နိဗ္ဗာန်အကြောင်း (၂)(အဂ္ဂိဝစ္ဆ ပုဏ္ဏား)
မှတ်ချက်။ ။လက်ရှိစာအုပ်ရက်စွဲဖြင့် အသံဖိုင် မကိုက်ညီပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်
နိဗ္ဗာန်အကြောင်း (၂)
(အဂ္ဂိဝစ္ဆ ပုဏ္ဏား)
(၅-၁၂-၆၀)
နိဗ္ဗာန်ကို သေသေချာချာ ဟောမယ်လို့ အောက်မေ့ရ မယ် (မှန်ပါ)၊ ဪ ဒီနေ့တရားသည် ဘာတရား ပါလိမ့်မတုံးဆိုတော့ နိဗ္ဗာန်မှာ မရှင်းမလင်းရှိနေတဲ့ အကြောင်းကို နိဗ္ဗာန် ရှင်းရှင်းလင်းလင်းရှိအောင် ဟောလိမ့်မယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိရှိရင်နိဗ္ဗာန်မရောက်နိုင်
နိဗ္ဗာန်ဟောမည် ကြံလို့ရှိရင် ဒိဋ္ဌိပြုတ်တာ သဘောကျမှ နိဗ္ဗာန် သဘောကျတယ် ဒိဋ္ဌိပြုတ်မှုကို သဘောမကျလို့ ရှိရင်ဖြင့် နိဗ္ဗာန်ကို သဘောမကျပါဘူး၊ ဒါကြောင့် ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ် နိဗ္ဗာန် မရောက်နိုင်ဘူး ဆိုတာလဲ မှတ်ထားရမယ် (မှန်ပါ့)၊ ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို သူဘယ်လိုမှ ကြိုက်လဲ မကြိုက် နိုင်ဘူး၊ နှစ်လဲမနှစ်သက်ဘူး၊ ရောက်ကြောင်းကို အားထုတ်လို့ ရောက်မယ်လဲ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
ရုပ်နာမ်လောကဟာမြဲသလား
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို “အဂ္ဂိဝစ္ဆ ပုဏ္ဏားကမေးတယ်” အရှင်ဘုရား ရုပ်နာမ် လောကကြီးဟာ မြဲပါသလားလို့ သဿတဒိဋ္ဌိနဲ့ မေးလိုက်တယ်၊ ဒါဒိဋ္ဌိ အယူကွလို့ ဖြေလိုက်တယ်၊ ရုပ်နာမ်လောက မြဲတယ်လို့ ယူလို့ရှိရင် ဒိဋ္ဌိ အယူလို့ ဦးမာဒင်က မှတ်ထားပါ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဆက်မေးတယ်၊ ရှင်ကြီးဂေါတမ ရုပ်နမ်လောက မမြဲဘူးလားလို့ ဆက်မေးလိုက်တယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲကွတဲ့။
ရုပ်နာမ်လောကဟာမမြဲဘူးလား
မမြဲဘူးလားဆိုတော့ ဟိုလို့ရှိရင်တော့ မမြဲဘူးဟော ရမှာပဲ၊ သို့သော် သူဟာ ဥစ္ဆေဒဘက် ပြေးသွားမှာစိုးလို့ ဒါ ဒိဋ္ဌိအယူပဲလို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရုပ်နာမ်လောကသည်ကားလို့ဆိုရင် မြဲချည်တစ် လှည့် မမြဲချည်တစ်လှည့်လားလို့ မေးပြန်တယ်၊ ဒါလဲဒိဋ္ဌိအယူ ပဲကွလို့ ဟောလိုက်တယ်။
ရုပ်နာမ်လောကသည် မမြဲသည်မဟုတ် မြဲသည်မဟုတ် တဲ့ သဘောလားလို့ မေးပြန်တော့ ဒိဋ္ဌိအယူပဲတဲ့၊ လေးချက်မေး တယ် (မှန်ပါ့ ဘုရား)။
သတ္တဝါသေရင်ဖြစ်သေးသလား
နောက်တစ်ခါ သတ္တဝါသေရင် ဖြစ်သေးသလားလို့မေး တယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲကွတဲ့၊ သတ္တဝါနဲ့ မေးတာကိုး၊ သတ္တဝါ သေရင် မဖြစ်ဘူးလားလို့ မေးလိုက်တယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲကွတဲ့၊ သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ ဒါလဲ ဒိဋ္ဌိအယူပဲ၊ သတ္တဝါ သေရင် မဖြစ်သည်လည်းမဟုတ်၊ ဖြစ်သည်လည်းမဟုတ် ဒီလိုလားလို့ မေးပြန်တော့ ဒါလဲဒိဋ္ဌိ အယူပဲတဲ့။
အသက်နဲ့ကိုယ်သည်အတူတူလား အသက်နဲ့ ကိုယ်သည်အတူတူလားလို့ မေးပြန်တယ်။ ဒါလဲ ဒိဋ္ဌိအယူပဲကွတဲ့၊ အသက်နဲ့ ကိုယ် တခြားစီလားလို့ မေးတယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲတဲ့၊ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိဆိုတာ ဒါကို ပြောတာပါပဲ (မှန်ပါ့ ဘုရား)။
ဒီအယူတွေငါမယူဘူး
နို့ ရှင်ကြီးဂေါတမ ကျုပ်အခုမေးတာ ဆယ်ချက် ရှိသွားပြီ၊ ဒိဋ္ဌိအယူချည်းဖြေတယ်တဲ့၊ ဒီအယူကို ယူလို့ရှိရင် ဘာများ ကျေးဇူးများ ပျက်လို့ပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့ ဒါဒိဋ္ဌိတည်းဟူသော ခရီးလွဲ သွားနေတာနဲ့တူသကွ၊ ဒိဋ္ဌိတည်း ဟူသော ချုံပိတ်ပေါင်းထဲမှာ ဝင်နေတာနဲ့ တူတယ်၊ ဘယ်တော့ မှ ရာဂငြိမ်းခြင်းငှာ၊ ရာဂသိမ်းခြင်းငှာ၊ နိဗ္ဗာန်ရောက်ခြင်းငှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ ဒီအယူတွေ ငါ မယူဘူးကွ၊ ဘုရားက အဖြေပေးလိုက်တယ်။
ဒါဖြင့် ရှင်ကြီးဂေါတမတဲ့၊ ရှင်ကြီးဂေါတမယူတဲ့ ဒိဋ္ဌိကို ပြောစမ်းပါတဲ့၊ ဒိဋ္ဌိပဲမေးတယ်၊ ငါက ဒိဋ္ဌိကို ဗောဓိပင်နဲ့ ရွှေပလ္လင် ကတည်းက စွန့်ပြီးပြီကွတဲ့ (မှန်ပါ့)၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သောတာပတ္တိမဂ် ရကတည်းက စွန့်ပြီးပြီလို့ ပြောလိုက်ပါတယ်။
ဘုရား၏အယူကို ပြောစမ်းပါ
ဒါဖြင့် ရှင်ကြီးဂေါတမ အယူသက်သက်ကို ပြောစမ်းပါ ဦးဆိုတော့ ငါ့အယူကို ပြောရမှာဖြင့် ငါ့အယူဟာ ရုပ်တရားရှိ တယ်၊ ၎င်းရုပ်တရားသည် ဖြစ်တယ်၊ ပျက်တယ်၊ အဲ့ဒါငါ့အယူ တဲ့ ၊ သဘောကျပလား (မှန်ပါ့)။
ရုပ်တရားဟာ ရှိတယ်တဲ့၊ အဲဒါဖြစ်ပြီး ပျက်တာပဲလို့ ယူတဲ့အယူဟာ ငါ့အယူပဲ၊ ဝေဒနာတရားဟာ ရှိတယ်၊ ဖြစ်ပြီး ပျက်တာပဲလို့ ယူတဲ့အယူဟာ ငါ့အယူပဲ၊ သညာတရားဟာ ရှိတယ်၊ ဖြစ်ပြီးပျက်တာပဲလို့ ယူတဲ့အယူဟာ ငါ့အယူပဲ၊ သင်္ခါရ တရားရှိတယ်၊ ဖြစ်ပြီး ပျက်တာပဲလို့ ယူတဲ့အယူဟာ ငါ့အယူပဲ၊ ဝိညာဏ်ဆိုတဲ့ စိတ်တရားရှိတယ်၊ ဖြစ်ပြီး ပျက်တယ်လို့ ယူတဲ့ အယူဟာ ငါ့အယူပဲဆိုတော့ ငါ့အယူဟာဖြစ်ပြီး ပျက်တယ်လို့ ယူတဲ့အယူဟာ ငါ့အယူပဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုတဲ့အယူဟာ ဘုရားအယူ
ဒါကြောင့် ဦးမာဒင်တို့ ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက်ရှုပါဆို တာ ဒီလိုနေရာတွေကလာတာ (မှန်ပါ့)၊ ဒါ ဘုရား၏ အယူကို ယနေ့နားလည်သွားပြီ၊ ဘုရား၏ အယူသည် ဖြစ်ပျက် သာရှိ၍ ဖြစ်ပျက်ရှုတဲ့ အယူဟာ ဘုရားအယူလို့ မှတ်ထားပါ (မှန်ပါ့)။
ဒါဖြင့် ဆက်မေးပါရစေ ဘုရားတဲ့၊ ဒီအယူယူတော့ ဘာများ ကျေးဇူးရှိသတုံး (မှန်ပါ့)၊ ဖြစ်ပျက်သာ ရှိတယ်လို့ ဉာဏ်နဲ့ရှုပြီးနေတဲ့အယူ ဒီအယူယူတော့ ဘာများ ကျေးဇူးရှိပါ လိမ့်မလဲလို့ ဒီလိုဆက်မေးလိုက်တယ် (မှန်ပါ့)၊ တဏှာမာန ဒိဋ္ဌိချုပ်တယ်ကွတဲ့ (မှန်ပါ့)၊ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ဟာ တဏှာ မာန ဒိဋ္ဌိ ချုပ်တယ်ကွတဲ့ ၊ ပပဉ္စ ချုပ်တယ်ပေါ့လေ (မှန်ပါ)။
ဒါဖြင့် ဦးမာဒင် မှတ်စရာက ဘုရားအယူဟာ ဘာတုံး၊ ဖြစ်ပျက်ရှုတဲ့ အယူဟာ ဘုရားအယူ (မှန်ပါ့)၊ ဖြစ်ပျက်သာ ရှိ၍ ဖြစ်ပျက်ယူတဲ့ အယူဟာ ဘယ်သူ့အယူတုံး (ဘုရား အယူပါ ဘုရား)။
တဏှာ၊ မာန၊ ဒိဋ္ဌိပြုတ်တယ်
အဂ္ဂိဝစ္ဆက မေးလိုက်ပြန်တယ်၊ ဒီအယူကို ယူလိုက်ပြန် တော့ ဘာများ ကျေးဇူးရှိသတုံး၊ ဒီအယူ ယူတော့ ကျေးဇူးရှိပုံ အကျိုးတရားကလေး ပြောစမ်းပါဆိုတော့ ပပဉ္စဆိုတဲ့ တဏှာ မာန ဒိဋ္ဌိချုပ်တယ်ကွ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုရင် တဏှာ မာန ဒိဋ္ဌိ ပြုတ်တယ်လို့ ဦးမာဒင် တို့ မသေမချင်းမှတ်ရမယ် (မှန်ပါ့)၊ ဒီပြင် ရှုစရာဘာမှမရှိ ဘူး (မှန်ပါ့)၊ ရုပ်ကြည့်လဲ ရုပ်မတွေ့ဘဲနဲ့ ဖြစ်ပျက်သာ တွေ့ပါစေ (မှန်ပါ့)၊ ဝေဒနာရှုတဲ့အခါလဲ ဝေဒနာမတွေ့ဘဲ နဲ့ ဖြစ်ပျက်သာတွေ့ပါစေ (မှန်ပါ့)၊ ဝေဒနာဆိုတာက ဆိုင်းဘုတ်ပါ၊ အမှန်ရှိတာက ဖြစ်ပျက်ပါ (မှန်ပါ့)။
ဖြစ်ပျက်သိတဲ့အယူဟာ ဘုရားအယူ
သညာဆိုတာက ဆိုင်းဘုတ်ပါ၊ ဉာဏ်နဲ့ ကြည့်လိုက် တော့ ဖြစ်မှုနဲ့ ပျက်မှုပဲရှိပါတယ် (မှန်ပါ့)၊ သင်္ခါရဆိုတဲ့ စေတနာတွေ စေတနာလို့တော့ ဘုရားက ဟောတော်မူတာပဲ။ သို့သော် ဦးမာဒင်တို့ဉာဏ်၊ ဘုန်းကြီးတို့ ဉာဏ်နဲ့ ကြည့်လိုက်တော့ ဖြစ်မှုပျက်မှု တွေ့မှာပါပဲ (မှန်ပါ့)၊ စိတ်ဆိုတာလဲ နာမည်ပါပဲ၊ ရှိတာကတော့ ဖြစ်ပြီးပျက်နေတာ ကလေးတွေသာ ရှိပါတယ်၊ အဲဒီဖြစ်ပျက်ကို သိတဲ့အယူဟာ ဘုရားအယူ (မှန်ပါ့)။
ဒီအယူတော့ ဘာကျေးဇူးရှိသတုံး
ဒီအယူ ယူတော့ အဂ္ဂိဝစ္ဆက ဘာကျေးဇူးရှိသတုံးလို့ ဘုရားကိုဆက်လက်ပြီး မေးတဲ့အတွက် ဒီအယူ ယူလို့ရှိရင်ဖြင့် တဏှာ မာန ဒိဋ္ဌိချုပ်တယ်ကွတဲ့ (မှန်ပါ့)၊
တဏှာ မာန ဒိဋ္ဌိတွေ မလာဘူးကွ၊ ဒီအယူ ယူလို့ရှိရင်ဆိုတော့ သံသရာပြတ် တယ် ဟောလိုက်တာပဲ (မှန်ပါ့)၊ တဏှာချုပ်တော့ ဥပါဒါန် ချုပ်၊ ကံချုပ် မာနချုပ်တော့လဲ မာနလဲ လောဘပဲ၊ အဲဒီတော့ ဥပါဒါန် ကံပဲချုပ်တာပဲ၊ ဒိဋ္ဌိလဲ လောဘပဲ၊ တဏှာ ဥပါဒါန် ကံချုပ်တော့ နောက်လာမည့် ဇာတိ, ဇရာ, မရဏတို့ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ အလုပ်သည် ဘုရား၏ အယူကို သေသေချာချာ ဟောပြပါတယ်။ ငါ့အယူဟာ ဖြစ်ပျက်ရှုတဲ့ အယူပဲဆိုတာ သေသေချာချာ ဟောတာပဲ (မှန်ပါ့)၊ ဒီအယူ ယူတော့ ဘာကျေးဇူးရှိသတုံးဆိုတော့ တဏှာ မာန ဒိဋ္ဌိချုပ်တယ်။
ဥပါဒါန်တွေချုပ်တယ်
ဒါဖြင့် ငါဆိုရင် ဥပါဒါန်ပေါ့၊ ဥပါဒါန်လဲချုပ်တာပဲ။ ဒိဋ္ဌိဆိုလဲ ဒိဋ္ဌုပါဒါန် မချုပ်ပေဘူးလား (ချုပ်ပါတယ်)၊ တဏှာရှိရင် တဏှာဥပါဒါန်လာမှာကိုး ဒိဋ္ဌိရှိရင် ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ တဏှာ ဥပါဒါန်ချုပ်တော့ ဘာဖြစ်သတုံး၊ တဏှာတွေ ဥပါဒါန်တွေ အခုပြောတဲ့ ပပဉ္စတွေချုပ်တော့ ဘာဖြစ်သတုံး၊ တဏှာ မာန ဒိဋ္ဌိချုပ်တော့ စွဲလမ်းတဲ့ ဥပါဒါန် တွေလဲ အကုန်ချုပ်တာပေါ့လို့ ဘုရားကဆက်ဟောထားတယ် (မှန်ပါ့)၊ တဏှာ မာန ဒိဋ္ဌိချုပ်တော့ တဏှာနဲ့ ပတ်သက်တဲ့ ဥပါဒါန်လဲ မချုပ်ပေဘူးလား (ချုပ်ပါတယ်)၊ ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ ဒိဋ္ဌုပါဒါန်ကော (ချုပ်ပါတယ်)၊ မာနနဲ့ ပတ်သက်တဲ့ ကြီးစွာသော ဥပါဒါန်လဲ ချုပ်တာပဲ (မှန်ပါ့ ဘုရား)။
မှတ်ချက်။ ။မာနနဲ့ ပတ်သက်သော ဥပါဒါန်ကား ကာမုပါဒါန်ပင်။
ဒါဖြင့် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ဒီဥပါဒါန်တွေ အကုန်ချုပ်တယ်လို့ ဟောလိုက် တယ် (မှန်ပါ့)၊ ဖြစ်ပျက်ရှုရင် ဥပါဒါန် အကုန်ချုပ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားအယူက ဘာပါလိမ့်
ဘုရားအယူက ဘာပါလိမ့် ဖြစ်ပျက်ရှုတဲ့အယူဟာ ဘုရားအယူ (မှန်ပါ့)၊ ခန္ဓာငါးပါး၊ ဖြစ်ပျက်တွေ ရှိတယ်လို့ ယူတဲ့အယူဟာ ဘုရားအယူ (မှန်ပါ့)၊ ဒီအယူ ယူတော့ ဘာကျေဇူးရှိသတုံးလို့ အဂ္ဂိဝစ္ဆက မေးတော့ တဏှာ မာန ဒိဋ္ဌိချုပ်တယ်လို့ မပြောဘူးလား (မှန်ပါ့ ဘုရား)။
ကောင်းပြီ တဏှာ မာန ဒိဋ္ဌိချုပ်တာတော့ တပည့်တော် သဘောကျပါပြီ၊ တဏှာ မာန ဒိဋ္ဌိချုပ်တော့ ဘာဖြစ်သတုံး ဆိုတော့ အို စွဲလမ်းမှုတွေ အကုန်ချုပ်တာပေါ့ (မှန်ပါ့)၊ တဏှာချုပ်တော့ ဥပါဒါန်ဆိုတဲ့ စွဲလမ်းမှု မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒိဋ္ဌိချုပ်တော့ ဒိဋ္ဌုပါဒါန် ဆိုတဲ့ စွဲလမ်းမှုတွေကော (ချုပ်ပါတယ် ဘုရား)၊ တဏှာ မာန ဒိဋ္ဌိချုပ်တော့ သူ့နောက်က လိုက်တဲ့ ဥပါဒါန်တွေ အကုန်ချုပ်တယ်ကွတဲ့ (မှန်ပါ့ ဘုရား)။
ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားဖြစ်သလဲ
ဒါဖြင့် ရှင်ကြီးဂေါတမ ဆက်ပြီးမေးပါရစေတဲ့၊ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားဖြစ်သလဲတဲ့၊ ဟော ကပ်ကပ် သတ်သတ်ပဲ မေးထားတယ် (မှန်ပါ့)။
ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်များ ဘယ်သွားဖြစ်သတုံးဆိုတော့ သူက ဘယ်ဘုံဘဝရောက်သွားတယ် ဆိုတာ လိုချင်တာပေါ့ (မှန်ပါ့)၊ ကျုပ်တို့မှတ်ထားရမှာက ဥပါဒါန်ချုပ်လို့ ရှိရင်ဖြင့် ဥပါဒါန နိရောဓာ ကမ္မနိရောဓော ဆိုသဖြင့် ဥပါဒါန်ချုပ်ရင် ကံချုပ်တာပဲ၊ ကံချုပ်ရင် ဇာတိ, ဇရာ, မရဏကော (ချုပ် ပါတယ်)၊ ဒါဖြင့် နိဗ္ဗာန် သွားတာပေါ့ဗျ (မှန်ပါ့)။
ဒီလိုလဲ အဓိပ္ပါယ်မရဘူး
ဥပါဒါန်ချုပ်လို့ရှိရင်ဖြင့် ကံချုပ်၊ ကံချုပ်လို့ရှိရင်ဖြင့် ဇာတိ, ဇရာ, မရဏတွေလဲ မချုပ်ပါနဲ့ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား)၊ မရတော့ ဪ ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုံးလို့ သူကမေးတော့ ဘုရားက ဘယ်သွား တယ်လို့လဲ အဓိပ္ပါယ် မရဘူးကွလို့ ဖြေလိုက်တယ် (မှန်ပါ့)။
ကြည့်စမ်း ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး ဆိုတော့ သူဟာ ဒိဋ္ဌိပြုတ်တာကို သဘော မကျတဲ့ အတွက် နိဗ္ဗာန်ကော သဘောကျသေးရဲ့လား (မကျပါ ဘုရား)။
ပါးစပ်နိဗ္ဗာန်သာ ဖြစ်နေတယ်
ဒါကြောင့် တရားအစ ချီခဲ့ပါတယ်၊ နိဗ္ဗာန်ကို သဘော ကျလို့ရှိရင် ဒိဋ္ဌိပြုတ်တာကို သဘောကျပြီးမှ နိဗ္ဗာန်ဆိုတာ သဘော ကျနိုင်တယ်၊ နိဗ္ဗာန်ဟာ နို့မဟုတ်ရင် ပါးစပ်နိဗ္ဗာန်သာ ဖြစ်နေမယ်၊ သဘောကျ နိဗ္ဗာန် မဖြစ်နိုင်ဘူး (မှန်ပါ့)၊ ကဲ နိဗ္ဗာန်လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊ မလွယ်ဘူး တဲ့၊ ဒိဋ္ဌိပြုတ်တဲ့ ဉာဏ်ရပြီးမှ နိဗ္ဗာန်သဘောကျတယ် (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်တဲ့ ဉာဏ်မရလို့ရှိရင် ဘယ်သူက ဘယ်လို ပြောပြော နိဗ္ဗာန် နာတဲ့ လူက သဘောကို မကျဘူး (မှန်ပါ့)။
အခုကြည့်ပါ၊ ဥပါဒါန်ပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွား သတုံးမေးတာပဲ၊ ဘယ်သွားတယ်လို့လဲ အဓိပ္ပါယ်မရပါ ဘူးကွာလို့ ဘုရားကဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်မှမသွားဘူးလား
သူက လေးချက်မေးလိုက်တယ်၊ ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်မှ မသွားတော့ဘူးလားတဲ့ (မှန်ပါ့)၊ ဘယ်မှ မသွားတော့ဘူးလို့ ဖြေရမှာပဲ၊ သို့သော် ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးမှာ စိုးတာနဲ့ ဒီလိုလဲ အဓိပ္ပါယ်မရဘူးကွာလို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်များဟာ သွားချည် တစ်လှည့် မသွားချည်တစ်လှည့် လားဆိုတော့ ဧကစ္စ သဿတဒိဋ္ဌိနဲ့ မေးပြန်တယ်၊ ဒီလိုလဲ အဓိပ္ပါယ် မရပါဘူးကွာလို့ ဖြေကြားလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ မသွားသည်လဲ မဟုတ်၊ သွားသည်လဲ မဟုတ်လားလို့ အမရာဝိက္ခေပဒိဋ္ဌိ အယူနဲ့ မေးလိုက်တယ် (မှန်ပါ့)၊ ဒီလိုလဲ အဓိပ္ပါယ်မရပါဘူးကွာတဲ့ (မှန်ပါ့ ဘုရား)၊ ကဲ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ကို ဒိဋ္ဌိ လေးမျိုးနဲ့ မေးနေတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိမပြုတ်ရင် နိဗ္ဗာန်သဘောမကျ
ဒါကြောင့် ဦးမာဒင် တစ်သက်လုံးမှတ်စရာက ဒိဋ္ဌိ မပြုတ်ဘဲနဲ့ ဉာဏ်ထဲမှာ ဒိဋ္ဌိမပြုတ်ဘဲနဲ့ နိဗ္ဗာန်သဘောကျလိမ့် မယ်ဆိုတဲ့ဥစ္စာကို ဘယ်သူပြောတာမှ မယုံနဲ့ (မှန်ပါ့)၊ ဒိဋ္ဌိ မပြုတ်ဘဲနဲ့ နိဗ္ဗာန်ကို သဘောမကျဘူး (မှန်ပါ့)။
ဒိဋ္ဌိမပြုတ်ဘဲ နေခဲ့သော် (နိဗ္ဗာန်သဘောမကျပါ ဘုရား)၊ သဘောမကျလို့ရှိရင် ဘယ်တော့မှ နိဗ္ဗာန်ရောက် ကြောင်း အားထုတ်မှာမဟုတ်ဘူး (မှန်ပါ့)၊ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်ပြန်လို့ရှိရင်လဲ ဒိဋ္ဌိ အပင်းခံနေမှာပဲ (မှန်ပါ့)၊ ခံနေရင် ဘယ်တော့မှ နိဗ္ဗာန်ရမှာ မဟုတ်ဘူး ဆိုတော့ ဪ ဒါ လိုရင်း အချက် ပြောတယ် ဆိုတဲ့ အဓိပ္ပါယ်ရှင်းထား ရမယ် (မှန်ပါ့)။
ကျုပ်တော့ဉာဏ်တုံးပြီတဲ့
ဒါနဲ့ ရှင်ကြီးဂေါတမတဲ့၊ အခုရှင်ကြီးဂေါတမကို ကျုပ်မေးတာ လေးချက်ရှိပြီ၊ ဥပါဒါန်တွေချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုံးမေးတော့ ဒီလိုလဲ အဓိပ္ပါယ်မရပါဘူးကွာလို့ ပြောတော့ ကျုပ်တော့ဖြင့် ဉာဏ်တုံးပြီတဲ့၊ မေးစရာ မရှိတော့ ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ကျုပ်ဉာဏ်တုံးသွားပြီတဲ့၊ သူ ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီပြင် မမေးတတ်တော့ဘူး (မှန်ပါ့)၊ မေးရင်လဲ ဒိဋ္ဌိဘက် လှည့်လာလိမ့်မယ် (မှန်ပါ့)၊ ဉာဏ်တုံးသွားတယ်ဆိုတာလဲ ဟုတ်ပါတယ်၊ ဒါဉာဏ်တုံးရမည့်နေရာပဲ၊ သူက နိဗ္ဗာန်နေရာကိုး ဥပါဒါန်ချုပ်ရင် နိဗ္ဗာန်ရောက်တာကိုး (မှန်ပါ့)၊ သူက ဘယ်သွားသတုံး မေးတယ်၊ အဲ့ဒီတော့ ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်နည်းနဲ့မှ နိဗ္ဗာန် သဘောမကျဘူးဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။
ရိုးရိုးတရားနာရုံနဲ့ မပြီးသေးဘူး
အဲ ဒိဋ္ဌိမပြုတ်တဲ့ဆရာ၊ ဒိဋ္ဌိပြုတ်အောင်မရေး စာအုပ်တွေဟာ ဘယ်တော့မှ နိဗ္ဗာန်ကို ပေါ်လွင်အောင် မရေးနိုင်ဘူး (မှန်ပါ့)၊ မရေးနိုင်ဘူး၊ ဒါကြောင့် ဦးမာဒင် မလွယ်ဘူးဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ)၊ တရား ရိုးရိုးနာနေရုံနဲ့ မပြီးသေးဘူး (မပြီးသေးပါ ဘုရား)။
သူ့မှာ ဉာဏ်တုံးသွားပြီတဲ့၊ ရှင်ကြီးဂေါတမ ဥပါဒါန် ပြုတ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုံးဆိုတော့ ဒီလိုလဲ အဓိပ္ပါယ် မရဘူးလို့ ပြောနေတော့ မသွားဘူးလား မေးပြန်တော့လဲ ဒီလိုလဲ အဓိပ္ပါယ်မရဘူးလို့ ဖြေပြန်တယ်၊ ဥပါဒါန်ပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ သွားချည်တစ်လှည့်၊ မသွားချည်တစ်လှည့် နေ သလား၊ ဒီလိုလဲ အဓိပ္ပါယ်မရဘူး၊ မသွားသည်လဲ မဟုတ်၊ သွားသည်လဲ မဟုတ်တဲ့သဘောလားလို့ မေးပြန်တော့ ဒီလိုလဲ အဓိပ္ပါယ်မရဘူး ဆိုတော့ ကျုပ်ဉာဏ်တုံးပြီတဲ့၊ မေးစရာ မရှိတော့ဘူးတဲ့ (မှန်ပါ့)။
ထိုးထွင်းဉာဏ်မရှိတော့ဘူး
ရှေးတုန်းကတော့ ရှင်ကြီးဂေါတမနဲ့ ကျုပ်အရင်ပြော ခဲ့တဲ့ စကားတွေတုန်းကတော့ ပြောလိုက်လိုက်၊ ပြောလိုက် ဖြေလိုက် အင်မတန် သဘောကျခဲ့ပါတယ်၊ အခုတော့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတဲ့ လေးချက် မေးလိုက်တော့ ဒီလိုလဲ အဓိပ္ပါယ်မရဘူးကွလို့ ပြောလိုက်သဖြင့် ကျုပ်တော့ မေးစရာမရှိဘူး၊ ဉာဏ်လဲ အကုန်လုံး သွားပြီတဲ့ (မှန်ပါ့)၊
အဂ္ဂိဝစ္ဆက တစ်ခါတည်း သူ့မှာ ထိုးထွင်းဉာဏ် မရှိတော့ဘူးတဲ့၊ အို မင်းဉာဏ်မရှိတော့ဘူးဆိုတာ ငါယုံတယ်တဲ့၊ မင်းအခု ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးလို့ သိချင်လို့ ရှိရင်ဖြင့် သာမည ပုဂ္ဂိုလ်ဟာ သာမညဆရာနဲ့တော့ မရဘူးတဲ့၊ မင်း ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ဆရာကို ရှာဦးတဲ့ (မှန်ပါ့ ဘုရား)။
နားလည်တဲ့ဆရာရှာဦး
ဘာရှာရမလဲ (ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာကို ရှာရပါမယ်)၊ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာကို ရှာပါဦး၊ အဲဒါမှ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားတယ် ဆိုတာ သဘောကျမယ် (မှန်ပါ့ ဘုရား)။
ကဲ ဘယ်လောက်များ နက်နဲသတုံး (မှန်ပါ့)၊ အခု စဉ်းဓားကြည့်လေ၊ ဥပမာမယ် ဒါက ခန္ဓာငါးပါး ထားပါတော့၊ ခန္ဓာငါးပါး ခင်တာက တဏှာ ဥပါဒါန်၊ ဥပါဒါန် ချုပ်တယ်ဆိုကတည်းက ကံချုပ်ပြီဗျ၊ “ကုသလာကုသလံ ဇဟံ” ဖြစ်နေပြီ (မှန်ပါ့)၊ ကုသိုလ်အကုသိုလ် မစွန့်သေးဘူးလား (စွန့်ပါပြီ ဘုရား)၊
ကုသိုလ် အကုသိုလ်ဆိုတဲ့ ကံစွန့်ကတည်း က ဒီဇာတိ ဇရာ မရဏ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါ ကံကုန်တာလဲ နိဗ္ဗာန်ပဲ၊ ဇာတိ ဇရာ မရဏ ချုပ်တာကော (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲ ဆိုတော့ ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်ကို သဘောကျတယ် (မှန်ပါ့)။ နားမလည်တဲ့ ပုဂ္ဂိုလ်ကျတော့ (သဘောမကျပါ ဘုရား)။
သာမညဆရာနဲ့ဒီဉာဏ်မရနိုင်ဘူး
မကျနိုင်တော့ မင်းဉာဏ်တုံးတယ် ဆိုတော့ ငါယုံကြည် ပါတယ်ကွတဲ့ (မှန်ပါ့)၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကြံလို့လဲ ဒါမရနိုင် ပါဘူး၊ သာမည ဆရာဆည်းကပ်လို့လဲ ဒီဉာဏ်မရနိုင်ပါဘူး၊ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာဆီ ဆည်းကပ်လို့ရှိရင် နိဗ္ဗာန် သဘောကျမယ် (မှန်ပါ့)၊ ကဲ သဘောပါသွားပလား (ပါ,ပါပြီ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် သဘောကျတဲ့ ဆရာဆီကို မင်းဆည်းကပ်မှသာလျှင် နိဗ္ဗာန်သဘောကျနိုင်မယ်တဲ့ဆိုတော့ အခုလက်တွေ့ ရှင်းပြလိုက်မယ် ။
ခန္ဓာငါးပါးကို ခင်တာက တဏှာမနေဘူးလား (မှန်ပါ့)၊ တဏှာလာရင် ဥပါဒါန်လာမယ်၊ အခုတော့ တဏှာ ဥပါဒါန် ချုပ်တယ် ဆိုကတည်းက ကံမချုပ်ဘူးလား (ချုပ် ပါတယ်)၊ ကံချုပ်တော့ ဇာတိ ဇရာ မရဏမချုပ်ဘူးလား (ချုပ်ပါတယ်)၊ ချုပ်တော့ကို တဏှာ ဥပါဒါန်ချုပ်တဲ့ မဂ်ကျင့် နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုံး ဆိုလို့ရှိရင် အို ဇာတိ ဇရာ မရဏ ချုပ်တဲ့ဆီ ရောက်ရုံပေါ့ (မှန်ပါ့)၊ ဘယ်သွားစရာ ရှိသေးသတဲ့ (မရှိပါ ဘုရား)။
ဥစ္ဆေဒဘက်ယူသွားမှာစိုးလို့
ဖြေစရာကတော့ ဒီအတိုင်းပါပဲတဲ့၊ တဏှာဥပါဒါန်ချုပ် တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်မှမသွားဘူးလို့ ဖြေဖို့ပဲ၊ ဘယ်မှ မသွားဘူး လို့ ဖြေလိုက်ရင် ဒီပုဏ္ဏားက ဒီပဋိစ္စသမုပ္ပါဒ်နားမလည်တော့ ဥစ္ဆေဒီဘက်ပြေးဝင်ပြီး ယူသွားမှာစိုးလို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် တဏှာ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး၊ မေးတော့ သူက သဘောမကျတဲ့ လေးချက် ဟာလဲ ပဋိစ္စသမုပ္ပါဒ် သဘောမကျလို့ ခွကျသွားတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင်တို့ ကျေနပ်ပြီပေါ့ (မှန်ပါ့)၊ တဏှာ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခတွေချုပ်သွားတဲ့ဆီ ရောက်သွား တယ် ဖြေရုံပဲ (မှန်ပါ့)၊ ဒီပြင် ဘာဖြေစရာ ရှိသေးသတုံး (မရှိပါ ဘုရား)။
ဒါဖြင့် ဦးမာဒင်တို့ ဆရာသမားကို ကိုးကွယ်ဆည်း ကပ်ပြီးတော့ နေတာသည် ဒီ ပဋိစ္စသမုပ္ပါဒ်ကို သဘောကျလို့ သာ ဘုန်းကြီးနဲ့လာတွေ့တာ (မှန်ပါ့)၊ နို့ မဟုတ်တွေကို မတွေ့ဘူး (မှန်ပါ့)၊ ဒါမပါဘဲနဲ့ နိဗ္ဗာန်ဟောနေတဲ့ ဆရာသမားဟာလဲ ဖြတ်ထိုး ဟောတာသာမှတ်ရမယ်၊ အကွက်တော့မကျဘူး (မှန်ပါ့)၊ ကျပါ့မလား (မကျပါ ဘုရား)။
ဘယ်မှာသစ္စာပါနိုင်မှာတုံး
ပြီးတော့ ပဋိစ္စသမုပ္ပါဒ်၌ မပါလို့ရှိရင်လဲ သစ္စာပါဖို့ ခဲယဉ်းပါတယ်တဲ့၊ ဘယ်မှာ သစ္စာပါနိုင်ပါ့မတုံး တဏှာ ဥပါဒါန်တည်းဟူသော သမုဒယ သစ္စာချုပ်တဲ့ ပုဂ္ဂိုလ်မှ နိရောဓ ဖြစ်မှာကိုး (မှန်ပါ့)၊
သမုဒယသစ္စာချုပ်မှ နိရောဓဖြစ်မှာကို၊ ဒီသစ္စာမပါဘူးဆိုရင် ဒီတရားဟာ နိဗ္ဗာန်ရောက် တရား ဖြစ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ မမြင်တော့ဘူး ဆိုတဲ့ ဥစ္စာအင်မတန် သေချာသွားပါတယ် သဘောပါ သွားပလား (ပါ, ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားကလဲ ဖွင့်မချဘူးလား၊ မင်းဟာ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားတယ် မသွားဘူးလို့ မင်း သေသေ ချာချာသိချင်လို့ရှိရင်ရင် ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ဆရာ ရှာဦးတဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့တော့မရဘူး (မှန်ပါ့)၊ ကဲ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ချဟောတယ် (မှန်ပါ့)၊ ကဲ တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါကြားရတာ (မှန်ပါ့ ဘုရား)။
ကိုယ်-ကိုယ်တိုင်ကတော့ ရောက်ရောက်ချင်း ဆရာဘုန်းကြီး လျှောက်တော့ ဒီ-ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာကို သူဘောကျပါတယ်ဘုရား၊ ဒါကလေး နာထားရလို့ အခု ဒီအခြေအနေ ဖြေဆိုနိုင်ပါ တယ် ဆိုတာ အင်မတန် မှန်ကန်တဲ့ စကား (မှန်ပါ့)၊ ဒါမပါဘူး ဆိုရင် ဘယ်နည်းနဲ့မှ နိဗ္ဗာန် သဘောမကျနိုင်ပါဘူး (မှန်ပါ့)၊ ကျပါ့မလား (မကျပါ ဘုရား)။
ဒုက္ခသစ္စာချုပ်တယ်
အခုတော့ဖြင့် တဏှာဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ကံချုပ် တယ် ပြောရုံရှိတော့တာပေါ့ ကံချုပ်လို့ရှိရင်ဖြင့် ဇာတိ ဇရာ မရဏ ချုပ်တာပေါ့၊ မပြောရဘူးလား (ပြောရပါ တယ်)၊ ဇာတိ ဇရာ မရဏချုပ်တော့ ဘာသစ္စာတွေ ချုပ်သွား သတုံး လို့ မေးရင် ဘယ့်နှယ် ဖြေပါ့မတုံး၊ ဒုက္ခ သစ္စာတွေ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)၊ အဲ ဒုက္ခသစ္စာ ချုပ်တာဟာ ဒုက္ခနိရောဓာ နိဗ္ဗာန်သွားပြီ ဖြစ်တာပဲ၊ ဘယ်သွား တယ်လို့ ဆိုစရာ ရှိသေးသတုံး ဒုက္ခချုပ်သွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောကျမှ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် သဘောကျမယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဒီက အကြောင်း ချုပ်တာကို သဘောမကျလို့ ရှိရင် အကျိုးချုပ်တဲ့နိဗ္ဗာန်ကို သူ့ဉာဏ်ထဲ ရှင်းလင်းသွားနိုင်ပါ့မလား (မရှင်းနိုင်ပါ ဘုရား)၊ ကောင်းကောင်း သဘောပေါက်သွားပြီ (မှန်ပါ့ ဘုရား)။
ဘုရားအယူအတိုင်း ဖြစ်ပျက်ရှုနေတာ
ဒါဖြင့် ဦးမာဒင် ဒီကပြန်လဲ ဒီပဋိစ္စသမုပ္ပါဒ်ကို ဉာဏ်ထဲ က သဘောကျပြီးတော့မှ ဪ ငါလုပ်နေတဲ့ အလုပ်ဟာ ခန္ဓာကိုယ်ကို ဘုရားအယူအတိုင်း ဖြစ်ပျက်ရှုနေတာပဲ ၊ ဘုရား ကလဲ ငါ့အယူဟာ ဖြစ်ပျက်ရှုတဲ့ အယူလို့ ပြောထားပြီ။ အဲ့ဒီတော့ ငါလုပ်နေတဲ့ ဖြစ်ပျက်သာရှုတဲ့ အယူဟာ ဘာပါလိမ့် မတုံး၊ ဥပါဒါန်ချုပ်တဲ့ အလုပ်လုပ်တာ မှတ်ထား၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတော့ ဥပါဒါန်ချုပ်လို့ ရှိရင် ဒုက္ခ ချုပ်တဲ့ဆီ သွားတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခချုပ်တာနိဗ္ဗာန်
ဥပါဒါန်ချုပ်ရင် ဒုက္ခတွေကကော (ချုပ်ပါတယ်)၊ ဒါဖြင့် ဒုက္ခချုပ်တာ နိဗ္ဗာန်လို့မခေါ်နိုင်ဘူးလား (ခေါ်နိုင် ပါတယ်)၊ ဒုက္ခချုပ်တာ နိဗ္ဗာန်လို့ သိသွားတော့ ဪ ဖြစ် ပျက်ရှုမှ ဥပါဒါန်ချုပ်တယ်၊ တဏှာ ဥပါဒါန်ချုပ်မယ် (မှန်ပါ့)၊ တဏှာဥပါဒါန်ချုပ်မှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါအဂ္ဂိဝစ္ဆမေးလို့ ပေါ်လာတာ၊ တကယ်အဖိုးတန်တဲ့ တရားဆိုတာ အခုရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကြည့်စမ်း၊ ပဋိစ္စသမုပ္ပါဒ်များ ဘုရားကိုယ်တိုင် ဖွင့်ဟော လိုက်တယ်၊ မင်း ဒါနားမလည်လို့ ရှိရင် နိဗ္ဗာန် သဘော မကျဘူး တဲ့ (မှန်ပါ့)၊ဒါ နားလည်လို့ ရှိရင် နိဗ္ဗာန်သဘောမကျဘူး တဲ့။ ဘယ် သဘောကျနိုင်ပါ့မလဲ၊ ဒါနားမလည်တော့ ဒုက္ခသစ္စာ ချုပ်သွားတာလည်း သစ္စာလည်း သူနားမလည်တော့ ဒုက္ခသစ္စာ ချုပ်သွား တာလည်း သူသိသေးရဲ့ လား (မသိပါ ဘုရား)၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာ ချုပ်တယ်လို့ ပြောလိုက်
တောင်မှလည်း ပဋိစ္စသမုပ္ပါဒ် နားမလည် သစ္စာလည်း နားမလည် တဲ့ ပုဂ္ဂိုလ် ဘယ်မှာနိဗ္ဗာန် သဘောကျမလဲတဲ့ (မှန်ပါ့)၊ ကျနိုင်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)
ကဲ-ဒါဖြင့် ဒိပြင်ဟာတွေဟာ အပိုချိတ်ထားပါတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည်မှ နိဗ္ဗာန်ကို သဘောကျမယ် (မှန်ပါ့)၊ ဒါမှလည်း ဒိဋ္ဌိပြုတ်မယ် (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ် ဘဲနဲ့လဲ နိဗ္ဗာန်ကို သဘောမကျနိုင်ဘူး (မကျနိုင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြန်ခါနီးမို့ အကြီးဆုံးလက်ဆောင်
ဪ ဒါဖြင့် ဒီနေ့ပြန်ခါနီး အကြီးဆုံး လက်ဆောင် ပေးတဲ့ တရားက ပိုမိုပြီးသကာလ တို့မှာ အသုံးချစရာတရား၊ မဂ်ဖိုလ်ကျေးဇူးပြုမည့်တရား ကိုယ်တိုင် အားထုတ်လို့ ရှိရင် လည်း အားထုတ်စဉ်နဲ့တကွ ဘုရား၏ အယူကိုသိရတဲ့အတွက် ငါဘုရား၏ အယူကတော့ ဖြစ်ပျက်မြင်တဲ့ အယူဟာဖြစ်ပျက်ကို ရှုတဲ့အယူဟာ ငါဘုရား၏ အယူတဲ့ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုတော့ ဘာဖြစ်သတုံးဆိုတော့ ဥပါဒါန်ချုပ် တယ်ပြောတာ (မှန်ပါ့)၊ ဥပါဒါန်ချုပ်တော့ ဘာဖြစ်သတုံး – ဆိုတော့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်မှမသွားဘူး ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်သွားတာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။
တဏှာဥပါဒါန်ချုပ်တယ် ဆိုကတည်းက ကံဇာတိဇရာ မရဏ မချုပ်သေးဘူးလား (ချုပ်ပါတယ်)၊ ချုပ်သွားလို့ရှိ ရင် အဲ့ဒါ နိဗ္ဗာန်မဟုတ်သေးဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်မရှုတဲ့ ပုဂ္ဂိုလ်များအတွက်မှာ တဏှာ ဥပါဒါန်ချုပ်လိမ့်မယ်လို့ ဦးမာဒင်က သံသယ ရှိမနေနဲ့၊ ဘယ်တော့ မှ မချုပ်ဖူး (မှန်ပါ့)၊ တဏှာဥပါဒါန်မချုပ်တဲ့ ပုဂ္ဂိုလ်က လည်း ခုနင်က ဒုက္ခ ချုပ်လိမ့်မယ်လို့ကော ဆိုလို့ရရဲ့လား (မရပါ ဘုရား)။
ဖြစ်ပျက်ရှုမှ နိဗ္ဗာန်ပေါ်မယ်
ဪ ဒါဖြင့် ဖြစ်ပျက်ရှုမှ တဏှာဥပါဒါန်ချုပ် မယ် (မှန်ပါ့)၊ တဏှာဥပါဒါန်ချုပ်မှသာလျှင် နိဗ္ဗာန်ပေါ် မယ် (မှန်ပါ့)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကဲ့ ဒီဝတ္ထု ဟိုစာအုပ်ထဲမှာ မပါသေးဘူး (မှန် ပါ့)၊ မပါသေးဘူး ဒီဥစ္စာသီးခြား ဟိုကျမှ ဒါကိုနားထောင် ပြီး၊ အားထုတ်ယူလိုက်ပါ (မှန်ပါ့)၊ ဒါကို ကျေနပ်လောက်အောင် နာပြီးမှ အားထုတ်ယူလိုက်ရင် ခဏနဲ့ ကျေးဇူးရှိသွား မှာပဲ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နားလည်ထားလို့
ဦးမာဒင် ပဋိစ္စသမုပ္ပါဒ်ကို တပည့်တော် စောစော ကတည်းက ဆရာတော် ဟောထားတော့ နာထားရလို့ ဒါလောက် နည်းနည်းလိုက်နိုင်တာ။
အင်း ဟုတ်တယ်၊ နာထားရလို့ လိုက်နိုင်တာ၊ နို့ မဟုတ်ရင် မလိုက်နိုင်ဘူး၊ အဲဒါလိုက်နိုင်လို့ ဒီသစ္စာလည်း သဘောကျတာ (မှန်ပါ)၊ ဒုက္ခက္ခန္ဓဿတဲ့ ဒုက္ခသစ္စာကိုး၊ ဒုက္ခ နိရောဓောဟောတိ ဆိုတာ နိရောဓသစ္စာကို ဟောတာ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးလိုက်လို့ ရှိရင် ဒုက္ခသစ္စာ ဟောတယ်ဆိုတာ သေချာပြီ (မှန်ပါ့)၊ နောက်တစ်ခါ ဆုံးလိုက်လို့ ရှိရင် နိရောဓသစ္စာ ဟောတယ် ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။
ဖြစ်ပျက်ရှုတာသည် ဘုရားအယူ
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာမှ နားမလည်တဲ့ ဆရာက နိဗ္ဗာန်ဟောလို့ နားလည်ပါ့မလား (မလည်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်လည်း သူဖြစ်ပုံ ဆက်ပုံ ပြတ်ပုံကို သဘောမကျဘူး ဆိုလို့ရှိရင် သစ္စာလည်း သူသဘော မကျဘူး (မှန်ပါ့)၊ သဘောမကျတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ဆိုတာ ဘယ်မှာ နေတယ်လို့ သူမပြော နိုင်တော့ဘူး (မှန်ပါ့)၊ ပြောနိုင်စရာ မြင်သေးရဲ့ လား (အမြင်ပါ ဘုရား)။
အခုတော့ ဖြစ်ပျက်ကိုရှုတာသည် ဘယ်သူ့အယူတဲ့တုံး (ဘုရား၏အယူပါ) ၊ ဖြစ်ပျက်ရှုတော့ ဘာဖြစ်သတုံးလို့ မေးတော့ တဏှာဥပါဒါန်ချုပ်တယ်၊ တဏှာဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး မေးတဲ့ အခါကျတော့ ဒုက္ခချုပ်သွားတယ် (မှန်ပါ့)၊
ကျုပ်တို့ကရှင်းနေတယ်၊ မရှင်းသေးဘူးလား (ရှင်းပါတယ်)၊ လိုရင်း မပါသေးဘူးလား (ပါ-ပါတယ် ဘုရား)၊ ရှုခြင်းကြောင့် အကျိုးကျေးဇူး တဏှာ ဥပါဒါန်ချုပ် တယ်ဆိုတာလည်း သိသွားပြီ (မှန်ပါ့ ဘုရား)။
ခန္ဓာတစ်ပါးပါးရှုပေးပါ
ဒီကမဂ်နဲ့သာ ဦးမာဒင်က ဟိုကျတော့ရှုပေးပါ၊ ခန္ဓာ ငါးပါးကို တစ်ပါးပါးရှုပေးပါ၊ ဒါ ဘုရား၏အယူ မဖြစ်သေးဘူး လား (ဖြစ်ပါတယ် ဘုရား)၊ ဖြစ်ပျက်ရှုကတည်းက ဘုရား၏အယူဖြစ်ပါပြီ၊ ဘုရားအယူ ယူလိုက်တဲ့အတွက် ဘာကျေးဇူးရှိသတုံးဆိုတော့ ဒီဘက်က တဏှာဥပါဒါန်ချုပ် တယ်၊ ပုဏ္ဏားကမေးလို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့)။
တဏှာဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတော့ ဘယ်သွားစရာ လိုသေးသတုံး၊ တဏှာဥပါဒါန် ချုပ်တော့ ကံဇာတိ ဇရာ, မရဏချုပ်ကတည်းက ဒုက္ခသိမ်းတယ်ပဲ ဟောရုံ ရှိတော့တယ် (မှန်ပါ)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသိမ်းတယ် ဆိုတာ သဘောကျသွားပြီးတဲ့၊ ဒါဖြင့် တရားနာတာ ပဋိစ္စသမုပ္ပါဒ်တရားနဲ့ သစ္စာတရား မပါလို့ ရှိရင် နိဗ္ဗာန်လည်း သဘောမကျဘူး၊ အလုပ်ခွင်လည်း မလုပ်တတ် ဘူး (မှန်ပါ့)၊ လုပ်တတ်ပါ့မလား (မလုပ်တတ်ပါ ဘုရား)၊ ကိုယ့်ဖြစ်စဉ်လည်း ကိုယ်မသိပါဘူး၊ အဲ့ ကိုယ့်ဖြစ် စဉ်လည်း ကိုယ်မသိဘူး။
ကိုယ့်ဖြစ်စဉ်ကိုယ်မသိဘူး
ဦးမာဒင် (မှန်ပါ့ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် နား မလည်ရင် ကိုယ့်ဖြစ်စဉ် ကိုယ်မသိပါဘူး၊ ကိုယ့်ဖြစ်စဉ် ကိုယ် မသိတော့ သူများပါးစပ် လမ်းဆုံးနေပြီ (မှန်ပါ့)။
ကိုင်း ဒါနဲ့ ပုဏ္ဏားကို ဘုရားက ဒီဥစ္စာ ကိုယ်ပိုင် ဉာဏ်နဲ့ လည်း မရနိုင်ပါဘူး၊ မင်းအခု ဉာဏ်တုံးပြီ ဆိုတာလည်း ငါကျေနပ်ပါတယ်တဲ့၊ အဲ့ဒီတော့ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာရှာလို့ ရှိရင် အဲဒါကို သဘော ကျသွားလို့ ရှိရင် ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ မင်းသဘောကျလိမ့်မယ် တဲ့ မဟုတ်ဘူး လားဗျာ (ဟုတ်ပါတယ် ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ ရှင်းသွားပါပြီ၊ သူပဲရှာကြံဖို့ပဲ ဆိုတော့မှ ဘုရားက သူ့ကိုဆက်ပြီး ဟောတော့တယ်၊ နိဗ္ဗာန် ဟောတော့မယ် (မှန်ပါ့ ဘုရား)။
အရှေ့ဘက်မှာ မီးတောက်နေတယ်
ကဲ အဂ္ဂိဝစ္ဆ အရှေ့ဘက်ကို လှမ်းကြည့်စမ်းဟေ့တဲ့ ဘုရားက၊ ကြည့်ပါပြီဘုရားတဲ့၊ အရှေ့ဘက်မှာ မီးတောက်နေ တယ်ကွ မီးပုံကိုကြည့်စမ်းဟေ့ တဲ့၊ ဥပမာပေါ့လေ (မှန်ပါ့ ဘုရား)။
တောက်ပါတယ်ဘုရားတဲ့၊ အဲဒီမီးကို ဘာမီးလို့ဆို မတုံးကွတဲ့ ဘုရားက မေးလိုက်တယ်၊ ဝါးခြမ်း လောင်ရင် ဝါခြမ်းမီးခေါ်ရမှာပဲတဲ့၊ သူကလည်း ညံ့တော့ မညံ့ဘူးဗျ (မှန်ပါ့)၊ နောက်ချေးလောင်ရင် နောက်ချေးမီး ခေါ် ရမှာပဲတဲ့၊ သစ်သားလောင်ရင် သစ်သားမီး ခေါ်ရမှာပဲတဲ့ (မှန်ပါ့)။
ဒီမှာလည်း ခင်ဗျားတို့ ကျုပ်တို့မှာ လူခန္ဓာဖြစ်ခဲ့လို့ ရှိရင် ဇာတိ ဇရာ မရဏမီးက လူမီးခေါ်ရမှာပဲ (မှန်ပါ့)၊ လူသာဖြစ်ရင် လူမီးလောင်နေတာ (မှန်ပါ့)၊ နတ်ဖြစ်တော့ (နတ်မီးလောင်ပါတယ်)၊ ဗြဟ္မာဖြစ်တော့ (ဗြဟ္မာမီးလောင်ပါ တယ်)၊ ဒီမီးပဲ ရှိတယ် (မှန်ပါ့)။
အဲဒီတော့ အဲဒီ မီးဟာကွာတဲ့ လူဆုတောင်းရင် လူမီး လောင်ဖို့ပဲတဲ့၊ အဓိပ္ပာယ်ရှင်းနေပြီ (မှန်ပါ့)၊ နတ်ဆုတောင်း ရင် (နတ်မီးလောင်ပါတယ်)၊ နတ်မီးလောင်မှာပဲ။ နတ်ကိုယ်ကြီးနဲ့ နတ်ဇာတိ ဇရာ မရဏတွဲပြီး လောင်မှာပဲ (မှန်ပါ့)၊ မလောင်ပေးဘူးလား (လောင်ပါတယ် ဘုရား)၊ ဗြဟ္မာဖြစ်ချင်လို့ ရှိရင်တဲ့ ဗြဟ္မာ ရောက်ကြောင်း သမထတွေ သာ လုပ်နေရင် ဦးမာဒင်တို့ ဗြဟ္မာမီး လောင်ချင်လို့မှ တစ်ပါး ဘာမှပြောစရာ မရှိဘူး (မှန်ပါ့ ဘုရား)။
ခုနင်က ပြောခဲ့ပြီလေ၊ ပုဏ္ဏားကို အရှေ့ဘက်ကြည့် လိုက်စမ်းကွ၊ မီးတောက်နေတယ်ကွာ၊ ဒါ ဘာမီးတုံး၊ ဝါးလောင် ရင်၊ ဝါးမီးပေါ့ဘုရား၊ ထင်းလောင်ရင် ထင်းမီးပေါ့ဘုရား၊ နွားချေး လောင်ရင် နွားချေးမီးလို့ ခေါ်ရုံပါပဲ အေး ဟုတ်ပြီ ကွတဲ့။
သူ့ထင်းနဲ့သူ မီးလောင်တာပဲ
ဒီမှာလည်း ကျုပ်တို့ သုံးဆယ့်တစ်ဘုံ ဆုတောင်းတဲ့ ပုဂ္ဂိုလ်က သူ့ထင်းနဲ့ သူ မီးလောင်တာပဲ (မှန်ပါ့)၊ ဆယ့် တစ်မီးက မီး၊ ခန္ဓာက လောင်စာဖြစ်တယ် (မှန်ပါ့)၊ ခွဲလို့ကော ရရဲ့လား (မရပါ ဘုရား)၊ မရတော့ လူ့ဘဝက ဆုတောင်းလို့ ရှိရင်လည်း လူမီးလောင်ဖို့ ပဲ၊ နတ်ဘဝ ဆုတောင်းရင်နတ်မီးလောင်ဖို့၊ ဗြဟ္မာ ဘဝဆုတောင်းရင် ဗြဟ္မ မီးလောင်ဖို့၊ မတောင်းဘဲနဲ့ ရတဲ့ အပါယ်ကောင်တွေ ဖြစ်လို့ရှိရင်လည်း အပါယ်မီးလောင်ဖို့ပဲ (မှန်ပါ့ ဘုရား)။
ခန္ဓာရှိရင် မီးရှိမယ်
ဒါဖြင့် ခန္ဓာရှိရင် မီးရှိမယ် (မှန်ပါ့)၊ ခန္ဓာရှိလို့ ရှိရင် မီးရှိတယ်ဆိုတာ အထင်အရှားဖြစ်နေတော့ ခုနင်က ဒီခန္ဓာ သိမ်းသွားတာ သဘောကျလိုက်ပလား (မှန်ပါ့)၊ ဥပါဒါန် ချုပ်တော့ ခန္ဓာမချုပ်ဘူးလား (ချုပ်ပါတယ်)၊ မီးရော ခန္ဓာရော လောင်စာရော သိမ်းတာဗျ (မှန်ပါ့)၊ မီးရော၊ လောင်စာရော သိမ်းသွားတယ် (မှန်ပါ့ ဘုရား)။
ဒီမီးငြိမ်းသွားရင် ဘယ်သွားသတုံး
ကဲ ဒါနဲ့ ဆက်မေးပြန်တယ်၊ ကဲကွာ အဂ္ဂိဝစ္ဆ နောက်ချေးလောင်ရင် နောက်ချေးမီးလို့ မင်း အရှေ့ဘက်က မီးကိုပြောနေတယ်၊ သစ်သား လောင်ရင် သစ်သားမီး၊ နွားချေးလောင်ရင် နွားချေးမီးလို့ မင်းကပြောနေတယ် ဟုတ်တယ်ကွ၊ အဲဒီမီး ငြိမ်းသွားတဲ့အခါ ဘယ်သွားသတုံးလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒီမီး ငြိမ်းတဲ့အခါ ဘယ်သွားတုံးလို့ မေးတော့ ဘယ် သွားတယ်လို့ တပည့်တော် မဆိုပါဘူး။ လောင်စာသိမ်း၍ မီးငြိမ်းသွားတာပဲ၊ အေးငြိမ်းသွားတယ်လို့ပဲ ဆိုရုံပါပဲ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတာနိဗ္ဗာန်
ဒီမီးငြိမ်းတော့ ဘယ်များ သွားသေးသတုံး (ဘယ်မှ မသွားပါ ဘုရား)၊ အဲ နိဗ္ဗာန်သည်ကားလို့ ဆိုရင် ခင်ဗျားရှေ့တွင် ခန္ဓာကိုယ်ကြီးပျောက်ပြီး ကိလေသာတွေပါ ပျောက်သွားလို့ရှိရင် အဲဒါ ခင်ဗျား၏ လောင်စာ သိမ်း၍ ခင်ဗျား မီးငြိမ်းတာ နိဗ္ဗာန်ပါပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားရှေ့တွင် ချုပ်ပါများတော့ ဒီခန္ဓာကြီး မလိုချင် တော့ ခန္ဓာကော မပျောက်ဘူးလား (ပျောက်ပါတယ်)၊
ခန္ဓာပျောက်တော့ ကိလေသာမီးက ဘယ်နေရာသွားနေမလဲ (မနေနိုင်ပါ ဘုရား)၊ မနေနိုင်တော့ ခင်ဗျားမှာ လောင်စာ သိမ်း၍ မီးငြိမ်းတာ ဘာခေါ်မတုံး၊ နိဗ္ဗာန်ခေါ်မယ် (မှန်ပါ့ နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။
ကိုယ်တိုင်မြင်ရတဲ့တရား
ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် ကိုယ်တိုင်မြင်ရတဲ့ တရားမျိုး ပဲ၊ ရှုတဲ့ပုဂ္ဂိုလ်မှာ ကိုယ်တိုင်မြင်ရတဲ့ တရားမျိုးပဲ မဟုတ်ဘူးလား (မှန်ပါ့)၊ ဘာမှမလုပ်တဲ့ ပုဂ္ဂိုလ်မှာ ကိုယ်တိုင် မြင်ရတဲ့ တရားမျိုး မဟုတ်ဘူး (မှန်ပါ့)။
မလုပ်တဲ့ ပုဂ္ဂိုလ်မှာ မရှိဘူး၊ လုပ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ်တိုင် မြင်ရတဲ့ တရားမျိုးဆိုတော့ နိဗ္ဗာန်ဟာ သန္ဒိဋ္ဌိကော ထဲက (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ သန္ဒိဋ္ဌိကော သာမံ ပဿိတော ကိုယ်တိုင် မြင်ရတယ် ဆိုတော့ လုပ်ယူမှ ကိုယ်တိုင်မြင်ရမှာပဲ (မှန်ပါ့)။
လုပ်တော့ မယူဘဲနဲ့ ဆုတောင်းနေရုံနဲ့တော့ ဝေးပါ သေးတယ်၊ သူများက ရော့တဲ့ အင့်တဲ့ လို့ပေးလို့လည်း မရဘူး၊ ဒီလိုပေးလို့ မရနိုင်လို့ ဘုရားတောင်မှ သားတော်ရှင်ရာဟုလာ ကို လုပ်ယူဖို့ ရာဟုလောဝါဒသုတ်တွေ ဟောရသေးတာပဲ (မှန်ပါ့ ဘုရား)၊ ရဟုလောဝါဒသုတ်တွေ ဟောတော့ ကျင့်ပြီးမှ လိုက်ရတဲ့ ဥစ္စာကိုးဗျ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာဘာတုံး
ဒါဖြင့် နိဗ္ဗာန် ဆိုတာ ဘာတုံးဆိုတော့ လောင်စာသိမ်း၍ မီးငြိမ်းတာ၊ ရှင်းပလား (ရှင်းပါပြီ)၊ ဦးမာဒင်က ဟောဒီခန္ဓာ ငါးပါးကို ဟောဒီမဂ္ဂင်တွေနဲ့ ရှု၊ ရှုတဲ့အခါကျတော့ ဟောဒီ မီးသုံးခု တဏှာ, ဥပါဒါန် ကံတည်း ဟူသော မီးတွေဟာ ဘာဖြစ်သွားမယ် ထင်သတုံး (ငြိမ်းပါတယ်)၊ ဒါဖြင့် မီးငြိမ်းတယ်နော် (မှန်ပါ့ ဘုရား)။
ဒီမီးမှ မရှိဘဲနဲ့ လောင်စာကြီးကကော ပေါ်ဦးမလား၊ လောင်စာဆိုတာ နတ်ခန္ဓာငါးပါးလေ (မပေါ်ပါ ဘုရား)။ မပေါ်နိုင်တော့ နိဗ္ဗာန်ဆိုတာ ဟောဒီမီးသိမ်းတယ်၊ ဟောဒီ လောင်စာ သိမ်းတာ၊ ဟောဒီမီးငြိမ်းရင် ဟောဒီလောင်စာသိမ်း တာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ကိလေသဝဋ်နဲ့ ဝိပါကဝဋ်ပြတ် သွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကျွတ်သွားတာ
ကိလေသဝဋ်နဲ့ ဝိပါကဝဋ် ကျွတ်သွားတာ (မှန်ပါ့)၊ ကိလေသဝဋ်ကျွတ်လည်း နိဗ္ဗာန်ပဲ၊ ဝိပါကဝဋ် ကျွတ်တာကော (နိဗ္ဗာန်ပါ)၊ နှစ်ခုစလုံး ကျွတ်ကော (နိဗ္ဗာန်ပါ)၊ နိဗ္ဗာန်ပဲဆိုတာက ပဋိစ္စသမုပ္ပါဒ် သဘောကျမှ နိဗ္ဗာန်ကို သဘောကျတာဗျ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ချုပ်ပုံကို သဘောကျတော့မှ သဘောကျတာ (မှန်ပါ့)။
ဝိပါကဝဋ်လည်း မပေါ်နိုင်တော့
ဒီကနေပြီး ခန္ဓာ၊ ဒီကနေပြီး ဖြစ်ပျက်ရှုလိုက်တော့ ဟော ဒီမှာ တဏှာ၊ ဥပါဒါန် ကံ တည်းဟူသော ကိလေသဝဋ် နဲ့ ကမ္မဝဋ်တွေက ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)၊
ဟောဒီ လာလတ္တံ ဝိပါကဝဋ် ခန္ဓာငါးပါးကြီးကော ပေါ်နိုင်ဦး မလား (မပေါ်နိုင်ပါ ဘုရား)။
မပေါ်တော့ ဟောဒီမီး ငြိမ်း၍ ဟောဒီ လောင်စာသိမ်း တာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် ပဋိစ္စ သမုပ္ပါဒ် ပြတ်သွားတာ ဘာခေါ်မတုံး (နိဗ္ဗာန်ပါ ဘုရား)၊ ဝဋ်အမည်နဲ့ ပြောတော့ ကိလေသဝဋ်နဲ့ ဝိပါကဝဋ် ပျက်သွားတာ၊ မရှိတာ ဘာခေါ်မတုံး (နိဗ္ဗာန်ပါ)၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ်ဆိုတာ နိဗ္ဗာန်ပါ (မှန်ပါ့)။
ဒုက္ခသမုဒယောလည်း ချုပ်သွားတယ်၊ ဒုက္ခလည်း ချုပ် သွားတယ် (မှန်ပါ့)၊ ဒုက္ခဖြစ်ကြောင်းကော (ချုပ်ပါ တယ်)၊ ဒီက ဖြစ်ပျက်ရှုလို့ (မှန်ပါ့)၊ ဒုက္ခကော (ချုပ် ပါတယ်)၊ ဒါဖြင့် ဒုက္ခဖြစ်ကြောင်း ချုပ်၍ ဒုက္ခချုပ်တာ နိဗ္ဗာန်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အကြောင်းချုပ်၍ အကျိုးချုပ်တာ နိဗ္ဗာန်
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းချုပ်၍ အကျိုးချုပ် တာ ကို ဘာခေါ်မတုံး (နိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် ပဋိစ္စ သမုပ္ပါဒ် သဘောမကျရင် ဘယ်မှာနိဗ္ဗာန် သဘောကျမတုံးဗျ (မှန်ပါ့)၊ ကျစရာ တစ်ကွက်ရှိရဲ့လား (မရှိပါ ဘုရား)။
ဪ ဒီနေ့ ပြန်ခါနီးမှ ယခုဆုကြီး လာဘ်ကြီး ပေးတာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဪ အကြောင်းချုပ်၍ အကျိုးချုပ်တာမှ နိဗ္ဗာန်ပါကလား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝဋ်သုံးပါးချုပ်သွားတာနိဗ္ဗာန်
အကြောင်းချုပ်၍ (အကျိုးချုပ်ပါတယ်)၊ အကြောင်းက ကိလေသာ အကြောင်း၊ ကံအကြောင်းပဲ၊ ဟောဒီ နှစ်ခုက တဏှာဥပါဒါန်က ကိလေသာဝဋ်၊ ဟောဒီ ကံက ကမ္မ ဝဋ်၊ ဟောဒါက ဝိပါကဝဋ်၊ ဝဋ်သုံးပါးချုပ်သွားတာ ဘာခေါ် မတုံး (နိဗ္ဗာန်ပါ ဘုရား)။
ဒါကို မီးလို့ ပြောမယ်ဆိုတော့ ဟောဒီမှာ မီးငြိမ်း၍ လောင်စာသိမ်းတော့ မီးလို့ ပြောတော့လည်း ဒါပဲရတယ်။ အဂ္ဂိဝစ္ဆသုဘ်ဟောတော့ မီးဥပမာနဲ့ ဘုရားက ဟောတော် မူတယ် (မှန်ပါ့)၊ မီးငြိမ်း၍ လောင်စာ သိမ်းတာ ဘာခေါ် မတုံး (နိဗ္ဗာန်ပါ)။
ဝဋ်ကျွတ်တာနဲ့ ပြောရင်
ဝဋ်ကျွတ်တာနဲ့ ပြောတော့ ဟောဒီ ကိလေသဝဋ် ကျွတ်သွားတော့ ဟောဒီ ကမ္မဝဋ်လာသေးရဲ့လား (မလာ ပါ ဘုရား)၊ မလာတော့ ဟောဒီ ဝိပါကဝဋ်ဆိုတဲ့ နောက်ခန္ဓာ ငါးပါးကော (မဖြစ်နိုင်တော့ပါ ဘုရား)၊ ဒါဖြင့် ဝဋ်သုံးပါး ကျွတ်တာလည်း နိဗ္ဗာန်၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)၊
ဘာခေါ်မတုံး (ဝဋ်သုံးပါးကျွတ်ရင် နိဗ္ဗာန်ပါ)၊ ဝဋ်သုံးပါးကျွတ်ရင်လည်း နိဗ္ဗာန်၊ မီးငြိမ်း၍ လောင်စာ သိမ်းတာ လဲ (နိဗ္ဗာန်ပါ)၊ ပဋိစ္စသမုပ္ပါဒ် အကုန်ချုပ်သွားလို့ ရှိရင် လဲ (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်သဘောမကျလို့ရှိရင် ဝဋ်လည်း သဘောမကျနိုင်ဘူး၊ မီးနဲ့ လောင်စာ သိမ်းတာ ကိုလည်းသူ သဘောမကျနိုင်ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဝဋ်ကျွတ် တာကိုလည်း သူနားမလည်နိုင်ဘူး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် နား လည်တဲ့ ပုဂ္ဂိုလ်မင်းရှာပါဦးဆိုတာ ဟောထိုက် မဟော ထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် သဘောမကျလို့ရှိရင် နားလည်တဲ့ ဆရာ ဆီကိုချုပ်ပုံနှင့် တကွသင်မှ ဒီနိဗ္ဗာန်ကို သဘောကျမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် မသွားဘဲနေသလား ဆိုတော့ မေးချင်တာ မေးနေမှာပဲ (မှန်ပါ)၊ အခုတော့ မေးစရာရှိသေး သလား (မရှိပါ ဘုရား)။
ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ ဇာတိဇရာ မရဏကော (ချုပ်ပါတယ်)၊ အဲ့ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်လို့ (မှန်ပါ့ ဘုရား)။
သမုဒယနဲ့ ဒုက္ခသစ္စာချုပ်တာနိဗ္ဗာန်
ဒါဖြင့် ဥပါဒါန်က သမုဒယသစ္စာ၊ ကံကလည်း သမုဒ ယသစ္စာ၊ သမုဒယသစ္စာချုပ်လို့ ဒုက္ခသစ္စာ ချုပ်တာကိုနိဗ္ဗာန် ခေါ်တာပဲ၊ သစ္စာနဲ့ ဝေဖန်လိုက်တော့ (မှန်ပါ့)၊ ဒီသုံးခုက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ ဒီခန္ဓာ ငါးပါးက (ဒုက္ခသစ္စာပါ ဘုရား)၊ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်တာကို ဘာခေါ်မတုံး (နိဗ္ဗာန်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အလိုဟောရင်
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အလိုတော့ဖြင့် တဏှာ ဥပါဒါန် ကံချုပ်လို့ ခန္ဓာချုပ်တာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် တဏှာ ဥပါဒါန် ကံချုပ်တာလည်း နိဗ္ဗာန်ပဲ၊ ခန္ဓာချုပ်သွားတာကော (နိဗ္ဗာန်ပါ ဘုရား)။
သစ္စာအလိုဟောရင်
တစ်နည်း သစ္စာအလိုဟောတော့မယ်ဆိုတော့ သမု ဒယသစ္စာသုံးပါး ချုပ်သွားလို့ ဒုက္ခသစ္စာ ခန္ဓာ ငါးပါးချုပ်တယ် (မှန်ပါ့)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
သမုဒယ သစ္စာသုံးပါး၊ ချုပ်သွားလို့ ဒုက္ခသစ္စာ ခန္ဓာ ငါးပါးလည်း ချုပ်တယ် ၊ မချုပ်နိုင်ဘူးလား (ချုပ်နိုင်ပါ တယ် ဘုရား)။
ဒီလိုသစ္စာရော၊ ပဋိစ္စသမုပ္ပါဒ်ရော နားမလည်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် ဟောလို့ မရဘူးဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရိပ်မိသွားပြီ၊ ဒါဖြင့် အင်မတန် နေရာကျပြီဆိုတဲ့ အဓိပ္ပာယ် ရှင်းပြီနော် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဟောရတော့မယ်ဆိုရင်
ဒါကြောင့် နိဗ္ဗာန်ကို ဟောရတော့ မယ်ဆိုလို့ ရှိရင် မဟာသမုဒ္ဒရာရေကို ပြောရတော့မလို ဖြစ်နေတယ် (မှန်ပါ့)၊ မဟာသမုဒ္ဒရာ အကျယ်ပြောစမ်းပါ ဆိုလို့လည်း နှိုင်းချိန်လို့ မရဘူး၊ အနက်ပြောစမ်းပါ ဆိုတော့ကော (မရပါ ဘုရား)။ အင်မတန် ကျယ်လည်း ကျယ်ဝန်း နက်လည်း နက်လွန်းလို့ အင်မတန် ခဲယဉ်းသလိုပဲ၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်းနဲ့ ချုပ် ကြောင်းဟာလည်း ကျယ်လည်း ကျယ်ဝန်းတယ်၊ နက်လည်း နက်တယ်၊ ဖြစ်တာသိမှလည်း ဒုက္ခသစ္စာ သိတယ်၊ ပျက်တာသိမှလည်း နိရောဓသစ္စာ သိတယ်။
ပဋိစ္စသမုပ္ပါဒ် ဖြစ်တာတွေ သိနေတော့ ဘာသိသတုံး (ဒုက္ခသစ္စာသိပါတယ်)၊ ပဋိစ္စသမုပ္ပါဒ် ချုပ်တာတွေ သိနေရင် (နိရောဓသစ္စာ သိပါတယ်)၊ ဪ ဒီပဋိစ္စ သမုပ္ပါဒ်မှ မသိလို့ရှိရင် ဘယ်မှာ နိရောဓသစ္စာ သိတော့မှာတုံး၊ ဒီပဋိစ္စသမုပ္ပါဒ် မသိလို့ ရှိရင် ဒုက္ခသစ္စာကော သိစရာ ရှိသေး ရဲ့လား (မရှိပါ ဘုရား)။
ဒါကြောင့် ဘုရားက အဂ္ဂိဝစ္ဆကို မင်းပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ပုဂ္ဂိုလ်ဆီမှာ မင်းနည်းယူမှသာလျှင် နိရောဓသစ္စာ သဘောကျမယ်လို့ ဟောတာများ ရှင်းနေပြီ (မှန်ပါ့)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာတုံး
ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာတုံးလို့ မေးလို့ ရှိရင်ဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်ပါ့ ဘုရား)။ နိဗ္ဗာန်ဆိုတာ ဘာတုံး (လောင်စာသိမ်း၍ မီးငြိမ်း တာပါ ဘုရား)။
ဟောဒါကြီးဟာ လောင်စာ၊ ဟောဒါက မီး နဂိုနေတာကတော့ လောင်စာနဲ့ မီး တွဲလျက်ကြီးနေတာ (မှန်ပါ့)၊ ခုနင်က ပြောခဲ့ပြီကော ဝါးကြောင့် ဖြစ်တဲ့မီး၊ ဝါးမီး၊ ထင်းကြောင့်ဖြစ်တဲ့မီး ထင်းမီး (မှန်ပါ့)၊ ကဲ နတ်ကြောင့်ဖြစ်တဲ့ မီးကျတော့ နတ်မီး၊ လူ့ခန္ဓာတောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ လူမီး တောက်နေတာပဲ (မှန်ပါ့)၊ ကိလေသာနဲ့ ခန္ဓာနဲ့ တွဲ နေတာကိုး (မှန်ပါ့ ဘုရား)။
အဲဒီမီးငြိမ်းတဲ့ အခါ ဘယ် သွားမှာတုံးဆိုတော့ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်ပဲ (မှန်ပါ့)၊ သဘော ကျပလား (မှန်ပါ့)၊ အဲဒါ ဥစ္ဆေဒဒိဋ္ဌိဘက်လဲ ပြေးလို့မရ ဘူး၊ ဒုက္ခသိမ်းသွားတာပဲ သဘောပါပလား (ပါ- ပါပြီ ဘုရား)။
ပုဏ္ဏားက ချီးမွမ်းတယ်
ဒီတွင်မှာ ပုဏ္ဏားက ချီးမွမ်းတယ် ရှင်ကြီး ဂေါတမ အခုဟောလိုက်တဲ့ တရားတွေဟာ ကျုပ် သိပ်သဘော ကျပါ တယ်၊ ဘယ်လို သဘောကျသတုံးဆိုတော့ ရွာနားမှာအင်ကြင်း ပင် ကြီးတစ်ပင်ရှိတယ်တဲ့၊ အဲဒီ အင်ကြင်းပင်ကြီးဟာ လဲပြို တယ်၊ လဲပြိုတော့ နှစ်နှစ်-သုံးနှစ် ရှိတဲ့အခါကျလို့ရှိရင်ဖြင့် အပွေးတွေလည်း မရှိ၊ အကာတွေလည်းမရှိဘဲနဲ့ အထဲမှာ အင်ကြင်းသားဆိုတော့ ကျောက်ဖြစ်နေတယ်၊ အနှစ်တွေဖြစ်နေ တယ် ၊ ဒီမှာလည်း အနှစ်ချည့်ကျန်တဲ့ တရားတဲ့ (မှန်ပါ့)၊ ဒီတရားဟာ အနှစ်ချည့် ကျန်ရစ်တဲ့ တရားတဲ့ ဒါကြောင့် သူအင်မတန်မှ သဘောကျပါတယ်လို့ ပြောတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် သစ္စာလေးပါးတရား ဝေဖန်ကြစို့ဆို တော့ ဒီက လောင်မီးက သမုဒယသစ္စာ၊ လောင်စာက ဒုက္ခ သစ္စာ (မှန်ပါ့)၊ ဟောဒါက မဂ္ဂသစ္စာ၊ ဟောဒါက ချုပ်ပျောက်သွားတဲ့ ဥစ္စာသည်ကားလို့ ဆိုရင်ဖြင့် နိရောဓသစ္စာ၊ ရှေ့က နိရောဓနဲ့ မဂ္ဂမပေါ်လို့ ရှိရင် နောက်က သမုဒယနဲ့ ဒုက္ခ ဘယ်တော့မှ မချုပ်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ရှေ့နှစ်ပါးကို ကြိုးစားပါ
ရှေ့က ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်ဆုံးသွားတော့ နိရောဓသစ္စာ မပေါ်လာ ဘူးလား (ပေါ်လာပါတယ်) နိရောဓသစ္စာ ဆိုတော့ သူကမဂ္ဂင်ရှစ်ပါးနဲ့ မဂ္ဂသစ္စာအစစ် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဒါဖြင့် ရှေ့က နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ဖြစ်မှသာလျှင် နောက်က သမုဒယ သစ္စာနဲ့ ဒုက္ခသစ္စာ အဆက်ပြတ်တယ် (မှန်ပါ့)၊ နို့မဟုတ် ရင်ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။
နောက်နှစ်ပါးက အလိုလိုပယ်တာ
ဒါဖြင့် ရှေ့ကဟာက အားထုတ်စရာ ၊ နောက်ကဟာက ပယ်စရာ၊ သဘောကျပလား (ကျပါပြီ)၊ ရှေ့ကဟာက (အားထုတ်စရာပါ) နောက်ကဟာက အလိုလိုပယ်တာ သူ့ကို မင်းတို့လာပါဦးဆိုလို့တောင်မှ လာတာမျိုးဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ပယ်ပြီးသားဖြစ်သွားတယ်။
ဒါဖြင့် ဦးမာဒင်ကို အခုမှာလိုက်တာက ရှေ့နှစ်ပါးသာ ခင်ဗျားကြိုးစား၊ နောက်နှစ်ပါးက ခင်ဗျား တာဝန် မဟုတ်ဘူး၊ အလိုလိုသွားမည့် တာဝန် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရား၏ အယူအတိုင်း ဖြစ်ပျက်ကိုသာ ခင်ဗျားက ကြိုးစားနေလို့ ရှိရင် ဖြစ်ပျက်ကို ဟောဒီမဂ်က မြင်ပါလိမ့်မယ် ၊ ဒီမဂ်က မုန်းပါလိမ့်မယ်၊ ဒီမဂ်က နောက်ကျတော့ ဒုက္ခသစ္စာကြီးပဲ သူနဲ့ မနေချင်ပါဘူးဆိုရင် ဖြစ်ပျက်တွေ မဆုံး ပေဘူးလား (ဆုံးပါတယ်) ၊ ဆုံးရင် ဘာသစ္စာတုံး (နိရောဓသစ္စာပါ)၊ ဆုံးတာကို မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။
ဒီတရားက အနှစ်ချည်းပဲ
ဒီသစ္စာနှစ်ခုကို ကိုယ်ပိုင်ရလို့ ရှိရင် ဒီသစ္စာနှစ်ခုက ခင်ဗျားက အားထုတ်ရတာလား အလိုလို ပျောက်တာလား (အလိုလိုပျောက်တာပါ)၊
အလိုလိုပျောက်တယ်။ ပေါ် မှ မပေါ်တော့ဘဲ ပဋိစ္စသမုပ္ပါဒ် ပြတ်တာကိုး (မှန်ပါ့)၊ ပြတ်သွားတော့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပြတ်တယ် (မှန်ပါ့)၊ ဒါဖြင့် ခုနင်က ပြောတဲ့မီးငြိမ်း၍ လောင်စာသိမ်းတဲ့ နိဗ္ဗာန်ရတယ်၊ မရသေးဘူးလား (ရပါတယ်)၊ သဘောပါပလား (ပါပါပြီ) ဒါဖြင့် ဒီတရား အနှစ်ချည့်ပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။