276

ခန္ဓာကပြောလာသော ယုံလိုက်စမ်းပါ (ဝိပဿနာရှုနည်း)

အသံဖိုင်ခေါင်းစဉ်= သင်္ခတဒုက္ခမှ အသင်္ခတနိဗ္ဗာန်ပေါ်လာပုံ

စာအုပ်ခေါင်းစဉ်= ခန္ဓာကပြောလာသော ယုံလိုက်စမ်းပါ (ဝိပဿနာရှုနည်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသောတရားတော်

“ခန္ဓာကပြောလာသော ယုံလိုက်စမ်းပါ”

(ဝိပဿနာရှုနည်း)

ဟောကြားသည့်နေ့

(၅-၂-၆၁)

ဒကာ ဒကာမတို့ သင်္ခတ, တရားကို ပဋိစ္စသမုပ္ပါဒ် တရားနှင့် သင်္ခတ, တရားဟာ အတူတူပဲဆိုတာကို ယနေ့ ရှင်းပြမယ် (မှန်ပါ့ ဘုရား)၊ အဲဒီတော့ ဒီမနေ့က ပြောခဲ့တဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ဝေဒနာက္ခန္ဓာ ကိုယ်ကြီးလို့ ပြောလိုက်တယ်၊ ဝေဒနာက္ခန္ဓာဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ၊ ဝေဒနာချည်းဖြစ်တယ်လို့ ဘယ်အခါကာလမှ မယူပါနဲ့ (မှန်ပါ့)၊ ခန္ဓာငါးပါးဟာ တည်ဆဲကာလမှာ တပေါင်းတည်း ဖြစ်တယ်လို့ ယူကြစမ်း ပါ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးပေါင်းပြီးဖြစ်တယ်

ဝေဒနာဟာ ဝေဒနာချည်းဖြစ်သလား ကျန်တဲ့လေး ပါးနဲ့ ပေါင်းနေသလား (ပေါင်းနေပါတယ်)၊ ဒကာ ဒကာမတို့ ဝေဒနာဟာ ဝေဒနာချည်းဖြစ်သလား ကျန်တဲ့ လေးပါးနဲ့ ပေါင်းနေသလား (ကျန်တဲ့ လေးပါးနဲ့ ပေါင်း နေပါတယ် ဘုရား)၊ ကျန်တဲ့လေးပါးနဲ့ ပေါင်းနေတယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ ဘုရား)။

အဲဒီတော့ ကျန်တဲ့လေးပါးနဲ့ ပေါင်းပြီး သကာလ နေတော့ ပြောတော့သာ ဝေဒနာက္ခန္ဓာ လို့ဆိုတာ တဲ့ အားလုံး ခန္ဓာငါးပါးပေါင်းပြီး သကာလ ဖြစ်တယ်လို့ ဒကာ ဒကာမတွေ အားလုံး မှတ်ထားပါနော် (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ဒီခန္ဓာငါးပါးသည် ဘယ်ကလာသတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ ကံ, စိတ်၊ ဥတု၊ အာဟာရ ကြောင့် ရုပ်တရား လာတယ်ဆိုတာ သိကြမှာ ပဲ၊ အာရုံဒွါရကြောင့် နာမ်တရားလာတယ်ဆိုတာ မသိကြ သေးဘူးလား (သိကြပါတယ် ဘုရား)။

အကြောင်းတွေက ပြုပြင်လို့ပေါ်လာတာ

ကောင်းပြီ ဒါဖြင့် ဒီခန္ဓာငါးပါးသည် အကြောင်း ကင်းပြီးပေါ်သလား၊ အကြောင်းတွေက ပြုပြင်လို့ ပေါ် သလားဆိုတာ စဉ်းစားပါ (အကြောင်းတွေက ပြုပြင်လို့ ပေါ်တာပါ)၊ အကြောင်းတွေက ပြုပြင်လို့ ပေါ်လာတယ် ဆိုတာ သဘောကျပလား (ကျပါတယ်)၊ ကောင်းပြီ အကြောင်းတွေက ပြုပြင်လို့ ပေါ်လာတော့ ဤဟာသည်ကား လို့ ဆိုလို့ရှိရင် သင်္ခတ တရားလို့ မှတ်လိုက်စမ်းပါ။

ဒီခန္ဓာငါးပါးကို ဘာတရားခေါ်ကြမယ် (သင်္ခတ တရားပါ ဘုရား)၊ သင်္ခတ တရားလို့ သေသေချာချာ မှတ်ပါ။ ဘယ့်နှယ်ကြောင့် သူ့ကို သင်္ခတ တရားလို့ ဆိုရသတုံး ဆိုတော့ သူက ပြုပြင်လို့ ပေါ်နေတဲ့ တရားကိုး (မှန်ပါ့)။ ဒကာ ဒကာတို့ ဘယ့်နှယ်ဆိုကြမယ် (ပြုပြင်လို့ ပေါ်နေတဲ့ တရားပါ)၊ ဒါဖြင့်ပြုပြင်လို့ ပေါ်လာတဲ့တုရားဟာ ပြုပြင်တဲ့ သတ္တိကုန်ရင် ဘာဖြစ်မယ် ထင်ကြသလဲ (ပျက်သွားပါတယ် ဘုရား)။

ပျက်စီးသွားတယ်၊ ပြုပြင်တဲ့ သတ္တိကုန်ရင် (ပျက်စီးသွားပါတယ်)၊ ပျက်စီးသွားမယ်ဆိုတော့ သော် တို့ခန္ဓာငါးပါးကြီးဟာ ကံကပြုပြင်, စိတ်ကပြုပြင်, ဥတုက ပြုပြင်, အာဟာရကပြုပြင်, အာရုံဒွါရကပြုပြင်၊ ပြုပြင်လို့ ခန္ဓာငါးပါး ရုပ်, နာမ်နှစ်ပါးပေါ်နေတယ်၊ ပြုပြင်တဲ့တရား အရှိန်အစော် အာနုဘော်သတ္တိကုန်ဆုံးမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (မရှိတော့ ပါ ဘုရား)၊ ပျက်စီးသွားမယ်။

ဒါဖြင့် ကျုပ်တို့ခန္ဓာကိုယ်ကြီးဟာ ပြုပြင်လိုက်၊ ပြုပြင်လို့ပေါ်လာလိုက်၊ အရှိန်အစော်ကုန်လို့ ပျက်စီးလိုက်၊ ခန္ဓာငါးပါးကြီးဟာဖြင့် ဒကာ ဒကာမတို့ ဝေဒနာလဲ အတူတူ ပဲ၊ ကျန်တဲ့ခန္ဓာတွေလဲ အတူတူပဲ၊ ပြုပြင်လိုက်၊ ပြုပြင်လို့ ပေါ်လာလိုက်၊ အကြောင်းတရားကုန်သွားလိုက်၊ ပျက်စီးလိုက် ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊ ရှင်းကြပလား (မှန်ပါ ဘုရား)၊ ခန္ဓာငါးပါးသည် ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အခါ ကာလမှမြဲလိမ့်မယ်၊ ခိုင်လိမ့်မယ်၊ တည်တံ့ လိမ့်မယ်ဆိုတဲ့ဥစ္စာ ပြောစရာ အချက်, အလက်, အကွက် ပါ, ပါရဲ့လား (မပါ ပါ ဘုရား)။

ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတ တရား

ဘာပြုလို့တုံး ဆိုလို့ရှိရင် ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတ တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (ပြုပြင်လို့ ပေါ်လာတဲ့သင်္ခတ တရားပါ)၊ ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတ တရားဖြစ်တော့ ပြုပြင်တဲ့ အရှိန်အစော်လဲ ကုန်ပါရော ပျက်စီးခြင်းသို့ ရောက် ပါရော ဆိုလို့ရှိရင် သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးကို ဘာတရားလို့ ခေါ်ကြမယ် (သင်္ခတ တရားပါ)၊ သင်္ခတ တရားလို့ ခေါ်ဖြစ်အောင် ခေါ်ကြပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ သင်္ခတ တရားလို့ ခေါ်ဖြစ်အောင် ခေါ်လိုက်တဲ့ အခါကျတော့ ရှင်းသွားတယ်၊

ဪ သင်္ခတ တရားဆိုတာ ပြုပြင်မှ ပေါ်တဲ့တရား၊ သင်္ခတ တရားဆိုတာ ဘာဆိုကြမယ် (ပြုပြင်မှ ပေါ်တဲ့ တရားပါ ဘုရား)၊ ပြုပြင်မှ ပေါ်တဲ့တရားကို ဘာတရားလို့ ခေါ်ကြမယ် (သင်္ခတ တရားပါ ဘုရား)။

ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်တာ

ဒါဖြင့် ဒကာ ဒကာမတို့ ရှေးတုန်းက ပြုပြင်လို့ ပေါ်ပြီးပြုပြင်တဲ့ တရားက အကြောင်းတွေ သိမ်းလိုက်တဲ့ အခါကျတော့ သင်္ခတ ခန္ဓာကြီးဟာ ပျက်စီးခြင်းသို့ ရောက်ပါ တယ် (ရောက်ပါတယ် ဘုရား)၊ ဒီလိုရောက်လာတာ ဘယ်လောက်ကြာပြီလဲလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်ဘူးဆိုတဲ့ အဖြေတွေ အများကြီးထွက်မယ် (ထွက်ပါတယ် ဘုရား)၊

ကိုင်း ဒကာ ဒကာမတို့ ကံကပြုပြင်လိုက်၊ စိတ်က ပြုပြင် လိုက်၊ ဥတုက ပြုပြင်လိုက်တော့ ဒီခန္ဓာငါးပါးကြီးဟာ ပေါ် မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

သူ့ကို ဘာတရားခေါ်ကြမလဲ (သင်္ခတ တရားပါ)၊ သင်္ခတ တရားသူပြုပြင်တဲ့ အကြောင်း တွေက သတ္တိတွေက ကုန်သွားတဲ့အခါကျတော့ ခန္ဓာငါးပါးကြီး ဘာလုပ်ကြမယ် (ပျက်စီးပါတယ် ဘုရား)၊ ပျက်စီး သွားတယ်ဆိုတာ ဦးခင်မောင် ကျေနပ်ပလား (ကျေနပ် ပါပြီ)၊ ဒါဖြင့် သူ့ကို ဘာတရားခေါ်ကြမယ် (သင်္ခတ တရားပါ ဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့ သင်္ခတနယ်ထဲ နေရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဘယ်ထဲမှာ နေကြရတယ် (သင်္ခတနယ်ထဲ နေကြရ ပါတယ်)၊ သင်္ခတနယ်ထဲ နေရတယ်ဆိုတာ ဒကာ ဒကာမ တို့ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် သင်္ခတနယ်ထဲ နေလို့ရှိရင် ဖြစ်လိုက်, ပျက်လိုက် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ သင်္ခတနယ်ထဲနေရင် (ဖြစ်လိုက်, ပျက်လိုက်ပါ ဘုရား)။

ခဏ ခဏ ဖြစ်ပျက်နေတဲ့ ခန္ဓာ

သင်္ခတနယ်ထဲနေရင် (ဖြစ်လိုက်, ပျက်လိုက်)၊ ဖြစ်လိုက်, ပျက်လိုက်နဲ့ နေရတော့မယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေက ဪ ဒီခန္ဓာကြီး ရ, ထားတာ ကောင်းကောင်း မနေရ၊ ခဏ ခဏ ပျက်နေတဲ့ ခန္ဓာကြီးပါကလား ဆိုလို့ရှိရင် လွဲသေးသလား (မလွဲပါ ဘုရား)၊

ဘယ့်နှယ်ကြောင့် ခဏခဏဖြစ်၊ ခဏ ခဏပျက်ပါလိမ့်မတုံးလို့ သူ့ကို မေးကြည့်ပြန်တော့ သူက သင်္ခတ တရားလို့ အစီအရင်ခံပါ လိမ့်မယ်၊ သင်္ခတ တရားလို့ အစီအရင်မခံဘူးလား (ခံပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတဓမ္မဆိုတာ ဒီဥစ္စာပါပဲ။ ပြုပြင်နိုင်မှ ဖြစ်ပေါ်တဲ့ တရားကို ဘာတရား ခေါ်ကြမယ် (သင်္ခတ တရားပါ)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတ ဒုက္ခ၊ သင်္ခါရဒုက္ခ အတူတူပါပဲ၊ ဒီခန္ဓာကြီး ရမှ ထားကတည်းကိုက ဒကာ ဒကာမတို့ အစားနဲ့ ပြုပြင်ရတာ ကတစ်မျိုး၊ အဝတ်နဲ့ ပြုပြင်ရတာက တစ်မျိုး၊ ကံနဲ့ ပြုပြင် ရတာကကော (ပါ, ပါတယ် ဘုရား)။

အာဟာရနဲ့ ပြုပြင်ရတာကော (ပါ, ပါတယ်)။ အာရုံဒွါရနဲ့ ပြုပြင်ပေးနေရတာကော (ပါ, ပါတယ်)၊ ဒါဖြင့် ဒီထဲမှာ ခဏ ခဏ တစ်နေ့မှ မပြုပြင်ရတဲ့အချိန် မရှိ၊ တစ်နာရီ တစ်စက္ကန့်မှ မနားမနေ ပြုပြင်နေရတဲ့ အချိန် ချည်းပဲလို့ ဆိုလို့ရှိရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ဘာတရားပါလိမ့် (သင်္ခတ တရားပါ)၊ ဒကာ ဒကာမတို့ ကျုပ်တို့ ခန္ဓာကိုယ်ကြီး ရ ထားတာကဖြင့် ပြုပြင်ပြီး သကာလ နေရတာပဲ၊ ဘာပြုလို့ ထပ်ပြန်တလဲလဲ ပြုပြင်နေရသလဲလို့ ဆရာဘုန်းကြီးကမေးလို့ရှိရင် ပျက်, ပျက် သွားလို့၊ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ (ပျက်, ပျက် သွားလို့ပါ ဘုရား)။

ပျက်, ပျက်သွားတော့ မပြုပြင်ရင်လဲ အစားထိုးစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ကြီးကို ဘာ တရားလို့ ခေါ်ကြမလဲ (သင်္ခတ တရားလို့ ပါတယ် ဘုရား)။

သင်္ခတဆိုတာ ဖြစ်ပျက်မှုရှိတယ်

အဲ သင်္ခတ ဆိုတာတော့ ဖြစ်မှု ပျက်မှုရှိတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ဘာခေါ် ကြမယ် (ဖြစ်မှု ပျက်မှုပါ ဘုရား)၊ ကိုမြရွှေ ဘာခေါ်မယ် (ဖြစ်မှု ပျက်မှုပါ ဘုရား)၊ ဖြစ်မှု ပျက်မှု ဆိုရင် ပြုပြင်လိုက် ရင် ဖြစ်တာပဲ၊ မပြုပြင်လိုက်ရင် (မဖြစ်ပါ ဘုရား)၊ ပြုပြင် လိုက်ရင် ဖြစ်တယ်၊ မပြုပြင်လိုက်ရင် (မဖြစ်ပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ခန္ဓာငါးပါးကြီးကို ဘာတရားခေါ်ကြ မလဲ (သင်္ခတ တရားပါ ဘုရား)၊ သင်္ခတ တရား ခေါ်ကြတော့ ဪ ခန္ဓာကိုယ်ကြီးဟာ ပြုပြင်နိုင်မှဖြစ်ပေါ်ကြတဲ့ သင်္ခတ တရားတွေ ပါကလားလို့ ယနေ့သေသေချာချာ မှတ်ထားပါ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပန္နတရား

အဲဒီတော့ ဒီသင်္ခတ တရားကိုပဲ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပန္န တရားလို့လဲ ဆိုပါ ဦးခင်မောင်ရ (မှန်လှပါ ဘုရား)၊ ပဋိစ္စသမုပ္ပန္န တရားလို့ ဆိုလိုက်စမ်းပါ (မှန်ပါ့)၊ ဘာပြုလို့တုံး၊ ဟေတု အကြောင်း တွေက ပြုပြင်တော့ ဒါဟာ အကျိုးတရား မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးခန္ဓာကြီး ဆိုရင်လည်း လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် သူ့ကို သင်္ခတ တရားလို့ကော ဆိုလို့လည်းဆိုပါ တော့၊ ပဋိစ္စသမုပ္ပန္နတရားလို့လဲ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

ဒါဖြင့် သင်္ခတ တရားလို့လည်းဆိုနိုင်၊ ပဋိစ္စသမုပ္ပန္နတရား လို့လဲဆိုနိုင်တယ်ဆိုတာကော သဘောကျပလား (ကျပါ ပြီ)၊ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်ပေါ်လာတဲ့ ဥပမာ ဒီထဲမှာ ဝေဒနာ ပါတယ်၊ ဝေဒနာက မကုန်သေးလို့ ဝေဒနာ ပစ္စယာတဏှာ ဆိုပြန်တော့ ဝေဒနာက မပြုပြင်ဘဲနဲ့ တဏှာ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒီတဏှာကိုလည်း ဘာတရားခေါ်မလဲ (သင်္ခတ, တရားပါ)၊ သင်္ခတ, တရားပဲ ခေါ်ရလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာပြီး ဥပါဒါန် ဆိုတာကော တဏှာက ပြုပြင်လို့ ဥပါဒါန်ဖြစ်လာသောကြောင့် သူ့ကို ဘာခေါ်ကြမလဲ (ပဋိစ္စသမုပ္ပန္ဒတရား)၊ သင်္ခတ တရား, ပဋိစ္စသမုပ္ပန္နတရား၊ စေတနာဆိုအတည့်ပဲ (မှန်ပါ့)၊ မတည့်ဘူးလား (တည့်ပါတယ်)၊ ဥပဒါနပစ္စယာ ကမ္မဘဝေါ ဆိုတာကော (သင်္ခတ တရားပါ ဘုရား)။

အင်း သင်္ခတ တရား, ပဋိစ္စသမုပ္ပန္နတရားလို့ အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီတရားတွေဟာ ပြုပြင်လိုက်, ပျက်လိုက်, ပြုပြင်လိုက်, ပျက်လိုက်၊ ပြုပြင်တဲ့ တရားကလည်း ပြုပြင်လိုက် ပျက်စီးသွားလိုက် ပြုပြင်လိုက် ပျက်စီးသွားလိုက်ဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကြီးမှာ ဖြစ်ပျက်မှုပဲရှိတယ်

ဒါကြောင့် ဒီခန္ဓာကြီးမှာ ပုံသေသဘော ဘာရှိပါလိမ့် မတုံးလို့ မေးကြပါစို့နော်၊ ဒကာ ဒကာမတွေ ဒီခန္ဓာကြီးမှာ ပုံသေသဘော ဘာရှိပါလိမ့်မတုံးလို့ မေးကြတဲ့အခါကျမှ ပြုပြင်တုံး ပေါ်တာပဲ၊ ပြုပြင်တဲ့ အချိန်ပေါ်၊ ပေါ်တဲ့အချိန် ပျက်စီးတာပဲဆိုတော့ ဒီခန္ဓာကြီးမှာ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမလဲ (ဖြစ်မှုနဲ့ပျက်မှုပဲ ရှိပါတယ် ဘုရား)။

ခန္ဓာကိုယ်၏ စွမ်းရည်သတ္တိပြောစမ်းပါ

ဒီ ခန္ဓာကိုယ်ကြီး၏ စွမ်းရည်သတ္တိ ပြောစမ်းပါ၊ ဒကာ ဒကာမတွေ ဘယ်လိုပြောကြမလဲ (ဖြစ်မှု ပျက်မှုပဲ ရှိပါတယ် ဘုရား)၊ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံး မှာ ကျုပ်တို့သည် ဖြစ်, ပျက်နဲ့ပဲ၊ ဖြစ်လိုက် ပျက်လိုက်၊ အင်း မွေးလိုက် သေလိုက်, ဆိုကြပါစို့၊ မြန်မာလို ပြန်တော့ နော် (မှန်ပါ့)၊ မွေးလိုက် သေလိုက်နဲ့ အချိန်ကုန်လာကြ တယ် ဆိုတာဟာ မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား)၊ အနားကော ရှိခဲ့ရဲ့လား (မရှိပါ ဘုရား)။

မွေးလိုက် (သေလိုက်ပါ ဘုရား)။ မွေးလိုက် (သေလိုက်ပါ ဘုရား)။

မွေးလိုက် သေလိုက်ပဲ ခင်ဗျားတို့ကျုပ်တို့ နေခဲ့ရပါ တယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒီဇာတ်ကို ခင်ဗျားတို့ ဘာဖြစ်လို့ မသိမ်းချင်ပါ လိမ့်မလဲ၊ မွေးလိုက်, သေလိုက်၊ မွေးလိုက်, သေလိုက်၊ မွေးလို့ရှိရင်လည်း မသေဘဲနဲ့ ခိုင်မြဲနေလို့ရှိရင်လဲ တော်သေးရဲ့၊ အခုတော့ မွေးလိုက်, သေလိုက်၊ ဖြစ်လိုက်, ပျက်လိုက်၊ မွေးလိုက်, သေလိုက်၊ ဖြစ်လိုက် ပျက်လိုက်ဆိုတဲ့ဥစ္စာ ဦးခင်မောင်တို့ ကိုမြရွှေတို့ ဘယ်အခါကာလမှ ဝိပဿနာဉာဏ်နဲ့ ခန္ဓာတွေမကြည့်ဖူးတာနဲ့ မွေးလိုက်, သေလိုက်ကို မတွေ့ဘူး (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။

ဝိပဿနာဉာဏ်နဲ့ ကြည့်ရင်

ဘယ်အခါကာလမှ ဝိပဿနာဉာဏ်နဲ့ မကြည့်ဖူး တော့ ဘာတွေ့သတုံး (မွေးလိုက်, သေလိုက်)၊ မွေးလိုက်, သေလိုက်တွေ့ကြရဲ့လား (မတွေ့ပါ ဘုရား)။

ဪ မွေးလိုက်, သေလိုက် မတွေ့တာသည် ဒကာ ဒကာမတို့ ဒါဖြင့် သင်္ခတဒုက္ခ မသိဘူးပေါ့ (မှန်ပါ့)၊ ဒါ ဘာဆိုကြမယ် (သင်္ခတဒုက္ခ မသိဘူး, ပါ ဘုရား)။

အဲ သင်္ခတဒုက္ခကို ဒကာ ဒကာမတွေက မတွေ့ ဖူးတော့ သင်္ခတဒုက္ခကို တွေ့ဖူးမှသာလျှင် အသင်္ခတ ဆိုတာ ကြိုက်မယ်၊ သင်္ခတဒုက္ခတွေ့ဖူးမှ အသင်္ခတ နိဗ္ဗာန်ကို ကြိုက် မယ် (မှန်ပါ့)၊ ရှင်းပလား (မှန်ပါ့)၊ သင်္ခတဒုက္ခတွေ့ဖူးမှ ဘာကြိုက်မယ် (အသင်္ခတ နိဗ္ဗာန်ကိုကြိုက် ပါမယ် ဘုရား)။

ဒါကြောင့် ယနေ့ တ ရားစ, ကတည်းက ဦးခင်မောင်တို ဒကာသစ်တို့ ကိုမြရွှေတို့ သင်္ခတက စ၍ ပြောတယ် (မှန်လှပါ ဘုရား)။

သင်္ခတက စ, ပြောလာတာ ခင်ဗျားတို့ သင်္ခတ အကြောင်း ကောင်းကောင်း မသိတဲ့ အခါ ကျတော့ ဪ ကိုယ့်ခန္ဓာကိုယ်ကြီးဟာ ခဏ ခဏ ဖြစ်ပေါ်လိုက်၊ ခဏ ခဏ ပျက်စီးလိုက်၊ ခဏ ခဏ ဖြစ်ပေါ်လိုက်၊ ခဏ ခဏ ပျက်စီး လိုက်ကို မသိအောင် အဝိဇ္ဇာက ဖုံးထားတဲ့အခါကျတော့ ဦးခင်မောင် သိသေးရဲ့လား (မသိပါ ဘုရား)။

ခန္ဓာကို အကောင်းထင်မှာစိုးလို့

မသိတော့ ဒီခန္ဓာကြီးဟာ တစ်နေ့ကြည့်လိုက်လည်း အကောင်း တစ်နေ့ကြည့်လိုက်လည်း အကောင်းပဲလို့ ဒီလို ထင်နေမှာစိုးတဲ့အတွက် သင်္ခတကို ယနေ့ရှင်းပြတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘာရှင်းပါလိမ့် (သင်္ခတကိုရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီတရားပွဲတစ်ပွဲလုံး တရားဟောတဲ့ ပုဂ္ဂိုလ် ရော၊ တရားနာတဲ့ ဒကာ ဒကာမတွေရော ဘာတရားတွေတုံး မေးကြရင် ဘယ့်နှယ်ပြောကြမလဲ (သင်္ခတ တရားတွေ ပါ ဘုရား)။

သင်္ခတ တရားတွေဆိုတော့ မျှော် ဟုတ်ပြီ၊ ဒါဖြင့် ယနေ့ဖြင့် သင်္ခတ သဘောသိပြီ၊ ဖြစ်လိုက် ပျက်လိုက်, မွေးလိုက်, သေလိုက်၊ ဖြစ်လိုက်, ပျက်လိုက်, မွေးလိုက်, သေလိုက် ဒီခန္ဓာကြီးအကြောင်း ကောင်းကောင်း မသိသေး ဘူးလား (သိပါတယ် ဘုရား)။

သင်္ခတ တရားမို့ဖြစ်ပျက်

တဏှာ ကလေးကလည်း ဖြစ်ပြီး ပျက်လိုက်သေးတယ်။ ဝေဒနာ ကလေးကလဲ ဖြစ်ပြီး ပျက်သွားတော့ သင်္ခတ တရားမို့ ဖြစ်ပျက်ပဲ မနေဘူးလား (နေပါတယ် ဘုရား)၊ ဝေဒနာ နောက်က လိုက်လာတဲ့ တဏှာကလေးကကော (ဖြစ်, ပျက်ပါပဲ ဘုရား)၊ သင်္ခတ တရားမို့ ဖြစ်, ပျက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာနောက်က လိုက်လာတဲ့ ဥပါဒါန်ကလေးက ကော ဘယ်လိုဆိုကြမလဲ (ဖြစ်, ပျက်ပါပဲ)၊ သင်္ခတ တရားမို့ ဖြစ်, ပျက်ပါပဲ၊ ဥပါဒါန်နောက်ကလာတဲ့ ကံကလေး ကကော (ဖြစ်, ပျက်ပါပဲ ဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့ သန္တာန်မှာရှိတဲ့ တရား ဟူသရွေ့ သင်္ခတ တရား ဖြစ်, ပျက်ချည်းပဲလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကျုပ်တို့ သန္တာန် ဖြစ်တဲ့ တရားဟူသရွေ့ ဘယ့်နှယ် ဆိုကြပါ့မယ် (သင်္ခတ တရားချည်းပဲ)၊ သင်္ခတ တရားမို့ ဘယ်မှာ လမ်းဆုံးပါလိမ့် (ဖြစ်ပျက်မှာ ဆုံးပါတယ် ဘုရား)။

ဖြစ်မှု ပျက်မှုမှာ လမ်းဆုံးတယ်လို့ ရှင်းရှင်းလင်းလင်း မှတ်ထားလိုက်စမ်းပါ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ သင်္ခတ တရားဟာ ဘယ်မှာလမ်းဆုံးပါလိမ့် (ဖြစ်မှု၊ ပျက်မှုမှာ လမ်းဆုံး ပါတယ်)၊ ဖြစ်မှု ပျက်မှုမှာ လမ်းဆုံးတယ် ဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

အိမ်ကျတော့ ဉာဏ်ကလေးနဲ့ကြည့်စမ်းပါ

ကောင်းပြီ ဒါက ဒကာ ဒကာမတို့ ဘုန်းကြီးများ က ဟောရတာက သင်္ခတ တရားမို့ ဖြစ်ပါတယ်, ပျက်ပါတယ် ဆိုတာ အခု တရားပွဲထဲမှာ ပြောနေငြားသော်လည်း အိမ်ကျတဲ့အခါကျတော့ ဉာဏ်ကလေးနဲ့ ကြည့်စမ်းပါနော် (မှန်ပါ ဘုရား)၊ အိမ်ကျတော့ ဉာဏ်ကလေးနဲ့ ကြည့်စမ်း ပါ၊ ဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ် , ထဲက ဟိုနေရာကလည်း ရွ ရွရွ၊ ဒီနေရာ ကလည်း ရွရွ ရွ၊ ဟိုနေရာက ယားသလိုလို၊ ဒီနေရာက ယံသလိုလို၊ မလာပေ ဘူးလား (လာပါတယ် ဘုရား)။

အဲဒါကလေးတွေက ဘာကလေးတွေလို့ ခင်ဗျား တို့ ထင်ကြမလဲ (ဖြစ်မှု ပျက်မှုပါ ဘုရား)၊ အင်း သင်္ခတ တရားမို့ သူတို့သည် ပေါ်လိုက် ပျက်လိုက်၊ ပေါ်လိုက်, ပျက်လိုက်၊ ဒီလိုမနေပေဘူးလား (နေပါ တယ် ဘုရား)၊ အဲဒါ ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာဖြင့် ပေါ်လိုက် ပျက်လိုက်နဲ့ သင်္ခတ တရားနဲ့ပဲ အချိန် ကုန်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာရတဲ့ ပုဂ္ဂိုလ်သည် သင်္ခတ ခန္ဓာကိုယ်ကြီး ဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ မွေးလိုက် သေလိုက်၊ မွေးလိုက်, သေလိုက်နဲ့ လမ်းဆုံးရမယ်ဆိုတာ ကျေကျေနပ်နပ် သဘော ကျပလား (ကျပါပြီ)။

ဒုက္ခသစ္စာကြီးနဲ့ ပျော်နေတယ်

ဒါဖြင့် ခင်ဗျားတို့ ဒီအထဲမှာပဲ ပျော်နေတဲ့ ပုဂ္ဂိုလ်ဟာ ဪ ဒုက္ခသစ္စာနဲ့ ပျော်နေတယ်လို့ ဆိုကြပါစို့ (မှန်ပါ့)၊ ဒီအထဲ ပျော်နေတဲ့ ပုဂ္ဂိုလ်များ (ဒုက္ခသစ္စာနဲ့ ပျော်နေပါတယ်)။

ဖြစ်တဲ့တရားကလည်း သင်္ခတ တရား၊ ပျက်တဲ့တရား ကလဲ သင်္ခတ တရားပဲ၊ ပြုပြင်နိုင်မှ ပေါ်လာတဲ့တရား၊ မပြုပြင်ရင် ပျက်တဲ့တရားဆိုတော့ ခင်ဗျားတို့သည် သင်္ခတ တရားထဲမှာ ပျော်နေတယ် (ဝါ) ဒုက္ခသစ္စာကြီးနဲ့ ပျော်နေတယ်လို့ဆိုကြပါစို့ (မှန်လှပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)၊ ဘာနဲ့ပျော်နေသလဲ (ဒုက္ခ သစ္စာနဲ့ပျော်နေပါတယ်)၊ ဒုက္ခသစ္စာကြီးနဲ့ ပျော်နေတယ်ဆို တာ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ သင်္ခတ တရားဟာ ဖြစ်လိုက် ပျက်လိုက် မနေဘူးလား (နေပါတယ် ဘုရား)။

ဖြစ်လိုက် ပျက်လိုက်ဆိုတော့ ဖြစ်တာလည်း ဒကာ ဒကာမတွေ ဟောပြီးသား ဖြစ်နေတယ်၊ ဖြစ်ရတာလည်း ပျက်မလို့ ဖြစ်လာတာ (မှန်ပါ့)၊ တော်တော်ကြာကျတော့ ဒီပျက်, မလို့ဖြစ်လာတော့ ပျက်လည်းမသွားဘူးလား (ပျက်ပါတယ်)၊ သဘောပါပလား (ပါ, ပါပြီ)၊ ဖြစ်လိုက် ပြီးတော့ ဘာဖြစ်သွား ပြန်သတုံး (ပျက်သွားပါတယ် ဘုရား)။

ဒါဖြင့် သူ့ကို ဘာတရားခေါ်ကြမယ် (သင်္ခတ တရားပါ ဘုရား)၊ ဒါဖြင့် “သဗ္ဗေသင်္ခါရာ ဒုက္ခာ” ဆိုတော့ သူဟာ ဒုက္ခသစ္စာ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဘာဖြစ် သွားပါလိမ့် (ဒုက္ခသစ္စာ ဖြစ်သွား ပါတယ်)၊ ဒုက္ခသစ္စာ ဖြစ်သွားတော့ ဒကာ ဒကာမတွေ ပျော်နေတာ ဘယ့်နှယ် ကြောင့် ပျော်ပါ လိမ့်မတုံး ဆိုတော့ သင်္ခတလည်း မသိ။ သင်္ခတဟာ ဒုက္ခသစ္စာပဲလို့ကော ဦးခင်မောင်တို့က ဉာဏ်ဝင် သေးရဲ့လား (မဝင်ပါ ဘုရား)။

ဉာဏ်မဝင်တော့, မသိပျော် ပျော်နေတယ်

ဉာဏ်မဝင်တော့ကို တဲ့ ဒကာ ဒကာမတို့ မသိ ပျော်, ပျော်နေတယ်လို့ ဆိုကြပါစို့ (မှန်လှပါ)၊ ဘယ့်နှယ် ဆိုကြမယ် (မသိပျော်, ပျော်နေပါတယ် ဘုရား)၊ ဘာ မသိတာပါလိမ့် (ဒုက္ခလို့ မသိတာပါ ဘုရား)၊ သင်္ခတ တရားလို့လည်း မသိဘူး၊ ဒီသင်္ခတ တရားသည် ဒုက္ခသစ္စာ – ပါပဲလို့ကော (မသိပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သေရင်း ပျော်နေ တာပဲလို့ ဆိုရင်တော့ လွဲပါ့မလား (မလွဲပါ ဘုရား)၊ မွေးရင်းပျော်နေတာပဲဆိုရင်ကော (မလွဲပါ ဘုရား)၊ မွေးလိုက်, သေလိုက်အပေါ်မှာ ပျော်နေတာပဲ ဆိုရင်ကော (မလွဲပါ ဘုရား)။

ဒါဖြင့် ဦးခင်မောင်တို့ ကာသစ်တို့ ကိုမြရွှေတို့ စဉ်းစားတာပေါ့၊ ဪ သေရင်း , ပျော်နေတာပါ ကလား၊ သင်္ခတ မမြင်ဘဲနဲ့ မီးတွေ မမြင်ဘဲနဲ့ ပျော်နေတာပါ ကလားဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါကြောင့် အိမ်ပြန်တဲ့အခါမှာ ဒကာ ဒကာမတို့ ခန္ဓာ ကိုယ်ကို စောင့်ပြီး သကာလ ကြည့်စမ်းပါ၊ ဆရာဘုန်းကြီးက ဟောလိုက်တယ်၊ ဘုရားက ဟောလိုက်တယ်၊ သင်္ခတ ဓမ္မာ လို့ ဟောလိုက်တယ်။

အဲဒီ သင်္ခတ တရား ဟုတ်, မဟုတ်၊ ပေါ်လိုက်, ပျက်လိုက်မှ ဟုတ်ပါရဲ့လားလို့ အိမ်ကျရင် ပြန်ကြည့်ကြပါနော် (မှန်ပါ့)၊ ပြန်ကြည့်တဲ့အခါကျတော့ ခန္ဓာက သင်္ခတ သဘောဖြစ်နေသောကြောင့် ဦးခင်မောင်ဘာပဲပြောမယ် ထင်သလဲ၊ သင်္ခတ လက္ခဏာပဲပြောမယ် (မှန်လှပါ ဘုရား)။

ဉာဏ်နားကလေးနဲ့ ထောင်ကြည့်စမ်းပါ

ဒကာ ဒကာမတွေ ဘာပြမယ်ထင်သလဲ (သင်္ခတ လက္ခဏာပဲ ပြပါတယ် ဘုရား)၊ သင်္ခတ သဘောရှိလည်း ဘာပြောမယ်ထင်တုံး၊ ဖြစ်ပျက် ပြောမယ်၊ သင်္ခတ လက္ခဏာ ပဲ မပြောပေဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒီလို ပြောတာကို ဒကာ ဒကာမတွေက ဉာဏ်နားကလေးနဲ့ ထောင်ကြည့် စမ်းပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

သင်္ခတ လက္ခဏာတွေကို သူမပြောပေဘူးလား (ပြောပါတယ်)၊ ပြောတာကို ဘာနဲ့ ထောင်ကြည့် ရမယ် (ဉာဏ်နားနဲ့ထောင်ကြည့်ရပါမယ်)၊ ဉာဏ်နားနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ထောင်ကြည့်လိုက်တဲ့ အခါကျတော့မှ ဪ ဒါဖြင့် တို့ဟာ သင်္ခတ နယ်ထဲ ရှိပါသေးကလား (မှန်ပါ့)၊ ဘယ်နယ်ထဲရှိသတုံး (သင်္ခတ နယ်ထဲ ရှိပါ တယ် ဘုရား)။

သင်္ခတ နယ်ထဲ ရှိပါသေးကလားဆိုတာ ဉာဏ်ထဲမှာ စိုက်ကြည့်တဲ့ ပုဂ္ဂိုလ်ကျတော့ တွေ့လည်း တွေ့ပြီ ဆိုတော့ မပြော ပေဘူးလား (ပြောပါတယ် ဘုရား)။

ထိုင်နေရင်းလည်း ဖြစ်လိုက်ပျက်လိုက်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လို လုပ်ကြမယ်၊ သင်္ခတ နယ်ထဲမှာဖြင့် ဖြစ်ပြီး ပျက်တာမှ တစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဒါဖြင့် သင်္ခတ နယ်ထဲနေသရွေ့ ကာလပတ်လုံးဖြင့် ခိုင်ပါစေတော့၊ မြဲပါစေတော့၊ တည်တံ့ ပါစေတော့ ဆိုတဲ့ သဘောတွေ ရပါ့မလား (မရပါ ဘုရား)၊ ဖြစ်လိုက် ပျက်လိုက်ပဲ နေရမယ် မဟုတ်လား (နေရပါမယ်)၊ ထိုင်နေရင်းလည်း ဖြစ်လိုက်ပျက်လိုက်ပဲ၊ သွားနေရင်းလည်း (ဖြစ်လိုက် ပျက်လိုက်) ရပ်နေရင်းလည်း (ဖြစ်လိုက် ပျက်လိုက်ပါပိ ဘုရား)။

အေး ဒါကြောင့် ဖြစ်လိုက် ပျက်လိုက်ချည်းပဲ အချိန်တွေက အကုန် ကုန်ပြီး သကာလ ဖြစ်ပျက်နဲ့ပဲ အချိန် ကုန်နေရတော့ နောက်တစ်ခါ ခန္ဓာဆုတောင်းလိုက်ပြန်တော့ ခန္ဓာရလာတာပဲ (မှန်ပါ့)၊ သင်္ခတ ခန္ဓာကြီးပဲ ရပြန်တယ် ဦးခင်မောင်ရ (မှန်ပါ့ ဘုရား)၊ ဘာရပြန်သတုံး (သင်္ခတ ခန္ဓာကြီးပဲရပြန်ပါတယ်)၊

ရပြန်တော့ ဘာတွေများ ကျုပ်တို့အနေနဲ့ ပိုင်ပိုင်ဆိုင်ဆိုင် ရပါလိမ့်မတုံး ဆိုတော့ ဖြစ်ပျက်ပဲ ပြန်ရတယ်၊ သဘောကျပလား (မှန်ပါ ဘုရား)၊ ဖြစ်ပျက်ပဲ ပြန်မရဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ ဆုတောင်းတာသည် ဒကာ ဒကာမ တို့ ဖြစ်ပြီးပျက်တဲ့ဒုက္ခ ရ, ရပါလို၏ တောင်းတာနဲ့ ထူးသေးသလား (မထူးပါ ဘုရား)၊ လူဖြစ်ရပါလို၏ ဆိုတော့ ဖြစ်ပျက် သင်္ခတဒုက္ခ ရ ရပါလို၏ သဘောကျ ပလား (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ ဆိုရင်ကော (သင်္ခတဒုက္ခ ရ, ရပါလို၏)၊ ဖြစ်ပျက် သင်္ခတဒုက္ခ ရရပါလို ၏။ ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်ကော (ဖြစ်ပျက် သင်္ခတ ဒုက္ခ ရရပါလို၏)။

ဆုတောင်းယူတာရူးလို့

ဒါဖြင့် ဦးခင်မောင်တို့၊ ကိုမြရွှေတို့ စဉ်းစားပါ။ ဒုက္ခသစ္စာ ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်ဟာ ရူးလို့လား၊ မရူးလို့လား အကဲခတ်ကြည့်စမ်း (ရူးလို့ပါ ဘုရား)၊ ပေါ်ကြပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာ ဆုတောင်းယူတာ သင်္ခတဒုက္ခ ဆုတောင်း ယူတဲ့ပုဂ္ဂိုလ်များ ရူး, မရူး အကဲခတ် ကြည့်စမ်း (ရူးပါ တယ် ဘုရား)၊ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ သဘောကျ ပလား (ကျပါပြီ)၊ အန္ဓပုထုဇဉ် အကန်း ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အခုတရားတစ်ပွဲလုံး တရားနာ နေတဲ့ပုဂ္ဂိုလ်တွေ များပါတယ်၊ ဘာခန္ဓာတွေပါလိမ့် (သင်္ခတခန္ဓာ တွေပါ ဘုရား)၊ သင်္ခတခန္ဓာ သဘောကျပြီနော် (မှန်ပါ့)၊ သင်္ခတခန္ဓာဆိုတာ ဘာပါလိမ့် (ဖြစ်ပျက် ပါ ဘုရား)၊ ဖြစ်ပြီးပျက်နေတဲ့ တရားတွေပဲရှိတယ် (မှန်ပါ့)၊ ခိုင်တဲ့ မြဲတဲ့တရား ဒီအထဲမှာ ပါသေးသလား (မပါ, ပါ ဘုရား)၊ ဘယ်တရားတွေသာ ရှိပါလိမ့် (ဖြစ်ပြီး ပျက်တဲ့တရားပဲ ရှိပါတယ် ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ တရားမှ တစ်ပါးဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား)၊ အကြိမ် ပေါင်းများစွာ ဖြစ်ပျက် နေတယ် ဆိုတာကော မသေချာဘူး လား (သေချာပါတယ် ဘုရား)။

သင်္ခတသိမှ အသင်္ခတကူးပါ

အဲဒါဖြင့် သေချာတော့မှ တို့သည်ကား လို့ဆိုလို့ရှိရင် သင်္ခတသိမှ ဘုန်းကြီးက ဒကာ ဒကာမတို့ အသင်္ခတဆိုတာ ကူးကြပါလို့ ပြောရဲတယ် (မှန်လှပါ ဘုရား)၊ သင်္ခတမှ လည်လည် ပတ်ပတ် ဘုန်းကြီးက ပြောလို့ ဒကာ ဒကာမတွေက နားမဝင်ကြသေးဘူး ဆိုရင် သင်္ခတပဲ ပြောနေရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

သင်္ခတမှ သဘောမကျလို့ရှိရင် အသင်္ခတနိဗ္ဗာန်ကို ဒကာ ဒကာမတို့ ဘယ်သူသွားချင်မလဲ (မှန်လှပါ)၊ သွားချင်ပါ့မလား (မသွားချင်ပါ ဘုရား)၊ သင်္ခတဒုက္ခကိုမှ နားမလည်တဲ့ ပုဂ္ဂိုလ်များသည် အသင်္ခတဓာတ်နိဗ္ဗာန်မြတ်ကို ဘယ်လိုရောက်ချင်စိတ်ဟာ ဘယ်လိုကူးကူး မပေါ်ဘူး (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ ကိုမြရွှေပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ ဘာသိ မှတုံး ဒါဖြင့် (သင်္ခတသိမှပါ ဘုရား)၊ သင်္ခတဒုက္ခ သိမှ အသင်္ခတသုခကို ကြိုက်မယ် (မှန်ပါ့)၊ အသင်္ခတ ဆိုတာ နိဗ္ဗာန်၊ သုခက ချမ်းသာကိုခေါ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ် ဒုက္ခခပ်သိမ်း ကင်းငြိမ်းသော နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့ သည် ဒီအတိုင်းသွားလို့ ဖြစ်သလား တဲ့၊ သင်္ခတက ဆင်းပြီး သွားရမှာလားဆိုတာ ယနေ့ တရားပွဲမှာ ရှင်းရှင်းလင်းလင်း ပြောမယ် (မှန်လှပါ ဘုရား)။

သင်္ခတမမြင်ရင် နိဗ္ဗာန်မရောက်

သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မရောက်လို့ မှတ် (မှန်ပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ်ဘယ်တော့မှ မရောက်ပါ)၊ သင်္ခတ ဒုက္ခမမြင် တဲ့ ပုဂ္ဂိုလ် ဘယ်တော့မှ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန်ဘက်ကို , (မရောက်ပါ ဘုရား)၊ ရောက်နိုင်ပါ့မလား (မရောက်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ နိဗ္ဗာန်ကို ကွေကွင်း သွားခဲ့သလို အခြားပုဂ္ဂိုလ်သတ္တဝါတွေလည်း အများကြီး ကျန်ရစ် တယ်ဆိုတာ မေးရင် ခင်ဗျားတို့ ရှင်းလောက်ပါပြီ (မှန်ပါ ဘုရား)၊ သင်္ခတဒုက္ခကို မသိတဲ့ပုဂ္ဂိုလ် ဟူသရွေ့ သည် နိဗ္ဗာန်ကို မရောက်၊ အများကြီး ကျန်ရစ်လိမ့်မယ်ဆိုတာ ဆုံးဖြတ်ချက် ကို ချပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ သင်္ခတဒုက္ခမှ မမြင်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ့်နှယ် ဆိုကြပါမယ် (အကုန် ကျန်ရစ်ပါလိမ့်မယ် ဘုရား)။

ဘုရားအဆူဆူက တရားမဟောလို့လား

အကုန် ကျန်ရစ်လိမ့်မယ်ဆိုတာ ကျုပ်တို့ ဘုရား အဆူဆူသည် တရားမဟောလို့ ကျန်ရစ် တာလား၊ ကျုပ်တို့ ကိုယ်တိုင်ဉာဏ်နဲ့ သင်္ခတဒုက္ခကို ဘုရားဟောတဲ့အတိုင်း မမြင်လို့ ကျန်ရစ် တာလားဆိုတာ သေသေချာချာ စဉ်းစားပါ (မမြင်လို့ ကျန်ရစ်တာပါ ဘုရား)၊ မမြင်လို့ ကျန်ရစ်တယ် လို့ ဒီဒကာ ဒကာမတွေ ဝန်ခံနိုင်ကြပါ့မလား (ခံနိုင် ပါတယ် ဘုရား)။

ဒါဖြင့် ဒီဘဝလဲ ဆရာဘုန်းကြီးက ဟောပြန်တာပဲ၊ သင်္ခတဒုက္ခကို မြင်အောင်ကြည့်ပါ (မှန်ပါ့)၊ ဟောပြီ, ဦးခင်မောင်ရဲ့ (မှန်လှပါ)၊ မဟောရပေဘူးလား (ဟောရပါတယ် ဘုရား)၊ ဒီဟာတွေမမြင်ဘူး ဆိုလို့ရှိရင်တော့ သုံးဆယ့်တစ်ဘုံအတွင်း အိုဘေး, နာဘေး, သေဘေးနဲ့ပဲ ကျန်ရစ်ပေတော့ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ငွေတွေ၊ ရွှေတွေ၊ ဘာတွေအမျိုးမျိုးအဖုံဖုံတွေနဲ့ နေရစ်ခဲ့ကြပေတော့၊ ဘာကြောင့်တုံးဆိုတော့ ကိုယ့်သင်္ခတ ကိုယ်မမြင်တော့ အသင်္ခတ ကိုယ့်ဉာဏ်နဲ့ ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

ဝိပဿနာဉာဏ်နဲ့ ကြည့်ပေးရမယ်

ဒါဖြင့် သင်္ခတဒုက္ခမမြင်တဲ့ ပုဂ္ဂိုလ်များသည် အသင်္ခတသုခကို ဘယ်နည်းနဲ့ ကြိုက်ကြမယ် (မကြိုက် ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ သင်္ခတဒုက္ခဖြစ်အောင် ဝိပဿနာဉာဏ်နဲ့ ကြည့်ရမယ်၊ ရှင်းကြပလား (ရှင်းပါ ပြီ)၊ သင်္ခတဒုက္ခမြင်အောင် (ဝိပဿနာဉာဏ်နဲ့ ကြည့်ရ ပါမယ်)၊ ဝိပဿနာဉာဏ်နဲ့ ကြည့်ပေးရမယ်၊ နားမလည်ရင် နားလည်အောင်ထောင်ပါ ဒကာ ဒကာမတို့၊ ဒီဟာ အင်မတန် အရေးကြီး နေတယ် (မှန်ပါ့ ဘုရား)၊ ဒကာတွေ ဘက်က စဉ်းစားမိကြရဲ့ မဟုတ်လား (စဉ်းစားမိ ပါတယ် ဘုရား)။

သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ်ဟာ အသင်္ခတဓိကန်ရောက် လိမ့်မယ်လို့ ကိုမြရွှေတို့ မယုံနဲ့ (မရောပါ ဘုရား)၊ ရောက်ချင်တဲ့စိတ်ကော ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ရောက်ချင်တဲ့စိတ်လည်း ပေါ်မှာမဟုတ်ဘူး၊ ရလဲ ရမှာ မဟုတ်ဘူးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဧကန်ပဲလို့ ဆုံးဖြတ် ချက်ချစမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မောင်ထွန်းအောင်တို့ ဘာကိုမြင်အောင် ကြည့်ရမယ် (သင်္ခတဒုက္ခကို မြင်အောင် ကြည့်ရပါမယ်) သင်္ခတဒုက္ခကို မြင်အောင်ကြည့်ရမယ်၊ သင်္ခတမြင်ရင် ဒုက္ခက ပါလာတာပဲ (မှန်ပါ့)၊ ဖြစ်တာ ပျက်တာ သင်္ခတ မဟုတ်လား (မှန်လှပါ)၊ အဲဒီ အဖြစ်အပျက်ဟာ ဒုက္ခ သစ္စာပဲ၊ သဘော ပါကြပလား (ပါ, ပါပြီ ဘုရား)။

ဖြစ်ပျက်ဟာ ဘာတရားပါလိမ့်

ဒါဖြင့် ဖြစ်ပျက်ဟာ ဘာတရားပါလိမ့် (သင်္ခတ တရားပါ ဘုရား)၊ သင်္ခတ တရားပဲ၊ သစ္စာ ဖွဲ့လိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာပဲ ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီသင်္ခတဒုက္ခကိုမှ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာစိုက်လိုက်လို့ မသိသေးဘူးဆိုရင် ဖြင့် ဒီပုဂ္ဂိုလ်ဟာ အသင်္ခတ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဦးခင်မောင် ဘယ်တော့မှ မယုံနဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါကို တရားစစ် တရားမှန်လို့ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ ဘုရား)၊ ဘယ်လိုမှတ် ကြမယ် (တရားစစ် တရားမှန်ပါ ဘုရား)။

တရားစစ် တရားမှန်ပဲ သင်္ခါရဒုက္ခကို မမြင်ဘဲနဲ့ ဒကာသစ်ရေ၊ အသင်္ခတ နိဗ္ဗာန်ဘက်ကို သူပြေးချင်ပါတယ် ဆိုတဲ့ ဥစ္စာဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ သဘော ပါကြလား (ပါ, ပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့၊ တရားစ, ကတည်းက ခပ်နက်နက်ပဲ နေတယ်၊ မပျင်းကြနဲ့ တော်တော် အရေးကြီးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)၊ သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ်ဟာ အသင်္ခတ နိဗ္ဗာန်ကို မည်သည့်နည်းနှင့် မကြိုက်ဘူးဆိုတာတော့ သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာကိုယ်ဟာ သင်္ခတဒုက္ခ

ကဲ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သင်္ခတက ဘယ်သူပါလိမ့်မတုံးဆိုတော့ ခင်ဗျာတို့ ခန္ဓာကိုယ် (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သင်္ခတဒုက္ခက အားလုံး ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ အဲဒါကို ဉာဏ်နဲ့ကြည့်ရမယ် (မှန်ပါ့)၊ ဉာဏ်နဲ့ ကြည့်တော့မှ ဒီသင်္ခတ ဒုက္ခသစ္စာဆိုတဲ့ ဒုက္ခ သစ္စာကို ခန္ဓာကိုယ်ထဲမှာ ကိုယ့်ဉာဏ်က မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

တွေ့လာတဲ့ အခါကျတော့မှ ဪ မိမိဖြစ်နေတဲ့ ခန္ဓာကြီးဟာ အဖြစ်ဆိုးကြီးပါလားဆိုတာ ပေါ် သင့် မပေါ် သင့် (ပေါ် သင့်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအဖြစ်ဆိုးကြီး မြင်တော့မှ အင်း ဒီဝဋ်ကျွတ်မှ ကောင်းမှာပဲဆိုတာ လာလိမ့်မယ်နော် (မှန်လှပါ ဘုရား)၊ ဒီဝဋ် မကျွတ်ရင် ကောင်းနိုင်ပါ့မလား ( မကောင်းနိုင်ပါ ဘုရား)၊ အဲဒါတွေကို ဒကာ ဒကာမတွေက ဒီအကြောင်း ဆရာပြောရုံနဲ့လည်း တရားနာရုံနဲ့လည်း မသိသေးဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဘယ်လိုပါလိမ့် (ဆရာပြောရုံနဲ့လည်း မသိသေးပါ ဘုရား)၊ ခန္ဓာမြင်အောင် စိုက်ပြီးကြည့်မှ ပြီးကြမယ် (မှန်ပါ့ ဘုရား)၊ သဘော ပါကြပလား (ပါ, ပါတယ်)၊ ဘာလုပ်ရမယ် (ခန္ဓာမြင်အောင် စိုက်ကြည့်ရပါမယ် ဘုရား)။

ခန္ဓာမြင်အောင် စိုက်ပြီးကြည့်တဲ့အခါကျတော့မှ ဪ သင်္ခတ ဒုက္ခတွေပါကလား၊ ဖြစ်ပျက် နေတာမှ တစ်ပါး ဘာမှမရှိတော့ပါကလား ဆိုတော့မှ ကိုယ့်ခန္ဓာကြီးဟာ အရတော်လေစွလား၊ အရဆိုးလေစွလား၊ ဆုံးဖြတ်ချက် ချပေးစမ်း (အရဆိုးလေစွပါ ဘုရား)၊ အရဆိုးလေစွလို့ မလာဘူးလား (လာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် အရဆိုးလေစွဆိုတဲ့ စိတ် ကလေး, ဉာဏ်ကလေး ဦးခင်မောင် ပေါ်လာမှ အသင်္ခတ ဘက်ကျမှ ကောင်းတာပဲဆိုတာ ဖြစ်အောင်ပြောင်းယူ (မှန်လှပါ)၊ နို့မို့ရင် ပြောင်းပါ့မလား (မပြောင်းပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ အခုတရားပွဲလာတာ နာရီဝက်ဆိုသလိုပဲတဲ့ နီးပါပြီ၊ နာရီဝက်တောင် နည်းနည်း ကျော်သွားပါပြီ၊ ဒီတစ်လုံးကိုပဲ ပြောနေတယ်၊ သင်္ခတ မမြင်ဘဲ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန် မရဘူးလို့ ရှင်းပလား (ရှင်းပါပြီ)၊ သင်္ခတဒုက္ခကိုမမြင်ရင် (အသင်္ခတနိဗ္ဗာန်ကိုမရပါ)၊ အသင်္ခတနိဗ္ဗာန် (မရပါ ဘုရား)၊ မရနိုင်ဘူး ဒကာ ဒကာမတို့။

ခန္ဓာကိုယ်ထဲ ဉာဏ်နဲ့ကြည့်စမ်းပါ

အဲဒါကြောင့် မပျင်းမရိဘဲနဲ့ တရားကိုတော့ ဪ ကြည့်နည်းက ဒီလိုကြည့်ရမှာပါကလား (မှန်ပါ့)၊ ကျင့်နည်းက ဒီနည်းပဲ ကျင့်ရမယ်နော် (မှန်ပါ့)၊ ခန္ဓာ ကိုယ်ထဲဉာဏ်နဲ့ ကြည့်စမ်းပါ၊ ဖျတ်ဖျတ်နဲ့ ဘာလုပ်နေတာ တုံး မေးစမ်း၊ ခန္ဓာကိုယ်ထဲမှာ (ဖြစ်ပျက် သင်္ခတဒုက္ခတွေ ဖြစ်နေတာပါ ဘုရား)။

ဖြစ်ပျက် သင်္ခတဒုက္ခတွေက ကျုပ်တို့ ရဲ့ ဉာဏ်ကို ပြောနေတာမဟုတ်လား (မှန်ပါ့)၊ ဘာတွေများပြောနေသလဲ (ဖြစ်ပျက်တွေပြောနေပါတယ်)၊ ကျုပ်တို့ဟာ သင်္ခတ တွေဗျလို့ ခန္ဓာကိုယ်ကြီးက မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီလို ခန္ဓာကိုယ်က ပြောတာကို ဉာဏ်က ကြည့်ပေးရမယ်နော် (မှန်ပါ့ ဘုရား)၊ မကြည့်တတ်တဲ့ ပုဂ္ဂိုလ်ကို ခန္ဓာကမပြောပါဘူး (မှန်ပါ့ ဘုရား)၊ ကြည့်တတ် တဲ့ ပုဂ္ဂိုလ်ကျတော့ (ပြောပါတယ် ဘုရား)။

ခန္ဓာကပြောလာတာ ယုံလိုက်စမ်းပါ

ခန္ဓာက ပြောလာတဲ့အခါကျတော့မှ သူ ပြောတာ ကို ခင်ဗျားတို့က သူများပြော မဟုတ် သောကြောင့် အယုံကြီး ယုံလိုက်စမ်းပါလို့ ဘုန်းကြီးက သတိပေးလိုက်ပါတယ် (မှန်လှပါ၊) သူများ ပြောတာလား၊ ခန္ဓာက ပြောတာလား (ခန္ဓာကပြောတာပါ ဘုရား)။

အဲ ခန္ဓာကပြောတာကိုမှ အယုံကြီးယုံလိုက်တဲ့ အခါကျတော့မှ မျှော် တို့သည်ကားလို့ဆိုရင် ဘယ်သူနဲ့ အတူတူ နေရပါလိမ့်မတုံးဆိုတော့ သင်္ခတဒုက္ခသစ္စာကြီးနဲ့ အတူတူ နေရတယ်ဆိုတာ ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား)၊ အဲဒါ များများကြည့်ပေးရမယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘာကို များများကြည့်ရမယ် (သင်္ခတ ဒုက္ခကို များများကြည့်ရပါမယ်)၊ သင်္ခတဒုက္ခကို များများ ကြည့်ရမယ်ဆိုသဖြင့် ဒကာ, ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ သင်္ခတဒုက္ခမှတစ်ပါး၊ ဒိပြင် ဘာများ ရှိသေးသလဲ (မရှိပါ ဘုရား)၊ ဘာမှ မရှိဘူးဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

အဲဒီတော့ သေချာအောင် ဪ သင်္ခတဒုက္ခမှ တစ်ပါး ဘာမှ မရှိပါကလား၊ သင်္ခတဒုက္ခ အစုအပုံတွေသာ ရှိနေပါကလားလို့ ကြည့်ပေးစမ်းပါ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်း အဲဒီ သင်္ခတ တွေကြည့်လို့ ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာ မြင်ပြီ၊ ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေး ပေါ်လာလိုက်၊ သင်္ခတ ဒုက္ခစိတ်ကလေးကလည်း ပေါ်လာ လိုက်၊ ပျက်, ပျက်သွား ပြန်တော့ ဘာပါလိမ့် (သင်္ခတ ဒုက္ခပါ ဘုရား)၊ အင်း ရုပ်ကလေးက ပေါ်လာတာ ကြည့်လိုက် ပြန်တော့လဲ (သင်္ခတ ဒုက္ခပါ ဘုရား)။

ဝိပဿနာရှုနည်း သင်နေတာ

နို့ ဒါဖြင့် ဒကာ ဒကာမတွေ ဘာတွေချည်း ကြည့်နေရသလဲ (သင်္ခတဒုက္ခတွေပါ ဘုရား)၊ အဲ သင်္ခတဒုက္ခတွေချည်း ဦးခင်မောင်တို့က တွေ့ကြပါလိမ့်မနော် (မှန်လှပါ ဘုရား)၊ ဒါဟာ ဘာသင်နေတာ တုံးလို့ ဒကာ ဒကာမတွေက မမေးပါနဲ့၊ ဝိပဿနာရှုနည်း သင်နေတာ လို့ မှတ်လိုက် စမ်းပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါ ဘာသင်နေတာလဲ (ဝိပဿနာရှုနည်း သင်နေတာပါ ဘုရား)။

ခန္ဓာကိုယ်ကို စိုက်သာကြည့်၊ လိုက်ပြီးတော့ ကြည့်ရင် ခန္ဓာကိုယ်က နာသလိုလို၊ ယားသလိုလို စိတ်တွေ အမျိုးမျိုး ပေါ်ပြီးပျောက်, ပျောက်သွားတာတွေ၊ အင်း ရုပ်တွေ အမျိုးမျိုးပေါ်ပြီး ဖောက်ပြန်သွားတာတွေ မပြောပေဘူးလား၊ ပြောမလား (ပြောပါတယ် ဘုရား)၊

အဲ ဘာဒုက္ခတွေ လို့ သူကပြောသလဲ (သင်္ခတဒုက္ခတွေပါ ဘုရား)၊ သင်္ခတ တွေလို့ ဘယ်သူက ပြောပါလိမ့် (ခန္ဓာကပြောပါတယ် ဘုရား)၊ ခန္ဓာက ပြောတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ချင်ရင် အရိယာ မျက်လုံး တပ်ပေးရလိမ့်မယ် ဦးခင်မောင်၊ နိဗ္ဗာန်ရောက်ချင်ရင် (အရိယာမျက်လုံးတပ်ပေးရပါမယ်)၊ အဲ သင်္ခတ ဒုက္ခကို မြင်တဲ့မျက်လုံးကို ခင်ဗျားတို့ကို ဆရာဘုန်းကြီးက တပ်ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အရိယာမျက်လုံး တပ်ပေးတဲ့နေ့

ဒါဟာ အရိယာမျက်လုံး တပ်ပေးတဲ့နေ့ပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ နိဗ္ဗာန် ရောက်ချင်ရင် ဘာတပ်ပေးရမယ် (အရိယာမျက်လုံး တပ်ပေးရပါမယ်)၊ အရိယာမျက်လုံး တပ်ပေးရမယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ခင်ဗျားတို့ ပင်ကိုမျက်လုံးနဲ့တော့ဖြင့် လှတာရယ်၊ အရုပ်ဆိုးတာရယ်၊ အကျည်းတန်တာရယ် ဦးခင်မောင် ဒါပဲ မြင်မယ် (မှန်ပါ)၊ သင်္ခတ ဒုက္ခကိုတော့ (မမြင်ပါ ဘုရား)၊ မမြင်နိုင်ဘူးဆိုတာ သေချာကြပလား (သေချာ ပါပြီ ဘုရား)။

အဲဒီတော့ ယနေ့သည် ဘယ့်နှယ်ကြောင့် ဆရာ ဘုန်းကြီး ဒီဥစ္စာ ဟောရပါလိမ့်မတုံးလို့ ခင်ဗျားတို့က မေးချင် မေးကြလိမ့်မယ်နော် (မှန်လှပါ)၊ ခင်ဗျားတို့ စိတ်က သင်္ခတ ဒုက္ခမြင်လို့ရှိရင်ဖြင့် ဘုန်းကြီးက အသင်္ခတဘက် ခင်ဗျားတို့ စိတ်ပြေးလိမ့်မယ်ဆိုတာ သေသေချာချာ ဟောထားပါတယ် (မှန်ပါ့)၊

သင်္ခတ ဒုက္ခမြင်ရင် (အသင်္ခတဘက် ပြေးလိမ့်မယ်)၊ အသင်္ခတဘက်ကို ခင်ဗျားတို့ ဉာဏ်ပြေးတော့မယ် (မှန်ပါ့)၊ သင်္ခတဒုက္ခမြင်တဲ့ ဉာဏ်သည် နောက်ဆုံးပိတ် ဘယ်ဘက် ပြေးမယ် ထင်သတုံး (အသင်္ခတဘက် ပြေးပါ တယ် ဘုရား)။

အဲ ဝိပဿနာနှစ်လုံးတည်းနဲ့ ပြီးပါတယ်။ ဒီနေ့ ဟောတဲ့တရားမှာ ပထမရှေးဦးစွာ သင်္ခတဒုက္ခ မြင်ဖို့ (မှန်ပါ့)၊ ပထမ ဦးစွာ ဘာမြင်ရမယ် (သင်္ခတဒုက္ခမြင်ရ ပါမယ် ဘုရား)။

သင်္ခတဒုက္ခမြင်ရမယ်၊ အဲဒီ သင်္ခတဒုက္ခမြင်ဖန်များ လာပြီဆိုမှဖြင့် ဒုက္ခအစစ်ပဲလို့ ဝေဖန်နိုင်ပြီး လာတဲ့အခါကျလို့ ရှိရင် ဒကာသစ် ဉာဏ်ဘယ်ဘက်ပြေးသွားလိမ့်မယ် ထင် သတုံး (အသင်္ခတဘက်ပါ ဘုရား)၊ အသင်္ခတ သုခဘက် ပြေးလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

နာမရူပ ပရိစ္ဆေဒကျမ်း

အဲဒီတော့ ဒါဟာ တဲ့၊ ဒကာ ဒကာမတို့ ဒါ နာမရူပ ပရိစ္ဆေဒကျမ်းက လာတယ်လို့ မှတ်ထား လိုက်စမ်းနော် (မှန်ပါ)။

**ဇနေတာနုတ္တရံ မဂ္ဂ၊

မာသေဝန ဝိသေသတော။

ကဋ္ဌ သံဃဋ္ဋနာ ဇာတာ၊

အစ္စိဓူမာဝ ဘာသုရံ။

(နာမရူပ ပရိစ္ဆေဒ အဋ္ဌကထာ၊ ဒွါဒသမ ပရိစ္ဆေဒဂါထာ အမှတ်-၁၇၇၈။)

ဆိုတဲ့ ပါဠိဂါထာဟာ နာမရူပ ပရိစ္ဆေဒကျမ်းမှာ လာတယ်လို့ မှတ်လိုက်စမ်းပါ။

အဲဒီတော့ကွာ – နိဗ္ဗာန်ကူးဖို့ နိဗ္ဗာန်ဘက်ကို ရောက်သွားတဲ့ဉာဏ်၊ နိဗ္ဗာန်ဘက်ကို ကူးသွားတဲ့ ဉာဏ်ဟာ ဘယ်လိုမြင်လို့ ဘယ်လိုများ ကူးသွားပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ သိတဲ့အတိုင်း တဲ့၊ သင်္ခတဒုက္ခ မြင်တဲ့ဉာဏ် ရင့်လာလို့ရှိရင် ဒီဉာဏ်သည် သင်္ခတ ဒုက္ခဘက်မှ အသင်္ခတဘက်သို့ ကူးသွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ခင်ဗျားတို့ သိတဒုက္ခ မြင်တဲ့ဉာဏ် ရင့်သွား ရင် ဒီဉာဏ် ဘယ်သွားမယ်ထင်တုံး (အသင်္ခတဘက် သွား ပါတယ်)။

ဒါဖြင့် ဝိပဿနာဉာဏ်ပြီးတော့ မဂ်ဉာဏ်လာတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဝိပဿနာဉာဏ်ပြီးတော့ (မဂ်ဉာဏ် လာပါတယ် ဘုရား)။

ဒါဖြင့် သင်္ခတဒုက္ခတွေကို မြင်နေပြီ၊ အားလုံး ဒကာ ဒကာမတွေကို ရှူခိုင်းလို့ မြင်ကြပါပြီ၊ ထိုသို့ မြင်ပြီး သကာလ နေရုံမတ္တနဲ့ ဖျက်ဆို ဒကာ ဒကာမတို့ သင်္ခတဒုက္ခ တွေကို မတွေ့တော့ဘူး (မှန်ပါ ဘုရား)၊ သင်္ခတဒုက္ခ တွေကို မတွေ့တော့ အလျင်က သင်္ခတဒုက္ခတွေ မြင်တဲ့ဉာဏ် ဖျတ်ခနဲ မနေဘူးလား (နေပါတယ် ဘုရား)၊ ဒီရှုနေတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒီဉာဏ် ဘယ်ဘက် သွားပါလိမ့် နောက်ကျတော့ ဒီဉာဏ်ဘယ်ဘက်သွားပါလိမ့်မလဲ လို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ သင်္ခတဒုက္ခ မရှိတဲ့ဘက် ကျုပ်တို့ရှုနေတဲ့ဉာဏ်က သွားပါတယ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပထမဉာဏ်သည် ဘယ်ဘက်မှာနေသတုံး (သင်္ခတ ဘက်မှာနေပါတယ် ဘုရား)။

အေး ဉာဏ်သည် ဒကာ ဒကာမတွေ ရှင်းရှင်း လင်းလင်း မှတ်လိုက်စမ်း၊ ပထမ သင်္ခတ ဒုက္ခဘက်မှာ ယခု ရှိနေတယ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်မှု ဖြစ်ပျက် ဖြစ်ပျက်၊ ဖြစ်ပျက်ဒုက္ခသစ္စာထဲ သူ မရှိဘူးလား (ရှိပါတယ်)၊ နောက်တော့ ဦးခင်မောင်ရေ ဒီဉာဏ် ဘယ်ဘက်ကူးသွား သလဲ (အသင်္ခတဘက် ကူးသွားပါတယ် ဘုရား)။

နိဗ္ဗာန်ဘက်ကို သူ့ဟာသူကူးသွားတယ်

အသင်္ခတသုခဘက် ကူးသွားတယ်ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်တွေ အကုန်လွတ်သွားတယ် (မှန်လှပါ ဘုရား)၊ ရှုရင်းမတ္တနဲ့ ဒီဉာဏ်သည် ဖြစ်ပျက်တွေ ဘယ့်နှယ် (လွတ် သွားပါတယ်)၊ လွတ်သွားပြီး သကာလ ဪ ခိုင်မြဲတဲ့ နိဗ္ဗာန်ဘက်ကို သူ့ဟာသူ ကူးသွားတယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ သူများပေးလို့ရသလား၊ သူ့ဟာသူ ဉာဏ်တက်ပြီး ကူးသွားတာလား (သူ့ဟာသူ ဉာဏ်တက် ပြီးကူးသွားတာပါ ဘုရား)။

ဒါ သေသေချာချာ မှတ်ပါ၊ အလုပ်တရားမှာ နှစ်လုံးတည်းနဲ့ ပြီးအောင်လုပ် (မှန်လှပါ)၊ ဟောနေတယ် ဒကာ ဒကာမတွေ အလုပ်တရားမှာ နှစ်မျိုးတည်းရှိပါတယ်၊ ပထမရှုနေတဲ့ ဝိပဿနာ ဉာဏ်သည် ဒကာ ဒကာမတို့ သင်္ခတ ဒုက္ခဘက်ကို အမြဲလှည့်နေတာပဲ (မှန်လှပါ ဘုရား)။

ပထမရှုနေတဲ့ဉာဏ်သည် ဘယ်ဘက်လှည့်နေသတုံး၊ (သင်္ခတဒုက္ခဘက်လှည့်နေပါတယ်)၊ သင်္ခတဒုက္ခဘက် လှည့်နေတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါ သင်္ခတဒုက္ခဘက် လှည့်နေတယ်ဆိုတာ ဖြစ်ပျက်အနိစ္စဘက် လှည့်နေတယ်ဆိုတာ ဟုတ်တာပဲ (မှန်ပါ့)၊ ဖြစ်ပျက်ဒုက္ခဘက် လှည့်နေတယ်ဆိုရင်ကော (ဟုတ်ပါတယ်)၊ ဖြစ်ပျက် အနတ္တဘက် လှည့်နေတယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

အဲဒီ လှည့်ရာကနေပြီး သကာလ ဒီဉာဏ်တွေ အရ ရှုနေတဲ့ ဉာဏ်တွေက ဒါက သင်္ခတ ဒုက္ခတွေ ထားပါတော့၊ ဒီဘက်ကဟာတွေ (မှန်ပါ့)၊ ဒီသင်္ခတ ဒုက္ခတွေကို တစ်ခု ပေါ်လိုက် တစ်ခု ပျက်လိုက်နဲ့ လိုက်လိုက်, လိုက်လိုက်ပြီး သကာလ သွားတဲ့အခါကျတော့ သင်္ခတဒုက္ခတွေကို ဒီဉာဏ်တွေက မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

အသင်္ခတသုခဘက် လှည့်သွားတယ်

အဲ မြင်ရာကနေပြီး သကာလ နောက်ဒီဉာဏ်က ဘယ်ဘက် လှည့်သွားသတုံး လို့ မေးရင် ဘယ့်နှယ်ကြ မယ် (အသင်္ခတ သုခဘက် လှည့်သွားပါတယ်)၊ ဟော သင်္ခတ ဒုက္ခတွေ ချုပ်တဲ့ဘက် လှည့်သွားပါတယ်၊ သင်္ခတ ဒုက္ခတွေ အကုန်ချုပ်တော့ အသင်္ခတ သုခလို့ ဦးခင်မောင် ဆိုလိုက်စမ်း (မှန်လှပါ ဘုရား)၊ ဘယ်လို ဆိုကြမယ် (အသင်္ခတသုခပါ ဘုရား)၊ အသင်္ခတသုခ ဆိုတာ ဒကာ ဒကာမတို့ အသင်္ခတနိဗ္ဗာန်၊ ရှင်းပလား (ရှင်းပါပြီ)၊

အသင်္ခတဆိုတာ ဦးခင်မောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဉာဏ်ဟာ အခု ဒါက ဒကာ ဒကာမတွေ ခန္ဓာအစဉ်တုံးကြီးဆိုလိုက်ပါ၊ ပထမတော့ဖြင့် ခန္ဓာပဲ ဘုန်းကြီး က အရှုခိုင်းတာပဲ၊ ပထမတော့ ဘာရှုခိုင်းပါလိမ့် (ခန္ဓာပဲအရှုခိုင်းပါတယ် ဘုရား)၊ ခန္ဓာရှုတော့ ခင်ဗျားတို့က ဘာတွေတွေ့ပါလိမ့် (ဖြစ်ပျက်တွေ တွေ့ပါတယ် ဘုရား)၊ သင်္ခတဒုက္ခတွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

အဲ သင်္ခတ ဒုက္ခတွေ့လို့ သင်္ခတ ဒုက္ခတွေ တွေ့တဲ့ ဉာဏ်တွေသည် ဒကာသစ် ရင့်သွားတယ် (မှန်ပါ့)၊ သင်္ခတဒုက္ခတွေ့တဲ့ ဉာဏ်သည် ရင့်မလာဘူးလား (လာပါတယ် ဘုရား)၊ ရှုဖန်များရင် ရင့်လာတာပေါ့ဗျာ (မှန်ပါ)။

ရှုဖန်များတဲ့အခါကျတော့ ဒီကဒုက္ခ၊ ဒီကဉာဏ်၊ အင်း ဒီက သင်္ခတဒုက္ခ၊ ဒီက မြင်တတ်တဲ့ တရား၊ ဒီလိုချည်း မြင်မနေပေဘူးလား (မြင်ပါတယ် ဘုရား)၊ မြင်လာတော့ ကြာတော့ မြင်ဖန် များလာတဲ့ အခါ ဦးခင်မောင် ဒီမြင်တဲ့ဉာဏ် ဟာ နုသွားမလား, ရင့်သွားမလား (ရင့်လာပါတယ် ဘုရား)။

မြင်ပါများလို့ရင့်လာတာ

ဒါက ခင်ဗျားတို့ ပါရမီရှိလို့ ရင့်လာတာလား သင်္ခတ ဒုက္ခမြင်ဖန်များလို့ ရင့်လာတာလား (သင်္ခတဒုက္ခ မြင်ဖန်များလို့ ရင့်လာတာပါ ဘုရား)၊ သင်္ခတဒုက္ခ မြင်ဖန်များလို့ ရင့်လာတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲ သင်္ခတဒုက္ခသည် မြင်ဖန်များလို့ ရင့်လာတဲ့ အခါကျတော့ ဪ ဒီဥစ္စာ သင်္ခတ ဒုက္ခမှ တစ်ပါး ဘာမှ မရှိပါကလား၊ မိမိခန္ဓာကိုယ်ထဲမှာ ဒိဋ္ဌိတို့ ဘာတို့တောင် ခံနေ စရာ မလိုတော့ပါဘူး၊ အင်း ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ သင်္ခတဒုက္ခတွေသာ ဧကန်ရှိ, တကယ်ရှိနေပါ ကလား လို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက် မကျပေဘူးလား (ကျပါတယ် ဘုရား)။

အင်း ဉာဏ်နဲ့ဆုံးဖြတ်ချက်ချလို့ သင်္ခတဒုက္ခ မြင်ဖန်များလာပြီဆိုမှဖြင့် ဒကာ ဒကာမတို့ တဲ့၊ ဒီဉာဏ် သည် တဲ့၊ သင်္ခတ ဒုက္ခဘက်ကို မလှည့်တော့ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သင်္ခတ ဒုက္ခချုပ်တဲ့ ဘက် လှည့်သွားတယ် (မှန်ပါ့ ဘုရား)၊ ဘယ်ဘက် လှည့်သွားပါလိမ့် (သင်္ခတ ဒုက္ခချုပ်တဲ့ဘက် လှည့်သွားပါ တယ်)၊ သင်္ခတဒုက္ခ ချုပ်တဲ့ဘက် လှည့်သွားတယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ပထမဉာဏ်ဟာ ဘယ်ဘက် လှည့် သတုံး (သင်္ခတ ဒုက္ခဘက် လှည့်ပါတယ် ဘုရား)၊ နောက် ရင့်လာတဲ့ဉာဏ် ဘယ်ဘက်လှည့်သတုံး (သင်္ခတ ချုပ်တဲ့ ဘက် လှည့်ပါတယ် ဘုရား)၊ ဒါပဲ ဒါပဲ၊ ဒကာ ဒကာမတို့ ဘုရား ပွင့်လည်း ဒါဟောမှာပဲ (မှန်ပါ့ ဘုရား)။

ဒီအမွေပဲ ပေးနေတယ်

ဘုရားပွင့်လည်း ဒါဟောမှာပဲ၊ ဘုရားကလည်း ဒါကို ဟောလို့ ဘုန်းကြီးကလည်း အမွေရလို့ ဒကာ ဒကာမတွေ ဒါပဲ ဒီအမွေပဲ ပေးနေတယ် (မှန်လှပါ)၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ပထမဉာဏ်သည် ဒကာ ဒကာမတွေ ဘယ်ဘက် လှည့်နေသတုံး (သင်္ခတဒုက္ခဘက် လှည့်နေပါတယ် ဘုရား)၊ နောက်ဒီဉာဏ်ရင့်လာရင် ဘယ်ဘက်လှည့်မယ် ထင်သတုံး (သင်္ခတ ချုပ်တဲ့ဘက် လှည့်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဖြူဖြူကလေးက အသင်္ခတ နိဗ္ဗာန် ထားလိုက်၊ ဟိုဘက်က သင်္ခတဒုက္ခ တွေက ခန္ဓာကြီး ထားပါတော့နော် (မှန်ပါ)၊ ဒီဘက်က ဘာပါလိမ့် (သင်္ခတ ဒုက္ခ)၊ ဒီဘက်က အသင်္ခတ ဓာတ် နိဗ္ဗာန်ပေါ့ဗျ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီက ရှုတဲ့ဉာဏ်က ဒကာ ဒကာမတွေက ပထမ ရှေးဦးစွာ သင်္ခတဒုက္ခတွေချည်း ရှုနေရမယ်၊ ဝေဒနာပေါ်လည်း ဖြစ်ပျက်ရှုနေ၊ စိတ်ပေါ်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ရုပ်တွေပေါ်နေရင် (ဖြစ်ပျက် ရှုနေရပါမယ် ဘုရား)။

ဉာဏ်သည်ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ်

အဲဒီတော့ ဒကာ ဒကာမတို့ ဒီဖြစ်ပျက်တွေ မြင်ရာကနေပြီး သကာလ မှ ဒီဉာဏ်သည် ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ် (မှန်ပါ့)၊ ဒီဘက်လှည့်တယ်၊ ရှူရင်း မတ္တနဲ့ကော ဒကာ ဒကာမတို့ ဘယ်လှည့်သွားသလဲ (ရှုရင်းမတ္တ လှည့်သွားပါမယ် ဘုရား)။

ရှုရင်းမတ္တနဲ့ လှည့်သွားတော့ကို ဒီခန္ဓာကြီးက မရှိလို့ လှည့်သွားတာလား ဉာဏ်တက်လို့ လှည့်သွား တာလား မေးဖို့ လိုလာတယ် (မှန်ပါ့)၊ မလိုဘူးလား (လိုပါ တယ်)၊ အဲဒါဝိပဿနာ ယောဂီပုဂ္ဂိုလ်ဟာတဲ့ နိဗ္ဗာန်ဆိုတဲ့ ခန္ဓာ မရတဲ့ နိဗ္ဗာန်မှ မရောက်သေးတဲ့ဥစ္စာ ခန္ဓာကတော့ ရှိနေတာပဲ (မှန်လှပါ ဘုရား)၊ ခန္ဓာဖြစ်ပျက် ကတော့ ရှိရမယ် (ရှိပါတယ်)၊ ဉာဏ်ကသာ ဒီဘက်လှည့်တာ (မှန်ပါ့ ဘုရား)။

ဒါကို သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ဒီတစ်လုံး သိပ်အရေးကြီး ပါတယ် (မှန်ပါ့)၊ ဒီခန္ဓာကြီးကတော့ ဘယ့်နှယ်တုံး (ရှိပါတယ် ဘုရား)၊ ရှိရင်းမတ္တနဲ့ ဘယ်လှည့် သွားသတုံး (အသင်္ခတ ဘက်လှည့်ပါတယ်)၊ ဒီခန္ဓာမရှိတဲ့ အသင်္ခတဘက် လှည့်မသွား ဘူးလား (သွားပါတယ် ဘုရား)။

သင်္ခတဒုက္ခကို နာနာရှုပေးပါ

ဒါဖြင့် ဒကာ ဒကာမတို့ ဪ နိဗ္ဗာန်ရောက် ချင်တဲ့ပုဂ္ဂိုလ်များဟာ ဘာကို နာနာ အလုပ် လုပ်ရမှာတုံးဆိုတဲ့ မေးခွန်းဟာဖြင့် ယနေ့ ပြောမယ်လို့ အောက်မေ့ပါတယ် (မှန်ပါ့ ဘုရား)၊ ဘာကို နာနာလုပ်ရမလဲ (သင်္ခတဒုက္ခ နာနာရှုရပါမယ်)၊ သင်္ခတဒုက္ခကို နာနာ ရှုပေးရမှာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်ကို (နာနာရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ကို နာနာရှုလို့ ဒီဉာဏ်ဟာ ရင့်ခြင်းမက, ရင့်လာပြီဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒီဉာဏ်သည် သင်္ခတ ဘက်ကနေပြီး အသင်္ခတဘက်ကို ကိုယ့်ဟာကိုယ် ကူးသွား မယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ သင်္ခတ ဘက်က (အသင်္ခတဘက် ကူးပါမယ်)၊ အသင်္ခတဘက် ကို ကိုယ့်ဟာကိုယ် ကူးသွားမယ်နော် (မှန်ပါ့ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဒါဖြင့် ဒါဟာ နိဗ္ဗာန်မြင် တယ်လို့ ဆိုလို့ရှိရင်ကော သဘောကျပလား (ကျပါပြီ)၊

ကောင်းပြီ သေမှ မြင်ရမှာလား၊ ရှုရင်းမတ္တနဲ့ ကူးသွားတာ မြင်ရမှာလား (ရှုရင်းမတ္တနဲ့ ကူးသွားတာ မြင်ရမှာပါ ဘုရား)။

မဂ္ဂင်ရှစ်ပါးလာဖြစ်တယ်

ရှုရင်းမတ္တနဲ့ ကူးသွားတာ မြင်ရမယ် ဆိုတော့ ဒီဥစ္စာဟာ သေသေချာချာ မဂ္ဂင်ရှစ်ပါး လာဖြစ်တယ်လို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် ချတာပေါ့ဗျာ (မှန်ပါ့)၊ ကူးသွားလို့ရှိရင် မဂ္ဂင် ရှစ်ပါး ဖြစ်တယ် (မှန်ပါ့)၊ မကူးသေးရင် မဂ္ဂင်ငါးပါးပဲရှိနေ တယ်မှတ် (မှန်ပါ့ ဘုရား)၊ မကူးသေးရင် (မဂ္ဂင်ငါးပါး ရှိနေပါတယ်)၊ ကူးသွားရင် (မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်)။

ဒါဖြင့် ခန္ဓာကြီးရှိလျက်နဲ့ ကူးသွားတာလား၊ ခန္ဓာတွေ ပျောက်ပြီးတော့ ကူးသွားတာလားလို့ မေးတော့ ခန္ဓာကတော့ ဘေးကနေကြည့် ရှိတာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)၊ ခန္ဓာကတော့ (ရှိပါတယ် ဘုရား)။

ဉာဏ်ကကူးသွားတာ

ကိုယ့်ခန္ဓာကတော့ ဘေးကနေကြည့် ရှိနေတာပဲ ရှိပင် ရှိသော်လည်း ဉာဏ်က ကူးသွားတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (ဉာဏ်က ကူးသွားတာပါ ဘုရား)၊ ဉာဏ်က ကူးသွားလို့ သေသေချာချာ မှတ်ပါ။

အခုတရားဟာ ဒကာ ဒကာမတို့ နာရီသုံးမတ် လောက်သာ ရှိသွားသေးတယ်၊ ဒကာသစ် လိုရင်းက ဒီနှစ်လုံး တည်းသာ ပြောနေတာ (မှန်လှပါ ဘုရား)၊ ဘယ်နှစ်လုံး ပြောနေတာပါလိမ့် (နှစ်လုံးတည်းပြောနေတာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဪ သူများ ပြောသံကြားတွေကို မယုံကြည်ပါနဲ့နော် (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်ဆိုတာအဝေးကြီးကွ၊ လွယ်လွယ်နဲ့ရတာ မဟုတ်ဘူးကွ၊ ဒီလိုမဆိုလိုက်ပါနဲ့နော် (မှန်ပါ့)၊ သင်္ခတဒုက္ခသာ ခင်ဗျား တို့က ဖြစ်ပျက်တွေကိုသာ ခပ်များများ ရှုပေးပါ၊ ဒကာ ဒကာမ တို့နော် (မှန်ပါ့ ဘုရား)။

ဘာကို ဖြိုင်ဖြိုင်ကြည့်ရမလဲ (သင်္ခတဒုက္ခပါ)၊ သင်္ခတဒုက္ခကိုသာ ဖြိုင်ဖြိုင်ကြည့်ပေးပါ၊ သင်္ခတဖြိုင်ဖြိုင် ကြည့်ပေးလို့ရှိရင် ဒီဉာဏ်သည် သင်္ခတကျော်ပြီး သကာလ အသင်္ခတသုခဆိုတဲ့ နိဗ္ဗာန်ဘက် ကူးမလား, မကူးဘူးလား (ကူးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝေးကြီးလား၊ အနီး ကလေးလားဆိုတော့ အို သင်္ခတ မဆုံးလို့ အသင်္ခတ မတွေ့သေးတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အသင်္ခတမြင်တာ အပါးမဝသေးလို့ (ဝါ) အကြိမ် မများသေးလို့ အသင်္ခတဘက် မကူးတာ (မှန်လှ ပါ ဘုရား)၊ နို့မို့ရင် ဒီဉာဏ်ကူးပါတယ် (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဖြစ်ပျက်ကိုသာ ဉာဏ်နဲ့တက်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်လိုချင်ရင် ဘာကိုမဲပြီး ရှုရမလဲဆိုတာကော အဖြေထွက်ပလား (ထွက်ပါပြီ ဘုရား)၊ ဘာကို မဲရှုရမလဲ (သင်္ခတဒုက္ခကို မဲရှုရပါမယ် ဘုရား)။

ဪ သင်္ခတ ဒုက္ခဆိုတာ ဘုန်းကြီးပြောနေကျ။ ဒကာ ဒကာမတွေ နားရည်ဝလို့ သိနေကြပြီ ဖြစ်တဲ့ ဖြစ်ပျက်ပါပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (မှန်ပါ ဘုရား)၊ အဲဒီ ဖြစ်ပျက်ကိုသာ ဦးခင်မောင်တို့က ဉာဏ်နဲ့တက်ပါ (မှန်ပါ့ ဘုရား)၊ ငါ နိဗ္ဗာန်လိုချင်တယ်လို့ မလာနဲ့ (မှန်လှပါ)၊ အားလုံး တရားတစ်ပွဲလုံး ဆုံးဖြတ်ချက် ချပေးလိုက်ပါတယ်၊ ဒကာ ဒကာမတို့၊ ငါ နိဗ္ဗာန်လိုချင်တဲ့ စိတ်ကိုမလာစေနဲ့ (မှန်ပါ့)၊ သင်္ခတကိုသာ ရှုပေး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဘာကိုရှုရမလဲ (သင်္ခတကိုသာ ရှုပေး ရပါမယ် ဘုရား)။

သင်္ခတကိုသာ ရှုနေ၊ ရှုလို့ ဒီဉာဏ်ဟာ ရင့်ထက်မက ရင့်လာတယ်ဆိုရင်ဖြင့် ကိုမြရွှေ ဘယ်ကူးမယ် ထင်သတုံး (အသင်္ခတဘက် ကူးပါမယ် ဘုရား)၊ ခင်ဗျားတို့က ကူးခိုင်းလို့ ကူးတာလား၊ သူ့ဟာသူ ဉာဏ်ရင့်လို့ ကူးတာလား (သူ့ဟာသူဉာဏ်ရင့်လို့ ကူးတာပါ ဘုရား)၊ သဘောပါပြီ။ (ပါ, ပါပြီ ဘုရား)။

ဒါပြောရလို့ ကျေနပ်သွားပြီ

ဒီတစ်လုံးပြောရတာနဲ့ ဘုန်းကြီးက အားလုံး တရားပွဲ တစ်ပွဲလုံးရှိ ဆွေမျိုးဉာတကာ၊ မိဘတွေလို ဘဝက မတော်ဖူးတာ မရှိတဲ့ ပုဂ္ဂိုလ်တွေကို ဒီဥစ္စာကလေး နှစ်လုံး ပြောရတာကို အတော်ကျေနပ်သွားပြီ (မှန်လှပါ ဘုရား)၊ ဘာပြုလို့ မှ ဒီလောက် ကျေနပ်ရသတုံးလို့ မေးတဲ့ အခါကျတော့ ကိုမြရွှေ ဒီကနေပြီး ဒီကူးတယ် ဆိုတဲ့ဥစ္စာဟာ နိဗ္ဗာန်သွားလမ်းက ဒါပဲ ရှိတာပဲ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (နိဗ္ဗာန်သွားလမ်းက ဒီလမ်း ပဲရှိပါတယ်)၊ သင်္ခတနဲ့ အသင်္ခတ နိဗ္ဗာန်ရှိတာပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)၊

ဒါကြောင့် ဘုရားက သင်္ခတ ဓမ္မာဆိုတာ ဒီဘက်မှာကွ (မှန်ပါ့)၊ သဘောပါပြီလား (ပါ, ပါပြီ)၊ အသင်္ခတဓမ္မာ ဆိုတာ ဒီဘက်မှာကွ (မှန်ပါ့)၊ တရားနှစ်မျိုးပဲရှိတယ်ကွ၊ ဓမ္မသင်္ဂဏီမှာ ဟောထား တယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒီဘက်ကဘာတုံး (သင်္ခတဓမ္မပါ)၊ သင်္ခတာဓမ္မာ၊ ဒီဘက် ကဘာတုံး (အသင်္ခတဓမ္မပါ ဘုရား)။

အသင်္ခတဟာ နိဗ္ဗာန်ပဲဗျ (မှန်ပါ)၊ ဒီဘက်က သင်္ခတ တွေဟာ ရှုကြည့်နိုင်မှ ပေါ်တဲ့ ဖြစ်ပျက်တွေကိုးဗျ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ဉာဏ်သည်ရှေးဦးစွာ ပေါ်တဲ့အလှည့်က (ဖြစ်ပျက် မြင်ရမယ်)၊ သဘောပါပလား (ပါ, ပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာ ရှိနှင့်နေတာလား

ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ရှိနေတာလား၊ သူကရှိပြီး သကာလ ဒီဘက်က အသင်္ခတ စောင့်နေတာလား၊ အင်း သူက ရှိနှင့်နေတာလား၊ အင်း သူကပဲ အတိတ် သဘောနဲ့ ရှိနှင့်နေတာလား၊ ဘယ်လို တုံး၊ ပစ္စုပ္ပန်သဘောနဲ့ ယခု ရှိနှင့်နေတာလား၊ မေးဖို့မလိုဘူး လား (လိုပါတယ် ဘုရား)၊ အတိတ်သဘောနဲ့ ရှိနှင့်နေတာလား၊ ပစ္စုပ္ပန်သဘောနဲ့ ယခုရှိနေတာလား၊ ဟာ နောက်ကျမှ အနာဂတ် ကျမှပေါ်မှာလား သုံးချက်မေးရမယ်။ ခင်ဗျားတို့ကို ဟုတ်လား (မှန်ပါ)။

နိဗ္ဗာန်သည်ယခုရှိဆဲလား

နိဗ္ဗာန်သည် အတိတ်က ရှိသလားလို့ မေးလို့ရှိရင် ဦးခင်မောင်တို့ မရှိဘူး ပြောနော် (မှန်ပါ)၊ သဘောကျ သလား (ကျပါပြီ)၊ ပစ္စုပ္ပန် ယခုရှိသလား မေးရင်လဲ (မရှိပါ ဘုရား)၊ မရှိဘူး၊ အနာဂတ်မှာ ရှိနေသလားလို့ မေးရင် (မရှိပါ ဘုရား)၊ မရှိဘူး ဒကာ ဒကာမတို့၊ အဲဒီတော့ ဒီလိုရှိတဲ့ တရား မဟုတ်ပါဘူး ဒကာ ဒကာမတို့ (မှန်လှ ပါ ဘုရား)။

ဒါဖြင့် ဘယ်လိုရှိတဲ့ တရားလည်းဆိုလို့မေးရင်ဖြင့် တဲ့၊ မိလိန္ဒမင်းကြီး ထည့်ပေးကြစို့ ဦးခင်မောင် နော် (မှန်လှပါ)၊ မိလိန္ဒမင်းကြီးက နိဗ္ဗာန်ဆိုတာ ဒီလိုလား၊ အတိတ် က ရှိပြီးသားလား ဘုရား၊ ယခုပစ္စုပ္ပန် ရှိဆဲလားဘုရား၊ နောက်မှ ပဲရှိလတ္တံ့သော တရားမျိုးလား ဘုရား ဆိုတော့ ဒကာကြီး ဒီလိုမဟုတ်ဘူး ဖြေတာပဲ (မှန်လှပါ ဘုရား)။

ဝါးစိမ်းနှစ်လုံး

ဒီလိုမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ဒီ ဝါးစိမ်း ၂လုံး၊ ဒီဘက်က ဝါးစိမ်းလည်း တစ်တောင် လောက်ဖြတ် ဒကာသစ်ရေနော် (မှန်ပါ)၊ ဒီဘက်က ဝါးစိမ်းလည်း တစ်တောင်လောက် ဖြတ်ပြီး ဝါး ၂,လုံးကို ပွတ်ပါ၊ ဘယ်ဝါးလုံးမှ နဂိုတုန်းက မပွတ်ခင်တုန်းက ပူတတ်တဲ့မီးစ မပါဘူး၊ သူတို့မှာ ဘာမှ မရှိဘူး (မှန်ပါ ဘုရား)၊ သူတို့မှာ ပါရဲ့လား (မပါ, ပါ ဘုရား)၊ မပါဘူးဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)။

မလျှော့တမ်းပွတ်ပေးစမ်းပါ

သို့သော် ခင်ဗျားတို့က မလျှော့တမ်း ပွတ်ပေးစမ်းပါ၊ မီးထွက်မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီမီးဟာ ဝါးထဲမှာပါတာလား၊ အခုမှ အလုပ် လုပ်လို့ပေါ်လာတာလား (အခုမှလုပ်လို့ ပေါ်လာတာပါ)၊ အဲ ခင်ဗျားတို့ဟာတဲ့ အလုပ်, လုပ်တဲ့ပုဂ္ဂိုလ်မှ သင်္ခတပေါ်လာတာ၊ အလုပ်, မလုပ်တဲ့ ပုဂ္ဂိုလ်မှာ မပေါ်ဘူး၊ အလုပ်, လုပ်တဲ့ ပုဂ္ဂိုလ်မှာ သင်္ခတ သိတဲ့ဉာဏ် (ပေါ်လာပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားနာရုံ နဲ့မကျေနပ်ဘဲနဲ့ ဘုန်းကြီးက နားလည်အောင်လည်း ပြောမယ်။

လုပ်နည်းကိုလည်းပြောမှာ ဧကန် မှတ်ပြီး သကာလ ဪ ဝါးလုံးပွတ်တာကို ဆရာဘုန်းကြီး ကရော မိလိန္ဒမင်းကြီးက မေးလို့ ရှင်နာဂသိန်က ဖြေနည်းရော၊ ဝါးလုံး သူ့ဟာသူသာ ချထား၊ အေးနေတာပဲ၊ ဘယ်နည်းနဲမှ ဦးခင်မောင် အပူဓာတ် လာမှာမဟုတ်ဘူး၊ လာပါ့မလား (မလာပါ ဘုရား)။

မီးထွက်တဲ့အလုပ်က ဝါးအလုပ်

အဲ ဦးခင်မောင် တစ်လုံးအောက်ကထား၊ တစ်လုံးကိုအပေါ်ကထားပြီး ပွတ်စမ်းဗျာ၊ ဘာဖြစ်လာမလဲ (ပူလာပါလိမ့်မယ်)၊ ဒကာ ဒကာမတွေ ပူလာလိမ့်မယ် ဆိုတာ သေချာပလား (သေချာပါပြီ)၊ ကဲ ဒကာ ဒကာမတွေ အလုပ်က ဘာပါလိမ့် (ပွတ်တဲ့အလုပ်ပါ)။ မီးထွက်တဲ့အလုပ်က ဘာပါလိမ့် (ဝါးအလုပ်ပါ)၊ ဒါကြောင့် ခင်ဗျားတို့ဟာလည်း သင်္ခတ ဒုက္ခတွေသာ ဖြိုင်ဖြိုင်ကြီး ရှုပေးကြပါ၊ အဲဒီလို ရှုပေးရင် ဝိပဿနာဉာဏ် ရင့်ရင့်လာမယ်၊ ဝိပဿနာ ဉာဏ်ရင့်ရင့်လာတာကို ဘာဆိုကြ မလဲ (ပူလာတာပါ)၊ မီးထွက်တော့မလို့ ပူတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် တတ်နိုင်သမျှ ဦးခင်မောင်ကဖြစ်စေ၊ ကိုမြရွှေကဖြစ်စေ၊ ဒကာသစ်ကဖြစ်စေ၊ တတ်နိုင်သလောက် တိုက်လိုက်တော့ မီးထတောက်တဲ့ အခြေအနေရောက်တော့ တစ်ခါတည်း မီးတွေထ,တောက်တာပဲ (မှန်လှပါ ဘုရား)၊ မတောက်ဘဲနေပါ့မလား (တောက်ပါတယ်)၊ ကိုင်း နဂိုကဝါးထဲမှာ မီးပါလို့လား တဲ့၊ လုပ်သော ပုဂ္ဂိုလ်၏ လုံ့လ ပယောဂ ထက်သန်မှုကြောင့်လား (လုပ်သော ပုဂ္ဂိုလ်၏ လုံ့လ ပယောဂ ထက်သန်မှုကြောင့်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပွတ်ပါများလို့ ပူပြီးမီးထွက်

ဒါဖြင့် ဝါးထဲမှာ မီးမပါ၊ ပွတ်ပါများလို့ပူ၊ ပူဖန်များလို့ မီးဖြစ်၊ ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား)၊ ဒီမှာလည်း ခင်ဗျားတို့ သင်္ခတ တရားကို ဒီဉာဏ်ကလေးနဲ့ အမြဲတမ်းသာရှု၊ ရှုတာနဲ့ ပူလာတာနဲ့ အတူတူပဲ၊ မီးထွက်တော့ မလို့ဆိုတာ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ရှုနိုင်သရွေ့ ရှုလိုက်ပြီဆိုမှဖြင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေမှာ ဟောဒီတရားဟာ ဝိပဿနာမဂ်က လောကုတ္တရာမဂ်ဖြစ်ပြီး သကာလ တစ်ခါတည်း မီးထတောက် တာနဲ့ ဦးခင်မောင် အတူတူ ဖြစ်တယ် (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊

ဒါဖြင့် ဒကာ ဒကာမတို့ ဆုတောင်း အလုပ်လားတဲ့၊ သင်္ခတ တရားကို ရှုကြည့်ရမည့် အလုပ် လားတဲ့ (သင်္ခတ တရားကို ရှုကြည့်ရမည့် အလုပ် ပါ ဘုရား)၊ သင်္ခတ တရား ရှုလိုက်လို့ရှိရင် မီးဟာ ပူထွက်လာတာပဲ (မှန်ပါ့ ဘုရား)။

မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်

အသင်္ခတဘက် ကူးတော့မယ်ဆိုရင် မီးတွေ တောက် လာတယ် (မှန်လှပါ ဘုရား)၊ အသင်္ခတ ဘက် ကူးတော့ – မယ်ဆိုရင် (မီးတောက်လာပါတယ်)၊ မီးတောက်လာ တယ်ဆိုတာလည်း မိလိန္ဒ မင်းကြီးက မေးလို့ ရှင်နာဂသိန် က ဖြေတာပါလားဆိုတာလည်း သေသေချာချာ မှတ်ကြပါ။ ဒါဟာ ပါဠိ အကိုးအကား ရွတ်ပြီး ပြောနေတယ်လို့ ဒီလိုမယူကြနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယနေ့ ပြောစရာရှိတဲ့အချက်က ဒီနှစ်လုံးပဲ ပြောစရာ ရှိနေတော့ တပည့်တော်တို့ နိဗ္ဗာန် ရောက်ချင်တယ်ဘုရား၊ ဘယ့်နှယ်များ လုပ်ရပါမတုံး၊ ကဲ တရား တစ်ပွဲလုံးက မမေးပေဘူးလား (မေးပါတယ် ဘုရား)၊

နိဗ္ဗာန် ရောက်ချင်တယ်ဘုရား တပည့်တော်တို့ အိုရ နာရ သေရ မွေးရ ဆိုတဲ့ ဒုက္ခတွေက တပည့်တော်တို့ ကိုယ်တိုင် မြင်နေရပြီ၊ တပည့်တော်တို့ နိဗ္ဗာန်ရောက်မှ အေးမယ်လို့ ဟောကြတယ်၊ ဟောတဲ့ အတိုင်းပဲ နိဗ္ဗာန်ရောက်မှပဲ နေရာကျမှာပဲ၊ တပည့်တော်တို့ နိဗ္ဗာန် ရောက်ချင်တယ်ဘုရာ့ ဆိုလ ို့ရှိရင်ဖြင့် နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ တိုက်ရိုက် မရောက်နိုင်ဘူး (မှန်ပါ)။

သင်္ခတဘက်ကို ဉာဏ်လှည့်ပြီးမှ အသင်္ခတဘက်ကို ဉာဏ်ရောက်မှာပဲ (မှန်လှပါ)၊ သဘော ကျပလား (ကျပါပြီ)၊ ဒီဉာဏ်သည် ရှေးဦးစွာ ဘယ်လှည့်ရမလဲ (သင်္ခတဘက်လှည့်ရပါမယ်) သင်္ခတ ဘက်ကို လှည့်လို့ ရင့်သန်တော့မှ ဘယ်လှည့်ရမလဲ (အသင်္ခတဘက်ကို လှည့်ပါမယ် ဘုရား)။

ကဲ ဒါဖြင့် နာမရူပ ပရိစ္ဆေဒကျမ်းမှာ

‘‘ပရိပက္ကာ ကမေနေဝံ

ပရိဘာဝိတ ဘာဝနာ၊

ပရိစ္စဇန္တိ သင်္ခါရေ၊

ပက္ခန္ဒန္တိ အသင်္ခတေ။

နာမရူပ ပရိစ္ဆေဒကျမ်း (ဂါထာအမှတ် ၁၅၅)

ပရိပက္ကာ ကမေနေဝံ၊ မင်း အခုအတိုင်း ရင့်ကျက် အောင် လုပ်စမ်းပါတဲ့၊ ပရိဘာဝိတ ဘာဝနာ၊ ပွားတာဟာ သိမ်းပြီတဲ့၊ သင်္ခတ တရားဖြစ်ပျက်ကို ရှုသာနေတဲ့ ဒကာ ဒကာမတို့ ပွားသာနေတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဖြစ်ပျက်တွေ ဘာလုပ်နေမယ် (ပွားနေရပါမယ် ဘုရား)၊ ပွားနေပါတဲ့ ပရိပက္ခာ ကမေနေဝံ၊ သူဟာ ရင့်ကျက်လာပါလိမ့် မယ်တဲ့ (မှန်လှပါ)။

ပရိဘာဝိတ ဘာဝနာ၊ နောက်ကျတော့ ဘာဖြစ်သတုံး ဘုရားတဲ့၊ ဒါတွေ ရင့်ကျက်လာတယ် (မှန်ပါ)၊ ပရိစ္စဇန္တိ သင်္ခါရေ၊ ဟောဒီ သင်္ခါရတွေကို ဟောဒီဉာဏ်က စွန့်လိမ့် မယ်ကွ တဲ့၊ မခင်တွယ် တော့ဘူး (မှန်လှပါ)၊ ဒီသင်္ခတဒုက္ခ တွေကို (စွန့်မယ်)၊ စွန့်သွားမယ် (မှန်ပါ့)၊ စွန့်သွားတော့ ပက္ခန္ဒန္တီ အသင်္ခတေ၊ ဒီဘက်ကူးလာလိမ့်မယ်ကွတဲ့ (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့ဟာသူအသင်္ခတဘက်ကူးသွားတယ်

သင်္ခတဒုက္ခစွန့်ပြီး ဘယ်ဘက်ကို ကူးမလဲ (အသင်္ခတဘက်ကူးပါမယ်)၊ ဟော ခင်ဗျားတို့ ရှုနေတဲ့ ဉာဏ်ဟာ ပထမ ဒီဘက်ကိုလှည့်နေတယ်၊ မဂ္ဂင်သည် ပထမတော့ သင်္ခတဒုက္ခ ဖြစ်ပျက်ဘက် မလှည့်ဘူးလား (လှည့် ပါတယ်)၊ ရင့်ကျက်လာတော့ အသင်္ခတဘက် သူ့ဟာသူ လှည့်သွားတယ် (မှန်လှပါ)၊ ခင်ဗျားတို့က ဆုတောင်းရ တာလား၊ သူ့ဟာသူ လှည့်တာလား (သူ့ဟာသူ လှည့် သွားတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်က ဘာလုပ်ပါလိမ့်မတုံး လို့ ဘုန်းကြီးကမေးတော့ ခင်ဗျားတို့ အလုပ်ဟာ သင်္ခတဒုက္ခဘက် လှည့်ဖို့က ခင်ဗျားတို့တာဝန် (မှန်လှပါ)၊ နိဗ္ဗာန်ဘက်လှည့် ဖို့ အလုပ်က မဂ်၏ တာဝန် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊

ခင်ဗျားတို့အလုပ်က ဘာတုံး (သင်္ခတ ဒုက္ခဘက်လှည့်ဖို့ပါ)၊ သင်္ခတဒုက္ခအလုပ်ကိုပဲ ရှေးဦးစွာ မဂ္ဂင် ငါးပါးနဲ့ လှည့်နေဖို့လိုတယ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ နောက်ကျတော့ မဂ်က ကျုပ်ကို နိဗ္ဗာန်ပို့ပေးပါလို့ ဆိုရမှာလား၊ သူ့ဟာသူ နိဗ္ဗာန်ဆီလှည့်သွားတာလား (သူ့ဟာသူ နိဗ္ဗာန်ဆီ လှည့်သွားတာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျား တို့ ဉာဏ်က နိဗ္ဗာန်ဘက်လှည့်သွားတာပဲ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊

ဒါဖြင့် ဦးခင်မောင် နိဗ္ဗာန် ရောက်ချင်လို့ရှိရင်ဖြင့် ဉာဏ်ကို ရှေးဦးစွာ ဘယ်ဘက်လှည့် ရမယ် (သင်္ခတဘက် လှည့်ရပါမယ် ဘုရား)။

သင်္ခတဒုက္ခဘက်ဉာဏ်လှည့်ထားပါ

အဲ သင်္ခတဒုက္ခဘက် လှည့်ပြီး သကာလ ဒကာ ဒကာမတွေလှည့်ထားပါတဲ့၊ ဪ သင်္ခတဒုက္ခ၊ ဪ သင်္ခတဒုက္ခပဲ၊ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ပဲလို့ သိနေတာဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ပဲ လို့သာ ဒကာ ဒကာမတွေက သိနေစမ်းပါ၊ ထိုကဲ့သို့ သိနေတော့ ဟောဒီဥစ္စာ ရင့်ကျက်မလား၊ မရင့်ကျက်ဘူးလား (ရင့်ကျက်ပါမယ် ဘုရား)၊ ဉာဏ်လေ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်သည်ဉာဏ်ရင့်မှ ဉာဏ်လှည့်သွားတဲ့တရား

အဲ ရင့်ကျက်လာတဲ့အခါကျတော့ သူသည် သင်္ခတဘက်ကနေပြီးတော့ ဘယ်ဘက် ကူးမယ် ထင်သတုံး (အသင်္ခတဘက် ကူးပါမယ်)၊ ခင်ဗျားတို့က အကူးခိုင်းလို့ ကူးတာလား၊ ရင့်လို့သူ့ဟာသူ ကူးတာလား (ရင့်လို့ သူ့ဟာသူ ကူးတာပါ ဘုရား)၊

ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့တရားသည် ဒကာ ဒကာမတို့ ကိုယ်ကအပို့ခိုင်းလို့ ရောက်တဲ့တရားလား၊ ဉာဏ်ရင့်မှ ဉာဏ်လှည့်သွားတဲ့တရားလား (ဉာဏ်ရင့်မှ ဉာဏ်လှည့်သွားတဲ့တရားပါ ဘုရား)။

အေး ဒီတရားဟာ ဒကာ ဒကာမတို့ ဒီကနေ့ တရားဟာ သိပ်ပြီးတော့ မများဘဲနဲ့ ဪ လိုရင်း ဒါပါ ကလားဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ မပေါ်ကြဘူးလား (ပေါ်လာပါတယ် ဘုရား)၊ လိုရင်းကဖြင့် ဒါပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေ၏ အလုပ်က ဘာအလုပ်ပါလိမ့် (သင်္ခတရှုဖို့ ပါ ဘုရား)။

ဆုတောင်းလို့ရင့်လာတာလား

ဟော သင်္ခတဘက် ဒီဉာဏ်လှည့်ပေး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခင်ဗျားတို့ အလုပ်က ဘာပါလိမ့် (သင်္ခတဘက်ဉာဏ်လှည့်ရပါမယ်)၊ သင်္ခတ ဘက်ဉာဏ်လှည့်ပေး၊ ရင့်လာလိမ့်မယ်တဲ့၊ လှည့်ဖန်များတော့ ဖြစ်ပျက်တွေ မြင်လာလိမ့်မယ်၊ ဖြစ်ပျက်တွေ ဒုက္ခသစ္စာ လှည့်ပေး၊ ရင့်လာ လိမ့်မယ် (မှန်ပါ ဘုရား)၊ ခင်ဗျားတို့ ဆုတောင်းလို့ ရင့်လာတာလား၊ မြင်ဖန်များလို့ ရင့်တာလား (မြင်ဖန်များလို့ ရင့်တာပါ ဘုရား)။

ကဲ ရင့်ထက်မက ရင့်တဲ့အဆုံးကျတော့ ခင်ဗျားတို့ ရှုနေတဲ့ဉာဏ် ဘယ်ဘက်လှည့်မတုံး (အသင်္ခတဘက် လှည့်ပါမယ် ဘုရား)၊ ကဲ ခင်ဗျားတို့ ဆုတောင်းကြောင့် လှည့်တာလား၊ ရင့်လို့ လှည့်သွားတာလား (ရင့်လို့ လှည့်သွားတာပါ ဘုရား)၊ ဒါဖြင့် ကိုရွှေမြ သော် မီးထွက် လာတာ ပူလို့ မီးထွက်လာတယ် (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (ပူလို့မီးထွက်တာပါ ဘုရား)။

မီးထွက်လောက်အောင် ပူလို့ (မှန်ပါ့ ဘုရား)၊ မီးထွက်လောက်အောင် မပူသေးလို့ရှိရင် မီးကို မတောက်သေး ဘူး (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် မီးထွက် လောက်အောင်ပူရင် ဘာဖြစ်မယ် ထင်သတုံး (မီးထွက် ပါတယ်)။

မဂ္ဂင် (၅) ပါးက (၈) ပါးဖြစ်တယ်

အဲ ထို့နည်းအတူပဲ၊ ခင်ဗျားတို့ အလုပ်က မီးပွတ်နေဖို့ အလုပ်ပါ (မှန်ပါ့)၊ ဒါဖြစ်ပျက်ရှုနေဖို့ အလုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ မီးထွက်လောက်အောင် ပူလာပြီ၊ မီးထွက်လောက်အောင် ရင့်လာပြီ ဆိုလို့ ရှိရင်ဖြင့် ဒီဉာဏ်သည် မဂ္ဂင်ငါးပါးက ရှစ်ပါး မဖြစ်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)၊ မီးထွက်လာတာပဲ၊ မီးထွက် လာတာနဲ့ တစ်ပြိုင်နက် အသင်္ခတဘက် မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

ဒါဖြင့် မဂ္ဂင်ငါးပါးနဲ့ အလုပ်လုပ်နေတုန်းက သင်္ခတ ဘက်ချည်း လှည့်တယ်လို့မှတ်ပါ (မှန်ပါ့)၊ မဂ္ဂင် ငါးပါးက သူတို့ အားပြည့်လာတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ရော၊ တစ်ခါတည်း အသင်္ခတဘက် လှည့်သွားတယ် ဆိုတဲ့ ဥစ္စာ သေသေချာချာ မိလိန္ဒပဉှာမှာလည်း လာတယ်၊ ပြီးတော့ အင်္ဂုတ္တိုရ်မှာလည်း လာတယ် (မှန်ပါ့ ဘုရား)။

အနိစ္စတွေဘက်လှည့်ရမယ်

ဒကာ ဒကာမတို့ သင်္ခတ တရား၏ဖြစ်စဉ်နဲ့ အသင်္ခတ တရား၏ဖြစ်စဉ်ဆိုတာ အင်္ဂုတ္တိုရ် မှာလည်း သေသေချာချာ လာသောကြောင့် ဒကာ ဒကာမတို့၏ တာဝန်သည် ရှေးဦးစွာ ဘယ်ဘက် လှည့်ရမလဲ (သင်္ခတဘက်လှည့်ရပါမယ်) ဒီဘက်က ဒကာတွေ ဘယ်ဘက် လှည့်ကြမယ် (သင်္ခတ ဘက်လှည့်ပါမယ် ဘုရား)၊ သင်္ခတ တရားဆိုတာ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲဖြစ်ပျက်တွေနော် (မှန်ပါ့)၊ အနိစ္စ ကလေးတွေ ဘက်ကိုလှည့်ရမယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်ဘက်လှည့်ရမယ် (အနိစ္စဘက်ကိုလှည့်ရမယ်)၊ ကဲ လှည့်တဲ့ဉာဏ် ရင့်လာတော့ကိုတဲ့ ဒီဉာဏ်တွေ ဘယ်ဘက်လှည့်သွားသလဲ (အသင်္ခတဘက်လှည့်သွားပါတယ်)၊ ခင်ဗျားတို့က လှည့်ချင် လို့ လှည့်တာလား၊ ဉာဏ်အမြင်ကိုက လှည့်တာလား (ဉာဏ်အမြင်ကိုက လှည့်တာပါ ဘုရား)၊ ခင်ဗျားတို့ လှည့်ထားတာက သင်္ခတဘက် လှည့်ထားတာ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့လှည့်ထားတာက (သင်္ခတဘက် လှည့် ထားတာပါ ဘုရား)၊ သင်္ခတဘက် လှည့်ထားတယ်၊ ရင့်တော့ သူ့ဟာသူ ဘယ်ဘက်လှည့်သတုံး (အသင်္ခတဘက်လှည့် ပါတယ်)၊ အသင်္ခတ နိဗ္ဗာန်ဘက် မလှည့်ဘူးလား (လှည့် ပါတယ် ဘုရား)။

ဉာဏ်ကသူ့သဘောနဲ့သူလှည့်တာ

အဲ အသင်္ခတဘက် နိဗ္ဗာန်ဘက် လှည့်သွားတယ် ဆိုတော့ သော် ဉာဏ်သည်ကားလို့ဆိုရင် ဘယ်သူမှ စိုးပိုင် မှုမရှိပါကလား၊ သူ့သဘောနဲ့ သူလှည့်တာပါကလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ဖြင့် သင်္ခတ အသင်္ခတ ကူးဖို့ နားလည်ပလား (နားလည်ပါပြီ)။

ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ဘက်မှာ ဉာဏ်နဲ့ ကြိုးစားခဲ့လို့ ရှိရင် ဖြစ်ပျက် မရှိတဲ့ဘက် ကူးလိမ့်မယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)၊ မကြိုးစားတဲ့ ပုဂ္ဂိုလ်ဟာ (မကူးပါ)၊ မကူးပါဘူး ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ပွတ်တဲ့ပုဂ္ဂိုလ်၏လုံ့လကြောင့်

ဒါဖြင့် ခုနင်က ဝါးနှစ်လုံးထဲမှာ ဒကာ ဒကာမတို့သိတဲ့ အတိုင်း ဘယ်အလုံးထဲမှ မီးမပါဘူး (မပါ,ပါ ဘုရား)၊ ပွတ်တဲ့ ပုဂ္ဂိုလ်၏ လုံ့လကြောင့် ငါးနှစ်လုံး ပူမပူ (ပူပါတယ် ဘုရား)၊ မီးမထွက်ခင် ပူတဲ့အပူသည် သင်္ခတဘက်လှည့်တဲ့ ဉာဏ်နဲ့ တူပါတယ် (မှန်ပါ့ ဘုရား)၊ မီးထွက်အောင် ပူလာတဲ့ အပူသည်ကားလို့ဆိုရင် နိဗ္ဗာန်ဘက် လှည့်တဲ့ ဉာဏ်နဲ့ တူပါတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ် လုပ်တတ်ပလား (လုပ်တတ်ပါပြီ)၊ ဒီအထဲ ဘာဂဏန်းပဲ ပေါ်နေနေ သင်္ခတဘက် လှည့်နေတာသာမှတ် (မှန်ပါ့)၊ ဒီကြားထဲက ဖြစ်ပျက်မြင်လည်း ဥဒယဗ္ဗယ ဉာဏ်က သင်္ခတဘက်လှည့်တာ ပဲ၊ ဘင်္ဂ, မြင်လည်း သင်္ခတဘက် လှည့်တာပဲ၊ ဘယ, မြင်ကော (သင်္ခတ ဘက်လှည့်တာပဲ)။

သင်္ခတသာစိုက်ရှုပါ

အာဒီနဝ, မြင်ရင်ကော (သင်္ခတဘက်လှည့် တာပဲ)၊ အင်း နာမရူပ ပရိစ္ဆေဒကျမ်းကတော့ ရှေးဦးစွာ ကွာ သင်္ခတဘက်လှည့်နေတာ၊ တော်တော်ကြာ အသင်္ခ တဘက် ဒီဉာဏ် ကူးသွားမှာပါပဲ ဆိုတာ အင်မတန်ရှင်းရှင်း လင်းလင်းပြသောကြောင့် အင်္ဂုတ္တိုရ်ကလည်း ရှင်းရှင်းလင်းလင်း ပြသောကြောင့် ခင်ဗျားတို့ ဉာဏ်စဉ်တွေကို မလိုချင်လဲ နေပါတော့၊ သင်္ခတသာ စိုက်ရှုပါ (မှန်လှပါ ဘုရား)၊ သဘောပါ ကြလား (ပါ, ပါပြီ ဘုရား)။

သင်္ခတသာ စိုက်ကြည့်လိုက်လို့ရှိရင် သင်္ခတသိတဲ့ ဉာဏ်ရင့်မှ ကိုမြရွှေ ဘယ်ဘက်လှည့်မယ် (အသင်္ခတ ဘက် လှည့်ပါမယ်)၊ ခင်ဗျားတို့က လှည့်ချင်လို့ လှည့်တာလား၊ ဉာဏ်ရင့်လို့ လှည့်သွား တာလား (ဉာဏ်ရင့်လို့ လှည့်သွားတာပါ ဘုရား)။

ဒါဖြင့် မီးထွက်လောက်အောင် ပူလို့မီးဖြစ်တာပေါ့ (မှန်ပါ့ ဘုရား)၊ မီးက ထွက်လောက်အောင် မပူလို့ (မီးမထွက်ပါ)၊ မီးက ထွက်လောက်အောင် မပူရင် (မီး မထွက်ပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ အလုပ်သည်ကားလို့ ဆို ရင် ဒကာ ဒကာတို့ မီးထွက်အောင် ပူအောင်လုပ်ဖို့ပဲ (မှန်ပါ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အသင်္ခတကူးနိုင်ရင်နိဗ္ဗာန်ရမယ်

မီးထွက်လောက်အောင် ပူအောင်လုပ်လို့ရှိရင် မီးဖြစ် ပါစေလို့ ဆုတောင်းရမှာလား (မတောင်းရပါ ဘုရား)၊ သူ့ဟာသူ မီးထွက်လာမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ ဒါကြောင့် ဒကာ ဒကာမတို့ သင်္ခတက အသင်္ခတကူးအောင် လုပ်နိုင်လို့ရှိရင် ဒီဘဝ နိဗ္ဗာန်ရတာပဲ ဆိုတာဒါပါပဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ၊ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။