အမိအဖပြောင်းကြပါစို့
အသံဖိုင်ခေါင်းစဉ်= ကံအမိကံအဖမှဉာဏ်အမိဉာဏ်အဖသို့ပြောင်းကြရန်
စာအုပ်ခေါင်းစဉ်= အမိအဖပြောင်းကြပါစို့
အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသော တရားတော်
အမိအဖပြောင်းကြပါစို့
ဟောကြားသည့်နေ့
(၁၇-၄-၆၀)
နှစ်ဆန်းတစ်ရက်နေ့
ဒီနေ့ ဘာနေ့တုံးလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင်ဖြင့် နှစ်ဆန်းတစ်ရက်နေ့ ပြောကြမှာပဲ၊ မပြောကြပေဘူးလား (ပြောမှာပါ ဘုရား)၊ နှစ်ဆန်းတစ်ရက်နေ့ဆိုတာ နှစ်ပြည့်ပြီးတဲ့ နောက် တစ်ရက်စွန်းလာတာလို့ ဆိုကြရမှာပဲ (မှန်ပါ ဘုရား)။
နှစ်တော့ဖြင့် ပြည့်သွားပြီ၊ တစ်ရက်က ပိုစွန်းလာပြီ ဆိုတော့၊ ဒါဘာနဲ့ မှတ်ကြသတုံးလို့ မေးတဲ့ အခါကျတော့ ညဉ့်နဲ့ မှတ်ကြတယ်နော်၊ ညဆိုတဲ့ ညဉ့်ပေါ့လေ (တင်ပါ) အဲဒီ ညဉ့်နဲ့ အမှတ်အသား ထားကြတယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဪ ညဉ့်ကုန်သွားလို့ ဒီဘက်တစ်ရက် စွန်းလာ တာပဲ သဘောကျပလား (ကျပါတယ် ဘုရား) ညဉ့်ကုန်သွား တာနဲ့၊ ညတစ်ည ကုန်သွားတာနဲ့ ဒီဘက် တစ်ရက်စွန်းလာတယ်၊ မနေ့ညက ညတစ်ည ကုန်သွားတော့ ဒီဘက် မိုးလင်းလာတော့ တစ်ရက်စွန်းသွားပြီဆိုတာ လူတိုင်းသိတယ် (မှန်ပါ့)။
နှစ်ဆန်းတစ်ရက်ဆိုတာ
ဒါကြောင့် နှစ်ဆန်းတစ်ရက်ဆိုတာ ဒကာ ဒကာမတွေ အားလုံးကပဲ သမုတ်ကြတယ်၊ ဒီနှစ်ဆန်းတစ်ရက် သည်ကားလို့ ဆိုရင် ဘယ့်နဲ့ကြောင့် ဒီတစ်ရက် ဖြစ်လာပါလိမ့်မတုံးမေးတော့၊ အိုး ညဉ့်ကုန်သွားလို့ လွန်ခဲ့တဲ့ညက ကုန်သွားလို့ ဒီဘက် တစ်ရက်စွန်းလာတာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့်၊ ဒါဖြင့် ညဉ့်ကုန်သွားလို့ တစ်ရက်စွန်း လာတော့ ဒီညဉ့်သည်ကားလို့ ဆိုလို့ရှိရင်၊ ဒကာ ဒကာမတို့ အစ္စယန္တိ အဟောတတ္တာ လို့ ဘုရားက ဟောလိုက်တယ်။
ဒီညဉ့်ကုန်သွားတော့ မင်းတို့ကတော့ဖြင့် သော် မိုးလင်းသွားပြီ၊ မနေ့ညတစ်ညဉ်ကြီးက ကုန်သွားပြီ (၁၂) နာရီ၊ အင်း ဒီဘက် မိုးလင်း (၆) နာရီ (၇) နာရီဘက် ရောက်လာ ပြီ၊ တစ်ရက် စွန်းလာပြီ ဆိုတော့ မင်းတို့ကတော့ဖြင့် မသိကြ ပေဘူး၊ မင်းတို့ နေစရာ ကံကုန်တာကွလို့ ဘုရားက ဟောလိုက် တယ် (မှန်ပါ ဘုရား)။
နေစရာကံကုန်တာ
ဘယ်လိုဟောပါလိမ့် (နေစရာကံကုန်တာပါ ဘုရား) နေစရာ ကံကုန်တာကွ – တဲ့၊ ဒကာ ဒကာမတွေ ဘာဖြစ်တာ တဲ့တုံး (နေစရာကံကုန်တာပါ ဘုရား) နေစရာကံကုန်တာ ဆိုတော့ နေဖို့ရာ ကံအားနည်းသွားပြီ ပြောတာ (မှန်ပါ)။
ညဉ့်ကနေပြီး ပြောလိုက်တာ ညဉ့်ကနေပြီး မင်း ဟော တစ်ရက်စွန်းလာပြီကွ၊ ငါတည်းဟူသော ကံတွေကလို့ဆိုရင် အားနည်းပြီလို့ ပြောတာ (မှန်ပါ့) မနည်းဘူးလား (နည်းပါတယ် ဘုရား)။
မယုံရင် စဉ်းစားကြည့်ပါ ခင်ဗျားတို့၊ လေးနဲ့ပစ်ပစ်၊ သားရေပတ်လေးနဲ့ပစ်ပစ်၊ ရိုးရိုးလေးနဲ့ပဲ ပစ်ပစ်၊ တော်တော် ဝေးသွားတဲ့အခါကျတော့ အရှိန်ဟာ ဘယ့်နဲ့တုံး အားမပျော့ ဘူးလား (ပျော့ပါတယ် ဘုရား)။
ဒီမှာလည်း အရှိန်အားပျော့တယ်ဆိုတော့ ဥပမာ သားကောင်ပဲထားပါတော့၊ သားကောင် မှန်တဲ့ အခါမှာ သိပ်ပြီး ထိထိခိုက်ခိုက် နာနာကြီးကြီး ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) ဘာ့ကြောင့်တုံး (အားပျော့လို့ပါ ဘုရား) ဝေးသွားလို့နော်။
ကံအားနည်းလာပြီ
မြှားရှိန် ဝေးသွားလို့ အားပျော့သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်၊ ဒီမှာလည်း ကံအရှိန်က ခင်ဗျားတို့ ပေးခဲ့ရတာက (၆၀) ရှိတဲ့ ပုဂ္ဂိုလ်မှာ (၁) ကစပြီး (၆၀) ကျအောင် ညဉ့်တွေ လတွေနဲ့ ကံအရှိန်ပေးရတာ ကံအားတော့ နည်းပြီလို့ ပြောတာပဲ (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာနည်းတာပါလိမ့် (ကံအားနည်း တာပါ ဘုရား) ကံအားနည်းတော့ကို ကံကြောင့် အသက်ရှည် နေတဲ့ ပုဂ္ဂိုလ်၊ ကံအားနည်းနည်းလာတော့ ကိုယ်က ဆုံးဖြတ် ချက် ချပါလား သေလုနီးပြီဟ၊ သေလုနီးပြီဟဆို တစ်ရက် တိုးတာ သေလုနီးတာပဲ (မှန်ပါ)။
သေမည့်ဘက် တစ်ရက်တိုးသွားပြီ
တစ်ရက်တိုးတာ ဘယ်လိုဆိုကြပါ့မတုံး (သေလုနီးတာ ပါ ဘုရား) အဲဒါ ဒကာ ဒကာမတွေ စဉ်းစားရမယ်၊ သော် ညဉ့်တစ်ညဉ့်ကုန်ပြန်တော့ သေမည့်ဘက် တစ်ရက်တိုးသွားပြီ နီးသွားပြီ၊ ကံက အားနည်းသွားပြီ ကံက နောက်က အားပေး နေတဲ့ကံက အားနည်းမသွားဘူးလား (နည်းသွားပါတယ် ဘုရား)။
ကံကြောင့် အသက် ရှည်နေကြတာကို၊ အဲဒိကံက ညဉ့်တွေ ကုန်လေလေ သူက ဘယ့်နှယ် ဖြစ်လေလေတုံး (အားနည်းပါတယ် ဘုရား) အားနည်းလေလေဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့၊ အင်း နေချိန်ထက် သေချိန်က နီးတော့တယ်ဆိုတာကို ဘယ်သူ့မှ ဗေဒင်မေးမနေနဲ့၊ ကျွန်တော် အိုဇာတာ ကောင်းလား ဘာလားလို့ မေးမနေနဲ့၊ အို ဇာတာ ကောင်းတယ်ဆိုတာ ပုဏ္ဏားက မြှောက်ပြော၊ ဗေဒင်ဆရာက မြှောက်ပြော ယုံမနေနဲ့ သေဘက်သာ နီးတာပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အိုလာတယ် ဆိုတာသည် ဘယ်နီးတာတုံး (အသေ ဘက်နီးတာပါ ဘုရား) အသေဘက် နီးတာကို ကျွန်တော် အို ဇာတာ ကောင်းပါ့မလားလို့ သွားမေးနေရင် ရူးလို့ မေးတာပဲ (မှန်ပါ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
မင်းကောင်းစားစရာ မြင်သေးလား
ဘယ့်နဲ့ဆိုကြမတုံး (ရူးလို့မေးတာပါ ဘုရား) အိုပါတယ် ဆိုတဲ့ဥစ္စာကွာ မင်းကံကုန်လို့ တစ်နေ့တစ်ခြား အိုလာတာ၊ သေခါနီးတဲ့ဥစ္စာ မင်းကောင်းစား စရာများ မြင်သေးလားလို့ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ချက်ချဖို့ သိပ်ကောင်းပါတယ် (မှန်ပါ ဘုရား) မကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် အခု တစ်ရက်စွန်းလာတာ ဘာများ အားလျော့ သွားတယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကံအားလျှော့သွားပြီ
ဘယ်သူအားလျော့သတုံး (ကံအားလျော့သွားတာပါ ဘုရား) ကံအားလျော့သွားပြီဆိုတော့ သော် ဒီကံကြောင့် ကံက အားနည်း အားနည်းလာပြီဆိုတော့၊ ဒကာ ဒကာမတို့ သေချိန် နီးတယ်လို့ ပြောတာပါပဲ (မှန်ပါ ဘုရား) ရှင်းပလား ) (ရှင်းပါပြီ ဘုရား)။
သေချိန်နီးလို့ရှိရင် ဆရာဘုန်းကြီးက ဘယ်လို ဆုံးမ ရသတုံးလို့ ဒကာ ဒကာမတွေ မေးလို့ ရှိရင်၊ ဒကာ ဒကာမတို့ သေချိန်နီးတာကို ခင်ဗျားတို့က မသိငြားသော်လည်း ညက ပြောသွားပြီ၊ ညက တစ်ညကုန်ပြီလို့ ပြောသွားပြီ (မှန်ပါ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။
မင်းသေချိန်နီးပြီ
အဲတော့ ညက တစ်ညကုန်ပြီပြောတာ ဒီနေ့တစ်ည လာပြန်တယ်ဆိုတော့၊ ဒီနေ့ တစ်ညကနေ နက်ဖြန် မနက်ကျတော့ မင်းသေချိန် ပိုနီးပြီလို့ ပြောပြန်တာပဲ (မှန်ပါ)။
ညအထိမ်းအမှတ်တွေက မပြောဘူးလား (ပြောပါတယ် ဘုရား) အဲဒါတွေ သေချာ ဉာဏ်နဲ့ စဉ်းစားလိုက်တော့မှ၊ ဪ ငါတို့သည် ဘယ်လိုနေပါလိမ့်မတုံး ဆိုတော့၊ ဒကာ ဒကာမတို့ တောထဲ တောင်ထဲမှာ ရှိတဲ့ ရေအိုင်ကလေးတွေ မြင်ဖူးကြပါလိမ့်မယ် (မြင်ဖူးပါတယ် ဘုရား)။
ရေအိုင်ကလေးဆိုတာ အခုဆို နေပူလာရင် တစ်နေ့ တခြား မခန်းဘူးလား (ခန်းပါတယ် ဘုရား) သို့သော် အဲဒီထဲမှာ ရှိတဲ့ ငါးကလေးတွေကတော့ဒကာ ဒကာမတို့ အတောင်လေးနဲ့ ယက်လို့၊ အမြီးလေးနဲ့ခတ်လို့ ဟိုပြေးလိုက်၊ ဒီလွှားလိုက်၊ ရေအိုင်လေးထဲ ပျော်ကြတာပေါ့ဗျာ (မှန်ပါ)။
ရေကတော့ ဘယ် နဲ့ဖြစ်နေတုံး၊ တစ်နေ့တခြား ခန်းနေတယ်၊ ရေက ဘယ့်နဲ့နေတုံး (တစ်နေ့တခြား ခန်းနေ ပါတယ် ဘုရား) ရေက တစ်နေ့တခြား ခန်းတယ်၊ ငါးက ပျော်တုန်း ရှိသေးတယ်၊ ဒကာ ဒကာမတို့ ရေက ဘယ့်နဲ့နေတုံး (တစ်နေ့တခြား ခန်းနေပါတယ် ဘုရား) ငါးကကော ဘယ့်နဲ့ နေတုံး (ပျော်နေပါတယ် ဘုရား)။
ကုန်းပေါ်ကနေ ကြည့်ကြပါလား ဒီ ဒကာ ဒကာမ တွေက၊ ဪ တိရစ္ဆာန်မို့ ပျော်နေတာ၊ နက်ဖြန် သန်ဘက် ဆိုလို့ရှိရင် ရေခန်းရင် ကျီးတို့၊ လင်းတတို့၊ စွန်တို့၏ အစာတော့ သေချာ ဖြစ်တယ်၊ သူတို့ ဘယ်မှ မပြေးနိုင်ဘူး (မှန်ပါ)။
ကံရေတွေ ခန်းကုန်ပြီ
ပြေးနိုင်ပါ့မလား (မပြေးနိုင်ပါ)။ အဲဒီမှာလည်း ထိုနည်း တူ ဒီငါးလေးတွေသည်ကားလို့ ဆိုရင်၊ ဒကာ ဒကာမတို့ ဘုန်းကြီးတို့ကရော ကိုယ့်ကိုယ်ကို ဒကာ ဒကာမတွေကရော ကုန်းပေါ်က ထိုင်ကြည့်ပါ။ ကိုယ့်သက်တမ်းလေး ကုန်းပေါ် ကနေ ကြည့်တော့ တစ်နေ့တခြား ညဉ့်တွေက ကုန်တော့ ကံရေတွေ ခန်းကုန်တာ (မှန်ပါ) ကံတည်းဟူသော ရေတွေ ဘယ့်နဲ့ဖြစ်ကုန်တုံး (ခန်းကုန်တာပါ ဘုရား)။
ဒါဖြင့် ငါးနဲ့တူတဲ့ ကျုပ်တို့ ခန္ဓာကိုယ်ကြီးဟာ အသက် ရှည်ဖို့ များသလား၊ တိုဖို့များသလား (တိုဖို့များပါတယ် ဘုရား) ဘာဖြစ်လို့တုံး (ကံရေခန်းသွားလို့ပါ ဘုရား) ကံတည်းဟူသော ရေတွေ ခန်းကုန်လို့ ငါးများလိုပဲ။
အဲဒါတောင် ဒကာ ဒကာမတွေက မရိပ်မိတော့ သားနဲ့ပျော်လိုက်၊ သမီးနဲ့ပျော်လိုက်၊ ပစ္စည်း ရှာဖွေပြီး ပျော်လိုက်၊ ရောင်းဝယ်ဖောက်ကား အမြတ်အစွန်းလေးရလို့ ပျော်လိုက် ဆိုတဲ့ဥစ္စာ ဪ ဘာပျော်ပါလိမ့်မတုံးသာ မေးဖို့ လိုတော့ တယ် (မှန်ပါ ဘုရား)။
ငါးပျော် ပျော်နေကြတယ်
ရေခန်းခါနီး ပျော်တဲ့ ငါးပျော် ပျော်နေတာ (မှန်ပါ) ဘယ့်နဲ့ဆိုကြမတုံး (ငါးပျော် ပျော်နေတာပါ ဘုရား) ရေခန်းခါနီး ပျော်နေတဲ့ ဘာတုံး (ငါးပျော်ပါ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒီငါးလေး ပျော်တာဟာ လူမို့လား တိရစ္ဆာန်မို့ ပျော်နိုင်တာလားလို့ မေးကြည့်တော့၊ နွေခါကြီးပဲ တစ်နေ့တခြား ခန်းပြီး ဒီဥစ္စာ ဒီကန်ထဲမှာပဲ အသက်ပျောက်ရမယ်ဆိုတာ ငြင်းစရာ မလိုတော့ပါဘူး (မှန်ပါ) လိုသေးလား (မလိုတော့ပါဘူး ဘုရား)။
အဲဒိ မလိုတဲ့ဥစ္စာကိုပဲ ပျော်နိုင်သေးတယ်၊ အတောင် လေးခတ်ပြီး ဟိုကွေ့ပြီးပြေးလိုက်၊ အင်း ရှေ့ထိုးပြေးလိုက် ခေါင်းကလေးဖေါ်ပြလိုက်၊ အမြီးလေးထောင်ပြီး ငါ့ပြလိုက်နဲ့၊ ဪ ဒီငါးလေးဟာ ကျုပ်တို့ ပညာရှိတွေက ကုန်းပေါ် ကနေ ကြည့်ပြီဆိုမှဖြင့် သူမို့ပျော်နိုင်တာ နက်ဖြန် သန်ဘက် ဒီရေကုန်မယ် (မှန်ပါ) မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)။
ကုန်ရင် ဒီငါးဟာ ဘယ်သူ့အစာဖြစ်မတုံး၊ ကျီးတို့၊ စွန့်တို့၏ အစာဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား) သူဘာဖြစ်လို့ ပျော်နေရှာပါလိမ့်မတုံး (မသိလို့ပါ ဘုရား) မသိလို့ ပျော်နေကြတာ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဒီ ဒကာ ဒကာမတွေကော ဘယ်သူ့ကြောင့် အသက် ရှင်နေတုံး (ကံရေကြောင့် အသက်ရှင် နေတာပါ ဘုရား) ဒီ ကံရေက ညတွေ ကုန်လေလေ အင်း ကံရေက ဘယ့်နှယ်နေတုံး (ခန်းလေလေပါ ဘုရား)။
လူ့တိရစ္ဆာန်မို့ ပျော်နိုင်တာ
ခန်းတဲ့အထဲမှာ ဆွေနဲ့မျိုးနဲ့၊ သားနဲ့သမီးနဲ့၊ အရောင်းနဲ့ အဝယ်နဲ့ ပျော်ရွှင်နေကြတဲ့ ဒကာ ဒကာမတွေကို စဉ်းစား လိုက်လို့ရှိရင်၊ သော် ငါး တိရစ္ဆာန်မို့ပျော်တာ၊ ဒီတိရစ္ဆာန် မဟုတ်ပဲနဲ့ ပျော်နိုင်ကြတာ၊ သူတော်ကောင်းအလုပ် မလုပ်ပဲ နေနိုင်ကြတယ်ဆိုတာ လူ့တိရစ္ဆာန်မို့ ပျော်နိုင်တာပဲ (မှန်ပါ) သဘောပါပလား (ပါပါတယ် ဘုရား)။
ဘယ်လိုကြောင့်တုံး (လူ့တိရစ္ဆာန်မို့ ပျော်နိုင်တာပါ ဘုရား) လူ့တိရစ္ဆာန်မို့ ပျော်နိုင်ကြတာပဲ ဆိုတာ ဒကာ ဒကာမ တို့ ငြင်းဖို့များ လိုသေးလား (မလိုပါဘူး ဘုရား)။
ဒါဖြင့်ဗျာ လူရယ်လို့ဆိုရင် လူစိတ်ပေါက်ကြပါတော့ ဆိုတာကို ပြောရပြန်တယ် (မှန်ပါ) လူရယ်လို့ ဆိုလို့ရှိရင် (လူစိတ်ပေါက်ကြပါ ဘုရား) လူစိတ်ပေါက်ကြပါတော့လို့ ဆိုတဲ့ ဥစ္စာ လေးစားစွာနဲ့ပဲ ခင်ဗျားတို့ကို သတိပေးပါတယ် (မှန်ပါ)။
ဘာနဲ့ အသက်ရှင်နေကြတယ် နောက်က ဒကာ ဒကာမတွေ (ကံနဲ့ အသက်ရှင်နေပါတယ် ဘုရား) ကံက တစ်နေ့ တခြား တိုးလာသလား ကုန်သလား (ကုန်ပါတယ် ဘုရား) ကုန်လို့ရှိရင်ဖြင့် ကံကြောင့် အသက်ရှင်နေတဲ့ ငါးနဲ့တူတဲ့ ယခု တရားနာတဲ့ ဒကာ ဒကာမတွေဟာ နေချိန်နဲ့သေချိန် ဘယ်ဟာ ကများ နီးပါလိမ့် (သေချိန်က နီးပါတယ် ဘုရား)။
သေခါနီးတွေချည်းပဲ
ဒါဖြင့် သေခါနီးတွေချည်းပဲဆိုရင် လွဲပါ့မလား (မလွဲ ပါဘူး ဘုရား) သေခါနီးချည်းပဲ၊ သေခါနီးသာ ဆိုနေတယ် အရောင်းမပျက်၊ အဝယ်မပျက်၊ အလိမ်းမပျက်၊ အဖီးမပျက် အမျိုးမျိုး ပျော်ရွှင်ပြီး သကာလ နေကြတာဖြင့် ငါးစိတ်ပေါက်နေလို့ ဖြစ်ပါလိမ့်မယ် (မှန်ပါ) ဘယ်လို ဆုံးဖြတ် ချက်ချမတုံး (ငါးစိတ်ပေါက်နေလို့ပါ ဘုရား)။
ငါးဆိုတာက လူလား တိရစ္ဆာန်လားလို့ မေးလိုက်ပါ (တိရစ္ဆာန်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ လူရယ်လို့သာ ဖြစ်နေပြီးသကာလ ကိုယ့်အကြောင်းကိုယ်မသိ၊ ကိုယ်ကံ ကုန်နေတာ ကိုယ်မသိလို့ရှိရင်ဖြင့် လူ့တိရစ္ဆာန်ထဲကို သွင်းလို့ ရှိရင်လည်း မှားလှမယ် မဟုတ်ပါဘူး (မမှားပါ ဘုရား)။
လူ့တိရစ္ဆာန်ထဲ သွင်းရင် ဒကာ ဒကာမတို့ (မမှားပါဘူး ဘုရား) မမှားဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် ဒီနေ့လည်း ဒကာ ဒကာမတို့ တစ်ညဉ့်ကုန်ပြီးပြီ၊ တစ်ညဉ့် ကုန်တယ် ဆိုတော့ ကံက ဘယ့်နဲ့တုံး အားနည်းပြီး ရေခန်းသလိုပေါ့လေ (မှန်ပါ)။
နက်ဖြန် မိုးလင်းတော့ကာ တစ်ည၌ မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား) တစ်ညဉ့် (၁၂) နာရီဆိုတာ ကုန်ပြန် တော့လည်း ဘာဖြစ်ပြန်တုံး (ကံက အားနည်းပါတယ် ဘုရား)။
သေပွဲနွှဲ ကြရတော့မှာ
ကံက အားနည်းတော့ ကံရေချည်းပဲ ခန်းနေတယ် – (မှန်ပါ) ဒါဖြင့် ကံကြောင့် အသက်ရှင် နေတဲ့ အခုတရားနာ ပရိသတ် ဒကာ ဒကာမတွေဟာ၊ ဪ ဒို့သည်ကား တဲတဲ ကျန်ပါတော့လား၊ ဒီကံရေခန်းလို့ရှိရင် ကံကြောင့် အသက်ရှင် နေတဲ့ ယောက်ျား မိန်းမတွေဟာဖြင့် သေပွဲနွှဲကြ ရတော့မှာပဲ ဆိုတာ ငြင်းစရာ မလိုတော့ပါဘူး (မလိုပါဘူး ဘုရား) သဘော ပါကြပလား (ပါပါတယ် ဘုရား)။
ဘာပွဲနွှဲရမှာတုံး (သေပွဲနွှဲရမှာပါ ဘုရား) အင်း သေပွဲ နွှဲရပေမယ့်လည်း ခုနက ငါးလေးတွေ ရွှံ့တွေနဲ့ ရေတွေနဲ့ ကြားထဲမှာ ငါးလိုချင်တဲ့လူလည်း ငါးနှိုက်လို့၊ ကျီးတို့ စွန်တို့ကလည်း ဒီပေါ်မှာ ငါတို့ ထင်သလို ခြယ်လှယ်နိုင်ပြီ ဆိုပြီး ကောက်ကြ၊ စားကြ၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့မှာ ဒီကံ ရေခန်းတာကို မသိဘဲနဲ့ မသိသလို နေကြမယ် ဆိုလို့ရှိရင် အပါယ်လေးပါးတည်းဟူသော ငါး၊ အပါယ်လေးပါးတည်း ဟူသော ကျီးစွန် တွေ၏ စားရာ ဝါးရာ၊ စားဖတ်ဝါးဖတ်ဖြင့် ခင်ဗျားတို့၊ ကျုပ်တို့ ဖြစ်ဖို့ပါပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘာလုပ်ကြမတုံး
ဒါဖြင့် ဘာလုပ်ကြရပါ့မတုံး၊ ကံခန်းလေလေ ဒကာ ဒကာမတို့ ကိုင်း ရေမခန်းခင် ငါသည် ကားလို့ ဆိုရင်ဖြင့် ဒီနေရာကနေ ထွက်ပြီး သကာလ ရှောင်ပါတော့မယ်၊ ရှားပါ တော့မယ် ဆိုတဲ့စိတ် ကိန်းကောင်းပါတယ် (မှန်ပါ ဘုရား)။
ကံလက်အောက်မှာ နေရလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကံက သေလိုက်ဆိုသေလိုက် (မှန်ပါ)၊ ကံက ရှင်လိုက်ဆို (ရှင်လိုက်ပါ ဘုရား) အင်း ဘယ်သူ့လက်အောက်နေရလို့ ပါလိမ့် (ကံလက်အောက် နေရလို့ပါ ဘုရား)။
ကံက သေလိုက်ဆိုရင် (သေရမှာပါ ဘုရား) ရှင်လိုက် ဆို (ရှင်ရမှာပါ ဘုရား) ဪ ခင်ဗျားတို့ ကျုပ်တို့မှာ ဖြစ်နေလိုက်တာ၊ ကျုပ်သားလေး လူလားမမြောက်သေးလို့ပါ။ သမီးကလေးကလည်း အချိန် အရွယ်တော့ ရောက်ပါတယ်၊ နေရာချထားရေးက လိုပါသေးတယ်၊ ရောဂါဝေဒနာလေးက ကပ်နေတာလည်း မရှင်းသေးပါဘူး နေပါရစေဦး ရပါ့မလား (မရပါ ဘုရား)။
ကံရဲ့လက်အောက်မှာ နေရတယ်
ဘယ်သူ့လက်အောက်မှာ နေရလို့တုံး (ကံလက် အောက်မှာ နေရလို့ပါ ဘုရား) ကံလက်အောက်မှာ နေရတော့ သေစေဆိုတဲ့ အမိန့်ချရင် သေတာပဲ (မှန်ပါ) နာစေဆိုတဲ့ အမိန့်ချရင် (နာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်သဘောများ ပါသေးလား (မပါပါဘူး ဘုရား) ဘယ်သူ့ သဘောနဲ့ နေကြတာတုံး (ကံသဘောနဲ့ နေကြတာပါ ဘုရား)။
ကံ သဘောနဲ့ နေတာကို ငါ့သဘောနဲ့နေတယ်လို့ အထင်များ မပြောင်းလိုက်ပါနဲ့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ)။
ဘယ်သူ့ သဘောနဲ့ နေရတာတုံး (ကံသဘောနဲ့ နေရတာပါ ဘုရား) ကံသဘောနဲ့ နေတာကို သဘောအတိုင်း ငါသွားချင်သလို သွားမယ်၊ ငါစားချင်သလို စားမယ်ဆိုလို့ရှိရင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။
ကံရဲ့သဘောလိုက်နေရတယ် က ဒါကြောင့် ဘုန်းကြီးတရားဟောနေတာ ဘာကိစ္စ ပါလိမ့်မတုံး ဆိုတော့ အို ဒကာ ဒကာမတို့ ကံက ရှင်ဆိုရှင်၊ ကံကသေဆိုသေ၊ ကံက မွဲဆိုမွဲ၊ ကံက ချမ်းသာဆို ချမ်းသာ ဆိုတော့ ကိုယ့်သဘောကို ပါသေးရဲ့လား (မပါပါ ဘုရား)။
ဘယ်သူ့သဘောလိုက်နေရတုံး (ကံသဘောလိုက်နေ ရတာပါ ဘုရား)။ ကဲကွာ ဒီလောက်တောင် ရှုပ်လှတဲ့ကံ၊ ကံ ဖြတ်မယ်ဟေ့၊ မင်းစီမံတာ ငါမလိုက်ဘူးကွာ၊ မင်းမရှိတဲ့နေရာ ငါသွားမယ်ကွာ၊ လွတ်ရာအရယူတော့မယ်ကွာ၊ ဒီစိတ် မွေးဖို့ အချိန်ရောက်ပါပြီ (ရောက်ပါပြီ ဘုရား)။
မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား) ဒီစိတ်မွေးဖို့ ဒကာ ဒကာမတွေ ဘယ့်နဲ့တုံး (အချိန်ရောက်ပါပြီ ဘုရား) အချိန်ရောက်ပြီဆိုတာ အားလုံးတွေးသင့်ပါတယ်၊ မတွေးသင့် ကြဘူးလား (တွေးသင့်ကြပါတယ် ဘုရား)။
ကံအမိကံအဖကိုသတ်ပါ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဆရာ ကောင်း သမားကောင်းက ကြီးကြီး ကျယ်ကျယ် သတိပေးပြီး သကာလနေတော့၊ ကောင်းလည်းကံ ဆိုးလည်းကံ ဆိုပြီး ခင်ဗျား တို့က ကံအမိ ကံအဖ လုပ်နေတာ၊ ဒီအမိအဖမှ မသတ်လို့ရှိရင် ဖြင့် ကံအမိ ကံအဖမှ မသတ်ကြလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျွန် သပေါက်ဘဝက လွတ်တော့မှာ မဟုတ်ဘူး (မှန်ပါ)။
ကံစီမံသလို ကံက မွဲဆိုမွဲ၊ ချမ်းသာဆို ချမ်းသာ၊ လက်ကျိုးဆို ကျိုးလိုက်၊ မျက်လုံးကန်းဆိုရင် ကန်းလိုက်၊ ဘယ်မှာတုံး သူကောင်းတာလုပ်ကော ပါရဲ့ လား (မပါပါဘူး ဘုရား)။
နတ်ပြည်ရောက်သွားတဲ့ အခါကျတော့ မင်း ဇာတိ ပဋိသန္ဓေနေလိုက်၊ နတ်အို အိုလိုက်ကွာ၊ နတ်သေ သေလိုက် စမ်းကွာ၊ ကံက မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။
ကံလက်တွင်းက လွတ်အောင်လုပ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံတွေဟာ ကျုပ်တို့၏ အရှင်သခင်တွေ ဖြစ်နေတော့၊ ဟေ့ ဒီကံ လက်တွင်းက လွတ်ကင်းမှပဲ ဒို့သည်ကားဆိုလို့ရှိရင် လွတ်လပ်ရေး အကြီး အကျယ်ရတော့မယ်ဆိုတာ မှတ်ဖို့ပါပဲ (မှန်ပါ)။
ဒါဖြင့် ဒီကံကို ဘာလုပ်ကြရမယ် (ဖြတ်ရမှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒကာ ဒကာမတို့ ဘာလုပ်ကြ ရမယ် (ဖြတ်ရမှာပါ ဘုရား) နို့မို့လို့ရှိရင် တစ်ဘဝလည်း ပျော် ကျုပ် ကံမကောင်း အကြောင်းမသင့်လို့ ဖြစ်ရတာ။
တစ်ခါတလေကျပြန်တော့လည်း သော် ကံကဖြင့် မဆက်တော့ဘူးထင်ပါရဲ့၊ ကျုပ်သေပွဲပဲ ပေးလိုက်တော့တယ် ဆိုပြီး၊ ဒီ ကံအမိ ကံအဖကြီး စီမံသလို ခံပြီးနေရတာကို၊ ယနေ့ ပြောင်းပါလို့ ဆရာဘုန်းကြီးက သတိပေးလိုက်တယ် (မှန်ပါ)။
ဉာဏ်အမိ ဉာဏ်အဖနဲ့ နေကြပါ
ဉာဏ်အမိ ဉာဏ်အဖနဲ့ နေကြပါ (မှန်ပါ) သဘောပါ ပလား (ပါပါပြီ ဘုရား) ကိုင်း ဒကာ ဒကာမတို့ ဘယ်လို သတိ ပေးလိုက်ပါလိမ့် (ဉာဏ်အမိ၊ ဉာဏ်အဖနဲ့ နေကြပါ ဘုရား)။
ကံအမိ ကံအဖနဲ့ နေခဲ့တာ ကျုပ်တို့ ဘယ်လောက် ကြာပြီလဲ (မရေတွက်နိုင်ပါဘူး ဘုရား) မရေတွက်နိုင်ဘူးနော် သေပွဲ လွတ်ခဲ့ရလားမေး (မလွတ်ပါဘူး ဘုရား) နာပွဲလွတ်ခဲ့ ရလား (မလွတ်ပါ ဘုရား) ဘယ်သူနဲ့ နေခဲ့လို့တုံး (ကံအမိ ကံအဖနဲ့ နေခဲ့လို့ပါ ဘုရား)။
ကံအမိ ကံအဖနဲ့ နေခဲ့တဲ့ အတွက် သေပွဲ နာပွဲ ဘယ်တော့မှ မလွတ်ခဲ့ဘူး (မှန်ပါ ဘုရား) ကိုင်း ဉာဏ်အမိ ဉာဏ်အဖနဲ့ ဒီနေ့ နေကြပါစို့လို့ ဆုံးဖြတ်ချက်ချကြ (မှန်ပါ)။
ဘယ်လိုဆုံးဖြတ်ချက် ချကြမတုံး (ဉာဏ်အမိ ဉာဏ် အဖနဲ့ နေကြပါစို့ပါ ဘုရား) ဉာဏ်အမိ ဉာဏ်အဖနဲ့ ခင်ဗျားတို့ နေလို့ရှိရင် သေစရာ မရှိပါဘူး၊ ချမ်းသာသထက် ချမ်းသာပြီး ကျန်းမာသထက် ကျန်းမာတော့မယ်ဆိုတာ ပြောစရာ မလိုတော့ ပါဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ နေကြမယ် (ဉာဏ်အမိ ဉာဏ်အဖနဲ့ နေကြရ မှာပါ ဘုရား) ဉာဏ်အမိ ဉာဏ်အဖနဲ့ နေရလိမ့်မယ် ဒကာ ဒကာမတို့၊ ကံအမိ ကံအဖနဲ့ နေခဲ့တာဖြင့် ကျုပ်တို့မှာ အရိုးတောင်နှယ်ပုံခဲ့ပါပေါ့ (မှန်ပါ)။
အရိုးတောင်လိုပုံခဲ့ပါပြီ
ဘယ်လိုဆိုကြပါ့မတုံး (အရိုးတောင်နှယ်ပုံနေပါပြီ ဘုရား) ကံအမိ ကံအဖနဲ့ နေခဲ့တာ အရိုးတောင်နှယ် ပုံနေပါပြီ။ သဘောကျပလား (ကျပါပြီ ဘုရား) ဒီက ရှေ့အမိအဖ ပြောင်းကြ စမ်းပါလို့ သတိပေးလိုက်တယ် (မှန်ပါ) ဘာပြောင်းကြမယ် (အမိအဖ ပြောင်းကြရမှာပါ ဘုရား) ဉာဏ်အမိ ဉာဏ်အဖ ပြောင်းကြစမ်းပါလို့ သတိပေးလိုက်ပါတယ်။ ဒကာ ဒကာမတို့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မကြားဖူးပါဘူး ဒကာ ဒကာမတို့၊ ကံအမိ ကံအဖသာ ခင်ဗျားတို့ ပြောနေကြပါတယ်၊ ကံအမိ ကံအဖကြောင့် ကံကုန်သေကွာ၊ ကံကပစ်ချလိုက် အမိဝမ်းခေါင်းထဲရောက်ကွာ၊ ကံက ပစ်ချ လိုက်တော့ ဘယ်ရောက်တုံး (အမိဝမ်းခေါင်းထဲ ရောက်ပါတယ် ဘုရား)။
အမိဝမ်းခေါင်းထဲ ရောက်တော့ ဇာတိ ပဋိသန္ဓေ မနေရဘူးလား (နေရပါတယ် ဘုရား) ဇာတိ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အောင်မလေး ကံအမိ ကံအဖကြောင့် ကျုပ် ဒုက္ခရောက်ပါ ပေါ့လားလို့ တစ်ခါမှ မညည်းဖူးဘူး (မှန်ပါ)။
ကံပစ်ချရာခံရတယ်
ညည်းစရာ အချိန်ရောက်ပြီ၊ မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား) ကံက ခွေးဝမ်းထဲ လည်း ပစ်ချလိုက်၊ လူဝမ်းထဲလည်း ပစ်ချလိုက်၊ သူပစ်ချလိုက်တဲ့ ဝမ်းတွင်း ခေါင်းထဲ နေရတာသည် အဝတ်မကပ် အစားပြတ်ချည်းပဲ (မှန်ပါ)။
ဘယ်သူက ပစ်ချလိုက်တာတုံး (ကံက ပစ်ချလိုက် တာပါ ဘုရား) ကိုယ်ကျိုးနည်းပေါ့လို့ တစ်ခါများ ညည်းဖူး ရဲ့လား (မညည်းဖူးပါဘူး ဘုရား) အောင်မလေး အမိအဖ လုပ်ပြီး ခင်ဗျားတို့က ကိုးကွယ်များ နေလိုက်သေးတယ်၊ ကံအမိပဲ ကံအဖပဲဆိုပြီး ကိုးကွယ်များနေလိုက်သေးတယ်။
ပါးစပ်ကများ တစ်ခါတလေများ ကံအမိ ကံအဖပဲ ကျုပ်တို့တော့ဖြင့် ဘယ့်နှယ်မှ မတတ်နိုင်ဘူး ဆိုပြီးသကာလ၊ ဘုတ်ထိုင်များ ထိုင်ပြီးသကာလ နေလိုက်သေးတယ်၊ လူစွမ်း တုံး လုပ်ပြီးသကာလုံ ဉာဏ်က ထွက်မှမထွက်ပဲကို (မှန်ပါ)။
ဉာဏ်စီမံရာလိုက်မှ နိဗ္ဗာန်ရောက်မယ်
ကဲ ယနေ့တော့ဖြင့် ဘယ်လိုစီစဉ်ဖို့ အချိန်ရောက်ပါ လိမ့်မတုံး ဉာဏ်အမိ၊ ဉာဏ်အဖစီမံရာကို ကျုပ်တို့လိုက်လို့ရှိရင် မအိုမသေ အမြဲနေတဲ့နိဗ္ဗာန်ရောက်ရမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကို (ရောက်ရမှာပါ ဘုရား) ဘယ်အဦအဖ ပြောင်းရမယ် (ဉာဏ်အမိ ဉာဏ်အဖ ပြောင်းရမှာပါ ဘုရား) သေသေချာချာ မှတ်ပါ ဒီ အရေးသိပ်ကြီးတယ် (မှန်ပါ)။
ဒီအရေး သိပ်ကြီးတယ်ဆိုတာ နောက်ပိုင်းက ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်မိပလား (မှတ်မိပါပြီ ဘုရား) ဘာပြောင်းကြမယ် (ဉာဏ်အမိ ဉာဏ်အဖ ပြောင်းရမှာပါ ဘုရား)။
ဉာဏ်အမိ ဉာဏ်အဖ ပြောင်းပြီးသကာလ၊ ကံအမိ၊ ကံအဖ လက်တွင်းမှာ နေခဲ့ရတာဖြင့် ကျုပ်တို့ အနေဆိုးနဲ့ အသေဆိုးချည်း တွေ့ခဲ့တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အနေဆိုး၊ အသေဆိုး
ဘာများတွေ့ခဲ့ကြတုံး (အနေဆိုးနဲ့ အသေဆိုးချည်း တွေ့ခဲ့ပါတယ် ဘုရား) ကိုစံလှရေ အနေဆိုးက ပဋိသန္ဓေဗျ။ အသေဆိုးက ခဏခဏ သေရတာ (မှန်ပါ) ကံကုန်သေပြန်ပြီ၊ ကံက ပစ်ချလိုက်ပြန်၊ ပဋိသန္ဓေထဲ အောင်းရပြန်ပြီ၊ ထောင်ချ တာလည်း သူ၊ သတ်တာလည်းသူ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ထောင်ချတာကော (သူပါ ဘုရား) ကံပဲ၊ သတ်ပစ် တာကော (ကံပါ ဘုရား)။
အောင်မလေး ဒါကို အမေမိဘ လုပ်ပြီးများ ခင်ဗျား တို့က ကိုးကွယ်ဆည်းကပ်ပြီး သကာလ နေလိုက်တဲ့ ဖြစ်ခြင်း၊ တော်တော်ရူးလို့ မဟုတ်ဘူးနော် (မှန်ပါ) အရူးကို သန်လွန်းလို့ အဓိပ္ပါယ်ရ၊ မရ (ရပါတယ် ဘုရား), သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီဆရာနဲ့တွေ့လို့နော်
ဒါ ဒီ ဆရာနဲ့တွေ့လို့နော် အားလုံး ဒကာ ဒကာမတွေ နို့မို့လို့ရှိရင် ခင်ဗျား ဒီအမိအဖ စွန့်မယ် မဟုတ်ပါဘူး (မှန်ပါ ဘုရား) စွန့်မယ်ထင်ကြလား (မထင်ပါဘူး ဘုရား)။
မစွန့်ဘူး ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဗျ။ ကံစီမံသလိုပဲ၊ ထိုင်ချလိုက်တာ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အင်မတန် အရေးကြီးတဲ့တရားကို ယနေ့ပြောနေတယ် ဆိုတာကို အမှတ်ကြီးမှတ်စမ်းပါ (မှန်ပါ) အမှတ်ကလေးနဲ့ မမှတ်ပါနဲ့၊ ဒီနေရာမှတ်ပြီး ဟိုနေရာ ပျောက်တဲ့အလုပ်တော့ မလုပ်ပါနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာပြောင်းရမတုံး (ဉာဏ်အမိ ဉာဏ်အဖ ပြောင်းရမှာပါ ဘုရား)။
ပညာသည်သာအမြတ်ဆုံး
ဉာဏ်အမိ ဉာဏ်အဖ ပြောင်းလို့ရှိရင်ဖြင့်၊ ပညာဟိ သေဋ္ဌော လောကသ္မိံ၊ လောကသ္မိံ= လောက၌၊ ဒီ လူလောက၊ နတ်လောက၊ ဗြဟ္မာလောက၊ ပညာဟိ ပညာဧဝ = ပညာသည် သာလျှင်၊ သေဋ္ဌော =အသေကိုလွတ်တဲ့နေရာဌာန၊ ထောင်ကျဖို့ လွတ်တဲ့နေရာဌာနကို ပို့နိုင်၏။ ဒါကြောင့် ပညာသည် အမြတ်ဆုံး စတုက္ကနိပါတ် ပါဠိတော် (မှန်ပါ)။
‘‘ပညာဟိ သေဋ္ဌော လောကသ္မိံ၊ ယထာ နိဗ္ဗိန္ဒဂါမိနီ’’ တဲ့၊ သူမှသာလျှင် ဒီအဝိဇ္ဇာထုတွေ ဖောက်ပြီး သကာလ မသေရာ ပို့နိုင် တာ သူပဲကွတဲ့ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။
ပညာကမှမသေရာပို့နိုင်တယ်
ဒါဖြင့် ဒကာ ဒကာမတို့၊ ဪ ပညာကမှ အဝိဇ္ဇာ ထုဖေါက်ပြီး မသေရာပို့နိုင်တယ် ဆိုတော့၊ ပညာအရေးတကြီး အသုံးချဖို့ အရေးတကြီးရှာပြီး၊ အရေးတကြီးပညာ အလုပ်လုပ် ဖို့ဖြင့် အချိန်ရောက်ပါပြီ (ရောက်ပါပြီ ဘုရား)၊ မရောက်သေးဘူး လား (ရောက်ပါပြီ ဘုရား)။
အခုတော့ ဒကာ ဒကာမတွေ ဘာများစိုးရိမ်တုံး၊ ဪ ဘယ်တော့များကံကလည်း ကုန်လိုက်မလဲ၊ လမ်းသွားရင်း များကုန်မလား၊ အင်း ကံပဲကြောက်တယ်၊ မကြောက်ရဘူးလား (ကြောက်ရပါတယ် ဘုရား။)
တစ်ခါ သေပြန်တော့လည်း ဒီကံကဘယ်များပစ်ချ မှာပါလိမ့်မတုံး၊ မတော်တဲ့ဆီများ ပစ်ချကိုယ်ကျိုးနည်းရဲ့ မလာ ပေဘူးလား (လာပါတယ် ဘုရား)။
အင်း ဒကာ ဒကာမတွေ အားလည်းကိုးသေးတယ်။ တစ်ခါတစ်ခါလည်း သူ့ကြောက်လွန်းလို့ ပြောသေးရဲ့ (မှန်ပါ)။ ခင်ဗျားတို့ အဓိပ္ပါယ်ကို ခင်ဗျားတို့ မရှင်းပဲ ဖြစ်နေတယ် (မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
တစ်ခါတလေ ကျတော့လည်း ဒီကံကဘယ်များ ပစ်ချ လိုက်မှာပါလိမ့်မတုံး မလာဘူးလား (လာပါတယ် ဘုရား)၊ တစ်ခါ တလေကျတော့လည်း သူ့ကိုအားကိုးမှပဲ ဟင်းအရူးချည်း ထနေတာ၊ အဓိပ္ပါယ်ကို မရှင်းဘူး (မှန်ပါ)၊ ရှင်းကြသေးရဲ့လား (မရှင်း ပါဘူး ဘုရား)။
ကံပစ်ချရာသွားရမှာပဲ
တစ်ခါတလေ ကျတော့ ဒီကံကဘယ်များပစ်ချမယ် မသိဘူး၊ ကျုပ်သေရင်ဖြင့် ကံပစ်ချရာ သွားရမှာပဲ၊ မပြောတတ် ပါဘူးလေ၊ အင်း ဒီကျတော့လည်း ညည်းလုံး ထုတ်ပြန်တာပဲ (မှန်ပါ)။
သဘောကျပလား (ကျပါပြီ ဘုရား)၊ အောင်မလေး ဒကာ ဒကာမတွေက တစ်သံသရာလုံး ဘာနဲ့ နေခဲ့ကြတုံး (ကံနဲ့ နေခဲ့ကြတာပါ ဘုရား)၊ ဘယ်တော့များ ပြောင်းမယ်လို့ စိတ်ကူး တုံး (မကူးပါဘူး ဘုရား)၊ ပြောင်းမယ်လို့ တစ်ခါမှ စိတ်ကူးကို မပေါ်ဘူး (မှန်ပါ ဘုရား)။
ဆရာကောင်းနဲ့တစ်ခါမှမတွေ့ခဲ့ဘူး
ဦးညိုတို့ပေါ်ခဲ့ကြရဲ့လား (မပေါ်ပါဘူး ဘုရား)၊ မပေါ်ခဲ့ ပါဘူး၊ ဘယ်ပေါ် မတုံးတဲ့ ဆရာကောင်း တစ်ခါမှ မတွေ့ခဲ့ဘူး ဆိုတာ သေချာတယ် (မှန်ပါ)။
မပေါ်တာ ဘာကြောင့်တုံး (ဆရာကောင်းနဲ့မတွေ့ခဲ့လို့ ပါ ဘုရား) ကလျာဏ မိတ္တဆိုတဲ့ ဆရာကောင်း ဘယ်တော့မှ မတွေ့တော့၊ ကိုင်း ကျုပ်တော့ အမိဝမ်းခေါင်းထဲ ပစ်ချလိုက်ပြန် လည်း ကံက ပစ်ချလိုက်တာ သဘောကျပလား (ကျပါပြီ ဘုရား)။
နေလိုက်စမ်းကွ မင်း ကိုးလခွဲဆယ်လ၊ ကျင်ကြီးကျင် ငယ်တောထဲမှာ နေလိုက်စမ်းကွ၊ ဘယ်သူပစ်ချလိုက်တာတုံး (ကံကပစ်ချတာပါ ဘုရား)၊ ကဲဝမ်းထဲတင် သေလိုက်စမ်းကွာ ဆိုတာကော (ကံကပစ်ချတာပါ ဘုရား)။
ပဋိသန္ဓေပျက်ပြီးသေတောတွေ
မသာပို့မပါဘူး ဝမ်းထဲတင် ဝမ်းလျှောပြီးသေတာတွေ၊ ပဋိသန္ဓေပျက်ပြီး သေတာတွေ၊ မသာပို့ပါကြရဲ့လား (မပါပါ ဘုရား)၊ မပါဘူး ဒီအတိုင်းပဲ ကျင်ကြီးရော ပါသွားတာပဲ။ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)၊ အဲဒါ ဘယ်သူစီမံတာတုံး (ကံစီမံတာပါ ဘုရား)။
ခင်ဗျားတို့ကလည်း အခုမှ ပဲရိပ်မိတော့တယ်၊ အတော် ဆိုးတဲ့ တရားပါလားလို့ ရိပ်ကို မရိပ်မိဘူး၊ နတ်ကြီးကြည့်ပြီး သကာလ၊ ဗြဟ္မာကြီးကြည့်ပြီးသကာလ ကံပို့ထားတာ ဘယ့်နဲ့ လုပ်ရမတုံး၊ ခင်ဗျားတို့က၊ ခင်ဗျားတို့က၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
နတ်ဆိုတာလည်းမြင်ဖူးရဲ့လား
နတ်ဆိုတာလည်း ခင်ဗျားတို့က မမြင်ဖူးပါဘူး၊ ပန်ချီ ဆရာလမ်းဆုံးတာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား) နတ်ကို ခင်ဗျားတို့မြင်ဘူးကြရဲ့လား (မမြင်ဖူးပါဘူး ဘုရား)။
အင်း ဒါဖြင့် နတ်ဆိုတာ ဘယ်လိုများ အထိမ်းအမှတ် ခင်ဗျားတို့ထားပြီး နတ်ဖြစ်ချင် ကြပါလိမ့်၊ ပန်ချီဆရာရေးထား တယ်ဗျ၊ သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်သူရေးထား တာတုံး (ပန်းချီဆရာ ရေးထားတာပါ ဘုရား)။
ဪ ခင်ဗျားတို့ဉာဏ် ပန်းချီလမ်းဆုံးနေတာ (မှန်ပါ) ပန်းချီဆိုတော့ ကိုလိုလူက ရေးတာ (မှန်ပါ)၊ ပန်းချီ ဆိုတာ ဘယ်လိုလူက ရေးတာတုံး (ကိုယ်လိုလူက ရေးတာ ပါ ဘုရား)။
ပန်းချီဆရာရေးတာလမ်းဆုံးတယ်
နတ်ကျတော့ ဒကာ ဒကာမတို့၊ ဝါဝါထိန်ထိန် အပြောက်အကျားတွေနဲ့၊ ဗြဟ္မာရေးတော့မယ် ဆိုတော့ အဖြူ လေးဆင် ရေးလိုက်တယ်၊ မရေးဘူးလား ပန်းချီဆရာက (ရေးပါ တယ် ဘုရား)။
အဲဒါ ကြည့်ပြီး တပည့်တော်သေရင် ဗြဟ္မာဖြစ်ချင်တယ် ဆိုတော့၊ ဒါ ကိုယ်တိုင်မြင်ရလို့လား၊ ပန်းချီတင် လမ်းဆုံး နေတာလား (ပန်းချီတင်လမ်းဆုံးနေပါတယ် ဘုရား) အမလေး နာလိုက်တဲ့ ဖြစ်ခြင်းတော့ မပြောပါနဲ့တော့၊ မနာဘူးလား (နာပါတယ် ဘုရား)။
နတ်ဘုံဆိုတာပြောပြစမ်းပါ
သူလည်းမမြင်ဖူးဘူး၊ ကိုယ်ကလည်း မရောက်ဖူးဘူး။ နတ်ဆိုတာဘယ်လိုတုံး၊ ဟောပန်းချီဗျ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အင်း နတ်ဘုံဆိုတာ ပြောစမ်းပါဦးဆို အို မဏ္ဍာပ်ထိုးတာ ပြပါမှာပဲ ခင်ဗျားတို့ (မှန်ပါ)။
မန္တလေး မဏ္ဍာပ်ထိုးတော့ ပြဿဒ်တွေ အဆောင် ဆောင်နဲ့ မရှိကြဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒါ နတ်ဘုံပဲ။ အင်း ကောင်းပြီ၊ အဲဒီ ပန်းချီလုပ်နေတဲ့လူသွားမေးတော့ လည်း၊ ကျုပ်ဟာ မဏ္ဍာပ်ဆရာ ဘယ်သူတဲ့လို့ သူပြောဦးမှာပဲ ဆိုင်းဘုတ်ကပါသားပဲ (မှန်ပါ)။
အဲတော့ ခင်ဗျားတို့ဉာဏ် ဘယ်လမ်းဆုံးတုံး (ပန်းချီမှာ လမ်းဆုံးပါတယ် ဘုရား) ပန်းချီလမ်းဆုံး ပန်းချီသမားလမ်းဆုံး ဆိုတဲ့အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
လက်ရှိခန္ဓာသာစစ်ဆေးပါ
ဒါကြောင့်တဲ့ ဒကာ ဒကာမတို့ အခုလက်ရှိ ခန္ဓာကြီး ကောင်းမကောင်းသာ စစ်ဆေးပါတော့ ဟိုဟာတော့ ခင်ဗျားတို့ မသိလို့ မတွေးပါနဲ့တော့ လက်ရှိခန္ဓာကောင်းမကောင်း (မကောင်းပါဘူး ဘုရား)။
အခု ခန္ဓာသည် ဘယ်ဘက်ကို အများကြီးခြေလှမ်း သွက်နေသလဲ စဉ်းစားလိုက် (သေမည့်ဘက် သွက်နေပါတယ် ဘုရား)။
ခြေလှမ်းက သေတဲ့ဘက် သွက်နေတာ၊ လက်ရှိခန္ဓာမှ မကောင်းဘဲနဲ့ နောက်ဒီလိုခန္ဓာငါးပါး၊ နတ်ခန္ဓာရလည်း ဒီငါးပါးရမယ် (မှန်ပါ) ဗြဟ္မာခန္ဓာရလည်း (ခန္ဓာငါးပါးပဲ ရမှာပါ ဘုရား) ဒီငါးပါးရရင် ဒီခြေလှမ်း လျှော့ပါ့မလား (မလျှော့ပါ ဘူး ဘုရား)။
အသေဘက်ခြေသွက်တယ်
ဘယ်ဘက်သွားတဲ့ ခြေလှမ်းပါလိမ့် (အသေဘက် သွားတဲ့ ခြေလှမ်းပါ ဘုရား) ဒါဖြင့် ဘာဖြစ်ချင်တုံးပြော (ဘာမှ မဖြစ်ချင်ပါဘူး ဘုရား) ဘာမှမဖြစ်ချင်တော့ဘူး ဒါမှ သဘော လေးပါလာတာ (မှန်ပါ)။
ဘာမှ မဖြစ်ချင်တော့ဘူးဆိုမှ၊ ဘာမှ မဖြစ်ချင်ဘူးဆိုတာ ခန္ဓာဟူသ၍ ဘာမှ မဖြစ်ချင်ဘူး ကိုစံလှဘာတုံး (ခန္ဓာဟူသ၍ ဘာမှ မဖြစ်ချင်ပါဘူး) အဲဒါသဘောပြီ၊ ခန္ဓာဟူသ၍ ဘာမှမဖြစ်ချင်ဘူး ဆိုတဲ့ အသံဟာ ဒကာ ဒကာမတို့မှာဖြင့် တစ်သံသရာလုံး မထွက်ဖူးတဲ့ အသံပါပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာကဒုက္ခသစ္စာ
တစ်သံသရာလုံး မထွက်ဘူးတဲ့ အသံနော်၊ ခန္ဓာဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲဒါ သစ္စာသိလို့ ခန္ဓာဟူသ၍ ဘာမှ မဖြစ်ချင်တော့ပါဘူးဆို ထွက်လာတာ (မှန်ပါ) ကိုစံလှ ဘယ်လောက် အဖိုးတန်တုံး (တန်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နဂိုတုန်းက ခင်ဗျားတို့ ဘယ်လိုဖြစ်နေတုံးဆိုတော့ ဟောဒိဆွမ်းပွဲ၊ ဟောဒိကွမ်းပွဲ၊ ဟောဒိ ဖယောင်းတိုင်၊ ဟောဒီ ညောင်ရေအိုး၊ ဟောဒီရေတွေ လှူရတဲ့အတွက် “ရေလိုအေးပြီး ပန်းလို လန်းရတဲ့ဘဝကြီး ဖြစ်ရပါလို၏” (မှန်ပါ)။
ရေကုန် ပန်းကုန်ခံပြီး တောင်းခဲ့တာ
ဘာသစ္စာရတုံး၊ ဒုက္ခသစ္စာကြီးကို ရေကုန်ပန်းကုန်ခံ ပြီးတစ်ခါတည်း သေချာတောင်းတာ (မှန်ပါ) သာမညတောင်းတာလား ရေကုန်သေးလား ပန်းကုန်သေးလား (ရေကုန် ပန်းကုန် တောင်းတာပါ ဘုရား)။
ကျိုက်ထီးရိုးမှာ ဆုရှည်ရှည်ဆို ခင်ဗျားတို့ သာ ကြိုက်တယ် (မှန်ပါ) မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား) ဘာဖြစ်လို့တုံး ခန္ဓာက ဆက်ဆက်သွားတာ၊ ခန္ဓာက မဆက် ဘူးလား (ဆက်သွားပါတယ် ဘုရား)။
တစ်ဘဝထက် တစ်ဘဝ၊ တစ်ဘဝထက် တစ်ဘဝ ဆိုတော့ အသေမျိုးစုံ တွေ့ရပါလို၏လို့ သူက ပေးလိုက်တာ (မှန်ပါ) သူက ဘယ့်နဲ့ ပေးလိုက်တုံး၊ (အသေမျိုးစုံ တွေ့ရပါလို၏ လို့ သူက ပေးလိုက်တာပါ ဘုရား) အဲ ပေးတဲ့အတိုင်း ပြည့်ရ ပါစေဗျာ ခင်ဗျားတို့က ရမ်းလိုက်တာ။
အသေမျိုးစုံတွေ့ရပါလို၏တဲ့
ဘာလိုက်တုံး (ရမ်းလိုက်တာပါ ဘုရား) သူက ဘယ်လို ပေးလိုက်တုံး (အသေမျိုးစုံ တွေ့ရပါလို ၏လို့ ပေးလိုက်တာပါ ဘုရား) အဓိပ္ပါယ်ကတော့ အသေမျိုးစုံတွေ့ရပါလို၏ပါတယ် (မှန်ပါ)။
ဘဝများစွာ အကြိမ်ကြိမ်ခံစားပြီး၍ ဆိုတော့ ဘာခံစား တုံး၊ သေမှုခံစားတာ၊ နာမှုခံစားတာ (မှန်ပါ) အဲဒါ ခင်ဗျားတို့က ပေးတဲ့ ဆုအတိုင်း ဘာတဲ့ (ပြည့်ရပါလို၏ ဘုရား) ဖြစ်မှ ဖြစ်ရလေ ဒကာ ဒကာမတို့ သေချာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်မှ ဖြစ်ရလေတဲ့၊ ရှည်လေ ခင်ဗျားတို့က ကြိုက်လေ၊ ဘာရှည် ကြိုက်တာတုံး၊ သေရှည်ကြိုတာ- ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာရှည်ကြိုက်တာတုံး (သေရှည်ကြိုက်တာ ပါ ဘုရား)။
အောင်မလေး ! ဒကာ ဒကာမတို့ ပါးစပ်ကထွက်ဝံ့ တာကို အလွန် မသိလွန်းလို့ ထွက်တာ (မှန်ပါ) တော်တော် သိရင်တော့ (မထွက်ပါဘူးဘု ရား) မထွက်ပါဘူးဆိုတာ ကောင်းကောင်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အတော်ဆိုးတာပဲ ဆိုတာ သစ္စာမသိရှာတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာအလုပ် မလုပ်လို့
ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာမသိတာ မဂ်မရလို့ (မှန်ပါ) ဝိပဿနာ အလုပ်မလုပ်လို့ (မှန်ပါ ဘုရား) ဝိပဿနာ မဂ်အလုပ်ကို မလုပ်တော့ သစ္စာမသိဘူး၊ သစ္စာမသိတော့ လူ့ပြည်နတ်ပြည် အကြိမ်ကြိမ်ခံစား၍ အကြိမ်ကြိမ်ဆိုတာက အရေအတွက် မပါဘူးနော် (မပါ ပါဘူး ဘုရား)။
ဘာနဲ့မှ မြှောက်လို့ မရဘူး (မှန်ပါ) ဘာနဲ့မှ မြှောက် လို့မရဘူး၊ မြှောက်လေ ပွားလေပဲ (မှန်ပါ) အဲ့ဒီပွားတော် တောင်မှ သူတောင်းထားတဲ့ ဆုနဲ့ ဒီဂဏန်းက မနိုင်ဘူး အကြိမ်ကြိမ်ကို (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အကြိမ်ကြိမ် ပဋိသန္ဓေနေ၊ အကြိမ်ကြိမ် သေ ပါ – မပါ (ပါပါတယ် ဘုရား) ဒီရေ-ပန်းတွေကြောင့် အကြိမ်ကြိမ် အမိဝမ်းခေါင်းတည်းဟူသော ထောင်ပြောင်းကြရ၍ ဟုတ်လား (တင်ပါ) မသာမျိုးစုံ ဖြစ်ရပါလို၏ (တင်ပါ ဘုရား) တောင်း မတောင်း (တောင်းပါတယ် ဘုရား)။
ကိုယ်ရူတား လူသိကုန်လိမ့်မယ်
ဒါ ပေးတဲ့ဆုအတိုင်း ပြည့်ရပါလို၏ လို့ သွားမလုပ် နဲ့နော်၊ အမလေး ခင်ဗျားတို့ ခင်ဗျားတို့ ရူးတာ လူသိကုန်မယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရူးတာ-ဘာတုံး (လူသိ ပါတယ် ဘုရား)။
လူသိကုန်မယ်၊ အခု နားရေဝလာတော့ အခုရှက်လာ ပြီ၊ မရှက်သေးဘူးလား (ရှက်ပါပြီ ဘုရား) အရင်တုန်းကတော့ ဖြင့် ပြုံးပြီးတော့များ ဒီဥစ္စာ ဆုပေးကောင်းလိုက်လေဗျာ၊ တယ်-ဆုပေး ကောင်းလိုက်လေ၊ နောက်ထပ် ရေတစ်အိုး လောင်းစမ်းပါဦးဗျာ တောင် လုပ်လိမ့်ဦးမယ် ခင်ဗျားတို့ ဘာဖြစ်လို့တုံး အကြိမ်ကြိမ် ကြိုက်နေတာ မကြိုက်ပေဘူးလား၊ ကြိုက်သလား (ကြိုက်ပါတယ် ဘုရား) အဲဒီလောက် အရူးက ထခဲ့တယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
အကြိမ်ကြိမ် ဖြစ်ဆိုရင် အကြိမ်ကြိမ် အမိဝမ်းခေါင်းထဲ နေရမနေရ (နေရပါတယ် ဘုရား) အကြိမ်ကြိမ်အိုရ၊ (အိုပါတယ် ဘုရား) အကြိမ်ကြိမ် နာရ (နာရပါတယ် ဘုရား) အကြိမ်ကြိမ် သေရ (သေရပါတယ် ဘုရား)။
ကြိုက်တဲ့လူကလည်း ရမ်းကြိုက်
ကဲ ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါဘူး ဘုရား) အဲဒါ ခင်ဗျားတို့က ဟိုလူက ဆုပေး လိုက်တယ် ဆိုလို့ရှိရင်၊ ဒကာ ဒကာမတွေက ပေးတဲ့ဆုအတိုင်း ပြည့် ရပါလို၏။ ပေးလိုက်တဲ့ ဆုကလည်း အသေ၊ ကြိုက်တဲ့လူကလည်း ရမ်း ကြိုက် (မှန်ပါ) ဘယ်လောက် ဆိုးဝါးနေတယ် ဆိုတာ သဘောပါ ကြပလား (ပါ ပါပြီ ဘုရား)။
အဲဒါ သစ္စာမသိလို့ (မှန်ပါ) ဇာတိ ဒုက္ခသစ္စာဆိုတော့ ပဋိသန္ဓေကော သူသိရဲ့လား (မသိပါဘူး ဘုရား) ဇရာ အိုတဲ့ဒုက္ခ သစ္စာကော (မသိပါဘူး ဘုရား) ဗျာဓိအနာ နှိပ်စက်တဲ့ ဒုက္ခ သစ္စာကော၊ မရဏ သေတဲ့ ဒုက္ခသစ္စာကော (မသိပါဘူး ဘုရား)။
အဲဒီသစ္စာ၊ ဒုက္ခလေးချက်ကိုမသိလိုက်တဲ့အတွက် တစ်ခါတည်း အရကြီးရပြီး၊ အပွေ့ကြီး ပွေ့ပြီး၊ အပိုက်ကြီး ပိုက်ပြီးသကာလ၊ ဒါ မလွှတ်ချင်တော့ဘူး၊ တောင်းနေတာ (မှန်ပါ)၊ သဘောပါ ကြပလား (ပါ ပါပြီ ဘုရား)။
သစ္စာမသိတဲ့အပြစ်တွေ
အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ ဒီနေ့ ကြပ်ကြပ် ဂရုစိုက် နားထောင်ပါ၊ သစ္စာမသိတဲ့ အပြစ် မည်မျှလောက်ကြီးနေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာမသိတာတုံး (သစ္စာမသိတာပါ ဘုရား)။
ပဋိသန္ဓေနေတာ ဒုက္ခသစ္စာ၊ အိုတာ (ဒုက္ခသစ္စာပါ ဘုရား) နာတာ (ဒုက္ခသစ္စာပါ ဘုရား) သေတာ (ဒုက္ခသစ္စာပါ ဘုရား) တစ်ဘဝမှာ ဒီလေးချက် လာရမလာရ (လာရပါတယ် ဘုရား)။
အကြိမ်ကြိမ်သေရပါလို၏
ဒါဘာသစ္စာချည်းတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် အကြိမ်ကြိမ်သေရပါလို၏ ဆိုတော့ သွားပြီ၊ (မှန်ပါ) အကြိမ် ကြိမ် ဖြစ်ရပါလို၏ဆိုတာ ဘယ့်နဲ့ နေကြတုံး (သွားပါပြီ ဘုရား) သွားပြီ။
ကျုပ်ဖြင့်ဗျာ ဘယ်အခါမှ ဆင်းရဲနဲ့ ကျုပ်နဲ့ မခွဲရပါလို၏ ဆိုတာနဲ့ (အတူတူပါ ဘုရား) ဆင်းရဲနဲ့ ကျုပ်နဲ့ မခွဲရပါလို၏ ပါ မပါ (ပါ ပါတယ် ဘုရား)။
အဲဒါ ပေးတဲ့ဆုအတိုင်း ပြည့်ရပါလို့၏ ဆိုတဲ့လူဟာ ဘယ်အမျိုးအစားလည်း ဒီပုဂ္ဂိုလ်ဟာ (သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အမျိုးအစားပါ ဘုရား) သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အမျိုးအစား (တင်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ငါဘုရား သစ္စာ မသိတုန်းကလည်း ဒီဒုက္ခတွေ အတန်တန် တွေ့ခဲ့တယ်ကွ၊ ငါသစ္စာသိလို့ ဘုရားဖြစ်လာတယ် ဆိုတော့၊ သုစ္စာသိတဲ့ ဉာဏ်အဖကို အားကိုးရတော့မယ်ဆိုတာ ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘာ အားကိုးကြမယ် (ဉာဏ်အမိ ဉာဏ်အဖ အားကိုး ရမှာပါ ဘုရား) ရှင်းပြီနော်၊ ဒါဖြင့် ဒီနေ့ ဉာဏ်လမ်းကို ပြမယ်တဲ့၊ မနေ့က ဝတ္ထုနဲ့ ဆက်ပြီးသကာလ ဘာနာရလိမ့်မယ်ထင်တုံး၊ ဉာဏ်အမိ ဉာဏ်အဖ တရားနာရလိမ့်မယ်လို့ သေချာဆုံး ဖြတ်ချက်ချပါ (မှန်ပါ)။
ကံအမိ၊ ကံအဖအကြောင်း ကောင်းကောင်းသိပြီ
ဘယ်တရား နာရမှာပါလိမ့် (ဉာဏ်အမိ ဉာဏ်အဖ တရားနာရမှာပါ ဘုရား) ဘယ့်နဲ့ကြောင့် ခင်ဗျားတို့က ဒီနေ့မှ တရားထူး နာချင်ရတာတုံး၊ အိုး ကံအမိ ကံအဖ အကြောင်းကောင်းကောင်းသိပြီ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာအကြောင်း ကောင်းကောင်းသိလို့တုံး (ကံအမိ ကံအဖ အကြောင်း ကောင်းကောင်းသိပါပြီ ဘုရား) ထောင်ချ တာလည်း ဘယ်သူတုံး (ကံအမိ ကံအဖ ပါ ဘုရား)
အင်း . .သေခိုင်းတာကော (ကံအမိ ကံအဖပါ ဘုရား) အနာခိုင်းတာ ကော (ကံအမိ ကံအဖ) အင်း အမွဲခိုင်းတာကော (ကံအမိ ကံအဖ ပါ ဘုရား) အနူအရွဲ ခိုင်းတာကော (ကံအမိ ကံအဖပါ ဘုရား) ကဲ ဒီလောက်ဆို ရိပ်မိကြပါပြီ (မှန်ပါ)။
အမိအဖ ပြောင်းကြပါစို့
ကံအမိ ကံအဖ သတ္တိတော့ သိပါပြီ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုင်းဒါဖြင့် ယနေ့အမိအဖ ပြောင်းကြပါစို့ (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ အမိအဖပြောင်းရမယ်ဆို ဝမ်းနည်းနေကြဦးမှာလား (မနည်းပါဘူး ဘုရား)။
ဒီထဲက ဒကာ ဒကာမတွေ ဝမ်းများနည်းနေဦးမှာလား (မနည်းပါဘူး ဘုရား) မနည်းတော့ဘူး အခုမှ ရဲလာတာ တစ်သံသရာလုံးကဖြင့် ဒီအမိအဖ စီမံသလို ကျုပ်တို့သည်ကား ဆိုရင် ကျွန်သပေါက် အဖြစ်နဲ့ ဆင်းရဲမျိုးစုံ ခံလာခဲ့တာတော့ သေချာပြီ (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီနေ့ ဘာပြောင်းကြမယ် (အမိအဖ ပြောင်းရမှာပါ ဘုရား) ကဲဒါဖြင့် ဉာဏ်သည် ဒကာ ဒကာမတို့ မသေရာကို ပို့တတ်သည် (မှန်ပါ) ကံသည် (သေရာကို ပို့တတ် ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အို၊ နာ၊ သေမှ လွတ်ရပါလို၏
ဒါကြောင့် ခင်ဗျားတို့ ဒါနလုပ်လုပ်၊ သီလ လုပ်လုပ်၊ ဒါနက ကံပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ဟော ဒုက္ခ သစ္စာတော့ မရပါလို၏ ဆိုပြီးလုပ်၊ လုပ်သာလုပ် ဒါနကို၊ အိုမှုဒုက္ခ၊ နာမှုဒုက္ခ၊ သေမှုဒုက္ခမှ လွတ်ရပါလို၏ လုပ်ပါ ဒါနကို ဘယ်လောက်လုပ်လုပ်၊ သီလ ဆောက်တည်လည်း ဒီအတိုင်း လုပ်ပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ ကံလား ဉာဏ်လား (ဉာဏ်ပါ ဘုရား) ဒီဒုက္ခသစ္စာ ကြီး မတွေ့ချင်လို့ လုပ်တာကို (မှန်ပါ) အိုမှု၊ နာမှု၊ သေမှု မတွေ့ချင်လို့ ဟောဒီလှူပါ၏ တန်းပါ၏ အိုမှု၊ နာမှု၊ သေမှု လွတ်ရာရောက်လိုလို့ လုပ်ပါ၏။ ဒကာ ဒကာမတို့ ဒီလိုကျတော့ ကံလား၊ ဉာဏ်လား (ဉာဏ်ပါ ဘုရား)။
အိုမှု နာမှု သေမှုကို သွားမြင်တာ၊ အဲဒါ လွတ်ရာ ရောက်ချင်လို့ ပေးပါတယ် ကမ်းပါတယ်၊ သီလဆောက်တည် ပါတယ် ဆိုတော့ ဒါကံ ဦးစီးနေလား ဉာဏ်ဦးစီးနေလား (ဉာဏ်ဦးစီးပါတယ် ဘုရား)။
ဉာဏ်အမိလုပ်လိုက်ပါ
ဒါဖြင့် ဉာဏ်အမိ လုပ်လိုက်တဲ့အခါ သူက အိုတဲ့၊ နာတဲ့ သေတဲ့အထဲ ပို့ဦးမလား မပို့တော့ဘူးလား (မပို့ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သေချာရှင်းပြီနော်၊ ဒါဖြင့် ဒါန လုပ်လည်း ဉာဏ်ဦးစီးပါ (မှန်ပါ)။
သီလဆောက်တည်လည်း (ဉာဏ်ဦးစီးရမှာပါ ဘုရား) ဘယ်လိုဦးစီးရမတုံး အိုတာ၊ နာတာ သေတာဖြင့် လွတ်ချင်လို့ ဒါနပေးလှူပါ၏ (မှန်ပါ) အိုတာ၊ နာတာ၊ သေတာ လွတ်ချင်လို့ သီလ ဆောက်တည်ပါ၏ ရှင်းပလား (ရှင်းပါပြီ ဘုရား) သဘောကျပြီနော် (ကျပါပြီ ဘုရား)။
ဒါက ဒါန သီလ လုပ်တဲ့အခါ ပြောတာပါ (မှန်ပါ) တကယ် ဝိပဿနာလုပ်တော့မယ် ဆိုတော့ ဆုမတောင်းနဲ့ သဘောကျပလား (ကျပါပြီ ဘုရား) ဝိပဿနာလုပ်တော့မယ် ဆိုတော့ (ဆုမတောင်း ရပါဘူး ဘုရား)။
ဝိပဿနာလုပ်ရင် ဆုမတောင်းနဲ့
ဆုမတောင်းနဲ့ တဲ့၊ ဘာဖြစ်လို့ ဆုမတောင်းနဲ့တုံး အလုပ်ကိုက ပြည့်နေလို့ (မှန်ပါ) ဆုတောင်းဖို့ မလိုတော့ဘူး (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အလုပ်ကိုက ဘယ့်နှယ်တုံး (ပြည့်နေလို့ပါ ဘုရား) ဆုတောင်းဖို့ (မလိုတော့ ပါဘူး ဘုရား)။
အဲ-ဟိုဟာနှစ်ခု ကျတော့ကိုတဲ့၊ အိုတာ နာတာ သေတာ လွတ်ရပါလို၏လို့ ဆုတောင်း လိုက်ပါဦး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တကယ် ဝိပဿနာ အလုပ်ကို ကျကျနန လုပ်တော့ မယ် ဆိုတော့၊ ဒီခန္ဓာမုန်း ဒီခန္ဓာရွံနေတဲ့ ဥစ္စာပဲ ဒကာ ဒကာမ တွေက၊ ဒီခန္ဓာကြီးကို လုံးဝ သာယာသေးရဲ့လား (မသာယာတော့ပါဘူး)။
ဉာဏ်အမိဉာဏ်အဖပြောင်းပါ
ထိုကဲ့သို့ မသာယာတာကြီး ကျတဲ့အခါကျတော့၊ သူ့ဆုတောင်းနေဖို့ လိုသေးလား (မလိုပါဘူး ဘုရား) မလိုတော့ ဒီခန္ဓာရဦးမှာလား (မရပါဘူး ဘုရား) မရတာက ဒီခန္ဓာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါ ဒုက္ခသစ္စာ မရတဲ့ ဉာဏ်၊ ဒါကြောင့် ဉာဏ်အမိ ဉာဏ်အဖပြောင်းပါ (မှန်ပါ)။
ပြောင်းသင့် မပြောင်းသင့် (ပြောင်းသင့်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ပြောင်းရမှာကလည်း ခင်ဗျားတို့က ခုနင်က ငါးလေးလိုပဲ၊ ငါးစိတ်ပျောက်မှ ပြောင်း ဖြစ်မှာ (မှန်ပါ)။
ကံရေတွေက ခန်းနေပြီ
ကံ ရေက ခန်းနေပြီ (မှန်ပါ) ကိုယ့်အတိတ်ကံတွေက ဘယ့်နှယ်နေကြတုံး (ခန်းနေပါပြီ ဘုရား) အတော်မနည်းသေး ဘူးလား ဒကာ ဒကာမတို့ အဲဒီတော့ နှေးနှေးပြောင်းမှ သင့်မှာလား၊ မြန်မြန်ပြောင်းမှ သင့်မှာလား (မြန်မြန်ပြောင်းမှ သင့်မှာပါ ဘုရား)။
ဒါ ဒီအထဲတင် ပြောင်းလို့မရဘူး၊ အိမ်ကျလည်း ဒီအတိုင်းကို ပြောင်းမှ (မှန်ပါ) ဒီတရားပွဲထဲ တင်တော့ တညီ တညွတ်တည်း တယ်ညီနေတာကို (မှန်ပါ) ဆရာက လမ်းခင်း ပြောလိုက် သူတို့က ပြုံးလိုက်-လိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဟို ကိုယ့်ဟာကိုယ်ကျတော့လည်း ဒီအတိုင်း လုပ်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုယ့်ဟာနဲ့ ကိုယ်ကျတော့လည်း ဉာဏ်အမိ ဉာဏ်အဖ ပြောင်းတဲ့ပြီး သကာလ ဒကာ ဒကာမတို့ လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာရှုမှ ဉာဏ်ကလာတာ
ကဲ ဉာဏ်အမိ ဉာဏ်အဖဆိုတာ ဝိပဿနာရှုမှ ဉာဏ်က လာတာ (မှန်ပါ) ဝိပဿနာ မရှုရင် (ဉာဏ်မလာပါဘူး ဘုရား) ဉာဏ်က လာကို မလာနိုင်ဘူးဆိုတာ ကောင်းကောင်း ကျေနပ် ပါပလား (ကျေနပ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ယနေ့ ဘာနေ့ပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ကံအမိ ကံအဖကို လွှဲပြီးသကာလ ဉာဏ်အမိ ဉာဏ်အဖ ကိုးစားမည့်နေ့ (မှန်ပါ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ကံ အမိ ကံအဖ လွှဲပြီးသကာလ (ဉာဏ်အမိ ဉာဏ်အဖ ကိုးစားရမှာပါ ဘုရား) ကိုးစားရ တော့မယ် (မှန်ပါ) ဘာ့ကြောင့် တုံး သူ့အကြောင်းကောင်းကောင်း သိလို့ မပေါင်းတော့ဘူး (မှန်ပါ) ဘယ်သူ့အကြောင်းပါလိမ့် (ကံအကြောင်းပါ ဘုရား)။
နေ့ထူးနေ့မြတ်နှစ်ဆန်းတစ်ရက်နေ့
ကံအမိ ကံအဖ အကြောင်း ကောင်းကောင်းသိတော့ သူ့တော့ မပေါင်းတော့ပါဘူး၊ ဉာဏ်အမိ ဉာဏ်အဖနဲ့ပဲ ကျုပ်တို့သည်ကား နေပါတော့မယ်ဆိုတဲ့ နေ့ထူးနေ့မြတ် နှစ်ဆန်းတစ်ရက်နေ့ပဲ (မှန်ပါ) တော်တော်ကို ဒီနေ့ အဖိုး တန်တဲ့နေ့ (တန်ပါတယ် ဘုရား) သဘောပါ ပလား (ပါ ပါပြီ ဘုရား)။
အင်မတန် အရေးကြီးအောင် ပြောနေတယ်လို့ ခင်ဗျား တို့က မဆိုနဲ့၊ မသိလို့ လူမိုက်ကို ပေါင်းနေတာ ကိုယ့်နှိပ်စက်မည့် လူပေါင်းနေတာ (မှန်ပါ ဘုရား)။
သိလာတဲ့ တစ်နေ့ကျတော့ ဒီနေ့သိတဲ့နေ့ဆိုတော့၊ ဪ နို့မို့ရင် သူထင်သလို စီမံဦးမှာ၊ ယနေ့ ဉာဏ်အမိ ဉာဏ်အဖ ပြောင်းလိုက်ရလို့ရှိရင်ဖြင့် ယနေ့ပဲ အအိုလွတ်၊ အနာလွတ် အသေလွတ်ဟာ ကိုယ်ပိုင်ပစ္စည်းဖြစ်ရတော့မယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ကိုင်း သဘောပါပလား (ပါ ပါပြီ ဘုရား)။
မြန်မြန်ပြောင်းကြပါ
သဘောပါပြီ ဒကာ ဒကာမတို့ သဘောပါပြီ၊ ကိုင်း ပြောင်းကြပါ ဆိုတော့တဲ့၊ ပြောင်းတာ နှေးနှေးလား၊ မြန်မြန်လား (မြန်မြန်ပါ ဘုရား) ဘာ့ကြောင့် မြန်မြန်ကို လာကြပါလိမ့်မတုံး (ကံအကြောင်း သိလို့ပါ ဘုရား) ရေခန်းနေလို့ ဒကာ ဒကာမတို့ ဘယ့်နှယ်ထင်ကြတုံး (ရေခန်းနေလို့ပါ ဘုရား)။
ရေခန်းနေတဲ့ ငါးက ဒကာ ဒကာမတို့ ဖြေးဖြေးမှ ဒီကန်က ဟိုကန်ပြောင်းမယ်ဆိုလို့ (မရပါဘူး ဘုရား)။
အသေစောသွားလိမ့်မယ်
အသေစောသွားလိမ့်မယ် (မှန်ပါ) ဘယ်လိုဆိုကြမတုံး (အသေစောသွားမှာပါ ဘုရား) အသေစောသွားလိမ့်မယ် ဆိုတော့ ဒကာ ဒကာမတို့ နိမိတ်မရှိတဲ့ စကားပြောတာ မဟုတ်ဘူး၊ ခန်းတာက သေချာနေလို့ ပြောတာ (မှန်ပါ) ရှင်းပါပြီလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးဆီလာရလို့ရှိရင် အင်မတန် ကြောက်စရာ ကောင်းတယ်လို့ ဒီလိုအောက်မေ့မနေနဲ့၊ ခင်ဗျားတို့ခန္ဓာ ကိုယ်က ကြောက်စရာ ကောင်းလို့ ကြောက်စရာ ပြောနေရတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးက ကြောက်စရာ ပြောတာလား၊ ခန္ဓာဖြစ်စဉ်က ကြောက်စရာ ဖြစ်နေတာလား (ခန္ဓာဖြစ်စဉ်က ကြောက်စရာ ဖြစ်နေတာပါ ဘုရား) အဲခန္ဓာဖြစ်စဉ်က ကြောက်စရာ ဖြစ်နေလို့ ဒီအဓိပ္ပါယ်ကို လေးစားစွာနဲ့ ပြောနေရတာ (မှန်ပါ) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ဉာဏ်အမိဉာဏ်အဖပြောင်းတော့မယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်အမိ ဉာဏ်အဖ ပြောင်းတော့မယ်ဆိုတော့ မနေ့က ဝတ္ထုကို စကြစို့-နော် (မှန်ပါ)။
မနေ့က ဝတ္ထုက ဘာတုံးဆိုတော့ ဆန္ဒဆိုတဲ့ ရဟန်းက မမာတာ၊ ရှင်သာရိပုတ္တရာက သူလာပြီး သကာလ မေးတယ်၊ တိုတိုပဲ ပြောပါ့မယ်၊ ပြီးတော့ မေးလိုက်တဲ့အချိန်ကျတော့၊ သူဟာ လည်ပင်းဓားနဲ့ လှီးသေမယ်လို့ စိတ်ကူးပါတယ်ဘုရား တဲ့ ရောဂါတွေ မခံချင်ဘူး မပြောဘူးလား (ပြောပါတယ် ဘုရား) ပြောကြတယ် မဟုတ်လား (ပြောပါတယ် ဘုရား) သဘောကျ ပြီနော် (ကျပါတယ် ဘုရား)။
အဲဒီတော့ သူဟာ ပုထုဇဉ်လား ဒကာ ဒကာမတို့ အရိယာလား (ပုထုဇဉ်ပါ ဘုရား) ဒါကြောင့် ဒေါသဖြစ်ပြီး လှိမှာကို (မှန်ပါ) ကြိုးဆွဲချသေတဲ့ အမျိုးထဲက သူတစ်ယောက် အပါအဝင် မနေပေဘူးလား (နေပါတယ် ဘုရား)။
ပစ္စည်းပျက်၊ ဥစ္စာပျက်တွေ ကြိုးဆွဲချသေတာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါတွေ သိတော့မှ သူက ဒေါသနဲ့ ဖြစ်နေတာဆိုတာ မသိဘူးလား (သိပါတယ် ဘုရား) အဲ ရှင်သာရိပုတ္တရာက သိတော့၊ ဪ ဒီဆန္ဒဟာ သူက သူ့ကိုယ်သူတော့ ရဟန္တာထင်နေတယ်။
သူ သေပေမယ့် နောက် ပဋိသန္ဓေ မနေဘူးဆိုတဲ့ သူ့စကားဟာ အရင်ပါထားတယ် (မှန်ပါ) နောက် ပဋိသန္ဓေ မနေတာက ရဟန္တာကို (မှန်ပါ)။
ကြံစည်ပုံက ပုထုဇဉ်
သူက ဒီလိုထင်ထားတာနော်၊ ထင်ပေမယ့် သူကြံစည်ပုံ ကတော့ ကိုက်ကဲ့လား (မကိုက်ပါဘူး ဘုရား) သူကြံစည်ပုံက ပုထုဇဉ် (မှန်ပါ) လည်ပင်းလှီးသေမယ်၊ သို့သော် လှီးသေရ ငြားသော်လည်း ရှင်သာရိပုတ္တရာတဲ့၊ တပည့်တော် နောက် ပဋိသန္ဓေ မနေပါဘူး ဆိုတော့ အပြောက ရဟန္တာ (မှန်ပါ) သေချင်တာက ပုထုဇဉ် (မှန်ပါ)။
အထင်က ရဟန္တာ
သူ့ အထင်က (ရဟန္တာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) သူ့ အထင်က ဘာတုံး (ရဟန္တာပါ ဘုရား) သူ့စိတ်ကူးက (ပုထုဇဉ်ပါ ဘုရား) ပုထုဇဉ်မဟုတ်လား၊ စိတ်ပျက် လို့ ဖြစ်နေတဲ့ အသွား ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှင်သာရိပုတ္တရာက ဒီကောင် ဟုတ်သေး ပါဘူး၊ ဒီဆန္ဒ ကွာ ဒါနဲ့ သူလှည့်လိုက်တယ်၊ စကား လှည့်တယ်၊ မင်းကွာ – ပြုမည့်သူမရှိလည်း ငါပြုပါ့မယ်ကွ-တဲ့၊
ဒီစကားသုံးလိုက်ကတည်းက ပုထုဇဉ်လို့ ဖေါ်မပြောတာ တစ်မည်ကျန်တော့တယ် (မှန်ပါ ဘုရား) ဟုတ်ဘူးလား (မှန်ပါ)။
ရှင်သာရိပုတ္တရာ
ပြုမည့်သူမရှိ ငါပြုမယ်တဲ့၊ ဆေးပေးမည့်သူမရှိ မင်းနဲ့ တည့်တဲ့ဆေး ငါရှာပေးမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဓါတ်စာ မရှိလို့ရှိရင်လည်း ဘာတဲ့တုံး (ရှာပေးမှာပါ ဘုရား) ဒီကတည်းကိုက ရှင်သာရိပုတ္တရာက ဘယ်လောက် စကား တတ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သူ့အဓိပ္ပါယ်ထဲ ပါသွားပြီ (မှန်ပါ) မင်း ပုထုဇဉ် မင်း ဒါကြောင့် စိတ်ပျက်တာလို့ မပြောတာ တစ်မည် ကျန်တော့တယ်(မှန်ပါ) မင်းဒါတွေကြောင့်။
အဲဒီ သူက ဖုံးလိုက်သေးတယ် ရှင်ဆန္ဒက ကိုစံလှရေ ဖုံးလိုက်သေးတယ်၊ တပည့်တော် ဒီကိစ္စသုံးခု မပြည့်စုံလို့ လည်ပင်းလှီးမယ်လို့ စိတ်ကူးတာ မဟုတ်ပါဘူးတဲ့ (မှန်ပါ) သူက ဖုံးလိုက် သေးတယ် (မှန်ပါ)။
မာနကြီးနေတဲ့ ရှင်ဆန္ဒ
တပည့်တော်က အခု သေတယ်၊ နောက်ပဋိသန္ဓေ မနေတော့ပါဘူးတဲ့၊ နောက် ခန္ဓာမရတော့ပါဘူး၊ ဒါကြောင့် တပည့်တော် လှီးမယ်လို့ လည်ပင်း လှီးမယ်လို့ စိတ်ကူးပါတယ်လို့ ပြောတာ (မှန်ပါ) တော်တော်တော့ မာနကြီးတဲ့လူ (မှန်ပါ) မာနကြီးတဲ့ ဆန္ဒဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
သို့သော် ရှင်သာရိပုတ္တရာနဲ့ သူမာနကြီးနေပုံနဲ့ ဆိုရင်၊ ရှင်သာရိ ပုတ္တရာ ပြောတာက မှန်တယ် (မှန်ပါ) ဒါဖြင့်ကွာတဲ့ မင်း တရားလေး မေးစမ်းပါရစေဦးဆိုတော့ ဒီကတည်းက ပုထုဇဉ်သိတယ်။
တရားနဲ့ မေးပြီး စစ်ဦးမယ်ဆိုတော့၊ မင်းသည်ကားလို့ ဆိုရင်ဖြင့်ကွာတဲ့ တရားလေး ငါ မေးပါရစေဦးတဲ့၊ အိုး မေးပါဘုရားတဲ့ တပည့်တော် ဖြေနိုင်ပါတယ်။
တရားနဲ့စစ်တယ်
ကွာတဲ့၊ ဒါဖြင့် မင်းသန္တာန်ဖြစ်တဲ့ လောဘစိတ်ဖြစ်တယ်၊ ဒါ မင်း လောဘလေးဟာ ငါပဲလို့ ဆိုနိုင်သေးရဲ့ လား မေးတာ၊ မဆိုပါဘူး တပည့်တော်၊ ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာလို့ မဆိုပါဘူး ဆိုတော့ ဒါတွေဟာ အနိစ္စတရားလို့ သူသိတယ် ပြောတာ ပေါ့လေ (မှန်ပါ)။
သဘောကျပလား (ကျပါပြီ ဘုရား) အင်း ဒေါသလေး လာပြန်တော့လည်း မင်း ဒီဥစ္စာကို ငါ့ဒေါသဆိုမလား၊ မဟုတ်ပါဘူးတဲ့ ဒီဥစ္စာ အနိစ္စတရားတွေပါ၊ ငါ့ကိုယ် ငါ့ဟာ ငါဥစ္စာ မဟုတ်ပါဘူးတဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတွေ ဟော အဖြေက တည့်နေတယ် (တည့်ပါတယ် ဘုရား)။
ဒါက စာနဲ့ ဖြေတာကို၊ ကိုယ့်အလုပ်နဲ့ ဖြေတာလား စာနဲ့ဖြေတာလား (စာနဲ့ဖြေတာပါ ဘုရား) စာထဲမှာသိပြီး ဖြေနေတာကို ဉာဏ်အစစ်လုပ်လို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
အဲဒါနဲ့ ရှင်သာရိပုတ္တရာက ပြန်စစ်တယ်၊ မင်းက အခု ဖြစ်နေတဲ့ အဖြစ်က ဘယ်လို မြင်လို့တုံးကွ၊ မင်းသန္တာန် ဖြစ် ပေါ်တဲ့ စိတ်ကလေးတွေ အမျိုးမျိုးရှိပါတယ်၊ လောဘ၊ ဒေါသ၊ မောဟ၊ ကုသိုလ်၊ အကုသိုလ်၊ ဣဿာ၊ မစ္ဆရိယ၊ မာန ဆိုတဲ့ စိတ်တွေ မင်းသန္တာန် အများကြီး ရှိပါတယ်။
အဲဒါတွေ ရှိတာ မင်းဟာ ဘယ်လိုမြင်လို့တုံး ဆိုတော့၊ တပည့်တော်ရှေ့တင် သူတို့ကဖြစ်ပြီး ပျက်ပျက် သွားတယ်၊ ကုန်ကုန် သွားတယ်၊ “ခယဝယ” ကို မြင်တယ်တဲ့ “ခယဝယ” ဆိုတာ ကုန်တာနဲ့ ပျက်တာကို သူမြင်တယ်။
ဘာမြင်တာတဲ့တုံး (ကုန်တာနဲ့ ပျက်တာ သူမြင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့လည်း ဝိပဿနာ ရှုတဲ့အခါ ဘယ်စိတ်လာလာ ကုန်တာနဲ့ ပျက်တာကိုဖြင့် ဉာဏ်ထဲမှာ ကုန်ပြီ၊ ပျက်ပြီ ဆိုတာတော့ မြင်အောင်ကြည့်ပါ မှန်တော့ မှန်တယ် ဒီဥစ္စာ (မှန်ပါ)။
ဖြစ်ပြီး မရှိတာသိရင်ပြီးတယ်
သဘောကျပလား (ကျပါတယ် ဘုရား) ဒါ ဝိပဿနာ ရှုတော့ ဘယ်စိတ်လာလာ ဘာမြင်အောင် ကြည့်ရမတုံး (ကုန်တာ ပျက်တာ သိရမှာပါ ဘုရား) ဒါစကား အကျယ် သုံးတာပါ မရှိတာ သိရင် ပြီးတာပါပဲ (မှန်ပါ)။
ဖြစ်ပြီး မရှိတာသိရင် (ပြီးပါတယ် ဘုရား) သဘောကျ ပလား (ကျပါတယ် ဘုရား) ဖြစ်ပြီးတော့ကို (မရှိတာ သိရမှာပါ ဘုရား) ဖြစ်တုန်းတော့ မသိနိုင်ပါဘူးတဲ့၊ ဖြစ်တုန်း ဘယ်သိ မတုံးတဲ့၊ ဖြစ်တာက တစ်စိတ် သိတာက တစ်စိတ်ဆိုတော့၊ သတ္တဝါ တစ်ယောက်တည်း နှစ်စိတ် ဖြစ်နိုင်ပါ့မလား (မဖြစ် နိုင်ပါဘူး ဘုရား)။
ဒါကြောင့် ဖြစ်တုန်းလည်း ဘယ်တော့မှ မသိဘူး (မှန်ပါ) ကုန်သွားတော့မှ နောက်စိတ်က နောက်ဉာဏ်ကလေးကနေ ဪ မရှိတော့ပါလား ဆိုတာ နောက်ဉာဏ်က သိတာ (မှန်ပါ) နှစ်စိတ်က ပြိုင်ကောင်းရဲ့လား သတ္တဝါ (မပြိုင်ကောင်းပါဘူး ဘုရား)။
ဆေးလိပ်လည်း သောက်ချင်တယ်၊ ရေလည်း သောက်ချင်တယ်လို့ တစ်ခါတည်း ဖြစ်နိုင်ရဲ့လား (မဖြစ်နိုင် ပါဘူး ဘုရား) စကားပြောကြည့်ပါ ဆေးလိပ်၊ ရေ လို့ နှစ်သံ ထွက်လာတယ် (မှန်ပါ) ဒါ နှစ်ခု မဖြစ်လို့ပေါ့ (မှန်ပါ)။
သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်
ဒါဖြင့် သတ္တဝါသန္တာန်မှာ ဘယ်နှစ်စိတ်သာဖြစ်ကောင်း သတုံး (တစ်စိတ်သာ ဖြစ်ကောင်း ပါတယ် ဘုရား) တစ်စိတ်ပြီးမှ တစ်စိတ် ဖြစ်ကောင်းတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆေးလိပ်နဲ့ရေ ကျုပ်ဖြင့် တွဲပြီးသကာလ ဆေးလိပ် လည်း သောက်ချင်တယ်၊ ရေလည်း သောက်ချင်တယ်လို့ ပြောတာတောင်မှ စကား ဘယ်နှစ်ခွန်းသုံးရတုံး (နှစ်ခွန်းသုံးရ ပါတယ် ဘုရား) နှစ်ခွန်း သုံးရတော့ နှစ်စိတ်မို့ နှစ်ခွန်းဖြစ်တာ (မှန်ပါ) ဟုတ်ဘူးလား (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် သတ္တဝါ သန္တာန်မှာ တစ်စိတ် ချုပ်ပြီးမှ ဘာဖြစ် ရတုံး (တစ်စိတ်ဖြစ်ရပါတယ် ဘုရား) တစ်စိတ် ဖြစ်ရတယ်ဆိုတာ သေချာပြီ မဟုတ်လား (သေချာပါတယ် ဘုရား)။
ဒါကြောင့် မူလစိတ်ပျက်သွားတာ၊ မူလစိတ် ရှုတဲ့စိတ် ဘယ်တော့မှ မလာသေးဘူး၊ ကိုယ့်သန္တာန်မှာ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ဣဿာဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်၊ ဝိစိကိစ္ဆာဖြစ်ဖြစ် သံသယရှိတာ ဖြစ်ဖြစ်ပေါ့လေ။
သိတဲ့စိတ်ကနောက်မှပေါ်တယ်
ရှူတဲ့ စိတ်ဖြစ်ဖြစ်၊ ရှိုက်တဲ့စိတ်ဖြစ်ဖြစ်၊ ဖြစ်ချင်တာဖြစ် သူတို့ မရှိမှဘဲ ဪ မရှိဘူးလို့ သိတဲ့ စိတ်က နောက်မှ သီးသန့်ပေါ် ရမယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မရှိတာသည် ဒကာ ဒကာမတို့ ရှေးက သဘောကျပလား (ကျပါပြီ ဘုရား) သိတာသည် နောက်က (မှန်ပါ) ဘယ့်နဲ့ကြောင့် ရှေ့နောက် ခွဲရသတုံးဆိုတော့ ဒီစိတ် မရှိမှ ဒီစိတ်က ပေါ်နိုင်တာကို (မှန်ပါ ဘုရား) နှစ်စိတ်မှ မပြိုင်ကောင်းပဲကို ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဝိပဿနာရှုနည်းပေးနေတယ်
ဒါ ဝိပဿနာ ရှုနည်းမှာဖြင့် အသေအချာပေးနေတယ် လို့ ဒကာ ဒကာမတို့က မှတ်စမ်းပါ (မှန်ပါ) ဝိပဿနာ ရှုနည်းမှ အသေအချာပေးနေတယ်ဆိုတာ ယုံကြည်ပလား (ယုံကြည်ပါ ပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့အခါ နာမ်, နာမ်ချင်း၊ စိတ်, စိတ်ချင်း ဒီရှုတာကလည်း စိတ်နဲ့ ရှုတာပဲ။ ဉာဏ်နဲ့သိတာပဲ (မှန်ပါ) အရှုခံရတာလည်း နာမ်ဓမ္မတွေပဲ။ စိတ်ဓမ္မတွေပဲလို့ ဆိုရင် လွဲသလား (မလွဲပါဘူး ဘုရား)။
အရှုခံတဲ့စိတ် ရှိတုန်းကို ရှုမည့်စိတ်ပေါ်ပလား (မပေါ် ပါဘူး ဘုရား) သေချာပလား (သေချာပါတယ် ဘုရား) ဒါဖြင့် အရှုခံတဲ့ စိတ်ကို မြင်ပါတယ်ဆိုတာသည် ဘယ်ဟာကို မြင်ရ မတုံးဆိုတော့ မရှိတာ မြင်ရမည် (မှန်ပါ ဘုရား)။
ဘာမြင်ကြမတုံး (မရှိတာမြင်ရမှာပါ ဘုရား) ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား) ဦးခန့် စိုက်မနေနဲ့ ဘာမြင်ရမှာတုံး (မရှိတာမြင်ရမှာပါ ဘုရား) မရှိတာမြင်ရမယ်။
ရှိရာက မရှိတာမြင်ရမှာ
လုံးလုံး မရှိတာလား၊ ရှိရာက မရှိတာ မြင်ရမှာလား (ရှိရာက မရှိတာ မြင်ရမှာပါ ဘုရား) ဒါလေးတော့ ဝိသေသန မှတ်ပေးပါ (မှန်ပါ) သော် ရှိရာက မရှိတာကို (မှန်ပါ)။
လုံးလုံး မရှိတာကြီး ကောင်းကင်ကြီးဘာမှ မရှိတာကြီး မရှိဘူး မရှိဘူး လုပ်နေတော့ အပိုပေါ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ရှိရာက (မရှိတာကို မြင်ရမှာပါ ဘုရား) ရှိရာက မရှိတာ သိဖို့ အရေးကြီးတယ် (မှန်ပါ)။
ဝိပဿနာဉာဏ်အစစ်
နောက်က ဒကာ ဒကာမတွေ လေးလေးစားစား မှတ်ပါ။ ဒီတစ်လုံးဟာ စကား မသေးဘူး (မှန်ပါ ဘုရား) ဝိပဿနာ ဉာဏ်အစစ်ကို ပြောနေတာ (မှန်ပါ) ရှိရာက မရှိတာကို မရှိ ဘူးလို့ နောက်က သိရမယ် (မှန်ပါ) သဘောကျပလား (ကျပါ ပြီ ဘုရား)။
ရှိရာက မရှိတာသိမှ မဂ္ဂ
ဒါဖြင့် မရှိတာက အနိစ္စ ဟုတ်ဘူးလား (မှန်ပါ) မရှိဘူး လို့ သိတာကမှ မဂ္ဂဖြစ်တာ၊ ရှိရာက မရှိတာ သိမှ မဂ္ဂနော် (မှန်ပါ ဘုရား) လုံးလုံးကောင်းကင်ကြီးလို ဘာမှမရှိတာ မရှိဘူး မရှိဘူးလို့ သိနေရင် အပိုပဲ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုင်း ဒါဖြင့် ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
အဲတော့ ရှင်ဆန္ဒ ရှင်သာရိပုတ္တရာက ပြောလိုက်တယ်။ မင်းဘာမြင်တုံးကွ၊ ကုန်ပျောက်တာ မြင်တယ်ဆိုတော့ သူ မရှိတာ မြင်တယ်လို့ ပြောတာ (မှန်ပါ) ရှိရာက မရှိတာ သူမြင်တယ်လို့ ပြောတော့ တရားက မှန်မနေဘူးလား (မှန်နေ ပါတယ် ဘုရား)။
မှန်ပင် မှန်ငြားသော်လည်းတဲ့၊ ရှိတဲ့ တရားလေး ပျောက်ပျက်သွားတာသာ သူမြင်တာတဲ့၊ ရှိတဲ့တရားက စိတ်တရား၊ နောက်သူကြည့်လိုက်တဲ့အခါ မရှိဘူး၊ မရှိတာ သူမသိဘူးလား (သိပါတယ် ဘုရား) ဉာဏ်ကလေးက သူမသိ ဘူးလား (သိပါတယ် ဘုရား)။
အရှင်ဆန္ဒ ဉာဏ်ကလေးက သိတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဒီဉာဏ် ကလေးက သိရမှာပဲ (မှန်ပါ) မသိရပေဘူးလား (သိပါတယ် ဘုရား)။
အဲဒိ အသိကတော့ကိုတဲ့ ဒါက ကိုယ့်သန္တာန်ပေါ်တဲ့ စိတ်ဖြင့် စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာ မရှိတာ သူသိတယ် (မှန်ပါ) နိဗ္ဗာန် သိတာလား (မသိပါဘူး ဘုရား) နိဗ္ဗာန် သိတာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)။
နိဗ္ဗာန်သိတဲ့မဂ်ဉာဏ်မဟုတ်သေးဘူး
ဒီတော့ သူရဟန္တာလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါဘူး ဘုရား) ဒီဝိညာဏက္ခန္ဓာ မရှိတာ သူသိတာ (မှန်ပါ) သဘောပါ ပလား (ပါပါပြီ ဘုရား) အဲတော့ ရှင်သာရိပုတ္တရာက၊ ဪ မင်းမရှိတာ သိတာကို ဆိုတော့ ဝိပဿနာဉာဏ်တော့ မှန်ပါရဲ့၊ နိဗ္ဗာန်သိတဲ့ မဂ်ဉာဏ်အစစ်မဖြစ်ဘူး (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာ ဉာဏ်တော့ (ဟုတ်ပါ ဘုရား) နိဗ္ဗာန်သိတဲ့ မဂ်ဉာဏ်တော့ (မဟုတ်သေးပါဘူး ဘုရား) မဟုတ်သေးပါဘူး ဆိုတာကို ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒါ အင်မတန် အရေးကြီးလို့ မနေ့ကလည်း ပြောပါတယ် ယနေ့လည်း ပိုမိုပြီး သကာလ ရှင်းအောင် ပြောပါတယ်။
မပြောဘူးလား (ပြောပါတယ် ဘုရား) ကောင်းပြီ ဒါကြောင့် ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ဒီဥစ္စာထပ်ပြီး သေချာပြောပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဒီအလုပ်မပါ ဒီမဂ် မပေါ်နိုင်လို့သာ မှတ် (မှန်ပါ) ဒီမဂ်ပဲ ကျုပ်တို့က အားကိုးရမှာ (မှန်ပါ)။
ဉာဏ်အမိဉာဏ်အဖဆိုတာ မဂ်ဉာဏ်
မဂ်ဆိုတာ ဉာဏ်နော်၊ ဒီဉာဏ်အမိ ဉာဏ်အဖဆိုတာ ဒီမဂ်ကို ဆိုတာ (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဉာဏ်အမိ ဉာဏ်အဖဆိုတာ (မဂ်ပါ ဘုရား) မဂ်ကိုဆိုတာ ဒကာ ဒကာမတို့ မဂ်ဉာဏ်ကိုဆိုတာ ဖေါ်မပြောလို့သာ (မှန်ပါ) ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒါဖြင့် မရှိတာ သိရင်ပဲ မူလရှိနေတဲ့ တရားလေးဟာ နောက်ဉာဏ်နဲ့ ကြည့်လိုက်တော့ မရှိတော့ဘူး မသိကြဘူးလား (သိပါတယ် ဘုရား)။
ဝိပဿနာမဂ်ဉာဏ်ကိုအားကိုးပါ
ဒါဖြင့် သိတာက ဉာဏ်ပဲ မဟုတ်လား (မှန်ပါ) သိတာ မဂ်ဉာဏ်ပဲ၊ ဝိပဿနာမဂ်ဉာဏ်ပဲ (မှန်ပါ) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဖြင့် ဒါကို အားကိုးကြ (မှန်ပါ) ဒါကို အားကိုးကြ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် အားကိုးရမတုံးလို့ ဒကာ ဒကာမ တွေက အမေးမထုတ်ပေဘူးလား (ထုတ်ပါတယ် ဘုရား) ထုတ်ရလိမ့်မယ် ဒကာ ဒကာမတို့။
ဟောဒီမှာ ဒါ လောဘစိတ်ကလေး၊ ဒကာ ဒကာမတို့ ဒေါသ၊ မောဟ ဖြစ်ချင်တာ ဖြစ်ပေါ့ဗျာ၊ ဒါလေးတွေက မရှိတာ သိရမယ်၊ မရှိတာသိတော့မဂ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မသိတော့ပါဘူးဆိုလို့ရှိရင်၊ ဒါလေးက ဒေါသဖြစ်ခဲ့လို့ ရှိရင် သူ့နောက်က ထုံးစံအတိုင်း ပဋိစ္စသမုပ္ပါဒ်က သောက၊ ပရိဒေဝ၊ ဥပါယာသ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) အဝိဇ္ဇာ၊ သင်္ခါရ၊ အကုန်မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
ဉာဏ်မပါရင် ခန္ဓာတန်းသွားတယ်
ဒါက ဉာဏ်မပါတဲ့ ပုဂ္ဂိုလ်မှာ ခန္ဓာတန်းသွားတယ်၊ အဝိဇ္ဇာ သင်္ခါရဆိုတော့ ဟော ပဋိသန္ဓေ၊ ဝိညာဏ်ဆိုတဲ့ ထောင်ကျတဲ့ဥစ္စာ လာဦးမှာပဲ (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။
ထောင်ကျရင်တော့ သေမယ့်သာပြင်တော့ (မှန်ပါ) ပဋိသန္ဓေနေမိရင်တော့ ဘယ့်နှယ် ဆိုကြမတုံး (သေမယ့်သာ ပြင်ပါ ဘုရား) သေမယ့်သာပြင် ဘယ်မှ ရှောင်သွားလို့ မရပါဘူး ရသေးရဲ့ လား (မရပါဘူး ဘုရား)။
ဒါ ဘာတုံးတဲ့ မရှိတာ သိမှု အလုပ်မလုပ်မိလို့၊ ဒါဖြင့် မရှိတာ သိမှု အလုပ်လုပ်မိတာက မဂ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒါမဂ်ပဲ ထားပါတော့၊ ဒီမဂ် လာကတည်း ကိုက ဒကာ ဒကာမတို့ ဒီနောက်တန်းကြီးက ဘယ့်နှယ်နေတုံး (ပြတ်သွားပါတယ် ဘုရား)။
ဉာဏ်အားကိုးလိုက်လို့
နောက်တန်းကြီး ပြတ်သွားကတည်းက ဘယ်ပဋိသန္ဓေ အို နာ သေ လာစရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) သဘောပါပလား (ပါ ပါပြီ ဘုရား) ဒါ ဉာဏ်အမိ ဉာဏ်အဖကို ကျုပ်တို့က အားကိုး အားထား ပြုပြီး သကာလ လုပ်နေလိုက်တဲ့ အတွက် ဒီဘက်က တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏတွေ (မလာပါဘူး ဘုရား)။
ဘာ့ကြောင့် မလာပါလိမ့်မတုံးဆို၊ ဟော ဉာဏ်အမိ ဉာဏ်အဖ အခု ဆရာဘုန်းကြီး ပြောတဲ့ အတိုင်း အားကိုးလိုက် လို့ သူများပြောလား၊ အမြင်လား (အမြင်ပါ ဘုရား) ဒါ ပဋိစ္စ သမုပ္ပါဒ်က ဒီအတိုင်းဖြစ်နေတာကို၊ ဒီအတိုင်းဖြစ်လို့ပဲ အမြင်ပဲ ပြနေတာ (မှန်ပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာအားကိုးကြမှာတုံး (ဉာဏ်အမိ ဉာဏ်အဖ အားကိုးကြမှာပါ ဘုရား) ဉာဏ်အမိ ဉာဏ်အဖဆိုတာ ဝိပဿနာ ရှုတဲ့ဉာဏ် ဒီထက်ကြီးလာတဲ့ မဂ်ဉာဏ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာမဂ်ဉာဏ် မပါဘဲနဲ့လည်း လောကုတ္တရာ မဂ်ဉာဏ် ဒီပေါ်မှာ ဆင့်နိုင်ပါ့မလား (မဆင့်နိုင်ပါဘူး ဘုရား) မဆင့်နိုင်တော့ မောင်နိုင်ရေ ဘာအားကိုးမတုံးကွ (ဉာဏ်အမိ ဉာဏ်အဖပဲ အားကိုးမှာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် အားကိုးခိုင်းပါလိမ့်
ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ဆရာဘုန်းကြီး ဒီလောက် ရက်ရက်စက်စက် မညှာမတာဘဲနဲ့ အားကိုးခိုင်းပါလိမ့်မတုံး ဆိုတော့ ဪ ဒီမြင်ပြီး ဘုရား (မှန်ပါ) မြင်သေးဘူးလား (မြင်ပါတယ် ဘုရား) ဉာဏ်ဝင်တော့ ဒါတွေ ပြတ်မပြတ် (ပြတ် ပါတယ် ဘုရား)။
ပြတ်တော့ဒါတွေ ဘာပြတ်တာတုံး မေးတော့မှ ဒုက္ခ တွေ ပြတ်တာ (မှန်ပါ) ကံအမိ ကံအဖသာ ခင်ဗျားတို့ အားကိုးနေမယ်ဆို ကံ ဇာတိ ဇရာ မရဏ၊ ဟော ကံက၊ ကံက ဘာလုပ်တုံး ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။
ဇာတိပစ္စယာ (ဇရာပါ ဘုရား).ဇရာပစ္စယာ (မရဏပါ ဘုရား) ဟော ကံအားကိုးလိုက်တဲ့ အတွက် ဒီဘက်ချည်း သွားတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကံအားကိုးလိုက်တော့ ဘယ်ဘက်ချည်း လှည့်နေတုံး ဇာတိ ဇရာ မရဏဘက်ချည်း လှည့်နေတာ (မှန်ပါ)။
ဉာဏ်အားကိုးလိုက်တော့ သူတို့ ဘယ့်နှယ်နေတုံး (ပြတ်သွားပါတယ် ဘုရား) ပြတ်သွားတော့ အရင်တုန်းကတော့ သူ့ကို ဒီကျုပ်တို့က အားကိုးခဲ့တယ်၊ ယခုတော့ ဆရာကောင်း သမားကောင်း အကူအညီ ရတော့ ဉာဏ်အမိ ဉာဏ်အဖ အားကိုးလိုက်တယ် (မှန်ပါ)။
ကံအမိကံအဖ အားကိုးတုန်းက ဒီအတန်းအတိုင်း သွားတယ် မသွားဘူးလား (သွားပါတယ် ဘုရား) ဉာဏ်အမိ ဉာဏ်အဖ အားကိုးလိုက်တော့ ဒီအတန်းကြီး ပြတ်သွားတယ်၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒုက္ခတန်းကြီး ပြတ်သွားတယ်
ဒီအတန်းကြီးက ဘာအတန်းတုံးမေးရင် ဒုက္ခတန်းကြီး၊ သဘောကျပလား (ကျပါပြီ ဘုရား) ဘာတန်းပါလိမ့် (ဒုက္ခ တန်းကြီးပါ ဘုရား) ဒုက္ခတန်းကြီးပြတ်သွားတယ်ဆိုတာ လေးလေးနက်နက် သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် လေးလေးနက်နက် သဘောကျလို့ ရှိရင်ဖြင့်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အားကိုးရာ အစစ်တွေ့တဲ့နေ့ (မှန်ပါ) ဆုံးဖြတ်ချက်ချ (တင်ပါ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမတုံး၊ ဉာဏ်အမိ ဉာဏ်အဖ တည်းဟူသော ကိုးစားရာ အစစ်ကို ယနေ့ စတွေ့တဲ့နေ့ပဲ ဘုရား (မှန်ပါ့) ဆိုနိုင်ကြ၊ မဆိုနိုင်ကြ (ဆိုနိုင်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဘယ်လိုမှ မပြောင်းကြပါနဲ့တဲ့ ဒါနပြုလည်း ဉာဏ်ဦးစီးပါ၊ သီလဆောက်တည်ကော (ဉာဏ်ဦးစီးရမှာပါ ဘုရား) ဝိပဿနာအားထုတ်ဆိုတော့ ဉာဏ်ဦးစီးမထည့်နဲ့တော့ မောင်နိုင်ရ၊ ဉာဏ်အလုပ် သက်သက်ကြီး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာ အလုပ်ဆိုတာ ဘာအလုပ် သက်သက် ဖြစ်နေတုံး (ဉာဏ်အလုပ်သက်သက် ဖြစ်နေပါတယ် ဘုရား)
အဲဒါန လုပ်တော့ ဉာဏ်ဦးစီးရသေးတယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
သီလ ဆောက်တည်တော့ကော (ဉာဏ်ဦးစီးရပါတယ် ဘုရား) အင်း သူ့လုပ်နေတော့ ဉာဏ်သက်သက် ဖြစ်နေတော့ ဦးစီးဆိုတာ စကားသုံးစရာ လိုသေးလား (မလိုတော့ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားပွင့်တဲ့နေ့
ဒါဖြင့် ဒကာ ဒကာမတို့ အလွန်အဖိုးတန်တဲ့နေ့ပဲ ဆိုတာ၊ ဒါ ခင်ဗျားတို့ သန္တာန် ဘုရားပွင့်တဲ့ နေ့လို့ မှတ်လိုက် (မှန်ပါ ဘုရား) ဒိပြင်နေ့နဲ့ မတူဘူး၊ နှစ်ဆန်းတစ်ရက်နေ့ဆိုတဲ့ ဥစ္စာ ဒီပြင်နေ့နဲ့ တူတယ်လို့ အောက်မေ့မနေနဲ့ (မှန်ပါ)။
တစ်သက်လုံး ကံအောက်မှာ ကံ၏ ခြေဖဝါးအောက်မှာ ကျုပ်တို့ အသက်ပျောက်ခဲ့ရတယ် (မှန်ပါ) ဟုတ်ဘူးလား (မှန်ပါ) ကံ၏ ခြေဖဝါးအောက်မှာ အသက်ပျောက်ခဲ့ရတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်တော့မှမချမ်းသာခဲ့ဘူး၊ သာခဲ့ရဲ့လား (မသာခဲ့ ပါဘူး) မသာခဲ့ပါဘူးတဲ့၊ နတ်ချမ်းသာ ဆိုပြီး ပြလိုက်ရင်လည်း နတ်ပဋိသန္ဓေက စတာပဲ နတ်နာ၊ နတ်အို၊ နတ်သေပဲ လမ်းဆုံးမှာပဲ (မှန်ပါ) ချမ်းသာပါကြရဲ့လား (မပါ ပါဘူး ဘုရား)။
ဆိုင်းဘုတ်တော့ ရေးချင်တာ ရေးမှာပေါ့ဗျာ၊ ချမ်းသာ ပါစေ၊ ကျန်းမာပါစေလို့ ဖြစ်စဉ်ကတော့ မချမ်းသာဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အဲတော့ ဆိုင်းဘုတ်နဲ့ မလွမ်းပါနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လက်ဖက်ခြောက် ကောင်းကောင်း ရောင်းရန် ရှိသည်။ သွားဝယ်တော့ အညံ့တွေ ပေးနေ ဘယ့်နှယ်လုပ်မတုံး၊ ဆိုင်းဘုတ်ကြည့်ပြီးတော့ သူကတော့ ကောင်းကောင်းတော့ ရေးမှာပဲ သူ့ကုန်ဖွံဖို့ သူလုပ်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီမှာလည်း ကံက သူ့ကုန်စုံဖို့ သူလုပ်နေတာ (မှန်ပါ) ငါ့အားကိုးကြ၊ ငါ့အားကိုးကြဆိုတော့ သူသတ်ဖို့ အထည် ရှာနေတာ သဘောပါပလား (ပါ ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရား သဘော ကျပလား (ကျပါပြီ ဘုရား) အားကိုး ပြောင်းကြရတော့မယ် ဘာပြောင်းကြမယ် (အားကိုးပြောင်းကြရမှာပါ ဘုရား)။
ပြောင်းဖြစ်အောင် ပြောင်းလိုက်စမ်းပါ
ကံအမိ ကံအဖမှ ဉာဏ်အမိ ဉာဏ်အဖသို့ ပြောင်း ဖြစ်အောင် ပြောင်းလိုက်စမ်းပါ (မှန်ပါ) ပြောင်းခြင်း ကျေးဇူး ကတော့ လက်တွေ့ပြတယ် (မှန်ပါ) မပြသေးဘူးလား (ပြပါ တယ် ဘုရား)။
ဟောဒီ တစ်ခုခု ခင်ဗျားတို့ ဖြစ်ပျက်ရှုပါ၊ ရှုတဲ့ဉာဏ် ကလေးသာ လာပါစေ၊ ကုန်တာ ပျောက်တာ မြင်တဲ့ ဉာဏ်ကလေးသာ လာပါစေ၊ ဟောဒီနောက်က ဟာတွေ ဘယ်နည်းနဲ့မှ မလိုက်ဘူး (မှန်ပါ)။
သူသာ မဝင်လို့ရှိရင်ဖြင့် ဒါ စိတ်ကလေးဆိုပါတော့၊ ဒေါသစိတ်ဖြစ်ဖြစ်၊ လောဘစိတ်ဖြစ်ဖြစ်၊ လောဘစိတ်ဖြစ်ခဲ့လို့ ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ သွားမှာပဲ၊ ဒါ ဘယ်သူငြင်းလို့ ရသေးတုံး (မရပါဘူး ဘုရား) ဘုရားမပွင့်လည်း ရှိတဲ့ နိယာမတရား (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒေါသဖြစ်တယ်ဆိုတော့ ဒေါသဖြစ်တယ် ဉာဏ်မဝင်တော့ဘူး သဘောကျပလား (ကျပါပြီ ဘုရား) ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေနေ၊ ပဋိသန္ဓေ ဝိညာဏ် လာလို့ရှိရင် ဇရာ မရဏ နောက် မလိုက် ပေဘူးလား (လိုက်ပါတယ် ဘုရား) ဘာထူးသေးတုံး (မထူးပါဘူး ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီလိုဆက်ဆက် သွားပါလိမ့်၊ ဉာဏ် အမိ ဉာဏ်အဖကို ခင်ဗျားတို့ မသွင်းနိုင်လို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာမသွင်းနိုင်လို့တုံး (ဉာဏ်အမိ ဉာဏ်အဖ မသွင်းနိုင်လို့ပါ ဘုရား)။
အဲဒါ မသွင်းနိုင်တာကလည်း ခင်ဗျားတို့က ဒီအလုပ် လုပ်ပါလို့ ဆရာဘုန်းကြီးကလည်း တိုက်တွန်း၊ ခင်ဗျားတို့ကလည်း ဒီအလုပ် လုပ်ပါဆိုရင် ခက်နေပြီ ဟုတ်ဘူးလား (တင်ပါ) ဒိပြင့် အလုပ် လုပ်ပါဆိုတော့ လွယ်နေတယ် မောင်နိုင် (မှန်ပါ) အဲဒါက လွဲနေတယ် ဆိုတာ သဘော ပါပလား၊ ဒီအလုပ် ကြိုးစားလုပ် ပါတဲ့။
ကြိုးစားလိုက်ကြစမ်းပါ
ဒါ ဉာဏ်အမိ ဉာဏ်အဖ အစစ်ဖြစ်တဲ့အလုပ် ဖြစ်နေလို့ ကြိုးစားလိုက်ကြစမ်းပါ ဆိုတာဖြင့် လေးလေးစားစား တိုက်တွန်း ပြန်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ရှင်ဆန္ဒ မြင်ပုံက ဘာမြင်သတဲ့တုံး၊ ကုန်တာ ပျက်တာ မြင်တယ်တဲ့၊ ဘာမြင်တယ် (ကုန်တာ ပျက်တာ မြင်ပါတယ် ဘုရား) ကုန်တာ ပျက်တာကို သူ့ ဉာဏ်လေးနဲ့ မြင်ပါတယ်ဆိုတော့ သူသည် ဒကာ ဒကာမတို့ စဉ်းစားလိုက်ပါ။ ပုထုဇဉ်တို့၏ အမြင်ပဲ ရှိနေတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာက ဪ ဒီကောင် ပုထုဇဉ် ရှိသေးတာပဲ ဆိုပြီး သူထ, သွားတယ်၊ သူက အနားနားက တိမ်းလိုက်တော့မှ သူ့ညီ ရှင်စုန္ဒက “ နိဿိတဿ စလိတံ” ဆိုတာ မနေ့က ဟာ ပြောပြန်တာပဲ (မှန်ပါ)။
ဟောပြီး သူတို့ ညီအစ်ကို နှစ်ပါး ထ, သွားကြတယ် ထ, သွားတော့ သူက အင်မတန် စိတ်ထက်တဲ့ ပုဂ္ဂိုလ်၊ သူ့ဟာ သူလည်း ရဟန္တာ ဖြစ်နေပြီ ထင်တယ်၊ ကုန်တာ ပျက်တာ မြင်တာနဲ့ ရဟန္တာ ဖြစ်နေပြီလို့ သူထင်နေတယ်၊ ထင်တာနဲ့ပဲ ဟို ကိုယ်တော်နှစ်ပါးလည်း ကြွသွားရော သူလည်ပင်းဓါးနဲ့ လှီးတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
လည်ပင်းဓါးနဲ့လှီးတယ်
လည်ပင်းဓါးနဲ့လှီးပြီနော်၊ လည်ပင်းဓါးနဲ့ လှီးတော့မှ ဒကာ ဒကာမတို့ လည်ပင်းဓါးနဲ့ လှီးတယ် ဆိုတော့ ဖြုန်းခနဲက မသေသေးပဲကို မောင်နိုင်ရ (မှန်ပါ)။
မသေသေးတော့ သွားရမည့် ကိစ္စသွားမြင်တယ်၊ ဟို ခွေးနက်ကြီးတို့၊ တစ်ခါ ငရဲအိုးတို့ သွားမြင်တယ်၊ ဒကာ ဒကာမ တို့ လည်ပင်းလှီးတော့ ဝိညာဉ်မချုပ်သေးဘူးပေါ့လေ (တင်ပါ ဘုရား)။
ပုထုဇဉ်နိမိတ်တွေ့မြင်နေတယ်
မချုပ်သေးတော့ သူဘာမြင်တုံး (ခွေးနက်ကြီးတို့၊ ငရဲ အိုးတို့ မြင်ပါတယ် ဘုရား) ခုနင်က ပုထုဇဉ်များ မြင်တဲ့ နိမိတ်တွေပေါ့ဗျာ (မှန်ပါ) သူဟာ ပုထုဇဉ်ဆိုတာ မသေချာ ဘူးလား (သေချာ ပါတယ် ဘုရား)။
သေခါနီး သူမြင်တာက နိဗ္ဗာန်မြင်သလားတဲ့၊ အခု မဟုတ်တာတွေ မြင်နေသလား (မဟုတ်တာတွေ မြင်နေပါတယ် ဘုရား) ဒီကတည်းက သူ့ ဘာဆိုကြမယ် (ပုထုဇဉ်ပါ ဘုရား) အဲ သူ့ဟာသူ သိတာ၊ ဟာ ဘဝင်မြင့်တာ မှားကုန်ပြီ သူ့ဟာသူသိတယ်။
ဘဝင်မြင့်တာ မှားပြီ
ဘဝင်မြင့်တာ မှားပြီ ဒကာ ဒကာမတို့ ဘာမှားတာတုံး (ဘဝင်မြင့်တာ မှားတာပါ ဘုရား) သူက သူ့ကိုယ်သူ ရဟန္တာ ထင်နေတာ၊ ရှင်သာရိပုတ္တရာ စပြောတာ၊ ရဟန္တာလို့ သူပြော နေတာပဲ မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒိတင်မှ မဖြစ်သေးပါဘူး ဆိုပြီးတော့၊ အဲဒီကျတော့ ဒကာ ဒကာမတို့ အချိန်ပိုင်း ကျန်တော့တယ်၊ ဝိညာဉ်ချုပ်ဖို့ သေဖို့ အချိန်ပိုင်း ကျန်တော့တယ် (မှန်ပါ) အဲဒိမှာ ပျာပျာ သလဲ သူရှုတာ ခန္ဓာတွေကို၊ စိတ်တွေကို တစ်ခါတည်း ဒကာ ဒကာမ တို့ ပျာပျာသလဲ ရှုတာ မပျာလို့ ရပါတော့မလား (မရပါ ဘုရား)။
ကျင့်သားရပြီးသားမို့ ချက်ချင်းပြန်ရှုတယ်
ဒါ ကျင့်သားရပြီးသားမို့ ပျာလို့ရတာနော်၊ ကျင့်သားမှ နည်းနည်းမှ မပါတဲ့ပုဂ္ဂိုလ် ပျာလို့ ဘယ့်နှယ်တုံး (မရပါဘူး ဘုရား) ဘယ်နည်းနဲ့မှ မရဘူးဆိုတာ သေချာရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အခု ရအောင်လည်း လုပ်နိုင်ရင် လုပ်ပါ၊ မလုပ်နိုင်တောင်ပဲ လုပ်ပါ (မှန်ပါ) သေတော့ ကဗျာ ကယာ ပျားလို့ ရသေးတယ် (မှန်ပါ) ဖျာတော့ ရဟန္တ ဖြစ်သေးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
သေခါနီးမှာ ရဟန္တာဖြစ်နိုင်တယ်
ပျာတော့ ဘာဖြစ်နိုင်တဲ့ (ရဟန္တာဖြစ်နိုင်ပါတယ် ဘုရား) အဲ နဂိုက ဖြစ်ပျက်မြင်ထားမှ ခယဝယ မြင်ထားမှ၊ သေခါနီး ရဟန္တာက ဖြစ်နိုင်တာ (မှန်ပါ)။
အကယ်၍ ပါရမီထူးလို့ ခင်ဗျားတို့ တကယ်တမ်း ကြိုးစားမယ်ဆို၊ မသေခင်လည်း ဖြစ်နိုင် ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရှင်နေလည်း လုပ်ရမှာပဲ၊ သေခါနီးလည်း (လုပ်ရမှာပါ ဘုရား) ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ ထမင်းစားကောင်းလည်း လုပ်ရမှာပဲ (မှန်ပါ) ထမင်းစား မကောင်းလည်း (လုပ်ရမှာပါ ဘုရား)။
ဖျားနေလည်းအလုပ်လုပ်ပါ
ဖျားနေကော (လုပ်ရမှာပါ ဘုရား) ဘယ်တရားလွတ်လို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
ကိုယ့်အရေးမှာ အကြီးဆုံးထားလိုက်ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒီအလုပ်ဟာ လုပ်ရလိမ့်မယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ သူနိမိတ် ထင်လာတော့မှ ဖျာပျာသလဲ ခုနက သူ့ခန္ဓာကြီးသူ၊ သူ့ခန္ဓာပေါ်တဲ့ အားလုံး သင်ထားတဲ့ စိတ်တွေ သူရှုတော့တယ်။
ရှုရင်းမတ္တနဲ့ ခုနက ဖြစ်ပျက်တွေ အကုန်ချုပ်ပြီး သကာလ နိဗ္ဗာန်ပေါ် ပေါ်လာတယ် (မှန်ပါ) ဖြစ်ပျက်ချုပ်သွား တော့ ဘာပေါ်မယ် (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)။
ဖြစ်ပျက်ချုပ်တော့ နိဗ္ဗာန့်ပေါ်လာတယ်
ဖြစ်ပျက်က ဒုက္ခသစ္စာကို (မှန်ပါ) ဖြစ်ပျက်က ဒုက္ခသစ္စာ ချုပ်သွားတော့ ဒီနေရာ ဘာပေါ် လာတုံး (နိဗ္ဗာန်ပေါ်လာပါတယ် ဘုရား) ဒုက္ခနိရောဓော နိဗ္ဗာနံ၊ ဒုက္ခချုပ်သွားပြီ၊ ဒုက္ခချုပ်တော့ ဒုက္ခနိရောဓော မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား) ဒုက္ခနိရောဓော ဖြစ်တဲ့ နိဗ္ဗာန်က ဒီမှာ လာပေါ်တာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒုက္ခချုပ်တဲ့နိဗ္ဗာန် ပေါ်လာတဲ့အခါကျတော့မှ ပေါ်ပြီးတော့မှ ရဟန္တာ ဖြစ်ပြီးတော့မှ သူဝိညာဉ်ချုပ်တယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိညာဉ်ချုပ်တော့ သူ နောက်ပဋိသန္ဓေနေသေးရဲ့ လား (မနေတော့ပါဘူး ဘုရား) ကဲ ပျာ လိုက်လို့နော် (မှန်ပါ) မပျာ လိုက်ရင်တော့ (မရတော့ပါ ဘုရား) အခက်ကြီးပါလား ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ပျာပေမယ့်လည်း လက်စရှိလို့ ပျာလို့ရတာ (မှန်ပါ) လက်စမရှိရင် (ပျာလို့ မရပါဘူး ဘုရား) အဲ ခင်ဗျားတို့ လက်စ မြန်မြန်လုပ်ပါ၊ တိုက်တွန်းတယ်လို့ အောက်မေ့မနေနဲ့ ကိုယ့် အရေးလို့ အောက်မေ့ (မှန်ပါ)။
ကိုယ့်အရေးကို ကိုယ်ကြီးမှရတယ်
တိုက်တွန်းတယ်လို့ အောက်မေ့သလား၊ ကိုယ့်အရေးလို့ အောက်မေ့သလား (ကိုယ့်အရေးလို့ အောက်မေ့ပါတယ် ဘုရား) အဲကိုယ့်အရေးလို့ အောက်မေ့လို့ရှိရင်ဖြင့် ကိုယ့်အရေးကို ကိုယ်ကြီးမှ ရတယ်၊ သူများကကြီးပါကြီးပါ ဆိုလို့ မရဘူး (မှန်ပါ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
မဂ်ဆိုတာ မကြာပါဘူး
ဒါနဲ့ပဲ ရှင်သာရိပုတ္တရာနဲ့ ရှင်စုန္ဒက ဘုရားကျောင်းကို မရောက်သေးဘူး၊ သူဒီမှာ ဝိညာဉ် ချုပ်တော့မယ်၊ ဒါကြောင့် မဂ်ဆိုတာ မကြာပါဘူးတဲ့ လုပ်ရင် ခဏရတာပါပဲ (မှန်ပါ)။
အဲဒိအခါတုန်းက နာရီမရှိလို့ပေါ့၊ နာရီနဲ့ တွက်ကြည့် လိုက်ရင် ဟိုမှာ ဘယ်နှစ်လှမ်းသာ ရောက်သေးတယ်၊ သူ ရဟန္တာဖြစ်နိုင်တယ် ဆိုတာ ပေါ်တယ် (မှန်ပါ) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သူတို့လမ်းမှာ ဘုရားကျောင်းတော်တောင် မရောက် သေးဘူး၊ ဟိုညီအစ်ကို နှစ်ပါး ပြန်သွားတာ (မှန်ပါ) ရှင်သာရိ ပုတ္တရာနဲ့ ရှင်စုန္ဒ ပြန်သွားတာ သူက အဘိညာဉ်နဲ့ ကြည့်နေတာ၊ ဟာ ဆန္ဒတော့ဟေ့ လည်ပင်းလှီးပြီး သေပါပေါ့လား၊ နောက်ပြန်ကြည်တော့သိတယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားကျောင်းတော်သွားတယ်
နောက်ပြန်ကြည့်တော့ သူတို့သိတယ်၊ သိတဲ့အခါကျ တော့မှ ဘုရားဆီ ရောက်အောင် သွားလိုက်တယ်၊ အရှင်ဘုရား တပည့်တော်တို့ ဆန္ဒဆီက ပြန်ခဲ့ကြပါတယ်ဘုရား၊ ပြန်တော့ တပည့်တော် တို့လည်း တရားဓမ္မပြောခဲ့ကြပါတယ်၊ ရှင်စုန္ဒလည်း သူထိုက်တန်တဲ့ တရား ဟောပါတယ် တပည့်တော်လည်း ထိုက်တန်တဲ့ အမေးအဖြေတွေ ပြောခဲ့ပါတယ်။
သူဘယ်များ ရောက်နေသတုံးဘုရား
သူ တပည့်တော်တို့ လမ်းရောက်ခါရှိသေး လည်ပင်းဓါးနဲ့ လှီးပြီးသေပါတယ်၊ သူ ဘယ်များ ရောက်နေသတုံး မေးတာပဲ။ ဘုရားသွားမေးတာ ရှင်သာရိပုတ္တရာက ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) ဘယ်သူ့ သွားမေးတာတုံး (ဘုရားသွားမေးတာပါ ဘုရား)။
ဟ မင်းကွာ၊ သူဟာ ဘယ်ရောက်တယ်ဆိုတာ ငါပြောဖို့ မလိုပါဘူးကွ၊ သူ ပဋိသန္ဓေ မနေတော့ ဘူးကွ၊ သဘောကျပလား (ကျပါပြီ ဘုရား) ပဋိသန္ဓေ မနေတော့ဘူး ပဋိသန္ဓေ မနေတော့ဘူး ဆိုတော့ သတ္တဝါအစ ပဋိသန္ဓေက ဆိုတာ လူတိုင်းသိပါတယ် (မှန်ပါ) မသိဘူးလား (သိပါတယ် ဘုရား)။
ပဋိသန္ဓေ ဇာတိမဟုတ်လား ပါဠိလို ဇာတိ၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ပဋိသန္ဓေမှ မနေတဲ့ပုဂ္ဂိုလ်ဆိုရင် ဒုက္ခ ကျွတ်သွားတာပေါ့ (မှန်ပါ) ဆိုနိုင်၊ မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
သေနဲ့ ရဟန္တာဖြစ်တာ တစ်ပြိုင်တည်း
အဲတော့ ငါပြောပြမယ်ကွာတဲ့ သူဟာ ပထမတုန်း ကတော့ဖြင့်တဲ့၊ သူ့အထင်နဲ့သူ ပုထုဇဉ် ဘဝင်မြင့်တာ မှန်ပါ တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သေခါနီးမှာ နဂိုက မပြတ်လုပ်ထားတဲ့ ကံလေးကို ပြန်လုပ်မိတယ်ကွတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြန်လုပ်မိတဲ့အတွက် သေခါနီးမှ သေတာနဲ့ ရဟန္တာ ဖြစ်တာနဲ့ တစ်ပြိုင်တည်း ဖြစ်သွားတယ် (မှန်ပါ) ဒါကြောင့် သူ ဘယ်သွားသတုံးလို့ မင်းတို့မမေးနဲ့ နိဗ္ဗာန်ရောက်သွားပြီ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောကကြီးမှာ အကြီးဆုံးအပြစ်
အဲတော့ကွာတဲ့ မင်းငါ ဆုံးမပရစေ ဆိုပြီး ရှင်သာရိ ပုတ္တရာကို ဆုံးမတယ်၊ မင်းလောကကြီးမှာ အပြစ်သင့်တဲ့အထဲ အကြီးဆုံးအပြစ် ငါပြောမယ်၊ ဘုရားက – ဘုရားက၊ လောက ကြီးမှာ ဘာတဲ့ (အကြီးဆုံး အပြစ်ပါ ဘုရား) အပြစ်သင့်တဲ့ အထဲမှာ ဘာတဲ့တုံး (အကြီးဆုံးအပြစ်ပါ ဘုရား)။
အကြီးဆုံးသော အပြစ်သင့်တာကို ငါပြောပြမယ်ကွ၊ အဲဒါ တရားတစ်ပွဲလုံးမှတ်ပါ၊ ဒီအရေး သိပ်ကြီးတယ် နော် (မှန်ပါ) သာရိပုတ္တရာ မင်း သေသေချာချာ မှတ်ကွတဲ့၊ အကြီးဆုံး အပြစ်သင့် တာကို ငါရှင်းပြမယ် ဆိုပြီးရှင်းပြတယ်။
နောက်ဘဝပဋိသန္ဓေနေတာအပြစ်
ဒီဘဝ သေကွာတဲ့၊ နောက်ဘဝ ပဋိသန္ဓေနေတဲ့ အပြစ်လောက် ကြီးတာမရှိဘူးတဲ့ သဘော ကျပလား (ကျပါပြီ ဘုရား) ဒီဘဝသေပြီးနောက် ပဋိသန္ဓေနေရတဲ့အပြစ်လောက် (ကြီးတာမရှိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ပဏ္ဏာသ ပါဠိတော်မှာ ကိုယ်တော်တိုင်ဟောတာ ဘုရားက၊ ဒီဘဝသေပြီး နောက်ပဋိသန္ဓေ နေတဲ့ အပြစ်ဟာ အကြီးဆုံးသင့်တာပဲတဲ့ (မှန်ပါ ဘုရား) ခင်ဗျားတို့က နတ်ဖြစ် ချင်တဲ့ လူနဲ့တော့ ကန့်လန့်ကြီးသွားနေတယ် (မှန်ပါ)။
အကြီးဆုံးအပြစ်သင့်တာ
နတ်ဖြစ်ချင်တယ် ပဋိသန္ဓေလာမှာပဲ (မှန်ပါ) ဗြဟ္မာ ဖြစ်ချင်တဲ့လူကော (ပဋိသန္ဓေလာမှာပါ ဘုရား) အဲဒါ အကြီးဆုံး အပြစ်သင့်တာကွတဲ့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုံး ဒီဘဝ သေရင် (နောက်ဘဝပဋိသန္ဓေနေရင်) အဲဒါဘာဖြစ်တာတုံး (အကြီးဆုံး အပြစ်သင့်တာပါ ဘုရား)။
အဲဒါ အကြီးဆုံးသော အပြစ်သင့်တာပဲတဲ့၊ ဘာကြောင်တုံးလို့ ခင်ဗျားတို့သာ မေးလို့ရှိရင် ဘုန်းကြီးက ဘုရားဘက်ကနေ ကူပေးပါမယ်နော် (မှန်ပါ) ဘုရားဘက်ကနေ ကူပေးပါမယ်။
ဒီဘဝသေတော့ စုတိ၊ ဒီဘဝသေတော့ နောက်ဆုံးပိတ် စိတ်ဟာ ဘာပါလိမ့် (စုတိစိတ်ပါ ဘုရား) စုတိစိတ်ဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) စုတိစိတ်လည်း ချုပ်သွားရော ပဋိသန္ဓေသူများ ဝမ်းခေါင်းထဲ သွားပေါ်တယ် မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဘယ်ဘဝမှ ဆုမတောင်းနဲ့
သူက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခပြီး ဒုက္ခဆက်တဲ့ အလုပ်လောက် လောကကြီး မှာဖြင့် ဒကာ ဒကာမတို့ အနေဆိုးဟာ ဘယ်ရှိတော့မတုံး (မရှိပါ ဘုရား) ဒါကြောင့် အကြီးဆုံး အပြစ်သင့်တယ် ဆိုတာ စုတိပြီး ပဋိသန္ဓေ လာတဲ့အပြစ်ဟာ အကြီးဆုံးပဲကွ (တင်ပါ ဘုရား) ဒါကြောင့် ဘယ်ဘဝမှ ဆုမတောင်းနဲ့လို့ တရားတစ်ပွဲလုံး မှာလိုက်တယ် (မှန်ပါ)။
အပြစ်အကြီးဆုံးတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား) သေချာသဘောပါပလား (ပါပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အလုပ်လုပ်မှဖြစ်မယ်
ဒါဖြင့် အလုပ်လုပ်မှပဲ ပဋိသန္ဓေမနေမှာပဲ၊ အလုပ် မလုပ်ရင်တော့ (နေမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။