ဒါန သီလလောက်နဲ့ တင်းတိမ်ပြီးမနေပါနဲ့
အသံဖိုင်ခေါင်းစဉ်= စရိုက်နှင့်လျှော်စွာ ကမ္မဋ္ဌာန်းပေးရပုံ အမှတ်(၂)
စာအုပ်ခေါင်းစဉ်= ဒါန သီလလောက်နဲ့ တင်းတိမ်ပြီးမနေပါနဲ့
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
ဒါန သီလလောက်နဲ့ တင်းတိမ်ပြီးမနေပါနဲ့
(၂၄-၂-၆၁)
ဒကာ ဒကာမတို့ မြတ်စွာဘုရားဟာ ငဲ့လည်းငဲ့ဖို့ ကောင်း ပါတယ်၊ ကြည်ညိုလည်း ကြည်ညိုဖို့ ကောင်းပါတယ်၊ ချီးမွမ်း လည်း ချီးမွမ်းဖို့ကောင်းပါတယ်။
သူကိုယ်တိုင် တစ်ယောက်တည်း ဒုက္ခခပ်သိမ်း ကင်းငြိမ်း တဲ့ နိဗ္ဗာန်ကြီးကို ယူမယ်ဆိုလို့ရှိရင် သုမေဓာရသေ့အဖြစ် ဒီပင်္ကရာဘုရားရှင် လက်ထက်ကတည်းကပဲ တစ်ယောက်တည်း ဆိုရင်တော့ အောင်ပွဲယူနိုင်တယ် ဆိုတာ သူ့ဟာသူ သိပါတယ် (မှန်ပါ့)။
ငါတစ်ယောက်တည်းနိဗ္ဗာန်မယူဘူး
ထိုကဲ့သို့ သိငြားသော်လည်း ငါတစ်ယောက်တည်း နိဗ္ဗာန်မယူဘူး၊ အားလုံးသော သတ္တဝါတွေ သယ်ယူပို့ဆောင်ပြီးမှ အတူတူမှ နိဗ္ဗာန်သွားမယ်ဆိုတဲ့စိတ်ထားကြောင့် အသားတွေလှူ ပြီးသကာလ သဗ္ဗညုတဉာဏ်ရအောင် ဆုတောင်းပြီးလုပ်ရ။ အရိုးတွေ လှူပြီးသကာလ သဗ္ဗညုကဉာဏ်ရအောင် ဆုတောင်း ပြီးလုပ်ရ၊ အသက်စွန့်ပြီးသကာလ စွန့်ခြင်းကြီးငါးပါးတွေ စွန့်ပြီး သကာလ လုပ်ရတဲ့ အလုပ်တွေဟာ ဦးခင်မောင် တယ် ကြီးကျယ်တယ် (မှန်ပါ့)။
အဲဒီ ကြီးကျယ်တာတွေ ဒကာ ဒကာမတို့ သူ့အတွက် လား သူများအတွက်လားဆိုတာ အကဲခတ် ကြည့်တာပေါ့ (သူများအတွက်ပါ ဘုရား)။
ဪ သူများအတွက်ဆိုတော့ ဒီကျန်ရစ်ခဲ့တဲ့ ဒကာ ဒကာမတွေအတွက်ရော, သူနဲ့ပါသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက်ရော ရွက်ဆောင်သွားတယ်နော် (မှန်ပါ့)။
အဲဒီတော့ သူနဲ့ပါတဲ့ ပုဂ္ဂိုလ်တွေအတွက်ကတော့ဖြင့် အထူးမှာစရာရယ်လို့ မှာတမ်း မလိုတော့ပါဘူး၊ သူယူဆောင်သွားလို့ပဲ နိဗ္ဗာန်ရောက်ပြီး သကာလ ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး သကာလ နေကြပြီဆိုတာ ဒကာ ဒကာမတွေ အထင်အရှား အမြင်သားဖြစ်ပါလိမ့်မယ်နော် (မှန်လှပါ ဘုရား)။
ဘုရားကဘယ်လိုများမှာခဲ့သလဲ
ကျန်တဲ့ပုဂ္ဂိုလ်တွေ အတွက်တော့ ဘယ်လိုများ မှာခဲ့ သလဲဆိုတဲ့ဥစ္စာ အကြိမ်ပေါင်း တစ်ထောင့်ခုနစ်ရာ ကိုးဆယ့် နှစ်ကြိမ်တိုင် မင်းတို့ကွာ ငါမရှိပေမယ့်လည်း ဓမ္မက္ခန္ဓာ ရှစ်သောင်း လေးထောင်နဲ့တကွ ငါဘုရားတပည့်သားမြေးတွေ ဆရာလုပ်ပြီး သကာလ မင်းတို့ကို သယ်ယူ ပို့ဆောင်ရစ်ပါလိမ့်မယ် ဆိုတာ လည်း မှာခဲ့တာကတစ်ကြောင်း၊ သူကိုယ်တိုင်လည်း ဝိပဿနာ တွေရှု၊ သမထဝိပဿနာတွေ ကြိုးစားကြလို့ရှိရင်ဖြင့် မင်းတို့ သည်ကားလို့ဆိုရင်ဖြင့် ငါ ပရိနိဗ္ဗာန် စံငြား သော်လည်း အလုပ် တရားက ဒါပဲ၊ ဒါလုပ်ရစ်ကြဆိုပြီး မှာပစ်ခဲ့တာက တစ်ထောင့် ခုနစ်ရာ ကိုးဆယ့်နှစ်ကြိမ် တိုင်တိုင် ဦးခင်မောင် မှာခဲ့တယ်နော် (မှန်လှပါ ဘုရား)။
အလုပ်လုပ်ဖို့တစ်ခုဖြင့်လိုတယ်
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမှာ တမ်းအတိုင်းကိုပဲ ဘုန်းကြီးများကလည်း အလုပ်လုပ်ပြပါတယ်။ ဒီ ဒကာ ဒကာမတွေကလည်း ဘုရားမရှိလို့ အားငယ်စရာမလို ဘူး၊ အလုပ်လုပ်ဖို့ တစ်ခုဖြင့် လိုတယ် ဆိုတာ တရားတစ်ပွဲလုံးပဲ မှတ်ကြပါဆိုတာ စောစောစီးစီး သတိပေး ပါတယ်နော် (မှန်ပါ့ ဘုရား)။
သမထဝိပဿနာတွေကြိုးစားကြပါ
ဘယ်လိုမှာတုံးဆိုတော့ ခဏခဏပဲ ဘုန်းကြီးလည်း ခုနစ်ရက် တစ်ပတ်ဆိုသလို သတိပေးတယ်။
“ဈာယထ ဘိက္ခဝေ မာပဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော၊ အဟုဝတ္ထ အယံ ဝေါ တုမှာကံ အနုသာသနီ။”
ဘိက္ခဝေ – အို ငါ၏ချစ်သားတပည့်များတို့၊ ဈာယ ထ-သမထဝိပဿနာ ရှုကြကွာ။
သမထဝိပဿနာတွေ ကြိုးစားကြပါကွာဆိုတာ မမှာဘူး လား (မှာပါတယ် ဘုရား)။
မာပမာဒတ္ထ-သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့လျော့ပေါ့ဆ၍ မနေကြနှင့်။
သားရေး, သမီးရေး, စီးပွားရေးကြောင့် သမထ ဝိပဿနာ အလုပ်ကြီး မေ့မနေကြနဲ့ပေါ့ ဒါဟာ ဘုရားရှင် က တစ်ထောင့်ခုနစ်ရာ့ကိုးဆယ်နဲ့ နှစ်ကြိမ် တိုင်တိုင်မှာတဲ့ ပါဠိတော်နော် (မှန်လှပါ ဘုရား)။
ပစ္ဆာ – သေရာ ညောင်စောင်း လျောင်းစက်တဲ့အခါ ကာလကျမှ။
ဒကာ ဒကာမတွေ သေရာညောင်စောင်း တက်ကြရဦး မှာကိုးဗျ၊ သေရာ သင့်ဖြူးပေါ်သော် လည်းကောင်း၊ ကြမ်းပေါ်သော်လည်းကောင်း၊ မသေခင် ဝေဒနာခံစားပြီး သေရဖို့ အလုပ်ကြီး ကတော့ဖြင့် ကိုယ်တိုင်ခံစားပြီး တွေ့ကြရဦးမည့် အလုပ်တွေ ဦးခင်မောင် မလွဲဘူးပေါ့ဗျာ (မလွဲပါ ဘုရား) အဲဒီ အချိန်ကျတော့-
ဝိပ္ပဋိသာရိနော -ဪ ငါ သားရေး သမီးရေး စီးပွားရေးကြောင့် ငါဖြင့် အခု ဒုက္ခလှလှကြီး ရပါပေါ့ကလားလို့ နှလုံးမသာယာခြင်းရှိကြကုန်သည်၊ မာအဟုဝတ္ထ -မဖြစ်ကြကုန်လင့်။
မှာပြန်တယ် ဦးခင်မောင်ရေ (မှန်ပါ့) မောင်ထွန်းလှိုင် မမှာဘူးလား (မှာပါတယ် ဘုရား) ဒကာသစ်တို့ မှာသနော် (မှာပါတယ် ဘုရား)။
ဘာကြောင့်မှာပါလိမ့်မတုံး
ဘာကြောင့် မှာပါလိမ့်မတုံးဆိုလို့ရှိရင်၊ ကွာ တဲ့ မင်းတို့ ဝိပဿနာအလုပ် မလုပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ သေရာညောင်စောင်း လျောင်းစက်ဖို့ ဆိုတဲ့အခါ ရှိသေး သနော် (မှန်ပါ့)။
သေရာဌာနတော့ လူတိုင်းပဲရောက်ရမယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒီ အချိန်ကျတော့ ဒကာ ဒကာမတို့ ကိုယ်သွားရာလမ်း ခရီး ကိုယ်အမြင်ကြီး မြင်ပါလိမ့်မယ်လို့ ပြောလိုက်တယ်နော် (မှန်ပါ့)။
ကိုယ်သွားရာခရီးက မသေခင်က မြင်တယ်လို့ တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ့) ဘယ်အချိန် မှ မြင်ပါလိမ့် (သေခါနီးမှ မြင်မှာပါ ဘုရား) မသေခင်က မြင်ရမယ်ဆိုတာ အရှင်းသား ပဲနော် (မှန်ပါ့)။
မသေခင်ဘယ်လိုမြင်တတ်သတုံး
မသေခင်ကမြင်ရမယ်ဆိုတော့၊ဪ ဒါဖြင့် ဒကာ ဒကာမတို့ မသေခင် ဘယ်လို မြင်တတ်ပါသတုံး လို့ မေးတဲ့အခါကျတော့ ခွေးနက်ကြီးကိုလည်း မြင်တတ်တယ်နော် (မှန်ပါ့) ငရဲမီးတွေ ဟုန်းဟုန်း တောက်နေတာလည်း (မြင်တတ်ပါတယ် ဘုရား) တောင်တွေ, ချောက်တွေ, ကျားကြီး တွေကော (မြင်တတ်ပါတယ် ဘုရား) အမိဝမ်းရေတွေကော (မြင်တတ်ပါတယ် ဘုရား)။
ဒါ ဘယ်အချိန် မြင်တာပါလိမ့် ဒကာ ဒကာမတို့ (မသေခင်မြင်တာပါ ဘုရား) မသေခင် ကပ်ပြီး သကာလ ဦးခင်မောင် မြင်တာ ဆိုပါကလား (မှန်လှပါ ဘုရား)ဦးစံရင်တို့ ဘယ်အချိန် မြင်ပါလိမ့် (မသေခင် ကပ်မြင်တာပါ ဘုရား)။
ခွေးနက်ကြီးတွေ၊ ငရဲမီးတွေ
ဒီကျတော့ ဒကာ ဒကာမတွေသိပြီ၊ ဪ ငါသည် ကားလို့ဆိုရင်ဖြင့် ခွေးနက်ကြီးတွေလည်း မြင်ရပြီ၊ ငါ့ကိုက်မလို့ ငါ့ဆွဲမလို့၊ ငရဲအိုး, ငရဲမီးတွေလည်းမြင်ရပြီ၊ ငါရောက်ရာ လမ်းကဖြင့် အောက်လမ်းပါကလား ဆိုတာ သေချာပြီးသကာလ နေတော့ သော် သား, လင်, ခင်ပွန်း ကိစ္စတွေနဲ့ အချိန်ကုန် ပြီးသကာလ သားရေး သမီးရေး စီးပွားရေးနဲ့ အချိန်ကုန်ပြီး ငါ ဘုရားမှာတော်မူတဲ့ ဝိပဿနာ အလုပ်ကြီး မလုပ်ခဲ့တာဖြင့် ကိုယ် ကျိုးနည်းပေါ့လို့ဆိုပြီး မျက်ရည်တွေ တစ်ခါတည်း ကျလာတယ် (ကျပါတယ် ဘုရား) သေခါနီး မျက်ရည်ကျတယ် (မှန်ပါ့)။
(၁၇၉၂) ကြိမ်တိုင်တိုင် မှာတဲ့ပါဠိတော်
ဘယ်အချိန် ကျပါလိမ့် (သေခါနီး ကျပါတယ် ဘုရား) ဦးခင်မောင် ဒါ လူတိုင်းအလုပ်မို့ သေသေချာချာ ပြော နေပါတယ်၊ တစ်ထောင့်ခုနစ်ရာ့ ကိုးဆယ့်နှစ်ကြိမ် တိုင်တိုင် မှာတဲ့ ပါဠိတော်မို့ ခုနှစ်ရက် တစ်ပတ်လောက် သတိပေးနေတယ်ဆို တာ ဒကာ ဒကာမတို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဝိပဿနာလုပ်ကြ, ဝိပဿနာလုပ်ကြ၊ ထိုကဲ့သို့မလုပ်ခဲ့ သည်ရှိသော် သေရာ ညောင်စောင်း လျောင်းစက်တဲ့ အခါကျ တော့မှ ဪ ငါ အနေဆိုးနေလို့ရှိရင် အသေဆိုးဖြင့် သွားရ တော့မယ် ဆိုတာ သူတစ်ပါးလည်း မပြောနိုင်ဘဲနဲ့ ခေါင်းအုံးပေါ် မျက်ရည်တွေ စီးကျတယ် ဦးခင်မောင်ရေ (မှန်ပါ)။
ကြွားခဲ့သရွေ့ မော်ခဲ့သရွေ့
ကြားခဲ့သရွေ့ မော်ခဲ့သရွေ့ ဒီမှာ ဗိုင်းဝိုင်းလဲပေါ့ဗျာ (မှန်ပါ့) မလဲကြသေးဘူးလား (လဲပါတယ် ဘုရား) မော်ခဲ့ သရွေ့ မောက်ခဲ့သေ ဘာဖြစ်ပါလိမ့် (ဗိုင်းဗိုင်းလဲပါတယ် ဘုရား) ဒီနေရာ ဗိုင်းဝိုင်း လဲတာပဲ ဒကာ ဒကာမတို့ သိပ်ကြောက် စရာ ကောင်းပါကလား (မှန်ပါ့)။
ကြပ်ကြပ် စဉ်းစားကြပါ ဒကာ ဒကာမတို့ သေခါနီးကျ လာတဲ့အခါကျတော့သားကလည်း အနားမှာ ရှိငြား သော်လည်း သူလည်း ပြောချိန်မရ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အနားမှာ ရှိငြားသော်လည်း ကယ်ဖော်, ယူဖော်, က မရ ကိုယ်မြင် နေတဲ့ မြင်ရာဌာန ကြီးကလည်း ကြောက်စရာ, လန့်စရာကြီး ဒီလမ်း ပဲ သွားရတော့မယ် ဆိုတာ ကိုယ်ကိုယ်တိုင်သိ၊ ငါဖြင့် မှားခဲ့ပေါ့ ဆိုပြီး သကာလ မျက်ရည်ကြီးငယ်တွေ ကျရတယ် ဦးခင်မောင် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ ရောင်းဝယ် ဖောက်ကား စားသောက်ပြီး သကာလ နေတာတွေ ဒီအလုပ်တွေ မလုပ်နဲ့လို့ဆိုတာ မဟုတ်ဘူး၊ ဒီကြားထဲ ဝိပဿနာ ကြိုးစားကြ။ ပရိယေသန ဆိုတာ ခန္ဓာရှိရင် လုပ်ရတာပဲ၊ သမ္မာအာဇီဝနဲ့ လုပ်ရင် အပြစ်မရှိပါဘူး၊ ကောင်းသော အသက်မွေးခြင်းနှင့် မွေးရင် အပြစ် မရှိပါဘူးဆိုတာလည်း သဘောကျပြီနော် (မှန်ပါ့ ဘုရား)။
ဒါန၊ သီလလောက်နဲ့ တင်းတိမ်မနေပါနဲ့ဦး
ထိုသို့ပင် အပြစ်မရှိငြား သော်လည် ဒါနကလေးလောက် နဲ့ သီလကလေးလောက်နဲ့ တင်းတိမ်ပြီး သကာလ မနေပါနဲ့ဦးဆိုတာ
ဈာယထ- ဝိပဿနာရှုကြ၊ မာပမာဒတ္တ – မေ့လျော့ပေါ့ဆ၍ မနေလိုက်ပါနဲ့ ကွာ ဆိုတာ ကလေးဟာ ထပ်ကာ ထပ်ကာ မှာပြန်တော့ ဒီဟာကလေးများ လောက်နဲ့ တင်းတိမ်ပြီး မနေလိုက် ပါနဲ့ဦးကွ ဆိုတဲ့ အဓိပ္ပါယ်လည်း ရှင်းလင်းသွားတော့တယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ သေခါနီးကျလာတဲ့အခါကျမှ မောင်ကလည်းမကယ်နိုင်၊ ဖားကလည်း မကယ်နိုင်၊ လက်ဝတ် လက်စားတွေကလည်း မကယ်နိုင်၊ သား, လင်, ခင်ပွန်းတွေကလည်း အနားကနေပြီး ဘာအလိုရှိတယ်လို့ ပြောတာလည်း ကိုယ်ကမကြား၊ ကြားပြန်တော့လည်း ဘာမှ မတတ်နိုင်၊ ကိုယ် လမ်းက သွားရမည့်လမ်းကြီးက အပါယ် လေးပါးကြီးက ဖြောင့်ပြီး သကာလ နေတော့ ဪ ဘယ့်နှယ်လုပ်ရပါမတုံး အခက် ဖြင့် ကြုံပေါ့ဆိုပြီး မျက်ရည်တွေ ကျတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘယ်လောက် ကြောက်စရာကောင်း တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
လူတိုင်းတွေ့ရမည့်ကိစ္စ
ဒါဖြင့် ဒီထဲ ဒကာ ဒကာမတွေအားလုံး ဘုန်းကြီးတို့ တွေ့ကြတဲ့ ဒကာ ဒကာမတွ ဒီကိစ္စဟာ တွေ့ရမည့်ကိစ္စ၊ ကြုံရမည့် ကိစ္စ၊ ဆုံရမည့်ကိစ္စဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) သေခါနီးလေး (မှန်ပါ့)။
သေခါနီး မရဏာသန္နဇော စောမည့် ကိစ္စတွေကို ဒကာ ဒကာမတို့ ငြင်းစရာမရှိပါဘူး (မရှိပါ ဘုရား)။
လူတိုင်းတွေ့ ရမည့်ကိစ္စ ယုတ်စွအဆုံး ဘုန်းကြီးပြောပြ ပါမယ် ဒကာ ဒကာမတို့ အင်မတန် ထက်လှစွာသော သင်ဓုန်း ဖျားပေါ်မှာနားနေတဲ့ ယင်ကောင်ကလေးကို တုတ်ကလေးနဲ့ ထိလိုက် တာတောင်မှ သူသွားရာ လမ်းခရီးသေရမည့် နိမိတ် မြင်သေးတယ် ဆိုတော့ ဦးခင်မောင် ကုန်ရောပေါ့ (မှန်ပါ့) မကုန် ဘူးလား (ကုန်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို စား သောက် ပျော်ပါးပြီး သကာလ ကြွားဝါပြီး သကာလ နေမှုကို ဘုန်းကြီးတို့သည် မုဒိတာဖြစ်ပါတယ်၊ မုဒိတာဆိုတာ ဝမ်းသာ ပါတယ် ပြောတာ ပါနော် (မှန်ပါ့ ဘုရား)။
တင်းတိမ်ပြီးနေမှာစိုးရိမ်တယ်
သို့သော် – ဒါလောက်နဲ့တင်းတိမ်ပြီးနေမှာကိုတော့ စိုးရိမ် ပြန်တယ်ဆိုတာလည်း သဘော ကျပလား (ကျပါပြီ ဘုရား)။
ဝမ်းလည်းမြောက်ပါတယ်နော် (မှန်ပါ့) စိုးရိမ်တာ ကော (စိုးရိမ်ပါတယ် ဘုရား) စိုးရိမ်စရာ လည်း ရှိပါတယ် ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက် ကျန်းမာ ချမ်းသာပြီး သကာလ ကာလကောင်း, ဒေသကောင်းမှာ ပဲ လူဖြစ်လာလို့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ကိုယ့်တိုက်, ကိုယ့်တာ ကိုယ့်ကားတွေနဲ့ နေကြ, ထိုင်ကြ တာတွေကိုလည်း အလွန်ပဲ ဝမ်းသာပါတယ် သူတို့ ကာမာဝစရ ရှိကြပေတယ် ဆိုပြီး ဝမ်းသာပါတယ် (မှန်ပါ ဘုရား)။
ဝမ်းမသာဘူး ဝမ်းနည်းမိတယ်
ဝိပဿနာ အလုပ် မလုပ်တော့ ဘုန်းကြီးတို့က ဝမ်းမသာ ပြန်ဘူး (မှန်ပါ့ ဘုရား) ဝမ်းမသာတာက ဘာဖြစ်လို့တုံးဆို လို့ရှိရင်ဖြင့်တဲ့၊ အဟောင်းတွေ ခံစားပြီး သကာလ အသစ်သွားရာ လမ်းခရီးကြီးကို အဖြောင့် မလုပ်ထားမိတဲ့အတွက် အကောက် လုပ်နေတယ်လို့ ဆိုပြီး ဝမ်းနည်းမိတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ ဒါအဟောင်းတွေကတော့ အင်မတန် ကောင်းပြီး သကာလ လာငြားသော်လည်း အသစ်တွေ သွား ရမည့် လမ်းခရီးက လမ်းကောက်ကြီးသာ လုပ်နေကြတယ်၊
လမ်းဖြောင့်ဆိုတဲ့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊” ဆိုတဲ့ ဝိပဿနာမဂ်, လောကုတ္တရာမဂ်လမ်းကြီးကို ဒကာ ဒကာမတွေ မစီစဉ်ကြ, မလုပ်ကိုင်ကြတော့ သူတို့သည် အဟောင်းသာ ခံစားနေကြတယ်၊ အသစ်လမ်းမမြင်ကြပါလား ဆိုပြီး သကာလ ဘုန်းကြီးများက ဒကာ ဒကာမတွေ လိုတာ ဖြည့်ပေးနေတယ် ဆိုတာကိုပဲ ကျေနပ်ကြရဲ့လား (ကျေနပ် ပါတယ် ဘုရား) လိုတာ ဖြည့်ပေးနေပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။
အဲဒီတော့ တို့ ဘာလိုနေပါလိမ့်မတုံးဆိုတော့ခန္ဓာဉာဏ် ရောက်တဲ့အလုပ်လိုနေတယ် (မှန်လှပါ ဘုရား) ဘာလို နေပါလိမ့် (ခန္ဓာဉာဏ်ရောက်တဲ့အလုပ် လိုပါတယ် ဘုရား) ခန္ဓာဉာဏ်ရောက်တဲ့အလုပ် လိုနေပါတယ်ဆိုတာ ရိပ်မိပလား (မှန်ပါ့)။
ခန္ဓာပေါ်၌ ဝိပဿနာရှုကြ
ဒါကြောင့် ဘုရားက
‘‘ဈာယထ – ခန္ဓာပေါ်၌ ဝိပဿနာရှုကြ၊ မာပမာဒတ္ထ – မေ့လျော့ပေါ့ဆ၍ မနေလိုက်ပါနဲ့ ကွ၊ ပစ္ဆာ = သေရာညောင်စောင်း လျောင်းစက်တဲ့ အခါကာလကျ မှ၊ ဝိပ္ပဋိသာရိနော =ဪ ငါဖြင့် အမှားကြီးမှားခဲ့ပြီဟု နှလုံး မသာယာခြင်း၊ မျက်ရည်ကျခြင်းရှိကုန်သည်။ မာ့အဟုဝတ္ထ- မဖြစ် ကြကုန်လင့်လို့ ဟောတော်မူတယ်နော် (မှန်ပါ့)။
ဝိပဿနာရှုထားတော့ မဖြစ်တော့ဘူးတဲ့ (မှန်ပါ့) မျက်ရည်ကျခြင်း၊ နှလုံးမသာယာခြင်း၊ ဒါတွေ မလာတော့ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့) ကိုယ်သွားရာ လမ်းခရီး အဖြောင့်ကြီး ဖြောင့်ပြီး သကာလ ပြုံးများတောင် သေလိုက်သေးတယ် (မှန်ပါ့ ဘုရား)။
ပြုံးများတောင် သေခါနီး ဒကာ ဒကာမတို့ ပြုံးများတောင် သေလိုက်သေးတယ်လို့ တစ်နေ့ ကလည်း ပြောခဲ့တယ် မဟုတ် လား (မှန်ပါ့ ဘုရား)။
ပြုံးပြီးသေရတယ်
ဒါ အလုပ် လုပ်ထားတဲ့ ပုဂ္ဂိုလ်မို့ ပြုံးပြီး သကာလ သေရ တယ်ဆိုတာ သူ့နိမိတ်ကလည်း တယ်ကောင်းတယ် (မှန် လှပါ ဘုရား) သူ့နိမိတ်က သူ့ရထားစီးပါ, ငါ့ရထားစီးပါနဲ့ ကောင်း ကင်က လာခေါ်နေကြတယ်။
တစ်နည်းအားဖြင့်လည်း မဂ်လေးတန် ဆိုက်သွားလို့ရှိရင် လည်း နိဗ္ဗာန်ကြီးကို မြင်နိုင်တဲ့ စွမ်းရည်သတ္တိက ရှိပြီးသားဖြစ် သောကြောင့် နဂိုက မြင်ထားတဲ့ နိဗ္ဗာန်ကိုပဲ ကိုယ်ကသွားရမှာ ဖြစ်နေတော့ အင်း ခန္ဓာဝန်ကြီး ကျတာ ဝဋ်ကျွတ်ပေပေါ့ ဆိုပြီး ခုနင်က သေခါနီး ဝမ်းများတောင် သာလိုက်သေးတယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။
ဝိပဿနာရှုကြ မေ့မနေကြနဲ့
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာ အလုပ် မည်မျှလောက် အရေးကြီးတယ် ဆိုတာဖြင့် ကနေ့စပြီး တရားပြောလိုက်ကတည်းကိုက ဪ မလုပ် မဖြစ်တဲ့အထဲ ဝိပဿနာ အလုပ်ဟာ အပါအဝင်ကြီးပါကလား ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။
သာမညမှာတာလား, တစ်ထောင့် ခုနစ်ရာ ကိုးဆယ်နဲ့ နှစ်ကြိမ်တောင် မှာတာလား ဆိုတာလည်း စဉ်းစားကြည့်ပါ ဦး (တစ်ထောင့်ခုနစ်ရာ့ကိုးဆယ့်နှစ်ကြိမ် မှာတာပါ ဘုရား)။
ဝိပဿနာရှုကြဟေ့ မေ့မနေကြနဲ့ကွ သားရေး သမီးရေး, စီးပွားရေးတွေကြောင့် မအားလို့ဆိုပြီး သကာလ မင်းတို့ မနေလိုက်ကြပါနဲ့၊ မင်းတို့တွေ့ရမည့်လမ်းကြီးက ဒီသားရေး, သမီးရေး, စီးပွားရေး နဲ့သာ အချိန်ကုန်ပြီး သကာလ နေကြတော့ မယ် ဆိုလို့ရှိရင်ဖြင့်တဲ့၊ ငါဘုရားစကား နားမထောင်တဲ့ အတွက် သေခါနီးမျက်ရည်ကြီးငယ် ကျရလိမ့်မကွ (မှန်လှပါ)
အမြင်အကျယ်ဆုံးပုဂ္ဂိုလ်ကပြောတာ
ဦးခင်မောင် ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်းပါတယ် ဘုရား) အင်မတန် အမြင် ကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ပြောတယ်ဆိုတာလည်း မောင်ထွန်းလှိုင် တို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သာမည ပုဂ္ဂိုလ်က ပြောတာလား၊ အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာလား (အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာပါ ဘုရား)။
အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာဖြစ်နေတော့ ကျုပ် တို့က ပေါ့ပေါ့ကလေးနားထောင်ပြီး သကာလ အို, သူများတွေ လည်း ဒီလိုနေကြတာပဲ၊ ကိုယ်လည်း ဒီလိုနေတာပဲဆိုပြီး ဒီဆင်ခြေတွေ မလဲလိုက်ပါနဲ့ ကိုယ့်ကိုယ်ကိုယ် သနားလိုက်ပါ (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် သနားပြီး၊ ကဲ ငါဖြင့် အရယူပါ တော့မယ်၊ ဘုရားက အရေးတကြီး ပြောတာ အရေးကြီးအောင် လည်း ဂရုစိုက်ပါတော့မယ်ဆိုတဲ့ စိတ်ကလေး ယနေ့ကစပြီး မွှေး လိုက်စမ်းပါနော် (မှန်လှပါ ဘုရား)။
ဘုရားက အရေးကြီးတယ်ဆိုလို့ရှိရင်ဖြင့် ငါသည် အရေး ကြီးတဲ့ ဒီအလုပ်ကြီးကို လုပ်ပါ တော့မယ် ဆိုတဲ့ စိတ်ကိုဖြင့် မွေး ဖြစ်အောင် မွေးပါဆိုတာ ဒကာ ဒကာမတွေအား တိုက်တွန်းရ ပြန်တယ် (မှန်ပါ့ ဘုရား)။
အလွန်အလွန်ဂရုဏာပိုလွန်းလို့
ဘာ့ကြောင့်တုံး ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည်ကားလို့ဆိုလို့ရှိရင် ခဏ ခဏ ဒကာ ဒကာမတွေ ပြော တယ်၊ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ၄၅, ဝါတည်း တရားဟောရတယ်၊ သူများ ဘုရားတွေလိုလည်း သောင်းတမ်း, သိန်းတမ်း, ပွင့်တာ မဟုတ်တော့ ကပျာကယာ ပြောရတော့ စကားတောင် နှစ်ခွန်း မပြောတဲ့ ကိုယ်တော်ကြီး ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။
အဲဒီနှစ်ခွန်းမပြောတဲ့ ကိုယ်တော်ကြီးဟာ တစ်ထောင့် ခုနစ်ရာ ကိုးဆယ့်နှစ်ကြိမ်တိုင်တိုင် မောင်ထွန်းလှိုင် မှာတော်မူ တယ်ဆိုတော့ သာမည အရေးကြီးလို့လား အလွန့်အလွန် ကရုဏာ ပိုလို့လား ဆိုတာ စဉ်းစားကြပါတော့ (ကရုဏာ ပိုလို့ပါ ဘုရား)။
အလွန့်အလွန် ကရုဏာပိုလွန်းလို့ ဪ အလွန့် အလွန်လည်း အရေးကြီးလွန်းလို့ သည်အရေး သည်ကားလို့ဆို ရင် ဒကာ ဒကာမတွေ ထပ်မပြောလို့ရှိရင်ဖြင့် အမေ့ကြီးမေ့ပြီး သကာလ အိပ်ရာသေရာ ညောင်စောင်းပေါ်မှာ မျက်ရည်ကြီး ငယ်ကျပြီး သကာလ အပါယ်လေးပါးလည်း လွတ်မှာ မဟုတ်ဘဲနဲ့ သွားရရှာတော့မယ်ဆိုတာ ကိုယ်တော်မြတ်ကြီးသည် အင်မတန် သနား တော်မူတယ် (မှန်လှပါ ဘုရား) သနားတော်မူတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မလုပ်မဖြစ်တဲ့ အလုပ်သည်ဝိပဿနာ
ဒါဖြင့် ဒကာဝရေ ဘယ်အလုပ်ဟာ မလုပ်မဖြစ် တဲ့ အလုပ်ပါလိမ့် (ဝိပဿနာအလုပ်ဟာ မလုပ် မဖြစ်တဲ့ အလုပ်ပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ဘယ်အလုပ်ပါ လိမ့် (ဝိပဿနာအလုပ်ပါ ဘုရား)။
မလုပ်မဖြစ်ဘူး ဆိုတာ ခင်ဗျားတို့ ဆရာဘုန်းကြီးက လည်း အရင်းအချာတွေထားပြီး သကာလ ပြောကြားနေတာက လည်းတစ်ကြောင်း၊ ဘုရားကလည်း တစ်ထောင့်ခုနစ်ရာ့ ကိုးဆယ်နှစ်ကြိမ် တိုင်တိုင် မလုပ်ရင် မဖြစ်ဘူးကွ၊ ဒီအလုပ်မှပဲနေ ရာကျမယ် ကွ ဆို တဲ့ ဥစ္စာ မှာတော်မူတာကလည်း တစ်ကြောင်း ဖြစ်သောကြောင့် ငါတို့ သာမည တရားနာရုံကလေး၊ ဒီတရားအတိုင်း လိုက်နာဖို့အလုပ်ကို ငါလုပ်ဦးမှပဲဆိုတာ မပါဘဲ နဲ့ဖြင့် မတော်ကြဘူးပေါ့ဗျာ (မှန်ပါ့)။
တရားနာတာ ကုသိုလ်ရတာမှန်ပါတယ် ဒကာ ဒကာမ တို့နော် (မှန်ပါ့) မှန်ပင်မှန်ငြား သော်လည်း ကုသိုလ်ရရုံ ကလေးနဲ့ မတင်းတိမ်ဘဲနဲ့ တစ်ခါတည်း ခန္ဓာဇာတ်သိမ်းငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကြီးကို အရောက်သွားလိုက်လို့ရှိရင် ကောင်းလိမ့် မယ်ဆိုတာ မှတ်ထားကြပါနော် (မှန်ပါ့)။
ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်သေး သရွေ့ ကာလပတ်လုံး ဒကာ ဒကာမတို့ အိုပွဲ နာပွဲ, ပွဲဟာ ကျုပ်တို့ ဆင်းရဲမည့် ပွဲချည်းပဲဆိုတာ ဦးခင်မောင် ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာရှိနေရင် ကိုယ်တိုင်ဖြစ်ရမှာ
ခန္ဓာရှိနေရင် ဘယ်နေရာ အိုပြီတဲ့ ဘယ်နေရာ နာပြီတဲ့၊ ဘယ်နေရာ သေပြီတဲ့ဆိုတဲ့ အသွားတွေက ကြားရတော့မယ် (မှန်ပါ့ ဘုရား)။
သူများကြားရတာ မကြားရတာက ဒကာ ဒကာမတွေ အရေးမကြီးပါဘူး၊ ကိုယ်တွေ့ ဖြစ်ရမှာသာ ဝမ်းနည်းစရာ သိပ်ကောင်းတယ် (မှန်ပါ့ ဘုရား)။
သူများကြားတာ မကြားတာကတော့ ဖြစ်မှ ဖြစ်ရလေတယ်၊ ကျုပ်ဖြင့် ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ဘူး၊ ဒါဘာမှ မဆိုင်ဘူး ဒကာ ဒကာမတွေ လောကွတ်တွေကို ဂရုစိုက်မနေနဲ့ ကိုယ်ကိုယ်တိုင် ခံရမည့်ဒုက္ခကြီး၊ ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့ ဇာတ်သိမ်းပါ ဆိုတာသာ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။
ကိုယ်ကိုယ်တိုင်ခံရမည့် ဒုက္ခကြီးကို (ကိုယ်ကိုယ် တိုင် ဇာတ်သိမ်းဖို့ အရေးကြီးပါတယ် ဘုရား) ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့ ဇာတ်သိမ်းရမည့် အလုပ်သာလျှင် ဒကာ ဒကာမတို့ အရေးကြီး တယ်ဆိုတာ မှတ်စမ်းပါနော် (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒီနေရာမှာ ဘာဉာဏ်တုံးဆိုလို့ ရှိရင် ဝိပဿနာဉာဏ်, မဂ်ဉာဏ်ကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။
အကြီးဆုံး ဆုံးမတာ
အဲဒါသည်ကားလို့ ဆိုလို့ ရှိ ရင်ကွာတဲ့ သေရာ ညောင်စောင်း လျောင်းစက်တဲ့အခါကျတော့မှ မျက်ရည်ကြီးငယ် ကျပြီး နှလုံးမသာယာခြင်း ရှိကုန်သည်။ မာအဟုဝတ္ထမဖြစ်ကြကုန်လင့်။ အယံ ဤ ဆိုအပ်သောစကားသည်။ ဝေါ တုမှာကံ -သင်ချစ်သားတို့အား။ အမှာကံ -ငါဘုရားတို့၏။ အနုသာသနီ- အကြီးအကျယ်ဆုံး ဖြစ်တဲ့ အဆုံးအမပါပဲ။
မင်းတို့ကို အကြီးဆုံး ဆုံးမတာပေါ့နော် ပေါ့ပေါ့နားနဲ့ မထောင်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။
ဦးဝ ဘာတဲ့တုံး (ပေါ့ပေါ့နားနဲ့ မထောင်လိုက်ပါနဲ့) ပေါ့ပေါ့နားနဲ့ မထောင်လိုက်ပါနဲ့ဆိုတော့ ဒကာ ဒကာမတွေ အလွန်ကိုပဲ အရေးကြီးပေါ့ဆိုတော့ မှတ်ရပါလိမ့်မယ်နော် (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတွေကလည်း ဘုန်းကြီးက အရင်းအချာတွေ ဖြစ်ပြီး သကာလ နေတော့ ဪ ဒီဒကာ ဒကာမတွေ သူတို့ကတော့ဖြင့် မသိရှာဘူး အရေးကြီးတဲ့ အလုပ်မှာ သူတို့ ကိုယ်ပိုင်က မရှိသေးပါကလား ဆိုတာကို သိရလိမ့်မယ် နော် (မှန်ပါ့)။
အရေးကြီးတဲ့အလုပ် ကိုယ်ပိုင်မရှိသေးသရွေ့ ကာလ ပတ်လုံး လူချင်းသာဖုံးလို့ရတယ်၊ သေခါနီး ဖုံးလို့ရပါ့မလား (မရပါ ဘုရား)။
ဦးခင်မောင်ရေ လူချင်းတော့ဖြင့် ကျုပ်လည်း ပုတီးလည်း စိပ်ပါတယ်၊ ညလည်း ထိုက်တန် သလောက်လည်း တရားနှလုံး သွင်းပါတယ် လူချင်းဧည့်တဲ့စကားတွေပါ (မှန်ပါ့ ဘုရား) ကိုယ်ကိုယ်တိုင် အဖြစ်အပျက်မြင်ပြီး သကာလ ဒုက္ခခန္ဓာကိုယ်၏ အဖြစ်အပျက်တွေ မြင်ပြီး ခန္ဓာကိုယ်၏ အဖြစ်အပျက်တွေ မုန်းလို့ ခန္ဓာကိုယ်ကြီးဖြင့် ဉာဏ်ထဲမှာပဲ ဆုံးသွားတဲ့ အခြေအနေ ရောက်အောင် ငါအလုပ်ကို လုပ်လိုက်မှသာလျှင် ဟာ ငါဖြင့် မျက်ရည်ကြီးငယ်ကျစရာ ဇာတ်သိမ်းပေါ့ဟလို့ ဝမ်းသာစရာပေါ့ဗျာ (မှန်လှပါ ဘုရား)။
ခန္ဓာကြီးဟာ ဒုက္ခသစ္စာ
ဒါကြောင့် ဒီအလုပ်ကို ကိုယ့်ခန္ဓာကိုယ်၏ အဖြစ်အပျက် ကိုလည်း နေ့စဉ်နဲ့အမျှ မုန်းအောင်လုပ်၊ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ အစစ်ပဲဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ရလို့ ရှိရင်ဖြင့် ခန္ဓာကိုယ် ဒုက္ခသစ္စာ ချုပ်ငြိမ်းသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
ချုပ်ငြိမ်းသွားလို့ရှိရင်ဖြင့် “ဒုက္ခဿ အန္တံ ကရိဿတိ” ဆိုတဲ့အတိုင်း ဒုက္ခဿ- ဒုက္ခ၏၊ အန္တံ- အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို၊ ကရိဿတိ သစ္ဆိကရိဿတိ -မျက်မှောက်ပြုနိုင်လတ္တံ့၊
သံယုတ် ပါဠိတော် အရုဏဝတီသုတ်မှာ သေသေချာချာဟောထားတယ်၊ ဒုက္ခဆုံးတဲ့ နိဗ္ဗာန်ကို မြင်အောင် လုပ်ထားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေရာညောင်စောင်း လျောင်းစက်တဲ့ အခါမှာ မျက်ရည်ကြီးငယ် မကျဘဲနဲ့ပြုံးများတောင် နေလိုက်ရသေးတယ်ဆို တာလည်း ရှိပါသေးတယ်နော် (မှန်ပါ့)။
ပြုံးသေအလုပ်ကို လုပ်ကြစမ်းပါ
ဒါ့ကြောင့် ဒကာ ဒကာမတွေ ပြုံးသေ အလုပ်ကိုဖြင့် ကိုယ့်အရေး ဖြစ်သောကြောင့် လုပ်ကြစမ်းပါ၊ မဲ့သေ အလုပ်ကဖြင့် ဆိုးရွားလွန်းလို့ဆိုတာလည်း ဒကာဝ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေ ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။
ကိုင်း ဘယ်လိုလုပ်မှ သာလျှင် ဒီအပြုံးသေ အလုပ် ကြီးနဲ့တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဝိပဿနာ အလုပ် လုပ်ကြရ လိမ့်မယ် (မှန်ပါ့)။
မလုပ်တတ်လို့ရှိရင်ဖြင့် ဘုန်းကြီးများက မသိ, သိအောင် ပြောမည့်နည်းတွေ ဧကန်ရှိပါတယ် (မှန်ပါ့) ခင်ဗျားတို့က သာ သားရေး သမီးရေး, စီးပွားရေးကြောင့် ဆင်ခြေတွေမလဲ လိုက်ပါနဲ့ဆိုတာ ကိုသာ ဦးခင်မောင် ပြောရတယ် (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ လဲတဲ့ဆင်ခြေတွေဟာ ခင်ဗျားတို့နစ်နာဖို့သာ မှတ်ပါ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ခင်ဗျားတို့လဲတဲ့ဆင်ခြေဟာ (တပည့်တော်တို့ နစ်နာပါ ဘုရား)။
ခင်ဗျားတို့ လဲတဲ့ ဆင်ခြေဟာ ဘာတုံးလို့မေးတဲ့အခါကျ တော့ တပည့်တော်တို့ မအားလို့ပါ ဘုရာ့၊ စိတ်ထဲကတော့ ဒီ အလုပ် လုပ်မယ်လို့ ရည်ရွယ်ချက်ရှိပါတယ်ဆိုတော့ မအားလို့ မလုပ်ပါဘူး၊ မအားတာ ဘာမအားတာတုံး ဆိုတော့ အို ငွေရှာရတဲ့ အလုပ်ကြောင့် မအားဘူး၊ သားသမီး ထိန်းကျောင်းရ တဲ့ အလုပ်ကြောင့် (မအားပါ ဘုရား)။
ငွေရှာတယ် ဆိုတာလည်း လောဘထိန်းတဲ့အလုပ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ငွေရှာတာ ဆိုတာ ဘာပါလိမ့် (လောဘထိန်းတဲ့အလုပ်ပါ ဘုရား) သားရေး, သမီးရေး, စီးပွားရေးကြောင့် မအားတယ် ဆိုတာ သူတို့ ခင်မှု, မင်မှုဆိုတဲ့ လောဘ အလုပ် (မှန်ပါ့)။
အကုသိုလ်နဲ့ အချိန်ကုန်နေတယ်
ဒါဖြင့် တဏှာခိုင်းလို့ အချိန်ကုန်နေတာ၊ ဝိပဿနာ ဉာဏ်ပါသေးရဲ့လား (မပါ, ပါ ဘုရား) ဒါဖြင့် အကုသိုလ် နဲ့ အချိန်ကုန်နေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ဆင်ခြေလဲတာသည် သေခါနီးမျက်ရည် ကျဖို့လဲတာ (မှန်ပါ့ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (တပည့်တော်တို့ ဆင်ခြေလဲတာ သေခါနီး မျက်ရည်ကျဖို့ပါ ဘုရား)
ဒါဖြင့် ကိုယ့်ဆင်ခြေက ဒကာ ဒကာမတို့ ဖုံးလို့ ဖိလို့ လုံတာလား ကိုယ်ကိုယ်တိုင် အရှက်တကွဲအကျိုးနည်း ဖြစ်ရမှာလား (ကိုယ်ကိုယ်တိုင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရမှာပါ ဘုရား)။
ကိုယ်ကိုယ်တိုင် အရှက်တကွဲ အကျိုးနည်းဖြစ်ရမှာ ဖြစ်နေတော့ ဦးခင်မောင်ကြီးလည်း ကြီးကြပြီနော် (မှန်လှ ပါ) အားကိုးရာ အစစ်ကလေး ကိုယ်ပိုင်ကလေးရထားရင် မကောင်းလားဗျာ (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ဒီနေ့ အားကိုးရာအစစ် ကိုယ်ပိုင် တွေ့ရ အောင် ဒီနေ့ ဒကာ ဒကာမတွေကို တဲ့၊ အလုပ်တရားကိုပဲ မနေ့ကအတိုင်း ဆက်ပြီး သကာလ ပြရတော့မယ် နော် (မှန်ပါ့)။
ကောင်းပြီး ဒကာ ဒကာမ လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုံးမေးတဲ့အခါ လူမိုက်က ဦးခင်မောင်ရေ သံသရာ ဆက်တယ် (မှန်လှပါ) လူလိမ္မာက (သံသရာပြတ်ပါ တယ် ဘုရား)။
လူမိုက်နဲ့လူလိမ္မာ ဘာထူးပါလိမ့် လူမိုက်က (သံသရာဆက်ပါတယ်) လူလိမ္မာက (သံသရာ ပြတ်ပါ တယ်) လူလိမ္မာက သံသရာပြတ်တယ်နော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် လက်တွေ့ကလေး ကြည့်တာပေါ့ဗျာ၊ ဒီဘက်က အဝိဇ္ဇာ၊ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနော် (မှန်ပါ) ဒီဘက်က ဘာပါလိမ့် တဏှာ (မှန်ပါ့)။
အဝိဇ္ဇာတဏှာက တည်ထောင်လိုက်တာ
ဪ ဒါဖြင့် အတိတ်ဘဝက အဝိဇ္ဇာ အဏှာ ကြောင့် ဒီဘဝမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အဝိဇ္ဇာ တဏှာ တည်ထောင်လိုက်တာ ခန္ဓာငါးပါးကြီး လှလှကြီးရတယ်၊ ခန္ဓာငါးပါး ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား) အင်း ဘယ်သူများ တည်ထောင်လိုက်ပါလိမ့် (အဝိဇ္ဇာတဏှာ တည်ထောင်ပါတယ် ဘုရား)။
အဝိဇ္ဇာတဏှာ တည်ထောင်ရင် အဝိဇ္ဇာက မသိ၊ တဏှာ က လူ့ဘဝရရပါလို၏လို့ ဆုတောင်း လိုက်တဲ့ အခါကျတော့ ကုသိုလ်ကံကလည်း ပုညာဘိသင်္ခါရကလည်း အကူအညီ ပေးလိုက်တဲ့ အခါကျတော့ ကြည့်စမ်း ဒကာ ဒကာမတို့ အခု တရားနာ နေကြတာ ခန္ဓာငါးပါးတွေ အကုန် ဖြစ်နေတယ် (မှန်ပါ့) အခု တရားနာကြတာတွေ ဘယ်သူတွေပါလိမ့် (ခန္ဓာငါးပါးတွေပါ ဘုရား)။
ခန္ဓာငါးပါးဘယ်ကများလာကြပါလိမ့်
ဪ ခန္ဓာငါးပါး တွေနော် (မှန်ပါ့) ဘယ်က များ လာကြပါလိမ့် ဒီဒကာ ဒကာမတွေ ဒီလောက် များတာ ဘယ်ကများ နေပြီး သကာလ လာကြလို့ လူ့ပြည် ဒီလောက်များ နေပါလိမ့်မတုံး မေးတဲ့ အခါကျတော့မှ လာကြောင်းကို ယခု ရှေ့က နှစ်ခု ပြထားတယ် (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရကြောင့် (မှန်လှပါ ဘုရား) ဘယ်လို မှတ်ကြမယ် (အဝိဇ္ဇာသင်္ခါရကြောင့်ပါ ဘုရား)။
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏ်” ဆိုတဲ့ အတိုင်း ခန္ဓာငါးပါး ဝိညာဏ်, နာမ်ရုပ်၊ သဠာယတန, ဖဿ, ဝေဒနာကို တစ်ပေါင်းတည်း ပြလိုက်ပါတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဖြစ်တာ တစ်ပေါင်းတည်း ဦးခင်မောင်ရဲ့ (မှန်လှပါ)။
သုတ္တန်နည်းမို့သီတန်းပြတာ
ပဋိစ္စသမုပ္ပါဒ်မို့ သုတ္တန်နည်းမို့ သီတန်းပြီး သကာလ ပန်းသီ သလိုပြတာပါ (မှန်ပါ့) ဖြစ်စဉ် ကတော့ ပေါင်းဖြစ်တာ ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
စာဆိုမှာ တန်းငြား သော်လည်း ကျုပ်တို့ အမိဝမ်းခေါင်း ထဲ ဖျတ်ခနဲ ရောက်တော့ ငါးပါး လာရောက်တယ် (မှန်လှ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) စာဆိုကတော့ တန်းမပြ ဘူးလား (ပြပါတယ် ဘုရား)။
သင်္ခါရပစ္စယာ ဝိညာဏံ, မှာ ဝိညာဏ်က အရင်ဖြစ်ရ တယ်၊ ဝိညာဏ်ဖြစ်ပြီးမှ နာမ်ရုပ် ဖြစ်ရတော့ မလိုလို၊ နာမ်ရုပ်ပြီးမှ သဠာယတန၊ သဠာယတနပြီးမှ ဖဿ၊ ဖဿပြီးမှ ဝေဒနာတို့ ဒီလို ငါးခါလောက် ဖြစ်ရတော့မလို ဖြစ်နေတယ် (မှန်လှပါ)။
ခန္ဓာငါးပါးတစ်ပေါင်းတည်းပေါ်တာ
သုတ္တန်နည်းမို့ စာမို့ တန်းပြီး ပြလိုက်တာလို့ မှတ်ပါ (မှန်လှပါ) ဖြစ်စဉ်ကတော့ ဘွားခနဲ ခန္ဓာငါးပါး အမိဝမ်းခေါင်းထဲ ပေါ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖြစ်စဉ် အားဖြင့်တော့ (ခန္ဓာငါးပါးတစ်ပြိုင်နက်ပေါ်ပါတယ် ဘုရား)။
ဘွားခနဲ့ ခန္ဓာငါးပါး တစ်ပေါင်းတည်းပေါ်တာ၊ ပဉ္စဝေါ ကာရ ဘုံလို့ဆိုတာ ဦးခင်မောင်တို့လည်း ကြားဖူးပါလိမ့်မယ် (မှန်လှပါ ဘုရား)။
ပဉ္စဝေါကာရဆိုတာ ခန္ဓာငါးပါးပေါင်းစုပြီး သကာလ ဦးဝတို့ မောင်ထွန်းလှိုင်တို့ ဖြစ်တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ ပဋိသန္ဓေကတည်းက ဒီခန္ဓာငါးပါးကြီးဖြစ် လိုက်, ပျက်လိုက်မှု ဖြစ်လိုက် ပျက်လိုက်နဲ့ လာခဲ့တာ ယခုတရား နာတဲ့အချိန်မှာလည်း ဒီခန္ဓာငါးပါးပဲရှိပါတယ် (မှန်ပါ့)။
အခု တရားနာနေကြတာ ဘယ်သူတွေပါလိမ့် (ခန္ဓာငါးပါး ဘုရား) ဪ ယောက်ျားတွေ, မိန်းမတွေ မပါ, ပါဘူးနော် (မှန်ပါ့) နဂိုလုပ်တုန်းကမှ မပါခဲ့ဘဲ ဒကာ ဒကာမတွေ ယခုမှ ပါချင်လို့ မဖြစ်ပါဘူးနော် (မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါးနဲ့တရားနာနေသော
သမုတိသစ္စာအားဖြင့်တော့ ထားလိုက်တာပေါ့ဗျာ၊ ပရမတ္တသစ္စာ အားဖြင့် ခန္ဓာငါးပါးပဲ, အဝိဇ္ဇာ သင်္ခါရက လုပ်လိုက် တဲ့အတွက် ဦးဝ,ယခုလည်း ခန္ဓာငါးပါးပဲရှိမှာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ ယခုလည်း ဘာပါလိမ့် (ခန္ဓာငါးပါးပါပဲ ဘုရား)။
ခန္ဓာငါးပါးပဲ ရှိတယ်ဆိုတာ ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာငါးပါးနဲ့ တရားနာပြီး သကာလ လာနေကြတယ်နော် (မှန်ပါ့)။
ပဋိသန္ဓေ နေတုန်းကလည်း ဒီငါးပါးနဲ့ နေခဲ့ရတယ်၊ ယခု အခါလည်း ဒီငါးပါးရှိနေသေးတယ် (မှန်ပါ့)။
ဒီငါးပါးပဲ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်နဲ့ ယခုအချိန် ကျလာအောင်ပဲ ငါးပါးပဲ၊ ငါးပါးပျက်လို့ ငါးပါး အစား ထိုးထားတယ်ဆိုတာလည်း ဦးခင်မောင် သိလောက်ပါပြီ (မှန်ပါ့)။
အစားထိုးငါးပါးနဲ့နေတယ်
ပဋိသန္ဓေနေတုန်းက ငါးပါးတွေတော့ သေကုန်ခဲ့ပြီကော။ မရှိခဲ့ဘူး (မှန်ပါ့) အခု ငါးပါးက ဘာတုံးဆိုတော့ ဒီအဝိဇ္ဇာ သင်္ခါရတွေက ပြန်ပြီးတော့ ဘာလုပ်သတုံး (အစားထိုး ပါတယ် ဘုရား) အစားထိုးငါးပါးနဲ့ ကျုပ်တို့နေတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘယ်လိုဆိုကြပါ့မယ် (အစားထိုး ငါးပါးနဲ့နေရပါတယ် ဘုရား) အစားထိုး ငါးပါးနဲ့ နေရတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အေး-အစားထိုးငါးပါးနဲ့ နေ့ရပြန်တယ် ဆိုတော့ အစား ထိုးထားတဲ့ငါးပါး၊ ဖြစ်ပေါ်မှုငါးပါးရှိတော့ ဒီလိုစဉ်းစားလိုက်လို့ရှိ ရင် ကံ, စိတ်, ဥတု, အာဟာရဆိုတာက သူ့ကိုအစားထိုးထား တာပေါ့ဗျာ (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ)။
ဒါဖြင့်ကံ, စိတ်, ဥတု, အာဟာရတို့ကလည်း အစားထိုး၊ အဝိဇ္ဇာသင်္ခါရတို့ ကလည်း ဖြစ်စေ ဆိုတော့ ယခု တရားနာနေကြ တာတွေ ဒကာတွေလား ဒကာမတွေလား- ခန္ဓာ ငါးပါးတွေလား ဆိုတာလည်း စဉ်းစားလိုက်တာပေါ့ (ခန္ဓာ ငါးပါးတွေပါ ဘုရား)။
ရုပ်နဲ့နာမ်ပဲရှိတယ်
ခန္ဓာငါးပါးတွေနော် (မှန်ပါ့) ခန္ဓာငါးပါးကလည်း ဒကာ ဒကာမတို့ ခန္ဓာငါးပါးကလည်း ဒကာ ဒကာမတွေ ဖြစ်နေတော့ ရုပ်တရားက ရူပက္ခန္ဓာ ကျန်တဲ့လေးပါးက နာမက္ခန္ဓာ ဆိုတာလည်း သိကြပလား (မှန်ပါ့)။
ရုပ်တရားက (ရူပက္ခန္ဓာပါ ဘုရား) ကျန်တဲ့ လေးပါးက (နာမက္ခန္ဓာပါ) သော် နာမ်နဲ့ရုပ်ပဲ ရှိပါကလား ဆိုတာလည်း ပေါ်လာတယ် (မှန်ပါ့)။
အင်း တရားနာနေတာတွေက ယခုကြည့်လိုက်ပြန် တော့ ဒကာ ဒကာမတွေလား နာမ်ရုပ်တွေလား မေးလိုက်ပြန်ရင် (နာမ်ရုပ်တွေပါ ဘုရား) နာမ်ရုပ်တွေဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဪ နာမ်နဲ့ရုပ် ဆိုတာလည်း ပဉ္စဝေါကာရဘုံမှာ ဦးဝတို့ ဦးခင်မောင်တို့ ဒကာသစ်တို့ နာမ်မှီပြီး ရုပ်ဖြစ်တာ ရှိတယ်နော် (မှန်ပါ့) ရုပ်မှီပြီး သကာလ (နာမ်လည်းဖြစ်ရပါ တယ်) နာမ်လည်း ဖြစ်ရပါတယ် ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
အချင်းချင်းကျေးဇူးပြုတာရုပ်နဲ့နာမ်
တချို့ကျတော့ ပုရေဇာတပစ္စည်းများ ကျတော့ ရုပ်မှီပြီး နာမ်ဖြစ်ရတယ် နော် (မှန်ပါ့ ဘုရား) ရုပ်မှီပြီး နာမ် တည်တံ့ရတယ်။
တချို့ကျတော့လည်း နာမ်တည်း ဟူသော စိတ် စေတသိက်တွေကြောင့် စိတ်ရုပ်တွေ ဖြစ်ရတယ် ဆိုတော့ နာမ်မှီ ပြီး ရုပ်ဖြစ်နေရတယ် (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ကျုပ်တို့မှာ အညမည အချင်းချင်း ကျေးဇူးပြုတာ ရုပ်နဲ့နာမ်ပဲ ရှိပါကလား (မှန်ပါ့ ဘုရား) ဘာများ ရှိပါလိမ့် (အညမည ရုပ်နဲ့ နာမ် ရှိပါတယ်)။
အညမညဆိုတာ အချင်းချင်းပေါ့ဗျာ (မှန်ပါ့) နာမ် က အကြောင်းပြု၍ ရုပ်ပေါ်၊ ရုပ်က အကြောင်း ပြု၍ နာမ်ပေါ် (မှန်ပါ့) သဘောကျကြပလား (ကျပါတယ်)။
လောကီ ဥပမာပြကြပါစို့ လို့ဆိုတဲ့အခါကျတော့ မြစ်ကူးမယ့်အခါကျတော့ လှေနဲ့ လှေထိုးသမားနဲ့ ဦးခင်မောင် ရေ ထားလိုက်တာပေါ့ဗျာ (မှန်ပါ့)။
လှေနှင့်လှေထိုးသမားဥပမာ
လှေထိုးသမားကြောင့်လည်း လှေဟိုဘက်ရောက်တယ် ဆိုရင်လည်း လွဲပါ့မလား (မလွဲပါ ဘုရား) လှေကြောင့် လည်း လူဟိုဘက်ရောက်တယ်ဆိုရင်ကော (မလွဲပါ ဘုရား)။
* အရူပနိဿိတံ ရူပံ၊ အရူပံ ရူပနိဿိတံ။
ဇစ္စန္ဓ ပီဌသပ္ပီဝ၊ အညမည ဝ ဝတ္ထိတံ၊
(နာမရူပ ပရိစ္ဆေဒအဋ္ဌကထာ ဂါထာအမှတ် ၁၅၇၅)
လှေထိုးသမားကြောင့် လှေ, ဟိုဘက်ရောက်တယ် ဆို ရင်ကော (မလွှဲပါ) ရှင်းပြီနော် (ရှင်းပါပြီ) လှေကြောင့် လူဟိုဘက်ရောက်သွားတယ်ဆိုရင်ကော (မလွဲပါ ဘုရား)။
ဒါဖြင့် သူတို့ချင်းဟာ မကင်းရာမကင်းကြောင်း အညမညဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ဘယ်လိုပေါ်ကြပါလိမ့် (အညမည ပေါ်လာပါတယ် ဘုရား)။
အညမညဆိုတာ ဒါပါပဲ
မကင်းရာ မကင်းကြောင်း အညမညပစ္စယော ဆိုတာ ဒါပါပဲ (မှန်ပါ့) လှေကြောင့်လည်း လူဟိုဘက် ရောက် တယ်၊ လူက လှော်ခတ်လို့လည်း လှေဟာ (ဟိုဘက်ရောက် ပါတယ် ဘုရား)။
အင်း ဒါဖြင့် လှေချည်းလည်းမရောက်နိုင်၊ လူချည်း လည်းမရောက်နိုင်၊ သူတို့နှစ်ခုပေါင်းမှ ရောက်သလိုဒီမှာလည်း ဒကာ ဒကာမတွေ ပြောကြ ဆိုကြ နေကြ ထိုင်ကြတာသည် ရုပ်ချည်းလည်း ပြောလို့ ဆိုလို့မဖြစ်ဘူး (မှန်ပါ့) နာမ်ချည်းလဲ (မရပါ ဘုရား)။
နာမ်ရုပ် နှစ်ခုပေါင်းပြီး သကာလ စိတ်ကြောင့် ဒီနာမ် ကြောင့်အသံတွေများ ဖြစ်လာလိုက်တဲ့ အခါ အသံရုပ်တွေများ ဖြစ်လာလိုက်သေး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီကဲ့သို့ ဒကာ ဒကာမတို့ ဒီရုပ်တွေကပူလာတာနဲ့များ စိတ်ထဲမှာ နေမကောင်းတာတွေများ ပေါ်လာလိုက်သေး (ပေါ်လာပါတယ် ဘုရား)။
ဒီကျတော့ ရုပ်တွေ တေဇောဓာတ်တွေက ပူလောင်ပြီး သကာလ အဖျားဒီဂရီတစ်ရာ၊ တစ်ရာကျော် ဖြစ်လာတဲ့ အခါကျတော့ သူ့ကြောင့်ပဲ မကောင်းတဲ့ စိတ်တွေ ပူပန်တဲ့စိတ်တွေကော ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒီပူပန်တဲ့စိတ်တွေကြောင့်လည်း ကြောက်လန့်တဲ့ရုပ် တွေကော ပြန်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် သူတို့သည် မကင်းရာမကင်းကြောင်း နာမ်နဲ့ရုပ်ဟာ အညမညပါကလားဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား) ဘယ်လိုများပေါ်လာပါ လိမ့် (မကင်းရာ မကင်းကြောင်း အညမညပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ကျုပ်တို့ တရားနာပြီး သကာလ နေကြတာ ဪ ဘယ်သူနဲ့ ဘယ်သူ ပေါင်းစပ်ပြီး သကာလ တရားများ နာနေကြပါလိမ့်မလဲ အကဲခတ် ကြည့်လိုက်တာပေါ့ (နာမ်နဲ့ရုပ် ပေါင်းနာပါတယ် ဘုရား)။
ရုပ်နဲ့နာမ်တရားနာနေကြတာ
ရုပ်နဲ့နာမ် အချင်းချင်းကျေးဇူးပြုပြီး တရားနာနေကြတာ (မှန်လှပါ) ရုပ်နဲ့နာမ် တရားနာ နေကြတာ (မှန်ပါ့)ဘယ်သူ ကများ တရားနာနေကြပါလိမ့် (ရုပ်နဲ့နာမ် တရားနာ နေကြပါတယ် ဘုရား) ဪ ရုပ်နာမ်နှစ်ခု အချင်းချင်း ကျေးဇူးပြုပြီး တရားနာနေကြတယ်နော် (မှန်လှပါ)။
အခုနေ ဖျက်ခနဲ စိတ်ကလေးချုပ်သွားလို့ရှိရင် ရုပ်ချည်း ဆိုရင် တရားနာလို့မရဘူး၊ ဗိုင်းခနဲ သေတာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) နာမ်ချုပ်သွားပြန်တော့ ဦးခင်မောင်ရေ ရုပ်ချည်း တရားနာလို့ဖြစ်တဲ့လား (မဖြစ်ပါ ဘုရား)။
ကဲ နာမ်သက်သက် ဆိုတော့လည်း ရုပ်ကိုမှ မှီရာ မရလို့ရှိရင်လည်း တရားနာလို့ဖြစ်တဲ့လား (မဖြစ်ပါ ဘုရား)။
ဒါဖြင့် နာမ်နဲ့ရုပ်သည် ဘာသဘောပါလိမ့်၊ အချင်းချင်းငဲ့နေကြ တယ် (အညမညသဘောပါ ဘုရား) အညမညသဘော ပေါ်ကြပလား (ပေါ်ပါပြီ)။
ရုပ်နဲ့နာမ်မှတစ်ပါး ဘာမှမရှိ
အညမညပစ္စည်းလည်း နားလည်သွားရော နာမ်နဲ့ရုပ် ရှိတယ်ဆိုတာလည်း သေချာရောလို့ ပြောလိုက်တာပါပဲ (မှန်ပါ့ ဘုရား) နာမ်နဲ့ရုပ်မှတစ်ပါး ဘာရှိသေးသလဲ (ဘာမှ မရှိပါ ဘုရား)။
သူတို့နှစ်ခုကလည်း တစ်ခုမရှိရင် တစ်ခုမဖြစ်တာဆိုတာ လည်း ဒကာ ဒကာမတွေ ရှင်းပါပြီ, လင်းပါပြီလို့ ဘုန်းကြီး ထင်ပါ တယ် (မှန်လှပါ ဘုရား) မရှင်းသေးဘူးလား, ဦးခင်မောင် (ရှင်းပါပြီ ဘုရား)။
တစ်ခု မရှိရင်တော့ဖြင့် (တစ်ခုမဖြစ်ပါ ဘုရား) တရားနာလို့ကော မဖြစ်တော့ဘူး (မှန်ပါ့) သွားလို့လာ လို့ကော (မဖြစ်ပါ ဘုရား)။
အဲ သွားလို့လာလို့လည်းမဖြစ်တော့ ဒီထဲမှာ ယောက်ျားလေး မိန်းမလားဆိုတာ အကဲခတ် နေဖို့မလိုဘူး၊ သူတို့ နှစ်ခု အချင်းချင်း ငဲ့နေတာ၊ ရုပ်ကနာမ်ငဲ့၊ နာမ်ကရုပ်ငဲ့ပြီး သကာလ နေနိုင် ထိုင်နိုင်ကြတာပဲ ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာကြဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒီထဲမှာ ဒကာတွေလား, ဒကာမတွေလား, တရား နာနေကြတာ မည်သူတွေ ပါလိမ့်မတုံးလို့ အမှန်ကို ရှင်းပြလိုက်တဲ့ အခါကျတော့ ဘာတွေ့ကြသလဲ (ရုပ်နဲ့နာမ်ပဲတွေ့ပါတယ်)။
ရုပ်နဲ့နာမ် အချင်းချင်းငဲ့ပြီး သကာလ တရားနာနေကြ တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီမှာ ဥပမာ ဖလားကလေးတစ်ခု၊ ရေခွက်ကလေးတစ်ခု မ,ချင်ပါတယ်ဆိုလို့ စိတ်က မ,ချင်ပေမယ်လို့ ရုပ်ကတောင့်တင်း မှ (မှန်ပါ့) စိတ်က အမ ခိုင်းတော့ ရုပ်ကြီးကတစ်ခါတည်း
တောင့်တင်းပြီး မမဘူးလားဗျာ (မ,ပါတယ် ဘုရား) အင်း ဒါ ပုဂ္ဂိုလ် သတ္တဝါက မ,တာလား၊ နာမ်နဲ့ရုပ်က မ,တာလား (နာမ်နဲ့ရုပ်က မ,တာပါ ဘုရား)။
တစ်ခါ ဗြုန်းခနဲပြန်ချလိုက်ပြန်တဲ့အခါ ချချင်တဲ့စိတ်က ချလိုက်တဲ့အခါကျတော့ ရုပ်ကလည်း ချရုပ်ပဲဖြစ်ပြီး သကာလ ဝုန်းခနဲပဲ ဒီခွက်ကလေးတွေ၊ ပန်းကန်ကလေးတွေ ဦးခင်မောင် အောက်ရောက်သွားတယ် (မှန်လှပါ ဘုရား)။
ဒါလည်း ဘယ်သူ့အလုပ်ပါလိမ့် (ရုပ်နာမ်အလုပ်ပါ ဘုရား) အေး နာမ်ရုပ် တွေ၏ အလုပ်ဆိုတာ ဒကာ ဒကာမတွေ မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာသင်္ခါရက လုပ်လိုက်တယ်
အဲဒါတွေ ရှင်းပြီးသား၊ လင်းပြီးသား ဖြစ်နေတော့ ဪ ဆရာဘုန်းကြီး ဒီနေ့ ဘာဟော နေပါလိမ့်၊ အဝိဇ္ဇာ သင်္ခါရက လုပ်တဲ့ဥစ္စာ ဘာတွေလုပ်လိုက်ပါလိမ့်မတုံးဆိုတာ မသိဘဲနေမှာ စိုးတာနဲ့ အဝိဇ္ဇာသင်္ခါရက နာမ်ရုပ်ပဲ လုပ်လိုက်တယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါတယ်) အဝိဇ္ဇာ သင်္ခါရက (နာမ်ရုပ်ပဲလုပ်လိုက်ပါတယ် ဘုရား)။
နာမ်ရုပ်ပဲ လုပ်လိုက်တော့ ယခုမှ ခင်ဗျားတို့က ငါ ယောက်ျား ဘယ်သူ့လူထင်ရမတုံး ငါ မိန်းမ ပေမယ့် လည်း မိန်းမစွမ်းကောင်းပဲ၊ ဘယ်သူ့ဂရုစိုက်စရာ ရှိသတုံးဆိုပြီး ခင်ဗျားတို့က ခုမှ ဖောက်ပြန်ပြီး သကာလ နဂို ပင်ကိုယ်ရင်းက မပါတာတွေ ခုမှမရှိတာနဲ့ကြွားနေလို့ ဖြေရှင်းနေရတာပါ (မှန်ပါ ဘုရား)။
မရှိတာနဲ့ ကြွားနေကြတယ်
မရှိတာနဲ့ ကြွားနေလို့ ဘာတုံး (ဖြေရှင်းနေရတာပါ ဘု ရား) ဖြေရှင်းနေရတယ်ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း သဘောပါသွားပါပြီ (ပါသွားပါပြီ ဘုရား) မပါကြသေးဘူး လား (ပါ,ပါတယ် ဘုရား)။
ကဲ ပါကြလို့ ရှိရင် ဪ နာမ်ရုပ်တွေရှိ တယ်ဆိုတာ သေချာပြီနော် (သေချာပါပြီ ဘုရား)။
ဒီထဲမှာလည်း ဒကာ ဒကာမတို့ နာမ်လဲရင် ရုပ်လဲတယ် ဆိုတာလည်း မှတ်လိုက်ပါဦး (မှန်ပါ့) ရုပ်လဲရင် (နာမ်လဲပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝိပဿနာရှုတဲ့အခါကျလို့ရှိရင် တစ်ခု လို့ရှိရင် ငါးပါးပင်ရှိငြားသော်လည်း နာမ်တစ်ခု လဲလို့ရှိရင်လည်း နာမ်သုံးခု လဲမှာပဲ (မှန်ပါ့) သူနဲ့ အညမညဖြစ်တဲ့ ရုပ်လဲ (လဲမှာပါပဲ ဘုရား)။
တစ်ခုရင်အကုန်ပါတယ် မှ လဲရမှာပဲဆိုတာ ဒကာဝတို့ မောင်ထွန်းလှိုင်တို့ ကျေနပ် ပလား (ကျေနပ်ပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခုပဲ “ ဧကော ဓမ္မော” ရှုကြပါစို့ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက တစ်နည်းတည်း အရှုခိုင်းပါလိမ့်မတုံးဆို သော် တစ်ခုရှု အကုန်ပါလို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
တစ်ခုရှုလိုက်ရင် (အကုန်ပါ, ပါတယ် ဘုရား) အကုန်ပါတယ်ဆိုတာ သိပြီးသား ရှင်းပြီးသား, လင်းပြီးသားလို ဖြစ်နေတဲ့အတွက် ဦးခင်မောင် တစ်ခုပဲရှုကြပါစို့ (မှန်လှပါ ဘုရား)။
စိတ္တာနုပဿနာပေး
ကဲ မနေ့ကတော့ စိတ္တာနုပဿနာ ဘုန်းကြီးက ပြောခဲ့တယ်နော် (မှန်ပါ့) စိတ္တာနုပဿနာ မနေ့က ပြောခဲ့ ရတာကလည်း တခြားကြောင့်မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ စိတ္တာနုပဿနာ၊ ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်မှာ ဒိဌိများပြီး သကာလ ဉာဏ် နံ့တဲ့ပုဂ္ဂိုလ်မှာ စိတ်ရှုပါ (မှန်ပါ့) ဒိဋ္ဌိများပြီး ဉာဏ်နံ့ တဲ့ ပုဂ္ဂိုလ်မှာ (စိတ်ရှုပါ ဘုရား) စိတ်ရှုရမယ်လို့ ပြောလိုက်တယ် (မှန်ပါ့)။
ခန္ဓာငါးပါးစုံအောင် ကြိုက်တဲ့ ကိုယ့်ဝါသနာနဲ့ ကိုယ့် အကြိုက်နဲ့ မနေ့က ဒိဋ္ဌိအကြိုက် ဟောခဲ့တယ်၊ ဒီနေ့တော့ ဦးခင်မောင် တဏှာစရိုက်ကိုဟောလိမ့်မယ် (မှန်ပါ့)။
ဘာစရိုက်ဟောမလဲ (တဏှာစရိုက်ဟောပါမယ်) တဏှာစရိုက်ဆိုတော့ လိုချင်, ရချင်တာ များတဲ့ ပုဂ္ဂိုလ်များ အတွက် တဏှာစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာနုပဿနာ ပေးကွတဲ့ (မှန်လှပါ ဘုရား)။
ဝေဒနာနုပဿနာပေး
တဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကျတော့ (ဝေဒနာ နုပဿနာပေးပါ) အဲ ဉာဏ်ထက်ထက်နဲ့ တဏှာ များတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာနုပဿနာရှုကြ (မှန်ပါ့), သဘောပါကြပလား (ပါပါတယ် ဘုရား)။
အင်း တဏှာများများနဲ့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျ တော့ (ဝေဒနာနုပဿနာ ပေးရပါမယ် ဘုရား)။
ဒါ့ကြောင့် ယနေ့သည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမ တို့ နိဗ္ဗာန်တော့ဖြင့် စိတ်ရှုလည်း ဒိဋ္ဌိကွာလို့ ရောက်တာပါပဲ။ ဝေဒနာလည်း တဏှာချုပ်လို့ ဒိဋ္ဌိပါတွဲပြီး ရောက်တာပါပဲ (မှန်ပါ့)။
သို့သော် ကိုယ့်စရိုက်နဲ့တော်တာ ကိုယ်ရှုကြပါစေ တော့ဆိုပြီး သကာလ ဒကာ ဒကာမတွေ အခု ကိုယ့်ဉာဏ်နဲ့ ကိုယ် ကမ္မဋ္ဌာန်းနဲ့ကိုယ် တော်ရာကို ရှုကြပါဆိုတဲ့ဥစ္စာ ဦးခင်မောင် လေးစားစွာ သတိပေးတယ် (မှန်ပါ့ ဘုရား)။
ရမ်းရှုလို့တော့မရဘူး
ရမ်းရှုလို့မရဘူး ဆိုတာ သဘောကျပလား (ကျပါပြီ) ကိုယ့်စိတ်က တဏှာစရိုက်ရှိနေတယ်၊ လောဘစိတ် အားကြီးနေတယ်၊ ဉာဏ်ကလေးကတော့ တော်ပါရဲ့၊ လောဘ သိပ်ကြီးတာပဲဆိုတော့ သူ့ကို ဘာကမ္မဋ္ဌာန်းပေးရမလဲ (ဝေဒနာကမ္မဋ္ဌာန်းပေးရပါမယ် ဘုရား)။
သူကတော့ ဉာဏ်ကတော့ နုံ့တယ်၊ သူ့ဟာက သူ့သာ သူသိနေတာပဲ၊ သူများဖို့ဆို တစ်ဖို့မှ မပါဘူးဆိုတဲ့ ဒိဋ္ဌိစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာပေးရမယ် (မှန်ပါ့ ဘုရား)။
သူ့ ကိုယ့်ဖို့ မမျှတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာပေးရမလဲ (စိတ္တာနုပဿနာပေးရပါမယ်) တဏှာစရိုက် ကတော့ မျှောလိုက် တာပါသေးတယ်ဗျ (မှန်လှပါ) တဏှာစရိုက်ကတော့ မျှော လိုက်တယ်၊ ဒီတစ်ခါ ကျုံးခံမယ်၊ နောက်တစ်ခါမှ အရယူမယ် ဆိုတာ အဲဒါ တဏှာစရိုက် (မှန်လှပါ ဘုရား)။
ဒိဋ္ဌိစရိုက်ကတော့ မဟုတ်ဘူး၊ ဘယ်ကလာလာ ကိုယ့်ဘက်ကတော့ အရှုံးမပေးနိုင်ဘူး ဆိုတာက ဒိဋ္ဌိစရိုက် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တဏှာစရိုက် ဒိဋ္ဌိစရိုက်ကိုလည်း ဈေးသည်ပြော, ပြောရ မလိုကျနေတာ ခက်လိုက်တဲ့ဖြစ်ခြင်း ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ တဏှာစရိုက်နဲ့ ဒိဋ္ဌိစရိုက် ရှင်းပလား ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား)။
ဈေးသည်မှာစရိုက်နှစ်မျိုး
နောက် အရောင်းအဝယ်တွေ မျှော်ပြီး ဒီတစ်ခါ မျှောပြီး အရှုံးခံရောင်းတဲ့ ပုဂ္ဂိုလ်များကျတော့ ဘာစရိုက်ဆိုကြမလဲ (တဏှာစရိုက်ပါ ဘုရား) (၁) တဏှာစရိုက်။
အို နောင်ခါလာ နောင်ခါဈေး၊ အခုအရေးကြီး တယ်ဆိုတဲ့ ပုဂ္ဂိုလ်များ ကျတော့လည်း (၂) (ဒိဋ္ဌိစရိုက်ပါ ဘုရား)။ အဲဒါဈေးသည်မှာ ဒီနှစ်မျိုးရှိတယ် (မှန်ပါ့ ဘုရား)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် တဏှာစရိုက်နဲ့ ဒိဋ္ဌိစရိုက် အဲဒါ ကိုယ့်ဟာကိုယ် အကဲခတ်ကြ (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် အကဲခတ်တော့ ဪ ငါသည် တဏှာစရိုက်များလို့ရှိရင် ဘုရားကရော, အဋ္ဌကထာတွေကရော, ဆရာဘုန်းကြီးကရော တဏှာများပြီး ဉာဏ်ထက် တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဉာဏ်ထက်လို့ပေါ့ ဒကာ ဒကာမတို့ မျှော်ရဲ တာ ဟင် (မှန်ပါ့)။
အဲဒီပုဂ္ဂိုလ်ကျတော့ ဘာရှုရမတဲ့လဲ (ဝေဒနာ နုပဿနာရှုရပါမယ်)၊ အို ငါ့ဟာတော့ဖြင့် တစ်ပဲတစ်မူးမှ အရှုံးမခံနိုင်ပါဘူးဆိုတဲ့ ဥစ္စာကျတော့ ဘာရှုရမလဲ (စိတ္တာ နုပဿနာရှုရပါမယ်)။
ကိုယ်မျက်မြင်ကိုယ်ရှုကြ
စိတ္တာနုပဿနာ ရှုရမယ် ဆိုတော့ ကိုယ့်မျက်မြင် ကိုယ်ရှု လို့ရှိရင် ကမ္မဋ္ဌာန်းဟာ မကြာခင်ဘဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရ ပါ တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘယ်လိုရှုကြရမယ် (ကိုယ့်မျက်မြင်ကိုယ်ရှု ကြရပါမယ်)၊ အနာနဲ့ဆေးသင့်အောင် ပေးရလိမ့်မယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (အနာနဲ့ဆေး နဲ့သင့်အောင်ပေးရပါမယ် ဘုရား)။
အနာနဲ့ဆေးသင့်အောင် ပေးမှသာလျှင် ဦးဇံရင်ရေ လိုရာဆိုက်မယ် (မှန်လှပါ)၊ အနာနဲ့ဆေး သင့်အောင် မပေးလို့ရှိရင် (လိုရာမဆိုက်ပါ ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ပြောရတယ်၊ ဒကာ ဒကာမတို့ တဏှာများများနဲ့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ဘာပေးရ မယ် (ဝေဒနာနုပဿနာပါ ဘုရား)။
ဒိဋ္ဌိများများနဲ့ ဉာဏ်နံ့ တဲ့ပုဂ္ဂိုလ် (စိတ္တာနုပဿနာ ပါ ဘုရား)၊ အဲဒါခင်ဗျားတို့ တရားတစ်ပွဲလုံး ဝေဖန်ပါတော့နော် (မှန်ပါ့ ဘုရား)။
ဦးခင်မောင် ဒါအများနဲ့မဆက်ဆံဘူးလား (ဆက် ဆံပါတယ် ဘုရား)၊ ကိုယ့်ဟာကိုယ် ရွေးနိုင်တဲ့ ဉာဏ်ပဲ မဟုတ် လား (မှန်ပါ့ ဘုရား)၊ ကိုယ့်ဟာနဲ့ကိုယ် ရွေးပြီး သကာလ ကြိုးစားကြပါ ဆိုတာကိုလည်း ပြောရပြန်ပါတယ် (မှန်ပါ့)။
စရိုက်မရွေးရင်အချိန်ကြာမယ်
ဒါဖြင့် ဒကာ ဒကာမတို့ စရိုက်မရွေးဘဲနဲ့ တရားအား ထုတ်လို့ရှိရင်ဖြင့် အချိန်ကြာပြီး လိုရာ မရောက်ပေဘူး (မှန်လှပါ) စရိုက်မရွေးဘဲနဲ့ တရားအားထုတ်ရင် (အချိန်ကြာပြီး လိုရာမရောက်ပါ ဘုရား)။
အဲဒါကလေး တိုတိုကလေး နားထောင်လိုက်တာပေါ့ ဗျာ ခင်ဗျားတို့ တိုတိုကလေး နားထောင် လိုက်တော့မှ အရှင် သာရိပုတ္တရာကြီးသည် ပန်းထိမ်သည်ကလေး တစ်ယောက်ရှိ တယ်နော် (မှန်ပါ့)၊ အရှင်သာရိပုတ္တရာကြီးက ဆွမ်းခံနေတဲ့ အိမ်မှာ ပန်းထိမ်သည် တစ်ယောက်ရှိတယ်၊ သူ့ဆွမ်းခံ အိမ်က ပန်းထိမ်သည်ဖြစ်နေတယ်။
အဲဒီပန်းထိမ်သည်ကလေး တစ်နေ့တစ်လုံးပြော နှစ်လုံး ပြောနဲ့ ပန်းထိမ်သည်ကလေးက သင်္ကန်း ဝတ်ချင်တယ်၊ တရား ဓမ္မတွေ သက်ဝင်ပြီး သင်္ကန်းဝတ်ချင်တော့ ကဲ ဝတ်တာ ပေါ့ကွာဆိုပြီး အရှင်သာရိပုတ္တရာက သင်္ကန်းဝတ်စေပြီး သကာလ ဦးဝ ကမ္မဋ္ဌာန်းပေးလိုက်တယ်နော် (မှန်လှပါ)။
ပန်းထိမ်သည်ဆိုသော အလှကြိုက်တယ်
ကမ္မဋ္ဌာန်း ဘာပေးလိုက်သတုံးဆိုတော့ ပန်းထိမ် သည်ဆိုတာက အလှကြိုက်တယ်နော် (မှန်ပါ့)၊ ပန်းထိမ် သည်ဆိုတာက သူ့မျက်လုံးထဲမှာ အမြဲတမ်းလှဖို့ပဖို့သာ သူစိတ်ကူးရှိတဲ့ ပုဂ္ဂိုလ် ဆိုတာလည်း ကိုမြရွှေ ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။
အဲဒါ သူက အသုဘကမ္မဋ္ဌာန်းကြီး ပေးထားတယ် (မှန်ပါ့)၊ အသုဘကမ္မဌာန်းကြီး ပေးပြီး သကာလ ထားလိုက်တဲ့ အခါကျတော့ ဝါတွင်းသုံးလတွင် ပထမလမှာ ငါ့ရှင် ငါပေးထား တဲ့ သုံးဆယ့်နှစ် ကောဋ္ဌာသ ဘယ့်နှယ်နေသတုံးကွတဲ့။
အသုဘကမ္မဋ္ဌာန်း
အသုဘကမ္မဋ္ဌာန်း ဆိုတာ သုံးဆယ့်နှစ်ကောဋ္ဌာသပေါ့ ဗျာ အနုလောမ, ပဋိလောမ လုပ်ရတယ် နော် (မှန်ပါ့ ဘုရား)၊ နည်းနည်းကလေးများကွာ နိမိတ်ကလေး ဘာလေး ဘာလေး မထင်သေးဘူးလား သမာဓိပညာကလေးများ မထက်သေးဘူး လားကွာတဲ့၊ မထက်သေးပါဘူးဘုရား။
ဟ ဒီကောင် ဘယ့်နှယ် ဖြစ်နေပါလိမ့်မလဲ၊ ကြိုးစား ပါဦးကွာ ဆိုတော့ ဦးဝရေ ဒုတိယလလည်း အကြိုးစား ခိုင်းပြန် တယ် (မှန်ပါ့)၊ ဒုတိယလ အကြိုးစားခိုင်းပြန်တော့လည်း ဦးခင်မောင် မေးပြန်တယ်၊ ငါ့ရှင် ဘယ့်နှယ်နေသတုံး နိမိတ်ကလေး ဘာလေး မထင် သေးဘူးလား တဲ့။
တော်တော်ကလေး မင်းစိတ်ထဲ သမာဓိပညာကလေးများ မထက်သေးဘူးလားကွာတဲ့ (မထက်သေးပါ ဘုရား)။
ဟ ဒီကောင် ဘယ့်နှယ်ဖြစ်နေပါလိမ့် သူ့စိတ် ထဲ အောက်မေ့တယ်၊ နောက် သီတင်းသာ ကျွတ်သွား သုံးလ သာစေ့သွားတယ်၊ ဦးခင်မောင်ရေ ဘာနိမိတ်မှမထင်လာ ဘူး (မှန်ပါ့ ဘုရား)၊ အဲဒီတွင် အရှင်သာရိပုတ္တရာ စိတ်ပျက်တယ်၊
ကိုမြရွှေ ဘာတဲ့တုံး (အရှင်သာရိပုတ္တရာ စိတ်ပျက် ပါတယ်)၊ အရှင်သာရိပုတ္တရာ စိတ်ပျက်တယ်နော် (မှန်ပါ့)၊ ဘာ့ကြောင့် ပျက်ပါလိမ့်မတုံးဆိုတော့ သုံးလပြည့်ပြီ ကမ္မဋ္ဌာန်း ပေးသွားတာ ဘာနိမိတ်မှ မထင်လာဘူးဆိုတော့ ဦးဝ အတော် ခဲယဉ်းသွားသပေါ့ဗျာ (မှန်ပါ့)။
ဘုရားထံခေါ်သွားတယ်
အဲဒီတွင်မှ မင်းဟာ ငါချွတ်လို့ရမည့်ပုဂ္ဂိုလ် မဟုတ်ပါ ဘူး၊ ဘုရားချွတ်မှ ရမည့်ပုဂ္ဂိုလ်ပါပဲ ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီကို ဒီပန်းထိမ်သည် ရဟန်းကလေးကို ဦးခင်မောင် ခေါ်သွားတယ်နော် (မှန်ပါ့ ဘုရား)။
ဘုရားက သူတို့လာခါ ရှိသေးတယ် မင်း တပည့်အပ်လာ တာလားကွ ဘုရားက ဆီးမေး လိုက်တယ် (မှန်ပါ့)၊ မင်း တ ပည့်အပ်လာတာလားလို့ ဆီးမေးလိုက်တာ၊ ဘုရားကသိပြီ။ အရှင်သာရိပုတ္တရာ ကြီးဟာ ပန်းထိမ်သည်ကို အသုဘကမ္မဋ္ဌာန်း ပေးလို့ရှိရင်ဖြင့် ခြေချော်တာမှ အကြီးအကျယ်ပဲ ဆိုတာသိပြီ။ (မှန်ပါ့)၊ ခြေချော်သွားတာ (မှန်ပါ့)။
ဒကာ ဒကာမတို့ လည်း အစဉ်တည့် ရဲ့ လား (မတည့်ပါ ဘုရား)၊ အလှကြိုက် အရုပ်ဆိုး ပေးထားတယ် (မှန်ပါ့)၊ အလှကြိုက် အရုပ်ဆိုးပေးထားတော့ မွေ့လျော်ပါ့မလား ဒီ ကမ္မဋ္ဌာန်းနဲ့ (မမွေ့လျော်ပါ ဘုရား)။
အဲဒီမှာ အလှကြိုက်ကို အရုပ်ဆိုးပေးထားလို့ မွေ့လျော် ဖို့ကိစ္စ မလာဘဲနဲ့ ဦးခင်မောင်ရေ ဘာမှ အကျိုးမပြီး အချည်းနှီး ဝါတွင်းသုံးလ အဟောသိကံဖြစ်ခဲ့ရတယ်နော် (မှန်ပါ့)၊ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ လာတော့ မင်းတပည့် အ,အပ်လာတာလားကွလို့ မေးလိုက်ပါတယ်။ ဟုတ်ပါတယ် ဘုရား၊ တပည့်တော် ဝါတွင်းသုံးလပတ်လုံး အသုဘ ကမ္မဋ္ဌာန်းတွေ ပေးလိုက်တာ ဘာနိမိတ်မှ မထင်လာ ဘူးလို့ ပြောပါတယ်။
ညနေကျွတ်တမ်းဝင်တယ်
အေးအေး ဒါဖြင့် ထားခဲ့တာပေါ့၊ မင်းတပည့် ကလေးအပ်ပြီး သကာလ မင်းညနေကျတော့ တစ်ခေါက်လာခဲ့ ဦးတဲ့ ညနေကျွတ်တမ်းဝင်မှာ (မှန်လှပါ)၊ တည့်တော့လည်း ညနေကျွတ်တမ်းဝင်မှာ (မှန်ပါ့)၊ ဟို သုံးလကနော် ကုန်ပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ မနာဘူးလား (နာပါ တယ် ဘုရား)။
အဲဒါကြောင့် ခုနင်ကပြောရတယ် ဒကာ ဒကာမ တွေ ဒိဋ္ဌိများများနဲ့ ဉာဏ်နံ့ တဲ့ပုဂ္ဂိုလ် ဘာရှုရမလဲ (စိတ္တာ နုပဿနာရှုရပါမယ်) တဏှာများများနဲ့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ဘာရှုရမလဲ (ဝေဒနာနုပဿနာပါ ဘုရား)။
အဲဒီတော့ ဒါဘုန်းကြီးက ဝေဖန်ရမှာလား ခင်ဗျားတို့က ဝေဖန်ပြီး ငါဒါနဲ့တော်တယ်လို့ ဆုံးဖြတ်ချက်ချရ မှာလား အကဲခတ်စမ်း (ကိုယ့်ဟာကိုယ် ဝေဖန်ရမှာပါ ဘုရား) ဦးခင်မောင်ကြီး ခင်ဗျားဘာနဲ့ တော်သတုံး ဘာနဲ့တော်သလဲ (စိတ္တာနုပဿနာပါ ဘုရား)။
ကိုယ့်ဟာကိုယ်အသိဆုံး
စိတ္တာနုပဿနာ တော်တယ် (မှန်ပါ့)၊ နေရာကျပြီ ဒါဖြင့် ကိုယ့်ဟာကိုယ်လုပ်နော် (မှန်လှပါ ဘုရား)၊ နေရာကျပါပြီ ဒါဖြင့် ကိုယ့်ဟာကိုယ်သာ အသိဆုံးဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အိမ်ကျတော့ ကိုယ့်ဟာကိုယ် ဝေဖန်တာပေါ့ ဆရာ ဘုန်းကြီးကတော့ နှစ်နည်းတော့ ပေးလိုက်တယ်၊ ဒိဋ္ဌိများများနဲ့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ အထင်များများနဲ့ ဉာဏ်ကနုံ့တဲ့ ပုဂ္ဂိုလ် ကျတော့ ဪ ငါဒီအထဲပါလို့ရှိရင်တော့ စိတ်ကိုရှုရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာများများနဲ့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာရှု ရမလဲ (ဝေဒနာရှုရပါမယ် ဘုရား)၊ အဲဒါတော့ ကိုယ့်ဟာ ကိုယ် ဝေဖန်ပြီး သကာလ ရှုပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။
ပထမ သမထတည်အောင်လုပ်
ပထမ သမထ တည်အောင်တော့ဖြင့် ဘယ်သူ ဖြစ်ဖြစ်အာနာပါနနဲ့ တည်ထောင်ရတာပဲ (မှန်လှပါ ဘုရား)၊
နောက် ဝိပဿနာကူးတော့မယ်ဆိုတော့ သူ့ အမျိုးအစား နဲ့ အဆင့်အတန်းနဲ့ သူ့စရိုက်နဲ့ လျော်တဲ့ ကမ္မဋ္ဌာန်းနဲ့ သွားရတယ်နော် (မှန်လှပါ ဘုရား)။
ဒါနဲ့ ခုနင်က ဝတ္ထုကလေး ဦးခင်မောင် နားထောင်ပါ ဦးနော် (မှန်လှပါ)၊ ဒါနဲ့ အရှင် သာရိပုတ္တရာကြီးကို မင်း ပြန်သွားတော့ကွာ ညနေတစ်ခေါက်လာခဲ့ဦးလို့ ဘုရားက မှာလိုက်တယ် (မှန်ပါ့)။
ညနေ တစ်ခေါက်လာခဲ့ဦးလို့ဆိုတာ ဘုရားက ဪ အရှင်သာရိပုတ္တရာ ပညာအရာ ဧတဒဂ်ရတယ် ဆိုငြားသော်လည်း ချော်ချင်, ချော်နေတယ်ဆိုတာ သိအောင်လို့ ဦးဝ, ရေ ညနေ လာခဲ့လို့ ခေါ်လိုက်တာ (မှန်လှပါ ဘုရား)။
ဒါနဲ့ ဒီကိုယ်တော်ကလေး တစ်ခါတည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးက သဲပုံကြီးတစ်ခု ဖန်ဆင်းပြီး သကာလ သဲပုံကြီးပေါ်မှာ ပဒုမ္မာကြာပွင့်ကြီး စိုက်လို့နော် (မှန်ပါ့)၊
ပဒုမ္မာကြာပွင့်ကြီး, စိုက်ပြီး သကာလ ငါ့ရှင်အဲဒီပဒုမ္မာကြာပွင့်သာ ကြည့်နေဟေ့ (မှန်ပါ့)၊ ဘုရားကပြတော့ သူကကြည့်တာ ပေါ့ ဟိုကလှည့်ကြည့် ဒီကလှည့်ကြည့်နဲ့ သူက အလှကြိုက် ကိုး (မှန်ပါ့)။
ပဒုမ္မာကြာပွင့်
အလှကြိုက်နဲ့ ပဒုမ္မာကြာပွင့်နဲ့ ဆိုတော့ လုံးထွေးနေတာ ပေါ့ ဦးခင်မောင်ရေ (မှန်ပါ ဘုရား)၊ အဲဒီမှာ ကြည့်ရင်း ကြည့်ရင်းနဲ့ ပဒုမ္မာကြာပွင့်ကြီးက နေကလေးက ထွက်လာတဲ့ အခါ ရွက်ချပ် ကလေးတွေက ကော့ပြီး သကာလ , လာ၊ နေကလေးက ပြင်းလာတော့ ရွက်ချပ် ကလေးတွေက ဒီ, ထက်ပိုပြီး ကော့ကောက်ပြီး သကာလ လာကြတယ်၊ တော်တော် ကြာကျတော့ ဦးဝရေ ပွင့်ချပ် ကလေးတွေက ဖျတ်ခနဲ ပြုတ်ကျ နောက်အချပ် ကလေးတွေ ဖျတ်ခနဲပြုတ်ကျသော် လှရာ ကလည်း ပြုတ်ပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။
ဪ ဒီအလှ ဟူသရွေ့ လည်း ပျက်တာပဲ၊ အဆိုင် ဟူသလဲ (ပျက်တာပါပဲ ဘုရား)၊ ပျက်တာပါပဲ ဆိုပြီး သကာလ ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ဥစ္ဆိန္ဒ သိနေဟ မတ္တနော” မင်း ဒါကလေး ခင်တာတွေ စွန့်ရမှာကွ ဒီကနေ ဟောလိုက်တယ်။
နဂိုကတော့လှသလိုလို
အဲဒီတော့ မင်းခန္ဓာလည်း သေသေချာချာကြည့်ကွ၊ နဂိုကတော့ လှသလိုလိုပဲ၊ အခု, သေသေချာချာ ကြည့်စမ်း၊ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ပြုတ်ကျနေတယ်ကွ။
ဒါကလေးကို မင်းသည်ကားလို့ဆိုရင် နဂိုက လှနေတာ ကလေးတွေဟာ မင်းထင်တာ ကလေးတွေဟာ အခုတော့ အနိစ္စတွေ ဖြစ်နေပြီကွ၊ ဒီ ခင်မှုဖြတ်လိုက်, ခင်မှုဖြတ်လိုက်နဲ့ ကျောင်းတော် ကနေ တရားဟောတယ် (မှန်ပါ့)။
‘‘ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏီနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။’’ (ဓမ္မပဒပါဠိ။၅၄)
ဆိုပြီး ကျောင်းတော်ကနေပြီး သူ့အနားကပ်ဟော လိုက်သလို ဟောလိုက်တော့ ဗဟိဒ္ဓက နေပြီး အဇ္ဈတ္တပြန်လှည့် လိုက်တယ် (မှန်ပါ့)။
တစ်ခါတည်းရဟန္တာဖြစ်တယ်
ဗဟိဒ္ဓဆိုတော့ ခုနင်က ပဒုမ္မာကြာပန်းက နေပြီး ပဒုမ္မာ ကြာပန်းလိုပဲ ခန္ဓာကိုယ်ကြီးဟာ လှငြား သော်လည်း အင်း ဟင် ဒီတရားတွေဟာ ဖြစ်ပျက်မှု ဖြစ်ပျက်နဲ့ ပြုတ်ကျနေ ပါကလား “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ဆိုတဲ့အတိုင်း ပျက်ပျက် နေပါကလားဆိုပြီး သကာလ ရှုလိုက်တော့ဖြစ်ပျက် မြင်, ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဲဒီတွင် တစ်ခါတည်း သောတာပန်တည်၊ လေးခါ လောက်ကျတော့ တစ်ခါတည်း ရဟန္တာ ဖြစ်တယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ့ အလှကို ဖျက်ပြတာကိုးဗျ (မှန်လှပါ ဘုရား)။
ဒါ သူ့စိတ်ကိုတော့ အလှကြိုက်တဲ့သူ အလှနဲ့ပဲ ပြရ တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ နို့မဟုတ် ရင် ကမ္မဋ္ဌာန်းနဲ့ကို သူနဲ့တည့်မှာမဟုတ်ဘူး (မှန်ပါ့)။
အဲဒီတွင် ရဟန္တာဖြစ်ပြီး သကာလ လာတော့မှ အရှင် သာရိပုတ္တရာကြီးလာတော့ ဘယ့်နှယ်လဲဟေ့ ညနေ မင်း တစ်ခေါက်လာခဲ့ဦးဆိုလို့ အရှင်သာရိပုတ္တရာကြီး ကြွလာတော့ ဒီမှာ ရဟန္တာ ဖြစ်နေပြီ၊ ဒကာ ဒကာမတွေ တစ်ရက်နဲ့ ရဟန္တာ ဖြစ်တယ်နော် (မှန်ပါ့ ဘုရား)။
ဟိုမှာ ရက်ပေါင်းကိုးဆယ်နဲ့ ဘာမှ ခရီးမပေါက်ဘူး (မှန်ပါ့)၊ အဲဒါစရိုက်နဲ့ ကမ္မဋ္ဌာန်းလွဲလို့ (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆိုကြမယ် (စရိုက်နဲ့ကမ္မဋ္ဌာန်းလွဲလို့ပါ ဘုရား)။
ဒီမှာလည်း ဘုန်းကြီးတို့က များများမပြောပါဘူး ဦးခင်မောင်ရေ တဏှာများများနဲ့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ဝေဒနာရှု (မှန်လှပါ ဘုရား)၊ ဒိဋ္ဌိများများနဲ့ ဉာဏ်တိမ်တဲ့ ပုဂ္ဂိုလ် (စိတ္တာနုပဿနာ ရှုရပါမယ် ဘုရား)၊ စိတ္တာနုပဿနာ ရှုဆိုတော့ ခင်ဗျားတို့ ဒါမှတ်မိပါပြီ (မှတ်မိပါပြီ ဘုရား)။
မှတ်မိတော့ ဘုန်းကြီးက မနေ့က စိတ္တာနုပဿနာ ဟောလိုက်ပါတယ်၊ ယနေ့တော့ ဝေဒနာနုပဿနာ ဟောလိမ့် မယ်ဆိုတာ သိကြပလား (သိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးကြီးထဲ မှာ ဝေဒနာပါရဲ့ လားလို့ မေးရင် ဘယ့်နှယ် ဖြေကြပါ့မလဲ (ပါ, ပါတယ် ဘုရား)။
ဝေဒနာနုပဿနာ
ဪ ဒါဖြင့် ဝေဒနာပါတော့ ကျန်တာတွေ အကုန်ဖြုတ်ထားလိုက်၊ ဝေဒနာက ခန္ဓာထဲမှာ သုံးမျိုးပေါ်နိုင် တယ်လို့ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့နော် (မှန်ပါ့ ဘုရား)၊ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာနော် (မှန်ပါ့)။
ဝေဒနာ ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးရှိပါတယ် ဘုရား)၊ အင်း ဟင် ခန္ဓာထဲမှာ မျက်စိ နား နှာခေါင်း လျှာမှာ ဥပေက္ခာဝေဒနာပေါ်တယ်၊ ဒီမှာပေါ်တဲ့ တရားဟူ သရွေ့ ဥပေက္ခာချည်းမှတ် (မှန်ပါ့ ဘုရား)၊ မျက်စိ, နား, နှာခေါင်း, လျှာမှာ (ဥပေက္ခာဝေဒနာပေါ်ပါတယ် ဘုရား)။
ဟောဒီ တစ်ကိုယ်လုံးကျတော့ တချို့နာတယ်, တချို့ခံသာတယ်ဆိုတာ ကိုယ်ပေါ်မှာက သုခဝေဒနာနဲ့ ဒုက္ခဝေဒနာပေါ်တယ် (မှန်လှပါ ဘုရား)။
ပြန်မေးလိုက်တယ်၊ မျက်စိ, နား, နှာခေါင်း, လျှာမှာ တော့ (ဥပေက္ခာဝေဒနာပေါ်ပါတယ် ဘုရား)။
အဲဒါ ဘယ်စိတ်ကလာလာ ဒီဟာ ဝေဒနာနဲ့တွဲလျက် လာသည်ဖြစ်လေသောကြောင့် ဥပေက္ခာချည်း ဦးခင်မောင် မှတ်လိုက်ကြတော့ (မှန်လှပါ ဘုရား)။
ကိုယ်ပေါ်မှာ
ကိုယ်ပေါ်မှာကျတော့ ဒကာ ဒကာမတို့ တစ်ခါတလေ ကျတော့ နေကောင်းတယ်၊ လေကလေး တိုက်တဲ့ အခါ သူ့ကျောကလေးမှာ လေညင်းကလေးခံနေရတာ ချမ်းသာ လိုက်တာဆိုတော့ ကိုယ်ပေါ်မှာ သုခပေါ်တယ် (မှန်ပါ့)။
တစ်ခါတလေ ခြင်ကလေးတွေ ဘာကလေးတွေက ကိုက်၊ အသားတွေ ဟိုကနေဖိ, ဒီကနေဖိ ကြမ်းနဲ့ဖိပြီး သကာလ ဒုက္ခတွေကော ကိုယ်ပေါ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကိုယ်ပေါ်၊ ခြေထောက် တွေပေါ် တစ်ကိုယ်လုံးပေါ့ဗျာ (မှန်ပါ့)။
အဲဒီတော့ပေါ်ရာကိုသိတော့ ဪ အခု ဆရာ ဘုန်းကြီးပြောနေတာ ဘာပါလိမ့်မတုံးဆိုတော့ သေရာသင်္ချိုင်း ဖြစ်ပေါ်တဲ့နေရာမှာ သေလိမ့်မယ်ဆိုတဲ့ သင်္ချိုင်းသိအောင်လို့ ပေါ်ရာကို ပြောနေရတာ (မှန်လှပါ ဘုရား)။
သူ့အနိစ္စက နေရာတိုင်းမှာ အနိစ္စအလုပ်ကြီးနဲ့ ပေါ်ရာ မှာ အနိစ္စဗျ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကဲ ဒါဖြင့် မျက်စိ, နား, နှာခေါင်း, လျှာမှာ ဘာဝေဒနာ ပေါ်သလဲ (ဥပေက္ခာ ဝေဒနာ ပေါ်ပါတယ် ဘုရား)။
အဲ မျက်စိထဲ မြင်ချင်တဲ့စိတ်မြင်တာ ဥပေက္ခာ ဝေဒနာနဲ့ဖြစ်ပြီး ပျက်တာပဲ၊ သူ့သာ အနိစ္စရှု၊ နားက ကြားတဲ့ စိတ်ကလေးပေါ်လာတိုင်း ဘာဝေဒနာလဲ (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
ဖြစ်ပြီးပျက်တယ်လို့အနိစ္စနဲ့ရှု
အဲဒါဖြစ်ပြီးပျက်တယ်လို့ အနိစ္စနဲ့သာရှုနေ၊ ဒါကလေး က အနိစ္စ၊ အခုပေါ်ပြီးပျက်သွားတာက အနိစ္စ၊ ပေါ်ပြီးပျက် သွားတာက အနိစ္စဆိုတာ ဥပေက္ခာဝေဒနာ၏ အနိစ္စတွေပေါ် လာတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ကိုယ်ပေါ်မှာတော့ ချမ်းသာ, ဆင်းရဲ နှစ်မျိုးလာတယ် (မှန်ပါ့)၊ ချမ်းသာလာလည်း ဝေဒနာမို့ ဖြစ်ပျက်ပဲရှုပေး၊ ဆင်းရဲလာလဲ (ဖြစ်ပျက်ရှုပေးရပါမယ် ဘုရား) ဖြစ်ပျက်လဲရှုပေး။
ဝမ်းထဲမှာတစ်ခါ, တစ်ခါတလေကျတော့ ဒကာ ဒကာမတွေက ဝမ်းထဲရောက်သွားတယ်နော် (မှန်ပါ့)၊ အပြင်ဘက်က ကုန်သွားပြီ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ် ဆိုတော့ မကုန်သေး ဘူးလား (ကုန်ပါပြီ ဘုရား)။
အဲ ကုန်သွားတော့ အတွင်းဝင်လှည့်၊ အတွင်းကျ တော့ ဒကာ ဒကာမတွေ ဝမ်းသာတဲ့ စိတ်ကလေး များကော မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါ သောမနဿ ဝေဒနာကလေး မှတ်လိုက် (မှန်ပါ့)။
တစ်ခါတလေကျတော့ လင်နဲ့မယား၊ သားနဲ့အမိဆို သလို အလိုမကျတာကလေးကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါကလေးက ဒေါမနဿ ဝေဒနာကလေး မှတ်လိုက် (မှန်ပါ့)။
ဝမ်းသာရင် သောမနဿဝေဒနာ
ဝမ်းသာရင် သောမနဿဝေဒနာ၊ သဘောကျရဲ့လား (ကျပါတယ်)၊ ဝမ်းနည်းရင် (ဒေါမနဿ ဝေဒနာပါ ဘုရား)။
တစ်ခါတလေကျတော့လည်း သူတို့သားတွေ, သမီးတွေ ကြောက်ပြီး ပြေးကြတာ ဝမ်းသာ, ဝမ်းနည်းကင်းတဲ့ အခါလည်း ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဝမ်းသာ, ဝမ်းနည်း ကင်းတဲ့အခါလည်း ရှိပါသေးတယ်၊ သားတွေ, သမီးတွေက အမျိုးမျိုးပဲ၊ တစ်ယောက်ကလည်း စရိုက်တစ်မျိုး၊ တစ်ယောက်ကလည်း ဝါသနာတစ်မျိုး၊ သူတို့ အတွက်တော့ မတွေးနိုင်ဘူး၊ ကမ္မဿကာ ထားရမှာပဲဆိုတဲ့ အခါကလေးများကော မလာဘူးလား (လာပါတယ် ဘုရား) အဲဒီအခါကျတော့ ဝမ်းထဲ ဘာဝေဒနာပါလိမ့် (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
ဒါဖြင့် ဝမ်းထဲကျတော့ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ သုံးမျိုးပဲ ပေါ်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ့)၊ ဝမ်းထဲမှာတော့ (သုံးမျိုးပဲပေါ်ပါတယ် ဘုရား)။
သောမနဿဝေဒနာ (ဒေါမနဿဝေဒနာ ဥပေက္ခာ ဝေဒနာပါ ဘုရား)၊ ဒါပဲ၊ အဲဒါ ကိုယ်ဟာကိုယ် ပေါ်တာ အသိဆုံးပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အခုရှုရမည့်နေရာသည် မျက်စိ, နား, နှာခေါင်း, လျှာဆိုတာ လေးနေရာ တစ်မျိုး (မှန်ပါ့)။ ကိုယ်ပေါ်မှာတော့ သုခတစ်မျိုး, ဒုက္ခတစ်မျိုးမို့ နှစ် နေရာပေါ့ဗျာ (မှန်လှပါ)၊ ဝမ်းထဲမှာ သုံးမျိုး၊ အဲဒါကို ဒကာ ဒကာမတွေက မဂ္ဂင်ငါးပါးနဲ့လိုက်ပါ (မှန်ပါ့)။
မဂ္ဂင်ငါးပါးနဲ့ ဘာလုပ်ရမယ် (လိုက် ရပါမယ် ဘုရား)၊ လိုက်ရမယ်နော် (မှန်ပါ့)၊ မျက်လုံးပေါ် ရင်လည်း မျက်လုံးလိုက်ရလိမ့်မယ်နော် (မှန်ပါ့)၊ နားပေါ်ရင် (နားလိုက်ရပါမယ်)၊ နှာခေါင်းပေါ် ရင် (နှာခေါင်းလိုက်ရ ပါမယ်)၊ လျှာပေါ်ရင် (လျှော်လိုက်ရပါမယ် ဘုရား)။
ဉာဏ်ကလေးနဲ့လိုက်ပြီးရှု
ကိုယ်ပေါ်မှာ သုခပေါ်ရင် သုခဆီပဲလိုက်၊ ဒုက္ခပေါ်ရင် (ဒုက္ခဆီပဲလိုက်ရပါမယ်)၊ ဝမ်းထဲမှာ ဝမ်းသာတာကလေး ပေါ်လာရင် (သောမနဿဆီလိုက်)၊ အဲ-ဝမ်းသာတဲ့ဆီပဲ ဉာဏ်ကလေးနဲ့လိုက်ပြီး ရှုပေး (မှန်ပါ့)။
အဲဒီတော့ “ယံကိဉ္စိ ဝေဒယိတဓမ္မံ သဗ္ဗံ တံ ဒုက္ခသ္မိန္တိ ဝဒါမိ” အကုန် ဒုက္ခသစ္စာချည်းပဲလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်ဟူသရွေ့ ဘာဆိုကြမယ် (ဒုက္ခသစ္စာချည်းပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ သုခတို့ ဒုက္ခတို့ ဥပေက္ခာတို့ ရှုမနေနဲ့တော့၊ မျက်လုံးထဲ ပေါ်လာတာ လည်း ဖြစ်ပြီးပျက်ခြင်းကြောင့် ဒုက္ခသစ္စာပဲ၊ သဘောကျပလား၊ ဥပေက္ခာဝေဒနာရယ်လို့ လိုက်မနေနဲ့တော့ (မှန်ပါ့)။
နားထဲပေါ်တာ ကလေးကလဲ (ဒုက္ခသစ္စာ ပါ ဘုရား)၊ နှာခေါင်းထဲပေါ်တာကလေးကလဲ (ဒုက္ခ သစ္စာပါ ဘုရား)၊ လျှာပေါ်, ပေါ်တာကလေးက (ဒုက္ခ သစ္စာပါ ဘုရား)၊ ကိုယ်ပေါ်မှာ ပေါ်တာ ကလေးက (ဒုက္ခ သစ္စာပါဘု ရား)၊ ဝမ်းထဲပေါ်တာ ကလေးတွေကော (ဒုက္ခသစ္စာပါ ဘုရား)။
ဓမ္မာနုပဿနာ
အဲဒီ ဒီလို ဒုက္ခသစ္စာ, ဒုက္ခသစ္စာလို့ ဆိုလို့ရှိရင်ဖြင့် ဒါ ဓမ္မာနုပဿနာထဲ အကုန်ဝင်သွားတာပဲ (မှန်ပါ့)၊ ဘယ်ထဲဝင်သွားပါလိမ့် (ဓမ္မာနုပဿနာထဲ ဝင်ပါတယ် ဘုရား)။
အေး ဒါ့ကြောင့် ဒီဥစ္စာကလည်း ဘုန်းကြီးကပြော တယ်လို့ ပြောတဲ့ အဓိပ္ပာယ်လို့လည်း မယူပါနဲ့တဲ့
“သမာဟိတော သမ္မဇာနော သတော ဗုဒ္ဓဿ သာဝကော၊ ဝေဒနာ စ ပဇာနာတိ” ဝေဒနာကို သိရမယ်ဆိုတာ ဝေဒနာ သိရမှာလား ဆိုတော့ အဋ္ဌကထာဆရာက ဝေဒနာ မသိပါနဲ့ကွာ၊ “ဒုက္ခသစ္စ ဝသေန ပဇာနာတိ” ဒုက္ခသစ္စာလို့ သိအောင် လုပ်ပါတဲ့၊ ရှင်းပလား (ရှင်းပါပြီ) ဘယ်လိုသိအောင် လုပ်ရမှာတုံး (ဒုက္ခသစ္စာလို့ သိအောင်လုပ်ရမှာပါ)။
ဒါဖြင့် ဖြစ်ပြီးပျက်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ မျက်လုံးထဲဖြစ်ပြီး ပျက်တာလည်း ဒုက္ခသစ္စာ၊ နားထဲဖြစ်ပြီး ပျက်တာကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဝမ်းထဲ ဖြစ်ပြီးပျက်တာတွေကော (ဒုက္ခသစ္စာပါ ဘုရား)။
အကုန်ဒုက္ခသစ္စာပဲရှိတယ်
အဲဒါကြောင့် ဒါဖြင့် အကုန်ဒုက္ခသစ္စာပဲ ရှိပါကလားလို့ ဒီကနေ သိပေးပါ (မှန်ပါ့)၊ သူတို့က ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ရှေ့ကချုပ်ပျက်တာက (ဒုက္ခသစ္စာပါ) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာဆိုတော့ ဪ ဒီမဂ်ဟာ ကျေးဇူးများ ပါကလား၊ ဝိပဿနာမဂ်ဟာ တယ် ကျေးဇူးများ ပါကလား ဆိုတာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဘယ်လိုကျေးဇူးများသတုံးဆိုတော့ ဒကာ ဒကာမတွေ ရှင်းအောင် ပြောလိုက်ပါမယ်၊ သုခ, ဒုက္ခ, ဥပေက္ခာနော် (မှန်ပါ့)၊ သုခဝေဒနာမရှုလို့ရှိရင် သုခဝေဒနာပစ္စယာ, တဏှာ လာပါလိမ့်မယ် (မှန်ပါ့)၊ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဪ ဒါ မရှုတဲ့ ပုဂ္ဂိုလ် တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏဆိုတာ အကုန် မလာပေဘူးလား (လာပါတယ် ဘုရား)။
မဂ္ဂင်ငါးပါးနဲ့ရှုပေးပါ
လာတော့ ဒကာ ဒကာမတွေ အဲဒီ တဏှာဖြတ်ရ အောင်လို့ ဒီကနေ မဂ္ဂင်ငါးပါးနဲ့ ဦးခင်မောင်တို့က ရှုပေးပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့ လား (မလာပါ ဘုရား)။
ဪ သုခဝေဒနာ ရှုလိုက်တဲ့အတွက် တဏှာ သေတယ် (မှန်ပါ့ ဘုရား)၊ သုခဝေဒနာကို ဒုက္ခသစ္စာလို့ ရှုလိုက်တဲ့အတွက် (တဏှာသေပါတယ် ဘုရား)။
ကဲ တစ်ခါကလေကျတော့ ဦးခင်မောင်တို့ သန္တာန် မှာ ဒုက္ခဝေဒနာကလေး မပါဘူးလား (ပါ, ပါတယ် ဘုရား)။ ဒုက္ခဝေဒနာလာတော့ ဒေါသ, သောက, ပရိဒေဝတို့ နောက်က မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
အဲဒါတွေ မလိုက်အောင် ဒုက္ခသစ္စာလို့ ရှုလိုက်တော့ ဒေါသ, သောက, ပရိဒေဝ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
အင်း ဟင်း ခုနင်က လောဘချုပ်ခဲ့တယ်၊ အခု ဒေါသချုပ်တယ် (မှန်ပါ့)၊ မချုပ်ဘူးလား (ချုပ်ပါ တယ်)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဥပေက္ခာဝေဒနာဟာ သိမ်မွေ့နူးညံ့တယ်
ဥပေက္ခာဝေဒနာဟာ သိမ်မွေ့နူးညံ့ပါတယ်တဲ့ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကိုယ်ထဲဖြစ်တာ မသိဘဲနေမှာစိုးလို့ ဘုန်းကြီးက ရှင်းအောင်မြင်တာကလေး ဘာတုံး (ဥပေက္ခာပါ) နံတာကလေးကော (ဥပေက္ခာပါ)။ စားတာကလေးကော (ဥပေက္ခာပါ)။
အဲ ဝမ်းထဲမှာ သားတွေ၊ သမီးတွေနဲ့တကွ ပစ္စည်း တွေ ကမ္မဿကာပဲလို့ ထားတာကော (ဥပေက္ခာ ဝေဒနာ ပါ ဘုရား)။
အဲဒါကလေးတွေ လာတိုင်း, လာတိုင်းကိုလည်း ဥပေက္ခာဝေဒနာမသိလို့ ရှိရင်ဖြင့် ဦးခင်မောင် မှတ်လိုက်၊ မသိတာက အဝိဇ္ဇာ၊ ပြုပြင်တာက သင်္ခါရ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါ တယ် ဘုရား)။
အဝိဇ္ဇာပစ္စယာသင်္ခါရာ (လာပါတယ် ဘုရား)၊ ဒါ ဥပေက္ခာ ဝေဒနာမသိလိုက်လို့ဗျာ (မှန်ပါ့)၊ သံသရာကြီး ဆက်မသွားဘူးလား (ဆက်သွားပါတယ်)။
အဲဒါကြောင့် ဥပေက္ခာဝေဒနာ အခုနေရာတွေကို ဆရာဘုန်းကြီးက ပြောပြတဲ့အတွက် ဒီငါးပါးနဲ့ မျက်လုံးမှာ ပေါ်လာလည်း ဖြစ်ပျက်ရှု၊ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ နားမှာ ပေါ်လာလည်း (ဒုက္ခသစ္စာပါပဲ)၊ နှာခေါင်းမှာ ပေါ်လာလဲ (ဒုက္ခသစ္စာပါပဲ)၊ လျှာမှာပေါ်လာလဲ (ဒုက္ခ သစ္စာပါပဲ)၊ ဝမ်းထဲမှာ ကမ္မဿကာ ထားတာကလေးတွေကော (ဒုက္ခသစ္စာပါပဲ)၊ ဖြစ်ပြီးပျက်တော့ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဥပေက္ခာကဖြစ်ပျက်၊ ရှုတာကမဂ်
အဲဒီလို ရှုလိုက်တဲ့အခါကျတော့ ဒီက ဖြစ်ပျက်၊ ဥပေက္ခာကဖြစ်ပျက်, ရှုတာက မဂ်ဖြစ်သော ကြောင့် အဝိဇ္ဇာ သင်္ခါရအကုန်ချုပ်တယ် (မှန်ပါ့ ဘုရား)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ပထမတုန်းက လောဘချုပ်တယ်၊ ဒုတိယ ဒေါသချုပ်တယ်၊ တတိယ မောဟချုပ်တယ် သဘောကျ ပလား (ကျပါပြီ)။
နိဗ္ဗာန်ပေါက်တရား
ဒါဖြင့် လောဘ, ဒေါသ, မောဟ ချုပ်တဲ့ တရားဟူသရွေ့ ဟာဖြင့် နိဗ္ဗာန်ပေါက် ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြ ပါပြီ (ရှင်းပါပြီ ဘုရား)၊ သူ့နေရာနဲ့သူ ပေါ်တာကော သိပလား (သိပါပြီ ဘုရား)။
အဲဒီတော့ ပေါ်ရာကို ခင်ဗျားတို့က ပထမ အာနာပါန ကလေးလုပ်ပေါ့ဗျာ၊ ရှုလိုက်, ရှိုက်လိုက်, ရှုလိုက်, ရှိုက်လိုက်၊ နောက်ကျတော့ ဝေဒနာတွေဟာ ခုနက နားကကြားလို့ရှိရင် လည်း အင်း ဒါကလေးဟာ ဖြစ်ပျက်၊ နှာခေါင်းက နံလာလို့ ရှိရင်လည်း နံတဲ့ ဝေဒနာကလေး ဘာဆိုကြမယ် (ဖြစ်ပျက် ပါ ဘုရား)၊ လျှာက ကိုယ့်တံတွေးကလေး ကိုယ်မျိုလိုက်လို့ သလိပ်ကလေး ဘာကလေး ဝင်သွားလို့ ငန်သလိုလို ဘာလိုလို ရှိရင်လည်း ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက် ရှုရမယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ကိုယ်ပေါ်က ယားလာရင်ကော (ဖြစ် ပျက်ရှုရပါမယ်)၊ ကိုယ်ပေါ်က ကောင်းများ လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုရလိမ့်မယ်။
ဝမ်းထဲကနေပြီး တရားကလေးရှုလို့ အို ခုန သူတော်ကောင်း စိတ်ကလေး ဝင်လာတယ်ဆိုပြီး ဝမ်းသာတာ ကလေးဖြစ်ဖြစ်လာရင် အဲဒီ ဝမ်းသာတာကလေး တစ်ခါတည်း ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့)။
တရားရှုရတာ ဘာမှမတွေ့သေးဘူး၊ ခက်လိုက်တာဆို ရင် အဲဒီ ခက်လိုက်တဲ့စိတ်ကလေး ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
အရှုခံလာတာ၊ ဖြစ်ပျက်ရှု
တရားရှုရတာ ဘာမှမတွေ့သေးလို့ စိတ်ပျက်လာလိမ့် မယ် (မှန်ပါ့)၊ အဲ ဖြစ်တာကလေးဟာ ခင်ဗျားတို့ အရှုခံလာတာ (မှန်ပါ့ ဘုရား)၊ ဖြစ်တာကလေးက ဘာပါ လိမ့် (အရှုခံလာတာပါ ဘုရား)။
အဲဒီ အရှုခံလာတာကလေးကို မျှော် ဖြစ်တာ ကလေးက ဒေါမနဿဝေဒနာ၊ သူလည်း ဖြစ်ပျက်ပဲလို့ နောက်ကနေ မဂ်နဲ့လိုက်ပေး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီလို ရှုလိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်တစ်ကိုယ် လုံးမှာ ဝေဒနာက္ခန္ဓာချည်းဖြစ်နေတော့ တစ်ကိုယ်လုံး ဖြစ်ပျက်တွေ ဖြစ်နေတယ် (မှန်ပါ့)။
သူကနေ လမ်းစတွေ့လိုက်တာ ဦးခင်မောင် တစ်ကိုယ် လုံးဖြစ်ပျက်တွေ တွေ့လာတယ် (မှန်ပါ့)။
အဲဒီတော့ အဲဒီဖြစ်ပျက်တွေမြင်လာပြီး သကာလ ဒကာ ဒကာမတွေ ဒီဖြစ်ပျက်တွေမှတစ်ပါး ဘာမမရှိဘူး၊ ဒုက္ခသစ္စာ မှ တစ်ပါး ဘာမှ မရှိဘူးဆိုတာ မလာပေဘူးလား (လာပါ တယ်)။
သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်
အဲဒီ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိလိုက်ပါတယ် (မှန်ပါ့)၊ အဲဒါသည် သစ္စဉာဏ်လို့ တစ်ခါတည်း မှတ်လိုက်ပါ (မှန်ပါ့)။
ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိလိုက်တာ ဘာခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား)၊ သစ္စဉာဏ် ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)၊ အဲဒီ သစ္စဉာဏ် ရတယ်လို့ ဆိုလို့ရှိရင်လည်း ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးနဲ့ ကိုက်ပါပြီ (မှန်ပါ့)။
နောက်ကျတော့ ဒကာ ဒကာမတွေ ဒီသစ္စဉာဏ်တွင် မရပ်ဘဲနဲ့ ကိစ္စဉာဏ်ကိုတက်ရမယ် (မှန်ပါ့)၊ ပြီးတော့မှ ကတဉာဏ်တက်လို့ရှိရင် ကိစ္စပြီးပါလိမ့်မယ် (မှန်လှပါ ဘုရား)။