နိရောဓသစ္စာအနက် (၃)အသင်္ခတဋ္ဌော

နိရောဓသစ္စာအနက် (၃)အသင်္ခတဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် နိရောဓသစ္စာအနက်မှ အသင်္ခတဋ္ဌော

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ဆိုတာဘယ်လိုလဲ (၃)(အသင်္ခတဋ္ဌော)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

နိဗ္ဗာန်ဆိုတာဘယ်လိုလဲ (၃)

(အသင်္ခတဋ္ဌော)

(၁၇-၁၂-၅၇)

ဒီကနေ့ ဟောရမှာက သစ္စာအနက် တစ်ဆယ့် ခြောက်ချက်၊ သူ့အစဉ်အတိုင်း လာတော့မှာမို့၊ ဘာလဲလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် အသင်္ခတဋ္ဌောကို ဟောလိမ့်မယ်။

အသင်္ခတဋ္ဌောဆိုတာ

အသင်္ခတဋ္ဌော ဆိုတာ နိဗ္ဗာန်ဟာ အသင်္ခတသတ္တိ ရှိတယ်လို့မှတ်ပါ။ အသင်္ခတ သတ္တိ ဆိုတာ တခြားမဟုတ်ပါဘူး၊ နည်းနည်းမှ ပြုပြင်ပြီးသကာလ ထားတဲ့တရားမဟုတ်ဘူးလို့ မှတ်ထား ရမယ်။

“အသင်္ခတဋ္ဌော”

အဖန်ဖန် ပြုပြင်ခြင်း မရှိသော အနက်သဘောကိုလည်းကောင်း အဖန်ဖန်ပြုပြင်ခြင်းမရှိဘူး ဆိုကတည်းကိုက ပကတိ ခိုင်မြဲတယ်ဆိုတဲ့ အဓိပ္ပာယ်ယူဖို့ပါပဲ၊ အဖန်ဖန် ပြုပြင်ခြင်း မရှိဆိုတာ ဘာပါလိမ့် (ပကတို့ ခိုင်မြဲတာပါ ဘုရား)။

ပကတိခိုင်မြဲတဲ့တရား

ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့တရားသည်၊ ဒကာ ဒကာမတို့ အဖန်ဖန် ပြုပြင်ခြင်း မရှိသောကြောင့်၊ ပကတိ ခိုင်မြဲတဲ့တရားလို့ မှတ်ထားပါ။ ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ တရားသည်၊ အဖန်ဖန် ပြုပြင်ခြင်း မရှိသော ကြောင့်၊ ပကတိခိုင်မြဲတဲ့ တရား၊ အသင်္ခတဋ္ဌောပဲ။

အဲဒီတော့ သင်္ခတတရားတွေကတော့၊ ကျုပ်တို့ ရုပ်နာမ်တွေဘုံတွေ ဖြစ်နေသောကြောင့်၊ ဪ -ဒါတွေက ပြုပြင်ထားလို့ ပျက်တယ်လို့ ဆုံးဖြတ် ချက်ချ။

ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ၊ နောက်-နတ်ဘုံ၊ လူ့ဘုံ၊ ဗြဟ္မာဘုံ၊ အပါယ်ဘုံတွေက ဘာတရားပါလိမ့် (သင်္ခတ တရားပါ ဘုရား)။ ကောင်းပြီ ဒါဖြင့် သင်္ခတတရားတွေက ပြုပြင်တုန်းပဲ တည်တံ့နေတဲ့ တရား၊ သင်္ခတ တရားက ပြုပြင်တုန်းပဲတည်တံ့နေတဲ့တရားဖြစ်သောကြောင့်၊ သင်္ခတတရားနဲ့ နည်းနည်းမှ မတူတဲ့ အသင်္ခတ သဘောဟာ နိဗ္ဗာန်ပဲ။ အဖန်ဖန် ပြုပြင်ခြင်း မရှိသော အနက်သဘောသည် လည်းကောင်း၊

ရုပ်နာမ်ဓမ္မတွေကဘာပါလိမ့်

သင်္ခတ တရားက အဖန်ဖန်ပြုပြင်နိုင်မှ တည်တံ့တဲ့တရား မကွာဘူးလား (ကွာပါတယ် ဘုရား) ရုပ်နာမ် ဓမ္မတွေက ဘာပါလိမ့် (အဖန်ဖန်ပြုပြင်နိုင်မှ တည်တံ့တဲ့တရားပါ ဘုရား)။

အဖန်ဖန် ပြုပြင်နိုင်မှ တည်တံ့ခိုင်ခံ့တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။ အဖန်ဖန် ပြုပြင်နိုင်မှ တည်တံ့ခိုင်ခံ့တဲ့ တရားက သင်္ခတတရား၊ ပြုပြင်ခြင်း မရှိဘဲနဲ့ ခိုင်မြဲ တည်တံ့တဲ့ တရားက ဘာတရား ပါလိမ့်. (အသင်္ခတတရားပါ ဘုရား)။

အသင်္ခတတရား၊ ဒါဖြင့် သင်္ခတနဲ့ အသင်္ခတဟာ ဒကာ ဒကာမတွေ ထူးခြားကြရဲ့လား (ထူးခြားပါပြီ ဘုရား) ထူခြား ကြပြီ၊ အဖန်ဖန် ပြုပြင်မှ ပေါ်နိုင်တဲ့တရားက ဘာပါလိမ့် (သင်္ခတတရားပါ ဘုရား)။

အသင်္ခတဋ္ဌောဆိုတာနိဗ္ဗာန်

အဖန်ဖန် ပြုပြင်ခြင်းမရှိဘဲနဲ့ ခိုင်ခံ့ တည်တံ့တဲ့ တရားက ဘာဆိုကြ မှာလဲ (အသင်္ခတ တရားပါ ဘုရား) အဲဒီတော့ ဒီကနေ့ ဟောရမှာက အသင်္ခတဋ္ဌောဆိုတဲ့ ဥစ္စာပြောရမှာ ဖြစ်နေတယ်၊ အသင်္ခတဋ္ဌောဆိုတာ နိဗ္ဗာန်ကို ဆိုသည်။

အဲဒီ အသင်္ခတသဘောကို ဘာပါလိမ့်မတုံးလို့ မေးခွန်း ထုတ်လို့ရှိရင် ဖြင့်၊ အဖန်ဖန် ပြုပြင်မှု မရှိတာကို အသင်္ခတ တရား၊ အဖန်ဖန် ပြုပြင်မှု တာကို သင်္ခတတရား မှတ်မိကြပြီလား (မှတ်မိပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ယခုရထားတဲ့ ခန္ဓာငါးပါး၊ ခင်ဗျားတို့ တောင်းပြည့်ဝထားတဲ့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ ဘုံတွေ၊ ငရဲဘုံတွေ၊ တော၊ – ရေ၊ မြေတွေ အဲဒါတွေသည် ကားလို့ဆိုရင်ဖြင့်၊ ဒကာ ဒကာမတို့ ပြုပြင် ထားလို့ ပေါ်တဲ့တရား ဖြစ်သောကြောင့် သင်္ခတတရားလို့ မှတ်ပါ။

သင်္ခတတရားက ဘာပါလိမ့်

ဪ သင်္ခတတရားက ပြုပြင်ထားလို့၊ ခေတ္တ တည်တံ့ပြုပြင် တဲ့တရား အရှိန်အစော် အာနုဘော်ကုန်လို့ ရှိရင်ဖြင့် ပျက်ကြရတယ် (မှန်ပါ့)။ ဒါဖြင့် သင်္ခတတရားက ဘာပါလိမ့် (ပြုပြင်ထားလို့ ပျက်ရ သည့်တရားပါ ဘုရား)။

ဒါဖြင့် ဆုတောင်းလို့ ရထားတဲ့ တရားဟူသရွေ့၊ ကိုယ့် ဆုတောင်း အရှိန်အစော် အာနုဘော် ကုန်ရင် ဘာဖြစ်မယ် ထင်သလဲ (ပျက်ရမှာ ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ဒါကြပ်ကြပ် သဘောပါအောင် ပြောနေတယ် (မှန်ပါ)။

ကြပ်ကြပ်သဘောပါအောင် ပြောနေတယ်ဆိုတော့ ဒကာ ဒကာမ တွေက စဉ်းစားရမယ်၊ ဪ ဆုတောင်းလို့ ရတယ်၊ ဘာလေးလှူပြီး ဆုတောင်းလို့ ရတာဟာ၊ ဆုတောင်းတဲ့ အရှိန်အစော် အာနုဘော်ကုန်ရင် ပျက်သွားတာပဲ၊ ဪ ဒို့သည်ကားလို့ ဆိုရင်ဖြင့်။

အပျက် ရ,ရပါလို၏လို့ ဆုတောင်းတာပဲလို့ မဆိုထိုက်ကြဘူး လား (ဆိုထိုက်ပါတယ် ဘုရား)။ အဲ-သင်္ခတ အလုပ်သာ လုပ်နေကြမယ် ဆိုရင်ဖြင့်၊ ဒကာ ဒကာမတွေ ပျက်ချင်လို့ လုပ်တာလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

သင်္ခတ အလုပ်လုပ်နေရင် ဘယ်လိုဆိုကြမယ် (ပျက်ချင်လို့ပါ ဘုရား)။ ဒါဖြင့် လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာ ဖြစ်ချင်၊ ရောင်းချင်၊ ဝယ်ချင်၊ သွားချင်၊ လာချင်၊ ပြောချင်၊ ဆိုချင်တာတွေဟာ သင်္ခတတရားတွေ (မှန်ပါ)။

ဒါတွေဟာ ဘယ်လမ်းဆုံးရမှာလဲ (အပျက်လမ်းဆုံးရမှာပါ ဘုရား) အပျက်လမ်းဆုံးရမယ်၊ ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ အမြင် တိုတယ်လို့ ဆိုချင်တာပဲ (မှန်လှပါ ဘုရား)။

ဘယ်လို အမြင်တိုပါသလဲလို့ မေးတဲ့အခါကျတော့၊ ခင်ဗျားတို့က ကောင်းကောင်းလုပ်ရင် ကောင်းကောင်းဖြစ်မှာပဲ၊ ဆိုးဆိုးလုပ်ရင် ဆိုးဆိုးဖြစ်မှာပဲ အစရှိသည်နဲ့၊ ခင်ဗျားတို့က ကောင်းကောင်း ပြုပြင်ရင် ကောင်းကောင်း ဖြစ်မယ်။

လှလှပြုပြင်ထားလို့ရှိရင် နောက်ဘဝ လှလှဖြစ်ရမယ်၊ ခိုင်ခိုင်ခံ့ခံ့ ပြုလုပ်သွားရင် ခိုင်ခိုင်ခံ့ခံ့ ဖြစ်မယ်၊ ဒါဖြင့် ခင်ဗျားတို့ ပြုပြင်ထားတဲ့တရား ဟူသရွေ့ဟာက သင်္ခတတရားလို့ ဆိုသောကြောင့်၊ ခိုင်တဲ့သဘောသတ္တိနဲ့ ခိုင်အောင် ပြုပြင်တယ်။

ခိုင်အောင် ပြုပြင်တဲ့ သဘောသတ္တိလည်း ဆုံးရော၊ သူ အကျိုးတရား ဆိုတဲ့ ခိုင်တတ်တဲ့ သဘောကြီးဟာလည်း ပျက်မှာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် သင်္ခတ တရားဟာ ဘယ်မှာလမ်းဆုံး သလဲ (အပျက်မှာလမ်းဆုံးပါတယ် ဘုရား)။

သင်္ခတတရားဆိုတာရုပ်နာမ်

အဲ၊ သင်္ခတ တရားဆိုတော့ စာသံ ပေသံပါနေတယ်၊ ခင်ဗျားတို့ ရုပ်နာမ်တွေ ဘယ်မှာပဲ ဖြစ်ဖြစ်၊ အကြောင်းတရား လေးပါး ပြုပြင်ထား တာတွေ ဖြစ်နေသောကြောင့်၊ ပြုပြင်တဲ့ သဘောသတ္တိ ဆုံးလိုက်ပြီ ဆိုမှဖြင့်၊ ဝုန်းကနဲ ပြုတ်ကျတာချည်းလို့ ဆုံးဖြတ်ချက်ချ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါ ဘယ်သူ့သတ္တိပါလိမ့် (သင်္ခတပါ ဘုရား)။ သင်္ခတတရား၏ သတ္တိ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဪ ဒါဖြင့် ခင်ဗျားတို့ အရင်းငွေကလေးနဲ့ တည်ထောင် လိုက်၊ ဒီအမြတ်ကလေး ထွက်လိုက်။

ဒီအမြတ်ကလေး ကုန် ကုန်သွားတာ ခင်ဗျားတို့ မထင်ရှားဘူး လား (ထင်ရှားပါတယ် ဘုရား)။ ဒီအရင်းလေးနဲ့ တည်ထောင်လိုက်တယ်။ အမြတ်ကလေး ရလာတယ်၊ ဒါ ပြုပြင်လို့ ရတာကိုးဗျ (မှန်ပါ)။

ပြုပြင်လို့ ရတာဆိုတော့ ပြုပြင်လိုရတဲ့ အရှိန်အစော် အာနုဘော်ကုန် သွားတော့ ဘယ့်နှယ် နေသလဲ (ပျက်သွားပါတယ် ဘုရား)။ ပျက်သွားပြီး နောက်ထပ် ငွေမရနိုင်ဘူးဆိုတော့ အရင်လို သုံးဖြုန်းပြီး ကုန်တာပဲ၊ ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။

အပျက်မှာလမ်းဆုံးတယ်

ဒါဖြင့် သင်္ခတတရားဟူသရွေ့ ဘယ်မှာလမ်းဆုံးသတုံး (အပျက်မှာလမ်းဆုံးပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားပါ။ အသင်္ခတရောက်မှပဲ စိတ်ချရမှာ (မှန်ပါ)။

ဦးဘအုန်း ဘယ်ကျမှ စိတ်ချရမှာလဲ (အသင်္ခတ ကျမှပါ ဘုရား)။ ဪ-အသင်္ခတ ရောက်မှ စိတ်ချရမှာ၊ အခုတော့ အိမ်တွေ၊ ကျောင်းတွေ၊ ဘုရားတွေ၊ နတ်ပြည်ရောက်ကြောင်း၊ ဗြဟ္မာပြည် ရောက်ကြောင်းတွေ၊ ခင်ဗျားတို့က သူ့နည်းနဲ့သူ ပြုပြင်တယ်ဆိုကြပါစို့။

အကြောင်းကုန်ရင်ပျက်တယ်

သူ့နည်းနဲ့သူ ပြုပြင်လိုက်တော့၊ သူ့အကြောင်း ရှိသလောက်တော့ အကျိုးတော့ ပေါ်တာ ပေါ့ဗျာ (မှန်ပါ) သို့သော် အကြောင်းအရှိန်အစော် အာနုဘော်တွေ ကုန်တဲ့အခါကျတော့ ဘာဖြစ်သ (ပျက်ပါတယ် ဘုရား)။

ဪ်-ဒါဖြင့် ပြုပြင်လို့ရတဲ့တရားဟာဖြင့် ခိုင်မြဲလိမ့်မယ် မဟုတ်ဘူး လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။ မပြုပြင်ရဘဲ ရတဲ့ နေရာတည်းဟူသော အသင်္ခတနယ်သို့လည်းကောင်း (ဝါ) နိဗ္ဗာန်သို့ လည်းကောင်း ခင်ဗျားတို့ ရောက်အောင်ကြိုးစား (မှန်ပါ)။

အဲဒီနေရာဖြင့် အင်း၊ မပြုပြင်ဘဲနဲ့ တည်တံ့နေသောကြောင့်၊ ဘယ် ကြောင်းနဲ့မှ မဆက်သွယ် သဖြင့် ဦးချစ်ခတို့ ပျက်စရာ ရှိသေးလား ပါဘူး ဘုရား)။ ဒါဖြင့် သင်္ခတ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေသည် ပျက်ချင်လို့ လုပ်တာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မဂ္ဂင်အလုပ်သာလုပ်ပါ

အသင်္ခတရောက်ကြောင်းကိုသာ လုပ်ပြီး သကာလ၊ ခင်ဗျားတို့ ကြိုးစားလိုက်မယ် ဆိုလို့ ရှိရင်ဖြင့်၊ အသင်္ခတ နယ်ဘက်သို့လည်း ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂင်က ပို့ပါရော၊ ခင်ဗျားတို့ ပြန်ကျစရာ ပျက်ကျစရာ ဆွေးစရာ ပုပ်စရာ ရီစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ အလုပ်ပင် လုပ်နေငြားသော်လည်း၊ ခင်ဗျားတို့ ပျက်ဖို့အလုပ်သာ လုပ်တတ်တယ်၊ ခိုင်မြဲဖို့ အလုပ် မလုပ် တတ်ဘူးလို့ စွဲချက်တင်စရာ ကောင်းတယ်၊ မတင်နိုင် ဘူးလား တင်နိုင်လား (တင်နိုင်ပါတယ် ဘုရား)။

တင်သင့်တယ်ဗျ၊ ဦးဘအုန်းရ (မှန်လှပါ ဘုရား)။ ဒါဖြင့် ဒီလို တင်သင့်တော့၊ ပျက်ဖို့ မှန်းမသိလို့ လုပ်တာပဲ (မှန်ပါ) ဦးချစ်ခ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ပျက်ဖို့မှန်း မသိလို့ လုပ်နေတာပဲ။

ဪ မသိဆိုတဲ့ အဝိဇ္ဇာက အတော်အုပ်ချုပ် ချက်သန်နေပါ လားလို့လဲ၊ ဒကာ ဒကာမတွေ ပြောရင် ခံရမှာပဲ၊ မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား) မသိလို့ လုပ်ဖြစ်တာကို သိရင် မလုပ်ပါဘူး။

မလုပ်ဖြစ်တော့ဘူးဆိုတော့၊ မသိလို့ လုပ်တဲ့ အလုပ်ဟူ သရွေ့ သည်။ အကျိုးတရား ဖြစ်မယ်၊ သင်္ခတ အကြောင်း တရား အားထုတ်တော့ သင်္ခတဆိုတဲ့ အကျိုးတရားကော မဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)။

အဲဒါ အကြောင်းတရား အရှိန်အစော်ကုန်ပြီး အကျိုးတရား ဘယ် ၊ နှယ်ဆိုကြမှာလဲ (ပျက်ပါတယ် ဘုရား) သော် – ဒါဖြင့် ခင်ဗျားတို့သည် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်တဲ့ အလုပ် ဟူသရွေ့ဟာဖြင့် ပျက်စီးဖို့ လုပ်နေ ကြတာပဲ။

ဦးဘကြည် သဘောပါရဲ့လား (ပါပါတယ် ဘုရား) နိဗ္ဗာန်ဆိုတာ သူ့အစစ် ဟောရတော့မယ် ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ လို့ မရဘူး (မှန်ပါ)။ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရောင်းကြတယ်၊ ဝယ်ကြတယ်။ တိုက်တည်ကြတယ်၊ ကားဝယ်ကြတယ် အမျိုးမျိုး အဖုံဖုံပေါ့ဗျာ။

ဘာတရားမို့ပျက်တာလဲ

ကိုယ့်ပစ္စည်းကိုယ့်အား ကိုယ့်အင်ချိန်ပြီးသကာလ လုပ်ကြတာဟူ သရွေ့ ဘယ်မှာ လမ်းဆုံးမယ် ထင်ကြမလဲ (အပျက်မှာ လမ်းဆုံးမှာပါ ဘုရား)။

သင်္ခတတရား ဆိုတာက ဘာတရားမျိုးတုံးဆိုတော့၊ မိမိ အားစိုက်ပြီး ပြုပြင်လို့ရတဲ့ အကျိုးတရား တွေလို့ ဆိုရင်ကော၊ လွဲသလား (မလွဲပါ ဘုရား)။ ဒါကြောင့် ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ကံပြုပြင်လို့ရတယ်၊ စိတ်ပြု ပြင်လို့ရတယ်၊ ဥတုပြုပြင်လို့ ရတယ်။

အာဟာရပြုပြင်လို့ ရတယ်ဆိုတော့ အကြောင်းတရား လေးပါး ကြောင့် ရထားတဲ့ ခန္ဓာ ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)။ ကောင်းပြီ ဒီလေးပါးအရှိန်အစော် အာနုဘော် ကုန်တော့၊ ခင်ဗျားတို့ ယခုထိုင်နေတဲ့ ခန္ဓာငါးပါးဟာ ဘာဖြစ်မယ်ထင်တုံး (ပျက်မှာပါ ဘုရား)။

ပျက်သွားပြန်လို့ရှိရင်ဖြင့် ခင်ဗျားတို့သည် အကြောင်းတရား လေးပါး နဲ့ ကြိုးစားကြပြန်ရော (မှန်ပါ) ကြိုးစားပြန်တော့ ပေါ်ပြန်တာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်ပြန်တော့ ဒီကအရှိန်အစော် ကုန်ပြန်တော့ကော (ပျက် ပြန်တာပါ ဘုရား) ဪ ခင်ဗျားတို့ ဘာတွေ လုပ်နေကြသတုံးဆိုတော့၊ ပျက်မှုနဲ့ ပြုပြင်မှုသာ လုပ်နေလို့ ပြီးတော့မှာ မဟုတ်ပါဘူး (မှန်ပါ)။

မပြီးတဲ့အလုပ်၊ လုပ်နေကြတယ်

မပြီးတဲ့အလုပ် လုပ်နေတဲ့ ဒကာ ဒကာမတွေပဲလို့ဆိုရမယ် (မှန်ပါ)။ မပြီးတဲ့အလုပ် လုပ်နေတယ်၊ ဪ ခက်ကောင်း ခက်ရချည်ရဲ့၊ ဒကာ ဒကာမတွေ မပြီးတဲ့အလုပ် လုပ်နေကြတဲ့ လူတွေလောက် လောကမှာ ကြည့်မကောင်းတာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခင်ဗျားကိုယ်တိုင်ကြည့်ပါ။ မပြီးတဲ့အလုပ်ကို အားကြိုးမာန်တက်လုပ် နေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်နဲ့ စွဲချက်တင် ထိုက်မတင်ထိုက် (တင် ထိုက်ပါတယ် ဘုရား) မပြီးတဲ့ အလုပ်ပဲ ထပ်ပြန် တလဲလဲ လုပ်နေတယ် (မှန်ပါ)။

ဒီလူကို ဘယ်လိုစွဲချက်တင်မှာလဲ၊ အရူးသော် လည်းကောင်း ဖြစ်ရ မယ် (အရူးပါ ဘုရား) မဖြစ်ထိုက်ဘူးလား (ဖြစ်ထိုက်ပါတယ် ဘုရား) ဒါဖြင့် မပြီးတဲ့ အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ် ဟူသရွေ့ သည်၊ ဒကာ ဒကာမတို့ အသင်္ခတကို နည်းနည်းလေးမှ ဉာဏ်မမှန်းမိလို့ပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အသင်္ခတဘက်သို့ မျှော်မှန်းနိုင်တဲ့ သစ္စဉာဏ်မရှိဘူး (မှန်ပါ) နိရောဓသစ္စဉာဏ် မရှိဘူးလို့ မှတ်ပါ (မှန်ပါ) အသင်္ခတဘက်သို့ မျှော်မှန်း နိုင်တဲ့ဉာဏ်ကို မရှိလို့ (ဝါ) သစ္စာကို မသိလို့ လုပ်လိုက်၊ ပျက်လိုက်၊ ပျက် လိုက်၊ လုပ်လိုက် လှည့်နေတာကိုး (မှန်ပါ)။

ဘယ်လိုနေခဲ့ကြပါလိမ့်

ကဲ – ဦးဘကြည် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါ တယ် ဘုရား) ကိုင်း – ဒါဖြင့် ကျုပ်တို့ သည် နောက်တုန်းကများ ဘယ်လိုနေခဲ့ပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒီအတိုင်းပဲ နေခဲ့တယ်လို့ ဖြေရမယ် (မှန်ပါ)

ပြုပြင်တဲ့တရားက ပြုပြင်လိုက်၊ ပြုပြင်တဲ့ အရှိန်အစော် ကုန်တော့ ပျက်သွားတယ်၊ ဟင် ပျက်သွား ပြန်တော့ ခင်ဗျားတို့က ပြုပြင်တဲ့ အကြောင်း တရားနဲ့ ကြိုးစားလိုက်၊ ကြိုးစားပြီးတဲ့ အဆုံးကျတော့ ပျက်သွားလိုက်၊ ခင်ဗျားတို့ မကြိုက်ပေဘူး ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

ဒီအကျိုးပေးမျိုးတော့ မကြိုက်ပါဘူး၊ သုံးခါပျက်၊ သုံးခါ တက်တယ် ဆိုရင်ပဲ ကိုထွန်းဦး ဘယ့်နှယ်တုံး (မကြိုက်ပါဘူး ဘုရား)၊ ဒါဖြင့် အပျက်ပါပါနေတယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) အပျက်ပါ ပါနေတဲ့အတွက် မကြိုက်ကြဘူး (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့သည် အပျက်မပါတဲ့လမ်းရှိသားပဲ၊ ဦးဘကြည်ရှိ တယ်၊ အပျက်မရှိတဲ့လမ်း ရှိသားပဲ၊ အပျက်မရှိတဲ့ နေရာကော (ရှိပါတယ် ဘုရား) အဲဒီတော့ ဒကာ ဒကာမတို့ သင်္ခတနဲ့ အသင်္ခတ မကွဲသရွေ့ကာလ ပတ်လုံး၊ ခင်ဗျားတို့သည် ကားဆိုလို့ရှိရင် သင်္ခတနယ်ထဲက လွတ်မှာမဟုတ် ပါဘူး (မှန်လှပါ ဘုရား)။

သင်္ခတနဲ့ အသင်္ခတကွဲအောင်လုပ်

သင်္ခတနဲ့ အသင်္ခတ မကွဲသရွေ့ကာလပတ်လုံး၊ သင်္ခတ က ဒုက္ခ သစ္စာ၊ အသင်္ခတက သုခသစ္စာ၊ ခင်ဗျားတို့ ဒါမကွဲချင်ဘူး (မှန်လှပါ ဘုရား) ဒီနေ့ကွဲအောင်လုပ် (မှန်ပါ)။ သင်္ခတက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သင်္ခတဆိုတာ အပျက်ပါတာကိုးဗျ (မှန်ပါ) အပျက် ပါတော့ ခန္ဓာငါးပါး ဘာသစ္စာ ခေါ်တုံး (ဒုက္ခ သစ္စာခေါ်ပါတယ် ဘုရား)။ အသင်္ခတဆိုတဲ့ နိရောဓဆိုတာက အပျက်ပါရဲ့ လား (မပါပါ ဘုရား)။

သူက သုခသစ္စာ (မှန်ပါ) ဒါဖြင့် ခင်ဗျားတို့သည် သစ္စာနှစ်ပါး လည်း မကွဲဘူး၊ တစ်ပါးချင်း လည်း မသိဘူး၊ နှစ်ပါး လည်း ထူးခြားစွာ မသိဘူး ဘယ်လောက်များဆိုးနေသလဲ (ဆိုးပါတယ် ဘုရား)။

ကိုယ့်အဖြစ်တော်ဟာ ဦးဘတင် ဆိုးပုံပေါ်ပြီလား (ပေါ်ပါ တယ် ဘုရား) သင်္ခတ တရား ကိုလည်း ကြိုးစားနေပါတယ် (မှန်ပါ) ဘာပြု လို့ကြိုးစားတုံး ဆက်လိမ့်မယ်ဆိုတဲ့ ဒုက္ခသစ္စာကို ခင်ဗျားတို့ မသိလို့ပဲ (မှန်ပါ)။

ကြိုးစားတာ ဝိပရိနာမဒုက္ခသစ္စာ သိလို့လား မသိလို့လား (မသိလို့ပါ ဘုရား)။ အသင်္ခတ တရားဘက် မသွားတာကကော ဘာဖြစ်လို့ မသွားပါလိမ့်မလဲလို့ မေးခွန်းထုတ်ပြန်တော့ကော (မသိလို့ပါ ဘုရား)။

နို့ ခင်ဗျားတို့ဟာ အခက်ကြီးပဲ (မှန်ပါ) ဒါလည်း သင်္ခတ တည်းဟူသော ဒုက္ခသစ္စာ ပျက်လိမ့်မယ် ဆိုတာ မသိဘူး (မသိပါ ဘုရား) အသင်္ခတတည်းဟူသော သုခ သစ္စာ မပျက်ဘူး ဆိုတာလည်း မသိတော့။

ခင်ဗျားတို့က အဲဒီကို အရောက်မသွားဘူးဆိုတော့၊ သစ္စာမသိတဲ့ အဓိပ္ပါယ် မသေချာ သေးဘူးလား (သေချာပါ တယ် ဘုရား) မပြုပြင်ပဲနဲ့ သဘာဝတည်ရှိနေတာက မပျက်သလိုလိုနဲ့ ခင်ဗျားတို့ နှစ်ခုသိမှသာလျှင် တစ်ဖက်ဖက်စောင်းမယ် (မှန်ပါ)။

ဆင်ကန်းတောတိုးလုပ်ပုံတွေ

နို့မဟုတ်ရင် စောင်းပါ့မလား (မစောင်းပါ ဘုရား) မစောင်း တော့ ဆင်ကန်းတောတိုး လုပ်နေမှာပေါ့၊ မလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား) ဒကာ ဒကာမတွေ သစ္စာ ဟောရတဲ့အတွက်၊ ခင်ဗျားတို့ လုပ်ပုံတွေ ဆင်ကန်းတောတိုးလို့ ဘုန်းကြီးက အမိန့်ရှိငြားသော်လည်း။

ဆင်ကန်းက တောကို ပေါက်ထွက်သွားသေးတယ်၊ ခင်ဗျားတို့က ထွက်မှာမဟုတ်ဘူး၊ ထွက်မယ် ထင်သလား (မထွက်ပါ ဘုရား)။

နတ်ကောင်ဖြစ်ဖို့၊ အားထုတ်တယ်

မရှိပါဘူးတဲ့၊ အဲဒါကြောင့် ဒကာ ဒကာမတို့ သင်္ခတ တရားက ပျက်စီးတတ်တယ်၊ အသင်္ခတ တရားက မပျက်စီး တတ်ဘူး၊ ဒါဖြင့် ခင်ဗျားတို့ သင်္ခတတရားကို လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင်ဖြစ်ဖို့ အားထုတ် ကြတယ်ဆိုတာကော ဒုက္ခသစ္စာသိလို့လား မသိလို့လား (မသိလို့ပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာလည်း ခင်ဗျားတို့မသိဘူး၊ သင်္ခတက ဒုက္ခသစ္စာ၊ အသင်္ခတဘက်ဆိုတာ သုခသစ္စာ (ဝါ) နိရောဓသစ္စာ၊ သင်္ခတတရားပျက် တတ်ပါတယ်ဆိုတဲ့ ဒုက္ခသစ္စာကို သိရင်လည်း သင်္ခတတရားကို ခင်ဗျားတို့ နောက်ထပ် တည်ထောင်ကြမှာ မဟုတ်ဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခု – ရုပ်နာမ်တရားကိုလည်း တည်ထောင်ပြီး ဖြစ်ကြပြန်တယ်။ အဲ့ဒါကျတော့ မသိခဲ့လို့ ပျက်မယ်ဆိုတဲ့ ဒုက္ခသစ္စာမသိလို့ တည်ထောင်တာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်လောက်ပဲ ခင်ဗျားတို့ မသာပို့နေနေ ဟုတ်လား၊ ခင်ဗျားတို့ ကိုယ်တိုင်ကိုက အတော် ဆိုးဝါးတယ် (မှန်ပါ) ခင်ဗျားတို့ မသာဖိတ်စာ နဲ့တကွ မသာပို့ရပေါင်း အကြိမ် ဘယ်လောက် ရှိပြီတုံးလို့ ကိုထွန်းဦး မေးရင်ကော ဘယ့်နှယ်ဖြေပါ့မလဲ (အကြိမ်ပေါင်း မရေတွက်နိုင်ပါ ဘုရား)။

သေရပါလို၏ဆုတောင်း

အဲဒီ သင်္ခတတရားတွေက မွေးပြီး သေတာပဲ၊ ဒါ ဆုတောင်းလို့ ဖြစ်ရတာပဲ၊ ဦးချစ်ခ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) လူဖြစ်ရပါလို၏ဆိုတာ၊ သေရပါလို၏ဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အဲဒီ အသေတွေ ပါတာကို ကိုယ်ကိုယ်တိုင်ပဲ မသာအမြဲတမ်း ပို့ကြည့်ပါ။

ခင်ဗျားတို့ ပို့ပင်ပို့ငြားသော်လည်း၊ ခင်ဗျားတို့သည် မသာဆုတောင်း နေသေးတယ်၊ သေခြင်းသေရင် မသာကြီးချ သေရပြန်ရင် ကျေနပ်နေတယ်၊ ဦးဘအုန်း မကျေနပ်ဘူးလား (ကျေနပ်ပါတယ် ဘုရား)။

သေခြင်းသေ ဒီလိုသေရရင်ဖြင့် ကျေနပ်ပါတယ် ဆိုတော့၊ ဪ ဒုက္ခသစ္စာသိလို့လား၊ မသိလို့လား (မသိလို့ပါ ဘုရား) ဒုက္ခ ရောက်တာကို ဒီလိုရောက်ရလို့ရှိရင် ကျုပ် ကျေနပ်တယ် (မှန်ပါ)။

သင်္ခတနဲ့ အသင်္ခတမကွဲလို့

ဟာဦးလှ အတော်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား) ဒါ ဘာ မသိလို့ ဒီလောက်ဆိုးတာလဲ (ဒုက္ခရောက်တာ မသိလို့ပါ ဘုရား) အဲဒီလိုဆိုတော့ သင်္ခတနဲ့ အသင်္ခတ မကွဲလို့ ဒါလုပ်နေတယ်၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)၊ ဦးဘကြည် ဘာမကွဲတာတုံး (သင်္ခတနဲ့ အသင်္ခတပါ ဘုရား)။

သင်္ခတဟာ မွေးသေ၊ အသင်္ခတဟာ မွေးလည်း မမွေးဘူး၊ သေလည်းမသေဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ သင်္ခတဟာ ဘာတုံး (မွေးရင်သေပါတယ် ဘုရား) မွေးရင် သေတယ်ဆိုတာ ဖြစ်ရင် ပျက်တယ် ပြောတာပဲ (မှန်ပါ)။

အသင်္ခတကတော့ အဖြစ်လည်း မရှိဘူး၊ အပျက်လည်း မရှိဘူး၊ သဘာဝ ခိုင်ခံ့တည်မြဲ နေတယ်၊ ရှင်းကြပြီလား (မှန်ပါ)၊ ဒါကြောင့် အသင်္ခတဋ္ဌော အဖန်ဖန်ပြုပြင်ခြင်း မရှိသော အနက် သဘောသည် နိဗ္ဗာန်လို့ ဒီအနက်ပေးတာပဲ ဦးဘကြည်ရ။

အသင်္ခတဓါတ်နိဗ္ဗာန်မြတ်

အဖန်ဖန်ပြုပြင်ခြင်းမရှိတဲ့ အနက်သဘောဟာ အသင်္ခတဓာတ် နိဗ္ဗာန်မြတ်၏ သဘော ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား) အဲဒီတော့ ခင်ဗျားတို့ ဒီဘဝမှာ ဆရာဘုန်းကြီးနဲ့လည်း တွေ့နေပြီ၊ တွေ့လို့ ယနေ့ ခင်ဗျားတို့ သင်္ခတအကြောင်း ကောင်းကောင်းကြီး သိနေပြီ (မှန်ပါ)။

နိဗ္ဗာန်ရောက်ကြောင်း အလုပ်မှတစ်ပါး ကျန်တဲ့ သင်္ခတ အလုပ် လုပ်ချင်တာလုပ်၊ ပျက်ဖို့ လုပ်တာပဲဆိုတော့ လွဲသေးလား (မလွဲပါ ဘုရား) လုပ်ချင်တာလုပ်နေ ဘယ်လောက်နဲ့ ရင်းရင်း၊ ဘယ်လောက်နဲ့ နှီးနှီး ဦးဘအုန်း ဘာဖြစ်မှာလဲ (ပျက်မှာပါ ဘုရား)၊ ပျက်မှာပဲ။

သူလည်းပျက်မှာပဲ၊ လုပ်တဲ့လူလည်း ပျက်မှာပဲ၊ ပျက်ချင် ပျက်ပေ စေတော့ဘုရား၊ တစ်ဘဝ တစ်နပ်စာအတွက်တော့ လုပ်ပါရစေဦး ဆိုရင်တော့ ဒီလူဟာသစ္စာကို မသိလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

အသင်္ခတဆိုတာ နိရောဓသစ္စာ

သင်္ခတဆိုတာ ဒုက္ခသစ္စာ၊ အသင်္ခတဆိုတာ နိရောဓ သစ္စာ (ဝါ) နိဗ္ဗာန်ဆိုတဲ့တရား၊ ဒကာ ဒကာမတို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။ အဲဒီတော့ ယခုဘဝမှာ ခင်ဗျားတို့၊ ပျော်-တို့ခဲလေသမျှ သဲရေကျဆိုတဲ့ အလုပ်ချည်း လုပ်နေတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား) အတော်ဆိုးမနေဘူးလား (ဆိုးနေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတ နားလည်မှ အသင်္ခတ ရှင်းမယ်လို့ ဆိုတာမှတ်။

“သင်္ခတဘူတ ဒုက္ခဒဿနေန အသင်္ခတ” သည် သင်္ခတ ဘူတဒုက္ခဒဿနေန = သင်္ခတ ဖြစ်တဲ့ ဒုက္ခသစ္စာမြင်မှသာလျှင်၊ အသင်္ခတဋ္ဌော= မပြုပြင်ရပဲနဲ့ တည်တံ့သော နိဗ္ဗာန်သည်၊ ပါတု ဘဝတိ = ဉာဏ်ထဲ၌ ထင်ရှားလာ၏။

သင်္ခတ ကောင်းကောင်းမြင်မှ အသင်္ခတ ရှင်းတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ရှေ့က ဖြစ်ပျက် ရှုလို့ ဖြစ်ပျက်အရှိကို မုန်းမှ ဖြစ်ပျက်မရှိတာ ကြိုက်လာမယ်၊ ခင်ဗျားတို့ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ရှေ့ပိုင်းက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုရတာ ဘယ်အကျိုးငှာ ပါလိမ့်မတုံးဆိုတာ ယနေ့ လုပ်စဉ်ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ အဲဒါ သင်္ခတတရား၏ အခြင်းအရာ အကုန်သိရမယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်အခြင်းအရာတုံး (သင်္ခတတရား၏ အခြင်းအရာပါ ဘုရား)။ သင်္ခတတရား၏ ခန္ဓာငါးပါးရုပ်နာမ်ဆိုတဲ့ သဘောအခြင်း အရာတွေပဲ၊ သူဟာ ဘယ်ကျအောင် ဘယ်လို လုပ်တတ်တယ်။

ဘယ်လို သတ္တိရှိတယ်၊ ဘယ်လိုလမ်းဆုံးတယ်ဆိုတာ သိတဲ့အခါကျ တော့မှ တော်ပြီဟေ့၊ သင်္ခတအကြောင်း ကောင်း ကောင်းမသိပေဘူးလား (သိပါတယ် ဘုရား)။

မပျက်စရာလည်းရှိရမှာပဲ

ပျက်တယ်ဆိုတာ ခင်ဗျားတို့မမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား) အဲဒီ သင်္ခတ သဘောကို ခင်ဗျားတို့ ကောင်းကောင်းသိတဲ့ အခါကျတော့မှ၊ အင်း ပျက်စရာ ရှိရင် ဖြင့် မပျက်စရာလည်း ရှိရမှာပဲလို့ အသင်္ခတဘက် နည်းနည်းလှည့်လာတယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု ခန္ဓာတွေ ရပြီး သကာလ၊ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်လို့ အမျိုးမျိုးအဖုံဖုံ တိုက်တွေ ကားတွေနဲ့ နေကြငြားသော်လည်း၊ ခင်ဗျားတို့ ပြုပြင်ထားတာ တွေ ဖြစ်သောကြောင့် အရိပ်ပျက်သလို ပျက်ရမှာပဲ၊ သဘော ကျပြီလား (မှန်ပါ)။

အကြီးအကျယ်လုပ်ရင် အကြီးအကျယ်ပျက်ရမယ်၊ နည်းနည်းလုပ်ရင် နည်းနည်းပျက်မယ်၊ ဟင်း အလတ်စားလုပ် ရင်ကော (အလတ်စားပျက် ရမှာပါ ဘုရား)။ အလတ်စား ပျက်မှာပဲ ဆိုတော့။

ခင်ဗျားတို့ မန္တလေးမြို့ကြီးမှာ၊ ရှေးနှစ်ပေါင်းတစ်ရာက မန္တလေးသူ၊ မန္တလေးသား ရှိသေးသလား မေးကြည့် (မရှိတော့ ပါ ဘုရား)။ ဟာဘယ်ရောက်ကုန်ပြီတုံးဗျ (သေကုန်ကြပါပြီ ဘုရား)

သေတဲ့နေရာချည်းပဲ

သင်္ခတတွေကိုးဗျ (မှန်ပါ) သင်္ခတတွေ့မို့ ပျက်ဆုံး သွား ကြပြီ (မှန်ပါ့)၊ နောက်လာတဲ့ လူတွေလည်း သူတို့ သက်တမ်းစေ့တော့ သူတို့လည်း နေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။ ဒါဖြင့် သင်္ခတ တရားတွေရှိတဲ့ ၊ နေရာဟာ ဘယ်လို နေရာပါလိမ့်မတုံးဆိုတော့၊ သေတဲ့ နေရာချည်းပဲလို့ ဆုံးဖြတ်ချက်ချ။

အရင်လူတွေလည်း ဒီနေရာမှာ သေသွားတယ်၊ အခု လူတွေလည်း ဒီနေရာမှာပဲ ဆုံးရှုံးရမယ် (မှန်ပါ)။ နောက် လာလတ္တံ့ လူတွေကော (ဒီနေရာမှာပဲ သေရပါတယ် ဘုရား)။ ဘာကြောင့်ပါလိမ့်မတုံး ၊ (သင်္ခတတရားတွေမို့ပါ ဘုရား)။

အဲဒီတော့ခက်လိုက်တဲ့ဖြစ်ခြင်း၊ ခင်ဗျားတို့ ကျုပ်တို့က ဒီသင်္ခတ တရားတွေကိုပဲ ပြန်လွမ်း နေတယ် (မှန်ပါ)။ တို့ အဘိုးတွေ တို့အဘွားတွေ လွမ်းပါသေးတယ်ကွာ ဆိုရင် သင်္ခတ ကြိုက်တာ၊ အသင်္ခတ ဘက်ပြေးမယ့်လူ မလာဘူးဗျ။

သင်္ခတတရားတွေကို လွမ်းတောင် နေလိုက်သေးတယ်၊ ဖြစ်မှ ဖြစ်ရလေ၊ လွမ်းတယ် ဆိုကတည်းက သမုဒယ မဟုတ်လားဗျ (မှန်ပါ)။

သောက မဟုတ်လား (မှန်လှပါ ဘုရား) အဲဒီတော့ ဒုက္ခသစ္စာသိတဲ့ တရားနဲ့ လွမ်းတာလား မသိတဲ့တရားနဲ့ လွမ်းတာလား (မသိတဲ့တရားနဲ့ လွမ်းတာပါ ဘုရား)။

မသိတဲ့တရားပေါ်နေပြီ ခက်လိုက်တဲ့ဖြစ်ခြင်းမှ ဘာပြုလို့တုံးဆိုလို့ ရှိရင်၊ သူကလေးကို မြင်တိုင်း မြင်တိုင်း မျက်ရည်သုတ်ကာ သုတ်ကာနဲ့ လာသေးတယ်။

မလာဘူးလား (လာပါတယ် ဘုရား)။ ဒါဖြင့် သင်္ခတ တရားကို ပင်လျှင် ခင်ဗျားတို့က တစ်ခါတည်းလွမ်းဆွတ်နေသေးတယ်ဆိုတော့ ဟိုသင်္ခတနဲ့ ပြန်ပေါင်းချင်သေးတယ် (မှန်ပါ)။

ဟိုသင်္ခတနဲ့ အခုရှိတဲ့ သင်္ခတနဲ့ ပြန်ပေါင်းချင်တယ်၊ ဘာကြောင့် တုံးဆို အတူတူ ပျက်ရအောင်လို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သင်္ခတက အသင်္ခတကို ကူးရတော့မှာကိုးဗျ (မှန်ပါ)။ အသင်္ခတကို သဘော မကျသေး သရွေ့ ကာလပတ်လုံး သင်္ခတကို မိမိရရ ပြောရမယ် (မှန်ပါ)။ သင်္ခတကို ကျေကျေနပ်နပ် ကလေးရှိတဲ့ အခါ ကျတော့မှ။

ရုပ်နာမ်ဟာ သင်္ခတတရား

ဪ ဒါဖြင့် ဒီအလုပ်မဟုတ်ပါလားဆိုတာ လာလိမ့်မယ်။ လာတော့မှ အသင်္ခတ လမ်းပြရမယ်၊ ကိုင်း ဒါဖြင့် ခင်ဗျားတို့ ရုပ်နာမ်ကြီးဟာ သင်္ခတလား၊ အသင်္ခတလား (သင်္ခတပါ ဘုရား)။

ဟုတ်တယ် ခင်ဗျားတို့ နောက်ဘဝက ကံကပြုထားတာ၊ ဒီအဝကျတော့ ဥတု၊ စိတ်၊ အာဟာရက ပြုထားတာ၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။ နောက်ဘဝကတော့ ဘယ်သူ ပြုထားတာတုံး (ကံပါ ဘုရား)။

နောက်ဘဝတုန်းကတော့ ကံကနေပြီး အကာလ၊ ကမ္မဇ ရုပ်တွေ တည်ထောင်လိုက်တယ် (မှန်ပါ) ဒီအကျမှ ဖမ်းထဲမှာရှိတဲ့ စိတ်က စိတ္တဇရုပ် တည်ထောင်လိုက်တယ်၊ အပြင်ဘက်က အာဟာရက အာဟာရ ရုပ်တည်ထောင်လိုက်တယ်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်တာ

ဒီဘဝမှ နေတွေ၊ လေတွေနဲ့ တွေ့ရလို့ ဥတုက ပြုပြင် လိုက်တယ်။ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးကို ဘာတရားခေါ်မှာလဲ (သင်္ခတ တရားပါ ဘုရား) ကံကုန်ရင်လည်း ဗြုန်းခနဲ ပျက်တာပဲ (မှန်ပါ)။

အင်း စိတ်ကုန်ပြန်ရင်ကော (ပျက်မှာဝါ ဘုရား) ဥတုကုန် ရင်ကော (ပျက်မှာပါ ဘုရား)။ အာဟာရကုန် ရင်ကော (ပျက်မှာပါ ဘုရား)။ ဘာဖြစ်လို့တုံးဗျ (သင်္ခတ တရားမို့ပါ ဘုရား)။

သူများ ပြုပြင်လို့ ပေါ်နေတဲ့ သင်္ခတတရား၊ ရှင်းပြီလား – (ရှင်းပါပြီ ဘုရား)၊ သူများ ပြုပြင်လို့ ပေါ်နေရတဲ့ သင်္ခတ တရားဖြစ် သောကြောင့်၊ ပြုပြင်တဲ့တရားက တော်ပြီ တန်ပြီလို့ လည်း ဆုံးဖြတ်ချက်ချတော့ ခင်ဗျားတို့က ဝုန်ကနဲ ပျာကြတယ်။ မပျာကြဘူးလား။ (ပျာကြပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့သည် လက် အောက်ခံ အစစ်လို့ မဆိုနိုင်လား (ဆိုနိုင်ပါတယ် ဘုရား)။

လက်အောက်ခံ ကျွန်ပျော်ပျော်ကြတာ

ကံ၊ စိတ်၊ ဥ၊ အာဟာရတို့၏ ဘာပါလိမ့် (လက်အောက်ခံပါ ဘုရား) ဪ – ဒါဖြင့် ပျော်နိုင်သရွေ့ ပျော်ပြီး သကာလ နေကြတာ။ လက်အောက်ခံ ကျွန်ပျော်ပျော်တာပဲလို့ ဆုံးဖြတ်ချက်ချ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာပျော်ပျော်ကြတာတုံး (ကျွန်ပျော် ပျော်ကြတာပါ ဘုရား)။ ဟင် ခင်ဗျားတို့က ဘယ်သူ့ကျွန်တွေတုံး (ကံ၊ စိတ်၊ ဥတု၊ အာဟာရပါ ဘုရား)။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ကြီးက ကျွန်၊ သူတို့က သခင်၊ ဒီအထဲမှာ ခင်ဗျားတို့ ထိုက်တန်တဲ့ ကိုယ့်အရည်အချင်းလေးနဲ့ ကိုယ်နေကြ။

ထိုင်ကြ၊ ပျော်ကြ၊ ရွှင်ကြ၊ နေကြတာသည် ခင်ဗျားတို့ အရှင်သခင်က စီမံသလို ခံရမှာကို သိလို့ပျော်တာလား၊ မသိလို့ ပျော်တာလား (မသိလို့ ပျော်တာပါ ဘုရား)။ ခင်ဗျားတို့က ကလေးများဟာ ဘာမှမသိဘူးလို့ ဆိုလေ့ ရှိတယ်။

အမေ အဖေမှာ ပိုက်ဆံရှာခက်တယ် မခက်တယ် မသိဘူး၊ မုန့်ဖိုး သာ နင်းတောင်း နေတာပဲ၊ ဒါဖြင့် ကလေးမှာတော့ မုန့်ဖိုးရရင် ဘယ့်နှယ်နေကြတုံး (ပျော်ပါတယ် ဘုရား)။

ကလေးပျော် ပျော်နေတယ်

မုန့်ဖိုးလေးရရင် ပျော်နေတာပဲ ဦးလှရဲ့၊ ကဲ ပျော်တုန်းပဲ ခင်ဗျားတို့ ကံက ဖြတ်လိုက်မယ် ဆိုရင်၊ ဝုန်းခနဲလဲမှာ မလဲဘူး လား (လဲပါတယ် ဘုရား) စိတ်ကဖြတ်ရင်ကော (လဲမှာ ပါ ဘုရား) ဥတုက ဖြတ်ရင်ကော (လဲမှာပါ ဘုရား)။

အာဟာရက ဖြတ်လိုက်ရင်ကော (လဲရမှာ ပါ ဘုရား) ဒါဖြင့် လူကြီးပျော်လား၊ ကလေး ပျော်လား မေးလိုက်တယ် (ကလေးပျော် ပါ ဘုရား) အရွယ် ဘယ်လောက်ရှိပြီတုံးလို့ မေးဦး (ခြောက်ဆယ်ပါ ဘုရား)။ ခြောက်ဆယ် – အဲဒါဘာကြောင့် တုံးဆို၊ မိမိခန္ဓာကြီးဟာ သင်္ခတ တရားလို့ မသိရှာလို့ (မှန်ပါ)။

သင်္ခတတရား သိလို့ရှိရင် ဦးဘကြည် ဒုက္ခသစ္စာသိမှာပေါ့ (မှန်ပါ) ဪ ဒုက္ခရောက်ဖို့ အချိန်နီးပြီ ဒီအကြောင်း တရားလေးပါးက ပျက်ဆိုပျက် မီးလောင်ဆို လောင်လိုက် အာဟာရ ပြတ်ပြီး သေဆိုသေလိုက်။

သေလိုက်ဆိုတော့ ခင်ဗျားတို့သည် သင်္ခတတရားက ပြုပြင်သလို ခံမနေရဘူးလား (ခံနေရပါတယ် ဘုရား) ဥတုက အေးလိုက်ဆို ခင်ဗျားတို့က အေးရမယ်၊ ဥတုက ဒီကနေ့ နည်းနည်းလေး နွေးလိုက်ဆိုရင် နွေးရမယ်။

ကိုင်း ခင်ဗျားတို့ ခန္ဓာကိုယ်ဟာ ပြုပြင်တိုင်းခံနေရတဲ့ ခန္ဓာကိုယ် ဖြစ်လေသောကြောင့် ဘာတရားခေါ်ကြမှာလဲ (သင်္ခတတရားပါ ဘုရား)။ အေးဒါကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးကလည်း ဟောပါတယ်။

သင်္ခတနဲ့ သင်္ခါရအတူတူပဲ

“သဗ္ဗေ သင်္ခါရာ အနိစ္စာ” သင်္ခတနဲ့ သင်္ခါရ အတူတူပဲနော် (မှန်ပါ)။ သဗ္ဗေသင်္ခါရာ ဘာတဲ့ (အနိစ္စပါ ဘုရား) အေးဘုရားက ဟောထား သားပဲဗျ။ အနိစ္စထဲ ပျော်စမ်းပါရစေဦး ဆိုတော့ အတော်ခက်နေတာ ဦးဘအုန်းရ။

ဒါ အနိစ္စတရားလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။ သင်္ခတတရားကို အနိစ္စလို့ ဟောတယ် (မှန်ပါ)။ သင်္ခါရတရား ကိုဘာဟောတုံး (အနိစ္စပါ ဘုရား) အဲဒီ အခုတရားနာ နေကြတဲ့ ဒကာ ဒကာမတွေရော၊ အခု တရားဟောနေတဲ့ ဘုန်းကြီးပါ အနိစ္စချည်းပဲတဲ့။

အနိစ္စရောက်မယ့်တရား သဘောကျပြီလား (ကျပါတယ် ဘုရား)။ အဲဒီ အနိစ္စ ရောက်မယ့် တရားဟာ ဘယ့်နှယ်ကြောင့် ရောက်ရ သတုံးဆိုလို့ရှိရင်ဖြင့်၊ ဒီက အကြောင်းတရား လေးပါး စီမံသလို ခံရတဲ့ သင်္ခါရတရား ဖြစ်နေသောကြောင့် အနိစ္စ လမ်းဆုံးရတယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လူဖြစ်ရပါလို၏လို့ ဆုတောင်းတော့ ခန္ဓာငါးပါး တော့ ရရမှာပဲ (ရပါတယ် ဘုရား) သို့သော် တာတရားတွေ ရသလဲ။ ခိုင်မြဲတဲ့တရားတွေ ရထားသလား၊ အနိစ္စရောက်မယ့် တရားကိုရထား သလား (အနိစ္စရောက်မယ့် တရားကို ရထားပါတယ် ဘုရား)။

သစ္စာမသိလို့တောင်းတာ

ဒါဖြင့် ခင်ဗျားတို့သည် သစ္စာမသိလို့ တောင်းတာပဲ (မှန်ပါ)။ မင်းတို့ ဟိုရောက်ရောက်ခြင်း သေရမယ် ဆိုရင် ဘယ်သူမှ မတောင်းဘူး (မှန်ပါ)။ ဦးဘကြည် ဘယ့်နှယ်တုံး (မတောင်းပါ ဘုရား)။ လူ့ပြည် ရောက် ရောက်ခြင်း သေရမယ်ဆိုရင်ကော (မတောင်းပါ ဘုရား)။

နတ်ပြည် ရောက်ရောက်ခြင်း သေရမယ်ဆိုရင်ကော (မတောင်းပါ ဘုရား) ဗြဟ္မာပြည် ရောက် ရောက်ခြင်းကော (မတောင်းပါ ဘုရား) မတောင်းဘူး၊ ရောက်ရောက်ခြင်း သေတာတော့ အမှန်ပဲ၊ ရောက်ပြီးဖြစ်ပျက်ပဲ၊ သဘောကျပြီလား (မှန်ပါ)။

နောက်အစားထိုးရတာပဲ မဟုတ်လား (မှန်ပါ)။ အကောင်းနဲ့များ နေဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။ အဲဒီတော့ အဲဒီလို သိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်မှာသာလျှင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်မှာ စုန်ဆန်ချင်သေးတဲ့သဘော သတ္တိရှိပါ့မလား (မရှိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် သင်္ခတဓမ္မာလည်း မသိဘူး အသင်္ခတဓမ္မာ လည်း မသိဘူး (မှန်ပါ) သင်္ခတဓမ္မာက ဘာ သစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား) အသင်္ခတ ဓမ္မာကကော (နိရောဓသစ္စာပါ ဘုရား) ဒီသစ္စာ မသိလို့ မဖြစ်ဖြစ်အောင် အားထုတ်တယ် (မှန်ပါ)။

ဒီသစ္စာတော့ မသိလို့ မသွားဘူး (မှန်ပါ) ဦးဘကြည် ဘာတဲ့ တုံးဗျ၊ သင်္ခတသစ္စာက ဒုက္ခသစ္စာဆီကို မသိလို့ သွားတာ၊ အသင်္ခတ သစ္စာဆီ ကျတော့ မသိလို့ မသွားဘူး၊ ဒါတော့ မသိလို့ ရမ်းတိုးတိုးသွားတယ် (မှန်ပါ)။

သင်္ခတလမ်းချည့်သွားနေတယ်

ဒီဘက်ကျတော့ မသိလို့ လမ်းရှာမတွေ့လို့ မသွားဘူး၊ ကိုထွန်းဦး ဘယ်လောက်ဆိုးနေလဲ (ဆိုးပါတယ် ဘုရား) သံသရာရှည်ပုံ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်လမ်းချည်း သွားလေ့ ရှိနေသတုံး ၊ (သင်္ခတ လမ်းချည်းသွားလေ့ ရှိပါတယ် ဘုရား)။

သင်္ခတလမ်းချည်းမသွားဘူးလား (သွားပါတယ်ဘုရား။ အသင်္ခတ ရောက်မယ်ဆို ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေနဲ့ တွေ့ပါဦး မလား (မတွေ့ပါ ဘုရား) မတွေ့တော့ဘူးတဲ့၊ ဒါဖြင့် ခင်ဗျားတို့ ပရိညေယျ ဆိုတာ အသာထားပါဦး၊ ဒုက္ခသစ္စာကို မသိဘူး၊ သဘောကျပြီလား (မှန်ပါ့)။

နောက်တုန်းကဘယ်လိုနေရသတုံး

နိရောဓသစ္စာကော (မသိပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ နောက်တုန်းက ဘယ်လို နေခဲ့ရသတုံးလို့ ပြန်မေးရင်ကော (ဒုက္ခသစ္စာ နဲ့ပါ ဘုရား) ဒီသစ္စာမသိတဲ့အတွက် ဘယ်လောက် မသိလို့ ဒီအထဲမှာ ဒီခန္ဓာငါးပါးပေါင်း ဘယ်လောက် ပြာကျခဲ့ပြီတုံး မေးရင်ကော (မရနိုင်ပါ ဘုရား)

ဒီအသင်္ခတဘက်ကို ဘယ်အခါကာလမှ မျက်စောင်းမှ မထိုးပါဘူး ဆိုတာကော (မထိုးပါဘူး ဘုရား) ဘယ်တော့မှ မျက်စောင်းမထိုးဖူးဘူး ကိုထွန်းဦး (မှန်ပါ)။ ဦးဘကြည် မှန်ရဲ့မဟုတ်လား (မှန်ပါတယ် ဘုရား)။

ဘယ်တော့မှ (မျက်စောင်း မထိုးဖူးဘူးပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရား နှစ်ခု သည်ကားလို့ ဆိုရင်၊ သစ္စာ မသိခဲ့လို့ တပည့်တော်တို့ နောက်တုန်းကများ ဘယ်လိုနေခဲ့ပါ လိမ့်မတုံး ဘုရားလို့ ဆိုတော့၊ အို သင်္ခတ နယ်ထဲမှာ မင်းတို့ ဖြစ်ချင်သလို ဖြစ်နေတယ်ကွ။

ဘုရားကဥပမာပြတယ်

ဒါပဲ ဖြေရမယ် (မှန်ပါ)၊ ဦးဘကြည် ဘယ့်နှယ်ဖြေမှာတုံး (သင်္ခတနယ်ထဲမှာပါ ဘုရား)။ အဲဒီတော့ ဘုရားက ဥပမာပြတယ်။ တုတ်ကလေးတစ်ခု တစ်တောင့်ထွာလောက် ကိုထွန်းဦးက ဖြတ်တာပေါ့ဗျာ။

တုတ်ဆိုတာ အရင်းအဖျားတော့ သစ်ပင်က ပေါက်လာ ကတည်းက ရှိရတော့မယ် (မှန်ပါ) သို့သော် တုတ်ကလေးကို ကောင်းကင်ပေါ် မြှောက်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် သူကျချင်တဲ့ ဘက်ကနေကျမှာပဲ။

တစ်ခါတလေ အရင်းဘက်က ကျမယ်၊ တစ်ခါတလေ အဖ ဘက်ကကျမယ်၊ ခင်ဗျားတို့ ကျုပ်တို့သည် တစ်ခါတလေ အရင်းဘက်က ကျမယ် (မှန်ပါ) တစ်ခါတလေ အဖျားဘက်က ကျမယ်၊ ဒီလိုပဲ ကျချင်သလို ကျနေတာပဲ။

ဘယ်အခါကာလမှ သူ့အမြဲတမ်း မရှိဘူး၊ သဘောကျပြီလား (ကျပါတယ် ဘုရား) အရင်းချည်း ကျရတဲ့ အခါကော ရှိရဲ့လား (မရှိပါ ဘုရား)။

အဖျားချည်းကျရတဲ့အခါကော ရှိရဲ့လား (မရှိပါ ဘုရား)၊ ဘာပြု လို့တုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် သင်္ခတ တရားမို့ ဖြစ်ချင်သလို ဖြစ်နေတာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီလောက်တောင် တပည့်တော်တို့ အရင်းကျ လိုက်၊ အဖျားကျလိုက်၊ တော်တော်ကြာ နတ်ပြည် ရောက်လိုက်၊ တော်တော် ကြာ ငရဲပြည်ကျလိုက်၊ တော်တော် ကြာ လူ့ပြည် ရောက်လိုက်၊ အကျမမြဲ တဲ့ဥစ္စာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ဒီပုဂ္ဂိုလ်တွေကို တုတ်ကဲ့သို့ ဥပမာ ပေးရပါလိမ့်မလဲလို့ ဆိုရင်.။

သစ္စာနှစ်ခုခြားနားပြီးမသိလို့

ဟောဒီ သစ္စာနှစ်ခုကို ခြားနားပြီး မသိလို့ဟေ့၊ ပေါ်ပြီလား (မှန်ပါ) ဒီသစ္စာနှစ်ခုဟာ ဒုက္ခသစ္စာနှင့် နိရောဓ သစ္စာပဲ၊ ဒါကြောင့် ခင်ဗျားတို့ ကောင်းကင်မြှောက်တဲ့ တုတ်လို ဖြစ်နေတာ (မှန်ပါ)။

ခင်ဗျားတို့ နောက်တုန်းက ဘယ်လိုနေခဲ့ ရပါလိမ့်ဗျာ (ကောင်းကင်မြှောက်လိုက်တဲ့ တုတ်လိုပါ ဘုရား)။ အရင်းက တစ်လှည့်၊ အဖျားကတစ်လှည့်၊ အရင်းချည်းလည်း အောက်ကျ လိုက်၊ အဖျားချည်းကော (အောက်ကျလိုက်ပါ ဘုရား)။

ဒီလိုချည်းပဲ နေခဲ့ရပါတယ်၊ အဲဒါ ဘယ့်နှယ်ကြောင့်တုံး (သင်္ခတတရားမို့ပါ ဘုရား)။ သင်္ခတ တရားနဲ့ အသင်္ခတ တရား (ဝါ) ဒုက္ခသစ္စာ နဲ့ နိရောဓသစ္စာကို မသိဘူး၊ သူတို့မှ မသိဘဲနဲ့ ဆိုတော့၊ ဒုက္ခဖြစ်ကြောင်း သမုဒယကော သိပါဦး မလား (မသိပါ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂသစ္စာကော (မသိပါ ဘုရား) ဒါဖြင့် သစ္စာလေးပါ မသိလို့ ဖြစ်ရခြင်းပဲ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) သစ္စာလေးပါး မသိရတဲ့အတွက် ခင်ဗျားတို့ ကောင်းကင် မြှောက်တဲ့တုတ်လို နောက်တုန်းက နေခဲ့ရတယ် (မှန်ပါ)။

ကောင်းကင်မြောက်တဲ့တုတ်လို

ဘယ်လိုများ နေခဲ့ကြရပါလိမ့် (ကောင်းကင် မြှောက်တဲ့ တုတ် လို နေရပါတယ် ဘုရား) အရင်းဘက်ကချည်းကော (ကျပါတယ် ဘုရား) တစ်ခါတလေ အဖျားဘက်ချည်းကော (ကျပါတယ် ဘုရား) မှန်ရဲ့လား (မမှန်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့၊ ဂတိဘယ်အခါကာလမှ မမြဲခဲ့ဘူးဆိုတဲ့ဥစ္စာ သဘောကျပြီလား (ကျပါတယ် ဘုရား) ဒါဖြင့် ယနေ့ဂတိမြဲအောင် ခင်ဗျားတို့ သစ္စာနှစ်ခုကွဲအောင် လုပ်ရလိမ့်မယ်။

သင်္ခတက ဒုက္ခသစ္စာ၊ အဲဒီ အဖန်ဖန်ပြုပြင်ရတဲ့ သစ္စာက ဘာ သစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အဖန်ဖန် ပြုပြင်ခြင်း မရှိတဲ့ သစ္စာ ကကော (နိရောဓသစ္စာပါ ဘုရား)။

အင်း နေရာကျပြီဟေ့၊ ဒီတရားကတော့ အဖန်ဖန် ပြုပြင်ရတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမို့ အဖန်ဖန် ပြုပြင်ရ တယ် (မှန်ပါ) ဒုက္ခရောက်ရင်း ပြန်အစားထိုးရရင်း၊ အဲဒီတော့ အဖန်ဖန် ပြုပြင်နေရင် အားလပ်ခွင့်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဪ ဒုက္ခသစ္စာအလုပ်က အမြဲဒုက္ခ ရောက် နေတာပါလား ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) အဖန်ဖန် အားထုတ် နေရတယ် ဆိုတော့ အမြဲဒုက္ခ ရောက်မနေဘူးလား (ရောက်နေပါတယ် ဘုရား) ကောင်းပြီ။ ခင်ဗျားတို့ အဖန်ဖန် အားထုတ်ရတယ်၊ မထုတ်ရတယ်ဆိုတာကို၊ ကိုယ့်ကိုယ်ပဲ ချိန်ကြည့် လိုက်တာပေါ့ဗျာ (မှန်ပါ)။

မနက်စာစားပြီး၊ ညစာစားရ

ဒီနေ့ မနက်စာ စားပြီး၊ ညစာတော်ပြီ မစားတော့ဘူးဆို တဲ့ရက်နဲ့၊ မနက်စာ စားပြီး ညစားစားရတဲ့ ရက်နဲ့ ဘယ်သူက များသလဲ (ညစာ ပါစားတဲ့ရက်က များပါတယ် ဘုရား) အဖန်ဖန်ပြုပြင်ပြီး အားမထုတ်ရဘူးလား (အားထုတ်ရ ပါတယ် ဘုရား)။

ညစာ စားပြီးပြီဟေ့၊ ဒီနေ့တော့ နှစ်ထပ်စားပြီးပြီ၊ ဖြန်ခါ နှစ်ထပ်စလုံး ခိုမယ်၊ မစားတော့ ဘူးလို့ ရရဲ့လား (မရပါ ဘုရား) ဘာဖြစ်လို့တုံး (အရင်ပြုပြင်ထားလို့ပါ ဘုရား)။

အရင်ပြုပြင်ထားတဲ့အရှိန်အစော် ခန္ဓာကိုယ်က ကုန်သွားလို့ ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာတွေ ရောက်လာတယ် မလာဘူးလား (လာပါတယ် ဘုရား) အဲဒီတော့ ပြုပြင်ဦး၊ နောက်ထပ် နှစ်ထပ်ကျွေး သဘောကျပြီလား (ကျပါပြီ ဘုရား)။

သဘက်ခါကျတော့လည်း ဘာလုပ်ရဦးမှာတုံး (နှစ်ထပ် ကျွေးရဦးမှာပါ ဘုရား) နှစ်ထပ် ကျွေးရပြန်တာ ဘာပြုလို့ ဒီလောက်တောင် ပြုပြင်နေရတာတုံးဆိုတော့၊ အို ပြုပြင်မှ ဖြစ်ပေါ်တဲ့ ခန္ဓာငါးပါးမို့ပဲ။ သဘောကျပြီလား (မှန်ပါ)။

ခင်ဗျားတို့ ခန္ဓာငါးပါးက ဘာပါလိမ့် (ပြုပြင်နိုင်မှ တော်ရုံ ကျမှာပါ ဘုရား)။ မီးဖိုနဲ့ထင်းကော ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) ဒယ်အိုးနဲ့ ဖိုခနောက်နဲ့ကော ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) အင်းသေရာတောင်မှ ယူသွားကြဦးမှာလား (ယူသွားကြမှာပါ ဘုရား)။

ဟိုဘက်လည်း မပြတ်ဘူးဗျာ၊ ပြတ်ကဲ့လား (မပြတ်ပါ ဘုရား) ဟိုဘက်ကျတော့ ထင်းအသစ်ရှာပြန်တာပဲ (မှန်ပါ) လူတစ်ခါပြန်ဖြစ်ရင် ပြုပြင်မှုတွေ လုပ်ရမယ်ဗျ၊ မလုပ်ရ ပေဘူးလား (လုပ်ရမှာပါ ဘုရား)။

နတ်ပြည်ရောက်ရင် ကောင်းပါရဲ့ဆိုတော့၊ နတ်ပြည်လည်း ဒီလေး ပါးစောင့်ရှောက် ပြုပြင်ရမှာပဲ (မှန်ပါ)

ဒါဖြင့် နောက်ခန္ဓာက ဘာခန္ဓာ တုံး သင်္ခတ (မှန်ပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ခန္ဓာကတော့ သင်္ခတခန္ဓာပဲ၊ ပြုပြင်လို့ပေါ်နေတာ (မှန်ပါ) သင်္ခတ ခန္ဓာဆိုကတည်းက ဒကာ ဒကာမတို့ ပျက်စီးခြင်းမှာ လမ်း မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား) ဪ ဒါဖြင့် လူ့ပြည်မှာဖြင့် အပျက်များလှတယ်၊ နတ်ပြည်သွားပြီး ပျက်လို့ ပြင်ဦးမှာဆိုရင် ဝပ်ရှော့ (အလုပ်ရုံ) ပြောင်းတာနဲ့ တူနေပြီ၊ ဒီအတိုင်းကျမနေဘူးလား (ကျနေ ပါတယ် ဘုရား)။

အလုပ်ရုံတွေပြောင်းနေတာ

ဒိပြင် ဘာရှိသေးတုံး ၊ (မရှိပါ ဘုရား) ခင်ဗျားတို့ မော်တော် ကားတွေဟာ ပျက်ရင် အလုပ်ရုံတွေ လျှောက်ပြောင်းပြီး ပြုပြင်နေရမှာပါ။ သဘောကျပြီလား (ကျပါတယ် ဘုရား) အဲဒီတော့ နတ်ပြည်ကျပြန် တော့လည်း ဒီအတိုင်းပဲ။

ဒီလေးခု ဒီအလုပ်ရုံပြန်အပ်မှာပဲ၊ မအပ်ရပေဘူးလား (အပ်ရ မှာပါဘု ရား)။ ဗြဟ္မာပြည် ကျပြန်တော့ဗျာ (ဒီလေးခုပြန် အပ်ရမှာပါ ဘုရား)။ ဒါဖြင့် ဝပ်ရှော့ပြောင်းတာ ဧကန်ပဲ (မှန်ပါ)။

အမြဲတမ်းပျက်နေလို့ ပြောင်းရတာပေါ့ဗျာ (မှန်ပါ) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဟိုဆုတောင်း၊ ဒီဆုတောင်း ဆိုတာ ခင်ဗျားတို့ အဓိပ္ပါယ်ယနေ့ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အပျက်ရှိနေလို့ ဟုတ်လား (မှန်ပါ)။

ဒါ – လူ့ပြည်တွင်ပဲ ဒီအရပ်က အရောင်းအဝယ် မကောင်းဘူးဆိုလို့၊ ဟိုအရပ်သွားပြီး အရောင်းအဝယ်လုပ်ရ၊ ပွဲရုံ ဆောက်ရ၊ စက်ရုံတည်ရတဲ့ ပုဂ္ဂိုလ်တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘာဖြစ်ကြတာတုံးဆိုတော့ ဝပ်ရှေ့ပြောင်းပြန်တာပဲ (မှန်ပါ)။ ဒါပဲရှိတာပဲ၊ ဒီခန္ဓာကိုယ်ကြီး အတွက် ပြောင်းနေရတာကိုး၊ ဒကာ ဒကာမတွေက ဒိပြင်ဘာများ ရှိသေးသလဲ (မရှိပါဘူး ဘုရား)။ ဒါဖြင့် သုံးဆယ့်တစ်ဘုံမှ ခင်ဗျားတို့ ခြေရာ တွေ ထပ်နေပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သုံးဆယ့်တစ်ဘုံမှ ခြေရာထပ်နေတယ်၊ မပျင်းကြသေး ဘူးလား၊ ပြောင်းပါရစေဦးလား၊ ပျင်းကြပြီလားလို့ မေးတယ် (မပျင်းပါ ဘုရား)။ အမလေး – ကြောက်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်း၊ သစ္စာ မသိသရွေ့ဟာဖြင့် ဒီအတိုင်းချည်း မှတ်ပါတော့ (မှန်ပါ)။

သစ္စာမသိသရွေ့ သင်္ခတနဲ့ အသင်္ခတ မကွဲရင် ဒီအတိုင်းဖြစ်မှာပဲ။ ဒကာ ဒကာမတို့ ကောင်းကောင်း သဘော ကျပြီလား (မှန်ပါ) ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကို ဘယ်ဘုံ၊ ဘယ်ဌာန ရွှေ့ပြောင်းပြီး သကာလ ဘယ်သူ ပြုပြင်တာကို ခင်ဗျားတို့က ကျေနပ်ချင်သေးတုံး (ဘယ်သူ ပြုပြင်တာမှ မကြိုက်ပါ ဘုရား)။

ဘယ်မှလည်း မရွှေ့မပြောင်းချင်ဘူး၊ ဘယ်သူ ပြုပြင်တာမှကော (မကြိုက်ပါ ဘုရား) မကြိုက်လို့ရှိရင် ခင်ဗျားတို့ သင်္ခတနယ်က လွတ်အောင် သွား၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သင်္ခတနယ်မှ အသင်္ခတနယ်သို့ မရောက် ရောက်အောင် ကြိုးစား အားထုတ်ကြရမယ်၊ ဦးဘကြည် ဘယ်ဘက်နယ်က လွတ်အောင်သွား ကြရမှာတုံး (သင်္ခတနယ်က ပါ ဘုရား) ဪ သင်္ခတနယ်က သွားရမယ်။

ကောင်းပြီ၊ သင်္ခတတရားတွေထဲကလည်း နည်းတာတွေ မဟုတ် တော့၊ ဒကာ ဒကာမတို့ တချို့ သင်္ခတတရားက ပြုပြင် စီရင်တဲ့ တရား၊ တချို့ သင်္ခတတရားက အပြုအပြင် အစီရင်ခံရတဲ့ တရား သဘောကျပြီလား (ကျပါပြီ ဘုရား)။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်နေတာ

အခုလည်း ပြုပြင်တတ်တဲ့ တရားကို၊ ဖြစ်ပျက်နဲ့ ပြုပြင်တာကြောင့် သူလည်းသင်္ခတပဲ (မှန်ပါ) အပြုအပြင်ခံရတဲ့ တရားကကော ဖြစ်ပျက် မရှိဘူးလား (ရှိပါတယ် ဘုရား)။ ဪ သူတို့သင်္ခတက သင်္ခတချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာပဲ (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ သင်္ခတနယ်က ထွက်မှသာလျှင် မပြုပြင်ရတော့ဘူး (မှန်ပါ) ဘယ်နယ်က ထွက်မှတုံး (သင်္ခတနယ်က ထွက်မှပါ ဘုရား)။

ခင်ဗျားတို့ ဒီအသံလေး ထွက်လာရင်ကို အများကြီး ကျုပ်နှင့် တယ် (မှန်ပါ) ဪ သင်္ခတ နယ်က ထွက်မှပဲဆိုတာကို၊ ဦးလှ ဘယ်တော့မှ ပြောကိုမပြောဘူး၊ ပြောသံလည်း မကြားဖူးဘူး (မှန်ပါ။

ထွက်ချင်စိတ်လည်း မပေါ်ဘူး၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဟိုနောက်က ဒကာ ဒကာမတွေ သင်္ခတနယ်က ထွက်ပါတော့မယ်ဆိုတဲ့ဥစ္စာ ပါးစပ် ထဲများ ထည့်ဖူးကြရဲ့လား (မထည့်ဘူးပါ ဘုရား) မထည့်ဖူးဘူးဗျ။

သင်္ခတဆိုတာ ဒုက္ခရောက်တာ

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတနယ်က ထွက်ပါရစေတော့။ အခု သင်္ခတအကြောင်း ကောင်းကောင်း သိပါပြီဘုရား၊ သင်္ခတ ဆိုတာ ဒုက္ခ ရောက်တာကို ဆိုတာပဲ၊ ဒုက္ခသစ္စာကို ဘာဆိုကြမှာလဲ (သင်္ခတပါ ဘုရား)။

ခဏခဏ ပြုပြင်လိုက်ပျက်လိုက်၊ ခဏခဏပြုပြင်လိုက် ပျက်လိုက် (မှန်ပါ) ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတနယ်အကြောင်း ကောင်းကောင်းသိတဲ့ အခါကျတော့မှ၊ သင်္ခတဘူတ = သင်္ခတ ဖြစ်တဲ့ တရားကို မြင်မှသာလျှင်၊ အသင်္ခတဋ္ဌော = မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို၊ ပါတုဘဝတိ= မိမိဉာဏ်၌ ထင်လာ၏။

သင်္ခတ မကောင်းတာကို သိမှ အသင်္ခတ ကောင်းတာကို ဉာဏ်ထဲ ထင်တယ်၊ သင်္ခတ မကောင်းတာ သိမှနော် (မှန်ပါ) အသင်္ခက ထင်လာ တယ်လို့ ဆိုတော့၊ ဒါဖြင့် ဘုန်းကြီးတို့ က ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး အသုဘပါ။

အနိစ္စမြင်အောင် ရှုစမ်းပါ၊ ဒုက္ခမြင်အောင် ရှုစမ်းပါဆိုတာ သင်္ခတပေါ်အောင် အကြည့် ခိုင်းတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ သင်္ခတ ပေါ်အောင် ကြည့်လိုက်တဲ့ အခါကျတော့၊ သင်္ခတသဘော ကောင်းကောင်းကြီး ခင်ဗျားတို့ ဉာဏ်ထဲမှာ သိလာပြီ ဆိုလို့ရှိရင်ဖြင့်။

ချွေးထွက်လို့ရေချိုးကြတာ

ထွက်မယ်ဆိုတဲ့ မုဉ္စိတုကမျတာဉာဏ်တို့က မလာပေဘူးလား (လာပါတယ် ဘုရား) လာမယ်တဲ့ ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတသဘော ဟာ နည်းနည်းမှ မကောင်းဘူးဆိုတဲ့ ဥစ္စာ ခင်ဗျားတို့က မသိဘူး၊ ချေးညှာတင်လို့၊ ချွေးထွက်လို့၊ ရေချိုးကြတာ၊ ပြုပြင်ရတာ မဟုတ်လား (မှန်ပါ)။

ပြုပြင်ရလို့ရှိရင်ဖြင့် ဒီတစ်ခါတော့ ရှိပေစေတော့၊ နောက် တစ်ခါ လည်း ချေးညှာတင်လို့ ရေချိုးရ ပြန်တာပဲ၊ ရေမိုးချိုးလို့ ကောင်းတယ်ဆိုရင် သွားပါပြီ (မှန်လှပါ ဘုရား) အဲ ရေချိုးမှ ကျုပ်တို့က နေလို့ထိုင်လို့ ကောင်းတယ်။

ဒုက္ခရောက်တာ၊ ကျေနပ်တဲ့အသံ

ရေချိုးလို့ရှိရင် စိတ်ကို ချမ်းသာသွားတာပဲဆိုရင်သွားပါပြီ၊ မသွား ဘူးလား သွားသလား (သွားပါတယ် ဘုရား) ဒါ – သင်္ခတသဘောကို သူသိသေးရဲ့ လား (မသိပါ ဘုရား)။

ပြုပြင်ရတာကိုပင်လျှင် ဒုက္ခရောက်နေတာကို သူ ကျေနပ်တဲ့ အသံလား၊ မကျေနပ်တဲ့ အသံလား (ကျေနပ်တဲ့ အသံပါ ဘုရား)

ဪ ဒုက္ခရောက်တာ ကျေနပ်တဲ့အသံဆို တော့ အတော်ခဲယဉ်းတယ်၊ နည်းနည်း နောနော မဟုတ်ဘူး။

မှုန်မွှားမွှားမအောက်မေ့နဲ့၊ သစ္စာကို လုံးဝမမြင်တာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သူမှုန်မွှားမွှားလား၊ အဟုတ်ကို မမြင်တာလား (အဟုတ်ကို မမြင်တာပါ ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ ကြောက်စရာ ကောင်းလိုက်တာ၊ ဦးဘကြည်၊ ဒါ နှိမ့်ချပြောနေတာ မဟုတ်ဘူး။

အဟုတ်ပေါ်အောင် ပြောတော့ ခင်ဗျားတို့ မြင်ကို မမြင်တာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ထမင်း နေ့တိုင်းကျွေးနေရတယ် ပန်းကန်နေ့တိုင်း ဆေးနေရတယ်၊ ဆန်၊ ဆီ နေ့တိုင်း ရှာနေရတယ်၊ ဒါတွေ ပင်လျှင် မငြီးငွေ့နိုင်သေးဘူးဆိုလို့ရှိရင်ဖြင့် အင်းဒီလူခက်သေးတယ် (မှန်ပါ)။

ဒုက္ခရောက်နေတာကို ဒုက္ခလို့ သိပြီလား (မသိပါ ဘုရား) မသိ သေးတော့ သူသင်္ခတ သဘောသိရဲ့လား (မသိပါ ဘုရား) မသိတော့ အသင်္ခတဆိုတာ မျက်စောင်း မထိုးတော့ဘူး (မှန်လှပါ ဘုရား)။

သင်္ခတကို ဝိပဿနာရှု

ဦးဘကြည် မျက်စောင်းထိုးတဲ့လူ၊ ဒီအထဲ မရှိသလောက် ရှားတယ် လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီသင်္ခတကို ဝိပဿနာ ရှုမှသာလျှင် သင်္ခတ အဆုံးမှာမှ အသင်္ခတ ရှိလိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ကြပါ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘယ်မှာရှိမှာလဲ (သင်္ခတအဆုံး မှာပါ ဘုရား) ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက် ဆုံးအောင် ကြည့်ရင်တွေ့မယ်၊ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ဆုံးရင်ဘာတွေ့မယ်

ဖြစ်ပျက်ဆုံးရင် ဘာတွေ့မယ်ထင်သတုံး (နိဗ္ဗာန်ပါ ဘုရား)။ အဲအသင်္ခတ နိဗ္ဗာန်တွေ့မယ်၊ ဒါကြောင့် နိဗ္ဗာန်သည်ကားဆိုရင် “ဒုက္ခဿ အန္တံ ကရိဿတိ”

ဒုက္ခဿ = ဒုက္ခ၏၊ အန္တံ = အဆုံးဖြစ်သော နိဗ္ဗာန်ကို၊ ကရိဿတိ = မင်းတို့မြင်နိုင်လတ္တံ့၊ ဟော – ဒီဒုက္ခသာ ဆုံးအောင်ရှု၊ နိဗ္ဗာန်ကိုမြင်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါရောဟိတ နတ်သားကို ဟောတာ (မှန်ပါ)။

ကိုင်း – ဒကာ ဒကာမတို့၊ ဒီကို ဆရာဘုန်းကြီး ရောက်လို့လာကြ တယ်၊ တရားတွေ ဘာတွေ ဆွေးနွေးကြ၊ အင်း- တရားတွေ ဘာတွေ နာကြ ရအောင် ဒီအတိုင်းလာခဲ့ကြတာလား၊ ပြုပြင်ပြီးမှ လာခဲ့ကြရတာလားလို့ မေးရင် ဘယ့်နှယ်ပြောမှာလဲ (ပြုပြင်ပြီးမှလာကြပါတယ် ဘုရား)။

ထမင်းစားခဲ့ရသေးတယ်၊ အဝတ်ခြုံရုံခဲ့ရသေးတယ် (မှန်ပါ) အမျိုးမျိုး အဖုံဖုံ ပြုပြင်ခဲ့ရတာ ဘယ်လောက်နဲ့ ပြုပြင်မှ ဒီရောက်လာ သတုံးလို့ မေးလို့ရှိရင်ဖြင့် (မနည်းပါဘူး ဘုရား)။

အတော်ကို ပြုပြင်ခဲ့ရတယ်

အတော်ကို ပြုပြင်ခဲ့ရတယ် (မှန်ပါ) ဟင် အတော်ကို ပြုပြင်ခဲ့ရ တယ်၊ ခြုံထည်ရုံထည် အကောင်းစား အမျိုးမျိုး ဝတ်လာခဲ့ရတယ်၊ အစား အသောက်ကိုကော အမြဲတမ်း ကျားကန်ပြီး လာခဲ့ရတယ် ဆိုတာတော့ မရှိဘူးလား (ရှိပါတယ် ဘုရား) လမ်းမှာလည်း မျက်လုံးက ဟိုကြည့် ဒီကြည့်။

သင်္ခတခန္ဓာကိုယ်ကြီးကို မတော်ဟိုဟာနဲ့တိုက်၊ ဒီဟာနဲ့ တိုက် ဖြစ်ချည်ရဲ့လို့၊ လမ်းမှာလည်း ခင်ဗျားတို့ ဣန္ဒြေရရလာခဲ့ ကြရသလား။ သို့တည်းမဟုတ် သင်္ခတ ခန္ဓာကိုယ်ကြီး အတွက် အမြဲတမ်း စောင့်ရှောက် ဒုက္ခခံပြီးလာခဲ့ရသလား (ဒုက္ခခံပြီး လာခဲ့ရပါတယ် ဘုရား)။

အဲဒါ-ခင်ဗျားတို့ လမ်းမှာ မရိပ်မိဘူး၊ သူ့အတွက် ဘယ်လောက် ကြောင့်ကြနေရပါသလဲလို့ ဦးဘအုန်း ရိပ်မိရဲ့လား (မရိပ်မိပါ ဘုရား)။ မရိပ်မိဘူး။ ဒီအတိုင်းပဲ၊ သင်္ခတ ခန္ဓာကိုယ် ရှိလို့ရှိရင် ဘယ်တော့မှ အန္တရာယ် ကင်း ဘေးရှင်းလိမ့်မယ် မဟုတ်ဘူး (မှန်ပါ)။

ရုပ်နာမ် ခန္ဓာငါးပါးသာရှိမယ်ဆိုရင်၊ ဘယ်တော့မှ အန္တရာယ် ကင်း ဘေးရှင်းတယ်လို့ မမှတ်နဲ့ (မှန်ပါ)။ အခု ကင်းတယ်ဆို မနက် တွေ့ရမှာပဲ (မှန်ပါ) ညကင်းတယ်ဆို မနက်ကျတော့ ဝေဒနာ အမျိုးမျိုးပေါ်လာမှာပေါ့၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဘယ်အချိန်ချမ်းသာသတုံး

အိပ်နေတုန်းသာ မသိတာကိုးဗျ၊ မနက်မိုးလင်း ကျင်ကြီး ကျင်ငယ် ကိစ္စ၊ တစ်ခါတည်း အနာမျိုးစုံအတွက် မနက်ထပြီး ကုလိုက်ရတဲ့ ဖြစ်ခြင်းဟာ နည်းသလား (မနည်းပါ ဘုရား) ဘယ်အချိန်ချမ်းသာသတုံး မေးကြည့် ပါ (မချမ်းသာပါ ဘုရား)။

မပြုပြင်ပဲထားလိုက်လို့ရှိရင်လည်း၊ ခင်ဗျားတို့ကို လင်းတတွေတောင် ဝဲလောက်ပါရဲ့၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ အဲဒီလောက်တောင် ဒီခန္ဓာကိုယ်ကြီး ကို ပြုပြင်ပြီး သကာလ နေရသော ကြောင့်၊ ခင်ဗျားတို့မှာဖြင့် မျက်လုံးမှိတ် နေတာတောင်မှ မအားဘူး။

မျက်လုံးမှိတ်နေလို့ရှိရင်ဖြင့်၊ မျက်လုံးမှိတ်နေတဲ့ ပုဂ္ဂိုလ် ကလည်း မအားဘူး၊ သူ့အလုပ်နဲ့ သူရှိလျက်ပဲ မရှိဘူးလား (ရှိပါတယ် ဘုရား) ညအိပ်ရာဝင် မျက်လုံးမှိတ်နေလည်း ခန္ဓာကိုယ် ကတော့ စောင်းလိုက် လှိမ့်လိုက်။

ခင်ဗျားတို့ စောင်ဆွဲခြုံလိုက်၊ အမျိုးမျိုး အဖုံဖုံမလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား) အဲဒီတော့ ဘယ်လောက်များ ပြုပြင်နေရသလဲ မေးရင် ဒကာ ဒကာမတို့ ဘယ်လို ဖြေကြမှာလဲ (မအားအောင် ဘုရား)။

ခွေးနာအယားပျောက်ရင်အားတယ်

မအားဘူးခွေးနာ အယားဖျောက်တာက အားသေးတယ်၊ ရိပ်မိပြီး လား (ရိပ်မိပါပြီ ဘုရား) ခွေးနာအယား ဖျောက်တာက ဘာတုံးဗျာ (အားပါသေးတယ် ဘုရား) အားသေးတယ်တဲ့၊ ခင်ဗျားတို့ ကျုပ်တို့မှာ အနာမျိုးစုံပေါက် နေလို့ ပြုပြင်နေရတာ ဦးချစ်ခ ဘယ့်နှယ်နေသတုံး (မအားပါ ဘုရား)။

ခွေးနာအယားဖျောက်တော့၊ ခွေးက ဘာမှ ခြုံထည် ရုံထည် မလိုတော့ဘူး (မှန်ပါ) ဒါတွေ ပြောင်းစရာ လိုသေးသလား (မလိုတော့ပါ ဘုရား) မလိုတော့ပါဘူး ဒိပြင် ကိစ္စတွေ လူထက်မနည်း ဘူးလား၊ နည်းသလား (နည်းပါတယ် ဘုရား)။

နည်းတယ်၊ လူတွေလို သာရေးနာရေးတွေ ရှိသေးသလား (မရှိပါ ဘုရား) ခင်ဗျားတို့ မှာတော့ (ရှိပါတယ် ဘုရား)။ ဟာ ရှုပ်လိုက်တဲ့ ဖြစ်ခြင်းများ၊ မအားအောင် (မှန်ပါ)။ အဲဒီတော့ ခွေးနာ အယားဖျောက် တာက အားလပ်ခွင့် အချိန် ရှိတယ်ဆိုတာ ဦးဘတင် သဘောကျပြီလား (ကျပါတယ် ဘုရား)။

လူတွေမှာ အားလပ်ခွင့်အချိန်ရှိကြရဲ့လား (မရှိပါ ဘုရား) အဲဒါ ဘာတုံးဆိုလို့ရှိရင် သင်္ခတ ဒုက္ခသစ္စာ ရထားလို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဘာရထားလို့ (သင်္ခတ ဒုက္ခသစ္စာကြီး ရထားလို့ပါ ဘုရား)။

ဒီနေ့ပြောင်းကြပါတော့

သင်္ခတဒုက္ခသစ္စာကြီး ရထားတော့၊ ခင်ဗျားတို့အားလုံး ဒီနေ့ပြောင်းကြပါတော့၊ ဒီဘဝ အတွက် အလုပ်ပေါင်းကတော့ဖြင့် နည်းသလားဗျာ (မနည်းပါ ဘုရား) ဒီဘဝအတွက်ပဲ အနှိပ်သည် ရှာရတာနဲ့၊ အဝတ် ရှာရတာနဲ့၊ ဟင်- အနာ ကုဖို့ဆေးတွေ ဆောင်ထားရတာနဲ့ ဒီဘဝအလုပ်ကလည်း ဦးချစ်ခရှုပ်နေတာပဲ (မှန်ပါ)။

နောက်ဘဝအတွက်လည်း ဘာလုပ်ထားရပြန်တုံး (အမျိုးမျိုး လုပ်ရပါတယ် ဘုရား) ဒါဖြင့် သင်္ခတခန္ဓာကိုယ်အတွက် သူ့ခင်တဲ့ ပုဂ္ဂိုလ်နှိပ်စက်တယ်ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

မခင်တဲ့ပုဂ္ဂိုလ် (မနှိပ်စက်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတခန္ဓာကိုယ်ကြီးနဲ့ ရှင်ခန်းပြတ်မှ၊ ခင်ဗျားတို့ အသင်္ခတရောက် မယ် (မှန်ပါ) အသင်္ခတသို့ရောက်မယ်၊ အဲဒီကျမှ ခင်ဗျားတို့ အေးချမ်းစွာ နေဖို့ပဲ။

အခုဖြင့် အေးချမ်းစွာ နေစရာအချိန်မရှိသေးပါဘူး၊ သဘော ပြီလား (ကျပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် သင်္ကေတဟာ ပြုပြင်ရတဲ့တရား၊ အသင်္ခတက မပြုပြင်ဘဲနဲ့ သဘာဝတည်တံ့တဲ့တရား ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ခန္ဓာငါးပါးဟာဘယ်တရားတဲ့တုံး

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဘာတရားတဲ့တုံး (သင်္ခတတရားပါ ဘုရား) အဲ-သင်္ခတ တရား ပြုပြင်နေရလို့ သင်္ခတတရား။ သစ္စာလိုဖွဲ့လိုက်တော့ ဒုက္ခသစ္စာ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒီ-ခန္ဓာငါးပါးလောက်ရှုပ်တာ (မရှိပါ ဘုရား) ခင်ဗျားတို့ နေပူလေပူခံနိုင်အောင်၊ ကိုယ်ကြီးကို ခြုံပေးလိုက် ပြန်တော့၊ ဝမ်းထဲက ထမင်းဆာသလို လာတာဗျ (မှန်ပါ)။

ဒါဖြင့် ကိုယ်ဘက်ကမှ အလုပ်ကိစ္စ မပြီးသေးဘူး၊ ဝမ်းထဲက ကိစ္စတွေ ရွက်ဆောင် ပေးရဦးမယ် ဆိုတော့၊ ဒီပုဂ္ဂိုလ် အားဦးမှာလား (မအားပါ ဘုရား) ဝမ်းထဲက ကိစ္စ စားတုန်း၊ မျိုးတုန်း ရှိသေးတယ်။ ကျင်ကြီးကျင်ငယ် ကိစ္စသွားပြီး လုပ်ပေးပါဦးဆိုတော့ အားသေးရဲ့ လား (မအားပါ ဘုရား)။

အဲဒီအချိန်အတိုင်း ဘယ်လောက်ထိအောင် ပြုပြင် ရသတုံး (မအားအောင်ပါ ဘုရား) မအားအောင်ပြုပြင်နေရတယ်၊ ဒါဖြင့် အသင်္ခတဆိုတဲ့ ဥစ္စာက ဒီလိုလားလို့ မေးကြ (မဟုတ်ပါ ဘုရား)။

အသင်္ခတဆိုတာ ဘယ်လိုပါလိမ့်

ဘယ်လိုပါလိမ့် (ပြုပြင်ခြင်း မရှိတာပါ ဘုရား) ပြုပြင်မှု မရှိတာ အသင်္ခတ၊ ဒကာ ဒကာမတို့ သဘောကျပြီလား (မှန်လှပါ ဘုရား) ဒါကြောင့် အသင်္ခတကို ခင်ဗျားတို့ သဘောကျအောင် ဆရာဘုန်းကြီးက ဝေဒနာသုံးပါးကို ပြပြီးဟောတယ်။

ဒကာ ဒကာမတို့ ဒီအသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ရောက် အောင်၊ ဒီဘက်က နိဗ္ဗာန်ထားပါတော့၊ ဒီဘက်က ဝေဒနာ သုံးခုထားပါတော့၊ ဒီက မဂ္ဂင်ရှစ်ပါးပဲထားပါတော့ ဒကာ ဒကာမတို့ (မှန်ပါ)။

မဂ္ဂင်ရှစ်ပါးနဲ့သွားမှ ရောက်မှာ

မဂ္ဂင်ရှစ်ပါးနဲ့ သွားရောက်မှာ ဒကာ ဒကာမတို့၊ တခြားနည်း လမ်းနဲ့ဖြင့် ခင်ဗျားတို့ စိတ်ကူးယဉ်မနေပါနဲ့၊ မရောက်ပါဘူး၊ တချို့စိတ် ကူးယဉ်နေတာ ရှိသေးတယ်၊ တို့တော့ကွာ ခပ်မှန်မှန်နဲ့ ခပ်ပျော်ပျော်လေး သွားလိုက်မယ်လို့ ပျော်နေရင် မရဘူး။

နိဗ္ဗာန်ကိုပျော်ပျော်သွားချင်လို့မရ

ပျော်ရင်တဏှာပါမှာကိုးဗျ ရပါ့မလား (မရပါဘူး ဘုရား) နိဗ္ဗာန် ကို ပျော်ပျော်သွားချင်လို့ ဆိုပြီး၊ ပွဲလမ်းတခြိမ့်ခြိမ့်နဲ့ ပျော်ပျော်သွားချင်လို့ လုပ်တဲ့လူလည်းရှိသေး၊ ရပါ့မလား (မရပါ ဘုရား)။

သူနဲ့ သွားလို့မှ မရဘဲ၊ ဒကာ ဒကာမတို့ ဘာနဲ့ သွားရမှာလဲဆိုရင် မဂ္ဂင်နဲ့သွားမှရမယ်၊ မဂ္ဂင်ဆိုတာက အဲဒီ ပျော်တာသတ်မှ မဂ္ဂင်ကလည်း ပေါ်မှာ၊ ပျော်တာမသတ်ရင် မပေါ်ပါဘူး။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်နဲ့သွားရမှ ရောက်မယ့် တရား ပျော်ပျော်သွားချင်လို့တော့ မဖြစ်ဘူး၊ မဖြစ်ဘူးဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် မဂ္ဂင်ရှစ်ပါးကလည်း ဒကာ ဒကာမတို့ သူ့ကိုလည်း စစ်ဆေးဦး။

သင်္ခတ၊ အသင်္ခတတရားတို့တွင် မင်းဘာတရားတုံးလို့ မေးဦး (သင်္ခတပါ ဘုရား) သင်္ခတပဲ၊ ဥပါဒ် ဌိဘင်ရှိနေတယ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက်မရှိဘူးလား (ရှိပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါးကဘာတရားပါလိမ့်

ဒါဖြင့် သူက ဘာတရားပါလိမ့် (သင်္ခတတရားပါ ဘုရား) အင်း သင်္ခတတရား ဖြစ်နေတော့၊ သူလည်း အသင်္ခတ အနားသီနိုင်မယ်တော့ မဟုတ်ဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါ-ကြပ်ကြပ် စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒီဥစ္စာ အခက်ဆုံးပဲ (မှန်ပါ) ဦးဘကြည် ဒါသတိထား ရလိမ့်မယ်၊ သူက သင်္ခတလား၊ အသင်္ခတလား (သင်္ခတပါ ဘုရား) သင်္ခတတရားတဲ့၊ မဂ္ဂင်ဆိုတာ ခင်ဗျားတို့ဆရာကောင်း သမားကောင်းတွေရဲ့ နည်းရမှ မဂ္ဂင်လေးဝမ်းထဲ ရောက်တာ ကိုး (မှန်ပါ)။

ဒီက အာရုံလေးတွေ ဖြစ်ပျက်မြင်မှ မဂ္ဂင်ကလည်း ပေါ်တယ် မဟုတ်လား (မှန်ပါ) ဒါဖြင့် မဂ္ဂင်ဆိုတဲ့ တရားလည်း ဒကာ ဒကာမတို့ သင်္ခတတရားလား၊ အသင်္ခတ တရားလား (သင်္ခတတရားပါဘုရား။)

သင်္ခတတရား၊ ကောင်းပြီ ဒီသင်္ခတတရားသည်ကား ဆိုလို့ရှိရင်ဖြင့်၊ သူနိဗ္ဗာန်ကို ဘာလုပ်မှာတုံး၊ သူသည်ကားလို့ ဆိုရင် “ဧကယနော ဘိက္ခဝေ မဂ္ဂေါ”။

ဘိက္ခဝေ =ရဟန်းတို့၊ အယံမခွါးဤမဂ္ဂင်ရှစ်ပါးသည်၊ ဧကယနာ တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက် အောင်ပို့၏။ သတိပဌာန် ပါဠိတော်က မလာဘူးလား (လာပါတယ် ဘုရား)။

မဂ္ဂင်တရားက သင်္ခတတရား

ကောင်းပြီး သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေကို ငြိမ်းစေ နိုင်တယ်ဆိုတော့၊ ဒကာ ဒကာမတို့ မဂ္ဂင်တရားက သင်္ခတတရားဖြစ်ပြီး သကာလ နေသောကြောင့်၊ ဪ သူလည်း ဖြစ်ပျက်ပဲ ဆိုတာ ခင်ဗျားတို့က စောစောမှတ်ထား (မှန်ပါ)။

မဂ္ဂင်ရှုတဲ့အခါမှာ ဒီကသာ ဖြစ်ပျက်မဟုတ်ဘူး၊ သူကလည်း ဖြစ်ပျက်ပဲ (မှန်ပါ)၊ ဒါကြောင့် ရှေ့က ဖြစ်ပျက်၊ နောက်ကမဂ် လို့ပြောထားတာ (မှန်ပါ)၊ ဒီ ဖြစ်ပျက်က ရှေ့ကျရမယ်၊ ဒီတရားက နောက်ကျရမယ်၊

နောက်ကျတဲ့ အခါကျတော့၊ နောက်ကျပြီး သူလည်း ရှုပြီးတော့ မချုပ်ဘူးလားဗျာ (ချုပ်မှာပါ ဘုရား) ချုပ်ပြန် တော့ ဒကာ ဒကာမတွေ ရှေးကဖြစ်ပျက် လာပြန်တော့၊ နောက်က မဂ္ဂင် အစားထိုးရ ပြန်တယ် (မှန်ပါ)။ ဝိပဿနာသမားမှာ အစားမထိုးရဘူးလား (ထိုးရပါတယ် ဘုရား)။

သင်္ခတမို့အစားထိုးနေရတာ

ထိုးရတော့ ခဏ ခဏ အစားထိုးနေရတဲ့ ကိစ္စဟာ သင်္ခတတရား (မှန်ပါ) နောက်က အစားထိုးနေရတာ ဘာပြုလို့ပါလိမ့်ဗျာ (သင်္ခတတရားမို့ပါ ဘုရား)၊ သင်္ခတ တရား အစားထိုးနေရတော့။

ဪ သူသည် ကားလို့ဆိုရင်ဖြင့်၊ သင်္ခတတရားက အသင်္ခတတရားပို့ဖို့ရာ ဘယ်နည်းနဲ့ ပို့ပါမလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) မနေ့က ပြောသလို မှတ်ရမယ်၊ ဒကာ ဒကာမတို့၊ ရှုပါများတော့ ဖြစ်ပျက်တွေက အကုန်ချုပ်ကုန်ပြီ။

ရုပ်တွေ နာမ်တွေ ဖြစ်ပျက်တွေ အကုန်ချုပ်ကုန်ပြီ၊ ချုပ်ကုန်တဲ့ အခါကျတော့မှ သူက ဟိုဟာပဲလို့ လက်ညှိုးထိုး ပြပြီး ပို့တာပဲ (မှန်ပါ) လက်ညှိုးထိုး ပို့တာနော်၊ သူက အရောက် သွားတယ်လို့များ ထင်မနေနဲ့ဦး (မှန်ပါ)။

သင်္ခတနဲ့ အသင်္ခတရောနေဦးမယ် (မှန်လှပါ ဘုရား) ဒါဖြင့် သူက သူ့ကို နည်းနည်းလေး ထည့်ပြောမှ ဦးဘကြည်ရဲ့ ကျေနပ်လောက် တယ်နော် . (မှန်ပါ) ဒဿနဋ္ဌော ဆိုတော့ ကိုက်မနေဘူးလား (ကိုက်နေပါတယ် ဘုရား)။

ဟိုဟာနိဗ္ဗာန်ပဲ

ဒဿနဋ္ဌော ဆိုတော့ ဒကာ ဒကာမတို့၊ သူသည်ကား လို့ဆိုရင်ဖြင့်၊ သူ့အားထုတ်တဲ့ လူအပေါင်းကို သူက ဟိုဟာ နိဗ္ဗာန်ပဲလို့ ပြောဖော် ရတယ်။ နိဗ္ဗာန်ကိုလည်း ညွှန်ပြနိုင်တဲ့ သတ္တိရှိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီလို နိဗ္ဗာန်ညွှန်ပြနိုင်တော့၊ နိဗ္ဗာန်လည်း ညွှန်ပြနိုင်ပါရော။ ခင်ဗျားတို့ ဒီဘက်က ဟာတွေဟာ၊ ဪ လူမိုက်များ အလုပ်တွေ ပါလားဆိုတာ ပေါ်လာတယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

သင်္ခတ အလုပ်တွေဟာ ဘယ်သူ့အလုပ်ပါလိမ့် (လူမိုက်များ အလုပ်တွေပါ ဘုရား) ခင်ဗျားတို့ သင်္ခတအလုပ် လုပ်တာတွေဟာ၊ ဟို – ဒဿနဋ္ဌနဲ့ ရှုပါများလို့ မြင်တဲ့အခါကျတော့မှ၊ ဒီသင်္ခတ အလုပ်လုပ်နေတဲ့ ခန္ဓာငါးပါး ရရာရကြောင်း အလုပ်ကို အကြီးအကျယ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကဖြင့်၊ လူမိုက် တွေပဲလို့ ပေါ်လာတယ် (မှန်ပါ)။

ဒီလိုကြည့်၊ ဟိုက အသင်္ခတကိုမြင်လို့ ဒီဘက်က သင်္ခတပြန် လှည့်လိုက်တာ (မှန်ပါ) အသင်္ခတ မြင်ပြီး၊ နိဗ္ဗာန်မြင်ပြီး၊ ပစ္စ ဝေက္ခဏာ ဉာဏ်တွေ ဘာတွေနဲ့ ဆင်ခြင်ပြီး၊ သင်္ခတနယ်ကို ပြန်ကြည့် လိုက်တော့မှ။

ဪ တို့နေခဲ့သရွေ့ အမိုက်အမဲ နေခဲ့တာပါကလားလို့ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) တို့နေခဲ့ရတာ အမိုက်အမဲ တွေမို့ နေနိုင်တာပဲဆိုတာ ဒကာ ဒကာမတွေ ပေါ်လာပြီလား (ပေါ် လာပါပြီ ဘုရား)။

ကိုယ်မိုက်ကြောင်းမသိသေးလို့

ဒါဖြင့် ခင်ဗျားတို့သည် အခုကိုယ့်ဟာ ကိုယ်မိုက်ကြောင်းကို ကောင်းကောင်း မသိသေးတာသည်၊ မဂ္ဂသစ္စာ မပေါ်သေးလို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) မဂ္ဂသစ္စာ ပေါ်ရင် ဦးဘကြည် ဘယ့်နှယ်ဆိုတုံး (အမိုက်သိတာပါ ဘုရား)။

ကိုယ့်အမိုက်ကိုယ်သိတယ်၊ အခုတော့ဖြင့် ကိုယ့်အမိုက်ကိုပဲ ကိုယ်လူ လိမ္မာ လုပ်နေ ကြတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်တယ်ဆို၊ ခင်ဗျားတို့ ဒုက္ခရောက်ကြောင်းတွေကို လုပ်နေလိုက် တာက၊ မိုးလင်း ကတည်းက လုပ်လိုက်တာ နေဝင် တောင်စာရင်းမချုပ်နိုင်ဘူး (မှန်ပါ)။ လုပ်တုန်းပဲ၊ ဘာတွေ လုပ်နေတာတုံးဗျ (ဒုက္ခရောက် ကြောင်းပါ ဘုရား)။

ဒုက္ခရောက်ကြောင်းတွေ လုပ်နေတာ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။ သင်္ခတအလုပ် ဆိုလို့ရှိရင် သင်္ခတ အလုပ်ဟာ ဘယ်မှာ လမ်းဆုံး တုံး (အပျက်မှာပါ ဘုရား) အပျက်မှာ လမ်းဆုံးဖို့ကို များများပျက်ရ အောင်လို့၊ နေ့ရော ညရော မအားရအောင် လုပ်ရတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ပျက်စရာရှိရင်လည်း ခင်ဗျားတို့က မနေတတ်ဘူး (မှန်ပါ) တစ်ပျက်တည်းပျက်၊ တစ်ပြင် တည်း ပြင်ဆိုတော့၊ ခင်ဗျားတို့ အပ်နဖားထိုး ဖို့ကောင်းတယ်၊ ဒီနေ့လည်း အပ်နဖား ထိုးရမယ် ဟုတ်လား၊ ဘယ်အခါ ဘယ်အချိန်ကာလမှ အပ်နဖားကိုလည်း အတွင်းရောက်ပြီလို့ မပြောရဘူး။

မဂ္ဂင်ငါးပါးနဲ့ကြည့်ရင် သင်္ခတ

အလကားလည်း မနေရဘူးဆိုပြီး၊ ထိုးလိုက်၊ နှက်လိုက် ဒီလိုနေရ မယ်၊ ခင်ဗျားတို့ နေနည်းဟာလေ၊ ဒီလိုပဲ တစ်ထပ်တည်းကျနေတာပဲ (မှန်ပါ) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကို ဘာနဲ့ကြည့်ကြမှာတုံး (မဂ်နဲ့ပါ ဘုရား) မဂ်နဲ့ကြည့်မှပဲရမယ် (မှန်ပါ)။

မဂ်တောင် ငါးပါးနဲ့ ကြည့် ရင် မရဘူး၊ ငါးပါးနဲ့ ကြည့်ရင် သင်္ခတမြင်တယ် (မှန်ပါ) ရှစ်ပါးနဲ့ ကြည့်ရင် အသင်္ခတမြင်မယ် ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ငါးပါးနဲ့ ကြည့်ရင် ဘာမြင်တုံး (သင်္ခတ ပါ ဘုရား)။

ရှစ်ပါးနဲ့ကြည့်မှအသင်္ခတ

ရှစ်ပါးနဲ့ကြည့်ရင် (အသင်္ခတပါ ဘုရား) ငါးပါးနဲ့ ကြည့်တော့ သင်္ခတ၊ ရှစ်ပါးနဲ့ကြည့်တော့ အသင်္ခတ၊ ဒါဖြင့် သင်္ခတကို သင်္ခတမြင်ပြီးမှ သာလျှင် အသင်္ခတ ကူးမှာပဲ ဆိုတာလည်း ခင်ဗျားတို့ မှတ်ရတော့မယ် (မှန်လှပါ ဘုရား)။

သင်္ခတမြင်တာက နဂိုတုန်းကတော့ သင်္ခတရယ်လို့ကို မသိဘူး၊ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တော့မှ သင်္ခတလို့ သိတာ (မှန်လှပါ ဘုရား)။ နဂိုမိဘရိုးရာနဲ့တော့ မသိပါဘူး၊ ဆရာကောင်း သမားကောင်း ကိုးကွယ်ဆည်းကပ်ပြီး သကာလ မေးမြန်းပြီး လုပ်ကိုင်ကြတဲ့ အခါ၊ ဝိပဿနာ ရှုနိုင်တဲ့ အခြေအနေကျတော့ ဘာသိသလဲ (သင်္ခတသိပါ တယ် ဘုရား)။

သူတော်ကောင်းနဲ့ပေါင်းရဦးမှာ

သင်္ခတသိတယ်၊ နောက် သင်္ခတ လုပ်ပါများလို့ အပါးဝ လာတဲ့အခါ၊ သင်္ခတနယ်က ဆုံးသည့် တိုင်အောင် ရှုနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာတွေ့ရတုံး (အသင်္ခတ တွေ့ရမှာပါ ဘုရား)။ ဪ် – ဒါဖြင့် တို့ဟာ အသင်္ခတ ရောက်အောင် အတော်ပဲ သူတော်ကောင်းနဲ့ ပေါင်းရဦးမှာ ပါကလား။

တို့သိနေတာ သင်္ခတ၊ အသင်္ခတလည်း မဟုတ်ဘူး၊ ဆင်ကန်းတော တိုး ဆိုတာသာ မှတ်ပေတော့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘာမှ မသိဘူး၊ ဘာသိတာပါသေးတုံး (ဘာမှမပါပါ ဘုရား)။

ဘာမှသိတာကို မပါဘူး၊ သစ္စာနဲ့ ပတ်သက်လို့ တော့ ဘာမှ မသိဘူးဆိုတာ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သင်္ခတက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဒါခုမှ သိတယ်၊ အသင်္ခတက ဘာတုံး (နိရောဓသစ္စာပါ ဘုရား)။

အပြောသိ ရှိသေးတယ်

ဒါလည်း ခုမှသိတာ (မှန်ပါ) ဒါ အခုအပြော ရှိသေးတယ်၊ ခင်ဗျားတို့ အလုပ်လုပ်ကြည့်ဦး (မှန်ပါ) အလုပ်လုပ်ကြည့်လို့ ဒါလေးတွေက ကိုထွန်းဦးတို့ မရပ်မစဲ ဖြစ်ပျက်နေတာတွေ့တော့မှ။ သင်္ခတ သဘောဟာ လုံးလုံးကြီး ပေါ်တယ်။

မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ကောင်းပြီ ဒါဖြင့် မဂ္ဂသစ္စာလည်း သင်္ခတ တရားပဲ ဆိုတာ သဘောကျပြီလား (ကျပါ ဘု ရား) ဒါဖြင့် မဂ္ဂသစ္စာသည် သင်္ခတတရား ဖြစ်ပါလျက်သားနဲ့ အသင်္ခတတရားနဲ့ ဘယ်လို ဆက်သွယ်ပါသတုံး။

ဖြစ်စေတာလား၊ ထောက်ပံ့တာလား?

နိဗ္ဗာန်ကို သူက ဇနကနဲ့ ဖြစ်စေတာလားလို့ မေးရင်လဲ မဟုတ်ဘူးလို့ ပယ်ချတယ် (မှန်ပါ) ဥပတ္ထမ္ဘကနဲ့ ထောက်ပံ့ တာလားလို့ မေးပြန် ရင်ကော မဟုတ်ဘူး၊ ဒါဖြင့် နှစ်ဆယ့်လေး ပစ္စည်းလွတ် ပေါ့ဗျာ (မှန်ပါ)။

ဇနက၊ ဥပတ္ထမ္ဘက အကုန်လွတ်နေတယ် (မှန်ပါ)၊ အဲဒီတော့ ဘာပါလိမ့်မတုံး၊ ဒါဖြင့် သူက ဘယ်လိုဆီက ရွက်ဆောင်ပါလိမ့်မလဲလို့ မေးဖို့လိုမလာဘူးလား (လိုပါ တယ် ဘုရား)

အေး ခုနက ပြောခဲ့တဲ့ အတိုင်း ဒကာ ဒကာမတို့၊ သူ့မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဆိုတဲ့ မျက်မှန်နဲ့ မျက်လုံးပါတယ် (မှန်ပါ)။

သမ္မာသင်္ကပ္ပက မျက်မှန်၊ သမ္မာဒိဋ္ဌိက မျက်လုံး သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒီတော့ မျက်မှန်နဲ့ မျက်လုံးပါလို့ သူ့ရတဲ့ ပုဂ္ဂိုလ်က လှမ်းကြည့်ရင် တွေ့ရတာပဲ ရှိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

လှမ်းကြည့်ရင် ဘာဖြစ်တုံး (တွေ့ရပါတယ် ဘုရား) လှမ်းကြည့် ရင် တွေ့တတ်တဲ့ သဘောကလေးပဲ သူရွက်ဆောင် တတ်ပါတယ်၊ ဒကာ ဒကာမတို့ လှမ်းကြည့်ရင် သူကဘာတုံး (တွေ့တတ်တဲ့ သဘောကလေး ပါ ဘုရား) တွေ့တတ်တဲ့ သဘောကလေးတော့ဖြင့်၊ သူ့သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ သမ္မာသင်္ကပ္ပ မျက်မှန်က ပါနေတာကိုးဗျ (မှန်ပါ)။

မြင်မှုကိစ္စနဲ့ဆောင်ရွက်နေတာ

ရှေးအခါတုန်းက ဒါတွေ မတပ်ဖူးပါဘူး၊ အခုမှ တပ်ဖူးတာပါ (မှန်လှပါ ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သူသည် ဖြစ်စေတဲ့ အကြောင်းလည်းမဟုတ်၊ ထောက်ပံ့တဲ့ အကြောင်း လည်း မဟုတ်၊ သမ္မာသင်္ကပ္ပတို့၏ ဒဿနကိစ္စ (မြင်မှု ကိစ္စ)။

မင်မှုကိစ္စနဲ့ ရွက်ဆောင်တာပဲလို့သာ မှတ်ပါတော့၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား) ဘယ်လို ရွက်ဆောင် ပါလိမ့် (မြင်မှုကိစ္စနဲ့ ရွက်ဆောင်ပါတယ် ဘုရား) မြင်မှုကိစ္စနဲ့ ရွက်ဆောင် တယ်၊ ဒီအထဲမှာ မြင်မှုကိစ္စနဲ့ ရွက်ဆောင်တယ်။

ဒီအထဲမှာလည်း ခေါင်းဆောင်နှစ်ခုကို မှတ်ထားပါ (မှန်ပါ)။ သမ္မာသင်္ကပ္ပက ဘာနဲ့တူတုံး (မျက်မှန်နဲ့ တူပါတယ် ဘုရား) သမ္မာဒိဋ္ဌိကကော (မျက်လုံးနဲ့ တူပါ တယ် ဘုရား) မျက်လုံးနဲ့ တူတယ်၊ သမာဓိဆိုတာ က ခေါင်းနဲ့ တူပါတယ်၊ ဒကာ ဒကာမတို့ ရိပ်မိပြီလား (မှန်လှပါ ဘုရား)။

သတိဆိုတာက နှိမ်ထားတာနဲ့လည်း တူပါတယ်နော်၊ ခဏ ခဏ လက်တို့ပေးနေတာ၊ သမာဓိဆိုတာက တည်ကြည်တဲ့ ခေါင်းသဘောနဲ့ တူပါတယ်၊ ဝီရိယဆိုတာက ဟိုဘက်ကို မဖြောင့်ဖြောင့်အောင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပကို တွန်းပေးနေတယ်၊ သဘောကျပြီလား (မှန်ပါ)။

အဲဒီတော့ သူတို့ ရှစ်ခုကလည်း ဒကာ ဒကာမတို့၊ မစုံဘဲနဲ့ ခုနက ဒီမျက်မှန်နဲ့ ဒီမျက်လုံးက မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား) ဒါဖြင့် သူတို့သည် ဒဿနကိစ္စနဲ့ ရွက်ဆောင်တာပဲ (မှန်လှပါ ဘုရား)။

မြင်မှုကိစ္စပဲ ရှိတယ်၊ ပို့ပေးခြင်းလည်း မလုပ်နိုင်ဘူး၊ နိဗ္ဗာန်ဖြစ်အောင် ရွက်ဆောင် နိုင်သည်လည်း မဟုတ်၊ နိဗ္ဗာန်ကို ထောက်ပံ့နေသည်လည်း မဟုတ်၊ နိဗ္ဗာန်ပျက်စီးမှာစိုးလို့ ထောက်ပံ့နေသည်လည်း မဟုတ်ဘူး။

အဝေးကလှမ်းမြင်တာဗျ (မှန်ပါ) ဘယ်လို မှတ်ကြမှာတုံး။ (အဝေးကလှမ်းမြင်တာပါ ဘုရား) ဒါဖြင့် လူတိုင်း မြင်တဲ့အလုပ်လားလို တစ်ခါမေးပါဦး (မမြင်ပါ ဘုရား) လူတိုင်းလည်း မမြင်နိုင်ဘူး။

သင်္ခတကို အဖန်ဖန်သိအောင်လုပ်

သင်္ခတနဲ့ အသင်္ခတကွဲအောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှ၊ သင်္ခတကို ရှေးဦးစွာ အဖန်ဖန် သိအောင် လုပ်၊ ၎င်းသင်္ခတကို သဘောမကျတော့ပါဘူး၊ သင်္ခတတွေသည်ကား အလကား အလုပ် တွေပဲ၊ ဒုက္ခသစ္စာတွေပဲလို့ ပိုင်းခြားတဲ့ ပုဂ္ဂိုလ်သာလျှင်၊ သင်္ခတကို ရှင်းလင်းနိုင်တဲ့ ပုဂ္ဂိုလ်သာလျှင် အသင်္ခတ မြင်တယ် (မှန်ပါ)။

သင်္ခတကို ရှင်းလင်းနိုင်တဲ့ ပုဂ္ဂိုလ်သာမြင်မှာတုံး (အသင်္ခတ မြင်မှာပါ ဘုရား) သင်္ခတမှ မရှင်းလင်း နိုင်လို့ရှိရင် ဒကာ ဒကာမတို့ မမြင်နိုင် ဘူးဆိုတာ ပေါ်လာကြပြီလား (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သင်္ခတရှင်းလင်းတဲ့ အလုပ်ဟာ ဝိပဿနာဉာဏ်ကို ရှေ့ထားပါ (မှန်ပါ) ဘာတုံးဆို သင်္ခတကို ရှင်းနေတာ (မှန်လှပါ ဘုရား)။

သင်္ခတနဲ့ ကင်း၍ နိဗ္ဗာန်မရောက်

သင်္ခတကို သင်္ခတမှန်း သိပြီးသကာလ၊ မင်း သင်္ခတနဲ့ကို ငါမနေချင် တဲ့ဉာဏ်ရအောင် မုန်းအောင် ရှုပေးရမယ်၊ သဘောကျပြီလား (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတနဲ့ ကင်း၍ လည်း အသင်္ခတ နိဗ္ဗာန်ရောက် နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။

ဘာကြောင့်တုံး သင်္ခတက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာ မပိုင်းခြားပဲနဲ့ နိရောဓသစ္စာ မျက်မှောက် ပြုနိုင်ပါ့မလား (မပြုနိုင်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အသင်္ခတဋ္ဌော ဆိုတာ အဖန်ဖန် ပြင်ခြင်း မရှိတဲ့ အနက်သဘောသည်လည်းကောင်းလို့ ဆိုတော့။

နိဗ္ဗာန်ဟာ ဘယ်သူမှ ပြုပြင်ထားတာမဟုတ်ဘူး၊ သဘာဝဓမ္မခိုင်ခံ့ တည်တံ့နေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒါကို ခင်ဗျားတို့ ဘာနဲ့ကြည့်မှ မြင်မှာတုံး (မဂ္ဂင်နဲ့ ကြည့်ရမှာပါ ဘုရား)။

ခန္ဓာရှိလျက်နဲ့ မြင်ရတဲ့နိဗ္ဗာန်

မဂ္ဂင်ဉာဏ်နဲ့ ကြည့်ရမယ်နော်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဦးစီးပြီး မကြည့်ရပေဘူးလား (ကြည့်ရပါတယ် ဘုရား) အဲဒီကဲ့သို့ ကြည့်လိုက်တော့ မမြင်ရဘူးလားဗျာ (မြင်ရပါ တယ် ဘုရား) အဲ – မြင်ရတဲ့အခါကျ တော့ ဒီမှာ ခန္ဓာရှိသောကြောင့် ခန္ဓာရှိလျက်နဲ့ မြင်တဲ့နိဗ္ဗာန် (မှန်ပါ)။

နိဗ္ဗာန်မြင်တုန်းကို မဂ္ဂသစ္စာ

ဒါဖြင့် သဥပါဒိသေသ နိဗ္ဗာန် စာလိုတော့ ခန္ဓာ ရှိလျက်နဲ့ မြင်တဲ့ နိဗ္ဗာန်၊ ကောင်းပြီ ဒီခန္ဒာကြီးဟာ ဒကာ ဒကာမတို့ စဉ်းစားပါတော့၊ ဒီမဂ္ဂသစ္စာကို သေသေချာချာ စဉ်းစားတော့ မဂ္ဂသစ္စာလို့သာ ဆိုရတယ်။

ဇာတိ၊ ဇရာ၊ မရဏ မလွတ်သောကြောင့် ဒုက္ခသစ္စာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) မဂ္ဂသစ္စာသည် ဟိုကို မြင်သောကြောင့်သာ မဂ္ဂသစ္စာ ခေါ်ရတယ်၊ သေသေချာချာ တွေးတော့ ဥပါဒ် ဌိဘင် ရှိမရှိ (ရှိပါတယ် ဘုရား)။

သူ့ပင်ကိုယ်က ဒုက္ခသစ္စာ

ဖြစ်ပျက်မရှိဘူးလား (ရှိပါတယ် ဘုရား) ရှိရင် ဘာသစ္စာဖွဲ့မှာလဲ (ဒုက္ခသစ္စာပါ ဘုရား) အင်း ဟိုမြင်တုန်းကို မဂ္ဂသစ္စာ၊ သူ့ပင်ကိုသဘောက ဒုက္ခသစ္စာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ပင်ကိုသဘောက ဘာပါ လိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒီမဂ္ဂသစ္စာ ကိန်းတဲ့ပုဂ္ဂိုလ်၊ မြင်တဲ့ဥစ္စာကတော့ သူထာဝရမို့ ကျန်ရစ်တယ် ဆိုပါတော့ဗျာ (မှန်ပါ) ဘယ်သူ မှ ပြုပြင်လို့ အကြောင်း တရားနဲ့ မဆက်သွယ်ပဲနဲ့ တည်တံ့ နေတာက ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်၊ အဲဒီ နိဗ္ဗာန်ကတော့ ဘယ်အကြောင်းနဲ့မှ မဆက်သွယ်လို့ ချုပ်စရာ မရှိဘူး။

မဂ္ဂသစ္စာကတော့ အကြောင်းတွေနဲ့ ဆက်သွယ်နေလို့ သူချုပ်ရမယ် (မှန်ပါ) မဂ္ဂသစ္စာထဲမှာ ဒကာ ဒကာမတွေ ရှင်းပြလို့ ရှိရင်ဖြင့်၊ သူတို့ချင်း သဟဇာတ သတ္တိနဲ့ ကူနေတယ် (မှန်ပါ)၊ ဟေတုသတ္တိနဲ့ ကူနေတယ်ဆို ရင်ကော လွဲသလား (မလွဲပါ ဘုရား)။

မဂ္ဂသစ္စာက သင်္ခတတရား

အာရမ္မဏ သတ္တိနဲ့ ကူနေတယ်ဆိုရင်ကော (မလွဲပါ ဘုရား) ဥပနိဿယ သတ္တိနဲ့ ကူနေတယ် ဆိုရင်ကော (မလွဲပါ ဘုရား) ဒါဖြင့် သူသင်္ခတလား အသင်္ခတလား ဝေဖန်ရမယ်၊ ဘာတရားပါလိမ့် (သင်္ခတ တရားပါ ဘုရား)။

အဲဒီ သင်္ခတတရား မဂ္ဂသစ္စာ၊ သင်္ခတ တရားချုပ်သွားတဲ့ အခါကျ တော့ မှ အသင်္ခတကို ခင်ဗျားတို့ကိုယ်တိုင် ခံစားရမယ် (မှန်ပါ) အခုတော့ အမြင်ခံစားတယ် (မှန်လှပါ ဘုရား)။

ဒါတွေ ချုပ်သွားတော့ ကိုယ်တိုင် ခံစားရမယ်၊ ကိုယ်တိုင် ခံစားဆိုတဲ့ အဓိပ္ပါယ်ကတော့ ကိုယ်တိုင် ဆိုသဖြင့် သမုတိ သစ္စာ မပေါ်စေနဲ့ သဘောကျ ပြီလား (မှန်ပါ)။

စကားမို့ ပေါ်အောင် ပြောရတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အေး အဲဒီတော့ ဒကာ ဒကာမတွေ ရှင်းစရာတွေက ဘာရှိသလဲလို့ မေးတဲ့အခါကျတော့၊ နိဗ္ဗာန်ဆိုတာ ငြိမ်းအေးခြင်း လက္ခဏာရှိတယ်။

နိဗ္ဗာန်ဆိုတာ ငြိမ်းအေးခြင်းလက္ခဏာ

နိဗ္ဗာန်ဆိုတာ ဘာလက္ခဏာရှိပါလိမ့် (ငြိမ်းအေးခြင်း လက္ခဏာ ပါ ဘုရား) ဪ ဒါဖြင့် ပထမကတော့ သူက ငြိမ်းအေးတယ် ဟုတ်လား၊ သူ့အာရုံပြုနေကတည်း ကိုက ဒကာ ဒကာမတို့၊ မဂ္ဂသစ္စာသည် မငြိမ်းအေး ဘူးလား ငြိမ်းအေးသလား (ငြိမ်းအေးပါတယ် ဘုရား)။

ဘာပြုလို့ ငြိမ်းအေးသတုံးလို့ မေးတဲ့အခါကျတော့၊ သူ့ကိုမြင်ရတဲ့ အတွက် အတွင်း ကိလေသာ တွေက ချုပ်ငြိမ်းလို့ အေးချမ်းခြင်းသူက ဖြစ်တယ် (မှန်ပါ)။

မဂ်ရတဲ့ပုဂ္ဂိုလ်၏ဖြစ်ထွေ

သူ့မြင်တော့ ငြိမ်းတယ် (မှန်ပါ) သူက ငြိမ်းတဲ့ သတ္တိနဲ့ ကျေးဇူး မပြုဘူးလား (ပြုပါတယ် ဘုရား) အဲဒီတော့ ဒီပုဂ္ဂိုလ်မှာ ငြိမ်းအေးပြီး သကာလ၊ မဂ်ရတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေကတော့ဖြင့်၊ ဒီကိလေသာတွေ မရှိလို့ပဲ။ ဦးဘကြည် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိလေသာ အပူဓာတ်တွေ ဘာဖြစ်နေသလဲ (မရှိပါ ဘုရား) ဘယ်သူက သတ်တာလဲ (မဂ်က သတ်တာပါ ဘုရား)။ မဂ်ကလည်း သူ့အားကိုးနဲ့ သတ်တာ (မှန်ပါ) ထို့အတူပဲ သူနိဗ္ဗာန်ကို မြင်ပြီး၊ နိဗ္ဗာန်တည်းဟူသော အာရုံကို ဆွဲကိုင်ရာရလို့ ဟိုဟာ သတ်ရဲတာ၊ နို့မို့သတ် ကို မသတ်ရဲဘူး သဘောကျပြီလား (မှန်ပါ)။

နိဗ္ဗာန်တည်းဟူသော အာရုံကို သူကကောင်းကောင်းမွန်မွန်မြင့် သကာလ၊ သူစွဲရာ ကိုင်ရာ ရနေတော့ အားကိုး ရှိနေလို့ သူသတ်နိုင်တာ (မှန်လှပါ ဘုရား) ဒါဖြင့် နိဗ္ဗာန် မမြင်ဘဲနဲ့ ကိလေသာ သေတယ်။ အမြစ်ပြတ်တယ် ဆိုတာ ဦးဘကြည်တို့ ဘယ်တော့မှ မယုံနဲ့ ရှင်းပြီလား (မှန်ပါ)။

သင်္ခတကို ကြပ်ကြပ်ရှုရင်

အားကိုးမရှိပဲနဲ့ သတ်တာကိုးဗျ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ သင်္ခတကို ကြပ်ကြပ်ရှုရင် နိဗ္ဗာန်ရောက်မယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သင်္ခတကို ဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ) သင်္ခတ ကိုဖြစ်ပျက်မုန်း အောင်ရှု (မှန်ပါ) သင်္ခတ ဖြစ်ပျက် တရား ဆုံးအောင်ရှု (မှန်ပါ ဘုရား) ဒါမှ သင်္ခတာဓမ္မာ ဆုံးမှ အသင်္ခတာဓမ္မာလာမယ် (မှန်ပါ)။

သင်္ခတာဓမ္မာ မဆုံးရင် အသင်္ခတာဓမ္မာ မလာဘူး၊ လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ သင်္ခတလား အသင်္ခတလား (အသင်္ခတပါ ဘုရား)။

အသင်္ခတကို မြင်ရအောင် ခင်ဗျားတို့ ဘာနဲ့လှမ်းကြည့်မှာတုံး (မဂ္ဂင်နဲ့လှမ်းကြည့်ရမှာပါ ဘုရား) မဂ္ဂင်နဲ့ လှမ်းကြည့်၊ လှမ်းကြည့်ရင် ကြည့်ကြည့်ခြင်း တွေ့မှာလား၊ သင်္ခတဆုံးအောင် ကြည့်ပြီး ဆုံးမှတွေ့မှာလား (ဆုံးမှ တွေ့မှာပါ ဘုရား) ဒါကြောင့် ခင်ဗျားတို့ကို ဘုန်းကြီးက သင်ထား တယ်။

ဝေဒနာကို ဖြစ်ပျက်မြင်အောင်ကြည့်

ဒကာ ဒကာမတို့ ဝေဒနာသုံးပါး ရှိတယ်လို့ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။ အဲဒီတော့ ပထမ ဝေဒနာကို ဖြစ်ပျက် မြင်အောင်ကြည့်လို့ သင်ကြားမထားဘူးလား (သင်ကြားထားပါတယ် ဘုရား)။

သုခလည်း ဖြစ်ပျက်မြင်အောင်ကြည့်၊ ဒုက္ခကော (ဖြစ်ပျက်မြင် အောင်ကြည့်) ဒုက္ခကော (ဖြစ်ပျက် မြင်အောင် ကြည့်ရမှာပါ ဘုရား) ဥပေက္ခာကော (ဖြစ်ပျက် မြင်အောင် ကြည့်ရမှာပါ ဘုရား)။

ဟ ဒါလောက်နဲ့ပြီးရောလားလို့ ဆိုလို့ရှိရင်၊ ဒါက သင်္ခတမှန်း အကုန်မသိသေးဘူး (မှန်ပါ) သော် သင်္ခတဆိုတာ ဖြစ်ပျက် လောက်ပဲ၊ ဒါနဲ့ အတူနေရတာပဲ ဆိုတာသာ သိတယ်၊ ဒါကို မမုန်းသေးဘူး။

သင်္ခတတရားမုန်းအောင်ကြည့်

မုန်းရဲ့ လား (မမုန်းသေးပါ ဘုရား) ဒါဖြင့် သင်္ခတ တရားဘာ လုပ်ရဦးမယ် (မုန်းအောင် ရှုရမှာပါ ဘုရား) မုန်းအောင်ကြည့်ဦးဗျ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီဖြစ်ပျက်ကို ဘာလုပ်ရမယ် (မုန်းအောင်ကြည့်ရမှာပါ ဘုရား) မုန်းအောင်ကြည့်၊ အဲဒါ နှစ်နံပါတ်နော် (မှန်ပါ) ဒါအလုပ်သမားတွေမှာ ဖြင့် မလုပ်မဖြစ်တဲ့ အလုပ် (မှန်ပါ)။

ပထမဖြစ်ပျက်မြင်အောင် ကြည့်တာကလည်း တစ်နံပါတ်၊ မလုပ် မဖြစ်တဲ့အလုပ်၊ မုန်းအောင် ကြည့်တာက နှစ်နံပါတ်၊ နှစ်နံပါတ်ကလည်း မလုပ်မဖြစ်တဲ့ အလုပ် (မှန်ပါ) ကဲ – တစ်ခါတက်ပါဦး။

ဖြစ်ပျက်ကို ဆုံးအောင်ကြည့်

ဒကာ ဒကာမတွေ ဘယ်လိုကြည့်ရမှာတုံး (ဆုံးအောင်ကြည့်ရ မှာပါ ဘုရား) ဆုံးအောင်ကြည့် ဆိုတော့ သူတို့ကို ပျောက်အောင် ကြည့်ရမယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူတို့ဆုံးအောင်ကြည့်ဆိုတော့၊ သူတို့ဆုံးလို့ရှိရင်ဖြင့် ဦးဘကြည် ဘာလာမယ်ထင်တုံး (အသင်္ခတပါ ဘုရား) သင်္ခတ အဆုံးမှာ ဘာရှိလဲ (အသင်္ခတပါ ဘုရား) ဪ- သင်္ခတအဆုံးမှာ အသင်္ခတ ရှိတော့ ဆုံးအောင်ကြည့်နေတဲ့ ပုဂ္ဂိုလ်က ကြည့်လိုက်တဲ့အခါ။

နိဗ္ဗာန်ဒီနေရာမှာ အစားထိုးတယ်

ဆုံးလည်းသွားပါရော အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ဟာ ဒီနေရာ အစားထိုး ပေါ်လာတာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။ ထိုကဲ့သို့ ပေါ်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ အာရုံပြုသောအားဖြင့် ရောက်ပြီလို့မှတ်ပါ၊ ရှင်းပြီလား (မှန်ပါ)။

တကယ်ကိုယ်တိုင် ရောက်တော့ဖြင့် ဒီဟာကိုပင်လျှင် မဂ္ဂသစ္စာကိုပင် လျှင် ဆုံးမှ (မှန်လှပါ) သဘောကျပလား (မှန်ပါ)။

ပရိနိဗ္ဗာန်စံမှ ကိုယ်တိုင်ရောက်

မဂ္ဂသစ္စာပင်လျှင် ဖြစ်ပျက်တွေဆုံး၊ မဂ္ဂင်သစ္စာ၏ ကိန်းရာဌာန ခန္ဓာကိုယ်ကြီးလည်း ဖြစ်ပျက်တွေဆုံး (မှန်ပါ) ဒါမှ ပရိနိဗ္ဗာန်စံမှပဲ။ ဒီနေရာမှာ ကိုယ်တိုင်ရောက်ဖြစ်မယ် (မှန်ပါ)။

နို့မဟုတ်ရင် ရောက်နိုင်စရာ အကြောင်းမြင်ရဲ့လား (မမြင်ပါ ဘူး ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု၊ သာဓု သာဓု။