300

တစ်သက်မှာ တစ်ခါတွေ့တဲ့ဉာဏ်

အသံဖိုင်ခေါင်းစဉ်= ဉာဏ်သုံးပါးတရားတော် အမှတ်(၂)

စာအုပ်ခေါင်းစဉ်= တစ်သက်မှာ တစ်ခါတွေ့တဲ့ဉာဏ် (ဉာဏ်စဉ်သုံးပါးတရားတော်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

တစ်သက်မှာ တစ်ခါတွေ့တဲ့ဉာဏ်

(ဉာဏ်စဉ်သုံးပါးတရားတော်)

၉-၇-၆၂ ရက်နေ့ (ည)

သစ္စာမသိသေးသရွေ့ကာလပတ်လုံး နိဗ္ဗာန်မရောက်သေး ဆိုတာ တစ်ထစ်ချ ဆုံးဖြတ်ချက် ချပါ။ သစ္စာမသိသေးရင် နိဗ္ဗာန် မရောက်သေးလို့ တစ်ထစ်ချ ဆုံးဖြတ်ချက်ချပါ၊ သစ္စာမသိသေးရင် ဘာတဲ့ (နိဗ္ဗာန်မရောက်သေးပါ ဘုရား)။

နိဗ္ဗာန်မရောက်သေးဘူးလို့ ဆုံးဖြတ်ချက်ချပါ။ ဒါဖြင့် နိဗ္ဗာန် လိုချင်ရင် သစ္စာသိအောင်လုပ်ပါ။ နိဗ္ဗာန်လိုချင်ရင် ဘာလုပ်ကြမလဲ (သစ္စာသိအောင်လုပ်ရပါတယ် ဘုရား)။

သစ္စာကဘယ်မှာရှိသလဲ

သစ္စာသိအောင် လုပ်ရမယ် ဆိုတော့ ဟုတ်ပါပြီတဲ့။ ဒကာ၊ ဒကာမတို့ နိဗ္ဗာန်လိုချင်ရင် သစ္စာသိအောင် လုပ်ရမယ်ဆိုတော့ “သစ္စာက ဘယ်မှာရှိသလဲဘုရား”လို့ မေးဖို့ လိုတယ်။ သစ္စာ ဘယ်မှာရှိသတုံးလို့ မေးဖို့ လိုတော့ ဒကာ၊ ဒကာမတွေ မှတ်လိုက် ကြဖို့ ဒကာ၊ ဒကာမတွေ၏ ခန္ဓာသည် သစ္စာပဲလို့ မှတ်ပါ။ ဒကာ၊ ဒကာမတွေ၏ ခန္ဓာသည် (သစ္စာပါ ဘုရား)၊ သစ္စာပဲလို့ ဆုံးဖြတ်ချက်ချပါ။

ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်ကြီးဟာ ဘာပါလိမ့် (သစ္စာပါ ဘုရား)၊ သစ္စာပဲဆိုတော့ ဪ ဒီခန္ဓာရှိနေလို့ရှိရင်ဖြင့် တို့ ဟာ ဆရာဘုန်းကြီးကလည်း လမ်းညွှန်ပြရင် သိရမှာပဲဆိုပြီး သကာလ သစ္စာသိရင် နိဗ္ဗာန် ရတော့မယ်၊ သစ္စာသိရင် (နိဗ္ဗာန် ရတော့မယ်)၊ နိဗ္ဗာန်ရတော့မယ်ဆိုတော့ ယုံမှားခြင်း သံသယမရှိပါ နဲ့ဆိုတာ လေးစားစွာနဲ့ သတိပေးလိုက်ပါတယ်။

သစ္စာမသိသေးရင် ဘာဒါနပြုပြု၊ ဘာသီလဆောက်တည် ဆောက်တည်၊ ဘာပဲ ခင်ဗျားတို့ သမထတွေ လုပ်လုပ်၊ သစ္စာ မသိသေးသရွေ့ ကာလပတ်လုံး ငါတို့အလုပ်သည် နိဗ္ဗာန်မရောက် သေးဘူးဆိုတာ ဆုံးဖြတ်ချက် ချပါ၊ သစ္စာမသိသေးရင် ဘာပါလိမ့် (နိဗ္ဗာန်မရောက်သေးပါ)၊ နိဗ္ဗာန် မရောက်သေးဘူးလို့ ဒကာ၊ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကို သစ္စာသိဖို့ ပြောရတော့မယ်ဆိုတာကို သေသေချာချာ နားထောင်ကြပါနော် (မှန်ပါ)။

သစ္စာသိဖို့ဆိုတာ

သစ္စာသိဖို့ဆိုတာ ဒကာ၊ ဒကာမတို့ ခန္ဓာရှိရင် သိရမယ်၊ သစ္စာဘုန်းကြီးက မန္တလေးက သယ်လာတယ် မအောက်မေ့ပါနဲ့။ ကိုယ့်ခန္ဓာအရှိကို သိရမယ်လို့ မှတ်ကြစမ်းပါ၊ သစ္စာ၊ ဘယ်မှာရှိပါ လိမ့် (ကိုယ့်ခန္ဓာမှာရှိပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာမှာရှိ၊ အဲဒီ ကိုယ့် ခန္ဓာရှိတာကို ကိုယ်သိလို့ ရှိရင်ဖြင့် တဲ့၊ သစ္စာသိတာပါပဲ။

ကောင်းပြီ၊ ဒါဖြင့် အပေါင်းကြီး သိရမှာလား၊ အစိတ် အစိတ် သိရမှာလားဆိုတဲ့ မေးခွန်းထုတ်ဖို့ လိုလာတယ်၊ လိုလာ တယ်၊ လိုလာတဲ့ အခါကျတော့ ခန္ဓာငါးပါးလို့ ပြောထားကတည်းက ဒကာ၊ ဒကာမတွေက မှတ်လိုက်တာပေါ့၊ ဪ ငါးပုံရှိတာကိုး၊ ခန္ဓာငါးပါး ဆိုတော့ ဘယ်နှပုံပါလိမ့် (ငါးပုံပါ ဘုရား)၊ ငါးပုံရှိတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဘယ်အပုံကြည့်ကြည့် ဒုက္ခသစ္စာချည်းမှတ်လိုက်၊ ဘယ်အပုံ ကြည့်ကြည့် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ရူပက္ခန္ဓာ တစ်ပုံ ပုံကြည့်လိုက် ပြန်တော့လည်း ဒုက္ခသစ္စာ (မှန်ပါ့)။

ဝေဒနာက္ခန္ဓာဆိုတဲ့ ခံစားမှုကလေးကို တစ်ပုံ ပုံကြည့်လိုက် ပြန်တော့လည်း (ဒုက္ခသစ္စာပါ)။

သညာက္ခန္ဓာဆိုတဲ့ မှတ်သားမှုကလေးကို တစ်ပုံ ပုံကြည့် လိုက်ပြန်တော့လဲ (ဒုက္ခသစ္စာပါ)။

သင်္ခါရက္ခန္ဓာဆိုတဲ့ ဒကာ၊ ဒကာမတွေ လှူချင်၊ တန်းချင်၊ ပေးချင်၊ ကမ်းချင်သည့် စေ့ဆော်မှု စေတနာကလေးကို တစ်ပုံ ပုံကြည့်လိုက်ပြန်တော့လည်း (ဒုက္ခသစ္စာပါ)။

ဒကာ၊ ဒကာမတွေ သန္တာန်မှာ မရပ်မနားပေါ်နေသည့် ဝိညာဏက္ခန္ဓာဆိုတဲ့ သိမှုစိတ်ကလေးကို တစ်ပုံ ပုံကြည့်ပြန်တော့လည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒီငါးပါးတွင် တစ်ပါးပါးကြည့်ရင် ပြီးတာပဲ ဆိုတာ တရားအစမှာ ဆုံးဖြတ်ချက်ချပါ၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာ

ဒါဖြင့် သစ္စာဆိုတာ ဘယ်မှာရှိသလဲ (ခန္ဓာမှာရှိပါတယ် ဘုရား)၊ ခန္ဓာတစ်ပါးဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)၊ နောက် တစ်ပါးကကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ခန္ဓာငါးပါး စလုံးဟာ ဒုက္ခသစ္စာချည်းပဲ ဖြစ်တယ် (မှန်ပါ့)။

ဪ ဒုက္ခသစ္စာလို့ဆိုတော့ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဒုက္ခက ဘာပါလိမ့် (ဆင်းရဲတာပါ)၊ သစ္စာက (မှန်တာပါ)။

ဪ ဒါဖြင့် ခင်ဗျားတို့ တစ်ကိုယ်လုံးထဲမှာ ဆင်းရဲ တာ အမှန်သာရှိ၍ ချမ်းသာတာ အမှန် မပါသေးပါဘူး (မှန်ပါ့ ဘုရား)၊ ဆင်းရဲတာ အမှန်သာရှိ၍ ချမ်းသာတာ အမှန်ကော (မပါသေးပါ ဘုရား)၊ မပါသေးတော့ ဘုန်းကြီးက ဒီ ဒကာ၊ ဒကာမ တွေကို အကြောင်းတိုက်ဆိုင်လို့ တရားဟောတော့ ဆင်းရဲတာ အမှန်ပေးမှ ဝဋ်ကျွတ်တော့မယ်။

ဆင်းရဲတာ အမှန်ပေးမှသာလျှင် (ဝဋ်ကျွတ်ပါမယ်)၊ ဒါ ဖြင့်တဲ့ ဒကာ၊ ဒကာမတို့ ဆင်းရဲတာ သိတာကို အမှန်ပေးမှ ဝဋ် ကျွတ်မယ် ဆိုတော့ ဆင်းရဲတာမှ မသိသေးတဲ့ ပုဂ္ဂိုလ်ကို ရှေ့ပိုင်းက ဆင်းရဲတာ သိအောင် ဟောရမယ် (မှန်လှပါ)။

ဒီတော့မှ ဒကာ၊ ဒကာမတွေက ဆင်းရဲကျွတ်ချင်တဲ့ဉာဏ် လာလိမ့်မယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါ ပါတယ်)၊

ကောင်းပြီ အားလုံး ဒကာ၊ ဒကာမတွေ ဖြေသာပေး၊ အဖြေပေး ပြီးသကာလ မှန်တာကိုပဲ ဟောမယ် (မှန်ပါ့)။

ဆီးဖြူရွက်ဥပမာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာမသိဘဲနဲ့ နိဗ္ဗာန် ရောက်တယ်ဆိုလို့ ရှိရင်ကွာ တဲ့၊ ဒကာ၊ ဒကာမတွေ ဆီးဖြူရွက်နဲ့ ရေထုပ်လာတော့ မင်းမောနေတယ်ကွာ၊ ငါဆီးဖြူရွက်ဆိုတဲ့ သေးသေးကလေး အရွက်ကလေးတွေပေါ့ဗျာ၊ မင်းမောလို့ ဆီးဖြူ ရွက်တစ်ရွက်နဲ့ ရေထုပ်လာခဲ့တယ် ဆိုရင်ဖြင့် ယုံစရာရှိရဲ့ လား (မရှိပါ ဘုရား)၊ ရေမှ ထုပ်လို့ မရဘဲကိုး (မှန်ပါ့)၊ ရေမှလုပ်လို့ မရတော့ ဒကာ၊ ဒကာမတွေ ဝနိုင်ပါ့မလား (မဝနိုင်ပါ ဘုရား)၊ သောက်လို့ကော ဖြစ်ရဲ့လား (မဖြစ်ပါ ဘုရား)။

အဲ ဆီးဖြူရွက်နဲ့ ရေထုပ်လာတယ် မင်းမောလို့၊ မင်း သောက်ပေတော့လို့ ပြောလို့ ရှိရင် မယုံရသလို၊ သစ္စာမသိဘဲနဲ့ ငါနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုရင် ဘယ်တော့မှ မယုံနဲ့ (မှန်ပါ့)၊ အကိုး အကား သစ္စာသံယုတ်ပါပဲ (မှန်ပါ့)၊ သဘောကျကြရဲ့ လား (ကျပါတယ် ဘုရား)။

သစ္စာမသိဘဲနဲ့ ငါနိဗ္ဗာန်ကို ရောက်ခဲ့တယ်ဆိုရင် ဆီးဖြူ ရွက်နဲ့ ရေထုပ်လာတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ လိမ်လည်မှု တစ်ခုလို့ မှတ်ပါ (မှန်ပါ့)။

သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်တယ်လို့ ဟောတဲ့ပုဂ္ဂိုလ်က ဟောလို့ ရှိရင် လိမ်လည်မှုလို့မှတ်ပါ (မှန်ပါ့ ဘုရား)၊ ဘယ်လို မှတ်ကြမလဲ (လိမ်လည်မှုလို့ မှတ်ပါ့မယ်)။

သစ္စာမသိဘဲနဲ့ ကျုပ် နိဗ္ဗာန်ရောက်အောင် ဟောပါ့မယ်လို့ ဟောလို့ရှိရင် ဟောတဲ့ ဘုန်းကြီးဟာလည်း လိမ်လည်မှု၊ ဟောတဲ့ ဒကာဖြစ်ခဲ့ရင်လည်း (လိမ်လည်မှုပါပဲ ဘုရား)။

လိမ်လည်မှုပဲ၊ ဆီးဖြူရွက်နဲ့ ရေထုပ်လာခဲ့တယ်၊ မင်း အတွက်ဆိုလို့ရှိရင် ဒကာ၊ ဒကာမတို့ လိမ်တာ သက်သက်ပဲ ဆိုတာ ခင်ဗျားတို့ ယုံကြမှာပါပဲ (မှန်ပါ့)။

ဒီမှာလည်း သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုရင်ဖြင့် နိဗ္ဗာန်ရောက်တဲ့ တရားလို့ ဟောကြ၊ ပြောကြလို့ရှိရင်ဖြင့် ဒီတရား ဟာ ဝေးသောအကြောင်းသာ ဟုတ်၍ နီးသော အကြောင်း မဟုတ်ဘူး လို့ မှတ်လိုက်ပါ၊ သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

ဘာတဲ့တုံး (ဝေးသောအကြောင်းသာဖြစ်တယ်၊ နီးသော အကြောင်းမဖြစ်ဘူး)၊ ဝေးသော အကြောင်းတော့ ဟုတ်ပါရဲ့ တဲ့၊ နီးသောအကြောင်းကျတော့ (မဟုတ်ပါ)၊ မဟုတ်ဘူးဆိုတာ သေချာကြပလား (သေချာပါတယ်)။

သစ္စာသိဖို့ အရေးကြီးတယ်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သစ္စာသိဖို့ အရေးဟာဖြင့် နိဗ္ဗာန်ရောက်ချင်တယ်၊ ဒုက္ခခပ်သိမ်း ငြိမ်းချင်မယ်၊ အပူသိမ်းချင်တယ် ဆိုရင် သစ္စာသိအောင် လုပ်ဖို့ ကို ဘုန်းကြီးများ ဟောရမယ်၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။

ဒကာ၊ ဒကာမတွေ ဘာဟောရမယ် (သစ္စာသိဖို့ ဟော ရမယ်)၊ နောက်က ဒကာ၊ ဒကာမတွေ ဘုန်းကြီး ဘာဟောရမှာပါလိမ့် (သစ္စာပါ ဘုရား)၊ သစ္စာသိအောင် ဟောရလိမ့်မယ်ဆိုတာ ယုံကြည်ကြပလား (ယုံကြည်ပါတယ်)။

သစ္စာမသိသေးဘဲနဲ့ ဒကာ၊ ဒကာမတွေ ဒါန အကြောင်း အကျိုးကိုသိတယ်၊ သီလ အကြောင်းအကျိုးကို သိတယ်၊ သမထ အကြောင်းအကျိုးကိုသိတယ်၊ ဝိပဿနာ အကြောင်းအကျိုးကို သိရုံမျှနဲ့ သစ္စာမဆိုက်သေး၊ ဘယ်တော့မှ နိဗ္ဗာန်မရသေးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒါဖြင့် အင်မတန် အရေးကြီးပေါ့ဆိုတာ သိပြီလား (သိပါပြီ ဘုရား)၊ ကြာဖက်နဲ့ ဟိုရေကန်ထဲမှာ ရှိကြတဲ့ ပဒုမ္မာကြာဖက် တွေနဲ့ ရေထုပ်လာခဲ့တယ်၊ မင်းမောလို့ သောက်ဖို့လို့ တစ်ယောက် သော ပုဂ္ဂိုလ်က မောတဲ့ပုဂ္ဂိုလ်အား ပေးခဲ့သော် ယုံပါ၊ ကြာဖက်နဲ့ တော့ ရေထုပ်လို့ ရတယ် (မှန်ပါ့ ရပါတယ်)။

ထို့အတူပဲတဲ့ သစ္စာသိပြီး ကျုပ် ဒုက္ခဝဋ်ကျွတ်တဲ့ နိဗ္ဗာန် ရောက်ခဲ့တယ်ဆိုရင် ယုံသာ ယုံလိုက်ပါ၊ သဘောကျပလား (ကျ ပါပြီ ဘုရား)။

ဒါဖြင့် သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုရင်ဖြင့် ခင်ဗျား တို့ ယုံကြမလား (မယုံပါ ဘုရား)။

ဘာယုံစရာရှိတော့သတုံး၊ ခင်ဗျားတို့ ရထားတဲ့ ဓမ္မစကြာ မှာ စက္ခုံဥဒပါဒိ၊ စက္ခုံ- ဉာဏ်မျက်စိသည်၊ ဥဒပါဒိ- ဒုက္ခကို မြင်ခြင်းဖြစ်ပေါ်လာ၏ ဆိုကတည်းက ဒီကျမှ မျက်စိနှစ်ကွင်း အလင်းရတဲ့ဥစ္စာ၊ နဂိုက အကန်းပဲ၊ ဘယ်ကလာ နိဗ္ဗာန်ရမှာတုံး၊ သဘော ပါကြပလား (ပါ ပါတယ် ဘုရား)။

ကိစ္စဉာဏ်

“စက္ခုံ ဥဒပါဒိ” ဆိုတာ သစ္စာကိုဟောတာ (မှန်ပါ့)၊ သူ မပါဘဲနဲ့ နိဗ္ဗာန်ရတယ်လို့ ပါကြရဲ့လား (မပါ ပါ ဘုရား)၊ မပါတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ မနေ့က သစ္စဉာဏ် ဟောခဲ့ ပါတယ်၊ ဒီနေ့ ဟောမှာက ကိစ္စဉာဏ် ဟောရပါလိမ့်မယ်၊ ဒီနေ့ ဘယ်ဉာဏ်ဟောရမယ် (ကိစ္စဉာဏ်ဟောရမှာပါ)။

ကိစ္စဉာဏ် ဟောရမယ် ဆိုတော့ ဒကာ၊ ဒကာမတွေ သစ္စ ဉာဏ် မနေ့က နာပြီးကြပါပြီ။ မနာရသေးတဲ့ ပုဂ္ဂိုလ်များအတွက် တော့ နည်းနည်းထည့်ပေးဦးမပေါ့ဗျာ၊ အရေးတကြီး ဟောရမှာကတော့ သစ္စာ၏ ကိစ္စကို သိတဲ့ဉာဏ်ကို အရေးတကြီး ဟောလိမ့် မယ်လို့ မှတ်ပါ (မှန်ပါ့)။

ဒီတရား ဘယ်က လာသတုံးမေးတဲ့အခါကျတော့မှ ဓမ္မ စကြာက လာတယ်လို့ မှတ်ပါ၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)၊ ဘယ်ကလာတုံး (ဓမ္မစကြာကလာပါတယ်)၊ အဲဒီတော့ ဓမ္မစကြာဟာ ရွတ်ဖို့ လား။

ဒကာ၊ ဒကာမတွေ မြင်အောင်ကြည့်ဖို့လား ဆိုတဲ့ ဥစ္စာကို စက္ခုံ ဥဒပါဒိက ထောက်ခံချက် ပေးလိမ့်မယ် (မှန်ပါ့)၊ စက္ခုံ- ဉာဏ် မျက်စိသည်၊ ဥဒပါဒိ- ဖြစ်ပေါ်လာအောင်လုပ်ကွ ဆိုတော့ ရွတ်ဖို့၊ ဖတ်ဖို့လား ဒကာ၊ ဒကာမတို့၊ ကိုယ့်ခန္ဓာ သစ္စာကိုမြင်အောင်ကြည့် ပါလို့ ပြောတာလား (မြင်အောင်ကြည့်ပါလို့ ပြောတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က အန္တရာယ်ကင်း သုံးနေတယ်၊ ဓမ္မ စကြာရွတ်ဟေ့၊ အန္တရာယ်ကင်းသဟ ဆိုတော့ ခင်ဗျားတို့သည် မနေ့ က ပြောသည့်အတိုင်း တဲ့၊ အားလုံး ဒကာ၊ ဒကာမတွေ လိမ်း ဆေးလုပ်နေပြန်ပြီ၊ ဘာလုပ်နေကြတုံး (လိမ်းဆေးလုပ်နေပါတယ် ဘုရား)။

ဆေးက သောက်ဆေးပါလား ဒကာ၊ ဒကာမတို့ (မှန် ပါ့)၊ ဆေးက ဘာဆေးပါလိမ့် (သောက်ဆေးပါ)၊ ခင်ဗျားတို့က လမ်းလျှောက်ရွတ်၊ ဘုရားရှေ့သွားရွတ်၊ ရွတ်တော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သစ္စာမြင်ပါရဲ့ လား (မမြင်ပါ ဘုရား)။

မမြင်တော့ ကုသိုလ်ရရုံပဲဖြစ်နိုင်တယ်၊ နိဗ္ဗာန်မရဘူး (မှန်ပါ့)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။

ကုသိုလ်တော့ (ရပါတယ် ဘုရား)။ နိဗ္ဗာန်တော့ (မရပါ ဘုရား)။

ဒကာ၊ ဒကာမတွေ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)၊ နောက်က ဒကာ၊ ဒကာမတွေ မကျေနပ်တာရှိရင်လည်း မေးနိုင်ပါတယ်နော် (မှန်ပါ့)။

သို့သော် မေးချိန်က မရဘူး၊ လူတွေက များတဲ့အတွက် အားလုံး ဒကာ၊ ဒကာမတွေကို မေတ္တာရှေ့ထားပြီး ပြောတာတွေ ကိုသာ ဂရုစိုက်မှတ်ပြီး “အမှန်ပြောနေသယ်” ဆိုတာဟာ ဆုံးဖြတ် ချက်ချပြီး နာပေတော့ (မှန်ပါ့)။

ကိုင်း ဒကာ၊ ဒကာမတို့ မနေ့က မသိရတဲ့ ပုဂ္ဂိုလ်များ အတွက် ခင်ဗျားတို့၏ ဒါ အတိတ်ဘဝလို့ ခေါ်ပါတယ်၊ ဒကာ၊ ဒကာမတို့ အတိတ်ဘဝဆိုတာ ခင်ဗျားတို့ ဒီဘဝမဖြစ်ခင်ဘဝက အတိတ်ဘဝ (မှန်ပါ့)။

ဒီဘဝ မဖြစ်ခင် ဖြစ်ခဲ့တဲ့အကြောင်းတွေ ဘာခေါ်ကြမလဲ (အတိတ်ဘဝလို့) အတိတ်ဘဝ ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

သစ္စာမသိသော အဝိဇ္ဇာ

ဒီမှာကြည့်ပါ၊ အတိတ်အကြောင်းလို့ ဆိုသောကြောင့် ဒါအတိတ်ဘဝ၊ ရှေ့ဘဝက ဒကာ၊ ဒကာမတွေ “စက္ခုံ ဥဒပါဒီ” ဖြစ်ခဲ့ပါရဲ့လားလို့ မေးတဲ့အခါကျတော့ကို “ဒုက္ခေ အညာဏံ”တဲ့။ ဒုက္ခမသိတဲ့ အဝိဇ္ဇာသာဖြစ်ခဲ့သကွ တဲ့၊ မျက်လုံးကန်းခဲ့သကွတဲ့၊ မျက်လုံး မပွင့်ခဲ့ဘူးတဲ့၊ အဝိဇ္ဇာဆိုတာ သစ္စာမသိတာ အဝိဇ္ဇာ (မှန်ပါ့)၊ အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (သစ္စာမသိတာ အဝိဇ္ဇာပါ ဘုရား)။

ဒါဟာ ခင်ဗျားတို့ ယခုဘဝလား၊ အရင်ဘဝတွေကလား (အရင်ဘဝတွေကပါ ဘုရား)၊ ဒါဖြင့် အရင်ဘဝက “စက္ခုံ ဥဒပါဒိ’’ ဖြစ်ခဲ့ရဲ့လား (မဖြစ်ခဲ့ပါ ဘုရား)၊ မဖြစ်ခဲ့တော့ ရှေးဘဝက ဒါယကာ၊ ဒါယိကာမတွေ အကန်းတွေလား တဲ့၊ မျက်စိနှစ်ကွင်း အလင်း ရတာတွေလားမေးရင် ဘယ့်နှယ် ဖြေမယ် (အကန်းတွေပါ ဘုရား)၊

ဪ ကန်းမှန်းသိရင် ဆေးရှာလိမ့်မယ်၊ ကန်းမှန်းသိရင် ဆေး ရှာလိမ့်မယ်။

ဒကာ၊ ဒကာမတို့ ကန်းမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ ဆေးရှာ ပါ့မလား (မရှာပါဘူး ဘုရား)၊ အဲဒါကြောင့် ကိုယ့်အကန်းကိုယ် သိလို့ရှိရင်ဖြင့် ဆရာသမားဆီ ဆေးရှာပြီး ဒီဆေးကို အမြဲစားသုံး လို့ရှိရင် ကိစ္စပြီးပါလိမ့်မယ် (မှန်ပါ့)၊ မြန်အောင်ဦးတင် ကိစ္စပြီးမယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ရှေးဘဝက ခင်ဗျားတို့ အကန်းလား မျက်စိနှစ်ကွင်း အလင်းရသလား (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါကြောင့် သူက“ဒုက္ခေ အညာဏံ” ဒုက္ခေ= ဒုက္ခသစ္စာ၌၊ အညာဏံ= မသိခြင်းသည်၊ အဝိဇ္ဇာ= အဝိဇ္ဇာပဲ။

ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒုက္ခသစ္စာမသိတာ (အဝိဇ္ဇာပါ ဘုရား)။

ကောင်းပြီ ဒီအဝိဇ္ဇာဟာ ဒုက္ခသစ္စာမသိလို့ သူ့ကို အဝိဇ္ဇာ ခေါ်တယ်နော် သမုဒယသစ္စာကော သူသိပါရဲ့ (မသိပါ ဘုရား)။

ဒါကြောင့် သမုဒယသစ္စာလည်း မသိဘူးဆိုသောကြောင့် သူ့ကို ဘာခေါ်ကြမလဲ (အဝိဇ္ဇာပါ)၊ အဝိဇ္ဇာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

မဂ္ဂသစ္စာ ပွားများရလိမ့်မယ်လို့ကော သိရဲ့လား (မသိ ပါ ဘုရား)၊ မသိသောကြောင့် သူ့ကို ဘာခေါ်မလဲ (အဝိဇ္ဇာပါပဲ ဘုရား)။

နိရောဓသစ္စာကိုမြင်အောင် ကြည့်နိုင်တဲ့စွမ်းရည်သတ္တိ ရှိ ပါရဲ့လား (မရှိပါ ဘုရား)၊ မရှိသောကြောင့် သူ့ကို ဘာခေါ်မလဲ (အဝိဇ္ဇာပါပဲ ဘုရား)။

ဒါဖြင့် ရှေးဘဝက အကန်းကလေးမွေးလာတာ ဒကာ၊ ဒကာမတွေ ရှေးဘဝက မျက်စိနှစ်ကွင်း အလင်းရသလား အကန်းပဲလား (အကန်းပါ ဘုရား)၊ အကန်းပဲဆိုတာ သေချာကြ ပလား (သေချာပါတယ်)။

မျက်စိနှစ်ကွင်းအလင်းရအောင်မယူရင်

ဒီတစ်ခါ ဘုန်းကြီးနဲ့ တွေ့ လို့မှ မျက်စိနှစ်ကွင်း အလင်းရ အောင် မယူဘူးဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သေလို့ရှိရင် “အကန်း မသာကြွတော်မူပါ”လို့သာ ဖိတ်ပါတော့ (မှန်ပါ့)။

ဘယ်လောက်ဆိုးသွားမယ်ဆိုတာ မပေါ်ဘူးလား (ပေါ် ပါတယ် ဘုရား)။

ဘာမသာဖြစ်ကြမယ်ထင်သတုံး (အကန်းမသာဖြစ်မယ်)။ မွေးတုန်းကကော (အကန်းပါ ဘုရား)။ သေတော့ကော (အကန်းပါ ဘုရား)။

ဘာကြောင့်တုံး (သစ္စာသိမသွားလို့ပါ ဘုရား)။

ဒါကြောင့် မသာဖိတ်စာကို ကိုထွန်းအောင်ကြီး ဘယ်လို တပ်မယ် စိတ်ကူးသလဲ (အကန်းမသာ) အကန်းမသာ၊ ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒီတစ်ခါမှ ခင်ဗျားတို့ ကြုံကြုံကြိုက်ကြိုက်ရှိတုန်းကို မကြိုး စားတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုး လှလှကြီးနည်းပေါ့။ သဘောကျပလား (ကျပါပြီ)။

ဒီတစ်ခါ ကြုံကြိုက်တုန်းကို ခင်ဗျားတို့ ကျကျနန နား လည်းမလည်ဘူး၊ ဘုန်းကြီးပြောတဲ့ အတိုင်း အလုပ်စခန်းလည်း ပေး မှာကိုး၊ ဒီအလုပ်လည်း မလုပ်ဘူးဆိုရင်ဖြင့် အကန်းကလေးမွေးပြီး အကန်းကလေးသေပဟ၊ ဒီလိုဆုံးဖြတ်ချက်ချရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဝိဇ္ဇာဆိုတာ

ဘာကြောင့်တုံးဆိုတော့ အဝိဇ္ဇာဆိုတာသည်တဲ့၊ သိ ကောင်းတာမသိ၊ မသိကောင်းတာ သိတာ အဝိဇ္ဇာ၊ သဘောကျ ကြပလား (ကျပါပြီ)။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့် (သိကောင်းတာ မသိ၊ မသိ ကောင်းတာ သိတာပါ ဘုရား)။

သိကောင်းတာက သစ္စာလေးပါး (မှန်ပါ့)၊ ဒါကျတော့ သူမသိဘူးတဲ့၊ မသိကောင်းတဲ့ လူ့ပြည်၊ နတ်ပြည် ရောက်ကြောင်း တွေကျတော့ သူပါမှ လုပ်ဖြစ်တယ်။

လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်းဆိုတော့ လူဖြစ်တော့ ဒုက္ခသစ္စာမလာဘူးလား (လာပါတယ် ဘုရား)။

အဲ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်းတော့ လုပ်တဲ့၊ သူက တွန်းပေးတယ်၊ အပါယ် ရောက်ကြောင်း ကျတော့ကော (တွန်းပေးပါတယ်)။

ဒါဖြင့် သိကောင်းတာကို သူသိရဲ့လား (မသိပါ ဘုရား)၊ မသိကောင်းတာကျတော့ (သိပါတယ် ဘုရား)။

ဒါဖြင့် သိကောင်းတာ မသိ၊ မသိကောင်းတာ သိသော ကြောင့် သူ့ကိုဘာခေါ်ကြမလဲ (အဝိဇ္ဇာပါ ဘုရား)၊ အဲဒီတော့ ဒကာ၊ ဒကာမတွေ မှတ်ရမှာက အဝိဇ္ဇာဆိုတာ လုံးဝမသိတာကို ဆိုတာ လား၊ သိကောင်းတာကို မသိတာ၊ မသိကောင်းတာ သိတာဆိုတာ လား ဆိုတာကကော ယနေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သိကောင်းတာကျတော့ (မသိပါ ဘုရား)။ မသိကောင်းတာကျတော့ (သိပါတယ် ဘုရား)။

အို ကြောက်စရာကြီးပါလား၊ ချောက်တွန်းပေးမည့်နေရာ ကျတော့ ဗိုလ်စွဲတယ်၊ ချောက်လွတ်ဖို့ နေရာကျတဲ့ အခါကျတော့ သူမသိအောင် ပိတ်ပင်ထားတယ်၊ ဘယ်လောက်ဆိုးဝါးတဲ့ တရား လည်းဆိုတာ ဒကာ၊ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကျေးဇူးရှင်ဆိုတာ

အဲဒီအဝိဇ္ဇာကို ဘုန်းကြီးက ဝိဇ္ဇာဖြစ်အောင် လုပ်မပေးနိုင် လို့ ရှိရင်ဖြင့် တဲ့၊ ဘုန်းကြီးလည်း မကိုးကွယ်ကြနဲ့ အင်မတန်မှ ဆိုးဝါးသွားမယ်၊ အကန်းကို ကုမပေးခဲ့ဘဲကိုး၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)၊ အကန်းကုမပေးခဲ့လို့ ရှိရင်ဖြင့် ကျေးဇူးရှင်လို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့၊ ဒီ ဒကာ၊ ဒကာမတွေကို သေသေချာချာ ကုသမည့် ဆရာပဲ ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ကုတော့မှပဲ ဒကာ၊ ဒကာမတို့ ကုသပေးမည့် ဆရာတွေ့ပြီ မဟုတ်လား (တွေ့ပါပြီ ဘုရား)။

အဝိဇ္ဇာဆိုတာ သိကောင်းတာကျတော့ (မသိပါ ဘုရား)။ သိကောင်းတာ ဘာပါလိမ့် (သစ္စာလေးပါးပါ ဘုရား)။

သစ္စာလေးပါး၊ အဲဒါကျတော့ ဘာတဲ့ (မသိပါ ဘုရား)။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်ကြောင်းကျတော့ (သိပါတယ် ဘုရား)၊ ဟာ ဒုက္ခသစ္စာ ရမှာကတော့ သူက သိ တယ်ကိုး၊ ဒုက္ခလွတ်မည့် နေရာကျတော့ (မသိပါ ဘုရား)။

အဝိဇ္ဇာ၏စွမ်းရည်သတ္တိ

ဒါမနေ့က မဟောဖူးဘူး၊ သေသေချာချာမှတ်၊ ဒါ တိုး ပေးတာ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိ တိုးပေးလိုက်တာ (မှန်ပါ့ ဘုရား)၊ သိကောင်းတာ မသိ၊ မသိကောင်းတာ သိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ရှင်းကြပလား (တင်ပါ့။ ရှင်းပါပြီ ဘုရား)။

သစ္စာလေးပါး ကျတော့ သူကဘာတဲ့ (မသိပါ ဘုရား)၊ လူ့ ပြည်၊ နတ်ပြည်၊ အပါယ် ရောက်ကြောင်းတွေ ကျတော့ (သိပါ တယ် ဘုရား)။

ဒါကြောင့် မကောင်းတဲ့နေရာမှာ ဗိုလ်စွဲတယ်၊ ကောင်းတဲ့ နေရာမှာ လမ်းပိတ်တာသူပဲ (မှန်ပါ့)၊ မကောင်းတဲ့နေရာ ဗိုလ်စွဲ ပြီး ခေါင်းဆောင်တာက ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ကောင်းတဲ့နေရာ လမ်းဟူသရွေ့ ပိတ်ထားတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

နှစ်ဖက်သွားရှိတဲ့ လွှ

ဒါဖြင့် အဝိဇ္ဇာဟာ နှစ်ဖက်သွားရှိတဲ့ လွှနဲ့တူတယ်၊ ရိပ်မိ ကြပလား (ရိပ်မိပါပြီ)၊ နှစ်ဖက်သွား ရှိတဲ့လွှနဲ့ တူတယ်ဆိုတော့ ဒကာ၊ ဒကာမတွေ ဪ သိကောင်းတာတော့ အသိမပေးဘူး၊ မသိကောင်းတာ ကျတော့ အသိပေးတယ်၊ သူ့နာမည် ဘယ့်နှယ်ခေါ်ကြမလဲ (အဝိဇ္ဇာပါ ဘုရား)။

အဲဒီတော့ ဒကာ၊ ဒကာမတွေ မှတ်ထားတာက အဝိဇ္ဇာ ဆိုတာ ဘာမှ မသိတာဘုရား ဒီလိုယူကြတယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ဒီလိုမယူကြဘူးလား (ယူပါတယ် ဘုရား)၊ အဝိဇ္ဇာဆိုတာ ဘာမှမသိတာ၊ မဟုတ်ပါဘူး၊ သိကောင်း တာသာ သူမသိတာ၊ မသိကောင်းတာကျတော့ ခေါင်းဆောင်ပါ။ ပေါ်ကြပလား (မှန်ပါ့၊ ပေါ်ပါပြီ)၊ သိကောင်းတာကျတော့ (မသိပါ ဘုရား)၊ မသိကောင်းတာကျတော့ (သိပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ အင်မတန် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ဒါဖြင့် ရှေးဘဝက ဒကာ၊ ဒကာမတွေ သိကောင်းတာ သိခဲ့သလား၊ မသိကောင်းတာ သိခဲ့သလား (မသိကောင်းတာ သိခဲ့ပါတယ် ဘုရား)၊ မသိကောင်းတာသိခဲ့လို့ ဒီသင်္ခါရ ခင်ဗျားတို့ လုပ်တာ (မှန်ပါ့)။

နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေလည်းလုပ်တယ်။

ဗြဟ္မာပြည်ရောက်ကြောင်း သမထတွေကော (လုပ်ပါ တယ် ဘုရား)။

ကောင်းပြီနော်၊ ပြီးတော့ လူ့ပြည်မှာ စားဖို့သောက်ဖို့ သားဖို့မယားဖို့ဆိုတဲ့ အကုသိုလ် တွေကော (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် မသိကောင်းတာကျတော့ကို ဒကာ၊ ဒကာမတို့ သိအောင်လုပ်တယ်၊ မင်းလုပ်မှစားရမှာ သဘောကျပလား (ကျ ပါတယ်)၊ အဲဒီတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ဆိုတာ မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာ) ပေါ်ကြ ပြီနော် (မှန်ပါ့ ဘုရား)။

စာဆိုလား၊ ခင်ဗျားတို့ ခန္ဓာထဲဖြစ်တဲ့ တရားနှစ်ခု၊ တစ်ခု တစ်ခု ကျေးဇူးပြုနေတာလား ဆိုတာ အကဲခတ်စမ်း၊ ခန္ဓာထဲမှာ တစ်ခုနဲ့တစ်ခု ကျေးဇူးပြုနေတယ်၊ ဒကာ ဒကာမတို့။

အဝိဇ္ဇာက ဘာကို ကျေးဇူးပြုသတုံး

အဝိဇ္ဇာက ဘာကို ကျေးဇူးပြုသတုံး (သင်္ခါရကိုပါ)၊ သင်္ခါရ ကျေးဇူးပြုတယ်နော်၊ ကောင်းပြီ ဒါဖြင့် ဒီသင်္ခါရဟာ သိကောင်းတဲ့ ပုဂ္ဂိုလ်လုပ်တဲ့ အလုပ်လား၊ မသိကောင်းတဲ့ပုဂ္ဂိုလ်က လုပ်တာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မသိကောင်းတဲ့ ပုဂ္ဂိုလ် လုပ်တာပါ ဘုရား)။

နားကြီးကြီးနဲ့ နားထောင်ပါ

ဝိဝဋ္ဋကို ခင်ဗျားတို့မလုပ်ဘူး (မှန်ပါ့)၊ ဝဋ္ဋဆိုတဲ့ ဒီဘက် ကူးမှာတွေ သွားလုပ်တယ်၊ သဘောပါကြပလား (ပါပါတယ်) နားကြီးကြီးနဲ့ ထောင်ပါဆိုတာလည်း သတိပေးလိုက်ပါတယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ဘာနဲ့နားထောင်ရမယ် (နားကြီး ကြီးနဲ့ထောင်ရမှာပါ)၊ နားကြီးကြီးနဲ့ ထောင်ပါ၊ နားသေးသေးနဲ့ ဆိုရင်ဖြင့် တွေ့ခဲကြုံခဲဖြစ်နေတော့ တရားဆန်း ဖြစ်နေလိမ့်မယ်။

တရားကတော့ အမှန်ဆုံးလို့ ဆုံးဖြတ်ချက်ချပါ၊ သစ္စာထက် မှန်တာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီး က ဟောတာလား တဲ့၊ ဘုရားဖြစ်စမှာ စကိုင်တဲ့တရားလား (ဘုရားဖြစ်စမှာ ကိုင်တဲ့ တရားပါ ဘုရား)၊ ဒီပြင် ဆွမ်းတရား၊ ကွမ်းတရားတွေ ဒီအချိန်မှာ ပေါ်ကို မပေါ်သေးဘူး၊ ပေါ်ရဲ့ လား (မပေါ်သေးပါ ဘုရား)။

မပေါ်သေးတော့ တရားဦးလို့တော့ ခင်ဗျားတို့ သိပါရဲ့၊ သစ္စာကို ရှေးဦးစွာ သိထားရမယ် ဆိုတာ ခင်ဗျားတို့ ဖယ်ထားတဲ့ အတွက် ဒါန၊ သီလ တရားတွေ လွှမ်းမိုးပြီး သစ္စာတရားက ကွယ် ထွက်သွားတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါတယ်)၊ ဘာကွယ်သွားတာပါလိမ့် (သစ္စာတရား ကွယ်သွားပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ကောင်းပြီ ဒါဖြင့် သိကောင်းတာ မသိ၊ မသိကောင်းတာ သိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် မသိကောင်းတာသိတဲ့အတွက် လူ့ပြည်၊ နတ်ပြည် ရောက်ကြောင်း ကုသိုလ်၊ အပါယ် ရောက်ကြောင်း အကုသိုလ်တွေ ကို အလုပ်ခိုင်းတာ ဘယ်သူပါလိမ့်မတုံးဆိုတာ ရိပ်မိကြပလား (ရိပ်မိပါတယ်ဘုရား၊ အဝိဇ္ဇာ)။

အဝိဇ္ဇာကြောင့် လုပ်ဖြစ်တာ။

အဝိဇ္ဇာကြောင့် (သင်္ခါရပါ ဘုရား)၊ သင်္ခါရာ၊ မြန်မာလို ပြန်ကြစို့၊ မသိလို့ လုပ်ဖြစ်တာ (မှန်ပါ့)၊ မြန်မာလိုပြန်တော့ (မသိလို့ လုပ်ဖြစ်တာပါ)၊ မသိလို့ လုပ်ဖြစ်တာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မြန်မာလိုပြန်တော့ သူက ဘာတုံး (မသိတာ)၊ သူက ဘာတုံး (လုပ်ဖြစ်တာ)၊ ဒါဖြင့် မသိလို့ လုပ်ဖြစ်တယ်၊ သဘော ကျပလား (ကျပါပြီ)။

လမ်းကောင်းလမ်းမှန်

ဒါဖြင့် မသိလို့ လုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာဖြင့် လမ်းကောင်း၊ လမ်းမှန် ရောက်ပါ့မလားဆိုတဲ့ မေးခွန်း ထွက်လာတယ်၊ လမ်းကောင်းလမ်းမှန် ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ မ ရောက်တော့ကို ချော်လဲစရာနဲ့ သေပွဲဝင်ရမယ်၊ ချော်လဲပြီး သေပွဲ ဝင်ရမယ် (မှန်ပါ့)၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒါဟာ အတိတ်ဘဝက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကောင်း ပြီ၊ သူတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘာသစ္စာတုံးမေးတော့ ဒီနား ကပ်ကြည့်လိုက်၊ ဒီအဝိုင်း အတွင်းထဲမှာ ဒီနားကပ်ကြည့်တော့ ဘာ သစ္စာတွေ့ သတုံး (ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လုပ်လာတာ သမုဒယသစ္စာ လုပ်လာ တော့ ဒုက္ခဖြစ်ကြောင်း လုပ်လာတာ (မှန်ပါ့)၊ ပေါ်ကြပလား (မှန်ပါ့၊ ပေါ်ပါပြီ ဘုရား)။

ဘာသစ္စာလုပ်လာသတုံး (သမုဒယသစ္စာ လုပ်လာပါတယ်) သမုဒယသစ္စာဆိုတာ ဘာဖြစ်ကြောင်းပါလိမ့် (ဒုက္ခဖြစ်ကြောင်းပါ ဘုရား)။

ဪ သနားစရာကောင်းလိုက်တာ၊ ဒကာ၊ ဒကာမတို့ သနားစရာကောင်းတယ်ဆိုတော့ ဘုန်းကြီးက ဝမ်းနည်းသံနဲ့ ပြော တာလား၊ ခင်ဗျားတို့ ဖြစ်စဉ်က အရုပ်ဆိုးတာလား (ဖြစ်စဉ်က အရုပ်ဆိုးတာပါ ဘုရား)။

ဖြစ်စဉ်က အရုပ်ဆိုးတာ အခုမပေါ်သေးပါဘူး၊ တော်ကြာ ခဏနေပေါ်လာလိမ့်မယ် (မှန်ပါ့)၊ ခဏနေတော့ ပေါ်ပါလိမ့်မယ် ဆိုတာ ဒကာ၊ ဒကာမတို့ လေးစားစွာ မှတ်ပါ (မှန်ပါ့)။

ဒီဘဝမှာ ဒီနေရာ သင်္ခါရတွေလုပ်ပြီး ဒါယကာ၊ ဒါယိကာမ တွေက သေလိုက်ပါတယ်၊ သေလိုက်တော့ သေပြီးသည်၏ အခြားမဲ့ ၌ ဒီသင်္ခါရကတော့ဖြင့် ကမ္မသမင်္ဂီ ဖြစ်နေသောကြောင့် သတ္တိက မသေဘဲ ဖြစ်နေတယ်၊ အထည်ကတော့ အနိစ္စရောက်တယ်၊ သတ္တိ က မသေတော့ “သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုပြီး ပစ္စုပ္ပန်ဘဝရောက် လာတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်ဘဝရောက်လာသလဲ (ပစ္စုပ္ပန်ဘဝရောက်လာပါ တယ်)၊ ဘာသစ္စာရမလဲ (ဒုက္ခသစ္စာရပါတယ်)။

ကိုယ်ကျိုးနည်းပြီ၊ ဒကာ၊ ဒကာမတို့ ဘယ့်နှယ်ဆိုကြ မယ် (ကိုယ်ကျိုးနည်းပါပြီ)၊ ဘာသစ္စာရလို့တုံး (ဒုက္ခသစ္စာရလို့)။

ဝိညာဏ်

ကိုင်း ဒါဖြင့် ခင်ဗျားတို့၏ မသိလို့လုပ်မှုသည် ဝိညာဏ် ဆိုတဲ့ ပဋိသန္ဓေနေရပါတယ်၊ ပဋိသန္ဓေဝိညာဏ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါ ဘာဝိညာဏ်ပါလိမ့် (ပဋိသန္ဓေဝိညာဏ်ပါ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဪ ဘယ်ကာလများ ရနေပါ လိမ့်မတုံးမေးတော့ (ပစ္စုပ္ပန်ကာလပါ)ဟော ပစ္စုပ္ပန်ကာလ ရနေ ပြီဆို။

ဒါဖြင့် ဒီ ဒကာ၊ ဒကာမတွေ အခု ဘာသစ္စာရနေပြန်တုံး (ဒုက္ခသစ္စာ ရနေပါတယ်)၊ ဒုက္ခသစ္စာရတာကို ဘုန်းကြီးများက ရမှန်းသိတော့မှ ဒါတွေ အရှုခိုင်းရမှာကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ဒုက္ခသစ္စာ အထူးပြောစရာ လိုသေးသလား (မလိုပါ ဘုရား)၊ တို့ရပြီးသား တို့ ရှုရုံပဲ (မှန်ပါ့)၊ မပေါ်သေးဘူး လား (ပေါ်ပါပြီ)၊ တို့ ရပြီးသားဟာ ဘာသစ္စာမှ တို့မှာ မရှိဘူး၊ တို့ရပြီးသား တို့ ရှုလို့ ရှိရင် တို့သစ္စာ တို့မြင်တာပဲ၊ ဘုန်းကြီးက မြင်ဖို့ တစ်ခုပဲ အားပေးဖို့ လိုတယ်၊ ဒကာ၊ ဒကာမတွေ ဘာလို သတုံး (မြင်ဖို့ တစ်ခုပဲ အားပေးဖို့ လိုပါတယ်)။

နောက်က ဒကာ၊ ဒကာမတွေ ဘာလိုသတုံး (မြင်ဖို့ တစ်ခုပဲ အားပေးဖို့လိုပါတယ်)၊ ခင်ဗျားတို့ ရပြီးသား ရှိပြီလား (ရှိပါတယ်)၊ ဘာတွေများရသလဲ (ဒုက္ခသစ္စာရပါတယ်)။

သစ္စာကဘယ်မှာရှိသလဲ

ဪ ဒါဖြင့် တရားနာကြတာ ယောက်ျားတွေလား၊ မိန်းမတွေလား၊ ဒုက္ခသစ္စာတွေလား (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ဒီကျမှ နည်းနည်း ပေါ်လာတယ်နော် (တင်ပါ့ ဘုရား)။

ဒီဒုက္ခသစ္စာက မိုးပေါ်ကျလား၊ ဒကာ၊ ဒကာမတို့ ကိုယ် မသိလို့ လုပ်လို့ ဖြစ်ရတာလား (ကိုယ်မသိလို့ လုပ်လို့ ဖြစ်ရတာ ပါ ဘုရား)၊ မသိလို့ ပြုလုပ်ကြတာ၊ ပြုလုပ်လို့ ဒီမှာ ဒုက္ခသစ္စာ ရပါတယ် (မှန်ပါ့)၊ မရဘူးလား (ရပါတယ်)။

ဒါဖြင့် မသိတာသည် ဒကာ၊ ဒကာမတို့ ကျုပ် ဒုက္ခ ကြောက်ပါတယ်၊ ဒါကြောင့် နောက်ဘဝများ အေးချမ်းမလားလို့ ကျုပ် ဒါန၊ သီလတွေ အကြီးအကျယ် လုပ်ပါတယ်ဆိုပြီး သကာလ ခင်ဗျားတို့က လုပ်လို့ရှိရင်ဖြင့် မသိလို့ လုပ်သောကြောင့် ဟောဒီ မှာ နတ်ပဋိသန္ဓေ နေပါတယ် (မှန်ပါ့)။

ဒါန၊ သီလကြောင့် (မှန်ပါ့)၊ နတ်ပဋိသန္ဓေ မနေဘူးလား (နေပါတယ် ဘုရား)၊ နေပင်နေငြား သော်လည်း ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဘုန်းကြီးက ဟောတာလား၊ သူဟာ ဇာတိ လား (ဇာတိပါ ဘုရား)၊ ဇာတိပိဒုက္ခသစ္စာတဲ့ (မှန်ပါ့)၊ မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒကာ၊ ဒကာမတွေ သဘောကျပလား (သဘောကျပါ ပြီ)၊ နောက်က ဒကာ၊ ဒကာမတွေ ကျေနပ်ရဲ့ လား (ကျေနပ်ပါတယ် ဘုရား)၊ ဘုန်းကြီးက လိမ်ဟောနေတာလား၊ အမြင်ပြတာလား (အမြင်ပြတာပါ ဘုရား)။

ဒါဖြင့် ဒီဥစ္စာဇာတိဗျာ (မှန်ပါ့)၊ အစရှိသေးတာကိုး၊ ပစ္စုပ္ပန် ဘဝအစသူကမဟုတ်လား (မှန်ပါ့)၊ ကြည့်လေ ဒါ ပစ္စုပ္ပန်အကျိုး လို့ မဆိုဘူးလား (ဆိုပါတယ်)။

အစမှာလည်း သူမပါဘူးလား (ပါ ပါတယ် ဘုရား)၊ ဒီ အစဆိုတာ ဇာတိပဲ၊ ဇာတိပဋိသန္ဓေ ဝိညာဏ်ကို ဆိုပါတယ်၊ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီအကွက်နဲ့ ဒီအကွက်ထဲပါတာ ဒုက္ခသစ္စာချည်း မှတ်လိုက်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကျန်းမာတယ် ချမ်းသာတယ်ဆိုတာ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယခု ကျန်းမာ ကြရဲ့လား၊ ချမ်းသာကြရဲ့လားလို့မေးရင် ခင်ဗျားတို့ ဘယ့်နှယ် ဖြေကြမယ် (ကျန်းမာလို့ ချမ်းသာကြပါတယ် ဘုရား)။

ကျန်းမာတယ်၊ ချမ်းသာတယ်လို့ ခင်ဗျားတို့ ဖြေလိမ့်မယ် (မှန်ပါ့)၊ ဒါ ဒီဘဝထပ်ကန်းတာလို့ မှတ်ပါ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာတဲ့တုံး (ဒီဘဝကန်းတာပါ)။

ဪ ခက်လိုက်တာ၊ နောက်ဘဝကန်းခဲ့တာ အားမရ သေးဘူးထင်တယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ က ဘုန်းကြီးမှ မျက်လုံးဖွင့်မပေးလို့ရှိရင် ကျန်းမာချမ်းသာလို့ တရား နာနိုင်တယ်လို့ ခင်ဗျားတို့ အဖြေထွက်မယ် (မှန်ပါ့ ဘုရား)။

မောင်ဘအေးတို့ မထွက်သေးဘူးလား (ထွက်ပါတယ် ဘုရား)၊ မင်းတို့ တရားလာနာနိုင် ကြသကိုးကွ၊ အို နေကောင်း ထိုင်သာရှိတုန်း လာရတာဆိုတော့၊ နေမကောင်း ထိုင်မသာတာ သိ ကိုမသိဘူး သိရဲ့လား (မသိပါ ဘုရား)။

သူက နေကောင်းလည်း ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ နေမကောင်းလည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒုက္ခရောက်လျက်နဲ့ လာခဲ့ရတာပါဘုရားဆိုရင် တော့ တော်သေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အခုတော့ သုခနဲ့လာခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတော့ အားကြီးမလွဲဘူးလား (လွဲပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ သစ္စာသိပလား၊ မသိသေး လို့လား (မသိသေးလို့ပါ) မေးကြည့်ပါ။ ကိုယ့်ကိုယ်ကို မေးကြည့် ပါ၊ တရားပွဲလာနိုင်ကြတာ ဒကာ၊ ဒကာမတွေ နေကောင်းထိုင်သာ ရှိကြရဲ့လားဆို ဘယ့်နှယ်ဖြေမလဲ (ရှိတယ်လို့ ဖြေမှာပဲ ဘုရား)။

ရိုးရိုးဖြေပါရှိတယ်လို့ ဖြေမှာပဲ (မှန်ပါ့ ဘုရား)၊ ဒုက္ခသစ္စာ သိလို့ ဖြေတာလား၊ မသိလို့ ဖြေတာလား (မသိလို့ဖြေတာပါ ဘုရား)။

ဒါဖြင့် ဒီဘဝလည်း မသိပြန်ဘူး (မသိပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ)၊ ဒီဘဝလည်း (မသိပါ ဘုရား)၊ ကြည့်လေ ပစ္စုပ္ပန်ဆိုတော့ ဒီဘဝမကျဘူးလား (ကျပါတယ်)၊ ပစ္စုပ္ပန်တဲ့ ဒီ ဝိညာဏ်ဟာ၊ ဒီဝိညာဏ်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဒီမှာ ဒုက္ခသစ္စာလို့ ဘုရားကဟောတယ် (မှန်ပါ့)၊ ခင်ဗျား တို့က ကျန်းမာပါတယ်၊ ချမ်းသာ ပါတယ်ဆို သုခသစ္စာဖြစ်နေတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဘာသစ္စာဖြစ်နေသလဲ (သုခသစ္စာ ဖြစ်နေပါတယ်)၊ ရှိတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ သိတာက (သုခသစ္စာပါ ဘုရား)။

သိတာက သုခသစ္စာ၊ ခင်ဗျားတို့က ကျန်းမာလို့ လာနိုင် ကြတာကိုးဗျ၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။

အရိယာမျက်လုံးနဲ့ကြည့်ရင်

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုထုဇဉ် ချန်လှပ်ကွာ၊ အရိယာမျက်လုံးနဲ့ ကြည့်မယ်ဆိုရင် ဘယ်အချိန်မှ မကျန်းမာဘူးကွလို့ သေသေချာချာ ဟောတယ်၊ ခန္ဓဝဂ္ဂသံယုတ် နကုလပိတာ သုတ်မှာ သေသေချာချာ ဟောတယ်၊ မဟောဘူးလား (ဟောပါတယ်)။

အဲဒီ ဟောထားတာတွေဟာ ဒကာ၊ ဒကာမတွေ အဲဒီ တရားမျိုးကိုလည်း မကြားရတော့ အခုတရားနာ လာကြတာ နေကောင်းထိုင်သာ ရှိကြရဲ့လားလို့မေးရင် တစ်ပြိုင်နက်တည်း သစ္စာ မသိတဲ့ အသံထွက်မယ် (မှန်ပါ့)၊ ဒကာ၊ ဒကာမတွေ နေကောင်းကြရဲ့ လား၊ ဘယ့်နှယ် (နေကောင်းပါတယ် ဘုရား)။

အင်း အကန်းတွေဖြေပြီ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဘယ်သူတွေဖြေတာပါလိမ့် (အကန်းတွေ ဖြေတာပါ ဘုရား)။

ကြည့်လေ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆို တာ အခု တရားနာနေတဲ့ ခန္ဓာငါးပါး၊ သဘောကျပလား (ကျပါ ပြီ)၊ အခု တရားနာနေတာက ဝိညာဉ်နဲ့လည်း သိလည်း သိပါတယ်။

နာမ်ရုပ်ကော မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကော (ရှိပါတယ် ဘုရား)၊ ဖဿကော (ရှိပါတယ် ဘုရား)၊ တရားနာလို့ ကောင်းတဲ့ ဝေဒနာကော (ရှိပါတယ် ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ ဒုက္ခသစ္စာနဲ့ နာနေတာ ခင်ဗျားတို့က နေကောင်း ထိုင်သာရှိတယ် ဆိုတော့ သုခသစ္စာကို လုပ်ပစ်လိုက်တယ် (မှန်ပါ့)။ ဘယ်လောက်လဲချက်သန်တုံး (မှန်ပါ့)၊ မသန်ဘူးလား (သန်ပါ တယ် ဘုရား)၊ ကဲ နိဗ္ဗာန်ရပါ့မလား (မရနိုင်ပါ ဘုရား)၊ ဘာဖြစ် လို့ မရသတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ၊ ဒကာမတွေ ဒုက္ခ သစ္စာကိုပဲ မသိပါဘူး။

မသိတော့ ဒီဘဝ မသိတာကလည်း တဲ့၊ ဘာနဲ့ မသိတာ တုံးမေးတော့ အဝိဇ္ဇာနဲ့ မသိတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဒီဘဝလည်း ကန်းသလား မြင်သလားမေးရင် (ကန်းပါတယ် ဘုရား)၊ ရှေးဘဝကကော (အကန်းပါပဲ ဘုရား)၊ ဒီဘဝကျတော့ကော (ကန်းတာပါပဲ ဘုရား)၊ နှစ်ချက်ပဲ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာ၊ ဒကာမတွေ ဘယ့်နှယ်တုံး၊ ဒီ ဘဝကော မြင်ပလား၊ ကြောင်တောင်ကန်း လက်စ မသတ်သေးဘူးလား (မသိပါ ဘုရား)။

ဘုန်းကြီးပြောတဲ့ တစ်လုံးကို ကျကျနနနားလည်ရင်

အားကြီးစဉ်းစားကြပါ၊ ဒကာ၊ ဒကာမတို့၊ တရားကို တွင်တွင်ဟောလို့မရဘူး၊ ခင်ဗျားတို့ နားလည်မှုကို ရှေ့ထားဟော နေရပါတယ်၊ ဒီတစ်လုံးနားလည်ရင်လည်း ကိစ္စပြီးတာပဲ၊ သဘော ကျကြပလား (ကျပါပြီ ဘုရား)၊ ဘုန်းကြီးပြောတဲ့ တစ်လုံးကို ကျကျ နန နားလည်ရင် ကိစ္စပြီးတယ်လို့ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ဆိုတော့ မျက်စိနှစ်ကွင်း အလင်းရရင် လမ်း မှန်သွားတော့မယ် (မှန်ပါ့)၊ မျက်စိနှစ်ကွင်း အလင်းမရသေးလို့ရှိရင် ဖြင့် အမှောင်ထဲပဲသွားမယ် (မှန်ပါ့)၊ မသွားကြပေဘူးလား (သွားပါတယ် ဘုရား)၊ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မျက်စိ နှစ်ကွင်း အလင်းမရသေးဘူး ဆိုတာ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သစ္စာမသိတော့ ခင်ဗျားတို့ ရှေးဘဝက ကုသိုလ်ပြုခဲ့လို့ ဟော လူ့ဘဝဆိုတဲ့ ခန္ဓာငါးပါးမရ ဘူးလား (ရပါတယ် ဘုရား)။

သစ္စာသိပြီးလုပ်လို့ ရှိရင် ခန္ဓာဒုက္ခသစ္စာရပါ့မလား (မရပါ)၊ ဒါဖြင့် သစ္စာမသိဘဲနဲ့ လုပ်ခဲ့တဲ့ အတွက် အဝိဇ္ဇာက ဖုံးလွှမ်း၊ သင်္ခါရက ပြုလုပ်ဆိုတော့ ခင်ဗျားတို့ ရှေ့ဘဝ သင်္ခါရက သာမည သင်္ခါရတော့ မဟုတ်ပါဘူး၊ လူဖြစ်ဖို့ သင်္ခါရ၊ လူဖြစ်ဖို့ ကုသိုလ် စေတနာပေါ့ဗျာ (မှန်ပါ့)၊ မလုပ်ခဲ့ဘူးလား (လုပ်ခဲ့ပါတယ် ဘုရား)။ လုပ်ခဲ့တော့ ဘယ်သူက သက်သေခံတုံးဆိုတော့၊ အခု ဒကာ၊ ဒကာမတွေ လူပဲမဟုတ်လား (မှန်ပါ့)။

အခု ၁ ကွက်ထဲမှာ နေသလား၊ ၂ ကွက်ထဲမှာနေသလား (၂ကွက်ထဲမှာနေပါတယ်)၊ ဘာသစ္စာထဲမှာရောက်နေသလဲ (ဒုက္ခသစ္စာထဲမှာရောက်နေပါတယ်)၊ ဒါကြောင့် ဘုန်းကြီးက ဒကာ၊ ဒကာမတွေ ကျန်းမာရဲ့လား၊ ချမ်းသာရဲ့ လားမေးတော့ ဘယ့်နှယ် – ဖြေကြမလဲ (ကျန်းမာပါတယ်၊ ချမ်းသာပါတယ်)၊ ကျန်းမာတယ်။ ချမ်းသာတယ်လို့ဖြေနေတော့ ဘုရားက မင်းတို့ မကျန်းမာဘူး၊ မချမ်းသာဘူးဆိုတဲ့ ဒုက္ခသစ္စာက ဒီမှာပြတယ်မဟုတ်လား (မှန် ပါ့)၊ မပြဘူးလား (ပြပါတယ် ဘုရား)။

ခင်ဗျားတို့က ဘယ့်နှယ်တုံး၊ ကျန်းမာတယ်၊ ချမ်းသာတယ် ဆိုတော့ သစ္စာသိပလား၊ မသိသေးဘူးလား (မသိသေးပါ ဘုရား)၊ မသိသေးတော့ သစ္စာမသိတာသည် ဒီအဝိဇ္ဇာက ဒီဘဝမှာပေါ်လာတဲ့ အဝိဇ္ဇာလား (ဒီဘဝမှာပေါ်တဲ့ အဝိဇ္ဇာပါ ဘုရား)၊ ဟာ ဒီဘဝ ဆက်ကန်းတာပေါ့ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဆိုကြမလဲ (ဒီဘဝ ဆက်ကန်းတာပါ ဘုရား)၊ ဒီဘဝဆက်ကန်းတယ်ဆိုတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီအကန်းပြဿနာ ဆုံးပါ့မလား (မဆုံးပါ ဘုရား)၊ အကန်းပြဿနာ မဆုံးနိုင်တော့ ဘုန်းကြီးများ က အကူအညီမှ မပေးလို့ ရှိရင်ဖြင့် မရတော့ဘူး (မှန်ပါ့)၊ ရပါ့ ဦးမလား (မရပါ ဘုရား)၊ ဒကာ ဒကာမတွေ တကယ့်သဘော တရားကို ဟောရတော့ မလွယ်ဘူးနော် (မှန်ပါ့)။

ခင်ဗျားတို့ကတော့ “အဟံ အဝေရာဟောမိ အဗျာပဇ္ဇာ ဟောမိ အနီဃော ဟောမိ သုခိအတ္တာနံ ပရိဟရာမိ” ဆိုပြီး နေ့တိုင်း အိပ်ရာဝင်ရင် ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့ကြတယ်၊ မပို့ကြဘူးလား (ပို့ပါတယ် ဘုရား)။

ကိုယ့်ကိုယ် ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတာ မပို့ကြ ဘူးလား (ပို့ပါတယ် ဘုရား)၊ ဟောဒီ သစ္စာကို မသိတော့ ပို့ခြံတိုင်း ပို့နေတာပဲ၊ ကျန်းမာနိုင်တဲ့ ခန္ဓာကိုယ် ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ မွေးကတည်းက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊

နောက်နာမ်ရုပ်ဖြစ်လာတော့ကော (ဒုက္ခသစ္စာပါ ဘုရား)။

သဠာယတနဖြစ်လာတော့ကော (ဒုက္ခသစ္စာပါ ဘုရား)။ ဖဿဖြစ်လာတော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဝေဒနာဖြစ်လာတော့ကော (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ ဒါဖြင့် ကိုယ့်ကိုယ်ပို့ငြား သော်လည်း ဒီသစ္စာက ဖောက်ရမှာလား၊ မဖောက်ရဘူးလား (မဖောက်ရပါ ဘုရား)၊ ဒီ သစ္စာဆိုတာ ဖောက်ပြန်သေးရဲ့ လား (မဖောက်ပြန်ပါ ဘုရား)၊ မဖောက်ပြန်တော့ သူ့ကို ဘာသစ္စာဆိုမတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီဒုက္ခသစ္စာကို ခင်ဗျားတို့ ဒီခွေးတွေ တုတ်နဲ့ပစ်မှ အော်မှ ခွေးဒုက္ခရောက်ပါပြီ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ငှက်တွေ လေးနဲ့ ပစ်မှ လေးဒဏ်ချက်ကြောင့် ဒုက္ခရောက်ပြီလို့ သိတာက ငှက်သိကိုးဗျ၊ ခွေးသိ၊ တိရစ္ဆာန်သိ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ငှက်သိ၊ ခွေးသိ၊ တိရစ္ဆာန်သိတာ ခင်ဗျားတို့က ဒုက္ခ သိတာ ဉာဏ်သိမပါသေးပါဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)၊ တိရစ္ဆာန်သိသာ သိပါသေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

တိရစ္ဆာန်ဆိုတော့ အဟိတ်ပုဂ္ဂိုလ်၊ ဉာဏ်ပါရဲ့ လား (မပါ ပါ ဘုရား)၊ အဲ မပါတဲ့ပုဂ္ဂိုလ် သိတဲ့အသိသာ ဒီ ဒကာ၊ ဒကာမတွေ သိတယ် (မှန်ပါ့)၊ ပါတဲ့ပုဂ္ဂိုလ် အသိကျတော့ ဒီ ဒုက္ခသစ္စာ ရယ်လို့ သိသေးရဲ့လား (မသိပါ ဘုရား)၊ မသိသေးလို့ ရှိရင် ဒီတရားကို ဖိနာဦး (မှန်ပါ့)၊ နို့မို့ရင် ဒီဘဝလည်း အကန်းသေလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

ဆက်ကန်းနေပြန်ပြီ (မှန်ပါ့)၊ ဘယ့်နှယ်တုံး (ဆက်ကန်း နေပါတယ် ဘုရား)၊ ယုံရဲ့ လား၊ ခင်ဗျားတို့ (ယုံပါတယ် ဘုရား)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ဒီအထဲမှာ မရောက်ဘူးလား၊ ရောက် သလား (ရောက်ပါတယ် ဘုရား)၊ ၂ နံပါတ်ထဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သက်ဆိုးရှည်

အဲဒါ ခင်ဗျားက ကျန်းမာလို့ ချမ်းသာလို့ ကံကောင်းလို့ တပည့်တော် ဒီလောက် အသက်ရှည်နေတာပါဘုရား၊ အို သက် ဆိုးရှည်တာမှ သိမှမသိဘဲ (မှန်ပါ့ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘာမသိတာတုံး (သက်ဆိုးရှည်တာ မသိတာပါ)၊ ဒုက္ခသက်ရှည်နေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဘာရှည်နေတာတုံး (ဒုက္ခသက်ရှည်နေတာပါ)၊ သူသိရဲ့လား (မသိပါ ဘုရား)၊ မသိလို့ရှိရင်ဖြင့် မသိတာက သူ့မှာ ဒီဘဝ မှာ မသိတာက အဝိဇ္ဇာက ပြန်လာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်)။

ဒါဖြင့် ဒီဘဝမှာ သခင်ဝတင်မြင်ပလား၊ ကန်းတုန်းပဲလား (ကန်းတုန်းပါပဲ ဘုရား)၊ မနာနဲ့ (မှန်ပါ့)၊ သဘောပါရဲ့လား (ပါ ပါတယ် ဘုရား)။

ဒီဘဝ ဒီခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါကို ခင်ဗျားကျန်းမာလို့ ဆရာဘုန်းကြီး လာလို့ ရီကော်ဒါ လာသွင်း တယ်ဘုရား၊ တရားနာလာတယ်ဘုရား၊ ဘုန်းကြီးလာချိန်နဲ့ တပည့်တော်၏ အကြောင်းညီညွတ်မှု၊ ကျန်းမာမှု၊ ချမ်းသာမှုနဲ့ တွေ့ရလို့ ဝမ်းသာတယ်၊ ဘုရားများတောင် နှုတ်များ ဆက်လိုက်သေးတယ် (မှန်ပါ့)၊ ဘာမသိလို့ နှုတ်ဆက်တာတုံး (သစ္စာမသိလို့ နှုတ် ဆက်တာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာယာရင် တဏှာလာမယ်

ဒါဖြင့် သစ္စာမသိလို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ ကိုယ့် ဒုက္ခ ကိုယ်မသိလို့ရှိရင်ဖြင့် ကိုယ့်ဒုက္ခကို သာယာမလား၊ မသာယာ ဘူးလား (သာယာပါတယ် ဘုရား)၊ သာယာရင် တဏှာလာမယ်၊ ဒီဘက်ကူးသွားမယ် (မှန်ပါ့)၊ ၂ က ၃ ကူးတယ်၊ မကူးသေးဘူးလား၊ ကူးပြီလား (ကူးပါပြီ ဘုရား)။

“ဝေဒနာပစ္စယာ တဏှာ၊ ဖဿပစ္စယာ တဏှာ၊ ဝိညာဏ ပစ္စယာတဏှာ” မကူးသေးဘူးလား (ကူးပါတယ် ဘုရား)။

ခန္ဓာငါးပါးစလုံးကို မသာယာဘူးလား (သာယာပါတယ်) ကျန်းမာချမ်းသာနေလို့ ဘုရား၊ ကျန်းမာချမ်းသာနေတာလည်း ဒုက္ခ သစ္စာ၊ တော် တော်သေးရဲ့ ဆိုတာ တဏှာ၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ကျန်းမာချမ်းသာတယ်ဆိုတာက ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ)၊ တော် တော်သေးရဲ့ ဆိုတော့ ဒုက္ခသစ္စာကို သူကရလို့ အင်မတန် ဝမ်းသာနေတာကိုး၊ ကြောက်စရာကောင်းလိုက်တာ၊ ပေါ် ကြပလား (ပေါ်ပါပြီ)၊ ဒါက နားကြီးကြီးနဲ့ထောင်ဆိုတဲ့ စကားဟာ အခုမပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ လွဲချက် ဘယ်လောက်ပြင်းထန်တယ် ဆိုတာဖြင့် ဘုန်းကြီးက ပြောဖို့ လိုသေးလား (မလိုပါ)၊ ကြည့်လေ၊ အခု ဒကာ၊ ဒကာမတွေ (၁)ကွက်ထဲမှာနေသလား၊ (၂)ကွက်ထဲမှာနေ သလား (၂ ကွက်မှာနေပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာနဲ့ အခုတရားနာနေကြတာ၊ ဒကာ၊ ဒကာမတွေ (မှန်ပါ့)။

ဒီဒုက္ခသစ္စာနဲ့ တရားနာနေကြတာကို ဘုန်းကြီးက မေး လိုက်တဲ့အခါကျတော့ ဒကာ၊ ဒကာမတွေ ကျန်းမာ၊ ချမ်းသာလို့ တရာနာနိုင်တာလား၊ ဒုက္ခရောက်ပြီး ရောက်လျက်နဲ့ နာနေတာလား မေးလို့ရှိရင် ဒုက္ခရောက်လျက်နဲ့ နာနေပါတယ်ဆိုတဲ့လူဟာ တစ်ယောက်မှ မထွက်စေ့ဘူး ထွက်ပါ့မလား (မထွက်ပါ ဘုရား)။

ဘာဖြစ်လို့ မထွက်သလဲ (သစ္စာမသိလို့)၊ သစ္စာမသိလို့ သစ္စာမသိတော့ မကန်းဘူးလား (ကန်းပါတယ် ဘုရား)၊ ကန်းတဲ့ အဝိဇ္ဇာနဲ့ သူ အသက်ရှင်နေတာ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဘာနဲ့အသက်ရှင်နေတုံး (အကန်းနဲ့ အသက်ရှင်နေပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့ အသက်ရှင်နေတာ၊ အဝိဇ္ဇာဆိုတာ ကန်းတာ လား၊ မြင်တာလား (ကန်းတာပါ ဘုရား)၊ ဒါဖြင့် အကန်းကလေး အသက်ရှင်နေတာ၊ သခင်ဝတင် အသက်ဘယ်လောက်ရှိပြီလဲ (ငါးဆယ်ကျော်ပြီဘုရား၊ ၅၃ နှစ်ပါ)၊ ဒါဖြင့် အကန်းသက်ဘယ်လောက်တုံး (၅၃ ပါ)၊ ၅၃ ရိပ်မိပလား။

နောက်က ဒကာ၊ ဒကာမတွေ ကိုယ့်အသက်နဲ့ကိုယ် တွက်ပြီး အင်း ငါ့မှာ အကန်းသက်ကဖြင့် အတော်ရှည်ပြီလို့ အောက်မေ့ကြ၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ်)၊ အဲဒါ မညှာ မတာ ပြောမှ သာလျှင် အမှန်ရောက်ပါတယ်။

အကန်းပြုံး

ညှာပြီး ခင်ဗျားတို့ဗျာ လူ့ဘဝရခဲတယ် ဆိုရင် လူဖြစ်ရတာ အဖိုးတန်လိုက်တာ၊ ဒီအထဲ ရန်ကုန်မြို့ကြီးမှာ လာပြီး လူပုံအလယ် မှာ ထည်ထည်ဝါဝါ နေနိုင်တဲ့အတွက် ခင်ဗျားတို့ ပါရမီက ထူးပါပေတယ်၊ မြှောက်တဲ့လူက လာချင်လာဦးမှာ၊ မလာပေဘူးလား၊ (လာပါတယ်)၊ အဲဒါ သူကလည်း အကန်း။

ကိုယ်ကလည်း ပြုံးလိုက်လို့ရှိရင်ဖြင့် သူပြောတာ သဘော ကျတာနဲ့ ပြုံးလိုက်လို့ရှိရင်ဖြင့် အကန်းပြီး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘေးက ပုဂ္ဂိုလ်တွေက မြှောက်တာကလည်း (အကန်း မြှောက်ပါ)၊ အကန်းမြှောက် (မှန်ပါ့)၊ အကန်းမြှောက်တဲ့ အခါကျတော့ ဒီဘက်အကန်းက ဘာဖြစ်လာသလဲ (ပြုံးတယ်)၊ ပြုံးတယ် ဆိုတော့ အင်း ဒီအကန်း နှစ်ယောက်သာ ပေါင်းမိပြီး အတူတကွ လမ်းသွားကြလို့ရှိရင်ဖြင့် နှစ်ယောက်စလုံး ချောက်ကျတော့မယ် (မှန်ပါ့)၊ မသေချာဘူးလား (သေချာပါတယ်)။

အဲဒါကြောင့် ဆိုးရွားလွန်းလို့ ဒီမှာကြုံကြိုက်တုန်းကို ဘုန်း ကြီးတို့ ဝင်ပြောနေပါတယ်။ တာရှည်နာရလိမ့်မယ်လို့၊ ဒီလို အယူ မရှိနဲ့။ အရေးကြီးတာကလေးပြောပြီးသကာလ ဒကာ၊ ဒကာမတွေ ကို မျက်လုံးဖွင့်ပေးခဲ့မှာပဲ၊ ဒါပဲရှိတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ အခု (၁) ကွက်မှာနေသလား၊ (၂) ကွက်မှာနေသလား (၂ ကွက်မှာနေပါတယ် ဘုရား)၊ (၂) ကွက်မှာ အခု စိတ်ဝိညာဏ်ကော ရှိကြရဲ့လား ရှိပါတယ် ဘုရား)။ မသေမှ မသေသေးဘဲ၊ စိတ်ရှိလို့ မသေတာပေါ့ (မှန်ပါ့)။

နာမ်၊ ရုပ်ကလေးများကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား)၊ အင်း မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် စိတ်ကော (ရှိပါတယ် ဘုရား)၊ ကောင်းပြီ ဖဿကော (ရှိပါတယ်)၊ ဝေဒနာကော (ရှိပါတယ် ဘုရား)၊ ဘာသစ္စာတွေရှိလဲ (ဒုက္ခသစ္စာတွေ ရှိပါတယ်)။

ဉာဏ်မျက်လုံး

အဲဒါကို ခင်ဗျားတို့ ဉာဏ်မျက်လုံးတပ်ပြီး ဪ ဒါပေါ် တာလည်း ဒုက္ခသစ္စာ၊ ဒါပေါ်တာလည်း ဒုက္ခသစ္စာလို့ သိပါမှ မျက်လုံးပွင့်မယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နို့မို့ရင် ဒါပေါ်လာတိုင်း၊ ပေါ်လာတိုင်း တော် တော် သေးရဲ့၊ တော် တော်သေးရဲ့ ဆိုရင်ဖြင့် ဒီဘက်ချည်းကူးတော့မယ် (မှန်ပါ့)၊ တော် တော်သေးရဲ့ ဆိုတာ ကိုယ့်ဟာကိုယ် သဘော ကျတာ၊ သဘောကျတာ ဘာခေါ်ကြမတုံး (တဏှာပါ)၊ တဏှာ လာရင် ဥပါဒါန်၊ သူ့အဖော်က နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား)၊ ဥပါဒါန်လာရင် ကာယကံ ဝစီကံတွေကော နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား)၊ ဟော ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟောဒီကစပြီး လာလိုက်တာ ဒီရောက်ပြီ၊ ဒီမှာ ပစ္စုပ္ပန် ဘဝ ထပ်ကန်းပြန်တယ်၊ ထပ်ကန်းပြီး သကာလ ဒီကံတွေ လုပ်ပြန် တယ်၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)၊ လုပ်တော့ နောက် အနာဂတ် ဇာတိ၊ ဇရာ၊ မရဏ မလာဘူးလား (လာပါတယ် ဘုရား)။

ဇာတိ ဇရာ မရဏ လာတဲ့ပုဂ္ဂိုလ်ဟာ သေချင်လျက်နဲ့ သေရတာလား၊ မသေချင်ဘဲနဲ့ သေရတာလား (မသေချင်ဘဲနဲ့ သေရတာပါ)၊ မသေချင်ဘဲနဲ့ သေရတော့ စိတ်ထဲမှာ ချမ်းသာကြ ရဲ့လား၊ မချမ်းသာဘူးလား (မချမ်းသာပါ ဘုရား)။

မချမ်းသာတာသည် ဒကာ၊ ဒကာမတို့ အာသဝပေါ်လာ တာ၊ သဘောကျပလား (ကျပါပြီ)၊ မချမ်းသာတာ သောကပရိ ဒေဝပေါ်လာတာ ဘာပါလိမ့် (အာသဝပေါ်လာတာပါ)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ မှတ်လိုက်၊ “အာသဝသမုဒယာ၊ အဝိဇ္ဇာသမုဒယော”ပြန်လှည့်တယ် (မှန်ပါ့)၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

ဒါဖြင့် တပည့်တော်တို့ နောက်တုန်းက ဘယ်လိုနေခဲ့ သတုံးဆိုတော့ ၁ က စတယ်ဗျာ၊ ၂ မှာလည်း ကန်းတယ်၊ ၃ မှာလည်း ကန်းတဲ့အလုပ် လုပ်ပြန်တယ်၊ မလုပ်ဘူးလား (လုပ်ပါ တယ်)၊ ၄ မှ ဒုက္ခရောက်တယ် ဘုရား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီတွင် ဒုက္ခရောက်တဲ့အထဲက ပြန်ကန်းပြန်တော့ကို အကန်းအမေက အကန်းကလေးပဲ မွေးပြန်တယ်၊ မမွေးသေးဘူးလား (မွေးပါတယ် ဘုရား)။

ဒါဖြင့် ဒီလိုကြည့်ကြပေတော့ အတိတ်ဘဝက ဘာသစ္စာ လုပ်ခဲ့သတုံး (သမုဒယသစ္စာ)၊ ယခုဘဝ ဘာသစ္စာနဲ့နေရသတုံး (ဒုက္ခသစ္စာနဲ့) ယခုဘဝမှာပဲ ပစ္စုပ္ပန်အကျိုးအတွက် ဘာသစ္စာတွေ ထပ်လုပ်ပြန်ပါလိမ့် (သမုဒယသစ္စာပါ)၊ အင်း ဒါဖြင့် သေတော့ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

အဝိုင်းပြေး

ဒီဒုက္ခသစ္စာထဲကပင် ဒကာ၊ ဒကာမတွေက ဒုက္ခမသိပြန် တော့ ဒီအဝိဇ္ဇာ လာ၊ မလာ (လာပါတယ် ဘုရား)၊ လာပြန်တော့ ခင်ဗျားတို့က ဝိုင်းရုံပဲ၊ ဒီလိုလှည့်ပြေးနေတယ်၊ ပေါ်ပလား (ပေါ် ပါပြီ)။

ခင်ဗျားတို့ နောက်တုန်းက ဘယ်လိုနေခဲ့ရသတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (အဝိုင်းပြေး၊ ပြေးနေပါတယ်)၊ အဝိုင်းပြေး ဆိုတာ ဒါကြောင့် အဝိုင်းကြီး ဝိုင်းထားတာ၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဒါဖြင့် ဒီအဝိုင်းစက်ကို ဖြတ်ပေးမည့်သူ မတွေ့သရွေ့ ကာလ ပတ်လုံး ဒကာ၊ ဒကာမတို့ ကိုယ်ကျိုး နည်းပေါ့ (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ဆိုကြမလဲ (ကိုယ်ကျိုး နည်းပါပြီ)၊ ကိုယ်ကျိုးနည်းပြီဆိုတာ သေချာပလား (သေချာပါ တယ်)။

ဒီတစ်ခါဖြင့် ကိုယ်ကျိုးများအောင် လုပ်ကြစမ်းပါဆိုတာ တိုက်တွန်းရပြန်တယ်၊ မတိုက်တွန်း သင့်ဘူးလား (တိုက်တွန်းသင့်ပါ တယ် ဘုရား)။

ဉာဏ်ကြိုက်တရား

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတွေ ဒီတရားဟာတော့ဖြင့် အမှန်ကိုဟောတဲ့အတွက် ခင်ဗျားတို့ အကြိုက်တော့ မပါဘူး၊ ဉာဏ် ကြိုက်တစ်ခုတည်း ဟောနေတာ (မှန်ပါ့)။

တဏှာကြိုက် လုံးလုံးမပါဘူး (မှန်ပါ့ ဘုရား)၊ ဉာဏ်ကြိုက် သက်သက် ဟောနေတာ၊ သဘော ကျကြပလား (ကျပါပြီ)၊ ဒီ တရားသည် တဏှာကြိုက်တရားလား၊ ဉာဏ်ကြိုက်တရားလား (ဉာဏ်ကြိုက် တရားပါ ဘုရား)။

သေသေချာချာ မှတ်ထားပါနော်၊ တရားဟာ နှစ်မျိုးရှိတယ်၊ တဏှာ ကြိုက်တရားလည်း ရှိတယ်၊ ဉာဏ်ကြိုက် တရားလည်းရှိတယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ (မှန်ပါ့)၊ တရားဟာ ဘယ်နှမျိုးရှိ သလဲ (နှစ်မျိုးရှိပါတယ် ဘုရား)၊ အေး တစ်ခုသော တရားက ဘာပါလိမ့် (တဏှာကြိုက်တရားပါ ဘုရား)၊ တဏှာကြိုက်တရား (မှန်ပါ့)။

တစ်ခုသောတရားက ဘာပါလိမ့် (ဉာဏ်ကြိုက်တရားပါ ဘုရား)၊ နိဗ္ဗာန်ကို တဏှာနဲ့ သွားနိုင်သလား၊ ဉာဏ်နဲ့ သွားနိုင် သလား (ဉာဏ်နဲ့မှသွားနိုင်ပါတယ်)၊ ဒါဖြင့် ဉာဏ်ကြိုက်တရားဖိ ပြီးနာ (မှန်ပါ့)၊ တဏှာက နိဗ္ဗာန်မပို့နိုင်ဘူး (မှန်ပါ့)။

တဏှာက သမုဒယသစ္စာက ဒုက္ခသစ္စာပဲပို့တယ်၊ မပို့ ဘူးလား (ပို့ပါတယ်)၊ နောက်တစ်ခါ ဒုက္ခသစ္စာထဲက သမုဒယ သစ္စာပွားလာပြန်တော့ သူက ဒုက္ခသစ္စာပဲပြန်မပို့ဘူးလား (ပို့ပါ တယ် ဘုရား)။

ဒါ တဏှာကြိုက်တရားဆိုလို့ရှိရင် ဒီအဝိုင်းပြေးရမယ် (မှန်ပါ့)၊ ဉာဏ်ကြိုက်တရား ဆိုလို့ရှိရင် ဒကာ၊ ဒကာမတို့ သေသေချာချာ မှတ်ပါ၊ ဒီကနေပြီး နိဗ္ဗာန်ထွက်လိမ့်မယ် (မှန်ပါ့)၊ “ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓော နိဗ္ဗာနံ”ဆိုပြီး ထွက်သွားလိမ့် မယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ဉာဏ်ကြိုက်တရား နာမလား၊ တဏှာကြိုက် တရား ကို ခင်ဗျားတို့ အဆင်းတွန်း ပေးရမှာလား (ဉာဏ်ကြိုက်တရားကို နာပါ့မယ် ဘုရား)၊ အသံတော့ အတော်ကောင်းလာပြီ (မှန်ပါ့)။

အသံတော့ တစ်ပွဲလုံး အတော်ကောင်းလာပြီ၊ ဒီအသံ ရောက်အောင်ကို မနည်းပြောရတယ်၊ ဒကာ၊ ဒကာမတွေ မပြောရ ဘူးလား (မှန်ပါ့ ဘုရား)။

အဆုံးစွန်သော ဘဝဆိုရင်

ခင်ဗျားတို့ ကြိုက်နေတာက ပန်းတစ်ပွင့်နဲ့ လူ့ပြည်။ နတ်ပြည် အကြိမ်ကြိမ်ခံစား၍ ဘယ်တော့မှ မဆုံးနိုင်တဲ့အခါ နိဗ္ဗာန်ရ ရပါလို၏။ အဆုံးစွန်သော ဘဝဆိုရင် ဘယ်တော့မှ ဆုံးမှာ မဟုတ်ပဲကိုးဗျ၊ ဆုံးစရာကောပါရဲ့လား (မပါ ပါ ဘုရား)၊ ဘယ်တော့မှ မရ ရပါလို၏ဆိုတာနဲ့ အတူတူတောင်းထားတာ (မှန်ပါ့)။ အဲဒါ ဉာဏ်ပါကြရဲ့လား (မပါ ပါ)။

အဲဒါကြောင့် ဒကာ၊ ဒကာမတို့ ဒီတရားကို ခင်ဗျားတို့ ပေါ်လည်း ပေါ်ခဲ့ပါတယ်၊ ဒကာ၊ ဒကာမတွေ နားထဲမှာ ဆိုပါတော့ ဘုန်းကြီးများ လက်ထက်မှာပဲ ပေါ်လာတာ၊ စာကတော့ နဂိုက ရှိပါတယ်၊ သို့သော် စာရှိကို ပြောတယ်လို့ ဒကာ၊ ဒကာမတွေ မယူကြနဲ့၊ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)။

ခန္ဓာအရှိတရားကို ဟောနေတာ

စာရှိဟောနေတာလား၊ ခန္ဓာအရှိကို ဟောတာလား (ခန္ဓာအရှိကို ဟောနေတာပါ ဘုရား)၊ အဲဒါ တရားစစ် မှတ်၊ စာရှိ လို့ဟောလို့ရှိရင်ဖြင့် မှတ်တမ်းလျှောက်ဖတ်တာ၊ ခင်ဗျားတို့ အစည်း အဝေးကျတဲ့ အခါကျတော့ အရင်နှစ်က မှတ်တမ်းတွေ ဖတ်လိုက် မယ်ဆိုပြီး မှတ်တမ်းဖတ်ကြတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ အဲဒီမှတ်တမ်းတွေ ဖတ်နေလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခန္ဓာမရောက်ပါဘူး၊ ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ အဲဒီတော့ ခန္ဓာအသိနဲ့တဲ့ သေသေချာချာ ဟောမှသာလျှင် ဒကာ၊ ဒကာမတို့ ဉာဏ်ကမိတယ်။

ခန္ဓာအရှိကို ဉာဏ်နဲ့သိအောင်

ခန္ဓာအရှိကို ဉာဏ်နဲ့ သိအောင်ဟောမှ ပဋိစ္စသမုပ္ပာဒ် ပြတ် မယ်၊ သဘောကျပလား (ကျပါပြီ)၊ ခန္ဓာအရှိကို ဉာဏ်နဲ့ သိအောင်ဟောမှ (ပဋိစ္စသမုပ္ပာဒ်ပြတ်ပါတယ် ဘုရား)၊ ပြတ်ရင် နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

ဘုရားဖြစ်တာသည် ပဋိစ္စသမုပ္ပာဒ်အစကို သိတယ်၊ နောက် အဆုံးသိတဲ့အချိန်မှာ ဘုရား ဖြစ်သွားတယ်၊ ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ အချိန်မှာ ဘာဖြစ်ပါလိမ့် (ဘုရားဖြစ်ပါတယ်)။

ဒါဖြင့် ဘုရားဖြစ်ခြင်း၏ အကြောင်းသည် ဒကာ၊ ဒကာမ တို့ ပဋိစ္စသမုပ္ပာဒ်ဖြတ်နိုင်လို့၊ ဘာတုံး (ဘုရားဖြစ်တယ်)။

ခင်ဗျားတို့ သောတာပန်တည်ချင်ရင်လည်း ဘာလုပ်ရမလဲ (ပဋိစ္စသမုပ္ပာဒ်ဖြတ်ရပါမယ်)၊ ကိုယ့် ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်ရ မယ် (မှန်ပါ့)။

သကဒါဂါမ်တည်ချင်ရင်ကော (ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကိုယ် ဖြတ်ရမယ်)၊ အနာဂါမ် တည်ချင်ရင်ကော (ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ် ဖြတ်ရပါမယ်)၊ ရဟန္တာဖြစ်ချင်ရင်ကော (ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ် ဖြတ်ရပါမယ်)။

အဲဒီတော့ ပဋိစ္စသမုပ္ပာဒ်က ပုထုဇဉ် ပဋိစ္စသမုပ္ပာဒ် တစ် မျိုး၊ သောတာပန်၏ ပဋိစ္စသမုပ္ပာဒ် တစ်မျိုး၊ ဟ သောတာပန် ပဋိစ္စသမုပ္ပာဒ် တစ်မျိုး ရှိသေးလားဘုရား ဆိုတော့ သူက ဒိဋ္ဌိသာပယ် တာ၊ တဏှာက မပယ်နိုင်သေးတော့ တဏှာ ပဋိစ္စသမုပ္ပာဒ်က ကျန်နေတယ်၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။

သောတာပန်ဆိုတာ

သောတာပန်တည်တော့ သူ့အကြောင်းမပြေးရဘူးလို့ မအောက်မေ့လိုက်ပါနဲ့၊ အပါယ်သာ လွတ်ပါတယ် ပဋိစ္စသမုပ္ပာဒ် အဝိုင်းတော့ ပြေးလျက်ပါပဲ၊ ရှင်းပလား (မှန်ပါ့)။

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ခင်ဗျားတို့က တစ်မျိုးတည်း အောက် မေ့ထားတယ်၊ ပုထုဇဉ် ပဋိစ္စသမုပ္ပာဒ်တစ်မျိုး (မှန်ပါ့)။

သောတာပန်၏ (ပဋိစ္စသမုပ္ပာဒ်တစ်မျိုး)။ သကဒါဂါမ်၏ (ပဋိစ္စသမုပ္ပာဒ်တစ်မျိုး)။ အနာဂါမ်၏ (ပဋိစ္စသမုပ္ပာဒ်တစ်မျိုး)။

အဲ ရဟန္တာကျမှပြတ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒီ ပဋိစ္စသမုပ္ပာဒ်က အင်မတန် အရေးကြီးတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။

နို့ ဘုန်းကြီးက ဘုရား နဂိုက တရားအစတုန်းက “သစ္စာ သိမှ နိဗ္ဗာန်ရတယ်”လို့ ဟောတာ သစ္စာမပါသေးဘူး ဆိုကြမလား၊ ဒီ ပဋိစ္စသမုပ္ပာဒ်ဟာ သစ္စာချည်းပဲလို့ ဆိုကြမလား (သစ္စာချည်းပါ ဘုရား)။

ဒါ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အခုဘဝ ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဟော သစ္စာသိပြီ၊ မသိသေးဘူးလား (သိပါပြီ ဘုရား)။ ခင်ဗျားတို့ ထဲက ဝေဒနာလေးပေါ်လည်း ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဝေဒနာနုပဿနာ ဝေဒနာရှုကွ လို့ ဟောရုံနဲ့ နိဗ္ဗာန်မရောက်ဘူး (မရောက်ပါ ဘုရား)။

နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့၊ ဝေဒနာကို ဒုက္ခသစ္စာလို့သိမှ ရောက်မယ် (မှန်ပါ့)၊ ဝေဒနာသိလို့ မရောက်ဘူး (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)၊ ဝေဒနာကို ဘာသစ္စာလို့ သိရမလဲ (ဒုက္ခသစ္စာလို့ သိရပါမယ်)။

အဲ ဖဿကိုလည်း ဖဿလို့ သိရုံနဲ့ဆိုရင် နာမပရိစ္ဆေဒ ဉာဏ် (မှန်ပါ့)၊ ဒုက္ခသစ္စာလို့သိမှ သစ္စဉာဏ်ကိုးဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကွာခြားသလား (ကွာခြားပါတယ် ဘုရား)။

အဲဒီလို အသိကလည်း ဆရာကောင်း သမားကောင်းနဲ့ ပြင်မှသာလျှင် အမှန်ကို ရောက်နိုင်တယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ အခု ဒီစိတ်ကလေး တွေပေါ်လာရင်လည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပြီ နော် (မှန်ပါ့)၊ နာမ်ကလေးပေါ်လာရင် (ဒုက္ခသစ္စာပါ ဘုရား)။

ရုပ်ကလေး ပူတာ၊ အေးတာ၊ တောင့်တာ၊ တင်းတာ ပေါ်လာရင် (ဒုက္ခသစ္စာပါ ဘုရား)၊ ဟင် မျက်လုံးကလေးဖွင့်လိုက် ရင် (ဒုက္ခသစ္စာပါ ဘုရား)၊ သဠာယတနကိုးဗျနော် (မှန်ပါ့)။

ဟင် စိတ်ကလေးတွေ ဘယ်စိတ်မဆိုပေါ်လာရင်ကော ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဟင် ဖဿကလေးနဲ့ တွေ့ချင်လိုက်တာဆိုရင်ကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဝေဒနာ ကလေးနဲ့ ကောင်းတာ စားချင်လိုက်တာဆိုရင်ကော (ဒုက္ခသစ္စာပါ ဘုရား)။

ခင်ဗျားတို့ လုပ်သရွေ့ ဘာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)၊ အဲဒီ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ အမှန်အကန် ဒီကနေ သိပေးရမယ်။

ဝေဒနာပစ္စယာ တဏှာက ပုထုဇဉ်စခန်း

ဒီနေရာမှာ သိလုံးကလေး လိုက်၊ လိုက်ရင် ဒီအဆက်ဟာ ပြတ် မပြတ် (ပြတ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီအဆက်ဟာ ခန္ဓာတို့ ၏ လည်ရာ သံသရာဆိုတော့ လည်နိုင်သေးရဲ့ လား (မလည်နိုင် ပါ ဘုရား)၊ ဝေဒနာပစ္စယာ တဏှာလာသလား (မလာပါ ဘုရား)၊ ဝေဒနာပစ္စယာ ပညာလာတယ်၊ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဝေဒနာပစ္စယာ တဏှာက ပုထုဇဉ်စခန်း (မှန်ပါ့)၊ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာပစ္စယာတဏှာက (ပုထုဇဉ်စခန်းပါ ဘုရား)၊ ဒါ ခင်ဗျားတို့ နေ့တိုင်းလုပ်တဲ့အလုပ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ)၊ ဝေဒနာပစ္စယာ ပညာလာလို့ရှိရင်ဖြင့် ဒါ သစ္စာသိတာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘယ့်နှယ်ကြောင့် ဘုန်းကြီးက ဒီလောက် ဟောပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ ဝေဒနာဖြစ်ပျက် ဆိုတော့ ဝေဒနာ မချုပ်သေးဘူးလား (မှန်ပါ့)။

ဝေဒနာဖြစ်ပြီး ပျက်သွားတယ်ဆိုတော့ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒါဖြင့် ဝေဒနာနိရောဓ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဟောဒီ သိတာကလေးက တဏှာနိရောဓောကိုး ဝေဒနာ က နိရောဓောဖြစ်တော့ သိလုံးကလေးက ဘာပါလိမ့် (တဏှာ နိရောဓောပါ ဘုရား)။

ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော)၊ တဏှာ နိရောဓောတိ မဂ္ဂေါ (မှန်ပါ့)၊ သေသေချာချာမှတ်ပါ။

ရှုတဲ့မဂ်ဟာ ဒီနေရာပေါ်ပါတယ် “တဏှာနိရောဓောတိ မဂ္ဂေါ” ဆိုတော့ ဘုန်းကြီးတို့က စာသံ၊ ပေသံ ပါနေမှာ စိုးတာနဲ့ ဒီဖြစ်ပျက်၊ ဝေဒနာက ဖြစ်ပျက်၊ သူက မဂ်လို့ ရေးထားလိုက်တယ်။ သဘော ပါကြလား (ပါ ပါတယ် ဘုရား)၊ ဝေဒနာက ဘာတဲ့တုံး (ဖြစ်ပျက်ပါ)၊ ဒီရှုတာကလေးကကော (မဂ်ပါ ဘုရား)။

စာလိုသုံးမယ်ဆိုတော့ “ဝေဒနာနိရောဓာ တဏှာနိရောဓောတိ မဂ္ဂေါ”စာက ဒီလိုဖွင့်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဒီနေရာမှာ မဂ်ပေါ်တော့ ဒီဘက်ဆက်လာသလားတဲ့၊ ဒီ ဘက်ဆက်သွားသလား (အပေါ်ဆက်သွားပါတယ်)၊ အပေါ်ဆက် သွားတော့ တဏှာနိရောဓော နိဗ္ဗာနံ ပဋိစ္စသမုပ္ပာဒ်က ထွက်သွား ပြီ၊ လည်တဲ့သူ မဟုတ်တော့ဘူး (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါ သောတာပန်တည်ရင်လည်း အောက်သံသရာလည် သေးရဲ့ လား (မလည်ပါ ဘုရား)၊ အထက်သံသရာတော့ ကျန် သေးသပေါ့ဗျာ (မှန်ပါ့)၊ အောက်သံသရာလည်ကြသေးရဲ့ လား (မလည်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒါကလေးမှတ်ထားပါ၊ ဝေဒနာ နိရော ဓာ (တဏှာနိရောဓော၊ ပြန်ဆိုစမ်းဦး၊ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)၊ “ဝေဒနာနိရောဓာ တဏှာနိရောဓော” ဆိုတော့ တဏှာနိရောဓောဆိုတာ တဏှာအလိုလို ချုပ် တာလားလို့ မေးတဲ့အခါကျတော့မှ “တဏှာ နိရောဓောတိ မဂ္ဂေါ” ဒီကနေ မဂ်ထားပါကွာ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒါလာရင် ဖြစ်ပျက်၊ ဒီက မဂ်ဉာဏ်နဲ့ရှု၊ ဒီ ဖဿ လာရင်လည်း ဖြစ်ပျက်၊ ဒီနေရာက ဉာဏ်မဂ်ထား၊ သဘောကျပ လား (ကျပါပြီ)။

ဒီကစိတ်ကလေးတွေက ဖြစ်ပြီးပျက်တာကလေးတွေ ဉာဏ် မဂ်နဲ့ ရှုပေး၊ ရှုတော့ ဒီဘက်သွားသေးရဲ့ လား (မသွားပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ ဖြစ်ပျက် က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာဆိုတော့ မဂ်ဟာ မဖြတ်ဘူးလား (ဖြတ်ပါတယ်)။

ဒါဖြင့် ဒီမြားကလေး ဟိုဘက်ချွန် ဒီဘက်ချွန်ကလေး အလယ်ကဖြတ်လိုက်တော့ ဒကာ၊ ဒကာမတို့ ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

သစ္စဉာဏ်

ဒီအစပ်မပြတ်သေးဘူးလား (ပြတ်ပါတယ်၊ အဲဒီတော့ ဒါသည် ပစ္စုပ္ပန်မိုက်မှုကို ဒကာ၊ ဒကာမတွေ လိမ္မာအောင် လုပ်တာ ဒီမဂ်ပဲရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဒီမဂ် သည် ဝေဒနာ သိတာလား၊ သစ္စာသိတာလား (သစ္စာသိတာပါ ဘုရား)၊ သဠာယတန သိတာလား သစ္စာသိတာလား (သစ္စာသိ တာပါ ဘုရား)၊ ဒါဖြင့် သူက သစ္စာ၊ သူက သိတာ၊ သစ္စဉာဏ်ရ ပြီ (မှန်ပါ့)။

သူက ဘာပါလိမ့် (သစ္စာ)။ သိတာက (ဉာဏ်ပါ ဘုရား)။ ပေါင်းလိုက်တော့ သစ္စာနဲ့ ဉာဏ်နဲ့ပေါင်း (သစ္စဉာဏ်)၊ သစ္စဉာဏ်ရတယ် (မှန်ပါ့)။

ဒါ မနေ့ကတရား ခုမှဆုံးတယ် (မှန်ပါ့ ဘုရား)၊ ဒီနေ့ ထည့်ရမှာက ဒကာ၊ ဒကာမတွေ ဘာထည့်ရမှာပါလိမ့်မယ်၊ ကိစ္စ ဉာဏ်ထည့်မယ် (မှန်ပါ့)၊ မနေ့က သစ္စဉာဏ် သဘောကျပလား (ကျပါပြီ)။

ဒါဟာ လူသစ်တွေ တိုးလာလို့ တရားက နောက်ပြန် ဆုတ်ပြီး ဖြည့်စွက်ဟောနေရတယ် (မှန်ပါ့ ဘုရား)၊ ဒကာ၊ ဒကာမ တို့ ဒါကလေးတွေဖြစ်ပျက်က ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

ခင်ဗျားတို့ ရမ်းမပြောနဲ့လေ၊ ဒီကြည့် (မှန်ပါ့)၊ ဒီကြည့် (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီအတွင်းမှာ ဘာပဲ ဖြစ်နေနေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ပေါ်လာရင်လည်း ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ပျက်သွားရင်ကော (ဒုက္ခသစ္စာပါ)၊ ဒီအကွက်ထဲ ပါတာပေါ့လေ (မှန်ပါ့)၊ ဒါဖြင့် ဒုက္ခသစ္စာကို ဒီကနေ ပြီးသကာလ သိလုံးကလေးနဲ့ သိလိုက်တဲ့အခါ အပျက်အစီးသိလည်း ဒုက္ခသိတာပဲ။

အဖြစ်သိလည်း (ဒုက္ခသိတာပါပဲ ဘုရား)။ အပျက်သိလည်း (ဒုက္ခသိတာပါပဲ ဘုရား)။

ဒါဖြင့် ဥဒယဗ္ဗယဉာဏ်ဆိုတဲ့ဥစွာ သစ္စာသိတဲ့ဉာဏ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ သစ္စာသိတဲ့ဉာဏ် ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီဉာဏ်လည်းရပါရော ဒါယကာ ဒါယိကာမတို့ ဒီဘက် မှာ ဒိဋ္ဌိလာသေးရဲ့လား (မလာပါ ဘုရား)၊ ဒိဋ္ဌုပါဒါန်လာသေးလား (မလာပါ ဘုရား)။

ဒါဖြင့် သောတာပန်တည်မယ် (မှန်ပါ့)၊ သို့သော် သစ္စ ဉာဏ်တစ်ခုတည်းနဲ့ မတည်နိုင်သေးဘူး၊ သဘောကျပလား (ကျပါပြီ)။

စိတ္တာနုပဿနာ

ဒါဖြင့် သစ္စဉာဏ်ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဒီအတွင်း မှာ ဘာပဲပေါ်ပေါ် ခင်ဗျားတို့ ဘယ်စိတ်ပေါ်ပေါ် ရှုပါ၊ စိတ္တာ နုပဿနာပေးနေတယ်၊ ခင်ဗျားတို့ သန္တာန်မှာ အခုတရားနာနေ ကြတဲ့အထဲမှာ အရိယာ တစ်ယောက်မှမပါဘူး၊ ပုထုဇဉ်သာပါတယ်၊ သဘောကျပလား (ကျပါတယ်)။

ပုထုဇဉ်ဖြစ်ခဲ့လို့ရှိရင် ခင်ဗျားတို့ သန္တာန်မှာပေါ်ကောင်းတဲ့ စိတ် ဒကာ၊ ဒကာမတို့ မှတ်လိုက်စမ်းပါတဲ့၊ ၄၅ ပဲ ရှိတယ်၊ သဘောကျပလား (မှန်ပါ့)။

အကုသိုလ်စိတ်က ၁၂ ခု၊ အကုန်ပေါ်နိုင်တယ် ခင်ဗျားတို့ မှာ (မှန်ပါ့)။

စာသမားတွေအတွက် နည်းနည်းထည့်ပြောမယ်၊ အဟိတ် စိတ်က ဟသိတုပ္ပာဒ်ကြဉ် ကျန်တဲ့ ၁၇ ခု အကုန်ပေါ်နိုင်တယ်။ (မှန်ပါ့)၊ မဟာကုသိုလ်စိတ်က ၈ ခု၊ မဟာဝိပါက်စိတ် ၈ ခု ထည့်လိုက်၊ ဒကာ၊ ဒကာမတို့ ၁၂ နဲ့ ၁၇ ပေါင်း၊ ဘယ်လောက် ပါလိမ့် (၂၉ ပါ ဘုရား)။

၂၉ ထဲမှာ မဟာကုသိုလ်စိတ် ၈ ခု၊ မဟာဝိပါက်စိတ် ၈ ခုထည့်၊ ဘယ်လောက်ရသွားသတုံး (၄၅ ပါ ဘုရား) (မှန်ပါ့)၊ ဒါမှတစ်ပါး ခင်ဗျားတို့ သန္တာန်ပေါ်မည့်စိတ်မရှိဘူး။

အဲဒီစိတ်တွေထဲက ပေါ်ချင်တာပေါ် ဖြစ်ပျက်ရှုပါ၊ ပေါ်ချင် တာပေါ် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပေးရမယ်)၊ ဒါဖြင့် ပေါ်တာက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် ပြတ်တာက သမုဒယသစ္စာ (မှန်ပါ့)၊ သဘောကျ ရဲ့လား (မှန်ပါ့)၊ ပြတ်တာက (သမုဒယသစ္စာပါ ဘုရား)၊ နောက်ထပ် မလာမှာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒါက နိဗ္ဗာန်။ ဒါက သမုဒယချုပ်တာ။ ဒါက ခန္ဓာပါချုပ်သွားတာ (မှန်ပါ့)။

ဒါက တဏှာသိမ်း၍ နိဗ္ဗာန် (မှန်ပါ့)၊ ဒီဘက်က ခန္ဓာ သိမ်းတဲ့ နိဗ္ဗာန်ရှုတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ့)၊ ဒီဘက်က တဏှာသိမ်းတော့ ဘာဖြစ်သတုံး (နိဗ္ဗာန်ပါ)၊ ဒီဘက်က ခန္ဓာသိမ်းလို့ (နိဗ္ဗာန်ပါ)။

တဏှာနဲ့ ခန္ဓာဟာ တဏှာချုပ်ကတည်းက ဒီခန္ဓာ လာ သေးရဲ့ လား (မလာပါ ဘုရား)။

ဒါကြောင့် တဏှာသိမ်း နိဗ္ဗာန်၊ ခန္ဓာသိမ်းနိဗ္ဗာန်ဆိုတာ ကော ပေါ်ပလား (ပေါ်ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါက သစ္စ ဉာဏ်နဲ့ ပြောပြတာ၊ ဒကာ ဒကာမတို့။

ကိစ္စဉာဏ်ဆိုတာ

ကိစ္စဉာဏ်ပြောမယ်၊ နာရီကလည်း နည်းနည်းပဲ ကျန်တော့ တယ် (မှန်ပါ့)၊ ကိစ္စဉာဏ်ဆိုတာ ဒကာ ဒကာမတို့ သောတာပန် တည်လုကာနီး ဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ယခုဟောမည့် ဉာဏ်ဟာ ဘာပါလိမ့် (သောတာပန် တည်လုကာနီးဉာဏ်ပါ ဘုရား)၊ သောတာပန် တည်လုကာနီးဉာဏ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ)။

ဒီနေရာမှာ စိတ်တစ်ပါးကို တစ်ခြားကို မသွားပါနဲ့၊ တရား သိမ်းတော့မှာပဲ၊ မြန်မြန်ထမှ ဖိနပ်လုရလိမ့်မယ်လို့ မလုပ်ပါနဲ့ (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကားမြန်မြန်ပြေးဝင်ရလိမ့်မယ်လို့ ဒီစိတ်တွေ မလာစေနဲ့၊ အလွန်အရေးကြီးတာကို ပြောတော့မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဉာဏ်ပြောမှာပါလိမ့် (ကိစ္စဉာဏ်ကိုပြောမှာ ပါ ဘုရား)၊ ကိစ္စဉာဏ်ကိုပြောမယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ နောက်က ဒကာ၊ ဒကာမတွေ ဘယ် ဉာဏ်ပြောမယ် (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ပြီးရင် သောတာပန်တည်လိမ့်မယ်၊ သဘောကျ လား (ကျပါတယ်)၊ ကိစ္စဉာဏ် ပြီးရင် ခန္ဓာထဲမှာ အိမ်မှာပွားရင် လည်း တည်နိုင်တယ် (မှန်ပါ့)၊ ကိလေသာစင်ပြီး ပွားလိုက်လို့ ရှိရင် ဒီမှာလည်း တည်နိုင်တယ်၊ သဘောကျပလား (ကျပါတယ်)။

အရှင်ကောဏ္ဍညတက်တဲ့ ဉာဏ်

ဒါက ခင်ဗျားတို့ ဥဒယဗ္ဗယ ဘင်္ဂ ဘယတွေနဲ့ တက်နေ တဲ့ ဉာဏ်မဟုတ်ဘူးတဲ့၊ အရှင်ကောဏ္ဍည တက်တဲ့ဉာဏ်၊ အရှင်ကောဏ္ဍည ဆိုတာ ကြားဖူးကြရဲ့ မဟုတ်လား (ကြားဖူးပါတယ် ဘုရား)။

အဲ အရှင်ကောဏ္ဍည ဘယ်နှဉာဏ်နဲ့ တက်သွားတုံး မေးရင် သစ္စဉာဏ်တစ်ချက်၊ ကိစ္စဉာဏ် တစ်ချက်၊ ကတဉာဏ်တစ် ချက်၊ ဒီသုံးချက်ပြီးရင် သောတာပန်တည်သွားတာပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ ဉာဏ်အရှည်ကြီးလိုက်နေလို့ ခက်နေတာ၊ သဘောကျပလား (ကျပါပြီ)၊ အရှင်ကောဏ္ဍည ဘယ်နှဉာဏ်နဲ့ သောတာပန် တည်ပါလိမ့် (သုံးဉာဏ်နဲ့ တည်ပါတယ် ဘုရား)၊ (၁) နံပါတ် ဘာဉာဏ်တဲ့ (သစ္စဉာဏ်)၊ ခင်ဗျားတို့ ရပြီပလား (ရပြီး ပါပြီ)၊ ရပြီးရင် ဒါဘာသစ္စာတုံး၊ ဒီထဲက ပေါ်သရွေ့ (ဒုက္ခသစ္စာ ပါ ဘုရား)။

သိတာကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂ သစ္စာဆိုတာ ဉာဏ်ပဲမဟုတ်လား (မှန်ပါ့)၊ ဒါဖြင့် သစ္စာနဲ့ဉာဏ်နဲ့ ပေါင်း (သစ္စဉာဏ်ပါ ဘုရား)၊ ရပြီးပြီလား (ရပြီးပါပြီ)၊ ရပြီးပြီ၊ ကိစ္စဉာဏ် တစ်ခုလိုတယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဘာလိုနေပါလိမ့် (ကိစ္စဉာဏ်လိုပါ တယ် ဘုရား)၊ အဲဒါမျက်လုံးမှိတ်ပြီးတော့ သမာဓိကြီးကြီးနဲ့ နားကောင်းကောင်းနဲ့ ထောင်စမ်းပါ၊ အလွန်အရေးကြီးတယ်လို့ မှတ် လိုက်စမ်းပါ။

ဒကာ၊ ဒကာမတို့ ငြိမ်ဝပ်ပိပြားအောင် ပြောတဲ့စကား မဟုတ်ဘူး၊ အရေးကြီးလို့ ကြီးတယ်လို့ ပြောလိုက်တဲ့ စကားလို့ မှတ် ပါ။ အားလုံး ဒကာ၊ ဒကာမတို့ ကျေနပ်ရဲ့ လား (ကျေနပ်ပါတယ် ဘုရား)။

တစ်သက်မှာတစ်ခါတွေ့တဲ့ ဉာဏ်

သာမညနားနဲ့ ထောင်ရမှာလား၊ ကြီးကြီးကျယ်ကျယ်နားနဲ့ ထောင်ရမှာလား (ကြီးကြီး ကျယ်ကျယ် နားနဲ့ ထောင်ရမှာပါ ဘုရား)၊ တစ်သက်မှာ တစ်ခါတွေ့တဲ့ ဉာဏ်ကိုဟောမှာ သဘောကျရဲ့လား (ကျပါတယ်ဘုရား)၊ တစ်သက်မှာ တစ်ခါတွေ့တဲ့ဉာဏ်

တစ်ခါတွေ့ပြီးလည်း နောက်ထပ် အပါယ်ရောက်ဦးမှာ လား၊ မရောက်တော့ဘူးလား (မရောက်တော့ပါ)။ အဲဒါကြောင့် အရေးကြီးလို့ ခင်ဗျားတို့ကို အရေးကြီးတဲ့ အကြောင်း ဟောနေပါတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် နားကြီးကြီးနဲ့နားထောင်ပါ။ နည်းနည်း ကလေး ကျန်တဲ့အချိန်မှာ ပြောလိုက် ပါ့မယ်၊ ပြီးတော့ ဒကာ၊ ဒကာမတွေကို သတိပေးလိုက်ပါတယ်၊ ဒီနေ့ ကိစ္စဉာဏ်ကိုဟော ပြီး ကတဉာဏ်ဆိုတာကို နက်ဖြန်ဟောနိုင်မလား၊ မဟောနိုင်ဘူးလား မသိဘူးဗျာ (မှန်ပါ့)။

လူစိမ်းပါလာရင် သစ္စာက ပြန်စ စနေရတယ်၊ အဲဒီတော့ ကတဉာဏ် ဟောတဲ့အချိန်မှာလည်း သိပ်အရေးကြီးတယ် (မှန်ပါ့)။ ဒီနေ့ သစ္စဉာဏ်ကို ဖွယ်ဖွယ်ရာရာနဲ့ ခင်ဗျားတို့ကိုဟောလိမ့်မယ် (မှန်ပါ့)၊ ဟောပြီးသကာလ ခင်ဗျားတို့က အိမ်မှာ အလုပ်လုပ်ပါ၊ သဘောကျပလား (ကျပါတယ်)။

အိမ်မှာ အလုပ်လုပ်ပြီးတဲ့အခါကျတော့ ဪ ငါဖြင့် သစ္စာတော့ ကိစ္စသဘောတွေ သိပြီဆိုပြီး နက်ဖြန်လာတော့ ကတ ဉာဏ်ကို ဟောလိုက်လို့ရှိရင် သောတာပန်တည်နိုင်ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဉာဏ်ပဲလိုတယ်

အဲဒီတော့ ပါရမီအလိုက် တည်လိမ့်မယ်လို့ ရှေးဆရာတော် တွေက ဟောလိမ့်မယ် (မှန်ပါ့)၊ ပါရမီအလိုက် နက်ဖြန်ကျတော့ သောတာပန်တည်တ ဲ့ပုဂ္ဂိုလ်တည်ကြမှာပဲလို့ ဟောလိမ့်မယ် (မှန် ပါ့)၊ ဘုန်းကြီးတို့က ဒီလိုမဟောပါဘူး၊ ပါရမီ အလိုက်မဖြစ်နိုင်ဘူးဟေ့၊ ဉာဏ်ထက်မြက်တဲ့ အလိုက်ကွ၊ သဘောကျပလား (ကျပါ တယ်)၊ ဘာကြောင့်တုံးဆိုတော့ ပါရမီဆိုတာက ဘုရားမှာ ပါရမီ လိုတယ်။

ဆရာက သစ္စာဟောလို့ ခင်ဗျားတို့က ဒီသစ္စာကို ကိစ္စ ဉာဏ်နဲ့ သိလိုက်ရင် ပြီးတာပဲ (မှန်ပါ့)၊ ပါရမီမပါလို့ ပြောနေတာ၊ သဘောကျပလား (ကျပါတယ်)၊ ပါရမီလိုသေးသလား (မလိုပါ ဘုရား)၊ ဉာဏ်ပဲလိုတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဟောတတ်တဲ့ဆရာက သစ္စာဟောရမယ်၊ ခင်ဗျားတို့က ဟောတဲ့ဉာဏ်နဲ့ သွားပြီးသကာလ တိုက်လို့ရှိရင် ဒီနေရာတည်တာ ပဲ (မှန်ပါ့)။

သာဝကမှာ ပါရမီမလိုလို့ ပေဋကော ပဒေသမှာ သေ သေချာချာလာတယ်၊ ဥပရိပဏ္ဏသ ပါဠိတော်မှာ သေသေချာချာလာ တယ်၊ ဘာလိုသတုံးမေးဖို့ မလိုဘူးလား (လိုပါတယ်)၊ သစ္စာ ဟောတတ်တဲ့ ဆရာတွေ့ ဖို့ လိုတယ် (မှန်ပါ့)။

ကိုယ်က ဒီသစ္စာအတိုင်း အမှန်နှလုံးသွင်းတတ်ဖို့ လိုတယ်၊ ဒီနှစ်ချက်ပြည့်စုံပြီးရင် ပြီးတာပဲ၊ ပေါ်ကြမလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ မူလပဏ္ဏာသပါဠိတော်မှာလည်း ဘုရားကိုယ်တော် တိုင် ဟောတယ်၊ ပေဋကောပဒေသ မှာလည်း သေသေချာချာ ဟောတယ်၊ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ဒီ ဒကာ၊ ဒကာမတွေဟာ ဘုရားဆုပန်များ ပါသေး သလား (မပါ ပါ ဘုရား)၊ မပါဘူး၊ လက်ဝဲရံ၊ လက်ယာရံ (မပါ ပါ ဘုရား)၊ မပါတော့ ယခုနိဗ္ဗာန်ရရင် ယခုယူမည် မဟုတ်လား (ယူမှာပါ ဘုရား)။

ယခုနိဗ္ဗာန်ရရင် ယခုယူမည့်ပုဂ္ဂိုလ်

ဒါဖြင့် ယခု နိဗ္ဗာန်ရရင် ယခုယူမည့်ပုဂ္ဂိုလ်ဖြစ်ရင် ဟောတဲ့ ပုဂ္ဂိုလ်က သစ္စာလည်း ဟောမယ်၊ ခင်ဗျားတို့က ဟောတဲ့ အတိုင်း ဉာဏ်ရအောင်သာလုပ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါရှေးက အင်မတန်လွဲခဲ့တယ်၊ ရှေးက လွဲတော့ ဒကာ၊ ဒကာမတွေ နှုတ်ဖျားမှာ ဘယ်တတ်နေသတုံး ဆိုတော့ ဘုန်းကြီး ကလည်း အပြောက မညံ့ပါဘူး၊ ကျွန်မတို့က ပါရမီလိုလို့ ထင်ပါရဲ့။

ပါရမီနဲ့ ဆည်းပူးရမည့် ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ ပါရမီလို့ ထင်ပါ ရဲ့ဆိုတော့ ပြောသံကြားနဲ့ ပြောနေတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာနဲ့ပြောနေသလဲ (ပြောသံကြားနဲ့ ပြော နေပါတယ်)။

ဒါဖြင့် “သက်ကြီးစကား သက်ငယ်ကြား”ဆိုတော့ ဒီ အတိုင်း တုတ်ဆွဲသလို၊ တုတ်ဆွဲ သလောက် လိုက်နေတဲ့ အဓိပ္ပာယ် ရောက်နေတယ်၊ အခု သေသေချာချာသိပလား (သိပါပြီ ဘုရား)။

ယခု သစ္စာတရားနာ၍ ယခုသစ္စာတရားကို ဒကာ၊ ဒကာမ တွေက နှလုံးသွင်းလို့ရှိရင်ဖြင့် ယခုဘဝရမယ်၊ တိဟိတ်သာ ဖြစ်ပေ စေရမယ်၊ သဘောပါပလား (ပါပါပြီ)။

ခင်ဗျားတို့မှာ ဘယ့်နှယ်ကြောင့် ဘုန်းကြီးက ရဲရဲတင်းတင်း တာဝန်ခံရသတုံးမေးတော့ ကံကြီးငါးပါး လွတ်ပါတယ်၊ သဘော ကျပလား (ကျပါတယ်)။

အမိသတ်ဖူးတဲ့လူ ဒီအထဲ တစ်ယောက်မှမပါဘူး (မပါ ပါ)။

အဖသတ်ဖူးတဲ့လူ (မပါ ပါ ဘုရား)။

ဘုရားမရှိလို့ ဘုရားကို သွေးစိမ်းတည်အောင် လုပ်ဖူး တဲ့လူကော (မပါ ပါ ဘုရား)၊ မပါပါဘူး။

သံဃာသင်းခွဲတဲ့ပုဂ္ဂိုလ်ကော (မပါပါ ဘုရား)။ မပါတော့ကိုတဲ့ ရဟန္တာသတ်ဖူးတဲ့ပုဂ္ဂိုလ်ကော (မပါ ပါ)။

ဟ ဒါဖြင့် ကံကြီးငါးပါးလွတ်နေတဲ့ ပုဂ္ဂိုလ်၊ မဂ်ဖိုလ်တား တဲ့ ကံမှ သူတို့မှာမရှိဘဲ (မှန်ပါ့)။

နိယတမိစ္ဆာဒိဋ္ဌိအယူကော ယူကြသလားဆိုတော့ မိစ္ဆာဒိဋ္ဌိ အယူလည်း မယူပါဘူးဘုရား၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီခဏမှာ ရနိုင်တယ်လို့ အားတက်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့ ဘယ်ဉာဏ်ဟောရမှပါလိမ့် (ကိစ္စဉာဏ်ပါ ဘုရား)၊ ကိစ္စဉာဏ် အရေးတကြီး ပြောရမယ် မဟုတ်လား (မှန်ပါ့)၊

ကောင်းပြီ၊ ဒကာ၊ ဒကာမတို့ ကိစ္စဆိုတာသည် ခင်ဗျားတို့ သေ သေချာချာ မှတ်ပါ၊ ကိစ္စဆိုတာသည် ဒကာ၊ ဒကာမတို့၏ သန္တာန် မှာဟေ့ ဘယ်သွားမလို့လဲလို့ မေးလိုက်တယ်၊ ကိစ္စလေးရှိလို့ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

သခင်ဝတင် ခင်ဗျားအိမ်က အဝတ်အစားလေးလဲပြီး သကာလနေတော့ ခင်ဗျားခင်ပွန်းမ ကဖြစ်စေ၊ သားသမီးကဖြစ်စေ၊ သခင်ဝတင် ဘယ်သွားမလို့တုံး၊ အို ကိစ္စကလေး ရှိလို့ပေါ့ကွ၊ အရင်က ပေါ်လာတာလား၊ ခုမှပေါ်လာတာလား (ခုမှပေါ်လာတာပါ)။

အဲ ခုမှပေါ်တဲ့ကိစ္စကိုသိရမယ် (မှန်ပါ့)၊ သဘောကျ ကြပလား (ကျပါပြီ)၊ ဘယ်ကိစ္စကို သိရမလဲ (ခုမှပေါ်လာတဲ့ကိစ္စ ကို သိရပါမယ်)။

ခန္ဓာမှာလည်းခုမှပေါ်လာတဲ့ကိစ္စကိုသိရမယ်

အဲ ခန္ဓာမှာလည်း ခုမှပေါ်တဲ့ကိစ္စကို သိရမယ်၊ သေသေ ချာချာမှတ်ပါ၊ ဒီစကားမသေးဘူး၊ သေးပါ့မလား (မသေးပါ ဘုရား)။

ဒါဖြင့် ခန္ဓာထဲမှာ ခုမှပေါ်တဲ့ကိစ္စကိုသိရင် ကိစ္စဉာဏ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာထဲမှာ ခုမှ ဝေဒနာကလေးက ပေါ်ပြီး သကာလလာ တယ်၊ ၎င်းဝေဒနာကလေးဟာ ပျောက်သွားတယ်၊ ဪ ခုမှ ပေါ်ပြီး ခုမှပျောက်တာ၊ သူ့ကိစ္စ သူသိမ်းသွားတာ၊ သူ့ကိစ္စသူ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)၊ ခံလည်း ခံစားတယ် (မှန်ပါ့)။

ဝေဒနာသည် ခံစားခြင်းကိစ္စ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ခံစားခြင်းကိစ္စကို နောက်ဆုံးပိတ် ကျတော့ သူမသိမ်းရဘူးလား (သိမ်းရပါတယ် ဘုရား)။

ဒါဖြင့် ခံစားခြင်းကိစ္စကို သိမ်းတဲ့ခံစားတဲ့ကိစ္စကို ဒကာ၊ ဒကာမတို့ သိမ်းတဲ့ကိစ္စကျအောင် ကြည့်ပေးပါ (မှန်ပါ့)၊ ခံစားတဲ့အလုပ်ကို သိမ်းတဲ့ကိစ္စကျအောင် ကြည့်ပါ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနာကိစ္စကို ဒကာ၊ ဒကာမတွေက ဉာဏ်ထဲ သိတဲ့အခါကျတော့ ဝေဒနာမှာ ဘာကိစ္စရှိသတုံး၊ စိတ်မှာ ဘာကိစ္စ ရှိသတုံး၊ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

အဲဒီတော့ နာရီကလည်း စေ့နေလို့ ဒကာ၊ ဒကာမတွေ စေတနာတော့ကောင်းပါတယ်နော် (မှန်ပါ့)၊ စိတ်မှာတဲ့ ဒကာ၊ ဒကာမတို့ ဝေဒနာမှာဖြစ်စေ၊ စိတ်မှာဖြစ်စေ၊ ရုပ်မှာဖြစ်စေ တစ်ခုသော တရားပေါ်လာတယ်ဆိုလို့ရှိရင်ဖြင့် တဲ့ အိုမှု၊ သေမှု ပါတာ ချည်းပဲမှတ်၊ ဝေဒနာပေါ်လာလည်း သူ့မှာ ဘာပါလာတုံး (အိုမှု၊ သေမှု ပါပါတယ်)၊ စိတ်ပေါ်လာရင်ကော (အိုမှု၊ သေမှု ပါလာပါတယ် ဘုရား)၊ ရုပ်ပေါ်လာရင်ကော (အိုမှု၊ သေမှု ပါလာပါတယ် ဘုရား)။

ဒါဖြင့် သူဟာ ဝေဒနာဟာ အလိုလို ပျက်သွားတာလား၊ စိတ်ဟာ အလိုလို ပျက်သွားတာလား၊ သူယူလာတဲ့ အိုမှု၊ နာမှုက နှိပ်စက်တဲ့ကိစ္စကြောင့် ပျက်ရတာလား (အိုမှု၊ နာမှု နှိပ်စက်တဲ့ ကိစ္စကြောင့် ပျက်ရတာပါ)၊

တော်တော်ကလေး မိလာပြီ၊ တော်တော် မိလာတဲ့စကား၊ ဒကာကြီးတွေ သဘောကျရဲ့လား (ကျပါ တယ်)၊ အလိုလိုပျက်သွားတာလား၊ ဇရာ၊ မရဏနှိပ်စက်လို့ ပျက် သွားတာလား (ဇရာ၊ မရဏ နှိပ်စက်လို့ ပျက်သွားတာပါ ဘုရား)။

နှိပ်စက်ခံခြင်းကိစ္စ

ဒါဖြင့် ဟေ့ ဝေဒနာမင်းမှာ ဘာကိစ္စရှိသတုံး၊ ကျုပ်မှာ နှိပ်စက်ခံရခြင်းကိစ္စရှိတယ်၊ မပြောပေဘူးလား (ပြောပါတယ်)။

အဲဒီကိစ္စကို ဒီကနေ ဉာဏ်နဲ့မြင်အောင်ကြည့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် စိတ်၏ကိစ္စကို ဉာဏ်နဲ့မြင်အောင်ကြည့်၊ စိတ်မှာ ဘာကိစ္စရှိသတုံး၊ ပျက်စီးခြင်းကိစ္စ ရှိတယ်၊ ဇရာ မရဏတို့၏ နှိပ်စက် ခြင်းကိစ္စ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ စိတ်မှာ ဘာကိစ္စရှိ သတုံး (ဇရာ၊ မရဏတို့၏ နှိပ်စက်ခြင်းကိစ္စရှိပါတယ် ဘုရား)၊

ဪ သူ့နှိပ်စက်ခြင်းကိစ္စကြောင့် သူပျောက်ပျက်တာပဲလို့ ခင်ဗျား တို့က ဒီကနေ ဉာဏ်ကလေးနဲ့ သိပေးပါ။

ဒါဖြင့် သူ့မှာက ကိစ္စ၊ သူ့ကိစ္စသိတာက ဉာဏ်၊ သူ့မှာ က ဘာပါလိမ့် (ကိစ္စပါ ဘုရား)၊ သူ့သိတာ (ဉာဏ်ပါ)၊ ကိစ္စနဲ့ ဉာဏ်ပေါင်းပါ (ကိစ္စဉာဏ်ပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်ဆိုတာ ဒကာ၊ ဒကာမတို့ ဘယ့်နှယ် ကြောင့် ပျက်သွားတာပါလိမ့်မတုံးလို့ ဒီလိုမယူပါနဲ့ (မှန်ပါ့)၊ သူယူ လာတဲ့ ဇရာ မရဏကြောင့် သူပျက်စီးရတဲ့ ကိစ္စပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကိစ္စဉာဏ်

သူယူလာတဲ့ ဇရာ၊ မရဏကြောင့် (သူပျက်စီးရတယ်)၊ သူပျက်စီးတဲ့ကိစ္စ မကြုံရဘူးလား (ကြုံရပါတယ် ဘုရား)၊ အဲဒီလို သိလို့ရှိရင်ဖြင့် အဲဒီလို သိတဲ့ဉာဏ်၊ ဘာဉာဏ်ခေါ်ကြမလဲ (ကိစ္စ ဉာဏ်ခေါ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

အစကလေးပဲ ဟောနိုင်တယ်၊ မနေ့ကလည်း ဒီလောက် ပဲ ဟောနိုင်တယ်၊ ယနေ့တော်ကြဦးစို့၊

နက်ဖြန်မှ ဆက်ဟောမယ်။

သာဓု သာဓု သာဓု။