Mogok Way

အခြေခံညီညွတ်မှု

🍀 ကန်တော့ခန်း

သြကာသ သြကာသ သြကာသ။ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ် သုံးပါးတို့နှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် လျှင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရလိုပါ၏ အရှင်ဘုရား။

(ပြီးလျှင်သီလခံယူဆောက်တည်ပါ။)

တနေ့တာကာလ တရားအားထုတ်ခြင်း မပြုမီ ပုဗ္ဗကိစ္စ(၅)ပါး ကိုပြုလုပ်၍ ကမ္မဋ္ဌာန်းတောင်းပါ။

🍀 တရားအားမထုတ်မီ ပြုလုပ်ရန် ပုဗ္ဗကိစ္စ(၅)ပါး

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (သုံးခေါက်)

၁။ တပည့်တော်တို့၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို မြတ်စွာဘုရားအား လှူဒါန်းပါ၏ အရှင်ဘုရား။

၂။ တပည့်တော်တို့သည် မိုက်မဲတွေဝေခဲ့သည့် အလျှောက် ရတနာသုံးပါးနှင့်တကွ မိဘဆရာ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချ ကန်တော့ပါ၏ အရှင်ဘုရား။

၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ ဓမ္မာရုံစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ ကမ္ဘာစောင့်နတ် များနှင့်တကွ ရှိရှိသမျှ သတ္တဝါ ဟူသမျှ တို့သည် အသက်ထက်ဆုံး ဘေးမသီ ရန်မခ ကျန်းမာ ချမ်းသာကြပါစေ။

၄။ ရှေးရှေးဘဝ ယခုဘဝ ပြုပြုသမျှ တပည့်တော်တို့၏ ဒါနသီလ စသော ကုသိုလ်တို့သည် တပည့်တော်တို့ အလိုရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း ရောက်ခြင်း အကျိုးငှာ လျှင်မြန်စွာ ကျေးဇူးပြု ပါစေသတည်း။

၅။ (ငါသည် မုချသေရမည်။အချိန်ပိုင်းသာလိုတော့သည်။) အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ် ပါတော့မည်။

🍀 ကမ္မဋ္ဌာန်းတောင်း

ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ။

ဘန္တေ- အရှင်မြတ်တို့ဘုရား၊ မေ(အမှာကံ)- တပည့်တော်တို့အား၊ သံသာရဝဋ္ဋဒုက္ခတော- သံသရာ ဝဋ်ဆင်းရဲမှ၊ မောစနတ္ထာယ – လွတ်မြောက်ပါစေခြင်းအကျိုးငှာ၊ ကမ္မဋ္ဌာနံ – မဂ်ဉာဏ်ဖိုလ်ပေါက် နိဗ္ဗာန် ရောက်ကြောင်း အကောင်းဆုံးဖြစ်သော ကမ္မဋ္ဌာန်းတရားကို၊ ဒေထ – ကရုဏာထား ပေးသနားတော် မူပါကုန် ဘုရား။

———-

🍀 အာဟာရမသုံးဆောင်မီဆင်ခြင်ရန်

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

—————

တနေ့တာ၏ နောက်ဆုံးအချိန် ပြီးဆုံးပါက ရတနာသုံးပါးအား မိမိတို့ ကျင့်ထားသည့် အကျင့်မြတ်ဖြင့် ပူဇော်ကန်တော့ပြီး အမျှအတန်းပေးဝေပါ။

🍀 ရတနာသုံးပါးအားပူဇော်ခြင်း

”ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။”

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ – လောကုတ္တရာတရား ကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ် ပဋိပတ်ဖြင့်၊ ဗုဒ္ဓံ – မြတ်စွာဘုရားကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ – လောကုတ္တရာတရား ကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ် ပဋိပတ်ဖြင့်၊ ဓမ္မံ- တရားတော်မြတ်ကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ – လောကုတ္တရာတရား ကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ် ပဋိပတ်ဖြင့်၊ သံဃံ – သံဃာတော်အပေါင်းကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။

🍀 အမျှပေးဝေခြင်း

ဤယနေ့အဖို့၌၊ အကျွန်ုပ်တို့တစ်စု၊ ပြုလုပ်အားထုတ်အပ်သော၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ အစရှိသော၊ အထူးထူးသော၊ ကုသိုလ်တို့၏၊ အဖို့ဘာဂကို၊ ရှေးရှေးဘဝ၊ ယခုဘဝ၊ တော်စပ်ကြကုန်သော၊ အမိအဘ၊ အဘိုးအဘွား၊ ဆရာသမား၊ အစထား၍၊ အားလုံးသော ပုဂ္ဂိုလ် အပေါင်းတို့အား၊ အမျှပေးဝေပါကုန်၏။

အမျှရ၍၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျမ်းမာချမ်းသာကြသည်၊ ဖြစ်ကြပါစေကုန်သော်. . .။

ကုသိုလ် . . . အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု- သာဓု- သာဓု။

———

🍀 (ယောဂီသစ်များအတွက်အလုပ်သင်)

🍀 ကျင့်စဉ်အဆင့်ဆင့်ကို ဥပမာများဖြင့် ရှင်းပြခြင်း

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိဖြုတ်တရားများ၊ စိတ္တာနုပဿနာရှုနည်းများ (အပြင်ဧည့်သည်, အတွင်းဧည့်သည်, အိမ်သည်)၊ သစ္စာဆိုက်ပုံ တရားများကို နာကြားထားရမည်။)

🍀 စိတ္တာနုပဿနာ

စိတ်သည် အာရုံတစ်ခုခုကို သိ၏။ သိနေတာ စိတ်က သိနေခြင်း ဖြစ်၏။ ၎င်းင်းသိတတ်သော စိတ်ကို အရှုခံထား၍ ပြန်ရှုခြင်းဖြစ်သည်။ လုပ်မတတ်လျှင် သီသီလေးကပ်လွဲတတ်၏။

🍀 ၁။ နွားရိုင်းဥပမာ

နွားကျောင်းသားဟာ နွားရိုင်းကိုဆုံးမချင်ရင် ချည်တိုင်ကိုခိုင်ခိုင်စိုက်၊ နွားရိုင်းကိုနဖားကြိုးထိုး၊ ချည်တိုင်မှာ မြဲမြဲချည်ပြီး ဆုံးမသလို မင်းရဲ့ကမ္မဋ္ဌာန်းအာရုံတည်း ဟူသော ချည်တိုင်မှာ နွားရိုင်းနဲ့ တူတဲ့စိတ်ရိုင်းကို ကြိုးနဲ့တူတဲ့ သတိတရားဖြင့် တင်းတင်းကျပ်ကျပ်ချည်ပြီး ဆုံးမရမယ်။ (မိုးကုတ်ဆရာတော်)

နှားသီးဖျား နှာခေါင်းဝနားမှာ စိတ်ကိုထား၍ ဝင်လေ ဝင်လာတိုင်း ထွက်လေ ထွက်သွားတိုင်း သိပေးနေပါ။ လေကြောင်းနောက် လိုက်မကြည့်ရ။ နှာသီးဝ ထိချက်မှာပဲ သတိကပ်ထားပါ။

🍀 ၂။တောင်ပို့ ဥပမာ

အပေါက်ခြောက်ပေါက်ရှိတဲ့ တောင်ပို့ကြီးမှာ ရှိနေတဲ့ ဖွတ်သတ္တဝါကို အမိဖမ်းချင်ရင် အပေါက်ငါးပေါက်ကို လုံအောင်ပိတ်လိုက်ပါ။ ကျန်နေတဲ့ တစ်ပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို အမှန်ဖမ်းမိသလို ၊ မင်းရဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် ဆိုတဲ့ ငါးပေါက်ကိုပိတ်ပြီး ကျန်တဲ့ မနောစိတ်ဆိုတဲ့ အပေါက်က စောင့်ဖမ်း၊ မင်းရဲ့ ဖွတ်နဲ့တူတဲ့ စိတ်ကို မိရောပေါ့။ (မိုးကုတ်ဆရာတော်)

ရင်ညွန့်နားလောက် နှာခေါင်းနောက်နားလောက်က (စိတ်ထဲ စကားပြောသလို ဖြစ်တဲ့ နေရာနား လောက်ကနေပြီး) လေကိုရှူချင်တဲ့စိတ် ရှူတာသိနေတဲ့စိတ်ကို အိမ်ရှင်အရှုခံ ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အာရုံဒွါရ တိုက်တိုင်းပေါ်နေတဲ့ စိတ်ကို ပျက်ပျက် ပျောက်ပျောက် သွားတာကို သိပေးနေပါ။ နောက်ပိုင်း ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ဖြစ်ပျက်နေတာတွေ့ရလိမ့်မည်။

အစပိုင်း၌ အသံကြားရင် နားဆီစိတ်ရောက်မယ် အသံလာရာနေရာဆီစိတ်ရောက်မယ် ဘာသံပဲလို့နာမည်တပ်ပြီး သိမယ်။ (ဉာဏ်နုသေးရင် ပေါ်တဲ့နေရာကို ပင့်ကူဥပမာဖြင့် လိုက်ရှုမည်)

🍀 ၃။ ပင့်ကူဥပမာ

ပင့်ကူတစ်ကောင်သည် ပင့်ကူအိမ် အလယ်၌ ထိုင်နေ၏။ ပိုးကောင်တစ်ကောင်သည် ပင့်ကူ အိမ်ထောင့် တစ်နေရာ၌ လာငြိကပ်ရာ ပင့်ကူသည် ၎င်းင်းပိုးကောင်ရှိရာနေရာသို့ သွားစား၏။ စားပြီးလျှင် ပင့်ကူအိမ်အလယ်၌ ပြန်ထိုင်၏။ ပင့်ကူဥပမာဖြင့် အသံကြားစိတ် နေရာညွတ်တဲ့စိတ် နာမည်တပ်တဲ့စိတ်တွေကို လိုက်ရှုပါ။ ကိုယ်ကြည့်လိုက်ရင် သူမရှိတော့ဘူး။ ပျက်မှန်းသိပေးလိုက်ပါ။ ပြီးရင် ဝင်လေထွက်လေ အိမ်သည်စိတ် ပြန်ထိုင်ပါ။

🍀 ဖြန့်ရှု စိုက်ရှု

ဖြစ်ပျက် ကောင်းကောင်းမမြင်သေးလျှင် တကိုယ်လုံးကို ဖြန့်ပြီး ပင့်ကူဥပမာဖြင့်ရှုပါ။ တဖျပ်ဖျပ်နဲ့ ဖြစ်ပျက်မြင်လျှင် အဲ့ဒီနေရာ(မနောဒွါရ)က စိုက်ရှုပါ။

🍀 ဝေဒနာရှုနည်း (၃)မျိုး။(ယောဂီသစ်များအတွက်)

(တရားထိုင်ရင်း နာကျင်ကိုက်ခဲမှု ဖြစ်လာလျှင် လုပ်နည်း)

လောလောဆယ် ယောဂီသစ်နားလည်လွယ်အောင်ရှင်းပြခြင်းဖြစ်သည်။ ယောဂီအများစုသည် နာမှုကျင်မှု(ရုပ်ဖောက်ပြန်မှု)ကို ဝေဒနာဟုခေါ်နေ၍ သူတို့အခေါ်အတိုင်း အလုပ်သင်ပေးလိုက်ခြင်းဖြစ်သည်။ တကယ်ကတော့ ခံစားတာကမှ ဝေဒနာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားသော ဝေဒနာနုပဿနာရှုပွားနည်း အလုပ်သင်တရား သီးသန့်ရှိပါသည်။)

၁။ ဒုက္ခဝေဒနာကို စိုက်ရှုနည်း။

စွမ်းနိုင်သည့်ပုဂ္ဂိုလ်သည် ဝေဒနာတက်လာလျှင် ဣရိယာပုထ်ကို မ​​ပြင်ပဲ ၎င်းဝေဒနာ၏သဘောကို စူးစိုက်၍ ရှု​ပါ။

၂။ အာနာပါနဖြင့် ကျော်နည်း။

နာမှုကျင်မှုအရမ်းများလာလျှင်(မခံနိုင်တော့လျှင်) ၎င်းဝေဒနာကို မကြည့်ပဲ အာနာပါန ဝင်လေထွက်လေ ခပ်ပြင်းပြင်းရှူရှိုက်၍ နှာသီးဝထိချက်ပေါ်မှာ စိတ်ကို ထား၍ ခွာရှုခြင်း။

၃။ စိတ်ကို ရှု၍ခွာနည်း။ ။

ခြေထောက်ကျင်ရင် ကျင်တဲ့နေရာဆီ စိတ် ရောက်မယ်။ နာတာကျင်တာကို ငါလုပ်ပြီး ခံစားနေမိလိမ့်မယ်။ တောင်ပို့ ဥပမာဖြင့် ရင်ညွန့် နားလောက်ကနေပြီး ကျင်မှန်းသိနေတဲ့စိတ် ပြင်ချင်နေတဲ့စိတ် နာမှုကျင်မှုကို အလိုမကျ ဖြစ်နေတဲ့ ဂဏာမငြိမ် ဖြစ်နေတဲ့ စိတ်ကလေး ပြောင်းပြောင်း သွားတာကို စောင့်ကြည့်ပေးပါ။ တဏှာ ဒိဋ္ဌိတို့ အလိုလိုက်ပြီး မပြင်ပါနဲ့အုံး။

🍀 မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောကြားချက်

“ဝေဒနာကျော်ပြီး အနိစ္စတွေ့အောင်ရှု၊ ဝေဒနာ သည်ကား ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်။ ဖြစ်တုန်းက ဝေဒနာ ၊ ပျက်သွားတော့ အနိစ္စ။ ဝေဒနာကို မတွေ့ပဲ အနိစ္စသာ တွေ့နေသောကြောင့်၊ အနိစ္စ နောက်ကနေ မဂ္ဂလိုက်နေသောကြောင့် ဝေဒနာ အနှိပ်စက်မခံရ။ အနိစ္စကလည်း နာတာမဟုတ်၊ မဂ္ဂကလည်း နာတာမဟုတ်၊ ဝေဒနာခွာနိုင်တဲ့ ပုဂ္ဂိုလ် အဲ့ဒီမနာတဲ့ (၂)ချက်ကိုရနိုင်တယ်။ ဝေဒနံ ဝိက္ခမ္ဘေတွာ= ဝေဒနာကို ခွာ၍ -ဆိုတာ ဒါပဲ။”

🍀 အားထုတ်နည်း

တောင်ပို့ဥပမာ မနောပေါက် စိတ္တာနုပဿနာကို ပင်တိုင် ကမ္မဋ္ဌာန်းထား၍ ရှုပါ။ ဉာဏ်ထက်လာလျှင် ဒွါရကို ညွတ်တဲ့စိတ် နေရာကို ညွတ်တဲ့စိတ်ကို မညွတ်ခင် ညွတ်မယ်လို့ လုပ်ကာစ၌ မိလာမည်။ နောက် ဉာဏ်ထက်လာလျှင် ခြေထောက်တို့ တင်ပါးတို့ ဆိုတဲ့ အထည်ကြီးကို အာရုံမပြုမိတော့ပဲ ဖြစ်ပျက်နှင့် မဂ်သာကိုက်နေမည်။ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ဖြစ်ပျက်သာ သိနေမည်။ ကိုယ်ခန္ဓာအထည်ကို အာရုံမပြုမိတော့။ အော်လက်စသတ်တော့ ခြေထောက်တို့ လက်တို့ဆိုတာ တကယ်မရှိပါလား။ စိတ်ကရှိတယ်လို့ စွဲထားလို့ ရှိနေတာပါလား လို့ သဘောပေါက်လာမည်။

🍀 ဣန္ဒြေညှိနည်း(ဝီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာ ညှိပါ။)

ပျက်ပျက်သွားတာ ပျောက်ပျောက်သွားတာ ရှုနေရင်းနဲ့ စိတ်ထဲက လောကြီးလာလျှင် ယောက်ယက်ခတ်တတ်၏။ ထိုအခါ စိတ်ကိုနည်းနည်းပြန်လျှော့ချပါ။ ရှုနေရင်း ငြိမ်နေတာ များလျှင် အိပ်ငိုက်လာတတ်၏။ ထိုအခါ ဝီရိယ ပြန်တင်ပါ။ သဒ္ဓါလွန်ရင် ဆရာသမားများအပေါ် ကျေးဇူးတင်မှု ပညာလွန်ရင် ဝေဖန်မှု စတဲ့ တွေးစိတ်တွေ ပေါ်လာခဲ့သော် သတိထားပြီး ဖြစ်ပျက် ပြန်ရှုပါ။ သတိလစ်လို့ မရပါ။ (ဝီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာ ညှိပါ။)

🍀 ၄။ ဆီခွက်ဥပမာ (ဇနပဒကလျာဏီသုတ်)

ယောက်ကျားတစ်ယောက်ကို ဆီအပြည့်ဖြည့်ထားသော ဆီခွက်ကို ကိုင်ခိုင်း၍ ပွဲခင်းထဲ ဖြတ်လျှောက် ခိုင်း၏။ ဆီတစက် ကျလျှင်ပင် ခေါင်းဖြတ်သတ်မည်ဟု ဆိုကာ နောက်က သူသတ်သမား ကပ်၍လိုက်လာ၏။ ဆီခွက်ကို ကြည့်ပြီး သတိကြီးစွာထား၍ လျှောက်လာသူကဲ့သို့ တဖျပ်ဖျပ်နဲ့ ဖြစ်ပျက် နေတာကို သတိမလစ်စေပဲ စောင့်ကြည့်ရမည်။ ဖြစ်ပျက်သည်တဖြေးဖြေး နူးညံ့သိမ်မွေ့လာမည်။

🍀 ၅။ ကမ်းကြည့်ငှက်ဥပမာ

ပင်လယ်သမုဒ္ဒရာသို့ ခရီးသွားသော သင်္ဘောသားသည် ကမ်းရှာတတ်သောကျီးငှက်မျိုးကို ခေါ်ဆောင်သွား၏။ ကမ်းမမြင် လမ်းမမြင်အရပ်သို့ရောက်၍ ကမ်းကိုရှာလိုသော် ထိုငှက်ကို လွှတ်လိုက်ရာ ငှက်သည် သင်္ဘောတိုင်ဖျားမှ တဟုန်ထိုး ပျံတက်သွား၏။ အရှေ့ အနောက် တောင် မြောက် လှည့်လည်ပျံသန်း၍ ကမ်းကိုရှာဖွေ၏။ ကမ်းကိုမမြင်သော် တိုင်ဖျားသို့ ပြန်လာနား၏။ နောက်ထပ် ပျံသန်း၍ ကမ်းကိုမြင်သော် ကမ်းရှိရာသို့ ရှေးရှုပျံသန်းသွား၏။

သင်္ခါရတရားကို ဥပေက္ခာထား၍ ရှုသောဉာဏ်သည် ဖြစ်ပျက်ကိုပဲ တတန်းထဲရှုနေရာ အထည်ကို အာရုံမပြုမိတော့ပဲ လောကဆိုတာ ဒီဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ပဲ ရှိတာပဲ၊ ဒီဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲဟု ဆုံးဖြတ်ချက်ချပြီး ဖြစ်ပျက်ကို မလိုချင်တော့၍ မမြင်ချင်တော့၍ ငြီးငွေ့မုန်းတီးမွန်းကြပ်၍ စွန့်ချင်လာသည့်အခါ နိဗ္ဗာန်တည်းဟူသော ဖြစ်ပျက်ချုပ်ရာကို မြင်သော် ဖြစ်ပျက်ကိုစွန့်၍ နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ပြေးဝင်၏။ ဖြစ်ပျက်ကို စွန့်ရာ၌ နိဗ္ဗာန်တည်းဟူသော စွဲကိုင်ရာကို မရသေးသော် ငြိမ့်ခနဲ စိမ့်ကနဲ လှိုက်ကနဲ ဖြစ်တတ်၍ ဖြစ်ပျက်ကိုပင် ပြန်အာရုံပြုရ၏။

———————

မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဦးကျော်သိန်းအား ကမ္မဋ္ဌာန်းပေးပုံ

(ယောဂီသစ်များအတွက် အရေးပါသောအချက်များ များစွာပါရှိပါသည်။ သေချာလေ့လာဖတ်ရှုပါ။)

အာနာပါနကမ္မဋ္ဌာန်း

”မင်း အာနာပါန ကမ္မဋ္ဌာန်းကို အရင်လုပ်ပါ၊ အာနာပါန ဆိုတာ ထွက်လေဝင်လေကိုခေါ်တယ်၊ ဒီထွက်လေဝင်လေကို ရှူရာမှာ လေကို ဝအောင်ရှူ၊ လျှော့ပြီးလဲ မရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လဲ မရှူရဘူး၊ မှန်မှန်ပဲ ရှူရရှိုက်ရမယ်၊ လေကိုလဲ မှန်မှန်ထုတ်ပါ။”

”မင်းစိတ်ကို နှာသီးဖျား အထက်နှုတ်ခမ်း ရင်ညွန့် ကြိုက်ရာတစ်နေရာမှာ ထားပါ၊ သတိနဲ့ ကပ်ထားရမယ်၊ မလစ်စေရဘူး၊ နှာသီးဖျားမှာ ထားတာကပိုကောင်းတယ်၊ အာနာပါန ရှူရှိုက်တဲ့ အခါမှာ နှာသီးဖျားမှာ ထိတာကို သိရမယ်။”

”အာနာပါနာနုဿတိဆိုတာ ထွက်သက် ဝင်သက် လေကို အာရုံပြု၍ ဖြစ်သောသတိကို ခေါ်တယ်၊ ဒီအာနာပါနာနုဿတိကို ပွားများအားထုတ်နေတဲ့ ယောဂီဟာ စိတ်ကို သန်သန်ခိုင်ခိုင် ထားပြီး ထွက်လေဝင်လေကို မနှေးမမြန် မပျော့မပြင်း ရှူရှိုက်လျက် ပထမ စိတ်ကို (နှာခေါင်းပေါက်မှာ) နှာသီးဖျားမှာ ထားရမယ်၊ သတိနဲ့ လေဝင်ထွက်နေတာကို သိရမယ်။”

”သူ့သဘောအတိုင်း မှန်မှန် ထွက်သက်ဝင်သက်ကို သိနေတဲ့ အာရုံမှတစ်ပါး ဘာတစ်ခုမှ အာရုံမပြုရဘူး။”

”အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ သူငါယောက်ကျားမိန်းမ မဟုတ်၊ သတိနဲ့ယှဉ်ပါ၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ဆိုတာလဲ သိနေရမယ်၊ ဒီလိုသိပြီးရင် သတိနဲ့ယှဉ်တဲ့ စိတ်ဟာ နာမ်ပါလားလို့ သေသေချာချာ ထပ်ပြီးသိရမယ်၊ ဒီနာမ်ရဲ့ မှီရာဟာ ဟဒယဝတ္ထုနှလုံအိမ်ပဲ၊ အာနာပါန အလုပ်တရား ထိုင်နေ တာက ရုပ်ပဲလို့ ဟုတ်တိုင်းမှန်ရာ ထပ်ပြီးသိလာလိမ့်မယ်။”

”နောက်ထပ်အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရအုံးမယ်။”

(ဖောက်ပြန် ခံစား မှတ်သားပြုပြင် သိဝိဉာဏ် ငါးအင် ခန္ဓာမှတ်)

”အဲ့လိုခန္ဓာငါးပါး ပိုင်းခြားသိမြင်ပြီးရင် ရုပ်နာမ်ခန္ဓာကို ဖြစ်စေ တတ်တဲ့ ရှေ့ကဖြစ်ပြီးတဲ့ အဝိဇ္ဇာ တဏှာတို့ဟာ အကြောင်း တရား၊ ဒီရုပ်နာမ်ခန္ဓာတို့ဟာ အကျိုးတရား လို့ အကြမ်းဖျင်း မင်းသိ မြင်ရ မယ်။”

”ကဲ မင်းအခု ၈-နာရီရှိပြီ၊ ၉-နာရီအထိ ငါသင်ပြထားသလို အာနာပါန ကမ္မဋ္ဌာန်းကို သွားပြီးအားထုတ်ချေတော့။”

ဦးကျော်သိန်းမှ အားထုတ်ရာ ပထမနာရီဝက်အထိ စိတ်ထိန်း မရ၊ ဆရာတော်မှ “မောင်ကျော်သိန်း မင်း သတိလက်လွတ် ထား တာကိုး၊ မင်းစိတ်ကို တည်အောင်ထား” ဟုလှမ်းဆုံးမလိုက်ရာ ဦးကျော်သိန်းမှာ ထိတ်ခနဲ တုန်လှုပ်သွားသည်၊ဆရာတော်သည် အခန်း တစ်ခုလုံးကြားမှာ ခြားနေပါလျက် မည်ကဲ့သို့ သိသနည်း၊ ထို့နောက် စိတ်ကိုအလစ်မပေးပဲ ဝီရိယကိုတင်ပြီး အားထုတ်ရာ ဦးလှဘူး လာခေါ်မှ ၁၀နာရီထိုးပြီဖြစ်ကြောင်း သိရ၍ ဆရာတော်ရှေ့သို့ ရောက်ခဲ့သည်။

”မောင်ကျော်သိန်း မင်းငါခိုင်းတဲ့ အတိုင်း အားထုတ်ကဲ့လား၊” “မှန်ပါ့ ဆရာတော်မိန့်သည့် အတိုင်း စိတ်ကို ရင်ညွန့်မှာ ထားပြီး အားထုတ်ပါတယ်ဘုရား”

” ထားတဲ့နေရာမှာကော နေရဲ့လား” “ မှန်ပါ့ ပထမ(၁)နာရီ လောက်မှာ မနေပါဘူး၊ နောက်ပိုင်းကျမှ နေပါတယ်ဘုရား၊”

သမာဓိမဂ္ဂင် (၃)ပါး

” အဲ့ဒီလို အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာ ဇွဲမရှိပဲမရဘူး။ အဲ့ဒါ ဝီရိယပေါ့၊ သမ္မာဝါယမ လို့လဲခေါ်တယ်၊ မင်းစိတ်က လေကို ရှူတိုင်းရှူတိုင်း ရင်ညွန့်ကို ရောက်တိုင်း ရောက်တိုင်း သိရဲ့လား၊” “ သိပါတယ်ဘုရား။ “

” အေး မင်း သိသိနေတာက သတိကို လက်မလွှတ်လို့ သိတာ၊ အဲ့ဒါ သမ္မာသတိ လို့ခေါ်တယ်၊”

” အာနာပါနအားထုတ်နေတုန်း မင်းစိတ်ဟာ အိမ်ကို ရောက် သေးလား၊ ဘယ်ရောက်နေလဲ၊” “ ဘယ်မှမရောက်ပါဘုရား၊ ရင်ညွန့် မှာပဲ ရှိပါတယ်ဘုရား။” “ အေး အာရုံဟာတခြားကို ပြေးမသွား တာက သမ္မာသမာဓိလို့ ခေါ်တယ်၊ စိတ်ဟာ ကိုယ်ထားတဲ့နေရာမှာပဲ တည်နေ တာပေါ့။”

” အေး မင်း သမာဓိတော့ရပြီ၊ ဒါပေမယ့် ဒါထက် သမာဓိ ကောင်းကောင်းကြီး ရဖို့ လိုနေသေးတယ်၊ ထွက်လေဝင်လေရှူတဲ့အခါ နှာခေါင်းကပဲ ရှူရမယ်၊ ပါးစပ်က မရှူရဘူး၊ နှာခေါင်းက ရှူပြန်ရင်လဲ ဘယ်ဘက်ကရှူတယ် ညာဘက်ကရှူတယ် လိုက်နေဖို့မလိုဘူး၊ သမာဓိ ရဖို့ပဲ အရေးကြီးတယ်၊ နှာခေါင်းက ရှူရင် ရှူတာသိရမယ်၊ ရှိုက်ရင် ရှိုက်တာသိရမယ်။”

” မင်းကို ပထမအာနာပါနအားထုတ်ခိုင်းစဉ်က စိတ်ကို ရင်ညွန့် မှာ အကပ်ခိုင်းထားတယ်၊ အခုတစ်ခါ အားထုတ်ရမှာက ( နှာ သီးဖျား၊ ရင်ညွန့်၊ ချက် ) ရောက်တိုင်း ရောက်တိုင်း ဝင်လေရှူလိုက်တဲ့ အခါမှာ နှာသီးဖျားအစ ရင်ညွန့်အလယ် ချက်အဆုံး။ ထုတ်လိုက်တဲ့ အခါမှာ လည်း ချက်အစ ရင်ညွန့်အလယ် နှာသီးဖျားအဆုံး ထွက်တာကို သိလိုက်ရမယ်။ “

”ပွတ်ကြိုးဆွဲ ယောကျ်ား ဖိုထိုးသမားလို ထွက်သက်ဝင်သက် လေကို သိနေရမယ်၊ မြန်မြန်ရှူရှိုက်ရင် မြန်တာသိရမယ်၊ ဖြည်းဖြည်း ရှူရှိုက်ရင် ဖြည်းဖြည်းရှူမှန်း သိရမယ်၊ တိုရင် တိုတာသိရမယ်၊ ရှည်ရင် ရှည်တာသိရမယ်၊ ဒါပေမယ့် လေဝင်တာထွက်တာ အတန်းလိုက် လိုက်ပြီး ရှုစရာမလိုဘူး၊ လွှတိုက်ယောကျ်ားလို လွှသွား သွားရာကိုလိုက် မရှုပဲ လွှသွားထိရာကိုသာ စိတ်ထားသည့် နေရာကိုသာ (နှာသီးဖျားမှာ ထားရင် နှာသီးဖျားကိုသာ) ထွက်လေဝင်လေ သိရမယ်၊ ရှုရမယ်။”

” ဒီလိုအားထုတ်ပြီးအသိလိုက်သွားရင် အာရုံတခြား ထွက် မသွားပဲ သမာဓိကောင်းကောင်းကြီး ရနိုင်တယ်၊ နောက် အလေ့ အကျင့် ကောင်းကောင်းရသွားရင် (၁၅)မိနစ်လောက်နဲ့ သမာဓိ ထူထောင် နိုင်ရမယ်။”

” မင်း သိဖို့ရာက မင်း အခု ရှူရှိုက်နေတာက ရုပ်၊ ဒီ ရှူရှိုက် တာကို သိတာက နာမ်၊ အဲ့ဒီလို ရုပ်နာမ်နှစ်ပါးပိုင်းခြားသိတဲ့အခါ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ဝိသုဒ္ဓိလိုပြောရင် ဒိဋ္ဌိဝိသုဒ္ဓိ တစ်ပေါင်းတည်း ဖြစ်လာတယ်။”

ကမ္မဋ္ဌာန်းဝင်ရင် သတိထားဖို့

” မင်း ကမ္မဋ္ဌာန်းဝင်တဲ့အခါ သတိထားဖို့ရာက

(၁) အာရုံနဲ့ သိမှတ်တဲ့ စိတ် ၂မျိုးမှတ်ထားရမယ်။

(၂) အာရုံနဲ့ သိမှတ်စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်။

(၃) အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။

(၄) ကမ္မဋ္ဌာန်းဝင်တဲ့အခါ စိတ်က ဘာတစ်ခုမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ ဝင်မလာစေနဲ့၊ မင်းဟာစိတ်တစ်လုံးကို နိုင်အောင်ဆုံးမနိုင်ရင် ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်၊ “

စိတ်ကိုဆုံးမနည်း(နွားရိုင်းဥပမာ၊ တောင်ပို့ဥပမာ)

” မင်း စိတ်ကိုနိုင်အောင် ဒီလိုဆုံးမ၊ ငါ ဥပမာပြောမယ်၊(၁) နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာ မြဲမြဲချည်ပြီး ဆုံးမသလိုပဲ မင်းရဲ့ ကမ္မဋ္ဌာန်းအာရုံတည်းဟူသော ချည်တိုင်မှာ နွားရိုင်းနဲ့တူတဲ့ စိတ်ရိုင်းကို ကြိုးနဲ့တူတဲ့ သတိတရားဖြင့် တင်းတင်းကျပ်ကျပ်ချည်ပြီး ဆုံးမရမယ်၊ မင်းစိတ်ကို ဒီအတိုင်းဆုံးမ။”

” (၂) ကဲကွာ မင်းကို နောက်တစ်မျိုးထပ်ပြောရအုံးမယ်။

အပေါက်ခြောက်ပေါက်ရှိတဲ့ တောင်ပို့ကြီးမှာ ရှိနေတဲ့ ဖွတ်ကို အမိဖမ်းချင်ရင် အပေါက်ငါးပေါက်ကို လုံအောင်ပိတ်လိုက်ပါ၊ ကျန်နေတဲ့ တစ်ပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို အမှန်ဖမ်း မိသလို မင်းရဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် ငါးပေါက်ကိုပိတ်ပြီး ကျန် မနောစိတ်ဆိုတဲ့ အပေါက်က စောင့်ဖမ်း၊ မင်းရဲ့ ဖွတ်နဲ့တူတဲ့ စိတ်ကို မိရောပေါ့။”

” ကဲ ကဲ ဒါတွေထားအုံး သမာဓိကိုပဲ ကောင်းကောင်း ရအောင် အားထုတ်ချေဦး၊ ပြီးရင်အိပ်တော့။”

နောက်တစ်နေ့ “ မောင်ကျော်သိန်း မင်းဘယ်အချိန်ကစပြီး တရားထိုင်သလဲ၊ ဘယ်အချိန်မှာ တရားချသလဲ။” “ တပည့်တော် ၁၁-နာရီခွဲကနေ ၁-နာရီအထိ ထိုင်ပါတယ်ဘုရား။ “

” သမာဓိကော ကောင်းကောင်းရရဲ့လား။” “ မှန်ပါ့ ခပ်ကျဲ ကျဲပဲ ရပါတယ်ဘုရား။ “

” ဘာ့ကြောင့် ခပ်ကျဲကျဲပဲ ရတာလဲ။” “ မှန်ပါ့ ထိန မိဒ္ဓ ဝင်ပါတယ်ဘုရား။”

ထိနမိဒ္ဓငြိမ်းအောင်လုပ်နည်း

****” မင်းတယ်ရှော်တာကိုး၊ အဲဒါ မင်း ဝီရိယလွန်တာပဲ၊ ဝီရိယလွန်တော့လဲ ထိနမိဒ္ဓဝင်တာပဲ၊ အဲ့ဒီအချိန် မင်း ထိုင်တဲ့ ဣရိယာပုထ်ကို ဖျက်ပြီး လမ်းလျှောက်ရင်း အားထုတ်ရတယ်။ “

****” အာနာပါနကမ္မဋ္ဌာန်း အားထုတ်စ ယောဂီများ အတွက် တော့ ဣရိယာပုထ် ပြောင်းနိုင်ပါတယ်၊ နောက် သမာဓိ အားကောင်း လာတော့ ဣရိယာပုထ်မပြောင်းပဲ ထိနမိဒ္ဓ ဝင်လာရင် နိုင်အောင် ရှု နိုင်ရမယ်။” “ ဘယ်လိုလုပ် ရှုရမှာလဲဘုရား၊ အိပ်ချင် လာရင် ဣရိယာ ပုထ် မဖျက်ပဲနဲ့ မရှုတတ်ပါဘုရား”

” မင်း အိပ်ချင်လာတော့ အသက်ရှူမြန်ပြီး ပြင်းလာသလား နှေးပြီးပျော့လာသလား “ “ နှေးပြီးပျော့လာပါတယ် “

” အေး အသက်ရှူနှေးလာပြီး ငိုက်လာမယ်၊ ငိုက်လာလို့ရှိရင် သတိရှိသေးလား၊ သတိလက်လွတ်နေသလား။”

“ သတိလက်လွတ်နေပါတယ်ဘုရား”

” သော သတောဝ အဿသတိ, သတောဝ ပဿသတိ” လို့ မဟာသတိပဋ္ဌာနသုတ်မှာ ဟောတော်မူတယ်၊ အာနာပါနကို အားထုတ် သော အာဒိကမ္မိကယောဂီ (ခုမှစအားထုတ်သူ) ပုဂ္ဂိုလ်ဟာ သတောဝ-သတိရှိ၍သာလျှင် သတိပညာနှင့် သိလိုက်၍သာ၊ အဿသတိ- ထွက်သက်ရှူရမည်၊ သတောဝ- သတိရှိ၍ သာလျှင်၊ ပဿသတိ- ဝင်သက် ရှိုက်ရမည်တဲ့၊ မင်းကသတိလက်လွတ်တော့ တရားအားထုတ်နေတဲ့လူ မဟုတ်တော့ဘူး၊ ‘သတိ အဝိဟန္တော’- သတိကို ဘယ်အခါမှ လက်မလွှတ်ရဘူး။” “ တပည့်တော် သတိလွတ် နေပါတယ်ဘုရား “

**** “ အေး ဝင်လေကို ဝအောင်ရှူ၊ ရှူသလောက် ထွက်သက် ကို ထုတ်ပစ်၊ ဒီနည်းနဲ့ လုပ်မယ်ဆိုရင် သိပ်မပင်ပန်းပဲနဲ့ ထိနမိဒ္ဓရော ဝိတက်ပါ ငြိမ်းမယ်၊ သတိတော့ ဘယ်တော့မှ လက်လွှတ်လို့မရဘူး၊ (၁၀)မိနစ် (၁၅)မိနစ်လောက်လုပ်ရင် ရနိုင်ပါတယ်။ “

**** “ မင်း အာနာပါန အားထုတ်တဲ့အခါ မင်းရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားတွေ ကိုယ်လက်အင်္ဂါ အကြောတွေ လျှော့ ထားပါ၊ ဒါမှ အသက်မှန်မှန် ရှူလို့ကောင်းမယ်၊ နည်းမှန်မယ်၊ ဘုရားရှင်က ‘ ပဿမ္ဘယံ ကာယသင်္ခါရံ ‘ ‘ မနှေး မမြန် မပျော့ မပြင်း မှန်မှန်ဝင်ထွက် စေရာ၏ ‘လို့ ဟောတော်မူခဲ့တယ်။” “ မှန်ပါ့ အမိန့်ရှိ တဲ့အတိုင်း အားထုတ်ပါမယ်ဘုရား၊ ဘာကို အထူးဂရုစိုက်ပြီး အားထုတ် ရမှာလဲဘုရား။”

” မင်း မြဲမြဲမှတ်ထား၊ ဂရုစိုက်ဖို့ရာက သတိသာလွန်တယ်လို့ မရှိတာ။ သဒ္ဓါ,ပညာ၊ သမာဓိ,ဝီရိယ တို့ကို တပြိုင်တည်း လွှတ်ရမယ်၊ တပြိုင်တည်း တညီတည်းဖြစ်အောင် အားမထုတ်နိုင်ရင် ဥဒ္ဓစ္စဖြစ်ဖြစ် ထိနမိဒ္ဓဖြစ်ဖြစ် တခုခုဝင်မှာပဲ၊ အခု အားထုတ်ခိုင်းတာက သမာဓိရရုံ ခိုင်းတာ၊ တခြားဘာနဲ့မှ မရောစေနဲ့အုံး။ မင်း ယာဂုသောက်ပြီး ထပ်အားထုတ်၊ ဒါမှ သမာဓိအားကောင်းမှာ။ “

ဦးကျော်သိန်း နံနက်(၆)နာရီမှ (၈)နာရီအထိ ကြိုးစားအား ထုတ်လေသည်။ထို့နောက် (၉)နာရီတွင် တရားအစစ်ခံရာ

” ဘယ့်နှယ်လဲ မောင်ကျော်သိန်း၊ မင်း သမာဓိကောင်းကောင်း ရပြီလား၊ “ “ မှန်ပါ့ ရပါပြီဘုရား”

” ဘယ်လို ဣရိယာပုထ်နဲ့ အားထုတ်သလဲ “ “ ပထမတစ်နာရီ ထိုင်တဲ့ဣရိယာပုထ်နဲ့ အားထုတ်ပါတယ်၊ ကျန်တဲ့အချိန် စင်္ကနြဲ့ အား ထုတ်ပါတယ်ဘုရား “

” သမာဓိကောင်းတယ်သာ ပြောတာ မင်းရဲ့ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ ရုပ်လက္ခဏာမဟုတ်သေးဘူး။”

“ အရှင်ဘုရား ရုပ်လက္ခဏာကြည့်ရုံနဲ့ သမာဓိ ရ-မရ သိနိုင်ပါ သလားဘုရား။”

(ဆရာတော်သည်ပြုံးလျှက်) “ ဟ မောင်ကျော်သိန်းရ သမာဓိရတဲ့ ရုပ်လက္ခဏာနဲ့ မရတဲ့ ရုပ်လက္ခဏာဟာ အပုံကြီးခြားနား တယ်ဆိုတာ နောက်တော့ ငါပြောပြမယ်။ မင်း အခု ထမင်းစား ရေးချိုးပြီး ခန္ဓာဝန်ကို ပြည့်စုံအောင်ဆောင်ရွက်၊ တရား ထိုင်ချိန်ကျမှ အခင်းကြီး အခင်းလေးကိစ္စတွေ မပေါ်စေနဲ့။” ဟု မိန့်တော်မူမှ ပြီးခဲ့သော (၆)နာရီတရားထိုင်ချိန်က ယင်းကိစ္စများ မဆောင်ရွက်မိ၍ အနှောင့်အယှက် ဖြစ်ခဲ့သည်ကို စဉ်းစားမိပါသည်။

ဦးကျော်သိန်းသည် နောက်နေ့(၁၂)နာရီတွင် တရားစထိုင်ကာ နေ့(၂)နာရီတွင် ဆရာတော်ရှေ့သွားရာ

” မင်း သမာဓိကောင်းကောင်း ရပြီလား။” “ မှန်ပါ့”

**** “ အေး မင်းအခုတော့ သမာဓိရပြီ၊ ဒါပေမယ့် သမာဓိဆိုတာ ပြဒါးချိန်များလိုပဲ၊ အတက်အကျရှိတယ်၊ တရားအားထုတ်တဲ့ အချိန်မှာ တက်တယ်၊ အာရုံကြမ်းနဲ့ တွေ့တဲ့ အချိန်မှာ ကျတယ်၊ ဒါကို သေသေ ချာချာ မှတ်ထား။”

” အေး ဒီလောက်ဆိုရင် တော်လောက်ပြီ၊ ဒီတစ်ခါ ဝိပဿနာ ကိုရှူရမယ်၊ ပထမအချိန်မယ် သမာဓိအားကောင်းအောင် ထူထောင် ရမယ်၊ သမာဓိရလောက်ရင် ဝိပဿနာဘက် ပြောင်းပြီး ရှုရမယ်။”

ဝေဒနာကျော်အောင်ရှု

” သမာဓိလုပ်ခိုင်းတာဟာ သမထလုပ်စေချင်လို့ ခိုင်းတာ မဟုတ်ဘူး၊ စိတ်တည်ငြိမ်ရုံ သမာဓိရရုံ လုပ်ပြီး သမာဓိရလာတဲ့အခါ အာနာပါနကိုလွှတ်ပြီး ဝေဒနာပေါ်ရာကို မလွတ်တမ်း သတိနဲ့ရှု လိုက်တော့ ရှုပါများလာရင် ဝေဒနာကို မတွေ့တော့ပဲ ဖြစ်ပေါ်လာပြီး ပျက်စီးသွားတာကိုပဲ တွေ့ရမယ်၊ ဒီသုခ ဒုက္ခ ဥပေက္ခာဝေဒနာ တွေဟာ အနိစ္စအဖြစ်သာ ရောက်ရှိသွားတယ်လို့ သိလိုက်ရမယ်၊ ဝေဒနာရှုတဲ့ အခါ ဝေဒနာပေါ်လာမယ်၊ နောက် ပညာနဲ့ ရှုလိုက် တော့ အနိစ္စ မမြဲတာကိုသာ တွေ့ရမယ်၊ အဲ့ဒီဉာဏ်ပေါ်ရင် ဝေဒနာချုပ်သွားပြီ၊ ဝေဒနာကျော်သွားပြီလို့ မှတ်ရမယ်၊ အဲ့ဒီဉာဏ် မပေါ်သေးရင် မပျက်သေးရင် ဝေဒနာ မချုပ်သေးလို့ မှတ်ရမယ်၊ “တရားထိုင်နေတဲ့ အားထုတ်နေတဲ့ ယောဂီဟာ ဝေဒနာကျော် သွားအောင် ချုပ်သွားအောင် အားထုတ်နိုင်ခဲ့ရင် တရားထိုင်ပြီးတဲ့ အချိန်မှာ တရားလွှတ်ပြီးတဲ့ အချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံးဟာ ပေါ့ပါးသွက်လက်ပြီး လန်းဆန်းစွာ ရှိနေရမယ်”၊ ဒါကြောင့် ဝေဒနာကို ကျော်အောင် ရှုထားရမယ်၊ ထွက်သက် ဝင်သက် အာနာပါနသမထ လုပ်တာဟာ စိတ်မပြေးရုံ တည်ငြိမ်ရုံ ထိန်းထားတာ၊ နိဗ္ဗာန်ကိုတော့ မရနိုင်ဘူးဆိုတာ သတိပြုပါ။”

” ဝိပဿနာဆိုတာက ပညာလမ်း၊ စိတ်ညွတ်ပြီး ရုပ်နာမ်ရဲ့ လက္ခဏာ ဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ၊ ယခုလက်ရှိ ခန္ဓာကြီးဟာ ပဋိသန္ဓေမှစပြီး သေသည့်တိုင်အောင် မပြက်မစဲ ထပ်တ လဲလဲ ဖြစ်ပျက်နေကြတယ်၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးတို့သာ မုချဧကန်ဖြစ်ပျက် နေကြပါလားလို့ သိမြင်ရမယ်။”

” ရုပ်နာမ်နှစ်ပါးတို့ကား မမြဲ ဆင်းရဲ ငါလည်းမဟုတ် နာမ်ရုပ်တွေ အနတ္တတွေဟု ထင်မြင်မှုများလာတဲ့အခါ ဖြစ်လိုက် ချုပ်လိုက်နဲ့ ချုပ်ချုပ်နေကြတာ အပျက်တစ်ခု, နောက်အဖြစ် တစ်ခု အပျက်တစ်ခု တွေ့မြင်တဲ့အခါ ဥဒယဗ္ဗယဉာဏ် ရောက်တယ်လို့ မှတ်ရမယ်၊ ရှင်းလား”

ဒိဋ္ဌိ, ဝိစိကိစ္ဆာခွာပုံ

” တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုရှင်းမထားရင် ခရီး ရောက်မှာ မဟုတ်ဘူး၊ အဲ့ဒီတော့ ဒိဋ္ဌိ ဝိစိကိစ္စာကို ထပ်ပြီး ပယ်ရ အုံးမယ်၊ မောင်ကျော်သိန်း မင်းသောတာပန် ဖြစ်ချင်ရင် ဘာ အရင် ပယ်ရမလဲ။” “ ဒိဋ္ဌိ ဝိစိကိစ္စာကို အရင်ပယ်ရပါမယ်ဘုရား”

” ဒိဋ္ဌိဝိစိကိစ္စာဆိုတာ ဘယ်မှာကပ်နေလဲ။” “ မသိပါဘုရား”

” ဒိဋ္ဌိဝိစိကိစ္စာဆိုတာ ခန္ဓာငါးပါးမှာ ကပ်နေတယ်၊ ငြိနေတယ်။” “မှန်ပါ့”

” အဲဒီခန္ဓာငါးပါးက ဘယ်ကဖြစ်လာတာလဲ၊ ဘယ်လိုလုပ်ပြီး ဖြစ်ပျက်နေတာလဲ ဆိုတာ မသိလို့ရှိရင် ခုတင်ကပြောတဲ့ ကပ်နေတဲ့ တွယ်နေတဲ့ ငြိနေတဲ့ ဒိဋ္ဌိဝိစိကိစ္စာ ဘယ်လိုနည်းနဲ့မှ မကွာနိုင်ဘူး မပယ်နိုင်ဘူး။”

”ခန္ဓာရဲ့ဖြစ်ကြောင်းချုပ်ကြောင်းကို မသိခဲ့လို့ရှိရင် ဒိဋ္ဌိက ကပ် နေအုံးမှာပဲ၊ အဲ့ဒါကြောင့် ခန္ဓာငါးပါးကို သိချင်ရင် ပဋိစ္စသမုပ္ပါဒ် ကို အရင်သိအောင်လုပ်၊ သွား ငါ့အခန်းထဲက ပဋိစ္စသမုပ္ပါဒ်ပုံစံကဒ်ပြား သွားယူ။”

ဆရာတော်မှ ပဋိစ္စသမုပ္ပါဒ်ကိုသင်ပေးပါသည်။

” ဒိဋ္ဌိဝိစိကိစ္စာ ဘယ်မှာကပ်သလဲဆို ခန္ဓာငါးပါးမှာ ကပ်တယ်၊ ဒါဘယ်သူ့ဆံပင်လဲ ဆိုရင် ငါ့ဆံပင်လို့ မင်းဖြေမှာပဲ၊ ဆံပင်ဆိုတဲ့ ရူပက္ခန္ဓာမှာသွားခိုတယ်၊ ငါလက်ဖက်ရည်သောက်လို့ ကောင်းလိုက်တာ ဆိုရင် ဝေဒနာက္ခန္ဓာသွားခိုတယ်၊ ဒီစာကြောင်းလေး ငါရေးထားတယ် ငါမှတ်ထားတယ်ဆိုရင် သညာမှာသွားခိုတယ်၊ ငါရက်ကန်းခတ်တာ ရှာမှရှားဆိုတာ သင်္ခါရက္ခန္ဓာမှာ ငါသွားခိုတယ်၊ ငါ့စိတ်မစမ်းနဲ့ ဆိုတာ ဝိဉာဏက္ခန္ဓာမှာ ငါသွားခိုတယ်၊ ဒါတွေဟာ ခိုစရာ ကပ်စရာဌာန ဆိုတာသဘောကျပလား။” “ ကျပါပြီဘုရား။”

” ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်းကိုလဲ နားလည်မှ ပဋိစ္စသမုပ္ပါဒ် ချုပ်ကြောင်းကိုလဲ နားလည်မှ ဒိဋ္ဌိရော ဝိစိကိစ္ဆာရော ကွာမယ်၊ ခန္ဓာဖြစ်ကြောင်းမသိရင် ဒိဋ္ဌိဝိစိကိစ္ဆာ ကပ်မယ်၊ ခန္ဓာဖြစ်ကြောင်းကို သိရင် ဒိဋ္ဌိဝိစိကိစ္ဆာ သေမယ်။”

” အကြောင်းနဲ့ အကျိုးပဲရှိတယ်လို့ သိသွားရင် ဒိဋ္ဌိဝိစိကိစ္ဆာ သေသွားပြီ။ ပုဂ္ဂိုလ်သတ္တဝါ ရှိသေးလား၊” “ မရှိတော့ပါဘုရား “

” မင်း အလုပ်ခွင်ဝင်ရမယ့် ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန် ပဋိစ္စ သမုပ္ပါဒ်ပဲ၊ ခုမြင်တဲ့အခိုက် ကြားတဲ့အခိုက် ပေါ်တဲ့ပဋိစ္စသမုပ္ပါဒ်။ ခု တရားထိုင်တဲ့ အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ရှုဖို့ရာ အရေးကြီးတယ်၊ အတိတ်လဲ ပြန်မစဉ်းစားနဲ့၊ အနာဂါတ်လဲ လှမ်းမမျှော်နဲ့၊ ဖြစ်တုန်း ဖြစ်ဆဲ စောင့်ကြည့်ဖို့ပဲ။”

” မင်းက ငါငယ်ငယ်ကရုပ်က ခုကြီးလာတော့လဲ ဒီရုပ်ဒီရည်ပဲ ဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေတယ်၊ သေရင်ပြီးတာပဲလို့ ယူရင် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်နေတယ်၊”

” အပျက်သိရင် သဿတဒိဋ္ဌိစင်တယ်၊ အဖြစ်သိရင် ဥစ္ဆေဒဒိဋ္ဌိ စင်တယ်။ အေး ဒါက အသိနဲ့ စင်ရုံရှိသေးတယ်၊ ရှင်းလား၊ ရုပ်နာမ်ကို ငါစွဲမစွဲနဲ့။” “ မှန်ပါ့”

” ကဲဒီလောက်ဆို တော်လောက်ပြီ၊ မင်း ဆိတ်ငြိမ်တဲ့ နေရာ သွားပြီး အလုပ်ထိုင်ပါ၊ သမထကိုတော့ သမာဓိ ကောင်းကောင်း ရအောင် အားထုတ်ပေါ့၊ ခန္ဓာကိုယ်ကို တည့်တည့်ထိုင်ပါ၊ ဝင်လိုက် တာလဲသိ ထွက်လိုက်တာလဲ သိ၊ သမာဓိအား ကောင်းလာလိမ့်မယ်၊ အဲ့ဒီအချိန်မှာ ဝီရိယကိုလည်း အလျှော့မပေးရဘူး၊ သတိနဲ့ ပညာလည်း တပါတည်း ကပ်လိုက်ပါ၊ ခန္ဓာကိုယ်ကြီးဟာ ဖောက်ပြန်ပြီး ဝေဒနာတွေ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့ ဝေဒနာကို ကျော်အောင် ရှုပါ၊ စိတ်ကို ရှုရင်လဲ စိတ်တွေကိုသိလိုက်ပါ၊ ဒီလိုသိနေတဲ့ကြားထဲက အသံတစ်ခုခု ကြားလိုက်ရင်လဲ ကြားလိုက်ပြန်ပြီဟု သိလိုက်ပါ။”

စိတ္တာနုပဿနာ

” အေး သိပြီးရင် မင်းအသိဉာဏ်က ဘဝင်ဟဒယဝတ္ထုမှာ ရှိတယ်လို့မှတ်၊ ဘဝင်အသိဉာဏ်က နေပြီး လေကိုသွင်းတဲ့စိတ် လေကိုထုတ်တဲ့စိတ် အမြဲရှုနေပါ၊ အဲ့ဒါ အိမ်သည်စိတ် ၂-ပါးလို့မှတ်၊ နောက်ဒီလိုရှုနေရင် အသံကြားလိုက်ရင် ကြားစိတ်၊ နှာခေါင်းက အနံ့အသက် နံရင် နံစိတ်၊ လျှာပေါ်မှာ စားစိတ်၊ မျက်စိဖွင့်လိုက်ရင် မြင်စိတ်၊ ကိုယ်ပေါ်မှာ တစ်ခါတစ်လေ တွေ့ထိရင် ခံသာတဲ့စိတ်၊ တစ်ခါတစ်လေ မခံသာတဲ့စိတ်ပေါ်တယ်၊ အားလုံး ခြောက်မျိုး ပေါ်မယ်၊ “

” အဲ့ဒီ ခြောက်မျိုးဟာ အမြဲပေါ်နေလား၊” “ မပေါ်ပါဘုရား “

” တစ်ခါတလေမှပေါ်တော့ အပြင်ဧည့်သည်ခြောက်ယောက်လို့ မှတ်ပါ။ အိမ်သည်စိတ်ကို ရှုနေရင်း ခြင်ကိုက်လိုက်လို့ မခံသာတဲ့စိတ် ယားတဲ့စိတ်ပေါ်ရင် အဲ့ဒီ ယားတဲ့စိတ်ကို ရှုပါ။”

” နောက် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘ စိတ်၊ အဒေါသစိတ် ဒီငါးခုက ဟဒယဝတ္ထုပေါ်မှာပေါ်လို့ အတွင်း ဧည့်သည် ငါးယောက်လို့မှတ်၊ အမောဟစိတ်ကို မထည့်ဘူး၊ သူက ပေါ်သမျှ ရှုရမယ့်စိတ် ဖြစ်နေလို့ပဲ၊ ဒီဧည့်သည် တစ်ဆယ့်တစ်ယောက် ထဲက ပေါ်ရာကိုရှုပါ၊ တစ်ခုပေါ်ရင် ကျန်တဲ့ဧည့်သည်စိတ်က မပေါ် ပါဘူး၊ ပေါ်တာကိုရှုပါ။”

” ကောင်းပြီ ဒါတွေဘာမှမပေါ်လို့ရှိရင် လေကိုသွင်းတဲ့စိတ် လေကိုထုတ်တဲ့စိတ် ဒီစိတ်နှစ်ပါးကို အမြဲမပြတ်ရှုနေရုံပဲ၊ ဒီစိတ် နှစ်ပါးက အိမ်သည်စိတ်လို့မှတ်။”

ပင့်ကူဥပမာ

****” နောက်တစ်နည်းက မင်းတို့လို တရားအားထုတ်တဲ့ ယောဂီများဟာ ပင့်ကူများလို အမြဲကျင့်သုံးရမယ်၊ ပင့်ကူများဟာ သူ့ဒွါရက အမျှင်လေးတွေထုတ်ပြီး ကွန်ယက်အဝိုင်းကြီး ပင့်ကူအိမ် ဖွဲ့လုပ်ထားပြီး အလယ်ဗဟိုချက်ကစောင့်ရင်း ပေါ်ရာကို လာသမျှ ပိုးမွှားမိရာကို လိုက်စားပြီးရင် အလယ်ဗဟိုချက်ပြန်ထိုင်သလိုပဲ ဘာမှ မမိသေးရင် အလယ်ဗဟိုမှာထိုင်ပြီး ပိုးမွှားများကို စောင့်နေသလို မင်းတို့ကလဲ ဘာမှမပေါ်သေးရင် ထွက်လေဝင်လေကို ပြန်ရှုပါ။”

” စိတ်ကိုရှုတဲ့အခါ မထိုင်ခင် ပထမတရားထိုင်တော့မယ်လို့ စိတ်ကူးလိုက်ရင်ပဲ အရင်းဆုံး ထိုင်ချင်တဲ့စိတ်ပေါ်လာမယ်၊ အဲ့ဒီ ပေါ်လာတဲ့ ထိုင်ချင်တဲ့စိတ်လေးကို ရှုလိုက်ပါ၊ ဖြစ်ပေါ်လာပြီး ပျက် သွားတာကို တွေ့ရမယ်၊ ကိုယ့်သန္တာန်မှာ ပေါ်တဲ့ ထိုစိတ်လေးဟာ ထိုင်လဲထိုင်ရောမရှိတော့ဘူး၊ အဲ့ဒါကို ဉာဏ်နဲ့မြင်အောင်ကြည့်၊ ကြည့်တော့ ထိုင်ချင်တဲ့စိတ်ကလေးမရှိတော့ဘူးလို့ သိတယ်၊ ဒီလို သိတာ ‘ယထာဘူတဉာဏ်’ ပဲ။”

” ဘာမှမပေါ်ရင် ခုတင်က ပြောထားတဲ့ လေကိုထုတ်တဲ့စိတ် လေကိုသွင်းတဲ့စိတ်ကို တစ်လှည့်စီ ရှုရှုပေးပါ၊ ဒါကိုမိအောင်ရှုပေးဖို့ အရေးကြီးတယ်၊ များများရှုမိရင် မြန်မြန်တက်မယ်၊ နဲနဲရှုမိရင် အတက်နှေးမယ်၊ ရှုစိတ်ကြားမှာ ကိလေသာခိုနေရင် မရနိုင်ဘူး၊ ကိလေသာ ကြားမခိုအောင် လုပ်ပါ၊ ရှုစရာမရှိဘူးဆိုပြီး မရှုပဲနေရင် အဝိဇ္ဇာဝင်လာမယ်၊ ဒါကိုမင်းတို့ သတိထား၊ ကဲ သွား တရား ထိုင်ချေ တော့။”

ဆရာတော်ကြီးသင်ပေးသောစိတ္တာနုပဿနာဆောင်ပုဒ်။

ဧည့်သည် အိမ်သည်၊ စိတ်နှစ်သွယ်၊ ကိုယ်ဝယ်အမြဲလှည့်။

အကြောင်းတိုက်ခါ၊ ပေါ်ထွက်လာ၊ စိတ်မှာဧည့်သည်နဲ့။

ရှူရှိုက်စိတ်မှာ၊ အိမ်သည်လာ၊ မှန်စွာမြဲတည်ဘိ။

ဧည့်သည်ခြောက်ယောက်၊ စိတ်ကြံပေါက်၊ လာရောက်ခိုဝင်၏။

ဧည့်သည်ထွက်ဝင်၊ သတိယှဉ်၊ ဉာဏ်မြင် ရှုမှတ်ကြည့်။

အရှုများလာ၊ ပျက်မြင်လာ၊ ပြုတ်ကွာမျိုးဒိဋ္ဌိ။

ထို့နောက် နေ့ ၂-နာရီမှ ညနေ ၄-နာရီတိုင်တရားထိုင်၊ ထို့နောက် ညနေတရားပွဲတွင် အများနှင့် ရောကာ တရားနာ၊နောက် ည ၈-နာရီတွင် ဆရာတော်ကြီးထံတွင် တရားအစစ်ခံရာ–

” မင်း သမာဓိကောင်းကောင်းရရဲ့လား။” “ ရပါတယ်ဘုရား၊ အလင်းရောင်လဲ မြင်ရပါတယ်ဘုရား။”

” အို .. ဒါတွေ ဂရုမစိုက်ပါနဲ့၊ ဒီလိုသမာဓိရလာရင် ပညတ်နိမိတ် အာရုံအမျိုးမျိုး ပရမတ်နိမိတ် အာရုံအမျိုးမျိုးကို တွေ့မြင် ရမယ်၊ ဒါတွေကို ဆက်မလိုက်နဲ့။” “မှန်ပါ့”

” ဝေဒနာကော တွေ့ရဲ့လား။” “ တွေ့ပါတယ်ဘုရား။ “

” ဘယ်လိုတွေ့တာလဲ။” “ ကြာကြာဖိထိုင်လိုက်တော့ ထုံကျင် ကိုက်ခဲ လာပါတယ်ဘုရား။” “ အဲ့ဒါကို မင်းဆက်လိုက်သလား။”

” လိုက်ပါတယ်ဘုရား။ “

” မင်းဟာက ဝေဒနာကို တမင်တကာ လုပ်ယူသလို ဖြစ်နေတယ်၊ ထိုင်နည်းလိုသေးတယ်။”

ထိုင်ပုံထိုင်နည်း

” မှန်ပါ့၊ တပည့်တော် ထိုင်ပုံထိုင်နည်း သေသေချာချာ မသိသေးပါဘုရား။”

****” ထိုင်တဲ့အခါ တင်ပလ္လင်ခွေ ထိုင်ပါ၊ ခါးကို ဖြောင့်ဖြောင့် မတ်မတ်ထား၊ ရှေ့လည်းမငိုက်နဲ့၊ ဘေးလည်း မစောင်းနဲ့၊ ခေါင်းက လည်း ဘယ်ဘက်မှ မစောင်းနဲ့၊ မင်း ခါး အထက်ပိုင်း ကိုယ်ကြီးဟာ ရှေ့နောက်ဘေး ယိမ်းယိုင်နေရင် အရိုးအဆစ်တွေ အဆက်ချင်း တည့်တည့်မနေတဲ့ အတွက် မကြာခင် နာလာလိမ့်မယ်၊ ဝေဒနာကို တွေ့ဖို့ရာထားအုံး၊ သမာဓိကို ရအောင်တောင် မထိုင်နိုင်ပဲ နေမှာ စိုးရတယ်၊ ခါးအောက်ပိုင်းကလည်း သိပ်တင်းကျပ်ပြီး ခြေထောက် ချင်း ဖိမထားရဘူး၊ ဖိထားခဲ့လို့ ရှိရင် သွေးလွှတ်ကြော သွေးပြန်ကြော ကိုက်ခဲလာမယ်၊ ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကို တမင်လုပ်ပြီး ယူရာကျတယ်၊ ဒီအချက်တွေဟာ မင်းတို့လို တရားထိုင်စ ယောဂီတွေ အတွက် အရေးကြီးတယ်။”

” ဝင်သက်ထွက်သက်ကို မှန်မှန်ရှူရှိုက်ရမယ်၊ သိပ်ပြင်းပြင်း ထန်ထန် မြန်မြန်ဆန်ဆန် ရှူရှိုက် လိုက်လို့ရှိရင် ကိုယ့်ကိုယ်ကို ညှင်းဆဲ ရာကျမယ်၊ မင်းအခု နှာခေါင်းက ဝင်သက်ရှူလိုက်တဲ့အခါ လေထဲ မှာရှိတဲ့ တေဇောဓာတ် အသက်ရှူရာမှာ ပါသွားပြီး အာခေါင် အပေါက်နားက အဆုတ် လေသွင်းပြွန်ထဲ ရောက်ပြီး ညာဘက် အဆုတ်ကို လေပြွန်တစ်ချောင်း၊ ဘယ်ဘက်အဆုတ်ကို လေပြွန် တစ်ချောင်း ခွဲဝင်ရတယ်၊ နောက်ဆုံး အဆုတ်မှာရှိတဲ့ လေအိတ် ငယ် ကလေးပေါင်း များစွာရှိတဲ့ နေရာ ရောက်တဲ့အခါ ခန္ဓာကိုယ် သက် ဆိုင်ရာကို အပူခွန်အား တေဇောဓာတ် ရရှိတယ်၊ ဒါကြောင့် အဆုတ် ရောက်အောင် အသက်ရှူလိုက်တဲ့ အခါတိုင်း အဆုတ်ဟာ ကျယ်ပြန့် သွားနိုင်အောင် ခန္ဓာကိုယ် အထက်ပိုင်းကို တရားထိုင် တဲ့အခါ တည့်တည့် မတ်မတ် ထားရမယ်။ အဲ့ဒီလိုထားရင် အဆုတ် လေအိတ် လေးတွေ လေပြည့်နေမှ မိမိတို့ခန္ဓာကိုယ်ကြီးက နာရီများများ တရား ထိုင်နိုင်မယ်၊ အဆုတ်ကို လေအပြည့် မသွင်းနိုင် မထုတ်နိုင်ရင် မောလာမယ်၊ ပန်းလာမယ်၊ ဒီအချက်ဟာ တရားထိုင်တဲ့ ယောဂီများ အတွက် အရေးကြီးတယ်။” “ မှန်ပါ့”

” မင်းတို့ တစ်ခါရှူလိုက်ရင် နှလုံးဟာ လေးကြိမ်လေးခါ လှုပ်ရှားရမယ်၊ ညှစ်ထုတ်ရမယ်၊ တစ်မိနစ်မှာ (၁၆)ကြိမ်မှ (၁၈)ကြိမ် အထိ အသက်ရှူရ ရှိုက်ရတယ်၊ နှလုံးက ၆၄-မှ ၇၂-ကြိမ်ထိ လှုပ်ရှား ညှစ်ထုတ်ရတော့ အသက်ကိုအလွန်အမင်း ပြင်းပြင်းထန်ထန် ရှူလိုက် ရှိုက်လိုက်ရင် နှလုံးဟာ ဘယ်လောက်အလုပ်များပြီး ပင်ပန်းမလဲ၊ တရားမရပဲ ရောဂါရဖို့သေချာတယ်။”

” တရားအားထုတ်တဲ့ ယောဂီဟာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ချင်လို့ အားထုတ်တာ၊ သိပ်အပင်ပန်းခံ အားထုတ်လို့ ရှိရင် မရနိုင်ကြောင်းကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘ငါဘုရား သည်ပင် ဒုက္ကရစရိယ ကျင့်စဉ်က အလွန်ပင်ပန်းတဲ့အကျင့်ကို ကျင့်ပါ လျက်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရခဲ့ဘူး’ လို့ ဝန်ခံထားတယ်၊ ဒါ ကြောင့် မဇ္ဈိမပဋိပဒါ အလယ်အလတ်ပဲ ကြိုးစားရမယ်။”

” တို့ရဲ့ ဒီနှလုံးဟာ လက်သီးဆုတ်ပမာဏရှိတယ်၊ အဆင်း ကတော့ နီခြောက်ခြောက်ရှိပြီး အတွင်းမှာ အခေါင်းကြီးရှိတယ်၊ ဒီအ ခေါင်းအတွင်းမှာ တစ်ဆုတ်စာလောက် အသစ်အသစ်ဖြစ်နေတဲ့ နှလုံး သွေးနီ တေဇောဓာတ်ရှိနေတယ်၊ အဲ့ဒီနှလုံးသွေးကို ဟဒယဝတ္ထုရုပ်က မှီနေရတယ်၊ ဒီဟဒယဝတ္ထုရုပ်ဟာ မနောဓာတ် မနော ဝိညာဏဓာတ် စိတ်စေတသိက်တို့ရဲ့ တည်ရာဌာနပဲ၊ မနောဝိညာဏဓာတ် စိတ် တွေက ခိုင်းလို့ တို့ရုပ်တွေက လိုက်လုပ်နေရတယ်။”

” စိတ်စေတသိက်တွေရဲ့ အစွမ်းကြောင့် နှလုံးသွေးဟာ အဆင်း အမျိုးမျိုးဖြစ်ရတယ်၊ ရာဂအားကြီးရင် နီရဲရဲ၊ ဒေါသ အားကြီးရင် မဲပုတ်ပုတ်၊ မောဟအားကြီးရင် အမဲသား ဆေးထားတဲ့ ရေလို နီကျဲကျဲ ဖြစ်လာတယ်။ ဝိတက်အားကြီးတဲ့အခါ ပဲပိစပ်ပြုတ် ရေလို နီနောက် နောက်၊ သဒ္ဓါအားကြီးရင် ဝါဖြော့ဖြော့ကနေ အဖြူရောင်သန်း လာတယ်၊ ပညာအားကြီးရင်တော့ ဆွတ်ဆွတ်ဖြူ ရာကနေ မှန်ကဲ့သို့ ကြည်လင် လာပြီး မဏိဇောတပတ္တမြားလို အလင်း ရောင်တွေ တောက်ပလာတယ်။”

” ဒီနှလုံးက ညှစ်လွှတ်လိုက်တော့ ဗဟိုသွေးကြောကနေ တကိုယ်လုံး ပျံ့နှံ့သွားတော့ ဒေါသဖြစ်နေတဲ့ သူဟာ မဲပုတ်ပုတ်သွေး တွေ တကိုယ်လုံးပျံ့နှံ့သွားတယ်။”

” ဘုရား ရဟန္တာများကျတော့ နှလုံးသွေးဟာ အထူးကြည်လင် နေလို့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပပြီး ရောင်ချည်တော် လွှတ် တဲ့အထိ ဖြစ်ရတယ်။”

” စိတ်ဟာနှလုံးသွေးကို မှီနေတယ်၊ နှလုံးသွေး ဖောက်ပြန်ရင် စိတ်လဲ ဖောက်ပြန်လာတယ်၊ မင်းတို့ရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံး ထိန်းချုပ်နိုင်အောင် နှလုံးကနေ အကောင်းဆုံးသွေးကို ဦးနှောက်ကို ပို့ပေးနေတယ်။”

” သွေးကောင်းရောက်အောင် မပို့နိုင်ရင် မူးဝေမယ်၊ မေ့မြော မယ်၊ နောက် ရူးသွားနိုင် အသက်ဆုံးတဲ့အထိ ဖြစ်နိုင်တယ်။”

ခေါင်းမတ်မတ်ထား

” ဒါကြောင့် နှလုံးသွေးဖောက်ပြန်အောင် မလုပ်ဖို့၊ သွေးကြော ကိုလဲ မထိခိုက်ဖို့ လိုတယ်၊ ကောင်းပြီ လည်ပင်းသွေးကြော နှစ်ခုကို ဖိနှိပ်ထားလိုက်ရင် နှလုံးသွေးကြောနဲ့ တစ်ဆက်တည်း ဖြစ်နေတော့ သွေးဖောက်ပြန်ပြီး ဘဝင်ကျ မေ့မြောသွားတတ်တယ်။”

****” ဒါကြောင့် တရားထိုင်ချိန်မှာ လည်ပင်းကို ရှေ့နောက် ဘေးစောင်း နေရင် အချိန်ကြာမြင့်တော့ ထိုင်းမှိုင်းတွေဝေ မေ့မြော နေတတ်တယ်၊ ဒါဟာ တရားအားထုတ်တဲ့ ယောဂီတွေ ကျပ်ကျပ် သတိထားဖို့ လိုတယ်လို့ အမြဲသတိပေးနေရတယ်၊ တရားအား ထုတ်ရင်း ခေါင်းကို ရှေ့နောက်ဝဲယာ အချိန်အကြာကြီး စိုက်စောင်း ထားလို့ မေ့မြောနေတတ်တာဟာ တရားသဘော မဟုတ်ဘူး။”

”မောင်ကျော်သိန်း မင်းက တစ်ခါမှ အားမထုတ်ဘူးတော့ ခန္ဓာကိုယ်ကြီးကို ဓာတ် သဘောနဲ့ ဘယ်လိုဖွဲ့စည်းနေတယ် ဆိုတာ ရှင်းအောင်ပြောရတာ။ကဲ ဒီနေ့ ဒီလောက်ပဲ၊ မင်းလဲ သွားပြီး တရား အားထုတ်ချေတော့။”

ဆရာတော်ကြီး အမိန့်ရှိသည့်အတိုင်း တရားထိုင်ရာ အရင်ရက် များက ထိုင်သည်ထက် အချိန်ကြာမြင့်စွာ ထိုင်နိုင်ကြောင်းကို တွေ့ရှိ ရပါ၍ လွန်စွာဝမ်းမြောက် ရွှင်လန်း အသိဉာဏ်ရင့်သန် ပွင့်လင်း လာပါတော့၏။

နောက်နေ့၌ ဆရာတော်ကြီးမှ ဆဓာတုဝိဘင်္ဂကမ္မဋ္ဌာန်း (ဓာတ်ခြောက်ပါး)ကို ပေးပါသည်။ အကျယ်ကို ၎င်းင်းထေရုပ္ပတ္တိ စာအုပ်မှာ ရှုပါ။

ဓာတ်ခြောက်ပါး

ဓာတ်ခြောက်ပါး ဆိုသည်မှာ (၁) ပထဝီဓာတ်- မြေဓာတ်၊ (၂) အာပေါဓာတ်-ရေဓာတ်၊ (၃) တေဇောဓာတ်-မီးဓာတ်, အပူဓာတ်၊ (၄) ဝါယောဓာတ်-လေဓာတ်၊ (၅) အာကာသဓာတ်၊ (၆) ဝိညာဏဓာတ်- သိမှု, နာမ်ဓာတ်။

မှတ်ချက်။ ။ မိုးကုတ်ဆရာတော်ကြီးက ၁၃၁၈-တော်သလင်း လဆန်း (၁၃)ရက်နေ့ညက ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းကို ဟောရင်း “ ကုစ္ဆိသယလေနဲ့ အင်္ဂမင်္ဂါနုသာရီလေတို့ဟာ ငါ့ကိုဖြတ်မယ်၊ သွေးကြော တွေပေါက်မယ်၊ သွေးကအခဲ လေကအတိုး ငါ့အကြောတွေ ပြတ်တဲ့ အခါ မင်းတို့ကတော့ လေဖြတ်တယ် လို့ဆိုမှာပဲ၊ မဟုတ်ဘူး ကံဖြတ် တာ။” ဟု ခြောက်နှစ်ခန့်ကပင် ကိုယ်တိုင်ကြိုတင် ဟောထား ခဲ့လေ သည်။

မှတ်ချက်။ ။ဦးကျော်သိန်း ရေးသားသော် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိနှင့်ကျင့်စဥ် စာအုပ်မှ ကောက်နှုတ်၍ အဆင်ပြေအောင်ပြန်လည်စာစီထားခြင်းဖြစ်သည်။

****************

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယ

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိပြုတ်မည်။

ဒိဋ္ဌိကို အသိနဲ့ဖြုတ်ပြီး အားထုတ်မှ အားကြီးသော ဝိပဿနာ ဖြစ်မည်။

ဗလဝဝိပဿနာက သာလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ကျေးဇူးပြု နိုင်မည်။

(အောက်ထစ်ဆုံး သောတာပတ္တိမဂ်ရမှသာလျှင် အပါယ်တံခါး ပိတ်မည်။)

၁။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ၂။ ဒိဋ္ဌိဖြုတ် ၃။ ဖြစ်ပျက်ရှု

ပရိညာ(၃)ပါး=ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ။

(သိပြုတ်၊ ပွားပြုတ်၊ ပယ်ပြုတ်)

ဉာဏ်စဉ်(၃)ပါး= သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်။

(ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး)

ဉာတပရိညာ (ဒိဋ္ဌိကိုအသိနဲ့ပြုတ်ပုံ။ ဒိဋ္ဌိဝိသုဒ္ဓိ+ ကင်္ခါဝိတရဏဝိသုဒ္ဓိ)

တီရဏပရိညာ (ဖြစ်ပျက်ရှုခြင်း၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးပါး ရှုခြင်း)

ပဟာနပရိညာ (အပျက်ချည်းပဲ ဆက်တိုက်မြင်သော ဘင်္ဂဉာဏ်မှ စ၍ မဂ်ဉာဏ် တိုင်အောင်သည် ပဟာနပရိညာ)

၁။ နာမ်အကြောင်း ရုပ်အကျိုး (မတ်တတ်ရပ်ချင်တာကနာမ် ရပ်တာကရုပ်)

နာမ်က (စိတ်က) အခိုင်းသမား၊ ရုပ်က အလုပ်သမား။

ဒိဋ္ဌိ ၊ ဝိစိကိစ္ဆာ ဖြုတ်ပုံ

ဥပမာ။ ။ ဘယ်သူမတ်တတ်ရပ်တာလဲ။ ရုပ်နာမ် ရပ်တာ ။(သက္ကာယဒိဋ္ဌိပြုတ်)

ဘာကြောင့် ရပ်တာလဲ။ ရပ်ချင်တဲ့စိတ်ကြောင့် ရပ်တဲ့ရုပ် ဖြစ်တာ။ (ဝိစိကိစ္ဆာ ပြုတ်)

(ထိုင်ချင်တဲ့စိတ်ကြောင့် ထိုင်တဲ့ရုပ်၊ သွားချင်တဲ့စိတ်ကြောင့် သွားတဲ့ရုပ် စသည်ဖြင့်သိပါ။)

၂။ အာရုံဒွါရကအကြောင်း စိတ်ကအကျိုး

အာရုံ= အဆင်း, အသံ, အနံ့, အရသာ, တွေ့ထိစရာ, ကြံတွေးစရာ။

ဒွါရ= မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်။

ဥပမာ။ ။(နားနှင့် အသံနဲ့တိုက်တော့ ကြားစိတ်ပေါ်)။ နားနဲ့အသံက အကြောင်း၊ ကြားစိတ်က အကျိုး။ အကြောင်းကြောင့် အကျိုးဖြစ်။

အကြောင်းပေါ်မှာ ဉာဏ်ရှင်းလျှင် ဝိစိကိစ္ဆာ ပြုတ်၊

အကျိုးပေါ်မှာ ဉာဏ်ရှင်းလျှင် ဒိဋ္ဌိပြုတ်၊

”​ဪ ရုပ်နာမ် ဆိုတာလည်း နဂိုထဲက ကြိုရှိနေတာ မဟုတ်။ အကြောင်း တိုက်ဆိုင်မှ ပေါ်လာတဲ့ တရားပဲ။ ပေါ်ပြီးတာနဲ့ တစ်မိနစ် တစ်စက္ကန့်မျှ တည်မြဲ မနေပဲ ပျက် သွားရတာပဲ။ ဥပမာ – ကြားသိစိတ် ဆိုတာ နားနဲ့အသံ ဆုံမှ ပေါ်လာတာပဲ။ နဂိုက ကြိုမရှိ။ ပေါ်လာပြီးတော့လဲ ပျက်သွား ရတယ်။ ဘာကြောင့် ပျက်လဲ ဆိုတော့ သူ့ကို ဖြစ်စေတဲ့ နား၊ အသံ ဆိုတဲ့ အကြောင်း ချုပ်သွာလို့။ အကြောင်း ဖြစ်လို့ အကျိုးဖြစ်၊ အကြောင်း ချုပ်လို့ အကျိုး ချုပ်သွားတာပဲ။ အကြောင်း ကလဲ ငါမဟုတ်လို့ အနတ္တ၊ အကျိုးကလဲ ငါမဟုတ်လို့ အနတ္တ၊ အကြောင်း အနတ္တမို့ အကျိုး အနတ္တ ဖြစ်တာပဲ။ ကြားစိတ်ဟာ ပင်ကိုကပင် သူ့ဟာသူ ဖြစ်နိုင် တည်နိုင်တဲ့ သတ္တိ မရှိ။ အတ္တသတ္တိ ဆိတ်သုဉ်း နေတယ်။” ဒီလိုမြင်မှ ပြည့်စုံတဲ့ အမြင်ဖြစ်မှာပါ။

ဖြစ်ပျက် မြင်လျှင် ဒိဋ္ဌိ (၃)မျိုး ပြုတ်သည်

အဖြစ်ကို မြင်ရင် (ငါစွဲ) သက္ကာယဒိဋ္ဌိပြုတ်သည်။

အပျက်ကို မြင်ရင် ခိုင်တယ် မြဲတယ်လို့ စွဲထားတဲ့ သဿတဒိဋ္ဌိပြုတ်သည်။

နောက်တစ်ခု အစားထိုးတာမြင်ရင် ဥစ္ဆေဒဒိဋ္ဌိ ပြုတ်သည်။

(တနည်း)

အဖြစ်ကို မြင်ရင် သက္ကာယနှင့် ဥစ္ဆဒ ပြုတ်သည်။ အပျက်ကို မြင်ရင် သဿတ ပြုတ်သည်။

စိတ္တာနုပဿနာ ရှုပွားနည်း

အပြင်ဧည့်သည် (၅)ယောက်၊ အတွင်းဧည့်သည် (၆)ယောက်၊ အိမ်သည် (၂)ယောက် ရှုနည်းများကို လေ့လာထားပါ။

စိတ်သည် အာရုံတစ်ခုခုကို သိ၏။ သိနေတာ စိတ်က သိနေခြင်း ဖြစ်၏။ ၎င်းင်းသိတတ်သော စိတ်ကို အရှုခံထား၍ ပြန်ရှုခြင်းဖြစ်သည်။ လုပ်မတတ်လျှင် သီသီလေးကပ်လွဲတတ်၏။

နွားရိုင်းဥပမာ (သမာဓိထူထောင်ပုံ)

နွားကျောင်းသားဟာ နွားရိုင်းကိုဆုံးမချင်ရင် ချည်တိုင်ကိုခိုင်ခိုင်စိုက်၊ နွားရိုင်းကိုနဖားကြိုးထိုး၊ ချည်တိုင်မှာ မြဲမြဲချည်ပြီး ဆုံးမသလို မင်းရဲ့ကမ္မဋ္ဌာန်းအာရုံတည်း ဟူသော ချည်တိုင်မှာ နွားရိုင်းနဲ့ တူတဲ့စိတ်ရိုင်းကို ကြိုးနဲ့တူတဲ့ သတိတရားဖြင့် တင်းတင်းကျပ်ကျပ်ချည်ပြီး ဆုံးမရမယ်။ (မိုးကုတ်ဆရာတော်)

နှားသီးဖျား နှာခေါင်းဝနားမှာ စိတ်ကိုထား၍ ဝင်လေ ဝင်လာတိုင်း ထွက်လေ ထွက်သွားတိုင်း သိပေးနေပါ။ လေကြောင်းနောက် လိုက်မကြည့်ရ။ နှာသီးဝ ထိချက်မှာပဲ သတိကပ်ထားပါ။

တောင်ပို့ ဥပမာ (ဖွတ် ဥပမာ)

အပေါက်ခြောက်ပေါက်ရှိတဲ့ တောင်ပို့ကြီးမှာ ရှိနေတဲ့ ဖွတ်သတ္တဝါကို အမိဖမ်းချင်ရင် အပေါက်ငါးပေါက်ကို လုံအောင် ပိတ်လိုက်ပါ။ ကျန်နေတဲ့ တစ်ပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို အမှန်ဖမ်းမိသလို ၊ မင်းရဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် ဆိုတဲ့ ငါး ပေါက်ကို ပိတ်ပြီး ကျန်တဲ့ မနောစိတ်ဆိုတဲ့ အပေါက်က စောင့်ဖမ်း၊ မင်းရဲ့ ဖွတ်နဲ့တူတဲ့ စိတ်ကို မိရောပေါ့။ (မိုးကုတ်ဆရာတော်)

ရင်ညွန့်နားလောက် နှာခေါင်းနောက်နားလောက်က (စိတ်ထဲ စကားပြောသလို ဖြစ်တဲ့ နေရာနား လောက်ကနေပြီး) လေကိုရှူချင်တဲ့စိတ် ရှူတာသိနေတဲ့စိတ်ကို အိမ်ရှင်အရှုခံ ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အာရုံဒွါရ တိုက်တိုင်းပေါ်နေတဲ့ စိတ်ကို ပျက်ပျက် ပျောက်ပျောက် သွားတာကို သိပေးနေပါ။ နောက်ပိုင်း ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ဖြစ်ပျက်နေတာတွေ့ရလိမ့်မည်။

အစပိုင်း၌ အသံကြားရင် နားဆီစိတ်ရောက်မယ် အသံလာရာ နေရာဆီ စိတ်ရောက်မယ် ဘာသံပဲလို့နာမည်တပ်ပြီး သိမယ်။ (ဉာဏ်နုသေးရင် ပေါ်တဲ့နေရာကို ပင့်ကူဥပမာဖြင့် လိုက်ရှုမည်)

ပင့်ကူဥပမာ

ပင့်ကူတစ်ကောင်သည် ပင့်ကူအိမ် အလယ်၌ ထိုင်နေ၏။ ပိုးကောင်တစ်ကောင်သည် ပင့်ကူ အိမ်ထောင့် တစ်နေရာ၌ လာငြိကပ်ရာ ပင့်ကူသည် ၎င်းင်းပိုးကောင်ရှိရာနေရာသို့ သွားစား၏။ စားပြီးလျှင် ပင့်ကူအိမ်အလယ်၌ ပြန်ထိုင်၏။ ပင့်ကူဥပမာဖြင့် အသံကြားစိတ် နေရာညွတ်တဲ့စိတ် နာမည်တပ်တဲ့စိတ်တွေကို လိုက်ရှုပါ။ ကိုယ်ကြည့်လိုက်ရင် သူမရှိတော့ဘူး။ ပျက်မှန်းသိပေးလိုက်ပါ။ ပြီးရင် ဝင်လေထွက်လေ အိမ်သည်စိတ် ပြန်ထိုင်ပါ။

ဖြန့်ရှု စိုက်ရှု

ဖြစ်ပျက် ကောင်းကောင်းမမြင်သေးလျှင် တကိုယ်လုံးကို ဖြန့်ပြီး ပင့်ကူဥပမာဖြင့်ရှုပါ။

မရှုနိုင်လောက်အောင် များပြားသော တဖျပ် ဖျပ်နဲ့ ဖြစ်ပျက်နေတာ မြင်လာလျှင် အဲ့ဒီနေရာ (ဖြစ်ပျက်ကို) (မနောဒွါရကို) စိုက်ရှုပါ။

ဉာဏ်ရင့်လာလျှင် ဘာစိတ်ဖြစ်ဖြစ် ကိုယ်ကြည့်လိုက်လျှင် သူမရှိတော့၊ ရိပ်ခနဲ ရိပ်ခနဲ ပျောက်သွားတာ အပျက်ချည်း ဆက်တိုက် သိလာမည်။

တဖျပ်ဖျပ်နဲ့ ပျက်နေတာကို စိုက်ကြည့်နေလျှင် မကြာမီ မုန်းဉာဏ်၊ ကိစ္စဉာဏ် တက်လာလိမ့်မည်။

ဣန္ဒြေညှိနည်း

(ဝီရိယလွန်ပုံ) ပျက်ပျက်သွားတာ ပျောက်ပျောက်သွားတာ ရှုနေရင်းနဲ့ စိတ်ထဲက လောကြီးလာလျှင် ယောက်ယက်ခတ်တတ်၏။ ထိုအခါ စိတ်ကိုနည်းနည်းပြန်လျှော့ချပါ။ ရှုနေရင်း အားစိုက်တာ များသွားလျှင် နီနီ, ဝါဝါ စသည်ဖြင့် ပညတ်အာရုံ ဖြစ်သွား တတ်၏။ ထိုအခါ သတိထားပြီး ဝီရိယကို ပြန်လျော့ပါ။ တဖျပ်ဖျပ် ဖြစ်ပျက်ကို မလွတ်စေရ။

(သမာဓိလွန်ပုံ) ရှုနေရင်း ငြိမ်နေတာ များလျှင် အိပ်ငိုက် လာတတ်၏။ ထိနမိဒ္ဓသည် သမာဓိ အယောင်ဆောင်တတ်သည်။ ဖြစ်ပျက်အာရုံ မထင်ရှားပဲ မှိန်းတိမ်း မှန်းတိမ်း ဖြစ်လာလျှင် ဝီရိယ ပြန်တင်ပါ။ (ဝီရိယနှင့် သမာဓိ ညှိပါ။)

(သဒ္ဓါလွန်, ပညာလွန်)

သဒ္ဓါလွန်ရင် ဆရာသမားများ အပေါ် ကျေးဇူးတင်မှု ပညာ လွန်ရင် ဝေဖန်မှု စတဲ့ တွေးစိတ်တွေ ပေါ်လာခဲ့သော် သတိထားပြီး ဖြစ်ပျက် ပြန်ရှုပါ။ သတိလစ်လို့ မရပါ။ (သဒ္ဓါနှင့် ပညာ ညှိပါ။)

မုန်ဉာဏ်ရောက်နေချိန်၌ ပေရှုရန် (မိုးကုတ်, ၁၅-၁၂-၆၁)

မုန်းဉာဏ်တက်လာရင် သတိထားစရာတစ်ခု သတိပေးချင်တယ်၊ ရှုလည်း မရှုချင် တော့ပါဘူး ဆိုပြီး တော်ရာ သွားချင်တဲ့စိတ်၊ ဒီအလုပ် မလုပ်ချင်တော့ပါဘူး ဆိုတဲ့ စိတ်တွေ၊ ဒီနေရာ မနေချင်တော့ပါဘူး ဆိုတဲ့စိတ်တွေ ပေါ်တတ်တယ်။ အဲ့ဒါတွေ ပေါ်လာရင် ထ,လည်း မသွားပါနဲ့၊ နေရာလည်း မရွှေ့လိုက်ပါနဲ့၊ ဆက်ပြီး ပေရှုပါ။ ပေရှုပေး ပေရှုပေးလိုက်တော့မှ မုန်းနောင်တကာ့ မုန်းသွားတော့မှ ဖြစ်ပျက်ကို မလိုချင်တဲ့ဉာဏ် တက်လိမ့်မယ်။

ပြန်ပြုတ်ကျတတ်တဲ့နေရာ (မိုးကုတ်, ၈-၅-၆၁)

ဖြစ်ပျက်တွေစိပ်လာပြီ ရ တော့မှာပဲ ထင်ပါရဲ့ ဆိုရင်တော့ ပြုတ်ကျတာပဲ ။ အဝိဇ္ဇာ တဏှာဝင်ပြီး ဖြစ်ပျက်ဟာ ကျဲသွားတယ်။ ဘယ်စိတ်မှတော့ မဝင်စေနဲ့နော်။ ရချင်တဲ့စိတ်နဲ့ သောတာပန် တည်တော့မှာပဲ နိဗ္ဗာန်ရတော့မှာပဲ ဒါတွေ မလာစေနဲ့။

ဒီနေရာကလေးဟာ အောက်ပြန်ဆင်း တတ်တဲ့ နေရာကလေးမို့ သတိထား ပြောနေပါ တယ်။

ဉာဏ်(၃)ဉာဏ်

ဖြစ်ပျက်မြင်လျှင် သစ္စဉာဏ်၊ ကြည့်ရင်း ငြီးငွေ့လာ မုန်းလာလျှင် ကိစ္စဉာဏ်၊ ပေကြည့်ရင်း ဖြစ်ပျက် ဆုံးသွားလျှင် ကတဉာဏ်။

သစ္စဉာဏ် = သစ္စာကိုသိသောဉာဏ်။

(ဖြစ်ပျက်မြင်လျှင် သစ္စဉာဏ်ရသည်။)

ခန္ဓာငါးပါးသည်(ဖြစ်ပျက်သည်) ဒုက္ခသစ္စာ၊ တဏှာသည် သမုဒယသစ္စာ၊ ဖြစ်ပျက် ဒုက္ခချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ၊ မဂ္ဂင်(၈)ပါးသည် မဂ္ဂသစ္စာ။

ကိစ္စဉာဏ်

(သူလုပ်တတ်တဲ့ အလုပ် သူ့ကိစ္စကို သိသောဉာဏ်။ ကိစ္စ= အလုပ်၊ သိတာ= ဉာဏ်)

ဒုက္ခသစ္စာ- သိရမည် (ပရိညေယျံ) (သိ)

သမုဒယသစ္စာ- ပယ်ရမည် (ပဟာတဗ္ဗံ) (ပယ်)

နိရောဓသစ္စာ- မျက်မှောက်ပြုရမည် (သစ္ဆိကာတဗ္ဗံ) (ဆိုက်)

မဂ္ဂသစ္စာ- ပွားများရမည် (ဘာဝေတဗ္ဗံ) (ပွား)

သစ္စာလေးပါးတွင် ဒုက္ခသစ္စာကို သိဖို့အရေးကြီး၏။ ဒုက္ခသစ္စာသိလျှင် မလိုချင်၊ ထို့ကြောင့် သမုဒယသစ္စာ သေ၏။ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချ၍ ဒုက္ခချုပ်သွားလျှင် နိရောဓသစ္စာ၊ ဖြစ်ပျက် ဒုက္ခ သိအောင် အကြိမ်ကြိမ် ပွားနေရခြင်းသည် မဂ္ဂသစ္စာ။

ဒုက္ခသစ္စာ= ဆင်းရဲတာအမှန် (ဝါ) စက်ဆုပ်စရာ အသုံးမကျတာ အမှန်။ ( ဒု= စက်ဆုပ်စရာ၊ ခ= အသုံးမကျတာ၊ သစ္စာ= အမှန်။)

သစ္စာအနက်(၁၆)ချက်မှ ဒုက္ခသစ္စာ၏ အနက်လေးချက် (ကိစ္စဉာဏ်)

ဖြစ်ပျက်မုန်းဉာဏ် ရောက်နေချိန်၌ အောက်ပါသဘောများ ထင်မြင် လာသည်။

၁= ပီဠနဋ္ဌော

ဖြစ်ပျက်သည် နှိပ်စက်နေသည်။ ခန္ဓာသည် အနှိပ်စက် ခံနေရသည်။ (သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သော အနက် သဘော။)

၂= သင်္ခတဋ္ဌော

ဖြစ်ပျက်သည် တဏှာပြုပြင်ရာကို အမြဲခံနေရသည်။

(တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရသော အနက်သဘော)

၃= သန္တာပဋ္ဌော

ဖြစ်ပျက်သည် ကိလေသာမီး ဒုက္ခမီးဖြင့် အလောင် ခံနေရသည်။ (ကိလေသာမီး ဒုက္ခမီးဖြင့် ငြီးငြီးတောက်ပြောင် အမြဲ လောင်နေသော အနက်သဘော)

၄= ဝိပရိဏာမဋ္ဌော

ဖြစ်ပျက်သည် ဖောက်ပြန် ပျက်စီးနေသည်။

(နဂိုခန့်ခိုင် မတည်နိုင်ဘဲ ယိမ်းယိုင်ဖောက်လွဲ ပြိုကွဲပျက်စီးခြင်း အနက် သဘော)

ဒုက္ခသစ္စာဉာဏ်၌ ထင်ပုံမြင်ပုံ (သစ္စာဆိုက်ပုံ) (ကတဉာဏ်)

(မိုးကုတ်ဆရာတော် (၅-၁-၅၉))

ဉာဏ်ထဲမှာ နှလုံးသွင်းတိုင်း သွင်းတိုင်း ကတဉာဏ် ရောက်ခါနီး လာပြီ ဆိုမှဖြင့် ဘာရှုရှု။ ပုဂ္ဂိုလ် သတ္တဝါတွေ အကုန်ပျောက်ပြီး ဒုက္ခစက်ကြီး လည်နေတာ တစ်ခုတည်းသာ ကိုယ့်ဉာဏ်ထဲ တွေ့နေတာပဲ။

မြင်းရုပ်တွေ ဆင်ရုပ်တွေလို လည်တဲ့ အလည်မျိုးတော့ မဟုတ် ပါဘူး။

ဒီရှေ့မှာပဲ ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန် လည်း ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန်လည်း ဖြစ်လိုက် ချုပ်လိုက်။

ကတဉာဏ် လာတော့မယ်ဆို ဒါချည်း ဆက် တွေ့ တော့တာ။

စက်ယန္တရား၊ ရဟတ်ချားသို့၊ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတရားကြီး လည်နေပါသည်ဟု ဉာဏ်ထဲမှာ ထင်လာတယ်။

ဒုက္ခတွေ လည်ပတ် နေတာသာ ထင်လာတယ်။ နောက်တစ်ခု လာလည်း ဒုက္ခပဲ၊ ချုပ်သွားတာ လည်း ဒုက္ခပဲ၊ တွေ့ရတာ လည်း ဒုက္ခပဲ ဘာမှ မလှည့်တော့ဘူး ဒုက္ခ လည်နေတာပဲ တွေ့တယ်။

လည်နေတဲ့ ဒီဒုက္ခကြီးဟာဖြင့် ဘဝများစွာ သံသရာကလည်း မတွေ့ဖူးဘူး၊ ခုမှ ကိုယ့်ခန္ဓာ ဒုက္ခစက်ကြီး လည်နေတာကို ကိုယ့်ကိုယ်တိုင် သိရတဲ့အတွက်။

ဒီဒုက္ခကြီးနဲ့ ဖြင့် ကြုံလည်း မကြုံချင်ပါဘူး၊ ဆုံလည်း မဆုံချင်ပါဘူး၊ ဒါဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဖျတ်ဆို ခုနက လည်နေတဲ့ ဒုက္ခကြီးက ဉာဏ်အောက် မှာပင် ပျောက်ထွက် သွားတယ်။

သူလည်း ပျောက်သွားရော ဉာဏ်ထဲမှာ ဘယ့်နှယ့် ဖြစ်လာတုံး။ အင်း ဒီဥစ္စာ ဒုက္ခ မရှိတဲ့နေရာ ဒီနေရာကိုး ဆိုတာ တစ်ခါတည်း ဉာဏ်က စိုက်သွားတယ်။

အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်။

ဒုက္ခပဲရှိတယ် ဒါဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချတာ ပဋိဝေဓဉာဏ် ဖြစ်သည်။ ဒုက္ခသစ္စာကို ပိုင်းခြား လိုက်ခြင်း ဖြစ်သည်။ ကိုယ်တိုင် ထိုးထွင်း သိပြီး ပေါ်လာ သည့် ဉာဏ် ဖြစ်သည်။ တချို့ယောဂီမှာ နားထဲကြားသကဲ့သို့ ဝမ်းထဲကနေ ထူးထူးခြားခြား ပေါ်လာ တတ်သည်။ ဖြစ်ပျက်ကို မလိုချင်သည့်ဉာဏ် ရင့်သန်၍ ခံစားချက် တမျိုးပြောင်းကာ ဆုံဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။

ဆရာသမားပြောတာ အစဉ်လျှောက်ပြီးသိတာ အနုဗောဓဉာဏ်၊ ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးသိတာ ပဋိဝေဓဉာဏ်။

ကတဉာဏ် (ပြီးပြီလို့သိတဲ့ဉာဏ်)

(မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်) (မိုးကုတ်, ၅-၁-၅၉)

(ဖြစ်ပျက်ချုပ်သွားတာ) ဒုက္ခဆုံးသွားတာလည်း မြင်ရမယ်၊ နိရောဓ ပေါ်လာ တာလည်း မြင်ရမယ်။ နှစ်ချက်မြင်ရမယ်။ မဂ်အမြင်က နှစ်ချက်။

သောတာပန်ပုဂ္ဂိုလ်၏အင်္ဂါလေးပါး (ဓမ္မာဒါသ)

ဖြစ်ပျက်ချုပ်ရာသို့ မျက်မှောက် ပြုဘူးသော ယောဂီသည် နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်ဘူးသည် ဖြစ်၍ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး အပေါ်၌ မတုန်မလှုပ် ဉာဏ်ဖြင့် တွေ့သိ၍ သက်ဝင် ယုံကြည်၏။ ဘာသာ မပြောင်းတော့ချေ။ အသက်နှင့်လဲ၍ ရတနာသုံးပါးကို ယုံကြည်၍ ငါးပါးသီလလည်း မြဲ၏။

အဝစ္စပသာဒဖြင့် ဘုရားအပေါ်, တရားအပေါ်, သံဃာအပေါ် မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း ၃-ချက်။ အရိယာတွေမြတ်နိုးတဲ့ ငါးပါးသီလနှင့်ပြည့်စုံခြင်း ၁-ချက်။

သောတာပန်၏ အမြင် (၄)မျိုး

(၁) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်ဆိုတဲ့- ယုံမှားခြင်းကို လွန်မြောက်သွား၏။ (တိဏ္ဏဝိစိကိစ္ဆော)။

(၂) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ တွေးတောခြင်းလဲ ကင်းသွား၏။ (ဝိကတကထံကထော)။

(၃) ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူးလို့ ရဲရဲတင်းတင်းလဲ ဆုံးဖြတ်ချက် ချသွား၏။(ဝေသာရဇ္ဇပတ္တော)။

(၄) ပုဂ္ဂိုလ် သတ္တဝါ မရှိတာသည် သူတစ်ပါး ပြောသံကြားနဲ့ မရှိတာ မဟုတ်ဘူး၊ ကိုယ် ကိုယ်တိုင် သိပြီး မရှိတာလို့ လဲ ဆုံးဖြတ်ချက် ချနိုင်၏။ (အပရပစ္စယော)။

သောတာပန်စိတ်ထား အင်္ဂါ (၇)ပါး

(မဟာပစ္စဝေက္ခဏာ-၇-ပါး)(ဉာဏ်ချိန်ခွင်)

၁။ ကိလေသာ ဖြစ်ကြော ယခင်ကထက် တိုခြင်း၊

၂။ ကိလေသာအပူကို ငြိမ်းအေးအောင် လုပ်နိုင်ခြင်း။

၃။ ဘုရားသာသနာတော်မှ တစ်ပါး အခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိဟု သိခြင်း။

၄။ မိမိမှာ ကျူးလွန်ထားတဲ့ အပြစ်တွေ ရှိနေလျှင် ချက်ချင်း ကုသလိုခြင်း။

၅။ ကိစ္စကြီးငယ် ရှိ၍ သူတစ်ပါး အတွက် လိုက်ရငြား သော်လည်း၊ မိမိ၏ သီလ အပျက်မခံခြင်း။

၆။ တရားတော်တွေကို နာကြားသည့်အခါ အနက် အဓိပ္ပါယ်တွေ သိပြီး အာရုံ တစ်ပါး မသွားဘဲနဲ့ စိုက်၍ နာနေနိုင်ခြင်း။

၇။ တရားတွေ နာရပြီးလျှင် ပီတိဖြစ်ပြီး ဝမ်းမြောက်လို့ မဆုံးနိုင် ဖြစ်နေခြင်း။

ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊ ထွက်ရပ်ကင်း၊ ချက်ချင်းကု၊ ပျက်မှုစိုး၊ တိုး၍စိုက်၊ လှိုက်လှိုက်ဖို၊ ကြည်ညို ခုနှစ်တန်၊ သောတာပန်။ (ဦးဃောသိတ-တစ်ဘဝသာသနာ)

မဂ်စစ် မစစ် ဖိုလ်နဲ့ညှိ (ဖလသမာပတ်)

ဖြစ်ပျက် ချုပ်ရာကို မျက်မှောက် ပြုဖူးခဲ့သည် ရှိသော် နောက်တကြိမ် တရားထိုင်ရာ၌ “အရင်က မြင်ခဲ့သည့် တရားသည် နိဗ္ဗာန် အစစ် ဖြစ်ခဲ့လျှင် (၁၅)မိနစ် ဝင်စား ရပါလို၏” “နာရီဝက် ဝင်စား ရပါလို၏” စသည်ဖြင့် အဓိဋ္ဌာန် တင်၍ ထိုင်ပါ။ အစစ် ဖြစ်ခဲ့သော် အဲ့ဒီနေရာ ပြန်ရောက် သွားလိမ့်မည်။ အစ၌ အချိန်အကြာကြီး ရချင်မှ ရမည်။ မိမိ၏ အထိုင်ကြာချိန် သမာဓိအပေါ်မူတည်၌ (၅)မိနစ် (၁၀)မိနစ် ကနေ စပါ။ နောက်ပိုင်း နာရီ တိုးသွားပါ။ သမာပတ်ဝင်စားချိန်၌ နိဗ္ဗာန်ကို အာရုံပြုတာ ဖြစ်လို့ လောကီသိစိတ် မရှိပါ။ ဣရိယာပုထ် ခိုင်ခံပါသည်။

မိုးကုတ်ဆရာတော်ကြီး၏ လင်္ကာဆောင်ပုဒ်များ

ခန္ဓာငါးပါး

။ဖောက်ပြန် ခံစား၊ မှတ်သား ပြုပြင်၊ သိ ဝိညာဏ်၊ ငါးအင် ခန္ဓာမှတ်။

သောတာပန်တည်ကြောင်းအင်္ဂါ(၄)ပါး

သူတော်ဆည်းကပ်၊ မြတ်တရား နာ၊ လျှော်စွာ အကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့် ဧကန်သာ။

ပဓါနိယင်္ဂတရား(၅)ပါး

ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့် စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နှင့် ရုပ်ကို၊ ဖြစ်ချုပ် ဉာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်း။

ယောဂီကျင့်ဝတ်(၆)ပါး

အမှုမများ၊ စကားသိမ်းဆည်း၊ စောင့်စည်း ဣန္ဒြေ၊ အိပ်နေ နိုးကြား၊ အစား မကြီး၊ တစ်ယောက် တည်းနေ၊ ဤခြောက်ထွေ ကျင့်လေ ယောဂီမှတ်။

သစ္စာလေးပါး

၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။

၂။ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင် သမုဒယမှတ်။

၃။ ရုပ်နာမ် အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်။

၄။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိ မြင် မဂ် ဟုမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသောတရားတော်များနှင့် မူရင်း ပါဠိတော်များမှ အဓိက ကောက်နှုတ်ထားပါသည်။ အမှားတွေ့မြင်က ပညာရှင်များ ပြင်ဆင်ဖတ်ရှုပါရန်။

အရှင်ခေမာသီရိ (သာသနဓဇဓမ္မာစရိယ)