ဒီသုံးဉာဏ်အရေးကြီးတယ်
အသံဖိုင်ခေါင်းစဉ်= ဉာဏ်စဉ်သုံးပါး တရားတော် အမှတ်(၁)
စာအုပ်ခေါင်းစဉ်= ဒီသုံးဉာဏ်အရေးကြီးတယ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော တရားတော်
ဒီသုံးဉာဏ်အရေးကြီးတယ်
(သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်)
(၈-၇-၆၂)ည
အားလုံး ဒကာ၊ ဒကာမတွေ (ဘုရား) ဒီနေ့ ဟောမည့် တရားသည် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးချက်ကို ဟောလိမ့်မယ်လို့ မှတ်ထားကြစမ်းပါ (မှန်ပါ့ ဘုရား) သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးချက်ကို ဟောမယ်။ ဒီနေ့ ဘာဟောမှာ ပါလိမ့် (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးချက်ကို ဟောပါလိမ့်မယ်) သုံးချက်ကို ဟောလိမ့်မယ်လို့ ဒကာ၊ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)၊
ဒီသုံးချက်မပါသရွေ့ ကာလပတ်လုံး ဘယ်သူနိဗ္ဗာန် ရောက်ပါတယ်ဆိုတာ ယုံတမ်း ပြောတာလို့ မှတ်ပါ။ မယုံကြပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ်။ ယုံတမ်းပြောတာလို့ မှတ်ပါ။
သစ္စဉာဏ်လည်း မပါဘဲနဲ့ နိဗ္ဗာန် ရောက်တယ်ဆိုရင် ယုံတမ်းပြောတာ (မှန်ပါ့) ကိစ္စဉာဏ် မပါဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ပြောရင် (ယုံတမ်းပြောတာပါ ဘုရား) ကတဉာဏ် မပါဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုလို့ ပြောတာရော (ယုံတမ်းပြောတာပါ ဘုရား)။
နိဗ္ဗာန်ရောက်တရား
ဒါဖြင့် နိဗ္ဗာန်ရောက်တရားသည် သစ္စာမှ ရောက်တယ် လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) နိဗ္ဗာန်ရောက် တရားသည် . (သစွာမှရောက်ပါတယ်) သစ္စာမှရောက်ပါတယ်လို့ ဆုံးဖြတ်ချက် ချပါ။ မောင်ထွန်းရင် ဘယ်သူမှ ရောက်သလဲ (သစ္စာမှ ရောက် ပါတယ်) သစ္စာမှ ရောက်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
သစ္စဉာဏ်
သစ္စာမသိလို့ ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ မရောက်ဘူးဆို တာ ဧကန်ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားဦးဟောတဲ့အခါကျတော့ ပဉ္စဝဂ္ဂီငါးဦးကို ဟောပါတယ် (မှန်ပါ့) အဲဒီပဉ္စဝဂ္ဂီငါးဦး ဟောတဲ့ အခါကျတော့ ပထမဦးစွာ ဘာမှမဟောဘဲနဲ့ သစ္စာသိအောင် ဟောလိုက်ပါ တယ် (မှန်ပါ့) အဲဒါ သစ္စဉာဏ်လို့ မှတ်ပါ။ နောက်ဆို ဝေဖန် လာပါလိမ့်မယ်။
ကိစ္စဉာဏ်
နောက်ကျတော့ ဒီသစ္စာမှာ ဘာကိစ္စရှိသလဲဆိုတဲ့ဥစ္စာ၊ ကိစ္စကို ဆက်ဟောပါလိမ့်မယ်။ အဲဒီဉာဏ်က ကိစ္စဉာဏ်လို့ မှတ် လိုက်စမ်းပါ (မှန်ပါ့)။
ကတဉာဏ်
အဲဒီ ကိစ္စဉာဏ်ဆုံးတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် ဆုံးပြီလို့ သိတဲ့ဉာဏ်သည် ကတဉာဏ်လို့ အကျဉ်းချုပ်ကလေး မှတ်ထားစမ်း ပါ (မှန်ပါ့)။
သစ္စာဉာဏ်သိရင် သစ္စဉာဏ် (မှန်ပါ့)။
ထိုသစ္စာ၏ ကိစ္စသိရင် (ကိစ္စဉာဏ်)။
ကိုယ့်ကိစ္စ ကိုယ်ပြီးတာ သိတဲ့ဉာဏ်ကို ဘာဉာဏ်ဆိုကြ မလဲ (ကတဉာဏ်ခေါ်ပါတယ် ဘုရား)။
ဒီသုံးဉာဏ်အရေးကြီးတယ်
ဒါဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်ချင်လို့ ရှိရင်ဖြင့် ဒီသုံးဉာဏ် အရေးကြီးဆုံး လို့မှတ်ပါ (မှန်ပါ့ ဘုရား) ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်ရင် ဘယ်ဟာ အရေးကြီး ပါလိမ့် (ဒီသုံးဉာဏ် အရေးကြီးပါတယ် ဘုရား)။
သုံးဉာဏ်အရေးကြီးတယ် ဆိုတာ ဆရာသမား လာတုန်း ဒီက ဒကာ၊ ဒကာမတွေ ဝေးလည်း ဝေးနေကြတော့ ကွဲနေတာ လည်း ကြာတော့ မသိကြတော့ဘူး။
ဪ အရေးကြီးတာ ဒီသုံးချက်ပါလားလို့သာ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား) အရေး ကြီးတာက ဘယ်နှချက်ပါလိမ့် (သုံးချက်ပါ ဘုရား) သုံးချက်မှတ်ပါ ဆိုတာ သတိပေး လိုက်တယ်နော်။
အားလုံး ဒကာ၊ ဒကာမတွေ နောက်က ဒကာ၊ ဒကာမတွေ ပါ အဖြေပေးရမယ်။ ဒီနေ့ ဉာဏ်ဘယ်နှချက် ဟောမှာပါလိမ့် (သုံးချက်ဟောမှာပါ ဘုရား)။ သုံးချက်ဟောလိမ့်မယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ကြစမ်းပါ။
ကောင်းပြီ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီကနည်းပြထားတော့ သစ္စဉာဏ် ဟောမယ်ဆိုတာ ဒီပဋိစ္စသမုပ္ပာဒ်ပဲ ပြရမယ်။ ကိစ္စဉာဏ် ဟောမယ်ဆိုလည်း ပဋိစ္စသမုပ္ပာဒ် ပဲပြမှာပဲ။ ကတဉာဏ် ဟောလို့ ရှိရင် ပဋိစ္စသမုပ္ပာဒ် ပြည်ဖုံး ချရမယ်။
သစ္စဉာဏ်ဟောရင် ဘာပြရမယ် (ပဋိစ္စသမုပ္ပာဒ်ပြရပါ မယ်) ပဋိစ္စသမုပ္ပာဒ်ပဲပြရမယ် (မှန်ပါ့) ကိစ္စဉာဏ် ဟောပြန်တော့ရော (ပဋိစ္စသမုပ္ပာဒ်ပဲပြရပါမယ်)
သစ္စဉာဏ်၊ ကိစ္စဉာဏ် ဟောလို့ ရှိရင်လည်း ဒကာ၊ ဒကာမတွေ မှတ်လိုက်ပါ။ ပဋိစ္စသမုပ္ပာဒ် ထဲမှာပဲ ပြရမှာပဲ။ ကတဉာဏ် ဟောတဲ့အခါကျတော့ ပဋိစ္စသမုပ္ပာဒ်ပြည်ဖုံး ချရမယ်။ ပဋိစ္စသမုပ္ပာဒ်ပြတ်သွားပြီ။
ဒကာ၊ ဒကာမတို့ နောက်က ဒကာ၊ ဒကာမတွေ အသံချဲ့ စက်နဲ့ ကြားရရဲ့ လားလို့ မေးလိုက်ပါတယ် (ကြားရပါတယ် ဘုရား) အေး ကြားရရင်တော့ ကျေနပ်ပါပြီ။ မကြားရ သိပ်စိုးရိမ်ပါ တယ်။ ပင်ပန်းပြီး မကြားရင် အလကားပါပဲ။ အရေးကြီးတဲ့ အချက်ကို ရက်တိုတိုနဲ့ ဒကာ၊ ဒကာမတွေ လုပ်လည်းလုပ် ရစ်ကြပါဆိုတာ မှာတယ်။
ခင်ဗျားတို့ ဒုက္ခတွေသည်ကားလို့ ဆိုလို့ရှိရင် ပြောမဆုံးအောင်ပဲ ဒုက္ခကြီးပါတယ်။ အဲဒါကြောင့် ဉာဏ်သုံးဉာဏ်ကို သေသေ ချာချာ ဟောလိမ့်မယ်လို့ ဒကာ၊ ဒကာမတွေ မှတ်ပါလို့ သတိပေး လိုက်ပါတယ်။ ကိုင်း အားလုံး ဒကာ၊ ဒကာမတွေ ပဋိစ္စသမုပ္ပာဒ် ကိုတော့ အဝေးကလည်း နေကြည့်ပါ။ စာရွက်နဲ့ အဲဒီနားမှာ ကြည့်နိုင်လည်း ကြည့်ကြပါ။ စာရွက်တွေ ဝေထားတာလည်း ရှိပါတယ်နော်။
သစ္စာမသိတာ အဝိဇ္ဇာ
ဒီ ဒကာ၊ ဒကာမတွေ ဘယ်ကများ လာကြပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့်တဲ့ ဒီမှာကြည့်ပါ။ မသိတဲ့ အဝိဇ္ဇာက လာခဲ့တယ်။ ဒကာ၊ ဒကာမတွေ ဘယ်ကလာခဲ့ကြသတုန်း (မသိတဲ့ အဝိဇ္ဇာက လာပါတယ် ဘုရား) ဘာကိုမသိတာတုန်းလို့ မေးတဲ့အခါကျမှတဲ့ သစ္စာမသိတာ အဝိဇ္ဇာ။
ဒကာ၊ ဒကာမတွေ သစ္စာမသိတာ (အဝိဇ္ဇာပါ ဘုရား) သေသေချာချာ မှတ်ပါ။ သေသေချာချာ မှတ်ပါ။ သစ္စာမသိတာ (အဝိဇ္ဇာပါ ဘုရား) ကောင်းပြီ၊ သစ္စာမသိတာ အဝိဇ္ဇာလို့ ဒီ ဒကာ၊ ဒကာမတွေက မှတ်ထားတော့ ဪ သစ္စာမသိတာ အဝိဇ္ဇာ ပဲဆိုတော့ဖြင့် မျက်လုံးထဲမှာ ဒကာ၊ ဒကာမတို့ တိမ်သလာဖုံးနေတာ အဝိဇ္ဇာလို့သာ မှတ်လိုက်ပါတော့။
အဝိဇ္ဇာဆိုတာ
ဘာဖြစ်လို့ တိမ်သလာ ဖုံးနေသတုန်းဆိုတော့ အဝိဇ္ဇာဆိုတာ မှန်တာကို မသိ။ မမှန်တာကို သိတာ ဘာခေါ်ကြမလဲ (အဝိဇ္ဇာပါ ဘုရား)။ မှန်တာကို မသိ၊ မမှန်တာကိုသိတာ ဘာခေါ်ကြမလဲ (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာ၊ သော် ဒါကြောင့် သစ္စာသိရင် နိဗ္ဗာန်ဝင်ပါလိမ့်မယ်ဆိုတော့ ခင်ဗျားတို့ ရှေးဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာနှင့် နေခဲ့ကြတယ်။ ဒါကြောင့် အတိတ်အကြောင်းလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။
စာမှာ ဘယ့်နှယ်ပါတာတုန်း (အတိတ်အကြောင်းပါ ဘုရား) အတိတ်အကြောင်းလို့ ပါကြပါတယ်။ အဲဒီ အတိတ် အကြောင်းလို့ ပါပြီး သကာလ နေတော့ ဪ ငါတို့ အတိတ်ဘဝ က လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင် ဖြစ်ခဲ့လေရော့သလား။ အဝိဇ္ဇာနှင့် နေခဲ့လေရောလား ဆိုတာကို အဖြေပေးကြစမ်းပါဆိုရင် ဘယ့်နှယ်ဖြေကြမှာလဲ (အဝိဇ္ဇာနဲ့ နေခဲ့တာပါ ဘုရား) အဝိဇ္ဇာ နဲ့ နေခဲ့ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဝိဇ္ဇာဆိုတာ သစ္စာမသိတာ အဝိဇ္ဇာ (မှန်ပါ့ ဘုရား) အဝိဇ္ဇာဆိုတာ (သစ္စာမသိတာ အဝိဇ္ဇာပါ ဘုရား) သစ္စာမသိတာ အဝိဇ္ဇာ၊ ဒါဖြင့် သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့တော့ ပါဠိတော်ကို ရွတ်နေရင် ဒကာ၊ ဒကာမတွေ ဘုန်းကြီး ပင်ပန်းရုံမှတစ်ပါး အမြတ် မထွက်ပါဘူး။ ဒါကြောင့် ပါဠိတော် မရွတ်ဘူး။ ပါဠိတော်၏ သဘောကို ပြောနေတယ်လို့ မှတ်ရမယ် (မှန်ပါ့)။
ဒကာ၊ ဒကာမတွေ ဘာပြောနေတာတုန်း (ပါဠိတော်၏ သဘောကိုပြောနေပါတယ်) ခင်ဗျားတို့ နားလည်မှု ပါဠိတော်၏ သဘောကို ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)
ကောင်းပြီ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒါဘယ်ဘဝပါလိမ့်လို့ ထောက်၊ ဒကာ၊ ဒကာမတွေ ကြည့်ကြစမ်းပါ။ ဘယ်ဘဝပါလိမ့် (အတိတ် ဘဝပါဘုရား။
နိဗ္ဗာန်မရောက်တဲ့ကုသိုလ်
အတိတ်ဘဝက ခင်ဗျားတို့ ဘာမသိခဲ့သလဲ (သစ္စာ မသိခဲ့ပါ ဘုရား) ဪ ဒကာ၊ ဒကာမတို့ အတိတ်ဘဝက သစ္စာမသိခဲ့တာ အတိတ်ဘဝက ဘာမသိခဲ့တာပါလိမ့် (သစ္စာ မသိခဲ့တာပါ ဘုရား) သစ္စာမသိခဲ့ဘူး ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) သစ္စာ မသိတော့ ဒကာ၊ ဒကာမတွေ မှတ်လိုက် စမ်းပါ။ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာတဲ့ နိဗ္ဗာန် မရောက်တဲ့ ကုသိုလ် ကိုလည်း ပြုပါတယ် (မှန်ပါ့)။
ဒကာ၊ ဒကာမတို့ သစ္စာမသိတော့ ဘာတဲ့ (နိဗ္ဗာန် မရောက်တဲ့ကုသိုလ်ကို ပြုပါတယ်) နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်ကို ပြုတယ်။ သစ္စာမသိရှာဘူး (မှန်ပါ့ ဘုရား) သစ္စာမသိတော့ ဘယ်ကုသိုလ်တွေများ လုပ်လာကြပါလိမ့် (နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်ပါ)
ဪ ဒကာ၊ ဒကာမတွေ ကုသိုလ်ဆိုရင် နိဗ္ဗာန်ချည်း ရောက်တယ် အောက်မေ့နေတယ်။ ကုသိုလ်ကြောင့် ဒုက္ခရောက်တာ မသိသေးဘူး။ ရှေ့ပေါ်လာလိမ့်မယ် (မှန်ပါ့) ရှေ့ပေါ်လာပါ လိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ လေးစားစွာဖြင့် မှတ်ပါ (မှန်ပါ့)။ ကုသိုလ်တိုင်း နိဗ္ဗာန်ရောက်သလားလို့ မေးတော့ သစ္စာ မသိဘဲနဲ့ လုပ်တဲ့ကုသိုလ်ဟာ နိဗ္ဗာန်မရောက်ဘူး။ နောက်က ဒကာ၊ ဒကာမတွေ သစ္စာမသိဘဲနဲ့ လုပ်တဲ့ ကုသိုလ်ဟာဘာတဲ့ (နိဗ္ဗာန် မရောက်ပါ) နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့)။
ဒါကို ဆရာသမားရှင်းရှင်းပြောနေတယ်လို့ မှတ်ပါ။ ကုသိုလ်ဆိုတာ ကောင်းတာချည်းပဲလို့ ခင်ဗျားတို့ ယူထားလို့ရှိရင် လွဲပါလိမ့်မယ် (မှန်ပါ့ ဘုရား)။ ကုသိုလ်ဆိုရင် ကောင်းတာချည်းပဲလို့ ယူထား ကြပါတယ်။ ဒကာ၊ ဒကာမတွေ မယူဘူးလား (ယူပါတယ် ဘုရား)။ သေသေချာချာ လွဲတယ်၊ ကုသိုလ်ကောင်းရင် ဒုက္ခမဖြစ်ရဘူး (မှန်ပါ့)။
ကောင်းတဲ့ ကုသိုလ်ဖြစ်ခဲ့သော် ဒုက္ခမဖြစ်ရဘူး။ မကောင်းတဲ့ ကုသိုလ်ဖြစ်ခဲ့သော် (ဒုက္ခ ဖြစ်ရပါတယ်)၊ ကိုင်း ဒါဖြင့် ဒီထဲမှာ ကုသိုလ်ပြုပါတယ်တဲ့။ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်ပြုပါတယ်။ မသိတာ အဝိဇ္ဇာ၊ ကုသိုလ်ပြုတာ သင်္ခါရ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) မသိတာက (အဝိဇ္ဇာပါ) ကုသိုလ် ပြုတာက (သင်္ခါရပါ ဘုရား)၊ သင်္ခါရဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်ပြုလုပ်တဲ့ ကုသိုလ်ဟာတဲ့ သေသည့်အခြားမဲ့၌ ဒကာ၊ ဒကာမတို့ မသေခင်ဘဲ ဒကာ၊ ဒကာမတွေ ရှင်းအောင်ပြပါတယ်။ မသေခင် သူဘာသစ္စာလုပ် သတုန်း မေးတော့ ဒီကြည့် (သမုဒယသစ္စာပါ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) ဘာသစ္စာ လုပ်ထားကြသလဲ (သမုဒယသစ္စာပါ) ဘယ်နိဗ္ဗာန် ရောက်မလဲ။
အဝိဇ္ဇာပစ္စယာ သင်္ခါရ
ဒါ သူများပြောတာလား။ ခင်ဗျားတို့ ကိုယ်တိုင်လားစဉ်းစား ကြည့်ပါ။ အမြင်ပြောတာလား (အမြင်ပြောနေတာပါ ဘုရား) ဘုန်းကြီးရေးထားတာလား၊ ဘုရားဟောထားတာလား (ဘုရား ဟောထားတာပါ ဘုရား) မသိတာက (အဝိဇ္ဇာပါ) ကုသိုလ်ပြုတာက (သင်္ခါရပါ) ဘာသစ္စာ လုပ်သတုန်း (သမုဒယသစ္စာပါ) ဟာ သမုဒယသစ္စာဖြင့် နိဗ္ဗာန်အကျိုးမပေးပါဘူး။ သမုဒယသစ္စာ ဟာ နိဗ္ဗာန် မပို့နိုင်ဘူး။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ထောက်မှပေါ်လာတယ်။ ဒကာ၊ ဒကာမတွေဒါနဲ့ ကြည့်၊ ဒကာ၊ ဒကာမတွေ ဒါကြည့်မှ ပေါ်တယ် (မှန်ပါ့) ဒီတစ်ခန်းလုံးမှာ သမုဒယသစ္စာကိုး၊ နံပါတ်တစ် အခန်းတွင်းမှာ ရှိတာ ဟူ၍ သမုဒယသစ္စာ (မှန်ပါ့)ဒကာ၊ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ) မပေါ်ကြသေးဘူးလား (ပေါ်ပါတယ်) ဒါဖြင့် ဒီကုသိုလ်ဟာ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား) ဒါဖြင့် သမုဒယသစ္စာဖြင့် ဒုက္ခသစ္စာပဲ ပေးရမယ်။ နိရောဓသစ္စာ မပေးနိုင်ဘူး (မှန်ပါ့ ဘုရား) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ခန္ဓာဖြစ်စဉ်
အေး ဦးသူတော်ကြီးတို့ ( ဘုရား) ကြားထဲမှာ ငိုမနေနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား) သမုဒယသစ္စာ လုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘာသစ္စာသာ ရရမလဲ (ဒုက္ခသစ္စာပါ ဘုရား)ဟုတ်မှ ဟုတ်ရဲ့ လားလို့ မေးမနေပါနဲ့။ ဒါ ဘုရားဟောတဲ့ အစဉ်လို့လည်း မယူနဲ့။ ခန္ဓာဖြစ်စဉ်လို့ ယူလိုက်ပါ (မှန်ပါ့ ဘုရား) ဘုရားဟော လား။ ခန္ဓာဖြစ်စဉ်လား (ခန္ဓာဖြစ်စဉ်ပါ ဘုရား) ခန္ဓာဖြစ်စဉ် ဖြစ်ရင်ဖြင့် ခန္ဓာလောက် မှန်တာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်ပြုတာ သည် သမုဒယသစ္စာလုပ်တာ (မှန်ပါ) ဒီနေ့ အထူးပြောပါတယ် (မှန်ပါ) မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တာသည် (သမုဒယသစ္စာ ဖြစ် တယ် )ထောက် ကြည့်၊ ဒီမှာ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။ သမုဒယသစ္စာ နိဗ္ဗာန် ရောက်ပါ့မလား (မရောက်ပါ ဘုရား)။ မရောက်ဘူး။ အားလုံး ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ်)။
မကျေနပ်ရင် မေးပါ
မကျေနပ်လို့ရှိရင် ဘယ်အချိန်မဆို မေးနိုင်ပါတယ်။ မကျေ နပ်လို့ရှိရင် မေးနိုင်တာချည်းပဲ။ ဘာကြောင့်တုန်းလို့ ပြောတဲ့ အခါကျတော့ မကျေမနပ်နဲ့ နေရလို့ရှိရင် ခင်ဗျားတို့မှာ ဝိစိကိစ္ဆာရှိပါ လိမ့်မယ်။ (မှန်ပါ့ ဘုရား) ဝိစိကိစ္ဆာ ရှိရင်၊ ခင်ဗျား ဝိစိကိစ္ဆာက – ခင်ဗျားတို့ကို အပါယ်ချပါလိမ့်မယ် (မှန်ပါ့)။
ဘုန်းကြီးက သတ်ပေးပါ့မယ်။ မကျေနပ်တာကို မေးပါ။ မေးတဲ့အခါကျတော့ ဘုန်းကြီးက အဲဒီ ခင်ဗျားတို့ သံသယကို သတ်ပေးမယ်။ သတ်ပေးတော့ ခင်ဗျားတို့ ဝိစိကိစ္ဆာကြောင့် သံသယကြောင့် အပါယ် ကျသေးရဲ့လား (မကျပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ) ဒါဖြင့် မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ) ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။
ဒီထဲ ကုသိုလ်သင်္ခါရလည်း ပါတယ်။ အကုသိုလ်သင်္ခါရ လည်း ပါတယ် (မှန်ပါ့)။ သို့သော် အကုသိုလ်သင်္ခါရတော့ ဘုန်းကြီးအထူးပြောဖို့ မလိုဘူး။ ဒုက္ခသစ္စာ လာလိမ့်မယ်၊ ကုသိုလ် သင်္ခါရ ကိုက ဒုက္ခသစ္စာ လာပါသေးတယ် (မှန်ပါ့)ရှင်းပ လား (ရှင်းပါပြီ) ကောင်းပြီ။ ဒါဖြင့် အတိတ်ဘဝက ခင်ဗျားတို့ ဘာသစ္စာ ကြိုးစားခဲ့ကြသလဲ (သမုဒယသစ္စာ ကြိုးစားခဲ့ပါတယ် ဘုရား)။
သမုဒယသစ္စာ ကြိုးစားခဲ့တယ် (မှန်ပါ့) ဟုတ်မှ ဟုတ်ရဲ့ လားလို့မေးပြီး မနေပါနဲ့။ ရှေးဘဝက သစ္စာသိရင် ရှေးဘဝက သောတာပန်ဖြစ်ပြီ (မှန်ပါ့ ဘုရား) ဟုတ်ပြီလား (ဟုတ်ပါ တယ်) ဒီသင်္ခါရရော လုပ်ပါဦးမလား (မလုပ်ပါ ဘုရား) မလုပ်တော့ဘူး (မှန်ပါ့) ဒါဖြင့် နောက်ဘဝ ကလည်း ခင်ဗျားတို့ စုံလုံးကန်း (မှန်ပါ့) သစ္စာမသိတဲ့ အဝိဇ္ဇာ အုပ်ချုပ်နေတော့ ဘယ့်နှယ်ဆိုမလဲ (စုံလုံးကန်းပါ ဘုရား)။
စုံလုံးကန်းလမ်းသွား
စုံလုံးကန်းလမ်းသွားတာတဲ့ ဒကာ၊ ဒကာမတို့ သင်္ခါ ရက (မှန်ပါ့) ကုသိုလ်နဲ့ လှမ်းလိုက်၊ အကုသိုလ်နဲ့ လှမ်းလိုက် စုံလုံးကန်းလမ်းသွားတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)
ဘာတဲ့တုန်း (စုံလုံးကန်း လမ်းသွားတာပါ ဘုရား) လဲမှ လဲပေါ့ မလား (လဲပါတယ် ဘုရား) ခလုတ်ကန်သင်းတွေ သူ့ပစ္စည်းမှ ဖြစ်ပါ့မလား (ဖြစ်ပါတယ် ဘုရား)။
ချိုင့်၊ ကျင်းတွေဟာ သူကျရာမှ ဖြစ်ပါ့မလား (ဖြစ် ပါတယ် ဘုရား) ကဲ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ သေခါနီးမှ ဒီတရားနာရလို့ တော်သေးတယ် (မှန်ပါ့) သေခါနီးမှ နာရတာကိုးဗျ။ အသေဦး နေရင်လည်း နာစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဒီ ဦးသံဒိုင်တို့ ကျေးဇူးပြုပြီး သကာလ ဟောဒီက ဦးအောင်ဇံဝေတို့ ဦးမာဒင်တို့ အားလုံးက ရောက်စေချင်လို့၊ ဘုန်းကြီးများလည်း သူတို့ဒကာ၊ ဒကာမတွေ သစ္စာမှ သိပါစေတော့။ သူတို့ကျေးဇူးပြုချက်ကြောင့် ဘုန်းကြီးဒီမှာ ခဏရောက်လာတယ် (မှန်ပါ့ ဘုရား)။
ခဏရောက်လာတော့ ခင်ဗျားတို့ကို ယနေ့ မျက်လုံးဖွင့် တော့မယ်။ မိဘရိုးရာ မျက်လုံး ဖွင့်ပေးမယ်။ မိဘရိုးရာက အကန်းလို့ မှတ်ပါ။ မိဘရိုးရာက (အကန်းပါ ဘုရား) သေချာကြပလား (သေချာပါပြီ)။
ဘယ့်နှယ်ဘုရား၊ ဘယ့်နှယ်ကြောင့် ကန်းပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ကိုယ်ခန္ဓာ ဒုက္ခသစ္စာ မသိသောကြောင့် အဝိဇ္ဇာသည် အကန်းပဲ (မှန်ပါ့) အကန်းသည် ယခုဘဝမှာ သူများပါးစပ် လမ်းဆုံးပြီး သကာလ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေ လုပ်လိုက်ခြင်းကြောင့် အကန်း လမ်းသွား တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အကန်း ဘာလုပ်သတုန်း (အကန်းလမ်းသွားပါတယ် ဘုရား)
ဘာသစ္စာနဲ့ သွားသလဲ (သမုဒယသစ္စာနဲ့သွားပါတယ်) ဒါသူများပြောတာလား ခင်ဗျားတို့ ဖြစ်စဉ်လား (ဖြစ်စဉ်ပါ ဘုရား)။
ဒါ ယခုဘဝ ဖြစ်စဉ်လား၊ အတိတ်ဘဝက ဖြစ်ခဲ့တာလား (အတိတ်ဘဝက ဖြစ်တာပါ ဘုရား) ဖြေကြပါ။ ဖြေကြပါ။ နောက်က ဒကာ၊ ဒကာမတွေနော် (မှန်ပါ့ ဘုရား) ဖြေခြင်း သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အရှင်နန္ဒက ဟောတဲ့အခါ အလုံးစုံ အကုန် ဖြေပေးရတယ်။ ကိုယ်အဖြေ ကိုယ်ပေးတာမှ ကိုယ်အမှန်ဖြစ်နိုင်ပါ တယ်ဆိုတာ သတိထားကြပါ။
ဒါဖြင့် လွန်ခဲ့တဲ့ဘဝက မျက်စိကန်းလမ်းသွားတာ (မှန်ပါ့) လွန်ခဲ့တဲ့ဘဝက (မျက်စိကန်း လမ်းသွားတာပါ ဘုရား) မျက်စိကန်းလမ်းသွားတော့ကို တဲ့။ မျက်စိကန်းတာ ဘယ်ဟာ ကန်းသတုန်းဆိုတော့ “ဪ ငါသည် သမုဒယသစ္စာလုပ်ပါ လား” လို့ သိရဲ့လား (မသိပါ ဘုရား) သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။
ဒါလည်း သမုဒယသစ္စာ၊ ဒါလည်း သမုဒယသစ္စာ၊ ဒီသမု ဒယသစ္စာနှစ်ခုကို ငါလုပ်နေတယ်လို့ သိရဲ့လား (မသိပါ) မသိသောကြောင့်တဲ့ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ သူ့ဟာသူ သစ္စာမသိလို့ သမုဒယသစ္စာကို ကြိုးစားတယ်။ ဒုက္ခ ရောက်မည့် သစ္စာကို ကြိုးစားတယ်။ ဒုက္ခရောက်မည့်သစ္စာကို ကြိုးစားတယ် (မှန်ပါ့) ဘာကြိုးစားသလဲ (ဒုက္ခရောက်မည့် သစ္စာကို ကြိုးစားပါတယ် ဘုရား)။
ဘုန်းကြီးညည်းရင် မပေါ့ကြပါနဲ့
ဒုက္ခရောက်မည့်သစ္စာကို ကြိုစားနေကြတယ်။ ဒကာ၊ ဒကာမတို့ ဘာကြိုးစားသလဲ (ဒုက္ခရောက်မည့် သစ္စာကို ကြိုးစားပါတယ် ဘုရား) ဪ ဒကာ၊ ဒကာမတို့ သိပ်ခက် ပါလား။ အင်မတန် ခက်နေပြီနော်။ ဒကာ၊ ဒကာမတို့ (မှန်ပါ့) ဘုန်းကြီးညည်းရင် မပေါ့ပါနဲ့တော့၊ ခင်ဗျားတို့ မသိချက် ပြင်းထန် လွန်းလို့ ညည်းတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဘုန်းကြီးညည်းပါလိမ့် (မသိချက် ပြင်းထန်လို့ ပါ ဘုရား) မသိချက် ပြင်းထန်လွန်းလို့ ဒကာ၊ ဒကာမ တွေနောက်က ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ကြောင့် ဘုန်းကြီး ညည်းပါလိမ့် (မသိချက်ပြင်းထန်လို့ ပါ ဘုရား) မသိတာက အဝိဇ္ဇာ (မှန်ပါ့) မသိလို့လုပ်တာက (သင်္ခါရပါ) ဘာသစ္စာ တုန်း (သမုဒယသစ္စာပါ) ဟော သမုဒယသစ္စာလို့ကို မသိခဲ့ဘူး (မှန်ပါ့)။
မသိလို့ လုပ်တာပေါ့ဗျ အဝိဇ္ဇာသင်္ခါရကို (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့်မသိတာက (အဝိဇ္ဇာ) ပြုလုပ်တာ က (သင်္ခါရ) ဘာသိစွာလို့ သူမသိတုန်း (သမုဒယသစ္စာလို့ မသိပါ ဘုရား)။ ဪ ဒါဖြင့် မသိတဲ့လူ လုပ်နေတာပါလား။ ဒီအိမ်ကြီး၊ ဒီတိုက်ကြီး တည်ပါဆိုတော့ အိမ်၊ တိုက်၊ မမြင်ဘူးတဲ့ လူက အင်္ဂတေမှ မစပ်တတ်တဲ့လူပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ် ခိုင်းမိရက်ကြုံနေ တယ်။ မသိတဲ့ပုဂ္ဂိုလ် လုပ်နေတော့ သဘောပါပလား (ပါ, ပါပြီ ဘုရား)။
ဒကာ၊ ဒကာမတို့ ဘယ်သူလုပ်တာပါလိမ့် (မသိတဲ့ ပုဂ္ဂိုလ်လုပ်တာပါ) မသိတဲ့ပုဂ္ဂိုလ် လုပ်နေတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) တရားက ဘုန်းကြီးဟောတာ များတယ်လို့ မယူနဲ့။ နည်းနည်းနဲ့ လိုရင်းပါလိမ့်မယ်လို့ အောက်မေ့ပါ (မှန်ပါ့)။
ဒကာ၊ ဒကာမတွေ ဘယ်လိုအောက်မေ့ကြမလဲ (နည်းနည်းနဲ့ လိုရင်းပါ ပါတယ်) နည်းနည်းနဲ့ လိုရင်းပါလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချပါ။ ရက်ရှည်နာမှ အဆုံးရောက်မှာကိုး (မှန်ပါ့ ဘုရား) ဒကာ၊ ဒကာမတို့ ရှေးဘဝက မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ရှေးဘဝက ကုသိုလ်၊ အကုသိုလ်ပြုခဲ့တာက (သင်္ခါရပါ ဘုရား)။
ဪ မသိတဲ့ပုဂ္ဂိုလ်ပြုတာသည် ဘာသစ္စာပါလိမ့် (သမုဒယသစ္စာပါ ဘုရား) လုပ်ကောင်း၊ မလုပ်ကောင်း (မလုပ်ကောင်းပါ ဘုရား) ဟော သူက သက်သေခံနေတယ်။ သူက သက်သေခံနေတယ်။ ဒကာ၊ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မသိတာက (အဝိဇ္ဇာပါ ဘုရား)။ ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။
ကိုင်း သမုဒယသစ္စာ လုပ်ပါတယ်ဆိုကတည်းက ဒုက္ခမှ ရောက်ပါ့မလား (ရောက်ပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
ဒီတစ်ခါ မျက်လုံးဖွင့်ရတာ ဘုန်းကြီးများက အင်မတန်မှ လည်း ခင်ဗျားတို့ကို ဪ နာဖော်ရပေတယ်။ စုံလုံးကန်း ကလေးတွေကို ဖွင့်ပေးတာ ကြိုက်သေးတယ် ဆိုတဲ့စိတ်ကြောင့် ဝမ်းသာတယ် (မှန်ပါ့)။
စုံလုံးကန်းပြုတဲ့ ကုသိုလ်
နဂိုက စုံလုံးကန်းကိုး။ ခင်ဗျားတို့က ပြုတဲ့ကုသိုလ်ဆိုပေ မယ့် ဘယ်သူကပြုပြု သာဓု ခေါ်ချလိုက်တာပဲ (မှန်ပါ့) ဘယ်လို ခေါ်ကြမလဲ (အကန်းသာဓုပါ ဘုရား) စုံလုံးကန်းပြုတဲ့ ကုသိုလ်ကို ခင်ဗျားတို့က ဘယ့်နှယ်ခေါ်ကြသလဲ (သာဓုခေါ်ပါတယ် ဘုရား)။
ဪ သမုဒယသစ္စာဖြစ်တာ သာဓုခေါ်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာသစ္စာဖြစ်တာ သာဓုခေါ်သလဲ (သမုဒယသစ္စာ ဖြစ်တာ သာဓုခေါ်ပါတယ်) ခေါ်ကောင်း မခေါ်ကောင်း (မခေါ် ကောင်းပါ ဘုရား) သွားပြီပေါ့။ မှန်ပါ့။ ဒုက္ခရောက်မှာကို သာဓု ခေါ်တယ်။ မင်းလုပ်တာ သဘောတူတယ်ကွာ။ မင်းဒုက္ခရောက်မှာပဲ ဆိုတာ သေချာတယ် (မှန်ပါ့)။
ဒုက္ခရောက်ကြောင်းကို လုပ်မိတဲ့အတွက် ဘာပြောကြ သလဲ (သာဓုခေါ်ပါတယ်) ခင်ဗျားတို့ တော်တော်အဆင်းတွန်းတဲ့ လူတွေပဲ။ ဟိုက ဆင်းနေရတဲ့အထဲ တွန်းချရင် ငါးပါး မှောက် တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါ စကားကြမ်းသ လား။ ဖြစ်စဉ်ကိုက်သလား (ဖြစ်စဉ်ကိုက်ပါတယ် ဘုရား)။
ဒါကြောင့် ဒီတရားမျိုးဟာ ဒကာ၊ ဒကာမတို့ ဘုန်းကြီးတို့ ကိုယ့်ကို ချီးမြှောက်ပြောတယ်လို့ မယူနဲ့တဲ့။ အမှန်ပြောအင်မတန် ရှားတယ် (မှန်ပါ့) အသိကလည်း ရှားတယ် (မှန်ပါ့) အသိကရော (ရှားပါတယ် ဘုရား) မောင်ဘအေး မရှားဘူးလား (ရှားပါတယ် ဘုရား)။
အခု မင်းတို့က ဘယ်သူဟာ ကျောင်းကြီးဆောက်တယ်။ ဘုရားကြီးဆောက်တယ်။ ဘုရားကြီး တည်တယ်။ သူနောက်ဘဝ ကောင်းစားချင်လို့ လို့ဆိုတော့ သူတဏှာနဲ့ လုပ်တာ (မှန်ပါ့) နောက်ဘဝ ကောင်းစားခြင်း တောင့်တလုပ်တာ (မှန်ပါ့)။
ဘာသစ္စာနဲ့ လုပ်သလဲ (သမုဒယသစ္စာနဲ့ လုပ်ပါတယ် ဘုရား) ဒီသမုဒယသစ္စာဆိုတာ တဏှာပါ (မှန်ပါ့ ဘုရား)။
အဆင်းတွန်းတာ
သူတဏှာအလုပ် လုပ်နေတာကို ခင်ဗျားတို့က ကောင်းပါ ပေရဲ့ ဆိုတော့ ဘယ့်နှယ် လုပ်မလဲ (အဆင်းတွန်းတာပါ ဘုရား) အဆင်းတွန်းတာ (မှန်ပါ့)။ အဆင်းတွန်းတာက ဆင်းတဲ့ လူကလည်း စုံလုံးကန်း တွန်းတဲ့လူကလည်း ကိုယ်ကနောက်ကနေ တွန်းနေတာကလည်း စုံလုံးကန်းမို့ တွန်းတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဆင်းတဲ့ပုဂ္ဂိုလ်ကလည်း (စုံလုံးကန်းပါ ဘုရား) တွန်းတဲ့ ပုဂ္ဂိုလ်ကလည်း (စုံလုံးကန်းပါ ဘုရား) သေသေချာချာ စဉ်းစားပါ။ ဒီဥစ္စာ မှားသလား၊ မှန်သလား (မှန်ပါတယ် ဘုရား)။
ဘုန်းကြီးရှေ့မို့ ကွာ။ စာတတ် ပေတတ်မို့ နာမည် ကြီးမို့ မှိတ်ခံလိုက်ရတယ်လို့ ဒီလို မရှိပါနဲ့တဲ့။ ဒီမှာ သက်သေခံနေ တယ် (မှန်ပါ့) သမုဒယသစ္စာတဲ့။ သဘောပါကြလား (ပါ,ပါတယ် ဘုရား)။
သူဖြစ်ကြောင်းကွ။ သမုဒယသစ္စာဆိုတာ ဖြစ်ကြောင်း ဒကာ၊ ဒကာမတို့၊ သမုဒယသစ္စာ ဆိုတာ (ဖြစ်ကြောင်းပါ ဘုရား)။
ဖြစ်ကြောင်းဆိုလို့ရှိရင်ဖြင့် ဖြစ်ကျိုးဒီကလာတော့မယ် (မှန်ပါ့ ဘုရား)။ မလာပေဘူးလား (လာပါတယ် ဘုရား)။
ကဲ လာတော့။ ကဲ ဒီနေရာမှာ မသိတဲ့ပုဂ္ဂိုလ် လမ်းသွားတာလည်း သမုဒယသစ္စာ ဖြစ်ပါတယ်။ ဖြစ်တော့ ဒီပုဂ္ဂိုလ်ဟာ ဒီနားမှာ အတိတ်ဘဝက စုတေလိုက်ပါတယ်။ ဒီနားမှာ စုတေ လိုက်တော့ သူ့သင်္ခါရက ဒကာ၊ ဒကာမတို့ “သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုပြီး ဆက်လိမ့်မယ် (မှန်လှပါ) ဒီကြားထဲတော့ သေလိုက်တယ် (မှန်ပါ့)။
သင်္ခါရပစ္စယာ ဝိညာဏံ
သေပြီးတဲ့အခါမှ အကြောင်းနဲ့အကျိုး ဒီမှာ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။ ဆက်တော့ ခင်ဗျားတို့ ရွတ်ကြည့် သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဟောဒီမှာ ဆက်တယ်။ ဒီအဆက်ဟာ ပြတ်သေးသလား။ ဆက်သွားသလား (ဆက်သွားပါတယ် ဘုရား)။ ဒါကြောင့် ဆက်စပ်၊ မြားကဆက်စပ်၊ သဘောကျပလား (မှန်ပါ့ ဘုရား) ဒကာ၊ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား။)
နောက်က ဒကာ၊ ဒကာမတွေ မြင်ကြရဲ့လား (မြင်ပါ တယ် ဘုရား) မမြင်လို့ရှိရင် အဲဒီစာရွက် ကလေး ခင်းကြည့်။ ဝေထား တဲ့ စာရွက်ကို ခင်းကြည့်ပါ။ အားလုံး ဒကာ၊ ဒကာမတွေ ဒီဝိညာဉ် ဆိုကာ ပဋိသန္ဓေနေပါပြီတဲ့။ ပဋိသန္ဓေနေတော့ ပဋိသန္ဓေဆိုတာ ဇာတိ၊ ဇာတိ ဘာသစ္စာတုန်း မေးတော့ ဇာတိသည် ဒုက္ခသစ္စာကွ (မှန်ပါ့ ဘုရား) ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။
အကန်းလမ်းသွားလို့ ချော်လဲတာ
အဲဒါ မသိမှာစိုးလို့ ဘုရားက ဒီအခန်းထဲပါတာ ဘာသစ္စာ တုန်း (ဒုက္ခသစ္စာပါ ဘုရား) ဟာ ဒါဖြင့် အကန်းလမ်းသွားလို့ လဲတာကွ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) အကန်း လမ်းသွားလို့ (ချော်လဲတာပါ ဘုရား) ဒကာ၊ ဒကာမတို့ ဘယ်လောက် နစ်နာသတုန်း။
ခင်ဗျားတို့ပြုတဲ့ ကုသိုလ်၊ ခင်ဗျားတို့ ပြုတဲ့ အကုသိုလ်တွေဟာ သစ္စာမသိဘဲနဲ့ ဒီဒုက္ခသစ္စာရောက်လိမ့် မယ်လို့ သိကြရဲ့လား (မသိပါ ဘုရား)။
မသိတော့ ဒီအထဲ တိုးမလာဘူးလား (လာပါတယ် ဘုရား)။ သခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဟော တိုးပြီ (မှန်ပါ) ဘာသစ္စာနဲ့ လာတိုးသလဲ (ဒုက္ခသစ္စာနဲ့ လာတိုးပါတယ် ဘုရား) အေး ဒကာ၊ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ နောက်က ဒကာ၊ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘုန်းကြီး ရမ်းဟောနေတာလား ခင်ဗျားတို့ ဖြစ်စဉ်ကိုက် ပြောနေတာလား (ဖြစ်စဉ်ကိုက် ပြောနေတာပါ ဘုရား) ဖြစ်စဉ်ကိုက် ပြောနေတယ်ဆိုတာ သခင်ဝတင် သေသေချာချာ မှတ်တော့ (မှန်ပါ့)။
မသိတဲ့ ပုဂ္ဂိုလ်လမ်းသွားလို့ ချော်လဲတော့ ဒါ ဒုက္ခသစ္စာ၊ ဒုက္ခမရောက်ဘူးလား ရောက်မလား (ရောက်ပါတယ် ဘုရား) ကြည့် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဒီဘက်ပိုင်းထဲ တစ်ဝိုင်းလုံးဟာ ဒုက္ခသစ္စာချည်း မှတ်ပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ချော်လဲမည့်ပုဂ္ဂိုလ်ကို ခင်ဗျားတို့က မျက်လုံးမမြင်တဲ့ပုဂ္ဂိုလ်က ချော်လဲတာကို ခင်ဗျားတို့က သာဓုခေါ်ပြီး ဝမ်းသာလိုက်တာ ရှေးဘဝက သင်္ခါရပြုတုန်းက ခြေချော်လဲမှာ သိတာနဲ့ ခင်ဗျားတို့က သာဓု၊ သာဓုများ ခေါ်လိုက်သေးတယ် (မှန်ပါ့ ဘုရား) ဘယ်လိုများ ခေါ်ကြသတုန်း (သာဓု၊ သာဓု ခေါ်ပါတယ် ဘုရား)။
ဘာပြုလို့ သူချော်လဲမှာ သိလို့လား (မသိသေးပါ ဘုရား) ခင်ဗျားတို့ သိသေးရဲ့ လား (မသိပါ ဘုရား)။
ဒါဖြင့် သာဓုခေါ်တဲ့လူကလည်း မသိလို့ စုံလုံးကန်း (မှန်ပါ့) လုပ်တဲ့ပုဂ္ဂိုလ်ကလည်း မသိလို့ (စုံလုံးကန်းပါ ဘုရား) ခုနင်က စကားပေါ်သွားပြီး၊ ခုနင်က (၂)ကွက် မကူးတော့ မပေါ်သေး ဘူး (မှန်ပါ့)။
အခု (၂)ကွက်ကူးပြလိုက်တော့ ဘယ့်နှယ်နေသလဲ (ပေါ်ပါတယ် ဘုရား) ပေါ်သွားပြီ ဆိုတာ သဘောကျကြလား (ကျပါတယ် ဘုရား)။
ဒါကြောင့် ဒကာ၊ ဒကာမတို့ ဘုန်းကြီးသည် အင်မတန် အရေးတကြီးတရားကို ဟောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ဒကာ၊ ဒကာမတွေ (မှန်ပါ့)တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါတွေ့ရတယ်လို့ အောက်မေ့ပါ (မှန်ပါ့) တွေ့ဖူးရဲ့လား (မတွေ့ဖူးပါ ဘုရား)။
ဒကာ၊ ဒကာမတွေ ဒါ မခဲယဉ်းဘူးလား။ ခင်ဗျားတို့ တက်နေတဲ့ သင်္ဂြိုဟ်ထဲ ဒါပါရဲ့ လား။ သမုဒယသစ္စာလို့ သူနှစ်ခုကို မပါဘူး (မပါ, ပါ ဘုရား)။
ချော်လဲတယ်လို့ရော (မပါ,ပါဘူး ဘုရား) မပါဘူးတဲ့။ စင်စစ် ချော်လဲတာတွေ့ရမယ်။ ဒီပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ ဆိုတဲ့ ညာခြေ၊ ဘယ်ခြေနဲ့ သွားလိုက်တဲ့အတွက် ဒီချော်လဲတာပဲ (မှန်ပါ့) သဘောပါကြလား (ပါ, ပါတယ် ဘုရား)။
ဘာဖြစ်တုန်း (ချော်လဲတာပါ ဘုရား) ချော်လဲတာကို ခင်ဗျားတို့က မသိတော့ နောက်ဘဝ ကောင်းစားတယ်လို့ ယူလိုက် မယ်။ ချော်လဲတာ မသိတော့ (နောက်ဘဝ ကောင်းစားတယ်လို့ ယူတယ်)။
နောက်ဘဝ ကောင်းစားတယ်လို့ ယူချလိုက်တော့ ဒါ နောက်ဘဝပါပဲတဲ့။ ပစ္စုပ္ပန်ဘဝ ကျပါလိမ့်မယ်။ ဒါက အတိတ်ဘဝ ကိုးဗျ (မှန်ပါ့)။
(စက်ဝိုင်းထောက်၍ ဟောသည်။)
ဒီကြည့်ပါလား။ အတိတ်အကြောင်းလို့ ပြောတယ်။ ဒီပစ္စုပ္ပန်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ အခု ဘာသစ္စာရထားသလဲ (ဒုက္ခသစ္စာရထားပါ တယ်)။
ဪ ခင်ဗျားတို့ သူများပြောသံကြားကြောင့် ရတာ လား၊ ကိုယ့်ဟာကိုယ် မသိတဲ့ပုဂ္ဂိုလ် စုံလုံးကန်းလမ်းသွားလို့ရတာ လား (စုံလုံးကန်းလမ်းသွားလို့ ရတာပါ ဘုရား)။
အဲဒါ သာမညပုဂ္ဂိုလ်က ဟောလို့ရှိရင် ခင်ဗျားတို့ “ဪ မင်း လူ့ဘဝတော်လေရဲ့ ကွာ” ဆိုပြီး ဒါကလေးကြည့် ဟောမှာပဲ။ ဒါ လူ့ဘဝအစပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဇာတိ ဒုက္ခသစ္စာ
ဒါ ဘာပါလိမ့် (လူ့ဘဝအစပါ ဘုရား)။ အစဆိုတာ ဇာတိမဟုတ်လား (မှန်ပါ့ ဘုရား) ဇာတိကို ဘုရားက ဘာသစ္စာ ဟောသလဲ (ဒုက္ခသစ္စာပါ ဘုရား) သစ္စာနဲ့ ကိုက်လိုက်တော့မှ သူတို့က တော်ပေရဲ့ ဆိုပေမယ့် ကိုယ်ရတာက ဒုက္ခသစ္စာ၊ (မှန်ပါ့ ဘုရား)။
ကိုယ်ရတာက (ဒုက္ခသစ္စာပါ ဘုရား) သူများကတော့ တော်ပါပေ့ကွာ။ မင်းဟာ အကျိုးပေး သန်သကွာ၊ ဘာသန်နေတာလဲ (ဒုက္ခသစ္စာသန်နေတာပါ) ဒုက္ခရောက်သန်နေတာ။ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာသန်နေတာတုန်း (ဒုက္ခရောက်သန်နေတာ)။
ဒါကြောင့် ခင်ဗျားတို့ လုပ်တဲ့ပုဂ္ဂိုလ်ကလည်း စုံလုံးကန်း လမ်းသွားတာပဲ။ ဟုတ်လား (မှန်ပါ့)။
နောက်က သာဓုခေါ်တဲ့ ပုဂ္ဂိုလ်ကရော (စုံလုံးကန်းပါပဲ ဘုရား) စုံလုံးကန်းတွန်းချနေတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် မသိတဲ့လူ သာဓုခေါ်လိုက်မှာ သိပ်ကြောက်စရာ ကောင်းတယ်။ မသိတဲ့လူ သာဓုခေါ်လိုက်တဲ့ ဥစ္စာသည် အဆင်းတွန်းတောင် ဖြစ်လိုက်သေးတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။
ကိုင်း ဘယ့်နှယ်ဆိုကြမလဲ။ အဲဒီအတိုင်းကျနေတယ် (မှန်ပါ့) ကျမကျ (ကျပါတယ် ဘုရား) ဗုဒ္ဓဘာသာက ဒီအတိုင်းကျ,မကျ (ကျပါတယ် ဘုရား) သစ္စာမသိတဲ့ပုဂ္ဂိုလ်မှာ ဒီအတိုင်း မကျဘူးလား၊ ကျသလား (ကျပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဆိုင်းဘုတ် ဗုဒ္ဓဘာသာ
အဲဒီတော့ ခင်ဗျားတို့က ဗုဒ္ဓဘာသာမှ ဟုတ်ကြရဲ့လားလို့ မေးလို့ ရှိရင် ဗုဒ္ဓဘာသာလို့ ဆိုင်းဘုတ်တော့ ဆွဲတာပဲ ဘုရာ့၊ သစ္စာမသိတဲ့ ဗုဒ္ဓဘာသာ (မှန်ပါ့ ဘုရား)။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓက သစ္စာလေးပါးကိုသိတာ၊ ဘာသာက သူပြောတာကို လိုက်နာ တာ။ သစ္စာသိတာကို လိုက်နာမယ် ဆိုပြီး ခင်ဗျားတို့ အခု သစ္စာ သိရဲ့လား (မသိပါ)။
မသိတော့ ဗုဒ္ဓဘာသာလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင် ပါ)။ ဒါဖြင့် ဆိုင်းဘုတ် ဗုဒ္ဓဘာသာ၊ အတွင်းဗုဒ္ဓဘာသာမဟုတ်ဘူး။
ရိပ်မိကြပလား (ရိပ်မိပါပြီ)။ စကားကြမ်းသလားတဲ့၊ ဖြစ်စဉ်နဲ့ ကိုက်သလား အကဲခတ် (ဖြစ်စဉ်နဲ့ ကိုက်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါကြောင့် ဒီတရားမျိုးကို ဒကာ၊ ဒကာမတွေ ချီးမြှောက်ပြောတာ မဟုတ်ဘူး။ ရှာမှ ရှားနေတယ် (မှန်ပါ့ ဘုရား) မရှားဘူးလား (ရှားပါတယ်)။ သေသေချာချာ ရှားနေတယ် (မှန်ပါ့)။
ကိုင်း ဒကာ၊ ဒကာမတို့ အတိတ်ဘဝက အကန်းလမ်း သွားလို့ ချော်လဲပါတယ်။
ချော်လဲတာသည် အကောင်းလား၊ အဆိုးလား (အဆိုး ပါ ဘုရား) ဆိုးတယ်၊ မဆိုးတယ် ဒီကြည့်လိုက် (ဒုက္ခသစ္စာပါ) ဒုက္ခရောက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ခင်ဗျားတို့ ယခု ဘယ်ထဲမှာ ရောက်နေတုန်းဆိုတော့ ပစ္စုပ္ပန်တဲ့။ ပစ္စုပ္ပန်က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒီဒကာ၊ ဒကာမတွေဟာ ရှေးဘဝက အကန်း လမ်းသွားတဲ့အတွက် သစ္စာမသိလို့၊ သစ္စာမသိဘဲနဲ့ အကန်းလမ်း သွားတဲ့အတွက် ဒုက္ခရောက်နေကြပြီ (မှန်ပါ့ ဘုရား)။
ဒကာ၊ ဒကာမတွေ (မှန်ပါ့) ပေါ်ကြပလား။ နောက်က ဒကာ၊ ဒကာမတွေ (ပေါ်ပါတယ် ဘုရား)။ ခင်ဗျားတို့ (၁)ထဲမှာလား၊ အခု (၂)ထဲ ရောက်နေသလား (၂ ထဲ ရောက်လာပါပြီ ဘုရား)။
(၂)ဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါဘုရား။) (၂)ဟာ ဒုက္ခသစ္စာ (မှန်ပါ့)။
ဒကာ၊ ဒကာမတွေ သွားပြီ (မှန်ပါ့) ဦးမာဒင်ကြီးတို့ ဘေးက ပုဂ္ဂိုလ်တွေက ကိုယ်ကမှ မကျန်းမာ၊ မချမ်းသာတဲ့ ပုဂ္ဂိုလ် များ ခင်ဗျားတို့အဖြစ်မျိုး ဖြစ်ချင်လိုက်တာလို့ တောင်းတတဲ့ လူတွေ ရှိမှာပဲ။
ရှိမှာပဲ (မှန်ပါ့) ဘာပြုလို့တုန်း။ သူ့ဒုက္ခ၊ သူကလည်း ဒုက္ခသစ္စာမှ မသိဘဲဟာကိုး (မှန်ပါ့)။
အေးကွာ မင်းလည်းကြည့်ပြီး မင်းအရေးမင်းကြည့် ပြီး၊ မင်းလည်း ဒီဘဝမှာ တို့လောက်ပင် အကြောင်းမညီညွတ် ငြားသော်လည်း၊ နောက်ဘဝအကြောင်း ညီညွတ်အောင် ပေါအောင် များအောင် လုပ်တာပေါ့ကွာဆိုတော့ သူ့ပါးစပ်ကလည်း ထွက်ချင် ထွက်မှာပဲ။
မထွက်ပေဘူးလား။ ထွက်မလား (ထွက်ပါတယ် ဘုရား)။ ထွက်မှာပဲဗျ။ အဆင်းတွန်းမှာ ဦးမြကြီး မပါဘူးထင်တယ် (ရှိပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ အလွန်ဆိုးဝါးနေတဲ့ အဖြစ်တွေ ကြုံပြီဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အမှန်တရားကွယ်ရင် သံသရာရှည်မယ်
ဒါက တရားစစ်ကိုဟောတော့ ဒကာ၊ ဒကာမတို့ကို နည်း နည်းမှ မငဲ့နိုင်ဘူး (မှန်ပါ့) အမှန်ပဲ သိစေချင်တယ် (မှန်ပါ့) အမှန်ကိုပဲ ပြောရမယ် (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ) ဒီအမှန်တရား ကွယ်ရင် သံသရာရှည်တော့မယ် (မှန်ပါ့ ဘုရား) အမှန်တရားကွယ်ရင် ခင်ဗျားတို့ အကုန်ဒုက္ခ ရောက်တော့ မယ် (မှန်ပါ့ ဘုရား) သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။
အမှန်တရားကွယ်ရင် (ဒုက္ခရောက်ပါလိမ့်မယ်) သဘော ပါပလား (ပါ,ပါပြီ ဘုရား) ပြောဆို နေကြတာက ဒါနက ပစ္စည်း ပေါတယ်။ သီလက အသက်ရှည်တယ်။ အခု ရှည်မှာလား။ နောက် ဘဝရှည်မှာလား (နောက်ဘဝရှည်မှာပါ ဘုရား) ပစ္စည်းပေါမှာရော အခုပေါမှာလား၊ နောက်ဘဝ ပေါမှာလား (နောက်ဘဝ ပေါမှာပါ ဘုရား)။
နောက်ဘဝဆိုတာ
ဟာ နောက်ဘဝဆိုတာ ဘာသစ္စာတုန်း (ဒုက္ခ သစ္စာပါ ဘုရား)။ သွားပြီ (မှန်ပါ့)။ မသွားသေးဘူးလား (သွားပါပြီ ဘုရား)။ နောက်ဘဝ ဘာသစ္စာမှာဖြစ်မှာတုန်း (ဒုက္ခသစ္စာဖြစ်မှာ ပါ)။ ကဲ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။
ဒကာ၊ ဒကာမတို့၊ နောက်ဘဝဆိုတာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာ ဆိုတာ ကျေနပ်ပြီနော် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒီဒုက္ခသစ္စာကြီးဟာ ဘယ်သူပါလိမ့်မတုန်း မေးတဲ့အခါကျတော့ ခင်ဗျားတို့ စနေခဲ့တဲ့ ပဋိသန္ဓေဆိုတဲ့ ဝိညာဉ်က လည်း ဒုက္ခသစ္စာ၊ နာမ်ရုပ်ကလည်း (ဒုက္ခသစ္စာပါ ဘုရား)။ ဟင်း သဠာယတန ဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ကကော (ဒုက္ခသစ္စာပါ ဘုရား)။
ဒီအထဲမှာ ခင်ဗျားတို့ ဟိုဟာနဲ့ တွေ့ချင်၊ ဒီဟာနဲ့တွေ့ချင်ဆိုတဲ့ ဖဿကရော (ဒုက္ခသစ္စာပါ ဘုရား)။
ခင်ဗျားတို့ကလည်း ကောင်းတာကြိုက်တဲ့ ဝေဒနာကကော (ဒုက္ခသစ္စာပါ ဘုရား)။ ကောင်းတာကြိုက်လျက်သားနဲ့ မစားရလို့ ဒေါမနဿဖြစ်နေတာလည်း ဝေဒနာပဲ (မှန်ပါ့ ဘုရား)။ ဒါ ဘာလဲ (ဒုက္ခသစ္စာပါ ဘုရား)။ အလုံးစုံကမ္မဿကာပဲလို့ ထားတာရော (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မှာ ယခုဘဝမှာ ဘာအလုပ်လုပ်နေကြ သတုန်းမေးရင် ဘယ့်နှယ်ဖြေမလဲ (ဒုက္ခသစ္စာလုပ်ပါတယ်)။
ဒါ လုပ်သာနေတာ ကျုပ်က ဒုက္ခကလေးခံလို့ ဒါလောက်စားရတာလို့ ပြောချင်ပြောနေတာ (မှန်ပါ့ ဘုရား)။ အမယ်လေး ကြောက်စရာလူတွေပါလား။ ဒုက္ခကို သာယာနေတာ (မှန်လှပါ)။ ဦးညွန့်ကြီး ဒုက္ခကို မသာယာဘူးလား (သာယာ ပါတယ် ဘုရား)။ သာယာတာပေါ့ဗျ။ ခင်ဗျားတို့ ယနေ့ တစ်သိန်းဖိုး ရောင်းလိုက်ရတယ်ဆိုရင် ဒီနေ့ မောရတာ အမောကောင်းလို့ ပြောတယ်။ အမယ်လေး ကြောက်စရာလူတွေ။
ဒုက္ခရောက်ရင် အကောင်းချည်းပဲပြောတာပဲ။ သူတို့က (မှန်ပါ့) အမောကောင်းလို့ပြောတာ (မှန်ပါ့ အမောကောင်း ပါတယ်)။
ဒီလိုအမောမျိုး မောစမ်းချင်တယ်။ မသုံးဘူးလား သုံးသ လား (သုံးပါတယ် ဘုရား)။ မောတာ ဘာသစ္စာတုန်းတဲ့ (ဒုက္ခ သစ္စာပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးနဲ့ သွားလာနေရတာသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒီခန္ဓာကြီးနဲ့ ပြောဆိုနေရတာ (ဒုက္ခ သစ္စာပါ ဘုရား)။ ဟင် မဂ္ဂသစ္စာဝင်သေးရဲ့ လား (မဝင်ပါ ဘုရား)။
သစ္စာနှစ်ပါး ကွယ်နေတယ်
မဝင်တော့ဘူး ဒကာ၊ ဒကာမတို့၊ ခင်ဗျားတို့ သန္တာန် မဂ်ဉာဏ် နိဗ္ဗာန်ကွယ်ပြီ (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (မဂ်၊ ဉာဏ် နိဗ္ဗာန်ကွယ်ပါပြီ)။ သစ္စာနှစ်ပါး ကွယ်နေတယ် (မှန်ပါ့ ဘုရား)။
ဒကာ၊ ဒကာမတွေ သန္တာန်သစ္စာ ဘယ်နှပါး ကွယ်နေ သလဲ (နှစ်ပါးကွယ်နေပါတယ် ဘုရား)။ နှစ်ပါးက နိဗ္ဗာန်ရောက်ကြောင်းလည်းကွယ်ပြီ (မှန်လှပါ) နိဗ္ဗာန်လည်းကွယ်တယ် (မှန်ပါ့)။ နောက်က ဒကာ၊ ဒကာမတွေ သစ္စာဘယ်နှပါး ကွယ်သတုန်း (နှစ်ပါးကွယ်ပါတယ် ဘုရား)။
တစ်ပါးက ဘာပါလိမ့် (နိဗ္ဗာန်ရောက်ကြောင်းကွယ်ပါ တယ်) နိဗ္ဗာန်ရောက်ကြောင်း ကွယ်တယ် (မှန်ပါ့)။ မဂ္ဂသစ္စာကွယ် နေတယ်။ မကွယ်ဘူးလား (ကွယ်ပါတယ် ဘုရား)။ မဂ္ဂသစ္စာ ဆိုတာ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်လား (မှန်ပါ့ ဘုရား)။ အဲဒါ ဘာဖြစ်နေသတုန်း (ကွယ်နေပါတယ် ဘုရား)။
မဂ္ဂသစ္စာရောက်ကြောင်းကွယ်တော့ ရောက်ကျိုးနိဗ္ဗာန်ဆို တာရော (ကွယ်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သစ္စာနှစ်ပါးဖြင့်လုံးလုံး သပိတ်မှောက်တဲ့ ဒကာ၊ ဒကာမတွေပဲလို့ ဆိုရမယ် (မှန်လှပါ ဘုရား) ဘယ်သစ္စာ ဘယ်သစ္စာ သပိတ်မှောက်ပါလိမ့် (မဂ္ဂနဲ့ နိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် အဖိုးတန်သစ္စာနှစ်ခု မလာခဲ့နဲ့ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ) အဖိုးတန်သစ္စာ နှစ်ခုဖြင့် (မလာခဲ့နဲ့) ဆင်းရဲနဲ့ အမွဲဖြင့်လာခဲ့ (လာခဲ့ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သမုဒယက မီး၊ ဒုက္ခက ထင်း
ဆင်းရဲနဲ့ အမွဲဖြစ်ခဲ့ရင်ဖြင့် (လာခဲ့) လာခဲ့ဆိုတော့ သမုဒယက မီး၊ ဒုက္ခက ထင်း မီးနဲ့ထင်းသာ ခင်ဗျားတို့ လုပ်နေ တယ်တဲ့။ မီးငြိမ်းတာရယ် မီးငြိမ်းလို့ အေးသွားတဲ့နေရာရယ် ဘယ်တော့မှ မတွေ့ဖူးဘူး (မှန်ပါ့) မီးငြိမ်းတဲ့နည်းလည်း မရဖူးဘူး (မှန်လှပါ)။ မီးငြိမ်းလို့ အေးတဲ့နေရာမှာလည်း မရောက်ဖူး ဘူး (မှန်ပါ့)။
မီးငြိမ်းတဲ့နည်းသည် မဂ္ဂသစ္စာ (မှန်ပါ့) သဘောကျ ပလား (မှန်ပါ့) အေးသွားတာသည် နိရောဓသစ္စာ၊ ဒီသစ္စာ နှစ်ခု ဒကာ၊ ဒကာမတွေ့ သန္တာန်ရှိပါရဲ့လား (မရှိပါ ဘုရား)။ မရှိဘူး။ ပေါ်ကြပလား (ပေါ်ပါပြီ)။
ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီဘဝမှာ ခင်ဗျားတို့ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ စာဆို (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့၊ သဘောကျပါတယ်) ဘာတဲ့ တုန်း (စာဆိုပါ ဘုရား) စာဆိုကို ဘုန်းကြီးတို့က မကြိုက်ဘူး။ စာဆိုကို မကြိုက်ဘူးဆိုတော့ စာတတ်တဲ့ဘုန်းကြီးက စာဘာဖြစ်လို့ မကြိုက်ပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား၊ လိုပါတယ်) ရှိတဲ့နေရာ မသိလို့ မကြိုက်ဘူး (မှန်ပါ့)။
ရှိတာက ခန္ဓာထဲမှာ
ရှိတာက ခန္ဓာထဲမှာရှိတာ (မှန်ပါ့) စာက မှတ်တမ်း ထဲမှာ သွားရှိနေတာ (မှန်ပါ့)။
မှတ်တမ်းထဲမှာ သွားရှိနေတော့ ဘုန်းကြီးတို့က မကြိုက် ဘူး။ ရှိတဲ့နေရာကို လိုက်ရှာပြီး သိစေချင်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။ မှတ်တမ်းထဲ ဘယ်စာက ဘယ်လိုဆိုနေတယ်ဆိုတာ မကြိုက်ဘူး (မှန်ပါ့)။ ကြိုက်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။ ဘာပြုလို့တုန်း မှတ်တမ်းမို့ (မှန်ပါ့) အတည်ပြုလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
အရှိကိုအတည်ပြုရင်တော့ (တော်ပါတယ် ဘုရား)၊ တော်တယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပာဒ်ကို ရှင်းပြ မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား) ခန္ဓာထဲမှာ တစ်နေ့ ပဋိစ္စသမုပ္ပာဒ် ဘယ်နှခုဖြစ်တယ် ဆိုတာ သိစေချင်တယ် (မှန်ပါ့ ဘုရား)။
အဲဒါကို ဖြတ်ပေးမယ်။ အဲဒါဖြတ်မှ ဖြတ်တဲ့ ဉာဏ်လည်း လာပါရော။ နိဗ္ဗာန်လည်းရတာပဲ (မှန်ပါ ဘုရား)။
နိဗ္ဗာန်ဝေးသလား၊ နီးသလား
နိဗ္ဗာန်ဟာ မဝေးပါဘူး (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ နိဗ္ဗာန်ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား) ယခု ဒကာ၊ ဒကာမတွေ ဘယ်သစ္စာထဲ ရောက်နေသတုန်း (ဒုက္ခသစ္စာထဲ ရောက်နေပါတယ် ဘုရား)။
စိတ်ဆိုတာ ဒကာ၊ ဒကာမတွေ သန္တာန်ရှိပါရဲ့လား (ရှိပါတယ်)။ ဒါဖြင့် သူလည်း ဒုက္ခသစ္စာပဲ၊ စိတ်ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာ (မှန်ပါ့)။
ဘယ်အာရုံတွေနဲ့ တွေ့ချင်တိုင်း၊ တွေ့ချင်တိုင်း ဘာသစ္စာ တုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒီအချိန်ကို သိဖို့ အရေးကြီးတယ် (မှန်ပါ့)။ စိတ်ကလေးပေါ်လာလို့ ရှိရင်လည်း လိုချင်တဲ့စိတ် ပေါ်လာတယ်။ အိပ်ချင်တဲ့စိတ်ပေါ်လာတယ်။ စားချင်တဲ့စိတ် ပေါ်လာ တယ်။ ဟ ဒုက္ခပေါ်တာလို့ ဒီအချိန်သိရမယ် (မှန်ပါ့ ဘုရား)၊ ဒီအချိန်မှာ သဠာယတနပေါ်ပြီလို့ သိရမယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သဠာယတန သိတဲ့အခါကျတော့ ဟိုဟာနဲ့ ဒီဟာနဲ့ တွေ့ချင်တယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။ တွေ့ချင်ရင်လည်း ဖဿပေါ်တယ်လို့ သိရမယ်။ ဖဿဒုက္ခသစ္စာပေါ် တယ်လို့ ချက်ချင်း သိရမယ် (မှန်လှပါ ဘုရား)။
ဝေဒနာပေါ်တိုင်းပေါ်တိုင်းသိမှ သစ္စာသိမယ်
နောက်ကျတော့ အကောင်း၊ အဆိုး ရွေးလာတာက ဘာပါလိမ့် (ဝေဒနာပါ ဘုရား)။ အဲဒီ ဝေဒနာပေါ်တိုင်း၊ ပေါ်တိုင်း သိမှ ခင်ဗျားတို့ သစ္စာသိမယ် (မှန်လှပါ။) သဘောပါပလား (မှန်ပါ့၊ ပါ, ပါတယ် ဘုရား)။
ဒီအတိုင်း စာထဲမှာ သွားသိနေလို့တော့ အလကားပါပဲ (မှန်ပါ့) ပိဋကတ်သုံးပုံဆောင်ကြီး၊ ပေါဋ္ဌိလကြီး ဒကာ၊ ဒကာမ တို့ ကျောင်းသားငါးရာ စာချနေတဲ့ပုဂ္ဂိုလ်ကြီး၊ ခုနစ်နှစ်အရွယ် အလုပ်သမားကလေး ကိုရင်လေးဆီသွားသင်ရတယ်။ ဒါတွေကို (မှန်ပါ့) ပိဋကတ်သုံးပုံဆောင်ပဲ (မှန်ပါ့)။
အလုပ်သမား ကိုရင်လေး ခုနစ်နှစ်အရွယ်ဆီမှာ သွားပြီး ဒါသင်ရတယ်။ သစ္စာခန္ဓာ ကိုယ်ထဲပေါ်တာ ပြောစမ်းပါ ကိုရင်ရဲ့။ စာထဲမှာတော့ သူသိရဲ့ (မှန်ပါ့)။
သူ့ခန္ဓာထဲ ပေါ်နေတောကျတော့ (မသိပါ ဘုရား) ဒါဖြင့် စာသိသည် ဒကာ၊ ဒကာမတို့ အရှိသိ မဟုတ်သောကြောင့် နိဗ္ဗာန် မရောက် (မှန်လှပါ)။ ကိုယ့်ခန္ဓာထဲပေါ်တိုင်း ပေါ်တိုင်းသိမှ၊ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒကာ၊ ဒကာမတွေ ဒီဘုန်းကြီးနဲ့ တွေ့ရတာကလည်း ရက်ကလည်းတို၊ ခင်ဗျားတို့ကို သနားတဲ့စိတ်လည်း ရှိပါတယ်။ ရှိပင်ရှိငြားသော်လည်း ခင်ဗျားတို့ အကျိုးပေးက ဒီလောက်ပဲ ထိုက်တယ် (မှန်ပါ့)။
သနားစရာတော့ သိပ်ကောင်းပါတယ် (မှန်ပါ့)။ သနား စရာတော့ သိပ်ကောင်းပါတယ်။ သနားစရာတော့ သိပ်ကောင်းတာ အမှန်ပဲဗျ (မှန်ပါ့)။ ဝါဆိုချိန်ကလည်း နီးပြီ (မှန်ပါ့)။ ဟိုမှာ မှီခိုနေတဲ့ ပုဂ္ဂိုလ်တွေကလည်း များတယ် (မှန်လှပါ)။
ဝိညာဏ်
ကိုင်း ဒါဖြင့် ခင်ဗျားတို့ သန္တာန်ထဲမှာ ဝိညာဏ် ဆိုတာ ပဝတ္တိဝိညာဏ်ကို ဟောလိုက် ပါတယ်။ ပဋိသန္ဓေဝိညာဏ် လည်း ဖြစ်တာပါပဲ (မှန်ပါ့)။
မြင်တယ်ဆိုတော့ စက္ခုဝိညာဏ်လို့ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ် ဘုရား)။ အဲဒါ ဒုက္ခသစ္စာပေါ်တယ် (မှန်ပါ့)။ ဒီအထဲမှာ သဠာယတနဆိုတဲ့ စက္ခုဝိညာဏ်ဆိုတဲ့ မြင်စိတ်မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။ ဒီကြည့်လိုက်။ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီပေါ်တိုင်း၊ ပေါ်တိုင်း ဒုက္ခသစ္စာသိပေးရမယ် (မှန်ပါ့)။ ပေါ်ရင် ဒီစက္ခုဝိညာဏ်ပေါ်ရင် ဒီကနေပြီး သိပေး၊ သိတော့ ဒီအဆက်ပြတ်တယ် (မှန်ပါ့)။ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။ ဒီဘက်ကူးသေးရဲ့လား (မကူးပါ ဘုရား)။ မကူးလို့ရှိရင် ဖြင့် ဒီတဏှာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် “တဏှာနိရောဓော နိဗ္ဗာနံ” (မှန်လှပါ)။ ဒီဘက် နောက်ခန္ဓာလာသေးလား။ အနာဂတ်ဘဝ (မလာပါ ဘုရား)။
ဒါဖြင့် “ခန္ဓာနိရောဓော နိဗ္ဗာနံ”ဆိုတော့ ဒီက မကူးဖို့ဘဲ အရေးကြီးတယ် (မှန်လှပါ ဘုရား)။ နိဗ္ဗာန်ဝေးသလား (မဝေးပါ ဘုရား)။ နီးတယ်ဆိုတာ ခင်ဗျားတို့ သူများပြောကို မယုံပါ နဲ့ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်ရင်နီးတယ် (မှန်ပါ့)။
ကိုယ်ပဋိစ္စသမုပ္ပာဒ်ကို ကိုယ့်ဉာဏ်နဲ့ဖြတ်
သူများက စာတွေ၊ ပေတွေနဲ့ ကိုးပြီးပြနေရင် မယုံနဲ့ (မှန်ပါ့)။ ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်ရင် ပဋိစ္စ သမုပ္ပာဒ် ဆိုတာ ခင်ဗျားတို့ သန္တာန်မြင်စိတ်ပေါ်တာ ပဋိစ္စသမုပ္ပာဒ် ပဲ (မှန်ပါ့ ဘုရား)။ ကြားစိတ်ပေါ်တာ (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)။ နံစိတ်ပေါ်က (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)။ စားစိတ် ပေါ်တာ (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)။ ယားစိတ်၊ ယံစိတ်ပေါ်တာ (ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)။
အဲတာ ပဋိစ္စသမုပ္ပာဒ် စတာ (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့)။ အဲဒီစတာလေးကို ကျုပ်တို့က ဒီကနေပြီး သူဟာ အနိစ္စပဲလို့ ရှုလိုက်။ ဟောဒီ အနီပေါ်ကရှု (မှန်ပါ့)။ သဘောကျပလား (ကျပါတယ်)။ ဘယ်ကနေရှုနေလဲ (အနီပေါ်ကနေ ရှုရပါမယ် ဘုရား)။
အနီပေါ်ကနေရှုလိုက်တော့ အနီဟာ အနီပေါ်မှာပေါ်တာ မဂ်ပါပဲ။ မဂ်သည် ဒီအဆက်ကို ဖြတ်တယ်။ ဝေဒနာနဲ့ တဏှာ မစပ်အောင် ဖြတ်ချလိုက်တယ် (မှန်ပါ့)။ မဖြတ်ဘူးလား (ဖြတ်ပါ တယ်)။
သူက ဖြစ်ပျက်ဆိုလို့ရှိရင် သူက မဂ် (မှန်ပါ့)။ လုပ်ဖြစ် အောင်လုပ်ပါ (မှန်ပါ့)။ ဒီဟာက ဖြစ်ပျက် ဆိုရင် (ဒီမှာ မဂ်ပါ ဘုရား)။
ဒီကနေ ဘာလိုက်ရမလဲ (မဂ်လိုက်ရမယ်)။ မဂ်လိုက် တော့ ဒီဘက်က သမုဒယသစ္စာ ဆိုတာ လာသေးရဲ့လား (မလာ ပါ ဘုရား)။ ဒီဘက်က ဒုက္ခသစ္စာဆိုတာကော (မလာပါ)။
ဒါဖြင့် ပါဠိတော်ရွတ်လိုက် တဏှာနိရောဓော (နိဗ္ဗာနံ) ဒုက္ခနိရောဓော (နိဗ္ဗာနံပါ) ကဲ။ ဝေးသေးသလား (မဝေးပါ ဘုရား)။ မောင်ဘအေး မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီမှာ ခင်ဗျားတို့ပြောသံ ကြားနဲ့ ဟောနေတာလား။ ခင်ဗျားတို့ သန္တာန်ဖြစ်တာကို ဖြတ်သန်း ပေးနေတာလား (ဖြစ်တာကို ဖြတ်ပေးနေတာပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရမှ ရပါ့မလားဆိုတဲ့ သံသယဘယ်တော့မှ မရှိနဲ့။ ဒီနေရာမှာ မဂ်ပေါ်အောင် လုပ်ရမယ်။ ခင်ဗျားတို့ လုပ်ဖို့တော့ ဒီနည်းဆရာဘုန်းကြီးက ပေးလိုက်ပါတယ်။
မြင်စိတ်ပေါ်လည်း ဒီနေရာက နေပြီးသကာလဖြစ်ပျက်ရှုပါ။ ဒီနေရာကရှု (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့)။ ဒီနေရာဆိုတော့ ဟဒယဝတ္ထုကို ဆိုပါတယ် (မှန်ပါ့)။ ဒီနေရာဆိုတာ ဘာပါလိမ့် (ဟဒယဝတ္ထုကိုဆိုပါတယ်)။
မဂ်ဟာသံသရာအဆက်အစပ်တွေကိုဖြတ်တယ်
ဒါဖြင့် ဒီကဖြစ်ပျက်၊ ဒီက မဂ်သွားဖြစ်တယ် (မှန်ပါ့)၊ ဒီကဖြစ်ပျက်၊ ဒီက ဘာတုန်း (မဂ်ပါ ဘုရား)။ မဂ်ဟာ သံသရာ အဆက်အစပ်တွေကို ဖြတ်တယ်လို့ ခင်ဗျားတို့ စာထဲမှာလည်း ပါလိမ့်မယ် (မှန်ပါ့)။
သံသရာ အဆက်အစပ်တွေကို ဖြတ်ပါတယ်။ ဒီသံသရာနဲ့ ဒီသံသရာ ကူးသေးရဲ့လား (မကူးပါ ဘုရား)။ သံသရာအဆက်ကို ဖြတ်ချတယ်၊ မဖြတ်ဘူးလား ဒကာ၊ ဒကာမတို့ (ဖြတ်ပါတယ် ဘုရား)။ ဘာဖြတ်ပါလိမ့် (သံသရာအဆက်ကိုဖြတ်ပါတယ်)။
ကောင်းပြီ။ ပစ္စုပ္ပန်သံသရာနဲ့၊ ပစ္စုပ္ပန်အကျိုးနဲ့၊ ပစ္စုပ္ပန် အကြောင်းကို ဖြတ်ချတယ် (မှန်ပါ့)။ ဒါက ပစ္စုပ္ပန်အကျိုးလို့ မပါဘူးလား (ပါ, ပါတယ် ဘုရား)။
အတိတ်အကြောင်းနဲ့စပ်တော့ သူက ပစ္စုပ္ပန်အကျိုး မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲဒီအကျိုးနဲ့ နောက်ပေါ်မယ့် အကြောင်းနဲ့ ဖြတ်ချလိုက်တယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။
ပစ္စုပ္ပန်အကျိုးနဲ့ နောက်ပေါ်မယ့် (အကြောင်းနဲ့ ဖြတ်ပါတယ်) အကြောင်းကို မဂ်က မဖြတ်ဘူးလား (ဖြတ်ပါ တယ်ဘုရား။ ဖြတ်တော့ကို တဏှာနိရောဓော ဖြစ်, မဖြစ် (ဖြစ်ပါတယ် ဘုရား)။ တဏှာနိရောဓောကို ဘာခေါ်ကြမယ် (နိဗ္ဗာန်လို့ ခေါ်ပါတယ်) ဒုက္ခနိရောဓောကို (နိဗ္ဗာန်လို့ ခေါ်ပါတယ်)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဒကာ၊ ဒကာမတို့ ဒီဟာကလေး တစ်ချက်သွင်းရုံပဲ (မှန်ပါ့)။ မဂ်တစ်ချက် သွင်းရုံပဲ (မှန်ပါ့)။ အေး ဒကာ၊ ဒကာမတွေ ဘာလုပ်ရမလဲ (မဂ်တစ်ချက် သွင်းရုံပါပဲ)။ မဂ်တစ်ချက် သွင်းလိုက်ရင် ရတာပဲ (မှန်ပါ့)။
ဆုတောင်းနေတာလား၊ မဂ်သွင်းဖို့ အရေးကြီးတာလား (မဂ်သွင်းဖို့ အရေးကြီးပါတယ် ဘုရား)။
အဲဒါ ဘယ်တော့မှ တောင်းမနေနဲ့။ နိဗ္ဗာန်ရချင်လို့ တောင်းတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လူသိရုံပဲရှိမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)။
ရနိုင်ပါ့မလား (မရနိုင်ပါ)။ သူ့အဆက်မှ မပြတ်နဲ့ ဆိုရင် ဝေဒနာပစ္စယာတဏှာ ဆက်မှာပဲ (မှန်ပါ့)။ သူ့အဆက် ဖြတ်တဲ့ မဂ်လာလို့ရှိရင် စိတ်သည်ဖြစ်ပျက်၊ ဖဿသည့် ဖြစ်ပျက်၊ ဝေဒနာသည် ဖြစ်ပျက်၊ အဲသည်ဖြစ်ပျက်ကို သိတာက မဂ်ကိုး (မှန်ပါ့)။ သဘောကျပလား (ကျပါတယ်)။
ဒါဖြင့် ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ်ဆိုတော့ ဒီဘက်သံသရာကြီး စပ်သေးရဲ့ လား (မစပ်ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ရထားတာ ခန္ဓာ၊ အာယတန၊ ဓာတ်တို့သည် မပြတ်လည်ရာ သံသရာလို့ မဟောကြဘူးလား (ဟောပါတယ်)။ ဒီလိုလည်သွားတာ ဝေဒနာက တဏှာဆက်ရင် သံသရာကွ၊ သဘောကျပလား (ကျပါတယ်)။ တဏှာက ဥပါဒါန်ဆက်ရင် (သံသရာပါ)။ ဥပါဒါန်က ကမ္မဘဝဆက်ရင် (သံသရာပါ ဘုရား)။ ကဲ ကမ္မဘဝက အနာဂတ်ဇာတိ ဆက်လိုက်ရင် (သံသရာပါ ဘုရား)။
ဪ သံသရာရှည်လိုက်တာဆိုတာ ခန္ဓာရှည်တာ မဟုတ်ပါဘူး။ အတွင်းမှာ ဓမ္မရှည် နေတာ ဆိုတာ (မှန်လှပါ ဘုရား)။ သဘောပါကြပလား (ပါ, ပါတယ်)
လူထည်၊ နတ်ထည် ရှည်တာ ဆိုတာလား (ဓမ္မရှည်တာဆိုတာပါ ဘုရား။) ဒါဖြင့် ဓမ္မမဖြတ်တဲ့ပုဂ္ဂိုလ်ကိုဆိုတာ (မှန်ပါ့)။ ပေါ်ကြ ပလား (ပေါ်ပါပြီ)။
ဓမ္မဖြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရင် (မရှည်တော့ပါ)။ မရှည်ဘူးဆိုတာ သဘောကျပလား (ကျပါတယ်)။ သဘောပါကြရဲ့ လား နောက်က ဒကာ၊ ဒကာမတွေ (ပါ, ပါတယ် ဘုရား)။
မဂ်ပေါ်အောင်လုပ်ပါ
ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ကိုတဲ့ ဟော ဒါ နံပါတ် ဘယ်လောက်ပါလိမ့် (နံပါတ် ၂ ပါ ဘုရား)။ နံပါတ် ၂ က ၃ မကူးစေနဲ့)။ မကူးအောင် ဘယ့်နှယ်လုပ်မတုန်းဆိုတဲ့ မေးခွန်း ဟာ ထွက်လာတယ် (မှန်ပါ့)။ မထွက်ဘူးလား ဦးသန်းမောင် (ထွက်ပါတယ် ဘုရား)။
ဒါဖြင့် ဟောဒီစိတ်ကလေးပေါ်တိုင်း ပေါ်တိုင်း ဒီကနေပြီး သကာလ မဂ်ပေါ်အောင်လုပ်ပါ။ မဂ်ဆိုတာ တစ်ခြား မဟုတ်ပါဘူး။ ဖြစ်ပျက်ကိုသိတာ ဖြစ်ပျက်က ဒုက္ခသစ္စာ (မှန်ပါ့)။ ဖြစ်ပျက်က (ဒုက္ခသစ္စာပါ ဘုရား)။ ဒီကြည့် (ဒုက္ခသစ္စာ)
ဟော ဒီထဲမှာ ပေါ်ပြီးပျက်တဲ့ ဓမ္မဟူသရွေ့ ဘာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒီကပြောနေတယ် (မှန်ပါ့)ဟုတ်လား။ အဲဒါ သိလိုက်တာက ဘာဆိုကြမလဲ (မဂ္ဂပါ ဘုရား)။
ဒါဖြင့် မဂ္ဂသစ္စာ ဆိုတော့ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ မြင်အောင်ကြည့်လို့ ရှိရင် သမုဒယသစ္စာ ဆုံးတယ် (မှန်ပါ့)။ ကဲ မရှင်းကြသေးဘူးလား (ရှင်းပါပြီ)။
စက္ခုံ ဥဒပါဒိ ဖြစ်တယ်
ဒီဒုက္ခသစ္စာကို ဒီကနေပြီး မဂ္ဂသစ္စာနဲ့မြင်အောင် ကြည့်လို့ ရှိရင် စက္ခုံဥဒပါဒိ ဖြစ်တယ် (မှန်လှပါ)။ သဘောကျပလား (ကျပါတယ်၊ စက္ခုံဥဒပါဒိပါ ဘုရား)။ စက္ခုံ၊ ပညာမျက်စိသည်။ ဥဒပါဒိ၊ ဒုက္ခသစ္စာကို သိမြင်ခြင်းဖြစ်၏(ဝါ)ဒုက္ခသစ္စာပေါ်လာတာကို မြင်၏ (မှန်လှပါ)။
ဒီလိုဆိုတော့ ဒကာ၊ ဒကာမတွေ ဒုက္ခသစ္စာဆိုတာ ခါး ကိုက်၊ လည်နာ၊ ရင်ကျပ်မှ မဟုတ်ပါဘူး။ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ်ဟူသရွေ့ ဒုက္ခသစ္စာ (မှန်ပါ့)။ ပေါ်တဲ့ ဝေဒနာဟူသရွေ့ (ဒုက္ခသစ္စာပါ)။
ဒီကြည့်လေ။ ဒီတစ်ဝိုင်းလုံးကို ပါတာတွေ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒါဖြင့် သစ္စာသိသွားပြီ (မှန်ပါ့)။ ဒီ ဒကာ၊ ဒကာမတွေ ခုတရားနာရတာ နာရီသုံးမတ်ရှိသွားပြီ ဘာသိ သွားတုန်း (သစ္စာသိသွားပါတယ် ဘုရား)။ သစ္စာသိတယ်။ သိတာက ဒီကြားဝင်ရတယ် (မှန်ပါ့)။ သစ္စာက ဒါတွေ၊ (မှန်ပါ့)။ သိတာက ဘာလဲ (မဂ်ပါ)မဂ်၊ မဂ်က မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။
ဒါဖြင့် သစ္စာသိမှ ဟောဒီသံသရာတွေပြတ်တယ် (မှန်ပါ့)။ ပေါ်ပြီဗျ (မှန်ပါ့)။ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။ ဒီသစ္စာကို ဒီကနေပြီး သိပေးစမ်း (မှန်ပါ့)။ ဒီသံသရာဘယ့်နှယ် နေသလဲ (ပြတ်သွားပါတယ်)။ ဒီဘက်က သံသရာရော (ပြတ်သွားပါတယ် ဘုရား)။
သစ္စာမသိဘဲ သံသရာပြတ်တဲ့ပုဂ္ဂိုလ်မရှိ
ဒါဖြင့် ဒကာ၊ ဒကာမတို့ သစ္စာမသိဘဲနဲ့ သံသရာပြတ်တဲ့ ပုဂ္ဂိုလ်ရှိကို မရှိဘူး (မရှိပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ) သစ္စာမသိဘဲနဲ့ သံသရာပြတ်တဲ့ပုဂ္ဂိုလ် (မရှိပါ ဘုရား)။
ရှိကို မရှိဘူးဆိုတာ ဒကာ၊ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ သစ္စာသိမှု အလုပ်ဟာ ဆုတောင်းအလုပ်လား၊ ဆရာသမားတို့ဆီမှာ နည်းယူရ မယ့် အလုပ်လား (ဆရာသမားတို့ဆီမှာ နည်းယူရမယ့် အလုပ်ပါ ဘုရား)။
ဒါဖြင့် နည်းပေးတဲ့ ဆရာနဲ့တွေ့တော့ ငါတို့ဖြင့် သေပျော် ပြီဟေ့ (မှန်ပါ့)။ သိပြီးသေတာ (မှန်ပါ့)။ အရင်တုန်းက မသိလို့၊ မသိတာက အဝိဇ္ဇာ။
သိတာက ဒီနေရာ၊ မဂ်ဆိုတာ ဝိဇ္ဇာ (မှန်ပါ့)။ ဒီတုန်း က ကန်းခဲ့တယ်။ ဒီမှာ ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့တဲ့ အခါ ဝိဇ္ဇာမဂ်သွားဖြစ်တယ်။ ဒီဘဝမှာ အမြင်ရတယ် (မှန်ပါ့)။ မြင်တဲ့ပုဂ္ဂိုလ် လမ်းသွားရင် မှားပါ့ဦးမလား (မမှားပါ ဘုရား)။
အရင်တုန်းက မမြင်တဲ့ပုဂ္ဂိုလ်လမ်းသွားလို့ ဒီမှာကြည့်စမ်း။ လဲတယ် (မှန်ပါ့)။ လဲလို့ အနာရတယ်။ အနာရလို့ ငန်းမန်း တွေကြွတယ် (မှန်ပါ့)။
ငန်းမန်းတွေကြွနေတုန်း ဖဿဆိုတဲ့ဆူးက ထိုးတယ် (မှန်ပါ့)။ ထိုးတော့ အနာတွေက ပြည်တွေ ဘာတွေ ကြွလာပြီး ဝေဒနာမျိုးစုံပေါ်လာတယ် (မှန်ပါ့)။
ကဲ ဒါကြောင့် သူ့ကို ဒီငါးခု ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)။ ဒုက္ခ သစ္စာမှတစ်ပါး အခြားသစ္စာပါသေးရဲ့လား (မပါ, ပါ ဘုရား)။
အဲဒီတော့ ဒါအခု ခင်ဗျားတို့ တရားနာနေတဲ့ ပုဂ္ဂိုလ်၏ ခန္ဓာငါးပါး၊ ခင်ဗျားတို့ လှုပ်လဲ ဒုက္ခသစ္စာပဲ။ ငြိမ်လည်း ဒုက္ခသစ္စာ ပဲ (မှန်လှပါ)။ ပူလည်း (ဒုက္ခသစ္စာပါ)။ စားချင်လည်း (ဒုက္ခသစ္စာ ပါ)။ အိပ်ချင်လည်း (ဒုက္ခသစ္စာပါ)။
ဝိဇ္ဇာ ဥဒပါဒိ
ဪ အဲဒါကလေးတွေ သိတော့ ဒါကလေးတွေ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ကို မြင်အောင် ကြည့်လိုက်တော့ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။ မဂ္ဂသစ္စာဟာ အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။
ဒါဖြင့် ဝိဇ္ဇာဥဒပါဒိဟာ ဒီဖြစ်ပျက်မြင်မှ ဝိဇ္ဇာဥဒပါဒိဖြစ်မှာ (မှန်လှပါ ဘုရား)။
သဘောပါလား (ပါ, ပါပြီ ဘုရား)။ ဖြစ်ပျက်မြင်မှ (ဝိဇ္ဇာဥဒပါဒိဖြစ်တယ်)။ ဝိဇ္ဇာဥဒပါဒိလည်း ဖြစ်ပါရော ဪ တဲ့။ ဒကာ၊ ဒကာမတို့ ဒီဘက်က သမုဒယသစ္စာ နောက်ထပ်လာသေး သလား (မလာပါ ဘုရား)။ ဒီဘက်က ဒုက္ခသစ္စာ (မလာပါ)။ နောက်ထပ် မလာတော့ဘူး (မှန်ပါ့)။
တဏှာသိမ်းနိဗ္ဗာန်၊ ဒုက္ခသိမ်းနိဗ္ဗာန်
မလာတော့ “တဏှာသိမ်းနိဗ္ဗာန်၊ ဒုက္ခသိမ်းနိဗ္ဗာန်”ဆို တာ သူများ အပြောလား ခင်ဗျားတို့ အမြင်လား အကဲခတ်စမ်းပါ (အမြင်ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ၊ ဒကာမတို့ ဖြတ်တတ်သော ပုဂ္ဂိုလ်၏အလုပ် (မှန်ပါ့ ဘုရား)။ နိဗ္ဗာန် ဆိုတာ ဘာပါလိမ့် (သစ္စာ ကို သိသော ပုဂ္ဂိုလ်၏အလုပ်)။
ခင်ဗျားတို့ သန္တာန်မှာပေါ်တဲ့ စိတ်ကလေးတွေက ဘာပါ လိမ့်။ ဒီ ကြည့်။ ဒီ ကြည့် (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။ ဒါဖြင့် ဒီဘက်သံသရာ လာသေးရဲ့ လား (မလာပါ ဘုရား)။ ဒီဘက် သံသရာမလာတာက သမုဒယချုပ် တာ (မှန်လှပါ)။
ဒီသမုဒယသစ္စာသုံးခု အကုန်ချုပ်သွားတယ် (မှန်ပါ့)။ ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏနဲ့တကွ ချုပ်သွားတာက ဘာတွေပါလိမ့် (ဒုက္ခသစ္စာဖြစ်ပါတယ်)။
ဒါဖြင့် သမုဒယသစ္စာနဲ့ ဒုက္ခချုပ်တာသည် ဒကာ၊ ဒကာမ တို့ ဒီမဂ္ဂသစ္စာအမြင်မှန်ရလို့ ချုပ်တာ (မှန်ပါ့)။ နို့မို့ရင် ချုပ်ပါ့မလား (မချုပ်ပါ ဘုရား)။ ဒါဖြင့် ဒီအတွင်းမှာ ပေါ်တာတွေဟာ ခင်ဗျားတို့ သတိပဋ္ဌာန်ချည်းမှတ်။
ဒါက သတိပဋ္ဌာနမဂ်ချည်းမှတ်ပါ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။ ဒီမှာပေါ်လာတာတွေက ဘာတွေပါလိမ့် (သတိ ပဋ္ဌာန်ပါ ဘုရား)။ ဒီက ရှုနိုင်တာက (သတိပဋ္ဌာနမဂ်ပါ ဘုရား)။ သတိပဋ္ဌာနမဂ်၊ သဘောကျပလား (မှန်ပါ့)။ ဘာမဂ်တဲ့ဗျာ (သတိပဋ္ဌာနမဂ်ပါ ဘုရား)။
သတိပဋ္ဌာနမဂ်တဲ့။ ဒကာ၊ ဒကာမတို့ သူရင့်သွားရင် လောကုတ္တရာမဂ် (မှန်ပါ့ ဘုရား)။ မလာပေဘူးလား (လာပါ တယ် ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ နဂိုကပြောထားတဲ့ စကားနဲ့ ပြန်ပြီး သကာလ နိဂုံးချုပ်ကြစို့ နာရီက နည်းတယ်။
သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်
သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဟောမယ်။ ဒီနေ့ည ဘာဟောမှာပါလိမ့် (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ပါ) ရှင်းပြီနော် (မှန်ပါ့)။ ဘာဉာဏ်ဟောမှာပါလိမ့် (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဟောမှာပါ)။ တော်တော် အရေးကြီးတဲ့ စကားနော်။
ဒကာ၊ ဒကာမတို့ လွယ်ကူတဲ့စကားလို့ မအောက်မေ့လိုက်ပါနဲ့။ လွယ်တဲ့စကားလို့ ဒကာ၊ ဒကာမတို့ မအောက်မေ့ပါနဲ့ (မှန်ပါ့)။ လွယ်ကူတဲ့စကားလို့ (မအောက်မေ့ပါနဲ့)။ နောက်က ဒကာ၊ ဒကာမတွေ မအောက်မေ့နဲ့နော် (မှန်ပါ့၊ မအောက်မေ့ပါ ဘုရား)။ သေသေချာချာ နားထောင်ပါ။ ဒါတွေဟာ ဘာသစ္စာတွေလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒီကနေပြီးသကာလ သိလိုက်တာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဉာဏ်မှသိမယ်။ ဝိဇ္ဇာဉာဏ်မှ သိမယ် (မှန်လှပါ ဘုရား)။ မသိဘူး လား (သိပါတယ် ဘုရား)။
ဒါဖြင့် ဒီစိတ်ကလေးတွေ ပေါ်လာတာ ကို ပေါ်တိုင်း။ ပေါ်တိုင်းလည်း ဖြစ်ပြီးပျက်တာပဲလို့ သိလိုက်တော့ ဘာသစ္စာတုန်း။ ဒါက (ဒုက္ခသစ္စာ) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာဟာ ဉာဏ်ပဲမဟုတ်လား (ဉာဏ်ပါ ဘုရား)။ ဒါဖြင့် သစ္စဉာဏ် (မှန်ပါ့)။ သစ္စဉာဏ် ပေါ်လာပြီ၊ မပေါ်သေးဘူး လား (ပေါ်ပါပြီ)။ သစ္စဉာဏ်ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။
သစ္စဉာဏ်
ဒီအတွင်းမှာ ခင်ဗျားတို့ ဘာပဲပေါ်ပေါ် မြင်စိတ်ပေါ်ပေါ်၊ ကြားစိတ်ပေါ်ပေါ် ဘာသစ္စာ ပေါ်တုန်း (ဒုက္ခသစ္စာ ပေါ်ပါတယ်)။ ပေါ်တိုင်း၊ ပေါ်တိုင်း ခင်ဗျားတို့က ဒုက္ခသစ္စာလို့ သိပေးတာက ဉာဏ် (ဉာဏ်ပါ)။ ဒါဖြင့် သစ္စ (ဉာဏ်) ကလေးတွေ မအိ စာရေးနေတာ ခင်ဗျားတို့ “မ” နဲ့ “အိ”နဲ့ ပေါင်းတော့ ဘယ့်နှယ် ‘‘မအိ’’။
ဒီမှာလည်း သစ္စနဲ့ ဉာဏ်နဲ့ ပေါင်းတော့ (သစ္စဉာဏ် ပါ ဘုရား)။ ဪ ခင်ဗျားတို့ အရွယ်ကြီးမှပဲ အပေါင်း, အနှုတ် သင်နေရတယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ မသင်ရင်ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့ မဖြစ်ပါ ဘုရား)။ စုံလန်းကန်း မွေးလာတာ (မှန်ပါ့)။ ဘယ်လိုမွေးလာတာလဲ (စုံလုံးကန်း မွေးလာတာပါ ဘုရား)။
စုံလုံးကန်းမွေးတဲ့အထဲမှာ ခင်ဗျားတို့က တိမ်သလာက ထူသေးတယ် (မှန်ပါ့)။ တိမ်သလာက သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အညစ် အကြေးတွေက မျက်လုံးပေါ်အုပ်နေတယ် (မှန်ပါ့)။
မွေးတုန်းက အကန်း၊ နောက် မျက်ချေးတွေက ပိတ်နေ တယ် (မှန်ပါ့ ဘုရား)။ ကောင်းသေးရဲ့လား (မကောင်းတော့ ပါ ဘုရား)။ အဲဒီလောက် အရုပ်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါ နာနာပြောတယ်လို့ ဒကာ၊ ဒကာမတွေ မယူပါနဲ့တဲ့။ ခင်ဗျားတို့ ထု, ထူတာက ဘုန်းကြီး ပြောတာထက် ထူတယ် (မှန်ပါ့) မထူဘူးလား (ထူပါတယ် ဘုရား)။
ခန္ဓာထဲက ယားတာကလေးကလည်း အင်း ဒုက္ခသဟ ဂုတ်, ကာယဝိညာဏ်စိတ် ဒုက္ခသစ္စာ ပါကလားလို့ သိရဲ့လား (မသိပါ ဘုရား)။ ယားတာပဲ စိတ်ပျက်တယ်။ ယားတာ စိတ်ပျက်တော့ ကို ယားတာက ဒကာ၊ ဒကာမတို့ ဒုက္ခဝေဒနာ၊ စိတ်ပျက်တာက ဒေါမနဿ ဖြစ်တာ၊ ဒီဘက်ပြန်မလှည့်ဘူးလား (လှည့်ပါတယ်)။
ကဲ ခင်ဗျားတို့ ယားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ့ ဘုရား)။ ယားရင်ဖြင့် သံသရာလည်ချေရဲ့။ သဘောကျပလား (ကျပါပြီ)။
ပြီးတော့ ခင်ဗျားတို့ ကောင်းစားမှာလည်း သိပ်စိုးရိမ် တယ် (မှန်ပါ့)။ ခင်ဗျားတို့က ဒီခန္ဓာကြီးထဲမှာ ကျန်းမာလို့ သွားလာနေနိုင်တဲ့အခါကျတော့ ပစ္စည်းကရတော့ ဝမ်းမသာဘူးလား (သာပါတယ် ဘုရား)။
ဝမ်းသာတော့ ဒီပစ္စည်းက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာ၊ ဝမ်းသာတာက တဏှာကိုး (မှန်ပါ့)။
ဪ ခင်ဗျားတို့ကလည်း ဒီတဏှာနဲ့ နေရတာပဲ အတော်ပျော်နေတယ် (မှန်ပါ့ ဘုရား)။
ပစ္စည်းက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ အင်း ဝမ်းသာတာက (တဏှာပါ ဘုရား)။ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ)။
ဪ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာများ ကြုံကြတော့ မယ်ဆိုလို့ရှိရင်ဖြင့် ထီတောင် ထိုးလိုက်သေးတယ်။ ပေါက်မှ ပေါက်ပေါ့ မလား။ သမုဒယနဲ့ ထိုးလိုက်တယ် (မှန်ပါ့)။ မပေါက်ဘူးလား။ ပေါက်တဲ့ ပုဂ္ဂိုလ်ပေါက်တယ်ဆိုကြပါတော့ (မှန်ပါ့)။
အဲဒါသည် ဒုက္ခသစ္စာသိလို့ ထိုးတာလား တဲ့။ ဒုက္ခ သစ္စာရချင်လို့ ထိုးတာလား (ဒုက္ခသစ္စာ ရချင်လို့ ထိုးတာပါ ဘုရား)။
ဒကာ၊ ဒကာမတို့ ကြိုက်လှပေါ့။ ဒုက္ခသစ္စာရချင်လို့ဆိုရင် သိပ်ကြိုက်တယ်။ မာဖီးယား ထိုးသလိုဖြစ်နေပြီ။ အယားဖျောက်နိုင်ရင် ကျေနပ်သလိုဖြစ်နေတယ်။ အတော်ဆိုးတဲ့ လူတွေဆိုတာ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီထဲမှာ ခန္ဓာကိုယ်ထဲ မှာပေါ်တဲ့ ယားတာဖြစ်စေ၊ နာတာဖြစ်စေ၊ ကောင်းတာဖြစ်စေ၊ ပေါ်ချင်တာပေါ်၊ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒါကို ပေါ်တိုင်း၊ ပေါ်တိုင်း ဒါဒုက္ခသစ္စာပါလို့ သိတာက ဉာဏ် (ဉာဏ်ပါ ဘုရား)။ ဒါဖြင့် ပေါ်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
သိတာက (ဉာဏ်ပါ ဘုရား)။
ပေါင်းလိုက်ရင် (သစ္စဉာဏ်ပါ)။ သစ္စဉာဏ် (မှန်ပါ့)။
အမယ်လေး သစ္စဉာဏ်ကို မနည်းပေါင်းယူရတယ် (မှန်ပါ့)။ ဒါဖြင့် ဒီလိုပြလိုက်တဲ့ အခါကျမှ ဪ ဒီအတွင်း ဘာပေါ်ပေါ်ကွာ (ဒုက္ခသစ္စာပါ)။ ဒုက္ခသစ္စာပေါ့ ဆိုရင် ရှင်းမနေဘူးလား (ရှင်းပါတယ်)။
ဒီအတွင်းမှာ မြင်စိတ်ကလေးပေါ်လည်း (ဒုက္ခသစ္စာပါ)။
ကြားစိတ်ပေါ်ရော (ဒုက္ခသစ္စာပါ ဘုရား)။ နံစိတ်တွေပေါ် (ဒုက္ခသစ္စာပါ ဘုရား)။ စားစိတ်တွေပေါ်တယ် (ဒုက္ခသစ္စာပါ ဘုရား)။ ယားစိတ် ယံစိတ်ပေါ်တယ် (ဒုက္ခသစ္စာပါ ဘုရား)။
ဟင်း သားသမီးခင်တဲ့စိတ် ပေါ်တယ် (ဒုက္ခသစ္စာ ပါ ဘုရား)။
ဟင်း မုန်းတဲ့စိတ်ပေါ်တယ် (ဒုက္ခသစ္စာပါ ဘုရား)။ ပေါ်ချင်တာပေါ် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက ဒုက္ခရှိနေရင် နဂိုရှိလို့ နဂိုဏ်းထွက်တာသာမှတ်။ ဒုက္ခချည်းထွက် (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။
ခန္ဓာကိုယ်ထဲက ဘာတွေများ ထွက်လာမယ်ထင်သတုန်း (ဒုက္ခချည်းထွက်တာပါ)။ ဒုက္ခချည်း ထွက်တာ၊ ခန္ဓာကိုယ်ထဲက ပေါ်သရွေ့ စိတ်ဖြင့် စိတ်မှတ်ရှု၊ ဝေဒနာဖြင့် (ဝေဒနာမှတ်ရှု)၊ ပေါ်ချင်တာပေါ် ဘာသစ္စာရှုမလဲ (ဒုက္ခသစ္စာရှူရမယ်)။
ဒါဖြင့် သူက ဖြစ်ပြီးပျက်သောကြောင့် (ဒုက္ခသစ္စာ) ဖြစ်ပျက်အမှုကို သိသောကြောင့် သူ့ကို ဘာခေါ်ကြမလဲ (မဂ္ဂ သစ္စာပါ ဘုရား)။
မဂ္ဂသစ္စာဆိုတော့ သစ္စာဖွဲ့လိုက်တော့လည်း ဒါပဲရတယ် (မှန်ပါ့)။ ဒါဖြင့် သစ္စဉာဏ် ဆိုရင်ရော ကိုက်ပါရဲ့ လား (ကိုက်ပါတယ် ဘုရား) ဒကာ၊ ဒကာမတို့ သစ္စဉာဏ်ဆိုတာ သူများ ပြောတာလား၊ ခင်ဗျားတို့ အမြင်လား (အမြင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒီဘက်ကပေါ်သေးရဲ့လား၊ ဘာသစ္စာတုန်း (ဒုက္ခသစ္စာ ပါ ဘုရား)။ နောက်ကအမြဲတမ်း လိုက်ပေးနေတာက (ဉာဏ်ပါ ဘုရား)၊ ဉာဏ်၊ ပေါင်းလိုက်တော့ (သစ္စဉာဏ်ပါ ဘုရား)။
သစ္စဉာဏ်ဆိုတော့ ဪ ဓမ္မစကြာ ခက်လိုက်တာလို့ ခင်ဗျားတို့ မညည်းနဲ့။ ဒီလိုဆရာနဲ့ မတွေ့လို့ ခက်နေတာ (မှန်ပါ့ ဘုရား)။
ဓမ္မစကြာသွားကြည့်တော့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတ ဉာဏ်၊ အတော်ခက်ပါလားဟေ့။ တို့ ဒီဥစ္စာသိဖို့ မလွယ်ဘူးဟေ့။ အပြီးသတ်တော့ ဘယ်ဟုတ်မလဲဗျ။ ဒီပဋိစ္စသမုပ္ပာဒ်တစ်ခုလုံး ဒုက္ခ သစ္စာပါ (မှန်ပါ့ ဘုရား)။
ပဋိသစ္စသမုပ္ပာဒ်ဖြစ်ပေါ်တာသိတာက (မဂ္ဂသစ္စာ) မဂ္ဂ သစ္စာဉာဏ်မရဘူးလား (ရပါတယ် ဘုရား)။
ဒါဖြင့် ပေါ်တာက ဘာသစ္စာ (ဒုက္ခသစ္စာ)။ ကြည့် ဒီထဲက ဘာပေါ်ပေါ် ခင်ဗျားတို့ ဒါပေါ်လည်း ဒုက္ခသစ္စာ (မှန်ပါ့)။
နာမ်ရုပ်ပေါ်ရော (ဒုက္ခသစ္စာပါ)။ သဠာယတနပေါ်ရင် (ဒုက္ခသစ္စာပါ)။ ဖဿပေါ်ရင် (ဒုက္ခသစ္စာပါ)။ ဝေဒနာပေါ်ရင် (ဒုက္ခသစ္စာပါ)။
အဲဒါပေါ်တိုင်း၊ ပေါ်တိုင်း သိတဲ့ဉာဏ်သည် ဒီသစ္စာသိ တဲ့ ဉာဏ်၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာနဲ့ဉာဏ်နဲ့ပေါင်းတော့ ဘယ့်နှယ်ဆိုကြမလဲ (သစ္စာဉာဏ်ပါ ဘုရား)။ ဒီနေ့ည အပေါင်းတော့ နေရာကျ သွားပြီ။ အတော်နေရာကျသွားပြီ။ ဒကာ၊ ဒကာမတို့ သစ္စဉာဏ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိစ္စဉာဏ်
ကိစ္စဉာဏ်ကလေး နည်းနည်းပြောကြည့်မယ်။ ဆုံးတော့ ဆုံးမှာမဟုတ်ဘူး။ နာရီက တစ်မိနစ်လောက် လိုတော့တယ် (မှန်ပါ့ ဘုရား)။ နာရီလည်း ပိုမဟောဘူးဗျ။ ခန္ဓာက ကျန်းမာရေး လည်း ကြည့်ရသေးတယ်။
အေး စိတ်ကလေး၊ မင်းမှာ ဘာကိစ္စရှိသလဲလို့ ခင်ဗျား တို့က မေးပါ။ လောဘစိတ်ကလေး မင်းမှာ ဘာကိစ္စရှိသတုန်း၊ ကျုပ်သည် ပေါ်ပြီးပျောက်တဲ့ ကိစ္စရှိတယ် (မှန်ပါ့)။
ဒေါသစိတ်ကလေး မင်းမှာ ဘာကိစ္စရှိသတုန်း မေးလို့ရှိရင် (ပေါ်ပြီးပျောက်တဲ့ ကိစ္စရှိပါတယ်) ဘာဖြစ်လို့တုန်း၊ ကျုပ်က အနိစ္စမျိုးဗျတဲ့ (မှန်ပါ့ ဘုရား)။ ပေါ်ပြီးပျောက်ရမှာ ချည်းပဲတဲ့။ ကျုပ်ကိစ္စက ဒါပဲတဲ့ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါတယ်)။ သူ့ကိစ္စက ဘာပါလိမ့် (ပေါ်ပြီး ပျောက်ရမှာပါ ဘုရား)။
ဒါဖြင့် ဖြစ်ပြီးပျက်တဲ့ ကိစ္စဟာ သူ့ကိစ္စ (မှန်ပါ့ ဘုရား)။ အဲဒီကိစ္စက ဖြစ်ပျက်၊ ဖြစ်ပြီး ပျက်သွားတဲ့ ကိစ္စကို၊ ဟော ဒါရုပ်နာမ်တို့၏ ကိစ္စလို့ ခင်ဗျားတို့ မှတ်လိုက်၊ သဘောကျပလား (ကျပါတယ်)။ ရုပ်နာမ်တို့၏ (ကိစ္စပါ ဘုရား)။ ရုပ်နာမ်တို့၏ ကိစ္စဟာ ပေါ်ပြီး ပျောက်တာချည်းပဲ (မှန်ပါ့)။ ရှင်းပလား (မှန်ပါ့)။
အဲဒီကိစ္စကို ဒီကနေပြီး သူ့ကိစ္စပေါ်တိုင်း၊ ပေါ်တိုင်း ဒီက သိသိပေး (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သူ့ကိစ္စကို သိတဲ့ဉာဏ် (မှန်ပါ့)။ ဘယ့်နှယ် ဆိုကြမလဲ (သူ့ ကိစ္စကိုသိတဲ့ဉာဏ်) ကိစ္စဉာဏ် ရှင်းကြပလား (မှန်ပါ့)။ ကိစ္စ (ဉာဏ်)၊ အဲဒီတော့ ကိစ္စဉာဏ်မှာတော့ မနက်ဖြန်မှ သေသေချာချာ ကျကျနနရှင်းမယ် (မှန်ပါ့)။
ကိစ္စဉာဏ်ကတော့ နည်းနည်းကျယ်သကိုးဗျ (မှန်ပါ့)။
ဒီနေ့တော့ နာရီကစေ့တော့မယ်။ ဘုန်းကြီးတို့ လည်း ကျန်းမာရေးကြည့်ပြီး ဒီနေ့တော့ ပြန်ကြပေဦးတော့ (မှန်ပါ ဘုရား)။