ဝေဒနာနုပဿနာ အမှတ်(၂)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
ဝေဒနာနုပဿနာ
၂၇-၁-၁၉၆၁၊
(မန္တလေးမြို့)
မှတ်ချက်။ ။မိုးကုတ်အဖွဲ့ချုပ်မှထုတ်ဝေသော ဝေဒနာနုပဿနာကျင့်စဉ် စာအုပ်မှ ဒုတိယအပုဒ်ဖြစ်ပါသည်။ စာဖိုင်သည် ဟောတရားအပြည့် မဟုတ်ပဲ လိုရင်းကို အကျဉ်းချုပ် ရေးသားထားသည်။
——————
ဒကာ ဒကာမတို့ အာသဝေါ ကုန်ချင်ရင် ဝေဒနာ ကုန် အောင် လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။ အာသဝေါ ကုန်ချင်ရင် (ဝေဒနာကုန်အောင် လုပ်ရလိမ့်မယ်) ဝေဒနာ ကုန်အောင် လုပ်ရ လိမ့်မယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ကုန်အောင် လုပ်တဲ့နည်းကို ဆရာဘုန်းကြီးက ဒကာ ဒကာမတွေအား ရှုနည်းနဲ့တကွ ပြပါတော့မယ် ဆိုတဲ့ဥစ္စာကို ကြပ်ကြပ် ဂရုစိုက်ကြပေတော့ (မှန်ပါ့ ဘုရား)။
ဝေဒနာက သုံးမျိုး ချုံးလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဦးခင်မောင်ရေ ဖြစ်ပျက်ပဲ ရှိမှာပါပဲ (မှန်ပါ့ ဘုရား)၊ ဝေဒနာ သုံးမျိုး ချုံးလိုက်တဲ့ အခါကျတော့ (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား) ဖြစ်ပျက်ပဲ ရှိတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့် လုပ်ကြစို့
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကိုပဲ ရှုကြပါစို့ ဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ်လာပြီနော် – (မှန်ပါ့ ဘုရား)၊ ဝေဒနာ နောက်က မဂ္ဂဗြဟ္မစရိယ အကျင့် လုပ်ကြစို့ (မှန်ပါ့)၊ ဒကာဝ ဘာလုပ်ရမယ် (မဂ္ဂဗြဟ္မစရိယ အကျင့် လုပ်ရပါမယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့် လုပ်ရလိမ့်မယ်ဆိုတဲ့အခါကျလို့ ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတွေ သုခဝေဒနာကလေးက ထပ်ပြောနေတယ်လို့ အောက်မေ့မနေနဲ့၊ မသိတဲ့ပုဂ္ဂိုလ်တွေ အတွက်မှာ ထပ်ပြောတာတောင် သင့်ရုံပဲ ရှိတယ်နော် (မှန်ပါ့ ဘုရား)။
ဥပေက္ခာဝေဒနာ ရှုစရာ လေးဌာန
မျက်လုံးမြင်တဲ့အခါ မြင်တယ်ဆိုရင် ဘာဝေဒနာပေါ် သတုံး (ဥပေက္ခာဝေဒနာ ပေါ်ပါတယ် ဘုရား)။ နောက်က ဒကာ ဒကာမတွေ သေသေချာချာမှတ်နော်၊ နောက် ရှုစရာမရှိဘဲနေမှာ စိုးတယ် (မှန်ပါ့)။ မျက်လုံးကလေး ဖွင့်လိုက်လို့မြင်လိုက်ရင် (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
အဲမြင်တဲ့ သဘော ကလေးဟာ ဥပေက္ခာ ဝေဒနာပဲ ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံ ပဲ (မှန်ပါ့)။ သဘောကျပ လား (ကျပါပြီ)။ မြင်တယ်ဆိုလို့ရှိရင် ဘယ်သူမှ မြင်တာ မဟုတ်ဘူး၊ ဥပေက္ခာ ဝေဒနာဖြစ်တာသာ မှတ်လိုက်ပေတော့ (မှန်ပါ့ ဘုရား)၊ နားက ဘာကလေး ကြားကြား (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
နှာခေါင်းထဲက ပုပ်တဲ့ အနံ့နံနံ၊ မွှေးတဲ့ အနံ့နံနံ ဘာဖြစ် သတုံး (ဥပက္ခာဝေဒနာပါ ဘုရား)၊ လျှာပေါ်မှာ ချိုတာ စားစား၊ ချဉ်တာစားစား၊ ဖန်တာစားစား ဘာဖြစ်သတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
ဪ ဒီနေရာတွေဟာ သူပေါ်တဲ့ နေရာတွေပဲ၊ သူပေါ်တဲ့ နေရာမှာ သူသေတဲ့ နေရာလို့ မှတ်လိုက်ပေါ့ (မှန်ပါ့ ဘုရား) သူပေါ်တဲ့ နေရာဟာ (သူသေတဲ့နေရာပါ ဘုရား)။
ဪ ဒါဖြင့် ရှုစရာ လေးဌာနတွေ့တယ် (မှန်ပါ့ ဘုရား)။
ေဩာ် ဥပေက္ခာ ဝေဒနာ ရှုရမည့်နေရာက လေး ဌာနပါကလားလို့ မှတ်ထား (မှန်ပါ့ ဘုရား)၊ လေးဌာန တစ်ပြိုင် နက်ပေါ်မှာလား၊ တစ်ခုပြီးမှ တစ်ခု ပေါ်မှာလား (တစ်ခုပြီးမှ တစ်ခု ပေါ်မှာပါ ဘုရား)။
ဒါဖြင့် တစ်ခုတည်း ရှုရမှာဖြစ်ပြီးသကာလ နေတော့ ဒကာ ဒကာမတို့ ဝန်လေးစရာ ရှိကြရဲ့လား (မရှိပါ ဘုရား)၊ ပေါ်ပြီနော် (မှန်ပါ့ ဘုရား)။
ကိုယ်ပေါ် သုခ ဒုက္ခ
တစ်ခါ “သုခသဟဂတံ ကာယဝိညာဏံ ဒုက္ခသဟဂတံ ကာယဝိညာဏ်” လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဟော၊ သဂြိုဟ်ကျမ်း အရှင်အနုရုဒ္ဓါတို့ကလဲ ဘုရားဟောတော် မူတာတွေ ကြည့်ပြီး ရေးထားပြန်တော့၊ ကိုယ်ပေါ်ကျတော့ ချမ်းသာရင် ဘာဝေဒနာ (သုခဝေဒနာပါ ဘုရား)။
အင်း နာလို့ရှိရင် ကိုက်တယ်၊ ခဲတယ်ဆိုရင် (ဒုက္ခဝေဒနာပါ ဘုရား) အဲ ကိုယ်ပေါ် ကျတော့ သုခ၊ ဒုက္ခ နှစ်ခုပေါ်တယ် (မှန်ပါ့)၊ သုခပေါ်ရင်တဲ့ သုခကို၊ ဒီနေရာပေါ် ရင် ဒီနေရာ ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ ဒုက္ခပေါ်ရင်ကော- (ဒီနေရာ ဖြစ် ပျက်ရှုရပါမယ် ဘုရား)။
ပြင်ဘက်ဧည့်သည် ခြောက်ယောက်
ဪ ဒါဖြင့် သုခဝေဒနာလဲ ရှုတတ်ပြီ၊ ဒုက္ခ ဝေဒနာကော (ရူတတ်ပါပြီ ဘုရား)၊ ဥပေက္ခာ ဝေဒနာကလေး တွေကော (ရူတတ်ပါပြီ ဘုရား)။
အဲဒါက ပြင်ဘက်ဧည့်သည်တွေ ရှုတတ်ပါပြီ (မှန် ပါ ဘုရား)၊ ပြင်ဘက်ဧည့်သည် ခြောက်ယောက်ကို ရှုတတ်ပါ ပြီ (မှန်ပါ)။
အတွင်းဧည့်သည်
အတွင်းဧည့်သည်ကလေးတွေ လိုက်ကြပါဦး၊ ဦးခင် မောင်တို့ ဦးဇံရင်တို့ အတွင်းဧည့်သည် လိုက်ပါဦးနော် (မှန်ပါ့ ဘုရား)။
အတွင်းကျတဲ့ အခါကျတော့ ငွေကလေး ဘာကလေး တောင်းရတဲ့အခါကျတော့၊ ဒကာ ဒကာမတို့ အဆင်ပြေတဲ့အခါ ကျတော့ ဝမ်းထဲမှာ သောမနဿ ဝေဒနာ ပေါ်တယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ သောမနဿ ဝေဒနာပေါ်တာလဲ ဟဒယဝတ္ထု ပေါ်မှာ ပေါ်တဲ့အတွက် ဒီနေရာမှာ ဉာဏ်လှည့်ပြီး သကာလ ဖြစ်ပျက် ရှုရလိမ့်မယ် (မှန်ပါ)၊ တောင်းရမ်းလို့ မရဘူး၊ အကြောင်းက မညီညွတ်ဘူး ဆိုရင် ရှုရင်ဖြင့် ဝမ်းထဲမှာ ဒေါမနဿ ဝေဒနာကော (ပေါ်ပါတယ် ဘုရား)။
ဒီအခါကျတော့ ဒေါမနဿဝေဒနာကို ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ ဖြစ်ပြီးပျက်တဲ့ တရားလို့ ရှုရလိမ့် မယ်နော် (မှန်ပါ့ ဘုရား)။
တစ်ခါတလေကျတော့ ကိုင်း-ရ မရ ဆိုတာ ကမ္မဿကာ ပဲဗျ၊ ရချင်လဲ ရမှာပဲ၊ မရချင်လဲ နေမှာပဲ၊ ကမ္မဿကာပဲ ဆိုပြီး ထိုင်လိုက်တဲ့ အခါကျတော့ မပါဘူးလား (ပါပါတယ် ဘုရား)။
အဲဒီကမ္မဿကာ ထိုင်လိုက်တဲ့အခါကျတော့ ဝမ်းထဲမှာ ဥပေက္ခာ ဝေဒနာ ပေါ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါ အားလုံးအတွက် ငဲ့ပြီးတော့ ပြောနေတယ်နော် (မှန်ပါ့)၊ နားလည်ပြီးသား ပုဂ္ဂိုလ်တွေက ဘုန်းကြီးတို့ ထပ်လာ ပြန်ပြီလို့ အောက်မေ့မနေနဲ့၊ နားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေက ဒီအထဲမှာ အတော်များတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခဝေဒနာ ပေါ်နိုင်တဲ့နေရာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ဝမ်းထဲ (မှန်လှပါ ဘုရား) ဘယ်နှစ်နေရာပါလိမ့် (ငါးနေရာပါ ဘုရား) ငါးနေရာနော် (မှန်ပါ့ ဘုရား)။
အရှင်သာရိပုတ္တရာတို့၊ ဒကာဒကာတို့ ချောင်းခုန်တယ် ဆိုတာ ကြားဖူးမှာပေါ့၊ မကြားဖူး ဘူးလား (ကြားဖူးပါတယ် ဘုရား)။
ရဟန္တာဖြစ်ပြီး သကာလ ဘာဖြစ်လို့ ချောင်းကို ခုန်သတုံး၊ ဝါသနာ မစွန့်နိုင်လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကောင်းပြီ-သုခ ပေါ်နိုင်တဲ့ နေရာက ကိုယ်ပေါ်မှာ တစ် ချက်၊ ဝမ်းထဲမှာ တစ်ချက်၊ ဝမ်းထဲကျတော့ သောမနဿ အဖြစ်နဲ့ ပေါ်တယ်နော် (မှန်ပါ့)၊ ကိုယ်ပေါ်ကျတော့ သုခအဖြစ်နဲ့ ပေါ်တယ် (မှန်ပါ့ ဘုရား)။
ဒုက္ခကလဲ ကိုယ်ပေါ်ကျတော့ ဒုက္ခအဖြစ်နဲ့ ပေါ်တယ်၊ ဝမ်းထဲကျတော့ (ဒေါမနဿ အဖြစ်နဲ့ ပေါ်ပါတယ်) သဘောကျ ပလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီနေရာ ကလေးတွေ လှည့်ရှုလိုက်တဲ့ အခါကျ တော့ သုခနဲ့ ဒုက္ခက တစ်ကိုယ်လုံးမှာ ပေါ်ချင်ရာပေါ် ပါကလား၊ ဆံဖျား၊ လက်သည်း၊ ခြေသည်းဖျား၊ အရေခြောက် ချန်ထားပြီး ကျန်တဲ့ နေရာတွေမှာ အကုန် ပေါ်တာပဲ (မှန်ပါ ဘုရား) ဆံပင်ဖျားမှာ သူမပေါ်ဘူး၊ လက်သည်း၊ ခြေသည်းဖျား မှာ သူမပေါ်ဘူး၊ အရေခြောက်ကလေးမှာ သူမပေါ်ဘူး (မှန်ပါ့)၊ ကျန်တဲ့နေရာမှာ သုခပေါ်ချင်လို့ရှိရင်လဲ ပေါ်နိုင်တာ ချည်းပဲ၊ ဒုက္ခပေါ်ရင်ကော (ပေါ်နိုင်ပါတယ် ဘုရား)။
ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိရမယ်
အေး-ဆံဖျား၊ လက်သည်းဖျား၊ ခြေသည်းဖျား၊ အရေ ခြောက် ချန်လှပ်ပြီး သကာလ ပေါ်တဲ့ နေရာကလေးတွေကို ဒကာ ဒကာမတွေက “သော ဝေဒနာ ပရိညာယ၊” သော- ထိုပုဂ္ဂိုလ်သည်၊ ဝေဒနာ- ပေါ်တဲ့ ဝေဒနာကို၊ ပရိညာယ- ပိုင်ပိုင်နိုင်နိုင် သိရမယ်၊ ဒီဝေဒနာ ကလေးတွေကို ဘာတဲ့ (ပိုင်ပိုင်နိုင်နိုင် သိရပါမယ် ဘုရား)။
သုခပေါ်လဲ ပိုင်ပိုင်နိုင်နိုင် သိရမယ် (မှန်ပါ့)၊ ဒုက္ခပေါ်လဲ (ပိုင်ပိုင်နိုင်နိုင် သိရမယ်)၊ သောမနဿ ပေါ်ကော (ပိုင်ပိုင် နိုင်နိုင် သိရမယ်) အင်း ဒေါမနဿပေါ်ကော (ပိုင်ပိုင်နိုင်နိုင် သိရမယ်)။
အဲ ပိုင်ပိုင်နိုင်နိုင် သိလိုက်လို့ရှိရင်ဖြင့် ပရိညာယ- ပိုင်ပိုင်နိုင်နိုင်သိ၍ သို့မဟုတ် ပိုင်းခြား၍ သိ၍ အတူတူပဲ (မှန်ပါ့)၊
ကိုင်း-ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒကာဒကာမတို့ မျက်လုံးထဲမှာ ဒီကနေပြီး ကြည့်လိုက်တော့ အပြင်ဘက်မှာလဲ ဒကာ ဒကာမတွေ ရှိတယ်၊ နောက်မှာလဲ ဒကာ ဒကာမတွေ ရှိတယ်၊ ရှေ့မှာလဲ ဆရာဘုန်းကြီး ရှိတယ် (မှန်ပါ့ ဘုရား)၊
ကြည့်လိုက်တဲ့ အခါကျတော့ ဖျတ်ဆို မမြင်လား၊ ဘုန်း ကြီး ကြွလာပဟေ့ ဆိုတော့ မမြင်လား (မြင်ပါတယ် ဘုရား)။ ဘာဝေဒနာပါလိမ့် (ဥပေက္ခာ ဝေဒနာပါ ဘုရား)၊
ရှုလိုက်ကြသေးသလား ဒကာ ဒကာမို့ မရှုပါဘူး၊ ခွာကျလိုက်တာမှ ရှုကို မရှုဘူး၊ ခက်လိုက်တဲ့ ဖြစ်ခြင်းမှ ဪ ဘုန်းကြီးကြွလာလို့ ဝမ်းသာတာ ရှိတာပဲ (မှန်ပါ့ ဘုရား)။
ဝမ်းသာတော့လဲ ဝမ်းသာတာက ဘာဝေဒနာတဲ့ (သောမနဿဝေဒနာပါ ဘုရား) သောမနဿ ဝေဒနာ (မှန်ပါ့) အဲဒါကော ရှုလိုက်ကဲ့လား (မရှုလိုက်ပါ ဘုရား) ခင်ဗျားတို့ဟာက တယ်ကြပ်ပါကလား၊ မရှိလို့ မရှုတာလား၊ ရှိလို့ မရှုတာလား (ရှိလို့ မရှုတာပါ ဘုရား)။
ဝေဒနာပစ္စယာ တဏှာ
ဒါဖြင့် ရှိလို့ မရှုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့ ဘုရား)၊ ကဲ ဆက်သွားပြီ (မှန်ပါ့ ဘုရား)၊ မဆက်ဘူးလား ကဲ (ဆက်ပါတယ် ဘုရား)၊ ဝေဒနာပစ္စယာ (တဏှာ ပါ ဘုရား) သူက ဟောထားတာက ဝေဒနာနိရောဓာမှ ဘာတုံး (တဏှာနိရောဓောပါ ဘုရား)။
အဲဒါ ဝေဒနာရှုတော့မှ ဝေဒနာက နိရောဓာ ဖြစ်တော့ မှ နောက်က ရှုတဲ့မဂ်က တဏှာနိရောဓော ဖြစ်မှာကိုး (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဦးခင်မောင် အခုတော့ ဝေဒနာပေါ်တာကိုလဲ မရှုမိ တော့ သုခဝေဒနာ ပစ္စယာ တဏှာ၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသော၊ ဥပေက္ခာ ဝေဒနာပစ္စယာ မောဟော-ဒီသုံးခုပဲ လှည့် လာတယ် (မှန်ပါ့ ဘုရား)။
ဆရာကောင်း တပည့်မပီသသေးဘူး
ဒကာ ဒကာမတွေ ဆရာကောင်း တပည့် တယ်လဲ မပီသသေးပါဘူး (မှန်ပါ့ ဘုရား) အရုပ်ဆိုးတုန်း ရှိသေးတယ်၊ (မှန်ပါ့ ဘုရား)၊ ဒါ အပြစ်တင်တာလဲ မအောက်မေ့ပါနဲ့ ကိုယ်ဆိုး တာပြောတာ (မှန်ပါ့ ဘုရား)၊ ဦးခင်မောင် အပြစ်တင်တာ လား၊ ကိုယ်အရုပ်ဆိုးတာလား (ကိုယ်အရုပ် ဆိုးတာပါ ဘုရား)။
အဲ-နောက်လာလို့ရှိရင်ဖြင့် ဘာလာလာ မြင်တယ်ဆိုရင် မြင်တဲ့စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား) မရှုတတ်လို့ရှိရင် ဖြင့် မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ် ဆိုတာ ပဋိစ္စသမုပ္ပာဒ် ဆက်သွားတာပဲ (မှန်ပါ့ ဘုရား)၊ မဆက်ပေ ဘူးလား (ဆက်ပါတယ် ဘုရား)။
အဲဒီတော့ မြင်လိုက်ပြန်တော့ မြင်တယ်၊ ခင်တယ်၊ စွဲလမ်းကယ်၊ မြင်တယ်ဆိုတဲ့ ဥစ္စာက မြင်ရင် ဥပေက္ခာ ဝေဒနာ (မှန်ပါ့) ခင်တယ်ဆိုတာက ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ ဟော မြင်လို့ ခင်တာကိုးဗျ (မှန်ပါ့ ဘုရား)။
လောကွတ်ဟာ အပါယ်ကျတယ်
ကျုပ်က မျက်စိမျက်နှာမြင် ခင်တယ်ဗျ၊ ခင်ဗျားတို့ကလဲ နှုတ်တတ်တယ် ဒီဥစ္စာတော့ (မှန်ပါ့ ဘုရား)၊ ဘာဖြစ်လို့ ဒီလောက် နှုတ်တတ် နေရတာတုံး ဆိုတော့၊ အို (လောကွတ်ပါ ဘုရား) ဒီလောကွတ်ဟာ အပါယ်ကျတယ် ခင်ဗျားတို့ဟာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးခင်မောင် လောကွတ်ကြောင့် ဘာဖြစ်သတုံး – (အပါယ်ကျပါတယ်)၊ မြင်ရင် ကျုပ်က ခင်တတ်ပါတယ်၊ ဆွေမျိုး ညာတကာလိုပဲ ဘယ်သူတွေ့တွေ့ ဒီလိုပဲ ခင်တတ်ပါတယ် ဆို တော့ ရောင်းကောင်းအောင်လို့ ပြောနေတာ၊ လိမ်ပြစ်က တစ် ခါသင့်သေးတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား- (ရိပ်မိပါပြီ ဘုရား)
မလိမ်ပါဘူး၊ ရိုးရိုး ခင်ပါတယ်ဆိုတော့လဲ တဏှာ၊ ဥပါဒါန်၊ ကံနဲ့ ဇာတိ၊ ဇရာ၊ မရဏ၊ ပေါ်လာတယ် (မှန်ပါ့)၊ လိမ်ပြန်တဲ့အခါ ကျလို့ရှိရင်လဲ ဒကာဒကာမတို့ မုသာဝါဒကံက နေပြီး အပါယ် ပို့ပြန်တာပဲ (မှန်ပါ့)။
နို့ ဘယ်ဟာကောင်းသေးတုံး (ဘယ်ဟာမှ မ ကောင်းပါ)၊ ရှုတာပဲ ကောင်းတယ် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာလုပ်ကြမယ် (ရှုတာက ကောင်းပါ တယ် ဘုရား)၊ ရဲရဲတင်းတင်း ရှုစမ်းပါ၊ ဒကာ ဒကာမတွေက စိတ် ပျက်ကုန်မှာစိုးလို့ မရှုဘဲ နေတာလား ခင်ဗျားတို့
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ကြားတယ် ဆိုရင်လဲ ဥပေက္ခာ ဝေဒနာကလေး ပေါ်တယ်နော် (မှန်ပါ့)။ ကြားကြားချင်း တစ်ခါတည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ နားထဲကို ဉာဏ်ထည့်ပြီး ရှုလိုက် (မှန်ပါ့)။
နားထဲ ဉာဏ်ထည့်ပြီးရှုလိုက်တော့ ဖြစ်ပျက်ဆိုတော့ ဝေဒနာနိရောဓာ ဆိုတော့ ရှုတဲ့ ဉာဏ်က တဏှာနိရောဓော သွား ဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ဒီတဏှာ လာမည့် နေရာ ဉာဏ်လာ တာကိုး (မှန်ပါ့ ဘုရား)၊ တဏှာလာမည့် နေရာ (ဉာဏ်လာပါတယ် ဘုရား)။
ဝေဒနာနိရောဓာ တဏှာနိရောဓော
လာတော့ ဝေဒနာဖြစ်ပျက်ကိုမြင်မှ မဂ်ကလဲပေါ်လာ ကိုး (မှန်ပါ့ ဘုရား)၊ ဝိပဿနာမဂ်က ပေါ်တော့ ဝေဒနာ နိရောဓာ (တဏှာနိရောဓော)၊ တဏှာနိရောဓော ဆိုတော့ တဏှာသည် မလာဘဲနဲ့ ချုပ်တယ် (မှန်ပါ့ ဘုရား)၊ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဘာဖြစ်လို့ မလာသတုံး ဆိုတော့ ဒီရှုတဲ့ ဉာဏ်ကဖျတ်ခနဲ အစားထိုး ပစ်လိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲ ရှုတဲ့ဉာဏ်က ဖျတ်ခနဲ အစားထိုးလိုက်တဲ့ အခါ ကျတော့၊ ဒီကလဲ ဝေဒနာကလဲ နိရောဓာ လဲဖြစ်ပါရော၊ ဉာဏ် ကလဲ နိရောဓကိုလဲ မြင်လိုက်ပါရောဆိုတော့ တဏှာ ဒီနေရာ မှာ မလာဘဲနဲ့ ချုပ်သောကြောင့် တဏှာနိရောဓော (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာနိရောဓောလဲ (တဏှာ နိရောဓောပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ ဝေဒနာ မရှုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာချည်း ဖြစ်မှာပဲ (မှန်ပါ့)၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသော၊ ဥပေက္ခာဝေဒနာ ပစ္စယာ (မောဟောပါ ဘုရား) မောဟော ဆိုတော့ ခင်ဗျားတို့ဥစ္စာက ဪ ဒကာ ဒကာမ တွေ မသိပြီဆိုမှဖြင့် အပါယ် သွားကြောင်းချည်း ဖြစ်နေတော့ (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ ဒါကြောင့် ခင်ဗျားတို့ ပေါ့ပေါ့တန်တန် မနေ လိုက်ပါနဲ့၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မှာရှာတယ် “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနာ၊ အယံ ဝေါ အမှာကံ အနုသာသနီ” သေသေချာချာ မှာတာပဲ။
“ဘိက္ခဝေ၊ ရဟန်းတို့၊ သတော၊ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနာ၊ ပညာနဲ့ ပြည့်စုံသည်ဖြစ်၍ ဝိဟရေယျ၊ နေရစ်ကြ ပါကွ၊”
သတိပညာနဲ့ နေရစ်ကြစမ်းပါကွာ မင်းတို့ အကုန် အပါယ်သွားကုန်မှာ စိုးလို့ မပြော ဘူးလား (ပြောပါတယ်) ဘယ်သူက ပြောပါလိမ့်၊ (ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောပါတယ် ဘုရား)။
ဘုရားက “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ” ကိုး ဘိက္ခဝေ၊ ရဟန်းတို့၊ သတော၊ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနော၊ ပညာရှိသည်ဖြစ်၍ ဝိဟရေယျ၊ နေရစ်ကြပါ။ သတိထားပြီး၊ ပညာနဲ့ ရှု၍ နေရစ်ကြပါလို့ ဘုရားက မမှာဘူးလား (မှာပါတယ် ဘုရား)။