297

ကံအားကိုးရင် ဇာတိဒုက္ခသစ္စာရမယ်

အသံဖိုင်ခေါင်းစဉ်= သစ္စာနှင့်ကံလေးပါး အလုပ်ပေးတရားတော်

စာအုပ်ခေါင်းစဉ်= ကံအားကိုးရင် ဇာတိဒုက္ခသစ္စာရမယ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

ကံအားကိုးရင် ဇာတိဒုက္ခသစ္စာရမယ်

၁၁-၇-၆၂ ရက်နေ့ (နံနက်)

ဒကာ၊ ဒကာမတွေ ကံကိုပဲ အားကိုးကြတယ်။ အားလုံး ဒီမှာ မြန်မာပြည်တစ်ပြည်လုံးရှိတဲ့ ဒကာ၊ ဒကာမတွေ ကံအမိ၊ ကံအဖကိုသာ အားကိုးပြီးတော့ သေကြတော့တယ် ဆိုတာဖြင့် ငြင်းဖို့ မလိုပါဘူး (မှန်ပါ့)၊ ဘာအားကိုးကြသတုန်း (ကံအားကိုး ကြပါတယ်)။

ကံအမိ ကံအဖ၊ ကံအားကိုးရင် ဇာတိရမယ်

တပည့်တော်တို့ဘုရား ကံအမိ၊ ကံအဖပဲ ဘုရာ့၊ ကံပဲ ကိုးကွယ်ရာ ရှိတော့တာပဲ အစ ရှိသည်ဖြင့် ဒကာ၊ ဒကာမတွေ ပြောကြ ဆိုကြပါတယ်ဆိုတာလည်း အားလုံးပဲသိတယ်။ တကယ် လည်း အားကိုးတယ် ဆိုတဲ့ဥစွာဖြင့် ငြင်းဖို့ မလိုပါဘူး (မှန်ပါ့)။ သို့သော် ဘုန်းကြီးက အသိဉာဏ် ကျယ်ကျယ်နဲ့ ဒကာ၊ ဒကာမတွေကို သတိပေးချင်တာကတော့။

ဟေ့ ဒကာ၊ ဒကာမ ကံအမိ၊ ကံအဖဆိုတော့ ဒကာ၊ ဒကာမတွေသိတဲ့အတိုင်း ကုသိုလ်ကံ ဖြစ်စေ၊ အကုသိုလ်ကံ ဖြစ်စေ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ တွေ့ကြပလား (တွေ့ပါပြီ)၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။

ဪ ဒါ-ကံအမိ,ကံအဖ အားကိုးရင် ဇာတိရ မယ် (မှန်ပါ့)၊ ဒါ ကြပ်ကြပ်စဉ်းစားကြပါ၊ ကံအမိ ကံအဖအားကိုး ရင် (ဇာတိရပါမယ်)၊ ဇာတိက ဒီကြည့်လိုက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကြည့်လေ၊ သူများ ဒုက္ခရောက်ကြောင်းကိုတော့ သူက ဒုက္ခအကျိုးသစ္စာဆိုတာ သေချာသွားပြီ (မှန်ပါ့)၊ ဒါ ဘာအားကိုးလို့ (ကံအားကိုးလို့ပါ ဘုရား)။

ကံအားကိုးရင်ဒုက္ခသစ္စာရမယ်

ကံအားကိုးတဲ့အတွက် ဘာသစ္စာရသတုန်း (ဒုက္ခသစ္စာ ရပါတယ် ဘုရား)၊ ကံကကြည့်လိုက်၊ ကမ္မဘဝက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာ ကံအမိ၊ ကံအဖ အားကိုးတဲ့အတွက်တဲ့ ဒုက္ခသစ္စာဆိုတဲ့ ဇာတိ ဇရာ မရဏ ရပါတယ် (မှန်ပါ့)၊ မရဘူးလား (ရပါတယ်)၊ ဪ ဒါဖြင့် ဒကာ၊ ဒကာမတွေ အားကိုးတော့ လွဲနေပြီလို့ ဘုန်းကြီးက စွဲချက်တင်လိုက်ပါတယ်။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)၊ အားကိုးကဖြင့် ရှိ (လွဲနေပါတယ် ဘုရား)။

နို့ ဘုရား၊ အရှင်ဘုရားက ပြောတော့လည်း ခုတော့ လည်း ပဋိစ္စသမုပ္ပာဒ်နဲ့ သေသေချာချာ ပြပြန်တော့လည်း အရှင်းသားပဲ၊ တပည့်တော်တို့ ရိုးရာကလည်း ဒါပဲ အားကိုးနေတယ် ဆိုတော့ ကိုထွန်းအောင်ကြီး အတော်ခက်နေပြီဗျ (မှန်ပါ့)။

ကုသိုလ်ကံ၊ အကုသိုလ်ကံ

နောက်က ဒကာ၊ ဒကာမတွေ နားကြီးကြီးနဲ့ ထောင်လို့ ရှိရင် ဒီဟာနောက်တော့ သဘော ပေါက်လာပါလိမ့်မယ်နော် (မှန်ပါ့ ဘုရား)၊ ကမ္မဘဝဆိုတာ ကံပဲ ဒကာ၊ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ ဒီကံကို အားမကိုးကြဘူးလားလို့ မေးတော့ ကုသိုလ်ကံဆိုရင် အားကိုးကြတယ်၊ မကိုးကြပေဘူးလား (အားကိုးကြပါ တယ် ဘုရား)။

အကုသိုလ်ကံဆိုတော့ မကိုးဘူးထားပါတော့၊ ကုသိုလ်ကံ ဆိုလို့ရှိရင် အားကိုးကြပါလိမ့်မယ် (မှန်ပါ့)၊ မကိုးကြပေဘူးလား (အားကိုးကြပါတယ် ဘုရား)။

အဲဒီတော့ သူ့ပဋိစ္စသမုပ္ပာဒ် ကြည့်တာပေါ့တဲ့၊ ကမ္မဘဝက ကံက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ဒါဖြင့် သူ့အား ကိုးကြတာက ဘာကြောင့် အားကိုးကြသလဲလို့ ဒကာ၊ ဒကာမတွေ မေးလို့ရှိရင်-

ကံသမုဒယ အကျိုးပေးတော့ဒုက္ခ

ဘုရား ကောင်းသောအကျိုးပေးအောင်လို့ အားကိုးရ တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာကြောင့်ပါ လိမ့်၊ ကောင်းသော အကျိုးပေးအောင်လို့၊ ပေးပါတယ်တဲ့ လူဇာတိ၊ နတ်ဇာတိ၊ ဗြဟ္မာဇာတ ိပေးပါတယ် (မှန်ပါ့)၊ လူဇာတိ၊ နတ်ဇာတိတွေ သေသေချာချာပေးပါတယ်။

သစ္စဉာဏ်နဲ့ကြည့်တတ်ပါစေ

ပေးပင် ပေးငြားသော်လည်း သစ္စဉာဏ်နဲ့ ကြည့်လိုက် တော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ကံအမိ၊ ကံအဖ အားကိုးရင် ဒုက္ခသစ္စာရမယ်၊ လူဇာတိ၊ နတ်ဇာတိ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကံအမိ၊ ကံအဖ အားကိုးရင် (ဒုက္ခသစ္စာပါရမယ်)၊ ဒါဖြင့် ခင်ဗျားတို့ သည် ကိုယ်အားကိုးတဲ့ ကံသည် ကိုယ့်ချောက်တွန်းတယ် (မှန်ပါ့)။

ကိုယ်အားကိုးတဲ့ကံက (ကိုယ်ချောက်တွန်းပါတယ် ဘုရား)၊ သို့သော် တွန်းမှန်းမသိပါဘူး၊ ပဋိစ္စသမုပ္ပာဒ် နားမလည်တဲ့ ပုဂ္ဂိုလ်ဟာ တွန်းမှန်းကို မသိဘူး (မှန်ပါ့)၊ ဒါပဲ အားကိုးနေတာပဲ၊ သခင်ဝတင် သဘောပါရဲ့လား (မှန်ပါ့)၊ နောက်က ဒကာ၊ ဒကာမတွေ အမြင်နဲ့ကော သဘောကျရဲ့လား (ကျပါတယ်)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟော ကံအားကိုးလို့ ဇာတိရတယ် (မှန်ပါ့)၊ ကံက ဘာသစွာ (ဒုက္ခနဲ့ သမုဒယသစ္စာပါ ဘုရား)၊ အကျိုးပေးဒုက္ခ အကျိုးပေးက ဘာသစွာ (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း ဒကာ၊ ဒကာမတို့ ကံအားကိုးနေတဲ့ ဒကာ၊ ဒကာမတွေတော့ ဒုက္ခရောက်ပါပြီ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ကံအားကိုးတဲ့ ဒကာ၊ ဒကာမတွေ ဘာဖြစ်နေတယ် (ဒုက္ခ ရောက်နေပါတယ်)၊ ဦးမာဒင် ခက်ပြီ (ခက်ပါပြီ)၊ ခက်ပြီ၊ ခက်ပြီ (မှန်ပါ့)၊ သေသေချာချာ ခက်ပဟေ့၊ ဆရာထွန်းကြီး ( ဘုရား)။ ခက်ပလား၊ မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။

ကံခေါင်းဆောင်းမွေးလာတာ

သို့သော်လည်းတဲ့၊ အားလုံး ဒကာ၊ ဒကာမတွေဟာ ခင်ဗျားတို့ကလည်း သူများ ပါးစပ် လမ်းဆုံး နေတော့ ကံအမိ၊ ကံအဖပဲ ဘုရား၊ မွေးလာကတည်းက ကံခေါင်းဆောင်း မွေးလာတာ ဘုရာ့၊ သူ့ကိုပဲ ကိုးစားစရာ၊ အားထားရာရှိတော့တယ် ဘုရားလို့ဆိုပြီး တစ်ထစ်ချ မှတ်ထားတာကိုးဗျ (မှန်ပါ့ ဘုရား)၊ မမှတ်ကြဘူးလား (မှတ်ကြပါတယ် ဘုရား)၊ ဘာအားကိုးကြတယ် (ကံအားကိုး ကြပါတယ်)။

ကုသိုလ်ကံ အားကိုးကြပါတယ်ဆိုပါတော့ဗျာ၊ ကုသိုလ်ကံ အားကိုးကြတော့ကို ကုသိုလ် ကံမယ့် အမိပဲဘုရာ့၊ ကုသိုလ်ကံမယ့် အဖပဲ ဘုရာ့၊ အဲဒါကြောင့် တပည့်တော်များတော့ ဒါနဲ့ ပင်နေရမှာပဲ ဆိုတဲ့ ဥစ္စာ လူတိုင်းက ဒုန်းဒုန်းချ နေတဲ့စိတ်ပါပဲ၊ မနေကြဘူးလား (နေကြပါတယ် ဘုရား)၊

သမုဒယအားကိုးရင် ဒုက္ခသစ္စာရမယ်

ဒကာ၊ ဒကာမတွေ (နေပါတယ် ဘုရား)၊ ခင်ဗျားတို့ ဒုန်းဒုန်းချတဲ့စိတ်ဟာ ဘာသစ္စာ တုန်းကြည့်ပါ (သမုဒယသစ္စာ ဘုရား)၊ ဪ ဒါဖြင့် ခင်ဗျားတို့ သမုဒယသစ္စာ အားကိုးနေ တယ် (မှန်ပါ့)၊ ဘာအားကိုးနေသလဲ (သမုဒယသစ္စာ အားကိုးပါတယ် ဘုရား)။

ဒါ သာမညဆရာသမားဆိုလို့ ရှိရင်ဖြင့်တဲ့၊ မင်းတို့ကွာ ကံတော့ယုံကြည်ကြကွ၊ ကံ ကံ၏အကျိုး ဆိုတာ ဘုရားဟောခဲ့တယ် ကွ၊ ပြောနေတာပဲ (မှန်ပါ့)။ သေသေချာချာ ပြောနေကြတာပဲ၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

မဟောဘူးလားဆိုတော့ အို သေသေချာချာ ဟော တာပေါ့ ဒကာ၊ ဒကာမတို့၊ အဘိဏှသုတ် များမှာ “ကမ္မဗန္ဓုကမ္မ ပဋိဿရဏာ”နဲ့ သေသေချာချာ ဆရာထွန်းကြီး ဟောထားတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါ ထွက်ရပ်လမ်းဟောတာလား၊ ပစ္စုပ္ပန်နေမှု၊ ထိုင်မှု ဟောတာလားဆိုတာလည်း ဝေဖန်ရမယ်။ ဒကာ၊ ဒကာမတို့ ထွက်ရပ်လမ်းဟောတာလား၊ ပစ္စုပ္ပန်နေမှု၊ ထိုင်မှု၊ သက်သာမှု ဟောတာလား (ပစ္စုပ္ပန် နေမှု၊ ထိုင်မှု၊ သက်သာမှု ဟောတာပါ ဘုရား)။

ကမ္မဘဝပစ္စယာဇာတိ

ဒါ သေသေချာချာ စဉ်းစားမှ ဪ ဒါက ပစ္စုပ္ပန်မှာ သူမပါလို့ ရှိရင်လည်း အနေအထိုင် ချို့တဲ့တတ်တယ် ဆိုပြီး ဟောတဲ့ တရားပါလား (မှန်ပါ့)၊ သေသေချာချာ ကျတော့ကိုတဲ့ ကမ္မဘဝ ပစ္စယာဇာတိပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါ ဘုန်းကြီးက လိမ်ဟောနေတာလား ခင်ဗျားတို့ ရထားတာကို သိအောင်ပြောတာလား (ရ,ထားတာကို သိအောင် ပြေတာပါ)၊ သို့သော် ရ,ထားတာက အားကိုးလွဲနေလို့ ဒကာ၊ ဒကာမတွေရဲ့ ကမ္မဘဝဆိုတာ ကံကိုဆိုတာ (မှန်ပါ့)၊ သဘောပါ ပလား (ပါ, ပါပြီ)။

ကမ္မဘဝဆိုတာ (ကံကိုဆိုတာပါ ဘုရား)၊ ကဲ ခင်ဗျားတို့ပဲ ရွတ်ကြည့်ပါ။ နေ့တိုင်း ဘုရားရှိခိုး တော့ ထည့်နေကြတာ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိဘာသစွာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ကမ္မဘဝက ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။၊

ဒါဖြင့် ခင်ဗျားတို့ ကျားကိုအားကိုးလို့ အကိုက်ခံရတာပဲ (မှန်လှပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ကျားအားကိုးတာ နဲ့ (အကိုက်ခံရတာပါ)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊

ကံမှာလမ်းဆုံးရင် ဒုက္ခကိုစောင့်ကြိုနေတာ

ဒီလိုပဲ အကိုက်ခံသွားကြတော့မလားလို့ မေးဖို့ရာ မလို ဘူးလား (လိုပါတယ်)၊ ဆရာထွန်းကြီး ခက်ပြီဗျနော် (မှန်ပါ့)၊ အင်မတန်ခက်နေပြီတဲ့၊ ဗုဒ္ဓဘာသာဝင်တွေမှာလည်း ဒီမှာ လမ်းဆုံးတာက သိပ်များတယ်၊ ဒကာ၊ ဒကာမတို့ ဗုဒ္ဓဘာသာဝင် တွေမှာ ကံမှာ လမ်းမဆုံးဘူးလား (ဆုံးပါတယ် ဘုရား)၊ ဒီတွင် ဆုံးလို့ ရှိရင် သမုဒယသစ္စာ လမ်းဆုံးပြီးသကာလ ဒုက္ခရောက်ဖို့မှ တစ်ပါး ဘာမှ လမ်းမမြင်ဘူး ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

အတော်နားကြီးမှရတယ်နော်၊ နောက်လည်လာလိမ့်မယ်၊ ဒီတရားကို ဒီကာ၊ ဒကာမတွေ နားထဲမှာ ရှင်းပြီးလာလိမ့်မယ်၊ ဪ တို့ အားကိုးနေတာ တို့ဘယ်အကျိုး၊ ဘယ်အပြစ်သင့် တယ်ဆိုတဲ့ဥစွာပေါ်လာပါလိမ့်မယ်။ အခု ရှင်းကြပလား (ရှင်းပါပြီ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ကြည့်ပါ၊ ကြည့်ပါ ဒကာ၊ ဒကာမတို့။

ဒါ ခင်ဗျားတို့ တဏှာအုပ်ချုပ်တဲ့ကံ၊ သဘောကျပလား (ကျပါပြီ)၊ ကမ္မဘဝပစ္စယာ (ဇာတိ)၊ သူက ဘာသစွာတုန်း (သမုဒယသစ္စာပါ)၊ ဒါဖြင့် ခင်ဗျားတို့က ဒီအမိ ဒီအဖကို အားကိုးနေကြတယ် (မှန်ပါ့)၊ ဒီအမိ၊ ဒီအဖ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာအားကိုးရင် ဒုက္ခရောက်မှာ သေချာတယ်

သမုဒယသစ္စာ အားကိုးတော့ ငါဟာ ဒုက္ခမှ ရောက်ပါ့ မလားဆိုတာ မေးဖို့ မလိုဘူး (မလိုပါဘူး ဘုရား)၊ လိုသေးလား (မလိုပါ ဘုရား)၊ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ကြည့်လေ ဇာတိပိ ဘာတဲ့တုန်း (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား)။

ဇရာပိ (ဒုက္ခသစ္စာပါ)၊ မရဏမ္ပိ (ဒုက္ခသစ္စာပါ)၊

ကဲ ခက်ကုန်ပြီ ဒကာ၊ ဒကာမတို့ ခက်ကုန်ပြီ၊ မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။

ခင်ဗျားတို့ အားကိုးထားတာက မှန်ပလား၊ တည့် သွားပြီ လား မတည့်ဘူး မတည့်ဘူး၊ ဒုက္ခရောက်တာ (မှန်ပါ့)၊ ဒုက္ခပဲပြန်ရတယ် (မှန်ပါ့)၊ ဒုက္ခလွတ်ချင်လို့ အားကိုးလိုက်တာ ဘာရသလဲ (ဒုက္ခပဲ ပြန်ရပါတယ် ဘုရား)၊ အဲဒီတော့ အားကိုး တည့်တယ်ဆိုလို့ တော်ပါ့မလား (မတော်ပါ ဘုရား)၊ နို့မို့ရင် ခင်ဗျားတို့ ဒါနဲ့သေမှာပဲ (မှန်ပါ့)၊ မသေဘူးလား (သေပါ တယ် ဘုရား)။

ကံအမိ ကံအဖအားကိုးပြီး သေလိုက်ကရော၊ သေတော့ ဒီမှာ မဆက်ဘူးလား ဆက်သလား (ဆက်ပါတယ် ဘုရား)၊ ဆက်တော့ ဘာနဲ့သွားဆက်သလဲ (ကံနဲ့သွားဆက်ပါတယ်)။

ကဲ သူ့အားကိုးတာ ကုသိုလ်ကံပါပဲ၊ သူ့အားကိုး လိုက်တာ အခု ဘာရသလဲ (ဇာတိရပါတယ် ဘုရား)၊ ကဲ မြန်အောင်ဦးတင် ကျေနပ်ပလား (မှန်ပါ့)။

ဒီဘက်က ဒကာ၊ ဒကာမတွေ အားလုံးကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ ကံကောင်း အောင်တော့ လုပ်ဦးမှပဲ ဘုရား၊ ကံများက ဘာဖြစ်နေတယ် မသိဘူး၊ မလာဘူးလား၊ လာသလား (လာပါတယ်)၊ ကံကောင်းရင် ဇာတိရမယ် (မှန်ပါ့)။ ကံကောင်းရင်ဘာရမလဲ (ဇာတိရပါမယ်)။

သို့သော် ခင်ဗျားတို့ သာမညနဲ့ဆိုရင်တော့ ဒီဇာတိကို ကြိုက်ချင်လည်း ကြိုက်မှာပဲ၊ လူဇာတိဟေ့ ဆိုရင်ဖြင့် ကြိုက်ပြီ (မှန်ပါ့ ဘုရား)၊ နတ်ဇာတိ နတ်ပဋိသန္ဓေဆိုရင်ကော (ကြိုက်ပါ တယ်)၊ ဗြဟ္မာ ပဋိသန္ဓေဆိုရင်ကော (ကြိုက်ပါတယ် ဘုရား)။

မကြိုက်သင့်တာ ကြိုက်နေကြတယ်

ကြိုက်တာက ဘာသစ္စာ ကြိုက်သတုန်း (ဒုက္ခသစ္စာ ကြိုက်တယ် ဘုရား)၊ သွားပြီပေါ့ဗျ။ မသွားဘူးလား (သွားပါတယ် ဘုရား)၊ သွားပြီ ဒကာ၊ ဒကာမတို့။

အဲဒါ သခင်ဝတင်တို့၊ ဆရာကောင်း သမားကောင်းသိပ်လို တယ်ဆိုတာ အောက်တန်းတရားနဲ့ အထက်တန်းတရားမခွဲလို့ရှိရင် ရကိုမရဘူး။ ရပါ့မလား (မရပါ ဘုရား)၊ “ကမ္မံသတ္တေ ဝိဘဇတိ” ဆိုတာက အောက်တန်းတရားကို ဘုရားက ဟောတာ (မှန်ပါ ဘုရား)။

ဖြစ်စဉ်ကိုက်ဟောနေတာ အလိုတော်ကျလို့ မဟုတ်ဘူး

သတ္တဝါတို့ကို သိနေတဲ့ ကိုယ်တော်ကြီးမို့ မသိမရှိရအောင် လို့ အကုသိုလ်ကံဖြင့် အကုသိုလ် အကျိုးပေးတယ်ကွ၊ ကုသိုလ်ကံ ဖြင့်လည်း လူ၊ နတ်ချမ်းသာ အကျိုးပေးတယ်ကွ၊ မဟောရပေဘူးလား၊ ဟောရမလား (ဟောရပါမယ် ဘုရား)၊

ဟောရပေမယ့် ကိုယ်တော်ကြီး အလိုတော်ကျလား ဖြစ်စဉ်ကို ပြောတာလား ဆိုတာ ဝေဖန်လိုက်ပါ (ဖြစ်စဉ်ပါ)၊ ဘာပြောတာပါလိမ့် (ဖြစ်စဉ် ပြောတာပါ)၊ ဖြစ်စဉ်ဝေဖန်တာကို ခင်ဗျားတို့က အဲဒါ ဟုတ်ပြီလို့ ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့)၊ ဖြစ်စဉ်ကို ပြောတာ ဟုတ်ပြီလို့ ဆုံးဖြတ်ချက် ချလိုက်တယ်၊ မလွဲသေးဘူးလား လွဲသလား (လွဲပါတယ် ဘုရား)။

ဒါဟာလည်း ဘုရားမဟောခင်ကလည်းရှိတဲ့ ပဋိစ္စသမုပ္ပာဒ် ပါ၊ ဘုရားက နာမည် တပ်ပေးတာပဲ ရှိပါတယ်၊ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဘုရားမဟောလည်း ဒီကမ္မဘဝ ပစ္စယာ လုပ်ရင် ဇာတိ ရှိမရှိ (ရှိပါတယ် ဘုရား)၊ အေး ဖြစ်လိမ့်မယ်လို့ ကော မဟောဘူးလား (ဟောပါတယ်)။

အဲဒီတော့ကို ခင်ဗျားတို့ အောက်တန်းတရားလောက်နဲ့ ဆိုရင် ကမ္မဘဝပစ္စယာ ဇာတိကို သဘောကျပါလိမ့်မယ် (မှန်ပါ့)၊ သခင်ဝတင် မကျပေဘူးလား (ကျပါတယ် ဘုရား)။

နောက်က ဒကာ၊ ဒကာမတွေ ဒါ နားကြီးကြီးနဲ့ နားထောင်မှ၊ ကံကို ခင်ဗျားတို့က အမေ၊ အဖေလုပ်ပြီးသကာလ ထားတော့ အမေ၊ အဖေက ကျားဖြစ်နေတယ်၊ ကိုက်မည့်ကျား ဖြစ်နေတယ်၊ သဘောပါရဲ့လား (ပါ,ပါတယ်)၊ သူက ဇာတိဒုက္ခ ပေးမလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ သဘော ပါကြရဲ့လား (ပါ,ပါတယ်)၊ ဘယ်သူက သတုန်း၊ ဘုန်းကြီးက မန္တလေးက ယူလာတာလားဆိုတော့ ကမ္မဘဝပစ္စယာ ဇာတိပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ သူက ဘာသစ္စာ တုန်းလို့ ဝေဖန်လိုက်တော့မှ (သမုဒယသစ္စာပါ ဘုရား)၊ ဇာတိက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် တို့သည် သမုဒယဆိုတဲ့ သစ္စာ အားကိုးမိတဲ့ အတွက် ဒုက္ခသစ္စာဖြင့် လှလှကြီးရပြီဆိုတော့ အခုတရား နာနေတာ ဇာတိ ဇရာထဲမှာ နေကြတယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာသစ္စာနဲ့ နေကြသလဲ (ဒုက္ခသစ္စာနဲ့ နေကြပါတယ် ဘုရား)။

ကံအားကိုးရင် ကိုယ်ကျိုးနည်းမယ်

ဘာအားကိုးမိလို့ ပါလိမ့် (ကံအားကိုးမိလို့ပါ ဘုရား)၊ ဒကာ၊ ဒကာမတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ကိုင်း ကံအားကိုးမိတဲ့အတွက် ကိုယ်ကျိုး ကောင်းသလား၊ ကိုယ်ကျိုးနည်းသလား (ကိုယ်ကျိုး နည်းပါတယ် ဘုရား)။

ဒါဖြင့် အရှင်ဘုရား ဟောနေတာ တပည့်တော်တို့အကြိုက်နဲ့ တော့ တပည့်တော်တို့ သိထားတာနဲ့ တော့ တကယ့် ကန့်လန့်ကြီး ဖြစ်နေပြီဘုရား၊ မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆိုနိုင်ပါ တယ်)၊ တပည့်တော်တို့ကလည်း ကံတောင်ဆက်နေတဲ့ ပုဂ္ဂိုလ်တွေ ဘုရာ့၊ သဘောကျပလား (မှန်ပါ၊ ကျပါပြီ)။

ကံဆက်နေကြသူတွေ

ဒကာ၊ ဒကာမတွေ ဘာလုပ်နေကြတဲ့ ဒကာ၊ ဒကာမတွေ လို့ဆိုမတုန်း (ကံဆက်နေတဲ့ ဒကာ၊ ဒကာမတွေပါ ဘုရား)။

ဆွမ်းကျွေးတာ ကံဆက်တယ် (မှန်ပါ့)။

အသက်ရှည်ခြင်း၊ အဆင်းလှခြင်း ပထမဇောက အကျိုးပေး ပါစေတော့ (မှန်ပါ့)၊ တပည့်တော်တို့ တစ်အိမ်သားလုံး ပထမ ဇောဆိုတာ ဒိဋ္ဌိဓမ္မကိုးဗျ (မှန်ပါ့)၊ အဲဒါနဲ့ပဲ အကျိုးပေးချင် တာ၊ အတိတ်ကံကလေးများ အားနည်းနေလို့ ရှိရင် အာဟာရနဲ့ ဆက်ပါလားဟ၊ ဘာလုပ်ပြန်သတုန်း မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ကံဆက်တာပါ ဘုရား)၊

ဒါဖြင့် ကမ္မဘဝပဲ ပြန်လုပ်ပြန်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ဒါဖြင့် ဇရာ အသက်ရှည်ဖို့ပေါ့ (မှန်ပါ့ ဘုရား)၊ ဇာတိကတော့ နောက်မှရမှာကိုးဗျ (မှန်ပါ့)၊

ဒီ ပထမဇောက အကျိုးပေးတော့ ဇရာရှည်ဖို့ပေါ့ (မှန်ပါ့)၊ ဘာဆိုကြမလဲ (ဇရာရှည်ဖို့ပါ)၊ ဒါကတော့ ဆောင်းပြီး သိရတဲ့ အဓိပ္ပာယ်၊ ပထမဇောအဓိပ္ပာယ်မို့ နော် (မှန်ပါ့)။

ကိုင်း ဒကာ၊ ဒကာမတို့ နားထဲ ဘယ့်နှယ်နေကြ သတုန်း ပြောပါဦး၊ ကန့်လန့်ကြီးဘုရာ့ (မှန်ပါ့)၊ သဘောပါ သလား (ပါ, ပါပြီ)၊ နားထဲ ဘယ့်နှယ်နေသတုန်း (ကန့်လန့်ကြီးပါ ဘုရား)၊ ဘုန်းကြီးက ကန့်လန့်လား၊ ခင်ဗျားတို့က ကန့်လန့်လုပ်ထားတာလား (တပည့်တော်တို့က ကန့်လန့် လုပ်ထားတာပါ ဘုရား)။

ဖြစ်စဉ်ကိုက်မို့ ဘက်မလိုက်ပါ

ဟာ လူပုံအလယ်မို့ ဘုန်းကြီးကလည်း ဘုန်းကြီးမို့ တို့က အောက်လျှို့ခံလိုက်ရတယ်လို့ ဒီလိုယူမလား (မယူဝံ့ပါ ဘုရား)၊ ဒီလိုလည်း မယူနဲ့တဲ့၊ ဖြစ်စဉ်အတိုင်း ဘုန်းကြီးဘက်လည်း မလိုက်နဲ့ ကိုယ့်ကိုယ်လည်း မငဲ့နဲ့၊ အမှန်ပြောပါ (မှန်ပါ့)။

ဘုန်းကြီးဘက်လည်း မလိုက်ပါနဲ့၊ ကိုယ့်ကိုယ်လည်း ကောက်ကျစ်နေလို့ ရှိရင် ကောက်ကျစ်တာ သိအောင်လုပ်ပါ။ သို့သော် ခင်ဗျားတို့ ဘာအားကိုးကြသတုံး (ကံအားကိုးပါ တယ် ဘုရား)၊ ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာပယ်ရမယ့်တရား

သမုဒယသစ္စာဆိုတာ ပယ်ရမှာ (မှန်လှပါ)၊ ဘုရားက ဘာတဲ့တုံး (ပယ်ရမှာပါ ဘုရား)၊ ခင်ဗျားတို့က ဘာလုပ်ထားတုံး (အားကိုးထားပါတယ် ဘုရား)၊ ကျုပ်တော့ မတတ်နိုင်တော့ဘူး၊ ဒီတရားပွဲမှာ သေသေချာချာ ကန့်လန့်ကျပြီ၊ မကျဘူးလား၊ ကျသလား (ကျပါတယ် ဘုရား)။

ဒကာ၊ ဒကာမတွေ သေသေချာချာ စဉ်းစား၊ ဒီဥစ္စာ ဘုန်းကြီးက လိမ်ပြောနေတာလား၊ ဒါ သမုဒယသစ္စာ ဧကန်ပဲလား (သမုဒယသစ္စာဧကန်ပါ ဘုရား)၊ အကြောင်းကိုးဗျ၊ အကြောင်း သမုဒယလို့ ခင်ဗျားတို့ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ဒါဖြင့် ဘာသစ္စာတုန်း (သမုဒယသစ္စာပါ)၊ အကြောင်း သမုဒယသစ္စာ၊ မကိုက်ဘူးလား (ကိုက်ပါတယ်)၊ သူ့အားကိုးတဲ့ ပုဂ္ဂိုလ် ဘာရမတုံး (ခန္ဓာရပါတယ် ဘုရား)၊ ဘာသစ္စာရမတုံး (ဒုက္ခသစ္စာရပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက မန္တလေးက ယူလာတာလား ဒကာ၊ ဒကာမတွေကို ပြင်ပေးချင်လို့ စတာလားသာ မေးပေတော့ (ပြင်ပေးချင်လို့ စတာပါ ဘုရား)၊ ပြင်ပေးချင်လို့ စတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒုက္ခဖြစ်ချင်လို့ ကံဆက်နေကြတာလား

တပည့်တော်တို့ကလည်း မပြင်နိုင်ဘူးဘုရာ့ မပြင်နိုင်ဘူး၊ ဘုန်းကြီးတို့နဲ့ ရန်ဖြစ်ရ ဖြစ်ရ မပြင်နိုင်ဘူး၊ ဘယ့်နှယ်ကြောင့်တုံး၊ ဘယ်ဆရာတော် မဆို ဘယ်စာအုပ်ကြည့်လိုက် ကြည့်လိုက် ကံသာ လျှင် အမိ၊ ကံသာလျှင် အဖလို့ ဟောထားတော့ တပည့်တော်တို့ အရေးရှိလို့ရှိရင် ကံပဲ ဆက်နေရတယ်၊ မဆိုကြဘူးလား၊ ဆိုကြ သလား (ဆိုပါတယ် ဘုရား)။

ငါးလွှတ်တဲ့အခါ ဘာလုပ်တာတုန်းမေးရင် ဘယ့်နှယ်ဖြေကြ မလဲ (ကံဆက်တာပါ ဘုရား)၊ စာကလေးလွှတ်တော့ကော (ကံဆက်တာပါ ဘုရား)၊ ဒါဖြင့် ကံဆက်တော့ ဒကာ၊ ဒကာမတွေ ဒုက္ခရှည်မလား၊ မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)၊

ဪ ဒါဖြင့် ဒကာ၊ ဒကာမတွေ ကံဆက်တာ ဘာဖြစ်ချင်လို့ တုံး (ဒုက္ခဖြစ်ချင်လို့ပါ ဘုရား)။

ဒုက္ခရှည်ချင်လို့၊ အမှန်ပြောတော့ ဒါပဲပြောရမယ် (မှန်ပါ့)၊ ဒီပြင် ပြောစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတွေ အခု ဘုန်းကြီးပြောတဲ့အဓိပ္ပာယ် (ဘုရား ဟောတဲ့အဓိပ္ပာယ်)ဟာ ရမ်းပြောနေတာလား၊ ဖြစ်စဉ်ကိုက် ပြောတာ လား (ဖြစ်စဉ်ကိုက်ပြောတာပါ ဘုရား)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကံအမိ ကံအဖနဲ့ အိုးစားကွဲပါ

ဒါဖြင့် ယနေ့ ကံအမိ၊ ကံအဖနဲ့တော့ အိုးစားကွဲမှ ကိုက် တော့မယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကံအမိ ကံအဖနဲ့ ဘာဖြစ်မှ ကိုက်မတုန်း (အိုးစားကွဲရပါမယ် ဘုရား)။

ဪ တပည့်တော်တို့ကလည်း ဒါပဲ အမိ၊ ဒါပဲ အဖ လုပ်နေတာ၊ အမိ အဖနဲ့ ခွဲရတော့မယ် ဆိုတာ ခင်ဗျားတို့ မျက်ရည်များကျဦးမှာလား (မကျပါ ဘုရား)။

ဟင် သခင်ဝတင် ဘယ့်နှယ် မျက်ရည်များကျဦးမှာလား (ကျကောင်းကျမယ်) ကျကောင်း ကျမယ်။

ရင်းရင်းနှီးနှီးနဲ့ အမှန်အတိုင်းပြောနေတဲ့ တရားပါ

ဆရာထွန်းကြီးက ရိပ်မိပြီ၊ သူလည်း ကျကောင်းကျမယ်၊ အဲဒါ ဒကာ၊ ဒကာမတို့ ဘုန်းကြီးများက ဦးသံဒိုင်တို့နဲ့တကွ အားလုံး ဒကာ၊ ဒကာမတွေကို ရင်းရင်းနှီးနှီးပြောတဲ့ တရားအမှန် ကို ပြောတဲ့တရား ဒီလိုယူပြီး နားထောင်ကြပါ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်လိုပြောတဲ့တရားပါလိမ့် (ရင်းရင်းနှီးနှီး နဲ့ ပြောတဲ့တရားပါ ဘုရား)၊ ရင်းရင်းနှီးနှီးနဲ့ အမှန်ကိုပြောတဲ့တရား ပေါ်ပလား (ပေါ်ပါပြီ)။

စာဆိုကိုပြောနေတဲ့တရား၊ သူများရေးထားတာ အဓိပ္ပာယ် မသိဘဲနဲ့ စာကျက်ပြောနေတဲ့ တရားလို့ ယူကိုမယူနဲ့၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

စာကျက်ပြီးရလို့ ပြောတာမဟုတ်ဘူး၊ ခန္ဓာဖြစ်စဉ်ကို လျှောက်ပြောနေတယ်မှတ်ပါ (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာပြောတာပါလိမ့် (ခန္ဓာဖြစ်စဉ်ကို လျှောက်ပြောတာပါ ဘုရား)၊ ခန္ဓာဖြစ်စဉ်ကို ခင်ဗျားတို့ မသိလို့ဖော်ပြနေတာ (မှန်ပါ့)။

အခု ခင်ဗျားတို့ ခြေထောက်နဲ့ မော်တော်ကားက ဆင်းပြီး၊ ကာယကံနဲ့ လာခဲ့ကြသလားလို့ မေးလို့ ရှိရင် ဘယ့်နှယ်ဖြေမလဲ (ကာယကံနဲ့ လာပါတယ် ဘုရား)။

ဒီကံလောက်နဲ့လည်း မလွန်မြောက်နိုင်သေးပါ

ကာယကံနဲ့ လာခဲ့ကြတယ် (မှန်ပါ့)၊ အဲဒီကံသည် ခင်ဗျားတို့၊ တို့တရားနာသွားရအောင်ကွာ၊ ခြေတစ်လှမ်း တစ်သန်း တန်တယ်ဆိုတာ လူတိုင်းဟောနေတာ၊ အနာထပိဏ်သူဌေးကြီး လည်း ဘုရားဟောပါတယ် (မှန်ပါ့ ဘုရား)၊ သို့သော်လည်း ဒီကံသည် ဘာကံတုန်းလို့ မေးလို့ ရှိရင်ဖြင့် အင်း ဓမ္မသဝန ကုသိုလ်ကံဆိုတော့ ပုညကြိယာ ဆယ်ပါးထဲကပဲ ရှိနေသေးတယ် ဆရာထွန်းရ၊ လူတို့၏ တရားလွန်မြောက်သလား (မလွန်မြောက် သေးပါ ဘုရား)။

မလွန်မြောက်သေးတော့ ဒီကံဟာလည်း ကာယကံနဲ့ ခြေထောက်လှမ်းလာကြတော့ ဝစီကံနဲ့လည်း တစ်ယောက် တစ်ယောက် သွားကြရအောင်ဟေ့ လာပါကွ၊ မင်းနားမထောင်ဖူး သေးတော့ ခက်တယ်ကွ၊ လိုက်နားထောင်ဦးကွ၊ တစ်ယောက် တစ်ယောက်ကော မခေါ်ကြဘူးလား (ခေါ်ပါတယ် ဘုရား)၊ အဲဒါဟာ ဝစီကံတွေဗျ (မှန်ပါ့ ဘုရား)။

အဲဒီ ဝစီကံတွေက ဒီဘဝအကျိုးပေးလို့ရှိရင်ဖြင့် အသက် ရှည်သွားမယ်၊ မရှည်သေးဘူးလား (ရှည်ပါတယ် ဘုရား)၊ ရှည် တာ ဇရာပဲ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရှည်တာ ဘာခေါ်ကြမလဲ (ဇရာပါ ဘုရား)၊ ဒါဖြင့် ကမ္မဘဝပစ္စယာ ဇရာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကမ္မဘဝပစ္စယာ (ဇရာပါ ဘုရား)။

ပထမဇောက ဇရာ၊ သတ္တမဇောက ဇာတိ

ဇရာပဲ ဟုတ်တာ၊ ပထမဇောနဲ့ထောက်တော့ ဇရာပဲအကျိုး ပေးရမယ်၊ သတ္တမဇောနဲ့ ထောက်မှ ဇာတိကိုးဗျ (မှန်ပါ့)။

ဆရာထွန်းကြီး သေသေချာချာ ဝေဖန်တော့ (ဟုတ်ပါ တယ် ဘုရား)၊ ဒါက အင်မတန် နည်းနည်းကလေးပဲ ဗဟုသုတရှိလို့ ဒီအဓိပ္ပာယ် ပြောနိုင်တယ်လို့ မှတ်ကြပါနော် (မှန်ပါ့)။

နို့မို့လို့ရှိရင် ဇာတိတစ်ခုပဲ ဟောနိုင်တယ်၊ ဇရာဟောနိုင်ပါ မလား (မဟောနိုင်ပါ ဘုရား)၊ ပထမဇောနဲ့ ထောက်တဲ့အခါ ပထမဇော ဒီဘဝအကျိုးပေးမယ် ဆိုတော့ ဇရာပဲ အကျိုးပေးရမယ် (မှန်ပါ့ ဘုရား)၊ ဆရာထွန်းကြီး ဘယ်သူ့အကျိုးပေးမလဲ (ဇရာပဲ အကျိုးပေးပါမယ် ဘုရား)၊ ဇာတိ လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)၊ သူက ဒီဘဝအကျိုးပေးရင်ပေး၊ မပေးရင် အဟောသိကံကိုးဗျ၊ နောက်လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)။

အဲဒါကြောင့် ဒါကလေးတွေကတော့ ပွိုင့်ကလေးတွေလို့ မှတ်ပါတဲ့၊ မကြားဖူးတဲ့စကား ခင်ဗျားတို့ မသိသေးတဲ့ အဓိပ္ပာယ် ထည့်ပေးတယ် ဆိုတာ မှတ်လိုက်စမ်းပါ၊ ရှင်းပလား (ရှင်းပါပြီ။

ပထမဇော-ကမ္မဘဝပစ္စယာ ဇရာပဲရမယ်

ဒါဖြင့် ယနေ့ ဒကာ၊ ဒကာမတွေ ကာယကံ၊ ဝစီကံတွေ လုပ်လာတော့ ကျုပ်တို့ တရားကတော့ ကယ်မှာပါပဲ၊ စီးပွားရေးရော ကျန်းမာရေးရော (မှန်ပါ့)၊ သူ ပထမဇောမျှော်ပြီ၊ မမျှော်သေး ဘူးလား (မျှော်ပါတယ်) မျှော်ပြီ။

ကမ္မဘဝပစ္စယာ (ဇရာ) အသက်ရှည်အောင် မဟုတ်ဘူး လား (မှန်ပါ့)၊ အသက်ရှည်တော့ စီးပွားရှာနိုင်တော့ ချမ်းသာ တာပေါ့။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒါ အားကိုးပြီး သကာ လ ကမ္မဘဝပစ္စယာ ဇရာ၊ ဘယ့်နှယ်ဆိုကြမလဲ (ဇရာပါ) ဇရာပဲရမယ်။

ဇာတိကတော့နောက်မှရမှာ

ဇာတိတော့ မရသေးပါဘူး၊ နောက်မှရမှာ ကိုင်း ဒကာ၊ ဒကာမတွေက နာရီက ကုန်သွားမှာလည်း စိုးတယ်၊ သိစရာတွေကလည်း နည်းတာ မဟုတ်ဘူး၊ သိစရာ နည်းသလား ကိုင်း။

အခုဟာ ထူးထူးဆန်းဆန်း ပြောနေတာ၊ ခင်ဗျားတို့ နားထဲမှာ ဘယ့်နှယ်ဖြစ်နေသတုံး (ထူးထူးဆန်းဆန်း စကား ပြောနေပါတယ်)၊ ဖြစ်စဉ်ကတော့ ထူးဆန်းသလားတဲ့ (မထူး ဆန်းပါဘူး)၊ ဒါဖြင့် ဖြစ်စဉ်မသိလို့ ထူးဆန်းတယ် ထင်နေတာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဖြစ်စဉ်မသိတာနဲ့ (ထူးဆန်းတယ် ထင်နေတာပါ)။

ကိုယ်အနာပေါက်တာမှ ကိုယ်မသိကြလို့

ဒါဖြင့် အထူးအဆန်း ဘုန်းကြီးက ဒီကျမှထုတ်ပြနေတာ လားတဲ့ ကိုယ်အနာပေါက်တာ မသိတော့၊ ဟ နင် အနာ ပေါက်နေတယ် ပြောရတာလား (အနာပေါက်နေတာ သိအောင် ပြောရတာပါ ဘုရား)။

ဒါဖြင့် လူအ၊ လူပြိန်း ပြောနေရတာပါပဲလို့၊ သဘောပါကြရဲ့လား (ပါ, ပါတယ်)၊ ကဲ ဒါဖြင့် ခင်ဗျားတို့ အားကိုးတဲ့ ကံအမိ၊ ကံအဖဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သူ့အားကိုးရင် သူက သမုဒယသစ္စာဖြစ်လို့ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ဒုက္ခသစ္စာရမယ် (မှန်ပါ့ ဘုရား)၊ နိဂုံးချုပ်လိုက်ပါပြီ၊ ကံအမိ၊ ကံအဖဆိုတာ အားကိုးတော့ ဘာသစ္စာရမတုံး (ဒုက္ခ သစ္စာရမယ်)၊ ဒုက္ခသစ္စာပဲရမယ် (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ ကံဆက်ချင်သေးသလား (မဆက်ချင်ပါ)။

ဟာ ဒါဖြင့် ငါးတွေ ဒုက္ခရောက်တော့မယ်၊ ဖမ်းထားတဲ့ လူတွေ အလကား ဖြစ်လိမ့်မယ်၊ ငါးလွှတ်ကြပါ၊ ငါးလွှတ်ကြပါ။ ကံဆက်ကြပါဆိုတဲ့ အဓိပ္ပာယ်၊ မောင်ကို မင်းလွှတ်ဖူးရဲ့ လား (လွှတ်ဖူးပါတယ် ဘုရား)၊ လွှတ်ဖူးတယ်၊ ဪ မင်းတို့ ဇရာကို ကြိုက်ပါပဲလား။

အားကိုးရမှာကို ပြောင်းပေးခဲ့မယ်

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုန်းကြီး အားကိုး ကလေးပြောင်းပေးခဲ့ပါမယ်၊ ဇာတိက ဒုက္ခသစ္စာဖြစ်နေတော့ ကံကလည်း သမုဒယသစ္စာ ဖြစ်နေတော့ သမုဒယသစ္စာပယ်ရမည့် တရား၊ ဒုက္ခသစ္စာက ပိုင်ပိုင်နိုင်နိုင် သိပြီးတော့ ထားခဲ့ရမည့်တရား သဘောပါကြလား (ပါ,ပါတယ်)။

သမုဒယသစ္စာက (ပယ်ရမည့်တရားပါ ဘုရား)၊ ဒုက္ခသစ္စာက ပိုင်းခြားပြီး သိပြီးသကာလ သူ့ကိုသိပြီး နိဗ္ဗာန်သွားရမည့်တရား (မှန်ပါ့)၊ သူသိရုံတွင် သိရမယ်၊ အဆိုးမှန်း သိရမယ် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ အဆိုးလည်းကြိုက်၊ ဟင် (မှန်ပါ့)၊ ပယ်ရမည့်တရား သိမ်းပိုက်၊ ဘယ့်နှယ်တုံး၊ အဆိုးတော့ ဘာတဲ့ (ကြိုက်ပါတယ် ဘုရား)၊ ပယ်ရမည့်တရားတော့ (သိမ်းပိုက်ပါတယ် ဘုရား)၊ ဒီတရားပွဲ ဟောမဖြစ်ပါဘူး၊ ခင်ဗျားတို့ဟာ ကန့်လန့်ချည်းလုပ်ပြောတာကိုး၊ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

အဲဒါ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့အတွက်ဟာ ဘုန်းကြီး ရင်လေးတယ်၊ ဘာကြောင့် ရင်လေးတုန်းဆိုတော့ မသိတာက တန်းကို ကုန်နေတယ် (မှန်ပါ့ ဘုရား)။

မသိတာတန်းကုန်နေတယ်

ဒကာ၊ ဒကာမတွေ နာသလား (မနာပါ ဘုရား)၊ မနာနဲ့ဗျ၊ မသိတာက တန်းကိုကုန်နေတာ၊ တကယ် ဒီပယ် ရမည့်တရားကျတော့ ဘာလုပ်သလဲ (သိမ်းပိုက်ပါတယ် ဘုရား)၊ ထားပစ်ခဲ့၊ ပိုင်းခြား သိရမည့် တရားကျတော့ ခင်ဗျားတို့က အကြိုက် ဖြစ်နေတယ် (မှန်ပါ ဘုရား)၊ ဒုက္ခသစ္စာကျတော့ (အကြိုက် ဖြစ်နေပါတယ် ဘုရား)။

သမုဒယသစ္စာကျတော့လည်း အဖေ အမေလုပ်ပြီးကိုးကွယ် တယ် (မှန်ပါ့)၊ သဘော ပါကြရဲ့လား (ပါ,ပါတယ်)၊ သမုဒယသစ္စာကျတော့ ဘာတဲ့ (ကိုးကွယ်နေပါတယ် ဘုရား)၊ အမေ အဖေ လုပ်ကိုးကွယ်တာ ကံသာလျှင် အမိ၊ ကံသာလျှင် အဖကိုး၊ သဘောကျပလား (ကျပါပြီ)၊ သမုဒယသစ္စာ ကျတော့ ကိုးကွယ်တယ်၊ ဒုက္ခသစ္စာကျတော့ ခင်ဗျားတို့အရယူတယ် (မှန်ပါ့)။

ကန့်လန့်ဂိုဏ်းဖွဲ့ပြီး ဘုရားကိုပါ ကန့်လန့် လုပ်နေကြတာ

ဒါဖြင့် ဒီသစ္စာနှစ်ပါးကလည်း ဘုရားက ဒကာ၊ ဒကာမတို့ ပိုင်းခြားသိရမည့်တရား၊ ပယ်စွန့်ရမည့်တရား ဆိုတာလည်း သေသေ ချာချာဟောတယ်၊ မဟောဘူးလား (ဟောပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားကို ကန့်လန့် လုပ်နေတာ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဘုရား ကန့်လန့်လုပ်နေတာ ဗျ။ ဘယ်အရွယ်မှ ကန့်လန့်လုပ်တာတုန်းဆို တပည့်တော်တို့က ဘုရား၊ ကန့်လန့်ကို မိဘရိုးရာ ပျက်မှာစိုးလို့ သားသမီးတွေတောင် ဟောခဲ့သေးတယ် ဘုရာ့၊ ကန့်လန့် ဂိုဏ်းဖွဲ့ပြီးပေါ့၊ သဘောပါကြ ရဲ့ လား (ပါ,ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သေသေချာချာ ပြောပါတော့မယ်၊ ခင်ဗျား တို့ အားကိုးရာအစစ်ကို ပြပါတော့မယ်နော် (မှန်ပါ့)။

ဉာဏ်အမိ ဉာဏ်အဖ ထည့်ပေးစမ်းပါ

ဒကာ၊ ဒကာမတို့ ဉာဏ်အမိ၊ ဉာဏ်အဖ ဒီနေရာထည့် ပေးစမ်းပါ (မှန်ပါ့၊ သဘောပါပလား (ပါ,ပါပြီ)။ ဒီနေရာမှာ ဘာထည့်ပေးရမယ် (ဉာဏ်အမိ၊ ဉာဏ်အဖ)။

ဉာဏ်အမိ၊ ဉာဏ်အဖ၊ ထည့်ပေးလို့ရှိရင်ဖြင့် ဉာဏ်သည် သမုဒယသစ္စာ မပယ်ဘူးလား (ပယ်ပါတယ် ဘုရား)၊ ဒီဘက်က ဒုက္ခသစ္စာလားသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးမှ ကိုက်မယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာအားကိုးရမလဲ (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးရပါမယ်)၊ ဒီနေရာ ဉာဏ်သွင်းလိုက်တော့ ဒီတရားတွေဟာ ဒုက္ခသစ္စာ (မှန်ပါ့)၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ့၊ မဂ္ဂသစ္စာ)။

ကဲ ဒီဉာဏ်ပဲ အားကိုးတော့မယ်ဆိုတော့ ဒီ သမုဒယ သစ္စာ သေ,မသေ (သေပါတယ် ဘုရား)၊ ပြတ်ထွက်သွား တယ် (မှန်ပါ့)၊ မပြတ်ဘူးလား၊ ပြတ်သလား (ပြတ်ပါတယ် ဘုရား)။

အမေအဖေပြောင်းတဲ့နေ့

ဒီဒုက္ခသစ္စာ လာဦးမှာလား (မလာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ယနေ့၊ အမေ၊ အဖေ ပြောင်းတဲ့နေ့ (မှန်လှပါ ဘုရား)၊ ဘယ်လိုမှတ်ကြမလဲ (အမေ၊ အဖေ ပြောင်းတဲ့နေ့ပါ ဘုရား)၊ အပေါင်းကြီး ပေါင်းလာတာ ကြာခဲ့ကြပြီ (ကြာပါပြီ)။

ယနေ့ ဒီဆရာနဲ့ကျမှ ရန်တိုက်ပေးတာနဲ့ ခင်ဗျားတို့ မခွဲချင်ဘဲနဲ့ ခွဲရတာလား၊ အကျိုးအပြစ် သိတာနဲ့ ခွဲရမှာလား (အကျိုးအပြစ်သိတာနဲ့ ခွဲရမှာပါ ဘုရား)၊ တော်တော်၊ တော်လာပြီဗျ၊ ဒါနည်းတဲ့အသံ မဟုတ်ဘူးနော်။

နည်းတဲ့အသံ မဟုတ်သေးဘူးဆိုတာ တော်တော်အရေး ကြီးတဲ့အသံ၊ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ဒီလောက် သိတယ် ဆိုရင် အများကြီးတော်သွားပြီ (မှန်ပါ့)၊ ဒီနေရာမှာ ဉာဏ်အမိ၊ ဉာဏ်အဖကို ဒီက ဒုက္ခသစ္စာ ဖြစ်ပျက် တရား၊ ဒီကနေဉာဏ်နဲ့ ရှုလိုက်တော့ကို ဖြစ်ပျက်၊ မဂ်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

မဂ်ဉာဏ်ကို အားကိုးလိုက်တဲ့အကျိုး

အဲဒါ မဂ်ဉာဏ်အားကိုးလိုက်တဲ့ အတွက် သမုဒယသစ္စာကို ပယ်တယ်၊ ဒုက္ခသစ္စာက မလာတော့ဘူး၊ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဘာအားကိုးလိုက်လို့ ဒီကိစ္စပြီးပါလိမ့်မတုန်း (ဉာဏ်အမိ၊ ဉာဏ်အဖပါ) ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးလိုက်တဲ့ အတွက် တို့ကိစ္စပြီးသွားတယ်၊ ကံအမိ၊ ကံအဖတုန်းကတော့ တို့ အတော်ကို လည်နေတယ်။ ဆိုနိုင်၊ မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် ဘာအားကိုး ကြမလဲ (ဉာဏ်အမိ၊ ဉာဏ်အဖပါ ဘုရား)၊ ကံအမိ၊ ကံအဖ အားကိုးခဲ့တာ ဘယ်လောက်ကြပြီတုံး (ကြာပါပြီ) ဘုရား)။

အားကိုးမှားလို့ ဘုရားအဆူဆူနဲ့ လွဲခဲ့ကြပြီ

ဟာ ဘုရားအဆူဆူနဲ့ လွဲခဲ့ပြီဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ယခု ဘာအားကိုးကြမယ် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးရပါမယ်)၊ ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးတော့ မယ်ဆိုတဲ့ စိတ်ကိုဖြင့် ပြောင်းဖြစ်အောင်ပြောင်းရတော့မှာပဲ၊ မပြောင်း သင့်ဘူးလား (ပြောင်းသင့်ပါတယ် ဘုရား) ကောင်းပြီ။

ပုဏ္ဏနဲ့သေနိယတို့ကိုဟောတဲ့တရား

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီတရားသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မဇ္ဈိမပဏ္ဏာသ ပါဠိတော် ကုက္ကုရဝတီကသုတ်မှာ ပုဏ္ဏတို့ သေနိယတို့ကို ဟောတယ် (မှန်ပါ့)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။ ပုဏ္ဏတို့ သေနိယတို့ကို ဟောတယ်၊ သဘောပါကြရဲ့လား ( ပါ,ပါတယ် ဘုရား)၊ ဘယ်သူ့ဟောပါလိမ့် (ပုဏ္ဏနဲ့ သေနိယကို ဟောပါတယ် ဘုရား)၊ ပုဏ္ဏတို့ သေနိယတို့ဆိုတဲ့ တိတ္ထိ နှစ်ယောက်ကို ဟောတဲ့တရား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ။ ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံအမိ ကံအဖကို ဖြုတ်ပြီး သကာလ ဘာလုပ်ရမယ် (ဉာဏ်အမိ၊ ဉာဏ်အဖကို ပြောင်းရပါ မယ် ဘုရား)။

ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးလိုက်လို့ရှိရင်ဖြင့် ဒီနေရာ မှာ ဒီတရားတွေက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာသိတဲ့ ဉာဏ်ကို အားကိုး လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အားကိုး လိုက်တော့ သမုဒယသစ္စာ မသေဘူးလား (သေပါတယ် ဘုရား)။ ဒုက္ခသစ္စာလာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါ ဘာအားကိုးလိုက်လို့ပါလိမ့် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးလိုက်လို့ပါ ဘုရား)၊ ကဲ သခင်ဝတင် ကျေနပ် ပလား (မှန်ပါ့ ဘုရား)၊ ဘာအားကိုးမလဲ (ဉာဏ်အမိ၊ ဉာဏ် အဖ အားကိုးပါမယ် ဘုရား)။

ကံက ကိလေသာဖြတ်သလား၊ ဉာဏ်ကကိလေသာ ဖြတ်သလား

နဂိုက ဘာအားကိုးတယ်၊ ခင်ဗျားတို့ အမျိုးက ဘာပါလိမ့် (ကံအမိ၊ ကံအဖပါ ဘုရား)၊ ကံအမိ၊ ကံအဖအမျိုးကိုး၊ ယနေ့တော့ ဘယ်လိုများပြောင်းကြပါလိမ့် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးရပါမယ်)။ ဒါကလေးဟာ ကံနဲ့ဉာဏ် ခင်ဗျားတို့ စဉ်းစား ကြည့်၊ ကံက ကိလေသာဖြတ်သလား၊ ဉာဏ်က ကိလေသာဖြတ်သလား (ဉာဏ်ကကိလေသာဖြတ်ပါတယ်)။

ဒါဖြင့် ကိလေသာကြောင့် သံသရာလည်တာကို သူဖြတ်ပေးဖော်ရတော့ သူ့ကို အားကိုး ရမယ်၊ မကိုးထိုက်ဘူးလား ကိုးထိုက်သလား (ကိုးထိုက်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ဉာဏ်လုပ်တဲ့အထဲမှာ စေတနာလည်းပါတယ်

ဒါဖြင့် တပည့်တော်တို့ ဒါနကံ၊ သီလကံတွေ မလုပ်ရတော့ ဘူးလားလို့ ဒကာ၊ ဒကာမတွေက မေးလိမ့်မယ်နော် (မှန်ပါ့)၊ လုပ်ပါလို့ လည်း တိုက်တွန်းလိုက်တယ်။ ဒါနတွေ သီလတွေ တပည့်တော်တို့ မလုပ်ရတော့ဘူး၊ ဉာဏ်စခန်းချည်း လုပ်ရတော့ မလားလို့ ဒကာ၊ ဒကာမတွေက မေးတော့ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ဉာဏ်လုပ်တဲ့ အထဲမှာ ဒီအထဲမှာ စေတနာဟာ မပါဘဲ မရှိဘူး၊ ဆရာထွန်းကြီး ရှိပါ့မလား (မပါ, မရှိပါ ဘုရား)။

စေတနာပါနေတယ် ရှုချင်တဲ့စေတနာ မပါဘူးလား (ပါ,ပါတယ် ဘုရား)၊ သူ့ထဲလည်း ကံပါ,ပါတယ်။ သဘောကျရဲ့လား (ကျပါတယ်)၊ ဝဋ်ပြတ်တဲ့ကံတော့ လုပ်သာလုပ်၊ လှူသာလှူ၊ ပေးသာပေး၊ ကမ်းသာကမ်း (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ သမုဒယ မဆက်တဲ့ကံမျိုးကို လုပ်ပါ (မှန်ပါ့ ဘုရား)၊ သဘော ပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

ကံပယ်ခြင်းမဟုတ်၊ ဉာဏ်နဲ့တွဲတဲ့ကံကိုလုပ်ပါ

ကံပယ်တာလား မပယ်ဘူးလား (မပယ်ပါ ဘုရား)၊ မပယ်ပါဘူး တဲ့၊ ဉာဏ်နဲ့ တွဲတဲ့ကံကိုလုပ်ပါ (မှန်ပါ့)၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့တွဲတဲ့ကံကိုလုပ်ပါ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ အားကိုးတဲ့ကံက ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ခေါ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခင်ဗျားတို့ ကံအမိ၊ ကံအဖ ဆိုတာ ဘာတဲ့ (ကမ္မဿကတာ သမ္မာဒိဋ္ဌိပါ ဘုရား)။

အဲဒါက ဒိဋ္ဌိဘယ်တော့မှ မပြုတ်ဘူး (မှန်ပါ့)၊ ဆရာ ထွန်းကြီးပြုတ်ရဲ့ လား (မပြုတ်ပါ ဘုရား)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အားကိုးနေတာက ကံကို အားကိုးငြား သော်လည်းတဲ့၊ ဒိဋ္ဌိကမပြုတ်တော့ကို အဲဒီကံက အကျိုးလည်း ပေးပါတယ်၊ ဒိဋ္ဌိက အပယ်ဆွဲ ဆွဲချသေးတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)၊ ဒီထဲမှာပါတဲ့ကံကတော့ ဉာဏ်နဲ့တွဲနေတဲ့ ကံကတော့ သမုဒယသစ္စာဖြတ်တယ် (မှန်ပါ့)၊ ဒီက ဖြစ်ပျက်ဆိုတော့ ဒီကမဂ်ပေါ့ဗျာ၊ သဘောကျပလား (ကျပါပြီ)။

ဒီက ဒုက္ခသစ္စာဆိုတော့ ဒီကဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာထဲ ကံမပါဘူးလား မဂ်ချည်း ဖြစ်သလား၊ ကံပါသေးသလား (ကံပါ,ပါတယ် ဘုရား)၊ သဟဇာတအဖြစ်နဲ့ ပါတာပေါ့၊ စေတနာဟာ စိတ် တစ်ခုယုတ်ကိုးဆယ် (စိတ်-၈၉ပါး)မှာ ယှဉ်တာပဲ (မှန်ပါ့)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)၊ သို့သော် သူပြဋ္ဌာန်းသလား မပြဋ္ဌာန်းတော့ဘူးလား (မပြဋ္ဌာန်းပါ ဘုရား)။

ကံပြတ်မှ ဒုက္ခသိမ်းမယ်

သူမပြဋ္ဌာန်းတော့ဘူး၊ ပါတော့ပါရဲ့ သူက မပြဋ္ဌာန်းတော့တဲ့ အတွက် ဇာတိ ဇရာ မရဏ အကျိုးပေးသေးရဲ့ လား (မပေး ပါ ဘုရား)၊ တဏှာဖြတ်ပေါ့ဗျာ (မှန်ပါ့)၊ တဏှာဥပါဒါန်ကံတွေ မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီအထဲမှာပါတဲ့ စေတနာ ဒီထဲမှာပါတဲ့ ပညာသည် ကံပြတ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကံဆက်ရင် ဘာဖြစ်မယ်၊ ဒုက္ခရောက်မယ် (မှန်ပါ့)၊ ကံပြတ်လို့ ရှိရင်ဖြင့် ဒုက္ခသိမ်းမယ် (မှန်ပါ့၊ ဒုက္ခသိမ်းမယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကံဆက်ရင် (ဒုက္ခရောက်ပါတယ်)၊ ဒီကံကို ဖြတ်လိုက် လို့ ရှိရင် (ဒုက္ခခပ်သိမ်းပါတယ်)၊ ဒုက္ခသိမ်းတယ်ဆိုတာ ဘုန်းကြီးက ကြံဖန် ဟောတာလား ခင်ဗျားတို့ခန္ဓာဖြစ်စဉ်က ဒီအတိုင်း လား (ခန္ဓာဖြစ်စဉ်က ဒီအတိုင်းပါ ဘုရား)၊ ဒါဖြင့် ဘုန်းကြီး မယုံကြ နဲ့၊ ခန္ဓာကပြောတာယုံ (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါ,ပါတယ်)၊ ဘယ်သူ့ကို သက်သေထားပါလိမ့် (ခန္ဓာကို သက်သေ ထားပါတယ် ဘုရား)၊ အဲ ခန္ဓာထက် အပြောကောင်းဖြစ်စဉ် မှန်တာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါ ဉာဏ်ကြီးကြီးနဲ့ နားကြီးကြီးနဲ့ ထောင်ပါလို့ နဂိုက ပြောတဲ့စကားဟာ အားလုံးတရားနာ လာကြတဲ့ ဒကာ၊ ဒကာမတွေ မမှန်ဘူးလား မှန်သလား (မှန်ပါတယ် ဘုရား)၊ ဒါဖြင့် ယနေ့ကစ၍ အမိ အဖ ဘာလုပ်ရမယ် (ပြောင်းရပါမယ်)။

အမိနဲ့တူတဲ့ တဏှာ၊ အဖနဲ့တူတဲ့ မာနကို သတ်ပါ

ဘုရားတောင်ဟောသေးတာ “မာတရံ ဝိဟရံ ဟန္တွာ” လို့ ဓမ္မပဒမှာ အမိအဖ သတ်ရမယ်တဲ့ကွ (မှန်ပါ့ ဘုရား)၊ မဟောဘူး လား၊ ဟောသလား (ဟောပါတယ် ဘုရား)၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

အမိနဲ့တူတဲ့တဏှာ၊ အဖနဲ့တူတဲ့မာန (အဝိဇ္ဇာ)ကို ဘာလုပ်ရမလဲ (သေအောင်သတ်ရပါမယ်)၊ သတ်ရမယ်ဆိုတော့ သမုဒယသစ္စာအသတ်ခိုင်းတာ (မှန်ပါ့)၊ ပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ ရှင်းပြီနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ယနေ့ ဒကာ၊ ဒကာမတို့ ဘာတရားဟောတုန်းလို့ ခင်ဗျားတို့ ပြန်တော့ တိုးတိုး တိုးတိုး ပြောသွားကြ (မှန်ပါ့)၊ အမိ၊ အဖ ပြောင်းရသဟေ့၊ တို့ ငယ်မိ၊ ငယ်ဖတွေက ဒုက္ခပေးနေတာနဲ့ ဟုတ်လား၊ ကြီးမှသိရတဲ့ အမိအဖကို ကိုးကွယ် နေရတယ် ဆိုတာ သေချာကျပလား (ကျပါပြီ)။

ကိုးကွယ်ထိုက်တာမဂ်ဉာဏ်

ဒါဖြင့် မဂ်ဉာဏ်က ကိုးကွယ်ထိုက်တာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့ ကံအမိ၊ ကံအဖက ကိုးကွယ်ထိုက်ရဲ့ လား (မကိုးကွယ်ထိုက်ပါ ဘုရား)၊ ကဲ မကွာဘူးလား (ကွာပါတယ် ဘုရား)၊ ဟိုကံက ကိုးကွယ်ထိုက်ရဲ့လား (မကိုးကွယ်ထိုက်ပါ)၊ ဒီဉာဏ်နဲ့ တွဲနေတဲ့ ကံကျတော့ကို မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို ရှိခိုးပါ၏ ဆိုတာ လာရမယ်၊ မလာရဘူးလား (လာရပါတယ် ဘုရား)။

ဒါဖြင့် အင်မတန် ထူးခြားသွားပြီဆိုတဲ့ အဓိပ္ပာယ် ဒကာ၊ ဒကာမတို့ ဉာဏ်ဝမှာရောက်ပလား (မှန်ပါ့၊ ရောက်ပါပြီ)၊ ကဲ ဒါဖြင့် ဘယ်အမိအဖနဲ့ နေကြသတုန်း (ဉာဏ်အမိ၊ ဉာဏ်အဖနဲ့ နေပါမယ် ဘုရား)၊ သဘောပါကြသလား (ပါ,ပါပြီ) သဘောပါပြီတဲ့။

ကံလေးမျိုး

ကိုင်း ဒါနဲ့ ဝတ္ထုတိုကလေး ထုတ်ကြပါစို့ ဒကာ၊ ဒကာမတို့၊ ဒါအရေးကြီးလို့ ပြောရပါတယ်နော် (မှန်ပါ့)၊ ကံဟာ ဝတ္ထုမထုတ်ခင် ကံလေးမျိုး မှတ်လိုက်စမ်း (မှန်ပါ့)၊ ခင်ဗျားတို့ ကံဆိုရင် ကိုးကွယ်ရမှာချည်းမှတ်နေတာ (မှန်ပါ ဘုရား)၊ ကံဆိုလိုရှိရင်ဖြင့် ကံအမိ ကံအဖချည်းလုပ်နေရင် ခက်လိမ့် မယ်၊ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။

ကံလေးမျိုး ဒကာ၊ ဒကာမတွေ ကိုယ့်စာကလေးနဲ့ ကိုယ် ရေးလိုက်စမ်းပါ နော်။

(၁) အမည်းကံ၊ အမည်းအကျိုးပေးတာတစ်မျိုး၊

ဒကာ၊ ဒကာမတွေ ရေးပြီးကြပလား (ရေးပြီးပါပြီ ဘုရား)၊ အမည်းကံက အမည်းအကျိုး ပေးတာတစ်မျိုး၊ မည်းတဲ့ ကံမည်းတဲ့အကျိုး ပေးတာက တစ်နံပါတ်။

(၂) ဖြူတဲ့ကံ ဖြူတဲ့ အကျိုးပေးတာက နှစ်နံပါတ်၊ အဖြူ၊ ကံ အဖြူ၊ အကျိုးပေးတာက (နှစ်နံပါတ် ပါ ဘုရား)။

သေသေချာချာမှတ်ပါ၊ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ခင်ဗျားတို့က ကံဆိုလို့ရှိရင် အကောင်းချည်းပဲ ယူနေမှာ သိပ်စိုးရိမ်လို့ ဘုရား က ကံလေးမျိုးခွဲဟောလို့ ဟောရပါတယ်ဆိုတာ လည်း သေသေချာချာမှတ်ပါ၊ အဖြူကံ အဖြူ အကျိုးပေးတာက တစ်မျိုး၊ နှစ်နံပါတ်နော်၊ ဒါကနှစ်တွင် ရှိသေးတယ် (မှန်ပါ့)၊ အဖြူကံ အဖြူအကျိုးပေးတာက တစ်မျိုး၊ နံပါတ် ဘယ် လောက်မှာပါလိမ့် (နှစ်ပါ ဘုရား)၊ ပြန်ပြီးဆက် လိုက်စမ်းပါဦး၊ တစ်ကစပြီးတော့

(အမည်းကံ၊ အမည်းအကျိုးပေးတာကတစ်မျိုး၊ အဖြူကံ အဖြူအကျိုးပေးတာက တစ်မျိုး။) နှစ်ခုရသွားပြီ၊ လေးမျိုးပဲပြောမှာပါနော် (မှန်ပါ့)၊ ဘုရားဟောတာက လေးမျိုးပဲဟောပါ တယ်။ အမည်း အဖြူရောတဲ့ကံသည် အမည်း အဖြူကို အကျိုးပေးတယ် (မှန်ပါ့)၊

(၃) သုံးနံပါတ် အမည်း အဖြူရောတဲ့ကံသည် အမည်းအဖြူကို အကျိုး ပေးတယ်။ အမည်း အဖြူရောတဲ့ကံသည် အမည်းအဖြူကို အကျိုးပေးတယ်၊ သုံးနံပါတ်ပြီး ကြပလား (ပြီးပါပြီ ဘုရား)။

(၄)လေးနံပါတ်ပြောတော့မယ်၊ အမည်းအဖြူမရော တဲ့ကံသည် အမည်းအဖြူ၊ မရောတဲ့ အကျိုးကို ပေးပါတယ်၊ အမည်းအဖြူမရောတဲ့ကံသည် အမည်းအဖြူမရောတဲ့ အကျိုးပေးကို (ပေးပါ တယ်)၊ လေးနံပါတ်နော် (မှန်ပါ့ ဘုရား)၊ အမည်းအဖြူ မရောတဲ့ကံသည် (အမည်းအဖြူ မရောတဲ့ အကျိုးကို ပေးပါတယ် ဘုရား)။

ကံအလိုက်အကျိုးပေးပုံ

ကိုင်း ဒကာ၊ ဒကာမတို့ ကိုယ့်ဟာကိုယ် အစကစစ်ကြ ဦး၊ ဘာတဲ့တုံး။

(အမည်းကံသည် အမည်းအကျိုးကိုပေးပါတယ်ဘုရား၊ အဖြူကံသည် အဖြူအကျိုးကို ပေးပါတယ်၊ အမည်း အဖြူရောတဲ့ ကံသည် အမည်း အဖြူရောတဲ့ အကျိုးက ိုပေးပါတယ်၊ အမည်းအဖြူ မရောတဲ့ကံသည် အမည်း အဖြူမရောတဲ့ အကျိုးကို ပေးပါတယ် ဘုရား)။

ကံဖြတ်တရားကြိုးစားကြပါ

အမည်း အဖြူမရောတဲ့ကံသည် အမည်းအဖြူ၊ မရောတဲ့ အကျိုးကို ပေးတာက လွန်ခဲ့တဲ့ သုံးကံကို ဖြတ်တတ်သောကြောင့် အကျိုးပေးတယ် (မှန်ပါ့)၊ လွန်ပြီးသား သုံးကံကို ဖြတ်တတ် သောကြောင့် အကျိုးပေးတယ် (မှန်ပါ့ ဘုရား)။

အမည်းကိုလည်းဖြတ်တယ် (မှန်ပါ့ ဘုရား)၊ အဖြူကို ကော (ဖြတ်ပါတယ် ဘုရား)၊ အမည်းအဖြူရောတာကိုရော (ဖြတ်ပါတယ် ဘုရား)၊ အဲ လေးခုမြောက်ကံ အမည်းအဖြူ မရောတဲ့ကံ ကတော့ဖြင့် တဲ့၊ ကံဖြတ်တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အမည်းအဖြူမရောတဲ့ ကံက ဘာတဲ့ (ကံဖြတ် တရားပါ ဘုရား)။

ကံဖြတ်တရားဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။ ဒါကြောင့် အမည်းအဖြူ မရောတဲ့ အကျိုးပေးပါတယ်၊ သူ့ကို မှတ်ချင်လို့ ရှိရင် (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ သေသေ ချာချာ နားထောင်ကြစမ်းနော်၊ သေသေချာချာ နားထောင်စမ်းပါ။ ဒီဥစ္စာက ကြုံလည်း ကြုံခဲပါတယ်၊ ကိုယ်လွဲနေလို့ရှိရင်လည်း ပြင်ကြဖို့။

ဟာ မှန်နေပြီဆိုရင်လည်း ဒီဟာ ကြိုးစားကြဖို့ (မှန်ပါ့)၊ ဒါကိုပဲ တိုက်တွန်းပါတယ်နော် (မှန်ပါ့)၊ ကဲ ဒကာ၊ ဒကာမတို့ ကံလေးမျိုးမှတ်မိကြပြီ (မှတ်မိပါပြီ ဘုရား)။

ဉာဏ်ထဲရောက်အောင် ရှင်းပေးမယ်

ဒါက စာနဲ့မှတ်ထားတာပဲ ရှိသေးတယ်၊ ခင်ဗျားတို့ ဉာဏ်ထဲရောက်သေးဘူး (မှန်ပါ့)၊ ရှင်းပေး ရဦးမယ်၊ ဉာဏ်ထဲ ရောက်အောင် ရှင်းပေးရဦးမယ်၊ ဒီစာအုပ်ကလေးကြည့်ပြီး အိမ်ရောက်သွားတော့ ဘုန်းကြီးက ကံလေးမျိုး ဟောလိုက်တယ်ဟေ့၊ ကိုယ်လုပ်နေတဲ့ ကံကျတော့ ဘာကံမှန်းမသိပြန်ဘူး၊ စာထဲတော့ မှတ်ထားတာပဲ၊ ကိုယ်ပြန်လုပ်တော့ မသိဘူးဆိုတော့ အလကားစာ ဖြစ်သွားမယ် (မှန်ပါ့ ဘုရား)၊ မဟုတ်ပေဘူးလား (ဟုတ်ပါ တယ် ဘုရား)။

ကိုင်း ဒကာ၊ ဒကာမတို့၊ ဒီပဋိစ္စသမုပ္ပာဒ် ကြည့်ပါတဲ့၊ ဟောဒီ ဘုံဘဝကို လိုချင်ပြီးသကာလ ဒါနကံ၊ သီလကံတွေလုပ်တော့ ကို သင်္ခါရဟာကံပါပဲ ဒကာ၊ ဒကာမတို့ သဘောကျပလား (မှန်ပါ၊ ကျပါပြီ)။

သင်္ခါရကံ မဟုတ်ဘူး၊ ဟုတ်တယ်၊ ဒီအကြောင်းကလေး ဆက်ကြည့် ကမ္မဘဝပဲ၊ သဘော ပါပလား (ပါ,ပါပြီ)၊ သင်္ခါရနှင့် ကမ္မဘဝသည် အတိတ်နှင့် ပစ္စုပ္ပန်ပဲကွာတယ်၊ အတူတူပဲ၊ ကဲချည်း ပဲ (မှန်ပါ့)၊ ရှင်းကြပလား (မှန်ပါ့၊ ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ လွန်ခဲ့တဲ့ဘဝက ဒကာ၊ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ကုသိုလ်ကံတွေ မလုပ်ခဲ့ဘူးလား (လုပ်ခဲ့ပါတယ် ဘုရား)၊ ကုသိုလ်ကံဆိုတော့ ဒကာ၊ ဒကာမတို့နှစ်နံပါတ် အဖြူကံလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ကုသိုလ်ကံက ဘာတဲ့ (နှစ်နံပါတ် အဖြူကံပါ ဘုရား)၊

အဖြူကံ၊ အဖြူကံဆိုတဲ့ဥစ္စာ သေချာသွားတော့ကို ဒကာ၊ ဒကာမတွေသည် ဒီဘဝမှာ ဟော လူ့ခန္ဓာကြီးရတယ် (မှန်ပါ့ ဘုရား)၊ မရဘူးလား (ရပါ တယ် ဘုရား)၊ အဖြူကံလုပ်ခဲ့ကြတာကိုး၊ အဖြူ၊ အကျိုးမပေးဘူး လား (ပေးပါတယ် ဘုရား)၊ တိရစ္ဆာန်ထက်သာတယ်ဗျ။ ခင်ဗျားတို့က (မှန်ပါ့)၊ ငရဲထက်ကော (သာပါတယ် ဘုရား)၊ ပြိတ္တာထက်ကော (သာပါတယ် ဘုရား)၊ အသူရကာယ် ထက်ကော (သာပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အဖြူကံလုပ်ခဲ့လို့နော် (မှန်ပါ့)၊ ကုသိုလ်ကံ ဖြူဖြူစင်စင်လုပ်ခဲ့လို့ ဒီဘဝ လူ့ခန္ဓာကြီး ဆိုတာ မရဘူးလား (ရပါတယ် ဘုရား)။

အဖြူ ကံက သမုဒယသစ္စာ၊ အကျိုးပေးက ဒုက္ခသစ္စာ

ဒါဖြင့် ခင်ဗျားတို့ အခုအကျိုးပေးနေတာ ဘယ်ကံက အကျိုးပေးနေတာပါလိမ့် (အဖြူကံက အကျိုးပေး တာပါ ဘုရား)၊ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ သေသေချာချာကြည့်၊ ရမ်းဖြေ မနေနဲ့ (သမုဒယသစ္စာပါ ဘုရား)။

ကိုင်း ခင်ဗျားတို့က ဒါတော့ မသိဘူး။ ဖြူတာသာ သိ တယ်၊ သစ္စာနဲ့ ဝေဖန်လိုက်တော့ မသိဘဲ ဖြစ်သွားတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ ဒါဖြင့် ပယ်ရမယ့်သစ္စာဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာလုပ်ရမည့်သစ္စာ ဖြစ်နေတုံး (ပယ်ရမည့်သစ္စာဖြစ်နေပါတယ်)။

သို့သော် ခင်ဗျားတို့ကတော့ ဖြူဖြူစင်စင်လုပ်ပေါ့နော်၊ မလာဘူးလား လာမလား (လာပါတယ် ဘုရား)၊ အဲဒါ ဖြူဖြူစင်စင်လုပ်ပါ ဆိုတော့ အဖြူကံတော့ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)။

ဒုက္ခကိုကျေနပ်နေသူများ

ဒါဖြင့် သေသည့်အခြားမဲ့၌ ဟောဒါစပ်သွားပြီတဲ့၊ ခန္ဓာ ငါးပါးရပါပြီ၊ လူ့ခန္ဓာငါးပါး၊ နတ်ခန္ဓာ ငါးပါး ရပါပြီတဲ့၊ သဘောကျ ကြပလား (ကျပါတယ် ဘုရား)၊ လူ့ဘဝ၊ နတ်ဘဝ ရောက်မယ် ဆို ခင်ဗျားတို့ မကျေနပ်ဘူးလား (ကျေနပ်ပါတယ် ဘုရား)၊

ကျေနပ်ချင် ကျေနပ်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုင်း ဒုက္ခကျေနပ်နေတာကိုး၊ သူ့ဟာ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာကျေနပ်နေသတုန်း (ဒုက္ခကျေနပ်နေပါတယ်)။

ဒုက္ခကျေနပ်နေတယ်ဆိုတော့ သော် တို့ကျေနပ်မှုဟာ တစ်နေ့ကပြောသလိုပဲ ခွေးသားရတာနဲ့ လင်းတက ကျေနပ်သလို ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာသားရလို့ လင်းတကျေနပ်သလဲ (ခွေးသားရလို့ ကျေနပ်ပါတယ် ဘုရား)၊ ဘေးကနေ ကြည့်တော့ ကျေနပ်ကြရဲ့လား (မကျေနပ်ပါ ဘုရား)၊ အဖြစ်ဆိုး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ သူ့ဟာသူတော့ ဘာတုံး (ကျေနပ်ပါတယ် ဘုရား)။

ဦးသန်းမောင် ကန်ဘေးကနေတော့ လင်းတက ခွေးသား စားနေတာကြည့်တော့ ကျေနပ်ရဲ့ လား (မကျေနပ်ပါ ဘုရား)၊ ဒီအဖြစ်မျိုး ကြောက်လှချည်ရဲ့ နော်၊ မကြောက်ဘူးလား၊ ကြောက်မယ်လား (ကြောက်ပါတယ် ဘုရား)။

သို့သော် လင်းတသွားမေးတော့ ခင်ဗျား ဒီဥစ္စာ ဘယ့်နှယ် တုန်း၊ ဒါကျုပ်ကံကောင်းတာ၊ ခွေးသေကောင် တစ်ကောင်လုံး ရတာ မဆိုဘူးလား၊ ဆိုမလား (ဆိုပါမယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီဥပမာကိုလည်း သေသေချာချာ မှတ်ရတယ် (မှန်ပါ့)။

အဲဒီတော့ အဖြူကံလုပ်ခဲ့လို့ အဖြူ အကျိုးပေးတာ၊ အဖြူ ကံက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)၊ ရတာက (ဒုက္ခသစ္စာပါ)၊ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာနော် (မှန်ပါ့)။

သစ္စာတရားကိုသာ အမှန်ပါ

အဲဒီတော့ မနုဿတ္တဘာဝ ဒုလ္လဘဆိုတာနဲ့ ဟောလို့ရှိရင် တော့ဖြင့် ဒကာ၊ ဒကာမတို့ လူ့ဘဝရခဲတယ်ဟောရမှာပဲ (မှန်ပါ့)၊ သစ္စာနဲ့ဟောရမယ်ဆိုတော့ ခင်ဗျားတို့ နောက်ဘဝက သမုဒယသစ္စာ ကုသိုလ်လုပ်ခဲ့တဲ့အတွက် ဒုက္ခသစ္စာဖြင့် ရပေါ့ (မှန်ပါ့)၊ သို့သော် သစ္စာတရားသာလျှင် အမှန်ယူပါ (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ)၊ ကျန်တဲ့တရားတွေက ပရိယာယ် ဝေဝုစ်ပါ, ပါတယ် (မှန်ပါ့)၊ သစ္စာက မတိမ်းစောင်းဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊

မတိမ်းမစောင်းတဲ့တရားက ဘယ်တရားပါလိမ့် (သစ္စာတရားပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာ အမှန်ယူမယ် (သစ္စာတရားကို အမှန်ယူရပါမယ်)။

သစ္စာတရားအမှန်ယူပါဆိုတာ ဆရာဘုန်းကြီးက သေသေ ချာချာတိုက်တွန်းတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါဖြင့် အားလုံး ဒကာ၊ ဒကာမတွေ ယခု ၁-ထဲမှာ ရောက်နေကြ သလား၊ ၂- ထဲမှာ ရောက်နေကြသလား (၂- ထဲမှာ ရောက်နေကြပါတယ် ဘုရား)။

(စက်ဝိုင်းကိုထောက်၍ဟောသည်။)

သစ္စာနဲ့ဝေဖန်သုံးသပ်ပါ

ဪ ဘယ်ကံအားထုတ်ခဲ့ပါလိမ့် (၂- ကံ အားထုတ်ခဲ့ပါတယ်)၊ ဖြူတဲ့ကုသိုလ်ကံ အားထုတ် ခဲ့တယ်၊ သဘော ကျပလား၊ (မှန်ပါ့)၊ ဘာသစ္စာပါလိမ့် (သမုဒယသစ္စာပါ ဘုရား)၊ ဒါဖြင့် ယခု ကိုယ့်ဘဝကလေးကိုတော့ မကျေနပ်ကြဘူးလား (ကျေနပ်ပါတယ် ဘုရား)။

ဘာသစ္စာကျေနပ်သလဲ (ဒုက္ခသစ္စာကို ကျေနပ်ပါ တယ်)၊ ဒုက္ခရောက်တာကျေနပ်တာ ရူးလို့၊ ရိပ်မိပလား (ရိပ်မိပါ ပြီ)၊ ဒုက္ခရောက်တာ ကျေနပ်တာဖြင့် (ရူးလို့ ပါ ဘုရား)၊ ဒါက တော်တော် စကားကြီး သွားပြီ၊ သစ္စာနဲ့ ကြည့်လိုက်တော့ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာက မရစဖူး အထူးပြီးသကာလ တော်, တော်သေးရဲ့ ဘုရာ့၊ ဟော လင်းတ ခွေးသားရပြီ၊ ဒကာ၊ ဒကာမတို့ ဘာရပါလိမ့် (လင်းတခွေးသားရပါတယ် ဘုရား)၊ လင်းတခွေးသား ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ သစ္စာမသိသေးလို့ ဖြစ်ရတဲ့အဖြစ်ဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာသိရင် ဒီအဖြစ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။ ကိုင်း ဒကာ၊ ဒကာမတို့ ဒါဘုန်းကြီး အပြောကောင်းလို့ ဥပမာပေးကောင်းလို့လား၊ ခင်ဗျားတို့ ဖြစ်စဉ်က ကိုက်ပလားဆိုတာ ဝေဖန်ပါ (ဖြစ်စဉ် ကိုက်ပါတယ် ဘုရား)၊ သဘောပါရဲ့လား (ပါ,ပါတယ်)၊ ဒါက ဒကာ၊ ဒကာမတို့ ဒီလို စာရွတ်သွားလို့ ရကို မရဘူး (မှန်ပါ့ ဘုရား)၊ မြန်အောင်ဦးတင် ရပါ့မလား (မရပါ ဘုရား)။

လိုရင်းကိုသေချာနားလည်ဖို့ လိုတယ်

တစ်လုံး တစ်လုံးကို သေသေချာချာလည်အောင် ပြောမှ ရတယ် (မှန်ပါ့)၊ စာတွေ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓ သစ္စာ ဤကား အဘိဓမ္မာဆိုရုံနဲ့လည်း မဖြစ်ဘူး (မဖြစ်ပါ ဘုရား)၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ ဘာမှတောင် နားလည်မှာ မဟုတ်ဘူး။

လိုရင်းတွေကလည်း ဒီထဲမှာနေတယ်၊ လိုရင်းမှ နားမလည် လိုက်ဘဲနဲ့ သူများဖြစ်စဉ်တွေ သဘောကျနေရင် မိုးကြိုးပစ်တာထက် နာသေးတယ်၊ ဘာမျှ အသုံးမကျဘူး (မှန်ပါ့)၊ သဘောပါ ပလား (ပါ, ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ အဖြူကံသည် ဘာအကျိုးပေးသတုံး (အဖြူအကျိုးကို ပေးပါတယ်)၊ အဖြူ အကျိုးကိုပေးတယ် (မှန်ပါ့)။

သစ္စာမသိတော့

အဖြူကံက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့)၊ အကျိုးပေးတော့ (ဒုက္ခသစ္စာ အကျိုးပေး ပါတယ် ဘုရား)၊ ဒါဖြင့် အဖြူကံလည်း ခင်ဗျားတို့ ကြိုက်သင့် မကြိုက်သင့် (မကြိုက်သင့်ပါ ဘုရား)၊ သစ္စာသိတော့ မကြိုက်ဘူး တဲ့ (မှန်ပါ့ ဘုရား)၊ သစ္စာမသိခင်တုန်းကတော့ (ကြိုက်ပါ တယ် ဘုရား)၊ ဒီလိုဝေဖန်မှ ရတယ်၊ ဒီလိုဝေဖန်မှရတယ်တဲ့။

ဒါဖြင့် တပည့်တော်တို့ အကြိုက်ဟာ နှစ်မျိုးပါလားဘုရား၊ ကလေးတုန်းကတော့ ကိုယ်စွန့်တဲ့ကျင်ကြီးနဲ့ ကိုယ် ကစားချင် ကစားနေတယ် (မှန်ပါ့ ဘုရား)။

လူကြီးတော့ ကစားသေးရဲ့ လား (မကစားတော့ပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ အခုဒီအချိန်မှာ ကစားတဲ့အချိန်လား၊ မကစားတဲ့အချိန်လား (မကစားတဲ့အချိန်ပါ ဘုရား)၊ တော်လာပြီ၊ ဒါဖြင့် တော်တော် တော်လာပြီ။)

အဲဒီတော့ ဒကာ၊ ဒကာမတို့ အဖြူကံ အဖြူ အကျိုးပေး တယ် ဆိုငြားသော်လည်း သစ္စာနဲ့ ဝေဖန်လိုက်တော့ အဖြူကလည်း သမုဒယသစ္စာနော် (မှန်ပါ့)၊ အကျိုးပေးတာကကော (ဒုက္ခ သစ္စာပါ ဘုရား)၊ ဒါဖြင့် ဒီကံကို ကြိုက်ထိုက်၊ မကြိုက်ထိုက် (မကြိုက်ထိုက်ပါ ဘုရား)။

မကြိုက်ထိုက်ဘူး (မှန်ပါ့)၊ အဖြူကံနော် (မှန်ပါ့)။ ခင်ဗျားတို့ လုပ်တဲ့ ဘုံဘဝ တောင့်တတဲ့ ကုသိုလ်ကို ဆိုပါတယ်၊ နိဗ္ဗာန်တောင့်တတဲ့ကုသိုလ်ကံကို မဆိုပါဘူး (မှန်ပါ့)၊ ဒါ ရှင်းရှင်းမှတ်ပါ၊ ပေါ်ကြပလား (မှန်ပါ့ ဘုရား)။

အဖြူကံပေမယ့် နိဗ္ဗာန်ကို တောင့်တတဲ့ကံမျိုးကို ဘုန်းကြီး ဟောနေတယ်လို့ မဆိုနဲ့၊ လူချမ်းသာ၊ နတ်ချမ်းသာ တောင့်တ လုပ်တဲ့ အဖြူကံကိုဆိုပါတယ်၊ ပေါ်ကြပလား (မှန်ပါ့)။

လိုချင်တာက ချမ်းသာမှု၊ ရတော့ ဆင်းရဲမှု

ခင်ဗျားတို့က ချမ်းသာချင်တယ်၊ ရတော့ဆင်းရဲ (မှန်ပါ့)၊ အတိတ်ဘဝက ထင်တုန်းက ဘယ့်နှယ်တုန်း (ချမ်းသာ ချင်ပါတယ်)၊ ရတော့ (ဆင်းရဲပါ)၊ ချမ်းသာ ထင်တာကလည်း ဉာဏ်နဲ့လား၊ သမုဒယနဲ့လား (သမုဒယနဲ့ပါ ဘုရား)။

ဟာ ဒါဖြင့် မျက်လုံးမှားကြီးနဲ့ ကြည့်ပြီးသကာလ ဆုတောင်းလုပ်လို့ မဟုတ်တာကြီး ရတာပါလား (မှန်ပါ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

မျက်လုံးကလည်း သမုဒယမျက်လုံး၊ ဉာဏ်မျက်လုံးဟုတ်ရဲ့ လား (မဟုတ်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ခင်ဗျားတို့ ဘယ်က စလွဲတာတုန်းမေးလို့ရှိရင် မျက်လုံးက စလွဲတယ် (မှန်ပါ့)၊ ဘယ်မျက်လုံးနဲ့ လုပ်ခဲ့ပါလိမ့် (သမုဒယမျက်လုံးနဲ့ လုပ်ခဲ့ပါတယ် ဘုရား)။

သမုဒယဆိုတာတဏှာပါ

သမုဒယမျက်လုံးနဲ့ လုပ်ခဲ့တော့ကို သမုဒယဆိုတာ တဏှာ (မှန်ပါ့)၊ သူနဲ့ သဟဇာတက အဝိဇ္ဇာ (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာနဲ့ လုပ်ခဲ့သောကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာမှတစ်ပါး ဘာရသေးသလဲ (ဘာမှမရပါ ဘုရား)။

အခုတော့ဖြင့် ဒကာ၊ ဒကာမတွေ ပစ္စည်းကလည်း အကြောင်းမညီညွတ်၊ ခန္ဓာကလည်း လိုရာမပါဆိုတော့ နည်းနည်းတော့ ရိပ်မိလာတယ်။

အိုခြင်းဆိုး၊ နာခြင်းဆိုးတို့ကို အဖော်လုပ်နေရတာ

လူ့ဘဝအကောင်းလား အောက်မေ့တယ်ဘုရား၊ အိုခြင်း ဆိုး၊ နာခြင်းဆိုးတို့ကို အဖော် လုပ်နေရတာပါလား၊ မပေါ်ကြသေးဘူး လား (ပေါ်ပါပြီ ဘုရား)၊ နောက်က ဒကာ၊ ဒကာမတွေ ခင်ဗျား တို့ နေ့တိုင်း အဖော်လုပ်နေရတာ ဘာပါလိမ့် (အိုခြင်းဆိုး၊ နာခြင်းဆိုးပါ ဘုရား)။

အဲဒါ အဖော်လုပ်နေရတယ် (မှန်ပါ့)၊ ရှင်းပ လား (ရှင်းပါပြီ)၊ အိုခြင်းဆိုး၊ နာခြင်းဆိုး အဖော် လုပ်ပြီး သကာလ ဆေးကျားတွေထောက်နေရတယ်၊ မယုံရင် ဦးမာဒင်မေး ကြည့်၊ ခင်ဗျားတို့ ပန်းနာသမားကို ကျောထောက်နေရတယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဒကာ၊ ဒကာမတွေ ဘယ်သူနဲ့ အဖော် လုပ်နေရသတုံး (အိုခြင်းဆိုး၊ နာခြင်းဆိုးနဲ့ အဖော်လုပ်နေရပါ တယ်)၊ အိုခြင်းဆိုး၊ နာခြင်းဆိုးဆိုတော့ တစ်နေ့တစ်ခြားကော မအိုဘူးလား (အိုပါတယ် ဘုရား)၊ အိုလေလေ၊ ရောဂါများ လေလေ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် နေ့တိုင်း ဘာနဲ့ အဖော်လုပ်နေရသလဲ (အိုခြင်း ဆိုး၊ နာခြင်းဆိုးနဲ့ အဖော်လုပ်ရပါတယ်)၊ မယုံရင် လူလာတဲ့အခါ ဧည့်ခံတာကြည့်၊ ဦးညွန့်ကြီးတို့ ဧည့်ခံတဲ့အခါ ဦးညွန့် နေကောင်းရဲ့လား၊ ကောင်းတစ်လှည့်၊ မကောင်းတစ်လှည့်ပါ၊ ဒါနဲ့ ဧည့်ခံနေတာ ရိပ်မိပလား (မှန်ပါ့ ဘုရား)၊

ဘာနဲ့ ဧည့်ခံသတုန်း (ကောင်းတစ်လှည့် မကောင်းတစ်လှည့်ပါ ဘုရား)၊ ကောင်းတစ်လှည့် မကောင်းတစ်လှည့်၊ ဒါတောင် သစ္စာမသိသေးလို့၊ မကောင်းချည်းနဲ့ ဧည့်ခံရမှာ (မှန်ပါ့)၊ ကောင်း ဆိုတာ မပါဘူး (မပါ,ပါ ဘုရား)။

သစ္စာမသိသေးတော့ မြို့ သုံးကလေး သုံးလိုက်ရသေးတယ်၊ ဒါကလေး ထည့်လိုက် ရသေးတယ် (မှန်ပါ့ ဘုရား)၊ ကိုင်း ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ရှေ့ကို ဘာနဲ့ ဧည့်ခံကြမယ် ထင်သတုံး၊ ဒုက္ခသစ္စာနဲ့ ဧည့်ခံတော့မယ် (မှန်ပါ့)၊ တစ်နေ့ရွှေ တစ်နေ့ငွေပါပဲ (မှန်ပါ့)၊ မသုံးကြပေဘူးလား (သုံးပါတယ် ဘုရား)၊

အသံကတော့ ရွှေငွေနော် (မှန်ပါ့ ဘုရား)၊ ဖြစ်စဉ် သွားကြည့်တဲ့အခါ မဲ့နေတယ်၊ ရွှေလည်း မဟုတ်ဘူး၊ ငွေလည်း မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒါကြောင့် ဒကာ၊ ဒကာမ ရထားတဲ့ ခန္ဓာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘယ်ကံလုပ်ခဲ့ပါလိမ့်ဗျာ (သမုဒယသစ္စာလုပ်ခဲ့ပါတယ်)၊ သမုဒယသစ္စာလုပ်ခဲ့တယ်၊ အဖြူအမည်းနဲ့ ရွေးတော့ (အဖြူကံ လုပ်ခဲ့ပါတယ်)၊ အဖြူကံ (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ)။

အဖြူကံ၊ အဖြူအကျိုးပေးတယ်ဆိုပြီး ခင်ဗျားတို့ လုပ်ကြ တာပဲတဲ့။ သစ္စာမသိတော့ အကျိုးပေးကလည်း ဒုက္ခသစ္စာ၊ အဖြူကံ ကလည်း သမုဒယသစ္စာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီတစ်လုံးနဲ့ပဲ မနည်းသွားနေပြီ ဒကာ၊ ဒကာမတို့ (မှန်ပါ့)၊ ဒီလောက်မှ မရှင်းရင်လည်း မောင်ဘအေး ရပါ့မလား (မရပါ ဘုရား) မရဘူးကွ၊ ဒီလောက်မှ မရှင်းရင်လည်း ရကိုမရဘူး။

အမည်းကံ အမည်း အကျိုးပေးမယ်

ကဲ ဒကာ၊ ဒကာမတို့ အမည်းကံကလေး စကြဦးစို့ နော် (မှန်ပါ့)၊ အမည်းကံဆိုတာက ခင်ဗျားတို့ သားရေး၊ သားကလည်း ကြီးလာ၊ ကျောင်းကလည်းထားချင်၊ စရိတ်ကလည်း ကုန်၊ အသုံးအဖြုန်းကလည်း များဆိုတော့ အမေမိဘက ရတဲ့နည်းနဲ့ ကုန်းရှာရတော့ အမည်းကံတွေ မဖြစ်ဘူးလား ဖြစ်မလား (ဖြစ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အမည်းကံတွေဖြစ်ပြီး အကုသိုလ်ကံတွေ ဖြစ်နေတော့ သေသည်၏ အခြားမဲ့၌ ဘာအကျိုးပေး မလဲ (အမည်းအကျိုးပေး ပါမယ်)၊ အမည်းအကျိုးပေးမယ် ဆိုတော့ ဟောဒါက အပါယ်လေးပါး ခန္ဓာလို့ မှတ်လိုက်တော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

သစ္စာနဲ့ဝေဖန်လို့ က်တော့ အဖြူအမည်း ဘာထူးသေးသလဲ

ဒါက ဘာခန္ဓာပါလိမ့် (အပါယ်လေးပါးခန္ဓာပါ ဘုရား)၊ ဒီက အမည်းကံ (မှန်ပါ့)၊ အမည်းကံက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ အပါယ်လေးပါး ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ ကဲ အဖြူကံနဲ့ အမည်းကံသည် ဒကာ၊ ဒကာမတို့ ဘာထူးသေး သလဲ (မထူးပါဘူး)၊ သစ္စာနဲ့ ဝေဖန်လိုက်တော့ ထူးသေးရဲ့လား (မထူးပါ ဘုရား)။

ကုသလာကုသလံ ဇဟံ

ဒါကြောင့် ဘုရားက အဖြူကံလည်း ငါစွန့် လိုက်တယ်၊ အမည်းကံလည်း ငါစွန့်လိုက်တယ်၊ “ကုသလာကုသလံ ဇဟံ” ဆိုပြီး ဟောချလိုက်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ)။

ကုသိုလ် အကုသိုလ် မစွန့်ဘူးလား (စွန့်ပါတယ် ဘုရား)၊ ဘယ်ကုသိုလ်စွန့် ဆိုတာလည်း ဆိုတော့ အဖြူကံလည်း စွန့်တယ် (မှန်ပါ့)၊ အမည်း အကုသိုလ်ကံကော (စွန့်ပါ တယ်)၊ စွန့်မှာပေါ့ဗျ၊ သမုဒယသစ္စာ ချုပ်အောင် လုပ်ပစ်တာ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ သမုဒယသစ္စာ ချုပ်တော့ ဒုက္ခသစ္စာက လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါဖြင့် သမုဒယဒုက္ခ သိမ်းတော့ ကိုယ်တော်ကြီး နိဗ္ဗာန် ရောက်တယ်လို့ ဟောထိုက်၊ မဟောထိုက် (ဟောလိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီ ကံနှစ်ခုပယ်လို့ပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကံလေးမျိုး ဘယ်နှမျိုး ပြီးသွားပါလိမ့် (နှစ်မျိုးပြီးသွားပါပြီ ဘုရား)၊ ဘယ်နှမျိုး ကျန်သေးသလဲ (နှစ်မျိုး ကျန်ပါသေးတယ် ဘုရား)၊ နှစ်မျိုး၊ အဲဒါက သာခက်သေးတယ် ခင်ဗျားတို့။

ဘုံဘဝတောင့်ခြင်းကင်းပြီး ခန္ဓာကိုယ်ရောင်းလှူ

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ အဖြူကံကိုလည်း ဘုံဘဝတောင့်တကြတဲ့ ကံစွန့်ကြပါ၊ ယနေ့က စပြီး (မှန်ပါ ဘုရား) ဘုံဘဝတောင့်တပြီး မလှူပါနဲ့၊ မတန်းပါနဲ့၊ မပေးပါနဲ့။ မကမ်းပါနဲ့ သဘော ကျပလား (ကျပါပြီ ဘုရား)။

လာလတ္တံ့ ဒုက္ခသစ္စာကြီးကို မလိုချင်လို့၊ ယခု ဒုက္ခသစ္စာ ကြီးကိုလည်း မကြိုက်လို့ ဒုက္ခလွတ်ရာ ရည်မှန်း၍ လှူဒါန်းပါတယ်၊ လုပ်ပါ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊

ယခုလက်ရှိလည်း ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ နောင် လူ့ဘဝ၊ နတ်ဘဝကကော (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီဒုက္ခနှစ်ခု သိပြီး၊ လက်ရှိဒုက္ခတွေ ရွံလွန်းလို့ လက်မဲ့ဒုက္ခလည်း မလိုချင်လို့ လှူပါတယ်၊ တန်းပါတယ်၊ ပေးပါတယ်၊ ကမ်းပါတယ်လို့ လုပ်ပါ။ သဘောကျပလား (မှန်ပါ့)။

ခန္ဓာရောင်းလှူပါ၊ ကျေနပ်ပါပြီ၊ တိုက်တွန်းပေး၊ အလှူ ဘက်က မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)၊ နို့မို့လို့ရှိရင်ဖြင့် နောက်ဘဝ ကောင်းစားရေး လုပ်လို့ရှိရင် သမုဒယ သစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်တယ် (မှန်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

ဒါဖြင့် အဖြူကံဟာ အဖြူ၊ အကျိုးပေးပေမယ့်လည်း ကံက သမုဒယ အကျိုးပေးက ဒုက္ခ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အမည်းကံကတော့ ခင်ဗျားတို့ နားလည်ပြီးသားပါတဲ့၊ မသိတဲ့ အဝိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ သားရေး၊ သမီးရေး၊ စီးပွားရေး မလုပ်ကြပေဘူးလား (လုပ်ပါတယ်)၊ စေတနာကံ တွေလေ (မှန်ပါ့)။

သေသည်၏ အခြားမဲ့၌ အပါယ်လေးပါးဆိုတဲ့ ခန္ဓာငါးပါး လာ မလာ (လာပါတယ် ဘုရား)၊ ဒါဟာ အမည်းကံက ဘာတုံး (အမည်းကို အကျိုးပေးပါတယ်)၊ အမည်းကံဆိုတာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ အမည်းအကျိုးပေး တာကကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သားရေး သမီးရေး၊ စီးပွားရေးကို တပည့်တော်ဟာ ဘုရား၊ မုသားလည်း မပြောပါဘူး၊ ကောင်းသော ရောင်းဝယ်ခြင်းနဲ့ ရောင်းဝယ်ပါတယ်လို့တော့ ဒကာ၊ ဒကာမတို့က လိမ်ချင်လည်း လိမ်ကြဦးမှာပဲ။

နို့ ဒီဥစ္စာမမှန်ဘူးလားဆိုတော့ သူ့စိတ်ထဲ အင်မတန် မှ မှန်ပါတယ်၊ မလိမ်ပါဘူး၊ ကောင်းကောင်း မွန်မွန်ပဲ ရောင်းပါတယ်၊ ကောင်းကောင်းမွန်မွန် ဝယ်ပါတယ်။ သို့သော် သမုဒယနဲ့ လုပ်တာ ဟုတ်, မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် သစ္စာက ဘာသစ္စာ တုံး (သမုဒယသစ္စာပါ ဘုရား)၊ ရတော့ ဘာသစ္စာရသတုန်း (ဒုက္ခသစ္စာရပါတယ်)။

အဲဒါ သူသီလသာ ပြောတာ၊ ဝိပဿနာ ဗွက်ပေါက် နေတာ မသိလို့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သီလဆိုတာ

သီလသာ သူသိတာကိုး (မှန်ပါ့)၊ ဝိပဿနာ ဝမ်းထဲက ဗွက်ပေါက်နေတာ သိသေးရဲ့လား (မသိပါ ဘုရား)၊ ဒါဖြင့် သီလက ဝိပဿနာကို ကန့်ကွက်နိုင်ရဲ့လား (မကန့်ကွက်နိုင်ပါ)၊ ဒကာ၊ ဒကာမတွေ သီလက သူ့ဟာသူ ကာယကံ၊ ဝစီကံ လုံရုံကိုး ဗျ (မှန်ပါ့ ဘုရား)၊ မနောကံကို သီလက တတ်နိုင်ရဲ့လား (မတတ်နိုင်ပါ ဘုရား)၊ မတတ်နိုင်တော့ မနောကံက သမုဒယသစ္စာ ရောင်းဝယ် ဖောက်ကားနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အကျိုးပေးတော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့)၊

ဒါဖြင့် တပည့်တော်တို့ အရောင်းအဝယ်လည်း မလုပ်နဲ့ တော့ ဒီအတိုင်းနေတော့လို့ အရှင်ဘုရား ဟောသလားလို့ အဓိပ္ပာယ် က ဒီရောက်သွားတယ် (မှန်ပါ့)၊ အရောင်းအဝယ် လုပ်လို့ရှိရင် သမုဒယသစ္စာ လာမယ် (မှန်ပါ့)၊ လာရင်လည်း နောင်ဘဝ ဘာသစ္စာလာမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

တပည့်တော်တို့ကတော့ မလုပ်ရမနေနိုင်ဘူးဘုရား ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာ မဖြစ်ရရင် ဒုက္ခရမှာ မဟုတ်လို့ ကြိုးစားရဦးမယ်ဘုရား၊ အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ်)၊ အဲဒီတော့ ဘုန်းကြီးကလည်း အရောင်းအဝယ် မလုပ်ဘဲနဲ့ ချမ်းသာတဲ့ဆီကိုပို့မယ်၊ ခင်ဗျားတို့ကလည်း အရောင်း အဝယ် မလုပ်ရရင် ဘယ့်နှယ်လုပ်မတုန်းလို့ ဆင်ခြေလဲတယ်။

ဘယ်သူမှန်သတုံး

ဘယ်သူက မှန်သတုန်း၊ ခင်ဗျားတို့က အရောင်းအဝယ် မလုပ်ရ၊ ဘယ့်နှယ် လုပ်မတုန်းတဲ့ (မှန်ပါ့)၊ ဘုန်းကြီးကလည်း အရောင်းအဝယ် မလုပ်နဲ့၊ ချမ်းသာရစေ့မယ်၊ ဘယ်ဟာကြိုက် သတုံး၊ တရားတစ်ပွဲလုံးနဲ့ ဘုန်းကြီးတစ်ပါး ကျန်ရစ်တော့တယ်။ ကန့်လန့် ဖြစ်နေပြီ၊ အတော် ဆိုးနေပြီ ဆိုတာ ပေါ်ကြပလား – (ပေါ်, ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဝါသနာအထုံ ဖြစ်နေပါတယ်တဲ့၊ တိရစ္ဆာန်ရုံထဲက မျောက်တွေဟာ အငြိမ် နေလို့ရရဲ့လား (မရပါ ဘုရား)။

အဲဒါ မှတ်ထားပေါ့ဗျ၊ အငြိမ်နေလို့မရလို့ဘုရား၊ နိဗ္ဗာန်က ငြိမ်သက်တဲ့ ဓမ္မကိုးဗျ (မှန်ပါ့)၊ မျောက်က မငြိမ်သက်တဲ့ ဓမ္မ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒီတော့ ခင်ဗျားတို့က ဘာစိတ် ပေါက်နေသတုံး (မျောက်စိတ် ပေါက်နေပါတယ်)၊ တော် တော်သေးတယ်၊ ဒါဖြင့် ဒီဟာကြီးဟာ တိရစ္ဆာန်ရုံဖြစ်သွားပြီ အတော်ကျပ်နေပြီ။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံနှစ်ကံ ပြီးသွားတာတော့ သေချာပြီ မဟုတ်လား (မှန်ပါ့)၊ အဓိပ္ပာယ်ကော ရှင်းရဲ့လား (ရှင်းပါတယ်)၊ အမည်းကံကလည်း သမုဒယသစ္စာက ဒုက္ခသစ္စာအား ကျေးဇူးပြုတယ်၊ အဖြူကံတွေကကော (သမုဒယသစ္စာက ဒုက္ခသစ္စာအား ကျေးဇူးပြုပါတယ်)၊ အမည်း အဖြူရောတဲ့ ကံတစ်ကံ ကျန်သေးတယ်၊ အမည်းအဖြူ မရောတဲ့ ကံကော ကျန်သေးတယ် (ကျန်ပါသေးတယ်)၊ အဲဒါ မနက်ဖြန်မှနာ (မှန်ပါ့)၊

နာရီစေ့သွားပြီ။

သာဓု သာဓု သာဓု။