဝုန်း ခနဲ ! ကျတာမြင်ဖူးကြပါလိမ့်မယ် (မှန်ပါ့)၊ မကျဘူး လား (ကျပါတယ် ဘုရား)။
အဲဒီတော့ ဒီမျက်လုံးမပါဘဲနဲ့ရမ်းပြီးပျံတော့ ဒကာ ဒကာမတွေ ရမ်းကျပဲ မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒီအတိုင်း ဒကာ ဒကာမတွေ အဖြစ်ကဆိုး၊ အနေကဆိုးတွေ ဖြစ်မှာစိုးရိမ်လို့၊ ဒီတရားကို ဟောနေတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အဖြစ်ကကော (ဆိုးပါတယ် ဘုရား) အင်း အသေကကော (ဆိုးပါတယ် ဘုရား) အဲဒီဆိုးမှာ စိုးတဲ့ အတွက် အမှောင်ထဲက ဖြစ်ပြီး သကာလ အမှောင်ထဲ သေ မယ်ဆိုတော့ ကြားထဲအလင်းဝင်လို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။
ပညာအလင်းရောင်သည် အမြတ်ဆုံး
အဲဒါကြောင့် ပညာ သေဋ္ဌော လောကသ္မိံ – လို့ဘု ရားကဟောလိုက်တာပဲ၊ ပညာ အမြတ်ဆုံးပဲဟေ့၊ ဘယ်နှယ့်ကြောင့်မြတ်သတုံး ဆိုတော့ ခုနက အဝိဇ္ဇာ အမှောင်ထုကြီး နဲ့ ဘာမှရုပ်မှန်း၊ နာမ်မှန်းမသ၊ အဖြစ်အပျက်ဆိုတဲ့ အနိစ္စ လည်းမသိ။
ဒါတွေသည်ကားလို့ ဆိုရင် ဒုက္ခသစ္စာတွေပါလား လို့လည်း မသိဘဲနဲ့ နေတာဟာ ဒီအမှောင်ကြီး ဖုံးနေတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒီအမှောင်ကြီး ဖုံးနေတော့ကို ထိုးထွင်းလို့ရပါ့မလား (မရပါဘူး ဘုရား)၊ ဒါဖြင့် ပညာ အလင်းရောင်သည် ဒကာ ဒကာမတွေ အမြတ်ဆုံး ပညာအလင်းရောင် ရှာပါမှ ဒို့သည် အမှောင်ထဲ မွေးပေမယ့်လည်း၊ အလင်းထဲမှာပဲ စုတိစိတ် ကျလိမ့်မယ် ဆိုတာ ငြင်းဖို့လိုသေးလား (မလိုပါဘူး ဘုရား) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။
ပညာနဲ့ ဉာဏ်ဘာထူးသလဲ
ကိုင်း ဒါဖြင့်ဒီလိုလုပ်ကြပါတော့၊ ပညာမပါရင် မပြီး ဘူး ဆိုတာဖြင့် ကျေနပ်ပါ (ကျေနပ် ပါတယ်) ဒါဖြင့် ပညာသည် မိလိန္ဒမင်ကြီးက ပညာနဲ့ဉာဏ်ရှင်နာဂသိန်တဲ့ ဘာများထူးသေးသတုံး၊ သူကဒီက စမေးတယ် (မှန်ပါ့)။
ဟာ ဒကာကြီး ပညာနဲ့ဉာဏ် ဆိုတာအတူတူ ပဲ၊ သဘောကျကြပလား (ကျပါတယ် ဘုရား)၊ ပညာ ဉာဏ်နဲ့ခင်ဗျားတို့ မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။
အတူတူပဲတဲ့ ပညာသုံးသုံး၊ ဉာဏ်သုံးသုံး၊ အမောဟ သုံးသုံး ဒါတွေဟာ နာမည်သာ ပြောင်းတာ၊ စင်စစ်တော့ဖြင့် ဉာဏ်ချည့်ပဲ ဆိုတာနော် (မှန်ပါ့)။
လေးနံပါတ် ဆိုတာတွေ သုံးသုံးအတူတူပါပဲတဲ့။ အဓိပတိမှာပါတဲ့ ဝီမံသာအဓိပတိ ဆိုတာလည်း ကိုစောမောင်တို့ ပညာဆိုတာချည့်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ကောင်းပြီ ဒါ ပညာနဲ့ ဉာဏ်သုံးတာ ဒကာ ဒကာမတို့ တခြားစီလား၊ အတူတူလား (အတူတူပါပဲ ဘုရား)။
ကောင်းပြီ ဒါဖြင့် ပညာဉာဏ်သည်ကားလို့ဆိုလို့ ရှိ ရင်ဖြင့်တဲ့ ဘယ်လိုများ သူသည် ပေါ်ပါလိမ့်မလဲ ဆိုတော့၊ ဒကာ ဒကာမတို့ ပညာဉာဏ် ဆိုတဲ့ ဥစ္စာသည်၊ လက္ခဏာရေး သုံးပါးကို အာရုံပြုပြီး သကာလ ပေါ် ရတယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။
အနိစ္စရှု၍အနိစ္စသိရင်ပညာ
အနိစ္စရှု၍ အနိစ္စသိရင် အဲဒီအသိဟာ ပညာပဲ၊ ဒုက္ခရှု ၍ ဒုက္ခသိရင် (ပညာပါ ဘုရား)၊ အနတ္တရှု၍ အနတ္တ သိရင် (ပညာပါ ဘုရား)။
ဒုက္ခသစ္စာ ရှု၍ ဒုက္ခသစ္စာသိရင် (ပညာပါ ဘုရား) ပညာဆိုတာသည် ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်း ဟူသော အာရမ္မဏ ပစ္စည်းကြောင့် ပညာတည်း ဟူသော အာရမ္မဏိက သဘောတွေ မပေါ်လား (ပေါ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှိတဲ့ ဒို့ဘာမှ ဒကာ ဒကာမတွေ နှလုံးမသွင်းတော့ဘူး ဆိုလို့ရှိရင်ဖြင့်၊ ပညာသည် ဒကာ ဒကာမတို့ ထွက်ရပ်လမ်းပညာတော့ ရမှာမဟုတ်ပါဘူး။
ရပါ့မလား (မရပါဘူး ဘုရား) ပညာမှသူဖြစ် လာတာကိုက ဒကာ ဒကာမတို့ မှတ်လိုက်ပါတော့ အနိစ္စကြောင့် အနိစ္စသိတဲ့ ပညာထွက်တယ် (မှန်ပါ့)။
ဒုက္ခကြောင့် ဒုက္ခသိတဲ့ပညာထွက်တယ်
ဒုက္ခကြောင့် (ဒုက္ခသိတဲ့ ပညာထွက်ပါတယ် ဘုရား)၊ အနတ္တကြောင့် (အနတ္တသိတဲ့ ပညာ ထွက်ပါတယ် ဘုရား)၊ အင်း သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါကြောင့် ပဋ္ဌာန်းပါဠိတော်များ ကျလာပြီဆိုမှ ဖြင့် ‘‘သင်္ခါရေ၊ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ဝိပဿတိ’’ ဒီလိုလာတယ်။
သင်္ခါရေ၊ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိတဲ့၊ အဲဒီ သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ဝိပဿနာ ရှုပါတယ်လို့၊ ပညာအကြောင်းကို ပဋ္ဌာန်း ပါဠိတော်များ ဒီအတိုင်းပဲ သုံးပါတယ်နော် (တင်ပါ့) သဘောကျကြပလား (ကျပါတယ် ဘုရား)။
ဘယ်သူ့ကြောင့် ပညာဖြစ်ပါလိမ့်
ဒါဖြင့် ပညာသည်၊ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်မတုံး ဆိုတော့၊ အနိစ္စကြောင့် ဖြစ်သည်၊ ဒုက္ခကြောင့် (ဖြစ်ပါ တယ် ဘုရား) အနတ္တကြောင့် (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှ ဟောပေးမယ့်ပုဂ္ဂိုလ် မရှိခဲ့လို့ရှိရင်ဖြင့် ပညာဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်တော့ဘူး။
ဒါကြောင့် ယ္ခုဘဝမှာ ဖြင့် ဒကာ ဒကာမတို့ ပညာ မှ သာလျှင် ခင်ဗျားတို့ လက္ခဏာရေး သုံးပါးက ပညာပါအောင် ကျေးဇူးပြုသည် ဖြစ်လေ သောကြောင့် ပညာဖြင့် ကြိုးစားကြပါ၊ ပညာမှ သာလျှင် ဒကာ ဒကာမတို့ ခုနက အနိစ္စ ပေါ်ဖုံးနေတာ ဘယ်သူတုံး၊ ဒုက္ခပေါ် ဖုံးနေတာ ဘယ်သူ တုံး၊ အနတ္တ ပေါ်မှာ ဖုံးနေတာဘယ်သူတုံး ဆိုလို့ရှိရင် ဖြင့် ဝိစိကိစ္ဆာ ပေါ်လို့ ရှိရင်ဖြင့် ဒါတွေ ဘယ်သူဖုံးတယ်၊ သုခဖုံး တယ်၊ တဏှာ ဖုံးတယ် အစရှိသည် လာချင်လာမယ်ပေါ့လေဗျာ (မှန်ပါ့)။
မလာပါနဲ့ ဒါတွေက ဆိုကြတာပဲ သဒ္ဓါတရားတွေ ဖြစ် နေလို့ သေသေချာချာ ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာဖုံးနေတယ် ဆိုတာအမှန်ဆုံးပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေသေချာချာ ကတော့ ပညာမထိုးဖောက်နိုင်တာ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကိုယ့်အနိစ္စ ခင်ဗျားတို့ ခန္ဓာ ကိုယ် ကြီးက သဗ္ဗေ သင်္ခါရာ အနိစ္စ၊ ဘုရားတိုင်း ဟောတယ်၊ သဗ္ဗေသင်္ခါရာ ဒုက္ခလည်း မဟောဘူးလား (ဟောပါ တယ် ဘုရား)။
မမြင်တာဘာဖုံးနေလို့တုံး
သဗ္ဗေ သင်္ခါရာ အနတ္တလို့ (ဟောပါတယ်) အင်း ရလည်းမရကြဘူးလား (ရပါတယ် ဘုရား) မြင် ကြရဲ့လားလို့မေးရင် (မမြင်ပါ ဘုရား) မမြင်ဘူးတဲ့ ဒကာ ဒကာမတို့။
မမြင်တာဘာဖုံးနေတုံးလို့ အမေးထုတ်ခဲ့သော်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့၊ ကျုပ်တို့ ပဋိသန္ဓေက ပါလာတဲ့ အဝိဇ္ဇာကြီးက (ဖုံးထားပါတယ် ဘုရား)။
ဖုံးထားတော့ ကြည့်ရုံနဲ့ အဖိုးကြီးကတည်တံ့နေတဲ့ အတွက်၊ ဒီအထုက ကြီးကျယ် ခမ်းနားနေတဲ့ အတွက်၊ မောင် နိုင် မောင်ဘမှီတို့ မြင်ပါ့မလား (မမြင်ပါဘူး ဘုရား)။
ကိုင်း မကြည့်လို့ မမြင်တာလား၊ အဖုံးကြောင့် မမြင်တာလား (အဖုံးကြောင့် မမြင်တာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဖုံးကြီးတည်း ဟူသော အမှောင်ဓာတ်ကြီး ကို အလင်းဓာတ် မသွင်းသ၍ ကာလပတ်လုံး၊ သင်တို့သည် ဘယ်အခါကာလမှ သတိပဋ္ဌာန်အလုပ်ဆိုတာ သူတို့သန္တာန် မရှိတော့ဘူး (မှန်ပါ့)။
ရှိပါဦးမလား (မရှိတော့ပါဘူး) သတိပဋ္ဌာန် အလုပ်ဆိုတာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ဖြစ်ပျက် မြင်မှ သတိပဋ္ဌာန်အလုပ်ကိုဗျ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။
ရှိရာကမရှိခြင်းသည် အနိစ္စပဲလို့၊ အနိစ္စ၏ အဓိပ္ပာယ် ကဒါပဲရှိနေတော့ ဖြစ်တာလည်း မသိ၊ ပျက်တာလည်း မသိအောင်ဖြစ်ပြီး သကာလ၊ ကျုပ်တို့သည် နေနိုင်ကြတာသည် ဘယ်နှယ့်ကြောင့် ပါလိမ့် မတုံး ဆိုတာ အမှောင်ဓာတ်ကြီး ဖုံးနေလို့ လို့ဆိုရမှာပေါ့ (မှန်ပါ့)။
ဒါဖြင့် အမှောင်ဓါတ်ကြီး ဖုံးနေတဲ့အတွက် ပညာ ဆိုတာကော ဝင်ခွင့်ရသေးရဲ့ လား (မရပါ ဘုရား)။
အလင်းရောင်ထိုးပြီး ကြည့်ခိုင်းတာ ဝိပဿနာ
ဒါဖြင့် ဘုန်းကြီးက နေ့တိုင်း တရားဟောပြီး သကာလ ဝိပဿနာရှုခိုင်းတာဟာ မောင်နိုင်၊ မောင်ဘမှီတို့ ရိပ်မိကြပလားကွာ အမှောင်ထဲ အလင်းထိုးပြီး ကြည့်စမ်းဟေ့ ပြောတာပဲ (မှန်ပါ့) ဟုတ်ဘူးလား။
လကွယ်နေ့ကြီးမို့ မင်းတို့ လက်နှိပ်ဓာတ်မီး ထိုးကြည့် စမ်းဟေ့ဆိုတော့ ဒကာ ဒကာမတို့ ခလုတ်တွေ မြင်ရ၊ ကန်သင်းတွေမြင်ရ၊ ကျင်းခွက်တွေ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။
ထို့အတူပဲ ဒကာ ဒကာမတို့ တကယ် အရှိကို တကယ် သိအောင်လို့ ဝိပဿနာ အလုပ်ခိုင်း တာလို့ မှတ် ပေတော့ (မှန်ပါ့) ကိုစောမောင် ဘာခိုင်းတာတုံး (တကယ်အရှိကို တကယ်သိအောင် လုပ်ခိုင်းတာပါ ဘုရား)။
တကယ်အရှိကို တကယ်သိအောင်လို့
အဲ တကယ်အရှိကို တကယ်သိအောင်လို့ လုပ်ခိုင်း တာသည် ဒကာ ဒကာမတို့ အမှောင်ဓါတ် ရှင်းပြီး သကာလ တကယ့်အရှိကို တကယ့်အသိနဲ့ သိပါစေတော့ ဆိုပြီး ဟောတဲ့တရား (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အရှိနဲ့ အသိကိုက်မှ သာလျှင် နေရာကျမယ် ဆိုတာလေး ကိုလည်း ဘယ်အခါ ကာလမှ မေ့ဖို့မသင့်ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပညာဝင်မှ အဝိဇ္ဇာချုပ်တယ်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပညာသည် ပညာဝင်လာလို့ ရှိရင်ဖြင့် ပညာတည်းဟူသော မီးရောင် အလင်းရောင် ဝင်လာလို့ရှိရင် အဝိဇ္ဇာချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အဝိဇ္ဇာတည်း ဟူသော တရားပေါ်လာရင် ပညာဟာ (ချုပ်ပါတယ် ဘုရား) ပညာဟာ ချုပ်တာပဲ။ သဘောကျ ပလား (ကျပါတယ် ဘုရား)။
အဲဒီတော့ ပညာချုပ်တာ ပညာလည်း ချုပ်တဲ့ တရား ပဲ (မှန်ပါ့)၊ အဝိဇ္ဇာကကော (ချုပ်တဲ့ တရားပါ ဘုရား) အင်း အဝိဇ္ဇာကလည်း ချုပ်တဲ့တရား၊ ပညာကကော (ချုပ်တဲ့တရားပါ ဘုရား)။
ဘာထူးတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ရှင်နာဂသိန်က အဖြေရှာပါတယ် ချုပ်တဲ့ တရားချင်း မတူသေးဘူး သဘောကျပလား (ကျပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်နဲ့ ပညာချုပ်နဲ့ မတူသေးဘူး
အဝိဇ္ဇာချုပ်ပုံနဲ့ ပညာချုပ်ပုံ မတူသေးဘူးတဲ့၊ ဒကာ ဒကာမတွေ ဥပမာမှာ ခန္ဓာကိုယ်ထဲမှာ စားချင်တဲ့ စိတ်ကလေးပေါ်တယ် ထားပါဦး နော် (တင်ပါ့)။
စားချင်တဲ့စိတ်ကလေး အင်မတန်ပေါ်တယ် ဟဒယဝတ္ထုပေါ် ပေါ်လာတယ် ဆိုပါတော့ စားချင်တဲ့ စိတ်ကလေး၊ အင်း စားချင်တဲ့ပေါ်လာတဲ့ စိတ်ကလေးကို ဒကာ ဒကာမတို့ ဪ စားချင်တယ် လို့တော့ မသိဘူးလား (သိပါတယ် ဘုရား)။
စားချင်တယ်လို့တော့ သိတော့ သိပါတယ်တဲ့၊ စား ချင်တဲ့စိတ်ကလေး ချုပ်ပျောက်သွားတာ ကိုတော့ (မသိတော့ပါဘူး ဘုရား)။
ဖြစ်ပျက်မသိရင် ပညာမဟုတ်သေးဘူး
မသိလို့ ရှိရင်ဖြင့်တဲ့ ဒီဥစ္စာသည် ဒကာ ဒကာမတို့ ပညာ မဟုတ်သေးဘူး၊ ပညာ မဟုတ်သေးတာ သဘော ကျပလား (ကျပါတယ် ဘုရား)။
ပညာမဟုတ်သေးတာ ပညာမဟုတ်ကြောင်း ဘယ် သူကသက်သေခံနေတုံး မေးတဲ့အခါကျမှ၊ စားချင်တယ် ဆိုလို့ရှိရင်ဖြင့် မြန်မြန်ယူခဲ့ပါ၊ လာတော့တာပဲ (မှန်ပါ့) မြန်မြန်ဝယ်ချည်ပါ သွားတော့ တာပဲ။
အဲဒီ အသိကလေး ကတော့ဖြင့် ဒကာ ဒကာမတို့ တိရစ္ဆာန်လည်းသိ၊ ကလေးလည်းသိ ဖြစ်သောကြောင့် ဒါပညာလို့ မဆိုပါနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အင်း စားချင်တဲ့ စိတ်ကလေး ပေါ်လာပြီ စားချင်တဲ့ စိတ်ကလေး ချုပ်ပျောက်တာ သိမှသာလျှင် ပညာသိပေါ့ဗျာ (မှန်ပါ့)။
ပညာသည် ဘာကိုသိသတုံး
ဒါကြောင့် ပညာသည် ဘာကိုသိပါသတုံးလို့မေးတဲ့ အခါကျတော့၊ မိလိန္ဒမင်းကြီးက မေးတဲ့ အခါကျတော့ ဖြစ် ပျက် အနိစ္စသိတယ်၊ ဒုက္ခသိတယ်၊ အနတ္တသိတယ်လို့ မိလိန္ဒ မင်းကြီးကမေးလို့ ရှင်နာဂသိန်က ဖြေတယ်၊ သဘောကျပါလား (ကျပါတယ် ဘုရား)
ဒါဖြင့် အဲဒီပညာလာတဲ့အချိန်မှာ မောင်နိုင်၊ မောင်ဘမှီတို့ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဖြစ်ပြီး ဘယ်နေရာသွားတုံးလို့ မေးမနေပါနဲ့တဲ့ ဤ နေရာပေါ် ဤနေရာ ပျောက်တယ်သာ မှတ်ပေတော့။
ဒီနေရာပေါ်ဒီနေရာပျောက်
ကောင်းကင်မှာရှိတဲ့ လျှပ်စစ်ကလေး လင်းတော့ ကိုစောမောင် ဒီနေရာကော မလင်းဘူးလား (လင်းပါ တယ် ဘုရား) ပျောက်သွားတော့ကော (ဒီနေရာတင် ပျောက်ပါတယ် ဘုရား)။
အဲဒီအတိုင်းပဲ ခင်ဗျားတို့ သန္တာန်မှာ ဘယ်စိတ်ပေါ် ပေါ်၊ ဒီနေရာပေါ် ဒီနေရာပျောက်၊ နေရာ မရွေ့နိုင်ဘူး ဆို တာမှတ်ထား (မှန်ပါ့)
ကောင်းပြီ ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီနေရာ ပေါ် ဒီနေရာပျောက်တာ သိမှသာလျှင် ပညာ ပေါ့ဗျာ (မှန်ပါ့)
ဒီပညာ ဘယ့်နှယ့်ကြောင့် ဝင်ခွင့်ရပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဪ အဝိဇ္ဇာဆိုတဲ့ အမှောင်ကြီး ထဲမှာ အမှောင်မှလွတ်သွားတဲ့ အတွက်၊ အလင်းလာလို့ ပညာ အလင်းလာလို့၊ အဝိဇ္ဇာ အမှောင်ထု ပျောက်သွား သောကြောင့်၊ အရှိဖြစ်တဲ့ ဖြစ်ပျက် အနိစ္စကို တွေ့ပါတယ် (မှန်ပါ့)။
နို့မဟုတ်ရင် တွေ့ပါ့မလား (မတွေ့ပါ ဘုရား) ဒီနေ့ ဒကာ ဒကာမတွေ ကြပ်ကြပ် သတိထားပြီး သကာလ နားထောင်ပါ၊ ဒီဥစ္စာ ဪ ဒို့သည်ကားလို့ ဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ အချက် သုံးချက် အနက်က တစ် ချက်မှမတွေ့ဘူးလို့ ဆိုလို့ရှိရင်၊ အမှောင်ထဲမွေး၊ အမှောင်ထဲသေ ဖြစ်မှာစိုးလို့ကို ဟောနေတာ (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။
အမှောင်ထဲနေ၊ အမှောင်ထဲသေ ဖြစ်မှာစိုးလို့
ဘယ့်နှယ့်ကြောင့် ဟောပါလိမ့် (အမှောင် ထဲ မွေး အမှောင်ထဲမှာသေမှာ စိုးလို့ပါ ဘုရား) အမှောင်ထဲသေ ဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့စတည်တယ်၊ အဝိဇ္ဇာနဲ့အဆုံး သတ်တယ် ဆိုတော့ ကောင်းပါ့မလား (မကောင်းပါဘူး)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေကို သေ သေချာချာ ရေရေလည်လည် ကယ်တင်ပြီး သကာလ နေ တော့တယ် ဆိုတာ မောင်နိုင်၊ မောင်ဘမှီတို့ ငြင်းဖို့ လိုသေး သလား (မလိုပါဘူး ဘုရား)။
ဒါဖြင့် ပညာ လင်းလို့ရှိရင် လည်း အဝိဇ္ဇာက ဘာဖြစ် တုံး (ချုပ်ပါတယ်) ချုပ်ခြင်းကြောင့် ဒကာ ဒကာမ တို့ ပညာသည် အရှိကို သွားတွေ့တယ် (မှန်ပါ့)။
ဘာသွားတွေ့တာတုံး (အရှိကိုသွားတွေ့ပါ တယ် ဘုရား) အရှိက ခန္ဓာကိုယ်ထဲ ဘာရှိတုံး (အနိစ္စ ရှိပါတယ် ဘုရား)။
အနိစ္စရှိလို့ နဂိုကရှိတဲ့ အနိစ္စပင်ကိုကကောရှိရဲ့ လား (မရှိပါဘူး) သို့သော် အဝိဇ္ဇာရဲ့ ပစ္စယာ ကြီးက ဒကာ ဒကာမတို့ အင်မတန်ကြီးကျယ် ခမ်းနားထူထပ်ပြီး လာတဲ့ အတွက် ဆရာကောင်း သမားကောင်းနဲ့ မတွေ့တော့ ပညာ ကလဲ ရသေးရဲ့လား (မရပါဘူး ဘုရား)။
အသက်တစ်ရာနေရငြားသော်လည်း သက်ဆိုးရှည်
မရတဲ့ အခါကျတော့ သူလာဖုံးပြီး သကာလနေတော့ တယ် ဆိုရင်ကော လွဲသလား (မလွဲပါဘူး ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနိစ္စလေး၊ ဖြစ်ပျက်ကလေးကို၊ ဉာဏ်ထဲက ဪ ကိုယ့်သန္တာန် ဖြစ် သွားပြီ၊ ပျက်သွားပြီလို့မှ မသိလိုက်ဖူး ဆိုလို့ရှိရင်ဖြင့်၊ အသက် တစ်ရာ နေရငြား သော်လည်း သက်ဆိုးရှည်လို့ မှတ်ပါ (မှန်ပါ့)။
ဖြစ်ပျက်တစ်ချက်၏ တန်ဘိုး
ဘယ်လိုဆိုကြပါ့ (သက်ဆိုးရှည်ပါ ဘုရား) သက်ဆိုးရှည်ပဲမှတ်ရမှာပဲ၊ မောင်နိုင် ဘယ်လို မှတ်မယ် (သက်ဆိုးရှည်လို့မှတ်ရမှာပါ ဘုရား) သက်ဆိုးရှည်လို့ မှတ် ရမယ်ဆိုတော့၊ ဖြစ်ပျက် တစ်ချက် ကလေးမြင်တာက မြတ် သေးတယ်လို့ ဓမ္မပဒ ကလည်းဆိုပြန်တယ် (မှန်ပါ့)
ဒါကြောင့် ဒီအလုပ်ကိုဖြင့် လုပ်ပါလို့ ဆိုတာတိုက် တွန်းစရာလိုသေးသလား (မလိုပါဘူး ဘုရား)။
ဘုန်းကြီးပြောတဲ့ အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက နားမထောင်တော့ပါဘူး၊ တို့ ဆရာ ဘုန်းကြီးကလည်း နေ့တိုင်းပြောတာပဲ၊ ပြီးတော့လည်း သားရေး၊ သမီးရေး၊ စီး ပွားရေးက လည်း အရေးကြီးနေတယ်၊ အရေးကြီးနေတဲ့ အ တွက် ဒီဥစ္စာမသိဘူး၊ မကြည့်နိုင်ဘူး၊ မရှုနိုင်ဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ လေပြေသွေးသလောက် သွားလိမ့်မယ် အပါယ် လေးပါးကို (မှန်ပါ့)။
မှောင်ထဲမွေး၊ အမှောင်ထဲသေကိုးဗျ (မှန်ပါ့) ဟုတ်ဘူးလား၊ အမှောင်အဝိဇ္ဇာနဲ့ချည့်ပဲ အဝိဇ္ဇာနဲ့ မူတည်လာ ခဲ့တယ်၊ သေခါနီး ကျတော့သောက ပရိဒေဝနဲ့ လမ်းမဆုံးပေ ဘူးလား (ဆုံးပါတယ် ဘုရား)။
ဆုံးတော့ သောက ပရိဝေဒလည်း အဝိဇ္ဇာက မသိလို့ သောကဖြစ်တာ (မှန်ပါ့) ဟုတ်လား မသိလို့ ပရိဒေဝ ဖြစ်တာ (မှန်ပါ့) ကိုယ့်ဟာကိုယ်လေ (မှန်ပါ့)။
အင်း ငိုမှုတွေ၊ စိုးရိမ်မှုတွေ မလာဘူးလား (လာပါတယ်) အဲတော့ သူဘာနဲ့သေသွား (အဝိဇ္ဇာ နဲ့သေသွား ပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့ သေသွားတော့ အဝိဇ္ဇာ ပစ္စယာအကုသ လာသင်္ခါရာဆိုတဲ့အတိုင်း၊ အကုသိုလ် သင်္ခါရနဲ့ပဲတဲ့ သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုပြီး ဒယ်အိုးထဲ သွားပြီး ပဋိသန္ဓေနေ တာဗျ (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်း တုံး (ကောင်းပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)
အလင်းကိုဖြင့်ယူဖြစ်အောင်ယူပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဆရာဘုန်းကြီး တိုက်တွန်း တာသည်၊ ခင်ဗျားတို့ အမှောင်ထဲ မွေးလာလို့ အလင်းကြီး ကိုဖြင့် ယူဖြစ်အောင် ယူပါဆိုတာ များများကြီး တိုက်တွန်း တယ် (မှန်ပါ့)။
မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့် ပါတယ် ဘုရား) ခုမွေးလာတာ ဘယ်လိုပါလိမ့် (အမှောင်ထဲ မွေးလာတာပါ ဘုရား)။
အမှောင်ထဲမွေးလာတော့ သူကမသိလို့ ဒကာ ဒကာ မ တို့၊ ဆရာဘုန်းကြီးတို့ ဘုရားတို့ က သေသေချာချာ ဟောနေတယ်၊ မင်းတို့ ခန္ဓာကိုယ် အရှိက အနိစ္စရှိတာနော်၊ ဒုက္ခရှိတာ၊ အနတ္တရှိတာ၊ အသုဘရှိတာ ဒုက္ခသစ္စာပဲရှိတယ် ဆိုတာ ဘယ်ဘုရားမဆိုဟောတာပဲ (မှန်ပါ့)။
သို့သော် ကျုပ်တို့မွေးတဲ့အချိန်က စပြီးသကာလ ဒီ ပြောကာမျှပင် အင်းအခုပြောခဲ့တဲ့ အချက်တွေ အနိစ္စတို့ ဒုက္ခ သစ္စတို့ တွေ့ပါရဲ့လား (မတွေ့ပါဘူး ဘုရား)။
သရဏဂုံမတင်နဲ့၊ ကျွတ်မှာမဟုတ်ဘူး
ဘယ့်နှယ့်ကြောင့်ပါလိမ့်၊ အမှောင်ထဲမွေး လာလို့ ဘုရား (မှန်ပါ့)၊ အခုလို ဆရာကောင်း သမားကောင်းနဲ့ တွေ့တုန်းမှ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကလည်းရှိ တာလေးမသိ တော့ဘူး ဆိုရင်ဖြင့်၊ ဪ သူ့အတွက် ဖြင့် ၊ မစဉ်းပါနဲ့တော့၊ သေတောင်မှ သရဏဂုံ မတင်နဲ့၊ ကိုစောမောင် ကျွတ် မှာမဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
တစ်ခါတည်း အမှောင်ထဲမွေး၊ အမှောင်ထဲသေ ဘုရား အဝိဇ္ဇာနဲ့စ အဝိဇ္ဇာနဲ့ဆုံး ဆိုတာ ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတစ် ခါအမိယူပါ ဆိုတာကို အသေအချာ ပြောတယ် (မှန်ပါ့)။
ဒီတစ်ခါ လွဲသွားလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဆယ်မည့်သူ ယူမည့်သူ ကယ်မည့်သူဆိုတာ မရှိဘူးလို့သာ ဆုံးဖြတ်ချက် ချ (မှန်ပါ့)။
ကိုစောမောင် (မှန်ပါ့) ရှိပါဦးမလား (မရှိပါဘူး ဘုရား) အရွယ်အားဖြင့်လည်း ဒကာ ဒကာမ
တွေရှိ သေးရဲ့လား (မရှိပါဘူး ဘုရား)။
အရွယ်အားဖြင့်လည်း ရှေ့ကို ကံမွဲ၊ ဉာဏ်မွဲဖြစ်တော့ မယ်၊ သဘောကျပလား (ကျပါတယ် ဘုရား) အင်း အချိန်ကလည်း အဇ္ဇ၀ သုပေ၀ ဆိုတော့ ဒီအချိန်သည် နက်ဖြန်ရောက်ပြန်တော့၊ နက်ဖြန်ကျတော့ ကိုယ့်ခန္ဓာက ရှိ ချင်မှရှိမှာ (မှန်ပါ့)။
ပြီးတော့ အဲဒီအချိန်ကျမှ ယူချင်လို့ရပါ့ မလား (မရပါဘူး ဘုရား)။
ဒီအချိန်ဟာ အကောင်းဆုံး
ဒါကြောင့် ဒကာ ဒကာမတို့သည် ဒီအချိန်ဟာအ ကောင်းဆုံးအချိန်ဆိုတာ သဘောကျပလား (ကျပါ တယ် ဘုရား)။
ဒါကြောင့် ဘုရားကလည်း၊ ခင်ဗျားတို့မှာ ခုလိုဆရာ ကောင်းသမားကောင်း ဉာဏ်စခန်းတွေ ပြောနေတုန်း၊ အဝိဇ္ဇာချုပ်အောင်ပြောနေတုန်း၊ ခင်ဗျားတို့ဒီ ခဏလွန် သွားလို့ ရှိရင် သွားပြီတဲ့ ရပ်ပြစ် ရှစ်ပါးထဲ သွားပြီ၊ ဒီခဏလွန် သွားလို့ ရှိရင် (မှန်ပါ)။
ကိုစောမောင် ကောင်းသေးရဲ့ လား (မကောင်းပါဘူး ဘုရား)။
ဒါဖြင့် ဒီခဏလေးဟာ သိပ်နှမြောစရာ မကောင်းဘူး လား (ကောင်းပါတယ် ဘုရား) အလင်းကလည်း ခဏ ပေါ့ဗျာ (မှန်ပါ့)။
တရားနာစေချင်လို့ ပြောတာမဟုတ်ဘူး
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါခင်ဗျားတို့ကို တရား နာစေချင်လို့၊ အင်း အားထုတ်ပါစေလို့၊ အင်း ဒီလိုကရုဏာ ရှိလို့ ပြောတာမဟုတ်ဘူး။ ပင်ကိုသဘောကို ပြောနေတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ပင်ကိုသဘောကို ပြောနေတယ်လို့ မောင်နိုင်၊ မောင်ဘမှီ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဘာနဲ့စခဲ့တယ် ဆိုတော့ သတ္တဝါဟာ အဝိဇ္ဇာနဲ့ တဏှာက စတယ် ဆို တော့ဒီသုံးခုက (မှန်ပါ့)။
အဝိဇ္ဇာပစ္စယာနဲ့ မစခဲ့ဘူးလား (စခဲ့ပါတယ် ဘုရား)၊ အဝိဇ္ဇာလာတဲ့ အချိန်ဟာ ဘာတွေ့ရမတုံးတဲ့ (အနိစ္စပါ ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့ရမယ်နော် (မှန်ပါ့)။
ကဲ မတွေ့တော့ပါဘူးတဲ့၊ ကိုယ့်ခန္ဓာရှုတဲ့အခါ၊ ကဲ မတွေ့တော့ အဝိဇ္ဇာထုကြီးက နေတုန်းကလည်း သူနဲ့နေ ခဲ့တယ်၊ ယ္ခုလည်း သူဖုံးအုပ်နေတယ်ဆိုတာ ငြင်းဖို့လို့သေး လား (မလိုပါဘူး) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူသည် တစ်ခါမှမတွေ့ပါဘူးဆိုတော့ ကိုစောမောင် ကဘယ်လိုဆုံးဖြတ်ချက်ချမတုံး (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် ထို့ကြောင့်အမှောင်ထဲမွေး (အမှောင်ထဲသေ)၊ အမှောင်ထဲနေ-သေတော့ကော (အမှောင်ထဲ သေပါ ဘုရား)။
တီကောင်တွေလို
ဘယ့်နှယ့်တုံးဗျ၊ “တီ” ဖြစ်တာပဲ (မှန်ပါ့) တီကောင်မှာ မျက်လုံးပါလား (မပါပါဘူး ဘုရား) တီက အမှောင်ထဲမှာပဲ ဟိုသွားဒီသွား၊ ဟိုဘက် ချောက်ရှိလည်း သွားလိုက်တာပဲ၊ ဟိုဘက် ကြက်က စားမလို့ စောင့်နေလည်း (သွားလိုက်တာပဲ)။
အင်း အမှောင်ထဲ မွေးရရှာတာကိုးဗျ (မှန်ပါ့) သေတော့ကော (အမှောင်ထဲသေမှာပါ ဘုရား) ဒီအ တိုင်းပဲ မနေကြပေဘူးလား (နေပါတယ် ဘုရား)။
အဲဒါ ဒကာ ဒကာမတို့ ပညာမပါတဲ့ ပုဂ္ဂိုလ် သဘော ကျပလား (ကျပါတယ် ဘုရား) ဒါဖြင့် ပညာလာတဲ့ အချိန်ကျတော့ ဒကာ ဒကာမတို့ အမှောင်ဘာဖြစ်တုံး (အလင်းရောက်သွားပါတယ် ဘုရား)။
ပညာလာတော့ အမှောင်ပျောက်သွားတယ်
အမှောင်ပျောက်သွားတယ် (မှန်ပါ့) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား) ပညာလာတော့ အမှောင် ပျောက်ပြီး သကာလ သွားတယ်။ အမှောင်ပျောက်သွားတဲ့ အခါကျတော့ အရှိတွေမတွေ့ပေဘူးလား (တွေ့ပါ တယ် ဘုရား)။
တွေ့တော့ဘာရှိတုံး (အနိစ္စရှိပါတယ် ဘုရား) အနိစ္စရှိတော့ ကိုစောမောင် တွေ့မယ် (မှန်ပါ့)။
ဒါဖြင့် အနိစ္စဖြစ်ပျက်မှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်များ အတွက်၊ အားလုံးတရားတစ်ပွဲလုံးမှာ လာတဲ့ ဒကာ ဒကာမ တွေက ဘယ်လိုဆုံးဖြတ်ချက်ချမတုံး၊ အဝိဇ္ဇာထုကြီးနဲ့ သာ နေတော့တာပဲ (မှန်ပါ့) သဘော ကျပလား (ကျ ပါတယ် ဘုရား)။
ဒါနလောက်နဲ့ တင်းတိမ်မနေနဲ့
ဘာနဲ့ နေကြတုံး (အဝိဇ္ဇာထုကြီးနဲ့နေကြ ပါတယ် ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ ခုနက ပြောခဲ့တဲ့ သာမည ဒါနလေးလောက်နဲ့၊ အင်း တင်းတိမ်မနေလိုက် ပါနဲ့ ဆိုတာက၊ မပြောထိုက် သေးဘူးလား (ပြောထိုက်ပါ တယ် ဘုရား)။
ကမ္မဿကတ ဉာဏ်ကလေးလောက်နဲ့ တင်းတိမ်နေ လို့တော်ပါ့မလား (မတော်ပါဘူး ဘုရား) အင်း အဝိဇ္ဇာ ဥဒပါဒိ ဖြစ်အောင် ကြိုးစားဖို့မသင့်လား (သင့်ပါတယ် ဘုရား)။
ဒါကြောင့် အလင်းထဲ ရောက်အောင် ကြိုးစားကြပါ ဆိုတာကို၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးနက်နက် တိုက်တွန်းပါတယ် (မှန်ပါ) မတိုက်တွန်းရင်တော် ပါ့မလား (မတော်ပါဘူး ဘုရား)။
ပညာ ဟာ ဒကာ ဒကာမတို့ အင်မတန်ကျေးဇူးများ တယ် နော်၊ တစ်ချက် ခန္ဓာကိုယ်ထဲမှာ ဥပမာမယ် ဘုန်းကြီး ကပဲ ခုမြင်အောင်ပြောရင် မြင်ပါတယ်၊ မြင်အောင်ပြောလိုက် လို့ရှိရင် ဒကာ ဒကာမတွေမြင်ပါတယ်။
ဘယ်လိုမြင်တုံးဆိုတော့ ခုဘုန်းကြီးဟောနေတဲ့ အသံကို ခင်ဗျားတို့နားထဲမှာ မကြားကြ ဘူးလား (ကြား ပါတယ် ဘုရား) အင်း နားထဲမှာ ကြားတော့ ငါကကြားတာ လား၊ သူကကြားတာလား၊ ကြားစိတ်ကလေးက ကြားတာ လား (ကြားစိတ်ကလေးက ကြားတာပါ ဘုရား)
ကြားစိတ်ကလေး
ဟင်း ကြားစိတ်က၊ အဲဒီ သောတ ဝိညာဏံကြောင့် ပေါ့ဗျာ (မှန်ပါ) ဒါဖြင့် အသံကသွားပြီး သကာလ၊ နားရုပ်ကို သွားတိုက်လိုက်တဲ့ အခါကျတော့ ကြားစိတ်လေး တစ်ခု မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီ ကြားစိတ်ကလေးက ဘုန်းကြီးကလည်း ရပ်ပါ ရော ဒကာ ဒကာမတွေ နောက်ထပ် ကြားသေးရဲ့ လား (မကြားပါဘူး ဘုရား)
ဪ ဒါလေးဟာ မိမိနားထဲပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်တယ်လို့ ဆိုနိုင် မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။
ကိုင်း ပေါ်လည်းပေါ် ပျောက်လည်း ပျောက်တယ်ဆို တော့ ဒါအနိစ္စအချက်ကလေးပဲ (မှန်ပါ့)။
အဲ့ဒါလေးကို ကြားသာနေတယ်၊ ဒကာ ဒကာမ တွေ ကနှလုံးမသွင်းပြန်တော့လည်း ကြားလို့ ကောင်းတယ် ဆိုတဲ့ တဏှာက လိုက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ကြားရတာ သဘောကျတယ်ဆိုတဲ့ တဏှာတွေက မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ကြားတဲ့စိတ်ကလေးဟာလည်း၊ ခင်ဗျားတို့ သန္တာန် ခုပေါ်ပြီး ခုပျောက်တယ် ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
အင်းလေးဟာ ခုဆရာဘုန်းကြီးက ဟောလိုက်တဲ့ အခါကျတော့၊ ဒကာ ဒကာမတို့ ဒါလေး ကြားရုပ်ကလေး ဟာ ခုပေါ်ခုပျောက်တာ မောင်နိုင်၊ မောင်ဘမှီတို့ မထင်ရှား ဘူးလား (ထင်ရှား ပါတယ် ဘုရား)။
ဒီနေရာပေါ်ပြီး ဒီနေရာပျောက်တယ်
ကြားတာကလေး၊ ကြားစိတ်ကလေး၊ ဒီနေရာပေါ် ဒီနေပျောက်တာကို သိလိုက်သဖြင့်၊ သောတဝိညာဏံ အနိစ္စံ ဆိုတာလေးဟာလည်း၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပါဠိနဲ့သာ ဟောတာ၊ တို့ သန္တာန်မယ်ကြားတဲ့ သဘောလေးဟာ ပျောက်နေတယ်၊ ကြားလည်း ကြားတယ်၊ ပျောက်လည်း ပျောက်တယ်ဆို တာလေးဟာ မသိပေဘူးလား (သိပါတယ် ဘုရား)။
အဲဒါ အနိစ္စအချက်ကလေးဖြစ်လိုက်တာ ဒကာ ဒကာမတို့၊ ဒီအချိန်မှာ ခင်ဗျားတို့ အဝိဇ္ဇာဟူ သမျှ ချုပ်လို့ ဝိဇ္ဇာဝင် လာလို့သာလျှင်၊ ကိုစောမောင် ဒါလေးကို ခင်ဗျားတို့မြင် လိုက်ရတာနော် (မှန်ပါ့) ဉာဏ်အမြင်ပေါ့ဗျာ (မှန်ပါ့)။
အလင်းကလေး ဖျတ်ခနဲ ကွဲသွားသလိုတော့ဘယ် ဟုတ်မလဲ (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား) အဲဒီလိုတစ်ချက် မြင်လိုက်လို့ရှိရင်တဲ့ လိုချင်တာ အကုန်ရတယ်။
မြင်တဲ့ပညာချုပ်သွားတယ်
ပညာ-မြင်တဲ့ပညာတော့ချုပ်သွားတယ်၊ မြင်ပြီးချုပ် တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) အင်း မြင်ပြီး သကာလ၊ အင်း ဖြစ်ပျက်လေးကလည်း ချုပ်သွားရော၊ သူ့နောက်က လိုက်ပြီး မြင်တဲ့ စိတ်ကရော (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတာပဲတဲ့။
သို့သော် ဒီတစ်ခု ပညာသည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့၊ အဝိဇ္ဇာနဲ့ အများကြီး ခြားနားပါတယ်တဲ့၊ သူ့ ဘာဝနာကံ ကတော့ မချုပ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)
သို့သော်သူ့ဘာဝနာကံကတော့ မချုပ်ဘူး
သူ့ဘာဝနာကံ ကတော့ မချုပ်နိုင်ဘူးဆိုသဖြင့်၊ ဒကာ ဒကာမတို့ ပညာကတော့ဖြင့် ဖြစ်ပျက်ရှုပြီး၊ အင်းတစ်ခါသိ ပြီးမောင်နိုင်၊ မောင်ဘမှီတို့က သူလည်း တစ်၊ နှစ်ဆို မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)။
ချုပ်ပေမဲ့ သူ့ဘာဝနာ၏ စွမ်းရည် သတ္တိကံ ကတော့ မချုပ်ဘူးတဲ့ (မှန်ပါ့) ကိုစောမောင် (မှန်ပါ့) ဘာဝနာကံ ကတော့မချုပ်ဘူးတဲ့ (မှန်ပါ့)။
ဒါကြောင့် ဒါကြောင့် အဆက်တွေကရှိနေတော့၊ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက်၊ ဒီဟာလေးက ကျေးဇူး ပြုပြီး သကာလ၊ ဒကာ ဒကာမတို့ အင်း ဒီအနိစ္စလေးဟာ ပျောက်တယ်လို့ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။
အင်း နောက်တစ်ခါ နှလုံးသွင်းလိုက်လို့ ရှိရင်လည်း ဘာဖြစ်လာ (အနိစ္စပါ ဘုရား) ပေါ်ပေါ် မလာဘူး လား (လာပါတယ် ဘုရား)။
ဘာဝနာကံ၏အကျိုးဆက်က မချုပ်ဘူး
အဲဒါသည် ပညာသာ ချုပ်သွားတာတဲ့၊ ဘာဝနာကံ ၏ အကျိုးဆက်က ချုပ်ပါရဲ့လား (မချုပ်ပါဘူး ဘုရား)။
ကောင်းပြီ ဒါဖြင့် အရှင်ဘုရားတဲ့၊ ဒါဖြင့် မိလိန္ဒမင်း ကြီးက ပညာတော့ဖြင့် တစ်၊ နှစ်ဆိုရင် ချုပ်သွားတယ်၊ သူ့အ မြင်ဓာတ်ကလေး ဆိုတဲ့ သဘောလေးဟာ၊ မြင်ရာအကြောင်း လေးကတော့ မချုပ်သေးဘူး ဆိုတဲ့ဥစ္စာ၊ တပည့်တော် မရှင်း ဘူးဘုရားတဲ့၊ ပညာပျောက်လို့ ရှိရင်ဖြင့်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေလည်း အကုန်ပျောက်ပြီး နောက်လည်း ပေါ် စရာ အကြောင်းမရှိဘူး။
ဟာ ဒကာကြီး ဒီလိုမယူနဲ့ ကိုစောမောင် (မှန်ပါ့) အင်း ရှုတဲ့အချိန် ပညာသာ ချုပ်သွားတယ်တဲ့၊ ဘာဝနာကံ ကလေးက ကျန်နေသေးတယ် (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။
ဝိပဿနာတစ်ချက်မြင်တဲ့ကျေးဇူး
ရှုတဲ့ကံ၊ ရှုတဲ့ဉာဏ်ကတော့ (ချုပ်သွားပါတယ် ဘုရား) ဘာဝနာကံကတော့ (ကျန်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားတဲ့ တပည့်တော် ဥပမာနဲ့ရှင်းပေးစမ်း ပါ။ မိလိန္ဒမင်းကြီးက (မှန်ပါ့) ဒကာ ဒကာမတို့ ဝိပဿနာ တစ်ချက်မြင်တဲ့ ကျေးဇူးကိုပြောနေတာနော် (မှန်ပါ့) ၊ ဝိပဿနာတစ်ချက်မြင်တဲ့ ကျေးဇူးကို ပြောနေတာ။
ကဲ ဒါဖြင့်ပြောစမ်းပါလို့ ဆိုတော့၊ တပည့်တော်ဥပ မာနဲ့ ထင်ရှားအောင်ပြောစမ်းပါဦးလို့ဆိုတဲ့ အခါကျတော့၊ ငါပြောပြမယ် ဒကာကြီး အသေအချာ နားထောင်၊ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန် ကပေါ့ဗျာ (မှန်ပါ့)။
ရှင်နာဂသိန်ဖြေကြားပုံ
ငါပြောပြမယ် ဒကာကြီးရ နားထောင်ပါတဲ့၊ လူတစ် ယောက် ညမှာသတိရတယ်တဲ့ စာရေးချင်တယ်၊ မည်သူ့ဆီကို ပေးချင်တယ်၊ စာရေးချင်တယ်၊ စာရေးချင်တဲ့ အခါကျတော့ အမှောင်ထဲရေးလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။
အင်း မီးအိမ်လေးထွန်းပြီး သကာလ ရေးလိုက်တယ် မီးလေးထွန်းပြီး ရေးလိုက်တဲ့ အခါကျတော့ စာ၊ စာရွက်ပြည့် – တယ်ဆိုပါစို့၊ ကိုယ်လိုချင်တဲ့ အကြောင်းအချင်းရာတွေ (မှန်ပါ့)။
ဒါဖြင့် ဒီစာကို မီးလေးထွန်းပြီး စာလဲရေးပြီးရော မောင်ဘမှီက မီးငြိမ်းလိုက်ပါကွ (မှန်ပါ့) မီးငြိမ်း လိုက်တယ် ဆိုတော့ မြင်ရသေးရဲ့ လား (မမြင်ရတော့ပါဘူး ဘုရား)။
မမြင်ရတော့ပါဘူးတဲ့၊ စာကို မမြင်ရဘူးတဲ့ (မမြင်ရပါ ဘုရား) သို့သော်တဲ့ ဒကာ ဒကာမတို့ မီးငြိမ်း လို့သာ မမြင်ရတာ မနက်သွားကြည့်တော့ ဒီစာထဲမှာ ဒီစာလုံးတွေ အကုန်ရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ပညာ၏စွမ်းရည်သတ္တိကျန်တယ်
မနက်သွားကြည့်တော့ (ရှိပါတယ် ဘုရား) – ဒကာ ဒကာမတို့ ခုနက ပညာပင် ချုပ်ငြား သော်လည်း၊ ပညာ၏ စွမ်းရည်သတ္တိ ကျန်တယ် ဆိုတဲ့ သဘောမျိုးကို၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လည်းတဲ့၊
ဒီပညာချုပ်သွားသော်လည်း၊ ပညာက တစ်ချက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင် ပြီးပြီ ဆိုမှဖြင့်၊ ဒီလိုအနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိတဲ့ကံတွေဟာ ဒကာ ဒကာမတွေ ဘယ်တော့မှ မချုပ်တော့ဘူး၊ နောက် ကိုလည်း အနိစ္စ၊ နောက်ကိုလည်း အနိစ္စ၊ နောက်ကိုလည်း အနိစ္စပဲ စာကျန်နေသလို ကျန်နေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာ တစ်ချက်ပေါက်ဖို့ သိပ်အရေးကြီး ပါလား (မှန်ပါ့) ဒကာ ဒကာမတို့ ဘုန်းကြီး ဘာတိုက် တွန်းပါတုံး (ဝိပဿနာ တစ်ချက်ပေါက်ဖို့ တိုက်တွန်း ပါတယ် ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်တွေ့အောင်ရှာ
ဖြစ်ပျက်ကလေးနဲ့ ခင်ဗျားတို့ ရှုတဲ့မဂ်ကလေးနဲ့ တစ် ချက်ဖြင့် တွေ့အောင်ရှာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဖြစ်ပျက်နဲ့မဂ်နဲ့ဖြင့် (တွေ့အောင်ရှာရမှာပါ ဘုရား)။
အဲဒီရှာတွေ့လို့ရှိရင် နောက်ကို ခင်ဗျားတို့သည် ကား လို့ဆိုရင်ဖြင့် ဖြစ်ပျက်ကလေး တွေ့ဖူးပါတယ်၊ တွေ့ဖူးပါ တယ်ဆိုတဲ့ဥစ္စာဟာ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အပျက်ချည့် ရှိပါတယ် ဆိုတဲ့ဥစ္စာဟာ သိပြီးသား ဖြစ်သွားတယ် (မှန်ပါ့)၊ ဟုတ်ဘူးလား (မှန်ပါ့)။
တကယ်ဉာဏ်နဲ့တွေးပြီး ဪ အပျက်ချည့် ပဲဘာမှမရှိဘူး၊ အပျက်ချည့်ပဲ ဘာမှမရှိဘူး ဆိုတဲ့ဥစ္စာ၊ တစ် ခါမြင်ပြီးတော့ ခုနက ညအလင်းရောင်နဲ့ စာရေးလိုက်တယ် မီးမှိတ်ပြီး သကာလ နေငြား သော်လည်း စာကျန်တယ် ၊ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အလင်းရောင် နည်းနည်းမှိတ်၊ စာတော့ရေးလို့မဖြစ် ဖူးလား (ဖြစ်ပါတယ် ဘုရား) ဒီမှာလည်း ဉာဏ်တော့ မှိတ် ဖြစ်ပျက်တော့ တွေ့လိုက်တာပဲ၊ သဘောကျပလား (ကျပါတယ် ဘုရား)။
သို့သော် ဉာဏ်မှိတ်သွားငြား သော်လည်း စာကျန်ရစ် သလို ဖြစ်ပျက်တွေ ကတော့ဖြင့် ဘယ့်နှယ့်နေတုံး (ကျန်ရစ်ပါတယ် ဘုရား)။
ရဟန္တာဖြေတဲ့အဖြေ
ကျန်ရစ်တော့ နောက်ဘယ်အချိန် ကျုပ်တို့ မနက်မှ ထရှုလည်း (ရပါတယ် ဘုရား) ဒီတစ်ခါ တွေ့ပြီပဲတဲ့ နောက်ဘယ်အချိန်ထရှု ဖြစ်ပျက်ဟာတွေ့ ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အံမာလေး – ရဟန္တာဖြေတဲ့အဖြေမို့ ဒကာ ဒကာမ တွေအားတက်စရာလည်း ကောင်းလှပါတယ် (မှန်ပါ့) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အင်း ဒါဖြင့် တစ်ချက်မှ မတွေ့ဖူးတဲ့လူတော့ဖြင့် အမှောင်ထဲမွေး အမှောင်ထဲသေပဲ (မှန်ပါ့) ဘယ်လို ဆိုကြပေါ့ (အမှောင်ထဲမွေး၊ အမှောင်ထဲသေပါ ဘုရား)။
အင်းဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုဆရာကောင်း သမားကောင်းနဲ့တွေ့၊ ဒီလို ဥပမာ ဥပမေယျ တွေနဲ့ ရှင်နာဂသိန်နှင့် မိလိန္ဒမင်းကြီး အမေး အဖြေတွေလည်း အင်မတန်အဖိုး တန်တယ် ဆိုတဲ့ အဓိပ္ပာယ် မရှင်းလား (ရှင်းပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဘာဝနာကံတွေကတော့ ချုပ်ရဲ့ လား (မချုပ်ပါဘူး ဘုရား) အဲဉာဏ်သာ ချုပ်သွားတာ နော် (မှန်ပါ့) အဲ နောက် ဘယ်အချိန်မြင်လို့ ဂရုစိုက် လိုက်၊ စိုက်လိုက်တဲ့ ဒကာ ဒကာမတွေ တွေ့နေတာပဲ (မှန်ပါ့)။
ဘာဝနာ၏ အကျိုးဆက်တွေက ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။
ရှေးဦးစွာဘာလိုပါလိမ့်
ဒါဖြင့် ဒကာ ဒကာမတို့ ရှေးဦးစွာ ဘာလိုပါလိမ့်ဗျာ (တစ်ချက်မြင်ဖို့ အရေးကြီးပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ ဘာအရေးကြီးပါတုံး (တစ်ချက် မြင်ဖို့ အရေးကြီးပါတယ် ဘုရား)။
အဲဒီတစ်ချက်မှ မတွေ့လို့ရှိရင်ဖြင့် ခင်ဗျားတို့ “တီ” မျိုးသာဆုံးဖြတ်ချက်ချမှတ် (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက် ချမတုံး (တီ မျိုးသာဆုံးဖြတ်ချက်ချ ရမှာပါ ဘုရား)။
“ တီ ”မျိုးဆိုတာသည် မွေးကတည်းကလည်း အ မှောင်ထဲမှာ မွေးခဲ့တယ်၊ သူ့မျက်လုံး ပါရဲ့လား (မပါ ပါဘူး ဘုရား) အင်း သေသွားတဲ့ အခါကျတော့ (အမှောင်ထဲ သေပါတယ် ဘုရား)။
ဒီအမှောင်ထဲပဲ မျက်လုံးမပါပဲနဲ့ သေမသွားဘူးလား (သေသွားပါတယ် ဘုရား) အဲဒါသည် ဘုန်းကြီးက စိုးရိမ်တဲ့အတွက် ကိုယ့်အရင်းအချာ ဒကာ ဒကာမတွေကို သေသေချာချာပဲ တွေ့အောင် ရှာစမ်းပါ၊ တွေ့အောင်ရှာစမ်းပါ။ မရှာတတ်ရင် ဘုန်းကြီးကိုလာ မေးပါ။
အလင်းထူးကိုရှာစမ်းပါ
ခင်ဗျားတို့ ကိုယ်တိုင်လည်းရှာတယ်၊ ရှာနည်းကို နေ့ တိုင်း ပြောနေပါတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အဲ အလင်းထူးရပါစေတော့လို့ ကိုစောမောင် (မှန်ပါ့) ဒီအလင်းထူးမှ မရလိုက်တော့ဘူးဆိုလို့ ရှိရင်ဖြင့် ဘာဝနာကံတွေ၏ အကျိုးအဆက်ဖြစ်တဲ့ အနိစ္စတွေကော တွေ့စရာမြင်သေးလား (မမြင်ပါဘူး ဘုရား)။
မမြင်တော့၊ ငါမမြင်ပဲနဲ့ သေရတော့၊ ဉာဏ် မျက်လုံး ဘယ်အချိန်မှ ပါမသွားဘူးဆိုတဲ့ အဓိပ္ပာယ် ဆုံး ဖြတ်ချက် ချရင် မရပေဘူးလား (ရပါတယ် ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒီထဲလာပြီးတရားနာလာကြတဲ့ ဒကာ ဒကာမ တွေသည်၊ ဪ တို့ဆရာ ဘုန်းကြီးသည် တစ်ချက် မြင်ရင်ဖြင့် နောက်ကျေးဇူးများပေါ့လို့ ဟောတာ၊ တစ်ချက် ဖြင့် ကြိုးစားပြီး ရှုမယ် ဆိုတော့၊ ခင်ဗျားတို့ အတွက်မှာဖြင့် အလွန်ကောင်းပါတယ် (မှန်ပါ့) မကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်တစ်ချက်မြင်အောင်လုပ်ပါ
ဒါဖြင့် တစ်ချက်ကလည်း တစ်ချက်မြင်လိုက်တယ် ဆိုတော့ အဝိဇ္ဇာချုပ်သွားတာ (မှန်ပါ့) ပညာပိုင်းက လည်း ဘယ့်နှယ့်နေတုံး (အဝိဇ္ဇာချုပ်သွားပါတယ် ဘုရား)
အဝိဇ္ဇာက မှောင်နေတာကိုးဗျ၊ ဒီထဲ အလင်းတည်း ဟူသော ပညာက ဖောက်လိုက်တဲ့ အခါကျတော့ ဘယ့်နှယ့် နေတုံး (အမှောင် ပျောက်ပါတယ်) အမှောင်ကို အကုန်မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
ဪ ဒါကြောင့် အရှိကိုအမြင်ရတာကိုး ကို စောမောင် (မှန်ပါ့)။ မီးထွန်းထားတော့ ရှိတဲ့ ပစ္စည်း မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)၊ ဘယ်တူမလဲ အမှောင်ထဲ (မမြင်ရပါဘူး ဘုရား)။
အဲ ခင်ဗျားတို့ အနိစ္စ မတွေ့ခဲ့ကြတာဟာ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)၊ မီးကိုတစ်ခါမှ မထွန်းဖူး ဘူး (မှန်ပါ့)၊ သဘောကျကြလား (ကျပါတယ် ဘုရား)။
မီးကို တစ်ခါမှ မထွန်းဖူးတော့ အနိစ္စတွေ့သေးရဲ့ လား (မတွေ့ပါဘူး ဘုရား) ဒါဖြင့် အနိစ္စမှ မတွေ့ သေးတဲ့ ပုဂ္ဂိုလ်သည် အနိစ္စမုန်းတဲ့ နိဗ္ဗိန္ဒဉာဏ် တက်ဖို့ ဘယ့်နှယ်တုံး (မတက်နိုင်ပါဘူး ဘုရား)။
အနိစ္စအဆုံးဆိုတဲ့ နိဗ္ဗာန် နိစ္စ နိဗ္ဗာန်ကြီးလည်း ရောက်ပါ့မလား (မရောက်နိုင်ပါဘူး ဘုရား) ဒါဖြင့် ဆရာဘုန်းကြီး စိုးရိမ်တယ်ဆိုတာ စိုးရိမ်သင့်တယ် (မှန်ပါ့) အားလုံးသဘောပါကြပလား (ပါပါ တယ် ဘုရား)။
အဲ-တို့တော်တော်လေးရဲ့ ဆိုတာ ခင်ဗျားတို့ ဝမ်းသာ ကြပါ (မှန်ပါ့) မသာသင့်ဘူးလား (သာသင့်ပါ တယ် ဘုရား)၊ ကိုစောမောင် သာသင့်တယ် (မှန်ပါ့)။
တစ်သံသရာလုံး အလင်းမရခဲ့ဘူး
တစ်သံသရာလုံး ဘယ်တော့မှ အလင်းမရခဲ့ဖူးဘူးဆို တာလည်းပေါ်ပလား (ပေါ်ပါပြီ ဘုရား) သို့သော် ငါတို့၏ စားချင်တဲ့စိတ်ကလေး ပျောက်သွားပြီ၊ ယားနေတဲ့ စိတ်ကလေး ဒီနေရာတင် ယားပြီး ဒီနေရာ ပျောက်သွားပြီ၊ နာတဲ့စိတ်ကလေး ဒီနေရာတင်နာပြီး ဒီနေရာ မှာပျောက် သွားပြီ၊ ကြားတဲ့ စိတ်ကလေး ဒီနေရာတင်ဖြစ်ပြီး သကာလ ဒီနေရာတင်ပျောက်သွားပါပြီလို့ နှလုံးမသွင်းလို့၊ နှလုံးမသွင်း တဲ့ ဘဝတွေ အင်မတန် မများဘူးလား (များပါတယ် ဘုရား)
ဘာပြုလို့ကြောင့် နှလုံးမသွင်းတဲ့ ဘဝတွေများပါလိမ့် မတုံးဆိုတော့ ဝိဇ္ဇာဝင်ခွင့်ရကြလား (မရပါ ဘုရား)။ အဝိဇ္ဇာက အကုန်ဖုံးထားပြီ (မှန်ပါ့)။
အဲတော့ အဝိဇ္ဇာက အကုန်ဖုံးထားတော့ အဝိဇ္ဇာက ခြယ်လှယ်တော့မှာပဲ (မှန်ပါ့) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာ) သင်္ခါရ ပစ္စယာ (ဝိညာဏံ) ဒါဖြင့်သူ့ ကြောင့်ဖြစ်တဲ့ ဝိညာဏ်ချည့်လုပ်တော့မှာပဲ (မှန်ပါ့)
ဝိညာဏ်ကနာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ နဲ့ဆိုပြီး ဒကာ ဒကာမတွေ သူကလဲ ပြန်မလှည့်ပေဘူးလား (လှည့်ပါတယ်)။
အာသဝ သမုဒယာ၊ အဝိဇ္ဇာသမုဒယောဆို ပြန် မသွားပေဘူးလား (သွားပါတယ် ဘုရား) အဲ ဒကာ ဒကာမတွေ နောက်တုန်းက အဝိုင်းပြေးအမှောင်ထဲမှာနေခဲ့ရ တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အဝိုင်းပြေးဆိုတောလမ်းရှာမတွေ့တာ
အဝိုင်းပြေးတယ် ဆိုတာ လမ်းရှာမတွေ့တာ (မှန်ပါ့) ဒီအကြောင်းလမ်း၊ သေလမ်းမှတစ်ပါး တခြားပြေးသေးလား (မပြေးပါဘူး ဘုရား)။
ဪ ဒါဖြင့် အိုလမ်း၊ နာလမ်း၊ သေလမ်း မှတစ်ပါး တခြားလဲ မပြေးတော့ဘူး၊ ဒကာ ဒကာမတို့ အဝိုင်း ထဲမှာပဲ လှည့်ပြေးနေတာပဲ ဆိုတာကော သေချာပလား (သေချာပါတယ် ဘုရား)။
အဝိုင်းထဲလှည့်ပြေးတာပဲ ပြေးရပါစေတော့ ဟုတ် လား၊ သေခြင်းကောင်းနဲ့ ပြေးနေတာလား၊ သေခြင်းဆိုးနဲ့ ပြေးနေတာလား (သေခြင်းဆိုးနဲ့ ပြေးနေတာပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
အလင်းလေးရအောင် ယူလိုက်ခမ်းပါ
အဲဒါခု ဆရာဘုန်းကြီးနဲ့တွေ့တဲ့အချိန်မှာ အလွန့် အလွန်စိုးရိမ်ပြီး သကာလ ဒကာ ဒကာမတွေ အလင်းလေး ရအောင် ယူလိုက်စမ်းပါ၊ အမှောင်ထဲ အဝိုင်းပြေးနဲ့ အသေဆိုး အနေဆိုးတွေနဲ့၊ မနေပါနဲ့ ဆိုတာ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။
ပညာတစ်ကြိမ်ပေါ်ဖို့ အရေးကြီးတယ်
ဒါဖြင့်ဘာအရေးကြီးတုံးဆိုတော့၊ ပညာတစ်ကြိမ် ပေါ်ဖို့အရေးကြီးတယ် (မှန်ပါ့) ဘယ်လို သတ်မှတ်ကြ မယ် (ပညာတစ်ကြိမ်ပေါ်ဖို့ အရေးကြီးပါတယ် ဘုရား) ပညာတစ်ကြိမ် ပေါ်လိုက်လို့ ရှိရင်ဖြင့်၊ ဘာဝနာပညာ ဆိုတာ ဘာဝနာပါပဲ၊ ပွားလို့မြင်လိုက်ရတာ အဲဒိ ဘာဝနာကံ၏။ ဘာဝနာကံတွေကြောင့် ခင်ဗျားတို့နောက် ဘယ်အချိန်ရှု ဖြစ်ပျက်ကလေးတွေ တွေ့ နေမှာပဲ (မှန်ပါ့) (ဝါ) အနိစ္စကလေးတွေ တွေ့နေမှာပဲ (တွေ့ပါတယ် ဘုရား)။
တွေ့လို့ရှိရင်ဖြင့် ဒါ ဒကာ ဒကာမတို့မှတ်ပေတော့ အရုဏ်တက်တာပဲ (မှန်ပါ့) ဟုတ်ဖူးလား (မှန်ပါ့) ဆက်လက်ပြီး အဖြစ်အပျက်ကလေးကို မုန်းအောင် ရှု၊ ဆုံးအောင်ရှု လိုက်လို့ရှိရင်ဖြင်၊ ဆုံးအောင်ရှုတယ် ဆိုတော့ ဒုက္ခအဆုံးမြင်တဲ့မဂ်ဉာဏ်မရဘူးလား (ရပါတယ် ဘုရား)။
အဲ မဂ်ဉာဏ်ရတဲ့အခါကျတော့ ဪ တို့ဖြင့် နေအလင်းထွက်ပေါ့ပေါ့ အကောင်းအဆိုး ရွေးတတ်ပေါ့ ဆိုတာ၊ ကိုယ့်ကိုယ်အတွက် မျက်စိနှစ်ကွင်း အလင်းရသွားတာပဲ (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စုံလုံး ကန်းမွေးပြီး စုံလုံးကန်းသေတာ (မှန်ပါ့) မဆိုထိုက်ဘူး လား (ဆိုထိုက်ပါတယ် ဘုရား) ဘာတုံး (စုံလုံးကန်းမွေး ပြီး စုံလုံးကန်း သေတာပါ ဘုရား)
ပညာမှတစ်ပါးကိုးစားရာမရှိ
အဲ ခုန ဖြစ်ပျက်မမြင်လို့ရှိရင်လေ (မှန်ပါ့) ဒါ ကြောင့် ဘုန်းကြီးကလည်း ကျန်းကျန်းမာမာ ရှိတုန်း၊ ဘုန်းကြီး တို့ ဒကာ ဒကာမတွေကလည်း ကျန်းကျန်းမာမာရှိတုန်း ကိုဖြင့်၊ ပညာမှတစ်ပါး ကိုးစားရာမရှိလို့ ဒီဖြစ်ပျက်မြင်တဲ့ ပညာဖြင့်၊ ဒကာ ဒကာမတွေ ကြိုးစားပါလို့ တိုက်တွန်းရတယ်နော် (မှန်ပါ့)။
မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါ တယ် ဘုရား) ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့သည် ပညာရှု တဲ့အချိန်မှာ ဘုန်းကြီး ပြောတဲ့အတိုင်း၊ အင်း ဒီနေရာ လေးမှာ ပေါ်တယ်၊ ဒီနေရာ လေးမှာ ပျောက်တယ် ဆိုတာလေးကို ဘယ်စိတ်ပေါ် ပေါ် ဘယ်ဝေဒနာ ပေါ်ပေါ်၊ ဪ် ဒီနေရာ လေးပေါ်ပြီး၊ ဒီနေရာပျောက်သွားတာကိုး၊
အင်း ကောင်းကင် လျှပ်စစ် ကလေးနဲ့ အတူတူပဲ၊ ဖျတ်ဆို လင်းပြီး ဖျတ်ဆိုတိမ်ကြား မှာလင်းပြီး တိမ်ကြား ပျောက်သွား တယ်။ သဘောကျပလား (ကျပါတယ် ဘုရား)။
လျှပ်စစ်ကလေးနဲ့အတူတူပဲ
လျှပ်စစ်ကလေးက ဘယ်မှာလင်းပြီး ဘယ်ပျောက် ၊ တုံး (တိမ်ကြားလင်းပြီး တိမ်ကြားတင် ပျောက်ပါတယ် ဘုရား) တိမ်ကြားလင်းပြီး တိမ်ကြားပျောက်ပဲ ဆိုတော့၊ ဒကာ ဒကာမတို့ သန္တာန်မှာ ယားတဲ့စိတ်ကလေး အတွင်းမှာ ယားတယ်၊ အတွင်းမှာယားပြီး အတွင်းမှာ ပျောက်ရရှာတယ်၊ ဘယ် များ ရွေ့သေးလဲ (ဘယ်မှမရွေ့ပါဘူး)။
သို့သော်လည်း ဒကာ ဒကာမတွေ ဒီလိုမသိတဲ့အခါ ကျတော့ ယားတာတွေ ဆက်လာတယ်။ ဟိုကယား ၊ ဒီကယား ဖြစ်လာတယ်လို့ ယားတာတွေ ဆက်တယ်လို့ ထင်ချင် ထင်နေမယ် (မှန်ပါ့)။
မထင်သေးဘူးလား (ထင်ပါတယ် ဘုရား)- အဲဒါလဲ နေတော့ ဒကာ ဒကာမတို့ သူတို့ဖြစ်နေတဲ့ ပရမတ် မဟုတ်ပါဘူး သဘောကျပလား (ကျပါတယ် ဘုရား)။
ဝိဇ္ဇာဝင်လာလို့၊ အဝိဇ္ဇာချုပ်တယ်
ဘာလို့ဒီနေရာ ဖြစ်ပြီး ဒီနေရာ ပျက်တယ် ဆိုတာ အ သေအချာမှတ်ပါ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီး ဘုရား) ဒီနေရာဖြစ်ပြီး ဒီနေရာပျောက်တယ်ဆိုတော့၊ ဒကာ ဒကာမတို့ အဝိဇ္ဇာချုပ်သွားလို့ ဝိဇ္ဇာဝင်လာလို့၊ ဝေဒနာလေး ဟာလည်း ဖြစ်ပျက်ပါလား၊ ဒီနေရာပေါ်တဲ့ စိတ်ကလေးဟာကော (ဖြစ်ပျက်ပါ ဘုရား)။
ဪ ဖြစ်ပျက် အနိစ္စပါလား ဆိုတာ ဘယ်သူဝင်လာ လို့တုံး (ဉာဏ်ဝင်လာလို့ပါ ဘုရား) ဉာဏ်ဝိဇ္ဇာ ဝင်မလာ ဘူးလား (ဝင်လာပါတယ် ဘုရား)။
ဝင်လာတဲ့အချိန်ကျတော့ ဝိဇ္ဇာလည်း ဝင်လာပါရော ပဋိစ္စသမုပ္ပါဒ် အစကချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အစကချုပ်တော့ နေရာကျလိုက်တာ အဝိဇ္ဇာချုပ်လို့ ရှိရင်ဖြင့် သင်္ခါရ မင်းချုပ်တော့ ဆိုစရာ လိုသေးသလား (မလိုပါဘူး ဘုရား)။
ဝိညာဏ် (မလိုတော့ပါဘူး ဘုရား) အဲဝိညာဏ် ဆိုတာ ပဋိသန္ဓေဝိညာဏ် (မှန်ပါ့) မင်းချုပ်တော့လို့ ဆိုရဦးမှာလား (မဆိုရပါဘူး ဘုရား)။
သံသရာစခန်း သတ်တဲ့အလုပ်
အဲသူကပွားမယ့်နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တွေ (အကုန်ချုပ်ပါတယ် ဘုရား) အဲဒါဖြင့် ဒကာ ဒကာ မ တို့ သံသရာစခန်း သတ်တဲ့အလုပ်ပါလား (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (သံသရာစခန်း သတ်တဲ့အလုပ်ပါ ဘုရား)။ သံသရာစခန်း သတ်တဲ့ အလုပ်၊ သံသရာ ဆိုတာသည် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး၊ တစ်စိတ် တစ်စိတ် ပေါ်နေတာ၊ တစ်ရုပ်ပြီး တစ်ရုပ် ပျက်နေတာ ဘာခေါ်ကြမတုံး (သံသရာပါ ဘုရား)။
အဲဒီ သံသရာဟာ၊ သံသရာတစ်ခုလုံး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒုက္ခချုပ်တာ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒုက္ခချုပ်အောင်ဉာဏ်ပေးနေတာ
အိုတာ၊ နာတာ၊ သေတာတွေကော ဘာဖြစ်တုံး (ချုပ်ပါတယ် ဘုရား) သဘောကျပလား ပါ တယ် ဘုရား) အင်းဒါဖြင့် ဆရာဘုန်းကြီး တရားဟောနေ တာ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာ ပါလိမ့်မတုံး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
တို့သန္တာန်မှာရှိတဲ့ ဒုက္ခကိုအကုန်ချုပ်အောင်တဲ့ ဟေ့ – ဉာဏ်ပေးနေတာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဉာဏ်သည် ဖြစ်ပျက်ကိုမြင်တဲ့ ဉာဏ်သည် ဝိဇ္ဇာလား၊ အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။
ဝိဇ္ဇာလာတော့ ဘယ်သူချုပ်တုံး (အဝိဇ္ဇာချုပ် ပါတယ် ဘုရား) အဝိဇ္ဇာတင် ချုပ်တာလား သူ့နောက်က တစ်တန်းကြီးကော (ချုပ်ပါတယ် ဘုရား)။
အသေလွတ်ဖို့ ကယ်တင်နေတာ
အင်း နေရာကျလိုက်တာ ဒကာ ဒကာမတို့ အဝိဇ္ဇာချုပ်တာ သူ့နောက်က လာမည့် သင်္ခါရတို့ ဝိညာဏ် တို့ တဏှာတို့၊ ဥပါဒါန်တို့၊ ကံတို့ကော (အကုန်ချုပ်ပါ တယ် ဘုရား)။
ဇာတိ၊ ဇရာ မရဏတွေကော (ချုပ်ပါတယ် ဘုရား) အဲ ဒါဖြင့် ဒကာ ဒကာမတို့၊ တို့ဆရာ ဘုန်းကြီး ကယ်တင် နေတာ အသေလွတ် ဟုတ်လား (မှန်ပါ့) အလင်းရ အမှောင်မှ လွတ်ပြီး သကာလ အလင်းရတယ်။
ပြီးတော့ အို၊ နာ၊ သေ၊ မွဲ၊ ကွဲတွေလည်း အင်း တို့နဲ့ မဆက်သွယ်ရအောင်လို့ ဒီအလုပ် လုပ်ခိုင်းတာပဲ ဆိုတာ ကောင်းကောင်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မနေ့က တရားကိုပဲ ဒကာ ဒကာမတို့ နည်းနည်းပြန်ရှင်းပေးပါ့မယ်။
သတိပဋ္ဌာန် ပါဠိတော်မှာ မဟာဝဂ္ဂသံယုတ် သတိပဌာန် ပါဠိတော်၌ သတိပဋ္ဌာန်က တစ်မျိုး၊ ဒကာ ဒကာမတွေ သတိပဋ္ဌာနဘာဝနာက (တစ်မျိုးပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တစ်နံပါတ်က ဘာတဲ့ (သတိပဋ္ဌာန်တစ်မျိုးပါ ဘုရား)
နှစ်နံပါတ်က (သတိပဋ္ဌာနဘာဝနာပါ ဘုရား)
ကောင်းပြီတဲ့ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ အင်းသွားချင်တဲ့ စိတ်ကလေး ပေါ်လာတယ် ကိုစောမောင်ရ (မှန်ပါ့) ငါသွားချင်လိုက်တာ ဆိုတာက သူသိလား (သိပါတယ် ဘုရား)။
သွားချင်တဲ့ စိတ်ကလေး ပေါ်လာတာပဲ၊ သွားချင် တယ်လို့ သူ့ဟာသူ မသိဘူးလား (သိပါတယ် ဘုရား) အင်း သွားချင်တဲ့စိတ်ကလေး ပေါ်လာတဲ့ အခါကျတော့ ငါထချင်သွားချင် လိုက်တာ မပြောဘူးလား (ပြောပါ တယ် ဘုရား)။
သတိပဋ္ဌာန်ဆိုတာ
အင်း သွားချင်တာကို သွားချင်တာမှန်းသိတာ သည် သတိပဋ္ဌာန်ပဲ (မှန်ပါ့) သွားချင်တာကို သွားချင်တာမှန်း သိတာ (သတိပဋ္ဌာန်ပါ ဘုရား)။ ဘာဝနာ မဖြစ် ပါဘူးဗျ (မဖြစ်ပါဘူး)။
မဖြစ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ဘာဝနာ မဖြစ်ဖူးတဲ့ သွားချင်မှန်း၊ စားချင်မှန်း သိရုံနဲ့ ဘာဝနာ မဖြစ်ပါဘူးဗျ (မဖြစ်ပါဘူး)။
ဒါ အသေအချာ မှတ်ပါ ဒါ အလုပ်စခန်းကို ဟော နေတယ် (မှန်ပါ့) သွားချင်တဲ့ စိတ်ကလေး ဖြစ်တာ ကိုစောမောင်က ဥပမာမယ် အင်း ဈေးရောင်း သွားချင်တယ် ငါသွားချင်တာ ခုနက မသိဘူးလား (သိပါတယ် ဘုရား)။
သတိပဋ္ဌာန်တော့ ဖြစ်တယ် (မှန်ပါ့) ဟုတ်လား (မှန်ပါ့) ဘာဝနာတော့ မဖြစ်ဖူးတဲ့ သတိပဋ္ဌာန်တော့ ဘာတုံး (ဖြစ်ပါတယ် ဘုရား)။
ဪ် သူ သတိရှိလို့ ကိုစောမောင်ရဲ့ သွားချင်တဲ့ စိတ်ကလေး ဖြစ်တာကို သွားချင်တဲ့ စိတ်ကလေး ခုနက ဖြစ်တယ်လို့ သူသိတယ် (မှန်ပါ့) သတိပဋ္ဌာန်ကတော့ မဖြစ်ဖူးလား (ဖြစ်ပါတယ် ဘုရား)။
ဘာဝနာဘာကြောင့် မဖြစ်ပါလိမ့်
ဘာဝနာတော့ (မဖြစ်ပါဖူး ဘုရား) ဘာ့ကြောင့် ဘာဝနာမဖြစ်ပါလိမ့် မတုံးဆိုတော့ အမေး ထုတ်တဲ့ အခါ ကျတော့ သွားချင်တဲ့စိတ်ကလေး ဖြစ်တာတော့ သူသိတယ်၊ သွားချင်တဲ့စိတ်ကလေး ဖြစ်ပြီး ဒီနေရာမှာ ချုပ်တာ သူသိ ရဲ့လား (မသိပါဘူး ဘုရား)။
မသိတော့ ဘာဝေတဗ္ဗ ဘာဝနာဟာ ဖြစ်ကို မဖြစ်ဖူး၊ သတိပဋ္ဌာန် သာဖြစ်၊ ဘာဝနာ မဖြစ်ဖူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
သတိပဋ္ဌာနဘာဝနာဆိုတာ
ဒါဖြင့် ဝေဒနာကို ဝေဒနာမှန်း သိရင် သတိပဋ္ဌာန် ဝေဒနာလေး၏ ဖြစ်မှု ချုပ်မှုကို သိရင် (ဘာဝနာပါ ဘုရား) သတိပဌာန ဘာဝနာ။
ဝေဒနာလေး ဖြစ်တိုင်း ဖြစ်တိုင်း သိရင် (သတိပဋ္ဌာန်) အာ ဝေဒနာလေးသည်ကားလို့ ဆိုလို့ရှိရင် ဖြစ်လည်း ဖြစ်တယ်၊ ချုပ်လည်း ချုပ်တယ်လို့ သိရင် (သတိပဋ္ဌာန ဘာဝနာပါ ဘုရား) သတိပဋ္ဌာန ဘာဝနာလို့ ဘုရားက အသေအချာ ကိုယ်တော်တိုင်ဟောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သတိပဋ္ဌာန်နဲ့တင် မနေပါနဲ့
ဒါဖြင့် ဒကာ ဒကာမတွေကို သတိပဋ္ဌာန်နဲ့တင် မနေပါနဲ့ဆိုတာ အထူး တိုက်တွန်းတယ် (မှန်ပါ့) သတိပဋ္ဌာနဘာဝနာကျအောင် လိုက်ပါလို့ ဆိုတာ မတိုက်တွန်း သင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဘယ်စိတ်ပေါ် ပေါ် ဟုတ်လား၊ ဒီနေရာတင် ခုနက ကောင်ကင်က လျှပ်စစ် လိုပဲ၊ ပေါ်တဲ့နေရာမှာ ပေါ်ပြီး၊ ဤနေရာမှတစ်ပါး မရွေ့ မရှားဘဲနဲ့ ဤနေရာမှာပဲ ပျောက်သွားတယ် ဆိုတာလေး ကိုဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ် ပေါ်ပေါ် နှလုံးသွင်းပါ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဘယ်စိတ်ပေါ်ပေါ် နှလုံးသွင်းပါ
ဘယ်စိတ်ပေါ်ပေါ် နှလုံးသွင်းပါဆိုတော့ ဒါ စိတ္တာနုပဿနာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) စိတ္တာနုပဿနာ ထဲမှာ ဒီစိတ်သည် ဒီဝေဒနာနဲ့ ကင်းပါ့မလား (မကင်းပါဘူး ဘုရား)။
မကင်းလို့ ရှိရင်ဖြင့် ဝေဒနာက ကျုပ်တို့ကို ပြောချင် တာပြောလို့ ထင်နေတော့ ဝေဒနာလည်း ပါတယ် (မှန်ပါ့) ပညာလည်း မပါဘူးလား (ပါ ပါတယ် ဘုရား) ပါတော့ ဓမ္မာနုပဿနာလည်း ပါတယ် (မှန်ပါ့)။
ဒါဖြင့် စိတ်တစ်ခုဖြစ်ရင် ဝေဒနာနုပဿနာလည်း ပါ၏။ ဓမ္မာနုပဿနာကော (ပါပါတယ် ဘုရား) အင်း ကာယာနုပဿနာလည်း ပါတာပဲတဲ့ စိတ်ပဲ ဒကာ ဒကာမတွေ။
ကျန်တာတွေဟာ စိတ်ကြောင့်ဖြစ်တယ်ဆိုသဖြင့် စိတ်ချုပ်သူလည်း ချုပ်တော့ ရုပ်ကလည်း မပါလား (ပါပါတယ် ဘုရား)။
ဘာဝနာကလေးလိုက်ဖြစ်အောင်လိုက်ပေးပါ
အဲ့ဒါကြောင့် အကုန်နောက်ဖြင့် လိုက်မနေပါနဲ့ ပါတာကို ဆရာဘုန်းကြီးက သိအောင်လို့သာ ပြောတာ စင်စစ်တော့ဖြင့် ကိုယ့်ဉာဏ်နဲ့ တည့်တာက ဒီစိတ်ကလေး ပေါ်လာတယ် ဒီစိတ်ကလေး ဒီနေရာပေါ် ဒီနေရာ ပျောက် တယ်ဆိုတဲ့ ဘာဝနာကလေးဖြင့် နောက်က လိုက်ဖြစ်အောင် လိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဘယ်စိတ်ပေါ်ပေါ် နောက်က ဒီစိတ်ကလေးက ပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်တယ် ဆိုတာ နောက်က ဘာလိုက်ရမတုံး (ဝိပဿနာ လိုက်ရမှာပါ ဘုရား)။
လိုက်တာ ဘာခေါ်ကြမတုံး (သတိပဋ္ဌာန ဘာဝနာ ပါ ဘုရား) သတိပဋ္ဌာန ဘာဝနာ မဖြစ်ဖူးလား (ဖြစ်ပါတယ် ဘုရား)။
စိတ်ကလေးဖြစ်သွားတယ်သာ သိတယ်၊ ဒကာ ဒ ကာမတို့ပျက်သွားတာ မသိရင် ဘာခေါ်ကြမတုံး (သတိပဋ္ဌာန်ပါ ဘုရား)။
အဲစိတ်ကလေးဟာ ဖြစ်လဲဖြစ်တယ်၊ ဗျက်လဲပျက် တယ်လို့ သိရင် (သတိပဋ္ဌာနဘာဝနာပါ ဘုရား) သတိ ပဌာနဘာဝနာ။
သတိပဋ္ဌာနဘာဝနာဖြစ်မှသာ၊ မဂ်ဆိုက်တယ်
ကောင်းပြီ ဒကာ ဒကာမတို့၊ ဒါဖြင့် သတိပဋ္ဌာန ဘာဝနာဖြစ်မှသာလျှင် မဂ်ဆိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) သတိပဋ္ဌာန ဘာဝနာဖြစ်မှ သာလျှင် (မဂ်ဆိုက်ပါတယ် ဘုရား)။
သတိပဋ္ဌာန ဘာဝနာဖြစ်တဲ့အခါကျတော့၊ ဒကာ ဒကာမတို့ ဘာကြောင့် မဂ်ဆိုက်သတုံး ဆိုတော့၊ ဤနေရာမှာ စိတ်ကလေးတစ်ခု ချုပ်သွားတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အင်း သူသည် ကားလို့ဆိုရင်ဖြင့် သတိထားတဲ့ ပုဂ္ဂိုလ် မို့ ဖြစ်တာလည်းသိ၊ ပျက်တာလည်း (သိပါတယ် ဘုရား) ဒါဖြင့် သတိကော မပါဘူးလား (ပါပါတယ် ဘုရား) ဒါ သမာဓိ မရှိတဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်လောက်ပဲ လှည့်နေနေ သူသိပါ့ မလား (မသိပါဘူး ဘုရား)။
ဒါဖြင့် သမာဓိရှိတဲ့ ပုဂ္ဂိုလ်မို့လည်း ထစ်ခနဲဆိုသိတာ ပဲ၊ ထစ်ခနဲဆို သိတာပဲ ဆိုတာ မလာဘူးလား (လာပါ တယ် ဘုရား)။
ဒါဖြင့် သမာဓိပါမပါ (ပါပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် သတိမဂ္ဂင်လည်းပါ၊ သမာဓိ မဂ္ဂင်လည်းပါ၊ ဒကာ ဒကာမတို့ အိမ်မှာ နေငြားသော်လည်း ဝီရိယ စိုက်ပါနော်၊ ကိုယ့်သန္တာန်ဖြစ်တဲ့ တရားလေးဟာ၊ ဖြစ်ပျက်ကလေး ကိုဖြင့် ဝီရိယ စိုက်ပါဆိုတော့ ဒကာ ဒကာမတွေ ဝီရိယစိုက်တဲ့ အချိန်ကျတော့ မတွေ့ဘူးလား(တွေ့ပါတယ် ဘုရား)။
တွေ့တော့ ဒါဝီရိယလည်း ပါနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အင်း ဒကာ ဒကာမတွေ အကြံမကောင်းတဲ့ ပုဂ္ဂိုလ် မှာ ကြံလုံးလွဲနေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်လို ဖြစ်ဖြစ် ဘယ်လို ပျက်ပျက်ကြံလုံး ကင်းနေတဲ့ပုဂ္ဂိုလ်မှာ အပြစ်သင့်လို့ ဆက်သွယ်နိုင်သေးရဲ့ လား (မဆက်နိုင်ပါ ဘုရား)။
ဒါဖြင့် သမ္မာသင်္ကပ္ပလည်း ပါတယ် (မှန်ပါ့) ပညာကတော့ဖြင့် ဖြစ်တာလည်း သူသိ၊ ပျက်တာလည်း သူသိတာ ကတော့ဖြင့် ဒီအဝိဇ္ဇာကို ထိုးဖောက်နိုင်လို့ သူသိတာ မပေါ်လား (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာကိုထိုးဖောက်တာကတော့ ဘယ်သူပါ လိမ့် (ဝိဇ္ဇာပါ ဘုရား) ဝိဇ္ဇာပညာမို့လား (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီထဲမှာ ဘယ်သူသည် ဖြစ်ပျက်အပေါ်၌ ထိုးထွင်းပြီး သိပါလဲ မေးရင် ဖြေနိုင်ကြရဲ့လား (ဖြေနိုင်ပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးပါတယ်
ဘယ်သူပါလိမ့် (ဝိဇ္ဇာပါ ဘုရား) ဝိဇ္ဇာပညာပဲ ဆိုရင် သဘောကျပလား (ကျပါတယ် ဘုရား) အင်း ပညာက ဒကာ ဒကာမတို့ မဂ္ဂင်လိုသုံးသပ်တော့ သမ္မာဒိဋ္ဌိ မဂ္ဂင် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒီထဲမှာ မဂ္ဂင်ငါးပါး ပါမနေဘူးလား (ပါနေပါတယ် ဘုရား) အဲ မဂ္ဂင်ငါးပါးသည် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါး ပေါ်နိုင်အောင်တော့ဖြင့် ဒကာ ဒကာမတို့ သတိ ပဋ္ဌာန ဘာဝနာဖြစ်မှ ပေါ်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှုလို့ရှိရင် ဘာဖြစ်တုံး (သတိပဋ္ဌာန ဘာဝနာ ဖြစ်ပါတယ် ဘုရား)။
သတိပဋ္ဌာနဘာဝနာဆိုတာ မဂ္ဂင်ကိုခေါ်တာ
သတိပဋ္ဌာန ဘာဝနာဆိုတာ ဘယ်သူ့ ခေါ်တာ တုံးဆိုတော့ မဂ္ဂင်ကို ခေါ် တာ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား) သတိပဋ္ဌာန ဘာဝနာဆိုတာ (မဂ္ဂင်ကိုခေါ်တာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဆိုတာ သိရုံနဲ့ ရတာလား တဲ့ အဖြစ်အပျက်နှစ်ခုကို မြင်အောင် ရှုနိုင်မှ ရတာလား (အဖြစ်အပျက်နှစ်ခုကို မြင်အောင်ရှုမှ ရတာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ စာမတတ်ပေမဲ့လည်း မြင်အောင်ရှုနိုင်ရင် (ရပါတယ် ဘုရား) စာတတ်ပင် နေငြားသော်လည်း မရှုပ်နေရင် (မရပါဘူး ဘုရား)။
မရဘူး၊ မဂ်မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဒီမှာ သက်သေခံ မလုံလောက် သေးဘူးလား (လုံလောက်ပါတယ် ဘုရား)။
သတိပဋ္ဌာန ဘာဝနာအလုပ်ကို မလုပ်ခဲ့သော် ဒကာ ဒကာမတို့ မဂ်ကိုပဲ ဆိုက်ပါ့မလား (မစိုက်ပါဘူး ဘုရား)။
အဲ မဂ္ဂင်၊ ရှေ့သွားမဂ်မှမရဘဲနဲ့နောက်လိုက် ရှစ်ပါး ပြည့်တဲ့ မဂ္ဂင်ကော ရပါ့မလား (မရပါဘူး ဘုရား)။
အရုဏ်တက်မှ နေထွက်မယ်
ဒါကြောင့် ဒကာ ဒကာမတို့တဲ့ နာမရူပပရိစ္ဆေဒကျမ်း က အသေအချာဆိုတယ်။ နေအရုဏ် တက်လာတာနဲ့ ဒီဉာဏ် ငါးခု ပေါ်တာနဲ့တူတယ် (မှန်ပါ့)။
ဒီဉာဏ်ငါးခုနဲ့ ရှုပါများလာတော့ ကိုယ့်စိတ်ကို ကိုယ်မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား) နောက်ကျတော့ မလိုချင်တော့ပါဘူးဆိုတော့ ဒုက္ခရောက်တဲ့ ဒုက္ခသစ္စာ ပဲ မလိုချင်ပါဘူးဆိုပြီးတော့ ဆုံးမသွားဘူးလား (ဆုံးသွားပါတယ် ဘုရား)။
သူဆုံးမသွားပေဘူးလား (ဆုံးသွားပါတယ် ဘုရား) သူ ဆုံးသွားတော့ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်တုံး (ရှစ်ပါးဖြစ်ပါတယ် ဘုရား)။
အဲ ဒါဖြင့် ဒီက နေမှမထွက်ပဲ ဒီက အရုဏ်မှ မတက်လို့ရှိရင် ဒီဘက်က ရှစ်ပါးနေက ထွက်ချင်လို့ (မရပါ ဘုရား)။
ဒါဖြင့် ပူရေစာရိကမဂ် ဟိုဘက်က လောကုတ္တရာမဂ် သဘောကျပလား (ကျပါတယ် ဘုရား) လောကုတ္တရာ – မဂ် ဘယ်အချိန် လာမှာတုံးလို့ အမေးထုတ်ဖို့ မလိုဘူး လား (လိုပါတယ် ဘုရား)။
အဲ အမေးထုတ်ဖို့ လိုတဲ့အခါကျတော့ ဒကာ ဒကာမ တို့ သူရင့်ကျက်ရင် လာလိမ့်မယ် (မှန်ပါ့) ဘယ့်နှယ် ဆိုကြမတုံး (သူရင့်ကျက်ရင် လာမှာပါ ဘုရား)။
လောကီမဂ္ဂင်ငါးပါး ဖြစ်ပျက်ကို မြင်တိုင်း မြင်တိုင်း မဂ္ဂင်ငါးပါးပေါ်လို့ရှိရင် သူရင့်ကျက်ရင် တစ်နာရီနဲ့ ရင့်ကျက် ရင် တစ်နာရီ ကျော်ရင် ပေါ်တော့မယ် (မှန်ပါ့)။
မဂ္ဂင်ရှစ်ပါး မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဒါကြောင့် နာမရူပ ပရိစ္ဆေဒကျမ်းက ဒါဆိုတာပဲ သူရင့်ကျက် ဖို့ အရေးကြီးတယ်ကွာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဖြစ်ပျက်ပွားပေးစမ်းပါ
ဘာရင့်ကျက်ဖို့ ပါလိမ့် ဘယ်နှစ်ပါး ရင့်ကျက်ဖို့ ပါလိမ့် (ငါးပါးရင့်ကျက်ဖို့ပါ ဘုရား)။
ရှေ့ဆက်မယ် သတိပဋ္ဌာန ဘာဝနာ ပွားပေးစမ်းပါ ဖြစ်ပျက်မြင်တဲ့ ဘာဝနာ ပွားပေးစမ်းပါ။ သဘောကျပလား (ကျပါတယ် ဘုရား)။
နောက်ကျတော့ ပွားများဖန်များလာတဲ့ အခါ ကျတော့ သူသည် ဖြစ်ပျက် သင်္ခါရကို စွန့်တယ် (မှန်ပါ့) ဟုတ်ပလား (မှန်ပါ့)။
ဖြစ်ပျက်သင်္ခါရ စွန့်သွားတော့ ဖြစ်ပျက်မရှိတဲ့ ဘက်ကို ဦးလှည့်မယ် (မှန်ပါ့) ပထမတော့ သူဖြစ်ပျက် နဲ့ နေမှာပဲတဲ့ (မှန်ပါ့)။
နောက် ရှုတာ ရှုရင်း ပျက်လာလို့ရှိရင် သူဘာစွန့် မတုံး (ဖြစ်ပျက်စွန့်ပါတယ် ဘုရား)။ ဖြစ်ပျက် စွန့်တော့ ဖြစ်ပျက် မရှိတာ နိဗ္ဗာန် (မှန်ပါ့)။
အဲဒီဘက် ကူးလိမ့်မယ်ကွတဲ့ (မှန်ပါ့) ဒါဖြင့် သူညွှတ်ဖို့ရာက ကျုပ်တို့ တာဝန် (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။
သူညွှတ်အောင် လုပ်နေလို့ ရှိရင်ဖြင့် နိဗ္ဗာန်တည်း ဟူသော ဖြစ်ပျက်အဆုံးကို ဒကာ ဒကာမတို့ တေသံ ဝူပ သမော သုခေါ လေ (မှန်ပါ့)။
တေသံ – ထိုဥဒယ ဘယတို့ကို (ဝါ) ဖြစ်ပျက်တို့၏ (ဝါ) သင်္ခါရတရားတို့၏၊ ဝူပသမော မရှိခြင်းသည်၊ သုခေါ- နိဗ္ဗာန်ပဲ မဟောပေဘူးလား (ဟောပါတယ် ဘုရား)။
နိဗ္ဗာန်ဘယ်အချိန်ရမှာတုံး
အဲ သံယုတ် ပါဠိတော်မှာ ဒီအတိုင်း ဟောတယ် ဖြစ်ပျက်မရှိလို့ ရှိရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲ နိဗ္ဗာန်က ဘယ်အချိန် ရမှာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
သူတို့ ငါးခု ရင့်ကျက်ရင် (ရမှာပါ ဘုရား) သူတို့ ငါးခုမရင့်ကျက်သ၍ (မရပါဘူး ဘုရား)။ ဒါဖြင့် တစ်ခါတည်း ရှုသာပေးတဲ့ ငါးမိနစ်အတွင်း ရင့်ကျက်ရင် ငါးမိနစ်အတွင်း နိဗ္ဗာန် ရောက်တယ် (မှန်ပါ့)။
ဒီလိုဟာမျိုးကျတော့ ဘယ်ငါးမိနစ်ကြာမတုံး ဒကာ ဒကာမတွေ ဒီငါးပါး ပေါ်ပြီး နောက်ရှစ်ပါး မကြာခင် လိုက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းသာ လုပ်လို့ရှိရင် ဖြင့် မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်လို့ ဆိုလို့ ရပါ့မလား (မရ ပါဘူး ဘုရား)။
ပါရမီရှိလို့ရကြတာ
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အများကြီး ပါရမီရှိလို့ ရတာ၊ ဘယ့်နှယ် လောက် ဘာမှ စိုးရိမ်မနေနဲ့ ဒုလ္လဘတရား ငါးပါး ခဏခဏ ပြောနေတယ်။ သဘောကျပလား (ကျပါတယ် ဘုရား)။
ဘုရားသာသနာနဲ့ ကြုံခြင်းကလည်း ဘာတုံး (ဒုလ္လဘပါ ဘုရား) သစ္စာတရား ဟောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံခြင်း က (ဒုလ္လဘပါ ဘုရား) ထောင်နိုင်တဲ့ နားနဲ့ ကြုံခြင်းက (ဒုလ္လဘပါ ဘုရား)။
အဲ့ဒီသုံးခု ဖြစ်ပျက်ရှုနေလို့ ဖြစ်မှုနဲ့ ကြုံခြင်းကတော့ (ဒုလ္လဘပါ ဘုရား) ဒါဖြင့် ရရမယ်ကွတဲ့ အင်္ဂုတ္တိုရ် က (မှန်ပါ့) ရရမယ်တဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ် ရရမယ်တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါ တယ် ဘုရား)။
အဲတော့ကိုး ဘာဆုမှ ပန်တာလည်း မဟုတ်ဘဲနဲ့၊ သာဝက ပါရမီဉာဏ်က အိုး သစ္စာတရား နာရပြီ၊ သစ္စာကို မြင်အောင်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်၊ ဖြစ်ပျက်ဒုက္ခ သစ္စာကို မြင်အောင်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ် ဘာပါရမီမှ မလိုဘူး ကွတဲ့။
သစ္စာတရား ဟောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့ရယ် ကိုယ်က နှလုံးသွင်းမှန်လို့ သစ္စာမှန်အောင် နှလုံးသွင်းလိုက် ရင် ပြီးတာပါပဲကွ ဆိုတော့ ပါရမီ ပါသေးသလား (မပါပါဘူး ဘုရား) သဘောကျ ပလား (ကျပါတယ် ဘုရား)။
ကဲ – ယနေ့ ဒီတွင် တော်ကြစို့။
သာဓု သာဓု သာဓု။