128

တရားမြင်မှ ဘုရားမြင်တယ် (ဝက္ကလိရဟန်း)

အသံဖိုင်ခေါင်းစဉ် = ဝက္ကလိရဟန်းဝတ္ထု အမှတ်-၂

စာအုပ်ခေါင်းစဉ်= တရားမြင်မှ ဘုရားမြင်တယ် (ဝက္ကလိရဟန်း)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

တရားမြင်မှ ဘုရားမြင်တယ် (ဝက္ကလိရဟန်း)

(၂-၁-၅၈)

မနေ့က ဝက္ကလိကို တစ်ဝက်က ဖြတ်ပြီး နိဗ္ဗာန်ကူးပုံ ကိုဟောတယ်။ ဒီကနေ့ ဝက္ကလိ အစက စပြီး ဆက်ပေးလိုက် မယ်။ နို့မဟုတ်ရင် သံသယ ရှိနေကြလိမ့်မယ်နော်။

ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံး ပိုင်းကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်။ အဲတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာ ကြည့်လိုက်တဲ့အခါ ကျတော့၊ အဆုံးပိုင်းကမှ ထွက်ရပ်လမ်း ထင်ရှားတယ်။

အဲတော့ ဒကာ ဒကာမတွေက ဝက္ကလိက ဘယ်မှာ နေတုံး ဆိုတာ မှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။

ဝက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ် ပြည်မှာပဲ နေ တယ်၊ တစ်နေ့သ၌ ကျတော့၊ ဝါကျွတ်တဲ့ အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ထဲသို့ ဝင်ပြီး သကာလ လာတော့ ဘုရား ကန်တော့ ရအောင်လို့၊ ထိုကဲ့သို့ ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေ မသယ်နိုင်၊ လက်မသယ်နိုင် ဖြစ်သွားတယ်။

အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင် ဖြစ်ပြီး သကာလ သွားတဲ့ အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ဝင်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်း မတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီး သကာလ လာခဲ့တယ်။

ဘုရားထံ အလျှောက်ခိုင်းတယ်

အဲဒီကဲ့ သို့ ဝေဒနာတွေ တိုးတက်ပြီး သကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကို ပြောတယ်၊ ဘယ်လို ပြောတုံး ဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီ သွားကြကွာ၊ ဝက္ကလိ မှာဖြင့် ပြင်းပြတဲ့ ဝေဒနာ ဖြစ်နေတယ်။

ဝက္ကလိလည်း ဒီကနေပြီး သကာလ ရှိခိုးဦးတင်ပါ တယ်၊ သို့သော် သနားသဖြင့် ဝက္ကလိ ရှိရာသို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွပေးပါ ဆိုတာ မင်းတို့က လျှောက်ကြ လို့ သူက မှာလိုက်တယ်။

အဲ့ဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြ တယ်၊ သွားကြပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း သနားသဖြင့်လည်း ဝက္ကလိ ရှိရာသို့ ကြွလာတယ်၊ ဝက္ကလိ ရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည် ဇရပ်မှာပဲ၊ ဝက္ကလိ မမာတဲ့ အနားမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ဝက္ကလိက နေရာလေး ဘာလေး ခင်းပေးမလို့ပြင်မည့် အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။

ငါ့နေစရာရှိတယ်၊ ထိုင်စရာ ရှိတယ်၊ မင်းသည်ကား လို့ဆိုရင် ဒီနေရာမှာပဲ နေပါ၊ မဆင်းပါနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။

မင်းဝေဒနာ ဘယ့်နှယ်နေသတုံး

ခွင့်ပြုလိုက်ပြီး သကာလ ဒကာ ဒကာမတွေ မေးပုံကို သတိထားရမယ်၊ မေးပုံ သတိထား ရမယ်၊ ဝက္ကလိက မင်း ဝေဒနာ ဘယ့်နှယ်နေတုံးကွ၊ တပည့်တော် ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ပဲ တိုးပါတယ်။

အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့တိုး တယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည် ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။

မင်းရဲ့သီလကို သံသယရှိသလား

မင်းသီလများ သံသယ ရှိသလား၊ မင်းကိုယ်နဲ့မင်း သီလကို သံသယ ရှိသလား၊ ဒကာ ဒကာမတွေ ဒီမေးခွန်း လေးကို သတိထားပါ၊ မင်းကိုယ်နဲ့မင်း သီလကို သံသယ ရှိလား လို့ မေးလိုက် တယ်။

ဒါ ဘုရားက မေးလိုက်တယ်၊ သီလ ဆိုတာ ဒကာ ဒကာမတို့ သီလပျက်တဲ့ ပုဂ္ဂိုလ်များ၊ သီလ မှားယွင်းတဲ့ ပုဂ္ဂိုလ် များ၊ သေတော့မယ် ဆိုလို့ရှိရင်ဖြင့်၊ ကိုယ့်ကိုယ်ကို သံသယ ရှိတယ်။

သီလ ဝိပ္ပတ္တိ ဆိုပြီး သကာလ ကိုယ့်သီလကို ပျက်စီး တဲ့အတွက် အင်း- ငါတော့ မှားခဲ့ပြီ၊ နေရာ မကျဘူး၊ လိမ်ခဲ့ ပြီ၊ ကောက်ခဲ့ပြီ၊ မုသားတွေ ပြောခဲ့ပြီ။

ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ အစရှိသည်တို့ ငါဖြင့် လွန်ခဲ့၊ ကျွံခဲ့ပြီ၊ အဲတော့ ဒါတွေစဉ်းစား ပါ့လား၊ ဒါ ဘယ်သူ့ စွပ်စွဲတာတုံး ဆိုရင်ဖြင့် မိမိကိုယ်ကို သီလနဲ့စွပ်စွဲတာ သဘောကျကြလား (ကျပါတယ် ဘုရား)။

ဘာနဲ့စွပ်စွဲပါ (သီလနဲ့ စွပ်စွဲပါတယ် ဘုရား)၊ မိမိကိုယ်ကို သီလနဲ့စွပ်စွဲတယ် ဆိုတာ မှတ်ထား ရမယ်။

အဲ့တော့ ဘုရားက မေးလိုက်တယ်၊ ဝက္ကလိ မင်းခန္ဓာ ကိုယ်ကြီးကို သီလ ပျက်စီးတယ်လို့ မင်းစွပ်စွဲ မိသလား၊ ဒီလိုများ စွပ်စွဲပြီး သကာလ၊ မင်းနှလုံး မသာမယာများ ရှိသလား၊ ယခုလို မမာတဲ့ အချိန် အရှင်ဘုရားတဲ့ တပည့်တော် ကိုယ့် သီလအတွက်တော့ဖြင့် သံသယ မရှိပါဘူး။

ဘာမှစွဲချက်လည်း မတင်ပါဘူး၊ သီလတွေလည်း လုံခြုံပါတယ်၊ ဒါဖြင့် ဝက္ကလိက သူ့ဟာသူ သီလ လုံခြုံကြောင်း ကိုဖြင့် ထင်ရှားတယ် ပေါ့လေ(မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်လို ဖြစ်တတ်သလဲ ဆိုတာ သေခါနီးမှာ သတိထားပါ (တင်ပါ့)၊ သေခါနီး ဘယ်လို ဖြစ်တတ်တုံး ဆိုလို့ရှိရင်ဖြင့်၊ ဘာမှ နိမိတ် မထင်ခင်ကို ပင်လျှင် ဒကာ ဒကာမတို့၊ ဪ ငါသည် အနေမှားခဲ့ပြီ၊ အသုံးမှားခဲ့ပြီ၊ အပြောမှားခဲ့ပြီ၊ အဆိုမှားခဲ့ပြီ ဆိုပြီး ကိုယ့်ခန္ဓာ ကိုယ်ကြီးကိုပင်လျှင်၊ သီလပျက်စီးမှု သီလ ဝိပတ္တိ ဆိုတဲ့ သီလပျက်စီးမှု၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာတတ်သတဲ့၊ သဘောကျကြလား (ကျပါတယ် ဘုရား)။

သေခါနီးမှာ ဘာလာတတ်တုံး

ဘာလာတတ် (ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာတတ်ပါတယ် ဘုရား)၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာ တတ်တယ် ဆိုတော့ စဉ်းစား၊ သူများ စွပ်စွဲတာသည် အရေး မကြီးဘူး၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာသည် ကိုယ်နှလုံး မသာယာခြင်း ဖြစ်ပါတယ်။

ဘာဖြစ်တတ်တဲ့ (ကိုယ်နှလုံးမသာယာခြင်းဖြစ် တတ်ပါတယ်)၊ ဒါဖြင့် ကိုယ်နှလုံး မသာယာခြင်း ဆိုတော့ ဒကာ ဒကာမတွေက စိတ်ထဲမှာ မချမ်းသာပဲနဲ့ စုတိစိတ် မရောက်ရဘူးလား (ရောက်ရပါတယ်)။

ရောက်တော့ နှလုံး မသာယာတာက ဒေါမနဿ ဆို ရင်ကော လွဲသလား (မလွဲပါဘူး ဘုရား)၊ ဒါဖြင့် ဒေါသဇောနဲ့ သေတဲ့ အဓိပ္ပါယ် အသေအချာ မရောက်ဖူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးက သတိပေးရ တယ်၊ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သီလအားဖြင့် စွပ်စွဲ တဲ့သဘော မရှိရအောင်၊ ခင်ဗျားတို့ နှလုံးသွင်းပါလို့ သတိပေး လိုက်တယ် (မှန်ပါ့)။

နှလုံးမသာယာမှုက လာတတ်တယ်

နို့မဟုတ် သေခါနီးကျတော့ ကိုယ့်ကိုယ်ကို နှလုံး မသာယာမှုက လာတတ်တယ်၊ ဦးစံရီတို့ မလာတတ်ဖူးလား (လာတတ်ပါတယ် ဘုရား)။

ဒါတွေ သတိထားစမ်း ဒကာ ဒကာမတွေ၊ ဘာလာ တတ်တုံးသေခါနီး (နှလုံးမသာမယာ လာတတ်ပါတယ် ဘုရား)၊ ကိုယ့်ကိုယ်ကို စွပ်စွဲပြီး ငါမှားခဲ့တယ်၊ ငါနေထိုင် မှားခဲ့တယ်၊ ငါ ဝိပဿနာ အလုပ် မလုပ်ခဲ့ဘူး၊ ငါ့သီလတွေက လည်း ချွတ်ယွင်းပြီး သကာလ နေတယ် ဆိုတော့ ကိုယ့်ကိုယ် ကို သီလ အားဖြင့် စွပ်စွဲပါတယ်။

ထိုကဲ့သို့စွပ်စွဲတော့၊ ဘယ်အချိန် စွပ်စွဲတာတုံးလို့ မေး ခွန်း ထုတ်လို့ ရှိရင်လည်း၊ သေခါနီး စွပ်စွဲတာပဲ၊

ထိုကဲ့သို့ သေခါ နီးစွပ်စွဲလို့ရှိရင်ဖြင့် သေခါကလည်း နီးပြန်တယ်၊ စွပ်စွဲချက်က လည်း ကိုယ့်ဟာကို၊ နှလုံး မသာယာမှုကလည်း ဝမ်းထဲရောက် နေပြန်တယ် ဆိုတော့၊ ဦးခင်မောင်တို့က စဉ်းစားရမှာ သြော် သူဟာ နှလုံးမသာယာမှုနဲ့ သေရမှာပဲ (မှန်ပါ့)။

ဆိုနိုင်ကြလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဦးဘအုန်း ဘယ်လို ဆိုမတုံး (နှလုံးမသာယာမှုနဲ့ သေရမှာပါ ဘုရား)၊ အင်း ဒါဘယ်သူ့ စွပ်စွဲတာပါလိမ့်မတုံး (ကိုယ့်ကိုယ်ကို စွပ်စွဲတာပါ ဘုရား)။

အခုအချိန်ကစပြီး ဝိပဿနာလုပ်ပါ

အင်း- ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခု အချိန်ကစပြီး ဝိပဿနာ လုပ်ထားပါ၊ တိုက်တွန်း ရတယ်နော် (မှန်ပါ့)၊

ဘာကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ ကိုယ့် ကိုယ်ကိုစွပ်စွဲမှုဟာ လာတတ်လွန်းလို့၊ ကိုယ့်ကိုယ်ကို စွပ်စွဲ မှုဟာ လာတတ်ပါတယ်။

ထိုကဲ့သို့ လာခဲ့သည်ရှိသော် ဦးဝ ကောင်းပါ့မလား (မကောင်းပါဘူး ဘုရား)၊ ဘယ်အချိန်မှ လာတုံး (သေခါ နီးမှလာတယ်)၊ သေခါနီး ဆိုတာ မှတ်လိုက်စမ်းပါ၊ ဘဝကူးခါ နီးမှလာတာ (မှန်ပါ့)။

ဒါဖြင့် ဒီမှာ စွပ်စွဲမှု ရှိနေလို့ရှိရင်၊ ကူးခါနီးကျတော့ အကောင်းကူး မဖြစ်နိုင်တော့ဘူး၊ အဆိုးကူး မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ကြည့်စမ်း ဦးဘကြည်တို့၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ဝက္ကလိပေးတာ၊ မင်းကိုယ်ကို သီလအားဖြင့် စွပ်စွဲ သလားကွ ဒါကို မေးလိုက်တယ် (မှန်ပါ့)။

ဘယ်အချိန်မေးတာတုံး၊ မမာ နေတုန်း မေးတာ (မမာနေတုန်း မေးတာပါ ဘုရား)၊ အဲတော့ ဝက္ကလိက တပည့်တော် သီလ အားဖြင့်တော့ ကိုယ့်ကိုယ်ကို မစွပ်စွဲပါဘူးဘုရား၊ တပည့်တော်သီလ၊ တပည့်တော် လုံခြုံပါတယ်။

တပည့်တော်ပြစ်မှားမှုမရှိပါဘူး၊ ရှိတဲ့ပြစ်မှားမှုတွေ လည်း၊ တပည့်တော် ဝိပဿနာ ဉာဏ်တွေနဲ့ အလုံးစုံ အကုန် ပဲ ချေပပြီးပါပြီ။ ဒါဖြင့် မင်း ဘာများစွပ်စွဲမှုများ ရှိသေးတုံးကွ၊ ဘုရားက ဆက်မေးတာ (မှန်ပါ့)။

အဲ့ဒါ ဆက်မေးတော့၊ အရှင်ဘုရားတဲ့ တပည့်တော် စွပ်စွဲမှုက တခြား မဟုတ်ဘူးတဲ့၊ အရင်တုန်း ကတော့ ဘုရားနဲ့ တပည့်တော်နဲ့ ဝေးနေငြား သော်လည်း ခဏခဏလာပြီး ဖူးတွေ့ ရပါတယ်၊ အခုတော့ တပည့်တော်က မမာနေသည့် အတွက် ဘုရား ပင့်ပြီးမှ ဖူးတွေ့ရပါတယ်။

ဘုရားမဖူးရမှာစိုးရိမ်တယ်တဲ့

အင်း- ဒီအတိုင်းသာ ဒီမမာနဲ့ ဒီအဖြစ်မျိုးနဲ့ ဆိုလို့ ရှိရင်ဖြင့်၊ ငါသည် ဘုရားကို ကျကျနန ဖူးရတော့မှာ မဟုတ်တော့ဘူး ဆိုပြီး၊ အဲ့ဒိ စွပ်စွဲမှုလေးတော့ ရှိတယ်၊ သဘောကျ ကြပလား (ကျပါတယ် ဘုရား)။

ဘာစွပ်စွဲတာတုံး (ဘုရားရှင်နဲ့ မဖူးတွေ့ရမှာကို စွပ်စွဲပါတယ် ဘုရား)၊ ဘုရား မဖူးရတဲ့ အတွက် သူသည် စွပ်စွဲ မှုလေး ရှိတယ်၊ ဘယ်အတွက်ပါလိမ့် (ဘုရား မဖူးရတဲ့ အတွက်ပါ ဘုရား)။

အဲတော့ ဘုရားကဖြေလိုက်တယ်၊ အလံ ဝက္ကလိ၊ ဝက္ကလိ = ဝက္ကလိ၊ အလံ =မင်းပြောတဲ့ စကား မတော်ဘူးကွာ ဖြေလိုက်ပြီ ဘုရားက (မှန်ပါ့)။

မင်းပြောတဲ့စကားမတော်ဘူး

မင်းပြောတဲ့စကားမတော်ဘူးကွ၊ မင်းပြောတဲ့စကား မတော်ဘူးဆိုတော့၊ ဒီစွဲချက် မမှန်ဘူးလို့ ပြောလိုက်တာပဲ ဆိုတာ ရိပ်မိကြပလား (တင်ပါ့)၊ ဒီ စွပ်စွဲချက် ဘယ့်နှယ်နေ တုံး (မမှန်ပါဘူး ဘုရား)။

မင်းကကွာတဲ့၊ ဘယ်နေရာ ကျမတုံးတဲ့၊ ငါဘုရား သခင် ကိုယ်တော်မြတ်ကြီး ဘုန်းတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ ကံတော် အနန္တနဲ့ဖြစ်တဲ့ ခန္ဓာကိုယ်ကြီးပါပဲတဲ့။

အသုဘခန္ဓာကြီးဖူးလို့ ကျေးဇူးမများဘူးတဲ့

သို့သော်လည်း အသုဘ ခန္ဓာကြီးကွ၊ လာဖူးနေလို့ ဘာမှကျေးဇူး မများဘူးတဲ့ (တင်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ခုနက ရှေးဦးစွာ စကားက ဘာတုံး၊ ပယ်လိုက်တယ် (မှန်ပါ့)၊ ပယ်ခြင်း၏ အကြောင်းကိုလည်း နောက်မဖော်ဘူးလား (ဖော်ပါတယ်)၊ ဘယ်လို ဖော်လိုက်ပါလိမ့် (အသုဘ ခန္ဓာကိုယ်ပါတဲ့ ဘုရား)။

အသုဘခန္ဓာကိုယ်ပါပဲကွတဲ့၊ ဘုန်းတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ ကံတော် အနန္တနဲ့ ဖြစ်ငြား သော်လည်း၊ ခန္ဓာ ကိုယ်ကြီးကတော့ အသုဘ အဖြစ် မစွန့်ပါဘူးကွ။

ဒါကြောင့် မင်း ဒါလေးနဲ့ စွပ်စွဲပြီး သကာလ၊ ဘုရား လည်းမဖူးရလို့ တပည့်တော် အဲ့ဒိ စွပ်စွဲချက် ရှိတယ်ဆိုတာ မင်းဖြုတ်လိုက် ဆိုတော့ မရှင်းကြသေးဘူးလား (ရှင်းပါ ပြီ ဘုရား)။

အင်မတန်ရှင်းပြီ (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမ တို့ ဘုရား မဖူးရလို့ ဆိုတာလား ဟုတ်လား ဒီအတိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး ငါ့မဖူးနဲ့ ဆိုတာလား ဆိုတဲ့ မေးခွန်းတွေဟာ ထွက်မလာ ပေဘူးလား (ထွက်လာပါ တယ် ဘုရား)။

ထွက်လာတဲ့အခါ ဗုဒ္ဓနုဿတိတွေ ပျက်သွားတော့ မပေါ့ (တင်ပါ့)၊ ဦးစံရီတို့ မပျက်ပေဘူးလား (ပျက် ပါတယ် ဘုရား)၊ ဗုဒ္ဓနုဿတိ ဆိုတာ ဘာပါလိမ့်မတုံး ဒကာ ဒကာမတို့ (ဘုရားဂုဏ်)၊ ဘုရားဂုဏ် ကို အဖန်တလဲလဲ အောက်မေ့တာ ဗုဒ္ဓါနုဿတိ ခေါ်သည်။

ဘုရားရှိခိုးတာ ဗုဒ္ဓါနုဿတိ၊ သမထ

ဗုဒ္ဓါနုဿတိ ဘာပါလိမ့် (ဘုရားဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တာပါ ဘုရား)၊ ဘုရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တာ ဗုဒ္ဓါနုဿတိလို့ ဆိုတော့၊ ေဩာ် ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားရှိခိုးကြတယ်နော်၊ ဘုရားရှိခိုးတော့ ငါးမိနစ်ကြာတယ်၊ ဆယ်မိနစ် ကြာတယ်။ ဆယ့်ငါးမိနစ် ကြာတယ်၊ ကိုယ်ရတာ ကိုယ်ဆိုကြမှာပေါ့ဗျာ (မှန်ပါ့)။

ဆိုကြတော့ ဘုရားဂုဏ်တွေပဲ ထပ်ပြန်တလဲလဲ ဆို တာပဲ မဟုတ်လား (မှန်ပါ့)၊ ဘုရားဂုဏ်များ များ သလောက် ကိုယ်ရသလောက် မဆိုကြဘူးလား (ဆိုပါ တယ် ဘုရား)၊ အဲ့ဒါ ဗုဒ္ဓါနုဿတိပါပဲ။

ဗုဒ္ဓါနုဿတိဆိုတာ သမထလား၊ ဝိပဿနာလားလို့ တစ်ခါစစ်လိုက်ပါဦး (သမထပါ ဘုရား)၊ ဦးဘကြည် ဘာ ခေါ်ကြမတုံး (သမထပါ ဘုရား)၊ ဦးဘတင်တို့ (သမထ ပါ ဘုရား)။

သမထထက် ဝိပဿနာကသာတယ်

အဲတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူ သမထထက် ဝိပဿနာကသာတဲ့ အဖြစ်ကို ပြလို သောကြောင့်၊ ခန္ဓာကိုယ်ကြီး ဖူးနေသဖြင့် ကျေးဇူး မရှိဘူးကွ၊ ဒါ သမထလို့ ပြောတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သမထနဲ့ ဝိပဿနာ ဘယ်သူက ကျေးဇူးများ တုံး (ဝိပဿနာက ကျေးဇူးများပါတယ် ဘုရား)၊ ဝိပဿနာ က ကျေးဇူးများတဲ့ အတွက်၊ ဝက္ကလိက သမထ သန်မှာစိုးလို့ ပယ်လိုက်ရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ တယ် ဘုရား)။

ဒီအပုတ်ကောင်ကြီးဖူးနေလို့ ဘာအကျိုးရှိမှာလဲ

ဘယ်လိုရှင်းတုံး (သမထသန်မှာစိုးလို့ ပယ်တာ ပါ ဘုရား)၊ သမထဘက်ကို လဲသွားမှာစိုးလို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းဘာအကျိုး ရှိမလဲကွာ၊ ဤ အကောင်ပုပ်ကြီး ဖူးနေလို့ မင်း ဘာအကျိုး ရှိမလဲကွ၊ ဦးဘကြည် မပယ်ဘူးလား (ပယ်ပါတယ် ဘုရား)။

ဤအကောင်ပုပ်ကြီးရှိနေသဖြင့် မင်းဘာကျေးဇူးရှိ မလဲကွဆို ဟာ၊ ဖြုန်းခနဲ ယူလိုက်လို့ရှိရင်၊ မဖူးစေချင်လို့ ယူတဲ့ သဘောမျိုးလဲ ရောက်တတ်တယ် (မှန်ပါ့)။

အမြတ်စားကို ရွေးစေချင်လို့

သို့သော် အမြတ်အယုတ် နှစ်ပါးရှိရာတို့တွင်၊ ဘုရား သခင် ကိုယ်တော်မြတ်ကြီးသည်၊ အမြတ်စားကို အကြီးစားရ စေချင်တဲ့ အတွက်၊ သမထကို ချိပ်ထားပြီးတော့၊ ဝိပဿနာ ဘက် ကူးစေချင်လို့ ဟောတယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့၊ ဒါ တချို့ တစ်ဖက်စောင်း ယူလိုက်လို့ရှိရင် ဦးစံရီ မလွဲပေဘူးလား (လွဲပါတယ် ဘုရား)၊ များသော အားဖြင့် ဦးခင်မောင် တစ်ဖက်စောင်း များတယ်နော် (တင်ပါ့ ဘုရား)၊ များဘူးလား (များပါတယ် ဘုရား)။

သမထနဲ့သေရင် ဗြဟ္မာပြည်သွားမယ်

ဒကာ ဒကာမတွေ စောင်းချင်သေးသလား (မစောင်းချင်ပါဘူး ဘုရား)၊ သမထနဲ့ ဝိပဿနာ ဘယ်ဟာ မြတ်ပါလိမ့် (ဝိပဿနာ မြတ်ပါတယ် ဘုရား)။

ဝိပဿနာက မြတ်တော့ကိုး သေခါနီးမှာ စဉ်းစားပါ၊ သေခါနီး သမထနဲ့ သေရင် ဗြဟ္မာပြည် သွားမယ်၊ ဝိပဿနာနဲ့ သေရင် နိဗ္ဗာန် သွားမယ်၊ သွားပုံချင်း မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)၊ အတော် ခြားနားတယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝိပဿနာနဲ့သေရင်နိဗ္ဗာန်

ကိုင်း ဘုရားသည် ဘယ်ဟာ ခွင့်ပြုရမတုံး သေခါနီး ကို (ဝိပဿနာရှုမှုပါ ဘုရား)၊ ဒါဖြင့် သမထ ချိပ်ထားပေါ့ (တင်ပါ့)၊ ဒါဖြင့် ကိုယ်တော်မြတ်ကြီး ကရုဏာက အဖိုးတန် ပေးချင်လို့၊ သူ့ကိုယ်ကြီးကို ရှိခိုးသဖြင့် ဘာအကျိုး ရှိရမလဲ လို့ပြောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘယ်လို ရည်ရွယ်ချက်ဆိုတာ ဘုရားအာဘော် သိကြပလား (သိပါပြီ ဘုရား)၊ ဘယ်လို သိကြပါလိမ့် (ဝိပဿနာပဲ အားထုတ်ရမှာပါ ဘုရား)။

ဝိပဿနာ သန်သန်ကြီး အားထုတ်စေချင်လို့ သမထ ပယ်လိုက်ခြင်း ဖြစ်ပါတယ် (မှန်လှပါ)၊ ဒီသမထမှ အား မထုတ်တဲ့ ပုဂ္ဂိုလ်များ ကျတော့ ဓဇဂ်သုတ်ကို စောင့်ကြည့်၊ ဓဇဂ်သုတ် ဆိုတာ ခင်ဗျားတို့ ရကြလား မရကြဘူးလား (ရပါတယ် ဘုရား)။

‘‘နောစေဗုဒ္ဓံ သရေယျာထ လောကသေဋ္ဌံ နရာသဘံ၊’’ ငါဘုရား ကြပ်ကြပ် အောက်မေ့ဟေ့၊ ငါဘုရား ကြပ်ကြပ် အောက်မေ့ဟေ့ မလာဘူးလား (လာပါတယ် ဘုရား)၊ ဘုရားက အဲ့ဒီကျတော့ အောက်မေ့လို့ ဟောတယ် သဘော ကျပလား (တင်ပါ့)။

ဓဇဂ္ဂသုတ်မှာ သမထအဓိကထားခိုင်းတယ်

ဓဇဂ်သုတ် ကျတော့ ဘာဟောထားပါလိမ့် (အောက်မေ့ပါ ဘုရား)၊ အောက်မေ့ ဆိုတာလည်း အာရုံပြုတာ ပဲမဟုတ်လား (မှန်လှပါ ဘုရား)။

အဲ့ဒိကျတော့ ဘာအဓိက ထားပါလိမ့်မတုံး (သမထပါ ဘုရား)၊ သမထ အဓိက ထားပြန်တယ် (မှန်ပါ့)၊ ယခု ဝက္ကလိဟောပြန်တော့ (ဝိပဿနာပါ ဘုရား)။

ဘုရားက ဘယ်ဟာမှမပယ်ဘူး

ဒါဖြင့် ဘယ်ဟာမှမပယ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ကော ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)၊

အဲ့ဒါ မဟော တတ်၊ မပြောတတ်တဲ့ ဆရာသမားနဲ့ကြုံလို့၊ ကန်တတ်၊ ကျောက်တတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံပြီ ဆိုမှဖြင့်၊ ဘုရားပူဇော်တာ ဘာကျေးဇူးရှိတုံးကွ၊ ကြည့်ပါလားကွ၊

ဝက္ကလိသုတ်မှာ ငါဘုရားခန္ဓာကိုယ်ကြီး အပုပ်ကောင်ကြီး ဖူးနေသဖြင့်၊ မင်း ဘယ်အကျိုး ရှိရမလဲဆိုပြီး သကာလ၊ ကိုယ်တော်တိုင် ကန့် ကွက်ထားတယ် ဆိုတဲ့ အဓိပ္ပါယ်ကို၊ ဒီသုတ်ကလေး တစ်သုတ် ထဲနဲ့ သူက အကိုးအကား ထားပြီး ပြောလိုက်တော့၊ ဦးဘကြည် တို့ မလွဲဘူးလား (လွဲပါတယ် ဘုရား)

ဓဇဂ်သုတ်ဆိုတာ ဘယ်သူဟောတာပါလိမ့် (ဘုရားဟောတာပါ ဘုရား)၊ အဲ့ဒိကျတော့ ဘာတဲ့ (အဖန်တလဲလဲ အာရုံပြုရမှာပါ ဘုရား)၊ အဖန်တလဲလဲ အာရုံပြုပါကွ၊ အဖန်တလဲလဲ အာရုံပြုပါကွ၊ အဲ့ဒါတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝိပဿနာအားထုတ်ရင်တော့

ကောင်းပြီ၊ ဒါဖြင့် ဘုရားကို ရှိမခိုးရဘူးလား၊ ရှိခိုးရ မှာလား (ရှိခိုးရမှာပါ ဘုရား)၊ ဓဇဂ်သုတ် အလိုဆို အဖန် တလဲလဲရှိခိုး (မှန်ပါ့)၊ ဝိပဿနာ တက်မဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိ ရင်ဖြင့်၊ သူ့ရှိခိုးပြီး သကာလ၊ သူ့လျော့ပြီး ဟိုဘက်တက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုံးဝ မကိုးကွယ်ရဘူး၊ မဆည်းကပ်ရဘူးလို့ ဆိုလိုသ လား (မဆိုလိုပါ ဘုရား)၊ ကဲ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ခု ဒါဖြင့် ဒီတရားပွဲမှာ ယနေ့စ ဟောတော့ကို နှစ်ချက်ပါသွားတယ် (မှန်ပါ့)၊ သေခါနီး ကိုယ့်ကိုယ်ကို မစွပ်စွဲဖို့ တစ်ချက် အရေးကြီးတယ် (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဗုဒ္ဓါနုဿတိ နဲ့ သမထမှာ အရေးတကြီးပဲ။ ဗုဒ္ဓါနုဿတိနဲ့ ဝိပဿနာမှာ ဘယ်ဟာအရေးတကြီး ပဓာန ထားတယ် ဆိုတာကော (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲ့တာ ဓဇဂ်သုတ်မှာ ဟောခဲ့တာက၊ ကျွတ်ထိုက် တဲ့နေရာမှာ အချိုးအစားနဲ့၊ ကြက်သီး မွေးညင်း ထခြင်း၊ ကြောက်ခြင်း၊ လန့်ခြင်းသာ ပျောက်တယ်လို့ ဆိုတယ်၊ ခန္ဓာနဲ့ တကွ ဒုက္ခ သိမ်းမယ်လို့ ဟောရဲ့ လား (မဟောပါဘူး)၊ အဲ့ဒါ ဓဇဂ်သုတ် အဓိပ္ပါယ် (မှန်လှပါ)၊ သဘောကျကြ ပလား (ကျပါတယ် ဘုရား)။

အန္တရာယ်ကင်းစေခြင်းငှာ ဟောသည်

ကြောက်ခြင်း၊ လန့်ခြင်း၊ ကြက်သီး မွေးညင်းထခြင်း၊ ဟုတ်လား ဒါတွေတော့ရှိရဲ့လား (မရှိပါဘူး ဘုရား)၊ ဘုရားဂုဏ် အောက်မေ့ရင် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊

တရားဂုဏ် အောက်မေ့ရင်ကော (မရှိပါဘူး ဘုရား)၊ ဒါဖြင့် အန္တရာယ်ကင်း၍ ဘေးရှင်းစေခြင်း အကျိုးငှာ ဘာဟောတုံး (ဓဇဂ်သုတ်ဟောပါတယ် ဘုရား)၊ ကဲ ဗုဒ္ဓါနုဿတိ ဆိုလိုက်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အန္တရာယ်ကင်း၍ ဘေးရှင်းစေခြင်း အကျိုးငှာ ဘာ ဟောပါလိမ့် (ဗုဒ္ဓါနုဿတိ ဟောပါတယ် ဘုရား)၊ ကောင်းပြီ ဝိပဿနာ ကတော့ ဘယ်အကျိုးငှာတုံး ဆိုလို့ရှိရင်ဖြင့် ယခု ပစ္စုပ္ပန် အန္တရာယ် ရှင်းလို့ ဘေးကင်းခြင်းသည် အလိုမရှိ၊ ကိလေသာတည်း ဟူသော အန္တရာယ်တွေမှ ရှင်းစေခြင်း အကျိုးငှာ ဝိပဿနာကို ဟောတယ် (မှန်ပါ့)၊ သဘော ကျပလား (သဘောကျပါတယ် ဘုရား)။

ပစ္စုပ္ပန်အန္တရာယ်ကင်းအောင်လို့

ပစ္စုပ္ပန် အန္တရာယ်တွေ ကင်းအောင် ဓဇဂ်သုတ်ကို ဟောသည် (တင်ပါ့)၊ ဟုတ်လား၊ တစ် သံသရာ လုံးကို မဂ်ဖိုလ် တားမြစ်တတ်တဲ့ အန္တရာယ်တွေ ကင်းအောင်တော့ ဘာဟောရမတုံး (ဝိပဿနာ ဟောရမှာပါ ဘုရား)။

ထူးခြားသေးဘူးလား (ထူးခြားပါတယ် ဘုရား)၊ ဒါပေါ်သွားပြီ ဒကာ ဒကာမတို့၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)၊ အဲ့တော့ မယောင်ကြပါနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေရ၊ မယောင် ကြပါနဲ့ ဆိုတာ အထူးပဲပြော ရတယ်၊ နို့မဟုတ်လို့ ရှိရင်ဖြင့် ဆွမ်းတော် တင်တယ် ဆိုလို့ရှိရင် ဖြင့် ကျေးဇူး မရှိဘူး ယူချင် ယူပစ်လိုက်မှာ (မှန်ပါ့)၊ မယူ ပေဘူးလား (ယူမှာပါ ဘုရား)။

ပစ္စုပ္ပန်အကျိုးနဲ့ သံသရာအကျိုးခွဲပါ

ဘုရားရှိခိုးနေတာတွေ ဒါ မယူဘူးနော် (ယူမှာ ပါ ဘုရား)၊ အဲ့ဒိကဲ့သို့ ယူမှာစိုးတဲ့ အတွက် သမထ၊ ဝိပဿနာ မကွဲတာလည်း တစ်ကြောင်း၊ ပစ္စုပ္ပန်အကျိုးနဲ့ သံသရာအကျိုး ကို မကွဲတာလဲ တစ်ကြောင်း ဤကဲ့သို့ အကြောင်းအမျိုးမျိုး တွေကို မဝေဖန်တတ်တာနဲ့ တစ်ခု ပယ်ချတယ်၊ တစ်ခုပယ် တာ လက်ကိုင်ထားတယ် ဆိုတော့ ဦးဘကြည် ကောင်းသေးရဲ့ လား (မကောင်းပါဘူး ဘုရား)။

အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ကဲ ယနေ့ အဓိပ္ပါယ်ရှင်းပလား (ရှင်းပါပြီ)၊ ကောင်းပြီ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်လို ဟောပြန်တုံးဆိုတော့၊ မင်းကွာတဲ့ ဒီအကောင်ပုပ်ကြီး ကြည့်နေသဖြင့် ဘာကျေးဇူး ရှိရမလဲ၊

မင်းကြည့်ချင်လို့ ရှိရင်ဖြင့် ‘‘ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ သောမံ ပဿတိ။’’

တရားမြင်မှ ဘုရားမြင်တယ်

တရားမြင်မှ ဘုရားမြင်မှာပါပဲကွ၊ ဆက်ဟောတယ် (မှန်ပါ့)၊ ဦးဘကြည် ဒါခုနက ပါဠိ အဆက်နော် (တင်ပါ့)၊ တရားမြင်ရင် ဘာတဲ့ (ဘုရားမြင်ပါတယ် ဘုရား)၊ ဘုရား မြင်ရင် (တရား မြင်ပါတယ် ဘုရား)။

သို့သော် စကားနှစ်ခွန်း ရှေ့နောက်ခွဲလိုက်ပါ၊ တရား မြင်ရင်ဘာတုံး (ဘုရားမြင်ပါတယ် ဘုရား)၊ ဒါ ရှေ့စကား၊ ဘုရားမြင်ရင် (တရားမြင်ပါတယ် ဘုရား)၊ ဒါက ဘာတုံး (နောက်စကား)။

ဒါဖြင့် တစ်နဲ့ နှစ် ဒါ သတိထားရလိမ့်ဦးမယ်၊ တစ်နဲ့ နှစ်သတိထားရလိမ့်ဦးမယ် ဒကာ ဒကာမတို့၊ တရားမြင်ရင် (ဘုရားမြင်ပါတယ် ဘုရား)၊ ဒါက တစ်နံပါတ်နော် (မှန်ပါ့)။

ဘုရားမြင်မှ (တရားမြင်ပါတယ် ဘုရား)၊ ဘုရား မြင်မှ တရားမြင်တယ်၊ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီအတိုင်း ဟောတာပဲ၊ ‘‘ယောစ ဝက္ကလိ ဓမ္မံ ပဿတိ သောမံ ပဿတိ။’’

‘‘ဝက္ကလိ – ချစ်သား ဝက္ကလိ၊ ယော – အကြင်ပုဂ္ဂိုလ် သည်၊ ဓမ္မံ – တရားကို၊ ပဿတိ – မြင်၏၊ သော – ထို ပုဂ္ဂိုလ်သည်၊ မံ – ငါဘုရားကို၊ ပဿတိ – မြင်၏။

တရား မြင်ရင် ဘုရားမြင်တယ်၊ တစ်နံပါတ်ကနော် (မှန်ပါ့)။

ဘုရားမြင်မှ တရားမြင်တယ်

နှစ်နံပါတ်က ဘယ်လိုပါလိမ့် (ဘုရားမြင်မှ တရားမြင်ပါတယ် ဘုရား)၊ ဘုရားမြင်လို့ရှိရင် ဘာတုံး (တရားမြင်ပါတယ် ဘုရား)၊ တရားမြင်တယ်။

အင်း ဒီဥစ္စာ ဒကာ ဒကာမအတွက် ဉာဏ်ထဲဝေဖန် ကြည့်တာပေါ့။ တစ်နဲ့နှစ်ဟာ ဘယ်သူ အရေးကြီးတယ် ဆိုတာ စဉ်းစားကြည့်စမ်း (တစ်က အရေးကြီးပါတယ် ဘုရား)၊ တစ်က အရေးကြီးတယ်။

တရားမြင်မှ (ဘုရားမြင်တယ်)၊ ဘုရားမြင်တယ် နော်၊ နှစ်က (ဘုရားမြင်မှ တရားမြင်ပါတယ်)၊ ဘုရား မြင်ပြီးမှ တရားမြင်ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

တစ်ကဘာပါလိမ့် (တရားမြင်မှ ဘုရားမြင်ပါ တယ်)၊ နှစ်က (ဘုရားမြင်မှ တရားမြင်ပါတယ် ဘုရား)။ အင်း မြင်ပုံချင်း တခြားစီပါလား (တခြားစီပါ ဘုရား)။

မြင်ပုံချင်း တခြားစီဆိုတော့ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ သောတာပန်ဖြစ်ပြီးမှ ဘုရား ကြည်ညိုတာနဲ့၊ ဒါတွေဟာ ဒီနေ့ပြောတာတွေဟာ၊ တကယ့် ချက်ကောင်းတွေ ချည့်ပဲလို့ အောက်မေ့ လိုက်စမ်း (မှန်ပါ့)။

ဦးဘကြည် (မှန်ပါ့)၊ သောတာပန်ဖြစ်ပြီးမှ ဘုရား ကြည်ညိုတာနဲ့၊ သောတာပန် မဖြစ်ခင်က ကြည်ညိုတာ နဲ့ ကြည်ညိုပုံ ဘယ့်နှယ် နေကြတုံး (ကွာခြားပါတယ် ဘုရား)။

ဟိုဘက်တုန်းက စလ သဒ္ဓါတရား ပုထုဇဉ်တုန်းက ဟုတ်လား (မှန်ပါ့)၊ သောတာပန် ဖြစ်တဲ့ အခါကျတော့ အစလ သဒ္ဓါတရား မလာဘူးလား (လာပါတယ်)။

အဲတော့ အဲ့ဒါနဲ့ပဲ ဝေဖန် ကြည့်လိုက်တော့ သိပြီ ဦးစံရီ မသိသေးဘူးလား (သိပါပြီ)၊ သိနေပြီတဲ့ ပုထုဇဉ် တုန်းက ဘာသဒ္ဓါ တရားတဲ့တုံး၊ စလသဒ္ဓါ တရား ဆိုတော့၊ စလ သဒ္ဓါတရား ဆိုတာ ခြေဖဝါး တစ်လှမ်း မတန်ဘူးတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတောပန်၏သဒ္ဓါတရား

ပုထုဇဉ်နော် (တင်ပါ့)၊ သောတာပန် တည်ပြီးတဲ့ ပုဂ္ဂိုလ်ဘုရား ဘုရား မဟုတ်ဘူးလို့ ပြောလို့ကို ရသေးရဲ့ လား (မရပါဘူး)။

သူ ဘာသဒ္ဓါတရားပါလိမ့် (အစလ သဒ္ဓါတရား ပါ ဘုရား)၊ အစလ သဒ္ဓါတရား ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဘာကြောင့်သတုံး အဲဒီ ဝေဖန်ကြည့် လိုက်ရင် ခင်ဗျားတို့ရှင်းပြီ (တရား မြင်ပြီးတော့ ဘုရား မြင်ပါတယ် ဘုရား)၊ သဘော ကျပလား (မှန်ပါ့)။

တရားကြောင့် ခင်ဗျားတို့ မတုန်မလှုပ် ကြည်ညိုတာ (မှန်လှပါ ဘုရား)၊ သဘောကျကြပလား (ကျပါတယ်)၊ ဒါဖြင့် တရားသိမှ ဘုရား သိတာပေါ့ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုံး (တရားသိမှ ဘုရားသိပါတယ် ဘုရား)၊ တရားသိမှ (ဘုရားသိပါတယ်)၊ တရားမြင်မှ (ဘုရား မြင်ပါတယ် ဘုရား)၊ ဘုရားမြင်တယ် ဆိုတဲ့ဥစ္စာ၊ ခု သက်သေ သာဓကနဲ့ ပြောလိုက်တဲ့ အခါကျတော့ကို ဒကာ ဒကာမတွေ မရှင်းသေး ဘူးလား (ရှင်းပါပြီ)။

ပုထုဇဉ်၏သဒ္ဓါတရား

ပုထုဇဉ်သဒ္ဓါ တရားက ဧတ ပတ္တဘာဝေန နာနာ လို့ ဟောလိုက်တယ်၊ ပထမ ခြေတစ်လှမ်း မှာတော့ ဒီ ဘုရား ကြည်ညိုတာပဲ၊ နောက်တစ်လှမ်း ကျရင် ပျက်ချင် ပျက်သွား မယ်။

ဒါ ဘယ်သူ့ သဘောပါလိမ့် (ပုထုဇဉ်ရဲ့ သဘော ပါ ဘုရား)၊ ဒါဖြင့် သဒ္ဓါခိုင်တဲ့ သဘော မရှိဘူးပေါ့ (မှန်ပါ့)။

သောတာပန်တည်တဲ့ အခါကျတော့ ဘာတုံး (သဒ္ဓါ ခိုင် ပါတယ် ဘုရား)။

သဒ္ဓါခိုင်သွားတဲ့ အတွက် ပျက်သေးရဲ့ လား (မပျက်ပါဘူး ဘုရား)။ ဒါဖြင့် သဒ္ဓါဆိုတာ ဘုရားလား၊ တရားလား (တရားပါ ဘုရား)။

ကိုင်း တရား သိမှ ဒကာ ဒကာမတို့ ဘာဆိုကြမတုံး (ဘုရားသိပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာသိမှ (တရားသိမှ ဘုရားသိမှာပါ ဘုရား)၊ နေရာကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားသိပြီးမှ ဘုရား သိရမယ်၊ ဘုရား သိပြီးမှ တရား သိရတယ်လို့လည်း နောက်ထပ်ဆင့် ဟောတယ် (မှန်လှပါ ဘုရား)၊ မဟော ဘူးလား (ဟောပါတယ်)။

တစ်နံပါတ်ကဘာတဲ့ (တရားသိပြီးမှ ဘုရားသိ ပါတယ် ဘုရား)၊ တရားသိပြီးမှ ဘုရားသိတယ်၊ နှစ်နံပါတ်က ဘာတဲ့ (ဘုရား သိပြီးမှ တရားသိပါတယ် ဘုရား)၊ အင်း နှစ်နံပါတ်ကလည်း ဘုရား သိပြီးမှ တရား သိရတယ် ဆိုတော့ ဘုရား သည်ကားလို့ ဆိုလို့ရှိရင် တစ်ခါစဉ်းစား သူတစ်ပါးနဲ့ တူ၊ မတူ (မတူပါ ဘုရား)။

အတုမရှိတဲ့ဘုရား

ဒါဖြင့် သူ အတု မရှိပေါ့ (မှန်ပါ့)၊ ဟုတ်လား (တင်ပါ့)၊ အတု မရှိဆိုရင် ပုဂ္ဂိုလ် သတ္တဝါတွေ ဝိုင်းမလား၊ မဝိုင်းဘူးလားလို့ စဉ်းစားကြည့် (ဝိုင်းပါတယ် ဘုရား)။

ဝိုင်းရမှာပဲ ဦးစံရီရဲ့ လူထူး တစ်ယောက်ကို (မှန် ပါ့)၊ ဦးဘကြည် ဘယ့်နှယ်ဆိုမယ် (လူထူး တစ်ယောက်ပါ ဘုရား)၊ လူထူး တစ်ယောက် ဆိုတော့ ဝိုင်းကြမယ်ဆိုတာ မရှိ ပေဘူးလား (ရှိပါတယ် ဘုရား)။

သာမန် လူစား ဆိုလို့ရှိရင် ဘယ်သူဝိုင်းမတုံး (မဝိုင်းပါဘူး ဘုရား)၊ ဘယ်သူမှ ဝိုင်းပြီးကြည့်ကြ၊ ရှုကြမယ် လို့ဆိုနိုင်စရာ မြင်ကြရဲ့လား (မမြင်ပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူထူးမို့ ဝိုင်းတယ်၊ ဝိုင်းတဲ့ အခါကျမှ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကလည်း၊ သူ့ဂုဏ် ပုဒ်တွေနဲ့ တရားတော်တွေ မဟောဘူးလား (ဟောပါ တယ် ဘုရား)။

ဘုရားမြင်ပြီးမှ တရားမြင်ကြတယ်

အဲ့ဒိကျတော့ ဘယ်နဲ့ ဆိုကြမတုံး (ဘုရားမြင်ပြီးမှ တရား မြင်ပါတယ် ဘုရား)၊ ဘုရားမြင်ပြီးမှ တရား မြင်ရရှာ တယ် (မှန်ပါ့)၊ ဘုရားတွေ့ပြီးမှ (တရားတွေ့ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားပါတော့တဲ့၊ ဒီနှစ်ခု သည် ဘယ်လိုများ ထူးခြား ပါလိမ့်မတုံး ဆိုတော့ဖြင့်၊ အဓိပ္ပါယ် လည်း ထူးခြား နေတယ်။

အကောင်းဆုံးက အလယ်မှာထားရမယ်

သို့သော် အကောင်းဆုံး ဝေဖန်ဖို့ ကတော့ဖြင့် အလယ် ကြားမှာ ထားရလိမ့်မယ်၊ ဦးစံရီ ထားရလိမ့်မယ်နော် (မှန်ပါ့)။

တစ်နံပါတ်က ဘာတဲ့ (တရားမြင်မှ ဘုရားမြင် ပါတယ် ဘုရား)၊ အင်း သူက တရားသိပြီးမှ ဘုရား သိတယ်၊ ဘာအကိုးအကား ထားလိုက်သလဲ (သောတာပန် တည်ပြီး မှပါ ဘုရား)၊ သောတာပန် တည်ပြီးမှ၊ တရား အထွတ်အထိပ် ရောက်မှ ဘုရား ကြည်ညိုတာ မြဲတယ် (မှန်ပါ့)။

တရား အထွတ် အထိပ် မရောက်သေးရင် (မမြဲ သေးပါဘူး ဘုရား)၊ ဒါက ဘာတုံး (တရားသိမှ ဘုရားသိ တာပါ ဘုရား)၊ တရားသိပြီးမှ ဘုရား သိတယ်ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

ဒီတရား ကြပ်ကြပ်သတိထားပါ

ဒီနေ့တရားမှာ ကြပ်ကြပ် သတိထားပါ၊ အားလုံး ယောင်တတ်တာတွေကို အကုန် ရှင်းပေးနေတာ၊ အားလုံး ယောင်တတ်တာတွေကို အကုန် ရှင်းပေးနေတာ၊ ခင်ဗျားတို့ ဂရုစိုက်ပြီး သကာလ မှတ်ကြပါလို့ သတိပေးလိုက်တယ်။

နောက် ဒုတိယအချက်ကဘာတဲ့ (ဘုရားမြင်မှ တရား မြင်ပါတယ် ဘုရား)၊ ကောင်းပြီ၊ ဘုရား မြင်ပြီးမှ တရား မြင်တယ်လို့ ဆိုတော့ ဘုရား လူထူးမို့ ဝိုင်းကြတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝိုင်းလာတဲ့ အခါကျရင် ပရိသတ် စုရသေးလား (မစုရပါဘူး ဘုရား)၊ မစုရသေးတဲ့ အတွက် ဒီပုဂ္ဂိုလ်တွေမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘုရား ဟောလိုက်တော့ မကျွတ်လား (ကျွတ်ပါတယ် ဘုရား)။

ဝိပဿနာက ရှေ့

ဒါကျတော့ ဘယ်နဲ့ဆိုကြမတုံး (ဘုရားသိပြီးမှ တရား သိပါတယ် ဘုရား)၊ ဒါဖြင့် ဒီလိုယူကြ၊ ခင်ဗျားတို့ ဒီထဲက ဝိပဿနာက ရှေ့နော် (မှန်ပါ့)၊ သမထက (နောက်ပါ ဘုရား)။

ဒီကျတော့ (ဝိပဿနာကရှေ့၊ သမထက နောက်ပါ ဘုရား)၊ သေချာဖြေ၊ သေချာဖြေ၊ ယီးတီးယားတား နဲ့မရဘူး (သမထကရှေ့၊ ဝိပဿနာက နောက်ပါ ဘုရား)၊ သမထက ရှေ့၊ ဝိပဿနာက နောက် ဒါပဲ ကွာတယ် (မှန်ပါ့)။

သမထက ရှေ့

ဒါပဲ ကွာတယ် ဒကာ ဒကာမတို့၊ ဒီတုန်းကဘာတုံး (ဝိပဿနာကရှေ့၊ သမထက နောက်ပါ ဘုရား)၊ ဒီကျတော့ (သမထကရှေ့၊ ဝိပဿနာက နောက်ပါ ဘုရား)၊ ဝိပဿနာက နောက် အဲ့တော့ သမထ ဝိပဿနာချည့် တွဲသွား ရတာချည့်ပဲ ဆိုတာ ယုံကြည်ပလား (ယုံကြည်ပါပြီ ဘုရား)။

အတူတူပဲမှတ်ပါ

အတူတူပဲလို့ မှတ်ရတယ် (မှန်ပါ့)၊ သမထ ဝိပဿနာ ကင်းရင် ဘယ်သူမှ နိဗ္ဗာန် မရောက်ဘူး သဘော ကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်မှာ ဝေဖန်ကြည့်လိုက်၊ ဝိပဿနာ မဂ္ဂင်က ဘယ် နှစ်ပါးတုံး၊ နှစ်ပါး၊ သဘောကျပလား၊ ဝိပဿနာ မဂ္ဂင်က ဘယ်လောက်ပါလိမ့် (နှစ်ပါးပါ ဘုရား)၊ သမထ မဂ္ဂင်က (သုံးပါးပါ ဘုရား)၊ သူတို့ မပါပဲနဲ့ ခင်ဗျားတို့ နိဗ္ဗာန် ရောက်တဲ့ ပုဂ္ဂိုလ်များ တွေ့ဖူးရဲ့လား (မတွေ့ဖူးပါ ဘုရား)၊ ရှင်းသေး ဘူးလား (ရှင်းပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။

ခင်ဗျားတို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက် ကျပလားလို့ မေးလိုက်တယ် (ကျပါတယ် ဘုရား)၊ ဘုန်းကြီးတို့ ကတော့ ကျလို့ ဟောတာ (မှန်ပါ့)၊ ခင်ဗျားတို့ မကျမှာ စိုးရိမ်တယ်။

ကဲ ဦးစံရီတို့ မောင်ကိုတို့ သဘောကျပလားကွ (ကျပါတယ် ဘုရား)၊ ပထမဟာက ဘာတဲ့ (ဝိပဿနာကရှေ့ သမထက နောက်ပါ ဘုရား)၊ နောက်ဟာက (သမထက ရှေ့၊ ဝိပဿနာက နောက်ပါ ဘုရား)။

ဝိပဿနာရှေ့ထားတဲ့ပုဂ္ဂိုလ်

ဒါဖြင့် တချို့ သုက္ခဝိပဿက ပုဂ္ဂိုလ်လို့ဆိုတော့ ဝိပဿနာရှေ့၊ တချို့ ဒဠှတာရီ ပုဂ္ဂိုလ် ဆိုတော့၊ ပဋိသမ္ဘိဒါပတ္တ ဆိုတော့ သမထက ရှေ့၊ ဝိပဿနာက နောက်ဆိုတော့ အတူတူပဲတဲ့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သုက္ခဝိပဿက ပုဂ္ဂိုလ်ဆိုတော့ ရှင်အာနန္ဒာတို့လို ပေါ့လေ (မှန်ပါ့)၊ သောတာပန်တော့ တည်ပြီးသားပဲ (တင်ပါ့၊ ဘာပြုလို့တုံးဆိုရင် ဈာန်ခြောက် နေတယ်၊ ဈာန်မရှိ ဘူး သူ့မှာ (တင်ပါ့)၊ ပေါ်လာ ကြပလား (ပေါ်ပါပြီ ဘုရား)။

သူဘာနဲ့ တက်လှမ်းလာတုံး ဆိုတော့၊ ဝိပဿနာချည့် သက်သက်နဲ့ တက်လာတယ် သဘော ကျပလား (မှန်ပါ့)၊

ကောင်းပြီ၊ တစ်ချက် တစ်ချက် ရှင် သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ကျတော့ ဘာနဲ့ တက်တာတုံး (သမထ နဲ့တက်ပါတယ် ဘုရား)။

သမထရှေ့ထားတဲ့ပုဂ္ဂိုလ်

သမထ ရှေ့ထားပြီး ဝိပဿနာ နောက်ထား တတ် တယ်၊ သူတို့ကျတော့ကို သမထက ရှေ့၊ ဝိပဿနာက နောက်၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာလေးကပဲ ထူးခြား တယ်လို့ ခင်ဗျားတို့ မှတ်ထားလို့ ရှိရင်ဖြင့် ဘုရားပယ်၊ တရား ပယ်စရာများ လိုသေးသလား (မလိုတော့ပါဘူး ဘုရား)။

ဒီ သမထ ဝိပဿနာ မကွဲကြလို့ တချို့က ဘုရား ပယ်ပြီး တရား ဆက်တယ်၊ တချို့ ကျတော့လည်း ဘုရားဖက် တာနဲ့ တရား ပယ်ချင် ပယ်ချတယ် (မှန်ပါ့)၊ ဆိုတာ ဤကဲ့သို့ ဝေဖန်မှုမှာ ဦးစံရီ မရှင်းလို့ မှတ်ရမယ် (မရှင်းလို့ ပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ခုတော့ ဘယ့်နှယ်နေကြတုံး (ရှင်းပါတယ်)၊ ဘယ်လို ရှင်းတာတုံး (ရှေ့နဲ့နောက်နဲ့)၊ ရှေ့နဲ့ နောက်နဲ့ပဲ ကွာတယ်၊ နို့ ဘုရားက ပုဂ္ဂိုလ် အမျိုးအစား နှစ်မျိုး ရှိတယ်လို့ မဟောခဲ့ဘူးလား (ဟောပါတယ်)။

သုက္ခဝိပဿကပုဂ္ဂိုလ်

သုက္ခဝိပဿက ပုဂ္ဂိုလ်ဆိုတော့ ဈာန်ခြောက်တယ်ကွ ဈာန်မရှိဘူး ဟုတ်လား၊

အဘိညာဉ် ရတဲ့ ပုဂ္ဂိုလ်တွေ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ ဈာန်လမ်းက ထိုးတက် လာတာကွ၊ ဈာန်ရတာက အရင်၊ ဝိပဿနာက နောက်တဲ့၊ သဘောကျပလား (ကျပါတယ်)။

အဲ့တော့ သမထက ရှေ့၊ ဝိပဿနာက နောက်၊ ထို့ အတူ ဝိပဿနာက ဘာတုံး (ရှေ့)၊ သမထက (နောက်)၊ ဝိပဿနာ အားထုတ်ပြီး ရဟန္တာဖြစ်မှ ဈာန်ရအောင် ကြိုးစားတော့လည်း ရသေးတဲ့ ပုဂ္ဂိုလ်တွေက တစ်ပုံကြီးပဲ (မှန်လှ ပါ)၊ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဗုဒ္ဓါနုဿတိကိုယူပါ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဘုရား ကောပယ်စရာ လိုသေးလား (မလိုပါဘူး ဘုရား)၊ တရား ကော (မလိုပါဘူး ဘုရား)။

အဲဒါ ခင်ဗျားတို့ အထည်ကြီး ယူနေရင်တော့ လွဲလိမ့် မယ် (တင်ပါ့)၊ သမထနဲ့ ဝိပဿနာ ယူရင် မလွဲဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အထည့်ချည့် ယူရင်တော့ (လွဲမယ်)။

ခင်ဗျားတို့က ဘုရား ပယ်တယ် ဆိုတော့၊ ခင်ဗျားတို့ က အထည်ကြီးလို့ ယူထားတော့၊ ဗုဒ္ဓါနုဿတိကို မယူတဲ့ အတွက်၊ အမှားက အမှားကြီးသွားတယ် (မှန်ပါ့)။

ခုတော့ ဗုဒ္ဓါနုဿတိ ယူလိုက်တဲ့ အတွက် မမှန်ဘူး လား (မှန်ပါတယ် ဘုရား)၊ စင်စစ်ကျတော့ ဗုဒ္ဓါနုဿတိ ပဲမဟုတ်လား (မှန်ပါ့)၊ သဘောကျပလား (မှန်လှပါ)။

ဒါဖြင့် ဒီဥစ္စာက ကြားဖြတ်ဟောတဲ့ တရားလို့ မှတ် စမ်းပါ (မှန်ပါ့)၊ ဘာတရားပါလိမ့် (ကြားဖြတ်ဟော တဲ့တရာပါ ဘုရား)၊ ကြားဖြတ်ဟောတဲ့ တရားလို့ မှတ်ထား လိုက်တော့၊

ဝက္ကလိကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်ဟာ အဓိကထား ဟောပါလိမ့်မတုံးလို့ မေးတော့၊ ဝက္ကလိ က ဒီအချိန်မှာ ဘာဖြစ်နေတုံး ဆိုတော့ ရောဂါဝေဒနာ စွဲနေတဲ့ ပုဂ္ဂိုလ် (တင်ပါ့)။

ဈာန်မပါဘူး သူ့မှာ (တင်ပါ့ ဘုရား)၊ ပါရဲ့ လား (မပါ ပါဘူး)၊ အဲ့တော့ သူက အရေးကြီးတာက ဝက္ကလိ ကဈာန်ပေါ်မှာ အရေးကြီးနေတယ် (မှန်လှပါ)၊ ဘုရားကို မဖူးတွေ့ ရတဲ့ အတွက် တပည့်တော် စိတ်မချမ်းသာဘူး၊ သို့သော် သမထ အရေးကြီးနေတယ် (သမထ အရေးကြီး နေပါတယ်)၊ သဘော ကျပလား (မှန်ပါ့)။

ဘုရားက ဘာနဲ့ကယ်တင်လိုက်သလဲ

ဝက္ကလိက ဘာအရေးကြီးနေပါလိမ့် (သမထ အရေးကြီးနေပါတယ် ဘုရား)၊ သမထ အရေးကြီး နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ သေခါနီးကို သမထက သေခါနီးမှ စတည် ရမယ်ဆို ဦးစံရီရေ သေရုံပဲ (တင်ပါ)။ ရမှာမဟုတ်ဘူး (တင်ပါ့)။

ရစရာ မြင်သေးရဲ့ လား (မမြင်ပါဘူး)၊ အဲ့တော့ ဘုရားသည် ဘယ်ဟာနဲ့ ကယ်တင် လိုက်သလဲ ဆိုတာ ခင်ဗျား တို့ပဲ ဝေဖန်ကြည့်ပါ (ဝိပဿနာနဲ့ ကယ်တင်ပါတယ် ဘုရား)၊ ဒါနဲ့ ပယ်ချ လိုက်တယ်။

ငါတည်းဟူသော အသုဘ အကောင်ကြီး မင်းက မဖူးရလို့၊ မင်းနှလုံး မသာယာခြင်း ဖြစ်တာကွာ၊ တော်စမ်းပါ၊ ဒီစကား မသုံးပါနဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အရေးကြီးတာက တရားသိမှ ဘုရားသိတာပါကွ (တင်ပါ့)၊ တရား အရေးကြီး စမ်းပါ၊ မဟော ထိုက်ဘူးလား၊ ဟောထိုက်လား (ဟောထိုက်ပါတယ် ဘုရား)၊ ခဏနေ သေတော့မှာ မင်းက မနေ့က အသေခန်းကိုဟော တယ် (မှန်ပါ့)၊ ဒီနေ့ အရှင်ခန်းကို ဟောနေတာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ခဏနေ သူဘာဖြစ်တော့မယ် ထင်တုံး (သေ တော့မှာပါ ဘုရား)၊ ခဏနေ သေတော့မယ်နော်၊ အဲ့တာ သမထ မူတည်ပြီး သကာလ ဟောနေမယ် ဆိုရင် ဦးခင်မောင် တို့ ပြီးပါဦးမလား (မပြီးပါဘူး ဘုရား)။

သေခါနီးမို့လို့ အဖိုးတန်တာယူသွားပါ

သာသနာတွင်း ကြုံတော့ သာသနာပ တရားနဲ့ လမ်းဆုံး မသွားပေဘူးလား (ဆုံးသွားပါတယ် ဘုရား)၊ အင်မတန် နစ်နာမှုနဲ့ မကြုံပေဘူးလား (ကြုံပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝက္ကလိကို ဘုရားမကြည်ညိုနဲ့ ဆိုတဲ့စိတ်ထား ဘုရား၏ အာဘော်ကော ပေါ်ပလား (ပေါ်ပါပြီ)၊ သေခါနီးမို့ အဖိုးတန်တာကို ယူ သွားပါ၊ အဖိုး မတန်တာနဲ့ အချိန် မကုန်ပါစေနဲ့၊ ဓဇဂ်သုတ် ကျတော့ သေခါနီးဟောတဲ့ တရားမဟုတ်ဘူး (မှန်ပါ့)။

သိကြားမင်း ကြောက်လို့ရှိရင် ဘုရားအောက်မေ့ ကွ၊ သဘောကျပလား (မှန်လှပါ)၊ ငါ့တရားတော် အောက်မေ့ကွ၊ ငါ၏ ဂုဏ်တွေ (အောက်မေ့ပါ)။

ကြောက်ခြင်း၊ လန့်ခြင်ဖြစ်မယ် ဆိုရင် ဒါတွေဟာ အောက်မေ့ကွ ဆိုတော့ ဟော ဒီတစ်ကြိမ် ပြန်ဟော ရတာကိုး ဗျ (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)။

သေခါနီး ဘယ်တရားအကောင်းဆုံးတုံး

ဒီက သေခါနီး ဟောရတာ (မှန်လှပါ)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သေခါနီးတရား ဘယ်ဟာ အကောင်းဆုံးတုံး (ဝိပဿနာတရားပါ ဘုရား)။

အား ငါဖြင့် အသက်ရှည်ကောင်း ရှည်ပါလိမ့်ဦး မယ်ဆိုရင်ဖြင့်၊ သမထနဲ့ ဝိပဿနာ တွဲလွှတ် ရှင်းပလား (မှန်ပါ့)။

သေခါကလည်း နီးထင်ပါရဲ့ ဆိုရင် ဝိပဿနာဖိလုပ် (မှန်လှပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီဟာကို အသေအချာ စဉ်းစားလိုက် တော့၊ ခု ဝက္ကလိသည် သူ ဘုရားကို မကြည်ညိုဘူးလား၊ ကြည်ညိုလား မေးတော့ ကြည်ညိုရင်းစွဲပဲတဲ့၊ ကြည်ညိုလျက် ပါပဲ။

သို့သော် သူသည် ဘာအားထုတ်မှု ပိုသွားတုံး (ဝိပဿနာအားထုတ်မှု ပိုသွားပါတယ် ဘုရား)၊ ဝိပဿနာ အားထုတ်မှု ပိုသွားတယ်၊ ဘုရားက ငါ့ဖူးနေသဖြင့် ဘာကျေး ဇူးရှိရမှာတုံးကွ။

ဦးဘအုန်းရေ စာအုပ်ကြီးနဲ့လည်း မလွဲနဲ့ဦးနော် ကောင်းပြီ၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် သေခါနီး ဟောရမဲ့ တရား ဖြစ်လေ သောကြောင့် ဘာအဓိက ထားဟောပါလိမ့် (ဝိပဿနာ အဓိက ထားဟောပါတယ် ဘုရား)။

ဝိပဿနာဟောပြီ

အေး တရားသိမှ ဘုရား သိမယ်ကွ၊ တရား မသိသေး လို့ရှိရင် ဘုရားသိဖို့ အရေးဟာ အတော် ကွာဝေးတယ်ကွ၊ ဘုရားပဲ မပယ်ဘူးလားဗျာ (ပယ်ပါတယ် ဘုရား)။

ပယ်ပြီး သကာလ ပယ်ပုံကို ဘုန်းကြီး အသေအချာ ရှင်းပြမယ်၊ အဲဒါတွေလည်း ပြောပြီးရော ဒကာ ဒကာမတို့၊ တစ်ခါတည်း သူခန္ဓာကိုယ်မှာ ခန္ဓာငါးပါးပြတဲ့ ပြီးတော့ ဟောတော့တာပဲ။

ဒါ ဘာဟောမယ်လို့ ထင်တုံး၊ ခန္ဓာငါးပါးကို ပြက တည်းကိုက (ဝိပဿနာပါ ဘုရား)၊ ဒီစကားလည်း ပြီးရော ဦးစံရီ သူတို့ အနိစ္စလား နိစ္စလား မေးတော့တာပဲ (မှန်ပါ့)။

အဲ့ဒီလို ဘုရားက မေးလိုက်တယ်၊ အဲတော့ ဝက္ကလိကို မေးလိုက်တယ် ဆိုတော့ ဒကာ ဒကာမတွေလည်း ဘုန်းကြီး တို့က ဘုရား၏ ကိုယ်စားလှယ် လုပ်ပြီးတော့ မေးတာပဲ။

ဝေဒနာသုံးပါးဟာ နိစ္စလား၊ အနိစ္စလား

ဝေဒနာသုံးပါးဟာ နိစ္စလား၊ အနိစ္စလား (အနိစ္စ ပါ ဘုရား)၊ အဲဒီ အနိစ္စဖြစ်တဲ့ ဝေဒနာ သုံးပါးဟာ ဒုက္ခလား၊ သုခလား (ဒုက္ခပါ ဘုရား)။

အဲ့ဒီ အနိစ္စ၊ ဒုက္ခဖြစ်တဲ့ တရားသည် ဝိပရိဏာမ သဘောရှိ၊ မရှိ (ရှိပါတယ်)၊ အဲဒိ ဝိပရိဏာမ သဘောရှိ တဲ့တရားကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ခေါ်နိုင်ကြရဲ့လား (မခေါ်နိုင်ပါဘူး)။

ဘာဖြစ်လို့ မခေါ်နိုင်တုံး၊ ဘယ့်နှယ်ကြောင့် မခေါ် နိုင်ပါလိမ့် (ဖောက်ပြန်ပျက်စီးလို့ပါ ဘုရား)၊ ဖောက်ပြန် ပျက်စီးလို့ ဘာကြောင့်တုံး ဆိုလို့ရှိရင်ဖြင့်၊ မရှိမှ မရှိတာကြီးပဲ ဟုတ်လား ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး)။

အဲတော့ မရှိလို့ကို မဆိုနိုင်တာ၊ ဘယ်လိုကြောင့် မဆို နိုင်တာပါလိမ့် (မရှိလို့ပါ ဘုရား)၊ မရှိလို့ မဆိုနိုင်တာ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒိကဲ့သို့ ခန္ဓာငါးပါးကို ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် ဝေဒနာကိုလည်း ဟော ရုပ်ကိုလည်း ဟော ပြီး အကုန် ဟောတော့တာ ပေါ့လေ၊ ဟောပြီး သကာလ ဘုရား သခင် ကိုယ်တော် မြတ်ကြီးလည်း ကျောင်းတော်ပြန်တယ် ဆိုတော့။

ဘုရားက ဝိပဿနာဟောပြီးပြန်ကြွတယ်

ဘုရားကျောင်းတော် ပြန်တော့ ဘာဟော ပြန်ပါလိမ့်မတုံးလို့ ခင်ဗျားတိုက ဝေဖန်၊ ဝိပဿနာ ဟောပြန်တယ်နော်၊ ခန္ဓာငါးပါးတော့ ဟုတ်တာပေါ့ (ဝိပဿနာ ဟောပြန်ပါ တယ်)။

သမထ ဟောပြန်လား၊ ဝိပဿနာ ဟောပြန်လား (ဝိပဿနာ ဟောပြန်ပါတယ် ဘုရား)၊ ပထမတုန်းက ဝက္ကလိ ဝမ်းနည်းတဲ့ အကြောင်း ပြောတုန်းက ဘုရားက မပယ်လိုက် ဘူးလား (ပယ်ပါတယ် ဘုရား)။

တပည့်တော် ကိုယ့်သီလကိုလည်း ကိုယ်သံသယ မရှိ ပါဘူးဘုရား၊ သို့သော် အရှင်ဘုရား၊ ဖူးချင်ပြန် ဖူးတွေ့ချင်တာ တပည့်တော် အဲ့ဒိ သံသယ ကုက္ကုစ္စ ရှိတယ်၊ ဝက္ကလိက မလျှောက်ဘူးလား (လျှောက်ပါတယ် ဘုရား)။

အိုး ဝက္ကလိ၊ ဒါ သာမညဟာ တွေက ဟုတ်လား (မှန်ပါ့)၊ အလံတေ ဝက္ကလိ၊ ဝက္ကလိ-ဝက္ကလိ၊ အလံ တော်လောက်ပြီ၊ မင်းပြောတဲ့ စကား ရှေ့မဆက်နဲ့တော့ တော်လောက်ပြီ၊ ဒီလိုကို ပယ်ချလိုက်တယ် ဟုတ်လား။

ဒီအကောင်ပုပ်ကြီး ဖူးနေသဖြင့် မင်းဘာအကျိုး ရှိရ မှာတုံး (မှန်ပါ့)၊ ဟုတ်လား၊ တရားသိမှ ဘုရားသိတယ် ကွ ဆိုပြီး တရား အားထုတ်လာတာ၊ မထုတ်ဘူးလား၊ ထုတ်လား (ထုတ်ပါတယ် ဘုရား)။

အဲ့ဒီလို အဆက်တွေကိုလည်း သိမှ ဒကာ ဒကာမတွေ ရှင်းမယ်နော် (မှန်ပါ့)၊ အဆက်တွေ မသိရင် (မရှင်းပါဘူး ဘုရား)၊ အဆက်တွေ မသိလို့ ရှိရင်ဖြင့် ရှင်းကို မရှင်းဘူး ဆိုတာဖြင့် ကျေကျေနပ်နပ် သဘောကျကြပါ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ဘုရား အခု ဝိပဿနာတွေဟာ ပြီး ကျောင်းတော်ကြွတယ် (မှန်ပါ့)၊ သူက ကျောင်းတော် မကြွ ဘူး၊ ဂိဇ္ဈကုဋ် တောင်ပေါ် ဒီနေ့ နေမယ် ဆိုပြီး သကာလ ကြွ သွားတယ်။

ဂိဇ္ဈကုဋ်တောင်ပေါ် ကြွသွားတယ်

ဂိဇ္ဈကုဋ်တောင်ပေါ် ကြွပြီး သကာလ သွားတဲ့အခါ၊ ဝက္ကလိ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒီဟာ နှလုံးသွင်းတာပဲ ဒကာ ဒကာမတို့၊ ခုနက ဘုရား ဟောသွားတဲ့ လက္ခဏာရေး သုံးပါးပေါ့ဗျာ (မှန်ပါ့)။

မသွင်းပေဘူးလား (သွင်းပါတယ် ဘုရား)၊ သွင်း တဲ့အခါမှာ သူ့စိတ်ထဲမှာ ထည့်ရတဲ့ အဓိပ္ပါယ် ကတော့ ဒကာ ဒကာမတွေ မနေ့က ပြောတယ်နော်၊ ေဩာ် ဒုက္ခဖြစ်တဲ့ တရား ဆိုလည်း သူပဲ အနိစ္စဖြစ်တဲ့ တရား ဆိုတာလည်း ဝေဒနာဖြင့် ဝေဒနာပဲနော် ဒကာ ဒကာမတို့ (မှန်လှပါ)။

ဒုက္ခဖြစ်တဲ့ တရား ဆိုတာကော (ဝေဒနာပါ ဘုရား)၊ ဝေဒနာဖြင့် ဝေဒနာပေါ့ဗျ။ ဟုတ်ဘူးလား၊ ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ် ဒုက္ခ ဆိုတာလည်း ဝေဒနာပဲ၊ တစ်ခါ ဖောက်ပြန် ပျက်စီး ပါတယ် ဆိုတာကော (ဝေဒနာပါ ဘုရား)။

အဲ့ဒါကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုလို့ရရဲ့ လား (မရပါဘူး ဘုရား)၊ မရတာ ဘယ်လို ကြောင့် မရပါလိမ့် မတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ချုပ်ပျောက်၊ ချုပ်ပျောက် သွားတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်သေး ရဲ့လား (မဆိုနိုင်ပါဘူး)။

ချုပ်ပျောက်တာမြင်မှ အမြင်မှန်

ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ် ဘာမြင်ရမလဲ ဆိုတာ ယနေ့ ရှင်းပြ၊ ချုပ်ပျောက်တာ မြင်ရမယ်၊ ဘာမြင်ရမတုံး (ချုပ်ပျောက်တာ မြင်ရပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်သည် အမြင် မှန် ဆိုတာ ဘာပါလိမ့် (ချုပ်ပျောက် တာပါ ဘုရား)၊ ချုပ်ပျောက်တာ (မှန်ပါ့)။

ချုပ်ပျောက်တာ ဆိုတာ ဒကာ ဒကာမတို့၊ ကိုယ့်ရှေ့ တင် နဂိုက ဒီနေရာမှာတင် ရှိတယ်လို့ ထင်ရတယ်၊ ကိုယ် သေသေချာချာ စုံစမ်းတဲ့ အခါ မရှိတာ တွေ့ရတယ် (မှန်ပါ့)။

နဂိုက ရှိတယ်ထင်တယ် (မှန်ပါ့)၊ နာမ်ဘက်က နော် (မှန်ပါ့)၊ သေချာ စုံစမ်းတော့ (မရှိပါဘူး ဘုရား)၊ ကိုင်း ချုပ်ပျောက်သွားလို့ (မှန်ပါ့)။

နဂိုတုန်းကတော့ ဘုယ်လိုထင်ကြတုံး (ရှိတယ် လို့ထင်ပါတယ် ဘုရား)၊ ရှိတယ်လို့ ထင်ရတယ်၊ အဲ့တာ ရှိတယ် လို့ထင်ရ ဆိုတော့၊ ထင်ဆိုတဲ့ စကားလေးက ဦးစံရီတို့ တော်တော် ကပ်တဲ့ စကားပဲ (မှန်ပါ့)။

မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဦးဘတင် (ဆိုထိုက်ပါတယ် ဘုရား)၊ ထင်ရတယ် ဆိုတဲ့ ဥစ္စာ ဘာကြောင့်တုံးလို့ ဆိုလို့ရှိရင်ဖြင့်၊ နောက်စိတ်က မပေါ် သေးတော့၊ ဒကာ ဒကာမတွေ သူ့ဟာသူ ဝေဒနာလေးက ခန္ဓာထဲ ဖြစ်နေတာပဲ ရှိတယ် (မှန်ပါ့)။

ဖြစ်လို့သာပျက်တာပဲ

နောက်ရှုမဲ့ စိတ်က ပေါ် ရမလား သူဖြစ်နေတုန်း (မပေါ်ရသေးပါဘူး ဘုရား)၊ မပေါ်ရ သေးတော့ အင်း နောက် ပျက်သွားတယ်၊ ပျက်သွားတော့ အင်း အရင်တုန်းက ဒီနေရာ မှာဖြစ်လို့သာ ပျက်တာပဲ ဆိုတော့၊ ဖြစ်လို့သာ ပျက်တာပဲဆိုတော့ ထင်ရတဲ့ အဓိပ္ပါယ်ဟာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

ဖြစ်လို့သာ ပျက်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မဖြစ်ရင် (မပျက်ပါဘူး ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

အဘယ်ကြောင့် ကျေနပ်ရပါတုံး ဆိုတော့ ရမ်း ကျေနပ်လို့ မဖြစ်ပါဘူး (မှန်ပါ့)၊ ရမ်းကျေနပ်လို့ မဖြစ်ပါဘူး ဒကာ ဒကာမတို့၊ ဒါရှင်းအောင် ပြောပါဦးမယ်။

နာမ် နာမ်ချင်းရှုတယ်ဆိုတာ

နာမ် နာမ်ချင်း ရှုတဲ့နေရာမှာ နာမ်နှစ်ခု ပြိုင်ကောင်း ရဲ့ လား (မပြိုင်ကောင်းပါဘူး)၊ နာမ်နှစ်ခု မပြိုင်ကောင်းတော့ကို အရင်နာမ် ဖြစ်နေတော့ နောက်နာမ် အရှုနာမ်သည် ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

ဒါဖြင့် အရင်နာမ်ဖြစ်ပြီး ပျက်သွားပြီးမှ နောက်နာမ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်တဲ့ အခါကျတော့ ဪ- ချုပ်ပျောက် သွားတာဟာ ဘယ့်နှယ်ကြောင့် ချုပ်ပျောက် သွားပါလိမ့် မတုံးလို့ ဆိုလို့ ရှိရင်ဖြင့်၊ ဒကာ ဒကာမ တွေ ရှိရာကနေ ချုပ်ပျောက်သွားတယ် ဆိုတဲ့ အဓိပ္ပါယ် မရဘူး လား (ရပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာ ရှုတိုင်း ရှုတိုင်း ချုပ် ပျောက်သွား တာလေးကို ချုပ်ပျောက်သွားပြီ၊ ချုပ်ပျောက် သွားပြီလို့ ဆုံးဖြတ်ချက် ချနိုင်အောင် ရှုပါ၊ ဝေဒနာရှုလို့ ရှိရင် (မှန်လှပါ)။

စိတ်ကို ရှုရင်ကော (ဒီအတိုင်းရှုရမှာပါ ဘုရား)၊ ဒီအတိုင်းပဲ သညာတို့ ဘာတို့ ရှုရင်ကော (ဒီအတိုင်း ရှုရမှာပါ ဘုရား)။

ချုပ်ပျောက်သွားပြီလို့သိပေး

သို့သော် ဗျာမများပါနဲ့တော့၊ ဝေဒနာ တစ်လုံးတည်း ရှုလိုက်ပါ၊ ချုပ်ပျောက် သွားပြီ၊ ချုပ်ပျောက် သွားပြီလို့ ခင်ဗျား တို့ နောက်စိတ်က သိသိပေး သဘောကျပလား (ကျပါ တယ် ဘုရား)။

ရှေ့က ချုပ်ပျောက်သွားပြီ၊ နောက်က သိလိုက်ပြီ။ ရှေ့ကဘာပါလိမ့် (ချုပ်ပျောက်သွားပြီ)၊ နောက်က (သိလိုက်ပါပြီ ဘုရား)၊ အဲ ရှေ့က ချုပ်ပျောက်သွားပြီ၊ နောက် က သိလိုက်ပြီသာ နေပါ၊ ခင်ဗျားတို့က ကိလေသာ ကြားမညှပ် အောင် ကြိုးစားပါ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ကောင်းပြီ၊ ကိလေသာ ကြားမညှပ်အောင် ကိုလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနိစ္စ၊ ဒုက္ခ၊ ဒုက္ခ ဝိပရိဏာမ ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။

အနိစ္စဟာ ဘာတဲ့ (ဒုက္ခပါ ဘုရား)၊ ဒုက္ခကဘာ တဲ့ (ဝိပရိဏာမ)၊ ဝိပရိဏာမ၊ အဲဒိတရား အပေါ်၌ မင်းတို့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲနိုင်ရဲ့လားလို့ မေးလိုက်ရင် (မစွဲနိုင်ပါဘူး ဘုရား)။

စွဲနိုင်ကြရဲ့လား (မစွဲနိုင်ပါဘူး ဘုရား)၊ မစွဲနိုင် တော့ ဘယ်မှာသာလျှင် ကိလေသာ ကြားခိုလို့ ရသေးရဲ့ လား (မရတော့ပါဘူး ဘုရား)၊ စွဲရင် ကိလေသာ ကြားခိုတယ် (မှန်ပါ့)။

ခုတော့ စွဲနိုင်သေးရဲ့လား (မစွဲနိုင်ပါဘူး ဘုရား)။ ကောင်းပြီ ကိလေသာ ကြားခိုလို့ မရတော့ ဒါဖြင့် အနိစ္စနဲ့ မဂ္ဂ၊ ဒုက္ခနဲ့ မဂ္ဂ၊ အနတ္တနဲ့ မဂ္ဂ သဘောကျပလား (ကျပါတယ် ဘုရား)။

ကြားခိုသေးလား (မခိုပါဘူး ဘုရား)၊ မခိုတော့ ဒီက လုပ်ပါလား၊ ဒီက ချုပ်ပျောက်သွားပြီ ဆိုသဖြင့် ဝေဒနာ နိရောဓာ (တဏှာနိရောဓောပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ချုပ်ပျောက်သွားတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ကောင်းပြီ ဒီတော့ ဘာဖြစ်ကြ တဏှာနိရောဓော ဆိုတော့ အဟုတ်ကို မှန်ပါတယ်၊ အင်မတန် မှန်တဲ့တရား၊ အဘယ်ကြောင့် မှန်တုံး ဆိုတော့၊ တဏှာသည် ပင် ရှာချင်သ၍ ရှာ မဂ္ဂင်ငါးပါးပဲ တွေ့မယ် (မှန်ပါ့)။

မဂ္ဂင်ငါးပါးပဲတွေ့တယ်

ရှာရင် ဘာတွေ့မယ် (မဂ္ဂင်ငါးပါး တွေ့မှာပါ ဘုရား)၊ ရှာရင် မဂ္ဂင်ငါးပါးပဲ တွေ့မယ်၊ ဘာဖြစ်လို့ မဂ္ဂင်ငါးပါး တွေ့ရပါလိမ့် (တဏှာနိရောဓော)၊ တဏှာ ချုပ်နေပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီက ချုပ်ပျောက် သွားတာ ဘာတဲ့၊ ပါဠိအတိုင်း လုပ်ကြပါ (ဝေဒနာနိရောဓော)၊ ဝေဒနာ နိရောဓော ဒီဘက် ထောက်ကြည့်လိုက်တော့ (တဏှာနိရောဓောပါ ဘုရား)၊ ရှုတဲ့ သဘောလေး ကလေ (မှန်လှပါ)။

ရှုတဲ့ သဘောလေးက ဘာပါလိမ့် (တဏှာ နိရောဓော)၊ တဏှာနိရောဓော ဆိုတော့ တဏှာ ချုပ်သွားတယ်။ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊

ချုပ်တဲ့ နေရာ လာကြည့်တော့ ဘာတွေ့တုံး (မဂ္ဂင်ငါးပါး ပါ ဘုရား)၊ မဂ္ဂင်ငါးပါး လာမတွေ့ ဘူးလား (တွေ့ပါတယ် ဘုရား)၊ ဘာဖြစ်လို့ တွေ့ရတုံး (တဏှာ နိရောဓော ကြောင့် ပါ ဘုရား)။

တဏှာချုပ်လို့ မဂ်လာတာ

ေဩာ် တဏှာချုပ်လို့ မဂ်လာတာပေါ့။ တဏှာမချုပ် ရင် (မဂ်မလာပါဘူး ဘုရား)၊ မဂ်မလာနိုင်ဘူးဆိုတာ သေ ချာပလား (သေချာပါပြီ ဘုရား)၊ တဏှာသာ မချုပ်မယ် ဆိုရင်ဖြင့်၊ ဝေဒနာပစ္စယာ တဏှာလာမှာပဲ (မှန်ပါ့)။

ခုတော့ ဘယ့်နှယ်နေကြပါလိမ့်၊ သေချာလုပ် သေချာလုပ် ဝေဒနာနိရောဓာ (တဏှာ နိရောဓောပါ ဘုရား)၊ တဏှာနိရောဓော ထဲက ဘာယူမတုံး ခင်ဗျားတို့ (မဂ္ဂင်ငါးပါးပါ ဘုရား)။

အဲ တဏှာ နိရောဓောထဲက မဂ္ဂင်ငါးပါးကို ယူတော့ ဝေဒနာနိရောဓာက ဘာယူကြမတုံး (တဏှာနိရောဓော) ဟင်း မရဘူး၊ ‘‘ဝေဒနာနိရောဓာ’’ အရ ဘာကိုယူကြမယ့် ‘‘ဝေဒနာ နိရောဓာ’’ အရသည် ခင်ဗျားတို့ သေသေချာချာ စဉ်းစားပါတဲ့၊ အနိစ္စနဲ့၊ ဒုက္ခနဲ့၊ အနတ္တကို ယူ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာနိရောဓာသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ယူ

အမလေး! ကွာလှချည်လား ခင်ဗျားတို့ အတော်ခက် နေပါလား (အတော် စဉ်းစားနေရပါတယ် ဘုရား)၊ ရှင်းကြ လား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနိရောဓာ ဘာ ဘာယူမယ် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)၊ တဏှာနိရောဓော (မဂ္ဂင်ငါးပါး)၊ အသေ အချာမှတ်နော် ခင်ဗျားတို့ တစ်သက်လုံး မကြားဖူးလို့ ပြော နေတာ။

အခု အသေအချာ ဝီထိနဲ့ ကိုက်ကြည့်တော့ ဦးဘကြည်ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)၊ ဦးဘတင်တို့ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

ဝေဒနာနိရောဓာ ဘာယူမလဲ ခင်ဗျားတို့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)၊ ဝေဒနာနိရောဓာ ဆိုကတည်းက ဝေဒနာမှ မရှိတော့ပဲဗျ၊ မရှိတာ အနိစ္စပေါ့၊

မရှိတာ ဘာခေါ် မယ် (အနိစ္စပါ ဘုရား)၊ မရှိတာ ဒုက္ခ (မှန်ပါ့)၊ မရှိတာ အနတ္တ (မှန်ပါ့) ဆိုတော့ ဝေဒနာနိရောဓာ ဆိုတာ ဒါကို ဆိုတာ၊ ခင်ဗျားတို့ ရလို့ ရွတ်နေတာက ဝေဒနာ ကို ချုပ်သွားတာ ဝေဒနာ ယူနေလို့ (မှန်ပါ့)၊ ရှင်းပြလား (ရှင်းပါပြီ ဘုရား)။

ဘာယူရမှာတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)၊ အင်း ဒါ ခင်ဗျားတို့ မွေးစဉ်ကတည်းက မယူဘူးပါဘူး၊ ခက် နေတယ် ဒီအဓိပ္ပါယ်ဟာ အတော်မဆိုးဘူးလား (ဆိုးပါ တယ် ဘုရား)။

ဒကာမတွေဘက်က ဘယ့်နှယ်နေတုံး (ဆိုးပါ တယ် ဘုရား)၊ သူများက ဝေဒနာနိရောဓာ ဆိုရင် တကယ့်ကို ‘‘ဝေဒနာနိရောဓာ’’ ယူပစ်လိုက်တယ်၊ ခု ဘာယူရမှာတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)။

ကြည့်တော့ ဝေဒနာနိရောဓာ ဟုတ်မဟုတ် ဦးစံရီတို့ စစ်ဆေး (ဟုတ်ပါတယ် ဘုရား)၊ သေချာ မပိုင်သေးဘူးလား (ပိုင်ပါတယ် ဘုရား)။

ကဲ တစ်ခါ တဏှာနိရောဓော ဆိုတော့ ခင်ဗျားတို့ က တဏှာချုပ်တာချည့် ယူမှာပဲ (မှန်ပါ့)၊ ယူတော့ ဘာ ယူရမယ် (မဂ္ဂင်ငါးပါးပါ ဘုရား)၊ သူ ရှိနေတာများ ပြော စရာများ လိုသေးသလား (မလိုပါဘူး ဘုရား)၊ သူကိုယ် တိုင်ကိုက ကျုပ်ပါလို့ ပြောနေတာ၊ ခင်ဗျားတို့က တဏှာချုပ် တာ ယူနေလို့ ခက်နေတာ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာနိရောဓောက မဂ္ဂင်ငါးပါး

ဝေဒနာနိရောဓာက ဘာတဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)၊ တဏှာ နိရောဓောက (မဂ္ဂင်ငါးပါးပါ ဘုရား)၊ တဏှာနိရောဓော တိ မဂ္ဂေါကိုဗျ ဘုရားက ဟုတ် လား (မှန်ပါ့)။

တဏှာနိရောဓောတိ-ဘာတဲ့ (မဂ္ဂေါပါ ဘုရား)။ ဘုရားကလည်း ဒီလိုဟော၊ အဋ္ဌကထာ ဆရာတွေ ကလည်း ဒီအတိုင်း ဖွင့်ပါလျက်နဲ့၊ ခင်ဗျားတို့က တဏှာချုပ်တာပဲယူ လိုက်တော့ မဂ္ဂင် မပေါ်လာတော့ဘူး၊ ပေါ်လာသေးရဲ့ လား (မပေါ်လာပါဘူး ဘုရား)။

မပေါ်လာတော့ ကိုယ်အကျိုးကြီး နေတာလေးဟာ ဝမ်းသာစရာလေးဟာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ အလွန်ကို ကိုယ်မဂ်ဆိုက် နေတံယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီ ဆိုနိုင်တာလေး၊ ကိုယ်အဖိုးတန်လေးရထား တာ ဖျောက်ပစ်လိုက်တာကိုး (အသေအချာကို မေ့နေ ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒကာမတွေဘက်က ဝေဒနာနိရောဓာ ဆိုတာ ဘာယူမယ် (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား) တစ်ခုခုပေါ့ လေ (မှန်ပါ့)၊ ကြိုက်တာယူ အတည့်ယူ။

ဝေဒနာ နိရောဓာက ဘာတဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)၊ နို့မဟုတ်လို့ ရှိရင် ဝေဒနာ နိရောဓာ လို့ဆို လို့ရှိရင် ဝေဒနာချုပ်တာကိုပဲ မြင်နေရဦးတော့ မလိုလို ခင်ဗျာ တို့ဖြစ်နေတယ် (မှန်ပါ့)၊ ဟုတ်ဘူးလား။

ဝေဒနာချုပ်တာကို ဒီဘက်က မဂ်ပေးတဲ့အချိန် ဒီချုပ်တာလေးက ရှိသေးရဲ့ လား (မရှိတော့ ပါဘူး)၊ ချုပ် နေတဲ့ သဘောလေးက ပေါ့လေ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

မရှိတော့ ဘာတွေ့တုံး (မဂ်ပေါ်ပါတယ် ဘုရား)။ အနိစ္စပဲ တွေ့တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အနိစ္စ ဆိုတာ ဖြစ်ပြီးမရှိတာ ဘာခေါ်ကြမလဲ (အနိစ္စပါ ဘုရား)။

အဲဒိ မရှိတဲ့ အနိစ္စ၊ မရှိတဲ့ (ဒုက္ခပါ ဘုရား)၊ အစိုး မရတဲ့ (အနတ္တပါ ဘုရား)၊ ဒီလို မရှိတာ ကလည်း အနတ္တ နဲ့ အတူတူပါပဲ မရှိတာပါပဲ၊ အဲ့ဒါ ဘာခေါ်ကြမတုံး (အနတ္တပါပဲ ဘုရား)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

အနိစ္စနဲ့မဂ်ရမည့်ပုဂ္ဂိုလ် ဒုက္ခသွားမရှုနဲ့

သို့သော် သုံးခုစလုံး မရှုပါနဲ့ (တင်ပါ့)၊ ရှုလိုက်ရင် ခင်ဗျားတို့ လွဲကုန်မှာ စိုးလို့၊ အနိစ္စနဲ့ မဂ်ဖိုလ်ရမဲ့ ပုဂ္ဂိုလ်က ဒုက္ခ သွားမရှုနဲ့ (မှန်ပါ့) မရဘူး။

ဒုက္ခနဲ့မဂ်ဖိုလ်ရောက်မယ့် ပုဂ္ဂိုလ်က အနိစ္စနဲ့ အနတ္တ ကို မရှုပါနဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အနတ္တ နဲ့ နိဗ္ဗာန် ရောက်မဲ့ပုဂ္ဂိုလ်က (အနိစ္စနဲ့ ဒုက္ခ မရှုရပါဘူး ဘုရား)၊ မရှုပါနဲ့လို့ သူ့ပါရမီနဲ့ သူလာတာပါ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲတော့ သုံးခုစလုံး ကြိုးစားမှ ကိစ္စပြီးမှာလား ဆိုလို့ ရှိရင်၊ ဟို ငါးရာစီပြီးတဲ့ဝတ္ထု၊ ဦးစံရီ ထုတ်ဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)၊ ဦးဘကြည် ထုတ်ဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

ဟောဒီငါးရာက အနိစ္စနဲ့ ကျွတ်တာ (တင်ပါ့)၊ ဟောဒါက ဒုက္ခနဲ့ ကျွတ်တာကွ (တင်ပါ့)၊ ဟောဒါက အနတ္တနဲ့ ကျွတ်တာကွလို့ ဘုရားက အကျယ်တဝင့် မဟော ဘူးလား (ဟောပါတယ် ဘုရား)။

အဲ့ဒီ ဟောတာသည်ကား ဆိုရင် ခင်ဗျားတို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့သာ ပုတီးစိပ် နေရင်တော့ သွားပါပြီ၊ ဟုတ်လား။

ဝါးဖောင်ကြီးကို တစ်ခါတည်း ခတ်ကျဲကျဲနဲ့ ကြိုးပြေ နေတာကြီး သွားပြီး ပြင်ချည် မနေကြနဲ့တော့၊ တော်ကြာ တစ်လုံးမှ ကိုယ့်ဟာ ရှိမှာ မဟုတ်ဘူး၊ ရှိပါ့မလား (မရှိပါဘူး ဘုရား)။

အဲဒီလို ဖြစ်မှာ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါ တယ် ဘုရား)၊ ဒါဖြင့် တစ်လုံးထဲသာ ရှုပါ၊ ဖြစ်ပျက်တစ်ခု တည်းထားပါ။ ဖြစ်ပျက် ဆိုတာ အနိစ္စကိုရှုပါ၊ ဒုက္ခကော (ရှုပါတယ် ဘုရား)၊ အနတ္တကော (ရူပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လည်း တေသံ – ထိုဖြစ်ပျက်တို့၏၊ ဝူပသမော – မရှိခြင်းကို ရှုပါလို့ မပြောဘူးလား (ပြောပါတယ်)။

အဲ ခင်ဗျားတို့က အနိစ္စသံ၊ ဒုက္ခသံ၊ အနတ္တသံ ထွက် နေတာနဲ့ပဲ၊ သံသရာ အတော်ရှည်ခဲ့ပြီ (တင်ပါ့)၊ ဘာဖြစ် လို့ရှည်တယ်လို့ ဆိုတာတုံး ဦးတင်မောင် (အနိစ္စ၊ ဒုက္ခ၊ – အနတ္တ) သုံးခုကို သုံးမျိုး စလုံးပေါက်မှ ကိစ္စပြီးမယ်လို့ ထင်တယ် ဟုတ်လား (မှန်ပါ့ ဘုရား)။

မလိုချင်တာလာရင် ဘာနဲ့လာလာပြီးတယ်

မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့၊ စင်စစ်တော့ ဒီတရားတစ်ခု အပေါ်၌ မလိုချင်တာ လာရင်၊ ဘာနဲ့လာလာ ပြီးတာပဲ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးအပေါ်၌ မလိုချင်အောင် အနိစ္စနဲ့လာ လည်းပြီးတာပဲ၊ ဒုက္ခနဲ့ လာရင်ကော (ပြီးပါတယ် ဘုရား)။ အနတ္တနဲ့ လာရင်ကော (ပြီးပါတယ် ဘုရား)၊ ဘာလာဖို့ အရေးကြီးနေတုန်း၊ အဲ ရမ်းပြောလို့ မရဘူး၊ မလာတာ ဘာအရေးကြီးနေတုံး၊ အနိစ္စ မြင်သဖြင့် မလိုချင်တာလာဖို့ အရေးကြီး နေတယ် (တင်ပါ့)။

ဒုက္ခမြင်သဖြင့် (မလိုချင်တာလာဖို့ အရေးကြီး ပါတယ် ဘုရား)၊ မလိုချင်တာ လာဖို့သာ ဘုရား အဓိက၊ ခင်ဗျားတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို လိုရင်း မထားဘူး၊ ရှင်း ပလား (မှန်လှပါ)။

ကဲ ဘာ ပဓာနထား (မလိုချင်တာ ပဓာနထား ပါတယ် ဘုရား)၊ အဲတော့ ဒီလောက်ထိ အောင်လည်း နက် နက်နဲနဲ သိကြမှ ဒကာ ဒကာမတို့ ခင်ဗျားတို့ မယောင်မယ် (တင်ပါ့)။

တို့တော့ကွာ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပုတီးအပတ် ပေါင်းကို မနည်းပါဘူး၊ ဘာမှ မမြင်သေးဘူး၊ ဘာမှလည်း မြင်မှာ မဟုတ်တော့ပါဘူး၊ မြင်စရာလည်း ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

ဘာကြောင့် မမြင်တုံးဆိုတော့ တစ်ခုတည်းမှတ်ပြီး မလုပ်ဘူး၊ ရှိတာက အနိစ္စလည်း ဖြစ်ပျက်ပဲ၊ ဒုက္ခ (ဖြစ် ပျက်ပါ ဘုရား)၊ အနတ္တ (ဖြစ်ပျက်ပါ ဘုရား)။

မလိုချင်တာကို မဂ်ခေါ်တယ်

အဲ့တာ ဖြစ်ပျက် မြင်သဖြင့် ဖြစ်ပြီးပျက်တာ ချည့်မြင် နေလို့ရှိရင် ခင်ဗျားတို့ လိုချင်သေးရဲ့ လား (မလိုချင်ပါ ဘူး)၊ မလိုချင်တာ ဘာခေါ်ကြမတုံး၊ မလိုချင်တာ ဘာခေါ် ကြမတုံး၊ မလိုချင်တာ မဂ်ပေါ့ဗျ၊ အမလေး မလိုချင်တာ ဘာခေါ်ကြမတုံး (မဂ်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ကဲ ဒါဖြင့် ဝေဒနာနိရောဓာအရ ဘာယူမတုံး၊ ကြိုက်တာ တစ်ခုခုယူ၊ ကြိုက်တာ တစ်ခုခုယူ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဝေဒနာနိရောဓာ အရ (ကြိုက်တာ တစ်ခုခုယူရ မှာပါ ဘုရား)၊ ကြိုက်တာ တစ်ခုခုနော် (မှန်ပါ့)၊ သို့သော် ဆိုတာကတော့ အနိစ္စလည်း သူပဲ၊ ဒုက္ခကော (သူပါ ဘုရား)၊ အနတ္တကော (သူပါ ဘုရား)။

ကောင်းပြီ၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ဝေဒနာကနေ ချုပ်သွားတာလား ဒကာ ဒကာမတို့ အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ တစ်ခုခုမြင် တာလား (လက္ခဏာ တစ်ခုခု မြင်တာပါ ဘုရား)။

ဝေဒနာချုပ်တာ ဘယ်သူမှမမြင်ဘူး

ဝေဒနာချုပ်တာ ဘယ်သူမှမမြင်ဘူး၊ အနိစ္စ လက္ခဏာ၊ ဒုက္ခ လက္ခဏာ၊ အနတ္တ လက္ခဏာ တစ်ခုခုမြင်ပါ တယ် (တင်ပါ့)၊ ဒါကြောင့် ဝေဒနာနိရောဓာ ဆိုတဲ့ဥစ္စာ က ဒကာ ဒကာမတို့ ရှေးဦးစွာ ချုပ်နှင့်တာကို ပြတာပါ၊

စင်စစ် ဒီ ဝိပဿနာဉာဏ်နဲ့ ရှုလိုက်တဲ့အခါကျတော့ ဝေဒနာချုပ် နေတာ မြင်သလား၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တ လက္ခဏာ မြင်သလား မေးလိုက် (လက္ခဏာသာ မြင်ပါ တယ် ဘုရား)။

ဒါဖြင့် ကိုက်နေပြီပေါ့ဗျာ၊ ခင်ဗျားတို့ မကိုက်သေးဘူး လား (ကိုက်ပါတယ် ဘုရား)၊ ဘယ်လို ကိုက်တာပါလိမ့် (လက္ခဏာ တစ်ခုခုမြင်လို့ပါ ဘုရား)။

လက္ခဏာ တစ်ခုခုမြင်လို့ ကိုက်ပြီလို့ မဆိုနဲ့၊ ဝေဒနာ နိရောဓာ ဆိုငြား သော်လည်း၊ ဝေဒနာ နိရောဓာကို ဒီကမြင် မည် မဟုတ်ဘူး (မှန်ပါ့)၊ ဦးဘကြည် ဘာကိုမြင်သတုံး (အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါ ဘုရား)။

ဒါဖြင့် သူ ဝေဒနာနိရောဓာကို ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ မဟုတ်ဘူးတဲ့ ဝေဒနာ ကတော့ သူ ရှေ့ကပြီးနှင့်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ။

ဝေဒနာချုပ်တာကို တစ်ခါတည်း နွားသေသလို ဗိုင်း ကနဲ လဲသေတာ မြင်တာ မဟုတ်ဘူး (မှန်လှပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာမရှိတဲ့လက္ခဏာမြင်တာ

ဘာတုံးဆိုလို့ရှိရင် ဝေဒနာ မရှိတော့ဘူး၊ ဒီနေရာမှာ မရှိတဲ့ လက္ခဏာလေး (မှန်လှပါ)၊ ဟုတ်လား (မှန်ပါ့)၊ ဆင်းရဲတဲ့ လက္ခဏာလေး (မှန်ပါ့)၊ အစိုးမရတဲ့ (လက္ခဏာလေးပါ ဘုရား)။

ဒါလေးမြင်တာဗျ၊ ဝေဒနာနိရောဓာကို မြင်တာ မဟုတ်ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် သူက အနိစ္စလက္ခဏာ ပြမှ သူက အနိစ္စဉာဏ် ဖြစ်မှာပေါ့။ နို့မဟုတ် ဖြစ်စရာ မြင်သေးရဲ့ လား (မမြင်ပါဘူး)။

လက္ခဏာနှင့်ဉာဏ်

အဲ့ဒိ ရှေ့က ဘာတုံး (အနိစ္စလက္ခဏာ)၊ နောက် ကဘာတုံး (မဂ်ပါ ဘုရား)၊ ဉာဏ် ဆိုလိုက်ပါ့လား၊ ဉာဏ် – ဉာဏ်၊ အနိစ္စလက္ခဏာ ဉာဏ် အနိစ္စဉာဏ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေ့က ဘာပါလိမ့် (အနိစ္စလက္ခဏာပါ ဘုရား)၊ နောက်က ဘာပါလိမ့် (အနိစ္စဉာဏ်ပါ ဘုရား)၊ ဒီလိုသွားတာတဲ့ ဒါကလက္ခဏာနဲ့ ဉာဏ်နဲ့ တွဲပြပုံ ပြောလိုက်တာ၊ ဒီလို ဆိုတော့ ဝေဒနာနိရောဓာကို သံသယ ရှင်းအောင် ပြောလိုက် တယ် (မှန်ပါ့)၊ ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ ဦးဘကြည် ကောင်းကောင်း ကျေနပ်ကဲ့လား၊ ဒီနေရာ ဒီက ဘာတွေ ပြလေ့ရှိတုံး (လက္ခဏာတွေ ပြလေ့ ရှိပါတယ် ဘုရား)၊ လက္ခဏာတွေ ပြတယ်၊ လက္ခဏာ ဆိုတာ ဘာတုံး ဆိုလို့ရှိရင်၊ ဝေဒနာ မရှိတဲ့ လက္ခဏာချည့် ပြတယ်။

ဘာတွေပြတုံး (ဝေဒနာမရှိတဲ့ လက္ခဏာတွေ ချည့်ပြပါတယ် ဘုရား)၊ ဒေဝနာ မရှိတဲ့ လက္ခဏာ တွေချည့် မပြဘူးလား (ပြပါတယ် ဘုရား)၊ ကောင်းပြီ၊ လက္ခဏာ တွေပြလိုက်တဲ့ အတွက်၊ ကျုပ်တို့က လိုက်ကြည့်တဲ့ အချိန်ကျ တော့၊ ဝေဒနာနိရောဓာကို တွေ့နေလား၊ အနိစ္စလက္ခဏာ တွေ့နေလား (အနိစ္စလက္ခဏာ တွေ့နေပါတယ် ဘုရား)။

ဒါဖြင့် အနိစ္စလက္ခဏာ လွှတ်လည်း နိဗ္ဗာန် မရောက် နိုင်ဘူးဗျ (မရောက်နိုင်ပါဘူး ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒုက္ခလက္ခဏာ လွှတ်လို့ (မရောက် နိုင်ပါဘူး ဘုရား)၊ အနတ္တလက္ခဏာ လွှတ်လို့ (မရောက် နိုင်ပါဘူး ဘုရား)။

ဘာကြောင့်တုံး ဆိုလို့ ရှိရင် ဝိပရိဏာမ လက္ခဏာ ဒုက္ခ သစ္စာ ဆိုတော့ အထည် မရှိဘူးဗျ (မှန်ပါ့)၊ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

သစ္စာဆိုက်နေတာ

အဲဒိ အနိစ္စ ဒုက္ခ အနတ္တသည် ဦးဘကြည်တို့ မှတ် သစ္စာဆိုက်တယ်၊ ရှင်းပလား ဘာတဲ့ (သစ္စာဆိုက် တာပါ ဘုရား)၊ သစ္စာ ဆိုက်နေတာ၊ သစ္စာဆိုက်နေရင် ဘာဖြစ် ရမယ်ထင်တုံး (မဂ်ရမှာပါ ဘုရား)၊ မဂ်ရ ရမယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့က ဘာဆိုကြမယ်၊ ဝေဒနာနိရောဓာ၊ ဝေဒနာနိရောဓာ သဘော ကျပလား (ကျပါတယ် ဘုရား)၊ ဒါကဘာတုံး (ဝေဒနာနိရောဓောပါ ဘုရား)၊ ဒီဘက်က ဘာတုံး (ဝေဒနာ နိရောဓာ)၊ ဝေဒနာ – နိရောဓာ (တင်ပါ့)။

ဝေဒနာနိရောဓာတိ ဘယ်သူတုံး လက္ခဏာ (အနိစ္စလက္ခဏာပါ ဘုရား)၊ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ ဒကာ ဒကာမတို့ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနိရောဓာသည် ဘာလုံး (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါ ဘုရား)၊ အဲ အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ၊

တဏှာနိရော ဓော ဆိုတာ ဘာတုံး (မဂ်ပေါ်တာပါ ဘုရား)၊ မဂ်ပေါ်တာ ကိုပြတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာနိရောဓော ဆိုတာက (မဂ်ပေါ်တာပါ ဘုရား)၊ မဂ်ပေါ်တာကို ပြတာတဲ့ အဲတော့ တဏှာ နိရောဓောက မဂ်ပေါ်တာကို ပြတယ်ဆိုတာ ဟုတ်ပလား၊ ဒီမဂ် မလာလို့ရှိရင် တဏှာ ရှိနေမယ်၊ ဒီမဂ်လာတဲ့ အတွက် ဒကာ ဒကာမတွေ တဏှာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ချုပ်သွားတယ်ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ပါဠိတော် ကိုက်ပလား (ကိုက်ပါပြီ ဘုရား)၊ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။

ဝေဒနာနိရောဓာက ဘာယူမယ် (အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါ ဘုရား)၊ လက္ခဏာယူမယ်နော် (မှန်ပါ့)၊ တစ်ထစ်ချ ဝေဒနာနိရောဓာချည့် သွားမယူနေနဲ့အုံး (မှန်ပါ့)၊ ကောင်းကောင်းကြီး ငါးပါး မှောက်သွားမှာ စိုးလို့ (မှန်လှပါ)၊ ဟုတ်လား။

ဝေဒနာနိရောဓာ ဒီကဘာပါလိမ့် (တဏှာ နိရောဓော)၊ တဏှာနိရောဓော၊ တဏှာနိရောဓော ဆိုတော့ အထည်ရှိ မရှိ (မရှိပါဘူး ဘုရား)၊ တဏှာ မရှိတော့ ရှိနေ တဲ့ အထည်က ရှိနေတယ် (မှန်ပါ့)၊ ဘယ်သူရှိတုံး (မဂ္ဂင် ရှိပါတယ် ဘုရား)၊ ဘယ်နှစ်ပါး (ငါးပါးပါ ဘုရား)။

ဝမ်းထဲ မဂ္ဂင်ငါးပါးရောက်လာတာ

ေဩာ် တဏှာနိရောဓော ဆိုတော့၊ ဒို့က တဏှာ ချုပ်တာ ဆိုနေတာကိုးလို့ အောက်မေ့ နေကြတာ၊ စင်စစ် မဟုတ်ပါဘူး၊ ကိုယ့်ဝမ်းထဲမှာ မဂ္ဂင်ငါးပါး ရောက်လာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် ရှေ့က ယူထားတာတွေနဲ့ ဦးစံရီ မနည်းဘူး ကွာကုန်ပြီ (ကွာကုန်ပါပြီ ဘုရား)၊ မကွာသေးဘူးလား ကွာသွားပြီ။

ရှေးတုန်းကတော့၊ ဒီက တဏှာကလည်း နိရောဓာ ကိုး၊ ဝေဒနာကလည်း နိရောဓာကိုး၊ ဟိုကလည်း နိရောဓာ ကို ရှုရမယ်လို့ အဓိပ္ပါယ် ရောက်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကလည်း တဏှာနိရောဓော ဆိုသဖြင့် မဂ်ဖြစ်တယ် လို့ ကိုယ့်ဟာကိုယ် သိသေးရဲ့လား (မသိပါဘူး ဘုရား)၊ ဝိပဿနာမဂ် ဖြစ်တယ်လို့ကို သိသေးရဲ့လား (မသိပါဘူး ဘုရား)။

မသိတော့ ေဩာ် တဏှာ ချုပ်သွားတာ လောက် ပဲ သိတယ် (မှန်ပါ့)၊ ဝိပဿနာမဂ် ဖြစ်တယ်လို့ ကိုယ့်ဟာ ကိုယ် ဝမ်းသာစရာ အချက်ကို ပင်လျှင် ပေါ်သေးရဲ့လား ၊ (မပေါ်ပါဘူး ဘုရား)။

အင်မတန်နားလည်စေချင်လွန်းလို့

ကဲ ဦးဘကြည် မနာလားဗျာ (နာပါတယ်)။ အားလုံး ဒကာ ဒကာမတွေ မနာဘူးလား (နာပါတယ် ဘုရား)၊ အခု နက်နဲတဲ့ သဘောကို ဆရာသမားက အင်မတန် နားလည် စေချင်လွန်းလို့၊ ယထာဘူတ ကျအောင် ပြောလို့၊ ဦးစံရီ ဒီအဓိပ္ပါယ် ရတာနော် (မှန်ပါ့)၊ နို့မဟုတ် ရပါ့ မလား (မရပါဘူး ဘုရား)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီလိုပဲ ဝက္ကလိ သွားလိုက်၊ ဝက္ကလိဘာ မြင်ပါလိမ့်မတုံးလို့ ဝေဒနာရှုတဲ့အခါ၊ ဝက္ကလိက ဘာမြင်ပါ လိမ့်မတုံး၊ ဝေဒနာကို မမြင်ဘူး ဝက္ကလိ (တင်ပါ့)၊ လက္ခဏာတွေ မြင်တယ် (မှန်ပါ့)။

ဘာလက္ခဏာတွေ မြင်တုံး (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ)၊ သဘော ကျပလား (ကျပါတယ် ဘုရား)၊ ဝက္ကလိ ဘာမြင်ပါလိမ့် (လက္ခဏာတွေ မြင်ပါတယ် ဘုရား)။

ကြည့်လေ၊ ဝက္ကလိ မေးတုန်းကတည်းက ဘုရား မေး တယ်၊ ဝက္ကလိ ဝေဒနာဟာ အနိစ္စလား၊ နိစ္စလားလို့ မေးလိုက် တယ် (အနိစ္စပါ ဘုရား)၊ ဝက္ကလိက အနိစ္စလို့ ဖြေလိုက် တယ် (တင်ပါ့)၊ သဘော ကျပလား (ကျပါတယ်၊ ဘုရား)။

ဝေဒနာသည် သုခလား၊ ဒုက္ခလား

၎င်း အနိစ္စဖြစ်တဲ့ ဝေဒနာသည် သုခလား၊ ဒုက္ခလား လို့ မေးလိုက်တယ် (ဒုက္ခပါ ဘုရား)၊ ဒါဖြင့် ဝက္ကလိလည်း ဒုက္ခမြင်လို့ပေါ့ဗျ (တင်ပါ့)၊ ဝေဒနာ မြင်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ ဦးဘကြည် ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)။

၎င်း အနိစ္စ၊ ဒုက္ခဖြစ်တဲ့ တရား၊ဝိပရိဏာမ ဖြစ်တဲ့ တရားကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆို နိုင်ပါဘူး ဘုရား)၊ ဝိပရိဏာမ ဖြစ်တဲ့ တရားကိုလို့ ပါသွားကတည်းက၊ ဒီမှာ အထည် ရှိသေးရဲ့ လားး (မရှိပါဘူး ဘုရား)။

မရှိရင် တစ်ခါ သူဘာယူပြမယ် (လက္ခဏာပါ ဘုရား)၊ လက္ခဏာက ဘာဘာတွေ့ကြပါလိမ့် (အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ)၊ အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တ လက္ခဏာ သေချာ မတွေ့ ပေဘူးလား (တွေ့ပါတယ် ဘုရား)။

လက္ခဏာကိုမဂ်နဲ့တွေ့တယ်

ကောင်းပြီ၊ ဒါဖြင့် ရှေ့က လက္ခဏာ တွေ့တယ် (တင်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ လက္ခဏာ ဘာနဲ့တွေ့တုံး (မဂ်နဲ့တွေ့ပါတယ် ဘုရား)၊

ဪ မဂ်နဲ့ တွေ့တယ်။ အဲတော့ ဒီက လက္ခဏာ သူက မဂ်ဆိုတာက အမှန် ကိုး၊ ဒိပြင်က မမှန်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)၊ ရှေ့ပိုင်းက ဘာပါလိမ့် (လက္ခဏာပါ ဘုရား) ဒီက (မဂ်ပါ ဘုရား)။

အဲတော့မဂ်ကျမှ လက္ခဏာကို တွေ့အောင်ရှာနိုင်တယ် ဒကာ ဒကာမတွေရဲ့၊ ဒိပြင်ဟာက တွေ့အောင် ရှာနိုင်ပါ့မလား (မရှာနိုင်ပါဘူး ဘုရား)။

ဟို တဏှာနိရောဓောက တွေ့အောင် ရှာနိုင်ပါ့မလား (မရှာနိုင်ပါဘူး)၊ ဘာက တွေ့အောင် ရှာနိုင်တုံး (မဂ်က တွေ့အောင် ရှာနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီလိုမှ ကိုက်တော့ မပေါ့တဲ့ ဝေဒနာသည် ‘‘အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ဝိပဿတိ၊’’ ဝေဒနာ သည် ပျောက်ပျောက်သွားတဲ့ တရားတွေတဲ့၊ အနိစ္စတော အနိစ္စအားဖြင့် လည်းကောင်း၊ ဒုက္ခတော- ဒုက္ခအားဖြင့် လည်းကောင်း၊ ဝိပဿတိ- ဝိပဿနာရှု၍ နေ၏။

သူကပျောက်ပျက်တာ၊ သူက ဝိပဿနာကွ၊ ကိုက်သေးဘူးလား (ကိုက်ပါတယ် ဘုရား)၊ သူကဘာတုံး (ပျောက်ပျက် တာပါ ဘုရား)၊ သူက (ဝိပဿနာပါ ဘုရား)။

ရှေ့ကပျောက်ပျက်တာ

ဒါဖြင့် ရှေ့က ပျောက်ပျက်တာ၊ နောက်က (ဝိပဿနာ)၊ ဒါဖြင့် ဝိပဿနာ စခန်းမှာဖြင့် ဒါသေချာပြီ ဒကာ ဒကာမတို့၊ ရှေ့က ပျောက်ပျက်တာ ရှုရမယ်၊ နောက်က (မဂ်ပါ ဘုရား)၊ ဝိပဿနာရှုရမယ်။

ရှေ့က ပျောက်ပျက်တာ ရှုရမယ်၊ နောက်က ဘာတုံး (ဝိပဿနာပါ ဘုရား)၊ အဲ့ဒါသာ တစ်ထစ်ချမှတ် (မှန်ပါ့)၊ ရှေ့က ဘာပါလိမ့် (ပျောက်ပျက်တာပါ ဘုရား)၊

နောက်က (ဝိပဿနာပါ ဘုရား)၊ အဲ့တော် ခင်ဗျားတို့ အလုပ်စဉ်ပဲ (မှန်ပါ့)။

ရှေ့က ပျောက်ပျက်တာ မတွေ့ပဲနဲ့ဖြင့်၊ ဘယ်လောက် အော်နေနေ အပိုပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျ ပါပြီ ဘုရား)၊

ရှေ့ကပျောက်ပျက်တာတွေ့ရင် (နောက်က – ဝိပဿနာပါ ဘုရား)၊ နောက်က ဝိပဿနာ၊ နောက်က ဝိပဿနာဆိုတဲ့ ဥစ္စာသည်၊ ရှေ့က ပျောက်ပျက်တာကို တွေ့မှ ဝိပဿနာက ဖြစ်တာ (မှန်ပါ့)။

ရှေ့ကပျောက်ပျက်တာသိမှ ဝိပဿနာ

အံမလေး ဒီအတိုင်းများ ဖြစ်လိမ့်မယ်လို့ အောက်မေ့ မနေနဲ့ဦး၊ ရှေ့က ပျောက်ပျက်တာကို ပျောက်ပျက်မှန်းသိမှ ဝိပဿနာက ဖြစ်တာ (မှန်ပါ့)၊ ရှေ့က ပျောက်ပျက်တာကို ဒကာ ဒကာမတွေက မသိလိုက်ဘူး ဆိုရင်၊ နောက်က ဝိပဿနာ ဖြစ်သေးရဲ့လား (မဖြစ်တော့ပါဘူး ဘုရား)။

ကိုင်း ဘယ်လိုမှတ်ကြမယ် (ရှေ့က ပျောက်ပျက် တာကို သိမှ ဝိပဿနာပါ ဘုရား)၊

ရှေ့က ပျောက်ပျက်တာကို နောက်က ရှုအားသန်မှ ဝိပဿနာ ဖြစ်တယ် (မှန်ပါ့)၊ ရှုအား မသန်ရင် (မဖြစ်ပါဘူး ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဝေဒနာနိရောဓာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ တဏှာနိရော ဓောကော (ကျေနပ်ပါတယ် ဘုရား)၊ ဘာလို့ကျေနပ်တာ တုံး ။

တဏှာနိရောဓောကို ပြန်ပြောလိုက်စမ်း၊ ဘာဖြစ်လို့ ကျေနပ်တာတုံး (မဂ်ဝင်လို့ပါ ဘုရား)၊ ဪ မဂ်ဝင်နေ လို့ (တင်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။ ဘယ်လိုကြောင့် ပါလိမ့် (မဂ်ဝင် နေလို့ပါ ဘုရား)။

မဂ်ဝင်နေလို့ တဏှာနိရောဓောဖြစ်ရတာ

မဂ်ဝင်နေလို့ တဏှာနိရောဓောဖြစ်ရတာ၊ မဂ်မလာ သေးသ၍ တဏှာဟာ အနုသယ သဘောနဲ့ ရှိတာချည့်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊

ကောင်းပြီ ဒီဘက်က ဘာပါလိမ့် ဝေဒနာနိရောဓာ၊ ဒီဘက်က (တဏှာနိရောဓော)၊ တဏှာ နိရောဓော ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တဏှာကို နိရောဓော ဖြစ်တာလား၊ မဂ်ကို ဆိုနေတာလား (မဂ်ကို ဆိုနေတာပါ ဘုရား)၊ ဒါ ဝေဖန်လိုက်စမ်း၊ တဏှာကို ချုပ်တာလား၊ မဂ်ဝေဖန်တာလားလို့ မေးလိုက် (မဂ်ဝေဖန်တာပါ ဘုရား)။

အဲတော့ အသံက တခြား၊ ပေါ်နေတဲ့ဓမ္မက (တခြားပါ ဘုရား)၊ ဦးဘကြည် ကျေနပ်ရဲ့ လား (ကျေနပ် ပါတယ် ဘုရား)၊ အသံကတော့ တဏှာချုပ်တဲ့ အသံ (မှန်ပါ့)၊ ရှုနေတဲ့ တရားက (မဂ်ငါးပါးပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အချိုးမကျမှာစိုးလို့ ဖိပြောနေတာ

အဲ့တာကို မကွဲသ၍ ကာလပတ်လုံး၊ ခင်ဗျားတို့အချိုး မကျမှာစိုးတဲ့ အတွက်၊ ဒီနေ့ည ဖိပြောနေတာ (မှန်ပါ့)၊ အခုတော့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ကဲ ကျေနပ်ရင် ယနေ့ည ဒီတင်တော်ဦးစို့ ။

သာဓု သာဓု သာဓု။