112

[1] [2]

ပြုံးချိန်ရောက်မှ ပြုံးကြစမ်းပါ (သစ္စကပရိဗိုဇ်)

အသံဖိုင်ခေါင်းစဉ် = ဉာဏ်အမြင်အနတ္တတွေ့ပါမှ အတ္တဒိဋ္ဌိပြုတ်မည် အမှတ်(၂)တရားတော်

စာအုပ်ခေါင်းစဉ် = ပြုံးချိန်ရောက်မှ ပြုံးကြစမ်းပါ (သစ္စကပရိဗိုဇ်)

မှတ်ချက်။ ။ဒိဋ္ဌိဖြုတ် တရားဖြစ်ပါသည်။ ခုမှစတင် အားထုတ်သူ စတင်လေ့လာသူများ အခြေခံသမားများ သေချာ နာယူ မှတ်သား သင့်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားသော တရားတော်

ပြုံးချိန်ရောက်မှ ပြုံးကြစမ်းပါ

(သစ္စကပရိဗိုဇ်)

(၁၉ – ၄ – ၆၂)

မနေ့ကပဲ ဆက်ပြီးတော့ သက်သေ သာဓကနဲ့ တကွ ပြမယ် တဲ့။

ဒကာ ဒကာမတွေ အရေးကြီးတာက ရုပ်ကို ငါထင်တာ၊ ဝေဒနာ ငါ ထင်တာ၊ သညာ ငါ ထင်တာ၊ ဝေဒနာတွေ ငါ ထင်တာ၊ စိတ်ကို ငါ ထင်တာသည် သက္ကာယဒိဋ္ဌိလို့ မှတ်လိုက်ပါ။ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ ဆိုတာ

ခန္ဓာငါးပါးကို ငါထင်ရင် (သက္ကာယဒိဋ္ဌိပါ ဘုရား)။

သက္ကာယဒိဋ္ဌိ ဆိုတာ သက္ကာယက ခန္ဓာငါးပါး။ (မှန်ပါ့)၊ ဒိဋ္ဌိက အဲဒီ အထဲ ငါ ဝင်ရှုပ်တာကို ဆိုနေတယ်။ (မှန်ပါ့)။

ဒါဖြင့် သက္ကာယက ခန္ဓာငါးပါး၊ ဒိဋ္ဌိက အဲဒီခန္ဓာ တစ်ပါးပါးထဲကို ငါ ဝင်သွားလို့ ရှိရင် သက္ကာယနဲ့ ဒိဋ္ဌိနဲ့ ရောသွားတယ်။ (မှန်ပါ့)၊ မောင်နိုင် သဘောကျပလား။ (ကျပါပြီ ဘုရား)။

သက္ကာယက ဘာပါလိမ့်။ (ခန္ဓာငါးပါးပါ ဘုရား)၊ အဲဒီ တစ်ပါ ပါ ထဲမှာ ရုပ်ဟာ ငါပဲဟုတ်လား၊ ပူတာဟာ ငါပဲ ဆိုတော့ တေဇောကို ငါလုပ်ပစ်လိုက်တယ်။ (မှန်ပါ့ ဘုရား)။

တေဇောရုပ် ငါ လုပ်ပစ်လိုက်တော့ကို ေဩာ် ဒါဖြင့် ရုပ်တရား ငါ ဝင်ရောလိုက်တဲ့ အတွက် ရုပ်က သက္ကာယ၊ ရောလိုက်တာက ဒိဋ္ဌိပေါ့လေ။ (မှန်ပါ့)၊ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဝေဒနာဆိုတော့ ကောင်းစားတာပဲ၊ ဆင်းရဲတာလဲ ငါပဲ၊ ကျုပ်တော့ဘဝ စုံနေပြီ၊ ဆင်းရဲ ချမ်းသာဖြင့် ကျုပ်ချည်းပဲ။ ကျုပ်ဟာ ဆင်းရဲတာလဲ ကျုပ်ပဲ၊ ချမ်းသာတာလဲ ကျုပ်ပဲ ဆိုတော့ ကိုယ်ပေါ်ရေ ဝေဒနာကို ငါထင်နေတယ် (မှန်ပါ့)။

ဝေဒနာက သက္ကာယ၊ ငါကလေး ဝင်လိုက်တာက ဒိဋ္ဌိ (မှန်ပါ့)၊ သက္ကာယနဲ့ ဒိဋ္ဌိနဲ့ ပေါင်းလိုက်တော့ (သက္ကာယ ဒိဋ္ဌိပါ)၊ ဪ သက္ကာယဒိဋ္ဌိ ဆိုတာ ဒါပါကလားလို့ ဦးဘသန်းတို့၊ ဦးအောင်ဇံဝေတို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ မှတ်တာကို သူ မှတ်ထားတာ၊ ငါ မှတ်ထား တာ၊ ငါ့ပစ္စည်းကလေး ဘယ်သူ ယူသွားပါလိမ့်, ငါ မှတ် ထားတာ၊ မှတ်တာက သညာ၊ သညာက သက္ကာယ နော်။ (မှန်ပါ့)၊ အဲဒီအထဲ ငါကလေး ဝင်ရှုပ်လိုက်တော့ ဘာဖြစ် သွားသတုံး ။ (ဒိဋ္ဌိ ဖြစ်သွားပါတယ်)၊ ပေါင်းလိုက်တော့ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ မသိမှာစိုးလို့ ကလေး ကလေးတွေ ပြောသလို ပြောနေရတယ်လို့ မှတ်ကြရမယ်။ (မှန်ပါ့)၊ သက္ကာယနဲ့ ဒိဋ္ဌိနဲ့ သွားသွားပြီး ရောတယ် ဦးညိုကြီး တို့နော်။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် စေတနာကလဲ စေတနာ သင်္ခါရက္ခန္ဓာ၊ ငါ့စေတနာ ဆိုတော့ စေတနာက သင်္ခါရက္ခန္ဓာကိုး၊ အဲဒီထဲမှာ ငါကလေး သွားရော လိုက်တယ်၊ ငါ့စေတနာလို့၊ ငါ့ စေတနာနဲ့ ငါလုပ်တာ ဆိုတော့ စေတနာက သက္ကာယ မောင်နိုင် (မှန်ပါ့)၊ ငါက (ဒိဋ္ဌိ)၊ ပေါင်းလိုက် (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။

ခန္ဓာနှင့်ငါနှင့် ရောနေတယ်

ေဩာ် သက္ကာယဒိဋ္ဌိ ဆိုတာ ကိုမြင့် ဒါပဲ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်းကြီး ဒါပဲ (မှန်ပါ့)၊ ခင်ဗျားတို့ ဘာမှ စာတွေ ပေတွေ ကြည့်မနေနဲ့တော့၊ ဪ သက္ကာယဒိဋ္ဌိ ဆိုတာ ဒီနှစ်ခု ပေါင်း ဆိုတာကိုး (မှန်ပါ့)၊ ခန္ဓာနဲ့ ငါနဲ့ ရောတာကို ဆိုတာကိုး ။ (မှန်ပါ့)၊ ဆိုတော့ ရှင်းမသွားဘူး လား။ (ရှင်းသွား ပါတယ်)။

ဦးအောင်ဇံဝေ ခန္ဓာနဲ့ ဘာနဲ့ ရောသလဲ (ခန္ဓာနဲ့ ငါနဲ့ ရောပါတယ် ဘုရား)။

အဲဒါ ခန္ဓာက တခြား၊ ငါက မရှိတာ (မှန်ပါ့ ဘုရား)၊ မရှိတဲ့ ငါကြီးကို ရှိတဲ့ ခန္ဓာထဲ သွားရောတယ်၊ ငါဆိုတာ စမ်းသပ်ရှာဖွေလို့ တွေ့တာ မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)။

အဲဒါ သွားရော လိုက်တဲ့ အတွက် ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ၌ သက္ကာယဟာ သူ့ဟာသူ နေလိုက်ရင် မောင်နိုင် က မှတ်လိုက်၊ ဘာအပြစ်မှ မရှိဘူး (မှန်ပါ့)၊ ဒိဋ္ဌိနဲ့ သွားရောလို့ အပြစ် ရှိတယ်။ (မှန်ပါ့)၊ ရှင်းပလား ။ (ရှင်းပါပြီ ဘုရား)။

သူ့ဟာသူနေရင် ဘာအပြစ်မှ မရှိဘူး

သက္ကာယဟာ သူ့ဟာသူ နေရင် (ဘာပြစ်မှ မရှိပါ)၊ ဒိဋ္ဌိနဲ့ သွားရောရင် (အပြစ်ရှိပါတယ်)၊ ဒိဋ္ဌိနဲ့ သွားရောရင် ပဋိစ္စသမုပ္ပါဒ် အလယ်က ဖောက်စ,တယ်။ (မှန်ပါ့ ဘုရား)။

အလယ်က ဖောက်ပြီး စ,လိုက်တယ်၊ ဒိဋ္ဌိလာလဲ ဒိဋ္ဌုပါဒါန်, ကံ မလာပေဘူးလား။ (လာပါတယ်)၊ ကဲ ဒါဖြင့် သက္ကာယကြောင့် လာတာလား၊ ဒိဋ္ဌိကြောင့် လာတာလား။ (ဒိဋ္ဌိကြောင့် လာတာပါ ဘုရား)။

မောင်အောင်သိန်း ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေကော (ကျေနပ်ပါပြီ ဘုရား)။

ဪ သက္ကာယ သူ့ဟာသူ နေရင် ဘာမှ မဖြစ် ဘူးနော်။ (မှန်ပါ့)၊ မြွေ ဆိုးပါတယ် ဆိုပေမယ့် တုတ်နဲ့ သွားမတို့လို့ ရှိရင် ပါးပျဉ်းကို ထောင်ပြီး ဘာမှ လူလိုက်ဖို့လဲ မရှိဘူး (မှန်ပါ့)၊ တောထဲ သူ့ဟာသူ နေတာနော်။ (မှန်ပါ့)၊ ကိုယ်က သွားပြီး သကာလ ဆော့မိတဲ့ အတွက်၊ ထိမိတဲ့ အတွက် ဖြစ်ရတာ။ (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေ ခန္ဓာဟာ သူ့ဟာသူ နေလို့ရှိရင် ဘာအပြစ်မှ မရှိဘူး။ (မှန်ပါ့)၊ ခင်ဗျားတို့က ဒိဋ္ဌိနဲ့ သွားသွားတို့ လိုက်တဲ့ အခါကျတော့ အပါယ် ရောက်ရောက် သွားတယ်။ (မှန်ပါ့)၊ မရောက်ပေ ဘူးလား။ (ရောက်ပါတယ်)၊ တယ်လဲ ဆိုးတယ်။ (ဆိုးပါတယ် ဘုရား)။

ဒါကြောင့် အခုလို ရှင်းရှင်းလင်းလင်း ပြောနေတဲ့ ဆရာ သမားနဲ့ ကြုံနေတုန်းကို ေဩာ် မရောစေဘူးကွာ၊ အပြော သာ ရောစေမယ်ဟေ့၊ အထင်တော့ မရောစေဘူးဟေ့၊ ဒါကလေးတော့ ခွဲခြား မှတ်ကြပါ။ (မှန်ပါ့ ဘုရား)။

အပြောတော့ ရောချင်ရောပေါ့။ (မှန်ပါ့)၊ ငါ လုပ် တာ, ငါကိုင်တာ, ပြောချင်တာ ပြောတာပေါ့။ (မှန်ပါ့)၊ သို့သော်လဲတဲ့ အထင်ကတော့ ဪ ဒါ ငါ လုပ်တာ မဟုတ်ဘူး၊ ဒါ စေတနာက လုပ်တာ။ (မှန်ပါ့ ဘုရား)။

ငါ မှတ်ထားတာ မဟုတ်ဘူး၊ သညာက မှတ်ထား တာလို့ ဉာဏ်ထဲက ခွဲခြားထာ တော့ ကိစ္စ မရှိဘူး။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိလာလို့ ရှိရင် မောင်နိုင် မနေ့ကလဲ ငါပဲ၊ ယနေ့လဲ ငါပဲလို့ ဒီလို ထင်နေတယ်။ (မှန်ပါ့)၊ မနေ့ကလဲ ကျုပ်လာသေးတာပဲ၊ ဒီနေ့လဲ ကျုပ်လာသားပဲ ဆိုတော့၊ ငါနဲ့ ကျုပ်နဲ့ အတူတူ ဖြစ်တော့ သက္ကာယဒိဋ္ဌိ လာလို့ ရှိရင်ဖြင့် ကိုပေါ် သဿတဒိဋ္ဌိက လာပစ်လိုက် တယ်။ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ ရှိရင် သဿတဒိဋ္ဌိ လာတယ်

သက္ကာယဒိဋ္ဌိ လာတော့ (သဿတဒိဋ္ဌိ လာပါတယ်)၊ မနေ့ကလဲ ကျုပ်ပဲ ဒီတွေ့ကြတာ၊ ယနေ့လဲ ကျုပ်လာလို့ တွေ့ကြပြန်တာပေါ့ ဆိုတော့ မနေ့ကလဲ ငါပါပဲ၊ ယနေ့လဲ ငါပါပဲ၊ မှားနေစရာ မလိုဘူး ဆိုတော့ ဘာဒိဋ္ဌိဝင်သွားသတဲ့။ (သဿတဒိဋ္ဌိ ဝင်သွားပါတယ် ဘုရား)။

မနေ့ကဟာလဲ မပျက်စီးဘူး၊ ယနေ့တိုင်အောင်လဲ ရှိသေးတယ် ဆိုတော့ ဦးဘအုန်းကြီး ဘာဒိဋ္ဌိ ဝင်လာသတုံး (သဿတဒိဋ္ဌိ ဝင်လာပါတယ် ဘုရား)။

ေဩာ် ခင်ဗျားတို့ သက္ကာယဒိဋ္ဌိ မူတည်မိတာနဲ့ သဿတဒိဋ္ဌိပါ လိုက်လာတယ်။ (မှန်ပါ)၊ တယ်လဲ ကြောက်စရာ ကောင်းပါကလာ။ (ကောင်းပါတယ် ဘုရား)။

အဲဒီတော့ ကိုပေါ်တို့က မှတ်တာပေါ့၊ နောက်က ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့၊ ဪ သက္ကာယ ဒိဋ္ဌိဟာ အမြစ် မပြတ်သရွေ့ ကာလပတ်လုံး ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိတွေဟာ အကုန်လာမှာပဲ။ (မှန်ပါ့)၊ တယ်လဲ ကြောက်စရာ ကောင်းပါလား။ (ကောင်းပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိ တစ်လုံးကို ပယ်လိုက်ပြန်တော့လဲ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတွေ ကုန်ပြန်တာပဲ။ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိကို အမြန်ဆုံးရှောင်ပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သက္ကာယဒိဋ္ဌိ ချုပ်ဖို့ အရေးသည် အင်မတန် ကြီးတဲ့ အရေး ဆိုပြီး ဘုရားက ဦးခေါင်း မီးလောင်တာ မြန်မြန်ငြိမ်းသလို သက္ကာယဒိဋ္ဌိ ဖြုတ်ပါကွ (မှန်ပါ့)။

ရင်ဝ လှံနဲ့ထိုးလိုက်တာ မြန်မြန်ရှောင်သလို သက္ကာယ ဒိဋ္ဌိကို မြန်မြန်ရှောင်ပါကွလို့ သံယုတ် ပါဠိတော်ကြီးများမှာ ဟောထားတယ်နော်။ (မှန်ပါ့)။

ကိုမြင့် ဘုရား ဟောထိုက်, မဟောထိုက် (ဟောထိုက် ပါတယ် ဘုရား)၊ ခင်ဗျာတို့ ဉာဏ်ကလေး နဲ့ပဲ ကြည့်လိုက် ပြန်တော့ ဒိဋ္ဌိ ဖြစ်လို့ ရှိရင် ဒိဋ္ဌိ- ဒိဋ္ဌုပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ ဆိုတာက ကိုပေါ် ပဋိစ္စသမုပ္ပါဒ် နိယာမကိုးဗျ။ (မှန်ပါ့)၊ နေပါဦးမလား။ (မနေပါ ဘုရား)၊

မနေတော့ ကမ္မဘဝ ပစ္စယာ အပါယ်ဇာတိ။ (မှန်ပါ့)၊ အပါယ်ဇာတိက လာလာ ပစ်လိုက်တယ်.။ (မှန်ပါ့ ဘုရား)၊ မလာဘူးလား။ (လာပါ တယ် ဘုရား)။

ဆရာနဲ့တွေ့တုန်း သူ့ကို ဖြုတ်ပါ

အဲဒါကြောင့် သာသနာ အတွင်းမှာမှ မောင်နိုင်တို့ ပြောတတ် ဆိုတတ်တဲ့ ဆရာနဲ့တွေ့တုန်းမှာ သူ့ကို မဖြုတ်လို့ ရှိရင်ဖြင့် ဉာဏ်ထဲမှာ ပေါ့လေ။ (မှန်ပါ့)။

ဘယ်တော့ ဖြုတ်စရာ ရှိသေးသလဲ။ (မရှိပါ)၊ ဘယ်တော့မှ ဖြုတ်စရာ မရှိဘူး ဆိုတာ ဦးဘသန်းကြီး သေသေ ချာချာမှတ်ပါ (မှန်ပါ့)။

ဒါကြောင့် ဦးအောင်ဇံဝေတို့ ကံကောင်း အကြောင်းသင့်လို့ တော်သေးရဲ့၊ အပါယ်တံခါး ပိတ်အောင် သူ ဖြုတ် လိုက်ရင် ပိတ်တာပဲ။ (မှန်ပါ့)။

သူ့ဖြုတ်လိုက်ရင် (အပါယ်တံခါး ပိတ်ပါတယ်)၊ စဉ်းစား ကြည့်ပါတဲ့၊ ငါ မရှိတဲ့ အခါကျတော့၊ ငါ မဟုတ်ပါဘူး လို့ သိထားတဲ့ အခါကျတော့ ငါ့သား စားဖို့ ဆိုတဲ့ လိမ်လည် မှုတွေလဲ မလာဘူ။ (မှန်ပါ့)။

ငါ့သမီး ပြင်ဖို့ ,ဆင်ဖို့ဆိုတဲ့ အကြောင်းတွေကော လာသေးရဲ့လား။ (မလာပါ)၊ ဪ ဘယ်သူ ပြုတ် သွားလို့ပါလိမ့်။ (သက္ကာယဒိဋ္ဌိ ပြုတ်သွားလို့ပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ ပြုတ်သွားလို့ (မှန်ပါ့)။

ေဩာ် အခုတော့ ဟိုလူနဲ့ ဒီလူနဲ့ မတည့်၊ ဟိုလူနဲ့ ဒီလူ စကားများ၊ ဒီလူနဲ့ ဟိုလူ စကားများ၊ ဘာကြောင့် ပါလိမ့်မလဲ တွေးတော့ ငါ့ထိတော့ အို မချိအောင် နာလို့ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိက ငါ ပြောလာတယ်။ (မှန်ပါ့)၊ ငါ့သမီးထိလို့ မချိအောင် နာတယ်၊ ဟော မလာဘူးလား။ (လာပါတယ်)၊ ဒါဘယ်သူ့ မူတည်ပါလိမ့်။ (သက္ကာယ ဒိဋ္ဌိ မူတည်ပါတယ် ဘုရား)။

ဒါဖြင့် သူ ရှိနေလို့ ရှိရင် အကုသိုလ် မျိုးစုံ ဖြစ်နိုင်, မဖြစ်နိုင် (ဖြစ်နိုင်ပါတယ် ဘုရား)။

အဇာတသတ်လည်း သူ့ကြောင့်

သက္ကာယဒိဋ္ဌိ ရှိတော့ ဘုန်းကြီးက ရှင်းရှင်း ပြောပါ တယ်၊ အဇာတသတ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဖေတောင် သတ် တယ်။ (မှန်လှပါ ဘုရား)။

ငါ ရှင်ဘုရင် လုပ်ချင်လို့။ (မှန်ပါ့)၊ ဦးအောင်ဇံ ဝေ အဖေ မသတ်ဘူ လား။ (သတ်ပါတယ် ဘုရား)၊ ဘာဖြစ်လို့ပါလိမ့်။ (သက္ကာယဒိဋ္ဌိရှိလို့ ပါ ဘုရား)။

အဲဒါ အဇာတသတ်ကြောင့် သတ်တာ မဟုတ်ဘူး၊ သက္ကာဒိဋ္ဌိကြောင့် သတ်ပစ်တာ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒေဝဒတ်လည်း သူ့ကြောင့်

ဒေဝဒတ် ဘုရား လုပ်ချင်တဲ့ အခါကျတော့ ဘုရား ကျောက်မောင်း ဆင်ပြီး ချလို့ ဘုရားမှာ သွေးစိမ်တည်တဲ့ လောဟိတုပ္ပါဒက ကံကြီး ထိုက်သွားတာလဲ မောင်နိုင် ဘယ်သူ့ကြောင့်တုံး မေးရင် (သက္ကာယဒိဋ္ဌိ ကြောင့်ပါ)၊ သက္ကာယဒိဋ္ဌိကြောင့် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ေဩာ် သက္ကာယဒိဋ္ဌိ ရှိလို့ ရှိရင်ဖြင့် တခြားသော အမှုကလေး တွေ အသာထားပါ၊ အမေ, အဖေ, ဘုရားကိုတောင် သတ် နိုင်တယ်။ (မှန်ပါ့)။

ဒါ လက်သည် မိပြီ။ (မိပါပြီ)၊ ဘယ်သူပါလိမ့်။ (သက္ကာယဒိဋ္ဌိပါ)၊ သက္ကာယဒိဋ္ဌိပဲ၊ မောင်အောင်သိန်းရ သက္ကာယဒိဋ္ဌိကွ။ (မှန်ပါ့)။

အဲဒါ ယနေ့ ဖြုတ်ပေးတယ်တဲ့၊သက္ကာယဒိဋ္ဌိကိုနော်။ (မှန်ပါ့)၊ ဝေဒနာနဲ့ ငါနဲ့ မောင်နိုင် မရောစေနဲ့။ (မှန်ပါ့)၊ ဝေဒနာဟာ ဝေဒနာပဲ။ (မှန်ပါ့)။

သညာနဲ့ ငါနဲ့ကော (မရောရပါ)၊ မရောစေနဲ့။ စေတနာနဲ့ ငါနဲ့ (မရောစေရပါ)၊ ဒါ သင်္ခါရက္ခန္ဓာ ဆိုတာ မရောစေနဲ့။ (မှန်ပါ့)၊ စိတ်နဲ့ ငါနဲ့ကော (မရောရပါ)၊ အပြောတော့ ပြောပါတဲ့၊ အရောတော့ ရောမပစ်လိုက်ပါနဲ့ လို့ ဦးဘအုန်းကြီးတို့ သေသေချာချာ မှတ်။ (မှန်ပါ့)။

သူ မပြုတ်ရင် အပါယ်မလွတ်

ဒါ မပြုတ်သေးလို့ ရှိရင် ဘုန်းကြီးက စကားကြီးကြီး ပြောတယ်လို့ ဘုန်းကြီး ပြောတဲ့စကားလို့ မယူနဲ့၊ ဘုရားဟောတဲ့ တရားလို့ ယူပြီး သကာလ ဪ သူ မပြုတ်လို့ ရှိရင် ဘာလုပ်နေနေ အပါယ်ကျ မလွတ်သေးဘူး။(မှန်ပါ့)၊ ဗြဟ္မာကြီး ဖြစ်နေလဲ။ (အပါယ်ကျ မလွတ်သေးပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်သူက သက်သေခံသတုံးဆိုတော့ ကိုပေါ် ပဋိစ္စသမုပ္ပါဒ်က သက်သေခံတယ်။ (မှန်ပါ့)၊ မောင်နိုင် (ပဋိစ္စသမုပ္ပါဒ်က သက်သေခံပါတယ် ဘုရား)။

ကဲ ဒိဋ္ဌိပြီး ဘာလာသတုံးကွာ။ (ဒိဋ္ဌုပါဒါန်လာပါ တယ်)၊ ဒိဋ္ဌုပါဒါန်ပြီး ဘာလာသတုံး။ (ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ လာပါတယ်)၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံလာတော့ ကမ္မဘဝပစ္စယာ (အပါယ်ဇာတိပါ ဘုရား)။

အကုသိုလ်က ဖြစ်စေတဲ့ ဇာတိဆိုတော့ အပါယ်ဇာတိ ပေါ့။ (မှန်ပါ့)၊ ဒါဖြင့် ေဩာ် ဒိဋ္ဌိ မပြုတ်သေးလို့ရှိရင် ဖြင့် အပါယ်ကျ မလွတ်သေး၊ သံသရာထဲက မထွက်နိုင် သေးတာလဲ ဒကာ ဒကာမတွေ ဘယ်သူ့မှ မေးမနေနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မရှိလဲ ဒီပဋိစ္စသမုပ္ပါဒ် ရှိတာ ပဲ။ (မှန်ပါ့)၊ ရှိနေလဲ ဘုရားက ထုတ်ဖော် ဟောတာပဲ။ (မှန်ပါ့ ဘုရား)။

ဘုရား မရှိခင်ကလဲ ဒီ ပဋိစ္စသမုပ္ပါဒ် ရှိတာပဲ။ (မှန်ပါ့)၊ ဘုရား ရှိတော့ကော (ဟောတော် မူပါတယ်)၊ ဘုရားရှိတော့လဲ ဟောတော်မူတာပဲ။ (မှန်ပါ့ ဘုရား)။

ဒါက မှတ်လိုက်စမ်းပါ ဓမ္မနိယာမ (မှန်ပါ့)၊ ဓမ္မနိယာမ ဆိုတာ ဘုရားမပွင့်လဲ (ရှိတာပါပဲ) ဘုရားပွင့် လဲ (ရှိပါတယ်)၊ ဘုရားပွင့်တော့ နာမည်တပ်ပြီး ဟောဖော် ရတယ် ဦးညိုရေ။ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ သက္ကာယဒိဋ္ဌိက အိမ်ထဲမှာ နေတယ်၊ ဘုရားရှေ့မှာ နေလို့ ငါ အပါယ်မကျဘူးလို့ မအောက်မေ့လိုက်ပါနဲ့၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဘုရားရှေ့မှာ ကျုပ်ဖြင့် တံမြက်စည်း လှည်းပြီး နေတာ ပဲ၊ ပန်းတင် ရေတွေ လဲနေတာပဲ။ (မှန်ပါ့)၊ ဪ ဒါက ကုသိုလ် တစ်မျိုးပဲ (မှန်ပါ့ ဘုရား)။

ငါ လုပ်လို့ ငါရတယ်ဆိုတဲ့ ဒိဋ္ဌိ မပြုတ်လို့ ရှိရင် မောင် နိုင် အပါယ်နဲ့ လွတ်ပါ့မလား။ (မလွတ်ပါ)၊ ဟို ကုသိုလ် ကလဲ အကျိုးပေးမှာပဲ။ (မှန်ပါ့)၊ နတ်ရွာ သုဂတိ အကျိုး ပေးမှာပဲ။ (မှန်ပါ့)၊ ဒိဋ္ဌိကလဲ ဆွဲချမှာပဲ။ (မှန်ပါ့)၊ မချပေဘူးလား။ (ချပါတယ် ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတို့ ဒိဋ္ဌိပြုတ်ဖို့ အရေးဟာ သာမညကြီးတယ်လို့ မယူလိုက်ပါနဲ့။ (မှန်ပါ့)၊ အလွန် ကြီးတယ်ဆိုတာ ဦးဘသန်းတို့၊ ဦးအောင်ဇံဝေတို့၊ မောင် ထွန်းအောင်တို့ မှတ်ကြပါ (မှန်ပါ့)၊ အရေးကြီးတာ သိပလား။ (သိပါပြီ ဘုရား)။

အဲဒါကြောင့် ဒီဒိဋ္ဌိကို ဘုန်းကြီး ဖြုတ်ပေးပါမယ်တဲ့။ ဖြုတ်ပေးတော့ ဘာနဲ့ ဖြုတ်မတုံး ဆိုတော့ သူက မိစ္ဆာဒိဋ္ဌိ ကိုး၊ သက္ကာယဒိဋ္ဌိ ဆိုတာ။ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ ဝင်လိုက်ရင် သူနေနိုင်သေးရဲ့လား။ (မနေနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတာ မိစ္ဆာဒိဋ္ဌိ နော်။ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိ နေရာမှာ ခန္ဓာကိုယ် သမ္မာဒိဋ္ဌိ ဝင်လိုက် ပြန်လိုက်တော့လဲ ပြီးသွားပြီ။ (မှန်ပါ့)။

နဂိုက သူ့ခန္ဓာထဲ မိစ္ဆာဒိဋ္ဌိ ဝင်နေတယ်။ (မှန်ပါ့ ဘုရား)၊ သက္ကာယဒိဋ္ဌိဆိုတာ မိစ္ဆာဒိဋ္ဌိ။ (မှန်ပါ့)။

ကဲ သမ္မာဒိဋ္ဌိ ဘုန်းကြီးက သွင်းပေးလိုက်တဲ့အခါ ကျတော့ ဒိဋ္ဌိ နေနိုင်သေးရဲ့ လား။ (မနေနိုင်ပါ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိသွင်းပေးပါ

ကဲဒါဖြင့် ဒီလို လုပ်လိုက်၊ ရုပ်ကို ငါ မထင်နဲ့၊ ရုပ်ဟာ ရုပ်ပဲ, အနိစ္စပဲလို့ ထင်ပါ။ (မှန်ပါ့)၊ ရုပ်ဟာ ရုပ်ပဲ လို့လဲ သိပါ (မှန်ပါ့)၊ ကြည့်ပေး၊ ဖြစ်ပျက်တဲ့ သဘော ကလေး မြင်အောင် ကြည့်ပေးလိုက် (မှန်ပါ့)၊ ရုပ်ဟာ ရုပ်လဲ ဟုတ်တယ်၊ အနိစ္စလဲ ဟုတ်တယ် ဆိုတော့ ကိုမြင့် သက္ကာယဒိဋ္ဌိ နေနိုင် သေးသလား။ (မနေနိုင်ပါ ဘုရား)၊ ဘာ သွင်းလိုက်လို့ပါလိမ့်။ (သမ္မာဒိဋ္ဌိ သွင်းပါတယ် ဘုရား)၊ သမ္မာဒိဋ္ဌိ သွင်းလိုက်တယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဝေဒနာကလေးဟာ ကောင်း တာ ငါပဲလို့ နဂိုက ထင်တယ်၊ ကောင်းတာ ဝေဒနာပဲ။ ဒီဝေဒနာ ကလေးဟာလဲ ဖြစ်ပျက် အနိစ္စပဲလို့ ဆိုတော့ သက္ကာယဒိဋ္ဌိ ဘယ့်နှယ် ဖြစ်သွားသတုံး။ (ပြုတ်သွားပါတယ် ဘုရား)၊ ပြုတ်သွားတယ်။

ဒါကြောင့် ဝိပဿနာ လုပ်မှ ဒကာ ဒကာမတွေ ဒိဋ္ဌိဟာ အပြတ်ကြီး ပြုတ်မယ် ဆိုတာကော ကျေနပ်ပလား။ (ကျေနပ်ပါပြီ)။

အဲ ဝိပဿနာ ကြပ်ကြပ် လုပ်ကြပါ ဆိုတော့ မှတ် ထားတာကလေးဟာ ငါပဲ၊ ငါ မှတ်ထားတဲ့ ကျောက်ကလေး ပဲ၊ ဒီဥစ္စာ သူများက တံဆိပ် ထိုးသွားတယ်၊ ဟာ မဟုတ် ပါလား၊ ဒီသညာ ပါလား၊ မှတ်တယ် ဆိုတာ သညာသဘော ပါလား သညာဟာ အနိစ္စပါလားလို့ ဉာဏ်နဲ့ ဦးလှည့် လိုက်ပြန်တော့လဲ ကိုမြင့် သက္ကာယဒိဋ္ဌိပြုတ်တယ်။ (ပြုတ် ပါတယ် ဘုရား)၊ သမ္မာဒိဋ္ဌိဝင်တယ်။ (မှန်ပါ့)၊ ကဲ ကိုသောင်း ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဝိပဿနာလုပ်မှ ဒိဋ္ဌိပြုတ်မယ်

စေတနာကလေး ဟာလဲ ဥပမာမယ် ဘုရားရှေ့ တံမြက်စည်းလှည်း၊ ပန်းတွေ ရေတွေ လဲကြ၊ ဪ ဒီဥစ္စာသည်ကားလို့ ဆိုရင်ဖြင့်လဲ စေတနာ အလုပ်တွေပါလား၊ ၎င်းစေတနာ ကလေးလဲ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်,ပျက်လိုက်နဲ့ နေတာပါကလားလို့ သိပြီး နေကြ မယ် ဆိုတော့လဲ အင်း သူလဲ အထမြောက်တာပဲ မောင်နိုင်ရေ (မှန်ပါ့)၊ ဒိဋ္ဌိလဲ ပြုတ်တာ။ (မှန်ပါ့)၊ ဦးအောင်ဇံဝေ သေသေ ချာချာ မှတ်။ (မှန်ပါ့)၊ သေသေချာချာ မှတ်ပါ ထွန်းအောင်တို့ လဲ နော် (မှန်ပါ့)။

ငါ့စိတ်မစမ်းနဲ့လို့ တစ်ခါတလေ ဒေါသစိတ်ကို ငါ လုပ်တယ်။ (မှန်ပါ့)၊ ငါ မစွဲကြဘူးလား။ (စွဲပါတယ် ဘုရာ)၊ ကိုပေါ် မစွဲဘူးလား (စွဲပါတယ် ဘုရား)။

ဟာ ဒါ ဘယ်မှာ ငါ ဟုတ်ရမလဲ ဒါဟာ ဒေါသ စိတ်ပါလား၊ ဒေါသစိတ်ဟာ အခုမှ ပေါ်လာတာ၊ အာရုံ ဒွါရ တိုက်လို့ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲလို့ ဒကာ ဒကာမတွေက နှလုံးသွင်း လိုက်တော့ သက္ကာယဒိဋ္ဌိ ပြုတ် သွားတယ်။ (မှန်ပါ့)။ သမ္မာဒိဋ္ဌိ ဝင်လိုက်တယ်။ (မှန်ပါ့)။

အဲဒါကြောင့် ခင်ဗျားတို့ ဒါဟာ သက္ကာယဒိဋ္ဌိကို ဖြုတ်ပေးလိုက်တဲ့ အတွက် ဒါက အသိပြုတ် နော်။ (မှန်ပါ့)။

အသိနဲ့ပြုတ်တာ တစ်မျိုး, အကျင့်နဲ့ပြုတ်တာ တစ်မျိုးမှ အပယ်နဲ့ ပြုတ်တာ တစ်မျိုး။ (မှန်ပါ့)၊ ဘယ်နှစ်မျိုးပါ လိမ့်။ (သုံးမျိုးပါ)။

အသိနဲ့ပြုတ်တာ (တစ်မျိုးပါ ဘုရား)၊ အကျင့်နဲ့ ပြုတ်တာ (တစ်မျိုးပါ)၊ အပယ်နဲ့ပြုတ်တာ (တစ်မျိုးပါ ဘုရား)၊ အပြုတ် ဘယ်နှစ်မျိုးရှိသလဲ (သုံးမျိုးရှိပါတယ် ဘုရား)၊ သုံးမျိုးရှိတယ်နော်။ (မှန်ပါ့)။

အသိနဲ့ပြုတ်တယ်

ယနေ့ ရှင်းရှင်းလင်းလင်း ကလေး ပြောပါတယ် ဒကာ ဒကာမတို့၊ အသိနဲ့ ပြုတ်တာ တစ်မျိုးနော်။ (မှန်ပါ့)။

ယခု ဘုန်းကြီးဟောနေတော့ ဒကာ ဒကာမတွေက ဪ ခန္ဓာငါးပါးထဲ ငါ မရောလို့ ရှိရင်ဖြင့် ဒါ သက္ကာယ ဒိဋ္ဌိပြုတ်နေတာပဲဆိုတာ အသိနဲ့ပြုတ်တာ။ (မှန်ပါ့)။

တစ်ခါ ကမ္မဋ္ဌာန်းကျောင်း သွားပြီးတဲ့ သကာလ စိတ် ရှုတဲ့ ပုဂ္ဂိုလ်က စိတ်ဖြစ်ပျက် ကလေးတွေရှု၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်က ဝေဒနာဖြစ်ပျက် ကလေးတွေ ရှုနေတော့ အင်း ဖြစ်ပျက်သာ မြင်တော့တယ် ဆိုတော့ ဖြစ်ပျက်နဲ့ သမ္မာဒိဋ္ဌိနဲ့ သွားတွဲနေတယ်။ (မှန်ပါ့)။

အကျင့်နဲ့ပြုတ်တယ်

အဲဒီကျတော့ အကျင့်နဲ့ ပြုတ်တယ် (မှန်ပါ့)၊သက္ကာယ ဒိဋ္ဌိ ဝင်သေးရဲ့လား။ (မဝင်ပါ ဘုရား)၊ ဘာနဲ့ပြတ်သလဲ (အကျင့်နဲ့ ပြုတ်ပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် “ဉာတပရိညာ, တီရဏပရိညာ”လို့ နှစ်ခု ဟောပြန်တယ်, ဘုရားက (မှန်ပါ့)။

ကိုင်းဒါဖြင့် အပယ်နဲ့ ဖြုတ်ကြဦးစို့နော်။ (မှန်ပါ့)၊ ကောင်းတာကတော့ အပယ်နဲ့ပြုတ်တာသာ ကောင်းတယ်။ ပယ်ပြီး ပြုတ်တာသာ ကောင်းတယ်။ (မှန်ပါ့)။

အပယ်နဲ့ပြုတ်တယ်။

အဲဒီတော့ တစ်ခါတည်း ဖြစ်ပျက် ကလေးတွေတောင် မရှိဘူး မောင်နိုင်ရေ၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီးဟာ ချုပ်ပျောက် ပြီးသွားတဲ့ အခါကျတော့ အင်း ဒါဟာ ဒုက္ခချုပ်ဆုံးတာ နိဗ္ဗာန် ပါလားလို့ ဉာဏ်ထဲများ မြင်နေတဲ့အခါ လေ။ (မှန်ပါ့)၊ တွေးလုံးမှန်နေတဲ့ အခါကျတော့ အဲဒါ အပယ်နဲ့ ပြုတ်တာ။ (မှန်ပါ့ ဘုရား)၊ အဲဒီ အပယ်နဲ့ ပြုတ်လို့ ရှိရင် ဖြင့် ဦးဘသန်း နောက် ဘယ်တော့မှ မလာတော့ဘူး။ (မှန်ပါ့)။

ဒါဖြင့် အပြုတ် ဘယ်နှစ်မျိုးပါလိမ့်။ (သုံးမျိုးပါ ဘုရား)၊ အသိနဲ့ပြုတ်တာ (တစ်မျိုးပါ ဘုရား)၊ အကျင့်နဲ့ ပြုတ်တာ (တစ်မျိုးပါ ဘုရား)၊ အပယ်နဲ့ ပြုတ်တာ (တစ်မျိုးပါ ဘုရား)။

အဲအပယ်နဲ့ ပြုတ်လို့ ရှိရင်တော့ဖြင့် ဒကာ ဒကာမ တို့ ဘယ်အချိန် ပြုတ်မှာတုံး ဆိုတာ ဘုန်းကြီး မေးလို့ ရှိရင် ခုနက ခန္ဓာရှုလျက်နဲ့ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ စိတ်တွေ ရှာမတွေ့ ဘူးစိတ်ရော ရုပ်ရော ရှာမတွေ့ဘူး၊ အကုန်ဒုက္ခတွေကို မလိုချင်လို့၊ ဒုက္ခတွေ အကုန်ဆုံးသွားတဲ့ အခါကျတော့ ဒုက္ခ ဆုံးရာ ကလေး မြင်နေတဲ့ ဒုက္ခဆုံးပေါ့လို့ သိနေတဲ့ ပုဂ္ဂိုလ်ဟာ ဒါအပယ်နဲ့ ပြုတ်တာ (မှန်ပါ့)။

ဒါကြောင့် ဒီ ဒကာ ဒကာမတွေ အပယ်နဲ့ ပြုတ်တာ ဖြင့်၊ ပယ်ပြီး ပြုတ်တာကိုဖြင့် လိုက်ဖြစ်အောင် လိုက်ပါ ဆိုတာ လေးစာစွာနဲ့ပဲ တိုက်တွန်း ရပြန်တယ်။ (မှန်ပါ) မတိုက်တွန်း သင့်ဘူးသင့်လား။ (တိုက်တွန်းသင့်ပါတယ် ဘုရား)။

အဲဒီလို ဖြစ်သွားတော့ နေရာကျပြီဆိုတော့ အပယ် နဲ့ ပြုတ်ပြီးပြီ ဆိုပါတော့ မောင်နိုင် (မှန်ပါ့)။

အပယ်နဲ့ ပြုတ်ပြီး နေတော့ မဟာနာမ်မင်းကြီး မေးတာကလေး မဟာဝဂ္ဂ သံယုတ် ထုတ်လိုက်တော့ ထင်ရှား သွားတယ်။ (မှန်ပါ့)။

မဟာနာမ်မင်းကြီး

မဟာနာမ်မင်းကြီးက အရှင်ဘုရား တပည့်တော် ဘုရားကျောင်းတော်မှာတော့ ဒါတွေဟာ တပည့်တော် အပယ်နဲ့ ပြုတ်နေတာပဲ၊ ဒိဋ္ဌိတွေ ဘာတွေ မရှိပါဘူး။ သို့သော်မြို့ထဲ ရွာထဲ သွားပြန်တော့လဲ ကြောက်တဲ့ စိတ်တွေ, ခင်တဲ့ စိတ်တွေ, မင်တဲ့ စိတ်တွေက လာပြန်တယ် ဘုရား၊ မောင်နိုင် မဟာနာမ် မင်းကြီးကလေ (မှန်ပါ့)၊ ဘုရားကို လျှောက်တယ်။ (မှန်ပါ့ ဘုရား)။

ကြောက်တဲ့စိတ်တွေ၊ ခင်တဲ့စိတ်တွေ, မင်တဲ့စိတ် တွေဟာ ဘုရား၊ သာဝတ္ထိပြည်ထဲ သွားတဲ့အခါ လာပြန်တာပဲ ဘုရား၊ အဲဒီတော့ တပည့်တော် သေတဲ့အခါများ အပါယ်များ ကျဦးမှာလား မပြောတတ်ပါ ဘုရားလို့ သူက လျှောက်တယ်။ (မှန်ပါ့ ဘုရား)၊ သို့သော်သူ အပယ်နဲ့ ပြုတ်ပြီးသား။ (မှန်ပါ့ ဘုရား)။

အဲဒီတွင် ကိုယ် ဘုရားက ဖြေလိုက်တာ သိပ်ကောင်း တယ်နော်။ (မှန်ပါ့)။

ဒကာကြီးတဲ့ ဒကာကြီး သေလို့ ရှိရင်ဖြင့် အသား တွေ အရိုးတွေ ကတော့ဖြင့် မြေဖြစ်ကြမှာပဲ၊ ဉာဏ်ကတော့ အထက်သာ တက်မှာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါ ပြီ ဘုရား)။

အသားတွေ, အရိုးတွေကတော့ (မြေဖြစ်ကြမှာပါ ဘုရား)၊ ဉာဏ်ကတော့ (အထက်တက်မှာပါ ဘုရား)။

ဆီတွေကတော့ ရေပေါ်တက်လာတယ်

တစ်နည်းလဲတဲ့ ထောပတ်အိုးတွေ, ဆီအိုးတွေ ရေထဲ ကွဲတဲ့ အခါကျတော့ အိုးခြမ်းပဲ့ သာလျှင် ရေမြုပ်တယ်ကွာတဲ့၊ ဆီတွေကတော့ ရေပေါ် တက်လာတာပဲတဲ့ (မှန်ပါ့)၊

အပယ်နဲ့ ပြုတ်ပြီးသား ပုဂ္ဂိုလ်ကျတော့ သုဂတိ, နိဗ္ဗာန်သာ တက်တော့တယ်ကွာတဲ့၊ အိုးခြမ်းပဲ့လို့ အပါယ်လေးပါးမှာ မမြုပ်တော့ပါဘူးတဲ့။ (မှန်ပါ့)။

ဒါကြောင့် မပုတို့ လူစု အပယ်နဲ့ပြတ်တာဖြင့် စိတ်ချ ကြတော့ (မှန်ပါ့)။

အပယ်နဲ့ပြုတ်အောင် မပြုတ်သေးတဲ့ပုဂ္ဂိုလ်က ပြုတ် အောင် လုပ်မဟဲ့ဆိုပြီး အားတက်ကြပါ ဆိုတာ သတိပေး လိုက်ပါတယ်။ (မှန်ပါ့ ဘုရား)၊ မပေးထိုက်ဘူးလား။ (ပေးထိုက်ပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီး ခဏခဏ ပြောတယ်၊ ခင်ဗျား တို့ကို သားနဲ့ သမီးနဲ့ ပစ္စည်းကလေး ရတဲ့အခါ ပြုံးမနေ ပါနဲ့ဦး၊ တော်တော်ကြာ မဲ့ခန်း ဆိုတဲ့ အပါယ်လေးပါး ရောက်သွားရင် ခက်ပါ လိမ့်မယ်။ (မှန်ပါ့)၊ ဒါ ပြုတ်ပြီးတော့မှ ပြုံးပါ၊ ဒုက္ခချုပ်တာ မြင်ပြီးတော့ ငါဖြင့် အိုးခြမ်း ပဲ့သာ ရေထဲ မြုပ်မယ် ဆီလို ဖြစ်ပေါ့ ဆိုတော့ ဆီကတော့ ဘယ်တော့မှ မမြုပ်ဘူး။ (မှန်ပါ့ ဘုရား)။

ပြုံးချိန်ရောက်မှ ပြုံးကြစမ်းပါ

အဲဒီကို ရောက်တဲ့ အခြေအနေ ရောက်မှ ပြုံးကြစမ်းပါ, ရွှင်ကြစမ်းပါ ဆိုတာ နောက်က ဒကာ ဒကာမတွေလဲ သတိပေးရတယ်။ (မှန်ပါ့ ဘုရား)။

ပြုံးချိန ်မဟုတ်ဘဲနဲ့ ပြုံးတော့ အရူးပြုံး မကျပေဘူး လား။ (ကျပါတယ်)၊ သေခါနီးပြုံးကော (မှန်ပါ့, ကျပါတယ်)၊ ကိုယ်သွားရမည့် ဂတိက ကောင်းမှ မကောင်း ဘဲနဲ့ ပြုံးနေတော့ ဒါ အပြုံးလွဲတယ် ဆိုလိုက်တယ် (ဆိုထိုက်ပါတယ်)၊ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ်)၊ ကဲ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ဒါဖြင့် ဘယ်စိတ်ရှုရှု၊ စိတ်ဆယ့်နှစ်ခုရှိတဲ့အနက်က ဖြစ်ပျက် မြင်အောင် ကြည့်လို့ ရှိရင် အကျင့်နဲ့ ပြုတ်တာပဲ။ (မှန်ပါ့)၊ ဖြစ်ပျက်တွေ ဆုံးသွားလို့ ရှိရင် (အပယ်နဲ့ ဖြုတ်ပါတယ်)၊ အပယ်နဲ့ ဖြုတ်တာ၊ ပယ်ချလိုက်တာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒါ နိဗ္ဗာန်ကို အမှီရမှ ဉာဏ်ကလဲ စပါးရိတ်တာနဲ့ တူသကွာတဲ့၊ အပယ်နဲ့ ဖြုတ်တာကို သူ ပြောချင်တော့နော်။ (မှန်ပါ့ ဘုရား)။

စပါးရိတ်တဲ့ ပုဂ္ဂိုလ်များ မောင်နိုင်တို့ ထိုက်တန် သလောက် မြင်ဖူးမှာပေါ့၊ တစ်ဖက်က နေပြီး စပါးပင်တွေ စုရသေးတယ်။ (မှန်ပါ့)၊ စုပြီး ဆွဲထား ရတယ်။ (မှန်ပါ့)၊ တစ်ဖက်က ဘာတုံး၊ ရိတ်ရတယ်။ (မှန်ပါ့, ရိတ်ရပါ တယ်)၊ ဒီအတိုင်း ရိတ်လို့တော့ ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် တစ်ဖက်ကဆွဲ, တစ်ဖက်က ရိတ်လို့ ပြတ်သွား တယ်။ (မှန်ပါ့)၊ နို့မဟုတ်ရင် ပြတ်ပါ့ မလား။ (မပြတ် ပါ ဘုရား)။

ထို့အတူပဲတဲ့၊ ခင်ဗျားတို့ အပယ်နဲ့ပြုတ် ဆိုတာလဲ တဲ့၊ ခင်ဗျားတို့ မဂ်ဉာဏ်က နိဗ္ဗာန်တည်း ဟူသော စပါးပင် ကို ဆွဲကိုင်ရာ ရမှ ခင်ဗျားတို့ ဒုက္ခချုပ်တာ သိတဲ့ဉာဏ်က သက္ကာယဒိဋ္ဌိ တည်း ဟူသော တရားတွေကို ဖြုတ်ချလိုက် တယ်။ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိတည်း ဟူသော စပါးပင်တွေကိုလေ (မှန်ပါ့)၊နိဗ္ဗာန်တည်း ဟူသော ဆွဲကိုင်ရာ ရတော့မှ တစ်ခါ တည်း မဂ်ကနေပြီး ကဲ သွားတော့ကွာ၊ အပါယ်လေးပါး သွားတဲ့ တရားတွေ ပြတ်ကြ ပေတော့ ပြုတ်ကြပေတော့ ဆိုပြီး သကာလ ဖြတ်တယ်။ (မှန်ပါ့)၊ ဒီတော့ မောင် အောင်သိန်းရေ ဆွဲကိုင်ရာ ရမှ ဖြတ်တယ်နော်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် နိဗ္ဗာန် ဆွဲကိုင်ရာ ဒုက္ခချုပ်တဲ့ သဘောကို မြင်တဲ့ ပုဂ္ဂိုလ် သာလျှင် မဂ်က ဆွဲကိုင်ရာ ရသည် ဖြစ်လေ သောကြောင့် မဂ်ဉာဏ်သည် တစ်ခါတည်း စပါးပင်နဲ့တူတဲ့ ဒိဋ္ဌိတွေ ဖြုတ်ချ လိုက်တယ်။ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ,ပါပြီ ဘုရား)။

ဆွဲကိုင်ရာ မရသေးရင် (မပြတ်သေးပါ)၊ မပြတ်နိုင်ဘူး ကိုသောင်းရေ (မှန်ပါ့)၊ ဦးညို ရိပ်မိပလား။ (ရိပ်မိ ပါပြီ)။

သင်္ကြန်တွင်းကလေး ကြိုးစားလိုက်ပါ

ဒါကြောင့် ခင်ဗျားတို့ ဒီသင်္ကြန်တွင်းကလေး နက်ဖြန် ဆိုလဲ လပြည့် မဟုတ်လား၊ ဒါကလေး ဒီနေ့ည ဖြစ်စေ၊ တစ်ည နှစ်ည ကြိုးစားလိုက်၊ ကြိုးစားလိုက်တဲ့ အခါကျလို့ ရှိရင် ကျုပ်ဖြင့် နိဗ္ဗာန် ဆွဲကိုင်ရာ ရပြီ၊ မဂ်ဉာဏ်က ဒိဋ္ဌိဖြတ် လို့ ဒိဋ္ဌိကို ဖြုတ်ချလိုက်ပြီ၊ ကျုပ်အတွက်ဖြင့် စိတ်အေးရပြီ ဆိုတဲ့ ဥစ္စာ ကိုယ်တိုင်သိ ဖြစ်အောင် မောင်နိုင် လုပ်လိုက် ပါ။ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်လုပ်ကြ မယ် (ကိုယ်တိုင်သိ ဖြစ်အောင် လုပ်ကြပါမယ် ဘုရား)၊ ကိုယ် တိုင်သိ ဖြစ်အောင် လုပ်လိုက်စမ်းပါ။

ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့တရား သည် သူများ ပြောသံကြားနဲ့ ငါ ပြောတာ မဟုတ်ဘူး၊ မင်း ကိုယ်တိုင် သိပါလိမ့်မယ်ကွတဲ့၊ သန္ဒိဋ္ဌိကော- ကိုယ်တိုင် မြင်ပါလိမ့်မယ်။ (မှန်ပါ့ ဘုရား)။

ချုပ်တာလဲ ကိုယ်တိုင် သိတာပဲ။ (မှန်ပါ့)၊ မသိဘူး လား။ (သိပါတယ်)၊ ချုပ်ဆုံးတာဟာ နိဗ္ဗာန်ပဲ ဆိုတာ ကော (သိပါတယ် ဘုရား)၊ သိတဲ့ အခါကျတော့ ဒိဋ္ဌိက ရှိသေးရဲ့လား။ (မရှိပါ)၊ ဒိဋ္ဌိပယ်တာလဲ ကိုယ်တိုင် သိတာပဲ။ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီအခွင့် တွေဟာ ဆရာသမားကလဲ ကျန်းမာ၊ ဒကာ ဒကာမတွေ ကလဲ ထောင်နိုင်တဲ့ နားနဲ့ ကျောင်းလာနိုင်တုန်း အရေးကြီးတဲ့ အချက်ကို ဆရာဘုန်းကြီးက ပြောနေတော့ ဒါ ကလေးတော့ဖြင့် ပိုင်အောင် လုပ်မှပဲ၊ ဒါ မပိုင်လို့ သိန်း တစ်ရာ ချမ်းသာတယ် ထားပါနော်။ (မှန်ပါ့ ဘုရား)။

ကိုမြင့် သိန်းတစ်ရာ ချမ်းသာတယ် ဆိုပါတော့ (မှန်ပါ့)၊ သိန်းတစ်ရာ ချမ်းသာလဲ သိန်းတစ်ရာ ချမ်းသာတာ သာ ရှိတာပဲ၊ ငါက မပြုတ်တော့ ဒိဋ္ဌိ- ဒိဋ္ဌုပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ၊ ကမ္မဘဝ ပစ္စယာ ဇာတိ အပါယ်ဇာတိ လာ ဦးမှာပဲ။ (မှန်ပါ့)၊ မလာပေဘူးလား။ (လာပါတယ် ဘုရား)။

အပါယ်အကျခံပြီး မိုက်တယ်

အဲဒါကြောင့် ခင်ဗျားတို့က ပစ္စည်းလဲ ရှာရ တယ် ဘုရား၊ အရှင်ဘုရားများလို လွယ်လွယ် ကူကူက စားရ သောက်ရတာ မဟုတ်တော့ တပည့်တော်များ အတွက်က အပါယ်ကျမှာ ကြောက်ပါတယ် ဘုရား၊ ကိုယ့်ကိုယ်လဲ သနား ပါတယ်၊ သို့သော်လဲ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ဆိုတော့ စားဖို့ သောက်ဖို့, နေဖို့, ထိုင်ဖို့, လူပုံ အလယ်မှာ လဲ လူတင့်တယ် ကလေးဖြစ်အောင် လုပ်ရသေးတယ် ဆိုပြီး အရေးမကြီးတဲ့ဘက် လှည့်လှည့်ကြည့်တယ်။ (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ်)၊ အဲဒါ အပါယ်ကျခံ မိုက်ပါ ပေတယ်လို့ ပဲ စွဲချက် တင်လိုက်တယ်။ (မှန်ပါ့)။

ဘယ့်နှယ်ဆိုမလဲ (အပါယ်ကျခံ မိုက်ပါပေတယ် ဘုရား)၊ မောင်အောင်သိန်း မပြောထိုက် ပေဘူးလား (ပြော ထိုက်ပါတယ်)၊ အပါယ်ကျခံ မိုက်ပါတယ် ဆိုတဲ့ စကားဟာ သေးတဲ့စကား မဟုတ်ဘူး၊ သူ့ဒုက္ခ အကြီးဆုံးကိုး၊ သူသည် ကားလို့ ဆိုလို့ ရှိရင်ဖြင့် မထွက်နိုင်တဲ့ နေရာ လျှောက်ရှာ တော့မယ်၊ မဆုံးနိုင်တဲ့နေရာ လျှောက်ရှာတော့မယ်၊ ဘယ် သူမှ မကယ်ယူနိုင်တဲ့ နေရာ လျှောက်ရှာတော့မယ် ဆိုပြီး အကြီးဆုံး မိုက်ပြီး သကာလ နေလေရဲ့ ဆိုရင်ကော လွဲပါ့ မလား။ (မလွဲပါ ဘုရား)။

အဲဒါကြောင့် ရင်ဝလှံစူး, ဦးခေါင်း မီးလောင်တာထက် အရေးတကြီး ဒိဋ္ဌိဖြုတ်လို့ ဘုရားက ဟောထားတာ၊ ဦးဘအုန်းတို့ အေးစက်စက် လုပ်လို့ တော်ပါ့မလား။ (မတော်ပါ ဘုရား)။

ဒါ ဘုရားဟော ပါဠိတော်တွေကို ပြနေပါတယ်။ ပါဠိရွတ်နေရင် ခင်ဗျားတို့ မသိမှာ စိုးလို့ ပါ၊ ရှင်းကြ ပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေက ဆရာဘုန်းကြီး က ခင်ဗျားတို့ ကို မြည်တယ်, တွန်တယ်လို့ ဒီလို ဆရာ ဘုန်းကြီး အပေါ်မှာလဲ စွဲချက် မတင်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

မတင်လိုက်ပါနဲ့တဲ့၊ ကိစ္စကလေး ရှိသေးတယ်ဘုရား ဘာကိစ္စတုံး၊ ရစရာ, ယူစရာ ကိစ္စမှ တစ်ပါး မောင်နိုင် ဘာမှ မရှိဘူး။ (မှန်ပါ့)၊ ရစရာ, ယူစရာ, ပေးစရာ ကိစ္စမှတစ်ပါး ဘာရှိသေးတုံး။ (မရှိပါ ဘုရား)။

ကိုယ့်ဒိဋ္ဌိပြုတ်တဲ့အလုပ် အရင်လုပ်ပါ

အဲဒီကိစ္စဟာ ဘယ်အချိန်ယူယူ၊ ဘယ်အချိန်ပေးပေး မပြီးနိုင်တဲ့ အလုပ်တွေ။ (မှန်ပါ့)၊

ဒါကလေး လောက်နဲ့ ကိုယ့်ဒိဋ္ဌိပြုတ်တဲ့ အလုပ်ကို မလုပ်ဘဲနဲ့ ဒကာ ဒကာမတွေက ဟိုကိစ္စဘက်ကို လှည့်သွားမယ် ဆိုရင်ဖြင့် အပါယ်ကျခံ မိုက်ပါပေတယ်။ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဒါဟာ မြည်တာ, တွန်တာလား၊ အမှန် ပြောတာလား။ (အမှန် ပြောတာပါ)၊ အမှန်ပြောတာလို့ ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။

ဦးညို ဆင်ခြေလဲချင်သေးသလား။ (မှန်ပါ့)၊ မောင်အောင်သိန်း ဆင်ခြေလဲရင် လွဲလိမ့်မယ်ကွ နော်။ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် စိတ်ဆယ့်နှစ်မျိုးရှိတဲ့ အနက်က ရှုစိတ်, ရှိုက်စိတ် ပြန်ပြီး သကာလ ရှု၊ ပေါ်ရာ လိုက်ရှု ဆိုတဲ့ ဥစ္စာတော့ နေ့တိုင်းပြောလို့ သိတော့နော်။ (မှန်ပါ့)၊ ဒါ ဘာလုပ်နေတာတုံး ဆိုလို့ ရှိရင်ဖြင့် ကျင့်မှုနဲ့ ဖြုတ်နေတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ရင် ဒိဋ္ဌိဖြုတ်နေတာ

ဖြစ်ပျက်ကလေးတွေမြင်တော့ ဘာနဲ့ ဖြုတ်မလဲ (ကျင့်မှုနဲ့ ဖြုတ်ရပါမယ်)၊ အပါယ်သွားတဲ့ တရားကို ကျင့်မှုနဲ့ ဖြုတ်နေတာ (မှန်ပါ့)၊ ဆုတောင်းနဲ့ ဖြုတ်တာ မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)။

ဖြစ်တာနဲ့ ပျက်တာ မြင်တဲ့ ဒကာ ဒကာမတွေကျ တော့ ဪ ဘယ်မှာသာလျှင် ငါ ဟုတ်ရမတုံး ဆိုတာ သေချာသွားတယ်။ (သေချာပါတယ် ဘုရား)။

အဲဒီတော့ ငါမပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)၊ ဘာနဲ့ ပြုတ်တာပါလိမ့်။ (ကျင့်မှုနဲ့ ပြုတ်တာပါ ဘုရား)။

နောက်ကျတော့ ဖြစ်ပျက်ကို မရှိတော့ပါဘူး၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီး ဆုံးသွားပါပြီ ဆိုတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဖြစ်ပျက် မလိုချင်လို့ ဆုံးသွားပေါ့ ပဲဆိုတော့ ဒိဋ္ဌိနေစရာကို ရှိသေးသလား (မရှိပါ ဘုရား)။

အဲဒါကျတော့ မဂ်က ပါယ်ချလိုက်တယ် ဒိဋ္ဌိကို (မှန်ပါ့)၊ အပယ်နဲ့ ပြုတ်သွားတယ် (မှန်ပါ့)၊ ပယ်မှုနဲ့ ပြုတ်သွားတာလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်ပါပြီ ဘုရား)။

ဒါဖြင့် အပြုတ် ဘယ်နှစ်မျိုးပါလိမ့်။ (သုံးမျိုးပါ ဘုရား)၊ တရားနာတုန်း ပြုတ်တာက (အသိနဲ့ ပြုတ်ပါတယ် ဘုရား)၊ ကမ္မဋ္ဌာန်းကျောင်း သွားထိုင်လို့ ပြုတ်တာက (အကျင့်နဲ့ ပြုတ်တာပါ ဘုရား)။

ရှုရင်းမတ္တနဲ့ ဒီစိတ်ရှုနေတာ စိတ်တွေ အကုန်ပျောက် ပြီး ဒုက္ခသစ္စာတွေပဲ ဆိုပြီး သိပြီး ချုပ်သွားတဲ့ အခါကျတော့ ပြုတ်တာက (အပယ်နဲ့ ပြုတ်တာပါ ဘုရား)။

အဲဒီလို ပယ်မှုနဲ့ပြုတ်အောင် ဦးညိုကြီးတို့ ကြိုးစား လိုက်ပါ၊ တိုက်တွန်းတယ်နော်။ (မှန်ပါ့)။

ကိုမြင့်တို့ ဒီဥစ္စာ နည်းနည်းနောနော တိုက်တွန်းတာ မဟုတ်ပါဘူး ဆိုတာကော ပေါ်လာကြပလား။ (ပေါ်လာ ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ရှင်းသွားပြီဆိုတဲ့အဓိပ္ပါယ်ဖြင့် ဘာမှ ပြောဖို့ မလိုဘူး။ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ မပြုတ်လို့ ရှိရင် ဘုရားက တရား ဟောနေငြားသော်လဲ မရဘူး။ (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရဘူး၊ ကိုယ်က သက္ကာယဒိဋ္ဌိ မပြုတ်ရင်လေ (မှန်ပါ့ ဘုရား)၊ ဘုရားက တရားဟော ငြားသော်လဲ (မရပါ ဘုရား)။

သစ္စကပရိဗိုဇ်

မရတာကလေး, ဝတ္ထုသက်သေ သာဓကကလေး ထုတ်ပြပါမယ်နော် (မှန်ပါ့ ဘုရား)။

ဝေသာလီပြည်မှာ ဒကာ ဒကာမတို့ တပည့်ပေါင်း တစ်ထောင်ရှိတဲ့ သစ္စကပရိဗိုဇ် ဆိုတာ ဘုန်းကြီး ထုတ်ပြမယ်၊ သူ့မှာ တပည့်ပေါင်း တစ်ထောင်ရှိတယ်၊ လိစ္ဆဝီမင်းသား ပေါင်းနော်။ (မှန်ပါ့ ဘုရား)။

အဲဒီပေါ်မှာ သူ ကျောင်းဆရာကြီး လုပ်ပြီး သကာလ သူ နေတယ်။ (မှန်ပါ့)၊ တစ်နေ့လျှင် သူ့ဆီမှာ ထမင်းပို့ တာချည်း ထမင်းအုပ်ပေါင်း ကိုပေါ်ရေ တစ်ထောင် ရှိတယ် နော်။ (မှန်ပါ့ ဘုရား)။

အဲဒါလောက်ပဲ သူသည် ပညာတွေသင်၊ သူကလဲ စကားတတ်, စာတတ်ဖြစ်ပြီး သကာလ နေတော့ ကိုးကွယ် ကြ, ဆည်းကပ်ကြနဲ့ ဒီလို နေတယ်။ (မှန်ပါ့)။

အဲဒီတော့ ဒီပြင် တိတ္တိ ဆရာကြီး ခြောက်ယောက် တွေ မေးလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် မောင်နိုင် သူက သာ မေးရင် တိတ္တိဆရာကြီးတွေ ချာချာလည် သွားတာပဲ။ (မှန်ပါ့)။

စကားကလဲ တတ်ပြန်၊ ပုစ္ဆာတွေကလဲ သူ့မှာ တစ်ထောင်ကျော်လောက် ရ,ထားတယ်။ (မှန်ပါ့)၊ အဲဒီ ပုစ္ဆာတွေနဲ့ မေးလိုက်ပြီဆိုရင် တိတ္တိဆရာကြီးတွေ ချာချာ လည်သွားတာပဲ။ (မှန်ပါ့)။

အဲဒီတော့ သူ့မှာ ဘဝင်မြင့်တဲ့ ရောဂါ ကိုမြင့် ကပ်နေ တယ်။ (မှန်ပါ့)၊ ငါလိုလူ လောကမှာ မရှိတော့ဘူး ဆိုပြီး ဘဝင်မြင့်တဲ့ ရောဂါ ကပ်နေတယ်။ (မှန်ပါ့)။

ဆရာကြီးကလဲ ဖြစ်၊ လိစ္ဆဝီမင်းသားတွေကလဲ ရှင်ဘုရင်တွေကိုး၊ ရှင်ဘုရင့်ပေါ် ဆရာ လုပ်ရတယ် ဆိုတော့ စားမှု, သောက်မှုကလဲ အလုံးစုံ ပြည့်စုံနေတော့ အင်မတန် ဘဝင်မြင့် နေတာ။ (မှန်ပါ့ ဘုရား)။

ရှင်အဿဇိ ရဟန္တာမထေရ်

တစ်နေ့သ၌ကျတော့ ရှင်သာရိပုတ္တရာ၏ ဆရာ ရှင်အဿဇိဆိုတဲ့ ရဟန္တာမထေရ်မြတ်ဟာ လိစ္ဆဝီနယ်ထဲမှာ လာပြီး ဆွမ်းခံတယ်။ (မှန်ပါ့ ဘုရား)။

ဆွမ်းခံလာတဲ့ အခါကျတော့ သူက လိစ္ဆဝီမင်းသားတို့ အိမ်ကို အညောင်းပြေ အညာပြေ လျှောက်လည်တာနဲ့ ဒီကိုယ်တော်နဲ့ သွားတွေ့တယ်။ (မှန်ပါ့)။

တွေ့ တော့ အရှင်ဘုရား ခေတ္တရပ်စမ်းပါဦး ဆိုပြီး သစ္စကပရိဗိုဇ်က သွားတယ်၊ အရှင်ဘုရားတို့ ဂေါတမဘုရား က အရှင်ဘုရားတို့ကို ဘယ်လိုများ ဆုံးမသတုံး။

ဟာ ရုပ်ဟာ အနိစ္စ, ဝေဒနာ အနိစ္စ, သညာ အနိစ္စ သင်္ခါရ အနိစ္စ၊ ဝိဉာဏ် အနိစ္စ၊ တစ်နည်း ရုပ်ဟာ အနတ္တ, ဝေဒနာ အနတ္တ, သညာ အနတ္တ, သင်္ခါရ အနတ္တ, ဝိဉာဏ် ဆိုတဲ့စိတ် အနတ္တ၊

နောက်ဆုံးပိတ် တစ်နေ့ကျတော့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ, သဗ္ဗေ သင်္ခါရာ ဒုက္ခာ” လို့ ဟော တယ်။ ဒါကို ကျုပ်တို့ ဘုရားက ဟောလဲ ဟောတယ်၊ ဒီလို ကျင့်ကြံရမယ်လို့လဲ ဆုံးမတယ်၊ ကိုပေါ်နော်။ (မှန်ပါ့)၊ အဲဒီလို အဿဇိမထေရ်က ပြောတယ် ဦးညိုရ (မှန်ပါ့)။

ေဩာ် အရှင်ဘုရားတို့ ဂေါတမကိုယ်တော်ကြီး ပြော တဲ့ စကား တပည့်တော် ကြားရတာကို မကောင်းသဖြင့် ကြားရတာပဲတဲ့၊ သူ့စိတ်ထဲ မကျေနပ်ဘူး။ (မှန်ပါ့)။

ဘယ်တော့များ ဒီ ဂေါတမကိုယ်တော်ကြီးနဲ့ အမေး အဖြေများ လုပ်ရပါ့မတုံး၊ သူ့အယူ ပြင်ပေး ချင်တယ်၊ သူက အလုံးစုံအနိစ္စ, အလုံးစုံအနတ္တလို့ ဟောနေတယ်၊ ဒီအယူကို လူနဲ့တွေ့တဲ့အခါ ပြင်ပေးချင်တယ်တဲ့ (မှန်ပါ့)၊ မောင်နိုင် ဘယ်လောက်ထိအောင် ဘဝင်မြင့် နေတယ် ဆိုတာ (မှန်ပါ့, မြင့်ပါတယ် ဘုရား)။

ဒါနဲ့ ကဲ အရှင်ဘုရား ကြွပေတော့၊ အရှင်ဘုရား ပြောတဲ့စကား ကြားရတာ အယူဝါဒတော့ သိပြီ သို့သော် လဲ့ မကောင်းသဖြင့် ကြားရတာပဲလို့ သူ့စိတ်ထဲမှာ မချမ်း သာဘူး။ (မှန်ပါ့)။

သစ္စက,က အတ္တဒိဋ္ဌိသမား

အနိစ္စနဲ့ အနတ္တ ကြားရတာကို ကိုမြင့် မချမ်းသာ ဘူးတဲ့ (မှန်ပါ့)၊ သူက အတ္တဒိဋ္ဌိသမားကိုး။ (မှန်ပါ့)။

သူက ဘာသမားပါလိမ့် (အတ္တဒိဋ္ဌိ သမားပါ ဘုရား)၊ အတ္တဒိဋ္ဌိ, သဿတ္တဒိဋ္ဌိသမား၊ သူက ရုပ်ခိုင်တယ်၊ ဝေဒနာ ခိုင်တယ် ဆိုတဲ့ဘက်က (မှန်ပါ့)။

ဒီလိုနဲ့ သူ့ လိစ္ဆဝီမင်းသားတွေဆီသွား၊ ဒီကနေ ပြန်ပြီး သွားတဲ့ အခါကျတော့ လိစ္ဆဝီတို့ သတိထားကြဟေ့၊ ရှေး တုန်းကတော့ ဂေါတမဘုရားကို စောဒက တက်ချင်ငြားသော် လဲ သူ့ဆီက စကားသံတွေ ဘာမှ မကြားရသေးလို့ ဘယ်လို မေးလို့ ဘယ်လို ပြောရမှန်း မသိဘူး။

ယနေ့တော့ဖြင့် သူ့တပည့် အဿဇိ ဆိုတဲ့ ကိုယ်တော် ဆီက သူ့ဝါဒသိ ရတဲ့အတွက် မေးလိုက်ရလို့ ရှိရင် ချာချာလည်သွားတော့မှာပဲကွာ။

ဒါကြောင့် ဒီနေ့ ဂေါတမဘုရားဆီ သွားရအောင် လိစ္ဆဝီတို့ လိုက်ခဲ့ကြဟေ့၊ သူ – ပုစ္ဆာထုတ် သွားတော့မယ် နော်။ (မှန်ပါ့ ဘုရား)၊ ဒါနဲ့ပဲ တစ်နေ့သ၌ ကျတော့ သွားတယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကလဲ စောင့်နေတော် မူတယ်၊ နံနက်မိုးလင်း ဉာဏ်နဲ့ ချိန်လိုက်တဲ့အခါ သစ္စက ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)။

ဪ ဒီ သစ္စကဟာ ငါ့ဆီ အမေးအမြန်း လာမှာ ပါကလား၊ လာလို့ရှိရင်, သူသည်ကားလို့ ဆိုလို့ ရှိရင် အရှုံး ပေးလိမ့်မယ်၊ အရှုံးပေးပြီး သကာလ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တော့ သူ အတ္တဒိဋ္ဌိ မပြုတ်တဲ့ အတွက် မရပေဘူး။

သို့သော်လဲ နောင် ဝါသနာပါအောင်တော့ဖြင့် ငါ ပြင်ပေးရလိမ့်မယ်။ (မှန်ပါ့)။

ကဲ ဟောပေမယ့် မပြုတ်ဘူးတဲ့။ (မှန်ပါ့)၊မပြုတ်တဲ့ အတွက် ဝါသနာပါရုံပဲ ရမယ်တဲ့ (မှန်ပါ့)။

ဦးညိုရေ ခင်ဗျားတို့ကတော့ ဘုရားကို လက်ဦးစွာ ဖူးတွေ့ရတော့ ဟုတ်လိမ့်မယ်လို့ ထင်နေတယ်။ (မှန်ပါ့ ဘုရား)၊ ဟိုမှာ ကိုယ်တိုင် အတွေ့ကြီး တွေ့တာတောင်မှ ဘယ့်နှယ် နေသတုံး။ (မရပါ ဘုရား)၊ မရနိုင်ဘူးတဲ့၊ ဒိဋ္ဌိ ခံနေလို့ ရှိရင် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒိဋ္ဌိခံနေရင် (မရနိုင်ပါ ဘုရား)။

ခင်ဗျားတို့ ကတော့ဖြင့် ဘယ်သူက ပြောထားတယ် မသိဘူး၊ ဘယ်လိုရယ်တော့ မသိဘူး၊ သူများ ပြောသံကြားတွေနဲ့ လက်ဦးစွာ ဖူးတွေ့ရဖို့ပဲ စိတ်ကူးနေကြတယ်နော်။ (မှန်ပါ့)။

ဒိဋ္ဌိပြုတ်မှ ကျွတ်တမ်းဝင်တယ်

ဖူးတွေ့ရပေမယ့်လဲ ဖူးတွေ့ရတာကို ကုသိုလ် မရဘူး လို့ ဆရာဘုန်းကြီးက မဟောပါဘူး ဗုဒ္ဓါနုဿတိ ကုသိုလ် ရတာပေါ့၊ သို့ သော် ဒိဋ္ဌိပြုတ်မှ ကျွတ်တမ်း ဝင် မယ်။ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ဒိဋ္ဌိပြုတ်မှ ကျွတ်တမ်းဝင်မှာပါ ဘုရား)၊ ဒိဋ္ဌိပြုတ်မှ ကျွတ်တမ်းဝင်မယ် ဆိုတာ မှတ်ထား လိုက်ကြစမ်းပါ။ (မှန်ပါ့)။

ခင်ဗျားတို့ လှူကြ တန်းကြ, ကြ, ကမ်းကြတာ တွေ နိဗ္ဗာန် လိုချင်လို့ (မှန်ပါ့)၊ မောင်နိုင် ဘာလိုချင်လို့ တုံး (နိဗ္ဗာန် လိုချင်လို့ ပါ ဘုရား)။

နိဗ္ဗာန် လိုချင်လို့ ရှိရင်ဖြင့် *သူချည်းသက်သက်နဲ့ မရဘူး သူ့ကိုလဲလုပ်၊ ဒိဋ္ဌိလဲ ဖြုတ်ရလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

မှတ်ချက်။ ။* ဒါန, သီလချည်း လုပ်လို့မရဘူး ဆိုလိုတော်မူသည်။

သူ့ လဲလုပ် (ဒိဋ္ဌိလဲ ဖြုတ်ရပါမယ် ဘုရား)၊ မပြုတ်ဘဲ နဲ့တော့ဖြင့် (မရပါ ဘုရား)၊ သူ့ချည်း လုပ်နေလို့ ဝိပဿနာ မပါတော့ဘူး ဆိုရင်တော့ ရပါ့မလား။ (မရပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိ သေးတဲ့ ပုဂ္ဂိုလ်က ပြင်ပြီး ေဩာ် ဒါန,သီလလဲ လုပ်ရမှာ ပဲ၊ ဒိဋ္ဌိလဲ ဖြုတ်ရမှာပဲ၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒိဋ္ဌိ မဖြုတ်ရင်တော့ဖြင့် (မရပါ ဘုရား)၊ မရဘူး၊ သူ့ချည်း သက်သက် လောက်နဲ့ဖြင့် အကူအညီတော့ ရမယ်၊ ဒိဋ္ဌိတော့ အဓိက ထားပြီး ဖြုတ်ရဦးမှာပဲ ဆိုတဲ့ဥစ္စာ ဒိဋ္ဌိဖြုတ် ရမယ်ဆိုတာ ခုနင်က ဝိပဿနာ သုံးမျိုးနဲ့ ဖြုတ်ရမယ်။ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါနဲ့ပဲ လိစ္ဆဝီမင်းသားတွေနဲ့ ဘေးကလူတွေ ကလဲ ဪ ဒီ ပုဂ္ဂိုလ်ကလဲ သစ္စက ဆိုတာ ပညာရှိ၊ ဟိုမှာ ဂေါတမ မြတ်စွာဘုရား ဆိုတာကလဲ အတုမရှိ၊ ပညာရှိ နှစ်ပါး မေးတာ မြန်းတာ တော့ဖြင့် ကြားရအောင် ဆိုပြီး ပြုံပြီး လိုက်လာ ကြတာပေါ့။ (မှန်ပါ့)။

ဝေသာလီပြည် မဟာဝုန်ကျောင်းမှာ ဘုရားက မနေဘဲနဲ့ သစ်ပင်တစ်ပင်မှာ သွားနေ လိုက်တယ်၊ နေလိုက်တော့ သစ္စကလာပြီး သကာလ ဘုရားကို မေးတယ်။

ရဟန်းတွေကလဲ စင်္ကြံ သွားနေကြတယ်။ အရှင်ဘုရား ဂေါတမဘုရားနဲ့ တွေ့ချင်တယ်၊ ဟာ ဒီမှာ မရှိဘူး၊ မဟာ ဝုန်တောထဲမှာ အဲဒီကိုသွားရဲ့ တဲ့။

ရှင်ကြီးဂေါတမ ပုစ္ဆာလေး မေးပါရစေ

ဒါဖြင့် အရှင်ဘုရားများ ညွှန်ပြပါဘုရား၊ ဘယ်နေရာ မှာဆိုတာ၊ အေး အေး- ဆိုပြီး ဘယ်နေရာ နေတယ်လို့ ညွှန်ပြလိုက်တော့ သူ ရောက်သွားပြီး ဘုရားနဲ့ အာလာပ, သလ္လာပ ဆိုတဲ့ ကျန်းမာကြရဲ့လား၊ ချမ်းသာကြရဲ့လား ဆိုတာတွေ အမျိုးမျိုး မေးခွန်းတွေ ထုတ်ပြီး အမျိုးမျိုး ပြောတယ်။ (မှန်ပါ့)။

ပြောတော့ သူက ရှင်ကြီးဂေါတမတဲ့၊ ပုစ္ဆာကလေး တစ်ခု မေးပါရစေတဲ့၊ သူကပဲ စ, လိုက်တယ်၊ ကိုမြင့် (မှန်ပါ့ ဘုရား)။

ဟာ မေးသာ မေးပါကွာ၊ ငါ ဖြေပါ့မယ်၊ မေးသာမေး ဖြေမယ်လို့ လာတယ်။ (မှန်ပါ့ ဘုရား)။

ဒီပြင် ပုဂ္ဂိုလ်တွေကတော့ ဘုရားအောက်က သာဝက ကြီးတွေကတော့ သိရင် ဖြေရတာပေါ့။ (မှန်ပါ့)၊ ဘုရားကတော့ မဟုတ်ဘူး၊ မေးသာမေး ဖြေမယ် ဆိုတော့ ခွင့်ပေးပုံ ချင်း မကွာဘူးလား။ (ကွာပါတယ် ဘုရား)။

တခြားသော ပုဂ္ဂိုလ်ကတော့ သိရင် ဖြေတာပေါ့ဗျာ၊ ဒီလိုသာ ဖြေလေ့ ရှိတယ်တဲ့၊ ဘုရားမှ တစ်ပါး ကျန်တဲ့ပုဂ္ဂိုလ် တွေကတော့ (မှန်ပါ)။

ဘုရားကတော့ ဘာတုံး (မေးသာမေးပါ)၊ မေးသာ မေး ဖြေမပေါ့၊ မင်း သံသယရှိတာ အကုန် ဖြေမဟေ့။ ဒီလိုပဲ ဖိတ်ကြာ နိုင်တဲ့ စွမ် ရည်သတ္တိ ရှိတယ် ဆိုတာ ပေါ်လာ ကြပလား။ (ပေါ်လာပါပြီ ဘုရား)။

သစ္စကအယူ

အဲဒါနဲ့ပဲ ကဲမေးသာ မေးပါကွာ၊ ဖြေပါ့မယ် ဆိုတော့ တောကြီးထဲမှာ သစ်ပင်တွေ ဘာတွေ ပေါက်ကြရတယ်။ မြေမရှိ မပေါက်နိုင်ဘူး၊ မြေပေါ်, ရေပေါ်မှာ သစ်ပင်တွေ ပေါက်ရတယ်၊ ဒါက တစ်မျိုးပါ၊ မြေအစိုင်ရှိမှ သစ်ပင် တွေက ပေါ်နိုင်တယ်၊ ဒါက တစ်မျိုး။

တစ်နည်း ဥပမာကတော့ အားခွန်ဗလရှိတဲ့ ပုဂ္ဂိုလ်တွေ ထင်းပေါက်မယ်၊ ကျောက်တူးမယ်၊ မြေတစ်ခုပေါ်မှာ ရပ်ပြီး သကာလ၊ ခိုင်ခိုင်မာမာ ပေါ်မှာ ရပ်ပြီး သကာလမှ ပေါက်ပြား ပေါက်လို့, ပုဆိန်ပေါက်လို့ ရမှာကိုး။ (မှန်ပါ့)၊ နို့မဟုတ် ရင် ရပါ့မလား (မရပါ ဘုရား)။

အဲဒီလို ဖြစ်နေတော့ ဒီမှာလဲတဲ့ ခန္ဓာငါးပါးတည်းဟူ သော မြေအတ္တ, ခိုင်တာ, မြဲတာရှိမှ ကုသိုလ်တွေ အကုသိုလ်တွေ လုပ်လို့ ဖြစ်တယ်တဲ့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးဟာ ခိုင်မြဲတဲ့ မြေသဖွယ်တဲ့၊ ခန္ဓာငါးပါးကို သူက ခိုင်တဲ့ဘက်က ထားတယ်။ (မှန်ပါ့)။

အဲဒီ ခန္ဓာငါးပါး ခိုင်မှ ကုသိုလ်လဲ လုပ်နိုင်တယ်၊ အကု သိုလ်လဲ လုပ်နိုင်တယ်၊ ဒီခန္ဓာငါးပါး မခိုင်ခဲ့သော် ကုသိုလ် လဲ လုပ်စရာ မရှိတော့ဘူး၊ အကုသိုလ်လဲ လုပ်လို့ မဖြစ်တော့ ဘူး၊ ဒါ့ကြောင့် ခန္ဓာငါးပါးကို သူက အတ္တတဲ့၊ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)၊ အနတ္တ မဟုတ်တော့ဘူး။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါ ဘယ်သူ့ အယူပါလိမ့် မောင်နိုင် (သစ္စက အယူပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (သစ္စက အယူပါ)၊ သစ္စက အယူ။

ခင်ဗျားတို့လဲ သစ္စက အယူသာ ပြောတယ်၊ ခင်ဗျား တို့လဲ တစ်ခါတလေ သစ္စက ဖြစ်နေတာ ပါသေးတယ်။ (ပါ,ပါတယ် ဘုရား)။

တစ်ခါတလေ သစ္စက အသံထွက်လာတယ်

ကျုပ်အိမ် ကျုပ်မာမှ၊ အကုန် ကျုပ်ပဲ သွားလာပြီး ကျွေးနေရတယ်၊ အံမာ တစ်ခါ တစ်ခါ သစ္စကသံ ထွက် လာတယ်။ (မှန်ပါ့)၊ မထွက်ဘူးလား။ (ထွက်လာ ပါတယ် ဘုရား)၊ ကျုပ်အိမ် ကျုပ်မာမှ ဆိုတော့ ခန္ဓာငါးပါး ခိုင်မြဲမှပေါ့လေ။ (မှန်ပါ့ ဘုရား)။

ကျုပ်မာမှ ဆိုတာ ကျုပ်လူကြီးပဲ၊ ကျုပ်ပဲ ခေါင်းဆောင် ပဲ၊ ကျုပ်ပဲ မန်နေဂျာပဲ၊ အဲဒီတော့ ကျုပ်မရှိ မခက်ဘူးလား၊ ကျုပ် မာနေလို့ အခု ဒီတစ်ခုလုံး တစ်ပြုံလုံးကို ကျွေးမွေးပြီး နေနိုင်တာပေါ့ ဆိုတော့ ခန္ဓာငါးပါးကို သူက မြေသဖွယ် ခိုင်တယ်, မြဲတယ် မယူလိုက်ဘူးလား (ယူပါတယ်)၊ သဘော ပါကြပလား (ပါ,ပါပြီ ဘုရား)။

ဒီအထဲ သစ္စကတွေများ ပါသေးသလား ကိုမြင့် (ပါ,ပါတယ် ဘုရား)၊ သစ္စကတွေ ပါနေသေးတယ်။ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားသခင်က ဖြေတယ်

အဲဒီလို ပြောလိုက်တော့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟေ့ ဒါဖြင့် သစ္စက မင်းဟာ ကွာတဲ့ ရုပ်ကို အတ္တ ဆိုတာပေါ့။ (မှန်ပါ့)၊ ဝေဒနာ အတ္တ ဆိုတာပေါ့တဲ့၊ ကဲ ခိုင်တယ်ပေါ့လေ။ (မှန်ပါ့ ဘုရား)။

သညာ အတ္တ ဆိုတာပေါ့၊ သင်္ခါရ အတ္တ ဆိုတာပေါ့။ စိတ်ကို အတ္တ ဆိုတာပေါ့၊ အကုန် အတ္တ ဆိုတာ ပေါ့ကွာ၊ မင်းဟာ ခိုင်တာ မြဲတာချည်းပေါ့၊ မင်း ဒီလိုယူသလားလို့ ဆိုတော့ သူတွင် မကပါ့ဘူးတဲ့၊ အားလုံးလဲ ဒီလိုယူကြတာ ပါပဲတဲ့၊ အားလုံးပေါ် လွှဲလိုက်တယ်။ (မှန်ပါ့ ဘုရား)။

သူလဲ ယူတာပေါ့လေ။ (မှန်ပါ့)၊ အားလုံး ပုဂ္ဂိုလ်တွေ လဲ (ယူပါတယ်)၊ ဒီ ဒကာ ဒကာမတွေပါ ဆွဲထည့်တဲ့ အဓိပ္ပါယ်ပါပြီ။ (ပါ,ပါပြီ)၊ မပါဘူးလား။ (ပါ,ပါတယ် ဘုရား)။

ဒါနဲ့ ဘုရားက ဟေ့ သစ္စက မင်းနဲ့ ငါနဲ့ အမေး, အဖြေ လုပ်နေတာ ဘေးက လူတွေ ဆွဲမထည့်နဲ့ ဘုရားက (မှန်ပါ့)၊ မင်းနဲ့ ငါနဲ့ အမေးအဖြေ လုပ်နေတာ ဘေးက လူ ဆွဲမထည့်နဲ့၊ မင်း ယူတာသာ ပြောပါ ဆိုပြီး ဘုရားက မေးလိုက်တဲ့ အခါကျတော့ သူတစ်ယောက်တည်း၊ ဒါဖြင့် သူဟာ ရုပ်ကို အတ္တ ဆိုပါတယ်။

ခိုင်တယ်, မြဲတယ် ယူပါတယ်၊ ဝေဒနာကို ခိုင်တယ်, မြဲတယ် ယူပါတယ် ဆိုတော့ ခန္ဓာငါးပါးကို အတ္တ ယူပါတယ်။

ကောင်းပြီ၊ ဒါကို မင်း မှတ်ထား၊ ဘုရားက ဖြေလိုက်တယ်၊ မင်း ခန္ဓာငါးပါးကို မင်း အတ္တယူတယ်။

သတ်ထိုက်တဲ့ပုဂ္ဂိုလ် သတ်ရတယ်

ကောင်းပြီ၊ ကဲကွာတဲ့ ငါ ပြောမယ်၊ ကောသလ ၊ မင်းကြီး ရှိတယ်ကွာတဲ့၊ ကောသလ မင်းကြီးက တိုင်းနိုင်ငံ အုပ်ချုပ်တယ်၊ အဇာတသတ်တို့လဲ တိုင်းနိုင်ငံ အုပ်ချုပ်တာပဲ၊ ဒါဖြင့် မင်းတွေဟာ တိုင်းနိုင်ငံ အုပ်ချုပ်တော့ ဒီတိုင်း ပြည်နေတဲ့ ပုဂ္ဂိုလ်တွေကိုတဲ့၊ တချို့ ရာဇဝတ်သင့်တဲ့ အခါ ကျတော့ နှင်ထိုက်တဲ့ ပုဂ္ဂိုလ်ကို နှင်ရတယ်ကွ၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သတ်ထိုက်တဲ့ပုဂ္ဂိုလ်ကို (သတ်ရပါတယ်)၊ ပစ္စည်း သိမ်းယူထိုက်တဲ့ ပုဂ္ဂိုလ်ကို (သိမ်းယူ ရပါတယ်)၊ ဒဏ် ရိုက်ပြီး ယူရတယ်၊ မီးရှို့ပြီး သတ်လိုက်တဲ့ ပုဂ္ဂိုလ်ကော (သတ်ရပါတယ် ဘုရား)။

ကိုယ့်ကိုယ် ကိုယ် မပိုင်ဘူး

အဲဒီတော့ကွာတဲ့၊ အဲဒီ အသတ်ခံရတဲ့ ပုဂ္ဂိုလ်တွေက ငါ့ကိုယ် ငါပိုင်တယ် ငါဖြစ်ချင်သလို ဖြစ်မယ် ဆိုလို့ ရသလားတဲ့၊ မေးလိုက်တယ်၊ ဘုရားက (မှန်ပါ့)၊ ဘယ့် နှယ် ဖြေကြမလဲ။ (မရပါ)၊ ဒါဖြင့် မပိုင်လို့ ပေါ့။ (မှန်ပါ့)၊ ကိုယ့်ကိုယ် ကိုယ်ပိုင်တဲ့ သဘော ပါသေးသလား။ (မပါ,ပါ ဘုရား)။

ဒါဖြင့် ရှင်ဘုရင်က စီမံသလိုပဲ ရာဇဝတ် သင့်လာတော့ ဒကာ ဒကာမတွေ မခံကြရဘူးလား။ (ခံကြရပါတယ်)။

ဒါဖြင့် အားလုံးသော ပုဂ္ဂိုလ်တွေ ကိုယ့်ကိုယ် ကိုယ် မပိုင်ဘူးပေါ့။ (မှန်ပါ့ ဘုရား)၊ အနတ္တပဲ၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

မင်းမှာလဲ ဒီပြင်မင်းက တိုက်ယူသွားရင် ပါသွားပြန် တာပဲ။ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်လဲ အနတ္တ

ဒါဖြင့် လောကကြီးထဲမှာ ဘာတွေ ရှိသတုံး။ (အနတ္တသာ ရှိပါတယ်)၊ အနတ္တတွေသာ ရှိတယ်၊ နိဗ္ဗာန်လဲ အနတ္တပါပဲ၊ လောက အပြင်ဘက်မှာလဲ အနတ္တပဲ ရှိတယ်။

လောကကြီးထဲမှာလဲ (အနတ္တပဲ ရှိပါတယ်)၊ အနတ္တပဲ၊ ရှိတယ် ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။

အဲဒီတော့ကွာတဲ့၊ မင်းက အခု ငါ ပြောတဲ့ ဥပမာ အတိုင်း သတ်ထိုက်တဲ့ ပုဂ္ဂိုလ်သတ်တယ်၊ မီးရှို့ထိုက်တဲ့ ပုဂ္ဂိုလ် မီးရှို့၊ ပစ္စည်းသိမ်းယူ ထိုက်တဲ့ ပုဂ္ဂိုလ် ပစ္စည်းသိမ်းယူပြီး ရှင်ဘုရင်တွေက ယူသွားတဲ့ အခါကျတော့ ခုနင်က ခံရတဲ့ ပုဂ္ဂိုလ်က ငါ့ကိုယ်ငါ ပိုင်တယ် ဆိုပြီး ငါ ထင်သလို ရုန်းလို့ ငါ ထင်သလို ထွက်သွားမယ်၊ ငါ အသတ်မခံဘူး၊ ငါ့ပစ္စည်း မပေးဘူးဆိုလို့ ရရဲ့လား။ (မရပါ)၊ ဒါဖြင့် ပိုင်လို့လား။ (မပိုင်လို့ပါ)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

အကုန် အနတ္တ

ဒီမှာလဲ ဒကာ ဒကာမတွေ ခန္ဓာကိုယ် ဘယ့်နှယ် နေ ကြသလဲ (မပိုင်ပါ ဘုရား)၊ မပိုင်ပါဘူး၊ အကုန်အနတ္တပဲ။(မှန်ပါ့)၊ ကိုယ့်သဘောကို ပါကြသေးရဲ့လား။ (မပါ,ပါ)၊ မပါဘူး၊ ဒါ အနတ္တပဲ၊ အစားမစားဘဲ နေရင် ခိုင်းရသေး ရဲ့လား။ (မရပါ)၊ ပိုင်သေးရဲ့ လား။ (မပိုင်ပါ ဘုရား)။

ဝေဒနာကလေး ဖြစ်လာရင် တောင်းပန်လို့ ရသေးရဲ့ လား။ (မရပါ)၊ ဒါဖြင့် ဘယ့်နှယ် ဆိုကြမလဲ (အနတ္တပါ ဘုရား)၊ အနတ္တတွေ ဆိုတာ မသေချာဘူးလား။ (သေချာ ပါတယ် ဘုရား)။

အဲဒါတွေ သေသေချာချာ သိတော့မှ ဪ ဒါဖြင့် အနတ္တချည်းပဲ ဆိုတာ ဒကာ ဒကာမတွေ ရှုနေတဲ့ ပုဂ္ဂိုလ် များမှာသာ ထင်ရှား သေးတယ်။ (ထင်ရှားပါတယ်)၊ မထင်ရှားဘူးလား။ (ထင်ရှား ပါတယ် ဘုရား)။

သစ္စက ငိုင်သွားတယ်

အဲဒီလို ထင်ရှားပြီး နေတော့မှ ခုနင်က ဥပမာနဲ့ ဘုရားက ဆုံးမလိုက်တဲ့ အခါကျတော့ သစ္စက ငိုင်သွား တယ်။ (မှန်ပါ့)၊ ဪ ငါတော့ လွဲကုန်ပြီ၊ ငါတော့ လွဲကုန်ပြီတဲ့၊ ငါက အတ္တလို့ ဆိုထားတယ်၊ လွဲကုန်ပြီ။ သူ့ဟာသူ ရိပ်မိသွားပြီ။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ နောက်က လိုက်လာတဲ့ ပုဂ္ဂိုလ်တွေကိုလဲ ငါ ငဲ့ရတော့မယ်၊ ဘယ်လိုတုံး ဆိုလို့ ရှိရင်, ငါ ပိုင်တယ် ဆိုလို့ရှိရင်ဖြင့် ငါ၏ တပည့် သားမြေး ဆိုတဲ့ လိစ္ဆဝီ တစ်ထောင်တို့လဲ တာဝတိံသာ နတ်ပြည် ကဲ့သို့ နတ်ကောင်တွေ, နတ်ရုပ်တွေ ၊ ပဒေသာပင်တွေ ပေါက်စေ ဆိုရင် ဖြစ်ရတော့မယ်။ (မှန်ပါ့)၊ အခု ဒီလိုလဲ မဖြစ်တော့ ငါ ပြောတာတွေ ၊ အကုန်လွဲပြီတဲ့။ (မှန်ပါ့)။

ဒကာ ဒကာမတွေ အတ္တလို့ ဆိုထားတာတွေ ဘယ့် နှယ်ဖြစ်ကုန်ပလဲ။ (လွဲကုန်ပါတယ်)၊ အကုန်လွဲကုန်ပြီ။

ဒီတွင်းမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေး လိုက်တယ်၊ ဟေ့ ဘယ့်နှယ်တုံးကွ၊ မင်းကိုယ်မင်း ပိုင် တယ် ဆိုပြီး ရှင်ဘုရင်တွေက အမျိုးမျိုး စီမံတာ ခံနေရတယ် မဟုတ်လား၊ အဲဒီတော့ ရုပ်ဟာ အနတ္တလား, အတ္တလား ကွလို့ မေးတယ်၊ မဖြေဘူး သူက (မှန်ပါ့ ဘုရား)။

သိကြားမင်း ဘီလူးယောင် ဖန်ဆင်း

ခန္ဓာငါးပါးတွင် ဝေဒနာဟာ အတ္တလား, အနတ္တလား ဆို မဖြေဘူး၊ ပေခံနေတယ်။ (မှန်ပါ့ ဘုရား)။

ပေခံနေတော့မှ တာဝတိံသာ နတ်ပြည်က သိကြားက ဘီလူယောင် ဖန်ဆင်းပြီး သကာလ၊ အင်မတန် မီးဟုန်းဟုန်း တောက်နေတဲ့ တင်းပုတ်ကြီးကို ကိုင်ပြီး သကာလ သူ့ အပေါ်က ရွယ်တယ်၊ ရွယ်တဲ့ အခါကျတော့ ဘုရားနဲ့ သူပဲ မြင်တယ်၊ ဘေးက ပရိသတ်တွေ မမြင်ဘူး။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူ ကြက်သီးမွေးညင်းတွေ ထ,လာပြီး ကြောက်လာတယ်၊ ငါဟာ စကားတွေလဲ လွဲကုန်ပြီ၊ အမှန် ကို မဖြေလို့ ရှိရင်လဲ ငါ့ကို ဒီဘီလူးက ငါ့ကို ရိုက်သတ်တော့ မယ်၊ ကြောက်စရာလဲ ကောင်းတာ လွန်လို့ ၊ ချွေး တွေကျ ကုန်ပြီ၊ ဝမ်းထဲကလဲ မြည်ကုန်ပြီ၊ ဝူဝူ ဝူဝူနဲ့ မြည်ကုန်ပြီ။

အဲဒီတွင်မှ ငါ ဘယ်သူ့ အားကိုးရပါ့မတုံးဆိုတော့ ဪ ဘုရားမေးတာ ဖြေမှပဲ၊ မဖြေရင်တော့ ငါ သေတော့မှာပဲ။ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် သိကြား ပါလာရသတုံး

ဒါ ဘယ့်နှယ်ကြောင့် သိကြားက ဆင်းလာရသတုံး မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ရှင်းပေးပါဦးမယ် နည်းနည်းနော်။ (မှန်ပါ့)။

ဘုရား တရားမဟောတော့ဘူးလို့ အဋ္ဌမ သတ္တာဟ စံစဉ်က စိတ်ကူးတယ်၊ တရားတွေက နက်လွန်းလို့ နော်။ (မှန်ပါ့)။

ဒကာ ဒကာမတွေကလဲ ရာဂ, ဒေါသ, မောဟတွေ ထူလွန်းလို့ တရား မဟောချင်တဲ့စိတ် ပေါ်လာတယ်၊ တရား နက်လို့ ပေါ့ ဗျ။ (မှန်ပါ့)။

အဲဒီတွင် သကြားနဲ့တကွ သဟမ္ပတိ ဗြဟ္မာကြီး နှစ်ယောက် စလုံး ဆင်းလာတယ်၊ အရှင်ဘုရား ဟောတော် မူပါ၊ ဒီအတင်းကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလဲ အများကြီး ရှိပါသေးတယ်၊ မကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အတွက် တပည့်တော်တို့ မတောင်းပန်ပါဘူး၊ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ တရားမှ မနာရရင် အကုန် ဆုံးရှုံး ကုန်တော့မယ်။ (မှန်ပါ)။

အဲဒီတော့ ဓမ္မစက်ကို အရှင်ဘုရားက ဟောပါ၊ အာဏာစက် တပည့်တော်တို့ က ကူပါ့မယ်၊ အဲဒီမှာ ကတိ ထားဖူးတယ်။ (မှန်ပါ့)။

ဒါကြောင့် သစ္စက ပေနေမယ် လုပ်လို့ ဆင်းလာတယ်။ ဟိုက အာဏာစက်နဲ့ ဆင်းလာတယ်။

သစ္စက အရှုံးပေးရပြီ

အဲဒါတွင်မှ ကြောက်လဲ ကြောက်တာနဲ့ ချွေးတွေက ထွက်၊ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတာနဲ့ ၊ ဟေ့ သစ္စက ရုပ်ဟာ အနတ္တလား၊ အတ္တလားကွ မေးတယ်၊ အနတ္တပါ ဘုရားလို့ ဖြေရော (မှန်ပါ့)၊ ဝေဒနာဟာ အနတ္တလား၊ အတ္တလား မေးပြန်တော့ (အနတ္တလို့ ဖြေပါတယ်)၊ ကဲ သွားကြစို့ ရဲ့၊ စိတ်ဟာ အနတ္တလား၊ အတ္တလားလို့ မေးတယ်။ (အနတ္တ ပါ ဘုရား)။

ဟေ့ သစ္စက မင်း နဂိုက ပြောထားတာနဲ့ မင်းဟာ ရှေ့စကား, နောက်စကား မညီဘူးကွ၊ ဘုရားက ပြောပြန်တယ်။ (မှန်ပါ့)။

ရှေ့စကား, နောက်စကား မညီဘူးကွ၊ စဉ်းစားဖြေမှ ပေါ့ကွ – ဆိုတော့ ဒါဖြင့် မင်း အလုံ စုံ သင်္ခါရ ဓမ္မတွေ ဘယ့်နှယ် ဆိုမတုံး။ (အနတ္တပါ ဘုရား)၊ “သဗ္ဗေ သင်္ခါရာ အနိစ္စ၊ သဗ္ဗေ ဓမ္မာ အနတ္တ” ပဲလို့ သူ အကုန်ပဲ ဖြေတော့ တာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို သူဟာ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဒီ အနတ္တဖြေပြီး အရှုံးပေးတော့တာပဲ။ (မှန်ပါ့)၊ အရှုံး ပေးပြီးနေတော့မှ၊ သူ့မှာ ချွေးတွေလဲ အကုန် စီးကျကုန်တော့မှ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ေဩာ် သစ္စကတော့ အတော် ဆင်းရဲနေရှာတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သစ္စကမှာ ချွေးတွေ ဒီးဒီးကျ၊ ရုပ်တွေက အကုန်ပျက်ပြီး မှိုင်နေတယ်၊ ဘုရားက သင်္ကန်း လှန်ပြတယ်၊ ငါ့မှာ ချွေး မရှိဘူးတဲ့၊ မင်းမှာသာ ချွေးတွေ များနေတယ်တဲ့၊ သူများ မြင်အောင်လို့ ပေါ့လေ။ (မှန်ပါ့)။

ဒီတွင်မှ နောက်က တပည့် ဒုမ္မုခ လိစ္ဆဝီက ဟာ သစ္စကကြီးတော့ ပုစွန်ခြေကျိုး ဖြစ်ပြီတဲ့၊ လှောင်တာပေါ့လေ။ (မှန်ပါ့ ဘုရား)။

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နဲ့ သူနဲ့ စကားပြောတာ ဟေ့၊ ငါ့ကို လှောင် မနေကြနဲ့၊ မင်းတို့ နဲ့ စကားပြောတာ မဟုတ်ဘူးတဲ့၊ ပြောပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုင်း ဒါဖြင့် အကုန်တရားနာပြီး “သဗ္ဗေသင်္ခါရာ အနိစ္စာ, သဗ္ဗေဓမ္မာ အနတ္တာ” တွေ ဟောတော့တာပဲ။ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိမပြုတ်လို့ သောတာပန် မတည်ဘူး

ဟောတဲ့ အခါ သူ သဘောကျတယ်၊ သဘောကျပေ မယ့် သူ့ သဿတဒိဋ္ဌိနဲ့ အတ္တဒိဋ္ဌိက မပြတ်ဘူး။ (မှန်ပါ့)၊ မပြုတ်တော့ကို သူ သောတာပန် မတည်နိုင်ဘူး။ (မှန်ပါ့)၊ မတည်နိုင်ဘဲနဲ့ တရားက အမေး, အဖြေသာ ဆုံးသွားတယ် ဆိုကြပါစို့။ (မှန်ပါ့)။

ဒါပါပဲ၊ အနတ္တနဲ့ အတ္တ မေးတာပါပဲ၊ အမေး အဖြေ ဆုံးသွားပြီး နက်ဖြန် ဆွမ်းစားကြွပါ ဆိုပြီး သူ ပင့်တယ်။ ပင့်ပြီး သကာလ ဆွမ်းတို့ ဘာတို့ ကျွေးဖို့ ပြင်နေတုန်း ဘုရားလဲ ကြွလာတာပဲ။

ဘယ့်နှယ်ကြောင့် ဟောသတုံးလို့ မောင်နိုင်က မေးဖို့ လိုလာတယ်။ (မှန်ပါ့)၊ ဒီ ပုဂ္ဂိုလ်ဟာတဲ့၊ ဝေနေယျကလဲ ငါနဲ့ အမေးအဖြေလုပ်မှ သူ ကျေနပ်မည့် ပုဂ္ဂိုလ်တဲ့၊ ပြီးတော့လဲ အတ္တဒိဋ္ဌိ, သဿတ ဒိဋ္ဌိကို သူ မဖြုတ်ဘူး တဲ့။ မဖြုတ်တဲ့ အတွက် နောင် ဝါသနာ ပါရုံလောက်သာ သူ့ကို တတ်နိုင်တယ်၊ အခု ကျွတ်တမ်းဝင်ဖို့ ငါ ဘုရား မတတ် နိုင်ဘူးတဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘာမပြုတ်လို့တဲ့။ (အတ္တဒိဋ္ဌိပါ)၊ အတ္တဒိဋ္ဌိ ဆိုတဲ့ သက္ကာယဒိဋ္ဌိ မပြုတ်လို့ ဒကာ ဒကာတို့ ဘုရားကိုယ်တော် တိုင် တွေ့ပေမယ့်လဲ ဉာဏ်ထဲက ပွားပြီး မဖြုတ်, ပယ်ပြီး မဖြုတ်လို့ ရှိရင်လဲ ဦးညိုကြီး ရပါ့မလား။ (မရပါ)၊ ကိုင်း သစ္စကဝတ္ထု မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ဘုရားကို ဆွမ်းကျွေးတယ်တဲ့၊ ဆွမ်းကျွေးပြီး ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ကဲနောက် မင်း ဝါသနာ ပါလေရော့ ဆိုပြီး သကာလသာ ဆွမ်းကို လက်ခံလိုက်တယ်။ (မှန်ပါ့)။

အမေး, အဖြေ ထုတ်လိုက်တော့ ဒိဋ္ဌိ မပြုတ်တဲ့ အတွက် ပညာရှိ နိုင်ငံကျော် ပုဂ္ဂိုလ်ထူးကိုပဲ ကိုသောင်း မရဘူး။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားနဲ့ တွေ့တာက ဟောမှု တွေ ရတယ်။ (မှန်ပါ့)၊ ခင်ဗျားတို့က ဟောမှုကို မှတ်ပြီး, ကျင့်မှုနဲ့ ကျင့်ပြီး ပယ်မှု မလုပ်သရွေ့ ကာလပတ်လုံး ငါ စိတ် မချရသေးဘူးလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ဟောမှုလဲ နာရပါလိမ့်မယ်၊ ကျင့်မှုကော (ကျင့်ရမှာ ပါ)၊ ကျင့်ရုံကလေးနဲ့လဲ မပြီးသေးဘူး၊ ပယ်မှု ကျအောင်ကော (လိုက်ရမှာပါ)၊ လိုက်ရလိမ့်မယ် ဆိုတာ သေချာ ပလား။ (သေချာပါပြီဘုရာ )။

အနတ္တမြင်ရင် အတ္တပြတ်တယ်

ဒါ့ကြောင့် ခင်ဗျားတို့ ဖြစ်ပျက် မြင်အောင် ကြည့်ပါ ဆိုတာ အနတ္တ အကြည့်ခိုင်းတာ။ (မှန်ပါ့)။

အနတ္တမြင်တော့ အတ္တပြုတ်ကရော (မှန်ပါ့)၊ အတ္တ ပြုတ်တော့ ဒိဋ္ဌိကွာသွားပြီ။ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကွာသွားတော့ ဒိဋ္ဌုပါဒါန် လာသေးရဲ့လား။ (မလာပါ)၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံကော (မလာပါ)၊ မလာတော့ အပါယ် ဇာတိတွေ ဘယ့်နှယ်။ (မလာတော့ပါ)၊ မလာတော့ ဒါ အပါယ်လေးပါး တံခါး ပိတ်တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ စိတ်ရှုတဲ့ ပုဂ္ဂိုလ်လဲ ဖြစ်ပျက်သာရှု၊ အနိစ္စလဲ သူပဲ၊ ဒုက္ခလဲ သူပဲ၊ အနတ္တလဲ သူပဲလို့ ရှုသာရှု တည့်နေတာပဲ။ (မှန်ပါ့ ဘုရား)။

သို့သော် အနိစ္စ, ဒုက္ခ, အနတ္တ အမည်ရတာကျတော့ ေဩာ် ဖြစ်ပြီး ပျက်တာပဲ ဖြစ်ပြီး ပျက်တာပဲလို့ ဥဒယဗ္ဗယ နဲ့သာ ရှုလိုက်။ (မှန်ပါ့)၊ ပြီးတာပါပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

[1] [2]