သင်္ခတဋ္ဌသဘော
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့တွင် ဟောကြားတော်မူသော
ကိစ္စဉာဏ် (သင်္ခတဋ္ဌသဘော)
(၃၀-၆-၆၁)
သစ္စာတရားဆိုတာ
သစ္စာတရားဆိုတဲ့ဥစ္စာ ဒကာ, ဒကာမတို့၊ သစ္စာက မှန်ကန်တာ တရားကလဲ မှန်ကန်တာပဲ။ ဒီတရားလောက်မှန်တာ မရှိဘူး။
သစ္စာတရားဆိုတာ ဦးဘရှင်းရေ၊ သစ္စာကလဲ မှန်ကန်တာပဲ(မှန်ပါ့)၊ တရားကလဲ မှန်ကန်တာပဲ- (မှန်ပါ့)၊ မှန်ကန်တဲ့တရားလို့ မောင်နိုင်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့)။
ဒါနပြုလုပ်တယ် ဆိုပေမယ့်လဲ ဒါနကုသိုလ်ကံကနေပြီး သကာလ ကောင်းကျိုးပေးတဲ့ အခါလဲပေး၊ တစ်ပါးသောကံက ဝင်ဖြတ်သွားရင်လဲ အကျိုးမပေးတော့ဘူး (မှန်ပါ့)၊ မှန်ရဲ့လား သူတို့ (မမှန်ပါ ဘုရား)။
သီလဆောက်တည်လို့ အသက်ရှည်တယ်လို့ ဆိုငြားသော်လဲ ကံတွေက ဝင်ဖြတ်လိုက်ရင် မောင်နိုင် သက်တမ်းစေ့အောင် ဘယ့်နှယ်နေရပါ့မလဲ (မနေရပါ ဘုရား)။
ဪ ဒါတွေကတော့ဖြင့် သူများအရှုပ်အယှက်ကို ခံနိုင်တဲ့ တရားတွေ ဖြစ်နေပါလား ဆိုတာ ပေါ်သွားတယ် (ပေါ်ပါတယ် ဘုရား)။
သမထတွေ ဘယ်လိုပင် အားထုတ်ပြီးသကာလ ထားငြားသော် လဲ ဒကာ, ဒကာမတို့ ကမ္ဘာပျက် တွေနဲ့ကြုံတဲ့ အခါ အောက်ပထမဈာန် ဘုံတွေ ပါသွားပြန်တော့ မမှန်တဲ့ မခိုင်တဲ့ တရားတွေ ဖြစ်နေတော့ မမှန်သလို မခိုင်သလိုဘဲ ပျက်စီးသွားတယ် (မှန်ပါ့)။
ဒီသစ္စာကတော့ကိုတဲ့ နိရောဓသစ္စာ၊ နိရောဓက ဒုက္ခချုပ်တာ သစ္စာက မှန်တယ်၊ ဒုက္ခတွေချုပ်တာ အမှန်ဖြစ်နေတော့ သုခအမှန် ဟာဖြင့် ဘယ်သူဖျက်လို့မှ မရတော့ဘူး (မှန်ပါ့)။
ဒုက္ခကတော့ ချုပ်တာအမှန်ပဲ (မှန်ပါ့) သုခအမှန်ကျန်နေတာ ဘယ်သူဖျက်လို့ ရသတုံး (မရပါ ဘုရား)။
အဲဒါကြောင့် တရားတကာ တရားထဲမှာဖြင့် သူ့ကို မနာရဘဲနဲ့ သူ့ကို အားမထုတ်ရဘဲနဲ့ ကိုယ်၊ ကိုဝတို့ နိဗ္ဗာန်ရလိမ့်မယ်လို့ ဘယ်တော့မှ မအောက်မေ့နဲ့ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ)။
သူ့ကို အားမထုတ်ဘဲနဲ့ (ဘယ်တော့မှ နိဗ္ဗာန်မရနိုင်ပါ ဘုရား)။ နိဗ္ဗာန်မရနိုင်ဘူးဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါတဲ့။
အဲဒီတော့ ခင်ဗျားတို့ သူ့ကို ဟောမယ်ကြံတော့ ဦးဘရှင်းတို့ မောင်နိုင်တို့ သင်ထားတယ်။ သူဟာ ဝမ်းထဲမှာ ဖြူစင်နေတဲ့အခါမှ ဟောရတယ် (မှန်ပါ့)။ ဘယ်အချိန်ဟောရသလဲ (ဝမ်းထဲမှာ ဖြူစင်နေတဲ့အချိန် ဟောရပါတယ် ဘုရား)။
ဖြူစင်နေတဲ့အချိန် ဟောရတယ်၊ ဒီပြင်အချိန် သွားဟောလို့ရှိရင် တရားဟာ စွဲကိုမစွဲဘူးတဲ့ (မှန်ပါ့)။
ဒီတော့ ဖြူစင်နေတဲ့အချိန် ဟောမှသာလျှင် စွဲတယ်ဆိုတော့ ဒကာ, ဒကာမတို့ကို ဟောမည့် ကြံတိုင်း ကြံတိုင်း ဖြူစင်အောင် လုပ်ပေးရမယ် (မှန်ပါ့)။
သစ္စာမသိတာ အဝိဇ္ဇာ
ဖြူစင်အောင် လုပ်ပေးတော့မယ်ဆိုတော့ ဒကာ, ဒကာမတွေ မှတ်တာပေါ့တဲ့။ မနေ့က ပဋိစ္စသမုပ္ပာဒ်မှာ ဒကာ, ဒကာမတွေ တစ်သံသရာလုံးဟာ သစ္စာမသိခဲ့တာ အဝိဇ္ဇာ (မှန်ပါ့)။
သစ္စာမသိခဲ့တာ (အဝိဇ္ဇာပါ ဘုရား)၊ ဪ သစ္စာမသိခဲ့တာ အဝိဇ္ဇာ၊ ဒုက္ခသစ္စာလို့ လဲ မသိခဲ့ဘူး၊ လောဘသမုဒယသစ္စာ ဒုက္ခ ဖြစ်ကြောင်းလို့ မသိတာလဲ (အဝိဇ္ဇာပါ ဘုရား)၊ ဒုက္ခချုပ်ရာဟာ နိရောဓသစ္စာ နိဗ္ဗာန်ပဲလို့ မသိတာကော- (အဝိဇ္ဇာပါ ဘုရား)။ မသိတာနော် (မှန်ပါ့)။ မှ ဒုက္ခချုပ်ကြောင်း အကျင့်ဟူသရွေ့ဟာလဲ မဂ္ဂသစ္စာလို့ မသိတာကော(အဝိဇ္ဇာပါ ဘုရား)။
ဒါဖြင့် သူသိတာ ပါသေးရဲ့ လား (မပါပါ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးကပဲ သတိပေးပါတယ်။ ဒကာ, ဒကာမတွေ၊ သူ့ကို မသိသေးတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ လို့ ဘုရားက ဟောသောကြောင့် မျက်စိဖြင့် ကန်းပဟေ့ ဆိုတဲ့ အဓိပ္ပာယ်ပြောရလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒကာ, ဒကာမတို့ သစ္စာမသိရင် ဘာတဲ့ (မျက်စိကန်းပါတယ် ဘုရား)။
ဪ သစ္စာမသိရင် မျက်စိကန်းတယ်လို့ မှတ်ထားလိုက် စမ်းပါ။ အဲဒီ မျက်စိကန်း သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အာလောကော ဥဒပါဒိဆိုတဲ့ အလင်းမရတော့ဘူး၊ ရသေးရဲ့လား (မရပါ ဘုရား)။
မရတော့ သူသည် အမှောင်ထဲမှာပဲ နေရတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အမှောင်ထဲမှာ နေရတော့
အဲ အမှောင်ထဲမှာ နေရတော့ နေရပင် နေရငြားသော်လဲ ပုထုဇဉ်ထုံးစံက အငြိမ်အနေဘူး။ လမ်းသွားချင်သေးတယ် (မှန်ပါ့)။
မှောင်ထဲမှာပဲ ဘာလုပ်ချင်သေးတုံး (လမ်းသွားချင်ပါသေး တယ် ဘုရား)။
သစ္စာမသိတဲ့ အမှောင်ထဲကျနေတဲ့အထဲမှာ သူက လမ်းသွား ချင်တော့ အေး-နောက်ဘဝ ကောင်းရာကောင်းကြောင်း လုပ်ဦးမှပဲ ဆိုတဲ့ ပုညာဘိသင်္ခါရကုသိုလ်လဲ လုပ်လိုက်ပါတယ် (မှန်ပါ့)၊ သားရေးသမီးရေး စီးပွားရေးအတွက် ပစ္စည်းတွေရှာပြီးသကာလ သီလပျက်ခံပြီးရှာတဲ့ အကုသိုလ် အပုညာဘိသင်္ခါရတွေကော မလုပ်လိုက်ဘူးလား (လုပ်ပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဒကာ, ဒကာမတွေ လုပ်ဖြစ်ပါလိမ့်မလဲ လို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
အင်း ဘယ့်နှယ်ကြောင့် ဒီဒကာ, ဒကာမတွေ လုပ်ဖြစ်ပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ မျက်စိကန်း လမ်းသွားတာပေါ့။
ဒကာ, ဒကာမတို့၊ ဘာတဲ့တုံး (မျက်စိကန်း လမ်းသွားတာပါ ဘုရား)။
မျက်စိကန်း လမ်းသွားတယ်၊ သိပ်ကြောက်စရာ ကောင်းပါ လား (ကောင်းပါတယ် ဘုရား)။
ဘယ်သူသွားတာတုံး (မျက်စိကန်း လမ်းသွားတာပါ)။ မျက်စိကန်း လမ်းသွားပြီး ( မှန်ပါ့)။
မျက်စိကန်း လမ်းသွားပြီ
မျက်စိကန်း လမ်းသွားပြီ ဒကာ, ဒကာမတို့၊ မျက်စိကန်းတာ အဝိဇ္ဇာ၊ လမ်းသွားတာက ကုသိုလ်နဲ့ အကုသိုလ်လုပ်တာ (မှန်ပါ့)။
ကုသိုလ် လုပ်ပြန်တော့လဲ ဒုက္ခရောက်ကြောင်း ကုသိုလ်ပဲ လုပ်ရ တယ်။ ကုသိုလ် လုပ်ပြန်တော့ကော (ဒုက္ခရောက်ကြောင်း ကုသိုလ် လုပ်ရပါတယ် ဘုရား)။
နောက်ဘဝ လူဖြစ်ချင် နတ်ဖြစ်ချင်ဆိုတဲ့ ကုသိုလ်လုပ်ပြန်တော့ ဒကာ, ဒကာမတို့၊ လူ့ခန္ဓာ နတ်ခန္ဓာ ပေါ်တယ်ပဲ ထားလိုက်ပါဦးတော့ သစ္စာအားဖြင့် ဝေဖန်လိုက်တော့ ဒုက္ခသစ္စာ ပေါ်လာတယ် (မှန်ပါ့)။
ဒါဖြင့် ဒီဥစ္စာ ကန်းတဲ့ပုဂ္ဂိုလ် လုပ်တာလား၊ ကောင်းတဲ့ပုဂ္ဂိုလ် လုပ်တာလား၊ အကဲခတ်ပါ (ကန်းတဲ့ပုဂ္ဂိုလ် လုပ်တာပါ)။
ဒါပေမယ့် ပြောလို့ရှိရင် အားလုံး ဒကာ, ဒကာမတွေ ကိုပေါ်တို့၊ ကိုဝတို့ မတော်လို့ ပြောနေ ရတယ်နော် (မှန်ပါ့)။ အလွဲကို ပြင်ပေး မည့်သူ မရှိရင် တစ်လွဲတည်း လွဲနေတော့မယ်ဆိုတာ ဧကန်ပါပဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ, ဒကာမတို့၊ မျက်စိကန်း လမ်းသွားတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်ခြေ၊ ညာခြေလှမ်းတာက
မျက်စိကန်းတာက အဝိဇ္ဇာ၊ ဘယ်ခြေ၊ ညာခြေလှမ်းတာက ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ (မှန်ပါ့) ညာခြေကလဲ လှမ်း လိုက်တာပဲ၊ ဒကာ, ဒကာမတို့ ဒုက္ခရောက်ကြောင်း ဘယ်ခြေက လှမ်းလိုက်တာလဲ၊ အပါယ်ရောက်ကြောင်း (မှန်ပါ့)၊ သုဂတိ ရောက်ကြောင်းလဲ ဒုက္ခရောက်ကြောင်းပါပဲ- (မှန်ပါ့)၊ ဒုဂ္ဂတိရောက် ကြောင်းဟာကော (ဒုက္ခရောက်ကြောင်းပါ ဘုရား)။ ဒါဖြင့် ဒီအကန်း လမ်းသွားတာဖြင့် ဒကာ, ဒကာမတို့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
သွားမိသွားရာ သွားတော့ လဲတယ်
ဒါဖြင့် သွားမိသွားရာ သွားတော့ ကိုပေါ်တို့၊ ကိုဝတို့ လဲပါရော လဲတယ်ဆိုတဲ့ဥစ္စာ သင်္ခါရပစ္စယာ ဝိညာဏံဆိုတာ ပဋိသန္ဓေနေရတဲ့ ဒုက္ခ ရောက်သွားတယ် (မှန်ပါ့)။
ဘယ်နေရာ လဲသတုံးလို့ မေးတဲ့အခါကျတော့ အစာဟောင်း ကျင်ကြီးနဲ့ အစာသစ်ဆိုတဲ့ ကြားထဲ အညစ်အကြေးအလယ်မှာ သွားပြီးလဲတယ် (မှန်ပါ့)၊ ပဋိသန္ဓေနေတော့ ဒီအထဲ နေရတာ ကိုးဗျ (မှန်ပါ့)။
အစာဟောင်းဆိုတဲ့ ကျင်ကြီးပေါ်မှာ အစာသစ်ဆိုတဲ့ အပေါ်က အုပ်ချုပ်ထားတဲ့ကြားထဲမှာ သွားလဲတယ်- (မှန်ပါ့)၊ ကောင်းတဲ့နေရာ လဲတာလား၊ ဆိုးတဲ့နေရာ လဲတာလား (ဆိုးတဲ့နေရာ လဲတာပါ ဘုရား)။
ဟာ ဘယ့်နှယ်ကြောင့် မောင်နိုင် ဒီဥစ္စာ အလဲဆိုးဝါးပါလိမ့် မလဲ မေးရတော့ လမ်းသွား မိလို့ပါဘုရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။ ဘယ့်နှယ်ကြောင့် သူ ဒီလမ်းသွားပါလိမ့်မတုံး ဒီလမ်း သွားဖြစ် ပါလိမ့်မလဲမေးတော့ (မျက်စိကန်းပြီးသွားလို့ပါ ဘုရား)၊ မျက်စိမမြင်ဘဲ သွားလို့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ခင်ဗျားတို့ ကုသိုလ်လုပ်နေတာတွေကို ဘုန်းကြီးများက ပြင်ပေးနေတယ်၊ သစ္စာသိပြီး လုပ်ပါလို့ ပြောနေတာ (မှန်ပါ့)။
အခုတော့ဖြင့် အားလုံးလိုလိုပဲ ဆရာကောင်းနဲ့ မတွေ့၊ မျက်စိ ဖွင့်ပေးမည့်လူ မတွေ့တော့ စက္ခုံ ဥဒပါဒိဖြစ်အောင်၊ အာလောကော ဥဒပါဒိဖြစ်အောင် ပညာမျက်လုံးတပ်ပေးမည့် လူက မရှိ၊ ပညာ အလင်းရောင် ပေးမည့်လူက မရှိတော့ ခင်ဗျားတို့ပြုတဲ့ ကုသိုလ်၊ ခင်ဗျားတို့ တောင်းတဲ့ ဆုတွေဟာ တဲ့ ဒကာ, ဒကာမတွေ မျက်စိကန်း လမ်းသွားလို့ ချော်လဲတဲ့ကိစ္စမှ တစ်ပါး ဘာမှမရဘူး (မှန်ပါ့)၊ သိပ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)၊ သဘောပါကြရဲ့ လား (ပါပါတယ် ဘုရား)။
အင်မတန်အရေးကြီးတယ်ဆိုတာ ကိုဝတို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)၊ နောက်က ဒကာ, ဒကာမတွေ၊ ရိပ်မိကြရဲ့လား (ရိပ်မိ ပါတယ် ဘုရား)။ မျက်စိကန်း လမ်းသွားတာနဲ့ ချော်လဲတယ်။
ဒါဖြင့် ဪ တို့သည်ကားလို့ဆိုရင် အဝိဇ္ဇာ တယ် ကြောက် စရာ ကောင်းပါကလား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
သင်္ခါရကော (ကြောက်စရာကောင်းပါတယ် ဘုရား)၊ လမ်း မသွားတတ်ရင်လဲ ဒုက္ခကြီး ပါကလား (မှန်ပါ့)။ ပြများ အ အင်း ချော်လဲတဲ့ကိစ္စကော သက်သာပါ့မလား- (မသက်သာပါ ဘုရား)၊ ကျင်ကြီး ကျင်ငယ်ကြားထဲမှာ ချော်လဲရတာ (မှန်ပါ့)။ ဦးညိုတို့၊ ဘယ်မှာချော်လဲပါလိမ့် (ကျင်ကြီး ကျင်ငယ်ကြားထဲမှာ ချော်လဲတာပါ ဘုရား)၊ အင်း လူ့ဘဝပြောတာနော် (မှန်ပါ့)။ လူ့ဘဝ ချော်လဲပုံ ပြောလိုက်ပါတယ် (မှန်ပါ့)။
မောင်နိုင်၊ သိပ်ဆိုးဝါးပါကလား (ဆိုးဝါးပါတယ် ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။
အဲဒါ ဘယ့်နှယ်ကြောင့် ဒီနေရာ ချော်လဲရပါလိမ့်မတုံးဆိုတော့ ဘုရား မျက်စိကန်းတဲ့ သစ္စာမသိတဲ့ အဝိဇ္ဇာ၏ ဒဏ်မိပြီးသကာလ သွားချင်သလို သွားလို့ ကျွမ်းထိုးမှောက်ခုံလဲတာဘုရား (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုများ လဲလိုက်ပါလိမ့် (ကျွမ်းထိုးမှောက်ခုံ လဲတာပါ ဘုရား)။
နေရာကောင်း လဲသလား၊ အဆိုးဆုံးနေရာ သွားလဲသလား (အဆိုးဆုံးနေရာ သွားလဲပါတယ် ဘုရား)။
ဦးဘရှင်းတို့၊ အဲဒီက လာခဲ့တာနော် (မှန်ပါ့)၊ ဒကာကြီးလှိုင်၊ အဲဒီက လာခဲ့တာဗျ (မှန်ပါ့)။
လဲတော့ အနာတွေရတယ်
လဲတော့ကို သက်သက်သာသာလားလို့ မေးဖို့ လိုလာတယ် (မှန်ပါ့)၊ ဝိညာဏပစ္စယာ နာမရူပံ ဆိုတော့ ဒကာ, ဒကာမတို့ လဲတော့ အနာတွေရတယ် (မှန်ပါ့)၊ ရုပ်နာ၊ နာမ်နာတွေ ရမလာ ဘူးလား (ရလာပါတယ် ဘုရား)။
အင်း ရုပ်နာ၊ နာမ်နာတွေကလဲ စဉ်းစားကြည့်ပါ၊ ဒုက္ခသစ္စာ မှတစ်ပါး ဘာမှမပါပါဘူး (မှန်ပါ့)၊ အနာမရသေးဘူးလား (ရပါပြီ)၊ ဒုက္ခနာတွေဖြင့် ရပါပြီဆိုတာ သေချာကြပလား သေချာ ပါပြီ ဘုရား)။
ပြည်တွေ တည်လာပြီ
ကဲ ဒုက္ခနာတွေရတော့ “နာမရူပပစ္စယာ သဠာယတနံ” ဆိုတော့ သဠာယတနဆိုတာ ခြောက်ခု၊ အနာခြောက်မျိုး တစ်ခါတည်း ဒကာ, ဒကာမတို့၊ ပြည်တွေဘာတွေ တည်လာတယ် (မှန်ပါ့)၊ ငန်းတွေ မန်းတွေ ပြည်တွေ တည်လာပြီ ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ)။
ဪ သဠာယတနဆိုတာ ကျုပ်တို့မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကို ဆိုပါတယ်။ ဒါတွေက ဘာတုံးဆိုတော့ ပြည်တည်တာတွေ၊ မျက်စိကန်း ချော်လဲလို့ အနာရပြီး အနာရရုံ မကဘူးကွ၊ ငန်းတွေ မန်းတွေ ပြည်တွေ တည်ကုန်ပြီကွ၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့ ဖြစ်စဉ်လေဗျာ (မှန်ပါ့)၊ သစ္စာမသိတဲ့ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိ ပေါ်ပလား (ပေါ်ပါပြီ)၊ အင်မတန်မဆိုးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အခု ခင်ဗျားတို့ ဘယ်အထဲမှာ ရောက်နေသတုံးလို့ မေးတဲ့ အခါကျတော့ မျက်စိရှိတော့ တပည့်တော်တို့ကလဲ ကြည့်မိတယ် ဘုရား နားရှိတော့လဲ ထောင်မိတယ်ဆိုတော့ ဒကာ, ဒကာမတို့၊ ဒီနေရာမှာ ဖဿ ဆိုတဲ့ဥစ္စာသည် မျက်စိနဲ့နား လာလာထိခိုက်တဲ့ သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊
အနာကြီး ဆူးထိုးခံရ တယ်
ဟာ ခုနက တစ်ကိုယ်လုံး ငန်းတွေ မန်းတွေ ကြွနေတဲ့ အနာကြီး ဆူးထိုးခံရ တယ် (မှန်ပါ့)၊ ဖဿတည်းဟူသော ဆူးတွေက သဠာယတန ပစ္စယာ ဖဿာကိုး (မှန်ပါ့)၊ ဖဿတည်းဟူသော ဆူးတွေက တစ်ကိုယ်လုံး မထိုးဘူးလား (ထိုးပါတယ် ဘုရား)။
အံမာလေး၊ လဲချက်ကလဲ နာသေး၊ အနာကလဲရ ပြည်တွေ ကလဲ ထည့်၊ ဆူးချုံထဲမှာ လဲသွား ဆူးမျိုးစုံ အထိုးခံရတယ်ဆိုတော့ ကိုပေါ် ဘယ့်နှယ်နေတုံး၊ သက်သာခွင့်ရသေးလား (မရပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ် အဆုံးကို ရွတ်ကြည့်တော့ ဒုက္ခက္ခန္ဓဿလို့ မလာဘူးလား (လာပါတယ် ဘုရား)။
ဘာတဲ့ (ဒုက္ခက္ခန္ဓဿပါ ဘုရား)၊ ဒုက္ခအစုကြီးပါကွာလို့ ဆိုတဲ့ ဥစ္စာများ ဦးဘရှင်း၊ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
မလိုတော့ပါဘူး။ ဒုက္ခအစုကြီးရလာတယ်။ မောင်နိုင် (မှန်ပါ့)၊ ဒီပြင် ဘာရသေးသတုံး (မရပါ ဘုရား)။
ဒါကြောင့် ဒီဟာဟောနေတာ ဘာပါလိမ့်မတုံးဆို၊ အို သစ္စာမသိတဲ့ ဒဏ်ချက်မှာ တို့ အတော်နာပါကလားဆိုတဲ့ဥစ္စာ စိတ်ထဲမှာ ကိလေသာဖြူစင်အောင်လို့ သစ္စာသိချင်တဲ့ စိတ်တွေ များများကြီး ပေါ်အောင်လို့ ဟောနေပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဦးမူတို့ နားလည်တယ်နော် (နားလည်ပါတယ် ဘုရား)။
အေး သေသေချာချာ နားထောင်ပါ။ အင်း ဒီဆူး ထိုးလိုက် တဲ့ အခါကျတော့ ကိုဝရေ ဝေဒနာမှ ရပါ့မလား (ရပါတယ် ဘုရား)၊ နာလိုက်တာ၊ ကျင်လိုက်တာ၊ ကိုက်လိုက်တာ၊ ခဲလိုက်တာ ဆိုတဲ့ အနာပေါ် တုတ်ကျတာကိုးဗျ (မှန်ပါ့)၊ အနာပေါ် တုတ်ကျ တယ် ဆိုတော့ ဝေဒနာမှ လာပါ့မလား (လာပါတယ် ဘုရား)။
အဲဒါကြောင့် အနာဆူးထိုးမိတဲ့အခါကျတော့ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။
ဝေဒနာရောက်ပြီ
ဒကာ, ဒကာမတို့၊ ဝေဒနာရောက်ပြီ၊ ခင်ဗျားတို့ (မှန်ပါ့)၊ ဒါကြောင့် တစ်နေ့လုံးမှာ ခင်ဗျားတို့ ဝေဒနာနဲ့ ကင်းပြီးနေတဲ့ အချိန်များ ပါကြရဲ့လား (မပါပါ ဘုရား)
မျက်လုံးပေါက်က ဥပေက္ခဝေဒနာပေါ်လိုက်၊ နားပေါက်က ဥပေက္ခာဝေဒနာပေါ်လိုက်၊ ကိုယ်ပေါက်ကနေ ဒုက္ခဝေဒနာတွေ ပေါ်လိုက်၊ အိုက်လိုက်တာ၊ ပူလိုက်တာနဲ့ ဟင်-ဝမ်းထဲကနေ ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာတွေ ပေါ်လိုက် လေထိုးလိုက် ရင်ကျပ် လိုက်နဲ့ ဝေဒနာတွေက ဒကာ, ဒကာမတွေ၊ တစ်ကိုယ်လုံးဟာ ဘာခန္ဓာတဲ့တုံး (ဝေဒနာက္ခန္ဓာပါ ဘုရား)၊ ဝေဒနာက္ခန္ဓာတဲ့။
ဒကာ, ဒကာမတို့ ဘာခန္ဓာတဲ့တုံး (ဝေဒနာက္ခန္ဓာပါ ဘုရား)။
ဘုရားကကို ဟောချင်လို့ ဟောရတာလား၊ ခင်ဗျားတို့ အရှိကြည့်ပြောတာလား (အရှိကြည့်ပြောတာပါ ဘုရား)၊ ဟာ ကိုပေါ်တို့၊ ကိုဝတို့ ခင်ဗျားတို့ခန္ဓာ ဘာခန္ဓာပါလိမ့် (ဝေဒနာက္ခန္ဓာ ပါ ဘုရား)။
ဝေဒနာ ဘယ်နှစ်မျိုးရှိသတုံးလို့ မေးလို့ရှိရင်ဖြင့် အများကြီး မျိုးစုံရှိတယ်လို့ ဖြေကြပါ (မှန်ပါ့)။
ဝေဒနာ ဘယ်နှစ်မျိုးရှိပါလိမ့် (မျိုးစုံရှိပါတယ် ဘုရား)၊ မျိုးစုံ ရှိပါတယ်ဆိုတာ ဒကာ, ဒကာမတွေ မငြင်းဆန်နဲ့၊ မှန်ပါတယ် ဆိုတာဖြင့် ပြောရတော့မယ် (မှန်ပါ့)၊ အဲဒီ မျက်စိကန်း ဝေဒနာ ရပြီ (မှန်ပါ့)။
မျက်စိကန်း ဝေဒနာရပြီ
ဒကာ, ဒကာမတို့၊ ဘာတဲ့တုံး (မျက်စိကန်းဝေဒနာ ရပါပြီ ဘုရား)။
မျက်စိကန်းဝေဒနာ ရပါပေါ့ဆိုတာဖြင့် သေချာပြီ (သေချာပါပြီ ဘုရား)၊ လဲချက်က နာသောကြောင့် ပြည်တွေတည်၊ ပြည်တွေတည် လို့ ဆူးတွေကထိုး၊ ဆူးတွေကထိုးလို့ ဝေဒနာရတော့ ဒီ-မျက်စိ ကန်းသည်ကားလို့ဆိုရင်ဖြင့် အကန်းအဖြစ်နဲ့ပဲ ဝေဒနာမခံနိုင်တာနဲ့ဘဲ ကိုဝ ဆေးရှာဦးမှာပဲ- (မှန်ပါ့)၊ သို့သော် အကန်းရှာတဲ့ ဆေးဟာ ဖြင့် ဆေးကောင်းတော့ ရလိမ့်မယ်မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
အကန်းကဆေးရှာ
ဒကာ, ဒကာမတို့ ဘာတဲ့တုံး (ဆေးကောင်းရမှာ မဟုတ်ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုံး- (အကန်းက ရှာတာပါ ဘုရား)၊ အကန်းက ရှာတာ ဒကာ, ဒကာမတွေရ၊ နောက်က ဒကာ, ဒကာမတွေ ဘယ်သူက ဆေးရှာတာတုံး (အကန်းက ရှာတာပါ ဘုရား)။
အင်းဝေဒနာပစ္စယာ တဏှာဆိုတာ ဆေးရှာတာသဘော ကျပလားကျပါပြီ ဘုရား)။
အင်းဝေဒနာတွေက ခက်လှချည်ရဲ့။ အိုဘေး, နာဘေး, သေဘေး, ဝေဒနာတွေကလဲများ၊ ၉၆-ပါး ဝေဒနာတွေကလဲ များလို့ ဆေးတော့ရှာရဦးမှာပဲ ဆိုပြန်တော့လဲ ရှာတော့ ရှာကြတာ ပဲ။ ဒါနပြုရှာ၊ သီလပြုရှာ၊ ရှာပင်ရှာငြားသော်လဲ နောက်ဘဝရဖို့ ရှာပြန်တော့ ကိုဝရေ သွားပြန်ပြီ (မှန်ပါ့)၊ ဆေးရှာတော့ ဘယ့်နှယ် တုံး (လွဲသွားပါတယ် ဘုရား)၊ ဒကာကြီးလှိုင်၊ စဉ်းစားစမ်း (လွဲပါတယ် ဘုရား)။
နောက်က ဒကာ, ဒကာမတွေ၊ ဆေးရှာပုံ တည့်ရဲ့ လား (မတည့်ပါ ဘုရား)။
ဪ ဒါ ခင်ဗျားတို့ သစ္စာမသိတဲ့ အတွက်ဟာ ကြည့်စမ်း၊ လဲလိုက် ကွဲလိုက်ရတာလဲ မသက်သာ (မှန်ပါ့)၊ လဲလိုက် ကွဲလိုက် လို့ အနာရပြန်တော့လဲ ဆေးရှာချင်တဲ့စိတ်ဆိုတဲ့ ဝေဒနာပစ္စယာ တဏှာဆိုတာက ဟိုဟာကြိုက်၊ ဒီဟာကြိုက် မောင်နိုင် ဆေးရှာ တဲ့သဘော (မှန်ပါ့)။
ရှာပြန်တော့လဲ အကောင်းက ရှာတာလား၊ အကန်းက ရှာတာ လား ဝေဖန်ပါဦး (အကန်းက ရှာတာပါ ဘုရား)၊ ဆေးကောင်း
တွေ့မယ်မဟုတ်ပါဘူး (မှန်ပါ့)၊ ဒကာ, ဒကာမတို့၊ ဘယ်လို ပါလိမ့် (ဆေးကောင်းတော့ တွေ့မယ်မဟုတ်ပါ ဘုရား)
ကြည့်စမ်း ဒကာ, ဒကာမတို့၊ ငါတို့ နောက်တန်းက ဘယ်လို နေခဲ့ရတယ်ဆိုတဲ့ဥစ္စာ လဲခဲ့ကွဲခဲ့လို့ အကန်းဆေးရှာပြီးသကာလ လာခဲ့ရတဲ့ကိစ္စတွေနဲ့ အချိန်ကုန်ခဲ့ရတယ်ဆိုတာဖြင့် မငြင်းမဆန်နဲ့၊ မောင်နိုင် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါတယ်)၊ တယ်လဲ ဆိုးပါလား (ဆိုးပါတယ် ဘုရား)
ဒကာ, ဒကာမတို့ ဒီတစ်ခါ ဆရာဘုန်းကြီးက သစ္စာမျက်လုံး ဖွင့်ပေးလို့ ခင်ဗျားတို့ ဆေးကောင်းအစစ်ကို မရှာတတ်တော့ဘူး ဆိုလို့ရှိရင်ဖြင့် အကန်းရေ သွားပေတော့လို့ ဆိုရုံမှ တစ်ပါး ဘာမှ ပြောစရာမလိုပါဘူး (မလိုပါ ဘုရား)၊ သိပ်နစ်နာသွားတယ်နော် (မှန်ပါ့)။
ဒကာ, ဒကာမတို့ သိပ်နစ်နာသွားတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဒါကြောင့် ဒီတရားကို လက်မလွတ်စေနဲ့၊ မျက်လုံးဖွင့်ပေးတဲ့ ဆရာနဲ့တွေ့တုန်း ခင်ဗျားတို့ အကောင်းရှာ ရှာလို့ရှိရင်ဖြင့် ကိုယ်နဲ့ တည့်တဲ့ဆေး၊ သင့်မြတ်တဲ့ ဆေးဆိုတာ အအို, အနာ, အသေ လွတ်တဲ့ဆေးဆိုတာ တွေ့ဦးမယ် (မှန်ပါ့)၊
အကန်းရှာ ရှာလို့ ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ မရပါဘူး (မရပါ ဘုရား)၊ သိပ်ကြောက် စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
တစ်သံသရာလုံး တပည့်တော်တို့ ဘယ်လိုနေခဲ့လို့ ဘယ်လို ထိုင်ခဲ့ပြီး ဘယ်လိုများ ခရီးသွား ခဲ့ပါလိမ့်မတုံး မေးတော့ကွာ၊ ခုနက နောက်ကပြောခဲ့တဲ့ အတိုင်းပါပဲကွာ၊ အကန်းလမ်းသွား ချော်လဲ အနာရပေါ့။ ပြည်ထွက်ကွာ၊ ဆူးထိုးခံရကွာ ဝေဒနာမျိုးစုံလာ။
ဝေဒနာကုချင်လို့ ဆေးရှာပြန်တော့လဲ အကန်းက ရှာတာဖြစ် သောကြောင့် ခုနက လူ့ပြည် နတ်ပြည်ပဲ ရှာပြန်တယ် (မှန်ပါ့)၊ ကိုဝ နိဗ္ဗာန်ရှာရဲ့ လား- (မရှာပါ ဘုရား)။ ခင်ဝင့်
မရှာတော့ အရှာက ဘယ့်နှယ်နေသတုံး (လွဲပါတယ် ဘုရား)။
နောက်က ဒကာ, ဒကာမတွေ အရှာကဖြင့် လွဲချက်ပြင်းထန် လှချည်လား (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ဒီလောက်ထိအောင် နားလည်ထားမှ ဦးဘရှင်း၊ ဪ ဒုက္ခက္ခန္ဓဿ ဆိုတာ ဟုတ်သဟေ့ (မှန်ပါ့၊ ဘုရား)။
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ-ဆိုတာ မောင်နိုင် ဟုတ်ပြီ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)
အင်မတန်အရေးကြီးပါတယ်ဆိုတာ သိလုံးမှာ ခင်ဗျားတို့ သန္တာန် ရှိပင်ရှိငြားသော်လဲ ကလေးအနာပေါက်သလို ဖြစ်နေတော့ မအေက မြင်မှသာလျှင် နှင့်မှာ ဘာဖြစ်နေတာတုံး၊ ကျွန်တော် မသိပါဘူးဆိုတဲ့ အသွားများ ခင်ဗျားတို့က ဖြစ်နေတယ် (မှန်ပါ့)။
မအေ အဖေနဲ့တူတဲ့ ဆရာသမားက ဟောဒီအနာကြီး နှင့် အနာ သက်သာလှမယ် မဟုတ်ဘူး ဆိုတာ ထုတ်ဖော်ပြောနေတာ (မှန်ပါ့)၊ ဒါတောင် ခင်ဗျားတို့က ဆေးအရှာလွဲမှာစိုးလို့ ရှာနည်း နိဿရည်းကို မောင်နိုင် ပြောရဦးမှာ- (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။
ဒကာကြီးလှိုင်ရေ အင်မတန် အရေးကြီးတဲ့ တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ပေါ်ပြီ၊ ပေါ်ကြပြီး ပေါ်ကြပြီနော်- (မှန်ပါ ဘုရား)။
တဏှာက ဆေးရှာတာ
ကိုင်း-ဒါဖြင့် ဆေးရှာတာကလဲ ဝေဒနာ ရောက်တာနဲ့ ဒကာ, ဒကာမတို့၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) မှ ဟာ-မောင်နိုင် တဏှာက ဘာလုပ်တာတဲ့ (ဆေးရှာတာပါ ဘုရား)။ ဆေးရှာတယ်တဲ့၊ ကျုပ်ဖြင့် အနာမျိုးစုံ ပေါက်လာပြီး မျက်စိကန်း က ညည်းတယ် (မှန်ပါ့)။
မျက်စိကန်းက ဘာတဲ့ (ညည်းပါတယ် ဘုရား)၊ ကျုပ်မှာ အနာ မျိုးစုံ ပေါက်နေလို့ ဆေးရချင်လိုက်တာလို့ ဦးဘရှင်း၊ ရှာပြန်တယ် (မှန်ပါ)။
စာပြန်တော့လဲတဲ့၊ ဒကာ, ဒကာမတို့ လူ့ပြည်မှာ လူချမ်းသာ ဆိုတာ ပြောသံကြားဖူးတယ်။ အဲဒါ ဆုတောင်းမှထင်ပါရဲ့ ဆိုတော့ ကို သွားပြီ (မှန်ပါ့)။
ဘာဖြစ်လို့ ဒါလောက်တောင် လူ့ပြည်မှာ ဆုတောင်းပါလိမ့် မတုံး မေးတဲ့အခါကျတော့ ကန်းလို့ (မှန်ပါ့)၊ ဆေးရှာလိုက်တာ ဘယ့်နှယ်တုံး ဒုက္ခတွေ့တော့မယ် (မှန်ပါ့)။
ဆေးရှာလိုက်တာ သုခရမှာလား၊ ဒုက္ခရမှာလား (ဒုက္ခရမှာ ပါ ဘုရား)။
လွန်လှချည့်လား၊ ဒကာ, ဒကာမတို့ နဂိုကလဲ မှားချက်က ပြင်းထန်တဲ့အထဲမှာ ထပ် မှားပြန်ပြီ ဆိုလို့ရှိရင် ဒကာ, ဒကာမတို့ ငြိမ်းနိုင်ဖို့ ရှိသေးသလား (မရှိပါ ဘုရား)၊ တော်ဆိုးပါတယ် (ဆိုးပါတယ် ဘုရား)။
ဒါ့ကြောင့် အားလုံးပဲ မိဘဉာတကာ ဆွေမျိုးမတော်ဖူးသည် မည်သည်မရှိတော့ လမ်းကောင်း လမ်းမှန်ကြီး ပြနေတယ်၊ သစ္စာ မျက်လုံး တပ်ပေးတော့မယ်ဆိုတော့ ကိုယ်လာ ခဲ့တာတွေ ကိုယ့်အရုပ် ဆိုး ကိုယ့်သံဝေဂဉာဏ်တွေနဲ့ ရပြီးနေလို့ ဝမ်းထဲ ဖြူစင်နေတော့မှ ဒီနေ့ ကိစ္စဉာဏ် ကို ဟောမှာ- (မှန်ပါ့)။
ဝမ်းထဲဖြူစင်အောင် လုပ်နေတာ
အခုဟာက ဝမ်းထဲဖြူစင်အောင် လုပ်နေတာ- (မှန်ပါ့)၊ ကိုယ့် အဖြစ်ကဖြင့် တကယ်သံဝေဂ ရစရာချည်းပါပဲ။ တကယ့်ကိုပဲ မလိမ္မာ မှုကဖြင့် အလွန်ကိုပဲ ကြီးကျယ်ခဲ့ပါလားဆိုတာ ကိုဝတို့ မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကိုယ့်ဖြစ်ဆိုး ကိုယ်သိပြီနော် (မှန်ပါ့)။
ကြည့်စမ်း၊ မောင်နိုင်ရေး ဝေဒနာရတော့ ဘာလုပ်သတဲ့ကွာ (ဆေးရှာပါတယ် ဘုရား)။
ဆေးရှာတော့လဲ ဆေးရချင်တဲ့စိတ်ကလေး ပေါ်တော့ တစ်ခါ တည်း ဝေဒနာ ပစ္စယာ တဏှာ ဆိုတဲ့ ဥစ္စာ ဒကာ, ဒကာမတို့ တဲ့။ ဆေးသောက်တာပါပဲ (မှန်ပါ့)၊ ဘာသောက်မိသတုံး ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ သွားသောက်မိတယ် (မှန်ပါ့)။
မောင်နိုင် လွဲကုန်ပြီ (လွဲပါတယ် ဘုရား)၊ နောက်က ဒကာ, ဒကာမတွေ (လွဲပါတယ် ဘုရား)။
အနာရတာနဲ့ ဆေးသောက်လိုက်ပြန်တော့လဲ သူများပြောသံ ကြား လူချမ်းသာ၊ သူများ ပြောသံကြား နတ်ချမ်းသာနဲ့ပဲ ဦးဘရှင်း လမ်းဆုံးသွားတယ်- (မှန်ပါ့)။
ဘယ့်နှယ်ကြောင့်တုံးလို့ မောင်နိုင် မေးဖို့မလိုတော့ဘူး- (မလို တော့ပါ ဘုရား)၊ အကန်းဘုရာ့၊ ဒါပဲ အဖြေထွက်ဖို့ရှိတယ်- (မှန်ပါ့)။
ဘယ်လို ဖြေကြပါ့မယ် (အကန်းပါ ဘုရား)၊ အကန်းပဲဆိုတာမှ တစ်ပါး ဒီပြင် ဘယ်သူ့ အတွက် ကဲ့ရဲ့စရာ ရှိသေးသတုံး- (မရှိပါ ဘုရား)။
ကဲ ကိုဝတို့ ကိုပေါ်တို့ ဘယ်လောက်ဆိုးသတုံး- (ဆိုးပါတယ် ဘုရား)၊ ခင်ဗျားတို့ ရှေးက ဖြစ်စဉ် ပေါ်ကြပလား- (ပေါ်ပါပြီ)၊
ရှေးတုန်းက တပည့်တော်တို့ ဘယ်လို စကြဝတေးဓာတ်တွေများ ဖြစ်ခဲ့သလားဘုရား အဲဒါတော့ မပြောတတ်ဘူးကွ၊ အကန်းလမ်း သွားလို့ ဆေးမှားတာတွေတော့ဖြင့် တစ်ပုံကြီးပဲဟေ့ (မှန်ပါ့)၊ သဘောကျပလား- (ကျပါပြီ)။
အကန်းလမ်းသွားလို့ ဆေးမှားတာတွေဖြင့် (တစ်ပုံကြီးပါ ဘုရား)။ တစ်ပုံကြီးပဲဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဆေးသောက်မိ ပြန်တယ်
ပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးကို ပြောလာပါတယ်။ ဒကာ, ဒကာမ တို့ အခု ဆေးသောက်မိ ပြန်တယ်၊ သောက်မိပြန်တော့ ဒကာ, ဒကာမတို့ ခုနက ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဆိုပြီး သကာလ အဲဒီ ဆေးကိုလဲ ဆွဲယူပြီး သကာလ လိမ်းလိုက်ပြန်တယ်။ လိမ်းလိုက် ပြန်တော့ ဒီ-ကမ္မဘဝ ပစ္စယာဆိုတော့ ဇာတိပြန်လာတယ် (မှန်ပါ့)။
ကြည့်စမ်း၊ ကမ္မဘဝတည်းဟူသော ဆေးကို ထည့်လိမ်းတာနဲ့ ဦးဘရှင်း နောက်အနာ ပြန်ပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ နဂိုက အနာပျောက်သလား၊ အနာသစ် ထပ်လာသလား (အနာသစ် ထပ်လာပါတယ် ဘုရား)။
အနာသစ် ထပ်လာပါတယ်
ဟာ-ဒကာ, ဒကာမတို့ ဘယ့်နှယ်ကြောင့် နဂိုနာမပျောက်ဘဲနဲ့ အနာသစ်ပဲ ထပ်ရောက် ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ဘယ့်နှယ်ဖြေကြမလဲ (ကန်းလို့ပါ ဘုရား)။
ဒီအကန်းကို မလျှော့ပါနဲ့ (မှန်ပါ့)၊ အကန်းမလျှော့ပါနဲ့ဆိုတာ သစ္စာမသိသေးသရွေ့ ဦးဘရှင်း ဘာတဲ့ (ကန်းပါတယ် ဘုရား)၊ ဒါဖြင့် မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။
ဒီလိုကော ဒကာ, ဒကာမတွေကို ဘုန်းကြီးများက ကိုယ်တတ် သလောက် ကိုယ်သိတာတွေကို ကိုဝတို့လူစု၊ ကိုပေါ်တို့လူစုတွေ၊ ပစ်ထားမယ်ဆိုလို့ရှိရင် ဒီအကန်းလမ်းသွားပဲ သွားနေမှာပဲ (မှန်ပါ့)။
နောက်က ဒကာ, ဒကာမတွေ၊ ဘယ်လိုများ သွားမယ် ထင်သလဲ (အကန်းလမ်းသွားမှာပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့က အကန်း လမ်းသွားပြင်ပေးနေတာ ကို မလဲမချော်ရအောင်လို့ အနာသစ် နောက်ထပ်မရအောင်လို့ ပြင်ပေးနေတာကို ခင်ဗျားတို့က ဪ အချိန်က မရလို့ တရား မနာလိုက်ရဘူးလို့ ခင်ဗျားတို့က ကိုယ်လဲကွဲနေတဲ့ ဒုက္ခကြီး ကိုယ် မသိတော့ တရားနာရမှာ ပျင်းသလိုလို အားထုတ်ရမှာ ပျင်းသလိုလို နာရမှာ ခက်သလိုလို ဦးဘရှင်း ဖြစ်တတ်သေးတယ် (မှန်ပါ့)။
အကန်းလမ်းသွား ချော်လဲတာ သူမသိတော့ ကိုယ့်ဟာကိုယ် ဟုတ်တယ် (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ခင်ဗျားတို့ ဖြစ်စဉ်က နောက်အနာရသလို ဖြစ်နေတယ် (မှန်ပါ့)၊ မျောက်အနာရတော့ကို ပျောက်အောင် ကုသလား၊ ဖဲ့နေသလားလို့မေးရင် (ဖွဲနေပါတယ် ဘုရား)၊ ဒီလိုဖြစ်နေတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အနာရတဲ့အခါကျတော့ အနာရတဲ့ မျောက်သည် ဒကာ, ဒကာမ ပျောက်ခြင်းငှာ လုပ်နေသလား၊ အနာကြီးပွားရေး ကြိုးစားနေသလား (အနာကြီးပွားရေး ကြိုးစားနေပါတယ် ဘုရား)။
ဒီမှာ ဆရာကောင်းနဲ့သာ မတွေ့ရင် ခင်ဗျားတို့ သေသေချာ ချာ မှတ်ပါ။ အနာကြီးပွားရေး မှတစ်ပါး ဘာမှ မလုပ်တတ်ဘူး (မှန်ပါ့)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ ကိုယ်တိုင်စဉ်းစားကြည့်ပါ တဲ့။ ဘုရားသွားကြတယ်၊ ကျောင်းတက် ကြတယ် ဆိုငြားသော်လဲ သစ္စာမသိဘဲနဲ့ တက်နေတဲ့ပုဂ္ဂိုလ်၏ ဘုရားရှိခိုးသံနဲ့ သူကြည်ညိုသံနဲ့ သူ့ပါစပ်က ထွက်တဲ့အသံတွေဟာ အနာရှာနေတာများတယ် (မှန်ပါ့)၊ မများဘူးလား (များပါတယ် ဘုရား)။
အနာရှိလျက်နဲ့ အနာရှာပြန်ပြီ
ဘာတွေများပါလိမ့် (အနာရှာနေတာ များပါတယ် ဘုရား)။ အနာရှာနေတာ များတယ်ဆိုတဲ့ ဥစ္စာ ဪ အနာရှိလျက်နဲ့ အနာရှာတာဆိုတော့ ခင်ဗျားတို့ မွေးထားတဲ့ ကလေးကလေး ဒိုင်းဒိုင်းပြေးသွားတဲ့အရွယ် ၃-၄ နှစ်အရွယ်မှာ ပြေးတိုင်းလဲလို့ ဒူးမှာလဲ အနာမပျောက်ဘူး (မှန်ပါ့)၊ ဒီထဲကနေပြီး သူက နောက်ထပ်ပြေးချင်သေးတယ် ဆိုတော့ ဒီကလေးကို ဘယ်လိုဆိုကြ မယ်၊ အနာရှိလျက်နဲ့ အနာရှာပြန်ပြီး (မှန်ပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)
အနာရှိလျက်နဲ့ (အနာရှာပါတယ်)၊ ခင်ဗျားတို့က ယခု ခန္ဓာကြီး မပျောက်ခင်က နောင်ခန္ဓာ နာကြီးကို ဆုတောင်းယူတာ ကလေးမိုက် မိုက်နေတယ် (မှန်ပါ့)။
ကိုထွန်းလှိုင် ရိပ်မိရဲ့လား (ရိပ်မိပါတယ်)၊ ဘာမိုက် မိုက်နေကြ သလဲ (ကလေးမိုက် မိုက်နေ ကြပါတယ်)။
အဲဒီတော့ ခင်ဗျားတို့ ဆံပင်ဖြူတာနဲ့ ခင်ဗျားတို့ သွားကျိုးတာ ကို လူကြီးလို့ ကို ဆိုလိုက် ရမှာလား၊ ကလေးမိုက် မိုက်တုန်းပဲ လားလို့ ဆိုရမှာလား (ကလေးမိုက် မိုက်တုန်းပဲလို့ ဆိုရမှာပါ ဘုရား)။
ဒါ မနာပါနဲ့ ဒကာ, ဒကာမတွေ (မှန်ပါ့)၊ ကိုယ့်ဖြစ်စဉ် ဒီအတိုင်းပါ (မှန်ပါ့)။
ဦးဘကလေး (ကိုယ့်ဖြစ်စဉ် ဒီအတိုင်းပါ ဘုရား)၊ ကိုယ့်ဖြစ်စဉ် ဒီအတိုင်းပဲဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)။ အ အင်း ခင်ဗျားတို့ ဒီဆရာကောင်း သမားကောင်းနဲ့ မတွေ့တော့ပါဘူး ဆိုလို့ရှိရင် မောင်နိုင် အနာရှိလျက်နဲ့ ဒီကလေး အနာရှာ ပြန်ပလား ဆိုတဲ့ မြည်လုံး တွန်လုံးတွေ အမေမိဘက ပြောသလို ခင်ဗျားတို့မှာ အနာရှိလျက်နဲ့ အနာရှာနေတယ် (မှန်ပါ့)။
အင်း ဒီဘဝတော့ကွာ၊ တွင်းကလဲ အကျိုးမပေးဘူး။အရောင်း အဝယ်ကလည်း နေရာမကျဘူးကွ။ နောက်ဘဝ ချမ်းသာအောင် တော့ လုပ်မှပဲဆိုပြီး ဘဝပါလာကတည်းက ဇာတိပါတယ် (မှန်ပါ့)။
နောက်ဘဝ ချမ်းသာအောင်လုပ်ရင် ဇာတိပါ မပါ (ပါပါ တယ် ဘုရား)။
ဒါဖြင့် ဒီဘဝ ဆင်းရဲလက်စ မသတ်ခင်ကပဲ ဟိုဘဝ ဆင်းရဲကို နှုတ်ဆက်ထားတဲ့ အဓိပ္ပာယ် (မှန်ပါ့)။
လွန်သွားပြီး (မှန်ပါ့)၊ မလွန်သေးဘူးလား- (လွန်ပါပြီ ဘုရား)၊ ခုနင်က အနာရှိလျက်နဲ့ ဘာတုံး (အနာရှာပါတယ် ဘုရား)။
အနာရှိလျက်နဲ့ အနာရှာတဲ့ အဓိပ္ပာယ်ဟာ ဪ တို့ သည် ကားလို့ဆိုရင် မသိတာ ပြင်းထန်လှချည်လား ဆိုတော့မှ လက်သည် ဘယ်သူပါလိမ့်မတုံးလို့ ဦးဘရှင်းက ရှာစမ်း (အဝိဇ္ဇာပါ ဘုရား)။
အကန်းလမ်းသွား
ကိုင်း ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒကာ, ဒကာမတို့၊ ဒီအဝိဇ္ဇာ က ဝိဇ္ဇာဖြစ်အောင် လုပ်ပေးမည့် ဆရာသမားနဲ့လဲ မတွေ့ဘူး။ ကိုယ်ကလဲ မလုပ်ချင်ဘူး ဆိုလို့ ရှိရင်ဖြင့် ဒကာ, ဒကာမတို့ တစ်ခါ တလေလဲ အကန်းလမ်းသွားလို့ အပါယ်ရောက်မယ် (မှန်ပါ့)၊ တစ်ခါတလေ အကန်းလမ်းသွားလို့ သူများပါးစပ်ထဲ လမ်းဆုံး မယ် (မှန်ပါ့)။
ကြွက်ကလေးဖြစ်ရတဲ့ဘဝကျတော့ ကြောင်ရှိရာသွားမိလို့ ကြောင်ပါးစပ်ထဲ လမ်းဆုံးတယ် (မှန်ပါ့)၊ မဆုံးပေဘူးလား (ဆုံးပါတယ်)၊ အကန်းတွေ လမ်းသွားနေတာကိုး (မှန်ပါ့)။
အင်း နတ်ပြည်မှာ အိုဘေး၊ နာဘေး၊ သေဘေးတွေက ရှိပါလျက်သားနဲ့ ကိုဝ အဲဒီသွားတဲ့ပုဂ္ဂိုလ်လဲ အကန်းလမ်းသွားပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဟာ ဗြဟ္မာပြည် သွားပါဦးမယ်ဆိုပြီး သွားလိုက်ပြန်တော့လဲ ဘာသွားတာတုံး (အကန်းလမ်းသွားတာပါ ဘုရား၊ အကန်းလမ်းသွားချည်းပဲဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
အဲဒါကို ယနေ့ ဒကာ,ဒကာမတို့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ မရရအောင် ဟောရမှာ အင်မတန်မှ ခက်ခဲတဲ့ အဓိပ္ပာယ်ကို ပြောရမှာ နည်းနည်းနောနော ကန်းလာတဲ့ မျက်လုံးလား၊ အကန်းတာရှည် ကြီးဗျ (မှန်ပါ့)။
ဒကာ, ဒကာမတွေ၊ ဘယ်လိုဆိုကြမယ် (အကန်းတာရှည်ကြီး ပါ ဘုရား)။
နည်းနည်းနောနော ကန်းလာတာလား၊ အကန်းတာရှည်ကြီး လား (အကန်းတာရှည်ကြီးပါ ဘုရား)။
အကန်းတာရှည်ကြီး ဆိုလို့ ရှိရင်ဖြင့် ဒကာ, ဒကာမတို့ တော်တော် ကုရလိမ့်မယ်လို့ မဆိုထိုက်ဘူးလား- (ဆိုထိုက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အခုအချိန်မှာတော့ဖြင့် ခင်ဗျားတို့ကိုက အင်း ဒီအကန်းပျောက်ချင်တဲ့ စိတ္တုပ္ပါဒ်နဲ့ လာကြတဲ့အတွက် ကိုယ့်ကိုယ်က ကန်းမှန်းသိတဲ့ ပုဂ္ဂိုလ်မို့ ဆေးလာရှာကြတာမို့ တော်ပါသေးရဲ့ (မှန်ပါ့)။
ဒါ ဆေးရှာလာကြတာပဲ (မှန်ပါ့)၊ အခု ဘုန်းကြီးဆီ တရားနာလာကြတာ ကို ဘာလုပ် လာတာလဲ (ဆေးရှာလာတာပါ ဘုရား)။
ဒါ တော်သေးတယ်နော်- (မှန်ပါ့)၊ တရားလဲမနာ, အားလဲ မထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ကဲ မောင်နိုင်၊ ဦးဘရှင်းတို့က ဆုံးဖြတ်ချက်ချလိုက်တာပေါ့။ အကန်းဟာကွာ ကန်းမှန်းမသိလို့ ဆေးတောင်မရှာတော့ဘူးပေါ့ (မှန်ပါ့)၊ ဖြစ်ချင်သလို ဖြစ်ပစေ၊ ဆိုတဲ့ အဓိပ္ပာယ် သူ့မှာ အကုန် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ကဲ ဘယ်လောက်ဆိုးသွားသတုံး (ဆိုးသွားပါတယ် ဘုရား)၊ ဒကာကြီးလှိုင် ပေါ်ပလားဗျာ- (ပေါ်ပါပြီဘုရား၊)
အး ဒါကြောင့် ဒကာ, ဒကာမတို့ ခင်ဗျားတို့ ဆေးရှာလာတဲ့ အဓိပ္ပာယ်ကလေးဟာ အကုလွယ်သေးတယ် ဆိုတဲ့ဥစ္စာ သက်ရောက်ပါတယ် (မှန်ပါ့)။
ဆေးရှာလာတာသည်ကားလို့ ဆိုရင် ရှာတဲ့ပုဂ္ဂိုလ်မို့ ပျောက်ချင် တဲ့ စိတ္တုပ္ပာဒ်ရှိသေးလို့ အကုလွယ်တဲ့အထဲမှာ အခုတရားနာတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
သားရေး၊ သမီးရေး၊ စီးပွားရေး နစ်မွန်းနေတဲ့ ပုဂ္ဂိုလ်တွေကျ တော့ မောင်နိုင် ဘယ့်နှယ်ဆိုပါ့မလဲ၊ ကန်းသထက် ကန်းအောင် လုပ်နေပြန်ပြီ (မှန်ပါ့)၊ အနာ ရသထက် ရအောင် လုပ်နေပြန်ပြီတဲ့ (လုပ်နေပါတယ် ဘုရား)။
သေရာဌာန လျှောက်ရှာနေတယ်
သူ ဘာတွေ ရှာနေပါသတုံးဆိုတော့ အို -သေရာဌာန လျှောက်ရှာနေတယ် (မှန်ပါ့)။ ဒကာ, ဒကာမတို့ ဘယ့်နှယ်ဖြေကြမလဲ (သေရာဌာန လျှောက်ရှာနေပါတယ် ဘုရား)။
သေရာဌာန လျှောက်ရှာနေကြတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။ အေး
ဒါကြောင့် ရှာပေမှာပဲ၊ ဦးဘရှင်းရ အကန်းကိုး (မှန်ပါ့)၊ လမ်းမှန်သိရဲ့လား (မသိပါ ဘုရား)၊ ဦးဘကလေး ပေါ်ပလား ဗျား (ပေါ်ပါပြီ)။ – အဲဒီတော့ လမ်းမှန်သိချင်လို့ရှိရင်ဖြင့် သစ္စာဉာဏ် ကိစ္စဉာဏ် မရသေးသရွေ့ ကာလပတ်လုံး ဘယ်အခါကာလမှ မသေရာကိုဖြင့် သူမြင်မှာ မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောကျပလား- (ကျပါပြီ)။
ကိုင်း ဒါဖြင့် ကိုယ့်အရေးဟာ ဒကာ, ဒကာမတို့ သာမည ကြီးသလား အလွန့် အလွန်ကြီး သလားဆိုတဲ့ အဓိပ္ပာယ်ဖြင့် ပေါ်ပါ ပြီး (ပေါ်ပြီ ဘုရား)။
တို့ အဖြစ်တွေ အတော်ဆိုးပါကလား ဆိုတာကော ဒကာ, ဒကာမတို့ ဉာဏ်ထဲ ရောက်ပလား (ရောက်ပါပြီ ဘုရား)။ ကြည့်လေ ဆေးရှာပြန်တော့လဲ အကန်းက ရှာတယ် (မှန်ပါ့)။ ဆေးရချင်တာလဲ အကန်းက ရချင်တယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။
ရလို့ တစ်ခါ ဆေးကို သုတ်လိမ်းပြန်တော့လဲ ဒကာ, ဒကာမတို့ အနာရပြန်တယ် (မှန်ပါ့)။
ခုနက ကမ္မဘဝတည်းဟူသော ဆေးတွေနဲ့ ပြန်ပြီး သုတ်လိမ်း လိုက်ပြန်တော့ ကမ္မဘဝပစ္စယာ ဇာတိဆိုတဲ့ အနာရပြန်တယ် (မှန်ပါ)။
ကိုင်း ဒကာ, ဒကာမတွေ ဆေးကိုလိုချင်တယ်၊ လိုချင်လို့ ရပြန်တယ်၊ ရပြန်တော့ လိမ်းလိုက် ကျဲလိုက်ပြန်တော့လဲ ဇာတိပဲ ပြန်ရတယ် (မှန်ပါ့)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဆေးလိုချင်တာက တဏှာ၊ ဟုတ်လား . (မှန်ပါ့)၊ ဆေးကို လက်ထဲ ရောက်အောင် လုပ်တာက ဥပါဒါန်၊ တကယ်သုတ်လိမ်းတာက ဘာတုံး (ကံပါ ဘုရား)။
အနာပေါ် အနာဆင့်ပြီ
ကမ္မဘဝနဲ့ သုတ်လိမ်းလိုက်တဲ့အခါကျတော့ ဆေးမှားပြီး သုတ်လိမ်းလိုက်တဲ့အတွက် ဒကာ, ဒကာမတို့၊ ဘာတွေပြန်ရသလဲ (ဇာတိပြန်ရပါတယ် ဘုရား)။
ဇာတိဆိုတော့ အရင်အနာလား၊ နောက် အနာလား (နောက်အနာပါ ဘုရား) အို-သွားပြီကွာ၊ အနာပေါ် အနာဆင့်ပြီ (မှန်ပါ့)၊ ဒကာ, ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ အနာပေါ် အဆင့်ပါတယ် ဘုရား)။
အနာပေါ် အနာဆင့်ဆိုတာ ဘုန်းကြီးက ကြံဖန်ပြောတာ လား၊ ဖြစ်စဉ်လား (ဖြစ်စဉ်ပါ ဘုရား)၊ ဒကာကြီးလှိုင် မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)၊
ကိုင်း ဒါဖြင့် သေခါနီးမှ အရွယ်ကြီးကျမှ အခုလိုလာပြီးသကာလ ကြားကြ ကြုံကြရတဲ့ အတွက် ဪသေပန်းပွင့်သေးတယ်ကွနော် တော်သေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ တော်သေးတယ် မောင်နိုင် (မှန်ပါ့)၊ မတော်ဘူးလား (တော်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ ဘယ်လိုဖြစ်နေတုံးဆိုတော့ အမှားတွေ ချည်းပဲ ဆက်ကြုံနေရတယ် ဆိုတာကဖြင့် ပဋိစ္စသမုပ္ပာဒ်တစ်ခုလုံး မရသေးဘူးလား (ရပါပြီ ဘုရား)၊ အဲဒီနောက် ဆေးမှားလိုက်တော့ ကမ္မဘဝဆိုတဲ့ နောက် ဆေးမှားပြီး လိမ်းလိုက်တဲ့အတွက် ဇရာ မရဏနဲ့ ကိုဝ အသက်ထွက်ရတယ် (မှန်ပါ့)၊ ဒုတိယ သေရတယ် မနာဘူးလား (နာပါတယ် ဘုရား)
ဆေးမှားလိုက်တာက သိပ်ဆိုးတယ်
ဆေးမှားပြီးသကာလ ဒုတိယကံတွေ လုပ်လိုက်တဲ့အတွက်တဲ့ အိုမှု, နာမှုနဲ့ သွားတော့ နာနေရတာက တော်သေးတယ်။ ဆေးမှားလိုက်တာက သိပ်ဆိုးတယ် (မှန်ပါ့)။ နှစ်
နာနေတောက (တော်ပါသေးတယ်ဘုရား၊ ဆေးမှားလိုက်တာက (သာဆိုးပါတယ် ဘုရား)၊ ကဲ ပဋိစ္စသမုပ္ပာဒ် ၁၂-ပါး မပြည့်သေး ဘူးလား (ပြည့်ပါပြီ ဘုရား)။
ဒါကြောင့် ဒုက္ခက္ခန္ဓဿဆိုတာများ ကောင်းကောင်း သဘောကျကြပါတော့ (ကျပါပြီ ဘုရား)၊ ဦးဘကလေး ကျေနပ်ပလား (မှန်ပါ့)။
အဲဒါ စာထဲ သွားကြည့်လိုက်တော့ မရဘူး၊ ကိုယ့်ဖြစ်စဉ် ကြည့်လိုက်မှ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲ စာက စာပဲလို့ ကိုပေါ်, ကိုဝ မှတ်နော် (မှန်ပါ့)၊ ကိုယ့် ဖြစ်စဉ်က တကယ်ရှိလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဒါဖြင့် တကယ်ရှိနဲ့ စာကို ဘယ်ဟာအတည်ပြုကြမယ် (တကယ်ရှိကို အတည်ပြုရပါမယ် ဘုရား)။
တကယ်ရှိ အတည်ပြုရမှာ ဖြစ်နေသောကြောင့် ဪ မျက်စိကန်း လမ်းသွားတာဖြင့် လဲမှုကွဲမှုနဲ့ ကြုံတော့ ဆေးရှာ၊ ဆေးရှာတော့လဲ ဆေးအမှားနဲ့တွေ့၊ ဆေးမှားနဲ့တွေ့သောကြောင့် အင်း အနာပေါက်နေတာက တော်သေးတယ်။
သေပွဲရောက်တာ က ဒီထက်နစ်နာပေါ့လား ဆိုတဲ့ဥစ္စာ အဓိပ္ပာယ်က ဒီရောက်တယ် (မှန်ပါ့)၊ ဦးဘကလေး သိပ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
နောက်က ဒကာ, ဒကာမတွေ၊ ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။
အင်း ဒီလိုချည်းပဲ ဘုန်းကြီးကလဲ မျက်လုံးဖွင့်မပေးဘူး။ ခင်ဗျားတို့ကလဲ ဒီအတိုင်းပဲ ရိုးရာနဲ့ အိမ်ထောင်ကျပြီး သကာလ တို့ လွတ်လပ်သားပဲ၊ စားဖို့သောက်ဖို့ လာလိုက်ခဲ့။ ပြည့်စုံသားပဲ။
ကျောက်ကလေးကလဲ အသင့်အတင့်ရှိသားပဲ၊ တွင်းကလေးကလဲ ထိုက်တန်သလောက် အကူအညီပေးသားပဲ ဆိုပြီး ကိုယ့်ဟာနဲ့ ကိုယ် တင်းတိမ်နေတာတော့ ကန်းနေလို့ အနာပေါက်တာလဲ မသိပါဘူး (မှန်ပါ့)၊ နောက်ထပ် ဆေးမှားတာကော (မသိပါ ဘုရား)၊ နောက်ထပ် သေမှာကော (မသိပါ ဘုရား)။
သစ္စဉာဏ် လုံးဝမရှိလို့
အဲဒါကျတော့ဖြင့် သစ္စဉာဏ် လုံးဝမရှိလို့ (မှန်ပါ့)၊ ပြောထိုက် သလား (ပြောထိုက်ပါတယ် ဘုရား)။
သစ္စဉာဏ် လုံးဝမရှိတဲ့အတွက် ဒကာ, ဒကာမတွေ အကြီး အကျယ် ကိုယ်ကျိုးနည်းတယ် (မှန်ပါ့)၊ ဒီထဲက ဆေးမှားချက်ကလဲ ဦးဘရှင်းတို့၊ ပြင်းထန်လိုက်တာ (မှန်ပါ့)၊ ဘဝတိုင်းဘဝတိုင်း၊ ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ မခွဲရပါလို၏ ဆိုတဲ့ဆေး တို့သောက်တယ် (မှန်ပါ့)။
ဘဝတိုင်း-ဘဝတိုင်း ကျုပ်တို့ သည်ကားလို့ ဆိုရင်ဖြင့် နောက်ကံတွေနဲ့ ဆုတောင်း လိုက်ပြန်တော့ တစ်ခါတည်း ဒုက္ခမျိုးစုံနဲ့ အကုန်တွေ့ရပါလို၏ ဆိုတာနဲ့ကော (အတူတူပါ ဘုရား)၊ နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ရပါလို၏ ဆိုတာနဲ့ကော (အတူတူပါ ဘုရား)။ ဘယ်လောက်များ ဆိုးသွားသလဲ (ဆိုးသွားပါတယ် ဘုရား)။
ဒုတိယဆေးမှားလိုက်တာ၊ ကမ္မဘဝ ကမ္မဘဝ (မှန်ပါ့)၊ ကိုပေါ် ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ ခင်ဗျားတို့ ရှေ့တွင်ပဲ တောင်းနေတဲ့ ပုဂ္ဂိုလ်တွေ တစ်ပုံ ကြီးပါပဲ (မှန်ပါ့)၊ ငါတော့ အရင်မသေချင်ဘူး၊ သေတောင်မှ အင်းဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီး၊ ဒီမြေးနဲ့ဖြင့် သေလဲ ငှက်ဖြစ်တောင် တစ်ကိုင်းတည်းဆိုသလိုပဲ နေချင်သေးတာပဲ (မှန်ပါ ဘုရား)။
အမယ်လေး ကြီးကျယ်လိုက်တဲ့ဥစ္စာ ဆေးမှားသောက်လိုက်တဲ့ ဖြစ်ခြင်း၊ နောက်ထပ် အနာတွေ အများကြီးရဖို့ရာကို တစ်ခါတည်း ပေါ်လာတော့တာပဲ (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါကြောင့် ဒီလောက်ထိအောင်တော့ဖြင့် ဒကာ, ဒကာမတို့ မိုက်နေတာဟာ ဘယ်သူ့သတ္တိတုံး မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (အဝိဇ္ဇာပါ ဘုရား)၊ သူက အကန်းကိုးဗျ- (မှန်ပါ့ ဘုရား)။
ကိုဝ ဘာတဲ့ (အကန်းပါ ဘုရား)၊ အကန်းလုပ်တာဟူသရွေ့ တစ်လုံးမှ မမှန်ဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အကန်းလုပ်တာဟူသရွေ့ (တစ်လုံးမှ မမှန်ပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ တရားနာတဲ့ အရင်းအချာတွေ အကုန်ပြောပါတယ်။ ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပြီးတော့ တော်ရောပေါ့ကွာ၊ မင်းမှာ ဒါနသီလတွေလဲ စုံနေပေါ့၊ သေချင် သေပျော်ပြီကွ အောင်မာ ကိုဝ ဒီလိုပြောတဲ့လူလဲ ရှိသေးတယ် (မှန်ပါ့)၊ မရှိ ဘူးလား (ရှိပါတယ် ဘုရား)။
ပြောတဲ့လူကလဲ ဘာပါလိမ့် (မကန်းပါ ဘုရား)၊ နားထောင်တဲ့ လူကလဲ (အကန်းပါ ဘုရား)။
အောင်မာ၊ အကန်း အကန်းချင်း ပြုံးများနေလိုက်သေးတယ် (မှန်ပါ့)၊ အတော်မဆိုးဘူးလား- (ဆိုးပါတယ် ဘုရား)။
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်
ကိုင်း ဒကာ, ဒကာမတို့ ဘယ်သူမှ ဖွင့်ပေးမည့်လူမရှိရင်ဖြင့် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်၊ အကန်းချင်း ခေါင်းညိတ်နေမှာပဲ (မှန်ပါ့)၊ ဒီပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)။
ဒါဖြင့် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်၊ အကန်းချင်း ခေါင်းညိတ်လာခဲ့ ကြတာဖြင့် အတူတူ ချောက်ကျလာခဲ့ကြတာ ချောက်ပေါင်း ဘယ်လောက်များပြီတုံး မေးလို့ရှိရင်ဖြင့် (မရေမတွက်နိုင်ပါ ဘုရား)။
ဒီတစ်ခါ ပွင့်ရင်ပွင့်ပါတော့ ဦးဘရှင်း- (မှန်ပါ့)၊ ဒီတစ်ခါ မပွင့်ရင် ဖြင့် သွားပြီ (မှန်ပါ့)၊ မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နောက်က ဒကာ, ဒကာမတွေ ဘာပါလိမ့် (ဒီတစ်ခါ ပွင့်ရင် ပွင့်ပါ ဘုရား)။
ဒီတစ်ခါ ပွင့်ရင်ပွင့်တော့ (မှန်ပါ့)၊ နောက် ခင်ဗျားတို့ကို ဖွင့်ပေးမည့်သူလဲ မလွယ်ပါဘူး (မှန်ပါ့)၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊ နောက်ဖွင့်ပေးမည့်လူကလဲ မွေးချင်မှ မွေးဦးမှကိုး (မှန်ပါ့)။ ခင်ဗျားတို့ကလဲ ရှိချင်မှ ရှိတော့မှား (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။
အဲဒီတော့ ဒီအချိန်ကလေး အကောင်းဆုံးပဲ ဆိုပြီးသကာလ ကို ကြိုးစားရမှာပဲ (မှန်ပါ့)၊ မောင်နိုင်၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ဒကာ, ဒကာမတို့၊ ဒီနေ့တော့ ခင်ဗျားတို့ခန္ဓာကြီးကို မျက်လုံးပွင့်အောင် လုပ်ပြီး သကာလ ဝိဇ္ဇာဆေးနဲ့ မျက်လုံးဖွင့်ပေး ရတော့မယ် (မှန်ပါ့)။
ဝိဇ္ဇာဆေးနဲ့ မျက်လုံးဖွင့်
ဝိဇ္ဇာဆေးနဲ့ မျက်လုံးဖွင့်ပေးတဲ့အခါကျတော့ ခုနက ပဋိစ္စ သမုပ္ပာဒ် ခန္ဓာထဲမှာ ကန်းနေ တာတွေဟာ ဒကာ, ဒကာမတို့ အခု မြင်စိတ်ကလေးပေါ်တယ် ဆိုကြပါစို့၊ မီးကြည့်လိုက်တဲ့အခါ မြင်စိတ်ကလေး မပေါ်ဘူးလား- (ပေါ်ပါတယ် ဘုရား)။
အင်း မြင်စိတ်ကလေးဟာ ဘာပါလိမ့်မတုံးဆိုတော့ သဠာ ယတနဟေ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ မြင်စိတ် ကလေးဟာ ဘာပါလိမ့် (သဠာယတနပါ ဘုရား)။
အင်း သဠာယတနပေါ်ပြီ၊ သဠာယတနဆိုတာ ဘာပါလိမ့်မလဲ မေးတဲ့အခါကျတော့မှ ဒကာ, ဒကာမတို့ ခုနင်က ပဋိစ္စသမုပ္ပာဒ် ပြန်ကြည့်တော့ အနာပြည်တည်တာဟေး (မှန်ပါ့ ဘုရား)။
အနာပြည်တည်တာ
ဘာတဲ့တုံး (အနာပြည်တည်တာပါ)၊ အနာပြည်တည်တာတဲ့ ဒကာ, ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊
အနာပြည်တည်တာကို ခင်ဗျားတို့ သိတဲ့အခါကျလို့ရှိရင်ဖြင့် ဪ -ဒါကြောင့်ပဲ ဒုက္ခသစ္စာကိုး၊ ပြည်တည်တာကိုး၊ လဲလို့ အနာရ, အနာရတော့ ငန်းတွေ မန်းတွေ တည်းဟူသော ပြည်တွေတည်လာတာ ဘာဖြစ် တာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ မြင်စိတ်ကလေးကို ခင်ဗျားတို့က ဪ ပြည်ထည့်လာ တဲ့ ဒုက္ခသစ္စာကလေးပါလား (မှန်ပါ့)၊ မြင်စိတ် ပေါ်တိုင်း ပေါ်တိုင်း၊ ကြားစိတ် ပေါ်တိုင်း ပေါ်တိုင်း ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ပြည်တည်တဲ့ ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
နံစိတ် ပေါ်တိုင်း ပေါ်တိုင်း (ဒုက္ခသစ္စာပါ ဘုရား)၊ ပြည်တည် တဲ့ ဒုက္ခသစ္စာပဲဆိုတော့ ဝမ်းထဲ ကြံစိတ် စည်စိတ် ပေါ်တိုင်း ပေါ်တိုင်း ပြည်တည်တဲ့ (ဒုက္ခသစ္စာပါ ဘုရား)။
မသက်သာ တဲ့ အနာ
အဲဒါတွေကို ခင်ဗျားတို့ ပေါ်တိုင်း ပေါ်တိုင်း ဪ -ဒါကလေး ဟာ ဒုက္ခသစ္စာပါ၊ ဒါကလေးဟာ ဒုက္ခသစ္စာပဲ၊ သူ့ကို ပြည်တွေက နှိပ်စက်နေတာပဲ၊ ဒီအနာကတော့ဖြင့် မသက်သာတဲ့ အနာပဲ၊ ဟုတ်လား (မှန်ပါ့)။
သက်သာတဲ့ အနာလား၊မသက်သာတဲ့ အနာလား (မသက်သာ တဲ့ အနာပါ ဘုရား)၊ ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တစ်ခါတလေကျတော့ ရောဂဟေ့ ၊ အနာကွ, အနာကွလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)၊
ရောဂတောကွ, သလ္လတော ကွ, ရောဂါအများစုကြီးကွ ဆိုတဲ့ဥစ္စာ ဒကာ, ဒကာမတွေ ရောဂါမှ တစ်ပါး ဘာပါသေးသတုံး (ဘာမှမပါပါ ဘုရား)။
ကိစ္စဉာဏ်
ရောဂါမှတစ်ပါး ဘာမှ မပါဘူးဆိုတဲ့ ဉာဏ်ကလေး ခင်ဗျားတို့ မြင်စိတ်ကလေး ရှုလိုက်သည်နဲ့ တစ်ပြိုင်နက် ရောဂါမှတစ်ပါး ဘာမှမပါဘူးလို့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိတာ ကိစ္စဉာဏ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ရောဂါမှတစ်ပါး ဘာမှမပါဘူးလို့ သိတာဖြင့် (ကိစ္စဉာဏ် ပါ ဘုရား)။
သူ့ကိစ္စသိပြီ၊ သူဟာ ရောဂါဖြစ်တဲ့ကိစ္စ၊ ပြည်တည်တဲ့ကိစ္စမှ တစ်ပါး ဒီပြင်ကိစ္စ သူ့မှာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။
ဒါဖြင့် အဲဒါကလေး ဒီရောဂါကလေးကို ကြည့်ကြည့်ပြီးသကာလ ဖြစ်ပြီးပျက်သွားတဲ့ ရောဂါကလေး ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ ပြည်ပေါက်ပြီးသကာလ ပြည်နဲ့ပဲ ဒုက္ခရောက်နေတာပဲ ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။
ဒါဖြင့် ဒီအထဲမှာ သုခ ပါသေးသလား (မပါပါ ဘုရား)၊ ဒါဖြင့် ပြည်တည်နေတဲ့ သဘောကလေး မြင်လိုက်သည်နဲ့ တစ်ပြိုင်နက် တည်း ဒုက္ခက ဒကာ, ဒကာမတို့ ဆင်းရဲတာလဲ အမှန်ပဲ (မှန်ပါ)။ ဆင်းရဲတာလဲ ဧကန်ပဲမဟုတ်လား (မှန်ပါ့)။
ဒုက္ခအမှန်ပဲ
ဆင်းရဲတာကို တခြားသုခကလေးများ ရောသေးသလား (မရောပါ ဘုရား)၊ မရောလို့ရှိရင် ဒုက္ခအမှန်ပဲဖြစ်ရမယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဒုက္ခအမှန်ပဲဆိုတာ သဘောကျပလား (ကျပါပြီ)၊ အင်း သူသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဘာပါလိမ့်မတုံးဆိုတော့
‘‘တဏှာ ယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့သဘော’’ ပဲ။
သူ့ကို တဏှာလုပ်လိုက်တာပေါ့၊ နောက် ဘဝက အဝိဇ္ဇာနဲ့ တဏှာ လုပ်လိုက်တာ (မှန်ပါ့)၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့တဏှာ နှိပ်စက်လိုက်ခြင်းကြောင့် အနာရအောင် အနှိပ်စက်ခံနေရတဲ့ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် သိပါ (မှန်ပါ့)။ ဒါကိစ္စဉာဏ် ပါ (မှန်ပါ့)၊ တော်တော်အရေးကြီးတာနော် (မှန်ပါ့)။
နောက်ကြောင်းကိုလည်း ငဲ့ကြည့်ရတယ် (မှန်ပါ့)၊ ဒီမြင်စိတ် ကလေးဟာ “ကုသလဝိပါကံ စက္ခုဝိညာဏံ၊ အကုသလဝိပါကံ စက္ခုဝိညာဏံ” ဆိုကတည်းက အင်း နောက်ဘဝ တဏှာကံတွေ က ထင်သလို စီမံချလိုက်တယ် (မှန်ပါ့)။
နောက်ဘဝ တဏှာကံတွေက ထင်သလို စီမံချလိုက်တော့ တစ်ခါတည်း ပြည်တည်တဲ့ အနာတစ်ခု ကျုပ်တို့မှာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အင်း ဒါဖြင့် ညှာတာမဖက် အမြဲနှိပ်စက်တာက ဒုက္ခသစ္စာ တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့ မြင်စိတ် (မှန်ပါ့)၊ တဏှာက အကူအညီ မပါဘူးလား (ပါပါတယ် ဘုရား)။
အဲ အဝိဇ္ဇာနဲ့တဏှာ အကူအညီပါပြီးသကာလ နေသော ကြောင့် သူတို့ နှိပ်စက်သလို တစ်ခါတည်း ပြည်တွေ ဘာတွေ ပေါ်ပေါက်ပြီးသကာလ လာခဲ့ရတာ မောင်နိုင်ရေး (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။
တဏှာပြုပြင်ခြင်းကို ခံခြင်းကိစ္စရှိတယ်
ဒါဖြင့် ဒကာ, ဒကာမတို့ တဏှာပြုပြင်သလို ခံနေရသော ကြောင့်လဲ သူသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ သူ့မှာ တဏှာပြုပြင်ခြင်းကို ခံခြင်းကိစ္စရှိတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ သင်္ခတဋ္ဌောကိုး (မှန်ပါ့)၊ မနေ့က ပီဠနဋ္ဌော ဟောခဲ့တယ် (မှန်ပါ့)။
သင်္ခတဋ္ဌော တဏှာယောက်ျား လက်သမား၏ ဆိုးဝါး ယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့ သဘောဟာ ဒါပဲ (မှန်ပါ)၊
ဒီမြင်စိတ်ကလေးပဲ (မှန်ပါ့)၊ ရှေ့ဘဝက တဏှာ စီမံသလို မခံရဘူးလား (ခံရပါတယ် ဘုရား)။
ကုသလ ဝိပါက် စက္ခုဝိညာဏ်အနာပေါက်လိုက်ဆို၊ ပေါက်လိုက် ရတာပဲ (မှန်ပါ့)၊ အကုသလဝိပါက် စက္ခုဝိညာဏ်အနာ ပေါက်လိုက် ဆိုရင်ကော (ပေါက်ရပါတယ် ဘုရား)။
ပေါက်လိုက်ရတာပဲဆိုတော့ ဒကာ, ဒကာမတို့ ကျုပ်တို့မှာဖြင့် ခန္ဓာထဲက ပေါ်ပေါက် လာတာကဖြင့် အနာမှတစ်ပါး ဘာများ ပေါ်ပေါက်သေးသတုံး (ဘာမှ မပေါ်ပေါက်ပါ ဘုရား)။
တဏှာစီမံတဲ့ကိစ္စပဲ
ဒါဖြင့် ဒီကိစ္စဟာဖြင့် တဏှာစီမံတဲ့ကိစ္စပဲ (မှန်ပါ့)၊ မြင်စိတ် ကလေးဟာ တဏှာ စီမံတဲ့ကိစ္စပဲ (မှန်ပါ့)၊ မြင်စိတ်ကလေးဟာ တဏှာ စီမံတဲ့ကိစ္စပဲ (မှန်ပါ့)၊ ဒကာ, ဒကာမတွေ၊ မြင်စိတ်ကလေး ဟာ ဘယ်သူစီမံတဲ့ ကိစ္စပါလိမ့် (တဏှာ စီမံတဲ့ကိစ္စပါ ဘုရား)။
တဏှာစီမံတဲ့ကိစ္စပဲ ဆိုတာ ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် တဏှာစီမံတဲ့ကိစ္စ ကလေး ဒီမြင်စိတ်ကလေးဟာ ဖြစ်ပြီး ပျက်သွားတဲ့ သဘောကလေးဟာ ကိုယ့်သဘောလား၊ တဏှာစီမံလို့ ဒုက္ခရောက်သွားတာလား (တဏှာစီမံလို့ ဒုက္ခရောက်သွားတာပါ ဘုရား)။
အနာပေါက်ပြီး ဒုက္ခရောက်သွားတာကိုးဗျ- (မှန်ပါ့)၊ အဲဒီတော့ ဒီလိုတဏှာစီမံတဲ့ သဘောတည်း ဟူသော တရားတွေကို ကျုပ်တို့က သိတော့ ဪ တဏှာစီမံသလို ခံနေရတဲ့ ကိစ္စ ပါကလား ဒီ မြင်စိတ်ကလေးပျက်သွားတဲ့ကိစ္စဟာ တဏှာစီမံသလို ခံနေရတဲ့ ကိစ္စပါကလားလို့ သိတော့ သူ့ကိစ္စကို ကျုပ်တို့က သိတော့ သူ့ကိစ္စ က သူ့ကိစ္စထားပါတော့၊ ကျုပ်တို့က သိတာက ဉာဏ်- (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။
ကိစ္စဉာဏ် ရပြီ
တဏှာစီမံသလို ခံနေရတာက မြင်စိတ်၏ကိစ္စ အဲဒီကိစ္စကို ကျုပ်တို့က လှမ်းပြီး သကာလ မသိလိုက်ဘူးလား၊ သိလိုက်သလား (သိလိုက်ပါတယ်)၊ သိလိုက်တော့ မောင်နိုင်က ကိစ္စနဲ့ ဉာဏ်နဲ့ ပေါင်းပါ (ကိစ္စဉာဏ်ပါ ဘုရား)၊ ဪ ကိစ္စဉာဏ် ရပြီ (မှန်ပါ)။
ဒကာ, ဒကာမတို့ ဒါ-မြင်စိတ်ကလေး ပေါ်လာတိုင်း လာတိုင်းဟာ ခင်ဗျားတို့ ဖြစ်ပျက်ရှုပြီး သကာလ နေတာဟာ တခြား မဟုတ်ပါဘူး။ ဒါ ကိစ္စဉာဏ် ပါပဲ (မှန်ပါ့)။
သို့သော် ဘုန်းကြီးက ဖြည့်စွက် ထည့်ပေးတာက ဒကာ, ဒကာမတို့၊ ဒီမြင်စိတ်ပေါ်ချင်လို့ ပေါ်လာတာ၊ တဏှာစီမံသလို ခံရတာလား (တဏှာစီမံသလို ခံရတာပါ ဘုရား)၊
တဏှာက ကုသလဝိပါက် စက္ခုဝိညာဏ် ပေါ်လိုက်ဆိုလဲ ပေါ်လိုက်ရတာပဲ (မှန်ပါ့)၊ အကုသလဝိပါက် စက္ခုဝိညာဏ် ပေါ်လိုက်ဆိုရင်ကော (ပေါ်ရပါတယ် ဘုရား)။
ပေါ်လိုက်ရတာ ထောက်လိုက်တဲ့အခါကျတော့မှ ဪ တဏှာစီမံသလို ခံနေရတဲ့ ကိစ္စဟာ မြင်စိတ်၏ ကိစ္စပဲ- (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် သူ့ကိစ္စကို ခင်ဗျားတို့ ကျုပ်တို့ မသိဘူးလား (သိပါတယ် ဘုရား)၊ တဏှာစီမံသလို ခံနေရတဲ့ကိစ္စ (မှန်ပါ့)၊ အဲဒီကိစ္စကို ကျုပ်တို့ဉာဏ်နဲ့ လှမ်းပြီးကြည့်လိုက်ပါ (မှန်ပါ့)၊ ကြည့်လိုက်တဲ့ အခါကျတော့ ဒါကလေးဟာ ပျောက်ပျက်မသွားဘူး လား (သွားပါတယ် ဘုရား)။
ဟာ ဒါဖြင့် သူ့ကိစ္စသူ ဇာတ်သိမ်းသွားပြီ ဆိုတော့ သူ့ကိစ္စကို ကျုပ်တို့က ဇာတ်သိမ်းတာ မြင်လိုက်တယ် (မှန်ပါ့)၊ သူ့ကိစ္စက ကိစ္စ။ ဇာတ်သိမ်းတာ မြင်တာကဉာဏ် (မှန်ပါ့)၊ ဒါဖြင့် မောင်နိုင်၊ ပေါင်းလိုက် (ကိစ္စဉာဏ် ပါ ဘုရား)၊ ဒကာ, ဒကာမတို့ ကိစ္စဉာဏ် ဆိုတာ သဘောကျပလား (ကျပါပြီ)။
ဒါ ပေါ်ပေါ်လွင်လွင်ပြောဖို့ လွယ်လှတယ် မဟုတ်ဘူးနော် (မှန်ပါ့)၊ ဟိုက အတိတ် အကြောင်း၊ ကုသလဝိပါက် စက္ခုဝိညာဏ်၊ အကုသလဝိပါက် စက္ခုဝိညာဏ်နဲ့လာမှ သူ့ကိစ္စက ထင်ရှားတာ (မှန်ပါ့)၊ နို့မဟုတ်ရင် ထင်ရှားပါ့မလား (မထင်ရှားပါ ဘုရား)။
ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးများမှာ
‘‘သင်္ခတဋ္ဌော’’ -တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့ဥစ္စာ ခင်ဗျားတို့ စိတ်တွေပဲ (မှန်ပါ့)၊
သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့စိတ်တွေဟာ တဏှာစီမံ သလို ခံနေရတယ်- (မှန်ပါ့)၊ မခံရဘူးလား (ခံရပါတယ် ဘုရား)။
ဒါတွင်လားလို့မေးတော့ မကသေးပါဘူးကွာတဲ့၊ တော်တော်ကြာ မျက်လုံးက နီလာပြန်ပြီ၊ တော်တော်ကြာ မျက်လုံးက မွဲပြန်ပြီဆိုတော့ အင်း ကံစီမံရာကိုလဲ မျက်လုံးက ခံနေရတယ် (မှန်ပါ့)။
တဏှာစီမံတာသာ ခံရသလား၊ ကံစီမံတာကော (ခံရပါတယ် ဘုရား)။
အင်း မျက်လုံးကလေးက ကြောင်သွားပြီတဲ့၊ မျက်လုံးကလေး က ကြောင်တောင် ကွယ်သွားပြီတဲ့။ ဒကာ, ဒကာမတို့ မျက်လုံး ကလေး တုတ်နဲ့ ထိုးမိလို့တဲ့ (မတော်တဆ ကံက မကောင်းဘဲကိုး ဗျ အစရှိသည်နဲ့ မပြောကြဘူးလား- (ပြောပါတယ် ဘုရား)။
အဲဒီ ကိစ္စတွေကလဲ မျက်လုံးက မခံရဘူးလား- (ခံရပါတယ် ဘုရား)၊ ၉၆-ပါး ရောဂါတို့၏ နှိပ်စက်မှုကိုကော မခံရဘူးလား (ခံရပါတယ် ဘုရား)။
ဒါဖြင့် ခံရတဲ့အတွက် သူသည် ပျောက်ပျက်သွားတဲ့ သဘော ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ ဒါဖြင့် သူများစီမံသလို ခံရတဲ့ကိစ္စဟာ မျက်လုံး၏ ကိစ္စ (မှန်ပါ့)။
အဲဒီကိစ္စကို ကျုပ်တို့က ပျောက်ပျက်သွားတဲ့အခါ ဉာဏ်ကလေး နဲ့ ကြည့်ပေးလိုက် (မှန်ပါ့)၊ ဪ သူ့ကိစ္စဟာ ဒါပဲကိုးလို့ မသိပေဘူးလား (သိပါတယ် ဘုရား)။
ဒါဖြင့် သူက သူ့ကိစ္စကို ပြောသွားတယ် (မှန်ပါ့)၊ ကျုပ်တို့က ဉာဏ်နဲ့ သိလိုက် (မှန်ပါ့)၊ ကိစ္စဉာဏ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။
သူ့ကိစ္စကို သိလိုက်တဲ့ဉာဏ်
ဘာတဲ့ (ကိစ္စဉာဏ် -ပါ ဘုရား)၊ ကိစ္စဉာဏ် တဲ့၊ ဒကာ, ဒကာမ တွေ၊ သူ့ကိစ္စကို ကျုပ်တို့က သိလိုက်တဲ့ဉာဏ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
လေးချက်ပြီးသွားတယ်
ကဲ ဒါဖြင့် သူ့ကိစ္စကို ကျုပ်တို့က သိလိုက်တဲ့ဉာဏ်လို့ – ဆိုသဖြင့် ဒီဉာဏ်က ဖြူနေတုန်းကို ခင်ဗျားတို့ ပေးတဲ့ဉာဏ် ဖြစ်နေ သောကြောင့် ဒကာဒကာမတို့၊ ကိစ္စကလေးကို သိလိုက်တဲ့ ဉာဏ်လဲ လာပါရော၊ ကိစ္စက ဒုက္ခသစ္စာ၊ ဉာဏ်က မဂ္ဂသစ္စာ၊ မောင်နိုင်၊ ဒီမျိုးစေ့မျိုး နောက်လိုချင်တဲ့ တဏှာ လာသေးသလား (မလာပါ ဘုရား)၊ အဲ-သေတာက သမုဒယချုပ်တာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။
သမုဒယက ချုပ်သွားတဲ့အခါကျလို့ရှိရင် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သမုဒယဆိုတဲ့ တဏှာချုပ်ရင် ဥပါဒါန်ကလဲ ချုပ်တာပဲ (မှန်ပါ့)၊ ကံက မချုပ်ပါနဲ့ ဆိုလို့ မရပါ ဘုရား)၊ မရတော့ ဇာတိ ဇရာ မရဏတွေကော မလာဘူးလား- (မလာပါ ဘုရား)၊ မလာတာက ဘာဆိုကြမယ် (နိရောဓပါ ဘုရား)။
ဪ် ဒါဖြင့် ကိစ္စဉာဏ် တစ်ခုတည်းက လေးချက်ပြီးသွားတယ် (မှန်ပါ့)။ ကိစ္စဉာဏ် တစ်ခုတည်းဟာ (လေးချက် ပြီးသွားပါတယ် ဘုရား)။
သေသေချာချာမှတ်ပါ။ ကိစ္စဉာဏ် တစ်ခုတည်း ဘယ်နှစ်ချက် ပြီးသတုံး (လေးချက် ပြီးပါတယ် ဘုရား)။
သူ၏ မြင်စိတ်ကိစ္စကိုလဲ ဒုက္ခသစ္စာလို့ သိလိုက်ပါတယ် (မှန်ပါ့)၊ သိတဲ့ဉာဏ်ကလဲ မဂ္ဂသစ္စာလို့ ပေါ်ပါတယ်- (မှန်ပါ့ ဘုရား)။ သမုဒယသစ္စာကလဲ သေလိုက်ပါတယ် (မှန်ပါ့)၊ နိရောဓသစ္စာ ကလဲ နောက်ပေါ်ပါတယ် (မှန်ပါ့)၊ မပေါ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။ တဏှာချုပ်ပေါ်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် တစ်ချက်တည်း ရှုလိုက်တာ ဒကာ, ဒကာမတို့ သစ္စာ လေးချက် တစ်ပြိုင်နက် ပေါ်လာတာ ကိစ္စဉာဏ် (မှန်ပါ့)။
တစ်ချက်တည်း ရှုလိုက်တာနဲ့ (သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်လာတာ ကိစ္စဉာဏ် ပါ ဘုရား)၊ တစ်ပြိုင်နက်ပေါ်လာတဲ့ ကိစ္စဉာဏ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကိစ္စတစ်ခုကို ပိုင်ပိုင်နိုင်နိုင် သိရင်
အေး ဒါကြောင့် ကိစ္စတစ်ခုကို ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင် သမုဒယက နင်သေတော့လို့ ဆိုစရာလိုသေးသလား (မလိုပါ ဘုရား)၊ နိရောဓ ကြွခဲ့ပါလို့ ခေါ်ဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့ အလုပ်က ကိစ္စကို သိဖို့ အလုပ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒကာ, ဒကာမတို့၊ ဘာတဲ့ (ကိစ္စကို သိဖို့ အလုပ်ပါ ဘုရား)၊ မြင်စိတ်ကလေး၏ ကိစ္စကို သိဖို့ အလုပ် (မှန်ပါ့)။
မြင်စိတ်ကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အနာနာမှုကိစ္စလဲ သူ့ကိစ္စပဲ (မှန်ပါ့)၊ နာချင်လို့ နာတာလား တဏှာစီမံသလို ခံရလို့လား (တဏှာစီမံသလို ခံရလို့ ပါ ဘုရား)။
ကံစီမံခြင်းကိစ္စကို သူခံမနေရဘူးလား (ခံရပါတယ် ဘုရား)၊ ၉၆-ပါးသော ရောဂါဝေဒနာ တို့၏ နှိပ်စက်ခြင်းကိစ္စကော (ခံရ ပါတယ် ဘုရား)။
ဒါဖြင့် သူပျောက်ပျက်သွားတာဟာ ပျောက်ပျက်စရာကိစ္စကြောင့် ပျောက်ပျက်သွားတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ပျောက်မှု ပျက်မှုကိစ္စ ရှိတယ်
ဒါဖြင့် သူ့မှာ ဘာကိစ္စရှိသတုံးဆိုတော့ ပျောက်မှု ပျက်မှုကိစ္စ ရှိတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ မြင်စိတ်ကလေးမှာ ဘာကိစ္စရှိပါလိမ့်- (ပျောက်ပျက်မှုကိစ္စ ရှိပါတယ် ဘုရား)။
ကိစ္စကိုသိလို့ ကိစ္စဉာဏ်
အဲဒါကို ပျောက်ပျက်တိုင်း ပျောက်ပျက်တိုင်း သိတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (မဂ်ဉာဏ်ပါ ဘုရား)၊ ကိစ္စဉာဏ် သဘောကျ ပလား (ကျပါပြီ)။
ကိစ္စကိုသိလို့ ကိစ္စဉာဏ် (မှန်ပါ့)၊ ကိစ္စဉာဏ် ဆိုဆို၊ မဂ်ဉာဏ် ဆိုဆို၊ သို့သော် ဒီနေ့တော့ ကိစ္စဉာဏ် နဲ့ ကိစ္စကိုသိလို့ ကိစ္စဉာဏ် ဆိုတာက ဦးဘရှင်း၊ ပိုရှင်းတယ်- (မှန်ပါ့)၊ မရှင်းကြဘူးလား (ရှင်းပါတယ် ဘုရား)။
သူ့ကိစ္စသိတော့ ကိစ္စဉာဏ် မလာဘူးလား (လာပါတယ် ဘုရား)။
သူ့ကိစ္စ ငါသိတယ်ကွာ လို့ လောကကော မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က သူ့ကိစ္စ ငါသိပါတယ်ဆိုတော့ ခင်ဗျားတို့ဉာဏ်က သူ့ကိစ္စတောင် သိတာကိုးလို့ မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒါ ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ် ပါ ဘုရား)။
အဲဒီမှာလဲ မြင်စိတ်ကလေး၏ ကိစ္စကို သိတဲ့ဉာဏ်ဟာ ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ် ပါ ဘုရား)၊ အဲဒီ ကိစ္စဉာဏ် သည် ဒကာ,ဒကာမတို့၊ တစ်ပြိုင်နက် လေးချက်ပေါ်ပါတယ် (မှန်ပါ့ ဘုရား)
မြင်စိတ်၏ ကိစ္စ၊ သိခြင်းကြောင့်လဲ ကိစ္စ၊ သိခြင်းကြောင့်လဲ ဉာဏ်၊ မြင်စိတ်၏ ကိစ္စသည် သူ့ဟာသူ လုပ်နေခြင်းကြောင့်လဲ ကိစ္စ၊ သူ့သဘောနဲ့သူ စီမံတာ ခံနေရတဲ့ကိစ္စ မရှိဘူးလား (ရှိပါ တယ် ဘုရား)။
တဏှာပြုပြင်ရာကို- (ခံရတဲ့ကိစ္စပါ)၊ ခံရတဲ့ကိစ္စ၊ ၉၆-ပါး ရောဂါ ဝေဒနာ ပြုပြင်ရာကို (ခံရတဲ့ကိစ္စပါ ဘုရား)၊ ကံဆိုး ကြမ္မာဆိုးတို့၏ ပြုပြင်ရာကို ခံနေတဲ့ မြင်စိတ်ကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
အနှိပ်စက်ခံခြင်းကိစ္စ
ဒါဖြင့် မြင်စိတ်ကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အနှိပ်စက် ခံခြင်း၏ ကိစ္စမရှိဘူးလား- (ရှိပါတယ် ဘုရား)၊ ကဲ ဒါဖြင့် သူ့မှာ အနှိပ်စက်ခံခြင်းကိစ္စကြောင့် သူ့ကိစ္စလို့ မှတ်လိုက် (မှန်ပါ့)၊ အဲဒီ ကိစ္စကို ပျောက်ပျက်သွားသည်တိုင်အောင် ကြည့်လိုက်တော့ ဪ သူ့ကိစ္စ သူဇာတ်သိမ်း သွားတာပဲလို့ ဉာဏ်ကမသိဘူးလား (သိပါတယ်)၊ ဘာဉာဏ်ခေါ်မလဲ (ကိစ္စဉာဏ် ပါ ဘုရား)။
ကိစ္စဉာဏ် လာတော့ သမုဒယသေတာပေါ့၊ သမုဒယကိုလဲ ပဟာတဗ္ဗနဲ့ ပယ်ခြင်းကိစ္စ မဂ်ပေါ်ကတည်းက ပြီးသွားတယ် (မှန်ပါ့)၊ မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)၊ ကိစ္စဉာဏ် လာကတည်းက သမုဒယ ပေါ်သေးသလား (မပေါ်ပါ ဘုရား)၊ ဒါဖြင့် ပယ်ခြင်းကိစ္စလဲ တို့ပြီးတယ်ဟေ့ လို့ ကိုယ့်ဟာကိုယ် သိလိုက် (မှန်ပါ့)။
ပယ်ခြင်းကိစ္စကော (ပြီးပါတယ် ဘုရား)၊ နိရောဓ လာလိမ့်မယ် ဆိုတဲ့ ကျုပ်တို့ ၏ ဉာဏ်မျက်မှောက်ပြုမည့် ကိစ္စကော (လာပါတယ် ဘုရား)၊ ဧကန်ကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါက တောင့်တရတာလား၊ ဒကာ,ဒကာမတို့၊ ဓမ္မနိယာမ သဘောနဲ့ ပေါ်လာတာလား (ဓမ္မနိယာမသဘောနဲ့ ပေါ်လာတာပါ ဘုရား)။
အဲ ကျုပ်တို့က ကိစ္စဉာဏ် နဲ့ တွဲဖို့အရေးဟာ ကျုပ်တို့အရေး (မှန်ပါ့)၊ ကိစ္စဉာဏ် နဲ့ (တွဲဖို့ အရေးဟာ တပည့်တော်တို့ အရေးပါ ဘုရား)။
အဲဒါကို သမုဒယသေဖို့ အရေးကလဲ ဒီထဲပါသွားတယ် (မှန်ပါ့)၊ နိရောဓနိဗ္ဗာန်ရဖို့ အရေးကတော့ (ဒီထဲ ပါသွားပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)၊ တစ်ခုတည်း လုပ်လိုက်တာနဲ့ အလုပ်ပြီးသွားတယ် (မှန်ပါ့)၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။
ဒါဖြင့် ကိစ္စဉာဏ် က တစ်ပြိုင်နက် လေးချက်ပြီးတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)၊
ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့ မြင်စိတ်ကလေး ခင်ဗျားတို့ ရှုနေတာ မြင်စိတ်၏ကိစ္စလဲ ကိစ္စပဲ။ ဉာဏ်ကနေ သိလိုက်တာကတော့ ဉာဏ်ပဲ (မှန်ပါ့)၊ သို့သော် ဒီဉာဏ်သည် ရိုးရိုးဉာဏ်လား ကိစ္စသိတဲ့ဉာဏ်လား (ကိစ္စသိတဲ့ ဉာဏ်ပါဘုရား၊ ဒါဖြင့် ပေါင်းလိုက်တော့ မောင်နိုင်ရေ (ကိစ္စဉာဏ် ပါ ဘုရား)။
သမုဒယ ပယ်တဲ့ ကိစ္စ
ဒီ ကိစ္စဉာဏ် ဆိုတော့ ဒီကိစ္စတွင် သိသလား သမုဒယ ပယ်တဲ့ ကိစ္စကော (သိပါတယ်)၊ ဪ တို့ ဒီဉာဏ်လာ ကတည်းက သမုဒယမလာဘူးဟေ့ ဒီဉာဏ်ပယ်တာပဲ ဆိုတာလဲ ကိုဝ ဗေဒင်မေးနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အင်း ဒီတဏှာ မလာလို့ရှိရင်ဖြင့် ဇာတိဇရာမရဏ ချုပ်တဲ့ ဥစ္စာ နိရောဓပဲဆိုတာကော သူများမေးရဦးမှာလား (မမေးရပါ ဘုရား)၊ ကိုယ့်ဟာကို မသိဘူးလား (သိပါတယ်)၊ ဒါဖြင့် ဒကာ, ဒကာမတို့ ခင်ဗျားတို့ ကြိုးစားတာသည် တစ်ခုတည်းနဲ့ အကုန် သစ္စာလေးချက် တစ်ပြိုင်နက် ပါပါတယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။
သစ္စာလေးချက် တစ်ပြိုင်နက်ပါတယ်
သစ္စာလေးချက် တစ်ပြိုင်နက်ပါတယ်၊ ဒါကြောင့် ရှုသာရှုပါ ဆိုတာ အားမပေးထိုက်ဘူးလား (ပေးလိုက်ပါတယ်)၊ ခင်ဗျားတို့က မသိငြားသော်လဲ အလုပ်က သိတယ် (မှန်ပါ့)၊ အလုပ်မှာ အကုန် ပါသွားတယ် (မှန်ပါ့)။
ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ အေး-ဒုက္ခသစ္စာ နော်၊ ဒုက္ခသစ္စာကလဲ ရိုးရိုး ဒုက္ခသစ္စာလား၊ အနှိပ်စက်ခံရတဲ့ ဒုက္ခ သစ္စာလား (အနှိပ်စက်ခံရတဲ့ ဒုက္ခသစ္စာပါ)၊ ဪ သူ့မှာ အနှိပ်စက်ခံခြင်းကိစ္စ ရှိပါတယ် (မှန်ပါ့)။
မြင်စိတ်ကလေးမှား (အနှိပ်စက်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)၊ ဒါကြောင့် အနှိပ်စက် ဘယ်လောက် ခံလိုက်ရတယ်ဆိုတာ ဦးဘရှင်း ပျောက်ပျက်သွားအောင် ခံလိုက်ရတယ်- (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကံဆိုး ကြမ္မာဆိုးတို့ကြောင့် ကံကုန်လို့ ချုပ်ရတာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကြာတွေ နှိပ်စက်လို့ ချုပ်ရတာ- (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)၊ တဏှာက ချုပ်ဆိုလို့ (ချုပ်ရတာပါ)၊ ချုပ် ရတာတဲ့ သူ့ဩဇာ ဘာပါသေးသတုံး (ဘာမှမပါပါ ဘုရား)။
ဪ သူ့ကိစ္စသည်ကားလို့ဆိုရင် အနှိပ်စက်ခံခြင်း ကိစ္စပါ လားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်လာဘူးလား ၊ (ပေါ်လာပါတယ် ဘုရား)။
မြင်စိတ်ကလေးမှာ ဘာကိစ္စရှိသတုံး (အနှိပ်စက်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)၊ အဲ သိတဲ့ဉာဏ်က ဘာဉာဏ်ခေါ်ကြမလဲ (ကိစ္စဉာဏ် ပါ ဘုရား)။
သူ့ကိစ္စကို သိတဲ့ဉာဏ် (မှန်ပါ့)၊ မြင်စိတ်ကလေး၏ ကိစ္စကို သိတဲ့ဉာဏ် (မှန်ပါ)၊ ရှင်းကြပလား- (ရှင်းပါပြီ)၊ ဒီဉာဏ် ဘာဉာဏ် ခေါ်မလဲ (မြင်စိတ်ကလေး၏ ကိစ္စကို သိတဲ့ဉာဏ်ပါ ဘုရား)။
ကိစ္စဉာဏ် ပေါ်ပြီနော် (မှန်ပါ့)၊ ကိစ္စဉာဏ် လဲ လာပါရော ကိုဝရေ တဏှာကို ပယ်ရသေးသလား (မပယ်ရပါ)၊ အင်း ဒီဉာဏ်သည် ဒါဖြင့် ပယ်ခြင်းကိစ္စလဲ သမုဒယသစ္စာကို ပဟာတဗ္ဗ ကိစ္စနဲ့လဲ ပယ်လေရဲ့ (မှန်ပါ့)။
နိရောဓသစ္စာကိုလဲ တဏှာမလာလို့ မျက်မှောက်ပြုနိုင်တယ် ဆိုတာလဲ ဧကန် မမှန်နိုင်ဘူးလား (မှန်နိုင်ပါတယ်)၊ ဒါဖြင့် ကိစ္စဉာဏ် တစ်ခုတည်းနဲ့ သစ္စာလေးချက် မပြီးဘူးလား (ပြီးပါတယ် ဘုရား)။
ကိစ္စဉာဏ် နဲ့ တွဲလိုက်ရင် နှစ်ခုပြီးသွားပြီ (မှန်ပါ့)၊ နောက်က နှစ်ခုက အလိုလိုမပြီးဘူးလား (ပြီးပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကိစ္စဉာဏ်နဲ့ရှု
ဒါဖြင့် ကြားစိတ်ကလေးရှုတော့လဲ ကိစ္စဉာဏ် နဲ့ (မှန်ပါ့)၊ နံစိတ် ကလေး ရှုပြန်ရင်လဲ (ကိစ္စဉာဏ် နဲ့ ရှုရပါမယ်)၊ ယားစိတ်၊ ယံစိတ်၊နာစိတ် ရှုပြန်ရင်ကော (ကိစ္စဉာဏ် နဲ့ ရှုရပါမယ်)၊ ကိစ္စ ဉာဏ်နဲ့ပဲ၊ ဝမ်းထဲမှာ လောဘ၊ ဒေါသ၊ မောဟ ပေါ်ရင်ကော (ကိစ္စဉာဏ် နဲ့ပဲ ရှုရပါမယ် ဘုရား)၊ ကိစ္စဉာဏ် နဲ့ချည်း ရှုရှုရှုရှု သွားရင် သစ္စာဟာ ဘယ်နှစ်ချက်မြင်မတုံး- (လေးချက် မြင်ပါတယ် ဘုရား)။
ကိစ္စဉာဏ်ပြီးရင် ကတဉာဏ်
လေးချက် တစ်ပြိုင်နက်တည်း ကိစ္စပြီးနိုင်တယ် (မှန်ပါ့)၊ အဲဒါ ခင်ဗျားတို့ နက်ဖြန် သဘက် ကျလာတော့ ဒီကိစ္စတွေ အကုန် ပြီးတယ် ဆိုလို့ရှိရင် နောက် ကတဉာဏ် ရောက်ပုံကျတော့ ဒီ ကိစ္စဉာဏ် ကို နက်ဖြန်လဲ ရှင်းပေးဦးမယ်၊ ရှင်းပြီးတော့မှ ကတဉာဏ် ရောက်ပုံကိုလဲ ဒကာ,ဒကာမတို့ သေသေချာချာ သိရမယ် (မှန်ပါ့)။
ကတဉာဏ်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်၏ စိတ်ထား စိတ်နေ သဘောထားကိုလဲ နောက်ပြော လိမ့်မယ်- (မှန်ပါ့)၊ ကဲ တရားနာ မပျက်စေနဲ့ ဒီ နှစ်ရက်သုံးရက်ပဲ ကျန်တော့တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။