106

မာတိကာသို့

အလှူ,လှူတယ်ဆိုတာ ကိုယ်ရတာ

အသံဖိုင်ခေါင်းစဉ်= ဥပနိဿယမှ မဂ္ဂပစ္စည်းဖြစ်လာအောင်ထောက်ပံ့ကျေးဇူးပြုပုံ (ဦးကျော်သိန်း ဒေါ်တင်လှတို့၏ ကျောင်ဇရပ်အလှူရေစက်ချတရာတော်)

စာအုပ်ခေါင်းစဉ်= အလှူ,လှူတယ်ဆိုတာ ကိုယ်ရတာ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

အလှူ,လှူတယ်ဆိုတာ ကိုယ်ရတာ

(၁၅-၁၂-၁၉၆၁)

စေတနာဆိုတာ ဘာတုံး

ဒါနကို ပေးလှူတယ်လို့ဆိုငြား သော်လဲ ဒါန၏ တရား ကိုယ်ကို ကောက်ကြည့်လို့ ရှိရင်၊ ဘာတုံးလို့ မေးလို့ ရှိရင် ရှေးဦးစွာ ယုံကြည်မှုပြဋ္ဌာန်းတဲ့ စေတနာပဲ၊ စေတနာဆိုတာ ဘာတုံးလို့ ဆိုလို့ရှိရင် အခု ပြုလုပ်ကြတဲ့ ကံပဲ၊ ကံဟာ ကမ္မဘဝပဲ၊ ကမ္မဘဝ ပစ္စယာ ဇာတိ တဲ့ (မှန်ပါ့)၊ ဒီကမ္မ ဘ၀ ပစ္စယာသည် ဇာတိတင် အကျိုးပေးသလားဆိုတော့ ပဋိစ္စသမုပ္ပါဒ် နည်းအလိုတော့ ဇာတိကို အကျိုးပေးတယ်။ ဇာတိကလဲ နှစ်မျိုးရှိတယ်။

ဘယ်လို နှစ်မျိုးရှိသတုံးဆိုလို့ရှိရင် ပဋိသန္ဓေအကျိုး ပေးတာ တစ်မျိုး၊ ပဝတ္တိအကျိုးကို ပေးတာ တစ်မျိုးလို့ နှစ်မျိုး မှတ်ထားရမယ်။ (မှန်ပါ့)၊ ပဋိသန္ဓေ အကျိုးဆိုတာက ပဋိသန္ဓေဖြစ်အောင် ပေးတာ၊ လူပဋိသန္ဓေ၊ နတ်ပဋိသန္ဓေ ဖြစ်အောင် ပေးတာ။

ပဝတ္တိအကျိုးဆိုတာ

ပဝတ္တိအကျိုးဆိုတာကတော့ ဒီဟာမျိုး မဟုတ်ပါဘူး တဲ့၊ ပဝတ္တိအခါမှာ ကောင်းကျိုးတွေ ပေးတာပါ၊ ပဝတ္တိ အခါမှာ အိုခြင်း, နာခြင်း, သေခြင်းတို့မှ လွတ်ရာကို ညွှန်ပြ ဟောကြားနိုင်တဲ့ ဆရာကောင်း, သမားကောင်းတွေ နဲ့ တွေ့မှု, သစ္စဉာဏ်တွေရမှုကိုလဲ ပဝတ္တိအကျိုးက ပေးပါ သေးတယ်။ (မှန်ပါ့)။

ဒါကြောင့် အကျိုးသည် နှစ်မျိုးရှိတယ်လို့ မောင်ကျော်သိန်းတို့၊ မတင်လှတို့ မှတ်ရမယ်နော်။ (မှန်ပါ့)၊ ပဋိသန္ဓေ အကျိုး၊ ပဝတ္တိအကျိုး နှစ်မျိုးရှိတယ်၊ ပဋိသန္ဓေအကျိုးဟူ သည် ပဋိသန္ဓေကို ပေးလိုက်တာပဲ၊ ပဝတ္တိအကျိုး ဟူသည် ပဝတ္တိအခါမှာ ကောင်းကျိုးတွေ ပေးတယ်၊ သူတော်ကောင်း နဲ့ ပေါင်းသင်းနိုင်ဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဟောနိုင်တဲ့ ဆရာသမားနဲ့တွေ့ဖို့ ဒီလိုအကျိုးကိုလဲ ပေးစေနိုင်တယ်။ (မှန်ပါ့)။

မဂ်ဖိုလ်ကျအောင် အကျိုးပေးတယ်

ဒါကြောင့် သဒ္ဓါသည် တစ်နေ့က ပြောခဲ့တဲ့အတိုင်း မှတ်ကြပါ။ ဥပနိဿယ ပစ္စယော- အားကြီးသော အကြောင်း ဖြစ်တယ်လို့ ယူကြပါ။ (မှန်ပါ့)၊ ဘာကို ကိုးကား ထားရမလဲလို့ဆိုတော့။

‘‘သဒ္ဓံ ဥပနိဿယ ဒါနံ ဒေတိ သီလံ သမာဒိယတိ ဥပေါသကမ္မံ ကရောတိ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ’’

လို့ ဘုရားက ဟောတော်မူတယ်၊ ဒါ ပဋ္ဌာန်းပါဠိ တော်လို့ မှတ်ကြပါ၊ ဈာန်မဂ်ဖိုလ်ကျအောင် အကျိုးပေး တယ်လို့ ဦးသံဒိုင်တို့ မှတ်ထားကြပါ (မှန်ပါ့)၊ နို့ ဘုရားက ဒီဥစ္စာ ပဋ္ဌာန်းပါဠိတော်ဟာ အကြောင်းအကျိုး ဆက်ပြတာပဲဆိုတာ မှဟ်ကြစမ်းပါ (မှန်ပါ့)။

သဒ္ဓါတရားသည် အားကြီးသော အကြောင်း

သဒ္ဓံ-သဒ္ဓါတရားကို၊ ဥပနိဿယ- အမှီပြု၍၊ ဒါနံ- ကျောင်းအလှူကို ဒေတိ- ပေးလှူ၏။ (မှန်ပါ့)၊ သီလံ သမာဒိယတိ- သီလပဲ ဆောက်တည်တယ်၊ ဥပေါသထကမ္မံ ကရောတိ- ဥပုသ်စောင့်တာလဲ ကျေးဇူးပြုတာပဲ၊ ဈာနံ ဥပ္ပါဒေတိ-ဈာန် ကိုလဲ ရစေနိုင်တာပဲ၊ မဂ္ဂံ ဥပ္ပါဒေတိ-တဲ့၊ မဂ်ကိုလဲ ဖြစ်စေ၊ နိုင်တာပဲတဲ့။(မှန်ပါ့)၊ အဘိညံ ဥပ္ပါဒေတိ-တဲ့ အဘိညာဏ်ကိုလဲ ဖြစ်စေနိုင်တယ်၊ သမာပတ္တိံ- ဥပ္ပါဒေတိ-တဲ့ သမာပတ် ကိုလဲ ဖြစ်စေနိုင်တယ်ဆိုတော့ ဒါက ဘုရားသခင် ကိုယ် တော်မြတ်ကြီး ကိုယ်တော်တိုင် ဘုရားဖြစ်ပြီးမှ သိမြင်လို့ ဟောတော်မူတဲ့အဓိပ္ပါယ်လို့ မောင်ကျော်သိန်းတို့၊ မတင်လှ တို့ မှတ်ရမယ်နော်။ (မှန်ပါ့ ဘုရား)။

ဪ တို့ လှူတဲ့ ကမ္မဋ္ဌာန်းကျောင်း ကမ္မဋ္ဌာန်း တိုက် အလှူကို ဆရာသမားကို အမှူးထားပြီး လှူတဲ့အလှူ၊ ဘေးက ပုဂ္ဂိုလ်တွေက အားထုတ်ချင်လဲ ထုတ်နိုင်အောင် လှူတဲ့အလှူ၊ ဈာန်မဂ်ဖိုလ် ကျေးဇူးပြုနိုင်တယ် ဆိုတာကိုလဲ သေသေချာချာမှတ်ပါ။

ဈာန်မဂ်ဖိုလ်ကို ကျေးဇူးပြုနိုင်တယ်

ဈာန်မဂ်ဖိုလ်ကို ကျေးဇူးပြုနိုင်တယ်လို့ဆိုတော့၊ သီလ, သမာဓိ, ပညာတွေကိုလဲ သူက ရအောင် ကျေးဇူးပြု ပညာတစ်ခု ရတယ်ဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာ ပညာသည် မဂ်ကို ဖြစ်စေနိုင်တယ်၊ ဖိုလ်ကို ဖြစ်စေနိုင်တယ်။ သမာပတ်ကို ဖြစ်စေနိုင်တယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုယ် တိုင် ဘုရားဖြစ်တော်မူပြီးမှ ကိုယ်တော်မြတ်ကြီး သိတော် မူတဲ့ ဉာဏ်တော်နဲ့ အကြောင်းအကျိုး ဆက်ပြလိုက်တဲ့ အတွက် ဪ ဒါဟာ ဈာန်မဂ်ဖိုလ်ကို ကျေးဇူးပြုနိုင်တယ် ဆိုတာ သေသေချာချာ ယုံကြည်ရမယ်၊

ငါတို့သည်ကားလို့ဆိုရင် ဒီအကြောင်းနဲ့ပတ်သက်ပြီးသကာလ နေရာကျပြီ၊ ဈာန်မဂ်ဖိုလ် အကျိုးငှာ လှူတယ် လို့ စိတ်ပြောင်းပစ်လိုက် ရမယ်နော်။ (မှန်ပါ့)။

ဘယ်အကျိုးငှာ လှူကြသလဲ (ဈာန်မဂ်ဖိုလ်အကျိုး ငှာပါ ဘုရား)၊ ဈာန်မဂ်ဖိုလ်အကျိုးငှာနော်။ (မှန်ပါ့)၊ ကာမသုဂတိတွေ ဘာတွေ လိုချင်လို့ မဟုတ်ဘူးဆိုတော့ ဒီမှာ မှတ်လိုက်ပါတဲ့၊ သူက ပေးတာတော့ဖြင့် ဥပေါသထ ကမ္မံ ကရောတိ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ သမာပတ္တိံ ဥပ္ပါဒေတိ။ ပဝတ္တိ အကျိုးတွေ အကုန် ပေးချလိုက်မှာပဲ။ (မှန်ပါ့)၊ ဦးသံဒိုင် ဒါဟာ ပဝတ္တိ အကျိုးလို့ မှတ်လိုက်။ (မှန်ပါ့)၊ မောင်သစ်လဲ မှတ်ထားနော်။ (မှန်ပါ့)။

ကောင်းကျိုးတွေ အကုန်ရတယ်

ဒီ ပဝတ္တိအကျိုးတွေ ဘာဖြစ်လို့ ပေးရလိမ့်မတုံး ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် သဗ္ဗညုတ ရွှေဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါမှာ ဥပနိဿယပစ္စည်း တဲ့၊ ဥပနိဿယမှာလဲ ဘာဥပနိဿယတုံး ဆိုလို့ ရှိရင် ပကတူပ နိဿယပစ္စည်းလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ပကတူပါ နိဿယပစ္စည်းဆိုတာ တခြားလား မှတ်နေတယ်၊ ဗလဝသတ္တိ ရှိတဲ့ ပစ္စည်း။ (မှန်ပါ့)။

မောင်ကျော်သိန်း ဘာသတ္တိတဲ့တုံး။ (ဗလဝသတ္တိ ရှိပါတယ် ဘုရား)၊ ဗလဝသတ္တိရှိတဲ့ပစ္စည်းလို့ သေသေချာချာ မှတ်ကြပါ။ (မှန်ပါ့)၊ ဗလဝသတ္တိဆိုတဲ့ ဥစ္စာက ဘာတုံးလို့ မေးတဲ့အခါကျတော့ အားကြီးသောအကြောင်း သတ္တိ ရှိတယ်။ (မှန်ပါ့)။

သံသရာစခန်းသတ်တဲ့အထိ အကျိုးပေးတယ်

အားကြီးသော အကြောင်းသည် ဘာတုံးလို့ မေးလိုက် တဲ့အခါကျတော့ မဆုံးနိုင်တဲ့ -သံသရာ စခန်းသတ်တဲ့၊ တိကျအောင် သူ ကျေးဇူးပြုနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ယူကြပါ။ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဘယ်ကျအောင် အကျိုးပေးနိူင်သတုံး။ (သံသရာ ဆုံးသည့်တိုင် ပေးပါတယ်)။

ဘာ့ကြောင့် ဒီဥစ္စာ သံသရာ အဆုံးသတ်နိုင်တယ် လို့ ဘုရားဟောပါလိမ့်မတုံးဆိုတော့ မဂ္ဂံ ဥပ္ပါဒေတိ-တဲ့၊ မဂ်ကိုလဲ ဖြစ်စေနိုင်တယ်တဲ့၊ ဒီလိုလာထားတော့၊ မဂ်ရတယ် ဆိုတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်ပါပြီးသားထား၊ မဂ်ရတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်လို့ မှတ်ထားကြပါ။ (မှန်ပါ)။

အဲဒီမှာ မဂ္ဂံ ဥပ္ပါဒေတိလို့ ဟောကြားပြန်တော့၊ ဪ မဂ်ကိုလဲ ဖြစ်စေတယ်ဆိုတော့၊ သူက မဂ်ကို ဖြစ်စေတာလားလို့ မေးတဲ့အခါကျတော့၊ သူက မဂ်ကို ဥပနိဿယနဲ့ ပေးတော့ပေးမှာပဲ၊ ကိုယ်က မဂ်အလုပ်ကို လုပ်ဖို့ အကြောင်းညီညွတ်ဖို့ကို သူ အားပေးတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

မဂ်အလုပ်,လုပ်နိုင်အောင် အားပေးတယ်။

သူက မဂ်အလုပ်,လုပ်ဖို့ အကြောင်းညီညွတ်ဖို့ကို အားပေးလိုက်တယ်၊ အားပေးလိုက်တော့ ကိုယ်က မဂ် အလုပ်ကို လုပ်လိုက်ပါတယ်၊ ဖြစ်ပျက်ရှုလိုက်တယ်၊ မဂ်ဝင် လာတယ်၊ ဖြစ်ပျက် မုန်းတယ်၊ ဖြစ်ပျက်ဆုံးတယ် ဆိုရင် နိဗ္ဗာန် မြင်လို့ မဂ်ဝင်လာတယ်၊ အဲဒါ သူရဲ့ အကြောင်းသတ္တိ ကင်းပါသလားလို့ မေးလို့ရှိရင် မဂ်ရဖို့ အကြောင်းကိုလဲ သူက အားကြီးသောအကြောင်းနဲ့ ကျေးဇူး ပြုလိုက်တဲ့အတွက် ကိုယ့်က မဂ္ဂပစ္စယောကိုလဲ အားထုတ်ဖြစ်တယ်လို့ မှတ် ပါ။ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ်။ (မဂ္ဂပစ္စယောကို အားထုတ် ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ မဂ်ရခြင်းအကျိုးကို အားထုတ်ဖြစ်တယ် ဆိုတဲ့ ဥစ္စာ ရှေးကဟာကို မယူပါနဲ့ တဲ့၊ ယခုကိုပင်လျှင် ဒီကျောင်းဒကာ ကျောင်းအမ, မလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ မဂ္ဂပစ္စယော ဖြစ်အောင် လုပ်ဖြစ်တာ ရှေးက ဥပနိဿယ ပါတယ်။ (မှန်ပါ့)၊ ရှေးက ဥပါနိဿယမပါရင် (မလုပ် ဖြစ်ပါ ဘုရား)၊ လူ့ဘဝလဲ မရဘူး ဦးသံဒိုင်၊ ဆရာကောင်း သမားကောင်းကော (မတွေ့ ပါ ဘုရား)၊ မတွေ့နိုင်ဘူး။ ကိုယ့်စေတနာလဲ ဒီအထဲက လုပ်ချင်တဲ့စိတ် ပေါ် မလား။ (မပေါ်ပါ ဘုရား)၊ တစ်ခါ ဆရာသမား ကောင်း နဲ့ကော ကြုံပါ့မလား။ (မကြုံပါ ဘုရား)၊ အဲဒီ မကြုံကြုံအောင် လုပ်တာက ဥပနိဿယသတ္တိ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

မကြုံ-ကြုံအောင်လုပ်တာ ဥပနိဿယသကို

မကြုံ-ကြုံအောင်လုပ်တာက (ဥပနိဿယသတ္တိပါ)၊ မကြုံ-ကြုံအောင်လုပ်တာက ဥပနိဿယ သတ္တိ၊ မဂ်ကို အားထုတ်ဖြစ်အောင်၊ မကြုံ-ကြုံအောင် လုပ်တာက ဥပနိဿယသတ္တိ၊ ကဲ သူက ကြုံအောင် လုပ်ပေးလိုက်တော့ ကိုယ်က အားထုတ်လိုက်တယ်၊ ကိုယ်က ရုပ်နာမ်တွေကို ဖြစ်ပျက် ရှုလိုက်တယ်၊ ရုပ်နာမ်ဖြစ်ပျက်တွေ ရှုလိုက်တော့၊ သူက ကျေးဇူးပြုထားတော့ကို ကိုယ်ကလဲ လုပ်ဖြစ်တာပဲ။ (မှန်ပါ့)။

ဥပမာ ပြောကြပါစို့ဆိုလို့ရှိရင်ဖြင့် ကိုယ်က ဘုရား တည်ချင်နေရုံနဲ့လဲ မဖြစ်သေးပါဘူး၊ ဥပနိဿယက ပစ္စည်း ရှိအောင် စုပေးမှ ကိုယ်က ဘုရားတည်လို ဖြစ်တာ။(မှန်ပါ့)၊ ဥပနိဿယက ပစ္စည်းစု မပေးရင် ကိုယ်က ဘုရား တည်လို့ (မဖြစ်ပါ ဘုရား)၊ မဖြစ်နိုင်တော့ ဥပနိဿယသတ္တိ ကင်းတယ်လို့ ဆိုကြမလား။ (မကင်းပါ ဘုရား)၊ ဒါက ပကတူပနိဿယပစ္စယော-လို့ ယူလိုက်ပါတဲ့။ (မှန်ပါ့)၊ ပကတူပနိဿယပစ္စည်းက အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုသောကြောင့် သူသည် မဂ္ဂပစ္စယောကို ထောက်ပံ့ ပေးတဲ့ ပစ္စည်းလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

အားထုတ်ဖြစ်တာက မဂ္ဂပစ္စည်း

ဒါဖြင့် အခု ကမ္မဋ္ဌာန်းကျောင်းတွေ၊ အမျိုးမျိုး အဖုံဖုံ ကျောင်းဆောက်ပြီး ကိုးကွယ်၊ ဆွမ်း,ကွမ်း အစရှိသည် တို့ လှူဒါန်းတဲ့ဥစ္စာ သူက ဥပနိဿယပစ္စည်း၊ ကိုယ့်သန္တာန် မှာ အားထုတ်ဖြစ်တာက မဂ္ဂပစ္စည်း (မှန်ပါ့)၊ ဥပနိဿယ မပါဘဲနဲ့ မဂ္ဂ ဖြစ်နိုင်ပါ့မလားလို့ မောင်သစ်ကိုမေးရင် မဖြစ်နိုင်ဘူး ဘုရား။ (မှန်ပါ့)၊ ဦးသံဒိုင် ဖြစ်နိုင်ပါ့မလား။ (မဖြစ်နိုင်ပါ ဘုရား)၊ လူ့ပြည်ရောက်အောင် တင်ပေးရမှာက ဥပနိဿယ (မှန်ပါ့)၊ လူ့ပြည်ရောက်ပြန်တော့ စီးပွား အကြောင်း ညီညွတ်ဖို့ရာကော (ဥပနိဿယပါပဲ)၊ လူ့ပြည် ရောက်ပြန်တော့ တစ်ခါ သာသနာ ထွန်းကားတဲ့နေရာ ဖြစ်ဖို့ကော (ဥပနိဿယပါပဲ)၊ ဥပနိဿယပဲ ဆိုတော့ ဪ သာသနာထွန်းကားပြီး သကာလ သာသနာ့အနှစ်သာရကို ဟောပြော ညွှန်ကြား ပြသပေးနိုင်တဲ့ ဆရာသမားများနဲ့ ဖျက်ခနဲ လာတွေ့ ရတာကော(ဥပနိဿယပါပဲ)၊ အဲ ဥပနိဿယဖြစ်တယ်။

ပြီးတော့ ကိုယ့်မှာ ထောင်နိုင်တဲ့ နားကလဲ တစ်ခါ စဉ်းစားပါဦး၊ ဘာပါလိမ့် (ဥပနိဿယ ပစ္စည်းပါ ဘုရား)၊ နို့ မဟုတ်လို့ရှိရင် နားပင်းနေမယ်၊ နားချို့ နေမယ်ဆိုလို့ ရှိရင်လဲ ဥပနိဿယ ကင်းသွားမယ်။ (မှန်ပါ့)၊ ဥပနိဿယ ကင်းပြန်တော့လဲ လိုရင်းကိစ္စ မပြီးဘူးဆိုတာ မှတ်ရမယ်။ (မှန်ပါ့)။

ဒါကြောင့် အိမ်တစ်လုံးပြီးချင်လို့ ရှိရင် မောင်သစ်တို့၊ ဦးသံဒိုင်တို့လဲ ပါဦးမှ၊ ထုပ်လဲလုပ်ဦးမှ၊ လျောက်လဲပါဦးမှ၊ အခင်းလဲပါဦးမှ၊ လက်သမားလဲပါဦးမှ၊ ဒါတွေ မလိုဘူး လား။ (လိုပါတယ် ဘုရား)၊ အိမ်ပြီးချင်ပါတယ် ဆိုလို့ တစ်ခုတည်းနဲ့ ပြီးတာမျိုး ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)၊ ထို့အတူပဲတဲ့၊ ဈာန်မဂ်ဖိုလ်ကို ရအောင် အားထုတ် တဲ့ နေရာမှာ ဥပနိဿယကင်းရင် ရကိုမရနိုင်ဘူး။ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဥပနိဿယကင်းရင် မဂ်ဖိုလ်မရနိုင်

ဈာန်မဂ်ဖိုလ် ရအောင် အားထုတ်တဲ့နေရာမှာ (ဥပါနိဿယကင်းရင် မရနိုင်ပါ ဘုရား)၊ ဥပနိဿယ ကင်းရင်ရကို မရနိုင်ဘူး၊ နေ့လုပ် နေ့စား၊ ညလုပ် ညစားနဲ့ နေရတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဘုန်းကြီးက ဒီကနေပြီး အသံချဲ့စက်နဲ့ အာပေါက်အောင် အော်ငြား သော်လဲ သူတို့ အနားမကပ်နိုင် ကြဘူး ၊ နားထောင်ဖို့ မလာနိုင်ကြဘူး။ (မှန်ပါ့)၊

ဘာကြောင့်တုံးဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (ဥပနိဿယ ကင်းနေလို့ပါ)၊ ဥပနိဿယသတ္တိ ကင်းနေတယ်လို့ ဒကာ ဒကာမတွေက သေသေချာချာ မှတ်ပါ။ (မှန်ပါ့)။

ဒါဖြင့် ဦးသံဒိုင် ဥပနိဿယကင်းလို့လဲ မဂ္ဂပစ္စယော မဖြစ်နိုင်ဘူး။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)၊ ဥပနိဿယပစ္စည်းက ကျေးဇူးပြုမှ လူ့ဘဝ ရမှာကိုး၊ လူ့ဘဝရပြန်တော့လဲ ပစ္စန္တ ရဇ်ဇနပုတ်မှာ သွားပြီးဖြစ်နေပြန် လို့ရှိရင်လဲ ဒကာ ဒကာမတွေ ရပ်ပြစ်ရှစ်ပါးမှာ ဖြစ်နေပြန် လို့ ရှိရင်လဲ မဂ္ဂပစ္စယော ရနိုင်ပါ့မလား။ (မရနိုင်ပါ ဘုရား)။

ဒါဖြင့် သာသနာထွန်းကားတဲ့နေရာ၊ သာသနာကို လက်ညှိုးညွှန်ပြီး ပြနိုင်တဲ့နေရာ သံသရာ လမ်းဆုံးကို ပြသ နိုင်တဲ့ နေရာကို ရောက်လာတာလဲ ဘယ်သတ္တိတုံး မေးကြ ရင် ဘယ့်နှယ် ဖြေကြမလဲ (ဥပနိဿယ သတ္တိပါ ဘုရား)၊ ဒါ့ကြောင့် ဥပနိဿယ သတ္တိရှိနေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ မဂ္ဂပစ္စယောကို ကိုယ်ကိုယ်တိုင် လုပ်မှဖြစ်တာလဲ ဒါဟာ ဥပနိဿယ၏ စွမ်းရည်သတ္တိပဲဆိုတာ သဘောကျပလား။ (ကျပါပြီ)။

မဂ္ဂပစ္စည်းကို ကူညီတယ်

ဒါဖြင့် ဥပနိဿယပစ္စယောသည် မဂ္ဂပစ္စည်းကို ကူညီ တယ်၊ ရှင်းပလား။ (ရှင်းပါပြီ)၊ မဂ္ဂပစ္စည်းသည် နိဗ္ဗာန် ကို ကျေးဇူးပြုတယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ)။

ဥပနိဿယပစ္စည်းက ဘယ်ကို ကျေးဇူးပြုသတုံး။ (မဂ္ဂပစ္စည်း ကျေးဇူးပြုပါတယ်)၊ မဂ္ဂပစ္စည်းကို ကျေးဇူး ပြုလိုက် တယ်၊ ဒါ ပါဠိတော်က ရှိပြီးသားဖြစ်နေတယ်၊

‘‘ဈာနံ ဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ’’-ကိုး။ (မှန်ပါ့)၊ ဈာန်မဂ်ဖိုလ် ကိုလဲ ဖြစ်စေနိုင်တယ်လို့ ဟောထား သောကြောင့် ဘုရား သခင် ကိုယ်တော်မြတ်ကြီး ဟောတာ နှစ်ခွန်းသောစကား ကို မပြောဘူး၊ တစ်ခွန်းတည်းနဲ့ အမှန်ပြောတယ်ဆိုတာ ယုံကြည်ပြီးသကာလ ဪ တို့မှာ ဥပနိဿယ ပစ္စည်းက ရလို့ အခု မဂ္ဂပစ္စယောအတွက် လုပ်ဖြစ်တာကိုး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ရိပ်သာအဆောက်အအုံလှူပုဂ္ဂိုလ်

မဂ္ဂပစ္စယော လုပ်ဖြစ်တော့ကို အခုတစ်ခါ ကျောင်း ဆောက်ပြီး သကာလ ကမ္မဋ္ဌာန်းထိုင်တဲ့ ပုဂ္ဂိုလ်တွေ ချမ်းသာဖို့၊ ကျန်းမာဖို့ ဆိုတော့ သူကနေပြီး အခုလုပ်တဲ့ ကုသိုလ်က တစ်ခါ ဘာကို ကျေးဇူးပြုပြန်သတုံး ဆိုတော့ အားလုံးသော ပုဂ္ဂိုလ်တို့၏စိတ်ချမ်းသာမှု၊ ကျန်းမာမှု၊ အာယုဝဏ္ဏ သုခဗလ ပဋိဘာန ဆိုတဲ့ ကျောင်းအလှူဟာ ဘာလှူသတုံးလို့ မေးတဲ့ အခါကျတော့ အသက်လဲ လှူတာတဲ့၊ ဘာ့ကြောင့် အသက် လှူသတုံးလို့ မေးတဲ့အခါကျတော့ နေပူထဲမှာနေရင် မြန်မြန် သေမှာပဲ၊ ဒီကျောင်းထဲဝင်ပြီး သကာလ နေလိုက်တဲ့အခါကျတော့ ရောဂါဥပဒ်အန္တရာယ်ကင်းပြီး အသက် ရှည်တယ်။ (မှန်ပါ့)၊ ဒါကြောင့် ကျောင်းအလှူသည် အသက်ရှူတာလဲ ပါတယ်တဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဆင်းကိုလဲ လှူပြီးသား

နေပူထဲနေရင် ကမ္မဋ္ဌာန်းအားထုတ်သူဖြစ်စေ၊ ဘုန်းကြီး တို့ဖြစ်စေ မည်းကြုတ်သွားမှာ။ (မှန်ပါ့)၊ ဒီ မည်းကြုတ် မသွားဘဲနဲ့ ပင်ကိုအသားအရေနဲ့ ပင်ကိုနေနိုင်တာလဲ ကျောင်းလှူတဲ့ ပုဂ္ဂိုလ်က အဆင်းကိုလဲ လှူပြီးသားဖြစ် တယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

ချမ်းသာကိုလဲ လှူရာရောက်တယ်

သုခ တဲ့၊ ပြင်ဘက်မှာနေရင် ခြင်တို့၊ ယင်တို့ လေတို့ နေတို့, အအေးတို့ အမျိုးမျိုးအဖုံဖုံ မကိုက်ပေဘူးလား။ (ကိုက်ပါတယ်)၊ ခြင်ကိုက်မှု၊ လေတိုက်မှုအမျိုးမျိုး ရှိတာတွေကိုလဲ မဖြစ်ပွားစေဘဲ ချမ်းသာစေတယ်၊ အဲဒီ သုခကိုလဲ ကျောင်းလှူတဲ့ပုဂ္ဂိုလ်က သုခကို လှူရာရောက် တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အားအင်ဗလကိုလဲ လှူတယ်

တစ်ခါ ကျောင်းထဲမှာ နေလိုက်ပြန်လို့ ရှိရင်လဲ အားအင်ဗလ မဆုတ်ယုတ်ဘူး၊ ဒီပြင်နေရာမှာ၊ အဆောက် အအုံမရှိတဲ့နေရာမှာ နေလိုက်တော့ ဥတုကြောင့် စိတ်ညစ်ညူး ရတာမျိုး၊ ခြင်ကိုက်လို့ ဆုတ်ယုတ်ရတာမျိုး၊ အမျိုးမျိုးအဖုံဖုံ စိတ်ညစ်ညူးမှုတွေ ရှိတဲ့အခါကျတော့ အားအင်ဗလလဲ ဆုတ်ယုတ် သွားတာပဲ။ (မှန်ပါ့)၊ အဲဒါကြောင့် အာ အင် ဗလကိုလဲ လှူတယ်လို့ မောင်ကျော်သိန်းတို့၊ မတင်လှတို့က မှတ်ရမယ်နော်။ (မှန်ပါ့ ဘုရား)။

ပညာကိုလဲ ပေးလှူတယ်

ပဋိဘာနတဲ့ ၊ ပညာကိုလဲ ပေးလှူပါတယ်။ (မှန်ပါ့)၊ ခြင်က ကိုက်၊ နေကပူနဲ့ဆိုရင် ဥပမာ ဖြစ်ပျက် အားထုတ်ဦးတော့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ ပညာတက် နိုင်ပါမလား။ (မတက်နိုင်ပါ ဘုရား)၊ မတက်နိုင်ဘူး၊ သမာဓိ နည်းသွားပြီ၊ သမာဓိနည်းသွားတော့ ပညာကလဲ ဘယ့်နှယ်နေသတုံး။ (နည်းသွားပါတယ် ဘုရား)၊ အခု လှူထားတဲ့ အဆောက်အအုံထဲမှာ နေလိုက်တော့ အားထုတ် လိုက်တယ်ဆို ဖျတ်ဆို ဖြစ်ပျက် ကလေးကို မြင်လာတယ်။ (မှန်ပါ့)၊ ဖျတ်ဆို ဖြစ်ပျက် မုန်းလာတယ်၊ ဖျတ်ဆို ဖြစ်ပျက်ဆုံးချင်လဲ ဆုံးသွားတယ်။ (မှန်ပါ့)။

ဒါ ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ သူတို့လှူတဲ့ အဆောက်အအုံပေါ်မှာ နေရလို့ ဉာဏ်ထက် လာသောကြောင့် ဒီအဆောက်အအုံသည် ဉာဏ်ပညာကိုလဲ ကျေးဇူးပြုတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အသက်ရှည်မှုကိုလဲ လှူတယ်

အဲဒါကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်ကြီးက အဆောက် အအုံလှူတဲ့ဥစ္စာ အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန ဆိုတဲ့ အကျိုးတွေကို လှူတာတဲ့။ (မှန်ပါ့)၊ ကျောင်းလှူတာဟာ အသက်ရှည်မှုကို လှူတာ၊ အဆင်းလှူမှုကို (လှူတာပါ ဘုရား)၊ သုခ ချမ်းသာကိုလဲ (လှူတာပါ ဘုရား)၊ ဗလအားခွန်ဗလကို (လှူတာပါ ဘုရား)၊ ပဋိဘာန- ပညာကို (လှူတာပါ ဘုရား)၊ ပညာကို လှူတာ ဖြစ်လေသောကြောင့်၊ ပညာပါရမီ ပညာ၏ အလုပ်ကိုလဲ လှူပြီးသားဖြစ်လေ သောကြောင့် ကျောင်းလှူတာဆိုရင် ငါးမျိုးပါတယ်။ (မှန်ပါ့)၊ ဒါ ဘုရား အမြင်တော်ကြီးနဲ့ ဟောတာနော်။ (မှန်ပါ့)။

ကျောင်းလှူရင် (ငါးမျိုးပါ,ပါတယ် ဘုရား)၊ အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန-ဆိုတဲ့ ဥစ္စာတွေ အကုန်ပါ,ပါ တယ်။ (မှန်ပါ့)၊ ဒါ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ငါးမျိုး အလှူပွဲ

ဒါဖြင့် ဒကာ ဒကာမတို့ ပညာဉာဏ်ညံ့နေတဲ့ ပုဂ္ဂိုလ် များ ပညာထက်ချင်လို့ ရှိရင်လဲ ပညာ ပွားကြောင်းကို သူ လုပ်ရမှာပဲ။ (မှန်ပါ့)၊ ပညာကြီးခြင်း၏အကြောင်း၊ ပညာ ထက်မြက်ခြင်း၏ အကြောင်း ကိုလဲ သူ လုပ်ရမယ် ဆိုတော့ သူ့ အလှူပွဲသည် ဘာအလှူပွဲတုံး ဆိုလို့ရှိရင် ငါးမျိုး အလှူပွဲလို့ မှတ်လိုက်ကြစမ်းပါ။ (မှန်ပါ့)၊

အသက်ရှည်မှုကိုလဲလှူ တယ်၊ အဆင်းလှမှုကိုကော (လှူပါတယ်)၊ ချမ်းသာမှုကိုကော (လှူပါတယ်)၊ အားအင်ဗလကော (လှူပါတယ် ဘုရား)၊ ပဋိဘာန- ဉာဏ်ပညာကြီးမှုကိုကော (လှူပါတယ် ဘုရား)။

ဒါဖြင့် အဆောက်အအုံကို လှူခြင်းသည် အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန ငါးမျိုးကို လှူသည်မည်၏ လို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးသည် ဟောတော်မူ သောကြောင့် ဪ တို့ အလှူဟာ ဘာလှူပါလိမ့်မတုံးလို့ဆိုလို့ ရှိရင် ခုနင်က ပြောခဲ့တဲ့ အသက်ရည်မှုကိုလဲ လှူတယ်၊ အဆင်းလှမှု ကိုလဲ (လှူပါတယ် ဘုရား)၊ ချမ်းသာ, အားအင်, ပညာကိုကော (လှူပါတယ် ဘုရား)။

တူသောအကျိုး ဖြစ်စေတယ်

ကောင်းပြီ၊ ဒါဖြင့် သူတစ်ပါးကို ဒီအလှူလှူရတဲ့ အတွက် ဘယ်လိုတုံးဆိုတော့ သဒိသံ ပါကံ ဇနေတိ တဲ့ လာပြန်တယ်နော်။ (မှန်ပါ့)၊ သဒိသံ- တူသော၊ ပါကံ- အကျိုးကို၊ ဇနေတိ- ဖြစ်စေ၏ ဆိုသောကြောင့် ကိုယ့်မှာလဲ တရားအားထုတ်တဲ့အခါ အသက်ရှည်မှုကိုလဲ ဖြစ်နိုင်တယ်။ အဆင်း ပြည့်စုံမှုကော (ဖြစ်နိုင်ပါတယ်)၊ ချမ်းသာပြည့်စုံမှုကော (ဖြစ်နိုင်ပါတယ်)၊ အားအင်ဗလ ပြည့်စုံမှုကော (ဖြစ်နိုင်ပါတယ်)၊ ကိုယ့်မှာ ပညာဖြစ်ပေါ်မှု (ဖြစ်နိုင်ပါတယ်)။

ဒါကတော့ တမာပင်စိုက်လို့ တမာသီး သီးသလို ကြံပင်စိုက်လို့ ကြံအချိုပင်ရသလို လှူတဲ့ ဒကာ ဒကာမတွေ မှာလဲ ပြန်ပြီးတော့ တူသော အကျိုးတွေ ရနိုင်တယ်။ (မှန်ပါ့)၊

ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဉာဏ်အမြင်တော်နဲ့ ပြောတာနော်။ (မှန်ပါ့)၊ ပြောသံကြားနဲ့ ပြောတာ မျိုးမဟုတ်ဘူးနော်၊ သဗ္ဗညုတဉာဏ်တော်နဲ့ ကိုယ်တိုင်သိပြီး ကိုယ်တိုင် ပြောတာ။ (မှန်ပါ့)၊

အားလုံးသောပုဂ္ဂိုလ်တွေ ကို ခြုံပြီး ကြည့်လိုက်တယ်ဆိုရင် ဒါမြင်လာတာပဲ။ (မှန်ပါ့)၊ ဒါ မြင်လို့ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ဖွင့်ဟ,ပြီး ဟောကြားတော်မူတယ်လို့ မှတ်လိုက်ကြစမ်း ပါ။ (မှန်ပါ့)၊ ရှင်းသွားပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျောင်းအလှူလား၊ ငါးမျိုးအလှူလား။ (ငါးမျိုးအလှူပါ)၊ ငါးမျိုးအလှူလို့ မောင်ကျော်သိန်းတို့၊ မတင်လှတို့ က မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ သူများကို ငါးမျိုးလှူလိုက်တော့ ကိုယ့်မှာလဲ ငါးမျိုး ပြန်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလဲ ယုံယုံကြည်ကြည်နဲ့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

သူများ ငါးမျိုးလှူတော့ကို (ကိုယ့်မှာလဲ ငါးမျိုး ပြန်ရပါတယ် ဘုရား)၊ ဒီဟာနဲ့ တူစွာသော အကျိုးကို ပြန်ရ ရမယ်။ (မှန်ပါ့)၊ ဒီအတိုင်းတူစွာ ပြန်ရ,ရမယ်ဆိုတာ ကိုလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထား တယ်။ (မှန်ပါ့)။

ရိပ်သာဆောက်ရင် အလှူငါးမျိုးရတယ်

အဲဒီတော့ ဒီအလှူပွဲဟာ ဘာအလှူပွဲတုံးဆိုလို့ ရှိရင် အမည် ပညတ်ကတော့ ကမ္မဋ္ဌာန်းကျောင်း, ကမ္မဋ္ဌာန်းတိုက် လှူတဲ့ အလှူပဲ၊ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာကတော့ ငါးမျိုးလှူလို့ ငါးမျိုး အကျိုးရတဲ့ပွဲပဲ။ (မှန်ပါ့)၊ ငါးမျိုး အကျိုးရတဲ့ ပွဲလို့ ကျောင်းဒကာ, ကျောင်းအမလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ

ဪ တို့ ငါးမျိုး သူများကို လှူလိုက်တဲ့အတွက် ကိုယ့်မှာ ငါးမျိုးတော့ ရပြီဆိုတော့ ဒီအထဲမှာ အဖိုးတန်ဆုံးက ‘‘ပညာ ဟိ သေဋ္ဌော လောကသ္မိံ ယာယံ နိဗ္ဗေဓဂါမိနီ။’’

လောကသ္မိံ -လောက၌၊ ပညာ ဟိ ပညာဧဝ- ပညာသည် သာလျှင်၊ သေဋ္ဌော-အမြတ်ဆုံးပဲတဲ့၊ သဘောကျပြီနော်။ (ကျပါပြီ)။

ဒီအထဲမှာ ပညာလှူတဲ့ ဥစ္စာ ပါသွားပြီ (ပါ,ပါ ပြီ)၊ ကိုယ့်မှာလဲ ဘာရမတုံး။ (ပညာရပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်မှာ ရတဲ့ ပညာဟာ လောကသ္မိံ -လောက ၌၊ ပညာ ဟိ ပညာဧဝ- ပညာသည်သာလျှင်၊ သေဋ္ဌော- ကိုယ်ရတာမှာ အမြတ်ဆုံးပဲ၊ ယာယံ ပညာ- အကြင်ပညာ သည်၊ နိဗ္ဗေဓဂါမိနီ- အဝိဇ္ဇာထု, တဏှာထုကို ဖောက်ပြီး သကာလ အနိစ္စ, ဒုက္ခ, အနတ္တကို မြင်နိုင်၏၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အကြင် ပညာသည် ဘယ်သူ့ကို ထိုးဖောက်ပြီးတော့ မြင်နိုင်ပါသတုံး၊ ကိလေသာထုကြီးကို ထိုးဖောက်ပြီး သကာလ ပင်ကိုရှိဖြစ်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တကို မြင်နိုင် တယ်၊ နိဗ္ဗာန်ကို မြင်နိုင်တယ်၊ ယဿာ- အကြင်ကြောင့်၊ ပဇာနာတိ- သိ၏၊ တသ္မာ-ထို့ကြောင့်၊ ဇာတိဘဝ ပရိက္ခယံ- ဇာတိ,ဇရာ,ဗျာဓိ,မရဏကို ကုန်စေနိုင်တယ်။ (မှန်ပါ့)။

ပညာအလှူဟာ အမြတ်ဆုံး

ဪ ဒါဖြင့် ဒီအထဲမှာ ပညာလှူတဲ့အတွက် ကိုယ့် ပညာသည်ကားလို့ ဆိုရင်ဖြင့် အမြတ်ဆုံးလဲ ဖြစ်တဲ့အပေါ်မှာ လှူတဲ့အလှူထဲမှာ ပညာအလှူဟာ အမြတ်ဆုံး။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။

ကိုယ့်ရတော့ ဘာပြန်ရနိုင်သတုံး။ (ပညာရနိုင်ပါ တယ်)၊ ဒီပညာက ဘာကျေးဇူး များနိုင်သတုံး ဆိုတော့ ဘယ် သူမှ မချိုးဖောက်နိုင်တဲ့ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ မြင်အောင် ဝိဇ္ဇာထု, တဏှာထုတို့ကို ဒီပညာက ထိုးဖောက်နိုင်သောကြောင့် ကိုယ့်မှာလဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို အလွယ်တကူနဲ့ ရနိုင်တယ်။ (မှန်ပါ့)၊ ပညာမလှူဖူးတဲ့ ပုဂ္ဂိုလ်ဟာ ရဖို့ မလွယ်ဘူး။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ပညာမလှူဖူးတဲ့ပုဂ္ဂိုလ် ရဖို့ မလွယ်ဘူးဆိုတော့ အခု “အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန” ဆိုတာတွေ ထဲမှာ ပဋိဘာန ဆိုတာ ပညာပဲ၊ အဲဒီပညာကို လှူရတဲ့အတွက် လောကထဲမှာ၊ အလှူတကာ့ အလှူထဲမှာ ပညာအလှူပွဲသည် အမြတ်ဆုံးပဲ။ (မှန်ပါ့)၊ ပညာဟိ သေဋ္ဌော လောကသ္မိံ ကိုး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊

ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ယာယံ ပညာ-အကြင်ပညာသည်၊ နိဗ္ဗေဓဂါမိနီ- သူများ မထိုးဖောက်နိုင်တာကို ထိုးဖောက်ပြီး သကာလ မြင်နိုင်တယ်။ (မှန်ပါ့)၊ လက္ခဏာသုံးပါးလဲ မြင်နိုင်တယ်၊ နိဗ္ဗာန်လဲ မြင်နိုင်တယ်။ (မှန်ပါ့)၊ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)။

သာစ-ထိုပညာသည်၊ ယဿာ-အကြင်ကြောင့်၊ ပဇာနာတိ-အနိစ္စလက္ခဏ, ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ နိဗ္ဗာန်တို့ကို သိ၏။ (မှန်ပါ့)၊ အဲဒီလို သိတော့ ဘာဖြစ်သတုံး၊ဇာတိ ဘဝ ပရိက္ခယံ- ဇာတိ ဆိုတဲ့ လာလတ္တံ့ ဘဝတွေအကုန်,ကုန်သွားနိုင်တာကို၊ ဒုက္ခသစ္စာကုန်တယ်လို့ ပြောလိုက်တာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဆောက်အအုံလှူတာ ဉာဏ်ပညာ ရတယ်

အဲဒါကြောင့် ဒီနေ့ အလှူပွဲသည် ပညာအလှူပွဲ ဖြစ်လေသောကြောင့် ကိုယ့်မှာလဲ ပညာရတယ်၊ ကိုယ့်မှာ ပညာရတဲ့အတွက် မထိုးဖောက်နိုင်တဲ့ ကိလေသာထုကြီးကိုလဲ ထိုးဖောက်ပြီး သကာလ ဇာတိ, ဇရာ, မရဏတို့၏ ကုန်ရာ ကိုလဲ သူသည် ကျေးဇူးပြုနိုင်တယ် ဆိုတော့ အင်မတန် အဖိုးတန်တဲ့ ပညာအလှူပဲဆိုလို့ ရှိရင် ဒကာ ဒကာမတွေ ငြင်းစရာမရှိအောင် မှန်ပါတယ်။ (မှန်ပါ့ ဘုရား)။

ဒီနေ့ အလှူပွဲဟာ ဘာအလှူပွဲပါလိမ့်။ (ပညာအလှူ ပွဲပါ ဘုရား)၊ ပညာအလှူပွဲဖြင့် လှူတဲ့ ပုဂ္ဂိုလ်မှာ ဘာရမတုံး။ (ပညာရနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် အမြတ်ဆုံးရတယ်။ (မှန်ပါ့)၊ “ပညာ ဟိ သေဋ္ဌော လောကသ္မိံ”ကိုး။ (မှန်ပါ့)၊

ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ဟောသောကြောင့် ဪ ပညာလှူလို့ ကိုယ့်မှာလဲ ဒီပညာ ရနိုင် ပါကလား ဒီပညာက ဘာတဲ့တုံး၊ ဘဝကို သိမ်းစေနိုင် တယ်။ (မှန်ပါ့)။

ဘာကို သိမ်းစေနိုင်သတဲ့။ (ဘဝကို သိမ်းစေနိုင် ပါတယ်)၊ အဲ ကိုယ်လဲ ဘဝသိမ်းတော့မှာပဲ၊ ဘဝဆိုတာ ဇာတိဘဝ ပရိက္ခယံလို့ ဘုရားက ဟောသောကြောင့် ဇာတိ, ဇရာ, ဗျာဓိ, မရဏ ဆိုတဲ့ ဘဝတွေ ကုန်စေနိုင်တယ် ဆိုတဲ့ ဥစ္စာကိုလဲ အခု ဒီ ဒကာ ဒကာမတွေက သေသေ ချာချာ မှတ်ရမယ်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါ ပြီ ဘုရား)။

ဒီလို မှတ်လိုက်တာပေါ့၊ စိတ်ပြောင်းလိုက်၊ ယနေ့ တ္ပည့်တော်တို့ ပညာလှူရတဲ့အတွက် ကိုယ့်မှာလဲ ဒီပညာ ရတာကိုလဲ ဧကန်ဆိုတာကိုလဲ ယုံကြည်သောကြောင့် ဒီ ပညာသည်ကားလို့ ဆိုရင်ဖြင့် ကိုယ့်အတွက် ကိုယ်ပင်လျှင် ဘဝသိမ်းလို့ ရတာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

နိဗ္ဗာန်ရကြောင်း လှူတဲ့နေ့

ကိုယ့်အတွက် ရတာက ဘာလုပ်ဖို့ ရတာတုံး။ (ဘဝသိမ်းဖို့ ရတာပါ ဘုရား)၊ ဘဝသိမ်းဖို့ ရတယ်ဆိုတော့ ဘဝနိရောဓော နိဗ္ဗာနံ။ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဘဝနိရောဓော- ဘဝချုပ်ခြင်းသည်၊ နိဗ္ဗာနံ- နိဗ္ဗာန် မည်၏၊ ဪ ဒါဖြင့် သူတစ်ပါးလှူလဲ နိဗ္ဗာန်ရကြောင်း လှူတဲ့နေ့ ကိုယ့်မှာလဲ နိဗ္ဗာန်ရကြောင်း အထမြောက်တဲ့ နေ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သုတ္တနိပါတ် ပါဠိတော်မှာ ကိုယ် တော်တိုင် ဟောသည်ဖြစ်လေသောကြောင့် အင်္ဂုတ္တိုရ်နဲ့ သုတ္တန်နိပါတ်ကို တွဲပြီး ဟောနေတယ်လို့ ဦးသံဒိုင်တို့ – မှတ်ရမယ်။ (မှန်ပါ့)။

အဲဒီတော့ ဒီလိုပညာရောက်အောင် မဟောလို့ ရှိရင်လဲ ဘုန်းကြီးဟာ အားလုံးပေါ့လေ၊ တရားနာနေကြတဲ့ ဒကာ ဒကာမတွေ လို သေးတာပဲ (မှန်ပါ)၊ သူဟာ ပညာရောက်မှ (မှန်ပါ့)၊ အခုတော့ဖြင့် သေချာပြီ မဟုတ်လား။ (သေချာပါပြီ ဘုရား)၊ ကျောင်းလှူတာဟာ ကျောင် တင် လှူတာလား၊ ငါးမျိုးလှူတာလား။ (ငါးမျိုးလူပါ ဘုရား)၊ ငါးမျိုးထဲမှာ ပညာမပါဘူးလား။ (ပါ,ပါတယ် ဘုရား)၊ ဒီပညာ သူများလှူတဲ့အတွက် ကိုယ့်မှာလဲ သဒိသံ ပါကံ ဆိုတဲ့အတိုင်း ပညာပဲ မရနိုင်ဘူးလား။ (ရနိုင်ပါတယ် ဘုရား)၊ ကိုယ့်မှာ ရတဲ့ပညာ ထက်မြက်ပြီးသကာလ ဇာတိ, ဇရာ, မရဏတွေ၏ ကုန်ဆုံးရာကို ကိုယ့်ကိုယ်တိုင် ရောက်နိုင်တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူတစ်ပါးကိုလဲ ရောက်စေနိုင်တဲ့ နေ့၊ ကိုယ်တိုင်လဲ ရောက်အောင် သွားနိုင်တဲ့ ပညာရတဲ့နေ့ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီတဲ့ အင်မတန် အဖိုးတန်တဲ့နေ့ဆိုတဲ့ ဥစ္စာ ဖြင့် သေချာသွားပါပြီ။

ပစ္စည်းကုန်တာနှင့် ရတာ တွက်ကြည့်ပါ

ကဲ တစ်ခါ – အခု ဤတိုက်နှစ်လုံးအလယ်မှာလဲ စင်္ကနြဲ့ ဘာနဲ့လှူတော့ ဘုန်းကြီးပဲ ဒီအထဲမှာ ဒကာ ဒကာမတွေကို အားထုတ်ခိုင်း၊ ကြိုးစားကြဟေ့၊ အထမြောက်ပြီ။ ကြိုးစားကြ ဆိုတဲ့အခါကျတော့ သူတို့မှာ ဥပမာ-ဒီဟာ အတွက် ပစ္စည်းကုန်တယ်ပဲ ထားပါဦးတော့နော်။ (မှန်ပါ့)၊ ကုန်တာနဲ့ ရတာကို ပြန်တွက်ပါဦးနော်၊ ရတဲ့ဘက်က နေရမယ်။ (မှန်ပါ့)။

ရန်ငါးပါးကြောင့်လဲ ကုန်နိုင်တယ်

ဘာကြောင့်တုံးဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောတော်မူတယ်၊ လောကကြီးမှာ ပညာနဲ့ အပါ ထုပ်မှသာလျှင် နေရာကျတယ်၊ ပညာနဲ့ အပါ မထုပ်လို့ ရှိရင် နေရာမကျဘူး။ (မှန်ပါ့)၊ ဘယ်လို အပါထုပ်တဲ့နည်းကို ဘုရားက သင်ပါလိမ့်မတုံးဆိုလို့ ရှိရင်ဖြင့် သေသေချာချာ မှတ်ကြ၊ အခု ပုံထားတဲ့ပစ္စည်းဟာ ဦးသံဒိုင် တစ်နေ့တည်းနဲ့လဲ ရေ, မီး, မင်း, ခိုးသူ, မချစ် မနှစ်သက်သော သူတို့ ယူသွားမယ်ဆိုလို့ ရှိရင် ပျောက်နိုင်ပါတယ်။ (မှန်ပါ့)။

သေသွားရင်လဲ ထားခဲ့ရမယ်

ရန်သူမျိုးငါးပါး ယူသွားရင် (ပျောက်သွားနိုင်ပါတယ် ဘုရား)။

ရေ,မီး,မင်း,ခိုးသူ, မချစ်မနှစ်သက်သော သူတို့ လက်ထဲ ရောက်မည့်ပစ္စည်း၊ တစ်နည်း သေလို့ ရှိရင်လဲ ဆိုင်ရာ ယူသွားမှာပဲ။ (မှန်ပါ့)၊ မသေခင်တော့ ဖြစ်ချင် သလို ဖြစ်နိုင်တယ်။ (မှန်ပါ့)၊ သေသွားတဲ့အခါကျလို့ ရှိရင်ဖြင့် လင်ရော မယားရော သေသွားကြမယ်၊ သူတို့ အမွေခံလဲ မရှိဘူး ဆိုရင်ဖြင့် နည်းနည်းနှီးစပ်တာတွေက လာသိမ်းမှာပဲ။ (မှန်ပါ့)။

အဲဒီ နီးစပ်တဲ့ ပုဂ္ဂိုလ်က ကြည်ညိုတဲ့ ပုဂ္ဂိုလ်လား၊ မကြည်ညိုတဲ့ ပုဂ္ဂိုလ်လား မပြောတတ်ဘူး၊ ဆိုင်တယ် ဆိုပြီး ယူကြမှာပဲ။ (မှန်ပါ့)၊ ဘယ်သူမှ မယူရင်လဲ ဆိုင်ရာက ဘဏ္ဍာတော်အဖြစ် သိမ်းမှာပဲ ဒီပြင် ဘာရှိသေးသတဲ့။ (ဘာမှ မရှိပါ ဘုရား)။

ဖြုန်းတီးပစ်ရင်လဲ ကုန်မယ် မီး (၁၁)ပါး

ဘာမှ မရှိဘူးဆိုတာ သိပြီး ထားပြီးတော့ သော် ရန်သူမျိုးငါးပါး မီးပုံထဲက ရန်သူမျိုးငါးပါး တည်းဟူသော မီးပုံ၊ တစ်နည်း ကြွားဝါမူးယစ် သောက်စားပစ်လိုက်မယ် ဆိုလဲ ဒီပစ္စည်းလောက်ဟာ ကုန်သွားမှာပဲ။ (ကုန်မှာပါ ဘုရား)၊ ဒါက ကိလေသာမီး လောင်ပစ်လိုက်တာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခုနင်က ပြောတာက ရန်သူမျိုးငါးပါး၊ ကိုယ်က မနေ တတ်လို့ သောက်စား မူးယစ် အပျော်အပါး လိုက်လိုက်လို့ ရှိရင်လဲ ဒီပစ္စည်းဟာ ဘာမှ မဖြစ်လောက်ဘူး၊ ကုဋေ ရှစ်ဆယ် ကြွယ်ဝတဲ့ သူဌေး တွေတောင် ကုန်သေးတာပဲ။ (မှန်ပါ့)။

အဲဒီတော့ ဒါဟာ ဘာတုံးဆိုတော့ ဟိုမှာ ကုန်သွားတဲ့ သူဌေးလင်မယားမှာ ကုဋေရှစ်ဆယ် ကုန်သွားတော့ ကိလေသာမီး လောင်တာ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရန်သူမျိုးငါးပါးမီးက ငါးမျိုး (မှန်ပါ့)၊ ကိလေသာမီးက ရန်သူမျိုးငါးပါးမီးထက် ကြီးကျယ်တယ် မှတ်ပါ။ (မှန်ပါ့)။

အလှူဆိုတာ မီးထဲက ဆွဲထုတ်တဲ့ပစ္စည်း

ဒါဖြင့် ဒီဥစ္စာ အခု လှူလိုက်ပြီ၊ ဆရာသမားကို လှူလိုက်ပါပြီ၊ မီးလောင်ခံရသေးသလား၊ မီးလောင်ခံရတဲ့ အထဲက ရလိုက်တာလားလို့ မေးလို့ရှိရင် ရန်သူမျိုးငါးပါးလဲ မဆိုင်လို့ အဲဒီအထဲက ရလိုက်ပါတယ်။ (မှန်ပါ့)၊ ကိုယ့်ကိလေသာမီးကလဲ ဒါတွေ သုံးစွဲမပစ်လို့ ကိလေသာ မီး လောင်တဲ့ အထဲကလဲ ဆွဲထုတ်လိုက်ရပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် မီးထဲက ဆွဲထုတ်တဲ့ပစ္စည်း။ (မှန်ပါ့)။

ဒါက ဓမ္မပဒမှာ လာတာ။ (မှန်ပါ့)၊ ဓမ္မပဒမှာ လာတော့ မရဏမီးလောင်သွားလဲ မောင်သစ် ပြောင်တာပဲ။ မပြောင်ဘူးလား။ (ပြောင်ပါတယ် ဘုရား)၊ ဦးသံဒိုင် မရဏ မီးလောင်ရင် ကိုယ်နဲ့ ဘာဆိုင်သတုံး။ (မဆိုင်ပါ ဘုရား)၊ ကိလေသာမီး လောင်တော့ကော (ပြောင်ပါတယ် ဘုရား)၊ ရန်သူမျိုးငါးပါး မီးတွေ လောင်ပြန်တော့ကော (ပြောင်ပါ တယ် ဘုရား)။

အလှူပစ္စည်း ဘယ်သူပိုင်သတုံး

ဪ ဒါဖြင့် ဒီဟာမျိုးကို အခု ပြင်ဘက်ကို ထုတ် လိုက်တဲ့အခါကျတော့ မီးငါးမျိုးထဲကပဲ ဆွဲထုတ်နိုင်တဲ့ စွမ်းရည်သတ္တိရှိတော့ မီးလောင်တဲ့အထဲကမှပဲ ဆွဲထုတ်ထား တဲ့၊ အမြတ်ရတဲ့ပစ္စည်း (မှန်ပါ့)၊ မရဏမီး လောင်မှာ ဆိုလို့ ရှိရင်လဲပဲ ထားပစ်ခဲ့ရမည့်ပစ္စည်း၊ အဲဒီမီးထဲကမှလဲ ဆွဲထုတ် ရတဲ့ ပစ္စည်း၊ ဒီပစ္စည်း ဘယ်သူပိုင်သတုံး ဆိုတာသာ အကဲ ခတ်ရမယ် ၊ ဆွဲထုတ်တဲ့လူ ပိုင်တယ်။ (မှန်ပါ့)။

ဘယ့်နှယ် ဆုံးဖြတ်ချက်ချမတုံး။ (ဆွဲထုတ်တဲ့လူ ပိုင်ပါတယ် ဘုရား)၊ ဆွဲထုတ်တဲ့လူ ပိုင်တယ် ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။

ဆွဲမထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ဖြင့် ဥပမာမယ် သူတို့ သေတဲ့အခါ သူများက ယူသွားလို့ ဖြစ်စေ၊ ရန်သူမျိုးငါးပါး မီးလောင်သွားတဲ့အခါကျလို့ ဖြစ်စေ ပစ္စည်းကုန်သွားလို့ ရှိရင် ဦးသံဒိုင် ကျန်ပါ့မလား။ (မကျန်ပါ ဘုရား)။

ဒီလို ကျောင်းကန်ဘုရာအတွက် အခုလိုလှူဒါန်း လုပ်ပစ်လိုက်တဲ့အတွက် ရန်သူမျိုးငါးပါးမီး ကကော လောင် နိုင်သေးရဲ့ လား။ (မလောင်နိုင်ပါ ဘုရား)၊ ကိလေသာ မီးကကော (မလောင်နိုင်ပါ့ ဘုရား)။

ဒါဖြင့် ရန်သူမျိုးငါးပါး မီးထဲကမှလဲ ဆွဲထုတ်ထား တာပဲ၊ ကိလေသာမီးတွေ လောင်မည့် အထဲကမှလဲ (ဆွဲထုတ် ထားပါတယ် ဘုရား)၊ ဆွဲထုတ်ထားတယ် ဆိုတော့ ဘယ်သူ ပိုင်သတုံးလို့ မေးရင် ဘယ့်နှယ်ပြောပါ့မလဲ (ဆွဲထုတ်တဲ့ လူ ပိုင်ပါတယ် ဘုရား)၊ ဒါတွေ ကျောင်းဒကာ, ကျောင်းအမ ပိုင်တယ် ဆိုကြပါစို့ (မှန်ပါ့)။

ဒါဖြင့် သူတို့သည် ဒီမီးတွေက မလောင်မှာလား၊ လောင်မှာလားလို့ ဦးသံဒိုင် မေးရင် ဘယ့်နှယ် ဖြေမလဲ (လောင်မှာပါ ဘုရား)၊ လောင်မှာပဲ၊ မရဏမီးကကော သေချာ တယ်၊ ရန်သူမျိုး ငါးပါးမီး ကကော (လောင်မှာပါ ဘုရား)၊ အဲဒီတော့ အဲဒါတွေဟာ လောင်သွားတဲ့ မီးထဲမှာ ပါသွား မှာပဲ (မှန်ပါ့)၊ မပါသေးဘူးလား (ပါမှာပါ ဘုရား)။

အဲဒီတော့ အခု ဆွဲထုတ်ထားလိုက်တဲ့ ပစ္စည်းဟာ သူတို့ ရန်သူမျိုးငါးပါးဘေးထဲကမှပဲ ဆွဲထုတ်ထားတာပဲ။ ကိလေသာမီး, မရဏမီးထဲကမှကော (ဆွဲထုတ်ထားပါ တယ်)၊ ဆွဲထုတ် ထားတော့ကို မီးလောင်တဲ့ပုဂ္ဂိုလ်မှာ ဆွဲ မထုတ်လို့ ရှိရင်လဲ မီးလာမှာ သိလျက်သားနဲ့ လောင်လဲ လောင်နေတာ သူများလဲ အမြင်သားပဲ။ ကိုယ့်မှာလဲ လောင် တန်သလောက် လောင်နေကြတာပဲ၊ မလောင်ဘူးလား။ (လောင်ပါတယ် ဘုရား)၊

အဲဒီလိုလောင်ပြီးသကာလနေတဲ့ အထဲမှ ဆွဲမထုတ်တတ်ပြန်လို့ ရှိရင်လဲ ဒါဟာ မီးလောင် ခံရတဲ့ ပုဂ္ဂိုလ်၏ လူမိုက်မိုက်မှုပဲ။ (မှန်ပါ့)၊ ဆိုထိုက် ကြပလား။ (ဆိုထိုက်ပါတယ် ဘုရား)၊ မီးလောင်လဲ ခံရ သေးတယ်၊ ဆွဲလဲ မထုတ်တတ်တဲ့အတွက် မိုက်လုံး ပိုသေး တယ်ဆိုလို့ ရှိရင်လဲ ဒါဟာ ငြင်းစရာ မရှိပါဘူး။ (မရှိပါ ဘုရား)။

ဒါဖြင့် ဒီဥစ္စာဟာ မီးလောင်တဲ့အထဲမှ မောင်ကျော် သိန်းတို့၊ မတင်လှတို့က ဆွဲထုတ်ထားတာ။ (မှန်ပါ့)၊ ဆွဲထုတ်ထားတော့ မီးလွတ်ရာရောက်တယ်။ (မှန်ပါ့)။

ဒါကျတော့ ဒီပစ္စည်းကို ဘုန်းကြီး လှူပြီးသားဖြစ်နေ တော့ သူ့ကို ကိလေသာမီးက လောင်ချ နိုင်သေးရဲ့လား။ (မချနိုင်ပါ ဘုရား)၊ ကိလေသာမီးမှလဲ လွတ်သွားပြီ။ (မှန်ပါ့၊ လွတ်သွားပါပြီ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

မရဏမီးကလဲ သူတို့ အကြင်လင်မယားသေကြပြီ။ သေလဲ ဒီဥစ္စာက သူတို့အဖို့ ကျန်ရစ်မှာပဲ။ (မှန်ပါ့)၊ မရဏမီးလောင်တဲ့ အထဲမှာလဲ (မပါ,ပါ ဘုရား)၊ မပါဘူး၊ ဆွဲထုတ်ထားတယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဓမ္မပဒ ပါဠိတော်မှာ မီးလောင်တတ်တဲ့၊ အထဲမှ ဆွဲမထုတ်တဲ့ လူလောက် လောကမှာ အရှုပ်ဆိုး အကျည်းတန်တာတော့ ငါ မမြင်ဘူးတဲ့၊ ဘုရားက သေသေချာချာဟောတာပဲ။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ကိလေသာမီး၊ ဒုက္ခမီး လောင်နေတဲ့ ပုဂ္ဂိုလ်တွေ

ကဲ ဒါဖြင့် မလှူရက်, မတန်းရက်, မပေးရက်, မကမ်းရက်နဲ့ မီးကလဲ လောင်နေတယ်၊ ကိလေသာမီး, ဒုက္ခမီးတွေကလဲ လောင်နေတယ်၊ ဒီလောင်တဲ့အထဲကမှလဲ ဆွဲမထုတ်တတ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဖြင့် မီးလောင်နေရင်း အရူး ထ,နေတာ ထိုင်ကြည့်နေတာနဲ့ တူနေတယ်။ (မှန်ပါ့)၊ မတူဘူးလား။ (တူပါတယ် ဘုရား)၊ ထိုင်ကြည့်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူ ဖြစ်ပါတယ်။ (မှန်ပါ့)။

အဲဒါတွေ ထောက်ကြည့်တော့မှ ဘုရားသခင်ကိုယ် တော်မြတ်ကြီး ဟောတာ မှန်ပါပေတယ်၊ မှန်ပါပေတယ် လို့ ခင်ဗျားတို့တစ်ဖွဲ့လုံး တာဝန်ခံရမယ်။ (မှန်ပါ့ ဘုရား)၊ မရဏမီးလောင်လဲ ကိုယ့်မှာ ဘာမှ မဆိုင်တော့ဘူး၊ သေမီး လောင်လိုက်တာကိုး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ရန်သူမျိုးငါးပါး မီးတွေလောင်ဖြစ်တော့ကော (မဆိုင်တော့ပါ ဘုရား)၊ သူခိုးသူဝှက်မီးလောင်တော့ ဘာမှ မရတော့ပါဘူး၊ အကုန်ပါသွားတာပါပဲ။ (မှန်ပါ့)။

လှူတယ် တန်းတယ် ဆိုတာ

ဒီတော့ လှူတယ်,လှူတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမ တွေက မှတ်လိုက်ပါတဲ့၊ မီးထဲက ဆွဲထုတ်ပြီး ကိုယ်ပိုင် ပစ္စည်း ဖြစ်တယ်လို့ မှတ်ပါတဲ့၊ သူများရသွားတယ်လို့ ဒီလိုမယူလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မီးထဲက ဆွဲထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူပိုင်သတုံး ဆိုတော့ ဆွဲထုတ်တဲ့ ပုဂ္ဂိုလ်ပဲ ရတယ်။ (မှန်ပါ့)၊ ဆွဲမထုတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့ (မရပါ ဘုရား)။

ဒါဖြင့် ပစ္စည်းတွေ တောင်လိုပုံပြီး သကာလ ဦးသံဒိုင် သေကြေသွားတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ် ဆိုမတုံး။ (ဆွဲမထုတ်တဲ့ ပုဂ္ဂိုလ်ပါ)၊ ဆွဲမထုတ်တတ်တဲ့ ပုဂ္ဂိုလ်ပဲ။ (မှန်ပါ့)။

ဆွဲမထုတ်ကတ်တော့ မီးကတော့ သုံးဆယ့်တစ်ဘုံဟာ မီးဟုန်းဟုန်းတောက်နေတဲ့ ဘုံတွေပဲ။ (မှန်ပါ့)၊ ကိလေသာ မီး, ဒုက္ခမီးတွေ ဟုန်းဟုန်းတောက်နေတယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ကိလေသာမီး, ဒုက္ခမီးတွေထဲကမှ ဒီဥစ္စာ ကို ဆွဲမထုတ်ဘူး၊ ခုနင်က ပြောခဲ့တဲ့ ပညာတွေဖြစ်အောင် ဆွဲမထုတ်နိုင်ဘူးဆိုလို့ ရှိရင် ဒီလူဟာ လူမိုက်ပဲ။ (မှန်ပါ့ ဘုရား)၊ မဆိုထိုက်ဘူးလား။ ဆိုထိုက်ပါတယ်)၊ ဘာကြောင့်တုံး၊ လောင်တာသိလျက်သားနဲ ဆွဲမထုတ်လို့ ၊ လောင်နေတာ သိလျက်သားနဲ့ (ဆွဲမထုတ်လို့ပါ ဘုရား)။

ဆွဲမထုတ်တဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကားလို့ဆိုလို့ရှိရင် အလွန် အပြစ်တင်တယ် ဆိုတဲ့ အဓိပ္ပါယ်တော့ ရှင်းသွားပလား။ (ရှင်းပါပြီ ဘုရား)၊ သဘောပါ ပလား။ (ပါ,ပါပြီ ဘုရား)။

ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားတယ်

ဒါဖြင့် ဒါက ဆွဲထုတ်တဲ့နည်းတဲ့၊ မောင်ကျော်သိန်း တို့၊ မတင့်လှတို့မှာ ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားပြီ မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ တုံး။ (ဆွဲထုတ်ထားလို့ ပါ ဘုရား)၊ ဆွဲမထုတ်ရင် ဘာဖြစ် မယ် ထင်သတုံး။ (လောင်မှာပါ ဘုရား)၊ လောင်မှာပဲဆိုတာ ကတော့ ပြောဖို့ မလိုတော့ဘူး။ (မှန်ပါ့)၊ ရှင်းကြပြီ။ (ရှင်းပါပြီ ဘုရား)။

ဆွဲမထုတ်လို့ ရှိရင်ဖြင့် (လောင်မှာပဲ)၊ သူခိုးသော် လည်းကောင်း၊ သူဝှက်သော်လည်းကောင်း၊ ဓားပြကသော် လည်းကောင်း၊ ရန်သူကသော် လည်းကောင်း ဟုတ်လား၊ ကိုယ်နဲ့ မိတ်ဆွေကသော် လည်းကောင်း၊ တစ်နေ့က ရန်ကုန် မှာ သတ်ပြီး ယူသွားတယ် ဆိုတာတွေဟာ ကြားလိုက်ကြ တယ် မဟုတ်လား။ (မှန်ပါ့)၊ ဧည့်သည်က လူသတ်ပြီး ပစ္စည်း အကုန်ယူသွားတော့ ဒါဟာ စောရမီး လောင်သွားတာပဲ။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင် ပါတယ် ဘုရား)၊ ခန္ဓာရော, ပစ္စည်းတွေရော လောင်သွားတာ (မှန်ပါ့)။

အဲဒါတွေဟာ ဘာဖြစ်လို့ တုံးလို့ မေးတဲ့အခါကျလို့ ရှိရင် ကိုယ်ပိုင် မဟုတ်လို့ (မှန်ပါ့)၊ မီးလောင် လိမ့်မယ် ဆိုတဲ့ ဥစ္စာကတော့ ခန္ဓာကိုယ်က မီးလောင်စာကြီး။ (မှန်ပါ့)။

ခန္ဓာကိုယ်ကြီးဟာ ဘာတုံး။ (မီးလောင်စာကြီးပါ ဘုရား)၊ ပစ္စည်းတွေကကော (မီးလောင်စာ ကြီးပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ယခုတော့ မြို့သိမ်မြို့ငယ်လေး

အဲဒီတော့ ဒါတွေဟာကွာတဲ့၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ပရိနိဗ္ဗာန် စံတော် မူခါနီးကျတော့ မလ္လာမင်း တို့၏ တိုင်း၊ အင်ကြင်းပင်ပျိုတွေကြားမှာ“ပရိနိဗ္ဗာန်စံမယ် အာနန္ဒာ”လို့ မိန့်တော်မူတယ်။ (မှန်ပါ့)၊

မလ္လတိုင်းဆိုတာ တိုင်းပြည်ကလေးက သိပ်သေးငယ်တာ။ (မှန်ပါ့)၊ ဒီပြင် တိုင်းပြည်တွေနဲ့ စာရင် သူက အလွန်ငယ်တယ်။ (မှန်ပါ့)၊

ဒါ့ကြောင့် အရှင်အာနန္ဒာက “အရှင်ဘုရား၊ ဒီနေရာတော့ ပရိနိဗ္ဗာန်မစံပါနဲ့ဘုရား၊ ဒီနေရာက အရှင်ဘုရား ကြည်ညို တဲ့ ပုဂ္ဂိုလ်တွေတော့ ရှိပါရဲ့၊ စည်ကားမှာ မဟုတ်ဘူး” ဒီနေရာက သေးငယ် လွန်းတဲ့ မြို့သိမ်မြို့ငယ်၊ မြို့လက်တက် ကလေး ဖြစ်လို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ။ (မှန်ပါ့)။

ယခင်က စကြာမင်း နေပြည်တော်

အာနန္ဒာ၊ ဒီနေရာကို သေးတဲ့ တိုင်း နိုင်ငံကလေး ထင်သလား၊ တိုင်းနိုင်ငံ မသေးဘူး၊ ရှေးက ကုသဝတီ ပြည်ကြီး ဖြစ်ခဲ့တယ်၊ ငါဘုရားသည် မန္ဓာတ် စကြာမင်း ဖြစ်တုန်းက ဒီနေရာမှာ ဖြစ်ခဲ့တယ်၊ ငါ နေခဲ့ပုံကို ပြောပြ မယ်ဆိုလို့ရှိရင် တစ်မြို့လုံးမှာ ရွှေတံတိုင်း, ငွေတံတိုင်း ဖန်တံတိုင်း သုံးခု ခတ်ထားတယ်။ (မှန်ပါ့)၊ မြင်းပျံ ဆင်ပျံ ဆိုတာတွေ၊ စကြာရတနာတွေဆိုတာကတော့ စကြာ မင်းတို့ ထုံးစံအတိုင်း အကုန်အပြည့်ပါပဲ (မှန်ပါ့)။

ငါ့မှာ သူဌေးငါးယောက်ရှိတယ်တဲ့၊ အဲ သူဌေး ငါးယောက်ကလဲ အရှင်မင်းကြီး ဘာအလို ရှိသတုံ ဆိုပြီး သကာလ အမြဲမေးနေတယ်၊ သူတို့ကလဲ မျက်စိအမြင် ရတဲ့ ပုဂ္ဂိုလ်တွေ။ (မှန်ပါ့)၊ သူတို့ကို ငါစမ်းကြည့်တယ် တဲ့၊ ကဲ အသင်တို့ အလိုရှိတာ ပေးမယ်ဆိုလို့ ရှိရင် အသင် တို့ ဘယ်က ရမတုံး၊ အရှင်မင်းကြီး ပင်လယ်ထဲမှာ၊ သမုဒ္ဒရာထဲမှာ ရှိပါတယ်တဲ့၊ သူတို့က သမုဒ္ဒရာထဲမှာ ရှိတာတွေ အကုန်မြင်တာကိုး၊ သမုဒ္ဒရာဆိုတာက ရတနာ ခုနစ်ပါးရှိတာကိုး၊ အဲဒါ အကုန်သယ်ပေးတာပဲ၊ သူဌေး တွေက (မှန်ပါ့)၊

အဲဒါတွေနဲ့ မြို့တွေ ပြတွေ တည်လိုက် ပြီးသကာလ အမျိုးမျိုး အဖုံဖုံရှိတာပဲတဲ့၊ သို့သော်လဲ သင်္ခါရ တရားတွေ အနိစ္စမီး လောင်သွားတယ်၊ ဘာမှ မကျန်တော့ ဘူးတဲ့။ (မှန်ပါ့)၊ တိုင်းကြီး ပြည်ကြီးပဲ အကုန်မီးလောင်တာတဲ့ (မှန်ပါ့)။

သင်္ခါရတွေဟာ အနိစ္စ မမြဲဘူး

အဲဒါ ဘယ်လိုဟာတုံး မေးတော့ ရှင်အာနန္ဒာက တိုင်း ငယ်, ပြည် ငယ်ကလေး မစည်ကားဘူးလို့ ပြောလို့ နောက်ကြောင်း ပြပြီးတော့ ပြောခြင်းဖြစ်ပါတယ်တဲ့၊ အဲဒီ သင်္ခါရ တွေဟာ အနိစ္စပဲတဲ့ (မှန်ပါ့)။

အခု ဘာရှာတွေ့ သေးသတုံး၊ ဟိုတုန်းက ရွှေအိုး, ငွေအိုးတွေနဲ့၊ ရွှေတံတိုင်း, ငွေတံတိုင်းတွေ ခတ်ပြီးသကာလ ရှစ်သောင်းလေးထောင်ချည်း အကုန် အပြည့်အစုံရှိတယ်။ ဘာမဆို အကုန် ရှစ်သောင်း လေးထောင် ရှိတယ် (မှန်ပါ့)၊ အဲဒါတွေဟာ အခု အတို,အစ မင်း ရှာလို့ တွေ့သေး သလားတဲ့။ (မှန်ပါ့)။

သင်္ခါရများ သိပ်ကြောက်စရာ ကောင်းတယ်၊ ဆွဲမထုတ် တဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် သိပ်ကြောက်စရာ ကောင်းတယ်။ (မှန်ပါ့)၊ ဒါကို ဟောတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဲဒီတော့ တိုင်းပြည်မှာ ဒါလောက်တောင် ဘုန်းကံ ပါရမီနဲ့ရှိတဲ့ ပုဂ္ဂိုလ်တောင်မှ ခုနင်က ဇာတိမီး, ဇရာမီး, မရဏမီးတို့၏ စားဖက် ဝါးဖက်ဖြစ်ပြီး ရှေးက မန္ဓာတ် မင်း၏ ကုသလဝတီ ပြည်ကြီးဟာ အခုတော့ တိုင်းငယ် ပြည်ငယ်၊ တိုင်းမွဲ ပြည်မွဲကလေး လာဖြစ်နေတယ်။ (မှန်ပါ့)၊ သင်္ခါရဟာ အနိစ္စရောက်သွားတာ။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါတယ် ဘုရား)။

မီးထဲက ဆွဲထုတ်မှ ကိုယ်ပိုင်ရမယ်

အဲဒါကြောင့် ဆွဲထုတ်တဲ့ ပုဂ္ဂိုလ်သာလျှင် တော်တာ၊ ဆွဲမထုတ်တဲ့ ပုဂ္ဂိုလ်ဖြင့် တစ်နည်း နည်းဖြင့် ပျောက်ပျက် သွားတာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဆွဲထုတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ကိုယ်ပိုင်ရလိုက်တာပဲ။ (မှန်ပါ့)၊ အခု ဒီနေ့ပြောလိုက်တဲ့တိုင်အောင် ဆွဲထုတ်လိုက် တဲ့အတွက် ဒီပြင်ဟာ အရေးမကြီးပါဘူး၊ အာယု,ဝဏ္ဏ,သုခ, ဗလက အရေးမကြီးပါဘူး၊ ပဋိဘာနဆိုတာ ဆွဲထုတ်လိုက် လို့ရတာ ပညာက (မှန်ပါ့)၊ ဆွဲမထုတ်လို့ ရှိရင် (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာကြပလား။ (သေချာပါပြီ)။

ဝိပဿနာခြံရံတဲ့ ဒါနဟာ အမြတ်ဆုံး

ကောင်းပြီ ဒီဟာ ဒါန အလုပ် ဆိုငြားသော်လဲ ဝိပဿနာခြံရံတဲ့ ဒါနဟာ ဒကာ ဒကာမတွေ မှတ်လိုက် စမ်းပါ အမြတ်ဆုံးပဲ၊ ပစ္စည်းလှူတဲ့ ဒါနထဲမှာဖြင့် (မှန်ပါ့)၊

မှတ်ချက်။ ။စိတ္တာလင်္ကာဒါနမေဝ ဥတ္တမံ- ဝိပဿနာခြံရံသော ဒါနသည် အာမိသဒါနတည်း၌ အမြတ်ဆုံး ဖြစ်သည်။

ဪ အနိစ္စတွေပဲ၊ အနိစ္စ တရားတွေ အခု ဘယ့်လောက် ကုန်သွားပြီ၊ ကုန်သွားတယ်လို့ ဆိုတဲ့ ဥစ္စာဟာ – နဂိုကိုက အနိစ္စတွေမို့ ဒီအတိုင်းနေလဲ ကုန်မှာပဲ၊ မဟုတ် ဘူးလား။ (မှန်ပါ့)၊ အခုလို ကျောင်းကန်ဘုရား တည် လိုက်လဲ (ကုန်မှာပါပဲ)။

အဲ ဟိုတုန်းကတော့ဖြင့် နောက်ကနေပြီး ရင်တီး လက်ခတ် ဖြစ်ရပါတယ်။ (မှန်ပါ့ ဘုရား)၊ ဒီလိုဖြစ်လိမ့် မယ် မထင်ဘူးဆိုတော့ သောက ပရိဒေဝ လိုက်တယ်။ (မှန်ပါ့)၊ ဒီဟာတွေကတော့ အလောဘ, အဒေါသ, အမောဟ လိုက်တယ်။ (မှန်ပါ့)။

ဟိုဟာက (သောကပရိဒေဝ လိုက်ပါတယ်)၊ ဒီဟာ က (အလောဘ, အဒေါသ, အမောဟ လိုက်ပါတယ် ဘုရား)၊ အလောဘ ဆိုတာကျ မလိုချင်မှု၊ အဒေါသဆိုတာ က မေတ္တာထားမှု (မှန်ပါ့)၊ အလောဘ ဆိုတာက ဒီအတိုင်း ထားလို့ ရှိရင် – မီးလောင်မှာပဲ၊ ဒါကြောင့် စွန့်လိုက်တယ် ဆိုရင် အလောဘ၊ အဒေါသဆိုတာက ဒီအထဲ တရား အားထုတ်ကြတာ အောင်မြင်ကြပါစေ၊ အဒေါသလဲပါ တယ်။ (မှန်ပါ့ ဘုရား)၊ အမောဟဆိုတာက ပညာ၊ ရှင်းပလား။ (မှန်ပါ့)။

မီးထဲက ပညာနဲ့ ဆွဲထုတ်ထားတာမို့ သူတို့ကိုလဲ ပညာလှူမယ်၊ ကိုယ်ကလဲ ပညာရစေတော့ ဆိုတော့ အလော ဘ, အဒေါသ, အမောဟ လိုက်ပါတယ်။ (မှန်ပါ့)၊ မလှူမတန်း မပေးကမ်းတဲ့ ပုဂ္ဂိုလ်ကျတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်ပါတယ်။ (မှန်ပါ့)၊ တစ်ခု တစ်ခု ဖြစ်သွားတယ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

လှူတန်း ပေးကမ်းပြီးသကာလ ဉာဏ်နဲ့ ဦးစီးတဲ့ ပုဂ္ဂိုလ်များကျတော့ အလောဘ, အဒေါသ, အမောဟ လိုက်တယ်။ (မှန်ပါ့)၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ မလိုက်ဘူး။ (မှန်ပါ)။

သံသရာလည်ကြောင်း မဟုတ်ပါ

ဒါဖြင့် အလောဘကျတော့ ဘယ်လို ပဋိစ္စသမုပ္ပါဒ် တန်းမလဲဆိုတော့ အလောဘကျတော့ တန်းလို့ မရဘူး။ ပြတ်ဖို့သာ ရှေးရှုတယ်။ (မှန်ပါ့)၊ အဒေါသကကော (တန်းလို့မရပါ)၊ အမောဟကကော (တန်းလို့မရပါ ဘုရား)၊

လောဘ,ဒေါသ,မောဟတွေကတော့ (တန်းလို့ရပါတယ် ဘုရား)၊ လောဘကတော့ တဏှာပစ္စယာ ဥပါဒါနံသွားပြန်တာပဲ။ (မှန်ပါ့)၊ ဒေါသကတော့ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ။ မတန်းဘူးလား။ (တန်းပါတယ်)။ မောဟကတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သူတို့က ဟိုဘက် လဲပဲ ဘက်ကိုတန်းတယ်။(မှန်ပါ့)၊ အလောဘ, အဒေါသ, အမောဟကတော့ (မတန်းပါ ဘုရား)၊ မတန်းဘူး၊ သူတို့က ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (မှန်ပါ့)။

ဒါကြောင့် ဒီအကြောင်းတွေ သိပြီးသကာလ သော် ငါတို့သည် အလောဘနဲ့ လှူတယ်၊ အဒေါသနဲ့ လှူတယ်၊ အမောဟဆိုတဲ့ ပညာဦးစီးပြီး လှူတဲ့အတွက် ဒီဥစ္စာ သံသရာ လည်ကြောင်း မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းကြ ပလား။ (ရှင်းပါပြီ)။

ဒီဟာက ဆရာက ရှေ့သွားကောင်းမှ၊ ဆရာက ရှေ့သွား မကောင်းရင် လည်ဦးမှာ (မှန်ပါ့)။

ကဲ ဒါဖြင့် မောင်ကျော်သိန်းတို့၊ မတင်လှတို့က လိုချင်လို့ လှူတာလား၊ ဒီပစ္စည်းကိုလိုချင်ရင် အိတ်ထဲတွင် ထားမှာပေါ့။ (မှန်ပါ့)၊ ဒါဖြင့် အလောဘ၊ ကိုယ့်မှာဖြင့် ဒီဥစ္စာ မလိုချင်ပါဘူး၊ လိုချင်တာ ဟာတော့ဖြင့် နိဗ္ဗာန်၊ နိဗ္ဗာန်ဆိုတော့ လိုချင်တာ မဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတာ ဆန္ဒဖြစ်တာ။ (မှန်ပါ့)။

ဒါဖြင့် အလောဘ အလုပ်,လုပ်တယ်၊ ဒါဖြင့် ပဋိစ္စ သမုပ္ပါဒ်ပြတ်,မပြတ် (ပြတ်ပါတယ် ဘုရား)၊ အဒေါသလို နေတဲ့ ပုဂ္ဂိုလ်များ ချမ်းသာပါစေ၊ မိမိ အားထုတ်တဲ့အခါလဲ ချမ်းသာပါစေ၊ ဒီအထဲကနေပြီး တရားထူး, တရားမြတ် ရကြပါဆိုတော့ အဒေါသ ပါ,မပါ (ပါ,ပါတယ် ဘုရား)၊ အမောဟဆိုတဲ့ ပညာသည်ကားလို့ ဆိုရင်ဖြင့် မစွန့်ရင် ဒါတွေဟာ ဒုက္ခသစ္စာတွေပဲ။ (မှန်ပါ)၊

ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာ ဆက်သွားဖို့ပဲရှိတယ်။ (မှန်ပါ့)၊ စွန့်လိုက်တဲ့ ၊ အတွက် ကိုယ့်မှာ ဒုက္ခသိမ်းတယ်။ (မှန်ပါ့)။

ဝိပဿနာ ခြံရံသွားပြီ

ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်မှာ ဒုက္ခသိမ်းပါတယ် ဘုရား)၊ ဒုက္ခသိမ်းမှန်သိလို့ ရှိရင်ဖြင့် ခန္ဓာဒုက္ခလဲ သိမ်းချင် တယ်၊ ဒီ ဒုက္ခလဲ သိမ်းလိုက်တယ်။ (မှန်ပါ့)၊ ဒီဒုက္ခ သိမ်းလိုက်တဲ့အတွက် အမောဟ မပါဘူးလား။ (ပါ,ပါ တယ်)၊ ဒါဖြင့် ဒါဟာ ဝိပဿနာ ခြံရံပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ အမောဟနဲ့ လှူလိုက်တာကိုး ဝိပဿနာခြံရံတယ်။ (မှန်ပါ့)။

ဘယ်လို လှူလိုက်ပါသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒါ ဒုက္ခသိမ်းချင်လို့ လုပ်လိုက်တယ်ဆိုတော့ အမောဟက ဒုက္ခ သစ္စာ မြင်လိုက်တယ် (မှန်ပါ့)၊ ပစ္စည်းစောင့်ရှောက်ရတဲ့ ဒုက္ခ၊ ပစ္စည်းတွေ၏ ဖြစ်ပျက်နေတဲ့ ဒုက္ခ ဟုတ်လား၊ ခန္ဓာကလဲ ဒုက္ခသစ္စာ (မှန်ပါ့)၊ အဲဒီတော့ ဒီဒုက္ခသစ္စာကြီး ကို မြင်ပြီးသကာလ လှူလိုက်ခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား။ (မဆက်နိုင်ပါ ဘုရား)၊

ပဋိစ္စ သမုပ္ပါဒ်ဆက်ရင် သံသရာရှည်တယ်။ (မှန်ပါ့)၊ အခုလို ဆရာကောင်း သမားကောင်းက အလောဘ, အဒေါသ, အမောဟနဲ့ လှူဖို့ ညွှန်တဲ့အတိုင်း စိတ်လိုက်လို့ ရှိရင် ဒကာ ဒကာမတွေ မှတ်ကြပါ၊ ပဋိစ္စသမုပ္ပါဒ် ဒီအထဲ တစ်ကွက်မှ မပါဘူးလို့။ (မှန်ပါ့)၊ ပါသေးရဲ့လား။ (မပါ,ပါ ဘုရား)၊ အလောဘနဲ့ လှူတယ်၊ အဒေါသနဲ့လှူတယ်၊ အမောဟနဲ့ လှူတယ်၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒါကြောင့် နေ့လယ်ကတောင် ပြောလိုက်သေးတယ်။ မလိုချင်တာ မဂ်ကွလို့ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အလောဘဆိုတာ မလိုချင်တာ၊ မလိုချင်တာက ဘယ် သူ့ အပေါ်မှာ မလိုချင်တာတုံးဆိုတော့ ခန္ဓာအပေါ်၌လည်း ဒုက္ခသစ္စာ၊ ပစ္စည်းအပေါ်၌ (ဒုက္ခသစ္စာပါ)၊ အဲဒီ ဒုက္ခသစ္စာ မြင်လို့ မလိုချင်တာ။ (မှန်ပါ့)၊ ဝိရာဂေါတိ – မဂ္ဂေါ၊ ဝိရာဂေါ- မလိုချင်တာသည်၊ မဂ္ဂေါ-မဂ်ပဲ။ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကီမဂ် နှင့် လှူတာ

မလိုချင်တာ ဘာခေါ်ကြမလဲ (မဂ်ပါ ဘုရား)၊ အဲ လောကီမဂ်နဲ့ လှူတယ်ဆိုတာ သဘော ပါကြပလား။ (ပါ,ပါပြီ)။

ကောင်းပြီ၊ အဒေါသဆိုတာ မေတ္တာနဲ့ လှူတာနော်။ (မှန်ပါ့)၊ အမောဟက ဒုက္ခသစ္စာကို အမှန်အကန် မြင်ပြီး သကာလ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဒုက္ခကို တပည့်တော် မြင်သောကြောင့် ဒီ ဒုက္ခကြောက်လို့ ဒီ ဒုက္ခလွတ်ရာကို ယခု တပည့်တော်မြင်တဲ့ ဉာဏ်က ပို့စေသား ဆိုပြီး လှူဒါန်းကြပါ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ,ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီလိုလှူလိုက်ခြင်းသည်ကားလို့ ဆိုရင် ပဋိစ္စသမုပ္ပါဒ်မှာ အစကလဲ မပါ,ပါဘူး၊ အစက စ,တဲ့ ပဋိစ္စသမုပ္ပါဒ်လဲ မဖြစ်တော့ဘူး၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကော ဖြစ်သေ ရဲ့လား။ (မဖြစ်ပါ ဘုရား)၊ အလယ်က စ,တဲ့ တဏှာပစ္စယာ ဥပါဒါနံ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကော (မဖြစ်ပါ ဘုရား)၊ အဆုံးကနေ ပြန်ပတ်တဲ့ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ အဝိဇ္ဇာဆိုတာတွေ ကော (မဖြစ်ပါဘူး)၊ ဒါဖြင့် မဖြစ်ပါဘူး ဆိုသဖြင့် ဪ သံသရာပြတ်နိုင်တဲ့ အလှူပဲ၊ ဘယ့်နှယ်ကြောင့် ဒီအလှူ သံသရာပြတ်နိုင်ပါလိမ့်မတုံး မေးတော့ ဉာဏ်ဦးစီးလို့ (မှန်ပါ့)။

ဘယ်လိုကြောင့်ပါလိမ့်။ (ဉာဏ်ဦစီးလို့ပါ ဘုရား)။

ဒုက္ခသစ္စာတွေမို့ ဒုက္ခတွေ မလိုချင်လို့၊ ခန္ဓဒုက္ခလဲ မလိုချင်ဘူး၊ ပစ္စည်းလဲ ဒုက္ခလို့ သိလိုက်ပြီ၊ ခန္ဓာကြီးကိုလဲ ကျွတ်ချင်မှ လွတ်ချင်လို့ဆိုပြီ၊ ဒီ ဒုက္ခသစ္စာကို သိလိုက် ပါတယ်။ (မှန်ပါ့)၊ သိလိုက် သောကြောင့် ခန္ဓာကျွတ်ခြင်းကိုလဲ အလိုရှိတယ်၊ သဘောကျပလား။ (ကျပါပြီ)၊

ပစ္စည်းကိုလဲ ဒုက္ခပေးနေတာဟာ သူပဲဆိုတာ သိသောကြောင့် ပစ္စည်းနဲ့ ပတ်သက်တာက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ (မှန်ပါ့)၊ ခန္ဓာကြီး ကြည့်လိုက်ပြန်လဲ ခန္ဓာက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဤကဲ့သို့ ခန္ဓဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ၊ ခန္ဓာ ဒုက္ခ သစ္စာကို မြင်တာလဲ မဂ်ပဲ၊ သံသရာကြီးကို ကြည့်လိုက် ပြန်ကော့လဲ အိုဘေး၊ နာဘေး, သေဘေးတွေ ကြည့်လိုက် ပြန်တော့လဲ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါတွေ မြင်ပြီး သကာလ ဒါတွေ မြင်တဲ့ ဉာဏ်နဲ့ လှူသည် ဖြစ်လေ သောကြောင့်၊ ဝိပဿနာခြံရံတဲ့ ဒါနဖြစ်သွားသောကြောင့် ဝဋ္ဋ မဖြစ်ဘဲနဲ့ ဝိဝဋ္ဋဒါန ဧကန်အစစ် ဖြစ်တယ် ဆိုတာအခုနှလုံးသွင်းပစ်လိုက်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ခန္ဓာ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ)၊ ဒီ ဒုက္ခသစ္စာ ကြီး နောက်ထပ် လိုချင်သေးသလား။ (မလိုချင်ပါ ဘုရား)၊ အခု ပစ္စည်းတွေကေ-ပစ္စည်းတွေ ရှာရ ဖွေရမှ ထိန်းရ သိမ်းရတာကော (ဒုက္ခသစ္စာပါ)၊ ဒါတွေကော ဒုက္ခသစ္စာ မှန်း သိလာတဲ့ အခါကျတော့ ဉာဏ်ပဲဆိုတာ မသေချာဘူးလား။ (သေချာပါတယ်)။

နိဗ္ဗာန်အကျိုးငှာ လှူပါ

အဲဒီဉာဏ်နဲ့ ဟောဒီပစ္စည်း ဒုက္ခကိုလဲ ရွံခြင်း,မုန်း ခြင်း ရှိလို့ ခန္ဓာကြီးဖြစ်နေတဲ့ ဒုက္ခသစ္စာ ကိုလဲ ရွံခြင်း, မုန်းခြင်း ရှိသည်ဖြစ်ပါ၍ ခန္ဓာဆုံးရာ နိဗ္ဗာန်ကိုသာ ရောက် လိုခြင်း ဆန္ဒပြင်းပြသည်ဖြစ်၍ ဤ ကျောင်းနှစ်ခုကို ဆရာ သမားအား လှူဒါန်းပါ၏လို့ ပြောင်းပစ်ပါ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ပြီးသောအခါ ဒီလိုတင်ပဲလားလို့ မေးတဲ့အခါကျတော့ ကိလေသာမီးနဲ့တကွ ဆယ့်တစ်မီး လောင်နေတာ၊ လောဘ, ဒေါသ, မောဟ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, ဇာတိ, ဇရာ, မရဏ-ပေါင်း ဆယ့်တစ်မီး (မှန်ပါ့)၊ အဲဒီ ဆယ့်တစ်မီးက ဘယ်အချိန်မှ မလောင်တဲ့ အချိန် မရှိဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ)၊ ဒါဖြင့် ခန္ဓာဖြစ်ရတာ မီးလောင်စာပေါ့။ (မှန်ပါ့)။

ခန္ဓာဖြစ်ရတာ (မီးလောင်စာပါ ဘုရား)၊ မီးလောင်စာ ဖြစ်ပြီးနေတယ်ဆိုတာကြီး သိထားရမယ်။ (မှန်ပါ့)၊ ဪ တို့ ခန္ဓာကြီးဟာ ဘာပါလိမ့် (မီးလောင်စာပါ)၊ မီးက ဘယ်နှစ်မီးပါလိမ့်။ (ဆယ့်တစ်မီးပါ)၊ ဆယ့်တစ်မီး က မီး၊ ခန္ဓာငါးပါးက လောင်စာ (မှန်ပါ့)၊ ဟာ လောင် စာနဲ့ မီး တွဲလျက်ကြီး ဖြစ်နေပါပေါ့လား။ (မှန်ပါ့ ဘုရား)၊

လောင်စာနဲ့ တွဲလျက်ကြီးအဖြစ်မှ တပည့်တော် တို့ ကိုယ်တိုင်မြင်ပြီးသကာလ ဒီဥစ္စာကို အဟုတ်လောင် နေတာ၊ တကယ်ဉာဏ်နဲ့ ကြည့်လိုက်တော့ တကယ်မြင်ပြီး မီးငြိမ်းခြင်း, မီးသိမ်းခြင်း ကိုသာ အလိုရှိ၍ တပည့်တော်တို့ လှူဒါန်းပါ၏။ (မှန်ပါ့)။ မီးငြိမ်းပြီး မီးသိမ်းတာ အလိုရှိပါတယ် , ဘာမှ ဘဝသမ္ပတ္တိတွေ လိုချင်တာ မဟုတ်ဘူး၊ မီးငြိမ်းပြီး မီးသိမ်းတာ အလိုရှိတာပဲ။ (မှန်ပါ့)၊ လောင်စာ သိမ်း၍ မီးငြိမ်းချင်တာပဲ (မှန်ပါ့)၊

ဒီပြင် ဘာများ မောင်ကျော်သိန်း အလိုရှိသေးသတဲ့။ (မရှိပါ ဘုရား)၊ မတင်လှ ကော ရှိသေးသလား။ (မရှိပါ ဘုရား)၊ လောင်စာသိမ်း၍ မီးငြိမ်းတာကိုသာ အလိုရှိတယ်ဆိုပြီးသကာလ လောင်စာ သိမ်း၍ မီးငြိမ်းတာက နိဗ္ဗာန် ဟုတ်လား။ (မှန်ပါ့)၊ ဒီ မီးတွေ မြင်တာက မဂ်ဉာဏ် (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

ဒါဖြင့် အခု ဒီ ဉာဏ်သည် လောကီမဂ်ဉာဏ်လဲ ဆိုနိုင်ပါတယ်၊ ဉာဏ်ဦးစီးပြီး သကာလ လောင်စာ သိမ်း၍ မီးငြိမ်းခြင် ကိုသာ အလိုရှိ၍ လှူသောကြောင့် ဦးသံဒိုင် ဝိဝဋ္ဋဒါနပဲ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။ ဘာဒါနတုံး။ (ဝိဝဋ္ဋဒါနပါ ဘုရား)၊ ဘယ့်နှယ် ကြောင့်တုံးဆိုတော့ ဝိပဿနာခြံရံတဲ့ ဒါန သွား ဖြစ်ကယ်၊

လောင်စာသိမ်း၍ မီးငြိမ်းချင်တာကို အလိုရှိတာကိုး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းခြင်း ကို သာ အလိုရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် ဝိဝဋ္ဋဒါန အစစ် ဖြစ်လေသောကြောင့် မီးသာ ငြိမ်းချင်တယ်၊ ရှေ့ကို မီးမဆက် ချင်ဘူး။ (မှန်ပါ့)။

ဦးသံဒိုင် ဘာတဲ့တုံး။ (မီးငြိမ်းချင်ပါတယ် ဘုရား)၊ မီးသာငြိမ်းချင်တယ် နော်၊ မီး ဆက်ချင် သေးရဲ့လား။ (မဆက်ချင်ပါ ဘုရား)၊ မီး ဆက်ချင်လို့ ရှိရင်တော့ ဝဋဒါန (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒါဖြင့် ဒီနေ့သည် သစ္စာသိတဲ့ ဉာဏ်နဲ့ တွဲတဲ့ စေတနာ နဲ့ လှူတာ။ (မှန်ပါ့)။

ဉာဏ်နောက်ကို စေတနာ လိုက်ရမယ်

ဘယ်လို မှတ်ကြမယ်။ (သစ္စာမြင်တဲ့ဉာဏ်နဲ့ တွဲတဲ့ စေတနာနဲ့ လှူပါဟယ်)၊ ဒီတော့ ဉာဏ်နောက်ကို စေတနာ က လိုက်ရမယ်။ (မှန်ပါ့)၊ ဉာဏ်နောက်ကို စေတနာက လိုက်ရတယ် ဆိုသဖြင့် ဒါကလေးကို ဒကာ ဒကာမတွေ ပြောပေးပါဦးမယ်။ (မှန်ပါ့)။

ဉာဏ်နောက်ကို စေတနာက လိုက်ရတယ်ဆိုတော့ ဥပမာမယ် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဝေဿန္တရာ မင်းဘဝက လှူခဲ့တဲ့ ဒါန၊ တိုင်းပြည်ကြီးနဲ့တကွ ဆင်တော် ရတနာတွေ၊ တန်းဆာတွေ၊ ကျောက်သံပတ္တမြားတွေ အကုန် ဆင်ပြီး လှူလိုက်တဲ့ဥစ္စာ သူသည် သဗ္ဗညုတဉာဏ်ရပြီး သကာလ နိဗ္ဗာန်ကိုသာ အလိုရှိ၍ သူ လှူပါတယ်လို့ ဆိုလိုက်တော့ ဒီ ဒါနတွေက ဘုရားအဖြစ် နိဗ္ဗာန်မြင်တဲ့ ဉာဏ်ကို အကျိုးပေးချ လိုက်သောကြောင့် ဒကာ ဒကာမတွေ ဉာဏ်နောက်ကို စေတနာ လိုက်ရတယ်။ (မှန်ပါ့)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် စေတနာက ခေါင်းဆောင်မယ် ဆိုရင် ဝေဿန္တရာမင်း အဖြစ်က လှူလိုက်တာ ဝဋ္ဋကိုသာ ရည်မှန်း မယ်ဆိုရင် ဘုရားလဲ မဖြစ်သေးဘူး၊ နိဗ္ဗာန်လဲ မရောက် သေးဘူးပေါ့ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)၊ ဉာဏ်နောက်ကို စေတနာက လိုက်နေရသဖြင့် ဘုရားလဲ ဖြစ်တယ်၊ နိဗ္ဗာန်လဲရောက်တယ်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် စေတနာနဲ့ဉာဏ်သည် လုပ်တတ်တဲ့ပုဂ္ဂိုလ်မှာ စေတနာက နောက်လိုက်၊ ဉာဏ်က ဦးစီး (မှန်ပါ့ ဘုရား)၊ ဉာဏ်သွားရာကို စေတနာလိုက်ရတယ်ဆိုတာ သေချာပလား။ (သေချာပါပြီ)။

သစ္စာမြင်တဲ့ဉာဏ်နဲ့ လှူပါ

ဒါ့ကြောင့် မြတ်စွာဘုရားက သစ္စာမြင်တဲ့ဉာဏ်နဲ့ လှူလိုက်တာဟာ အကဏ္ဍ အသုက္ကကံ ဖြစ်တယ်တဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘာတဲ့ (အကဏှအသုက္ကကံပါ ဘုရား)၊ အကဏှ အသုက္ကကံ ဆိုတဲ့ ဥစ္စာ ကံလို့သာ ခေါ်တာ၊ ကံက မကင်း လို့သာ ပါနေတာ၊ စင်စစ်တော့ မဂ္ဂင်ကို ဆိုနေတာ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ကံလို့သာ ဆိုတာတဲ့၊ စင်စစ်တော့ (မဂ္ဂင်ပါ ဘုရား)၊ မဂ္ဂင်ရှစ်ပါးကို ဆိုလိုက်ပါတယ်၊ ဝိပဿနာဉာဏ်နဲ့ဖြင့် မဂ္ဂင် ငါးပါး ၊ ဒါပဲဆိုပါတယ်ဆိုတော့ သူက ကဲ မင်းကံက မင်း ထင်သလို ချယ်လှယ်မလား၊ ဉာဏ်နောက်ကို လိုက် မလားလို့ မမေးသော်လဲ မေးဘိသကဲ့သို့ ပဲကို ဉာဏ်ကနေပြီး သကာလ ဦးဆောင်သွားတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကံကို ဉာဏ်က ဦးဆောင်ပါ

ကံကို ဉာဏ်ကနေ ဦးဆောင်သွားတဲ့ အခါကျတော့ ကို ဒီ ကံသည်ကားလို့ ဆိုလို့ ရှိရင် သူ လုပ်ချင်သလို ချယ် လှယ်နိုင်သေးရဲ့လား။ (မချယ်လှယ်နိုင်ပါ ဘုရား)၊ အဲဒါက ဝိဝဋ္ဋ ဒါန လှူပြီးတော့ အခုလို ပြောတဲ့ ဉာဏ်ကလဲ နှလုံးသွင်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကံက ဦးမဆောင်ဘဲနဲ့ ဉာဏ်က ဦးဆောင်တယ် ဆိုတာ သေသေချာချာမှတ်ပါ။ (မှန်ပါ့)။

ဒါကလဲ ဆရာကောင်း သမားကောင်း ဦးသံဒိုင် သိပ်လိုတယ် မလိုဘူးလား (လိုပါတယ် ဘုရား)၊ ပေါ် ကြပြီနော်။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒီအလှူဒါနသည်ကားလို့ဆိုရင် ဖြင့် ဉာဏ်ဦးဆောင်တဲ့ အလှူဖြစ်လေ သောကြောင့် ဉာဏ် ကလဲ ဘာမြင်လို့ ပါလိမ့် ၊ ဉာဏ်က ဒုက္ခသစ္စာကို မြင်တယ်။ (မှန်ပါ့)၊ ခန္ဓာဒုက္ခကို မြင်လိုက် ပစ္စည်း ဒုက္ခကော (မြင်ပါတယ် ဘုရား)၊

မြင်လိုက်တဲ့အခါကျလို ရှိရင် ဖြင့် ဒီဟာတွေ ဝိပဿနာခြံရံတဲ့ ဒါန မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ သစ္စာဝိပဿနာ ခေါ်တယ်၊ သစ္စာရှိတဲ့ ဝိပဿနာ ရှင်းပလား။ (ရှင်းပါပြီ)၊

သစ္စာရှိတဲ့ ဝိပဿနာ ဖြစ်လေသောကြောင့် ဒါနစေတနာက ခေါင်းဆောင် သလား ၊ ဉာဏ်က ခေါင်းဆောင်သလား။ (ဉာဏ်က ခေါင်းဆောင်ပါဟယ်ဘုရာ)၊ ဉာဏ်က ခေါင်းဆောင်တော့ စေတနာက နောက်လိုက်ဖြစ်သွားတယ်။ (မှန်ပါ့)။

အဲဒီ လူ သွားချင်တဲ့လမ်းကို မသွားရတော့ဘူး၊ ဉာဏ်သွားချင်တဲ့လမ်းကို (သွားရပါတယ် ဘုရား)၊ စေတနာ သွားချင်တဲ့လမ်းကို (မသွားရပါ ဘုရား)၊ ဉာဏ်သွားချင်တဲ့ လမ်းကို သွားရပါတယ် ဘုရား)။

ကံဟာ သဟဇာတအဖြစ်နဲ့ပါတယ်

အဲဒါကြောင့် အချို့နေရာကျတော့ အကဏ္ဍ အသုက္ကကံကို ကံပြတ်လို့ ဆိုရတယ်။ (မှန်ပါ့)၊ ရှင် ပလား (ရှင်းပါပြီ ဘုရား)။

ကံပြတ်သွားလို့လား မေးတော့ မဟုတ်ပါဘူးတဲ့၊ ကံ ဟာ သဟဇာတအဖြစ်နဲ့ ပါတယ်၊ ရှုနေတဲ့ အထဲမှာလဲ စေတနာမပါဘဲနဲ့ ရှုလို့ မှ မဖြစ်ဘဲ (မှန်ပါ့)၊ ပါတော့ ပါတယ်တဲ့ ၊ ဒါက အဘိဓမ္မာနိုင်မှနော်။ (မှန်ပါ့)၊ ပါပင် ပါငြား သော်လဲ သူ့ အကျိုးပေးကို သူ ထင်လသို မချယ်လှယ် ရ၊ ဉာဏ် ခေါင်းဆောင်တဲ့ အတွက် ဉာဏ်ထင်သလို ချယ် လှယ်ရတဲ့အတွက် ဒီကံကို သူ့ စွမ်းရည်သတ္တိတုံးအောင် လုပ်ထားတယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ကံ၏ စွမ်းရည်သတ္တိကို (တုံးအောင်လုပ်ထားပါ တယ်)၊ ဘယ်သူက လုပ်ထားသတဲ့။ (ဉာဏ်က လုပ်ပါ တယ် ဘုရား)၊ ဉာဏ်က တုံးအောင်လုပ်ထားတယ် ဆိုသောကြောင့် ကံပြတ်ဆိုတဲ့ဥစ္စာ- သစ္စာမြင်တဲ့ ဥစ္စာမှတ်။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကံ မပါလို့လား ၊ ကံပါလျက်နဲ့လား။ (ကံပါ လျက်ပါ ဘုရား)၊ ကံက သဟဇာတအဖြစ်တော့ ပါတယ်။ (မှန်ပါ့)၊ တကွ ဖြစ်ဖော် ဖြစ်ဖက်အဖြစ်နဲ့တော့ ပါ,ပါတယ် ဆိုတာ မှတ်ထားကြပါ။ (မှန်ပါ့)၊ ပါပင်ပါငြားသော်လဲ ဦးဆောင်နိုင်သေးရဲ့ လား။ (မဆောင်နိုင်ပါ ဘုရား)၊ ဘယ် သူက ဦးဆောင် သတုံး။ (ဉာဏ်က ဦးဆောင်ပါတယ် ဘုရား)။

အဲ မြတ်စွာဘုရား အလောင်းတော် ဝေဿန္တရာမင်း အဖြစ်၌ လုပ်ခဲ့တာဟာ ကံကတော့ ပါတာပေါ့။ သို့သော်လဲ ကံအကျိုးပေးတွေက ဘုရားဖြစ်စေနိုင်သလား ၊ သဗ္ဗညုတ ဉာဏ်တော် ရသလားလို့ မေးတဲ့အခါကျတော့ ကံက ခေါင် မဆောင်နိုင်တာနဲ့ပဲ လူ့ပြည်, နတ်ပြည်ဆိုတာ အကြိမ်ကြိမ် မလာတော့ဘူး။ (မှန်ပါ့)၊ နို့မဟုတ်ရင် ဝေဿန္တရာမင်း အဖြစ်က လုပ်ထားတဲ့ အကျိုးပေးဟာ ဦးသံဒိုင် နည်းနည်း နောနော အကျိုးပေးမှ မဟုတ်ဘဲ။ (မှန်ပါ့)၊

သို့သော် ဒီကံတွေက ဦးဆောင်နိုင်သေးရဲ့ လား။ (မဆောင်နိုင်ပါ ဘုရား)၊ ပါတော့ပါတယ်။ ပါပင်ပါငြားသောလဲ (ဦးမဆောင်နိုင်ပါ ဘုရား)၊ ဘယ်သူက ဦးဆောင်သတုံး။ (ဉာဏ်က ဦးဆောင် ပါတယ် ဘုရား)၊ ဉာဏ်က ဦးဆောင်တဲ့ အတွက် ဒီဉာဏ်သည် ကံဖြတ်တဲ့ဉာဏ်။ (မှန်ပါ့)၊ ရိပ်မိ ကြပလား။ (ရိပ်မိပါပြီ ဘုရား)။

အမည်းအဖြူ၊ မရောတဲ့ ကံ

ဒါဖြင့် ဉာဏ်နဲ့လှူတဲ့ အလှူပေါ့ (မှန်ပါ့)၊ ဉာဏ်နဲ့ လှူတဲ့အလှူဆိုတာ မသေချာသေးဘူးလား။ (သေချာပါ တယ်)၊ ဒါဖြင့် အကဏှအသုက္ကကံ နဲ့ လှူတာ ဒီအလှူ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)။

ကဏှကံ ဆိုရင်၊ မည်းနက်တဲ့ အကုသိုလ်ကံဆိုရင် အပါယ်သွားမယ်၊ သုက္ကကံ ရိုးရိုးနဲ့ ဝဋ္ဋကုသိုလ် လှူလို့ ရှိရင် သုဂတိ အကျိုးပေးမယ်။ (မှန်ပါ့)၊ ကဏှ-သုက္ကနှစ်မျိုးကို ရောလှူလို့ ရှိရင်လဲ မင်္ဂလာ ဆင်တော်တို့၊ ရွှေနဂါးကြီး တို့ စသည်လို သွားဖြစ်မယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ အကဏ္ဍ အသုဏ္ဏကံ ဆိုရင် နိဗ္ဗာန် အကျိုးပေးတယ်။ (မှန်ပါ့)။

ဒီနေ့ အကဏ္ဍ အသုက္ကကံကို အဓိကထားပြီး ဟော နေတယ်လို့ မှတ်ပါ၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)၊ ကဲ မင်းတို့ ရေစက်ခွက်ကိုင်ကြတော့ ၊ ရေစက် ချတာက မကြာပါဘူး၊ သိဖို့က ကြာတာပါ။ (မှန်ပါ့ ဘုရား)။

ရေစက်ချ

ဘန္တေ-အရှင်ဘုရား၊ မယံ-အကျွန်ုပ်တို့သည်။ ရာဂါဒီဟိ-ရာဂ အစရှိကုန်သော၊ ဧကာဒသဂ္ဂီဟိ- တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့်၊ ပရိပီဠိတံ- အလွန်အကဲ အဖန်ဖန် ညှဉ်းဆဲ၍ နေသော၊ သံသာရဘယံ- ချားရဟတ်ပမာ ချာချာပတ်၍ တစ်ဖြစ်တည်း- ဖြစ်၍နေတဲ့ သံသရာဘေးကြီးကို၊ ဘီတာ- အလွန်တရာ ကြောက်ကြ ပါကုန်သည် ဖြစ်၍။

သံသရာဆိုတာ ခန္ဓာ့သံသရာ

ဒါက ဒုက္ခသစ္စာမြင်လိုက်ပါတဲ့၊ သံသရာဘေးဆိုတာ ဒုက္ခပဲ။ (မှန်ပါ့)၊ သံသရာဆိုတာ ခန္ဓာ့သံသရာကို ဆိုပါ တယ်၊ ခန္ဓာသံသရာကြည့်လိုက်တော့ ခဏခဏ ဖြစ်ပျက် နေတဲ့ ဒုက္ခသစ္စာပဲ ၊ အဲဒါကြီးကို ကြောက်ရမယ်။ (မှန်ပါ့)၊ ချားရဟတ်ပမာ ချာချာပတ်၍ တစ်ဖြစ်တည်း ဖြစ်နေတဲ့ သံသရာဘေးကြီးကို ဆိုတာ၊ ပဋိသန္ဓေပြီး ပဝတ္တိ၊ ပဝတ္တိပြီး စုတိ၊ စုတိပြီးတော့ကော (ပဋိသန္ဓေပါ ဘုရား)၊ ပဋိသန္ဓေ ပြီးတော့ (ပဝတ္တိပါ)၊ ပဝတ္တိပြီးတော့ (စုတိပါ ဘုရား)၊ စုတိပြီးပြန်တော့ (ပဋိသန္ဓေပါ ဘုရား)။

ဘယ်မှာတုံး အကောင်း ပဋိသန္ဓေက ဒုက္ခသစ္စာ၊ ပဝတ္တိကတော (ဒုက္ခသစ္စာပါပဲ)၊ စုတိကကော (ဒုက္ခသစ္စာ ပါပဲ)၊ စုတိပြီးတော့ ပဋိသန္ဓေနေတာကော (ဒုက္ခသစ္စာပါ ပဲ)၊ ပဝတ္တိဖြစ်ပြန်တော့ကော (ဒုက္ခသစ္စာပါပဲ)၊ သေပြန်ပြီ။ (ဒုက္ခသစ္စာပါ)။

အဲဒီမှာ ဒုက္ခကြီး လည်နေတဲ့ စက်ရဟတ်ကြီးပဲ။ (မှန်ပါ့)၊ ဒါကြီး တပည့်တော်တို့ မလည်ချင်လို့ ဒီ ဒုက္ခကြီး လည်နေတာကိုလဲ တပည့်တော်တို့ ကိုယ်တိုင်ဉာဏ်နဲ့ သိပြီး သကာလ နေသောကြောင့် ဒုက္ခပြတ်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ လှူဒါန်းပါ၏။ (မှန်ပါ့)၊ ဒုက္ခပြတ်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ လှူဒါန်းပါ၏၊ ရှင်းကြပလား။ (ရှင်း ပါပြီ ဘုရား)၊ ဒါ့ကြောင့်

သံသာရဘယံ- ချားရဟတ်ပမာ ချာချာပတ်၍၊ တစ်ဖြစ်တည်းဖြစ်၍နေသော သံသရာ ဘေးကြီးကို၊ ဘီတာ- အလွန်တရာ ကြောက်ကြပါကုန်သည် ဖြစ်၍၊ တတော- ထိုသံသရာဘေးမှ၊ မုတ္တာ- ကင်းလွတ်ကြရ ကုန်သည်၊ ဟုတွာ- ဖြစ်ကုန်၍၊ နိဗ္ဗာနံ- ဆယ့်တစ်မီးတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို။

နိဗ္ဗာန်ဆိုတာ

နိဗ္ဗာန်ဆိုတာ ကိလေသာမီး, ခန္ဓာမီးငြိမ်းတယ်လို့ မှတ်ကြပါ။ (မှန်ပါ့)၊ ကိလေသာမီး ငြိမ်းတော့လဲ သမုဒယ သစ္စာချုပ်တယ် ခန္ဓာမီးငြိမ်းတော့ ဒုက္ခသစ္စာချုပ်တယ်။ (မှန်ပါ့)။

ဒါဖြင့် အေးချမ်းတဲ့ မဂ်ဉာဏ်နဲ့၊ ကိလေသာအပူဓာတ် ကို ငြိမ်းသတ်တတ်တဲ့ မဂ်ဉာဏ်နဲ့ သန္တိ လက္ခဏာရှိတဲ့ နိဗ္ဗာန်သာ ကျန်တော့တယ်။ (မှနီပါ့)၊ အဲဒီနှစ်ခုကို တပည့်တော်တို့ သည် မဂ်ဉာဏ်ရမှု ကျေးဇူးပြုပြီး သကာလ နိဗ္ဗာန်အာရုံပြုနိုင်တဲ့ ဉာဏ်တစ်ခုကိုသာ ရလို ရောက်လိုခြင်း ပြင်းပြသည် ဖြစ်၍ ဒီကျောင်းကို လှူဒါန်းပါ၏ ၊ ကမ္မဋ္ဌာန်းကျောင်းတွေကိုနော်။

တတော- ထိုသံသရာဘေးမှ၊ မုတ္တာ- ကင်းလွတ်ကြ ရကုန်သည်၊ ဟုတွာ-ဖြစ်ကုန်၍၊ နိဗ္ဗာနံ- နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို၊ သစ္ဆိကရဏတ္ထာယ- မကြာမတင်၊ ဆောလျင် ကူးမြောက်၊ မျက်မှောက် ပြုပါရခြင်း အကျိုး ငှာ၊ ဉာဏစက္ခုနာ- ဉာဏ်ပညာစက္ခုဖြင့်၊ ဂဝေသန္တာ- ရှာမှီးကြသည်ရှိကုန်သော်၊ ဘိက္ခဝေ- သံသရာဘေးဘယ ကို တွေးဆမျှော်လေ့ ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့၊ ပုညံ- မိမိတို့ လှူဒါန်းတဲ့ ကျောင်းကုသိုလ် ကြီးသည်၊ သုခံ- ဝိဝဋ္ဋဖြစ်တဲ့ဉာဏ်နဲ့ လှူသည်ဖြစ်သော ကြောင့် နိဗ္ဗာန် ချမ်းသာကို၊ ဇနေတိ- ဖြစ်စေနိုင်၏။

နိဗ္ဗာန်သို့ ရောက်စေနိုင်တယ်၊ အကျိုးပေးမယ်

ဝိဝဋ္ဋဉာဏ်နဲ့ လှူသည်ဖြစ်လေသောကြောင့် နိဗ္ဗာန် သို့ ရောက်စေနိုင်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဘယ်ဉာဏ်နဲ့ လှူကြသလဲ (ဝိဝဋ္ဋဉာဏ်နဲ့ လှူပါ ကယ် ဘုရား)၊ ဝိဝဋ္ဋကို သိတဲ့ဉာဏ်နဲ့ လှူသောကြောင့် နိဗ္ဗာန်ကို အကျိုးပေးမယ်။ (မှန်ပါ)။

ဣတိ-ဤသို့၊ ဝုတ္တံ- သုံးလူ့ဆရာ စောသတ္ထာသည် ကောင်းစွာ ဟောကြားတော်မူအပ်သော စကားရပ်ကို၊ မနသိကံ- ကောင်းစွာ နှလုံးနှစ်ခြိုက်, ကြိုက်နှစ်သက်ကြပါကုန်ဖြစ်၍၊ တိသရဏေန-သရဏဂုံ သုံးပါးနှင့်၊ သဟ-တကွ၊ အဋ္ဌင်္ဂသီလံ- အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလတော်မြတ်ကြီးကို၊ သမာဒိယိတွာ, ဂဏှိတွာ- ကောင်းစွာခံယူ ဆောက်တည်ကြကုန်ပြီး၍၊ ဣမံဝိဟာရံ- ဤကျောင်းကို၊ အာယသ္မာတော- အရှင်ဘုရားအား၊ ဒေမ-လိုရာ သုံးစွဲစေခြင်းငှာ လှူကြပါကုန်၏။

နိဗ္ဗာန်မျက်မှောက် ပြုရပါလို၏

ဘန္တေ-အရှင်ဘုရား၊ မယံ-တပည့်တော်တို့သည်၊ ဣမိနာ ဒါနပုညန-ဤကဲ့သို့ ပေးလှူရသော ဝိဝဋ္ဋဒါန ကုသိုလ်ကြောင့် လည်းကောင်း၊ အညေဟိ- တစ်ပါးကုန် သော၊ ပုညဟိစ-ပြုလုပ်ဆည်းပူး ခဲ့ကြသော ကုသိုလ် ကောင်းမှု ကုသိုလ်စေတနာ တို့ကြောင့်လည်းကောင်း၊ အဇာတိံ- ပဋိသန္ဓေ မနေရာ ဖြစ်သော၊ အဇရံ- မအိုရာ စင်စစ်ဖြစ်သော၊ အမတံ- မသေရာစင်စစ်ဖြစ်သော၊ သိဝံ- ဇာတိ,ဇရာ,ဗျာဓိ,မရဏ စသည် ထောင်သောင်း ဘေးအပေါင်းတို့၏ ကောင်းကောင်းကြီး ငြိမ်းအေး ရာဖြစ်သော နိဗ္ဗာန် ချမ်းသာတော်မြတ်ကြီးကို၊ ဣစ္ဆိတ ဝရေန- အလိုရှိအပ် တောင့်တအပ်သော ဆုမြတ် အပေါင်းနှင့်တကွ၊ သစ္ဆိကရေယျာမ- မျက်မှောက်ပြုရ ပါလို၏ အရှင်ဘုရား။

ဘန္တေ-အရှင်ဘုရား၊ ဣမဿ-ဤကောင်းမှုကံ၏၊ ဘာဂံ- အဖို့ကို၊ ဂုဏဝိသိဋ္ဌတရာနံ- ဂုဏ်ကျေးဇူးအား ဖြင့် အထူးကြီးမား လှပေကုန်သော၊ မာတာပိတုနဉ္စ -မိခင် ဖခင်တို့အား လည်းကောင်း၊ အာစရိယနဉ္စ- ဆရာ သမားတို့အားလည်းကောင်း၊ ဣမာသဉ္စ ပရိသာနံ-ယခု တရားနာ လာကြကုန်သော ပရိသတ်တို့ အားလည်းကောင်း၊ အဝသေသာနံ- ကြွင်းကျန်ကြကုန်သော၊ ဧကတိံသ ဘဝေ-သုံးဆယ့်တစ်ဘုံ၌၊ စရန္တာနံ-ကရွတ် ခွေကို ကင်းလျှောက်သည့်နှယ် ကျင်လည် ပြေးသွား၍ နေကြလေ ကုန်သော၊ သဗ္ဗသတ္တာနဉ္စ- အလုံးစုံသော သတ္တဝါအပေါင်းတို့အား လည်းကောင်း၊ ဘာဇေယျာမ- ရေစက် သွန်းချ အမျှပေးဝေပါကုန်၏၊ တေသတ္တာ- ထိုသတ္တဝါ အပေါင်းတို့သည်၊ အမှေဟိ- အကျွန်ုပ်တို့နှင့်၊ သမံ- ထပ်တူထပ်မျှ၊ ပုညဘာဂံ- ကုသိုလ်အစုကောင်း မှုအဖို့ ကို၊ လဘိတွာ- အမျှ ရကြကုန်သည်ဖြစ်၍၊ သုခိတာ- ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ ရှိကြကုန် သည်၊ မုဒိတာ- ပီတိမောက်လွှမ်း၍ ဝမ်းမြောက်သော စိတ်ရှိကြ ကုန်သည်၊ဘဝန္တူ- ဖြစ်ကြပါစေကုန် သတည်း။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်ခင်ဗျား။

သာဓု သာဓု သာဓု။

 
မာတိကာသို့