306

ဒိဋ္ဌိ အရင်ဖြုတ်ပါ

အသံဖိုင်ခေါင်းစဉ်= ရန်ကုန်မှဧည့်သည်များအား အထူးဟောကြားဆုံးမတော်မူအပ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာပယ်သတ်ပုံ နေ့အလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= ဒိဋ္ဌိ အရင်ဖြုတ်ပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့မှဧည့်သည်များအား ဟောကြားတော်မူသော

ဒိဋ္ဌိ အရင်ဖြုတ်ပါ တရားတော်

(၁၄-၁၁-၆၀)

ကဲ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ပယ်ရလိမ့်မယ်၊ သောတာပန် ဖြစ်ချင်ရင် ဘာလုပ်မတုန်း (ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ပယ်ရပါမယ်)။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ပယ်ရမယ်။ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်ရမယ်ဆိုတော့ ပယ်ရာ ဌာန ဘယ်နေရာမှာ ကပ်နေလို့၊ ဘယ်နေရာမှာ ငြိနေလို့ ပယ်ရမတုန်း (ခန္ဓာငါးပါးမှာ ငြိနေတယ် ဘုရား)။

ခန္ဓာငါးပါးမှာ ကပ်ငြိနေတဲ့ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ

ခန္ဓာငါးပါးမှာ ငြိနေပါတယ်။ ကောင်းပြီ ခန္ဓာငါးပါးမှာ ငြိနေတယ်ဆိုတော့ မနေ့က ရှင်းပြီးပြီ။ ဒီခန္ဓာငါးပါးက ဘယ်လို ဖြစ်တယ်၊ ဘယ်လိုပျက်နေတယ်လို့ မသိလို့ ရှိရင်လဲ တဲ့၊ ခန္ဓာ ဖြစ်တာမှ မသိလို့ ရှိရင် ကပ်နေတယ်ဆိုတဲ့ ဒုတိယအရေးဟာ ဘယ်နည်းနဲ့မှ မခွာနိုင်ဘူး။

အဲဒါကြောင့် ခန္ဓာကပ်နေတာကို သိလို့ရှိရင် ခန္ဓာဖြစ်ခြင်း၏ အကြောင်းကို နားလည်ရမယ်။ ခန္ဓာဟာ ဘယ်ကစဖြစ်တာလဲ၊ ခန္ဓာဖြစ်ခြင်း၏ အကြောင်းသည် ပဋိစ္စသမုပ္ပါဒ်၊ ခန္ဓာဖြစ်ခြင်း၏ အကြောင်းသည် ပဋိစ္စသမုပ္ပါဒ်။

အဲဒီ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ရှိရင် ခန္ဓာမှာ ကပ်နေ တယ် ဆိုငြားသော်လည်း ခန္ဓာမှာ ခွာစရာ၊ ခန္ဓာ ဖြစ်လာတာမှ မသိလို့ရှိရင် ခန္ဓာမှာ ကပ်နေတဲ့ ဒိဋ္ဌိခွာနည်း နိဿရည်း ရမယ် မဟုတ်ဘူး။ ခွာနည်း နိဿရည်း မရခဲ့သည်ရှိသော် အမြဲတမ်း ဒီသံသရာ ချည်းနဲ့ပဲ သေ၊ ဒီသံသရာချည်းနဲ့ ပဲနေ၊ ဒိဋ္ဌိ ဝိစိကိစ္ဆာနဲ့ပဲနေ၊ ဒိဋ္ဌိ ဝိစိကိစ္ဆာနဲ့ပဲသေ။ ကုသိုလ်တွေပြုလို့ သုဂတိ ရောက်လိုက်၊ ဒိဋ္ဌိဝိစိကိစ္ဆာက ဆွဲချလိုက်၊ အပါယ်လေးပါးခံ။ ဒီလိုချည်း နေမှာပဲ၊ သဘောကျရဲ့လား (ကျပါပြီ ဘုရား)။

ကြိုးကြိုးစားစား မှတ်ပါ။ ဒါ အရေးကြီးတဲ့ စကားချည်း အခု သုံးနေတယ် – ဟောနေတယ်။ ခင်ဗျားတို့သိတဲ့ ဒါန၊ ခင်ဗျားတို့ သိတဲ့ သီလဟာ ဒိဋ္ဌိမကွာဘူး, ဒိဋ္ဌိမကွာဘူး။ ခင်ဗျားတို့ သိတဲ့ ဒါနဟာ ဒိဋ္ဌိမကွာဘူး, ဒိဋ္ဌိမကွာဘူး။ ငါလုပ်ရင် ငါရမယ်ဆိုတာ သိသလား (မသိပါ)၊ မသိဘူးလား (တင်ပါ့)။

စေတနာကို ငါစွဲရင်

ငါလုပ်ရင် ငါရမယ်ဆိုတော့ စေတနာကို ငါစွဲ မစွဲကြဘူး လား (စွဲပါတယ်)၊ ငါစွဲ စွဲနေလို့ရှိရင် ဒိဋ္ဌိရောနေတဲ့ ကုသိုလ် ဆိုရင် လွဲပါ့မလား။ ဒိဋ္ဌိနဲ့ရောနေတဲ့ ကုသိုလ်ဆိုလို့ရှိရင်ဖြင့် ကုသိုလ် က အထက် ပို့တယ်၊ ဟုတ်လား စွန်လွှတ်သလိုပဲ၊ ကြိုးအဆုံး တော့ တက်သွားတာပဲ၊ ဒိဋ္ဌိဆိုတဲ့ ယောက်လုံးနဲ့ ရစ်ချလိုက်ရင် အောက်ပြန် ကျတယ်။ ဒိဋ္ဌိပါတဲ့ ကုသိုလ် ဟူသရွေ့ သည်ရှိရင် ဆင်းလိုက် တက်လိုက်သာ ဖြစ်နိုင်တယ်၊ လမ်းဆုံး မရောက်ဘူး။

အဲ တစ်နိုင်ငံလုံးမှာလည်း ဘုန်းကြီးတို့က သိမ်းကျုံး ပြောတယ်လို့ ခင်ဗျားတို့က အယူ မရှိပါနဲ့၊ မသိသေးတဲ့ ပုဂ္ဂိုလ် အပေါင်း ဒီအတိုင်း ချည်းပဲမှတ် (မှန်ပါ့)၊ ထိုသို့ သိတဲ့ပုဂ္ဂိုလ်က လည်း ရှားမှ ရှားလိမ့်မယ် ဆိုတာ မှတ်ပါ၊ သိတဲ့လူကလည်း ရှားမှ ရှားပါလိမ့်မယ်။ ပါးစပ်နဲ့ အပေါ်ယံ ဖုံးလို့တော့ အလကားပဲ။

ဒိဋ္ဌိခွါချင်ရင်

အဲဒီတော့ ဒိဋ္ဌိကိုခွာချင်ရင် ပဋိစ္စသမုပ္ပါဒ်မှာ အရင်းကျကျ နားလည်အောင်လုပ်ပါ။ ဒိဋ္ဌိဝိစိကိစ္ဆာ ခွာချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် အရင်းက နားလည်အောင် လုပ်ပါ။ ဒိဋ္ဌိခွါချင်ရင်နော်၊ ဒိဋ္ဌိဝိစိကိစ္ဆာ ခွာချင်ရင် ဘာအရင်းကျကျ နားလည်ရမလဲ (ပဋိစ္စသမုပ္ပါဒ်ကို အရင်းကျကျ နားလည်ရပါမယ် ဘုရား)။

အဲ အရင်းကျကျ နားလည်ရမယ်။ ပဋိစ္စသမုပ္ပါဒ်သည် လည်း အတိတ် ပဋိစ္စသမုပ္ပါဒ်၊ အနာဂတ် ပဋိစ္စသမုပ္ပါဒ်၊ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် တို့ ရှိရာတွင် အတိတ်သည် လွန်ပြီးသည်သာဖြစ်၍ အသုံးချရန် မလို၊ သိရုံလောက်ပဲ ကျေးဇူးများမယ်။ အနာဂတ်သည် မရောက်သေးသည်ဖြစ်၍ ကျုပ်တို့ အသုံးချစရာ အကွက်ထဲမှာ သူပါမလာ။ပစ္စုပ္ပန် ယခုရောက်ဆဲ၊ ယခုဖြစ်ဆဲ ပဋိစ္စသမုပ္ပါဒ် နားလည်မှ သာလျှင် ဒိဋ္ဌိဝိစိကိစ္ဆာ ကွာမယ်။ သဘောကျရဲ့လား (တင်ပါ့)။

ပစ္စုပ္ပန် ယခုရောက်ဆဲ ယခုတွေ့ဆဲ ဖြစ်ဆဲ ပဋိစ္စသမုပ္ပါဒ် နားလည်မှသာလျှင် “ဪ ဒီဟာ ငါလည်း မဟုတ်ပါလား၊ သူလည်း မဟုတ်ပါလား” ဆိုတဲ့ ဒိဋ္ဌိပြုတ်မယ်၊ ငါလုပ်ထားတာလည်း မဟုတ်ဘူး။ သူလုပ်ထားတာလည်း မဟုတ်ဘူး ဆိုတာ သိမှ ဝိစိကိစ္ဆာ ပြုတ်မယ်။ ဒီစကားကို သေးသေး မမှတ်ပါနဲ့ ဦးသံဒိုင်တို့ကနော်။

ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး နားလည်ဖို့ လိုတယ်

ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး နားလည်တော့မှ ဪ ဒီဟာတွေ ငါလည်းမဟုတ်ဘူး၊ သူလည်း မဟုတ်ဘူး။ ရုပ်ဖြစ်ချင်လို့ ရှိရင် ရုပ်တွေပဲ၊ နာမ်ဖြစ်စေချင်လို့ရှိရင် နာမ်တွေပဲလို့ သိမှ ဒိဋ္ဌိက စိစိညက်ညက် ပြုတ်သွားပါလိမ့်မယ်။ နောင် ဒီအကြောင်းကြောင့် ဒီအကျိုး ဖြစ်လာတယ်သိမှ ဝိစိကိစ္ဆာ ပြုတ်ပါတယ်။

ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ရမှာသည် ခန္ဓာပေါ်မှာ နေ လား ခန္ဓာဖြစ်ကြောင်းမှာ နေသလားဆိုတာ အရင်းကျကျ လိုက်, လိုက်ပါ။ ဘယ်မှာနေကြသလဲ (ခန္ဓာပေါ်မှာ)၊ ခန္ဓာပေါ်မှာ နေမှ၊ ခန္ဓာဖြစ်ကြောင်းမှ မသိလို့ ရှိရင် ဝိစိကိစ္ဆာ ကပ်နေဦးမယ်။ မကပ်ပေဘူးလား (ကပ်ပါတယ် ဘုရား)။

ခန္ဓာဖြစ်ကြောင်း၊ ခန္ဓာဖြစ်ကျိုးသိအောင်လုပ်

ဒါဖြင့်ရင် ကိုထွန်းရင် နားကြီးကြီးနဲ့ ထောင် (တင်ပါ့)၊ ခန္ဓာဖြစ်ကြောင်းကို မသိလို့ ရှိရင် ဝိစိကိစ္ဆာ ကပ်လိမ့်မယ်။ ခန္ဓာဖြစ်ကျိုးကို မသိလို့ ရှိရင် ဒိဋ္ဌိကပ်လိမ့်မယ်လို့ မှတ်ပါ။

ခန္ဓာဖြစ်ကြောင်းကို မသိရင် ဝိစိကိစ္ဆာကပ်လိမ့်မယ်။ ခန္ဓာ ဖြစ်ကြောင်းကြောင့် ဖြစ်ကျိုးကို မသိရင် ဒိဋ္ဌိကပ်ပါလိမ့်မယ်။ သေသေချာချာမှတ်ပါ ဒီဥစ္စာတွေကို။

ခန္ဓာဖြစ်ကြောင်းကို မသိရင် (ဝိစိကိစ္ဆာကပ်မယ်)။

ခန္ဓာဖြစ်ကျိုး မသိလို့ ရှိရင် (ဒိဋ္ဌိကပ်မယ်)။

ဒိဋ္ဌိကပ်မယ်၊ ဒီနှစ်လုံးနဲ့ပဲ ပိုင်ပါပြီ။ အလာကြီး လာရပြီးသကာလ စူဠသောတာပန် အခြေအနေ မရောက်ဘဲနဲ့ မပြန်ကြပါနဲ့။ မဟာသောတပန်ဆိုတာ ခင်ဗျားတို့ ပွားယူမှရမှာကိုး။ ဘုန်းကြီးက ရော့ အင့် ပေးလို့ မရဘူး။

ကဲ ဒါဖြင့် ဒိဋ္ဌိဖြစ်ကြောင်းကို၊ ခန္ဓာဖြစ်ကြောင်းကို သိတယ်။ ဒီနှစ်လုံးတည်းပဲ မှတ်စမ်းပါဦးကွ၊ ခန္ဓာဖြစ်ကြောင်းသိရင် ဘာသေမတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာ)။

ဟင့်အင်း အကြောင်းသိတာ ဝိစိကိစ္ဆာသေတယ် ငါ ဘယ်က လာပါလိမ့်မတုန်းဆိုတာ ရှိသေးရဲ့ လား၊ ရှင်းရဲ့လား (ရှင်းပါပြီဘုရား)။

ခန္ဓာဖြစ်ကြောင်းသိရင် (ဝိစိကိစ္ဆာသေတယ်)။

ခန္ဓာဖြစ်ကြောင်းကို သိတော့ သိပါပြီဘုရား၊ အကြောင်း သာသိတယ်၊ အကျိုးကို သိပါပြီ ဆိုတော့ ဘာသေမတုန်း (ဒိဋ္ဌိ)၊ ဒိဋ္ဌိ သေတယ်။ ဒီနှစ်လုံးကိုတော့ ကိုထွန်းရင် အေးစက်စက် လုပ်မနေ ပါနဲ့။ အင်မတန်အရေးကြီးလို့ ပြောနေတာပါ။

ခန္ဓာဖြစ်ကြောင်းသိရင် ဘာသေမတုန်း (ဝိစိကိစ္ဆာ)၊ ဝိစိကိစ္ဆာသေတယ်။ ဖြစ်ကြောင်း ကြောင့် အကျိုး မြင်လာ လို့ရှိရင် ဘာသေမတုန်း (ဒိဋ္ဌိသေတယ်)။

အဲဒါကို ဦးသံဒိုင် သေသေချာချာ မှတ်ပါ၊ ဒါဟာ အင်မတန် အရေးကြီးပါတယ်။

ကိုထွန်းရင် ဟုတ်ပြီ (တင်ပါ့)၊ ရမ်းလိုက်လို့ မရဘူး။ ခင်ဗျာတကယ့်အကျိုးစီးပွား အလိုရှိလို့၊ ပေးတဲ့ဆရာတွေလို့ ခင်ဗျား တို့က လက်ရ သိမ်းဆည်းရမည့် လူတွေပဲ ဖြစ်နေတယ်။

အနိစ္စခန္ဓာကိုယ်

ဒါဟာတစ်သက်နဲ့ တစ်ကိုယ်နဲ့ တွေ့ကြမှာ မဟုတ် ဘူး။ အခု ခဏ အနိစ္စခန္ဓာကိုယ်က အနိစ္စခန္ဓာကို ကပ်နေတယ် လို့ ဘုန်းကြီး တရားဟောတဲ့ အထဲမှာ မပါဘူးလား။

ဘုန်းကြီးကလည်း အနိစ္စ ခန္ဓာကိုယ်၊ မမြဲတဲ့ ခန္ဓာ ကိုယ်။ ခင်ဗျားတို့ကလည်း မမြဲတဲ့ ခန္ဓာကိုယ်ကြီးကို ယူနေ တာ။ ဒီအချိန်ကလေးပဲ တိုက်ဆိုင်နေကြတာ ဟိုဘက်အချိန် ကိုယ်ပိုင် အချိန် မဟုတ်ဘူး၊ ဘုန်းကြီး ပြောလို့ရှိရင် အရေးကြီးတယ်လို့ မောင်ထွန်းရင်ကလည်း ဆိုချင်ဆိုလိမ့်မယ်။

ဘုန်းကြီးပြောထာထက် ခန္ဓာက ဒီထက်အရေးကြီးတယ်၊ ခန္ဓာက ဒီထက်အရေးကြီးတယ်။ ဥပမာ ဦးသံဒိုင်က ဒီက လေထုတ်တဲ့ စိတ်ကလေးက ထုတ်လိုက်တယ်၊ လေပြန်ရှိုက်တဲ့ လေက မလာသေးရင် မသေသေးဘူးလား။ ဘုန်းကြီးပြောတာ ဒီထက်ကြာနေလိမ့်မယ်၊ သူသေမှာက စောနေလိမ့်မယ်။ သဘောပါရဲ့ လား (တင်ပါ့ဘုရား)။

လေထုတ်လိုက်တဲ့ စိတ်ကလေးက လေထုတ်လိုက်တော့ သြော် ဦးသံဒိုင် အသက်ရှင် သေးတယ် လေထုတ် နိုင်တယ်။ ပြန်ရှိုက် လိုက်တဲ့အချိန်မလာရင် ခင်ဗျား ဘယ့်နှယ်လုပ်မလဲ။ ပြန်ရှိုက် လိုက်တဲ့ အချိန် ဒုတိယအကြိမ် မပေါ်တော့ရော၊ ဘာခေါ်မလဲ။ ပင့်သက်ခေါ် မယ်ဆိုတော့ ဘုန်းကြီး ထက်သူက အရေးကြီးတယ်။ သူ့အဖြစ်အပျက် က မြန်တယ်၊ အသေကို လုပ်မည့်တရားက မြန်တယ်။ မမြန်ဘူးလား (မြန်ပါတယ်ဘရား)။

အဲဒီတော့ ဘုန်းကြီးက ရှူသက်၊ ရှိုက်သက်ကလေးရှိတုန်း ပေးနေတာ။ ရှူစိတ်၊ ရှိုက်သက်ကလေး ကပ်နေတုန်းမှာ ရှေ့စိတ်၊ နောက်စိတ် ကပ်တုန်းမှာ ပေးနိုင်တာ ဦးသံဒိုင်ရေ။

ခင်ဗျားတို့ နာယူနိုင်တာကကော (ရှူသက်၊ ရှိုက်သက်ရှိ တုန်း)ဒါပဲ။

ခင်ဗျား ရှေ့စိတ်၊ နောက်စိတ်ကို ခင်ဗျားက “အင်ရှူးဝါး” တာဝန်ခံတဲ့ ဟိုစိတ်တွေက ငါဆက်ဆက် ဖြစ်ပေးမယ်လို့ “အင်ရှူးဝါး” ရှိရဲ့လား (မရှိပါဘုရား)၊ ချုပ်တော့ကော (မရှိပါ ဘုရား)။

မရှိတဲ့သူချင်း ကယ်နေတာပေါ့။ ခင်ဗျားတို့ အေးစက်စက် ပြုံးတုန်းတုန်း လုပ်မနေပါနဲ့ဆိုတာ အဓိပ္ပာယ်ပေါ်ရဲ့ လား။ သဘောပါရဲ့လား (တင်ပါ့)၊ ဦးသံဒိုင်ရာ သဘောပါရဲ့လား၊ နှယ်နှယ် မထင်နဲ့ အဟုတ်အရေးကြီးတာပဲ။

ရင်ဝလှံစူး ထိပ်ဦးမီးလောင်

ဒိဋ္ဌိဖြုတ်တဲ့အခါ “ရင်ဝလှံစူး ထိပ်ဦးမီးလောင်” သည်ထက် အရေးကြီးတယ်လို့ မပါဘူးလား ခင်ဗျားတို့ စာထဲမှာ (ပါ, ပါတယ် ဘုရား)၊ အေး။

“သတ္တိယာ ဝိယ ဩမဋ္ဌော၊

ဍယှမာနောဝ မတ္တကေ။

သက္ကာယဒိဋ္ဌိံပ္ပဟာနယ၊

သတော ဘိက္ခု ပရိဗ္ဗဇေ။”

လို့ မရှိဘူးလားဗျာ၊ သံယုတ်ပါဠိတော်ကြီးမှာ ဘုရားကိုယ်တော် တိုင် ဟောတော်မူတာပဲ၊ သဘောပါရဲ့လား။

ရင်ဝလှံထိုးတဲ့ အခါမှာ လှံကြီးနဲ့ ထိုးလိုက်တယ်၊ ဖြည်း ဖြည်းမှ ရှောင်ချင်ရှောင်ပါကွာ။ ဒိဋ္ဌိ အရင်ဖြုတ်လိုက်ပါဦး၊ ဟိုက လှံစူးနေတာက၊ တစ်ဘဝ တစ်ခါသေတာပါ၊ ဒိဋ္ဌိမဖြုတ်ရင် အသေ မစဲတော့ဘူး။ ဦးခေါင်းထိပ် မီးလောင်ရင် ဖြည်းဖြည်းမှ ပွတ်ချင်ပွတ်၊ ဒိဋ္ဌိ အရင်ဖြုတ်လိုက်ပါ။

ဒါကြောင့် ဆရာဘုန်းကြီး ဒါဖြုတ်ရတယ်ဆိုတာ ခင်ဗျားတို့ ရိပ်မိပလား။ ဒါကို မဖြုတ်ဘဲနဲ့ ဘယ်သူ သောတာပန်တည်မလဲ ဗျာ၊ ဘယ်သူက သကဒါဂါမ် တည်နိုင်ပါ့မလဲ၊ ဘယ်သူ ရဟန္တာ ဖြစ်မလဲ၊ ဘယ်သူ ဘုရားဖြစ်မလဲ၊ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘုရား)။

မဖြစ်နိုင်တော့ ဒါဟာ အရေးကြီးတဲ့ အလုံးမို့ အသုံးများသုံး နေတယ်ဆိုတာ ကိုထွန်းရင် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဂရုစိုက်၊ ဟုတ်ပြီလား (တင်ပါ့)၊ သာမညထင်လို့ ရမလား (မရပါဘုရား)၊ မရဘူး သာမညထင်လို့။

ပဋိစ္စသမုပ္ပါဒ်က ဖြစ်စေ ချုပ်စေတာ

ဒီနေ့ သဘောပါလာတယ်။ အရင်းကျကျ ပြောနေတဲ့ ဆရာကိုးဗျ။ “ရုပ်နာမ်သိ၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ပြုတ်တာပဲ” ဆိုတဲ့ ဆရာမျိုး မဟုတ်သေးဘူး။ ဒါက မဟုတ်သေးဘူး။ ဒါအရင်း မကျဘူး ဆိုတာသိလို့ ဘုန်းကြီးပြောတယ်။

ကဲ ဒါဖြင့် သောတာပန် တည်ချင်ရင် ဘာလုပ်ကြမလဲ (ဒိဋ္ဌိဝိစိကိစ္ဆာ ခွာရပါမယ်ဘုရား)။

ခန္ဓာငါးပါးမှာ ကပ်တယ်။ ခန္ဓာငါးပါးက ဘယ်သူက ဖြစ်စေ လို့ ဖြစ်တာတုံး၊ ဘယ်သူက ချုပ်စေလို့ ချုပ်တာတုံး မေးတော့ ပဋိစ္စသမုပ္ပါဒ် ဖြစ်စေတာ၊ ပဋိစ္စသမုပ္ပါဒ်က ချုပ်စေတာဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲနဲ့ ခန္ဓာဖြစ်ချုပ်တာကို နားလည်ပါ့ မလား (နားမလည်ပါဘုရား)။

မလည်နိုင်ဘူးဆိုတော့ ပဋိစ္စသမုပ္ပါဒ်က အရင်မပြရဘူး လား (မှန်ပါ)၊ အဲဒီသွားရမှာ ကျုပ်တို့က ပေါ်ပြီလား (တင်ပါ့)။

ဦးမြ သဘောကျရဲ့ မဟုတ်လား၊ ခင်ဗျားပြောရတာ မတုန် မလှုပ်ခက်နေမယ်။

ကြောက်စရာအကောင်းဆုံးက ဒိဋ္ဌိ

ဘုန်းကြီးက ပြောတယ်၊ ခင်ဗျားတို့ အသေဆိုးချည်း အကုန်သေကုန်လိမ့်မယ်။ ဆိတ်သေ၊ ဝက်သေ၊ နွားသေ၊ ဒီလိုမသေ ရပေဘူးလား၊ ဒါကြောင့် ATOMIC ရှိနေတယ် ချလိမ့် မယ်။ ဒါမြန်မြန် လုပ်ရလိမ့်မယ်။ ဒါမြန်မြန်ကိုင်ရလိမ့်မယ်၊ ဒါဟောနေတာ။ ခင်ဗျားက ဂျပန်လုပ်မနေနဲ့ သဘောပါရဲ့ လား (တင်ပါ့)၊ သဘောပါမှဗျ။ ခြောက်လှန့်ဟောနေတယ်လို့ မယူကြပါနဲ့၊ ဒိဋ္ဌိလောက် ကြောက်စရာ ကောင်းတာ ရှိကိုမရှိဘူး။

ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်လို့ရတဲ့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဒိဋ္ဌိလောက်အပြစ်က ကြီးလေးတာ ရှိကိုမရှိဘူးကွ၊ ဟောတော်မူ တယ်။ ကိုင်း။

“နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္မိ သမနုပဿာမိ” ကိုး ရမ်းလုပ်တာ ဒိဋ္ဌိပဲ၊ ဒိဋ္ဌိလောက် အပြစ်ကြီးတာ ရှာကိုမတွေ့ဘူး တဲ့။ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဒိဋ္ဌိမခွာနိုင်လို့ ရှိရင် အကြီးဆုံး အပြစ်သင့်တယ် (ပဉ္စာနန္တရိယ ကံငါးပါးကို သူ့ကြောင့် ကျူးလွန်တာလား)။

သူတို့တတွေ သတ်မှ ငါအမွေရမယ် ဆိုတာ သတ်ရဲတယ်။ မသတ်ရဲဘူးလား (မှန်ပါ့)၊ သတ်နေတဲ့လူတွေ တစ်ပုံကြီးပဲ။ အဲဒါ သူ့ထက် အပြစ်ကြီးတာ ရှာတွေ့ရဲ့လား (မတွေ့ပါဘုရား)။

ဒိဋ္ဌိနဲ့ ပဉ္စာနန္တရိယကံ ဘယ်ဟာ ကြောက်စရာ အကောင်းဆုံးလဲ

ပဉ္စာနန္တရိယကံကို ဦးသံဒိုင်က စပ်မေးလို့ အခု ဘုန်းကြီးက စကားပြောလိုက်ပါတယ်၊ မနက်ဖြန်ခါ ကမ္ဘာပျက်မယ်၊ ယနေ့ ကျူးလွန်တယ်၊ လွတ်သွားတယ်၊ မလွတ်ဘူးလား။ သူက ဘယ်တော့ လွတ်သတုန်း၊ ကမ္ဘာပျက်ရင် ရွှေ့ခံရတယ်ဆိုတော့ ဒိဋ္ဌိနှင့် ပဉ္စာနန္တရိယကံဟာ ဘယ်ဟာက ကြောက်စရာကောင်းသတုန်း (ဒိဋ္ဌိက)၊ ဒိဋ္ဌိက ကြောက်စရာကောင်းတယ်။

“ဒိဋ္ဌိဗန္ဓနဗဒ္ဓါ တေ၊ တဏှာသောတေန ဝုယှရေ။”

ဒိဋ္ဌိရှိရင် တဏှာလာလိမ့်မယ်၊ တဏှာလာရင် ဥပါဒါန် လာလိမ့်မယ်၊ ဥပါဒါန်လာရင် ကံ လာလိမ့်မယ်၊ ကံလာရင် ဇာတိ၊ ဇရာ၊ မရဏက လွတ်ပါဦးမလား။ ကဲ ဘယ်သူကြောက်စရာ အကောင်းဆုံးလဲ။ ခုမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တားမြစ်တာကရော တဏှာက တားမြစ်တာလား၊ ဒိဋ္ဌိက တားမြစ်တာလား (ဒိဋ္ဌိက တားမြစ်တာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက အခုဟောနေတာ အရေးမကြီးဘူးလား၊ ကြီးသလား (ကြီးပါတယ်)၊ ပေါ်ပြီလား (တင်ပါ့ဘုရား)။

ဒိဋ္ဌိခွာဖို့အရေးကြီးတယ်

ဒီအတိုင်းပဲ ခင်ဗျားတို့ လှူတာ၊ တန်းတာ၊ ပေးတာ၊ ကမ်းတာ မဟောသေးဘူး။ ဒိဋ္ဌိခွာဖို့ အရေးကြီးတယ်။ ဒိဋ္ဌိမခွာဘဲနဲ့ ဆိုရင် စွန်လွှတ်သလိုပဲ၊ သူကလည်း ကြိုးအဆုံးတက်တယ်၊ နောက် ပြန်ဆွဲချ (တင်ပါ့)၊ မဟုတ်ဘူးလား၊ သဘောပါရဲ့လား။

ဒါဖြင့် ဘာကို အရေးတကြီး ခွာရမလဲ၊ ဒိဋ္ဌိမခွာဘဲနဲ့ ဦးသံဒိုင် ကျုပ်ရှင်းပြမယ်၊ ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း မှတ်ဖို့၊ ဒိဋ္ဌိမခွာဘဲနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အာပေါက်အောင် အားထုတ် ဖြစ်ပျက်ကို မြင်ချင်လည်းမြင်မယ်၊ မရဘူးကွ မဂ်ကို၊ ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေတယ်။

အဲဒီလို ဉာဏ်နဲ့ ခွာပြီးသကာလ ရှင်းလင်းမထားဘဲနဲ့ အားထုတ်လို့ရှိရင် အနိစ္စမြင်၊ ဒုက္ခမြင်၊ အနတ္တမြင်၊ မြင်ချင်တာမြင် မဂ်ဖိုလ်မရသေးဘူး။ ကိုင်း သဘောပါရဲ့လား။

ဒိဋ္ဌိမကွာဘဲနဲ့ ဖြစ်ပျက်အနိစ္စတွေ ကြိုးစားလုပ်၊ ဖြစ်ပျက် ဒုက္ခတွေ ကြိုးစားလုပ်၊ ဖြစ်ပျက် အနတ္တတွေ ကြိုးစားလုပ် မြင်ပါ တယ် ဦးသံဒိုင်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရဘူး။ ဘာပြုလို့ မရတာ တုန်းဆိုတော့ ပေါ်ပြီလား။ ဘာတွေ့သတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာပါ ဘုရား)။

ဖြစ်ပျက်မြင်ပေမယ့် ဒိဋ္ဌိမကွာရင် မဂ်အား၊ ဖိုလ်အား

ဒိဋ္ဌိ ကွာ၊ မကွာ တွေ့မယ် ရှင်းပြီလား။ ဝတ္ထုထုတ် ပြမယ်ဆိုရင် အများကြီးရှိတယ်။ အနုရာဓ မထေရ်ဆိုတာ ခန္ဓဝဂ္ဂ သံယုတ်မှာ ဖြစ်ပျက်တာတွေ အကုန်မြင်တယ် မရဘူး။ ဒီတွင်မှ ဘုရားက ဒိဋ္ဌိမကွာလို့ မရတာဆိုပြီး ပဋိစ္စသမုပ္ပါဒ်ပြန်ဟောရ တယ် (ဖြစ်ပျက်တာတော့ မြင်တယ်)။

မြင်တယ်၊ ဒိဋ္ဌိမကွာလို့ မရဘူး။ သူက ငါသိ, ငါပျက် ဖြစ်နေတာကိုး သွားရောပေါ့။ ငါသိ, ငါပျက်ဖြစ်နေတယ်၊ ငါပြုတ်ရဲ့ လား။

ရှင်ဆန္န၊ ဘုရား၏မြင်းမြီးဆွဲ ဆန္ဒသည် ဖြစ်ပျက်တာ အကုန်မြင်တယ်၊ ဖြစ်ပျက်တာတွေ သူရှုလို့မြင်ပါတယ်။ သို့သော် လည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို တစ်ခါမှ မမြင်ဘူးတဲ့၊ သူ ကိုယ်တိုင် ဖွင့်ချတယ်။

အဲဒီတွင်မှ အရှင်အာနန္ဒာဆီပြေးရတယ်၊ ဘုရားပရိနိဗ္ဗာန်စံ သွားပြီ။ အဲဒီမှာ ရှင်အာနန္ဒာ ဆီ ပြေးတော့ “ဪ ဒီကိုယ်တော် ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတာကိုး”ဟု အရှင်အာနန္ဒာက သိတယ်။

ဒီတော့မှ ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းအား ဘုရား သက်တော်ထင်ရှားရှိစဉ်က ဒီတရား ဟောခဲ့တယ်ကွ၊ ဒိဋ္ဌိကွာတဲ့ တရား။ ဒိဋ္ဌိကွာတဲ့တရား ပြန်ဟောပြလိုက်တော့မှ ရဟန္တာဖြစ်သွား တယ်။

ခင်ဗျားတို့ သိထားတာနဲ့ ကန့်လန့်ကြီး မနေဘူးလား ခင်ဗျားတို့က ခုချက်ချင်း အားထုတ်ရင် နိဗ္ဗာန်ဝင်တယ် အောက်မေ့ နေတာ မှတ်မိပြီလား၊ ဒါကြောင့် အဖြစ်အပျက် မြင်ချင်သလောက် မြင် သစ္စာတော့ မရောက်နိုင်ဘူး၊ သစ္စာမရနိုင်ဘူး၊ သစ္စာရရင်လည်း နိဗ္ဗာန်ဝင်တော့မှာကိုး၊ ရှင်းရှင်း ပြောရမှာပဲ၊ အရှင်အနုရာဓ, ယမက လိုပဲ ဒိဋ္ဌိ မကွာဘဲ အားထုတ်လို့တော့ မရဘူး (ရဟန္တာ မဖြစ်နိုင်ဘူး)။ ရဟန္တာ မဖြစ်နိုင်ဘူး။သောတာပန်မတည်ဘူး။ မြင်တော့ မြင်သားပဲ။ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက် ခန္ဓာဉာဏ် စိုက်မြင်လာတယ်။

မှတ်ချက်။ ။အသံတော်တရားကို သေချာနာပါ။ တချို့အသံမရှင်း၍၎င်း မြန်သွား၍၎င်း စကားလုံးကျကျန်နေသည်များရှိပါသည်။

ညီတော်အာနန္ဒာနဲ့ ဝေယာဝစ္စသီလ

(ညီတော်အာနန္ဒာ ခံနေရတာက ဘာခံနေရတာတုန်း ဘုရား)။

ညီတော်အာနန္ဒာကလား၊ ညီတော်အာနန္ဒာကတော့ ဒီလိုဗျာ သူက သောတာပန်။ ရဟန္တာဖြစ်တော့ ဘုရားပြုဖွယ် ဝေယျာဝစ္စမရှိဘူး။ သောတာပန်ဖြစ်တော့ ပုထုဇဉ်သာသာရှိသေး တယ်၊ ပြုဖို့စုဖို့ရှိတယ်။သူက ဝေယျာဝစ္စဆိုတာ သီလမှာလာတယ်။ ဘုရားပြုနေတဲ့ ဝေယျာဝစ္စ က သီလမှာရှိတယ် သီလသာလုပ်နေ တယ်။ ဝိပဿနာမပါဘူး။ သောတာပန်တည်ပြီးသည့်နောက် ဝေယျာဝစ္စသီလနဲ့ပဲ အချိန်ကုန်တာပဲ။ ဘုရားပဲ မကြာမကြာ ကပ်တယ်၊ ကပ်လို့ ရှိရင်တော့ ပလိဗောဓ မဖြစ်ဘူးလား၊ မဂ်၏ ပလိဗောဓ။

“ပလိဗုဒ္ဓနံ ပလိဗော နိဗ္ဗာနမဂ္ဂါဝရဏန္တိ” ကိုး ဗျ။ ခင်ဗျားတို့ ဘုရား ဝေယျာဝစ္စ ပြုနေတာသည်၊ မဂ်ရခြင်းကို တစ်နည်းနည်းနဲ့ တားမယ်၊ ပေါ်ပြီလား (မှန်ပါ့)။

ကဲ အရှင်အာနန္ဒာ ဘာ့ကြောင့် မရပါလိမ့်မတုန်းဆိုတာ ရှင်းပြီလား။

နိဗ္ဗာန် ရောက်တဲ့ အလုပ်လုပ်မှ နိဗ္ဗာန်ရမှာ

ခင်ဗျားတို့က ဘုရားရှေ့ လက်အုပ်ကလေး ချီပြီးတော့ ရေကလေးလဲ၊ ပန်းကလေးလဲ၊ နိဗ္ဗာန်ရောက်မှာပဲ။ ဝေယျာဝစ္စ ခံနေတာကိုး၊ ဝေယျာဝစ္စဆိုတာ သီလပဲ၊ သီလဆိုတော့ ပလိဗောဓ ထဲ မပါဘူးလား (တင်ပါ့)၊ သူကခံနေတယ်။ ကုသိုလ်မရဘူးလား၊ ရတယ်။ နိဗ္ဗာန် ရောက်မှာလား ဆိုတော့ နိဗ္ဗာန်ရောက်တဲ့ အလုပ် လုပ်မှရောက်တယ်။

ကိုင်း ဒါဖြင့် ကျုပ်တို့ အရင်းကျကျ ပြောကြစို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် ခန္ဓာမသိဘူး (တင်ပါ့)၊ ခန္ဓာမသိရင် ဒိဋ္ဌိကပ်မယ် (တင်ပါ့)၊ ဒိဋ္ဌိကပ်လို့ ရှိရင်ဖြင့် မခွာနိုင်ပေဘူး။ မဂ်ရောက်၊ ဖိုလ်ရောက်ထိအောင် ဝိပဿနာဉာဏ်နဲ့ မခွာနိုင်ဘူး။ မခွာနိုင်လို့ရှိရင် ခင်ဗျားတို့ ရွှေတောင်ကြီး ပေါက်အောင် လှူနေသော် လည်း သောတာပန် မတည်ဘူး။ တည်နိုင်ပါ့မလား (မတည် နိုင်ပါဘုရား)၊ တည်နိုင်တယ်လို့ ထုံးစံမရှိဘူး။ ယုတ်စွအဆုံး လက္ခဏာရေး သုံးပါး ထင်မြင်လာတောင်မှ ဒိဋ္ဌိမကွာဘဲနဲ့ မြင်နေရင် မရဘူးလို့ ဆိုထားတော့ ကမ်းကုန်နေပြီ။ မကုန်သေးဘူးလား (တင်ပါ့ဘုရား)။

ဒိဋ္ဌိအပင်းခံနေရင်

ဆရာသမားဆီက ဒိဋ္ဌိမကွာဘဲနဲ့၊ ဉာတပရိညာနဲ့ မကွာဘဲနဲ့၊ တီရဏပရိညာနဲ့ အားထုတ်ပြီးတော့ ဖြစ်ပျက်တွေ မြင်စေကာမူ၊ ဒိဋ္ဌိအပင်းခံနေလို့ ဒိဋ္ဌိဝိစိကိစ္ဆာတည်းဟူသော ကိလေသာရောဂါဝေဒနာ ပျောက်မှာမဟုတ်ဘူး။ ရှင်းပြီလား၊ တင်းတင်း ပြောနေတာလို့ မအောက်မေ့နဲ့၊ အမှန်ပြောနေတာ အောက်မေ့ (မညှာပါနဲ့ ဘုရား)။

ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နားလည်အောင် လုပ်ကြစို့။ ပဋိစ္စသမုပ္ပါဒ်က အတိတ် ပဋိစ္စသမုပ္ပါဒ် ရှိတယ်။ အနာဂတ် ပဋိစ္စသမုပ္ပာဒ် ရှိတယ်။ ဒါ ကျုပ်တို့နဲ့ မဆိုင်ဘူး၊ သိအောင်သာ လုပ်ထားရမယ်၊ ကျုပ်တို့ အလုပ်ခွင်မှာ မဝင်လာဘူး ဦးထွန်းရင်ရဲ့။

အလုပ်ခွင်ဝင်ရမယ့် ပဋိစ္စသမုပ္ပါဒ်

ကျုပ်တို့ အလုပ်ခွင်ဝင်လာမည့် ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပာဒ်၊ ဒီပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်သည် ယနေ့ တစ်နေ့လုံးကို ဆိုသည်မဟုတ်ဘူး၊ ယခုမြင်တဲ့အခိုက်၊ ယခုကြားတဲ့ အခိုက်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်။ မနေ့က အဲဒီရောက်တယ်၊ မရောက်ဘူးလား (တင်ပါ့ဘုရား)။

မှတ်ချက်(မနေ့ကဟောကြားသည်ကိုရည်ညွှန်းသည်။)

ရောက်တော့ ဒါကလေး ကနေ့မှ ရှေ့ဆက်ရအောင်လို့ ဒါကလေး ကနေ့မှ ရှေ့ဆက်တော့ ဒါက အဆင်းရူပါရုံ၊ အဆင်း ဆိုတော့ အဆင်းမျိုးစုံပေါ့ (တင်ပါ့)၊ ဒါက ကံက လုပ်လိုက်တဲ့ မျက်လုံးပသာဒ အကြည်ရုပ်။

နာမက္ခန္ဓာလေးပါးပါပေါ်မှာ

ဒီအကြည်ရုပ်သည် ဒီဟာနဲ့ဒါ မှန်နဲ့ လူနဲ့သာတည့်ပါ။ အရိပ်မပေါ်ဘူးလား ပေါ်သလား (ပေါ်ပါတယ်ဘုရား)၊ ပေါ်ရမယ်။ မပေါ်ပါနဲ့ ဆိုရင်လည်း မရဘူး၊ မပေါ်ပါနဲ့ဆိုလို့ မရတော့ ပေါ်တယ်။ ပါဠိလိုသုံးတော့ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ပေါ်မှာပဲ (တင်ပါ့)၊ စက္ခုဝိညာဏ် တစ်ဝိညာဏ်တည်းသာ ပေါ်သလား၊ သမ္ပယုတ္တဓမ္မပါ ပေါ်သလား (သမ္ပယုတ္တဓမ္မပါ ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် နာမက္ခန္ဓာ လေးပါးပေါ်တာ ကျုပ်တို့ ကျေနပ်ပြီ မဟုတ်ဘူးလား (တင်ပါ့)။

ဒါဖြင့် ခန္ဓာဖွဲ့ကြစို့။ ဒါက ပဋိစ္စသမုပ္ပါဒ်။ ဒါက ပဋိစ္စသမုပ္ပန္နလို့ ခွဲမှတ်လိုက်ကြပါဦး။ သူကဖြစ်ကြောင်း နှစ်ခု၊ ဖြစ်ကျိုး လေးခု။ ဖြစ်ကြောင်းက နှစ်ခုပေါင်းမှ ဖြစ်ကျိုးလေးခုဖြစ်တယ်။ နှစ်ခုက အကြောင်း၊ ဒီလေးခုက အကျိုး။ သဘောကျရဲ့လား (တင့်ပါ)၊ နှစ်ခုကအကြောင်း (လေးခုက အကျိုး)၊ ဒါသေသေချာချာမှတ်ပါ။

မှတ်ချက်။ ။(နှစ်ခု=မျက်စိ,အဆင်း။ လေးခု= ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ။)

ဒါဖြင့် ဦးသံဒိုင် ဒါကလေး ကြည့်လိုက်ပါ။ ယခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်။ အိမ်ကပါလာတာ မဟုတ်ဘူး၊ အိမ်ကပါလာတာက ဒီကို ဘယ်ပါလာနိုင်ပါ့မတုန်း။ မဟုတ်ဘူးလား။ လှေကားထစ်က ဆင်းလိုက်ကတည်းက ရှိမှမရှိတော့ဘဲ၊ ရှင်းပြီလား။

ကောင်းပြီ။ ဒါဟာ ယခုရောက်နေဆဲ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ခင်ဗျားတို့ ကျေနပ်ပြီလားလို့ မေးလိုပါတယ်။ ကျေနပ်ပြီလား၊ ရောက်ဆဲ ပဋိစ္စသမုပ္ပါဒ်လေ။ ရောက်ဆဲ ပဋိစ္စသမုပ္ပါဒ်ဆိုတော့ ရုပ်နှစ်ခု၊ နာမ်လေးခု ပေါင်းလိုက်တော့ ရုပ်နှစ်ခုဟာ ရူပက္ခန္ဓာ။ နာမ်လေးခုဟာ နာမက္ခန္ဓာလေးပါး။ ပေါင်းလိုက်တော့ ခန္ဓာငါးပါး။

ဒါဟာ ခင်ဗျားတို့ ခုဖြစ်နေဆဲ ခန္ဓာငါးပါး။ အိမ်ကပါလာတဲ့ ခန္ဓာ ငါးပါးလား၊ အမေပေးတဲ့ ခန္ဓာငါးပါးလား၊ ထမင်း စစားတုန်းက ခန္ဓာငါးပါးလား မေးလိမ့်မယ်။ “မဟုတ်ပါ၊ အခုအသစ်ပါ ဘုရား ဖြစ်ဆဲအသစ်ပါ” ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။

ဖြစ်ဆဲအသစ်။ ဒါကို ကျုပ်တို့က ဂရုစိုက်ရမယ်။ သူများ ပြောတာကို နည်းနည်းမှ သွားမယုံနဲ့၊ သူများပြောတာကို သွားယုံ နေလို့ရှိရင် ခင်ဗျားတို့ မရှိတာချည်း ရှုမိလျက်သား ကြုံနေလိမ့် မယ်။ မရောက်သေးတာကို ရှုမိလျက်သား ကြုံနေလိမ့်မယ်။

စာကတော့ ရေးတာပဲ၊ “ရူပံ အတီတံ အနာဂတံ ပစ္စုပ္ပန္န”၊ အဲဒါက သမ္မသနဉာဏ် ဟောနေတာကွ။ ဥဒယဗ္ဗယဉာဏ် ဟောတာ မဟုတ်ဘူး။ ဒါက ပစ္စုပ္ပန် ဥဒယဗ္ဗယ ဟောနေတာ။ သမ္မသနက လူပြိန်းကို ဟောတာ လူပြိန်းကို ဟောတာ။

တိုက်ဆိုင်လို့ပေါ်လာတဲ့ ခန္ဓာငါးပါး၊ အရင်း ကျကျသိသွားပြီ

ကဲ ဒါဖြင့် ခန္ဓာငါးပါးပြည့်ပြီလား (ပြည့်ပါပြီ ဘုရား)။ ဒါဟာ အိမ်ကပါလာတဲ့ ခန္ဓာ ငါးပါးလား အမေမွေး ကတည်းက ခန္ဓာငါးပါးလား ယခုမှ တိုက်ဆိုင်ပေါ်လာတဲ့ ခန္ဓာငါးပါးလား (ယခုမှ တိုက်ဆိုင် ပေါ်လာပါတယ် ဘုရား)။

ရှင်းပြီလား ကောင်းပြီ၊ ဒါဖြင့် ဒီခန္ဓာငါးပါး သိသွားပြီ ပစ္စုပ္ပန်ခန္ဓာငါးပါး၊ ရောက်ဆဲခန္ဓာငါးပါး၊ ဖြစ်ဆဲ ခန္ဓာငါးပါးသိတာကို ဘုန်းကြီးက ငါ့တရားဟာ ဘုရားဟောတော်မူတဲ့ တရားအရင်းတော့ ကျသွားပြီဟေ့။ ဒီဒကာ နှစ်ယောက် အရင်းတော်တော်ကျသွားပြီ ဆိုနိုင်တယ်၊ အရင်းကျကျ မိသွားတယ်။ မဂ်ဖိုလ်တည်ဖို့ နည်းပဲကျန်တော့တယ်၊ အရင်းကျကျသိသွားပြီ။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့မှာ သဿတဒိဋ္ဌိက ခံနေမယ် “ကျုပ် မသေသေးဘူးဗျ၊ အသက် (၅၀)ကျော်လာပြီ၊ အရင်အတိုင်းပဲ ကျုပ်”၊ သဿတဒိဋ္ဌိ၊ အဲဒါ ဖြုတ်နေတာ ခင်ဗျားတို့က မသိလိုက် လို့၊ ခု ဒိဋ္ဌိတစ်ခု ဖြုတ်လိုက်တာ။

သဿတဒိဋ္ဌိနဲ့ လာခဲ့ကြတာမို့ ဒိဋ္ဌိဖြုတ်ပေးနေတာ

ဦးသံဒိုင် အသက်ဘယ်လောက်ရောက်ပြီတုန်း၊ ဟာ။ ငါးဆယ်ကျော်ပြီ။ ဪ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ၊ ခုလည်း ဒီလိုပဲ၊ ဒီကို လာခဲ့တာပါပဲ ဘုရားဆိုတော့ ဘာဒိဋ္ဌိဖြစ်နေသလဲ (သဿတဒိဋ္ဌိပါ ဘုရား)၊ သဿတဒိဋ္ဌိ ဖြစ်နေတယ်၊ ကိုထွန်းရင်လည်း ဒီလိုပဲ သဿတဒိဋ္ဌိနဲ့ လာခဲ့တာဗျ ယခု လာခဲ့တာ (မှန်ပါ့)။

အဲဒီ သဿတဒိဋ္ဌိဟာက အခုဖြစ်ဆဲ ခန္ဓာငါးပါးကို ကျကျနန သဘောမကျလို့ သူရှိနေတာဗျ မဆိုနိုင်ဘူးလား။ ဖြစ်ဆဲခန္ဓာ ငါးပါးကို ယခုဖြစ်ပြီး ယခုပေါ်လာတာကို သဘောကျမယ် ဆိုရင် ဟိုဟာတွေမရှိလို့ ဒါ ပေါ်တာကိုး ဆိုတာကို သိကြမယ်။

ဒါဖြင့် ဒီဥစ္စာ ဘာဟောနေတာတုန်းဆိုတော့ “သြော် ဆရာဘုန်းကြီးက သဿတ ဖြုတ်နေတာ ပါကလား” ဆိုတာ ပေါ်လာ မယ်။ သဿတ ဘာနဲ့ဖြုတ်လိုက်တုန်းဆိုတော့ ဟောဒီ အကြောင်းနှစ်ခုကြောင့် အကျိုးလေးခုဖြစ်တယ်။ ခုမှ အသစ်ကွ၊ အသစ်ဆိုသဖြင့် တစ်တိုတစ်စမျှ နောက်က မပါခဲ့ဘူး ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

သေချာတော့ နောက်ကဟာတွေနဲ့ ဘာမှ ကျုပ်သည်ကား လို့ဆိုလို့ရှိရင်ဖြင့် အဆက် အသွယ် မရှိဘူးလို့ ဒီလိုလည်း မယူလိုက်ပါ နဲ့တဲ့။ အဆက်အသွယ် နည်းနည်းရှိတယ်၊ အဆက်အသွယ် မရှိဘူး ဆိုရင် ဥစ္ဆေဒဘက် ခင်ဗျားတို့ ပြေးတော့မယ်။ မပြေးပေဘူးလား ပြေးသွားမယ်။

အခု သဿတ စင်အောင်လုပ်တော့ ဥစ္ဆေဒ ခင်ဗျားတို့ သွားကပ်မယ်။ ရှင်းပြီလား၊ သဿတတော့ စင်မသွားဘူးလား၊ ဟိုက ပါလာတာ ဟုတ်သေးရဲ့ လား (ဟိုက ပါလာတာ မဟုတ်ပါ ဘုရား)။

အဲဒီတော့ ဒါအသစ်လို့ မဆိုနိုင်ဘူးလား အသစ်ခန္ဓာ ငါးပါးဆိုကတည်းက သဿတ ခိုင်မြဲတာချည်းပါသေးရဲ့ လား (မပါ, ပါဘုရား)။

အဲ သဿတကတော့ စင်သွားပြီ၊ ဘုန်းကြီးဟောတဲ့ အထဲမှာ ခင်ဗျားက ရယ်စရာ ပြောနေတာ အောက်မေ့လို့လား သဿတ နှင်ထုတ်တယ်။ ပေါ်ပြီလား အမေမွေးလာတာ ဒီအထဲမှာ ပါသေးရဲ့လား (မပါ ပါဘုရား)၊ ပါရဲ့လား (မပါ, ပါ)၊ ပါလာတယ်ဆိုရင် ဘာဒိဋ္ဌိ ဖြစ်မလဲ (သဿတဒိဋ္ဌိ ဖြစ်မယ်)။

အဲဒါ စင်သွားပြီ စင်သွားပြီ၊ သဿတဒိဋ္ဌိစင်သွား ပြီ တဲ့။ သဘောပါရဲ့လား မပါရင် ဒီအတိုင်း ကောက်မေးတာပေါ့။

စင်ရဲ့လား ဦးသံဒိုင်၊ အမေမွေးလာတာ ဒီအထဲမှာ တစ်တို တစ်စ ပါသေးရဲ့ လားတဲ့ (မပါ, ပါဘုရား)၊ အခုမှ အသစ်ပေါ်တဲ့ ခန္ဓာငါးပါးလား (အခုမှ အသစ်ပေါ်တာပါဘုရား)။

ဒါဖြင့် နဂိုထင်နေတာတွေက “ကျုပ်ကြီးလာပြီ၊ ငယ်ရာက ကြီးလာတယ်”ဆိုတာတွေ ဟုတ်သေးရဲ့လား (မဟုတ်ပါဘုရား)။

ရောက်ဆဲခန္ဓာငါးပါးသီတော့ သဿတဒိဋ္ဌိစင်

ငယ်ရာက ကြီးလာတယ်ဆိုရင် သဿတကိုး ဗျ။ အဲဒီသဿတရှိသေးရဲ့လားလို့ ခုမေးလိုက်တယ်၊ ရှိသေးရဲ့လား။ ဒါသိသွားလို့ရှိရင် ရှိသေးရဲ့ လားလို့၊ ယခုရောက်ဆဲ ခန္ဓာငါးပါး သိတော့ (ယခုသိတော့ မရှိတော့ပါဘုရား)။

မရှိတော့ဘူးဆိုတော့ သြော် ဘုန်းကြီးဘာဟောနေပါ လိမ့်မတုန်းဆိုပြီးတော့ ခင်ဗျားတို့က လက်သည်ရှာမနေနဲ့။ သဿတ ကို သူသတ်နေတာ အခုဟာ။

ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာငါးပါး သိရသဖြင့်၊ ခုမှပေါ်တဲ့ ခန္ဓာငါးပါး သိရသဖြင့် ဘာဒိဋ္ဌိသေသတုန်းလို့ ဦးသံဒိုင် မေးလိမ့်မယ်။ ဘယ်ဒိဋ္ဌိ သေသွားသတုန်းလို့ မေးရမယ် (သဿတဒိဋ္ဌိသေပါတယ်)။

ဒါဟာ ပြလိုက်ရုံနဲ့ သေသွားတာ၊ သဿတ သေတယ်။ ရှင်းပြီလား၊ သဿတ သေပုံ ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီဘုရား)။

ဥစ္ဆေဒဒိဋ္ဌိ

ဥစ္ဆေဒ ကျန်နေသေးတယ်။ အခုမှ အသစ်ဆိုတော့ ဟိုဟာ၊ တွေနဲ့ မဆက်သွယ် တော့ဘူး ဆိုတော့ ဥစ္ဆေဒ ဖြစ်မနေဘူးလား၊ ဥစ္ဆေဒက ကျန်နေပြန်တယ်။ ဒိဋ္ဌိက ဟိုကပ်-ဒီကပ်ဗျ။ လူ့လွယ်အိတ် ဖြစ်နေတယ်၊ လူ့ လွယ်အိတ်ဆိုတာ ဒီဘက်က ပခုံးချိတ်လိုက်ရင် ဒီဘက်ခါးကပ်နေတာပဲ၊ ဒီဘက်ပခုံး ချိတ်လိုက်လို့ ရှိရင်လည်း ဒီဘက်ခါးကပ်နေပြန်တယ်။ သူက ဒိဋ္ဌိက ကပ်ချည်းနေတာပဲ။ ဒါကြောင့် လူ့လွယ်အိတ် ဖြစ်နေတာပြောတာ။

ခု-သဿတော့ စင်သွားပြီ ဦးသံဒိုင်ရ၊ ဥစ္ဆေဒက ကပ်နေ တယ်။ ဒီဒိဋ္ဌိ နှစ်ခု ရှိရင်လည်း မဂ်၊ ဖိုလ် တားလိမ့်မယ်၊ မတားပေဘူး လား (မှန်ပါ့)၊ ဘုရားက အလယ်လမ်းသွားရမယ်ဆိုတာကိုး သဿတလမ်း လည်း မလိုက်နဲ့၊ ဥစ္ဆေဒလမ်းကော (မလိုက်နဲ့) မလိုက်နဲ့။ အလယ်လမ်းက လိုက်ဆိုတော့ အလယ်လမ်းကို ခင်ဗျားတို့နှစ်ယောက် မရောက်ဘဲ ဖြစ်နေတယ်။ သဿတစင် သွားပြီး ဥစ္ဆေဒ သွားကပ်နေတယ်။

ဒါကြောင့် ဒီတရားမျိုးဟောရတာ ကျုပ် ဆန်အိတ်ပိုးချင်၊ သေးတယ်ပြောတာ၊ ဟိုဟာက သက်သာတယ်။

ကဲ ဥစ္ဆေဒ ခွာတော့မယ်နော်-ဟုတ်လား၊ သဿတ ရှင်းရှင်းကွာပြီလား (ကွာပါတယ် ဘုရား)၊ ဖြစ်ပျက် မပါဘဲနဲ့ ကွာနေတာ အသိနဲ့ ကွာတာလို့ မှတ်ထားကြ။ ဘာနဲ့ကွာတာလဲ (အသိနဲ့၊ အသိနဲ့ကွာတာ။ ဥစ္ဆေဒအသိနဲ့ ကွာအောင် လုပ်ပေးဦး မယ်နော်။

ဒါက မျက်လုံး အကြည်ရုပ်ဆိုတော့ စက္ခုပသာဒရုပ်ပေါ့ဗျာ။ ဒါကို ရူပါရုံဆိုတာလည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့် ဖြစ်တဲ့ရုပ် မဆိုနိုင်ဘူးလား။ ဒါကတော့ အာရုံဒွါရကြောင့်ဖြစ်တဲ့ နာမ်။ စာသံပါတယ်လို့ မယူလိုက်ပါနဲ့။

ဒါဖြင့် ဒီကံတည်းဟူသော အကြောင်းကင်း၍လည်း ဒီရုပ်ဖြစ်နိုင်ပါ့မလား (အကြောင်း ကင်း၍ မဖြစ်နိုင်ပါ ဘုရား)။

မဖြစ်နိုင်ဘူး။ ဪ ဒါဖြင့် အကြောင်းနဲ့ အကျိုးဆက် သေးတယ်ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ လွတ်မသွားဘူးလား (လွတ်သွား ပါတယ်ဘုရား)။

အကြောင်းကင်း၍ မဖြစ်နိုင်

ဒါနဲ့ အထည်ထုပ်တွေကို မနေ့ကပြောလိုက်တယ်။ သူတို့ လည်း ဥတုကြောင့်ဖြစ်တာပဲ၊ ဥတုချည်းပဲ အကြောင်းကင်းရဲ့လား၊ ဥတုရုပ်တွေ၊ အထည်လိပ်တွေ၊ သံထည်တွေ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါလည်း ဥတုတည်းဟူသော အကြောင်းမကင်းဘူး။ ဥတု တည်းဟူသော အကြောင်း ကြောင့် ဖြစ်တဲ့ အကျိုးတရားတွေဆိုတော့ အကြောင်းအကျိုး ပြတ်နေတဲ့ တရားလို့ ဆိုမလား (မဆိုပါ ဘုရား)။

မဆိုဘူး။ ဒါဖြင့် ကံ, ဥတုကြောင့် ဒီက ကံ-ဒီက ဥတု၊ ကံ, ဥတု နှစ်ခုပေါင်းပြီး သကာလ လုပ်လိုက်တဲ့ အကျိုးတရား ကလေးဆိုရင်ရော လွဲပါ့မလား (မလွဲပါဘုရား)။

မလွဲတော့ သူတို့ဖြစ်လာတာလည်း နောက်ကြောင်း လုံးဝ ကင်းသလားလို့ မေးလိုက်ပြန်တော့ ကင်းရဲ့လား (မကင်းပါ ဘုရား)။

မကင်းခြင်းကြောင့် ဥစ္ဆေဒကလည်း လွတ်သွားတယ်။ အကြောင်းကင်းတယ်ဆိုရင် ဥစ္ဆေဒ ဖြစ်မှာပဲ။ အကြောင်းကင်းရဲ့လားလို့ (မကင်းပါဘုရား)။

မကင်းခြင်းကြောင့် ဒီခန္ဓာငါးပါးအပေါ်မှာ ခင်ဗျားတို့ သဿတကော။ နောက်က နာမ်ရုပ်လို့ လည်း ဆိုလို့ရရဲ့လား နောက်ကပါလာတဲ့ နာမ်ရုပ်လို့ကော ဆိုလို့ရရဲ့ လား မရဘူး။ နောက်က အကြောင်းကင်းသလားလို့ မေးမြန်တော့လည်း (မကင်း ပါဘုရား)။

ဒီလို နှစ်ခုနားလည်လို့ ရှိရင် ဒီခန္ဓာငါးပါး အပေါ်၌ သဿတ, ဥစ္ဆေဒလွတ်သွားပြီ။ ရှင်းပြီလား (မှန်ပါ့)၊ မဟုတ်ဘူး၊ သေသေချာချာရှင်းမှ။ တော်တော်ခက်တယ်၊ ဒီဥစွာ သဿတဥစ္ဆေဒ ကြားကို သွားရမှာကိုး ဗျ။ သဿတ, ဥစ္ဆေဒကြားကို သွားရ မှာ။

နိဗ္ဗာန်သွားတဲ့လမ်း

ဦးသံဒိုင် နိဗ္ဗာန်သွားချင်ရင် အလယ်လမ်းက သွားရမှာ၊ သဿတလည်း စင်မှ၊ ဥစ္ဆေဒလည်း စင်မှ ဒီခန္ဓာငါးပါး အပေါ်မှာ၊ ဒါမှ ဒီခန္ဓာ ငါးပါး၌ ဖြစ်ပျက်မြင်ပြီး နိဗ္ဗာန်ဝင်ရမှာကိုး ဗျ။

ဦးထွန်းရင် ရန်ကုန်များ ပြန်ပြေးချင်သေးသလား။ ခင်ဗျားမပြေးနဲ့၊ ဒါနားလည်အောင်လုပ်။ ပြေးတာက အပါယ် ပြေးတာနဲ့ အတူတူပဲ။ ရန်ကုန်ပြေးတာ မဟုတ်ဘူး၊ ဒိဋ္ဌိတန်းလန်းနဲ့ အပါယ် ပြေးတာ (တင်ပါ့)၊ ကဲ အခု ကျေနပ်ပြီလား (တပည့်တော်လည်းပဲ မေ့သွားလို့ပါ ဘုရား)။

သူက အာရုံ၏ အကျိုးဆိုလည်း အာရုံက အကြောင်းသူက အကျိုး မဟုတ်ဘူးလား (တင်ပါ့)၊ သူက ခုပေးတာ သူက နောက်လိုက်နေတာပဲ၊ လိုက်နေတော့ ဥစ္ဆေဒ လွတ်မသွားဘူးလား (လွတ်သွားပါတယ် ဘုရား)။

ဒါဖြင့် အမေမွေးတဲ့ ခန္ဓာငါးပါးလား-အသစ်လားလို့ မေးတော့ (အသစ်ပါ ဘုရား)၊ အသစ် ဆိုကတည်းက သဿတ လွတ်ပြီ (တင်ပါ့)၊ ဒီလိုအကြောင်းအကျိုးနဲ့ သိသွားတော့ ဥစ္ဆေဒ လွတ် သွားတယ် (တင်ပါ့)။

ဒိဋ္ဌိတွေခံနေရင်

သဿတ၊ ဥစ္ဆေဒ လွတ်ပြီးတဲ့ ခန္ဓာငါးပါးမှာ ဝိပဿနာရှု ပြီးတော့ပဲ ဘယ်လောက် အခြေပြသလဲ၊ အခြေဘယ်လောက် အရေးကြီးသတုန်း။

ခင်ဗျားတို့ ယောဂီတိုက်တွေ သွားပြီး မေးကြည့်တဲ့အခါကျ တော့ ဒီလိုနည်းတွေကို စုံစုံလင်လင် မဟောနိုင်၊ မပြောနိုင်ဘူး။ ဖြစ်ပျက်ရှုဟေ့-ဒါပဲ အပြီးသတ်ကျတော့။ ဒိဋ္ဌိက ဘယ်သူ ဖြုတ်ပေးမှာ လဲ၊ ဖြတ်ပေးမည့်သူ ရှိသေးရဲ့လား (မှန်ပါ့)၊ မရှိတော့ ဒီအတိုင်း အားထုတ် တယ်၊ ဒီအတိုင်း အားထုတ်တော့ ဒိဋ္ဌိခံမနေဘူးလား၊ ခံနေ့သလား (ခံနေပါတယ်ဘုရား)။

ခံနေရင် ခုန ယမကတို့ လို၊ အနုရာဓတို့လို၊ ဆန္ဒတို့လို မဖြစ်ပေဘူးလား- ဖြစ်မလား (ဖြစ်ပါတယ်ဘုရား)။

ဒါကြောင့် မရတာ။ ဒါကြောင့် ခင်ဗျားတို့ ကံကောင်းတယ် ဆိုတာ ချီးမြှောက်ပြောတာ မဟုတ်ဘူး၊ အမှန်ပြောတာ (အမှန် ပြောတာပါ ဘုရား)။

ပြန်မေးဦးမယ် ကုလားပြောရတာထက် ခက်သေး တယ် ဘုန်းကြီးပြောနေတာကို ခင်ဗျားတို့က နားမလည်ရင် ကုလား စကားနဲ့ အတူတူပဲ။ ဘာမှ နားမလည်ဘူး။ အင်္ဂလိပ် စကား ပြောနေတာနဲ့ အတူတူပဲ။ အင်္ဂလိပ်စကားကို နားမလည်တဲ့သူ နားထောင် နေတာနဲ့ အတူတူပဲ၊ ဒါဟာ ဗမာစကား ဗမာ နားမလည်တာဘဲ။

ဒိဋ္ဌိစင်လို့ ထွက်လာတဲ့အသံ

ကဲ ပြန်မေးလိုက်ဦးမယ်၊ ရှင်း မရှင်း ခင်ဗျားတို့ကို၊ ကိုထွန်းရင် သေသေချာချာ နားထောင်နော် (အမိန့်ရှိပါဘုရား)။

ယခု ခန္ဓာငါးပါးတော့ ပေါ်ပါပြီ တဲ့၊ ခန္ဓာငါးပါး ယခုပေါ်လာတယ်၊ ဒီကျောင်းပေါ် ရောက်မှ ပေါ်တဲ့ ခန္ဓာငါးပါး (မှန်ပါ့)၊ အိမ်က ပါလာတဲ့ ခန္ဓာငါးပါးလား မေးရင် ဘယ့်နှယ်ဖြေကြ မလဲ ဘယ့်နှယ် ဖြေကြမလဲ (မပါ, ပါဘုရား)။

မဟုတ်ပါဘူး။ အာရုံဒွါရ တိုက်ဆိုင်လို့ တပည့်တော်တို့ ပေါ်တာပါဘုရား ဆိုတော့၊ “မဟုတ်ပါဘူး”၊ တစ်လုံးတည်းကိုက သဿတစင်လို့ ထွက်လာတဲ့အသံဗျ။ မဟုတ်ပါဘူးဆိုတဲ့ တစ်လုံး တည်းဟာ သေးတာမဟုတ်ဘူး။ ဘာစင်သွားသတုန်း (သဿတ)။

သဿတစင်သွားတယ်။ သဘောကျရဲ့လား (မှန်ပါ့)။

ဪ သဿတဒိဋ္ဌိ ဦးသံဒိုင်ရော ဦးထွန်းရင်ရော ပြုတ်ပြီ၊ ဥစ္ဆေဒဒိဋ္ဌိ ဝင်ကပ်နေတယ် (မှန်ပါ့)၊ ကပ်ပြီလား (ကပ်ပါတယ်ဘုရား)။

ဒါဖြင့် ဟိုကမပါလို့ ရှိရင်ဖြင့် ဟိုက အကြောင်းနဲ့ လုံးဝ မဆက်တော့ဘူး ဆိုတာ ဥစ္ဆေဒ ဖြစ်သွားတယ် (တင်ပါ့)၊ မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ဖြစ်တော့မှ ခုတင်က “စက္ခုံစ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတဲ့ နာမက္ခန္ဓာလေးပါး ပေါ်လာတယ်ဆိုတော့ သူက အာရမ္မဏသတ္တိနဲ့ ဘယ်သူ့ကို ကျေးဇူးပြုသတုန်း၊ သူက ပုရေဇာတ သတ္တိဖြင့် ကျေးဇူးပြုတယ် ဆိုတော့ ဒီအကြောင်း နှစ်ခုကင်းပြီး ဒီနာမက္ခန္ဓာလေးပါး ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

မပေါ်နိုင်တော့ ဒီအကြောင်းတွေကလည်း၊ ဒီအကြောင်း ပုရေဇာတဆိုတဲ့ စက္ခုပသာဒက ကမ္မပစ္စယောက လုပ်ချတာ။ သဘောကျရဲ့လား။

သူက အာရုံသာဆိုတယ်၊ ဒီအာရုံကို ဘယ်သူက လုပ်တာလဲ ဆိုတော့ ဥတုက လုပ်ထားတဲ့ အာရုံ ဖြစ်သောကြောင့် ဥပနိဿယ ပစ္စယောက လုပ်ထားတယ်။

ဒီလိုဆက်ပြီး ပြန်ယူလိုက်တော့ ဟိုကအကြောင်းနဲ့ကော လုံးဝကင်းရဲ့လား (မကင်းပါ ဘုရား)။

မကင်းတော့ အကြောင်းအကျိုးလည်း ဆက်နေသေးတယ် ဆိုရင် ဥစ္ဆေဒကော လွတ်ရဲ့ လား (လွတ်ပါတယ်ဘုရား)၊ ဒီခန္ဓာ ငါးပါးဟာ သဿတကြောင့် ဖြစ်သည်လည်း မဟုတ်၊ ဥစ္ဆေဒ အကြောင်း ကင်းပြီးဖြစ်တဲ့ ခန္ဓာငါးပါးရော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အခု တရားနာနေတာ (၁၅) မိနစ် လောက်ရှိသေးတယ်၊ သဿတ, ဥစ္ဆေဒ စင်သွားပြီ။ ဒါဖြင့် ဘယ်ခန္ဓာ ငါးပါးမဆို သဿတ, ဥစ္ဆေဒ စင်ပြီးပျက်တာချည်းမှတ် ရှင်းပြီလား။

ဒါဖြင့် ဒိဋ္ဌိကွာပြီး လို့ရှိရင် ဘုန်းကြီးက ရှေ့တက်ပေးမယ်။ ဒိဋ္ဌိမကွာဘဲနဲ့ တက်ပေးမယ်ဆိုရင် ခင်ဗျားတို့ ဘယ်တော့မှ နားမထောင်နဲ့။ ရောက်လာ အရှုခိုင်း-အရှိုက်ခိုင်းဆိုတဲ့ လူနဲ့သွား မလုပ်နဲ့။

ဒိဋ္ဌိမည်သည် သဿတ, ဥစ္ဆေဒနှစ်ခု အပင်းခံနေလိမ့်မယ်။ သဿတ, ဥစ္ဆေဒဆိုတာ သက္ကာယဒိဋ္ဌိက ပွားလာတာ။ ကဲ သဘောပါလား ဒါ ကြပ်ကြပ်ရှင်းပါတဲ့။

ကိုထွန်းရင် ခက်သလား၊ ခက်တာကတော့ မပြောနဲ့ဗျ။ မွေးတုန်းကမှ ဘာတစ်ခုမှ မပါတဲ့လူ၊ ခုမှ စာလုံးတွေ့ရတော့ ခက်တယ်လို့တော့ ဆိုရမှာပဲ။ ခက်တာတွေ ပေပြီးနားထောင်ပြီး မှတ်ပြီးတော့ လုပ်ရမှာပဲ။ ရှင်းပြီလား ခက်တာတော့ မညည်းနဲ့၊ မခက်ပါဘူး၊ ထောင်ပါများ နားလည်ရမှာပေါ့ဗျာ။

ယခုရောက်ဆဲဖြစ်ဆဲ ခန္ဓာငါးပါးမှာ ဒိဋ္ဌိ မလာစေနဲ့

ဒါဖြင့် သဿတ ဥစ္ဆေဒနှစ်ပါး ယခုရောက်ဆဲ ခန္ဓာငါးပါး၊ ဖြစ်ဆဲခန္ဓာငါးပါးမှာ ဘယ်အချိန် ဖြစ်ဖြစ် သဿတလည်း မလာစေနဲ့ နော်။ ဥစ္ဆေဒကော (ဥစ္ဆေဒလည်း မလာပါစေနဲ့ ဘုရား)။

မလာစေနဲ့ဆိုတော့ သြော် ခန္ဓာငါးပါးဟာ သဿတ သဘော၊ သဿတဒိဋ္ဌိနဲ့ လည်း ခင်ဗျားဉာဏ်ထဲမှာ မရှိစေနဲ့။ ဥစ္ဆေဒဒိဋ္ဌိလည်း မရှိစေနဲ့ ခန္ဓာငါးပါးအပေါ်၌ ရှင်းပြီလား။ သဿတ ဒိဋ္ဌိလည်း (မရှိစေနဲ့)၊ ဥစ္ဆေဒဒိဋ္ဌိကော (မရှိစေနဲ့)။

နို့မို့လို့ ရှိရင် သဿတ ဥစ္ဆေဒ ခံနေလို့ ရှိရင် ခင်ဗျားတို့ အာပေါက်အောင် အားထုတ်မရနိုင်ဘူး မရဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ ဘုရားက အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောတယ်။ ဒီထဲမှာ ဒိဋ္ဌိတစ်ခုခု ခံနေလို့ရှိရင်ကွာတဲ့ တဲ့၊ သစ္စာနုလောမိက ဉာဏ်တောင် မရဘူး တဲ့။ သဘောကျ ရဲ့လား၊ ဒိဋ္ဌိတစ်ခုခု ခံနေရင် သစ္စာနုလောမိက ဉာဏ်တောင်မရဘူး။ မရရင် သောတပတ္တိမဂ် မရဘူး။ မရရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ( ဘယ်တော့မှ မဖြစ်ဘူးဆိုတာ တစ်ထစ်ချဟောတာ၊ ကျေနပ်ပြီလား။

ဒိဋ္ဌိခံနေလို့ ရှိရင် ဘယ်လိုအားထုတ်ပေမယ့်လို့ မရဘူး။ ဒိဋ္ဌိမှာ ဒီဒိဋ္ဌိနှစ်ခုက အရေးကြီးတယ်။

“ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေဝ ဥပ္ပဇ္ဇန္တိ”

သက္ကာယဒိဋ္ဌိက အရင်းခံပဲ

ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိဟာ သက္ကာယဒိဋ္ဌိက လာတာ ကွ။ ပေါ်ပြီလား (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ တစ်လုံးရှိရင် ခြောက် ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ကို ခင်ဗျားတို့ ယူချင်တာ ယူပစ်နိုင်တယ်၊ မယူပေဘူးလား (မှန်ပါ့)၊ ရှင်းပြီနော်။

ကောင်းပြီ ဒါဖြင့် လက်ရှိ ခန္ဓာငါးပါး၊ ဖြစ်ဆဲခန္ဓာငါးပါး အပေါ်၌ ဦးထွန်းရင်ဖြစ်စေ၊ ဦးသံဒိုင်ဖြစ်စေ၊ သဿတ ဥစ္ဆေဒ ကင်းပြီး သိတဲ့အသိနဲ့ သိသလားလို့ မေးလိမ့်မယ်။ သဿတ, ဥစ္ဆေဒ ကင်းပြီလား၊ ကင်းတဲ့အသိလို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်ဘုရား)။

ဒါဖြင့် ကင်းတဲ့အသိဉာဏ်သည် ခင်ဗျားသည် သဿတကို လည်း နိုင်တဲ့ဉာဏ်နဲ့ ခင်ဗျားသိတယ်။ ခုခန္ဓာငါးပါးသိနေတယ်။ ဥစ္ဆေဒကိုလည်း နိုင်နင်းတဲ့ဉာဏ်နဲ့ သိနေတယ်။ ဆိုနိုင်ကြပြီလား (မှန်ပါ့)၊ သဘောပါကြပလား (မှန်ပါ့ဘုရား)။

ကဲ ဒီကစမယ်၊ ဖြစ်ပျက် မဟောရသေးဘူး တဲ့။ အနိစ္စဟောပြီလား (မဟောသေးပါ ဘုရား)။ မဟောရသေးပါဘူး။

မဟောရသေးရင် ဘုန်းကြီးဟောနေ တာနှစ်ရက်ရှိပြီ၊ တပည့်တော်တို့ ရန်ကုန်ကတောင် လာရတာ ဘုန်းကြီးက ကိုယ့်ဆီလာတာ နို့ မဟုတ်ဘူးလား။ ဒီအခြေဟာ မဖြုတ်လို့ရှိရင် ငါရှေ့ ဟောစရာ တရား မရှိဘူး။ ရှေ့ဟောစရာ တရား မရှိဘူး။ ဟောလို့ရှိရင် ငါလည်း အာပေါက်မှာပဲ။ မင်းတို့က နိဗ္ဗာန် ရောက်မှာ မဟုတ်ဘူး မပြောထိုက်ဘူးလား။ ဘုန်းကြီးက အာပေါက်မှာပဲ။ ခင်ဗျားတို့ လည်း နိဗ္ဗာန် မရောက်ဘူး။

ကိုထွန်းရင် မှိုင်တိုင်တိုင် လုပ်မနေနဲ့၊ သဘောပါရဲ့လား။

ဒိဋ္ဌိခံနေရင် နိဗ္ဗာန်ရရိုးထုံးစံမရှိ

ကဲ သဿတ, ဥစ္ဆေဒ တစ်ခုခုခံနေရင် ဘယ်သူ နိဗ္ဗာန်ရသတုန်း၊ ထုံးစံရှိရဲ့လား (မရှိပါဘူး)။

ကဲ ဦးသံဒိုင် တော်တော်ကျေနပ်ပြီလား (ကျေနပ်ပါ ပြီ)၊ ကျေနပ်ပြီတဲ့။ ကျေနပ်လို့ရှိရင် ဘုန်းကြီး ဒိဋ္ဌိရော ဝိစိကိစ္ဆာရော သတ်ပေးတော့မယ်၊ သက္ကာယဒိဋ္ဌိလည်း သတ်ပေးဦးမယ်၊ သဿတ, ဥစ္ဆေဒ ရှင်းပြီးပြီတဲ့။ ရှင်းပြီးပေမယ့်လည်း ခု ဒိဋ္ဌိအရိပ် အငွေ့ကျန်နေသေးတယ်။ အရိပ်အငွေ့ ကျန်နေသေးတယ်။

အကြောင်းနဲ့အကျိုးပဲရှိတယ်

ဒီက စက္ခုပသာဒ၊ ဒီက ရူပါရုံကြောင့် နာမက္ခန္ဓာလေးပါး မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တယ်။ ဒါဖြင့် ဒီနှစ်ခုက အကြောင်းလို့ မဆိုနိုင်ဘူး လား၊ ဒီလေးခုက (အကျိုးပါ ဘုရား)။

အကျိုး။ ဒါဖြင့် ဦးသံဒိုင်ခန္ဓာကိုယ်ဟာ ယောက်ျားလား မိန်းမလား၊ အကြောင်းလား အကျိုးလားမေးရင် (အကြောင်း အကျိုးပါပဲဘုရား)။

ဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပဲဆိုမှာပဲ။ ယောက်ျား လား မိန်းမလား၊ အကြောင်းလား အကျိုးလားမေးရင် ဘယ့်နှယ် ဖြေကြမတုန်း (အကြောင်းအကျိုးပါပဲဘုရား)။

အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး။ မကင်းအောင် စကား ပြောလို့ ရှိရင် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

ဒါဖြင့် အကြောင်းအကျိုးပဲရှိတယ်။ ဒီအကြောင်း မရှိပြန်လို့ ရှိရင် ဒီအကျိုးက ပေါ်ပါ့မလား (မပေါ်နိုင်ပါဘုရား)။

ဒါဖြင့် အကြောင်းအကျိုးပဲ ရှိတယ်လို့ ကျုပ်တို့ ချုံးလိုက် ကြစို့ မချုံးနိုင်ဘူးလား၊ အကြောင်းအကျိုး ရှိတယ်လို့ ချုံးလိုက် ” ကြပါ။

အကြောင်းအကျိုးသည် ဪ ဘယ်ခန္ဓာဖြစ်ဖြစ် အကြောင်းအကျိုးချည်းပဲ ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကမ္ဘာတစ်ဝန်းလုံး ဖြန့်လိုက်ပါ၊ ကမ္ဘာတစ်ဝန်းလုံး ဖြန့်လိုက်၊ ယောက်ျားတွေလား မိန်းမတွေလား၊ အကြောင်းအကျိုး တွေလား (အကြောင်းအကျိုးတွေပါ ဘုရား)။

ဖန်ဆင်းထားတာမဟုတ်ဘူး

လူတွေ ထာဝရဘုရား ဖန်ဆင်းထားတာလည်း ဟုတ်သေး ရဲ့လား (မဟုတ်ပါ)၊ မိုဟာမက် ဖန်ဆင်းတာရော (မဟုတ်ပါ ဘုရား)၊ ဗြဟ္မာကြီး မွေးဖွားတာရော (မဟုတ်ပါ)၊ ဘာတွေတုန်း မဟုတ်နေလို့ ရှိရင် (အကြောင်းအကျိုး ဒါပဲရှိပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားဟာ ဘယ်က လာပါလိမ့်မတုန်း ဆိုတာ ရှိသေးရဲ့လား (မရှိပါ)၊ ငါ ဘယ်က လာပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာရှိသေးရဲ့ လား၊ အဲဒီ ဝိစိကိစ္ဆာ။ သေပြီ ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာ သေသွားပြီ၊ အသိနဲ့သေသွားပြီ။ ရှင်းပလား (တင်ပါ့)၊ ဝိစိကိစ္ဆာ ဘာဖြစ် သွားသလဲ (အသိနဲ့ သေသွား ပါတယ်။

အသိနဲ့သေသွားတယ်။ အပွားနဲ့သေတာ မဟုတ်သေးပါ ဘူး။ အပယ်နဲ့ သေတာ မဟုတ်သေး ပါဘူး။ ရှင်းပြီလား၊ အသိနဲ့ သေတာရှိသေးတယ်။ မပွားနဲ့ မသေသေးဘူး၊ အပွားနဲ့ မသေသေး ဘူး၊ အပယ်နဲ့ကော (မသေသေးပါဘူး)။

မသေသေးဘူး။ အသိနဲ့သေတယ်၊ ဒါကို ယောင်တောင် တောင်ဆရာသမားနဲ့ဆိုလို့ရှိရင် “မင်းသောတာပန်တည်ပြီး ပြန်တော့ကွာ”လို့ ဆိုချင် ဆိုလိမ့်မယ်လို့ မနေ့ကတောင် ပြောလိုက်သေး တယ်။ မပြောလိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား)။

ဆရာမှားရင် တစ်သံသရာလုံး မှောက်တယ်

အဲဒီ ဆရာသမားတွေနဲ့တွေ့ရင် တစ်သံသရာလုံး မှောက် တော့မှာပဲ။ ဒါကြောင့် ခင်ဗျားတို့ ကံကောင်းတယ်လို့ ပြောတာ။

ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ လို့ ဘုရားက သုံးချက်ဟောလျက်သားနဲ့ ဒီတစ်ချက်တည်းနဲ့ သောတာပန် တည်တယ်လို့ ဟောနေတာဗျ မလွဲဘူးလား။

ကိုထွန်းရင်တို့လို အလွယ်ကြိုက်ဆိုလို့ရှိရင် အဲဒီဆရာထံ သွားပြီး ဦးတိုက်လိမ့်မယ်။ ဦးတိုက်ရင် ငါးပါးမှောက်ပြီ၊ မမှောက် ပေဘူးလား (တင်ပါ့ဘုရား)။

မှောက်မယ် တဲ့၊ အလွယ်ကြိုက်ရင် အမိုက်တွေ့မှာပဲ (တင်ပါ့ဘုရား)။

ခန္ဓာငါးပါးအကြောင်းအကျိုးတရား

ကဲ ဒါဖြင့် ခင်ဗျားတို့ ယောက်ျားလား၊ မိန်းမလား၊ အကြောင်းအကျိုးလားလို့ မေးလို့ ရှိရင် (အကြောင်းအကျိုး ဖြစ်ပါတယ် ဘုရား)။

အကြောင်းအကျိုးပဲရှိတယ်။ ခန္ဓာငါးပါးလုံးဟာ အကြောင်း အကျိုးချည်းပဲရှိတယ်။ သဘောကျရဲ့ လား (တင်ပါ့ဘုရား)။

ရူပက္ခန္ဓာလည်း ကမ္မအကြောင်းရှိတယ်။ မရှိဘူးလား (ရှိပါတယ်)၊ ဒီကဥစ္စာလည်း ဥပနိဿယအကြောင်း မရှိဘူးလား (ရှိပါတယ်)၊ ဒါကြောင့် အကြောင်းအကျိုးတွေပေါ့။ ပုဂ္ဂိုလ်သတ္တဝါ တွေ့သလား (မတွေ့ပါဘုရား)၊ ဘာတွေ့နေသလဲ (အကြောင်းအကျိုးတွေ တွေ့နေပါတယ်ဘုရား)။

အကြောင်းအကျိုးပဲ တွေ့မယ်။ ဘယ်ကများ လာပါလိမ့် မတုန်းဆိုတော့၊ ငါ ဒီအကြောင်း ကြောင့် ဒီအကျိုး ဖြစ်တာချည်းပဲ။ ဘယ်ကမှ မလာဘူး၊ လာရဲ့လား (မလာပါဘုရား)။

ဘယ်ဗြဟ္မာကြီးကများ ဖန်ဆင်းလွှတ်လိုက်တာ ဟုတ်သေး ရဲ့ လား (မဟုတ်ပါဘုရား)။

ထာဝရဖန်ဆင်းလွှတ်လိုက်တာများ ဟုတ်သေးရဲ့လား (မဟုတ်ပါဘုရား)။

သူ့အကြောင်းနဲ့ သူ အကျိုးဖြစ်နေတာဆိုတော့ ဝိစိကိစ္ဆာ သေ၊ မသေစဉ်းစားစမ်းပါ (သေပါတယ် ဘုရား)။

သေပြီနော် သေပြီလား (တင်ပါ့)၊ သေပြီ။ ဒါဟာ အသိနဲ့ သေပြီ၊ အသိနဲ့သေပါပြီ တဲ့။

ရုပ်နာမ်ထဲမှာ ငါမပါ

ကိုင်း ဒါဖြင့် ဦးသံဒိုင် မေးရဦးမယ်။ အကြောင်းထဲမှာ လည်း ဟောဒီအကြောင်းက အာရုံ ဆိုသောကြောင့် အာရုံဆိုတာ သိပြီးသား ဖြစ်နေတယ်။ ရူပက္ခန္ဓာ ရုပ်တရား။ ဒီအကြောင်းကလည်း ရုပ်တရား။ ဒါက နာမ်တရား။ ငါဘယ်ထဲ ဝင်သတုန်း၊ ရုပ်ထဲမှာ ငါပါသေးသလား (မပါ,ပါ)၊ နာမက္ခန္ဓာလေးပါးထဲမှာကော (မပါ,ပါ)၊ အင်း ဒီအကြောင်း ဖြစ်တဲ့ ရူပက္ခန္ဓာထဲမှာ (မပါ,ပါ)၊ ဒါဟာ ဒိဋ္ဌိစင်ပြီ။ ငါမပါဘူးလို့ သေသေချာချာသိလို့။

ခန္ဓာငါးပါးထဲ ငါပါသေးသလား (မပါ, ပါဘုရား)၊ မပါ တာက ဘာစင်သွားသတုန်း (ဒိဋ္ဌိစင်သွားပါတယ်)၊ ဒိဋ္ဌိစင် သွားတာ ရှင်းပြီလား။ ငါမပါတာက ဒိဋ္ဌိစင်တာ။ ဘယ်က လာပါလိမ့် မတုန်းလို့ သံသယရှိတာက ဝိစိကိစ္ဆာရှိတာ၊ ခုတော့ ဘယ်ကမှ မလာဘူး၊ အကြောင်းနဲ့ အကျိုးနဲ့ ပေါ်နေတယ်ဆိုတော့ ဒိဋ္ဌိဝိစိကိစ္ဆာ သေပြီ လား၊ နှစ်ချက် သေပြီလား၊ ဒိဋ္ဌိရော သေပြီလား (တဒင်္ဂတော့ သေပါပြီဘုရား)။

တဒင်္ဂသေပြီ၊ ဝိစိကိစ္ဆာရော တဒင်္ဂသေပြီလား၊ တဒင်္ဂ သေမှာပဲ ဉာတရှိသေးတာ၊ တီရဏတောင် တဒင်္ဂရှိသေးတယ် ပဟာနကျမှ အကုန်သေမှာကိုးဗျ။

အဲ တီရဏ ကျအောင်တော့ ကျုပ်လမ်းပြမယ်လေ၊ ပဟာနကျတော့ ကိုယ့်ဟာကိုယ် ပွားယူ၊ မဟုတ်ဘူးလား။

ကဲ ဒါရှင်းပြီလား။ ဒါဖြင့် ဒီခန္ဓာငါးပါးပေါ်မှာဖြင့် ခင်ဗျားတို့ ယုံမှားခြင်း သံသယဆိုတဲ့ ဝိစိကိစ္ဆာ၊ ငါဟုစွဲလမ်းခြင်း ဒိဋ္ဌိဆိုတဲ့ အမှားစွဲ ရှိသေးရဲ့လား (မရှိပါဘုရား)။

ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း

မရှိဘူး။ ရှင်းပြီလား၊ အဲဒါက စူဠသောတာပန်၊ ကဲ ပဋ္ဌာန်းနည်းရော ပဋိစ္စသမုပ္ပါဒ်နည်းရော စုံပြီမဟုတ်လား။

သူနဲ့သူက တိုက်ရိုက် လုပ်လိုက်တာက ပဋိစ္စသမုပ္ပါဒ်နည်း သူ့ကိုလိုလို့ အကြောင်းကို ဖော်လိုက်လို့ ရှိရင် ပဋ္ဌာန်းနည်း ဒီအာရုံအကြောင်းကို ဖော်လိုက်ရင် ပဋ္ဌာန်းနည်း။ သူတို့နှစ်ခုကြောင့် သူတို့နှစ်ခု အကျိုးကို ကျကျနန ဖော်လိုက်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် နည်းနဲ့ ပဋ္ဌာန်းနည်း သွားရောမယ်။

အဲဒီပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်းကို နားမလည်ရင် ဘယ်အခါမဆို ဝိစိကိစ္ဆာရှိတယ်။ ဘယ်တော့မှလည်း ဒိဋ္ဌိမပြုတ်ဘူး။ ပေါ်ပြီလား ရှင်းကြပြီလား။

စွမ်းနိုင်တာက ဉာဏ်မှမဟုတ်ဘဲ

ဒါဟာ နားရှိလို့ ကြားရတယ်လို့ အောက်မေ့မနေနဲ့။ ဒါက အရင်းကျကျနော်။ စာအုပ်တို ကလေးထဲကဟာ ပြောနေတယ်လို့ အောက်မေ့မနေနဲ့။ အခု စာအုပ်ကလေးတွေက တိုသကိုး သူသန်ရာ သူရေးထားကြတာ စုံရဲ့ လား မေးတော့ ဒီစာအုပ်တို ကလေးတွေကိုပဲ စိုးရိမ်ရတယ်။ သန်ရာ ဆွဲရေးထားကြ တယ်၊ သူစွမ်းသမျှ သူလုပ်ကိုင်တာပဲ။

သူစွမ်းနိုင်တာက ဉာဏ်မှမဟုတ်ဘဲ။ သူ့ထင်မြင်ချက်ကို သူရေးထားတာ ပေါက်ပင်ရှာတာ တွေ့ကရာ ပြောတဲ့လူလို ထင်ပါရဲ့။

ဒါပဲ တစ်ခါတလေ အနှစ်တွေ့ချင်တွေ့၊ တစ်ခါတလေ မီးလောင်ငုတ်တွေ့ချင်တွေ့၊ တစ်ခါတလေကျတော့ တွဲလောင်းကြီး တွေ့ချင်တွေ့။ အဲဒါ အမြစ်ရှာတော့ အခု ပုထုဇဉ် အရူးလို ဖြစ်နေမှာ စိုးရတယ်၊ ပေါက်ပင်ဆိုတာ အမျိုးမျိုးရှိသကိုး ဆိုတော့ သွားရော၊ အမြစ်လိုက်တော့ တစ်မြစ်တည်းပါပဲ။

ကဲ ဒါဖြင့် နေရာကျရဲ့လား (တင်ပါ့)၊ သဘောပါ ပြီနောက် (တင်ပါ့)၊ အခု ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ပြီလား ဉာတနဲ့။ ဉာတဆိုတာ သိမှုနဲ့ပြုတ်တာ (ပြုတ်ပါတယ်)၊ သိမှုနဲ့ တဒင်္ဂပြုတ်တာ ရှင်းပြီလား (တင်ပါ့ဘုရား)။

ဒါဖြင့် ဒီခန္ဓာငါးပါးဟာ၊ ဒါဟာ ဦးထွန်းရင် ခန္ဓာငါးပါး ယခုပစ္စုပ္ပန်ပေါ်နေတဲ့ ခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးဟာ ဒိဋ္ဌိဘယ်မှာ ကပ်နေသတုန်း မေးတော့ ခင်ဗျားတို့ ခုန ဘယ့်နှယ်ဖြေသလဲ (ပဉ္စက္ခန္ဓာပါ ဘုရား)။

ဒိဋ္ဌိဘယ်မှာကပ်

ပဉ္စက္ခန္ဓာမှာ ကပ်တယ်။ ပဉ္စက္ခန္ဓာမှာ ဘယ့်နှယ်ကြောင့် သူကပ်နေပါလိမ့်မတုန်း မေးတော့ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး နားမလည်လို့ ကပ်နေတာ မဟုတ်ဘူးလား။ ခုလို ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး နားလည်မယ်ဆိုရင် ပဉ္စက္ခန္ဓာဟာ ပဉ္စက္ခန္ဓာပဲ ဖြစ်တော့တယ်၊ ငါ မပါတော့ဘူး ပါသေးရဲ့ လား (မပါ,ပါ)။

မပါတော့ ဒိဋ္ဌိဝိစိကိစ္ဆာ မပြုတ်သေးဘူးလား (ပြုတ်တယ်)။

ကဲ ဉာတနဲ့ ပြုတ်သွားပြီ။ ဒီခန္ဓာငါးပါးကို ကျုပ်တို့ ဝိပဿနာ ရှုကြစို့။ ခန္ဓာငါးပါးမှတစ်ပါး ဝိပဿနာရှုစရာ မရှိဘူး ကျေနပ်ပြီလား။

ဒီခန္ဓာငါးပါးကို ချုံးလိုက်တဲ့အခါမှာ ရုပ်နဲ့နာမ်ပဲရှိတယ်၊ သဘောကျရဲ့ လား။ ခန္ဓာငါးပါး ချုံးလိုက်တော့ ရုပ်နာမ်ပဲရှိတယ်။

နာမ်ကို တစ်ခုရှုရင် သုံးခုရောသေတယ်။ ရုပ်ကိုတစ်ခုရှု လိုက်လို့ရှိရင် အဋ္ဌကလာပ်ရုပ်ဖြစ်ခဲ့လို့ ရှိရင် တစ်ခုရှုလိုက်လို့ ရှိရင် ကျန်တာခုနှစ်ခု သေတာပဲ။ မသေသေးဘူးလား (တင်ပါ့)။

ကောင်းပြီ – သို့သော်လည်း ရှင်သာရိပုတ္တရာက ရှင်မဟာကောဋ္ဌိကကို ဟောလိုက်တယ်၊ ရုပ်ရှုရင် နာမ်ပါတယ်။ နာမ်ရှုရင် ရုပ်ပါတယ်ကွ ဟောလိုက်တယ်။ ဒါလည်း ကြားဖူးမှာပေါ့နော်

ရုပ်ရှုရင် (နာမ်ပါတယ်)၊ နာမ်ပါတယ်၊ နာမ်ရှုရင်ကော (ရုပ်ပါတယ်)၊ ရုပ်ပါတယ်။ ယခု (တပည့်တော်တို့ မကြားဖူးသေး ပါဘုရား)။

ရုပ်ရ ှုနာမ်ပါ၊ နာမ်ရှု ရုပ်ပါ

မကြားဖူးရင် အခုမှ ရှင်းပြလိုက်မယ် (မှန်ပါ့ဘုရား)။

ရုပ်ရှုရင် နာမ်ပါတယ်၊ နာမ်ရှုရင် ရုပ်ပါတယ်ဆိုတော့ ဒါ ဝိညာဏ်ထားလိုက် (တင်ပါ့)၊ ဒါက နာမ်ရုပ်။ ဒါက နာမ်၊ ဒါကရုပ်၊ ဒါက နာမက္ခန္ဓာ သုံးပါးက နာမ်ပေါ့ဗျ၊ ဒီကရုပ်။

ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ရွတ်ကြည့်ပါလား၊ ဝိညာဏ ပစ္စယာ နာမရူပံ (တင်ပါ့)၊ မဟုတ်ဘူးလား။ ဝိညာဏပစ္စယာနာမရူပံ၊ နာမရူပ ပစ္စယာ ဝိညာဏံ၊ ဟော နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်တယ်။ ဝိညာဏ်ကြောင့် (နာမ်ရုပ်ဖြစ်ပါတယ်)။

ဒါဖြင့် ဝိညာဏ်လဲတော့ နာမ်ရုပ်က ကျန်ရစ်ခဲ့ဦးမှာ လား (မကျန်ရစ်ပါဘုရား)။

မကျန်ရစ်ဘူး အကုန်ပါတယ်၊ နာမ်ရုပ်လဲတော့ကော ဝိညာဏ်ကျန်ခဲ့ဦးမှာလား၊ မကျန်ပါဘူး၊ ငါ ဥပမာပြမယ်ကွ။ မင်းနားမလည်လို့ ရှိရင်တဲ့- ရှင်ကောဋ္ဌိကကို

ဦးသံဒိုင် ဝါးလုံးနှစ်လုံးကို အစွန်းချင်း အဖျားချင်း တေ့နေ တယ်၊ တစ်ဖက်ဆွဲရင် တစ်ဖက်မလဲ ဘူးလား-လဲလား၊ အဖျားချင်း တေ့နေတာကိုး (မှန်ပါ့)။ တစ်ဖက်ဆွဲလိုက်ပါတဲ့၊ ဟိုတစ်ချောင်း လဲမလား-မလဲဘူးလား၊ ဒီဘက်က တစ်ချောင်းဆွဲလိုက်စမ်း၊ ဟိုဘက်ကတစ်ချောင်း၊ ထောင်နေဦး မှာလား၊ မထောင်တော့ဘူးလား (မထောင်တော့ပါ ဘုရား)။

သူတို့က အညမညကွ၊ တစ်ခုလဲရင် လဲမယ်။ တစ်ခုပျက် ရင်ကျန်တာတွေ အကုန်ပါ သွားတယ်ဆိုတော့ တစ်ခုရှု ခိုင်းမှာ ဘုန်းကြီးက။ သဘောပါပလား။

အဲဒါ သံယုတ်ပါဠိတော်မှာ လာတယ်၊ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာ အမေး အဖြေမှာ လာတယ်။ သဘောပါလား (တင်ပါ့ဘုရား)။

ဝိညာဏ်ရှုရင် နာမ်ရုပ်ပါလာမယ်၊ နာမ်ရုပ်ရှုရင် (ဝိညာဏ်ပါတယ် ဘုရား)။

ဝိညာဏ်ပါသွားမယ်တဲ့။ အဲ, ကျူစည်းထောင်သလိုပါပဲ။ သူကတော့ ကျူးစည်းဥပမာပြတယ်၊ ကျူစည်း အဖျားချင်းတွေက ထောင်ကွာ၊ တစ်စည်းသာ လဲရင် တစ်စည်းလဲမှာပဲ။ နှစ်ခုက “ဝတ္ထုံ ပဋိစ္စ ခန္ဓာ၊ ခန္ဓေ ပဋိစ္စ ဝတ္ထု” -ပဋ္ဌာန်းပါဠိတော်နဲ့ ပိုဆိုင်တယ်။

ကိုင်း ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုးရင်တော့ “ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာဝိညာဏံ”၊ “ဝိညာဏနိရောဓာ” ဆိုတော့ ခင်ဗျား ဘယ့်နှယ်လုပ်မလဲ၊ ဟင်- “နာမရူပနိရောဓော” မဖြစ်ဘူးလား။ မလဲသေး ဘူးလား။ ကိုင်း-မလဲဘူးလား၊ ဝိညာဏ်ချုပ်သွားပြီ – ကွ နာမရူပ ကျန်ရစ်နေဦးမှာလား။

နာမရူပနိရောဓာ ပြန်ရွတ်လိုက်၊ ဝိညာဏ နိရောဓောဆို တော့ ဒီက နာမ် ရုပ် ချုပ်,ချုပ်၊ ရုပ် ချုပ်,ချုပ် ဒီဝိညာဏ်ကလေး ကျန်ရစ် ဦးမှာလား။

အဲဒီတော့ တစ်ခုရှုလိုက်ရင် မပြီးသေးဘူးလား။ သဘောပါ လား (တင်ပါ့ဘုရား)။

မကြားဖူးတာကို ခင်ဗျားတို့ ကြားရတာနဲ့ပဲ ဥပမာနဲ့တကွ ပြလိုက်လို့ ကိုထွန်းရင်က ကျေနပ်ပြီလား။

ဝါးလုံးနှစ်ခုတည်းထောင် တစ်ချောင်းဆွဲ ကျန်တစ်ချောင်း ကျန်ရစ်ဦးမှာလား တစ်ခုတည်းရယ် (မကျန်ပါဘုရား)။

ဒီအတိုင်းပဲ နာမ်လဲရင် ရုပ်လဲမှာပဲ။ ရုပ်လဲရင် (နာမ်လဲ မှာပါပဲဘုရား)။

နာမ်လဲမှာပဲ။ တစ်ခုသာ ဉာဏ်ဖြစ်ပြီး ကျန်တာတွေက ပျက်ပေးရမှာပဲဆိုတော့ ဦးသံဒိုင်က ဝမ်းထဲမှာ ကျေနပ်ရဲ့ လား (တပည့်တော်တို့ ဒီအတိုင်းယူထားပါတယ် ဘုရား-အသညသတ်က လွဲရင်)။

၃၁ ဘုံ အနိစ္စ

အင်း-အသညသတ်တောင် ရုပ်, ရုပ်ချင်း “ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ” အတူတူပဲ။ တစ်ခုလဲရင် အကုန် လဲတာပဲ။ တစ်ခုသော မဟာဘုတ် ချုပ်လိုက်တော့ ကျန်သော မဟာဘုတ်က နေဦးမှာလား- အတူတူပေါ့။ မဟုတ်ဘူးလား၊ သုံးဆယ့်တစ်ဘုံ အနိစ္စချည်းပေါ့။ မကပ်ပါနဲ့ မထူးပါဘူး (ကောင်းတယ်ဘုရာ့ အကုန်လုံး သံသယ ပြေကုန်ပါတယ်ဘုရား)။

အင်း မဟာဘုတ်လေးပါးဟာ မှီနေကြတာ “ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေ ပဋိစ္စ ဧကံ မဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ” ဒီလိုလာတာ ကိုးဗျ။ အဲဒီတော့ တစ်ဘုတ်လဲတော့ ခင်ဗျား အကုန် လဲတာ မဟုတ်ဘူးလား။ ဥပမာမယ်-ကျုပ် ရှင်းပြမယ် ခင်ဗျား မေးတာကို။

ထင်းရယ်၊ မီးရယ်၊ ဓာတ်ဆီရယ်၊ လေရယ်တွဲရင် အတည့် ဓာတ်လား၊ မတည့်ဓာတ်လား (မတည့်ဓာတ်ပါ ဘုရား)။

ဒါဖြင့် ဓာတ်ဆီနဲ့ ထင်းနဲ့ တွဲလို့ရှိရင်လည်း ပြာကျဖို့ရှိတာပဲ။ လေတိုက်လည်း ပြာကျဖို့ မဟုတ်ဘူးလား (တင်ပါ့ဘုရား)။

ပြီးတော့ကို ပထဝီ အာပေါ၊ တေဇော၊ ဝါယော၊ လေတိုက် လို့ ရှိရင်လည်း ဒီဟာ ပြောင်သွား မှာပဲ။

အချင်းချင်း အမှီသဟဲပြုနေလို့ တစ်ခုပျက် အားလုံးပျက်

အဲဒီတော့ကို သူတို့ နှစ်ခုဟာက အချင်းချင်း မှီနေတာ။ တစ်ခုပျက်ရင် အကုန်ပျက်တာပဲ။ ထင်းကုန်လည်း ဓာတ်ဆီကုန်တာပဲ၊ မီးကုန်တာပဲ။ ထင်းကုန်တော့ မီးကျီးချည်းများ ကျန်ရစ်နေသေး သလား (မကျန်ပါဘုရား)။

ရှင်းပြီလား အဲဒါ အသညသတ်တောင် မထည့်နဲ့တော့၊ သွားရင် အကုန်သွားမှာပဲ။ ဒါကြောင့် “သဗ္ဗေသင်္ခါရာ အနိစ္စာ” မပေါ်ဘူးလား (တင်ပါ့)၊ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတော့ အသည သတ်ကျန်နေရစ်သေးရဲ့လား (မကျန်ရစ်ပါဘုရား)၊ “သဗ္ဗေ သင်္ခါရာ ဒုက္ခာ” ကျတော့ရော (မကျန်ပါ ဘုရား)။ မကျန်ရင် ခင်ဗျား ကျေနပ်သွားပြီ။

ကဲ ဒါဖြင့် ဒါက ကြားပေါက် ဖြေသွားတယ် ဆိုကြပါစို့ ကြားပေါက် သံသယ ရှင်းသွားတယ်။ ကဲ ကျုပ်တို့ ခန္ဓာပြန်ကောက်ကြစို့။

ခန္ဓာရှိရင် ကျွေးရဦးမှာ

ခန္ဓာငါးပါးတော့ ပစ္စုပ္ပန်ခန္ဓာငါးပါး သိပြီတဲ့။ ဦးသံဒိုင် ခင်ဗျားဟိုဟာ ကုမ္ပဏီလုပ်၊ ဒီဟာ ကုမ္ပဏီလုပ်၊ ဟိုဟာ ဧဂျင်းထောင်၊ ဒီဟာဧဂျင်းထောင်၊ ခင်ဗျား ဘာလုပ်ဖို့တုန်းလို့ ကျုပ်က မေးရလိမ့်မယ်၊ “ဘာစားမတုန်း ဘုရာ့၊ ဘာနဲ့လှူမတုန်း ဘုရာ့” ဒါပဲ ဆင်ခြေလဲမယ်။ ဒါပဲရှိတယ်။ မဟုတ်ဘူးလား (မှန်ပါ့ဘုရား)။

ဘာစားမတုန်းဆိုတော့ ဘယ်သူက စားတာတုန်း ဆိုတော့ “ဒီခန္ဓာကြီးရှိနေရင် ကျွေးရဦးမှာ ဘုရာ့”ဆိုတော့ ခုန ဒီခန္ဓာကြီးထဲမှာ ဝေဒနက္ခန္ဓာ ပါနေတယ်။ ဝေဒနာပစ္စယာ တဏှာ ကြောင့် ခင်ဗျား လိုင်စင် ယူရတာ သဘောကျရဲ့လား ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)။

တဏှာ (တင်ပါ့)၊ ဒီထဲ ခုန ခန္ဓာငါးပါးထဲ ပါသွားပြီ မဟုတ်လား ဝေဒနာ။

ဝေဒနာ ပစ္စယာ တဏှာ ဒီထဲ ခုန ခန္ဓာငါးပါးထဲ ပါသွားပြီ မဟုတ်လား။

ဝေဒနာ ပစ္စယာ တဏှာ၊ ဪ ခင်ဗျား လိုင်စင် ယူတာ ဒီတဏှာနဲ့ ယူတာကိုး၊ ဒီတဏှာ ဘယ်ကလာပါသလဲ မေးတော့ ဒီခန္ဓာကျွေးဖို့၊ ဦးထွန်းရင် ခင်ဗျား ဘလောက် လုပ်တာလေ (တင်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီဘုရား)။

ဘလောက်လုပ်ချင်ရင် ဘလောက်များများ သူများ ငှားလုပ် ဟာ မကြိုက်ဘူးလား၊ ဒီရချင်တဲ့ တဏှာက ဘယ်အကျိုးငှာရချင် တာတုန်းဆိုတော့ ဝေဒနက္ခန္ဓာ အကျိုး၊ ဝေဒနက္ခန္ဓာကြီးကို ပြုချင်၊ စုချင်လို့ ဝေဒနာပေါ်ချင်တာ ဆိုကြပါစို့၊ အခု ပေါ်နေတဲ့ ဝေဒနာကို သူမကျေနပ်ဘူး၊ နောက်ထပ် ဝေဒနာ အသစ် ပေါ်ချင်လို့ နေ့တိုင်း စားချင်လို့ပေါ့ (တင်ပါ့)၊ သဘောကျရဲ့လား။

ဒါဖြင့် သူဟာ ဝေဒနာပစ္စယာ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါန် လာတော့မှာနော်၊ ကောင်းပြီ ဥပါဒါန်ဟာ တဏှာ ဥပါဒါန်။ အဲဒီတော့ သူဘာလုပ်မတုန်း အလုပ်ပါးလို့ရှိရင် အိမ်မှာ ရှိတဲ့ ကုန်တွေက အောင်းနေတယ်၊ ဘလောက်တွေက အလုပ် ပါးနေတယ်ဆိုတော့ စားချင်တာနဲ့ သတင်းစာတိုက် သွားပြီးတော့ ငှားနိုင်ပါဦးမလား၊ သူကုန်ရောင်းစရာရှိပါတယ်၊ ကာယကံနဲ့လည်း သွားလိမ့်မယ်၊ ဝစီကံနဲ့လည်း သွားပြီး သကာလ ရေဒီယိုကနေ အော်ချင်အော်မှာ (မှန်ပါ့ဘုရား)။ ကမ္မဘဝ မဖြစ်သေးဘူးလား။ ကာယကံဆိုတော့ ကမ္မဘဝပဲ (တင်ပါ့)၊ ဝစီကံကော (ကမ္မဘဝ)၊ တဏှာဥပါဒါန် ကမ္မဘဝသွားဖြစ်တယ်။ ပေါ်ပြီလား ကံသစ်လား၊ ကံဟောင်းလားလို့ မေးလိုက်တော့ (ပစ္စက္ခကံ)၊ ပစ္စက္ခကံသစ်ပေါ့။

အိမ်က ပါလာတဲ့ ကံလား၊ အခုမှ တဏှာ ဥပါဒါန်ကြောင့် ဖြစ်တဲ့ ကံလား၊ တဏှာ, ဥပါဒါန်, ကံ။ ပစ္စုပ္ပန်ကံ (တင်ပါ ပစ္စုပ္ပန်ကံ)၊ ရှင်းပြီလား (တင်ပါ့ဘုရား)။

ကံဆိုတာ စိတ်နဲ့ဇော (၇)ကြိမ်နဲ့ဖြစ်ရတာ

ဒီပစ္စုပ္ပန်ကံ ဘယ်က ပေါ်သတုန်း၊ ပစ္စုပ္ပန်ခန္ဓာ ကျွေးချင်လို့၊ ပစ္စုပ္ပန်ခန္ဓာ လှချင် ပချင်လို့ (တင်ပါ့)၊ ကံသစ်လုပ်တယ် မဆိုနိုင်ဘူးလား ဒီကံသစ်။

ဒါဖြင့် ဒီကံသစ်သည်၊ ပစ္စုပ္ပန်ကံက ပထမဇောမှာတော့ ပစ္စုပ္ပန်ဘဝ အကျိုးပေးမယ်။ မဆိုနိုင်ဘူးလား။ ကံက ဇော(၇)ကြိမ် လာဦးမှာကိုး။ ကံဆိုတာ သူချည်းဖြစ်နိုင်တာ မဟုတ်ဘူး၊ စိတ်နဲ့ ဇော (၇)ကြိမ်နဲ့ ဖြစ်ရမှာကိုး (တင်ပါ့ဘုရား)။

ဒါဖြင့် သတ္တမဇောက ဒုတိယဘဝ အကျိုးပေးမယ်။ မဆိုနိုင် ဘူးလား။ အလယ်ဇော (၅)ချက်ဟာ တတိယဘဝကစပြီး နိဗ္ဗာန်ရသည့် တိုင်အောင် ဒီကံက မရွက်ဆောင်နိုင်ဘူးလား (ရွက်ဆောင် နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ကမ္မဘဝ ပစ္စယော ဇာတိ လာမှာလား မလာ ဘူးလား။ သတ္တမဇောကတော့ ဒုတိယဘဝ ပဋိသန္ဓေ ပေးမှာလား မပေးဘူးလား (ပေးပါတယ်ဘုရား)။

ပေးလို့ ရှိရင် “ကမ္မဘဝ ပစ္စယာ ဇာတိ”၊ ဇာတိပေါင်း ဘယ်လောက် လာမတုန်းလို့ မေးလိုက်တယ်။ အများကြီးဖြစ်မှာပေါ့။ မဟုတ်ဘူးလား။ “ကမ္မံ သတ္တေ ဝိဘဇ္ဇတိ” ဇာတိပေါင်း အများကြီး မလာပေဘူးလား။

ဒီဟာ နောက်ဘဝက ပါလာတဲ့ ကံလို့ ဆိုမလားတဲ့၊ ယခု ဘဝ ခင်ဗျား ဒီခန္ဓာနဲ့ အတူ ပေါ်လာတဲ့ ကံလို့ ဆိုမလား (ခန္ဓာနဲ့ အတူပေါ်တဲ့ ကံပါ ဘုရား)။

နေ့တိုင်းကံတွေ လုပ်နေတယ်

ခန္ဓာက ဘယ်ခန္ဓာပါလိမ့်မတုန်း၊ အတိတ်ကံ အတိတ်ခန္ဓာ လား၊ ယခု ပစ္စုပ္ပန်ရောက်ဆဲ ခန္ဓာလား (ပစ္စုပ္ပန်ခန္ဓာပါ ဘုရား)။

သြော် ဒါကြောင့် ဦးသံဒိုင် ဘာလုပ်နေပါလိမ့်မတုန်း မေးလို့ ရှိရင်ဖြင့် ကံတွေ လုပ်တယ်လို့ ကျုပ်က အဖြေပေးလိမ့် မယ်၊ နေ့တိုင်း ခင်ဗျား ကံလုပ်နေတယ်။ ကိုထွန်းရင် ခင်ဗျား နေ့တိုင်း ဘာလုပ်နေသလဲ၊ ကံတွေ လုပ်နေတယ်။

ခင်ဗျားတို့ သိတာကတော့ ကျောင်းကလေးဆောက် ဘုရားကလေးတည်မှ ကံလုပ်တယ် အောက်မေ့မှာပဲ။ ဘယ်ဟုတ် မလဲ၊ ခြေတစ်လှမ်း ကံတစ်ခု။ ပါးစပ်က တစ်ခွန်း အသံတစ်ခု ပေါ်လာရင် ဝစီကံတစ်ခု။ ခြေတစ်လှမ်း လှမ်းရင် ကာယကံတစ်ခု။ ဒါ လျှော့ဈေးပြောနေတာနော်။

ခင်ဗျား အကျိုးပေးပေါင်း ဘယ်လောက် အရုပ်ဆိုးမတုန်း ဘယ်လောက် အရုပ်ဆိုးမတုန်း။ သူ့အကျိုးမပေးလို့သာ ဒီကံက အကျိုးပေးလာရင် ခင်ဗျားတို့ အများကြီးပေးလိမ့်မယ်ဆိုတာ မသေ ချာဘူးလား။ သူ့အကျိုးပေးချိန် မရောက်သေးလို့ မပေးတာ၊ မပေး ဘူးလို့ နေတာမဟုတ်ဘူး၊ ရှင်းပြီလား။

ဒါဖြင့် ဦးထွန်းရင် တစ်နေ့ ကံပေါင်း ဘယ်လောက်ရှိ သတုန်း၊ ခင်ဗျားတို့ မကောင်းကံ မကောင်းကံ ဘယ်လောက်ရှိသွား သတုန်း (မရေတွက်နိုင်အောင် ရှိပါတယ်ဘုရား)။

မရေတွက်နိုင်ဘူး ရှိရမှာက၊ ဦးသံဒိုင် မေးရင်လည်း ထို့အတူပဲ။ မရေတွက်နိုင်အောင် ဒီကံတွေ လုပ်နေတယ်။ စာကလေး တစ်လုံးရေးရင် တစ်ကံပဲ။ ဒါကလေး အကြောင်းပြုပြီး ကုန်ပို့ပါစေ၊ ဒါကလေးရှိလို့ ရှိရင် ငဲ့ပါစေ။ ဟင် ကာယကံရော မဟုတ်ဘူး လား။ မနောထဲကလည်း ပါလိုက်သေးတယ် မဟုတ်ဘူးလား။

ဒါဖြင့် စာတစ်မျက်နှာ ပြည့်သွားရင် ကံပေါင်း ဘယ်လောက် တုန်းဆိုတော့ တစ်မျက်နှာလုံး ကံချည်းပဲ မဟုတ်ဘူးလား ပါးစပ်က တစ်ခွန်း ထွက်ရင်လည်း တစ်ခွန်းထွက် တစ်ကံပဲလို့ ဆိုနိုင်ပါ့ မလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာ၊ ဥပါဒန်၊ ကံ။ ဒီခန္ဓာပေါ် ရောက်နေပြီ။ ခန္ဓာ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ နောက်တစ်ခါ ခန္ဓာပေါ်ပြန် နေတော့ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဝေဒနာက ခန္ဓာချည်း ထားလိုက်၊ ကံပေါင်း ခင်ဗျားတို့ တစ်နေ့ ဘယ်လောက်တုန်း (မရေတွက်နိုင်ပါ ဘုရား)။

ကံပြတ်တဲ့အလုပ် မလုပ်ခဲ့ကြဘူး

မရေတွက်နိုင်ဘူး။ ဒါဖြင့် ကံပြတ် ခင်ဗျားတို့ မပါဘူးပေါ့ (မပါ,ပါဘုရား)၊ သွားပြီပေါ့၊ ဆွမ်းသွတ်လို့ မရဘူး။ ဟင် ဆွမ်းသွတ်လို့ကို မရဘူး၊ ငရဲ တည့်တည့် ရောက်နေရင် ဘယ်ဆွမ်း သွတ် အမျှဝေလို့ ရဦးမှာတုန်း ဗျ။

ပြိတ္တာတွေ အိမ်နားကပ်ဖြစ်ရင်တော့ ဆွမ်းသွတ်ရင် ရတာ ပေါ့။ ငရဲ တည့်တည့် ရောက်တော့ ရပါဦးမလား။ ခေါ်နိုင်တဲ့ သာဓုရှိ သေးရဲ့ လား၊ ခင်ဗျားတို့ ကျွေးတဲ့ ဆွမ်းကျန်၊ ကွမ်းကျန်ကလေးရော ဟိုက စားသေးသလား၊ သံပူစားနေသလား (သံပူစားနေပါ တယ်)၊ သံပူကို အာဟာရ လုပ်နေတော့ ခင်ဗျားတို့ဟာ စားတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ဒီကံတွေ ရေတွက်နိုင်ရဲ့လား အပါယ်သွားဖို့ ကံတွေ ရေတွက်နိုင်ရဲ့လား၊ ကံပြတ်ကလည်း ခင်ဗျားတို့က မလုပ်ဘူးတဲ့၊ ကံဖြတ်တဲ့အလုပ် မလုပ်ဘူး တဲ့။ အင်မတန် နစ်နာ တယ်၊ ဒါဟာ နောက်ဆုံးပိတ် ဒီဆရာနဲ့ တွေ့လို့မှ ခင်ဗျားတို့ ဒီကံဖြတ်တဲ့အလုပ်ကို မလုပ်တော့ဘူး ဆိုလို့ရှိရင် ငါသေရင် တွင်းတူး မနေနဲ့၊ ငါ့ဟာ ငါထမ်း၊ ငါ့လမ်း ငါသွားမယ်လို့ ပြောတာနဲ့ အတူတူ ကျနေတယ်။ ဘယ်လောက်ဆိုးသလဲ။ ဝေဒနက္ခန္ဓာ ကြောင့်ဖြစ်တာ၊ အကောင်းစားချင်လို၊ အကောင်း စားချင်တာ ဝေဒနက္ခန္ဓာ မဟုတ်ဘူးလား (တင်ပါ့ဘုရား)။

ဝေဒနာပစ္စယာ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ (ဘဝပါဘုရား)။

ကံပြတ်သွားမှပြုံးပါ

ကံက ကာယကံ၊ ဝစီကံ၊ မနောကံ ပြုံးမနေကြပါနဲ့။ ခင်ဗျားတို့ ပြုံးချိန်တစ်ယောက်မှ မပါသေးပါဘူးတဲ့။ ဒီကံပြတ်သွားရင် ပြုံးတော့-ရှင်းပြီလား။ ကံမပြတ်ရင် ပြုံးလို့တော်ပါ့မလား။

ခန္ဓာနဲ့ ပတ်သက်လာရင် ခန္ဓာလိုချင်တဲ့ ကံလား။ ခန္ဓာ မလိုချင်တဲ့ကံလား (ခန္ဓာကို လိုချင်တဲ့ကံပါဘုရား)။

ခန္ဓာလိုချင်တဲ့ကံ ဆိုတော့ ဘယ်ခန္ဓာတွေ မနည်း မရပေဘူး လား၊ ရမလား ပေါ်ကြပြီလား။

ဒါဖြင့် ဘုန်းကြီးက ဦးသံဒိုင် ခင်ဗျား အလာကြီးလည်း လာရတယ်၊ နည်းနည်းကလေး ခင်ဗျားကံက မ,လိုက်လို့ ဒီဆရာနဲ့ လာတွေ့တာ၊ ဒါဖြင့် ခင်ဗျား ဒီကံထဲမှာ မျောချည်ရဲ့ ဆိုထိုက် မဆိုထိုက်၊ ဆိုထိုက်ပါတယ်။

ကံဖြတ်တဲ့အလုပ် လုပ်ကြရအောင်

ကောင်းပြီ-ကံဖြတ်အလုပ်ကို သူမလုပ်ဖူးသေးဘူး (လုပ်ရ ကောင်းစေလည်း မသိပါဘုရား)။

လုပ်ရကောင်းစေ မသိတဲ့အပြင် ကံကောင်းရင် ပြီးတာပဲ ဆိုပြီး ကံကောင်းအောင် ထပ်လုပ် နေလိုက်သေးတယ်။

ခင်ဗျားတို့က ကံမိ၊ ကံဖ သဘောကျနေတယ်။ ဘုရားက ဉာဏ်မိ၊ ဉာဏ်ဖကို ကျေနပ်တယ်။ ခင်ဗျားတို့က ဘာသဘောကျ နေသလဲ (တပည့်တော်က ကံပါဘုရား)။

ဘုရားက ဉာဏ်မိ၊ ဉာဏ်ဖ ဆိုတယ်။ နိဗ္ဗာန်သွားရမှာ ဉာဏ်နဲ့သွားရမှာ။ ကံအားကိုးက ဘယ့်နှယ် နေသလဲ၊ မလွဲဘူးလား။ ခင်ဗျားတို့က ကံမိ၊ ကံဖတဲ့ (ကိုယ့်ကံ အားမရလို့ မကိုးပါ ဘုရား)။

ကဲ ဒါဖြင့် ဒီတရားတွေကို ကျုပ်တို့က မဂ်သွင်းမှရ မယ်။ မသွင်းရဘူးလား၊ သွင်းရမှာလား။

ဒီထဲ ခန္ဓာငါးပါးရှိတယ်။ ဟော ရုပ်က ကာယာ နုပဿနာ။ ဝေဒနာက ဝေဒနာနုပဿနာ မဟုတ်ဘူးလား (တင်ပါ့)၊ သညာတို့ သင်္ခါရတို့ ဓမ္မာနုပဿနာ။ စိတ်က စိတ္တာ နုပဿနာ။ ခန္ဓာငါးပါးကို ခွဲလိုက်တော့ သတိပဋ္ဌာန်လေးပါး သွားသွားဖြစ်နေတယ်။ ပေါ်ပြီလား (တင်ပါ့ဘုရား)။

ဟုတ်ပြီလား ခန္ဓာငါးပါးထဲက ရုပ်တွေဟူသရွေ့ ကာယာနုပဿနာချည်း။

ဝေဒနာက (ဝေဒနာနုပဿနာ)။

သညာ, သင်္ခါရကရော (ဓမ္မာနုပဿနာ)။

စိတ်က (စိတ္တာနုပဿနာ)။

အဲဒီလေးခုကို ခင်ဗျားတို့ ရှုနိုင်လို့ အဖြစ်အပျက်ကို မြင်အောင်ရှုနိုင်လို့ရှိရင် တဏှာ, ဥပါဒါန်, ကံတွေဟာ သွားရော ပြတ်သွားပြီ။ ဒီအငုပ် ဘာနဲ့ပေါ်သလဲ ခန္ဓာဓာတ်နဲ့ ပေါ်တယ်၊ ဒါတွေ မပြတ်ပါနဲ့ ဆိုလို့ ရသေးရဲ့ လား (မရပါဘုရား)၊ ဘယ်မလဲ၊ ဒါကြောင့် ဘုရားက “ကုသလာကုသလံ ဇဟံ” ကွ၊ ကုသိုလ်လည်း ငါစွန့်လိုက်ပြီ၊ အကုသိုလ်လည်း (စွန့် လိုက်ပြီ)။

ဒါ စွန့်ချလိုက်ပြီ။ နို့မဟုတ်ရင် “ကမ္မံဝိပါကဿ” က လာဦးမှာ (ဆက်ဦးမှာကိုးဘုရား)။

ဟင် ဆက်ဦးမှာ၊ ဝိပါကဿ ဆိုရင် ဒုက္ခဖြစ်တယ်။ ဝိပါကဿ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ပဋိသန္ဓေကိုး ဗျ၊ ဇာတိပိ ဒုက္ခသစ္စာ သွင်းလိုက် ပါလား (တင်ပါ့)၊ မသွင်းနိုင်ဘူးလား (သွင်းနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကံပြတ်လုပ်မှရမယ်။ ရှင်းပြီလား၊ ဘာလုပ် ရမယ် (ကံပြတ်လုပ်ရပါမယ် ဘုရား)။

ကံပြတ်လုပ်ချင်လို့ ရှိရင် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးလုပ်ပါ (တင်ပါ့ဘုရား)။

ခန္ဓာငါးပါးကို ပြန်ရှုဆိုတာနဲ့ သတိပဋ္ဌာန်လေးပါးကို ရှုဆိုတာနဲ့ ရော တစ်ထပ်တည်း မသွားသေးဘူးလား (တင်ပါ့)၊ ခန္ဓာငါးပါးကို လေးပုံပုံလိုက်တော့ သတိပဋ္ဌာန် လေးပါး ဖြစ်သွား တယ်။ ရှင်းပြီလား (တင်ပါ့ဘုရား)။

ဒီခန္ဓာငါးပါးကို သစ္စာလို ဟောလိုက်တဲ့အခါကျတော့လည်း လွယ်လိုက်တာ၊ ရူပက္ခန္ဓာနဲ့ ဒီထဲက သင်္ခါရက္ခန္ဓာနဲ့ သမုဒယသစ္စာ ကလေးတစ်ခု နုတ်ပြီးတော့ ကျန်တဲ့ဥစ္စာတွေ ဒုက္ခသစွာ ဖွဲ့လိုက်ပြီးတာပဲ (တင်ပါ့)၊ ဒီသစ္စာလေးပါး ရှုပေါ့။ ပြီးတာပဲ (တင်ပါ့)၊ သူ့ကို အဖြစ်အပျက် ဒုက္ခသစ္စာရှု။ သမုဒယလည်း အဖြစ်အပျက် ဒုက္ခသစ္စာရှုဆိုရင် ပြီးတာပဲ။ မပြီးဘူးလား သဘော ပါလား (တင်ပါ့ဘုရား)။

ကံမဖြတ်နိုင်ရင် ကံစီမံတာခံ

ဒါဖြင့် ခင်ဗျားတို့ ကံမဖြတ်နိုင်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ သွားလိမ့်ဦးမယ်။ သဘောကျရဲ့ လား။ ကံမဖြတ်နိုင်ရင် (သွားဦးမှာပါဘုရား)။

ကံစီမံသလို ခံပေတော့။ လူ့ဘောလုံး ဖြစ်လိမ့်မယ်၊ ဟိုဘက် ဂိုးသမားကလည်း ခင်ဗျားတို့ကို အတင်းကန်ပစ်တာ (တင်ပါ့)၊ ဒီဘက်ဂိုးသမားကရော (ကန်ပစ်တာပါဘုရား)။

ခင်ဗျားတို့က ဘောလုံးဆုတောင်းနေတာ၊ သူများ ခြေထောက်ထဲ အသက် ထွက်ရ ပါလို၏လို့ (ဟုတ်ပါတယ်)။

ကံဖြတ်တရားကြိုးစားမှု

သဘောကျရဲ့ လား။ ကုသိုလ်ကံက ကန်ချလိုက် မြင့်တက် သွားတာပဲ။ အကုသိုလ်ကံက ကန်ချလိုက် လိမ့်ဆင်းသွားတာပဲ (အဲဒီအတိုင်းပဲဘုရား)။

ဒီအတိုင်းပဲ သဘောပါရဲ့လား။ ဒီအလုပ်ကို မလုပ်သေးဘူး။ ဒီအလုပ် လုပ်တော့ တဏှာ ပြတ်တော့ ဥပါဒါန်က မပြတ်ဘူးလား။ ဖြစ်ပျက်၊ ဒါကလေးတွေကို ကျုပ်တို့က ဝိပဿနာ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါး သမုဒယ ဓမ္မာနုပဿီ၊ ဝယဓမ္မာနုပဿီ ဆိုတာ အဖြစ်အပျက်ကို ရှုတာ။ သမုဒယဆိုတာက ဖြစ်တာ၊ ဝယဓမ္မာ နုပဿီက ပျက်တာ။

ဒီ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါး ခင်ဗျားတို့က အဖြစ်အပျက် ရှုလိုက်တော့ အဖြစ်အပျက်- မဂ်ဆိုတာ မလာသေးဘူးလား။ လာတော့ ဝေဒနာပစ္စယာ တဏှာ လာသေးရဲ့လား (မလာပါဘုရား)။

“တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓော ကမ္မနိရောဓော” မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဇာတိနိရောဓာ ဇရာမရဏနိရောဓောဆိုတဲ့ ဒီဘက် က နိဗ္ဗာန်ကြီးကို ထွက်မလာ ပေဘူးလား (ထွက်ပါတယ်)၊ သဘောပါရဲ့ လား (တင်ပါ့ဘုရား)။

သာဓု သာဓု သာဓု။