သောတာပန်၏ ထူးခြားချက်(၇) ချက်တရားတော်
(၁-၇-၆၂)
အသံဖိုင်ခေါင်းစဉ်= ကောသမ္ဘီသုတ်၊ သောတာပန်အင်္ဂါ (၇)ပါးတရားတော်
စာအုပ်ခေါင်းစဉ်= သောတာပန်၏ ထူးခြားချက်(၇) ချက်တရားတော်
ဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်၏ စိတ်နေ စိတ်ထား
ဒီနေ့တရားက ဒကာ ဒကာမတွေ ဒုက္ခချုပ်အောင် လုပ်ပါ ဆိုတာ တိုက်တွန်းလိုက် တယ်နော် ဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်၏ စိတ်နေ စိတ်ထား သဘောသွားကို ပြောမယ်၊ ဒုက္ခလဲ ချုပ်အောင် လုပ်ကြ ပါ၊ ကိုယ်ဒုက္ခ ချုပ်တယ် မချုပ်တယ် ဆိုတာကိုလဲ အခုပြောမည့် ခုနစ်ချက် ကိုယ့်စိတ်ထဲမှာ ပေါ်လာလို့ ရှိရင်ဖြင့် သြော် ငါဟာ ဘယ်သူ့ကိုမှ မေးမနေနဲ့တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ သောတာပန်တည်လို့ပဲလို့ ဆုံးဖြတ်ချက်ချပါ။
ဒါဖြင့် ဒီဥစ္စာ သောတာပန်နဲ့ ပုထုဇဉ်ထူးအောင် စိတ်နေ စိတ်ထားသဘောသွားထူးတာကို ဟောတဲ့ ကောသမ္ဘိယသုတ်လို့ မှတ်လိုက်စမ်းပါ(မှန်ပါ့ ဘုရား) မူလပဏ္ဏာသ ပါဠိတော် ကောသမ္ဘိယ သုတ်လို့ ကိုယ်တို့၊ ကိုဝတို့ မှတ်ပါနော် (မှန်ပါ့ ဘုရား)။
သို့သော် ဒီဥစ္စာက ပုထုဇဉ်ပုဂ္ဂိုလ်နဲ့ သောတာပန်ပုဂ္ဂိုလ်များ ကိုယ့်ဟာကိုယ် တည်နေတယ် မသိဘူး၊ မသိပေမယ့်လဲ အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတာ ပုထုဇဉ်တို့နဲ့ ကွာခြားတဲ့ အမျိုးခုနစ်ချက် ရှိတယ်ကွဆိုပြီး သကာလ ဟောထား တာဖြစ်ပါတယ် (မှန်ပါ့)။
ဒါကြောင့် ဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်လဲ ပါတယ်။ ဒီအထဲမှာ မချုပ်သေးတဲ့ ပုဂ္ဂိုလ်တွေလဲ ပါကြတယ်၊ ပါကြတော့ ဒီဥစ္စာ ကိုယ့်ဟာကို ဝေဖန်ပြီး သကာလ သိဖို့ရာ သူများ မေးမနေနဲ့တော့ ဒီခုနစ်ချက် စိတ်ထဲမှာ ပေါ်လို့ရှိရင်ဖြင့် ငါသည် အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ အထက်မဂ်၊ အထက်ဖိုလ်သာ တက်ပြီး သကာလ သွားဖို့ရှိတော့တယ်၊ မဖြစ်ကောင်းတဲ့ ခြောက်ဌာနလဲ မဖြစ်တော့ဘူး ဆိုတာကို ကိုယ့်ဟာကိုယ် ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချ(မှန်လှပါ ဘုရား)၊ ဒါဖြင့် အင်မတန် အရေးကြီး တဲ့ စစ်တမ်းပဲဆိုတာ ပေါ်လာလိမ့်မယ် (ပေါ်လာပါတယ် ဘုရား)။
ကောသမ္ဘီပြည်မှာ
ဒါ ဘယ်အကြောင်းပြု ပြောပါလိမ့်မတုန်း ဆိုတော့ ကောသမ္ဘီပြည်ဆိုတာ ရှိပါတယ်၊ ကောသမ္ဘီပြည်မှာ ရဟန်းတစ်ပါး က ကုဋီတက်တယ်(မှန်ပါ့)၊ ကုဋီတက်တော့ ကုဋီထဲမှာဆိုတော့ ဒကာ ဒကာမတွေ သန့်သက်ရေဆိုတာ ဆေးကြရတယ် ကျင်ကြီးပြီးသွားရင် ဆေးကြရတယ်။
တစ်ပါးက အဘိဓမ္မာနိုင်တဲ့ဘုန်းကြီးက ဆေးပြီး သကာလ ရေကလေးတစ်ဝက် ချန်ပစ်ခဲ့တယ် ခွက်ထဲမှာ၊ ဆေးတဲ့ခွက်ထဲမှာ၊ ထွက်လာခဲ့ရော၊ နောက် သုတ္တန်ဝိနည်းဘုန်းကြီးက တက်တဲ့အခါ မှာ ရေကျန်ကလေးတွေ့တယ် (မှန်ပါ့)။
ရေကျန်ကလေးတွေ့တော့ အရှင်ဘုရားဒီဥစ္စာ အရှင်ဘုရား ထားခဲ့တဲ့ ရေကျန်လား-တဲ့၊ ဟုတ်တယ်-မေ့ပြီးထားခဲ့ပါတယ်၊ ဟာ-အရှင်ဘုရား ဝိနည်းနားမလည်ဘူး၊ ဟာ-တပည့်တော် မေ့တာပဲ ဘာအပြစ်မှမရှိပါဘူး၊ ဒီလိုနဲ့ပဲ မေ့တာအပြစ်မရှိဘူး၊ အရှင် ဝိနည်းနားမလည်လို့ ဒီဥစ္စာ အာပတ် သင့်တယ် ဆိုပြီး ငြင်းကြခုန်ကြတာ ကိုပေါ်နှယ် သူ့ဆရာ ငါ့ဆရာနဲ့ သုတ္တန်ဝိနည်း ဆရာနဲ့ အဘိဓမ္မာ ဆရာ ငြင်းလိုက်ကြတာ တစ်ခါတည်း သံဃာနှစ်သင်း ကွဲသွားတယ်(မှန်ပါ့ ဘုရား)။
သံဃာနှစ်သင်း ကွဲသွားတော့ သံဃာနှစ်သင်း ကွဲသွားတဲ့ အပြင်မကတော့ဘူး၊ ကိုယ်စောင့်နတ် ချင်းလဲကွဲ၊ ရွာစောင့်နတ်ချင်း လဲကွဲ၊ တစ်ခါတည်း နတ်ပြည်ခြောက်ထပ်ပါ အကွဲတွေ ဖြစ် ကုန်တယ်(မှန်ပါ့ ဘုရား)၊ ဘယ်လောက်များ ဆိုးသွားသတုန်း (ဆိုးပါတယ် ဘုရား)။
အဲဒီလို အကွဲတွေ ဖြစ်ပြီး သကာလ သွားတော့ ခုနက အဘိဓမ္မာ ခေါင်းဆောင်နဲ့ သုတ္တန်ဝိနည်း ခေါင်းဆောင်တို့ တပည့်တွေပါ တစ်ခါတည်း ဆူကြပူကြ ဖြစ်နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဆီကို ရဟန်းတစ်ပါးက သွားလျှောက်တယ်။ အရှင်ဘုရားရဟန်းတွေဖြင့် နှုတ်လှံထိုး နေကြပြီဆိုတော့ နှုတ်လှံ ဆိုတာက တခြားမဟုတ်ပါဘူး၊ တစ်ယောက် တစ်ယောက် မခံသာအောင် ပြောနေကြတယ်(မှန်ပါ့ ဘုရား)။
မခံသာအောင် ပြောပြီး သကာလ နေကြတော့ ရဟန်းတစ်ပါး က သွားလျှောက်တယ်၊ ဒီလို-ဒီလိုပဲ ရဟန်းတွေ ပဋိပက္ခ ဖြစ်ကုန်ပြီဘုရာ့ မခံသာအောင် ပြောကုန်ကြပြီဘုရာ့” ဆိုတဲ့အခါ ကျတော့ ကိုင်း ဒီရဟန်းတွေ ခေါ်ကြကွာ ခေါင်းဆောင်ခေါ်ခဲ့ကြ၊ ခေါ်ခိုင်းလိုက်လို့ ခုနက ရဟန်းက သွားပြီးခေါ်တော့ လာတော့ လာကြပါတယ်၊ လာကြပေမယ့်လဲ နားမထောင်ဘူး ဘုရား စကားကို (မှန်ပါ့)၊ မင်းတို့ကွာဒီလိုပြောဆိုပြီး ငြင်းခုန်နေကြလို့ ရှိရင်ဖြင့် ဘယ်မှာသာလျှင် မင်းတို့၏ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာဆိုတဲ့ သာရဏီယ သဘောတွေဟာ အလုံးစုံ ပျက်စီးကုန်မှာပေါ့ကွ အကုန် အပါယ်ကျကုန်မှာပေါ့ ကွာဒါကို ရပ်ကြပါ၊ မပြောကြပါနဲ့၊ မဆိုကြပါနဲ့ သည်းခံကြပါ လို့ ဘုရားက ဖျန်တယ်(မှန်ပါ့ ဘုရား)။
ဖျန်ပင်ဖျန်ငြားသော်လဲ ကိုပေါ်၊ ကိုဝတို့ ရှေးကဝိပါက အကြောင်းကြီးကလဲ ပါလာကြတော့ အရှင်ဘုရားအရှင်ဘုရား ကိစ္စသာ ဖလသမာပတ်ဝင်စားပြီး နိဗ္ဗာန် အာရုံပြုနေပါ၊ တပည့်တော်တို့ ကိစ္စကို တပည့်တော်တို့ ရှင်းပါမယ်တဲ့၊ ဇွတ်ဖြစ်လာ တယ် (မှန်ပါ့)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သြော်ဒီဥစ္စာ သိပြီးပြောရှာတာ၊ မကွဲရင် မဖြစ်ဘူး ဒါကွဲဖို့ ဝဋ်တရားကြီးကို ပေါ်လာတာ(မှန်ပါ့)၊ ငါ့လက်ထက်မှာကွဲရမယ်ဆိုပြီး ဝိပါကဝဋ် တရား သင့်တာဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဪမင်းတို့တစ်တွေဟာ ဒီလိုသာ လုပ်နေကြမယ်ဆိုရင် သေမင်းနိုင်ငံ အကုန်လိုက်ရမယ်၊ နိဗ္ဗာန်ရောက်မည့်လူ မင်းတို့ မပါတော့ဘူး ဆိုပြီး ကိုယ်တော်မြတ်ကြီးက သပိတ်လွယ်ပြီး ရပ်ပြီး ဒီရဟန်းတွေ ဆုံးမပြီး သကာလ ဆွမ်းခံသွားပြီး ဆွမ်းခံရာက ကျောင်းတိုက်မပြန်ဘဲနဲ့ ပလဲလဲ တောထွက်သွားတယ်(မှန်ပါ့)။
ပလဲလဲတောထွက်သွားပြီး ပလဲလဲဆင်ကြီးက လုပ်ကျွေးတာ ကို ဘုရားက ခံနေတယ်၊ ပလဲလဲဆင်ကြီးကလဲ သူကလဲ ကိုပေါ်၊ ကိုဝ ဆင်တွေနဲ့ နေရတာ သူ့ကို ကျောနဲ့ပွတ်သွား၊ ရှေ့ကသစ်ကိုင်းတွေ ချိုးသွား၊ သစ်ခက်တွေ ချိုးသွား၊ ခါချဉ်ထုပ်တွေ ချသွား၊ သြော်-အပေါင်းအဖော်နဲ့ နေရတာများ တယ်ဆိုးရွား ပါကလား တစ်ကိုယ်ရေ တစ်ကာယနဲ့ နေရတာ ကောင်းပါတယ် လို့ သူကလဲ တောထွက်လာတယ်၊ ဘုရားကလဲ သံဃာတွေ ဆုံးမလို့မရတော့ တောထွက်လာတာ သွားဆုံကြတယ်(မှန်ပါ့)။
ဆုံကြပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ ပလဲလဲဆင်ကြီးကလဲ ကြံတွေ ခြေထောက်နဲ့နင်း လက်မောင်းနဲ့ လိမ်ကြိတ်ပြီး အရည်တွေ ထွက်လာတဲ့အခါ ဘုရားသပိတ်ယူပြီး ထည့်၊ ထည့်ပြီး သူက ဆက်ကပ်၊ နံနက် မျက်နှာသစ်ရေ၊ ဝါး တွေကို လက်မောင်းနဲ့ ပွတ် မီးဖြစ်အောင်လုပ်၊ လုပ်ပြီး ခုနက ရေအိုးတို့ ဘာတို့ ရှာပြီးထည့်၊ ထည့်ပြီး ရေနွေးတွေကပ်ပေါ့ လေ ဆင်ပဲအလုပ်အကျွေးရှိတယ်(မှန်ပါ့)၊ ဒီလိုပဲ ဖြစ်သွားရ တယ် အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလဲ ဒီလိုဖြစ် ပြီး သကာလ နေတော့ ဘုရားတရား မနာကြရတော့ဘူး၊ အားလုံး ဒကာ ဒကာမတွေ ကောသမ္ဘီပြည်မှာ ရှိတာတွေအကုန် တရားမနာ ရတော့ ဝါတွင်းသုံးလစလုံး ကိုယ်တော်တွေလဲ မနာရ၊ ဒကာ ဒကာမတွေလဲ မနာရတော့ ဘယ်အကြောင်းကြောင့်တုန်း စစ်ဆေးတော့ ဟောဒီ ကိုယ်တော်နှစ်ပါး ခေါင်းဆောင်ပြီး ကွဲတာနဲ့ ဘုရား ထွက်သွားတယ်၊ ဘုရားကတော့ ဘယ်စိတ်ပျက်တယ် ရှိမတုန်း၊ ဘုရားမှာ ဒေါသချုပ်ပြီးသား၊ စိတ်ပျက်တာတော့ မဟုတ်ပါဘူး (မှန်ပါ့)။
ဒါနဲ့ ထွက်သွားရတယ်ဆိုတော့ ဟာ ဒီကိုယ်တော်တွေ ကိုယ်တော်တွေ ပြန်ပြီး လုံးရင်လုံး စေ့စပ်ရင်စေ့စပ်၊ မစေ့စပ်ရင် ကိုယ်တော်တို့ကို ဆွမ်းကို မလောင်းတော့ဘူး ဆိုပြီး သကာလ တစ်ပြည်လုံးက ဆွမ်းမလောင်းဘူး (မှန်ပါ ဘုရား)၊ ဆွမ်းမလောင်းတော့ မောင်နိုင် အကြပ် တွေ့တယ် (တွေ့ပါတယ် ဘုရား)ကိုယ့် မှာ လယ်လဲ ရှိတာမဟုတ်၊ ယာလဲရှိတာမဟုတ်၊ ဝတ္ထုပစ္စည်းလဲ ရှိတာမဟုတ်လို့ ဝယ်လို့လဲ ဘယ်တော့မှ ရမှာမဟုတ်တော့ အဲ ဒီတွင် ရှင်အာနန္ဒာက ကိုယ်တော်တို့ တော်ကြတန်ကြ ကိုယ်တော် တို့အတွက်နဲ့ ကိုယ်တော်တို့ ဆွမ်းငတ်ကုန်ကြပြီဆိုပြီး ပြောလို့ သူတို့လဲ လုံးသွားတဲ့အချိန်မှာ အရှင်အာနန္ဒာက သွားပင့်တယ်၊ သွားပင့်ပြီး ကောသမ္ဘီပြည် ပြန်လာပြီးတော့မှ ကွာတဲ့၊ ပုထုဇဉ် အဖြစ်များ တယ်ကြောက်စရာကောင်းသဟေ့တဲ့၊ မောင်နိုင် သေမင်းနိုင်ငံ လိုက်ဖို့ အလုပ်ချည့် လုပ်နေတယ်တဲ့ရန်ဖြစ်တယ် ဆိုတာ သေမင်းနိုင်ငံ လိုက်ဖို့ အလုပ်လုပ်တာ (မှန်လှပါ ဘုရား)၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်ဘူးဆိုတာကော(သေမင်း နိုင်ငံကို လိုက်ဖို့အလုပ်ပါ ဘုရား)။
သေမင်းနိုင်ငံ လိုက်ဖို့အလုပ်တွေ လုပ်ပြီး သကာလ နေကြ တော့ကွာ အဲဒါကြောင့် ပုထုဇဉ်နဲ့ သောတာပန်ဟာ တယ်ထူးသဟေ့ ဆိုပြီး သောတာပန် စိတ်စဉ်ကို ဟောမှာကိုး (မှန်ပါ့ ဘုရား)။
သောတာပန် စိတ်အစဉ်ဆိုတော့ ယနေ့ ဒကာ ဒကာမတွေ တရားကလဲ ထီးတင်တဲ့နေ့၊ အပြီးသတ်တဲ့နေ့ ဖြစ်နေတော့ သေသေချာချာ ဒကာ ဒကာမတွေက မှတ်ပြီး သြော်ကိုယ်ဖြင့် ဒီစိတ်ခုနစ်ချက် ပေါ်လို့ရှိရင် ဝမ်းမြောက်ပြီး ကိုယ့်အတွက်တော့ ဖြင့် အပါယ်လေးပါး တံခါးပိတ်ပြီး၊ အထက်သာတက်ပြီး နိဗ္ဗာန်သာ ကူးစရာရှိတော့တယ်ဆိုပြီး ဝမ်းမြောက်ကြဖို့ပါပဲ (မှန်ပါ)။
ဒုက္ခမချုပ်သေးတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်လဲ မချုပ် ချုပ်အောင် လုပ်မယ်၊ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာ ဖြစ်ပျက်တွေပဲ၊ ဒုက္ခ ဆုံးအောင်ဖြင့် လိုက်ပါတော့မယ်၊ ဒုက္ခဆုံးရင်ဖြင့် နိဗ္ဗာန်ပဲ၊ ဒုက္ခဿအန္တံ ကရိဿတိ လို့ ဘုရားက ဟောထားလို့ ဒုက္ခ အဆုံးကို မျက်မှောက်ပြုနိုင်လျှင် သောတာပန်ဖြစ်၏ ဆိုတော့ ဒုက္ခအဆုံးကို မျက်မှောက်ပြုနိုင်လျှင် သောတာပန် တည်တာပဲ (မှန်ပါ့ ဘုရား)၊
ဒါတွေကို ဒကာ ဒကာမတွေက သေသေချာချာ မှတ်ပါနော်(မှန်ပါ့)၊ ဒုက္ခအဆုံးကို မြင်ကြရင်(သောတာပန်ပါ ဘုရား)၊ သောတာပန် တည်တာပဲဆိုတာ မှတ်တော့၊ မရသေးတဲ့ ပုဂ္ဂိုလ်ကလဲ သစ္စာတရားတွေ နာရတော့ ရရမှာ ဧကန်ဖြစ်နေ သောကြောင့် ရအောင်လုပ်ကြပါ (မှန်ပါ့)၊ ရပြီးသား ပုဂ္ဂိုလ်များ ကလဲ ကိုယ့်ဟာကိုယ် မထောက်ထားရင်လဲ သေချာအောင်လုပ် ပါ (မှန်ပါ့)၊ သေချာတဲ့ပုဂ္ဂိုလ်လဲ အခု ဘုန်းကြီးက အခုပြောမည့် ခုနစ်ချက်နဲ့ ညီလို့ရှိရင် ခင်ဗျားတို့က ခင်ဗျားတို့ သေချာပြီလို့ ဆုံးဖြတ်ချက်ချတာပေါ့ (မှန်ပါ့)။
ဒီနေ့ ဟောမည့် တရားသည် ဘုရားထီးတင် ဖြစ်နေတော့ ဘုရားပြီးတော့ ထီးတင်တယ်ဆိုရင် ဘုရားပြီးတာကိုးဗျ(မှန်ပါ့)၊ ဒီမှာလဲ ထို့အတူပဲ ဒကာ ဒကာမတို့ ကိုယ့်ကိစ္စ ပြီးတယ် မပြီးတယ် ဆိုတာ သိရအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ပုထုဇဉ်နဲ့ သောတာပန် ထူးပုံ”ကို ဟောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ ဟောမည့်တရား ဘယ်သူနဲ့ ဘယ်သူ ထူးတာ ဟောမှာပါလိမ့် (ပုထုဇဉ်နဲ့ သောတာပန် ထူးတာဟောမှာပါ ဘုရား)။
သောတာပန်ဆိုတာ
အဲသောတာပန်ဆိုတာသည် ဒကာ ဒကာမတို့ ကိုယ့်ကိုယ် ကို ဆိုင်းဘုတ်ဆွဲလာတာ မဟုတ်ဘူး၊ ဝမ်းထဲမှာ ကိလေသာတွေက ပါးရှားတာ။ အဲဒီတော့ ပါးရှားတဲ့ အခါကျလို့ရှိရင် ဘယ်လို ပါးရှားတယ်ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူကိုယ် တိုင် ဒီလမ်းကလာလို့ အားလုံး သော ပုဂ္ဂိုလ်တွေလဲ ဒီလမ်းကို ဒီလိုစိတ်ရှိလို့ရှိရင် သောတာပန်ပဲကွပုထုဇဉ်တို့နဲ့ မဆက်ဆံ သောတာပန်တို့၏ ဉာဏ်စခန်းပဲကွဆိုပြီး သကာလ ရန်ဖြစ်ငြင်းခုန် ကြလို့ ဒီတရား ထွက်လာတာ ဆိုတာ မောင်နိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတို့ အရေးတက် အကြီးထဲမှာ အကြီးဆုံးကို ပြောတော့မှာပဲ (မှန်ပါ့ ဘုရား)။ အကြီးဆုံး အခု ပြောတော့မယ်ဆိုတော့ ဒကာကြီးလှိုင်တို့က အဘိုးအရွယ် အဘွားအရွယ် ဖြစ်နေတဲ့အတွက် ငါတော့ဖြင့် ဒီနေရာရောက်အောင် လုပ်မဟေ့ဆိုတာကိုလဲ အားလုံးပဲ တစ်ပွဲလုံးပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ မရောက်ရင် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့)။
မရောက်လို့ရှိရင်ဖြင့်တဲ့၊ ဝမ်းထဲမှာ ဒိဋ္ဌိဝိစိကိစ္ဆာ ငရဲမျိုးစေ့ရှိ တယ်(မှန်ပါ့)၊ ဒီမျိုးစေ့ ရှိနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒါနလုပ်နေလဲ ဒါနအကျိုးကြောင့် သုဂတိ ရောက်ငြားသော်လဲ မျိုးစေ့က ငရဲ ပင်ပေါက်ဦးမှာပဲ(မှန်ပါ့)၊ သီလဆောက်တည်နေပြန်လဲ သီလ တန်ခိုးကြောင့် အသက်ရှည် နတ်ရွာသုဂတိရောက်၊ အဲဒီက ပြန်ဆင်းတော့ ငရဲမျိုးစေ့က အပါယ်ပို့၊မျိုးစေ့မကုန်ရင် ဘယ် အပင်မဆို ပြန်ပေါက်နိုင်တယ်(မှန်ပါ့)။
ဒါကြောင့် ငရဲမျိုးစေ့ဆိုတာလဲ ကိုပေါ်ကိုဝ ကြည့်၊ ဘာပါလိမ့်မတုန်းဆိုတော့ ဒိဋ္ဌိထားပါတော့ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာပြုတ်တာပဲ(မှန်ပါ့)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ စေ့စေ့စပ်စပ် နားထောင်ပြီး သကာလ ဪ ဒါဟာ ပုထုဇဉ်နဲ့ သောတာပန်တို့ စိတ်ထားစိတ်နေ သဘောသွား ထူးခြားတာကို ဘုရားဟောတာ ကိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဘယ်သူနဲ့ ဘယ်သူထူး တာကို ဟောမှာပါလိမ့်(ပုထုဇဉ်နဲ့ သောတာပန်ထူးတာကို ဟောမှာပါ ဘုရား)၊ အင်းသကဒါဂါမ်၊ အနာဂါမ် မပါဘူးနော် (မှန်ပါ့ ပုထုဇဉ်နဲ့ သောတာပန်တွင် ထူးပုံကိုဟောတာ (မှန်ပါ့)။
ဘာဖြစ်လို့ ဒီအကြောင်း ဟောရပါလိမ့်မတုန်းလို့ မေးတဲ့အခါ ကျတော့ ဟိုမှာ ရန်ဖြစ်တဲ့ ကိစ္စတွေကြောင့် အကြောင်းခံပြီး ဟောရခြင်း ဖြစ်တယ်ဆိုတာကိုလဲ သဘောကျပါ(မှန်ပါ့ ဘုရား)၊ ကောသမ္ဘီပြည်မှာ သံဃာတော်နဲ့တကွ နတ်တွေပါ ကွဲသွားတာ ကို သေချာတယ် (မှန်ပါ့ ဘုရား)။
ကိုင်းဒါဖြင့် စပြီး ပြောပါတော့မယ်တဲ့၊ ဒကာ ဒကာမတို့ သေသေချာချာ နားထောင်ပါနော် (မှန်ပါ့)။
ဥပမာ-မနေ့က ဟောလိုက်တယ် မနေ့က ဘယ်လိုဟော လိုက်သတုန်း ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေးဖြစ်လဲ ဝိပရိဏာမ ဖောက်ပြန်သွားတာပဲ၊ ဖောက်ပြန် ပျက်စီးသွားတယ်ဆိုတာ မသေချာဘူးလား(သေချာပါတယ် ဘုရား)။
ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကလဲ ဝေဒနာကလေးတွေက ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်မသွား ဘူးလား (သွားပါတယ် ဘုရား) သုခလဲ သုခသဘော စွန့်တယ် (မှန်ပါ့)၊ ဒုက္ခကော(ဒုက္ခသဘော စွန့်ပါတယ်)၊ ဥပေက္ခာက ကော (ဥပက္ခာသဘော စွန့်ပါတယ်)၊ ကဲ-လောဘစိတ်က ကော(လောဘသဘော စွန့်ပါတယ်)၊ လောဘသဘောစွန့်ပြီး အနိစ္စသဘောချည်း ပြပါတယ်၊ ဖြစ်ပြီး ပျက်တာချည်းပြတယ် (မှန်ပါ့)။
ဒီလိုချည်းပဲပြတော့ ဪ ဒါတွေဟာ “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စာ”ပါကလားလို့ ဒကာ ဒကာမတွေကို ရှုနည်းကို ရှေး ဦးစွာ သင်လိုက်ပါတယ်(မှန်ပါ့)။
အဲဒီ ပရိဏာမ လက္ခဏာတွေချည်း ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ကို ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ ဆိုတဲ့အတိုင်း သြော် လို့ သစ္စာအနက် တစ်ဆယ့်ခြောက်ချက်မှာလဲ ပါသောကြောင့် သြော် ဆိုတဲ့ ဖောက်ပြန်တာကလေးသည် ဖောက်ပြန်ဆိုတာ အထည်ကျန်တာ မဟုတ်ဘူးနော် (မှန် ပါ့ ဘုရား)၊ ဖောက်ပြန်ဆိုတာ (အထည်မကျန်ပါ ဘုရား)။
အထည်မကျန်ဘူးတဲ့၊ ဒီနေရာမှာ ဝေဒနာပေါ်ရင် ဝေဒနာ ကလေးကို ရှာမတွေ့တာ(မှန်ပါ့)၊ လူသေတယ်ဆိုတော့ အလောင်းပစ်စရာ ကျန်သေးတယ်၊ ခန္ဓာကိုယ်ထဲမှာ ပျက်နေတဲ့ ဝေဒနာပျက်ပျက်၊ စိတ်ပျက်ပျက်၊ ရုပ်ပျက်ပျက်ဆိုတာ ကိုပေါ် ကိုဝတို့ မောင်နိုင်တို့ မှတ်လိုက်၊ အလောင်းမကျန်ဘူး (မှန်ပါ့ ဘုရား)၊ အလောင်းမကျန်အောင် ဖောက်ပြန်ပျက်စီးတဲ့ တရားကို ဒကာ ဒကာမတွေ မြင်အောင်ကြည့်ရမယ် (မှန်ပါ့)။
ထိုကဲ့သို့ မြင်အောင်ကြည့်လိုက်တဲ့ အခါကျတော့ ဪဒါ ဟာ ဒုက္ခသစ္စာ ပါကလား ဖောက်ပြန် ပျက်စီးတာ တစ်တိုတစ်စ တစ်ပိုင်းတစ်တစ်မှ ရှာမတွေ့ပါကလားဆိုပြီး ပထမရှေးဦးစွာ ဟုတ်တိုင်းမှန်စွာ မြင်ရမယ်(မှန်ပါ့)၊ မြင်ပြီး သကာလ သြော် မိမိခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင် ဖောက်ပြန်ပျက်စီးမှုကြီးမှ တစ်ပါး ဘာမှမရှိတော့၊ တကယ်ရွံ့ စရာ မုန်းစရာ ခန္ဓာပါကလား လို့ ဉာဏ်တက်လာလိမ့်မယ် (မှန်ပါ့)၊ ဉာဏ်တက်ပြီးသည်၏ အခြားမဲ့၌ ရွံစရာ၊ မုန်းစရာကြီးမို့ ဒီဒုက္ခကြီးဖြင့် သိမ်းချင်တာပဲ။ သိမ်း မှအေးမှာပဲ၊ ရချင်စရာတစ်ကွက်မှ မရှိဘူးဆိုတဲ့ ဉာဏ်လဲ တက်လာလိမ့်မယ် (မှန်ပါ့) ထိုကဲ့သို့ တက်လာတဲ့အခါ ရှေ့ဒုက္ခတွေ ကို ချုပ်သွားလိမ့်မယ်(မှန်ပါ့)။
အဝိပရိဏာမ နိဗ္ဗာန်
ဝိပရိဏာမဒုက္ခတွေ ကိုဝ ဘာဖြစ်သွားမလဲ (ချုပ်သွားမှာပါ ဘုရား) ဒါဖြင့် အဝိပရိဏာမ နိဗ္ဗာန် ပေါ်လာလိမ့်မယ်(မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ)။
ဝိပရိဏာမ ဒုက္ခချုပ်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဘာပေါ်လာ မတုန်း (နိဗ္ဗာန်ပေါ်လာပါမယ်) အဝိပရိဏာမ သုခ ပေါ်လာ လိမ့်မယ်၊ အဝိပရိဏာမဆိုတာ ဖောက်ပြန်ခြင်း မရှိတာ၊ သုခဆိုတာ ချမ်းသာတာ၊ ဖောက်ပြန်ခြင်းမရှိတဲ့ သုခ၊ သန္တိ သုခဆိုတဲ့ နိဗ္ဗာန် ပေါ်လာလိမ့်မယ်(မှန်ပါ့ ဘုရား)။
အဲဒါကို မောင်နိုင်တို့က ဉာဏ်နဲ့မြင်တော့ သြော် ဝိပရိဏာမ တွေ ရှေ့မှာမရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်မှုကြီး ဇာတ်သိမ်းတာ တွေ့ ပေတော့တယ်လို့ မလာပေဘူးလား(လာပါတယ် ဘုရား)။
ဒါဖြင့် ဖောက်ပြန်မှု ဇာတ်သိမ်းတာက နိရောဓသစ္စာ(မှန် ပါ့)၊ တွေ့ရပေတယ်ဆိုတာ မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော၊ မဂ်ရဖိုလ်ရတာပဲ(မှန်ပါ့) ဖိုလ်ရရင် ပစ္စဝေက္ခဏာရတာပဲ၊ ဒါက ဝီထိနိယာမ ဓမ္မနိယာမ ဖြစ်နေလို့ ဘုန်းကြီး ပြောဖို့မလိုတော့ ဘူး၊ မဂ်ရဖို့သာ ပြောဖို့လိုတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကတဉာဏ်
ဒါဖြင့် မဂ်သည် ဘယ်အချိန်ကျမှ ရသတုန်းဝိပရိဏာမ ဒုက္ခသစ္စာ မြင်နေတုန်းက ကိစ္စဉာဏ်၊ သဘောပါကြလား(ပါ ပါပြီ)၊ ဝိပရိဏာမ ဆုံးသွားတာ မြင်လိုက်တော့ ကတဉာဏ်၊ ကတဉာဏ်ဆိုတာ သြော်ငါ သောတာပန် တည်ပြီလို့ သိတဲ့ ဉာဏ် (မှန်ပါ့)။
မဂ်ဉာဏ်ကတက်ပြီး သြော်ငါသောတာပန် တည်ပြီလို့ သိတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမလဲ (ကတဉာဏ်ပါ ဘုရား)။
ဖောက်ပြန်နေတဲ့ ကိစ္စတွေ မမြင်တော့ပါဘူး။ ဖောက်ပြန်တဲ့ ကိစ္စဟူသည် ရှာမတွေ့တော့ ပါဘူး ဆိုပြီး သကာလ ဖောက်ပြန်ခြင်း ကင်းတာကို မြင်တဲ့ဉာဏ်က ဘာဉာဏ်တဲ့တုန်း (ကတဉာဏ်ပါ ဘုရား)။
ဒါဖြင့် ဒီသစ္စဉာဏ်ဆိုတာက ဒကာ ဒကာမတွ သိပြီးသား အတိုင်း ပေါ်လာတာ ကလေးတွေ ဟာ ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲ(မှန်ပါ့)၊ သူဖောက်ပြန်တဲ့ကိစ္စ သိပြန်တော့ ကိစ္စဉာဏ် (မှန်ပါ့)၊ ဖောက်ပြန်တဲ့ကိစ္စ သိပြန်တော့(ကိစ္စ ဉာဏ်ပါ ဘုရား)၊ ဖောက်ပြန်ခြင်း ကင်းတာကို မြင်ပြန်တော့(ကတ ဉာဏ်ပါ ဘုရား)။
ဒီဉာဏ်သုံးဉာဏ်နဲ့ တက်လိုက်ကြပါလို့ ဆိုတာကို ဘုန်းကြီး များ သေသေချာချာ မေတ္တာရှေ့ထားပြီး သကာလ ကိုဝအရေး တကြီးပြောတာပဲ (မှန်ပါ့)၊ ပြောဖို့လွယ်ကြပါ့ မလားမလွယ်ပါ ဘုရား)၊ မလွယ်ဘူးတဲ့။
ခန္ဓာထဲက ဘာပေါ်လာလာ ဒကာ ဒကာမတွေက သြော် ပေါ်လာတာဟူသရွေ့ ဒုက္ခသစ္စာသာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ အဲဒါက ဘာဉာဏ် ခေါ်ကြမယ်(သစ္စာဉာဏ်ပါ ဘုရား)၊ ပေါ်လာ တာကလေးဟာ ပေါ်လာတဲ့ သဘောတွေ အကုန်စွန့်သွားပြီ မောင်နိုင်ရ၊ ဦးဘရှင်းတို့ရရှိကို မရှိတော့ဘူး၊ ဖောက်ပြန်တဲ့ သဘောကလေးပဲ ဖောက်ပြန် ဖောက်ပြန်သွားတာကလေးတွေ ဆက်မြင်နေရင် ဘာဆိုကြမလဲ(ကိစ္စဉာဏ်ပါ ဘုရား)။
အဲဒီ ဖောက်ပြန်တဲ့ သဘောတွေ ဆုံးသွားပြီ ဘုရား)၊ တပည့်တော်တို့ဖြင့် မဖောက်ပြန်တဲ့ ချမ်းသာကလေး တစ်ခုပဲ မြင်နေတော့တယ်ဆိုရင် ဘာဆိုကြမလဲ (ကတဉာဏ်ပါ ဘုရား)။
အဲဒီကတဥဏ်ဆိုရင် သောတာပန်တည်ပြီ (မှန်ပါ)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)၊ ဒါ့ကြောင့် ဓမ္မစကြာမှာ တရားဦး ဟောကတည်းက သစ္စ၊ ကိစ္စ၊ ကတဆိုတာ ဟောပါတယ်နော် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ကိုလဲ ယနေ့ ဟောလို့ ဒကာ ဒကာမတွေ သောတာပန်တည်ပုံလဲ သိပါပြီ။ သောတာပန်တည်တယ်ဆိုတာ သိတော့ကို ဆိုင်းဘုတ်ဆွဲလာ သလားအသားအရေ လှလာသလားဘုရာ့ မဟုတ်ပါဘူးကွာ တဲ့၊ သောတာပန်စိတ် ပေါ်တာရှိတာပါပဲ(မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘာပေါ်သတုန်း(သောတာပန်စိတ် ပေါ်တာပါ ဘုရား)၊ သောတာပန်စိတ် ပေါ်တာရှိတာပဲ ဆိုတာ ဒကာ ဒကာမတွေ မှတ်ပါနော် (မှန်ပါ့)။
ပုထုဇဉ်နဲ့ မတူတာ ခုနစ်မျိုး
အဲဒီပေါ်တော့ကွာတဲ့ သောတာပန်စိတ်ဆိုတာက ပုထုဇဉ်နဲ့ မတူတာ ခုနစ်မျိုး ရှိတယ်တဲ့(မှန်ပါ့)။
ဘယ်နှစ်မျိုးတဲ့တုန်း (ခုနစ်မျိုးပါ ဘုရား)၊ ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်လို့ ဒကာ ဒကာမ တွေက လေးလေးစားစား မှတ်ပါနော်(မှန်ပါ့) ပြီးတော့မှ ကိုယ့်အလုပ်လုပ်တာပေါ့။ ပြီးတော့မှ ချိန်တာပေါ့ မောင်နိုင်ရာ မှန်ပါ့)၊ သိထားနှင့်တော့ သူများမေးဖို့ ဘယ်သူက ဝေဖန်တာပါလိမ့် (ဘုရားက ဝေဖန်တာပါ)၊ သော်ဘုရားက ဝေဖန်တာဖြင့် ကိုယ်က မမှားတော့ဘူး (မှန်ပါ့)။
ဘုရားက ဝေဖန်တာကို ကိုယ့်စိတ်ထဲမှာ ဒုက္ခချုပ်တာကို မြင်တော့မြင်ပြီ၊ ဒီခုနစ်ချက် မပေါ်သေးရင် ပြန်လုပ်တာပေါ့ (မှန်ပါ့)၊ လမ်းကတော့ သစ္စ၊ ကိစ္စ၊ ကတနဲ့သာ တက် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
လမ်းကတော့(သစ္စာ၊ ကိစ္စ၊ ကတနဲ့ တက်ရပါမယ်)အဲ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်နဲ့သာ တက်လိုက်ပါဆိုတာ ကိုဖြင့် ဆရာဘုန်းကြီးက လေးစားစွာနဲ့မှာတယ် (မှန်ပါ့ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်းဒါဖြင့် ကတဉာဏ် ရောက်ပြီးသား ပုဂ္ဂိုလ်များမှာ ပုထုဇဉ်နဲ့ ဘာထူးသတုန်းကွ ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ပုထုဇဉ်တွေ ရန်ဖြစ်နေတာ မြင်တာနဲ့ သြော် ပုထုဇဉ်များ တယ်ဆိုပါကလား ရဟန်းတို့၊ ကတဉာဏ် ရောက်ပြီးသား ပုဂ္ဂိုလ်များ စိတ်ထား ကတော့ကွာ ဒီလိုထားပါတယ် ဆိုတာ ဘုရားက ဖော်ပြောတာ (မှန်ပါ)၊ ဆိုတော့ ဒါကိုခင်ဗျားတို့ ထိပ်ကို သံမှိုစွဲသလို လေးစားစွာနဲ့ မှတ်ရတော့မည့် တရားဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သေချာတယ် သေချာတယ်ဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ဝေးတာလဲ မဟုတ်ဘဲနဲ့ ဆရာကောင်း သမားကောင်း တွေ့၊ ကိုယ်လဲအသက်ရှင်၊ ဒီဉာဏ်တွေကိုလဲ ကိုယ်က နားလည်ပြီး သကာလ ထားတော့ ပွားများပြီး လုပ်ယူလိုက်မယ် ဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ် အပါယ်လေးပါး ရောက်မှာ သနားလို့ရှိရင်ဖြင့် ဒီအလုပ် ကို လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ့)။
သစ္စာသိရင် သစ္စဉာဏ် (မှန်ပါ့)၊ ဖောက်ပြန်တာ သိရင် (ကိစ္စဉာဏ်ပါ ဘုရား)၊ ဖောက်ပြန်တာ တွေ မတွေ့တော့ပါဘူး ဆိုလို့ရှိရင် (ကတဉာဏ်ပါ ဘုရား)၊ ဆိုတော့ ကိုဝ ဒါဟာ သိပ်ဝန်လေး သလား(မလေးပါ ဘုရား)။
မလေးပါဘူး၊ တစ်နေ့ နာရီကလေး အချိန်ကလေးထားပြီး ဒကာ ဒကာမတွေက ငါ အပါယ်လေးပါး သွားစရာတွေ ရှိသေးတယ်၊ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ အရောင်းအဝယ်နဲ့ နေကြတာတွေ ဖြစ်နေတော့ မဟုတ်တရားတွေက တို့မှာ အများကြီး၊ ပဋိစ္စသမုပ္ပာဒ်က တစ်နေ့ကို ဘယ်နှစ်ကြိမ် အပါယ်ပို့ နေတယ်မသိဘူး၊ အဲဒီတော့ ဒီဉာဏ်သုံးဉာဏ်ဖြင့် အစဉ်အတိုင်း တက်လို့ ရှိရင် ရတယ်၊ ရလို့ရှိရင် ဒီ ပဋိစ္စသမုပ္ပာဒ်ဟာ အပါယ် ပဋိစ္စသမုပ္ပာဒ် ပြတ်ပြီး သကာလ သုဂတိ ပဋိစ္စသမုပ္ပာဒ်ရင်လဲ ကျန်မယ်၊ သို့မဟုတ်ရင်လဲ ပဋိစ္စသမုပ္ပာဒ်ဆုံးတဲ့ နိဗ္ဗာန်ရင်လဲ ရောက်မယ် (မှန်ပါ့)၊ ဆိုတော့ သုဂတိပဋိစ္စသမုပ္ပာဒ်ကျန်လဲ အထက်ဉာဏ်တွေ ရတော့မှာပဲ (မှန်ပါ့)၊ ဟာ တစ်ခါတည်း မဂ်လေးတန် တက်သွားပါတယ် ဆိုလို့ရှိရင်လဲ ပဋိစ္စသမုပ္ပာဒ် အကုန်ပြတ်မှာပဲ(မှန်ပါ့)၊ အရှုံးပါသေးရဲ့လား (မပါ,ပါ ဘုရား)။
ဒါဖြင့် ဒီဉာဏ်သုံးခုသည် ဒကာ ဒကာမတို့ အလွန်အရေးကြီး တယ်ဆိုတာကိုလဲ ဦးဘရှင်းတို့ သေသေချာချာ မှတ်ပြီး သကာလ ဪဒီဥစ္စာကိုဖြင့် ရအောင်လဲလုပ်မယ်၊ ဒီအသိကလေးလဲ ကိုယ့်သန္တာန် ပေါ်ပြီးသား ဖြစ်ခဲ့လို့ရှိရင်လဲ ရင်အေးရသဟ (မှန်ပါ့)၊ မပေါ်သေးလို့ရှိရင်လဲ ရင်အေးတဲ့ အလုပ်ကို တို့လုပ်ဦး မယ်ဟ(မှန်ပါ)ဆိုတော့ ဒကာ ဒကာမတွေ ဘာမှ အားငယ်စရာ မရှိဘဲနဲ့ ကိုယ့်အရေးကိုယ်ကြီးကြပါဆိုတာ သတိပေး(မှန်ပါ့ ဘုရား)၊ မောင်နိုင် မပေးသင့် ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
ဒါ တရားကို ဆွဲဟောနေတာ မဟုတ်ဘူး၊ အလွန်သနားလို့ တကယ့်ကို ဒကာ ဒကာမတွေကို မိဘဆွေမျိုးညာတကာ မတော်ဘူးသည် မည်သည်မရှိလို့ အကုန်ကယ်တင် ဆိုတဲ့ အဓိပ္ပာယ်သာ ယူတော့(မှန်ပါ့)။
ကဲဒါဖြင့် ပြောပါတော့မယ်တဲ့၊ ပုထုဇဉ်နဲ့ သောတာပန် ဒီလိုထူးသကွာတဲ့(မှန်ပါ့)၊ သူလဲ လောဘဖြစ်တာပဲတဲ့၊ သောတာပန်လဲ ဒေါသလဲဖြစ်သေးတာပဲ၊ မောဟလဲ ဖြစ်သေး တာပဲကွတဲ့၊ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်တွေလဲ ဖြစ်သေးတာ ပဲတဲ့(မှန်ပါ့)၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ ဆိုတာလဲ မောင်နိုင် ဖြစ်သေးတာပဲတဲ့ (မှန်ပါ့)၊ ဥဒ္ဓစ္စဆိုတဲ့စိတ် ပျံ့လွင့်မှုလဲ သောတာပန်မှာ ရှိပါသေးတယ်ကွတဲ့(မှန်ပါ့)၊ ကုက္ကုစ္စဆိုတဲ့ ဥစ္စာလဲ ရှိပါသေးတယ်ကွာတဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။
ပုထုဇဉ်နဲ့ ဒီနေရာမှာ ကိုဝက စဉ်းစား၊ မောင်နိုင်က စဉ်းစားပေါ့ဗျာ၊ ဒီနေရာ တူနေသေး တယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မပါဘူးလား(ပါ,ပါတယ်)၊ သောတာပန်ဆိုပြီး ဒါတွေ ဖြစ်သေး တယ်လို့ ဘုရားက ဟောပြန်တယ် (မှန်ပါ့)။
ကာမစ္ဆန္ဒနီဝရဏဆိုတဲ့ လောဘ ဖြစ်သေးတာပဲတဲ့(မှန်ပါ့)၊ ဗျာပါဒနီဝရဏဆိုတဲ့ ဒေါသကော (ဖြစ်ပါတယ် ဘုရား)၊ ထိနမိဒ္ဓ နီဝရဏဆိုတဲ့ ငိုက်မျည်းခြင်း တွေကော (ဖြစ်ပါတယ် ဘုရား)၊ ဥဒ္ဓစ္စကုက္ကုစ္စ ဆိုတဲ့ ပျံ့လွင့်မှုတွေကော(ဖြစ်ပါတယ် ဘုရား)။
ပုထုဇဉ်က ဖြစ်ကြောရှည်တယ်
နို့ ဘာထူးသတုန်းလို့ မေးတဲ့အခါကျတော့မှ ပုထုဇဉ်လဲ ဒါတွေဖြစ်တာပဲ၊ သောတာပန် ဖြစ်ပြီးသား ကတဉာဏ်ရပြီးသား ပုဂ္ဂိုလ်လဲ ဒါတွေဖြစ်တာပဲ ဆိုတော့ လောကီအလိုပြောလို့ရှိရင်ဖြင့် ဟိုက ပုထုဇဉ်က ဖြစ်ကြောရှည် နေတယ်၊(မှန်ပါ့)၊ သူက ဖြစ်ကြောမရှည်ဘူးတဲ့(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အကြမ်းမှတ်ထားပါ အကြမ်းမှတ်ထားပါ၊ ပုထုဇဉ်ကတော့ (ဖြစ်ကြောရှည်ပါတယ်)၊ ဖြစ်ကြောရှည်နေတယ်ဆိုတာ တစ်နေ့ လုံး ဒီဟာလောဘဖြစ်နေတယ်ဆိုရင် လောဘချည်းပဲ၊ ဒေါသဖြစ် နေတယ်ဆိုရင် မကျေမချမ်းနိုင်ဘူး(မှန်ပါ့)၊ ဖြစ်ကြော မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)၊ သဘောကျပလား(ကျပါပြီ ဘုရား)။
အဲဒုက္ခချုပ်ပြီးသား ပုဂ္ဂိုလ်ကတော့ ဒီလိုမလာဘူးကွတဲ့။ ဖြစ်တယ်ဆိုရင် သြော်-ဖြစ်သွားပြီလို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်တဲ့။ (မှန်ပါ့)၊ ဖြစ်ကြောရှည်သေးရဲ့ လား (မရှည်ပါ ဘုရား)ဖြစ်ရင် ချက်ချင်းသိတယ်တဲ့ (မှန်ပါ့)၊ နောက်က နေသိတာပဲတဲ့၊ ဪငါသည် လောဘ ဖြစ်သွားပဟေ့ဒီဥစ္စာ ဖြင့် လောဘ ဖြစ်သွားပဟ ဆိုတာ နောက်ကနေပြီး သကာလ ဉာဏ်အသိကလေးက ချက်ချင်းလိုက်တယ်(မှန်ပါ့)၊ ဒေါသဖြစ်လဲ (ဉာဏ်အသိ လိုက်ပါတယ်)၊ ဉာဏ်အသိ ကလေးက ချက်ချင်း လိုက်တယ်၊ ထိနမိဒ္ဓဖြစ်ကော (ဉာဏ်အသိ ကလေးက ချက်ချင်း လိုက်ပါတယ် ဘုရား)။
ဉာဏ်အသိကလေးက ချက်ချင်းလိုက်တယ် သူက မသိတာ မရှိဘူး (မှန်ပါ့)၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စဖြစ်ဖြစ်၊ ကုက္ကုစ္စဖြစ်ဖြစ် ကိုဝဖြစ်တော့ ဖြစ်တာပဲတဲ့ (မှန်ပါ့)၊ သူ မပယ်နိုင်သေးလို့ ဖြစ်တာကိုး၊ သူ့မဂ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာသာ ပယ်နိုင်သေးတာကိုး(မှန်ပါ့)၊ လောဘ၊ ဒေါသ၊ မောဟတွေ အကုန်ပယ်ပလား(မပယ်သေးပါ)၊ မပယ်နိုင်သေး တော့ မပယ်နိုင်သေးလို့ လာတာပဲ ဆိုတာကလဲ ဒကာ ဒကာမ တွေက မှတ်(မှန်ပါ့)၊ လာပင်လာငြားသော်လဲ ချက်ချင်း နောက်က ပြန်သိတယ် (မှန်ပါ့)။
ဖြစ်ကြောတို
ပုထုဇဉ်ကတော့ ဖြစ်ကြောရှည်ကွတဲ့ (မှန်ပါ့)၊ သောတာပန် က ဖြစ်ကြောတိုကွတဲ့(မှန်ပါ့)၊ ထူးပလား (ထူးပါတယ် ဘုရား)၊ အဲသောတာပန်ဆိုရင်ဖြင့် ဖြစ်ကြောတိုတာချည်းပဲ (မှန်ပါ့)၊ ခင်ဗျားတို့က သောတာပန်တဲ့ဗျာလိုချင်၊ ရချင်လိုက်တာ များလိုက်တာ (မှန်ပါ့)၊ ဒေါသကြီး လိုက်တာ၊ သူတို့ကိုယ် သူတို့တော့ ဘဝင်မြင့်နေလိုက်တာ သောတာပန်တဲ့ (မှန်ပါ့)၊ အစရှိသည်နဲ့ ပြောချင်လဲ ပြောကြလိမ့်မယ်(မှန်ပါ့)၊ သို့သော် အတွင်းမှာ အခု ဆရာဘုန်းကြီးက ရှင်းပေးတော့ ဦးဘရှင်း တို့က လင်းသွားပါလိမ့်မယ် (မှန်ပါ့)၊ ဖြစ်ကြောရှည်နဲ့ (ဖြစ်ကြောတိုပါ ဘုရား)၊ ဒါကွာတာပါပဲကွာတဲ့(မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတို ကွာတယ်ကွတဲ့ဘာဖြစ် လို့တုန်းဆိုတော့ ဟိုက ပဋိစ္စသမုပ္ပာဒ်ဉာဏ်က နောင်က ဖြတ် ဖြတ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ပုထုဇဉ်ကတော့ မဖြစ်တော့ဘူး၊ ဒီပဋိစ္စသမုပ္ပာဒ် တောက် လျှောက်သွားတာပဲ (မှန်ပါ့)၊ တစ်နေ့လုံး ဒီ ပဋိစ္စသမုပ္ပာဒ် သွားချင်လဲ သွားနေတာပဲ(မှန်ပါ့)။
ဥပမာ-သားတစ်ယောက်က အိမ်ကပစ္စည်း ခိုးဝှက်ပြီး သကာလ ကစားပစ်လိုက်တယ်ဆို မင်းကို မကျေသေးဘူးကွာ ဆိုတဲ့ဥစ္စာ ဘယ်တော့မှ ကျေတယ်လို့ ရှိသတုန်း (မရှိပါ ဘုရား)။
သောတာပန်ကတော့ ဘယ်လိုတဲ့တုန်း (ဖြစ်ကြောတို သွားပါ တယ် ဘုရား)၊ ဖြစ်ကြောတို သွားတယ်၊ ဟေ့မင်းယူသွားတုန်းက ငါ အတော်ဒေါသ ဖြစ်တယ်ဟေ့ဟော ငါမှားသွားပြီဟေ့ ဆိုတဲ့ဥစ္စာ ချက်ချင်းနောက်က အသိလိုက်တယ်(မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ဟိုက အသိလိုက်သေးရဲ့ လား (မလိုက်ပါ ဘုရား)၊ မလိုက်တော့ဘူးတဲ့ ဒကာ ဒကာမတို့။
၁-နံပါတ်အချက်
ဒါဖြင့် ၁-နံပါတ်အချက်မှာ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတို ကွာပါတယ်(မှန်ပါ့ ဘုရား) ဖြစ်ကြောတိုရင် သောတာပန် (မှန်ပါ့)၊ ဖြစ်ကြောရှည်ရင် ပုထုဇဉ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အံမာလေးဒီဥစ္စာ တော်တော်ပြောရမယ်နော်၊ ဒကာ ဒကာမတို့ တစ်ချက်ပြီးပြီ ဆိုကြစို့ (မှန်ပါ့ ဘုရား)၊ တစ်ချက်ပြီး ပြီတဲ့၊ ဦးဘရှင်း၊ ဒီဥစ္စာ မမေ့စေနဲ့နော်(မှန်ပါ့)၊ ခင်ဗျားတို့ ရီကော်ဒါရှိရင် ရီကော်ဒါနဲ့ကူးထားပါ ကိုယ့်ဟာကိုယ် စစ်ဆေးဖို့ကိုး (မှန်ပါ့)၊ သူများ စစ်ဆေးဖို့ မလိုပါဘူး (မှန်ပါ့)။
ဒါကြောင့် အဆင်းလှလာလိမ့်မယ်ဆိုင်းဘုတ်ဆွဲလာလိမ့် မယ်လို့ သောတာပန်မှာ မရှိပါဘူး၊ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတို ကွာတယ် (မှန်ပါ့)။
ဒိဋ္ဌိဝိစိကိစ္ဆာတော့ မလာပါဘူး မောင်နိုင်ရ(မှန်ပါ့)၊ မလာပင် မလာငြားသော်လဲ ဒီပြင်လောဘ၊ ဒေါသ၊ မောဟ ထိနမိဒ္ဓတွေ ကတော့ (လာပါတယ်)၊ လာပေမယ့်လဲ ပုထုဇဉ်နဲ့ ဘာထူးသလဲ ဖြစ်ကြောတိုပါ(တိုပါတယ်) ဖြစ်ကြောရှည်တာနဲ့ ဖြစ်ကြော တိုတာ ဒါ ကွာသွား တယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ၁-နံပါတ်ကိုဖြင့် ကိုယ့်ဟာကိုယ် အကဲခတ်လိုက် (မှန်ပါ့)၊ သိလောက်ပြီ မဟုတ်လား (မှန်ပါ့ ဘုရား)။
ဒီပြင် လောဘ၊ ဒေါသ၊ မောဟတွေ ပါးတာတွေတော့ အသက်ကြီးလို့လဲ ပါးတတ်တယ် (မှန်ပါ့)၊ အတွေ့အကြုံ ဒုက္ခတွေက များလို့လဲ သြော် တယ်မရှာချင်တော့ ပါဘူးဆိုတာ ရှိတတ်တယ် (မှန်ပါ့)၊ အဲဒါ သံဝေဂတွေ (မှန်ပါ့ ဘုရား)၊ အခုဟာက သောတာပန်နဲ့ ပုထုဇဉ်ထူးတာကို ဟောနေတာ (မှန်ပါ့)။
သံဝေဂကတစ်မျိုး၊ တကယ့်ဉာဏ်တက်တာက(တစ်မျိုးပါ ဘုရား)၊ ဉာဏ်ထူးလာတာက တစ်မျိုး၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် လေးလေးစားစား မှတ်ပါလို့ မူလကနေ တရား ခင်းတယ်ဆိုတာ က သာမည မှတ်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
ကိုယ်လဲ ဒီအဖြစ်ရောက်အောင် လုပ်ရမယ်(မှန်ပါ့ ဘုရား)၊ ဖြစ်ကြောရှည် နေလို့ရှိရင် ဖြစ်ကြောတို ရောက်အောင် လုပ်ရမယ် (မှန်ပါ့)၊ မလုပ်ရပေဘူးလား(လုပ်ရပါမယ် ဘုရား)။ အေး ဒါဖြင့် ၁-နံပါတ်ကို ကျေနပ်ပလား(ကျေနပ်ပါပြီ)၊ ကောင်းပြီ ဒါ ၁-နံပါတ်ကို အကဲခတ်နိုင်ပြီဆိုတာဖြင့် မှတ်ပါ။ အပါယ်လေးပါး တံခါးဆိုတာတော့ အစောကြီးက ပိတ်နေတယ်၊ ကတဉာဏ်ရကတည်းက ပိတ်နေတယ် (မှန်ပါ့)၊ ကျန်တဲ့ ကိလေသာတွေ သူ့ဟာသူ စဉ်းစားလိုက်တဲ့အခါမှာတဲ့သြော် မပယ်သေးလို့ ပေါ်လာတာပဲလို့လဲ သိတယ်(မှန်ပါ့)။ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ၊ ထိနမိဒ္ဓတွေဟာ ကိုဝမပယ်နိုင်သေး ဘဲကိုးဗျ(မှန်ပါ့)၊ မပယ်နိုင်သေးတော့ အကြောင်းရှိရင် အာရုံက တိုက်တော့ ဘယ့်နှယ်နေသတုန်း(ပေါ်ပါတယ် ဘုရား)၊ ပေါ်ပင် ပေါ်ငြားသော်လဲ ဘာထူးခြားသလဲ (ဖြစ်ကြောတိုပါတယ် ဘုရား)။
ပုထုဇဉ်က ဖြစ်ကြောရှည်တယ် (မှန်ပါ့)၊ သောတာပန်က (ဖြစ်ကြော တိုပါတယ်)၊ ဪ-ဒီလိုထူးပါကလားဆိုတာ ဘုရားက ကောသမ္ဘီယသုတ်မှာ ဟောပါတယ်(မှန်ပါ ဘုရား)၊ မောင်နိုင် ကျေနပ်ပလား(ကျေနပ်ပါပြီ ဘုရား)။ ( ၁-နံပါတ် ဘယ့်နှယ်တုန်း ဒကာ ဒကာမတွေ ရှင်းကြရဲ့ လား (ရှင်းပါပြီ ဘုရား)။
၂-နံပါတ်ကတော့
၂-နံပါတ်စ,တော့မယ်၊ ၂-နံပါတ်ကတော့ကို ခုနကပြောခဲ့တဲ့ လောဘရော၊ ဒေါသတွေ၊ ဣဿာတွေ အကြောင်း တိုက်ဆိုင်လို့ ပေါ်တဲ့ မပယ်သေးတဲ့ ကိလေသာတွေကတော့ ကိုယ်, ကိုဝ လာမှာပဲ (လာမှာပါ ဘုရား)၊ လာပင်လာငြားသော်လဲ နဂို ကတည်းက ဖြစ်ကြောတိုတာမှန်း သိထားတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုင်း ငြိမ်းအေးအောင် လုပ်လိုက်မယ်ကွ ဆိုတဲ့စိတ် တစ်ခါတည်း ပေါ်လာရင်(မှန်ပါ့)။
ဒီဟာတွေ ငြိမ်းအောင်လုပ်လိုက်၊ ဒီနေ့ ကမ္မဋ္ဌာန်း ပိုထိုင် လိုက်မယ် သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် အဲဒီကမ္မဋ္ဌာန်း ပိုထိုင်လိုက်တဲ့ အခါကျတော့ ဘဝ ဆုံးပြီးသား ဖြစ်နေတော့ ဒုက္ခဆုံးအောင် ရောက်သွားတော့ ငြိမ်းအေးမသွားဘူးလား (ငြိမ်းအေးသွားပါတယ် ဘုရား)။
အဲဒီတော့ ငြိမ်းအေးအောင် ငါသည်ကားလို့ဆိုရင် သိရုံတင် မဟုတ်ဘူး၊ ငြိမ်းအေးအောင် လုပ်ဦးမယ်ဆိုတဲ့ ဒုတိယစိတ်လဲ ပေါ်လာပြန်တယ်(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟတွေ ပုထုဇဉ်လိုပဲဖြစ်တာပဲ။ သို့သော် သူက ဖြစ်မှန်းသိတဲ့ အတွက် ငြိမ်းအေးအောင်လုပ်လိုက်ဦး မယ်ဆိုပြီး ကမ္မဋ္ဌာန်း ဝင်ထိုင်လိုက်တယ်(မှန်ပါ့)၊ တစ်နည်း အားဖြင့်လဲ ထိုင်ရင်းပဲ ဒီဥစ္စာတွေကို ကိုယ့်ခန္ဓာဖြစ်ပျက် ရှုပြီး သကာလ ငြိမ်းအေးအောင် လုပ်လိုက်ဦးမယ်ဆိုလဲ ငြိမ်းသွားတာပဲ (မှန်ပါ)၊ ဝမ်းထဲ အလုံးကြီး ရှိသေးတယ်၊ ဆန်ကွဲကျဲ နေသေးတယ်ဆိုတဲ့ ခင်ဗျားတို့ အသုံးမျိုး မရှိဘူးတဲ့(မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
မောင်နိုင် တချို့က ဒီလိုမပြောဘူးလား(ပြောပါတယ်) မင့်တော့ မကျေသေးဘူးကွ၊ အလုံး မကျေသေးဘူး တော်တော် ကျပြန်တော့လဲ ဆန်ကွဲကျဲကျန်သေးတယ်ပြောချင် ပြောနေတာ (မှန်ပါ့)၊ လူထုံးစံက မလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒါတွေတော့ မရှိဘူးတဲ့၊ တစ်ခါတည်း ငြိမ်းအေးသွားတာပဲ. (မှန်ပါ့)၊ သဘောပါပလား(ပါ,ပါပြီ)။
ဒါဖြင့် လွန်ကျူးတဲ့ ကိလေသာတွေတော့ ရှိတာပဲတဲ့။ ရှိမှန်း သိတဲ့အတွက် ငြိမ်းအေးအောင် လုပ်ချင်တဲ့စိတ် ငြိမ်းအေးအောင်ကိုပဲ လုပ်ပစ်လိုက်တယ်(မှန်ပါ့)၊ ဒါဟာ ပုထုဇဉ်နဲ့ မထူးဘူးလား (ထူးသွားပါတယ် ဘုရား)။
ပုထုဇဉ်ကတော့ဖြင့် မင်းလာပြန်ပြီလားဆိုပြီး အရင်ထက် ဒေါသကြီးချင် ကြီးသွားတယ် (မှန်ပါ့)၊ ဒီကောင် အိမ်ပေါ် မတက်စေနဲ့ကွဆိုတော့ သူ့မျက်နှာမြင်ရရင် ထမင်းစားပျက်တယ် အစရှိသည်နဲ့ ပိုပြီး လာချင်မလာဘူးလား (လာပါတယ် ဘုရား)၊
သောတာပန်ကတော့ ငြိမ်းအေးအောင် လုပ်ပစ်လိုက်တယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဘကလေး သဘောပါပလား (ပါ,ပါပြီ ဘုရား)၊ ဒီက ဒကာ ဒကာမတွေ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)၊ ဪ ဒီဥစ္စာ တော်တော် အရေးကြီးအောင်ပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်တော်နဲ့ ပုထုဇဉ်နဲ့ သော တာပန် ချိန်ထိုးပြနေတာပါ ကလား ဆိုတော့ အတော်ကို အဖိုး တန်တဲ့တရား(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီအတိုင်း လုပ်ရတော့မယ် ဆိုတာလဲ ကျေနပ်ကြပါနော် (မှန်ပါ့)၊ သဘောပါပလား(ပါ,ပါပြီ)။
အဲ ဒါဖြင့် ၂-နံပါတ်က မှားမှန်းသိရင် နေ့လယ် မှားမှန်း သိရင် ချက်ချင်းသိတယ်၊ ည ငြိမ်းအောင် လုပ်ပစ်လိုက်တယ် (မှန်ပါ့)။
ညကျလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးကို တစ်ခါတည်း ဖြစ်ပျက်တွေ ရှုပြီး သကာလ ဒုက္ခချုပ်တဲ့ဆီ ငြိမ်းအေးအောင်ပဲ လုပ်ပစ်လိုက် တယ် (မှန်ပါ့)၊ ကဲ ဒါတော့ မစဉ်းစားတော့ဘူးကွာ မင်းလဲ အနတ္တပဲ၊ အလုံးစုံအနတ္တတွေပဲ ဆိုပြီး သကာလ ကိုဝငြိမ်းအေးအောင် ထုတ်ပစ်လိုက်တယ် (မှန်ပါ့)၊ သူက ဆန်ကွဲကျဲအလုံးကြီး ကျန်သေးရဲ့ လား (မကျန်ပါ ဘုရား)။
အဲဒီလို မကျန်အောင် ငြိမ်းအေးသွားလို့ရှိရင် ဒကာ ဒကာမ တွေ ပုထုဇဉ်နဲ့ ထူးတဲ့သဘောပဲ (မှန်ပါ့)၊ ဒါသောတာပန်မှ ဒီလိုဖြစ်တယ်(မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်နှစ်ချက် ရှိသွားပြီလဲ(နှစ်ချက်ရှိသွားပါပြီ)။
ကိုင်းဒကာ ဒကာမတို့ နာရီနဲ့ ဟောနေတာဖြစ်တော့ ၃-နံပါတ်ကို ဟောပါတော့မယ်၊ ၂-နံပါတ် ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ မပျောက်စေနဲ့နော်(မှန်ပါ့)၊ မပျောက်စေနဲ့တဲ့ ၃-နံပါတ် ပြောမယ် ဒကာ ဒကာမတို့ ဝမ်းမြောက်စရာ ရှိတဲ့ ပုဂ္ဂိုလ်လဲ ဝမ်းမြောက် ကြပေတော့၊ ဝမ်းမမြောက် ရသေးတဲ့ပုဂ္ဂိုလ်လဲ မြောက်အောင်လုပ်မလှဲ၊ ဒီစိတ်တွေပေါ်ရင် အပါယ်လေးပါးတံခါး က သေသေ ချာချာ ပိတ်တယ် (မှန်ပါ့)၊ ဘယ်လိုလုပ်လုပ် မကျတော့ဘူး၊ ကျနိုင်သေးရဲ့လား (မကျပါ ဘုရား)၊ အဲဒါကြောင့် ဒီအရေးဟာ မောင်နိုင် သာမည အရေးလားအလွန့်အလွန် ကြီးတဲ့အရေးလား (အလွန့်အလွန်ကြီးတဲ့ အရေးပါ ဘုရား)။
အလွန့်အလွန်ကြီးတဲ့ ဓမ္မသဘော ဖြစ်လေသောကြောင့် ဘုန်းကြီးလဲ ခပ်အေးအေးနဲ့ နားရှင်းရှင်းဖြစ်အောင် သေသေချာချာ ပြောနေပါတယ် (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးလဲ အရေးကြုံလို့ကို ဟောရှာ တယ်(မှန်ပါ့)။
ရဟန်းချင်း ရန်ဖြစ်ကြလို့ဟောတယ်(မှန်ပါ)၊ ရဟန်းချင်းတွင် ကိုဝ-မကပါဘူး၊ နတ်တွေပါ သွားဖြစ်တယ်(မှန်ပါ့)၊ အထက် အကုန်ကွဲသွားတယ်၊ နတ်ပြည်ခြောက်ထပ်ပါ ကွဲတယ်(မှန်ပါ့)။
သူ့ဆရာ ဆရာနဲ့ ကွဲသွားတာ ဒီအောက်တွင် ကွဲတာလား မောင်နိုင် (မဟုတ်ပါ ဘုရား)၊ သိပ်ကြီးကျယ်တဲ့အကွဲပဲ (မှန်ပါ့)။
သြော်ပုထုဇဉ်တွေ သောတာပန် မတည်သေးတော့ ဒီလို ဖြစ်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး၊ ဖြစ်ကြောရှည်တွေ အင်မတန် သနားတယ်(မှန်ပါ့)။
ကဲဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နှစ်ချက် ပြီးသွားမလဲ (၂-ချက် ပြီးသွားပါပြီ ဘုရား)။
၃-နံပါတ်ကတော့
နောက်ကျတော့ ၃-နံပါတ်ကတော့ ဒကာ ဒကာမတွေ ဒီအတိုင်းမှတ်ပါ၊ ၃-နံပါတ်ကတော့ လွယ်ပါတယ်၊ ၃နံပါတ်ဟာ ကိုယ့်ဟာကိုယ် နဖူးပေါ် လက်တင်ပြီး စဉ်းစားပြီးနေတော့ ဪဒီဘုရားသာသနာ မှတစ်ပါး တခြားသော သာသနာများမှာဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဆိုတာဖြင့် ဘယ်တော့မှ မရှိဘူးဆိုတာလဲ ကိုယ့်ဟာကိုယ် ယုံကြည်တယ်(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒီ ဘုရားသာသနာတော်မှာသာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာရှိတယ်(မှန်ပါ့)၊ တစ်ပါး သာသနာမှာဖြင့် သောတာပန် သကဒါဂါမ် အနာဂါမ်ရဟန္တာဟာဖြင့် မရှိနိုင်ဘူး ဆိုတာ သူ့ဟာသူ သိတယ်(မှန်ပါ့ ဘုရား)။
တွေးလိုက်လို့ရှိရင် ဪ ဒါတွေဟာ မရှိနိုင်ပါဘူး၊ ဒါတွေ ဟာပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီလိုသိတယ် (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)၊ ဒါကြောင့် ၃-နံပါတ်က လွယ်တယ် (မှန်ပါ့)။
ပေါ်ကြပြီနော်(ပေါ်ပါပြီ)၊ ဒီဘုရားသာသနာမှတစ်ပါး တခြား သာသနာ၌ ထွက်ရပ်လမ်းမရှိ (မှန်ပါ့)၊ ဒီလိုသိတာဟာ ဘယ်သူ၏ အသိပါလိမ့် (သောတာပန်၏ အသိပါ ဘုရား)။
ပုထုဇဉ်ဆိုလို့ သြော် သူတို့အယူမျိုးက ဟုတ်ထင်ပါရဲ့၊ ဒီလိုလာသေးတာကိုး(မှန်ပါ့)၊ သူတို့အယူက ထွက်ရပ်လမ်း ထင်ပါရဲ့၊ ဒီလိုဝိစိကိစ္ဆာက ရှိသေးတယ်(မှန်ပါ့)၊ သဿတသမား၊ ဥစ္ဆေဒဝါဒီသမားက ဟုတ်ထင်ပါရဲ့၊ အမရာဝိက္ခေပကလဲ ဟုတ် တင်ပါရဲ့ ဣဿရနိမ္မာန အယူသမားတွေကလဲ ဟုတ်ထင်ပါရဲ့. လာသေးတာကိုး (မှန်ပါ့)၊ ကဲဒါတွေ သောတာပန်မှာ လာသေး ရဲ့လား (မလာပါ ဘုရား)။
ဒီဘုရားသာသနာတော်မှတစ်ပါး တခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိတော့ဘူး (မှန်ပါ့)၊ ဘာဖြစ်လို့တုန်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်က ဒီသာသနာမှာသာ ရှိနိုင်တယ် (မှန်ပါ့)၊ ဒီပြင်နေရာမှာ (မရှိပါ ဘုရား)။
အဲဒီလိုသိတဲ့ အသိဟာလဲ မယောင်တဲ့အသိဟာလဲ ကိုဝ ကိုပေါ်၊ မှတ်လိုက်စမ်း သောတာပန်တို့၏ စိတ်နေစိတ်ထား သဘောသွားပဲ(မှန်ပါ့)၊ ဘယ်နှစ်ချက် ရှိသွားမလဲ(သုံးချက် ရှိသွားပါပြီ ဘုရား)။
သုံးချက် ရှိသွားပြီနော်ခုနစ်ချက် ဟောရမှာ ဒကာ ဒကာမတို့။
၄-နံပါတ် ပြောပါတော့မယ်
ကဲကိုပေါ် ဘယ်နှစ်ချက် ပြီးသွားပလဲ (သုံးချက် ပြီးသွား ပါပြီ ဘုရား) ၄-နံပါတ် ပြောပါတော့မယ် ဒကာ ဒကာမတို့နော်(မှန်ပါ့)။
ရဟန်းမှာဆိုလို့ရှိရင် အာပတ်သင့်တယ် ဆိုတာ ရှိတယ်၊ မြက်ပင်ကလေး သွားပြီး သကာလ မိမိပယောဂနဲ့ ဆိတ်လိုက်မယ်၊ ဆွလိုက်မယ်၊ သစ်ပင်ကလေး ဓားကလေးနဲ့ ခုတ်လိုက်မယ်၊ စိတ်ပါပြီး ခုတ်လိုက်မယ်ထစ်လိုက်မယ်ဆိုရင် အာပတ်သင့်တာ ရှိသေးတာကိုးဗျ(မှန်ပါ့)၊ အဲဒီလို အာပတ်သင့်လာတဲ့အခါ ကိုပေါ် ကိုဝ မှတ်လိုက်စမ်း သောတာပန် တို့ ဒီလိုခုတ်မိ ထစ်မိမယ် ဆိုလို့ရှိရင် ချက်ချင်း ငါသည်ကား ဆိုလို့ရှိရင် အာပတ်သင့်ပြီး ချက်ချင်းပဲ ညပြုမိလို့ရှိရင် ညပဲ၊ တစ်ပါးသော ပုဂ္ဂိုလ်ထံ တပည့်တော် လွန်ကျူးမိပြီဘုရာ့ ဒေသနာ ကြားချင် တယ်(မှန်ပါ့)၊ ဒါပျောက်သွားအောင် ရှင်းပလား(ရှင်းပါပြီ)၊ အချိန်ဆိုင်းသေးသလား(မဆိုင်းပါ ဘုရား)။
ဒါက ရဟန်းကို ဟောပါတယ်၊ လူကျတော့ကို နေ့လယ်က ငါအပြစ် သင့်သွားသကွာ အဲသည်အပြစ်ကို ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဝန်ချတောင်းပန်ပြီး သကာလ ပြေအောင် လုပ်မယ်ဟ၊ ဒီစိတ် ပေါ်လာတယ် (မှန်ပါ့)။
ကိုယ်က မှားတယ်၊ အဲမှားတဲ့ဥစ္စာ ချက်ချင်းပြေအောင် လုပ်ချင်တဲ့စိတ်ဟာ တစ်ခါတည်း ပေါ်လာတယ်(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အနာပေါက်တယ်ဆို ချက်ချင်း ကုချင်စိတ် ပေါ်သလိုပေါ့ဗျာ(မှန်ပါ့)။
ချက်ချင်း ကျူးလွန်တာကလေး သိတယ်ဆို ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းရင်လဲ ထိုင်ပစ်လိုက်တယ်(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ထိုင်ပစ် လိုက်ပြီးတော့ ပြေပျောက် အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ့)၊ ဒါဘယ်သူ၏ စိတ်ထားပါလိမ့်(သောတာပန်၏ စိတ်ထားပါ ဘုရား)။
ပုထုဇဉ်ကတော့ဟေ့၊ မင်းအတွက်ကြောင့် ခါးစည်းခံမယ်က မလျှော့ဘူး(မှန်ပါ့)၊ ဒီလိုမရှိဘူးလား (ရှိပါတယ် ဘုရား)၊ မင်းကို ဒီဘဝမဟုတ်ဘူးကွဟိုဘဝကို မကျေဘူးကွတယ်လဲ ပြင်းထန် ပါကလား (ပြင်းထန်ပါတယ် ဘုရား)၊ ဒါ ခိုးလို့အပါယ်ကျမယ် ဆိုရင် ခါးစည်းခံမယ် ပြောချင်ပြောနေတာ(မှန်ပါ့ ဘုရား)။
ဒါကြောင့်မို့ ဘုန်းကြီးကတောင် ပြောရသေးတယ်၊ မင်းတို့ ခါးစည်းကြိုး ပေးမည့်လူ ရှိသေးရင် တော်သေးရဲ့ ကွာ၊ ဘယ်ဘယ်သူက ခါးစည်းကြိုး ပေးမှာတုန်း သူတို့ကို (မှန်ပါ့)။
ကဲဒါဖြင့် ပုထုဇဉ်ဟာ မရှည်လားဗျ၊ အခုကြည့်လေသူတို့ ပြောတာပဲကြည့်တော့၊ ဒီအတွက်ကြောင့် အပါယ်ရောက်မယ်ဆိုရင် ခါးစည်းခံမယ်တဲ့(မှန်ပါ့)၊ စင်စစ်တော့ သူတစ်ပါး မတရားလုပ် တယ်ဆိုရင် အပြစ်တော့ မသင့်ဘူးလား(သင့်ပါတယ် ဘုရား)၊ အဲဒီအပြစ်ကို သူတို့က ခါးစည်းခံမယ်တဲ့ (မှန်ပါ့)၊ ဒီလိုပြောတဲ့ လူတွေ (မှန်ပါ့)၊ ပုထုဇဉ်က မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။
ခုနက သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ မဟုတ်ဘူးဒါကို မြန်မြန်ကုလိုက်မှအေးမယ်၊ ငါလွန်သွားပြီ၊ မြန်မြန်ကုမယ်ဆိုပြီး သကာလ ဒီဟာငြိမ်းအေးအောင် တစ်ခါတည်း တရားသွားထိုင် လိုက်တယ်၊ လူဖြစ်ခဲ့လို့ရှိရင် (မှန်ပါ့)၊ ဘုန်းကြီးဖြစ်ခဲ့လို့ရှိရင်တော့ ဒေသနာ သွားကြားလိုက်တယ် ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား)၊ ချက်ချင်းပြေပျောက်အောင် လုပ်ပစ်လိုက်တယ်(မှန်ပါ့) ဒါ ဘယ်သူ့ စိတ်ထားပါလိမ့်(သောတာပန်၏ စိတ်ထားပါ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်နှစ်ချက် ရှိသွားပလဲ (လေးချက် ရှိသွားပါပြီ) လေးချက်ရှိသွားပြီ သုံးချက် ကျန်သေးတယ်နော်
ကဲ ဒကာ ဒကာမတို့ ဂရုစိုက် နားထောင်ပါဦးတဲ့၊ ကျန်တဲ့ သုံးချက်ကို ပြောပါတော့မယ် ဆိုတော့ အခု ငါးချက်မြောက် ပြောရတော့မှာပေါ့ မောင်နိုင် (မှန်ပါ့)။
ငါးချက်မြောက်
ငါးချက်မြောက် ဒကာ ဒကာမတို့ မှတ်ထားစမ်းပါ ဥပမာမယ် ဒကာ ဒကာမတွေက သောတာပန် တည်ပြီးသား ဆိုပါတော့(မှန်ပါ့)၊ ခင်ဗျား သက်သေခံကလေး လိုက်ခဲ့စမ်းပါ၊ ကျုပ်အမှုက ခင်ဗျားတို့လိုက်မှလဲ ခိုင်လုံမလို ဖြစ်နေတယ်၊ နည်းနည်းတော့ဖြင့် ဝေ့လည်ကြောင်ပတ် သုံးမှပဲရမယ်၊ ဥပမာမယ် အမှုသည်က ပြောထားတယ်ဆိုပါတော့(မှန်ပါ့)၊ ရှေ့နေကရင်လဲ သင်ထားတယ်ဆိုပါတော့ (မှန်ပါ့) သဘောကျပလား (သဘော ကျပါပြီ)။
သူဟာတဲ့ဒီလူ သနားလို့ လိုက်တော့ လိုက်ပါတယ်တဲ့ ရုံးပြင်ကန္နားကို လိုက်ပင်လိုက်ငြား သော်လဲ သူ့သီလပျက်မှာ၊ သူ့သမာဓိပျက်မှာနဲ့ သူ့ပညာပျက်မှာကိုတော့ အထိခိုက်မခံဘူး (မှန်ပါ့)။
လိုက်တော့လိုက်တယ်၊ သူတစ်ပါးကိစ္စ ဆောင်ရွက်ဖို့ လိုက် တော့လိုက်တယ်၊ သို့သော် သီလပျက်, သမာဓိပျက်, ပညာ ပျက်မခံဘူး(မှန်ပါ့ ဘုရား)၊ ဘယ်သူ၏ စိတ်ထားပါလိမ့် (သောတာပန်၏ စိတ်ထားပါ ဘုရား)။
ကိစ္စကြီးငယ်ရှိရင်တော့ ကူပါဦး, ယူပါဦးဆိုရင် ကူချင်, ယူချင်တဲ့စိတ်တော့ ပေါ်တာပဲ။ ပေါ်ပင်ပေါ်ငြား သော်လဲ သူ့မှာ ရထားတဲ့ သီလ၊ သူရ,ထားတဲ့ သမာဓိ၊ သူရ,ထားတဲ့ ဝိပဿနာမဂ် ပညာတွေတော့ ပျက်စီးဖို့ရာကို တစ်ခါတည်း ဘယ်တော့မှ စိတ်မကူးဘူး(မှန်ပါ့)၊ အကြောင်း အကျိုးတော့ဖြင့် ရွက်ဆောင် ပေးမယ်၊ ဒီဟာတော့ အထိမခံနိုင်ဘူး(မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဘယ်သူ့ စိတ်ထားပါလိမ့်(သေတာပန်၏ စိတ် ထားပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဪသောတာပန်စိတ်ထားက ဒီလိုထူးခြားပါလားလို့ ဆိုတော့ ဘုရားက ငါ ဥပမာကလေးပါ ထည့်ပြောပါမယ်ကွာ မင်းတို့သိရအောင်တဲ့၊ ဒီ ကောသမ္ဘီယသုတ်မှာပဲ(မှန်ပါ့)။
နွားမကြီးဟာကွာတဲ့၊ နွားကလေး ပေါက်စနဲ့ မွေးစနွားနဲ့ နွားရှင်က တစ်နေရာမှာ ချည်ထားတယ်တဲ့၊ မြက်ခင်းတစ်ခုမှာ မြက်ပေါက်တဲ့နေရာမှာ (မှန်ပါ့)၊ သူ မြက်ပဲ စားတာပဲ၊ မြက် တွင် စားနေတယ်လို့ မင်းတို့ မအောက်မေ့နဲ့၊ သူ့နွားကလေးကိုလဲ မျက်ခြည်မပြတ် ကြည့်လျက်ပဲတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
မြက်ချည်းစားနေသလားမဟုတ်ပါ ဘုရား)၊ သူ့နွား အငယ် ကလေးကော (ကြည့်လျက်ပါ ဘုရား)။
အဲဒီအတိုင်းပဲပေါ့တဲ့၊ တစ်ယောက်က သက်သေလိုက်ခဲ့ပါ။ အမှုလိုက်ခဲ့ပါဆိုရင် တရားတဲ့လမ်းဖြစ်စေ၊ မတရားတဲ့ လမ်းဖြစ်စေ ခေါ်လို့ အားနာလို့တော့ လိုက်တာပဲ(မှန်ပါ့)၊ လိုက်ပင် လိုက်ငြားသော်လဲ သီလ သမာဓိ ပညာဆိုတဲ့ နွားငယ်တော့ ကြည့်လျက်ပဲတဲ့ (မှန်ပါ့ ဘုရား)။
ဒီမှာလဲ နွားမကြီးက စားလျက်ပဲတဲ့ဟိုမှာ နွားကလေးကို မျက်ခြည်မပြတ် ကြည့်လျက်ပါ ဘုရား)။
အဲဒီဥပမာနဲ့ မှတ်ထားစမ်းပါကွာ၊ ငါဘုရားဒီအတိုင်း မင်းတို့ကို သတိပေးပါတယ်တဲ့(မှန်ပါ့)၊ သောတာပန်စိတ်ဟာ ဒီစိတ်ပါပဲတဲ့(မှန်ပါ့)၊ အမှုကြီးငယ်ခေါ်လို့ရှိရင်ဖြင့် ဦးဘရှင်းခေါ် တယ်၊ ဥပမာ ကိုဝခေါ်တယ်၊ လူကြီးလူကောင်းတွေ ဖြစ်နေတော့ (မှန်ပါ့)၊ ကွာလိုက်တော့ လိုက်ရတာပေါ့ကွာ မကင်း တရားကိုကွ (မှန်ပါ့)၊ လိုက်ပင်လိုက်ငြားသော်လဲ မုသားသုံး ပါဆိုတော့ သူ မသုံးတော့ဘူး၊ သီလအပျက်မခံတော့ဘူး (မှန်ပါ့)၊ သူ့သမာဓိပျက်မှာဆိုလို့ ရှိရင်ကော .(မခံပါ)၊ သူ့ပညာပျက်သွား မယ် ဆိုရင်ကော(မခံပါ)၊ အဲဒီတော့ ငဲ့တယ်(မှန်ပါ့)၊ နွား ကလေး ကြည့်သလို ကြည့်တာပဲတဲ့ (မှန်ပါ့)၊ ဒီလူ့ကိစ္စလဲ နွားမကြီး စားသလိုစားပြီးတော့ ရွက်ဆောင်နေတာပဲတဲ့ (မှန်ပါ့)။
နွားကလေးကြည့်မှုကလေးတော့ မလျှော့နိုင်ဘူးတဲ့ (မှန်ပါ့)၊ သီလ, သမာဓိ, ပညာကြည့်မှုကတော့ (မလျှော့နိုင်ပါ ဘုရား)၊ အဲဒါ ဘယ်သူ၏ စိတ်နေစိတ်ထားတုန်း (သောတာပန်စိတ် ထားပါ)၊ ရှင်းကြပလား(ရှင်းပါပြီ)။
ဘုရားကိုက ပေးတဲ့ဥပမာဘုန်းကြီးကပေးတဲ့ ဥပမာလို့ မယူလိုက်ပါနဲ့(မှန်ပါ့)၊ ကောသမ္ဘီယသုတ်မှာ ဟောပါတယ်(မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်နှစ်မျိုးရပလဲ(ငါးမျိုးရပါပြီ)၊ ငါးမျိုးရတော့ နှစ်မျိုးကျန် သေးတာပေါ့ကွာ နော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နွားဥပမာနဲ့ ပြောလိုက်သဖြင့် ခင်ဗျားတို့လဲ ဒုက္ခချုပ်ငြိမ်း တဲ့နေရာ ရောက်ခဲ့လို့ရှိရင် သူဆိုတာတော့ဖြင့် မခေါ်မည့်လူလဲ မရှိဘူး၊ မပြောမည့်လူလဲ မရှိဘူး၊ အရေးရှိရင် ကူပါဦး၊ ယူပါဦးဆိုတာတွေကတော့ဖြင့် တစ်ပုံကြီး လာကြမှာပဲ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
သောတာပန်တည်ပြီးသားပုဂ္ဂိုလ် ဖြစ်ခဲ့လို့ရှိရင် မလိုက်ဘူးလို့ တော့ဖြင့် မငြင်းပါဘူး.(မှန်ပါ့)၊ သူ့ဆီ ငဲ့လိုက်တော့တာပါပဲ (မှန်ပါ့)၊ လိုက်ပင်လိုက်ငြားသော်လဲ ကိုယ့်သီလပျက်အောင်တော့ (မလုပ်ပါ ဘုရား)။
ကိုယ့်သီလ မပျက်မှုကိုတော့ အမြဲကြည့်တယ်(မှန်ပါ့)၊ သမာဓိပညာ မပျက်မှုကို (အမြဲကြည့်ပါတယ်)၊ အဲဒါ ပုထုဇဉ်တို့ နဲ့ မတူတဲ့စိတ်ထား(မှန်ပါ့)။
ပုထုဇဉ်ကတော့ဖြင့် သက်သေလိုက်လိုက်တယ်ဆိုရင် ဒီဘက်က ခင်ဗျားသာ လိုက်လိုက် လို့ရှိရင်ဗျာ ဒီအမှုဟာ ချော သွားမှာပဲ ဆိုလို့ရှိရင် ရော့တစ်ထောင် ဆိုလို့ရှိရင် တစ်ထောင် တန်ကို အပါယ်ကျအောင် ပြောချလိုက်တာပဲ(မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
သောတာပန်က ဒီလိုပြောလေ့ ဆိုလေ့ရှိရဲ့လား(မရှိပါ)၊ သီလသမာဓိ ပျက်မယ်ဆိုရင်တော့ မပြောပါ)၊ အမှန်ပြောမယ် ဆိုရင်တော့(ပါတယ် ဘုရား)၊ ဒါ ကွာတယ်(မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်နှစ်ချက် ရှိသွားပြီလဲ (ငါးချက် ရှိသွားပါပြီ ဘုရား)။
ခြောက်ချက်မြောက်
ကဲခြောက်ချက်မြောက် တဲ့၊ ခြောက်ချက်မြောက်ကတော့ ဘာတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့၊ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားတွေကို ဘုန်းကြီးများက ဟောနေ တယ်၊ သစ္စာတရားတွေ ဟောနေတယ် ဆိုပါတော့ ကိုပေါ်ရာ(မှန်ပါ့)။
အိုခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာပဲ၊ ခန္ဓာကိုယ်ကြီးထဲမှာ ခင်မှု, မင်မှုတွေက သမုဒယသစ္စာ၊ ခန္ဓာကိုယ်ကြီး ဖြစ်ပျက်မှု နေတာက မဂ္ဂသစ္စာ၊ ဒီခင်မှု မင်မှုတွေ ချုပ်သွားတာကလဲ နိရောဓသစ္စာ ဆိုတဲ့ တရားတွေများ ဟောနေလို့ရှိရင် အနက် အဓိပ္ပာယ်ကလေး သိပြီး သကာလ စိတ်ဟာ ဘယ်မှ မသွားဘဲနဲ့ နာလေ့ရှိသတဲ့ (မှန်ပါ့)။
ဒါဟာ ပုထုဇဉ်နဲ့ မတူဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား(ရိပ်မိ ပါပြီ ဘုရား)။
သစ္စာတရားတွေများ ဟောနေမယ်၊ မြတ်စွာဘုရား ဒေသနာတော်များ ဟောနေမယ်ဆိုရင် သူက ဘယ်မှ မသွားဘူးတဲ့ (မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ ဘုရား)။
ဘယ်မှ မသွားတော့ပါဘူးတဲ့ ဒကာ ဒကာမတို့၊ ရိပ်မိ ပလား(ရိပ်မိပါပြီ) ဘယ်မှ မသွားတော့ဘူး၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။
လောကီဥပမာ ငါပြောမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ကလေးကလေး တစ်ယောက် ရှိတယ် ကွာတဲ့၊ ကလေးကလေး တစ်ယောက်က လေးဘက်သွားကလေး၊ မီးခဲ သွားကိုင်တယ်ဆို ကလေးက နုသကိုးဗျ(မှန်ပါ)၊ နုတဲ့အခါကျတော့ ရှဲရှဲနဲ့ သူ့ အသားကလေး လောင်လိုက်မယ်ဆိုရင် ကိုယ်ပေါ်ကိုဝကြာ မလား မကြာပါ)၊ ချက်ချင်း နောက်ပြန်ဆုတ်တယ် (မှန်ပါ့ ဘုရား)။
ဒီပြင်စိတ်တွေ ဘာတွေ အပြင်ထွက်မယ်ဆိုရင် အထွက်ကို မခံဘူး-(မှန်ပါ့)၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒီပြင်စိတ်တွေ အပြင်ထွက်ခံသေးရဲ့ လား(မခံပါ)၊ တစ်ခါတည်း နောက်ပြန်ပြီး ဆုတ်တယ်၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
မြတ်စွာဘုရား တရားတော်နာရတဲ့ အခါကျလို့ရှိရင် ပီတိ သောမနဿတွေ ဖြစ်ပြီး သကာလ ဒီပြင်စိတ်မလာခဲ့နဲ့၊ ဒီပြင် စိတ် မလာခဲ့နဲ့ ဆိုတဲ့ သဘောမျိုးလိုပဲဒီတရား အာရုံပဲ သဘောကျနေ တာပဲ (မှန်ပါ့ ဘုရား) သဘောကျပြီနော်(ကျပါပြီ ဘုရား)။
ဒါဖြင့် မြတ်စွာဘုရားတရားတော် နာရတဲ့အခါ အာရုံတစ်ပါး သို့ မသွားဘဲနဲ့ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် ပုထုဇဉ်နဲ့ သောတာပန် ဒါထူးခြားသကွတဲ့(မှန်ပါ့)၊ ပေါ်ကြပလား(ပေါ် ပါပြီ ဘုရား)၊ ဒါက ခြောက်ချက်မြောက်ကို ဟောလိုက်ပါတယ် (မှန်ပါ့)။
ခုနစ်ချက်မြောက်
ခုနစ်ချက်မြောက် ဒကာ ဒကာမတွေ မှတ်မိဖို့ရာကတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့တရား၊ ဘုရား ဟောတဲ့အတိုင်း တပည့်သာဝကတွေက ဟောတဲ့တရား၊ ဒီတရားတွေ နာပြီးနေရတဲ့အခါကျတော့ အိုပြောလို့ ဆိုလို့လဲ မပြီးနိုင် ဘူး၊ ဝမ်းမြောက်လို့လဲ မပြီးနိုင်ဘူး(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ပြောလို့ဆိုလို့လဲ (မပြီးနိုင်ပါ ဘုရား)၊ ဝမ်းမြောက်လို့လဲ(မပြီး နိုင်ပါ ဘုရား)၊ အင်မတန် စိတ်ထဲမှာ ခန္ဓာဉာဏ်ရောက်သွားတဲ့ အခါမှာ သိပ်ပြီး သဘောကျလေ့ရှိတယ် (မှန်ပါ့)၊ ဒီပီတိသောမန ဿဟာက တော်တော်နဲ့ မပျောက်တဲ့ဘူး(မှန်ပါ့)၊ ပုထုဇဉ်ကတော့ ထသွားရင် ပျောက်တာပဲ (မှန်ပါ့ ဘုရား)။
ထသွားတယ် ဆိုလို့ရှိရင်ဖြင့် ဒီနေရာမှာပဲ ဝမ်းသာသလိုလိုနဲ့ ဟိုနေရာ ထသွားရင်-(ပျောက်သွားပါတယ် ဘုရား)။
သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်ကတော့ ပြောစရာရှိလို့သာ ပြောလိုက်တယ်၊ ဒီဝမ်းမြောက် နေတာကလေးဟာက တော်တော် နေရင်း ကိုယ့်ဟာကိုယ် ဝမ်းသာနေရင်း တော်တော်ကြာရင် ကိုယ့်ဟာကိုယ် သဘောကျနေရင်း၊ ကိုယ့်စိတ်ကလေးနဲ့ကိုယ်ပဲ ကြည်နူးနေရင်း၊ ကိုဝ ဒီလိုနေတာဗျ (မှန်ပါ့ ဘုရား)။
အနက်သဘောတွေ သိပြီး သကာလ တယ်ကောင်းပါကလား၊ တယ်ဟုတ်ပါကလား တယ်မှန်ပါကလား တယ်သဘောကျစရာ အစစ်ပဲ၊ မျက်လုံးဖွင့်ပေးတဲ့ ပုဂ္ဂိုလ်ကြီးက၊ ဟအလွန့်ကို ဝမ်းမြောက်စရာ ကောင်းတယ်ဆိုပြီး သကာလ အနက်အဓိပ္ပာယ်ကို သိပြီး ဝမ်းမြောက်သက် အင်မတန် ရှည်လေ့ရှိတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) အဲဒါ ပုထုဇဉ်တို့နဲ့ မတူဘူးကွတဲ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ နိဂုံးချုပ်ပြီ၊ ၁-နံပါတ်က စပြီး အကျဉ်းပြောမယ်ခုနစ်ချက် ရှိသွားပြီ (မှန်ပါ့)။
(၁) ၁-နံပါတ်က လောဘ၊ ဒေါသ၊ မောဟ ထတိုင်း ထတိုင်း ပေါ်တိုင်း ပေါ်တိုင်း နောက်က ချက်ချင်းသိတာ သောတာပန် တို့၏အသိ (မှန်ပါ့)၊ ချက်ချင်း သိတာသည် (သောတာပန်တို့၏ အသိပါ ဘုရား)။
(၂) ၂-နံပါတ်က ချက်ချင်း သိလို့သိသည်နှင့် တစ်ပြိုင်နက်တည်း ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည် (သောတာပန်တို့၏ အသိပါ ဘုရား)၊ သောတာပန်၏ ဒုတိယအသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
(၃) ဤဘုရား သာသနာတော်မှတစ်ပါး တခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိဘူးလို့ သိနေတဲ့ အသိဟာလဲ (သောတာပန်တို့၏ အသိပါ ဘုရား)၊ ဘယ်နှစ်ချက် ရှိသွားပလဲ (သုံးချက်ပါ ဘုရား)၊ သုံးချက် ရှိသွားပြီနော်။
(၄) တစ်ခါ ကိစ္စကြီးငယ်ရှိတဲ့ အခါကျတော့ အင်မတန် ကုသ,လိုတဲ့ ဥပမာ ကိုယ့်မှာ ကျူးလွန်ထားတဲ့ အပြစ်ကလေးတွေ ရှိနေတယ်၊ မပယ်နိုင်သေးတဲ့ ကိလေသာက ထကြွ သောင်း ကျန်းလာတဲ့ အခါမှာ ချက်ချင်းပဲ ကုသမှုလိုတဲ့ စိတ္တုပ္ပာဒ် ပေါ်လာတာလဲ ဘယ်သူ၏ အသိပါလိမ့် (သောတာပန်၏ အသိပါ ဘုရား)၊ သောတာပန်တို့၏ အသိဆိုတာ ပေါ် ပလား(ပေါ်ပါပြီ ဘုရား)၊ ချက်ချင်းပဲ ကုသချင်တဲ့ သဘောဟာလေ(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
(၅) ကိစ္စကြီးငယ်ရှိလို့ သူတစ်ပါး အတွက် လိုက်ရငြား သော်လဲ သီလ၊ သမာဓိ၊ ပညာ အပျက် မခံဘဲနဲ့ လိုက်ခြင်းသည် သောတာပန်၏ စိတ်ထား (မှန်ပါ့)၊ ဘယ်နှစ်ချက် ရှိသွားပလဲ (ငါးချက် ရှိပါပြီ ဘုရား)၊ ငါးချက် ရှိသွားပြီနော်(မှန်ပါ့)။
(၆) မြတ်စွာဘုရား တရားတော်တွေကို ဘုန်းကြီးများက ဟောဟော ဘုရားက ဟောဟော ကိုယ်တော်ကြီး ဟောတဲ့ တရားကို ဆက်ဟောနေလို့ ရှိရင် အာရုံတစ်ပါးသို့ မသွားဘဲနဲ့ နာပြီး နေနိုင်ခြင်းသည်လဲပဲ ပုထုဇဉ်နဲ့ မတူတဲ့ တရားနာမှုပဲ(မှန်ပါ့)၊ ပေါ်ကြပလား(ပေါ်ပါပြီ)။
(၇) ခုနစ်ချက်မြောက်က မောင်နိုင်ရေနာပြီးသည်၏ အခြား၌ ကိုယ့်ခန္ဓာဉာဏ်ရောက်တဲ့ တရားတွေနာရတော့ ဝမ်းမြောက် လို့ မဆုံးနိုင်ဘဲနဲ့ အိမ်ရောက်လဲ ပြောလို့မပြီး၊ နှလုံးသွင်း ပြန်လဲ ဝမ်းမြောက်လို့ မပြီး၊ ကြည်ညိုလို့ မပြီး၊ ကျေးဇူးတင် လို့ မပြီး၊ ဒီလိုမပြီးတဲ့ သတ္တိတွေဟာလဲ သောတာပန်ကွတဲ့ (မှန်ပါ့)၊ ပုထုဇဉ်ကတော့ ပြီးကပစ်ပဲတဲ့ (မှန်ပါ့ ဘုရား)။
ပြောတော့ ပြောရှာပါရဲ့၊ ပြောတဲ့အတိုင်းလဲ ဟုတ်ပါရဲ့၊ ကိုယ်က မနေနိုင်ဘူး၊ အင်း ပြီးကပစ်သူကတော့(မှန်ပါ့)၊ ပြီးရင်ပစ်တာပဲ(မှန်ပါ့ ဘုရား)။
သောတာပန်ကတော့ ဒီလိုဟုတ်သေးရဲ့လား(မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူးတဲ့၊ ဝမ်းမြောက်လို့ကို ဘယ့်နှယ်တုန်း (မဆုံးနိုင်ပါ ဘုရား)၊ ဝမ်းမြောက်လို့ကို ဒကာ ဒကာမတို့ မဆုံးနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ) အဲဒါ ဘယ်သူနဲ့ မတူတာပါလိမ့်ပုထုဇဉ်နဲ့ မတူတာပါ)၊ ပုထု ဇဉ်နဲ့ မတူတာ သောတာပန်စိတ်ထားက(မှန်ပါ့ ဘုရား)၊ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ (၅)နံပါတ်မှာ သူများကိစ္စ လိုက်တဲ့အခါမှာလဲ နွားမကြီးသည် နွားကလေးလဲကြည့်၊ အစာလဲစားသလို သူများ ကိစ္စကို ရွက်ဆောင်ငြားသော်လဲ သီလ၊ သမာဓိ၊ ပညာ အပျက် မခံတာလဲ ဘယ်သူတို့၏ ထူးခြားမှုလဲ(သောတာပန်တို့၏ ထူးခြားမှုပါ ဘုရား)၊ ၅ နံပါတ်မှာ အဲဒါ ဒီအတိုင်း လာလိမ့် မယ်နော်(မှန်ပါ့ ဘုရား)။
(၆) နံပါတ် ကျလာတဲ့အခါကျတော့ ဒကာ ဒကာမတွေ တရားနာပြီး သကာလ စိတ်တွေ အပြင်သွားမယ်လို့ အသွားခံရဲ့ လား (မခံပါ ဘုရား)၊ ချက်ချင်း နောက်ဆုတ်တယ် (မှန်ပါ့)၊ ဟေ့မင်းမလာခဲ့နဲ့၊ မင်းကိစ္စမဟုတ်ဘူး၊ အရောင်းကိစ္စ မဟုတ် ဘူး၊ အဝယ်ကိစ္စမဟုတ်ဘူး၊ သားရေးသမီးရေးကိစ္စ မဟုတ်ဘူး ဆိုပြီး သကာလ တစ်ခါတည်း ကလေးကလေး မသိလို့ မီးခဲကို ကိုင်မိငြားသော်လဲ ကလေးဆိုတော့ ပိုပူတယ်၊ မြန်မြန် နောက် ဆုတ်တယ်၊ မဆုတ်ဘူးလား (ဆုတ်ပါတယ် ဘုရား)။
ဒီမှာလဲ တရားတွေဘာတွေ နာနေတဲ့အခါကျလို့ရှိရင်ဖြင့် ဘယ်ကိစ္စဖြစ်ဖြစ်၊ ဘယ်ဟာဖြစ်ဖြစ် မလိုက်ဘူးဟေ့ဆိုပြီး ချက် ချင်း နောက်ဆုတ်တယ်(မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ ဘုရား)၊ တရားထဲ ဒီပြင်ဟာ အဝင်ခံသေးရဲ့ လား (မခံပါ ဘုရား)။
အဲဒီလို ကလေးကလေး မီးခဲကိုင်တဲ့သဘောသည် မီးခဲမှန်း သိရင် ချက်ချင်း အသားနု ကလေးမို့ နောက်ပြန် ဆုတ်သလို ဒီမှာလဲ ကိစ္စကြီးငယ် ဝင်လာလို့ရှိရင် ချက်ချင်း နောက်ပြန်ဆုတ် တယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နောက်(၇)နံပါတ်ကတော့ ခန္ဓာဉာဏ်ရောက် တရားတွေ နာရတဲ့အချိန်မှာ ဒီမှာလဲ ဝမ်းမြောက်လို့ မပြီးဘူး(မှန်ပါ့)၊ လမ်းသွားရင်လဲ (မပြီးပါ ဘုရား)၊ ပြောဆိုပြီး ဝမ်းမြောက်သွား တာပဲ (မှန်ပါ့)၊ အိမ်ရောက်ပြန်လဲဘယ့်နှယ်နေသတုန်း (ဝမ်းမြောက် လို့ မပြီးပါ ဘုရား)။
အဲ အနက် အဓိပ္ပာယ်သိပြီး ဝမ်းမြောက်လို့ မဆုံးနိုင်တဲ့ သဘောဟာလဲ ပုထုဇဉ်တို့နဲ့ ခြားနားတဲ့ သဘောပါပဲ(မှန်ပါ့)၊ ဒါဖြင့် ဘယ်နှစ်ချက်ပါလိမ့် (ခုနစ်ချက်ပါ ဘုရား)။
အဲဒါသောတာပန်တည်ပြီးသား ပုဂ္ဂိုလ်မှာ ပုထုဇဉ်တို့နဲ့ ဒီလို ခုနစ်မျိုး ထူးခြားသတဲ့ (မှန်ပါ့)၊ သဘောကျပလား၊ (ကျပါပြီ)။
ဥပမာ- ရန်တော့ သောတာပန်လဲ ဖြစ်တာပဲ၊ ဖြစ်ရင်ဖြစ်မှန်း နောက်က သိတယ်(မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ)၊ ဖြစ်ဖြစ်ခြင်း၊ ဒါကတော့ လွန်သွားပဟေ့ဆိုတာ နောက်က မသိဘူးလား (သိပါတယ်)၊
အဲ-နောက်က သိလိုက်ခြင်းသည် လည်း သောတာပန်၏ ၁-နံပါတ် (မှန်ပါ့)၊ သိလို့ ငြိမ်းအောင် လုပ်ခြင်းသည်လည်း သောတာပန်၏ ၂-နံပါတ်(မှန်ပါ့)၊ သဘောကျပ လား (ကျပါပြီ)၊ သိလို့ ကုသခြင်းသည်လည်း (၃-နံပါတ်ပါ ဘုရား)၊ ၄-နံပါတ်ဆိုလိုက် ပါတော့၊ ၄-နံပါတ်နော် (မှန်ပါ့ ဘုရား)။
၃-နံပါတ်ကတော့ ဟိုဟာကိုး မောင်နိုင်ရ ဒီဘုရား သာသနာ မှတစ်ပါး တခြားသော သာသနာမှာ သောတာပန်၊ သကဒါဂါမ် မရှိ (မှန်ပါ့)၊ အဲဒါကတော့ ယုံကြည်လုံးသန်တာကို ဆိုပါတယ် (မှန်ပါ့)။
သူများကိစ္စတွေ ရွက်ဆောင်တဲ့ အခါမှာလဲ ဘာတဲ့လေ့ ရှိပါ လိမ့် (သီလ၊ သမာဓိ၊ ပညာကို ငဲ့လေ့ရှိပါတယ် ဘုရား)၊သီလ၊ သမာဓိ၊ ပညာ ငဲ့ပြီး သကာလ ရွက်လဲ ရွက်ဆောင်တယ်တဲ့၊ ကိုယ့်အကျိုးယုတ်လဲ (မခံပါ ဘုရား)၊ဒါ ထူးခြားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တရားတို့ ဘာတို့ နာရတဲ့အခါမှာကော တစ်ပါးသော စိတ်တွေ အဝင်ခံသေးသလား-(အဝင်မခံပါ ဘုရား)၊ ကလေး ကလေးလိုပဲတဲ့၊ မီးခဲကိုင်မိတယ်ဆို ချက်ချင်း နောက်ဆုတ်တာပဲ (မှန်ပါ့ ဘုရား)၊ တစ်ပါးစိတ်ကို အဝင်ခံလေ့ မရှိဘူးတဲ့(မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ)။
၇-နံပါတ်ကျတော့ ဒကာ ဒကာမတို့ ခန္ဓာဉာဏ်ရောက် တရားတွေနာရတော့ မှန်လိုက်တာ ဟုတ်လိုက်တာ၊ သဘောကျ လိုက်တာပြောလို့ဆိုလို့လဲ အဖော်တွေနဲ့ တွေ့လဲ ပြောလို့ မဆုံးနိုင်ဘူးတဲ့(မှန်ပါ့)၊ ကိုယ့်ဟာကိုယ်လဲ ဝမ်းသာလို့ မဆုံးပါ ဘုရား)၊ ပီတိသောမနဿ တွေဖြစ်နေတယ် (မှန်ပါ့)၊ အဲဒါဟာလဲ ပုထုဇဉ်တို့နဲ့ မတူတဲ့အဖြစ်တွေပဲဆိုတာ သဘောကျပလား
အဲဒါက ယနေ့ ဘုရားထီးတင်ဖို့ ကိုယ့်ဟာကိုယ် ချုပ်ပြီးသား ပုဂ္ဂိုလ်များ စဉ်းစားဖို့ (မှန်ပါ့)၊ မချုပ်သေးတဲ့ ပုဂ္ဂိုလ်က ချုပ်လာ ပြန်လို့ရှိရင်လဲ ဒီခုနစ်ချက်နဲ့ညီရင် ဘယ်သူ့မှ မမေးနဲ့ တော့ သောတာပန်တဲ့(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီပြင် အပါယ်လေးပါး တံခါးပိတ်တာတွေ ဒါတွေကတော့ ပြီးပြီးသား အကြောင်းတွေမို့ ဘုန်းကြီးက အထူးမပြောပါဘူး၊ အပါယ်လေးပါး တံခါးဟာ ဒုက္ခချုပ်တယ်ဆိုရင် ပိတ်တာပါပဲ (မှန်ပါ့)၊ ပိတ်တယ်ဆိုငြားသော်လဲ ပိတ်တဲ့ပုဂ္ဂိုလ်၏ စိတ်အစဉ် ဒီအတိုင်း ပေါ်မှ (မှန်ပါ့)၊ ဒီအတိုင်းပေါ်မှ သောတာပန်အစစ် ကိုး(မှန်ပါ့)၊ ဒီအတိုင်း မပေါ်သေးရင်(သောတာပန် မဟုတ် သေးပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။