110

မာတိကာသို့

ဒီတရားတော်အကောင်းဆုံး

အသံဖိုင်ခေါင်းစဉ်= ဒုက္ခကိုပိုင်းခြားသိကြရန် တရားတော်

စာအုပ်ခေါင်းစဉ်= ဒီတရားတော်အကောင်းဆုံး (ခုနှစ် နှစ်သား ရဟန္တာ၊ သုခသာမဏေ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

ဒီတရားတော်အကောင်းဆုံး

(ခုနှစ် နှစ်သား ရဟန္တာ၊ သုခသာမဏေ)

(၁၅-၁၀-၅၆)

ဒကာဒကာမတွေ နားထောင်ကြ ဒီနေ့တရားဟော မှာက ဘာကိုဟောမှာလဲလို့ မေးလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သူ့ရဟန်းတွေကို ဆုံးမတယ်၊ ဘယ်လို ဆုံးမသလဲလို့ မေးလို့ ရှိရင်၊ မင်းတို့ ရဟန်းတွေ မင်းတို့ကို တစ်ပါးသော ပုဂ္ဂိုလ်တွေက မေးကြလို့ရှိရင် မင်းတို့ ဂေါတမ ဘုရားဟာ ဘယ်အကျိုးငှာ ကျင့်တာတုံးလို့?။

တရားတွေ အားထုတ်တယ်၊ တရားတွေ အားထုတ် တယ်၊ မင်းတို့ ဂေါတမဘုရားဟာ အင်မတန် နာမည်ကြီး တယ်၊ အဲဒီလို တိတ္ထိတွေက မေးတဲ့အခါမှာ မင်းတို့က ဖြေရမယ်။

ဒုက္ခဿ ပရိညာတံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ

မင်းတို့က ဖြေပါ၊ ဒုက္ခဿ- ဒုက္ခသစ္စာကို ပရိညာတံ – ပိုင်းခြား၍ သိခြင်းငှာ၊ ဘဂဝတိ- မြတ်စွာဘုရား သခင် ကိုယ်တော် မြတ်ကြီးသည် ဝုဿတိ- ကျင့်သုံးတော်မူ၏။

ဘုရားသည်ဘယ်အကျိုးငှာကျင့်တာတုံး

ဒုက္ခပိုင်းခြား၍ သိဖို့ရန် ကျင့်တယ်လို့ မင်းတို့က ဖြေကြ ဘုရားက ကိုယ်တော်တိုင် ဖော်လိုက်ပြီ ဒကာ ဒကာမတို့ သူကျင့်တဲ့ အကျင့်ဟာတဲ့ ဒုက္ခပိုင်းခြား သိဖို့ ကျင့်တယ်လို့ မင်းတို့ ရဟန်းတွေကို တိတ္ထိတွေက မေးလို့ရှိရင်၊ မည်သူက မေးမေး၊ ဒုက္ခပိုင်းခြားသိဖို့ ကျင့်တယ်လို့ မင်းတို့က ဖြေကြပါ။

ဘာပြုလို့တရားနာနေတုံး

ဒီမှာလည်း ဘုန်းကြီးက ဘုရား၏ ကိုယ်စားလည်လုပ် ပြီး သကာလ ဟောနေတယ်။ ဒကာ ဒကာမတွေ ဘာပြုလို တရားနာ နေသတုံးလို့ မေးလို့ရှိရင် ဒုက္ခကို ပိုင်းခြား၍ သိဖို့ရန် အလို့ငှါ တရားနာပြီး ကျင့်ကြပါတယ်လို့ ဖြေကြပါ။

ဒုက္ခပိုင်းခြား၍ သိတဲ့ အကျင့်၊ ကျင့်ဖို့ရာ အားထုတ် ကြပါတယ်လို့ ဖြေကြပါ။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခကိုပိုင်းခြား၍ သိခြင်း အကျိုးငှာ ဘုရား ကိုယ်တော် မြတ်ကြီးလည်း ကျင့်တယ်။ အဲတော့ ဒကာ ဒကာမတွေလည်း ဒုက္ခပိုင်းခြား၍ သိဖို့ရန် အလို့ငှါ တရား ကျင့်ကြတယ်လို့ ဒကာသိုက်က မှတ်ရမယ်။

ဒေါ်ရွှေတို့ ကျေနပ်ပလား၊ ဘယ်အကျိုးငှာ ကျင့်ကြ တာတုံး၊ (ဒုက္ခကို ပိုင်းခြား၍ သိဖို့ရန်ပါ ဘုရား) အေး– ဒုက္ခပိုင်းခြား၍ သိခြင်း အကျိုးငှါ ကျင့်ကြပါတယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက် စမ်းပါ။

ဒုက္ခကို ပိုင်းခြား၍ သိဖို့ရန်အလို့ငှါ ကျင့်ကြတယ်။

အမယ် အတော် အရေးကြီးတဲ့ စကား ဒေါ်အုန်းခင်ရေ (မှန်ပါ့) အင်မတန် အရေးကြီးတဲ့ စကား ခင်ဗျားတို့ ကျုပ်တို့ ဆရာဘုန်းကြီးရော၊ ဘုန်းကြီး ဒကာ ဒကာမတွေရော ဒုက္ခ ပိုင်းခြား၍ မသိတာနဲ့ အခု ခန္ဓာကိုယ် ဒုက္ခသစ္စာကြီး ထမ်းပိုး နေရတာပေါ့ဗျ။

နောက်ဘဝက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခကို ပိုင်းခြား၍ သိခဲ့ကြမယ် ဆိုရင်ဖြင့် အခု လက်ရှိ ခန္ဓာကိုယ်ကြီး အိုမှု နာမှု သေမှုကြီးကို ထမ်းနေဖို့ လိုသေးသလား (မလိုပါဘူ)။

အခုတော့ တစ်ခါတည်း ကျက်သရေ မင်္ဂလာ မရှိတာကြီး ဟိုထမ်းပြေးရ၊ ဒီထမ်းပြေးရ၊ မန္တလေး ထမ်းပြေးရ၊ တောင်မြို့ ထမ်းပြန်ခဲ့ရ ဘာတွေတုံး ဆိုလို့ရှိရင် ကျက်သရေ မင်္ဂလာ မရှိတဲ့ အသုဘ ထည်ကြီး ထမ်းလာ ခဲ့ရတယ်။

ဒုက္ခပေးတဲ့အထည်ကြီးထမ်းလာခဲ့ရတယ်

ဒုက္ခပေးတဲ့ အထည်ကြီး ထမ်းလာ ခဲ့ရတယ် ဆိုရင် လွဲမလား (မလွဲပါဘူး) မယုံရင် စဉ်းစား ကြည့်ပါလား၊ ခင်ဗျား တို့ ဒီကနေ မန္တလေး သွားမည့် အခါဆိုရင် မန္တလေးမှာ အိပ်စရာ၊ နေစရာ၊ ကုဋိ ကျင်ငယ်က အစ၊ တည်းမည့်အိမ်၊ ပြည့်စုံ မပြည့်စုံက အစ မေးရတယ်။

ကိုယ်က အနာတွေက အများကြီး ပါသွားတော့ ဟိုကျ ရင် ဒီအနာတွေ၊ ထမည် ကြွမည် ဆိုတာက သိပြီးသား ဖြစ် နေတယ်။

ဆာလောင် မွတ်သိပ်တဲ့ အနာကြီးကလည်း၊ မန္တလေး ကျရင် ကြွမယ်၊ ကျင်ကြီး ကျင်ငယ် စွန့်ချင်တဲ့ အနာကကော (ကြွမှာပါဘုရား)၊ အဲဒါကြောင့် မန္တလေး သွားမည် ကြံလို့ ရှိရင် ရေတွင်း ရေကန် ရေပိုက် ပြည့်စုံပါရဲ့လား၊ အစား အသောက် ဆိုင်နား နီးပါရဲ့ လား၊ မေးရတယ် (မေးရပါ တယ် ဘုရား)။

ဘာဖြစ်လို့ ဒါ အရင်မေးနှင့် ရင်ဆိုတော့ မကောင်းတဲ့ အထည်ကြီး ဖြစ်နေတော့ ဟိုရောက်ရင် ဒီအနာကြီးက ကြွတော့မယ် ထတော့မယ်၊ အလုပ်တွေ လုပ်ရတော့ မယ် ဆိုတာ ခင်ဗျားတို့ အဆင့်ကို မေးထား ရတယ်။

သူက တကယ် မကောင်းလို့ပဲ ဒေါ်ရွှေတို့ရ (မှန်ပါ့) တကယ် ကောင်းလို့ ရှိရင်ဖြင့် ဒီ အကြောင်း တွေ မေးထားနှင့်ဖို့ လိုသေးသလား (မလိုပါဘူး)။ ကုဋိရှိရဲ့လား ထမင်းဆိုင် ရှိရဲ့လား၊ ရေတွင်း ရေကန်ရှိရဲ့ လား အညစ်အကြေး ဆေးဖို့၊

အမလေး အစောကြီးက မေးရင်၊ မင်္ဂလာစကားနဲ့ မေးရတာလား၊ အမင်္ဂလာ စကားနဲ့ မေးရတာလား (အမင်္ဂလာ စကားနဲ့ မေးရတာပါ)။

ကိုင်း ကျုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ဟိုသွားရော၊ ဟိုမှာ အနာထ တာပဲ၊ ဒီပြန်လာပြန်တော့- (ဒီမှာ အနာထပါတယ် ဘုရား)၊ ဒါဖြင့် ကျုပ်တို့ ဒီဒုက္ခကြီးကို။ တစ်သံသရာလုံး ထမ်းပြီး သကာလ ယခု ထက်တိုင်ပင် ကျွတ်လမ်း မတွေ့သေး တာသည်၊ နောက်ဘဝက ဘာမသိခဲ့လို့တုံး ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဘာတုံး (ဒုက္ခမသိခဲ့လို့ပါ) အေး– နေရာကျ လိုက်တာ မရီတို့ ဟင်၊ ဒုက္ခ မသိခဲ့လို့ ဒီလောက် ကျုပ်တို့ နေရာ ထိုင်ခင်း ရွေးနေရတာ (မှန်ပါ)၊

ဥတုသပ္ပာယက ဘယ့်နှယ် နေသတုံး၊ ဆိုတာလည်း ကိုယ့် အနာထမှာ စိုးလို့။ ခန္ဓာ ကိုယ်ကြီးက အနာထ ပြမှာစိုးလို့ ဒေါ်အုန်းခင် (တင်ပါ)။

ဥတုသပ္ပာယက ဘယ်နှယ် နေသတုံး ဆိုတာ ရိပ်မိကြ ပလား (ရိပ်မိပါပြီ) ရေတွင်း၊ ရေတန်ရှိရဲ့ လား ဆိုတာ အညစ် အကြေး တွေက ပါသွားလို့ ဟိုကျဆေးရ ကြောရမှာကြောင့် ချွေးတွေ သန်တွေက လာဦးမှာကိုး၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကုဋိကျင်ငယ်ရှိရဲ့လား ဆိုရင်ဖြင့် ဝမ်းထဲက အနာကြီး က ကြွလာလို့ရှိရင် ကျင်ကြီး စွန့်ချင်တယ်၊ ကျင်ငယ် စွန့်ချင် တယ် ဆိုတာက လာဦးမှာပဲ၊ အဲတော့ မေးထား ရတယ်။

ဒါစိတ်ချရလို့ မေးထား တာလား၊ စိတ်မချရလို့လား (စိတ်မချရလို့ပါ) အမလေး ဒါဖြင့် ဟိုသွား တော့ စိတ်မချရလို့ မေးထားနှင့်ရတယ်၊ ဒီဘက် ပြန်လာတော့ ဒီမှာကော ပြည့် ပြည့်စုံစုံ ရှိရဲ့လား ဆိုတာကို မေးမြန်း စုံစမ်းပြီး လာခဲ့ကြရတယ် (မှန်လှပါ)။

ဒီဘက်ကျတော့လည်း ခင်ဗျားတို့ ဒီအကြောင်းတွေ အကုန် စုံစမ်းပြီးမှ လာခဲ့ရတော့ ဒီဘက် ကျတော့လည်း ဒီကိစ္စ လိုက်လာမယ် ဆိုတာ သိလို့၊ မေးထားပြီးမှ လာခဲ့ကြရတယ်၊ ဒေါ်သန်း ရိပ်မိပလား (ရိပ်မိပါပြီ)။

အမလေး ခင်ဗျားတို့ မေးရတာက ခင်ဗျားတို့ကသာ ရိုးရာကြီး ဖြစ်နေတာ၊ အရိယာ မျက်လုံး တပ်ပြီး ကြည့်လိုက်ပြီ၊ ဆိုမှဖြင့် ခင်ဗျားတို့ မေးတာ ဟူသရွေ့ လွန်၊ လွန်လွန်းတယ်။

ဒါဘာသစ္စာခေါ်မလဲ

ဒီအနာကြီး ကလည်း ဘယ်မှ ချထားလို့ မဖြစ်ဘူးထင် ပါရဲ့၊ မမေးထိုက်ဘူးလား (မေးထိုက် ပါတယ် ဘုရား) မရီတို့ ကဲ ဒီအနာကြီးဟာ ချထားလို့ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား) အမလေး၊ ဒီအနာကြီးက မတက်တဲ့နေ့ကောရှိရဲ့ လား (မရှိပါ ဘုရား) အနာမကြွတဲ့နေ့ကော (မရှိပါ)။

အဲဒါ ဘာသစ္စာခေါ်မလဲ (ဒုက္ခသစ္စာပါ ဘုရား) အဲဒါ ကြီး နောက်ဘဝက မသိခဲ့တဲ့ အတွက် ဒေါ်အုန်းခင်ရဲ့ ကျုပ်တို့ သည်ကားလို့ ဆိုလို့ရှိရင် ဒါကြီးကိုလည်း ပစ်ထား လို့လည်းမရ ထမ်းသွား ပြန်လည်း ပါလာ၊ ဘယ်နေရာမှ မင်းနေရစ်ပါဦး ဆိုလို့လည်း ခိုင်းလို့ စီလို့ရကြရဲ့လား (မရပါ ဘုရား)။ ဒါဖြင့် မခက်သေးဘူးလား (ခက်ပါတယ်)

ဘာမသိခဲ့လို့ ဒါကြီး၊ ဒါလောက် ထမ်းနေရတာလဲ (ဒုက္ခ သစ္စာ မသိခဲ့လို့ပါ ဘုရား) ဒုက္ခသစ္စာ မသိခဲ့တဲ့ အတွက် ဒကာ ဒကာမတွေ အခုတော့ဖြင့် ဒုက္ခတွေ လှလှကြီးနဲ့ဖြင့် မတွေ့ရသေးဘူးလား (တွေ့ရပါပြီ ဘုရား)။

မင်းတို့ဘုရားဘယ်အကျိုးငှာကျင့်တာတုံး

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နောက်ဆုံးပိတ် မင်းတို့ ဘုရား၊ ဘယ်အကျိုးငှာ ကျင့်သတုံးလို့ ဘယ်သူက မေးမေး ရဟန်းတွေရေ ဒီလိုဖြေခဲ့ ဒီလို ဖြေခဲ့ကြ၊

“ဒုက္ခဿ ပရိညာတံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ” လို့ အဲဒီလိုဖြေကြကွ

ဘုရားက ငါ့အကြောင်း မေးရင် ဒီလိုသာဖြေတဲ့

ဒုက္ခဿ- ဒုက္ခကို ပရိညာတံ- သိခြင်းအကျိုးငှာ၊ ပိုင်း ခြား၍ သိခြင်း အကျိုးငှာ ဘဂဝတိ- မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်၊ ဗြဟ္မစရိယံ- မြတ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ဝုဿတိ- ကျင့်၏။

ဒုက္ခပိုင်းခြား၍ သိတဲ့ မဂ္ဂင် အကျင့်ကို ကျင့်တယ်လို့ မင်းတို့ ဘယ်သူက မေးမေး၊ ငါ့အကြောင်း မေးရင် ဒီလိုသာ ဖြေကြ၊ (မှန်ပါ့)။

ဘယ်လောက် အရေးကြီးလို့ ပြောတဲ့တရားတော် လည်းဆိုတာ ပေါ်လာကြပလား (ပေါ်လာ ပါပြီ)၊ အဲတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ အိပ်ယာ၊ နေရာရှိရဲ့ လား၊ ရေတွင်း ရေကန်ရှိရဲ့လား၊ ကုဋိ ကျင်ငယ်ရှိရဲ့ လား၊ ထမင်းဆိုင် ဟင်းဆိုင် ရှိရဲ့လားဆိုတဲ့ ဥစ္စာ၊ အစောကြီးက တင်ကြို မေးရတယ်။

ဘာဖြစ်လို့လည်း ရောက်ရင် ဒီဒုက္ခကြီးက ထမယ် ကြွမယ်ဆိုတာ ငြင်းဖို့ လိုသေးသလား၊ (မလိုပါဘူး ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့မှာ ကျုပ်တို့မှာ ကျက်သရေ မင်္ဂလာ မရှိတဲ့စကားက စပြော ရတယ်(မှန်ပါ့) ဒေါ်အုန်းခင်ကြီး တို့က မမေးမိဘူး ထင်တယ် (မေးမိပါတယ် ဘုရား) ခုတော့ ရိပ်မိ ပြီမို့လား (ရိပ်မိပါပြီ)။

ဒီဘဝကြီး ကူးလာခဲ့တာ ခင်ဗျားတို့ မသိတဲ့ ပုဂ္ဂိုလ်မို့ ဒီဒုက္ခကြီး၊ ချမရ၊ ထားမရ၊ ခွဲမရနဲ့ ဒကာသိုက်ရေ ကြုံနေရ တယ် (မှန်လှပါ ဘုရား) အခုတော့ဖြင့် ဒါကြီးဟာ အင်း ရှင်လည်း ပေါင်းနေ ရတာပဲ။

သေမည့် အကောင်ကြီးနဲ့ကော အတူ နေရတာပဲ၊ နာမည့် အကောင်ကြီးနဲ့ကော (အတူ နေရ ပါတယ်)၊ ရောဂါ များတဲ့ ခန္ဓာ ကိုယ်ကြီးနဲ့ကော (အတူနေရပါတယ် ဘုရား) အမလေး ခင်ဗျားတို့မို့ ကြံဖန် ပျော်ပါပေတယ်။

ပတ်တီးအစုံယူခဲ့ကြရတယ်

အဲဒီလို လာခဲ့ကြရတာ၊ မန္တလေးက လာခဲ့ကြရတာ ဆိုလို့ရှိရင်၊ တစ်ထည်လဲ တစ်ထည် ခြုံနဲ့ လာခဲ့ ကြရတာလား အပိုအမို ယူခဲ့ကြရတာလား (အပိုအမို ယူခဲ့ကြရပါတယ် ဘုရား) အမလေး ပတ်တီး အစုံ ယူခဲ့ကြရတယ်။

ပတ်တီး အစုံ ယူခဲ့ကြရတယ်၊ ဘာ့ကြောင့်လည်း ဒီကျ အနာထမယ် သိပြီးသားကို (မှန်ပါ့) ကိုယ့်အကြောင်း ကိုယ် ကောင်းကောင်း သိကာနဲ့ပဲ အစုံအလင် ယူခဲ့ရတယ်။

အင်း .. စားဖို့ သောက်ဖို့ ကလေးများကော ယူခဲ့ကြသေး ရဲ့လားလို့ မေးပြန်တော့ (ယူခဲ့ ရပါတယ်) အင်း ဆာလောင် မွတ်သိပ် နာကြီးကလည်း ဒီကျ ပေါက်ဦးမှာကိုး (မှန်ပါ့ ဘုရား)။

အမလေး ဒကာ ဒကာမတို့ အားစိတ်ကို ရှိကြသေးရဲ့ လား (မရှိပါ ဘုရား) အားစိတ်ကို မရှိအောင် တစ်ခါတည်း အဆုံကြီးဆုံ။ အကြုံကြီး ကြုံပြီးတော့ ဒါဘာတုန်း ဆိုတော့ ဒုက္ခမသိခဲ့လို့ ဆုတောင်း ယူခဲ့လို့ (မှန်ပါ့)။

အခုတော့ဖြင့် ဘယ်အချိန် စိတ်ချ၊ လက်ချ နေရတုံး ဆိုတော့ မနက်စာ စားပြီးလို့ရှိရင် ညစာ အတွက် စိတ်မချရဘူး၊ ညစာ အတွက် အားထုတ် ရပြန်ပြီ။

ညစာအတွက် အားထုတ်လို့ပြီးပြီ ဆိုလို့ရှိရင် ညစာ သွင်းဖို့ ညစာထုတ်ဖို့ အရေးကြီးလာပြီ ညစာစားဖို့က ထမင်း ကျွေးရတယ်၊ ညစာ ထုတ်ဖို့က ကုဋိ အဆင်သင့် ထားရတယ်။ အားသေးရဲ့ လား (မအားပါ ဘုရား)

မနက်စာသွင်းဖို့ကော အားထုတ် ရသေးသလား (အားထုတ် ရပါတယ်) မနက် စာ ထုတ်ဖို့ကော (အားထုတ်ရပါတယ်)။

အမလေး ဒကာ ဒကာမတို့ ခက်လှချည်လား ခက်လှ ချည်လား ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ဘယ်ထားထား နေရာ ကျရဲ့လား (မကျပါ ဘုရား) နေရာမကျဘူး၊ ဘယ်လောက် ကောင်းတဲ့ အဝတ် ဖြစ်ဖြစ် ဆင်လိုက်လို့ ရှိရင်ဖြင့် သူ့ အညစ် အကြေးနဲ့ပဲ တော်ကြာ သုံးရက်ရှိ၊ လေးရက်ရှိ၊ ငါးရက်ရှိ ဖွတ် ရပြီ၊ လျှော်ရပြီ (မှန်ပါ့)။

လျှော်ရပြီ အဲဒါခင်ဗျားတို့က ဖွတ်ရ လျော်ရတာများ ဂုဏ်ယူ နေကြသေးလား၊ ဂုဏ်ယူစရာ လိုသေးလား (မလိုပါ ဘုရား) ခင်ဗျားတို့ အဖြစ်ဆိုး ကြီးဟာလေ (မှန်ပါ့)

အဲ သလောက် ဒါကြီး ဘယ်နှယ်ကြောင့် ကြုံရဆုံရပြီ ဤကဲ့သို့ ခွဲမရ၊ ခွာမရ ဖြစ်နေ ပါလိမ့်မလဲ ဆိုလို့ရှိရင် ဒကာသိုက် ရိပ်မိပလား (ရိပ်မိပါပြီ)။ ဘယ်နှယ်တုံး (မခွဲခွာချင်လို့ ပါ ဘုရား) ကိုင်း ဒေါ်သန်းတို့ (ရိပ်မိပြီ)။

မျှော်လင့်ချက်ရှိလာပြီ

အမလေး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တော်သေး တယ်နော် နောက်ဆုံးပိတ် ဒုက္ခသစ္စာ သိအောင် ဟောပေးမဲ့ ဆရာနဲ့ လာတွေ့တော့ နောက် ဒီဒုက္ခကြီး ကျွတ်ရတော့ မယ်ဆိုတာလည်း မျှော်လင့်ချက် ရှိသေးတယ် (ရှိပါတယ် ဘုရား)။

ဒီလိုမှ ဒေါ်အုန်းခင် သစ္စာတရားကို မနာရတဲ့ ပုဂ္ဂိုလ် ဖြင့် နောက်လည်း ဒီဒုက္ခနဲ့ သူနဲ့ ဘယ်တော့မှ အိုးစား မကွဲ ဘူး၊ (မှန်ပါ့) ဆိုတတ် ကျပလား (ဆိုတတ်ပါပြီ)။

ဒုက္ခသိဖို့အလုပ် ကြိုးစားကြစမ်းပါ

သူဒုက္ခမှ မသိလို့ ရှောင်ချင် ဖယ်ချင် ရှားချင်တဲ့ စိတ် လာသေးရဲ့ လား (မလာပါ ဘုရား) ဒါဖြင့် ဒုက္ခသိဖို့ အလုပ် များဖြင့် အရေးတကြီး ကြိုးစား ကြစမ်းပါ ဆိုတာ ဘုရား မတိုက် တွန်း သင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)။

“ဒုက္ခဿ ပရိညာတံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ” လို့

မင်းတို့ ဖြေကြဟေ့လို့ ဒို့ဘုရား ကျင့်တဲ့ အကျင့် ဟာဖြင့် အကျင့်တွေ ဘယ်အကျင့် ကျင့်သတုံး လို့ မေးလို့ ရှိရင် ဒုက္ခပိုင်းခြား၍ သိဖို့ရန် မြတ်သော မဂ္ဂင် အကျင့်ကို ပို့ ဘုရား ကျင့်နေတယ်လို့ မင်းတို့ မေးတိုင်း တိုင်း ပြောကြ။

ဘယ်သူကမေးမေး ဒါသာပြော (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အခုတရား နာကြတယ် အားထုတ်ကြတယ် ဆိုတာ ဘာကို အားထုတ် ကြတာလဲ (ဒုက္ခပိုင်းခြား၍ သိဖို့ပါ ဘုရား) ဒုက္ခကို ပိုင်းခြား ၍ သိဖို့ရန် အလို့ငှါ ကျင့်နေကြတယ် ဒေါ်အုန်းခင် ဘာကျင့် နေကြတာလဲ (ဒုက္ခပိုင်းခြား၍ သိဖို့ရန် အလို့ငှါပါ ဘုရား)။

အဲ .. ဒုက္ခ ပိုင်းခြားသိတဲ့ ဒကာ ဒကာမတွေကျတော့ ဒီဒုက္ခကြီးကို ရွံ့မုန်းလာတဲ့ ဉာဏ်မလာ ပေဘူးလား (လာပါ တယ်) လာရင် ဒီဒုက္ခကြီးကို အားထုတ်ပြီး ဆုတောင်း ယူဦး မှာလား (မယူပါဘူး ဘုရား)။

အဲဒီမှာ ကျွတ်လမ်း လွတ်လမ်း၊ ဒုက္ခမှ ကျွတ်လမ်း လွတ်လမ်း တွေ့မယ် ဆိုတာ၊ သိတဲ့ ပုဂ္ဂိုလ်မှ ကျွတ်လမ်း လွတ်လမ်း တွေ့မယ် (မှန်လှပါ ဘုရား) ဒကာသိုက်ရေ- မသိတဲ့ ပုဂ္ဂိုလ်ဖြင့် (မတွေ့ပါ ဘုရား)။ ကျွတ်လမ်း လွတ်လမ်းတွေ့ ပါ့မလား (မတွေ့ပါ ဘုရား)။

သာမညကံနှင့် ဒီနေရာမျိုး မရောက်နိုင်ပါ

ဒီရောက်ပြီး လာကြတဲ့ ဒကာ ဒကာမတွေမှာ ေဩာ် တော်တယ်၊ တော်တယ် ခင်ဗျားတို့။ သာမည ကံနှင့် ဆိုရင် ဒီနေရာမျိုး ရောက်ကို မရောက်နိုင်ဘူး၊ အခုတော့ ဒုက္ခကျွတ် ဖို့ လွတ်ဖို့ အရေးဟာ ဒီမှာ ဟောပေးမဲ့ ဆရာလည်းရှိ၊ ကျင့်ကြံ နည်းပေး တတ်တဲ့ ဆရာလည်း ရှိတော့ (မှန်ပါ့)။

ေဩာ် .. ဝဋ်ကျွတ်မည့်၊ ဝဋ်ကျွတ် လိုတဲ့ ပုဂ္ဂိုလ်မို့ ဝဋ်ကျွတ်ခါနီး ပုဂ္ဂိုလ်မို့ ရောက်လာတာ (မှန်ပါ့ ဘုရား)။

ဒေါ်အုန်းခင် ယုံပလား (ယုံပါတယ်) ဘယ်ပုဂ္ဂိုလ်မို့ ရောက်လာတာလဲ (ဝဋ်ကျွတ်ခါနီး ပုဂ္ဂိုလ်မို့ ရောက်လာတာ) အေး- ဝဋ်ကျွတ်ဖို့ရာ ရောက်လာကြတာ။

ဝဋ်ကျွတ်ဖို့ရောက်လာတာ

တော်တော်သေးတယ်၊ ဝဋ်ကျွတ်ဖို့ရန် ရောက်လာ ကြတယ် ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ဝဋ် လည်း ကိုယ်သိကြပြီမို့လား (သိပါပြီ ဘုရား)။

အေးလေ၊ ခုနက ပြောသွားတာ အစုံအလင် ရတယ်ဆိုတဲ့ ဥစ္စာ ဝဋ်ပေါ့ဗျာ၊ ဝဋ်တောင်မှ ဆေးအတွက် မလွတ်ရပါဘူး၊ ပတ်တီး မလွတ်ရပါဘူး ဆိုတာ ရိပ်မိပလား၊ ဟိုရောက်ပြန် တော့လည်း ခင်ဗျားတို့ ပန်းကန် ခွက်ယောက် ရှိရဲ့ လား၊ ခန္ဓာကိုယ်ကြီး၊ ဆာနာ ကုဖို့ (မှန်ပါ့) ပန်းကန် ခွက်ယောက်က ဆေးခွက်တွေ (မှန်ပါ့)။

ဆေးခွက်တွေ အရင်မေးထား ရတယ်။ ဆေးများ ဝယ်လို့ ရပါ့မလားလို့ မေးရတယ်၊ ဆန်၊ ဆီ၊ ငါးခြောက်၊ ငါးပိ ကလည်း မေးရသေးတယ်၊ ဆေးခွက်ကော ရှိရဲ့လား၊ ဆေးကော ရှိရဲ့ လား (မေးရပါတယ်) ပတ်တီး များကော လိုရင် အလွယ်တကူရရဲ့ လား ဆေးရုံကောရှိရဲ့ လား?။

ဘာပြုလို့အမေးထူတာတုံး

ဘာဖြစ်လို့ ဒီလောက်တောင် အမေးတွေက ထူလှ ချည့်လား၊ ဘာပြုလို့ ဒီလောက် ထူနေ ရတာလဲ (ဝဋ်ကြောင့် ပါ) အေး ဝိပါက ဝဋ်ကောင်မို့လို့ (မှန်ပါ့)။

ဒေါ်အုန်းခင် ဘာပြုလို့ ဒါလောက် လျှာရှည် မေးနေရ တာတုံး သဘောကြပလား ဝဋ်ကောင်ကြီး ပေါ်လာ ကြပလား(ကျပါပြီ) အမလေး၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ လျှာရှည် သရွေ့ ကိုယ့် ဝဋ်ကောင်ကြီး အတွက်ကို ကိုယ်မသိကြလို့ မရတာချည်ပဲ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘယ်လောက်ထိအောင် ဆိုးတယ် ဆိုတာ ပေါ်လာ ကြပလား (ပေါ်ပါပြီ)။ အမလေး ဒကာ ဒကာမတို့ ကြောက်စရာ ကောင်းလိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့ တည်းစရာ အိမ်ရှိရဲ့လားလို့ မေးတာ ဆေးရုံရှိရဲ့ လားလို့ မေးတာ (မှန်လှပါ ဘုရား)။

ပန်းကန်ခွက်ယောက်ရှိရဲ့လားဆိုတာ ဆေးခွက်ရှိရဲ့ လားလို့မေးတာ ဆန်၊ ဆီ၊ ငရုပ်၊ ငါးခြောက်က ဘယ်နှယ်နေ သတုံး ပေါပေါများများ ရှိရဲ့လား၊ ကျုပ်အနာက အတော်ကြီး တယ် အတော် ကုရလိမ့်မယ်၊ ဆေးဖိုး မနည်းကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါတွေ ပြောတာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) အမလေး ဒကာ ဒကာမတို့ တစ်ယောက်နဲ့ တစ်ယောက် စုံစမ်းတာ ဘာမေးကြတာတုံး၊ (ဆေးခွက်တွေ ဆေးတွေမေးတာပါ) ခင်ဗျားက ဘာဖြစ်နေကြလို့ ဒီလောက် အမေးထူရတာတုံး (ဝိပါက ဝဋ်ကြောင့်ပါ ဘုရား)။

ဝိပါက ဝဋ်ကောင်၊ အနာထပိဏ် သူဌေးတွေမို့ မေးရ တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဝိပါက ဝဋ်ကောင်၊ အနာတွေ ပေါလွန်းလို့ မေးရတာ အမလေး ဒကာ ဒကာမတို့ ခင်ဗျားတို့ အခု ဖော်ပြောတော့ ဒေါ်အုန်းခင် ရိပ်မိပလား (ရိပ်မိပါ ပြီ)၊ ဒေါ်သန်းတို့ကော (ရိပ်မိပါပြီ)။

ဘာကောင်တွေတုံး (ဝဋ်ကောင်တွေပါ ဘုရား) ဝိပါက ဝဋ်ကောင် အနာ ဘယ်နှစ်မျိုး ပေါက်သလဲ (မျိုးစုံ ပေါက်ပါတယ်) မျိုးစုံ ပေါက်တယ် (ပေါက်ပါတယ်)၊ ဒီအရပ် က ဟိုအရပ် ရွှေ့ သွားရင်ကော အနာ ကင်းပါရဲ့လား (မကင်း ပါ ဘုရား)။

ဒါကြောင့် အဆင်သင့် ဟိုမှာကော အိမ်ရှိရဲ့လား ယာရှိရဲ့ လား အစား အသောက်ရှိရဲ့ လား၊ အထည်အလိပ် ရှိရဲ့ လား၊ ခြင်ထောင် အစရှိသဖြင့် ရှိရဲ့လား၊ အိပ်စရာ၊ နေစရာ အစရှိသဖြင့် ရှိရဲ့လားလို့ အကုန် မေးရတယ်။

ဝဋ်ကျွတ်တဲ့တရားဟောနေတယ်

မေးရတယ် ဘာကြောင့်လည်း ဆိုတော့ သူ့အနာက ဒီမှာလည်း ဒီအနာကြီးက ကြွလျက် ထလျက် ဟိုရောက်တော့ သူမကြွပဲ မထပဲ နေမှာလား (မနေပါ ဘုရား) ဒါဖြင့် ဒီအနာ ကြီး ထမ်းပြီး လည်နေရတာ ဝဋ်မကျွတ်ချင် သေးဘူးလား (ကျွတ်ချင်ပါတယ် ဘုရား)။

ဒါကြောင့်လည်း ဆရာ ဘုန်းကြီးက ဝဋ်ကျွတ်တရား ကို ဟောနေရတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) အေး ဒကာစိန် ဝဋ်ကျွတ ်ချင်သလား (ကျွတ်ချင်ပါတယ်) သို့သော် လည်းတဲ့ ဝဋ်ကျွတ် ချင်တယ် ဆိုတဲ့ အသံကလေး ထွက်လာ ဖို့ရာ ဒေါ်ရွှေရေ ဝဋ်ကို အတော်ပြောယူမှ ကျွတ်ချင်တဲ့စိတ် ကလေး ပေါ်လာမှာ (မှန်ပါ့)။

အဲမာ နို့မို့ရင်ဖြင့် ကျင်ကြီးထဲက လောက်က ဘယ် ပျော်သလဲ (ကျင်ကြီးထဲ ပျော်ပါတယ် ဘုရား) သိမှ မသိပဲကိုး (မှန်ပါ့)။

ခင်ဗျားတို့လည်း အမယ် ဆီပဲ၊ ဆန်ပဲ၊ ရေပဲ၊ မိုးပဲနဲ့ နေရရင် လူ့ဘဝ အရ ထူးတယ်တောင် ပြောချင် ပြောသေး တယ် (မှန်ပါ့) အခုကျတော့ အနာတွေ ဖြစ်နေတယ်၊ ဟုတ် ဘူးလား (ဟုတ်ပါတယ်)။

အခုလို ဈေးတွေ ဘာတွေ တက်လာတော့ နည်းနည်း စိုးရိမ်ရတယ်၊ အနာရှိလို့ ဆေးဖိုး တက်နေရင် မကုရမှာစိုးလို့ (မှန်ပါ့ ဘုရား) အခုလို ဈေးတွေ ဘာတွေ တက်လာတော့ ဒေါ်အုန်းခင်တို့က လှုပ်သပေါ့ဗျာ။

ဘာဖြစ်လို့ လှုပ်သတုံး ဆိုတော့ ဆေးတွေ ဈေးတက် ကုန်ပြီ၊ အနာက လျော့မှာမဟုတ်ဘူး (တင်ပါ့) ဒါကြောင့် ခင်ဗျားတို့ လှုပ်တာကိုး (မှန်ပါ့) ဒါကြောင့် တစ်မြို့လုံး တောင်က လူကမြောက်၊ မြောက်က လူကတောင် တစ်ခါ တည်းကို ပြေးနေတာပေါ့ဗျာ ဒါဘာဖြစ်ကြတာတုံး ဆေးဖိုး – ဆေးဖိုး ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အနာရှိလို့ ဆေးဖိုးတွေ တက်လာတော့ လှုပ်ကုန် ကြတယ်။ ဒီအတိုင်း ဆိုရင် ရှေ့အခက်ကြီး ပါလားတဲ့ အမလေး ရှေ့လည်း အနာ မပျောက်ဘူးလို့ ပြောတာ (မှန်ပါ့)။

ဒီအနာက ဘယ်အချိန် ရောက်အောင် ကုရမှာလည်း (သစ္စာ သိအောင်ပါ ဘုရား) အမလေး ဒုက္ခသစ္စာ မသိသေ၊ ဟိုဘက်ကျရော (ဆက်ကုရမှာပါ) ဆက်ကုရမယ်၊ နာတာ ရှည်လိုက်တာဗျာ၊ ဒကာ ဒကာမတွေ နာတာရှည် လိုက်တာ (မှန်ပါ)။

ကဲ- မင်းတို့ ယောက်ျားတွေ ဘက်က ဘယ့်နှယ်တုံးကွ၊ (နာတာရှည်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) မင်းတို့က ခြေတစ်ဘက် ဆွဲပြီး လက်တစ်ဘက်က ဆွဲနေမှ ေဩာ် ကြောက်လိုက်တာ နာတာရှည်၊ တစ်ဘက် ဆွဲနေပြီ၊ သွက်ချာ ပါဒ (မှန်ပါ့)။

မင်းတို့ သွက်ချာပါဒက ဘယ်မှာ ကုလို့ ပျောက်တာ ပါ သေးရဲ့ လား (မပါပါ ဘုရား) အိမ်ကျလို့ ရှိရင်လည်း သွက်ချာ ပါဒ ဖြစ်အောင် ရှာရ ဖွေရတာပဲ၊ ဒီဘက် ရောက်ပြန်တော့ကော (ရှာရ ဖွေရပါ ဘုရား) သွက်ချာပါဒ ရှာတာချည်းပဲ (မှန်ပါ့)။

အဲဒါ အနူအမွဲတွေက ပါသေးတယ် (မှန်ပါ့) အဲဒါ လောက်တောင် ခင်ဗျားတို့က ဝိပါက ဝဋ်ကောင် ဆိုတာ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒေါ်အုန်းခင် ဒီရုပ်မျိုး ပြန်တွေ့ချင်သေး သလား (မတွေ့ချင်ပါဘူး ဘုရား)။ ဒေါ်ရွှေတို့ကော (မတွေ့ ချင်ပါ) မရီတို့ကော (မတွေ့ချင်ပါ) ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

မင်းတို့ဘုရားဟာဘယ်အကျိုးငှါကျင့်တာတုံး

အဲဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောဆိုတဲ့ စကားတစ်လုံးဟာ၊ ဘယ်လောက် အဖိုးတန်သလဲ ဆိုတာ ကြည့်လိုက်စမ်းပါ။

မင်းတို့ဘုရားဟာ ဘယ်အကျိုးငှါကျင့်တာတုံး။

အို-ဒုက္ခပိုင်းခြား၍ သိဖို့ရန် မြတ်သောအကျင့် ကျင့်နေတာကွ။

ဆိုတော့ ဒုက္ခလေး တစ်လုံး သိရင် ဝဋ်ကျွတ်တယ်လို့ ပြောတာကိုး (မှန်ပါ့) ကဲ ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား) ဒေါ်သန်းရေ – အင်မတန် အဖိုးတန် တယ်နော် (မှန်ပါ့)။

အခုတော့ ဒကာ ဒကာမတွေက အင်း ဒုက္ခ ကျွတ်ချင်တဲ့စိတ် ပေါ်လာလို့ ခင်ဗျားတို့ မိဘရိုးရာ မျက်လုံး ကလေးက ကွယ်ပြီး သကာလ၊ အခု ဆရာသမား ပေးတဲ့ မျက်လုံးလေး တပ်လာလို့ အမယ် ဟုတ်တယ် ဘုရား ဆိုတာလေး လိုက်လာတာ။

ဒီတရား မနာဘူးတဲ့ ပုဂ္ဂိုလ်တွေဆို ဒေါ်အုန်းခင် ဒါထုံးစံ လူဖြစ်ရင် ရှာစားရမှာပေါ့။ ရှာစား ရမှာပဲတဲ့ မရှာပဲ စားရမဲ့ဟာ၊ သူရှာလို့တောင် မတွေ့ဘူး (မှန်လှပါ) ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး။

ေဩာ် ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကျင့်တဲ့ အကျင့် ဒကာသိုက် သိပလား (သိပါပြီ) ဘယ် အကျိုးငှာ ကျင့်ပါသလဲ (ဒုက္ခပိုင်းခြား၍ သိဖို့ရန် အကျိုးငှာ ကျင့်ပါတယ်)။

ဗုဒ္ဓဘာသာဆိုရင် ဒီအကျင့်ကျင့်ရမယ်

ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါပဲလိုက် (မှန်လှပါ ဘုရား) ဗုဒ္ဓဘာသာဆို ဘုရားကျင့်တဲ့ အကျင့်လို ရမှာပေါ့၊ ဒုက္ခပိုင်းခြား၍ သိတဲ့ အကျင့်ကိုပဲလိုက်ကြ (မှန်လှပါ ဘုရား)။

မောင်ချစ်ဆွေ၊ အရေးကြီးတယ်ကွ၊ ဒီတစ်လုံးဟာ အင်မတန် အရေးကြီးတယ်၊ ဒကာစိန် (မှန်ပါ့)။

အခုဒကာ ဒကာမတွေမှာ အမျိုးမျိုးဒုက္ခတွေ တွေ့ရတာသည် ဒုက္ခပိုင်းခြား၍ မသိတော့ ဆုတောင်းတောင် ယူထားလို့ တွေ့ရတာ အမလေး ဒကာ ဒကာမတွေ အခုတွေ့ ရတဲ့ ဒုက္ခဟာ အလိုလို လာတာလား၊ ဆုတောင်း ယူထား ကြတာလား (ဆုတောင်း ယူထားကြတာပါ)။

အဲဒါ သိခဲ့လို့လား မသိခဲ့လို့လား (မသိခဲ့လို့ပါ ဘုရား) နာလိုက်တာဗျာ နာလိုက်တဲ့ ဖြစ်ခြင်း၊ အင်မတန် နာတယ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနာကြီး နာနေ တယ် ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒီတစ်ခါမှ မသိတတ်ရင် မြုပ်လေတော့ မျောလေ တော့ပဲ (မှန်ပါ့) သွားပြီ မရီတို့ မတူတို့ သွားပြီ ဒီတစ်ခါ မသိတတ်ရင် သွားပြီ (မှန်လှပါ ဘုရား)။

ဆုတောင်းပြည့်စုံတဲ့အချိန်

ဘာဖြစ်လို့ သွားပြီလို့ ဆိုရသတုံးလို့ မေးတဲ့အခါကျ လို့ ရှိရင်ဖြင့် အခုအခါ မှာတော့ ဆရာကောင်းနဲ့ တွေ့ရပါ လို၏ လို့ ဆုတောင်း ခင်ဗျားတို့ ပါတယ်၊ လူလည်း ဖြစ်ရပါလို၏ ဆိုတဲ့ ဆုတောင်း ကလည်း ပါတယ် (မှန်ပါ့)။

သာသနာတွင်း ကြုံရပါလို၏ ဆိုတာကော (ပါပါ တယ်) ပါတယ်။ ကျန်းကျန်းမာမာ၊ ချမ်းချမ်း သာသာနဲ့ပဲ ဆရာကောင်း သမားကောင်း ကြုံကြိုက် ရပါလို၏ ဆိုတာကော (ပါပါတယ်)။

အဲဒါလေး လွတ်သွားလို့ရှိရင် သွားပြန်ပြီတဲ့ (မှန်ပါ့) မောင်ချစ်ဆွေတို့ ဘာလွတ်ရင် သွားမလဲ (ဒါလွတ်ရင်ပါ) ဒီအထဲက အခုပြောတဲ့ အင်္ဂါထဲက တစ်ပါးပါးချို့လို့ ဒကာ ဒကာမတွေ ပျက်ပြီ ဆိုမှဖြင့် မြှုပ်လေ ဦးတော့ဗျာ မျောလေ ဦးတော့ (မှန်ပါ့)။

ဘာကြောင့်တုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် ခင်ဗျား တို့ကလည်း သက္ကာယဒိဋ္ဌိက မပြုတ်သေးတော့ သက္ကာယ ဒိဋ္ဌိ ဆိုတာ ငါပဲဗျ။

သက္ကာယဒိဋ္ဌိရှိတဲ့သူကျောက်ခဲနဲ့တူတယ်

ရုပ်နာမ်ကို ငါထင်တယ်၊ ဒုက္ခသစ္စာကို ငါထင်တယ်၊ အဲဒီလို သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ ကျောက်ခဲ လေးနဲ့ တူတယ်လို့ ဒေါ်အုန်းခင် ဘုရားက ဟောတယ်။ ကျောက်ခဲ ကလေး ရေထဲကို ဒေါ်အုန်းခင်က ပစ်ချလိုက်၊ မတူတို့က ပစ် ချလိုက် ဘယ်တော့ ပေါ်မှာလဲ (မပေါ်ပါဘူး ဘုရား)။

သူက ရေပေါ်မျိုးလား၊ ရေမြှုပ်မျိုးလား (ရေမြှုပ် မျိုးပါ) အခုတစ်ချီ လွဲလိုက်လို့ ရှိရင် ရေမြှုပ်မျိုးထဲ ရောက်တော့ မယ် (မှန်ပါ့) တက်စရာ ဆိုတာ မမျှော်လင့်ပါနဲ့ မမျှော်လင့် ပါနဲ့ (မှန်ပါ့)။

မယုံလို့ ဂတိတိမ်းပြီး သကာလ ကြောင်ဖြစ်ကြည့်ပါ။ ကြောင်ဖြစ်ရင် ကြွက်ခုပ်စားမယ်၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။ ကြွက်ခုပ် စားသည်နှင့် တစ်ပြိုင်နက် ပါဏာတိပါတ ကံတွေကြောင့် သူက တစ်ခါ ဒီကြောင်က တစ်ခါ ကြွက်ပြန်ဖြစ်ရတော့မယ် (မှန်လှပါ ဘုရား)။

ကြွက်ပြန်ဖြစ်ပြီး သကာလ ဟိုက ကြောင်ဖြစ်လာပြီး ခုပ်စားတော့မယ် သူတို့ချင်း လှည့်နေတာ ကိုင်း ဒေါ် အုန်းခင် မြင်လိုက်ပလား။

ဒုက္ခသစ္စာ မသိပြီဆိုမှဖြင့် (မှန်ပါ့) ကိုင်း နောက် တော့ တိမ်းသွားတဲ့ ပုဂ္ဂိုလ်ပြန်တက်စရာ မြင်သေးသလား (မမြင်ပါ ဘုရား) ဒါကြောင့် ကိစ္ဆော မနုဿပဋိလာဘော။

မနုဿပဋိလာဘော – လူ့ဘဝကလေး တစ်ကြိမ်၊ တစ်ခါပြန် တက်ဖို့ အရေးသည်၊ ကိစ္ဆာ မင်းတို့ ဘယ်လိုကြိုးစား ကြိုးစား မရနိုင်တဲ့ အရေးပဲ ဘယ်လောက်များ ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်းပါတယ် ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဒါအကောင်းဆုံးတရား

အဲဒါဖြင့် ဘုရားကျင့်တဲ့ အကျင့်ဖြင့် မကျင့်လို့ မဖြစ်ဘူးဗျ ဘုရားသခင် ကိုယ်တော် မြတ်ကြီး သည် ဒုက္ခကို ပိုင်းခြား၍ သိဖို့ရာ မြတ်သော မဂ္ဂင် အကျင့်ကို ကျင့်ပါတယ်လို့ ဘယ်သူက မေးမေး ဖြေကြဟေ့ ဒါအကောင်းဆုံးတရား (မှန်ပါ့ ဘုရား)။

သတ္တုချလိုက်တော့ ဒါပဲဟေ့ မောင်မြင့်တို့ လူစုတွေ ရိပ်မိပလားကွ ရိပ်မိပါပြီ ဘာပိုင်းခြား သိရမှာလဲ (ဒုက္ခ ပိုင်းခြားသိရမှာပါ)။

ဒါဖြင့် သံသရာ ရွှင်မြူးလာတဲ့ ပုဂ္ဂိုလ်တွေ ငရဲမှာ နေတဲ့ ပုဂ္ဂိုလ်တွေ နတ်ပြည်မှာ အပျော်ကြူး မြူးနေတဲ့ ပုဂ္ဂိုလ် တွေ ငါးတွေ ပင်လယ်ထဲမှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘာမသိရှာကြလို့တုံး ဆိုရင် ရိပ်မိကြပလား (ရိပ်မိပါပြီ)

ဘာဆိုကြမယ် (ဒုက္ခကို ပိုင်းခြား၍ မသိရှာကြလို့ပါ ဘုရား) ဒါဖြင့် ဒုက္ခပိုင်းခြား၍ မသိတဲ့ ပုဂ္ဂိုလ် ဟူသ၍၏ နေရာ ဌာနတွေတော့ အကုန်သိပါပြီ ဟုတ်လား နတ်ပြည်မှာ နတ်ရူးတွေ ဖြစ်နေတာကော (သိပါပြီ ဘုရား)။

ဗြဟ္မပြည်ကနေ လူ့ပြည် ခုန်ချပြီး၊ အပါယ်ကျအောင် ဆင်းလိုက်တာကော၊ တိရစ္ဆာန် ကျတော့ ဘယ်တော့မှ မတက် နိုင်တာကော (သိပါပြီ ဘုရား) အဲ-လူ့ဘဝ ခေတ္တနားပြီး ဒီကနေ အပါယ် သွားမည့် ပုဂ္ဂိုလ်တွေကော (သိပါပြီ ဘုရား)။

သားရေးသမီးရေးချိတ်ထားပါ

ဒါဖြင့်ဗျာ၊ ခင်ဗျားတို့သားရေး သမီးရေး ချိတ်ထား လိုက်စမ်းပါ၊ သားရေး သမီးရေး ချိတ်ထား လိုက်စမ်းပါ။ ဒုက္ခ ပိုင်းခြားပြီး သိတဲ့ အရေးလေးကိုဖြင့် အထူးအရေး လုပ်ပြီးတော့ ထားပါ။

နို့မို့လို့ ရှိရင် ခင်ဗျားတို့ ကျောက်ခဲသာ မှတ်ကြပေတော့ ဒကာ ဒကာမတို့ (မှန်ပါ့) ပြန်တော့ပေ လိမ့်မယ်လို့ မအောက် မေ့နဲ့ မောင်ချစ်ဆွေရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မောင်မြင့် တို့ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။

ဒီတစ်ခါ သွန်ရင်သွန် မသွန် ဘာဖြစ်မယ် ထင်ကြသလဲ မင်းတို့ (နစ်နာမှာပါ ဘုရား) နစ်နာတယ်၊ နစ်ရင် ဘာလမ်း ဆိုတာ ပြောကြစမ်း (အောက်လမ်းပါ ဘုရား) ဒေါ်သန်း ပေါ်လမ်း ဆိုတာ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) ဘယ်နည်းနဲ့မှ မလာနိုင်တော့ဘူး။

တရားမှာ အကောင်းဆုံးတရား

အဲဒါကြောင့် ဒကာ ဒကာမတွေကို မေတ္တာ ရှေ့ထားပြီး – သကာလ တရားမှာ အကောင်းဆုံး တရား ဟောနေတာ အကောင်းဆုံး တရားပဲ (မှန်လှပါ)။

ကြည့်လေ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကျင့်တဲ့ တရား ဟောတာ (မှန်ပါ့) ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ကိုယ်တော်မြတ်ကြီးက မင်းတို့ ဒိဋ္ဌိတွေက မေးမေး၊ ဘယ်သူက မေးမေး မင်းတို့ ဘုရား ဘယ်အကျိုးငှာ ကျင့်သတုံး ဆိုလို့ ရှိရင် ဒုက္ခပိုင်းခြား၍ သိဖို့ရန် မြတ်သောအကျင့်ကို ကျင့်နေတယ်လို့ ဖြေလိုက်ကွ။

တခြား ဘာမှမင်းတို့ အဖြေမရှိနဲ့၊ ဒီအဖြေထဲမှာ အကုန်ပါတယ်။ (မှန်လှပါ) ကိုင်း- ဒေါ်အုန်းခင်တို့ ကျင့်တဲ့ အကျင့်ဟာ ဘယ်အကျိုးငှာတုံး (ဒုက္ခပိုင်းခြား၍ သိဖို့ ပါ ဘုရား)။

အေး ခင်ဗျားတို့ ရှေးက လုပ်နေတာတွေက ဒုက္ခပိုင်း ခြား၍ သိဖို့မပါဘူး၊ လူဖြစ်ဖို့ နတ်ဖြစ်ဖို့၊ သံသရာ ချမ်းသာဖို့ (မှန်ပါ့)။

သံသရာချမ်းသာဖို့လို့ ဘယ်သူဟောထားသတုံး

သံသရာပါဆိုတဲ့ ဥစ္စာ၊ သံသရာ ဆိုတာ ချာလည် ပတ်ပတ်လည် နေတာ သံသရာ ခေါ်တာ၊ သံသရာ ချမ်းသာ ဖို့ဆိုတာ ခင်ဗျားတို့ ဘယ်သူကများ ဟောထားသတုံး၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သံသရာ ချမ်းသာဖို့ ဆိုတာ သံသရာ ဆိုတည်းက ခန္ဓာ နှင့်ပတ်သက်ပြီး မပြတ်ရေတာသည် သံသရာကြီး အဝိုင်း ပြေးပြေးနေတာကို သံသရာ ခေါ်တယ် (မှန်ပါ)။

အဲဒီသံသရာ ချမ်းသာဖို့ ဆိုတော့ အဝိုင်း ပြေးရတဲ့လူ ချမ်းသာမှုရှိရဲ့လား (မရှိပါ ဘုရား) အဝိုင်း ပြေးရတဲ့လူ နားနိုင်ပါရဲ့ လား (မပါပါ)။ အမောကလဲ ဆိုက်နေတယ်။

အမောဆိုက် နေတဲ့ပုဂ္ဂိုလ်ကို ခင်ဗျားတို့ သံသရာ ချမ်းသာတယ် ထင်ပြီး လုပ်လိုက်ရင်တော့ ခင်ဗျားတို့ အမောဆိုက်မယ် လို့သာ ပြောလိုက်ပါ (မှန်ပါ့ ဘုရား) ရိပ်မိ ကြပလား (ရိပ်မိပါပြီ) အင်မတန် မဆိုးဘူးလား (ဆိုးပါ တယ်)။

မရှိတာထက် မသိတာခက်

အဲဒါကြောင့် မရှိတာထက် မသိတာခက် ဆိုတဲ့ ဥစ္စာ ဖြင့် ဒေါ်ရွှေ မပေါ်သေးဘူးလား (ပေါ်ပါပြီ) မတူ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ပေါ်ကြပါတော့။

ဒါဖြင့် ေဩာ် ဒို့ဖြင့် အရယူတော့မှပဲ၊ မဖြစ်ဘူး ဟေ့-မဖြစ်ဘူးဟေ့၊ ဒီဥစ္စာ သုံးထားတော့ သိတဲ့ အလုပ်ကလေး တစ်ခုကိုဖြင့် လုပ်လိုက်မှပဲ၊ ဒါမှ သာလျှင် ဒုက္ခပိုင်းခြား၍ သိပြီ ဆိုမှဖြင့်၊ ဥပမာမှာ သရက်သီး တစ်လုံး ခွဲလိုက်တယ်၊ ဒေါ်အုန်းခင်ရ၊ ဟိုဘက်ကလည်းပိုးနဲ့၊ ဒီဘက်ကလည်း အပုပ် ဘယ်ဟာ ကြိုက်သလဲ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။

အဲ ဒုက္ခပိုင်းခြား ဆိုတာ ဖြစ်တာလည်း ဒုက္ခ ဒီဘက်က ပိုးနဲ့ (မှန်ပါ့) ဟိုဘက်က အပုပ်၊ အဲဒီ နှစ်ခုစလုံး မကြိုက်မှ (မှန်ပါ့)။

အဖြစ်နဲ့ အပျက် နှစ်ခုစလုံး မကြိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ လိုရင်း ဆိုက်ပြီ သဘော ပါကြပလား (ပါပါပြီ) သဘော ပါပြီနော် (မှန်ပါ့ ဘုရား)။

သရက်သီး တစ်လုံး ခွဲလိုက်မယ် တစ်ဖက်က ပိုးနဲ့ တစ်ဖက်က အပုပ်၊ ဘယ်ဟာစားကြမလဲ (ဘယ်ဟာမှ မစားချင်ပါ ဘုရား)။

ဘာကြောင့်တုံး (အပုပ်နဲ့ ပိုးပါလို့ပါ) အဲဒီအတိုင်းပါပဲ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သန္တာန်မှာ ဖြစ်ဆိုတဲ့ စိတ်ကလေး ဟာလဲ ပိုးပါတာပဲ၊ ပျက်ဆိုတဲ့ ဥစ္စာလည်း အပုပ်၊ ဘယ်ဟာမှ မျိုးစရာ ဝါးစရာ မပါဘူး၊ ပါသေးသလား (မပါပါ ဘုရား)။

အဲဒီ ခင်ဗျားတို့ စုတိစိတ်ကလေးနဲ့ လူဖြစ်တယ်၊ အင်း ဒီအပုပ်ကလေးကနေ ပိုးစားလေး ပါလာတော့၊ လူသေ တယ်ဆိုတာ ချက်ချင်း လိုက်လာတယ်၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။

လူဖြစ်တယ်ဆိုရင် လူသေက ပါလာတယ်၊ အဲဒီတော့ အဖြစ်ကြိုက်တဲ့ ပုဂ္ဂိုလ်က ပိုးစား ကြိုက်တယ်။ အပျက်ကြိုက် တဲ့ပုဂ္ဂိုလ်က အပုပ်ကြိုက်တယ်။ ဒါဖြင့် ဒီလူမှာ မျက်လုံး မပါဘူး၊ မသိသေးဘူး။ မသိသေးဘူး ဒီလူ (တင်ပါ)။

ဒကာသိုက်ရေ ဥပမာလေး သဘောကျပြီလား (ကျ ပါပြီ) ကဲဒါဖြင့် သရက်သီး နှစ်ခြမ်းခွဲပြီး ဒကာ ဒကာမတို့က တစ်ဖက်က ပိုးနဲ့ တစ်ဖက်က အပုပ်၊ ဘယ်ဟာကို ကျချင် သတုံး (ဘယ်ဟာမှ မကျချင်ပါ ဘုရား)။

ဒါဖြင့် နတ်ပြည်ရောက်တော့ မွေးတာသည်ကား ဆိုရင် ပိုးကိုက် သေတာသည်ကား ဆိုရင် အပုပ်။ ဒါဖြင့် ဖြစ်ပျက် ရှိတာပဲ၊ ဟုတ်ဘူးလား၊ မွေး၊ ပဲရှိတယ်၊ ဘယ်ဟာ ကြိုက်သလဲ (ဘယ်ဟာမှ မကြိုက်ပါ)။

ဘုရားကျင့်တဲ့တရား ဒို့ရပြီ

အဲဒါဒုက္ခပိုင်းခြားသိတာ၊ ဪ ဖြစ်တာလည်း မကောင်းဘူးဟ၊ ပျက်တာကော ( မကောင်းပါ ဘုရား)။

အေး ဖြစ်တာလည်း မကောင်း၊ ပျက်တာလည်း မကောင်း သိတာမှ ဒုက္ခပိုင်းခြား လာတာကိုး (မှန်ပါ့)။ ဘုရားကျင့်တာ ဒါပဲ၊ သဘော ပါကြပလား (ပါပါပြီ)။

ဘုရားကျင့်တာ၊ ဘုရားကျင့်တာ၊ ဒကာ ဒကာမတွေ နည်းနည်းနောနော ပါရမီ ရှိတဲ့လူတွေ ရတဲ့ တရား မဟုတ်ဘူး။ ဘုရားကိုယ်တော်တိုင် ကျင့်တဲ့ တရားမို့လို့ ခင်ဗျားတို့ကို ဘုန်းကြီးက ပေးနေတာ၊ သဘော ကျပလား (ကျပါပြီ)။

အဲဒီတော့ ဘုရား ကိုယ်တော်တိုင် ကျင့်တဲ့ တရားကို ဒို့ရခဲ့တယ် ဆိုတဲ့ ပါရမီ၊ သမ္ဘာရ အဆောက်အအုံ ခင်ဗျားတို့ ကံထူး၊ ဘုန်းထူးတွေ ဆိုတာ မသေချာသေးဘူးလား (သေချာ ပါတယ်)။

ဘုရားကျင့်တဲ့အကျင့်ရတာ ဒါသံယုတ်ပါဠိတော်မှာ ဒီအတိုင်းလာတယ်၊ ဒုက္ခဿ ပရိညာတံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ၊

ဒုက္ခဿ- ဒုက္ခသစ္စာကို၊ ပရိညာတံ- ပိုင်းခြား၍ သိခြင်း ငှာ၊ ဗြဟ္မစရိယံ- မြတ်သောအကျင့်ကို၊ ဝုဿတိ- ကျင့်သုံး၏။ ဘဂဝတိ- မြတ်စွာဘုရားသည်၊ ဝုဿတိ-ကျင့်သုံး၏။

ဒုက္ခပိုင်းခြားတဲ့ အကျင့်သာ သူကျင့်တယ်တဲ့ ဒီပြင် အကျင့် ကျင့်ကို မကျင့်ဘူး (မကျင့်ပါ ဘုရား)။

ပန်းတစ်ပွင့်နှင့်နတ်ပြည်ရောက်နိုင်ပါတယ်

ခင်ဗျားတို့ဟာ နတ်ပြည် ရောက်ချင်ရင်၊ ပန်းတစ်ပွင့် နဲ့ ဆုတောင်းလည်း ရပါတယ်။

ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခ ကတော့ဖြင့် လွယ်တာပေါ့၊ ကဲ ဒေါ်ရွှေ မလွယ်ဘူးလား၊ (လွယ်ပါတယ်) ခဏ သဘောမျိုးနဲ့ သွားပြီး သကာလ တောင်းယူလိုက်၊ ဒီဆွမ်းတော်ပွဲ ပန်းတော် ပွဲ လှူရတဲ့ အကျိုးကြောင့် နတ်ပြည် အကြိမ်ကြိမ် ခံစားရပါလို ၏ ဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ကတော့ ရလွယ် တာပေါ့ဗျ (မှန်ပါ့ ဘုရား)။

တစ်ဖက်က ပိုးကိုက်၊ တစ်ဖက်က အပုပ် ဆိုတော့ ဘယ်နှယ့်နေသလဲ (ရလွယ်ပါတယ် ဘုရား) ခင်ဗျားတို့က လည်း ဒီပိုးကိုက်နဲ့ အပုပ်မှ မသိတဲ့ ပုဂ္ဂိုလ် ဆိုတော့ ဟိုဈေး သယ်က ပေါပေါ ပေးလိုက်တာပေါ့ (မှန်ပါ့) ဟုတ်လား ဆစ်ဈေးနဲ့ တည့်မယ် အဲဒါကျတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆစ်တဲ့ဈေးနဲ့တည့်တာ

ဆစ်တဲ့ ဈေးနဲ့တည့်မယ်တဲ့ နတ်ပြည်တို့ ဗြဟ္မပြည်တို့ ခင်ဗျားတို့ ဆုတောင်း ယူလို့ရှိရင် ခင်ဗျားတို့ ပန်းကလေးနဲ့ လည်း တည့်တာပဲ၊ ဆွမ်းတော်ပွဲ ကလေးနဲ့ဆစ်တော့ (တည့် – ပါတယ်) ဖယောင်းတိုင် တစ်တိုင်နဲ့ဆစ်တော့ (တည့်ပါတယ် ဘုရား)။

ဒါအပေါကိုဗျ။ ရိပ်မိပလား (ရိပ်မိပါပြီ)

ခင်ဗျားတို့ အကြွင်းအကျန်တွေ ကျတော့ အိမ်ထား လည်း ပုပ်တော့မှာပဲ တော်ကြာ ကူလီ တောင်ငှားပြီး သွန်ရ မှာဆိုတော့ အို ပေးချင် သလောက် ပေးခဲ့ ဆိုတော့ ရတာပေါ့ ရိပ်မိပလား (ရိပ်မိပါပြီ) နဂိုကတောင် ရှင်းပစ်ရ ဦးမှာ (မှန်ပါ့)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အသေ ဆုတောင်းတာ ကတော့ ရလွယ်တာပေါ့ ဟုတ်လား၊ အပုပ်နဲ့ ပိုးကိုက် ဆုတောင်းတာ ကတော့ ရလွယ်ပါတယ်။

အပုပ်နဲ့ ပိုးကိုက် လွတ်အောင် အပုပ် ပိုးကိုက် မရှိတဲ့ နေရာ ရောက်အောင်ကျတော့ ဒေါ်အုန်းခင် မလွယ်ဘူး (မလွယ်ပါ ဘုရား)။

အပုပ်၊ ပိုးကိုက် မရှိအောင် လုပ်ဦးမှ နေရာကျမယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ဒါဖြင့် နတ်ပြည် လွယ်တယ်၊ ဗြဟ္မာပြည် လွယ်တယ် ဆိုတာ မောင်ချစ်ဆွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာကြောင့်ရလွယ်တာတုံး

ဘာကြောင့် ရလွယ်တာတုံး (အပုပ်နဲ့ ပိုးကိုက်မို့ လို့ပါ) အပုပ်နဲ့ ပိုးကိုက်ကိုး၊ အပုပ်နဲ့ ပိုးကိုက် ဆိုတော့ ခင်ဗျား တို့က ဈေးသည် လုပ်လာတဲ့ လူတွေ အထူး ပြောဖို့ မလိုပါဘူး (မလိုပါဘူး ဘုရား)။

ဒီကုန်မျိုး ဆိုလို့ရှိရင်ဖြင့် ကိုယ်ဆစ်တာ ကတောင် များနေသေးတယ် ကိုယ်ပေးချင်တာက စောနေတယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ) ဘာကြောင့်လဲ ဆိုလို့ရှိရင် အလကား နေရင်းကို ကူလီ စရိတ် ကုန်ပြီး၊ ချောင်းထဲ သွားသွန်ရဦးမှာ (တင်ပါ ဘုရား) အမှိုက်ကျဉ်းထဲ သွားသွန်ရဦးမှာ ဒီကုန်မျိုး ဖြစ်နေတယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဖြစ်ပြီး သေတာကိုးဗျ၊ ဖြစ်ပြီးသေ၊ ဖြစ်ပြီးသေ ဆိုတော့ ဒကာစိန်ရေ အပုပ်၊ ပိုးကိုက်တွေ ဆိုတာ သဘောကျ ပလား (ကျပါပြီ)။

ကိုင်း- အခုသိသားနဲ့ လျော့ဈေးနဲ့ ထပ်ဝယ် နေတယ် (တင်ပါ့ ဘုရား) ကဲ မလှရင်တို့ တယ်မဆိုး ဘူးလား (ဆိုးပါတယ် ဘုရား)။ ဆိုးတယ်နော်၊ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)။ ကဲဒါဖြင့် ခင်ဗျားတို့ လူပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဆိုတာ ဒကာသိုက်ရ ကျုပ်တို့ အိမ်လေး တစ်အိမ်စီ နေတာ ဟုတ် ဘူးလား (ဟုတ်ပါတယ်)။

ပန်းတစ်ပွင့်နဲ့ တောင်းရပါတယ် ဆိုတော့ ခင်ဗျားတို့ လည်း နာဘူးသားပဲ၊ အို ပန်းတစ်ပွင့်နဲ့ဆို မပြန်တော့ဘူး ဟုတ်ဘူးလား (မှန်ပါ့) မပြန်သာ မပြန်တာ ဘာဖြစ်နေသတုံး အိုသေနဲ့ နေလိုက်တာ (တင်ပါ့) ကောင်းသေးရဲ့ လား ( မကောင်းပါဘူး ဘုရား)။

ရောဂါမျိုးစုံနဲ့ကော (နေရပါတယ်) နေရပါတယ် ဆိုတော့ ဒေါ်အုန်းခင် ရချင်သေးသလား (မရချင်ပါ ဘုရား) ဒါမှ ရချင်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခက်သေးတယ် ခက်သေး တယ်တဲ့ ဒါလောက် ဆရာကောင်း သမားကောင်း တွေ့တာတောင်မှ အရူး မပျောက်သေး၊ မျက်လုံး မပွင့်သေးဆိုတဲ့ အဓိပ္ပါယ် ရောက်တယ်။

မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့ ကဲဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဲဒီ ဒုက္ခပိုင်းခြား၍ သိခြင်းငှာ ငါဘုရား ကျင့်တယ်လို့ ဖြေကြ။ (တင်ပါ့) တိတ္ထိတွေက မေးခဲ့ရင် (မှန်ပါ့)။

တိတ္ထိတွေက မေးခဲ့ရင် ဒီအတိုင်း ဆိုတာ ကျေနပ် ကြပလား၊ (ကျေနပ်ပါတယ် ဘုရား) ဒီထက် သူတို့ကဆက်မေး ဦးမယ်ကွတဲ့၊ တိတ္ထိတွေက ဘယ်တင်း ဘယ်ဟာ ဟာ ဒုက္ခလဲ? ဘယ်လို ပိုင်းခြား ရမှာလဲလို့ ဆက်လာဦးမှာ အမေးက ရပ်မှာ မဟုတ်ဘူးတဲ့ (မှန်ပါ့)။

ဘယ်ဟာဒုက္ခလဲ

ကဲ- ဒကာစိန်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလောက်ထိအောင် အရေးတကြီး ပြောလာတယ် ဘယ်ဟာ ဒုက္ခလဲ? ဘယ်လို ပိုင်းခြားပြီး သိအောင် လုပ်ရမှာလဲ? ဆိုပြီး သူတို့က ဆက်မေးရင် မင်းတို့ ဘယ်နှယ် လုပ်မလဲတဲ့။ ဘုရားက သင်ရပြန်တယ်၊ အဲဒီတော့။

“ယမ္ပိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ

တမ္ပိ ပရိညာယ ဗြဟ္မစရိယံ ဝုဿတိ”

ဒီလိုဖြေကြကွတဲ့ ဝေဒနာသုံးပါး ရှိတယ်ကွတဲ့ အဲဒီ ဝေဒနာသုံးပါး သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာ ဝေဒနာ ပေါ့လေ။

ဒကာ ဒကာမတို့ သန္တာန် သုံးပါးထက် ပိုရှိသေးရဲ့လား (မရှိပါ ဘုရား) သူ့နေရာနဲ့ သူမို့လို့သာ ဝေဒနာဟာ များနေ တာကိုး (မှန်ပါ့)။ ချုံး ခေါ်လိုက်တော့ သုံးပါးပဲ ရှိတော့တယ်။

အဲဒီ သုံးပါးကိုတဲ့ မြတ်စွာဘုရား သခင် ကိုယ်တော် မြတ်ကြီးသည်ကားလို့ ဆိုလို့ရှိရင် ပိုင်းခြားပြီး သကာလ သိစေ ချင်လို့ အဲဒီသုံးပါးက ဒုက္ခသစ္စာ အဲဒီ သုံးပါးမှာလည်း အဖြစ်နဲ့ အပျက်ကို နှစ်ခု ပိုင်းခြားပြီး ဖြစ်တာလည်း ဒုက္ခပဲ ပျက်တာ လည်း ဒုက္ခပဲ ပိုင်းခြားပြီး သကာလ သိဖို့ရန် အလို့ငှာ ကျင့်တယ်လို့ မင်းတို့ကြ။ (မှန်လှပါ ဘုရား)။

သဘောပါလား (ပါပါတယ်) သဘော သိပ်ပါတယ် မောင်မြင့်တို့ သဘောမပါဘူးလား (ပါပါတယ်)။

ပထမ ဝေဒနာသည် ဒုက္ခသစ္စာ ဖြစ်အောင်လုပ်တဲ့ နောက်မှ ပိုင်းခြား (မှန်လှပါ) သဘော ကျပလား (ကျပါပြီ)။

ဝေဒနာပေါ်လာလို့ရှိရင် ဒီဝေဒနာကလေးတွေဟာ ဒကာ ဒကာမတွေ ဒုက္ခသစ္စာလို့သာ မှတ်လိုက်။ ပြီးတော့မှ ဝေဒနာလေးတွေဟာ အဖြစ်နဲ့ အပျက် နှစ်ခုကို ဝေဖန်လိုက် (မှန်ပါ)။

ဘယ်လိုပိုင်းခြားပြီး သိရမှာလဲ

အင်း အဖြစ်ကလည်း ပိုးကိုက်၊ အပျက်ကလည်း အပုပ် ဆိုပြီး သကာလ ဖြစ်ပျက် နှစ်ခုစလုံး ဘယ်ဟာမှ မကောင်း ပါလားလို့ ပိုင်းခြားပြီးသာ ကျင့်လိုက်ကြပါ။

အဲဒီလို ဒို့ဘုရား ကျင့်နေတဲ့ဥစ္စာဟာ ဝေဒနာဟာ ဒုက္ခသစ္စာ၊ အဲဒီ ဒုက္ခသစ္စာကိုမှ တစ်ခါ ဒေါ်အုန်းခင်က အဖြစ်နဲ့ အပျက် ဝေဖန်ဦး၊ ဟုတ်ပလား။ အဖြစ်နဲ့ အပျက် ဝေဖန်ပြီး ပိုင်းခြား လိုက်ပါဦးတဲ့။

အဲဒီလို ဒုက္ခသစ္စာ လည်းသိ ပိုင်းခြားတဲ့ ဉာဏ်လည်း ရှိစေခြင်း အကျိုးငှာ ဒို့ဘုရား ကျင့်တယ်လို့ အဲဒီလို အကျယ် တဝင့် ဖြေလိုက် (မှန်လှပါ ဘုရား)။

သိပ်အဖိုးတန်တဲ့တရားတွေရတော့မယ်

တယ်လဲ သဘောပါပါလား (ပါပါတယ် ဘုရား) အင်မတန် သဘော ပါတယ်ဟေ့၊ ဒီတရား သိပ်အဖိုးတန် တယ် ဒကာ ဒကာမတွေ ဒါကြောင့် ဒီတရားတွေ ရတော့မယ် ဒီတရားကို ရတော့မယ် ခင်ဗျားတို့ အားထုတ်တတ်ရင်ရပြီ။

အားထုတ် တတ်နေကြတော့ ဪ ဒါဖြင့် ဒုက္ခသစ္စာလည်းသိ ပိုင်းခြားလို့လည်းသိ၊ ဒီနှစ်သိရှိရင် ဒို့ဖြင့် ကိစ္စ ပြီးတော့မှာပဲ (မှန်ပါ့)။

သံသရာ အိုလမ်း၊ နာလမ်း၊ သေလမ်း ဟူသရွေ့ သည် ဒို့သွားဖို့လမ်း မဟုတ်တော့ဘူး၊ ဟုတ်လား (မှန်ပါ့)။

တို့ဒယ်အိုးလုံးမှမရှိဘူး

ငရဲပြည် အိုးပေါင်း သိန်း၊ သန်း၊ ကုဋေ ချီပြီး ရှိငြား သော်လည်း ဒို့အိုး တစ်လုံးမှ မရှိဘူး၊ မဆိုနိုင် ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

နတ်ပြည်မှာ မသာတွေ အများကြီး ရှိငြားသော်လည်း အဲဒီမသာထဲ ဒို့မပါဘူး (တင်ပါ ဘုရား)။

ဗြဟ္မာပြည်မှာ မသာဖြစ်မည့် ရုပ်ကလာပ်တွေ အများကြီး မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီမသာတွေ တောထဲ ဒို့မပါဘူး (တင်ပါ ဘုရား)။

ဒီဒုက္ခသစ္စာကိုသိ၊ ဒုတိယ ပိုင်းခြားသိ အဲဒီ အသိနှစ် ခုသာ ဘုန်းကြီးတို့ဒကာ ဒကာမတွေ ရမည် ဆိုရင်ဖြင့် ဘယ်သူ ဟိုမှာ ဘာဖြစ်တယ် ဆိုရင်ဖြင့် ကိုယ်က သံဝေဂ ရရုံပဲ (တင်ပါ့ ဘုရား) သူ့အတွက် ကတော့ ဘာမှမဖြစ်ဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဖိုးတန်တာမြင်လို့ ဘုန်းကြီးတိုက်တွန်းတာ

အဲဒီလောက် အဖိုးတန်တာ မြင်လို့ ဒကာ ဒကာမတွေ ကို ဘုန်းကြီး တိုက်တွန်းတာ၊ ဂရုစိုက် စမ်းပါ ဘုန်းကြီးက မေတ္တာ ရှေ့ထားပြီး ပြောနေရသေးတယ် (မှန်ပါ)

ခင်ဗျားတို့က မရမနေဘူးဘုရား လုပ်လိုက်ဖို့ တယ်ကောင်း (မှန်ပါ့)။ ဟုတ်ပလား မရမနေဘူး ဘုရားလို့ လုပ်လိုက်ဖို့ သိပ်ကောင်းတယ် မရီတို့ တစ်ခါတည်း ကြိုးစား ဖို့မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

အေး ဒါ ခင်ဗျားတို့က အိမ်အရေးလေး၊ ရပ်ရေးလေး၊ သားအရေးလေး၊ သမီး အရေးလေး၊ စီးပွားရေးလေး၊ အကြောင်း ညီညွတ်ရေး လေးတွေနဲ့ ခင်ဗျားတို့က ဆင်ခြေ များ လဲ နေလို့ ရှိရင်ဖြင့် ဒီတစ်ခါအကြောင်း မညီညွတ်ရင် ငါးပါးကြီး မှောက်တယ်၊ မမှောက်ပေဘူးလား (မှောက် ပါတယ်)။

ဒီဘဝအကြောင်း မညီညွတ်ရင်

ဒီဘဝအကြောင်း ညီညွတ်ရင် ညီညွတ်၊ မညီညွတ်လို့ ရှိရင် ခင်ဗျားတို့ တစ်သံသရာလုံး မှောက်မယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) အဲဒါလောက် ကြောက်စရာ ကောင်းနေလို့ အင်း အထူး သတိပေး မှပဲ၊ ဘုရားကျင့်တဲ့ အကျင့်ကို ဒီနေ့တော့ ပြောမှပဲ (မှန်လှပါ ဘုရား)။

ဒီဒကာ ဒကာမတွေဖြင့် ဒီအတိုင်းပဲ၊ ယောင်ပေ၊ ယောင်ပေနဲ့ နေလို့ ရှိရင်ဖြင့် အိုတာ ဟူသရွေ့ ငါ့ဟာ အိုတာဟူ သ၍ (ငါ့ဟာ) ပူစရာ ဟူသရွေ့ (ငါ့ဟာ) ဆွေးစရာ သရွေ့ (ငါ့ဟာ)ငရဲ ဟူသရွေ့ (ငါ့ဟာ)။

အို ခင်ဗျားတို့ ပစ္စည်းကလည်း ပေါလှ ချည်းလား (ပေါပါတယ် ဘုရား)။ ပေါတာတွေ ဟူသရွေ့ဟာ အကောင်း တစ်ခုပါသလား (မပါပါ ဘုရား) အဲဒီ မကောင်းဟူသရွေ့ ငါ့ဟာချည့် ဖြစ်နေမှာ စိုးလို့ ဟောနေတာ (မှန်ပါ့ ဘုရား)။

ဘယ်အကျိုးငှာ ဟောတာတုံးဗျ (မကောင်း ဟူသ၍ ငါ့ဟာချည်းဖြစ်မှာစိုးလို့ပါ ဘုရား) အဲဒါ မကောင်း ဟူသ၍ ငါ့ဟာချည်း ဖြစ်မှာစိုးလို့ ဟောနေတာ ဆိုတော့၊ ဒုက္ခ ပိုင်းခြား၍ သိတဲ့ ပုဂ္ဂိုလ် ကတော့ မကောင်း ဟူသရွေ့ကို မယူတော့ဘူး (မှန်ပါ့)။

ဝေဒနာသုံးမျိုး၊ ဒုက္ခသစ္စာလို့မှတ်ပါ

ဘာကြောင့်တုံး၊ ဒုက္ခသိသွားပြီ။ သိသွားတော့ မကောင်းဟူသရွေ့ ယူသေးရဲ့ လား (မယူပါ ဘုရား) အေး- ဒါ့ကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက

ယမ္ပိ တံ သုခံဝါ ဒုက္ခံဝါ အဒုက္ခမသုခံ ဝါ ဝေဒနာ

ဝေဒနာ သုံးမျိုး ရှိတယ်ကွာတဲ့၊ အဲဒါ ဒုက္ခသစ္စာလို့ မှတ်လိုက်ပေါ့ (မှန်ပါ့) အဲဒီအထဲကမှ ဉာဏ်တိုးပြီး သကာလ၊ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခလို့ မင်းတို့ ပိုင်းခြား လိုက် (မှန်လှပါ ဘုရား) အဲဒီလို ငါဘုရား ကျင့်တယ်လို့ ဘယ်သူက မေးမေးဖြေလိုက်။

ဆိုတော့ ယနေ့ည ဟောတဲ့ တရားဟာ ဘယ်သူကျင့် တဲ့တရားလည်း (ဘုရားသခင် ကိုယ်တော်တိုင် ကျင့်တဲ့တရား ပါ) ဘုရား ကျင့်တဲ့တရား။

ဘုရားဟာ ဒကာ ဒကာမတို့ ဘုရားသည်ကား ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သေသေ ချာချာ မှတ်ပါ။ သတ္တဝါ ဟူသရွေ့ကို သူသာ ချွတ်လိုက်ရလို့ ရှိရင် မကျွတ်တဲ့ ပုဂ္ဂိုလ် ရှာလို့ကို မတွေ့ဘူး (မှန်ပါ့)။

အဲဒီတော့ သူ့မှာ အမှန်ကို သိထားတဲ့တရား၊ အမှန် ပင် ပျောက်စေတတ်တဲ့ ဆေးနည်း ရှိလို့ သာလျှင် သူကုရင် လက်တန်း ပျောက်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ)

ဒီမှာလည်း သူသာ ဆေးအကောင်းဆုံးပဲ (မှန်ပါ့) အကောင်းဆုံးဆေး ပေးတာပဲ။

ဘုရားကျင့်တဲ့တရားတော်

ဒီနေ့ည နာရတဲ့ ဒကာ ဒကာမတွေမှာ အင်မတန် အဖိုးတန်ပါတယ်။ (တင်ပါ့ ဘုရား) အင်မတန် အဖိုးတန်တယ် တဲ့ ဘယ်လို အဖိုးတန်သလဲလို့ မေးတဲ့ အခါကျတော့ ဘုရားက သူကိုယ်သူ တိတ္ထိတွေက မေးလို့ရှိရင် သူ့တပည့် ရဟန်းတွေ ဒီလို ဖြေကြ ဆိုတဲ့ဥစ္စာ၊ သူကျင့်တဲ့ တရားကိုပင် သူထုတ်ဖော် ပြောတဲ့ အခါကိုးကွ (မှန်လှပါ)။

ကဲ-ယနေ့ည ဟောတဲ့ တရားဟာ သူကျင့်တဲ့တရား သူထုတ်ဖော် ပြောတဲ့တရားပဲ (မှန်ပါ့)။

ကဲ- ဘုရားကျင့်တဲ့ တရားဖြင့် ဘုရားသွားတဲ့လမ်း ရောက်မှာလား မရောက်ဘူးလား (ရောက်မှာပါ ဘုရား) ဘုရား သွားတာ မအို၊ မသေ၊ တည်မြဲ နေတဲ့ နိဗ္ဗာန်၊ သောက ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ ခန္ဓာရဲ့ ကိလေသာ အပူဓါတ် အလောင်ဓါတ်တွေ ငြိမ်းသတ်ရာ နေရာ (မှန်ပါ့) ဘယ်လောက် ကောင်းသလဲ။

အဲဒီ သွားရမည့် ပုဂ္ဂိုလ်တွေ ဖြစ်နေသောကြောင့် ေဩာ်- ဒို့ဖြင့် ဝဋ်ကျွတ် တရားရပြီဟ။ ဝဋ်ကျွတ် တရားရပြီဟ ဒို့အတွက်ဖြင့် နောက် အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးတွေ ဒို့ဘယ်တော့မှ မကြုံရဘူး။

မျက်ရည်ကြီးငယ် ကျတဲ့ အလုပ်ကို ဒို့မရှိတော့ဘူး၊ အပါယ် ငရဲတွေ သူတို့ဟာသူတို့ ဘာဘုံကြီး ပေါက်နေနေ ဒို့နဲ့ မဆိုင်တော့ဘူး။

ဘုရားကိုယ်တိုင် အကောင်းဆုံးထားတဲ့တရား

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အင်မတန် ကောင်းတဲ့ တရားကို ယနေ့ပေးနေတယ် ဒေါ်ဆင့် (မှန်ပါ့ ဘုရား) အင်မတန် ကောင်းတဲ့တရား ဆိုတော့ သာမည ကောင်းတဲ့ တရားလား ဆိုလို့ ရှိရင်ဖြင့် ကျုပ်တို့၏ အရေးရှိရင် ဘုရား၊ ဘုရား၊ တ,နေတဲ့ ကိုယ်တော် မြတ်ကြီး ကိုယ်တိုင် အကောင်းဆုံး ထားတဲ့ တရား (မှန်ပါ့)။

အဲဒီ တရားပေး နေတာ (မှန်လှပါဘု ရား) မောင်ချစ်ဆွေ ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာသိုက်တို့ ဒီနေ့ ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား)။

ကဲ ဒါဖြင့်-ဘယ်လို လုပ်ကြမလဲ ဆိုတော့ ပထမ ဝေဒနာ သိအောင် လုပ်တဲ့ ပထမဝေဒနာ သိအောင် လုပ်လိုက် လို့ရှိရင် မင်းတို့ဝေဒနာဟာ ဘာတုံးလို့ မေးနေစရာ မလိုဘူး တဲ့ (မှန်ပါ့)။

ဝေဒနာတွေ့ရင် ဒုက္ခတွေ့ပြီ

ဝေဒနာ ရှိပါတယ် ဆိုတဲ့ ဥစ္စာ၊ ဘာမေးနေစရာ လိုသတုံးလို့ ခင်ဗျားတို့ ဖြေသလိုပေါ့ (မှန်ပါ့) ဒုက္ခရောက် နေတာပေါ့။

ဝေဒနာတွေ့တဲ့ ဒကာ ဒကာမဟာ ဒုက္ခတွေ့ပြီ သဘောကျပလား (ကျပါပြီ) ကဲ ဒါဖြင့် ဝေဒနာကို တွေ့အောင် ရှာနိုင်တဲ့ ဒကာ ဒကာမဟာ ဘာဖြစ်သလဲ (ဒုက္ခ တွေ့ပါပြီ ဘုရား)။

အဲ ဒုက္ခတွေ့ပြီတဲ့၊ ဒုက္ခသစ္စာ သိပြီ (မှန်ပါ့)

၎င်းဝေဒနာကို ဒကာ ဒကာမတွေ သူ့နေရာနဲ့ သူ့နေရာ ခင်ဗျားတို့ မတွေ့ရသေးဘူးလား (တွေ့ ရပါတယ်)

ဒါကြောင့် မျက်လုံး ဘာပေါ် သလဲ (ဥပေက္ခာ ဝေဒနာ ပါ) နားမှာ (ဥပေက္ခာ ဝေဒနာပါ) နှာခေါင်းမှာ (ဥပေက္ခာ ဝေဒနာပါ) လျှာမှာ (ဥပေက္ခာ ဝေဒနာပါ) ကိုယ်ပေါ်မှာ (သုခ တစ်ခါ၊ ဒုက္ခ တစ်ခါပါ ဘုရား) အေး သုခတစ်ခါ ဒုက္ခတစ်ခါ လှည့်ပေါ်တယ်ပေါ့၊ ဝမ်းထဲ ကျတော့ (သုခ၊ ဒုက္ခ၊ ဥပေက္ခာပါ ဘုရား)။

ဒါတွေဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာ သည်မှ ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား) ဝေဒနာသည် ဟုတ်ပါတယ် ဆိုတော့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝေဒနာ ဘယ်တော့မှ မကင်းပါဘူး ဘုရားလို့ မဖြေနိုင် သေးဘူးလား၊ (ဖြေနိုင်ပါတယ် ဘုရား)။

ဖြေနိုင်တော့၊ ဝေဒနာ မကင်းရင် မင်းလောက်ကြီးတဲ့ ဒုက္ခ ရှိသေးသလား (မရှိပါဘူး ဘုရား) ဟော ဒကာသိုက် ပေါ်လာပြီ၊ ဝေဒနာ မကင်းမှန်း သိမှ၊ ဒုက္ခ ဆိုတာ ပေါ်လာပြီ (မှန်ပါ့)။

ဘယ်အချိန်နေကောင်းသတုံး

ဒါကြောင့် ဝေဒနာ၊ ဒကာစိန်ရေ၊ ရိပ်မိပလား၊(ရိပ်မိပါပြီ) ဝေဒနာ မကင်းမှန်း သိတော့ ဘာပေါ်လာသလဲ (ဒုက္ခ ပေါ်လာပါတယ်) ဒုက္ခ ပေါ်လာတယ်။

ဒကာစိန်ရေ ဘယ်အချိန် နေကောင်းသတုံး မေးတော့ ဘယ်နှယ်ဖြေမလဲ (ဘယ်အချိန်မှ မကောင်း ပါ ဘုရား) ဘယ်အချိန်မှ နေမကောင်းဘူး၊ နည်းနည်းလေး ကောင်းတဲ့ အခါကျတော့ သူတို့ ဘယ်လိုပြောသလဲ တစ်နေ့ ရွှေ၊ တစ်နေ့ငွေပဲ (မှန်ပါ့ ဘုရား) ဒီလို ပြောပြန်တယ်။

အခုတော့ဖြင့် ဝေဒနာတွေအကြောင်း ကောင်း ကောင်း သိတဲ့အခါ မျက်လုံးမှာ ပေါ်တဲ့ ဝေဒနာကလည်း ဖြစ်ပြီး ပျက်ရတော့ သူလည်း အသေ ပေါ်လာတာ ဖြစ်လေ သောကြောင့် သူလည်း နေရာ မကျဘူး (မကျပါ ဘုရား)။

နားမှာ ပေါ်တာလည်း ဖြစ်ပျက်မို့ (နေရာမကျပါ) နေရာမကျဘူး၊ ပေါ်တာတွေကော (နေရာ မကျပါ ဘုရား) ဝမ်းထဲ ပေါ်တာတွေကော (နေရာမကျပါ ဘုရား) အင်း ဒီဝေဒနာတွေဟာ ဘယ် ဝေဒနာသည် ဒကာ ဒကာမတို့အား၊ အဖိုး တန်တဲ့ အဖြစ်လို့ ဆုံးဖြတ်ချက်ချမလဲ (မချပါ ဘုရား)။

အဖိုးတန်တယ် ဆိုတော့ အဖိုးတန်တယ်လို့ ပြောခါ ရှိသေးတယ်၊ မရှိဘူး (မရှိပါ ဘုရား) ဒီဝေဒနာ ကလေးကို ကြိုက်တယ် ပြောခါ ရှိသေးတယ် သူက မရှိတော့ဘူး။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန် ရှိတဲ့ ဝေဒနာတွေဟာ လာတိုင်း သာ ကြည့်ပါတော့တဲ့ ဝေဒနာတွေဟာ ဘာတုံး ဆိုလို့ရှိရင်ဖြင့် ဇာတိနဲ့ မရဏပဲ (မှန်ပါ့) (ဝါ) အဖြစ်နဲ့ အပျက်ပဲ။

ဒါမွေးသေတာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ်) မွေးတာက ဘာဖြစ်ဖို့ မွေးတာတုံး (သေမလို့ပါ ဘုရား) သေမလို့ မွေးတဲ့ အခါကျတော့ သေသွားတာကကော ကြာရဲ့လား (မကြာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်ပေါ်တဲ့ ဝေဒနာ ကလေးတွေဟာ အင်း အသက် တိုလိုက်တဲ့ ဖြစ်ခြင်း၊ ပြောစရာ မရှိအောင် တိုသောကြောင့် နှစ်ခုစလုံး ဒုက္ခသစ္စာ ဖြစ်ရမယ် (မှန်ပါ့) ဟုတ်ဘူးလား (တင်ပါ့)။

အင်း ခန္ဓာကိုယ်ထဲ ပေါ်လာလိုက်၊ ပျောက်သွား လိုက်၊ ပေါ်လာလိုက် ပျောက်သွားလိုက် ဆိုတော့ ဘာသစ္စာ လဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ လေးတွေ ဆိုတာ ကျေနပ် ကြပလား (ကျေနပ်ပါပြီ)။

ဝေဒနာလို့မမှတ်နဲ့ ဒုက္ခသစ္စာ

ဒါကြောင့် ဘယ်ဝေဒနာပေါ်လာ ပေါ်လာ၊ ဒကာ ဒကာမတို့ ဝေဒနာလို့ မမှတ်ပါနဲ့ ဖြစ်ပျက် ဒုက္ခသစ္စာလို့ မှတ် လိုက် (တင်ပါ့)။

အခုတော့ဖြင့် မြင်တယ် ဆိုလို့ရှိရင်လည်း အင်း မြင်တာလေးဟာ ဖြစ်ပြီး ပျက်တယ်။ ဟုတ်လား ဖြစ်ပြီး ပျက်တဲ့ ဒုက္ခသစ္စာလေးပဲ ဒီလိုရှုပေးလိုက်ပါ။ ဝေဒနာက ဖြစ်ပျက် ဒုက္ခသစ္စာ ရှုတဲ့ ဉာဏ်က မဂ္ဂသစ္စာ။

အဲဒီကဲ့သို့ မဂ္ဂသစ္စာ လာတဲ့အခါ ခင်ဗျားတို့သည်တဲ့ နှစ်သက်တဲ့ ပုဂ္ဂိုလ်မှ ဒုက္ခ ရမှာကိုး၊ မဂ်ရတဲ့ ပုဂ္ဂိုလ်က ဒုက္ခ ရဖို့ရှိသေးသလား (မရှိတော့ပါ ဘုရား)။

အေး- မဂ်ဆိုသည်ကားလို့ ဆိုလို့ရှိရင် ဒုက္ခကို ဖြတ်နိုင် တဲ့တရား ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာဖြတ်နိုင်တဲ့ တရား ဖြစ်လေသောကြောင့် ဒုက္ခဖြတ်တဲ့ တရား ဖြစ်လေသော ကြောင့် ခင်ဗျားတို့ ဒုက္ခ ရဖို့ရှိသေးသလား (မရှိပါ ဘုရား)

ဒါဖြင့် ဝေဒနာ ပေါ်လို့ရှိရင် နှစ်သက်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခနှစ်သက်တာ၊ ဝေဒနာ မနှစ်သက်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခမှ လွတ်တာ (မှန်ပါ့) ဝေဒနာနှစ်သက်တဲ့ ပုဂ္ဂိုလ်သည် ဘာနှစ် သက်တာတုံး (ဒုက္ခ နှစ်သက်တာပါ ဘုရား) ဝေဒနာ မနှစ် သက်တဲ့ ပုဂ္ဂိုလ်သည် (ဒုက္ခ မနှစ်သက်တာပါ) ဒုက္ခ မနှစ် သက် တာပဲ (တင်ပါ့) ဒါ ဟောလိုက်တာ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ရှုတဲ့ဉာဏ်ကမဂ္ဂသခွာ

အဲတော့ ဒကာ ဒကာမတို့ ဝေဒနာလေး မျက်လုံးမှာ ပေါ်လာတယ် ဘာလုပ်ရမှာလဲ (ဖြစ်ပျက်ရှုရပါမယ်) ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာ) ရှုတဲ့ဉာဏ်က (မဂ္ဂ သစ္စာပါ)

ကဲ နှစ်သက်သေးရဲ့လား (မနှစ်သက်ပါ ဘုရား) မနှစ်သက်တော့ တဏှာက ဘယ်နှယ် နေသလဲ (သေပါတယ်) တဏှာ သေနေပြီ ဒကာစိန် (တင်ပါ့)။

တဏှာ သေပြီဆိုကတည်းက ကျုပ်တို့သည် တဏှာ ၊ အလိုလို သေတာလား ဖြစ်ပျက်ရှုတဲ့ ဝေဒနာကြောင့် သေတာ လား (ဖြစ်ပျက်ရှုတဲ့ ဝေဒနာကြောင့် သေတာပါ)။

ဒီတဏှာ သေကတည်းက ကျုပ်တို့သည် တဏှာ ရေထဲနောက်ထပ် မျောစရာရှိသေးရဲ့လား (မရှိပါ ဘုရား) မျောမှ မမျောတဲ့ ပုဂ္ဂိုလ်ဟာ အားကိုး ရှာစရာရော (မလိုတော့ပါဘူး)

အင်း ဒါဖြင့်လည်း မျောလည်း မမေ့အားကိုးလည်း မရှာရလို့ ပိစရာကော ရှိသေးရဲ့ လား (မရှိပါ ဘုရား) ဒါဖြင့် မျော စရာ မြုပ်စရာ ဇာတ်သိမ်းတာဖြင့် ဝေဒနာ ရှုမှရမယ် (မှန်လှပါ ဘုရား)။

ရှင်သာရိပုတ္တရာနှင့် ပုဏ္ဏားအို

ဘုရားလက်ထက်က ပုဏ္ဏားအိုကြီး တစ်ယောက်ဟာ ရှင်သာရိပုတ္တရာ ကြွလာပြီ ဆိုရင် ပုန်းပုန်း နေလေ့ရှိတယ်၊ ဒီလိုချည်းပဲ (မှန်ပါ့) လောင်းစရာ မရှိလို့ ပုန်းရရှာတာကိုး (တင်ပါ့)။

တစ်နေ့သ၌ကျတော့ ဒီပုဏ္ဏားကြီးက ပုဏ္ဏားတို့ မင်္ဂလာပွဲ သွားတဲ့ အခါကျတော့ နွားနို့ဆွမ်း တစ်ခွက် ရတယ်၊ ဒီနေ့တော့ မျှော်နေတယ် (တင်ပါ့) ငါ့သားကြီး ရှင်သာရိ ပုတ္တရာ ကြွလာ ရင်တော့ဖြင့် အဆင်သင့်ပဲ စိတ်ကလေးက လည်း သဒ္ဓါက ပါပါနဲ့ နေရာကျလိုက်တာ (မှန်ပါ့)။

ဒီပုဏ္ဏားကြီးတောင့်တ,တာ ဟိုက အဘိညာဉ်နဲ့ နားထောင်တော့ သိတယ်၊ ရှင်သာရိပုတ္တရာက သိတယ်။

အင်း ဒီနေ့ဖြင့် ပုဏ္ဏားကြီးကဖြင့် ပစ္စည်းလည်း ရှိပြီ၊ အလှူခံလည်း မျှော်နေတယ် ဆိုပြီး ကိုယ်တော်ကြီးက သွားရှာ တယ်။

ကိုင်း သွားပြီး၊ ဆွမ်းရပ်တဲ့ အခါကျတော့ သူက ကြွပါဦး ဘုရား၊ ဒီနေ့ မပုန်းတော့ဘူး ပေါ့ဗျာ၊ လောင်းစရာ ကလေးက ရှိတယ်၊ အဲဒါနဲ့ပဲ တစ်ခါတည်း အိမ်ထဲပင့်ပြီး သကာလ ဆွမ်းကပ်တယ်။

နွားနို့ ဆွမ်းကလေး ကပ်ပြီး လှူတာပေါ့ဗျာ၊ နွားနို့ဆွမ်း ကလေးလှူပြီး သကာလ သူသည်ကားလို့ ဆိုရင်ဖြင့် နိဗ္ဗာန် မဂ် ဖိုလ် ဆုတောင်း လိုက်ရှာတာပေါ့ဗျာ (တင်ပါ့)။

တရားချီးမြှင့်တယ်

အေး-ဒကာကြီး အဲတော့ အခုငါလှူတာ ဘာတုံး အာဟာရ ခေါ်တယ်၊ အာဟာရ ဆိုတာ ဒါဘုဉ်းပေးရင် ဘာပေါ်မလဲ ဝေဒနာ ပေါ်မယ်၊ အဲဒီဆွမ်း စားရင်ကော ဘာပေါ်မလဲ ဝေဒနာ ပေါ်မယ်။

အဲဒီ ဝေဒနာကလေးဟာ ဒုက္ခသစ္စာလို့ မင်းဖြစ်ပျက် -ကလေးရှုရှု၊ ရှူရှုပြီးလှူကွ ဆိုပြီး၊ တရားဓမ္မတွေ ဟောပြီး သကာလ ကြွသွားတယ်။ ကိုယ်တော်ကြီး ကြွသွားတယ်၊ သူ ဂတိ သေချာ လောက်ပြီ ဆိုပြီး ကြွသွားတယ်။

မဂ်ဖိုလ်တော့ မရနိုင်ဘူး ဆိုတာလည်း သိတယ် (တင်ပါ့)။

ဒါနဲ့ ခုနစ်ရက်တန်သည် ဆယ်ရက်တန်သည် နေပြီး စုတေစိတ် ကျသွားတော့ ရှင်သာရိပုတ္တရာ၏ ဆွမ်းခံအိမ်မှာ ပဋိသန္ဓေနေတာကိုး (တင်ပါ့)။

ရှင်သာရိပုတ္တရာ၏ဆွမ်းခံအိမ်မှာမွေးဖွားတယ်

အဲဒါနဲ့သွားပြီး ပဋိသန္ဓေနေတော့ ရှင်သာရိပုတ္တရာ က အဲ့ဒီအိမ်မှာ ဆွမ်းခံနေတော့ ဒီကလေး လေးကလည်း ဆယ်လစေ့တော့ မွေးဖွားလာတဲ့အခါကျတော့ ရှင်သာရိပုတ္တ ရာမြင်ရင် အင်မတန် ခင်တာကိုး (တင်ပါ့)။

ခင်တာပေါ့ဗျာ၊ သူ့ကြောင့် ဒီကလေးလေး ဖြစ်တာ သူဌေးအိမ် သွားဖြစ်တာ ဒါနဲ့ ရှင်သာရိ ပုတ္တရာက ဒီကလေးလေး အိမ်ရောက်ရင် ဒီကလေးလေးက ငယ်ငယ်လေးရှိသေ တယ် သူခြုံထားတာ ကလေးတွေ လက်ကလေးနဲ့ ထိုး၊ ရှင်သာရိပုတ္တရာ မြင်အောင် ပြနေတာ သူက (မှန်ပါ့)။

သဒ္ဓါတရား ထက်သန်တယ်

သူ့အပေါ် ခြုံထားတဲ့ အဝတ်ကလေးတွေကို သူက လက်ညှိုး ထိုးနေတာသူက (မှန်ပါ့) ဒါလေး ကိုယ်လေးနဲ့လှိမ့် ဟိုယူသွား၊ အင်း သူ့သားက တယ်သဒ္ဓါတရားကောင် ပါလား အမေ မိဘကပေါ့လေ (တင်ပါ့)။

သူဌေးသားလေးလည်း ဖြစ်ပြန် တစ်ဦးထဲလည် ဖြစ်ပြန်၊ လိမ်လိမ်မာမာလည်း ဖြစ်ပြန်တော့၊ အရှင်ဘုရာ တပည့်က၊ ဒါကို လှူချင်တာဘုရား၊ ဒါလေး အလှူခံ သွားပါ ဦး၊ အစရှိသည်ဖြင့် ဒီလိုပဲ ကိုယ်တော်ကြီးကလည်း ပူးပေါင်း နေတယ်။

နောက် စကားလေး ဘာလေးပြောတတ်တယ်၊ သို့ ရောက်တဲ့ အချိန်က စပြီး သကာလ ဆွေတွေမျိုးတွေလည်း ရောဂါဘယ အနေနဲ့ နှာတောင်မစေးကြဘူး၊ (တင်ပါ့) ချမ်းသာကြတယ်။

ဒါနဲ့သူ့ကို ဘယ့်နှယ် နာမည်ပေးရမတုံးလို့၊ ရှင်သာရိ ပုတ္တရာကို နာမည် တောင်းကြတယ် (တင်ပါ့) အေးလေ၊ ပေးနေစရာ မလိုပါဘူး သူ့နာမည် သူယူလာတာပဲ။

သုခလို့အမည်ပေးတယ်

သူလာကတည်းက မင်းတို့အိမ်က ဆွေရောမျိုးရော ပစ္စည်းရော ချမ်းသာတာပဲ သုခ မှည့်လိုက်။ ဟုတ်ပလား (တင်ပါ့)။ သုခ မှည့်လိုက်။ သူရောက်ကတည်းက အကုန် ချမ်းသာကြတာပဲ သုခလို့ မှည့်လိုက်လို့ ကိုယ်တော်ကြီးက နာမည်ပေးတာ။

ကိုင်း- သူပုခက်ထဲ နေလည်း လှူချင်တန်းချင်တဲ့စိတ် ကပေါ်နေတယ်။ နောက် စကားကလေး ပြောတတ်လာတဲ့ အခါ ကျတော့မှ သူသင်္ကန်း ဝတ်ချင်တယ် ဆိုတာ ဖြစ်လာ တယ်။

သင်္ကန်း ဝတ်ချင်တယ် ဖြစ်လာတယ်။ ဟဲ့ သုခရ၊ မင်းက ခုနစ် နှစ်၊ ဘာမှမကြီးသေးဘူးကွ၊ သင်္ကန်းဝတ်ချင် တာက ဆိုတော့ အဲဒီအချိန်ကျတော့ တိုတို ပြောကြပါစို့ ဆိုတော့ ခုနစ် နှစ်ရှိပြီ။

သုခ-သာမဏေ

ခုနစ် နှစ်ရှိလာတော့ သင်္ကန်းဝတ်ချင်ပြီ မင်းဟာ တစ်နပ်တည်း စားရလိမ့်မယ်ကွ၊ တစ်နေရာ တည်း နေရ လိမ့်မယ်၊ အချိုအချဉ် ဆိုတာ ဒို့ဘုန်းကြီးမှာ သူများပေးတာ စားရတာ၊ အချိုရှိရင်၊ အချဉ် ရှိချင်မှ ရှိတယ်။

မင်းက သူဌေးသားကွ၊ အဲဒီတော့ မခက်ဘူးလား မင်းချင့်ချိန်ဦး၊ ဟာ နေနိုင်ပါတယ် ဘုရား၊ နေနိုင်ပါတယ် ဘုရား။ တပည့်တော် ခုနစ် နှစ်ရှိငြား သော်လည်း သူများ နေသလို နေနိုင်ပါတယ်။

အင်း မင်း ဝတ်ချင်ဝတ်တာပေါ့ကွာ ဆိုတော့ မအေ မိဘကလည်း အလိုလိုက်တဲ့ သားကလေး ဖြစ်နေတော့ သင်္ကန်း ဝတ်ချင်တယ် ဆိုတော့ လိုက်ပို့ ပေးရတာပေါ့ဗျာ။

လိုက်ပို့ပေးပြီး သကာလ မနက်ကျတော့ သူ့ဆွေတွေ မျိုးတွေကလည်း ခုနစ်ရက် တိတိ ဆွမ်းပွဲ ကွမ်းပွဲတွေနဲ့ ရှင်ပြုပေးကြတယ် နောက်တစ်နေ့ သူဆွမ်းခံ လိုက်တာပဲ။

သပိတ်လွယ်ပြီးနောက်ကလိုက်တယ်

ဆွမ်းခံလိုက်တဲ့အခါကျတော့ ရှင်သာရိပုတ္တရာကြီး နောက်က သပိတ်ကလေးလွယ်ပြီး သကာလ လိုက်တယ်။ လွယ်ပြီး လိုက်တဲ့ အခါကျတော့ ရှင်သာရိပုတ္တရာကလည်း တောလမ်းက နေပြီးမှ မြို့ထဲဝင်မှာကိုး (တင်ပါ့)။

တောလမ်းက နေပြီး မြို့ထဲဝင်တဲ့အခါ တောလမ်းမှာ တောင်သူ လယ်သမား တစ်ယောက်က ရေမြောင်းလေးတွေ တူးတယ် (မှန်ပါ့)။

ရေမြောင်းကလေးတွေ တူးပြီး သကာလ နေတယ်။ ရေမြောင်းက သူ့လယ်ဆီကို ရေသွယ် လာတာပေါ့ဗျာ တခြား မှ ရှိတဲ့ ရေကို ရေမြောင်းကတဆင့် ဒေါ်အုန်းခင် သွယ်လာ တယ် (သွယ် ပါတယ် ဘုရား)။

ဒါနဲ့ သူကမေးတယ် အရှင်ဘုရား ဘာလုပ်တာ လည်း ပြောစမ်းပါ ကလေးကို သူက (မှန်ပါ့) ကွာ ဒီဥစ္စာ သူ့လယ်ကို ရေသွင်းတာကွ မြောင်းလေး ပေါက်ပြီး သကာလ ရေလိုက်လာအောင် လုပ်တယ်။

မေးစမ်းပါရစေ၊ ရေမှာအသက်ရှိသလား

ဒါဖြင့် မေးစမ်းပရစေဦးဘုရား၊ ရေမှာ အသက်ရှိ သလား ? မရှိဘူးကွ ရေမှာ အသက်မရှိဘူး အဲတော့ အသက် မရှိတဲ့ရေကို လူပြုပြင်လို့ ရတာပဲကိုး (မှန်ပါ့) ဉာဏ်တွေထွက် လာပြီကော ရိပ်မိပလား (ရိပ်မိပါပြီ)။

အသက် မရှိတာလည်း လူပြုပြင်ရတာပဲ ဘုရားလို့ သူက မှတ်တယ် (မှန်ပါ့) အသက် မရှိတာတောင် လူပြုပြင်ရ လူဆွဲလိုရာ လိုက်တယ် သူကမှတ်တယ်။

ဟိုအနား ရောက်ပြန်တဲ့ အခါကျတော့ ခုနက မုဆိုး တစ်ယောက်က မြားတံကလေးတွေ သပ်နေတယ် ဝါး ကလေးတွေ ကောက်တာနဲ့ ဖြောင့်အောင်ပေါ့ဗျာ၊ ထမင်းရေလေးနဲ့ နေပူ ကလေးတွေ လှမ်းပြီး သကာလ ဖြောင့်အောင် လုပ်နေတယ်။

ပြောစမ်းပါဦး ဒီလူကြီးက ဘာလုပ်နေသလဲ နေပူ ကြီးထဲမှာ လုပ်နေတာ။

ငါးမှာ အသက် ရှိသလား

အဲဒါ ဝါးကောက်လို့ မြားတံကို လုပ်နေတာ ဖြောင့်အောင်လို့ကွ ဖြောင့်အောင် ဒါဖြင့် ပြောစမ်းပါဦး ဘုရား အသက်ရှိသလား။

မရှိဘူးကွ၊ ဝါး ဘယ်အသက်ရှိမလဲ။

ဟာ အသက်မရှိတာလည်း ဖြောင့်လို့ရတယ်နော်။ သူက နည်းယူနေတာ ခင်ဗျားတို့ ဒီလိုကို လာကို မလာဘူး (မလာပါ ဘုရား)။

ခင်ဗျားတို့က ကောက်တဲ့ အယူပဲ ယူနေတာ ရိပ်မိ ပလား (ရိပ်မိပါပြီ) ဖြောင့်ဖို့ဟာကိုး မပါဘူး အဲနောက်ဆုံး မှာ ကောက်မယ် ဒီအယူမှားနဲ့ တော်ကြပါ့မလား (မတော်ပါ ဘုရား) မတော်ဘူး မတော်ဘူး ဒကာ ဒကာမတွေ စောင်းပြော နေတယ် ရိပ်မိပလား (ရိပ်မိပါတယ်) ဒကာမတွေ စောင်းပြော နေတာ။

ဒါနဲ့ ရှေ့နားသွားတဲ့ အခါကျတော့ ရှေးကတော့ လှည်းဘီးကြီးတွေကိုဗျ၊ လှည်းဘီး ဆိုတာ အပိတ်ကြီးတွေ အပိတ်ကြီးတွေ ဆိုတော့ အသားတွေကို ကွေ့ကောက်ပြီး သကာလ အဝိုင်း ဖြစ်အောင် လုပ်ရတာ။

အသား အရှည်ကြီးတွေကို အဝိုင်း ဖြစ်အောင် လုပ်ရတယ် ဒါနဲ့ ရှင်သာရိပုတ္တရာကို မေးတယ်။

အရှင်ဘုရား ဒီလူကြီးက ဘာလုပ်ပြန်သလဲ?

သစ်သား အသက်ရှိသလား

အိုး အသားတွေက နဂိုက အရှည်ကြီးတွေကွ အဲဒါ အဝိုင်း ဖြစ်အောင် လုပ်ရတာ (မှန်ပါ့) အသား အသက် ပါသလား? မပါဘူးကွ၊ လူပြုပြင်လို့ လူပြုပြင်လို့ ဝိုင်းရရှာတာ။

ဪ- အသက်မပါလည်း လူ့နောက်လိုက်ရတာပဲ။

ဒါဖြင့် အရှင်ဘုရား တပည့် တော်လည်း တပည့်တော်က စိတ်ရှိတဲ့ သတ္တဝါ ဆိုတော့ သာ လွယ်တာပေါ့ ဘုရား၊ အသက်မရှိတဲ့ သတ္တဝါတောင် ခိုင်းလို့စေလို့ ဖြစ်သေးတာပဲ။

အသက်ရှိတဲ့ တပည့်တော် တို့လိုဟာကျတော့ ကိုယ့် စိတ်ကို ကိုယ့်သမာဓိက ထိန်းပြီး ဒီနေရာနေ ဆိုနေမှာပေါ့ ဘုရား (မှန်ပါ့) နည်းရပြီ (ရပါပြီ ဘုရား)။

ကိုရင်လေးက မညံ့ဘူး (မှန်ပါ့) ဒေါ်အုန်းခင်ကြီး တို့လည်း အစိုးမရတာ အားငယ်မနေနဲ့ဦး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ) ဒေါ်သန်းရေ ကိုရင်လေး ကြံပုံ စည်ပုံကော သဘော ကျပလား (ကျပါပြီ)။

စိတ်ထွက်မပြေးအောင်ထိန်းပါ

အဲတော့ ခင်ဗျားတို့ စိတ်ထွက်ပြေးတယ် ဆိုလို့ရှိရင် အေး ခုနက ရေမြောင်းတောင် ကိုယ် အလိုရှိတဲ့ဆီ ရောက်သေးတာ မင်းစိတ် မင်းသမာဓိ လေးတွေကို ထိန်း မထားနိုင်ဘူးလား မင်းပညာ မင်းသမာဓိ ကလေးနဲ့ ထိန်း မထားနိုင်ဘူးလား (ထားနိုင်ပါတယ် ဘုရား)။

ဒီဖြစ်ပျက်ပေါ်ပဲ ပို့ရမှာ ဟုတ်တယ် မုတ်လား (တင်ပါ့) လိုရာကို သူ့ပိုရတာပဲ မဖြစ်နိုင် ပေဘူးလား (ဖြစ် နိုင်ပါတယ်) ဖြစ်နိုင်ရင် အသက် မရှိတဲ့ သစ်တုံးကော ဒေါ်အုန်းခင်ကြီး ဘယ့်နှယ် နေသလဲ လိုရာရတယ်။ လိုရာ ရတယ် ခင်ဗျားတို့ ကျင့်ရင်ကော လိုရာရတယ်။

သမာဓိဆွဲရာကို ပညာကလိုက်ပြီဆိုမှဖြင့် မောင် ထွန်းလှိုင် ပူစရာ လိုသေးလား (မလိုပါ ဘုရား)။

အဲဒါ၊ သူ့စိတ်ကိုလည်း ဒီလို ထားမယ်ဘုရား၊ ဆိုပြီး သကာလ အရှင်ဘုရား ဟောဒီ တပည့်တော် သပိတ်ကလေး ကိုလည်း တပည့်တော် ပြန်ယူမသွားတော့ဘူး၊ အရှင်ဘုရား ပဲ ယူသွား ပါတော့။

ကျောင်းပြန်ပြီးအားထုတ်တယ်

ကိုရင် ကလေးက ကလေးပဲ ဘာမှသိတာမှမဟုတ်ပဲ၊ အေး ထားပစ်ခဲ့ကွာ၊ ကိုင်း တပည့်တော် အတွက် လည်း ဘုရား နွားနို့ ဆွမ်းကလေးရအောင် ခံခဲ့စမ်းပါဦး ဘုရား ဆိုပြီး သကာလ တစ်ခါတည်း ကျောင်းပြန်တယ်။

ကျောင်းရောက်တော့ ကျောင်းခန်းထဲ ဝင်ပြီး သကာ လ သူ့စိတ်ကို၊ ခုနစ်နှစ်သာ ရှိသေး တယ်နော် ၊ သူ့စိတ် ကို တစ်ခါတည်း ဝေဒနာ ဖြစ်ပျက် ပေါ်ထားတယ်၊ ထားလိုက် ကွ၊ ဆွမ်းခံ သွားတုံးကိုထား။

အိမ်တိုင်းက နွားနို့ဆွမ်းလောင်းတယ်

ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကဖြင့် ဆွမ်းခံ သွားပြီး သူမှာလိုက်တဲ့ အတိုင်း ဟိုအိမ်ကလည်း နွားနို့ ဆွမ်းလောင်း၊ ဒီအိမ်ကလည်း နွားနို့ဆွမ်းလောင်း၊ နွားနို့ဆွမ်းက၊ သူနဂိုက ပြုလာတဲ့ ဒါနကိုး (မှန်ပါ့)။

သူမှာလိုက်တာတွေ အကုန်ရလာတာပဲ အဲဒီကဲ့သို့ ကိုရင်ကလေး ကြိုးစားခဲ့တာ ညံ့တာ မဟုတ်ဘူး။

ဒါနဲ့ ကိုရင်ကလေးက တရား အားထုတ်တော့၊ သိကြားကလည်း မနေသာဘူး ဗန္ဓုကမ္ပလာ တင်းလာတယ်။ ဒါဘာပြုလို့ တင်းပါလိမ့်၊ အို သုခသာမဏေ တရား အားထုတ် နေတယ် ငါသွားရမယ်။

တောထဲ ဒီဇေတဝန် ကျောင်းတော်မှာ ရှိတဲ့ ငှက်တွေ အသံတွေကြားနေတယ်၊ ငါအကုန် သွားနှင်ပေးရမယ် နတ်မင်းကြီး လေးယောက် လိုက်ခဲ့ကွ၊ အကုန် ရှင်းလင်းပေးရ လိမ့်မယ်ဟေ့။

လူမင်းဘုန်းကြီး၊ နတ်မင်းမနေသာ

ကိုရင်လေး အတွက် ဒို့ရွက်ဆောင် ရလိမ့်မယ်၊ လူမင်း ဘုန်းကြီးတော့ နတ်မင်း မနေသာ ဆိုတာ အဲဒါက လာတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

သူက ဘုန်းကြီးတာကို နွားနို့ဆွမ်းကလေး တစ်ခွက် အဲဒါက ကျေးဇူးပြုတာပါ (မှန်ပါ့)။

သိကြားမင်းကလည်း လာစောင့်၊ နတ်မင်းကြီး လေးယောက်ကလည်း လာစောင့်၊ ဒါတင် မကသေးဘူးတဲ့၊ ဘုရားကလည်း မနေသာ ဖြစ်နေတယ်။

ဘုရားကလည်း မနေသာဘူး၊ ကိုရင်ကလေး ကြည့် လိုက်တယ် ကိုရင်ကလေးက သူ့သမာဓိ နဲ့သူ စိတ်ကို သူ့ ပညာကော ဝေဒနာ ဖြစ်ပျက်ပေါ် ထားနေပြီ၊ အခု သောတာပန်လည်း တည်နေပြီ။ ခဏပဲ (မှန်ပါ့ ဘုရား)။

သောတာပန် တည်နေပြီ၊ ဖြစ်ပျက် မြင်တော့ဗျာ ဖြစ်ပျက်က ဒုက္ခသစ္စာ ဆိုတော့ သမာဓိ ပညာက မဂ္ဂသစ္စာ ဖြစ်နေတော့ သောတာပန်လည်း တည်နေပြီ မလျှော့ဘူး ကိုရင် က (မှန်ပါ့)။

ဆွမ်းမစားခင် ရဟန္တာဖြစ်မယ်

မလျှော့ဘူးကိုရင်က၊ ဒီစိတ် ဒီအတိုင်းထားတုန်းပဲ ဖြစ်ပျက် လာတိုင်း လာတိုင်း၊ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်းသာ လိုက်ပြီး သကာလ ငါရှုနေမယ် ဆိုပြီး သကာလ ရှုနေတော့ ကိုးနာရီ လောက် ရှိတော့ အနာဂါမ် တည်တယ်။

အင်း-ကြည့်လိုက်တယ် သူဒီနေ့ ရဟန္တာ ဖြစ်မှာလား ဆွမ်းမစားခင် ဖြစ်မှာလား မဖြစ်ဘူးလားလို့ ဘုရားကကြည့် လိုက်တယ် ဆွမ်းမစားခင် ဖြစ်ရမယ်။

ဆွမ်းမစားခင် ဖြစ်တာက ကိစ္စမရှိဘူး ရှင်သာရိ ပုတ္တရာက သူသိတာ မဟုတ်ဘူး ဟိုမှာလည်း နွားနို့ဆွမ်းတွေ ယူပြီး ကိုရင်လေး ဆွမ်းစားတော့မယ် ဆိုပြီး အမြန်ပြေးပြီး တံခါး ခေါက်လိုက်လို့ရှိရင် ကိုရင်လေးက တံခါး ဖွင့်ပေးလိမ့် မယ်၊ ဖွင့်ရင် ရဟန္တာ ဖြစ်တော့မှာ မဟုတ်ဘူး။

ငါလည်း ကမြောက်ကခြောက် သွားလုပ်ဦးမှပဲ။ ဘုရားတောင် သွားလုပ် ရတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ကိုယ့်ဟာ ကိုယ်လည်း လုပ်ကြည့်ကြဦးဗျ။ အကုန် အကူအညီ ရမယ် ခင်ဗျားတို့။

အခုတော့ လုပ်မယ် မကြံသေးဘူး ဖြစ်မထင်ပါဘူးက စောနေတယ် ဟုတ်ပလား (ဟုတ်ပါတယ်) မစော ကြပါနဲ့ လုပ်ကြည့်ရင် ဖြစ်ပါတယ်။ လုပ်ကြည့်ရင် ဖြစ်ပါတယ် ဒကာ ဒကာမတို့ လုပ်ကြည့်ရင် သေသေချာချာ ဖြစ်ပါတယ်။

ကဲ -ဒါဖြင့် ဒီကိုယ်ရင် ကလေးက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ရှင်သာရိပုတ္တရာ ကလည်း နွားနို့ဆွမ်းတွေ ယူလာတာပဲ သူလည်း ဝမ်းသာ လာတယ် ကိုရင်လေးအတွက်။

ဘုန်းကြီးနဲ့ ကိုရင်လေးနဲ့ ဘယ်တူမလဲဗျ အကုန်ရ တာပဲ အခုအချိန်ဖြင့် ကလေးလေးကလည်း ခုနစ် နှစ်ရှိ သေးတယ် ဆယ်နာရီကလည်း ထိုးတော့မယ်။

ဘုရားက ထွက်ပြီးတားထားတယ်

ဆွမ်းဆာလှ ရော့မယ်၊ သပိတ်ကြီး လွယ်ပြီး၊ အမြန် သုတ်လာတာပေါ့ကွာ၊ အမြန် သုတ်လာတော့ ဘုရားက ထွက်လာ တာပေါ့ဗျ။ ဘုရားက အပေါက်က စောင့်နေပြီး၊ ဟေ့ သာရိပုတ္တရာ မင်းသပိတ်ထဲ ဘာတွေ ပါလာသလဲကွလို့ မေးလိုက်တယ်။

နွားနို့ ဆွမ်းတွေ ပါတယ်။ နွားနို့ဆွမ်း ဆိုတာ ဘာတုံးကွ? အာဟာရလို့ ခေါ်ပါတယ်ပေါ့။

ဒီအာဟာရက ဘာကို ရွက်ဆောင်သတုံး ? အာဟာရက ရုပ်ကို ကြီးပွားစေပါတယ်။ ရုပ်ကိုကြီးပွား စေတယ်။ ရုပ်ကို ကြီးပွားစေတဲ့ အခါကျလို့ရှိရင်ဖြင့် အဲဒီရုပ် ဘာရုပ်ခေါ်သလဲ ? အာဟာရရုပ်လို့ ခေါ်ပါတယ်။

ဒါဖြင့် အာဟာရက အကြောင်းပေါ့ကွာ၊ ရုပ်က အကျိုးပေါ့ကွာ။ ဒီပြင် ဘာနဲ့ ဆိုင်သေးသလဲ ? ဖဿနဲ့လည်း ဆိုင်ပါသေးတယ် ဘုရား။

ဖဿကိုလည်း အာဟာရက ကြည့်ပါသေးတယ် ဘုရား။ ဒီဖဿ ကြည့်လိုက်တော့ ဘာဖြစ် သတုံးကွ။

ဖဿ ပစ္စယာ ဝေဒနာ ဖြစ်ပါတယ်ဘုရား၊ စားတဲ့အခါ ကောင်းတယ် ဆိုးတယ် ဆိုတာ ပေါ်လာ ပါတယ် ဘုရား အင်း လျှာရှည်ပြီး လုပ်နေရတာ ဟိုကိုရင်လေး မပြီးမှာ စိုးတာနဲ့။

ရှင်သာရိပုတ္တရာကလည်းသိတယ်

ကိုရင်လေး မပြီးမှာ စိုးတာနဲ့ ဘုရားက ဟောနေရတာ ရှင်သာရိပုတ္တရာကလည်း သိပြီးသား၊ မွန်းတော့ လွဲနေပြီ ဆွမ်းစားမှီတယ်။

ဒီလို အမေးအဖြေ လုပ်နေတာနဲ့ နေနတ်သားက လည်း ခက်နေတော့တယ်၊ ကိုရင် ကလေးကလည်း ရဟန္တာ မဖြစ်သေးတော့၊ နေနတ်သားကလည်း မွန်းလွဲ သွားရင်လည်း ကိုရင်လေး ဆွမ်းစား ရမှာ မဟုတ်ဘူး။

နေနတ်သားက ရပ်နေတယ်

အဲတော့ နေနတ်သားကလည်း မသွားရဲဘူး၊ ရပ်နေ တယ်၊ မွန်းတည့်တဲ့ အချိန်မှာ ရပ်နေတယ် နေနတ်သားက လည်း သူကလည်း ကူရတော့တာပေါ့ သူကလည်း မတတ် နိုင်တော့ဘူး မပြောမဆိုပဲ ကိုရင်ကလေး ဆွမ်းငတ် သွားလို့ ရှိရင် သူ့အပြစ် ရောက်ဦးမှာကိုး။

အဲတော့ နေနတ်သားကလည်း မွန်းတည့်ပြီး ရပ်နေ တာပဲ ရပ်နေတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဖဿက ဘာဆိုင်သတုံးကွ ဖဿ ပစ္စယာ ဝေဒနာ ပါဘုရား။

ဖဿချုပ်တော့ ဘာဖြစ်သတုံးကွ၊ ဝေဒနာချုပ်တာ ပေါ့ဘုရား။ အဲတော့ အဲဒီကဲ့သို့ ကိုယ်တော် မြတ်ကြီးက အမေးအဖြေ လုပ်ပြီး သကာလ နေတယ်။ ဘုရားက တံခါးပေါက်က နေပြီး ကြည့် လိုက်တယ်။

ကိုရင်ကလေး ရဟန္တာဖြစ်ပြီ

ကိုရင်ကလေး ဘယ့်နှယ် ရဟန္တာဖြစ်ပလားလို့ အဘိ ညာဉ်နဲ့ ကြည့်လိုက်တယ်၊ ကြည့်လိုက်တော့ ကိုရင် ကလေး က ရဟန္တာဖြစ်နေပြီ။

ရဟန္တာဖြစ်တော့ (၁၂) နာရီလောက် ရှိပြီ (၁၂) နာရီ လောက် ရှိပေမယ့် နေကတော့ မွန်းတည့် ရှိသေးတယ် မသွားပဲနဲ့ ရပ်နေတယ်၊ ကိုရင်ကလေး ဆွမ်းငတ်မှာစိုးလို့။

အဲဒီတင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုင်း သာရိပုတ္တရာ မင်းကိုရင်လေး ဆွမ်းဆာ နေတော့မယ်ကွာ သွားကွာ မြန်မြန် ဒီကျမှ တွန်းလွှတ်ရတယ်။

နို့မို့လို့ ရှိရင် ထမင်းကျွေးစရာကလည်း ရှိလို့ စကားက ကောင်းပေမဲ့ ပြာပြာသလဲ လာမှာ ကိုရင် ကလေးက ခုနစ်နှစ် သာ ရှိသေးတယ်။ ဆွမ်းဆာလှ ရော့မယ်၊ ဒီအတိုင်းလာလို့ ရှိရင် ငါ့မှာ တာဝန် ဝတ္တရားက ရှိတယ်။ ငါပဲ အမိအဖဖြစ် နေတာ ဆိုပြီး တံခါးခေါက် လိုက်လို့ရှိရင် ကိုရင် ကလေးက အနာဂါမ် တည်ပြီး ထ,လာရမှာကိုး။

ရဟန္တာဖြစ်ဖို့ကူညီကြရတာ

အဲဒါမြင်လို့ ဘုရားကဖင့်နေတာ။

သာရိပုတ္တရာကိုလည်း ဖင့်အောင်၊ ရဟန္တာလေး ဖြစ်ဖို့ အရေး ရွက်ဆောင်ရတယ် ဘုရားက လူကို ဂရုစိုက်တာ မဟုတ်ဘူး ဓမ္မကို ဂရုစိုက်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ကိုရင် ကလေး ငယ်တယ် လို့ ကိုရင်ကလေး ဂရုစိုက်တာ မဟုတ်ဘူး။

သူသည် အရဟတ္တမဂ် အထူးရမည့် အခြေအနေရှိ နေသောကြောင့် ဒီဓမ္မကို အလေး အနက် ပြုပြီး တံခါးစောင့် လာလုပ်တာ။

သိကြားကလည်း တံခါးစောင့် နတ်မင်းကြီး လေး ယောက်ကလည်း ငှက်တွေ ချောက်ကြ၊ ဘာသံမှ မကြားရ ဘူး။ နေနတ်သားကလည်း ထွက်ကို မထွက်ရဲဘူး။

ကိုရင်ကလေး ဆွမ်းငတ်မှာစိုးတာနဲ့ မွန်းတည့်ပြီး စောင့်နေရတယ်။ ဒါနဲ့ ကိုရင်လေးလည်း ရဟန္တာ ဖြစ်ပြီး သကာလ တစ်ခါတည်း တံခါး ကပျာကယာ ဖွင့်လို့ ဆွမ်းပါတော့၊ ဘုဉ်းပေးလို့ပေါ့ဗျာ။

ညနေ (၃) နာရီ ရှိနေပြီ

ဘုဉ်းပေးလည်း ပြီးပါရော နေက ညနေ (၃) နာရီ ရောက်နေတယ်။ ရဟန်းတွေက လန့်ကုန်တာ ပေါ့ဗျာ။

ဘယ်နှယ် ကိုရင်လေး ဆွမ်းဘုဉ်း မပေးသေးလို့ ဆွမ်းဘုဉ်းပေးတာ အခုရှိသေးတယ် နေက ဟိုအနောက် ရောက်သွားပြန်ပြီ ဆိုတော့မှ (မှန်ပါ့ ဘုရား)။

အဲဒီတွင် လောကကြီး ဘာဖြစ်သလဲ ဆူကြမှာပေါ့ လေ၊ ဘယ်နှယ် အခုဆွမ်းစားပြီးတယ်၊ နေက (၃) နာရီ တောင် ရောက်နေပြီ။

နေနတ်သားက အရောက် ပြေးရရှာတာကိုး၊ ဒီမှာ လည်း မွန်းတည့် ဖြစ်အောင် ဟိုလည်း အချိန်မှန် အနောက် ကျွန်းလည်း အရုဏ်တက် ဖြစ်အောင်ပေါ့ကွာ သူ့မှာ နှစ်ဖက် ရွက်ဆောင်ခဲ့ရတာ၊ အပြေး သွားရတာပေါ့ နေနတ်သားကို မနေရဘူး ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့အားထုတ်ကြည့်စမ်းပါ နေနတ်သားက ကူပါလိမ့်မယ် ဟုတ်လား နေနတ်သားက ကူမယ်တဲ့။

တရားစောင့်တဲ့ပုဂ္ဂိုလ် တရားကပြန်စောင့်တယ်

တရားစောင့်တဲ့ ပုဂ္ဂိုလ် တရားက ပြန်စောင့်တယ်။ ဒေါ်သန်း ရိပ်မိပလား( ရိပ်မိပါပြီ) ဒေါ်အုန်းခင် တရားစောင့်ရင် (တရားက ပြန်စောင့်တယ်)။

အခုတော့ ခင်ဗျားတို့က တရား မစောင့်တော့ ဈေးတွေ တက်ကုန်တာပေါ့ဗျ၊ ရိပ်မိကြပြီ၊ ရိပ်မိကြပြီ၊ တရား မှ မစောင့်ကြပဲဗျ၊ ဈေးတက် ကုန်တာပေါ့။

ကိုင်း- ဒကာ ဒကာမတို့ တရားစောင့်လို့ရှိရင်တော့ အခုတရားကို မိမိက အားထုတ် လိုက်တော့ ဘုရားလည်း မနေသာပါလား (မှန်ပါ့)။ သိကြားမင်း စတုမဟာရာဇ် နတ်မင်းကြီးတွေကော (မနေသာပါ ဘုရား)။

နေနတ်သားတွေရော (မနေသာပါ ဘုရား) ရှင်သာရိ ပုတ္တရာကော (မနေသာပါ ဘုရား) မနေသာဘူး၊ အခုကြည့် ကိုရင်လေး နမူနာကြည့်နော် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

သမာဓိခိုင်းတဲ့ဆီ ပညာသွားရမယ်

အသက် မရှိတာတောင် ခိုင်းတဲ့ဆီ သွားရတယ်တဲ့၊ ဒီနေရာမှာ သမာဓိ ခိုင်းတဲ့ဆီ ပညာ သွားရမယ် (မှန်လှပါ)။

အဲ ဒကာ ဒကာမတို့ နည်းယူဖို့နော်၊ သမာဓိခိုင်းတဲ့ ဆီ ဘယ်သူသွားရမလဲ (ပညာသွားရပါမယ် ဘုရား)။

ပညာသွားလို့ရှိရင် သမာဓိက ဝေဒနာပေါ်မှာထား။ အဲဒီ ဝေဒနာ ပေါ်မှာ ထားရင် ပညာက ဘယ်အပေါ်လိုက်ရ မလဲ (ဝေဒနာပေါ် လိုက်ရပါမယ်)။

ဝေဒနာပေါ်လိုက်တော့ ဝေဒနာဖြစ်ပျက် သူမမြင် ပေဘူးလား (မြင်ပါတယ်) အဲဒီရလာတော့ သူ့ကို သာ ရောက်အောင် ပို့နိုင်လို့ရှိရင်ဖြင့် ဒုက္ခေ ဉာဏံ ဆိုတဲ့ မဂ္ဂသစ္စာ သေချာဖြစ်မယ်၊ သဘော ကျပလား (ကျပါပြီ)။

သိပ်ခဲခဲယဉ်းယဉ်းကြီး အောက်မေ့မနေနဲ့

ဒုက္ခေဉာဏံ ဆိုတာ ခင်ဗျားတို့က သိပ်ပြီး ခဲခဲ ယဉ်းယဉ်းကြီး အောက်မေ့မနေပါနဲ့၊ သမာဓိ တည်ကြည်လို့ ဝေဒနာ ဖြစ်ပျက် ပေါ်မှုအပေါ်မှာ ပညာ ဦးတည့်ထားလို့ရှိရင် ဖြင့် ဖြစ်ပြီး ချုပ်သွားတာ ကလေးဟာ ေဩာ် -ဒါ ဒုက္ခရောက် သွားတာပါလားလို့ ဉာဏ်က ဝေဖန်လာတယ် (တင်ပါ့) မဝေ ဖန်ပေဘူးလား (ဝေဖန်ပါတယ်)။

အဲဒီကျလာလို့ရှိရင် ဒုက္ခေ ဉာဏံ ဖြစ်ပြီ။ ဒုက္ခေ ဉာဏံ လာလို့ရှိရင် ဒုက္ခသမုဒယေ ဉာဏံ ဆိုတဲ့ သစ္စာလေးချက် တစ်ပြိုင်နက် လာတာပဲ ဘာပူစရာရှိသလဲ (မရှိပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ဒီကိုရင်ကလေးသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ခုနစ်နှစ်သာ ရှိသေးတယ် ဆိုတော့ ဒေါ်အုန်းခင်ကြီးက (၇ဝ) ဆိုတော့ အတော် ကွာတယ်။ ကွာလို့ ဒီအတိုင်းသာ ဖြစ်နေတာပေါ့ (ရယ်ကြသည်)။

ကိုရင်ကလေးမှာ ဘာပါသတုံး

ဘယ်နှယ်လဲ ဒီကိုရင်ကလေးက ဘာပါလာသတုံးလို့ မေးဖို့ခင်ဗျားတို့က လိုတယ် (မှန်ပါ့)။

ရှေးလူကြီးတွေ အပြောဆိုရင် ကိုရင်လေးက ပါရမီ ပါတယ်လို့ ပြောလိမ့်မယ် ရှေးလူကြီးပဲ ရှေးလူကြီးပဲ ခင်ဗျားတို့ကလည်း ပါရမီ ပါတယ်လို့ ဆိုခဲ့လို့ရှိရင် ဘုန်းကြီး ကပဲ အဖြေ ထုတ်ပါတယ်။

သူ့ပါရမီ ပါမပါ စဉ်းစား ကြည့်လိုက်တော့ နွားနို့ဆွမ်း လောင်းတာပဲ ပါခဲ့တာပဲ ကဲ နွားနို့ ဆွမ်းလောင်းတာပဲ ရှိတာပဲ။ အဲဒီတုန်းက ဝေဒနာ ကလေးကို ရှင်သာရိပုတ္တရာက အနက်နဲ့ ပြောခဲ့တယ်။ သိပ်ပြီးအားထုတ်တာပါခဲ့ရဲ့ လား (မပါ ခဲ့ပါဘူး)။

နောက် ခုနစ်ရက်ရှိတော့ ဒီပုဏ္ဏားကြီး မသေလားကွ (သေပါတယ်) အခုတော့ သုခသာမဏေ ဖြစ်လာတာကိုး အဲတော့ ပါရမီများခဲ့ သလား (မများခဲ့ပါ ဘုရား) ပါရမီလို့ယူရင် ရမှာမဟုတ်တော့ဘူး။

အဲတော့ ခင်ဗျားတို့ တွေးလုံး ဆိုတော့ ကိုရင်လေးက ထက်မှာပေါ့၊ ပါရမီရင့်လေးကို အဲ ပါရမီရင့်နဲ့သာ ကိုင်ပေါက် နေရင်တော့ ခင်ဗျားတို့ ပါရမီ ဖြည့်နေတာနဲ့ ရမှာ မဟုတ်တော့ဘူး (မှန်ပါ့)။

အခုလုပ်တာသည် ပါရမီ

ပါရမီဆိုတာ တစ်နေ့ကလည်း တစ်ခါ ပြောခဲ့ပြီ အခု လုပ်တာ ပါရမီ ရိပ်မိပလား (ရိပ်မိပါပြီ) အခုသွင်းတာသည် ပါရမီဖြည့်တာ အခုလုပ်တာ ဘယ်နှယ်ခေါ်ကြမယ် (ပါရမီပါ ဘုရား)။

ဒီအတိုင်းပဲ လုပ်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့သည် ပါရမီရှိ သည် ရိပ်မိပလား (ရိပ်မိပါပြီ) လုပ်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့သည် ဘာဆိုကြမယ် (ပါရမီရှိပါတယ်) ပါရမီ ရှိတာချည့်ပဲ။

အဲတော့ ပါရမီကို ခင်ဗျားတို့ ဘာမှမစဉ်းစားနဲ့ (မှန်ပါ့)။

ဒီဘဝ ဘုန်းကြီးနဲ့တွေ့တယ်ဆိုတော့ သစ္စာဟော တယ်၊ ခင်ဗျားတို့ ပါရမီ မရှိရင် တွေ့ပါ့မလား (မတွေ့ပါ ဘုရား) ဘာမှလွဲမှားစရာ မရှိဘူး။

တစ်ခါ ဘုန်းကြီးက သစ္စာကို ဟောနေတော့ ဒကာ ဒကာမတွေက နာချင်တဲ့စိတ်က ပေါ်လာတယ်၊ သူများထဲက ပေါ်လာတာလား ခင်ဗျားတို့ သဒ္ဓါနဲ့ ခင်ဗျားတို့ ပညာက တိုက်တွန်း တာလား (တပည့်တော်တို့ သဒ္ဓါနဲ့ ပညာက တိုက်တွန်းတာပါ)။

ပါရမီစုံနေပြီ

ခင်ဗျားတို့ကလည်း ကပ်ကြီးတွေကျော်ပြီးတော့ စက်သေနတ်တွေ ဗုံးချ နေတာတွေ မသေပဲ ဟောတဲ့ ပုဂ္ဂိုလ် ကလည်း မသေခဲ့ဘူး ဆိုတော့ ဒါ ပါရမီ စုံနေပြီ (မှန်လှပါ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဘဝကြိုးစား လိုက်လို့ရှိရင် ကိစ္စပြီးနိုင်တယ် ဆိုတာ သက်သေ သာဓက မလုံလောက် သေးဘူးလား (လုံလောက် ပါတယ်)။

လုံလောက်တဲ့ ဘဝမှ ပါရမီ စပျိုး ရတယ်လို့ မယူလိုက် ပါနဲ့ (မှန်ပါ့) ပါရမီပြီးပြီးသား ထားပါ ဟုတ်ပလား (တင်ပါ့)။

ဒီဘဝကျတော့လည်း လိုလိုချင်ချင် မရှိဘူးလားဗျာ (ရှိပါတယ်)။

အေး လိုလို ချင်ချင် ရှိနေတော့ ဘုရားသခင် ကိုယ် တော်မြတ်ကြီးကလည်း သောတာပန် တည်ခြင်း အကြောင်း လေးပါးလို့ ခဏခဏ ပြောနေတယ်။ ဟုတ်ဘူးလား။ အဲတော့ ကိုး။ နှစ်ပါးသော နည်းနဲ့ တောင်ကွာ မဂ်ရနိုင်တယ် (မှန်လှပါ)

နှစ်မျိုးတည်းနဲ့ မဂ်ရနိုင်တယ်

တရားနာမှုနဲ့ အားထုတ်မှုရှိရင် ရရမယ်ဟေ့တဲ့ ဟော ပဏ္ဏာသ ပါဠိတော်မှာ လာပြန်တယ် (မှန်လှပါ) တရားနာရ မယ်တဲ့ တရားနာတဲ့ အတိုင်း သိမှတ်ပြီး အားထုတ်လို့ရှိရင် နှစ်မျိုးတည်းနဲ့ သမ္မာဒိဋ္ဌိ ရရမယ်တဲ့ (မှန်လှပါ ဘုရား)။

သမ္မာဒိဋ္ဌိ ဆိုတာ မဂ္ဂင်ပေါ့ဗျာ၊ ဒါမဂ်ရမယ်ပြောတာ ပေါ့။

အဲတော့ ဒကာ ဒကာမတွေ အားငယ်စရာ ရှိသေး ရဲ့ လား (မရှိပါ ဘုရား)။ ခင်ဗျားတို့ တရားလည်း မနာဘူးလား (နာပါတယ် ဘုရား) အားလည်း မထုတ်ဘူးလား (ထုတ်ပါ တယ်) အဲဒီ အတိုင်းစုံရင် မဂ်ရရမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ ကြောင့်ကြစရာ စိုးရိမ်စရာ လိုသေးလား (မလိုပါဘူး)။

မလိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သမာဓိကို သမာဓိတည် တည်ထားပြီး သကာလ သမာဓိက ဝေဒနာပေါ် တည့်တည့် ထား၊ ပညာကို အဲဒီဆွဲယူ (တင်ပါ့) အဲဒီလို သမာဓိက ဆွဲယူ လိုက်လို့ရှိရင် ခင်ဗျားတို့ လိုရာခရီးကို ကိစ္စပြီးပါလိမ့်မယ်။

သာဝကမှာ ပါရမီမလိုဘူး

ဘာမှ ပါရမီတွေ ဘာတွေ တွေးမနေနဲ့ သာဝက ဆိုတာ ကြုံရာ ခရီးသာ မှတ်ပေတော့ ဟုတ်ဘူးလား ကြုံရာ ခရီးဆိုတဲ့ ဥစ္စာသည် ပါရမီ မလိုပါဘူး လိုသေးရဲ့ လား (မလို ပါဘူး) မလိုပါဘူး။

အဲတော့ မျိုးရိုးက ပြောထားတာတွေကို ခင်ဗျားတို့က နားစူးမနေပါနဲ့ သူတို့စာကြည့်ပြီး စာစဉ်ကြည့်ပြီး ဘုရား ဟောတွေကြည့် ပြောတာ မဟုတ်ဘူး အဲဒါကြောင့် အခုပါရမီ ရှိတယ်သာ ထားလိုက် ရိပ်မိပလား (ရိပ်မိပါပြီ)။

ပါရမီ ရှိတယ် မရှိတယ် ခင်ဗျားတို့ ကိုယ့်ချိန်ခွင် ချိန်ကြည့်။ ကိုယ့်ကိုယ်ကို ချိန်ကြည့် ဖြစ်ပျက် ကလေးတွေ မြင်လာမယ်၊ ဖြစ်ပျက် အားထုတ်လို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ငြိမ်းရင်လည်း ငြိမ်းမယ်၊ အေးရင်လည်း အေးမယ်။

ခန္ဓာကိုယ်ထဲ အလုံးစုံလည်း မြင်လာမယ်။ ငြိမ်းတာနဲ့ တစ်ချက်တည်း ငါဒီဘဝ မဂ်ရ ထိုက်တာပဲ။ ဥဒယဗ္ဗယ ဉာဏ် ဆုံးတော့ သောတာပတ္တိမဂ်က လာပဟ ဆိုလို့ရှိရင် တစ်ချက် ငါ ဒီဘဝ မဂ်ရရမယ် ဆိုတဲ့ဥစ္စာ စမ်းကြည့်မှ သိမှာ သဘော ကျပလား (ကျပါပြီ)။

ငါဒီဘဝမဂ်ရရမယ်

အဲတော့ တချို့ ဒကာ ဒကာမတွေကျတော့ အရောင် အဆင်းတွေလာသားပဲ ငြိမ်းအေးတာ တွေကော (လာပါ တယ်) လာတော့ ကိုယ့်အတွက် ဘာစဉ်းစားဖို့ လိုသေးသလဲ (မလိုတော့ပါ ဘုရား)။

ဒီဘဝကိစ္စပြီးမည့် ပုဗ္ဗနိမိတ် မသေချာဘူးလား (သေချာပါတယ်) အေး ဒါကြောင့် ပုဗ္ဗနိမိတ် သေချာတာတောင်မှ ဒကာ ဒကာမတို့က ပျော့ချင်သေးသလား (မပျော့ ချင်ပါဘူး ဘုရား)။

မပျော့နဲ့ ဒကာစိန်ရ ပျော့ရင် မှားလိမ့်မယ် ပျော့ရင် မြေပုံနီးလိမ့်မယ် ပျော့ရင် ဘယ်နှယ်ဆိုကြမယ် (မြေပုံနီးမှာ ပါ ဘုရား) အေး အဲဒါနဲ့ ချောက်။

မျက်နှာများချင်သေးလို့ ပခုံးပြောင်းချင်သေးလို့ (မှန်လှပါ) ခင်ဗျားတို့ မြည်ရ၊ တွန်ရမှာပဲ ဒကာ ဒကာမတွေက ဘယ်လိုမြည်ကြမလဲ (မျက်နှာများချင်သေးလို့ ပခုံးပြောင်းချင် သေးလို့ပါ ဘုရား) အေး မျက်နှာ များချင်သေးလို့လားလို့ မေး သဘောကျပလား (ကျပါပြီ)။

ရေနစ်နေလို့တုံးထိုးပေးနေတာ

သေခါနီးတွေကို ရေမြုပ်နေတဲ့ သေခါနီးတွေကို ဘုန်းကြီးက တုံးထိုးပေးတာကို ဖြေးဖြေးမှ ပေးပါ ဆိုလို့ရှိရင် ဒါရေနစ်တဲ့လူဟာ မိုက်သေးတဲ့ အပြင် ရူးသေးတယ် (မှန်လှ ပါ ဘုရား)။

မိုက်တဲ့အပြင် ရူးသေးတယ်၊ ရေနစ်နေတဲ့ပုဂ္ဂိုလ် သည် ရေပါးစပ်ထဲဝင်လို့ မြုပ်လုပြီ၊ နစ်လုပြီ ဖြစ်နေလို့ ဘုန်းကြီးက တုံးထိုးပေးတာ (မှန်ပါ့)။

ခင်ဗျားတို့က အဇ္ဇဝ၊ သုရေဝကို (မှန်ပါ့) ယနေ့လား ၊ နက်ဖြန်လား ဆိုတာ ဘယ်သူသိသလဲ (မသိပါ ဘုရား)။

မဂ္ဂင်ဖောင်ပေါ်အမြန်ဆုံးတက်ပါ

အဲဒါ မဂ္ဂင်ဖောင်ကြီး စီးပြီးတော့ မဂ်ရအောင်လို့ တုံး ထိုးပေးထားတယ် ဒီအပေါ်တက် ဒီအပေါ်တက်၊ မြန်မြန် တက်လို့ပြောနေတာ၊ ဖြေးဖြေးမှ ပေးပါ ဆိုတော့ ကိုက်သေး ရဲ့ လား (မကိုက်ပါ ဘုရား)။

အဲဒါ မိုက်တဲ့အပြင် ရူးတာပဲလို့ ဆိုရလိမ့်မယ် ရိပ်မိ ကြပလား (ရိပ်မိပါပြီ) ဒီတစ်ခါ မိုက်လည်း မမိုက်တော့ပါဘူး ရူးလဲ မရူးတော့ပါဘူး မဂ္ဂင်ဖောင်ပေါ် အမြန်ဆုံးတက်မှ ရမယ် ရေနစ်မှာက နက်ဖြန် သန်ဘက်ကို သေနိုင်တယ် (မှန်ပါ့ ဘုရား) ဟုတ်ပလား (တင်ပါ့)။

သစ္စာလေးချက်တစ်ပြိုင်နက်ပေါ်တယ်

ဒါဖြင့် သဲသဲကွဲကွဲ ရှိတယ်ဗျာ ဒီလို ဆိုရင် ဖြစ်ပျက်က ဘာသစ္စာလဲ (ဒုက္ခသစ္စာ) ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာ) သေ တာက (သမုဒယသစ္စာ)။

သမုဒယ သေတဲ့အခါ နောင်ခန္ဓာ ဇာတ်တွေ ပြတ်တာက (နိရောဓသစ္စာပါ ဘုရား) ဟော သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်တယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။

မာတိကာသို့