မဂ္ဂသစ္စာအနက် (၃)ဒဿနဋ္ဌော

မဂ္ဂသစ္စာအနက် (၃)ဒဿနဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် မဂ္ဂသစ္စာအနက်မှ ဒဿနဋ္ဌော

စာအုပ်ခေါင်းစဉ်= မဂ္ဂသစ္စာ၏ အနက်လေးချက်(ဒဿနဋ္ဌော)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

မဂ္ဂသစ္စာ၏ အနက်လေးချက်

(ဒဿနဋ္ဌော)

(၂၃-၁၂-၅၇)

ဒီနေ့ ဒကာ ဒကာမတို့ “ဒဿနဋ္ဌော” ကို ဟောလိမ့်မယ်၊ ဒဿနဋ္ဌော ဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် နိဗ္ဗာန်မြင်တဲ့ တရားလို့ မှတ်ပါ။ ဟေတွဋ္ဌော ပြီးတော့ ဒဿနဋ္ဌော ရောက်လာပါတယ်။

နိဗ္ဗာန်မြင်တဲ့တရားလို့မှတ်

ဒဿနဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် ဒကာ ဒကာမ တို့ နိဗ္ဗာန်မြင်တဲ့ တရားလို့ မှတ်ထားကြပါ။ နိဗ္ဗာန် ဘယ်အချိန်မှာ မြင်လဲလို့ ဒကာ ဒကာမတို့က မေးခွန်း ထုတ်လို့ ရှိရင်ဖြင့် ဒုက္ခဆုံးတဲ့ အခါ မြင်လိမ့်မယ် လို့ သတိ ပေးထားတယ်၊ နိဗ္ဗာန် ဘယ်အချိန်မြင်မှာပါလိမ့် (ဒုက္ခဆုံးတဲ့ အချိန်ပါ ဘုရား)။

ဒုက္ခဆုံးတဲ့ အချိန်မှာ မြင်လိမ့်မယ်လို့ မှတ်ထားလိုက်ပါ (မှန်ပါ) ဒုက္ခ ဘယ်အချိန် ဆုံးမှာတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် အဝိဇ္ဇာနဲ့ တဏှာ ဆုံးတဲ့ အချိန်မှာ ဆုံးမှာပဲ၊ အဝိဇ္ဇာ တဏှာ ဆုံးတဲ့ အခါကျလို့ရှိရင် ဒုက္ခဆုံးမှာ ပဲ၊ ဒုက္ခဆုံးရင် နိဗ္ဗာန်မြင်မှာပဲ ဆိုတာ သုံးချက်မှတ်ထား (မှန်ပါ)။

ဒုက္ခဆုံးရင် နိဗ္ဗာန်မြင်မယ်

အဝိဇ္ဇာ တဏှာဆုံးတဲ့ အချိန်မှာ ဘာဆုံးမယ် ထင်ကြတုံး (ဒုက္ခဆုံးမှာပါ ဘုရား)၊ ဒုက္ခဆုံးရင် ဘာမြင်မှာလဲ (နိဗ္ဗာန်ပါ ဘုရား)၊ အဲဒီတော့ကို ဒီနေ့ ကြားညှပ်ပြီး သကာလ ဒကာ ဒကာမတွေ ဒဿနဋ္ဌော၊ မဟောခင်၊ ဒုက္ခဆုံးဖို့ ဒါ ရှင်းပြီး သကာလ ပြပါဦးမယ်၊ အဲဒီတော့ ဒကာ ဒကာမတွေ သန္တာန်မှာ အခု ဘာရှိနေသလဲ၊ တရားဟောတဲ့ ဘုန်းကြီးမှာလဲ ဘာရှိသလဲ ဆိုတော့ ဒုက္ခ ရှိတယ်ပဲ ဖြေရမယ် (မှန်ပါ)။

အိုစရာ ဒုက္ခကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား)၊ နာစရာ ဒုက္ခကော (ရှိပါတယ် ဘုရား)၊ သေစရာ ဒုက္ခကော (ရှိပါတယ် ဘုရား)၊ မွဲစရာ၊ ကွဲစရာ ဒုက္ခတွေကော (ရှိပါတယ် ဘုရား)၊ မွဲကွဲဆို တာသေတော့ ကိုယ့်နောက် မလိုက်လာလို့ မွဲကွဲဆိုတာ ဖြစ်ရပါတယ် (မှန်ပါ)။

အဲဒါ ဒီဒုက္ခတွေနဲ့ တွေ့ကြုံတော့မယ် လို့ ဆိုတော့ ဒီဒုက္ခတွေကလည်း လက်ရှိ ဖြစ်နေတော့ ဒီဒုက္ခတွေနဲ့ စိတ်မချ၊ လက်မချ သောက တွေလည်း ရှိကြတာပဲ (ရှိပါတယ် ဘုရား)။ ပရိဒေဝ တွေကော (ရှိပါတယ် ဘုရား) ဒုက္ခတွေကော (ရှိပါတယ် ဘုရား)၊ ဒေါမနဿ တွေကော (ရှိပါတယ် ဘုရား) ဥပါယာသ တွေကော (ရှိပါတယ် ဘုရား)။

ဒါတွေဟာ ဒကာ ဒကာမတွေ သန္တာန်မှာ အပြည့်အစုံရှိတဲ့ ဒုက္ခတွေ လို့ မှတ်ထားပါ။ အခု ခန္ဓာထဲမှာ ဒီဒုက္ခတွေ ရှိနေတယ်လို့ အို၊ နာသေ။ အမွဲ၊ အကွဲလဲ ရှိတာပဲ၊ သောက ဆိုတဲ့ စိုးရိမ်မှုလဲ ရှိတာပဲ၊ ပရိဒေဝဆိုတဲ့ ငိုကြွေး မှုကလည်း အကြောင်း ရှိရင် မျက်ရည် ထွက်လာတာပဲ။

ဒါတွေဟာ ဒုက္ခတွေ

ဒုက္ခဆိုတဲ့ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းကော (ရှိပါတယ် ဘုရား)၊ ဥပါယာသ ဆိုတဲ့ ပြင်းစွာ ပင်ပန်းမှုကြီးကကော (ရှိပါတယ် ဘုရား)၊ အလိုမကျတဲ့ေ ဒါသတွေကော (ရှိပါတယ် ဘုရား)။ အဲဒါတွေဟာ အားလုံး ဒကာ ဒကာမတွေက ဒုက္ခတွေ ပါလားလို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ့)။

ကောင်းပြီ ဒီဒုက္ခတွေကို ဒကာ ဒကာမတွေက ဒုက္ခမှန်း သိနေပြီး၊ အင်း ဒါတွေဟာ ဒုက္ခသစ္စာ တွေပဲ၊

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက သတိပဋ္ဌာန်မှာသော် လည်းကောင်း၊ ဒကာ ဒကာမတွေ ရထားတဲ့ ပဋိစ္စသမုပ္ပာဒ်မှာ သော်လည်းကောင်း “ဧဝမေတဿ ကေလဝဿ ဒုက္ခက္ခန္ဓဿ” ဒုက္ခက္ခန္ဓဿ ဆိုတာ ဒုက္ခက= ဒုက္ခ၊ ခန္ဓဿက = အစု၊ ဒုက္ခအစုကြီး မင်းတို့ ခန္ဓာကိုယ်မှာ ဒါတွေ စုနေလို့ဟောတာ (မှန်ပါ)။

ဒကာ ဒကာမတွေ သန္တာန်မှာ အခုပြောခဲ့တဲ့ အစုကြီး အပြည့်အစုံရှိ ပါရဲ့ လားလို့မေးရင် ဘယ့်နှယ် ဖြေကြမှာလဲ (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒုက္ခက္ခန္ဓဿ ဆိုတာ သဘောကျဖို့ပေါ့ (ကျပါတယ် ဘုရား)။ ဒုက္ခက္ခန္ဓဿ ဆိုတာ ဒုက္ခအစု (မှန်ပါ)။

ဒါဖြင့် ခု တရားနာနေကြတာ၊ ဘာအစုတွေ ပါလိမ့်မတုံးလို့ မေးတော့ (ဒုက္ခအစုတွေပါ ဘုရား)၊ ဪ ဒုက္ခအစုတွေ ဦးဘကြည်တို့ ဦးဝင်းတို့ ဒုက္ခအစုတွေ ပေါ့ဗျ (မှန်ပါ)။

အင်း ဒုက္ခတွေကဖြင့် မနည်းပါဘူး။ ဒကာ ဒကာမတို့ ခွဲလို့လဲမရ၊ ခွာလို့လဲမရ၊ အတူတကွ နေပြီး သကာလ ဖြစ်နေရ တဲ့ ဒုက္ခတွေက အစုကြီးဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒီခန္ဓာကြီးဟာ ဒုက္ခအစုကြီး

အင်း ဒီခန္ဓာကြီးဟာ ဒုက္ခအစုကြီးပဲ ဆိုတာကော သဘောကျပြီလား (ကျပါတယ် ဘုရား)။ အခု တရားနာ နေတဲ့ ဒကာ ဒကာမတွေ ခန္ဓာ အစုကြီးဟာ ဘာအစုပါလိမ့် (ဒုက္ခအစုကြီးပါ ဘုရား)။

ဒါကြောင့်လဲ ပါဠိတော် မြတ်က “ဧဝမေတဿ ကေဝလဿ” ကေဝလဿ = ချမ်းသာ အစရှိသည် နှင့် မရောသော၊ ဒုက္ခက္ခန္ဓဿ = ဒုက္ခအစု၏၊ သမုဒယာ= ဖြစ်ကြောင်း သည်၊ ဟောတိ= ဖြစ်၏လို့ ပဋိစ္စသမုပ္ပာဒ် ပါဠိတော်မှာ ဦးဘကြည်တို့ မလာဘူး လား (လာပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ လာတာချည်းပဲနော် (မှန်ပါ)။ အင်း တရားနာ နေကြတာ ဘာအစုပါလိမ့် (ဒုက္ခအစုပါ ဘုရား)။ ဒုက္ခအစုကြီး ဪ ဒုက္ခအစုကြီးဟာ ဒို့ခန္ဓာ အစုကြီးလို့ မှတ်ထား (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝတ္ထုလေး ထုတ်လိမ့်ဦးမယ်။

အစေလကဿပ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်၊ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်မှာ သီတင်း သုံးပြီး သကာလ နေစဉ်၊ ရာဇဂြိုဟ်ပြည်ထဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆွမ်းခံ ထွက်လာတယ်၊ အဝတ် မဝတ်တဲ့ အစေလကဿပ ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ လမ်းမှာပဲ ကြုံကြ ဆုံကြတယ်။

ဘုရားကလည်း ရာဇဂြိုဟ်ပြည်ထဲ ဆွမ်းခံနေတုန်း၊ အစေလက ဿပကလည်း ဆွမ်းခံ လာရင်းနဲ့ နှစ်ဦး ပေါင်းဆုံမိကြတယ်၊ ပေါင်းဆုံမိတဲ့ အခါကျတော့၊ သူက မိစ္ဆာဒိဋ္ဌိ ဖြစ်နေပြီး၊ အသိဉာဏ်က မရှိတော့ ဒုက္ခတော့သိရဲ့၊ သောက ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေတော့ သိပါရဲ့၊ အိုတယ်၊ နာတယ်၊ သေတယ်ဆိုတာလဲ အထင်အရှားမြင်သားဖြစ်နေလို့ သိပါရဲ့၊ ဒကာ ဒကာမတွေ သိသလိုတော့ သိတာပေါ့လေ (မှန်ပါ)။

ပုစ္ဆာလေးတစ်ခုမေးပါရစေ

အိုတာ ဒုက္ခပဲ၊ နာတာ ဒုက္ခပဲ၊ သေတာ ဒုက္ခပဲ၊ စိုးရိမ်သောက ဗျာပါဒ ဖြစ်ရတာတွေကော (ဒုက္ခပါ ဘုရား)၊ ဒုက္ခပဲလို့ သိကြတာချည်းပါ ပဲ၊ အဲဒါ အစေလကဿပက ရှင်ကြီးဂေါတမ ပုစ္ဆာလေး တစ်ခုဖြင့် မေးပါ ရစေလို့ဆိုတော့၊

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဟေ့၊ အချိန်အခါ မဟုတ်သေးဘူးကွ ဆွမ်းခံတုန်း ရှိသေးတယ် ဆိုတော့ ဦးဝင်း မကန့်ကွက်ထိုက် ဘူးလား (ကန့်ကွက် လိုက်ပါတယ် ဘုရား)။

ဘုရားကလဲ ဆွမ်းခံကြွနေတုန်းနော်၊ သူကလည်း ဆွမ်းခံရင်း ကြုံလို့ မေးတာပဲ၊ အရှင်ဘုရား ပုစ္ဆာလေး တစ်ခု မေးပါရစေ၊ “မာ ဧဝံ ကဿပ’’ ဒါ အချိန်အခါ ကာလ မဟုတ်သေး ပါဘူးကွာ၊ ပုစ္ဆာလေး မေးချိန် မဟုတ်သေးပါ ဘူးလို့ ပြောပြီး ဘုရားက ခဏ ရပ်တော် မူပြီး နားပါတယ်၊ နောက် ဆွမ်းခံပြန် တယ်။

လေးငါး ဆယ်အိမ်လောက် သွားမိပြန်တော့ သူကလည်း ဘုရား နောက်က လိုက်ပြီး ‘‘ရှင်ကြီး ဂေါတမ များလည်း မများပါဘူး၊ ပုစ္ဆာလေးတစ်ခု မေးပါရစေ၊’’ ‘‘ဒါမေးချိန် မဟုတ်သေးဘူးကွ ကဿပရ၊ ဆွမ်းခံတုန်း ရှိသေးတယ်။’’

နောက် လေးငါးဆယ်အိမ် ဆွမ်းခံပြီးတဲ့အချိန်မှာ ကဿပက အနားသွားပြီး သကာလ ရှင်ကြီး ဂေါတမ ပုစ္ဆာလေးတစ်ခု မေးပါရစေ၊ ဒါကလေး မသိလို့ အဖြေပေးပါ၊ အေး မေးတာ ပေါ့ကွာလို့ ခွင့်လဲ ပြုလိုက်ရော လမ်းမှာပဲ မေးတယ် ဦးဝင်း (မှန်ပါ)။

၁။ ဒုက္ခဟာမိမိပြုတာလား

လမ်းပေါ်မှာပဲ ရှင်ကြီးဂေါတမ “ဒုက္ခဟာ မိမိပြုတာလား” လို့ မေး တယ် (မှန်ပါ)၊ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ် “ဒုက္ခဟာ မိမိပြုတာ လား” လို့ မေးလိုက်တယ်။

တစ်နံပါတ်၊ ဘုရားက “မာ ဧဝံ ကဿပ” ဒါ ပြုတာ မဟုတ်ဘူးလို့ ပြန်ပြောတယ်၊ ဒုက္ခ မိမိပြုတာ မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ)၊ ဘယ့်နှယ် ဘုရားက ဖြေတုံး (မိမိပြုတာ မဟုတ်ပါဘူး ဘုရား)။

ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီး အခု ရှိတယ်နော် (မှန်ပါ)။ မိမိပြုလို့ မိမိရထားတဲ့ ဒုက္ခလို့ ဆိုကြမှာလား ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အစေလကဿပ မေးတာကို ဖြေတာ ကြည့်ပါ၊ အစေလကဿပ က “ဒုက္ခ မိမိပြုတာလား” ဆိုတာကို ဟာ ဒီလိုမဟုတ်ပါဘူးလို့ ဖြေလိုက်တယ် (မှန်ပါ)။

မိမိပြုတာ မဟုတ်ဘူးလို့ ဦးခင်မောင် ဖြေလိုက်တယ် (မှန်ပါ)။ ဒါဖြင့် တစ်နံပါတ် ပြေသွားပြီပေါ့ဗျာ (ပြေသွားပါပြီ ဘုရား)။ ပြေသွား တယ်၊ တစ်နံပါတ်က ဒုက္ခ မိမိပြုတာ မဟုတ်ဘူးလားလို့ မေးတော့၊ ဘုရား က ဒီလို မဟုတ်ပါဘူးကွာ၊ ဒီက စမှတ်မှ ရှင်းမယ်နော် ဒကာ ဒကာမတို့ (မှန်ပါ)။ တစ်နံပါတ် အမေးနဲ့ အဖြေကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

မိမိပြုတာ မဟုတ်ပါ

ကဲ ဘုန်းကြီးကပဲ အစေလကဿပ လုပ်ပြီးတော့ မေးတော့ မယ်၊ “ဒုက္ခ မိမိပြုတာလား” လို့ မေးရင် ခင်ဗျားတို့က ဘယ့်နှယ်ဖြေမှာလဲ (ဒုက္ခ မိမိပြုတာ မဟုတ်ပါ ဘုရား)၊ မိမိပြုတာ မဟုတ်ပါဘူး (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေ အယူနဲ့ ဒီမှာ လွဲကုန်ပြီ (မှန်လှပါ ဘုရား)။ လွဲကုန်ပြီ၊ ဦးဘကြည်တို့ ယူထားတဲ့ အယူနဲ့ လွဲကုန်ပြီနော် (မှန်ပါ)။

ဘယ်သူမပြု မိမိမှုလို့ ယူထားတယ်

ဘယ်သူမပြု မိမိမှုလို့ ခင်ဗျားတို့က ယူထားတာလေ (မှန်ပါ)။ ဘယ်သူမပြု မိမိအမှုပဲ၊ ဟောဒီ ဒုက္ခ အပြည့်အစုံတွေ တွေ့ရတာ ဘယ်သူ မှ ပြုတာ မဟုတ်ဘူး၊ ကိုယ်ပြုလို့ ကိုယ်ရနေတာ ဒီလိုပဲ ထင်နေတာ (မှန်ပါ)၊ အစေလကဿပက “ဒုက္ခ မိမိပြုလုပ်တာလား” လို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေတုံး (မိမိပြုတာ မဟုတ်ပါဘူးလို့ ဖြေပါတယ် ဘုရား)၊ မိမိပြုတာ မဟုတ်ပါဘူးတဲ့။

ဒုက္ခ မိမိပြုတာ မဟုတ်ပါဘူး ဆိုတော့ ဒကာ ဒကာမတွေနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်နေတ ာပေါ်ကြပြီလား (ပေါ်ပါ ပြီ ဘုရား) နောက် တရားသား ပေါ်လာ လိမ့်မယ်နော် (မှန်ပါ)။

ခင်ဗျား တို့ အယူတွေဟာ ဒီမှာလွဲနေလို့ ဦးဘကြည် နည်းနည်း ပြင်ပေးနေတယ် (မှန်လှပါ ဘုရား)။

ဒုက္ခဟာ မိမိပြုတာမဟုတ်ဘူး

ဒုက္ခ မိမိပြုတာလားလို့ ကဿပက မေးတယ်။ ဘုရားက ဘယ့်နှယ် တုံး (မိမိပြုတာ မဟုတ်ပါဘူးလို့ ဖြေပါတယ် ဘုရား)။ ေဩာ် တစ်နံပါတ် မိမိပြုတာ မဟုတ်ဘူးလို့ ဆိုထားတော့၊ ဒကာ ဒကာမတွေကလဲ ခုကတည်းက မှတ်လိုက်ကြတော့၊ ဒုက္ခတော့ မိမိပြုတာ မဟုတ်ဘူးလို့ မှတ် ထား၊ ဘုရား ဖြေတဲ့ အတိုင်း မှတ်ရုံပေါ့ (မှန်လှပါ ဘုရား)။

ဒုက္ခဟာ မိမိပြုတာလား (မိမိပြုတာ မဟုတ်ပါ ဘုရား) မိမိပြု တာ မဟုတ်ဘူး၊ ခင်ဗျားတို့ ရှေးမူတွေ ဖျောက်နော် (မှန်ပါ)။ ဘယ်သူ မပြု မိမိမှုဆိုတော့ မိမိပြုတာ ပြောတာပဲ မဟုတ်လား (မှန်လှပါ ဘုရား)

ဒီလိုဆိုတော့ ဦးခင်မောင်တို့ ဘယ့်နှယ်တုံး၊ ကန့်လန့်ကြီး မနေဘူးလား (ကန့်လန့်ကြီး နေပါတယ် ဘုရား)။ ဦးချစ်ခ ဘယ်သူမပြု မိမိမှု ဆိုတော့ ကိုယ့်ဟာကိုယ် ကန့်လန့် လုပ်နေ ကြတာနော် (မှန်လှပါ ဘုရား)။

အဲဒါ ဘုရားဟောတော်မူတဲ့ သဘောတွေကို စုံလင်စွာ မသိသေးတော့ ကိုထွန်ဦး ကိုယ့်ဟာကိုယ် ကိုယ့်စိတ်မှန်းနဲ့ ကိုယ် ရှေးပေါရာဏနဲ့ ပြောပြီး သကာလ နေတာပဲလို့ မမှတ်ထိုက် ဘူးလားဗျာ (မှတ်ထိုက် ပါတယ် ဘုရား)။ ဒုတိယအချက် မေးပြန်တယ်။

၂။ ဒုက္ခဟာသူတစ်ပါးပြုတာလား?

ဒါဖြင့် ရှင်ကြီး ဂေါတမ ဒုက္ခဆိုတဲ့ ဒီဒုက္ခအစုကြီးဟာ သူတစ်ပါး ပြုတာလားလို့ မေးပြန်တယ် (မှန်ပါ)။ “မာ ဧဝံ ကဿပ” ကဿပ ဒီလိုမဟုတ်ပါဘူးလို့ပဲ ဖြေတယ်၊

ေဩာ် – ဘယ်သူနှိပ်စက်တာနဲ့ ကျုပ် ဒုက္ခလှလှကြီး ရနေတယ်၊ သူတစ်ပါး ပြုတာနဲ့ ကျုပ်ဒုက္ခ ရောက်နေတယ် (မှန်ပါ)။

ခင်ဗျားတို့က သူတစ်ပါး စွဲတဲ့အခါလည်း မစွဲဘူးလား (စွဲပါတယ် ဘုရား) ဘယ်သူမပြု မိမိမှု ဆိုတာကော (စွဲပါတယ် ဘုရား)၊ ေဩာ် အလွဲချည်းသာ မှတ်ပေတော့။ ဒကာ ဒကာမတွေ သဘောကျပြီလား (မှန်ပါ)။ ဒုက္ခ သူတစ်ပါးပြုတာလား (သူတစ်ပါးပြုတာ မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလဲ မဟုတ်ပါဘူး၊ ဦးဘကြည် ဘာတဲ့တုံး (သူတစ်ပါး ပြုတာလည်း မဟုတ်ပါ ဘုရား)။

သူတစ်ပါးပြုတာလည်း မဟုတ်ဘူး ဦးခင်မောင်ရ (မှန်ပါ)။ နောက်က ဒကာ ဒကာမတွေ ဒုက္ခ သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား)၊ သူတစ်ပါး ပြုတာလည်း မဟုတ်ဘူးနော် (မှန်ပါ)။

ကောင်းပြီ ပုစ္ဆာ ဘယ်နှစ်ချက်ရှိပြီလဲ (နှစ်ချက်ရှိပါပြီ ဘုရား)၊ နှစ်ချက်စလုံးပဲ သူမေး တာတွေကို ဘုရားက မဟုတ်ပါဘူးချည်း ဖြေချနေတော့ ဦးဝင်းတို့ ဒါ ရှင်းရောပေါ့ဗျာ (မှန်ပါ)။

အဲဒီတော့ ခင်ဗျားတို့ အယူတွေလည်း ဒီနေရာ ဖျောက်လိုက်၊ ဒုက္ခ မိမိပြုလို့ မိမိရတာ မဟုတ်ပါဘူး၊ သူတစ်ပါး ပြုလို့ရတဲ့ ဒုက္ခလည်း မဟုတ်ပါ ဘူး (မှန်ပါ)၊ ဦးဘကြည် နှစ်ချက်စလုံးပဲ ခင်ဗျားတို့က ရှင်းထားလိုက် တာပေါ့ (မှန်ပါ)၊ ဒကာ ဒကာမတွေ ဒုက္ခဟာ မိမိပြုလို့ မိမိရတာလား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် သူတစ်ပါးပြုလုပ်လို့ ကိုယ့်ခန္ဓာ ဒုက္ခရတာလား (မဟုတ် ပါ ဘုရား)၊ ဘယ်နှစ်ချက် ရှိသွားပြီလဲ (နှစ်ချက်ရှိသွားပါပြီ ဘုရား)။ နှစ်ချက်ရှိသွားပြီ သေသေချာချာမှတ်၊ ဘုရားတစ်ဆူ ပေါ်မှ တစ်ခါသာ ဟောတဲ့ တရားတွေ ကိုထွန်းဦးရ လွယ်လွယ် မဟုတ်ဘူး (မှန်ပါ)။

နောက်ပြီး တတိယပုစ္ဆာ ဆက်ပြီး သကာလ မေးပြန်တယ်။

၃။ မိမိ သူတစ်ပါး နှစ်ဦးသားပြုတာလား?

နောက်ပြီး တတိယပုစ္ဆာ ဆက်ပြီး သကာလ မေးပြန်တယ်၊ ရှင်ကြီး ဂေါတမ ဒါဖြင့် ဒုက္ခဟာ မိမိ သူတစ်ပါး နှစ်ဦးသား ဝိုင်းပြီး ပြုတာလား၊ ဒီလို လည်း မဟုတ်ဘူးကွ (မှန်ပါ)။ ဘယ့်နှယ် မေးပါလိမ့် (မိမိ သူတစ်ပါး နှစ်ဦးသားဝိုင်းပြီး ပြုတာလားလို့ မေးပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ ခန္ဓာကြီး ဒုက္ခသစ္စာ ကြီးဟာတဲ့ မိမိ သူတစ်ပါး နှစ်ဦးသား ဝိုင်းပြုလို့ ပေါ်နေတဲ့ ဒုက္ခသစ္စာလား လို့ ကဿပက မေးလိုက်တော့၊ ဘုရားက ဒီလိုမဟုတ်ပါဘူးကွာလို့ပဲ ဖြေလိုက်တယ် (မှန်ပါ)။ ဘယ်နှစ်ချက်ရှိပြီလဲ (သုံးချက်ပါ ဘုရား)။

သုံးချက် ရှိသွားပြီလို့ ဒကာ ဒကာမတွေက မှတ်ထား လိုက်တာပေါ့။ အင်း တစ်နံပါတ် ပြန်မေးပါဦးမယ်၊ ဒုက္ခ မိမိပြုတာလား (မဟုတ် ပါ ဘုရား)၊ သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား)၊ မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား)၊ ဒါနဲ့ ကဿပက မကျေနပ် ဘူး၊ ဦးဘကြည်ရ (မှန်ပါ) မကျေနပ်ဘူး၊ ကျေနပ်စရာကော ပါရဲ့လား (မပါပါ ဘုရား)။

၄။ ဒုက္ခဟာ အလိုလိုပေါ်တာလား?

မပါသေးတော့ သူကြံဖန်ပြီး သကာလ မေးရပြန်တယ်၊ ဒကာ ဒကာ မတို့ (မှန်ပါ)။ ဒါဖြင့် ဒုက္ခဟာ အလိုလို အကြောင်း မရှိဘဲနဲ့ ဖြစ်တာလား ဆိုပြီး စတုတ္ထပုစ္ဆာ မေးလိုက်တယ် (မှန်ပါ) ခင်ဗျားတို့ ခန္ဓာကိုယ် ဒုက္ခ အစုကြီးဟာ အလိုလို ပေါ်လာတာလားလို့မေးတော့ ဘုရားက ဒီလိုလဲ မဟုတ်ဘူးကွလို့ ဖြေပြန်တယ်။

ဘယ်နှစ်ချက် ရှိသွားပြီလဲ (လေးချက်ရှိသွားပါပြီ ဘုရား)။ လေးချက် ရှိသွားပြီနော်။ ကဲ ဒကာ ဒကာမတို့ တစ်နံပါတ်ကစမယ်၊ ဒီ ဒုက္ခက ခင်ဗျားတို့ ခန္ဓာကိုယ် ဒုက္ခအစုကြီးနော် (မှန်ပါ)။ မိမိပြုတာလား (မဟုတ်ပါ ဘုရား)။ သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား)။

မိမိ သူတစ်ပါး နှစ်ဦးသား ပြုကြတာလား (မဟုတ်ပါ ဘုရား)၊ အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)၊ အလိုလိုလဲ ပေါ်တာ မဟုတ် ဘူးဆိုတော့၊ ကိုထွန်းဦး လောကီဉာဏ်နဲ့ဖြင့် အတော်ခက်သွားပြီ (မှန်ပါ)၊ ဦးဘကြည် ဘယ့်နှယ်နေလဲ (အတော်ခက်သွားပါပြီ ဘုရား)။ အတော် ခက်သွားပြီ။ ဒါနဲ့ သူဆက်ပြီး မကျေနပ်ပွဲ မေးပြန်တယ်၊ ဒကာ ဒကာမတို့ မကျေနပ်ပွဲ မေးတယ်။

၅။ ဒုက္ခမရှိဘူးလား?

ဘယ်လို မေးလိုက်ပြန်တုံး ဆိုတော့ ရှင်ကြီးဂေါတမ၊ ဒါဖြင့် ဒုက္ခမရှိ ဘူးလားလို့ မေးလိုက်တယ် (မှန်ပါ)။ ‘‘ဟ – ဒုက္ခရှိတယ်ကွ’’ လို့ ဘုရားက ပြန်ဖြေတယ်၊ ဒုက္ခမရှိဘူးလား ဆိုတော့ ဘာတဲ့တုံး (ရှိပါတယ် ဘုရား)။ တယ်လို့ ဖြေလိုက်တယ်။ ဘယ်နှစ်ချက် ရှိသွားပြီတုံး (ငါးချက်ပါ ဘုရား)။

ငါးချက် ဒါဟာ ပဉ္စမမြောက်ပဲ၊ ဒုက္ခ မရှိဘူးလားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ ဘုရားက ဘယ့်နှယ်လဲ (ရှိတယ်လို့ ဖြေပါတယ် ဘုရား)၊ အဲဒီ ရှိတာ ကတော့ဖြင့် ဒကာ ဒကာမတို့ ယခု ခန္ဓာကိုယ်ကြီးဟာက ဇာတိ၊ ဇရာ၊ မရဏတွေနဲ့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါနမဿ တွေနဲ့ဆိုတော့ ကိုထွန်းဦး ဒါတွေဟာ ဒုက္ခအစုကြီး ဆိုတာ ကတော့ဖြင့် ရှိနေတာပဲ (မှန်ပါ ဘုရား)။

ဘုရားကဒုက္ခရှိတယ်လို့ဖြေတယ်

ဒကာ ဒကာမတွေ ဒုက္ခတော့ မရှိဘူးလား (ရှိပါတယ် ဘုရား)။ အင်း- အစေလ ကဿပက ရှင်ကြီး ဂေါတမ ဒုက္ခမရှိဘူးလား ဆိုတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှိတယ်လို့ပဲ ဖြေတယ်။ မိမိခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ ဒုက္ခအစုကြီး မဟုတ်လား (မှန်ပါ)။

ဒါဖြင့် ဒုက္ခ မရှိဘူးလား ရှိသလား (ရှိပါတယ် ဘုရား)။ ရှိပါတယ်၊ အခုကိုပဲ အိုခြင်းဆိုး၊ နာခြင်းဆိုးနဲ့ ခွဲလို့ ခွာလို့ ရရဲ့လား (မရပါ ဘုရား) ခွလို့၊ ခွာလို့ မရပါဘူး၊ အဲဒီတော့ ဒီခန္ဓာထဲမှာ ဒုက္ခအစုကြီး အပြည့်အစုံ ရှိတယ်လို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခအစုကြီးမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

“ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဆိုတာကြီးကို ကိုထွန်းဦး မူတည် ပြီး ဘုရား ဟောတာနော် (မှန်လှပါ ဘုရား)။ ပုစ္ဆာငါးချက် ရှိသွားပြီ၊ ပြန်မေးပါဦးမယ်။

ဒကာ ဒကာမတို့ တရား တစ်နာရီလောက် နာရပြီး အိမ်ပြန်သွား တော့ ဘာမှ မပါဘူး ဆိုရင်လဲ ခင်ဗျားတို့ တစ်တွေမှာ အင်မတန် ရှက်စရာ ကောင်းပါတယ် (မှန်ပါ)။ ခင်ဗျားတို့ ဖြေကြစမ်း၊ ဒုက္ခ မိမိပြုတာလား (မဟုတ်ပါ ဘုရား)။ သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား)။

၆။ ဒုက္ခကိုမသိဘူးလား?

မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား)၊ အလိုလို ဖြစ်တာလား (မဟုတ်ပါ ဘုရား)။ ဒါဖြင့် ဒုက္ခ မရှိဘူးလား (ရှိပါတယ် ဘုရား)။ ဒီငါးချက်ကို ခင်ဗျားတို့အားလုံး ဖြေတတ်ပြီနော် (မှန်လှပါ ဘုရား)၊

ဒုက္ခရှိတယ် ဆိုရင် “ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခမသိဘူး လား” လို့ ဆက်မေးတယ် (မှန်ပါ)။

ဘုရားက “ငါဒုက္ခ သိတာပေါ့” လို့ ဖြေတယ်၊ ဘယ်နှစ်ချက် ရှိသွားပြီ လဲ (ခြောက်ချက်ပါ ဘုရား)။ ဘုရားက ဒုက္ခလည်း ရှိတယ်၊ ဒုက္ခလည်း သိတယ် ဆိုတော့ ဒီနှစ်ချက်တော့ အဖြေ ထွက်လာတယ် (မှန်ပါ)။ ဟိုလေးချက်ကိုတော့ အကုန် ပယ်ချတယ် (မှန်ပါ)။

အရေးစိုက်ပြီးမှတ်ကြပါ

ကဲ ဒကာ ဒကာမတွေ ခုဟာက နိဗ္ဗာန်ဝင်မယ့် တရားကို ဟောရမှာ ဖြစ်နေတော့၊ ဒီဘက်က ဒိဋ္ဌိတွေ အကုန် သတ်မလို့ (မှန်ပါ)။ ဘုရားက ဒါတွေစင်အောင်လို့ ဒကာ ဒကာမတို့ အင်မတန် အရေးစိုက်ပြီး သကာလ မှတ်သားကြပါ။ နောက်ဆုံးပိတ် အလုပ်ခွင်ဝင်ပြီး သကာလ နိဗ္ဗာန်ဝင်မယ့် တရားလို့ ဦးဝင်းတို့ မှတ်ထားဖို့ပေါ့ဗျာ (မှန်ပါ)။

တစ်နံပါတ်က ရှင်ကြီး ဂေါတမ ဒုက္ခမိမိပြုတာလားလို့ မေးတော့ မဟုတ်ပါဘူးလို့ ဖြေတယ်၊ ဟာ မိမိမဟုတ်လို့ ရှိရင်သူ တစ်ပါး ပြုတာလား လို့ မေးပြန်တယ်။ မဟုတ်ပါဘူးဘဲ ဖြေတယ်၊ ဒါကိုယ့်ခန္ဓာ ကိုယ် ကြည့်နော် (မှန်ပါ)။

ဒါ မိမိသူတစ်ပါး နှစ်ဦးသားပြုတာလား လို့မေးပြန်တယ်၊ မဟုတ်ပါ ဘူးလို့ ဖြေတယ်၊ အလိုလို ပေါ်တာလားလို့ မေးပြန်တယ်၊ မဟုတ်ပါဘူးပဲ ပြန်တယ်၊ မဟုတ်ဘူးလို့ ဖြေတာ ပုစ္ဆာ လေးချက် ရှိပြီနော် (မှန်ပါ)။

ဒါနဲ့ ကဿပက ငါးခုမြောက်ကျတော့ ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူး လားလို့မေးတော့ ရှိပါတယ်လို့ ဖြေတယ်၊ ရှိတယ် ဆိုတော့ ကိုယ့်ခန္ဓာကို မျက်စောင်း ထိုးလိုက် (မှန်ပါ)။ ဦးဝင်း ဘယ်သူ့ကို မျက်စောင်း ထိုးမှာလဲ (ကိုယ့်ခန္ဓာကို မျက်စောင်း ထိုးရမှာပါ ဘုရား)။

ခန္ဓာကိုယ်ကဒုက္ခသစ္စာ

ကိုယ့်ခန္ဓာကိုယ်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ အဲဒုက္ခ ရှိနေတာပဲ (မှန်ပါ)။ နောက် ကဿပက တစ်ခါ မေးပြန်တယ်။ ဒုက္ခရှိတယ်လို့ ဆိုလို့ရှိရင် ရှင်ကြီး ဂေါတမဒုက္ခ မသိဘူးလားလို့ မေးတယ်၊ ဘုရားက ငါသိပါတယ်လို့ ဖြေတယ်၊ ဒီတော့ ရှင်ကြီးဂေါတမ မေးရတာက အင်မတန် ခက်တယ်၊ ဒုက္ခမရှိဘူးလား ဆိုတော့ ရှိတယ်လို့ ပြောတယ်။

ဒုက္ခမသိဘူးလား ဆိုတော့လည်း သိတယ်လို့ ပြောတယ် ဆိုတော့ ၂ ဒီနှစ်ချက်တော့ ရှင်ကြီး ဂေါတမ ကိုယ်ပိုင်ဉာဏ်နဲ့ ဒုက္ခရှိလည်း ရှိတယ်။ ကိုယ်တိုင်လည်း သိတယ်ဆိုတော့ ကျေနပ်ပါတယ်။

ဒုက္ခကို မိမိပြုတာလား ဆိုတော့လည်း မဟုတ်ဘူးလို့ ဖြေတယ်။ သူတစ်ပါး ပြုတာလား ဆိုပြန်တော့ မဟုတ်ဘူးလို့ ဖြေပြန်တယ်။

ကျုပ်တော့နားယောင်နေပြီတဲ့

မိမိ သူတစ်ပါး နှစ်ဦးသား ဝိုင်းပြီး ပြုလုပ်ကြတဲ့ ဒုက္ခလားလို့ မေးပြန် တော့လည်း မဟုတ်ဘူးလို့ ပြန်တယ် (မှန်ပါ)။ အလိုလို ပေါ်တဲ့ ဒုက္ခအစုကြီးလားလို့ မေးပြန်တော့လည်း မဟုတ်ဘူးလို့ ဖြေပြန်တော့ ကျုပ်တော့ နားယောင်နေပါပြီ၊ ဘယ်လိုမှကို မသိတော့ဘူး (မှန်ပါ)။

နားယောင်နေပြီတဲ့ ဒကာ ဒကာမတို့ (မှန်ပါ)။ ဘယ်သူ နားယောင်တာလည်း (အစေလ ကဿပပါ ဘုရား)။ အစေလကဿပ နားယောင်နေပြီ ဒကာ ဒကာမတို့ ခင်ဗျားတို့လည်း နားယောင် တုန်းမို့ ဒီဝတ္ထု ခင်းလာတယ်လို့ အောက်မေ့ပါ။ ကိုထွန်းဦး (မှန်လှပါ)။

အမှားတော်ပုံ (၄)ချက်ရှိတယ်

ခင်ဗျားတို့လည်း ယောင်လက်စ မသတ်သေးလို့ ဒကာသိုက် ဒီဝတ္ထု ကို ဘုရား ဟောတော် မူတာပဲ (မှန်ပါ)။ ကောင်းပြီ၊ ဒီအထဲမှာ ခင်ဗျားတို့ အမှားတော်ပုံ လေးချက်တောင် ရှိတယ် ဆိုတာ ဘုရားသိတယ် (မှန်ပါ)၊ ဒုက္ခကို တချို့က မိမိပြုမိလို့ မိမိရတဲ့ဒုက္ခလို့ ပြောလေ့၊ ဆိုလေ့၊ ထင်လေ့ ရှိပါတယ်။

မိမိပြုလို့ မိမိရတဲ့ ဒုက္ခ ဆိုတယ်။ အင်း ဘုရားကလည်း မဟုတ်ပါ ဘူး (မှန်ပါ)။ ခင်ဗျားတို့ ကလည်း ကိုယ်ပြုလို့ ကိုယ်ရတဲ့ဒုက္ခလို့ ဆိုတယ်။ ဘုရားက ဘာတဲ့တုံး (မဟုတ်ဘူးလို့ ပြောပါတယ် ဘုရား)။ ခင်ဗျားတို့ ကလည်း ဘယ်လို ထင်နေတုံး (ကိုယ်ပြုလို့ ကိုယ်ရတဲ့ ဒုက္ခလို့ ထင်ပါ တယ် ဘုရား)။

၁။ ကိုယ်ပြုလို့ကိုယ်ရတဲ့ဒုက္ခတဲ့

ကိုယ်ပြုလို့ ကိုယ်ရတဲ့ဒုက္ခ ကိုယ့်ဟာကိုယ် ခံရုံပဲ (မှန်ပါ)။ ခင်ဗျား တို့ကလည်း ဒီအတိုင်း သွားနေတယ် (မှန်ပါ)။ ဘုရားကလည်း မဟုတ်ပါဘူး၊ ကိုယ်ပြုလို့ ကိုယ်ရတဲ့ ဒုက္ခ မရှိပါဘူး (မှန်ပါ)။ ခင်ဗျားတို့ မှားနေပုံ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)

ကိုင်း-ဒါဖြင့် တချို့သော ပုဂ္ဂိုလ်က တော့လည်း ကိုယ်ဖြစ်ရတဲ့ ဒုက္ခတွေဟာ ရပ်ရွာ မကောင်းလို့ သားသမီး မကောင်းလို့ လင်သား မကောင်းလို့ ဖြစ်ရတဲ့ ဒုက္ခတွေ (မှန်ပါ)။

အင်း သူတစ်ပါးကြောင့်လို့ စွပ်စွဲတယ် (မှန်ပါ)။ ဒီကျတော့ ဘယ်သူကြောင့် လာပြန်တုံး (သူတစ်ပါးကြောင့်ပါ ဘုရား) သူတစ်ပါး ကြောင့် လာပြန်တယ် ဆိုတာကော ဒကာ ဒကာမတွေ ဒီလိုပဲ စွဲချက် မတင်ကြဘူးလား၊ တင်ကြသလား (တင်ကြပါတယ် ဘုရား)။

တင်တဲ့အတိုင်းကော သူ့ကိုမြင်ရင် ကျုပ်မျက်ရည် ကျလာတယ် ဆိုပြီး၊ သူလုပ်တဲ့ ဒုက္ခမို့ သူ့ကို မြင်ရင် ကျုပ်မျက်ရည် ကျလာတယ် ဆိုပြီး သူလုပ် တဲ့ဒုက္ခမို့ သူ့ကိုမြင်ရင် မျက်ရည်ကျတယ် (မှန်ပါ) ဒီလိုကော မရှိကြဘူး လား (ရှိပါတယ် ဘုရား)။

၂။ သူတစ်ပါးပြုတဲ့ဒုက္ခတဲ့

အင်း ဒကာ ဒကာမတို့ ဘုရား ကတော့လည်း ဒါမဟုတ်ဘူးကွလို့ ပြောတယ် (မှန်ပါ) ဦးဘတင် ခက်နေပြီကောဗျ (မှန်ပါ) ခင်ဗျားတို့ ကလည်း အင်း သူ့မြင်လိုက်လို့ ရှိရင်ဖြင်၊ ကျုပ်ပစ္စည်း ပြန်ပြန် သတိရပြီး မျက်ရည် ကျလွန်းလို့ဗျာ၊ သူပြုလုပ်သွားတာတွေ မကျေနပ်နိုင်ဘူး သေတောင် မကျနပ်ဘူး၊ ဟိုဘဝတောင် မကျေဘူးဗျာ သဘောကျပြီ လား (မှန်ပါ)။

ခင်ဗျားတို့က သူတစ်ပါးပြုတဲ့ ဒုက္ခလို့ ထင်နေကြတယ်နော် (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် မိမိသူတစ်ပါး၊ နှစ်ဦးသား ပြုတယ်လို့လည်း ခင်ဗျားတို့က ထင်ချင်ထင်တာပဲ၊ မဟုတ်ဘူးလား (မှန်ပါ)။

၃။ မိမိသူတစ်ပါး၊ နှစ်ဦးသားပြုတဲ့ဒုက္ခတဲ့

မိမိကရော နောက်ပိုင်းက သိမ်းတာ နေရာမကျလို့၊ ယောက်ျားက လည်း သုံးတာ၊ ဖြုန်းတာ များလွန်းလို့၊ ဒါကြောင့် ကျုပ်တို့ ဒုက္ခတွေ စုနေ တာပဲ၊ နှစ်ဦးသား လာပြန်ပြီ (မှန်ပါ) ဘုရားက လည်း နှစ်ဦးသား ပြုတာ လား ဆိုတော့ ဘယ့်နှယ်လဲ (မဟုတ်ပါ ဘုရား)။ မဟုတ်ဘူး။

ခင်ဗျားတို့ကလည်း အသိမ်း အဆည်း ညံ့လို့၊ ယောက်ျားကလည်း အသုံးဖြုန်းကြီးတာ များလို့ ဆိုပြီး၊ နှစ်ဦးသားပြုလို့ မွဲသလိုလို ဒီအဓိပ္ပာယ် မျိုးသည်၊ ကိုယ့်မှာ ရင်ထုမြေလူး အစရှိသော ဒုက္ခကြီး ကြုံရတာတွေဟာ နှစ်ဦးသားမိုက်လို့ ဆိုပြီး စွဲချက်တင်ချင် တင်လိုက်တာပဲ မတင်ကြဘူးလား (တင်ပါတယ် ဘုရား) တင်တယ်။

တချို့ကျတော့လည်း ကိုယ်ကောင်းကောင်း နေပါတယ်၊ ကောင်း ကောင်း နေပါလျက်နဲ့ ဒုက္ခက ပိုပိုလာတယ် (မှန်ပါ) ကိုယ်ကလည်း ကောင်းကောင်း နေပါတယ်၊ ကိုယ်က ဘာမှ မလုပ်ရဘဲ အလိုလိုကို ရောက်တဲ့ ဒုက္ခလို့ ပြောလိုက်တာနဲ့ အတူတူပဲ (မှန်ပါ)၊ အိပ်နေရင်း ရောက်တာ ဆွမ်းခံ သွားရင်း ငှက်သင့်တာ (မှန်ပါ)။

၄။ အလိုလိုဖြစ်လာတဲ့ဒုက္ခတဲ့

အံမယ်၊ ဒုက္ခ ငါသူ တစ်ပါး မပါဘူးဗျ၊ ဟင်အလိုလို ဖြစ်လာတဲ့ဒုက္ခ (မှန်ပါ) ဒကာ ဒကာမတွေ ဒီလိုကော မယူကြဘူးလား (ယူကြပါ တယ် ဘုရား)

ကိုယ့်မှာ ဘုရားနဲ့ တရားနဲ့ သံဃာနဲ့ မဟုတ်ဘူးလား၊ နေ့တိုင်း မေတ္တာပို့လို့ ပရိတ်ရွတ်လို့ ကုသိုလ်စိတ္တုပ္ပာဒ်တွေ များနေပေမယ့်လဲ၊ အလိုလို ကို ပေါ်ပေါက် လာတာ မလာဘူးလား (လာပါတယ် ဘုရား)။

အလိုလို ပေါ်ပေါက် လာတယ်၊ ကျုပ်တို့များ အကြောင်း မသင့်ပြီဆို မှဖြင့် မြင်တဲ့ အတိုင်းပဲ၊ ဘုရား၊ တရား၊ သံဃာလည်း လက်မလွှတ်ပါဘူး၊ မလွှတ်တဲ့အထဲက ဗွေဖောက် လာတယ် ဆိုတော့ ဒါအလိုလို ပေါ်လာတဲ့ဒုက္ခ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ေဩာ်- ဒါဖြင့် ဒို့အလွဲက ဘယ်နှစ်ချက်ပါလိမ့် (လေးချက်ပါ ဘုရား)။ အင်း ဖြစ်မှဖြစ်ရလေ ဘုရားသာ မဟောလို့ရှိရင် ဒီလေးချက် တစ်ချက်ချက်ကတော့ ကိုထွန်းဦး ဧကန်ယူမယ်၊ မယူပေဘူးလား ယူမှာ လား (ယူမှာပါ ဘုရား) ယူမှာပဲ ဒကာ ဒကာမတို့ ဒါဖြင့် ဒကာ ဒကာမ တို့ ယနေ့ စဉ်းစားပါ။

ဒီလိုဆိုရင် ဒုက္ခမသိမ်းတော့ဘူး

ခင်ဗျားတို့ ဒီဒုက္ခ လေးချက်ကို ခုပြောတဲ့ အတိုင်း တစ်ချက်ချက်သာ ယူနေကြမယ် ဆိုလို့ ရှိရင်ဖြင့်၊ ဘယ်တော့မှ ဒီဒုက္ခ သိမ်းတော့မှာ မဟုတ်ပါဘူး (မှန်ပါ)၊ ဦးဘကြည် သိမ်းဖို့ မြင်သေး သလား (မမြင်ပါ ဘုရား)။

အဲဒီတော့ အစေလကဿပက ခြောက်ချက် မေးတာကို လေးချက် ပယ်ပြီး နှစ်ချက် မဖြေလားဗျာ (ဖြေပါတယ် ဘုရား)။ ဒုက္ခ မရှိဘူးလား ဆိုတော့ (ရှိပါတယ်လို့ ဖြေပါတယ် ဘုရား) ဒုက္ခ မသိဘူးလား ဆိုတော့ (သိပါတယ်လို့ ဖြေပါတယ် ဘုရား) အဲ-ဒုက္ခ ရှိလည်း ရှိတယ်၊ ဒုက္ခ ငါသိလည်း သိပါတယ်ကွ၊ လောကထဲမှာ ဒုက္ခလည်း ရှိတယ်၊ သိလည်း သိပါတယ်လို့ မဖြေဘူးလား (ဖြေပါတယ် ဘုရား)။

အဲဒီတော့ ရှင်ကြီးဂေါတမကို မေးခဲ့တဲ့ ပုစ္ဆာလေးချက်မှာ မရှိဘူးလား ဆိုတော့ ရှိတယ်။ မသိဘူးလား ဆိုတော့ သိတယ်၊ ဒီ-ဒုက္ခဟာ မိမိပြုတာလား ဆိုတော့ မဟုတ်ဘူးလို့ ဖြေတယ်၊ သူတစ်ပါး ပြုတာလား ဆိုတော့ မဟုတ်ဘူး လို့ ဖြေပြန်တယ်။

မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလားလို့ မေးပြန်တော့လည်း မဟုတ် ဘူးလို့ ဖြေပြန်တယ်၊ အလိုလို ပေါ်တာလားလို့ ဆိုတော့လည်း မဟုတ်ဘူးလို့ ဖြေပြန်တယ်၊ မရှိဘူးလားဆိုတော့ ရှိတယ်၊ မသိဘူးလား ဆိုတော့ သိတယ်ဆို တဲ့စကားဟာ ကျုပ်တော့ဖြင့် ဉာဏ်တုံးပြီး မျက်စိလဲ လည်နေပြီ (မှန်ပါ)။

ဒီတရား နာနေတဲ့ ဒကာ ဒကာမတွေလည်း ဉာဏ်မျက်စိ လည်မှာပါ ပဲ၊ လည်စရာ အကြောင်း မကြုံသေးဘူးလား (ကြုံပါတယ် ဘုရား)၊ အဲ ဒီတော့ကို ခင်ဗျားတို့ မှတ်ထားကြ ခင်ဗျားတို့မှာ ဒီလေးခု တစ်ခုခုရှိနေရင် ဘုရားပယ်တာ ရှိနေတယ်လို့ အောက်မေ့ (မှန်လှပါ ဘုရား)။

ဒီ (၄)ခု ဘုရားကပယ်ထားတယ်

အဲ-ဘုရားက ပယ်ထားတာ ခင်ဗျားတို့က အရှိလုပ်ထားတယ်။ သဘောကျပြီလား (မှန်ပါ)။ ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒါတွေဟာ ဘယ့်နှယ်ကြောင့် ဘုရား ပယ်ရပါလိမ့် မလဲလို့ ဆိုတဲ့ မေးခွန်း ထုတ်ကြစို့နော် (မှန်ပါ) ဘုရားက ဒီလေးခု မပယ်လိုက်ဘူးလား (ပယ်လိုက်ပါတယ် ဘုရား)။

ဒုက္ခမိမိပြုတာလား ဆိုတော့ မင်းတို့ မိမိပြုလို့ရှိရင်ဖြင့် မိမိခံလို့ ခင်ဗျားတို့ မယူကြဘူးလား (ယူပါတယ် ဘုရား) အဲဒီတော့ သဿတဒိဋ္ဌိ ကွ (မှန်ပါ) မိမိပြုရင် မိမိခံ မိမိတစ်ဆက်တည်း ဖြစ်နေတယ်၊ သဘောကျ ပြီလား (မှန်ပါ)။

မိမိပြုရင် မိမိခံဆိုတော့

ခင်ဗျားတို့က မိမိပြုရင်ဘာတဲ့ (မိမိခံရမှာပါ ဘုရား)။ ဒီဒုက္ခ မိမိခံဆိုတော့ ဒီမိမိသည် ပင်လျှင် သည်နေရာမှာလည်း မိမိပဲဖြစ်မှာပဲ (မှန်ပါ) ဒီပုဂ္ဂိုလ်သည် ပင်လျှင် သည်နေရာမှာ ဘာဖြစ်မှာလဲ (ဒီပုဂ္ဂိုလ် ဖြစ်မှာပါ ဘုရား)။ ဒီပုဂ္ဂိုလ် ဖြစ်မှာပဲ ပုဂ္ဂိုလ် တစ်တန်းတည်း မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီတော့ သဿတဒိဋ္ဌိကွ၊ ငါဒါကြောင့် ပယ်ရတာ၊ ရှင်းကြပြီလား (မှန်ပါ) ခင်ဗျားတို့ ရွာသုံး၊ ရပ်သုံးနဲ့ ထည့်ပြောမှ ပိုမိုရှင်းမှာ ဖြစ်လေ သောကြောင့် ကိုယ်ပြုကိုယ်ခံ ဆိုတာ ခင်ဗျားတို့ အယူပဲ (မှန်ပါ)။ ဘယ်လို ယူကြတာတုံး (ကိုယ်ပြုကိုယ်ခံပါ ဘုရား)။ အဲဒါ လူကြီးတွေကိုက သုံးလေ့ ရှိတယ်၊ မသုံးဘူးလား သုံးသလား (သုံးပါတယ် ဘုရား)။

မင်းပြု မင်းခံရမှာပေါ့ကွ၊ မင်းအစား ဘယ်သူမှ လာခံမှာ မဟုတ် ဘူး၊ အဲဒါ ဘာဒိဋ္ဌိ ဖြစ်နေတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား) ဆက်နေတယ်နော် (ဆက်နေပါတယ် ဘုရား)။

ဒါဘာဒိဋ္ဌိလဲ

ဒီခန္ဓာကြီးဟာ တောက်လျှောက်ပဲ သွားပြီး သကာလ တောက် လျှောက် ခံရတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဘာဒိဋ္ဌိလဲ၊ တည်တံ့တယ်၊ ဒါကြောင့် ဒီကျအောင် ခံရတယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒီကြား အပြတ်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီခန္ဓာ သည်ပင်လျှင် သွားပြီးခံရတဲ့ ဒီဒုက္ခအစုကြီးကို သူက ယူရတဲ့ အဓိပ္ပာယ်မျိုး မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား) အဲဒါ ဘာဒိဋ္ဌိ လဲ (သဿတဒိဋ္ဌိပါ ဘုရား)၊ ေဩာ် – ဘုရားက မဟုတ်ဘူး ကဿပရ ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

သဿတဒိဋ္ဌိ

ဒုက္ခ မိမိပြုတာလား ရှင်းကြီးဂေါတမရ ဆိုတော့ ဒီလို မဆိုပါနဲ့ကွာ၊ မဟုတ်ပါဘူး၊ မိမိပြုတယ်လို့ ယူလိုက်ရင် သူ သဿတဒိဋ္ဌိ သေသေချာချာ ယူတော့မယ်၊ မယူပေဘူးလား (မှန်ပါ)၊ ဒကာ ဒကာမတွေ မိမိပြုလို့ မိမိခံဆိုတာ ဘာတဲ့တုံး (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိ ဖြစ် မဖြစ် (ဖြစ်ပါတယ် ဘုရား)။

ကိုထွန်းဦး ဒါဖြည်းဖြည်းဟောမှ ရတယ် (မှန်လှပါ ဘုရား)။ ဦးဘကြည် မြန်မြန်သွားရင် တစ်ချက်တည်းနဲ့ မပြီးဘူးဗျ (မှန်ပါ)။

မိမိပြုရင် မိမိခံ ဆိုတာက မြန်မာလူမျိုးမှာ အတော် နှုတ်တက် နေတယ်။ အတော်ကိုလည်း ထင်ချက် စူးနေတယ်လို့ ဆိုရမယ် (မှန်လှပါ ဘုရား) ကိုယ်ပြု ကိုယ်ခံပေါ့ကွာ (မှန်ပါ)၊ ဒီကိုယ်ပြု၊ ဒီကိုယ်ခံ၊ ဟိုကိုယ်ပြု ဟိုကိုယ်ခံ၊ အံမာ လာလိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့၊ ဟင်း မပြောကြ ဘူးလား (ပြောကြပါတယ် ဘုရား)။

ဒါ-ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား) သည်ကိုယ်သည် ပင်လျှင် တစ်ခါတည်း ခံရတာပဲ။ ဒကာ ဒကာမတို့ ဒီကိုယ်က ပြုတဲ့အတွက် ဒီဒုက္ခတွေ – ကိုယ်က ခံရတာပဲ (မှန်ပါ)။ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။ သတိထားပါ ဒကာ ဒကာမတို့။

ဒီဒိဋ္ဌိရှိရင် နိဗ္ဗာန်မမြင်နိုင်

ဒီဒိဋ္ဌိ ရှိနေလို့ရှိရင် ဘုန်းကြီး ဟောလတ္တံ့ ဖြစ်တဲ့၊ ဒဿနဋ္ဌော ဆိုတဲ့ နိဗ္ဗာန်အလင်းကို မမြင်နိုင်ဘူး (မှန်ပါ)။ ဦးဘကြည် ဒါကြောင့် ဒါချီး နေတာ (မှန်ပါ)။

“ဒဿနဋ္ဌော”ဆိုတာ နိဗ္ဗာန်မြင်အောင် ယနေ့ညဟော ရမှာ (မှန်ပါ) သို့သော် ဒီ- ဒိဋ္ဌိတွေက မရှင်းမလင်း ဖြစ်နေပြန်လို့ ရှိရင် လည်း ဒဿနဋ္ဌောမှာ မြင်နိုင်တဲ့ စွမ်းရည်သတ္တိ မလာပေဘူး၊ လာပါ့မလား (မလာပါ ဘုရား)။ ဘာဒိဋ္ဌိခံနေသလဲ (သဿတဒိဋ္ဌိ ခံနေပါတယ် ဘုရား) သဿတ ဒိဋ္ဌ ခံနေတယ်နော်၊ ကောင်းပြီ ဒါဖြင့် ဒီတစ်နံပါတ် အယူကို ပယ်ပါလို့ ဘုန်းကြီးက ဒကာ ဒကာမတွေကို ရှေ့သွား ခေါင်းဆောင် လုပ်ပြီး သတိပေးလိုက် ပါတယ် (မှန်ပါ)။

ဒီကိုယ်ကြီးပင်လျှင် တောက်လျှောက် ငရဲသွားပြီး သကာလ တောက်လျှောက်ခံတဲ့ အဓိပ္ပာယ်မျိုး မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒီကိုယ်ကြီးမှာ အို၊ နာ၊ သေဘေးဆိုတဲ့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ဆိုတဲ့ ဘေးတွေဟာ သူပြုလို့ သူရတာ (မှန်ပါ) ဒီလို ယူလိုက် တော့ ဘာဒိဋ္ဌိတဲ့ (သဿတဒိဋ္ဌိပါ ဘုရား) ရှင်းပြီနော် ဒကာ ဒကာမတို့။

ကိုယ်ပြုကိုယ်ခံဆိုတာ မဟုတ်ဘူး

ဒါဖြင့် ခင်ဗျားတို့ ဒီအယူကို ဖျောက်လိုက်ပါ။ ကိုယ်ပြုကိုယ်ခံဆိုတာ မဟုတ်ဘူး၊ မှတ်ထားလိုက်နော် (မှန်ပါ) ခုတော့ မဟုတ်တာသာ မှတ်ထား၊

နောက်တော့ အဓိပ္ပာယ် ရှင်းလိမ့်မယ် (မှန်ပါ) ဟုတ်တယ် ဆိုရင် သဿတ ဒိဋ္ဌိ ဖြစ်မှာ (မှန်ပါ) မဟုတ်ဘူး ဆိုတာသာ မှတ်ထား လိုက်ပါ (မှန်ပါ)။

ဘယ်လို မဟုတ်တာတုံး ဆိုတာတော့၊ နောက်လေးချက် စေ့လာတော့ ပေါ်မှာပေါ့ဗျာ (မှန်ပါ)

ကိုင်း- ဒါဖြင့် ပထမအချက်က သဿတဒိဋ္ဌိကို ဘုရားပယ်လိုက်တယ် (မှန်ပါ) ကောင်းပြီ ဒီသဿတဒိဋ္ဌိ ပယ်လိုက်တာ ကော ဒကာ ဒကာမတို့ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒါသက္ကာယဒိဋ္ဌိကပွားလာတာ

ေဩာ် -ဒို့ သန္တာန်လည်း ဒါ တစိတ်တဒေသ ရှိတယ်လို့ မဆိုနိုင်၊ ဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား) ဆိုနိုင်တော့ ဒီ-ဒိဋ္ဌိ ရှိလျက်နဲ့တော့ ဦးခင်မောင်တို့ ဦးဘတင်တို့က စဉ်းစားရမယ်၊ ဘာဘဲ အားထုတ်နေနေ မရဘူး၊ ရပါ့ မလား (မရပါ ဘုရား) ဒါသက္ကာယ ဒိဋ္ဌိက ပွားလာတဲ့ ဒိဋ္ဌိကိုးဗျ (မှန်ပါ)။

သက္ကာယဒိဋ္ဌိက အညှောင့် ထွက်လာတဲ့ ဒိဋ္ဌိ (မှန်ပါ) ဘာဒိဋ္ဌိလဲ (သက္ကာယဒိဋ္ဌိပါ ဘုရား) “ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေဝ ဥပ္ပဇ္ဇန္တိ” ဆိုတော့ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိဟာ၊ သက္ကာယ ဒိဋ္ဌိရေသောက်မြစ်က ပွားတာချည်းပဲ ဆိုတော့ သက္ကာယဒိဋ္ဌိ ပယ်ရာ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။

သက္ကာယဒိဋ္ဌိကိုပယ်

ဒါဖြင့် သက္ကာယဒိဋ္ဌိ ရှိလျက်နဲ့ အားထုတ်နေလို့ရှိရင် ဉာတပရိညာကို က မရှင်းခဲ့ဘူး (မှန်ပါ) သိမှုကတည်းက မရှင်းခဲ့တော့ ပွားမှု ကျတော့ သူက တစ်ခါတည်း သပ်လျှိုပြီး သကာလ ကန့်ကွက် နေတော့တာပဲ၊ မကန့် ကွက်ပေဘူးလား (ကန့်ကွက်ပါတယ် ဘုရား)

အဲဒါကြောင့် ဒကာ ဒကာမ တွေ ဒီနေ့ အလင်းမြင်အောင်လို့ ဒီဒိဋ္ဌိကို အရင်ပယ်ပြီး သကာလ ဦးဝင်း ရှင်းပေးနေတယ် (မှန်ပါ)။ ဒိဋ္ဌိဟာလည်း ကိလေသာ အမှောင်ဓာတ်ပဲ (မှန်ပါ)

ကဲ ဒုတိယ မေးခွန်းကို ကဿပက ဘယ့်နှယ်မေးတုံး (ဒုက္ခသူတစ်ပါးပြုတာလားလို့ မေးပါတယ် ဘုရား) အေး-ဒုက္ခဟာ သူတစ်ပါး ပြုတာလားလို့ မေးလိုက်တော့ ဘုရားက ဘယ့်နှယ် ဖြေတုံး (မဟုတ်ပါဘူးလို့ ဖြေပါတယ် ဘုရား)။

မဟုတ်ဘူးလို့ ဘုရားကဖြေတော့ အဲဒီလို ဘယ့်နှယ်ကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီး ဖြေရပါလိမ့်မလဲ ဆိုတာ ဘုန်းကြီးတို့က ကြားဝင် ရမယ် (မှန်ပါ)၊ ကြားဝင်တဲ့ အခါကျလို့ ရှိရင် ပြုတဲ့လူက တစ်ယောက် ခံတဲ့လူက တစ်ယောက် ဖြစ်မနေဘူးလား (မှန်ပါ)၊ ပြုတဲ့လူက တစ်ယောက်၊ ဟင် ဒုက္ခ တွေ့ကြုံတဲ့ လူက တစ်ယောက် ဖြစ်နေကြတော့ ဒီပုဂ္ဂိုလ်က ဒီတွင် ပြတ်ခဲ့တယ်။

ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားတယ်

ဒီဘက်နဲ့သူ လုံးဝမဆက်သွယ်တဲ့ ဥစ္ဆေဒဒိဋ္ဌိဘက် သွားပြန်တယ် (မှန်ပါ)။ သူတစ်ပါးပြုလို့ ဒုက္ခ ရောက်ရတယ် ထင်လို့ ရှိရင်လည်း ဘာဒိဋ္ဌိတဲ့ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ဟင် ပြုတဲ့လူက တခြားပေါ့ဗျာ (မှန်ပါ) ခံရတဲ့ ပုဂ္ဂိုလ်က တခြား၊ ဒုက္ခရတဲ့ ပုဂ္ဂိုလ်က တခြားဆိုတော့ ဘာဒိဋ္ဌိ ဖြစ်သွားလဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားတယ်။

ကြည့်စမ်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝမ်းထဲမှာ မသိမသာ အောင်းနေတယ် (မှန်ပါ)။ အောင်း၊ မအောင်း ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်း (အောင်းပါတယ် ဘုရား) အောင်းတယ်၊

ခင်ဗျားတို့ ဒီလိုတရားထူး တရားမြတ်ကို မနာရတော့ဘူး ဆိုလို့ရှိရင် ဘယ်လိုပဲ ပုတီးစိပ် စိပ်၊ ဘယ်လိုပဲ ဝိပဿနာ အားထုတ် အားထုတ်၊ ဒီဘက်က မရှင်းခဲ့သေး သရွေ့ ကာလပတ်လုံး ကိုထွန်းဦး ရရိုးထုံးစံ ရှိရဲ့လား (မရှိပါ ဘုရား)။ မရှိဘူး။

ဒိဋ္ဌိမကွာလို့ မရဘူး (မှန်ပါ) အဲဒီတော့ ရှင်းသင့်လင်းသင့်တာကို လည်း ရှင်းမှသာလျှင် “ဒဿနဋ္ဌော” ဆိုတဲ့ နိဗ္ဗာန်ကို မြင်မှာ ဖြစ်နေလို့ ဒဿနဋ္ဌော ကို ယနေ့ ရှင်းရှင်းလင်းလင်းပဲ ဟောချင်လို့ ဒိဋ္ဌိတွေ မောင်းထုတ် နေတယ် ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပထမအယူ ယူလိုက်ရင် သဿတဒိဋ္ဌိ၊ ဒုတိယ အယူယူလိုက် ရင် ဥစ္ဆေဒဒိဋ္ဌိ၊ အင်း- ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ကတော့ကွာ၊ သဿတ၊ ဥစ္ဆေဒ ကြားထဲက အယူကို ယူမှာပဲ (မှန်ပါ)။ သဿတ အယူ ဆိုတာလည်း မကောင်းဘူး၊ ဥစ္ဆေဒ အယူ (မကောင်းပါ ဘုရား)။

ဘုရားအယူက မဇ္ဈိမပဋိပဒါ

အဲဒီကြားထဲက သွားရမယ် (မှန်ပါ)၊ ငါဘုရား အယူက မဇ္ဈိမ ပဋိပဒါ (မှန်ပါ)၊ ဘယ်နှစ်ခု၏ ကြားပါလိမ့် (သဿတ ဥစ္ဆေဒ ကြား ထဲကပါ ဘုရား) သဿတ၊ ဥစ္ဆေဒတို့၏ ကြားထဲမှာ ရှိတယ်နော် ဒကာ ဒကာမတို့၊ ကဲ တတိယ အမေးပုစ္ဆာ ကတော့ သဿတနှင့် ဥစ္ဆေဒတို့ ပေါင်း မေးတာတွေပါ (မှန်ပါ)။

မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား ဆိုတော့ ဖြေနေဖို့ လိုသေး သလား (မလိုပါ ဘုရား) ပထမနဲ့ ဒုတိယ ပေါင်းမေးတာ (မှန်ပါ့)

စတုတ္ထက အလိုလိုဖြစ်တာလား ဆိုတော့လည်း ဒါ အဟေတုကဒိဋ္ဌိ ဖြစ်နေလို့ အဟေတုကဒိဋ္ဌိ ပယ်တာပဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဟေတုကဒိဋ္ဌိ

စတုတ္ထပုစ္ဆာက အလိုလို ဖြစ်တာလား ဆိုသဖြင့် သူ့အကြောင်း မရှိပဲနဲ့ ဖြစ်နေတယ် ဆိုတော့ အဟေတုက ဒိဋ္ဌိမို့ ပယ်တာပဲ (မှန်ပါ) ဒါဖြင့် ဒိဋ္ဌိတွေကို အကုန် မပယ်လိုက်သေးဘူးလား (ပယ်လိုက်ပါတယ် ဘုရား)။

စတုတ္ထကတော့ သူ့အကြောင်း မရှိဘဲနဲ့ အလိုလိုဖြစ်နေတယ်ဆို တော့၊ အဟေတုကဒိဋ္ဌိ မဖြစ်ဘူးလား၊ ဖြစ်သလား (ဖြစ်ပါတယ် ဘုရား) အကြောင်း မရှိဘဲနဲ့ ဖြစ်တယ်လို့ သူယူလိုက်တယ် (မှန်ပါ) ဒါ-ဘာဒိဋ္ဌိတုံး (အဟေတုကဒိဋ္ဌိပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိတွေ ခင်ဗျားတို့ အကုန်ပယ်တော် မူတာပဲ ဆိုတာကော ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါနဲ့ ကဿပက ရှင်ကြီး ဂေါတမ ဘယ့်နှယ်ယူရမှာတုံး၊ ယူပုံသာ ရှင်းပါတော့၊ ဒုက္ခလည်း ရှိတယ်လို့ ပြောတယ်၊ ဒုက္ခလည်း ရှိတယ်လို့ ပြောတယ်၊ ဒုက္ခလဲ သိတယ်၊ ရှိတာနဲ့ သိတာကို ရှင်းအောင်သာ ပြောပါတော့ ကျုပ်တော့ဖြင့် ဘယ့်နှယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူးလို့ ပြောတယ် (မှန်ပါ)။

မဂ်ဖိုလ်တားတဲ့ဒိဋ္ဌိချည်းပဲ

ပထမအယူယူရင် ဘာဒိဋ္ဌိ (သဿတဒိဋ္ဌိပါ ဘုရား) ဒုတိယ အယူယူရင်ကော (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ တတိယအယူ ယူရင်ကော (သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) သဿတဥစ္ဆေဒ အရောတွေ (မှန်ပါ)၊ စတုတ္ထ အယူယူရင်ကော (အဟေတုက ဒိဋ္ဌိပါ ဘုရား)။

အကုန်ဒိဋ္ဌိချည်းပဲ (မှန်ပါ) ဒကာ ဒကာမတို့ မဂ်ဖိုလ်တားတဲ့ ဒိဋ္ဌိတွေချည်းပဲ၊ သဘော ကျပြီလား (မှန်ပါ) အဲဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးက ချီးမြှောက်ပြီး သကာလ ခင်ဗျားတို့ကို ပြောတယ်လို့ မအောက်မေ့နဲ့၊ ဒါကျကျနန နားလည် သွားလို့ရှိရင်ဖြင့် ဒီဘဝ မဂ်ဖိုလ်ရ ထိုက်တဲ့ ပုဂ္ဂိုလ် အစစ်ဖြစ်ပြီး (မှန်ပါ)။

ဒုက္ခဘယ်ကလာတယ်ဆိုတာပြောပါ

နောက်လည်း နားလည်မှာပါပဲ၊ နားလည်အောင်လည်း ပြောမှာပဲ (မှန်ပါ) ဦးဘကြည် ဒါနားလည် ပြီးရင် မဂ်ဖိုလ် ရထိုက်တဲ့ ပုဂ္ဂိုလ်အစစ် ဖြစ်ပြီ။

ဒါဖြင့် (၄)ချက်ပယ်ပုံ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။ ဒါဖြင့် ရှင်ကြီး ဂေါတမ ဒုက္ခမရှိဘူးလား မေးတော့ ရှိတယ်၊ ဒုက္ခ မသိဘူးလား မေးတော့လဲ သိတယ် ဆိုတော့၊ ရှိတာနဲ့ သိတာ ရှင်းလင်းပြီး သကာလ ဒီဒုက္ခဘယ်က လာတယ် ဆိုတာသာ ပြောပါတော့၊ သူတော့ဖြင့် မတတ် နိုင်တော့ဘူး။

မေးစရာလည်း အကွက် မရှိတော့ဘူး ဆိုတော့ ဒုက္ခဟာ ဒီလိုပါ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတော့ အဝိဇ္ဇာတွေ သင်္ခါရတွေကြောင့်ဖြစ်တာ၊ သဘောကျပြီလား (မှန်ပါ) ဦးဘကြည် ‘‘အဝိဇ္ဇာ-ပစ္စယာ သင်္ခါရာ” မို့ အဝိဇ္ဇာ သင်္ခါရကြောင့် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

မယုံရင် ရွတ်ကြည့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” အဆုံးမှာ ဒုက္ခက္ခန္ဓဿ မရှိဘူးလား (ရှိပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရာကို ဆုံးအောင် ရွတ်ကြည့် ဒကာ ဒကာမတို့ ဘာတွေ့မယ် ထင်သလဲ (ဒုက္ခက္ခန္ဓဿပါ ဘုရား) ဒုက္ခက္ခန္ဓဿ ဆိုတာ မြန်မာလိုပြောတော့ ဘာတုံး (ဒုက္ခအစုပါ ဘုရား)။

သူကပုဂ္ဂိုလ်နဲ့မေးတာ

အဲဒီ ဒုက္ခအစုကြီးဟာ ခင်ဗျားတို့ အဝိဇ္ဇာ သင်္ခါရနဲ့ မဆက်သွယ်ဘူး လား ဆက်သွယ် သလား (ဆက်သွယ်ပါတယ် ဘုရား)။ ဒါဖြင့် သဿတကော မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။ သူက ပုဂ္ဂိုလ်နဲ့ မေးထားတာ (မှန်ပါ) ဒီက ဓမ္မနဲ့ ဖြေထားတာ (မှန်လှပါ ဘုရား)။

ဒီကဓမ္မနဲ့ဖြေထားတာ

ဦးဘကြည် သူက ဘာနဲ့မေးတုံး (ပုဂ္ဂိုလ်နဲ့ မေးတာပါ ဘုရား) ပုဂ္ဂိုလ်နဲ့ မေးတယ်၊ ဒီက ဒုက္ခ ရှိတာကို ငါပြောပြရလို့ ရှိရင် အဝိဇ္ဇာ သင်္ခါရ တွေကြောင့် ဖြစ်နေတဲ့ဒုက္ခ (မှန်ပါ) မသိလို့ တွေ့ရတဲ့ ဒုက္ခ ရှင်းကြပြီလား (မှန်ပါ)၊ ဒကာ ဒကာမတွေ အို၊ နာ၊ သေ၊ မွဲ၊ ကွဲ၊ သောက၊ ပရိဒေဝ ဒုက္ခပွဲတွေ တွေ့ရတာ ဘာဖြစ်လို့တုံး (မသိလို့ တွေ့ရတာပါ ဘုရား)။

မသိလို့ တွေရတာ မသိတာ ဘယ်သူတုံးလို့ မေးတော့မှ (အဝိဇ္ဇာ ပါ ဘုရား) – သူ့ဒဏ်ချက် တွေ ဘယ်သူ လုပ်တာမှ မဟုတ်ဘူး (မှန်ပါ)။ ဘယ်သူက ဒီဒုက္ခတွေ ဖြစ်အောင်လုပ်တုံး (အဝိဇ္ဇာပါ ဘုရား)။ ရှင်းပြီလား (မှန်ပါ) ေဩာ်- ဒါဖြင့် ဒကာ ဒကာမတွေ ကံမကောင်း အကြောင်း မသင့်လို့ တွေ့ရတဲ့ ဒုက္ခလား (မဟုတ်ပါ ဘုရား)။

ဟင်၊ ကံမကောင်း အကြောင်းမသင့်လို့ တွေ့ရတဲ့ ဒုက္ခလား ဘယ့်နှယ် ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား) ကံနဲ့ ဘာမှ မဆိုင်ဘူး၊ အဝိဇ္ဇာ အကြောင်းခံတာ ချည်းပဲ (မှန်ပါ)၊ အဝိဇ္ဇာဟာ ကိုထွန်းဦး လက်သည် အစစ်ဆုံးပဲ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ အခုတွေ့ကြုံရတဲ့ ဒုက္ခတွေ ဘယ်သူ့ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား) အင်း မိမိပြုခဲ့တာလည်း မဟုတ်ပါဘူး၊ သူတစ်ပါး ပြုတာကော (မဟုတ်ပါ ဘုရား)၊ အလိုလို ပေါ်တာကော (မဟုတ်ပါ ဘုရား) ဘယ်သူ့ ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား)။

ေဩာ်- ခင်ဗျားတို့ မသိမှု အဝိဇ္ဇာကြောင့် တဏှာက ဆုတောင်း (မှန်ပါ) အဝိဇ္ဇာက လူ့ပြည်ဟာ ကောင်းပါတယ် ဆိုပြီး သကာလ ၊ အိုဘေး၊ နာဘေးတွေ ဖုံးပြီး သကာလ ၊ အပျို အရွယ်လေး အပိုင်းကို ထုတ်ပြလိုက်တယ် (မှန်ပါ)၊ အဲဒီ အဝိဇ္ဇာက တစ်ပိုင်းကိုပြပြီးတော့ တစ်ပိုင်းကို ဖုံးထား တယ် မဖုံးဘူးလား (ဖုံးပါတယ် ဘုရား)။

ခုနက တောင်ဝှေးထောက်၊ မျက်မှန်တပ်ပြီး သကာလ သားသမီးမုန်း၊ အများမုန်း ကိစ္စတွေ ကို ဖုံးပြီး၊ ငယ်ငယ် ရွယ်ရွယ်နဲ့ ပျိုပျိုရွယ်ရွယ်နဲ့ သွားလာ ပျော်ရွှင်နေတာတွေ ဖော်ပြ လိုက်တာ၊ ဒါဘယ်သူ့ သတ္တိထင်တုံး (အဝိဇ္ဇာပါ ဘုရား)။

အဲဒီတော့ တဏှာကလည်း သူက တစ်ပိုင်းဖုံးပြီး တစ်ပိုင်းပြထား တော့ ဒီပျိုပျိုရွယ်ရွယ် ဖြစ်နေတဲ့ အချိန်လေး သူက ကြိုက်လိုက်တာ၊ မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား) ကြိုက်လိုက်တဲ့ အခါကျတော့ကို ဒီဒုက္ခကြီးက အစဉ် လျှောက်တော့ တွေ့ ရမှာလား၊ မတွေ့ရဘူးလား။ (တွေ့ရမှာပါ ဘုရား)။ တွေ့ရမှာ ဆိုသဖြင့် ေဩာ်-အဝိဇ္ဇာတို့ သင်္ခါရတို့ တဏှာတို့ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် ဒဏ်ချက်ပဲမှတ်ပါ (မှန်ပါ)။

ဦးဘကြည် ဘယ်သူ့ဒဏ်ချက်လဲ (ပဋိစ္စသမုပ္ပာဒ်ဒဏ်ချက်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ အထဲမှာလည်း သူ့ဒဏ်ချက်တော့ဖြင့် အကုန် ဒုက္ခမျိုးစုံ သူပေးတာပဲ ဆိုတာဟာ ပုဂ္ဂိုလ်သတ္တဝါက လုပ်ထားတာ တစ်ခု မှမပါဘူး (မှန်ပါ)၊ အဝိဇ္ဇာ သင်္ခါရက လုပ်တာချည်းပဲလို့ ဆုံးဖြတ်ချက် ချ (မှန်ပါ)။

ဦးဝင်း ဘယ်သူ လုပ်တာလည်း (အဝိဇ္ဇာ သင်္ခါရ လုပ်တာပါ ဘုရား) ကံမကောင်း အကြောင်း မသင့်လို့ မဆိုပါနဲ့ (မှန်ပါ) လက်သည် အရင်းကျကျကို ရှာရင်တော့ဖြင့် အဝိဇ္ဇာပဲ ဆိုတာ သဘော ကျပြီလား (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သဿတ၊ ဥစ္ဆေဒကော စင်ပြီ လား (မှန်ပါ)။

ဒုက္ခ၏ရေသောက်မြစ်ဟာ အဝိဇ္ဇာ

ဒါဖြင့် ခုနက လေးခု စလုံးကို ဘုရားက တစ်ခုတည်းနဲ့ မဖြေလိုက် ဘူးလား (ဖြေလိုက် ပါတယ် ဘုရား)။ ဖြေလိုက်ပါတယ်၊ ဘယ်သူ့ကြောင့် လို့ ဖြေလိုက်သတုံး (အဝိဇ္ဇာကြောင့်ပါ ဘုရား)၊

အဝိဇ္ဇာကြောင့် ဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ” ဆိုတော့ ဒီဒုက္ခ၏ ရေသောက်မြစ်ဟာ အဝိဇ္ဇာပဲ ဆိုတာ ယနေ့ ဒကာ ဒကာမတွေ မပေါ်သေးဘူးလား (ပေါ်ပါ ပြီ ဘုရား)။

အဝိဇ္ဇာဟာ မသိတာ၊ မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) မသိတော့ ဘာတွေ ရကြသလဲ (ဒုက္ခ ရကြပါတယ် ဘုရား)။ မသိတော့ ဒုက္ခရတယ်၊ ခင်ဗျားတို့ ဒီဘဝမှာလဲ မသိသေးဘူး ဆိုရင် ဒုက္ခတွေရ ကြမယ်၊ ဒါဖြင့် ဒုက္ခသည် သိလို့ရတာလား မသိလို့ ရတာလား (မသိလို့ ရတာပါ ဘုရား)။

ဒုက္ခမသိတာအဝိဇ္ဇာ

ဒါဖြင့် သိလို့ရှိရင်လည်း မရပါဘုရား (မှန်ပါ) မသိလို့ရတာ၊ သိရင်လည်း မရပါဘူး (မှန်ပါ)။ ဒါဖြင့် ခင်ဗျားတို့ ဒုက္ခသိတာက ဝိဇ္ဇာ (မှန်ပါ)၊ ဒုက္ခ မသိတာက အဝိဇ္ဇာ၊ မရှင်းသေးဘူးလား (မှန်ပါ)။ ဒုက္ခဟာ သိလို့ရတာလား၊ မသိလို့ရတာလား (မသိလို့ရတာပါ ဘုရား)။ သိရင် (မရပါ ဘုရား)။

ဪ သိရင် မရတော့ဘူး ဆိုတော့ ဝိဇ္ဇာဖြစ်ရင် မရတော့ဘူး၊ အဝိဇ္ဇာ ရှိနေရင် (ရမှာပါ ဘုရား) ရဦးမှာပဲ ဆိုတော့ သူ့လက်ချက်ပဲ။ ဒီလေးချက်ပဲ၊ ဒီလေးခု အကြောင်းနဲ့ ဘာမှ မဆိုင်ဘူး (မှန်ပါ)၊ ဦးဘကြည် ဆိုင်သေးရဲလား (မဆိုင်ပါ ဘုရား)။ ဘယ်သူ့ လက်ချက် ပေါ်လာသလဲ (အဝိဇ္ဇာ လက်ချက်ပါ ဘုရား)။ ကျေနပ်ကြပြီလား (မှန်ပါ)။

အဝိဇ္ဇာချုပ်ဖို့နေ့တိုင်းဟောနေတာ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဝိဇ္ဇာ ချုပ်ဖို့ကို ဘုန်းကြီးတို့ နေ့တိုင်း ဟောနေတယ်၊ အားလုံး ဒကာ ဒကာမတွေ သိကြမှာပဲ၊ ဒုက္ခသစ္စာကို အဓိကထား ပြီး ဟောခဲ့တဲ့ ရက်ပေါင်း ဦးဘကြည် မနည်းပါဘူးနော် (မနည်းပါ ဘုရား) ဒုက္ခသိမှု ဆိုပြီး ဟောလိုက်တဲ့ ဖြစ်ခြင်း ဒကာ ဒကာမတွေ ရက်ပေါင်းများစွာ ဟောတယ်နော်။

အဲဒီတော့ ဒါက ဒုက္ခ၊ ခင်ဗျားတို့က နာတဲ့အတိုင်း ခန္ဓာကိုယ်ကြည့် လိုက်တိုင်း သိသွားတဲ့ အခါကျတော့ အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် “ဝိဇ္ဇာ ဥဒပါဒိ” ဆိုတော့မှ “အာလောကော ဥဒပါဒိ” ဖြစ်မယ်။ သဘောကျပြီလား (မှန်ပါ)။

ဒုက္ခသိရင်ဝိဇ္ဇာ

“ဝိဇ္ဇာ ဥဒပါဒိ” ဖြစ်မှ ဘာတုံး (အာလောကော ဥဒပါဒိ ဖြစ်မှာ ပါ ဘုရား) ဒါဖြင့် ဦးဘကြည် နိဗ္ဗာန်ကို အာလောက ဖြစ်မှမြင်မယ် (မှန်ပါ)။ အာလောက မဖြစ်သေးလို့ရှိရင် မမြင်ပါဘူး ဒဿနဋ္ဌော မြင်နိုင်ပါ မလား (မမြင်နိုင်ပါ ဘုရား)၊ သဘောကျပြီလား (မှန်ပါ)။

အင်း ဒုက္ခသိရင် ဘာပါလိမ့် (ဝိဇ္ဇာပါ ဘုရား)။ ဒါဖြင့် ဝိဇ္ဇာ ဖြစ်လာတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မစကြာမှာ ဝိဇ္ဇာ ဥဒပါဒိ တွင် မရပ်တော့ဘူး ကိုထွန်းဦးရ (မှန်ပါ) ဘာလာဖြည့်စွက် လိုက်လဲ (အာလောကော ဥဒပါဒိပါ ဘုရား)။ ေဩာ် -ခင်ဗျားတို့ ဉာဏ်ရောင် အလင်း လည်းရပြီ ဆိုတော့ ဉာဏ်လင်း လာပြီ။

ဉာဏ်ကြည်လာလို့ နိဗ္ဗာန်မြင်တာ

ဉာဏ်ကြည်လာပြီ ဆိုလို့ရှိရင်ဖြင့် ဦးဘကြည်က စဉ်းစား နေဝန်း လဝန်း ကဲ့သို့ ရှိတဲ့ နိဗ္ဗာန် မြင်ထိုက်၊ မမြင်လိုက် (မြင်ထိုက်ပါတယ် ဘုရား) ဒီဉာဏ်သည် အဖုံး မရှိဘဲနဲ့ အာလောကဉာဏ် ကြည်လာပြီး၊ မျက်လုံး ကြည်သလို ကြည်လာမယ် ဆိုရင်ဖြင့်၊ ဒကာ ဒကာမတွေပဲ စဉ်းစားပါတော့ ဧကန်ရှိတဲ့ နိဗ္ဗာန် တွေ့ရ၊ မတွေ့ရ (တွေ့ရပါတယ် ဘုရား)။

ဘာဖြစ်လို့လဲဆို အလင်း ဝိဇ္ဇာ အာလောကော ဥဒပါဒိ ဖြစ်လို့ ရှင်းပြီ လား (မှန်ပါ)။ အာလောက ဆိုတဲ့ အင်း- အကြည်ဓာတ်ကြီး ရလို့ ဒကာ ဒကာမတွေ ဘာမြင်ရသတုံး (နိဗ္ဗာန်ပါ ဘုရား)။ ဒါဖြင့် ဒုက္ခမြင်ရင် ဦးဘကြည် နိဗ္ဗာန်မြင်မှာပဲ (မှန်ပါ)။ ဒုက္ခမမြင်သေးရင် နိဗ္ဗာန် မမြင်ပါဘူး။

ဒါဖြင့် ဒကာ ဒကာမတို့သည် သစ္စာလေးချက် တစ်ပြိုင်နက် မြင်ရတယ် ဆိုကတည်းက ဒုက္ခလည်း သူမြင်တာပဲ မဟုတ်လား (မှန်ပါ)၊ ဒါ- ဒုက္ခအစစ်ပဲလို့ သူပိုင်းခြားသော အားဖြင့် မမြင်လား (မြင်ပါတယ် ဘုရား)၊ ဒါ- သမုဒယပဲလို့ ပယ်ဖို့ရာလည်း မမြင်လား (မြင်ပါတယ် ဘုရား)။ အေး-ဒါ နိရောဓပဲလို့ ဉာဏ်နဲ့ တိုက်ရိုက် မမြင်လား (မြင်ပါတယ် ဘုရား)။

ပွားပါများလို့မြင်တဲ့ဉာဏ်

ဒီဉာဏ်သည် သာမညဉာဏ်လား၊ ပွားများပါများလို့ မြင်တဲ့ဉာဏ် လားလို့မေးပါ (ပွားများပါ များလို့ မြင်တဲ့ဉာဏ်ပါ ဘုရား)။

ဒါဖြင့် “အာလောကော ဥဒပါဒိ” အာလောကော = ဉာဏ်အလင်းသည်၊ ဥဒပါဒိ ဖြစ်၏။ ဉာဏ်ကြည်လာပြီ (မှန်ပါ)။ ဦးဘကြည် ဘယ့်နှယ်ဆိုမယ် (ဉာဏ်ကြည်လာပါပြီ ဘုရား)။

ဉာဏ်ကြည်ရင် ဘာမြင်တုံး (နိဗ္ဗာန်မြင်မှာပါ ဘုရား) ဒါကြောင့် ဒီဥစ္စာ ဒုက္ခကို ထည့်ပြီး သကာလ ဟောရခြင်းသည်၊ ဒကာ ဒကာမတို့ ဒိဋ္ဌိ နှစ်ခုကိုလည်း သေစေချင်တယ်၊ ဉာဏ်လည်း ကြည်စေချင်တယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိက ဘယ်ဒိဋ္ဌိတွေ သေတုံး (သဿတ၊ ဥစ္ဆေဒ၊ အဟေတုက ဒိဋ္ဌိတွေပါ ဘုရား)။

ဒုက္ခဘယ်သူ့ကြောင့်ဖြစ်ပါလိမ့်

အဲဒါတွေ မသေဘူးလားဗျာ (သေပါတယ် ဘုရား) ဒါဖြင့် သူ သေသွားတော့၊ ေဩာ်- ဒီဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်မတုံးလို့ ဆိုတာကို ခင်ဗျားတို့ တွေးမိကြပြီလား (တွေးမိပါတယ် ဘုရား) ဘယ်သူ့ကြောင့်လဲ (အဝိဇ္ဇာကြောင့်ပါ ဘုရား)၊

ဪ-အဝိဇ္ဇာကြောင့် ဖြစ်တာလို့ ခင်ဗျားတို့ ဒုက္ခကို ဒုက္ခလို့ အမှန်အကန် မြင်နိုင်တာပဲ။ အဝိဇ္ဇာ ကြောင့်ပဲလို့ ဆိုတဲ့ဥစ္စာ၊ သူ့ကို လက်ညှိုးထိုး နိုင်လို့ရှိရင် သူ့ကို မြင်လို့ ဖမ်းနိုင်တာပဲ (မှန်ပါ)။ မမြင်ရင် မဖမ်းနိုင်ပါဘူး၊ ဒါဖြင့် အာလောကော ဥဒပါဒိ (မှန်ပါ)။ ဝိဇ္ဇာ ဥဒပါဒိ ဆိုတာ အဝိဇ္ဇာ ဖမ်းနိုင်တယ် (မှန်ပါ)။

အဝိဇ္ဇာဖမ်းနိုင်လို့ဒုက္ခသိတယ်

အဝိဇ္ဇာ ဖမ်းနိုင်လို့ ဒုက္ခတွေကော မသိဘူးလား (သိပါတယ် ဘုရား) ဒါဖြင့် အာလောက ဆိုတဲ့ ဉာဏ် မျက်လုံးကြီးကော ကြည်မလာ ဘူးလား (ကြည်လာပါတယ် ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အာလောက ဆိုတဲ့ ဉာဏ် မျက်လုံး ကြည်ဖို့ရာ ခင်ဗျား တို့ကို ယနေ့ည ပြောရမှာပဲ၊ ဒိဋ္ဌိနှစ်ခု ပယ်တာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဒိဋ္ဌိနှစ်ခုက ဘာဒိဋ္ဌိပါလိမ့် (သဿတနှင့် ဥစ္ဆေဒပါ ဘုရား) သူတို့နှစ်ခု ပယ်လိုက်ရင်၊ ဒီဘက်က ဒိဋ္ဌိ အလိုလို ပါသွားတယ် သဘောကျပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ အာလောက ဆိုတာသည် တခြားလား အောက် မေ့တယ်၊ ဘယ်အခါ ကာလမှ မမြင်ဖူးတာကို မြင်နိုင် ရင် အာလောကပဲ ဦးဘကြည်ရ (မှန်ပါ)၊ ဘယ်တော့မှ မမြင်ဖူးတာကို မြင်ရင် (အာလောကပါ ဘုရား) ဘဝသံသရာက အိပ်မက်မှ မမြင်မက် ဘူးတာ မဟုတ်လား (မှန်ပါ)။

မယုံရင် ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ဟာ ဒုက္ခသစ္စာ အစုကြီး ဆိုတာ ဒကာ ဒကာမတို့ကို ဘုန်းကြီး အစ ကတည်းက ချီခဲ့ပါတယ် (မှန်ပါ)။

ခန္ဓာကိုယ်ကြီးက ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာတွေ အစစ်ပေမယ့်လဲ ခင်ဗျားတို့၊ ဪ ဒါကြီး မှန်ထဲမှာပဲ ကြည့် ကြည့် ဘယ်ထဲမှာပဲ ကြည့်ကြည့် ဒုက္ခသစ္စာကြီး ပါလားလို့ ဘယ်တော့မှ မထင်ဘူး ထင်ရဲ့ လား (မထင်ပါ ဘုရား)။ မထင်ဘူးတဲ့။

ဒီအသံမျိုးထွက်ဖူးရဲ့လား

အင်း-ဒုက္ခသစ္စာကို ဘယ်တော့မှ မထင်ခဲ့တော့ “ဝိဇ္ဇာ ဥဒပါဒိ” ဘယ်တုန်းက ဖြစ်ခဲ့ သတုံးလို့ မေးဖို့ မလိုတော့ဘူး (မလိုပါ ဘုရား) ဘယ် တုန်းကမှ ဝိဇ္ဇာ မဖြစ်ခဲ့ဘူး (မှန်ပါ)။ ဖြစ်ခဲ့ကြရဲ့လား (မဖြစ်ပါ ဘုရား)။

ဘာပြုလို့တုံး၊ ပုဂ္ဂိုလ် ကြည့်တိုင်း ကြည့်တိုင်း၊ သြော်- ဒုက္ခသစ္စာကြီး၊ ေဩာ်-ဒုက္ခသစ္စာကြီး ဘယ်တော့ ဝဋ်ကျွတ်ပါ့မတုံးလို့၊ ခင်ဗျားတို့သည် ဘဝ များစွာ သံသရာက ဒီအသံမျိုး ထွက်ဖူး ရဲ့လား (မထွက်ဖူးပါ ဘုရား)။ ဦးခင်မောင်ကော (မထွက်ဖူးပါ ဘုရား) မထွက်ဖူးဘူးနော်။

ေဩာ်-သူသည်ကားလို့ ဆိုလို့ရှိရင် ဒုက္ခသစ္စာကြီးလို့ မထွက်ဖူးတော့၊ သူ့ဖြစ်ကြောင်း ကလည်း သမုဒယသစ္စာကိုး လို့ကော ဉာဏ်ရောင် လင်းပြီး တွေ့ရဲ့လား (မတွေ့ပါ ဘုရား)။

အင်း-သစ္စာလေးပါး အနက် နှစ်ပါးစလုံး မတွေ့ဘူး (မှန်ပါ)။ ဒါဖြင့် နိရောဓသစ္စာ ဆိုတဲ့ဥစ္စာ ဒီဒုက္ခချုပ်မှ နိရောဓ သစ္စာကိုးလို့ ဆိုတာကော တွေးမိကြရဲ့လား (မတွေးမိပါ ဘုရား)။

တစ်သံသရာလုံးကန်းခဲ့တယ်

ဘဝများစွာ သံသရာက ဘယ်တော့မှ မလာခဲ့ဘူး ရိပ်မိကြပြီလား (ရိပ်မိပါတယ် ဘုရား)။ ဒါဖြင့် ဒီမျက်လုံးဟာ အလင်းရောင် ဘယ်အခါ ကာလမှ မရခဲ့ဘူးပေါ့ မဟုတ်ဘူးလား (မှန်ပါ)။ ဒါဖြင့် ကန်းတဲ့ ပုထုဇဉ်လို့ ဘုရားက ဆိုလိုက်တယ် (မှန်ပါ)။

ဒါဖြင့် ကန်းတဲ့ပုထုဇဉ်ပါလို့ ဆိုလိုက်တော့၊ ဘယ်လောက်ကြာကြာ ကန်းခဲ့တာတုံးလို့ မေးရင်၊ တစ်သံသရာလုံး ကန်းခဲ့ရတယ် (မှန်ပါ)။ ဘယ်တော့မှ မျက်လုံးမလင်းခဲ့ဘူး (မလင်းခဲ့ပါ ဘုရား)။

ဝိဇ္ဇာမျက်လုံး ဘယ်တော့ ရခဲ့သတုံး (မရခဲ့ပါ ဘုရား) ဝိဇ္ဇာမျက်လုံး ဘယ်တော့မှ မရခဲ့ဘူး ဆိုတော့၊ ကျုပ်တို့ သံသရာထဲမှာ ဘယ်လို သွားလာနေခဲ့ကြသတုံး ဆိုရင်၊ ကျင်းမှန်းမသိ၊ ချိုင့်မှန်း မသိ၊ မီးပုံမှန်း မသိ၊ ကျင်ကြီးပုံမှန်း မသိ လှည့်သွားတာပဲ၊ မသွားဘူးလား (သွားပါတယ် ဘုရား) တစ်ခါတလေလည်း ကျင်ကြီးပုံ နောက်ချေးပုံထဲမှာ ချေးပိုးထိုး ဖြစ်ချင်လည်း ဖြစ်သွားလိုက်တာပဲ (မှန်ပါ)။

ဒကာ ဒကာမတွေ ဝိဇ္ဇာမျက်လုံး ဆိုတာ မရတော့၊ ကန်းတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့သည် သံသရာထဲ နောက်တုန်းက ဘယ်လို နေခဲ့ရပါလိမ့်မတုံး သံသရာဟာ စာသံပါဘုရား (မှန်ပါ)။

ဦးတည်ရာသွားနေတယ်

ဒီဘဝ ဟိုဘက်က ဟာတွေ လျှောက်ကြည့်တော့ ကျင်းမှန်း မသိ၊ ချိုင့်မှန်း မသိ၊ ကျင်ကြီးပုံမှန်း မသိ၊ နွားချေးပုံမှန်း မသိ၊ ရေတွင်းမှန်း မသိ၊ ရေကန် မှန်းမသိ၊ တွေ့ကရာ ဦးတည့်ရာ သွားနေတာပဲလို့သာ ဆုံးဖြတ်ချက်ချ (မှန်ပါ)။ ဘယ်လို ဆိုကြမယ် (ဦးတည့်ရာ သွားနေပါတယ် ဘုရား)။

ေဩာ်-ကြောက်စရာကောင်းလိုက်တာ ဦးဘကြည်၊ ဘာဖြစ်လို့ ဦးတည့်ရာ သွားနေတာတုံး (နောက်တုန်းက ကန်းနေလို့ပါ ဘုရား)။ ဒကာ ဒကာမတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ နောက်တုန်းက ဘာဖြစ်နေသလဲ (ကန်းနေတယ် ဘုရား) ကန်းတော့ ဘယ်လိုများ သွားခဲ့ ကြတုံး (ဦးတည့်ရာ သွားခဲ့ပါတယ် ဘုရား)။

လမ်းမှာ တီကလေး တစ်ကောင် ခင်ဗျားတို့ အိမ်နားဆီ ဘယ်နားဆီ မိုးကျတဲ့အခါ မြင်ပါလိမ့်မယ် (မှန်ပါ)၊ ဒီဘက်သွားချင်လည်း သွားလိုက် တာပဲ၊ ဒီဘက်က ပုတ်သင်ညိုတွေ၊ ကြက်တွေ၊ သူ့ကို စားမယ့်သတ္တဝါတွေက ဘယ်လိုပဲ စောင့်နေပေမယ့် သွားတာပဲ (မှန်ပါ)၊ ဟိုဘက်က စားမယ့် သတ္တဝါတွေ၊ ဘာတွေ စောင့်နေကော (သွားမှာပါ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး (ကန်းနေလို့ မြင်အား မသန်လို့ပါ ဘုရား) ကန်းလောက်အောင် မြင်အား မသန်တော့ သူများ စားမယ်လို့ စောင့်နေတဲ့ ရန်သူရှိတဲ့ နေရာမှ အတင်းတိုးပြီး သေပွဲဝင် လိုက်တယ် (မှန်ပါ)၊ ဒီကနေ ပဋိသန္ဓေ နေပြန်တော့ အကန်းပဲ ပြန်ဖြစ်တယ်၊ အကန်းပဲ ပြန်ဖြစ်တော့ သေပွဲချည်း ဝင်နေတာပဲ (မှန်ပါ)။

အကန်းပါးမဝကြသေးဘူးလား

ဦးဘကြည် ဘာဖြစ်နေတုံး (သေပွဲချည်း ဝင်နေပါတယ် ဘုရား) တော်လောက်ပြီ ထင်တယ်၊ အကန်းပါး မဝကြသေးဘူးလားလို့ မေးလိုက်တယ်။ မေးသင့် မမေးသင့် (မေးသင့်ပါတယ် ဘုရား) ဒကာ ဒကာမတွေက ဘုန်းကြီးစကားက သိပ်ကြမ်းတာပဲလို့ ဆိုချင် ဆိုမယ် (မှန်ပါ)။

ဘုန်းကြီး ပြောတာက တစ်ခွန်း ရှိသေးတယ်၊ ခင်ဗျားတို့ ကန်းတာက အကြိမ်များပြီ ရိပ်မိကြပြီလား (မှန်ပါ)၊ ဘုန်းကြီးက ပြောတာ တစ်ခွန်းတည်းပါ ကန်းလာတဲ့ အကြိမ်ပေါင်းက ဘယ်လောက်များလဲ (များပါ တယ် ဘုရား) အင်မတန်များနေပြီ ဆိုတော့ ေဩာ် -မေးတာက နည်းသေး တယ်၊ ကိုထွန်းဦး (မှန်ပါ)၊ ဒကာ ဒကာမတွေ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အကန်းပါး မဝသေးဘူးလားလို့ မေးတယ်၊ ဘယ့်နှယ်တုံး၊ မဝလောက် သေးဘူးလား (ဝပါပြီ ဘုရား) ရှေ့ဆက် ကန်းချင်သေးသလား (မကန်းချင်ပါ ဘုရား)။ အင်မတန် ကြောက်စရာ ကောင်းတယ် (မှန်ပါ)။

ဒီတစ်ခါပဲတွေ့တယ်

တစ်သံသရာလုံးမှာ ဒီတစ်ခါပဲ ခင်ဗျားတို့ တွေ့တယ်လို့ မှတ်ထား (မှန်ပါ)။ တွေ့ကို မတွေ့ခဲ့ဘူး၊ တွေ့ခဲ့ရင် ခင်ဗျားတို့ ကျွတ်တန်း ဝင်ပြီးပြီ (မှန်ပါ)။ သူသာ ဝိဇ္ဇာဖြစ်တဲ့ တစ်နေ့ သောတာပန် စတည်တာပဲ (မှန်ပါ) ခုနက ဆင်ကန်းတောတိုး အလုပ်တွေ လုပ်သေးရဲ့လား (မလုပ် ပါ ဘုရား)၊ အဲဒီတော့ ခုမှ တွေ့တယ် ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အခုတွေ့တာလက်မလွှတ်နဲ့

အခုတွေ့တာကို ခင်ဗျားတို့က လက်မလွှတ်နဲ့၊ မြန်မြန် ဒီအလင်းရောင် ရအောင်၊ ဒုက္ခကို မြင်အောင်ကြည့် (မှန်ပါ)၊ တစ်သံသရာလုံးက မိုက်လာတာ၊ အခုမှ အလင်းလေး တွေ့တဲ့ ဥစ္စာကို၊ ဒီအလင်းလေး လက်လွတ် သွားလို့ ပြန်မိုက်သွားရင် ခက်တယ် (မှန်ပါ)။ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ ပြောမှာပေါ့ဗျာ (မှန်ပါ)။ မအားတာနဲ့ မလပ်တာနဲ့၊ ကိစ္စတွေ မပြီးတာနဲ့ ဘာတွေ လျှောက်ပြောနေတယ် မပြောတတ်ဘူး၊ ကန်းစရာ အရေးကိုလည်း တစ်ခါတည်း ဘေးကနေ ကာခါဆီးခါနဲ့ ကန်းပါရစေဦး ဆိုတာနဲ့ အတူတူဖြစ်နေတယ်၊ မဆိုထိုက် ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဆင်ခြေလဲတာဟာ ဘယ်အကျိုးငှာ လဲကြပါလိမ့် (ကန်း ဖို့လဲတာပါ ဘုရား) ကန်းပါရစေဦး ဘုရား၊

ဒကာ ဒကာမတွ တရားအားထုတ် တဲ့အခါ ဒီနေ့ အားမထုတ်ဖြစ်ဘူး လို့ဆိုလို့ရှိရင်၊ -သူကန်းရတာ အားမရ သေးတဲ့ အတွက် ကန်းသက်ရှည်အောင် ပြောတဲ့စကားပါ (မှန်ပါ)၊ ဒိပြင် ဘာဆိုစရာ ရှိသေးတုံး (မရှိပါ ဘုရား)။ နာအောင် ပြောတာလား၊ အဟုတ် အမှန်ပြောတာလား (အဟုတ်ပြောတာပါ ဘုရား)။

အဲ-အဟုတ် ပြောတာ ဖြစ်နေတော့ ခင်ဗျားတို့က အင်း- တော်ပြီ၊ ကန်း သက်ရှည်ခဲ့လှပြီ၊ ဒီတစ်ခါ အလင်းရလို့မှ၊ ဒို့ခိုင်မြဲတဲ့ နိဗ္ဗာန်ကို မတက်မိလို့ ရှိရင်ဖြင့်၊ ဦးဘကြည် နောက်လည်း သွားဦးမှာပဲ (မှန်ပါ)၊ ကန်း လက်စသတ်ပါ့မလား (မသတ်ပါ ဘုရား)။

ဆရာကောင်းနဲ့တွေ့ပြီ

အဲဒီတော့ ဒီဘဝမှ ခင်ဗျားတို့ ပါရမီစုံလို့ အကန်း ဖွင့်ပေးတဲ့ ဆရာကောင်း သမားကောင်း တွေနဲ့ တွေ့ကော မတွေ့ဘူးလား (တွေ့ ပါတယ် ဘုရား)။

တွေ့လျက်သားနဲ့မှ ကန်းတဲ့အလုပ်ကို အရေးတကြီးလုပ်နေ ဦးမယ်ဆိုရင်ဖြင့် ကန်းတာ မဝသေးလို့ မဟုတ်ဘူးလား (မှန်ပါ)။ နောက် ကန်းပါရစေဦးလို့ ဆုမတောင်းနဲ့ သေသေချာချာ ကန်းမှာပါ၊ မကန်းပေဘူး လား၊ ကန်းမှာလား (ကန်းမှာပါ ဘုရား)။

ခန္ဓာကိုယ်ဖြစ်ပျက်မြင်အောင်

ဒါဖြင့် ဘယ့်နှယ် လုပ်ကြရမှာလဲ ဆိုရင်၊ ခင်ဗျားတို့ ခန္ဓာကိုယ် ဖြစ်ပျက် မြင်အောင် အားထုတ်ရမယ် (မှန်ပါ)၊ ဦးဘကြည် ဒီပြင် အလုပ် ဘာရှိသေးသလဲ (မရှိပါ ဘုရား) ဒကာ ဒကာမတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ အင်း ဒါ ဘုန်းကြီးက ပြောတာဟာ နည်းသေး တယ်နော် (မှန်ပါ)။

ဒကာ ဒကာမတွေ အကန်းဘဝနဲ့ နေခဲ့ရတာက ဘယ်လောက်များ ပြားခဲ့တုံး (မရေတွက် နိုင်ပါ ဘုရား)။ မရေမတွက်နိုင်ဘူး၊ ကန်းတာက ဘယ်လောက် ကန်းသလဲ ဆိုလို့ရှိရင် ဒုက္ခ ရောက်တာ မြင်တာကိုပင် ဝမ်းသာ တယ် (မှန်ပါ)။

ဒုက္ခမြင်တာဝမ်းသာနေတယ်

အင်း- ဘယ်သူ့သမီးလေးနဲ့ ဘယ်ဝါနဲ့၊ ကောင်းကောင်းမွန်မွန် ရိုးရိုး သားသားလေးနဲ့ အိမ်ထောင် ကျသွားတယ် ဆိုလို့ရှိရင်၊ သူတို့တော့ ဒုက္ခ ရောက်တော့မှာပဲလို့ မတွေးမိကြဘူး (မှန်ပါ)၊ အဲဒါကိုပဲ ရပ်နဲ့ရွာနဲ့ ဆိုပြီး ခင်ဗျားတို့က ဝမ်းသာ နေလိုက်တာ (မှန်ပါ)။ ဒုက္ခမြင်တာကို ဘာဖြစ် နေကြလဲ (ဝမ်းသာ နေကြတယ် ဘုရား)။ ဒုက္ခမြင်တာ ဝမ်းသာနေကြ တယ်၊ သဘော ကျပြီလား (မှန်ပါ)။

စီးပွားတွေ တက်လို့ အစောင့်တွေ အကြပ်တွေနဲ့ သွားရ လာရ၊ ဟုတ်လား၊ ကိုယ့်ကိုယ်မှ စိတ်မချလို့ အထဲ ခြောက်လုံးပြူးတို့ သေနတ်ရှည်တို့ ဆောင်ပြီး နေရတာကို ပင်လျှင်၊ ဝမ်းသာလို့ မဆုံးဘူး (မှန်လှပါ ဘုရား) မသာဘူးလား၊ သာသလား (သာပါတယ် ဘုရား)။

ဒုက္ခနဲ့နေရတာဝမ်းသာနေတယ်

ဒါ-ဒုက္ခနဲ့ နေရတာကို ဘာဖြစ်နေလဲ (ဝမ်းသာပါတယ် ဘုရား) ကန်းတာလည်း မပြောပါနဲ့ တော့ဗျာ၊ ဟင် မပေါ်သေးဘူးလား (ပေါ်ပါ ပြီ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခ မြင်လျက်နဲ့ ဒုက္ခမှန်း မသိအောင် ကန်းတယ် ဆိုတဲ့ အဓိပ္ပာယ်သည်၊ တကယ်ကန်းလို့ ကန်းတယ် ပြောတာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ ဒါဖြင့် ဒီဘဝ ဘယ့်နှယ်လုပ်ကြမယ် (မလုပ်တတ်ပါ ဘုရား)။

ဒီဘဝဘယ့်နှယ်လုပ်ကြမယ်

ကန်းလက်စ သိမ်းပါ့မယ် ဘုရားလို့ပြော (ကမ်းလက်စ သိမ်းပါ့ မယ် ဘုရား)။ ကန်းလက်စ သိမ်းပါ့မယ်လို့ ပြောမှ ကိုက်မှာ (မှန်ပါ)။ ဒိပြင် နည်းတော့ ဘုန်းကြီးတို့က မတတ်နိုင်ဘူး၊ ကန်းနေလို့ ရှိရင်ဖြင့် ပစ္စည်း ချမ်းသာလည်း၊ ခင်ဗျားတို့ မရဏ မင်း၏ စားဖတ်၊ ဝါးဖတ်ဖြစ်မှာပဲ (မှန်ပါ)။

ဦးဘကြည် မရဏမင်းက ဘယ်သူ့ လျှော့မှာတုံး (ဘယ်သူမှ မလျှော့ပါ ဘုရား)။ အဲဒီတော့ ကန်းနေတဲ့ ပုဂ္ဂိုလ်ကို သေမင်းက အကုန်စား မယ် (မှန်ပါ)။ ကန်းနေတဲ့ ပုဂ္ဂိုလ် ဘယ်သူ့ ချန်ဦးမှာတုံး (ဘယ်သူ့ မှ မချန်ပါ ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ အသေခံရဲတဲ့ ပလူလဲ မဖြစ်ကြပါနဲ့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

တွင်းထဲက လုထွက်တဲ့ပလူ

အသေခံရဲတဲ့ ပလူများဟာ တွင်းထဲက လုထွက်တယ် (မှန်ပါ)။ ဒီကလည်း စားမယ့်၊ သောက်မယ့် ဟာတွေက စောင့်နေတာတွေ တစ်ပုံကြီး ရှိနေတယ် (မှန်ပါ)။ သို့သော် သူတို့က ဖြည်းဖြည်း ထွက်သလား၊ လုထွက်ကြသလား (လုထွက် ကြပါတယ် ဘုရား)။ ကန်းတာကိုးဗျ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကန်းတဲ့အတွက် ခင်ဗျားတို့သည် လုပြီး သကာလ ထွက်တဲ့ပလူလိုပဲ။ ခင်ဗျားတို့လည်း ပျာပျာသလဲ အလုပ်လုပ်ပြီး သကာလ ၊ လောကီ အလုပ်တွေ စောင့်နေတာဟာ ပလူထွက် ထွက်နေတာ၊ သေချင်လွန်းလို့ပဲ (မှန်ပါ)။ မရဏမင်းနဲ့ မြန်မြန်ကြီးတွေ့ချင်လို့ လုပ်နေတဲ့ အလုပ်ပဲလို့ ဆိုရင် ဦးချစ်ခ လွဲသလား (မလွဲပါ ဘုရား)။

ဒါနိဗ္ဗာန်ရောက်တဲ့ အလုပ်မှမဟုတ်ဘဲ (မှန်ပါ)။ တွေ့ရင် ဘာနဲ့ တွေ့ရမှာတုံး (ဒုက္ခနဲ့ တွေ့ရပါမယ် ဘုရား)။ ဒုက္ခနဲ့ တွေ့ရမယ်၊ သေမင်းနဲ့ တွေ့ရမယ် (မှန်ပါ)။ အဲဒီ သေမင်းနဲ့ တွေ့ရတဲ့ အလုပ် ကျတော့ ခင်ဗျား တို့က လုများ ထွက်နေသေးတယ် (မှန်ပါ)၊ ဦးဘကြည် မထွက် ကြဘူးလား (ထွက်ပါတယ် ဘုရား)။

သေမင်းဆီလုပြီးထွက်နေတယ်

ခင်ဗျားတို့ ဆိုင်ထွက်ရတဲ့ အလုပ်နဲ့ကို အားသေးရဲ့ လား၊ ဒီလောက်ထိအောင် လုထွက် နေတာဗျ၊ ရိပ်မိပြီလား (မှန်ပါ)။ အဲဒီတော့ကို ဒကာ ဒကာမတို့ ဘယ်အကျိုးငှာတုံးလို့ မေးလို့ ရှိရင်ဖြင့် ကိုထွန်းဦး ဖြေတတ်ပြီလား (မှန်ပါ)၊ မရဏမင်းဆီကို လုထွက်နေတယ် (မှန်ပါ)။

ဒီအလုပ် လုပ်နေကတည်းက၊ ဒီဥစ္စာ သေမင်းက လွတ်မယ့် အလုပ် ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။ မဟုတ်ဘူး သေမင်းလွတ်မယ့် အလုပ်က ဝိဇ္ဇာ ဥဒပါဒိ ဖြစ်မှကိုးဗျ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုလောကီ အလုပ်ကို သူ့ထက်ငါ လုယက် လုပ်နေတာဖြင့် ပလူထွက်တာသာ မှတ်ပေတော့ (မှန်ပါ)။ ပလူတွေလို မြန်မြန် စားဖတ်၊ ဝါးဖတ် ဖြစ်အောင် တွေ့လိုပါ၏ ဆိုတဲ့ ပုဂ္ဂိုလ်ပါ မပါ (ပါပါတယ် ဘုရား)။ ဒါဖြင့် ရှင်းကြရောပေါ့ဗျာ (မှန်ပါ)။

လုပ်တောင် မစားချင်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်များ ရောက်ချင်လည်း ရောက်အောင် ခင်ဗျားတို့ လုပ်စားချင် သေးသလား (မစားချင်တော့ ပါ ဘုရား) မစားချင်တော့ဘူး။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ လုပ်မစား ရတဲ့ ဥစ္စာဟာ နိဗ္ဗာန်ပဲလို့ ဘုန်းကြီး ခဏခဏ ပြောတယ် (မှန်ပါ)။

ဘုန်းကြီးပြောတောဖြစ်အောင်လုပ်

ဘာမှမလုပ်ပဲနဲ့ ချမ်းသာ ကျန်းမာ နေရတာက ဘယ်သူတုံး (နိဗ္ဗာန်ပါ ဘုရား) အဲဒီလိုချည်း ခံစားနေချင်ပါတယ် ဆိုရင်၊ ဘုန်းကြီးပြော တဲ့ “ဝိဇ္ဇာ ဥဒပါဒိ” ဖြစ်အောင်၊ ဒုက္ခပိုင်းခြားတဲ့ အလုပ်သာ လုပ်နေရင်၊ ဦးဘကြည် ချမ်းသာစစ် ရမလား၊ မရဘူးလား (ရမှာပါ ဘုရား)။

ဟာ ဒီလောကီ အလုပ်သာ လုပ်နေလို့ရှိရင်ဖြင့်၊ အင်း မရဏ မင်းကြီး၏ ခံတွင်းထဲကို ဝင်နေတာပဲလို့သာ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ)။ ဒိပြင် လွတ်မြောက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒီနေ့ ပြောတဲ့တရားမှာ၊ ဦးဝင်း အထူးဂရုစိုက်ဖို့ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။ အင်မတန် အထူးဂရုစိုက်ဖို့ ကောင်းပါတယ်၊ ဝိဇ္ဇာ ဥဒပါဒိကို မဖြစ်မှာ စိုးတယ် (မှန်ပါ)။

နောက်တုန်းကဘာနဲ့နေခဲ့ရတုံး

နောက်တုန်းက ဘာနဲ့နေခဲ့ရတုံး ဆိုလို့ရှိရင်ဖြင့်၊ ဒီဒုက္ခကို မသိက တည်းက ဘာနဲ့နေခဲ့တုံး (အဝိဇ္ဇာပါ ဘုရား)။

ယခုတော့ဖြင့် ခန္ဓာကိုယ် ကြီးမှာပေါ်တဲ့ ဝေဒနာလေးတွေ လျှောက်ကြည့်တော့ ဖြစ်တယ်၊ ပျက်တယ် (မှန်ပါ) ဒီနေရာ ပေါ်ပြီး ဒီနေရာ ပျောက်သွားတာပဲ၊ အင်း ဒီဒုက္ခကြီးဟာ ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ အပြန့်အနှံ့ ရှိတာပဲ (မှန်ပါ)။

အဲဒါ ဝိပဿနာ ဝိဇ္ဇာလေး ဖြစ်လာတယ်၊ ဦးဘကြည် (မှန်ပါ) ဝိပဿနာ ဝိဇ္ဇာလေး ဖြစ်ရင်ပဲ အတော်လေး သက်သာသွားပြီ (မှန်ပါ) ဝေဒနာလေးတွေ၏ အဖြစ်အပျက် ဥဒယဗ္ဗယလေး မြင်လိုက်ရင်ပဲ အတော်လေး သက်သာသွားတယ်။

နိဗ္ဗာန်မြင်လိမ့်မယ်

အင်း မျက်လုံးလေးတော့ဖြင့် တိမ်သလ္လာ နည်းနည်း ရှင်းယောင်လေး တော့ ရှိပြီ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီထက် ရှင်းလို့ရှိရင် နိဗ္ဗာန် မြင်လိမ့်မယ် ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် “ဒဿနဋ္ဌော” ဆိုတဲ့ အဓိပ္ပာယ်ကို လျှို့ရှင်းပြတော့မယ် (မှန်ပါ) ဒဿနဋ္ဌော အနမတဂ္ဂ သံသရာစက်က အိပ်မက်တွင် တစ်ခါမှ မမြင်ဘူးဘဲ အထူးအချွန် အလွန်မြတ်လှ နိဗ္ဗာနကို နေဝန်းလဝန်း ပေါ်တင် ထွန်းသို့ ရွှန်းရွှန်းမြိုင်မြိုင် မြင်စွမ်းနိုင်သော အနက်သဘောသည် လည်းကောင်း (မှန်ပါ)။

နိဗ္ဗာန်ကိုထင်ထင်ရှားရှားမြင်နိုင်တယ်

ဒဿနဋ္ဌော အရ နေဝန်းကြီး လဝန်းကြီးလိုကို နိဗ္ဗာန်ကို မြင်နိုင်တယ် (မှန်ပါ) နေဝန်း လဝန်း ကဲ့သို့ လင်းလာပြီ ဆိုတာ မဟုတ်ဘူးနော် (မှန်ပါ)။ ဒီလို ထင်ထင်ရှားရှားကြီး မြင်နိုင်ပါတယ်လို့ ဆိုတာ နေဝန်းလဝန်း ပေါ်တင် ထွန်းသို့ ရွှန်းရွှန်းမြိုင်မြိုင် မြင်စွမ်း နိုင်သော အနက်သဘော သည် လည်းကောင်း ဆိုတာ ဝိဇ္ဇာဖြစ်ရင် မြင်တာပဲ (မှန်ပါ)။

သစ္စာလေးပါးလည်းမြင်ပါတယ်

ဦးဘကြည် ဘာတဲ့တုံး (ဝိဇ္ဇာဖြစ်ရင် မြင်နိုင်ပါတယ် ဘုရား) အဲဒီတော့ကို သူသည် နိဗ္ဗာန်တင် မြင်သလား ဆိုတော့ ဋီကာများက “စတုသစ္စဒဿနံ ဝါ” သစ္စာလေးပါးလဲ မြင်ပါတယ် (မှန်ပါ)။

“နိဗ္ဗာနဒဿနံ စတုသစ္စ ဒဿနံ ဝါ’’ နိဗ္ဗာန်တင် မကသေး သစ္စာလေးပါးကို တစ်ပြိုင်နက် မြင်ခြင်း သည် လည်းကောင်း၊ ဒဿနဋ္ဌော = မဂ္ဂသစ္စာ၏ ဒဿန သဘောသည်၊ ပါတုဘဝတိ = ထင်ရှား ဖြစ်လာ၏ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ကိုလည်း မြင်နိုင်ပါတယ်တဲ့ ဝိဇ္ဇာ ဖြစ်လာလို့ရှိရင် (မှန်ပါ)။ ဒကာ ဒကာမတို့ သစ္စာ လေးပါးကော (မြင်နိုင်ပါတယ် ဘုရား)

ဪ ဒါဖြင့် ဒီဥစ္စာ ဝိဇ္ဇာဖြစ်အောင် မဖြစ်ဖြစ်အောင် လုပ်ရမယ် (မှန်ပါ)။ မလုပ်ထိုက် ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား) မဖြစ် ဖြစ်အောင် လုပ်ထိုက်တယ် ဆိုတာကို ဒကာ ဒကာမတို့ ကျေကျေနပ်နပ် မှတ်ပါ (မှန်ပါ)။

နို့မိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ဆိုတာက ဒိပြင်တရားနဲ့ မတူဘူး (မှန်ပါ)။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာ လို့လည်း ခင်ဗျားတို့ အိပ်မက်တောင် မမက်ဖူးဘူး (မှန်လှပါ ဘုရား) ခန္ဓာဖြစ်ကြောင်း သမုဒယ သစ္စာပါလား လို့ဆိုတာ လည်း ဘယ်သူမှ အိပ်မက် မမက်ဘူး (မှန်ပါ)။ မမက်ကောင်း တဲ့တရား၊ သဘောကျပြီလား (မှန်ပါ)။

အိပ်မက်၊ မမက်ဖူးတဲ့တရား

ခန္ဓာအဆုံးမှာ နိဗ္ဗာန်ပါပဲ ဆိုတာ ဦးဘကြည် မှတ်လိုက် ဘယ်သူမှ အိပ်မက် မမက်ဖူးတဲ့ တရား (မှန်ပါ)။ တစ်သံသရာလုံး မမက်ဖူးဘူး (မှန်ပါ)။ မြင်ဖူးမှာ ဆိုတာ အသာထားပါတော့ ယောင်ရမ်းလို့တောင် အိပ်မက် မမက်ဖူးဘူး၊ သဘောကျ ပြီလား (မှန်ပါ)။ နိဗ္ဗာန် မြင်နိုင်တာက သမ္မာဒိဋ္ဌိ မဂ္ဂင်ပဲ၊ သမ္မာဒိဋ္ဌိ မျက်လုံး ဆိုတာကိုလည်း အိပ်မက် မမက်ဖူးဘူး (မှန်ပါ)။

ဦးဝင်း ဘဝများစွာ သံသရာက အိပ်မက် မမက်ကောင်းတဲ့ တရားဟာ ဘယ်တရားပါလိမ့် (သစ္စာလေးပါးပါ ဘုရား) သစ္စာလေးပါး ကို အိပ်မက်ထဲ မမက်ဖူးကြဘူး (မှန်ပါ)။ ဒကာ ဒကာမတွေ ဒိပြင်ဟာတွေ မက်ဖူးကြတယ်၊ မြင်းမိုရ်တောင် အကြောင်းသူများ ပြောသံကြား နဲ့လည်း မြင်းမိုရ်တောင်ကြီး မက်ဖူးတာပဲ (မှန်ပါ)။

သူများ ပြောသံကြား၊ ဟောသံကြားနဲ့ တစ်ခါတလေ အိပ်မက်ထဲ များ နတ်ပြည်များ ရောက်နေသေးတယ် (မှန်ပါ)။ ဦးခင်မောင် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ရောက်တယ်၊ နိဗ္ဗာန်တို့ ဒုက္ခ သစ္စာတို့ ကျတော့ အိပ်မက်ထဲကို မမက်ကောင်းဘူးတဲ့ (မှန်ပါ)။

ဘာကြောင့်တုံးဗျာ၊ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသောကြောင့် (မှန်လှပါ ဘုရား) ဒါဖြင့် “ဒဿနဋ္ဌော” ဆိုတာ အနမတဂ္ဂ သံသရာစက် က အိပ်မက်တွင်မှ မမြင်ဘူးဘဲ နိဗ္ဗာန်ကို အိပ်မက်ထဲ မြင်ဖူးကြရဲ့လား (မမြင်ဘူးပါ ဘုရား)။

တစ်သံသရာလုံး၊ သစ္စာကွယ်နေခဲ့တယ်

သစ္စာလေးပါးကော (မမြင်ဘူးပါ ဘုရား)။ ေဩာ်- ဒါဖြင့် အိပ်မက် မမက်ဖူးဘူးဆိုသဖြင့် ခင်ဗျားတို့ ကျုပ်တို့သည် တစ်သံသရာလုံး မှာဖြင့် သစ္စာကွယ်နေခဲ့တယ် (မှန်ပါ)။ သစ္စာကွယ်တော့ သမ္မာဒိဋ္ဌိ မျက်လုံးလည်း ကွယ်ခဲ့တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် အကန်းဘဝနဲ့ အချိန်ကုန်ခဲ့တယ် (မှန်ပါ)။ ဦးဝင်း ဘယ့်နှယ် ဆုံးဖြတ်ချက်ချမှာလဲ (အကန်းဘဝနဲ့ အချိန် ကုန်ခဲ့ပါတယ် ဘုရား)။ ဒကာ ဒကာမတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်လို များ နောက်ကနေခဲ့ရပါလိမ့် (အကန်းဘဝနဲ့ နေခဲ့ရပါတယ် ဘုရား)။

ဒီဘဝက ဟိုဘဝဖြစ်ပြန်တော့လည်း သိလို့ဖြစ်ခဲ့တာလား၊ အကန်းဖြစ် ဖြစ်တာပဲလား (အကန်းဖြစ် ဖြစ်တာပါ ဘုရား)။ လမ်းမှာ ချောက်တွေ့ ပြန်တော့ ဆင်းခဲ့ရသလား၊ ကျသေခဲ့ ရသလားလို့ မေးရင် (ကျသေခဲ့ ပါတယ် ဘုရား)။ ဆင်းပြု သွားတာ မဟုတ်ဘူး၊ ကျသေခဲ့တာပဲ (မှန်ပါ)။

သေရာကနေ ပြန်တက်ပြီးတစ်ခါ ဦးတည့်ရာ သွားပြန်တော့လည်း တစ်ဖန် ကျသေခဲ့တာပဲ (မှန်ပါ)။ မယုံရင် ခင်ဗျားတို့ အိမ်မှာရှိတဲ့ စာကလေးတွေ သာကြည့်၊ ဘယ်ပျံလိမ့်မယ်လို့ ခင်ဗျားတို့ အမှန် ပြောလို့ရသ လား (မရပါ ဘုရား) ဘယ်လို ပျံလေ့ရှိတုံး (ဦးတည့်ရာ ပျံပါတယ် ဘုရား)။

အဲ ဦးတည့်ရာ ပျံကြတဲ့အခါကျလို့ ရှိရင်ဖြင့် မုဆိုး ထောင်ထားတဲ့ ပိုက်နဲ့လည်း တွေ့ချင် တွေ့မှာပဲ (မှန်ပါ)၊ ဒကာ ဒကာမတို့ သူ့မှာ အမှန် ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ အဲဒီလိုပဲ နောက်တုန်းက တပည့်တော်လည်း ဒီအတိုင်းပါပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။

အဲဒီတော့ ရှေ့ကိုဖြင့် ဒီအကန်း ဇာတ်ကိုသိမ်းပါ (မှန်ပါ)။ အကန်း ဇာတ်သိမ်း လို့ရှိရင် ဒဿနဋ္ဌောဆိုတဲ့ မြင်မှုကြီးက ထင်ရှားလာလိမ့် မယ်၊ ဦးဘကြည် မထင်ရှားပေဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒီ “ဒဿန” ဆိုတဲ့ အဓိပ္ပာယ်သည် ဒုက္ခသစ္စာ မြင်မှုကို ဆိုတာ (မှန်ပါ)။

ဗြဟ္မာ့ပြည်ကလူ့ပြည်ကိုမြင်တယ်

ဗြဟ္မာတွေဟာ အတော် တန်ခိုးကြီးတယ်၊ လူ့ပြည်နှင့် ဆိုလို့ရှိရင် နှစ်ကုဋေ နှစ်သန်း နှစ်သိန်း ခြောက်သောင်းလောက် ယူဇနာ ဝေးတယ် (မှန်ပါ)။ လူ့ပြည်နဲ့ အောက်ဆုံး ဗြဟ္မာပြည့်နဲ့ နှစ်ကုဋေ နှစ်သန်း နှစ်သိန်း ခြောက်သောင်း ဝေးတယ်၊ ဒီလောက်ဝေးတာကို ဗြဟ္မာမျက်လုံးဟာ ဘယ်လောက် ထက်မြက် စူးရှသလဲ ဆိုရင် ဗြဟ္မာဘုံကကြည့် မြင်နိုင်စွမ်း ရှိတယ် (မှန်ပါ)။

အဲဒီလောက် ထက်မြက်တဲ့ ဗြဟ္မာမျက်လုံးတွေ အကုန်စုပေါင်းပြီး တော့ကို နိရောဓ ကြည့်ပါ။ မမြင်ပါဘူး မြင်ပါ့မလား (မမြင်ပါ ဘုရား) နို့ သူတို့မျက်လုံးက မကောင်းဘူးလား ကောင်းသလား (ကောင်းပါတယ် ဘုရား)။ လူ့ပြည်မှာ ဘာရှိတယ် ဆိုတာ အကုန်သိတယ် (မှန်ပါ)။

ယူဇနာပေါင်း နှစ်ကုဋေ နှစ်သန်းလောက် ဝေးတဲ့နေရာ တွေမှာ ဘာရှိတယ်ဆိုတာ ဒကာ ဒကာမတို့ ဗြဟ္မာ မျက်လုံးဟာ မြင်သတဲ့မမြင်ဘူး လား (မြင်ပါတယ် ဘုရား)။ သို့သော်လည်း ခုနက နိရောဓ ကျတော့ ဦးဘကြည် ဘယ့်နှယ် ဆိုမှာလဲ (မမြင်ပါ ဘုရား)။

သမ္မာဒိဋ္ဌိမျက်လုံးက ပိုပြီးကြည်တယ်

အင်း ဒါဖြင့် အဲဒီ ဗြဟ္မာ မျက်လုံးတွေထက် သမ္မာဒိဋ္ဌိ မျက်လုံးက ပိုပြီး ကြည်ပါတယ်၊ ပိုပြီး အဖိုးတန်တယ် ဆိုတာ သဘောကျပြီလား (မှန်ပါ) ဒါကြောင့် ဗြဟ္မာတွေမှာ ဘယ်လောက် မျက်လုံး ကောင်းကောင်း တော်တော်ကြာ ဗြဟ္မာပြည်ကနေပြီး ဝက်ဖြစ်ချင်လည်း ဖြစ်သေးတယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

လူ့ပြည်ဆင်းပြီး၊ လူ့ပြည်ကနေဝက်ဖြစ်၊ အဲဒီနောက် ငရဲကော မကျ နိုင်ဘူးလား (ကျနိုင် ပါတယ် ဘုရား)။ ကျုပ်တို့ခင်ဗျားတို့ကိုယ်တိုင် ဗြဟ္မာ လူထွက်တွေပါ (မှန်ပါ)။ ကမ္ဘာ ပျက်ခါနီး ကျတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေကို ဦးဝင်း လောကဗျူဟာ နတ်က ကြွေးကြော်လို့ မပွားကြဘူးလား (ပွားပါတယ် ဘုရား)။

ပွားတဲ့အခါကျတော့ အားလုံးပဲ ဗြဟ္မာပြည် မလားကြဘူးလား (လားပါတယ် ဘုရား)။ အဲဒါ အခု ဘယ်ရောက်နေတုံး မေးပါလား၊

လောဘဇော၊ ဒေါသော၊ မောဟဇော တောထဲမှာ ရောက် မနေဘူးလား (ရောက်နေပါတယ် ဘုရား)။ အဲဒီတောထဲရောက်နေတော့ ခင်ဗျားတို့ ဗြဟ္မာ မျက်လုံးနဲ့ နိဗ္ဗာန်ကို မမြင်နိုင်တာလည်း သေချာတယ်၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုယ်လည်း ဗြဟ္မာဖြစ်ခဲ့ပြီကောဗျာ (မှန်ပါ)။ တွေ့ကို မတွေ့ခဲ့ ဘူး (မှန်ပါ)။ ဒါဖြင့် ယနေ့ ဒကာ ဒကာမတွေ “ဒဿနဋ္ဌော” ဆိုတဲ့ အဓိပ္ပာယ်သည် ဗြဟ္မာပေါင်း ထောင်သောင်း အစရှိသည့် မျက်လုံးပေါင်းနှင့် ပေါင်းကြည့်ငြား သော်လည်း မြင်နိုင်တဲ့ စွမ်းရည် သတ္တိရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အခု ဆရာဘုန်းကြီးက မြင်အောင်ဟောလိမ့်မယ်၊ အဲဒီလို မြင်အောင် ဟောလိုက်တဲ့ အခါကျလို့ရှိရင်၊ ေဩာ်- ဒို့သည်ကားလို့ ဆိုရင် ကံထူး ဉာဏ်ထူး သေချာပါတယ်လို့ မဆိုနိုင်ဘူးလား၊ ဆိုနိုင်သလား (ဆိုနိုင်ပါ တယ် ဘုရား)။ ဒါဖြင့် ဒါလေးလက်လွတ်သွားလို့ ဒီအချိန်လေး လက်လွတ် သွားရင် ခင်ဗျားတို့ သွားပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်မှဖြစ်မယ်

အဲဒီတော့ကို ဒကာ ဒကာမတို့ ဒီအလုပ်ဟာ ဦးဘကြည်တို့ ဦးဝင်း တို့ လုပ်ဖြစ်အောင် လုပ်မှဖြစ်မယ် (မှန်ပါ)။ ဒီက ကျော်သွားရင် ဘယ့်နှယ်ဆိုမှာလဲ (လုပ်ချိန်မရှိပါ ဘုရား)။ လုပ်ချိန် မရှိတော့သဖြင့် ခင်ဗျားတို့ လားရာဂတိကလည်း သောတာပန် မတည်သေးသရွေ့ မြဲရဲ့လား (မမြဲပါ ဘုရား)။

မမြဲတော့ မလ္လိကာ မိဖုရားကြီးဟာ အသဒိသ ဒါနအလှူကြီး လှူပြီး အဝီစိရောက်တယ် ဆိုတော့ အာသန္နကံ ဝင်ပြီး ချလိုက်တာ (မှန်ပါ)။ ကဲ “အသဒိသ’’ ဒါနအလှူရှင်ကြီးရဲ့ အဖြစ်ဆိုး သိလို့ ဘုရားတောင်မှပဲ (၇)ရက် နန်းတော်ထဲကို မကြွရဲအောင် ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။ ကြွရဲရဲ့ လား (မကြွရဲပါ ဘုရား)။

မတော်လို့များ တပည့်တော် မိဖုရာကြီးဟာ အလှူအတန်း အင်မတန် ရက်စက်တာ၊ အခု ဘယ်ဘုံ ရောက်နေတုံးမေးလို့ ငရဲဆိုရင်၊ ရှင်ဘုရင်က ဖောက်တော့မှာပဲ၊ မဖောက်ပေဘူးလား (ဖောက်မှာပါ ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ မမြဲသေးဘူး ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မလ္လိကာ မိဖုရားကြီးဟာ မြဲရဲ့လား (မမြဲပါ ဘုရား)။ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သူ့ခင်ပွန်း သည်ကော (မမြဲပါ ဘုရား)၊ မမြဲသေးဘူး။ မမြဲသေးတာ ဦးဘကြည်၊ ဦးခင်မောင်တို့က စဉ်းစားလိုက် ဒီ ဒဿနဋ္ဌော မဖြစ်လို့ မမြဲဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ “ဒဿနဋ္ဌော’’ ဆိုတာ နိဗ္ဗာန်မြင်မှုကို တစ်ခါမှ မတွေ့လိုက်တာနဲ့ မမြဲတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အခြေအနေတစ်ခုခုလုပ်ထား

ခင်ဗျားတို့ ဒီဘဝ နိဗ္ဗာန်မြင်အောင် လုပ်ရင်လုပ်ပါ (မှန်ပါ) ဒုက္ခပိုင်းခြားနိုင်တဲ့ အခြေအနေ တစ်ခုခု လုပ်ရင်လုပ်ပါ (မှန်ပါ)။ မလုပ် လို့ရှိရင်ဖြင့် ခင်ဗျားတို့ အခု ယောင်ယောင်လေးမျှ ရှိတဲ့ မျက်လုံး အကြည် ရောင်လေးဟာ တော်တော်ကြာ တိမ်သလ္လာ အကုန်ဖုံးမှာ မဖုံးပေဘူးလား (ဖုံးမှာပါ ဘုရား)။

အဲဒီလိုဆိုရင် ဦးတည်ရာ သွားပြီ၊ သူများ၏ စားဖတ်ဝါးဖတ်အဖြစ်နဲ့ ပဲ သေကြ ကြေကြ ရလိမ့်ဦးမယ် ဆိုတာ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။ ဒါဖြင့် “ဒဿနဋ္ဌော” ဟာ ဦးဘကြည် ဘယ်လောက် အရေးကြီးတုံး (အလွန်အရေးကြီးပါတယ် ဘုရား)။

“ဒဿနဋ္ဌော” မလာသေးလို့ရှိရင် ဒကာ ဒကာမတွေ ဝိနိပါတိက ဘေးကလွတ်ပါ့မလား (မလွတ်ပါ ဘုရား)။ ဝိနိပါတိကဘေး ဆိုတာ ဒကာ ဒကာမတို့ ပရမ်းပတာကျတဲ့ ဘေးနော် (မှန်ပါ)။

ခင်ဗျားတို့ အခုကျောင်း ဒကာ ကျောင်းအမ၊ ဘုရားဒကာ၊ ဘုရားအမ၊ ရဟန်းဒကာ၊ ရဟန်း အမတွေ လုပ်ပြီး နေငြားသော်လည်း “ဒဿနဋ္ဌော” ကို မရသေးဘူးဆိုပါတော့ ဦးဘကြည်ရာ၊ နိဗ္ဗာန် မြင်ရပြီလား (မမြင်ရသေးပါ ဘုရား)။

နိဗ္ဗာန်မမြင်ရသေးရင်ဘေးမလွတ်

မမြင်ရသေးရင် ပရမ်းပတာဘေး မလွတ်သေးဘူးတဲ့ (မှန်ပါ) ဟုတ်လား။ ပရမ်းပတာဘေး လွတ်ပါ့မလား ဒကာ ဒကာမတို့ (မလွတ် ပါ ဘုရား) မယုံလို့ရှိရင် ဟောဒီ အိမ်အတွင်းမှာ မန်ကျည်း ပင်ကြီး ရှိတယ်နော် (မှန်ပါ)။

အဲဒီ မန်ကျည်းပင်ကြီးက မန်ကျည်းကိုင်းတွေ ဦးဘကြည်က တက်ပြီး လှုပ်ချလိုက်စမ်း၊ မန်ကျည်း ရွက်ကလေးတွေ မှန်းခြေပေါက် ကျလာမှာလား၊ ကျချင်သလို ကျမှာလား (ကျချင်သလို ကျပါတယ် ဘုရား)၊ ရေမြောင်း ထဲလဲကျမယ်၊ ကုဋီထဲလည်း ကျမယ်၊ နွားချေးပုံ၊ လူချေးပုံ ထဲကော (ကျမှာပါ ဘုရား) ဟာ မီးဖိုထဲကော (ကျမှာပါ ဘုရား)။

အဲဒါ ပရမ်းပတာဘေး သင့်တဲ့ ပုဂ္ဂိုလ်ဟာ ဒီအတိုင်းပဲ ခင်ဗျားတို့လည်း ဒီဘဝက “ဒဿနဋ္ဌော” မမြင်သေးလို့ရှိရင် ပရမ်းပတာ ကျဦးမှာပဲ(မှန်ပါ)။

ပရမ်းပတာဘေး

တိရစ္ဆာန်လား၊ ငရဲလား၊ ပြိတ္တာလား၊ အသူရကာယ်လား၊ အကျိုး လား၊ မကန်းလား၊ အရူးလား၊ အ-အလား ဘယ်ကျမယ်လို့ မဆိုနိုင်ဘူး၊ ပရမ်းပတာကျရမယ့် ဘေးကတော့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။ ဒါဖြင့် တပည့်တော်တို့ကို ဒီဘေးက ကင်းဝေအောင် အရှင်ဘုရား ကယ်တင်တော် မူပါဆိုရင် “ဒဿနဋ္ဌော” ဖြစ်အောင်လုပ် (မှန်ပါ)။

ဦးဘကြည် ဘာလုပ်ရမှာလဲ (ဒဿနဋ္ဌော ဖြစ်အောင်လုပ်ရ မှာပါ ဘုရား) ဘယ်လောက် အရေးကြီးတုံး ဦးခင်မောင် (အင်မတန် အရေးကြီးပါတယ် ဘုရား)။ အလွန် အရေးကြီးတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီဘဝမှာ ခင်ဗျားတို့ ဘယ်လောက်ချမ်းသာလို့ ဘယ်လောက်ပဲကြွား ဝါနေစေကာမူ “ဒဿနဋ္ဌော” မပါရင် ပရမ်းပတာ ဘေးက မလွတ်နိုင်ဘူး (မှန်ပါ)၊ ခုနက မိဖုရားကြီး ထက်တော့ ခင်ဗျားတို့ ပိုမိုချမ်းသာမှာ မဟုတ်ပါ ဘူး (မှန်ပါ)။

အဲဒါကိုပင် “ဒဿနဋ္ဌော” ဆိုတဲ့ နိဗ္ဗာန်ကို မမြင်ဘဲနဲ့သေသွားတဲ့ အတွက် အဝီစိ သွားလိုက် ရသေးတယ် (မှန်ပါ)။ ဒကာသိုက်ရေ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ “ဒဿနဋ္ဌော” ဒကာ ဒကာမတွေ၊ ဒဿနဋ္ဌောဟာ သာမည အရေးမဟုတ် ပါဘူးနော် (မှန်ပါ)။

အင်မတန်အရေးကြီးလို့ပြောနေတာ

အင်မတန် အရေးကြီးလို့ ပြောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ ဒဿနဋ္ဌော မရှိရင် ဖြစ်ကို မဖြစ်ဘူး (မဖြစ်နိုင်ပါ ဘုရား)။ ‘‘ဒဿနဋ္ဌော’’ ဖြစ်သွားပြန်တော့လည်း “သမ္ပတ္တနိယတာ ဓမ္မာ” လို့ ဘုရားကဟောတယ် (မှန်ပါ)။ စုတေသည်၏ အခြားမဲ့၌ ဘယ်မှ ပရမ်းပတာ မကျဘူး (မှန်ပါ)။

မြဲသောသဘော ရှိတယ်၊ ကိုယ် လိုချင်တဲ့ဆီ ရပြီး မြဲပါတယ် (မှန်ပါ) မြဲသွားပြီ၊ အဲဒါကျတော့ ဓမ္မသင်္ဂဏီက “သမ္ပတ္တနိယတာ ဓမ္မာ” မဖောက်မပြန်ဘဲနဲ့ မြဲတယ် (မှန်ပါ)။ ဦးဘကြည် ဒဿနဋ္ဌော ဖြစ်ပြီး တော့ ဘာတဲ့ဗျ (သမ္ပတ္တနိယတာ ဓမ္မာပါ ဘုရား)။

“သမ္ပတ္တနိယတာဓမ္မာ” ဆိုတာ ဘာပါလိမ့် (မဖောက်မပြန်ဘဲ မြဲတာပါ ဘုရား)။ စုတိ အခြားမဲ့၌ တစ်ခါတည် းမြဲသွားပြီ (မှန်ပါ)။ ဒီမှာ သောတာပန်ဖြစ်ရင် ကိုယ်လိုချင်တဲ့ နတ်ပြည်မှ တစ်ပါး ဘယ်မှ မသွားတော့ ဘူး (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတို့ ေဩာ် “ဒဿနဋ္ဌော” ရှိမှ မြဲသကိုး၊ ကျန်တာ ဘာမှမမြဲဘူး ဆိုတာ ဆုံးဖြတ်ချက်ချ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်ကိုမမြင်ရသေးရင်ဘာတုံး

ဒဿနဋ္ဌောဆိုတဲ့ နိဗ္ဗာန်ကို မမြင်ရသေးရင် ဘာတုံး (သမ္ပတ္တ နိယတာ ဓမ္မာ မဖြစ်နိုင်သေးပါ ဘုရား)၊ “သမ္ပတ္တနိယတာ ဓမ္မာ” မဖြစ်နိုင်သေး ဘူး (မှန်ပါ)။ “သမ္ပတ္တနိယတာ ဓမ္မာ” ဆိုတာကတော့ ပရမ်းပတာဘေး လွတ်ပြီ (မှန်ပါ)၊ ဦးဘကြည် ဘာတဲ့တုံး (ပရမ်းပတာဘေး လွတ်ပါပြီ ဘုရား)။

ပရမ်းပတာ ဆိုတာက ခင်ဗျားတို့က စာသုံးသုံးရင် ဝိနိပါတိကဘေး ခေါ်တယ် (မှန်ပါ)။ ဝိနိပါတိကဘေး ဆိုတာက ဒဿနဋ္ဌော ကဲ့သို့ မမြဲ ဘူးလို့ ဆိုရမှာလား၊ မဆိုရဘူးလား (ဆိုရမှာပါ ဘုရား)။ မမြဲတော့ ခင်ဗျားတို့ ဒီဘဝမှာ လူ၊ နောက်ဘဝ ချိုကြီးနှစ်ခုနဲ့ ကျွဲသွားဖြစ်မယ်၊ မဖြစ်ဘူး လား (ဖြစ်မှာပါ ဘုရား)။

အစွယ်ငေါငေါကြီးနဲ့ ခွေးကော (ဖြစ်မှာပါ ဘုရား)။ အဲဒါ ဘာဘေး သင့်တယ်လို့ ဆိုကြမှာတုံး (ဝိနိပါတိကဘေးပါ ဘုရား)။ ဝိနိပါတိကဘေး၊ မြန်မာလိုပြန်တော့ ဘာဘေးသင့်သလဲ (ပရမ်းပတာ ဘေးပါ ဘုရား)။ ပရမ်းပတာဘေး သင့်တယ်။

အဲဒီတော့ ဒီဘဝမှာ ခင်ဗျားတို့ “ဒဿနဋ္ဌော” ဖြစ်အောင် လုပ်ပါလို့ ဦးဘကြည် တိုက်တွန်း သင့် မတိုက်တွန်းသင့် (တိုက်တွန်း သင့်ပါတယ် ဘုရား)။ အဲဒီတော့ ဒီ “ဒဿနဋ္ဌော” ကိုလည်း လူတိုင်းပြလို့ လွယ်တာ မဟုတ်ဘူး (မှန်ပါ)။

ဦးတင်ဝင်း ထောင်တတ်တဲ့နားပါလာလို့ မရပါ။ က ဘုရားသာသနာလေးရှိလို့ ဘုန်းကြီးတို့ ပါရမီလေးရှိလို့ (မှန်ပါ) အားလုံး ဒကာ ဒကာမတွေကလည်း ထောင်တတ်တဲ့ နားလေး ပါလာလို့ (မှန်ပါ)။ ထောင်တတ်တဲ့ နားမပါရင် ဘယ်လိုဟောဟော မရတော့ဘူး (မှန်ပါ)။ အဲဒီကျရင် ဘဝတုံး သွားတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုံး ဒီအချိန် ဒီအခါ ဒီအခွင့်ကောင်းမှာ မြင်အောင် မြန်မြန် လုပ်ရင်လုပ်၊ မလုပ်လို့ရှိရင် ကိုယ်ကျိုး နည်းပြီ ဆိုတာ သေချာတယ် (မှန်ပါ)။ ခင်ဗျားတို့ ဒီဘဝ စီးပွားရေး အရေးကြီးပြီး သကာလ ကြွားရေး ဝါရေးလေး အရေးကြီးပြီး၊ လူအောက်ကျမှာ လေးတွေ ကြောင့်ကြနေတဲ့ အရေးနဲ့ ဆိုလို့ ရှိရင်လည်း လူ့အောက် မကပါဘူး၊ ဒယ်အိုး ရောက်အောင် ကျပါလိမ့် ဦးမယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှတုံး (ဒဿနဋ္ဌော ဖြစ်အောင် လုပ်ရမှာပါ ဘုရား)။ ဒဿနဋ္ဌော ဖြစ်အောင် လုပ်ရမယ်၊ ဒကာ ဒကာမတို့ ဒဿနဋ္ဌော ဖြစ်အောင် လုပ်ရလိမ့်မယ်၊ ဒဿနဋ္ဌော ဆိုတာကို နှစ်ချက်ပြရ မယ်၊ သစ္စာလေးပါးကို တစ်ပြိုင်နက် မြင်အောင်လည်း တစ်မျိုး ဟောရလိမ့် မယ် (မှန်ပါ)။

နှစ်မျိုးဟောရမယ်

နိဗ္ဗာန်မြင်အောင်လည်း တစ်မျိုးဟောရမယ် (မှန်ပါ)။ ဦးဘကြည် ဘယ်နှစ်မျိုး ဟောရမှာလဲ (နှစ်မျိုးဟောရမှာပါ ဘုရား)၊ ဒဿနဋ္ဌော ဆိုတာ စာက နှစ်မျိုး လာနေတယ် (မှန်ပါ)။ “စတုသစ္စ ဒဿနံ နိဗ္ဗာနဒဿနံ ဝါ ဒဿနဋ္ဌော” (မှန်ပါ)။ ဒီလို လာနေတော့ သစ္စာလေးပါး တစ်ပြိုင်နက်မြင်တဲ့ နည်းလည်း ပြရလိမ့်မယ် (မှန်ပါ)။

နိဗ္ဗာန်ချည်း သက်သက်မြင်တဲ့ နည်းကော (ပြရမှာပါ ဘုရား)။ သို့သော် နိဗ္ဗာန်မြင်အောင် ဆိုလို့ ရှိရင်လည်း အားလုံးက ကျန်တဲ့ သစ္စာသုံးပါး ကို မြင်တာပါပဲလို့ မှတ်ပါတော့ (မှန်ပါ) ေဩာ် အဋ္ဌကထာ ဆရာတွေက အင်း ဒဿနဋ္ဌော ဆိုတာသည် အာဒိဒီပကနည်း၊ အန္တဒီပက နည်းတွေနဲ့ ရှုပ်ပြီး သကာလ ပြလို့သာ စင်စစ် သစ္စာလေးချက် တစ်ပြိုင်နက် မြင်တာ ကတော့ဖြင့် ဒါ အသေအချာ ဆုံးပဲ (မှန်ပါ)။

သစ္စာလေးချက်တစ်ပြိုင်နက်မြင်မှု

ကောင်းပြီ ဒါဖြင့် သစ္စာလေးချက် တစ်ပြိုင်နက် မြင်မှုသည် ဒကာ ဒကာမတို့ ဒါက ခင်ဗျားတို့ ရုပ်နာမ် ထားပါတော့ဗျာ (မှန်ပါ)။ ဒါက ရုပ်နာမ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်နေတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိပဲ ထားလိုက် ပါတော့နော် (မှန်ပါ)။ ကောင်းပြီ ဒါဖြင့် တဏှာကလည်း ဒါ ငါ့ကိုယ် ငါ့ဟာ၊ ငါ့ဥစ္စာ ရယ်လို့ ထင်တယ်။

မဂ္ဂင်ရှစ်ပါး ကလည်း ရုပ်နဲ့နာမ် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရုပ် လည်း အနိစ္စပဲ၊ ဖြစ်ပျက် ဒုက္ခသစ္စာပဲ၊ နာမ်လည်း ဖြစ်ပျက် ဒုက္ခသစ္စာပဲလို့ ဘုန်းကြီးက ဟောထားလို့၊ ဒကာ ဒကာမတွေက ခန္ဓာကို ဉာဏ်ထည့် လိုက်တဲ့ အခါကျတော့ ဖြစ်ပျက် ဒုက္ခသစ္စာ မမြင်ပေဘူးလား၊ မြင်မှာလား (မြင်မှာပါ ဘုရား)။

ဖြစ်ပျက် ဒုက္ခသစ္စာ မြင်တဲ့ အခါကျလို့ရှိရင်ဖြင့် မနေ့က ပြောတဲ့ အတိုင်း ဖြစ်ပျက်သည် ကားလို့ ဆိုရင်ဖြင့် သင်္ခါရတရားလို့ ဟောထားတယ်၊ မဟော ဘူးလား (ဟောပါတယ် ဘုရား)။

သင်္ခါရတရားဘယ်ကလာသတုံး

အဲဒီ သင်္ခါရတရား ဘယ်က လာသတုံးလို့ မေးတဲ့အခါကျတော့ “အနိစ္စာ ဝတ သင်္ခါရာ” ဒီလို မလာဘူးလား (လာပါတယ် ဘုရား)၊ ဝတ= ဧကန်စင်စစ်အားဖြင့်၊ သင်္ခါရာ = ပြုပြင်လို့ ပေါ်လာတဲ့ နာမ်ဓမ္မလေးတွေ၊ ဝေဒနာလေးတွေ မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ်လိုကြောင့် ဒါလေးတွေ လမ်းဆုံးတာတုံး၊ သင်္ခါရတရား အနိစ္စ လမ်းဆုံးတယ် ဆိုတာ မနေ့က ဟောပြီးသား ဖြစ်ပါတယ် ဦးဘကြည်ရ (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် အနိစ္စလမ်းဆုံး ရပါလိမ့်မလဲ၊ ဒကာ ဒကာမတွေ ဒီသင်္ခါရ တရားလေးဟာ ဘယ်မှာ လမ်းဆုံးသလဲ (အနိစ္စမှာ လမ်းဆုံး ပါတယ် ဘုရား)။

ဝေဒနာလေးပေါ်တာ သင်္ခါရတရား (မှန်ပါ)၊ နောက်ပျက် သွားတာက (အနိစ္စာပါ ဘုရား)၊ ဪ ဒါ အနိစ္စ လမ်းဆုံးတယ် (မှန်ပါ)။ ဒါဖြင့် အနိစ္စာ ဝတ သင်္ခါရာပဲ (မှန်ပါ)၊ ကျမ်းကလည်း

“သင်္ခါရာ = သင်္ခါရတရားတို့သည်၊ ဝတ =စင်စစ်၊ အနိစ္စာ = အနိစ္စပဲ” သဘောကျပြီ လား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဆုံးပါလိမ့်မတုံးလို့ ဦးဘကြည်တို့က မေးမေး ဦးခင်မောင်တို့က မေးမေး သူ့မှာ ဥပ္ပါဒနဲ့ ဝယပဲ ရှိတယ် (မှန်ပါ)။ ဦးဘကြည် ဘာရှိလဲ (ဥပ္ပါဒနဲ့ ဝယပါ ဘုရား)။

ဥပ္ပါဒနဲ့ ဝယဖြစ်ပျက်ရှိတာပဲ (မှန်ပါ)။

သူ့ကိုယ်တိုင်က ဖြစ်ပြီးပျက်တယ်

“ဥပ္ပါဒဝယဓမ္မိနော” သူ့ကိုယ်တိုင်က ဖြစ်ပြီး ပျက်တဲ့ သဘော မှတစ်ပါး နဂိုကိုက ဘာမှ မရှိဘူးတဲ့ (မှန်လှပါ ဘုရား)၊ ဒါက အနိစ္စနဲ့ သင်္ခါရကို ခိုင်မြဲအောင်လို့ ထောက်ခံ လိုက်တာ (မှန်လှပါ ဘုရား)။

အနိစ္စနဲ့ သင်္ခါရကို ဘာလုပ်လိုက်ပါလိမ့် (ခိုင်မြဲအောင်လုပ် ပါတယ် ဘုရား)၊ “ဥပ္ပါဒဝယ ဓမ္မိနော” ဓမ္မိနောက ဖြစ်ခြင်းပျက်ခြင်း သဘော ရှိသောကြောင့် သင်္ခါရဟာ အနိစ္စမှာ လမ်းဆုံးလိမ့်မယ် (မှန်ပါ)။ ဒကာ ဒကာမတွေ သူ့သဘောက ဘာရှိတုံး (ဖြစ်ခြင်း၊ ပျက်ခြင်း သဘောရှိပါတယ် ဘုရား)။

ဖြစ်ခြင်း ပျက်ခြင်း သဘောက သင်းကွဲရှိနေတော့၊ ေဩာ် ဖြစ်လာတာ သင်္ခါရ၊ ပျက်တာ အနိစ္စဆုံး သင့်တယ် (မှန်ပါ)။ ဦးဘကြည် ဆုံးသင့် မဆုံးသင့် (ဆုံးသင့်ပါတယ် ဘုရား)၊ ဆုံးသင့် တယ်နော် (မှန်ပါ)။

ကောင်းပြီ “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” မင်းတို့ မသိမှာ စိုးတယ်၊ ဘယ်တရား မဆိုမှတ်လိုက်၊ နိဗ္ဗာန်မှ တစ်ပါး ဖြစ်ပြီး ပျက်တာ ချည်းပဲ မှတ်လိုက် (မှန်ပါ)။ ဘာတုံး (ဖြစ်ပြီး ပျက်တာချည်းပါ ဘုရား)။

‘‘ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ’’ (မှန်ပါ)၊ ဥပ္ပဇ္ဈိတွာ = ဖြစ်ကုန်ပြီး၍၊ နိရုဇ္ဈန္တိ = ချုပ်ကြလေကုန်၏။

မင်းတို့ ကြိုက်နှစ်သက်တဲ့ အလုပ်ဟူသရွေ့ဟာ ဒီဖြစ်ပျက်ချည်းပဲ။ ဒကာ ဒကာမတွေ ဘာဟောတုံး (ဖြစ်ပျက် ချည်းပါ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ချည်းရှိတယ်

ခင်ဗျားတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံးထဲမှာ ဘာသာလျှင် ရှိတယ်လို့ ဆုံးဖြတ်ချက် ချကြမှာလဲ (ဖြစ်ပျက်ချည်း ရှိပါတယ် ဘုရား)။ အဲဒါကြောင့် ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှု ဆိုတာ ဒီပါဠိတော်က လာတာ (မှန်ပါ)။

“တေသံ” ထိုဖြစ်ပျက်တို့၏ “ဝူပသမော” မရှိခြင်းသည် “သုခေါ” နိဗ္ဗာန်မည်၏။ ဖြစ်ပျက်ကို ဆုံးသွားမှ နိဗ္ဗာန်တွေ့မှာပဲ (မှန်ပါ)။ ဘာတဲ့တုံး ဒကာ ဒကာမတို့ (ဖြစ်ပျက် ဆုံးသွားမှ နိဗ္ဗာန် တွေ့မှာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် ဘုန်းကြီးသင်ထားတဲ့ သုံးချက် မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

တစ်နံပါတ်ကဘာတဲ့ (ဖြစ်ပျက်မြင်အောင်ကြည့်ပါ ဘုရား)။ နှစ်နံပါတ်ကကော (မုန်းအောင် ကြည့်ပါ ဘုရား)။

သုံးနံပါတ်ကကော (ဆုံးအောင်ကြည့်ပါ ဘုရား)။

ဆုံးအောင်ကြည့် ဆိုတော့ ဖြစ်ပျက် မဆုံးသေးဘူးလား (ဆုံးပါ တယ် ဘုရား)၊ ဆုံးတာ ဘာခေါ်ကြမှာလဲ (နိဗ္ဗာန်ပါ ဘုရား)။ ပါဠိတော် က ဘယ့်နှယ်ရှိတုံး (တေသံ ဝူပသမော သုခေါ ပါ ဘုရား)။

ဖြစ်ပျက်မရှိရင် ချမ်းသာတဲ့နိဗ္ဗာန်

တေသံ = ထိုဖြစ်ပျက်နှစ်ခုတို့၏၊ ဝူပသမော = မရှိခြင်းသည်၊ သုခေါ = ချမ်းသာတဲ့ နိဗ္ဗာန်တဲ့ (မှန်ပါ)၊ သူမရှိတာ ဘာခေါ်ကြမှာလဲ (ချမ်းသာတဲ့ နိဗ္ဗာန်ပါ ဘုရား)။

အဲဒါကြောင့် တစ်နံပါတ်ကို ခင်ဗျားတို့ အိမ်ရောက်တဲ့အခါ ဝေဒနာ သုံးပါး၊ တစ်ပါးပါး ဖြစ်ပျက် မြင်အောင် ကြည့်ရမယ် (မှန်ပါ)။ နောက်ကျတော့ ကြည့်ရင်း မတ္တနဲ့ပဲ ဖြစ်ပျက် မုန်းအောင် တစ်ခါတည်း ဂရုစိုက်ပေး (မှန်ပါ)။

အားစိုက်ရင် မုန်းလာမှာပဲ (မှန်ပါ)၊ ဟာ မုန်းလာတဲ့ တစ်နေ့ ကျတော့ မလိုချင် ဆိုတာ ဦးဘကြည် လာမှာလား၊ မလာဘူးလား (လာပါတယ် ဘုရား)၊ မလိုချင်တဲ့ သုံးနံပါတ် ပေါ်လာလို့ရှိရင် ဒီကဆုံးတာပဲ (မှန်ပါ)။

“ဒဿန” အနက်ဆိုတာသူပဲ၊

မလိုချင်လို့ဆုံးတာ (မှန်ပါ)၊ မလိုလို့ ဆုံးတာလား၊ လိုချင်လို့ ဆုံးတာလား (မလိုချင်လို့ ဆုံးတာပါ ဘုရား)၊ ဆုံးလို့ ရှိရင် နိဗ္ဗာန်ကိုမြင် လိမ့်မယ် (မှန်ပါ)။

နိဗ္ဗာန်ကိုမြင်တော့ — အနမတဂ္ဂ၊ သံသရာစက်က၊ အိပ်မက်တွင် မှ၊ မမြင်စဖူး၊ အထူးအချွန်၊ အလွန်မြတ်လှ၊ နိဗ္ဗာနကို၊ နေဝန်းလဝန်း၊ ပေါ်တင်ထွန်းသို့၊ ရွှန်းရွှန်းမြိုင်မြိုင်၊ မြင်စွမ်းနိုင်သော “ဒဿန” အနက်ဆိုတာ သူပဲ။

သဘောကျကြပါပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။