သတိပဋ္ဌာန်တစ်ပါးပါးကြိုးစားရင်ကြ
မှတ်ချက်။ ။စာအုပ်ပါရက်စွဲဖြင့် အသံဖိုင်ကိုက်ညီမှုမရှိပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၌ဟောကြားတော်မူသော တရားတော်
သတိပဋ္ဌာန်တစ်ပါးပါးကြိုးစားရင်ကြ
(၈-၇-၁၉၅၈)
ဒကာ-ဒကာမတို့ကို ဆရာသမားက နေ့တိုင်းလိုလိုပဲ ဉာဏ်တွေတိုးတက်ပြီး သကာလ သွားအောင်ပြောနေတယ်။ နေ့တိုင်းပဲ ဉာဏ်တက်အောင်ချည်းပြောနေတယ်ဆိုတဲ့ ဥစ္စာမဂ် ဉာဏ်နားကပ်အောင် ပြောနေတယ် (မှန်ပါ)။
အဲဒီတော့ ဒကာ-ဒကာမတွေ သိစရာကလေး ဒီနေ့ပြော ချင်တာက၊ သာသနာပမှာ ပုထုဇဉ် ဖြစ်ရတယ်၊ သာသနာတွင်းမှာ ပုထုဇဉ်ဖြစ်ရတယ်။ ပုထုဇဉ်တွေဖြစ်ခဲ့ကြတယ် ဆိုတာတော့ဖြင့် ဘဝကွာနေကြပြီ (မှန်ပါ)။
ချိန်ခွင်တစ်ခုပေးလိုက်မယ်
အဲဒီတော့ မူလပဏ္ဏာသပါဠိတော် သမ္မာဒိဋ္ဌိသုတ်မှာ သာသနာတွင်း ကိုယ်တိုင်ဖြစ်၊ မဖြစ်ကို ယနေ့ချိန်ကြည့်ဖို့ ဘုန်းကြီး ကချိန်ခွင်ကလေး တစ်ခုပေးလိုက်ပါမယ် (မှန်ပါ)။
အဲဒါတကယ်လို့ သာသနာတွင်း ပုထုဇဉ်မဖြစ်သေးလို့ ရှိရင် ဪ တို့သည်ကားလို့ဆိုရင် ဒိဋ္ဌိမပြုတ်သေးပါကလား လို့အောက်မေ့ရမယ် (မှန်ပါ)။
အဲဒီတော့ သေသေချာချာ ဘုန်းကြီးတို့ ဒကာ-ဒကာမ တွေက မှတ်ပြီးတော့ ဪ သာသနာတွင်း ဖြစ်အောင်တော့ တို့လုပ်မှပဲ။ ဒါမှ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့မှာပေါ့ (မှန်ပါ)၊ ဒီမျိုးစေ့တွေက ပေါက်ဖွားလာရင် ငရဲကောင်ကြီးတွေ ပေါက်ဖွားလာဦးမယ် ဆိုတာလည်း ဒကာ-ဒကာမတွေ မှတ်ထား ပါ (မှန်ပါ)။
ပုထုဇဉ်နှစ်မျိုး
အဲဒါကြောင့် ဒကာ-ဒကာမတို့ ပုထုဇဉ်နှစ်မျိုးကစပြီး ပြောပါ့မယ်။ သာသနာပ ပုထုဇဉ်တစ်မျိုး၊ သာသနာတွင်းပုထုဇဉ် တစ်မျိုး (မှန်ပါ့)၊ပုထုဇဉ် ဘယ်နှမျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။
ဒီဘက်က ဘာပါလိမ့် (သာသနာပ ပုထုဇဉ်ပါ)၊ ဒီ ဘက်က ဘာပါလိမ့် (သာသနာတွင်း ပုထုဇဉ်ပါ)။
ဒကာ-ဒကာမတွေ တို့ဆရာဘုန်းကြီးသည် တို့ကိုဖြင့် အရေးတကြီး ကယ်တင်နေတယ် ဆိုတာကိုလည်း စိတ်ထဲကထားပြီး သကာလ တရားနာပါ (မှန်ပါ)။
အရေးတကြီးကယ်တင်နေတယ်
တို့ကိုအရေးတကြီး ကယ်တင်နေတယ်ဆိုတော့ဘယ့်နှယ် ကြောင့် ဘုန်းကြီးက ဒါလောက် အရေးကြီးရတာတုံး၊ အို မနေ့ ကပြောခဲ့ပြီ။ သေမှာက နေ့လားညလားမသိကြဘူး။ ဘယ်သူမှ မသိကြဘူး (မှန်ပါ့)၊ အဲဒီတော့ အရေးတကြီး ကယ်တင်ရတယ်ဆိုတဲ့ စကား သုံးလိုက်မသုံးထိုက် (သုံးထိုက်ပါတယ် ဘုရား)။
အရေးတကြီး ကယ်တင်နေတော့ ဒကာ-ဒကာမတွေက – ဪ တို့ကို ဘာဖြစ်စေချင်သတုံး ဆိုတော့ သာသနာတွင်း ပုထုဇဉ်ဖြစ်စေချင်တယ်ဆိုတာ မှတ်ထားရမယ် (မှန်ပါ)။
ဒီဘက်က ဘာပါလိမ့် (သာသနာပ ပုထုဇဉ်ပါ)၊ ဒီ ဘက်က (သာသနာတွင်း ပုထုဇဉ်ပါ)။
သာသနာပ ပုထုဇဉ်
ကောင်းပြီ ဒကာ-ဒကာမတွေ ဒီနှစ်မျိုးကို မှတ်ထားတော့ သာသနာပပုထုဇဉ်က လှူမယ် တန်းမယ်၊ ပေးမယ်- ကမ်းမယ် ကောင်းတာလုပ် ကောင်းကျိုးပေးတာပဲ ငါလုပ်ငါရတာပဲ။ ငါ ကုသိုလ်လုပ်ရင် ငါရတာပဲ၊ ငါအကုသိုလ်လုပ်ရင် ငါခံရမှာပဲလို့ ဒါလောက်သာသိတဲ့ ပုထုဇဉ်ဟာ ဒကာ-ဒကာမတို့ သာသနာပါ ပုထုဇဉ် (မှန်ပါ့)၊ ကိုစောမောင် ရှင်းပလား (ရှင်းပါပြီ)။
ကုသိုလ်လည်း ငါလုပ်ရင် ငါရတာပဲ၊ အကုသိုလ်လည်း ငါလုပ်လို့ရှိရင် ငါခံရမှာပဲ ဤမျှလောက် သိတဲ့ ကမ္မဿကတ ဉာဏ်ကလေးမျှလောက်သိတဲ့ ပုထုဇဉ် ဘာခေါ်ကြမယ် (သာသနာပပုထုဇဉ်ပါ)။
ကံ ကံ၏အကျိုးကိုယုံကြည်တယ် ကို သေသေချာချာ မှတ်ပါ ဒကာ-ဒကာမတို့ နော် (မှန် ပါ့)၊ ဪ ကံ၊ ကံ၏အကျိုး ယုံကြည်ပြီး သကာလ လှူကြပေးကြ ကမ်းကြ၊ အပါယ်သွားကြောင်းဖြစ်တဲ့ တရားတွေကို မကောင်းတာလုပ် မကောင်းဘူးလား။ မကောင်းတာ လုပ်လို့ရှိရင် အပါယ်လေးပါး သွားရတတ်တယ်လို့ ဒီလောက် မျှသိနေတဲ့ ပုထုဇဉ်ဘယ်လိုခေါ်ကြပါ့မယ် (သာသနာပ ပုထုဇဉ်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ-ဒကာမတွေ ခင်ဗျားတို့ကလည်း သာသနာတွင်း လူဖြစ်ပြီး သကာလ လာကြတော့ သာသနာတွင်း သားဖြစ်နေတယ်၊ သာသနာတွင်း ဉာဏ်ရပလားလို့ မေးခွန်း ထုတ်ပြန် တော့လည်း ဆရာကောင်း သမားကောင်းနဲ့ အမျိုးမျိုး အဖုံဖုံ တိုက်တွန်းနှိုးဆော်ပြီး ကိုယ့်ဟာကိုယ် ကိုယ်ကျိုးကိုယ် သိပြီး သကာလ လုပ်မှသာလျှင်လည်း သာသနာတွင်း ပုထုဇဉ်က မောင်နိုင်တို့ ကိုစောမောင်တို့ ဖြစ်ကြရမှာကိုး (မှန်ပါ)။
မွေးတာက အတူတူဖြစ်နေကြတယ်နော် (မှန်ပါ့)၊ အမိဝမ်းခေါင်းထဲက မွေးကြတာက (အတူတူပါပဲ ဘုရား)၊ ပုထုဇဉ်ချည်း မွေးလာကြတယ်။
သာသနာတွင်းပုထုဇဉ်
ကဲ ဒါဖြင့် သာသနာတွင်း ပုထုဇဉ်ကတော့ကောင်း တာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာ လုပ် မကောင်းကျိုး ပေးတယ်ဆိုတဲ့ ကမ္မဿကတဉာဏ်လည်း သူ့မှာရှိတယ်။ သစ္စာအနုလောမိက ဉာဏ်လည်းသူ့မှာရှိတယ်တဲ့။ သူက ဉာဏ် နှစ်မျိုးရှိ တယ် (မှန်ပါ)။
သာသနာတွင်း ပုထုဇဉ်က ကမ္မဿကတဉာဏ်ရော၊ သစ္စာအနုလောမိက ဉာဏ်ရော သူ့မှာ ရှိတယ်။ သူက နှစ် ဉာဏ်ပေါ့ ဗျာ (မှန်ပါ)။
သေသေချာချာမှတ်ကြပါ ဒကာ ဒကာမတို့၊ ချိန်ခွင်ပေး တယ်နော် (မှန်ပါ့)၊ ချိန်ခွင်ပေးပြီး ဪ တို့သည် ဒီနှစ် စား ဘယ်အစားထဲကတုံး ဆိုတာ ကိုယ့်ဟာကိုယ် ချိန်နိုင်အောင် လို့ ချိန်ခွင် ပေးနေပါတယ်လို့ မှတ်စမ်းပါ (မှန်လှပါ)။
ဖြစ်ပျက်ရှုတဲ့ဉာဏ်ရှိတယ်
သာသနာတွင်း ပုထုဇဉ်ကတော့ ဒကာ-ဒကာမတို့ ပေးလည်းပေး ကမ်းလည်းကမ်း၊ ကမ္မဿကတ ဉာဏ်လည်း ရှိတာပဲ (မှန်ပါ့)၊ ခန္ဓာကိုယ်ကြီး၏ ဖြစ်ပျက်ရှုတဲ့ ဉာဏ်လည်း ရှိတယ်၊ အဲဒါ သာသနာတွင်း ပုထုဇဉ် (မှန်ပါ)။
သေသေချာချာမှတ်ပါ ဒကာ-ဒကာမတို့ သေသေချာချာ မှတ်ပါ။ ဒါဖြင့် လှူမှုတန်းမှု ပေးမှု-ကမ်းမှုလည်း ရှိတယ်၊ ဝိပဿနာ အလုပ်လည်းလုပ်တယ် (မှန်ပါ့)၊ အဲဒါဘာခေါ် ကြမယ် (သာသနာတွင်း ပုထုဇဉ်ပါ ဘုရား)၊ သာသနာတွင်း ပုထုဇဉ်က နှစ်ဉာဏ်ပါတယ်နော် (မှန်ပါ)။
ဒီကတော့ တစ်ဉာဏ်တည်း ပါတယ်၊ ကမ္မဿကတဉာဏ် ကံကံ၏ အကျိုးကို ယုံကြည်တဲ့ ဉာဏ်တစ်လုံးပဲပါတယ်၊ သာသနာပပုထုဇဉ်က (မှန်ပါ)။
နှစ်ဉာဏ်ရှိမှသာသနာတွင်းပုထုဇဉ်
သာသနာတွင်း ပုထုဇဉ်ကတော့ ကံကံ၏အကျိုးယုံကြည် တဲ့ ဉာဏ်လည်းသူ့မှာရှိတယ် (မှန်ပါ့)၊ သစ္စာနဲ့ ပျော်အောင် ဖြစ်ပျက်မြင်တဲ့ ဉာဏ်လည်းရှိတယ်၊ဤဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ သာသနာ တွင်းလို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ-ဒကာမတို့ တစ်ဉာဏ်ရှိတာနဲ့ နှစ်ဉာဏ်ရှိ တာ ကွာသည် (မှန်ပါ)။
အဲဒီတော့ ဘုန်းကြီးက မူလပဏ္ဏာသပါဠိတော် သမ္မာဒိဋ္ဌိ သုတ်မှာ ဟောချက်အတိုင်း အဋ္ဌကထာ ကလည်း ဒီအတိုင်းဖွင့်လို့ ရှင်းလင်းနေအောင်ပြောတော့၊ ဪ တို့သည်ကား အလုပ် မလုပ်ရသေးလို့ရှိရင်ဖြစ်ပျက် အနိစ္စအလုပ်ကို မလုပ်ရသေး၊ ဒုက္ခ အလုပ်ကိုမလုပ်ရသေး၊ အနတ္တ အလုပ်ကို မလုပ်ရသေးလို့ရှိရင် သာသနာ နှစ်ထောင့်ငါးရာ လျော့လျော့ကျန်ပြီး နေငြားသော် လည်း သာသနာပ ပုထုဇဉ်ဖြစ်နေပါလားလို့ ကိုယ့်ဟာကိုယ်ဆုံး ဖြတ်ချက်ချ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကိုယ့်အကြောင်းကိုယ်သိကြပါ
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သာသနာပပုထုဇဉ် လို့ဆုံးဖြတ်ချက်ချရပါမယ်)၊ သာသနာပ ပုထုဇဉ်ဖြစ်နေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
ကိုင်း သာသနာကိုယ့်သန္တာန်မှာရှိမရှိကို ကိုယ့် အကြောင်းကိုယ်သိကြရောပေါ့ (မှန်ပါ့)၊ မသိကြသေး ဘူးလား (သိပါပြီ)။
သာသနာပပုထုဇဉ်ကတော့ ဘယ်မှ ဉာဏ်တဲ့ (တစ်ဉာဏ်ပါ ဘုရား)၊ ဘာဉာဏ်ပါလိမ့် (ကမ္မဿကတ ဉာဏ်ပါ ဘုရား)၊ ကောင်းတာလုပ်ကောင်းကျိုးပေးတယ်ကွ၊ ငါမကောင်းတာ လုပ်တာ မရှိဘူးကွ၊ ငါ့မှာမကောင်းကျိုး ပေးစရာမရှိဘူး ငါ့မှာ ဘာလုပ်စရာမှမလိုဘူးဆိုတာ ဒါဘာခေါ်ကြမယ် (သာသနာပ ပုထုဇဉ်ပါ ဘုရား)၊ သူ့မှာ လုပ်စရာရှိနေတာသူမသိဘူး (မှန်ပါ)။
ကိုယ့်ဟာကိုယ်ဝေဖန်ပါ
သာသနာတွင်းပုထုဇဉ်ကတော့ ဒကာ-ဒကာမတို့ အခု အထဲမှာပဲ ကိုယ့်ဟာကိုယ် ဝေဖန်နော် (မှန်ပါ)၊ လှူမှုတန်းမှု ပေးမှုကမ်းမှုဆိုတဲ့ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ဆိုတဲ့ ဉာဏ်လည်းသူ့ မှာရှိတယ် (မှန်ပါ့)၊ ဖြစ်ပျက်ကို ရှုတဲ့ ဒုက္ခသစ္စာကို လျော်အောင်မြင်နိုင်တဲ့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်လည်းရှိတယ် (မှန်ပါ့)၊ သစ္စာအနုလောမိက ဉာဏ်လည်းရှိတယ် (မှန်ပါ့)၊ ဒါက ဘာပါလိမ့် (သာသနာတွင်းပုထုဇဉ်ပါ ဘုရား)။
နို့ ဘာထူးသတုံး ဘုရားဆိုတော့ တစ်ဉာဏ်ရှိတာနဲ့ နှစ် ဉာဏ်ရှိတာထူးတယ်လို့မှတ်လိုက် (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (တစ်ဉာဏ်ရှိတာနဲ့ နှစ်ဉာဏ် ရှိတာထူးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အလုပ်မလုပ်သေးလို့(ဝါ)ဖြည်းဖြည်းမှပဲ ဆိုပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်ကို ဘယ်ထဲ သွင်းကြသလဲ (သာသနာပပုထုဇဉ်ပါ)၊ သာသနာပပုထုဇဉ်ထဲ သွင်းလိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဉာဏ်တက်စေချင်လို့
ဒါဖြင့် သာသနာပပုထုဇဉ်ဆိုလို့ရှိရင်ဖြင့် ဘယ်လိုဆုံးဖြတ် ချက်ချပေးရမလဲလို့ မေးဖို့လိုတယ် (မှန်ပါ့)၊ လိုလာတော့ နားကြီးကြီးနဲ့ ထောင်လိုက်ပါ၊ သတိပေးလိုက်တယ်နော် (မှန်ပါ့)၊ ဒီစကား မသေးဘူးနော် (မှန်ပါ့)၊ ဦးဘကလေး ဒီစကားအင်မတန်ကြီးတဲ့ စကားတွေလို့မှတ်ပါ (မှန်ပါ့)၊ ဉာဏ်တက် စေချင်လို့ ကယ်တင်ပါတယ်လို့ ဆိုတာကိုလည်း မူလက ပြောခဲ့ပါပြီ (မှန်ပါ့)၊ မပြောခဲ့ဘူးလား (ပြောခဲ့ ပါတယ်)။
ကိုင်း ဒါဖြင့် သာသနာပပုထုဇဉ်မှာတဲ့ ငါလုပ်ရင် ငါရတာပဲ။ ငါမလုပ်လို့ရှိရင် ငါမရတာဘဲ ဆိုတာက သူ့မှာ ကမ္မဿကတဉာဏ်ရှိမနေဘူးလား (ရှိပါတယ်)၊ ဒိဋ္ဌိ ပူးနေ တယ် (မှန်ပါ့)၊ ဒိဋ္ဌိကပ်မနေဘူးလား (ကပ်နေပါတယ် ဘုရား)။
ငရဲမျိုးစေ့ သူ့ဝမ်းထဲမှာရှိတယ်
ငါစေတနာကောင်းရင် ငါရတာပဲကွ၊ ငါစေတနာမ ကောင်းရင် ငါမရတာပဲကွဆိုတဲ့ ဒီငါက ပြုတ်ပါသေးရဲ့လား (မပြုတ်ပါဘူး)၊ မပြုတ်တော့ သူလှူဒါန်းပေးကမ်း သူလုပ်နေတဲ့ အလုပ်တွေ ဟူသရွေ့မှာ ဒိဌိမပြုတ်ဘူး (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ် တဲ့အတွက် သူ့မှာ အပါယ်လေးပါး ငရဲမျိုးစေ့ သူ့ဝမ်းထဲမှာ ရှိတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ကိုင်း ဒကာ-ဒကာမတို့ ဒါလောက်ဆိုရင်ပဲ ဆရာဘုန်းကြီး ရှင်းပေးတာနဲ့တော့ မျှော် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တို့နဂိုကစိတ်ထားမွန်မြတ်လှပြီလို့ အောက်မေ့နေတဲ့ဥစ္စာ ဒိဋ္ဌိ တန်းလန်းကြီးနဲ့ ပါလား ဆိုတာ ပေါ်လာတယ် (ပေါ်လာ တယ်)။
ဘယ်လိုပေါ်လာသတုံး (ဒိဋ္ဌိတန်းလန်းကြီးနဲ့ပါ ဘုရား)။
မဂ်ဉာဏ်ကိုမရနိုင်ဘူး
ဒိဋ္ဌိတန်းလန်းနဲ့ ဆိုလို့ရှိရင်ဖြင့် ကောင်းတာလုပ် ကောင်း ကျိုးတော့ပေးတာပဲ၊ မကောင်းတာလုပ် မကောင်းကျိုးပေး တာပဲလို့သိတဲ့ ကမ္မဿကတဉာဏ်က ဒိဋ္ဌိမဒွါနိုင်တဲ့အတွက် ဒကာ ဒကာမတို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရနိုင်ဘူး (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။
သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မအေ မိဘဆွေမျိုးဉာတကာမတော်ဖူးသူ မည်သည်မရှိလို့ ဒါကြောင့် ပဲ ကယ်တင်နေတယ်ဆိုတာတော့ဖြင့် စူးစူးစိုက်စိုက် ယုံ ကြည်တော့ဆိုတဲ့ ဥစ္စာ သေသေချာချာ သတိပေးပါတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့ ဒီအကြောင်းကို ပြောရသဖြင့် ဒါရင်းရင်းနှီးနှီးဉာဏ်တက်အောင် ပြောနေတယ်ဆို တာကိုလည်း မှတ်ရလိမ့်မယ် (မှန်ပါ)။
သစ္စာအနုလောမိကဉာဏ်
သာသနာတွင်း ပုထုဇဉ်ဖြစ်ရတယ်ဆိုတာ ကောင်းတာ လုပ်ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေး တယ်ဆိုတာ သူ့မှာ ဒီကမ္မဿကတဉာဏ်လည်းရှိတယ် (မှန်ပါ)၊ နောက်ကျတော့ သူသစ္စာနဲ့လျော်တဲ့ ဉာဏ်ကလေး သူ တိုး လို က် ပြန် တယ် (မှန်ပါ့)၊
ဆရာကောင်း သမားကောင်း ဆီကချည်း ယူပြီး သကာလ ဪ ဒီခန္ဓာကြီး ဟာ ခဏခဏပျက်နေတဲ့ အနိစ္စ တရားကြီး ပါလားလို့ ဒီဉာဏ် ကလေးကတိုးတယ် (မှန်ပါ့)၊ ဒီဉာဏ်ကလေးက တိုးတာက သူက ခုနကဉာဏ် ဒိဋ္ဌိမပြုတ်တဲ့ဉာဏ်ကို သစ္စာအနုလောမိက ဉာဏ်က ဖြုတ်ချလိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သစ္စာသိရင် အဆင့်ဆင့်တက်သွားမယ်
ဒိဋ္ဌိမပြုတ်တဲ့ဉာဏ်ကို (သစ္စာအနုလောမိက ဉာဏ် ကဖြုတ်လိုက်ပါတယ်)၊ ဖြုတ်ချလိုက်တော့ သူက ဘုန်းကြီးရှင်း ပြမယ် အပါယ် သွားစေတတ်တဲ့ ငရဲမျိုးစေ့ ဝမ်းထဲမရှိဘူး (မှန်ပါ)၊ သူက ဒီက သစ္စာအနုလောမိက ဉာဏ်နဲ့ သစ္စာကို သိလို့ ရှိရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ကျအောင် သွားမယ် (မှန်ပါ)၊ အကယ်၍ ဒီဘဝမှာ ဒီဖြစ်ပျက်မြင်ရုံနဲ့ပဲ သူသေသွားတယ် လို့ဆိုလို့ရှိရင်လည်း သုဂတိ ခုနစ်ဘဝမှာ လမ်းဆုံးပါတယ် (မှန်ပါ့)၊ အင်မတန် အားရှိစရာ ကောင်း တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေကို ပြော ရတယ်၊ မပြောရင်ဘုန်းကြီးတို့ ဒကာ-ဒကာမတွေဟာ လမ်းပြ အင်မတန် လိုပါတယ်ဆိုတာ သေချာပါပြီ (သေချာပါပြီ)။
လမ်းပြဆရာကောင်းအရေးကြီးတယ်
လမ်းပြဆိုတာ လမ်းမှာ အမျိုးမျိုးအဖုံဖုံလက်ညှိုးထိုး လမ်းပြတွေလည်းရှိတယ်၊ ဆိုင်းဘုတ်တွေ ကပ်ပြီး သကာလ တချို့နေရာ လေးလမ်းပြရှိတယ်၊ သုံးလမ်းပြရှိတယ်ဆိုတဲ့ မြို့ကြီး တွေကျတော့ ပျဉ်ပြားတွေ စာရေးပြီး ကပ်-ကပ်ထားတာတွေ မရှိဘူးလား (ရှိပါတယ်)၊
အဲဒီအပြမကောင်းရင်ယာဉ်တွေကို မောင်းမိ မောင်းရာမောင်းနေတာ (မှန်ပါ)၊ မောင်းမမောင်း ရာမောင်းမယ်ဆိုလို့ ရှိရင် ကိုယ်လိုတဲ့ ဆီတော့မရောက် ပေဘူး (မရောက်ပါဘူး)၊ ဒါဖြင့် ဒီလမ်းပြဟာ အင်မတန် အရေးကြီးတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ။
အဲဒါကြောင့် အခုလမ်းပြဆရာကောင်းက ဒကာ-ဒကာ မတို့မှာ ကမ္မဿကတ ဉာဏ်လည်း ရှိတယ်၊ သစ္စာအနုလောမိက ဉာဏ်ဆိုတဲ့ ဖြစ်ပျက်သိတဲ့ အလုပ်တရား ခန္ဓာထဲမှာဖြစ်ပျက် ဆိုတာ ခဲယဉ်းစွာ ရှာဖွေနေဖို့မဟုတ်ဘူး၊ ကိုယ့်လက်ညှိုးကလေးနဲ့ ကိုယ့်ခန္ဓာကိုခြစ်ကြည့်၊ ဪ နာတဲ့စိတ် ကလေးပေါ်လာ တယ်၊ ပေါ်လာတဲ့ စိတ်ကလေး ပျောက်သွားတယ်ဆိုတာ လူတိုင်းသိတယ် (မှန်ပါ့)၊ ဒါဝေဒနာခန္ဓာ၏ ဖြစ်ပျက်ကိုသိ နေတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
နာတဲ့စိတ်ကလေး
နာတဲ့စိတ်ကလေး ပေါ်လာတယ်၊ နာတဲ့စိတ်ကလေး ပျောက်သွားတယ် သဘောကျပလား (ကျပါပြီ)။
နာတဲ့စိတ်ကလေးပေါ်လာပြီး ဘာဖြစ်သွားသတုံး (ပျောက်သွားပါတယ်)၊ နာနေတာ ကလေးက ဒုက္ခဝေဒနာဖြစ် ပျက်၊ ပျောက်လာတာက သုခဝေဒနာပေါ်လာတာ (မှန်ပါ့)၊ ဒီလိုကလေးက နေပြီး စပြီးသိလို့ရှိရင် ဒါသစ္စာအနုလောမိက ဉာဏ် (မှန်ပါ့)၊ သူဟာ ဒီဘဝရင်လည်း မဂ်ရသွားမယ်၊ မရလို့ ရှိရင်လည်း သုဂတိသွားပြီး ခုနစ်ဘဝနဲ့ ကိစ္စပြီးနိုင်တယ် (မှန်ပါ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေမှာ ကမ္မဿကတဉာဏ်လည်း ရှိပြီးသား၊ ကောင်းတာလုပ် ကောင်း ကျိုးပေးတယ်ကွ၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ကွ ဆိုတာ နဂိုက မိဘရိုးရာက ရှိလာခဲ့ကြတယ် (မှန်ပါ)။
ဘုန်းကြီးကဉာဏ်တိုးပေးရမယ်
ဝမ်းသာပြီးသား ဘုန်းကြီးက၊ ဪ ဒီဉာဏ်ရှိနေပြီ၊ ငါဘာကယ်တင်ရမှာတုံး ဆိုတော့ သစ္စာနဲ့လျော်တဲ့ ဉာဏ်ကလေး တစ်ခု ဘုန်းကြီးက တိုးပေးရမယ် (မှန်ပါ့)၊ တိုးပေးလိုက်တဲ့ အခါကျတော့ ဒကာ-ဒကာမတွေလည်း ခန္ဓာကိုယ်ကြည့်၊ ကြည့်လိုက်တဲ့ အခါကျတော့ ဥပမာ လေကလေး ထုတ်တဲ့စိတ်ဟာ ထုတ် ပြီးရင်ရှိသေးရဲ့ လား (မရှိပါဘူး)၊ မရှိလို့ ရှိုက်တဲ့ စိတ်ပေါ် လာတာပေါ့ (မှန်ပါ့)၊ ဪ ဒါဖြင့် လေထုတ် တဲ့စိတ်ပျက်ပေါ့ (မှန်ပါ့)၊ တစ်ခါ လေပြန်ထုတ်ပြန်တော့ ရှိုက်တဲ့ စိတ်ကရှိသေးရဲ့ လား (မရှိပါဘူး)၊ မရှိတာသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒါဖြစ်ပျက် ဒုက္ခသစ္စာပဲ (မှန်ပါ)။
ဉာဏ်မြင်ကအဖိုးတန်တယ်
ဒီလိုဉာဏ်နဲ့ မှန်းပြီး ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဉာဏ်မြင်ဆိုတာသည် မျက်စိအမြင်ထက် အဖိုးတန်တယ် (မှန်ပါ)။
အရှင်ဘုရားက ပြောတော့ အလွယ်ကလေး တပည့်တော် တို့က မမြင် ဘူးဘု ရား၊ ထွက်တဲ့ စိတ်ကလေး ဟာလည်း လေအပြင်ဘက် မရောက်ခင် ဖြစ်ပြီး ပျက်ပါတယ် (မှန်ပါ့)၊ လေရှိုက်တဲ့ စိတ်ကလေး ဟာလည်း လေတောင် အတွင်းမရောက် သေးဘူး သူကဖြစ်ပြီး ပျက်နှင့်ပါပြီ ဆိုတော့ အရှင်ဘုရား ပြောတော့ အလွယ်ကလေးရယ်၊ တပည့်တော်တို့ ကြည့်တော့ မမြင်ဘူး ဆိုတော့ မျက်လုံးနဲ့ ကြည့်လို့ ပြောတာ (မှန်ပါ့)၊ ဉာဏ်နဲ့ကြည့်တော့ ဟုတ်သားပဲ လိုက်မှာပဲ (မှန်ပါ)။
အဲဒီတော့ ဒကာ-ဒကာမတို့ ဉာဏ်မြင်နဲ့ မျက်မြင်နဲ့ဟာ မျက်မြင် နိဗ္ဗာန်မသွား (မှန်ပါ့)၊ ဉာဏ်မြင်မှ (နိဗ္ဗာန်သွား ပါတယ်)၊ ဒါကို သေသေချာချာမှတ်ပါ (မှန်ပါ)။
နိဗ္ဗာန်သွားတာက မဂ္ဂင်တရား၊ မဂ္ဂင်ဆိုတာက သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတာ စာလိုသုံးလို့ စင်စစ်တော့ ဉာဏ်ပဲ (မှန်ပါ့)၊ ဒီတော့ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ အားငယ်စရာရှိရဲ့လား (မရှိပါဘူး)။
ဖရဲသီးအခွံကအစိမ်း
အဲဒါ ဒီဖြစ်ပျက်မြင်တဲ့ ဉာဏ်ဟာ နောက်နွေအခါကျ လာတော့ မောင်နိုင်ရေ တို့မိုးကုတ် ဈေးတွေမှာ ဖြစ်စေ အနောက် ပိုင်းတွေမှာဖြစ်စေ ဖရဲသီးတွေ မတွေ့ကြဘူးလား (တွေ့ ပါတယ်)၊ ဒီအတိုင်း ကြည့်လို့ရှိရင် ဖရဲသီးဟာအစိမ်းပဲ (မှန်ပါ့)၊ ဉာဏ်နဲ့ကြည့်လို့ ရှိရင် အတွင်းမှာ ဒီဖရဲသီးဟာ တော်တော် နီမယ့် ဖရဲသီးပဲ ဆိုတာ သိတယ် (မှန်ပါ့)၊
အဲဒါ မျက်မြင်ကတော့ အခွံစိမ်းကြီးပဲ (မှန်ပါ့)၊ ဉာဏ်မြင်ကတော့ အတွင်း မှာ ခုတ်ဖျက် ကြည့်လိုက်တဲ့ အခါကျတော့ အသားတွေက နီနေ လိမ့်မယ်။ ဖရဲထုံးစံအတိုင်း အစေ့တွေလည်း မည်းနေလိမ့် မယ်ဆိုတာ ဉာဏ်မြင်က ထိုးထွင်းသိတယ် (မှန်ပါ့)၊ မျက်မြင်က အပေါ်ကစိမ်းနေတယ်၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် မျက်မြင်နဲ့ ဉာဏ်မြင်သည် ဘယ်သူကထိုးထွင်း သိသလဲ (ဉာဏ်မြင်က ထိုးထွင်း သိပါတယ် ဘုရား)၊ အဲဒီလို အတွင်းမှာ အစေ့မည်း ရှိတယ်လို့သိရင် ဘုန်းကြီးတို့က ဒါ သစ္စာအနုလောမိက ဉာဏ်ဖြစ်ပါပြီလို့ ဒကာ ဒကာမတွေကို သေသေချာ ချာမှာပါတယ် (မှန်ပါ)။
ဒုတိယဘဝမှာ သောတာပန်တည်နိုင်တယ်
ဒီလိုမှာလို့ ဒီအတိုင်းသာ ဪ ပျက်သွားတယ် ဪ ပျက်သွားပြီလို့ သိသိနေလို့ရှိရင်ဖြင့် ဒါသစ္စာ အနုလောမိကဉာဏ် ရသောကြောင့် ဒီဘဝ၌သော်လည်းကောင်း မဂ်ဆိုက်နိုင်ပါတယ်၊ အပါယ်လေးပါး တံခါးပိတ်ပါလိမ့်မယ်၊
ဒီဘဝမပိတ်လို့ ဒီဉာဏ်နဲ့ သေသွားလို့ရှိရင် မပူပါနဲ့ဆိုတာ ဘုန်းကြီးက ရဲဝံ့စွာပဲ အားပေး ပါတယ် (မှန်ပါ့)၊ ဒုတိယဘဝ မှာ သောတာပန်တည်နိုင်တယ်၊ သဘောကျပလား (ကျပါပြီ)၊
ဒုတိယဘဝဆိုတာ ဒီဘဝသေပြီး နတ်ပြည်ရောက်တော့မှာကိုး၊ နတ်၏ ရင်ခွင်ထဲ ရောက်ခါ ရှိသေးတယ် ဒီဉာဏ် သွားပေါ် တယ် (မှန်ပါ့)၊ ဒီ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကပေါ်လာတယ်။
နတ်ပြည်ရောက်တာပင် မသိသေးဘူး သောတာပန် တည်နိုင်တယ် လို့ အင်္ဂုတ္တိပါဠိတော်မှာ ကိုယ်တော်တိုင် ဟောထားတယ် (မှန်ပါ့)၊ သစ္စာအနုလောမိကဉာဏ် ဘယ်လောက် ကျေးဇူးများ တယ်ဆိုတာ ကိုစောမောင်ပေါ်ရောပေါ့ (မှန်ပါ့)၊ ကဲ ဦးပြန့်တို့ ဦးမူတို့ အားငယ်စရာများရှိသေးသလား (မရှိပါဘူး)။
ဖြစ်ပျက်မြင်ရင် မပူပါနဲ့တော့
တပည့်တော်တို့ဘုရား အရှင်ဘုရားဆီမှာနည်းယူပြီးလုပ် နေတာ ဖြစ်ပျက်ပဲ မြင်သေးတယ်၊ အို ဖြစ်ပျက်မြင်ရင် မပူနဲ့ တော့။ ကိုစောမောင် ဖြစ်တာနဲ့ ပျက်တာကလေး မြင်ရင် မပူနဲ့ တော့ (မှန်ပါ့)၊ ဟာ အဖြစ်မမြင်ဘူး ဘုရား အပျက်ချည်း မြင်တယ်၊ သာပြီး မပူနဲ့တော့၊ အားရှိတဲ့ ဝိပဿနာမြင်လာပြီ (မှန်ပါ့)၊ ဘာမှမပူပါနဲ့ဆိုတာ ဘုန်းကြီးက တာဝန်ခံပါတယ် (မှန်ပါ)။
ဒါကလေးမှ မဖြည့်မစွက်ကြဘူးဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာပ ပုထုဇဉ် ဧကန်ဖြစ်ပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ပြင်ချိန်ကျန်ပါသေးတယ်
ဒါဖြင့် ပြင်ချိန်ဆင်ချိန် ကလေးလည်း ကျန်ပါသေး တယ် (မှန်ပါ့)၊ ကျန်သေးတယ်မဟုတ်လား (ကျန်ပါ တယ် ဘုရား)၊ ကိုယ့်အသက်တမ်းကလေး ကြည့်လိုက်တော့ လေ (မှန်ပါ)၊ နက်ဖြန် သန်ဘက်တော့ဖြင့် ဗြုန်းခနဲ မသေသေးရင် ချက်ချင်းပြင်လိုက်ပါ (မှန်ပါ)။
ဒကာ ဒကာမတွေ ဘယ်လိုစိတ်ကူးကြမယ် (ချက်ချင်း ပြင်ရပါမယ်)။
မနက်ဖြန်သန်ဘက် မသေသေးရင် ချက်ချင်းပြင်ပါဆိုတာ ကလေးဟာ သာသနာတွင်း ချက်ချင်း ဝင်လိုက်ပါ ပြောတာ (မှန်ပါ)၊ သာသနာတွင်း မဝင်လိုက်လို့ရှိရင်ဖြင့် ကမ္မဿကတ ဉာဏ်လောက်နဲ့ ဆိုတော့ သုဂတိတော့ ရောက်မှာပဲ၊ ဒိဋ္ဌိက ပါသွားလို့ ထိုးကျပါလိမ့်မယ်လို့ သတိပေးလိုက်တယ် (မှန်ပါ)။
ဥပမာကို ရှင်းအောင်ပြုကြပါစို့ဆိုတော့ ဒကာ ဒကာမတွေ ခွေးသေနွားတွေ လိုက်စားနေတဲ့ လင်းတဆိုတာ မြင်ဖူးကြ ပါလိမ့်မယ်၊ ငှက်ထဲမှာ တော်တော်အကောင်ကြီးတဲ့ အစားထဲ ကဆိုတာ သိကြပါပြီ (မှန်ပါ)။
အဆိပ်လူးတဲ့မြား
အဲဒါ အဆိပ်လူးတဲ့မြားကလေးနဲ့ သွေးစို့ရုံကလေး မှန် အောင်ပစ်ပါ။ သဘောကျပလား (ကျပါပြီ)၊ သွေးစို့ရုံကလေး မှန်အောင်ပစ်ပါတဲ့။ သွေးစိ့ုရုံနဲ့ သူသည်ကားလို့ဆိုရင်ဖြင့် အကောင်ကကြီးတဲ့ အတွက် ဒကာ ဒကာမတို့ ကောင်းကင်တော့ ပျံသွားမှာပဲ (မှန်ပါ)၊ သို့သော် အရင်လို ပျံနိုင်ပါ့မလား အဆိပ် မတက်ခင်ပဲလားလို့ဆိုတာ ဆုံးဖြတ်ချက်ချပါ (အဆိပ်မတက်ခင် ပျံနိုင်မှာပါ)။
အဆိပ်တော့ ပါသွားသကိုးဗျ၊ပျံတော့ ပျံတက်သွားတာပဲ (မှန်ပါ့)၊ အဲဒီ အဆိပ်ပြန့်နှံ့လာတဲ့ တစ်နေ့ကျတော့ အောက်သို့ ဝုန်းခနဲကျမယ် (မှန်ပါ့)၊ ဘာကြောင့်တုံးလို့ မေးခွန်းထုတ်လို့ရှိရင် အဆိပ်ပါသွားလို့ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ)။
သစ္စာအနုလောမိကဉာဏ်မပါရင်
ဒီမှာလည်း သစ္စာအနုလောမိက သမ္မာဒိဋ္ဌိဆိုတဲ့ ဖြစ် ပျက်မြင်တဲ့ သမ္မာဒိဋ္ဌိပါမသွားဘဲနဲ့ သုဂတိ ရောက်ခဲ့သော် ဒီ ၁-နံပါတ် ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိ အဆိပ်ပါသွားတယ်၊ ပြန်ကျရမယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ)၊ တော်တော် အရေးကြီးပါလား ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)
သာမညပြောတာလား ဒကာ-ဒကာမတို့၊ လေးလေးစား စားပြောနေတာလား သတိထားပါ (လေးလေးစားစား ပြောနေတာပါ)။
ဘုရားကိုယ်တော်မြတ်ကြီး ဟောထားတာ သံယုတ်ပါဠိ တော်မှာရှိပါတယ်။
‘‘သတ္တိယာဝိယ ဩမဋ္ဌော၊ ဍယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိံ ပဟာနာယ၊ သဘော ဘိက္ခု ပရိဗ္ဗဇေ။’’
ဒိဋ္ဌိဆိုတာရှိတယ်။ အဲဒီသက္ကာယဒိဋ္ဌိကလေးကို ဖြစ်ပျက် မြင်တဲ့သစ္စာအနုလောမိကဉာဏ်နဲ့ ဒီအဆိပ်ကလေးတော့ ဖျောက်ပစ်ပါ။ တက်သွားရင် မကျအောင်လို့ ဘုရားကဟောတာ (မှန်ပါ)။
သနားလွန်းလို့ပါ
ကိုစောမောင် ဟောထိုက်၊ မဟောထိုက် (ဟော ထိုက်ပါတယ် ဘုရား)၊ မဟာကရုဏာ တော်ရှင် ဆိုတော့ ရင်ဝယ် သားကဲ့သို့ သနားတယ်၊ ရာဟုလာနဲ့ ကျန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တစ်ထပ်တည်း ထားနိုင်တယ် (မှန်ပါ့)၊ အဲဒီလို ပုဂ္ဂိုလ်ကြီးက ဟောတာဖြစ်နေတော့ ကိုယ်တော်က လောကွတ် ချော်တယ်လို့ ဒကာ ဒကာမတွေ မဆိုပါနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
လောကွတ်ချော်တာလား သနားလွန်းလို့ လား (သနားလွန်းလို့ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် သာသနာတွင်းဖြစ်အောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကမ္မဿကတဉာဏ် လည်းရှိပါစေ။ လှူကြတန်းကြ ပေးကြကမ်းကြ၊ အကုသိုလ်လုပ်ရင်လည်း အပြစ်ရှိတယ်ဆိုတာ သိပြီး ရှောင်ကြ၊ သို့သော် ဒါကလေး ဖြည့်လိုက်ပါဦး၊ ဖြစ်ပျက် မြင်တဲ့ ဉာဏ်ကလေးဖြင့် ဖြည့်လိုက်ပါဦး ဆိုတာကို၊ ယနေ့ အေးအေးဆေးဆေးပဲ ဒကာ-ဒကာမတွေ မှန်မှန်ကန်ကန်ကြီး မမှတ်မိ- မှတ်မိအောင် ဆိုပြီး သကာလ မောင်နိုင် ပြောဆိုနေတယ် (မှန်ပါ့)၊ ကဲ ဦးပြန့်တို့ ကျေနပ်ပလား။ (ကျေနပ်ပါပြီ)။
ဝိပဿနာအလုပ်ကလေး လုပ်လိုက်ပါဦး
ဒါဖြင့် ခင်ဗျားတို့ ဘယ်နှဉာဏ်ရှိမှ မတုံး (နှစ် ဉာဏ်ရှိမှတော်မှာပါ)၊ တစ်ဉာဏ်က ဘာတုံး (ကမ္မဿကတဉာဏ်ပါ)၊ သူကဒိဋ္ဌိက ပါနေတယ် (မှန်ပါ့)၊
နောက်တစ်ဉာဏ်ဖြည့်လိုက်ဦး (သစ္စာအနုလောမိကဉာဏ် ပါ)၊ သစ္စာအနုလောမိက ဉာဏ် ဆိုတာ ဝိပဿနာ အလုပ်ကလေး လုပ်လိုက်ဦး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီတော့ဟို ကမ္မဿကတဉာဏ် ထဲမှာပါတဲ့ ဒိဋ္ဌိကလည်း ပြုတ်ထွက်သွားပြီဆိုတော့ သူလှူတာ ဝိဝဋ္ဋ အစစ်ဖြစ်သွားပြီ (မှန်ပါ)။
သူပေးတာ ကမ်းတာတွေ ဘာဖြစ်သွားသတဲ့ (ဝိဝဋ္ဋ ဖြစ်သွားပါပြီ)၊ ဝဋ်ထဲကို သုံးဆယ့်တစ်ဘုံထဲ အကျိုးမပေးတော့ဘူး၊ မအိုမသေအမြဲနေတဲ့ နိဗ္ဗာန်ကိုသာ အကျိုးပေးတော့ မယ်ဆိုတာ ဒိဋ္ဌိဖြုတ်ပြီး အကျိုးပေးတယ်လို့ဆိုတာ ဒကာ ဒကာမ တွေ လေးလေးနက်နက် ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ)။
ကဲ ဒါဖြင့် ပြန်သိမ်းပြန်ပြီး ဒကာ ဒကာမတို့၊ ဒီဘက် က ပုထုဇဉ်ဟာ ဘာတဲ့ (သာသနာပ ပုထုဇဉ်ပါ)၊ ဒီဘက်က ပုထုဇဉ်က (သာသနာတွင်းပုထုဇဉ်ပါ)။
သာသနာပပုထုဇဉ်က ဘာရှိသတဲ့ (ကမ္မဿကတ ဉာဏ်ရှိပါတယ်)၊ ဒိဋ္ဌိပြုတ်ရဲ့လား (မပြုတ်ပါဘူး)၊ ငါလုပ် ရတယ်၊ ငါအကုသိုလ်လုပ် ငါခံရမှာပေါ့၊ ဒါလောက်ပဲ သိတယ် (မှန်ပါ)။
ဒါကြောင့် ဒိဋ္ဌိကမပြုတ်တော့ ငါဟူသော ဒိဋ္ဌိနဲ့ရှိတဲ့ အတွက် တက်သွားငြားသော်လည်း တာဝတိံသာ၊ ယာမာကို တက်သွားလိမ့်မယ် ကုသိုလ်လုပ်လိုက်လို့၊ ဒိဋ္ဌိအဆိပ်ပါသွား တယ်၊ ဝုန်းဆို ပြန်ကျမယ်တဲ့ အရှိန်အစော်ကုန်လို့ရှိရင် (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အရှိန်အစော်ကုန်ရင် (ပြန်ကျမှာပါ ဘုရား)၊ ဒိဋ္ဌိ အဆိပ်သင့်ပြီး ပြန်ကျမယ် (မှန်ပါ့)၊ လူ့ပြည်ကျမယ်၊ အပါယ် လေးပါး ကျမယ်၊ မကျနိုင်ဘူးလား (ကျပါ့မယ်)။
ဒိဋ္ဌိကိုဖြုတ်ဖြစ်အောင်ဖြုတ်ပါ
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရင်ဝလှံစူး ဦးခေါင်းမီးလောင်တာကို ဖြည်းဖြည်းမှ မင်းတို့နုတ်ချင် နုတ်ငြိမ်းချင်ငြိမ်းကြပါကွ၊ ဒီ ဒိဋ္ဌိကိုဖြင့် ဖြုတ်မိအောင် ဖြုတ်ပါလို့ သံယုတ်ပါဠိတော်ကြီးများမှာ ဟောတော်မူတယ် (မှန်ပါ့)၊ ကိုစောမောင် ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
ဘယ်လောက်အရေးကြီးတယ် ဆိုတာဖြင့် ခင်ဗျားတို့က မသိလို့ မကြီးချင်ရှိရမယ်၊ ဘုရားမှာဖြင့် သိတော်မူလွန်းလို့ ကြီးလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဒိဋ္ဌိခွာဖို့ အလုပ်ကို (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ)။
သာသနာတွင်းပုထုဇဉ်ကနှစ်ဉာဏ်
ဒီဘက်က ပုထုဇဉ်က ဘာတဲ့ (သာသနာတွင်း ပုထုဇဉ် ပါ)၊ သူကဘယ်နှဉာဏ်ရှိသလဲ (နှစ်ဉာဏ်ပါ)၊ တစ်ဉာဏ်က ဘာပါလိမ့် (ကမ္မဿကတဉာဏ်ပါ)၊ ဒုတိယဉာဏ်က (သစ္စာအနုလောမိက ဉာဏ်ပါ)၊ သစ္စာအနုလောမိကဉာဏ် ဆိုတာ ဖြစ်ပျက်သိတဲ့ဉာဏ် (မှန်ပါ)။
ခန္ဓာကိုယ်ကြီးမှာ သဗ္ဗေသင်္ခါရာ အနိစ္စလို့ဘုရားက ဟောထားတာလည်း၊ ခန္ဓာထဲရှိလို့ ဘုရားက ဟောတာ (မှန်ပါ့)၊ ခင်ဗျားတို့က ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဪ တရားတွေ သယ်ယူလာတယ်လို့ မအောက်မေ့နဲ့၊ ဒီခန္ဓာကြီးကို ကြည့်ပြီးဟောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)
ဘုရားတရားတွေ သယ်လာပြီး ဟောတာလား၊ ဒီခန္ဓာကြီး အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောတာလားသာ အကဲခတ် (ဒီခန္ဓာကြီးအကြောင်းကို ရှင်းရှင်းလင်းလင်းပြောတာပါ ဘုရား)။
အဲဒီ ရှင်းရှင်းလင်းလင်းပြောတတ်တဲ့ ကိုယ်တော်ကြီးက ဉာဏ်မျက်လုံး မြင်တော်မူတဲ့ ကိုယ်တော်ကြီးက ကျုပ်တို့က အကန်းတွေမို့ သူကအနိစ္စလို့ဆိုတဲ့ ဥစ္စာကျုပ်တို့က သူပြောတဲ့ အတိုင်း လိုက်ကြည့်လို့ရှိရင် ကျုပ်တို့လည်း အမြင်ဖြစ်မှာပဲ (မှန်ပါ)၊ အမြင်ဖြစ်သွားလို့ရှိရင်ဖြင့် ဘာမှမပူ ပါနဲ့တော့ ဒိဋ္ဌိပြုတ်ပါပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကဲ သဘောပေါက်ကြပလား (ပေါက်ပါပြီ)။
သာသနာတွင်းသားဖြစ်အောင်လုပ်ပါ
ဒါဖြင့် ဒကာ ဒကာမတို့ အေးအေးဆေးဆေးပေါ့ပေါ့ တန်တန်နဲ့ မနေလိုက်ပါနဲ့၊ သာသနာ တွင်းသား ဖြစ်အောင် လုပ် ပါလို့ဆိုတာ လေးစားစွာနဲ့တိုက်တွန်းပါတယ် (မှန်ပါ ဘုရား)၊ တိုက်တွန်းသင့် မတိုက်တွန်းသင့် (တိုက်တွန်းသင့်ပါတယ် ဘုရား)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ)။
အင်မတန် ကံကောင်းလို့ခင်ဗျားတို့တွေ့ကြကြုံကြရ တယ်ဆိုတာရော မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ နို့မဟုတ်လို့ ရှိရင်ခင်ဗျားတို့ ကံ ကံ၏အကျိုးယုံကြည်ပါကုန်သည်ဖြစ်၍ ဆိုပြီး ဒီပုထုဇဉ်ပဲ ပြန်ချတာပဲ (မှန်ပါ)၊ ကံ ကံ၏အကျိုးကို ယုံကြည်ကုန်လျက် ကမ္မဿကတဉာဏ် အမှူးထား၍ ဒါချည့်ပဲ အများအားဖြင့် ကြားရတာပဲ (မှန်ပါ့)၊
ဒါချည်းပဲ ကြားရတယ် ဆိုတော့ ဒီဘက်က သစ္စာအနုလောမိကဉာဏ်ပါသေးရဲ့ လား (မပါပါဘူး)၊ သစ္စာအနုလောမိက ဉာဏ်မပါရင် အဆိပ်ပါသွားတဲ့ လင်းတပျံသလိုဖြစ်မယ်၊ ပြန်ကျလာမယ် (မှန်ပါ့)၊ သနားစရာသိပ်မကောင်းဘူးလား (ကြောင်းပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဆားကလေးတော့ထည့်ပေးကြပါ
ဒါဖြင့် ဒီဟာကလေးတော့ မပါရင် မဖြစ်ဘူးဆိုတဲ့ ဘယ် ဟင်းချက်ချက် ဆားမပါလို့ရှိရင်ဖြင့် ဘယ်လောက်ပင် ကောင်းတဲ့ သားငါးကိုချက်စေကာမူ ပျက်တာပဲ (မှန်ပါ့)၊ ဆားကလေး တော့ထည့် ပေးပါ (မှန်ပါ့)၊ ဖြစ်ပျက်သိတဲ့ ကလေးတော့ ထည့်ပေးကြပါဆိုတာ ဒကာ ဒကာမတွေ တိုက်တွန်းရပြန် တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒီ ဖြစ်ပျက်သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာမှမပူနဲ့တော့ ခုနစ်ဘဝအတွင်း ကိစ္စပြီး နိုင်ပါတယ်၊ ဒီဘဝ မဂ်စစ်ကို မရရင် (မှန်ပါ)။
ဖြစ်ပျက်သိရင်မပူပါနဲ့တော့
မဂ်ငါးပါးသာရတယ် ဆိုပါတော့ ဖြစ်ပျက်မြင်တာ မဂ်ရှစ် ပါးပြည့်ရဲ့ လား (မပြည့်ပါဘူး)၊ အဲ မပူပါနဲ့တော့၊ သေသွားတဲ့အခါ နတ်ပြည်သုဂတိကို သွားပြီး အလွန်ဆုံး ခုနစ်ဘဝသာ ဟောပြန်တော့ ဘာမှပူစရာမရှိပါဘူး (မှန်ပါ)။
ဒါဖြင့် ဒကာကြီးလှိုင် ဒီအလုပ်ဟာ ငါဖြစ်ပျက်ကို မြင်ပြီ ကွ မုန်းပြီကွဆိုလို့ရှိရင် ဘာပူစရာ ရှိတော့သတုံး (မရှိပါဘူး)၊ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဆရာဘုန်းကြီး ဟောစက ချိန်ခွင်ပေးပါ့မယ်လို့ ပြောခဲ့တယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ယနေ့ချိန်ခွင်ပေးပါ့မယ်လို့ မပြောဘူးလား (ပြောပါတယ်) ကဲ ချိန်မိကြ ပလား (ချိန်မိပါပြီ)။
ကိုယ့်ဟာကိုယ်ပြင်ကြပါ
ချိန်မိတော့ ကိုယ့်ဟာကိုယ် ဝမ်းထဲမှာထားကြ သော် ငါ သာသနာတွင်းသားဖြစ်ပေါ့ပေါ့ ငါဖြင့်သာသနာပရှိသေး သံဃာ့ဆိုတာ ကိုယ့်ဟာကိုယ်ဝမ်းထဲထားပြီး သကာလ ကိုယ့် ဟာကိုယ် ပြင်ကြ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သိထားပြီ မဟုတ်လား၊ အခုနှစ်ချက်ကို (သိထားပါပြီ)၊ သိထားတော့ ကိုယ့်အတွက်က ဘယ်လိုစဉ်းစားဖို့သင့်သလဲ (ကိုယ့်ကိုယ်ကိုပြင်ရပါမယ်)၊ သာသနာတွင်း မပြည့်စုံသေးလို့ ရှိရင်ဖြစ်ပျက် မြင်တဲ့ အလုပ်ကိုလုပ်လိုက်ဦး ဟုတ်လား (မှန်ပါ့)၊ လုပ်ရင်းမတ္တနဲ့ပဲ ဖြစ်ပျက်တွေ ဘာတွေ ဆုံးသွားမယ်ဆို ရင်လည်း ချက်ချင်း သောတာပန်တည်သွားမှာပဲ (မှန်ပါ)။
ရူးခဲ့သရွေ့၊မိုက်ခဲ့သရွေ့၊ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ပဉ္စာနန္တရိယကံ မရှိဘူးဆိုရင် ရနိုင်တယ် လို့ဆိုတာပဲ ဒီဘဝတွင် မဂ်ရနိုင် တယ်ဆိုတာလည်း ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ပူစရာရှိသေးရဲ့လား (မရှိပါဘူး)။
အဲဒါကြောင့် အလောင်းတော်လည်း ယစ်ထုပ်ကြီးဖြစ်ခဲ့ သေးတာပဲ၊ အမိုက်သမားကြီးလည်း ဖြစ်ခဲ့သေးတာပဲ (မှန်ပါ့)၊ နောက်ကျတော့ ဒီဉာဏ်နဲ့ ဆက်ယူတော့လည်း သူဟာလွတ်ကုန်တာပဲ ကျွတ်ကုန်တာပဲ ဆိုတာလည်း အထူးပြောဖို့မလိုပါဘူး (မှန်ပါ့)၊ ဘယ်သူမှ အစကဖြင့် မလိမ္မာခဲ့ပါ ဘူး၊ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ ပေါင်းမှ လိမ္မာကြတာချည်းပဲဆိုတာကို လည်း ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ မချထိုက်ဘူးလား (ချထိုက်ပါတယ်)၊ ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဆရာကောင်းအရေးကြီးတယ်
ဒါကြောင့် မဂ်ရခြင်း၏အကြောင်းမှာ ဆရာသမားဆိုတဲ့ ကလျာဏမိတ္တ သိပ်အရေးကြီးပါတယ် ဆိုတာ ဘုရားက ဟောတော်မူတယ် (မှန်ပါ)။
အသင်္ချေနဲ့ ပါရမီဖြည့်ပြီးသား ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ဟာ ရှင်အဿဇိဆိုတဲ့ ရဟန္တာမထေရ်မြတ်နဲ့ မတွေ့ရင် ကျွတ်တမ်းမဝင်သေးပါဘူး၊ မျောသွားအုံးမယ်၊ ဒီဆရာနဲ့ပထမ မတွေ့ရင် သောတာပန် မတည်သေးပါဘူး၊ သဘောကျ ပလား (ကျပါပြီ)၊ ကလျာဏမိတ္တ ဆရာကောင်း ဘယ် လောက်အရေးကြီးတယ် ဆိုတာ ပေါ်ကြပါလား (ပေါ်ပါပြီ)။
ရှင်အဿဇိ
တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကုသိုလ်ဒါနတွေကို ကမ်း ကုန်လုပ်ခဲ့တယ်၊ ဝိပဿနာ အလုပ်တွေ အစရှိသည်ကိုတော့ ဒါက နည်းပါမှ လုပ်တတ်တာကိုး (မှန်ပါ့)၊အဲဒီမှာ ဆရာကမပြ လိုက်လို့ရှိရင် သူဟောတာ ကြည့်လိုက်ပါလား ရှင်အဿဇိက ‘‘
ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော
အာဟုတေသဉ္စ နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော’’
အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်ဆိုပြီး ပဋိစ္စသမုပ္ပာဒ် အကျဉ်းနဲ့ ဝိပဿနာဟော ချလိုက်တာပဲ၊ အရှင်ဘုရားတော်ပါပြီလို့ ပြောတော့တာပဲ (မှန်ပါ)။
ရှင်သာရိပုတ္တရာ
ရှင်သာရိပုတ္တရာကလည်း မီးခဲပြာဖုံးဖြစ်နေတာ ယေဓမ္မာ ဟေတုပ္ပဘဝါ ရွတ်လိုက်တာနဲ့ အရှင်ဘုရား တော်ပါတော့ ဘုရားလို့ တစ်ခါတည်း လျှောက်တယ် (မှန်ပါ့)၊ ဪ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုး ချုပ်မှာပဲဆိုတော့ ဟိုမှာ သောတာပန်တည်နေပြီ (မှန်ပါ)။
လမ်းမှာတည်တာ၊ ဟိုကလည်း ဆွမ်းခံရင်း၊ ဒီကလည်း တိတ္ထိ ပရိဗိုဇ်ရဟန်းအဖြစ်နဲ့ သူကလည်း ဆွမ်းခံထွက်တာ၊ သူက အဲဒီတုန်းက တိတ္ထိပဲ ရှိသေးတယ် (မှန်ပါ)၊ အဲဒီမှာ ဆွမ်းခံ ရင်းလမ်းမှာ သွားတွေ့ကြတယ်။
သောတာပန်တည်သွားတယ်
‘‘ယေဓမ္မာ ဟေတုပ္ပဘဝါ’’ ဂါထာဟောလိုက်တော့ သောတာ ပန်တည်သွားတယ်၊ ဒါလောက် ထက်တဲ့ဉာဏ် (မှန်ပါ ဘုရား)။
အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ် ဘုရား)၊ အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ် ဘုရား)၊ ဪ ခန္ဓာကိုယ်ထဲမှာ အကြောင်းအကျိုးရှိတာပဲ ဖြစ်ချုပ်ရှိတာပဲလို့ သွားပြီးသိတယ် (မှန်ပါ့)၊ သိတော့ဉာဏ်နဲ့ သွင်းလိုက်တော့ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ဒါတွေ အကုန်မြင်တယ်၊ လမ်းတင် သောတာပန် တည်တယ် (မှန်ပါ)။
ဂါထာမှာ တစ်ပါဒလျှင်ရှစ်လုံးရှိတော့ လေးပါဒဆိုတော့ သုံးဆယ့်နှစ်လုံးရှိတယ် (မှန်ပါ့)၊ ရှစ်လုံးတင် သောတာပန် တည်တယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဆရာဘယ်လောက် အရေးကြီးတယ် ဆိုတာပေါ်ပလား (ပေါ်ပါပြီ)။
နဂိုက သိဉ္စည်းဆရာကြီးတပည့်ဗျ၊ နှစ်ပေါင်းများစွာ နေလာတာ (မှန်ပါ့)၊ ဘာမှမဖြစ်ခဲ့ဘူး၊ ကလျာဏမိတ္တက မဟုတ်ဘူး (မှန်ပါ)။
အဆွေခင်ပွန်းကောင်းလိုတယ်
ကလျာဏကကောင်းတယ်၊ မိတ္တက အဆွေခင်ပွန်း (မှန်ပါ့)၊အဲဒီ ဆရာကောင်း အဆွေခင်ပွန်းကောင်း ရှင်အဿဇိ ဟောလိုက်လို့ သောတာပန်တည်တာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာ အရေးကြီးသတုံး (ဆရာ အရေးကြီးပါတယ် ဘုရား)၊ ဆရာသမား သိပ်အရေးကြီးတယ် ဆိုတာဖြင့် ရှင်းရှင်း လင်းလင်းပဲမှတ်ပါတော့ ဘုရားကပဲ ဖွင့်ဟောပြီ (မှန်ပါ)။
ကဲ ဒါဖြင့် ဘုန်းကြီးများကလည်း ဒကာ ဒကာမတို့ကို ဉာဏ်တက်အောင် ဉာဏ်တက်အောင် ဆိုပြီး နေ့တိုင်းပြော တယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဉာဏ်တက်အောင်ဟောတာ
ဉာဏ်တက်အောင် ဆိုတာက ကမ္မဿကတဉာဏ်က သစ္စာ အနုလောမိကဉာဏ်တက်အောင် ဒါဟောတာ (မှန်ပါ့) ဒီကဆက်ပြီး သကာလ မဂ်ဉာဏ် တက်အောင်၊ ဒါကိုနေ့တိုင်း တိုက်တွန်း နေတာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။
ကဲ ဒါဖြင့် ယနေ့ချိန်ခွင် ကလေး ပေးလိုက်တာ ကိုယ့် ဟာကိုယ်ပြန်တော့ ချိန်ကြည့်တာပေါ့ (မှန်ပါ့)၊ ချိန်ကြည့် တော့ ဒိဋ္ဌိ မဖြုတ်တဲ့ အသွားဖြစ်နေသေးလို့ရှိရင်ဖြင့် ငါသည် ဪ သာသနာ တွင်းမှာ လူဖြစ်ငြားသော်လည်း ဉာဏ်က သာသနာတွင်း မဟုတ်သေးပါကလား (မှန်ပါ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဉာဏ်ကသာသနာ တွင်းမဟုတ်သေးပါ ဘုရား)၊ လူကတော့ သာသနာတွင်း၊ ဉာဏ် က သာသနာတွင်းမဟုတ်ဘဲ ဖြစ်နေတယ် (မှန်ပါ)။
ဉာဏ်ကသာသနာတွင်းမဟုတ်သေးဘူး
ကိုစောမောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လူက သာသနာတွင်း ဉာဏ်ကသာသနာတွင်း မဟုတ်သေးပါဘူး ဘုရား)၊ နိဗ္ဗာန်ဘာနဲ့ သွားကြမယ် (ဉာဏ်နဲ့သွားကြပါမယ်)။
အဲဒီဉာဏ်က သာသနာတွင်းမဖြစ်ဘူးတဲ့ အဲဒီဉာဏ်က ကမ္မဿကတဉာဏ်ကလေးနဲ့ သူအချိန် ကုန်နေတယ် (မှန်ပါ့)၊ သာသနာပဉာဏ်ဖြစ်နေတယ်ဆိုတော့ ကိုယ်ကျိုး နည်းပေါ့ဟ (မှန်ပါ့)၊ ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါ တယ် ဘုရား)၊ သို့သော်အချိန်ရှိတော့ ပြင်နိုင်သေးတယ် (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါကြောင့် အခုအားလုံး ဒကာ-ဒကာမတွေကို ဘုန်းကြီး သည် အမှန်အကန်ပြောတဲ့အတွက် ပြောနေသေးတဲ့အတွက် ဆေးမီသေးတယ်လို့မှတ်ပါ (မှန်ပါ)။
ဆေးမီပါသေးတယ်
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဆေးမီပါသေးတယ်)။
ဆေးမီသေးတယ်ဆိုတာ ခင်ဗျားတို့ မသေနှင့်သေးလို့ မီသေးတယ်ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဆေးမီတဲ့ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ဘာမှမပူပါနဲ့ (မှန်ပါ့)၊ ဆေးကိုမမီလိုက်လို့ လွန်သွားတာ တွေတော့ ဘုရားလည်း မတတ်နိုင်လို့ အရှုံးကြီးရှုံးပါကွ လို့ဆိုတာ တမြန်နေ့ ကပဲ ဟောခဲ့သေးတယ် (မှန်ပါ့)၊ အခု ဆေးမီတဲ့ပုဂ္ဂိုလ်က မရှုံးစေနဲ့ကွ ဆိုတာကိုဖြင့် မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)။
တိုက်တွန်းသင့်တော့ ဆေးလည်းမီသေးတယ် ဆိုလို့ရှိရင် ဒီအလုပ်ကလေးကိုဖြင့် နှလုံးသွင်း လိုက်ဦးမှ ဆိုလို့ ရှိရင်လည်း ပြီးသွားတာပဲ (မှန်ပါ့)၊ သဘောပေါက် ပလား (ပေါက်ပါပြီ)
ကိုင်း ဒါဖြင့် ဒီဥစ္စာဉာဏ်ချိန်ခွင် ရှေ့ပိုင်းကို ပေးတယ်ဆိုတာရော ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ကဲ ဉာဏ်ချိန်ခွင်ခန်းကို သိမ်းလိုက်ပါတော့တဲ့ အလုပ်ကို ပြော ပါတော့မယ် (မှန်ပါ့)၊
သစ္စာအနုလောမိကဉာဏ်အလုပ်ကို မောင်နိုင် ပြောတော့မယ် (မှန်ပါ)။ ပြောတော့မယ် ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကိုပဲ မူတည်ကြပါဦးစို့ (မှန်ပါ့)။
ဝေသာလီပြည်မှာ သီတင်းသုံးတယ်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေသာလီပြည်မှာ သီတင်းသုံးတယ်၊ ဝေသာလီပြည်မှာ သီတင်းသုံးပြီး သကာလ နေတော့ သူ့ဟာသူတော့သိတယ်၊ နောက်သုံးလရှိလို့ရှိရင် ငါဘယ်နည်းနဲ့မှ မနေရဘူးလို့ သိတော်မူတယ် (မှန်ပါ)။
ခန္ဓာကြီးရထားတာက သူ့ သတ္တိကဘာပါလိမ့် (သေတတ်တဲ့ခန္ဓာကြီးပါ ဘုရား)၊ သေတတ်တဲ့ ခန္ဓာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)၊ ဘာနဲ့အုပ်ထား ထား၊ ဘာနဲ့ဖုံးထားထား၊ ဘာနဲ့ပြုပြင် ထားထား သူ့သဘောက ဘာတုံး (သေတတ်တဲ့ခန္ဓာပါ ဘုရား)၊ သေတတ်တဲ့ခန္ဓာမို့ သေမှာပဲ (မှန်ပါ)။
သုံးလရှိရင်ပရိနိဗ္ဗာန်ပြုလိမ့်မယ်
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အပိုင်း အခြားနဲ့ သိတယ်၊ သုံးလရှိရင် ငါပရိနိဗ္ဗာန် ပြုလိမ့်မယ်၊ သက်တော် ရှစ်ဆယ်ပြည့်ပေါ့ဗျာ (မှန်ပါ)။
ဒါနဲ့ဝေသာလီပြည်မှာ သီတင်းသုံးနေတော့ ဝေသာလီ ပြည်ထဲက ဝေဠုဝရွာသွားပြီး သကာလ သံဃာတွေနဲ့ ကြွသွား တယ်။ သံဃာတွေနဲ့ ကြွသွားပြီး စဉ်းစားလိုက်တယ်၊ ဝေဒနာက ဖြင့် ပရိနိဗ္ဗာန် ပြုမယ့် ဝေဒနာ ဝမ်းလျှောတဲ့ ဝေဒနာ ကိုစောမောင်ရ (မှန်ပါ့)၊ ဝမ်းလျှောဆိုတာက ခင်ဗျားတို့သိတဲ့ အတိုင်းပဲ သုံးခါလောက် လျှောရင်ပဲ မျက်စိတွေ အောက်ချိုင့်ပြီး သေတတ်တဲ့ ဝေဒနာမျိုးပဲ (မှန်ပါ)။
ဒီဝေဒနာတော့ဖြင့်လာပြီ၊ ငါတစ်ပါးတည်း နေချင်တယ် ဆိုတဲ့ စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)၊ အာနန္ဒာ ရဟန်းတွေ ခေါ်လိုက်ကွာ၊ မင်းတို့၏မိတ်ဆွေသင်္ဂဟ ဒကာ ဒကာမ ရှိတဲ့ဆီကို သွားကြ၊ ဒီရွာကလေးဟာ ဆွမ်းကွမ်း လုံလောက်မယ် မဟုတ်ဘူး၊ ငါတော့ဖြင့် တစ်ပါးတည်း နေဦးမယ်။ မင်းတို့ ဆိုင်ရာဆိုင်ရာ ကိုသွားပြီး ဝါဆိုကြဟု နှင်ထုတ်လိုက် တယ် (မှန်ပါ)။
နိဗ္ဗာန်အာရုံပြုတဲ့ဉာဏ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝေဒနာက ပြင်းထန် လာတဲ့အခါကျတော့ ဒီဝေဒနာကို ဘာလုပ်ရမတုံးလို့ မောင်နိုင် စဉ်းစားလိုက်တယ် (မှန်ပါ့)၊ အလွယ်ကလေးပဲတဲ့၊ ဒီဝေဒနာ၊ နိဗ္ဗာန်ကို ဉာဏ်နဲ့ အာရုံပြုပြီး သကာလ နေလို့ရှိရင်ဖြင့် နိဗ္ဗာန်အာရုံ ပြုတဲ့ ဉာဏ်က ကိုစောမောင် ဒီဝေဒနာတွေကို အကုန် ပယ်ထုတ် တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါကြောင့် ခင်ဗျားတို့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရောက်အောင် လုပ်စမ်းပါဆိုတာ အသေတားနိုင်လို့ ဒါလောက်ဟောတာ (မှန်ပါ)။
ဒါနဲ့ပဲ ဝေဒနာတွေက ပြင်းထန်လာတယ်၊ ပြင်းထန်လာ တော့ ကိုင်း ဒီဝေဒနာတွေကို ဖြစ်ပျက်ရှုပြီး သကာလ ဖြစ်ပျက် အဆုံးဖြစ်တဲ့နိဗ္ဗာန်ကို အာရုံပြုပြီးနေမယ်ဆိုတော့ ဝေဒနာတွေ မရှိတော့ဘူး (မှန်ပါ့)၊ ကျန်းမာသလိုဖြစ်နေတယ် (မှန် ပါ)၊ မောင်နိုင် သဘောကျပလား (ကျပါပြီ)၊ ဒကာ ဒကာမတွေ အလုပ်တရားဟာ ဤမျှလောက် ကျေးဇူးများတယ် ဆိုတာပေါ်ကြပလား (ပေါ်ပါပြီ)။
ဝေဠုဝကျောင်းကလေး
ဒါနဲ့ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဠုဝကျောင်း ကလေးမှာ နည်းနည်းသက်သာပြီ ဆိုပြီး ကျောင်းနောက်ဖေး သွားပြီး ထိုင်နေလိုက်တယ် (မှန်ပါ)။ အရှင်အာနန္ဒာကတော့ သောတာပန်သာ တည်သေး တယ်။ ညီကလည်း တော်ပြန် ဆိုတော့ ဘုရားထံ ကပ်လာပြီး၊
‘‘အရှင်ဘုရား မြင်ရတာဘုရား ဝမ်းသာတယ် ဘုရား၊ နဂိုကတော့ မကျန်းမာဘူး၊ အခု ကျန်းမာလာတဲ့ အခါကျတော့ ဝမ်းသာလာတယ် ဘုရား’’လို့ ရှင်အာနန္ဒာကလျှောက်တယ် (မှန်ပါ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူလျှောက်တာ အသာထားပြီး သကာလ၊ ငါသည် ဒီဝေဒနာကို အခုနိဗ္ဗာန် အာရုံ ပြုတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ်ကြီးကို ချုပ်စပ်ထားတာ တခြားမဟုတ် ဘူး၊ နောက်ဆုံးပိတ်ပြောစရာ ရှိတယ်၊ သံဃာတွေရော လူတွေရော မပြောမဆိုဘဲနဲ့ ပရိနိဗ္ဗာန်စံလို့ရှိရင် မသင့်တော်ပေဘူးတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ခန္ဓာကိုယ်ကြီးဉာဏ်နဲ့ချုပ်ထားတယ်
အဲဒီတော့ မျက်စိသူငယ် အကုန်ဖြစ်ကုန်လိမ့်မယ်၊ လိုရင်း ကို ငါမပြောရသေးလို့ရှိရင်ဖြင့် ပရိနိဗ္ဗာန် မစံသေးဘူးဆိုပြီး နိဗ္ဗာန် အာရုံပြုတဲ့ ဉာဏ်နဲ့ ခန္ဓာကိုယ်ကြီးကို ဖရိုဖရဲဖြစ်သွားမှာကို အကုန် အပ်နဲ့ချုပ်သလို ဉာဏ်နဲ့ ချုပ်ထားတာပဲ (မှန်ပါ့)၊သဘော ပေါက်ကြပလား (ပေါက်ပါပြီ)။
ဒုက္ခဆုံးတဲ့ဆီ မြင်အောင်လုပ်ထားကြ
ဒါကြောင့် ခင်ဗျားတို့ ဒုက္ခဆုံးတဲ့ဆီများ မြင်အောင်လုပ် ထားကြစမ်းပါဆိုတဲ့ ဥစ္စာ မဟောထိုက် ဘူးလား (ဟော ထိုက်ပါတယ်)၊ ဒါဘုရားက သေသေချာချာ ဖွင့်ဟောနေတာ၊ ဒါ သစ္စသံယုတ် ပါဠိတော်မှာ လာပါတယ်။
ပါဠိတော်ဆိုတာ ကိုယ်တော်တိုင် ဟောတာ၊အဋ္ဌကထာတောင် မဟုတ်ပါဘူး (မှန်ပါ)၊ အဋ္ဌကထာ ဆိုတာက သာဝကရေးတာ၊ ပါဠိတော် ဆိုတာက ကိုယ်တော် တိုင်ဟောတာ (မှန်ပါ)။
ဒါနဲ့ပဲ ကျောင်းနောက်ဖေးမှာ မြတ်စွာဘုရားနေတဲ့ အချိန် မှာ ရှင်အာနန္ဒာကလည်း တပည့်တော်ဖြင့် ဘုရား အရှင်ဘုရား ကျန်းမာလာတယ် ချမ်းသာလာတယ် အရင်ရုပ်တွေ ပျောက်ပြီး သကာလ ကျန်းမာချမ်းသာတဲ့ ရုပ်မြင်ရတော့ တပည့်တော် အင်မတန်ဝမ်းသာတယ်တဲ့။
သတိပေးချင်လွန်းလို့စောင့်နေတာ
မြတ်စွာဘုရားခန္ဓာ ကိုယ်ကတော့ ဉာဏ်တော်နဲ့ ချုပ်စပ် ထားတာ ကိုစောမောင်၊ တပည့် သာဝကတွေကို လိုရင်း ဖြစ်တာတွေကို သတိပေးချင်လွန်းလို့ ခန္ဓာကိုယ်ကြီး ချုပ်စပ်ပြီးစောင့်နေ တယ် (မှန်ပါ)၊ သဘောပေါက်ကြပလား (ပေါက်ပါပြီ)။
အဲဒီကတည်းက ဒကာ-ဒကာမတွေက စဉ်းစားဖို့သိပ် ကောင်းတယ်၊ တကယ့် မဟာကရုဏာ တော်ရှင် ပါလား၊ သေမှာတောင်မှ ဖလသမာပတ် ဆိုတာနဲ့ ချုပ်စပ်ပြီး သကာလ ဝီရိယစိုက်ပြီး ချုပ်စပ်ပြီး ထားလိုက်တော့ အခု ပရိနိဗ္ဗာန်မပြုဘူး၊ ဘယ့်နှယ်ကြောင့်တုံး၊ ဒီ တပည့် သာဝကတွေကို ဆရာ့လက် ဆုပ် မကျန်အောင် ပေးပြီးသားပဲ၊ ချွင်းချက်မရှိ တရားတော့ ဟောပြီးသားပဲ၊ ပင်ဟောငြား သော်လည်း နောက်ထပ် ဒါ မမေ့နဲ့ ဆိုတဲ့ ဥစ္စာငါပေးချင်သေးတယ် (မှန်ပါ့)၊
ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတို့ ပေါ်လာရော ပေါ့ (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ည ပြောနေတာက ဒကာ ဒကာမတို့ ခင်ဗျားတို့ ဂရုဏာတော်ရင် လည်း ထောက်ဖို့ကောင်းပါတယ် (မှန်ပါ့)၊ မကောင်းဘူးလား (ကောင်းပါတယ်)၊ ဘာဆိုင်လို့တုံး မလုပ်လိုက်ပါ နဲ့ (မှန်ပါ)။
ကဲ ဒါနဲ့ပဲ ဒကာ ဒကာမတို့ ညီတော်အာနန္ဒာက လည်း ဘုရားကျန်းမာလာတယ်လို့ ဝမ်းသာပြီး သကာလ နေတာ ဟာ သူ့အထင်ကတော့ အရမ်းဝမ်းသာတာ၊ ကျန်းမာတယ်ထင် လို့ ဝမ်းသာတာ၊ သူကလည်း သမုဒယ မကုန်သေးဘဲကိုးဗျ (မှန်ပါ့)၊ ဘုရားကို အင်မတန်ခင်တယ်၊ အင်မတန် ကြည်ညိုတယ်၊ ဒါကြောင့် ခလုတ်မထိ ဆူးမငြိအောင် အရေးကြီးနေတာ (မှန်ပါ)။
ဒါမေ့ရင် ကိုယ်ကျိုးနည်းလိမ့်မယ်
အဲဒါနဲ့ သူသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ဝမ်းသာတဲ့ အကြောင်းတွေ လျှောက်ပြောတော့ ငါဟာ ကွာတဲ့ အခြားကြောင့် မဟုတ်ပါဘူး၊ သတ္တဝါ ဝေနေယျတွေကို ငါသည် နောက်ဆုံးပိတ် အနေနဲ့ ဟောဒါဖြင့် မမေ့ရစ်နဲ့၊
ဒါမေ့ရစ်ရင် မင်းတို့ ကိုယ်ကျိုးနည်းလိမ့်မယ် ဆိုတာကလေးပြောချင်လို့ ငါဉာဏ်နဲ့ ချုပ်စပ်ပြီး သကာလ ခန္ဓာကိုယ်ကြီးတည်းထားတာတဲ့ သဘောကျပလား (ကျပါပြီ)။ ဘာလုပ်ထားတာတဲ့လဲ (ဉာဏ်နဲ့တည်းထားတာပါ)။
လှည်းအိုကြီး ဖြစ်နေပြီ
ငါ ဥပမာ ပြောမယ် အာနန္ဒာ လှည်းအိုကြီး ဒေါက်တွေကလည်း ကျိုးကုန်ပြီကွတဲ့၊ အဲဒါ ကြိုးနဲ့ ချုပ်ပြီး သကာလ မောင်းနေတာ၊ ဒေါက်တွေကတော့ ပျက်ကုန်ပြီ၊ သံ ပတ်ခွေတွေလည်း ပြုတ်လု ပြုတ်ခင်ကွတဲ့၊ အဲဒါကလေးကို သံ ချောင်းကလေး သာမညနဲ့ရိုက်ပြီး သကာလ ခပ်ဖြည်းဖြည်း
မောင်းနေတဲ့ လှည်းအိုကြီး ဖြစ်နေတာ။ မင်းက ဝမ်းသာတာတော့ ဟုတ်ပါရဲ့ တဲ့၊ ဖလသမာပတ်နဲ့ စပ်ထားတယ် ပြောတာ ရှင်း ပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ စပ်ချင်လို့ စပ်ထားတာလား၊ လိုရင်း ပြောချင်လို့ စပ်ထားတာလား (လိုရင်း ပြောချင်လို့ စပ်ထားတာပါ)။
လိုရင်းပြောချင်လို့၊ စောင့်ဆိုင်းနေတယ်
လိုရင်းပြောချင်လို့ စပ်ထားတာဖြစ်လေတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက ဪ ဘုရားက လိုရင်းပြော တော့မှာပဲ၊ ဒီလိုရင်းဖြင့် တော်တော်အရေးကြီးလို့ ဒီခန္ဓာကြီး ဆိုင်းပြီး ပြောမယ့်စကား မဟုတ်ဘူးလား (မှန်ပါ)၊
အလွန် အရေးကြီးတဲ့စကား ဖြစ်သောကြောင့် အသေကိုတောင်မှ တား နိုင်တဲ့နည်းနဲ့ စားပြီး သကာလ စောင့်ဆိုင်းပြီး ဒီအတိုင်း ပရိနိဗ္ဗာန် စံသွားရင် မတော်ဘူး၊ မျက်စိသူငယ် ဖြစ်ကုန်လိမ့်မယ် ဆိုပြီး စောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ကို အခု ကြားရ၊ သိရတော့ ဒကာ ဒကာမတို့ အရေးကြီးတဲ့ အတွက်ကို ပြောလိမ့်မယ် ဆိုတာ ကိုလည်း အခုကတည်းက အမှတ်ထားဖို့ပဲ (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ)။
အရေးကြီးတဲ့အချက်ကို အရေးကြီးသလို သူပြောချင် ဆိုချင်လွန်းလို့ မဟာကရုဏာတော်နဲ့ စောင့်ဆိုင်း နေတာ (မှန်ပါ)၊ ခင်ဗျားတို့က ဗုဒ္ဓဂုဏာ အနန္တောကို ရွတ်တော့ ရွတ် ကြပါရဲ့ နက်နက်နဲနဲ ထိအောင် မသိတော့ ကြည်ညိုမှုက နည်း နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
နက်နက်နဲနဲသိထားရင် ကြည်ညိုလုံးဟာ ဘယ့်နှယ်နေ မလဲ (သန်လာပါတယ်)၊ အင်မတန် သန်စွမ်းလာမယ် ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။
ကျုပ်တို့၏ ကျေးဇူးတော်ရှင်
အဲဒါလောက်ဆို ကိုယ်တော်ကြီးပါတဲ့၊ ခင်ဗျားတို့ ကျုပ် တို့၏ ကျေးဇူးတော်ရှင်ဆိုတာ ပြောစရာ မလိုတော့ပါဘူး (မှန်ပါ)။
အခု ကြည့်စမ်း ဝေဒနာတွေက၊ ပရိနိဗ္ဗာန်စံလောက်တဲ့ ဝေဒနာဆိုတာလည်း ကိုယ်တော်တိုင် သိတယ်၊ တပည့်သာဝက တွေကို နောက်ဆုံးပိတ်အနေဖြင့် သတိမပေး နှိုးဆော်ရသေး လို့ရှိရင် ပရိနိဗ္ဗာန် မပြုသေးဘူးဆိုပြီး ဝီရိယစိုက်ပြီး ဖြစ်ပျက် အဆုံး နိဗ္ဗာန်မြင်တဲ့ ဉာဏ်နဲ့ ခန္ဓာကိုယ် ချုပ်စပ် ထားလိုက်တယ် (မှန်ပါ)၊ ကိုစောမောင် ဖရိုဖရဲ ဖြစ်သွားသေးရဲ့လား (မသွား ပါဘူး)။
ကျောင်းကလေး နောက်ဖေးမှာ ရှင်အာနန္ဒာသွားတော့ ရှင်အာနန္ဒာက ရမ်းပြီးဝမ်းသာနေလို့ ငါ ဖာထေးတာပါကွလို့ ပြောတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဘယ့်နှယ်ကြောင့် သူ ဖာထေးထားပါလိမ့်။ ကိုယ်တော် မြတ်ကြီးက သူ ပရိနိဗ္ဗာန်မပြုချင်လို့ ဖာထေးတာလား ဆိုတော့ မဟုတ်ဘူး၊ တပည့် သာဝကတွေ မျက်စိသူငယ်ဖြစ်ပြီး သကာလ လိုရင်း အချက်ကလေးတွေကို အရင်လည်း ဟော ပြီးသားပါပဲ၊ သို့ သော် ထပ်ပြန် ပြီး သကာလ သတိပေးချင် တဲ့ စိတ်က ပေါ်လာပြန်တော့ ကိုစောမောင်ပြန်ပြီး ချုပ်စပ်ထားတယ် ဆိုတာကော သဘောကျပလား (ကျပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
သံဃာတွေ လူတွေ အစုခိုင်းတယ်
အဲဒီလိုနဲ့ပဲ ရှင်အာနန္ဒာကို အာနန္ဒာ သံဃာတွေကို စုရုံးကွာ လူတွေလည်း စုမော့၊ ဘုရားလည်း ပရိနိဗ္ဗာန်စံတော် မူတော့မယ်၊ အမေမိဘနဲ့ တူစွာ မင်းတို့နောက်ဆုံးပိတ် ကယ်တင်ချင်တဲ့ စိတ်ကလေး ကိုလည်း သိရအောင် မင်းတို့ လည်း ကျွမ်းထိုးမှောက်ခုံ မဖြစ်ရအောင် စုပေါ့ ငါအရေးကြီး တာပြောမယ် ဆိုပြီး ညီတော် အာနန္ဒာကို အစုခိုင်းတာပဲ ဒကာ ဒကာမတို့ (မှန်ပါ)။
ဒီအလုပ်က နိဗ္ဗာန်ပို့မှာပဲ
သံဃာတွေလည်းစု လူတွေလည်း စုလာတဲ့ အခါ ကျတော့မှ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတိပဋ္ဌာန်လေးပါးဟောတယ်၊ သတိပဋ္ဌာန်လေးပါး ရှိတယ် မဟုတ်လား ဒကာ ဒကာမတို့ (မှန်ပါ)၊ ကိုယ်ကို ရှုရင် ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာရှုရင် (ဝေဒနာနုပ ဿနာသတိပဋ္ဌာန်ပါ)၊ စိတ်ကိုရှုရင် (စိတ္တာ နုပဿနာသတိ ပဌာန်ပါ)၊ ဘယ်ဟာ လာလာ ဖြစ်ပျက် တစ်ခုတည်း ရှုလိုက် မယ်ဆိုရင် (ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပါ)။
အဲဒီ သတိပဋ္ဌာန်လေးပါးကို တစ်ခါတည်း လူထုရော သံဃာထုကြီးရော လုပ်တတ်အောင် နည်းကို ပေးတော့တာ ပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒီနည်းကို မင်းတို့ သေသေချာချာ လုပ်ကြကိုင်ကြ၊ သတိမမေ့ဘဲနဲ့ မင်းတို့ လုပ်ကြမယ် ဆိုလို့ရှိရင် ငါဘုရားပရိနိဗ္ဗာန် စံတာလည်း နိဗ္ဗာန်သွားတာပဲ၊ မင်းတို့လည်း ဒီအလုပ်က နိဗ္ဗာန် ပို့မှာပဲ (မှန်ပါ)၊ မင်းတို့လည်း ငါရောက်တဲ့ နိဗ္ဗာန်ရောက်မှာ ပဲ၊ သဘောကျပြီလား (ကျပါပြီ)။
နိဗ္ဗာန်ကတစ်မျိုးတည်းရှိတယ်
နိဗ္ဗာန်ဟာ တစ်မျိုးတည်း ရှိတယ်၊ နိဗ္ဗာန်ကျမှ တန်းခွဲနေ တယ်လို့ ဒီလိုမရှိပါဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
နိဗ္ဗာန်ဆိုတာ အားလုံး ဘယ်သူရောက်ရောက် ချမ်းသာ တာပဲ၊ သူရောက်လည်းချမ်းသာတာပဲ ငါရောက်လည်းချမ်းသာ တာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
သတိပဋ္ဌာန်ကြိုးစားရစ်ကြ
အဲဒီချမ်းသာခြင်း အတူတူ ဖြစ်ချင်ကြလို့ရှိရင်ဖြင့် သတိ ပဋ္ဌာန်လေးပါးထဲက တစ်ပါးပါး ကြိုးစားရစ်ကြ ဆိုတာ သေသေချာ ချာမှာတယ် (မှန်ပါ)။
အဲဒါ ခင်ဗျားတို့ ကြိုးစားဘဲ နေကြလို့ရှိရင်ဖြင့် ဘုရား ကရုဏာကို ခင်ဗျားတို့ မငဲ့ဘဲနေရာ ရောက်မယ်၊ မရောက်ပေဘူးလား (ရောက်ပါတယ်)။
ပြီးတော့ ဘုရားက ငါရောက်တဲ့ နိဗ္ဗာန် မင်းတို့ရောက်ပါ လိမ့်မယ်လို့ ပြောတဲ့အထဲက ခင်ဗျားတို့က ခပ်ပေပေ ခပ်တေတေ လုပ်နေလိုက်လို့ရှိရင်လည်း အပါယ်ကို ရောက်နေကြရဦးမယ်၊ သူကတော့ နိဗ္ဗာန်ရောက်နေပြီ (မှန်ပါ)။
ကျုပ်တို့က ပေပေတေတေ နေလိုက်လို့ရှိရင် ကဲ – ဖြည်းဖြည်းမှ လုပ်တော့မယ်ပဲဖြစ်စေ လုပ်ဖြစ်တော့ လုပ်တာပေါ့ လို့ ဖြစ်စေ ဒီလိုဆိုရင် ဒါဟာ အပါယ် မျက်စောင်းထိုးတဲ့ အသံဟာ သေချာသွားတယ် (မှန်ပါ)၊ မသေချာဘူးလား (သေချာ ပါတယ်)။
ဒီအလုပ်ကိုသင်ချင်လွန်းလို့ငါစောင့်တာ
အဲဒါကြောင့် ဒါလောက် အရေးကြီးတာ ဒကာ ဒကာမ တို့၊ မဟာဝဂ္ဂ သံယုတ်ပါဠိတော် သတိပဌာန သံယုတ်မှာ သေသေချာချာ ကိုယ်တော်မြတ်ကြီးက အာနန္ဒာ ငါစောင့်တာ ဟာ ဖာထေး စောင့်တာ၊ ဒီအလုပ်ကို သင်ချင်လွန်းလို့ မင်းတို့ကို ဖာထေးစောင့် နေတာလို့ မဟောဘူးလား (ဟောပါတယ်)၊ လှည်းအိုကြီး ကျပ်စည်းထားသလို ဖာထေးစပ်ချုပ်ထားတာလို့ မဟောဘူးလား (ဟောပါတယ်)၊ ရှင်းပြီလား (ရှင်းပါပြီ)။
မဂ္ဂင်အလုပ်တရားကို အားကိုးပါ
အဲဒီတော့ ဘာကို ဟောတော်မူလိုက်သတုံးဆိုတော့
‘‘အတ္တဒီပါဝီဟရထ အတ္တသရဏာ အနုညသရဏာ ဓမ္မဒီပါ ဓမ္မသရဏာ အနုညသရဏာ။’’ (မဟာဝဂ္ဂ၊ 85)
မင်းတို့ ဘယ်သူမှ အားမကိုးနဲ့၊ ဟောဒီ အလုပ်ကိုသာ အားကိုးတော့တဲ့ (မှန်ပါ)၊ မိမိကိုယ် အားကိုးနေ၊ သဘောကျ ပြီလား (ကျပါပြီ)၊ ဒီအလုပ်တရား မဂ္ဂင်ကို အားကိုးပါ၊ ဒါမှ သာလျှင် ခင်ဗျားတို့ သည်ကားလို့ ဆိုလို့ရှိရင် အပါယ်လေးရွာ ကိုယ့်ရွာကြီးဖြစ်နေတာ အိုးစားကွဲမယ် (မှန်ပါ)။
အဲဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့မှာ အခုတော့ သံသယ ရှိနေကြတယ်၊ ဪ ငါများသေရင် ဘယ်များသွားရမှာ တုံး၊ မပြောတတ်ဘူးလို့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက် မချ ပေဘူးလား (ချပါတယ်)။
ငါသေရင် သုဂတိနဲ့နိဗ္ဗာန်နှစ်ခုပဲ
ဘုန်းကြီး အခုပြောနေတဲ့ ဘုရားဟောတော်မူတဲ့ အလုပ် ကို လုပ်လိုက်လို့ရှိရင် ငါသေရင် ဘယ်မှမသွားဘူး ဒကာ ဒကာမတို့ နိဗ္ဗာန်နဲ့ သုဂတိ ဒီနှစ်ခုပဲရှိတယ် (မှန်ပါ)။
အခုတော့ဖြင့် ဒကာ ဒကာမတွေက သံသယနဲ့ နေကြရ တယ် (မှန်ပါ)၊ သံသယနဲ့ နေကြရတော့ အောက်လားဟ၊ အထက်လားဟ မပြောတတ်ဘူးလေ၊ ကံပစ်ချသလို ခံရမှာပဲ။ ဒီမှာ ခင်ဗျားတို့က လမ်းဆုံးသွားတယ် (မှန်ပါ)၊ မဆုံးဘူးလား (ဆုံးပါတယ်)။
ဘုန်းကြီးက ဒီလိုမဟောပါဘူး၊ သတိပဋ္ဌာန် အားထုတ်၊ ဉာဏ်စီမံရာ လိုက်ပါဆိုတော့ ပြီးသွားပြီ (မှန်ပါ)၊ ဉာဏ်က ဘယ်တော့မှ အပါယ်လေးပါးကို သူမစီမံဘူး (မှန်ပါ)၊ နိဗ္ဗာန် နဲ့ သုဂတိပဲ စီမံပေးတယ် (မှန်ပါ)။
ဉာဏ်စီမံရာ အရောက်သွားပါ
အဲဒီတော့ ကံစီမံရာကြောက်ပြီး ဉာဏ်စီမံရာအရောက် သွားပါဆိုတဲ့ ဥစ္စာ သတိပဌာန်ပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
ကံစီမံတာကို ခင်ဗျားတို့ မလိုက်နာပါနဲ့၊ ကံဆိုတာက မနေ့ ကပြောခဲ့ပြီ၊ ခင်ဗျားတို့ကို ဘောလုံး လုပ်မယ်၊ အထက်ကန်လိုက် အထက် ရောက်သွားပြန်ပြီ၊ တော်တော်ကြာ ခြေထောက်နဲ့ ဖိ ထားလိုက် (အောက်ရောက် သွားပါတယ်)၊ ဒီလိုလုပ်နေ တာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
ကံစီမံရာ ကြောက်ပါ
အဲဒီတော့ ဒါလောက်နဲ့ တင်းတိမ်နေလို့ တော်ပါ့ မလား (မတော်ပါဘူး)၊ အကုသိုလ်ကံက အောက်ဖိချလိုက် အပါယ်လေးပါး ရောက်သွားပြန်ပြီ (မှန်ပါ)၊ ကုသိုလ်ကံက မြှင့်တင်လိုက်ပြန် သုဂတိ ရောက်ပြန်ပြီ (မှန်ပါ)၊ အမြဲကို ရှိသေးရဲ့လား (မရှိပါဘူး)၊ အမြဲမရှိတာလောက် ကျုပ်တို့ မှာ ပင်ပန်း ဆင်းရဲတာဟာ ဘယ်မှာလာတွေ့မလဲ (မတွေ့ပါဘူး ဘုရား)၊ တွေ့နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါဘူး)။
အဲဒါ ဘာစီမံရာလိုက်နေလို့ ခင်ဗျားတို့ ဒါလောက်တောင် လူဘောလုံး ဖြစ်ရတယ် ဆိုတာလည်း ရိပ်မိလောက်ပါပြီ (ရိပ် မိပါပြီ)၊
ကံစီမံရာလိုက်နေလို့ (မှန်ပါ)၊ အခု သတိပဌာန် ဆိုတာက ဉာဏ်စီမံတာ (မှန်ပါ)၊ ဒကာကြီးလှိုင် ကျေနပ် ပြီလား (ကျေနပ်ပါပြီ)။
အပြောကောင်းလို့ ပြောနေတာ မဟုတ်ပါဘူး၊ အမှန် ကို ပြောနေတယ်ဆိုတာကိုလည်း ဆုံးဖြတ်ချက်ချပြီး နားထောင် ပါ (မှန်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်ပဲပြုကြပါစို့၊ ဉာဏ် အလုပ်ကိုပြလိုက်ရင် ခင်ဗျားတို့ ပိုမိုရှင်းပါလိမ့်မယ် (မှန်ပါ)၊ မရှင်းပေဘူးလား (ရှင်းပါတယ် ဘုရား)။
သတိပဋ္ဌာန်တစ်ပါးပါး အားထုတ်ကြပါ
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ အစောင့်ကြီးစောင့်ပြီး သကာလ အပြောကြီး ပြောတဲ့ စကားဟာ ဘာပါလိမ့်မတုံးဆိုတော့ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးအား ထုတ်ကွ၊ အဲဒါမင်းတို့ရဲ့ အားကိုးရာ အစစ်ပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲ ဒီကိုယ်ကြီးကိုလည်း အားမကိုးနဲ့၊ ဓမ္မဒီပါ ဓမ္မသရဏာ၊ ဘိက္ခဝေ- ရဟန်းတို့၊ ဓမ္မဒီပါ-မင်းတို့ အားထုတ်တဲ့ ဉာဏ်ကိုသာလျှင် ကျွန်းကြီးသဖွယ် အားကိုးကြကုန်သည်။ ဟောထ- ဖြစ်ရစ်ကြ ကုန်လော့။
ဒီဉာဏ်အားကိုးနေရစ်ကြ
ငါပရိနိဗ္ဗာန်စံသွားသော်လည်း ဒီဉာဏ်အားကိုးနေရစ်ကြ လို့ရှိရင် ငါရောက်တဲ့နိဗ္ဗာန် မင်းတို့ ရောက်မှာပဲလို့ ဆိုလိုရင်း (မှန်ပါ)။
ဒါမလုပ်လို့ရှိရင်ဖြင့် ဘုရားက ပရိနိဗ္ဗာန်စံပြီး နိဗ္ဗာန်ရောက်၊ ခင်ဗျားတို့က အပါယ်ရောက်၊ ဒီလိုဖြစ်မှာ စိုးလို့ ဒါကလေး ပြော ချင်လို့ ခန္ဓာကိုယ်ကြီး ချုပ်စပ်ဖာထေးပြီး သကာလ ထားတယ် ဆိုတာလည်း ကိုစောမောင် မရှင်းလား (ရှင်းပါတယ် ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်သင့်သတုံး (သတိ ပဋ္ဌာန်လေးပါး တစ်ပါးပါးလုပ်သင့်ပါတယ် ဘုရား)၊ ရှင်းကြ ပြီလား (ရှင်းပါပြီ)။
ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုပါ
တစ်ပါးပါး လုပ်သင့်တယ်ဆိုတော့ ဥပမာ တစ်ခုသော တရားကလေးကို ဒကာ ဒကာမတွေက ကိုယ့်စိတ်ကလေး ကိုယ်ရှုနေတယ်၊ စားချင်တဲ့ စိတ်ကလေးပေါ်တော့ ဒကာ ဒကာမတွေ ကို ဘုန်းကြီး သင်ထားတာက ဒကာ ဒကာမတွေ ရှေ့စိတ်ကို နောက်စိတ်က ရှုပါလို့ မပြောဘူးလား (ပြောပါတယ်)၊ စား ချင်တဲ့စိတ်ကလေး ရှိ/မရှိကို နောက်စိတ်ကသာ တွေးလိုက် (မှန်ပါ)၊ ရှိပါ့မလား (မရှိပါဘူး)။
နောက်စိတ်ဝင်ရင် ရှေ့စိတ်က မရှိတော့ဘူး (မှန်ပါ)။
‘‘အညံဥပ္ပဇ္ဇတေ စိတ္တံ၊ အညစိတ္တံ နိရုဇ္ဇတိ။
အဝီစိမနုသမ္ပန္နော၊ နဒီသောတော စ ဂစ္ဆတိ’’(သီလခန္ဓဝဂ္ဂ၊အဋ္ဌ၊173)
လို့ဆိုသော ကြောင့် ဒီစိတ်ချုပ်ပြီးမှ ဒီတွေးတဲ့စိတ်ကပေါ်လာတာ။ ဒီတွေးတဲ့ စိတ်က အရင်စိတ်ရှိ/ မရှိ တွေးတာ (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိပါဘူး)။
မရှိတော့ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂမဖြစ်သေးဘူး လား (ဖြစ်ပါတယ် ဘုရား)။
နိဗ္ဗာန်ပို့တဲ့တရား အစစ်
ဒါသည် ဒကာ ဒကာမတို့ နိဗ္ဗာန်ပို့တဲ့ တရားအစစ် (မှန်ပါ)။
ကိုစောမောင် ဒီဘက်ကဘာတုံး (နိဗ္ဗာန်ပို့တဲ့ တရား အစစ်ပါ)၊ နိဗ္ဗာန်ပို့တဲ့ တရားအစစ်ဆိုတော့ နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂါ (မှန်ပါ)၊ နိဗ္ဗာနံ- နိဗ္ဗာန်သို့၊ ဂစ္ဆတိ- သွားတတ်၏၊ ဣတိ တသ္မာ -ထို့ကြောင့်၊ မဂ္ဂေါ-မဂ် မည်၏ ဆိုတော့သူဟာ မဂ်ပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
ဒါကြောင့် မင်းတို့ ငါမရှိသည့်နောက် ဒီဓမ္မကို အားကိုးရစ် ကြတဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
ဒီဓမ္မအားကိုးရစ်ကြဆိုတာ အခု ဆရာသမားကပြတယ်၊ ကိုယ့်စိတ်ကိုယ်ရှုပါ ဒကာ ဒကာမတို့၊ ဆေးလိပ် သောက်ချင်တဲ့ စိတ် ရေသောက်ချင်တဲ့စိတ် ဟုတ်လား (မှန်ပါ)၊ ဆေးလိပ် သောက်ချင်တဲ့ စိတ်ကို နောက်ကနေတွေး၊ ဆေးလိပ်သောက်ချင်တဲ့ စိတ်တော့ ပေါ်ပြီ၊ အဲဒီစိတ် ရှိ/မရှိကို တွေးလုံး မထုတ် တတ်တော့ဘူးလား (ထုတ်တတ်ပါတယ်)၊ ထုတ် တတ်လို့ရှိရင် ဒီစိတ်ဘယ့်နှယ်နေသတုံး (မရှိပါဘူး)၊ မရှိတာဟာ အနိစ္စပဲ (မှန်ပါ)၊ သိတာဟာ မဂ္ဂပဲ၊ ဒီမဂ္ဂဟာ ဓမ္မပဲ မဟုတ်လား (မှန်ပါ)။
နိဗ္ဗာန်မှတစ်ပါးဘယ်မှမသွား
ဒါကြောင့် ဓမ္မဒီပါ ဒီဓမ္မကို မင်းတို့ ကျွန်းကြီးသဖွယ် ကိုးစားရစ်ပါ ငါမရှိသည့် နောက်ကိုဆိုတာ ဘုရားက မဟော ဘူးလား (ဟောပါတယ်)၊ ဒီဓမ္မက နိဗ္ဗာန်မှတစ်ပါး ဘယ်မှ မသွားဘူး၊ အောက်ပစ် လိုက် အထက်ပစ်လိုက် မဟုတ်ဘူး (မှန်ပါ)။
ကံလို အောက်ပစ်၊ အထက်ပစ် ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး)။
ဒါဖြင့် ကိုးစားရာအစစ် ဆရာဘုန်းကြီး အခုအနည်းငယ် ပြပါတယ် နာရီစေ့လို့နော် (မှန်ပါ)၊ ဒါကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ကိုယ့်စိတ်ကိုယ် ရှုပါ
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ်ရှုပါ (မှန်ပါ)၊ ဘယ်စိတ်တုံးဘုရားဆိုတော့ အို ခင်ဗျားတို့ သန္တာန် ပေါ်ချင် တဲ့စိတ်ပေါ်လိမ့်မယ်၊ အဲဒီစိတ် ရှိ/မရှိကို နောက်ကနေပြီးတော့သာ တွေးလုံးထုတ်ပါ (မှန်ပါ)။
တွေးလုံးထုတ်လို့ရှိရင် သတ္တဝါသန္တာန်မှာ နှစ်စိတ်ပြိုင်ပြီး မပေါ်ကောင်းတော့ အရင်စိတ် မရှိဘူး ဆိုတာကို တွေးလုံးက အမြဲတမ်း သိနေမှာပဲ (မှန်ပါ)၊ သိနေတော့ စိတ်ဟာ ဝိညာ ဏက္ခန္ဓာဆိုတော့ ကိုယ့်ခန္ဓာ ပျက်နေတာ (မှန်ပါ ဘုရား)၊ ပေါ် ကြပြီလား (ပေါ်ပါပြီ)။
မဂ္ဂင်ကို အားကိုးကြ
ဘာပျက်နေတာတုံး (ကိုယ့်ခန္ဓာပျက်နေတာပါ)၊ ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတယ် (မှန်ပါ)၊ ကိုယ့်အသေက အနိစ္စ၊ ကိုယ်သိတာက (မဂ္ဂပါ ဘုရား)၊ အဲဒါကို ကိုယ်လုပ်ရ မှာ၊ ဒီကိုယ်ကို အားကိုးကြ (မှန်ပါ)၊ ဒီခန္ဓာကိုယ်ကြီးကတော့ သုသာန်ပစ်ရမှာ (မှန်ပါ)၊ မဂ္ဂင်တည်းဟူသော ကိုယ်ကိုအား ကိုးကြလို့ ဆိုတာ မဟောသင့်ဘူးလား (ဟောသင့်ပါတယ်)၊ သဘောပါပြီလား (ပါပါပြီ)။