နိရောဓသစ္စာအနက် (၁)နိဿရဏဋ္ဌော

နိရောဓသစ္စာအနက် (၁)နိဿရဏဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် နိရောဓသစ္စာအနက်မှ နိဿရဏဋ္ဌော

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ဆိုတာဘယ်လိုလဲ (၁)(နိဿရဏဋ္ဌော)

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားတော် များမှာ အလွန်ပင်များပြီး တရားတော်တိုင်းသည် သစ္စာတရားတော်များသာ ဖြစ်ပါသည်။

(၁၅-၅-၆၂)နေ့က ဆရာတော်ဘုရား ဟောကြားတော် မူခဲ့သည်မှာ “ဘုန်းကြီး ဒါနတရားတွေ ဟောတတ်ပါသည်၊ သီလတရားတွေလည်း လွမ်းအောင်ဟောတတ်ပါတယ်၊ အပါယ်တံခါး မပိတ်လို့ မဟောချင်ဘူး၊ ဘာဖြစ်လို့တုံး ဆိုတော့ သံသရာဆက်တယ်။ ဒါကြောင့် ဘုန်းကြီးက သတိပေး လိုက် ပါတယ်။ ဘယ်စာအုပ်က ရေးထားတယ်၊ ဘယ်ဆရာတော်က ဟောသွားတယ် ဆိုပြီး၊ သူတို့ပြောတာကို ခင်ဗျားတို့က နားထောင်ကြည့်တဲ့ အခါကျတော့ ဒိဋ္ဌိမပြုတ်၊ ဝိစိကိစ္ဆာ မပြုတ် (သစ္စာမပါ)တဲ့ တရားကို သူတို့ပြောနေ၊ ရေးနေလို့ ရှိရင် လိုသေးတယ်လို့သာ ဆုံးဖြတ်ချက်ချပါ” လို့ ဟောကြားတော်မူပါသည်။

ထို့အတူ (၁၀-၇-၆၂)နေ့က ဆရာတော်ဘုရား ဟောကြားတော်မူခဲ့ သည်မှာ “ဒို့သည်ကားလို့ ဆိုလို့ရှိရင် ဒါနပြုနေတာပဲ၊ သီလ ဆောက်တည် နေတာပဲ၊ သမထလည်း ထိုက်တန် သလောက်တော့ ကြိုးစား နေတာပဲ။ လက္ခဏာရေး သုံးပါးလည်း မပြတ်မလပ်ပဲ ရိပ်သာတွေ ရှိတဲ့ဆီမှာ အားတဲ့ အချိန် ကြိုးစားကြတာပဲ၊ ဒါတွေဟာ ဝေးသော အကြောင်းတွေလို့ မှတ်လိုက် စမ်းပ’’။

‘‘နီးသောအကြောင်းက ဘာတွေပါလိမ့်လို့ မေးလို့ရှိရင် သစ္စာသိအောင် လုပ်ပါ’’ လို့ ဟောကြားတော်မူခဲ့ပါသည်။

မှန်ပါသည်၊ ထို့ကြောင့် မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီး အနေဖြင့် မိုးကုတ်မြို့၌ ဟောကြားတော်မူခဲ့သော ဒုက္ခသစ္စာ၏ အနက် (၄)ချက် စာအုပ် ထုတ်ပြီးပါပြီ၊ သမုဒယသစ္စာ၏ အနက် (၄) ချက် စာအုပ်ထုတ်ပြီးပါပြီ။ ယခုမန္တလေးမြို့တွင် ဟောကြားတော်မူခဲ့သော နိရောဓသစ္စာ၏ အနက် (၄)ချက်ကို ဆက်လက် ထုတ်ဝေခြင်းဖြစ်ပါသည်။

နိရောဓသစ္စာ၏အနက် (၄) ချက်

၁။ နိဿရဏဋ္ဌော – ဒုက္ခဝဋ်မှ ကျွတ်လွတ်ကြောင်းဖြစ်သော အနက်သဘော။

၂။ ဝိဝေကဋ္ဌော – နှောက်ယှက်ခြင်း၊ ရှုပ်ယှက်ခတ်ခြင်းမှ ဆိတ်ငြိမ်ခြင်း သဘော။

၃။ အသင်္ခတဋ္ဌော – အဖန်ဖန်ပြုပြင်ခြင်းမရှိသောအနက် သဘော။

၄။ အမတဋ္ဌော – မအိုမသေ၊ အမြဲနေတဲ့ သဘော။ တို့ဖြစ်ကြပါသည်။

တနည်းအားဖြင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်ဟုမေးလိုက်ပါလျှင်၊ မိုးကုတ် ဆရာတော် ဘုရားကြီးက (၁) ဒုက္ခဝဋ်မှ ကျွတ်လွတ် ခြင်း (၂) နှောင့်ယှက်ခြင်းမှ ဆိတ်ငြိမ်ခြင်း (၃) အဖန်ဖန် ပြုပြင် ခြင်း မရှိခြင်း (၄) မအိုမသေ အမြဲနေခြင်းရှိတဲ့ နေရာဌာနဟု ဖွင့်ဆိုထားပါသည်။

နိဗ္ဗာန်အကြောင်းကို ဟောရမှာပြောရမှာ ပညာရှိများ ဝန်လေးကြပါ သည်။ တိမ်မယောင်နှင့် နက်သည်၊ လွယ်မယောင်နှင့် ခက်သည်။

သို့သော် ဤစာအုပ်တွင် ဆရာတော်ဘုရားက မြန်မာ စကားသက်သက် ဖြင့် နိဗ္ဗာန် အကြောင်း နားလည် လွယ်အောင် နည်းအမျိုးမျိုးဖြင့် ဟောကြားတော် မူထားသဖြင့် ကျေးဇူးကြီးမား လှပါသည်။ ဆရာတော်ဘုရားက “နဂိုအနေ၊ အိုမသေပဲ၊ စိုပြေ၊ မြဲခိုင်၊ တည်တံ့နိုင်သော နိဗ္ဗာန်” ဟု ဖွဲ့ဆိုထား ပါသေးသည်။

သူတော်ကောင်းရတနာ (၇)ပါးပြည့်ဝကြပါစေ။

အမှုဆောင်အဖွဲ့

၁-၁၀-၂၀၀၁။

xxxxxxxxx

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

နိဗ္ဗာန်ဆိုတာဘယ်လိုလဲ (၁)

(နိဿရဏဋ္ဌော)

(၁၄-၁၂-၅၇)

ယနေ့ဟောမယ့်တရားကတော့ နိရောဓသစ္စာအနက်လေးချက်မှ ပထမအချက်ဖြစ်တဲ့ နိဿရဏဋ္ဌောကိုဟောမယ်၊ ဒကာ ဒကာမတို့ နိဿရဏဋ္ဌော ဆိုတာ တခြားမဟုတ်ပါဘူး။

နိဿရဏဋ္ဌောဆိုတာ

ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့မှ ထွက်မြောက်အောင် လုပ်မယ့် သဘောသည် နိဿရဏဋ္ဌော၊ ဒုက္ခဝဋ်မှကျွတ် လွတ်ကြောင်း ဖြစ်သော အနက် သဘောဟာ နိဿရဏဋ္ဌောပါပဲ။ နိဿရဏဋ္ဌော ဆိုတော့ ပါဠိလို ဖြစ်နေတယ်။ မြန်မာလိုတော့ ဝဋ်သုံးပါးမှ ကျွတ်လွတ်တဲ့ အနက် သဘော။

ေဩာ်- ဒါဖြင့် ဝဋ်ကျွတ်ရပါလို၏၊ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုတဲ့ ဒကာ ဒကာမတွေသည်၊ ဒီဝဋ်သုံးပါးမှ မကျွတ်လို့ ရှိရင် မရပါဘူး၊ ကိလေသဝဋ်က ကျွတ်မှပဲရမယ်။

ကမ္မဝဋ်ကကော (ကျွတ်မှပဲရမှာပါ ဘုရား)၊ ဝိပါကဝဋ်ကကော (ကျွတ်မှရမှာပါ ဘုရား)၊ ကျွတ်မှ ရမယ်ဆိုတော့ ကြော် ဝဋ်သုံးပါးမှ ကျွတ်လွတ်ရာဌာနကို နိရောဓသစ္စာလို့ခေါ်သည်လို့ ဒကာ ဒကာမတွေက မှတ်ထားကြပါ။

ကိလေသဝဋ်ဆိုတာ

အဲဒီတော့ ဘယ်လိုရှင်းမလဲလို့ မေးခွန်းထုတ်တဲ့ အခါကျတော့၊ ဝဋ်လည်နေတာ သိမှ ဝဋ်ကျွတ်ချင်မှာပဲ၊ ဒါကြောင့် ရှေးဦးစွာ ဝဋ်လည်နေတာကို ဒကာ ဒကာမတွေကို ပြရမယ်၊ ဒီက အဝိဇ္ဇာနဲ့ တဏှာ၊ ဒါကို ကိလေသဝဋ်လို့ ခေါ်သည်လို့ မှတ်ထားပါ။

အဝိဇ္ဇာနဲ့ တဏှာကို ဘာခေါ်ကြမယ် (ကိလေသ ဝဋ်ပါ ဘုရား)။

ကမ္မဝဋ်ဆိုတာ

ကုသိုလ်ကံနဲ့ အကုသိုလ် ကံဟာ ကမ္မဝဋ်လို့မှတ်ပါ (မှန်ပါ့)၊ ယခု လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်စေတတ်တဲ့ ကုသိုလ်၊ အပါယ်လေးပါး ရောက်စေတတ်တဲ့ အကုသိုလ်။

ဒါကိုတော့ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္ဇာဘိသင်္ခါရလို့ ခေါ်တယ်။ ဒါတွေကို ဘာဝဋ်လို့ ခေါ်သလဲ (ကမ္မဝဋ်လို့ခေါ်ပါ တယ် ဘုရား)။

ဝိပါကဝဋ် ဆိုတာကတော့ ရုပ်၊ နာမ်၊ ခန္ဓာလို့ မှတ်တာပေါ့ (မှန်လှပါ ဘုရား)။

ဝိပါကဝဋ် ဆိုတာ

ရုပ်၊ နာမ်၊ ခန္ဓာကို ဘာခေါ်ကြမယ် (ဝိပါကဝဋ်ပါ ဘုရား) ကောင်းပြီ၊ ဒကာ ဒကာမတွေ ဒီအတိုင်း မှတ်ထားပေါ့ (မှန်လှပါ ဘုရား) အဲဒီတော့ အကြောင်း အကျိုးပြမယ်၊ ကိလေသဝဋ် ကြောင့် ကမ္မဝဋ် ဖြစ်တယ်။

အဲဒီတော့ အကြောင်း အကျိုးဖြစ်တဲ့ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်တယ် (မှန်လှပါ ဘုရား)၊ ကမ္မဝဋ်ဖြစ်တယ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တယ် ဆိုတော့ ။

ဝဋ်ဆိုတာလည်တာကိုဆိုတယ်

ေဩာ်- ဝဋ်ဆိုတာ ဒီလိုလည်တာကို ဆိုတာပဲ၊ ခင်ဗျားတို့ နားလည်ထား တဲ့ ခြေမပါ လက်မပါ တာကို ဆိုတာ မဟုတ်ပါဘူး၊ ခြေမပါ၊ လက်မပါ။ မျက်လုံးမပါ သူကိုတော့ ဝဋ်ကောင်လို့ ဦးချစ်ခတို့က ဆိုချင် ဆိုလိမ့်မယ်၊ မဟုတ်ပါဘူး။ ဝဋ်ဆိုတာက ဝဋ္ဋ သဒ္ဒါအရ လုံးခြင်း၊ ဝိုင်းခြင်း၊ လည်ခြင်းကို ဆိုတယ်။

လုံးနေတာ၊ လည်နေတာ၊ ဝိုင်းနေတာကို ဝဋ်လို့ ခေါ်ပါတယ်၊ ဒီလိုဆို တော့ အခု တစ်ကနေ နှစ်သွားတယ်၊ နှစ်ကနေ သုံးသွားတယ်၊ သုံးကနေပြီး တစ်ခါ ဘယ်သွားမတုံးလို့ ဆိုလို့ရှိရင် တစ်ပြန် သွားဦးမယ်၊ မပြန်ပေဘူးလား (ပြန်မှာပါ ဘုရား)၊

ပြန်မယ်တဲ့ ဒကာ ဒကာမတွေ ဝဋ်သုံးပါးကို သုံးပွင့်ဆိုင် ထားပြီး သကာလ ပြတုန်းပဲ ရှိသေးတယ်လို့ မှတ်ရမယ်။

ဒီဘက်က ဘာဝဋ်ပါလိမ့် (ကိလေသဝဋ်ပါ ဘုရား) ဒီဘက်က ကော (ကမ္မဝဋ်ပါ ဘုရား) ဒီရုပ်နာမ်က ကော (ဝိပါကဝဋ်ပါ ဘုရား)။

ေဩာ်- အခု ဒကာ ဒကာမတို့ ဘယ်ဝဋ်ထဲရောက်နေ ပါလိမ့်မလဲလို့ မေးတော့၊ ခင်ဗျားတို့က ရုပ်နာမ်တွေ ကိုယ်ပိုင်ရှိတော့ ဝိပါကဝဋ်ထဲ ရောက်နေတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်ဝဋ်ထဲ ရောက်နေကြသလဲ (ဝိပါကဝဋ်ထဲ ရောက်နေပါတယ် ဘုရား)။

အင်း-ဝိပါကဝဋ်ထဲ ရောက်နေတော့၊ ခင်ဗျားတို့သည် ဘာတွေတုံးလို့ မေးလို့ရှိရင် ဝဋ်ကောင်တွေလို့ ဖြေရမယ် (မှန်လှပါ ဘုရား) ဦးလှတို့ ဘယ်လိုဖြေမှာတုံး (ဝဋ်ကောင်တွေပါ ဘုရား) ဝဋ်ကောင်တွေပဲလို့ ဆိုတော့ ခင်ဗျားတို့ ဝဋ်မကျွတ်သေးဘူး။

ဘာဝဋ်မကျွတ်သေးသတုံးလို့ ဆိုလို့ရှိရင်၊ ကိလေသာ၏ အရှိန်အစော် တွေ သူ့အထဲ ရှိတုန်းပဲ၊ ကံ၏ အရှိန်အစော် အာနုဘော်တွေ ရှိတုန်းပဲ (မှန်ပါ)။ ရှိနေတော့ ကိလေသဝဋ်ကြောင့် ကမ္မဝဋ် ဖြစ်တယ်၊ ကမ္မဝဋ်၏ တန်ခိုးသတ္တိလည်း မကင်းသေးတော့ ဦးဘအုန်း ဒီအထဲမှာ ခင်ဗျားတို့ ကျုပ်တို့ ရုပ်နာမ် ပဲ။

တရားနာနေတဲ့ ဒကာ ဒကာမတွေရဲ့ ရုပ်နာမ်၊ တရားဟောနေတဲ့ ဆရာဘုန်းကြီး ရုပ်နာမ်၊ ဒီရုပ်နာမ်ကို ဘာဝဋ်လို့ခေါ်ကြမယ် (ဝိပါကဝဋ်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကျုပ်တို့သည် ကံကောင်း အကြောင်းသင့်လို့ လူဖြစ်နေတာလား။

လူဟာဝဋ်ကောင်

ဝဋ်သင့်နေတာလားလို့ မေးပါ (ဝဋ်သင့်နေတာပါ ဘုရား)၊ ဝဋ်သင့် နေတာ မသိကြဘူး၊ ဒကာ ဒကာမတွေက ကံကောင်း အကြောင်းသင့်ပြီးလို့ လူဖြစ်လာရတယ်သာ ဆိုတာ လူဟာ ဝဋ်ကောင် ဆိုတာ မရိပ်မိသေးဘူး (မှန်ပါ့)။

ေဩာ်- ဒါဖြင့် ကျုပ်တို့ ဝဋ်ကျွတ်ပြီလား၊ မကျွတ်သေးဘူးလား (မကျွတ်သေးပါဘူး ဘုရား)၊ ဝဋ်မကျွတ်သေးဘူး၊ ဒီရုပ်နာမ်နဲ့ အတူတူ နေရတာ ကိုး၊ ရုပ်နာမ်ကို ဘာသစ္စာ ဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခဝဋ် မကျွတ်သေးတာပေါ့ (မှန်လှပါ ဘုရား) ဒုက္ခဝဋ် ဘယ့်နှယ်ကြောင့် မကျွတ်သေးသတုံး ဆိုတော့ ကိလေသာ အရှိန်အစော် အာနုဘော် အငွေ့သင့်နေလို့ပဲ (မှန်လှပါ ဘုရား)။

မသင့်ဘူးလား (သင့်ပါတယ် ဘုရား) ကံတည်းဟူသော ဝဋ်ကကော မသင့်ဘူးလား (သင့်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ တစ်, နှစ်, သုံး ဘယ်အထဲ ရောက်နေတုံး (သုံးထဲ ရောက်နေပါတယ် ဘုရား)၊ သုံးထဲ ရောက်နေတော့ ဘယ်ဝဋ်သင့်နေသလဲ (ဝိပါကဝဋ်ပါ ဘုရား)။

ေဩာ် – ဝဋ်သင့်နေကြတယ်၊ ဝဋ်မကျွတ်ကြသေးဘူး၊ ခင်ဗျားတို့ ဝဋ်မကျွတ်သေးတဲ့ အကြောင်းကို ရှင်းလင်းပြီး သေသေချာချာ ပြပါဆိုလို့ ရှိရင်ဖြင့် ကိလေသာတို့၏ ပြုပြင်ထားတဲ့ ရုပ်၊ နာမ်၊ ခန္ဓာကြီးထဲမှာ အို၊ နာ၊ သေ မပါဘူးလား (ပါပါတယ် ဘုရား)။

အို၊ နာ၊ သေ၊ ရုပ်နာမ်ကြီးထမ်းနေရတာ

အဲ့ဒါကြောင့် ထမ်းပြီးတော့ နေကြရတာပဲ၊ အခု ဘာထမ်းပြီးနေရတုံး (အို၊ နာ၊ သေပါ ဘုရား)။ အို၊ နာ၊ သေ၊ ရုပ်နာမ်ကြီး ထမ်းပြီး သကာလ နေရတော့ ဘယ်မှထားပစ် ခဲ့လို့လဲမရ၊ ဘုရားရှိခိုး သွားပြန်တော့လည်း ပါတယ်။ တရားအား ထုတ် နေတော့ကော (ပါပါတယ် ဘုရား) ပါနေတော့။

ေဩာ် ဝဋ်ကြီးလိုက်တာ ရုပ်၊ နာမ် အသုဘကြီးကို ထမ်းထားတယ်။ ရုပ်၊ နာမ် အသုဘကြီး ထမ်းပြီး သကာလ ထားကြရတော့ကို ရုပ်၊ နာမ်က အသုဘလည်း ဟုတ်တာပဲ၊ ဒုက္ခသစ္စာလည်း ဟုတ်တာပဲ။

အဲဒါကြီးကို ခင်ဗျားတို့ အခု တရားနာလာလည်း ထမ်းလာခဲ့ကြရ တယ်၊ တရားနာပြီး ပြန်တော့လည်း ထမ်းပြန် ရတယ်၊ မပြန်ကြရဘူးလား (ပြန်ရမှာပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ဟာ ဝန်ထမ်းသမား သက်သက်ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဝန်ထမ်းသမား သက်သက်ပဲ ဆိုတော့ အခုမှ ဝန်ချကြရပြီလားလို့ မေးတဲ့ အခါကျတော့၊ တပည့်တော်တို့ အခုအခြေအနေ ဆိုရင် အားခွန်ဗလ ရှိသေးလို့ ထမ်းလို့ ကောင်းတုန်းပဲ၊ နောက်လည်း တောင်ဝှေး ထောက်ပြီး ထမ်းရလိမ့်ဦးမယ် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဝိပါကဝဋ်ထဲရောက်နေတယ်

လေးဘက်ထောက် သွားပြီးတော့ကော (ထမ်းရမှာပါ ဘုရား)၊ ထမ်းရလိမ့်ဦးမယ် ဆိုတော့ ဝဋ်ကျွတ်ပြီလား (မကျွတ်သေးပါဘူး ဘုရား)။

ေဩာ်- ဦးဘအုန်းကြီး ဘယ်အထဲ ရောက်နေသလဲ (ဝိပါကဝဋ်ထဲ ရောက်နေပါတယ် ဘုရား)။

ဝိပါကဝဋ်ထဲ ရောက်နေတယ် ဆိုတော့ ကိုးဆယ့်ခြောက်ပါး ဝေဒနာ တွေ လာပြန်လို့ ရှိရင်လည်း ဒီခန္ဓာကြီးက အကုန်လက်ခံရတယ်၊ ငြင်းပယ်တာ များ ရှိသေးသလား (မရှိပါဘူး ဘုရား) အဲဒီဝန်တွေလည်း ထမ်းနေရတာပဲ (မှန်ပါ့)။ ရောဂါဥပါဒ် အန္တရာယ်တွေလည်းထမ်း၊ ရောဂါတွေလည်းထမ်း တယ် ဆိုတာ တခြားမဟုတ်ပါဘူး။

ဒီခန္ဓာကြီးထဲမှာ ဘယ်အခါကာလမှ အနာမကင်းဘူး ဆိုတာ သိတော့၊ ဒီအနာတွေနဲ့ ထမ်းပြီး သကာလ ခင်ဗျားတို့ မြို့ထဲ၊ ရွာထဲ လည်နေတာပဲ ဆိုရင် လည်း အမှန်ပဲလို့ ဆုံးဖြတ်ချက် ချရမှာပဲ (မှန်လှပါ ဘုရား) ဝိပါကဝဋ်ကောင်ကြီးကို ခင်ဗျားတို့ ဝိပါကဝဋ်ကောင်ကြီး အတွက် ဘယ်လောက် ထိအောင် ဝဋ်သင့်နေသတုံး ဆိုရင်ဖြင့် ဟိုအိမ်မှာ ရစရာရှိရင် သွားတောင်းပြီး သူ့ကျွေးရ။

တောင်းခံပြီးကျွေးနေရတာ

ဒီအိမ်မှာ ရစရာရှိရင်လည်းသွားတောင်းပြီး သူ့ကျွေးရ ဆိုတော့ ေဩာ် တောင်းခံပြီး ကျွေးနေ ရတယ် (မှန်ပါ့)။

ခင်ဗျားတို့ကတော့ ကိုယ့်လုပ်စာနဲ့ ကိုယ်ရှာရတယ်လို့ ထင်နေတယ်၊ မဟုတ်ပါဘူး၊ တောင်းစား နေရတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တောင်းစားပြီး သကာလ ဝဋ်ကောင်ကြီးကို ကြီးပွားအောင် လုပ်မနေ ရဘူးလား (လုပ်ရပါတယ် ဘုရား)။ ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးရထားတာက တောင်းစားတဲ့ ဘဝမျိုးလည်း ကြုံပြန်၊ အနာတွေ အပြည့်အစုံနဲ့ ခန္ဓာကြီး ရထားတာက ဆုံပြန်။

ထမ်းပိုးပြီး သကာလ လည်ရတာလည်း လူပုံအလယ်မှာ မလည်ရဘူး လား (လည်ရ ပါတယ် ဘုရား)၊ လည်ရတော့ ကံကောင်း အကြောင်းသင့် လို့ တောင်းစားနေရတာလား၊ အနာတွေ ဖက်နေရတာလားလို့ မေးတဲ့အခါ ကျတော့ ခင်ဗျားတို့က ခွေးနာ လည်ပြတ်ကြီး မြင်မှ ဝဋ်ခွေးကြီးလို့ ထင်တယ် (မှန်ပါ့)။

မဟုတ်ပါဘူး၊ ကိုယ်လည်း ဒီလို လည်နေတယ် (မှန်ပါ့) ရိပ်မိကြပြီ လား (ရိပ်မိပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့သည် ယခုအနေ ဝဋ်ကျွတ်ပြီလားလို့ မေးတယ် (မကျွတ်သေးပါ ဘုရား)။ မကျွတ်သေးဘူး၊ ကိလေသဝဋ်၏ အရှိန်အစော် အာနုဘော်ကော ကျွတ်ပြီလား (မကျွတ် သေးပါ ဘုရား)။

ဝိပါက အကျိုးပေးထားတဲ့ ဝဋ်ကော (မကျွတ်သေးပါ ဘုရား)။ ဘယ်တော့ ကျွတ်မှာတုံးလို့ မေးတဲ့ အခါကျတော့ ဝဋ်ကိုဖြတ်နိုင်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရသေးသရွေ့ ကာလပတ်လုံး ဘယ်တော့မှ မကျွတ်ဘူး (မှန်ပါ့) သဘောကျပြီလား (မှန်ပါ)။

ဝဋ်ကျွတ်ချင်ရင်

ဝဋ်ကို ကျွတ်ချင်တဲ့ ပုဂ္ဂိုလ်သည်၊ ဝဋ်ကို ကျွတ်စေတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရသေး သရွေ့ ကာလပတ်လုံး၊ ဘယ်အခါ ကာလမှ ဦးချစ်ခ ကျွတ်လိမ့်မယ်လို့ မအောက်မေ့ပါနဲ့ (မှန်ပါ့) ဒါဖြင့် အခု ကိုယ့်ဝဋ် ကိုယ်သိပြီလား (သိပါပြီ ဘုရား) ကိုယ့်ဝဋ် ကိုယ်သိပြီနော်။

ကံက စီမံသလို ခံရတော့ ရောဂါ အမျိုးစုံ ပေါက်လာပြီး ကံနာ၊ ဝဋ်နာ သင့်လိုက်တာ၊ မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)။ အဲဒီတော့ ကံစီမံသလို ခံမနေရဘူးလား (ခံနေရပါတယ် ဘုရား)။

အင်း ကိလေသာက အဝိဇ္ဇာမို့၊ တဏှာက ခိုင်းလိုက်၊ စီမံလိုက် ပြုလိုက်ပြန်လို့ရှိရင်လည်း၊ ဒီ ရုပ်နာမ်ခန္ဓာကြီးဟာ မထ, မကြွဘဲနဲ့ နေလို့လည်း မဖြစ်ဘူး၊ မသွားမလာဘဲနဲ့ နေလို့မဖြစ်ဘူး။

ကိလေသာက စီမံလည်း ကိလေသာတန်ခိုး အရှိန်အစော် အာနုဘော် ကို ကျော်လွန်ပြီး သကာလ သူက မသွားနိုင်ဘူး (မှန်ပါ့) ကိလေသာ ခိုင်းစေရာကော (လုပ်ရမှာပါ ဘုရား)။ လုပ်ရတော့ ေဩာ် သူသည်ကားလို့ ဆို ကျွန်ဝဋ်ကောင် (မှန်ပါ့)။

ကံသုံးပါးက တစ်ပါးပါး စီမံလိုက်ပြန်တော့ ခံရတာပဲ။ ဒါဖြင့် ကျွန်ဝဋ်ကောင်ပေါ့၊ သူက တော်လှန်ပြီး ကျုပ်မလုပ်ချင်ဘူးလို့ ကျုပ်ဒီအဖြစ်မျိုး မကြုံချင်ဘူးလို့ သူကငြင်းဆန်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါရဲ့လား (မရှိပါ ဘုရား)။ မရှိတော့ ခင်ဗျားတို့ ဘာတွေတုံးလို့ မေးလို့ရှိရင်ဖြင့် ဝဋ်မကျွတ်သေးတဲ့ ပုဂ္ဂိုလ်တွေ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အဖြစ်ဆိုးသိပြီလား

ေဩာ်-ဒါဖြင့် ဝဋ်မကျွတ်သေးတော့၊ ကိုယ့်ဝဋ်ကျွတ်ကြောင်း တရားရပါပြီလားလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် ဝဋ်ကျွတ်ကြောင်း တရားက လည်း မရသေးလို့နော် (မှန်ပါ)။ ကိုင်း- ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်အဖြစ်ဆိုး သိပြီလား (မှန်ပါ့)။

အခု ဘယ်အထဲ ရောက်နေတုံး (ဝိပါကဝဋ်ထဲပါ ဘုရား)။ ဝိပါကဝဋ်ထဲ ရောက်နေတယ်၊ အဲဒီတော့ ခင်ဗျားတို့ သူများကို ကဲ့ရဲ့ သဂြိုလ် စကားတင်းဆိုလိုက်ပါနဲ့၊ ကိုယ်မှ ဝဋ် မကျွတ်သေးဘဲ မဟုတ်ဘူးလား (မှန်ပါ)။

မျက်စိတစ်ဖက် မပါတဲ့လူ၊ လက်တစ်ဖက် မပါတဲ့လူကျတော့ကို သနားစရာ ကောင်းလိုက်တာ၊ ဝဋ်ကောင်လေး၊ မင်းကကော ဘာတုံးလို့ မေးရင်ကော ဘယ့်နှယ် ဖြေမှာလဲ (ဝဋ်ကောင်လေးပါ ဘုရား)။ ဟိုက ဝဋ်ကောင်လေးဆိုရင် ဒီက ဝဋ်ကောင်ကြီး ဆိုရုံပဲ ရှိမှာပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေက ဘာဆိုကြမယ် (ဝဋ်ကောင် ကြီးပါ ဘုရား)။ ဒီဝဋ်ကောင်ကြီး သည်ကားလို့ ဆိုလို့ရှိရင် ဘာတွေ ထမ်းပြီး သကာလ နေရသတုံး ဆိုတော့ အို၊ နာ၊ သေ။

အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အထည်ကြီးထမ်းပြီး နေရတယ်။ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အထည်ကြီး ထမ်းပြီး သကာလ ဟိုမှာ သွားလိုက်၊ ဒီမှာ သွားလိုက်၊ ဒီမြို့ထဲတွင် လျှောက်လည်ပြီး သကာလသွားလိုက်၊ ခင်ဗျားတို့ သမ္မာဒိဋ္ဌိ မျက်လုံး အမှန်အကန်နဲ့ တပ်ကြည့်မယ် ဆိုလို့ရှိရင်ဖြင့် ဒီကောင်ကြီးနဲ့ လျှောက်လည်နေရတာ အရှက်ကွဲ လည်နေတာနဲ့လည်း တူတယ် (မှန်ပါ့)။

အရိယာမျက်လုံးနဲ့ တပ်ကြည့်မယ်ဆိုရင် ခင်ဗျားတို့ ဘယ်အဖြစ်နဲ့ လည်နေတာတုံး (အရှက်ကွဲနဲ့ လည်နေပါတယ် ဘုရား)။ ဒါ ကိုယ့်ကိုယ်ကို အရှက်ခွဲ လည်နေတယ် မဟုတ်ဘူးလား (မှန်ပါ့) ဟိုအိမ်သွားလိုက် ပြန်လို့ရှိရင်လည်း၊ ဟိုအိမ်မှာပဲ အနာပေါက်ပြီး သကာလ ဟိုအိမ်မှာပဲ ကျင်ကြီး၊ ကျင်ငယ် အစရှိသည်တို့ကို စွန့်ခဲ့ရ ။

ဟိုအိမ်မှာပဲ ကုလားထိုင်နဲ့မှီပြီး ထိုင်ခဲ့ရတာဟာ ကောင်းကောင်း နေလို့ မရလို့ပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဒီမှာလည်း အနာပေါက်ပြီး ကျင်ကြီး ကျင်ငယ် စွန့်ရတာ မပြောတော့ပါဘူးဗျာ၊ ဝဋ်ကောင်မှန်း သိနေတဲ့ဥစ္စာ၊ ရိပ်မိကြပြီလား။

ဒကာ ဒကာမတို့ ခင်ဗျားတို့ သင့်နေတဲ့ဝဋ်သည်၊ ဘယ်နေရာမှာ စိတ်တိုင်းကျ ကိုယ်တိုင်းကျ နေလို့ရပါသလဲ (ဘယ်နေရာမှ မရပါ ဘုရား)။ ဘာကြောင့်မရတာလဲ (ဝဋ်ကောင် မို့ပါဘု ရား)။ ဝဋ်ကောင်မို့၊ ဝဋ်မကျွတ်သေးတော့ ဝဋ်ရှိသလိုခံဟေ့ (မှန်ပါ) သဘောကျပလား (မှန်လှပါ ဘုရား)။

ဘယ်လောက်ကြာကြာခံရမှာတုံး

ဝဋ်ရှိသလို ခံရတယ်ဆိုတော့ ဦးချစ်ခ၊ ဘယ်လောက် ကြာရှည် ခံရမှာတုံးဘုရားလို့ မေးလို့ ရှိရင်ဖြင့်၊ ဟောဒီ ကိလေသ ဝဋ်မချုပ်သရွေ့ ဒီကမ္မဝဋ် ခံရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ခင်ဗျားတို့က ေဩာ်- ဒါဖြင့် ဒီဝဋ်ဖြတ်မှပဲ ဒီဝဋ်ဖြတ်ရင် ဒီဝဋ်ပြတ်မှာပဲ၊ ဒါမှသာလျှင် ဒီဝဋ်ကျွတ်မှာပဲ ဆိုတာတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား) သေချာ ပါတယ်၊ ကိလေသဝဋ်ကုန်မှ ကမ္မဝဋ်ကုန်မှာကိုး၊ ကမ္မဝဋ်ကုန်သွားမှ ဝိပါကဝဋ် ကျွတ်မယ်ဆိုတော့။

ဪ-တို့ကလည်း ဒီကံတွေပဲ အခုလုပ်လျက် (မှန်ပါ့)။ ဒီကိလေသဝဋ်ကလည်း ခန္ဓာထဲ ပေါက်ပွားလျက် (မှန်ပါ) ပေါက်ပွားလျက် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သို့သော် ခင်ဗျားတို့ ဒီလောက်နဲ့တော့ မရှင်းသေးပါဘူး ရှင်းနိုင်သရွေ့ ရှင်းပြပါဦးမယ်၊ ဒီလောက်နဲ့တော့ မရသေးဘူး၊ ဦးဘတင်ရဲ့ (မှန်လှပါ ဘုရား)။

ရှင်းပြရမယ်၊ ခင်ဗျားတို့ အခုလူ့ဘဝ ရုပ်နာမ် ရနေကြတယ်၊ ရုပ်နာမ်ရတော့ အမိ ဝမ်းခေါင်းထဲမှာ ပဋိသန္ဓေက အစ ဘဝနိကန္တိက လောဘဇော ဆိုတာက ကိုထွန်းဦး လာပြီ (မှန်ပါ)၊ ဟင်း- တစ်ခါတည်း ပါမလာဘူးလား (ပါလာပါတယ် ဘုရား)။

ပါလာတော့ လောဘဇော ဆိုတာသည် သူနဲ့ သဟဇာတဖြစ်တဲ့ အဝိဇ္ဇာနဲ့ မတွဲဘူးလား (တွဲပါတယ် ဘုရား) တွဲတော့ သူတို့က အမိ ဝမ်းခေါင်းထဲ ရောက်လို့၊ ခဏလေး တစ်စက္ကန့်လောက် နေရင် ကိလေသဝဋ် ရောက်လာတယ်၊ သဘောကျပြီလား (မှန်ပါ)။

ကိလေသဝဋ်ကြောင့်ဘာဖြစ်သတုံး

အဲဒီတော့ နဂိုလာတာက ကိလေသဝဋ်ကြောင့် ဘာဖြစ်သတုံး (ကမ္မဝဋ်ပါ ဘုရား)၊ ကမ္မဝဋ်၊ ကမ္မဝဋ်ကြောင့်ကော (ဝိပါကဝဋ်ပါ ဘုရား)။

ဝိပါကဝဋ်ဆိုရင် ဝိပါကဝဋ်ထဲမှာ၊ တစ်စက္ကန့်လောက် အမိဝမ်းခေါင်းထဲ ကလလရေကြည် ဖျတ်ခနဲတည်ကာရှိ သေးတယ်၊ ကိလေသဝဋ် နှစ်ခု ရောက်လာတယ်၊ မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပါကဝဋ်ထဲက ဘာပေါက်ပွားသတုံးလို့ မေးပါ (ကိလေသဝဋ် ပေါက်ပွား ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ခန္ဓာ၊ ရုပ်၊ နာမ် မရဘူးလား၊ ရမှာလား (ရမှာပါ ဘုရား)။ ရောဂါ ဝေဒနာတွေ ကကော ဝိပါကဝဋ် ထဲမှာ မပေါက်ပွားဘူးလား (ပေါက်ပွား ပါတယ် ဘုရား)။

ပေါက်ပွားပုံရှင်းပြမယ်

ပေါက်ပွားပုံ ရှင်းပြမယ်၊ လူရုပ်နာမ် ဆိုတာက လူထဲမှာလည်း မင်းသည် ကားလို့ဆိုရင်၊ စီးပွားဥစ္စာ ရတနာ အားဖြင့်ဖြစ်စေ၊ အမျိုးအားဖြင့် ဖြစ်စေ၊ ရုပ်ရည် ရူပကာယအားဖြင့် ဖြစ်စေ၊ မင်းအညံ့စား ရှိသေးတယ်လို့ အဝိဇ္ဇာက တရား ဟောတယ်။ တဏှာက ဒီထက် ကောင်းတာ ရချင်တယ် ဆိုတဲ့ ဥစ္စာလာတယ် မလာဘူးလား (လာပါတယ် ဘုရား)။ ဒါ အမိဝမ်း ခေါင်းထဲက ကတည်းက သူတရားစဉ် ဟောလာလိုက်တာ၊ အပြင်ဘက် ကျလာတော့လည်း သူတို့နှစ်ခုက ဟောလျက်ပဲ (မှန်လှပါ ဘုရား)။ မင်းဟာ သူများကိုကြည့်၊ သူများ တိုက်ဘယ်နှစ်လုံးနဲ့ နေရတယ်၊ တိုက် ဘယ်နှစ်ထပ်နဲ့ ကား ဘယ်နှစ်စီးနဲ့ နေရတယ်။

အဝိဇ္ဇာနဲ့တဏှာ

မင်းဖြစ်ထွေက နည်းနည်း ညံ့နေသေးတယ်၊ ဒီတော့ မင်းဖြစ်ထွေက ညံ့သေးတယ်လို့ ဆိုတာက မိစ္ဆာဉာဏ် အဝိဇ္ဇာ က ဟောနေတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် သူတို့လို ကြီးပွားအောင် ကျုပ်လုပ်မယ် ဆိုတော့၊ အဝိဇ္ဇာနဲ့ တဏှာ မပေါက်ပွားဘူးလား၊ ပေါက်ပွား သလား (ပေါက်ပွားပါတယ် ဘုရား)။

ပေါက်ပွားတော့ ခင်ဗျားတို့ ဘာလုပ်ကြမှာလဲလို့ မေးတဲ့ အခါကျတော့ အရှင်ဘုရား ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ကြိုးစားလိုက်ရလို့ ရှိရင် ဘယ်မရဘဲ နေမှာတုံး၊ လာပြီ ကမ္မဝဋ်က (မှန်ပါ)။

ကမ္မဝဋ်လာတယ်

ကံတွေ မလုပ်ပေဘူးလား၊ လုပ်မှာလား (လုပ်ပါ တယ် ဘုရား)။ အခုလောကမှာ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ ဆိုတဲ့ ကံတွေ လုပ်မှာလား၊ မလုပ်ဘူးလား (လုပ် ပါတယ် ဘုရား)။ ကာယကံ၊ ဝစီကံ၊ မနောကံတွေ လုပ်တဲ့ အခါကျလို့ရှိရင်၊ ဒီမှာ ကမ္မဝဋ်လာ ဖြစ်ထိုက်၊ မဖြစ်ထိုက် (ဖြစ်ထိုက် ပါတယ် ဘုရား)။

ကမ္မဝဋ်လာလို့ ရှိရင်ဖြင့် ဒီမှာ စုတေမနေ သေလွန်ရင် ဝိပါကဝဋ် ဆိုတဲ့ ရုပ်နာမ်၊ ခုနကထက် ကြီးတဲ့ ရုပ်၊ နာမ်ပေါ်မယ်၊ မပေါ်ဘူးလား ပေါ်မှာလား (ပေါ်မှာပါ ဘုရား)။

ကိလေသဝဋ်ပေါက်ပွားတယ်

တစ်ပတ်ရပြီလား (ရပါပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့် ဝိပါကဝဋ်ထဲ မှာ ကိလေသဝဋ် ပေါက်ပွာ းသောကြောင့်၊ ယခုအချိန်မှာ ခင်ဗျားတို့ ကိလေသဝဋ် ပေါက်ပွားတုန်းပဲ (မှန်ပါ) အင်း ဘယ်အထဲက ပေါက်ပွား တာတုံး (ဝိပါကဝဋ်ထဲက ပါ ဘုရား)။ ရုပ်နာမ် ဝိပါကဝဋ်ထဲက (မှန်လှပါ ဘုရား)။

တစ်ခါတည်း လူချင်းတူတူ သူချင်းမျှမျှ ဖြစ်ချင်တာ၊ နတ်ချင်းတူတူ နတ်ချင်းမျှမျှ ဖြစ်ချင်တာ ဆိုတော့ ခုနက ကံတွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။ လုပ်တဲ့အခါ ဒီထဲမှာ အဝိဇ္ဇာနဲ့ တဏှာက တရားဟော လိုက်တဲ့အခါကျတော့ ဒီကံတွေလုပ်ဖြစ်မှာပဲ (မှန်ပါ)။

ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္စာဘိသင်္ခါရ တစ်ခုခုပေါ့ဗျာ မလုပ်ပေဘူးလား (မှန်ပါ)။ ဒါဖြင့် ကိလေသဝဋ်ထဲ ဘာပေါက်ပွားတုံး (ကမ္မဝဋ်ပါ ဘုရား)။ အဲ- ကိလေသ ဝဋ်ထဲက နေပြီး ကမ္မဝဋ် ပေါက်ပွား တော့ ဒီရောက်ပြန်တာပဲ (မှန်ပါ)။

ဒါဖြင့် ဝိပါကဝဋ်ထဲမှာ ကိလေသဝဋ် ပေါက်ပွားတယ် (မှန်ပါ) ကိလေသဝဋ် ပေါက်ပွားခြင်း ကြောင့် ကမ္မဝဋ်လုပ်ဖြစ်တယ်၊ ကမ္မဝဋ် လုပ်ဖြစ် သောကြောင့် ဝိပါကဝဋ်ကောင် နောက်ဘဝ မလာဘူးလား၊ လာမှာလား (လာမှာပါ ဘုရား)။

လာရင် ဘယ်သူရောက်မယ် ထင်တုံး (ကိလေသဝဋ် ပါ ဘုရား)။ ကိလေသဝဋ် ဒီအထဲက ပေါက်ပွားဦးမှာပဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဲဒီတော့ ကမ္မဝဋ် ဖြစ်နိုင် မဖြစ်နိုင် (ဖြစ်နိုင် ပါတယ် ဘုရား)။

အဝိုင်းပြေးနေတယ်

ဒါဖြင့် ခင်ဗျားတို့သည် ထွက်ပေါက် ရှိသလား၊ အဝိုင်းပြေး သလားသာ မေးပေတော့ (အဝိုင်းပြေး နေပါတယ် ဘုရား) တစ်သံသရာလုံး ဒီအဝိုင်း ပြေးလာတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တစ်သံသရာလုံး ဘာလုပ်လာကြတုံး (အဝိုင်းပြေး လာကြပါ တယ် ဘုရား)။ ဪ ဖြစ်ချက်နှယ် ဆိုးလိုက်တာ ဦးချစ်ခ (မှန်ပါ့) ဒကာသိုက် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။ ဘယ်လို နေခဲ့ကြရတာ တုံးဗျ (အဝိုင်းပြေး နေခဲ့ကြရပါတယ် ဘုရား)။

အဝိုင်းပြေးပြေးနေခဲ့တော့ နားခွင့်ပါသလားလို့ မေးကြည့် (မပါပါ ဘုရား)။ မပါဘူးတဲ့ ဝိပါကဝဋ် ထဲမှာလည်း ကိလေသဝဋ်က ပေါက်ဖွားတော့ ကမ္မဝဋ် ဆက်လုပ်တာပဲ (မှန်ပါ)။

ဝိပါကဝဋ်ဆိုတဲ့ရုပ်နာမ်ပေါ်တယ်

ကမ္မဝဋ် ဆက်လုပ်တော့ ဝိပါကဝဋ်ဆိုတဲ့ ရုပ်နာမ် မပေါ် ပေဘူးလား (ပေါ်ပါတယ် ဘုရား)။ ပေါ် သည်နှင့် တစ်ပြိုင်နက် ကိလေသဝဋ်က အရင်မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။

ရောက်သည်နှင့် တစ်ပြိုင်နက် ကမ္မဝဋ် ဒီဘက်လှည့် မလာဘူးလား (လာပါတယ် ဘုရား)။ ကမ္မဝဋ် လာရင် ဒီဘက်က ဝိပါကဝဋ်ကော (ပေါ်ပါတယ် ဘုရား)။

ပေါ်ရင် သူ့အထဲ ဘယ်သူပေါက်ပွားဦးမှာတုံး (ကိလေသဝဋ်ပါ ဘုရား)။ ကိလေသဝဋ် နှစ်ပါးက လာဦးမှာပဲ ကိလေသဝဋ် နှစ်ပါးလာလို့ရှိရင် သူဘာတွေ လုပ်မယ်ထင်တုံး (ကမ္မဝဋ်ပါ ဘုရား)။

ကမ္မဝဋ်လုပ်ပြန်တော့ ကံသုံးပါး ပေါ်ဦးမှာပဲ၊ ကံသုံးပါး လာလို့ရှိရင်ဖြင့် ဒီဝိပါကဝဋ် ရုပ်နာမ်ဟာ (ပေါ်ပါတယ် ဘုရား)။ ပေါ်ရင် သူ့အထဲက ဘာပေါက်ပွားမှာလဲ (ကိလေသဝဋ်ပါ ဘုရား)။

ဘယ်တော့ဆုံးဦးမှာတုံး

ကိလေသဝဋ် ပေါက်ပွားလို့ရှိရင် ဒီဘက်ဘာဖြစ်မယ် ထင်တုံး (ကမ္မဝဋ် ဖြစ်မှာပါ ဘုရား)၊ ဘယ်တော့ ဆုံးဦးမှာတုံး (မဆုံးပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါ တစ်သံသရာလုံး နေခဲ့ရတာ ဘုရား အစရှာမတွေ့ဘူး။

“အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗာ ကောဋိ န ပညာယတိ’’

ဘိက္ခဝေ =ငါ၏ချစ်သား တပည့်များတို့၊ အယံ သံသာရော= ဤ ပဋိသန္ဓေ အို၊ နာ၊ သေရေး ဘေးအတန်တန် ရန်အဝဝ ဆိုတဲ့ သံသရာကြီး၏။ ပုဗ္ဗာ ကောဋိ =အစကလေးကို၊ န ပညာယတိ = မမြင်နိုင်ဘူးကွ။

ဝိုင်းနေလို့ မမြင်တာ (မှန်လှပါ ဘုရား) ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။ လူတစ်ယောက်၏ အစမြင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဘာပြုလို့တုံး (ဝိုင်းလို့ပါ ဘုရား)။

ဝိုင်းနေတဲ့ဥစ္စာဆိုတော့ ကြက်ဥဟာ ဝိုင်းမနေတာတောင်မှ အစရှာ မတွေ့ဘဲနဲ့၊ တကယ် အလုံးဝိုင်း နေတာကျတော့ ဘယ့်နှယ် လုပ်ရှာကြမှာလည်း (မှန်ပါ)။

ဟင် အစရှာမတွေ့တော့ တကယ် လုံးဝိုင်းနေတာသည် အစရှာတွေ့ စရာ အကြောင်း ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် အခုကိုယ့်ဟာ ကိုယ်ဝိုင်းကြောင်းကို ဆရာသမားက ပြောလို့ ခင်ဗျားတို့ သေသေချာချာ သိပါပြီ။

နိဗ္ဗာန်ဆိုတာဘာတုံး

ဒီအဝိုင်းဇာတ်ကိုဖြင့် ယခုအခါမှာ သတ်ရင်သတ်၊ မသတ်ရင် ဒီအဝိုင်း ဇာတ်သိမ်းဖို့ မမြင်ဘူး (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာတုံး၊ ဒီဝဋ်သုံးပါး ကျွတ်တဲ့နေရာကွ (မှန်ပါ)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဒီဝဋ်သုံးပါးကျွတ်တဲ့ နေရာပါ ဘုရား)။ ဒါဖြင့် ဝဋ်လည်မှန်းသိမှ ဝဋ်ကျွတ်ချင်မှာပေါ့၊ ဝဋ်လည်မှန်းမသိရင် ဝဋ်မကျွတ်ချင်ဘူး ဆိုတာ ပေါ်ကြပြီလား (မှန်ပါ)။

ေဩာ်- ဒါဖြင့် နိဗ္ဗာန်သည်ကားဆိုလို့ရှိရင်ဖြင့် ရုပ်၊ နာမ် ရှိနေရင်လည်း နိဗ္ဗာန် မဟုတ်ဘူး၊ ဝိပါကဝဋ် (မှန်ပါ)၊ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ အရူပကံတွေ ရှိနေရင်လည်း နိဗ္ဗာန် မဟုတ်ဘူး (မှန်ပါ)။ ကမ္မဝဋ် ဖြစ်နေ တယ်။

အဝိဇ္ဇာနဲ့ တဏှာ ရှိနေပြန်တော့ကော (ကိလေသဝဋ်ပါ ဘုရား) ဒါဖြင့် ဝဋ်ကျွတ်ရာ ဌာနမှာ ရုပ်၊ နာမ်ရှိသလား။ မရှိသလားလို့ မေးဖို့ မလိုတော့ဘူး၊ (မှန်ပါ)၊ လိုသလာ (မလိုတော့ပါ ဘုရား)။ ရုပ်ရှိရှိ၊ နာမ်ရှိရှိ၊ အတွဲရှိရှိ (မှန်ပါ)။

ဘာဝဋ်ဆိုကြမှာလဲ (ဝိပါကဝဋ်ပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်သည် ဝဋ်ကျွတ်ရာဌာန ဆို သဖြင့် ဒီကံ၏ စွမ်းရည် သတ္တိ တွေမရှိတဲ့ နေရာ၊ ကိလေသာ ၏ စွမ်းရည်သတ္တိနဲ့လည်း မထိခိုက်တဲ့နေရာ (မှန်ပါ)။

ဝိပါကဝဋ်နဲ့လည်း မဆက်သွယ်တဲ့နေရာ (မှန်ပါ) ရှင်းပြီလား ။ (ရှင်းပါပြီ ဘုရား)။ နိဗ္ဗာန်သည်ကား လို့ဆိုရင် ဝဋ်သုံးပါးနဲ့ ဆက်သွယ် သေးသလားလို့ မေးရင် ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြေမှာလဲ (မဆက်သွယ်ပါ ဘုရား)။

နောက်တုန်းကဘယ်လိုနေခဲ့ရသတုံး

ဒါဖြင့် အဝိုင်းပြေးက ဒီကျမှ လွတ်မယ် (မှန်ပါ)။ ကဲ ဒါဖြင့် ကျုပ်တို့ နောက်တုန်းက ဘယ်လို နေခဲ့ရသတုံး ဆိုတဲ့ အဓိပ္ပာယ် ယနေ့ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုနေခဲ့ရသလဲ (အဝိုင်းပြေးပါ ဘုရား)။ ကိလေသဝဋ်ပြီး တော့ ဘယ်သွားကြရတုံး (ကမ္မဝဋ်ပါ ဘုရား)။ ကမ္မဝဋ်ပြီးတော့ကော (ဝိပါကဝဋ်ပါ ဘုရား)။ ဝိပါကဝဋ်ထဲ ဘာပေါက်ပွားတုံး (ကိလေသ ဝဋ်ပါ ဘုရား)။

ကိလေသဝဋ်ပေါက်ပွားတော့ ကိလေသဝဋ်က ဘာလုပ် ပြန်တုံး (ကမ္မဝဋ်ပါ ဘုရား)။ ကမ္မဝဋ် လုပ်ပြန်တော့ ဘာတွေ့ရပြန်တုံး (ဝိပါကဝဋ် ပါဘု ရား)။ ဝိပါကဝဋ်ထဲ ဘာပေါက်ပွား ပြန်တုံး (ကိလေသဝဋ်ပါ ဘုရား)။ ကိုင်း- တစ်ညလုံးဖြေ ဒီအတိုင်းပဲ လှည့်နေမှာပဲ။ ရိပ်မိကြပြီလား ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ဘယ်လောက် ဖြေနေနေ။

သတ္တဝါအစမသိဘူးတဲ့

အဲဒီတော့ “အဝိဇ္ဇာ နီဝရဏာနံ တဏှာ သံယောဇနာနံ” တဲ့ အဝိဇ္ဇာ တဏှာတို့၏ စွမ်းရည်သတ္တိ ကြောင့် ဘုရားပွင့်လာလို့ သူသိတာ၊ -ဒီဝဋ် လည်တာကွ၊ ငါအစမသိဘူး ဆိုပေမယ့်လည်း သတ္တဝါအစသာ မသိတာပါ။

သတ္တဝါဖြစ်ကြောင်းအစတော့ ငါသိပါတယ်၊ ရှင်းပြီလား (မှန်လှပါ ဘုရား) သတ္တဝါ အစတော့ ငါမသိဘူး၊ သတ္တဝါဖြစ်ကြောင်း အစတော့ သိတယ်၊ ဒါဖြင့် အထည်ကို ငါမသိဘူး (မှန်ပါ)။

ဖြစ်ကြောင်းအစတော့သိတယ်

အကြောင်းတော့ သိပါတယ်၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည် သတ္တဝါတို့၏ အစကို မသိဘူးဆိုတဲ့ ဥစ္စာ၊ အထည်အစကို မသိတာ၊ ဖြစ်ကြောင်း အစတော့ သိပါတယ်။ အဲဒီလို တစ်ခါတည်း စိတ်ထဲမှာ လေးလေးနက်နက် မှတ်ထားရမယ် (မှန်ပါ)။

ဘုရားက သတ္တဝါ တစ်ဦးတစ်ယောက် အစကို မသိဘူး လို့ ဒီလိုမယူ လိုက်နဲ့ သဘော ကျပြီလား (ကျပါပြီ ဘုရား)။ အထည်အစကိုတော့ ပြောလို့မဆုံးလို့ မပြောတော့ဘူး။

အထည်အစ ဘယ်ဘဝက ဘယ်ဘဝ၊ ဘယ်ရုပ်နာမ်က ဘယ်ရုပ်နာမ် လို့၊ ဒီလိုသာ ဝေဖန်နေမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။ ဘုရားဖြစ်တဲ့ နေ့က စပြီး ဦးချစ်ခရဲ့ ဖြစ်စဉ်ကို နောက်ဆုတ် ဟောရင် ဘယ်ဘဝက တက်လာတယ်၊ နောက် ဘယ်ဘဝက တက်လာတယ်။

အဝိဇ္ဇာနဲ့တဏှာစတယ်

ဘုရားပရိနိဗ္ဗာန်စံသည် အထိ ဟောတောင် မကုန်ဘူးတဲ့၊ ဘယ်လောက် သူ အဝိုင်းပြေး နေတယ် ဆိုတာ ဟုတ်ပြီလား (မှန်ပါ)။ သို့သော်လည်း အထည်နဲ့ ဟောလို့ ရှိရင်တော့ မကုန် ဘူးကွ၊ ပရမတ်နဲ့ ပြောရမယ်ဆိုတော့ အဝိဇ္ဇာ တဏှာက စတာ ပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အထည်နဲ့ ပြောလို့ရှိရင်ဖြင့် မကုန်နိုင်ဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အထည်နဲ့ ပြောရင် ဘာတုံး (မကုန်ပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ပျင်းဖို့၊ မုန်းဖို့၊ ငြီးငွေ့ဖို့ အချိန် ရောက် မရောက် (ရောက်ပါပြီ ဘုရား)၊ ရောက်လို့ရှိရင် ဒီ နိဗ္ဗာန်ကို သဘောကျရမယ်။

ကိုယ်နေခဲ့ရတဲ့ အရိုးတောင်နှယ်ပုံခဲ့တာကြီး သဘော ကျလို့ရှိရင်ဖြင့်၊ ေဩာ်- ဒီအဝိုင်း ပြေးကြောင့် အရိုးပုံခဲ့ရတာပဲ ဆိုပြီး သကာလ၊ အရိုးတို့၏ ချရာလွတ်တဲ့နေရာ၊ အရိုးမကျတဲ့နေရာ၊ သံသရာကြီး အဝိုင်းပြေးမှ လွတ်တဲ့ နေရာကိုဖြင့် သွားမှပဲဆိုတဲ့ဥစ္စာ ခင်ဗျားတို့သည်….။

အမောငြိမ်းရာကိုသွားချင်တယ်

အဝိုင်းပြေး ပြေးနေတဲ့ပုဂ္ဂိုလ်မှာ မောမှန်းသိရင် အမော ငြိမ်းရာကို သွားချင်တယ်၊ ဟုတ်ရဲ့လား (မှန်ပါ)။ နို့မို့လို့ ရှိရင်ဖြင့် မောတာမှ မောမှန်း မသိသေးလို့ရှိရင် ပြေးကောင်းတုန်း ပေါ့ဗျာ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ေဩာ်- ဒီလိုပြေးနေတာကို ဉာဏ်နဲ့ကြည့်လိုက်တော့၊ ဘယ်အခါ ကာလမှ ဒီစခန်းနဲ့ဒီလမ်း ရပ်ခဲ့ရတယ်လို့ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ မရှိဘူးတဲ့ ခင်ဗျားတို့ စဉ်းစား ကြည့်စမ်းပါ၊ ဥပမာ- ကြမ်းပိုးတို့၊ သန်းတို့ သက်တမ်း ဆိုလို့ ရှိရင်ဖြင့် ခုနှစ်ရက်စီဆိုတော့ ခုနှစ်ရက် (တစ်ပတ်) တစ်ကောင်တည်း အဝိုင်းပြေးတာ ဟုတ်လား။

ခင်ဗျားတို့လို အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့လည်း ကိုယ့် သက်တမ်းအတိုင်း လှည့်လိုက်တဲ့ ဖြစ်ခြင်းကတော့ နည်းသလား (မနည်းပါ ဘုရား) မနည်းဘူး၊ အသက်တိုတဲ့ ပုဂ္ဂိုလ်ကတော့ အလှည့်မြန်တာပေါ့ဗျာ (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝဋ်ကျွတ်ရာ ဌာန သိကြပြီလား ဘာပါလိမ့် (နိရောဓသစ္စာပါ ဘုရား)။ ဒါကြောင့် နိဿရဏဋ္ဌော ဒုက္ခဝဋ်မှ ကျွတ်လွတ်ရသော အနက် သဘောသည် လည်းကောင်း ဆိုတော့ နိဗ္ဗာန် ဆိုတာ ဒုက္ခဝဋ်တွေ နဲ့ လုံးဝ မဆက်သွယ်ဘဲနဲ့ သူ့ဟာသူ သီးသန့်နေတာ။

နိဗ္ဗာန်ဟာဘယ်လိုနေတာပါလိမ့်

နိဗ္ဗာန်ဟာ ဘယ်လိုနေတာပါလိမ့် (သီးသန့်နေ တာပါ ဘုရား)။ သီးသန့် နေတယ်။ ဘယ်သူနဲ့ ဆက်သွယ်သေးလဲ (ဘယ်သူနဲ့မှ မဆက်သွယ်ပါ ဘူး ဘုရား)။

အို- ဒါဖြင့် သီးသန့်နေတဲ့ တရားရမှ ဝဋ်ကျွတ်တာကိုး၊ သီးသန့်နေတဲ့ တရားအာရုံ ပြုနိုင်ရင်ပဲ ခင်ဗျားတို့ ဝဋ်ကျွတ်ဖို့ ပုဗ္ဗနိမိတ် သေချာပြီ။

မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ည ဟောရမှာက ဝဋ်ကျွတ်တဲ့ နေရာဌာန၏ ကောင်းပုံကို ဟောရမယ် (မှန်ပါ)။

ကောင်းပုံကို ဟောရတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီဝဋ်အကြောင်း သိမှ သာလျှင် ဒီဘက်က ကောင်းသကိုးဆိုတာ သိမယ်၊ ဝဋ်အကြောင်းမသိရင် ကောင်းတာလည်း မသိရပါဘူး။

ဒီဘက်က နိရောဓကောင်းတယ်လို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မသိဘဲနဲ့များ ခင်ဗျားတို့ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြ၊ အားထုတ်ကြလို့ ရှိရင်ဖြင့် သူများကောင်းတယ် ဆိုလို့သာ ကိုယ်ရချင်တာ၊ လိုချင်တာပဲရှိမယ် (မှန်ပါ)။

တကယ်စင်စစ်တော့ ဒီဝဋ်ကြီး ကိုယ်တိုင်ခံစားရတာ မြင်ပြီး သကာလ ကျွတ်ချင်တဲ့ သဘောမျိုးနဲ့ တကယ်အပြေး သန်သန်နဲ့ နိဗ္ဗာန်ဆီ ပြေးချင်တာ ဟုတ်ပါရဲ့ လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် သိတဲ့ပုဂ္ဂိုလ် လှူတာနဲ့ မသိတဲ့ ပုဂ္ဂိုလ်လှူတာ၊ သိတဲ့ ပုဂ္ဂိုလ်အား ထုတ်တာနဲ့ မသိတဲ့ ပုဂ္ဂိုလ် အားထုတ်တာဟာ အင်မတန် ကွာတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ သိတဲ့ ပုဂ္ဂိုလ်က ဒီဝဋ်ကြီးကို ကိုယ်တိုင် ခံစားပြီး သကာလ လာခဲ့ရတော့။

ဒုက္ခသစ္စာတွေလုပ်နေတာ

ကိလေသဝဋ် ဆိုတာလည်း မီးဓာတ်၊ ကမ္မဝဋ် ဆိုတာတွေ လျှောက်ပြီး သကာလ ထင်ရာ လုပ်နေကြတယ် မှတ်ပါ၊ ထင်ရာ ဆိုတာ ဒုက္ခသစ္စာတွေ လျှောက်လုပ်နေတာ (မှန်ပါ) သဘော ကျရဲ့လား (မှန်ပါ)။

ဒုက္ခသစ္စာထဲ ဒုက္ခသစ္စာပီပီ နေတာ မဟုတ်သေးဘူး၊ ကိလေသာ အညှောက်တွေ ပေါက်သေးတယ် (မှန်ပါ) ကောင်းရဲ့ လားဗျာ ( မကောင်းပါ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘဝမှာ ဒီလို သိရတယ် ဆိုလို့ရှိရင်ဖြင့် ဒါ ဘုရား သာသနာ ကလည်း ရှိသေး။

ဘုရား ကိုယ်စားလှယ် များကလည်း အမွေခံပြီး ဆက်ထားလို့ပေါ့ဗျာ၊ နို့မဟုတ်လို့ရှိရင် ဒီအကြောင်း နှစ်ခု ခင်ဗျားတို့ သာသနာပ ဆိုလို့ရှိရင်ဖြင့် ဘယ်သူမှ မဟောနိုင်ဘူး (မှန်ပါ) ဟောနိုင် ပါ့မလား (မဟောနိုင်ပါ ဘုရား)။

ဝဋ်ထဲပျော်တဲ့သူတွေ

ဗြဟ္မာကြီးတွေကော ဟောနိုင်မယ် ထင်သလား (မဟောနိုင်ပါ ဘုရား) မဟောနိုင်ဘူး သူတို့ ကိုယ်၌က ဝဋ်ထဲပျော်တဲ့သူ သဘောကျပြီ လား (ကျပါပြီ ဘုရား)။ ကဲ-ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဝဋ်သုံးပါးက လည်တတ်သလားလို့ မေးရင် ဘယ့်နှယ် ပြောမယ် (လည်တတ်ပါတယ် ဘုရား)။

ဒါက ကိုယ်တိုင်ကို လည်တတ်တာလား(ကိုယ်တိုင်ကိုလည် တတ်ပါတယ် ဘုရား) ကိုယ်တိုင် လည်တတ်တာနော်၊ ကိုယ်တိုင် လည်တတ်လို့ပဲ မူးနေလောက်ပြီ၊ မမူးလောက် ဘူးလား (မူးလောက်ပါပြီ ဘုရား) ဒါကို အခုတစ်ခါ ခင်ဗျားတို့က မူးနေတာ အားမရသေးလို့ နောက်တစ်ခါ ဝိပါကဝဋ် ထဲမှာ ခင်ဗျားတို့ ခုတရားနာနေတဲ့ ရုပ်၊နာမ်..

ဒီအထဲက နေပြီး သကာလ ရောင်းကြ၊ ဝယ်ကြ၊ မသိသလို နေလိုက် ထိုင်လိုက်တာ တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) မသိလို့ မသိစား မသိသွားတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

မသိတာက အဝိဇ္ဇာ၊ စားတာက တဏှာဟုတ်လား၊ မသိလုပ်ဆိုရင် ကော မသိတာက (အဝိဇ္ဇာပါ ဘုရား) လုပ်မိတာက (တဏှာပါ ဘုရား) ဒါဖြင့် မသိစား၊ မသိသွား၊ မသိနေ၊ မသိထိုင်တွေက ဒီအထဲ ပေါက်ပွားနေတယ် (မှန်ပါ)။

အတော်ခက်နေပြီ၊ ဟ လည်တာကြာလှပြီ၊ လည်တာက ဘယ်လောက် ကြာခဲ့ပြီတုံး (ကြာပါပြီ ဘုရား) ဒီဘဝကော ခင်ဗျားတို့ အလည်ရပ်ဖို့ အလုပ်လုပ်ပါသလားလို့ မေးရလိမ့်မယ် (မလုပ်သေးပါ ဘုရား)။

လည်တဲ့အလုပ်ပဲ ကြိုးစားနေကြသလားလို့ မေးဖို့ မသင့်ဘူးလား (သင့်ပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့ ကိုယ်တိုင် ဖြေကြည့်၊ ဘယ့်နှယ်ဖြေကြမှာ – လဲ (လည်နေတာပါ ဘုရား) ဖြစ်မှဖြစ်ရလေဗျာ။

ယီးတီးယားတား မှတ်မနေနဲ့

အတော်ကို ဆိုးနေတာ၊ ယီးတီးယားတား မှတ်မနေကြပါနဲ့ ဒကာ ဒကာမတို့ ဒီနေ့တရားမှာ အခုလည်လို့ ဝိပါကဝဋ် မကျွတ်ခင်က ကိလေသဝဋ် စတာရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပါကဝဋ်ကျွတ်ပြီလား (မကျွတ်သေးပါ ဘုရား) မကျွတ်သေး ပါဘူးတဲ့၊ ဒီဘဝမှာ အသက် ငါးဆယ် ရှိတယ်၊ ခြောက်ဆယ် ရှိတယ်၊ သုံးဆယ်ရှိ တယ်၊ လေးဆယ် ရှိတယ်လို့ ဆိုတာ ခင်ဗျားတို့ ဝိပါကဝဋ်ထဲမှာ နေတာ၊ ဒီအထဲက နေပြီးသကာလ လည်ဖို့ကို အဆင်သင့် ပြင်ထားပြီလားလို့ မေးရင် ဘယ့်နှယ်ဖြေမှာလဲ (ပြင်ထားပါတယ် ဘုရား)။

ဘယ့်နှယ်ဖြစ်နေတာတုံး၊ ဟင်-တကယ့်ကိုဆိုးတာဗျ ဦးလှ (မှန်ပါ) တကယ်ဆိုးတယ် ဆိုတာ ပေါ်ကြပြီလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ေဩာ် – ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်မတန်မှ ကြောက်စရာ ကောင်းနေ ပါပေါ့လား ဆိုတဲ့ ဥစ္စာဟာ ကိုယ့်အဖြစ်ကို ကိုယ်မသိသေးတော့ လူဆိုတာ ဒီလို လုပ်စားရတယ်၊ ဒီလိုဆိုလို့ ရှိရင်ဖြင့် ဘယ်လူဖြစ်မှာလဲ။

ဟုတ်တယ်ထင်ပါရဲ့

လူ့အောက်ကျမှာပေါ့ဆိုပြီး သကာလ ခင်ဗျားတို့ကို အဝိဇ္ဇာက တရား ဟော၊ တဏှာက တရားနာသမား၊ ဟုတ်တယ် ထင်ပါရဲ့ဆိုပြီး ကံတွေ လျှောက်လုပ် မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။ ကာယကံ၊ ဝစီကံတွေ ပေါ့ဗျာ (မှန်လှပါ ဘုရား)။

လုပ်တော့ကို ကာယကံ၊ ဝစီကံတွေကလည်း ကမ္မံ ဝိပါကော စ ဆိုတဲ့ အတိုင်း၊ ကံလုပ်ပေါ့ အကျိုးပေး ရဦးမှာပဲဆိုပြီး သကာလ လူရုပ်နာမ်ကနေပြီး တိရစ္ဆာန် ရုပ်နာမ် လုပ်လိုက်တာပဲ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

တိရစ္ဆာန် ရုပ်နာမ်လုပ်ပြန်တော့ တိရစ္ဆာန်သည် ဘယ်လို စိတ်ကူး ပေါက်ပြန်သတုံး ဆိုရင်ဖြင့် ရုပ်နာမ် ပေါ်လာလို့ ရှိရင် ဝိပါကဝဋ်၊ ဝိပါကဝဋ်ဆိုရင် တိရစ္ဆာန် အဝိဇ္ဇာနဲ့ တိရစ္ဆာန် တဏှာက လာပြန်တာပဲ (မှန်ပါ)။

ချာချာလည်နေတယ်

ကိလေသဝဋ် ပြန်ပေါက်ပွားတာပဲ၊ သဘောကျပြီလား (မှန်ပါ)။ ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ယနေ့ တရားနာရတာ ချာချာလည် မနေဘူးလား (နေပါတယ် ဘုရား)။

ကိုယ့်ဖြစ်စဉ်ပြောနေတာ ဘယ့်နှယ်နေကြသတုံး (ချာချာလည် နေပါတယ် ဘုရား) ချာချာလည် နေတာပဲတဲ့။ အဲဒီ ချာချာလည် နေတော့ကို ကြည့်ရတာကိုပဲ မူးသင့်တယ်၊ မိုက်သင့် တယ်၊ သို့သော်လည်း ခင်ဗျားတို့က မမူးနိုင်၊ မမိုက် နိုင်ဖြစ်ပြီး သကာလ ဝိပါက ဝဋ်ထဲမှာ ဘာတွေများ တည်ထောင်ကြပါလိမ့်မလဲလို့ မေးခွန်း ထုတ်လိုက်တယ်။

ကဲ ဝိပါကဝဋ်ထဲ ဘာတည်ထောင်မှာတုံး (ကိလေသဝဋ်ပါ ဘုရား) ေဩာ်- ကိလေသဝဋ် တည်ထောင်ပြန် တယ်ဆိုတော့၊ ဝိပါကဝဋ်ထဲမှာ ရုပ်နာမ်ပဲ ဒကာ ဒကာမတို့ အခု ရထားတဲ့ ရုပ်နာမ်၊ အဲဒီအထဲမှာ အဝိဇ္ဇာနဲ့ တဏှာက ရောက်မလာဘူးလား (ရောက်လာပါတယ် ဘုရား)။

ရောက်လာတော့ကို ခန္ဓာရုပ်နာမ်က ဝိပါကဝဋ်၊ ရောက်လာတဲ့တရား က ကိလေသဝဋ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ရထားတာက ဝိပါကဝဋ် ဒီအထဲ ပေါက်ပွားလာတာက ကိလေသဝဋ်၊ သြော်- ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ဘယ့်နှယ်ကြောင့်။

ဒီ ကိလေသဝဋ်ကြီး ပေါက်ပွား လာပြန်ပါလိမ့်မတုံးလို့ ဦးချစ်ခ မေးလို့ရှိ ရင်ဖြင့် လည်လက်စ မသတ်ချင်လို့ (မှန်ပါ့) ဒါပဲ အဖြေထွက်တယ် (မှန်ပါ) ဒိအပြင် ဘာအဖြေထွက်တုံး ဘယ်လို ဖြေကြမယ် (လည်လက်စ မသတ်ချင်လို့ပါ ဘုရား) နို့မလည်ရသေးလို့ လည်ချင် တာလားလို့ (လည်ခဲ့ပြီးပါပြီ ဘုရား)။

ခေါင်းပြောင်းချင်တဲ့အဓိပ္ပါယ်

လည်စရှိလို့ လည်ချင်တာ (မှန်ပါ) အတော်ကို ဆိုးနေပါလား ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ခင်ဗျားတို့ ဘာလုပ်ချင်သေးသတုံး ဆိုတော့ ခေါင်းပြောင်းချင်တဲ့ အဓိပ္ပါယ် (မှန်ပါ) ရှင်းပြီလား ဘာလုပ်ချင်ကြတုံး (ခေါင်းပြောင်းချင်ကြပါတယ် ဘုရား)။

ခေါင်းပြောင်းချင်တဲ့ အဓိပ္ပါယ်ပဲဆိုတော့ ယခုလူခေါင်းနဲ့ စုတေစိတ်ကျ မယ် (မှန်ပါ) ကိလေသဝဋ် ဆိုတာကြီးက ဒီခေါင်းမပြောင်းခင် သူက ပေါက်ပွားတဲ့အခါကျတော့၊ အကုသိုလ် အဝိဇ္ဇာနဲ့တဏှာ ပေါ်လာတယ်ဆိုပါတော့၊ ပေါ်လာတော့ အဝိဇ္ဇာနဲ့တဏှာကြောင့် ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ ။

အကုသိုလ်တွေ မလုပ်ပေဘူးလား၊ လုပ်မှာလား (လုပ်ပါတယ် ဘုရား)။ လုပ်တဲ့ အခါကျတော့ ဒီဝိပါကဝဋ်လည်း ကျွတ်ကရော၊ တစ်ခါတည်း ခင်ဗျားတို့သည် တိရစ္ဆာန်ခေါင်း ပြောင်းပြီး သကာလ မသွားရဘူးလား သွားရမှာလား (သွားရမှာပါ ဘုရား)။

ဥပတိဒေဝီမိဖုရားကြီး

ဝိပါကဝဋ်လည်း ကျွတ်ရော ခေါင်းပြောင်း ထွက်သွားတယ်၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ဥပတိဒေဝီ မိဖုရားကြီးကနေပြီး နောက်ချေးပိုးထိုး ခေါင်းကို ပြောင်းတယ် (မှန်ပါ)။ ဘာခေါင်းပြောင်းလဲ (နောက်ချေးပိုးထိုး ခေါင်းပြောင်းပါတယ် ဘုရား)။

ဦးချစ်ခ နောက်ချေးပိုးထိုးဘဝက နေပြီးမှ တက်ဖို့ ကိုယ့်ဟာကိုယ် စဉ်းစားစမ်း (ခဲယဉ်း ပါတယ် ဘုရား)၊ ဟင်- မရတော့ဘူး ဆိုကြပါစို့ဗျာ၊

ကျောက်ခဲလေး ရေထဲချလိုက်တာကမှ သောင်ထွန်းတဲ့ အခါ သူပေါ်ချင်ပေါ်ဦး မှာ သောင်နဲ့ရောပြီးတော့ (မှန်လှပါ ဘုရား)။

သူက ပေါ်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ သည် ဝိပါကဝဋ်ထဲမှ ကိလေသဝဋ်၊ ယခု အဝိဇ္ဇာနဲ့ တဏှာက ခိုင်းတိုင်း ခင်ဗျားတို့ လုပ်နေခြင်းသည်ကား ခေါင်းပြောင်း ချင်လို့ပဲ၊ ခင်ဗျားတို့ စွဲချက်တင်ပြီ။

မတင်နိုင်ဘူးလား (တင်နိုင်ပါတယ် ဘုရား)၊ ဘာလုပ်ချင်လို့တုံး (ခေါင်းပြောင်းချင်လို့ပါ ဘုရား)။ နောက်ချေးပိုးထိုးပဲလား၊ ဒကာ ဒကာမတွေကော ဘာများပြောင်းချင်ကြသတုံး (ဘာမှ မပြောင်းချင်တော့ ပါ ဘုရား)။

အဲ-မပြောင်းချင်လို့ရှိရင်ဖြင့် ဒီဝဋ်ကို ကျွတ်အောင် လုပ်ရလိမ့်မယ်၊ ဒီအတိုင်းသာ ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေး နဲ့ အချိန်ကုန်ပြီး၊ ဘုန်းကြီး ပြောတဲ့ မဂ်ငါးပါး၊ မဂ်ရှစ်ပါး မပေါ်လို့ရှိရင်ဖြင့် ကိုထွန်းဦး ခေါင်းပြောင်းပြီ (မှန်လှပါ ဘုရား)။

ဒိအပြင် ဘာရှိသလဲ (မရှိပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဟိုသားလေး ခင်ပြီး သေသွားတဲ့အမေ သည် တောထဲမှာ ဇလာဗုဇ ပဋိသန္ဓေနေတဲ့ ခွေးကြီး ဖြစ်ပုံဆိုတာ ဦးချစ်ခတို့ ကြားဘူးသလား (ကြားဘူးပါတယ် ဘုရား)။

လူခေါင်းက ဘာခေါင်းပြောင်းတုံး (ခွေးခေါင်းပါ ဘုရား)၊ ခွေးခေါင်း ဘာပြုလို့ပြောင်းတုံး၊ သူ့သန္တာန်မှာ သားလေးခင်တဲ့ ကိလေသဝဋ် ကလာတယ် (မှန်ပါ) ကိလေသဝဋ်က လာတဲ့အခါ စိုးရိမ်ကြောင့်ကြတဲ့ ကမ္မဝဋ်တွေ လုပ်လိုက်တယ် (မှန်ပါ)။

ခွေးမကြီးသွားဖြစ်တယ်

အဲဒီကမ္မဝဋ်လုပ်ပြီး သကာလ ကမ္မဝဋ်၏ တန်ခိုးသတ္တိ အာနုဘော်နဲ့ စုတေစိတ် ကျသွားတယ်၊ ခွေးခေါင်းကြီး တပ်ပြီး တစ်ခါတည်း ခွေးမကြီးသွား ဖြစ်တယ်။

ဒီလိုကျတော့ ခင်ဗျားတို့ဖြစ်ချင်ရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေကြမှာ လည်း (မဖြစ်ချင် ပါဘူး ဘုရား)၊ မဖြစ်ချင်ပေမယ့် အလုပ်က ဖြစ်ချင်တဲ့ အလုပ် လုပ်နေတယ်၊ အလုပ်ကတော့ ဖြစ်ချင်နေတာ (မှန်ပါ)။ ဟုတ်လား၊ အပြောကတော့ (မဖြစ်ချင်ပါ ဘုရား)။

မဖြစ်ချင်ဘူး ဘယ်ဟာ အမှန်ယူရမှာလည်း (အလုပ်အမှန်ယူရ မှာပါ ဘုရား)၊ အလုပ်အမှန် ယူရမှာပေါ့ဗျာ (မှန်ပါ) အလုပ် အမှန် ယူရမယ် ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ခေါင်းပြောင်းချင်ကြသလားလို့ ဆရာဘုန်းကြီးက မေးတယ်၊ အားလုံး ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေကြမှာတုံး (မပြောင်းချင်ပါ ဘုရား) မပြောင်းချင်ဘူး။

အမယ်လေး အခု ဦးခေါင်းနဲ့ပဲ တော်လောက်ပြီ လား ဒကာ ဒကာမတွေ။ သို့သော်လည်း ဘုန်းကြီးပြောတဲ့ အလုပ်ကို မလုပ်ရင်တော့ ဦးလှ မပြောင်းချင်လည်း ဘယ်နည်းနဲ့မဆို ပြောင်းရမယ် (မှန်ပါ)။

ဦးတိဿကြီး

မပြောင်းရင် မဖြစ်ဘူး၊ မဖြစ်ပါဘူး၊ပြောင်းရမှာပဲ ခင်ဗျား၊ ဦးတိဿကြီး ဇေတဝန် ကျောင်းပေါ်မှာ သင်္ကန်းဝတ်နေတယ် ဟုတ်လား (မှန်ပါ) သူ့ကိလေသဝဋ်က သင်္ကန်းပေါ်မှာ စွဲနေတယ်။ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ စေတနာတွေက ကမ္မဝဋ် သွားမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကမ္မဝဋ်ဖြစ်တဲ့ အခါကျတော့ စုတေလည်း သွားပါရော သန်းကြီးဖြစ် သွားတယ်၊ ဇေတဝန် ကျောင်းမှာ သန်းဖြစ်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ရဟန်းခေါင်းက သန်းခေါင်း ဖြစ်တယ်၊ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်လား (ဖြစ်နိုင် ပါတယ် ဘုရား)။

သန်းတွေဟာဘယ်ကလာသလဲ

ကဲ ကိုထွန်းဦး သန်းများ ဘယ့်နှယ်တုံးဗျာ ဖြစ်ချင်သေးရဲ့လား (မဖြစ်ချင်ပါ ဘုရား) ဖြစ်ချင်တယ်ဗျ၊ ကဲ ဒကာ ဒကာမတွေ ခင်ဗျားတို့ ခေါင်းပေါ်မှာရှိတဲ့ သန်းတွေဟာ ဘယ်က လာတယ်လို့ ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား။

ခင်ဗျားတို့ အပေါ် သံယောဇဉ်ဖြစ်ကြတဲ့ ဘိုးအေ၊ ဘွားအေ၊ အမေတွေ၊ အဖေတွေက လာတာ ဘယ်ကလာတယ်များ ထင်တုံး (ဘိုးအေ၊ ဘွားအေ၊ အမေ၊ အဖေတွေကပါ ဘုရား)။ အင်း စင်စစ်တော့ သူတို့ ဒီဘဝမှာလည်း နောက်ဘဝ သံယောဇဉ်ကလည်း အာသေဝနရှိတယ်။

သူ့သားသမီး အပေါ်မှာပဲ ပျော်နေတယ်၊ စွဲနေတယ်၊ သူ့သားသမီး အပေါ်မှာပဲ နေမယ်၊ ဒီလို တဖြစ်လဲ လာကြတာတွေကို ခင်ဗျားတို့က သန်းဥ တုပ်ရတာနဲ့၊ ဥလွှင့်ပစ်တာနဲ့၊ သူ့ခမျာ များတော့ ခေါင်းပြောင်းပြီး တမင်လာခဲ့တာ။

ဟင် – မမေ့ကြပါနဲ့ဆိုပြီး အမေတွေ အဖေတွေပါ ဆိုပြီး လာတာဗျ။ ခင်ဗျားတို့က ဒီဘဝကျမှ သွေးကြီး မွေးကြီးလုပ်ပြီး သူ့သတ်ပစ်ရတာနဲ့ သန်းဥတုပ်ရတာနဲ့ဆိုတော့ အတော် ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကလည်း တစ်ခါ ဒီအတိုင်းပဲ အဝိဇ္ဇာနဲ့ တဏှာချုပ်အောင် မလုပ်နိုင်လို့ ရှိရင် ဒီကိုယ်နီးစပ်တဲ့ သားသမီး အပေါ်မှာပဲ သွားပြီးတွယ်ဦးမှာ မတွယ်ပေဘူးလား (တွယ်ပါတယ် ဘုရား) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ပြုံးမနေနဲ့ပြုံးချိန်မရှိတော့ဘူး

ဒါဖြင့် ခင်ဗျားတို့သည် ဝဋ်ကျွတ်အောင်ဖြင့်လုပ်မှ တော်မယ် ဆိုတဲ့စိတ် ကို ယနေ့ မွေးရင်မွေး၊ မမွေးလို့ရှိရင် ခေါင်း ပြောင်းရမယ့် အခြေအနေကတော့၊ မနက်ဖန်လား၊ သဘက်လား မပြောတတ်ဘူး (မှန်ပါ)။

“အဇ္ဇဝသုဝေဝ” ကိုးဗျ

မနက်ဖြန်လား၊ သဘက်လား မပြောတတ်ဘူး။ ခေါင်းပြောင်း ရမှာဖြင့် သေချာပြီ ဒကာ ဒကာမတို့ (မှန်ပါ) ပြုံးတော့မနေနဲ့တော့၊ ပြုံးချိန်လည်း မရှိတော့ဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပြုံးချိန်ကာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

“အဇ္ဇဝ သုဝေဝ” နက်ဖြန် ကံကုန်ရင် မနက်ဖြန် ခေါင်းပြောင်းရ မယ် (မှန်ပါ) သဘက်ခါ ကံကုန်ရင် သဘက်ခါ ခေါင်းပြောင်းရမယ်။ အဲ သဘက်ခါ ပြောင်းရတော့ မယ်ဆိုတော့ လူခေါင်းက နေပြီး တိရစ္ဆာန်ခေါင်း အမျိုးမျိုးပေါ့ဗျာ။

သူ့ဒကာမအိမ်မှာခွေးဖြစ်တယ်

ပြောင်းနိုင်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ဟို သုတ္တနိပါတ်မှာ လာတဲ့ ဒကာသည်၊ သူ့ ဒကာမကို စွဲလမ်း သေသွား တာနဲ့၊ သူ့ဒကာမအိမ်မှာ ခွေးကလေး သွားဖြစ်တယ်၊ သူ့ ဒကာမကို ခင်လွန်းလို့ကို ခွေးဖြစ်တယ်၊ ဒီ ဒကာမကလည်း ခွေးနဲ့ သူနဲ့ဟာက ခွေးက သံယောဇဉ်ရှိလို့ သူ့နောက် သွားတိုင်းလိုက်ဖြစ်နေတော့။

သူ့မှာ ခွေးမုဆိုးမလို့ အခေါ်ခံရတဲ့အတွက် သူနာမည် ပျက်မှာစိုးရိမ်လို့ ခွေးကိုသူကပဲ သတ်တယ်၊ မသတ်ဘူးလားဗျာ (သတ်ပါတယ် ဘုရား)။ သတ်တဲ့ အခါ ကြောင်ဖြစ်တယ်၊ သတ်ပြန်တယ်၊ မြွေစိမ်း ဖြစ်တယ် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

သံယောဇဉ် ဘယ်လောက်စွဲလဲ (စွဲပါတယ် ဘုရား) ခေါင်းဘယ် လောက်ပြောင်းသွားလဲ (အမျိုးမျိုး ပြောင်းပါတယ် ဘုရား)။ ဒကာ ဒကာမတို့ အဲဒီတော့ သိပ်ပြီးတော့ ကြွားမနေနဲ့ ဝဋ်ကျွတ်မှ ကြွားပါ။ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ဝဋ်ကျွတ်မှကြွားကြပါ

ဘယ်အခါ ဘယ်အချိန်မှ ကြွားလုံးဝလုံး ထုတ်ရမှာတုံး (ဝဋ်ကျွတ်မှပါ ဘုရား) ဝဋ်ကျွတ် မှကြွားပါ ဦးချစ်ခရ (မှန်ပါ)။ ယခုကြွားနေတာ ကတော့ ခဏလေးပဲ ခေါင်းမပြောင်းခင်ပါ။ တော်တော်ကြာ ချိုကြီးကားယားနဲ့ လာချင်လာမှာပါ။ မလာပေဘူးလား (လာပါတယ် ဘုရား)။

လာမယ်၊ လာမယ်၊ ဒကာ ဒကာမတို့ အစွယ်နဲ့ မလာပေဘူး လား (လာမှာပါ ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဝဋ်မကျွတ်သရွေ့ ကာလပတ်လုံးဖြင့် စိတ်ချ လက်ချနေတဲ့ ပုဂ္ဂိုလ်ဖြင့် ရူးလို့ရင်လည်း ဖြစ်လိမ့်မယ် (မှန်ပါ)။

ရာဂုမ္မတ္တက

ရာဂုမ္မတ္တက ဆိုတာ လောဘနဲ့ ရူးနေတဲ့ပုဂ္ဂိုလ် (မှန်ပါ) ဒေါသကြီးတဲ့ ပုဂ္ဂိုလ်က ဒေါသုမ္မတ္တက၊ မောဟကြီးပြီး ဖြစ်ပျက်တွေ မေ့နေတဲ့ပုဂ္ဂိုလ်က မောဟုမ္မတ္တက၊ အဲဒီ အရူးသုံးခု တစ်ခုခုဖြစ်လို့ သာလျှင် ခင်ဗျားတို့ဝဋ်ကို မကျွတ်ချင်တာ၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ဒေါသုမ္မတ္တက

ဝဋ်ကျွတ်ချင်တဲ့စိတ် မပါတာသည် အရူးသုံးမျိုးတွင် တစ်မျိုးမျိုးဖြစ်လို့ပဲ (မှန်ပါ)။ ရာဂုမ္မတ္တက ဆိုတာ လောဘနဲ့ ရူးနေတာ၊ လောဘနဲ့ ပစ္စည်းရှာနေကြတာ ဆိုကြပါစို့ဗျာ၊ ဒေါသုမ္မတ္တက ဆိုတာသည် မကျေနပ်ပွဲကြီးနဲ့ ချည်းနေတာ။

မောဟုမ္မတ္တက

မောဟုမ္မတ္တကဆိုတာ ဘယ်ခါကာလမှ ရုပ်နာမ်ဓမ္မ ဖြစ်ပျက်ကို မသိဘဲနဲ့နေတာ၊ အဲဒီတော့ ဥမ္မတ္တက ဘယ်နှစ်မျိုး ရှိတုံး (သုံးမျိုးပါ ဘုရား) သုံးမျိုးရှိတယ်။

အဲဒီသုံးမျိုးဖြစ်ခဲ့ရင်ဖြင့် မကျွတ်ချင်ဘူး (မှန်ပါ)။ သဘောကျပြီ လား (မှန်ပါ)။ အရူးသုံးမျိုး ဖြစ်နေသေးရင်ဖြင့် ကျွတ်ချင်တဲ့စိတ် မရှိဘူး (မှန်ပါ့)။ အရူးသုံးမျိုး ဘဝမှ လွတ်ပြီးသကာလ၊ ဆရာကောင်း သမားကောင်းနဲ့ ကလျာဏမိတ္တနဲ့ ပေါင်းလို့၊ အခုလို ဝဋ်လည်တာကို ပြမယ့် ဆရာနဲ့တွေ့လို့ ရှိရင်ဖြင့်။

အရူးလည်း မဟုတ်လို့ရှိဖြင့် ယနေ့ကျွတ်ပါရစေတော့ ဘုရားလို့ လာမှာပဲ၊ မလာပေ ဘူးလား၊ လာမှာလား (လာမှာပါ ဘုရား)။ အင်း ဒါ-လူထဲမို့ပြောတာပါ၊ အိမ်ရောက်ပြီဆို ဒီဥမ္မတ္တက သုံးမျိုးထဲက တစ်ခုခုတော့ ဗွေဖောက်လာတယ်၊ မဖောက်ပေဘူးလား (ဖောက်ပါတယ် ဘုရား)။

လူကြီးတွေမို့အားတော့နာပါတယ်

ဖောက်လို့ရှိရင်ဖြင့် ဒီဝဋ်ကို သတိရဦးမှာလား (မရပါဘူး ဘုရား)။ မရတော့ဘူးလို့ဆိုရင် ခင်ဗျားတို့ အတွက်ဟာ စိတ်ချစရာ မရှိသေးဘူး။ ခေါင်းပြောင်းဦးမယ် (မှန်ပါ)။ ဒကာ ဒကာမတွေ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့ ပြောရတာ အားတော့ နာပါတယ်၊ ပြောင်းမှာက သေချာ တယ်၊ ဒီလူကြီး တွေဟာ လူကြီး လူကောင်းတွေပဲ ဆိုပြီးသကာလ အားတော့ နာစရာပဲ၊ သို့သော် အဝိဇ္ဇာနဲ့ တဏှာချုပ်တဲ့ နည်းကို မလုပ်လို့ရှိရင်ဖြင့် အရူး မဖြစ်ဘူးလား၊ ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တဲ့အခါကျလို့ရှိရင်ဖြင့် သူ့အတွက် စိတ်ချရပြီလား၊ ခေါင်းပြောင်း တာသည် သူ့အလုပ်ပဲလားလို့ မေးကြည့် (ခေါင်းပြောင်းတာ သူ့အလုပ်ပါ ဘုရား) ရိပ်မိကြပြီလား (မှန်ပါ)။

ခင်ဗျားတို့အတွက် ကဲ အားလုံး ဒကာ ဒကာမတွေ စိတ်ချစရာရှိရဲ့ လား (မရှိပါဘူး ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ကိုယ့်အမေအရင်းရဲ့ ခေါင်းကခွေး ခေါင်းပြောင်းပြီး နေလည်း ထမင်းရည်ပူနဲ့ ပက်လွှတ်မှာပဲ၊ မလွှတ်ပေဘူးလား (လွှတ်မှာပါ ဘုရား) လွှတ်မှာပဲ။

ဒါ ကိုယ့် အိမ်ထဲထားနိုင်ပါ့မလား (မထားနိုင်ပါ ဘုရား)။ မထားနိုင်ဘူးတဲ့၊ ဒါဘာဖြစ်သွားလို့ မထားနိုင်တာလဲ (ခေါင်းပြောင်းသွားလို့ပါ ဘုရား)။ ခေါင်းပြောင်းတဲ့ဒဏ်ချက် မသေးဘူးနော် (မသေးပါ ဘုရား)။

ခေါင်းပြောင်းတဲ့ဒဏ်ချက်က သေးသလား (မသေးပါ ဘုရား)။ ဟို ခုနက ခွေးဖြစ်သွားတဲ့ ကလေးမဟာ၊ သူ့သား ကိုယ်၌ကပဲရိုက်တယ်၊

မရိုက်ဘူးလား (ရိုက်ပါတယ် ဘုရား)။ ကဲ-ဒါ ဘာပြုလို့ အရိုက်ခံရတာတုံး (ခေါင်းပြောင်း လို့ပါ ဘုရား)။

အဲ-လှည့်မိလို့ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဝဋ်သုံးပါး လှည့်မိလို့ ခေါင်းပြောင်း တယ် ဆိုတာ လှည့်တာ မဟုတ်လား၊ လှည့်မိလို့ အရိုက်ခံရတာ (မှန်ပါ)။ ဘယ်သူက ရိုက်သတုံး ဆိုတော့ ချစ်လှစွာသော သားက ရိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမေခွေးဖြစ်နေမှန်းမသိလို့

ဒကာ ဒကာမတို့ ဘယ်သူကရိုက်တာတုံး (ချစ်လှစွာသော သားကပါ ဘုရား)။ ရိုက်တာ ချစ်လှစွာသော သားကရိုက်တယ်၊ ဘာပြုလို့တုံးဆို တော့ သူ့အမေခွေးဖြစ်နေမှန်း မသိလို့ရိုက်တာ (မှန်ပါ)။

ခွေးဖြစ်အောင်လုပ်တဲ့လူဟာ အရိုက်ခံရတာတောင် နည်းသေး တယ် (မှန်ပါ) သဘောကျ ပြီလား (ကျပါတယ် ဘုရား)။ ခင်ဗျားတို့ ဖြစ်စဉ်က ဆိုးလွန်းလို့ပြောပါတယ်၊ ခင်ဗျားတို့ကလည်း အဲဒီဥစ္စာ ကျတော့ ရေစက်မချပဲနဲ့ ခွေးဖြစ်တယ် (မှန်ပါ)၊ သဘောကျပြီလား (မှန်ပါ)။

ဆုမတောင်းဘဲနဲ့ဖြစ်တယ်။ ဒါဖြင့် ကုသိုလ်လုပ်လည်း ဆုမတောင်း ဘဲနဲ့ ရတာပဲ။ အကုသိုလ် လုပ်လည်း ဆုမတောင်းဘဲနဲ့ရတာပဲ ဟုတ်လား၊ ခွေးဘဝဖြစ်ရပါလို၏လို့ ဦးစံရီ ဘယ်သူကများ ဆုတောင်းလဲ (မတောင်း ပါ ဘုရား)။

ခွေးဖြစ်တဲ့ဝတ္ထုအတော်များတယ်

မတောင်းပါဘူးလို့ပြောတော့ ပြောကြပါတယ်၊ ဒီ သားသမီးတွေ အလိုမကျတဲ့ အခါ နင်တို့အတွက်နဲ့ ငါခွေးဖြစ်ရလိမ့်မယ်၊ မပြောဘူးလား ပြောသလား (ပြောပါတယ် ဘုရား)။ ကိုယ့်ကိုယ်ကို ဗျာဒိတ်ပေး လိုက်တာပဲ။

ခင်ဗျားတို့ သားသမီးတွေအတွက် ကြပ်ကြပ်သတိထားမှ သူတို့နဲ့ ပတ်သက်ပြီး ခွေးဖြစ်တာ ဝတ္ထု အတော်များတယ်၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ကိလေသဝဋ်မပြတ်သရွေ့ ကမ္မဝဋ်က ဘယ့်နှယ့်နေတုံး (မပြတ်ပါ ဘုရား)။

ကမ္မဝဋ် မပြတ်သရွေ့ ခေါင်းပြောင်းတဲ့အလုပ်ကကော (မပြတ်ပါ ဘုရား)။ ခေါင်းပြောင်းတဲ့ အလုပ်က ဝိပါကဝဋ်ကိုးဗျ (မှန်ပါ) ဘယ်တော့မှ မပြတ်တော့ဘူး၊ ကိုင်း- ဒါဖြင့် ဒကာ ဒကာမတွေ ဝဋ်ပြတ်ပုံကို ရှင်းပြတော့မယ်။

ဝဋ်ကိုဒီလိုလုပ်မှပြတ်မယ်

ဝဋ်ကိုဒီလိုလုပ်မှ ပြတ်မယ်ဆိုတာ မှတ်ထားကြပါ။ ကုသိုလ်ရယ် အရူပကုသိုလ်ရယ်၊ ထားလိုက်ပါတော့ဗျာ (မှန်ပါ)။ ဒါ-ကိလေသဝဋ်၊ ဒါက ကမ္မဝဋ်၊ အဲဒီမှာ ဘာရုပ်နာမ်လို့တော့ မပြောနိုင်ဘူးဗျ။

ခွေးခေါင်းပဲလား၊ လူခေါင်းပဲလားလို့ မပြောတတ်ဘူး၊ ရုပ်နာမ်တော့ ရုပ်နာမ်ပဲ (မှန်ပါ)။ ဘာကောင်တုံးလို့ဆိုမှာတုံး (ဝိပါကဝဋ်ပါ ဘုရား)။ ဝိပါကဝဋ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ လူလည်းဝိပါကဝဋ်ပဲ၊ တိရစ္ဆာန်တွေကော (ဝိပါကဝဋ်ပါ ဘုရား)။ အပါယ်လေးပါး ကောင်တွေကော (ဝိပါကဝဋ်ပါ ဘုရား)။ ဝိပါကဝဋ်ချည်းပဲဆိုတာ ကျေနပ်ကြပြီလား (ကျေနပ် ပါတယ် ဘုရား)။

ေဩာ်-ဒါက ရေသောက်မြစ်နှစ်ခု၊ ဒါက ပင်လုံးပေါ့ဗျာ ဟုတ်လား၊ ဒါက အကိုင်း အခက် ပေါ့ဗျာ (မှန်ပါ)။ သဘောကျပြီလား (မှန်ပါ)။

အပင်သေချင်ရင်အမြစ်ဖြတ်

ဒီအပင်သေချင်ရင် ဘယ့်နှယ်လုပ်ကြမလဲ (ဒီအမြစ် ဖြတ်ရမှာပါ ဘုရား) ဒီအမြစ်ဖြတ်၊ ဒကာ ဒကာမတို့ ရိပ်မိကြပြီ မဟုတ်လား (မှန်ပါ) ခုနက ဝိုင်းပြတာကိုးဗျ၊ အခုတော့ ဖြောင့်ပြ ရတယ်။

ခုနကတော့ဖြင့် ခေါင်းပြောင်း ခုတ်ခဲ့ရတာကတော့ဖြင့် မနည်းလှပါဘူး။ ကဲ ဒကာ ဒကာမတို့ အခုသစ်ပင် စိုက်ပြတယ်၊ ဒါက ရေသောက်မြစ် နှစ်ခု၊ ဒါကပင်လုံး၊ ဒါက အကိုင်း အခက်၊ ရုပ်နာမ်၊ ကောင်းပြီ ဒီအပင်သေစေချင်ရင် ဘယ့်နှယ်လုပ်မှာတုံး (အမြစ်ဖြတ် ရမှာပါ ဘုရား)။

ဝိပဿနာ, မဂ်ဓားနဲ့ဖြတ်

အမြစ်ဖြတ်ရမယ် ဆိုတော့ အမြစ်ဟာ လက်သည်းနဲ့ ဆိတ်လို့တော့ မပြတ်ဘူး၊ ပြတ်ပါ့မလား (မပြတ်ပါ ဘုရား) ဟုတ်လား၊ ဝိပဿနာဓား, မဂ်ဓားနဲ့ဖြတ်လို့ ရှိရင် ဝိပဿနာဓားက တော်တော့ကို ခုတ်ထားတာ။

တော်တော်ခုတ်ထားပြီးစမို့ ကြေလို့တဲတဲ ကျန်တဲ့ အချိန်မှာ မဂ်ဓားနဲ့ ဖြတ်မှရမယ်။ မဂ်က ကိလေသာထုသိပ် ကြီးနေရင် မရဘူး။ ဝိပဿနာဓားက အတော်ကို အရင်တေထားဦးမှ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်နှစ်စင်းကိုင်ရမှာလဲ (နှစ်စင်းပါ ဘုရား)။ ဝိပဿနာ ဓားနဲ့ မဂ်မဟုတ်လား၊ ဒီနှစ်ခုကို ကိုင်ပြီး သကာလ ခင်ဗျားတို့ ဒီအမြစ်ကို ဖြတ်လိုက်လို့ ရှိရင်ဖြင့် ဒီအပင်ဟာလည်း ခြောက်မှာပဲ။

ဒီ အကိုင်းအခက်တွေကလည်း ခြောက်မှာပဲ။ အခု သီးပွင့်နေတာတွေ လည်း လေသီး၊ လေပွင့်ဖြစ်ရမယ်။ ဒီမှာ အဝိဇ္ဇာတဏှာကလာဦးမှာကိုးဗျ (မှန်ပါ)။ ဝိပါကဝဋ်ထဲ အဝိဇ္ဇာ၊ တဏှာ လာတယ် ဆိုတာ ခုနကပြောခဲ့တဲ့ အတိုင်း လေသီး၊ လေပွင့်ဖြစ်သွားမယ်။

ဒီအမြစ်ဖြတ်လို့ ရှိရင် ဒီဘဝမှာ ဟိုဟာတွေ ပေါက်နေစေကာမူ ကြောက်စရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

နောက်ပေါက်ချင်လည်း ပေါက်မှာပေါ့ဗျာ (မှန်ပါ)။ ဘယ်လို သီးချင်သီး၊ ပွင့်ချင်ပွင့်၊ ယခုဘဝ ဒီအမြစ်ဖြတ်လိုက်လို့ရှိရင်ဖြင့် ဒီပင်လုံးကြီးကော ကျုပ်တို့နဲ့ဆိုင်သေးရဲ့လား (မဆိုင်တော့ပါ ဘုရား)။

ဟင်-ဒီအကိုင်းအခက်တွေကော (မဆိုင်တော့ပါ ဘုရား) သူက သီးပွင့်လာတဲ့ နောက်အပင် ပေါက်ဖို့ရာ တွေလည်း မရှိတော့ဘူးဆိုသဖြင့် ခင်ဗျားတို့ ဝိပဿနာဓားနဲ့ မဂ်ဓားကိုပဲ ကိုးစားရာ၊ အားထားရာရှိတော့တယ်။

ဒါန၊ သီလလောက်နဲ့မရဘူး

ဒိပြင်ဖြင့် ဘာမှမရှိဘူး (မှန်ပါ)။ သဘောကျပြီလား (မှန်ပါ)။ ဒါနလောက်နဲ့ သူကမပြေးဘူး၊ ဝေးလိုက်တာ (မှန်ပါ)။ ဒါနလောက်နဲ့များ တော့ ဒီအဝိဇ္ဇာနဲ့ တဏှာက ဘယ့်နှယ်ထင်ကြတုံး (မပြေးပါ ဘုရား)။

မပြေးဘူး၊ မပြတ်ပါဘူး (မှန်ပါ)။ သီလလောက်နဲ့များတော့ သူ့တောင် ဝိုင်းထားတယ် ဟုတ်လား၊ သူ့လုံခြုံအောင်လို့ (မှန်ပါ) သီလက အတွင်း နေတာကိုးဗျ (မှန်ပါ)။

သူက အနုသယသဘောနဲ့ အတွင်းနေတော့၊ သီလက ကာယကံ သုံးပါးနဲ့ ဝစီကံလေးပါး၊ တစ်ခါတည်း ဝိုင်းပြီး သကာလ ထားလိုက်တော့ သူ့ကို ထိခိုက်သလား (မထိခိုက်ပါ ဘုရား)။ အဲ သမထနဲ့ ကျတော့လည်း ဒီအတိုင်းပဲ၊ ခုနကထက် တင်းတင်းကြပ်ကြပ် ကလေး ဝိုင်းတာပဲ ထူးတယ် (မှန်လှပါ ဘုရား)။

သူပြတ်ပါ့မလား (မပြတ်ပါ ဘုရား)၊ မပြတ်လို့ ကျုပ်တို့ ကမ္ဘာပျက်ခါနီး ဗြဟ္မာဖြစ်လိုက်၊ တော်တော်ကြာ ကျလို့ ရှိရင် လူ့ပြည် ဆင်းလိုက်၊ လူ့ပြည်ကနေ ဒယ်အိုးရောက်သွားလိုက် (မှန်ပါ)။ ဗြဟ္မာတွေဟာ ဒီလိုမနေကြ ဘူးလား ဒကာ ဒကာမတို့ (နေပါတယ် ဘုရား)။

အလုပ်လုပ်ဖြစ်ရင်စိတ်ချရပြီ

အဲဒီလိုနေတာတွေ ထောက်လိုက်တဲ့အခါကျတော့မှ အမြစ်ပြတ် ဆေးကိုဖြင့် ဒီဘဝမှာ ခင်ဗျားတို့ သောက်ဖြစ်အောင်သောက်၊ လုပ်ဖြစ်အောင် လုပ်ဆိုလို့ရှိရင်ဖြင့် စိတ်ချရပြီ (မှန်ပါ)။

နို့မဟုတ်လို့ရှိရင် ကိုယ့်အဖြစ်ဟာ အဖြစ်ဆိုးအတိုင်းနေမှာပဲ (မှန်ပါ)။ မနေပေဘူးလား (နေပါတယ် ဘုရား)။ ဝိပါကဝဋ်ထဲ ကိလေသဝဋ်က ပေါက်နေဦးမှာကိုး (မှန်ပါ)။ အမြစ်မဖြတ်တော့ ဒီအသီးတွေဟာ အောင်မြင်မယ် (အောင်မြင်မှာပါ ဘုရား)။

အမြစ်ဖြတ်လိုက်ရင် ဒီအသီးတွေက ဘယ့်နှယ်နေမှာလဲ – (မအောင်မြင်ပါ ဘုရား)။ အဲဒီတော့ သူတို့ မအောင်မြင် အောင်လုပ်တဲ့နည်းကို ဆရာဘုန်းကြီးက နေ့တိုင်းပေးတယ်၊ မပေးဘူးလား (ပေးပါတယ် ဘုရား)။

ရှေ့ပိုင်းကဝိပဿနာအလုပ်

ပေးတော့ ဘာပေးသတုံးဆိုတော့၊ ဟေ့ ရှေ့ပိုင်းက ဝိပဿနာလုပ်၊ နောက်ပိုင်းကျလို့ ရှိရင်ဖြင့် ဝိပဿနာဉာဏ် ငါးခု နဲ့လုပ်၊ နောက်ဆုံးကျလို့ရှိရင် မဂ်ဉာဏ်ရှစ်ခုနဲ့ဖြတ် (မှန်လှ ပါ ဘုရား)။

ဒါမှ တစ်ပါး အမြစ်ဖြတ်ဆေးရှိသေးရဲ့လား (မရှိပါ ဘုရား)။ မရှိဘူးဆိုတော့ အဲဒါ ယနေ့ကစပြီး သကာလ ပုံစံနဲ့ပြသဖြင့် ခင်ဗျားတို့ အားကိုး ထားတာတွေက လွဲသေးတယ် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။

မလှူနဲ့ မတန်းနဲ့လို့ မဆိုဘူးပေါ့ဗျာ၊ လှူပါ၊ တန်းပါ၊ ပေးပါ။ ဒီဝဋ်ကျွတ်ရ ပါလို၏လုပ် သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒီ ကိလေသဝဋ်၊ ဒီ-ကမ္မဝဋ်၊ ဒီ-ဝိပါကဝဋ်ကို ကျွတ်ချင် လွတ်ချင်တဲ့ အလှူအတန်းမျိုး လုပ်လို့ရှိရင်ဖြင့် အထောက်အပံ့ရမှာ သေချာတယ် (မှန်ပါ)။

ဒီဝဋ်ကို မကျွတ်ချင်ပါဘူး၊ ခေါင်းပြောင်းချင်ပါတယ် ဆိုရင်ဖြင့် ခင်ဗျားတို့သွားပြီ (မှန်ပါ) အဝိုင်းပြေးပဲ (မှန်ပါ)။ ခေါင်းပြောင်းပြီး အဝိုင်းပြေး ရတော့ ခင်ဗျားတို့က မရှက်တတ်ရင်တော့ မပြောတတ်ဘူးဗျ။

အခုကိုရှက်စရာကြီး။ ဘာကြောင့်တုံး ဆိုတော့ ဝဋ်ကောင်တွေမို့၊ (မှန်ပါ)။ အခုကို ခင်ဗျားတို့ ကျက်သရေ မင်္ဂလာရှိတယ်များ ထင်သလား (မထင်ပါ ဘုရား)။ ဘာကောင်တွေတုံး မေးရင် (ဝဋ်ကောင်တွေပါ ဘုရား)။

ဝဋ်ကောင်တွေ

ဝဋ်ကောင်တွေ ကိုယ့်အိမ်ကိုယ့်ယာနဲ့ အမြဲနေရသလား လို့မေးလို့ရှိရင် လည်း၊ ကိုယ့်အိမ် ကိုယ့်ယာနဲ့ အမြဲနေရတဲ့ ပုဂ္ဂိုလ်မရှိဘူး (မှန်ပါ)။ သွားရ၊ ပတ်ရ၊ လည်ရ၊ ရောင်းရ၊ ဝယ်ရ၊ ပြေးရ၊ လွှားရဆိုတာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ သန္တာန်၌ ဝဋ်ကောင်ကြီးသည် လူပုံ အလယ်မှာ ကိုယ့်ကိုယ်ကို အရှက်ကွဲလည်တယ်လို့ မသိဘူး (မှန်ပါ) ခင်ဗျားတို့လည်နေတာတော့ ဘာထင်ကြတုံး (အရှက်ကွဲဖို့လည်တာ ပါ ဘုရား)။ အရှက်ကွဲဖို့ လည်တာမဟုတ်လား (မှန်ပါ)။

လူဖြစ်လာတာနဲ့ ဟိုအိမ်ရောက်၊ ဒီအိမ်ရောက် အဲဒီလို ရောက်တာတွေဟာ အရှက်ကွဲ လည်တာပဲ၊ သို့သော် ဘာပြုလို့ မရှက်သတုံးဆိုတော့ နှုတ်ခမ်းပဲ့ချင်း ဖြစ်နေတယ် (မှန်ပါ) သူလည်း လည်နေတာကိုး ကိုယ်ကတော့ကော (လည်နေတာပါ ဘုရား)။

လည်နေတော့ ဘယ့်နှယ်ဖြစ်နေသလဲ၊ ရှက်သေးရဲ့လား (မရှက်ပါ ဘုရား)။ မရှက်တော့ဘူး၊ မရှက်တဲ့လူတစ်ယောက် ဖြစ်နေတော့ ခင်ဗျားတို့ သည်ကား ကိုယ့်ဟာနဲ့ကိုယ်၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေကြတာ။

ခင်ဗျား ဘယ်ကလာ၊ ဒီကလာပါတယ်၊ အင်း-မသွားလည်း မဖြစ်ဘဲ ကိုးဗျ။ ဘယ်ကပြန်လာတုံး၊ သူ ရစရာ ရစရာရှိလို့ အေးအေး လုံ့လဝိရိယ နဲ့လုပ်မှ အစရှိသည်နှင့် တစ်ယောက် တစ်ယောက် အားပေးနေကြတယ်။

အလည်သမားချင်း အားပေးနေတယ်၊ အရှက်ကွဲသမားချင်း အားပေးနေတာ ရိပ်မိပြီလား (မှန်ပါ)၊ ဘာချင်း အားပေးနေတာတုံး (အရှက်ကွဲသမားချင်း အားပေးနေတာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ ဟိရီဩတ္တပ္ပကို မရှိသေးတဲ့ အဓိပ္ပါယ်ရောက် နေတယ်။ မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။ ဘာပြုလို့တုံးဆိုတော့ ဝဋ်ကောင်မို့ (မှန်လှပါ ဘုရား)။

ဝဋ်ကောင်ချင်းပေါင်းသင်းနေရတာ

ဝဋ်ကောင်ဆိုတော့ အရှက်ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ ဝဋ်ကောင်ဖြစ်နေတော့ အရှက်မရှိဘူး၊ ပေါင်းသင်း ရတာတွေကတော့ ဘာတွေ နဲ့ ပေါင်းသင်းနေရသလဲ (ဝဋ်ကောင် တွေနဲ့ပါ ဘုရား)၊ ဝဋ်ကောင်ချင်း ပေါင်းသင်းနေရတော့ အားလုံး ဒကာ ဒကာမတွေ။

အင်း ရှက်စရာမရှိဘူးဆိုပြီးသကာလ၊ တစ်တန်းတည်း စိတ်ထဲ မှာ ဖြစ်ပြီးသကာလ နေတဲ့အတွက်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ မဟုတ်ဘူးတဲ့၊ ဝိပါကဝဋ်ကောင်ဆိုတာ ကိုယ့်အကျိုးပေးကို လျှောက်ပြ နေတာကွတဲ့ (မှန်လှပါ ဘုရား)။ ဓမ္မပဒက (မှန်ပါ)။

ဒါဖြင့် ရွာထဲ မြို့ထဲ လည်နေတာ ဘာကို လျှောက်ပြနေတာလဲ (ကိုယ့်အကျိုးပေးကို လျှောက်ပြတာပါ ဘုရား)။ တချို့လည်း ငွေမရှိလို့ တောင်းစားရတာရှိတယ်။

တချို့ငွေနဲ့ ရောင်းဝယ်စားရတာလည်းရှိတယ်၊ သူလည်း တောင်းရ ရမ်းရတဲ့ကိစ္စတော့ လွတ်ရဲ့လား (မလွတ်ပါ ဘုရား)။ မလွတ်ပါဘူးတဲ့၊ သူ့အကြွေးရှိလို့ တောင်းတာနဲ့ အကြွေးမရှိဘဲနဲ့ အရမ်းတောင်းရတာနဲ့ ဒါပဲကွာတယ်။

တောင်းတာချင်းတော့ အတူတူပဲ (မှန်ပါ) သို့သော် ခင်ဗျားတို့က ကြွေးရှိလို့ တောင်းရတာ ကတော့ မျက်နှာကလေး တင်းတင်း ထားနိုင်တယ်၊ ဟို ပုဂ္ဂိုလ်ကတော့ မျက်နှာ တင်းတင်း မထားနိုင်ဘူး၊ အောက်ချပြီးတောင်းရ တယ်၊ အဲဒါပဲကွာတယ်။

ဒိပြင်တော့ ဘာထူးသေးတုံး (မထူးပါ ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြွေးရှိတဲ့ပုဂ္ဂိုလ်မို့ လောကကြီးထဲမှာ အရှက်တကွဲ အကျိုးနည်း လည်ပြတာကွ။

ဘာပြုလို့ ပြရသတုံးဆိုတော့ ဝဋ်ကောင်မို့ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ဝဋ်ကောင်ဆိုတော့ ကောင်းကျိုးလား၊ ဆိုးကျိုးလား (ဆိုးကျိုးပါ ဘုရား)။

အဲ ဆိုးကျိုးဖြစ်ပြီးသကာလနေတော့၊ ဆိုးကျားသည် အိမ်တွင်းနေတော့ ကိုယ့်သားမယား ရှေ့တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ် (မှန်ပါ)။ မြို့ထဲ၊ ရွာထဲလည်တော့ အားလုံး အကြားမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အဖြစ်ဆိုးကိုယ်သိပြီလား (သိပါပြီ ဘုရား)။ ကိုယ့်အဖြစ်ဆိုး ကိုယ်သိလို့ ရှိရင်ဖြင့် ဝိပါကဝဋ် ကျွတ်အောင် ဘယ့်နှယ်လုပ်ကြမှာလဲ။

ဝိပါကဝဋ် ကျွတ်ချင်လို့ရှိရင်လည်း ကမ္မဝဋ်ကိုလည်း ခင်ဗျားတို့ ဖြတ်မနေပါနဲ့၊ ဝိပါကဝဋ်က အကျိုးပေးပြီးသားမို့ မရတော့ဘူး၊ ကမ္မဝဋ်ကလည်း အကျိုးပေးတဲ့နေရာကို သူဆက် အကျိုးပေးနေမှာပဲ (မှန်ပါ)။

ကိလေသဝဋ်ကိုဖြတ်ရမယ်

မပေးဘူးလား (ပေးပါတယ် ဘုရား)၊ အဲဒီတော့ကို ကမ္မဝဋ်လည်း အားလျော့သွားအောင် ကိလေသဝဋ်ကို ဘာလုပ်ရမှာလည်း (ဖြတ်ရမှာ ပါ ဘုရား)။ ကိလေသဝဋ် ဖြတ်လိုက်တော့ ကိလေသဝဋ် ကောရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

မရှိတော့ ကမ္မဝဋ်ကော (မရှိပါဘူး ဘုရား)၊ ဝိပါက ဝဋ်ဆိုတဲ့ အရှက်တကွဲ အကျိုးနည်း ကြီးကော (မရှိပါ ဘုရား)။ အဲဒီ ဝဋ်သုံးပါးကျွတ် တယ်ဆိုတာ သူတို့ သုံးခုမရှိ တော့ကို၊ အင်း ကိလေသာ အညစ်အကြေးဆိုတဲ့ သဘောလည်း မရှိဘူး။

ကမ္မဝဋ်ဆိုတဲ့ သဘောသည်ကားလို့ ဆိုလို့ရှိရင်လည်း သတ္တဝါတွေကို ထင်ရာ သူလုပ်နေတယ်၊ ထင်သလို စီမံတယ် (မှန်ပါ)။ ထင်သလိုစီမံတယ်။ ခုနက တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင် သဘောမျိုးကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ ကျုပ်တို့သည် ဖြစ်ချင်သလို ဖြစ်ရတဲ့ ဘဝကော ကြုံဦးမှာလား၊ (မကြုံပါ ဘုရား)။ ဘာကြောင့် မကြုံပါလိမ့်မတုံးလို့ ဆက်လက်ပြီး သကာလမေးပါ။

ေဩာ်- ကိလေသဝဋ် ကျွတ်လို့ ကမ္မဝဋ်ကျွတ်ရတယ်၊ ကမ္မဝဋ်ကျွတ်လို့ ဝိပါကဝဋ် ကျွတ်ရတယ်၊ အဲဒီတော့ကို ခင်ဗျား တို့ ဒါကိုသာ ကျွတ်အောင်လုပ်၊ ကံကိုလည်း မကြောက်နဲ့ (မှန်ပါ)။

ဝိပါကဝဋ်ကော မကြောက်ပါနဲ့၊ ဘာကြောက်ရမှာတုံး (ကိလေသဝဋ် ပါ ဘုရား)။ ကိလေသဝဋ်ကို ကြောက်လိုက်လို့ ဆိုရင် ဒကာ ဒကာမတို့ ကိစ္စမပြီးဘူးလား (ပြီးပါတယ် ဘုရား)။ ဒါဖြင့် ကိလေသဝဋ်ကို ခင်ဗျားတို့ ကြောက်ရမယ်လို့ဆိုသဖြင့် ။

ကိလေသဝဋ်ကို -ကြောက်တော့ ကြောက်တာပဲ၊ ကြောက်လို့ သူ့ကိုဘယ်သူနဲ့ သတ်ရမှာတုံး လို့ လက်သည် ရှာပါ။ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ လက်သည်ရှာတော့ ဘာတွေ့တုံး (ဝိပဿနာပါ ဘုရား)။

မဂ်ဉာဏ်မှတစ်ပါးအားကိုးစရာမရှိ

ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်မှတစ်ပါး ဒကာ ဒကာမတို့ ကိုးစားရာရှိ သေးရဲ့လား (မရှိပါ ဘုရား)။ ဒါကလည်း ယခု အချိန်လုပ်ရင်လုပ်၊ နောက်ဝိပဿနာက ကွယ်မယ်၊ မကွယ်ပေဘူးလား (ကွယ်မှာပါ ဘုရား)။

သာသနာပဆို သူရှိပါ့မလား (မရှိပါ ဘုရား) မရှိတော့ ဒကာ ဒကာမတို့ အချိန်ပိုင်း ကျန်တော့တယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့ ဝဋ်ကျွတ်ချင်ရင် အချိန်ပိုင်းပဲ ကျန်တော့တယ်။

သာသနာမှာ ၂၅၀၀ လောက်တော့ကျန်ပါသေးတယ်၊ နည်းနည်းသာ လျော့ပါသေးတယ်၊ သူ့ဟာသူ သာသနာကျန်ပေမယ့် ခင်ဗျားတို့ ခန္ဓာက ဆိုင်းမှာလား၊ မဆိုင်းဘူးလား၊ ဒီအလုပ် လုပ်ရအောင် ဆိုင်းမှာလား မဆိုင်းဘူးလား မေးကြည့်ပါဦး (မဆိုင်းပါ ဘုရား)။

သာသနာ ကျန်ပေမယ့် ခင်ဗျားတို့ ခန္ဓာကဆိုင်းပါ့မလား (မဆိုင်း ပါ ဘုရား)၊ မဆိုင်းတော့ ခင်ဗျားတို့သည် ရောင်းရေးဝယ်ရေးနဲ့ပဲ အချိန်ကုန် ကြတော့မှာလား၊ ဝဋ်ကျွတ်တဲ့ အလုပ်ကို လုပ်ပြီး အချိန်ကုန်မှာလားလို့ မေးတယ်။

ဆရာဘုန်းကြီးက ခင်ဗျားတို့ ဘယ့်နှယ်လုပ်မှာတုံး၊ လူပုံအလည် ဖြေနည်းသာ ဖြေကြပါတော့ ဟုတ်ပြီလား၊ လူပုံအလည် ဖြေနည်းကတော့ ဒါပဲ။

ဒီအလုပ်ကြိုးစားတော့မယ်။ ဒီက ရှေ့ကို ခင်ဗျားတို့ ဒီအသံတော့ တညီတည်း ထွက်မှာပဲ၊ ဦးဘအုန်း မထွက်ပေဘူးလား (ထွက်မှာပါ ဘုရား)။

ထွက်တော့ထွက်မှာပဲ၊ ပြောတော့ပြောတာပဲ၊ လမ်းကျတော့လည်း ခင်ဗျားတို့ အစည်းအဝေး ဖွင့်ကြမယ် (မှန်ပါ့)၊ တာဝန်တော့ ခံခဲ့ကြတာပဲ၊ မလွှဲသာတာတွေက မနည်းဘူး၊ စလာပြီ၊ မလာသေးဘူးလားလာမှာလား (လာပါတယ် ဘုရား)။

အိမ်ကျလာပြီဆိုရင် တစ်ယောက်က အရူးထတော့ တစ်ယောက်က ထောက်ခံချက် ပေးတယ်၊ မပေးသေးဘူးလား (ပေးပါတယ် ဘုရား)၊ ဒီလိုပဲ ကျုပ်တို့လည်း တစ်ယောက်က အရူးထကာ ရှိသေးတယ်။ တစ်ယောက်က ဘာတဲ့တုံး (ထောက်ခံချက် ပေးပါတယ် ဘုရား)။

ထောက်ခံချက် ပေးတော့ ဒိပြင်တစ်ယောက်က ကန့်ကွက်မယ့်လူများ လာဦးမယ် ထင်သလား (မထင်ပါ ဘုရား)။ အို-ကျုပ်တို့ ဘဝဆိုးကြီးကိုဗျာ ဒီလိုနဲ့ ဖြည်းဖြည်း ကျွတ်ရတာပေါ့ ဆိုရင် သွားပါပြီဗျာ။

ကြာတော့ ငကန်းက တရားဟောတော့ ငကန်းတွေ ချည်း ဖြစ်ကုန်တာ ပေါ့၊ အတော်ကို ဆိုးမနေပေ ဘူးလား (ဆိုး ပါတယ် ဘုရား)။ ကဲ-ဒါဖြင့် ဝဋ်ကျွတ်ချင်တဲ့ ပုဂ္ဂိုလ်သည်၊ တကယ်တမ်း ခင်ဗျားတို့ ဝိပါက ဒုက္ခသစ္စာကို မသိလို့ ဒီအသံတွေ ထွက်နေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘာမသိတာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ ခင်ဗျားတို့ ပရိညေယျနဲ့ ပိုင်းခြားမသိလို့ဘဲ (မှန်ပါ) ကိစ္စဉာဏ်နဲ့ကော (မသိလို့ပါ ဘုရား)။

မသိတော့ ခင်ဗျားတို့ဟာ မသိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေမို့၊ တစ်ယောက်က အဆိုသွင်းရင် တစ်ခါတည်း အဆိုသွင်းတဲ့ လူနောက်ကို သဘောတူတယ်လို့ချည်း ထောက်ခံတာပဲ (မှန်ပါ)။

ထောက်ခံတယ်ဆိုလို့ရှိရင်ဖြင့် ဥပမာ – ဒီကုမ္ပဏီ ကလေးတော်တယ် လို့ မိတ်ဆွေ သင်္ဂဟကို သွားပြောရင်၊ ကျုပ်လည်း အစုထည့်ပါရစေဦး၊ ရှယ်ယာ ထည့်ပါရစေဦးလို့ မလာဘူးလား (လာပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ထောက်ခံတာတွေ ဘာတွေ အသာ ထားပြီး သကာလ၊ ဘုန်းကြီးဟောတဲ့ တရားကိုမှတ်ရမယ်။ မျက်လုံးမှိတ်ပြီး လိုက်မယ်ကွလို့၊ ဒီလိုမှတ်ရမယ် (မှန်လှပါ ဘုရား)။

ရွာထဲ ရပ်ထဲမှာ ပြောကြ၊ ဆိုကြ ထောက်ခံကြတာတွေ ကတော့ဖြင့်၊ အရူးဗုံတီး မြှောက်တာပဲလို့ စိတ်ကပြင် (မှန်ပါ)၊ မပြင်သင့်ဘူးလား (ပြင်သင့်ပါတယ် ဘုရား)။ တို့ကလည်း ပုထုဇဉ် အရူးခုနက အရူးသုံးပါးခွဲပြလိုက် တယ် (မှန်ပါ)။

အဲဒီတော့ ကျန်တဲ့ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုယူကြမှာ လဲ ခင်ဗျားတို့၊ ဗုံတီးတဲ့ ပုဂ္ဂိုလ်၊ ငါ-ရူးလို့ ဗုံတီးတာ (မှန်ပါ)၊ ဘယ်လိုဆိုကြ မှာတုံး (ငါရူးလို့ ဗုံတီးတာပါ ဘုရား)။

ငါ ရူးလို့ ဗုံတီးတာဆိုလို့ရှိရင်၊ ကိုယ့်ဟာကိုယ် ရူးမှန်းသိတဲ့ ပုဂ္ဂိုလ်ကျတော့ ခင်ဗျားတို့ ဗုံတီး ပေးတာကို ကျုပ်သည်ကား လုံးဝမကြိုက်ဘူးလို့ လုပ်ရမယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီလိုဆိုလို့ရှိရင် အရူးပျောက်မယ် (မှန်ပါ)။ ဒီလိုပဲ နေရသေး တာပဲ၊ ဟိုကထောက်ခံပြီး သကာလ တစ်စတစ်စပေါ့ဗျာ၊ ခင်ဗျား မစိုးရိမ်ပါနဲ့ ဖြုန်းကနဲတော့ မသေသေးပါဘူး၊

အရွယ်နဲ့ ကြည့်လိုက်တဲ့အခါ အသက်အတိုင်း နေမယ်ဆိုရင်ဖြင့် အများကြီး နေသာ ပါသေးတယ် (မှန်လှပါ ဘုရား)။

နောက်လုပ်စရာ အချိန်တွေ အများကြီး ရှိသေးတယ်လို့ ဗုံတီးပေးနေ တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဟိုပုဂ္ဂိုလ်တွေကလည်း ဟုတ်သားပဲ၊ သွားစရာရှိတာ မြန်မြန်သွားမှပဲ ဆိုပြီး လုပ်တော့တာပဲ အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ချင်း ဘယ်သူကပဲ အရူးကို ဗုံတီးပြီး မြှောက် မြှောက်၊ မမြှောက်ပါနဲ့ (မှန်ပါ)။ ကိုထွန်းဦး မြှောက်ချင်သေးသလား (မမြှောက်ချင်ပါ ဘုရား)။

မဂ်ဓားနဲ့ဖြတ်ရမယ်

ဟုတ်ကဲ့လား ခင်ဗျားတော်တော်ကြာ လက်တို့ မြှောက်နေရင် ခက်တယ်၊ ပါးစပ်ကတော့ မပြောဘူး လက်တို့ပြီး မြှောက်တာက ရှိသေးတယ်၊ ကိုင်း – ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဓားနဲ့ ဖြတ်မှသာလျှင် အဝိဇ္ဇာနဲ့ တဏှာ ဘာဖြစ်မယ် ထင်တုံး (ပြတ်မှာပါ ဘုရား)။

ပြတ်မယ်၊ မဂ်ဓားနဲ့မဖြတ်သရွေ့ကာလပတ်လုံး (မပြတ်နိုင်ပါ ဘုရား) ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ကမ္မံ ခေတ္တံ ဝိညာဏံ ဗီဇတဏှာ သိနေဟော” လို့ ဟောပြီဗျ (မှန်လှပါ ဘုရား)။

ကမ္မံ =ကံသည်၊ ခေတ္တံ =လယ်နှင့်တူ၏။ တဏှာ =တဏှာသည်၊ သိနေဟော = ရေနှင့်တူ၏။ ဟုတ်လား (မှန်ပါ)။ ဝိညာဏံ = မင်းတို့စိတ်ဝိညာဏ် နာမ်ရုပ်တရားတို့သည်၊ ဗီဇံ = မျိုးစေ့နဲ့ တူ၏ (မှန်ပါ)။

လာပြန်ပြီ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ စက်ဆုပ် အောင်ဟောနေတာ၊ ဒီကနေ့ နိဿရဏဋ္ဌကို အချိန် နည်းသွားလိမ့်မယ်၊ ရောက်မှရောက်ပါ့မလား မပြောတတ်ဘူး၊ ဝတ္ထုတစ်ခုက ထုတ်လာလို့။

လယ်နဲ့တူတယ်

ဒကာ ဒကာမတို့ ကုသိုလ်ကံ အကုသိုလ်ကံသည် ဘာနဲ့ တူသတဲ့။ လယ်နဲ့တူတယ်၊ ကမ္မံ ခေတ္တံ လယ်နှင့်တူ၏ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ကံဟာ ဘာနဲ့တူသလဲ (လယ်နဲ့ တူပါတယ် ဘုရား)။

ရေနဲ့တူတယ်

လယ်ဟာ လယ်ခြောက်ကြီး ရေမသွင်းလို့ရှိရင်ဖြင့် ဘာပင်ပဲစိုက်စိုက် ရပါ့မလား (မရပါ ဘုရား)။ မရတော့ကိုတဲ့ အဝိဇ္ဇာနဲ့ တဏှာသည် သိနေဟော = ရေနှင့် တူ၏တဲ့၊ ဒီကံထဲမှာ ဒီရေသွင်းပါတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မျိုးစေ့နဲ့တူတယ်

ဒီကံထဲမှာ ဒီရေသွင်းလို့ရှိရင်ဖြင့် ဝိညာဏံ – ခင်ဗျားတို့ စိတ်ဝိညာဏ် သည်၊ ပဋိသန္ဓေ ဝိညာဏ်သည်၊ ဗီဇံ မျိုးစေ့နှင့် တူ၏။ လယ်ထဲမှာ ရေတွေက လည်းရှိနေတယ်၊ မျိုးစေ့ချတယ်ဆိုလို့ရှိရင်ဖြင့် ဒီအပင်သည် (ပေါက်မှာပါ ဘုရား)။

အသီးတွေကော (သီးမှာပါ ဘုရား) အားလုံး ဝေဆာလာမှာပဲ ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့သည် ကံက ဘာနဲ့တူသတုံး (လယ်နဲ့တူပါတယ် ဘုရား) ကောင်းပြီ ခင်ဗျားတို့ သားတွေ၊ သမီးတွေ၊ မြေးတွေ မြစ်တွေ ခင်တာက ဘာနဲ့တူသတုံး (ရေနဲ့ တူပါတယ် ဘုရား)။

စိတ်ကဘာနဲ့တူသတုံး

ခင်ဗျားတို့စိတ်က ဘာနဲ့တူသတုံး (မျိုးစေ့နဲ့တူပါ တယ် ဘုရား) ဒါဖြင့် လည်းကောင်း၊ ရေလည်းကောင်း ဆိုတော့ ဒီမျိုးစေ့ကြီးကဖြင့်ဗျာ ပေါက်ချင်တဲ့ အပင် ပေါက်တော့မှာပဲ (မှန်ပါ) လူပင်ကော (ပေါက်မှာပါ ဘုရား)။

အင်း တိရိစ္ဆာန်ပင်တွေကော (ပေါက်မှာပါ ဘုရား)။ အပါယ်ပင်တွေကော (ပေါက်မှာပါ ဘုရား)။ ဒါ ဘယ့်နှယ်ကြောင့် ပေါက်ပါလိမ့်မတုံးဆိုတော့ ဟောဒီကံရှိနေလို့ (မှန်လှပါ ဘုရား)။

ဟောဒီလောက်တောင် ပေါက်ချင်နေတာသည် ကံရှိနေလို့၊ ဟောဒီ ရေသွင်းနေလို့ ဟောဒီ မျိုးစေ့ပေါက်ရတယ် (မှန်ပါ) သဘောကျပြီ လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လယ်လည်းမရှိမှ၊ ရေလည်းမရှိမှ၊ ဒီမျိုးစေ့ သုဉ်းသွားမယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာမရှိမှတုံး (လယ်လည်းမရှိမှ ရေလည်း မရှိပါ ဘုရား)။

မျိုးစေ့ဘာဖြစ်မှာတုံး (သုဉ်းသွားပါ့မယ် ဘုရား) သုဉ်းသွားမယ်၊ ဒါဖြင့် ခင်ဗျားတို့ကလည်း ရေမရှိလို့ရှိရင်လည်း ခင်ဗျားတို့က မနေတတ်၊ ကံမရှိရင်လည်း ခင်ဗျားတို့ကဪ ခက်နေတာပဲ။

ကံသည်ဘာနဲ့တူသတုံး

ကံများ ဘယ့်နှယ်နေကြတုံးလို့တောင် လျှောက်မေးနေ ကြသေးတာဗျ (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေကံ ဘယ့်နှယ်နေတုံးလို့ မမေးကြ ဘူးလား (မေးပါတယ် ဘုရား) အင်း ကံရှိလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကံသည် ဘာနဲ့တူသတဲ့ (လယ်နဲ့တူပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့တဏှာကဘာနဲ့တူသတုံး

လယ်နဲ့တူတယ်၊ အဝိဇ္ဇာနဲ့တဏှာက ဘာနဲ့တူသလဲ (ရေနဲ့တူပါ တယ် ဘုရား)။ ခင်ဗျားတို့ စိတ်တွေကကော (မျိုးစေ့နဲ့တူပါတယ် ဘုရား) လယ်ကလည်း လယ်ကောင်း။

ရေကလည်းရေကောင်း၊ မျိုးစေ့ကလည်း မျိုးစေ့ကောင်းဆိုရင် ပေါက်လိုက်မယ့် ဖြစ်ခြင်းပေါ့ဗျာ (မှန်ပါ)။ ပေါက်ပြီး သကာလ ဒီအတိုင်း နေမှာလား၊ အသီးအပွင့် ထွက်ဦးမှာလား (အသီးအပွင့် ထွက်ဦးမှာပါ ဘုရား)။

အသီးအပွင့်ထွက်လို့ရှိရင်ဖြင့်၊ အပင်ပေါက် ဘယ်လောက် ပေါက်ပွား မယ်လို့ ဆိုနိုင်သတုံး (မရေမတွက်နိုင် အောင်ပါ ဘုရား)၊ အဲဒါသစ်ပင်ရဲ့ အဆိပ်သီး၊ အဆိပ်ပွင့်ချည်း မှတ်ပေတော့။

ဒီ အဆိပ်သီးတွေမှ အဆိပ်ပင်တွေချည်း အကုန်ပေါက်မယ် (မှန်ပါ)၊ ဒုက္ခသစ္စာပင်က ပေါက်တာ ကိုးဗျ (မှန်ပါ) ဒုက္ခသစ္စာပင်က မျိုးစေ့ကျပေါက်တော့ ဘာတွေပေါက်မှာလဲ (ဒုက္ခသစ္စာ ပင်တွေ ပေါက်မှာ ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ၊ ဘဝတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီ အပင်က နောက်ထပ်လာဦးမယ် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဘာ အရေးကြီးပါ လိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ရေလည်းမရှိဖို့ အရေးကြီးတယ် (မှန်ပါ)။

မြေကော (မရှိဖို့ အရေးကြီးပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ)။

ကဲ ယနေ့ည ဒီတွင်ပဲ တော်ကြဦးစို့။

သာဓု သာဓု သာဓု ။