သစ္စဉာဏ်(၂)

သစ္စာ ဉာဏ် (၂)

သစ္စဉာဏ်မှ ကိစ္စဉာဏ်တက်ပုံ

အသံဖိုင်ခေါင်းစဉ် = ယနေ့အရေးအကြီးဆုံး တရားတော်

စာအုပ်ခေါင်းစဉ် = “သစ္စာ ဉာဏ်” (၂)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

“သစ္စာ ဉာဏ်” (၂)

(၂၈-၆-၆၂)

သစ္စာသိဖို့ အကြီးဆုံး

ဒကာ ဒကာမတွေ အရေးအကြီးဆုံး အလုပ်ဟာ မနေ့ကလဲ ပြောခဲ့တယ်နော်၊ အရေးအကြီးဆုံး အလုပ်ဟာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် တဲ့ သစ္စာသိဖို့အရေးဟာ အကြီးဆုံးပဲ။

မောင်နိုင် ဒါ အကြီးဆုံးပဲ ဘာသိဖို့ပါလိမ့် (သစ္စာသိဖို့ အရေးကြီးပါတယ် ဘုရား) သစ္စာသိဖို့ အရေးဟာ အကြီးဆုံးပဲ။

သစ္စာသိဖို့ အခြံအရံတွေ

ဒါဖြင့် ဘုရားတပည့်တော်တို့ ဒါနတွေ လုပ်နေတာလဲ ဘယ်အကျိုးငှာတုံး၊ သီလ ဆောက်တည်တာ ဘယ်အကျိုးငှာတုံး၊ သမထလုပ်နေတာ ဘယ်အကျိုးငှာတုံး၊ ဝိပဿနာ ဘာဝနာတွေ လုပ်နေတာ ဘယ်အကျိုးငှာတုံးလို့ မေးတော့ အို-ဒါ သစ္စာသိဖို့ အခြံအရံတွေပေါ့။

ဦးဘကလေး ဘာတဲ့တုံး – (သစ္စာသိဖို့အခြံအရံတွေပါ)။

သစ္စာသိဖို့ အခြံအရံတွေ လုပ်ကြတယ်၊ သစ္စာမသိဘဲနဲ့ တော့ ကိစ္စမပြီးဘူး။

ဒါဖြင့် ဒါနဟာ ဘယ်သူ့အခြံအရံတုံး (သစ္စာသိဖို့ အခြံအရံပါ) အကျိုးရှိတာပေါ့လေ နော် – (မှန်ပါ့)

သစ္စာသူမသိ သိအောင် ဆရာသမားတွေက ကောင်းတဲ့ဆီ ရောက်အောင်ပို့၊ သစ္စာသိဖို့ အခြံအရံနော်။

မောင်နိုင်တို့က ဒီနေ့ရှစ်ပါးသီလ ဆောက်တည်ပြန်တယ်၊ ဦးဘရှင်းတို့က ဘာလုပ်ဖို့တုံးဗျ၊ ဒါတွေ ထမင်းအငတ်ခံပြီး သကာလ စောင့်တာဆိုတော့ ယနေ့ သိသွားပြီ – ဘယ်လိုသိပါလိမ့် (သစ္စာသိဖို့ အခြံအရံတွေပါ ဘုရား) သစ္စာသိဖို့အခြံအရံတွေပါဘုရား မလုပ်မဖြစ်ဘူးဘုရာ့။

တစ်ခါသွားပြန်ပြီတဲ့ သမထတွေမူတည်ပြီး သကာလ ဒကာ ဒကာမတွေ လုပ်နေကြပြန်တာလဲ ဘယ်အကျိုးငှာပါလိမ့် (သစ္စာသိဖို့အခြံအရံတွေပါ) သော် သစ္စာအခြံအရံတွေပါကလား ဆိုတာ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာပါလိမ့် (သစ္စာသိဖို့ပါ ဘုရား)။

တစ်ခါ ဘုန်းကြီးကလဲ ဖြစ်ပျက်တွေ ရှုခိုင်းနေတယ်။ ဝိပဿနာအလုပ်ကြီး လုပ်ခိုင်း နေပြန်တယ် လို့ ဆိုတာလဲ ဘယ် အကျိုးငှာပါလိမ့် (သစ္စာသိဖို့အခြံအရံတွေပါ) ဪ သစ္စာ အခြံအရံတွေ ပါကလား ဆိုတာ ဒကာ ဒကာမတွေပေါ်လာပြီနော်။

တစ်ခါဘုန်းကြီးကလဲ ဖြစ်ပျက်တွေ ရှုခိုင်းနေတယ်။ ဝိပဿနာအလုပ်ကြီး လုပ်ခိုင်း နေပြန်တယ်လို့ ဆိုတာလဲ အားလုံး ဒကာ ဒကာမတွေ ဘယ်အကျိုးငှာပါလိမ့် (သစ္စာသိဖို့ပါ ဘုရား)။

ဪ ဒါဖြင့် သစ္စာချည့်သွားဆိုက်တယ်။

နောက်က ဒကာ ဒကာမတွေ ဘယ်သွားဆိုက်ပါလိမ့် (သစ္စာချည့်သွားဆိုက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် မောင်နိုင် သစ္စာသိမှ နိဗ္ဗာန်ကို ပိုင်ပိုင် နိုင်နိုင် မိတာကိုး သစ္စာမသိသေးရင် (ပိုင်ပိုင်နိုင်နိုင် မမိသေးပါ ဘုရား)။

နိဗ္ဗာန် ပိုင်ပိုင်နိုင်နိုင်မမိသေးတော့ ဒကာ ဒကာမတို့ သစ္စာ သိဖို့ အခြံအရံတွေဟာ ဘယ်လောက် များတယ်ဆိုတာဟာဖြင့် အခု ပြောတဲ့အတိုင်း သိလောက်ပါပြီ ဒါဖြင့် လိုရင်းက ဘယ်သူ ပါလိမ့်မလဲဆိုတာ ကိုဝတို့ ကိုပေါ်တို့ ဘုန်းကြီးပြောဖို့ မလိုတော့ဘူး သစ္စာ၏ အခြံအရံတွေ ဆိုတော့ သစ္စာသိတယ် ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

သစ္စာသိဖို့ အရေးကြီးတယ်

ကောင်းပြီ ဒါဖြင့် သစ္စာသိဖို့အရေးဟာ အကြီးဆုံးပဲ တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဥပမာပြတယ်၊ သစ္စာ သိအောင်လုပ်ပါကွာဆိုတဲ့ဥစ္စာ သစ္စာဟောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့ သစ္စာနာတတ်တဲ့ နားလဲရှိဖို့ သစ္စာ ဒီအချိန်မကုန်ခင်ကလေး မိလိုက်ဖို့ မောင်နိုင် ဘယ်နှစ်ချက် ပါလိမ့်မလဲ (သုံးချက်ပါ ဘုရား)။

သစ္စာဟောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့ သစ္စာ ထောင် တတ်တဲ့နားပဲ ကိုယ့်သန္တာန်ရှိဖို့ (မှန်ပါ့ ဘုရား)။

သစ္စာမကုန်ခင်ကလေးဆိုတာ ဒီသာသနာ မကုန်ခင် ကလေးသာ သစ္စာရှိတာ (မှန်ပါ့) သာသနာကုန်ရင် ဒါန၊ သီလ၊ သမထတွေက လွှမ်းမိုးသွားတယ်။

ဒါဖြင့် သစ္စာခေတ်ကလေး မိဖို့လဲ အရေးကြီးတာပဲ။ ဒကာ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။

အဲဒါကြောင့် သေသေချာချာ ဂရုစိုက်ပြီး သကာလ ဪ ဆရာဘုန်းကြီးသည် အရေးကြီးတာကို ကြီးလို့ပြော တယ်ဆိုတဲ့ ဥစ္စာကို ကိုဝတို့က သေသေချာချာ မှတ်ရမယ် (မှန်ပါ ဘုရား)၊

အရေးမကြီးလို့ရှိရင် ဘုန်းကြီးကလဲ ဘယ်အပင်ပန်းခံမလဲ၊ ဒီဒကာ ဒကာမတွေလဲ ဘုန်းကြီးဆီကို အလာမခိုင်းတော့ ပါဘူး၊ အခုတော့ဖြင့် သစ္စာဟောတတ်တဲ့ဆရာလဲရှိ၊ သစ္စာထောင် တတ်တဲ့ နားလဲရှိ၊ သစ္စာကလေးကလဲ သာသနာအတွင်း အချိန် မကုန်ခင်ကလေးကလဲ မိနေတော့ သုံးချက် ညီညွတ်ခြင်းကြောင့် ဒကာ ဒကာမတွေကို ဒီအချိန်ဖြင့် မလွဲစေနဲ့ဆိုတာ တောင်းပန် လိုက်တယ်။

ဒီအချိန် လွဲသွားလို့ ဝိပဿနာချည့် ကျန်နေရစ်ပြန်လဲ သစ္စာမဆိုက်လို့ရှိရင် မောင်နိုင် ကုသိုလ်ပဲရမယ် သမထတွေ လုပ်ပြန်လဲ ထို့အတူပဲ ကုသိုလ်ရ-ဗြဟ္မာပြည်သွား၊ ဒါနတွေ သီလတွေ ဆောက်တည်ပြန်လဲ သုဂတိသွားဆိုတော့ သွားတာ မကျေနပ်လို့ မဟုတ်ပါဘူး၊ ကိုယ်တို့ ကိုဝတို့နော် သစ္စာမသိ သေးတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ ဒုက္ခသစ္စာရှိတဲ့ဘက်ချည့်လှည့်တယ်။

သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ (ဒုက္ခသစ္စာရှိတဲ့ဘက်ချည့် လှည့်ပါ တယ် ဘုရား)။

ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါတဲ့၊ ရှာမှီးခြင်း လွဲနေလိုက်တဲ့ ဖြစ်ခြင်း၊ ကြော်-ယောက်ျားဆိုရင် ခင်ပွန်းမ ရှိမှ၊ ခင်ပွန်းမ ဆိုလို့ရှိ ရင်လဲ ယောက်ျား အစောင့်အရှောက် ရှိမှ ဆိုတော့ ဒီမှာ ရှာမှီးခြင်း လွဲနေလိုက်တာ၊ ရှာရမှာက သစ္စာရှာရမှာ မဟုတ်တာကို အရှာကဲနေတယ် ဆိုရင်ကော လွဲမလား (မလွဲပါ ဘုရား)။

ဒါ သစ္စာသာသနာရှိတုံးမှာကို ကိုယ်ကိုယ်တိုင် လွဲနေကြ တကို တာဝန်ခံကြပါပြီ သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ခါ သစ္စာရှိတုံးမှာပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါနတရား၊ သီလတရားကလေးနဲ့ပဲ အချိန်ကုန်ပြီး နေခဲ့ရတဲ့အခါ ကာလကလဲ ကိုပေါ် မနည်းလှဘူး ကွယ်နေတယ်ဆိုတာ သိပြီလား (သိပါပြီ)။

နို့ သစ္စာထဲမှာလဲ နိဗ္ဗာန်ကလဲပါတယ် – နိဗ္ဗာန် ဘယ်ထဲပါသတုံး (သစ္စာထဲမှာ ပါပါတယ်)။

သစ္စာထဲမှာပါတော့ နိရောဓသစ္စာကိုမသိ၊ ထိုကဲ့သို့ မသိ တော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိရောဓရှိရာ ကို သွားမလားတဲ့၊ နိရောဓ မရှိရာ သွားမလားဆိုတာလဲ မောင်နိုင်ပဲ ဝေဖန်ကြည့်ပါတော့ (နိရောဓမရှိရာ သွားပါတယ် ဘုရား)။

သစ္စာ သိတဲ့ပုဂ္ဂိုလ်ဟာ နိရောဓရှိရာ သွားတယ် – သစ္စာ မသိတဲ့ ပုဂ္ဂိုလ်ဟာတဲ့ နိရောဓရှိရာ မသွားဘဲနဲ့ ဒုက္ခရှိရာ သွားတယ်။

ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ) သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ နိရောဓရှိရာမ၊ ဒုက္ခရှိရာကိုသာ သွားတယ် ၊ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် သစ္စာများဖြင့်ကွာတဲ့၊ ငါ အင်မတန် ကြီးကျယ်တဲ့ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ မင်းတို့ကို ချိန်လိုက်တဲ့ ဥစ္စာဟာ သစ္စာဟောတတ်တဲ့ဆရာနဲ့ သစ္စာထောင်တတ်တဲ့နားနဲ့ သစ္စာ သာသနာ မကုန်ခင်ကလေး ကြုံဖို့ရာများ အလွန်ခဲယဉ်းတယ် ဆိုတဲ့ ဥစ္စာ ငါ ဥပမာတစ်ခုပြောမယ် နားထောင်ကြည့်စမ်းဆို ပြီး သကာလ သံယုတ်ပါဠိတော်ကြီးများမှာ လာတယ်နော်။

လိပ်ကန်းကြီးဥပမာ

အနှစ် တစ်ရာမှတစ်ခါပေါ်တဲ့ ပင်လယ်ထဲ လိပ်ကန်းကြီး တစ်ကောင်ရှိတယ်တဲ့ မောင်နိုင် ဒီကနေ ဧရာဝတီမြစ်ကနေ ပြီး မျှောလိုက်တဲ့ ထွန်တုံးကြီး တစ်ခုကတဲ့ တစ်ယောက်တည်းဖောက် ပြီး သကာလ မျှောလိုက်စမ်းပါတဲ့နော်။

ပင်လယ်ထဲရောက်သွားတော့ တောင်လေတိုက် မြောက်၊ မြောက်လေတိုက် တောင်၊ အရှေ့လေတိုက်ရင် အနောက်၊ အနောက်လေတိုက်ရင် အရှေ့ကို ထွန်တုံးပြန်လှည့်တယ်။

အနှစ်တစ်ရာမှာ တစ်ခါပေါ်တဲ့ လိပ်ကန်းကြီးကတဲ့ ဒီထွန်တုံးပေါက်ကို လျှိုမိဖို့ မောင်နိုင် ဘယ့်နှယ်နေသတုံး (ခဲယဉ်းပါတယ် ဘုရား) သူကလဲ လိပ်ကန်းကြီးကိုး။

အဲဒါ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးက လျှိုမိမယ် ဆိုရင် လျှိုမိဖို့ သစ်တုံးကလဲမဆွေး လိပ်ကန်းကြီးကလဲ မသေသေး ရင် ကြုံရင်ကြုံရဦးမယ်ကွာ တဲ့။

ခုနကပြောခဲ့တဲ့ သစ္စာဟောတတ်တဲ့ ဆရာ၊ သစ္စာထောင် တတ်တဲ့နား သစ္စာသာသနာ မကုန်ခင် မိဖို့ရာဟာ ဒီထက်ခဲယဉ်း တယ်တဲ့။

ဒီလိုဆိုတော့ ဒကာကြီးလှိုင် ဒါကလေးလွတ်ထွက်သွားရင် သိပ်ဝမ်းနည်းစရာ ကောင်းပါလား နောက်က ဒကာ ဒကာမတွေ ဝမ်းနည်း လောက်အောင်ပဲ ဖြစ်တယ်ဆိုတာကော ပေါ်ကြ ပလား (ပေါ်ပါပြီ)။

သစ္စာရှိတုန်း သစ္စာသိအောင်လုပ်ပါ

အဲဒါကြောင့် သစ္စာရှိတုန်းကို သစ္စာသိဖို့ အရေးလို့ ကို ကြိုးကြိုးစားစားနဲ့ပဲ နာလဲနာလို့၊ သိလဲ-သိအောင် လုပ်ဖို့ အရေးကြီးပါတယ်။

ပြီးတော့ ခင်ဗျားတို့မှာ ဒီသုံးပါး ညီနေတယ်ဆိုတာလဲ မောင်နိုင် ပြောသံကြားလား၊ ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။

အဲဒီသုံးပါးညီနေတယ်ဆိုတာလဲ ဒကာ ဒကာမတို့ ဟော တတ်တဲ့ ပုဂ္ဂိုလ်နဲ့လဲတွေ့၊ ထောင်တတ်တဲ့နားကလဲရှိ၊ သစ္စာအချိန် မကုန်ခင်မိ နောက် နှစ်ထောင့်ငါးရာ လျော့လျော့ဆိုရင် ကိုဝ ပျောက်ပြီဗျာ (မှန်ပါ့ ဘုရား) ဒီတော့ အချိန်ကလေး ကော မမိလိုက်ဘူးလား (မိလိုက်ပါတယ် ဘုရား)။

ဒီအထဲမှာမှ တစ်ခါ ခင်ဗျားတို့ကလဲ ဒီဆရာဟောနေတယ်၊ ဟောတတ်တဲ့ ပုဂ္ဂိုလ်ကလဲ ရှိပြန်တော့ ခင်ဗျားတို့ကလဲ အသေမဦး နှင့်လို့ တစ်ခါပြန်တွေ့တယ် အသေဦးသွားတဲ့ပုဂ္ဂိုလ်တွေ ဒါန သီလ-သမထနဲ့ မျောသွားတာတွေ ကိုဝ ကိုပေါ်တို့ တစ်ပြုံကြီး ရှိပါလိမ့်မယ်ဆိုတာကော ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ကဲ ခင်ဗျားတို့ကလဲ အသေမဦးလို့ အချိန်မိနေတယ် ဆိုတော့ ဒီအချိန်ထက်ကောင်းတာ မောင်နိုင် ရှိသေးရဲ့ လား – (မရှိပါ ဘုရား)။

ဟာ ဒါ ဘုန်းကြီးက အရေးတကြီးပြောနေလို့ ဒို့မှာ လွမ်းဆွတ်နေရတဲ့ တရားမျိုးလို့ ဒီလိုမယူပါနဲ့ တကယ့် ကို အချိန်မိလို့ တကယ် ဒကာ ဒကာမတွေမှာ ထူးချွန်တဲ့ ပုဗ္ဗေစက လဲ ပါပြန်လို့ ယခုအချိန်ကြီးမှာ အကြုံကြီး ကြုံတယ်ဆိုတာ ဦးဘရှင်း လေးစားစွာနဲ့ မှတ်လိုက်ပါ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်ရမယ်နော်။

ကြည့်လေ အခုပြောတော့ သစ္စာဟောတတ်တဲ့ဆရာလဲ ရှိ၊ ခင်ဗျားတို့မှာလဲ ထောင်တတ်နဲ့ နားကကော (ရှိပါတယ် ဘုရား) တစ်ခါ သစ္စာသာသနာ မကွယ်ခင် အချိန်ကလေးကကော (ရှိပါတယ်)။

အချိန်ကလေးက မိလိုက်သေးတယ် ကိုယ်ကလဲ မရဏမင်းက မဦးသေးလို့တွေ့ရတယ် မရဏမင်းက ဦးသွား ပြန်တော့ (မတွေ့ရပါ ဘုရား)။

မတွေ့ရတော့ဘူးဆိုတော့ ကြော် ဒါဖြင့် ဒို့သည်ကား လို့ ဆိုရင်ဖြင့် လေးချက်မိပြန်တာပဲ။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချ ဪ ဒို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရထိုက်တဲ့ ကံဟာ ဒီလေးချက်ဆုံ တာကိုး။

မောင်နိုင် လေးလေးစားစား မှတ်ပါနော် (မှန်ပါ့) မဂ်ဉာဏ်ဖိုလ်ဉာဏ် ရထိုက်တဲ့ သစ္စာကို သိတတ်တဲ့ မဂ်ဉာဏ် – ဖိုလ်ဉာဏ် ရထိုက်တဲ့အဖြစ်ဟာ ဒို့ဒီထက် ကောင်းတာမရှိတော့ဘူး။

ဒါ ကျော်ရင်လဲ လွတ်သွားမယ် ဒီ ရှေးကလဲ လွတ်ခဲ့ပြီ။

ဒီ ရှေးကလဲ ဒီ သစ္စာကို စပြီး ပြောဖို့ဆိုဖို့ကို ကိုဝ အတော်ခဲယဉ်းတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရှေးက ခင်ဗျားတို့ ဘိုးဘွားတွေ သေခဲ့တာ တွေလဲ အင်း သာသနာ သစ္စာအချိန်တော့ မိပါရဲ့၊ ဟောတတ် တဲ့ ဆရာနဲ့ မတွေ့ဘူး မနာဘူးလားဗျာ (နာပါတယ် ဘုရား)။

နာတာမှ ဪ သာမည နာသွားတာလား၊ လိုရင်း အချက် နာသွားတာလား (လိုရင်းအချက် နာသွားတာပါ ဘုရား)။

ဒကာကြီးလှိုင် ဒါကြောင့် ခင်ဗျား မသေသေးနဲ့ဦး ပြော တာဗျ၊ အင်မတန် အရေးကြီးနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းပလား (ရှင်းပါပြီ)။

အဲဒါကြောင့်တဲ့ ခုနက လိပ်ကန်းထမ်းပိုးဆိုတဲ့ဥစ္စာ လိပ် ကန်းနဲ့ထမ်းပိုး လျှိုမိလျှိုရာ မရှိဘူးတောင် ပြောဖို့ကောင်းတယ် (မှန်ပါ့) သို့သော် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လျှိုချင် လျှို ပေဦးမယ်ကွာတဲ့။

ထွန်တုံးကြီးကလဲ မဆွေး၊ လိပ်ကန်းကလဲ မသေသေးဆို လို့ရှိရင်ဖြင့် အဲဒါ ကြုံချင် ကြုံလိမ့်ဦးမယ်၊ မင်းတို့ အခုအထိ လေးပါး ကြုံဖို့ရာကဖြင့် ငါမမြင်ဘူးပြောတာ။

အာဠာရ-ရသေ့

စဉ်းစားကြည့်ပါ၊ ဘုရားသခင်၏ လောကီဆရာ အာဠာရ ဆိုတဲ့ရလေ့ရှိတယ် ကိုဝ လောကီဈာန်တွေ သင်ပေးတာ အာကိဉ္စညာယတနဈာန်ထိအောင် နောက်တစ်ခါ ဥဒကတို့က နေဝသညာ နာသညာယတနဈာန်တို့ သမထအကြီးအကျယ်တွေ ပေါ့လေ မောင်နိုင် အဲဒါတွေ သင်တဲ့ဆရာတွေဟာ ဘုရား မဖြစ်ခင် တွေ့လိုက်ရသေးတယ်။

ဘုရားမဖြစ်ခင် တွေ့လိုက်ရသေးတယ် ဦးဘရှင်း သူ့ ဆရာတွေ မဟုတ်လားဗျာ။

နောက်တစ်ခါ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သူ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဆိုတဲ့ သုံးဉာဏ်ကို သူရလိုက်တယ်။

ရလိုက်တဲ့အခါကျတော့မှ ကိုင်း ငါလဲ သစ္စာသိလို့ ဘုရား ဖြစ်ပြီ ဘယ်သူ့ ရှေးဦးစွာ ချွတ်ရပါ့မလဲလို့ ဆိုတော့ ရှေးဦးစွာ အောက်ဈာန်သင်တဲ့ အာဠာရ သွားပြီးသတိရတယ်။

ဪ ငါ့ဆရာ အာဠာရ ရသေ့ ရှိပါသေးသလားဆိုပြီး စဉ်းစားလိုက်တဲ့အခါ အာဠာရက သေနှင့်တယ်၊ ခုနစ်ရက်ဦးတယ်။

ကိုဝ ခုနစ်ရက်တည်းဦးတယ်၊ ဘုရားက သစ္စာဟောဖို့ ကြံတဲ့နေ့နှင့် အသေက ခုနစ်ရက် စောတယ်တဲ့။

ဒါကြောင့် ခင်ဗျားတို့မသေနှင့်သေးတာ ကောင်းတယ်ဆို တဲ့စကားဟာ ကြီးကြီး ပြောတာလားလို့ ဆိုတော့ မှန်ပါပေတယ်သာ လိုက်ရမယ်။

အဖိုးတန်အောင် ပြောနေတာလား တန်သထက် တန်လို့ပြောနေတာလားလဲ သတိထားပါဦး (တန်သထက် တန်နေတာပါ ဘုရား)။

ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သွားပဟေ့ ကမ္ဘာပေါင်း ခြောက်သောင်းတောင် သွားပဟ၊ အရှုံးကြီးရှုံးပြီလို့ သူ့ဆရာကို အရှုံးကြီးရှုံးပြီလို့ ဓမ္မသံဝေဂ ဖြစ်တော်မူရှာတယ် ကိုဝ (မှန်ပါ့)။

သစ္စာမသိလိုက်ရဘူးကွာ၊ ကမ္ဘာပေါင်း ခြောက်သောင်း တောင် ဒုက္ခသစ္စာနဲ့ နေရစ်ပေတော့။

ကဲ မောင်နိုင် ဘယ်လောက်နာသွားသလဲ – (နာပါ တယ် ဘုရား) ဘာစောသွားလို့တုံး (အသေ စောသွားလို့ပါ ဘုရား)။

ဒါ ခင်ဗျားတို့ အသေမစောဘူးဆိုတာလဲ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဒါ အာဠာရမှာ ကိုဝ ခုနစ်ရက်တည်း အသေစော သွားတယ်။

တစ်ခါလိုက်ဟောမယ်လို့ ကြံပြန်တော့လဲ နာမ်ဓမ္မသာရှိ၍ ထောင်တတ်တဲ့ နားက မရှိပြန်ဘူး အကြည်ရုပ်က မောင်နိုင် မရှိပြန်ဘူး။

ပသာဒရုပ်မရှိဘူး၊ အရူပဘုံ ရောက်သွားတာကိုး၊ အရူပဘုံ ဆိုတာ နာမ်သာရှိ၍ ကိုဝ ရုပ်မရှိဘူး၊ နာမ်နဲ့ ရုပ်နဲ့ပေါင်းပြီး တော့မှသာလျှင် အသံကိုကြားနိုင်တာကိုး။

အဲဒီလိုက်ဟောမလို့ ဆရာမို့ ကျေးဇူးဆပ်မလို့ စိတ်ကူး ပြန်တော့လဲ ခုနက ပြောခဲ့တဲ့ ရပ်ပြစ်ရှစ်ပါး ရောက်သွားတယ် သောတာပန် မတည်နိုင်တဲ့ အဓိပ္ပာယ်ရောက်သွားတယ်။ ကိုဝ မနာဘူးလားဗျာ (နာပါတယ် ဘုရား) သိပ်နာ သွားတယ်။

နောက် ဒီလိုတွေးလိုက်တော့ ကိုယ်တော်မြတ်ကြီးကလဲ သိပါတယ်၊ သူ့အနားရှိတဲ့ နတ်တွေကလဲ လာလျှောက်တယ်၊ ဘုရား ကတော့ဖြင့် သစ္စာ ဟောတော်မူချင်လို့ပဲ၊ ဒီပုဂ္ဂိုလ်ဟာ အတော် ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲ၊ တိဟိတ်ကြီးတွေဗျ ကောင်းကင်ပျံ မြေလျှိုးနိုင်တဲ့ တိဟိတ်ကြီးတွေ သစ္စာသာသိလိုက်ရင် ချက်ချင်းပြီးသွားမယ် သံသရာစခန်းသတ်မယ်။

သို့သော် နောက်က ဒကာ ဒကာမတွေဘာဖြစ်သွားတယ် ဆိုတာ သိကြပလား (သိပါပြီ ဘုရား) ဘာဖြစ်သွားသတုံး (အသေစောသွားပါတယ်)။

အသေစောသွားတယ်၊ များများစောသလား၊ မေးလိုက် တော့ (ခုနစ်ရက်တည်းစောပါတယ် ဘုရား)။

အဲဒီမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “မဟာဇာနိ ယော ခေါ အာဠာရော” အာဠာရကြီးဖြင့် ရှုံးပြီဟေ့ သေသေ ချာချာ သစ္စာသိလိုက်တဲ့ဉာဏ် ပါလျက်သားနဲ့ အသေစောလို့ကွ ကမ္ဘာပေါင်း ခြောက်သောင်းတောင် သွားပဟေ့ ရှုံးပဟေ့ ကဲ သမထကို အပြစ်တင်ချလိုက်တယ် ဘယ်လောက်များ နစ်နာ သွားသတုံး (နစ်နာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အသေမစောသေးတာ လဲ ထည့်မဟောရပေဘူးလား (ဟောရပါတယ်)။ မောင်နိုင် ဟောသင့်သလား (ဟောသင့်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ကိုယ့်ပါရမီဟာ သေးတယ်လို့မယူနဲ့

ဒါကြောင့်တဲ့ ခင်ဗျားတို့ ကိုယ့်ပါရမီဟာ သေးတယ်လို့ ကိုဝ မယူနဲ့နော် မယူနဲ့၊ အခု ခုနစ်ရက် စောတာနဲ့ ကမ္ဘာပေါင်း ခြောက်သောင်းတောင် တစ်ခါတည်း ဒုက္ခသစ္စာကြီးနဲ့နေတော့ အဲဒီက ပြန်လာလဲ ကျွတ်လိမ့်မယ်လို့ ဘုရားက မြင်သေးဘူး။

ကမ္ဘာပေါင်းကလဲခြောက်သောင်းတောင်ဆိုတော့ မောင်နိုင်ရာ ပျင်းစရာကြီးပေါ့ (မှန်ပါ့ ဘုရား)။

အဲဒီက ပြန်တော့ ကျွတ်မှာလား (မကျွတ်သေးပါ ဘုရား) တော်တော်ကြာ တိရစ္ဆာန်တွေ ဘာတွေ ဖြစ်ချင်ဖြစ်ဦးမှာ။ မနာဘူးလား (နာပါတယ် ဘုရား)

အဲဒီလောက် တောင် အနာကြီး နာနေလို့ ဒကာ ဒကာမတွေ တရားချီးနေတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့၏ ဘုန်းထူးကံထူးတွေ ရှိကြောင်းကို ပေါ် သွားအောင်လို့ပြောနေတာပါ မပျင်းကြပါနဲ့ ဆိုတာပြောတာ ရှင်းပလား (ရှင်းပါပြီ)။”

ဥဒကရသေ့

ဒါနဲ့ ကိုပေါ်ရေ ဆက်ပြီးတွေးတယ်၊ သစ္စာသိမည့်ပုဂ္ဂိုလ် ဘယ်သူများ ရှိပါသေးသတုံးလို့၊ ဟာ ဆရာ တစ်ယောက် ရှိပါသေးသလား၊ အထက်ဈာန်သင်တဲ့ ဥဒကဆိုတာ ရှိပါသေးလား ဆိုတော့ ဘုရားက သစ္စာတရား ဟောဖို့ ကြံတော့ ဥဒကက ညက သေနှင့်ပြီ ကဲ-မနာဘူးလား (နာပါတယ် ဘုရား) နည်းနည်း ကလေး နာရီပိုင်း လွဲသွားတယ်။

ဦးဘကလေး ဘယ့်နှယ်နေသလဲ (နာရီပိုင်းကလေး လွဲသွားပါတယ် ဘုရား)။

သွားပြန်ပြီကွာတဲ့ အရှုံးကြီးရှုံးပဟ သစ္စာ မသိလိုက် ရတဲ့အတွက် အရှုံးကြီး ရှုံးပြီကွ လို့။

ဘယ့်နှယ် သမထသမား ကောင်းကင်ပျံမြေလျှိုး ကမ္ဘာ ပေါင်း ရှစ်သောင်း လေးထောင်တောင် နေရမှာ အရှုံးကြီး ရှုံးပြီလို့ ပြောရသတုံးဆိုတော့ ဦးဘရှင်းက သွားကြည့်လိုက်တာပေါ့ သူက ဘာသစ္စာ သွားရသတုံး (ဒုက္ခသစ္စာသွားရပါတယ်) ကဲ မရှုံးသေးဘူးလား (ရှုံးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဝမ်းနည်းစရာပြောတဲ့ စကားမဟုတ်ပါ ဘူး၊ ဝမ်းမြောက်စရာပြောတဲ့ စကားပါနော်။

ဝမ်းမြောက်စရာ ဪ ဒို့မှာ ခုနက ဆရာဘုန်းကြီး ပြောတဲ့အတိုင်း ဟောတတ်တဲ့ ဆရာနဲ့လဲတွေ့၊ ထောင်တတ်တဲ့နား ကလဲရှိ သစ္စာ သာသနာ ကလေးကလဲမိ၊ အသေကလဲမစော၊ အကြုံကြီး ကြုံပါသေးကလားဆိုတာ လိပ်ကန်းထမ်းပိုးထက် အဖိုး တန်ပြီ သဘောပါကြလား – (ပါပါပြီ)။

အဲဒါကြောင့် နောက်ပိုင်းက ခဲခဲယဉ်းယဉ်းလာကြရတယ်။ အားလုံး ဒကာ ဒကာမတွေ ဪ တော်သေးရဲ့ တော်သေး ရဲ့လို့ ကိုယ့်ဟာကိုယ် ရင်မပြီး ဝမ်းသာဖို့ သိပ်ကောင်းပါတယ်။

သိပ်ဝမ်းသာဖို့ ကောင်းပါတယ်၊ ဒကာ ဒကာမတို့ သစ္စာ သိရင် အကုန်ကိစ္စပြီးတယ်။

မောင်နိုင် သစ္စာသိရင် (အကုန် ကိစ္စပြီးပါတယ် ဘုရား)။

သံသရာက မူးခဲ့၊ မိုက်ခဲ့၊ တေခဲ့၊ လေခဲ့ အပါယ်သွားစရာ တွေ အပရာပရိယ ဝေဒနိယကံတွေ ယခုဘဝမှာ မိုက်ရူးထားတာ တွေကို အကုန်အဟောသိကံဖြစ် သစ္စာသိရင် (မှန်ပါ့) ဒါတွေဟာ မလိုက်နိုင်တော့ဘူး။

ဗြဟ္မာပြည် သွားဖို့ကံတွေဟာ ကျုပ်တို့မှာ အမျိုးမျိုး ရှိတယ် မောင်နိုင်၊ ဒါတွေ ဘာဖြစ်ကုန် သလဲ (အဟောသိကံ ဖြစ်ကုန် ပါတယ် ဘုရား) အဝီစိသွားဖို့ကံတွေကော (အဟောသိကံဖြစ်ပါ တယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိတဲ့ဉာဏ်ဟာဖြင့် ကိုဝ ရေ ကျုပ်တို့ သိန်းကျောက် သောင်းကျောက် မကပါဘူး၊ အဖိုးတန်တယ်ဟင်း ကိုပေါ် ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါကြောင့် ကျောက်ထဲ မောမနေနဲ့၊ သစ္စာသိအောင် လုပ်ပစ်လိုက်ပါဆိုတဲ့ဥစ္စာ ခင်ဗျားတို့ အရှုံးကြီး ရှုံးမှာစိုးလို့ ပေါ်ကြပလား (ပေါ်ပါပြီ)။

အရှုံးကြီးရှုံးမှာစိုးလို့၊ သစ္စာမသိရင်ဖြင့် ဦးတိဿ သန်းဖြစ် တာ သစ္စာမသိလို့ သွားဖြစ်တာ။

ဘုရားနဲ့ တစ်ကျောင်းတည်း ဇေတဝန်ကျောင်း နေပြီး သကာလ ဦးတိဿ ရဟန်းကြီး သန်းဖြစ်တာဟာ သစ္စာသိပြီးရင် အပါယ်လေးပါးကျစရာမှမရှိဘဲ (မှန်ပါ့ ဘုရား)။

ဒါတိရစ္ဆာန်ဘုံ ရောက်သွားတယ် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။ ဘာလိုသွားသလဲ – (သစ္စာသိဖို့ လိုသွားပါ တယ် ဘုရား)။

သီလမဖြူစင်ဘူးလား မေးလိုက်တယ် (ဖြူစင်ပါ တယ် ဘုရား) မတတ်နိုင်တာနဲ့ မောင်နိုင် သစ္စာသိတဲ့ဉာဏ် မရတာနဲ့ ကို သန်းသွားဖြစ်ရတယ်။

ဘယ့်နှယ်နေသတုံး မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား) ဒကာ ဒကာမတွေ အင်မတန် ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ လွမ်းအောင်ဟောနေတဲ့ တရား မဟုတ်ပါဘူး၊ ဝမ်းမြောက်ဖို့အရေး အင်မတန် ပြီးနေပြီဆိုတာ အချိန်အခါကလေးကို အဖိုးတန်ကြောင်း ကိုယ့်အကြောင်း ကိုယ် အထိလေးပါး ညီနေတာကိုလဲ အပေါ်ကြီးပေါ်အောင်လို့ ပြောနေ ပါတယ်။

သာမညဆိုလို့ရှိရင်ဖြင့် တရား စလာတယ်ဆိုဪ ငါ့ဝတ္တရားက တရားပလ္လင်ပေါ်ရောက်ရင် ဟောဖို့ပဲ၊ ဒကာ ဒကာမတွေက နာဖို့တင် ပြောမှာပေါ့ဗျာ။

အခုတော့ ဒီလိုမဟုတ်ပါဘူးတဲ့၊ ကိုယ့်မှာ အထိလေးပါး ညီနေတာလဲသိတော့မှ ဪ ဒါလွဲသွားရင် ကိုယ်ကျိုးနည်း ပြီ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါလွဲသွားရင် (ကိုယ်ကျိုးနည်းပါပြီ ဘုရား) နို့ လွဲတဲ့ ပုဂ္ဂိုလ်တွေ အခုတွေ့ပြီမဟုတ်လား

သမထသမားကြီးတွေ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် မောင်နိုင် သွားပြီလို့ ညည်းတာပဲ အရှုံးကြီး ရှုံးပြီကို ပြောတာပဲ (မှန်ပါ) ခုနက သီလသမားကြီး သန်းဖြစ်နေတာလဲ ဒီအတိုင်း ရှုံးသွားတာ ပဲ မရှုံးဘူးလား (ရှုံးပါတယ် ဘုရား)။

ဟို ဒါနသမားတွေ မလ္လိကာ မိဖုရားတွေ (၇)ရက် အပါယ်ကျသွားတာလဲ ရှုံးတာပဲ မရှုံးဘူးလား (ရှုံးပါတယ် ဘုရား)။

သစ္စာသိပြီးရင် အခုပြောတဲ့ ပုဂ္ဂိုလ်သုံးယောက်ဟာ ဒီနေ ရာတွေ ရောက်ဖို့ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် ဦးဘကလေး ကျေကျေနပ်နပ်ပဲ သဘောကျပြီး သကာလ ငါတော့ဖြင့် သေပျော်ပြီဟေ့ ဆိုတဲ့ဥစ္စာ ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်ချက်ချရမယ် ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် သစ္စာကိုတဲ့ ဘယ်နှစ်ဉာဏ်နဲ့ တပည့်တော် တို့ သိရမှာတုံးဆိုတာ တရားတစ်ပွဲလုံးက မေးရတော့မယ်။

သစ္စာသိမှ လားရာ ဂတိမြဲတယ်

သစ္စာကို တပည့်တော်တို့ သိချင်ပါပြီ ဘုရား သမထ သမားတွေလဲရှုံး၊ သီလသမားတွေလဲရှုံး၊ ဒါနသမားတွေလဲရှုံး၊ အရှုံး ကြီးရှုံးပြီး သကာလ သွားတာတွေဟာ ဂတိမမြဲသေးဘဲကိုးဗျ ဂတိက သစ္စာသိမှ ဂတိမြဲတာ။

သစ္စာမသိသေး၊ ဘာလုပ်နေနေ ဂတိက (မမြဲပါ ဘုရား) ကို လားရာဂတိ ဘယ့်နှယ်တုံး (မမြဲသေးပါ ဘုရား)။

ဘာ့ကြောင့်တုံး ဆိုတော့မှ ဝိနိပါတိကဘေး ဗရမ်း ဗတာကျတဲ့ဘေးကို သစ္စာကမှ ကယ်နိုင်တာ ကျန်တဲ့ဟာက (မကယ်နိုင်ပါ ဘုရား) ကဲ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။”

အဝိနိပါတဓမ္မာ ဆိုတာက သစ္စာသိပြီးဖြစ်တဲ့ပုဂ္ဂိုလ် ကိုသာ ဟောတာ တခြားသောပုဂ္ဂိုလ်ကို ဟောကိုမဟောဘူး။

ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ ဒီသစ္စာသိအောင် ဖြင့် လုပ်ရတော့မယ်။ သူက

နောက်က ဒကာ ဒကာမတွေ ဘာအရေးကြီးပါလိမ့် (သစ္စာသိဖို့အရေးကြီးပါတယ် ဘုရား)။

သစ္စာသိဖို့ အရေးကြီးတော့တယ် ဆိုတဲ့ ဥစ္စာကိုဖြင့်တဲ့ ခင်ဗျားတို့ ဒီထက်အရေးကြီးတဲ့တရားဖြင့် ရှာလို့တော့ မတွေ့ တော့ဘူး။

ရှာလို့မတွေ့ဘူး၊ ဘုန်းကြီးလဲ ပိဋကတ်သုံးပုံ အကုန်နှံ့နေ တာပဲ၊ သူအရေးအကြီးဆုံး သူအရေး အကြီးဆုံး ဆိုတာ ဘုရားသွား ပြီး ကြည့်လိုက်ပြန်တော့လဲ သစ္စာမသိလို့ ရှုံးတာတွေချည့်ပဲ သူ ကဟောတယ် ငါကိုယ်တိုင်လဲ ရှုံးခဲ့တယ်ကွာတဲ့၊ နောက်ကျ တော့ သူပါလှည့်တာပဲ။

ငါကိုယ်တိုင်လဲကွာ သစ္စာမသိတာနဲ့ ရှုံးလိုက်တဲ့ဖြစ် ခြင်း မပြောပါနဲ့တော့ ရှည်လိုက်တဲ့ သံသရာကွ။

ကြည့်ပါလားဗျ၊ ပါရမီ ရင့်ပြီးသားကြီးတွေတောင် နဂါး ကြီးတွေဖြစ်နေရတယ် စမွေယျတို့ ဘူရိဒတ်တို့ မောင်နိုင် သစ္စာမသိလို့ ဘုရားအလောင်းတဲ့ကွာ နဂါးကြီးဖြစ်ရတယ်၊ စမွေယျတို့ ဘူရိဒတ်တို့၊ ခင်ဗျားတို့ကတော့ဖတ်လို့ကောင်း တယ်သာထင်တယ်။

ဪ တယ်သည်းခံနိုင်ပါလား၊ တယ်တော်ပါလား၊ ဘုရားအလောင်းများ၊ တယ်စွန့်ပါလား၊ မဟုတ်ဘူး သစ္စာမသိလို့ ဖြစ်နေရရှာတာ။

တယ်တော်တယ်လို့ ခင်ဗျားတို့က ချီးမွမ်းမနေနဲ့၊ ကိုဝ တော်တာလား သစ္စာမသိလို့ ဖြစ်နေတာလား (သစ္စာ မသိလို့ ဖြစ်နေတာပါ)။

အဲဒါ ခင်ဗျားတို့က ဒီဇာတ်တော်ဖတ်တဲ့ပြီး သကာလ လွမ်း လိုက်တာနဲ့၊ ဆွေးလိုက်တာနဲ့၊ ဪ ဘုရားအဖြစ်ရပေတာ မလွယ်ပါလား၊ ဒီလိုသည်းခံနိုင်မှပါကလားဆိုတော့ ခင်ဗျားတို့က မယောင်ရာ ဆီလိမ်းမိ ဖြစ်နေတယ်၊ ဒါဘယ့်နှယ်ကြောင့် ဒီကိုယ်တော်ကြီး ဇာတ်ကြီးဆယ်ဘွဲ့ ဖြစ်နေပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ ဦးဘရှင်း အဖြေထွက်ပလား (ထွက်ပါပြီ ဘုရား)။

ဘယ်လိုထွက်သတုံး (သစ္စာမသိလို့ဖြစ်ရတာပါ) သစ္စာမသိလို့ တိရစ္ဆာန်ကြီးတွေ ဖြစ်ရတဲ့ ဘဝတွေကိုးဗျ ရှင်းပလား (ရှင်းပါပြီ)။

သစ္စာသိပြီးတဲ့ ပုဂ္ဂိုလ်မှာ “စတူဟာ ပါယေဟိ စ ဝိပ္ပမုတ္တော” ဆိုတာက ရှိပြီးသားဖြစ်နေတော့ လွတ်ပါတယ် ရှင်းပလား (ရှင်းပါပြီ)။

အဲဒါ သစ္စာအသိ နောက်ကျနေတာတွေဟာ အမျိုးမျိုးထင် ရှားသွားတယ်ဆိုတာ အခု ဟောနေတယ်။

ကဲ ကျေကျေနပ်နပ် သဘောကျပလား (ကျပါ ပြီ ဘုရား)။

သစ္စာမသိတဲ့ အပြစ်လောက် ကြီးတာဖြင့် ဦးဘရှင်း ၊ မြင်သေးလား (မမြင်ပါ ဘုရား)။

ကဲ ဒါဖြင့် သစ္စာဘယ်နှစ်မျိုးနဲ့ သိရမှာတုံးဘုရား ဆိုကာသာ ခင်ဗျားတို့ တရားတစ်ပွဲလုံးက လျှောက်ဖို့ပဲ လိုတော့ တယ်။

ဟောပါတော့ဘုရား တပည့်တော်တို့ အရေးကြီးမှန်း အင်မတန်သိပါပြီ၊ တပည့်တော်တို့ ခန္ဓာကိုယ်ကလဲ အနတ္တပါ၊ အဲဒီတော့ ဒီနေ့လား -နက်ဖြန်လားမသိဘူး၊ ယခု မိဖို့ပဲ အရေးကြီးပါ တယ်ဆိုတာ တရားတစ်ပွဲလုံးက လျှောက်ဖို့သိပ်အရေးကြီးတယ်၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ခန္ဓာကိုယ်က အစိုးရကြရဲ့လား (မရပါ ဘုရား) ဒီနေ့ လာနိုင်ပေမယ့် နက်ဖြန်မလာနိုင်ဘူး ဆိုတာလဲ ဒီထဲ ဖြစ်နိုင်တာ ချည့်ပဲ ရှင်းပြီနော်။

ကဲ ဒါဖြင့် ယနေ့ အရေးကြီးတဲ့တရားဟာ ဦးဘလေး ဘာတရားဟောမယ် (ယနေ့ အရေးကြီးတဲ့ တရား ဟောပါလိမ့်မယ် ဘုရား)။

ယနေ့ အရေးကြီးတဲ့ တရားကို ဟောလိမ့်မယ်ဆိုတာ နောက်ပိုင်းက ဒကာ ဒကာမတွေလဲ သေသေချာချာမှတ်ပါ

ဉာဏ်သုံးဆင့်

ဒါနဲ့ ပဋိသမ္ဘိဒါမဂ်က သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ကို မနေ့က အကျဉ်းဟောခဲ့တယ်၊ ဒီနေ့ အကျယ်ဟောလိမ့်မယ်လို့ မှတ်ပါနော်။

ဒီနေ့ အကျယ်ဟောလိမ့်မယ်ဆိုတဲ့ဥစ္စာက

သစ္စဉာဏ်ဆို တာသည် ၁-နံပါတ်ဉာဏ်၊ အောက်တန်းဉာဏ်၊

ကိစ္စဉာဏ်ဆိုတာ အလတ်စားဉာဏ်၊ မောင်နိုင်နော်

ကတဉာဏ်ဆိုတာ အထွဋ် ဆုံးဉာဏ်။

သစ္စဉာဏ်သည်ကား အညံ့စားဉာဏ်။

ကိစ္စဉာဏ်က (အလတ်စားဉာဏ်ပါ ဘုရား)။

ကတဉာဏ်က (အထွဋ်ဆုံးဉာဏ်ပါ ဘုရား)။

ဒါဖြင့် ဒီဉာဏ်သုံးဆင့်ကို ဒကာ ဒကာမတွေ ပြောတော့မယ်။

သစ္စဉာဏ်ဆိုတာ ဒကာ ဒကာမတွေ သစ္စာသိဖို့ဉာဏ်၊

ကိစ္စ ဉာဏ်ဆိုတဲ့ ဥစ္စာက ဘယ်သူ့ကို ပိုင်းခြားသိရမယ်၊ ဘယ်သူ့ကိုပယ် ရမယ်၊ ဘယ်သူ့ကိုမျက်မှောက်ပြုရမယ်။ ဘယ်သူ့ကိုပွားများရမယ် လို့ သိတဲ့ဉာဏ်က ကိစ္စဉာဏ်။

ကတဉာဏ်ဆိုတာက ခပ်ကျဉ်းကျဉ်း အခုစကားအကျယ် မပြောသေးပါဘူး၊ ဪ ငါသည်ကားလို့ဆိုရင် ပိုင်းလဲ ပိုင်း ခြားပြီးပြီ၊ ပယ်လဲပယ်ပြီးပြီ၊ မျက်မှောက်လဲ ပြုနိုင်ပြီ၊ ပွားလဲ ပွား ပြီးပြီလို့ သိတဲ့ဉာဏ်ဟာ ဘာဉာဏ်တဲ့ (ကတဉာဏ်ပါ ဘုရား) ကတဉာဏ် ဒါ-အကျဉ်းပြောပါတယ်။

ကဲ-ဒါဖြင့် အကျယ်ပြောကြစို့ ဒကာ ဒကာမတွေ ဝေဖန် ဟောမှသိမည့် ဒကာ ဒကာမတွေမို့ မောင်နိုင် ဝေဖန်လိုက်မယ်။

ဝေဖန်ရမယ်ဆိုတဲ့နောက်က ဒကာ ဒကာမတွေ မပျင်းဘဲနဲ့ ဒီဥစ္စာ အထူးဂရုစိုက်ပါနော် ဂရုစိုက်ပြီးတော့ ခန္ဓာထဲ ဉာဏ်စိုက် ကြည့်တာပေါ့ ပြောတာလဲနားထောင် ခန္ဓာထဲ ဉာဏ်စိုက်တာ ပေါ့နော်။

သစ္စဉာဏ်

ကဲ-ဒါဖြင့် သစ္စဉာဏ်ဆိုတဲ့ဥစ္စာ ဘာပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ဒီခန္ဓာကိုယ်ကြီးထဲမှာ ရုပ်တွေ၊ ဝေဒနာတွေ စိတ်တွေ ပေါ်မယ်၊ ဒီပေါ်တဲ့အထဲက လောဘမှတစ်ပါး ဘာစိတ်ပေါ်နေနေ၊ ပေါ်သရွေ့သည် ကြော်-ဒုက္ခသစ္စာပဲလို့ ကိုပေါ်တို့ ကိုဝတို့က သိနေ ရမယ် ဒါ သစ္စာသိတာပဲ၊ ကိစ္စနဲ့သိတာမဟုတ် သေးပါဘူး။

သစ္စဉာဏ်နဲ့ သစ္စာသိတာပဲရှိသေးတယ်၊ ခန္ဓာထဲရုပ်တွေ ပေါ်တာ၊ ပူတဲ့အေးတဲ့ ရုပ်တွေ တောင့်တင်းတဲ့ရုပ်တွေ၊ လှုပ်တဲ့ ငြိမ်တဲ့ရုပ်တွေ အင်း တော်တော်ကြာကျလို့ရှိရင်ဖြင့် အိပ်ချင် တဲ့စိတ်တွေ၊ သွားချင်လာချင်တဲ့စိတ်တွေ၊ ပြောချင် ဆိုချင်တဲ့စိတ် တွေ ကို မလာပေဘူးလား (လာပါတယ် ဘုရား) ဦးဘရှင်း လာတယ်နော်။

ဒုက္ခသစ္စာ

လာလို့ရှိရင် ဪ ဒါဒုက္ခသစ္စာတွေပါကလား လို့ ဘာမှ အဖြစ်အပျက်ကိုမထည့်နဲ့ဦး၊ ဒါ ဒုက္ခသစ္စာတွေပဲလို့ ‘သိတဲ့ဉာဏ်ဟာတဲ့ မောင်နိုင် ပေါ်တိုင်း ပေါ်တိုင်း သိနေလို့ ရှိရင် ဒါ ဒုက္ခတွေ ပေါ်နေတာပဲ၊ ဒုက္ခတွေ ပေါ်နေတာလို့ သိနေလို့ရှိရင်ဖြင့် ဒါ သစ္စဉာဏ်ပဲ (မှန်ပါ့ ဘုရား)။

ဒါကသစ္စဉာဏ်ပဲ၊ ရှင်းပလား (ရှင်းပါပြီ) ဒီတစ်လုံး တည်းနဲ့ မပြီးသေးပါဘူးတဲ့၊ သစ္စဉာဏ်ကလဲ လေးခုသိရမှာ (မှန်ပါ့)။

သမုဒယသစ္စာ

တစ်ခါတလေကျတော့ ဦးဘရှင်းတို့က ထမင်းဆာလာ တယ်ကွာ ဆေးလိပ်ကလေး ဆာလောင်မွတ်သိပ်လာတယ်ကွာ ရေ ကလေး ဆာလောင် မွတ်သိပ်လာတယ်ကွာလို့ အဲဒီအခါကျတော့ သောက်ချင်တဲ့တဏှာကလေး လာတယ်။

သူလာပြန်လဲ ဪ ဒါ သမုဒယကလေးပါကလားလို့ ချက်ချင်းဖမ်းလိုက်။

လာတိုင်း-လာတိုင်း သူ့ကိုဘာဆိုကြမယ် (သမုဒယ သစ္စာပါ ဘုရား)။

အဲ-ဒါက သစ္စာဉာဏ်ပဲ သူလာတုန်း သိလိုက်တာက သစ္စ ဉာဏ်ကလေး သဘောကျပလား (ကျပါပြီ)။

သူလာတုန်းသိတာ (သစ္စဉာဏ်ပါ ဘုရား)။

သူကလဲ အမြဲလာတာမှမဟုတ်ဘဲ ကိုဝ အမြဲ လာရဲ့လား (မလာပါ ဘုရား)။

မလာဘူးတဲ့၊ အင်း သားကလေး ခင်ချင်တယ်၊ သမီး ကလေး လွမ်းချင်တယ် အစရှိသည်နဲ့ ဒါကလေးပွေ့ချင်တယ်၊ ချီချင် တယ်ဆိုလို့ရှိရင်ဖြင့် ဘာသစ္စာကလေးပါလိမ့် (သမုဒယသစ္စာ ကလေးပါ ဘုရား)။

အဲ-အဲဒီလို လာတုန်းကို သိလိုက်တဲ့ ဥစ္စာကလေးဟာလဲ ဦးဘရှင်း မှတ်လိုက်တာပေါ့။ ဪ ဒါ သမုဒယသစ္စာသိတဲ့ ဉာဏ်ပဲရှိသေးတယ် ဒါဖြင့် သစ္စာဉာဏ်ပဲ ရှိသေးတယ်။

ဒကာကြီးလှိုင် ဘာဉာဏ်တဲ့ (သစ္စဉာဏ်ပါ ဘုရား) သစ္စာဉာဏ်ပဲ ရှိသေးတယ်နော်။

နိရောဓသစ္စာ

တစ်ခါ ဒီသမုဒယကလေး ချုပ်သွားတဲ့အခါ ကျတော့ ဪ ဒါ ဘာပါလိမ့်မတုံးဆိုတော့ ဪ “တဏှာနိရောဓော နိဗ္ဗာနံ’’ ပဲ၊

တဏှာချုပ်ရင် နိဗ္ဗာန်ပဲကိုးလို့ တဏှာ ကလေးမရှိဘူး၊ မရှိမှန်းသိတဲ့အခါကျလို့ရှိရင် ဪ တဏှာ ချုပ်တာ နိဗ္ဗာန်ဆိုတာ တခြားလား အောက်မေ့နေတယ်၊ တဏှာ ချုပ်တာကိုးလို့ ဆိုတော့ နိရောဓသစ္စာ သိလိုက်တယ်၊ တကယ် ပွားများမှုနဲ့သိတာ မဟုတ်သေးဘူး သစ္စာဉာဏ်နဲ့သိတာပဲ ရှိ သေးတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အင်း တဏှာကလေး ချုပ်သွားတဲ့အခါကျတော့ တဏှာချုပ်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) “တဏှာနိရော ဓာ နိဗ္ဗာနံ၊ ခန္ဓနိရောဓော နိဗ္ဗာနံ” နော်။

အဲဒီတော့ တဏှာကလေး ချုပ်သွားတော့ ခန္ဓာထဲမှာ အခု အခါဖြင့် ကျုပ်လောဘမရှိပါဘူးလို့ သိတဲ့ဉာဏ်ကလေးဟာ နိရောဓ သစ္စာသိတဲ့ဉာဏ် သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂသစ္စာ

တစ်ခါတလေ ကျလာတဲ့အခါ ဒကာ ဒကာမတွေမှာ ဪ မဂ္ဂသစ္စာဆိုတာလဲ ဘာပါလိမ့်မလဲ လို့ မေးတဲ့ အခါကျတော့ ကိုယ့်အထဲထဲမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ရုပ်နာမ်ဓမ္မကလေးတွေ ကြံလုံး စည်လုံး မြင်လုံးကလေးတွေ ရှိလာ တဲ့အခါကျတော့ ဪ ဒါသည်ကားလို့ ဆိုရင် ဘာပါလိမ့်မယ်၊ လို့ ဆိုတော့ အခုပေါ်တဲ့ ဒို့ဉာဏ်ကလေတွေဟာ ဪ ဒါ မဂ္ဂသစ္စာပဲ၊

ဉာဏ်ကလေး ပေါ်လာတိုင်း ပေါ်လာတိုင်းလဲ မဂ္ဂသစ္စာကလေးပါလားလို့ ပေါ်တိုင်း ပေါ်တိုင်း သိပေး။

ဒီလိုဆိုတော့ လေးချက်မပြည့်သေးဘူးလား (ပြည့်ပါ ပြီ ဘုရား)။

ဒါက ကိုဝ သာမညသိနော် (မှန်ပါ့) ကိုပေါ် (သာမည သိပါ ဘုရား)။

သာမညသိ၊ ဒုက္ခပေါ်လို့ ဒုက္ခသိ၊ သမုဒယပေါ်လို့ – (သမုဒယသိပါ) သမုဒယချုပ်လို့ နိရောဓသိ မဟုတ်ဘူးလား (မှန်ပါ့)။

သစ္စာသိတာ သစ္စဉာဏ်

အဲဒီတော့ တစ်ခါတလေ ဉာဏ်ကလေး ဘာကလေး ပေါ်လာတဲ့ အခါကျလို့ရှိရင်ဖြင့် ဆရာသမားဆီက နည်းရပြီး ဉာဏ် ကလေးပေါ်လာတော့ ဪ ဒီဉာဏ်ကလေးဟာ မဂ္ဂသစ္စာ ကလေး ပေါ်တာပါကလား လို့ ကိုယ့်ဟာကိုယ်ပဲ သိလိုက်။

ဒါ ဘာဉာဏ်ခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား)။

ဒါကြောင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာက “ဧတ္ထ ဣဒံ ဒုက္ခံ၊ ဣဒံ ဒုက္ခ သမုဒယံ၊ ဣဒံ ဒုက္ခနိရောဓံ၊ ဣဒံ ဒုက္ခနိရောဓပဋိပဒါတိ ဉာဏံ သစ္စဉာဏံ နာမ’’

သူတို့ပေါ်လာတိုင်း ပေါ်လာတိုင်း သိလိုက်လို့ရှိရင် ဒါ သစ္စဉာဏ် ရှိပါသေးတယ် ကွာ တဲ့။

လေးပါးစလုံး အလှည့်ကျနဲ့ ပေါ်လာတာ မောင်နိုင်ရ ဪ ဒါဘာတုံး

ဒါဟာ ဒုက္ခ၊

ဒါကလေးဟာ အခု ပေါ်လာတဲ့ သမုဒယ၊

အခုချုပ်သွားတာက နိရောဓ၊

အင်း အဲဒါ ကလေး သိသိ လိုက်တာက မဂ္ဂ ဆိုတော့ ဒါသိတဲ့ဉာဏ်ပဲ ရှိသေးတယ် သဘောကျပလား (ကျပါပြီ)။

ပေါ်တိုင်း ပေါ်တိုင်း သိလိုက်တဲ့ဉာဏ်ကလေးကို ဘာဉာဏ် ခေါ်ကြမလဲ (သစ္စဉာဏ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)

သစ္စဉာဏ်ကတော့ဖြင့် ရှင်းသွားပြီ၊

ပေါ်တိုင်း ပေါ်တိုင်း တပည့်တော်တို့ သမုဒယပေါ်လဲ အင်း ဒါ သမုဒယသစ္စာ ပေါ်တယ်လို့သိလိုက်တာပဲ၊ ဒုက္ခတွေပေါ်လာလဲ ဪ ဒါ ဒုက္ခတွေပဲလို့ သိလိုက်တာပဲ၊ သမုဒယကလေးချုပ်သွားတော့ ဪ ဒါကလေးဟာ နိဗ္ဗာန်ဆိုတဲ့ နိရောဓဟာ သူချုပ်တာကို ဆိုတာကိုး၊ အဲဒီ သူချုပ်တာဆိုတာကိုးလို့ သိလုံးကလေးကျတော့ မောင်နိုင်က ဘယ်ဉာဏ်ဆိုပါမတုံး မဂ္ဂသစ္စာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ လေးပါးစလုံးမသိဘူးလား (သိပါတယ် ဘုရား) သိတဲ့အခါကျလို့ရှိရင် ဒါဘာဉာဏ် ခေါ်ကြမလဲ (သစ္စ ဉာဏ်ပါ ဘုရား)။

သစ္စဉာဏ်ဆိုတဲ့ဥစ္စာ မနေ့ကနဲ့ မတူဘူးလို့မှတ် မနေ့ ကအပေါင်းသိကို ပြောတယ်၊ ယနေ့ အစိတ်သိကို ပြောပါတယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီလိုသိလို့ရှိလို့ရှိရင် သစ္စဉာဏ်ရပြီလို့ နောက်က တရားနာ တဲ့ ဒကာ ဒကာမတွေ ရှင်းကြပလား (ရှင်းပါပြီ)။

အခုတော့ ဒကာ ဒကာမတွေက လောဘပေါ်လာလို့ရှိရင် ဖြင့် သမုဒယသစ္စာပါကလားလို့ တယ်ပြီးတော့ နှလုံးမသွင်းခဲ့ဘူး (မှန်ပါ့) ချုပ်သွားပြန်လဲ ဪ ဒါနိရောဓကလေး ပေါ်နေတာပါ ကလားလို့ (နှလုံးမသွင်းပါ ဘုရား)။

အင်း ချုပ်တာကလေး သိတာကလေးကလဲ ငါ့သန္တာန် မဂ္ဂသစ္စာကလေး ပေါ်နေတယ်လို့ကော (မ သိပါ ဘုရား)။

မသိတော့ သစ္စဉာဏ်ကို မသိမှာစိုးလို့ ယနေ့ အကျယ် တဝင့်ချဲ့ထွင်ပြောတယ်။

ဒါဖြင့် ပေါ်တိုင်း ပေါ်တိုင်း ဤကားဒုက္ခ၊ ဤကား ဒယ၊ ဤကား နိရောဓ၊ ဤကား မဂ္ဂလို့ ခန္ဓာထဲပေါ်တိုင်း ပေါ် တိုင်း သိတာ ဘာဉာဏ်ခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား)။

သစ္စဉာဏ်လို့ ဦးမူကြီးတို့ သေသေချာချာမှတ်ပါ အသေမစောလို့ တွေ့တယ်ဆိုတာကော ရှင်းပလား (ရှင်းပါ ပြီ)

ဒါဟာလဲ အခုပြောနေတယ် ဒကာ ဒကာမတို့ ဒီဉာဏ်ကလေး ရဖို့ကိုလဲ ဦးဘရှင်း လူတိုင်းတွေးမိပါ့မလား (မတွေးမိပါ ဘုရား)။

ကဲ ဒါဟာ ဒီဉာဏ် အညံ့ဉာဏ်ပဲရှိသေးတယ် ဒါ ကလေးတောင် ဒီဒကာ ဒကာမတွေ တွေးမိပါရဲ့လားလို့ဆိုတော့ မတွေးမိဘူး။

အခု ဘုန်းကြီးတို့က သင်ထားလို့သာ ဖြစ်ပျက်က ဒုက္ခ သစ္စာ မင်းတို့ရှုတာကလေးက ဘာတဲ့ (မဂ္ဂသစ္စာပါ) သေနေ တာကလေးက (သမုဒယပါ) အင်း သူသေလို့ နောက် ခန္ဓာမလာတာက (နိရောဓပါ ဘုရား)။

ဒါဟာ အခုဘုန်းကြီးတို့ ပေါ်လာမှ ဒီဟာရလာတာ (မှန် ပါ) နဂိုကရှိရဲ့လား (မရှိပါ ဘုရား)။

မရှိဘူး ကိုဝရဲ့ နဂိုကရှိရဲ့ လား (မရှိပါ ဘုရား) ဖြစ်ပျက် ကလေးတွေတော့ ခင်ဗျားတို့ရှုနေတယ်၊

ဖြစ်တာပျက်တာကလေး မြင်ပါတယ်၊ ဖြစ်ပျက်ကဘာတုံး (ဒုက္ခသစ္စာပါ ဘုရား) မြင်တာ ကလေးက (မဂ္ဂသစ္စာပါ ဘုရား) အင်း သူလာတော့ သေ တာကလေးက (သမုဒယသစ္စာပါ) သူသေတဲ့အခါကျတော့ နောက် ဒုက္ခခန္ဓာတွေ မလာတာက (နိရောဓပါ ဘုရား)။

အခု ပေါ်လာတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါသည် ရှေးကပေါ်သလားလို့ မေးပြန်တော့လဲ ဦးဘရှင်း မပေါ်ဘူး (မပေါ်ပါ ဘုရား) ခင်ဗျားတို့ အခု ကံကောင်းလို့တွေ့တာ။

ရှေးက ဒီဥစ္စာ သစ္စာလေးပါးပေါ်တယ်လို့ကော မသိဘူး သိကြရဲ့လား (မသိပါ ဘုရား)။

မသိဘဲဖြစ်ပြီးသကာလနေတော့ ဒါဖြင့် သစ္စဉာဏ်တောင် ရမသွားကြဘူးဟေ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် သစ္စဉာဏ်တောင် ရမသွားကြဘူးဆိုတော့ အာဠာရတို့သေသလို ဥဒကတို့ သေသလို ဖြစ်သွားတယ် မနစ်နာဘူးလား (နစ်နာပါတယ်)။

အာဠာရ ဥဒကတို့မှာ အသေဆိုးမကျဘူးလား (ကျပါ တယ်) ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ကိုဝ ဒုက္ခသစ္စာနဲ့ နေ ရမယ် ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။

ကဲ ဟောလိုက်ရင် တစ်ချက်တည်းနဲ့ သိမယ်တဲ့၊ ဒီလူ တိဟိတ်တွေတဲ့၊ တိဟိတ်မှ ဈာန်ရတွေတဲ့ ဒီလိုဆိုတော့ သတို့လဲ အင်မတန် မထက်ဘူးလား (ထက်ပါတယ် ဘုရား)။

အဲဒီမှာ အရှုံးကြီးရှုံးသွားပြီလို့ ဘုရားမညည်းဘူးလား (သည်းပါတယ် ဘုရား) အဲ သစ္စဉာဏ် မျှလောက်တောင် ကိုဝ ကိုပေါ် ရမသွားရှာဘူး ဘယ်လောက်နာသတုံး (နာပါ တယ် ဘုရား)။

နို့သူ ကမ္ဘာပေါင်း ဘယ်လောက် လည်ရမှာတုံးလို့ မေးလို့ရှိရင်လဲ နောက်အရေအတွက် မထည့်နိုင်ဘူး ဗြဟ္မာ ပြည်မှာ ရှစ်သောင်းလေးထောင် နေပြီးနောက် သူ ဘာဖြစ်မှန်း မသိသေးဘူး။

ဘုရားက ပွင့်ချင်တိုင်းပွင့်နေတယ်ထားပါတော့ ကိုဝ သူက တိရစ္ဆာန်ဘုံနေမယ်၊ အပါယ်နေမယ်၊ ပစ္စန္တရာဇ်ရောက်နေ မယ် တွေ့ပါဦးမလား (မတွေ့ပါ ဘုရား)။

ဒါဖြင့် လွဲဖို့ရာနဲ့ ကြုံဖို့ရာ ဦးဘရှင်းပဲ ဆုံးဖြတ်ချက်ချပါ (လွဲဖို့ရာက များပါတယ် ဘုရား)။

လွဲဖို့ရာကများတော့ ဘယ်တော့မှမကျွတ်ဘူးဆိုကြပါစို့ (မှန်ပါ့) ဘယ်တော့မှ ဒုက္ခဝဋ် မကျွတ်တော့ဘူးဆိုတဲ့ ဥစ္စာ ဆုံးဖြတ် ချက် ချမယ်ဆိုလို့ရှိရင်လဲ အမှန်ပါပဲလို့ပဲ ပြောကြရမယ်။

ဒါကြောင့် ဒီဒကာ ဒကာမတွေကို အထိလေးပါး ညီ တာ မလွဲစေနဲ့၊ မလွဲစေနဲ့ဆိုတာ ခင်ဗျားတို့ သနားလို့ပြောတာပါ။ ရှင်းပလား (ရှင်းပါပြီ)။

ကဲ သစ္စဉာဏ်ဖြင့် ခန္ဓာထဲမှာ ဒို့ခန္ဓာထဲ ပေါ်လာ သရွေ့ ကလေးဟာ အင်း လောဘမှတစ်ပါး ကျန်တဲ့ရုပ်တွေ ဝေဒနာ၊ သညာ၊ စိတ်တွေ ကြည့်လိုက်တော့ မောင်နိုင် ဒါတွေ ဘာတွေပါလိမ့်ကွာ (ဒုက္ခသစ္စာတွေပါ ဘုရား)။

ဒုက္ခသစ္စာတွေဆိုတော့ ဒုက္ခသစ္စာပေါ်လို့ ဒုက္ခသစ္စာ သိတာ သစ္စဉာဏ်နော်။

တစ်ခါတလေ စားချင်သောက်ချင်တဲ့ စိတ်ကလေး ပေါ်လာပြန်တော့ ဘယ့်နှယ်ဆိုမလဲ (သမုဒယသစ္စာပါ ဘုရား)။

ဒါ သမုဒယသစ္စာ၊ ဪ ဒီသမုဒယသစ္စာကလေး ပေါ်ပြန်ပြီလို့ မသိဘူးလား (သိပါတယ် ဘုရား)။

ဆသိ ပဲ ရှိသေးတယ်

ဝိပဿနာ မရူပါနဲ့ဦး၊ ရှုဖို့မလိုသေးပါဘူး ပေါ်လာလို့ သိတာပဲ ထားလိုက်တော့နော်။

ဒါကလေးချုပ်သွားတော့ လောဘကလေးများ ချုပ်သွား တော့ ဪ ဒါဘာပါလိမ့် (နိရောဓပါ) နိရောဓကိုး၊ တဏှာနိရောဓော နိဗ္ဗာနံဆိုတာ ဟုတ်ပါလား ဒီလိုပဲဆပြီး သိဦး (မှန်ပါ့) ကတဉာဏ်ကျမှ မြင်မှာကိုး – ဒီအချိန်မှာ ဆသိ ပဲ ရှိသေးတယ်။

ကဲ ဒါဖြင့် ဒီဉာဏ်ကလေးတွေ ဒါကလေးတွေ ပေါ် ပေါ်တိုင်း သိနေတာကလေးဟာ ဒုက္ခပေါ်လဲသိ၊ သမုဒယ ကလေးပေါ်လာတာလဲသိ၊ ဒုက္ခချုပ်သွားတာလဲသိ၊ သိဉာဏ် ကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား) ဒါကလေးဟာ မဂ္ဂ သစ္စာပေါ်တယ်လို့ပဲသိပေး လောကီ မဂ္ဂသစ္စာ ပေါ်ပြီလို့လဲ သိပေးလိုက် (မှန်ပါ့)။

ဒါဖြင့် လေးခုစလုံးပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမ တွေက သိနေတော့ ဒီဉာဏ် ဘာဉာဏ် ခေါ်ကြမယ် (သစ္စာ ဉာဏ်ပါ ဘုရား)။

သစ္စဉာဏ်ပဲရှိသေးတယ် မနေ့ကနဲ့မတူဘူးနော်။

မနေ့က အကြမ်းဖျင်းပြီး သိလွယ်အောင် ပြောတာ (မှန်ပါ့) ယနေ့ဟာကတော့ ဒကာ ဒကာမတို့ မှတ်လိုက်ပါ၊ အရှင် ကောဏ္ဍည တို့ ဒီလိုသိတာကို ပြောတာနော် (မှန်ပါ့)။

အရှင်ကောဏ္ဍညတို့ ဤကဲ့သို့ ထူးထူးခြားခြား သိတာကို ပြောပါတယ် (မှန်ပါ) မောင်နိုင် နေရာကျပလား (ကျပါပြီ)။

ဒါဖြင့် မင်းတို့သည် သော်-ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခပေါ် ဒုက္ခသိ၊ သမုဒယပေါ်ရင်ကော- (သမုဒယ သိပါတယ် ဘုရား) သမုဒယချုပ်ရင် ချုပ်တယ်လို့ သိပေါ့ကွာ – (မှန်ပါ့ ဘုရား) ချုပ် တယ်လို့သိ၊ သိလုံးကလေးကိုလဲ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မဂ္ဂသစ္စာပါ ဘုရား)။

အင်း ဒါမဂ္ဂသစ္စာကလေးပဲဆိုတာလဲ မသိနိုင်ဘူးလား (သိနိုင်ပါတယ်) ဒီလိုသိတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (သစ္စ ဉာဏ်ပါ) သစ္စဉာဏ်၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် သစ္စာဉာဏ်တော့ ရှင်းသွားပြီတဲ့၊ ဒါလောက်သိရင်ပဲ ဒါ-သစ္စဉာဏ်ပဲကွာဆိုတာ ပဋိသမ္ဘိဒါမဂ် အဋ္ဌ ကထာ ဆရာက

“ဧတ္ထ ဣဒံ ဒုက္ခံ၊ ဣဒံ ဒုက္ခသမုဒယံ၊ ဣဒံ ဒုက္ခ နိရောဓ၊ ဣဒံ ဒုက္ခနိရောဓဂါမိနိပဋိပဒါတိ ဉာဏံ သစ္စဉာဏံ နာမ”

ဒါ-သစ္စာဉာဏ်ဆိုတာ ဒါပါပဲကွာဆိုတော့ ဒါကလေးဟာ လူသာမန်နဲ့ ခင်ဗျားတို့ ခုနက အထိလေးပါး မညီတဲ့ ပုဂ္ဂိုလ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဒါ ဘာသစ္စာ ဘာသစ္စာလို့ မောင်နိုင် ဝေဖန်နိုင်ပါ့မလား (မဝေဖန်နိုင်ပါ ဘုရား)။ မဝေဖန်နိုင်ဘူးဆို တာ သေချာပလား (သေချာပါပြီ။

ဒကာကြီးလှိုင် ကြားမှမကြားဘူးတော့ ပေါ်တာ သိပါ့ မလား (မသိပါ ဘုရား)။ မသိတော့ သူဟာ အိမ်ထောင်ရယ်လို့ ကျသွားတယ် စီးပွား လဲ ဖြစ်ရှာပါတယ်၊ ကျောင်းတွေကန်တွေလဲ ဆောက်လုပ်သွားပါ တယ်၊ သေတော့ သေသွားရှာပြီ။

သစ္စာမသိတာအဝိဇ္ဇာ

ဟာ သစ္စာမသိဘဲနဲ့ သေသွားတယ်ပေါ့ ကိုဝ ဆိုနိုင်မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

သစ္စာ မသိတာ ဘယ်သူတုံးလို့ တစ်ခါ လက်သည်ရှာလိုက် အဝိဇ္ဇာပဲ အဝိဇ္ဇာ ဒုက္ခေ အညာဏံ ကိုး”။

သစ္စာ မသိဘဲနဲ့ သေသွားတော့ ဘာနဲ့ သေသွားသတုံး (အဝိဇ္ဇာနဲ့သေသွားပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာလမ်း လိုက်သွားတယ် အဆုံးမှာ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” သူမလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် လူတစ်ယောက်ဖြင့် မျက်လုံး မဖွင့်ဘဲနဲ့ ပဲ ကိုဝ သေသွားလေရဲ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ရှင်းကြပလား (ရှင်းပါပြီ)။

ဘာနဲ့ သေသွားသတုံး မေးတဲ့အခါကျတော့ မောင်နိုင် ဘာနဲ့သေသလဲ (အဝိဇ္ဇာနဲ့ သေပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့သေတော့ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာလမ်းလိုက် သွားလေရဲ့ ဆိုရင်ကော (မလွဲပါ ဘုရား)။

သံသရာလမ်းအဆုံးမှာ ကြည့်လိုက်တော့ ဘာတွေ့သတုံး ကိုပေါ်က- (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိပါ ဘုရား)။

ဪ ဒါ သူ့ပစ္စည်းတွေပါကလားဟေ့ အန္ဒ၊ သေတဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတွေပါကလား (မှန်ပါ့)။

ဒုက္ခအစုကြီးဟာ ဘယ်သူ့ပစ္စည်းတွေဆိုမလဲ (သေတဲ့ ပုဂ္ဂိုလ်၏ အစုကြီးတွေ ဘုရား)

သစ္စာမသိတဲ့ပုဂ္ဂိုလ်၏ ပစ္စည်း

ဒကာ ဒကာမတို့ ဘယ်သူ့ပစ္စည်းတွေပါလိမ့် (သစ္စာ မသိတဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတွေပါ ဘုရား)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတွေဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ကိုင်း ဒါဖြင့် ကိုဝ- ရိုင်းရိုင်းပြောတော့ အကန်း တစ်ယောက် သေသွားပြီဟေ့ ဆိုနိုင် မဆိုနိုင် (ဆိုနိုင် ပါတယ် ဘုရား)။

အကန်းတစ်ယောက် သေသွားပြီးဟေ့ ရှေ့ဆက်လိုက် ပါဦး မောင်နိုင်ရ၊ အကန်းတစ်ယောက် သေလဲသေတယ်၊ ရှုံးလဲရှုံး သွားပြီ။

ဘုရားကညည်းတာကိုး၊ မဟာဇာနိယော လို့ အာဠာရ ဥဒကအတွက် သိပ်ညည်းတော်မူတယ်၊ ဪ အကန်းကြီး ရှုံး သွားရှာပြီ။

ဦးဘကလေး ဘယ့်နှယ်ဆိုမလဲ (အကန်းကြီး ရှုံးသွား ပါပြီ ဘုရား)။ နောက်က ဒကာ ဒကာမတွေ – (အကန်းကြီးရှုံးသွားပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ သနားတာ (မှန်ပါ့) ဒါကြောင့် သေသေ ချာချာ ပြောနေတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကန်းလဲကန်းသေးတယ်၊ ရှုံးလဲ ရှုံးသေးတယ် ဆိုတော့ ဘယ်မှာတုံးဗျာ အမြတ်ကို ပါသေးရဲ့လား (မပါပါ ဘုရား)။

အေး- ဒါကြောင့် ဒီတရားကိုနာတဲ့ ဒကာ ဒကာမများဟာ ဖြင့် တဲ့၊ အတော်ပဲ ဘုန်းရှိတယ်၊ ကံရှိတယ်ဆိုတာ ကို မြှောက် ပြောတာလား (မဟုတ်ပါ ဘုရား)။ အင် ခြင်း မဟုတ်ပါဘူးနော် သစ္စာမသိဘဲနဲ့ ဈာန်သမားကြီးတွေ သေသွားတာ ထောက်လိုက်တော့မှ အရှုံးကြီးရှုံးသွားပဟေ့ ဘုရား ကညည်းတာကိုး နော် ဘုရားက ညည်းချင်လို့ ညည်းတာ လား မောင်နိုင် တကယ်ရှုံးလို့ ညည်းတာလား (တကယ်ရှုံး လို့ ညည်းတာပါ ဘုရား)။

အင်း ဒါကြောင့် အရှုံးမခံကြပါနဲ့ ဆိုတာ တစ်ပွဲလုံးပဲ ပြောလိုက်ပါတယ် ဒီဟာ ရှုံးသွားလို့ ရှိရင်ဖြင့် ကျောက်ရှုံး တာဟာ နောက်ကဖာနိုင်သေးတယ် မဖာနိုင်ဘူးလား (ဖာနိုင်ပါတယ် ဘုရား)။

အင်း တစ်သိန်းကျောက်ဝယ်လိုက်တယ်၊ ရှုံး တယ်ဟာ နောက် ဒိုကြည့်ရောင်းပေးပါဦးကွာ မင်းရောင်းတဲ့ ကျောက်က ရှုံးသွားတယ်ဆိုတော့ ဟိုလူက သစ္စာရှိတဲ့ ပုဂ္ဂိုလ်ဖြင့် မောင်နိုင် နောက်လာပေးလိမ့်ဦးမယ် ဒီ က ဖေးစရာ (မရှိပါ ဘုရား) ဒါဖြင့် ဒါ အနာဆုံး (မှန်ပါ ဘုရား)။

ဒါ အနာဆုံးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ။

ကောင်းပြီ ဒါဖြင့် ကိစ္စဉာဏ်ပြောကြစို့။

သစ္စာပေါ်တိုင်းပေါ်တိုင်း သိတဲ့ဉာဏ်ဟာ ဘာဉာဏ်တဲ့ (သစ္စဉာဏ်ပါ ဘုရား)။

နောက်တက်ရမည့်အသိက ဒကာ ဒကာမတို့ အရေးကြီး တဲ့ အသိလို့ထားလိုက်ပါ အခုဟာက ဆရာသမားပြောတာနဲ့ ပဲ ခန္ဓာကိုယ်ထဲ ပေါ်တိုင်း ပေါ်တိုင်း သိသွားလိုက်လို့ရှိရင် သစ္စဉာဏ် ဖြစ်ပါတယ် ရှင်းပြီနော် (ရှင်းပါပြီ)။

ကိစ္စဉာဏ် ပြောပါတော့မယ်

ကိစ္စဉာဏ် ပြောပါတော့မယ် ဒကာ ဒကာမတို့ အခု ဘာပြောမယ် (ကိစ္စဉာဏ် ပြောပါမယ် ဘုရား)။

ကိစ္စဉာဏ်ပြောပါတော့မယ်၊ နားကြီးကြီးနဲ့ ထောင်ပါ၊ ကိ ဉာဏ်ဆိုတာက ခန္ဓာကိုယ်ထဲမှာ

ဥပမာ ရုပ်ကလေးတစ်ခုဖြစ်စေ လောဘမှတစ်ပါး စိတ်ကလေး တစ်ခုဖြစ်စေ ပေါ်လာတယ်၊

ပေါ်လာတဲ့ အခါမှာ ဒီတရားကလေးဟာ ဖြစ်လဲဖြစ်တယ်။ ပျက်လဲ ပျက်ဟယ်၊ နှစ်ခုသိရမယ်။

ဖြစ်လဲဖြစ်တယ် (ပျက်လဲပျက်ပါတယ်)။

ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ်လို့သိတော့ ဪ အဖြစ်အပျက်မှတစ်ပါးလဲ ဒုက္ခ မရှိပါကလား ပေါ်ပလား (ပေါ်ပါပြီ။)

အဖြစ်အပျက်မှတစ်ပါးလဲ (ဒုက္ခမရှိပါ ဘုရား)။

အဲ ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် ဒုက္ခပဲလို့ သိတာက ကိစ္စ ဉာဏ်။

ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် သိတာသည် ဘာဉာဏ်ခေါ်ကြ မလဲ (ကိစ္စဉာဏ်ပါ ဘုရား)။

ဖြစ်ပျက်ဟာ ဘာမှမရောဘူး ဒုက္ခဖြစ်၍ ဒုက္ခပျက် တာပဲ သဘောပါကြပလား (ပါပါပြီ)။

ဒုက္ခဖြစ်၍ (ဒုက္ခပျက်တာပါ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲလို့ ဘယ်တရားလာလာ ပိုင်ပိုင် နုင်နိုင် သိတာသည် ဒုက္ခသစ္စာကို ပရိညေယျနဲ့ သိတယ် သဘောကျပလား (ကျပါပြီ)။

ဒုက္ခသစ္စာကို (ပရိညေယျနဲ့ သိပါတယ် ဘုရား) ဒါက ခုနကထက် မထူးဘူးလား (ထူးသွားပါတယ် ဘုရား) ခုနက အပေါင်းသိလောက်ဖြစ်နေတယ် ရှင်းပြီနော် (ရှင်းပါပြီ)။

ကိစ္စဉာဏ်

ဒါဖြင့် ခန္ဓာထဲ ဝေဒနာကလေး ပေါ်လာလဲ ဖြစ်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ပျက်တာလဲ- (ဒုက္ခသစ္စာပါ) ပျက်တာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒုက္ခမှတစ်ပါး ခန္ဓာထဲ ပေါ်စရာမရှိပါကလား ဒီလိုသိတာက ဘာဆိုကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်၊ ဪ သူ့ကိစ္စကို အကုန်သိတယ် သူ့မှာ ဒုက္ခကိစ္စ ရှိတာကို အကုန်မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)

အဲ ဟိုက ပြတာက ဒုက္ခကိစ္စကိုပြတယ် ကျုပ်မှာ ဒုက္ခကိစ္စသာ ရှိတယ်၊ ဒုက္ခနဲ့ ကြုံရတဲ့ကိစ္စပဲ ရှိတယ် – ဟိုကဓမ္မက ပြောတာကို ဒီကဉာဏ်က ဪ ဒီကိစ္စ ရှိတာကို ဒီကိစ္စရှိတယ် လို့ သိလိုက်တဲ့ဉာဏ်သည် ကိစ္စဉာဏ်။

ဒါဖြင့် ကိစ္စကတခြား၊ သိတဲ့ဉာဏ်က – (တခြားပါ ဘုရား)။

ဖြစ်မှုကိစ္စ၊ ပျက်မှုကိစ္စက ဘာတဲ့တုံး (ဒုက္ခသစ္စာ ပါ ဘုရား) အဲဒါကလေးကို သူ့ဒီကိစ္စမှတစ်ပါး၊ ဘာမှမရှိဘူးလို့ သိတာက ဘယ်သူကသိတာတုံး (ဉာဏ်ကသိတာပါ) ဉာဏ် က သိတယ် သဘောကျ ပလား (ကျပါပြီ)။

သူ့မှာ ဖြစ်မှုကိစ္စ ပျက်မှုကိစ္စမှတစ်ပါးဘာမှ မရှိဘူးလို့ဆို ဘယ်သူကသိတာတုံး (ဉာဏ်က သိတာပါ ဘုရား)။

ဒါဖြင့် ဖြစ်မှုကိစ္စ ပျက်မှုကိစ္စက ရှုစရာအာရုံမှာနေတယ် (မှန်ပါ) အဲဒီကိစ္စကို ဒီကနေ ဉာဏ်နဲ့ ဝေဖန်လိုက်တဲ့အခါ ဒီကိစ္စ နှစ်ခုမှတစ်ပါး ဘာမှမရှိဘူးဆိုတော့ ပိုင်ပိုင်နိုင်နိုင် မသိကြဘူးလား (သိပါတယ် ဘုရား) အဲဒီဉာဏ်က ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စ ဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်၊ နားကြီးကြီးနဲ့ထောင်ပါ ဒကာ ဒကာမတို့၊ ကိစ္စ ဉာဏ်က အလုပ်စခန်း ကိစ္စဉာဏ်က (အလုပ်စခန်းပါ ဘုရား) အလုပ်စခန်းပဲဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒီဉာဏ်မရလို့ရှိရင် ကိုယ်ကျိုးနည်းပြီ။ ကိုပေါ် ဘယ့်နှယ်တုံး – (ကိုယ်ကျိုးနည်းပါတယ် ဘုရား)။ ကိုးကျိုးနည်းပြီတဲ့ ပိုင်ပိုင်သိမလာဘူး။

ခုနကတော့ သာမညသိကိုး ၊ သစ္စဉာဏ်က သဘောကျပလား (ကျပါပြီ)။

ပိုင်းခြားသိ ဆိုတာ ပိုင်ပိုင်နိုင်နိုင်သိတာ

အခုဟာကတော့ ပိုင်ပိုင်နိုင်နိုင်သိတယ်၊ ခုနကသာမည သ အခုဟာက ပိုင်ပိုင်နိုင်နိုင်သိ၊ ပိုင်းခြား သိတာဆိုတာ ပိုင်ပိုင် နိုင်နိုင်သိကို ဆိုပါတယ်။

ပိုင်းခြားသိဆိုတာ (ပိုင်ပိုင်နိုင်နိုင်သိကို ဆိုပါတယ်) ပိုင်ပိုင်နိုင်နိုင်သိကိုဆိုပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာကလေး ပေါ်လာ ပေါ်လာ တစ်ခုတည်း မှတ်ပေတော့၊ ဪ ဖြစ်တာလဲ ဒုက္ခ၊ ပျက်တာလဲဒုက္ခပဲ။ ခန္ဓာထဲက ပေါ်သရွေ့ဖြင့် ဒုက္ခမှတစ်ပါး ဘာမှမပေါ်ဘူးလို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်တာ ဒါ ကိစ္စဉာဏ်။

ခန္ဓာကပေါ်လေသရွေ့ (ဒုက္ခချည့်ပါ) ဒုက္ခချည့် ပေါ် တာပဲ သဘောကျပလား (ကျပါပြီ)။

ခန္ဓာကပေါ်လေသရွေ့ (ဒုက္ခချည့်ပေါ်တာပါ ဘုရား)။

ဒုက္ခချည့်ပေါ်တယ်လို့သိတော့ ခန္ဓာဒုက္ခ၊ သဘောကျ ပလား (ကျပါပြီ) ခန္ဓာက ခန္ဓာကိစ္စကို ပြောတယ်။

ခန္ဓာက ဘာပြောလေ့ရှိသလဲ (ခန္ဓာကိစ္စကိုပြောပါ တယ် ဘုရား)။

ကျုပ်ကိစ္စဟာဗျာ ဒုက္ခရောက်တဲ့ကိစ္စပဲရှိတယ်။ ရှုပွားတဲ့ ဒကာ ဒကာမတွေက ဒီဉာဏ်ကို ရလိုက်ပါတယ်။ သူ့ကိစ္စဟာ ဒါပဲလို့ မသိဘူးလား (သိပါတယ် ဘုရား)။

အင်း လူတစ်ယောက်သွားတယ်၊ ဟိုနား တူရွင်း ကလေးနဲ့ ပေါက်ပြားကလေးနဲ့ သွားတော့ မျှော် တွင်းထူး သွားတဲ့ကိစ္စပဲ၊ ကိုယ့်ဉာဏ်က မသိဘူးလား (သိပါတယ် ဘုရား)။

အဲ ဟိုကကိစ္စ၊ ဒီကဉာဏ် သဘောကျပလား (ကျပါပြီ)။

ဟို တွင်းတူးသွားတာက (ကိစ္စပါ ဘုရား) သူ့ကိစ္စကို ကိုယ်က သိလိုက်တာက (ဉာဏ်ပါ ဘုရား)။

အဲ-ဟိုကကိစ္စနဲ့ ဒီကဉာဏ်နဲ့ပေါင်းမှ ဘာခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)။

အဲ ကိစ္စဉာဏ်ရှင်းပြီမောင်နိုင်ရ။

ကိစ္စဉာဏ် ရှင်းပြီဆိုတော့ ဒကာ ဒကာမတွေ လေးလေး စားစားမှတ်မိပလား (မှတ်မိပါပြီ)။

ရှုပွားနေတာဟာ ကိစ္စဉာဏ်

အေး-ဒါဖြင့် ခင်ဗျားတို့ ရှုပွားနေတာဟာ ဘာတွေများလုပ် နေကြပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ မောင်နိုင်ရေး ကိစ္စ ဉာဏ်လုပ်နေတယ်။

ဝေဒနာပေါ်လာရင် ဘာကိစ္စရှိသတုံး မေးလိုက်တော့ ဒုက္ခ သစ္စာပဲရှိတယ် (မှန်ပါ့) သညာပေါ်လာရင်ကော (ဒုက္ခ ကိစ္စပဲရှိပါတယ်) စိတ်ကလေးပေါ်လာရင် (ဒုက္ခကိစ္စပဲရှိပါ တယ်) သညာပေါ်လာရင်ကော (ဒုက္ခကိစ္စပဲရှိတယ်) စိတ် ကလေးပေါ်လာရင် (ဒုက္ခကိစ္စပဲရှိပါတယ် ဘုရား)။

ဒုက္ခရောက်ဖို့ကိစ္စက ကိုဝ သူ့အလုပ် မဟုတ်လား (မှန်ပါ့) ကျုပ်တို့က အဲဒီသူက ဒုက္ခရောက်တဲ့ ကိစ္စကို ကျုပ်တို့က ဉာဏ်ကမလှည့်မိမှာစိုးရပါတယ်။

ဉာဏ်က လှည့်မိတော့ ကိစ္စဉာဏ်နဲ့ပေါင်းလိုက်တာပေါ့ ပေါင်းလိုက်တော့ ဘာဖြစ်သတုံး (ကိစ္စဉာဏ်ဖြစ်ပါတယ် ဘုရား)။

အဲဒါမှာ ဒကာ ဒကာမတွေမှာ မပေါင်းမိဘူး။

ဟိုကကိစ္စတော့ပြောနဲ့၊ သူ့ကိစ္စ ဒါပဲလို့ ခန္ဓာကတော့ အချိန်မရွေးပြောတယ် (ပြောပါတယ်) ခင်ဗျားတို့က ဉာဏ် မလှည့်မိတော့ မပေါင်းမိဘူး မပေါင်းမိတော့ ကိစ္စသာ ဖြစ်၍ ဉာဏ်မရလိုက်ဘူး သဘောကျပလား (ကျပါပြီ။)

ဒါဖြင့် ယနေ့ကစပြီး ဒကာ ဒကာမတွေက ကိစ္စနဲ့ဖြင့် ဉာဏ်နဲ့တွဲမဟ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိစ္စဉာဏ်နဲ့ တွဲရပါမယ် ဘုရား)။

ကိစ္စဉာဏ်နဲ့ တွဲဖြစ်အောင် တွဲမယ် သူကလဲ ကိုဝ ကိုပေါ် တစ်နေ့ ဘယ်နှစ်ကိစ္စပြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် မရေတွက်နိုင်တဲ့ကိစ္စ သူပြတော့ ကျုပ်တို့မှာဉာဏ်နဲ့တွဲမယ် ဆိုတော့ ဉာဏ်ပေါင်းလဲ ဘယ်လောက်ရမလဲလို့မေးရင် (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်တဲ့ဉာဏ်ရမယ် ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် အဲဒီလိုဉာဏ်ရတော့ ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား) ဒါ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိတဲ့ဉာဏ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ဉာဏ်ပဲဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဪ ဒါဖြင့် ခန္ဓာကိုယ်ထဲက နွားတစ်ကောင်လုံး ပုပ် နေတဲ့ ဥစ္စာကို ဘယ်ကပဲ လှီးယူယူ ကိုဝ ဘာတွေရမတုံး (အပုပ်တွေရပါမယ် ဘုရား)။

ဒါ ခန္ဓာကိုယ်က ပင်ကိုက သစ္စဉာဏ်နဲ့ ဒုက္ခချည့်သိ ထားတဲ့ဥစ္စာပဲ၊ သူက ဘာကလေး တစ်စွန်း တစ်စ ထွက်လာလာ ကျပ်တို့က ခုနက နွားလှီးယူတော့ အပုပ်ချည့်ရသလို သဘော ကျပလား (ကျပါပြီ) ဒုက္ခကိစ္စပဲ ထွက်မှာပဲ (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာထဲက ပေါ်သရွေ့ဟာ (ဒုက္ခပဲထွက်ပါတယ်) ဒုက္ခပဲပေါ်ထွက်လာမှာပဲ သဘောကျ ပလား (ကျပါပြီ)။

သုခ ယောင်ယောင်ကလေးများ လာပါဦးမလား (မလာပါ ဘုရား)။

အဲဒီလို မလာဘူးလို့ ပိုင်ပိုင်နိုင်နိုင် လာသရွေ့ကို ဒုက္ခသာ လာတာပဲဆိုပြီး ဒကာ ဒကာမတွေက ဉာဏ်နဲ့သာရှု ရှုလိုက်တော့ ဟိုကလဲအပုပ်မို့ အပုပ်ကိစ္စပြတာပဲ။ ဒီကလဲ အပုပ်မှန်းသိတဲ့ ဉာဏ်ပဲ မောင်နိုင် မရဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခက ဒုက္ခကိစ္စပြတယ် ရှင်းပလား (ရှင်းပါပြီ)။

သူ့ကိစ္စကို ဉာဏ်ကသိတယ်

ဉာဏ်ကလဲ သူ့ဘက်လှည့်လိုက် လှည့်လိုက်တဲ့ အခါကျတော့ သူ့ကိစ္စကို ကိုယ်ကသိတယ် ဉာဏ်ကလဲသိ တယ်။

သူ့ ကိစ္စကို (ဉာဏ်ကသိပါတယ် ဘုရား) ပေါင်းလိုက် (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ဆိုတော့ ဪ -ဒါဖြင့် လုပ်နေတဲ့အလုပ်ဟာ ဘာတွေပါလိမ့်မတုံးဆိုတာဟာ ခင်ဗျားတို့ အသားတက်မှန်း ကိုယ့် ဟာကိုယ်ပေါ်လာတယ်။

ကဲ ကိုဝ ဘာပေါ်လာသတုံး (ကိစ္စဉာဏ်ပေါ်လာ ပါတယ် ဘုရား)။

ဪ ဒို့လုပ်နေတဲ့ဥစ္စာ သစ္စာဉာဏ်တောင် မကပါ ကလား ဘယ်ဉာဏ်ရောက်နေသလဲ (ကိစ္စဉာဏ်ရောက် နေပါတယ် ဘုရား)။

ကိစ္စဉာဏ် ရောက်အောင် ဒို့သည်ကားလို့ဆိုရင် အသား တက်နေပါကလားဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့်သေပျော် မသေပျော် စဉ်းစားပါ (သေပျော်ပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သို့သော် မသေပါနဲ့ဦးတဲ့ ခင်ဗျားတို့၊ အချိန်ဆိုင်းလိုက် ပါဦး၊

ကတဉာဏ်က အခုနာရီစေ့လို့ နက်ဖြန်မှဟောနိုင်မယ် ရှင်းပလား ရှင်းပါပြီ။

ကဲ ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။