ဘုရားအကြိုက်ဆုံး ပူဇော်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသောတရားတော်
ဘုရားအကြိုက်ဆုံး ပူဇော်နည်း
ဟောကြာနေ့
(၁၄.၆.၆၁)
အခါကာလ မဟုတ်ဘဲနဲ့ ပွင့်လာတဲ့ ပန်းပွင့်တွေက ဘုရားကို ပန်းမွေ့ရာအဖြစ်နဲ့ ပူဇော် ကြတယ်လို့ မနေ့က ပြော ခဲ့တယ် (မှန်ပါ့)။
လူတွင်မက ကာမာဝစာရ နတ်သားတွေကလည်း စတု မဟာရာဇ် တာဝတိံသာက လာပြီးသကာလ ဘုရား ပရိနိဗ္ဗာန် စံခါနီးမှာ မောင်နိုင်၊ မကြဲချဘူးလား (ကြဲချပါတယ် ဘုရား)။
ဗြဟ္မာတွေက ပူဇော်ကြတယ်
ဒါတွင်မကသေးပါဘူးတဲ့၊ ဗြဟ္မာတွေကလည်း အင်မတန် မွှေးကြိုင်တဲ့ အမှုန့်တွေ နံ့သာမှုန့်တွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံခါနီးမှာ အကုန်ကြဲပြီး သကာလ ဒီနေရာ ချကြလို့ မွှေးကြိုင်နေကြတာပဲ။ ဒါလည်း ပူဇော်တာပဲ မဟုတ်လား (မှန်ပါ့)။
နောက်တစ်ခါ အားလုံးသောနတ်တွေ အကုန်လာပြီး အတီးတွေ၊ အမှုတ်တွေနဲ့ အမျိုးမျိုးအဖုံဖုံ ကောင်ကင်းက မပူဇော်ကြဘူးလား (ပူဇော်ပါတယ် ဘုရား)။
အသက်မရှိတဲ့ အင်ကြင်းပင်ကြီးကလည်း ပူဇော်တယ်
အဲဒီတော့ ရှင်အာနန္ဒာက အံ့အားသင့်တယ်။ ပရိနိဗ္ဗာန် စံကာနီး ရှင်အာနန္ဒာက အံ့အားသင့်ပြီးသကာလ မေးတယ်။ သြော် အသက်မရှိတဲ့ အင်ကြင်းပင်ကြီးနှစ်ပင်ကလည်း အခါ ကာလ မဟုတ်ဘဲနဲ့ ပွင့်တယ်၊ ပွင့်ပြီး ပန်းပွင့်တွေ ချက်ချင်းကြွေကျ တယ်။ ဘုရားကို ပန်းမွေ့ရာ အဖြစ်နဲ့ ပူဇော်ကြတယ်။ မန္ဒာရဝ နတ်ပန်းတွေကလည်း ထို့အတူ ပူဇော်ကြတယ်။ တယ် ကြည်ညို စရာ ကောင်းပါလား။ ပူဇော်တာတွေကဖြင့် မနည်းလှပါကလား၊ နတ်တွေကလည်း တီးကြမှုတ်ကြနဲ့ ကောင်ကင်းကနေပြီး တီးကြ မှုတ်ကြပြီး ပရိနိဗ္ဗာန်စံခါနီး ပူဇော်ကြတယ်။ အဲဒါ ရှင်အာနန္ဒာက သိတယ်နော် (မှန်ပါ့)။
ရှင်အာနန္ဒာက သိလို့ ရှင်အာနန္ဒာက အရှင်ဘုရား ဒီ ပူဇော်ပွဲကြီးကဖြင့် ခမ်းနားပါပေတယ်၊ ကြီးကျယ်ပါပေတယ်။ အတီးတွေရော၊ အမှုတ်တွေရော၊ ပန်းတွေရော စုံလို့ပါပဲ။
ဘုရားအကြိုက်တော့ မကျေသေးဘူး
ညီတော် အာနန္ဒာတဲ့၊ ဒီပူဇော်ခြင်းသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ကုသိုလ်တော့ရပါတယ်ကွာ၊ ငါ ဘုရား အကြိုက်ဆုံးတော့ မကျသေးဘူးတဲ့၊ ကုသိုလ်တော့ (ရပါတယ် ဘုရား)၊ ဘုရားအကြိုက်ဆုံး တော့ (မကျသေးပါ ဘုရား)၊ ဒါကလေး မှတ်ထားကြပါ (မှန်ပါ့)၊ ဒါကလေး မှတ်ထားကြပါ ဒကာ၊ ဒကာမတို့၊ ဘုရားကတော့ ပူဇော်တာ ကုသိုလ်တော့ ရပါတယ် တဲ့။ သို့သော် ငါဘုရား အကြိုက်ဆုံးတော့ မကျဘူး (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။
ကောင်းကင်က အတီးအမှုတ်တွေနဲ့ ပူဇော်နေတာပဲ ဒကာ၊ ဒကာမတို့၊ အဲဒါ ပူဇော်နေတဲ့ ဥစ္စာ ညီတော်အာနန္ဒာ ခေါ်ပြီးသကာလ ပြောတယ်။ ညီတော်အာနန္ဒာ အခု ပူဇော် ပသနေကြတာတွေ မြင်ပြီလားကွ တဲ့။ မြင်ပါပြီဘုရား အင်မတန် ထူးထူးခြားခြားကြီး။
နတ်တွေက ပူဇော်ကြတယ်
အဲဒါ ငါဘုရားအကြိုက် မကျသေးဘူးကွ၊ ကုသိုလ် တော့ ရပါရဲ့၊ ငါဘုရား ပူဇော်တာတွေ အင်ကြင်းပင်ကြီး ကလည်း ပူဇော်၊ ကောင်းကင်ကလည်း စတုမဟာရာဇ် တာဝတိံသာ ယာမာ နတ်တွေကလည်း ပန်းအမျိုးမျိုး၊ အမွှေးအကြိုင်အမျိုးမျိုး၊ အတီး အမှုတ်အမျိုးမျိုးနဲ့ ပူဇော်ကြတာ တွေဟာ ပူဇော်တော့ ပူဇော် ကြတာပဲ၊ ငါဘုရား အကြိုက်ကြီးတော့ မကျသေးဘူး။ ကုသိုလ်တော့ ရရဲ့ (မှန်ပါ့) မောင်နိုင် ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား) ကိုပေါ် သဘောကျပလား (ကျပါပြီ)။ မင်းတို့ကို ငါပြောမယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားအကြိုက်ဆုံး ပူဇော်နည်း
ငါဘုရားအကြိုက်ကို ငါ သေသေချာချာ ပြောရလို့ရှိ ရင် “ဓမ္မာနုဓမ္မပဋိပန္နော သာမိစိပဋိပန္နော အနုဓမ္မစာရီ”ဟာ ငါအကြိုက်ဆုံးပဲ၊ အလုပ်လုပ်နေပြီးသကာလ နေတာဟာ ငါ ဘုရားကို ပူဇော် နေတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။
အနိစ္စ ရှုနေတာဟာ ဘာပါလိမ့် (ဘုရားပူဇော်နေ တာပါ ဘုရား)၊ ဪ ဘုရားပူဇော် နေတာဟာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလို့ သိရပေတယ်၊ ဒီ သိကြတာ သည်ကားလို့ ဆိုရင် ဘုရားပေါ်မှာလည်း ပူဇော်ရာရောက်၊ သူလည်း နိဗ္ဗာန်ဆိုတဲ့ ထွက်ရပ်လမ်း မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီ ငါကလည်း ထွက်ရပ်လမ်းကို မင်းတို့ကို ရောက်စေ ချင်တယ်။ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်စေချင် တယ်။ မင်းတို့ကလည်း ရောက်တဲ့ အလုပ်လုပ်တော့ ငါဘုရား အကြိုက်ကျတဲ့ ဒီပူဇော်ပုံမျိုး ကျတော့ ငါက အကြိုက်ဆုံး လက် ခံတယ်(မှန်ပါ့)၊ သဘောပါကြလား (ပါပါပြီ ဘုရား)။
ဘုရားအကြိုက်ဆုံး လက်ခံတာက ဘယ်ဟာလက်ခံ တာတုံး (တရားကျင့်တာပါ ဘုရား)၊ တရားကျင့်ကြံ ကြိုးကုတ် အားထုတ်တာကို အကြိုက်ဆုံး ပူဇော်ခြင်းအဖြစ်နဲ့ လက်ခံပါတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ရွတ်နေတာတွေ မယူနဲ့
တရားနဲ့ ပူဇော်တယ်ဆိုတာ ရွတ်နေတာတွေ သွားမယူ နဲ့နော် (မှန်ပါ့)၊ “ဣတိပိသော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ” ဆိုတာတွေ သွားယူမနေနဲ့ တဲ့။ တရားကျင့်ကြံကြိုးကုတ် အားထုတ်နေတာကို မောင်နိုင်ရေ ဒီဥစ္စာ ပူဇော်တာမှတ် (မှန်ပါ့ ဘုရား)။
ဘုရားက သူ နိဗ္ဗာန်ရောက်သလို ရောက်စေချင်တဲ့ဆန္ဒ အစက မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒီကလည်း နိဗ္ဗာန် ရောက်တဲ့အလုပ်ကို လုပ်နေတော့ ပိုမိုပြီး ဘယ်လောက်ထိ အောင်ပဲ ပူဇော်ခံပြီး ဝမ်းမြောက်မယ် ဆိုတဲ့ဥစ္စာ ဘုရား ဝမ်း မြောက်တော်မူတာလည်း ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာ၊ ဒကာမတို့ ဘုရားအကြိုက်ဆုံး ပူဇော်ခြင်း ကြိုက် တာက ဘယ်ဟာ ကြိုက်တာတုံး (တရားကျင့်မှုကို ကြိုက်ပါ တယ် ဘုရား)။
တရားအားထုတ်နေတာ အမြတ်ဆုံး ပူဇော်ခြင်း
တရားကျင့်ကြံကြိုးကုတ် အားထုတ်မှုဟာ ပူဇော်တကူ ပူဇော်ထဲမှာ အမြတ်ဆုံးပူဇော်ခြင်း၊ “ပရမာယ ပူဇာယ” လို့ ဆိုခြင်းကြောင့် ဒကာ၊ ဒကာမတို့ ဘာမှတော့ သဒ္ဓါတရားတွေနဲ့ အလျင်မလုပ်ပါနဲ့၊ ပူဇော် အစစ်သာ ရှာ၊ အကြိုက်ဆုံးပါပဲ (မှန်ပါ့)၊ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
တရား အားထုတ်နေတော့သည် ဒကာ၊ ဒကာမတို့ ဥဒ ယဗ္ဗယဆိုတဲ့ ဖြစ်မှုပျက်မှုတွေ ရှုနေတာ၊ ဖြစ်မှုပျက်မှုတွေ မုန်း ပြီးသကာလ နေတဲ့ ဉာဏ်၊ ဖြစ်ပျက်မှုကလေးတွေ သိတဲ့ ဉာဏ်တွေ သူ့ဟာသူ တက်ပြီး ဖြစ်ပျက်မှုတွေ ဆုံးသွားတဲ့ နိဗ္ဗာန် များရောက်မယ်ဆိုတော့ အို ငါဘုရား ပူဇော်နေလိုက်တာ ငါဒီလောက် သူတို့ကို ရောက်စေချင်တယ်၊ ရောက်တဲ့အလုပ်ကို လုပ်နေတယ်ဆို ဝမ်းသာလိုက်တာကွာ တဲ့၊ ဘုရားက (မှန် ပါ) သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အကြိုက်ဆုံး ပူဇော်ခြင်းဟာ ဘာပါလိမ့်မလဲ (တရား ကျင့်ကြံကြိုးကုတ် အားထုတ်မှုပါ ဘုရား)။
တရားအားထုတ်နေတာ ဘုရားအကြိုက်ဆုံး
သြော် တရားအားထုတ်နေတာဟာ ခင်ဗျားတို့က လက်အုပ် မချီငြားသော်လည်း အကြိုက်ဆုံး ပူဇော်ခြင်းပဲ (မှန်ပါ့ ဘုရား)။
လက်အုပ် မချီငြားသော်လည်း (အကြိုက်ဆုံး ပူဇော်ခြင်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီလို သိပြီး သကာလ ဒါက မောင်နိုင်တို့၊ ကိုစံမြတို့၊ ကိုပေါ်တို့က စဉ်းစားလိုက်၊ ဪ ဘယ်နှယ်ကြောင့် ဒီ စကား သုံးပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
ခုနင်က အချိန်မရောက်ဘဲနဲ့ အင်ကြင်းပင်တွေက ပရိ နိဗ္ဗာန် စံယူမည့်အချိန်မှာ အချိန်ကာလ မဟုတ်ဘဲနဲ့ တစ်ပြိုင်နက် ပွင့်တယ်၊ ခြေရင်းက ခေါင်းရင်းကနေ ပွင့်ပြီးကိုင်းတယ်၊ ကိုင်းလာပြီးမှ အပွင့်တွေ ကြွေကျတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။
မန္ဒာရဝ နတ်ပန်းတွေကလည်း လူတွေ မမြင်ရပါဘူး။ ကောင်းကင်က ကြွေကျပြီး ဘုရားရှေ့တော်မှောက်မှာ ပူဇော်နေ ကြတယ် ( ပူဇော်ပါတယ် ဘုရား) အင်မတန် မွှေးကြိုင်တာတွေ ဗြဟ္မာတွေကလည်း ယူလာပြီးသကာလ မပူဇော်ကြဘူးလား (ပူဇော်ပါတယ် ဘုရား)။
အဲဒါ ဘုရားက အကျေနပ်ကြီး ကျေနပ်တော်မူတဲ့ ပူဇော်ပွဲလားလို့ မောင်နိုင်တို့ မေးနေလို့ ဘုရားက ထုတ်ပြောပြီ (မှန်ပါ့)။
ကောင်းကင်းက ပူဇော်တာ အတီးတွေ၊ အမှုတ်တွေနဲ့ ပူဇော်နေတာကွာ တဲ့။ အမြတ်ဆုံး ပူဇော်ခြင်းလို့ ငါမမြင်သေး ပါဘူးတဲ့ (မှန်ပါ့)။
တရားကျင့်ပြီး ပူဇော်တာ အကောင်းဆုံး
ဓမ္မာနုဓမ္မပဋိပန္န = တရားကျင့်နေတာ၊ ဖြစ်ပျက်ရှုလို့ ဖြစ်ပျက် သိနေတာ၊ ဖြစ်ပျက်အဆုံး နိဗ္ဗာန် အာရုံပြုပြီး သကာလ နေတာ အဲဒါ သူတို့ဟာသူတို့ လုပ်ငြားသော်လည်း ငါဟောတာ ဒီဟာ လုပ်စေချင်လို့၊ ဒီဟာလုပ်တော့ ဝမ်းသာတာပေါ့တဲ့ (မှန်ပါ့)။ ကိုစံမြ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေလည်း ဆရာ သမားကို ဘာနဲ့ ပူဇော်တာ အကောင်းဆုံးလဲ ဆိုလို့ရှိရင်လည်း မောင်နိုင်ရေ (တရားကျင့်တာပါ ဘုရား)၊ တရားကျင့်ပြီး ကို ပူဇော်နေတာ အကောင်းဆုံးပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကြောင့် ဒါနဲ့ပဲ မောင်နိုင်ရေ စပ်မိလို့ပဲ အဲဒီအချိန် မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နောက်သုံးလရှိ ပရိနိဗ္ဗာန် စံမယ်ဆိုပြီး အခု အင်ကြင်းပင်တွေအောက်တောင် ရောက်လာ ပြီဆိုတာ မောင်နိုင် သိပြီ (သိပါပြီ ဘုရား)။
တိဿရဟန်းကြီး တရားအားထုတ်နေတယ်
အဲဒီမှာ တိဿဆိုတဲ့ ရဟန်းကြီးတစ်ပါးက ဘုရား ပရိ နိဗ္ဗာန်မစံမီ သူက ဘုရားအကြိုက်ဖြစ်တဲ့ နိဗ္ဗာန်အရောက် လုပ် မယ်လို့ အမြဲစွဲမြဲထားပြီးသကာလ မောင်နိုင် ဝိပဿနာအလုပ် လုပ်တယ်နော် (မှန်ပါ့)။
ဝိပဿနာအလုပ် လုပ်ပြီးသကာလနေတော့ ဒီပြင် ရဟန်းတွေကတော့ မသိလား မရှိလားဆိုပြီး တိဿကြီး သွား ခေါ်ကြတယ် ကိုနော် (မှန်ပါ့)။
ခေါ်ပင်ခေါ်ငြားသော်လည်း မလိုက်လာဘူး၊ မလိုက်လာ လို့ ဘုရားသွားလျှောက်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကကွာ တိဿ ငါ့ဆီက တရားတွေ ယူပြီးသကာလ တရားတွေ ကြိုးစားပြီးသကာလ ငါဘုရား မမာတော့ ပြန်လို့မှ လှည့် မကြည့်ဘူး။
အရှင်ဘုရား၊ ဒါကြောင့် တိဿကြီး တပည့်တော်တို့ နှစ်ခါရှိပါပြီ သွားခေါ်တာ။
ဘုရားအမိန့်နဲ့ ခေါ်တယ်
ကဲ ဒါဖြင့် အမိန့်နဲ့ ခေါ်လိုက်ပါဦးကွ ဆိုပြီး မောင်နိုင် အခေါ် မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။
အဲဒီတော့ ဘုရားအမိန့်ဆိုတော့ ကိုဝရေ၊ လိုက်လာတာ ပေါ့ (မှန်ပါ့)၊ လိုက်လာတဲ့ အခါကျတော့ တိဿ၊ ငါအခု ပရိနိဗ္ဗာန် စံတော့မယ်ဆိုတာ မင်း မသိဘူးလား။ သိပါတယ် ဘုရား တဲ့။
နို့ ဘာဖြစ်လို့ ဝေယျာဝစ္စတွေ၊ ဝေယျာဝစ္စဒါန၊ ဝေယျာဝစ္စသီလတွေ ဆေးရှာဝါးရှာတဲ့ဒါန ငါကိုယ်တော်မြတ် ကြီး ပြုစုတဲ့ ဝေယျာဝစ္စသီလတွေကို မင်း ကျေးဇူးရှင်ကို ကျေး ဇူး မသိတတ်လို့ မပြုဘဲ နေတာလားလို့ မောင်နိုင် မေးတယ် (မှန်ပါ့)။
တပည့်တော်ဘုရား ကျေးဇူးရှင်၏ ကျေးဇူးကို သိတတ် ပါတယ်။ သို့သော်လည်း အရှင်ဘုရားက ထွက်သက် ဝင်သက် ရှိတုန်းမှာ မင်းရုပ်နာမ်ဓမ္မတွေ၏ ဖြစ်ပျက်ရှုရမယ်၊ ၎င်းဖြစ်ပျက် အဆုံးမှာမှ နိဗ္ဗာန်ရှိတယ်ဆိုတာ အရှင်ဘုရားက ဟောထားလို့ တပည့်တော်က ဒီဟာတွေ အဓိပ္ပာယ် အစကတည်းက တွေးပြီး သကာလ နေတော့ ဖြစ်ပျက်အဆုံးကို အရှင်ဘုရားရှိတုန်း ရောက်အောင်လို့ ကြိုးစား နေပါတယ် ဘုရား၊ ဒါကြောင့် အရှင် ဘုရားဆီ ဝေယျာဝစ္စ လာပြုခြင်း အလုပ်ကို တပည့်တော် မလုပ် ပါဘုရား ဆိုတော့မှ ဒကာ၊ ဒကာမတို့ သာဓု သာဓု သာဓု သုံးကြိမ်ခေါ်တယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားက သာဓုခေါ်တယ်
သာဓု သာဓု သာဓု ဘယ်နှစ်ကြိမ် ခေါ်ပါလိမ့် (သုံးကြိမ်ခေါ်ပါတယ် ဘုရား)။
ဟောဒီ ငါ့နားမှာ ပြုစုနေကြတဲ့ ပုဂ္ဂိုလ်တွေက ဓမ္မနဲ့ ပူဇော်ရာ မရောက်ဘူးကွ၊ ဝေယျာဝစ္စ သီလကလေးနဲ့ ကျေနပ် နေကြတယ် (မှန်ပါ့)။ ထိုပုဂ္ဂိုလ်က ဓမ္မာနုဓမ္မပဋိပတ်နဲ့ ပူဇော် နေတာကွ၊ တိဿက တိဿကနော် (မှန်ပါ့)၊ တိဿက တရားနဲ့ ပူဇော်တာကွ၊ မင်းတို့က တရားနဲ့ ပူဇော်တာ မဟုတ်ဘူး ဝေယျာဝစ္စနဲ့ ပူဇော်နေတာ ဖြစ်သောကြောင့် ငါဘုရားကို တကယ်တမ်း ကြည်ညို လေးစား ကြပါမူကား ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်ကို လုပ်ပါမှ ငါဘုရားကို အကြီးဆုံး ပူဇော်တာပဲ လို့ အဲဒါ ဓမ္မပဒမှာ လာတယ် (မှန်ပါ့) မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်က ဒကာ၊ ဒကာမတွေ အကြိုက်ဆုံးပူဇော်တဲ့ အလုပ်ဟာ ဘာပါလိမ့် (ဓမ္မနုဓမ္မပဋိပတ္တိ အလုပ်ပါ ဘုရား)။
တရားကျင့်ကြံကြိုးကုတ် အားထုတ်နေတာဟာအကြိုက်ဆုံး ပူဇော်တာပဲဆိုတာ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ကဲ မောင်နိုင်ရေ ရှင်းပလား(ရှင်းပါပြီ ဘုရား)၊ အဲဒီ တော့ ဒကာ၊ ဒကာမတို့ ဆရာသမား ပူဇော်တယ်ဆိုတာလည်း တရားနဲ့ နေမှုပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆရာသမားက နေ့တိုင်းဟောတာလည်း နေ့တိုင်းဆုပေး တာကို ဒကာ၊ ဒကာမတွေ နားထောင်ကြည့် သိပါတယ် (မှန် ပါ့)၊ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်ကို ကျေးဇူးပြုပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည် ဖြစ်စေ၊ နိဗ္ဗာန်သို့ ရောက်သည်ဖြစ်စေလို့ မပေးဘူးလား (ပေးပါတယ် ဘုရား)။
ဘယ်နှစ်ခါ ပေးသတုံးလို့ မေးလို့ရှိရင် နေ့တိုင်းပေး ပါတယ်ဘုရားလို့ ဆိုရမယ် (မှန်ပါ့)။
ကဲ ဒါဟာ ဘုရားရဲ့ တပည့်သား ဖြစ်တဲ့အတွက် ဆရာသမား အလိုရှိတာ ဝမ်းထဲက ထုတ်ပြောတာပဲ (မှန်ပါ့)။
ခင်ဗျားတို့ ဝိပဿနာဉာဏ် အားထုတ်တာ ဝိပဿနာ ဉာဏ်ကနေပြီး မဂ်ဉာဏ် ကျေးဇူး ပြုပါလိမ့်မယ်။ အဲဒီ မဂ်ဉာဏ် ကနေပြီး နိဗ္ဗာန်ကို မြင်ပါလိမ့်မယ်။ အဲဒါကို ခင်ဗျားတို့ အား ထုတ်ဆဲ ဖြစ်သော ဝိပဿနာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ် ကို ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်သည်ဖြစ်စေ (မှန်ပါ့ ဘုရား) မောင်နိုင်၊ နေ့တိုင်း မပေးဘူးလား (ပေးပါ တယ် ဘုရား)။
ဝိပဿနာ လုပ်ပြီးသကာလ မဂ်ဉာဏ်ရောက်ပါစေ၊ မဂ် ဉာဏ်ရောက်ပြီးသကာလ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်ဖြစ် `စေလို့ အားလုံး ဒကာ၊ ဒကာမတို့ နေ့တိုင်း မပေးဘူးလား (ပေးပါတယ် ဘုရား)။
ဆရာအလိုရှိတာ ဒါပဲ(မှန်ပါ့)၊ ဘုရားအလိုရှိတာလည်း (ဒါပါပဲ ဘုရား)။
ဒီအလုပ် လုပ်နေရင် ပူဇော်ရာရောက်တယ်
အဲဒီတော့ ဒကာ၊ ဒကာမတွေ ဒီအလုပ်လုပ် နေလို့ ရှိရင်ဖြင့် ဆရာသမားကို ပူဇော်ရာ၊ ဘုရားကို ပူဇော်ရာ၊ သေသေ ချာချာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲ-သေသေချာချာ ရောက်တဲ့အတွက် သြော် ဘုရား အကြိုက်လည်း ဒါပဲ၊ တို့ဆရာသမား အကြိုက်လည်း ဘုရား၏ တပည့်သားဖြစ်သောကြောင့် ဒါပဲ၊ အတုလိုက်ပြီး ကြိုက်တာပဲ ဆိုပြီး ဒါကြိုးစားရမှာ ကိုဝ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။
ဒါပဲ ကြိုးစားစရာ ရှိတယ်ဆိုတော့ မနေ့ကပဲ ဒကာ၊ ဒကာမတွေ တချို့ မပါလာလို့ ပြောပါတယ်၊ ဒီအင်ကြင်းပင်ပျို ကြားမှာ မြောက်သို့ ခေါင်းပြုပြီး သကာလ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံတော့မည့်အချိန် ရောက်တဲ့အခါကျတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ငါကွာ တဲ့၊ မင်းတို့ကို ၄၅-ဝါ ကာလပတ်လုံး ဟောတဲ့ တရားတွေကို အကျဉ်းချုပ် ကလေး တစ်လုံးတော့ မင်းတို့ကို ဆုံးမ ချင်သေးတယ်ဆိုပြီး မဆုံးမဘူးလား (ဆုံးမပါတယ် ဘုရား)။
တရားကို ချုံးလိုက်ရင် တစ်လုံးနဲ့ ပြီးတယ်
၄၅-ဝါ ဟောထားတဲ့ တရားကို ချုံးယူလိုက်လို့ရှိရင် တစ်လုံးတည်းနဲ့ ပြီးပါတယ်ကွာ ဆိုတာကော မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဘယ်နှစ်လုံးနဲ့ ပြီးသလဲ (တစ်လုံးနဲ့ ပြီးပါတယ် ဘုရား) ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ် ကြီးဟာ အလိုလိုပဲ ခင်ဗျားတို့ သန္တာန်မှာရှိ၍ ဝေဒနာကလေး တွေဟာ အလိုလို ပေါ်သလား၊ ဟုတ်လား ရုပ်တရားဟာ အလိုလို ပေါ်သလားဆိုတာ အလိုလို ပေါ်တယ်ဆိုရင် မောင်နိုင် ထမင်းမကျွေးနဲ့ (မှန်ပါ့)၊ ထမင်းကြောင့်ဖြစ်တဲ့ ရုပ် မလာဘူး။ မဟုတ်ဘူးလား (မလာပါ ဘုရား)၊ အအေးမခံနဲ့၊ အအေးကြောင့် ဖြစ်တဲ့ ရုပ်ကော (မလာပါ ဘုရား)။
ခန္ဓာကိုယ်ကြီးဟာ သင်္ခါရတရား
ဒါဖြင့် မင်းတို့ ခန္ဓာကိုယ်ကြီးဟာ ပြုပြင်မှ ပေါ်လာတဲ့ သင်္ခါရတရားရုပ် (မှန်ပါ့)။
ခန္ဓာကိုယ်ကြီးဟာ ဘာတဲ့ ပြုပြင်မှ ပေါ်လာတဲ့ သင်္ခါရတရား ရုပ်ပါ ဘုရား)။
ပြုပြင်မှ ပေါ်လာတဲ့ တရားချည်းပဲ ဒကာ၊ ဒကာမတွေ တရားတစ်ပွဲလုံးမှာဖြင့် ကိုယ်စိုး ကိုယ်ပိုင်ထားတဲ့ ဥစ္စာများ ပါကြရဲ့လား (မပါပါ ဘုရား)။
အင်း ပြုပြင်လို့ ပေါ်လာတဲ့ တရားကြီးနဲ့ အခု တရား နာနေကြတယ်(မှန်ပါ့) ဘုန်းကြီးက ဟောနေတာလဲ ပြုပြင်လို့ ပေါ်လာတဲ့ တရားကြီးနဲ့ နေတယ်လို့ပဲ မှတ်ရုံပဲ(မှန်ပါ့)။
အဲဒီ ပြုပြင်လို့ ပေါ်လာတဲ့တရား ဟူသရွေ့ဟာဖြင့် ဒကာ၊ ဒကာမတွေ မှတ်လိုက်စမ်းပါတဲ့ သင်္ခါရတရားချည်း မှတ်လိုက်ပါ (မှန်ပါ့)။
ဒါကြောင့် ခန္ဓာငါးပါး သင်္ခါရတရားတို့သည်ဆိုတာ မောင်နိုင် ကျေနပ်ဖို့ ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။
ခန္ဓာငါးပါး ဘာတဲ့ (သင်္ခါရတရားပါ ဘုရား) ပြုပြင်လို့ ပေါ်လာတာ (မှန်ပါ့)။
ကိုဝ ဘယ့်နှယ်တုံး ပြုပြင်လို့ ပေါ်လာတာပါ ဘုရား) ဆေးနဲ့ ပြုပြင်လိုက်တဲ့အခါကျတော့ ရောဂါပျောက်တဲ့ ဆေးရုပ် ပေါ်လာတယ် (မှန်ပါ)၊ လူမမာတွေများ ဆေးပေးလိုက်တဲ့အခါ ကျတော့ နက်ဖြန် ရုပ်သွားကြည့်တော့ ဟာ ငါ့ ဆေးနဲ့ တည့် ပြီဆိုတာ သူ သိတယ် (မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား) ဆေးကြောင့်ဖြစ်တဲ့ ဆေးရုပ်ကို ပြတယ် (မှန်ပါ့)။
ဒါဖြင့် ဆေး တည်းဟူသော တရားက ပြုပြင်လိုက်လို့ ဆေးကြောင့် သက်သာတဲ့ရုပ် ပေါ်မလာဘူးလား (ပေါ်လာပါ တယ် ဘုရား)။
ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရတရား
အဲဒီ ပေါ်လာတဲ့ တရားဟာ သင်္ခါရတရား (မှန်ပါ့ ဘုရား) ပြုပြင်လို ပေါ်လာတဲ့ တရားဟာ သင်္ခါရတရား(မှန်ပါ)။
ထမင်းစား ကောင်းတော့ ဒကာ၊ ဒကာမတွေ ရုပ်က လေးတွေ ဘယ့်နှယ်နေကြသလဲ (ကြည်ပါတယ် ဘုရား)၊ ကြည် တယ်၊ ဝတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် အဲဒံကြည်တဲ့ ဝတဲ့ရုပ်ကို ဘာရုပ်လို့ ခေါ်မလဲ (သင်္ခါရရုပ်ပါ ဘုရား) သင်္ခါရတရား .။
စားလို့ကောင်းလိုက်တာဆိုတော့ ကောင်းလုံးကလေး ဟာလည်း အရသာက ပြုပြင်ပေးလို့ မောင်နိုင်ဆိုတာ ဖြစ်လာတာ (မှန်ပါ ဘုရား)။ အရသာက မပြုပြင်လိုက်ရင် (မဖြစ်ပါ ဘုရား)။
ဒါဖြင့် ကောင်းလုံးလေးတွေ ဝေဒနာက္ခန္ဓာဟာ ဘာတုံး (သင်္ခါရတရားပါ ဘုရား)။ အင်း ဘာနဲ့ ဘာချက် ထားတာကိုးဆိုတဲ့ အမှတ်ကလေးဟာလည်း (သင်္ခါရပါ)၊သင်္ခါရ တရားပဲ(မှန်ပါ့)၊ စားလိုတဲ့ စေတနာကလေးကို ချက်ချင်း ပေါ်လာတာပဲ ဆိုတာကော (သင်္ခါရတရားပါ ဘုရား)။
အို ကျုပ်၊ ဒီ စားချင်တဲ့စိတ်နဲ့ ကို စားလိုက်တာ၊ အာနာပါးနာ စားနေတာ မဟုတ်ပါဘူး၊ တကယ့် စားချင်တဲ့စိတ်နဲ့ကို ဒီထမင်းတွေ၊ ဒီဟင်းတွေ မြင်ကတည်းကိုက စားချင် တဲ့စိတ် ပေါ်လာတယ်။ ဟင်းထမင်းက ပြုပြင်လို့ စားချင်တဲ့စိတ် ပေါ်လာတယ် (မှန်ပါ့)။
ဘုရားရဲ့ နောက်ဆုံးစကား
ဒါဖြင့် ခန္ဓာငါးပါးစလုံးဟာ ဘာတရားလို့ ခေါ်ကြမလဲ (သင်္ခါရတရားပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ခန္ဓာငါးပါးစလုံး ဘာတရားပါလိမ့် (သင်္ခါရတရားပါ) ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား)။
“ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ”
ဘိက္ခဝေ-ငါ၏ချစ်သား တပည့်တို့၊ ဟန္ဒ-ကိုယ်တော် ပန်း၍ နွမ်းလှလေပြီ၊ ဝေါ-တုမှာကံ-သင်ချစ်သားတို့အား အာမန္တယာမိ-ငါ နောက်ဆုံးစကား မှာမယ်ဆိုပြီးတော့ ဘုရား က မမှာဘူးလား (မှာပါတယ် ဘုရား)။
သင်္ခါရာ-မင်းတို့ပြုပြင်လို့ ပေါ်လာတဲ့ မင်းတို့ခန္ဓာငါး ပါး ရှိတယ်ကွာတဲ့ (မှန်ပါ)။
ပြုပြင်လို့ ပေါ်လာတဲ့ တရားဟာ ပျက်တယ်
သင်္ခါရာ- ပြုပြင်လို့ပေါ်လာတဲ့ ခန္ဓာငါးပါး မရှိကြဘူး လား (ရှိပါတယ် ဘုရား)၊ ဝယဓမ္မာ-ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက် ပြုန်းခြင်းဖြစ်တယ် မဟောဘူးလား (ဟောပါတယ် ဘုရား)။ ပြုပြင်လို ပေါ်လာတဲ့ တရားဟာ ကုန်ဆုံးပျက်တယ် (မှန်ပါ)။
ပြုပြင်လို့ ပေါ်လာတဲ့ တရားဟူသရွေ့ (ကုန်ဆုံးပျက်ပါ တယ် ဘုရား) ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းမှာ လမ်းဆုံး သွားတယ်ဆိုတာ ဒကာ၊ ဒကာမတွေ ကျေနပ်ပလား (ကျေ နပ်ပါတယ် ဘုရား)။
ပြုပြင်လို့ ပေါ်လာတဲ့တရား ဘယ်မှာ လမ်းဆုံးသလဲ (ပျက်ခြင်း၊ ပြုန်းခြင်း၊ ကုန်ဆုံးခြင်းမှာ လမ်းဆုံးပါတယ် ဘုရား)
အဲ ပေါ်လာတဲ့ တရားဟာဖြင့် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းမှာပဲ နိဂုံးချုပ် လိုက် ရတယ်(ဝါ) ဇာတ်သိမ်းလိုက် ရတယ်ဆိုတာ မောင်နိုင် ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား) ကိုစံမြ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သမုတိ နယ်ထဲကနေပြီး ပြောကြစို့ ဆိုလို့ရှိရင်ဖြင့် အခု ခန္ဓာကိုယ် ကြီးဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ် ကြီးဟာဖြင့် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းဆိုတဲ့ သုသာန်မြေ ပေါ်မှာ ကျုပ်တို့ ရောက်ရမှာပဲ (မှန်ပါ့)။ မရောက်ချင်ပါဘူးဆိုလို့ (မရပါ ဘုရား)။ မရဘူး၊ ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းမှာပဲ လမ်းဆုံးရမှာပဲဆိုတာ သေချာပလား (သေချာပါပြီ)၊ အဲဒါက သမုတိသစ္စာ ဟောတာပါ (မှန်ပါ့)။
ပရမတ္ထသစ္စာ ကတော့ အခု လျှာပေါ်မှာ ကောင်းတဲ့ ကောင်လုံးကလေး အခု လျှာပေါ်မှာ ပေါ်၊ လျှာပေါ်မှာ ပျောက်တာ ပဲ (မှန်ပါ့) အခု အရသာကလေး စားမိလို့ မောင်နိုင် ကောင်းလုံးကလေးဟာ ဘယ့်နှယ်နေသတုံး (အခု ပျောက် သွားပါတယ် ဘုရား)။
အင်း ကောင်းလုံးကလေး ပေါ်လာတာဟာ သင်္ခါရ ပျောက်တာသည်ကားလို့ ဆိုလို့ရှိရင် အနိစ္စပဲ (မှန်ပါ့)။
ပေါ်လာတာ (သင်္ခါရပါ)၊ ပျောက်တာ (အနိစ္စပါ)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တို့မှာ ဥပ္ပါဒနဲ့ ဝယပဲ ရှိတာပေါ့ မောင်နိုင်ရေ (မှန်ပါ့)။ ဘာရှိသတုံး (ဥပ္ပါဒနဲ့ ဝယပဲ ရှိပါတယ် ဘုရား)။
ဥပ္ပါဒနဲ့ ဝယ ဆိုလို့ရှိရင် ဥပ္ပါဒ-က ဖြစ်တာပဲ၊ ဝယက ပျက်တာပဲ (မှန်ပါ့)၊ ဥပဇ္ဈိတွာ-ဖြစ်ပြီး၍၊ နိရုဇ္ဈန္တိချုပ်ကုန်၏ ဆိုတာလည်း ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
တေသံ-ထိုဖြစ်ခြင်း၊ ချုပ်ခြင်းတို့၏၊ ဝူပသမော-မရှိတဲ့ နိဗ္ဗာန်သည်၊ သုခေါ-ချမ်းသာ၏ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီ ပါဠိတော်နဲ့ကော မကိုက်ဘူးလား ကိုက်ပါ တယ် ဘုရား)။
ပရိနိဗ္ဗာန်စံခါနီး မှာတာက ဘာတဲ့
ကဲ ဒါဖြင့် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ပရိနိဗ္ဗာန် စံခါနီး ပြောပြတာကလည်း သင်္ခါရတရား ပျက်တတ်သည်။အဲဒါ မမေ့နဲ့၊ ပရိနိဗ္ဗာန်စံခါနီး မှာတာက ဘာတဲ့ (သင်္ခါရတရား ပျက်တတ်သည် အဲဒါ မမေ့နဲ့) အဲဒါ မမေ့နဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရတရား (ပျက်တတ်ပါသည်) အဲဒါကို (မမေ့ပါနဲ့ပါ ဘုရား)။
မမေ့ပါနဲ့ဆိုတော့ ကျုပ်တို့ ရှိတာက ဘာတရား ရှိသတုံး (သင်္ခါရတရား ရှိပါတယ် ဘုရား)။
အင်း မမေ့နဲ့ဆိုတော့ စိုက်ကြည့်လိုက်တဲ့အခါကျ တော့ ဘာတွေ့သတုံး (အပျက်တွေ့ ပါတယ် ဘုရား)။ အပျက် တွေ့တယ်၊ ဪ သင်္ခါရတရားမို့ ပျက်တာပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
သင်္ခါရတရားမို့ (ပျက်ပါတယ် ဘုရား)၊ ပျက်တာပဲ ဆိုတာ ဒကာ၊ ဒကာမတွေက သိလိုက်ပါတယ်။ ဒီသိလုံးကလေး ဟာ မဂ္ဂင်ပါပဲ မောင်နိုင်ရ တခြားမဟုတ်ပါဘူး (မှန်ပါ)။
သိလုံးကလေးဟာ ဘာခေါ်ကြမယ် (မဂ္ဂင်ပါ ဘုရား) သင်္ခါရတရားပျက်တာကို မြင်တယ် ဆိုတော့ မြင်လုံးကလေးဟာ ဘာပါလိမ့် (မဂ္ဂင်ပါ ဘုရား)၊ မြင်လုံးကလေးဟာ ဘာပါလိမ့် (မဂ္ဂင်ပါ ဘုရား)၊ မြင်လုံးကလေးဟာ မဂ္ဂင်ပဲဆိုတာ သေချာကြ ပလား (သေချာပါတယ် ဘုရား)။
သင်္ခါရတရား ပျက်တတ်တာ မမေ့နဲ့
ဒါဖြင့် သင်္ခါရတရား ပျက်တတ်တာကို မမေ့နဲ့ ဆိုလို တယ်။ ဒီထဲမှာ သတိဦးစီးပါကွာ (မှန်ပါ့)၊ သမာဓိကော (ဦးစီးပါ ဘုရား)။ဝီရိယကော (ဦးစီးပါ ဘုရား)၊ အကြံကော (ဦးစီးပါ ဘုရား)၊ ဉာဏ်ကော (ဦးစီးပါ ဘုရား)။
အဲ အကြံက ဝိတက်၊ ဉာဏ်က ဉာဏ်ပေါ့ မောင်နိုင်(မှန်ပါ့) မဂ္ဂင်ဘယ်နှစ်ပါးတုံး (ငါးပါးပါ ဘုရား)။
အဲဒါ ဒကာ၊ ဒကာမတို့ သင်္ခါရတရား ပျက်တတ်တာကို မမေ့နဲ့ဆိုတာ သတိတစ်လုံးတည်းနဲ့ ဒီဥစ္စာကို မြင်ရတာ မဟုတ်ဘူး (မှန်ပါ)၊ ငါးပါးပေါင်းလို့ မြင်တာ (မှန်ပါ့)။
မဂ္ဂင်အလုပ် လုပ်ရစ်ပါ
ဒါကြောင့် မဂ္ဂင်အလုပ် လုပ်ရစ် ဆိုတာနဲ့ ဘာထူးသေး သတုံး (မထူးပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရတရားသည် ပျက်တတ်သည်၊ အဲဒါကို ဘာတဲ့ တုံး (မမေ့ပါနဲ့ပါ ဘုရား)။
မမေ့နဲ့လို့ ဆိုလိုက်တာ ကိုပေါ်ရေ၊ သတိတစ်လုံးတည်း ကို ပဓာနထားလိုက်တာ (မှန်ပါ့)၊ စင်စစ် သတိ တစ်လုံးတည်း ဖြစ်ရိုးထုံးစံက ရှိပါရဲ့လား (မရှိပါ ဘုရား)၊ အင်း ဘာရှိ ပါလိမ့် (မဂ္ဂင်ငါးပါးပါ ဘုရား)၊ သူနဲ့လေးပါးနဲ့တကွ တွဲမဖြစ် ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာ၊ ဒကာမတို့ ဘုရား ပရိနိဗ္ဗာန် စံကာနီး ဘာမှာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သင်္ခါရ တရား ပျက်တတ်သည်။ မမေ့နဲ့ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရတရား ပျက်တတ်သည် မမေ့နဲ့လို့ သေသေချာချာ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ အဲဒါ မမေ့တဲ့ ဥစ္စာ၊ ဒီတစ်လုံးဟာ ဒကာ၊ ဒကာမတို့ မနေ့ကလည်း နာကြရ တယ်။ ဒီနေ့ မနာရသေးတဲ့ ပုဂ္ဂိုလ်အတွက် နည်းနည်းကလေး ဖြတ်ပြောပေးတယ်နော် (မှန်ပါ့)။
မမေ့ရစ်ကြနဲ့
သင်္ခါရတရားပျက်တာတွေ မမေ့ရစ်ကြနဲ့ဆိုပြီး သကာ လ မောင်နိုင် တစ်ခါတည်း ပရိနိဗ္ဗာန်စံတယ် ဆိုကြပါစို့ (မှန်ပါ့) သတ္တဝါတွေ ဟောတဲ့တရားမှာဖြင့် ဒါနောက်ဆုံးပိတ်ပဲ (မှန်ပါ့)။
သတ္တဝါတွေ ဟောတဲ့တရားမှာ (နောက်ဆုံးပိတ်ပါ ဘုရား)၊ ဘယ်လိုတဲ့တုံး (သင်္ခါရတရား ပျက်တာတွေ မမေ့ရစ် ကြနဲ့တဲ့ .။
အဲ သင်္ခါရတရားပျက်တာတွေ မမေ့နဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။အဲဒီတော့ မမေ့နဲ့ ဆိုတာ ဒီခန္ဓာ ကြည့် ဆိုတာ (မှန် ပါ)၊ ဘာဆိုကြတာပါလိမ့် (ခန္ဓာကြည့်ဆိုတာပါ ဘုရား)။
ခန္ဓာကြည့်လို့ ဆိုတာ ဒကာ၊ ဒကာမတို့ တခြားကြည့် လို့ ဆိုတာလား (မဟုတ်ပါ ဘုရား)၊ ရှိတာကလည်း မောင်နိုင်၊ စဉ်းစားကြည့်ပါ၊ သင်္ခါရတရား ဘယ်မှာရှိသလည်း (ခန္ဓာမှာ ရှိပါတယ်)၊ နို့ ရှိရာကနေ ပျက်မှာပေါ့၊ မရှိရာက ပျက်လို့ကော (မရပါ ဘုရား)။
ကဲ ဒါဖြင့် ရှိတဲ့ သင်္ခါရတရား ဘယ်မှာ လမ်းဆုံးသ လဲ (အပျက်လမ်းဆုံးပါတယ်) အဲဒါကို ဘုရားက ဘယ့်နှယ် မှာသတုံး (အပျက်ကို မမေ့နဲ့ပါ ဘုရား)။
မမေ့ပါနဲ့ဆိုပြီး ပရိနိဗ္ဗာန်စံသွားတယ်
မမေ့နဲ့ဆိုတော့ သင်္ခါရတရားပျက်တာသည် အဲဒါ မမေ့ ပါနဲ့လို့ဆိုပြီး ဘုရား ပရိနိဗ္ဗာန် စံသွားတယ် (မှန်ပါ့)။
ဘုရား ပရိနိဗ္ဗာန်စံသွားတယ်ဆိုတာ ဒကာ၊ ဒကာမတို့ နောက်ထပ် စကားမပြောတာပဲ၊ ပရိနိဗ္ဗာန်တော့ စံသေးတာ မဟုတ်ဘူး၊ ဈာန်တွေလှည့်ပတ်ပြီး ဝင်စားနေသေးတယ် (မှန် ပါ့)၊ ဒီဟာပြောတာ တရားတော် ဇာတ်သိမ်းသွားတာပဲ ရှိတာပဲ (မှန်ပါ့)၊ နောက်တော့ တရားဟောခွင့်၊ စကားပြောခွင့်တော့ မလုပ်တော့ဘူး။ ဒီဟာ နောက်ဆုံးပိတ် တရားပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ပရိနိဗ္ဗာန် စံရောလားလို့ မေးတော့ မစံသေးပါဘူး တဲ့၊ ပထမဈာန်ဝင်စားလိုက်၊ ဒုတိယဈာန်ဝင်စားလိုက်၊ တတိယ ဈာန် ဝင်စားလိုက်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ အရူပဈာန်တွေ လှည့်ပြီး ဝင်စားနေတာပဲ (မှန်ပါ)။
အဲဒီ ဝင်စားပြီးသကာလ ဒီဈာန်တွေ ကုန်ဆုံးပြီး အလယ်ရောက်မှ မောင်နိုင်၊ ပရိနိဗ္ဗာန်စံတာ (မှန်ပါ့)၊ ဈာန်တွေ ဝင်စားနေသေးတယ်နော် (မှန်ပါ့)။
အဲဒီတွင် တစ်ခြားသော ရဟန္တာတွေ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပလားလို့ မေးကြတယ် (မှန်ပါ)၊ ဟိုက စံသေးတာ မဟုတ်ဘူး (မှန်ပါ)။
ဒီတော့ အရှင်အနုရုဒ္ဓါ အနားမှာရှိတယ် မစံသေးဘူး။ ဒါ ဘယ်ဈာန် ဝင်စားနေတာ (မှန်ပါ့)၊ သူက အမြဲတမ်း ထောက်ပြောနေရတယ် (မှန်ပါ့)၊ တချို့ ရဟန္တာတွေက မောင်နိုင် ဈာန်ဘက်က မကျင်လည်တော့ မသိဘူးနော် (မှန် ပြ) အရှင်အနုရုဒ္ဓါကိုပဲ မေးနေရတယ် (မှန်ပါ့)။
အရှင်ဘုရား အခု မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ ပလား မစဲသေးဘူးကွ အရူပဈာန် ဝင်စားနေတယ်၊ ဒါချည့်ပဲ သူ အမြဲတမ်း ပြောနေရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သိကြားမင်း ရွတ်ဆိုသော ဂါထာတော်
အဲဒီလိုနဲ့နောက် ပရိနိဗ္ဗာန်စံတော့မှ သိကြားမင်းကလည်း အနားက လူမမာပြုအဖြစ်နဲ့ မောင်နိုင် စောင့်နေတယ် (မှန်ပါ)။
အဲဒီတွင် ရှင်အနုရုဒ္ဓါဆိုတဲ့ ရဟန္တာက ပရိနိဗ္ဗာန်စံပြီ လို့ အားလုံးကို ကြေငြာတော့မှ သိကြားက အနိစ္စာဝတ သင်္ခါရာကို ရွတ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
“အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။”
ဒါ-သိကြား ရွတ်တာ။ ပရိနိဗ္ဗာန်စံပြီးတော့မှ ကိုစံလှရဲ့၊ ပရိနိဗ္ဗာန်စံပြီးတဲ့အချိန်မှာ ရွတ်တဲ့ဂါထာ (မှန်ပါ့)။
ဘုရားရှိတုန်းကလည်း ဟောခဲ့ပါတယ် (မှန်ပါ့)၊ သို့ သော် အခု ဘုရား ပရိနိဗ္ဗာန်စံတော့ အားလုံးကို သြော် သူက ဘာထပ်ပြောသတုံး ဆိုတော့ သင်္ခါရတရားဟာ ပျက်ပါ တယ်။ အဲဒီပျက်တဲ့ အဆုံးဟာ နိဗ္ဗာန်ပါပဲလို့ သူက ထပ်ပြော တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။
သင်္ခါရတရားဟာ (ပျက်တတ်ပါတယ်) အဲဒီ သင်္ခါရ နှစ်ခု ဖြစ်မှုပျက်မှု မရှိတာ ဘာတဲ့တုံး (နိဗ္ဗာန်ပါ ဘုရား)။ သူက ဒါထပ်ပြောတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဘုရား ကတော့ သင်္ခါရတရား ပျက်တတ်သည်၊ အဲဒါ မိန့်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူကတော့ ဘာတုံးဆိုတော့ သင်္ခါရတရား ပျက်တယ်။ ၎င်း သင်္ခါရရော အပျက်ရော မရှိရင် နိဗ္ဗာန်ပဲ သူက ဒါတိုးလာတယ် (မှန်ပါ့)။
သင်္ခါရတရား ပျက်တယ်။ ဘုရားကတော့ မမေ့နဲ့ (မှန်ပါ့)။ ဘုရားက ဘာတဲ့ (သင်္ခါရတရား ပျက်တတ်သည် မမေ့နဲ့) မမေ့နဲ့၊ မင်းတို့ မမေ့နဲ့ တဲ့။
သိကြားကတော့ သင်္ခါရတရား ပျက်တယ်တဲ့။ အဲဒီ သင်္ခါရရော၊ အပျက်ရော မရှိတာ နိဗ္ဗာန်ပဲ (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ ဘုရား)။
သိကြားကတော့ သင်္ခါရတရား ပျက်တယ်။ သူလည်း ဘုရားအတိုင်း မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
အဲဒီဖြစ်ပေါ်တဲ့ သင်္ခါရရော ပျက်မှုရော မရှိတာ နိဗ္ဗာန် ပဲလို့ သိကြားက ထပ်ပြီးသကာလ ပြောတယ် (မှန်ပါ့)။
သောတာပန် သိကြားမင်း
သိကြားကလည်း သာမည သိကြားမှ မဟုတ်ဘဲ။ တစ်နေ့ က ဟောပြီးပြီ၊ သောတာပန် တည်ပြီးသား သိကြား (မှန်ပါ့) ကိုယ်ကိုယ်တိုင် နိဗ္ဗာန်တွေ့ပြီးသား ကိုပေါ်ရေ (မှန်ပါ့)၊ ဒီ ပုဂ္ဂိုလ်က ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် သိကြားပြောတဲ့ စကားကတော့ဖြင့် ဒကာ၊ ဒကာမတို့ သင်္ခါရ ဆုံးအောင်လိုက်ပါ (မှန်ပါ့)။
မောင်နိုင် ဘာတဲ့ (သင်္ခါရ ဆုံးအောင်လိုက်ပါ ဘုရား) ဒါဖြင့် မောင်နိုင်တို့က သိပြီးသားပဲ။ ဪ သင်္ခါရ နယ်က မလွန်သေးတော့ ဒီလို ပျက်ရတာပဲဆိုတာ ပါသွားတာ ပဲ၊ မပါဘူးလား (ပါပါတယ် ဘုရား)။
သင်္ခါရနယ်က မလွန်သေးတော့ (ဒီလို ပျက်ရပါ တယ်) ဒီလို ပျက်ရတာပဲဆိုတာ မသုံးကြဘူးလား (သုံးကြပါ တယ်)။
ဒါဖြင့် ခင်ဗျားတို့လည်း ဒါသုံးတာပဲ၊ သင်္ခါရဆိုတာ ဖြစ်ပေါ်တာ၊ ဒီလို ပျက်ရတာပဲဆိုတာ ပျက်တာ (မှန်ပါ့)၊ ဖြစ်ပျက်ပဲ ခင်ဗျားတို့ ပြောနေတာ (မှန်ပါ့)။
မသာမှာ သုံးနေတယ်
ခင်ဗျားတို့က ဟို-မသာမှာ သုံးတာဖြစ်နေတော့ ခန္ဓာ ထဲမှာ ခဏခဏ သင်္ခါရတွေ ပျက်တာကိုတော့ မရှုမိဘဲနဲ့ မသာမှာသွားပြီး သုံးတဲ့စကား ဖြစ်နေတယ် (မှန်ပါ့)။
သြော် ဘယ်သူအနိစ္စရောက်လို့၊ အင်း ဘယ်သူ အနိစ္စ ရောက်လို့ပေါ့ ဆိုတော့ သြော် သင်္ခါရတရား ဟူသရွေ့ ဟာ ဒီမှာ လမ်းဆုံးတာပဲ ဆိုပြီးသကာလ အိမ်ပေါ်မှာ သွားပြီး သကာလ စားကာသောက်ကာနဲ့ အားလုံး ပြန်လာခဲ့ကြတယ် (မှန်ပါ့)။
ဝိပဿနာမှာ သုံးရမည့်တရား
သူတို့က ဝိပဿနာဘက် သုံးသလားတဲ့၊ မရဏာနုဿတိ ဘက် သွားသုံးသလား (မရဏာနုဿတိ ဘက်သွားသုံးပါတယ် ဘုရား)။
စင်စစ် သုံးရမှာက ဝိပဿနာဘက် သုံးရမှာ (မှန် ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားက ကြည့်လေ၊ သင်္ခါရတရား ပျက်တတ်သည်။ အဲဒါ မမေ့နဲ့ဆိုတော့ ဒကာ၊ ဒကာမတို့ ရှင်တုန်းသုံးတာ၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ၊ ဒကာမတို့ သင်္ခါရတရား၏ အဆုံးမှာ ရှိတယ် (မှန်ပါ့)။
နိဗ္ဗာန် ဘယ်မှာ ရှိပါလိမ့် (သင်္ခါရတရား၏ အဆုံးမှာ ရှိပါတယ် ဘုရား)။
ကောင်းပြီ၊ သင်္ခါရတရားဆိုတာ အကြောင်းတိုက် ဆိုင်တော့ မောင်နိုင်ရေ၊ သင်္ခါရတရားဆိုတာ ဒီလို လက်ခုပ် တီးကြည့်လိုက်၊ လက်ခုပ်တီး ကြည့်လိုက်တော့ အသံကလေး တစ်ခုတော့ လူတိုင်း ဖြစ်မှာပါပဲ (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
သို့သော် မေးပါရစေဦးတဲ့၊ ဒီတရားတစ်ပွဲလုံးနော် (မှန်ပါ)၊ ပထမ ညာဘက် လက်ဖဝါးထဲမှာ အသံပါသလားတဲ့ (မပါပါ ဘုရား)၊ ဘယ်ဘက် လက်ဖဝါးထဲမှာကော (မပါပါ ဘုရား) သြော် သူတို့နှစ်ခု ပြုပြင်လိုက်တာနဲ့ အသံရုပ် ဖြစ်လာ တယ် (မှန်ပါ)။
သူတို့နှစ်ခု ပြုပြင်လိုက်တာနဲ့ (အသံရုပ် ဖြစ်လာ ပါတယ်)။
အသံရုပ်ဖြစ်လာတော့ အဲဒါ ပျက်တယ် (မှန်ပါ့)၊ ဖြစ်ပေါ်လာတဲ့ ဖြစ်ပျက် (မှန်ပါ)။
ဒီအသံရုပ်ဟာ သူများ ပြုပြင်လို့ ဒီလက်နှစ်ခု ပြုပြင်လို့ ဖြစ်လိုက်တဲ့ အသံရုပ် ဖြစ်နေတော့ တော်တော်ကြာ မကြာ ဘူးဆိုတဲ့ အသံ ပျောက်သွားတယ် (မှန်ပါ့)၊ အသံရုပ်ဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ် (မှန်ပါ့)။
ဒါဖြင့် သင်္ခါရတရား ပျက်တယ်ဆိုတာကို ပြုပြင် လို့ ပေါ်လာတဲ့ အသံရုပ်တရားဟာ သင်္ခါရတရား (မှန်ပါ့)၊ တော်တော်ကြာ ကိုဝတို့ ကြားသေးရဲ့ လား (မကြားပါဘူး)။ မကြားတော့ ဘာဖြစ်သွားသတုံး (ပျက်သွားပါတယ်)။
ပြုပြင်လိုက် ပျက်လိုက်
အဲ ပြုပြင်လို့ ပေါ်လာတဲ့ တရားဟူသရွေ့ဖြင့် အပျက်မှာ လမ်းဆုံးတယ် (မှန်ပါ့)။ ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ်) ဒါဖြင့် အခု ဘုန်းကြီးတို့အားလုံး တရားနာကြ တဲ့ ဒကာ၊ ဒကာမတွေဟာ နေ့တိုင်းပဲအစားနဲ့ ပြုပြင်ကြ၊အဝတ် နဲ့ ပြုပြင်ကြ၊ ဥတုနဲ့ ပြုပြင်ကြ၊ ဆေးနဲ့ ပြုပြင်ကြ၊ ရေနဲ့ ပြုပြင် ကြ၊ မိုးနဲ့ ပြုပြင်ကြ၊ အနေအထိုင်နဲ့ ပြုပြင်ကြ၊ အထည်အလိပ် တွေ ခြုံကာရုံကာနဲ့ အနွေးအခါမှာ အနွေးနဲ့ ပြုပြင်ကြ၊ အအေးအခါမှာ အအေးဓာတ်ကို ကာကွယ်တာနဲ့ ပြုပြင်လိုက်၊ ပြုပြင်လုပ် ထားတဲ့ ခန္ဓာကိုယ်ကြီး (မှန်ပါ့)၊ ပြုပြင်လိုက်၊ ပျက်လိုက်နဲ့ (မှန်ပါ့)။
ပြုပြင်လိုက် (ပျက်လိုက်ပါ ဘုရား)၊ ပြုပြင်လိုက် (ပျက်လိုက်ပါ)၊တစ်သံသရာလုံး ဟာ ဒီအတိုင်း နေတယ် (မှန်ပါ့) တစ်သံသရာလုံးဟာ ဘယ်လို လာခဲ့ကြသတုံး (ပြုပြင် လိုက် ပျက်လိုက်နဲ့ပါ ဘုရား)။
တစ်သံသရာလုံး ပြုပြင်လိုက်၊ ပျက်လိုက်၊ ပြုပြင်လိုက် ပျက်လိုက်ချည့် လာတာပဲဆိုတာ သေချာကြပလား (သေချာ ပါပြီ)။
ဒါဖြင့် ဒီပြုပြင်လို့ ပျက်တာကြီးကို ကျုပ်တို့ ဆုံးအောင် ပြုပြင်မှ ပေါ်လာတဲ့ တရားအပျက်ကို ကျုပ်တို့သည် အဆုံးကို ရှာချင်တဲ့ ပုဂ္ဂိုလ်ဖြင့် ပြုပြင်လိုက် ပျက်လိုက်နဲ့ပဲ အမောဆိုက် နေမှာပဲ (မှန်ပါ့)၊ ဘယ်လို ဆိုကြမလဲ (ပြုပြင်လိုက် ပျက် လိုက်နဲ့ပဲ အမောဆိုက်နေမှာပါ ဘုရား)။
ကျောက်တွင်း တူးသလို
ကျောက်တွင်း တူးသလိုဖြစ်နေတယ် (မှန်ပါ့)၊ ရတာ ကလေး စားလိုက် ပြန်တူးလိုက်၊ ရတာကလေး စားလိုက် ပြန် တူးလိုက်ဆိုတော့ တူးလို့ပဲ မဆုံးနိုင်ဘူး (မှန်ပါ့) ဆုံးရဲ့ လား (မဆုံးပါ ဘုရား)။
ဟ ဘယ်တော့ ဒီကျောက်တွင်း အတွက် ခင်ဗျားတို့ ရပ်စဲပြီးမှာတုံးလို့ မေးတော့ အစားရပ်စဲရင် သူ ပြီးမှာပဲ (မှန် ပူ) အစားရပ်စဲရင် သူ ပြီးမှာပဲ (မှန်ပါ့) အစားရပ်စဲရင်တော့ (ပြီးမှာပါ)၊ ကျောက်တွင်းတူးက ရပ်စဲမယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ အစားမှ မရပ်စဲသေးရင် (မရပ်စဲ ပါ)၊ သဘောကျပလား (ကျပါပြီ)။
စားတဲ့အလုပ် ရပ်စဲရင် ဒီကျောက်တွင်းတူးတဲ့ အလုပ် ဟာ (ရပ်စဲမှာပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ထို့အတူပဲတဲ့၊ ဒီမှာလည်း ပြုပြင်လို့ပေါ်လာတဲ့ တရားကြီး ဟာ ပျက်ပျက် ပျက်ပျက် နေတာကို နောက်ထပ် ပြုပြင်ဦးမယ် ဆိုရင် ဒီအပျက် ပြန်ရဦးမှာပဲ (မှန်ပါ့)၊ နောက်ထပ် ပြုပြင် ဦးမယ်ဆိုရင် (ဒီအပျက် ပြန်ရပါမယ် ဘုရား)။
ဒါကြောင့် ပဋိစ္စသမုပ္ပာဒ်နဲ့ ကိုက်ကြည့်တော့မှ မောင်နိုင်၊ ရှင်းတယ် (မှန်ပါ့)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ အဲ မသိမှု အဝိဇ္ဇာကြောင့် သင်္ခါရ ပြုပြင်တယ်၊ မလာ ဘူးလား၊ (လာပါတယ်)၊ သင်္ခါရ ပေါ်မလာဘူးလား (လာ ပါတယ်)၊ သင်္ခါရပစ္စယာ (ဝိညာဏ်ပါ ဘုရား)။
ဟော ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး ပေါ်လာတယ် (မှန်ပါ့) ဒီအကြောင်း ရှာလိုက်တော့မှ သြော် ဒီအဝိဇ္ဇာနဲ့ ဒီသင်္ခါရ ရှိနေလို့ရှိရင် ဒီသင်္ခါရကနေ ပြုပြင်လို့ ပေါ်လာတဲ့ ခန္ဓာငါးပါး လာဦးမှာပဲ (လာဦးမှာပါ)၊ လာရင် ဘာဖြစ်မယ် ထင်သတုံး (ပျက်မှာပါ ဘုရား)၊ ကဲ မောင်နိုင် သဘောကျပလား (ကျပါပြီ ဘုရား)။
အဝိဇ္ဇာသင်္ခါရ ချုပ်ရင်
အဲဒီတော့ကို ဒီအဝိဇ္ဇာနဲ့ ဒီသင်္ခါရ ကျုပ်တို့ ချုပ်လို့ရှိရင်ဖြင့် ဒီဖြစ်မှုပျက်မှုကြီးဟာ ရပ်စဲသွားမှာပဲ (မှန်ပါ့)။ မရပ်စဲပေး ဘူးလား (ရပ်စဲပါတယ် ဘုရား)။
အဝိဇ္ဇာသင်္ခါရသာ ချုပ်မယ်ဆိုရင်ဖြင့် ဖြစ်မှုပျက်မှု ရပ်စဲသွားပါတယ်)၊ သင်္ခါရ အနိစ္စကြီးဟာ မောင်နိုင် ကုန်ရ မလား၊ မကုန်ရဘူးလား (ကုန်ရပါမယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီအဝိဇ္ဇာသင်္ခါရက အတိတ်ဘက်က ထား လိုက်တော့ အတိတ်က လာခဲ့တဲ့ အဝိဇ္ဇာသင်္ခါရ၊ နောက် ကျုပ် တို့သည် ပစ္စုပ္ပန်မှာ ဒီအဝိဇ္ဇာသင်္ခါရ မောင်နိုင်၊ မလာဘူးဆိုလို့ ရှိရင်ဖြင့် ဒီဝိညာဏ်ဆိုတဲ့ နောက်ခန္ဓာ လာဦးမလား (မလာတော့ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပစ္စုပ္ပန်မှာပေါ်တဲ့ အဝိဇ္ဇာသင်္ခါရ
ဒါဖြင့် အတိတ်က အဝိဇ္ဇာ သင်္ခါရ သတ်ရမှာလား၊ ပစ္စုပ္ပန်မှာ ပေါ်တဲ့ အဝိဇ္ဇာသင်္ခါရ သတ်ရမှာလား (ပစ္စုပ္ပန်မှာ ပေါ်တဲ့ အဝိဇ္ဇာ သင်္ခါရ သတ်ရမှာပါ ဘုရား)။
သေသေချာချာသဘောပါပြီ၊ ဒကာ၊ ဒကာမတို့ ဒီ ဥစ္စာ အင်မတန် အရေးကြီးတဲ့ တရားပါပဲ (မှန်ပါ့)။
ဒီအတိတ်က အဝိဇ္ဇာနဲ့ အတိတ်က သင်္ခါရကြောင့် လက်ရှိခန္ဓာကြီးပဲ ရ,ထားတော့ သူ့သတ်လို့ အပိုပဲ (မှန်ပါ)။
ယခု ကျုပ်တို့ ဆရာဘုန်းကြီး နည်းပေးနေတုန်း ဒကာ၊ ဒကာမတွေကလည်း ဒီခန္ဓာကြီး ဖြစ်ပျက်ကို အလုပ် လုပ်ရမယ်ဆိုတာ သိတုန်းကို ဒီအဝိဇ္ဇာသင်္ခါရ သတ်ရမှာပဲ (မှန်ပါ)။ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်အဝိဇ္ဇာသင်္ခါရ သတ်ရမှာတုံးလို့ မေးလို့ ရှိရင် ပစ္စုပ္ပန်မှာ အကြောင်း တိုက်ဆိုင်လို့ ပေါ်မည့် အဝိဇ္ဇာ သင်္ခါရ သတ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတွေ သင်္ခါရတရား ပျက်တတ် တယ်လို့ ရှုလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ) ဘုရားက သင်္ခါရတရား ပျက်တယ်လို့ ရှုပေးပါတဲ့၊ မမေ့ပါနဲ့ . (မှန်ပါ့) မမေ့ပါနဲ့ဆိုတာ ရှုပါ ဆိုတာပါပဲ (မှန်ပါ့)၊ ကိုစံလှ ဟုတ်ပလား ဟုတ်ပါပြီ)။
မမေ့ပါနဲ့ဆိုတာ ရှုပါလို့ဆိုတာ
ဘုရားက ဘာတဲ့ (သင်္ခါရတရား ပျက်တတ်သည် မမေ့ ပါနဲ့)၊ မမေ့ပါနဲ့ဆိုတာ ရှုပါဆိုတာပေါ့ (မှန်ပါ့)၊ ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ရှုတဲ့အခါကျတော့ ဒကာ၊ ဒကာမတွေက စဉ်းစားတာ ပေါ့တဲ့၊ ရှုတဲ့အခါကျတော့ သတိကလေးကလည်း သတိမဂ္ဂင်(မှန် ပါ့)၊ သတိထားလို့ ရှုဖြစ်တာကိုး (မှန်ပါ့)၊ သမာဓိကလည်း သမာဓိမဂ္ဂင်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဝီရိယကလည်း ဝီရိယမဂ္ဂင်လို့ (ဆိုနိုင်ပါတယ်)၊ ကျန်တဲ့ ဥစ္စာက သမ္မာသင်္ကပ္ပ မဂ္ဂင် (မှန်ပါ့)၊ အမြင်က သမ္မာဒိဋ္ဌိဟုတ်လား (မှန်ပါ့)။
သမ္မာဒိဋ္ဌိဆိုတော့ ဒကာ၊ ဒကာမတွေ စဉ်းစားလိုက်တဲ့ အမှန်မြင်တဲ့ တရားပဲ မဟုတ်လား (မှန်ပါ့)၊ အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။
ဒကာ၊ ဒကာမတို့ ရှုနေတာက သင်္ခါရတရား၊ ပျက် တတ်တာ ရှုနေတာက ဒီပြင်ဟာတွေက အခြံအရံတွေပါတဲ့၊ ခေါင်းဆောင်က ဝိဇ္ဇာက ခေါင်ဆောင် ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာက ခေါင်းဆောင်ဖြစ်နေသလဲ (ဝိဇ္ဇာက ခေါင်း ဆောင်ဖြစ်နေပါတယ် ဘုရား)။
ဝိဇ္ဇာက ခေါင်းဆောင် ဖြစ်နေတယ်လို့ ဘုရားက မဖော် ပါဘူး (မှန်ပါ)၊ အခု ဘုန်းကြီး ဒကာ၊ ဒကာမတို့ ရှေ့ပိုင်း က ဘုရားဖော်ပြီးသားမို့ ပြန်ဖော်တာ (မှန်ပါ့)၊ သူပရိနိဗ္ဗာန် စံကာနီး ကျတော့ ဒါကို မဖော်တော့ဘူး မောင်နိုင် (မှန်ပါ့။ သင်္ခါရတရား ပျက်တတ်သည်၊ မမေ့ရစ်နဲ့၊ ဒါနဲ့ပဲ ပရိနိဗ္ဗာန်စံ သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ အခု မမေ့ရစ်နဲ့ဆိုတဲ့ အထဲမှာ ကျုပ်တို့ ဝိဇ္ဇာပါ မပါ (ပါပါတယ် ဘုရား)။
ဝိဇ္ဇာနဲ့ ရှုနေတော့ အဝိဇ္ဇာချုပ်တယ်
သမ္မာဒိဋ္ဌိတည်းဟူသော ဝိဇ္ဇာဟာလေ “ဒုက္ခ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ” ဝိဇ္ဇာ မပါဘူးလား (ပါပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဝိဇ္ဇာနဲ့ ရှုနေတော့ မောင်နိုင် အဝိဇ္ဇာက မချုပ်ဘူးလား (ချုပ်ပါတယ်)၊ ချုပ်တော့ သူ့အပေါင်းအဖော် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကလည်း (ချုပ်ပါတယ်)၊ သင်္ခါရပစ္စယော ဒီဘက် ခန္ဓာငါးပါး ဝိညာဏ်ကကော (ချုပ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် တို့ရှုနေတာ အဝိဇ္ဇာသင်္ခါရ ချုပ်အောင် လုပ်နေတာပဲ (မှန်ပါ)၊ အဝိဇ္ဇာသင်္ခါရ ကြောင့် ဒီခန္ဓာ သစ္စာ ကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊
အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ဘယ့်နှယ် နေသတုံး (ပေါ်ပါတယ် ဘုရား)၊ ပေါ်တယ်ဆိုတော့ ရှုနေတဲ့ ပုဂ္ဂိုလ်မှာ အဝိဇ္ဇာသင်္ခါရချုပ်တဲ့အလုပ် လုပ်နေတယ် (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (အဝိဇ္ဇာသင်္ခါရချုပ်တဲ့ အလုပ် လုပ်နေပါတယ် ဘုရား)။
ဟုတ်ပါရဲ့လားလို့ဆိုတော့ ဖြစ်ပျက်ကို မြင်တာက ခေါင်းဆောင်ကတော့ဖြင့် ဝိဇ္ဇာမဂ္ဂင်က မြင်တာပဲ(မှန်ပါ့)၊ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဖြစ်ပျက်မြင်တာက (ဝိဇ္ဇာမဂ္ဂင်က မြင်တာပါ) ဝိဇ္ဇာ မဂ္ဂင်က မြင်တယ်ဆိုရင် သေချာပလား (သေချာပါပြီ)။
ဝိဇ္ဇာမဂ္ဂင်က ဒီခန္ဓာငါးပါးထဲက တစ်ပါးပါး ဖြစ်နေ တယ်၊ ပျက်နေတယ်၊ ဖြစ်နေတယ်၊ ပျက်နေတယ်ဆိုတာ မမြင် ဘူးလား မြင်ပါတယ် ဘုရား)။
ဒါဖြင့် ဝိဇ္ဇာလာတော့ အဝိဇ္ဇာက ချုပ်ရတယ် (မှန်ပါ့)၊ အဝိဇ္ဇာချုပ်တော့ သင်္ခါရက ငါ့ချည်း လာဦးမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ)၊ အဝိဇ္ဇာအကြောင်းရှိမှ သင်္ခါရက ဖြစ်ရမှာကိုး (မှန်ပါ့)။
သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ ဝိဇ္ဇာပဲ
ဒါဖြင့် အဝိဇ္ဇာ ချုပ်အောင်လုပ်တာ ဘယ်သူတုံးလို့ မေး ရင် ဘယ့်နှယ်ပြောကြမလဲ (ဝိဇ္ဇာပါ)၊ ဝိဇ္ဇာပဲ၊ ရှုတဲ့ ဝိဇ္ဇာ ရှုတဲ့ သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ ဝိဇ္ဇာပဲ (မှန်ပါ့)၊ ရိပ်မိကြပလား . (ရိပ်မိပါပြီ)။
အဲဒီတော့ ဝိဇ္ဇာက လာတော့ အဝိဇ္ဇာယတွေဝ ဆိုတဲ့ အတိုင်း အဝိဇ္ဇာ ချုပ်သွားတာပဲ၊ အဝိဇ္ဇာနိရောဓာ ဆိုတော့ သူနဲ့ ပတ်သက်တဲ့ သင်္ခါရက ဒီဘက်ကလည်း ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)။
ဒါဖြင့် နောက် ခန္ဓာတည်းဟူသော ဝိညာဏ်တရားတွေ မောင်နိုင် (ချုပ်သွားပါတယ်)၊ ချုပ်ရမယ်၊ သဘောကျပ လား (ကျပါပြီ)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ သင်္ခါရတရား ပျက်တတ် သည်။ ဘုရားက ရှုပါ ရူပါ ဆိုတာသည် အဝိဇ္ဇာ သင်္ခါရ အချုပ်ခိုင်းတာ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာ အချုပ်ခိုင်းတာပါလိမ့် (အဝိဇ္ဇာသင်္ခါရ အချုပ် ခိုင်းတာပါ ဘုရား)။
ဒါဖြင့် မရှုတဲ့ပုဂ္ဂိုလ် ကိုပေါ်တို့၊ မောင်နိုင်တို့ စဉ်းစား ပါလား၊ ဝိဇ္ဇာ မပေါ်တော့ဘဲနဲ့ အဝိဇ္ဇာသင်္ခါရပဲ သူ့သန္တာန်မှာ ရှိနေမယ်ဆိုတာ မသေချာဘူးလား သေချာပါတယ် ဘုရား)
ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ အလုပ်လုပ်မှ ခရီး ပေါက်မယ်ဆိုတာကော (သေချာပါတယ် ဘုရား)၊ သေချာ ပြီနော် (သေချာပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အလုပ်လုပ်မှ ခရီးပေါက်နိုင်မည် ဆိုတာသည် ကဲ မောင်နိုင်၊ ရှုလိုက်တဲ့ အခါကျတော့ ဒါ ကလေးတွေ ခန္ဓာငါးပါးထဲက တစ်ပါးပါး ဝေဒနာရှုရင် ဝေဒနာ ဖြစ်ပျက်မြင်ကြမှာပဲ (မှန်ပါ့)၊ စိတ်ရှုရင် စိတ်ဖြစ်ပျက် မြင် ကြမှာပဲ (မှန်ပါ့)၊ ရုပ်ရှုရင် ရုပ်ဖြစ်ပျက်ဆိုတဲ့ အနိစ္စ မမြင် ကြ ပေဘူးလား (မြင်ရပါတယ် ဘုရား)။
မြင်တဲ့အခါကျတော့ ဝိဇ္ဇာနဲ့ မြင်တာလား၊ အဝိဇ္ဇာနဲ့ မြင်တာလား (ဝိဇ္ဇာနဲ့ မြင်တာပါ ဘုရား)။
ဝိဇ္ဇာဆိုတာ သမ္မာဒိဋ္ဌိ (မှန်ပါ့)။ မရှုပ်စေနဲ့၊ သမ္မာဒိဋ္ဌိမဂ္ဂင်ကို တချို့နေရာ ဝိဇ္ဇာလို့ ခေါ်တယ် (မှန်ပါ့)၊ သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိမဂ္ဂင်ကို (ဝိဇ္ဇာလို့ ခေါ်ပါတယ် ဘုရား)၊ ဝိဇ္ဇာလို့ လည်း ခေါ်နိုင်ပါတယ်။ တချို့နေရာကျတော့ ဘယ်လိုသုံးလိုက် သလဲ၊ သမ္မာဒိဋ္ဌိ(မှန်ပါ့)၊ တချို့ နေရာကျတော့ (ဝိဇ္ဇာပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒီခန္ဓာကိုယ်ထဲမှာ ဝိဇ္ဇာမဂ္ဂင် ရောက်လာက တည်းက မောင်နိုင်ရေ၊ အဝိဇ္ဇာချုပ်လို့ သင်္ခါရ ချုပ်တယ် (မှန်ပါ့) မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် သင်္ခါရတရား ပျက်တတ်သည်၊ အဲဒါ မမေ့နဲ့ဆိုတာ မင်းတို့ မမေ့လို့ရှိရင် အဝိဇ္ဇာသင်္ခါရ ချုပ်ပါလိမ့်မယ် (မှန် ပါ့)။ အဝိဇ္ဇာသင်္ခါရ ချုပ်လို့ရှိရင်ဖြင့် ဝိညာဏ်တည်းဟူသော ခန္ဓာငါးပါးကြီးဟာ မချုပ်ပါနဲ့ဆိုလို့ ရသေးရဲ့ လား(မရပါ ဘုရား)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သင်္ခါရတရား ပျက်တတ်သည် မမေ့ပါနဲ့ ဆိုတဲ့ ဥစ္စာကို အဝိဇ္ဇာသင်္ခါရကို ချုပ်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်မို့ သြော် သူ့အကျိုး သူသိပြီး သကာလ နေရှာတာကိုး ဆိုပြီးသကာလ ဝမ်းသာတော်မူတယ် (မှန်ပါ့)။ သူ့ဒုက္ခ သူသိမ်းနေတာကိုး ဆိုပြီး သကာလ ဒကာ၊ ဒကာမတို့ ဝမ်းသာတော်မူတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဒုက္ခကြီးပွားရေး ကြိုးစားနေ
ဒါဖြင့် ဒကာ၊ ဒကာမတို့သည် အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် များကျတော့ တိုက်တွန်းတယ်လို့လည်း မအောက်မေ့ပါနဲ့၊ ဒါ စကားစကို နားထောင်ကြည့်၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်း နေတာလားတဲ့၊ ဒုက္ခ ကြီးပွားရေး၊ ကြိုးစား နေတာလား မေးကြရင် ဘယ့်နှယ်ပြော ကြမလဲ(ဒုက္ခကြီးပွားရေး ကြိုးစား နေတာပါ ဘုရား)။ ဒုက္ခကြီး ပွားရေး ကြိုးစားနေတာ မှတစ်ပါး ဘာပါသေးသတုံး (ဘာမှ မပါပါ ဘုရား) ဖြစ်ပျက် မရှုတဲ့ ပုဂ္ဂိုလ်များလေ (မှန်ပါ)။
ဒါဖြင့် ဒုက္ခဆိုတာ ကို စဉ်းစားစမ်း၊ ကြီးပွားကောင်း တာလား၊ ဇာတ်သိမ်း ကောင်းတာလား (ဇာတ်သိမ်း ကောင်းတာပါ ဘုရား)။
ဇာတ်သိမ်းကောင်းတာကို ဒကာ၊ ဒကာမတွေက အလုပ် မလုပ်ဘဲ နေတော့ ဝိဇ္ဇာက မလာတော့ အဝိဇ္ဇာနဲ့ သင်္ခါရက တွဲလျက်ကြီး ခန္ဓာထဲ ရောက်မနေဘူးလား (ရောက်နေ ပါတယ် ဘုရား)။
ရောက်နေတော့ ဝိညာဏ်ဆိုတဲ့ ဒုက္ခသစ္စာကြီး “ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဆိုတာကြီးဟာ တစ်စုံ တစ်ပုံကြီး မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သူ ဘာလုပ်နေတာပါလိမ့်မတုံး မေးလို့ရှိရင် ဒုက္ခကြီးပွားရေး ကြိုးစားနေတာ (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဒုက္ခကြီးပွားရေး ကြိုး စားနေတာပါ ဘုရား)။
အဲဒီတော့ ဒုက္ခကြီးပွားရေး ကြိုးစားနေတဲ့ ပုဂ္ဂိုလ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြိုက်နိုင်ပါရဲ့ လား (မကြိုက်နိုင်ပါ ဘုရား)၊ ဒုက္ခချုပ်အောင် ကြိုးစားနေတဲ့ပုဂ္ဂိုလ် ကျတော့ (ကြိုက်ပါတယ် ဘုရား) အင်မတန် ဝမ်းသာလိမ့်မယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ သိကြားနဲ့ ဘုရားသာ တွဲကြပေတော့ (မှန်ပါ့)၊ သိကြားနဲ့ဘုရား ယနေ့တွဲပြီး သကာလ ပြပါတယ်။
ဒကာ၊ ဒကာမတို့ သိကြားနဲ့ ဘုရား၊ ဘုရားက အရင် ဟောတယ် (မှန်ပါ့)၊ ဘုရားက အရင်ဟောတယ်ဆိုတာ သဘော ကျပလား(ကျပါပြီ)။
သင်္ခါရတရား ပျက်တတ်တယ် အဲဒါ မမေ့နဲ့
ဘုရားက သင်္ခါရတရား ဘာတဲ့တုံး (ပျက်တတ်သည်)၊ အဲ့ဒါကို (မမေ့နဲ့တဲ့)၊ ဒါ ဘုရား ဟောသွားတယ် (မှန်ပါ့)။
ဒီနောက်ကို ဘုရားသည် တရားဟောသေးသလား (မဟောတော့ပါ ဘုရား) မဟောတော့ဘူး၊ ဒကာ၊ ဒကာမတို့ ဒါကလေး ပြောပြီးတော့ မဟောတော့ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
သူ ဟောတဲ့တရား မေ့စရာ ရှိသေးသလား (မရှိပါ ဘုရား)၊ သင်္ခါရတရား(ပျက်တတ်သည်)၊ အဲဒါကို မမေ့နဲ့ ရှင်း ပလား (ရှင်းပါပြီ)။
သင်္ခါရတရား ပျက်တတ်သည်၊ အဲဒါ မမေ့နဲ့၊ မမေ့နဲ့၊ မမေ့နဲ့၊ အဲဒါ မမေ့နဲ့ ဆိုပြီးသကာလ ဘုရားသည် တရားဟောမှာ ဖြင့် ဒါ ဇာတ်သိမ်းတရား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။
နောက် ဇာတ်သိမ်းပြီးသကာလ ကိုယ်တော်မြတ်ကြီး အကြောင်း ရှင်အနုရုဒ္ဓါမေးပြီး သိကြားတွေ ဘာတွေက အရှင် ဘုရား၊ ဘုရားဟာ အခု ဝိညာဏ်ချုပ်ပလား၊ မချုပ်သေးဘူး လား၊ မချုပ်သေးဘူး သိကြား၊ နောက်တော့ ဈာန်တွေ ဝင်စား ရာမှ ချုပ်ပြီလားဆိုတော့ ဟာ ဒကာသိကြား ချုပ်သွားပြီ၊ မရှိတော့ဘူး ဆိုတော့မှ သူက အနိစ္စာဝတ သင်္ခါရာ ရွတ်တာကိုး (မှန်ပါ)။
အနိစ္စာဝတ သင်္ခါရာ ဘယ်သူ ရွတ်ပါလိမ့် ဒကာ၊ ဒကာမတို့ (သိကြား ရွတ်ပါတယ် ဘုရား)၊ သိကြားက ရွတ်တာ၊ သိကြားက ရွတ်တာ၊ မဟာပရိနိဗ္ဗာနသုတ်မှာ ဒီအတိုင်းလာပါတယ် (မှန်ပါ့)၊ မဟာပရိနိဗ္ဗာနသုတ် ဆိုပြီးသကာလ သင်္ဂါယနာ တင်ထားတာ ရှိသေးတယ် (မှန်ပါ့)။
ဝတ=ဧကန္တေန စင်စစ်၊ သင်္ခါရာ=ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရတရားဆိုတော့ ဒကာ၊ ဒကာမတွေက တခြားရှာ မနေနဲ့။ ဪ ဒီခန္ဓာဆိုတာပါကလားလို့ မှတ်လိုက် (မှန်ပါ့)၊ ဒီခန္ဓာ ငါးပါးဆိုတာပဲ။
ပြုပြင်လို့ ပေါ်လာတဲ့ တရားဟာ တခြားလား (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။ ဒီခန္ဓာငါးပါးပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ခန္ဓာငါးပါးမှာ ဖြစ်တာနဲ့ ပျက်ပဲ ရှိတယ်
အနိစ္စက ဒီခန္ဓာငါးပါးမှာ တကယ်ရှိ၊ တကယ် သူ့မှာ ရှိတာ ပြောစမ်းပါဦးလို့ ဆိုလို့ရှိရင် ဥပ္ပါဒနဲ့ ဝယပဲ ရှိတယ်(မှန် ပါ့)။ ခန္ဓာငါးပါးမှာ တကယ်ရှိတာက (ဥပ္ပါဒနဲ့ ဝယပဲရှိတယ်)၊ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာရှိသတဲ့လဲ (ဥပ္ပါဒနဲ့ ဝယပဲ ရှိတယ်) ဖြစ်တာနဲ့ ပျက်တာပဲရှိတယ် ဆိုတဲ့ဥစ္စာ သေချာပလား (သေချာပါပြီ)။
ဒါဖြင့် ဥပ္ပါဒဝယ ဓမ္မိနော=ဖြစ်ခြင်းပျက်ခြင်းသာ သူ့သဘောရှိတယ်။ (မှန်ပါ)၊ ယောက်ျား မိန်းမ သဘော ပါသေးသလား (မပါပါ ဘုရား)၊ ပုဂ္ဂိုလ်သတ္တဝါ သဘော (မပါပါ ဘုရား)၊ ခင်စရာ မင်စရာ သဘော (မပါပါ ဘုရား)။
မပါပါဘူး။ ဒကာ၊ ဒကာမတွေက သေသေချာချာ စဉ်းစားပါ။ ဖြစ်တာနဲ့ပျက်တာပဲ ရှိတယ်လို့ သေသေချာချာ ပြောနေတာပဲ (မှန်ပါ့) ဉာဏ်နဲ့ မောင်နိုင်၊ စူးစူးစိုက်စိုက် ကြည့်ရင်လည်း ဒါပဲ တွေ့မယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။
ယောက်ျား တွေ့သလား၊ မိန်းမ တွေ့သလား (မတွေ့ ပါ ဘုရား) ငါ တွေ့သလား၊ သူ တွေ့သလား၊ ဘာတွေ့သတုံး (ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ပါတယ် ဘုရား)၊ ဖြစ်တာနဲ့ ပျက်တာ ပဲတွေ့တယ်။ ဉာဏ်သမားမှာဖြင့် ဒါပဲ ရှိတယ် (မှန်ပါ့)။
ဉာဏ်သမားမှာဖြင့် ဒါပဲရှိတယ် (မှန်ပါ့)၊ ခုနင်က အဝိဇ္ဇာသမားတွေကတော့ ယောက်ျား တွေ့တယ်၊ မိန်းမ တွေ့ တယ်လို့ သူပြောချင်လည်း ပြောလိမ့်မယ် (မှန်ပါ့)၊ သူက ဉာဏ်မှ မပါဘဲကိုး (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတွေ ဥပ္ပဇ္ဈိတွာ ဖြစ်ပြီး၍ နိရုဇ္ဈန္တိ ဘာတုံး (ချုပ်ကုန်၏)၊ ဪ ဖြစ်ချုပ်ပဲ ရှိတယ်၊ ထပ်ပြောတာ (မှန်ပါ့)။
ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်သည် ချမ်းသာစစ်
ကိုစံလှ ဘာပြောပြန်သတုံး (ဖြစ်ချုပ်ပဲ ရှိပါတယ် ဘုရား) “တေသံ ဝူပသမော သုခေါ” တေသံ= ထိုဖြစ်ချုပ်နှစ်ခု တို့၏။ ဝူပသမော= မရှိတဲ့ နိဗ္ဗာန်သည်။ ဝူပသမော ဆိုတာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ဆိုတာနော် (မှန်ပါ့)၊ သုခေါ= ချမ်း သာတယ်။
ဒီဖြစ်ပျက်နှစ်ခု မရှိတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ)။ အဲဒါ ချမ်းသာစစ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဖြစ်ပျက်မရှိတာ (နိဗ္ဗာန်ပါ ဘုရား)၊ အဲဒါဘာတဲ့တုံး (ချမ်းသာအစစ်ပါ)၊ ချမ်းသာအစစ်ပဲ ဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုန်းကြီးက နေ့တိုင်းလိုလို သတိပေးတယ်။ ဖြစ်ပျက်များ ဆုံးကြပလားကွ၊ ယောဂီပုဂ္ဂိုလ်တွေ မမေးဘူးလား (မေးပါတယ် ဘုရား)။
ဖြစ်ပျက်များ ဆုံးကြပလားဟေ့၊ ဖြစ်ပျက်ပဲ တွေ့တုန်းပဲလား၊ ဖြစ်ပျက်ပဲ မုန်းတုန်းပဲလား၊ အပျက်ကလေးတွေချည့်ပဲ များ တွေ့ နေသေးသလား၊ ဒီအပျက်ကလေးတွေပဲ လျစ်လျူရှု နေရသေးသလား၊ ဉာဏ်တွေ အမျိုးမျိုးအဖုံဖုံ မေးတာပေါ့ဗျာ (မှန်ပါ့)။ မဆုံးကြသေးဘူးလား ဆိုတာ ကို မေးထိုက် မမေး ထိုက် (မေးထိုက်ပါတယ် ဘုရား)၊ ရှင်းကြရဲ့လား (ရှင်းပါ တယ် ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ နိဗ္ဗာန်မရောက်သေးဘူးလားလို့ မေးတာ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။
နိဗ္ဗာန် မင်း မမြင်ရသေးဘူးလားလို့ မေးတာပါပဲ ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးမနေနဲ့ ဒီခန္ဓာ မရှိတာကို ဆိုတာ (မှန်ပါ့)။
ကိုယ့်ဒုက္ခ ချုပ်ငြိမ်း ရုပ်သိမ်းတာကို သိတာ
ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ သြော် ဒုက္ခ သစ္စာမရှိတာကိုး၊ ကိုယ့်ဒုက္ခမရှိတာကို ကိုယ်သိရမယ်(မှန်ပါ့)။
ကိုစံလှ ဘာတုံး (ကိုယ့်ဒုက္ခ မရှိတာကို ကိုယ်သိရပါ မယ် ဘုရား) ကိုယ့်ဒုက္ခ မရှိတာ ကိုယ်သိရပါတယ် (မှန်ပါ့)။
သြော် နိဗ္ဗာန်ဆိုတာ မသေခင် တွေ့ရတာက ဘယ် လိုများပါလိမ့်မတုံးဆိုတော့ မောင်နိုင်ရေ သံသယ မရှိနဲ့တော့ (မှန်ပါ့)။ ကိုယ့်ဒုက္ခ ချုပ်ငြိမ်း ရုပ်သိမ်းတာကို သိတာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်ဒုက္ခ ချုပ်ငြိမ်း ရုပ်သိမ်းတာကို ကိုယ်ရှုလိုက်တဲ့ အခါကျတော့ ဖျပ်ဆို ချုပ် ချုပ်သွားတယ် (မှန်ပါ့)၊ အင်း ဖြစ်ပျက်ကလေးတွေ ချုပ်ချုပ်သွားတယ်၊ တေသံ-ထိုဖြစ်ပျက် နှစ်ပါးတို့၏၊ ဝူပသမော- ချုပ်ဆုံးတဲ့ နိဗ္ဗာန်သည်၊ သုခေါချမ်းသာ၏လို့ သိကြားက သေသေချာချာ ဟောတယ် (မှန်ပါ့)။
ဘုရားကတော့ ဖြစ်ပျက် မမေ့ရစ်နဲ့တဲ့၊ သူကတော့ ဖြစ် ပျက်ဆုံးအောင် လိုက်ပါ (မှန်ပါ့)၊ သူက ဒါကလေး သွင်းလိုက်တာပါပဲ (မှန်ပါ့)။
သို့သော်လည်း ဘုရားက ရှင်စဉ်အခါက ဟောပြီးသား ဂါထာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ရှင် စဉ်အခါက ဟောပြီးသား ဂါထာကို သူက ဘုရား ပရိနိဗ္ဗာန်စံပြီး မှ ပြန်ရွတ်တာပဲ ရှိတယ် (မှန်ပါ့)။
ဒါဖြင့် သိကြား ရွတ်တဲ့ ဂါထာက ဒီဖြစ်ပျက်ဆုံးရင် ဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)။
တေသံ-ထိုဖြစ်ပျက်မှုတို့၏၊ ဝူပသမော-မရှိတဲ့ နိဗ္ဗာန်သည် သုခေါ-ချမ်းသာ၏ (မှန်ပါ့)။ ဒကာ၊ ဒကာမတို့ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန် တွေ့မယ်
ဖြစ်ပျက် မရှိတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။ အဲဒါကို တစ်ခါ ဘယ်လို ထပ်ဖွင့်သလဲ (ချမ်းသာပါတယ်)၊ ချမ်းသာတယ်ဆိုတာ ဒါပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဒီခန္ဓာကိုယ် ပျက်တတ်သည်၊ အဲဒါ မမေ့နဲ့မှာခဲ့တယ် (မှန်ပါ့ ဘုရား)၊ သိကြားကတော့ အဲဒီဖြစ်ပျက် ဆုံးအောင်လိုက် ရင် နိဗ္ဗာန် တွေ့ပါလိမ့်မယ် (မှန်ပါ့)။
ဒီဖြစ်ပျက်ဆုံးအောင် လိုက်သွားရင် (နိဗ္ဗာန် တွေ့ပါ လိမ့်မယ် ဘုရား)၊ နိဗ္ဗာန် တွေ့ပါတယ် ဆိုတော့ နိဗ္ဗာန်သည် ဖြစ်ပျက်အဆုံးမှာ နေပါတယ် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (နိဗ္ဗာန်သည် ဖြစ်ပျက်အဆုံး မှာ နေပါတယ် ဘုရား)။
နိဗ္ဗာန်သည် ဖြစ်ပျက်အဆုံးမှာ နေတယ်ဆိုတာ ဒကာ၊ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဖြစ်ပျက် မြင်အောင် ကြည့်ပါ
ဒါဖြင့် ခင်ဗျားတို့ အလုပ်စဉ်ကို ဘုန်းကြီး ခဏခဏ ပြောတာက ဖြစ်ပျက်မြင်အောင်ကြည့် မောင်နိုင်ရေ ဆိုတော့ ပရိနိဗ္ဗာန် စံကာနီး ဟောတဲ့တရား ဟောတာ (မှန်ပါ့)။
ဖြစ်ပျက်မြင်အောင် ကြည်ပါလို့ ကိုစံလှတို့ မဆုံးမဘူး လား (ဆုံးမပါတယ် ဘုရား)၊ ဘာမြင်အောင် ကြည့်ရမလည်း (ဖြစ်ပျက်မြင်အောင် ကြည့်ရပါမယ် ဘုရား)။အဲဒါ ပရိနိဗ္ဗာန် စံကာနီး ဟောတဲ့ တရား ဟောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်မုန်းအောင် ကြည့်ပါ
ဖြစ်ပျက် မုန်းအောင်ကြည့် ဆိုတာ ရှင်စဉ်အခါတုန်းက နိဗ္ဗိန္ဒဉာဏ်ကို ဘုရားက ဟောခဲ့တယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဖြစ်ပျက်ကို ကြည့်ဖန်များရင် မုန်းရမှာပဲ (မှန်ပါ့)၊ ဒီမုန်းတဲ့အထဲမှာ ဥဒယဗ္ဗယ ဘင်္ဂတွေ အကုန်ပါသွား တယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)။
ဖြစ်ပျက် ဆုံးအောင်ကြည့်
နောက်ကျတော့ ဖြစ်ပျက်ဆုံးအောင် ကြည့်ပါလို့ တစ်ခါ မမှာဘူးလား (မှာပါတယ် ဘုရား)။
သုံးခုတည်း မှာတာပဲ၊ ဘုန်းကြီးလည်း မများပါဘူး၊ ဘုရားဟောတာလဲ ဉာဏ်သုံးဆင့်နဲ့ ဟောထားလို့ ဒါပဲ ဟောပါတယ်နော် (မှန်ပါ့)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ ဖြစ်ပျက်မြင်ရင် ယထာဘူတ ဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက်မုန်းရင် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)၊ ဖြစ်ပျက်ဆုံးရင် (မဂ်ဉာဏ်ပါ ဘုရား)၊ မဂ်ဉာဏ်ဆိုတော့ အင်မတန် ကျေနပ်ဖို့ ကောင်းပါတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ကို အဝေးကြီးလို့ နဂိုက ထင်မိပါတယ် (မှန်ပါ့)၊ စောစောနဲ့ ရောက်လိမ့်မယ် လို့လည်း မောင်နိုင်တို့လည်း မထင်မိပါဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
သြော် ဒီအနားလောက် ရှိမှန်းမှ မသိဘဲကိုး၊ အင် မတန် ဝေးတယ် ထင်နေတာကိုး (မှန်ပါ့)။ အခုတော့ဖြင့် ပါဠိတော်တွေ အမျိုးမျိုးနဲ့ ဘုရာသခင် ကိုယ်တော်မြတ်ကြီး ပြတာ အင်မတန် ရှင်းလင်းပြီး သကာလ နေတော့ တေသံ= ထိုဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော = မရှိတဲ့ နိဗ္ဗာန်သည်။ သုခေါ=ချမ်းသာတာပဲ ဆိုတော့ နိဗ္ဗာန် သူပေါ်နေတယ် (မှန်ပါ့)။
နိဗ္ဗာန် ဘယ်အနားမှာ ရှိပါလိမ့်မတုံးလို့ အမေးထုတ်လို့ ရှိရင် ဖြစ်ပျက်အဆုံးမှာ ရှိတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ရှိတယ်
ဖြစ်ပျက်အဆုံးမှာ (နိဗ္ဗာန် ရှိပါတယ် ဘုရား)၊ နိဗ္ဗာန်ရှိ တယ်ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)၊ ဖြစ်ပျက် ကလည်း သေသေချာချာကြည့်တော့ ဒကာ၊ ဒကာမတို့ ကိုယ့်အလံ နဲ့ကိုယ်လံရင် လေးတောင်သာ ရှိပါတယ် (မှန်ပါ့)။
ကျုပ်တို့က ဆံပင်ဖျား ကစပြီး၊ ခြေဖျားကျအောင် မောင်နိုင်၊ ကိုယ့်အလံနဲ့ ကိုယ်လံရင် လေးတောင်ပဲ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒီအထဲမှာ ဖြစ်ပျက် ရှုရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက် အဆုံးဟာလည်း ဒီလေးတောင် အဆုံး မှာ ရှိမှာပဲ (မှန်ပါ)။
ဖြစ်ပျက်က လေးတောင်ခန့် ရှိလို့ရှိရင်ဖြင့် ဖြစ်ပျက် အဆုံး နိဗ္ဗာန်က ဘယ်နားရှိမတုံး (လေးတောင် အဆုံးမှာ ရှိပါမယ် ဘုရား)။ လေးတောင်အဆုံးမှာ ရှိမှာဆိုတော့ လေးတောင် တစ်လက်မလား၊ လေးတောင် နှစ်လက်မလား၊ ဒီလိုလုပ် မနေနဲ့ (မှန်ပါ့)၊ လေးတောင် ပျောက်သွားတဲ့ အခါမှာ ဒီလေးတောင် နေရာမှာ ပေါ်လာတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လေးတောင် ပျောက်သွားလို့ရှိရင် (လေးတောင်နေရာ မှာ ပေါ်လာပါတယ်)၊ လေးတောင်နေရာမှာ ပေါ်လာတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
သြော် ဒါဖြင့် ကျုပ်တို့ ဒုက္ခ ခံနေလို့ နိရောဓ ငုပ်နေ တယ် (မှန်ပါ့)၊ သေသေချာချာ မှတ်ပါ၊ ဒီဥစ္စာရှေ့က ဒုက္ခ ဖုံးနေလို့ နိရောဓ မမြင်ရတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
ရှေ့က ဘာဖုံးနေသတုံး (ဒုက္ခ ဖုံးနေပါတယ် ဘုရား)။ ဒုက္ခ ဖုံးနေတော့ နိရောဓ နိဗ္ဗာန် (မမြင်ရပါ ဘုရား)။
ဪ ဒါဖြင့် မောင်နိုင်၊ ဒီလိုလုပ်ကြပေတော့ ၄ ကို ၄နဲ့ စားလိုက်တော့ (သုညပါ)၊ ၄ကို ၄နဲ့ စားလိုက်ရင် ကုန်ရော (မှန်ပါ့)၊ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။
၄ ကို ၄ နဲ့ စားလိုက်ရင် (ကုန်သွားပါတယ် ဘုရား)၊ အင်း ၄ကို ၄ နဲ့ စားလိုက်တော့ ကုန်သွားတာပဲတဲ့၊ ဒီမှာလည်း ဒကာ၊ ဒကာမတို့ ခန္ဓာငါးပါးကို မဂ္ဂင်ရှစ်ပါးနဲသာ စားပစ်လိုက် တော့(မှန်ပါ့)။ ခန္ဓာငါးပါးကို မဂ္ဂင်ရှစ်ပါးနဲ့ စားပစ်လိုက်တော့ ဖြစ်ပျက်တွေ ကုန်မသွား ပေဘူးလား (ကုန်သွားပါတယ် ဘုရား)။
အဲ ဖြစ်ပျက်တွေ ကုန်သွားတော့ လေးတောင်စလုံး ကုန်သွားလိမ့်မယ် (မှန်ပါ့)၊ ခန္ဓာက လေးတောင်ရှိတာကိုး(မှန် ပါ့)၊ လေးတောင်စလုံး ကုန်သွားတော့ ဒီနေရာမှာ နိဗ္ဗာန်ဟာ လေးတောင် ပေါ်လာမှာပဲ (မှန်ပါ့)၊ ဘာပေါ်လာသတုံး (လေးတောင်, လေးတောင် ပေါ်လာပါတယ် ဘုရား)၊ အဲ ၄ ကို ၄ နဲ့ စားလိုက်တဲ့ အခါကျတော့ ပေါ်လာသလိုပေါ့ လေ၊ လေးတောင်စလုံး ပျောက်သွားပြီး သကာလ လေးတောင်ပျောက်တာ ပေါ်လာသလို (မှန်ပါ)၊ ဒကာ၊ ဒကာမတို့ ခြေလည်း ရှာမတွေ့ဘူး၊ ခေါင်းလည်း ရှာမတွေ့ဘူး၊ သဘောကျပလား (ကျပါပြီ)။
ခြေတွေ၊ ခေါင်းတွေ (ရှာမတွေ့ပါ ဘုရား)၊ ရှာမတွေ့ တော့ဘူးဆိုသဖြင့် ခြေတို့၊ ခေါင်းတို့ဟာ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာ ပျောက်သွားတဲ့ နေရာမှ လေးတောင်နေရာမှာ နိရောဓသစ္စာ လေးတောင် ပေါ်တယ်လို့ မောင်နိုင်တို့ မှတ်လိုက် (မှန်ပါ့)။
ဒုက္ခသစ္စာလေးတောင် ပျောက်တဲ့နေရာမှာ (နိရောဓ သစ္စာလေးတောင် ပေါ်ပါတယ် ဘုရား)။
သြော် ဒါဖြင့် ဒကာ၊ ဒကာမတွေ စဉ်းစဉ်းစားစားနဲ့ တရားကို နာကြည့်ပါတဲ့ ဪ နိဗ္ဗာန်ကို ဘယ်သူ ကွယ်နေပါလိမ့်မလဲ (ဒုက္ခသစ္စာ ကွယ်နေပါတယ် ဘုရား)၊ ဒုက္ခသစ္စာ ကွယ်နေတယ် (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာ ဆုံးသွားတော့ နိရောဓသစ္စာ ပေါ်လာတယ်
ဒုက္ခသစ္စာ ဆုံးသွားတော့ နိရောဓသစ္စာ ဖျပ်ဆို ပေါ်လာ တယ် (မှန်ပါ့)။
ဒါဖြင့် နိရောဓသစ္စာ ဘယ်သူ ကွယ်နေပါလိမ့် (ဒုက္ခ သစ္စာ ကွယ်နေပါတယ် ဘုရား)၊ မှတ်ထား မှတ်ထား၊ ဒီဥစ္စာ ဘယ်တော့မှ မပြောသေးဘူးနော် (မှန်ပါ့)။
နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန် ဘယ်သူ ကွယ်နေပါလိမ့် (ဒုက္ခသစ္စာ ကွယ်နေပါတယ် ဘုရား)၊ ဒုက္ခသစ္စာ ကွယ်နေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
တစ်ခါ ဒုက္ခသစ္စာဆိုတဲ့ ဖြစ်ပျက်တောင် မတွေ့တဲ့ ပုဂ္ဂိုလ်ကျတော့ အဝိဇ္ဇာ ကွယ်နေတယ်လို့ မှတ်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဆရာဘုန်းကြီးသည် ခင်ဗျားတို့ကို ဘယ် လောက်ထိအောင် ဖယ်ဖယ်ပြီး သကာလ ပေးနေရတယ်ဆိုတာ ပထမ အဝိဇ္ဇာကို ဖယ်ပေးရတယ် (မှန်ပါ့)၊ အဝိဇ္ဇာ ရှိနေပြန် ရင် ဖြစ်ပျက်ကို မတွေ့နိုင်ဘူး။ တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။
အဝိဇ္ဇာရှိနေရင် (ဖြစ်ပျက်ကို မတွေ့နိုင်ပါ ဘုရား)။
သူကလည်း နည်းတဲ့မှောင်တိုက်မှ မဟုတ်ဘဲ (မှန်ပါ့)။ ဒီရှိတဲ့ဥစ္စာတွေ အကုန်မမြင်အောင် ဖုံးထားတယ် ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် အဲဒါကိုလည်း ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ်များမှာ ဆရာဘုန်းကြီး ပေးတာကို မှတ်ရမယ် (မှန်ပါ့)၊ အဝိဇ္ဇာ ဖယ်ချပေးလိုက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဆရာမပါရင် မပြီးပါဘူး
ဒါကြောင့် သောတာပန် တည်ချင်လို့ရှိရင် ဆရာ မပါ ရင် မပြီးပါဘူး ဆိုတဲ့ဥစ္စာ မောင်နိုင် ကျေနပ်ပလား ကျေနပ် ပါပြီ ဘုရား)။
ဘာဖယ်ပေးရသလဲ (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာ ဖယ်ပေးနေတယ် (မှန်ပါ့)၊ ဖယ်ပုံဖယ်နည်း ပေးတာနော် (မှန်ပါ့)။
သွားပြီးသကာလ ဥပမာ မောင်နိုင်တို့ သန္တာန်ရှိတဲ့ အဝိဇ္ဇာကို ယူပြီးသကာလ ဖယ်တာတော့ မဟုတ်ဘူး၊ ဖယ်နည်း ပေးရတယ် (မှန်ပါ့)၊ မပေးရဘူးလား (ပေးရပါတယ် ဘုရား)။
ဖယ်နည်းပေးတော့ ဝေဒနာကလေး ပေါ်ရင် ကြည့်စမ်း ပါကွ၊ နာသလား၊ ယားသလား၊ အဲဒါကလေး ကြည့်ကွဆိုတော့ ယားတာကလေးတွေ တွေ့ပြီဘုရား၊ နာတာကလေးတွေ တွေ့ပြီ။ ဘုရား၊ အဲဒါ ဝေဒနာတွေ့ပြီကွ (မှန်ပါ့)၊ ကောင်းတာ ကလေးလည်း မင်း မတွေ့ဘူးလား၊ တွေ့ပါပြီဘုရား၊ အဲဒါဝေဒနာ တွေ့ပြီကွဆိုတော့ အရင်တုန်းက မတွေ့တာတွေဟာ ဘယ်လို ယားယား၊ ဘယ်လိုနာနာ၊ ငါတွေ သူတွေ ထင်နေတာကိုး (မှန်ပါ့)၊ ဝေဒနာကို တွေ့ လိုက်ကဲ့လား (မတွေ့ပါ ဘုရား)၊ အခုတော့ ဝေဒနာကလေးတွေ မှတ်လိုက်ဆိုတော့ ငါ သူ တည်းဟူသော အဝိဇ္ဇာတွေက ဘယ်နှယ့်နေသတုံး (ချုပ်ပါတယ် ဘုရား)။
တရားနာမှ အဝိဇ္ဇာ ဖယ်နိုင်တယ်
အဲဒီအဝိဇ္ဇာကို ဖယ်ပေးတာကတော့ တရားနာမှ ဖယ် နိုင်ကြတယ် (မှန်ပါ့)၊ တရားမနာတဲ့ ပုဂ္ဂိုလ်က (မဖယ်နိုင် ပါ ဘုရား)၊ မဖယ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါ ပြီ)၊ ဒါဖြင့် ၁-နံပါတ် ဖယ်ပေးတာက ဆရာ့တာဝန် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
၂-နံပါတ် ဖယ်ရမှာက ယောဂီတာဝန် (မှန်ပါ့)၊ ၁နံပါတ် ဖယ်ပေးရမှာ (ဆရာ့တာဝန်ပါ ဘုရား)။
၂-နံပါတ်ဆိုတဲ့ ဖြစ်ပျက်ကြီးကိုတဲ့ ရှုဖန်များလို့ရှိရင် ဖြင့် ဖြစ်ပျက်တွေ ဆုံးသွားမှာပဲ (မှန်ပါ့)၊ မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။
အဲဖြစ်ပျက်တွေ ဆုံးသွားတော့ ဒါကတော့ ကိုယ့်ဟာကိုယ် ဖယ်မှ ရမယ်(မှန်ပါ့)၊ ကိုယ့်ဟာကိုယ် ဒီဥစ္စာ ဒုက္ခသစ္စာမှ အစစ်ပါပဲ ဆိုတဲ့ ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချလိုက်မှ သူက ဖျပ်ဆို လေးတောင် ချုပ်သွားမှကိုး မောင်နိုင်ရ (မှန်ပါ)၊ လေးတောင်ပြည့်တဲ့ ခန္ဓာကြီး မပျောက်ပေဘူးလား (ပျောက်ပါ တယ် ဘုရား)။
လေးတောင်ရှိတဲ့ ခန္ဓာကြီး ပျောက်သွားတဲ့ အခါကျတော့ လေးတောင်ရှိတဲ့ သြော် ဒုက္ခ လုံးဝမတွေ့ တော့ ပါလားဆိုတဲ့ ဒီဉာဏ်ဟာ ဒုက္ခ လုံးဝမတွေ့တာနဲ့ တည့် မနေပေဘူးလား (တည့်နေပါတယ် ဘုရား)။
ဒါဖြင့် လေးတောင် ပျောက်ရင် ဒကာ၊ ဒကာမတို့ လေး တောင်သာ ပျောက်ပစေ၊ နိဗ္ဗာန် ရောက်လာတာပဲ၊ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်သည် ခန္ဓာနဲ့ စပ်နေတယ်
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ၊ ဒကာမတို့ သေသေချာချာ မှတ်ပါ၊ ခန္ဓာနဲ့ စပ်နေတယ် လို့မှတ် (မှန်ပါ့)၊ ဟောဒီ ခန္ဓာ ငါးပါးနဲ့ (စပ်နေပါတယ် ဘုရား)၊ စပ်နေတော့ကို နိဗ္ဗာန်နဲ့ ခန္ဓာနဲ့ ဟာက စပ်နေတယ်လို့ ဆိုရင် မလွဲပါဘူး(မှန်ပါ့)။ သဘောကျပ လား (ကျပါပြီ ဘုရား)။
ဘာကြောင့်တုံးဆိုတော့ ခန္ဓာပျောက်သွား ပြန်တော့လည်း နိဗ္ဗာန်က ပေါ်ပေါက်လာတယ် (မှန်ပါ့)။
ခန္ဓာပျောက်တော့ (နိဗ္ဗာန် ပေါ်ပေါက်ပါတယ် ဘုရား)၊ ခန္ဓာပျောက်တော့ နိဗ္ဗာန်က ပေါ်ပေါက်လာတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့သည် ခန္ဓာမတွေ့တဲ့ပုဂ္ဂိုလ်ဖြင့် ခန္ဓာ ဖြစ်ပျက်ကိုမှ မတွေ့တဲ့ပုဂ္ဂိုလ် ခန္ဓာ ပျောက်ဖို့ အရေး ဝေးပါသေး ရဲ့ (မှန်ပါ့)။
မြတ်စွာဘုရားနဲ့သိကြား တွဲဟောသောနေ့
ခန္ဓာမှ မပျောက်လို့ ရှိရင်လည်း နိဗ္ဗာန်ရောက်ဖို့ အရေး ဝေးပါသေးရဲ့ (မှန်ပါ့)။ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ သိကြားနဲ့ ဘုရား တွဲဟောတဲ့ နေ့ဖြစ်သောကြောင့် ဘုရားက သင်္ခါရတရား ပျက်တတ်သည်။ ဘာတဲ့တုံး (မမေ့ကြနဲ့)။
သိကြားက ပရိနိဗ္ဗာန် စံပြီးသောအခါကျတော့ နောက် ထပ် သင်္ခါရတရားဆုံးအောင် လိုက် လိုက် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
သင်္ခါရတရားဆုံးအောင်သာ လိုက်လို့ရှိရင် အသင်္ခတ ဓာတ် နိဗ္ဗာန်မြတ်ဆိုတာ သင်္ခါရတရား အဆုံးမှာရှိတယ် (မှန် ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားက ဘာတဲ့တုံး
ဒါဖြင့် ဘုရားက ဘာတဲ့တုံး (သင်္ခါရတရားပျက်တတ် သည် မမေ့နဲ့)၊သင်္ခါရတရား မမေ့နဲ့၊ သူကတော့ ဝိပဿနာ ခရီးပြတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာ လမ်းဆုံးကျတော့ သိကြားကနေ ကူလိုက်ပါ တယ် (မှန်ပါ့)။
သူ့အတ္တအနောမတိနဲ့ ကူတာလား၊ ဘုရားဆီက နည်းယူ ထားပြီး ကူတာလား (ဘုရားဆီက နည်းယူထားပြီး ကူတာ ပါ ဘုရား)။
အဲဒီ သင်္ခါရအဆုံး လိုက်လိုက်ပါ (မှန်ပါ့)၊ အဲဒါ ဘယ်သူက ကူတာပါလိမ့် (သိကြားက ကူတာပါ ဘုရား)။
ဒါဖြင့် ဘုရားက သင်္ခါရတရား ပျက်တတ်သည်။ (မှန်ပါ့)၊ သိကြားက သင်္ခါရတရား အဆုံး လိုက်လို့ရှိရင် နိဗ္ဗာန်ပဲ ဆိုတာ သိကြားက ကူပေးလိုက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ဒါဖြင့် ခင်ဗျားတို့ ဘုရားကိုလည်း မမေ့ပါနဲ့။ သိကြား ကူညီတာကိုလည်း (မမေ့ပါနဲ့)။
သိကြားက ဘယ်လို့ ကူလိုက်သတုံး
သိကြားက ဘယ်လို ကူလိုက်သတုံး (သင်္ခါရတရား ဆုံးအောင် လိုက်ပါတဲ့ ဘုရား)၊
သင်္ခါရတရား ဆုံးအောင်လိုက်၊ အဲဒါ နိဗ္ဗာန်ပဲလို့ သူက ကူလိုက်တယ် (မှန်ပါ့)၊ ဒီလို ဆိုလိုက်တော့ ကျုပ်တို့မှာ ဘာလို နေသေးသတဲ့ ဘာမှ မလိုပါ ဘုရား)၊ အကုန်ပြည့်နေပြီ (မှန်ပါ့)၊ ဖြစ်ပျက်လည်း တွေ့အောင် ရှာတတ်ပြီ၊ ဖြစ်ပျက်အဆုံး လည်း (တွေ့အောင် ရှာတတ်ပါပြီ ဘုရား)၊ တွေ့အောင် ရှာတတ်ပြီ ဆိုတာ မောင်နိုင်၊ နှစ်ဉာဏ် မရဘူးလား (ရပါတယ်)၊ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ရသွားတယ် (မှန်ပါ့)။
ဝိပဿနာဉာဏ်
သင်္ခါရတရား ပျက်တတ်သည်လို့ ရှုတဲ့ဉာဏ်ကတော့ ဘာဉာဏ် ခေါ်ကြမယ် (ဝိပဿနာဉာဏ်ပါ)၊ သဘောကျပ လား (ကျပါပြီ ဘုရား)။
သင်္ခါရ ဆုံးအောင် လိုက်ပါဆိုလို့ ဆုံးသွားတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမလဲ (မဂ်ဉာဏ်ပါ ဘုရား)၊
မဂ်ဉာဏ်လာတာချည့်ပဲ
ဒါဖြင့် ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပဲရှိတယ် (မှန်ပါ့)။ကိုစံလှ ဘယ်နှစ်ဉာဏ်ရှိသလဲ (နှစ်ဉာဏ် ရှိပါတယ် ဘုရား)။
အဲ ဝိပဿနာ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာ ဉာဏ်လာပြီး မဂ်ဉာဏ်လာတာ ချည်းပဲ ဆိုတာကိုလည်း တစ်ထစ် ချသာ မှတ်ပါတော့၊ သေချာပါပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။