မဂ္ဂသစ္စာအနက် (၂)ဟေတွဋ္ဌော

မဂ္ဂသစ္စာအနက် (၂)ဟေတွဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် မဂ္ဂသစ္စာအနက်မှ ဟေတွဋ္ဌော

စာအုပ်ခေါင်းစဉ်= မဂ္ဂသစ္စာ၏ အနက်လေးချက်(ဟေတွဋ္ဌော)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

မဂ္ဂသစ္စာ၏ အနက်လေးချက်

(ဟေတွဋ္ဌော)

(၂၂-၁၂-၅၇)

ဒကာ ဒကာမတို့ ယခုဟောလတ္တံ့ ဖြစ်တဲ့သစ္စာ အနက် တစ်ဆယ့် ခြောက်ချက်ဆိုတာက၊ မည်သူမဆို ဒကာ ဒကာမတွေ ဒီဥစ္စာ သောတာပန် တည်လို့ရှိရင်ဖြင့် တည်ခြင်း၏ အကြောင်းမှာ ဒီတစ်ဆယ့် ခြောက်ချက်ကို ပိုင်ပိုင်နိုင်နိုင် မရသေးသရွေ့ကာလပတ်လုံး၊ မည်သူမှ သောတာပန် မတည် နိုင်ဘူးဆိုတာကို မှတ်ထားကြပါ။

နိဗ္ဗာန်ဝင်တဲ့ပုဂ္ဂိုလ်၏အလုပ်

ဒီတစ်ဆယ့် ခြောက်ချက် ကင်း၍ သောတာပန် တည်ခြင်း၏ အဖြစ်ကို ဖြင့် မကြုံနိုင်ဘူး မဆုံနိုင်ဘူး၊ သောတာပန် ဟူသော နာမည် သမုတ်ခြင်းကို မရနိုင်ဘူးလို့ မှတ်ထားကြပါ။

ဒါကြောင့် သမုဒယသစ္စာကို ပဟာတဗ္ဗ ဖြစ်ရ မယ်၊ နိရောဓသစ္စာကို မျက်မှောက် ပြုရမယ်၊ မဂ္ဂသစ္စာကို ပွားများ ရမယ်။ ဒုက္ခသစ္စာကို ပိုင်းခြားရမယ်ဆိုတဲ့ ဥစ္စာက နိဗ္ဗာန်ဝင်တဲ့ ပုဂ္ဂိုလ်၏ အလုပ်။ မလွှဲသာ မရှောင်သာ ဒီဥစ္စာ မပါမဖြစ်တဲ့ အလုပ် ဆိုပြီး ဒကာ ဒကာမတွေက မှတ်ထား ရမယ်နော် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီဥစ္စာသည် အရေးကြီးတဲ့ တရားပဲလို့ မှတ်ထားတော့ကို ဒီတစ်ဆယ့် ခြောက်ချက်ကို မနေ့က ဟောတာက အဖြောင့်နဲ့ အကောက်ကို ဟောပါတယ်၊ မဂ္ဂသစ္စာက ဘာပါလိမ့် ဒကာ ဒကာမတို့ (အဖြောင့်ပါ ဘုရား) သူက အဖြောင့်သွား။

သမုဒယသစ္စာက အကောက်

သမုဒယ သစ္စာက ဘာပါလိမ့် (အကောက်ပါ ဘုရား)။ သူက အကောက်သွား၊ ဒါဖြင့် အဖြောင့်နဲ့ အကောက် ဆိုတာ ယှဉ်ကြည့်မှ သိတယ်။ ဦးဝင်း ယှဉ်ကြည့်မှ (မှန်ပါ)၊ ယှဉ်မကြည့်ရင် (မသိနိုင်ပါ ဘုရား)။

မသိနိုင်ဘူးတဲ့၊ သူဖြောင့်နေတယ်၊ သူကောက်နေတယ် ဆိုတဲ့ဥစ္စာဟာ နှစ်ခု တွဲကြည့် လိုက်တဲ့ အခါကျမှ၊ ဒါက အဖြောင့်၊ ဒါက အကောက် ဆိုတာ သိတယ်၊

ကောင်းပြီ ဒါဖြင့်ဒီ ဒကာ ဒကာမတို့ မှတ်စရာက သမုဒယ သစ္စာက ကောက်တယ်၊ မဂ္ဂသစ္စာက ဖြောင့်တယ်၊ ဒါလေး အကျဉ်းချုပ်မှတ် ထားလိုက်ပါ၊ သမုဒယသစ္စာက ဘာတုံး (ကောက်ပါတယ် ဘုရား)။

မဂ္ဂသစ္စာက အဖြောင့်

မဂ္ဂသစ္စာက (ဖြောင့် ပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် ကောက်တာသည် ကောက်ကွေ့ နေတဲ့ အတွက် လိုရာခရီးကို မရောက်ဘူး၊ ဖြောင့်တာသည် ဖြောင့်နေတဲ့ အတွက် ဖြောင့်ဖြောင့် သွားသောကြောင့် လိုရာ ခရီးကို ရောက်တယ်။ ဒါဖြင့် ဖြောင့်တာ သိမှ ကောက်တာသည် ထင်ရှား ပါ တယ်။ ထင်ရှားမှ ၎င်းကောက်တာကို ပယ်ဖြစ်တယ်။

ကိုထွန်းဦး ဒီအတိုင်းပေါ့ဗျာ (မှန်လှပါ ဘုရား)၊ အဲဒီတော့ ဘုရား ကိုယ်တော်မြတ်ကြီး ပွင့်ထွန်း ပေါ်လာတာသည် အဖြောင့်။ ပုထုဇဉ်တို့၏ ရှေးထုံးစံ အနေအထိုင်သည် အကောက်၊ အဲဒီတော့ အဖြောင့်နှင့် အကောက် သည်ကားလို့ဆိုရင်ဖြင့် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ သိရတော့မယ်၊ အဖြောင့်လုပ် မှ အကောက်ကို ထင်ရှားတယ်။

အကောက် ကောက်နေတာကို သူ့အတိုင်း နေလို့ရှိရင် ဒကာ ဒကာမ တွေက သာမည ကောက်တာ ကို ကောက်တယ်လို့ မထင်ဘူး၊ အဖြောင့်နဲ့ ယှဉ်ပြလိုက်လို့ ရှိရင်ဖြင့် ကောက်တာ သည် ဦးဘကြည်တို့ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)၊

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုမှတ်ကြစို့ ဆိုတော့ သမုဒယသစ္စာက ဘယ်လိုကောက်သလဲ၊ မဂ္ဂသစ္စာက ဘယ်လို ဖြောင့်သလဲ ဆိုတာကို နှိုင်းယှဉ် ကြည့်လိုက်တဲ့အခါ၊ သမုဒယသစ္စာ ကောက်ပုံကို ဘုန်းကြီး ရှင်းပြပါ့မယ်။

ဘယ်လောက်များကောက်ထားသတုံး

ဘယ်လိုများ ကောက်ထားသတုံး ဆိုတော့၊ ဘုံသုံးပါးကို ဖြန့်လိုက်ရင် သုံးဆယ့်တစ်ဘုံ၊ ဒီသုံးဆယ့် တစ်ဘုံဟာ ဒုက္ခသစ္စာဘုံကြီး၊ ကာမ၊ ရူပ၊ အရူပဘုံ တွေဟာ တကယ့်မီးတွေ မီးလောင် နေတဲ့ ဘုံကြီးလို့ ဘုရား ကိုယ်တော်မြတ်ကြီးက ဟောထားပါတယ်။

အဘယ်ကြောင့် ဟောရပါလိမ့် မတုံး ဆိုတော့ ဇာတိ၊ ဇရာ၊ မရဏမီးတွေ သောကမီး တွေဟာ ဒီဘုံမှာရှိတဲ့ လူအပေါင်းရဲ့ ဝမ်းထဲမှာ မည်သူမဆို လောင်နေတာပဲ။

မလောင်ဘူးလား လောင်သလား (လောင်နေပါတယ် ဘုရား)။ အားလုံး လောင်ပြီး သကာလ နေတော့၊ သုံးဆယ့်တစ်ဘုံမှာ နေတဲ့ပုဂ္ဂိုလ်တွေမှာ ဘယ်သူသည် မီးလောင်စာ အဖြစ်မှ လွတ်ကင်း ပါလိမ့်မလဲလို့ မေးခွန်းထုတ်လို့ ရှိရင်ဖြင့် ဘယ်သူမှ မလွတ်ဘူး ဆိုတာ အဖြေ ထုတ်ရမှာပဲ (မှန်လှပါ ဘုရား)၊

သမုဒယသစ္စာကလည်း ကောက်ထား လိုက်တာ၊ တစ်ခါတည်း ခင်ဗျားတို့ နတ်ပြည် ရောက်တဲ့ လူကလည်း ဒီနတ်ဘုံကြီးဟာဖြင့် တခြားကို မသွားချင် မလာချင် လောက်အောင် ဒီဘုံထက်မြတ်တာ မရှိလောက်အောင် ဒီချမ်းသာ ဆိုလို့ရှိရင် အချမ်းသာဆုံး လောက် ထင်အောင် သမုဒယသစ္စာက လုပ်ထားတယ်။

နတ်ပြည်ရောက်ရင် နတ်မှိုင်းသင့်နေတယ်

တစ်ခါတည်း ခင်ဗျားတို့ မီးလောင်စာနဲ့ မီးနဲ့တွဲပြီး သကာလ လောင် မြိုက်နေတဲ့ နတ်ဘုံကြီးကို ပင်လျှင်တဲ့ ဒါဟာ လောကနိဗ္ဗာန်ပဲ အချမ်းသာဆုံး ပဲလို့၊ သမုဒယသစ္စာက မီးအုံကြီးကို ပင်လျှင် အအေးဘုံကြီး ဖြစ်အောင် ကောက်ကျစ်ပြီး ထားလိုက်တဲ့ အတွက် နတ်ပြည်ရောက်တဲ့ ပုဂ္ဂိုလ်များ နတ်မှိုင်း တွေသင့်ပြီး သကာလ ပုထုဇဉ်သာ ရောက်ပါမူကား။

ဘယ်နည်းနဲ့မှ ထွက်ရာလမ်းကို ရှာချိန်ကို မရအောင်၊ မီးလောင် တိုက်ထဲမှာ ပျော်ပိုက် အောင် ကောက်ကျစ်ပြီး သကာလ ထားလိုက်တဲ့ အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓ သစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာ လေးချက်ဟာ သူ့မှာ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။ ဒါ ဘယ်သူ ကောက်ကျစ်ထားတာတုံး (သမုဒယသစ္စာပါ ဘုရား)။

ကြည့်စမ်း၊ နတ်ဘုံ ရောက်တော့ သမုဒယသစ္စာက နတ်ဘုံကို ကောက်ကျစ်ပြီး သကာလ နိဗ္ဗာန်ကြီး ဖြစ်အောင် လုပ်ပြီး ထားလိုက်တော့၊ ေဩာ်- ဒါတွေဟာ အစစ်မဟုတ်ဘဲနဲ့ အစစ် ဖြစ်အောင် လုပ်ထားတာ ဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား)၊ ကောင်းပြီ သမုဒယ သစ္စာဟာ ဒီလို ရောက်ရာဘုံမှာ ပျော်ဖို့၊ မွေ့ဖို့ ကောက်ထားပါတယ်။

ဗကဗြဟ္မာကြီး

တစ်ခါ ဗြဟ္မာပြည် ရောက်ပြန်တော့လည်း၊ ဗြဟ္မာတို့ အတိုင်း ပျော်ဖို့ မွေ့ဖို့ တစ်ခါတည်း ချော့ပိုက်ပြီး သကာလ၊ ဒါ အကောင်းဆုံးပဲ လောက နိဗ္ဗာန်ကြီးပဲ ဆိုပြီး၊ ဗကဗြဟ္မာက ဒီနေရာဟာ မအိုတဲ့ နေရာ၊ မနာတဲ့ နေရာ၊ မသေတဲ့ နေရာ၊ ဒီနေရာဟာ နိဗ္ဗာန်ပဲလို့ သူကိုယ်တိုင် ပြောနေတာပဲ (မှန်ပါ)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘုရား ကိုယ်တိုင်ကို နိဗ္ဗာန် မဟုတ်ပါဘူးလို့ ဦးခင်မောင်တို့ မနည်းငြင်း ယူရတယ် (မှန်ပါ)၊ အဲဒီမှာ ကောက်ကျစ်ထားတဲ့ တဏှာကြောင့် ဒီဗြဟ္မာကြီးသည်၊ ဒါကို နိဗ္ဗာန် ထင်ပြီး သကာလ လောက အဆုံးဟာ ဒါပဲ၊ မအို၊ မနာ၊ မသေတဲ့ နေရာဟာ ဒီနေရာပဲလို့ ကောက်ကျစ် ထားတာ ဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား)၊ ရော – ဗြဟ္မာပြည်လည်း သူ့နယ်က မလွတ်ပါဘူး (မလွတ်ပါ ဘုရား)၊ နတ်ပြည်ကော (မလွတ်ပါ ဘုရား)။

ဒါဖြင့် သုံးဆယ့်တစ်ဘုံကို ဘုန်းကြီးတရား ချီစက ပြောခဲ့တယ်၊ ဒကာ ဒကာမတို့ အမြဲတမ်း မီးလောင်နေတဲ့ ဘုံကြီးလို့ပြောခဲ့တယ် (မှန်ပါ)။ အဲဒါ ဦးဝင်းတို့ ဘယ့်နှယ်နေတုံး သမုဒယသစ္စာ ကောက်ကျစ် လိုက် တာ မီးလောင် နေတာတွေကို မြင်ခွင့် ပေးသေးရဲ့ လား (မပေးပါ ဘုရား) ဘယ်သူ ကောက်ကျစ် ထားတာတုံး (သမုဒယပါ ဘုရား)။

သမုဒယသစ္စာ ကောက်ကျစ် ထားလိုက်တဲ့ ဖြစ်ခြင်းဟာ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ထွက်ပေါက် မရှိအောင် ဒီမှာမွေး၊ ဒီမှာ သေကွာ ဆိုပြီး သကာလ ထွက်ရာလမ်း မရှိအောင် ပိတ်ပင် ဆီးတား ကန့်ကွက် ထားလိုက်တာ လည်း သမုဒယသစ္စာပဲ ဆိုတာကို ဒကာ ဒကာမတွေ သိဖို့ပဲ (မှန်လှပါ ဘုရား)။ ကောင်းပြီ ဒါဖြင့် အခု ကိုယ့်အိမ်နဲ့ ကိုယ့်ယာနဲ့ ကိုယ်နေကြတယ်။

ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာ ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့များ ပျော်ကြရဲ့လားလို့ မေးကြည့်တော့၊ ဒီအထဲက ဒကာ ဒကာမတွေ သူများအိမ် မပျော်ဘူး၊ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ်အားထုတ် ပြီးတော့ကို၊ မရှိ ရှိတဲ့ငွေနဲ့ ကြံဖန် ဆောက်ပြီး သကာလ၊ မလှ လှတဲ့နည်းနဲ့လည်း ခြယ်လှယ်ပြီး ကိုယ့်အိမ် ကိုယ့်ယာမှာ မနေကြဘူးလား (နေကြပါတယ် ဘုရား)။

ကိုယ့်အိမ် ကိုယ့်ယာ နေကြတာ ထောက်လိုက်တော့ကို၊ ဒီနေရာ လေးဟာ မင်းသည် ကားဆိုလို့ရှိရင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဖြစ်တဲ့ နေရာပဲ ဆိုပြီး ချော့ထား လိုက်တယ်၊ စိတ်ချမ်းသာတာ ဆိုတာလည်း ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ဖြစ်ပြီး ပျက်တာပဲ မဟုတ်လား (မှန်ပါ)၊ ဒုက္ခသစ္စာပဲ မဟုတ်လား (မှန်ပါ)၊ ကိုယ်ချမ်းသာ ဆိုတာကော ဖြစ်ပြီး ပျက်တာပါ (မှန်ပါ)။

ဖြစ်ပြီးပျက်တော့ ဒုက္ခသစ္စာပဲ၊ အဲဒီ ဒုက္ခသစ္စာ ကိုပင်လျှင် ခင်ဗျားတို့ ကိုယ့်အိမ် ကိုယ့်ယာ နေရတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိတယ်၊ သူများ အိမ် ခေါင်းလျှော် ရတာ မကောင်းဘူး၊ မျက်နှာငယ်တယ် အစရှိသည်နဲ့ ဒါဟာ ဘယ်သူက ချော့တာလဲ (သမုဒယက ချော့တာပါဘု ရား)။ သမုဒယသစ္စာ တဏှာလောဘက ချော့ထားတယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ရာထူး၊ ကိုယ့်အလုပ်မစွန့်နိုင်

တစ်ခါ ကိုယ့်ရာထူးနဲ့ ကိုယ့်အလုပ် ကလေးနဲ့ ဒီအလုပ်ကလေး မစွန့် နိုင်၊ ကိုယ့်ရာထူးလေး မစွန့်နိုင်၊ ဒီထက် တိုးတက်တဲ့ ရာထူးကို လိုချင် ရချင် တယ် ဆိုတာလည်း၊ ဒကာ ဒကာမတို့ ဒါ ဘယ်သူက ကောက်ကျစ်တာတုံး (သမုဒယသစ္စာပါ ဘုရား)၊ ဒါဒုက္ခသိမ်းတဲ့ အလုပ်လား၊ ဒုက္ခ ပွားတဲ့ အလုပ်လား (ဒုက္ခ ပွားတဲ့ အလုပ်ပါ ဘုရား)။

ဒုက္ခပွားတဲ့အလုပ်ကိုပင် သမုဒယသစ္စာက ဂုဏ်ထူးရာထူးနဲ့ ဆိုရင်ဖြင့် လောကကြီးမှာ လောက နိဗ္ဗာန်ပေါ့ကွာ၊ ဒီဥစ္စာဟာ အင်မတန် အကြောင်း ညီညွတ် နေတာပဲ ဆိုပြီး သကာလ၊ ဒီအထဲက မထွက် နိုင်လောက်အောင် ဒုက္ခသစ္စာထဲက မထွက်နိုင်အောင်၊ ပိုပြီး ဒုက္ခ ရောက်တာ ကိုပင်လျှင် ကြိုက်နေအောင် ချော့ပြီးထားတာ ဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား)။

ကောက်လိုက်တဲ့ အဖြစ်တော့ ဒကာ ဒကာမတွေ ထွက်ခွင့်ကို ရသေးရဲ့ လား (မရပါ ဘုရား)၊ အိမ်ထောင် ကျပြန်တော့ သားရယ်၊ သမီးရယ်နဲ့ ယောက်ျား လုပ်တဲ့ ပုဂ္ဂိုလ်မှာ အိမ်ထောင် ကျတယ် ဆိုရင်ပဲ၊ ခင်ပွန်းမ၏ ဒုက္ခဟာ သူကိုယ်တိုင် ထမ်းရတော့မယ် ဆိုတဲ့ ဥစ္စာကို ပင်လျှင် တရားသဘောနဲ့ အမှန်ပဲ မဟုတ်လား (အမှန်ပါ ဘုရား)။

မှန်ပင် မှန်ငြား သော်လည်း ခင်ဗျားတို့က ဒါဟာ ဆင်းရဲတာ မဟုတ် ဘူး၊ ချမ်းသာဖို့ အကူအညီ ရတာလို့ ခင်ဗျားတို့ကို ပြောထားတာလည်း ဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား)။ ဆင်းရဲတာ မဟုတ်ဘူး ချမ်းသာဖို့ အကူအညီ ရတာ၊ လက်ဆေးပြီး ထမင်း စားရတယ်လို့ ပြောတာကိုးဗျ ၊ (မှန်ပါ)။

လူပျိုတုန်းကတစ်ယောက်တည်းစာ

ဟင်း စင်စစ်တော့ ရှာရ ဖွေရတာက အရင် လူပျိုတုန်းက တစ်ယောက်တည်းစာ၊ အိမ်ထောင် ကျတော့ နှစ်ယောက်စာ ဆိုရင်ပဲ ရှာဖွေ တဲ့ နေရာ မှာတော့ဖြင့် ဒုက္ခ တိုးတာ အမှန်ပဲ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

မှန်ပင်မှန်ငြား သော်လည်း သမုဒယသစ္စာက မင်းအရင်တုန်းက ဆိုလို့ ရှိရင် ဟိုဆိုင်စားရ၊ ဒီဆိုင် စားရနဲ့၊ အခုတော့ မင်း ချမ်းသာပါပေါ့လား ဆိုပြီး ကန်တင် သကာလ ခုနက ရုန်းထား ရတာတွေ အကုန်ပျောက်ကော၊ မပျောက်သေး ဘူးလား (ပျောက်ပါတယ် ဘုရား)။

ပျောက်ပြီး သကာလ တစ်ခါတည်း သူက ချော့ထားလိုက်တာ၊ ခုမှပဲ ဣန္ဒြေ ရပေတော့ တယ်လို့ ပြောချင် ပြောနေမယ်၊ မပြောဘူးလား ပြောမှာလား (ပြောပါတယ် ဘုရား)။ အဲဒီကဲ့သို့ ဣန္ဒြေ ရပေတယ်လို့ ပြောတော့၊ ဒကာ ဒကာမတွေက စဉ်းစား ကြစမ်းပါလား၊ ပိုရှာရသလား။ အရင်ထက် ချမ်းသာသွားသလား၊ အရင်ထက် တိုးပြီး ဆင်းရဲသွားသလား (တိုးပြီး ဆင်းရဲပါတယ် ဘုရား)။

တိုးပြီး ဆင်းရဲတာ ကိုပင်လျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ်လို ထင်ကြသတုံး (ချမ်းသာ ပါတယ် ဘုရား)၊ အံမာ သူက ဒုက္ခဝဋ် ထဲက ထွက်မှာများ အင်မတန် စိုးရိမ်ရှာတယ် ဆိုတာ ဦးဝင်း ရိပ်မိပြီလား (မှန်ပါ) ဒါဖြင့် ဘယ်လောက် ကောက်ကျစ် တယ် ဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုယ့်အိမ် ကိုယ့်ယာလေးဟာ တစ်ခါတည်း ဒီနေရာမှာ တိုတိုပြောကြ စို့ရဲ့ဆိုတော့၊ ဘုန်းကြီး ပျံများမှာ ခင်ဗျားတို့ တလားတို့ လောင်တိုက်တို့ ဆိုတာ မြင်ဘူးကြမှာပဲ (မှန်ပါ)၊ ဘုန်းကြီး အလောင်း တင်ဖို့ ဆိုတာ မြင်ဘူးကြ မှာပေါ့ (မြင်ဘူး ပါတယ် ဘုရား) ယာယီတွေ ပေါ့ဗျာ (မှန်ပါ)။

လောင်တိုက်ကိုရွှေအိမ်ထင်တယ်

ဒီကိုယ် ဆောက်ထားတဲ့အိမ်၊ ကိုယ်တည်ထားတဲ့ တိုက်တွေ ဟာလည်း ကိုယ့်တလား ကိုယ့်လောင်တိုက် တွေပဲ၊ ဒီအပေါ်မှာ နေပြီး ဒီအပေါ်မှာ သေကြမှာပဲ (မှန်ပါ)။ သို့သော် ဒါကို ပင်လျှင် ရွှေအိမ် ရွှေနန်းကြီး ထင်လောက်အောင် ချော့ထားတယ်၊ မချော့ဘူးလား (ချော့ပါတယ် ဘုရား)။

ချော့ထားတာ ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။ ချော့ပေမယ့် ကိုယ်သေရင် တလား၊ လောင်တိုက် ဆိုတာက ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါ၊ ငါ့အိမ် အရိပ်မနင်းလာနဲ့ အစရှိသည်နဲ့ ဒကာ ဒကာမတွေက ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ဖြင့် လာခဲ့၊ ကိုယ်မုန်းတဲ့ ပုဂ္ဂိုလ်ဖြင့် မလာခဲ့နဲ့၊ ဒီအိမ်ကို တော်တော့လူ စကားပြောတာ မဟုတ်ဘူး၊ ဝင်လိုက် ထွက်လိုက်လည်း လွယ်ကူတာ မဟုတ်ဘူး၊ စည်းကမ်းနဲ့ လူတိုင်းမဝင်ရ မထွက်ရအောင် အစရှိ သည်နဲ့၊ ခေတ်အလိုက် ဒီအိမ်ရှင်၏ အထင်ကြီးမှု လုပ်ထားတယ် ဆိုတာကော ခင်ဗျားတို့ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ရွှေအိမ်ရွှေနန်းထင်လို့

စစ်စစ်တော့ ဒီအိမ်ပေါ်မှာမွေး၊ ဒီအိမ်ပေါ်မှာသေ၊ ဒီလို ဖြစ်မနေ ရဘူးလား၊ ဖြစ်နေရမှာလား (ဖြစ်နေရမှာပါ ဘုရား)၊ ဒါဖြင့် ဒါကိုပင် လျှင် သူ့မှာ ရွှေအိမ် ရွှေနန်းကြီး ထင်လို့ မာနတက်တာပဲ ဆိုတာ ပြောဖို့လို သေးလား (မလိုပါ ဘုရား)။

ဒါ ဘယ်သူ့သတ္တိတုံး (သမုဒယသတ္တိ ပါ ဘုရား)။ မလွန်လွန်းဘူးလား၊ တလား လောင်တိုက်ကို ရွှေအိမ် ရွှေနန်းဖြစ် အောင် ဦးခင်မောင် ဘာလုပ်ထားတုံး (ချော့ထားပါတယ် ဘုရား)။

ချော့ထားလိုက်တော့ ခင်ဗျားတို့မှာ ရွှေနန်းကြီးပဲလို့ကို စိတ်ထဲမှာ ကော အထင် မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။ အင်း သေ ခြင်း သေလည်း၊ ဒီ သေပါရစေတော့၊ နေခြင်း နေလည်း၊ ဒီနေ ပါရစေတော့၊ နောက်တဖန် ပြန်ဖြစ်တောင်မှ ဒီမှာဖြစ်ပါရစေဆိုတော့ ဒီနေရာပဲ ၊ ကျေနပ် မနေဘူးလား (ကျေနပ်ပါတယ် ဘုရား)။

အင်း ဒကာ ဒကာမတွေ ဒီနေရာမှ ဒုက္ခ အကြီး အကျယ် ရောက်တဲ့ နေရာ (မှန်ပါ)။ သူများအိမ် သွားနေရင် တံမြက်စည်း မလှဲရဘူး၊ ဒီမှာ လှဲရမယ်၊ သူများအိမ် သွားနေရင် ရေဆေး စရာ မရှိဘူး၊ ကိုယ့်အိမ် ကိုယ့်ယာ မှာ အညစ်အကြေး ရှိရင် ရေဆေး ရမယ် မဟုတ်ဘူးလား (မှန်ပါ)။

နိဗ္ဗာန်ကိုမြင်ခွင့်မပေးဘူး

အဲဒီ ဒုက္ခရောက်မယ့် နေရာကို ရွှေအိမ်ရွှေနန်း လုပ်ပြီး ထားတာ ဘယ်သူတုံး (သမုဒယ သစ္စာပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သူနိဗ္ဗာန် မြင်ခွင့်ပေးသလား၊ မင်းဟာလေးနဲ့ မင်းကွာ၊ ကြက်လိုပဲ ချေးကျရာ ပျော်ကွ ဆိုတဲ့ အဓိပ္ပာယ်မျိုး ထားသလား မထားဘူးလား (ထားပါတယ် ဘုရား)။

ဒါ ဘယ်သူ ကောက်ကျစ် တာတုံး (သမုဒယသစ္စာပါ ဘုရား)။ ဦးဘကြည်ရေ ဒါဘာမြင်မှ ကောက်ကျစ်မှန်း သိမယ် ဆိုတာလည်းခ င်ဗျား တို့ တွေးကြပါတော့ဗျာ (မဂ္ဂင်ရှစ်ပါးမြင်မှပါ ဘုရား)၊

မဂ္ဂင်ရှစ်ပါးဟာ ဖြောင့်ဖြောင့် သွားတယ်၊ ဖြောင့်ဖြောင့် အလုပ်ကို လုပ်တဲ့အခါ နိဗ္ဗာန် ကြီးကို မြင်တော့မှ၊ – သူကောက်ထားလို့ ဒီဘက်လမ်းကို မရောက်ခဲ့ဘူးဆို တာ ဦးဘကြည် လာမှာလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သည် တစ်သံသရာ လုံးဟာ သူ့နေရာနဲ့သူ မထွက်ဖြစ်အောင် ဒီနေရာက နေပြီး သကာလ အပါယ် လေးပါးသွား၊ နတ်ရွာ သုဂတိသွား၊ ရောက်ရာမှာ သူက တလား လောင်တိုက်ရှိတဲ့ နေရာကိုပင်လျှင် ရွှေအိမ်ရွှေနန်း ဖြစ်အောင် ချော့မော့ပြီး သကာလ ထားလိုက်၊ ကောက်ကျစ်ပြီး သကာလ ထားလိုက်တော့၊ ဘုရားဖူး သွားမှာလည်း ဒီရွှေအိမ်ရွှေနန်းကို ပစ်ထား ခဲ့ရမှာ ခက်တာနဲ့ပဲ မသွားဖြစ်ဘူး (မှန်ပါ)။

ဘုရားရှိစဉ်မှာကျောင်းတော်မရောက်ကြ

တရားနာ သွားမှာကော (မသွားဖြစ်ပါ ဘုရား)။ ခင်ဗျားတို့ ရွှေအိမ် ရွှေနန်းဟာ တော်တော့ ကို နှိပ်စက်တာ ပေါ်ကြပြီလား (မှန်ပါ)။ ကိုယ့်ရွှေအိမ် ရွှေနန်း လူလုကုန်မှာ စိုးရသေးတယ် ဆိုပြီး သကာလ၊ ဘုရားပွင့် နေတာတောင်မှ ရွှေအိမ်ရွှေနန်း ထင်လို့ ဘုရား ကျောင်းတော် မရောက်ကြ တာတွေ တစ်ပုံကြီး ရှိတယ်၊ သဘော ကျကြပြီလား (ကျပါပြီ ဘုရား)။

ဘယ်သူက နှိပ်စက်ထားတာတုံး (သမုဒယ သစ္စာကပါ ဘုရား)။ သမုဒယသစ္စာက ဘယ်လိုများ သူက ပြောထားတုံး၊ မင်းတို့ နေတာဟာ မင်း တို့ အကျိုးပေးနဲ့ မင်းတို့နဲ့ ဆိုကွာ သိပ်နေရာ ကျတာပဲ၊ ရှာမှ ရှားပဲ၊ မင်းအဆင့် အတန်းနဲ့ မင်းတို့ကြည့်မယ်ဆို ဘယ်လောက်များ ကျက်သရေမင်္ဂလာ တိုးလာသတုံး ဆိုပြီး ချော့ထားတယ် (မှန်ပါ)၊

အဲဒီတော့ နိဗ္ဗာန်ကို ကန့်ကွက်တယ်၊ မကန့်ကွက်တယ် ဆိုတာကို စဉ်းစားစမ်း (ကန့်ကွက် ပါတယ် ဘုရား)။

အိမ်စိတ်မချလို့ ဆိုပြီး တရားနာမှုလည်း သူပဲကန့်ကွက်တယ် ပေါ်ကြ ပြီလား (ပေါ်ပါပြီ ဘုရား)၊ အိမ် စိတ်မချတာက ဘာထင် နေလို့လဲ (ရွှေအိမ်ရွှေနန်း ထင်နေလို့ပါ ဘုရား)၊ ဖြစ်မှဖြစ်ရ လေဗျာ ဦးဘအုန်းတို့ ဦးချစ်ခင်တို့ ဒါလူတိုင်း ထင်တာဗျ။

လူတိုင်းထင်တာ၊ ရွှေအိမ် ရွှေနန်းလို့ သာမထည့်တာ၊ ကိုယ့်ဟာလေး မစွန့်နိုင်တာကတော့ သေချာပါတယ် (သေချာ ပါတယ် ဘုရား)။ စခန်းကြီး လိုက်တာလို့ အသံထွက်လာမှာ စိုးလို့သာ ကိုယ့်အထင် ကတော့ ဟုတ်နေတာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

တရားနာသွားဖို့ကိုလည်းကန့်ကွက်တယ်

အဲဒီလို တရားနာ သွားမှာလည်း ကန့်ကွက်၊ ဖြစ်ပျက်ရှုနည်း အလုပ်ကို နည်းသွားယူမယ့် အလုပ်ကိုကော ကန့်ကွက်၊ မကန့်ကွက် (ကန့်ကွက် ပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်သူ ကောက်ကျစ် ထားတာတုံး (သမုဒယ သစ္စာပါ ဘုရား)။

သမုဒယသစ္စာ ကောက်ကျစ်ပုံပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ အေး သမုဒယသစ္စာ ကောက်ကျစ်ပုံကို မနေ့ကတော့ ဘာနဲ့ ပြောခဲ့သတုံး ဆိုတော့၊ စုတိနှင့် ပဋိသန္ဓေကို စပ်ပြီး သကာလ နေတာဟာ သူ့အကြိုက်ပဲ။ လွတ်သွား မှာတော့ မကြိုက်ဘူး၊ စုတိပြီး တစ်ခါတည်း ဝိမုတ္တောဆိုတဲ့ နိဗ္ဗာန် ကို ရောက်ဖို့ဟာတော့၊ ဦးဘတင်တို့ သူသဘောကို မတူဘူး (မှန်ပါ)။

ဘယ်သူက မတူတာတုံး (သမုဒယသစ္စာပါ ဘုရား)။ သမုဒယ သစ္စာ၊ ဒါဖြင့် အကောင်း ဟူသရွေ့ သူသဘော မတူဘူးလို့ ဆုံးဖြတ် ချက်ချပါ (မှန်လှပါ ဘုရား) အဆိုး ဟူသရွေ့ သူလုပ်ပေး လိမ့်မယ်လို့ ယုံကြည်ပါ (မှန်ပါ)၊ အကောင်း ဟူသရွေ့တော့ ဘာတဲ့ ဒကာ ဒကာမတို့ ။ (ကန့်ကွက် ပါတယ် ဘုရား)။

သူကန့်ကွက်မယ်၊ အဆိုး ဟူသရွေ့ကျတော့ ဘယ့်နှယ်တုံး (လက်ခံမှာပါ ဘုရား)။ ရွက်ဆောင် ပေးမယ်၊ ဒါဘယ်သူ့ သတ္တိ ပါလိမ့် (သမုဒယသတ္တိပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ လောကီ အလုပ် လုပ်ချင်တာ ဟူသရွေ့ကိုတော့ သူအားပေးတယ် (မှန်ပါ)။ လောကီ အလုပ် လုပ်ချင် တာ ဟူသရွေ့တော့ ဦးဝင်းတို့ဘာတဲ့ (အားပေးပါတယ် ဘုရား)။

မြုပ်လမ်းမျောလမ်းအားပေးတယ်

လောကုတ္တရာ ဘက်ကျလို့ ရှိရင် အကြောင်းပြပြီး ကန့်ကွက်တယ် (မှန်ပါ)၊ ဘယ်သူပါလိမ့် (သမုဒယ သတ္တိပါ ဘုရား)။ သူ့သတ္တိကို ခင်ဗျားတို့ ယုံကြည်ကြပြီလား (ယုံကြည်ပါတယ် ဘုရား)၊ ဒါဖြင့် ထွက်ရပ်လမ်း ဟူသရွေ့ဖြင့် ကန့်ကွက်တယ်၊ မြုပ်လမ်း မျောလမ်းဟူသရွေ့ ဆိုလို့ရှိရင်ဖြင့် သူက အားပေးတယ် (မှန်ပါ) ရှင်းပြီလား (မှန်ပါ)။

မြုပ်လမ်း မျောလမ်း ကျတော့ အားပေးတယ်၊ ထွက်ရပ်လမ်း ကျတော့ ကန့်ကွက်တယ်၊ သို့သော်လည်း ခင်ဗျားတို့သည် သူ့အကြောင်းကို ဘုန်းကြီး ပြောလိုက်တဲ့အခါ ပေါ်တော့ ပေါ်လာတယ်၊ ေဩာ်-သူကိုး သူကိုးလို့တော့ လက်ညှိုးလေးတော့ ထိုးဖော်ရလာတယ် (မှန်ပါ)။

ထိုးဖော်ရပြီး မင်းနဲ့ ငါနဲ့ သေခန်းရှင်ခန်းပြတ်ကြစို့ ဆိုတဲ့စကားတော့ ခင်ဗျားတို့က ပါးစပ်ကို မဟရဲဘူး၊ အင်မတန် ကြောက်တယ်၊ ဒကာ ဒကာမတို့ ငယ်ကြောက် ဖြစ်နေ တယ် (မှန်ပါ)။

ငယ်ကြောက်ဖြစ်နေလို့

ဘာကြောက်တဲ့ (ငယ်ကြောက်ပါ ဘုရား)၊ ငယ်ကြောက်ဖြစ် နေတော့ ဘုန်းကြီး ခဏ ခဏ ပြောလေ့ရှိတယ်၊ ဒကာ ဒကာမတို့ ကြက်တိန်ညင် လေးဟာ အငယ်လေး ဟုတ်လား၊ ဗမာ ကြက်ကြီး ဟာ အကောင်ကြီးပေမယ့် ငယ်ကြောက် ဖြစ်နေလို့ ရှိရင်၊ ငယ်ငယ်လေးက လိုက်လည်း အကြီးကြီးက ဘာတုံး (ပြေးရပါတယ် ဘုရား)၊ ပြေးတာပဲ။

ပြေးတာလည်း ဘာဖြစ်လို့တုံး ဆိုတော့ ငယ်ကြောက်မို့၊ ဒီမှာလည်း သမုဒယသစ္စာကို ကိုထွန်းဦးတို့ ဦးဘကြည်တို့ ဦးချစ်ခတို့က အရွယ်ပြစမ်း၊ အရွယ်ပြနိုင ်ကြပါ့မလား (မပြနိုင်ပါ ဘုရား)။ အရွယ်ကို မရှိဘူး၊ ခေတ္တခဏလေး ပေါ်လာတာပဲ ရှိတယ် (မှန်ပါ)။

အရွယ်ပြနိုင်ကြရဲ့လား (မပြနိုင်ပါ ဘုရား)၊ သူ့မှာ အရွယ် မရှိ ပါဘူး၊ အရွယ် မရှိပေမယ့် ထင်ကြေးပဲ သူက နိုင်တာပဲဗျ။ ငယ်ကြောက် ဖြစ်နေတာကိုး (မှန်လှပါ ဘုရား)၊ ဒီက ငါးဆယ်၊ ခြောက်ဆယ်၊ ဒကာကြီးတွေ ဒကာမကြီးတွေကော (ငယ်ကြောက် ဖြစ်နေပါတယ် ဘုရား)။

ဘယ့်နှယ်နေတုံး (ကြောက်နေပါတယ် ဘုရား) သူခိုင်းတယ် ဆိုရင် ဆိုက်ဆိုက် သွားတာပဲ၊ သူက ပြန်ခဲ့ဆိုရင်ကော (ပြန်လာပါတယ် ဘုရား)။ ဆိုက်ဆိုက် ပြန်လာတာပဲ ဆိုတော့ ဦးဝင်းတို့ ဦးချစ်ခတို့ ဘာဖြစ်နေ တုံးဗျ (ငယ်ကြောက်ဖြစ်နေပါတယ် ဘုရား)။

ငယ်ကြောက် ဖြစ်နေတယ်၊ အဲဒီတော့ ဒီကြက်ကြီးနဲ့ ဒီကြက်ငယ်လေး တစ်ဆုပ် လောက်က လိုက်တာကို လက်တစ်ပွေ့လောက်ရှိတဲ့ ကြက်ကြီးက ပြေးနေတော့၊ ဘေးကနေပြီး ကြည့်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကြက်ကြီးဟာ အတော် ဖျင်းနေတယ် ဆိုမှာလား မဆိုဘူးလား (ဆိုပါတယ် ဘုရား)၊ ခင်ဗျားတို့လည်း ဒီအတိုင်းပဲ တကယ် ကြောက်နေတာ ကိုးဗျ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘုရားဟောတဲ့မျောက်ဥပမာ

တောထဲမှာ မျောက်တစ်ကောင် ရှိတယ်လို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောတော် မူတယ်၊ မျောက်သား စားချင်တဲ့ မုဆိုးက မျောက်ထောင်တဲ့ ညောင်စေးတွေ ဘာတွေ ချက်ပြီး သကာလ သစ်ကိုင်းပေါ်မှာ ချထားတယ်၊ မျောက်က ဒီသစ်ကိုင်းပေါ်မှ လျှောက်ပြီး လာတယ်။

လာတော့ ညာဘက်လက်နှင့် ညောင်စေးကို ကိုင်မိတဲ့ အခါ ညာဘက် လက်က ခွာမရ အောင် ငြိသွားတယ် (မှန်ပါ)။ ညာဘက်လက် အတွက် ရုန်းထွက် နိုင်စေခြင်းငှာ တစ်ခါ ဘယ်လက်နှင့် တွန်းပြီး သကာလ ခွာပြန်တယ် (မှန်ပါ) ခွာပြန်လည်း ဘယ်လက်ပါ ငြိတာပဲ (မှန်လှပါ ဘုရား)။

လက်ဘယ်နှစ်ချောင်း ငြိနေတုံး (နှစ်ချောင်းပါ ဘုရား)။ နှစ်ချောင်း လုံး ငြိနေပြီ၊ ဒါနဲ့ မကျေနပ်ပွဲ ဆိုပြီး သကာလ ညာဘက် ခြေ တစ်ချောင်းနဲ့ ကန်ပြီး ရုန်းပြန်တော့လည်း ဒီအတိုင်းပဲ အစေးကိုဗျ ကပ်နေတာပဲ (မှန်ပါ)။ တစ်ခါ ဘယ်ဘက်ခြေနဲ့ ရုန်းပြန်တော့လည်း ကပ်နေတယ် (မှန်ပါ)။

ညောင်စေးတွေနဲ့ကပ်ငြိနေတယ်

ကပ်တာပဲ ဆိုတော့ လေးခုကပ်နေပြီ (မှန်ပါ) သူက ခေါင်းနဲ့ အားပြုပြန်တယ် (မှန်ပါ) ခေါင်းနဲ့ ကပ်ပြီး အတင်း ရုန်းပြန်တော့လည်း ဘယ့်နှယ်နေသလဲ (ခေါင်းပါကပ်ပါတယ် ဘုရား)။ ခေါင်းပါ ကပ်သွား တယ်ဆိုတော့ တွယ်မှီရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ ဒီမျောက်ဟာ အောက်လိမ့်ကျ သင့်သလား မကျသင့်ဘူး လား (ကျသင့်ပါတယ် ဘုရား) ကျသင့်လို့ ကျလာတော့ ငါးခုစလုံးတွဲ နေသဖြင့် ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါ ဘုရား)၊ မပြေးနိုင်တော့ မုဆိုး လုပ်ချင်သလိုလုပ်၊ ချက်ချင်သလိုချက်၊ ပြုတ်ချင်သလိုပြုတ်၊ ကိုထွန်းဦး ဦးချစ်ခ ဒီအဓိပ္ပာယ် ရောက်မရောက် (ရောက်ပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးဟာအစေး

သမုဒယသစ္စာ ဆိုတဲ့ တရားကလည်း ခင်ဗျားတို့မှာ ခန္ဓာငါးပါး ရှိ တယ်၊ ဒီခန္ဓာငါးပါးဟာ အစေးချည်းပဲ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။ ခန္ဓာငါးပါးဟာ အစေးထောင်ထားတဲ့ နေရာပေါ့ဗျာ (မှန်လှ ပါ ဘုရား)။

အစေး ထောင်ထားတဲ့ နေရာဖြစ်ပြီး သကာလ ဒီရုပ်နာမ်သမားက ရူပက္ခန္ဓာကို ကြည့်လိုက် ပြန်လည်း၊ အင်း သူဝဖို့ သူလှဖို့ ကျွေးရမှာပဲ ဆိုပြီး၊ ဒါကိုယ့်ကိုယ်လို့ မှတ်ပြီး သူနဲ့လည်း ခင်နေ တာပဲ (မှန်ပါ)။

တဏှာအစေး

ရူပက္ခန္ဓာနဲ့ကော (ခင်နေတာပါ ဘုရား)၊ ခင်တော့ ရူပက္ခန္ဓာ ကလည်း တဏှာတည်း ဟူသော အစေးနဲ့ ကပ်လျက်ပဲ ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)၊ ဒီက မျောက်နဲ့တူတဲ့ ဒီရူပက္ခန္ဓာမှာ အစေးပါ သကိုးဗျ (မှန်လှပါ ဘုရား)။

ခင်ရာ မင်ရာ အစေးမပါဘူးလား (ပါပါတယ် ဘုရား) အဲဒီတော့ ဒီရုပ်နာမ်သည် ဒါနဲ့လည်း ကပ်လျက်နေမှာပဲ (ကပ်နေမှာ ပါ ဘုရား) ကပ်နေမှာပါ။

ဝေဒနာက္ခန္ဓာနဲ့ ဆိုတော့ ဒကာ ဒကာမတွေ ကလည်း ချမ်းသာကို အလိုရှိကြတယ် မဟုတ်လား (မှန်ပါ)။ အဲဒီ ချမ်းသာကို အလိုရှိတော့ ချမ်းသာတာလေး စွန့်နိုင်ကြရဲ့လား (၁၈န့်နိုင်ပါ ဘုရား)။ မစွန့်နိုင်တော့ ချမ်းသာတာနဲ့လည်း ငြိတယ်ဗျာ (ငြိပါတယ် ဘုရား)။ ဘယ်နှစ်ချောင်း ရှိသွားပြီလဲ (နှစ်ချောင်းပါ ဘုရား)။

ဒါဖြင့် ကုန်ပါလိမ့်မယ်၊ ခင်ဗျားတို့တော့ ကုန်ပါလိမ့်မယ် ငါးချောင်း စလုံး ဒီလာငြိမှာပဲ (မှန်ပါ)။ သညာက္ခန္ဓာကလည်း ကိုယ်မှတ်သားထား တဲ့ ဥပမာမယ် သစ်ပင်ဆို သစ်ပင်နှင့် ပတ်သက်တဲ့ အမှတ်အသားတွေ၊ စပါး ဆိုရင်လည်း စပါးနဲ့ ပတ်သက်တဲ့ အမှတ်အသားတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ပွဲစား လုပ်တယ်ဆိုတာ ဒီအမှတ်အသားကို အဓိက ထားရတယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။ အဲဒီကဲ့သို့ အမှတ်အသား ကလေးတွေကိုပဲ ခင်ဗျားတို့ အင်း- ဒီဥစ္စာ လေးဟာ ကိုယ်က အင်မတန်မှ နှစ်သက်ပြီး သင်ထားတဲ့ ပညာဗျ၊ အမှတ်အသား ပညာ မဟုတ်လား (မှန်ပါ့)။

အဲဒီ အမှတ်အသား ပညာလေးကို တွေးကာ ကိုယ့်စိတ်နဲ့ ကိုယ်နဲ့ ဟာက ကိုယ့်ဟာ လေးကို ကျေနပ်သလား မကျေနပ်ဘူးလား (ကျေနပ် ပါတယ် ဘုရား) ဒါလေးရှိရင်ဖြင့် ဘာမှ ပူစရာ မရှိပါဘူး ဆိုတာလေးနဲ့ ကပ်နေ တယ်၊ သညာနဲ့ ကပ်နေတာပဲ မကပ်ဘူးလား (ကပ်ပါတယ် ဘုရား) ဘယ်နှစ်ချောင်း ရှိသွားပြီလဲ (သုံးချောင်းရှိသွားပါပြီ ဘုရား)။

နောက်ကျတော့ သင်္ခါရက္ခန္ဓာ ဆိုတဲ့ ကိုယ့်စေတနာ ကောင်းလေး ကိုယ့်စိတ်ကောင်း လေးနဲ့ ကိုယ်နေရလို့ ရှိရင်ဖြင့် ကိုယ့်စေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာ လေးကိုကော ခင်ဗျားတို့ မကျေနပ် ဘူးလား (ကျေနပ်ပါ တယ် ဘုရား)၊

ကျုပ်စေတနာလို ကောင်းတာ မြို့ထဲလျှောက်ရှာဦးဗျ မတွေ ဘူး၊ ခင်ဗျား အထင်မလွဲနဲ့ အစရှိသဖြင့် ကိုယ့်ဟာကိုယ် အမွှန်းတင်တာ မပါဘူးလား ပါသလား (ပါ ပါတယ် ဘုရား)။

မျောက်လို ဖြစ်နေပြီ

ဒီစေတနာလေးကော စွန့်နိုင်ရဲ့လား (မစွန့်နိုင်ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့သည် မျောက်လို ဖြစ်နေပြီ ငါးခုစလုံးကို ဒီမှာငြိနေတယ် (မှန်ပါ) ဒီမှာ ငြိနေလို့ရှိရင်ဖြင့် ဒါဘယ်သူက ကောက်ကျစ် ထားတာတုံး၊ ဒီခန္ဓာ ငါးပါးနှင့် ဒီတဏှာ သည်ကားလို့ ဆိုရင် တွဲလျက် ဖြစ်နေတော့၊ ရောက်ရာမှာ ဒီဒုက္ခသစ္စာ ခန္ဓာငါးပါးက = ဒုက္ခသစ္စာ (မှန်ပါ) အစေးက သမုဒယသစ္စာ။

အဲဒီတော့ ဒီအစေးနဲ့ ဒီခန္ဓာငါးပါးနဲ့ တစ်ခါတည်း တွဲပြီး သကာလနေ တော့၊ ရုပ်နာမ် သမားသည် ကားလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်မှာသာ လျှင် လွတ်ပေါက် ကျွတ်ပေါက် ဆိုတာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ခန္ဓာငါးပါး ငြိနေတာဗျ မငြိဘူးလား (ငြိပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ အခုငြိတာ ကိစ္စမရှိသေးဘူး၊ ခင်ဗျားတို့ ၊ အခုငြိတယ် ဆိုတာလောက် သိတယ်၊ သေခါနီး အခါကာလကျတော့ ငါတော့ဖြင့် မနေရလို့ သေရမှာပဲ၊ သို့သော်လည်း မသေ ချင်ဘူး ဆိုတော့ ငါးပါးစလုံး ရှိချင်သေးတယ် ပြောတာ (မှန်ပါ) မသေချင်ဘူး ဆိုတာ ဘာတုံး (ငါးပါးစလုံး ရှိချင်လို့ပါ ဘုရား)။

ဒါဖြင့် ငါးပါးစလုံးငြိနေတဲ့ အဓိပ္ပာယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ရူပက္ခန္ဓာကြီးကိုလဲ မစွန့်နိုင်ဘူး (မှန်ပါ) ဒီနာမက္ခန္ဓာ လေးပါးကော (မစွန့်နိုင်ပါ ဘုရား) ဒကာ ဒကာမတို့ ငါးပါး စလုံးဟာ ကိုယ့်ခန္ဓာချည်း မဟုတ်ဘူးလား (မှန်ပါ) ဘယ်သူ့ ခန္ဓာပါလိမ့် (ကိုယ့်ခန္ဓာချည်းပါ ဘုရား)။

ကိုယ့်ခန္ဓာရှိတာက ဘယ်နှစ်ပါး ရှိကြတုံး (ငါးပါးပါ ဘုရား) ငါးပါးစလုံး သေရတော့မယ် ဆိုတော့ ငါးပါးစလုံးနဲ့ ခွဲရမှာ ကိုးဗျ (မှန်ပါ)

ယခုလက်ရှိ ငါးပါးနဲ့ ခွဲချင်ကြရဲ့ လား (မခွဲချင်ပါ ဘုရား) မခွဲချင်ကြတာက နဂိုက ဘာဖြစ်နေလို့တုံး ဆိုလို့ရှိရင်ဖြင့်၊ နဂိုက သူတို့နဲ့ ငြိကပ် နေလို့ဆိုတဲ့ အဓိပ္ပာယ်ကော သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ကာမုပါဒါန်၊ ဒိဋ္ဌပါဒါန် (မှန်ပါ)၊ ဥပါဒါန်တွေနဲ့ ငြိမနေကြ ဘူးလား (ငြိပါတယ် ဘုရား)၊ ကိုင်း၊ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာ နဲ့ ခွဲရတော့မယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့က မျက်ရည် ကြီးငယ် ကျတယ်၊ မကျဘူး လား၊ ကျသလား (ကျပါတယ် ဘုရား)။ ဘာနဲ့ခွဲရမှာလဲ (ခန္ဓာငါးပါးနဲ့ ခွဲရမှာပါ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရားနဲ့ ခွဲရမယ်ဆိုရင် ဘုရားအလောင်း သူတော်ကောင်း တွေကတော့ ပြုံးကြတယ် (မှန်ပါ)။ ခင်ဗျားတို့ ကတော့ ငိုကြတယ်၊ မဲ့ကြတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဘုရား အလောင်း သူတော်ကောင်းက ခွဲရတော့မယ် ဆိုတော့ ပြုံးတယ်၊ ခင်ဗျားတို့က မဲ့တယ်။

ေဩာ်- နည်းနည်း ကွာတယ်၊ ဦးဘကြည် ဘယ်လောက်ကွာသတုံး (ပဋိပက္ခ ဖြစ်ရုံ လောက်ပါ ဘုရား)။ ပဋိပက္ခ ဖြစ်ရုံလောက် ဆိုတာ ဒကာ ဒကာမတို့ ကျေနပ်ပြီလား (မှန်ပါ)။ ဒါဖြင့် ဒီခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာနဲ့ ခွဲရတော့မယ်ဆို ခင်ဗျားတို့က ဘာတဲ့ (မဲ့နေပါတယ် ဘုရား)။

သေကြည့်တော့မှသိမယ်

ဒုက္ခ သိပ်ကြိုက်တာပဲ၊ ယီးတီးယားတာ မဟုတ်ဘူး ဦးဘတင်ရ (မှန်ပါ)။ သေကြည့်မှ သိမယ်၊ ဒကာ ဒကာမတွေ သေကြည့်တော့မှ၊ ဒီခန္ဓာငါးပါးကို ဘယ်အခြေ စိုက်အောင် ခင်ဗျားတို့ ခင်သတုံး လို့မေးရင်၊ လုံးဝ မခွဲပါရစေနဲ့လို့ မလာဘူးလား (လာပါတယ် ဘုရား)၊ လုံးဝမခွဲပါ ရစေနဲ့ ဆိုတော့ တဏှာ အစေးနဲ့ ရုပ်နာမ်သမားနဲ့ ကပ်နေလို့ပဲ (မှန်ပါ)။

ဒီမှာ ခင်ဗျားတို့နဲ့လည်း ဒါနဲ့သာကပ်ပြီး မစွန့်ချင်ပဲနဲ့ သေလို့ရှိရင်ဖြင့်၊ ငြိပြီး သေလို့ရှိရင် အောက်ပဲ ရှိတယ်၊ အထက် မပါဘူး (မှန်ပါ)။ မျောက်ဟာ အောက်ကျသလား အထက် ပြန်တက် သလား (အောက်ကျပါတယ် ဘုရား)။ အောက်ကျတော့ ဘာရှိသတုံး (အပါယ်လေးပါးပါ ဘုရား)

ကောင်းပြီ၊ ခင်ဗျားတို့လည်း ဒီငါးပါးနဲ့ ငြိနေရင် အောက်ကျမှာပဲ သဘောကျ ပြီလား (မှန်ပါ)။

ခန္ဓာကြီးကိုမစွန့်ချင်ရင်

ဘာဖြစ်လို့ ကျပါလိမ့်မလဲ ဆိုတော့ ဒီငြိနေမှုကြောင့် (မှန်ပါ)၊ ဘယ်ဟာမှ ရုန်းနိုင် ကန်နိုင် တာက ပါသေးရဲ့လား (မပါပါ ဘုရား)။ ခန္ဓာငါး ပါးစလုံးဟာ တစ်ခါတည်း ဒီရုပ်နာမ်သမားနဲ့ တဏှာနဲ့ ဟာက ဒကာ ဒကာမတို့ ငြိကပ်နေတာဟာ ဖြုတ်လို့ ဖြေလို့ကို ရသေးရဲ့ လား (မရပါ ဘုရား)။

မရတော့ ဪ တို့သေရင် ဘယ်သွားမှာ ပါလိမ့်မတုံး ဆိုတော့၊ ဒီခန္ဓာကြီး မစွန့်ချင်တဲ့ သဘောနဲ့ သေလို့ရှိရင်ဖြင့် အောက်လမ်း သွားဖို့တော့ သေသေချာချာ ဆုံးဖြတ်ချက်ချ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်လမ်း ဆုံးဖြတ်ချက်ချမှာလဲ (အောက်လမ်း ဆုံးဖြတ်ချက်ချရ မှာပါ ဘုရား)၊ အင်း- ဒါသိမှနော်၊ ဒုက္ခသစ္စာမှန်း သိတဲ့ ပုဂ္ဂိုလ်ကတော့ – ပြုံးရှာတယ်၊ ဒုက္ခဝန်ကြီး မထမ်း ရတော့ဘူး၊ ကျွတ်ပြီ လွတ်ပြီဟ၊ အရိယာ အပေါင်း သူတော်ကောင်း တွေကတော့ ဦးဘကြည်၊ ဦးချစ်ခ ဘာဖြစ်သလဲ (ပြုံးပါတယ် ဘုရား)။

မယုံရင်အလောင်းသွားကြည့် –

ပြုံးတယ်နော်၊ ခင်ဗျားတို့ကတော့ ဒါကြီးနဲ့ ခွဲရတော့မယ်ဆိုရင် မဲ့ပြီး သကာလ နေတော့၊ မဲ့ရင်း မတ္တ စုတေစိတ် ကျသွားတာပဲ (မှန်ပါ)။ ဒါကြောင့် ရဟန္တာ သေတဲ့အခါကျတော့ ခေါင်းဟာ ညာဘက် စောင်းလေ့ ရှိတယ်၊ ညာဘက် စောင်းပြီး ပြုံးလေ့ ရှိတယ်၊ ပုထုဇဉ် သေတဲ့ အခါကျတော့ ဘယ်စောင်းပြီး မဲ့လေ့ရှိတယ်၊ မယုံရင် အလောင်း သွားကြည့် ကိုထွန်းဦး၊ ရဟန္တာတို့ အရိယာတို့ သေပုံနှင့် ပုထုဇဉ် သေပုံကို မတူဘူးတဲ့ (မှန်လှပါ ဘုရား)။

ယုတ်စွအဆုံး လည်ပင်းကို လှီးပါ။ လှီးတာတောင် ခေါင်းဟာ ညာဘက် စောင်းသေးတယ် ရိပ်မိပြီလား (မှန်ပါ)။ ပုထုဇဉ်ကဖြင့် ဘယ်ဘက်စောင်း တာများလေရဲ့ မနည်း ပြင်ပြင် ယူရတယ် (မှန်ပါ)။ ဒါဘယ်သူ့ သတ္တိတွေ ထင်သတုံးဗျ (သမုဒယသတ္တိပါ ဘုရား)။ ဒကာ ဒကာမတို့ ပြီးသေ သလား မဲ့သေသလား (မဲ့သေပါတယ် ဘုရား) ရှင်းပြီလား ဒကာ ဒကာမတို့ (ရှင်းပါတယ် ဘုရား)။

ဗေဒင်မမေးနဲ့၊ သေတာသွားကြည့်

ဒါဖြင့်၊ ဒီဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်း သိပြီ၊ ခွဲရတာ ဝမ်းသာတဲ့ အခြေအနေရောက်မှ ပြုံးတဲ့ လမ်းဖြစ်မယ် (မှန်ပါ)။ နို့မိုရင်ဖြင့် မဲ့တဲ့လမ်း၊ ရွဲ့တဲ့လမ်း၊ စောင်းတဲ့ လမ်းသာ ဖြစ်ရမယ် (မှန်ပါ)။ ဒါဘယ်သူ့မှ ဗေဒင်မေး မနေနဲ့ ဒီပုဂ္ဂိုလ် သေတာ သွားကြည့် (မှန်ပါ)။

သွားကြည့်လိုက်လို့ ရှိရင်ဖြင့်၊ သူဟာ အရိယာ မျိုးစေ့ပါလို့ အရိယာ အဖြစ်ကို ဖြစ်ထိုက် သလောက် ရောက်တဲ့ ပုဂ္ဂိုလ်ဖြင့် ပြုံးနေမှာပဲ ဆိုတာ သေချာတယ်၊ ညာဘက်စောင်း ဆိုတာကော မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဘယ်သူက လှလိုက်တာ၊ ဘေးက မသာရှင် ကျေနပ်အောင် ပြောငြား သော်လည်း သွားကြည့်ပါ။ မဟုတ်ဘူး၊ ဟင်- တချို့ က မသာရှင် ကျေနပ်အောင် ပြောတာတွေ အများကြီး ရှိတယ် မရှိဘူးလား ( ရှိပါတယ် ဘုရား) အဲဒါတွေ အပိုထားကြပါစို့။

ဒကာ ဒကာမတို့ မျောက်သည် ငါးဘက်စလုံး ငြိနေတဲ့အခါ၊ အောက်က မုဆိုး၏ စားဖတ် ဝါးဖတ်အဖြစ်နဲ့ အချိန်မကုန်ရဘူးလား (ကုန်ရပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ခန္ဓာငါးပါး ဒုက္ခသစ္စာမှန်း မသိတော့ ငြိတာပေါ့ (မှန်ပါ)၊ ငြိတွယ်ပြီး သကာလနေတော့ ငြိတွယ် လျက် မတ္တနဲ့ သေတော့ အောက်ကျမယ်၊ အောက်သွားရမယ် ဆိုတာက ဦးဘအုန်းတို့ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အောက်သွားလို့ ရှိရင် ဘာဖြစ်ရမှာဆို တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့၏အစာ ဖြစ်ရမယ် ဆိုတာကော ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အောက်သွား၊ အထက်သွား ဆိုတာဟာ ဘယ်သူ့ကို အဓိကထား မှတ်ရမှာတုံး၊ ဒုက္ခသစ္စာ သိမှုနဲ့ မသိမှု အပေါ်မှာ မှီနေတယ် (မှန်ပါ)။ ဦးဘကြည် ဒါသာ မှတ်လိုက် တော့ (မှန်ပါ)။

ဒုက္ခသစ္စာသိမှုနဲ့မသိမှု

အောက်သွား၊ အထက်သွား၊ ဘယ့်နှယ် မှတ်ကြမယ် (ဒုက္ခသစ္စာ သိမှုနဲ့ မသိမှု အပေါ်မှာ မှီပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

တနည်း ပုထုဇဉ် အပြော ပြောကြစို့ဆိုတော့ ခန္ဓာငါးပါးကို မခင်မှုသည် ဘယ်သွားသတဲ့ (အထက်သွားပါတယ် ဘုရား) ခင်မှုကကော (အောက်သွားပါတယ် ဘုရား)။

ခင်ဗျားတို့ကတော့ ခန္ဓာငါးပါးလည်း မကဘူး၊ ဆယ်ပါးလည်း မကဘူး (မှန်ပါ)၊ သားက ငါးပါးကို၊ သမီးကကော (ငါးပါးပါ ဘုရား) ဆွေမျိုး တွေကော (ငါးပါးပါ ဘုရား) ဒါဖြင့် ငါးပါး ကသေးရဲ့လား (မကပါ ဘုရား) ဘယ်လောက် ထိအောင် ငြိနေတုံး (မရေတွက်နိုင်ပါ ဘုရား) အကုန် ငြိနေတယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ ဝိသတ္တိကာလို့ ဘုရားကဟောတယ် (မှန်ပါ)။

တဏှာလောဘဟာ တွေ့ရာငြိတာပဲ ဒကာ ဒကာမတို့၊ ဒီအိမ်နေလို့ ရှိရင် ဒီအိမ်နဲ့ဒီခန္ဓာ ငြိတာပဲ မငြိဘူးလား (ငြိပါတယ် ဘုရား) အဲ-သူနေရာ ရွေးသေးသလား (မရွေးပါ ဘုရား) နေရာ မရွေးပါဘူး ဒကာ ဒကာမတို့ အဲဒီတော့ နေရာမရွေးရင် ဘယ်နေရာ ရောက်ရောက် သူကဖြင့် ထွက်ရပ်လမ်း ကို အခွင့်မပြုဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရားနားကပန်းသည်၊ ရွှေသည်တွေ

ဥပမာမယ် ဘုရားနား ရောင်းနေတဲ့ ပန်းသည်၊ ရွှေသည်တွေ ရှိတယ် နော်၊ ခင်ဗျားတို့ ပကတိ မျက်လုံးနဲ့ကြည့်ကြည့်၊ ဘာနဲ့ကြည့်ကြည်၊ သူဟာ ဘုရားနား ကပ်ချင်လို့ ကပ်တာလား၊ တဏှာနဲ့ ကပ်နေတာလား သာမေး (တဏှာနဲ့ ကပ်နေတာပါ ဘုရား)၊ တဏှာနဲ့ကပ်နေတာ ဒီနေရာမှ ငွေရမှာ ကိုးဗျ (မှန်ပါ)။

ကြည်ညိုတာလား၊ ငွေရချင်လို့လားလို့ မေးရင်ကော (ငွေရချင်လို့ ပါ ဘုရား) ကြည်ညိုတာ ပါရဲ့ လား (မပါပါ ဘုရား) မပါပါဘူး၊ တဏှာနဲ့ ကပ်နေတယ်၊ ရိပ်မိပြီလား (မှန်ပါ)။

ကောင်းပြီ၊ တဏှာနဲ့ ကပ်နေတာ သိတော့ တစ်ခါဘုရားရှိခိုးတဲ့ ပုဂ္ဂိုလ် သွားကြည့်ဦး၊ ဦးဝင်းရ (မှန်ပါ)။

ဘုရားရှိခိုးတဲ့ပုဂ္ဂိုလ်တွေ

သူ့ခန္ဓာကိုယ်၏ နောင်ကျန်းမာမှု၊ သူ့ခန္ဓာ၏ နောင် ကောင်းစားမှုတွေ ပဲပါတယ် ဆိုတော့၊ သူဘယ်သူနဲ့ ကပ်နေတုံး (တဏှာနဲ့ ကပ်နေပါတယ် ဘုရား) ရွှေသည် ပန်းသည်တော့ ခင်ဗျားတို့ အပြစ်မတင်နဲ့ဦး (မှန်ပါ)။ ကိုယ်လည်း ဘုရား ရှိခိုးတဲ့ အခါ ကြည့်ဦး (မှန်ပါ) ဒီခန္ဓာကြီးရဲ့ လက်ရှိ ကျန်းမာမှုကော ပါမပါ (ပါပါတယ် ဘုရား)။

နောင်ဘဝ ကောင်းစားရေး ဆိုတဲ့ နောင်ဘဝ ခန္ဓာနဲ့ကော လှမ်းမငြိဘူး လား (ငြိပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့လည်း ရွှေသည် ပန်းသည်နဲ့ တယ်မထူးပါဘူး၊ ထူးသေးရဲ့လား (မထူးပါ ဘုရား) ဘာဖြစ်နေတာတုံး (ကပ်ငြိနေတာပါ ဘုရား) ကပ်ငြိတာပဲ ဆိုသဖြင့် ဒုက္ခဝဋ်မှ ကျွတ်လိုလို့ ဘုရား ရှိခိုးတဲ့လူက ရှာမှရှားမယ် (မှန်ပါ) ရှာမှ ရှားပါ။

ဒုက္ခဝဋ်မှကျွတ်ဖို့ရှိခိုးတာလား

ဘာပြုလို့တုံးဆိုတော့ ကိုယ့်ခန္ဓာကိုယ် ဒုက္ခသစ္စာလို့ မသိဘဲနဲ့ သွားရှိ ခိုးတဲ့ ပုဂ္ဂိုလ်က၊ ဒီပုဂ္ဂိုလ်သည်ကား ဒုက္ခဝဋ်မှ ကျွတ်လိုတဲ့ သဘောနဲ့ ရှိခိုးတဲ့ ပုဂ္ဂိုလ်ဟာ ဒကာသိုက် ရှာမှရှားမယ် (မှန်ပါ) ဦးချစ်ခ ကြားဘူးရဲ့လား (မကြားဘူးပါ ဘုရား) မကြားဖူးဘူး မကြားဘူးလို့ရှိရင်ဖြင့် သူသည် ဘုရား ရှိခိုးပင် ရှိခိုးနေငြား သော်လည်း၊ ဒုက္ခဝဋ်မှ ကျွတ်ဖို့ ရှိခိုးတာလား၊ ဒုက္ခဝဋ်နှင့် နောင်တဖန် မခွဲဖို့ ရှိခိုးတာလားသာ မေးပေတော့ (မခွဲဖို့ရှိခိုးတာ ပါ ဘုရား)။

မခွဲဖို့ရှိခိုးတာ ဖြစ်မှ ဖြစ်ရလေတယ်၊ ကြောက်စရာ သိပ်ကောင်း ပါလား (မှန်ပါ)။ ဒကာ ဒကာမတို့ ခင်ဗျားတို့ လုပ်ပုံတွေဟာ တဏှာဦးစီး မလွတ်ဘူး ဆိုတာ ဦးဝင်း ရှင်းပြနေတာ (မှန်ပါ)။ တဏှာဦးစီး လွတ်ကဲ့လား (မလွတ်ပါ ဘုရား)

ဒါကြောင့် နေရာတိုင်း ရှုပ်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဘယ်သူတုံး (သမုဒယပါ ဘုရား) တဏှာ သမုဒယဆိုတာ ရိပ်မိကြပြီလား (မှန်ပါ)။

လူ့ပြည်နတ်ပြည်ဆိုတာအလည်လာတာ

ဒကာ ဒကာမတို့၊ ဒါကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီး ဟောတာက၊ အပါယ် လေးပါးဟာ မင်းတို့ အမြဲနေတဲ့ အိမ်ကွ၊ လူ့ပြည် ဆိုတာ ခဏ အလည်လာတာ၊ နတ်ပြည် ဆိုတာလည်း ခဏ အလည်လာတာ လို့ ဘုရားက ဟောလိုက်တယ်၊ ဟောသင့် မဟောသင့် (ဟောသင့်ပါ တယ် ဘုရား)။

ငြိ ငြိပြီး အောက်ချည်း ကျနေတာကိုး (မှန်လှပါ ဘုရား) ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ခန္ဓာငါးပါးနဲ့ ခင်မှုနဲ့ မငြိဘူးလား (ငြိပါတယ် ဘုရား) ကိုယ့်ခန္ဓာငါးပါးကိုယ် မခင်ကြဘူးလား (ခင်ကြပါ တယ် ဘုရား) အဲ-ခင်မင် လျက်နဲ့ စုတိစိတ် ကျသွားတဲ့ အခါကျတော့ ခုနက ချည်ပြီးသား ကျသွားတယ် (မှန်ပါ)။

အစေးတွေနဲ့ အကုန်ငြိပြီး ကျသွားတာကိုး၊ သေသူ အပေါင်းကို ကြည့် လိုက်တဲ့ အခါကျတော့ ဒီအစေးငြိပြီး သကာလ မျောက်ကျ ကျတာချည်းပဲလား လို့ မေးကြည့်စမ်း၊ ဘယ်နှယ့် ဆိုမှာလဲ (မျောက်ကျ ကျပါတယ် ဘုရား)။ မျောက်ကျ ကျတယ်ဆိုတော့ အထက် တစ်ယောက်မှ မသွားဘူး (မှန်ပါ)။

ဘယ်ချည်းသွားမှာတုံး (အောက်ချည်းသွားပါတယ် ဘုရား) ကြည့်လေ ကိုယ့်ခန္ဓာငါးပါး၊ ရူပက္ခန္ဓာလည်း သူမစွန့်နိုင်ဘူး (မှန်ပါ) ဝေဒနာက္ခခန္ဓာကော (မစွန့်နိုင်ပါ ဘုရား) ငါပါးစလုံးကော (မစွန့်နိုင် ပါ ဘုရား) ဒီငါးပါးက ကိုယ့်ခန္ဓာတွေ ရှိသေးတယ် (မှန်ပါ) ကိုယ် အင်မတန် ရင်းနှီးတဲ့ ခင်ပွန်းမတွေ၊ ခင်ပွန်း ယောက်ျားတွေ မရှိကြဘူးလား။ (ရှိပါတယ် ဘုရား)။

ငြိချက်ကမျောက်ထက်ဆိုးတယ်

အဲဒီ ခန္ဓာငါးပါးတွေနဲ့လည်း မခွဲချင်ကြဘူး ငြိနေတာပဲ၊ သားသမီးလေး တွေ ခန္ဓာနဲ့ကော (ငြိပါတယ် ဘုရား) ဒါဖြင့် ငြိချက်က မျောက်ထက် ငြိနေ တာပဲ (မှန်ပါ) မျောက်ထက် ဆိုးနေ သေးတယ်ဗျ၊ မျောက်က ငါးခုဆိုရင် ကုန်ပြီကော (မှန်ပါ)

ဦးဘကြည် ခင်ဗျားတို့ ကျုပ်တို့ငြိချက်က ဘယ်လောက် များသတုံး (မရေတွက်နိုင်ပါ ဘုရား) အများကြီးဆိုတော့ ပိုက်ကွန်ထဲ မိသလိုဖြစ်နေတာပေါ့၊ ဟင်-ရုန်းလို့ကန်လို့ကို ရစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ရုန်းလေလေ ငြိလေလေပဲ ကိုထွန်းဦး၊ သဘောကျပြီလား (မှန်ပါ) ဘယ်လောက် ကောက်ကျစ် ထားသတုံး ဆိုတော့၊ ခင်ဗျားတို့ ထွက်သွားမှာ စိုးလို့ သူက လုံးလုံးထားတယ် (မှန်ပါ) ထွက်သွားမှာစိုးလို့ ဘာလုပ်ထားသလဲ (လုံးလုံး ထားပါတယ် ဘုရား)

လုံးလုံးထားတဲ့ အခါကျတော့ ခင်ဗျားတို့ ကလည်း လုံးလျက်ကြီး ကျတဲ့ ပုဂ္ဂိုလ်မို့၊ ခြေကလည်း လှမ်းမကုတ်နိုင်ဘူး၊ လက်ကလည်း လှမ်းမဆွဲနိုင်ဘူး၊ တောက်လျှောက် သာသွားဖို့ ရှိတော့တယ် (မှန်ပါ)။

ပြင်လိုကော ရပါ့မလား မရဘူးလား (မရပါ ဘုရား) ဦးဝင်း ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား) ဒါဘယ်သူက ကောက်ကျစ် ထားတာတုံး (သမုဒယက ကောက်ကျစ်ထားတာပါ ဘုရား) သို့သော် ခင်ဗျားတို့ မိတ်ဆွေ သင်္ဂဟတွေလည်း၊ ဟ ကိုယ့်ကိုယ် ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ခင်မှုကိုလည်း အားပေးလေ့ရှိကြတယ်၊ မပေးဘူးလား (ပေးပါတယ် ဘုရား)။

မင်းမစောင့်ရှောက်ရင်ဘယ်ဖြစ်မှာတုံး

မင်းတို့ သားသမီးတွေကိုလည်း မင်းတို့ စောင့်ရှောက်မှပေါ့။ မင်းမစောင့် ရှောက်လို့ ဘယ်ဖြစ်မှာတုံး ဆိုတော့၊ သားသမီး ခန္ဓာငါးပါးနဲ့ လည်း ကပ်ငြိအောင် ရင်းနှီးတဲ့ မိတ်ဆွေတွေ ကလည်း အားပေးကြတယ်၊ မပေးကြဘူးလား (ပေးပါတယ် ဘုရား)။

တကယ်လို့များ မင်းတို့ ဇနီးမောင်နှံတွေဟာ၊ အခန့်မသင့်လို့ ဒေါသ အလျောက် မသင့် မတင့် ဖြစ်ပြီး ကွဲနေကြလို့ရှိရင်၊ ဘေးက မိတ်ဆွေ သင်္ဂဟ များက လူကြီးစုံရာနှင့် လာပြီး သကာလ ပို့ရတယ် ဆိုတော့ အတော်ခက်နေပါ လား (မှန်ပါ)

ဘေးက ပုဂ္ဂိုလ်တွေကလည်း မင်းတုပ်ပြီး ချည်ပြီးဖြစ်မှ မင်းအပါယ် သွားမှာ၊ ဒါကြောင့် ငါတို့ ကြိုးစား ပေးရတယ် ဒီအဓိပ္ပာယ်ကော မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။

ဘေးကအတွန်းသမားတွေ

အမယ်လေး၊ ကြောက်စရာ သိပ်ကောင်းတာပဲ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ကလည်း နဂိုက ချည်ပြီး တုပ်ပြီး ဖြစ်ချင်ရတဲ့ အထဲ ဘေးက အတွန်းသမား တွေကလည်း ရပ်နဲ့ရွာနဲ့လာတာ (မှန်ပါ) ဦးဝင်း ဘာနဲ့ လာ တာတုံး (ရပ်နဲ့ရွာနဲ့ လာပါတယ် ဘုရား) ရပ်နဲ့ရွာနဲ့ လာတယ်၊ မင်းတို့ ကွဲနေ တာကွာ ဒို့အရပ်ထဲမှာဖြင့် ဘယ်သူမှ မျက်နှာ မကောင်းကြဘူး (မှန်ပါ)။

မင်းတို့အတွက် ရှေ့မျက်နှာ နောက်ထားပြီး ဝင်ခဲ့တာကွ၊ မတတ်နိုင်ဘူး အစရှိသည်နှင့် မလာဘူးလား၊ လာကြသလား (လာကြပါတယ် ဘုရား)

အဲဒီကဲ့သို့ လာကြတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ရွာထဲရပ်ထဲက အားပေး တာကလည်း ဘာတုံး ဆိုတော့ နည်းနည်းလေး ငြိနေတာ နည်းနည်းလေး အစေး ပြန်ပြယ် သွားတာကို ပြန်ပြီး သကာလ ကပ်အောင်၊ လူကြီးစုံရာနဲ့ အားပေးကြတာကိုးဗျ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါခင်ဗျားတို့က မကပ် ကပ်ပါမယ့် အကြောင်း ဦးချစ်ခတို့လို ပုဂ္ဂိုလ် တွေက ငါပြောတာ နားထောင်နော်၊ လုပ်ချင် လုပ်ဦးမှာ၊ မကပ်မှာ စိုးလို့ကိုးဗျ။

ချောက်တန်တဲ့ လူကျတော့ သူနိုင်တဲ့ လူကျတော့ ချောက်ပြီးတော့ ကပ်ခိုင်းတယ် (မှန်ပါ) မြှောက်တန်တဲ့ လူကျတော့ မြှောက်၊ အမလေး ဟိုပုဂ္ဂိုလ်က လည်း နဂိုက ကပ်ချင်လျက်နဲ့ ခင်ဗျားတို့ကလည်း ချောက်ကပ် မြှောက်ကပ်နဲ့ ဆိုတော့၊ ဦးထွန်းဦး ချောက်မှကျပါ့မလား ကျတဲ့ဟိုဘက် လွန်မနေဘူး လား (လွန်နေပါတယ် ဘုရား)။

ဒါဘယ်သူ ကောက်ကျစ် ထားတာတုံး (သမုဒယပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် စဉ်းစားကြည့် ဒကာ ဒကာမတို့ ဒီလို အကုန် ချုပ်ကိုင် ချုပ်နှောင်တုပ်ဖွဲ့ပြီး ကောက်ကျစ် ထားတဲ့ သဘောနဲ့ ငြိတွယ် ထားတဲ့ သဘောနဲ့ ပုဂ္ဂိုလ်တွေဟာ၊ ခုနက မျောက်ဥပမာနဲ့ ဘုရားက ပြလိုက်တယ် (မှန်ပါ)။

အောက်သာ ကျတယ်ဟေ့၊ အထက် မတက်ဘူးလို့ ဦးဘကြည် ဟောထိုက် မဟောထိုက် (ဟောလိုက်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘုရားကမျောက် ဥပမာထားပြီ ဟောတယ်၊ ဦးချစ်ခ ယုံကြည်ပြီလား (ယုံကြည်ပါတယ် ဘုရား)။

ဘယ်လို ယုံကြည် တာတုံးဗျ၊ ကိုယ်ဖြစ်ရမှာ သေချာတယ်လို့လား၊ ဟေ့ နောက်က ဒကာ ဒကာမတွေ သမုဒယ အကြောင်း ကောင်းကောင်းသိ မယ်ဆိုလို့ရှိရင်ဖြင့်၊ ဪ မျောက်ကို မျောက်နှဲစေးကပ်တဲ့ ဥပမာနဲ့ ဝိသတ္တိကာလို့ ဘုရားက ဟောတာကိုးဗျ (မှန်ပါ) နာမည် ကိုကလည်း အတော် ဆိုးတယ်၊ ဒါဖြင့် ဒကာ ဒကာမတို့ သူ့လက်ချက် သိကြပြီလား (သိပါပြီ ဘုရား)။

အပါယ်ကျအောင်ကောက်ကျစ်တယ်

အပါယ်ကျအောင် ကောက်ကျစ်တယ်၊ ပစ္စုပ္ပန်မှာ လွတ် ထွက်ပြေးမှာ စိုးလို့ ဖမ်းတယ်၊ မဖမ်းဘူးလား (ဖမ်းပါတယ် ဘုရား)၊ ပစ္စုပ္ပန်မှာ ကျတော့ ဟိုနိဗ္ဗာန်ဘက် ထွက်သွားမှာစိုးလို့ လွတ်သွားမှာ စိုးလို့ ဦးဘကြည် မဖမ်းဘူး လား (ဖမ်းပါတယ် ဘုရား)။

ဖမ်းပြီး ဘာလုပ်သတုံးလို့ မေးတဲ့အခါကျတော့၊ ချောက်ထဲကျ အောင်လုပ်တယ် (မှန်ပါ)။ အောက်ကျအောင် လုပ်တာပဲ၊ ထိုးကျတာပဲ (မှန်ပါ)။ သားရေး၊ သမီးရေး၊ စီးပွားရေး ကျတော့ တိုက်တွန်းတယ် (မှန်ပါ) တိုက်တွန်းတယ် ဆိုတော့ ဒကာ ဒကာမတွေလည်း ကိုယ်တွေ့တွေ ပါပဲ၊ ဒီဥစ္စာ သူများပြောလို့ ဆိုစရာ လိုသေးလား (မလိုပါ ဘုရား)။

ဘုရားသွား ကျောင်းတက် တရား အားထုတ်ဖို့ ကျတော့ ဘာလုပ် သတုံး (ကန့်ကွက် ပါတယ် ဘုရား)။ ကန်ကွက်တယ်နော်၊ သားရေး၊ သမီးရေး၊ စီးပွားရေးကျတော့ တိုက်တွန်းတယ် (မှန်ပါ)၊ ဒါဖြင့် ဒါဟာ ကန့်ကွက်တာ လည်း ဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား) တိုက်တွန်း တာကော (သမုဒယသစ္စာပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ လောဘမူစိတ် ရှစ်ခုမှာ သသင်္ခါရိက ပါတယ် ဆိုတာလည်း ရိပ်မိကြပြီလား (မှန်ပါ) အသင်္ခါရိက ဆိုပြီး သူများ မတိုက် တွန်းလည်း ကိုယ့်ဟာကိုယ် သားရေး သမီးရေး ကျတော့ လုပ်ဖြစ်သေးတယ် (မှန်ပါ) အဲဒါကျတော့ အသင်္ခါရိက ဟုတ်ပြီလား (မှန်ပါ)။

သူများက ရပ်ကရွာက ဝိုင်းပြီး ကူညီပြီး လုပ်ရတဲ့အ လုပ်တွေလည်း ရှိသေးသကိုးဗျ (မှန်ပါ) အဲဒါကျတော့ သသင်္ခါရိက လောဘပဲ (မှန်ပါ)

ဒါဖြင့် အသင်္ခါရိက လောဘ၊ သသင်္ခါရိလောဘ ဆိုတာ ကပ်ငြိတဲ့ဆီ က တရားချည်းပဲ လို့ဆိုတာ ဒကာ ဒကာမတွေ ယုံကြည်ပြီလား (ယုံကြည် ပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် သူကောက်ကျစ်ပုံ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် ဖြောင့်ပုံကို ပြောတော့မယ် (မှန်ပါ)။ ဒကာ ဒကာမတို့ ဖြောင့်ပုံကို ပြောတော့မယ် ဆိုတော့၊ မနေ့က ဂါထာ မဆုံးလို့ ဘုန်းကြီးက ဝေဒနာသုံးပါးကို ပြန်တည် ရမယ်၊ မနေ့က “ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ” မရောက်ဘဲ ဖြစ်သွားတယ် (မှန်ပါ) နာရီကစေ့သွားတယ် (မှန်ပါ)။ ခင်

နာမရူပပရိစ္ဆေဒ ဉာဏ်

ဒကာ ဒကာမတို့ ဒါက သုခဝေဒနာ၊ ဒါက ဒုက္ခဝေဒနာ၊ ဒါက ဥပေက္ခာဝေဒနာ ဒါ အလုပ်ကို စပြီ (မှန်ပါ)။ ဒါဟာ နာမရူပပရိစ္ဆေဒ ဉာဏ် စပြောလိုက်တာပဲ (မှန်ပါ)။ ဒါဘာဝေဒနာတွေတုံး (သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတွေပါ ဘုရား)။

ေဩာ်-စားပွဲပေါ်မှာ ရှိတယ်လို့ မအောက်မေ့နဲ့နော်၊ ခန္ဓာပေါ်မှာ ရှိတယ်လို့ အောက်မေ့ပါ၊ ဘယ်မှာရှိတုံး (ခန္ဓာပေါ်မှာ ရှိပါတယ် ဘုရား) စားပွဲပေါ်က ပုံသဏ္ဍာန် ပြထားတာ (မှန်ပါ) ခင်ဗျားတို့ ခန္ဓာမှာ ဝေဒနာက္ခန္ဓာလို့ ဘုရားက ဟောသောကြောင့် ဒီသုံးခု ရှိနေတယ်။ အလှည့်ကျနဲ့ ရှိနေတယ်လို့ မှတ်လိုက် (မှန်ပါ)။

သုခဝေဒနာ

သို့သော် တစ်ခု ရှိနေရင် ကျန်နှစ်ခုမရှိဘူး (မှန်ပါ)၊ တစ်ခု တစ်ခု စီသာ ရှိရမယ် (မှန်ပါ) ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ဟာ ဘာခန္ဓာတုံးလို့ မေးရင် (ဝေဒနာက္ခန္ဓာပါ ဘုရား) ဝေဒနာက္ခန္ဓာ လို့ပဲ ဆိုရမယ်။ ဟုတ်ပါရဲ့လား ဆိုတော့ မယုံရင် ခင်ဗျားတို့ကို တစ်ပါးသော ပုဂ္ဂိုလ်က မေးကြည့် နေကောင်းရဲ့လားလို့ မေးရင်၊ ခင်ဗျားတို့က နေကောင်းတဲ့အခါ ဘယ့်နှယ် ဖြေမှာတုံး နေကောင်း ပါတယ်လို့ မဖြေဘူးလား (ဖြေပါတယ် ဘုရား)။

ဒုက္ခဝေဒနာ

ဖြေတော့ ဘာဝေဒနာ ပေါ်နေတယ်လို့ ပြောသတုံး (သုခ ဝေဒနာပါ ဘုရား)၊ တစ်ခါ နေမကောင်း တဲ့အခါ တစ်ယောက်သော ပုဂ္ဂိုလ်က မျက်နှာလေး ညှိုးငယ်နေပြီး မဲ့ရွဲ့နေလို့ ဘာများ ဖြစ်နေတာတုံးလို့ မေးတော့ ခင်ဗျားတို့က ဘယ့်နှယ်ပြောကြမှာလဲ (နေမကောင်းဘူးလို့ ပြောပါတယ် ဘုရား) နေမကောင်းဘူးလို့ ဆိုတော့ ဒုက္ခဝေဒနာ ရှိကြောင်း သူပြောတာ နော် (မှန်ပါ)။

ဥပေက္ခာဝေဒနာ

တစ်ခါတစ်လေ နလံထစ ကောင်းချီ တလှည့် မကောင်းချီ တလှည့်နှင့် နေတဲ့ အခါ ကျတော့ ဘယ့်နှယ်နေတုံး၊ ခင်ဗျား ကြည့်ရတာ ဟာ-အင်း အခုတော့ အသင့်အတင့် ရှိပါပြီလို့ မပြောဘူးလား (ပြောပါတယ် ဘုရား) အဲဒါကျတော့ ဘာဝေဒနာ ကပ်နေသလဲ (ဥပေက္ခာ ဝေဒနာပါ ဘုရား)။

ဒါဖြင့် အသင့်အတင့်ရှိရင် ဥပေက္ခာဝေဒနာ၊ နေကောင်းတာရယ်၊ နေမကောင်းတာရယ်၊ အသင့်အတင့် ရှိတာရယ်၊ ဒီသုံးခု မှတစ်ပါး ဦးဘအုန်း ဘာရှိသေးတုံး (ဘာမှမရှိပါ ဘုရား)

အဲဒီတော့ ဒီဝေဒနာသည် ဘယ်အချိန် များ တပည့်တော်တို့ သန္တာန် ကိန်းအောင်း ပါလိမ့်မတုံးလို့ ခင်ဗျားတို့က စောဒက မတက်ပါနဲ့လို့ သတိပေး လိုက်ပါတယ် (မှန်ပါ)။

ခင်ဗျားတို့ နေကောင်းတဲ့ အခါမှာ သုခဝေဒနာပဲ (မှန်ပါ) နေမကောင်းတဲ့အခါမှာ ဒုက္ခဝေဒနာ၊ အသင့်အတင့် ဖြစ်တဲ့အခါ ဥပေက္ခာ ဝေဒနာ၊ ဒီသုံးချိန် မှတစ်ပါး ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဘာများ ရှိသေးလဲ (မရှိပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့မှာ ဝေဒနာကင်းနေတဲ့ အချိန်များ ပါသေး သလား (မပါပါ ဘုရား)။

ဪ သုခဝေဒနာ ဆိုတာကတော့ ဒကာ ဒကာမတွေက စဉ်းစားလိုက်၊ အစားကောင်း၊ အနေကောင်း၊ ဥတုကောင်း၊ အဝတ်ကထူလိုက် ပါးလိုက် ဆိုရင် အထည်အလိပ် ကောင်းနဲ့ ကြုံလို့ ပေါ်တာ (မှန်လှပါ ဘုရား) မကြုံရင် မပေါ်ပါဘူး၊ သုခဝေဒနာ အလိုလိုေ ပါ်တာလား၊ ပြုပြင်ထားလို့ ပေါ်တာလား (ပြုပြင်ထားလို့ ခေါ်တာပါ ဘုရား)။

ဪ ပြုပြင်ထားလို့ ပေါ်တာ (မှန်ပါ) သူသည် မနေ့က ပြောခဲ့တဲ့အတိုင်း သင်္ခါရတရား (မှန်လှပါ ဘုရား) ဦးဘကြည် ဘာတဲ့တုံး (သင်္ခါရတရားပါ ဘုရား) ဘာပြုလို့ခင်ဗျားတို့က သင်္ခါရ တရားလို့ ဆိုရတာ တုံး (ပြုပြင် ထားလို့ပါ ဘုရား)။

ပြုပြင်ထားလို့ပေါ်တဲ့တရား

ပြုပြင်ထားလို့ ပေါ်တဲ့တရား အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား) ဒကာ ဒကာမတွေ ဘယ့်နှယ် ဆိုကြမှာလဲ (ပြုပြင်ထားတဲ့ တရားပါ ဘုရား) ပြုပြင်ထားလို့ ပေါ်တဲ့တရား၊ စာလို သုံးတော့ သင်္ခါရတရား၊ အဲ-သင်္ခါရ တရားဆိုတာ ပြုပြင်လို့ ပေါ်လာတဲ့တရား (မှန်လှပါ ဘုရား)။

ဒါဖြင့် သင်္ခါရတရား ခေါ်လိုက် ဦးဝင်း ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါလဲ ပြုပြင်ထားလို့ ဒုက္ခဝေဒနာ ဆိုတာလည်း မတည့်တဲ့အစာ ပြုပြင်ထားလို့၊ မတည့်တဲ့ဥတု ပြုပြင်ထားလို့ (မှန်ပါ)။ ဒါဖြင့် မတည့်တဲ့ နေရာဌာန သွားမိ လာမိလို့ (မှန်ပါ) မတည့်တဲ့ အစာစားမိလို့၊ မတည့်တဲ့ရေ သောက်မိလို့ ဘာဖြစ်ရမှာလဲ (ဒုက္ခဝေဒနာ ဖြစ်ပါတယ် ဘုရား)။

ကောင်းပြီ သူလည်း အလိုလို ပေါ်တာလား၊ ပြုပြင်ထားတဲ့ တရား ကြောင့်လား (ပြုပြင်ထားတဲ့ တရားကြောင့်ပါ ဘုရား)။ ဒါဖြင့် သူ့ကိုလည်း ဘာတရား ခေါ်မှာလဲ (သင်္ခါရတရားပါ ဘုရား) သင်္ခါရတရား၊ ဥပေက္ခာ ဝေဒနာ ဆိုတာလည်း ဒကာ ဒကာမတွေ မျက်လုံးထဲမှာ ပေါ်နေတယ်၊ နား၊ နှာခေါင်း၊ လျှာမှာ ပေါ်တယ်၊ ဟဒယဝတ္ထုမှာ ပေါ်တယ်လို့ ဆရာဘုန်းကြီး ဟောပြီးသား ပြောပြီးသားပဲ ထားပါတော့ (မှန်ပါ)။

ခဏ ခဏဟောနေလို့ ဒါကတော့ သိပြီးသား၊ ဒါကလဲ ဟိုက အာရုံနဲ့ ပြုပြင်မှပေါ်တာ (မှန်ပါ)။ မပြုပြင်ရင် မပေါ်ဘူး၊ စဉ်းစားကြည့်ပါ ခင်ဗျားတို့ နားက ကြားတယ်၊ ဟိုဘုရားကြီးရဲ့ တောင်ဘက်မှာ လူတစ်ယောက် အနိစ္စ ရောက်ရှာတယ်လို့ တစ်ယောက်သော ပုဂ္ဂိုလ်က ပြောတယ်၊ ပြောတဲ့အခါ ကျတော့ ခင်ဗျားတို့ အားလုံးပဲ နားရှိလို့တော့ ကြားပါရဲ့ (ကြားပါတယ် ဘုရား)။

သူနဲ့ဘာမှ ဆွေမျိုးမတော်တော့ ကြားခါမတ္တပဲ (မှန်ပါ)။ ဘာဝေဒနာတုံး ဆိုရင် ဥပေက္ခာ ဝေဒနာပဲ သဘောကျပြီလား (ကျပါပြီ ဘုရား) မော်တော်ကားစီးပြီး လမ်းသွားရင်း သူ့အလောင်း ကိုလည်း မြင်ခဲ့ရပါ တယ်၊ ဘာမှ မတော်စပ်တဲ့အတွက် မြင်ရုံပဲ ဘာဝေဒနာတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား)။

အဲဒီတော့ ထို့အတူပဲ နံတဲ့အခါ မွှေးတဲ့အခါလည်း ဥပေက္ခာ ဝေဒနာ ပဲ (မှန်ပါ) စားသောက်တဲ့ အခါကော (ဥပေက္ခာဝေဒနာပါ ဘုရား) အေး- အားလုံးသော ပုဂ္ဂိုလ် လမ်းမှာ ကလေး လေးတွေ အစရှိသည့်ဖြင့် နေကြတာ၊ ထိုင်ကြတာ တွေ့လို့ရှိရင်လည်း ကိုယ့်သားသမီး မဟုတ်တော့ ကိုမြင်တော့မြင်ခဲ့တာပဲ။

အင်း-ကမ္မသကာပဲ ဆိုပြီး သကာလ ကံသာအမိ ကံသာအဖ ဆိုပြီး ခင်ဗျားတို့ ဒီအတိုင်း ကြည့်ပြန်ခဲ့ ကြတာပဲ၊ မပြန်ခဲ့ကြဘူးလား (ပြန်ခဲ့ပါတယ် ဘုရား)

အဲဒါ ကံသာအမိ ကံသာအဖဆိုတော့ကို ဒါက မျက်လုံးတွင် မဆုံးတော့ဘူး ဝမ်းထဲက ပါလာတယ် မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီကျတော့ ဘာဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ ဘုရား) အဲဒါဖြင့် လည်းသူတို့ တွေ့စရာ ကြုံစရာ ဆုံစရာနဲ့ မတွေ့ပဲနဲ့ ဒကာ ဒကာမတို့ ဒီ ဥပေက္ခာ ဝေဒနာက အလိုလို ပေါ်ပါ့မလား (မပါပါ ဘုရား) မပေါ်လို့ရှိရင် အကြောင် းရှိတယ် (မှန်ပါ) ခုနက တွေ့တာ အကြောင်း ရှိတယ် (မှန်ပါ) အကြောင်း ရှိသောအားဖြင့် သူ့ကို ဘာဆိုမှာတုံး (သင်္ခါရပါ ဘုရား)။

ဒါဖြင့် ဒီဝေဒနာသုံးပါးစလုံး ဘာဆိုမှာတုံး (သင်္ခါရပါ ဘုရား) ရှင်းကြပြီလား (မှန်ပါ) ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဝေဒနာသုံးပါးသည် ငါ့ဝေဒနာ မဟုတ်ပါဘူး (မှန်ပါ) ကောင်းစားတာလည်း ငါလုပ်လို့ ငါကောင်း စားတာမဟုတ်ပါဘူး (မှန်ပါ) သင်္ခါရ အကြောင်း တရားတွေ ပြုပြင်လို့ ပေါ်လာတာ (မှန်ပါ) မကောင်းတာကော၊ ကောင်းတာကော ပြုပြင်ပြီး ငါလုပ်လို့ ဆိုကြမှာလား (မဆိုနိုင်ပါ ဘုရား)။

ဝေဒနာသုံးပါးဟာသင်္ခါရတရား

သင်္ခါရတရား အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတာပဲ (မှန်ပါ) လျစ်လျူရှု နိုင်တာကော (သင်္ခါရတရားပါ ဘုရား) အကြောင်း တိုက်ဆိုင်လို့ ပေါ်တာပဲ ကိုထွန်းဦးရ၊ ဒိပြင်ငြင်းစရာ မလိုတော့ဘူး (မလိုပါ ဘုရား) အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့နဲ့ဘာမှ မဆိုင်တဲ့ အတွက်၊ သူ့ကို သင်္ခါရ တရားလို့သာ မင်းတို့ မှတ်ထား၊ ဝေဒနာသုံးပါးကို ဘာမှတ်ထား ကြမယ် (သင်္ခါရ တရားပါ ဘုရား)။

ကောင်းပြီ ဘာဝေဒနာ ပေါ်ပေါ် သင်္ခါရတရားနော် (မှန်ပါ) ကောင်းပြီ အဲဒီသင်္ခါရတရားကို ဘုရားက ‘‘သဗ္ဗေ သင်္ခါရာ’’ လို့ ဟောလိုက်ပါ တယ်၊ သဗ္ဗေ သင်္ခါရာ- ဆိုရင် ခင်ဗျားတို့သန္တာန် ဒီသုံးခုဆိုတာပဲလို့ ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ)၊ ဝိပဿနာ လုပ်မယ့် ပုဂ္ဂိုလ်များမှာ သဗ္ဗေသင်္ခါရာ ဆိုတာ ဘာတဲ့တုံး (ဝေဒနာသုံးပါးပါ ဘုရား)။

ဝေဒနာသုံးပါးနဲ့ပဲ ဝေဒနာက တက်ကြရမှာကိုး (မှန်လှပါ ဘုရား) အင်း- အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတဲ့ တရားကို သင်္ခါရတရား ဆိုသဖြင့် ဒီသင်္ခါရတရားကို သင်္ခါရတရား လို့ပဲထား (မှန်ပါ) ဒကာ ဒကာမတွေက ပြုပြင်ထားလို့ ခေါ်တဲ့တရားပဲ၊ မိမိတို့ပြုပြင်တာ မဟုတ်ဘူး (မှန်ပါ)။

အကြောင်းမတိုက်ဆိုင်ရင်ပျက်တယ်

သူ့အကြောင်းနဲ့သူ၊ သူ့အကြောင်း အားလျော်စွာ ပြုပြင်လို့ သူပေါ် လာတဲ့တရားမို့ သင်္ခါရ တရားလို့ ဆိုတာ ဦးခင်မောင်တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) အဲဒီ သင်္ခါရတရားဟာ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတဲ့ တရားဖြစ်တော့၊ အကြောင်း မတိုက်ဆိုင်တဲ့ အချိန်မှာ ပျက်မှာပဲ သဘောကျပြီလား (ကျပါပြီ ဘုရား) အကြောင်း တိုက်ဆိုင်လို့ ပေါ်လာပြီ မဟုတ်လား (မှန်ပါ)။

အကြောင်းတွေက ချုပ်ငြိမ်း ရုပ်သိမ်းတော့ ဘယ့်နှယ် ဆိုကြမှာလဲ (ပျက်မှာပါ ဘုရား) ဒါဖြင့် အနိစ္စပေါ့ (မှန်ပါ) သင်္ခါရတရား ဘယ်မှာ လမ်းဆုံးသလဲ (အနိစ္စမှာ လမ်းဆုံးပါတယ် ဘုရား) -ဒါဖြင့် ‘‘သင်္ခါရာ အနိစ္စာ’’ (မှန်ပါ) ဒီတရားဟာ သင်္ခါရတရား ဘယ်လမ်းဆုံး သတုံး (အနိစ္စပါ ဘုရား)။

သင်္ခါရတရားမို့အနိစ္စရောက်တာ

ဒီတရားကော (သင်္ခါရတရားပါ ဘုရား) ဘယ် လမ်းဆုံး သတုံး (အနိစ္စပါ ဘုရား) အဲဒါကြောင့် ‘‘သဗ္ဗေ သင်္ခါရာ အနိစ္စာ၊’’ ဒီမှာလမ်းဆုံး တယ်လို့ ဘုရားက ဟောကော မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒီတော့ သူ့ဟာသူ သင်္ခါရတရားမို့ အနိစ္စ ရောက်တာကို ခင်ဗျားတို့က ေဩာ် သင်္ခါရတရားမို့ အနိစ္စ ရောက်တာကို ဆိုတဲ့ဉာဏ် နောက်က လိုက်ပါ သဘော ကျပြီလား (မှန်ပါ)။

ဘာလိုက်ရမှာလဲ (ဉာဏ်နောက်က လိုက်ရမှာပါ ဘုရား) ဘယ်လို လိုက်ရမှာလဲ (သင်္ခါရ တရားမို့ အနိစ္စ လမ်းဆုံးတယ်လို့ လိုက်ရမှာပါ ဘုရား) သင်္ခါရတရားမို့ အနိစ္စမှာ လမ်းဆုံးသွားတာ၊ အနိစ္စ ရောက်သွားတာ (မှန်ပါ)။ သင်္ခါရတရားမို့ အနိစ္စ ရောက်သွားတဲ့ ဥစ္စာကို သင်္ခါရတရား ဆိုတာလည်း ခင်ဗျားတို့ ပြုပြင်ထားတဲ့ တရားမဟုတ်ဘူး (မှန်ပါ)။

အနိစ္စရောက်တာလည်း ခင်ဗျားတို့က ရောက်စေချင်လို့ ရောက်တာ မဟုတ်ဘူး၊ သင်္ခါရ တရားမို့ အနိစ္စ ရောက်တာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

ဒါဖြင့် ဒီတရားကို ရှေးဦးစွာ သင်္ခါရတရားလို့မှတ် (မှန်ပါ)။ နောက်ကျတော့ သူဟာ ဘယ်မှာ လမ်းဆုံးသလဲ (အနိစ္စ လမ်းဆုံးပါတယ် ဘုရား) အနိစ္စလမ်း ဆုံးရတယ်၊ ဒကာ ဒကာမတွေ ရိပ်မိကြ ပြီလား (မှန်ပါ)။ နို့ခင်ဗျားတို့ ခန္ဓာကိုယ်ကလည်း သင်္ခါရက္ခန္ဓာ ကိုယ် ဆိုရုံပဲ ရှိတယ် (မှန်ပါ)။

ခန္ဓာကိုယ်ကဇရပ်ကြီး

ဘယ်လမ်းဆုံးကြတုံး (အနိစ္စမှာ လမ်းဆုံးပါတယ် ဘုရား) ကောင်းပြီ ခင်ဗျားတို့ တည်း ဟူသော ခန္ဓာကိုယ် ဇရပ်ကြီး ပေါ်၌ သူ့ဟာသူ အကြောင်း တိုက်ဆိုင်လို့ လာတည်းတယ် (မှန်ပါ) ဝေဒနာသုံးမျိုး တစ်မျိုး မျိုးပေါ့၊ ဧည့်သည်မို့ အကြောင်း တိုက်ဆိုင်လို့ လာတယ်၊ ဒကာ ဒကာမတွေ ခင်ဗျားတို့က ဇရပ်ဆောက်ထားလို့ လူနာ ရောက်လာတယ် (မှန်ပါ)။

လူနာလည်း ရောက်တယ်၊ လူချမ်းသာလည်း ရောက်တယ်၊ အလတ် စားလည်း ရောက်တယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဖြင့် လူချမ်းသာ လူဆင်းရဲ၊ လူမွဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါ ခင်ဗျားတို့ ရူပက္ခန္ဓာက ဇရပ်လေဗျာ၊ ဒီက လူနာတွေ လာကြတော့ ခင်ဗျားတို့က ဒီလိုစဉ်းစားရမယ်၊ -သူ့ဟာသူ လာပြီး သူ့ဟာသူ သွားကြမှာပဲ။

သူ့ဟာသူလာပြီး၊ သူ့ဟာသူသွားမှာ

ကိုယ်ကလည်း စတုဒိသာဇရပ်၊ စတုဒီသာဇရပ် ဆိုတာ စတုဒိသာ ရေစက်ချထားတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) စတုဒိသာ ရေစက်ချထားတော့ သူ့ဟာသူ လာပြီး သူ့ဟာသူ သွားမှာပဲ (မှန်ပါ) လူချမ်းသာကော (သူ့ဟာသူလာပြီး သူ့ဟာသူသွားမှာပါ ဘုရား) အလတ်စားကော (သူ့ဟာ သူလာပြီး သူ့ဟာသူသွားမှာပါ ဘုရား)။

ခင်ဗျားတို့ ဇရပ်ပိုင်ရှင်နဲ့ ဘာဆိုင်တုံး (မဆိုင်ပါ ဘုရား) ေဩာ်- သူ့အကြောင်းနဲ့သူ တိုက်ဆိုင်လို့ သူလာခဲ့တယ် (မှန်ပါ) သူ့ကိစ္စပြီးတော့ (သူသွားမှာပါ ဘုရား) ဒီလို ထိုင်ကြည့်တာကို ဝိပဿနာ ရှုတာလို့ ခေါ်သည်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ထိုင်ပြီးကြည့်

ဒီက မဂ္ဂင်ငါးပါးနဲ့ ထိုင်ကြည့်တာကို ဘာခေါ်ကြမှာလဲ (ဝိပဿနာ ခေါ်ပါတယ် ဘုရား) အဖန်ဖန်ရှုတဲ့ ဝိပဿနာ ဆိုတော့ သူရှုပြန်တော့လည်း သွားပြန်ပြီပဲ သိတာပဲ (မှန်လှပါ ဘုရား) သူရှုပြန်ကော (သွားပြန်ပြီပဲ သိတာပါ ဘုရား) သွားပြန်ပြီခြင်း ထပ်နေတဲ့ ဝိပဿနာလို့ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

သူလည်းသွားတာပဲ မြင်တာပဲ (မှန်ပါ) မရှိတာလဲ သိတာပဲ (မှန်ပါ) ဒကာ ဒကာမတို့ ဝိပဿနာ ဆိုတာ ဘာပါလိမ့် (မရှိတာ သိတာပါ ဘုရား) မရှိတာ သိတာ၊ မရှိတာ သိတော့ကို ခင်ဗျားတို့က စဉ်းစားလိုက်၊ – ဒါက မရှိတာသုံးခု (မှန်ပါ) ဒါက သိတာ ငါးခု (မှန်ပါ)။

အဖြောင့်သွားတဲ့တရား

မရှိတာက ဘယ်နှစ်မျိုး ပါလိမ့် (သုံးခုပါ ဘုရား) သိတာက (ငါးခုပါ ဘုရား) -ခင်ဗျားတို့ သိတဲ့ ငါးမျိုးကလည်း မဂ္ဂင်ငါးပါးလို့ ခေါ်သည် (မှန်ပါ) သိတဲ့ငါးမျိုးက ဘာပါလိမ့် (မဂ္ဂင်ငါးပါးပါ ဘုရား) မဂ္ဂင်ငါးပါး ကိုတော့ အင်း- အဖြောင့်သွားတဲ့ တရား (မှန်ပါ) မဂ္ဂင်ငါးပါးကို ဘာဆို ကြမယ် (အဖြောင့် သွားတဲ့ တရားပါ ဘုရား) အဖြောင့်သွားတဲ့ တရား။

ဒီအလုပ်လုပ်ရတဲ့ ပုဂ္ဂိုလ်ဆုမတောင်းနဲ့ (မှန်ပါ)။

“နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ”

နိဗ္ဗာနံ – နိဗ္ဗာန်သို့၊ ဂစ္ဆတိ – သွားတတ်၏၊ ဣတိ – ထို့ကြောင့်၊ မဂ္ဂေါ – မဂ်မည်၏။

နိဗ္ဗာန်သို့ သွားတတ်သောကြောင့် မဂ်လို့ ဆိုတော့ ဒီမဂ္ဂင်ငါးပါးဟာ မဂ်ပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်သွားတတ်တာကမဂ္ဂင်

သူဘယ်သွား တတ်သတဲ့ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန် သွားတတ်တယ် ဆိုတော့ သူက သုံးဆယ့် တစ်ဘုံများ ထစ်ငေါ့ပြီး ကွေ့နေသေးသလား (မကွေ့ပါ ဘုရား)၊ တဏှာလိုများ ချုပ်ချယ် ထားလိုက် သေးသလား (မထားပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်သို့ သွားတတ်တာက ဘယ်သူပါလိမ့် (မဂ္ဂင်ပါ ဘုရား)။

အင်း ဒီမဂ္ဂင်ကလည်း ဒကာ ဒကာမတို့ တဏှာ ကောက်ကျစ် ထားလို့ ရသေးရဲ့လား (မရပါ ဘုရား) ဘာပြုလို့ မရပါလိမ့်မတုံး ဆိုတော့ မနေ့က ရှင်းအောင် ပြောခဲ့တယ် (မှန်ပါ) မနေ့က ရှင်းအောင် ပြောခဲ့တော့ အားလုံး ဒကာ ဒကာမတွ သုခဝေဒနာကို ဖြစ်ပြီး ပျက်သွား တာကို မြင်လိုက်ပြီ ဆိုကြပါစို့နော် (မှန်ပါ)။

ဖြစ်ပြီးပျက်သွားတာမြင်အောင်ကြည့်

ဖြစ်ပြီးပျက်သွားတော့ ဝေဒနာနိရောဓာ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား) ဝေဒနာ နိရောဓာဖြင့် သူ့နောက်က လိုက်မယ် တဏှာ ကိုကော ဘယ်လိုဆိုကြမှာလဲ (နိရောဓောပါ ဘုရား) အင်း ဒီလိုဆိုရင်ဖြင့် ဒါဖြောင့်ပေမှာပဲဗျ၊ တဏှာကို နိရောဓော ဖြစ်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ)။

တဏှာကို နိရောဓော ဖြစ်အောင် လုပ်ပေး လိုက်တော့ကို ဦးဘတင် တို့က စဉ်းစားရမယ်၊ ကောက်ကျစ်တဲ့လူ သေပြီကွ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ကောက်ကျစ် တဲ့ လူတွေ သေရ သတုံး ဆိုရင်ဖြင့် ဒီခုနက တဏှာနိရောဓော နေရာမှာ မဂ်ပေါ်နေလို့ (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာပါလိမ့် (မဂ်ပေါ်နေလို့ပါ ဘုရား) ေဩာ် မဂ်ပေါ်တာ တဏှာ ချုပ်သွား တာလား၊ တဏှာကို မလာတာလားလို့ မေးလိုက် (တဏှာ မလာတာပါ ဘုရား) မလာ ကတည်းကိုက ကောက်ကျစ်တဲ့ တရားဟာ ကျုပ်တို့ သန္တာန်မှာကို မရှိတော့ဘူး (မှန်ပါ) ဒီအချိန်မှာ ဦးဝင်း ရှိရဲ့လား (မရှိပါ ဘုရား) မရှိတော့ ဒီပုဂ္ဂိုလ်ဟာ သူ့ကို ကန့်ကွက်မယ့် လူလည်း မရှိတော့ဘူး၊ ကောက်ကျစ်မယ့် လူလည်း မရှိတော့ဘူး သူ့ခရီးသူ သွားတော့မှာပဲ သဘော ကျပြီလား (မှန်လှပါ ဘုရား)။

သူကလည်း နိဗ္ဗာန်မှ တစ်ပါး ဘယ်မှ မသွားတတ်ဘူး၊ သူ့သဘော ပင်ကိုက သဘော ကျပြီလား (ကျပါပြီ ဘုရား)

ကောင်းပြီ သူက နိဗ္ဗာန်မှ တစ်ပါး ဘယ်မှ မသွားတတ်တာ ခင်ဗျားတို့ သိနေပြီ၊ ကောက်ကျစ်တဲ့ တရားကို လည်း သူက သတ်ပါတယ် ဆိုတော့ သူ့သဘော အတိုင်း အဖြောင့် သွားရုံပဲ ရှိတယ် (မှန်ပါ)။

မဂ္ဂဿ ဟေတွဋ္ဌော

ဒါဖြင့် မဂ္ဂသစ္စာက အဖြောင့်သွားတတ်တဲ့ ဟေတွဋ္ဌော သဘော ကျပြီလား (မှန်လှပါ ဘုရား) ကောက်ကျစ်တဲ့ တရား ဘာလုပ်ပစ်ခဲ့ သလဲ (သတ်ပစ်ခဲ့ပါတယ် ဘုရား) အဖြောင့် သွားတယ်။

ဒါဖြင့် “မဂ္ဂဿ ဟေတွဋ္ဌော”

မဂ္ဂဿ = မဂ္ဂင်၏၊ ဟေတွဋ္ဌော = မကွေ့မကောက် ဖြောင့်ဖြောင့် သာသာ နိဗ္ဗာန်သို့သာ သွားကြောင်း တရား ဖြစ်သော တရားသည် လည်းကောင်း ဆိုတော့

သူဟာ နိဗ္ဗာန်သွားကြောင်း တရားအမှန်ပဲ (မှန်လှပါ ဘုရား) သူကတော့ဖြင့် အဖြောင့် သွားတယ်၊ ခင်ဗျားတို့ ကာမာဝစရ ကုသိုလ် တွေကတော့ “တဏှာ” အကြောင်းကြောင့် အကောက် ပါတယ်။ သူ့နယ်က မလွတ်သေးတော့ သူက ကောက်ချင်ရင် ကောက်ထားတယ်။ မကောက်ဘူးလား (ကောက်ပါတယ် ဘုရား)။

နိဗ္ဗာန် မရောက်မီ စပ်ကြား မင်းနတ်ပြည်လေးတော့ ဆုတောင်းလိုက် သေးတာပေါ့။ ဗြဟ္မာပြည်လေး ဆုတောင်းလိုက် သေးတာပေါ့ ဆိုတော့၊ သူက ကောက်ထား လိုက်တာနဲ့ပဲ ထွက်နိုင်သေးရဲ့ လား (မထွက်နိုင်ပါ ဘုရား) အင်း- သူကတော့ အဲဒီ ကောက်မယ့်တရား ဘာလုပ်ထားတဲ့ (သတ်ပစ် ပါတယ် ဘုရား)။

သတ်ပစ်ပြီး သူက ဘာလုပ်ပြန်သလဲ (အဖြောင့်သွားပါတယ် ဘုရား) ဒါဖြင့် သတ်လည်း သတ်တဲ့တရား၊ အဖြောင့်ကော (သွားပါတယ် ဘုရား)။

ဖြောင့်သွားတဲ့ တရား ဖြစ်လေ သောကြောင့် ဒို့နိဗ္ဗာန် မရောက်ခဲ့တာ သည် ဘယ်လို ကြောင့် ပါလိမ့်မတုံး ဆိုတော့ ကောက်ကျစ်တဲ့ တရားက ကောက်ထားလို့ မရောက် တာကိုး ဆိုတော့ သမုဒယသစ္စာ အကြောင်း ပေါ်လာတယ်၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

မဂ္ဂင်အလုပ်လုပ်ရင်ဖြောင့်မယ်၊

ယခုတော့ဖြင့် ဒကာ ဒကာမတွေ ဒီအလုပ်လုပ်ရင် ဖြောင့်မယ် ဆိုတာ ကော သေချာပြီလား (သေချာပါတယ် ဘုရား) အင်း- ဘာအလုပ် လုပ်မှာ တုံး (မဂ္ဂင်အလုပ်ပါ ဘုရား) မဂ္ဂင်အလုပ် ဆိုတာလည်း ဒီက ဝေဒနာ နိရောဓာ ဖြစ်အောင် ရှုနိုင်မှ (မှန်ပါ) တဏှာနိရောဓော ဆိုတဲ့ မဂ္ဂင်ပေါ် တယ် (မှန်ပါ)။

ဝေဒနာနိရောဓာ ဖြစ်အောင် မရှုနိုင်ရင် မပေါ်ဘူး၊ တဏှာ နိရောဓော မဂ္ဂင် ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား) ဒါဖြင့် ခင်ဗျားတို့ သည် ခုနက ပါဠိတော်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ” မလာဘူးလား (လာပါတယ် ဘုရား)။

“ယဒါ ပညာယ ပဿတိ” ယဒါ = အနိစ္စရောက်သော အကြင်အခါ၌၊ ပညာယ မဂ္ဂင်ငါးပါးနှင့်၊ ပဿတိ =ရှုပေး၊

သဘောကျပြီလား (ကျပါ ပြီ ဘုရား) ဘာလုပ်ပေးရမှာလဲ (ရှုပေးရမှာပါ ဘုရား) ဘယ်အချိန် ရှုပေးရမှာ တဲ့တုံး (အနိစ္စ ရောက်သော အကြင်အခါပါ ဘုရား)။

အေး-ဝေဒနာရှုလို့ လာရဲ့လား (မလာပါ ဘုရား) အနိစ္စရှု လို့လာ တာနော် သဘော ကျပြီလား (မှန်ပါ) ဝေဒနာရှုလို့ ဆိုတဲ့ ဥစ္စာ ဘာကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတိပဋ္ဌာန် ပါဠိတော်မှာ ဟောပါလိမ့်မလဲ။

ဝေဒနာသိအောင်လုပ်ပါ

“သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”

ဝေဒနာ သိအောင် လုပ်ပေးလို့ ဦးဝင်း ပါဠိတော်က မလာလားဗျ (လာပါတယ် ဘုရား) လာတာက ဒီလိုပါတဲ့၊ ကလေး တစ်ယောက် လမ်း မှာတွေ့တယ်၊ ဒီကလေးလေးက လမ်းမှာ မျက်စိလည် နေတဲ့အခါကျတော့ ဒီကလေးကို သူ့ဆိုင်ရာ ပို့နိုင်ပါ့မလား (မပို့နိုင်ပါ ဘုရား)။

မင်းအဖေ ဘယ်သူတုံးလို့ မမေးရဘူးလား (မေးရမှာပါ ဘုရား) မင်းအမေ ဘယ်သူတုံး လို့ကော (မေးရမှာပါ ဘုရား) အဲဒီတော့ အနိစ္စကို ရှုစေချင်တာ သို့သော်လည်း ဝေဒနာက အနိစ္စ ဖြစ်လာတော့၊ ဝေဒနာတည်း ဟူသော အဖေ ရှာရတယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာရှာရတုံး (အဖေရှာရပါတယ် ဘုရား) ဒီကလေးဟာ အနိစ္စ ရောက်တာတော့ သိသားပဲ (မှန်ပါ) သို့သော် ဘယ်သူ့သား အနိစ္စ ရောက်တာတုံးဆိုတဲ့ အခါကျလို့ ရှိရင် ဘယ့်နှယ် ပြောမှာတုံး (အဖေနာမည် ရှာရပါတယ် ဘုရား)။

အနိစ္စရှုရမှာပါ

အဖေ နာမည် ရှာရတော့ဟာ သုခဝေဒနာ (မှန်ပါ) ဝေဒနာ ရှုရမှာလား၊ အနိစ္စရှုရမှာလား (အနိစ္စရှုရမှာပါ ဘုရား) သို့သော် ဝေဒနာ မပါဘဲနဲ့ အနိစ္စရှုပါ ဆိုလို့ရှိရင် အနိစ္စဆိုတာ အကုန် ဖြစ်နေမှာ စိုးရတယ်၊ မစိုးရဘူးလား (စိုးရပါတယ် ဘုရား)။

ဒါဖြင့် အဖေဖော်သလို (မှန်ပါ) ဒကာ ဒကာမတို့ အနိစ္စ၏ အဖေ ဖော်လိုက်တယ် (မှန်ပါ) ဘယ်သူ အနိစ္စရောက်သတုံး သုခ ဝေဒနာ ရိပ်မိပြီလား (မှန်ပါ) ဘယ်သူ အနိစ္စ ရောက်သတုံးဆို ဘယ့်နှယ် ဖြေကြမှာလဲ (သုခဝေဒနာပါ ဘုရား) ဒါဘာဖော် လိုက်တာတုံး (အဖေ ဖော်လိုက်တာပါ ဘုရား)။

အဖေဖော်သလိုတဲ့၊ နို့မိုလို့ရှိရင် တော်တော်ကြာ ဒုက္ခဝေဒနာ လာပြန်လည်း အနိစ္စဆိုတော့ အဖေ ဖော်နိုင်တော့ အနိစ္စတွေသာ ရှုပ် နေမှာပဲ (မှန်ပါ)။ ဒါဖြင့် အနိစ္စ မရှုပ်အောင်လို့ အဖေ ဖော်ပြီး သကာလ ဟောတဲ့ တရား (မှန်ပါ) သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘုရားလိုချင်ရင်းကဘာပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရား လိုချင်ရင်းက ဘာပါလိမ့် (အနိစ္စ ပါ ဘုရား) အနိစ္စ လိုချင်တာ ဒါကြောင့် အနိစ္စ လိုချင်ကြောင်းကို သဗ္ဗေသင်္ခါရာ ဆိုတော့ ဒါသင်္ခါရလေး မဟုတ်လား (မှန်ပါ) အနိစ္စ ဆိုရင် မရှိရဘူး။ ရှိသေးရဲ့ လား (မရှိပါ ဘုရား)

အဲဒါ အနိစ္စကို သူ့ဟာသူ အနိစ္စ ရောက်နေမှာ စိုးတဲ့အတွက်၊ ယဒါ = အကြင် အနိစ္စ ရောက်တဲ့ အခါ၌၊ ပညာယ = မဂ်ငါးပါးဖြင့်၊ ပဿတိ = ရှုပေးပါ (မှန်ပါ)။

အလကား အနိစ္စ ဖြစ်သွားမှာ စိုးရတယ် (မှန်ပါ) ဒီကအနိစ္စ ရောက်တိုင်း ဒီက ဘာလုပ် ရမှာလဲ (မဂ်ငါးပါးနဲ့ ရှုပေးရမှာပါ ဘုရား) အဲဝိပဿနာ မဂ်ဉာဏ်နဲ့ ရှုပေးလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ေဩာ်- အနိစ္စ ရောက်သွားမှာ အနိစ္စက သူ့ဟာသူ ရောက်သွားတဲ့ အနိစ္စတွေလည်း ရှိသေးတယ်နော် (မှန်ပါ)။

ပညာနဲ့ မြင်လိုက်တဲ့ အနိစ္စလည်း ရှိသေးတယ် (မှန်ပါ) သူ့ဟာသူ နိယာမ အနိစ္စတွေက တစ်ပုံကြီး (မှန်ပါ) အေး- တစ်ပုံကြီး နေမှာပဲ၊ သူကတော့ နိယာမ သဘောကိုး (မှန်ပါ)၊ ခဏဖြစ် ခဏပျက်မှာ ချည်းပဲ၊

ဒကာ ဒကာမတို့ အဲဒါဘာလိုက်ပေးရမှာလဲ (မဂ်ဉာဏ်လိုက်ပေးရမှာပါ ဘုရား) ဟိုက အနိစ္စ ဆိုလို့ရှိရင် ဒီကမဂ္ဂင် ဖြစ်အောင် လုပ်ပါ (မှန်ပါ)။

ဒါဖြင့် ပြန်ပြီး ခင်ဗျားတို့ ဒါလေး ပေါ်လာတော့ သူဘယ့်နှယ် ရွတ်မှာတုံး (သဗ္ဗေ သင်္ခါရာပါ ဘုရား) သဗ္ဗေသင်္ခါရာပဲ ရွတ် (မှန်ပါ) သူပေါ်လာတော့ သင်္ခါရ (မှန်ပါ)

ကဲ-သူမရှိတော့ ဘယ့်နှယ် ရွတ်မှာလဲ (အနိစ္စပါ ဘုရား) သူမရှိတော့ အနိစ္စ (မှန်လှပါ ဘုရား) ဒါဖြင့် သူ့ဟာသူ အနိစ္စ ရောက်သွားလို့ ရှိရင် ခင်ဗျားတို့နဲ့ ဘာမှ မဆိုင်ပဲနဲ့ ကိလေသာ မသတ်နိုင်မှာ စိုးတော့ ဘုရားက ‘‘ယဒါ ပညာယ ပဿတိ’’ (မှန်ပါ)။

အနိစ္စရောက်သွားရင်ပညာနဲ့ကြည့်

ဟိုက အနိစ္စ ရောက်တယ်၊ မင်းက ပညာနဲ့ကြည့်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဟိုက အနိစ္စ ရောက်သွားရင်ဘာတဲ့ (ပညာနဲ့ ကြည့် ရမှာပါ ဘုရား)

ယဒါ- အကြင်အခါ၌ ဆိုသဖြင့် ခင်ဗျားတို့သည် အနိစ္စရောက် တဲ့ အချိန်မှကြည့် ဝေဒနာကို မကြည့်နဲ့ (မှန်ပါ)။

ယဒါ – အကြင် အနိစ္စရောက်တဲ့ အချိန်ကာလ၌၊ ပညာယ = မဂ္ဂင်ဖြင့်၊ ပဿတိ- ရှုပေး၊ သဘော ကျပြီလား (ကျပါပြီ ဘုရား) ပညာနဲ့ ရှုရမှာ သေချာပြီနော် (မှန်ပါ) ကောင်းပြီ ဒါဖြင့် အနိစ္စ ရောက်တိုင်း ရောက်တိုင်း ဘာလုပ် ရမှာလဲ (ပညာနဲ့ရှုရမှာပါ ဘုရား)။

ကဲ- ဒကာ ဒကာမတို့ ဒုက္ခဝေဒနာ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတယ်၊ ဒါသင်္ခါရတရား (မှန်ပါ)၊ ကဲ- ပျက်သွားပြီ ဒါအနိစ္စ ဖြစ်သွားပြီ၊ အနိစ္စ ဘာနဲ့ကြည့်ရမှာတုံး (ပညာနဲ့ ကြည့်ရမှာပါ ဘုရား)

အဲ-ပညာယ ပဿတိဆိုတော့ ပညာနဲ့ကြည့် (မှန်ပါ)

ကဲ-တစ်ခါ ဥပေက္ခာ ဝေဒနာလေး အကြောင်း တိုက်ဆိုင်လို့ ပေါ်ပြန်ပြီ ဒါဘာတရား ခေါ်မယ် (သင်္ခါရတရားပါ ဘုရား)။

သင်္ခါရတရား၊ အနိစ္စလမ်းဆုံးတယ်

ကဲ-သင်္ခါရ တရား ဆိုတော့ အနိစ္စ လမ်းဆုံး ရမယ် မဟုတ်လား (မှန်ပါ) ကဲ-ချုပ်သွားပြီ၊ ဒါအနိစ္စ ဖြစ်တယ်၊ ဘာနဲ့ကြည့်ရမှာလဲ (ပညာနဲ့ ကြည့်ရမှာပါ ဘုရား) ရှင်းပြီလား (မှန်ပါ) ဒါဖြင့် ဒီက သင်္ခါရတရား မရှိတော့ အနိစ္စ၊ အဲဒီ အနိစ္စကို ဒီက ပညာယ ပဿတိ (မှန်ပါ) ဘာလုပ် ရမှာလဲ (မဂ်နဲ့ ရှုရမှာပါ ဘုရား) ပညာနဲ့ရှုပါ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် ရှေ့က အနိစ္စ ရောက်တိုင်း ရောက်တိုင်း နောက်က ပညာနဲ့ ရှုရမယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ၊ ဒီဓမ္မပဒ ပါဠိတော်မှာ ခင်ဗျားတို့ ကောင်းကောင်း ရှင်းရောပေါ့။ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား) ဦးချစ်ခ ရှိနေတုံး ဘာတဲ့ (သင်္ခါရပါ ဘုရား) ရှိနေတုံး သင်္ခါရတရား၊ မရှိတဲ့ အခါကျတော့ (အနိစ္စပါ ဘုရား)။

အဲဒီ အနိစ္စ ရောက်သွားပြီ ဆိုတာ ခင်ဗျားတို့မြင်တဲ့ အတိုင်းပါပဲ (မှန်ပါ) အဲဒီတော့ အနိစ္စ သူ့ဟာသူ ရောက်ရမှာတဲ့လား၊ ခင်ဗျားတို့က ဘယ်ကိစ္စ ရွက်ဆောင် ရဦးမှာတဲ့တုံး (ပညာနဲ့ ရှုပေး ရမှာပါ ဘုရား)

ပါဠိ တော်က ဘယ့်နှယ်တဲ့ ‘‘ယဒါ ပညာယ ပဿတိ” ယဒါ အကြင် အနိစ္စ ရောက်သွားတဲ့ အချိန်၌၊ ပညာယ = ပညာဖြင့်၊ ပဿတိ = ရှုပေးပါကွ (မှန်ပါ) ဒါဘယ်သူက ဟောတာတုံး (ဘုရားဟောတာပါ ဘုရား)။

ဘုရားဟောတဲ့ အတိုင်းသာလုပ်ပါ

ဘုရားဟောတာ၊ ခင်ဗျားတို့ ဘုရားဟောတဲ့ အတိုင်းသာ လုပ်ပေါ့။ ဘယ်သူ ရေးထားထား အတည်မပြုနဲ့ သဘောကျပြီလား (မှန်ပါ) ဘာလုပ်ရမယ် (ဘုရားဟောထားတဲ့ အတိုင်း လုပ်ရမှာပါ ဘုရား) ဘုရား ဟောထားတဲ့အတိုင်း လုပ်ဆိုတော့ ပေါ်လာရင်ဘာ ဆိုကြမယ် (သင်္ခါရပါ ဘုရား) ပျောက်သွားရင်ကော (အနိစ္စပါ ဘုရား) အနိစ္စ နောက်က ဘာလိုက်ရမှာတုံး (ပညာနဲ့ရှုပေးရမှာပါ ဘုရား)။

အနိစ္စပြီးရင်၊ ပညာလိုက်ပေးပါ

ေဩာ် – ပညာနဲ့ရှုတဲ့၊ အနိစ္စပြီးရင် ပညာချက်ချင်း နောက်က လိုက်ပေးပါ (မှန်ပါ) အနိစ္စ ပြီးရင် ဘာလိုက်ရမှာလဲ (ပညာနဲ့ လိုက်ရမှာပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့ နိဗ္ဗာန် မရောက်တာ သူက အနိစ္စ မရောက်လို့လား၊ ပညာ မလိုက်လို့လား (ပညာ မလိုက်လို့ပါ ဘုရား)။

ေဩာ်- ဖြစ်မှဖြစ်ရလေ ရိပ်မိကြပြီလား (ရိပ်မိကြပါပြီ ဘုရား) သူက အနိစ္စ မရှိလို့ မဟုတ်ဘူး၊ ရှိပါတယ်၊ အနိစ္စဟာ ဘုရား မရှိလည်း ရှိတာပဲ။ ဘုရား ရှိလည်း ရှိတာပဲ၊ သို့သော် ခင်ဗျားတို့ အတွက် ဘာလေး လိုနေသလဲ ဆိုရင်ဖြင့် “ယဒါ ပညာယ ပဿတိ” လိုနေတယ် (မှန်ပါ)။ ဒကာ ဒကာမတွေ ဘာလို နေသလဲ (ယဒါ ပညာယ ပဿတိပါ ဘုရား)။

အိမ်ရောက်ရင်၊ မပါမှာစိုးရတယ်

အိမ်ရောက်ကြရင် ဒီပါဠိ မပါဘဲနေမှာ စိုးရတယ်၊ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား) အိမ်ကျလို့ ရှိရင်ဖြင့် အနိစ္စတော့ ရှိရမှာပဲ (ရှိမှာ ပါ ဘုရား)

အဲဒါလေး အိမ်ကျရင် ကွယ်သွားလိမ့်မယ် မကွယ်ပေဘူးလား (ကွယ်ပါတယ် ဘုရား) ဒါကွယ်လို့ ရှိရင်ဖြင့် တို့အဖြောင့် မသွားတော့ဘူးလို့ သာမှတ်ပေတော့ (မှန်ပါ)။

သူက ဘာလုပ်တဲ့တရားတုံး (အဖြောင့် သွားတဲ့ တရားပါ ဘုရား) အဖြောင့်သွားတဲ့ တရားလို့ အိမ်ကျတော့ မပေါ်လာတော့ဘူးတဲ့၊ သင်္ခါရ တရား အနိစ္စတော့ ရောက်ပါရဲ့ “ယဒါ ပညာယ ပဿတိ” မလာဘူး (မှန်ပါ) မလာ တော့ ‘‘ဝေဒနာ ပစ္စယာ တဏှာ’’ အကောက်က ဝင်လာတယ်၊ ဝင်မလာဘူးလား(ဝင်လာပါတယ် ဘုရား)

အကောက်ဝင်လာတော့ ခင်ဗျားတို့ ခုနကလို မျောက်ကျကျရုံပဲ၊ ရိပ်မိပြီလား (မှန်ပါ)။

ဘာကျကျမှာလဲ (မျောက်ကျကျမှာပါ ဘုရား) ကျေနပ်ပြီလား ဒကာ ဒကာမတို့ (ကျေနပ်ပါပြီ ဘုရား) ရှုကော ရှုတတ်ပြီလား (ရူတတ် ပါပြီ ဘုရား) အလုပ်စဉ်ကော ရပြီလား (ရပါပြီ ဘုရား)

ရှေးဦးစွာ ဖြစ်ပျက် မြင်အောင်ကြည့် (မှန်ပါ) ဖြစ်ပြီး ပျက်သွားတာ ဘာလုပ်ရသတုံး (မြင်အောင် ကြည့်ရမှာပါ ဘုရား) မြင်အောင် ကြည့်ရတယ် ဆိုတာ ပေါ်လာကြ ပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာလုပ်ရင်၊ သူကစလုပ်ပါ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ေဩာ်- ဒါ ပထမဉာဏ်ကို ဟောတာ လို့ မှတ်လိုက် ပေတော့ (မှန်ပါ) “ယဒါ ပညာယ ပဿတိ”က နံပါတ်တစ် ဉာဏ်၊ ဝိပဿနာ လုပ်ရင် သူကစလုပ်၊ ဘယ်တော့မှ ဒိပြင်ဟာတွေ စမနေနဲ့ (မှန်ပါ)။

ရုပ်နာမ်မသိရင် ဆရာသမားကိုမေး၊ ဒါမေးလို့ သိရင်ပြီးတာပဲ (မှန်ပါ) ရှုဖို့ မဟုတ်ဘူး (မှန်ပါ) ကိုယ်ရှု ရမယ့်အလုပ်ကတော့ ဒီက စရမယ် (မှန်ပါ) ကိုယ်ရှုရမယ့် အလုပ်ဘယ်က စရမှာတုံး (တစ်နံပါတ်ပါ ဘုရား) ပါဠိ ရအောင် လုပ်ထား “ယဒါ ပညာယ ပဿတိ” အဲဒါ ကိုယ့်တာဝန် (မှန်ပါ) ပါဠိက ဘယ့်နှယ်တဲ့ (ယဒါ ပညာယ ပဿတိပါ ဘုရား)။

အဲ အနိစ္စ ရောက်တိုင်း ရောက်တိုင်း နောက်ဘ ဘာလိုက်ပေးရမှာလဲ (ယဒါ ပညာယ ပဿတိပါ ဘုရား) အဲဒီတော့ “ယဒါ ပညာယ ပဿတိ” လိုက်ရင် ဖြောင့်ပြီလို့သာ မှတ်လိုက် ပေတော့ သဘောကျပြီလား (မှန်ပါ) “ယဒါ ပညာယ ပဿတိ” လိုက်ရင် ဘာပါလိမ့် (အဖြောင့်ပါ ဘုရား)

ဒါ ဟေတွဋ္ဌောပဲ (မှန်ပါ) ဦးဘကြည် ဘာပါလိမ့် (ဟေတွဋ္ဌောပါ ဘုရား)။

ဒါလေးတစ်ခုတည်း လိုနေတယ်

ဟေတွဋ္ဌောက အလိုလို လာတာလား “ယဒါ ပညာယ ပဿတိ” ဖြစ် မှလာတာလား (ယဒါ ပညာယ ပဿတိ ဖြစ်မှ လာတာပါ ဘုရား)

ေဩာ် -ခင်ဗျားတို့ ဒါကလေး တစ်ခုတည်းလိုနေတယ် (မှန်ပါ) အားလုံး ဒကာ ဒကာမတွေ ဘာလိုနေပါလိမ့် (ပညာပါ ဘုရား)။

“ယဒါ ပညာယ ပဿတိ” လေးလိုနေတယ် (မှန်ပါ) နို့မို့လို့ရှိရင် ခင်ဗျားတို့ ကြာလှပြီ ဖြောင့်တာ (မှန်ပါ) အခု ဒါကလေးကို မပေါ်လာတာ နဲ့ အဖြောင့်ကို မပေါ်တာ၊

အဖြောင့် မပေါ်လာတာနဲ့ ဝေဒနာ ပစ္စယာ တဏှာ အကောက်ချည်း ပေါ်နေတယ် (မှန်ပါ) ဒီဝေဒနာလေး ချုပ်သွားရော၊ အင်း ဒီချမ်းသာတာလေး ကျုပ် သဘော ကျတယ် ဆိုပြီး တဏှာက လိုက်လိုက် ၊ လာတယ်၊ လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)။

အဲဒီတော့ သူလိုက်လာတော့ ကောက်သလား၊ ဖြောင့်သလား (ကောက်ပါတယ် ဘုရား) ရှင်းပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့သည် ဘုရားပွင့်တာနဲ့ မပွင့် တာလည်း ရှင်းပြီး (မှန်ပါ)

ဖြောင့်တာနဲ့ ကောက်တာကော (ရှင်းပါပြီ ဘုရား) အင်း မရှုတဲ့ ပုဂ္ဂိုလ် အကောက် လိုက်တယ် ရှင်းပြီလား (မှန်ပါ)။

မရှုတဲ့ပုဂ္ဂိုလ်အကောက်လိုက်တယ်

မရှုတဲ့ပုဂ္ဂိုလ်မှာ ဘာလိုက်တုံး (အကောက် လိုက်ပါတယ် ဘုရား) ‘‘ဝေဒနာပစ္စယာ တဏှာ’’ ဆိုတဲ့ အကောက်လိုက်တယ် (မှန်ပါ) ရှုတဲ့ပုဂ္ဂိုလ် အဖြောင့် လိုက်တယ်၊ ဝေဒနာပစ္စယာ ပညာဆိုတဲ့ အဖြောင့်လိုက်တယ် (မှန်ပါ) မရှုတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာ ပစ္စယာ တဏှာ၊ ဘာလိုက်တုံး (အကောက်ပါ ဘုရား)။

ရှုတဲ့ပုဂ္ဂိုလ်ကျတော့ကော (ဝေဒနာပစ္စယာ ပညာပါ ဘုရား) ဒီလို မဆိုပါနဲ့ ဝေဒနာ နိရောဓာ ပညာ ရှင်းပြီလား (မှန်ပါ) ဝေဒနာ ချုပ်တာ မြင် လိုက်တာ (မှန်ပါ) ဝေဒနာ ချုပ်တာ မြင်လိုက်တော့ ဝေဒနာ နိရောဓာ ဘာဆိုကြမှာလဲ (ပညာပါ ဘုရား) တဏှာကော လာသေး ရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် ဖြောင့်ပြီး (မှန်ပါ) ခင်ဗျားတို့ ဒါဖြင့် ကိုယ့်ကိုယ်ကို ဖြောင့်တယ်၊ မဖြောင့်တယ် ဆိုတာကော ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)

ကောင်းပြီ ဒါတစ်နံပါတ်ဉာဏ်၊ ကျေနပ်ပြီလား (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ တစ်နံပါတ် ဉာဏ်ကုန်လို့ရှိရင် နှစ်နံပါတ် ဉာဏ် တက်ပါ (မှန်ပါ)။

ငြီးငွေ့အောင်လုပ်ပါ

တစ်နံပါတ်ဉာဏ်ပြီးရင် ဘာတက်ရမယ် (နှစ်နံပါတ်ဉာဏ်ပါ ဘုရား) နှစ်နံပါတ် ဉာဏ်တက် ရမယ် ဆိုတော့၊ အထ = ထိုသို့ ရှုပြီးတဲ့အခါ၌၊ ဒုက္ခေ= ဒီအနိစ္စဖြစ်တဲ့ တရား၌၊ နိဗ္ဗိန္ဒတိ = ငြီးငွေ့ အောင်လုပ် (မှန်ပါ)

“ဒုက္ခေ နိဗ္ဗိန္ဒတိ” သဘော ကျပြီလား (မှန်ပါ)။ ဒါလေး ပျက်သွားတဲ့ အခါကျတော့ သြော်- ဒုက္ခ ရောက်သွားတာပဲဆို တာ မသေချာဘူးလား (သေချာပါတယ် ဘုရား) အဲဒီနောက်က နေပြီး ဘာလိုက်ရမှာလဲ (နိဗ္ဗန္ဒတိပါ ဘုရား) ဒါဖြင့် ဒုက္ခေ နိဗ္ဗိန္ဒတိ (မှန်ပါ) ဒုက္ခ ဆိုတာ ပျက်စီးသွားတာ သဘောကျပြီလား (မှန်ပါ)။

နောက်က ဘာလိုက်ရမှာလဲ (နိဗ္ဗိန္ဒတိ ပါ ဘုရား) ဒါဖြင့် ပျက်စီးတိုင်း ပျက်စီးတိုင်း ခင်ဗျားတို့က ဘာလိုက်ရမှာလဲ (နိဗ္ဗန္ဒတိ ပါ ဘုရား) အဲဒီ ခုနက ယဒါ ပညာယ ပဿတိ ရင့်ကျက် လာလို့ ရှိရင် နိဗ္ဗိန္ဒတိ လိုက်ပါ (မှန်ပါ) မလိုက်ရင် မဖြစ်ဘူး (မှန်ပါ) ဒီက ဘာပါလိမ့် (ဒုက္ခေ နိဗ္ဗိန္ဒတိပါ ဘုရား)။

နိဗ္ဗိန္ဒဉာဏ်ပေါ်အောင်

ဒုက္ခဆိုတာ ဒုက္ခရောက်ပြီး ပျောက်သွားတာကို ဆိုတာ ရှင်းပြီးလား (မှန်ပါ) ဒုက္ခဆိုတာ ဘာပါလိမ့် (ဒုက္ခရောက်ပြီး ပျောက်သွားတာ ပါ ဘုရား)

ဒါဖြင့် ဒီသင်္ခါရတရားလေး၏ ပျောက်ပျက်တဲ့ ဒုက္ခနဲ့ကြုံတဲ့ အချိန်မှာ ဒီက ဘာလုပ်ရမှာတုံး (နိဗ္ဗိန္ဒတိပါ ဘုရား) နိဗ္ဗိန္ဒတိတဲ့၊ နိဗ္ဗိန္ဒဉာဏ် ပေါ်အောင် ရှုရမယ် ဆိုတာကော ရှင်းပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒါက ဘာနံပါတ်ပါလိမ့် (နှစ်နံပါတ်ပါ ဘုရား) အင်း နှစ်နံပါတ်ကို ဒုက္ခေ နိဗ္ဗိန္ဒတိ လို့ မှတ်ပါ (မှန်ပါ) ဒုက္ခေ နောက်က ဘာလိုက်ရမှာလဲ (နိဗ္ဗိန္ဒတိ ပါ ဘုရား) ကောင်းပြီ ခုနတုန်း ကတော့ “အနိစ္စ ပညာယ ပဿတိ” အခုတော့ ဒုက္ခေ နိဗ္ဗိန္ဒတိ ဒီလိုသွားပါ (မှန်ပါ) နံပါတ် ဘယ်လောက် ရပြီလဲ (နှစ်ပါ ဘုရား)။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ နာရီက နီးလာပြီ၊ နံပါတ်သုံး မတက်ရင် မဖြစ်ဘူး၊ မနေ့က နံပါတ်သုံး မဟောရလို့ ဒါဆက်ဟောတာ (မှန်ပါ) ဒီနေ့လည်း မရောက်ဘဲ နေမှာ စိုးရသေးတယ်၊ ဆယ်မိနစ် ကျန်တော့တယ်၊ ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ နံပါတ်နှစ် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါးပြည့်တယ်

ကဲ- နံပါတ်သုံး တက်မယ် (မှန်ပါ) နံပါတ်သုံး တက်တော့ ဒကာ ဒကာမတို့ “အထ နိဗ္ဗိန္ဒတိ ဒုက္ခေ” ဆိုတော့ ဧသမဂ္ဂေါ (မှန်ပါ) ဧသ မဂ္ဂေါ= ဆိုတာက မဂ္ဂင်ရှစ်ပါး ပြည့်တာကို ဟောတာ၊ ဝိသုဒ္ဓိယာ ဆိုတော့ ဒီနေရာမှာ ဘာမှ မရှိစေနဲ့ကွလို့ (မှန်ပါ) ဒီနေရာမှာ ဝေဒနာကို မရှိစေနဲ့ ဖြစ်ပျက်ကို မရှိစေနဲ့ (မှန်ပါ) စင်ကြယ် နေရမယ် (မှန်ပါ)။

ဘာမရှိရမှာတုံး (ဖြစ်ပျက် မရှိရမှာပါ ဘုရား) ဒါဖြင့် ‘‘ဝိသုဒ္ဓိယာ မဂ္ဂေါ’’ ဟာ ဘယ်နှစ်ပါး ပါလိမ့်မတုံး (ရှစ်ပါးပါ ဘုရား) အဲဒီ ‘‘ဝိသုဒ္ဓိယာ မဂ္ဂေါ’’ ကျတော့ ရှစ်ပါး ခုနက ‘‘ယဒါ ပညာယ ပဿတိ’’ က (ငါးပါးပါ ဘုရား) နိဗ္ဗိန္ဒတိကော (ငါးပါးပါ ဘုရား) ‘‘ဝိသုဒ္ဓိယာ မဂ္ဂေါ’’ ကျတော့ (ရှစ်ပါးပါ ဘုရား)။

ဝိသုဒ္ဓိဆိုတာ ဒုက္ခသစ္စာမရှိတော့ဘူး

ဒါဖြင့် ဒီမှာ ဖြစ်ပျက် ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီ ဖြစ်ပျက် ဆုံးသွားလို့ရှိရင် ဝိသုဒ္ဓိ ဆိုတာ ဒကာ ဒကာမတို့ ဒုက္ခသစ္စာလဲ မရှိတော့ဘူး (မှန်ပါ) သူနဲ့ ပတ်သက်တဲ့ အပါယ်သို့ ရောက်စေ တတ်တဲ့ လောဘကော (မရှိတော့ပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာကော (မရှိတော့ပါ ဘုရား) သီလဗ္ဗဒပရာမာသကော (မရှိတော့ပါ ဘုရား)

အဲဒါတွေ စင်ကြယ် သွားတယ်ကွ၊ ဝဋ်သုံးပါး စင်ကြယ်သွားတယ်၊ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် ဒီဘက်က ဘာပါလိမ့် (ဝိသုဒ္ဓိယာပါ ဘုရား) ဒီက (မဂ္ဂေါ ပါ ဘုရား) နိဗ္ဗိန္ဒဉာဏ် များလို့ရှိရင် ဝိသုဒ္ဓိယာနှင့် မဂ္ဂေါ လာပါလိမ့်မယ် (မှန်ပါ) ဘာများမှ လာမှာတုံး (နိဗ္ဗိန္ဒဉာဏ် များမှပါ ဘုရား)။

သူ့ဟာသူစင်ကြယ်သွားလိမ့်မယ်

နိဗ္ဗိန္ဒဉာဏ် ငြီးငွေ့တာ များလို့ရှိရင် ခင်ဗျားတို့က မတောင့်တပါနဲ့တဲ့၊ သူ့ဟာသူ ဝိသုဒ္ဓိ ဖြစ်သွားလိမ့်မယ် (မှန်ပါ) ဒုက္ခကို ချုပ်သွားလိမ့်မယ် ဖြစ်ပျက် ရှိဦးမှာလား (မရှိတော့ပါ ဘုရား) မရှိတော့ ချုပ်သွားတော့ သူ့ဘာခေါ်ကြမှာလဲ (ဝိသုဒ္ဓိယာပါ ဘုရား) ဝိသုဒ္ဓိဆိုတဲ့ စင်ကြယ်တာ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ သူလဲ စင်ကြယ်ရော သူက ဘာဖြစ်သွားသလဲ (မဂ္ဂါပါ ဘုရား) သူစင်ကြယ်မှ မဂ်ဖြစ်တယ် (မှန်ပါ)။ ဒါကြောင့် နိဗ္ဗာနံ မဂ္ဂဿ (မှန်ပါ) သူမစင်ကြယ် သေးရင် မဖြစ်ပါဘူး ဒီမဂ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ဒါဖြင့် မဂ်ဘယ်အချိန် ပေါ်မှာတုံး ဘုရား တပည့်တော် တို့ ကြိုးစား နေတာလဲ ကြာလှပါပြီ ဦးခင်မောင်က မေးတယ် (မှန်ပါ)။

ဖြစ်ပျက်ဒုက္ခလည်းမတွေ့တော့ဘူး

ဝိသုဒ္ဓိဖြစ်ရင် ပေါ်လိမ့်မယ် (မှန်ပါ) ဘယ်အချိန် ပေါ်မှာပါလိမ့် ဒကာ ဒကာမတို့ (ဝိသုဒ္ဓိဖြစ်မှပါ ဘုရား) ဝိသုဒ္ဓိဖြစ်မှ ပေါ်မှာ၊

ဝိသုဒ္ဓိက ဘာဝိသုဒ္ဓိတုံးလို့ မေးလို့ရှိရင်ဖြင့် ဒုက္ခဝိသုဒ္ဓိ၊ ကိလေသာဝိသုဒ္ဓိ (မှန်ပါ) ဦးဘကြည် ဘာတဲ့တုံး (ဒုက္ခဝိသုဒ္ဓိ၊ ကိလေသာဝိသုဒ္ဓိပါ ဘုရား)

ဒါဖြင့် ဒုက္ခလည်း ရှာမတွေ့ရဘူး (မှန်ပါ) ဖြစ်ပျက် ဒုက္ခကော တွေ့ဦးမှာလား (မတွေ့ပါ ဘုရား)။

သူဒုက္ခမတွေ့တဲ့အတွက် မဂ္ဂင်သည်ကား ဆိုလို့ရှိရင်ဖြင့် အပါယ် လေးပါး ကျစေတတ်တဲ့ အကုသိုလ် အညစ်အကြေး တွေကော ဝိသုဒ္ဓိဖြစ်သွား တယ် (မှန်ပါ) ဒိဋ္ဌိဝိစိကိစ္ဆာ (မရှိပါ ဘုရား)။ အကုန်စ င်ကြယ်သွားပြီ အပါယ် လေးပါး လားစရာတွေ (မရှိတော့ပါ ဘုရား) အပရာပရိယ အကုသိုလ် ကံတွေ (ချုပ်သွားပါတယ် ဘုရား) အဲဒါ ဝိသုဒ္ဓိဖြစ်တာ (မှန်ပါ)။

ဒီဘက်က ချုပ်သွားတာ ဘာဝိသုဒ္ဓိပါလိမ့် (ဒုက္ခဝိသုဒ္ဓိပါ ဘုရား) ဒုက္ခဝိသုဒ္ဓိ၊ ဒီက ချုပ်သွားတာက ကိလေသဝိသုဒ္ဓိ၊ ကမ္မဝိသုဒ္ဓိ၊ ဝိပါက ဝိသုဒ္ဓိ။

အမယ်လေး၊ အင်မတန် အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဒီတုန်းကတော့ ဘာတဲ့ (ဒုက္ခဝိသုဒ္ဓိပါ ဘုရား) ဒီအောက်ချုပ် သွားတာက (ကိလေသဝိသုဒ္ဓိ၊ ကမ္မဝိသုဒ္ဓိ၊ ဝိပါကဝိသုဒ္ဓိပါ ဘုရား) အပါယ်လေးပါးနဲ့ စပ်တဲ့ ဝိပါကတွေလဲပဲ အကုန်ချုပ်ရမယ်၊ ရိပ်မိကြပြီလား (မှန်ပါ)။

ဒီရောက်အောင်လုပ်ရမှာ

ဒါဖြင့် ဝိသုဒ္ဓိယာ မဂ္ဂေါ ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား) ဒါဖြင့် ဒီရောက်အောင် လုပ်ရမှာပေါ့ (မှန်ပါ)

တစ်နံပါတ်က “ယဒါ ပညာယ ပဿတိ” (မှန်ပါ)။ နှစ်နံပါတ်- နိဗ္ဗိန္ဒတိ၊ သုံးနံပါတ်က မဂ္ဂေါ၊ တစ်နံပါတ်က ဘာတဲ့ (ယဒါ ပညာယ ပဿတိပါ ဘုရား) နှစ်နံ ပါတ်ကကော (နိဗ္ဗိန္ဒတိ ပါ ဘုရား) သုံးနံပါတ်ကကော (မဂ္ဂေါပါ ဘုရား)။

ဒါဖြင့် ဒါက အာရမ္မဏိက ဘက်ကကိုးဗျ (မှန်ပါ) အာရုံဘက်က တော့ကို တစ်နံပါတ် တုန်းကတော့ အနိစ္စ (မှန်ပါ) နှစ်နံပါတ်ကျတော့ ဘာတုံး (ဒုက္ခပါ ဘုရား) သုံးနံပါတ် ကျတော့ ကော (ဝိသုဒ္ဓိယာပါ ဘုရား)

ဒီက အနိစ္စနဲ့ပညာ (မှန်ပါ) ဒီက ဒုက္ခနဲ့ နိဗ္ဗိန္ဒတိ၊ ဒီက ဝိသုဒ္ဓိနဲ့ မဂ္ဂ ဒီလိုသွားရမယ် (မှန်ပါ) ဒါကိစ္စပြီးသွားတာပဲ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။

လုပ်ကောလုပ်တတ်ကြပြီလား

လုပ်ကော လုပ်တတ်ကြပြီလား (လုပ်တတ်ကြပါပြီ ဘုရား) ကဲ ဦးဘအုန်းတို့ လူစုတွေ ကျေနပ်ကြပြီလား (မှန်ပါ့) အလုပ်စဉ်မှာဖြင့် ဒီထက်ကောင်းတာ ရှိသေးလား (မရှိပါ ဘုရား) မရှိတော့ဘူး ခင်ဗျားတို့ မလုပ်တတ် စရာကော မရှိပါဘူး၊ ငါ ဘယ်အခြေအနေများ ရောက်နေပါလိမ့် ကွာ မတွေးနဲ့ (မှန်ပါ့) သူကပြောမယ် (မှန်ပါ့)

အနိစ္စမြင်လို့ ရှိရင်ဖြင့် ပညာပဲ ရှိသေးတယ်၊ ဒုက္ခမြင်လို့ရှိရင် နိဗ္ဗန္ဒဉာဏ် ရောက်ပြီ ! (မှန်ပါ) ဒီက စင်ကြယ်ပြီ ဆိုရင်ဖြင့် (မဂ္ဂ) မဂ်ရပြီဟ!

ဒါပဲ ဆုံးဖြတ်ချက်ချဖို့ရှိတယ်၊ သူများ မေးဖို့ လိုသေးသလား (မလို ပါ ဘုရား) ဒါ ဘယ်သူက ဟောတာပါလိမ့် (ဘုရားက ဟောတာပါ ဘုရား)။

သံဃာတစ်ထောင် ကျွတ်တမ်းဝင်တယ်

ဘုရားက ဟောတာကို ဘုန်းကြီးတို့က ဂရုစိုက်ပြတာပဲ။ ဘုန်းကြီး တို့က တန်ဆာ ဆင်ပေးတာပဲ ရှိတယ် (မှန်ပါ့) ဘုရားကတော့ ဒီအတိုင်း ဟောတာပဲ (မှန်ပါ့) နောက်ဘုရားလာလဲ ဒီအတိုင်းပဲ (မှန်ပါ့) လာလတ္တံ့ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေကော ဒကာဒကာမတို့ ဘယ့်နှယ် ဆိုကြမယ် (ဒီအတိုင်းဟောမှာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားက ဒီအတိုင်းပဲ ဟောတယ် (မှန်ပါ့) ဒီအတိုင်းဟောလို့ သံဃာ တစ်ထောင့် ငါးရာ ကျွတ်တယ် (မှန်ပါ့)။ ကိုထွန်းဦး မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား) အဲဒီတော့ တစ်နံပါတ် ယထာဘူတဉာဏ်နဲ့ တက်တာပဲ (မှန်ပါ့)။

ဉာဏ်သုံးဉာဏ်က ဒီဂါထာကလာတာ

နှစ်နံပါတ် နိဗ္ဗိန္ဒဉာဏ်နဲ့၊ သုံးနံပါတ်က မဂ်ဉာဏ်နဲ့၊

ဒါဖြင့် သူ့ကို ယထာဘူတဉာဏ် (မှန်ပါ့) သူ့ကို နိဗ္ဗိန္ဒဉာဏ်၊ သူ့ကို မဂ်ဉာဏ် အဲဒီ ဂါထာက လာတာ ဒီသုံးချက်နဲ့ တက်ဆိုတာ (မှန်ပါ့) ကဲ မကွေ့မထောင့် ဖြောင်ဖြောင့် သာသာ နိဗ္ဗာန်သို့ သွားသော “ဟေတွဋ္ဌော”။

ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။