020

မာတိကာသို့

ဒိဋ္ဌိခွာကြစို့ တရားတော်

အသံဖိုင်ခေါင်းစဉ်= ရန်ကုန်မှဧည့်သည်များအား အထူးဟောကြားဆုံးမတော်မူအပ်သော ဝိပဿနာနေ့အလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ် = ဒိဋ္ဌိခွာကြစို့ တရားတော်

*******

ဦးသံဒိုင် မိတ်ဆက်

ယခုတင်ပေးမည့်တရားတော်သည် နောင်ကာလတွင် ရန်ကုန်မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်လာမည့် ဦးသံဒိုင်အား ရှေးဦးစွာ ဟောကြားသည့်တရားတော်ဖြစ်သည်။ ဉာတပရိညာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို သေချာရှင်းပြတော်မူသော တရားတော်ဖြစ်သည်။

ဝိပဿနာမရှုခင် (ဖြစ်ပျက်မရှုခင်) ဒိဋ္ဌိကိုအသိနဲ့ အရင်ဖြုတ်ရမည်။ ဒိဋ္ဌိဖြုတ်မယ်ကြံလျှင် ခန္ဓာပဋိစ္စသမုပါဒ် နားလည်ရမည် ဟုမိုးကုတ်ဆရာတော်ကြီးက အမြဲလိုပင်ဆုံးမသည်။ တချို့ယောဂီများသည် စာပဋိစ္စသမုပ္ပါဒ်ရတာကိုပင် သူတို့ကိုယ်သူတို့ ဉာတပရိညာစခန်း ပြီးပြီ ဟု ထင်နေကြသည်။

ဆရာတော်ဘုရားကြီးသည် သွယ်ဝိုက်မပြော၊ တဲ့တိုးပင်ပြောနေပါသည်။ ကိုယ့်ဉာဏ်က သာမန်ညောင်ညဖြစ်၍ နားထဲမဝင်ပဲ လျှံသွားခြင်းဖြစ်သည်။ ကိုယ်လိုသူလိုပဲ ထင်နေ၍ သာမန်မျှသဘောထား၍ ပေါ့နေမိသောကြောင့်ဖြစ်မည်။

မိုးကုတ်ယောဂီဖြစ်နေတာကြာပြီ၊ ဉာဏ်တိုးတက်မှုမရှိဘူးထင်လျှင် ဆရာတော်ဘုရားကြီး ဟောသော စကားကို မိမိတို့သာမည အသိကလေးဖြင့် လျှော့ယူဆထားလို့သော်၎င်း ဒါမှမဟုတ် ပရိညာချော်နေသောကြောင့်သော်၎င်း ဖြစ်မည်။

ပရိညာချော်သည်ဆိုသည်မှာ ဆရာတော်ဘုရားကြီးသည် ဉာတပရိညာစခန်း ခန္ဓာ့ပဋိစ္စသမုပါဒ်ကိုပြ၍ ဒိဋ္ဌိကို အသိနဲ့ဖြုတ်ပါသည်။ ( ယောဂီသည် စာပဲရသည်။ ၎င်းအသိလည်း မပိုင်ပါ။) ဆရာတော်ကြီးသည် တီရဏပရိညာအနေဖြင့် ဒိဋ္ဌိဖြုတ်ဖို့ စိတ်ကိုရှုခိုင်းပါသည်။ ( ယောဂီတချို့ သမာဓိနောက်ကို လိုက်ပါသည်။ အကြားအမြင်မျိုး အမြင်အာရုံ နိမိတ်မျိုးကို အထင်ကြီးပါသည်။ ယောဂီတချို့သည် ဝင်လေထွက်လေ အထစ်အထစ်ဖြစ်သွားတာ ရုပ်ဖောက်ပြန်မှု နာမှုကျင်မှု ရှိန်ရှိန်သုတ်သုတ် ကိုသာရှုပါသည်။ စိတ်ကိုမရှုတတ်ချေ။)

ထို့ကြောင့် သင်ပေးတာကတခြား လုပ်နေတာကတခြား။ စာတွေ့နဲ့ လက်တွေ့ မကိုက်ပဲဖြစ်နေသည်။ ဉာတပရိညာနှင့် တီရဏပရိညာမကိုက်ဖြစ်နေသည်။

သင်တာက ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဉာတပရိညာ ဒိဋ္ဌိသတ်။ ရှုတာက စိတ္တာနုပဿနာ တီရဏပရိညာ ဒိဋ္ဌိသတ်။ သောတာပတ္တိမဂ်ကို ရည်မှန်း၍ ဒိဋ္ဌိသတ်ချည်း ဖြစ်နေသည်ကို သတိပြုပါ။

ထို့ကြောင့် ဉာဏ်လမ်းမှာ ခရီးမတွင်ဖြစ်နေတတ်သည်။

ထို့ကြောင့် ယခုတရားကို သေချာနာပါ။ ယခုတရားကို ဟောစဉ်က ဦးသံဒိုင်တို့မှာ ရန်ကုန်က လာသည့် ဧည့်သည် အနေဖြင့်သာ ရှိသေးသည်။

ဦသံဒိုင်အကြောင်းကို ဆရာတော် ဦးဃောသိတ ရေးသားသော မိုးကုတ်ဆရာတော် ဘုရားကြီး၏ တဘဝသာသနာ စာအုပ်မှ ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝသာသနာစာအုပ်

စာ (၃၃၀) မှ ကောက်နှုတ်ချက်

ရန်ကုန်မှ ရောက်လာကြပြန်ခြင်း (ဦးသံဒိုင်တို့ ရောက်ရှိလာပုံ)

သက္ကရာဇ် ၁၃၂၂-ခု တန်ဆောင်မုန်းလဆုတ် ၁၀-ရက် (ခရစ် ၁၉၆၀-ခု နိုဝင်ဘာ ၁၂-ရက်) နေ့တွင် ရန်ကုန်မှ ဦးသံဒိုင်နှင့် ဦးထွန်းရင်တို့ ရောက်လာကြ ပြန်၏၊ စိတ်ထက်သန်စွာဖြင့် ရောက်လာကြခြင်း ဖြစ်လေသည်၊ ယခင်ရောက်နှင့်သော သူတို့နှင့် ယောဂီ ချင်းချင်း ပေါင်းသင်း ဆုံတွေ့ကြရ၏။

နောက်တစ်နေ့ တန်ဆောင်မုန်းလဆုတ် ၁၁ရက် (၁၃ ၁၁ ၆၀)နေ့တွင် ဆရာတော်ကြီးက ဦးသံဒိုင် နှင့် ဦးထွန်းရင်တို့ကို အမှူးထား၍ တရားဟောတော်မူ တော့သည်၊ ဦးသံဒိုင်နှင့် ဦးထွန်းရင်တို့သည် ယခု စတင်၍ တရားနာနေကြရပြီ။

မှတ်ချက်။ ။ယခုတရားသည် (၁၃-၁၁-၆၀) ဟောတရားဖြစ်သည်။

တစ်ဖန် နောက်ထပ်၍ ရန်ကုန်မှ ဦးသန်းမောင် (ကျားပျံမကောက်ဆေးလိပ်ခုံပိုင်ရှင်)၊ ဦးတင်၊ ဦးအောင် ဇံဝေ (ဝန်ကြီးဟောင်း)၊ သခင်ဝတင်၊ မုံရွာမှ ဦးဒွေး (ဂျစ်ကားတံဆိပ်ရက်ကန်းရုံပိုင်ရှင်) စသော ပုဂ္ဂိုလ်များ လည်း ရောက်လာကြပြန်၏။

စာ (၅၆၀)မှ ကောက်နှုတ်ချက်

ဥက္ကဋ္ဌကြီး-ဦးသံဒိုင် (၁၉၀၃-၁၉၇၉)

ဦးသံဒိုင်သည် ခရစ်နှစ် ၁၉၀၃-ခုနှစ်တွင် သည်။ ဖွားမြင်၏၊ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ရပြီးနောက် မိုးကုတ် ဆရာတော်ဘုရားကြီးနှင့် တွေ့သော ဒေါ်တင်တင်နှင့် အိမ်ထောင်ကျသည်၊ ထို့နောက် နေ စီးပွားရေးလုပ်ငန်း ကြိုးပမ်းခဲ့၏၊ အဆင်ပြေသည်၊ (ဦးဘိုးငြိမ်းကုမ္ပဏီ)ပိုင်ရှင် ဖြစ်၏၊ ကံ-ဉာဏ်-ဝီရိယ စုံညီကြသဖြင့် “လုပ်တိုင်းဖြစ်၊ ပစ်တိုင်းမှန်” ဆိုသလို အောင်မြင်ခဲ့သည်။

သို့သော် အသက် ၅၅-နှစ်ကျော်လာသောအခါ သဘာဝကရားတို့က သတ္တိပြလာကြ၏၊ ကျန်းမာရေး ယိုယွင်းလာကြသည်။ ဆီးချို၊ သွေးတိုး၊ နှံလုံး စသော ရောဂါတို့လည်း ဝင်လာကြသည်။ ဆရာဝန် ကောင်း ကောင်း သမားတော်ကောင်းကောင်းတို့ဖြင့် မိတ်ဖွဲ့ ရ တော့၏။

သို့သော်လည်း ခေတ္တမျှသာ သက်သာသည်။ အိုခြင်းသဘော၊ နာခြင်းသဘောတို့ကို မည်သူ တားနိုင် အံ့နည်း၊ သေမင်းက တံခါးကိုလာ၍ ခေါက်သလို ဖြစ်တော့၏။

သို့ဖြစ်၍ အားကိုးရာ တရားကို ရှာခဲ့သည်။ ဟိုဆရာတော် သည်ဆရာတော်များထံသို့ ချဉ်းကပ်ခဲ့၏။ ဟိုနည်း သည်နည်းတို့ဖြင့်လည်း အားထုတ်ကြည့်ခဲ့ သည်၊ သို့သော် တင်းတိမ်ကျေနပ်မှု မရခဲ့၊ နောက်ဆုံး တွင် မိုးကုတ်ဆရာတော်ဘုရားကြီးထံသို့ ရောက်သွား တော့သည်။

မိုးကုတ်ဆရာတော်ဘုရားကြီးထံသို့ ရောက်သော်လည်း အစပိုင်းတွင် ဘဝင်မကျသေး၊ ထို့ကြောင့် “မှန်ပါဘုရား၊ တင်ပါဘုရား”လို့ မလိုက်သေး၊ ဦးသံဒိုင် နှင့် ဦးထွန်းရင်တို့ ၂-ယောက်လုံး ခေါင်းမာနေကြသေး၏။

ဤအခြေအနေကို သိ၍ မိုးကုတ် ဆရာတော် ဘုရားကြီးက “ဒင်း”ခနဲ “ဒင်း”ခနဲ ထိ၍၊ “လင်း” ခနဲ “လင်း”ခနဲ သိအောင် ဟောလာပြောလာတော့မှ သူတို့တွေ ခေါင်းငုံ့လာကြတော့၏၊ နောက်ပိုင်းကျမှ “မှန်ပါဘုရား၊ တင်ပါဘုရား” လို့ ဝန်ခံ လာကြရတော့သည်။

မိုးကုတ်ဆရာတော် ဘုရားကြီးနှင့် တွေ့သော အခါတွင်ကား ဉာဏ်တွေ ပွင့်လင်းသွားတော့၏၊ အစင်း(၁၀၀) ထွက်လိုက်သလို လင်းသွားတော့သည်။ ဤတွင် ဆရာတော်ကြီးအပေါ် အကြွင်းမဲ့ ယုံကြည်သွား တော့၏။

ဆရာတော်ဘုရားကြီး၏ ထံမှောက်တွင် အနီး ကပ် ညွှန်ကြားမှုကို ခံယူ၍ ဖိဖိစီးစီး တရားအားထုတ်ခဲ့ သည်။ ဆရာတော်ဘုရားကြီးကလည်း သူ၏ကြိုးစားမှု ကို အားရတော်မူ၏၊ ဤနည်းအားဖြင့် ဆရာတော် ဘုရားကြီး၏ တပည့်သာဝက အစစ်ကြီး ဖြစ်၍သွား တော့သည်။

သူ့ အမြော်အမြင်ကြောင့်

ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချပြီးသောအခါ ဦးသံဒိုင်သည် ဆရာတော်ဘုရားကြီး၏ ဟောပြောချက် တို့ကို ပို၍ အာရုံစိုက်လာရတော့၏၊ မပျောက်ပျက်ရအောင် စွမ်းအားရှိသမျှ လိုက်လံ ရှာဖွေစုဆောင်းခဲ့သည်။ ဤကိစ္စကို အဖွဲ့ အစည်း တည်ထောင်ပြီး ကျယ်ကျယ် ပြန့်ပြန့် ရွက်ဆောင် လေတော့သည်။

ဆရာတော်ဘုရားကြီး ဟောပြောထားသော တရားတိပ်ခွေတို့ကို စုဆောင်းခြင်း၊ တရား တိပ်ခွေမှ စာအဖြစ်သို့ ပြောင်း၍ စာအုပ်ဖြန့်ဝေခြင်း၊ ရန်ကုန်မြို့ နှင့်တကွ နယ်မြို့ကလေးများပါ အဖွဲ့ခွဲများ ဖွဲ့ပေးခြင်း၊ ရပ်ကွက်ဓမ္မာရုံများသို့ အနှံ့အပြားသွားကြ၍ ဆရာတော် ဘုရားကြီး၏ တရားတိပ်ခွေတို့ကို ဖွင့်ပြခြင်း လုပ်ငန်း တို့ကို မညည်းမညူ ရွက်ဆောင်ခဲ့သည်။

ဤနည်းအားဖြင့် ၁၉၆၄-ခုနှစ်သို့ ရောက်သော အခါ သူ့ကို အားလုံးက ဝိုင်း၍ ဥက္ကဋ္ဌအဖြစ် တင်ကြ သဖြင့် ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်ခဲ့၏၊ သူ့ အဖို့ ဥက္ကဋ္ဌအဖြစ် တင်တင်၊ အတွင်းရေးမှူးအဖြစ် မြှောက်မြှောက်၊ အဖွဲ့ဝင်အဖြစ်ပဲ ထားထား အမြဲတမ်း ကြိုး စားနေရမှာပဲ-ဟူသော အသိဖြင့် ဝီရိယရှိသူ၊ အမြဲတမ်း အလုပ်လုပ်သူ ဖြစ်ခဲ့သည်။

၁၉၆၂-ခုနှစ်မှ ၁၉၇၉-ခုနှစ်တိုင်အောင် နှစ်ပေါင်း (၁၇)နှစ်တိုင်တိုင် လောကဓံ အမျိုးမျိုးကို ရင် ဆိုင်ရင်း မိုးကုတ်ဒေသနာတွေ မပျောက်အောင်၊ တည်တံ့အောင် ပြန့်ပွားအောင် ကြိုးစားနေခဲ့သူ ဖြစ်သည်။

ယနေ့ မိမိတို့ မိုးကုတ်တရားတွေ မိုးကုတ် နည်းဖြင့် တရားတွေ အားထုတ်ခွင့်ရနေသည်မှာ သူ၏ကျေးဇူး၊ သူ၏အရှည်မြော်မြင်မှု၊ သူဦး ဆောင်၍ အဖွဲ့၏ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖြစ်သည်ဟု ဆိုလျှင် မမှားချေ။

ဤသို့အားဖြင့် မနေမနား ကြိုးစားလာခဲ့ပြီး နောက် ၁၉၇၉-ခု သြဂုတ်လ(၁၇)ရက်နေ့သို့ အရောက် တွင်ကား အသက်(၇၆)နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရလေသည်။ သို့ဖြစ်၍ သူ အလွန်မြတ်နိုးခဲ့သော မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကြီးကို မျက်နှာလွှဲ၍ သွားခဲ့ ရလေသည်။

သို့သော်လည်း အေးမြကြည်လင်သော မိုးကုတ် ဓမ္မဒေသနာ သစ္စာမိုးရေတို့ကိုကား သူသည် အပြည့်အဝ အားရအောင် သောက်ချိုး၍ သွားနိုင်ခဲ့ပြီဟု အားလုံး ကပင် ယုံကြည်ရပါသည်။

****

ဒိဋ္ဌိခွာကြစို့ တရားတော်

( 13 – 11 – 1960 )

“ခင်ဗျားက ဆုကြီးပန်လား၊ သို့မဟုတ် ရလို့ရှိရင် အမြန်ယူမှာလား နိဗ္ဗာန်ကို ”

“ဆုကြီးပန် မဟုတ်ပါဘူး၊ ရလို့ ရှိရင် ရတဲ့အချိန် ယူမှာပဲ”

“ခင်ဗျားကရော ”

“တပည့်တော် ဒီလိုတော့ မစောင့်နိုင်ပါဘုရား၊ ဒီလိုသတ္တိ မရှိပါဘုရား”

ဒါဖြင့် ဒီလိုလုပ်ကြစို့၊ သောတာပတ္တိမဂ်ဟာ မဂ်လေး တန်မှာ ပထမမဂ်ဆိုတာ လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒီ ပထမမဂ်က ဘယ်သူ့ကို သတ်ရမှာတုန်း၊ ဘယ်သူ့ကိုသတ်မှ ပထမမဂ်သည် အောင်မြင်ခြင်းသို့ ရောက်သလဲလို့ မေးဖို့ လိုပါ တယ်။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာသတ်မှ ပထမမဂ်က အောင်မြင်ခြင်းသို့ ရောက်တယ်။ ဦးသံဒိုင်မေးရင် ဖြေပေတော့နော် ဦးထွန်းရင်လည်း ဖြေပေါ့။ (မှန်ပါ ဘုရား)

ပထမ မဂ်က ဒိဋ္ဌိ ဝိစိကိစ္ဆာ မသတ်ဘဲနဲ့ ပထမ မဂ်၏ စွမ်းရည်သတ္တိသည် ဒိဋ္ဌိ ဝိစိကိစ္ဆာ သတ်မှသာလျှင် ရောက်နိုင်တယ်။ ဒိဋ္ဌိ ဝိစိကိစ္ဆာ သတ်မှသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ ဒိဋ္ဌိ ဝိစိကိစ္ဆာ မသတ်လို့ ရှိရင် ပထမ မဂ်သည် ရလည်းမရနိုင်၊ ခန္ဓာကိုယ်ထဲမှာ မပေါ်နိုင်၊ ထိုကဲ့သို့ မပေါ်နိုင်သောကြောင့် နိဗ္ဗာန်လည်း မျက်မှောက်ပြုနိုင်။

ဒါဖြင့် ပထမ မဂ်၏ အလုပ်ဟာ ဘာလုပ်ရမှာတုန်း ဆိုတော့ ဒိဋ္ဌိသတ်ဖို့ အလုပ်။ ဒါ သေသေချာချာ မှတ်ပါ။ ပထမ မဂ် ရချင်ရင် ဘာသတ်ရမှာတုန်း။ ဒိဋ္ဌိသတ်။ ဒီပြင်ဟာဘာမှ မလိုဘူး။ ဒိဋ္ဌိသတ်ဖို့ပဲ။ ဒိဋ္ဌိက ဘယ်မှာနေလို့ သတ်ရမှာလဲ။ ဒိဋ္ဌိဟာ ခန္ဓာကိုယ်မှာနေလို့ သတ်ရမှာ။ အကျဉ်းချုပ်မှတ်ထား ကြပါ။ ဒိဋ္ဌိဟာ ခန္ဓာငါးပါးမှာ ငါးပါးစလုံး စွဲနေတယ်လို့ မှတ်ကြပါ။

အဲဒီတော့ ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်ရတယ်။ ခန္ဓာ၏ အနိစ္စ အချက်ကို မသိလို့ ဒိဋ္ဌိကပ်နေတယ်။ ခန္ဓာ ဒုက္ခသစ္စာမသိလို့ ဒိဋ္ဌိကပ်နေတယ်။ ဒါကို ဦးသံဒိုင်တို့၊ ဦးထွန်းရင်တို့ မှတ်ထား ကြပါ။

ကောင်းပြီ၊ ဒါဖြင့် ဒိဋ္ဌိကို ဝိပဿနာနဲ့ ခွာ၊ မဂ်နဲ့ ခွာ၊ ပထမဦးစွာ ဟောနေတာဟာ ခင်ဗျားတို့ ဝိပဿနာနဲ့ ခွာဖို့ပါပဲ။ နောက် ပွားများပြီးသကာလ မဂ်နဲ့ ခွာဖို့ ပါပဲ။ ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာရယ်လို့ သုံးမျိုးရှိပါတယ်။ ဒါတွေ ပြောနေရင် ရှည်နေမှာစိုးလို့။

ဒါဖြင့် ဒိဋ္ဌိခွာကြစို့။ ဦးသံဒိုင် ဒိဋ္ဌိ ဘယ်မှာကပ်နေ သတုန်း။ (ခန္ဓာငါးပါးမှာကပ်နေပါတယ်) ဦးထွန်းရင် ဒိဋ္ဌိဘယ်မှာ ကပ်နေသတုန်း။ (ခန္ဓာငါးပါးမှာ ကပ်နေပါတယ် ဘုရား)။

ကောင်းပြီ၊ ဒိဋ္ဌိဟာ ခန္ဓာငါးပါးမှာ ကပ်နေတယ် ဆိုတာ သိကြပါ။ ဒါဖြင့် ဒိဋ္ဌိခွာမလို့ ကြံရင် ခန္ဓာငါးပါး ပြရ တယ်။ ဒိဋ္ဌိခွာမလို့ ကြံရင် ဘာပြရတယ်။ (ခန္ဓာငါးပါး ပြရပါ တယ်) ဒိဋ္ဌိခွာမလို့ကြံ ခန္ဓာငါးပါးပြ၊ ခန္ဓာငါးပါး ပြမယ်ကြံလို့ ရှိရင် အရင်းကျကျသာ မှတ်ကြစမ်း၊ ပဋိစ္စသမုပ္ပါဒ်ကို ပြရ လိမ့်မယ်။ ခန္ဓာငါးပါး သိချင်ရင် ပဋိစ္စသမုပ္ပါဒ်ကို ပြရလိမ့်မယ်။ ကိုင်း သေသေချာချာမှတ်ပါ။

ဒိဋ္ဌိက ဦးသံဒိုင် ဘယ်မှာကပ်နေသတုန်း။ (ခန္ဓာငါးပါးမှာ ကပ်နေပါတယ်)။ အဲဒီတော့ ခန္ဓာငါးပါးဟာ သူများပြောသံ ကြားတာနဲ့ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာလို့ သိကြပါတယ်။

ဒီခန္ဓာ၏ ဖြစ်ကြောင်း ချုပ်ကြောင်းကို ခန္ဓာ ဘယ်လို ဖြစ်လာတယ်မှ မသိလို့ ရှိရင် ခန္ဓာငါးပါး သိနေပေမယ့် ခန္ဓာ အကြောင်း မသိလို့ ရှိရင် ဒိဋ္ဌိကပ်ဦးမှာပဲ။ အဲဒါကြောင့် ခန္ဓာ သိချင်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် သိအောင်လုပ်ပါ။ ရှင်းပြီလား။ အကျိုးအကြောင်းဆက်တယ်။

ရှေးဦးစွာ ဒိဋ္ဌိဘယ်မှာ ကပ်သတုန်းဆိုတော့ အားလုံး သိတဲ့ အတိုင်း ခန္ဓာငါးပါးမှာကပ်တယ်။ အဲဒီ ခန္ဓာငါးပါးမှာ ကပ်တယ်ဆိုတာတော့ ရှင်းပါပြီတဲ့။

ခန္ဓာငါးပါးဟာ ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုပျက်နေ တယ်ဆိုတာ မသိလို့ ရှိရင်ဖြင့် ခန္ဓာမှာကပ်တာတော့ သိတယ်၊ ခန္ဓာပေါ်လာတာ မသိလို့ရှိရင်လည်း “ခန္ဓာက ဘယ်ကလာပါလိမ့်” ဆိုပြီး ဝိစိကိစ္ဆာ ယုံမှားကြံစည်နေမှာပဲ။ မကြံစည်ပေဘူးလား ဦးထွန်းရင်၊ မကြံစည်ပေဘူးလား။ (ကြံစည်ပါတယ် ဘုရား)

ကြံစည်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို ပြရလိမ့်မယ်။ ဒီအကျိုး အကြောင်းကလေးတွေ ဆက်တာကို ဘုန်းကြီးဆီမှာ လာတဲ့အချိန် ခင်ဗျားတို့ ကံရှိတဲ့ပုဂ္ဂိုလ်တွေမို့ တွေ့တာ ဆုံကြတာ။ တစ်နည်း အားဖြင့်တော့ အားစိုက်လာကြလို့သာ တွေ့ကြုံကြရတာပဲ။

ဒါကြောင့် မူလက ပြောခဲ့တဲ့စကားကို မှတ်ထားပါ။ သောတာပန် တည်ချင်ရင် ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်ရမယ်။ ဘာမှလုပ်ဖို့ မလိုပါဘူး။ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပန် အစစ် ဖြစ်ချင်လို့ ရှိရင် ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်ရမယ်။ ဒိဋ္ဌိ ဝိစိကိစ္ဆာ ဘယ်မှာကပ်သတုန်း။ ခန္ဓာငါးပါးမှာကပ်တယ်။

ကောင်းပြီ၊ ဒီ ခန္ဓာငါးပါးတွေ ဘယ်ကများ ဖြစ်လာပါ လိမ့်မတုန်း။ ဘယ်လိုများ ပျက်လာပါလိမ့်မတုန်း။ ဘယ်လို ခန္ဓာငါးပါး စ,ပြီးဖြစ်ပေါ်လာပါလိမ့်မတုန်း ဆိုတာ သိဖို့ရန် မလွယ်ဘူး။ မလွယ်တော့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်ရမယ်။ သဘောကျပါရဲ့ လား။ ပဋိစ္စသမုပ္ပါဒ်ကို နားလည်ရမယ်။

ဒါဖြင့် ကျုပ်တို့ ဒကာ ဒကာမတွေအား ပဋိစ္စသမုပ္ပါဒ်ကို အရင်ပြရလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ် အရင်ပြမယ်ကြံတော့ ပဋိစ္စသမုပ္ပါဒ်သည် စာမှာလာတဲ့ ပဋိစ္စသမုပ္ပါဒ်က တစ်မျိုး၊ ယခု ခန္ဓာကြီးထဲမှာ ယခုဖြစ်စဉ်ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်က တစ်မျိုးလို့ နှစ်မျိုးရှိတယ်။

ထိုနှစ်မျိုးတွင် စာမှာလာတဲ့ ပဋိစ္စသမုပ္ပါဒ် နားလည် လို့ ရှိရင် ကျုပ်တို့ ခရီးပေါက်မှာ မဟုတ်ပါဘူး။ ယခု ခန္ဓာကြီး မှာ ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဦးသံဒိုင် နေရာကျမယ်၊ ရှင်းပလား။ အကြောင်းအကျိုး ဆက်ရဲ့ လား။ ဘုန်းကြီးပြောတဲ့ စကား ဒီအကြောင်းအကျိုး မဆက်ဘဲနဲ့ ဟောပြောညွှန်ပြ ဆုံးမနေကြလို့ ရှိရင် မဖြစ်ဘူးနော်။

သောတာပန်တည်ချင်ရင် ပြန်မေး၊ ဘာခွာရမလဲ။ (ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာခွာရမယ်) ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ဘယ်မှာကပ်နေ သတုန်း။ (ခန္ဓာငါးပါးမှာ ကပ်နေပါတယ်)ထို ဒိဋ္ဌိဝိစိကိစ္ဆာကို ခန္ဓာငါးပါးမှာ ကပ်လို့ ဒီခန္ဓာဖြစ်ကြောင်း၊ ချုပ်ကြောင်း မသိ လို့ ရှိရင်လည်း ဒိဋ္ဌိဝိစိကိစ္ဆာ ကွာပါ့မလား။ မကွာနိုင်။ ပဋိစ္စ သမုပ္ပါဒ်ကို လုပ်ရလိမ့်မယ်၊ ရှင်းပြီလား။

အကြောင်းအကျိုး နောက်ကဆက်လာတယ်။ ရှင်းပြီ လား။ ဒကာ ဆရာဟာ လိုရင်းကို ပြောတော့မယ်ဆိုတော့ အပို မထည့်တော့ဘူး၊ အပိုဟာ အလကား နာရီသာ ကုန်သွားတယ် ဘာမှ ကျေးဇူးများမှာ မဟုတ်ဘူး။

သူများ သောတာပန်တည်တာကို ကိုယ်အလိုမရှိပါနဲ့။ ကိုယ် သောတာပန်တည်ဖို့ ကိုယ်အလိုရှိပါ။ သဘောကျရဲ့လား။ သူများ သောတာပန်တည်တာနဲ့ နာရတာနဲ့ သာဓုတန်းက နေတာ ဘာမှ မဆိုင်ပါဘူး ဦးသံဒိုင်။ ကိုယ်သောတာပန်တည်ဖို့ ကိုယ့်အကြောင်းကို ကိုယ်စမ်းသပ်ဖို့ ဟာ အရေးကြီးပါတယ်နော်။

ကိုင်း ဒါဖြင့် သောတာပန်တည်ချင်ရင် ဘာသတ်ရ မယ်။ (ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ သတ်ရပါမယ် ဘုရား)။

ကောင်းပြီ၊ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ သတ်ရမယ်ဆိုတော့ သူ နေတဲ့ နေရာသိမှ ကျုပ်တို့ လိုက်သတ်လို့ ဖြစ်မှာပေါ့။ သူက ဘယ်မှာနေတယ်၊ ခန္ဓာငါးပါးမှာနေတယ်။ ဒီခန္ဓာငါးပါးသည်ကား လို့ဆိုရင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ ၏ နေရာဌာနဆိုတာ သိပါတယ်။ ဒုတိယအစီအစဉ်အားဖြင့် သိသွားပါပြီ။

ဒီ ဒိဋ္ဌိဝိစိကိစ္ဆာဟာ ခန္ဓာငါးပါးဖြစ်ကြောင်းကို မသိလို့ လည်း ဒိဋ္ဌိကပ်ပါတယ်။ ဝိစိကိစ္ဆာ ကပ်ပါတယ်။ ခန္ဓာငါးပါး ဖြစ်ကြောင်း၊ ချုပ်ကြောင်း မသိလို့ ဒိဋ္ဌိဝိစိကိစ္ဆာကပ်တယ်။ သဘော ကျရဲ့လား။ (မှန်ပါ ဘုရား)။

ခန္ဓာငါးပါး၏ ဖြစ်ပုံ၊ ချုပ်ပုံကို မသိလို့ ဘာကပ်နေ တယ်။ ဒိဋ္ဌိဝိစိကိစ္ဆာ၊ ဒိဋ္ဌိဝိစိကိစ္ဆာ ကပ်နေတယ်။ ဒါဖြင့် ခန္ဓာငါးပါး၏ ဖြစ်ပုံ၊ ချုပ်ပုံကို ဆရာကောင်း၊ သမားကောင်းက ဟောလိုက်၊ ပြောလိုက်လို့ ရှိရင် ဒိဋ္ဌိဝိစိကိစ္ဆာဟာ ခန္ဓာမှာ ကပ် နိုင်ပါဦးမလား။ (မကပ်နိုင်ပါ) မကပ်နိုင်တော့ ခန္ဓာငါးပါး ဖြစ်ကြောင်း ချုပ်ကြောင်းကို ၁,နံပါတ်ထား၍ စကားပြောရမယ်။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ခန္ဓာငါးပါးဖြစ်ကြောင်း၊ ချုပ်ကြောင်းကို ၁,နံပါတ်ထား၍ စကားပြောရမယ် ဆိုတာတော့ သေချာပါပြီတဲ့။ ဟို အတိတ်ဘဝက လုပ်လိုက်တဲ့ အဝိဇ္ဇာ သင်္ခါရတွေ ကြောင့် ခန္ဓာကြီး ပျက်လာတယ် ဆိုတာကို သိနေလို့ လည်း ဒါတွေက ပြီး,ပြီးသား အကြောင်းတွေ ဖြစ်သောကြောင့် ကိုယ်နဲ့ မဆိုင် ပါဘူး။

သူ့ဟာသူ လုပ်တော့မှာပဲ မုချ။ ဒါပဲ အတိတ် ပဋိစ္စ သမုပ္ပါဒ် ကိုယ်နဲ့ မဆိုင်ပါဘူး။ အနာဂတ် ပဋိစ္စသမုပ္ပါဒ်လည်း ကိုယ်မရောက်သေးလို့ မဆိုင်ပါဘူး။ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ ဦးသံဒိုင် သိပ်အရေးကြီးတယ်။ သဘောပါရဲ့လား ဦးထွန်းရင်။ ဘယ်ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီးသလဲ။

ပဋိစ္စသမုပ္ပါဒ်ဟာ သုံးမျိုးရှိတယ်။ အတိတ်ကအကြောင်း ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်သည် ဆရာတော်တွေ ဟောနေပေမယ့် လည်း ဒါဟာ ဘာမှမဆိုင်ဘူး၊ မဆိုင်ဘူး။ အနာဂတ်လာလတ္တံ့ တွေ ဟောနေပေမယ်လို့လည်း ခင်ဗျားတို့ မတွေ့ကြုံရသေးတာ။

ခင်ဗျားတို့ လိုက်သတ်လို့ ရော ဖြစ်နိုင်ပါ့မလား။ (မဖြစ် ပါ ဘုရား) မတွေ့ကြုံသေးတာ။ (တင်ပါ့ ဘုရား) ပြီး,ပြီးသား တွေလည်း ခင်ဗျားတို့ သတ်ခြင်းကြောင့် ကျေးဇူးများသေးရဲ့လား။ (မများပါ ဘုရား)။

ဒါဖြင့်ရင် ယခု ပစ္စုပ္ပန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် အရေး ကြီးတယ်။ အကြောင်းအကျိုး ဆက်မိကြရဲ့လား ဦးသံဒိုင်တို့။ စကားခင်းလာတာကို သဘောကျရဲ့လား။ (သဘောကျပါတယ် ဘုရား)

ဒါဟာ အင်မတန် အရေးကြီးတယ်နော်။ ခင်ဗျားတို့ တိတ်ရီကော်ဒါ ပါလာရင် သိပ်ကောင်းမယ်။ ဟို ရောက်သွား လို့ ရှိရင် ဒါဖွင့်ပြီး စစ်ဆေးလိုက်၊ သိပ်ကျေးဇူးများမှာပဲ။ မနေ့ ကတော့ ပါတယ်လို့ အောက်မေ့တယ်။

ကောင်းပြီ၊ သုံးခေါက်ထိအောင် ကျုပ် ပြန်ပြောမယ်။ သောတာပန်တည်ချင်လို့ ရှိရင် ဘာကိုသတ်ရမလဲ။ (ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ) အသေအချာမှတ်ပါ။ “နုတ်”လုပ်ထားပါ။ သောတာပန် တည်ချင်ရင် ဒိဋ္ဌိ ဝိစိကိစ္ဆာမှတစ်ပါး သတ်စရာ ဘာမှမရှိဘူး။

“သဟာဝဿ ဒဿနသမ္ပဒါယ၊

တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ၊

သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆတဉ္စ၊

သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။”

ပရိတ်ကြီးက သောတာပန်တည်ချင်လို့ ရှိရင် ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ရမယ်တဲ့။ ဒိဋ္ဌိဝိစိကိစ္ဆာသတ်မှ သောတာပန် တည်နိုင်တယ် တဲ့ ဆိုတော့ သောတာပန်တည်ဖို့ အရေးဟာ ဦးသံဒိုင်ကဖြစ်စေ၊ ဦးထွန်းရင်ကဖြစ်စေ အခု ဘာလုပ်ရမှာတုန်း မေးလို့ရှိရင် ဖြေတတ်ပလား။ ဘာကို သတ်ကြမယ်။ (ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ) ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို သတ်ရမယ်နော်။

ကောင်းပြီ၊ ဒါမှတ်ထား။ နိဗ္ဗာန်ရရပါလို၏ ဆိုတာနဲ့ သောတာပန် ဖြစ်ရပါလို၏ဆိုတာနဲ့ ပထမနိဗ္ဗာန် ရရပါလို၏ ဆိုတာနဲ့ ထူးသေးရဲ့ လား။ (မထူးပါ ဘုရား)။

အဲဒီတော့ သောတာပန်တည်ချင်လို့ ရှိရင် ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ရမယ်လို့ ဆရာဘုန်းကြီးက ရှေးဦးစွာ အမိန့်ရှိတယ်။ ဒိဋ္ဌိဝိစိကိစ္ဆာ ဘယ်မှာနေလို့ သတ်ရမှာတုန်းဘုရားလို့ ခင်ဗျားတို့ နှစ်ယောက်က ဘုန်းကြီးကို မေးခွန်းထုတ်ရမယ်၊ မထုတ်ရဘူးလား။ ဒိဋ္ဌိဝိစိကိစ္ဆာ ဘယ်မှာနေလို့ သတ်ရမှာတုန်းဘုရား။ အို ဦးသံဒိုင် ခန္ဓာငါးပါး၊ ဦးထွန်းရင် ခန္ဓာငါးပါးမှာနေလို့ သတ်ရမယ် ဆိုတော့မှ ခန္ဓာဆီရောက်မယ်။

ခန္ဓာသည် ဒိဋ္ဌိဝိစိကိစ္ဆာတို့၏ တည်ရာ၊ ခိုရာဌာနကိုးဗျ။ ရှင်းပြီလား။ (ရှင်းပါတယ်) ဒိဋ္ဌိဝိစိကိစ္ဆာ ဘယ်မှာကပ်နေသလဲ။ (ခန္ဓာငါးပါးမှာ) ခန္ဓာငါးပါးမှာ ခိုတယ်။ ဒါ ဘယ်သူ့ဆံပင်တုန်း၊ ငါ့ဆံပင်ကွ။ ဆံပင်ရူပက္ခန္ဓာမှာ သွားခိုနေတယ်။ စားကောင်းတာ ဘယ်သူတုန်းကွ၊ ငါကောင်းတာပေါ့ကွ။ ဝေဒနက္ခန္ဓာမှာ သွားခိုနေတယ်။

ငါ စာတော်တော် မှတ်မိပါတယ်ကွ။ ဗဟုသုတ ငါ တော်တော်များပါတယ်။ ဒါ မှတ်ထားကြ။ သညာမှာ ငါသွားစွဲ နေတယ်။ သညာမှာ သွားပြီး ဒိဋ္ဌိ ဝိစိကိစ္ဆာ ခိုနေတယ်၊ မခို ဘူးလား။ ငါ့ပညာမျိုး ရှာမှ ရှားတယ်ကွ။ သင်္ခါရက္ခန္ဓာမှာ ငါသွားခိုနေတယ်။ ငါ့ စိတ်မစမ်းနဲ့ ဟေ့ ဝိညာဏက္ခန္ဓာမှာ၊ စိတ်ဆိုတော့ ဝိညာဏက္ခန္ဓာမှာ ငါခိုနေတယ်။

ဒါဖြင့် ခန္ဓာငါးပါးသည် ဒိဋ္ဌိဝိစိကိစ္ဆာတို့ ၏ ခိုကပ်ရာ ဌာနဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါပြီ) ခန္ဓာငါးပါးမှာ ဘယ်သူကပ်နေသတုန်း။ (ဒိဋ္ဌိဝိစိကိစ္ဆာပါ) မှတ်ထား။ ခန္ဓာငါးပါး မှာ ဒိဋ္ဌိဝိစိကိ စ္ဆာ ကပ်တယ်။

ကိုင်း-ဒါဖြင့် ခန္ဓာနဲ့ ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ ကွဲအောင် လုပ်ရ လိမ့်မယ်။ ခန္ဓာကနေ ခွာထုတ်ရလိမ့်မယ်။ ခန္ဓာရှိရင် ကပ်မယ်။ ခန္ဓာမရှိရင် မကပ်ပါဘူး။

ကောင်းပြီ၊ ဒါက တရားကို အခြေကတည်ပြောနေတဲ့ အတွက် ဦးသံဒိုင်တို့က သည်းခံ နားထောင် ရမယ်။ အခြေက တည်ပြောနေပါတယ်။ ဦးထွန်းရင် အခြေက တည်ပြောနေတာ ဖြစ်လို့ က,ကြီး ခ,ခွေး စ,သင်နေတယ်လို့ အောက်မေ့ပါ။ သဘော ကျရဲ့လား။ (တင့်ပါ ဘုရား) ကဲ-အခြေက စ,ပြောမယ်နော်။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ဘယ်မှာကပ်နေသတုန်းဗျ။ (ခန္ဓာ ငါးပါးမှာ ကပ်နေပါတယ်) ခန္ဓာငါးပါးကို ဘယ့်ကြောင့် သူ ကပ်သတုန်းလို့ မေးပါ။ ခင်ဗျားတို့ ပွိုင့်တွေ အကုန်မေး။ မေး လို့ရှိရင် ဘုန်းကြီးက ဖြေဖို့။ ဘယ့်နှယ်ကြောင့် သူကပ်နေသတုန်း။ အို-ခန္ဓာငါးပါးဖြစ်ကြောင်း မသိလို့ ကပ်တယ်ကွ၊ ချုပ်ကြောင်း မသိလို့ ကပ်တယ်ကွ၊ ရှင်းပြီလား။

ခန္ဓာငါးပါးဖြစ်ကြောင်း မသိလို့ ဒိဋ္ဌိဝိစိကိစ္ဆာ ကပ်တယ်။ ခန္ဓာငါးပါးချုပ်ကြောင်းကို မသိလို့ ဘာလဲ၊ ဒိဋ္ဌိဝိစိကိစ္ဆာကပ် တယ်။ ဒါဖြင့် ဖြစ်ကြောင်း, ချုပ်ကြောင်း နားလည်တာကို အရင် ပြရလိမ့်မယ်။ မပြရပေဘူးလား။ (ပြရပါမယ်)။

ဒါဖြင့် ဖြစ်ကြောင်းဖြင့် ဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ်ကို ပြရလိမ့်မယ်။ ချုပ်ကြောင်းဖြင့် ချုပ်ကြောင်း ပဋိစ္စသမုပ္ပါဒ်ကို ပြရလိမ့်မယ်။ ဒါနှစ်ခုမပြဘဲနဲ့ ဒိဋ္ဌိကွာတယ်ဆို ခင်ဗျားတို့ အုန်းသီး ဆီသုတ်ပြီး မျိုးလို့ ရရင်သာရမယ် ပဋိစ္စသမုပ္ပါဒ် မပါရင် ဒိဋ္ဌိက ကွာကိုမလာဘူး။ ရှင်းပြီလား။

စာမှာတော့ ရုပ်နာမ်ကွဲရင် ဒိဋ္ဌိဝိစိကိစ္ဆာ ကွာတယ်လို့ ရေးကြလိမ့်မယ်။ မဟုတ်သေးဘူးလေ။ တစ်ဆင့် ကျန်နေတယ်။ တစ်ဆင့်ကျန်နေတယ်။ ပဋိစ္စသမုပ္ပါဒ်နားလည်မှ ခန္ဓာပေါ်လာ တယ်။ ခန္ဓာပေါ်မှ သူက ကပ်တယ်။ ရှင်းရဲ့ လား။

ဒါဖြင့် ခန္ဓာဖြစ်ကြောင်းဟာလည်း ပဋိစ္စသမုပ္ပါဒ် ဖြစ် ကြောင်း၊ ခန္ဓာ၏ချပ်ကြောင်းဟာလည်း ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း၊ ရှင်းပြီလား။ ဒါဖြင့် ဘာနားလည်မှ ဒိဋ္ဌိဝိစိကိစ္ဆာ ကွာမှာလဲလို့ မေးဖို့ မလိုဘူး။ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်း နားလည်မှ ပဋိစ္စ သမုပ္ပါဒ်ချုပ်ကြောင်းနားလည်မှ ဒိဋ္ဌိရော ဝိစိကိစ္ဆာရော ကွာမယ်။

ဒါဖြင့် ခန္ဓာ အရင်ပြရမှာလား၊ ပဋိစ္စသမုပ္ပါဒ် အရင် ပြရမှာလား။ (ပဋိစ္စသမုပ္ပါဒ်ကို အရင်ပြရပါမယ် ဘုရား)။

ဒီခန္ဓာကြီးဟာ ဘာခန္ဓာတုန်းမေးလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်နေတဲ့ ခန္ဓ၁၊ ဦးသံဒိုင်ခန္ဓာ ဘုန်းကြီးခန္ဓာ၊ ဦးထွန်းရင်ခန္ဓာ၊ သဘောကျရဲ့လား။

ဒါဖြင့် သူ့မှနားမလည်ဘဲနဲ့ ဒီခန္ဓာကြီး စုပေါင်းထား တာကြီး ဦးသံဒိုင် ကိစ္စပြီးပါ့မလား။ ဖြစ်ကြောင်းလည်း မသိဘူး၊ ချုပ်ကြောင်းကိုရော (ချုပ်ကြောင်းလည်း မသိပါ ဘုရား) မသိလို့ရှိ ရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် နှစ်ခုလုံး နားမလည်ဘူး။

ထိုကဲ့သို့ နားမလည်လို့ ရှိရင် ဒိဋ္ဌိက ခန္ဓာက ပေါ် လာတာကို ဒိဋ္ဌိဝိစိကိစ္ဆာ ကပ်နေတယ်ဆိုတဲ့ ဥစ္စာဟာ အခြေအမြစ် နဲ့တကွ ပယ်မပစ်တဲ့အတွက် ကျုပ်တို့မှာ ဒိဋ္ဌိဝိစိကိစ္ဆာ ကပ်မြဲကပ် မယ်လို့ သေသေချာချာမှတ်ပါ။ ဒါ ဘုန်းကြီး ဝတ္ထုသက်သေ သာဓကတွေနဲ့ ထုတ်ပြပါလို့ဆိုရင် ပြမယ်။ ဖြည်းဖြည်းပေါ့၊ ခင်ဗျားတို့ မေးပေးပေါ့။

ကိုင်း-ဒါ ဖြင့် ပဋိစ္စသမုပ္ပါဒ်ပြကြစို့ နော်။ ဘာပြရမလဲ။ (အဝိဇ္ဇာကနေ ပြရပါမယ်) ဟင့်အင်း-မပြနိုင်ဘူး။ အဝိဇ္ဇာက အတိတ် အကြောင်းတွေပဲ။ ခင်ဗျားတို့နဲ့ မဆိုင်ဘူး။ ခင်ဗျားတို့ ပြီးခဲ့ပြီ။ အဝိဇ္ဇာသင်္ခါရကြောင့် ခင်ဗျားတို့ ခန္ဓာတွေ ဖြစ်နေပြီ။ လွန်ခဲ့ပြီ။ ခင်ဗျားတို့ ပြန်သွားလို့ မရတော့ဘူး။ ပြန်သွားလို့ မရတော့ဘူး။ ရှင်းပြီလား။

ဒါကြောင့် ဘုန်းကြီးများဆီကို ကိုးကွယ်ဆည်းကပ်တယ် ဆိုတာ ပွိုင့်ကို အရေးအကြီးဆုံးပဲ။ ပွိုင့်ကို အရေးကြီးဆုံးပဲ။ လာပြီးခိုကြ၊ ကပ်ကြတာပေါ့လေ။(တင်ပါ့ ဘုရား) ခိုကြကပ်ကြရတာ။

ဦးထွန်းရင် ပြောနေတာ ဘုန်းကြီးတို့ သာပြီးတော့ တန်းနေတာပဲ။ အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာဖြစ်လာတယ် မဆို ပေဘူးလား။ (ဒီလိုပဲ နားလည်ပါတယ်) ဒီလိုပဲ နားလည်တယ်၊ မဟုတ် ပါဘူးတဲ့။ ဒီဥစ္စာ ပင်ကိုယ်အကြောင်း ဘုရား ဟောထားတာလည်း မဟုတ်ဘူးလား ဆိုတော့ ပင်ကိုအကြောင်း ဘုရား ဟောထားတာ ကတော့ ဟုတ်ပါတယ်၊ ခင်ဗျား ဒိဋ္ဌိဝိစိကိစ္ဆာခွာဖို့ ဒီလိုမဟုတ်ဘူး၊ သဘောကျရဲ့လား။

ခင်ဗျား ဒိဋ္ဌိ ဝိစိကိစ္ဆာ ခန္ဓာပေါ်မှာ ခွာဖို့ကျတော့ သူ မဟုတ်ဘူးတဲ့။ သူက ခင်ဗျားတို့ ၏ ဟို မူလဘူတက အတိတ် ဘဝက အကြောင်း ဖြစ်နေတယ်။ မယုံရင် စဉ်းစားကြည့်တော့၊ ဘုန်းကြီး ရှင်းပြမယ်။

ဒါက နောက်ဘဝက သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာ၊ အဝိဇ္ဇာကို ခင်ဗျားတို့က လက်သပ်မွေးခဲ့တဲ့ အတွက် မခွာနိုင်တဲ့ အတွက် ဟိုဘဝက ဆုတောင်းတဲ့ တဏှာ မလာပေဘူးလား။ (တင်ပါ့) ဟိုဘဝရောက်ကြောင်း ကုသိုလ်တွေ မလုပ်ပေဘူးလား။ ကုသိုလ်လုပ်တော့ ဒီဘဝမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဆိုတဲ့ခန္ဓာငါးပါး မပေါ်ပေဘူးလား။(ပေါ်ပါတယ် ဘုရား)

ပေါ်တော့ ခန္ဓာငါးပါးနဲ့ ပေါ်တယ်။ သူ့သတ်နိုင်သေး သလားဆိုတော့ လွန်ကုန်ပြီ။ အဝိဇ္ဇာ၊ သင်္ခါရ သတ်နိုင်သေးရဲ့ လား။ (မသတ်နိုင်ပါ ဘုရား) ဘယ်သတ်နိုင်မလဲ၊ လွန်ကုန်ပြီ။ သူတို့ပြုထားတဲ့အတွက် ကျုပ်တို့ အကျိုးထဲ ရောက်နေပြီ။ (ဟိုကအရှိန်နဲ့ ဒီရောက်နေတယ် ဘုရား)

ဟိုကအရှိန် ဒီရောက်နေတာကို ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူ့အကျိုး ဆက်ခံရုံပဲ ရှိတော့တယ်။ မဟုတ်ဘူးလား။ (ဟုတ်ပါတယ်) သူ့အကျိုးဆက်ခံ၊ သူက အကြောင်းဖြစ်ပေတယ်။ သူ့အကျိုးဆက်ကို ကျပ်တို့ တွေ့ကြုံနေပြီ။ ကျုပ်တို့ သတ်ရမှာက ဒီအကျိုးထဲပေါ်တဲ့ အဝိဇ္ဇာသင်္ခါရကို သတ်ရလိမ့်မယ်။ သူ့တော့ မသတ်နိုင်ဘူး။ ရှင်းပြီလား။ (ရှင်းပါတယ် ဘုရား)။

ဒီအထဲနောက်ထပ်ပွားလာမှာတော့ သတ်ရမယ်။ ဒီထဲ တစ်ခါသတ်ရမယ်။ ဒီကဟာကို မသတ်နိုင်ဘူး။ ဘုရား မသတ် နိုင်ဘူးဒီကဟာကို။ သတ်နိုင်ပါ့မလား။ မသတ်နိုင်လို့ ခံရတာပေါ့။ မသတ်နိုင်လို့ဘဲ ခန္ဓာကြီးကို အိုဘေး၊ နာဘေး၊ သေဘေးနဲ့ ကျုပ်တို့ တွဲနေရတာပေါ့။ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါတွေဖြုတ်၊ အတိတ်ကဖြစ်တဲ့ အဝိဇ္ဇာသင်္ခါရ ဖြုတ်နော်။ ဒီထဲမှာ ပွားစီးလာမယ့် အဝိဇ္ဇာသင်္ခါရကို ကျုပ်တို့ သတ်ရမယ်၊ သဘောကျပလား။

ယခု ဒါက ပစ္စုပ္ပန်ခန္ဓာနော်။ ပစ္စုပ္ပန်ဆိုရင် အခုဘဝမှာ “ပရဲဇင်း” ပေါ့ဗျာ။ ပစ္စုပ္ပန်ခန္ဓာ။

ဒါဖြင့် အခု အဝိဇ္ဇာသင်္ခါရ ဘယ်ထဲမှာ ရောက်သတုန်း လို့ မေးလို့ ရှိရင်ဖြင့် ဒီထဲမှာ ရောက်နေတယ်။ ပစ္စုပ္ပန်ခန္ဓာ ထဲမှာ ရောက်နေတယ်။ သဘောကျပလား။ အဲ သူနဲ့ တွဲပြီး သကာလ အဝိဇ္ဇာက မသိဘဲ ဒိဋ္ဌိက ကပ်နေတယ်။ အဝိဇ္ဇာက မသိလို့ ဝိစိကိစ္ဆာက ကပ်နေတယ်။ ရှင်းပြီလား။

ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကပ်နေတာသိလို့ ရှိရင်ဖြင့် ကျုပ်တို့ ပစ္စုပ္ပန်အဝိဇ္ဇာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)

ဟော-ဝိဇ္ဇာဖြစ်သွားပြီ၊ ဒီဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ် သင်္ခါရ အလုပ်ကို နောက်ထပ် လုပ်ဦးမလား။ (မလုပ်တော့ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ခွာလိုက်ရင် အဝိဇ္ဇာနဲ့ သင်္ခါရ အလိုလို ပြုတ်တော့မယ်။ ပေါ်ပလား၊ မပေါ်သေးရင် ဦးသံဒိုင် ပေါ်ပလား။

ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာထဲမှာရှိတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာကို ကျုပ်တို့ သတ်ရမယ်။ ဘာနဲ့ သတ်ရမတုန်း ဆိုတော့ အဝိဇ္ဇာနှင့် သင်္ခါရကို သတ်ရမှာပေါ့ဗျာ။ ပေါ်ပလား အဝိဇ္ဇာနှင့်သင်္ခါရ။ အသင်္ခါရဆိုတာ မပြုတာ၊ သင်္ခါရက ပြုတာကိုးဗျ။

ကဲ-ဒါတွေ သံသရာရှည်တယ်၊ ငြင်းခဲ့တယ်။ ဆရာ ဒကာချင်း ငြင်းနေကြပြီ။ မျက်စိရှင်းမှ ခင်ဗျားတို့ ပြန် အလုပ် လုပ်တတ်မှ ပြန်နော်။ အလုပ်လုပ်တတ်မှပြန်။ ငြင်းခုံတယ်ဆိုတာ မလုပ်ကြနဲ့ ကြားလား။

ကဲ-ဒါဖြင့် ဦးထွန်းရင်၊ ဒီဘက်က အဝိဇ္ဇာသင်္ခါရ ဖြုတ်လိုက်တာ ကျေနပ်ပြီနော်။(တင့်ပါ ဘုရား)။

သူ့ကို ကျုပ်တို့ က ပြီးပြီးသားအကြောင်းမို့ သတ်ငြား သော်လည်း ခရီးပေါက်သေးရဲ့ လား။ (မပေါက်ပါ ဘုရား)။

မပေါက်တော့ဘူး။ သူ့ မျိုးစေ့တောင် ဒီကျနေပြီ။ သူ့ မျိုးစေ့ထဲကနေပြီးတော့ အဝိဇ္ဇာသီး၊ သင်္ခါရသီး မသီးပါစေနဲ့ ဆိုတော့ ။ (အသီး သီးတော့မှာပါ ဘုရား)

ဟင်း သိပါပြီ။ အခု ဒီအထဲမှာ နောက်ထပ် မသီးဖို့ဘဲ ကျုပ်တို့ အရေးကြီးပါတယ်။ သူက ဒီခန္ဓာကိုယ်ကြီးက နေပြီး အဝိဇ္ဇာသီး၊ သင်္ခါရသီး မသီးဖို့ဘဲ အရေးကြီးတယ်။ သူက အဝိဇ္ဇာ သင်္ခါရကြောင့်တော့ အပင်ကြီးဖြစ်လာပြီ၊ ခန္ဓာပင်ကြီး မဖြစ်သေးဘူးလား။ (ဖြစ်ပါပြီ ဘုရား)။

ဒီအထဲမှာ အဝိဇ္ဇာသီး၊ သင်္ခါရသီး သီးမယ်ဆိုရင် သွား ရော့၊ ဆုံးနိုင်ပါဦးမလား။ (မဆုံးနိုင်ပါ ဘုရား)။

မီးခိုးမဆုံး မိုးမဆုံးသွားဖို့ပဲ။ အဲဒါကြောင့် ဒီအထဲမှာ အဝိဇ္ဇာသီး၊ သင်္ခါရသီး မသီးရအောင် ဒီအထဲမှာ ဝိဇ္ဇာနှင့်အသင်္ခါရ ဖြစ်အောင် ဘုန်းကြီးက လုပ်ပေးရမယ်။ အဝိဇ္ဇာက ဝိဇ္ဇာဖြစ် ကြောင်း လုပ်ပေးရမယ်။ ဒီခန္ဓာကြီးကို သိတဲ့နည်းနဲ့ ပေါ့ ဗျာ။

အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်ပေးရမယ်။ သင်္ခါရကို အသင်္ခါရဖြစ်အောင် လုပ်ပေးရမယ်။ အသင်္ခါရဆိုတာ မပြုပြင် တတ်အောင်ပေါ့ ဗျာ။ နည်းနည်းသဘောရှင်းလာပြီ မဟုတ်လား။ (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ခုနင်ကပြောခဲ့တဲ့ ဦးသံဒိုင်တို့ ဦးထွန်းရင်တို့ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် နားလည်ဖို့ အရေးကြီးတယ်။ (တင်ပါ့ ဘုရား)။

သဘောပါရဲ့လား။ ဒါ အခု ခန္ဓာငါးပါးဟာ ပစ္စုပ္ပန်ပေါ့ နော်။ ခန္ဓာငါးပါးအခုရှိနေတဲ့ ဦးသံဒိုင် ယခုထိုင်နေတဲ့ ခန္ဓာငါးပါး ဟာ ပစ္စုပ္ပန်၊ ဦးထွန်းရင်ထိုင်နေတဲ့ ခန္ဓာငါးပါးဟာ ပစ္စုပ္ပန်၊ သဘောပါရဲ့လား။ (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီခန္ဓာငါးပါး အခုပေါ်နေတဲ့ ခန္ဓာငါးပါး၊ အခု ပဋိစ္စသမုပ္ပါဒ်၊ အခု ခန္ဓာငါးပါးကို အခုပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကျုပ်တို့ ပြဖို့ အရေးကြီးတယ်။ အတိတ် ပဋိစ္စသမုပ္ပါဒ်ပြဖို့ အရေးမကြီးဘူး။ အနာဂတ် ပဋိစ္စသမုပ္ပါဒ်ကိုလည်း ပြဖို့ အရေးမကြီးဘူး။ အခုဟာ ရှင်းသွားရင် ဟိုအနာဂတ် ဖြတ်သွား မှာပဲ။ သဘောကျရဲ့လား။ (တင်ပါ့ ဘုရား)။

အခုဟာ ရှင်းရင် သေသေချာချာ ပြတ်မယ်။ (မှန်ပါ့) ပြတ်မယ်။

အဲဒီတော့ ပြောကြပါစို့၊ သြော်-ဒါနဲ့ ပဋိစ္စသမုပ္ပါဒ်မှာ ဘယ်နှစ်မျိုး ပါလိမ့်မတုန်းဆိုတော့ အတိတ် ပဋိစ္စသမုပ္ပါဒ်ကိုလည်း ကျုပ်တို့နဲ့ မဆိုင်လို့ ကျင့်ကြံဖို့ မလိုဘူး၊ အနာဂတ် ပဋိစ္စ သမုပ္ပါဒ်ကိုလည်း မလာသေးလို့ ကျုပ်တို့က ဖြတ်ဖို့ တောက်ဖို့ မလို၊ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်မှာ မကောင်းတာကိုမပွားဖို့၊ ကောင်း တာကိုသာ ပွားဖို့၊ အဲဒါ ဘုန်းကြီး အဖြေပေးမယ်၊ ရှင်းပြီလား။

ပစ္စုပ္ပန်ခန္ဓာကြီးအပေါ်၌ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီး အပေါ်၌ တဏှာ၊ ဥပါဒါန်၊ ကံ မလာဘူး။ သဘောကျရဲ့လား။ တဏှာလာရင် ဥပါဒါန်လာမယ်၊ ဥပါဒါန်လာရင် ကံလာမယ်။ ကံလာရင် နောက်အနာဂတ် ဇာတိ၊ ဇရာ၊ မရဏ မလာပေ ဘူးလား။ (လာပါတယ်) ရှင်းရဲ့ လား။ (ရှင်းပါတယ်)။

ဒါလောက်တော့ လေ့လာဖူးလိမ့်မယ်နော်။ ဒါကို ဘုန်းကြီးက အကျယ် မပြောတော့ဘူး။ကဲ-ဒါဖြင့် ပစ္စုပ္ပန် ခန္ဓာထဲက အဝိဇ္ဇာ၊ တဏှာ၊ ကံတွေ မပေါ်ဖို့ အရေးကြီးတာပေါ့ဗျာ။ ပစ္စုပ္ပန်ခန္ဓာ အစွဲပြုပြီး သကာလ အဝိဇ္ဇာ၊ တဏှာ၊ ကံတွေမပေါ်လို့ ရှိရင်ဖြင့် ကျုပ်တို့ ဒီအနာဂတ် ခန္ဓာဆိုတာ မပြတ်ပေဘူးလား။ ပြတ်မယ်လား။ (ပြတ်ပါတယ်)

ပြတ်မှာပဲ၊ သဘောကျရဲ့လား။ ဒါဖြင့် ပစ္စုပ္ပန် ပဋိစ္စ သမုပ္ပါဒ် ပြကြစို့။ ခုမှ ဒီရောက်တယ်။

ဟိုဟာတွေ ပါဠိကတော့ ပစ္စုပ္ပန်နော်။

ဒီခန္ဓာငါးပါးဟာ ပြောကြစို့။ အမေမွေးတဲ့ ခန္ဓာလည်း ဘုန်းကြီးက မလိုချင်ဘူးဗျ။ အဝိဇ္ဇာ၊ သင်္ခါရတို့သည် အကြောင်းတွေ ဖြစ်နေတယ်။ အဲဒီ ခန္ဓာငါးပါးလည်း မလိုချင်ဘူး၊ ယခုမွေးစ ခန္ဓာငါးပါးကို လိုချင်တယ်။

ကိုင်း ဦးသံဒိုင်၊ အမေမွေးတဲ့ ခန္ဓာငါးပါး မလိုချင်ပါဘူး တဲ့။ ချုပ်ပျောက်ကုန်ပြီတဲ့။ ခင်ဗျားတို့ ဟောရင်အပိုပေါ့။ အဲဒါ လည်း မလိုချင်ဘူး ကျုပ်က။ ဘာကြောင့်တုန်း ပစ္စုပ္ပန်မကျလို့။

အမေမွေးတဲ့ ခန္ဓာငါးပါးက ဖြစ်ခဲ့ပျက်ခဲ့ပြီ။ ဘာမှ တစ်တိုတစ်စမှ ခင်ဗျားကို မပါလာဘူး။ ဘုန်းကြီးရှေ့မှာ ခုတရားနာနေတဲ့ ခန္ဓာငါးပါးသာ လိုချင်တာ။ လိုချင်တာက နာရီအချိန်ကိုက်နေတဲ့ ခန္ဓာလား။

အင်း-ဒီအချိန် လိုချင်တာ။ ဒီအချိန် လိုချင်တာ။ ဒီ ပြင်ဟာ လိုကို မလိုချင်ဘူး။ စောစော ကတည်းက ဦးသံဒိုင်လည်း သိပြီးသား အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးတရားတွေ ဖြစ်လို့ ပစ္စုပ္ပန် အကျိုးဟာ မျက်စိတစ်မှိတ် ကုဋေငါးထောင်ကျော် ရခဲ့လို့ ခင်ဗျားတို့ တစ်တိုတစ်စမှ ပါမလာခဲ့တော့ဘူး။ ဒါကြီး တွေ့အောင် ရှင်းချင်လို့ ရော ရှာလို့ ရပါဦးမလား၊ လွန်ကုန်ပြီ၊ ရှေ့ ပြောရုံပဲ ရှိတော့တယ်။

အဲဒီတော့ ယခုအချိန်မှာပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို လိုချင် တယ်။ ယခုအချိန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ယခု ဉာဏ်နဲ့ တိုက် ပေးရမယ်။ အတိတ် ရှိမှ မရှိကောင်းပဲကိုးဗျ။ ဝိပဿနာလိုနေလို့ ဝိပဿနာ လိုနေရင် ပစ္စုပ္ပန်တည်ရမယ်။ သဘောကျရဲ့လား။ (မှန်ပါ့ ဘုရား)

ဒါဖြင့် ခင်ဗျားဟာ အမေမွေးကတည်းက ကျုပ်တို့ဆီကို ပါလည်းမပါဘူး၊ ရှိလည်းမရှိဘူး။ အဲဒါလည်း စကားထဲ ထည့် ပြောရလိမ့်မယ်လို့ အောက်မေ့မနေနဲ့ ဦးသံဒိုင်။ (တင်ပါ ဘုရား) ခုပေါ်တာ ခုတွေ့တာပဲ ဘုန်းကြီးက သဘောကျပါရဲ့လား။ အင်မတန် အရေးကြီးတဲ့အချက်။

ဆရာတော် သမားတော်တွေ သွားမေး၊ မဖြေတတ်တော့ ကိုထွန်းရင် စ,သလို စ,မှာပဲ။ စ,နေရင် တစ်လုံးမှ မဟုတ်ဘူးသာ အောက်မေ့ထား။ ဟော ရှုတ်ချတာလားဆိုတော့ မဟုတ်ပါဘူး။ ရှိမှမရှိနိုင်တာချည်း သူ့ ထည့်ပြောနေလို့ ရှိနိုင်ပါ့မလား။

ခင်ဗျား ခန္ဓာငါးပါး ထ,တဲ့နာမ်ရုပ်ဟာ ထိုင်,တဲ့အချိန်မှာ မပါတာချည်း။ အမေ မွေးထားတာချည်း ဘယ်ကလာ ထည့်လို့ရ မတုန်းဗျ။ ရပါ့မလား။ ဦးထွန်းရင်ကော ရပါ့မလား။ (တင့်ပါ ဘုရား၊ မရပါ)။

မရလို့ရှိရင် အဲဒါ ဝိပဿနာရှုလို့ ရှိရင်ရော ဖြစ်ပါ့မလား။ ကုန်ခဲ့ လွန်ခဲ့တာတွေ။ (မရပါ ဘုရား) မီးလောင်ပြီးသား သွား ငြိမ်းနေလို့ ခင်ဗျား ရေကုန်ရုံပဲ ရှိမှာပေါ့။ မဟုတ်ဘူးလား။ မီးလောင်လို့ ပြာတောင်မရှိတာ ခင်ဗျားက ရေသွားလောင်းနေရင် အရူးလား မေးမှာပေါ့။ (မှန်ပါ့၊ မေးပါမယ် ဘုရား)။

အဲဒီအရူးတွေ ပျောက်အောင်လို့ ဘုန်းကြီးဆီလာကြရ တာ၊ သဘောပါရဲ့လား။ ဒါဖြင့် ပစ္စုပ္ပန် တည့်တည့် ခန္ဓာပေါ်ဖို့ အရေးကြီးတယ် ရှင်းပြီလား။ (တင်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ကိုယ့်ဆရာသမားကို အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ကြည့်တဲ့အခါ မတူပါလား ဆိုပြီး တရားဆန်းလို့ မှတ်လိမ့်မယ်တဲ့။ သဘာဝတ္ထအကိုက်ကို ပြောနေတာ။ သဘော ကျရဲ့ လား။ တရားဆန်းလို့ မအောက်မေ့နဲ့။ မသိလို့ သိမ်းပိုက်ပြီး ဟောနေတာတွေကို ဘုန်းကြီးတို့က မဆိုလိုပါဘူး။ သူမသိလို့ ဟောနေတာပဲ။

ဦးထွန်းရင် များနေသလား။ (မေးပါ ဘုရား) သဘောကျရဲ့ လား။ (နာနေတုန်းပါ ဘုရား)။

ဦးသံဒိုင်နှင့် ဦးထွန်းရင် သြော် တို့ ဝိပဿနာ ရှုရမှာက ဒိဋ္ဌိဝိစိကိစ္ဆာ ခွာရမှာပါကလား။ ဘယ်ခန္ဓာကို ခွာရမတုန်းဆိုတော့ ခုနင်က သင်ပြလိုက်တာ ခန္ဓာငါးပါးကိုခွာ သင်လိုက်တယ်။ ဘယ်ခန္ဓာ ငါးပါးတုန်းဆိုတော့ ပစ္စုပ္ပန်ခန္ဓာငါးပါး ခွာလိုက်လို့ ပြောလိုက်တယ်။

ပစ္စုပ္ပန်ထဲကမှ ရောက်ဆဲ ပစ္စုပ္ပန် ခွာပါ။ လာရပြန်ပြီ ရောက်ဆဲပစ္စုပ္ပန်။ အခု ဖြစ်ဆဲပစ္စုပ္ပန် ဒီမှာခွာရမယ်။ ပေါ်ပ လား ဦးသံဒိုင်။ (ပေါ်ပြီဘုရား၊ နောက်က ဖလင်ပေါ်က အကွက်ကလေး တစ်ကွက်ပဲ)။

ဒါပဲ ခုပြနေတဲ့ “ဘက်ဂရောင်း” ပြတာတွေကြည့်။ နောက် ဖလင်လိပ်ကြီးထဲကဟာတွေ သွားကြည့်မနေနဲ့။ သွား ကြည့်မနေနဲ့။ ဒါ သေသေချာချာမှတ်။

(ခု သိပ်နားလည်တယ်ဘုရား၊ တပည့်တော် ခုတော့မှ နားလည်ပါတယ်)။

အေး-ကောင်းပြီလေ၊ ဟိုက နားမလည်လည်း ထပ်ပြီး ဖြည့်တာပေါ့။ အခု နားလည်တယ်ဆိုလို့ ရှိရင်လည်း ဘုန်းကြီးမှာ အသစ် ဓမ္မဒါနအဖြစ်နဲ့ ဝေဖန်နိုင်တယ်၊ သတိပေးတာပါ။

ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာငါးပါးကို ပစ္စုပ္ပန်ဉာဏ်နဲ့ ကြည့်နော်။ ကြည့်ပုံကလေး ပြောစမ်းပါဦးဆိုတော့ ပေါ်ပုံမှ မသိသေးဘဲနဲ့ ကြည့်ပုံကို ဘယ်လိုဟောနိုင်ပါ့မလဲ။ ပေါ်ပုံကို အရင်ပြောဦးမယ်၊ သဘောကျရဲ့လား။

ကိုင်း ပေါ်ပုံပြောဦးမယ်။ ဦးသံဒိုင်ရဲ့ ဆိုင်ကန္နားတိုက် တာ သားသမီးပေါ့ လေနော်။ ဒီတော့ ဦးသံဒိုင်ရဲ့ မျက်လုံး၊ မျက်လုံးနှစ်ခုဆိုင်ထဲကကုန်းပစ္စည်းတွေနဲ့ သွားတိုက်တဲ့အခါကျတော့ မြင်စိတ်ပေါ်နေတယ်။ လူတိုင်းသိတယ်။ မြင်စိတ်ပေါ်တယ်။

အဲဒီတော့ ဒီမြင်စိတ်ဟာ အိမ်ကပါလာတဲ့ မြင်စိတ်လား။ (မဟုတ်ပါ ဘုရား) အခုမှပေါ်လာတဲ့ မြင်စိတ်။

ဒါဖြင့် ဒီမျက်လုံးကလည်း အိမ်ကပါလာတဲ့ မျက်လုံး လားလို့ မေးလို့ ရှိရင် အိမ်ကပါလာတဲ့ မျက်လုံးဟာ လျှပ်တပြက်တောင် မခံပါဘူး။

ဒါဖြင့် ဒီမျက်လုံးကလည်း ဒီဆိုင်နားရောက်မှ ပေါ်တဲ့ မျက်လုံး မဟုတ်ဘူးလား။ ဒီကုန်ပစ္စည်းတွေ ကလည်း မနေ့က ထားတဲ့ ပစ္စည်းလား၊ သူတို့လည်း မဟာဘုတ်လေးပါး အဆက် ဆက်နဲ့ လဲနေတော့ ခုမှ ခင်ဗျားရှေ့မှောက် ရောက်မှ ပေါ်လာတဲ့ ပစ္စည်း၊ သဘောကျရဲ့လား။

ဒါဖြင့် ပစ္စည်းကလည်း ပစ္စုပ္ပန်၊ ခဏပစ္စုပ္ပန်၊ အခုခဏ ပစ္စုပ္ပန်ပေါ့ ဗျာ၊ သဘောကျရဲ့လား။ အခု ဒီမျက်လုံးကလည်း အိမ်ကပါလာတဲ့ မျက်လုံးမဟုတ်ဘူး။ ယခု ဒီနားကျမှ ပေါ်လာတဲ့ မျက်လုံးအသစ်၊ ပစ္စည်းအသစ်၊ ဟုတ်လား။ စိတ်အသစ်မဆို နိုင်ဘူးလား။ ပြီးတော့မှ အကောင်းအဆိုး ရွေးတာလည်း ဒီနားကျမှ အကောင်း အဆိုးရွေးတဲ့ ဝေဒနာကလည်း အသစ်မဆို နိုင်ဘူးလား။ မှတ်သားတဲ့ သညာ ကလည်း အသစ်ပဲလို့ မဆို နိုင်ဘူးလား။ အိမ်ကပါလာတာလည်း တစ်လုံးမှ မပါဘူး။

ဒါဖြင့် ကြည့်လိုတဲ့ စေတနာကလည်း အခုမှပဲ ပေါ်တယ်။ သင်္ခါရက္ခန္ဓာကလည်း အသစ်။

ဒါဖြင့် ကျုပ် ခန္ဓာငါးပါး ခွဲလိုက်တော့မယ်နော်။ ဟောဒီ အဆင်းရုပ်နဲ့ ဟောဒီ ခင်ဗျားမျက်လုံးက အသစ်ရူပက္ခန္ဓာ ဒီဆိုင်ကျမှ ပေါ်တဲ့ အသစ်ရူပက္ခန္ဓာ မဆိုနိုင်ဘူးလား။

ဟောဒီ နာမက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရ က္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ လေးပါးကလည်း ခုမှပေါ်တဲ့ နာမက္ခန္ဓာ လေးပါး။

ဒါက ရူပက္ခန္ဓာတစ်ပါးပဲ ထားပါတော့နော်။ ဒါဟာ အတိတ် ပဋိစ္စသမုပ္ပါဒ်နဲ့ အဝိဇ္ဇာ သင်္ခါရ နဲ့လည်း မဆိုင်ဘူး။ မဆိုင်သေးဘူး။ ဆိုင်သေးရဲ့ လား။ မဆိုင်ဘူးဆိုတော့ ဒါ အခု ဦးသံဒိုင်၊ ဦးထွန်းရင် ရှိတဲ့ ခန္ဓာငါးပါးဆိုတာ ကျေနပ်ပြီလား။ (ကျေနပ်ပါပြီ ဘုရား)။

ယခုမှပေါ်တဲ့ ခန္ဓာငါးပါး၊ ယခုမှပေါ်တဲ့ ခန္ဓာငါးပါး ဆိုတော့ သြော် အိမ်က တစ်တိုတစ်စ ပါလာတာ မဟုတ်ဘူး။ အဝိဇ္ဇာသင်္ခါရနဲ့ အတိတ်အကြောင်းနဲ့ လည်း မဆက်သွယ်ဘူး။ ဆက်သွယ်သေး သလား။ ဆိုင်ရောက်မှ ပေါ်လာတာ ဆိုင်ရောက်မှ ပေါ်တဲ့ ခန္ဓာငါးပါး၊ ရှင်းပြီလား။ ဘလောက်တိုက်ရောက်မှ ပေါ်တာ ခင်ဗျား ရှုပ်မနေနဲ့။

ဒါဖြင့် ဒီလို ခန္ဓာငါးပါး ဦးသံဒိုင်၊ ဦးထွန်းရင်တို့က ဉာဏ်တက်ရမယ်၊ ဉာဏ်တက်ရမယ်၊ မတက်ရဘူးလား။

အဲဒီတော့ ခန္ဓာငါးပါးဟာ ဦးထွန်းရင် အတိတ် အကြောင်းနဲ့ စပ်သေးသလားလို့ မေးရင် ဘယ့်နှယ်ပါ့မလဲ။ (မစပ်ပါ ဘုရား) မစပ်ဘူး။

အနာဂတ်ရော ရောက်ပလားလို့ မေးရင်။ (မရောက်သေးပါ ဘုရား)။

တပည့်တော်ဆိုင်က အခုမှ ခန္ဓာငါးပါး စ,ပြီး အသစ် ပေါ်လာရုံ ရှိပါသေးတယ်၊ ဒီလို သိရမယ် မဟုတ်ဘူးလား။

ပြီးတော့မှ စာကဆိုတော့ မြင်တယ်။ မြင်တာက နာမက္ခန္ဓာ လေးပါးထဲက မြင်တာပေါ့ဗျာ။ မြင်တော့မှ ဒီကုန် ကလေးက မရောင်းရသေးဘူးကွာ ဆိုလို့ရှိရင်ဖြင့် အလိုမကျတဲ့ ဒေါသ မလာပေဘူးလား။

ဒီဒေါသက ဒါက သူ ပစ္စုပ္ပန်ခန္ဓာက ပွားထွက်လာတယ်၊ တစ်ခြားက ပွားထွက်လာတာ မဟုတ်ဘူး။ ခုပေါ်တဲ့ ခန္ဓာငါးပါး ထဲကမှ “တိဏ္ဏသင်္ဂတိ ဖဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ” စာမှာဆိုတာ။ ပေါင်းပေါ်တာ၊ လေးခု တစ်ပြိုင်နက် ပေါ်တာ။

စာဆိုကို သွားမယူနဲ့။ စာတမ်းမှမရေးလို့ ရှိရင် ဘယ် သူက ဖတ်တတ်မှာတုန်း။ စာပြုပြင်ရေးပါဆိုရင် ဘယ်လိုမှ မဖြစ်ဘူး။ ဖြစ်စဉ်က နာမက္ခန္ဓာ လေးပါးဟာ တစ်ပြိုင်နက် ဖြစ်တယ်၊ တစ်ပြိုင်နက် ချုပ်တယ်။

ဦးထွန်းရင် ကျေနပ်ပြီလား။ ကျေနပ်ပြီနော်။ စာကတော့ ဒီလေးခုရေးပြီးတော့ တစ်ခါတည်း ချလိုက်တယ်။ ခင်ဗျားတို့က စာက လေးခုတန်းနေလို့ “တိဏ္ဏသင်္ဂတိ ဖဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ”အမယ်လေး စာက စာရှည်ကြီး။

ဟ-စာဆိုတာ မှတ်တမ်း၊ ဖြစ်စဉ်က ဒီလိုမဟုတ်ဘူး။ ဖြစ်စဉ်က နာမက္ခန္ဓာလေးပါး တစ်ပြိုင်နက် ဖြစ်တယ်။ ရှင်းပြီလား။ နာမက္ခန္ဓာလေးပါး တစ်ပြိုင်နက်တည်း ရူပက္ခန္ဓာက ရူပက္ခန္ဓာ စုပေါင်းပြီး နာမက္ခန္ဓာလေးပါး ဖြစ်စေတယ်၊ ရှင်းပြီလား။

ရူပက္ခန္ဓာ နှစ်ခုပေါင်းဆိုတာ ခင်ဗျားတို့ မျက်လုံး ပသာဒရုပ်က ရူပက္ခန္ဓာ၊ ဒီအဆင်းက ဆိုင်မှာရှိတဲ့ အဆင်းတွေက ရူပက္ခန္ဓာ၊ ဒီရူပက္ခန္ဓာ နှစ်ခုပေါင်းပြီးသကာလ နာမက္ခန္ဓာလေးပါး ဖြစ်စေတယ်၊ သဘောကျရဲ့လား။

ဒါဖြင့် ရုပ်, ရုပ်ချင်း ထပ်လို့ ရှိရင် ရူပက္ခန္ဓာ ဖြစ်တယ်။ နာမ်,နာမ်ချင်း ထပ်လို့ ရှိရင် နာမက္ခန္ဓာ ဖြစ်တယ်။ နာမ်ရုပ်က နာမ်ရုပ်ပေါ်လာတယ်။ ရှင်းပြီလား။

ဒါ-အတိတ်လား၊ ပစ္စုပ္ပန်လားလို့ မေးရင် ဦးသံဒိုင် ဘယ့်နှယ်ပါ့မလဲ။ (ပစ္စုပ္ပန်ဖြစ်ပါတယ်)။

ပစ္စုပ္ပန်သက်သက်ပဲ၊ အဝိဇ္ဇာနဲ့ ဆက်သွယ်သေးသလား လို့ မေးရင်။ (မဆက်သွယ်ပါ ဘုရား)။

မဆက်သွယ်ဘူး၊ ဒါဖြင့် အတိတ်အကြောင်းနဲ့ လည်း မဆက်သွယ်ဘူး၊ အနာဂတ်နဲ့ လည်း သူဆက်သေးသလားလို့ မေးလို့ ရှိရင် (မဆက်သွယ်ပါ ဘုရား) မဆက်သေးဘူး။ ခုခဏပဲ ရှိသေးတယ်။

ကောင်းပြီ။ ဒါဖြင့် သြော် တို့ အခုရနေတဲ့ ခန္ဓာငါးပါး ကဖြင့် အမေမွေးတဲ့ ခန္ဓာငါးပါး၊ ဘယ်သူဖန်ဆင်းတဲ့ ခန္ဓာ ငါးပါး မှမဟုတ်ဘူး။ အာရုံပေါ်တော့ တိုက်ပြီးသကာလ ပေါ်တဲ့ ခန္ဓာငါးပါး၊ ဒါပဲရှိတယ်။ ဒါက ဒွါရ၊ ဒါက အာရုံ၊ အာရုံနဲ့ ဒွါရတိုက်တော့ နာမက္ခန္ဓာ လေးပါးပေါ်တယ်။ ပေါင်းလိုက်တော့ ခန္ဓာငါးပါး ဖြစ်သွားတယ်။

ဒါဖြင့် ဦးသံဒိုင် ပစ္စုပ္ပန်အဖြစ်ဖြင့် ကျေနပ်ပလား။ ဦးထွန်းရင်ရော ကျေနပ်ပလား၊ ပစ္စုပ္ပန်ခန္ဓာငါးပါး။

ဒါဖြင့် ပစ္စုပ္ပန် ခန္ဓာငါးပါးမှ ခင်ဗျားတို့ ဉာဏ်ပေးလိုက် လို့ ရှိရင် အခုဖြစ်တာ သိတာပေါ့။ အခုဖြစ်တာ ခင်ဗျားတို့ သိမယ်မဟုတ်ဘူးလား။ အခုဖြစ်တာ သိသွားလို့ ရှိရင် အခု ပျက်တာ ပေးလိုက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဝိပဿနာဉာဏ် ချက်ချင်းရမယ်၊ မရပေဘူးလား။

ဝိပဿနာဉာဏ် ရတယ်ဆိုလို့ ရှိရင်ဖြင့် ဘုန်းကြီးက ဒါ ဦးထွန်းရင်တို့၊ ဦးသံဒိုင်တို့ နေရာကျပြီဗျာ။ ခင်ဗျားတို့ နဂိုစာအုပ်ကြီးနဲ့ ဆရာသမားတွေကလည်း အင်း စာဆိုတိုင်း ပြောနေကြတယ်။ စာဆိုတိုင်း ပြောနေကြတယ်။ ကွဲရမနော် စာဆိုတိုင်းပြောလို့ မဟုတ်တာတွေက တစ်ပုံကြီးပဲ။

န့ို ဘုရားဟောတော်မူတာက စာပဲမဟုတ်လား။ အို ဘုရားဟောတော်မူတာ ခန္ဓာကြည့်ဟောတာပါ။ ဘုရားကလည်း စာမှ မထားခဲ့သေးဘဲ၊ ဘုရားပရိနိဗ္ဗာန်စံလို့ ခုနစ်နှစ်ရှိမှ ပေါ်လာ တဲ့စာ၊ ဘာဆိုင်တာမှတ်လို့။ ဒီစာ မဟုတ်ဘူးလား။ (တင်ပါ)

ဒါ မယူပါနဲ့။ ဒါ မယူပါနဲ့ တဲ့။ ယခု အဲဒီစာကို ထိုးထွင်းသိတဲ့ဆရာက ဟောလို့ ပစ္စုပ္ပန်ခန္ဓာယူပါ။

ဦးထွန်းရင် ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် သဘောကျပလား၊ ပစ္စုပ္ပန်ခန္ဓာငါးပါး။ ဒါဆိုတော့ ဘုန်းကြီးက ဉာဏ်သွင်းလို့ လွယ်တယ်။

(သင်္ခါရဉာဏ်ရော ဘုရား)။

သင်္ခါရဉာဏ်၊ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ ဟော သင်္ခါရ ရှင်းပေးမယ် နေဦး။ သင်္ခါရက္ခန္ဓာမှာ မရှင်းတော့ဘူး။ ပြန်ပြီး ဖွင့်လိုက်မယ်နော်။ မေးပါ၊ မေးလို့ ဖြေရတာ အဖိုးတန်တယ်။

ဥပမာ-ဒါက ကံကပေးတယ် ဦးသံဒိုင်ရဲ့။ ကံက အခုမှ လုပ်ပေးတယ်။ ဆိုင်ရောက်မှ ထည့်လိုက်တဲ့ မျက်လုံး ဆိုင်ရောက်မှ ထည့်တဲ့မျက်လုံး။ အတိတ်ကံက မျက်လုံးကတော့ ချုပ်ချုပ်ပြီးခဲ့ပါပြီပေါ့။

ဒါဖြင့် ဒါဟာ ယခု ဆိုင်နားကျမှ ဖျတ်ခနဲ ပေါ်လာတဲ့ မျက်လုံး။ ဒါကလည်း အလုပ်တွေက ဟိုမှာအမျိုးမျိုးကုန်ပစ္စည်း တွေက အကုန်ပြောင်းလဲပြီးကုန်ပြီ။ အပူ၊ အအေးနဲ့ အကုန် ပြောင်းလဲ ပြီးကုန်ပြီ။ အပူရုပ် ပြောင်းလိုက်၊ အအေးရုပ် ပြောင်းလိုက်၊ အပူရုပ် ပြောင်းလိုက် ပျက်စီးကုန်ပြီ။

ယခု ခင်ဗျားမျက်မှောက် ရောက်နေတဲ့ အထုပ်က ပစ္စုပ္ပန်အထုပ်ကြီးပါကလား။ ဒါဖြင့် ဒီလို ပစ္စုပ္ပန်နဲ့ ဒီက ပစ္စုပ္ပန်နဲ့ သွားပြီးတည့်ကျလို့ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ” မလာပေဘူးလား။ (လာပါတယ် ဘုရား)။

အဲဒီကျတော့မှ စက္ခုဝိညာဏံ လို့ ဝိညာဏ်ကလေး မြင်စိတ်ကလေး ပေါ်တယ်။ စာဆိုမှာတော့ “မြင်စိတ်ကလေးနဲ့” လို့ ဆိုပါတယ်။ ဘယ်မြင်စိတ်တွင် ပေါ်လို့ နာမက္ခန္ဓာလေးပါး ခွဲကောင်းတဲ့ တရားလား၊ မခွဲကောင်းတဲ့ တရားလား။

ဧကုပ္ပါဒ၊ ဧကနိရောဓ၊ ဧကာလမ္မဏ၊ ဧကဝတ္ထုက ဆိုတော့ ဒီဝေဒနာနဲ့ တွဲရမယ် မဟုတ်ဘူးလား။ သညာနဲ့ ရော။ (တွဲရပါမယ်) သင်္ခါရနဲ့ ရော။ (တွဲရပါမယ်) သူ့ဟာနဲ့သူ တွဲရ မယ်။ သို့ သော် အကြောင်းအကျိုး မလုံလောက် သေးပါဘူးတဲ့။ တွဲတာဖြစ်ပုံသာ ဘုန်းကြီးပြောတာပါပဲ။

ဦးသံဒိုင် ယုံမှားတဲ့ သံသယကို ကျုပ်ရှင်းမပေးသေးပါ ဘူး။ ဖြစ်ကောင်းတာ ပြတုန်း ရှိသေးတယ်။ ဦးထွန်းရင် ရှင်းပြီလား။ ဖြစ်ကောင်းတာကတော့ ဒီအတိုင်းပဲ။ စာဆိုနဲ့ ဘယ့်နှယ် နေသတုန်း။ (ခြားနားပါတယ် ဘုရား)။

မခြားနားဘူးလား။ သူ့ကို ဖဿပစ္စယာများလို ဝေဒနာ လာမှကိုးဗျ။ ဒီလိုမှ မဟုတ်ဘဲ,ပဲ။ ဒီလိုမဟုတ်ဘူး။ နာမက္ခန္ဓာ လေးပါး။ ဧကုပ္ပါဒ၊ ဧကနိရောဓ၊ ဧကာလမ္မဏ၊ ဧကဝတ္ထုက တစ်ပြိုင်တည်း ဆိုတော့ ဦးသံဒိုင်ဟာ အသာထားလိုက်ဦးစို့။ ခန္ဓာငါးပါး ပြည့်ပလား၊ မပြည့်သေးဘူးလား၊ ရှင်းလိုက်ဦး။ (ပြည့်ပြီးပါပြီ ဘုရား)။

ဟော ဒါနဲ့ ဒါက ရူပက္ခန္ဓာမဟုတ်ဘူးလား။ တစ် ပေါင်းတည်းဖြစ်တာက နာမက္ခန္ဓာ၊ ၄ နဲ့ ၁ ပေါင်းလျှင် ၅ ဖြစ်သွားတယ်။ ဒါ ပစ္စုပ္ပန်ခန္ဓာ မဟုတ်ရင် ဘာတုန်း။ ဒါကို ဝိပဿနာရှုရမယ်။ မနေ့ကဟာ ရှုလို့လည်းမရဘူး၊ တမြန်နေ့ ကဟာ ရှုလို့လည်းမရဘူး၊ နက်ဖြန်ခါ ဟာကို ရှုလို့လည်းမရဘူး။ ဦးထွန်းရင် ကျေနပ်ပြီလား။ (မှန်ပါ ဘုရား)။

ကျေနပ်ပြီနော်။ (မှန်ပါ့) မဟုတ်ဘူး။ သာဓုရမ်းမခေါ်နဲ့။ ခင်ဗျားတို့ သာဓုက ကြောက်စရာကြီး မဟုတ်ဘူးလား။ မသိ တဲ့ လူခေါ်တဲ့ သာဓုက နွားသတ်တာ သာဓုခေါ်နေရင်ခက်မယ်၊ မဟုတ်ဘူးလား။ နွားသတ်သမား အမျှဝေနေသလို ဖြစ်နေမှာ တချို့ဟာတွေ။

ခန္ဓာငါးပါး ဖြစ်လာတော့ ဦးသံဒိုင်က ကောင်းကောင်း ကျေနပ်ပြီ ဆိုကြပါစို့။ သင်္ခါရက္ခန္ဓာ ဖြစ်ပုံကလေး ဒီအထဲမှာ အတွင်းဝင်နေပုံကလေး မကျေနပ်တာဘဲ မဟုတ်လား။

(တင်ပါ့ဘုရား၊ မကျေနပ်တာ မဟုတ်ပါဘူး၊ နားမလည် တာ ဖြစ်ပါတယ် ဘုရား)။

ကဲ လေ့လာပါတယ်။ သို့ သော် ဘုန်းကြီး ဦးကလျာဏ နဲ့ ခင်ဗျားတို့ နဲ့ အင်မတန် ရင်းပါတယ်။ ဦးကလျာဏက ဘုန်းကြီးဆီမှာ စာဆိုဝါနဲ့ ပေါက်တဲ့လူ။ ဘုန်းကြီးဆီမှာ စာဆိုဝါနဲ့ ပေါက်တဲ့လူ။ (တင်ပါ့ ဘုရား) ဒီမှာ နေသွားတယ်။ နှစ်ဝါက ဒီမှာနေတယ်။ ဘုန်းကြီးဆီမှာ ပဋ္ဌာန်း ကောင်းကောင်း ပေါက်တဲ့သူပဲ။ အရင်းတွေဗျ။ စပ်လိုက်ရင် အရင်းတွေ။ ဘုန်း ကြီးဆီမှာ သူက နှစ်ဝါကရောက်တယ်။ ဒီမှာ အဘိဓမ္မာ ဆို သွားတယ်။

ကဲ-ဒါဖြင့် ခန္ဓာငါးပါးကုန်ပြီ။ ပစ္စုပ္ပန် ခန္ဓာငါးပါး ကုန်ရင်ဖြင့် အတိတ်က မပါလာတာ သေချာပါပြီဘုရားလို့ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါပြီ ဘုရား)။

ဆိုနိုင်ပါပြီ။ ဒါဖြင့် ဒီတွင်ပဲ ဝိပဿနာဉာဏ် သင်္ခါ ရ က္ခန္ဓာလည်း မရှင်းသေးဘူးလားလို့ ဆိုတဲ့အခါကျတော့ကိုတဲ့၊ ခင်ဗျား ဒီလိုလုပ် ဖြေလိုက်တာပေါ့တဲ့။

ဒီအထဲမှာ စာဆိုကတော့ ဘုရားဟောတယ်။ ဟောစဉ်က ဟောစဉ် ဖြစ်စဉ် နှစ်မျိုးမှာ ဟောစဉ်က “စက္ခုံစ ပဋိစ္စ” သူ့ ကိုလည်း အစွဲပြုရမယ်၊ သူလည်း အကြောင်းပဲ။ ဟောဒီအိတ် အထည် ထုတ်တွေလည်း အကြောင်းပဲကွ။ ဒီအကြောင်းနှစ်ခု မျက်လုံးနဲ့ အဆင်းတည်း ဟူသော အကြောင်းနဲ့ ပေါင်းလို့ ဝိညာဏ်ပေါ်သကွာ။ “စက္ခုံစ ပဋိစ္စ ရူပေစ”ဟု စက္ခုဝိညာဏ် မျက်လုံး ဝိညာဏ်ကလေး ပေါ်တယ်။

ကဲ ဦးသံဒိုင် တစ်ခုတည်း ပေါ်ကောင်း မပေါ်ကောင်း။ (မပေါ်ကောင်းပါ ဘုရား)။

မပေါ်ကောင်းရင် နာမက္ခန္ဓာလေးပါးပဲ ပေါ်လိမ့်မယ်။ မပေါ်ရဘူးလား။ ပေါ်ရတော့ သူက သူက ဒီနေရာမှာ ခေါင်းဆောင်နေလို့ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ လျှိုပြီးဝင် လိုက်တာ သူက ခေါင်းဆောင်နေလို့ သဘောကျရဲ့လား။

ဒါဖြင့် ဦးသံဒိုင် ဟင်းချိုသောက်ပါလား။ ဆားငန်တဲ့ ဟင်းချို သောက်ပါလား။ ဆားငန်တဲ့ ဟင်းချို သောက်လိုက်တော့ ဦးသံဒိုင်က သောက်လိုက်တော့ “ငန်လိုက်တာဘုရား” မဟုတ် ဘူးလား။ ငန်တာက ပြဋ္ဌာန်းသွားလို့ပါတဲ့။ ချိုတာကလေးများ မပါဘူးလားလို့ မေးရင် ဘယ့်နှယ်ပြောမယ်။ (ပါ,ပါတယ်)။

ငုပ်ပါတယ်။ ငုပ်လျှိုးပြီးပါတယ် ရှင်းပြီလား။ ချိုတာ ကလေးလည်း ပါ,ပါတယ်။ ခရမ်းချဉ်သီး ကလေးများရော မပါဘူးလား။ ဟင်းချိုဟင်း ခရမ်းချဉ်သီး ခပ်ကြသေးတာကိုး။ အချိုမှုန့် ကလေးများ ရော မပါဘူးလား။ ငန်ပြာရည် ကလေးများ ကော မပါဘူးလား။ အဲဒီတော့ ။ (ပါ,ပါတယ် ဘုရား)။

နို့ခင်ဗျားဥစ္စာက ငန်တာတစ်ခုတည်း ခေါင်းဆောင် ပြောတာကိုးဆိုတော့ ဒီပြင်ဟာတွေက မထက်လို့ ဘုရား မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား) သူတို့က မထက်ဘဲနဲ့ ဝင်ရပါတယ်။ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

သို့ သော် ဒါကသာမည ရှင်းပေးတာ။ ဝိသေသ မဟုတ်သေးပါဘူး။ သာမည ရှင်းပေးတာပါ။ စေတနာက မစေ့ဆော်ဘဲနဲ့ ဟောဒီမျက်လုံးက ဒီကိုမတည့်ဘူးဗျ။ စေတနာက တွန်းမပေး လို့ ရှိရင် ဒီကို တည့်တည့်မသွားဘူး။ အဆင်းဆီ တည့်တည့်သွားပါ့ မလား။ (မသွားပါ ဘုရား)။

မြားချိန်သလို စေတနာတည့်ပေးမှ မြားက စေတနာ ကလေး ဟိုဘက်တည့်ပေး၊ ဒီဘက်တည့်ပေး၊ ဒီလိုမှ မြားချိန်တော့ ပစ်ကွက်ကို မမှန်ဘူးလား။ (မှန်ပါတယ် ဘုရား)။

ကိုင်း စေတနာပါပလား။ သူက တည့်ပေးနေတယ်။ ဒါနဲ့ ဒါတည့်ပေးသလို သင်္ခါရက္ခန္ဓာ တည့်ပေးတယ်။ ဟော မင်းပစ်ရမယ့် အဆင်းကွဆိုပြီးသကာလ ဝေဒနာက ခံစားပေး တယ်၊ သညာက မှတ်ပေးတယ်၊ စေတနာသင်္ခါရက စေ့ဆော် ပေးတယ်၊ ဝိညာဏက္ခန္ဓာက ဒါငါပစ်ရမှာဆိုပြီး သေသေချာချာ သိတယ်။ သဘောကျရဲ့လား။ (မှန်ပါ့)။

ဒါဖြင့် ဖဿကလည်းတဲ့ ဒီဟာနဲ့ ဒီဟာ ဆက်သွယ်ပေး တယ် ဆိုတော့ သင်္ခါရက္ခန္ဓာ ကလည်း မပါဘူးလား။ ဒါဖြင့် မပြဋ္ဌာန်းဘဲနဲ့ ပါတယ်။ ပြဋ္ဌာန်းတာက ဝိညာဏ်၊ မပြဋ္ဌာန်းတာက ကျန်ခန္ဓာသုံးပါး၊ ရှင်းပြီလား။ ဟင်းချိုဟင်း သောက်သလိုပဲ ဆားလွန်ကဲသွားလို့။

တချို့နေရာ ကျတော့ ဆားမလွန်ကဲဘဲ ငရုတ်သီးလွန်ကဲ တာ ရှိတယ်မဟုတ်လား။ ငရုတ်သီး လွန်ကဲတယ်။ ဘုရားဖူးတဲ့ အခါကျတော့ စေတနာက လွန်ကဲတယ်၊ စိတ်က နောက်ဆုတ်နေ ရတယ်၊ စေတနာ လွန်ကဲနေတယ်။ သဘောကျရဲ့လား။

ဒါဖြင့် ဒီနေရာမှာ သူမလွန်ကဲဘဲနဲ့ သမ္ပယုတ္တအဖြစ်နဲ့ ပါနေတယ်။ ယှဉ်ဖော်ယှဉ်ဖက်အဖြစ်နဲ့ ပါရတယ်။ သဘောပါ ရဲ့လား။

ဒါဖြင့် ခန္ဓာငါးပါး ပြည့်မပြည့်။ (ပြည့်ပါပြီ) ပြည့်တယ် နော်၊ မပြည့်သေးဘူးလား ဦးထွန်းရင်၊ (ပြည့်ပါပြီ ဘုရား)။

ဒီတော့ နှစ်ခုပေါင်းလိုက်ရင် သူတို့နှစ်ခု ပေါင်းလိုက်ရင် ရူပက္ခန္ဓာက ရုပ်ချည်းမို့ တူရာ ပေါင်းလိုက်တော့ တစ်ခုတည်း ဖြစ်သွားတယ်။ နာမက္ခန္ဓာက တစ်ပေါင်းတည်း ဖြစ်လို့၊ တစ်ပေါင်း တည်းဖြစ်သွားလို့ ခန္ဓာက ဦးသံဒိုင် ငါးပါးဖြစ်တယ်။ ဒါကို အတိတ်ခန္ဓာလား၊ ပစ္စုပ္ပန်ခန္ဓာလား မေးပြီ။ (ပစ္စုပ္ပန်ခန္ဓာပါ ဘုရား)။

ကဲ-ဦးထွန်းရင် သေချာပလား။ ဘာခန္ဓာတုန်း။ (ပစ္စုပ္ပန် ခန္ဓာပါ) ပစ္စုပ္ပန်ခန္ဓာ ဖြစ်ရင် ခင်ဗျားတို့ဉာဏ်နဲ့ ရှာကြည့်၊ မရပေ ဘူးလား။ အတိတ်ခန္ဓာတော့ ခင်ဗျားတို့ ရှာလို့ မရဘူး၊ သဘောကျရဲ့လား။ (ကျပါတယ် ဘုရား)။

အတိတ်ခန္ဓာ ရှာလို့ ရှိရင် တွေ့နိုင်ပါ့မလား။ (မတွေ့ နိုင်ပါ ဘုရား)။

ဘယ်တွေ့မလဲ၊ ခင်ဗျားတို့ မရှိတာရှာတာ၊ ရှိတယ်ဆိုရင် မှားမနေဘူးလား။ ရှိတယ်ဆိုရင် ရူးတယ် ဆိုရမှာပေါ့။ (တင်ပါ့ ဘုရား) ရူးတယ်လည်း ဆိုရမှာပဲ။

ကဲ ဒါဖြင့် ပစ္စုပ္ပန် ခန္ဓာငါးပါး သဘောကျ သွားပြီလား။ (ကျပါတယ် ဘုရား)။

ကျတယ်။ ဒါဖြင့် ဒါ ပစ္စုပ္ပန်ခန္ဓာငါးပါး။ ဝိပဿနာ ကျုပ် မထည့်သေးဘူးနော်။ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကလေး ခွာကြဦးစို့။ မူလစကားကလေး ပြန်အုပ်ကြဦးစို့။ နာရီက သိပ်မရှိဘူး၊ နာရီက သိပ်မရှိဘူး။

ဒါနှစ်ခုက ရူပက္ခန္ဓာဆို ရုပ်တရားတွေပဲ။ ဒီလေးခုက နာမက္ခန္ဓာဆို နာမ်တရားတွေပဲ။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်။ သူက ပဋိစ္စသမုပ္ပါဒ်၊ သူက ပဋိစ္စသမုပ္ပန္န၊ သူတို့ နှစ်ခုက အကြောင်း၊ သူတို့ လေးခု ကရော။ (အကျိုးပါ ဘုရား)။

အကျိုးဆိုတော့ ဦးသံဒိုင် အကြောင်း အကျိုးလားလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါးလား၊ အကြောင်း အကျိုးလားလို့ မေးတဲ့ အခါကျတော့ဘယ့်နှယ်ဖြေမလဲ။(အကြောင်း အကျိုးပါ ဘုရား)

အကြောင်းအကျိုးပဲရှိပါတယ်။ ဒီထဲက ငါဘယ်က မြင်လိမ့်မတုန်းဆိုတဲ့ အကြောင်းအကျိုးသာ ရှိတယ်လို့ သိသဖြင့် ဝိစိကိစ္ဆာ သေသွားပြီ။

အကြောင်းအကျိုးသာ ရှိတော့တယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ ဦးသံဒိုင် ပါသေးသလား။ (မပါ,ပါ ဘုရား) ဦးထွန်းရင် ပါသေးသလား။ (မပါ,ပါ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်၊ သတ္တဝါ မရှိပါဘူး။ ဟောဒီအကြောင်း နှစ်မျိုး၊ ဟောဒီအကျိုးလေးမျိုး၊ ဒါပဲရှိတယ် ရှင်းပြီလား။

ဒါပဲရှိတယ်ဆိုတော့ အကြောင်းအကျိုးသိရင် ငါ ဘယ်က လာပါလိမ့်မတုန်းဆိုတဲ့ ဒီအထဲမှာ ဒိဋ္ဌိက ဝင်နိုင်သေးရဲ့ လား။ (မဝင်နိုင်ပါ ဘုရား)

မဝင်နိုင်ဘူး၊ ဒါက ရုပ်တရားဖြင့် ရုပ်တရားပဲ၊ ငါ မရှုပ်နဲ့။ ဒါက နာမ်တရားဖြင့် နာမ်တရားပဲ၊ ငါ မရှုပ်စေနဲ့ဆိုတော့ အကြောင်းနဲ့ အကျိုး သိတုန်းက ယုံမှားမိခြင်း ဝိစိကိစ္ဆာ သေခဲ့ပါတယ်။ ရှင်းပြီလား။ ဒီအကြောင်း နှစ်ကြောင်းကြောင့် ဒီအကျိုးလေးမျိုး ဝိစိကိစ္ဆာ လာနိုင်သေးရဲ့လား။ သိကြား၊ ဗြဟ္မာ၊ ဘုရား လာဖန်ဆင်းတာ ဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား) ခန္ဓာငါးပါးပဲ။

ဒါဖြင့်ရင် ဒါ ကံက, ကံက ဖြစ်စေတဲ့ စက္ခုပသာဒရုပ် ရှင်းပြီလား။ ဒါ မေးလို့ ရှိရင် ဥတုက ဖြစ်စေတဲ့ အထည်ထုတ်တွေ ဆိုတော့ ရှင်းမနေဘူးလား။ ဒါက ဒီကံဥတု နှစ်ခု ပေါင်းပြီး လုပ်လိုက်တဲ့ နာမက္ခန္ဓာ လေးပါး၊ ပိုရှင်းမသွားဘူးလား။

ဒါ တွေ နည်းတာမဟုတ်ဘူး။ ခင်ဗျားတို့ တိတ်ရီကော် ဒါပါရင် သိပ်ကောင်းမှာပဲ။ ဒါ သဘောတွေ ယုံမှားသံသယ ပါသေးရဲ့ လား။ သံသယဝင်စရာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)။

မရှိလို့ ရှိရင် ဒါနှစ်ခုကို ရုပ်ခေါ်မယ်၊ ဒီလေးခုကို နာမ်ခေါ်မှာပဲ မသေချာဘူးလား။ ဦးထွန်းရင် သေချာပြီလား။ (တင်ပါ့ ဘုရား)။

ဒါဖြင့် ဒီနှစ်ခုက အကြောင်း၊ ဒီလေးခုက အကျိုးဆိုရင် မှန်တာပဲ။ ဒါဖြင့် အကြောင်းအကျိုး သိတော့ ဝိစိကိစ္ဆာ သေတယ်။ ရှင်းပြီလား။

ဒါဟာ ရုပ်နဲ့ နာမ်ပဲရှိတော့တယ် ဆိုတာတော့ မသိ သေးဘူးလား။ (သိပါတယ်) ဒိဋ္ဌိ ဘယ်နေရာက ခိုမတုန်း။ ခိုနိုင်သေးရဲ့လား။ ဒီထဲ ငါ ပါသေးရဲ့ လား။ ပါသေးသလား။ (မပါ,ပါ ဘုရား) ဒီထဲရော။ (မပါ,ပါ ဘုရား) ဒီထဲမှာရော။ (မပါ,ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိကွာနေတယ်။ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကွာနေတယ်။ တစ်နာရီ မပြည့်သေးပါဘူးတဲ့ ဟောတာ။ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာနေတယ်။

ဒါ-သိ,ကွာ ရှိသေးတယ်လို့။ သိကွာ ကျင့်ကွာ ပယ်ကွာ အကွာသုံးမျိုး ဟောရဦးမယ်။

ဒါ-သိကွာ၊ နောက်ကျတော့ ကျင့်လို့ ကွာသွားတာ ရှိသေးတယ်။ နောက်ကျတော့ မလာနဲ့ ဆိုတော့ အာဏာနဲ့ ကို ပယ်ကွာတာ ရှိသေးတယ်။ အကွာသုံးမျိုး ဒိဋ္ဌိဝိစိကိစ္ဆာ ကွာနည်းတွေ သုံးမျိုးရှိပါတယ်။

စုံအောင် ပြောရဦးမယ်၊ ဘုန်းကြီးက ပြောပါမယ်။ ခင်ဗျားတို့ ကယ်တင်ရတာ လွယ်တယ် ထင်သလား။ ကျုပ်ဆန် အိတ် ပိုးချင်သေးတယ် ပြောတာ။ ဆန်အိတ်ပိုးတာ ဒီကျောကပိုး ပြီး ဟိုနေရာချ လိုက်ရင် ပြီးသွားတာပဲ။ ခင်ဗျားတို့ နှစ်ယောက် ပိုးရတာ လွယ်တာမဟုတ်ဘူး။ လွယ်ပါ့မလား။ (မလွယ်ပါ ဘုရား)

ရှင်းပြီလား။ သို့ သော် တကယ်တော့ ကယ်တင်မှာပေါ့ ဗျာ။ (အခြေက ကိုင်နေရတာ) ခု တော်တော် ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ကဲ တစ်ခေါက် ပြန်ပြောပါဦးမယ်။ ဟောဒီမျက်လုံး တွေကလည်း ကံက ပေးလိုက်တဲ့ မျက်လုံး၊ ကံက ခဏခဏ ထည့်ပေးတယ်။ တစ်လုံး ပျက်ရင်း တစ်လုံး ထည့်ပေးရင်း။ ပသာဒရုပ် ဆိုတော့ ဒီအထဲမှာလည်း ကံတည်းဟူသော အကြောင်းကြောင့် ဖြစ်တဲ့မျက်လုံး။ ဒါက ဥတုကြောင့် ဖြစ်တဲ့ အထည်အလိပ် မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ ကံနဲ့ ဥတုနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ နာမ် ပေါ်လာတယ်။ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ်”ပေါ့ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ သူက နာမက္ခန္ဓာ ဘယ်နှစ်ပါး ဖြစ်သလဲ။ (လေးပါးဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ရူပက္ခန္ဓာနှစ်ခု ထိခိုက်တာနဲ့ နာမက္ခန္ဓာလေးပါး ပေါ်တယ်။ လက်နှစ်ခု ထိခိုက်တာနဲ့ အသံပေါ်လာတယ်၊ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။

ဒီအတိုင်းပါပဲတဲ့။ ဒါဟာ ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လားလို့ မေးရင် ဘယ်နှယ်ဖြေမလဲ။ (ပစ္စုပ္ပန်ပါ ဘုရား)

ဟာ-ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာကို ခင်ဗျားတို့ တွေ့ပြီ၊ သဘော ကျရဲ့လား၊ ဘယ်ခန္ဓာတွေ့တာလဲ။ (ပစ္စုပ္ပန်ခန္ဓာပါ ဘုရား)။

ကိုင်း နားဘက်က နားထောင်လိုက်တော့ ခု ပန်ကာ လည်နေတယ် ရဲရဲ ရှဲရှဲနဲ့။

အင်း-ရကားတဲ့နားနဲ့ ဟိုကအသံနဲ့ ပေါင်းမိရုံနဲ့ ဝိညာဏ် နာမက္ခန္ဓာလေးပါး ပေါ်ဦးမှာပဲ။ (မှန်ပါ့၊ ပေါ်ပါတယ်) ဟုတ်လား။ ကြားတဲ့အခါလည်း ခန္ဓာငါးပါး ပေါ်ဦးမှာပဲ။

အနံ့ကလေးရှုတဲ့အခါ၊ အရသာကလေး စားသောက် နေတဲ့အခါ ခန္ဓာငါးပါး ပေါ်ဦးမယ်။ သဘောကျရဲ့လား။

ဥပမာ အထည်လိပ် စမ်းနေတဲ့အခါ ငါးပါး မပေါ် ဘူးလား။ (ပေါ်ပါတယ်) ကာယဒွါရမှာ ငါးပါးပေါ်မယ်။

မနောဒွါရက အိပ်ရာထဲမှာ မှိုင်တွေချ ကြံနေတဲ့အခါ ရော။ (ငါးပါးပေါ်ပါတယ်) အဲဒီ ငါးပါးတွေ လှည့်ရမယ်။

ဒွါရခြောက်ပါးမှာ ငါးပါးပဲ လှည့်ရမယ်။ ဒီငါးပါးချုပ် သွားရင် နောက်ငါးပါးနဲ့ အသက်ရှင်၊ မျက်လုံးပေါက်က ငါးပါးချုပ်သွားရင် နားပေါက်က ငါးပါးနဲ့ အသက်ရှင်နေတယ်။ ရှင်းပြီလား။ နားပေါက်က ငါးပါးချုပ်သွားတော့ နှာခေါင်းပေါက်က ငါးပါးနဲ့ အသက်ရှင်တယ်။

တစ်ခါတလေ နှာခေါင်းကြီး ထပ်ပြီးတော့ ရှင်ချင်လည်း ရှင်မှာပေါ့ဗျာ။ တစ်ခါတလေကျတော့ လျှာငါးပါးနဲ့ အသက် ရှင်နေတာရော မရှိဘူးလား။ (တင်ပါ့) တစ်ခါတလေ ကျတော့ ကိုယ်ပေါက် ကပေါ်တဲ့ ငါးပါးနဲ့ ရော အသက်ရှင်နေတာ မရှိ ဘူးလား။ (ရှိပါတယ် ဘုရား) တစ်ခါတလေ မနောပေါက်ကပေါ်နေတဲ့ ငါးပါးနဲ့ ရော။ (ရှိပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး တစ်နေ့ ဘယ်နှစ်ပတ် လှည့်သတုန်း မေးလိမ့်မယ်။ (မရေ မတွက် နိုင်ပါ ဘုရား)။

အဲဒီ မရေတွက်နိုင်တာကို တစ်ပတ် တစ်ပတ်ကို ကျုပ် တို့က တစ်ဉာဏ် တစ်ဉာဏ် လိုက်ဖို့ အရေးကြီးတယ်။ တစ်ဉာဏ် တစ်ဉာဏ်လိုက်တော့ ဦးသံဒိုင် သေတာကို ဦးသံဒိုင်မြင်ပြီ။ ပေါ်ပြီလား။ (မှန်ပါ့) ဦးသံဒိုင် ခန္ဓာငါးပါးသေရင် ဆိုင်းဘုတ်ကို ဦးသံဒိုင် ဆွဲလိုက်တော့၊ ကိုထွန်းရင် ဆွဲလိုက်၊ ကိုယ့်အသေ ကိုယ်မြင်ပြီ၊ မမြင်ဘူးလား။ (တင်ပါ့) ရှုခိုင်းတဲ့အခါမှာလေ မမြင်ဘူးလား။ (တင်ပါ့)။

မြင်လို့ ရှိရင် သူများ အသေမြင်တာလား၊ မိမိအသေ မိမိမြင်တာလား။ ဘယ့်နှယ် ဖြေကြမလဲ။ (ကိုယ့်အသေ ကိုယ် မြင်တာပါ)။

အဲ သူများသေတော့ ခင်ဗျားတို့ မသာပို့ ဖူးပါတယ်။ ကိုယ်သေတာတော့ ဘယ်တော့မှ မပို့ဖူးဘူး။ ကဲ-မသာပို့ ချင်သလား၊ ရိပ်မိပြီလား ဦးထွန်းရင် ပြောင်ပြောင်ပြောနော်။ အိမ် အောက်မေ့ မနေနဲ့၊ ရိပ်မိပလား၊ မရိပ်မိဘူးလား။ ကိုယ့် အသေ ကိုယ်မသိတော့ အင်မတန် ညံ့လေရဲ့ လို့ ရှက်မိပါ တယ်)။

အောင်မယ် ခင်ဗျား ဒီရောက်လာတယ်ဆို ကျုပ်က အညံ့မို့ ရောက်လာတယ်လို့ ယူပြီးသား။ ခင်ဗျား ရှက်မနေနဲ့တော့။ ရှက်မနေနဲ့တော့၊ နိဗ္ဗာန် မရသေးရင် အညံ့ချည်းပေါ့။ (ညံ့လို့ ပဲ ရောက်လာတာပါ ဘုရား)။

ကဲ-ဒါဖြင့် ဦးသံဒိုင်၊ တစ်နေ့ ခန္ဓာငါးပါး ဘယ်လောက် လဲပြီတုန်း။ ဒါဖြင့် ကုဋေ ငါးထောင် ကျော်လဲတာ ခင်ဗျား သဘောကျသွားမှာပေါ့၊ မကျသေးဘူးလား။

ဒါဖြင့် တစ်ပါးတစ်ပါးလဲတော့ ခန္ဓာငါးပါး တစ်ပါးပါး လဲလိုက်တော့ ငါးပါးစလုံး လဲနေတယ်ဆိုတော့ သဘော အားဖြင့်တော့ သိပါပြီတဲ့။ သိတော့ ငါးပါးစလုံး ရှုလို့ မရပါဘူး။ သဘောပြောင်းသွားပြီ။ ငါးပါးစလုံး လဲတာကိုတော့ ဆရာဘုန်းကြီးက ရှင်းပြတယ်။

ရှင်းပြလို့ ခင်ဗျားတို့ စိတ်ထဲမှာ ကျေနပ်တယ်။ မျက်လုံးပေါက်က ငါးပါးလဲတယ်။ မျက်လုံးပေါက်တွင်လဲ ငါးပါးချင်းကို ထပ်ပြီး အမျိုးမျိုးလဲလိုက်တယ်။ မရှိပေဘူးလား။ နားပေါက်ကရော ထပ်ထပ်ပြီး လဲနေတယ်။ အဆက်ဆက် ကြားနေရင် အဆက်ဆက် ငါးပါးဖြစ်မှာပဲ။

ဒါဖြင့် အသေပေါင်း ရေတွက်နိုင်သေးရဲ့လား။ (မရေတွက်နိုင်ပါ ဘုရား)။

အဲဒီ အသေပေါင်း မရေမတွက်နိုင်တာကို အသေသိစေ တဲ့ဉာဏ်ကို ရှုပေးစမ်းပါဆိုတာ ဝိပဿနာ ရှုခိုင်းတာ၊ ကိုယ့်အသေ ကိုယ်ရှုခိုင်းတာ ပေါ်ပြီလား။

ဦးထွန်းရင် ဝိပဿနာရှုဆိုတာ ဘာပါလိမ့်မတုန်း။ ကုသိုလ်ရအောင် ရှုတာလား၊ ကိုယ့်အသေ ကိုယ်ပြန်မြင်အောင် ရှုခိုင်းတာလား၊ အဲဒါ ဖြေကြစမ်းပါ။ (ကိုယ့်မသာ ကိုယ်မြင် ချင်တယ် ဘုရား)။

အဲဒါ မြင်ချင်တာ မဟုတ်ဘူး၊ မြင်အောင်ပြတာ။ (မြင်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ကိုယ့်မသာ ကိုယ်ကြည့်၊ သဘောကျ ရဲ့လား။ (မှန်ပါ့) ဘုန်းကြီးရှင်းပြမယ်နော်။

ဦးသံဒိုင် သံသရာအစ အဝိဇ္ဇာ၊ တဏှာကသာ ဘုရား ဟောနိုင်တယ်၊ ပုဂ္ဂိုလ်အစ မဟောနိုင်ဘူး၊ ဟောနိုင်ပါ့မလား။ (မဟောနိုင်ပါ ဘုရား)။

အဝိဇ္ဇာ တဏှာကသာ ဦးသံဒိုင် စ,တယ်ဆိုတာ ဘုရားက ဟောနိုင်တယ်၊ ပုဂ္ဂိုလ်အစ ဟောစမ်းပါဆိုတော့ ငါဘုရား မောရုံပဲ၊ မထင်ဘူးကွာ ရှင်းပြီလား။ (တင်ပါ့ ဘုရား)။

“ပုဗ္ဗကောဋိန ပညာယတိ” ရှေ့အစွန်းမမြင်ဘူး၊ စ,တဲ့တရားသာ သူသိတယ်။ စ,တဲ့ခန္ဓာ မသိဘူး။ ဘယ်လောက် ရှည်ခဲ့တယ်ဆိုတာ အဲဒီလောက် ရှည်ခဲ့တဲ့ အသေကို ဦးသံဒိုင် မြင်ဖူးပါရဲ့လားလို့ မေးတော့။ (မမြင်ဖူးပါ ဘုရား)။

မြင်နိုင်တဲ့ဉာဏ် ကင်းခဲ့လို့လို့ မလာပေဘူးဗျ။ အခုတော့ ပေးပြီတဲ့။ ဒီဆရာဘုန်းကြီးက ကိုယ့်အသေကို ကိုယ်မြင်တဲ့ ဉာဏ်ကိုပေးပြီ၊ ဟောဒီမျက်လုံးထဲက မြင်စိတ်ကလေး ပျက်သွား တယ်။ မြင်တာကလေးက သူမမြင်တော့ဘူးဆို ပျက်လို့ ပေါ့။ ပျက်တာကလေးကို နောက်ကဉာဏ်နဲ့ ကြည့်လိုက်တော့ ဒါဟာ ကိုယ်သေတာဆိုတာ ပေါ်လာတာပဲ။

ကိုထွန်းရင် ကိုယ်သေတာ ကိုယ်မမြင်ဘူးလား။ (မြင်ပါပြီ ဘုရား)။

ကိုယ်သေတာ ကိုယ်မြင်လို့ ရှိရင်ဖြင့် တိုတိုရှင်းရှင်း ပြောကြပါစို့ ဦးသံဒိုင်ရေ။ နောက် ဘာခန္ဓာ လိုချင်သေးသလဲဆိုရင် အို သေရမှာဖြင့် မလိုချင်ပါ။ (မလိုချင်ပါ ဘုရား)။

ဟင်-မလိုချင်ရင် မဖြစ်တော့ဘူး၊ မဖြစ်တော့ဘာတုန်း။ အသေဇာတ်သိမ်းတယ်။ မလိုချင်မှ မလိုချင်ဘဲကိုး။ မလိုချင်တာက ဘာလို့ မလိုချင်တာတုန်း မေးဖို့ မလိုဘူး။ မလိုချင်တာက အသေမြင်လို့ မလိုချင်တာ။ အသေဟာ ကျုပ်တို့ ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ။

သူလာတော့ ဒီက နောက်ထပ် လိုချင်တဲ့တဏှာက နောက်က ကျုပ် ခိုပါရစေဦး။ ကပ်လို့ ရသေးရဲ့ လား။ (မရပါ ဘုရား) မရတော့ဘူး။ မဂ်ကဖြတ်တယ်။ ပဋိစ္စသမုပ္ပါဒ် ပြတ်သွား တယ်။ မပြတ်ဘူးလား။

နို့မို့လို့ ရှိရင် “ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ” ဆိုတာ မလာဘူးလား။ (လာပါတယ်) “ဥပါဒါန ပစ္စယာ ကမ္မဘဝေါ”ဆိုတော့ အနာဂတ် အကြောင်း သူမလုပ် သေးဘူးလား။ တဏှာ, ဥပါဒါန်, ကံဟာ အနာဂတ်အကြောင်းပဲ။ အနာဂတ်ခန္ဓာကြီးဟာ ခင်ဗျားတို့ ကျောင်းဆောက် ထားတဲ့ လူတွေလိုပဲ ဒုက္ခခန္ဓာကြီး ပေါ်ချင် ပေါ်နေမယ်၊ လိုချင်ရင် ဒီ ဆက်သွားရင် ပေါ်မယ်။

ကဲ- မဂ်အခြားမဲ့ ကနေ ဖိုလ်လိုက်လာဦးမှာပဲ။ အဲဒီတော့ တဏှာ၊ ဥပါဒါန်၊ ကံ လာသေးရဲ့ လား။ မလာဘူး။ မလာတော့ကို ဘာဖြစ်လို့ ဦးသံဒိုင်မှာ တဏှာ၊ ဥပါဒါန်၊ ကံ မလာပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား။ (လိုပါတယ် ဘုရား)။

ဟောဒီ ကိုယ့်အသေကိုယ်မြင်တာက မဂ်၊ ဟောဒီ မဂ်က ဟောဒီ ပဋိစ္စသမုပ္ပါဒ် လာသမျှ အနာဂတ်တွေ ဖျက်ချတယ်။ မဖျက်သေးဘူးလား၊ ဝင်ခွင့်ရသေးရဲ့ လား။ (မရပါ ဘုရား)။

မဂ်ဆိုတာ နှစ်ဖက်စွန်း၊ သူကတော့ ဒုက္ခသစ္စာကို သိတယ်။ ဒီနောက်က အနာဂတ် တဏှာ ကိုလည်း ဖြတ်တယ်။ မဖြတ်ဘူးလား။ (ဖြတ်ပါတယ်) မဂ်ကိုး။ (တင်ပါ့) နို့ နှစ်ဖက် စွန်းလေ။ သူ့ကိုတော့ ဒုက္ခသစ္စာလို့ သိတယ်။ ကိုယ့်အသေ ကိုတော့ ဘာသစ္စာလို့ သိသတုန်း။ (ဒုက္ခသစ္စာ)။

ဒုက္ခသစ္စာလို့ သိနေတဲ့ နောက်ကလာနေကျ ဓမ္မနိယာမ ဘုရားဟောသိရင် ဓမ္မနိယာမနော်။ ဘုရားဟောသိရင် ဒါဟာ နိယာမ လာမယ်နော်။ ဘုရားမပွင့်ရင် ဘာမှ မပေါ်ဘူး။ မဂ်ပေါ်သေးရဲ့ လား။ မဂ်ပေါ်တော့ ဒါ နိယာမ မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ်)။

ခု ဘုရားပွင့်ပေး လိုက်တယ်တဲ့။ ခင်ဗျားတို့ကို ဒီနိယာမ ဟာ နောက်ပို့ ရမလား၊ မပို့ရသေး ဘူးလား။ နိယာမ လာခွင့် ပေးသေးသလား။ (မပေးပါ) မပေးလို့ ရှိရင် အနာဂတ် ဘဝမှာ ဦးသံဒိုင်တို့ ဘာဒုက္ခသစ္စာ ပေါ်စရာ လိုသေးသလား၊ လိုသေး သလား။ ဘယ့်နှယ်ကြောင့် အနာဂတ် ဒုက္ခသစ္စာ တွေ မလာပါလိမ့် မလဲလို့ မေးခွန်း ထုတ်လို့ ရှိရင် ဟောဒီ အသေမြင်လို့ ဟောဒီ အသေ မလာတာ ဘုရာ့၊ အသေခန္ဓာက လာသေးရဲ့ လား၊ ရှင်းပြီလား။

ဒါဖြင့် ဒီအသေကိုမြင်ဖို့ ရာဟာ ဆရာကောင်း သမား ကောင်း မကပ်ရင် ခင်ဗျားတို့ နားလည်ဖို့ရာ မလွယ်ဘူး။ ပေါ်ပြီလား၊ ကိုယ့်အသေ ကိုယ်မြင်ဖို့ နော်။ ဝိပဿနာကို ခင်ဗျားတို့ သာမညဆရာနဲ့ တွေ့ တော့ ဘုန်းကြီး၊ အသားယူပြောတာ မဟုတ်ပါဘူး။ ဝိပဿနာဆိုတာ ရှုရင် ကျေးဇူးများတာလောက်ပဲ သိတာ။ ခုလို နက်နက်နဲနဲ မသိဘူး။ ကိုယ့်အသေ ကိုယ်ရှုတာက ဝိပဿနာ။ ဝိပဿနာ ဆိုတာ ဘာပါလိမ့်မလဲ။ (ကိုယ့်အသေ ကိုယ်ပြန်ကြည့်တာပါ ဘုရား)။

သဘောကျရဲ့လား။ ဒါဖြင့် ရ,ထားတဲ့ခန္ဓာ သာယာဦး မလား။ (မသာယာပါ ဘုရား) သာယာ စရာ မရှိလို့ ရှိရင် သာယာ စရာ မရှိအောင် ဘယ်သူက လုပ်သတုန်း။ ဟောဒီ မြင်တာကလေး က လုပ်တယ်။ မြင်တာကလေးက မဟုတ်ဘူးလား၊ ရှင်းပြီလား။

ဒါဖြင့် မြင်တာကလေးက မဂ်လို့ ဆိုလို့ ရှိရင် လွဲပါ့မလား။ (မလွဲပါ ဘုရား) ဒါဟာ ဝိပဿနာမဂ်ပဲ။ မဂ်စစ် – မဟုတ်သေးဘူး။

ကဲ-ဒါဖြင့် အချိန်ကလည်း နည်းနည်းများသွားလို့ ဒီနေ့ ဒိဋ္ဌိဝိစိကိစ္ဆာ အကြမ်းသတ်ပဲ ပေးမယ်။ အနုမဟုတ် သေးပါဘူး။ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ရင် သောတာပန် ဖြစ်ရမှာကိုးဗျ။ မူလစကား ဖြေခဲ့ပြီ။

ဒါဟာ ဒီနှစ်ခု မျက်လုံးနဲ့ အဆင်းရုပ်က အကြောင်း၊ နာမက္ခန္ဓာ လေးပါးက အကျိုး၊ အကြောင်းအကျိုး သိရင် ဒိဋ္ဌိ ဝိစိကိစ္ဆာကွာတယ်။ အကြောင်းအကျိုးသိရင် ။ (ဒိဋ္ဌိဝိစိကိစ္ဆာ ကွာပါတယ် ဘုရား)။

ကောင်းပြီ၊ အကြောင်းထဲမှာပဲ ဒါ ငါလို့ ဆိုရမလား၊ ရုပ်လို့ ဆိုရမလား။ (ရုပ်လို့ ဆိုပါမယ်) ဒီအကြောင်းထဲမှာလည်း ငါလို့ ဆိုမလား၊ ရုပ်လို့ ဆိုမလား။ (ရုပ်လို့ဆိုပါမယ်)။

ဒီအကျိုးထဲမှာရော ငါလို့ဆိုမလား၊ နာမ်လို့ဆိုမလား။ (နာမ်ပါ ဘုရား)။

ဒါဖြင့် နာမ်ရုပ်က ပြိုင်ဖြစ်နေတာ ဒိဋ္ဌိက မကွာပေဘူးလား။ ဒိဋ္ဌိဝိစိကိစ္ဆာ ကွာသွားပြီ။

ဒါ အသိ,ကွာ ရှင်းပြီလား။ အလုပ်နဲ့ ကွာတာ မဟုတ် သေးဘူး။

ဒါဟာ သာမညဆရာနဲ့ ဆိုရင် ခင်ဗျားတို့ မှားသွားမယ်။ သောတာပန်တည်ပြီပေါ့ကွ၊ ဟောချင် ဟောချမယ်။

ဒါက ဉာတပရိညာပဲ ရှိသေးတယ်။ တီရဏပရိညာ ပွားရဦးမယ်။ ပဟာနပရိညာလည်း ပယ်ရဦးမယ်။ သုံးချက် မရှိဘူးလား။

အဲဒီသုံးချက် မပါဘဲနဲ့ တချို့ ဘဝင်မြင့်ပြီးသကာလ ဆရာမှားနဲ့ တွေ့နေလို အသိက္ခာကို သူ့ဟာ အပယ်ကွာထင် ကြတယ်။ ဘယ်နှစ်ခါ ကွာစရာရှိသေးသတုန်းလို့ သူတို့က မေးကြတယ်။ ဟ ဘယ်နှစ်ခါ ကွာစရာရှိရမတုန်း၊ ကွာစရာ သုံးခါပဲရှိတာပေါ့၊ ဘုန်းကြီးပြောတယ်။

မယုံလို့ ရှိရင် ယုတ္တိစမ်းကြစို့။ ဒီဝိပဿနာရှုလို့ ရှိရင် မဂ္ဂင်က ငါးပါးနဲ့ ရှုရတယ်။ ရှစ်ပါးပြည့်ရဲ့ လား၊ ကြည့်လေ။

ဝိပဿနာ ရှုတဲ့အခါ ဦးသံဒိုင်တို့က မှတ်။ ရှုတဲ့အခါကျ တော့ သတိပါလို့ရော ရှုနိုင်တယ် ဆိုရင် ပြောပါ။ (ရှုနိုင်ပါတယ်) သမာဓိပါလို့ ရော၊ (ရှုနိုင်ပါတယ် ဘုရား) ဝီရိယပါလို့ ကော၊ (ရှုနိုင် ပါတယ်) အကြံကောင်းလို့ ရော၊ (ရှုနိုင် ပါတယ်) အမြင် ကောင်းလို့ ရော သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ (ရှုနိုင်ပါတယ်)။

ဒီထဲက ငါးပါးရှိတယ်။ ငါးပါးက တဒင်္ဂသာ ပယ်နိုင်တယ်တဲ့။ အမြစ်ပြတ်အောင် မပယ်နိုင်ဘူး။

အဲဒါကို သူတို့ တချို့ အလွယ်ကြိုက်ပြီးတော့ အလွယ် ဟောတဲ့ ဆရာတွေက “မင်း သောတာပန် တည်ပြီ။ သွားတော့ ကိစ္စမရှိဘူး။ မင်းဟာမင်း ဘာဖြစ်နေနေ” ဒီလို ဟောချ လိုက်တယ်။ အဲဒီလို ဆရာနဲ့ တွေ့မှာ ဘုန်းကြီးက သိပ်စိုးရိမ်တာပဲ။

စိုးရိမ်တယ်၊ ဘဝ ရှုံးမသွား ပေဘူးလားဗျ။ (တစ်သံသရာ လုံး ရှုံးတယ်) တစ်သံသရာလုံး ရှုံးတယ်။ ဒီဘဝမှာတော့ သူ့ခမျာ တဒင်္ဂကွာတာနဲ့ လိုရင်းမှ မဆိုက်သေးဘဲနဲ့ ဆရာ မြှောက်တာနဲ့ နောက်ကျ နေတယ်။ မကျပေဘူးလား။ သိပ်ရှည် တာပဲ၊ ဒါတွေက။ (အသိ နောက်ကျ နေပါတယ် ဘုရား)။

ဒီနေ့ အသိကွာ ကလေးပဲ၊ ရှင်းပြီလား။ (မှန်ပါ့) ခန္ဓာ ငါးပါး တစ်နေ့ ဘယ်လောက် လဲသလဲ။ (မရေမတွက်နိုင်အောင် လဲပါတယ်) မရေမတွက်နိုင်အောင် လဲတယ်။ အဲဒီ သူလဲတော့ ကျုပ်တို့က ဉာဏ်နဲ့ နောက်ကနေပြီးတော့ “လဲပြီ၊ လဲပြီ”လို့ သိပေးတာ ဝိပဿနာကိုယ့်ဉာဏ်မီသလောက် ပုထုဇဉ် ဉာဏ်မီ သလောက် လဲပြီ-လဲပြီ သိရင် ဝိပဿနာ ကုဋေငါးထောင်ကျော် ဆိုတာ ဘုရားဖြစ်ပြီးမှ သိတဲ့အသိ။ ခင်ဗျားတို့ ကျုပ်တို့ အသိမဟုတ်ဘူး။

အဲဒါ ကျုပ်ဒါလောက် ဘုန်းကြီးက ပြောလိုက်ပြန်တော့ မျက်စိတစ်မှိတ် ကုဋေငါးထောင်ကျော် မြင်ရဲ့ လား၊ မမြင်သေးဘူး။ မမြင်သေးရင် မင်း ဖျင်းလို့ မမြင်သေးတာ။

ဒီလိုဆိုရင် ခက်ကောင်းခက်ရချည့်ရဲ့။ ခက်ကောင်းခက်ရ ချည့်ရဲ့။ ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင် ဘုန်းကြီးလိုက်တာက စာပေကျမ်းဂန်နဲ့ အလုံးစုံလိုက်တာ၊ သူတို့က ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်ကိုပဲ လိုက်နေလို့ မောရုံရှိမယ်။

ဒါကြောင့် ဦးသံဒိုင်တို့ ဒီနေ့ စကားနှစ်ခွန်းပဲ ပြောမယ်။ ဘုရားမဖြစ်ခင်က ကျင့်စဉ်တစ်မျိုး၊ ဘုရားဖြစ်ပြီးမှ မြင်တဲ့ ကျင့်စဉ်က တစ်မျိုး၊ ဘယ်ကျင့်စဉ် လိုက်ရမလဲဆိုတော့ ။ (မဖြစ်ခင်က ကျင့်စဉ် လိုက်ရပါမယ် ဘုရား)။

အဲဒါ မဖြစ်ခင်က ကျင့်စဉ်၊ ဒါလိုက်ရမှာ ရှင်းပြီလား။ ဘုရားဖြစ်ပြီးမှတော့ နာမ်က ကုဋေ တစ်သိန်း ပျက်တယ်၊ ဘယ်သူ လိုက်နိုင်ပါ့မလဲ။ ရုပ်က ကုဋေ ငါးထောင်ကျော် ပျက်တယ်ကွ။ ဘယ်သူ လိုက်နိုင်ပါ့မလဲ၊ လိုက်နိုင်တဲ့လူ မြင်သေးရဲ့လား။

အဲဒါ စာတတ်ဘုန်းကြီးက အဲဒါကို ဟောနေပြန်တော့ သူလည်း မျက်စိလည်နေတာပဲ၊ ဦးထွန်းရင် မလည်ဘူးလား။

သူကအဖြေ။ ဘုရားသည် ဘယ်အမြင်နဲ့ ဘုရားဖြစ်တာ တုန်း။ ငါးထောင်ကျော်မြင်မှ ဘုရားဖြစ်တာလား။ ကုဋေ တစ်သိန်းမြင်မှ ဘုရားဖြစ်တာလား၊ ဟုတ်လား၊ သူ့ဉာဏ်နဲ့တော့ ပစ္စုပ္ပန် တည့်တည့်ကလေး ဘယ်လောက်ပဲ ပျက်နေနေ သူ ပျက်တာတွေ သူမြင်လို့ ဘုရားဖြစ်တာလို့ မေးဖို့၊

ကိုင်း ဒီနေ့ နာရီစေ့သွားပြီ၊ တော်ကြစို့။

သာဓု သာဓု သာဓု။

မာတိကာသို့