296

အရေးကြီးတာကသစ္စာသိဖို့

အသံဖိုင်ခေါင်းစဉ်= သစ္စာသိဖို့အရေးအကြီးဆုံးတရားတော်

စာအုပ်ခေါင်းစဉ်= အရေးကြီးတာကသစ္စာသိဖို့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

အရေးကြီးတာကသစ္စာသိဖို့

ဂ-၇-၆၂ ရက်နေ့ (နံနက်)

သစ္စာသိဖို့အရေးကြီးတယ်

ဒကာ၊ ဒကာမတို့၏ အရေးအကြီးဆုံးအချက်က ဘယ်ဟာ ပါလိမ့်မလဲလို့ ခင်ဗျားတို့ အကဲခတ်ဖို့ လိုပါတယ်။ အရေးကြီးဆုံး အချက်က ဘယ်ဟာတုန်းဆိုတာ အကဲခတ်ဖို့ လိုပါတယ်။ အရေး အကြီးဆုံး အချက်က အားလုံးမှတ်စရာက သစ္စာသိဖို့ အရေးကြီးပါတယ်။ အရေးကြီးဆုံး အချက်က ဘာပါလိမ့် (သစ္စာသိဖို့ပါ ဘုရား) သစ္စာသိဖို့ အရေးကြီးတယ်ဆိုတာ ဒကာ၊ ဒကာမတွေ အကုန်မှတ်ပါ။

သစ္စာမသိသေးလို့ရှိရင် ဘုရားကလည်း ဘုရားမဖြစ်နိုင် ဘူး။ သောတာပန်ကလည်း သောတာပန် မတည်နိုင်။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလည်း မတည်နိုင်ဆိုတော့ နိဗ္ဗာန်မျက်မှောက် မပြုနိုင်ဘူးဆိုတာ အားလုံး ဒကာ၊ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

သစ္စာ မသိသေးသရွေ့ ကာလပတ်လုံး လိုရင်းဘာမှ မပါဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။ ဦးမြကြီး ဘယ်လို မှတ်မယ် (ဩဝါဒအတိုင်းပါ ဘုရား)။

သစ္စာမသိသေးသရွေ့ ကာလပတ်လုံး လိုရင်းဘာမှ မပါသေးဘူးဆိုတာ သေသေချာချာမှတ် (မှန်ပါ့)။ သစ္စာမသိသေး ရင် (လိုရင်းဘာမှမပါသေးပါ)။ လိုရင်းမပါသေးဘူး ဆိုတာ ဆုံးဖြတ်ချက် ချကြပါလို့ ကောင်းစွာပဲ တိုက်တွန်းလိုက်တယ်။

ဇာတိ ဘာသစ္စာ

ဆရာသမား ရောက်လာတဲ့အခါမှာ ဘာဖြစ်လို့လဲလို့ မေးလို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတွေ သိတဲ့အတိုင်း ဒီပဋိစ္စသမုပ္ပာဒ်မှာ ပြပါတယ်။ ဇာတိဟာ ဘာပါလိမ့်မလဲလို့ ဒကာ၊ ဒကာမတွေ မေးလို့ ရှိရင် ဘာသစ္စာခေါ်ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒီမှာ ပြထားတယ် (မှန်ပါ့)။ ဒုက္ခသစ္စာလို့ ဇာတိကို ပြတယ်။ ဇာတိက ဒုက္ခသစ္စာလို့ ပြထားတော့ ဒီဒုက္ခသစ္စာမသိလို့ရှိ ရင်ဖြင့် ဒီဘုံဘဝလိုချင်တဲ့ ကံတွေဟာ ခင်ဗျားတို့ အားထုတ်ကြမှာပဲ (မှန်လှပါ ဘုရား)။ ဘုံဘဝလိုချင်တဲ့ကံတွေကို (အားထုတ်ကြ မှာပါပဲ ဘုရား)။

ကိုယ့်ဒုက္ခကိုယ်ရှာ

ဒါဖြင့် ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ကို သူက ဒုက္ခသစ္စာ၊ သူက သမုဒယသစ္စာ ဖြစ်နေလေတော့ ခင်ဗျားတို့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာသာ လုပ်လေ့ ကိုင်လေ့ရှိနေတော့ ဘယ်မှာ သာလျှင် တဲ့။ ဒကာ၊ ဒကာမတို့ ၁ နံပါတ် ဆိုတဲ့ အဝိဇ္ဇာသင်္ခါရ ပြန်မလှည့် ဘဲ ခံနိုင်ကြပါမလား (မခံနိုင်ပါ ဘုရား)။ မခံနိုင်တော့ ဦးညွန့်ကြီး တို့ ဒုက္ခရောက်ဖို့ရာ ကိုယ့်ဒုက္ခကိုယ်ရှာတယ် (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကိုယ့်ဒုက္ခကိုယ်ရှာတယ်) ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အလုပ်ဟာ ခင်ဗျားတို့က ဘယ့်နှယ်ကြောင့် ရှာကြပါလိမ့်မလဲလို့ ဆရာသမားက မေးလို့ရှိရင်ဖြင့် သစ္စာမသိလို့ပါ လို့ ဖြေရုံပဲ (မှန်ပါ့ ဘုရား)။

ဇာတိ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ စက်ဝိုင်း က ပြထားတယ်။ ဇာတိက ဒုက္ခသစ္စာလို့ ပြတယ်။

ဘယ့်နှယ်ကြောင့် ဒီ ဒကာ၊ ဒကာမတွေက ဒါနကံ သီလကံတွေပြုပြီးသကာလ လူဇာတိ၊ နတ်ဇာတိ လိုချင်ပါလိမ့်မလဲလို့ ဆိုတော့ ဟောဒီ ဒုက္ခသစ္စာ။

ဇာတိက ဒုက္ခသစ္စာပါပဲဆိုတာ ဒကာ ဒကာမတွေက မသိ တော့ ဒါနကံ သီလကံတွေ ပြုပြီးသကာလ ဒုက္ခဆုတောင်းယူတာ၊ ဒုက္ခအားထုတ်ယူတာ (မှန်ပါ့ ဘုရား)။ သဘောပါကြလား (ပါ,ပါတယ် ဘုရား)။

ဒုက္ခဆိုတာ နဂိုကတည်းက ရှိပြီးသား

ဦးညွန့် ဘာအားထုတ်ယူတယ် (ဒုက္ခအားထုတ်ယူ တာပါ ဘုရား)။ ဒုက္ခဆိုတာ အားထုတ် ယူရမှာလား၊ ရှိပြီးသားလားလို့ မေးရမယ် (ရှိပြီးသားပါ ဘုရား)။

ရှိပြီးသားက ဒီမှာ ၂ နံပါတ်ကို ကြည့်ပါ (မှန်ပါ့ ဘုရား)။ ၂ နံပါတ် ကြည့်လိုက်တဲ့အခါ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဆိုတာ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။ သခင်ဝတင် ဒါဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာနော် (မှန်ပါ့)။

အဲဒီတော့ ကိုယ့်ဒုက္ခသစ္စာရှိလျက်နဲ့ ဒုက္ခဖြစ်ကြောင်းကို ကြိုးစား၊ တဏှာ၊ ဥပါဒါန်၊ ကံတွေ ကြိုးစားတော့ကို ဒကာ၊ ဒကာမ တွေ နောက်ဇာတိပြန်မရဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ်ဟာ တဏှာ၊ ဥပါဒါန်ကံ တွေ ကြိုးစားပါလိမ့်မလဲလို့ အမေးထုတ်တဲ့အခါကျတော့မှ ဒီဟာကို “လာလတ္တံ့ ကို” ဒုက္ခသစ္စာ မသိလို့ (မှန်ပါ့)။ သဘောကျပ လား (ကျပါပြီ ဘုရား)။ လာလတ္တံ့ကို (ဒုက္ခသစ္စာမသိလို့ပါ)။

ဒုက္ခသစ္စာလို့ မသိတော့ကို သူကတော့ဖြင့် လူ့ချမ်းသာ နတ်ချမ်းသာ ထင်တာပဲတဲ့။

သစ္စဉာဏ် မရသရွေ့ ဒုက္ခသစ္စာပဲပြန်ရမယ်

သစ္စဉာဏ်ကို မရတော့ ဒုက္ခသစ္စာပဲ ပြန်ရတယ် (မှန်ပါ့ ဘုရား)။ မျက်စိလည်ချက် ပြင်းထန် လိုက်တာဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မျက်စိလည်ချက် ပြင်းထန်လိုက်တာဆိုလို့ရှိရင် ဆရာသမား ပြောတာကို ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ကြ။ ခင်ဗျားတို့ မျက်စိလည်တာဟာ ဘယ်လောက်များ ကြာပြီတုန်းလို့မေးတဲ့အခါ ကျတော့ ၁- ကစ လည်လိုက်တာ ၁-ပြန်ရောက်လာတယ် (မှန်ပါ့)။

ဒုက္ခသစ္စာထဲ ရောက်လာတယ် (မှန်ပါ့)။ ဒုက္ခသစ္စာထဲ ကမှတစ်ခါ ဝေဒနာပစ္စယာ တဏှာ၊ စိတ္တပစ္စယာတဏှာ ဆိုပြီးသကာလ တဏှာဥပါဒါန်ကံတွေ ကြိုးစားလိုက်ပြန်တော့ အနာဂတ်ဘဝ ဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏပြန်ရတယ် (မှန်လှပါ)။ မရဘူးလား (ရပါတယ် ဘုရား)။

အဲဒီ ဇာတိ ဇရာ မရဏဆိုတဲ့ပုဂ္ဂိုလ်ဟာ သေခါနီးကျတော့ သောကပရိဒေဝ မလာဘူးလား (လာပါတယ် ဘုရား)၊ လာလို့ရှိ ရင် အဝိဇ္ဇာပါပြန်တယ်တဲ့ (မှန်ပါ့)၊ အဝိဇ္ဇာပါပြန်တော့ ဒီအဝိဇ္ဇာကိုတော့ ဘုရားက သံယုတ်ပါဠိတော်မှာ အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယော ဒီလှည့်တယ်ကွတဲ့ (မှန်ပါ့) ၄ ကနေ ပြန် ကူးတယ်။ ဒကာ၊ ဒကာမတွေ (တင်ပါ့)။ ၄ ကနေ ဘယ်ပြန်ကူးတယ် (၁ ပြန်ကူးပါတယ် ဘုရား)။

အဝိုင်းပြီး ပြေးနေတယ်

၁- ပြန်ကူးတော့ ခင်ဗျားတို့ နဂိုက ၁- ကစခဲ့တယ် (မှန်ပါ့)။ ၁- က ၂- ကူးခဲ့တယ်။ ၂- က ၃- ကူးခဲ့တယ်။ ၃- က ၄-၊ ၄- ကနေ ၁- ပြန်ကူးတော့ ခင်ဗျားတို့မှာ အဝိုင်းပြေး ပြေးနေတယ် (မှန်လှပါ)။ ဒကာ၊ ဒကာမတွေ ဘာပြေး ပြေးနေသလဲ (အဝိုင်းပြေး ပြေးနေပါတယ် ဘုရား)။

အဝိုင်းပြေး ပြေးနေတာ မသိတော့ ဒကာ၊ ဒကာမတွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကောင်းကင်ပေါ်ကနေ လေယာဉ် ပျံနဲ့ ချိန်သလို ပုထုဇဉ် သတ္တဝါတွေဟာ အဝိုင်းပြေး ပြေးနေပါကလား ဆိုတာကို သေသေချာချာ သိတော့ကို ဖြတ်လမ်းကို ငါပြမှပဲဆိုပြီး ဘုရားအဖြစ် ယူတာက ဖြတ်လမ်းပြချင်လို့ ဘုရားအဖြစ်ယူတာ။ (မှန်ပါ့)။

ရှင်းပလား (ရှင်းပါပြီ) ဘုရားဟာ ဘာဖြစ်လို့ ဘုရား ဖြစ်ချင်ပါလိမ့်မတုန်းလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် သတ္တဝါတွေ သနားလို့။

စရိယသုံးပါးနှင့် ဖြတ်လမ်းပြချင်လို့

“ဗုဒ္ဓတ္ထစရိယံ ဉာတတ္ထစရိယံ လောကတ္ထစရိယံ”ဆိုတဲ့ စရိယသုံးပါး ပြုကျင့်ကာ ကိုယ်တော် မြတ်ကြီးသည် ဘုရားအဖြစ်ကို ယူတယ်။

ဗုဒ္ဓတ္ထစရိယံ ဆိုတာလည်း သူ့ပဋိစ္စသမုပ္ပာဒ် သူဖြတ်ချင်တဲ့ အလုပ်ဟာ ဗုဒ္ဓတ္ထစရိယံလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ သူ့ပဋိစ္စ သမုပ္ပာဒ် သူဖြတ်ချင်တာ ဘာခေါ်ကြမလဲ (ဗုဒ္ဓတ္ထစရိယံပါ)။

သူ့ဆွေမျိုးတွေ ကယ်တင်မှုကို အရေးတကြီးလုပ်တာသည် ဉာတတ္ထစရိယံ (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ကျုပ်တို့ ခင်ဗျားတို့ လောကအတွက် ဘုရားအဖြစ် ယူလာ တာလည်း ပဋိစ္စသမုပ္ပာဒ် ဖြတ်တဲ့နည်းကို သူပြချင်လို့ ” လောကတ္ထ စရိယံ”ဆိုပြီး စရိယသုံးပါးနဲ့ ရည်ရွယ်ချက်နဲ့ လာတယ် (မှန်လှပါ ဘုရား)။

သူ့အတွက် ကိုယ့်အတွက်

ခင်ဗျားတို့ ယောင်ချာချာ လုပ်မနေပါနဲ့ ဆိုတာ သတိပေး လိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ စရိယသုံးပါးဆိုတာ သူ့ အတွက် လည်း ပဋိစ္စသမုပ္ပာဒ် ဖြတ်ချင်တဲ့ဉာဏ်ရဖို့ (မှန်ပါ့)၊ သူ့ဆွေမျိုး ဉာတကာတွေကော (ဖြတ်ချင်တဲ့ဉာဏ်ရဖို့) ဖြတ်ချင်တဲ့ဉာဏ်ရဖို့ (မှန်ပါ့)၊ သတ္တဝါ ဝေနေယျတွေကော (ဖြတ်ချင်တဲ့ ဉာဏ်ရဖို့)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့က သူကဖြတ်ချင်တဲ့ ဉာဏ်ရဖို့ကို အလွန်ကြိုးစားနေတဲ့ ကိုယ်တော် မြတ်ကြီး ဖြစ်နေတော့ ကျုပ်တို့က ဖြတ်လမ်း မကြိုးစားတော့ဘူးဆိုလို့ရှိရင် ဘုရားရှိမခိုးနဲ့၊ ခင်ဗျားတို့ အလကားပဲ (မှန်ပါ့ ဘုရား)။

သူ့ဝါဒမလိုက်ရင် ကန့်လန့်တိုက်တာဘဲ

သူ့ဝါဒမလိုက်လို့ (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား (တင်ပါ့)။ သူ့ဝါဒ မလိုက် တာလောက် သူ့ကို ကန့်လန့် လုပ်တာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါကြောင့် အားလုံး ဒကာ၊ ဒကာမတွေ သတိထားပြီး နားထောင်ပါ။ ခင်ဗျားတို့ လွယ်ကူတဲ့ တရားလည်း မဟုတ်တော့ ဒကာ၊ ဒကာမတွေ အတော်ခဲယဉ်းတယ်ဆိုတာတော့ ရိပ်မိပလား (ရိပ်မိပါတယ်) ရိပ်မိပါပြီ။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒီခန္ဓာကြီးဟာ ယခု ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟာ ဘာသစွာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ယခု ရ,ထားတာမှဟုတ်ရဲ့ လားဆိုတော့ ပစ္စုပ္ပန် (မှန်ပါ့ ဘုရား)။ ယခု ရ,ထားတော့၊ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ခန္ဓာကပြောမှာ

ဒီဒုက္ခသစ္စာထဲမှာ နေရတာကို မသိတာက အဝိဇ္ဇာ၊ မသိတာက (အဝိဇ္ဇာပါ ဘုရား)။ မသိတာကို သိအောင် ဘယ်လို ပြောရမလဲလို့ ဆိုတော့ ပြောရုံနဲ့တော့ အပိုပဲတဲ့။ ခန္ဓာဉာဏ်စိုက်မှသာ လျှင် ခန္ဓာက ပြောပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာဉာဏ်စိုက်တဲ့နည်း သင်ပေးမယ်

ခန္ဓာဉာဏ်စိုက် နည်းတော့ ဘုန်းကြီးက သင်ရမှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။ အဲဒီတော့ ခန္ဓာဉာဏ် မစိုက်လို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့သွားပြီ (မှန်ပါ့)။

ဒုက္ခသစ္စာက ဘယ်မှာရှိသတုန်း (ခန္ဓာမှာ)။ ခန္ဓာမှာ ရှိတယ် (မှန်ပါ့)။ ဒါ ဒကာ၊ ဒကာမတို့ ခန္ဓာဉာဏ် မစိုက်တော့ ဘူးဆိုလို့ရှိရင် သစွာနဲ့ ကိုယ်၊ ဉာဏ်နဲ့တွေ့ပါဦးမလား (မတွေ့ ပါ ဘုရား)။

သစ္စာနဲ့ ဉာဏ်နဲ့မတွေ့လို့ ရှိရင်ဖြင့် မိဘရိုးရာ တဏှာနဲ့ပဲ အချိန်ကုန်ကြမှာပဲ (မှန်ပါ့)။ တဏှာနဲ့ အချိန်ကုန်လို့ရှိရင် တဏှာ ဟာ သူ့အဖော်နဲ့လာတယ်ဆိုတာ သိပါ။ တဏှာဟာ ဥပါဒါန် ကံနဲ့ တွဲလာတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ဒါဖြင့် သူ့ကို ဉာဏ်မစိုက်ပါဘူးလို့ဆိုလို့ရှိရင် သမုဒယသစ္စာကို ခင်ဗျားတို့က အားပေးနေတယ် (မှန်ပါ့)။ မပေးကြဘူးလား (ပေးပါတယ် ဘုရား)။

သမုဒယသစ္စာအားပေးတော့ ဘာသစ္စာပြန်ရမလဲ (ဒုက္ခ သစ္စာပြန်ရပါတယ်)။

ဟာ ဒါဖြင့် ခင်ဗျားတို့သည် ဒကာ၊ ဒကာမတို့အတိတ် ဘဝက ဘာသစ္စာနဲ့ လာခဲ့ကြသတုန်းလို့ (သမုဒယသစွာနဲ့ လာခဲ့ပါတယ် ဘုရား)။

ယခု ဘာနဲ့နေသတုန်း (ဒုက္ခသစွာနဲ့ နေပါတယ် ဘုရား)။ ရောင်းရေး၊ ဝယ်ရေး၊ သားရေး သမီးရေးနဲ့ ယခုအချိန် ကုန်ကြပြန်တော့ ဘာသစ္စာကြိုးစားသတုန်း (သမုဒယသစ္စာ ကြိုးစားပါတယ်)။

ဒါဖြင့် သေသည်၏ အခြားမဲ့၌ ငါသုဂတိရောက်မလား၊ နိဗ္ဗာန်ရောက်မလားလို့ဆိုတော့ သုဂတိနိဗ္ဗာန်တော့ ဘုန်းကြီးမပြော တတ်ဘူး။ သစ္စာသာကြည့်တော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာကြိုးစားရင် နောက်ဆက်တွဲအကျိုး ဆက်တွေလာမယ်။

ဒါဖြင့် ဒီဒုက္ခသစွာ ကြိုးစားပြန်တော့ သေခါနီး ဇာတိ၊ ဇရာ၊ မရဏလာတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ လာပြန်တော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာတဲ့၊ အာသဝသမု ဒယာ အဝိဇ္ဇာ သမုဒယော ဆိုပြီး ဒီလာပြန်တယ် (မှန်ပါ့)။

ဒီက အာသဝ၊ ဒီက အဝိဇ္ဇာ၊ လှည့်မသွားသေးဘူး လား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ၊ ဒကာမတွေဟာ အဝိုင်းပြေး ပြေး နေသလား။ ထွက်ပေါက်ရှာ နေသလားလို့ မေးရင် ဘယ့်နှယ်ဖြေမယ် (အဝိုင်းပြေး ပြေးနေပါတယ် ဘုရား)။ ဒါ ဘုရားက သေသေ ချာချာမြင်လို့ ဒီအဓိပ္ပာယ် ဟောပါတယ်။

ခန္ဓာဖြစ်စဉ်

ဒါ သူများဟောနေတဲ့ တရားလား၊ ဒကာ၊ ဒကာမတွေက အကဲခတ်၊ ကိုယ့်ခန္ဓာဖြစ်စဉ်လား (ကိုယ့်ခန္ဓာဖြစ်စဉ်ပါ ဘုရား)။ ကိုယ့်ခန္ဓာဖြစ်စဉ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် အခုလို ဆရာကောင်း သမားကောင်းနဲ့ အင်မတန်ပဲ ကြုံကြိုက်ခဲ့တယ်။ ခင်ဗျားတို့ကို ပြောဆိုချင်တဲ့ဆန္ဒ အသင့်အတင့် လည်း ရှိပါတယ်။

အဲဒီကိစ္စနဲ့ အခုဆရာသမားက ကြွလာတော့ ဒီဒကာ၊ ဒကာမတွေလည်း အရင်းအချာ တွေချည်း ဆိုတော့ လာနေကျသွားနေ ကျတွေဖြစ်နေတော့ ဒီအခါ ဖြတ်လမ်း မယူတော့ပါဘူးဆိုရင် ဘယ် အချိန်ယူချိန်ရှိသတုန်း (မရှိပါဘူး ဘုရား)။

မရှိလို့ ရှိရင် အဝိုင်းပြေးနဲ့ပဲ နေရစ်ခဲ့ကြပေတော့၊ (မှန်ပါ့)။ ဦးညွန့် မဆိုးဘူးလား (ဆိုးပါတယ်)။ ဟေ့ ဦးသန်းမောင်ကြီး မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ဆိုးဆိုးနဲ့ပဲ သေတော့မလား (မသေချင်သေးပါ ဘုရား)။

နိဗ္ဗာန်သိမှ တရားအားထုတ်၊ ဒါမှပေါက်ရောက်မယ်

အဲဒီတော့ ဒကာ၊ ဒကာမတွေ မှတ်ရမှာက နိဗ္ဗာန်ဆိုတဲ့ ဥစ္စာကို မသိလို့ရှိရင် နိဗ္ဗာန်ကို မသိလို့ရှိရင်လည်း တရားအားထုတ် တဲ့အခါကျလို့ရှိရင် မပေါက်ရောက်ဘူးဆိုတာကလေး မှတ်ထားစမ်း ပါ။

နိဗ္ဗာန်ကိုလည်း သိထားရမယ်။ နိဗ္ဗာန်ဆိုတာ ဘာတုန်း ဆိုလို့ရှိရင် “ နိဗ္ဗာန”သဒ္ဒါက ငြိမ်းအေးခြင်း အနက်ကို ဟောပါ တယ် (မှန်ပါ့)။

ဘာတွေ ငြိမ်းအေးပါသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းအေးတယ်လို့ မှတ်ပါ (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ဘယ့်နှယ်မှတ်ပါ့မလဲ။ ဒုက္ခခပ်သိမ်းငြိမ်း အေးတယ်လို့၊ ဒုက္ခခပ်သိမ်း ငြိမ်းအေးတယ်လို့ ဒကာ၊ ဒကာမတွေ မှတ်လိုက်စမ်းပါ။

ဒုက္ခခပ်သိမ်း ငြိမ်းအေးတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခမသိဘဲနဲ့ ငြိမ်းအေးချင်တဲ့ဘက်ကို ဉာဏ်လှည့်ပါ့မလားလို့ မေးရင် ဘယ့်နှယ်ပြောမယ် (မလှည့်ပါ ဘုရား)။ မလှည့်နိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဒုက္ခကို အရေး တကြီးဟောမှ နိရောဓဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ် (မှန်ပါ့)။

ဒုက္ခကို မဟောလို့ ရှိရင်နိရောဓကို မျက်မှောက်ပြုဖို့ ဘယ့်နှယ်နေသတုန်း (မပြုနိုင်ပါ ဘုရား)။ မပြုနိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ပြတာ ကိုယ့်အဖြစ်ဆိုး ကိုယ်သိအောင်လို့

ကိုင်း ဒါဖြင့် အခုလှည့်ပတ်ပြီး သကာလ ပဋိစ္စသမုပ္ပာဒ် ကြီးကို စက်ရဟတ် ပုံသဏ္ဌာန်ကြီးနဲ့ ဆရာဘုန်းကြီးက ခင်ဗျားတို့ကို ပြနေတာသည် ဪ ဒီဥစ္စာက ကြည်ညိုဖို့ပြတာလား၊ ငါတို့ အဖြစ်ဆိုး သိအောင်လို့ ပြတာလား (အဖြစ်ဆိုးသိအောင်လို့ ပြတာပါ ဘုရား)။ အဖြစ်ဆိုးသိအောင် ပြတယ်။ ဒါကြောင့်ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သတိပေးလိုက်ပါတယ်။

ဘုန်းကြီးတို့ ဒီက ဒကာကြီး ဦးမာဒင်က လှူဒါန်းတာတွေ၊ ဒီပဋိစ္စသမုပ္ပာဒ် စက်ရဟတ်တွေက ဒါတွေဟာ အိမ်မှာ မှန်ပေါင်သွင်း ဖို့ မဟုတ်ပါဘူး။ အိမ်မှာမှန်ပေါင်သွင်းဖို့ ချိတ်ထားဖို့ ကျက်သရေ မင်္ဂလာရှိဖို့ မဟုတ်ပါဘူး။ နဂိုကမှ ကျက်သရေ မင်္ဂလာ မရှိဘဲ၊ သမုဒယနဲ့ ဒုက္ခချည်းပဲ၊ ဘယ်က ကျက်သရေပါတုံး၊ ခင်ဗျား တို့ ပါကြရဲ့ လား (မပါ,ပါ ဘုရား)။

ကိုးကွယ်တာ မမှားစေနဲ့

အဲဒါတွေ ဒကာ၊ ဒကာမတွေ မသိတော့၊ တို့ ဆရာဘုန်း ကြီးက ဒီလိုစီစဉ်လိုက်တယ်။ ဒါတော့ တို့ကိုးကွယ်မှပဲ ဆိုတော့ ဒုက္ခနဲ့ သမုဒယကိုးကွယ်တာ (မှန်ပါ့ ဘုရား)။ ရိပ်မိပလား (မှန်ပါ့)။ ဘာကိုးကွယ်တာလဲ (ဒုက္ခနဲ့ သမုဒယကိုးကွယ်တာ)။

ကိုးကွယ်ရမှာက မဂ္ဂနဲ့ နိရောဓကိုးကွယ်ရမှာ (မှန်ပါ့ ဘုရား)။ မဂ္ဂကို ပွားများပြီး နိရောဓကို လက်အုပ်ချီရမှာ (မှန်ပါ့)။

အခုတော့ ဒကာ၊ ဒကာမတွေက ဘာမဆို မှန်ပေါင်သွင်းပြီး အိမ်ချိတ်၊ ချိတ်ပြီးထားလိုက်တဲ့ အခါကျတော့ ကိုးကွယ်ရမည့်တရား လား၊ ဒီဥစွာ သူ့ကိုကြည့်ပြီး သံဝေဂယူရမည့် တရားလားဆိုတာ မဝေဖန်ကြဘူး (မှန်ပါ့ ဘုရား)။ မဝေဖန်တော့ ခက်ကုန်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ကိုးကွယ်ရမှာလား၊ သံဝေဂယူနေရလား (သံဝေဂယူနေရမှာပါ ဘုရား)။ သံဝေဂ ယူနေရမှာကို ခင်ဗျားတို့ ဦးချ လို့ရှိရင် လွဲပါလိမ့်မယ်။

ဦးချလို့ရှိရင်ဖြင့် ဒီစက်ဝိုင်းသာ ဦးချနေကြမယ်ဆိုလို့ရှိ ရင်ဖြင့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာကို ဦးချတာ (မှန်ပါ့ ဘုရား)။ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)။ ဦးချချင်လို့ ရှိရင် ချနည်းကလေး ကိုတော့ နည်းနည်း ပြောလိုက်ပါတယ် (တင်ပါ့)။

ဪ ကိုယ်တော်မြတ်ကြီးဟောလို့ သိရပေတယ်လို့ သူ့ကျော်ပြီး ဟိုဘက်က ကိုယ်တော် မြတ်ကြီးရောက်အောင် သွားလိုက် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

သူ့ကျော်လွန်ပြီးသကာလ ဘယ်သွားရမတုန်း (ကိုယ်တော်မြတ်ကြီးထိအောင် သွားရပါ့မယ်)။

ကျေးဇူးရှင်တော့ရှိခိုးပါ

အင်း သူပြောလို့ သိရပေတယ်။ သဘောကျပ လား (ကျပါပြီ)။ သူပြောလို့ သိရပေတယ် ဆိုတော့ သူက ရှေးဦးစွာ သိတဲ့ ပုဂ္ဂိုလ်မို့ ကျေးဇူးရှင်တော့ ရှိခိုးတာပေါ့ (မှန်ပါ့)။ ဒါကို ရှိခိုးနေဖို့တော့ မလိုဘူး။ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ရှိခိုးနည်းကို ခင်ဗျားတို့ မနည်းသင်ရသေးတယ် (မှန်ပါ့ ဘုရား)။ လွယ်တာမဟုတ်ဘူး လွယ်တာ မဟုတ်ဘူး (တင်ပါ့)။

လူဟာလူ့သံယောဇဉ်မစွန့်ဘဲ နိဗ္ဗာန်မရနိုင်

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ မနေ့ညက စကား ကလေးက မကုန်ဘဲဖြစ်နေတော့ အားလုံး နားထောင်ပါ။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား (မရနိုင်ပါ) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား (မရပါ) မရဘူး။

နို့ ခင်ဗျားတို့က အခု ဘာတွေနဲ့ ပျော်ပိုက်နေကြသလဲ။ မွေ့လျော်နေကြသလဲလို့ အမေး ထုတ်လို့ ရှိရင်ဖြင့် သံယောဇဉ် မရှိရင် နေမဖြစ်ဘူး (မှန်ပါ့ ဘုရား)။

ငယ်ပေါင်းတဏှာကို အဖော်လုပ်နေရင် နိဗ္ဗာန် မရ

ခင်ဗျားတို့ အဖော်က သုတ္တနိပါတ် ဣတိဝုတ် စသည်မှာ လာပါတယ်။ တဏှာဒုတိယော ပုရိသော၊ တဏှာအဖော်လုပ်နေတာ။ ဘာအဖော်လုပ်နေတာလဲ (တဏှာအဖော်လုပ်နေတာ)။

မရပါဘူး။ နိဗ္ဗာန်တော့ ဝေးပါသေးတယ် (မှန်ပါ့ ဘုရား)။ မရနိုင်ဘူး။ တဏှာအဖော် လုပ်နေတာကိုး။

သဒ္ဓါနဲ့ပညာကို အဖော်လုပ်ပါ

မြတ်စွာဘုရားရှင်က အဖော်လုပ်စေချင်တာက “သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ ပညာ စေတံ ပသာသတိ” ဆိုပြီး သဒ္ဓါနဲ့ ပညာအဖော်လုပ်ပါကွာ။ ခင်ဗျားတို့ကလည်း တဏှာအဖော်လုပ် တယ် (မှန်ပါ့)။ ဘုရားက ဘာတုန်း (သဒ္ဓါနဲ့ ပညာကို) သဒ္ဓါနဲ့ ပညာအဖော်လုပ်ပါလို့ သုတ္တနိပါတ် ဣတိဝုတ် စသည်မှာဟောတယ် ဦးညွန့်ကြီးရဲ့ (မှန်ပါ့ ဘုရား)။

ဦးမြကြီး ဘာနဲ့ အဖော်လုပ်နေသတုန်း (တဏှာနဲ့ အဖော်လုပ်နေပါတယ်)။ တဏှာနဲ့ အဖော်လုပ်နေတော့ နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။

တဏှာက ငယ်ပေါင်း

မရနိုင်တော့ဘူးဆိုတော့ ဒကာ၊ ဒကာမတို့ ကိုယ့်အဖော်နဲ့ ကိုယ်ခွဲဖို့ရာလည်း ငယ်ပေါင်းမို့ ခင်ဗျားတို့က အတော်ခက်နေတယ် (မှန်ပါ့ ဘုရား)။ အတော်ခက်နေတယ် (ခက်ပါတယ်)။ ဘာဖြစ်လို့ ခက်နေသတုန်း (ငယ်ပေါင်းဖို့ ခက်ပါတယ်)၊ ငယ်ပေါင်းဖို့ ခက်တယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အလုပ်ကလေးကို လုပ်လို့ရှိရင်ဖြင့် ငယ်ပေါင်းဟာလည်း ယာယီပြတ်၊ ပြတ်သွားမယ်။ ယာယီပြတ်ကနေပြီး သကာလ ဒကာ ဒကာမတို့ နောက်ကျတော့ သမုစ္ဆေဒဆိုတဲ့ အကြွင်းမဲ့ ဖြတ်တာလည်း ရမယ် (မှန်ပါ့)။

အလုပ်လုပ်မှ တဏှာပြတ်မယ်

ဒါဖြင့် အလုပ်လုပ်မှ ပြတ်မယ်ဆိုတာ တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချတုန်း (အလုပ်လုပ်မှ ပြတ်မယ်) ဆုတောင်းနဲ့ကော (မပြတ်ပါ ဘုရား)။

ထမင်းစားတာ ခြိုးခြံရုံနဲ့ (မရပါ ဘုရား)။ သက်သတ်လွတ် စားရုံနဲ့ (မရပါ ဘုရား)။

မရပါဘူး။ ဒါတွေ အပိုတွေပါ (မှန်ပါ့)။ ဒါတွေအပိုတွေ ပါ။ ဒါတွေက ဖြစ်ကို မဖြစ်ပါဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခန္ဓာငါးပါးကို ဉာဏ်နဲ့ရှုပါ

ဒီခန္ဓာငါးပါးကို ဥပမာ ဘုန်းကြီးက သဠာယတနကို ဟောနေတယ်၊ မနာယတန စိတ္တာနုပဿနာကို ရှုပါလို့ဆိုတော့ ဒီနေရာမှာ စိတ်ကလေး၏ ဖြစ်ပျက်မှုလာတိုင်း၊ လာတိုင်း ဉာဏ်ကလေးက ရှုပေးပါ (မှန်ပါ့) စိတ်လာတိုင်း လာတိုင်း ခင်ဗျားတို့က ဉာဏ်နဲ့ရှုပေးပါ။

ဉာဏ်နဲ့ရှုတဲ့အခါကျတော့ စိတ်သေတာ မမြင်ဘူးလား (မြင်ပါတယ်ဘရား)။ စိတ်သေတာလား၊ ဒကာ၊ ဒကာမတွေ၏ ခန္ဓာ၊ ဝိညာဏက္ခန္ဓာ သေတာလား (ဝိညာဏက္ခန္ဓာသေတာပါ ဘုရား)။

ဒါဖြင့် ကိုယ်သေတာပေါ့ဗျ (မှန်ပါ့ ဘုရား)။ ဒကာ၊ ဒကာမတွေ ဘာတုန်း (ကိုယ်သေတာပါ ဘုရား)။ ကိုယ်သေတာ ကို ကိုယ့်ဉာဏ်နဲ့ ကိုယ်မြင်အောင်ကြည့်ပါ (မှန်ပါ့ ဘုရား)။ ကိုယ်ဒုက္ခ ရောက်တာကို (ကိုယ့်ဉာဏ်နဲ့ မြင်အောင်ရှုရမယ်)။ ကိုယ်သေတာကို (ကိုယ့်ဉာဏ်နဲ့ မြင်အောင် ကြည့်ရမယ်)။

ကိုယ်အသေကိုမြင်တဲ့တရားဟာ ဝိပဿနာ တရား

ဒါဖြင့် ကိုယ့်အသေကိုယ်မြင်တဲ့တရားဟာ ဝိပဿနာ တရား (မှန်ပါ့ ဘုရား)။ ဝိပဿနာတရား ဆိုတာ ရှုရမည့်တရားလား၊ ကိုယ့်အသေကိုယ် ကြည့်တဲ့တရားလား (ကိုယ့်အသေ ကိုယ်သေ ကြည့်တဲ့တရားပါ ဘုရား) တော်တော် အရေးကြီးပါတယ်။

ဒါ ဝိပဿနာပင်ရင်းကို ပြောနေတာ (မှန်ပါ့ ဘုရား)။ ဝိပဿနာပင်ရင်းကို ပြောနေတယ်ဆိုတာ ဒကာ၊ ဒကာမတွေ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ကျုပ်တော့ ကုသိုလ်ရအောင် ဝိပဿနာရှုရ ဦးမယ်ဆိုရင် ရှုကိုမရှုနဲ့ (မှန်ပါ့)။ ကုသိုလ် ရချင်လို့ရှိရင် ရေအိုးစင် တည်လို့ ပြောထားတယ် (မှန်ပါ့)။

ကိုယ့်အသေ ကိုယ်မြင်မှသာလျှင် ဒီအသေကြီးကို နောက် ထပ်မလိုချင်တဲ့ဉာဏ်လာမယ် (မှန်ပါ့ ဘုရား)။ ကိုယ့်အသေမှ ကိုယ်မမြင်သေးရင် (မလာပါ ဘုရား)။

အသက်ဟာ စိတ်ကလေး တစ်ခုပဲရှိတာ

ဒါကြောင့် ဘုရားက ဧကစိတ္တာသမာယုတ္တာ၊ မင်းတို့ အသက်ဟာကွ စိတ်ကလေးတစ်ခုပဲ ရှိပါတယ်တဲ့။ ပထမစိတ် ဖြစ်ပေါ်နေတုန်း နောက်စိတ်မလာရင် ဘယ့်နှယ်ဆိုကြမလဲ (သေမှာပါ ဘုရား)။ သေပြီဆိုတာ ဆုံးဖြတ်ချက် မချရပေဘူးလား (ချရပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ အသက်တမ်းဟာ အင်မတန်ချွန်လှစွာသော အပ်ကလေးပေါ်မှာ မုန်ညင်းစေ့ ဖြစ်စေ၊ နှမ်းစေ့ဖြစ်စေ တင်လိုက်တာပေါ့။ နည်းနည်း အလှုပ်အရှားခံပါ့မလား (မခံပါ ဘုရား) မခံပြုတ်ကျတာပေါ့။

နောက်တစ်ခါ ဒီအပေါ်မှာ ဒီအစေ့မျိုး မရောက်ရင် သေပြီ။ သုသာန်သာပို့တော့ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ သက်တမ်း ရှည်သလား၊ တိုသလား (တိုပါတယ် ဘုရား)။ ဘယ်လောက် အသက် ရှည်သတုန်းလို့ မေးလို့ ရှိရင် ဘယ်သူပြောတာမှ မယုံနဲ့၊ ခင်ဗျားတို့ လက်ဖျစ်တစ်တွက် မရှည်ဘူး။ သက်တမ်းက (မှန်ပါ့ ဘုရား)။

ဒီအထဲမှာ ခင်ဗျားတို့က ကတ်ကတ်သတ်သတ် သြဇာသီး ဝါစရာမရှိလို့ ဘုတွေ၊ ဒစ်တွေ ကြားထဲက ဝါသလိုဖြစ်ပြီး ခင်ဗျား တို့က ပျော်နေတာကိုး (မှန်လှပါ)။ မဆိုးကြပါဘူး (ဆိုးပါ တယ် ဘုရား)။

သက်တမ်းကိုတဏှာနဲ့နှုတ်တော့ ဘာကျန်သေးသလဲ

ကိုင်း ဒါဖြင့် ဒီဒကာ၊ ဒကာမတွေကို ဘုန်းကြီးများသည် အရင်းတွေလည်းဖြစ်နေတော့ ခင်ဗျားတို့ သက်တမ်းတိုတဲ့ အထဲမှာ ဖြင့် ခင်ဗျားတို့က တဏှာအရေးနဲ့တော့ မနုတ်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

အသက်တမ်းက တိုရတဲ့အထဲ တဏှာကိစ္စတွေနဲ့ နုတ်လိုက် မယ်ဆိုရင် ကျန်စရာမြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

ဒါဖြင့်နေ့တိုင်း ဘာလုပ်နေကြသတုန်း။ အသက်တမ်းကို တဏှာနဲ့ နုတ်နေကြသလားလို့ မေးရင် ဘယ့်နှယ်ဖြေမယ် (နုတ်နေပါတယ် ဘုရား)။

ဘုရားရှင်က လူ့ဘဝရခဲတယ်လို့ ဟောတော်မူသေးတယ်။ ခင်ဗျားတို့ကလည်း ရတဲ့အထဲက အကုန်နုတ်ပစ်တော့ ဘာကျန်သေး လဲ (ဘာမှမကျန်ပါ)။ ဉာဏ်စခန်းကျန်သေးရဲ့လား (မကျန်ပါ ဘုရား)။

ဒီလောက်ဆိုးရွားနေတယ် ဆိုတာလည်းပေါ်ပြီ (မှန်ပါ့)။ ဦးမာဒင်တို့ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။ ခင်ဗျားတို့မို့ နုတ်ရဲပါပေတယ်ဗျာ။

လူ့ဘဝရခဲတယ်

သမုဒ္ဒရာ ပင်လယ်ထဲ ထွန်တုံးကြီး တစ်ပေါက်တည်းထွင်းပြီး သကာလ လွှတ်လိုက်၊ ထွန်တံနဲ့ လွှတ်လိုက်၊ ကြုံမိစရာကော ရှိပါရဲ့လား (မရှိနိုင်ပါ ဘုရား)။ လိပ်ကန်ကြီးကလည်း ဒီအထဲမှာ အနှစ်တစ်ရာမှ တစ်ခါ ပေါ်တာကြီးကလည်း ဒီထွန်တုံးပေါက်ထဲမှာ လည်ပင်းလျှိုပြီး အမောဖြေ နိုင်ပါ့မလား (မဖြေနိုင်ပါ ဘုရား)။

အဲဒါဖြစ်စရာအကြောင်းမြင်သေးတယ်ကွ၊ မင်းတို့ လူ့ဘဝ – ရဖို့ငါမမြင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။ သေသေချာချာ ဟောတယ် သစ္စသံယုတ်မှာ (မှန်ပါ့ ဘုရား)။ မဟောဘူးလား (ဟောပါ တယ် ဘုရား)။

ဒီထဲကနေ ဦးမြကြီးတို့ လမ်းသွားရင်း ဆုံးရှုံးလိုက်တာများ မြင်လိုက်ရဲ့ မဟုတ်လား (မှန်ပါ့၊ မြင်ဖူးပါတယ်) ဦးမြ ခင်ဗျား စောင်းဟောနေတယ်လို့ ပြောမနေနဲ့နော်။

ဆရာ့တာဝန် ဒကာ့တာဝန်

ဒါဖြင့် ခင်ဗျားတို့ အသက်တမ်းသည် အလွန်ဆိုးရွားနေတဲ့ အထဲက အင်မတန် ရခဲတဲ့ပစ္စည်းကို ခင်ဗျားတို့ အလွဲသုံးစားလုပ်နေ တာက ဒီဒကာ၊ ဒကာမတွေ အရင်းတွေပဲလို့ဆိုရင် ဦးမာဒင် မငြင်းနဲ့တော့ (မငြင်းပါ ဘုရား)။ မှန်တယ်လို့ပဲ တာဝန်ခံရမယ် (မှန်ပါ့ ဘုရား)။ သဘောပါကြပလား (ပါ, ပါပြီ)။ ဒါဖြင့် ဒကာ၊ ဒကာမတွေ ဒီအချိန် သစ္စာသိအောင် ပြဖို့ရန်အရေးက ဘုန်းကြီးအရေး (မှန်ပါ့)။

ခင်ဗျားတို့က ကိုယ့်သစ္စာကိုယ်မြင်ဖို့ ကိုယ့်ဒုက္ခရောက်တာ၊ ကိုယ်မြင်ဖို့ အရေးဟာ ခင်ဗျားတို့ အရေး (မှန်ပါ့ ဘုရား)။

ဘုရားသခင် ကြွလာရင်လည်း ဒီလိုပဲ လမ်းညွှန်မှာပဲ (မှန်ပါ့ ဘုရား)။ ခင်ဗျားတို့ နိဗ္ဗာန်ကို ထမ်းခေါ်သွားနိုင်လိမ့်မယ်လို့ မယူပါနဲ့ (မှန်ပါ့ ဘုရား)။ သဘောပါလာ(ပါ, ပါတယ်)။

ရာဟုလာသည် သူ့သားအရင်းဖြစ်ပါတယ်။ ရာဟုလော ဝါဒသုတ်ဆိုပြီး သကာလ သူ့ကိုကျင့်ဖို့ သုတ်မပေးရဘူးလား (ပေးပါတယ် ဘုရား)။

အဲဒီသုတ်ကျင့်ပြီးတော့ လိုက်ခဲ့ရတယ်မဟုတ်လား (မှန်ပါ့)။ နိဗ္ဗာန်ထမ်းခေါ်နိုင်ရဲ့ လား (မခေါ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် မင်းတို့ အကြင်လင်မယားတွေ၊ သားတွေ သမီးတွေ ချစ်ပါတယ်၊ ခင်ပါတယ် ဆိုတာ လိုရင်း ဒုက္ခသိမ်းတဲ့ဆီ ကျတော့ ပို့နိုင်ကြရဲ့လား (မပို့နိုင်ပါ ဘုရား)။ ဒါဖြင့်မင်းတို့ဟာ တစ်ယောက် တစ်ယောက် လွမ်းအောင် ပြောနေတာ အပိုတွေပေါ့ကွ (မှန်ပါတယ်ဘုရား၊ မှန်ပါတယ်)။ ရိပ်မိပလား (ရိပ်မိပါတယ်)။ တစ်ယောက် တစ်ယောက်လွမ်းအောင် ပြောနေတာ ဘာပါလိမ့် (အပိုတွေပါ ဘုရား)။

အပိုတွေသွားရည် မကျလိုက်ပါနဲ့

အဲဒီအပိုတွေကို ပင်လျှင် ဒကာ၊ ဒကာမတွေက သွားရည် ကျနေတာခက်တယ် (မှန်ပါ့)။ အတော်ဆိုး နေတာပဲ။ အပိုကို ဘာဖြစ်နေကြသလဲ (သွားရည်ကျနေပါတယ် ဘုရား)။ ဒကာ၊ ဒကာမတွေ ကျဖူးကြသလား (မှန်ပါ)။

မသိတုန်းကတော့ ကျတာပေါ့ဗျာ။ အခုတော့ဖြင့် ကျစရာ မလိုပါဘူး။ လောကွတ်ဟာ လောကွတ်သာ မှတ်ပါ (မှန်ပါ့ ဘုရား)။

တစ်ခါတည်း ဒကာမတွေကို မင်းတို့ ဘာပူစရာရှိသလဲကွ ဆိုတာ အပါယ်စခန်း ပြောတာ မဟုတ်ဘူး။ ထမင်းကျွေးမယ် ပြော တာ (မှန်ပါ့ ဘုရား)။ အပါယ်ကျတာ လွတ်အောင် ပြောနိုင်အောင် ဟုတ်ရဲ့ လား (မဟုတ်ပါဘူး)။ ထမင်းလည်း ဝဝကျွေးမယ်၊ အဝတ်များ များဆင်မယ်၊ ဒါပဲပြောတယ် (မှန်ပါ့)။

ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ရှင်မလုပ်ချင်နေပါ။ ကျွန်မ တို့လည်း ခြေနဲ့လက်နဲ့ပဲ ကျွေးနိုင်ပါတယ်။ မွေးနိုင်ပါတယ် ပြောတာ ခင်ဗျားတို့ကလည်း တော်လိုက်တာ၊ ဘဝများ အရထူး လိုက်တာလို့ များ ထင်ချင်ထင်နေဦးမယ် (မှန်ပါ့)။

စင်စစ်အားဖြင့် သေသေချာချာ စဉ်းစားကြည့်တော့ လောကွတ်တွေ (မှန်ပါ့ ဘုရား)။ ခေါင်းကိုက်တာ တစ်ခုပျောက် အောင် လုပ်နိုင်ရဲ့လား (မလုပ်နိုင်ပါ ဘုရား)။

အိုတာကော (မလုပ်နိုင်ပါ ဘုရား)။ နာတာကော (မလုပ်နိုင်ပါ ဘုရား)။ သေတာကော (မလုပ်နိုင်ပါ ဘုရား)။

ဒါများ ယုံနေတာ အံ့သေး၊ ကျုပ်က (မှန်ပါ့ ဘုရား) အတော်ဆိုးရွားနေတယ် ဆိုတာကော မပေါ်ဘူးလား (ပေါ်လာပါ တယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ လူတွေပြောနေတယ်၊ တစ် ယောက်တစ်ယောက်၊ သားသမီးက အမေမိဘပဲ ပြောပြော၊ ခင်ပွန်းမက ခင်ပွန်းသည်ပဲ ပြောပြော၊ ခင်ပွန်းသည်က ခင်ပွန်းမပဲ ပြောပြော ဒကာ၊ ဒကာမတွေ အပိုအလုပ်တွေပဲ (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ်)။

သစ္စာမြင်တဲ့ဉာဏ်ကမှ တားနိုင်တာ

အိုမှု၊ နာမှု၊ သေမှု တားနိုင်ကြရဲ့လား (မတားနိုင်ပါ ဘုရား)။ အဲဒီတော့ မတားနိုင်တော့ သစ္စာမြင်မှ၊ သစ္စာမြင်တဲ့ဉာဏ် ကမှ တားနိုင်တယ် (မှန်လှပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဘာကမှ တားနိုင်သလဲ (သစ္စာမြင်တဲ့ဉာဏ်ကမှ တားနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အားကိုးရာအစစ် ဘာပါလိမ့်မလဲ (သစ္စာမြင်တဲ့ဉာဏ်ပါ ဘုရား)။ သစ္စာမြင်တဲ့ဉာဏ် (မှန်ပါ့၊ သစ္စာမြင် တဲ့ဉာဏ်ပါ ဘုရား)။ ဒါက အရေးကြီးတယ်နော် (မှန်ပါ့) ဒကာ၊ ဒကာမတွေ ဘာအရေးကြီးတယ် (သစ္စာမြင်တဲ့ဉာဏ် အရေးကြီး ပါတယ် ဘုရား)။

သစ္စာမြင်တဲ့ဉာဏ် အရေးကြီးတယ်ဆိုတော့ ဘုရားက သူကိုယ်တိုင် ဟောတော်မူခဲ့တာကိုး။ တခြားသော ဆရာတော် တွေလည်း ဟောလို့ ဘုန်းကြီးက ဖြည့်စွက်ရုံပဲ ပြောပါတယ်။

သစ္စာမသိရင် သံသရာရှည်မယ်

ငါလည်း သစ္စာမသိလို့ သံသရာထဲရှည်ခဲ့တယ်ကွ၊ မင်းတို့ လည်း မသိရင် ရှည်ဦးမှာပဲကွာ ဆိုတာ လိုရင်း စကားမှတ်ပါ (မှန်ပါ့ ဘုရား)။ သူလည်း သစ္စာမသိလို့ ဘာဖြစ်ခဲ့တယ် (သံသရာရှည် ခဲ့ပါတယ် ဘုရား)။ မင်းတို့လည်း မသိရင် (သံသရာ ရှည်ဦးမှာပါ ဘုရား)။

သံသရာရှည်တယ်ဆိုတော့ ခင်ဗျားတို့က သံသရာရှည် တယ်ဆိုတော့ စာသံပေသံပါနေတယ်။ ခင်ဗျားတို့ အိုဘေး၊ နာဘေး၊ သေဘေး၊ မဆုံးတော့ဘူး ပြောတာ (မှန်လှပါ ဘုရား)။ သံသရာ ရှည်တယ် ဆိုတာ ဘာပါလိမ့် (အိုဘေး၊ နာဘေး၊ သေဘေး မဆုံးတာပါ ဘုရား)။ အိုဘေး၊ နာဘေး၊ သေဘေး၊ မဆုံးတော့ဘူးလို့ ဒကာ၊ ဒကာမတို့ ပြောတာဗျ (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် သံသရာ ရှည်တာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေး မဆုံးတာကို ဆိုတယ် ဆိုတော့ အိုပြီးရင်း အိုရင်းပေါ့ဗျာ (မှန်ပါ့)။

နာပြီးရင်း (မှန်ပါ့)။ နာရင်း (မှန်ပါ့) သေပြီးရင်း (မှန်ပါ့)။ သေရင်း (မှန်ပါ့)။

အို နာ သေဘေးကို ဘယ်သူတွေပေးနေပါလိမ့်

အဲဒီအလုပ်တွေကို ခင်ဗျားတို့ ဘယ်သူက ပေးသတုန်းလို့ မေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ က ပေးတယ် (မှန်ပါ့ ဘုရား)။ အိုဘေး၊ နာဘေး၊ သေဘေးကို မှန်လှပါ ဘုရား)။

ဒါတွေ ခင်နေတော့ မဂ္ဂသစ္စာက လာသေးရဲ့ လား (မလာပါ ဘုရား)။ မလာတော့ ခင်ဗျားတို့က သမုဒယသစ္စာနဲ့ လက်ခံနေတယ် (မှန်လှပါ ဘုရား)။

လက်ခံလိုက်တဲ့အခါကျတော့ ဒါက သမုဒယသစ္စာဆိုတော့ ဒီဘက်က ဒုက္ခသစ္စာ၊ သူက ဆက်ပေးလိုက်တယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

နားကြီးကြီးနဲ့ထောင်ပါ

ဒါဖြင့် ဒကာ၊ ဒကာမတွေ အင်မတန် အရေးကြီးတဲ့တရားကို ယနေ့ဆုံးမတော့မယ် ဆိုတာကို သေသေချာချာ နားကြီးကြီးနဲ့ ထောင်ပါ (မှန်ပါ့)။ ဘာနဲ့ထောင်ရမလဲ (နားကြီးကြီးနဲ့ ထောင်ရမှာပါ ဘုရား)။

နားသေးသေးနဲ့ ဘယ်သူဘာလုပ်လုပ် နိဗ္ဗာန်ရောက်တယ် ဆိုတဲ့တရားကို မယုံနဲ့ (မှန်လှပါ)။ မယုံနဲ့။ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ပြတ်မှ ရောက်တယ်ဆိုတာသာ ယုံ (မှန်လှပါ ဘုရား)။

ဘယ်သူဟာ ပန်းတစ်ပွင့်နဲ့ တစ်ခါတည်း လူ့ပြည်၊ နတ်ပြည် အကြိမ်ကြိမ်ခံစား၍ နောက်ဆုံးပိတ် နိဗ္ဗာန်ဝင်တယ်ဆိုတဲ့စကားဟာ မယုံနဲ့ (မှန်လှပါ)။

သစ္စာမမြင်နိဗ္ဗာန်မဝင်

သစ္စာမမြင်ဘဲနဲ့ ဝင်ကိုမဝင်ဘူး။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ သစ္စာမမြင်ဘဲနဲ့ (နိဗ္ဗာန်မဝင်ပါ ဘုရား)။ နိဗ္ဗာန် မဝင်ဘူး ဆိုတာ ဒကာ၊ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဟိုဟာက သစ္စာမြင်မှ နိဗ္ဗာန်ဝင်တယ်ဆိုတာကို သာလျှင် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက အမှန်ထားပါ (မှန်ပါ့)။

ဒီပြင်ဟာတွေက သစ္စာမြင်တဲ့ ဇာတ်ထုပ်ကို (ပေယျာလ)ထိုး ထားတယ်။ ဘရက်ကက် ညှပ်ပစ်တယ် (မှန်ပါ့)။ အဲဒါမထည့်ဘဲ ဟောသွားတယ်၊ တရားဟောကတည်းက လွဲနေပြီ။

သူ့ကို (လ)ထိုးပစ်ခဲ့တယ် ဆိုတော့ ဦးမြ သစ္စာမမြင်ဘဲနဲ့ ဘုရားကောဖြစ်ရဲ့လား (မဖြစ်ပါ ဘုရား)။ သောတာပန်၊ သကဒါဂါမ် (မဖြစ်ပါ ဘုရား)။ နို့ ဘယ့်နှယ်ကြောင့် သူတို့က ပန်းတစ်ပွင့်နဲ့ နိဗ္ဗာန်ဝင်တယ်လို့ ပြောရသတုန်းဆိုတော့ အို သစ္စာမဟောမိလို့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာတရားကိုသာ ဆည်းကပ်ကိုးကွယ်ပါ

ဒါဖြင့် သစ္စာမှတစ်ပါး ကျုပ်တို့မှာ ကိုးကွယ်စရာ၊ ဆည်းကပ်စရာမရှိဘူး (မရှိပါ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော် အာနန္ဒာကိုမှာတယ်။ မင်းဆွေမျိုး ဉာတကာတွေ၊ မင်း ဒကာ၊ ဒကာမတွေ သနားလို့ ရှိရင်ဖြင့် သစ္စာသိအောင် လုပ်ပေးပါကွာ (မှန်ပါ့)။

ငါ ဒါကို အရေးတကြီးမှာပါတယ်ဆိုတော့ လိုရင်းစကား ပြောတာ ဒါပြောသွားတယ် (မှန်လှပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နို့ ပန်းတစ်ပွင့်နဲ့ နိဗ္ဗာန်ရောက်တာတွေ ဘုရားမဟောခဲ့ ဘူးလားဆိုတော့ ဟောခဲ့တာပေါ့တဲ့။ ဒကာ၊ ဒကာမတို့ မဟောဘဲတော့ ဘယ်ရှိမတုန်း။ ငါ့ရှေ့တွင်တော့ အပါယ်မသွားစေနဲ့။ ရော့ ပန်းတစ်ပွင့် လှူလိုက်ကွာ။ သုဂတိပို့လိုက်တယ် (မှန်ပါ့ ဘုရား)။ ကိုယ့်ရှေ့တွင် သေချင်းဆိုးသေတာ မကြည့်ချင်လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်ချိန်ခွင်လိုတယ်

ဒါဖြင့် ခင်ဗျားတို့က တရားနာတယ်ဆိုပေမယ့် မချိန်တတ် တော့ဘူး၊ ချိန်ခွင်ကလေး မပါတော့ သိပ်ခက်တယ်၊ ဪ ဒီတရားကတော့ဖြင့် သစ္စာမှ ဝင်တာအမှန်ပဲ။ ဒီပြင်ဟာတွေကတော့ သစွာကိုသိဖို့ အခြံအရံတွေပဲ ဆိုတာ ဝေဖန်သိရမယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီပြင် ဒါနတရား၊ သီလတရားတွေက ဘာတွေပါ လိမ့် (အခြံအရံတရားတွေပါ ဘုရား)။ တကယ် နိဗ္ဗာန်ပန်းတိုင် ဝင်ရမှာကတော့ ဘယ်သူပါလိမ့် (သစ္စာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးကတော့ ဒီအခြံအရံတွေတော့ ခင်ဗျားတို့ နာဖူးကြပြီ၊ သိဖူးကြပြီ၊ ဘုန်းကြီး ပြောဖို့ မလိုပါဘူး (မှန်ပါ့)။ လိုရင်းပဲ ပြောပါ့မယ်။ ဒကာ၊ ဒကာမတို့ ဘာပြောလိမ့်မယ် ထင်သတုန်း (လိုရင်းပဲပြောလိမ့်မယ်)။ လိုရင်းပဲ ပြောလိမ့်မယ် ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

အဲဒီတော့ လိုရင်းဟာ ဘာပါလိမ့်မလဲလို့ ဒကာ၊ ဒကာမ တွေက မေးလို့ရှိရင်ဖြင့် မနေ့က ဝစ္ဆဂေါတ္တ မေးတာကို ပဓာနထား လိုက် (မှန်ပါ့)။

အရှင်ဘုရား လူဟာ သူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတော့ ဘုရားက ဘယ့်နှယ် ဖြေသလဲ (မရပါဘူး တဲ့။) မရဘူးတဲ့ (မှန်ပါ့)။ ကဲ သံယောဇဉ်ဟာ ဘယ်လောက် ဆိုးသလဲ (မှန်ပါ့ ဘုရား)။

ကျုပ် ဒီသံယောဇဉ်ကြောင့် ခက်နေတယ်လို့ ခင်ဗျားတို့က ညည်းလုံးထုတ်နေတာဟာ နည်းပါသေးတယ်။ နည်းပါသေးတယ်။

စင်စစ်တော့ နိဗ္ဗာန်ကို မရတော့ဘူးဆိုတော့ သူ့ကန့်ကွက် ချလိုက်တယ် (မှန်ပါ့)။ ပလိဗောဓ ပစ္စုပဋ္ဌာနာ ဦးမြ (မှန်ပါ့)။

သမုဒယသည် မဂ်ဖိုလ်ကို တားတယ်

မဂ်ဖိုလ်ကို တားမြစ်ခြင်း ကိစ္စဟာ သမုဒယ (မှန်ပါ့) မဂ်ဖိုလ်ကို တားတာဟာ ဘယ်သူပါလိမ့် (သမုဒယပါ ဘုရား) သမုဒယပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကလည်း ကျုပ်လူလာတိုင်း ဧည့်ခံနေတာ။ ကျုပ်ဟာ ကျောင်းကန်ဘုရား တရားနဲ့ နေချိန်ရောက်ပေမယ့် ဟောဒါကလေးတွေကြောင့် ခက်တယ်လို့ လုပ်မနေနဲ့။

ဒီသမုဒယကို လက်ညှိုးညွှန်ပြီး ဂုဏ်ယူမနေနဲ့ (မှန်လှပါ)။ မဟုတ်ဘူးလား (မှန်ပါ့)။ ခက်ချင်လို့ ရှိရင် ကိုယ့် ကြောင့် ခက်နေတယ်လို့ ပြောလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဦးညွှန့်ကြီး ဘယ့်နှယ်ပြောမယ် (ကိုယ့်ကြောင့် ခက်နေ တာပါ ဘုရား)။ ကိုယ့်ကြောင့် ခက်နေတာ ခင်ဗျားတို့က ဟိုလွှဲချ ဒီလွှဲချနဲ့ (တင်ပါ့)။ အတော်ဆုံးတဲ့ လူတွေလို့ဆိုရင် မောင်ဘအေး လွဲပါ့မလား (မလွဲပါ ဘုရား)။

မလွဲဘူးကွ၊ အဲဒါကြောင့် ကလေးကသာ သစွာသိမယ် ဆိုရင်ဖြင့် ကျွန်တော်တို့ကြောင့် မခက်ပါနဲ့။ အမေ အဖေမှာ ခင်တတ်တဲ့ စိတ် မဖြတ်နိုင်လို့ ခက်တယ်လို့ ညည်းပါလို့ ပြောလိုက် ရင် မိုးကြိုးပစ်တာထက် နာသေးတယ် (မှန်ပါ့ ဘုရား)။ မနာဘူးလား (နာပါတယ် ဘုရား)။ သေသေချာချာ နာတယ် ဆိုတာ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

မိုက်တာ မိုက်မှန်းသိရင် လူလိမ္မာ

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ကိုယ့်ကိုယ်ကို မိုက်မှန်းမသိတာက အတော်ဆိုးတယ် (မှန်ပါ့ ဘုရား)။ ကိုယ့်ကိုယ်ကို မိုက်မှန်းသိရင် ဦးသန်းမောင် လူလိမ္မာတဲ့ (မှန်ပါ့ ဘုရား)။ မိုက်မှန်းမှ မသိတဲ့ပုဂ္ဂိုလ်ဟာ မိုက်သထက်မိုက်တဲ့ ပုဂ္ဂိုလ်လို့ ဓမ္မပဒက သေသေချာချာ ဟောတယ် (မှန်ပါ့)။

မိုက်မှန်းသိရင် ဘာတုန်း (လူလိမ္မာပါ ဘုရား)။ မိုက်တာ ကိုမှ ကိုယ်က လူလိမ္မာထင်နေရင် (မိုက်သထက်မိုက်ပါတယ် ဘုရား)။

မိုက်သထက် မိုက်တဲ့အထဲမှာ ဒီထဲက ဘယ်သူများ ပါ ပါလိမ့်မတုန်း။ အကဲခတ်ကြည့်ပါဦး (မှန်ပါ့၊ အကုန်လုံးပါပဲ ဘုရား)။ အားလုံးပဲလား (အားလုံးပါ ဘုရား)။

အားလုံးဆိုလို့ ရှိရင် ဦးမြရေ အတော်ဆိုးရွားသွားပြီ၊ အတော်ဆိုးရွားသွားပြီ။

သို့သော်လည်းတဲ့။ ဆေးကြော ပေးမည့်သူမရှိရင် အညစ် အကြေးရှိမြဲပဲ (မှန်ပါ့)။ ဆေးကြောတဲ့ နည်းကို ပေးလိုက်လို့ရှိရင် ဖြင့် အညစ်အကြေး ရှိစရာ လိုသေးသလား (မလိုပါ ဘုရား)။

လူ့သံယောဇဉ်ကိုဖြတ်

ကဲ ဒါဖြင့် လူဟာ လူ့သံယောဇဉ်ကိုဖြတ်နိုင်ရင် အိမ်မှာနေတုန်း မတ္တနဲ့ သမုဒယ၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။ ဒီနေ့တရားကို ဟောလိမ့်မယ် မှန်ပါ့ ဘုရား)။

လူဟာ လူ့သံယောဇဉ်ကြားထဲမှာပဲ သမုဒယဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို ရပါလိမ့်မယ်လို့ ဘုန်းကြီးပြောတာကိုသာ ခင်ဗျားတို့က လိုက်နာလုပ်ကြမယ်လို့ ရှိရင်ဖြင့် အိမ်ပြင်လည်း မထွက်ပါနဲ့။ ဘယ်ယောဂီကျောင်းမှလည်း မသွားပါနဲ့ (မှန်ပါ့ ဘုရား)၊ သေသေချာချာရမယ်။

လိုရင်းတော့ နိဗ္ဗာန်က ဒကာ၊ ဒကာမတွေ သိတဲ့အတိုင်း ဒီဦးသံဒိုင် တိုက်မှာလည်း နိဗ္ဗာန် ရှိတယ် (မှန်ပါ့ ဘုရား) ရှိတာပဲ။

သမုဒယဒုက္ခချုပ်တဲ့နေရာနိဗ္ဗာန်

နိဗ္ဗာန် ဘယ်နေရာမှာ ရှိသတုန်းဆိုတော့ အို သမုဒယ ဒုက္ခချုပ်တဲ့နေရာ နိဗ္ဗာန်ပေါ့ (မှန်ပါ့ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်သည် အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာမှာ ရှိတယ် (ရှိပါတယ် ဘုရား)။ နိဗ္ဗာန်ဝေးသလား (မဝေးပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဝေးတယ် ပြောနေကြပါလိမ့်မတုန်း မေးလို့ ရှိရင် ဦးမြကြီးရေ မသွားတတ်လို့ ဝေးနေတာ (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ဘယ့်နှယ်ကြောင့် ဝေးပါလိမ့် (မသွားတတ်လို့ ဝေးနေတာပါ ဘုရား)။ သွားတတ်တော့ ဒီ ဦးသံဒိုင်တိုက်မှာပဲ ရှိတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဘယ်နေရာမှာရှိ

အဲဒီတော့ နိဗ္ဗာန် ဆိုတာ ဒကာ၊ ဒကာမတို့ မသိဘဲလည်း မရှိပါနဲ့။ သိအောင်လည်း လုပ်ထား ရမယ်နော်။ ဘယ်နေရာမဆို ရှိတယ်ဆိုတဲ့ ဉာဏ်ကိုလည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

သမုဒယချုပ်တဲ့နေရာ လူ့သံယောဇဉ်စွန့်တဲ့အချိန် အခိုက် အတန့်မှာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ၊ ဒကာမတို့ ဒီမှာကြည့်ပါ။ မနေ့က စိတ်ဘယ်နှစ်မျိုး ဟောထားသတုန်း (ဆယ့်နှစ်မျိုးဟောထားပါ တယ်) ဆယ့်နှစ်မျိုးဟောထားတယ် (မှန်ပါ့)။ စိတ်ဘယ်နှမျိုး ဟောထားသတုန်း (ဆယ့်နှစ်မျိုး ဟောထားပါတယ် ဘုရား)။

ဖြစ်မှု၊ ပျက်သဘောကို ဉာဏ်နဲ့ကြည့်

အဲ ဆယ့်နှစ်မျိုးဟာ ခင်ဗျားတို့ လှည့်ပြီး မပေါ်ပေဘူး လား (ပေါ်ပါတယ် ဘုရား)။ ပေါ်တော့ အဲဒါကလေးတွေဟာ ဒကာ၊ ဒကာမတွေက ဪ ဒါကလေးတွေဟာ ဖြစ်မှုပျက်မှု သဘော ပါကလားလို့ ဒီကနေ ဉာဏ်နဲ့ကြည့်ပါ (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ ဒီနားကနေ မဂ်ဆိုက်အောင်ကြည့်။ ဝိပဿနာ မဂ်ကလေးက ဒီကနေကြည့်ပါ (မှန်ပါ့)။ ဒကာ၊ ဒကာမတွေ။

ကြည့်လိုက်တဲ့အခါကျတော့ ဒီစိတ်တွေ၏ ဖြစ်မှု၊ ပျက်မှု၊ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။ မြင်တဲ့အခါကျလို့ရှိရင် မဂ်သည် ဒီကိလေသာဖြတ်တယ် ဆိုရင်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ်)။ ဆက်နိုင်သေးသလား၊ ဒီမြားကလေးက ပြတ်မသွား ဘူးလား (ပြတ်သွားပါတယ်)။ ပြတ်သွားတဲ့အခါကျလို့ရှိရင် တဏှာဥပါဒါန်မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

နိဗ္ဗာန်ဝေးသလား၊ နီးသလား

ဒါဖြင့် ဒီနေရာမှာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)။ မရှိဘူးလား (ရှိပါတယ်)။ ဒီပြတ်တဲ့နေရာမှာ မဂ်ဉာဏ် (မှန်ပါ့) ဒီဘက်က နိဗ္ဗာန် (မှန်ပါ့)။ ပြတ်တဲ့နေရာက (မဂ်ဉာဏ်)၊ ဒီဘက်က မလာတာတွေက (နိဗ္ဗာန်ပါ ဘုရား)။ အနီးကလေးပါလား၊ ဒကာ၊ ဒကာမတို့ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)။

နီးလျက်နဲ့ မရောက်တာ ဘာဖြစ်လို့တုန်းဆိုတော့ မဖြတ် လို့ (မှန်ပါ့)။

ကိုယ့်စိတ်ကိုယ် ဝိပဿနာရှု

ကဲ သခင်ဝတင်တို့ ဦးမြတို့ သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ အလုပ်နဲ့၊ အကိုင်နဲ့ နေတာပေါ့ဗျာ (မှန်ပါ့)။ နေပေမယ့် ဉာဏ်က ကိုယ့်စိတ်ကလေးကို ကိုယ်ဝိပဿနာရှုပေး (မှန်ပါ့ ဘုရား)၊ ကိုယ့်စိတ်ကိုယ် ဝိပဿနာရှုလိုက်တဲ့အခါကျတော့ ဒကာ၊ ဒကာမတို့ ၂-က ၃-ကူးသေးသလား (မကူးပါ ဘုရား)။ မကူးတော့ကို ဘာကြောင့် မကူးသတုန်းဆိုတော့ ဒီနေရာမှာ ဝိပဿနာမဂ် ပေါ်နေတယ် (မှန်ပါ့)။ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာမဂ်သည် ဒကာ၊ ဒကာမတို့ ဒီဘက်က သမုဒယသစ္စာသေ, မသေ၊ မသေဘူးလား (သေပါတယ် ဘုရား)။

ဒီဘက်က ဒုက္ခသစ္စာလာသေးသလား၊ မလာဘူးလား (မလာပါ ဘုရား)။

နေရာရွေးမနေနဲ့ အလုပ်လုပ်ဖို့ကလိုရင်း

ဒါဖြင့် ဒကာ၊ ဒကာမတို့ လုပ်တဲ့အချိန်မှာ လိုရင်းပါ (မှန်လှပါ ဘုရား)။ တောကျောင်း၊ တောင်ကျောင်းအောင်းမှ ရမယ်လို့ ဒီလိုအယူမယူလိုက်ပါနဲ့ (မှန်ပါ့)။

ကိုယ့်ဝမ်းထဲကနေပြီး သကာလ ကိလေသာတောကို ဒီနေရာကဖြတ်ရင် ဒီနေရာကရတယ် (မှန်ပါ့)။ ဟိုနေရာသွား၊ ဖြတ်ရင် (ဟိုနေရာမှာရပါတယ်)။ ဟိုဟာက သမထတွေအတွက် တောကျောင်း တောင်ကျောင်းက သေသေချာချာ ဟောရပါတယ်၊(မှန်ပါ့)။

ဝိပဿနာဟာ နေရာမရွေးရဘူး၊ သဘောပါကြပ လား (ပါ,ပါတယ် ဘုရား)။ ဝိပဿနာဟာ (နေရာမရွေးရပါ ဘုရား)။ နေရာမရွေးရဘူး၊ ခင်ဗျားတို့က လုပ်လည်းမလုပ်ချင်ဘူး။ နေရာရွေး နေတာနဲ့ သေပွဲသာ ဝင်သွားတာပဲ (မှန်ပါ့ ဘုရား)။ လုပ်လည်း မလုပ်ချင်ပဲကိုး (မှန်ပါ့)။ နေရာက မဟုတ်ဘူး ရန်ကုန်မြို့ဆိုတာ သိပ်ဆူတာ၊ သိပ်သာဆူတယ်ဆို ညကျတော့ အိပ်ဖြစ်သား၊ သူ့ဟာ (မှန်ပါ့ ဘုရား)။

ဝိပဿနာလုပ်မဖြစ်တာကိုးဗျ (မှန်ပါ့)။ ညတော့လည်း အိပ်ဖြစ်သား၊ အတော်ခက်နေတာ။ အဲဒီမှာ ကိလေသာကဝင်ပြီး ဆင်ခြေလဲနေတယ် (မှန်ပါ့)။ ဘယ်သူကဝင်ပြီး ဆင်ခြေလဲသလဲ (ကိလေသာက ဆင်ခြေလဲပါတယ်)။

ကိလေသာရှေ့နေကို လက်မခံပါနဲ့

အဲဒီကိလေသာရှေ့နေ လက်ခံကတည်းက ငါးပါးမှောက် နေတယ် (မှန်ပါ့ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ။ ဘယ်သူ့ကို လက်ခံမိလို့ (ကိလေသာရှေ့နေပါ)၊ ကိလေသာ ရှေ့နေလက်ခံမိ လို့ဆိုတော့ မောင်ကို ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ရိပ်မိပြီနော်၊ ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ လူဟာ လူ့ သံယောဇဉ်မစွန့်ဘဲ နိဗ္ဗာန်ရပါ့ မလား (မရနိုင်ပါ ဘုရား)။

ကဲ အလုပ်လုပ်လိုက်ပြီ။ ကျုပ်တို့က စိတ်ကို ဖြစ်ပျက်ရှု လိုက်ပြီ၊ ဒီကနေပြီးတော့ (မှန်ပါ့)။ ရ, မရ (ရပါတယ် ဘုရား)။

ဒီဘက် သံယောဇဉ်တွေ လာသေးသလား (မလာပါ ဘုရား)။

သံယောဇဉ်ဆိုတော့ တဏှာ၊ ဥပါဒါန် ကံ၊ သမုဒယသစ္စာ၊ ဒါ သံယောဇဉ်တွေပေါ့ (မှန်ပါ့)၊ ဦးညွန့်ကြီး လာသေးရဲ့လား (မလာပါ ဘုရား)။

ကဲ ဒီနေရာတွင် ခင်ဗျား အဲဒီလိုမှီပြီးလုပ်လိုက်၊ ဒါ လာသေးရဲ့ လား (မလာပါ ဘုရား)။ မလာလို့ရှိရင် ဒီနေရာမှာ နိဗ္ဗာန် ရှိတယ် (မှန်ပါ့)။

တဏှာသိမ်း နိဗ္ဗာန်၊ ခန္ဓာသိမ်းနိဗ္ဗာန်ဆိုတော့ သခင်ဝတင် သေချာပလား (သေချာပါပြီ။

ဒီဘက်က တဏှာမလာတာလည်း နိဗ္ဗာန်ပဲ (မှန်ပါ့)။ ဒီဘက်က ဒုက္ခမလာတာကကော (နိဗ္ဗာန်ပဲ)။

ဒါဖြင့် နေရာရွေးဖို့ လိုသေးသလား၊ မလိုဘူးလား (မလိုပါ ဘုရား)။ သဘောပါပလား (ပါ,ပါပြီ)။

နည်းပေးမယ့်ဆရာကိုသာရှာပါ

သို့သော် နည်းမသိသေးရင် နည်းပေးမည့်ဆရာတော့ ရှာရလိမ့်မယ်။ (မှန်လှပါ ဘုရား)။ မရှာရပေဘူးလား (ရှာရပါမယ်)။ ရှာရမယ်ဆိုတော့ မောင်ထွန်းရင် သေသေချာချာ မှတ်ပါ။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေနောက်မှ နောင်တရတဲ့အဖြစ်ကိုဖြင့် အင်မတန် သနားတယ်နော် (မှန်ပါ့)။ အခု နောင်တ ရတာတောင် နောက်ပိုင်းအတော် ကျသွားပြီ (မှန်လှပါ)။ အခု နောင်တရတာတောင် (နောက်ပိုင်း အတော်ကျ သွားပါပြီ ဘုရား)။

နောက်ပိုင်းကျသွားပြီတဲ့။ ရှေ့ပိုင်းက ခင်ဗျားတို့ကို ကိလေသာခိုင်းတာနဲ့ ကံကောင်း၊ ဉာဏ်ကောင်းတွေ ကုန်ခဲ့ပြီ (မှန်လှပါ ဘုရား)။ ကံမွဲ ဉာဏ်ပွဲမှ ဆရာဘုန်းကြီးဆီ ရောက်လာ တယ် (မှန်လှပါ ဘုရား)။ အတော် ဆယ်ရမယ် (မှန်လှပါ)။

ကံကောင်း ဉာဏ်ကောင်းတွေက ဘယ်သူက ဖြုန်းပစ်ခဲ့ သလဲ (ကိလေသာက ခိုင်းတာပါ ဘုရား)။ ကိလေသာ ခိုင်းတာနဲ့ ကုန်ခဲ့ကြရတယ် (မှန်ပါတယ် ဘုရား)။

ကံမွဲဉာဏ်မွဲမှ ရောက်လာကြတာ

ကံမွဲ၊ ဉာဏ်မွဲကျတော့ ကယ်ပါဦးဘုရား၊ ယူပါဦး ဘုရား အရှင်ဘုရားမှတစ်ပါး ကယ်မည့်သူ မရှိဘူးဘုရာ့ ဆိုတော့ ဒကာ၊ ဒကာမတို့ အတော်ခက်နေတယ် (မှန်ပါ့) ဦးမြကြီးလည်း ရောက်လာတော့ အသက်ခုနှစ်ဆယ်ဗျ (မှန်ပါ့ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ)။ အဲဒီတော့ ဘယ်အချိန် ရောက်လာ သတုန်းလို့ မေးလို့ ရှိရင် ဒကာ၊ ဒကာမတွေ ဖြေကြစမ်းပါ (ကံပွဲ၊ ဉာဏ်ပွဲမှ ရောက်လာတာပါ ဘုရား)။

ကံကောင်း၊ ဉာဏ်ကောင်းတွေ ဘယ်မှာထားခဲ့ပါလိမ့် (ကိလေသာခိုင်းလို့ ပါ ဘုရား)။ သော် သားရေး၊ သမီးရေး၊ စီးပွားရေး ကျွန်နယ်ထဲ ဖြုန်းပစ်ခဲ့တယ် (မှန်လှပါ)၊ သခင်ဖြစ်မည့် အလုပ် ကျလာတဲ့ အခါကျတော့ ကံမွဲ၊ ဉာဏ်ပွဲနဲ့ လာတော့ အတော်လုပ်ရမယ် (မှန်ပါ့)၊ မလုပ်ရပေဘူးလား (လုပ်ရပါမယ် ဘုရား)။

အဖြစ်ဆိုးနဲ့ကြုံခဲ့ရပြီ

အဲဒါကြောင့် ခင်ဗျားတို့ အဖြစ်ဆိုးကြီးနဲ့တော့ သေသေ ချာချာ ကြုံပြီဆိုတာတော့ဖြင့် ဒကာ၊ ဒကာမတွေ သံသယမရှိနဲ့ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် အချိန်ရှိတဲ့ အချိန်ကလေး ဘုရားကယ် တော်မူပါ။ ယူတော်မူပါဆိုတာ ဦးမြတို့ တောင်းပန်ရုံပဲ ရှိတော့တယ်။ ဒီပြင် ဘာမျှမရှိတော့ဘူး (မှန်ပါ့)။

တပည့်တော်တို့မှာ ဘုရား၊ သွားကလည်း အရင်သွား မဟုတ်ဘူး၊ ဆံပင်ကလည်း အရင်ဆံပင်မဟုတ်ဘူး ဘုရား။ ဉာဏ်က လည်း အရင်ဉာဏ် မဟုတ်တော့ဘူးဘုရား၊ ကံမွဲ၊ ဉာဏ်မွဲ ဆိုတာတော့ သေချာပြီဘုရား၊ ဒီအထဲက ကယ်ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရောက်နေတယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

စိတ္တာနုပဿနာရှု၊ ကိုယ့်စိတ်ကိုယ်အကဲခတ်

ကဲ ဒါဖြင့် ခင်ဗျားတို့ကို သေသေချာချာ ပြပါမယ်တဲ့၊ ဒကာ၊ ဒကာမတို့ စိတ္တာနုပဿနာရှုပါ။ ဦးမြ ဘာတဲ့ တုန်း (စိတ္တာနုပဿနာရှုပါ)။

နောက်က ဒကာ၊ ဒကာမတွေ ဘာရှုရမလဲ (စိတ္တာ နုပဿနာရှုရမယ်)။

စိတ္တာနုပဿနာ ရှုရမယ်။ စိတ္တာနုပဿနာကို ဘယ်သူ ဟောခဲ့သတုန်း (ဘုရားဟောတယ်) ဘုရားဟောတယ်။ နောက် အရှင်သာရိပုတ္တရာ ဆက်ဟောတယ် (မှန်ပါ့)။

ကွာတဲ့ သူတစ်ပါးစိတ် အကဲခတ်ရတာ မှားသည်၊ မှန်သည်ရှိတဲ့ (မှန်ပါ့)၊ သူတစ်ပါးစိတ် အကဲခတ်ရတာ (မှားသည်၊ မှန်သည်ရှိပါ ဘုရား) ကိုယ့်စိတ်ကို ကိုယ့်ဉာဏ်နဲ့ အကဲ ခတ်ရင် မှားပါ့မလား (မမှားပါ ဘုရား)။ ကိုယ်လိမ်တာလည်း လိမ်ခဲ့တယ်လို့ ကိုယ်သိတယ် (မှန်ပါ့)။ ကိုယ်ကောင်း ခဲ့တာကော (ကိုယ်သိပါတယ် ဘုရား) သိတော့ ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိုယ့်အရှိကို ကိုယ်သိဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)။

ဒကာ၊ ဒကာမတို့ ဘာတဲ့တုန်း (ကိုယ့်အရှိကို ကိုယ်သိဖို့ အရေးကြီးပါတယ် ဘုရား)။ မသိစရာကော ရှိရဲ့လား (မရှိပါ ဘုရား)။ ဝေဒနာဆိုရင် စောင့်နေရသေးတယ် (မှန်ပါ့) စိတ်ကတော့ စောင့်ရသေးရဲ့ လား (မစောင့်ရပါ ဘုရား)။

ဥပမာ ရှူနေတယ်ဆို ရှူစိတ် သိတယ်။ ရှိုက်တယ် ဆိုရင်ကော (ရှိုက်တဲ့စိတ် သိပါတယ် ဘုရား)။ လိမ်တယ်ဆိုရင်ကော (လိမ်တဲ့စိတ်သိပါတယ် ဘုရား)။ ဒေါသဖြစ်တယ်ဆိုရင်ကော (ဒေါသစိတ် သိပါတယ် ဘုရား)။

နိဗ္ဗာန်လိုချင်ရင် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ

ဒါဖြင့် ဒီဥစ္စာက ကမ္မဋ္ဌာန်းတွေပဲတဲ့။ ဒကာ၊ ဒကာမတွေ အထူးရှာစရာ လိုသေးသလား (မလိုပါ ဘုရား)။ ဒါဖြင့် အရှင်ဘုရား ပြောလို့ အရှင်သာရိပုတ္တရာကလည်း၊ ကွာ တဲ့။ “သူတစ်ပါး စိတ် အကဲခတ်တာ မှားသည်ရှိ၊ မှန်သည် ရှိတယ်။ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာနဲ့ နိဗ္ဗာန် ရောက်ပါတယ်” တဲ့ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ကိုယ့်စိတ် ကို (ကိုယ်အကဲခတ်တာနဲ့ နိဗ္ဗာန်ရောက်ပါတယ်)။

ဒကာ၊ ဒကာမတွေ ဘာတဲ့တုန်း (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာနဲ့ နိဗ္ဗာန် ရောက်ပါတယ်တဲ့) ကိုယ့်စိတ်ကို အကဲခတ်ဖို့ ရာသည် သူတစ်ပါး တိုင်ပင်စရာလိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် နေရာကျပြီ (မှန်ပါ့)။ နေရာကျပြီ ဒကာ၊ ဒကာမတို့၊ တရားတော့ မိတော့မယ်၊ တရား သေသေချာချာ ဖမ်းမိတော့မယ် ဆိုတာ တရားဟာ အရှာခက်လိုက်တာဘုရား၊ တပည့်တော်က အနိစ္စကလေးဟာ သိပ်အရှာခက်တာပဲလို့ ခင်ဗျားတို့ ငြီးလုံးထုတ်တယ်။ မထုတ်ပါနဲ့ (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ငြီးလုံး မထုတ်ပါနဲ့။ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်နိုင်လို့ရှိရင် ဝိပဿနာ (မှန်ပါ့)၊ ကိုယ့်စိတ်ကို၊ (အကဲခတ်နိုင်လို့ ရှိရင် ဝိပဿနာပါ ဘုရား)။

မရှိတာ အနိစ္စ၊ သိတာ မဂ္ဂ

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ နံနက်အိမ်က လာတဲ့ အခါ ကော်ဖီကလေး ဘာလေး သောက်ပြီး ခဲ့ပလားလို့ မေးလိမ့် မယ် (မှန်ပါ့၊ သောက်ပြီးခဲ့ပါပြီ။)

အဲဒီသောက်တဲ့ စိတ်ကလေးဟာ ဒကာ၊ ဒကာမတို့ အကဲ ခတ်ပါ။ ဒီကနေပြီးတော့ အကဲခတ်ကြည့် ရှိသေးသလား၊ မရှိတော့ ဘူးလား (မရှိပါ ဘုရား)

ဟာ ဒါဖြင့် မရှိတာ သိတာပဲဗျ (မှန်ပါ့ ဘုရား)။ မရှိတာသည် ဒကာ၊ ဒကာမတို့ ဒီမှာအနိစ္စ (မှန်ပါ့ ဘုရား)။

သိတာသည် ဒီအစပ်ကလေးဖြတ်တဲ့ မဂ္ဂ (မှန်ပါ့ ဘုရား)။ မရှိတာက (အနိစ္စပါ ဘုရား)၊ သိတာက (မဂ္ဂပါ ဘုရား)။

အစပ်ဖြတ်တဲ့မဂ္ဂ (မှန်ပါ့ ဘုရား)။ ရိုးရိုးမဂ် မဟုတ်ဘူး (မှန်ပါ့ ဘုရား)။ ဒီဘက် ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

ရှိတာလည်း သိ၊ မရှိတာလည်း သိ

ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တော့ ရှိတာလည်း သိတယ်၊ မရှိတာလည်းသိတယ် (မှန်ပါ့ ဘုရား)။

ရှိတာသိရင် ဥဒယ (မှန်ပါ့)။ မရှိတာသိရင် (ဝယပါ ဘုရား)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ရှိတာသိရင် (ဥဒယပါ ဘုရား)။ မရှိတာသိရင် (ဝယပါ ဘုရား)။

အဲဒီတော့ သူများဆီရှာရမှာလား အရှင်ဘုရားတပည့် တော် တရားပေးစမ်းပါဦးလို့ တောင်းရမှာလား၊ ဒီဥဒယဗ္ဗယ ကြည့်ရမှာလား (ဥဒယဗ္ဗယ ကြည့်ရမှာပါ ဘုရား)။

ရှိပြီးသားထပ်တောင်းနေတာခက်တယ်

ဪ ဒါ ခင်ဗျားတို့က ဘုန်းကြီးတစ်ပါး လာတယ်ဆို နည်းကလေး ပေးစမ်းပါဦးဘုရာ့၊ ဟင် မင်းမှာ ရှိပြီးသားကြီး၊ မင်းနည်းတောင်းနေတော့ ခက်တယ်၊ မခက်ဘူးလား (ခက်ပါ တယ် ဘုရား)။

သို့သော်လည်း တဲ့၊ နည်းတွေ ဘယ်လိုပဲ ရှိငြားသော် လည်း ဒကာ၊ ဒကာမတွေက မယူတတ်တော့လည်း နည်းရှိမှန်း မသိဘူးပေါ့ဗျာ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာ ဘာဝိပဿနာတဲ့တုန်း (စိတ္တာနုပဿနာပါ ဘုရား)။ မှတ်ပါ။ မှတ်ပါ မောင်ဘအေး သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဥပမာလေးတွေနဲ့ပြမယ်

ဒါမင်း ကုလားထိုင်ပေါ် ထိုင်နေရင်းရတယ်။ သေသေချာချာ ရတယ်။ စာကလေးတစ်လုံး ရေးပြီးရင် တစ်လုံး ရေးပြီးတဲ့ စိတ်ဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ အဲ မရှိတာ ဘာခေါ်ကြမလဲ (အနိစ္စပါ ဘုရား)။ သိတာ ကတော့ (မဂ္ဂပါ ဘုရား)။

စာရေးရင် မဂ်ဆိုက်နိုင်တယ် (မှန်ပါ့)။ မဆိုက်နိုင်ဘူး လား (ဆိုက်နိုင်ပါတယ် ဘုရား)။ ထမင်းစားရင်းကော (မဂ်ဆိုက်နိုင်ပါတယ်)။

ဪ လွယ်လွန်းလို့ နိဗ္ဗာန်မသွားချင်ဘူးလား၊ ခင်ဗျား တို့က (မှန်လှပါ၊ သွားချင်ပါတယ် ဘုရား)။ သွားချင်ပါတယ်ဆိုတဲ့ အဓိပ္ပာယ် ဦးမြ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။ ကောင်းပြီ။

ပုထုဇဉ် ပုထုဇဉ်စိတ်ရှု

ဒါဖြင့် မနာယတန ဆိုတာ ခြောက်ခုမြောက်ကစိတ် (မှန်ပါ့)။ စိတ်ကိုလည်း ခင်ဗျားတို့က ဘယ်စိတ်ရှုရမှာတုန်းလို့ ဘုန်းကြီးကို လာမမေးနဲ့၊ ခင်ဗျားတို့ ပုထုဇဉ်တွေ ပုထုဇဉ်စိတ်ပဲ ပေါ်မယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ပုထုဇဉ်ဟာ ဘာစိတ်ပေါ်မလဲ (ပုထုဇဉ်စိတ်ပေါ်ပါ တယ်)။ ဒီပြင် အရိယာစိတ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ရှိ မရှိအကဲခတ်ပါ

ဒါဖြင့် ကိုယ့်စိတ်ကိုယ် နောက်က အကဲခတ်မှုကလေး တစ်လုံးကို ဆရာဘုန်းကြီးက တိုးပေးလိုက်မယ် (မှန်ပါ့ ဘုရား)။ ရှိ၊ မရှိ အကဲခတ်ပါ (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဘာကို အကဲခတ်မလဲ (ရှိ၊ မရှိ အကဲခတ်ရမှာပါ ဘုရား)။ ရှိ၊ မရှိ အကဲခတ် ရမယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မရှိတာသည် ဘုရားဟောတော်မူတဲ့ အနိစ္စ (မှန်ပါ့ ဘုရား)။ သိတာသည် (မဂ္ဂပါ ဘုရား)။

မဂ္ဂပဲဆိုတော့ မဂ်ဟာ ဆုတောင်းယူရတာလား၊ မရှိတာကို သိမှ ရတာလား (မရှိတာသိမှ ရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရွှေတိဂုံစေတီတော်သွားပြီး၊ မဂ်ဖိုလ်ရက် တိုတိုနဲ့ ရ,ရပါလို၏ ဘုရားဆိုတော့ စေတီကြီးမို့လို့ မပေးနိုင်ဘူး (မှန်ပါ့)။

လိုချင်တာ လူသိရုံပဲ၊ ရမှာမဟုတ်ဘူး

ခင်ဗျားတို့ လိုချင်တာ လူသိရုံပဲ ရှိတယ် (မှန်ပါ့ ဘုရား)။ ရလည်း ရမှာမဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရကော ရပါ့မလား (မရပါ ဘုရား) မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ၊ ဒကာမတို့ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တတ်ပလား (ခတ်တတ်ပါပြီ ဘုရား)။

စားချင်တဲ့စိတ်ပေါ်ရင်လည်း အကဲခတ်တာ နောက်ကလိုက် ပါ (မှန်ပါ့ ဘုရား)။ ရှိသေးသလား၊ မရှိဘူးလား (မရှိပါ ဘုရား)။

မရှိတာ-ဘာခေါ်မတုန်း (အနိစ္စပါ ဘုရား)၊ သိတာသည် (မဂ္ဂပါ ဘုရား)။

ဪ ဒါဖြင့် ထမင်းစားရင်းလည်း ခင်ဗျားတို့ ဒီ ၂-နံပါတ် တဏှာဥပါဒါန်မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)၊ ၄- နံပါတ်ဆိုတဲ့ ဇာတိ ဇရာ မရဏ လာသေးသလား (မလာပါ)။ ဒါ ဘာဖြစ်လို့တုန်းလို့ မေးတော့ ကိုယ့်စိတ်ကို ကိုယ် အကဲ ခတ်လို့ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာသည် ဝိပဿနာ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာသည် (ဝိပဿနာပါ ဘုရား)။

ဪ ဝိပဿနာ ဆိုတာ ဒကာ၊ ဒကာမတို့ ဘယ်သွား ရှာကြမတုန်း (ကိုယ့်စိတ်ကို ကိုယ်ပြန်ရှာပါမယ် ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်၊ ခန္ဓာလို သုံးမယ်ကြံတော့ စာသံပါ နေမှာစိုးလို့ ကြားထဲက စကား မှတ်လိုက်စမ်းတဲ့။

လူတစ်ယောက်ဟာ စိတ်တစ်ခုနဲ့ အသက်ရှင် တယ်

လူတစ်ယောက်ဟာ စိတ်တစ်ခုနဲ့ အသက်ရှင်နေတယ်ဆို တာ သေချာပလား (သေချာပါပြီ)၊ စိတ်ဟာ ဝိညာဏကဇ္ဇာ ပေါ့ဗျာ (မှန်ပါ့)။

အဲဒါကလေးဟာ ဖြစ်ပျက်ပြီးသွားတော့ သူများသေတာ လား၊ ကိုယ့်ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာသမား သေတာလား (ခန္ဓာသမားသေတာပါ ဘုရား)၊ ဒါဖြင့် အကဲခတ်တဲ့ဥစ္စာက ကိုယ်သေတာ ကိုယ်သိတယ် (မှန်ပါ့ ဘုရား)၊ အကဲခတ်တာ က (ကိုယ်သေတာကိုယ်သိတယ်)။

ဒါဖြင့် ဒီခန္ဓာကြီးဟာ အမြဲသေနေတယ်လို့ ဦးညွန့်တို့ ဦးမာဒင်တို့ ပြောလိုက်ပြီ (မှန်လှပါ ဘုရား)။

ကိုယ့်အသေကိုယ်သိတာ ဝိပဿနာ

အမြဲသေနေတာ သိတဲ့ အခါကျလို့ရှိရင် ဒကာ၊ ဒကာမတို့ ဪ ကိုယ့်အသေကို ကိုယ်သိတာသည် ဝိပဿနာ (မှန်လှပါ ဘုရား)၊ ကိုယ့်အသေ ကိုယ်သိတာ (ဝိပဿနာပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုယ့်အသေကိုယ်သိတာ (ဝိပဿနာပါ ဘုရား)။ ဝိပဿနာပဲဆိုတာ သဘောပါပလား (ပါ,ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ပုထုဇဉ်စိတ်သာရှိသောကြောင့် ဘယ်စိတ်ပေါ်ပေါ်ရှု၊ ဘဝင်စိတ် ချန်ပြီး အကုန်ရှု (မှန်လှပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)။ ဘဝင်စိတ်ချန်ပြီးတော့ (အကုန် ရှုပါ)။

ဘဝင်စိတ်ဆိုတာ အိပ်စိတ်ပေါ့ (မှန်ပါ့ ဘုရား)။ တစ်ဝီထိနဲ့ တစ်ဝီထိကြား ခြားတဲ့စိတ်ကို ဆိုပါတယ် (မှန်ပါ့)။

အဲဒါက ပုထုဇဉ်ဉာဏ်နဲ့လည်း မမြင်ပါဘူး (မှန်ပါ့ ဘုရား)။ မှန်းရှုနေရတယ် (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ)။

ဒါကြောင့် ဒကာ၊ ဒကာမတွေ ဝိပဿနာရှု၊ ဝိပဿနာရှု ဆိုတဲ့ ဥစ္စာသည် တခြားလား အောက်မေ့ နေတယ်။ ကိုယ့်စိတ်ကို ရှိ-မရှိ အကဲခတ်တာ ဝိပဿနာ (မှန်လှပါ ဘုရား)၊ ကိုယ့်စိတ်ကို (ရှိ-မရှိ အကဲခတ်တာ ဝိပဿနာ)။

ဒုက္ခနိရောဓောနိဗ္ဗာန်

ဒါဖြင့် မရှိတာသည် ဘာခေါ်တယ် (အနိစ္စပါ)၊ သိတာ သည် (မဂ္ဂပါ)၊ သေတာသည် သမုဒယ (မှန်လှပါ ဘုရား)။

ဒီဟာ ဒီစိတ်ကလေးက မရှိတာ သူက အနိစ္စ၊ ဒီကသိတာက (မဂ္ဂပါ ဘုရား)၊ ဒီဘက်က သေတာတွေက (သမုဒယပါ)။

ဟင် ဒီဘက်က နောက်ထပ် မလာတာက နိရောဓ (နိရောဓပါ ဘုရား)။ ဒုက္ခနိရောဓ (မှန်ပါ့)။ ဒါ နိဗ္ဗာန်ပဲ (မှန်ပါ့)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ ဒီအဝိုင်းကြီးနဲ့ ပြောရတော့ ပိုရှင်းတယ် (မှန်ပါ့ ဘုရား)။ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။ ဟိုအထဲမှာတော့ဖြင့် ဒီဒကာ၊ ဒကာမတွေ စိတ်တွေဟာ ဒီလိုပဲ လည်နေတာပဲ ဆိုတာကို သတိထားကြပါနော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ သစ္စာမသိရင် အင်မတန် ခက်ပါတယ်။ ဘုရားလည်း ဘုရား မဖြစ်ပါဘူး။ ဘယ်သောတာပန်၊ သကဒါဂါမ်လည်း မတည်နိုင်ပါဘူးဆိုတာ ခုနက အစပြောခဲ့ပြီ (မှန်ပါ့ ဘုရား)။

ဖြစ်တာပျက်တာ မွေးတာသေတာ

ဖြစ်ပြီးပျက်တဲ့ ဥစ္စာသည် ဖြစ်တာဟာ ကိုယ်မွေးတာ မှတ် လိုက်ပါ (မှန်ပါ့)။ ပျက်တာက ကိုယ်သေတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။ ဖြစ်တာသည် ဘာပါလိမ့် (ကိုယ်မွေးတာပါ)။ ပျက်တာသည် (ကိုယ်သေတာပါ)။

ဒါဖြင့် ကိုယ့်မွေး၊ သေကို ကိုယ်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ) ကိုယ့်မွေး၊ သေကို (ကိုယ်မြင်ဖို့ အရေးကြီးပါတယ်)၊ ကိုယ့်မွေး၊ သေကတစ်ခါက စဉ်းစားလိုက်ပါ။ ဖြစ်တာသည် သေမလို့ ဖြစ်တော့ (မှန်ပါ့ ဘုရား)၊ ပျက်တာသည် သေပွဲဝင်တာ (မှန်ပါ့)။

ဖြစ်တာသည် (သေမလို့ဖြစ်တာ)၊ ပျက်တာသည် (သေပွဲဝင်တာ)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ သေမှာနဲ့ သေတာပဲရှိ တယ် (မှန်လှပါ)။ သေမှာဆိုတာက ဖြစ်ပေါ် လာတာ (မှန်ပါ့ ဘုရား)။ သေတာဆိုတာက ပျောက်ပျက်သွားတာ (မှန်ပါ့)။ ခင်ဗျားတို့ တစ်ကိုယ်လုံး ထဲမှာ ဘယ်စိတ်လာလာ သေမှာ – သေတာ နှစ်ခုမှတစ်ပါး ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် သေမှာကလည်း သေကာနီးဖြစ် သောကြောင့် ဒုက္ခ သစ္စာ (မှန်ပါ့)၊ သဘောပါပြီ (မှန်ပါ့ ဘုရား)၊ သေသွားတာ လည်း သေခြင်းဆိုး သေသွားသောကြောင့် ရှာတောင် ရှာမတွေ့ အောင် သေသောကြောင့် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ (မှန်ပါ့)။ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဖြစ်ပျက်က (ဒုက္ခသစ္စာပါ ဘုရား)။

သစ္စာသိလို့ အဖိုးတန်ပြီ

ဒါဖြင့် သစ္စာသိပြီ (မှန်ပါ့)။ သူများသစ္စာ သိတာလား၊ ကိုယ့်ဒုက္ခ ကိုယ်သိတာလား (ကိုယ့်ဒုက္ခ ကိုယ်သိတာပါ ဘုရား)။

ဟာ အဖိုးတန်ပြီ ဒကာ၊ ဒကာမတို့၊ အဖိုးတန်ပြီတဲ့။ သစ္စာသိမှ နိဗ္ဗာန်ရောက်မယ် ဆိုတာကိုး (မှန်ပါ့ ဘုရား)။ သူများ သေတာလား၊ မိမိဝိညာဏက္ခန္ဓာ သေတာလား (မိမိ ဝိညာဏက္ခန္ဓာ သေတာပါ ဘုရား)။

ဒါဖြင့် ဝိညာဏက္ခန္ဓာ သေတော့ သူနဲ့ ဖဿလည်း တွဲနေ တယ်။ ဝေဒနာလည်း တွဲနေတယ်။ နာမ်ရုပ်ကလည်း ဝိညာဏ်နဲ့ တွဲလျက်ဆိုတော့ တစ်ကိုယ်လုံး သေတာ (မှန်ပါ့ ဘုရား)။ သဘော ပါကြပလား (ပါ, ပါပြီ ဘုရား)။

စိတ်တင်သေတာလား၊ တစ်ကိုယ်လုံး သေတာလား (တစ်ကိုယ်လုံး သေတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လက်ဖျစ်တစ်တွက်မှာ ရုပ်ပေါင်း ကုဋေငါးထောင်ကျော်၊ စိတ်ပေါင်း ကုဋေတစ်သိန်းဆိုတာကို မလိုက်နဲ့တော့၊ မလိုက်နဲ့။ လိုက်ရင် မောရုံပဲရှိမယ်။ ဘုရားဖြစ်ပြီးမှ ဟောတဲ့တရား (မှန်ပါ့) ဘုရား ဖြစ်ပြီးမှ ဟောတဲ့တရား (မှန်ပါ့)။

ဘုရားဖြစ်အောင် လုပ်တဲ့တရား မဟုတ်ဘူး (မှန်ပါ့)၊ ဒါကလေးခွဲမှတ်စမ်းပါ (မှန်ပါ့ ဘုရား)။ ဘုရားဖြစ်ပြီးမှ ဟောတဲ့တရားက သူ့အသိဉာဏ်ကျယ်တာ ကို လူကြည်ညိုဖွယ် ဖြစ်အောင် ပြောတာ (မှန်လှပါ ဘုရား)။

သူ့အသေသူ့မြင်လို့ ဘုရားဖြစ်တာ

ဒါကြောင့် ဝီထိတွေ မလိုက်ပါနဲ့ (မှန်လှပါ ဘုရား)။ ဘုရားဖြစ်တုန်းက သူ့အသေ သူမြင်လို့ ဘုရားဖြစ်လာတာ (မှန်ပါ့)။

နောက်ဘုရားဖြစ်ပြီးမှ သိတာက သူ့အသေပေါင်း မျက်စိ တစ်မှိတ် ကုဋေငါးထောင်ကျော် ဆိုတာ ဘုရားဖြစ်ပြီးမှ သိတာ (မှန်ပါ့ ဘုရား)။

အဲဒါကို ခင်ဗျားတို့က ဒါကလေးနဲ့ကိုင်ပေါက်ပြီး ငြင်းမနေ နဲ့။ ဘုရားဖြစ်ပြီးမှသိတာ ဘာမှ မဆိုင်ဘူး (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘုရားမဖြစ်ခင်က ဘုရားဖြစ်အောင် အသိကိုသာ ကျုပ်တို့ က ရဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ပြီးတော့ ဒါက ရှေ့နောက်မှားမှာ အလွန်စိုးရိမ်တယ် ဆရာဘုန်းကြီးက (မှန်ပါ့)။

ဝီထိကဘုရားမှမြင်တာ

တချို့ပုဂ္ဂိုလ်တွေက မင်းတို့ ဆရာတော် ဦးဝိမလ ဟောနေတာ၊ စာတော့ တတ်ပါရဲ့ကွာ၊ တို့လည်းပဲ သူ့ဆီမှာပဲ မှီခိုခဲ့ရတာပဲ။ အခုတော့ ဝီထိမပါဘူးလို ပြောချင်ပြောမယ်။ ဝီထိက ဘုရားမှ မြင်တာ (မှန်လှပါ)။

ပုထုဇဉ်က (မမြင်ပါ ဘုရား)။ သူမဖြစ်ခင် မြင်တာလား ဖြစ်ပြီးမှမြင်တာလား (ဖြစ်ပြီးမှ မြင်တာပါ ဘုရား)။

အို အာသဝေါကုန်ပြီးမှ မြင်တာဖြင့် ခင်ဗျားတို့လည်း အာသဝေါကုန်ပြီး မြင်မှာပဲ၊ အဲဒါကို (မှန်ပါ့ ဘုရား)၊ အခုကုန်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။ သဘောပါပလား (ပါ,ပါပြီ)၊ စာနဲ့ မညီဘူး ဆိုပြီး တချို့ကလည်း ဆင်ခြေလဲချင် လဲကြလိမ့်မယ် (မှန်ပါ့)။

ခန္ဓာကိုပြောတာကို အမှန်ယူပါ

စာနဲ့မညီဘူး ဆိုတာ စာသည် ဒကာ၊ ဒကာမတို့ မှတ်ပါ၊ ခန္ဓာမှတ်တမ်းကို ရေးထားတာ (မှန်ပါ့)၊ ခန္ဓာကို အမှန်ယူပါ (မှန်ပါ့)၊ ခန္ဓာကပြောတာကတော့ (မလွဲပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ အခု တရားနာကြတာ ဘာတွေနဲ့ နာနေသတုန်းပေးလို့ ရှိရင် ခန္ဓာနဲ့ နာတယ် (မှန်ပါ့)၊ အဲ ဒီခန္ဓာကို ဉာဏ်နဲ့ ကြည့်ပေးပါ (မှန်ပါ့)၊ ခန္ဓာကိုလည်း အများ မကြည့်နဲ့၊ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာ တစ်ခုလုံးတည်းကြည့် အကုန်ပါ သွားတာပဲ (မှန်ပါ့)။

လောကီ ဥပမာ သံယုတ်ပါဠိတော်က ဘယ်လိုလာသတုန်း မေးတဲ့အခါကျတော့ကွာတဲ့။ ဝါးနှစ်လုံး၊ အဖျားခင်းထိပြီး ထောင်ထား ပါတဲ့။ ဝါးနှစ်လုံးအဖျား ထိပြီး ထောင်ထားပါတဲ့။ ဒကာ၊ ဒကာမတို့ တစ်ချောင်း ဆွဲလိုက်ရင် ဟိုဘက်တစ်ချောင်းကကော (လဲပါတယ် ဘုရား)။

တစ်ခန္ဓာပျက်ရင် ကျန်တဲ့လေးခန္ဓာပါပျက်တယ်

ဒီမှာလည်း တစ်ခန္ဓာ ပျက်ရင် လေးခန္ဓာရော ပျက်တယ်ကွ (မှန်ပါ့)၊ တစ်ခန္ဓာပျက်ရင် (လေးခန္ဓာရော ပျက်ပါတယ် ဘုရား)။ ဒါကြောင့် ဘုရားက စိတ္တာနုပဿနာ တစ်လုံးတည်း ရှုလည်း ပြီးပါတယ်လို့ ဟောတာ၊ ဝေဒနာ နုပဿနာ တစ်လုံးတည်း ရှုလည်း (ပြီးပါတယ် ဘုရား)။ ကျန်တဲ့ လေးပါးက ပါပြီးသား ဖြစ်ဖြစ်သွားတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

ဘဝင်စိတ်ကိုချန်၍ရှု

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ စိတ်သည် ပုထုဇဉ် သန္တာန်၌ ဘဝင်စိတ်ကို ချန်ပါ (မှန်ပါ့)၊ လေးဆယ့်ငါးစိတ်ထက် ပိုမိုမရှိဘူး။

ဒါကလေး ပေါ်လာတိုင်း ပေါ်လာတိုင်း ဒကာ၊ ဒကာမတို့ လှည့်ရှုပါ (မှန်လှပါ ဘုရား)၊ လှည့်ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုယ့်အသေ ကိုယ်မမြင်ပေဘူးလား (မြင်ပါတယ်)။ ဘာပြုလို့တုန်း “ဧကစိတ္တသမာယုတ္တာ” စိတ် တစ်ခုတည်းနဲ့ အသက်ရှင်တယ် (မှန်ပါ့ ဘုရား)။

နောက်စိတ်မလာရင် သေတယ်။ အရင်စိတ်နဲ့ အသက်ရှင် တယ် (မှန်ပါ့)။ နောက်စိတ်မလာရင် (သေပါတယ်)၊ လူသေတွေ သွားကြည့်ပါ။ ဒကာ၊ ဒကာမတို့ ဘယ့်နှယ်ကြောင့် သေသွားပါလိမ့်မတုန်း ဆိုတော့-ဘယ့်နှယ်ဖြေကြမလဲ (နောက် စိတ်မလာလို့ သေပါတယ် ဘုရား)။

ခင်ဗျားတို့ကို နောက်စိတ်လာမယ်လို့ နောက်စိတ်တွေက တာဝန်ခံထားသလား (မခံပါ ဘုရား)၊ မြန်မြန်လုပ် သေလိမ့်မယ် (မှန်ပါ့)၊ မြန်မြန်လုပ် သေသွားမှာ စိုးရိမ်ရတယ် (မှန်လှပါ)၊ သဘောကျပလား (ကျပါတယ်)။

တပည့်တော် အလုပ်ကလေး မပြတ်သေးလို့ ဦးသန်းမောင် ကြီးက ပြောချင်သေးသလား၊ မပြောနဲ့။

ပြောတာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ ကိုယ့်အကျိုး ကိုယ်ယုတ်အောင် ပြောတဲ့စကား (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဆရာရင်း ဒကာရင်းတွေမို့ ပြောနေတာ

ဒါ ဆရာရင်း ဒကာရင်းတွေမို့ ပြောတာနော်။ ကိုယ့်အကျိုး၊ ယုတ်အောင် ဆင်ခြေလဲနေတဲ့ စကားကို နားကိုမထောင်ကြနဲ့ (မှန်ပါ့ ဘုရား)။ ခင်ဗျားတို့မှာ အတွင်းရန်သူက သိပ်ကြီးတယ် (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ သစ္စာမသိရင် နိဗ္ဗာန် မမြင်ဘူးဆိုတော့ ဖြစ်ပျက်ဆိုတဲ့ ဥစ္စာက ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ (မှန်ပါ့ ဘုရား)။ ဖြစ်ပျက်ဆိုတာ ဘာတုန်း (ဖြစ်ဒုက္ခ ပျက်ဒုက္ခပါ ဘုရား)။

ဖြစ်တာလည်း ဒုက္ခပဲ (ဒုက္ခပါ ဘုရား)။ ပျက်တာကော (ဒုက္ခပါ ဘုရား)။ သူ့ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီဖြစ်ပျက်မှုကို မြင်တာက ဘာသစ္စာတုန်း (မဂ္ဂသစ္စာပါ ဘုရား)၊ ကဲ သခင်ဝတင် မမြင်သေးဘူးလား (မြင်ပါပြီ ဘုရား)၊ ဒုက္ခသစ္စာ တစ်ခြားရှာရတာလား၊ ကိုယ့်စိတ်ကိုယ် ကြည့်လိုက်တာနဲ့ သိတာလား (ကိုယ့်စိတ်ကိုယ် ကြည့်တာနဲ့ သိပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်စိတ်က ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)၊ ကိုယ်သိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက (သမုဒယသစ္စာပါ ဘုရား)၊

နောက်ခန္ဓာမလာတာက (နိရောဓသစ္စာပါ ဘုရား)။ နိရောဓသစ္စာ ဆိုက်တော့ ဒကာ၊ ဒကာမတို့ သစ္စာကို ဆိုက်ပြီ (မှန်ပါ့)။ သစ္စာဆိုရင် ခင်ဗျားတို့ ဘာမှမပူနဲ့ (မှန်လှပါ)။

ဝိပဿနာဆိုတာသစ္စာမြင်အောင်ကြည့်တဲ့အလုပ်

ဒါဖြင့် ဝိပဿနာအလုပ်၊ ဝိပဿနာအလုပ်ဆိုတာ သေသေ ချာချာမှတ်ပါ။ သစ္စာမြင်အောင် ကြည့်တဲ့အလုပ် (မှန်လှပါ)။

အနိစ္စလည်း သစ္စာမြင်အောင် ကြည့်တာပဲ (မှန်ပါ့)။ ဒုက္ခကကော (သစ္စာမြင်အောင် ကြည့်တာပါ)။ အနတ္တကကော (သစ္စာမြင်အောင်ကြည့်တာပါ)။ အသုဘကကော (သစ္စာမြင်အောင် ကြည့်တာပါ)။

သစ္စာမြင်အောင်ကြည့်တော့ ခု ဘုန်းကြီးကတော့ အဲဒါတွေ ရှည်လှတယ်ကွာ။ သစ္စာပဲ အဓိက ထားပါတော့မယ် ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာလေးချက် တစ်ပြိုင်နက်ထင်တဲ့နည်း လာပေးနေတာ

ဒါဖြင့် ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ်ကလေး ရှူချင်စိတ် ကလေးပေါ်လာပြီ၊ ဘာသစ္စာ ပေါ်လာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာပေါ်လာတယ် (မှန်ပါ့)။ အဲဒီ ရှူချင်တဲ့စိတ် ကလေး ရှိ၊ မရှိ အကဲခတ်စမ်းဟေ့ မောင်ထွန်းရင် (မရှိပါ ဘုရား)၊ မရှိတာကို သိတယ်။

မရှိတာက ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။ သေတာက (သမုဒယသစ္စာ)။ နောင်ခန္ဓာမလာတာက (နိရောဓသစ္စာ)။

ဒီခန္ဓာလာသေးရဲ့လား နံပါတ် ၄- လာသေးရဲ့ လား (မလာပါ ဘုရား)။

(ဤနေရာတွင် စက်ဝိုင်းကိုပြ၍မေးသည်)။

ဒီသမုဒယသေခဲ့ပြီပဲ (မှန်ပါ့)။ ၄- နံပါတ် လာနိုင်သေးရဲ့ လား (မလာတော့ပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ)

ဪ တို့ဆရာဘုန်းကြီး လာပြီး ဘာတွေဆုံးမနေပါလိမ့် မတုန်းမေးတော့ သစ္စာလေးချက် တစ်ပြိုင်နက်ထင်တဲ့နည်းလာပြီး ဆုံးမနေတယ် (မှန်လှပါ ဘုရား)။ သစ္စာလေးချက် (တစ်ပြိုင် နက်ထင်တဲ့နည်းပါ ဘုရား)။

သစ္စာလေးချက်ကို တစ်ပြိုင်နက်ထင်မှ နိဗ္ဗာန်ရမယ် (မှန်ပါ့)၊ တစ်ပြိုင်တည်း ဆိုတော့ ဒကာ၊ ဒကာမတို့ တစ်ပြိုင်နက် ဆိုတာ အလွယ်ကလေးပါ (မှန်ပါ့)၊

မီးထွန်းတဲ့ဥပမာ

မီးတစ်ခုကိုထွန်းပါ (မှန်ပါ့)၊ ထွန်းလိုက်တဲ့အခါကျတော့ နဂိုကမှောင်နေတာ အမှောင် ဖျောက်တာလည်း မီးပဲ (မှန်ပါ့)။

အလင်းပေးတာကော (မီးပါပဲ)။ ဒီအထဲက ပစ္စည်းတွေ မြင်အောင်ပြတာကော (မီးပါပဲ ဘုရား)၊ မီးပဲဆိုတော့ မီးသည်ကားလို့ဆိုရင် ဒကာ၊ ဒကာမတို့ အမှောင်ကိုလည်း ဖျောက် တယ် (မှန်ပါ့)၊ အလင်းကိုလည်း (ပေးပါတယ်)၊ ပစ္စည်းနဲ့ တူတဲ့ နိဗ္ဗာန်ပြတာလည်း ဒီဟာပဲ၊ ဒီမီးပဲ (မှန်လှပါ)။

ဒါဖြင့် ဒီမီးသည် ဒကာ၊ ဒကာမတို့ အမှောင်ကို ဖျောက် တယ်။ အလင်းကိုပေးတယ်။ ပစ္စည်းကိုပြတယ်။ ဆီကို ကုန်စေတယ် (မှန်ပါ့)။ သမုဒယသစ္စာလည်း ကုန်စေတယ် (ကုန်ပါတယ်)။

အဝိဇ္ဇာအမှောင်ကြီးလည်း ပျောက်စေတယ် (မှန်လှပါ ဘုရား)။ မဂ္ဂင်အလင်းကြီးကလည်း ပေးတယ် (ပေးပါတယ်)။ နိရောဓ သစ္စာဆိုတဲ့ ဟိုနေရာ ဘာအထုပ်ရှိတယ် ဆိုတာလည်း မဂ္ဂင်က ပြတယ် (မှန်ပါ့)၊ မပြဘူးလား (ပြပါတယ် ဘုရား)။

ဒါဖြင့် ဒီလေးချက်က တစ်ပြိုင်နက် မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့၊ ဥပမာ စားချင်တဲ့ စိတ်ကလေးဟာ ဒကာ၊ ဒကာမတို့ ပေါ်လာပြီးရင် အကဲခတ်၊ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မရှိတာက ဘာတုန်း (အနိစ္စပါ ဘုရား)။ သိတာက (မဂ္ဂပါ ဘုရား)။ သေတာက (သမုဒယပါ ဘုရား)။

အင်း နောက်ဒုက္ခမလာတာက (နိရောဓပါ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တာနဲ့ လေးချက်ပေါ်တာပဲ

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်ရှုလိုက်တာနဲ့ လေးချက်ပေါ် တာပဲ (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တာနဲ့ (လေးချက်ပေါ်တာပါ)။

ဒုက္ခသစ္စာသိတာလည်း မဂ် (မှန်ပါ့)၊ သမုဒယသစ္စာသတ်တာလည်း (မဂ်ပါ ဘုရား)။

နောက်ဒုက္ခမလာအောင် တားမြစ်တာလည်း (မဂ်ပါ)။

ဒါဖြင့် ပွားများတာကော (မဂ်ပါ)၊ သူတစ်ခုတည်း အလုပ်လုပ်သွားတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ)၊ အများက အလုပ်,လုပ်တာလား၊ မဂ်တစ်ကြိမ်တည်းက အလုပ်လုပ်တာလား (မဂ်တစ်ကြိမ်တည်းက အလုပ်လုပ်တာပါ ဘုရား)။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ကိုင်း နာရီကစေ့သွားပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။