295

မဂ်ကံကို ကြိုးစားပါ

အသံဖိုင်ခေါင်းစဉ်= သစ္စာလေးပါးတရားတော်(ည)

စာအုပ်ခေါင်းစဉ်= မဂ်ကံကို ကြိုးစားပါတရားတော်

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားဆုံးမတော်မူသော

မဂ်ကံကို ကြိုးစားပါတရားတော်

၆-၇-၆၂ ရက်နေ့ (ည)

အလုပ်တရားဆိုတာ ဒကာ၊ ဒကာမတွေ တခြားမှတ် မနေပါနဲ့၊ လိုရင်းကိုပြောလိမ့်မယ်လို့ အောက်မေ့ရမယ်။ လိုရင်း ဘယ်လိုပြောမလဲ ဆိုတော့ ဒကာ၊ ဒကာမတွေ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန် သူတို့စကား ပြောကြတယ်၊ တရားဟောကြ၊ တရားဆွေးနွေးကြတယ်။ ဘယ်လိုဆွေးနွေးသလဲလို့ မေးတဲ့အခါကျတော့ အရှင်သာရိပုတ္တရာက အဖြေသမားဘက်က၊ အရှင်မောဂ္ဂလာန်က အမေးသမား ဘက်ကလို့ မှတ်ထားကြပါနော် (မှန်ပါ့ ဘုရား) ကွာတဲ့၊ လောကကြီးထဲမှာ လူနှစ်မျိုး ရှိတယ်ဟေ့၊

လောကကြီးထဲမှာ လူနှစ်မျိုးရှိတယ်တဲ့

လောကကြီးထဲမှာ လူနှစ်မျိုးရှိတယ်တဲ့ ဘယ်သူပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ အညစ်အကြေး ရှိလျက်နှင့် အညစ်အကြေးရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ အညစ် အကြေး ရှိမှန်းသိတဲ့ ပုဂ္ဂိုလ်တစ်မျိုး ဆိုတော့ နှစ်မျိုးရှိတယ်။ သို့မဟုတ် ကိုယ်မှာ အညစ်အကြေးတွေကတော့ ပြည့်နေတယ်။ အဲဒီ အညစ် အကြေးရှိလျက်နှင့် အညစ်အကြေးရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ အညစ်အကြေး ရှိတာကိုပင်လျှင် အညစ်အကြေးရှိတယ် လို့ သိတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ဆိုတော့ ဘယ်နှယောက်ရှိသတုန်း (နှစ်ယောက်ပါ ဘုရား)။

နှစ်ယောက်နော်။ ကနေ့ညနှစ်ယောက်ပဲ ပြောပါ့မယ်။ ပြန်ပြောဦးမယ်။ ဒကာ၊ ဒကာမတွေ နားထောင်ကြပါ။ (၁)အညစ် အကြေးရှိနေတာကို အညစ်အကြေးရှိတယ်လို့ မသိတဲ့ပုဂ္ဂိုလ်က တစ်ယောက်၊ (၂) အညစ်အကြေးရှိတာကို အညစ်အကြေးရှိတယ်လို့ သိတဲ့ပုဂ္ဂိုလ်က တစ်ယောက် ဆိုတော့ ဦးအောင်ဇံဝေ ဘယ်နှယောက် ရှိသတုန်း (နှစ်ယောက်ရှိပါတယ်)၊ နှစ်ယောက်ရှိတယ် ဆိုတာ ဒါ သေသေချာချာ မှတ်ကြရမယ် ဒါဟာ မူလပဏ္ဏာသပါဠိတော် အနင်္ဂဏသုတ်မှာ လာတယ်လို့ မှတ်ပါ။ ဘုန်းကြီးတန်ဆာဆင်ဟော တယ်လို့ ဦးမြက မမှတ်နဲ့ (မှန်ပါ့)။

ယုတ်တဲ့ပုဂ္ဂိုလ်နဲ့ မြတ်တဲ့ပုဂ္ဂိုလ်

မူလပဏ္ဏာသပါဠိတော် အနင်္ဂဏသုတ်မှာ လာတယ်လို့ ခိုင်လုံအောင် ပြောပါတယ်။ (၁) နံပါတ် အညစ်အကြေးရှိတာကို အညစ်အကြေးရှိတယ်လို့ မသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ (၂) နံပါတ်က အညစ်အကြေး ရှိတာကို အညစ်အကြေးရှိတယ်လို့ သိတဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ ဘယ်သူ မြတ်သတုန်းလို့ မေးတော့ (၁) ပထမပုဂ္ဂိုလ်က ယုတ်တဲ့ပုဂ္ဂိုလ်၊ (၂) ဒုတိယပုဂ္ဂိုလ်က မြတ်တဲ့ ပုဂ္ဂိုလ်လို့ ဆုံးဖြတ်ချက် ချပါ။ ပထမပုဂ္ဂိုလ်က ဘယ်လိုပါလိမ့် (ယုတ်တဲ့ပုဂ္ဂိုလ်)၊ ဒုတိယပုဂ္ဂိုလ်က (မြတ်တဲ့ပုဂ္ဂိုလ်)၊ အဲဒီလို အားလုံး ဒကာ၊ ဒကာမတွေ မှတ်ထားကြပါ။

ကောင်းပြီ၊ ယုတ်တဲ့ပုဂ္ဂိုလ်နဲ့ မြတ်တဲ့ပုဂ္ဂိုလ်နှစ်ယောက် တော့ လောကထဲမှာရှိတယ်၊ လောကီ ဥပမာနှင့် အရှင်သာရိပုတ္တရာ က ဆုံးမပြန်တယ်။ အဲဒီနှစ်ယောက်ဘုရား တဲ့၊ ဘယ်လိုများ ထူးခြားပါလိမ့်မတုန်း ဆိုတော့ကွာ တဲ့။ ဈေးထဲက ကြေးဖလားကြီး တစ်ခု ဝယ်လာခဲ့တယ်။

ကြေးဖလားဥပမာ

အဲဒီကြေးဖလားကြီးကို ဝယ်လာပြီး အိမ်ရောက်တဲ့အခါ မသုံးစွဲဘဲနဲ့ ချောင်ထိုး ထားလိုက်တယ်။ ချောင်ထိုးထားလိုက်တဲ့အခါ ကျတော့ ဒကာ၊ ဒကာမတွေ နဂိုကဈေးထဲက ဝယ်လာတုန်းကလည်း အညစ်အကြေးနဲ့၊ အိမ်ကျတော့လည်း မသုံးစွဲဘဲနဲ့ ထားလိုက်ပြန်တော့ အညစ်အကြေး တက်တယ်၊ ဆေးကြောတဲ့ကိစ္စ သူ့မှာ ပါပါရဲ့ လား (မပါပါ ဘုရား) မပါတော့ ဒီပုဂ္ဂိုလ်ဟာ ယုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ လွဲသေးသလား (မလွဲပါ ဘုရား) မလွဲဘူးလို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် အညစ်အကြေးရှိတာကို ရှိမှန်းသိတဲ့ ပုဂ္ဂိုလ်က မြတ်တဲ့ပုဂ္ဂိုလ်ဆိုသောကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ မှတ်ရမှာက ပွတ်တိုက်ပြီး သုံးစွဲနေပြန်တော့ သော် သူဈေး ထဲက ကြေးဖလားပဲ ဝယ်လာခဲ့တာပဲ၊ အိမ်ကျတော့ အညစ်အကြေး ရှိတာ၊ အညစ်အကြေးရှိမှန်း သိသောကြောင့် သူသည်ကားလို့ ဆိုလို့ရှိရင် ဆေးကြောသုတ်သင်မှုကို လုပ်တယ်။

အညစ်အကြေးရှိတဲ့ပုဂ္ဂိုလ်

ထိုကဲ့သို့ လုပ်တဲ့ပုဂ္ဂိုလ်ကို ဦးမြ မြတ်တယ်လို့ ဆိုလိုက်ပါ တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ သားရေး၊ သမီးရေး၊ စီးပွားရေးတွေဟာ ဘယ်လို ဆုံးဖြတ်ချက် ချကြမလဲလို့ မေးလို့ရှိရင် ဒါကိလေသာ၊ ခိုင်းတာလုပ်နေတာ အညစ်အကြေးရှိတဲ့ ပုဂ္ဂိုလ်ပေါ့ (မှန်ပါ့) ကိလေသာခိုင်းတာ လုပ်နေတာ ဘယ့်နှယ့်ဆိုကြမလဲ။ (အညစ်အကြေး ရှိတဲ့ပုဂ္ဂိုလ်ပါ) အညစ်ဟာ အညစ်အကြေးရှိတဲ့ ပုဂ္ဂိုလ်လို့ ပဲ ဆုံးဖြတ်ချက်ချရမယ်။ အညစ်အကြေး ရှိတဲ့ပုဂ္ဂိုလ်ဟာ အညစ်အကြေးဆေးမှုဆိုတဲ့ ဝိပဿနာ အလုပ်၊ မဂ်အလုပ်ကို ဒကာ၊ ဒကာမတွေ မလုပ်တော့ဘူးဗျာ။ ချောင်ထိုးထားတာနှင့် မတူဘူးလား (တူပါတယ် ဘုရား)။

ဒါဖြင့် အညစ်အကြေးရှိတာကို အညစ်အကြေးရှိတယ်လို့ မသိသောကြောင့် သူက ယုတ်တဲ့ ပုဂ္ဂိုလ်ကွ၊ သဘောကျကြရဲ့ လား (မှန်ပါ ကျပါတယ် ဘုရား)၊ ယုတ်တဲ့ပုဂ္ဂိုလ်ကွ ဆိုတော့ကို ဒီဒကာ၊ ဒကာမတွေ၌ တဲ့၊ အညစ်အကြေးရှိနေတဲ့ ဥစ္စာကို အညစ် အကြေးရှိမှန်းမှ မသိတော့ကို ဦးမြ၊ ယုတ်တဲ့ပုဂ္ဂိုလ် ဆိုရတာဟာ အရှင်သာရိပုတ္တရာကို ဟောတာကို ဒကာ၊ ဒကာမတွေက နာစရာ မလိုပါဘူး၊ လိုသေးသလား (မလိုပါ ဘုရား)။

မလိုပါဘူးတဲ့။ အဲဒါကြောင့် အညစ်အကြေး ရှိနေတယ်ဆိုတာ ကိုပင်လျှင် အညစ်အကြေးကိစ္စ ဆေးကြော သုတ်သင်ပြီး သကာလ၊ ရှင်းလင်းကြမယ် ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေဟာ အင်မတန်မှ ကောင်းမြတ်မှာပဲ ဆိုတာကို ရှေးဦးစွာ သတိပေးပါတယ် (မှန်လှပါ ဘုရား) ဒီလိုမှ သတိပေးမည့်လူ မရှိလို့ရှိရင်ဖြင့် ဪ မွေးတုန်းကလည်း ချေးတွေ ညှော်တွေနဲ့၊ သေတော့လည်း ချေးတွေ ညှော်တွေနဲ့ ဆိုလို့ရှိရင်ဖြင့် ကောင်းပါဦးမလား (မကောင်းပါ ဘုရား)။

လောဘဆိုတာ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကို ယနေ့ စပြီး သကာလ ပြောပါရစေ။ ဪ ဒီ ဒကာ၊ ဒကာမတွေ ကိုယ့်ဟာကိုယ်တော့ဖြင့် လှတယ်၊ ပတယ်လို့ ထင်နေကြတာပေါ့။ ကိလေသာ အညစ်အကြေးကတော့ဖြင့် အင်မတန် ဆိုးရွားနေတယ်။ ဒါကို မဆေးကြောတော့ဘူးဆိုတော့ နံနက်၊ လောဘနဲ့ ဈေးတို့ ဘာတို့ သွားကြ ရောင်းကြ ဝယ်ကြနဲ့၊ လောဘဆိုတာ ဘာတုန်း မေးတဲ့ အခါကျတော့ ပဋိစ္စသမုပ္ပာဒ်နဲ့ ဦးမြရှင်းလိုက်တော့ တဏှာပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

တဏှာလာလို့ရှိရင် ဥပါဒါန်ဆိုတဲ့ဥစ္စာကို ကျေးဇူးပြုတော့ မယ် (မှန်ပါ့) ဥပါဒါန် ကျေးဇူးပြုလို့ ရှိရင်ဖြင့် ကာယကံ ဝစီကံနှင့် ဒကာ၊ ဒကာမတွေက ပြောလိုက်၊ ဆိုလိုက်၊ အမြတ်အစွန်း ရအောင် ပြောလိုက် ဆိုလိုက်၊ နှုတ်ချိုပြီး သကာလ ပြောလိုက် ဆိုလိုက်၊ ကိုယ့်ကိုယ်ကိုယ် စွံတဲ့နည်းကို ရှေးရှုပြီး သကာလ ပြောလိုက်ဆိုလိုက် ဆိုတော့ ဒါ ကာယကံ ဝစီကံပေါ့ဗျာ (မှန်ပါ့)၊ အထည် ဟိုလှန်ပြလိုက်၊ ဒီလှန်ပြလိုက် ဆိုလို့ရှိရင်ဖြင့် ဒါ ကာယကံ ဝစီကံ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ ရိပ်မိပလား (မှန်ပါ့ ဘုရား)၊ နောက်က ဒကာ၊ ဒကာမတွေ ဘယ်လိုဆိုကြမလဲ (တဏှာ ဥပါဒါန် ကံပါ ဘုရား)၊ တဏှာ ဥပါဒါန် ကံနော်၊ ဒါဖြင့် တဏှာ ဥပါဒါန် ကံမြောက်ပြီး သကာလ နေတော့၊ ကဲ စုတိမနေ သေသွန်တဲ့အခါကျတော့ ကမ္မဘဝပစ္စယာ ဇာတိ၊ ဘယ်သူက တွန်း လှန်ပေးလို့ ဘယ်သူက ဖြေဖျောက်ပေးလို့ ရကြသေးရဲ့ လား (မရပါ ဘုရား)။

ဝိပဿနာဘက်က ဗွက်ပေါက်နေတယ်

ဟာ တပည့်တော်တို့ မုသားလည်း မသုံးပါဘုရား။ ကောင်းသောရောင်းခြင်း၊ ကောင်းသော ဝယ်ခြင်း၊ အဲဒါ သီလဘက် က ပြောတာပေါ့ ဝိပဿနာက ဗွက်ပေါက် နေတယ်လို့ ပြော လိုက်တယ် (မှန်ပါ့) ရိပ်မိကြမလား (ရိပ်မိပါပြီ) သီလဘက်ကတော့ ခင်ဗျားတို့ပြောတာ ဟုတ်ပါတယ်။ အဲဒီ သီလကတော့ ကျေးဇူး မများလှသေးဘူး။ သဘောပါပလား (ပါ ပါတယ် ဘုရား)။

ဒီသီလလောက်တော့ ဘာမျှ ကျေးဇူးမများ လှသေးပါဘူး။ ဒီသီလက သာသနာတွင်းအလုပ်မှ မဟုတ်သေးဘဲ၊ သာသနာပ အလုပ်တွေ ရှိနေသေးတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ဒါကလေးနဲ့ ကျုပ်တို့ ဖြင့် ကောင်းသော ရောင်းခြင်း၊ ဝယ်ခြင်း လုပ်တာပါပဲ။ လိမ်ခြင်း၊ ကောက်ခြင်း ဆိုတာ လုံးဝမထားပါဘူး။ အဲဒါကြောင့် ကျုပ်တို့တော့ အသေလည်း စိတ်ချရပါတယ်လို့ ကြွားလုံး ထုတ်မနေလိုက်ပါနဲ့၊ မနောကံ ဗွက်ပေါက်နေတယ် ဆိုတာ ဦးမြကြီး ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)

ဒါဖြင့် မနောကံ ဗွက်ပေါက် တာကို သီလနှင့်ဆေးလို့လည်း မရဘူး (မရပါ ဘုရား) သမထနှင့် ဆေးလို့လည်း တဒင်္ဂပဲ ငြိမ်းမယ်၊ အပ္ပနာဆိုက်ရင် ဝိက္ခမ္ဘနပဲ ငြိမ်း မယ်။

ဝိပဿနာမဂ်

ဝိပဿနာမဂ်နှင့် ဆေးမှသာလျှင် စင်းလုံးချော လွတ်မယ် ဆိုတာ ဒကာ၊ ဒကာမတွေ မှတ်ထားဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ယနေ့ ဒီမှာ အားလုံး ဒကာရင်း၊ ဆရာရင်း တွေဖြစ်ပြီး ပြောဆိုနေတာက ခင်ဗျားတို့ ကိလေသာ အညစ်အကြေး ဗရပွေနှင့်နေတာကို ဆေးကြောတဲ့အလုပ်ကို မလုပ်ဘူး ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီး ရှင်းရှင်းပဲ ပြောပါတယ်။ ဒကာ အရင်းအချာတွေမို့၊ ငါဟာ ဘာဖြစ်ဦးမှာတုန်း ဆိုတာ ယုံမှား သံသယ မရှိပါနဲ့။ ကိုယ့်ပဋိစ္စသမုပ္ပာဒ် အတိုင်း ကိုယ်သွားရမယ် ဆိုတာသာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ ဒကာ၊ ဒကာမတွေ (မှန်ပါ့ ဘုရား)၊ ဘယ်သူ့ကို မေးစရာလိုသေးသတုန်းဗျ (မလိုပါ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပာဒ်အတိုင်း ကိုယ်သွားရမယ်ဆိုတာသာ ဆုံးဖြတ်ချက်ချပါလို့ ဒကာ၊ ဒကာမတွေကို သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ တိုက်နဲ့တာနဲ့ စိန်နဲ့ ရွှေနဲ့ ငွေနဲ့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ဒါ ဝမ်းမသာလို့ ပြောတာ မဟုတ်ပါဘူး။ အကုန်လုံး ဘုန်းကြီးတို့ လည်း ကိုးကွယ် ဆည်းကပ် နေကြတဲ့ ဒကာ၊ ဒကာမတွေ ဒီပုဂ္ဂိုလ်တွေချည်းပါပဲ။ သို့သော် ဝမ်းသာလို့လား ဆိုတော့ မဟုတ်ပါဘူး၊ လိုသေးလို့ ဖြည့်ပေးနေတယ် မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုကြောင့်ပါလိမ့် (လိုသေးလို့ ဖြည့်ပေးနေပါတယ် ဘုရား) လိုသေးလို့ ဖြည့်ပေးနေတယ် ဆိုတာကိုဖြင့် ယုံယုံကြည်ကြည် နဲ့ မှတ်ကြပါ (မှန်ပါ့) ခင်ဗျားတို့ မျက်လုံးကလေး ဖွင့်လိုက်မှာကို ဘုန်းကြီးက သိပ်ကြောက်တယ် (မှန်ပါ့)၊ ဒကာ၊ ဒကာမတွေ လေးလေးနက်နက် ပြောနေတယ် (မှန်ပါ့)။

မျက်လုံးဖွင့်မှာကြောက်တယ်

မျက်လုံးကလေး ဖွင့်လိုက်မှာကို သိပ်ကြောက်နေတယ်။ အလွန်ပဲ ကြောက်နေတယ်။ ဒကာ၊ ဒကာမတွေ (ဘုရား) မျက်လုံးဖွင့်လိုက်မှာ သိပ်ကြောက်တယ် (မှန်ပါ့) ဘာဖြစ်လို့ ကြောက်သတုန်းလို့ မေးတဲ့အခါ ဦးမြက မျက်လုံးဖွင့်ရင် ခင်ဗျားတို့ ဟာက မျက်လုံးဖွင့်ရင် လိုချင်တာလည်း လာလိမ့်မယ် (လာပါ တယ်)၊ လိုချင်တာ လာလို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ မြောက်သွား တယ် (မြောက်သွားပါ့မယ် ဘုရား)။

ဟာ မျက်လုံးဖွင့်လိုက်လို့ အမြင်မတော်ပါဘူးဆိုတော့ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရ ပြန်လှည့်တယ်။ မလှည့် ဘူးလား (လှည့်ပါတယ်) အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ မျက်လုံးဖွင့်မှာ ကြောက်လိုက်တာ၊ ဘာကြောင့် တို့ဆရာ ဘုန်းကြီးက ဒီလောက်တောင် ယနေ့မှ လာပြီး ဒကာ၊ ဒကာမတွေ မျက်လုံးဖွင့်မှာ ကြောက်နေရသတုန်းလို့ ခင်ဗျားတို့ မေးလိမ့်မယ်၊ မဖွင့်တတ်လို့ ကြောက်တာဟေ့ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်သုံးမျိုး

ဒကာ၊ ဒကာမတွေ ဘာဖြစ်လို့ ကြောက်သတုန်း (မဖွင့် တတ်လို့ ကြောက်တာပါ)၊ မဖွင့်တတ်လို့ ကြောက်တယ်။ မဖွင့်တတ် လို့သိပ်ကြောက်တာ၊ မကြောက်သင့်ဘူးလား (ကြောက်သင့်ပါ တယ်)၊ မျက်လုံးပေါက်က ပဋိစ္စသမုပ္ပာဒ်သုံးမျိုးလာမယ် (မှန်ပါ့ ဘုရား)၊ မြင်တယ် ဆိုလို့ရှိရင်ဖြင့် လိုချင်တယ်၊ စွဲလမ်းတယ်၊ အား ထုတ်တယ်ဆိုတဲ့ သုံးချက်လာတယ် (မှန်ပါ့ ဘုရား)။

မြင်တယ်ဆိုလို့ရှိရင်ဖြင့် အလိုမကျမှုဆိုတဲ့ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဝိဇ္ဇာ၊ သင်္ခါရ ကျအောင် ဦးမြ ပြန်မလှည့်ဘူးလား (လှည့်ပါတယ်)။ မြင်တာကို သော် ဒုက္ခသစ္စာ မြင်တယ်လို့မှ မသိလိုက်လို့ ရှိရင်ဖြင့် မြင်တာလည်း ဒုက္ခသစ္စာ မြင်တာပဲ (မှန်ပါ့)၊ မြင်တယ်လို့ မသိလိုက်သည်နှင့် တစ်ပြိုင်နက်တည်း အဝိဇ္ဇာပစ္စယာ သင်္ခါရာက လှည့်လာတယ် (လှည့်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ၊ ဒကာမတွေမှာ ဘုန်းကြီးများ စစ်စစ်မြစ် မြစ်နှင့် တကယ့်စေတနာရင်း စေတနာမှန်နဲ့ ဦးမြ၊ ပြောရတော့မယ် ဆိုလို့ရှိရင် မျက်လုံးဖွင့်မှာကြောက်တယ် (မှန်ပါ့ ဘုရား)၊ ဒကာ၊ ဒကာမတွေ မျက်လုံးဖွင့်မှာ (ကြောက်ပါတယ်) နောက်က ဒကာ၊ ဒကာမတွေရော (ကြောက်ပါတယ် ဘုရား) ဒီဆရာသမား နဲ့ အခုမှပဲ တွေ့ကြရတော့ ဘုန်းကြီးများက ပြောလိုတဲ့ စေတနာ၊ သိစေလိုတဲ့ စေတနာ အင်မတန်များပါတယ် (အင်မတန် များပါ တယ် ဘုရား)။

အဲဒါကို တပည့်တော်တို့ မျက်လုံးဖွင့်မှာ ဘာဖြစ်လို့ အရှင်ဘုရားက ကြောက်ရတာတုန်းဆိုရင် ခင်ဗျားတို့ မျက်လုံးဖွင့် လိုက်ရင် ပဋိစ္စသမုပ္ပာဒ်သုံးမျိုးလာတော့မယ် (လာပါတယ်) သုံးမျိုး တစ်မျိုးမျိုး လာတော့မယ်။ မလာပေဘူးလား (လာပါ တယ် ဘုရား) ထိုကဲ့သို့ လာလို့ရှိရင်ဖြင့် မျက်လုံး ဖွင့်လိုက် တာသည် ခင်ဗျားတို့ အပါယ်သွားဖို့ စီမံလိုက်တာ သေချာသွားတယ် (သေချာပါတယ် ဘုရား) မျက်လုံးဖွင့်လိုက်မှာ ဆရာဘုန်းကြီး ဘယ့်နှယ်ကြောင့် ဒါလောက် အရေးတကြီး ကြောက်ပါ လိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

မဖွင့်တတ်လို့ ကြောက်တာ (မှန်ပါ့ ဘုရား) ဘာဖြစ်လို့ ကြောက်သတုန်း (မဖွင့်တတ်လို့ ကြောက်ပါတယ်) မဖွင့်တတ်လို့ ကြောက်တယ်၊ အားလုံးပဲ အဖြေပေးကြပါ။ ဒကာ၊ ဒကာမတို့ လိုရင်းကို ပြောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)၊ လိုရင်းကို ပြောနေတယ်လို့ ဆုံးဖြတ်ချက်ချပါ။

ဒါဖြင့် ခင်ဗျားတို့ ဒါနက – ဒါနပယ်လို့ ဟောတာ မဟုတ်ပါဘူး (မှန်ပါ့)၊ ကယ်နိုင်ပါ့မလား ဦးမြ (မကယ်နိုင်ပါ ဘုရား) မကယ်နိုင်ရင် ပဋိစ္စသမုပ္ပာဒ်မပြတ်ဘူး (မှန်ပါ့ ဘုရား)။ မကယ်နိုင်ဘူးဆိုတာ သေချာပြီ။ သီလကရော (မကယ် နိုင်ပါ ဘုရား) မကယ်နိုင်ဘူးတဲ့။ ခင်ဗျားတို့ နေ့တိုင်းဘုရားရှိခိုး နေတာကလည်း ဗုဒ္ဓါနုဿတိပါပဲ (မှန်ပါ့) ဒါကလည်း မကယ်နိုင် ဘူး။

ဘာဖြစ်လို့တုန်း။ သူက နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် မှန်တဲ့ ပုဂ္ဂိုလ်ထားပါဦးတော့ ကိုယ်မျက်လုံး ဖွင့်နေတာ၊ ကိုယ်နားထောင်နေ တာနဲ့ စာလိုက်လို့ ရှိရင် ဦးမြ နှိုင်းယှဉ်လောက်ရဲ့ လား (မယှဉ်လောက်ပါ ဘုရား) မယှဉ်လောက်တော့ ခင်ဗျားတို့ဟာက တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာသင်္ခါရ၊ တစ်နည်း အဝိဇ္ဇာပစ္စယာသင်္ခါရာ ဒါပဲလှည့်နေတယ် (လှည့်ပါတယ် ဘုရား)။

လူတစ်သိန်းသေလို့

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်ပါ တယ်။ လူတစ်သိန်းသေလို့ သုဂတိ တစ်ယောက် မရောက်ပါဘူးကွာ (မှန်ပါ့)၊ ဒကာ၊ ဒကာမတွေဟောပြီ (မှန်ပါ့)၊ လူတစ်သိန်း သေလို့ (သုဂတိတစ်ယောက် မရောက်ပါ ဘုရား)၊ သုဂတိ တစ်ယောက်မရောက်ပါဘူးတဲ့ (မှန်ပါ့)၊ ဟောသင့်သလား (ဟောသင့်ပါတယ်)၊

မျက်လုံးနှင့်ပဲ ချိန်ပါတော့ (မှန်ပါ့)၊

နားပေါက်ကလည်း ပဋိစ္စသမုပ္ပာဒ် သုံးမျိုးလာဦးမယ် (လာပါတယ် ဘုရား)။ မလာပေဘူးလား (လာပါတယ် ဘုရား)။

နှာခေါင်းပေါက်ကရော (လာပါတယ် ဘုရား)။

လျှာပေါက်ကရော (လာပါတယ် ဘုရား)။

ကိုယ်ပေါက်ကရော (လာပါတယ် ဘုရား)၊

မနောပေါက် ကရော (လာပါတယ် ဘုရား)၊ ကဲ ခြောက်သုံးလီ (တစ်ဆယ့် ရှစ်)၊ တစ်ဆယ့်ရှစ် ဆိုတော့ အဲဒီတစ်ဆယ့်ရှစ် လှည့်တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဘုန်းကြီးလာလို့ ဆွမ်းကပ်တာ ဘုန်းကြီးက သာဓုမခေါ်နိုင်ဘူး။ မခေါ်နိုင်ဘူး ဘာဖြစ်လို့ မခေါ်နိုင်လဲ။ ဘုန်းကြီး ဟာ သူများပစ္စည်း သုံးဆောင်မှီဝဲပြီး ဘယ့်နှယ်ကြောင့် သာဓု မခေါ်နိုင် သတုန်းလို့ မေးဖို့ မလိုပေဘူးလား (လိုပါတယ် ဘုရား) ခင်ဗျားတို့က အသေ ဆုတောင်း ယူလိုက်လို့ရှိရင် ဒုက္ခရောက်သွားမှာ စိုးလို့ မခေါ်ချင်ဘူး။

ဒီဆွမ်း၊ ဒီကွမ်းကြောင့် နောက်ဘဝ ပေါများရပါစေလို၏ ဆိုရင် ဘဝသူပါနေတယ် (မှန်ပါ့ ဘုရား)၊ ဘဝပါနေတော့ ဘဝပစ္စယာ ဇာတိ (ဇာတိပါ ဘုရား)၊ ဇာတိပစ္စယာ ဇရာမရဏံ ဆိုတော့ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ ဆွမ်းကျွေးလိုက်တဲ့ အတွက် အသေရှာတဲ့ အဓိပ္ပာယ် ရောက်ပါတယ် မရောက်ဘူးလား၊ ဆွမ်းကျွေး တဲ့အတွက် (အသေရှာတဲ့ အဓိပ္ပာယ် ရောက်ပါတယ် ဘုရား)။

သံသရာထဲမှာပြေးမယ်

ဆွမ်းမကျွေးခင်က ဟောနေတာနော်။ မနက်ဖြန်ကျရင် စားရတော့မယ် (မှန်ပါ့) မနက်ဖြန် စားရမယ် (မှန်ပါ့)။

ဪ တို့ဆရာသမား ကြွလာတယ်။ ဂုဏ်ရှိ သရေရှိ ပညာရှိ၊ တို့ တော့ ဒီလိုနေလို့ မဖြစ်သေးဘူး၊ သံသရာက အရှည်ကြီး၊ အထုပ်ကလေး ပါအောင် လုပ်ဦးမှာပဲလို့ မနက်ဖြန် မလုပ်ပါနဲ့ ဒကာ၊ ဒကာမတွေ (မှန်ပါ့)၊ မနက်ဖြန် မလုပ်ပါနဲ့ (မှန်ပါ့)၊ လုပ်လို့ ရှိရင် ဒီအထုပ်ထမ်းပြီး ခင်ဗျားတို့ သံသရာထဲမှာ ပြေးမယ်လို့ စိတ်ကူးတယ် (မှန်ပါ့ ဘုရား)။

ဦးမြ ဟုတ်မှဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။ ဒီအထုပ် ထမ်းပြေးမလို့ စိတ်ကူးတယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဒီအထုပ် ထမ်းပြေးရတဲ့အတွက် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ မှာ ဒီအထုပ် ထမ်းပြေးရတယ် ဆိုကတည်းက နောက်ဘဝဆက်ဖို့ ပါသွားတယ် (မှန်ပါ့)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)၊

နောက်ဘဝဆက်ဖို့ ပါသွားလို့ရှိရင် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ၌ တဲ့၊ ဆွမ်းလည်း ကျွေးရသေးရဲ့၊ သေလမ်းလည်း လျှောက်ရသေးရဲ့ (မှန်လှပါ ဘုရား)၊ သဘောပါကြရဲ့ လား (ပါပါတယ် ဘုရား)၊

ဆွမ်းလည်း ကျွေးရသေးရဲ့ (သေလမ်းလည်း လျှောက် ရပါသေးတယ် ဘုရား)၊ သေလမ်းလည်း လျှောက်ရသေးရဲ့ ဆိုတော့ ဘုန်းကြီးတော့ ဒီလိုဆွမ်းတော့ မစားချင်ဘူးဗျာ (မှန်လှပါ ဘုရား)၊ ဘာကြောင့်တုန်း ဆိုတော့ ခင်ဗျားတို့ဆွမ်းစားပြီး သကာလ မင်းတို့ တောင်းတဲ့ဆုတွေ ပြည့်စုံစေကွာဆိုရင် သေပွဲကြီးတွန်းချတာပဲ (မှန်လှပါ ဘုရား)၊ ဒါ ကြမ်းတာ မဟုတ်ပါဘူးတဲ့ အမှန်ပြောတာ (မှန်ပါ့)၊ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)၊ ကြမ်းတာ မဟုတ်ဘူးနော် (မှန်ပါ့ ဘုရား)။

ကြမ်းတာမဟုတ်ပါဘူး။ ဒါ အမှန်ပြောတာပါ၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

နောက်ဘဝကောင်းစားရေး

ခင်ဗျားတို့က နောက်ဘဝ ကောင်းစားရေး လုပ်လိုက်တဲ့အခါ ကျတော့ကို ဇာတိ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဇာတိက ဒုက္ခသစ္စာ (တင်ပါ့ ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခသစ္စာကို ဆွမ်းကျွေးပြီး တောင်းယူတာ (မှန်လှပါ ဘုရား) ကောင်းကောင်း မတောင်းကောင်း (မတောင်း ကောင်းပါ ဘုရား) မတောင်းကောင်း ဘူး၊ ဆွမ်းကျွေးပြီး တောင်းယူတယ် ဆိုကတည်းက ဘုန်းကြီးကလည်း တောင်းတဲ့ဆုအတိုင်း ပြည့်စုံပါစေ ဆိုတော့ မင်းတို့ အဆိပ်စား သေ လိုက်ကွာ (မှန်လှပါ ဘုရား) ဒီအဓိပ္ပာယ် ရောက်တယ် (ရောက်ပါတယ် ဘုရား)။

ဒီအဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါကြောင့် ဘုန်းကြီးများသည် တဲ့။

ဒကာ၊ ဒကာမတို့ အင်မတန်သိစေချင်ပါတယ် (မှန်လှပါ)၊ လိုရင်းကို အင်မတန် သိစေ ချင်တယ်။ ရက်ကလည်း မရပါဘူး။ အင်မတန် သိစေချင်တယ်။ ရက်မရတာကလည်း ခင်ဗျားတို့ ဝမ်းမနည်းကြပါနဲ့။ ဟိုကလည်း ဘုန်းကြီးကို လိုချင်တာ ရက်ကို ကုန်အောင် နှိုက်ယူတယ် (မှန်ပါ့) ဒကာ၊ ဒကာမတွေ (မှန်ပါ့)၊ ကုန်အောင် နှိုက်ယူတော့ ဒီမှာ တယ်မကျန်ဘူး (မှန်ပါ့ ဘု ရား)။ ဘာပြုလို့ တုန်း၊ အမှန် ပြောနေတာ ကိုး။ အမှန်ပြောတော့ အမှန်သိချင်တဲ့စိတ်က သိပ်များနေတော့ (မှန်ပါ့ ဘုရား)။

စုံလုံးကန်းလမ်းလျှောက်

အဲဒီတော့ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ အတွက်မှာဖြင့် တဲ့။ စုံလုံးကန်း လမ်းလျှောက်တာဖြင့် ဘုန်းကြီးရှိတုန်းကို ဖျောက်စေချင်တယ် (မှန်လှပါ ဘုရား) စုံလုံးကန်း လမ်းလျှောက် နေတယ် (မှန်ပါ့ ဘုရား) စုံလုံးကန်း လမ်းလျှောက်တာ ဖျောက်စေ ချင်တယ် (မှန်ပါ့ ဘုရား)။

မသိအလှူ

ဘာဖြစ်လို့ ပျောက်စေချင်လဲ ဆိုလို့ရှိရင်ဖြင့် မသိလို့ လှူတဲ့ အဓိပ္ပာယ်၊ မသိလို့ လှူလိုက်ပြီ၊ မသိတာက ဘာတုန်းလို့ မေးတဲ့ အခါကျတော့ အဝိဇ္ဇာ (မှန်ပါ့) လှူတာက သင်္ခါရ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ သင်္ခါရာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာအလုပ် လုပ်နေတာ၊ မလှူနဲ့ ဟေ့ (မှန်ပါ့) ဒကာ၊ ဒကာမတွေ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သင်္ခါရပစ္စယာဝိညာဏံ ဆိုတော့ ဇာတိမပေါ် သေးဘူးလား (ပေါ်ပါတယ်) ဒါဖြင့် ဇာတိ ဆိုတာ ဒုက္ခသစ္စာ (မှန်ပါ့)။

ဒါဖြင့် ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက သစ္စာလို့ မသိတော့ စုံလုံးကန်း လမ်းသွားသလို ချော်လဲတာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုန်း (စုံလုံးကန်း လမ်းသွားတော့ ချော်လဲတာပါ) စုံလုံးကန်းက အဝိဇ္ဇာ (မှန်ပါ့) သွားတာက ခုတင်က ပုညာဘိသင်္ခါရ (မှန်လှပါ ဘုရား) ချော်လဲတာက ဒါကတော့ ဝိညာဏ် ပဋိသန္ဓေဝိညာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နားကြီးကြီးနဲ့ နားထောင်ပါ

ဒါဖြင့် စုံလုံးကန်းလမ်းသွားလို့ ချော်လဲတဲ့အလုပ်ကို ဘုန်းကြီးတို့က အားမပေးနိုင်ဘူး (မှန်ပါ့) မျက်စိဖွင့်ပေးရလို့ ရှိရင် ဘုန်းကြီးကျေနပ်တယ် (မှန်ပါ့)။ အခုမှ ဆရာ ဒကာတွေ့စနော်။ နားကြီးကြီး နဲ့တော့ ထောင်မှ (မှန်ပါ့ ဘုရား)။

နားကြီးကြီး နဲ့တော့ ထောင်မှ၊ နားသေးရင်တော့ မရဘူး။ နားသေးလို့ ဘုန်းကြီး က နားသေးတဲ့ ဘက်ကို လိုက်လို့ရှိရင် ဒီဘုန်းကြီး ထိုးချဘုန်းကြီးသာ မှတ်ပေတော့ (မှန်ပါ့ ဘုရား) ထိုးချပဲ။ သေသေချာချာ လွဲတာပဲ။ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က မသိရတဲ့ အထဲမှာ အမှန်ပြောမယ့် လူနဲ့ လွဲနေလို့ရှိရင် ကိုယ်ကျိုး နည်းပြီသာ မှတ်ပေတော့ (မှန်ပါ့) အဲဒါကြောင့် ဘုန်းကြီးများကလည်း ပြောနေကျ ဆိုနေကျ ဖြစ်နေတော့ ခင်ဗျားတို့က နားမလည်လည်း ငါတို့ မျက်လုံးဖွင့် နေတယ် ဆိုပြီး မှိတ်သာနာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) နောက် နားလည်လာပါလိမ့်မယ် (မှန်ပါ့) မလည်တော့ မရှိရဘူး (မှန်ပါ့)။

ကမ္မဿကတဉာဏ်

ကိုင်း ဒါဖြင့် စကားစပ်မိလို့ ခင်ဗျားတို့က ကံ, ကံ၏အကျိုးကို ယုံကြည်ပါကုန်သည်ဖြစ်၍ ဆိုတာ လူတိုင်း ကြားဖူးမှာပဲ (ကြားဖူးပါတယ်) မကြားဖူးဘူးလား (ကြားဖူးပါ တယ်) ကြားဖူးတော့ အဲဒါ ကမ္မဿကတဉာဏ်လို့ ခေါ်တယ် (မှန်ပါ့) ဘာခေါ်ကြမယ် (သမ္မဿကတဉာဏ်ခေါ်ပါတယ် ဘုရား)။

ငရဲမျိုးစေ့

အဲဒါက ဒိဋ္ဌိကိုမပြုတ်ဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒိဋ္ဌိမပြုတ်လို့ရှိရင် ငရဲမျိုးစေ့ ကျန်နေတယ် (မှန်ပါ့ ဘုရား) ဒိဋ္ဌိမပြုတ်ရင် (ငရဲမျိုးစေ့ကျန်ပါတယ် ဘုရား) ငရဲမျိုးစေ့ ကျန်နေတယ်လို့ ဒကာ၊ ဒကာမတွေ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါက နားကြီးကြီးနဲ့ ထောင်မှ ရတယ်ဆိုတာလည်း ထည့်ထည့် ပေးရသေးတယ် (မှန်ပါ့ ဘုရား) ထည့်ထည့် ပေးရ သေးတယ်။ မထည့်လို့ရှိရင် ဖြစ်ကိုမဖြစ်လို့ (မှန်ပါ့) အဲဒါကြောင့် ကမ္မဿကတ ဉာဏ်လောက်ကို ခင်ဗျားတို့ အားကိုးနေကြလို့ ရှိရင် ဖြင့် တဲ့။ ဒိဋ္ဌိကမပြုတ်တဲ့အတွက် ဘုန်းကြီး ဥပမာပြပါမယ်။

ကလေးတွေ စွန်လွှတ်တယ်နော်။ ကလေးတွေစွန်လွှတ်တဲ့အခါ ကြိုးတစ်ဆုံးပဲ တက်မှာပဲ (မှန်ပါ့) ပြန်ရစ်လိုက်ရင် အောက်ပြန် ကျမယ် (မှန်ပါ့ ဘုရား)။

အဲ ဒိဋ္ဌိနဲ့သွားတဲ့ ကုသိုလ်ဟူသရွေ့ ပြန်ကျတာချည်းပဲ (မှန်ပါ့ ဘုရား) ဒိဋ္ဌိနဲ့သွားတဲ့ ကုသိုလ်ဟူသရွေ့ (ပြန်ကျတာချည်းပဲ) ပြန်ကျတာချည်းပဲ ဆိုတော့ ဘုန်းကြီးတို့က ဒီလိုမလိုချင်ဘူး (မှန်ပါ့) ဒိဋ္ဌိပြုတ်တဲ့ ကုသိုလ်ကို လုပ်စေချင်တယ် (မှန်ပါ့) ကမ္မဿကတဉာဏ်ကိုပဲ ဒိဋ္ဌိပြုတ်အောင် လုပ်လို့ရပါတယ် (ရပါတယ် ဘုရား)။

သစ္စာမြင်တဲ့ဉာဏ်

ကမ္မဿကတဉာဏ်နေရာမှာ ဝိပဿနာဉာဏ်ကူရုံပဲ၊ သစ္စာ မြင်တဲ့ ဉာဏ်ကူပေးရုံပဲ (မှန်ပါ့) ကူလိုက်လို့ရှိရင် ခင်ဗျားတို့ ရွှေတိဂုံဘုရားကြီးကို ရွှေအချပ်ပေါင်း ဘယ်လောက် ချမတုန်း (မှန်ပါ့) ဘုန်းကြီးများက သာဓု ခေါ်ပါတယ် (မှန်ပါ့) အသေရှာ ရင်တော့ဖြင့် ဦးမြ မကြိုက်ဘူး (မှန်လှပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

သစ္စာသိဖို့ အရေးကြီးတယ်

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက စောစော ကပြောတယ်။ ငါ ကွာ တဲ့။ သစ္စာ မသိခင်တုန်းက ဆိုလို့ ရှိရင်ဖြင့် တဲ့၊ အသေရှိလျက်နဲ့ အသေရှာနေတယ်ကွာ။

အနာရှိလျက်နဲ့ (အနာရှာနေတယ်)။ အအိုရှိလျက်နဲ့ (အအိုရှာတယ်)။

သစ္စာမသိခင်တုန်းက (မှန်ပါ့) နောက်ဘဝမှာ ဇာတိ ဇရာမရဏဟာ ဒုက္ခသစ္စာလို့ မသိခင် တုန်းကတော့ဖြင့် ငါလည်း လွဲနေတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သစ္စာသိမှုလောက် အရေး ကြီးတာ ရှိကိုမရှိဘူး (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါ တယ်)။ ဘာသိဖို့ အရေးကြီးသလဲ (သစ္စာသိဖို့ အရေးကြီးပါ တယ်) သစ္စာသိဖို့ အရေးကြီးတယ် (မှန်ပါ) သစ္စာက စာထည်း သိဖို့ ဒီလောက် အရေးမကြီးဘူး၊ ခန္ဓာထည်းပေါ်လာတဲ့ ဓမ္မ၏ သစ္စာ ကိုသိဖို့ (မှန်ပါ့) နားလည်ပလား (နားလည်ပါပြီ ဘုရား) ခန္ဓာထဲမှာ ပေါ်လာတဲ့ဓမ္မ၏ သစ္စာသိဖို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကပြတဲ့သစ္စာ

အချို့ဆရာတွေ ဟောနေတာကို သွားပြီး အယုံအကြည်မရှိ ပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အချို့ စာအုပ်တွေ ထဲက ရေးထားတာကိုလည်း သွားပြီး အမှန် မယူလိုက်ပါနဲ့ဦး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့်ဉာဏ်နဲ့ ကိုယ့်သစ္စာနဲ့ သွားတွေ့ရမယ် (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာက ပြတဲ့သစ္စာနဲ့ ကိုယ်ဉာဏ်နဲ့ သွားတွေ့မှ သစ္စာသိတယ် (မှန်ပါ့) ဦးအောင်ဇံဝေ မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)။

သစ္စဉာဏ်

ကိုယ့်ခန္ဓာက ဒုက္ခသစ္စာနဲ့ ကိုယ့်ဉာဏ်နဲ့ သွားတွေ့တော့ မှ သစ္စဉာဏ်ဖြစ်သွားတယ် (မှန်ပါ့) ခန္ဓာက ဒုက္ခသစ္စာ ဉာဏ်က ဉာဏ်ပေါ့ဗျာ (မှန်ပါ့) သစ္စာနဲ့ ဉာဏ်နဲ့ ပေါင်းလိုက်တော့ (သစ္စဉာဏ်) သစ္စဉာဏ် ဖြစ်သွားတယ်။ သဘောကျပလား (ကျပါပြီ) ဦးမြ အဲဒီသစ္စဉာဏ် မူတည်ပြီးတော့မှ ဘုန်းကြီးက ကိစ္စဉာဏ်ကို ဟောရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာမှတ်တမ်း

ကိစ္စဉာဏ်ဟောပြီးတော့မှ ခင်ဗျားတို့ ကိစ္စပြီးတဲ့ ကတဉာဏ် ကို ဟောမှ ကိုက်မယ် (မှန်ပါ့ ဘုရား) ဦးမြ ဒါ မနာရသေးဘူး (မှန်ပါ့) မနာရသေးဘူးနော်။ မိုးကုတ်မှာလည်း မနာခဲ့ရဘူး။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ စာထဲမှာ ရွတ်နေတာတွေဟာ ခန္ဓာမှတ်တမ်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) စာထဲမှာ ရေးထားတာ ဘာပါလိမ့် (ခန္ဓာမှတ်တမ်းပါ ဘုရား)။

အဲဒီတော့ ခန္ဓာမှတ်တမ်းနဲ့ အရှိမှတ်တမ်း ခင်ဗျားတို့ ဘယ်ဟာ အတည်ပြုကြမလဲ (အရှိမှတ်တမ်း အတည်ပြုရမယ်) အရှိကို အတည်ပြုရမယ် (မှန်ပါ့ ဘုရား) အဲဒီဉာဏ်ရောက်စေချင် လို့ ဒီလောက်ရှင်းနေတာ (မှန်ပါ့ ဘုရား) သဘောကျကြပလား (ကျပါပြီ) ဒါဖြင့် မှတ်တမ်းနဲ့ အရှိ ခင်ဗျားတို့ ဘယ်ဟာ အတည်ပြုကြမလဲ (အရှိ အတည်ပြုရပါမယ် ဘုရား)။

သစ္စာကွယ်ရင် နိဗ္ဗာန်မရောက်

အရှိကို အတည်ပြုရမယ်ဆိုတာ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ကြပါ။ နားကြီးကြီးနဲ့ ထောင်စေချင်တယ်။ နားကြီးကြီးနဲ့ ထောင်စေချင်တယ် ဆိုတာ မမှာရဘူးလား (မှာရပါတယ် ဘုရား)။ မှာရမယ် (မှန်ပါ့) မမှာလို့ရှိရင်ဖြင့် သစ္စာကွယ်မယ်။ သစ္စာကွယ်ရင် နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး (မှန်ပါ့ ဘုရား) သစ္စာကွယ်ရင် (နိဗ္ဗာန်မရောက်ပါ) ဒကာ၊ ဒကာမတွေ သေသေချာချာမှတ်ကြပါ (မှန်ပါ့)။

ဆီးဖြူရွက်

သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရတယ်လို့ ငါဘုရား ဘယ်တော့မှ မဟောဘူး (မှန်ပါ ဘုရား) လောကီ ဥပမာ ငါပြောပါ့မယ်ကွာတဲ့။ ဒီမှာ ဆီးဖြူရွက်တွေ ရှိပါတယ်။ ဆီးဖြူရွက်ဆိုတာ သေးသေးကလေး။ အဲ ဆီးဖြူရွက်နဲ့ မင်းမောနေလို့ သောက်ရအောင် ငါရေထုပ်လာခဲ့ တယ်ဆိုရင် ဒကာ၊ ဒကာမတွေ ယုံနိုင်ပါ့မလား (မယုံနိုင်ပါ ဘုရား) ကြာဖက်နဲ့ ရေထုပ်လာခဲ့တယ်ဆိုလို့ ရှိရင်ရော (ယုံနိုင်ပါတယ် ဘုရား)။

အဲ သစ္စာမသိဘဲနဲ့ ငါသောတာပန် တည်ခဲ့တယ်။ နိဗ္ဗာန်ရခဲ့တယ်ဆိုရင် ဘယ်တော့မှ မယုံနဲ့။ ဆီးဖြူရွက်နဲ့ ရေထုပ် တာကွ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ) ကြာဖက်နဲ့ ရေထုပ်တယ် ဆိုတဲ့ ဥစ္စာက သစ္စာသိတဲ့ ပုဂ္ဂိုလ်မို့ ငါနိဗ္ဗာန်ရခဲ့တယ် ဆိုလို့ ရှိရင် အဲဒါကျတော့ ယုံသာယုံပါတဲ့ (မှန်ပါ့) သဘော ပါပလား (ပါ, ပါတယ် ဘုရား)။

ဒီပြင် အကိုးအကား လုံလောက်အောင် ပြောကြပါဦးစို့ ဆိုတော့ ခုတင်က သစ္စသံယုတ် ပါဠိတော်ကို ပြောပါတယ်။ ခင်ဗျားတို့ ရထားတဲ့ ဓမ္မစကြာဝတ်အသင်းတွေပဲ။ ငါသည် အကြင်အခါ၌ ဒုက္ခသစ္စာမသိသေး။ ထိုအခါ ဘုရားဟူ၍ မကြေညာသေး ဟုဆိုတယ် (မှန်ပါ့)။

ကဲ ပါဠိတော်မှာ မရှိဘူးလား (ရှိပါတယ် ဘုရား)။ အကြင်အခါမှာ သစ္စာကို ငါမသိသေး။ ထိုအခါ ဘုရားဟူ၍ မကြေညာသေး။ ဘုရားဆိုတော့ သောတာပန်က စတက်ရမှာ (မှန်ပါ့) ဘုရားမျိုးက တစ်မျိုးမဟုတ်ဘူး။ သောတာပန်က စတက် ရမှာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အကြင်အခါ သစ္စာကို မသိသေး။ ထိုအခါ ဘုရား ဟူ၍ လောကကြီး၌ ငါ မကြေညာသေး ဆိုတဲ့ အဓိပ္ပာယ်ရော ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ အရေးအကြီးဆုံး တရားဟာ ဘာတရားပါလိမ့် (သစ္စာကိုသိဖို့ အရေးကြီးပါတယ် ဘုရား) သစ္စာတရားလို့ ဆုံးဖြတ်ချက်ချပါ။

သစ္စာမသိဘဲသေသွားတဲ့ပုဂ္ဂိုလ်

သစ္စာမသိတာ ဘယ်သူတုန်းလို့ မေးလို့ရှိရင်ဖြင့် “ဒုက္ခေ အညာဏံ”ဆိုတော့ ပါဠိတော်က ကိုးချတယ် (မှန်ပါ့) ဒုက္ခ၊ ဒုက္ခသစ္စာ၌၊ အညာဏံ၊ မသိခြင်းသည်။ အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။ (မှန်လှပါ) သစ္စာမသိဘဲနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်ဟာ အဝိဇ္ဇာနဲ့ သေသွားတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် ဒီ ဒကာ၊ ဒကာမတွေထဲမှာလည်း အားလုံးပါပဲ။ ဘုန်းကြီးက သစ္စာဟောပါလိမ့်မယ်နော် (မှန်ပါ့)။

အကန်းမသာ

အဲဒါ မသိဘဲနဲ့ သေသွားလို့ ရှိရင် မွေးတုန်းက အကန်း၊ သေတော့လည်း အကန်းမသာ မှတ်ပေတော့ (မှန်လှပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မွေးတုန်းကတော့ (အကန်းပါ ဘုရား)။ သေတော့ရော (အကန်းပါ ဘုရား)။

အဲဒီလို အကန်းမသာဖိတ်ရင် အဲဒီလို ဖိတ်စမ်း (မှန်ပါ့ ဘုရား) ဆိုးလွန်းလို့ ဆိုးလွန်းလို့ နော် (မှန်ပါ့ ဘုရား) ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါက ဒကာရင်း ဆရာရင်းနဲ့ ပြောတဲ့တရားလို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) အမှန်ဆုံးကိုလည်း ဟောတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။ ဒကာ၊ ဒကာမတွေ (ဘုရား)၊ ဒါမှ မဟောလို့ ရှိရင် ခင်ဗျားတို့ ရကိုမရဘူး (မှန်ပါ့ ဘုရား) သို့သော် ဘုန်းကြီး အခုသစ္စာကို ဟောတော့မယ်ဆိုလို့ ရှိရင် ခင်ဗျားတို့ ရှေ့ပိုင်းက ခင်းရပါလိမ့်မယ် (မှန်ပါ့)။

ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ

သစ္စာဘယ်အချိန် ဟောရတယ်ဆိုတဲ့ဥစ္စာလည်း ခင်ဗျားတို့ သိထားနှင့်ဖို့ အရေးကြီးပါတယ် (မှန်ပါ့) ဒါနကထာကို ရှေးဦးစွာ ဟောမယ် (မှန်ပါ့)။ ပြီးတော့မှ သီလကထာကို ဟောမယ် (မှန်ပါ့)။ ပြီးတော့မှ သဂ္ဂကထာ နတ်ပြည် အကြောင်းကို ဟောမယ် (မှန်ပါ့) ပြီးတော့ အဲဒါတွေ အပြစ်ချည်းပဲလို့ ပြတဲ့ ကာမာနံ အာဒီနဝကထာကို ဟောမယ် (မှန်ပါ့)။

အဲဒီလို ဟောလိုက်ရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဪ ဒါန ကြောင့် အကျိုးပေးတာတွေလည်း အလကားပဲ။ သီလကြောင့် အသက်ရှည် နေတာတွေလည်း ဒုက္ခရှည်နေတာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)

ဒီကနေ သဂ္ဂကထာ ဟောလိုက်ပြန်တော့ နတ်ပြည် ကောင်းကြောင်းတွေ ဘုရားကပြောလို့ မဆုံးအောင် ဘဲ ဟောပါတယ်။ ဟောတဲ့ အခါကျတော့ သူတို့ တရားဘက်ကို သာယာလာကြတယ်။ အဲဒီ သာယာလာတော့ တဏှာက ဝင်လာတယ် (မှန်ပါ ဘုရား)။

ကာမဂုဏ် ငါးပါးဆိုတာ

ဒကာ၊ ဒကာမတွေ တဏှာဝင်လာတော့မှ ထိုကာမဂုဏ်တို့ ၏ အပြစ်ကို အမဲရိုး ပစ်လိုက်တဲ့အခါ ခွေးတစ်ကောင် အသားမပါဘဲနဲ့ ပစ်လိုက်တဲ့ အမဲရိုး လျှာနဲ့ လျက်ရုံနဲ့ ဝပါ့မလား (မဝပါ ဘုရား)။

အေး ကာမဂုဏ်ငါးပါးဆိုတာ မဝနိုင်တဲ့ အလုပ်။ ဘာမှ အသုံးမကျ ဘူးကွ ဆိုပြီးတော့ ဖျက်ပစ်လိုက်တယ် (မှန်ပါ့) ဖျက်လို့ ဒကာ၊ ဒကာမတွေ စိတ်ထဲမှာ ဖြူစင်လာတဲ့အချိန်မှာ သစ္စာ ကောက်ဟောတယ် (မှန်ပါ့ ဘုရား)။

အဲဒီအချိန်မှာ ဟောလိုက်လို့ ရှိရင်ဖြင့် ကိစ္စပြီးသွားတာပဲ (မှန်ပါ့) ဒါ ဘုရားဟောစဉ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ရှေးက ဒါနကထာ ဟောလိုက်လို့ အင်မတန် ဝမ်းမြောက် သွားတယ်။ တရားကောင်းလိုက်တာပေါ့။ သိပ်ကောင်းတာပဲ။ ဒကာ၊ ဒကာမတွေ ဒါဆိုရင် သွားပြီ (မှန်ပါ့)။ သီလကထာ ဟောလိုက်လို့ ကောင်းလိုက်တာ၊ သွားပြီ (မှန်ပါ့) ဘယ့်နှယ် ကာမာနံ အာဒီနဝကထာ တောင်မှ မထည့်ရ သေးဘူး။ ထည့်ရပြီလား (မထည့်ရသေးပါ) မထည့်ရသေးတော့ သူ့မှာ ကိလေသာ တန်းလန်းကြီး ဖြစ်မနေဘူးလား (ဖြစ်နေပါ တယ်)။ ကိလေသာ အညစ်အကြေးတွေ သိပ်မထူဘူးလား (ထူပါတယ်) အဲဒီထူတဲ့အချိန်၊ သစ္စာ သွားမဟောနဲ့ အလကားပဲ (မှန်ပါ့)။

ဘုရားဟောစဉ်

ဦးမြ ဒီလိုဆိုတော့ ဆင်ကို တန်ဆာဆင်ပြီးမှ အစွယ်ချိုးတဲ့ သဘောလုပ်ရတယ် (မှန်ပါ့) ပထမ ဘာဖြစ်လို့ ဆွဲရတာတုန်းလို့ ဆိုတော့ ဒါနကထာလောက်မှ မဟောလို့ ရှိရင်လည်း သူတို့ နားမလည်ဘူး (နားမလည်ပါဘုရား၊) တရားနား ကပ်ပါ့မလား (မကပ်ပါ ဘုရား)။

သီလကထာလောက် မဟောလို့ရှိရင်လည်း (တရားနား မကပ်ပါ)။ သဂ္ဂကထာလောက်မှ မဟောရင်လည်း (တရားနား မကပ်ပါ)။ မကပ်ဘူး၊ ဒါတွေ ဟောပေးရတယ် (မှန်ပါ့)။ ပြီးတော့မှ မင်းတို့ နတ်ပြည် ဆိုတဲ့ဥစ္စာကွာ ခွေးအမဲရိုး ကိုက်သလိုပါ ပဲ။ ကျီးတစ်ကောင်အစာရလို့ ဝိုင်းဆိတ် သလိုပါပဲ။ ကြည့်ပါလား။ စီးပွားရေးမှာ ဝိုင်းဆိတ်နေကြတယ်။ (မှန်ပါ့)။

ဥပမာ လူတစ်ယောက်က ကုန်တစ်မျိုး ထွင်လိုက်တယ်ဆိုရင် အတုလိုက်လာတာပဲ။ ကြည့်ပါလား ဝိုင်းဆိတ်တာ။ ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ ကာမဂုဏ်ဟာ ကျီးတစ်ကောင် အစာ ရတာနဲ့ ထူးကြသေးရဲ့လား (မထူးပါ)။ ဝိုင်းဆိတ်ကြတာပဲ (ဝိုင်းဆိတ်တာပါပဲ ဘုရား)။ သဘောပါပလား (ပါ, ပါပြီ)။

အဲဒါကြောင့် ကာမဂုဏ်အပြစ်တွေ အဲဒီလိုပြောလို့ စင်လာတဲ့အချိန် ကျမှ သစ္စာကောက် ဟောတယ် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ သစ္စာသူ့အချိန်နဲ့သူ ဟောရတယ်ဆိုတာ ဒကာ၊ ဒကာမတွေမှတ်လိုက်ကြစမ်းပါ (မှန်ပါ့) သူ့ အချိန်နဲ့သူ မဟောရပေဘူးလား (ဟောရပါတယ်) အဲဒါကြောင့် ဒါ ဘုရား ဟောစဉ်လို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။ ဘုရားဟောစဉ်နော်။ ဥပါလိတို့ ဟောတာလည်း ဒီအတိုင်း ဟောနေတာပဲ (မှန်ပါ့ ဘုရား)။

လှံအချက်သုံးရာ

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတွေ သစ္စာဆိုတာ သစ္စာ များဟာ ဒုက္ခသစ္စာတစ်လုံး ပိုင်ပိုင်နိုင်နိုင် ဟောတတ်တဲ့ဆရာနဲ့ မင်းတို့နားထောင်ပြီး တွေ့ကြမယ် ဆိုလို့ရှိရင်ကွာတဲ့။ ဟောတဲ့ဆရာ က အင်မတန် ဈေးကိုင်နေလို့ မင်းကို နံနက် လှံအချက်သုံးရာထိုးမယ် (မှန်ပါ့) နေ့လယ် လှံအချက် သုံးရာထိုးမယ် (မှန်ပါ့) ညနေ လှံအချက် သုံးရာထိုးမယ်။ အဲဒါ အသက် တစ်ရာတွင်း ထိုးမယ် (မှန်ပါ့) နောက်ဆုံးပိတ်ကျမှ မင်းကိုသစ္စာဟောမယ် ဆိုရင် အဲဒါ ခံလိုက်ကွ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။ ဘာဖြစ်လို့တုန်းဆို အရေးကြီးလို့ (အရေးကြီးလို့ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သစ္စာမသိသေးလို့ ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ ဘာလုပ်လုပ် အဝိဇ္ဇာနဲ့ လုပ်တာချည်းမှတ် (မှန်ပါ့)။ သစ္စာ မသိသေးရင် (အဝိဇ္ဇာနဲ့လုပ်တာ) အဝိဇ္ဇာနဲ့ အလုပ်လုပ်နေတယ် မှတ်ပါ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ)။ သစ္စာမသိသေး လို့ (အဝိဇ္ဇာနဲ့ အလုပ်လုပ်တာ) အဝိဇ္ဇာနဲ့ အလုပ်လုပ်နေလို့ ရှိရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”အပြင်ဘက် ထွက်နိုင်ကြပါ့မလား (မထွက်နိုင်ပါ ဘုရား)။

မထွက်နိုင်လို့ရှိရင် နိဗ္ဗာန်မရပါဘူး (မရပါ)။ မယုံလို့ရှိ ရင် ဦးမြက ရွတ်ကြည့်လိုက်။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွင်ရပ်ပြီး သူအဆုံးရွတ်ကြည့်လိုက်။ ရှည်နေမှာစိုးလို့ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ မလာဘူးလား (လာပါတယ်) ဒါ ချုပ်လိုက်ပါ တော့ (မှန်ပါ့ ဘုရား)။

ဒီထဲက ခင်ဗျားရပြီးသားပဲ ထားပါတော့ (ရပြီးသားပါပဲ ဘုရား)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်

သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ အဝိဇ္ဇာပဲ မဟုတ်လား (အဝိဇ္ဇာ ပါပဲ) အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်ဟာ သင်္ခါရလုပ်မယ် (မှန်ပါ့)။ သင်္ခါရ လုပ်လို့ရှိရင် ဟိုဘက် ဘာရမတုန်းမေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခက္ခန္ဓဿ) ဒုက္ခက္ခန္ဓဿ၊ ဒုက္ခအစုကြီး ရမယ်လို့ ဘုရားက သေသေချာချာ ဟောပါတယ် (မှန်ပါ့) ဟုတ် မဟုတ်လည်း ကိုယ်ကိုယ်တိုင် ခန္ဓာထဲမှာ စဉ်းစားကြည့်ကြ။ ဟုတ်ပါတယ်။ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သစ္စာကို ဘုန်းကြီးများက သိပ်အရေးတကြီး ပြောချင် တာပဲ (မှန်ပါ့)။ ဒါမှမပြောရလို့ ရှိရင်လည်း ဒကာ၊ ဒကာမတွေ ဒီတရားပွဲဟာ အလကားပါပဲကွာ (မှန်ပါ့)။ ဒါယကာ ဒါယိကာမတွေ သစ္စာ မဟောရလို့ရှိရင် (အလကားပဲ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သစ္စာ ခင်ဗျားတို့ကလည်း မနာရဘူး။ ဘုန်းကြီးကလည်းပဲ ဟောတဲ့အထဲ သစ္စာ မပါဘူးဆိုလို့ ရှိရင်ဖြင့် နဂိုက အကန်းကို ဟုတ်လား (မှန်ပါ့)။ ဆေးမှားပြီး သကာလ လိမ်းမိတာနဲ့ တူဦးမှာပဲ (မှန်ပါ့)။ ကဲ ဒကာ၊ ဒကာမတွေ ကျေနပ်ရဲ့ လား (ကျေနပ်ပါတယ် ဘုရား)။ ဒါကြောင့် ခင်ဗျားတို့ ဒကာရင်း ဆရာရင်း တွေကျတော့ ဒါကို အရေးတကြီး လုပ်စမ်းပါဆိုတာ ပြောထိုက်၊ မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

သစ္စဉာဏ်

ကိုင်း ဒါဖြင့် စပါတော့မယ်။ ဒကာ၊ ဒကာမတို့ အခုမှ တရားစမယ်။ သစ္စဉာဏ် စမယ်နော်။ သစ္စဉာဏ် စမယ်။ အားလုံး ဒကာ၊ ဒကာမတွေ ဘာဟောမယ် (သစ္စဉာဏ် ဟောပါမယ်) စိတ်ချ နားကြီးကြီးနဲ့ ထောင်နော်။ ဒကာ၊ ဒကာမတွေ ဘယ်လောက် သတိပေးနေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မြင်စိတ်

နားကြီးကြီးနဲ့ နားထောင်ကြပါ ဒကာ၊ ဒကာမတို့နော်။ သစ္စဉာဏ်ဆိုတဲ့ ဥစ္စာအားလုံး ဒကာ၊ ဒကာမတွေ မျက်လုံးထဲမှာ ခင်ဗျားတို့ အာရုံဒွါရ ဟိုက အဆင်းကလေးနဲ့ ဒီကမျက်လုံးအကြည် ရုပ်ကလေးနဲ့ သွားတိုက်တဲ့အခါ မြင်စိတ်တော့ပေါ်မယ် (ပေါ်ပါ၊ တယ် ဘုရား)။၊

“စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ပါဠိရွတ်နေ ရင် ကြာပါတယ် (မှန်ပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့) မြင်စိတ်ကလေး တစ်ခုတော့ မပေါ်ဘူးလား (ပေါ်ပါတယ်)။ အဲဒီ မြင်စိတ် ကလေးဟာ ဒကာ၊ ဒကာမတွေ မှတ်ထားလိုက်စမ်း၊ သူဟာ မြင်ရုံပင် မြင်တတ်တယ်။ ဒီပြင် ဘာလုပ်တတ် သတုန်းမေးလို့ ရှိရင် ဘယ့်နှယ်ကြမလဲ (ဘာမှမလုပ်တတ်ပါ ဘုရား) ဘာမှမလုပ် တတ်ဘူးနော်။

ဒါဖြင့် သူ ဘာမှမလုပ်တတ်တဲ့ အဓိပ္ပာယ်ဆိုလို့ ရှိရင်ဖြင့် သူ့နောက်က လုပ်တတ်တာ တွေကဖြင့် ဪ နောက်ပေါ်တဲ့ တရားတွေလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) မြင်လို့ လိုချင်တာ နောက်ပေါ်တဲ့ တရား (မှန်ပါ့ ဘုရား) မြင်လို့ ဒေါသဖြစ်တာ (နောက်ပေါ်တဲ့တရားပါ ဘုရား)။

ဒါဖြင့် ဒီမြင်စိတ်တစ်ခု မရှိတော့ဘူး (မရှိပါ) ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဒကာ၊ ဒကာမတို့ အာရုံ ဒွါရတိုက်တဲ့အခါ ပေါ်လည်းပေါ်တယ်။ ပျောက် လည်း ပျောက်တယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ပေါ်လည်းပေါ်၊ ပျောက်လည်း ပျောက်သောကြောင့် ပေါ်တာက သေမလို့ ပေါ်သောကြောင့် ဒုက္ခသစ္စာ၊ ပျက်သွားတာက သေပွဲဝင်လို့ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။ ပေါ်တာက သေဖို့ ပေါ်သောကြောင့် ဘယ့်နှယ်ပြောမလဲ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခ သစ္စာနော် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ပျက်သွားတာက သေပွဲဝင်သောကြောင့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဘာပေါ်ပေါ် ဒုက္ခသစ္စာသာ ပေါ်ရမယ် (မှန်ပါ့ ဘုရား)။ ရှင်းကြပလား (မှန်ပါ့ ရှင်းပါပြီ)။ ခင်ဗျားတို့ သန္တာန် ဘာပေါ်ပေါ် ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာပဲ ပေါ်ရမယ် (မှန်ပါ့)။ ဒါကြောင့် “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ”လို့ ဟောပေတာပေါ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာ

ဒါဖြင့် ဒကာ၊ ဒကာမတွေမှာ အဲဒီ မြင်စိတ်ကလေး တစ်ခုပဲ ပေါ်လာတယ်။ ပေါ်လာ တာကလည်း သေမလို့ ပေါ်လာတာ (မှန်ပါ့ ဘုရား)။ သေမလို့ပေါ်လာတော့ ဒကာ၊ ဒကာမတွေက အကဲ ခတ်ကြည့်တာပေါ့။ သေမလို့ ပေါ်လာသောကြောင့် ဒုက္ခသစ္စာ (မှန်ပါ့)။ ရှင်းပြီလား (မှန်ပါ့) ကောင်းပြီ။

သေသွားတဲ့အခါ ကျလို့ရှိရင် ခင်ဗျားတို့ တစ်တို၊ တစ်စ၊ တစ်ပိုင်း၊ တစ်စိတ်တောင်မှ အစ ရှာတွေ့ရဲ့လား (မတွေ့ပါ ဘုရား) မတွေ့သောကြောင့် သူလည်း အသေဆိုး သေသောကြောင့် ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ ပေါ်လာတာကလည်း သေမလို့ ပေါ်လာသောကြောင့် (ဒုက္ခသစ္စာပါ ဘုရား) သေသွားတဲ့ အခါ တစ်တို၊ တစ်စ၊ တစ်ပိုင်း၊ တစ်စိတ် မကျန်ရစ်သောကြောင့် အသေဆိုး သေသောကြောင့် သူ့ကို ဘာဆိုမတုန်း (ဒုက္ခသစ္စာပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဘယ်ဓမ္မပေါ်လာလာ ဘာသစ္စာခေါ်မလဲ (ဒုက္ခသစ္စာပါ ဘုရား)။ အဲဒီ ဒုက္ခသစ္စာလေး၊ ဪ ဒါသည် ဒုက္ခသစ္စာပဲ၊ ဒုက္ခက ဆင်းရဲတာ။ သစ္စာက မှန်တာ (မှန်ပါ့ ဘုရား)။ ဖြစ်ဆင်းရဲ၊ ပျက်ဆင်းရဲ (မှန်လှ ပါ ဘုရား)။ ဒကာ၊ ဒကာမတွေ ဘာတဲ့တုန်း (ဖြစ်ဆင်းရဲ ပျက်ဆင်းရဲပါ ဘုရား)။

ဖြစ်ဆင်းရဲ၊ ပျက်ဆင်းရဲ ဆိုတာက ဒါက သံယုတ်ပါဠိတော် မှာ လာပါတယ်။ “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ” (မှန်ပါ့) ဟောတဲ့နေရာမှာ ဘယ်နေရာမှာ ဟောဟော ဒါဟောမှာပဲ (မှန်ပါ့)။ အေး ဒကာ၊ ဒကာမတွေ သဘောကျ ကြရဲ့လား (ကျပါတယ် ဘုရား)။ ခင်ဗျားတို့ သန္တာန်မှာ ဖြစ်ဆင်း ရဲ၊ ပျက်ဆင်းရဲ မှတစ်ပါး ချမ်းသာရှိပါသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် ဖြစ်ဆင်းရဲ ပျက်ဆင်းရဲက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။ ဖြစ်ဆင်းရဲ ပျက်ဆင်းရဲပေါ်တိုင်း ပေါ်တိုင်း နောက်က ဉာဏ်ကလေး လိုက်ပေးစမ်းပါ (မှန်ပါ့ ဘုရား) ဉာဏ်ကလေး လိုက်ပေးစမ်းပါ (ဉာဏ်လိုက်ရမှာ) ဒကာ၊ ဒကာမတို့ ( ဘုရား) ဘာလိုက်မလဲ (ဉာဏ်လိုက်ရမယ်) ဉာဏ်လိုက်ရမယ် (မှန်ပါ့)။ အဲဒီဉာဏ်လိုက်လို့ ရှိရင်ဖြင့် ဒီဉာဏ်သည် ဆင်းရဲကိုမြင်တဲ့ဉာဏ် (မှန်ပါ့ ဘုရား)။

လောကီမဂ္ဂသစ္စာ

ဒီဉာဏ်သည် ဘာပါလိမ့် (ဆင်းရဲကိုမြင်တဲ့ဉာဏ်ပါ ဘုရား) ဆင်းရဲကိုမြင်တဲ့ဉာဏ်၊ ဆင်းရဲတာက ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) မြင်တာက မဂ္ဂသစ္စာ (မှန်ပါ့) လောကီမဂ္ဂသစ္စာပဲ ရှိသေးတယ်၊ လောကုတ္တရာ နောက်မှ တက်ပေးရမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) လောကီမဂ္ဂသစ္စာပဲ ရှိသေးတယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဒကာ၊ ဒကမတွေ ဒီတစ်လုံးမြင်တာဟာ ကိုယ့်အရှိကို ကိုယ်သိတာ (မှန်ပါ့) ကိုယ့်အရှိကို (ကိုယ်သိပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ ကိုယ့်အရှိကို ကိုယ်သိတယ် ဆိုတော့ ဒါဖြင့် နဂိုတုန်းက ဒကာ၊ ဒကာမတွေမှာ ကိုယ့်အရှိ ဒုက္ခသစ္စာကို ကိုယ်အသိ မလိုက်တုန်းက ကန်းနေသဟေ့ (မှန်ပါ့ ဘုရား)။

ဘာကန်းတာတုန်းဆိုတော့ သစ္စာမသိတဲ့အကန်း (မှန်ပါ့ ဘုရား)။ သစ္စာမသိတဲ့အကန်း ဆိုတော့ ဒုက္ခေ အညာဏံ (မှန်ပါ့ ဘုရား) ဒုက္ခေ၊ ဒုက္ခသစ္စာ၌။ အညာဏံ၊ မသိတာဘဲ။ မသိတာ ဘယ်သူတုန်းဆိုတော့ ဒုက္ခေ အညာဏံ တရား ကို ကောက်လိုက်ရင် အဝိဇ္ဇာပဲ (အဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ခန္ဓာထဲပေါ်တဲ့ ဖြစ်မှုပျက်မှုတွေ မသိဘဲနဲ့ သေသွား တဲ့ ဒကာ၊ ဒကာမတွေဟာ မွေးတုန်းကလည်း အကန်း (အကန်းပါ ဘုရား)။ သေတော့ရော (အကန်းပါ ဘုရား)။ ဒါကြောင့် ဘုန်းကြီးက မသာဖိတ်တဲ့အခါ အကန်းမသာလို့ ဖိတ်ပါ လို့ပြောတာ ဒကာ၊ ဒကာမတွေက နာသေးသလား (မနာပါ ဘုရား)။ ဒကာ၊ ဒကာမတွေ နာသေးသလား (မနာပါ ဘုရား)။

ဪ တို့ဆရာ သိပ်ပြောပါလားလို့ ခင်ဗျားတို့ က ဆိုချင်သလား ကန်းတာက ပိုသလား (ကန်းတာက ပိုပါ တယ်) ကန်းတာက ပိုတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ မသိဘဲနဲ့ သေသွားမှာ အားလုံး ဒီအိမ်က ဒကာ၊ ဒကာမတွေကော၊ အခု ဆရာဒကာ ဖြစ်ပြီး ကြုံကြ၊ ဆုံကြတဲ့ ဒကာ၊ ဒကာမတွေရော အကန်းလေးမွေးပြီး အကန်းသေ သွားမှာလောက် စိုးရိမ်တာမရှိဘူး (မှန်ပါ့ ဘုရား)။ မျက်စိနှစ်ကွင်း အလင်းမရဘူး (မှန်ပါ့)။ သိပ်ကြောက်စရာ မကောင်းဘူးလား (ကြောက်စရာ ကောင်းပါတယ်)။ အင်မတန်ကြောက်စရာကောင်းပါတယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ၊ ဒကာမတွေ မျက်လုံးထဲမှာ မြင်တဲ့စိတ် ကလေးဟာ ဖြစ်ပြီး ပျက် သောကြောင့် ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။ ဒါကလေးကို နှလုံးသွင်းလိုက်တဲ့ အခါကျတော့ မရှိဘူး။ မြင်စိတ်ကလေးဟာ မရှိတော့ဘူး။ အခုအခါ လိုချင်တဲ့စိတ်သာ ရှိတော့တယ်။ မြင်တဲ့စိတ် မရှိတော့ဘူး လို့ ကြားဖြတ်ကလေး သိလိုက်လို့ရှိရင်ဖြင့် အဲဒါမဂ္ဂသစ္စာ ခေါ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ်)။

ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိလုံးကလေးကရော (မဂ္ဂသစ္စာ)။ အဲဒီတော့ ခုနကမြင်လို့ လိုချင်တယ်ဆိုတဲ့ လောဘကို မဂ်ကဝင်တားတယ် (မှန်ပါ့) မတားဘူးလား (တားပါတယ် ဘုရား)။ မြင်လို့ ဒေါသဖြစ်တယ်ဆိုတာရော လာသေးရဲ့လား (မလာပါ ဘုရား)။ မြင်တာကို ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာရော လာသေးရဲ့လား (မလာပါ ဘုရား)။ ပဋိစ္စသမုပ္ပာဒ်သုံးချက်စလုံး ပြတ်တယ် (ပြတ်ပါတယ် ဘုရား)။ ရိပ်မိကြပလား (ရိပ်မိပါပြီ။)

ပဋိစ္စသမုပ္ပာဒ် ဘယ်နှချက်ပြတ်သတုန်း (သုံးချက်ပြတ်ပါတယ် ဘုရား) သုံးချက်ပြတ်တယ် ဆိုတော့ ဒကာ၊ ဒကာမတို့ ဒုက္ခက္ခန္ဓဿ ဆိုတဲ့ ဒုက္ခအစုကြီး သုံးချက်စလုံး ပြတ်တယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဒီတစ်လုံး ကြားရတာနဲ့ ခင်ဗျားတို့ ဉာဏ်နားနဲ့ သာ ထောင်မယ်ဆိုရင် သေပျော်တယ် (မှန်လှပါ ဘုရား)။ ဘယ့်နှယ်ဖြေကြမလဲ (သေပျော်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ အကန်းက မြင်လာတယ် (မှန်ပါ့) အကန်းက ဘာဖြစ်တယ် (မြင်လာပါတယ် ဘုရား) မြင်လာတော့ကို ဒကာ၊ ဒကာမတို့ ရိုးရိုးမြင်တာလား ဟုတ်လား။ ဟင်း ဆရာသမားဆီက အကူအညီနဲ့ မြင်တာလားလို့ မေးရင် ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ဖြေကြမယ် (ဆရာသမား ဆီက အကူအညီနဲ့ မြင်တာပါ ဘုရား)။

ဆရာသမားကောင်း

ဒါကြောင့် သောတာပန် တည်ချင်လို့ ရှိရင် ကလျာဏ မိတ္တ, သပ္ပုရိသူပသံသေဝ, မပါရင် ဘယ်တော့မှ မတည်ဘူးကွ၊ ဘုရားက ဟောချလိုက်တယ် (မှန်ပါ့) သောတာပန် တည်ချင်တဲ့ အင်္ဂါဟာ လေးပါး ရှိတယ် (မှန်ပါ့ ဘုရား) သူက ရှေးဦးစွာအရေး ကြီးတယ် (မှန်ပါ့ ဘုရား) ဆရာသမား ကောင်းနှင့်တွေ့ဖို့ သိပ် အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ မြင်စိတ်ကလေး ဟာ စက္ခုဝိဉာဏ် ဆိုတဲ့ဥစ္စာဟာ ဦးသူတော်က ဗဟုသုတရှိတော့ ဪ ဥပေက္ခာဆိုပါလား ဘုရား၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား) ဥပေက္ခာကလေး ပါလားတဲ့၊ ဥပေက္ခာဆိုတာ လိုချင်မှု၊ ရချင်မှု၊ ပြစ်မှားမှု ပါသေးသလား (မပါ,ပါ ဘုရား) မပါတော့တာကို မြင်တာပဲ (မှန်ပါ့) မြင်တာပဲဆိုပြီး ရပ်တယ် (မှန်ပါ့)

မြင်ပြီး သကာလ သူ့နောက်က လိုက်တာတွေကသာ လောဘ၊ ဒေါသ၊ မောဟ လိုက်တာပဲ (မှန်ပါ့ ဘုရား) သူ့နောက် က လိုက်တာ သူ ခုရှိသေးသလား (မရှိပါ ဘုရား) မြင်တာကလေး ဟာ ဒုက္ခသစ္စာပဲလို့ သိလိုက်တဲ့နောက် သိလိုက်သည်နှင့် တစ်ပြိုင် နက်တည်းတဲ့၊ ဒကာ၊ ဒကာတို့ မြင်တာက မဂ္ဂသစ္စာ (မဂ္ဂသစ္စာပါ) မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။

ရှေ့ပြေးမဂ်

မဂ္ဂသစ္စာ သွားတွေ့တော့ ဒါမဂ်အစစ်လားဘုရားလို့ မေးတဲ့ အခါကျတော့ ဒီမဂ်က မဂ်အစစ်လို့ မဟောနိုင်သေးပါဘူး (မှန်ပါ့ ဘုရား) သို့သော် ပုဗ္ဗဘာဂမဂ်လို့တော့ ဟောရမယ် (မှန်ပါ့ ဘုရား) ရှေ့ပြေးမဂ်လို့ (မှန်ပါ့, ရှေ့ပြေးမဂ်ပါ ဘုရား) ရှေ့ပြေးမဂ်တော့ ဟောရတော့မယ် (မှန်ပါ့) ဘာကြောင့် ရှေ့ပြေးမဂ် အရှင်ဘုရားက ဟောနိုင်ရတုန်း။ ဪ ကိလေသာ တဒင်္ဂတော့ သတ်ပြီကွ (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ဘယ့်နှယ်ဖြေမတုန်း (ကိလေသာ တဒင်္ဂသတ်ပါတယ်) ကိလေသာ တဒင်္ဂ သတ်တယ် (မှန်ပါ့ ဘုရား) အဲဒီတော့ ကိလေသာ တဒင်္ဂသတ်၊ တဒင်္ဂမှ မသတ်လို့ ရှိရင်ဖြင့် ခုနက သမုစ္ဆေဒ ဆိုတာ အမြစ်ပြတ်အောင် သတ်တဲ့ မဂ်ဉာဏ်လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား) မလိုက်နိုင်တော့ ဒါ ဆရာသမားတာဝန်က ဒီမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဟို အမြစ်ပါ ဖြတ်ဖို့၊ သတ်ဖို့ရာ အလုပ်ကတော့ ပွားများတဲ့အပေါ်မှာ မှီတယ် (မှန်ပါ့) မမှီဘူးလား (မှီပါတယ် ဘုရား)။

ဧဟိပဿိကော

ကိုင်း ဒါဖြင့် ဒီ ဒကာ၊ ဒကာမတွေမှာ ခုနက မြင်တဲ့စိတ်ကလေးကိုပဲ မြင်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပြီး ပျက်တာကို ခင်ဗျားတို့က (ဆင်ခြင်ပေးရမယ်) သူကတော့ဖြင့် တဲ့၊ ဒကာ၊ ဒကာမတွေ မှတ်လိုက်စမ်းပါ။ သူကတော့ဖြင့် ဦးမြကြီးတို့ ဟောဖူးပါတယ်။ “ဧဟိ၊ လာခဲ့ပါ၊ ပဿ၊ ငါ့ကို ရှုပါ” လို့ သူက ခေါ်နေတယ် (မှန်ပါ့၊ ခေါ်ပါတယ် ဘုရား)။

မြင်စိတ်ကလေးက (မှန်ပါ့ ဘုရား)။

ဧဟိ (လာခဲ့ပါ)။ ပဿ (ရှုလော့)။ ငါ့ကိုရှုပါ (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က မရှုမိဘူး၊ ရှောင်လွဲနေတော့ အဝိဇ္ဇာဝင် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ခင်ဗျားတို့ ရထားတဲ့ ဧဟိပဿိကောဟာ၊ ဧဟိ,က လာခဲ့ပါ။ ပဿက ရှုပါဆို၊ မြင်စိတ်က ခေါ်လာတယ် (မှန်ပါ့) ကြားစိတ်ကရော (ခေါ်ပါ တယ် ဘုရား)။

နို့ ခေါ်တာ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် မသွားတာ တုန်းဆိုတော့ တပည့်တော် မသွားတတ်လို့ပေါ့ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) မသွားတတ်တာ လည်း သူခေါ်ရာကို မသွားတတ်တာသည် ခေါ်တာလည်း မကြားလို့ ပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ခေါ်တာ မကြားတာက အဝိဇ္ဇာ၊ ခေါ်တာ မကြားတာက (အဝိဇ္ဇာ) ဒါဖြင့် ဒကာ၊ ဒကာမတို့ သွားပြီ (မှန်ပါ့) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလှည့်သွားပြီ (မှန်လှပါ ဘုရား) မလှည့်သေးဘူး လား (လှည့်ပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ခင်ဗျား တို့ ဒီနေ့ည တရား ထူးထူးလည်လည် ဟောနေတယ်လို့ ခင်ဗျားတို့က “တို့ မန္တလေးက ဆရာသမား ပင့်လာတာ ထူးထူးလည်လည် နာရလိမ့်မယ်” လို့ အောက်မေ့မနေနဲ့၊ ဧဟိ ပဿိကော သဘောကျ ရင်တော်ပြီ (မှန်လှပါ ဘုရား) သဘောပါကျပလား (ပါ, ပါပြီ ဘုရား)။

ဧဟိက ဘာတုန်း (လာလှည့်ပါ ဘုရား)။

ပဿကရော (ရှုလှည့်ပါ ဘုရား)။

သူက လာပြီး ရှုပါလို့ ခေါ်နေတယ် (မှန်ပါ့) ဒီမြင်စိတ် ကလေးက ကျုပ်သဘောကို ကြည့်ကြစမ်းပါ (မှန်ပါ့) ကျုပ်ကို ရှုကြစမ်းပါ။ မပြောဘူးလား (ပြောပါတယ် ဘုရား) ပြောမှ ခင်ဗျားတို့က ကျောခိုင်းနေတယ် (မှန်ပါ့ ဘုရား) သဘောပါလား (ပါ, ပါပြီ ဘုရား) ကျောခိုင်းနေတာ ဘယ်သူပါလိမ့် လက်သည်ရှာ အဝိဇ္ဇာ။

ဒါဖြင့် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဘက်လှည့်သွားပြီ (လှည့်သွားပါပြီ) ဒါဖြင့် ခင်ဗျားတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရတာ ဘာဖြစ်လို့ ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဧဟိပဿိကော ခေါ်ရာမလိုက်လို့၊ သဘောကျပလား (ကျပါပြီ ဘုရား)

ဘယ်သူ ခေါ်ရာ မလိုက်လို့လဲ (ဧဟိပဿိကော၊ ခေါ်ရာမလိုက်လို့) အဲဒီတော့ ဘုရားက ဧဟိ လာခဲ့ပါ၊ ပဿရှုပါလို့ ဒီမြင်စိတ်ကလေး ကလည်း ခေါ်တာပဲ ကြားစိတ်ကလေးကရော (ခေါ်တာပါပဲ) အကုန်ခေါ်တာပဲ၊ ကြံစိတ် စီစိတ်ကရော (ခေါ်ပါတယ် ဘုရား)။ ဪ ခင်ဗျားတို့ ခေါ်ရာမသွား မခေါ်ရာသွားလို့ အပါယ်ရောက်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခေါ်ရာကိုတော့ (မသွားပါ ဘုရား)။ မခေါ်ရာကိုတော့ (သွားပါတယ် ဘုရား)။

လောကွတ်များလို့ အပါယ်သွားနေတာ

အံမာ တယ် လောကွတ်များတဲ့ လူတွေပါကလား (မှန်ပါ့ ဘုရား) လောကွတ်များလို့ အပါယ်သွားနေတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ နာရီကလည်း သိပ်ပြီးတော့ ပြောချိန်မရဘူး။ တစ်နာရီကလည်း ပြည့်တော့မယ်။ ၁၀ မိနစ် လောက်ပဲ လိုတော့တယ် (မှန်ပါ့) ခင်ဗျားတို့ သေသေချာချာ မှတ်ပါ။ “ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ” (မှန်ပါ့) ဘယ့်နှယ်လဲ (သန္ဒိဋ္ဌိကောနဲ့လိုက်ပါ)။

သန္ဒိဋ္ဌိကော

သန္ဒိဋ္ဌိကောဆိုတာကလေး နည်းနည်းရှင်းပေးပါဦးမယ်။ ၁၀ မိနစ်အတွင်းမှာ။

‘‘သန္ဒိဋ္ဌိကောတိ သာမံ ပဿိတဗ္ဗော။’’

သာမံ၊ ကိုယ်တိုင်၊ ပဿိတဗ္ဗော၊ မြင်အောင်ကြည့်ပါ (မှန်ပါ့) မြင်အောင်ရှုပါ (မှန်ပါ့ ဘုရား)။

ခေါ်တာ ခေါ်တဲ့ဆီ မြင်အောင်ကြည့်ပါ။ ရိပ်မိကြပလား (ရိပ်မိပါပြီ) ခေါ်တဲ့ဆီကို (မြင်အောင် ကြည့်ရပါမယ် ဘုရား) ဒါဖြင့် ပေါင်းကြစို့ (မှန်ပါ့ ဘုရား)။

ဧဟိ ပဿိကောက ဘာပါလိမ့် (လာခဲ့လို့) လာခဲ့လို့ ခေါ်တာ၊ လာလှည့်၊ ရှုလှည့်ဆိုတော့ စာသံ ပေသံ ပါနေမှာ စိုးလို့ (မှန်ပါ့ ဘုရား) ဟုတ်လား (မှန်ပါ့) ဧဟိ၊ လာခဲ့ပါ။ ပဿ၊ ရှုပါ၊ လာရှုစမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)

အဲဒီတော့ ခင်ဗျားတို့က လာရှုပါ ဆိုတဲ့ ဥစ္စာကို ဘာနဲ့သွားရှုရမှာတုန်း ဘုရားဆိုတော့၊ သာမံ ပဿိတဗ္ဗော၊ သာမံ၊ ကိုယ်တိုင်၊ ပဿိတဗ္ဗော၊ မြင်အောင် ရှုလိုက်စမ်းပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သာမံ ကိုယ်တိုင် ပဿိတဗ္ဗောက (ရှုရမယ်) မြင်အောင်ရှုပေးပါ။

ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်)

အဲဒါ ခင်ဗျားတို့ ချွတ်ယွင်းချက်က ဧဟိပဿိကော ကလည်း အာပေါက်အောင် ခေါ်တာ။ သန္ဒိဋ္ဌိကောက လည်း ကျောချည်း ခိုင်းတယ် (မှန်ပါ့ ဘုရား) ဪ ဒါဖြင့် နိဗ္ဗာန်ရောက်ပါ့မလားလို့ မေးလိမ့်မယ် (နိဗ္ဗာန်မရောက်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်နည်းနဲ့မှ မရောက်ဘူး (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဒီဥစွာ “ဧဟိ ပဿိကော သန္ဒိဋ္ဌိကော အကာလိကော၊ ဧဟိပဿိကော” အလုပ်စဉ်ရယ်လို့ကို မမှတ်ဘူး။ တရားပူဇော်တာလို့ မှတ်တယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာလုပ်နေကြသလဲ (တရားပူဇော်နေကြ တယ်)။

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထား တာက ပူဇော်ဖို့ ဟောတာလား။ ဧဟိ၊ လာခဲ့ပါ။ ပဿ၊ ရှုပါလို့ ဟောတာလား (လာပါ ရှုပါလို့ ဟောတာပါ ဘုရား) လာခဲ့ လာပြီး ရှုလို့ (မှန်ပါ့ ဘုရား) မဟောဘူးလား (ဟောပါတယ် ဘုရား) အဲဒါကို ခင်ဗျားတို့က လာရှုရမယ့်ဥစွာ ကိုယ်တော်ကြီး ကျေးဇူးတင်လိုက်တာ ဆိုတော့ အလွဲသုံးနေတယ် (မှန်ပါ ဘုရား) သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။

ဘာသုံးနေကြတယ် (အလွဲသုံးနေကြပါတယ် ဘုရား) အလွဲသုံးလို့မှ အပါယ်မရောက်လို့ ရှိရင်တော့ မတတ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)၊ အတော်ဆိုးရွား သွားတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) အေး ဒါကြောင့် ဒီ ဒကာ၊ ဒကာမတွေကို သုံးလုံးတည်း ဟောပါတယ်လို့ မှတ်ပါ (မှန်ပါ့)။

ဧဟိပဿိကောက အခေါ်သမား။ သန္ဒိဋ္ဌိကောက အရှုသမား။

ပြီးတော့မှ ငါသည် ဧဟိပဿိကော ခေါ်ရာကိုအဖြစ် အပျက်က ခေါ်ရာကို၊ သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော နှင့် ကိုယ်တိုင် ဆိုတာ ဉာဏ်ကို ဆိုပါတယ် (မှန်လှပါ ဘုရား) အဲဒီဉာဏ်နဲ့သာ ရှုပေး စမ်းပါ။

ဉာဏ်နဲ့ ရှုလို့ ရှိရင်ဖြင့် အကာလိကော အခါမလင့် အကျိုးပေးမယ်ကွ (မှန်ပါ့ ဘုရား) ဘာတဲ့တုံး (အခါမလင့် အကျိုးပေးပါမယ် ဘုရား) ပေး မပေး ဘုန်းကြီး ရှင်းပြမယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ပေး မပေး ချက်ချင်း ရှင်းပြမယ်နော်။ ဘယ်လိုရှင်းပြရမတုန်းလို့ မေးတဲ့ အခါကျတော့ ကဲ ထုံးစံအတိုင်း ကတော့ မြင်တယ်။ လိုချင်တယ်။ စွဲလမ်းတယ်။ အားထုတ်တယ် (မှန်ပါ့)။

သုံးခုလိုက်ရင်ကံမြောက်ပြီ

ဒီသုံးခုမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) အဲဒီတော့ သုံးခုလိုက်ရင်တော့ ကံမြောက်ပြီ (မြောက်ပါပြီ) သုံးခုလိုက်ရင် ကံမြောက်ပါပြီ။

ကဲ ဒါဖြင့် မြင်တဲ့စိတ်ကလေးကို ဖြစ်ဒုက္ခ ပျက်ဒုက္ခ ခင်ဗျားတို့က ဖြတ်ပြီး ဉာဏ်နဲ့ လိုက်, လိုက်ပါ (မှန်ပါ့ ဘုရား) အဲဒီတော့ကို ဧဟိပဿိကော ခေါ်ရာကို ဉာဏ်နဲ့ လိုက် လိုက်တဲ့ အတွက် သန္ဒိဋ္ဌိကော မဖြစ်ဘူးလား (ဖြစ်ပါတယ်) အကာလိကော ဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံလည်း ချက်ချင်း သေတယ်၊ မသေဘူးလား (သေပါတယ် ဘုရား)။

ဝိပဿနာမဂ်

ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ၊ သေတာ ငါ အပါယ်သွား ဦးမှာလားလို့ မေးဖို့လိုသေးလား (မလိုပါ ဘုရား)။ ဒါ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် ဒီအသေ သေရပါလိမ့်မတုန်းဆိုတော့၊ အို ဝိပဿနာမဂ်က သတ်ချလိုက်တာ (မှန်လှပါ) ဘယ်သူက သတ်ချလိုက်တာတုန်း (ဝိပဿနာမဂ်က သတ်ချလိုက်တာပါ ဘုရား)

ဝိပဿနာမဂ် နည်းတဲ့သတ္တိမဟုတ်ဘူး (မှန်ပါ့ ဘုရား) ဒါမလုပ်ဘဲနဲ့ ခင်ဗျားတို့ အပါယ် လွတ်လိမ့်မယ်လို့ ဘယ်ဘုရားမှ မဟောဘူး (မှန်ပါ့ ဘုရား) ဟောနိုင်ပါ့မလား (မဟောနိုင်ပါ ဘုရား)။

ဒါနလုပ်နေရင်လည်း ဝမ်းမြောက်ပါတယ်။ ဘုန်းကြီးတို့ အလှူခံစားပဲ။ ဒါနလုပ် ဝမ်းသာတာပေါ့။ မဟုတ်ဘူးလား (မှန်ပါ့) သီလ ဆောက်တည်နေရင်၊ ဪ သီလဆောက်တည်တယ် ဆိုရင်ဖြင့် ကျောင်းလာမှာပဲ။ လာရင်ဖြင့် ဆွမ်းတို့ ကွမ်းတို့တော့ဖြင့် ကျောင်းမှာ၊ ဒါနလည်း ပါလာမှာပဲလို့ ဝမ်းသာရမှာပေါ့ (မှန်ပါ့) မဟုတ်သေးဘူးတဲ့၊ ဒါနဲ့ မပြီးသေးဘူးတဲ့ (မှန်ပါ့ ဘုရား) ပြီးကြ ပါ့မလား (မပြီးပါ) မပြီးသေးဘူးတဲ့၊ အများကြီးလိုနေတယ် (မှန်ပါ့ ဘုရား)။

အကာလိကော

အဲဒီတော့ကို ယနေ့ပြောတာက ဧဟိပဿိကော ခေါ်ရာ ကို ဘာနဲ့လိုက်ရမလဲ (သန္ဒိဋ္ဌိကောနဲ့) သန္ဒိဋ္ဌိကောနဲ့ လိုက်ရင် ဘယ်လိုအကျိုးပေးမလဲ (အကာလိကောပေးပါတယ်) အခါမလင့် အကျိုး ပေးတယ် (မှန်ပါ့ ဘုရား)။

အဲဒီ အခါမလင့် အကျိုးပေးမှာကို ခင်ဗျားတို့ကို ဘုန်းကြီး က တန်ဆာဆင်ပြီးမှ မန္တလေးက ထွင်လာတာလား။ ခင်ဗျားတို့ ရပြီးသား ရှင်းပေးတာလား (ရပြီးသား ရှင်းပေးတာပါ ဘုရား) ရပြီးသား ရှင်းပေးတယ် (မှန်ပါ့) သို့သော် ခင်ဗျားတို့ နဂိုက သောက်ဆေးကြီးတွေကို လိမ်းဆေးလုပ်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က နဂိုက ဘာလုပ်နေသလဲ လိမ်းဆေးလုပ် နေပါတယ်၊ လိမ်ဆေး လုပ်နေတယ် ဆိုတာ ဓမ္မာနုဿတိ ပွားလုပ်နေ တာ (မှန်ပါ့ ဘုရား) ဘယ့်နှယ်လုပ်နေတုန်း (ဓမ္မာနုဿတိ ပွားလုပ်နေပါတယ်) ဓမ္မာနုဿတိ ဆိုတော့ သမထဘက် သွားပေါ့ (မှန်ပါ့) ခုလို လာတိုင်းလာတိုင်း ရှုပေးမယ် ဆိုတော့ ဝိပဿနာ ဘက် သွားလုပ်နေတယ် (မှန်ပါ့ ဘုရား)။

ကဲ ဟောပုံသာ သေသေချာချာ စဉ်းစားကြည့်တော့ ဓမ္မာနုဿတိ သန်သန်ဟောတာလား။ ဘုရားပါဠိကြည့် (မှန်ပါ့) ဝိပဿနာလုပ်ပုံ သန်သန်ဟောတာလား (ဝိပဿနာလုပ်ဖို့ သန်သန် ဟောတာပါ ဘုရား)။ အတော်ဆိုးနေတယ်။ မဆိုးဘူးလား ဆိုးသလား (ဆိုးပါတယ်)။

အဲဒါကြောင့် ခင်ဗျားတို့ကို ဦးသံဒိုင်ကလည်း သူကျေးဇူး ပြုပြီး သကာလ သူပင့်တယ်။ ကျောင်းအမှတ် သီတင်းသုံးပါလို့၊ ဒီ ဒကာ၊ ဒကာမတွေကိုလည်း အင်မတန်မှ ကျေးဇူးများ စေချင်လို့သာ ပင့်တာပဲ (မှန်ပါ့ ဘုရား) သဘောပါကြရဲ့လား (ပါ, ပါပြီ ဘုရား)။

ကဲ ဒီနေ့ သုံးလုံးတည်းဟောတယ် (မှန်ပါ့) ဧဟိပဿိကော တစ်ချက်ဟောတယ် (မှန်ပါ့)သဘောကျ ရဲ့လား (ကျပါပြီ)။

အဲဒါ ဘာနဲ့လိုက်မလဲ (သန္ဒိဋ္ဌိကောနဲ့) သန္ဒိဋ္ဌိကောနဲ့ လိုက်, လိုက်လို့ရှိရင် ခင်ဗျားတို့ မနက်ဖြန်မှ အကျိုးပေးမလား ရှုရင်း အကျိုးပေးမလား (ရှုရင်း အကျိုးပေးပါတယ် ဘုရား) ဘာတဲ့တုန်း ပါဠိတော်က (အကာလိကောပါ)

‘‘အကာလိကော နကာလန္တရေ ဝိပါကော’’ (မှန်ပါ့ ဘုရား) န ကာလန္တရေ၊ ကာလမခြားဘဲနဲ့၊ ဝိပါကော၊ အကျိုးက ိုပေး၏။ ဆိုတော့ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ ပဋိစ္စသမုပ္ပာဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။

မဆက်နိုင်ရင် ဟိုဘက်က ဒုက္ခက္ခန္ဓဿ လာသလား မလာဘူးလား (မလာပါ ဘုရား)။

ဒုက္ခခပ်သိမ်း ကင်းငြိမ်းရပါလို၏ ဆိုပြီး သကာလ ခင်ဗျားတို့ ဆုတောင်းရုံ ဆုတောင်းနေရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာမသိလို့ ရှိရင် ဒုက္ခကင်းငြိမ်းမယ်လို့ ငါလည်း မဟောဘူး။ ငါ့နောင်တော် ဘုရားတွေလည်း ဟောမသွားဘူး (မှန်ပါ့ ဘုရား) ငါ့နောင်တော်တွေ ဟောရဲ့လား (မဟောပါ ဘုရား) မဟောဘူး။

ဒီအချိန်အကောင်းဆုံး

ဒါဖြင့် ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ သန္တာန်ထဲမှာ နောက်တော့ အကွက်ချပြီးတော့ သင်မယ်။ ကျေးဇူးများအောင်လို့ ရွက်ဆောင်မှာပေါ့လေ (မှန်ပါ့) ကျုပ်တို့ ခန္ဓာကိုယ်ကလည်း အနတ္တ၊ ခင်ဗျားတို့ ကလည်း အနတ္တ (အနတ္တပါ ဘုရား)၊ အနတ္တ အနတ္တချင်း ထေးနေတာ (မှန်လှပါ ဘုရား)၊ အနတ္တ၊ အနတ္တချင်း ထေးနေတာ။ ဒကာ၊ ဒကာမတွေ သဘောကျရဲ့လား (ကျပါတယ် ဘုရား) သင်ပေး နိုင်လိမ့်မယ်လို့ ထင်သလား (ထင်ပါ တယ်) မထင်ဘူး၊ မထင်ဘူး၊ ဒီအချိန် အကောင်းဆုံးမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒီနေ့ သုံးလုံးဟောသွားတယ်။ ဪ ဒီသုံးလုံးနဲ့ အလုပ်လုပ်ရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန် ဆိုတာ တခြားလား၊ ပဋိစ္စသမုပ္ပာဒ်ပြတ်တာကို ဆိုတာလား (ပဋိစ္စ သမုပ္ပာဒ် ပြတ်တာကို ဆိုတာပါ ဘုရား) နိဗ္ဗာန် သေသေချာချာမှတ် (မှန်ပါ့) နိဗ္ဗာန်ဆိုတာ မြို့ကြီးလား ပြကြီးလား၊ ဒုက္ခတွေ မလာတာ ဆိုတာ အဲဒါ (ဒုက္ခတွေမလာတာဆိုတာပါ ဘုရား)၊ ဒုက္ခတွေ မလာတာ ဆိုတာ (မှန်ပါ့) ဒုက္ခဖြစ်ကြောင်းတွေ မလာဘူး။ ဒုက္ခတွေရော (မလာတာပါ ဘုရား)။

ကဲ ရှင်းဦးမယ်။ အဲဒီဥစ္စာ ဒကာ၊ ဒကာမတို့ မြင်စိတ် ကလေးဟာ မြင်ပြီးတော့ ပျက်သွားတာကို ဟိုက ဧဟိပဿိကောနဲ့ ခေါ်ပြီး ပျက်သွားတဲ့ဓမ္မက (မှန်ပါ့) သဘောကျရဲ့ လား (ကျပါတယ် ဘုရား) အဲဒါ ဘာနဲ့လိုက်မတုန်း (သန္ဒိဋ္ဌိကောနဲ့ပါ) သန္ဒိဋ္ဌိကောဆိုတော့ သာမံ ပဿိတဗ္ဗော ဉာဏ်နဲ့လိုက် (မှန်ပါ့ ဘုရား) ဉာဏ်နဲ့ လိုက်, လိုက်တဲ့အခါကျတော့ကို တဲ့။ တဏှာ ဥပါဒါန် ကံ ချက်ချင်း မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါ အကာလိကော သဘောကျပလား (ကျပါပြီ ဘုရား) အခါမလင့် အကျိုးပေးချလိုက်တာ ရက်ဆိုင်း သေးသလား (မဆိုင်းပါ) အခုရှု အခုအကျိုးပေးတာ (မှန်ပါ့ ဘုရား) အဲဒီတော့ကို စဉ်းစား လိုက်တော့ တဏှာချုပ်တာက တဏှာ ဥပါဒါန် ချုပ်တာ၊ ကိလေသာဝဋ်ကျွတ်တယ် (မှန်ပါ့ ဘုရား)ဟို ကံက လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါက ကမ္မဝဋ်ကျွတ်တယ် (မှန်ပါ့) နောက်ဘဝဇာတိ ဇရာ မရဏ လာသေးသလား (မလာပါ ဘုရား) အဲဒါဝိပါကဝဋ် ကျွတ်သွားတာပေါ့ (ဝိပါကဝဋ် ကျွတ်သွားတာပါ) ဝဋ်သုံးပါးမှ ကျွတ်ရပါလို၏ ဆုတောင်း ရမှာလား၊ လုပ်ရမှာလား (လုပ်ရမှာပါ ဘုရား)။

အမယ်လေး ခင်ဗျားတို့ ပြောရတာ မလွယ်ဘူးနော် (မှန်ပါ့) မလွယ်ဘူး။ ခင်ဗျားတို့က ဘုရားရှေ့ ဝဋ်ဘဝတိုတိုနဲ့ ကိုယ့်ပါးစပ်က ရှည်နေတာတော့ သိတာ မဟုတ်ဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အင်မတန်ဆိုးဝါးတယ်ဆိုတာ ပေါ်ပြီနော် (မှန်ပါ ဘုရား) မသိတာတွေ သိပ်များတာ (မှန်ပါ့ ဘုရား) မသိတာတွေက သိပ်များပါတယ်။

ပြီးတော့ ဘုန်းကြီးဆီမှာ တရားနာကြတယ်။ ခင်ဗျားတို့ ကုသိုလ်ဖြစ်အောင် မနာနဲ့ ဦးမြ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ရှေးထုံးကို ဖျက်လိုက်ပါ (မှန်ပါ့ ဘုရား) ကုသိုလ် ဖြစ်အောင်တော့ မနာနဲ့ (မှန်ပါ့) သဘောကျရဲ့လား (ကျပါပြီ ဘုရား) သစ္စာသိချင်ရင်တော့ နာ (မှန်ပါ့ ဘုရား) ကုသိုလ်ဖြစ်ချင်ရင် ရေအိုးစင်သွားတည်ဗျ (မှန်ပါ့) ကုသိုလ်ဖြစ်နေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သစ္စာသိတာ ကံဖြတ်တာ

ဟိုနားသွား တံမြက်စည်း လှည်းတာပေါ့ဗျာ။ အဝင်ပေါက် နံနက်ဘုန်းကြီးတွေ ထွက်ဦးမှာပဲ (မှန်ပါ့) အဲဒါ ကုသိုလ်ဖြစ် ပါတယ် မလိုချင်ဘူး (မှန်ပါ့) နိဗ္ဗာန် မရောက်သေးဘူး (မှန်ပါ့) ကုသိုလ် ဖြစ်ချင်ရင် လွယ်တယ် (မှန်ပါ့) သစ္စာသိဖို့က ခက်တယ် (မှန်ပါ့) ကုသိုလ် ဖြစ်တာက ကံဆက်တာ၊ သစ္စာသိတာက ကံဖြတ်တာ (မှန်ပါ့)။

ဒါကိုခွဲရဦးမှာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ကုသိုလ်ဖြစ်တာက ဘာတဲ့တုန်း (ကံဆက်တာပါ ဘုရား) ဟင်း အင်း အခုပြောတဲ့ သစ္စာသိတာက ဘာတုန်း (ကံဖြတ်တာပါ) ခင်ဗျားတို့ကို ရှင်းရှင်းကလေး ပြောပါ့မယ်။ ဘုရားဟော ဝေဿန္တရာ မင်းလက်ထက်မှာ သိပ်လှူတယ် (မှန်ပါ့) တိုင်းပြည်ပါ လှူတယ် (မှန်ပါ့) အဲဒီကံတွေ အကျိုးပေးမှာစိုးလို့ပေါ့။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ မဂ်အလုပ် လုပ်ရတယ် (မှန်ပါ့ ဘုရား) အဲဒီတော့မှ ကံတွေပြတ်တယ် (မှန်ပါ့)။

ကံဆက်ရင် ဒုက္ခရောက်မယ်

အဲဒီတော့ ‘‘ကုသလာကုသလံ ဇဟံ’’ (မှန်ပါ့) သူ လူဆိုး ကြီးဘဝတုန်းက လုပ်ခဲ့တဲ့ အကုသိုလ် တွေလည်း အဲဒီမှာ အကုန် ဖြတ်တယ် (မှန်လှပါ) သူလုပ်ထားတဲ့ ကုသိုလ်တွေရော (ပြတ်ပါတယ် ဘုရား) အဲဒီဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ပြတ်တယ် (မှန်ပါ့) ကံပြတ်လို့ ဘုရားဖြစ်တာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)

ခင်ဗျားတို့က ငါးချည်းလွှတ်နေ၊ ကံဆက်နေ တယ်၊ ဖြစ်မှာမဟုတ်ပါဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ) ကံဆက်ရင် ဒုက္ခရောက်မယ်နော် (ရောက်ပါလိမ့်မယ်) မယုံရွတ်ကြည့် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

မဂ်ကံကိုကြိုးစားပါ

ကဲ ဆက်သွားတာမြင်လိုက်ပလား (မှန်လှပါ ဘုရား) ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား) ဆက်ချင်သေးသလား (မဆက်ချင်ပါ ဘုရား) ကဲ ဒါဖြင့် မဂ်ကံကို ကြိုးစားပါ (မှန်ပါ ဘုရား) ဒကာ၊ ဒကာမတွေနော် (မှန်ပါ့) ဘာကြိုးစားရ မတဲ့ (မဂ်ကံကြိုးစားရမယ်) သူလည်းကံပဲ (မှန်ပါ့) သို့သော် ကံပေမယ့် သူက သူများဖြတ်တဲ့ကံ (မှန်ပါ့) ဒီကံမျိုး လုပ်ကောင်း တယ် (လုပ်ကောင်းပါတယ် ဘုရား)။

အဲဒီတော့ ဝဋ္ဋကုသိုလ်နဲ့ ဝိဝဋ္ဋကုသိုလ် မကွဲမှာ သိပ်စိုးရိမ် တယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ဆွမ်းကပ်တယ်၊ ဟော ဒီခန္ဓာဝန်ထဲမှာရှိတဲ့ ဒုက္ခသစ္စာကို ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ ဆိုရင် မနက်ဖြန် ဘာနဲ့ကပ်ကပ် သိပ်အဖိုးတန်တယ် (မှန်ပါ့)။

ဒီလိုပဲ ပေါများရပါစေလို့ ရှိရင်သွားပြီ။ အသေရှာတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကြောက်စရာကောင်းပါတယ်) ကိုင်း နာရီကလည်း စေ့သွားလို့ တော်ကြဦးစို့။ မနက်ဖြန်မှ ဟောမယ် (မှန်ပါ့)။

သာဓု သာဓု သာဓု။