298

အဝိုင်းပြေးမှ လွတ်ချင်ရင် သစ္စာသိပြီးတော့ လုပ်ပါ

အသံဖိုင်ခေါင်းစဉ်= သစ္စာနှင့်ကံလေးပါး အမှတ်(၂)

စာအုပ်ခေါင်းစဉ်= အဝိုင်းပြေးမှ လွတ်ချင်ရင် သစ္စာသိပြီးတော့ လုပ်ပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

အဝိုင်းပြေးမှ လွတ်ချင်ရင် သစ္စာသိပြီးတော့ လုပ်ပါ

၁၂-၇-၆၂ ရက်နေ့ (နံနက်)

ကိုင်း အားလုံး ဒကာ၊ ဒကာမတွေ တရားပဲ နှလုံး သွင်းကြတာပေါ့ဆိုတဲ့ဥစ္စာ သတိပေးပါတယ်။

သံသရာဝဋ်မှ ကျွတ်လွတ်တဲ့တရား

တရားတကာ တရားထဲမှာ ဘယ်တရားသည် ငါတို့အား သံသရာဝဋ်ကို ကျွတ်စေပါသလဲဆိုတဲ့ မေးလုံးကို မေးကြရမယ်။

ထိုကဲ့သို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ကံဝေဖန်ပြီးမှ ဟောနိုင်မယ်ကွာဆိုပြီး ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ကံဝေဖန်ပါတယ် (မှန်ပါ့ ဘုရား)၊ ကံဝေဖန်တော့ ဒကာ၊ ဒကာမတွေ သုံးရက်ရှိပါပြီ စထားတာ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဂဟပတိဝဂ်၊ ကုက္ကုရဝတိဝသုတ်မှာလာ တယ်။ သေနိယတို့ ပုဏ္ဏတို့ ဝတ္ထုကို ဘုရားသခင်ကိုယ်တော် မြတ်ကြီးသည် သူတို့က အမေးအလျှောက်ရှိတာနဲ့ ကံဝေဖန်ပြီးဟောတဲ့သုတ်ကို ဟောပါလိမ့်မယ် ဆိုတာ ဒကာ၊ ဒကာမတွေ သေသေချာချာမှတ်ဖို့ပါ။

ကံလေးမျိုး

အဲဒီ ဟောလိုက်တဲ့အခါကျတော့မှ တို့ ဘယ်ကံဟာ အားကိုးထိုက်တယ်ဆိုတာ ပေါ်လာ ပါလိမ့်မယ်၊ ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံသည် မနေ့က ရေးပြီးသား ပုဂ္ဂိုလ်များ ပြန်ပြီးတော့ ကြည့်တာပေါ့၊

မည်းတဲ့ကံ၊ မည်းတဲ့ အကျိုးပေးတာက တစ်နံပါတ်၊ ဒကာ၊ ဒကာမတွေ ဘာပါလိမ့် (မည်းတဲ့ကံ မည်းတဲ့အကျိုးပေးတာက တစ်နံပါတ်ပါ ဘုရား)။

ဖြူတာ ဖြူတဲ့ကံသည် ဖြူတဲ့အကျိုးပေးတာက နှစ်နံပါတ် (ဖြူတာ ဖြူတဲ့ကံ ဖြူတဲ့ အကျိုး ပေးတာက နှစ်နံပါတ်ပါ ဘုရား)၊ နှစ်နံပါတ်နော် (မှန်ပါ့)၊

အမည်း အဖြူရောတဲ့ကံသည် အမည်း အဖြူအကျိုးပေးတာက သုံးနံပါတ်၊ အမည်းအဖြူ ရောတဲ့ကံ အမည်း အဖြူ အကျိုးပေးတာက (သုံးနံပါတ်)၊ သုံးနံပါတ် မှတ်ထား လိုက်တာပေါ့။ အမည်းအဖြူ မရောတဲ့ကံသည် ကံကိုဖြတ်၍ အမည်းအဖြူ မရောတဲ့ အကျိုးကိုပေးတာက လေးနံပါတ်လို့ မှတ်ထားလိုက်တာပေါ့ဗျာ (မှန်ပါ့)။

လေးနံပါတ်က ဘာပါလိမ့် (အမည်းအဖြူ မရောတဲ့ ကံသည် ကံဖြတ်ပြီး အမည်းအဖြူမရောတဲ့ အကျိုးကိုပေးတယ်)၊ အမည်းအဖြူ မရောတာကို အကျိုးပေးတယ်၊ ကံတော့ သူက ဖြတ်တယ်နော် (မှန်ပါ့)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သေသေ ချာချာ ငါတို့ ဘယ်ကံတွေလုပ်နေလို့ ဘယ်လို အကျိုးပေးမယ် ဆိုတဲ့ဥစ္စာ၊ ဘယ်အလုပ်လုပ်မှသာလျှင် ကံဖြတ်ပြီး သကာလ နိဗ္ဗာန် ရောက်မယ်ဆိုတာကို ယနေ့ဖြင့် ဒကာ၊ ဒကာမတွေ ထူးထူး ခြားခြားပဲ သိရတော့မယ်ဆိုတဲ့ဥစွာ ဆုံးဖြတ်ချက်ချပြီး နားထောင်ပါ။

အတိတ်ဘဝက ဒကာ၊ ဒကာမတို့ သစ္စာလေးပါး မသိတာ ဘာခေါ်ကြမတုံး (အဝိဇ္ဇာပါ ဘုရား)၊ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာရှိနေတဲ့ ပုဂ္ဂိုလ်ဟာတဲ့ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ဖြစ်တဲ့ သင်္ခါရကံတွေ ပြုပါတယ် (မှန်ပါ့)။

အဖြူကံဆိုပေမယ့် အဝိဇ္ဇာအုပ်ချုပ်နေတယ်

ပြုတဲ့အခါကျတော့ကိုတဲ့၊ သေသည်၏ အခြားမဲ့၌ ဒီနေရာမှ သေတော့ ဒီအကြောင်း အကျိုးဆက်ပြီး သကာလ ခန္ဓာငါးပါး ပေါ်လာ တယ် (မှန်ပါ့)၊ လူခန္ဓာပေါ်လာတယ် (မှန်ပါ့)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ အဖြူကံမို့ ကုသိုလ်ကံဆိုတော့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ သို့သော် အဝိဇ္ဇာအုပ်ချုပ်၊ မအုပ်ချုပ် (အုပ်ချုပ်ပါတယ် ဘုရား)။

အဝိဇ္ဇာအုပ်ချုပ်ပြီး အဖြူကံ လုပ်တဲ့အတွက် ဒကာ၊ ဒကာမတို့ ခန္ဓာငါးပါး ပေါ်လာပါတယ်၊ လူခန္ဓာငါးပါး၊ နတ်ခန္ဓာငါးပါး ပေါ်လာပါတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

သစ္စာနှင့်ဝေဖန်လိုက်သည်ရှိသော်

သို့သော် ဒကာ၊ ဒကာမတွေ သိဖို့ ရာက ဒါ အဖြူကံ လုပ်တာပါပဲတဲ့၊ ဘာသစ္စာ လုပ်မိရက်ကြုံ သတုံး (သမုဒယသစ္စာ လုပ်မိရက် ကြုံနေပါတယ် ဘုရား)၊ ဒါဖြင့် ဒါ လူခန္ဓာ၊ နတ်ခန္ဓာလို့ ဆိုငြား သော်လည်း ဘာသစ္စာရသတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဪ အဖြူကံ လုပ်ငြားသော်လည်း ဖြူတဲ့ဒါနကံ၊ သီလကံသည် ဘုံဘဝတောင့်တပြီး သကာလ လူခန္ဓာ၊ နတ်ခန္ဓာ ရချင်လို့လုပ်တဲ့ကံတွေဟာ ဒကာ၊ ဒကာမတို့ ဒါလူခန္ဓာ၊ နတ်ခန္ဓာ ပါပဲတဲ့၊ ပစ္စုပ္ပန်ကာလ ရပါတယ်၊ ဒုက္ခသစ္စာပြန်ရတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

အဖြူကံသည် အဖြူတော့ အကျိုးမပေးဘူးလား (ပေးပါတယ် ဘုရား)၊ လူခန္ဓာ နတ်ခန္ဓာတော့ အကျိုးပေးတယ်၊ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား)၊ ဪ သူလည်း အကောင်းချည်း မဟုတ်သေးပါကလား ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)၊ သစ္စာကပြတယ် (မှန်ပါ့)။

အဖြူကံလည်း ဒုက္ခသစ္စာပဲရတယ်

ဘာသစ္စာလုပ်ခဲ့ပါလိမ့် (သမုဒယသစ္စာလုပ်ခဲ့ပါတယ် ဘုရား)၊ မသိတာက အဝိဇ္ဇာ၊ လှူဒါန်းတာက (သင်္ခါရ)၊ ရတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ဪ ဒါဖြင့် အဖြူကံပေမယ့်လည်း ဒုက္ခသစ္စာပဲ ရတယ်လို့ ဆုံးဖြတ် ချက်ချတာပေါ့ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အမည်းကံ အပါယ်ခန္ဓာ အကျိုးပေးမယ်

ကဲ ဒါဖြင့် အမည်းကံ ပြောကြပါဦးစို့၊ မသိတာက အဝိဇ္ဇာ၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်တဲ့ အကုသိုလ် ကံက အမည်းသင်္ခါရ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အမည်းကံကြောင့် ဒီဘဝမှာ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကာယ် ဆိုတဲ့ အပါယ်ခန္ဓာငါးပါး မရဘူးလား (ရပါတယ် ဘုရား)၊ ဒါဖြင့် အမည်းကံကြောင့် အမည်းအကျိုးပေးတယ် (မှန်ပါ့)၊ မပေးသေးဘူးလား (ပေးပါတယ် ဘုရား)၊ အမည်းကံ က ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ အမည်းအကျိုးပေးတာ က (ဒုက္ခသစ္စာပါ ဘုရား)။

မကောင်းတာတော့ မကောင်းတာပဲ

ဪ ဒါဖြင့် အကုသိုလ်လုပ်လည်း မကောင်းဘူး၊ ဘုံဘဝတောင့်တလုပ်တဲ့ ကုသိုလ်လည်း မကောင်းဘူး (မှန်လှပါ)၊ ပေါ်လာကြပလား (ပေါ်ပါပြီ)၊ သေသေချာချာ မှတ်ကြပါ၊ ဒကာ၊ ဒကာမတို့ ဒါ အင်မတန် အရေးကြီးပါတယ်။

အမည်းအဖြူရောတဲ့ကံ

တစ်ခါ အမည်းအဖြူရောတဲ့ကံသည် အမည်းအဖြူကို အကျိုးပေးမယ်ဆိုတာ သေနိယ၊ ပုဏ္ဏတို့ကို ဟောနေသောကြောင့် သစ္စာလေးပါး မသိဘဲနဲ့ ကုသိုလ်လုပ်ပြီး သကာလ ဘုံဘဝ ဆုတောင်း တယ်၊ သဘောကျပလား (ကျပါပြီ)။

သစ္စာလေးပါးမသိဘဲနဲ့ အမည်းအဖြူရောတဲ့ ကံဆိုတာ ဒါနကံ၊ သီလကံ၊ ဘုံဘဝလိုချင်တဲ့ကံ၊ ၎င်းနောက်ကနေပြီး ဆုတောင်း ဆိုတဲ့ တဏှာက မလာဘူးလား (လာပါတယ်)။ အမည်းအဖြူ မရောသေးဘူးလား (ရောသွားပါတယ် ဘုရား)။

အမည်းအဖြူရောတဲ့ အကျိုးပေးပါတယ်တဲ့၊ ဒါ ဘာတုန်း – မေးတော့ ခန္ဓာပါပဲ (မှန်လှပါ)၊ ခန္ဓာပေမယ့် ဆင်ဖြူတော်ခန္ဓာလို့ မှတ်လိုက် (မှန်ပါ့)၊ နဂါးမင်းကြီး ခန္ဓာလို့ မှတ်လိုက် (မှန်ပါ့)။ သဘောပါပလား (ပါ,ပါတယ်)၊ သူက ဘာလုပ်ခဲ့တုန်းတဲ့၊ အမည်းအဖြူ ရောလုပ်တဲ့အတွက် အမည်းအဖြူ အကျိုးပေးတယ် (မှန်ပါ့)၊

ဒါဖြင့် ဒကာ၊ ဒကာမတို့ အမည်းကံကြောင့် အမည်းအကျိုး ပေးတာကော ကြိုက်ကြရဲ့လား (မကြိုက်ပါ ဘုရား)။

သေသေချာချာမှတ်ပါ။ အမည်းကံက သမုဒယသစ္စာ၊ အဖြူကံကကော (သမုဒယသစ္စာပါ ဘုရား)၊

တစ်ခါမသိတဲ့ ပုဂ္ဂိုလ်က ဒါန သီလတွေလုပ်ပြန်တယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ကို မလုပ်ဘူး၊ ဘုံဘဝလိုချင်တဲ့ ကုသိုလ်လုပ်ပြန်တော့ မသိလို့ အဖြူကံ လုပ်ပြန်တယ် (မှန်ပါ့)၊ ဒီတွင် လူခန္ဓာ၊ နတ်ခန္ဓာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဘာသစ္စာရမတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာလုပ်ခဲ့လို့လဲ (သမုဒယ သစ္စာလုပ်ခဲ့လို့ ပါ ဘုရား)၊ ဒါဖြင့် အဖြူကံလည်း ဒုက္ခ အကျိုးပေး တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာလေးပါးမသိတဲ့ပုဂ္ဂိုလ်၊ ဘာတွေလုပ်

မသိတဲ့ပုဂ္ဂိုလ်၊ သစ္စာလေးပါး မသိတဲ့ပုဂ္ဂိုလ်က ကုသိုလ် ကံလည်းလုပ်တယ်၊ ဘုံဘဝကို ဆုတောင်းတဲ့ တဏှာလည်း လာတယ် (မှန်ပါ့)၊ ကုသိုလ်ရော အကုသိုလ်ရော မရောဘူးလား (ရောပါတယ် ဘုရား)၊ ဒီဘဝ ဆင်ဖြူတော်ရတနာတို့၊ နဂါးမင်း ကြီးတို့ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် အဖြူအမည်းရောတဲ့ကံ ဘာသစ္စာလဲ (သမုဒယ သစ္စာပါ ဘုရား)၊ အမည်းအဖြူ၊ အကျိုးပေးတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒီကံသုံးခုကို ဒကာ၊ ဒကာမတို့ ဘယ်ကံကြိုက်၊ သတုံး (ဘယ်ကံမှ မကြိုက်ပါ ဘုရား)။

သေသေချာချာနားထောင်ပါ၊ ဘယ်ကံမှ ကြိုက်စရာရှိရဲ့ လား (မရှိပါ ဘုရား)၊ သုံးခုစလုံး သမုဒယသစ္စာကိုးဗျ (မှန်ပါ့)၊ အကျိုးပေးတော့ ဒုက္ခသစ္စာမှတစ်ပါး ဘာလာသေးသတုံး (ဘာမှမလာပါ ဘုရား)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

အားကိုးရမည့် အဖြူအမည်းမရောတဲ့ကံ

ဒါဖြင့် ဒကာ၊ ဒကာမတွေ အားကိုးရမယ့် ကံတစ်ကံပဲ ကျန်တော့တယ် (မှန်လှပါ)၊ ဘယ်ကံပါလိမ့် ဒကာ၊ ဒကာမတွေ ရထားတာက (အဖြူ အမည်း မရောတဲ့ကံ)၊ အမည်းအဖြူမရော တဲ့ကံ၊ သဘောကျပလား (မှန်ပါ့၊ ကျပါပြီ)၊ အမည်းအဖြူမရော တဲ့ကံဖြင့် အမည်းအဖြူမရောတဲ့ အကျိုးပေးကို ပေးရမယ်ဆိုတော့ ဘုန်းကြီး ရှင်းပြပါမယ်။

လက်ရှိခန္ဓာငါးပါးကိုဖြစ်ပျက်

ဒကာ၊ ဒကာမတွေ ဒါလက်ရှိခန္ဓာငါးပါး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါ ဘာပါလိမ့် (လက်ရှိ ခန္ဓာ ငါးပါးပါ ဘုရား)၊ လက်ရှိခန္ဓာငါးပါးကို ဪ ခဏ ခဏဖြစ်၊ ခဏ ခဏ ပျက်တဲ့စိတ်ပါလား။

ခဏ ခဏ ဖြစ်၊ ခဏ ခဏ ပျက်တဲ့ ဝေဒနာပါလားလို့၊ ဉာဏ်ကလေးနဲ့ ဒီကနေ သိပေးစမ်းပါ၊ သဘောပါလား (မှန်ပါ့)။ ဉာဏ်ကလေးနဲ့ ဒီကနေ သိပေးတဲ့အခါကျတော့ ဒုက္ခသစ္စာကို သိတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အမည်းအဖြူမရောတဲ့ကံသည် ကံကို ပြတ်စေတယ်

ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သိတာ က (မဂ္ဂသစ္စာပါ ဘုရား)၊ ဒီမဂ်ထဲ ကောတဲ့၊ စေတနာကံ မပါဘူး လား (ပါ,ပါတယ် ဘုရား)၊ ပါပင်ပါငြား သော်လည်း သူကဒကာ၊ ဒကာမတို့ မဂ်က ဟောဒီ အကျိုးပေးတွေကို ဖြတ်တယ် (မှန်ပါ့ ဘုရား)၊ သမုဒယသစ္စာကော (ပြတ်ပါတယ် ဘုရား)၊ ဒုက္ခသစ္စာကော (ပြတ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတွေ အမည်းအဖြူမရောတဲ့ကံဟာ ကံဖြတ် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အမည်းအဖြူမရောတဲ့ကံဟာ ကံပြတ်ပါ ဘုရား)၊ အမည်းအဖြူ မရောတဲ့ကံ ဘယ့်နှယ်ဆိုကြမယ် (ကံပြတ်ပါ ဘုရား)၊ ဒါဖြင့် ကံပြတ်တော့ကို စဉ်းစားကြည့်ပါ ဒီက အကျိုးပေးမဂ်ကံသည် မဂ်ကနေ ဖြတ်လိုက်တဲ့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတွေကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ပပဉ္စချုပ်တဲ့အတွက် သံသရာချဲ့မည့် ဒုက္ခသစ္စာတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါ ဘယ်ကံ အားထုတ်လိုက် ပါလိမ့် (အမည်းအဖြူ မရောတဲ့ကံ အားထုတ်ပါတယ် ဘုရား)။

ကြည့် ဖြစ်ပျက်ကို ဒုက္ခသစ္စာ၊ ဖြစ်ပျက်က ဘာပါ လိမ့် (ဒုက္ခသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာပါ)၊ ဒီဟာ ကံလည်း မပါဘူးလား ပါသလား (ပါ,ပါတယ် ဘုရား)၊ မဂ်ကော မပါဘူး လား (ပါ,ပါတယ် ဘုရား)။ ဒီတရားကတော့ကို တဲ့၊ ဒကာ ဒကာမတို့က ဒီက အကျိုးပေးချင်တဲ့ ကံတွေဟာ သူ ဒီဘက်ဆက်ခွင့်ပေးသေးရဲ့ လား (မပေးပါ ဘုရား)၊

ဒါဖြင့် အမည်းအဖြူမရောတဲ့ကံသည် ကံပြတ်တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အမည်း အဖြူမရောတဲ့ ကံသည် (ကံပြတ်တရားပါ ဘုရား)၊ ကံပြတ်တရားက ဘယ်သွားသတုန်း မေးတဲ့ အခါကျတော့ ပပဉ္စချုပ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)၊ ဒုက္ခသိမ်းတယ် (သိမ်းပါတယ် ဘုရား)။

ပပဉ္စကော (ချုပ်ပါတယ် ဘုရား)။ ဒုက္ခကော (သိမ်းပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်ကံအားကိုးရမှာပါလိမ့် (အမည်းအဖြူမရောတဲ့ကံ အားကိုးရမှာပါ)၊ အဲဒါ မဂ်လို့ မှတ်လိုက်၊ မဂ်ဟာ အမည်းအဖြူမရောတဲ့ကံပဲ၊ မဂ်နဲ့ ရောတဲ့ စေတနာသည် အမည်းအဖြူ မရောတဲ့ကံပဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊

ဘုရားသည် ဘုရားဖြစ်တာ ဘယ်ကံကြောင့် ဖြစ်သွားပါလိမ့်မလဲ မေးကြည့်စမ်း (အမည်းအဖြူ မရောတဲ့ ကံကြောင့်ပါ)၊

သောတာပန်ပုဂ္ဂိုလ် ဘယ်ကံကြောင့် ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ချုပ်ပါလိမ့် မလဲ (အမည်းအဖြူ မရောတဲ့ကံကြောင့်ပါ)၊ သကဒါဂါမ်သည် ရုန့်ရင်းတဲ့ လောဘ ဒေါသတွေ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့် မလဲ (အမည်းအဖြူမရောတဲ့ ကံကြောင့်ပါ)။

ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ရှု

အမည်းအဖြူ မရောတဲ့ကံသည် သစ္စာသိတဲ့ဉာဏ်တို့ ကံတို့ကို ဆိုပါတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ သစ္စာသိတဲ့ဉာဏ်၊ သူနဲ့ တွဲနေတဲ့ကံ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ရဟန္တာပုဂ္ဂိုလ် ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဟာလည်း ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ – ရှုလိုက်ပါတယ် (မှန်ပါ့)။

ရှုလိုက်တော့ ဒကာ၊ ဒကာမတွေ ဒီကံတွေ ဘယ့်နှယ်နေ မလဲ အကြောင်းတရားတွေ (ပြတ်သွားပါတယ် ဘုရား)၊ ဒီအကျိုး တရားတွေကော လာသေးရဲ့ လား (မလာပါ ဘုရား)။

မဂ်ကံကိုအားကိုးပါ

ဒါဖြင့် ဘယ်ကံကို ကျုပ်တို့သည် အားကိုးထိုက်ပါလိမ့် မလဲလို့မေးတော့ ဒကာ၊ ဒကာမတို့ မဂ်ကံဟာ အားကိုးထိုက်တယ် (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ ဘယ်ဟာ အားကိုးကြမလဲ (မဂ်ကံ အားကိုးရမှာပါ)။

မဂ်ကံ ဘယ့်နှယ်ကြောင့် အားကိုးထိုက်ပါလိမ့်မလဲလို့ ဒကာ၊ ဒကာမတွေက မေးလို့ ရှိရင် အတိတ်ဘဝက ဒီကံတွေကို လည်း ဖြတ်တယ် (မှန်ပါ့)၊ ဒီကံတွေကိုကော (ဖြတ်ပါတယ် ဘုရား)။

(ဤနေရာတွင် စက်ဝိုင်းကိုပြ၍ ဟောသည်)။

ဒါဖြင့် ကံဖြတ်တရား (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အတိတ်က မိုက်မှု၊ မဲမှုကံတွေ၊ ဘုံဘဝတောင့်တ ထားတဲ့ ကံတွေကော မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ယခုဘဝမှာ မိုက်လတ္တံ့ ကံတွေကော (ဖြတ်ပါတယ် ဘုရား)။ ဒါက ဘယ်သူက ဖြတ်ပါလိမ့်မလဲ ဒကာ၊ ဒကာမတို့ (မဂ်က ဖြတ်ပါတယ် ဘုရား)။

မဂ်ဟာ ဘာကံခေါ်ကြမယ် (အမည်းအဖြူ မရောတဲ့ကံ) အမည်းအဖြူမရောတဲ့ကံသည်တဲ့ ဒကာ၊ ဒကာမတို့ နိဗ္ဗာန် အကျိုးပေးတယ် (မှန်ပါ့)။

ကံလေးမျိုး အကျိုးပေးပုံ သုံးသပ်ကြည့်ရအောင်

အမည်းဆိုတဲ့ အကုသိုလ်ကံသည် ဒုက္ခသစ္စာ အကျိုးပေး တယ် (မှန်ပါ့)။

အဖြူဆိုတဲ့ ဒါန၊ သီလကံသည် ဝဋ်တောင့်တ လုပ်တာကို ဆိုပါသည် (မှန်ပါ့)၊ ဒုက္ခသစ္စာပဲ အကျိုး မပေးဘူးလား (ပေးပါတယ် ဘုရား)။

အမည်းအဖြူရောတဲ့ ကံသည် ဒုက္ခသစ္စာပဲ အကျိုးမပေးဘူး လား (ပေးပါတယ် ဘုရား)။

အမည်းအဖြူမရောတဲ့ကံသည် သမုဒယသစ္စာ ချုပ်စေ တယ် (မှန်ပါ့)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒုက္ခသစ္စာ မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ဟာ အားကိုးကြမလဲ (အမည်းအဖြူ မရောတဲ့ ကံကို အားကိုးရမှာပါ)၊ ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံကောင်းတာ သဘောကျသလား ကံပြတ်တာသဘော ကျသလား (ကံပြတ်တာ သဘောကျပါတယ် ဘုရား)၊ ဘုန်းကြီး ရှေ့မို့ပြောလိုက်ရတာဘုရား၊ တပည့်တော်တို့က ကံကောင်း စောင့်နေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့က ဘာစောင့် နေကြသတုံး (ကံကောင်း စောင့်နေကြပါတယ်)။

ဒီမှာ ဒါနကံ၊ သီလကံဆိုတဲ့ အဖြူကံတွေရှိပါတယ် (မှန်ပါ့)၊ ဘာသစ္စာအကျိုးပေးသလဲ (ဒုက္ခသစ္စာ အကျိုးပေးပါ တယ် ဘုရား)။

ဒါ လူခန္ဓာ၊ နတ်ခန္ဓာပါပဲ ဒကာ၊ ဒကာမတို့ ကြိုက်ပါ လား (မကြိုက်ပါ ဘုရား)၊ ဘယ်ကြိုက် လိမ့်မလဲ ကြည့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတော့ ကြိုက်စရာပါရဲ့ လား (မပါ,ပါ ဘုရား)၊ အဲဒါ အဖြူကံက အကျိုးပေးတာ၊ သဘောကျ ပလား (ကျပါပြီ)၊ အမည်းအဖြူရောတဲ့ကံဆိုတော့ တဏှာ လုပ်ပြီးသကာလ လှူတယ်၊ အမည်းအဖြူ မရောဘူးလား (ရောပါတယ်)၊ တဏှာလုပ်တာက အကုသိုလ်လှူတာက ကုသိုလ် ဆိုတော့ အမည်းအဖြူမရောဘူးလား (ရောပါတယ် ဘုရား)။

နောက်ဘဝကျတော့ ဆင်ဖြူတော်တို့ နဂါးမင်းကြီးတို့ ဖြစ်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် အမည်းကံသည် အမည်းအကျိုးပေးတာလည်း မကြိုက်ပါနဲ့ (မှန်ပါ့)၊ အဖြူကံ အဖြူ အကျိုးပေးတဲ့ နတ်၊ ဗြဟ္မာဖြစ်တာလဲ (မကြိုက်ပါနဲ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါကြောင့် မကြိုက်ကောင်းဘူး (မှန်ပါ့)၊ သဘောပါလား (ပါ, ပါပြီ)။

အမည်းအဖြူရောတဲ့ကံသည် ခုနက ရွှေနဂါးတို့၊ ဆင်ဖြူ တော်တို့ အကျိုးပေးတဲ့အတွက် ကြိုက်သေးရဲ့လား (မကြိုက်ပါ ဘုရား)။

သစ္စာသိတဲ့ဉာဏ်၊ သစ္စာသိတဲ့ကံနဲ့ တွဲတယ်

သူက ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ အဖြူအမည်းမရောတဲ့ ကံကတော့ သစ္စာသိတဲ့ကံ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အမည်းအဖြူ မရောတဲ့ကံကတော့ (သစ္စာသိတဲ့ကံ)၊ အဲ သစ္စာသိတဲ့ ဉာဏ်၊ အဲဒီဉာဏ်သည် ကံနဲ့ တွဲနေတယ် (မှန်ပါ့)၊ မဂ်စိတ်မှာ စေတနာ ယှဉ်တာကိုး (မှန်ပါ့)၊ “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုတာ အဲဒီအထဲမှာလည်း စေတနာပါတာပဲ (မှန်ပါ့)။

အမည်းအဖြူမရောတဲ့ မဂ်ကံကို ကြိုးစား

ဒီစေတနာကတော့ ဒီဘက် အကျိုးပေးသလား၊ ဒါတွေ ဖြတ်ချတာလား (ဒါတွေဖြတ်ချတာပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ အားကိုးရာ တွေ့ကြပလား (တွေ့ပါပြီ ဘုရား)၊ ဘယ်ကံ ကြိုးစားရမလဲ (အမည်းအဖြူ မရောတဲ့ကံပါ ဘုရား)၊ အမည်းအဖြူ မရောတဲ့ကံကို ကြိုးစားရမယ်၊ ဘယ့်နှယ်ကြောင့် တုန်း ဆိုလို့ ရှိရင်ဖြင့် တဲ့။ ဒီအကျိုးပေး ဒီကံတွေကို ဟောဒီ သမုဒယသစ္စာ ဆိုတဲ့ကံတွေကော မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊

ဟောဒီ ဒုက္ခသစ္စာဆိုတဲ့ အကျိုးပေးတွေကော (ဖြတ်ပါတယ် ဘုရား)။

ဖြတ်တယ်ဆိုတော့ သမုဒယနဲ့ ဒုက္ခဖြတ်တဲ့ကံဟာ မဂ်ကံ (မှန်လှပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါ ဘယ်သူ့ကို ဟောပါလိမ့်မတုန်းဆိုတော့ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ သေနိယနဲ့ ပုဏ္ဏတို့ကို ဟောပါတယ် (မှန်ပါ့)၊ အားလုံးကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ်)။

ဒါဖြင့် ခင်ဗျားတို့အကြိုက်နဲ့ ဘုရားဟောစဉ်နဲ့ တခြား စီ ဖြစ်နေတယ် (မှန်ပါ့)၊ ခင်ဗျားတို့က အဖြူကံကို ကြိုက်တယ် (မှန်လှပါ)၊ ဘာကြိုက်ကြသလဲ (အဖြူကံကို ကြိုက်ပါတယ် ဘုရား)၊ ဟေ! စင်စင်ကြယ်ကြယ် ဖြူဖြူစင်စင်လုပ်ကွ၊ ဒါမှ ဖြူဖြူစင်စင် အကျိုးပေးမယ်၊ လူဖြူကလေး၊ နတ်ဖြူ ကလေးပေါ့ဗျာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျား တို့ ကြိုက်နေတာ ဘာကြိုက်တာပါလိမ့် (ဒုက္ခသစ္စာ ကြိုက်နေ တာပါ ဘုရား)၊ ကြိုက်ကောင်း၊ မကြိုက်ကောင်း (မကြိုက်ကောင်းပါ ဘုရား)၊ သဘောပါကြပလား (ပါ,ပါတယ်)၊ ဒါဖြင့် ဘယ်ကံသာလျှင် ကျုပ်တို့ခန္ဓာကိုယ်ကို ကယ်မည့်ယူမည့်ကံ ဆိုတာ ဒကာ၊ ဒကာမတို့ သဘောကျပလား (ကျပါပြီ)။

အမည်းအဖြူ မရောတဲ့ကံဟာ ကျုပ်တို့ကို ကယ်တဲ့ကံ၊ သမုဒယသစ္စာကိုလည်း ဖြတ်တယ်၊ မဖြတ်ကြဘူးလား (ဖြတ်ပါ တယ် ဘုရား)၊ ဒုက္ခသစ္စာကိုကော ဖြတ်ပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်ကံကို ကြိုးစားကြမလဲ (အဖြူအမည်း မရောတဲ့ကံကို ကြိုးစားပါမယ်)။

သစ္စာသိပြီးမှဒါနလုပ်၊ သီလဆောက်တည်

ဒါကြောင့် ဒါနလုပ်တာတောင်မှ သစ္စာသိပြီးလုပ်ခဲ့သော် ကံပြတ်ပါတယ် (ပြတ်ပါတယ်)၊ သီလ ဆောက်တည် တာတောင်မှ သစ္စာသိပြီးလုပ်ခဲ့သော် (ကံပြတ်ပါတယ်)၊ မဂ်ကံချည်းသွား ဖြစ်တယ် (မှန်ပါ့)။

ဒါကြောင့် ကုသိုလ်ကံပဲ လုပ်ပါ၊ သစ္စာသိလုပ်ပါ၊ ရှင်းပ လား (ရှင်းပါပြီ)၊ ကုသိုလ်ကံလုပ်လည်း ဘာလုပ်ရမယ် (သစ္စာသိပြီးလုပ်ရပါမယ်)၊ ဝိပဿနာ ပွားပြန်တော့ကော (သစ္စာ သိပြီးပွားရမယ်)၊ အဲဒီလို ဆိုတော့ အဖြူအမည်း မရောတဲ့ကံ သွားဖြစ် တယ် (မှန်ပါ့)၊ ဒါကြောင့် ဒီအမည်းကော လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒီ ဒုက္ခကော (မလာပါ ဘုရား)၊ ဒါဖြင့် အမည်းအဖြူမရောတဲ့ သစ္စာသိတဲ့ဉာဏ်သည် ကံကိုဖြတ်သည်။ သဘောကျပလား (ကျပါပြီ)။

သစ္စာသိပြီးလုပ်ရင် ကံပြတ်ပါတယ်

ဒီကံလာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊ ဒီအကျိုးပေးကော (မပေးနိုင်ပါ ဘုရား)၊ မပေးနိုင်ဘူး ဆိုတာ သေချာပလား (သေချာပါတယ်)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒါနလုပ်လည်း သစ္စာသိပြီးလုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သီလဆောက်တည်တော့ကော (သစ္စာသိပြီးဆောက် တည်ရပါမယ်)၊ သစ္စာသိပြီး ခန္ဓာကြီးဟာ ဒုက္ခသစ္စာမှ လွတ်ချင်လို့ သီလ ဆောက်တည်ဦးမယ် (မှန်ပါ့ ဘုရား)၊ ကံပြတ် သွားတယ် (မှန်ပါ့)၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

သစ္စာသိပြီးမှ လှူဆိုတော့ သစ္စာကဒုက္ခ၊ သိတာကမဂ္ဂ

ဒါနပေးလှူတော့လည်း ခန္ဓာကိုယ် ဒုက္ခသစ္စာကြီး ဒုက္ခသစ္စာကြီးကို ကျွတ်ချင်လွတ်ချင်လို့ လုပ်ပါတယ်ဆိုတဲ့ ဉာဏ်နဲ့လုပ်လိုက်လို့ ရှိရင်ဖြင့် ဒီဘက် ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက လာဟောနေတယ်ဟေ့ အမည်းလည်း လုံးဝ ကန့်ကွက်တယ်၊ မလုပ်နဲ့၊ အဖြူကံလုပ်မည့်ကြံရင် သစ္စာသိလုပ်ပေး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အဖြူကံ လုပ်မည့်ကြံရင် (သစ္စာသိ လုပ်ပေးရပါမယ်)။

သားရှင်ပြုတော့မယ်၊ သမီးမင်္ဂလာအခမ်းအနားမှာ ဆွမ်းကွမ်းကျွေးမယ်၊ သံဃာများ သင်္ကန်းကပ်မည်လို့ ဆိုလို့ရှိရင် လည်း အမေမိဘက ဒီဒုက္ခဝဋ်မှကျွတ်ချင်လို့ လုပ်ပါတယ်ဆိုပြီး လှူ လိုက်လို့ ရှိရင်ဖြင့် ဒုက္ခက ဒုက္ခသစ္စာ၊ ကျွတ်ချင်တာက မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)၊ ကံပြတ် မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ သားရှင်ပြုတတ်ပလားမေးရင် ဘယ့်နှယ်ဖြေပါ မလဲ (ပြုတတ်ပါပြီ ဘုရား)။

ဘာတုန်း သင်္ကန်းဝယ်ဝတ်မှာပဲလား (မဟုတ်ပါ ဘုရား)။ သင်္ကန်းဝါဝတ်ရင်တော့ အလွယ် ကလေးပေါ့ဗျာ၊ ဒါကို ဆိုလိုသည် မဟုတ်ပါဘူး၊ ဒကာ၊ ဒကာမတို့နော် သစ္စာသိပြီးလုပ်ပါ၊ သစ္စာ သိတာ၊ သစ္စာက သစ္စာ၊ သိတာက မဂ္ဂသစ္စာ (မှန်ပါ့)၊ သစ္စာက ဒုက္ခ၊ သဘောကျပလား (မှန်ပါ့ ဘုရား)၊ သိတာက မဂ္ဂ (မှန်ပါ့၊ မဂ္ဂ)၊ ဖြစ်ပျက်တာ ဘာတုံး (ဒုက္ခပါ ဘုရား)။ သိတာက (မဂ္ဂပါ ဘုရား)။

အဲ ခန္ဓာကိုယ်ဖြစ်ပျက် ဒုက္ခသစ္စာ သိပြီးသကာလ လှူပါ၊ တန်းပါ၊ ပေးပါ၊ ကမ်းပါဆိုတော့ ဒီက သမုဒယသစ္စာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ကံမပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)၊ ဒုက္ခဏာ (ပြတ်ပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ ဒါန၊ ပေးလှူတတ်ပလား မေး ရင် ဘယ့်နှယ်ဖြေမယ် (လှူတတ်ပါတယ် ဘုရား)၊

ဘာသိပြီးတော့ (သစ္စာသိပြီးတော့ လှူပါမယ်)၊ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏လုပ်ပါ (မှန်ပါ့)၊ ဒါက ဒုက္ခသစ္စာ (မှန်ပါ့)၊ ခန္ဓာဝန်က ဘာတုံး (ဒုက္ခသစ္စာ) ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုတာက ဘာတုံး (မဂ္ဂ သစ္စာပါ ဘုရား)၊ အဲ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ လုပ်ရင် ဒီဘက်က ဟာတွေ မလာတော့ဘူး (မှန်ပါ့)။

ဒါနမလုပ်နဲ့လို့ မဟောဘူး၊ သစ္စာသိပြီးမှလုပ်ဖို့ဟောတာ

ဒုက္ခကို လိုချင်လို့ လုပ်ရင် ဒါရမယ် (မှန်ပါ့)၊ သဘောပါ ကြပလား (ပါ,ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဆရာဘုန်းကြီးက ဒါနမလုပ်နဲ့ ဟောသလား သစ္စာသိပြီးမှ လုပ်လို့ ဟောသလား (သစ္စာသိပြီးမှ လုပ်လို့ ဟောပါတယ် ဘုရား)။

ဒါဖြင့် သစ္စာသိလုပ်တာ ရန်ကုန်မြို့ပေါ်မှာ ဘယ်လောက်များ – များသတုန်းလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မရှိဘူးဖြေရပါ မယ်)၊ မရှိဘူး မရှိသေးလို့ရှိရင် အဖြူကံ အဖြူ အကျိုးပေးတော့ ဒုက္ခသစ္စာပဲ ရမယ် (မှန်ပါ့ ဘုရား)။

အဖြူကံဟာ (အဖြူ အကျိုးပေးတော့ ဒုက္ခသစ္စာပဲ ရပါတယ်)၊ အဖြူကံက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား)၊ အကျိုးပေးတော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ အလှူ ပေးလို့ ဒုက္ခရောက်တာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သီလဆောက်တည်လို့ (ဒုက္ခရောက်တယ်)၊ ဒုက္ခရောက်တယ် ဆိုတော့ ဒါတော့ ဘုန်းကြီးများက မကြိုက်နိုင်ဘူး (မှန်ပါ့)၊ ကြိုက်စရာကော ခင်ဗျားတို့ကော သေသေချာချာ သိလာတော့ ကြိုက်သေးရဲ့ လား (မကြိုက်ပါ ဘုရား)။

သစ္စာသိသိ ဉာဏ်ရှိရှိနဲ့လှူ

ဒါဖြင့် ဒကာ၊ ဒကာမတို့ သစ္စာသိပြီးလှူပါ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဒုက္ခသစ္စာကို မလိုချင်လို့ လှူပါ၏ ဆိုတဲ့ဉာဏ်နဲ့ လှူတာပေါ့ဗျာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒုက္ခသစ္စာ မရချင်လို့ မလိုချင်လို့ လှူပါ၏။ မဂ်ဉာဏ်နဲ့ လှူတာ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိနဲ့လှူတယ် (မှန်ပါ့)၊ ဒီတော့ ဒီကံတွေ လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒီကံမလာဘူး၊ ဒီအကျိုးပေး (မလာပါ ဘုရား)၊ ဒါဖြင့် သမုဒယချုပ်၍ ဒုက္ခသိမ်းတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဘယ်ကံကို ခင်ဗျားတို့ကို တိုက်တွန်း ပါလိမ့် (အမည်းအဖြူ မရောတဲ့ကံကို တိုက်တွန်းပါတယ်)၊

အမည်း အဖြူမရောတဲ့ကံဆိုတာ ဒကာ၊ ဒကာမတွေ သေသေချာချာမှတ်ပါ၊ သစ္စာသိတဲ့ ဉာဏ်ကိုဆိုသည် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာတဲ့ဗျာ (သစ္စာသိတဲ့ဉာဏ်ကို ဆိုပါသည်)။

အမည်းအဖြူ မရောတဲ့ကံကိုသာ လုပ်ကြပါ

ဒါဖြင့် ခင်ဗျားတို့ ဒီကရှေ့ကို ဆရာသမားကောင်းလည်း ရောက်လာတယ်၊ ခင်ဗျားတို့ကလည်း ကြည်ညို လေးစားကိုးကွယ်တော့ ဪ တို့ဖြင့် အမှန်သိသွားပြီ၊ ရှေ့ဖြင့် အမည်းအဖြူ မရောတဲ့ အလုပ်ပဲ လုပ်ပါတော့မယ်၊ ဒါနလုပ်လည်း အမည်းအဖြူ မရောစေနဲ့ (မှန်ပါ့)၊ သီလလုပ်ကော (အမည်းအဖြူ မရောစေ နဲ့)၊ ကမ္မဋ္ဌာန်း အားထုတ်ရင်ကော (အမည်းအဖြူမရောစေနဲ့)။ ဝိပဿနာ အားထုတ်ရင်ကော (အမည်းအဖြူမရောစေနဲ့)၊ အချို့ က ယူထားသေးတယ်၊ ဒကာ၊ ဒကာမတို့ ဝိပဿနာ အားထုတ်တော့ အန္တရာယ်ကင်းသကွာ ဆိုတော့ ခန္ဓာကိုယ် အန္တရာယ်ကင်းတာ သဘောကျနေတယ် (မှန်ပါ့)။

သူ အဖြူကံ ဖြစ်သွားပြန်တယ် (မှန်ပါ့)၊ ဘယ့်နှယ် အဖြူကံဆိုလို့ ရှိရင် အဖြူအကျိုးပေးတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ မနေ့က လေးချက်ဖြင့် သဘောကျလောက် ပါပြီနော်။

(၁) အမည်းကံ အမည်းအကျိုးပေးတယ်၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ် (မှန်ပါ့)။

(၂) အဖြူကံ အဖြူအကျိုးပေးတယ်၊ သမုဒယသစ္စာကြောင့် (ဒုက္ခဖြစ်ပါတယ် ဘုရား)။

(၃) အမည်းအဖြူရောတဲ့ကံသည် အမည်းအဖြူ အကျိုးပေးတယ်၊ သမုဒယကြောင့် (ဒုက္ခ သစ္စာဖြစ်ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

(၄) ဒါဖြင့် အမည်းအဖြူ၊ မရောတဲ့ ကံသည် ဘယ်ကံတုန်း မေးတော့ သစ္စာသိတဲ့ဉာဏ်၊ သစ္စာသိတဲ့ ကံ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အားကိုးထိုက်တဲ့ကံ

ဒါဖြင့် ဘယ်ကံအားကိုးထိုက်ပါလိမ့် (သစ္စာသိတဲ့ဉာဏ် သစ္စာသိတဲ့ကံပါ ဘုရား)။

ဒီကံက ဒကာ၊ ဒကာမတို့ သေသေချာချာ မှတ်လိုက်စမ်း ပါ၊ အမည်းကံလည်း ဖြတ်တယ် (မှန်ပါ့)၊ အဖြူကံကော (ဖြတ်တယ်)၊ အမည်းအဖြူ ရောတဲ့ကံကော (ဖြတ်ပါတယ်)၊ ဒါဖြင့် သူက ကံဖြတ် (မှန်ပါ့)၊ သဘောပါကြသလား (ပါ,ပါတယ် ဘုရား)၊ ဘာတဲ့တုန်းဗျာ (ကံဖြတ်ပါ ဘုရား)။

ခင်ဗျားတို့က ကံများ ပြတ်သွားမယ်ဆိုရင် ကံကုန်သွားရင် ခက်ချည်ရဲ့ (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ ဘယ်လိုများ ထင်ကြ သတုံး (ကံကုန်သွားရင် ခက်ချည်ရဲ့)။

ကံကုန်ရင် နိဗ္ဗာန်ရောက်မယ်

ခက်ချည်ရဲ့ လို့ အောက်မေ့တယ်၊ ဘုန်းကြီးများက အသိဉာဏ်ကျယ်ကျယ်နဲ့ ဘုရားဟောတာ ဟောရတော့ ကံကုန်ရင် နိဗ္ဗာန်ရောက်ပဟေ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကံကုန်ရင် (နိဗ္ဗာန် ရောက်ပါတယ်ဘုရား၊) အကုသိုလ်ကံ ကုန်လည်း (နိဗ္ဗာန်ရောက်တယ်)၊ ကုသိုလ်ကံတွေ၊ ဘုံဘဝ အကျိုးပေးတတ်တဲ့ ကံတွေ ဖြတ်ရင်လည်း (နိဗ္ဗာန် ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ကံကုန်မှ နိဗ္ဗာန်ရောက်မယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါဖြင့် ဒကာ၊ ဒကာမတွေ ကံဆက်ချင် သေးသလား (မဆက်ချင်ပါ ဘုရား)၊ ရိုးရိုးပြောပါ၊ ခင်ဗျားတို့ တော်တော်ကြာ ကျလို့ ရှိရင်ဖြင့် ဟိုရေကန်နားက ငါးလွတ်ပါဦး၊ ကံကလေးများ ဆက်ပါဦး ဆိုတော့ ခင်ဗျားတို့က တစ်ကောင် ဘယ်လောက်တုံး ဆိုပြီး သကာလ ငါ့တစ်ခါလွှတ် နင့်ဆယ်ခါလွှတ်၊ နင့်တစ်ခါလွှတ်ရင် ငါ့ဆယ်ခါလွှတ် ဆိုတော့ ငါလည်း ထောင်ကျဦးမယ် ဆိုတာ ကိုယ်ဟာကိုယ် ဗျာဒိတ်ပေးနေတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခန္ဓာဝဋ်ဒုက္ခဝဋ်မှကျွတ်ရပါလို၏

လုပ်ကောင်းသလား၊ မလုပ်ကောင်းဘူးလား (မလုပ် ကောင်းပါ ဘုရား)၊ မင်းတို့ကို ဒုက္ခဝဋ်မှ ကျွတ်အောင် ငါလုပ်ရတဲ့ အတွက် ငါလည်း ခန္ဓာဝဋ် ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုပြီး လွှတ် လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)၊ မင်းတို့ခန္ဓာဝန် ဒုက္ခဝဋ်မှ ကျဉ်းမြောင်းတဲ့ နေရာဌာနမှ လွတ်မြောက်တဲ့နေရာဌာန ငါတို့ပို့ရတဲ့အတွက် မင်းတို့ ဒုက္ခကျွတ် သလို ငါလည်း ခန္ဓာဝန် ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ ဆိုရင် ဒကာ၊ ဒကာမတို့ ပင်လယ်ထဲက ငါးတွေအကုန် ဖမ်းပြီး လွှတ်ပါ ကျေးဇူး ရှိတယ်။

နင့်တစ်ခါလွှတ်၊ ငါ့ဆယ်ခါလွှတ် ဆိုတော့ သူ့တစ်ခါတည်း လွှတ်ရတယ်၊ ကိယ်က ထောင်ဆယ်ခါ ကျမှာ၊ မကျဘူးလား၊ ကျမလား (ကျပါတယ် ဘုရား)၊ အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

သူများပါးစပ် လမ်းမဆုံးကြပါစေနဲ့

ခင်ဗျားတို့ ဘယ်သူက သင်ထားသလဲ (မပြောတတ် ပါ ဘုရား)၊ အဲဒီအနားက လူတွေက ရောင်းကောင်းအောင် လုပ်နေ တာ ထင်ပါရဲ့၊ ကိုယ့်အဓိပ္ပာယ်လည်း ကိုယ်မသိဘူး၊ သိရာကော ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)၊ နှင့်တစ်ခါလွှတ်ဆိုတော့ သူ့ကျတော့ တစ်ခါတည်း လွှတ်ရတယ်၊ ငါ့ကျတော့ (ဆယ်ခါ လွှတ်ရပါတယ် ဘုရား)၊

ဒါဖြင့် ဘယ့်နှခါ ကိုယ်က ထောင်ကျသလဲ (ဆယ်ခါ ကျရပါတယ် ဘုရား)၊ လွှတ်လည်း လွှတ်ရသေး ဆယ်ခါ လည်း ထောင်ကျရပါလို၏၊ မပါဘူးလား၊ ပါသလား (ပါ, ပါတယ် ဘုရား)၊ အဲဒီလောက် ဆိုးရွားနေတာ ခင်ဗျားတို့ သူများ ပါးစပ် လမ်းဆုံးနေတော့ သိပ်ကြောက်စရာ ကောင်းတယ်၊ သဘောကျ ပလား (ကျပါပြီ)၊ ဘယ်သူ့ လမ်းဆုံးနေတာတုံး (သူများ ပါးစပ် လမ်းဆုံးနေပါတယ် ဘုရား)၊ ကိုင်း ကိုယ့်ဉာဏ်သုံးသေး ရဲ့လား (မသုံးပါ ဘုရား)။

ယနေ့ကစပြီး ကိုယ့်ဉာဏ်သုံးပါ

အဲ ကိုယ့်ဉာဏ် ယနေ့ကစ၍ သုံးပါတဲ့၊ ဟော ရထားတဲ့ခန္ဓာကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒီဒုက္ခသစ္စာကို ဉာဏ်နဲ့ကြည့်လိုက်တော့ ဒီဉာဏ်ကို ဘာသစ္စာ ခေါ်မလဲ (မဂ္ဂသစ္စာ ခေါ်ပါတယ် ဘုရား)။

ဒီ မဂ္ဂသစ္စာသည် အကုသိုလ်ကံတွေကော မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊ အမည်းကံကိုလည်း ဖြတ်တယ် (မှန်ပါ့)၊ အဖြူကံ (ဖြတ်ပါတယ် ဘုရား)၊ အမည်းအဖြူရောတဲ့ကံ (ဖြတ်ပါတယ် ဘုရား)၊

တဏှာက စဖြတ်ပေါ့၊ ဖြတ်ရတော့တာပေါ့။ ဒါကြောင့် ဘုရားက ကမ္မက္ခယာယတဲ့၊ အမည်းအဖြူ မရောတဲ့ကံ သည် ကံကို ဖြတ်တယ်ကွ၊ ငါ ကံဖြတ်လို့ နိဗ္ဗာန်ရောက်လာတယ်၊ ပေါ်ကြပလား (ပေါ်ပါတယ်)၊ ကံမဖြတ်လို့ရှိရင် ဒါမပေါ်ပေဘူး လား (ပေါ်ပါတယ်)၊ ပေါ်ရင် ဒုက္ခရောက်မလား၊ မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)။

နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမ တို့ ကံဖြတ်တတ်ပလား (ဖြတ်တတ်ပါပြီ)၊ သစ္စာသိပြီး အလုပ် လုပ်ရင် ကံဖြတ်တာပဲ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ သစ္စာသိပြီး အလုပ်လုပ်ရင် (ကံဖြတ်ပါတယ်)။

ဒါဖြင့် ဝိပဿနာအလုပ်သည် ကံဖြတ်အလုပ်မှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဖြစ်ပျက် ဝိပဿနာ မဂ်ဆိုတော့ ဒီဘက်က ကံတွေလာသေးရဲ့ လား (မလာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒကာ၊ ဒကာမတို့ ကံကောင်းချင်သလား တဲ့၊ ကံကိုပဲ ခင်ဗျားတို့ အားကိုးချင်သလားမေးရင် ဘယ့်နှယ် ပြောကြမလဲ (ကံအားမကိုးပါ ဘုရား)။

အားကိုးမမှားပါစေနဲ့

ဒါကြောင့် ဟစ်နေ့က ဟောခဲ့တယ် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ကံအမိ၊ ကံအဖကြောင့် ဟောဒီ ဒုက္ခရောက်နေ တယ် (မှန်ပါ့)။ ဒါက ကံအမိ၊ ကံအဖမဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဒါက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သူပေးတာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် ကံအမိ၊ ကံအဖ အားကိုးလို့ ဒုက္ခရောက်တာ (မှန်ပါ့ ဘုရား)။

ဒီက ရှုတဲ့ ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးတဲ့အတွက် ဒုက္ခကျွတ်တယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။ ကံအမိ၊ ကံအဖ အားကိုးရင် ဘာတုံး (ဒုက္ခရောက် တယ်)၊ ဒုက္ခရတယ်။

ဒကာ၊ ဒကာမတို့ သူများပြောလား သေသေချာချာကြည့်၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဒါက ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)၊ သူက ကံပဲ မဟုတ်လား (မှန်ပါ့ ဘုရား)၊ ကံက သမုဒယသစ္စာ၊ ဇာတိ ဇရာ မရဏ (ဒုက္ခသစ္စာပါ ဘုရား)၊ ဘာအားကိုးလို့ ဇာတိ၊ ဇရာ၊ မရဏရပါလိမ့်မလဲ (ကံအမိ၊ ကံအဖ အားကိုးလို့ပါ ဘုရား)။

ဉာဏ်အမိ၊ ဉာဏ်အဖပြောင်းပါ

ကိုင်း ပြောင်းကြဦးစို့ဗျာ၊ အမိ၊ အဖ ပြောင်းပေးပြန် တယ်၊ ဒကာ၊ ဒကာမတို့ ယနေ့ ဘာပြောင်းပေးမှာပါလိမ့် (အမိ၊ အဖ ပြောင်းပေးမှာပါ)၊ ကဲ ဒါဖြင့် ဉာဏ်အမိ၊ ဉာဏ်အဖ ပြောင်း (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊

ဝေဒနာကလေးက ဖြစ်ပြီးပျက်တယ်လို့ ဉာဏ်နဲ့ သိပေးလိုက်စမ်း၊ ဝေဒနာရှုမည့် ပုဂ္ဂိုလ်က ပေါ့ဗျာ (မှန်ပါ့)၊ ဝေဒနာကလေးက ဖြစ်ပြီးပျက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သိတာ က (မဂ္ဂသစ္စာပါ)၊ ဒီမဂ္ဂသစ္စာဟာ ဉာဏ်ပဲ (မှန်ပါ့)၊

ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးလိုက်တော့ တဏှာ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဥပါဒါန် (မလာပါ ဘုရား)၊ ကံကော (မလာပါ ဘုရား)၊ ဒါဖြင့် ကံပြတ် မပြတ် (ပြတ်ပါတယ် ဘုရား)၊ ကံပြတ်ရင် ဒုက္ခက (ဒုက္ခခပ်သိမ်းပါတယ်)၊ ဘာအားကိုး လိုက်ပါလိမ့် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးပါ)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုန်းကြီးက မန္တလေးက လာပြီး တော့ ဦးသံဒိုင်တို့၊ ဦးမာဒင်တို့ ကျေးဇူးပြုပြီး သကာလ တရားထူး ဟောတာလားတဲ့၊ ခင်ဗျားတို့ ဖြစ်စဉ် နေရာမကျလို့ အဖြတ်ခိုင်း တာလား (ဖြစ်စဉ်နေရာမကျလို့ အဖြတ်ခိုင်းတာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒုက္ခသစ္စာသိတဲ့ ကံမျိုးလုပ်ပါ

ဟာ ဒီဘုန်းကြီးက ကံဆိုရင် မလုပ်နဲ့ပြောတာလားတဲ့ ဒုက္ခသစ္စာသိတဲ့ ကံမျိုးလုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ)၊ ဘာတဲ့တုံး (ဒုက္ခသစ္စာသိတဲ့ ကံမျိုးလုပ်ပါ)၊ ဒါဖြင့် ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ ဒီဒုက္ခ ကျွတ်ချင်လို့ ဒီနေရာလှူဗျာ (မှန်ပါ့)၊ ဒီဒုက္ခကျွတ်ချင်လို့ ဒီနေရာ သီလ ဆောက်တည်ပါ (မှန်ပါ့)၊ ဒီဒုက္ခကျွတ်ချင်လို့ ဒီနေရာ ဖြစ်ပျက်ရှုပေးပါ၊ မဂ်နဲ့ ရှုပေးပါ (မှန်ပါ့)၊ သဘော ပါကြပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ရှေးကလွဲလာတာ နည်းနည်း လား၊ များများလား (များများပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့လောက် ကံကောင်းတဲ့ ပုဂ္ဂိုလ်ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ခင်ဗျားတို့လောက် အကျိုးပေး သန်တဲ့ ပုဂ္ဂိုလ်ရှိသေးရဲ့လား (မရှိ ပါ ဘုရား)။

ရှေးက ခင်ဗျားတို့ ကံအမိ ကံအဖကြောင့် ခုထက်တိုင် ခန္ဓာကိုယ် အိုဘေး၊ နာဘေး၊ သေဘေး ကင်းပလား (မကင်းသေးပါ ဘုရား)၊ ခန္ဓာကိုယ်ကြီး ဘယ်သွားနေတုန်းဆိုရင် အိုရာသွား နေတယ် (မှန်ပါ့)၊ နောက် အိုရာက ဘယ်သွားမယ် ထင်သလဲ (နာရာသွားမှာပါ ဘုရား)၊ နာရာသွားမယ်၊ နာရာကနေ ဘယ်သွားမယ် (သေရာသွားမယ်)၊ ဒါက ဘာအားကိုးခဲ့လို့လဲ (ကံအမိ၊ ကံအဖ အားကိုးလို့ပါ ဘုရား)၊

ကြည့်လေ “ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ၊ ဇရာမရဏံ” (မှန်ပါ့)၊ ကံလုပ်တာဆိုတာ သေချာပလား (သေချာပါတယ်)၊ ဒီနေရာမှာ ဉာဏ်အလုပ်ကို ဉာဏ်အမိ၊ ဉာဏ်အဖ၊ အားကိုးလိုက်တဲ့ အတွက် ဒုက္ခသစ္စာ၊ သိတာကဉာဏ် မဂ္ဂသစ္စာ၊ ရှင်းပလား (ရှင်းပါပြီ)၊ ကံအမိ ကံအဖတွေ ပြတ်ကုန်ပြီ (ပြတ်ပါတယ် ဘုရား)၊ မပြတ်သေးဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ကံအမိ၊ ကံအဖ ပြတ်တော့ ဇာတိ ဇရာ မရဏကော (မလာပါ ဘုရား)၊ ဒါဖြင့် ဘာအားကိုး ကြမလဲ (ဉာဏ်အမိ ဉာဏ်အဖ အားကိုးရပါမယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။

သစ္စာသိတဲ့ဉာဏ်နဲ့လုပ်ပါ

ဒါဖြင့် ဒါနအလုပ်လည်း ဉာဏ်နဲ့လုပ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ သစ္စာသိတဲ့ ဉာဏ်နဲ့ လုပ်၊ ဒုက္ခသစ္စာ မရချင်လို့ လုပ်ပါ၏။ သီလ ဆောက်တည်တာ (ဒုက္ခမရချင်လို့ ဆောက်တည်ပါ၏)၊ ဒုက္ခသစ္စာ မရချင်လို့ ဒုက္ခသစ္စာသိပြီး သကာလ ဟောဒီသိထားတဲ့ ဒုက္ခသစ္စာ မရချင်တဲ့ ဉာဏ်နဲ့သီလ ဆောက် တည် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီး ဒါနပယ်၊ သီလပယ်တာလား၊ အလုပ်ပြင် ပေးတာလား (အလုပ်ပြင်ပေးတာပါ ဘုရား)၊

အဲဒါအပြင်ဘက်ကျမှ ဘုန်းကြီးက ကံတွေဖြတ်ရမတဲ့ဟေ့၊ တိုးတိုး တိုးတိုးနဲ့ လုပ်မနေ နဲ့ တိုးတိုးတိုးတိုး လုပ်မနေနဲ့ ဒကာ၊ ဒကာမတို့၊ အကျိုးအကြောင်းကို စုံလင်အောင် နားထောင်ပါ (မှန်ပါ့)၊ နားစွန် နားဖျားက နေပြီး သကာလ ဆရာသမားကို နာမည်ပျက်အောင် မလုပ်နဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကဲ ဒါဖြင့် ဘာအားကိုးရမယ် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးရပါမယ်)။

ဒီအထဲမှာ ကံမပါဘူးလား၊ ဉာဏ်နဲ့တွဲတဲ့ စေတနာ မပါ ဘူးလား (ပါ,ပါတယ် ဘုရား)၊ ဒီစေတနာကတော့ကို မည်းတဲ့ ကံလည်း ဒီအထဲမှာ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ဖြူတဲ့ကံ (ဖြတ်ပါတယ် ဘုရား)၊ အမည်းအဖြူရောတဲ့ကံတဲ့ (ဖြတ်ပါတယ်)၊ ဒီကနေ ဖြတ်လိုက်တာ ဒီကံတွေ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် သူက အကျိုးပေးတော့ ဘယ်ဟာ အကျိုးပေး မတုံး၊ မဂ်က ဘယ်ဟာ အကျိုးပေး မလဲလို့ ဒကာ၊ ဒကာမတွေ မေးလို့ရှိရင် ဟောဒီ အမည်းကံကော အကျိုးပေးသေးရဲ့ လား (မပေးပါ ဘုရား)၊ အဖြူကံကော (မပေးပါ)၊ အမည်းအဖြူ ရောတဲ့ ကံကော (မပေးပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ သမုဒယနဲ့ ဒုက္ခချုပ်တယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဘာချုပ်ပါလိမ့် (သမု ဒယနဲ့ ဒုက္ခချုပ်ပါတယ် ဘုရား)၊ သမုဒယနဲ့ ဒုက္ခချုပ်တယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဘယ်ကံအားကိုးကြမယ် (အမည်းအဖြူမရောတဲ့ ကံအားကိုးရပါမယ်)၊ အမည်းအဖြူ မရောတဲ့ကံ၊ သစ္စာသိတဲ့ ဉာဏ်နဲ့ တွဲနေတဲ့ကံကို အားကိုးပါ (မှန်လှပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် သစ္စာသိတော့ ဒီဘက် သံသရာလာသေးရဲ့ လား (မလာပါ ဘုရား)။ သံသရာကော (မလာပါ ဘုရား)၊ ဒါဖြင့် ဝိုင်းသေးရဲ့ လား (မဝိုင်းပါ ဘုရား)၊ သစ္စာမသိဘဲနဲ့ လုပ်တော့ ဝေဒနာ ပစ္စယာ တဏှာ၊ ဖဿ ပစ္စယာ တဏှာ၊ ဝိညာဏပစ္စယာ (တဏှာ) ရူပ ပစ္စယာ (တဏှာ)၊ နာမ ပစ္စယာ (တဏှာ)။

ကဲ – မလှည့်သေးဘူးလား (လှည့်ပါတယ်)၊ ဒါ ဘာကြောင့် လှည့်သွားပါလိမ့် (မဂ်မရလို့ လှည့်တာပါ)၊ သစ္စာ မသိလို့ (မှန်ပါ့)။

ဉာဏ်ချိန်ခွင်

ဒကာ၊ ဒကာမတို့ သစ္စာမသိတဲ့ကံကို ကြိုးစားတဲ့အတွက် လှည့်သွားတယ်၊ အဝိုင်းပြေး ပြေးရတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)၊

ဒါကြောင့် ခင်ဗျားတို့ ဒီက ဒကာကြီး ဦးမာဒင်တို့က ပဋိစ္စသမုပ္ပာဒ်ကတ်တွေ မဝေဘူးလား (ဝေပါ တယ် ဘုရား)၊ ခင်ဗျားတို့ ပူဇော်ဖို့လား၊ ကိုယ့်အဖြစ်ဆိုးကို ဒီနေ့ကစ ပြင်ဆိုတဲ့ သတိပေး တာလား (သတိပေးတာပါ ဘုရား)၊ ပူဇော်ဖို့ ပေးတာလား ပြင်ဆင်ဖို့ပေးတာလား (ပြင်ဆင်ဖို့ပေးတာပါ ဘုရား)။

အိမ်မှာ မှန်ပေါင်သွင်းပြီး ဘုရားခန်းသွားပြီး မချိတ်ပါနဲ့၊ ရိပ်မိပလား (မှန်ပါ့၊ ရိပ်မိပါပြီ)၊ အိမ်မှာ မှန်ပေါင်သွင်းပြီး ဘုရားခန်းကို (သွားမချိတ်ပါနဲ့)၊ ကိုယ့်မျက်စိအောက်မှာ ထားပါ (မှန်ပါ့)၊ ငါ ဒီနေ့ ဒီဘက်က ဒီဘက်ကူးရင်တော့ဖြင့် ငါသည် မှားပြီ၊ သဘောကျပလား (မှန်ပါ့)၊ ၂- က ၃- ကူးရင် (မှားပြီ)၊ ၂- နဲ့ ၃- ကို ဖြတ်နိုင်ရင် (အမှန်ရောက်ပြီ)။

အမှန်ရောက်ပြီ၊ အဲဒါကို ရေတွက်နေရမှာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ၂- က ၃- ကူးရင် (မှားပြီ)။

၂- က ၃- မကူးဘူး၊ ဉာဏ်ကလေးနဲ့ ဒီကြားသွင်းလိုက် ရင် (အမှန်ရောက်ပြီ)၊ ဒါဖြင့် မှန်တယ် မှားတယ် ဒီစာရွက်က ချိန်ပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် မှန်ပေါင် သွင်းကြမလား၊ ကိုယ့်ချိန်ခွင်လို့ မှတ်ကြမလား (ကိုယ့်ချိန်ခွင်လို့ မှတ်ရပါမယ် ဘုရား)။

ကိုယ့်ချိန်ခွင်ဖြင့် ချိန်ခွင်ဟာ ဈေးသည်၏ ရှေ့မှာ ထားရ တယ် (မှန်ပါ့)၊ ချိန်ခွင်ဟာ ဘယ်သူ့ရှေ့မှာ ထားရသလဲ (ဈေးသည် ရှေ့မှာထားရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က သံသရာဈေးသည်တွေ ဖြစ်နေတော့ မရောင်းတတ် မဝယ်တတ် ဖြစ်နေတော့ ဒီချိန်ခွင်ကို ရှေ့ကထား (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဘုရားခန်းထားမလား၊ ကိုယ့်ရှေ့ထားမလား (ကိုယ့်ရှေ့ထားမှာပါ ဘုရား)၊ ရှုပ်တယ် လို့လည်း လွှင့်မပစ်ကြနဲ့နော်၊ ဒါ ဘယ်သူ့ကို ဟောပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ သေနိယ နဲ့ ပုဏ္ဏကို ဟောတယ် (မှန်ပါ့ ဘုရား)။

အယူမှား အကျင့်မှား

သေနိယက အိန္ဒိယမှာရှိပါတယ် ဒကာ၊ ဒကာမတို့၊ ဒီအယူဝါဒတွေ (မှန်ပါ့)၊ လူလို ကျင့်ရတာထက် အကုသိုလ် များပါ တယ်၊ ခွေးလိုနေရတာ ကောင်းတယ်၊ ခွေးဆိုတာ မြေပေါ်မှာ သူ့ကျွေး တာကလေးစားလိုက်၊ အဲဒီခွေးလိုကျင့်ရလို့ရှိရင်ဖြင့် အကုသိုလ်နည်း တယ်ဆိုပြီး သူက ခွေးလို တစ်သက်လုံး ကျင့်တယ် (မှန်ပါ့)၊ လူလာရင် အမြီးနှန့်တယ်၊ ခြေသလုံးများ ပွတ်တယ် (မှန်ပါ့)၊ လေးဖက် သွားတယ်၊ ဒီအကျင့်ဟာ နိဗ္ဗာန်ရောက်တယ်လို့ ယူထား တာကိုး (မှန်ပါ့)။

ပုဏ္ဏကတော့ နွားလိုကျင့်တယ် (မှန်ပါ့)၊ ခေါင်းမှာ ချိုတပ်ထားတယ်၊ နောက်က အမြီး တပ်တယ် (မှန်ပါ့)၊ နွားချင်း တွေ့လို့ ရှိရင် သူက တွန်ပြတယ်၊ ဒါနဲ့ ဘုရားနဲ့ သွားတွေ့တယ်၊ သာဝတ္ထိပြည်မှာ ဆွမ်းခံရင်း အရှင်ဘုရားတဲ့၊ တပည့်တော် သူငယ်ချင်းက ခွေးလိုကျင့်တယ်၊ တပည့်တော်က နွားလိုကျင့်တယ်၊ ဒါ တပည့်တော်တို့ ဆရာတွေက ထွက်ရပ်လမ်းလို့ ဟောထားပါ တယ်၊ အဲဒီတော့ ဒီအကျင့်ဟာ ဘယ်များရောက်မတုံး၊ ဟ သေနိယတို့၊ ပုဏ္ဏတို့ မမေးပါနဲ့ကွာ၊ ဘုရားက ပြောရှာ တယ် (မှန်ပါ့)၊ မမေးပါနဲ့လို့ တောင်းပန်တယ် (မှန်ပါ့)။

သုံးကြိမ်သုံးခါ တောင်းပန်လို့ဘုရားက ဖြေတယ်

မရဘူး သူက ဒုတိယအကြိမ် ဆက်မေးပြန်တယ်၊ မေးတဲ့ အခါလည်း မမေးပါနဲ့ကွာ၊ ဘုရားကလည်း ကန့်ကွက်တယ်၊ ဘယ်နှစ်ခါရှိပြီလဲ (နှစ်ခါရှိပြီ)၊ နောက် သုံးခါတိတိ အရှင်ဘုရား ဖြေသာပါဘုရား၊ တပည့်တော်တို့ မေးတာသိချင်လို့ မေးတာ ဖြေပါဆိုတော့ ခွေးလိုကျတဲ့အကျင့်သည် ဒီအယူဝါဒ အတိုင်း မစွန့်ဘဲ နဲ့ ခွေးအယူက ကောင်းတယ်လို့ ယူလို့ရှိရင် သေရင် ခွေးဖြစ်တယ် ကွ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊

ဒီအယူနဲ့ နတ်ရွာ သုဂတိ နိဗ္ဗာန်ရောက်တယ်လို့ ယူလိုက်လို့ ရှိရင်ဖြင့် ငရဲနဲ့ တိရစ္ဆာန် ဖြစ်ရတယ်၊ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)။

ဒီတွင်မှ တစ်ယောက်က ငိုတာပေါ့ဗျ။ ဪ ဒီလောက်ကျင့်ရပြီးသကာလ တိရစ္ဆာန်လည်း ဖြစ်ရဦးမယ်၊ အပါယ် လည်း ကျရဦးမယ်ဆိုတာ ကိုယ်ကျိုးနည်းပြီ၊ ဒကာ ဒကာမတို့ ငိုပြီး သူတို့၊ မင်းတို့ကို ပြောသားပဲ၊ ငါ့ကို မမေးနဲ့၊ သုံးခါတောင် တောင်းပန်တာ မင်းတို့က ဆင့်ဆင့်မေးလို့ မပြောမဖြစ်လို့ ပြောရ ပါတယ်ကွာ၊

နွားလိုကျင့်တဲ့ ပုဂ္ဂိုလ်က မေးတော့လည်း ဒီအတိုင်း ပြောတာပဲ၊ နွားအကျင့်ကို ကောင်းတယ် ထင်လို့ ရှိရင် သေတော့ နွားဖြစ်မယ်။ နွားလိုကျင့်လို့ လူကောင်း နတ်ကောင်း ဖြစ်လိမ့်မယ်လို့ အယူမှားနဲ့ ယူလိုက်လို့ရှိရင်ဖြင့်တဲ့၊ ငရဲနဲ့၊ တိရစ္ဆာန်ဘုံ သွားရမယ် ကွ၊ တစ်ယောက်က ငိုပြန်တာပဲ (မှန်ပါ့)၊

ဒကာ၊ ဒကာမတို့ အကျင့်မှားတော့ နှစ်ယောက်စလုံး ဘာဖြစ်ရမလဲ (ငိုရပါတယ် ဘုရား)၊ ငိုပွဲဆင်ရတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခရောက်အောင်ကျင့်တဲ့အကျင့်တွေက မနည်းဘူး

အဲဒါကတော့ သူတို့က အယုတ်တရားတွေမို့ ခင်ဗျားတို့ ကျင့်တာတွေလဲ ဒုက္ခရောက်အောင် ကျင့်တဲ့ အကျင့်က မနည်းလှဘူး (မှန်ပါ့)၊ ဒါနပြုလိုက်တယ်ဆိုတဲ့ ဖြူတဲ့ကံ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒါနဟာ ဖြူဖြူစင်စင်ပဲ မဟုတ်လား (မှန်ပါ့)၊ ဖြူတဲ့ကံ လုပ်လိုက်ပြန်တော့ ဤဒါနကုသိုလ် စေတနာကြောင့် ခင်ဗျားတို့က သစ္စာမသိဘဲနဲ့လုပ်လိုက်တော့ လူ နတ် ဗြဟ္မာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဘာသစ္စာတုံး (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား) ခင်ဗျား တို့ အားကိုးတဲ့အဖြူကံတွေလည်း ဒုက္ခပေးတယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့၊ သဘောကျပါတယ် ဘုရား)။

အမည်းကံဆိုတဲ့ အကုသိုလ်ကံကလည်း တိရစ္ဆာန်၊ ပြိတ္တာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဘာသစ္စာပေးသတုန်း (ဒုက္ခသစ္စာပေးပါတယ်)၊

အမည်းအဖြူရောတဲ့ကံ ခင်ဗျားတို့က လိမ်လည် ကောက်ကျစ်ပြီးရတဲ့ ပစ္စည်းလေးနဲ့ သားကလေး ကြီးတော့ ရှင်ပြုလိုက်တယ်၊ လိမ်လည် ကောက်ကျစ်တာက အကုသိုလ်ရှင်ပြု တာက ကုသိုလ် ဆိုတော့ အမည်းအဖြူမရောဘူးလား (ရောပါ တယ် ဘုရား)၊ အဲဒါနဲ့ ပြုလိုက်တော့ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

ရွှေနဂါးကြီးတို့ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ပြိတ္တာမင်းကြီးတို့ (ဖြစ်ပါတယ်)၊ ငရဲမင်းကြီးတို့ (ဖြစ်ပါ တယ်)၊ နေ့စံ ညဉ့်ခံပေါ့ဗျာ (မှန်ပါ့)၊ ဖြစ်ချင်ကြရဲ့ လား (မဖြစ်ချင်ပါ ဘုရား)၊ အဟုတ်ကို မဖြစ်ချင်တာ ဟုတ်ရဲ့လား (မဖြစ်ချင်ပါ ဘုရား)၊ ဒါဖြင့် အမည်းအဖြူ မရောစေနဲ့ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အဖြူချည်းသက် သက်လည်း ကောင်းရဲ့လား (မကောင်းပါ ဘုရား)၊ အမည်းချည်း သက်သက်လည်း (မကောင်းပါ ဘုရား)။

အမည်းအဖြူ ရောတော့ကော (မကောင်းပါ ဘုရား)။ ဒါဖြင့် ဘာလုပ်ကြမလဲ (အမည်းအဖြူ မရောတဲ့ကံ လုပ်ကြရပါ မယ်)၊ အမည်း အဖြူ မရောတဲ့ကံသည် ကံပြတ်တရား (မှန်ပါ့ ဘုရား)၊ ကျန်သုံးပါးကို ဖြတ်တယ် (မှန်ပါ့)၊ အမည်းကံကိုလည်း ဖြတ်တယ် (မှန်ပါ့)၊ အဖြူကံကော (ဖြတ်ပါတယ် ဘုရား)။

အမည်းအဖြူရောတဲ့ကံကော (ဖြတ်ပါတယ်)၊ ဒါဖြင့် ဘယ်ဟာကြိုက်သတုံး (အမည်းအဖြူ မရောတဲ့ကံ ကြိုက်ပါတယ် ဘုရား)၊ ခင်ဗျားတို့ကလည်း စက္ကူကလေး ကြည့်တာတောင်မှ ဖြူဖြူကလေး ဆိုရင် မကြည့်ချင်ဘူး၊ ဒီနေရာ ဆေးစက်ကလေး ထည့်လိုက်ပါဦးလားကွ၊ ဒါမှ ကြည့်လှမပေါ့ (မှန်ပါ့)။

မရောရရင် မကျေနပ်သူတွေ

ခင်ဗျားတို့က မရောရရင် ကျေနပ်တဲ့သူတွေ မဟုတ်ဘူး သဘောကျပလား (ကျပါပြီ)၊ ဘယ်လောက်ထိအောင် ရောတယ်ဆိုတာ ခင်ဗျားတို့ ဆွမ်းတော်တင်တဲ့အခါကျမှ သိသာ တယ်၊ လင်မယား နှစ်ယောက် ဆွမ်းတော်ပွဲကလေး ကိုင်သွားကြ တယ်၊ ယောက်ျားက အရင်တင် လိုက်တယ်၊ မင်းနဲ့ ငါနဲ့ဟာ အကျိုး ပေးတူတယ်၊ မင်းလည်းကိုင်ဦး ရောရမှာကိုးဗျ။ အတော် ဆိုးနေတာ။

ဒါဟာ တဏှာနဲ့ သွားရောတာကိုး (မှန်ပါ့)၊ ဆွမ်းတော် တင်တာကတော့ အဖြူပဲ (မှန်ပါ့)၊ မင်းလည်းပါဦးမှ တော်ဦးမယ် ဆိုတော့ ဘယ့်နှယ်ဆိုရမယ် (တဏှာဆိုပါတယ်)၊ ဘာရောသွားသလဲ (တဏှာရောသွားပါတယ်)၊ အမည်းနဲ့အဖြူ ဘာဖြစ်သွားသတုံး (ရောသွားပါတယ်) ရောသွားတော့ ရွှေနဂါး ကြီးသားဖြစ်လိမ့်မယ်၊ ဆင်ဖြူတော်ကြီး သွားဖြစ်လိမ့်မယ်၊ တော်တော်ကြာ တိရစ္ဆာန်ရုံထဲ ရောက်နေခက်လိမ့်မယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် မရောဘဲကော လုပ်ရဲကြပါ မလား (လုပ်ရဲပါတယ် ဘုရား) ဟုတ်ရဲ့လား။

မင်းတို့က ပိုက်ဆံတောင်း ငွေတစ်ကျပ် လှူချင်တာနဲ့ မိန်းမလည်း အနားရှိတာနဲ့ နှစ်ကျပ် ဖြစ်တာ၊ ရိပ်မိရဲ့လား (မှန်ပါ့)၊ သူတစ်ကျပ်၊ ငါတစ်ကျပ် ရောပလား၊ မရောသေးဘူးလား (ရောပါတယ် ဘုရား)၊ ပန်းတစ်ခိုင်လည်း လှူသလား နှစ်ခိုင်လှူချင်သလား (နှစ်ခိုင်လှူပါတယ် ဘုရား)၊ ရောပလား (ရောပါတယ် ဘုရား)၊ ဘာနဲ့ရောတာပါလိမ့် (အမည်းနဲ့ အဖြူရောတာပါ ဘုရား)၊ ပန်းချည်း သက်သက်က ကိုယ်တစ်ယောက် လှူချင်တုန်းက အဖြူ (အဖြူပါ ဘုရား)။

မိန်းမပါ ရောက်ရာဘဝ အတူတူဖြစ်ချင်တော့ အမည်း (အမည်းပါ)၊ အမည်းနဲ့ အဖြူနဲ့ ဘာဖြစ်သွားသတုံး (ရောသွားပါတယ် ဘုရား)၊ ရောသွားတော့ ဘယ်လို အကျိုးပေးမတုန်း ဆင်ဖြူတော် သဘောကျပလား (မှန်ပါ့ ဘုရား)။

ဆင်ဖြူတော် ဆိုတော့ သူများဆင်နဲ့တော့ မထူးဘူးလား (ထူးပါတယ် ဘုရား)၊ ရွှေဇလုံကြီး တွေနဲ့ စားရတာ၊ နန်းတော် ထဲမှာ မစားချင်ဘူးလား (မစားချင်ပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ မရောမှတော်မယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)၊ တစ်ခါ ခင်ဗျားတို့က ဆွမ်းကျွေး ပြန်တယ် ဆိုတော့လည်း ခင်ဗျားတို့က မရောရမပြီးဘူး (မှန်ပါ့ ဘုရား)။

ဆွမ်းကျွေးလို့ရှိရင် ဆွမ်းခံကြွလာတဲ့ သံဃာကျွေးလိုက်လို့ ရှိရင်ဖြင့် မပြီးဘူးလား (ပြီးပါတယ် ဘုရား)၊ မဟုတ်သေးဘူးကွ၊ တို့ကျေးဇူးများတဲ့ ကိုယ်တော်က ရှိသေးတယ်၊ တို့နဲ့ သိပ်ခင်တာ၊ ရောပြီ၊ မရောသေးဘူးလား (ရောပါတယ် ဘုရား)၊ ရောတော့ အဲဒါ တဏှာက သွားခင်တာကိုးဗျ (မှန်ပါ့)။

ဟ ဒီကိုယ်တော်လည်း ပါပေ့စေဦးကွ (မှန်ပါ့)၊ ဒီပြင် သံဃာလည်းပင့်တာပေါ့ဗျာ၊ ဒီပြင် သံဃာပင့်တာက အဖြူ၊ ဒီကိုယ်တော်ပါလာတာက (ရောတာပါ)၊ အမည်းရောပြီ၊ အဲဒီတော့ ခင်ဗျားတို့ဟာ ဖြူဖြူစင်စင်ရှိရဲ့လား (မရှိပါ ဘုရား)၊

ဒါဖြင့် ဘာအကျိုးပေးမတုံး၊ ဆင်ဖြူတော်၊ ရွှေနဂါး ဖြစ်ချင်ကြရဲ့လား (မဖြစ်ချင်ပါ ဘုရား)၊ ဒါဖြင့် မရောဘဲနဲ့ လုပ်ပါ (မှန်ပါ့)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)၊ ဘယ်လိုလုပ်ရ မလဲ (မရောဘဲနဲ့ လုပ်ရပါမယ် ဘုရား)။

တဏှာနဲ့ မရောစေနဲ့

တဏှာနဲ့ မရောစေနဲ့၊ တဏှာနဲ့ရောလို့ ရှိရင် ကုသိုလ်ကံ က အဖြူ၊ ရောတာက အမည်း၊ အမည်းနဲ့ အဖြူရောပြီး လုပ်တဲ့ကံ သည် ဒုက္ခသစ္စာ (မှန်ပါ့)၊ ဆင်ဖြူတော်၊ ရွှေနဂါး၊ ငရဲမင်းကြီး မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ငရဲမင်းကြီးက နေ့တော့ စံရတယ်ဆိုတော့ ကုသိုလ်ကံကြောင်၊ ညဉ့်ခံရတယ်ဆိုတာ အကုသိုလ်ကံကြောင့် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့က ကြိုက်လိုက်တာကလည်း ကျုပ်ကလေး နွားနို့ တောင် ရေရော မသောက်ချင်ဘူး (မှန်ပါ့)၊ ကုလားများ သွားမေးရင် နင့်ဟာရေတွေပါကလား ရောရင် မကြိုက်ဘူး။

အလုပ်ကျတော့ ရောလုပ်ကုန်ပြီ၊ ရိပ်မိပလား (ရိပ်မိပါ တယ်)၊ နွားနို့ကျတော့ ရေရောရင် (မကြိုက်ပါ ဘုရား)၊ အလုပ် ကျတော့ (ရောပါတယ်)၊ မင်းနဲ့ ငါနဲ့ ဟာကွာ ဘဝက အကြောင်းဆက် ပေါင်းဖက် လာကြတော့ကို၊ နိဗ္ဗာန် သွားတော့လည်း ကွာ တစ်ယောက်တည်းသွားလို့ တော်ပါ့မလား၊ မရောက်ချင်တာ သွားပြီး မလိုက်နိုင်တဲ့လူ ဆွဲပြန်တယ်၊ ဒါဖြင့် ငါပါမသွားတော့ဘူး ပြေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အရောဉာဏ်ပေါတယ်

အဲဒီလောက် ဆိုးရွားတဲ့ အရောဉာဏ်က ခင်ဗျားတို့ ပေါကို ပေါတယ်၊ မပေါ်ဘူးလား (ပေါပါတယ် ဘုရား)။

ဦးမာဒင်ကြီး ခင်ဗျားတို့ ဘယ်ဉာဏ်ပေါသတုံး (အရော ဉာဏ်ပေါပါတယ်)၊ အရောဉာဏ်ပဲ ပေါတယ် ဆိုတာ ရိပ်မိပလား (မှန်ပါ့၊ ရိပ်မိပါပြီ)၊ ရောသရွေ့ ကာလပတ်လုံးဟာ အမည်းနဲ့ အဖြူရောရင် ဘာသစ္စာ ရသတုံး (ဒုက္ခသစ္စာရပါတယ်)၊ အဖြူ သက်သက်ဆိုလို့ရှိရင်လည်း ဒုက္ခသစ္စာရမှာပဲ (မှန်ပါ့)၊ အမည်း အဖြူမရောမှ၊ ရှင်းပလား (ရှင်းပါပြီ)၊ အမည်းအဖြူ မရောတဲ့ ကံသည် သစ္စာသိပြီး ဒါနပြုတယ် (မှန်ပါ့ ဘုရား)၊ သစ္စာသိပြီးတော့ သီလဆောက်တည်တယ် (မှန်ပါ့)၊ သစ္စာသိပြီးတော့ ဝိပဿနာရှုတယ် (မှန်ပါ့)၊ အမည်းအဖြူရောသေးရဲ့ လား (မရောပါ ဘုရား)။

သစ္စာသိပြီးမှလုပ်ရင် ကံသုံးကံဖြတ်ပါတယ်

ဉာဏ်သက်သက် မနေဘူးလား (နေပါတယ်)၊ ဒါဖြင့် ဒီကံတွေ မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊ အမည်းကံလည်း (ဖြတ်ပါတယ်)၊ အဖြူကံ (ဖြတ်ပါတယ် ဘုရား)၊ အမည်း အဖြူရောတဲ့ကံ (ဖြတ်ပါတယ်)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ သစ္စာသိမှ သံသရာပြတ်တယ်ဆို တော့ ၂ က ၃ ကူးသေးရဲ့လား (မကူးပါ ဘုရား)၊ ၃မှ မရှိဘဲနဲ့ ၄ ဖြစ်ချင်လို့ (မဖြစ်ပါ)။

အားကိုးထိုက်တဲ့ကံ

ဒါဖြင့် ဘယ်ကံ အားကိုးကြမယ် (အမည်းအဖြူမရော တဲ့ကံအားကိုးပါမယ်)၊ တို့ဖြင့် သေသေချာချာမှာလိုက်တာပဲဟေ့၊ အိမ်ကျရောရင်တော့ မတတ်နိုင်တော့ဘူး၊ ဒီကတော့ သေသေချာချာ မှာလိုက်တာပဲ ဒကာ၊ ဒကာမတို့ အိမ်ကျမှရောရင် တော်ပါ့မလား (မတော်ပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတွေ သတိထားနော်၊ ငါမရောဘူး၊ ငါမရောဘူး၊ လမ်းက ပုတီးစိပ်သွားနော်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

နောက် ဒကာ၊ ဒကာမတွေ ငါမရောဘူး၊ ငါမရောဘူးလို့ လမ်းမှာ ပုတီးစိပ်သွားကြနော်၊ အိမ်ကျလို့ရှိရင် ကလေးက အမေလာ ပလားဆိုရင် သွားရောလိမ့်ဦးမယ်၊ နင်တို့ကြောင့် ခက်နေတာ ဆိုရင် ရောပြီ (မှန်ပါ့)၊ မရောဘူးလား (ရောပါတယ် ဘုရား)။

ဖြူရာကမည်းသွားတတ်တယ်

အဲဒါ ဒကာ၊ ဒကာမတို့ ဒီက ဖြူတာကလေးဟာ အိမ်ကျ တော့ မည်းလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီက ဖြူတာကလေးဟာ (အိမ်ကျတော့ မည်းလိမ့်မယ် ဘုရား)။

အိမ်ကျတော့ ဘာဖြစ်သွားသတုံး (မည်းသွားပါတယ်)၊ ရောသွားတယ်၊ ရောသွားတော့ ရွှေနဂါးဇာတ်ထုပ်ခင်းပြီ (မှန်ပါ့)၊ ငရဲမင်းကြီးဇာတ်ထုပ် (ခင်းပါပြီ)၊ ကောင်းပါဦးမလား (မကောင်းပါ ဘုရား)၊ ဒါဖြင့် ဒီက စိတ်ကို တင်းတင်းထားပါ။ ဟိုက ဒကာ၊ ဒကာမတွေကလည်း အောက်မေ့ လိမ့်မယ်၊ ဒီလာတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာများ ဖြစ်လာပါလိမ့်လို့။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ အမည်းအဖြူ မရောဖို့ ကို ဘုန်းကြီးသည် ဘုရားဟောတဲ့ အတွက် ဟောရတာကို အလွန် အရေးကြီးကြောင်း ထင်ရှားစေပါတယ် (ထင်ရှားပါတယ်)။

အမည်းကလည်း ဒုက္ခသစ္စာ (မှန်ပါ့)။

အဖြူသက်သက်ကတော့ (ဒုက္ခသစ္စာပါ ဘုရား)။

အမည်းအဖြူရောတော့ (ဒုက္ခသစ္စာပါ ဘုရား)။

သမုဒယ၊ ဒုက္ခချုပ်တဲ့ကံ

အမည်းအဖြူမရောတဲ့ကံက သမုဒယချုပ်၊ ဒုက္ခကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် သမုဒယ ဒုက္ခချုပ်ရင် နိဗ္ဗာန်ပေါ့ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အမည်းအဖြူ၊ မရောတဲ့ဉာဏ်၊ ကံသည် ဘာအကျိုးပေးသတုံး (နိဗ္ဗာန်အကျိုးပေးပါတယ်)၊ နိဗ္ဗာန်အကျိုး ပေးတယ် (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ)။

တကယ်လို့ ဒီမဂ်ဉာဏ်သည် အမည်းအဖြူမရောတဲ့ မဂ်ဉာဏ်လို့ ခင်ဗျားတို့က မဆိုချင်လို့ရှိရင် အပါယ်လည်း အကျိုး ပေးမှာပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အင်း နတ်ရွာသုဂတိကော (ပေးမှာပဲ)၊ အခုတော့ အပါယ်ကော အကျိုးပေးသေးရဲ့လား (မပေးပါ ဘုရား)၊ နတ်ရွာသုဂတိကော (မပေးပါ ဘုရား)၊ အရောကော (မပေးပါ ဘုရား)၊ မပေးတော့ သူကံဖြတ်တယ်ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒီအရေးဟာ ဒကာ၊ ဒကာမတို့ သာမညကြီးတယ်လို့ ခင်ဗျားတို့ မယူလိုက်ပါနဲ့၊ ခင်ဗျားတို့ ဟာ အင်မတန် ဆိုးရွားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ နဂိုကကြီးလာခဲ့ရတာကလည်း၊ အဖေ့ လက်ထဲမှာ ကြီးလာခဲ့ရတော့ ဟ နင်ဟာ ဆွမ်းတော်တင်ဖို့ ပန်းကန်အဆေး ခိုင်းတာ ဖြူဖြူစင်စင် လုပ်တာ မဟုတ်ဘူး၊ အမေက မြည်လိုက်တယ်၊ ကလေးက တော်အောင်ကျော်အောင် ဆေးလာလို့ ရှိရင် နင် နောက်ဘဝကျ ဒီထက်အရုပ်ဆိုးမှာပေါ့ (မှန်ပါ့)၊ ဒါပဲပြောလိုက်တယ် (မှန်ပါ့)၊ ဖြူဖြူလုပ်ဆိုတော့ ကံဖြူလုပ် ဒါမှ နင်ဒုက္ခရောက်မယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

လက်ဦးဆရာ သစ္စာမသိသေးတော့

သို့သော် အမေကလည်း သူသိသလောက် သင်ရတာ၊ သူသိသလောက် သင်ရတော့ အမေကို အပြစ်မတင်ပါနဲ့၊ ရှင်းပလား (မှန်ပါ့၊ ရှင်းပါပြီ)။

သူက သစ္စာသိပလား (မသိသေးပါ ဘုရား)။ မသိသေး လို့ နောက်ဘဝ ဒုက္ခသစ္စာကို မသိတော့ နင် နောက်ဘဝဖြူဖြူ ဖြစ်မယ်ပြောတာ (မှန်လှပါ)၊ ဖြူဖြူလား ဒုက္ခသစ္စာလား (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီကောင်ကလေးဟာ တယ်ဆိုးတယ်၊ မောင်နဲ့နှမတောင် မသနားဘူး၊ လက်သီးနဲ့ထိုး၊ တုတ်နဲ့ရိုက်နဲ့၊ နင်လား နောက်ဘဝ ကျလို့ရှိရင်၊ သူနောက်ဘဝ ထည့်ထည့်ပြောတယ်၊ မပြောဘူးလား (ပြောပါတယ်)၊ ဒါက ရှေ့ဘဝ၊ ဒါက နောက်ဘဝ၊ နောက်ဘဝ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ နောက်ဘဝကို မထည့်ရရင် အမေကလည်း စိတ်ကိုမကျေဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊

ဒီကောင်ကလေး ကြည့်ရတာ တစ်ခါတလေလည်း ကောင်းတယ်၊ တစ်ခါတလေလည်း မကောင်းဘူး၊ နင့်အကျိုးပေးကတော့ဟာ နောက်ဘဝခက်ပါသေးရဲ့။

အကျိုးပေးလိုက်၊ စီးပွားရေး အကျိုးပေးလိုက်၊ ပျက်သွား လိုက်၊ စီးပွားရေး အကျိုးပေးလိုက်၊ ပျက်သွားလိုက်၊ မင်းတို့က တစ်သမတ်တည်း မသွားဘူး၊ အဲဒီတော့ နင် နောက်ဘဝခက်လိမ့် မယ်၊ နောက်ဘဝပဲလာတယ် (မှန်ပါ့)၊

အမည်းအဖြူရောတဲ့ကံ ဟောပြန်တော့လည်း နောက်ဘဝပဲ မှန်ပါ့)၊ ဟ ဒီကံဖြတ်ရ တယ်လို့ ဟောတဲ့ အမေမိဘများ ပါလာရဲ့လား (မပါလာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အမည်းကံလည်း ဖြတ်ပေါ့ လာရဲ့လား (မလာပါ)၊ အဖြူကံကော (မလာပါ ဘုရား)။

အမည်းအဖြူရောတဲ့ကံကော (မလာပါ)၊ မလာတော့ ခင်ဗျားတို့မှာတဲ့၊ သူသိသလောက်သင်တဲ့ အမေမိဘနဲ့သွားတွေ့ရ တယ် (မှန်ပါ့)။

အဖေမှား အမေမှားက ကံသုံးမျိုးသင်ပေးတယ်

အခု ဒါကြောင့် အာစရိယဂုဏော အနန္တာ ဆိုတာ ပေါ်ပြီ လား (ပေါ်ပါပြီ)၊ ခင်ဗျားတို့ မလုပ်ဖူးတာ လုပ်ပါ ပြောတာ (မှန်ပါ့)၊ လုပ်ဖူးတာ ဟူသရွေ့ ဟာ အလွဲချည်းပဲ (မှန်ပါ့။ ဘယ့်နှယ် ဆိုကြမလဲ (လုပ်ဖူးတာဟူသရွေ့ ဟာ အလွဲချည်းပါ ဘုရား)၊ လုပ်ဖူးတာဟူသရွေ့ ဘယ့်နှယ် ဆိုကြမယ် (အလွဲချည်း ပါ)၊

အမည်းသော်လည်းကောင်း သင်လိမ့်မယ် (မှန်ပါ့)၊ နင်ဟာ လောဘတယ်နည်းတာ၊ နင်ရှေ့ လူလုပ်စရာ အများကြီး ကျန်သေး တယ်၊ ဒကာ၊ ဒကာမတို့ သင်ပုံလေ၊ ဒီအတိုင်း မသင်ဘူးလား (သင်ပါတယ်)၊ ဒီလိုဆို ဘုန်းကြီးကျောင်း သွားနေပါလား၊ လူပုံ အလယ်မနေနဲ့တော့ (မှန်ပါ့)၊ နင့်အတွက် ငါဖြင့် ခက်ပါသေးရဲ့၊ အရှည်မျှော်လေ ခက်လေပဲ (မှန်ပါ့)၊ အံမာ သူက အရှည်မျှော် သေးတယ်။

ဒကာ၊ ဒကာမတို့ သိပ်ကြောက်စရာ ကောင်းတယ်။ အရှည် မျှော်တော့ အပါယ်ရောက်အောင် သွားမယ်ဗျ။ မသွားဘူးလား (သွားပါတယ်၊) အဲဒါကြောင့် ဒကာ၊ ဒကာမတို့ ဒီဘဝစုတေလို့ရှိရင် ခင်ဗျားတို့ အမေမှား အဖေမှားနဲ့ သေသေချာချာ တွေ့မယ် (မှန်ပါ့)၊ မတွေ့ပေဘူးလား (တွေ့ပါတယ်)၊ သူတတ်သလောက် သင်မှာကိုးဗျ (မှန်ပါ့)။

တတ်သလောက်သင်တော့ အမည်းကံရင်လည်း သင်လွှတ် လိုက်မယ်၊ ဒီလိုပြောရတယ်၊ ဒီလိုဆိုရတယ်၊ လူဆိုတာ ပရိယာယ်နဲ့ ကင်း၍ ချမ်းသာလာတာ တစ်ယောက်မှ မရှိဘူး၊ ပရိယာယ် မာယာ ဆိုတာ လုပ်ရတယ်ဟ၊ ဒါ ခင်ဗျားတို့ မိဘဝတ္တရားပေါ့ဗျ၊ ကောင်ကလေးကို ချောက်တွန်း နေတာ အင်မတန်မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)၊

တစ်ခါ နင်ဟာ ကျောင်းကန်ဘုရားနဲ့ သိပ်ဝေးတာပဲ၊ နင်ဟာ ကျောင်းကန်ဘုရားလည်း သွားရတယ်၊ ဒါမှ နင် နောင်ဘဝ ကောင်းစားမှာပေါ့ ဆိုတော့ ဒုက္ခသစ္စာထဲ တွန်းချတယ်၊ အကောင်း ပြောနေပြန်တော့လည်း ဒုက္ခထဲ တွန်းချတယ်၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီတော့ကွာ လူဆိုတာ ကုသိုလ် အကုသိုလ် မကင်းနိုင်ဘူးကွ၊ သိပ်လည်း ကြောက်မနေနဲ့ သူဟောပြန်ပြီ။

ဒါကျတော့ အမည်းကံနဲ့ အဖြူကံရောလုပ်ပေးတယ် (မှန်ပါ့)၊ အမည်းကံနဲ့ အဖြူကံကို (ရောခိုင်းပါတယ်)၊ ရောလုပ်တဲ့ စင်စင်ဆိုတာ ဘုန်းကြီး ရဟန်းတောင် ဖြစ်ဖို့ မလွယ်ဘူး။ ဒီတော့ ဘုန်းကြီးနဲ့ ကိုင်ပေါက်ပြန်တယ်၊ အတော်ဆိုးနေပါပေါ့လား ဒကာ၊ ဒကာမတို့ ခင်ဗျားတို့၊ သင်ပုံ ပြင်ပုံတွေက အဲဒါ အမေမှား အဖေမှားဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ ကံဘယ်နှမျိုး သင်တတ်သတဲ့ (သုံးမျိုး သင်တတ် ပါတယ် ဘုရား)။

အမည်းကံသင်တတ်တယ် (မှန်ပါ့)၊ အဖြူကံကိုလည်း (သင်တတ်ပါတယ် ဘုရား)၊ အမည်းအဖြူ ရောတဲ့ကံကော (သင်တတ်ပါတယ်)၊ မရောတဲ့ ကံပြတ်ကျတော့ (မသင်တတ်ပါ ဘုရား)။

သစ္စာသိတဲ့ဆရာမှသာ ကံပြတ်ဟောတတ်တာ

ဒါကြောင့် အာစရိယဂုဏာ အနန္တော၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ဆရာသာလျှင် ပြောတတ်တယ်၊ ဒါလည်း ဆရာတိုင်း မယူနဲ့ဦး (မှန်ပါ့)၊ အင်မတန် သစ္စာသိတဲ့ဆရာမှ ပြောတတ်တယ် (မှန်ပါ့)။

သစ္စာမသိတဲ့ ဆရာဆိုရင် (မပြောတတ်ပါ)၊ မပြောတတ် ဘူးဆိုတာ ကောင်းကောင်း သဘောပါပလား (ပါ, ပါပြီ)၊ အဲ သစ္စာမသိသေးတဲ့ ဆရာနဲ့ ပေါင်းလို့ရှိရင်ဖြင့် ခင်ဗျားတို့ ခုနက ကံသုံးမျိုးနဲ့ အချိန်ကုန်မယ် (မှန်လှပါ ဘုရား)၊ မကုန် ပေဘူးလား (ကုန်ပါတယ် ဘုရား)။

(၁) အမည်းကံကလည်း (ဒုက္ခသစ္စာပါ ဘုရား)။

(၂) အဖြူကံလုပ်ပြန်တော့လည်း (ဒုက္ခသစ္စာပါ ဘုရား)။

(၃) အမည်းအဖြူရောတဲ့ကံ လုပ်ပြန်တော့လည်း (ဒုက္ခသစ္စာပါ ဘုရား)။

(၄) အမည်းအဖြူမရောတဲ့ကံဆိုတော့ သိကိုမသိဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)

ဒါဖြင့် ဒီက ရှေ့တော့ဖြင့် တဲ့၊ အားလုံး ဒကာ၊ ဒကာမတွေ ပြင်ကြပါတော့ (မှန်ပါ့)၊ ဒါနလုပ်လည်း ဟောဒီခန္ဓာ ဒုက္ခသစ္စာကြီးကို ကျွတ်ချင်လွတ်ချင်လို့ ဒါနလုပ်ပါတယ်ဆိုတော့ သစ္စာသိတဲ့ဉာဏ်နဲ့ လုပ် (မှန်ပါ့)၊

အမည်းအဖြူရောသေးသလား (မရောပါ ဘုရား)၊ သီလ ဆောက်တည်ပြန်တော့ ဟောဒီ ဒုက္ခသစ္စာကြီးမှ ကျွတ်ချင်လွတ်ချင်လို့ ဆောက်တည်ပါတယ်၊ အမည်းအဖြူ ရောသေးသလား (မရောပါ ဘုရား)။

သမထ၊ ဝိပဿနာ အားထုတ်ပြန်လည်း ဒုက္ခသစ္စာကြီးကို ကျွတ်ချင်လွတ်ချင်လို့ သမထ၊ ဝိပဿနာ အားထုတ်ပါတယ်ဆိုတော့ အမည်းအဖြူရောသေးလား (မရောပါ ဘုရား)၊ အမည်းအဖြူ မရောတော့ အမည်းကံကိုလည်း သိတဲ့ဉာဏ်က ဖြတ်တယ် (မှန်လှပါ)၊ အဖြူကံကော (သိတဲ့ဉာဏ်က ဖြတ်ပါတယ် ဘုရား)၊ အမည်းအဖြူ ရောတဲ့ကံကော (သိတဲ့ဉာဏ်က ဖြတ်ပါတယ် ဘုရား)။

ကံဖြတ်ချင်ရင် သစ္စာသိအောင်လုပ်

အဲဒီတွင်မှာ ဒကာ ဒကာမတို့ သေနိယက အရှင်ဘုရား တပည့်တော် ကံဖြတ်ချင်ပါပြီ၊ ခုနက ခွေးလိုကျင့်တဲ့ လူတွေက ကံဖြတ်ချင်ပြီ၊ သဘောပါကြပလား (ပါ,ပါတယ်)၊ ခွေးလိုကျင့်တဲ့ လူက ဘယ်စိတ် ပေါ်လာပါလိမ့် (ကံဖြတ်ချင်ပါသတဲ့ ဘုရား)၊

အဲ ကံဖြတ်ချင်လို့ ရှိရင်ကွာ မင်းသစ္စာသိအောင်လုပ်၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကံဖြတ်ချင်ရင် (သစ္စာသိအောင်လုပ်)၊ ဒါဖြင့် သစ္စာက သစ္စာ၊ သိတာက ကံဖြတ် (မှန်ပါ့)၊ သစ္စာက (သစ္စာပါ ဘုရား)၊ သိတာက (ကံဖြတ်)၊ ဒီကံဖြတ်တော့ ဒီဘက် လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ သံသရာ မလည်ချင်ရင် သစ္စာသိတဲ့ ကံလုပ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)၊ သံသရာမလည်ချင်ရင် (သစ္စာသိတဲ့ကံ လုပ်ရမှာပါ ဘုရား)။

ကံဟာ ကံချည်းသက်သက်သိသလား ဉာဏ်နဲ့ တွဲမှ သိသလား (ဉာဏ်နဲ့တွဲမှ သိပါတယ် ဘုရား)၊ ဒါဖြင့် သစ္စာသိတဲ့ ဉာဏ်သည် ကံဖြတ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာသိတဲ့ဉာဏ်သည် (ကံပြတ်)။ သစ္စာသိတဲ့ဉာဏ်သည် (ကံပြတ်ပါ ဘုရား)။

ဒကာ ဒကာမတွေက ကံပြတ်သွားရင်ဖြင့် ကျုပ်ကံကုန်ပြီ ထင်တယ်၊ စီးပွားရေးလည်း မဖြောင့်ဘူး၊ လူလည်း ဝေဒနာတွေက သိပ်များတယ်၊ ကဲကွာ ဘယ်သူဟာ တယ်တော်သတဲ့၊ ယတြာ ဆင်ရရင်ဖြင့် မဖြစ်ပေဘူးလား၊ ငွေကုန်လမ်းရှာပြီး ဒုက္ခရောက်အောင် လုပ်ဦးတော့မယ် မလုပ်ပေ ဘူးလား၊ ကံဆက်တာကိုးဗျ (မှန်ပါ့)။

ကံဆက်ရင် ဒုက္ခရောက်မယ်

ကံဆက်ရင် ဒုက္ခရောက် မရောက် (ရောက်ပါတယ် ဘုရား)၊ သို့သော်လည်း ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်က ဒီအထဲမှာ သေမှာစိုးရင် အင်းအိုင်ခလဲ့လက်ဖွဲ့ ယတြာတွေ ဝါသနာပါမယ်ဆို သူဆက်ချင်မှာပဲ (မှန်ပါ့)၊ မဆက်ချင်ဘူးလား (ဆက်ချင်ပါတယ်)၊ ဖယောင်းတိုင် ကျိုးသွားတာတောင် ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)။

ဟ ဒီအကျိုးကြီး မထွန်းပါနဲ့ကွာ၊ မလာဘူးလား (လာပါတယ်)၊ ဖယောင်းတိုင်ကျိုးတဲ့ အခါကျလို့ရှိရင် ဒကာ၊ ဒကာမတို့ မြန်မြန် မီးကုန်တယ်၊ မကျိုးတော့ကို မြန်မြန် မီးသက် ရှည်တယ်၊ မီးသက်ရှည် သဘောကျသကိုး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဘယ်လောက် ဆိုးရွားသလဲ၊ ခင်ဗျားတို့ စိတ်ထဲမှာ ပေါ်နေတာ တွေဟာ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ဒါဖြင့် ဘယ်ဟာ အားကိုးကြမလဲ (ကံပြတ်ကို အားကိုးပါမယ် ဘုရား)။

ကံပြတ်အားကိုးပါ

ကံပြတ်အားကိုးတဲ့ အခါကျတော့ သမုဒယသစ္စာ ချုပ်ပါ တယ် (မှန်ပါ့)၊ ဒုက္ခသစ္စာ (ချုပ်ပါတယ်)၊ ချုပ်ပါတယ် ဆိုတော့ မီးလည်း ဒကာ၊ ဒကာမတို့ မနေ့ညက ပြောသလို သိမ်းပါတယ်၊ ထင်းလည်း ကုန်ပါတယ် (မှန်ပါ့)၊ မီးနဲ့ ထင်းကုန် ရင် လောင်ဖို့ရာအတွက် မြင်သေးရဲ့လား (မမြင်တော့ပါ ဘုရား)၊

ဒါဖြင့် မီးလည်းသိမ်း၊ ထင်းလည်းကုန်အောင် ကံပြတ်က လုပ် (မှန်ပါ့)၊ မဂ်ပဲ အားကိုးရာရှိတယ် (မှန်ပါ့)၊ သစ္စာသိပြီး ဒါနလုပ်တဲ့မဂ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သစ္စာသိပြီး သကာလ သီလဆောက်တည်တဲ့မဂ် (မှန်ပါ့)၊ သစ္စာသိပြီး သကာလ အားထုတ်တဲ့ ဝိပဿနာမဂ် (မှန်ပါ့)၊ ဒါသည် ဒီအဆက်ကလေးကို မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ဖြတ်တော့ ဒီဘက်သွားပါတယ်တဲ့၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

ကဲ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ “စိတ္တနိရောဓာ၊ တဏှာနိရောဓော” ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း (မှန်ပါ့)၊ သဘောကျပ လား (မှန်ပါ့)၊ ဖဿရှုတဲ့ ပုဂ္ဂိုလ်ဟာ “ဖဿနိရောဓာ တဏှာ နိရောဓော” ပဋိစ္စသမုပ္ပာဒ် ဘာတုံး (ထွက်လမ်းပါ ဘုရား)။

ဒါဖြင့် ရှုမှထွက်မယ် (မှန်ပါ့)၊ မရှုရင် (မထွက်ပါ ဘုရား)၊ မထွက်ရင် ဒီလည်မယ် (မှန်ပါ့)၊ ထွက်ရင် ဒီဘက် ပြန်သွားတော့ မလွတ်လပ်ဘူးလား (လွတ်လပ်ပါတယ်)၊ ဒါဖြင့် အဝိုင်းပြေးမှ ထွက်ချင်လို့ ရှိရင်ဖြင့် သစ္စာသိပြီးတော့လုပ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။