294

သမ္မာဒိဋ္ဌိနှစ်မျိုး (အမြင်မှန်နှစ်မျိုး)

မှတ်ချက်။ ။အလုပ်သမားများအတွက် အရေးကြီးသောတရားဖြစ်သည်။

အသံဖိုင်ခေါင်းစဉ်= သမ္မာဒိဋ္ဌိနှစ်မျိုးအကြောင်းရှင်းပြပုံ

စာအုပ်ခေါင်းစဉ်= အမြင်မှန်နှစ်မျိုး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ဟောကြားတော်မူသောတရားတော်

အမြင်မှန်နှစ်မျိုး

(သင်္ခါရဒုက္ခ)

(၂၃-၆-၆၁)

သမ္မာဒိဋ္ဌိနှစ်ခုကိုတဲ့၊ ဒကာ ဒကာမတွေ နားလည်အောင် ရှင်းပြမယ်နော် သမ္မာဒိဋ္ဌိ ဘယ့်နှယ်ကြောင့် ရှင်းရပါလိမ့်မလဲ လို့ ဒကာ ဒကာမတွေက မေးကြလို့ရှိရင် သမ္မာက မှန်ကန်တာ၊

ဖြောင့်မတ်တာ၊ ဒိဋ္ဌိက မြင်တာ ဆိုတော့ မျက်စိ နှစ်ကွင်း အလင်းရတဲ့ တရားပါလား မှတ်ရမယ် (မှန်ပါ)။

အမှန်မြင်နှစ်မျိုး

သမ္မာဒိဋ္ဌိကို ဒကာ ဒကာမတို့ နှစ်မျိုးလို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော် မူတယ်လို့ မှတ်ထားပါနော်။

သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးဟောပါလိမ့် (နှစ်မျိုးဟော ပါတယ် ဘုရား)။

သမ္မာက မှန်ကန်တာ၊ ဖြောင့်မတ်တာ၊ ဒိဋ္ဌိက မြင်တာ ဪ ဒါဖြင့် အမှန်မြင်နှစ်မျိုးကို ယနေ့ ထူးထူးခြားခြား သိရမှာပါကလားလို့ မောင်နိုင်တို့ မှတ်ရမယ်နော် (မှန်ပါ)။

အမှန်မြင်က ဒကာ ဒကာမတို့ နှစ်မျိုး ရှိတယ်တဲ့၊ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ ကိုင်း ဒါဖြင့် အမှန်မြင်ဆိုတာက ဖြစ်ပျက် သင်္ခါရမြင်တာက တစ်မျိုး၊ နိဗ္ဗာန်မြင်တာက တစ်မျိုး၊ နှစ်မျိုးရှိတယ်လို့ မှတ်ကြစမ်းပါ။ (မှန်ပါ)။

(၁) ဖြစ်ပျက်သင်္ခါရမြင်တာက(တစ်မျိုးပါ)၊

(၂) နိဗ္ဗာန်မြင်တာက(တစ်မျိုးပါ ဘုရား)၊

ဪ ဒါဖြင့် အမှန်မြင် ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ် ဘုရား)။

ဖြစ်ပျက်မြင်တဲ့ ဉာဏ်က ဒကာ ဒကာမတွေ မှက်ထားပါ နိဗ္ဗာန်မမြင်ဘူး (မှန်ပါ)၊ နိဗ္ဗာန်မြင်တဲ့ဉာဏ်က ဒကာ ဒကာမ တို့ ဖြစ်ပျက်ကိုမမြင်ဘူး (မှန်ပါ)၊ ဒါဖြင့် အမြင် ဘယ်နှစ်မျိုး ပါလိမ့် (နှစ်မျိုးပါ ဘုရား)။

မှတ်ထားပါတဲ့ ဒီဥစ္စာ၊ ဪ ငါတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ အပါယ်လေးပါး တံခါးပိတ်တဲ့ အလုပ် လုပ်ပြီး သကာလ နေကြတာ၊ အမြင်နှစ်ခုကို ထူးထူးခြားခြား ခွဲခြား ဝေဖန် ပြီး သိထားမှ သာလျှင် တို့သည်ကား ၁-နံပါတ်အမြင်၊ ၂-နံပါတ် အမြင်ဆိုတဲ့ အမြင်နှစ်ခု ရှိတာကို အလုပ်သမားတွေ အတွက်မှာ ဖြင့် မောင်နိုင်၊ အရေးတကြီး မှတ်ရမယ် (မှန်ပါ)။

၁-နံပါတ်အမြင်နဲ့ ၂-နံပါတ်အမြင် ဒကာ ဒကာမတို့ အမြင် ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)၊ နှစ်မျိုးလို့ မှတ် ထားပါနော် (မှန်ပါ)။

ဖြစ်ပျက်အနိစ္စမြင်မှာပဲ

ခန္ဓာကိုယ် ဉာဏ်စိုက်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ခန္ဓာက ဝေဒနာက္ခန္ဓာကပဲ ဒကာ ဒကာမတွေ ပြောပြော၊ ဝိညာ ဏက္ခန္ဓာ ဆိုတဲ့ စိတ်ကပဲ ပြောပြော၊ ပြောချင်တာ ပြောတဲ့ ဒကာ ဒကာမတွေ အမြင်တော့ဖြင့် ဖြစ်ပျက် အနိစ္စ မြင်မှာပါပဲ (မှန်ပါ)၊ ဝေဒနာ မတွေ့ပါဘူး၊ စိတ်မတွေ့ပါဘူး၊ ရှုဖန် များလာတဲ့ အခါကျတော့ ဝေဒနာရယ်လို့ ရှုလိုက်၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စ၊ ဒုက္ခ အနတ္ထ တွေတွေ့လိုက်၊ စိတ်ကယ်လို့ ရှုလိုက်ပြန်လည်း မောင်နိုင် ဘာတွေ့သလဲ (ဖြစ်ပျက် အနိစ္စပဲ တွေ့ပါ တယ် ဘုရား)။

သင်္ခါရဒုက္ခမြင်တာ

ဖြစ်ပျက်ပဲ တွေ့တယ်ဆိုတော့ ေဩာ် ဒါသည်ကား လို့ဆိုလို့ရှိရင်ဖြင့် သင်္ခါရဒုက္ခ မြင်တာကိုး (မှန်ပါ)။

ဘာမြင်ပါလိမ့် (သင်္ခါရဒုက္ခပါ ဘုရား) သင်္ခါရ ဒုက္ခမြင် တာတဲ့ ဒကာ ဒကာမတို့နော် သင်္ခါရ ဒုက္ခကို မြင်နေပြီ၊ ဒီအမြင် သည်ကားလို့ ဆိုလို့ရှိရင်လည်း၊ မှတ်လိုက် ဦးဘရှင်းတို့က

သာသနာ တွင်းမို့ မြင်တာ (မှန်ပါ)။

အမြင်ကတော့ အမြင်မှန်ပဲ သူလည်း (မှန်ပါ)။ အမြင်တော့ အမြင်မှန်ပဲလို့ ကိုဝတို့လည်း မှတ်စမ်းပါ။ ဒီနေရာဖြစ် ဒီနေရာ ပျောက်သွားတာ ကလေး မြင်လိုက်လို့ ရှိရင်ဖြင့် ဉာဏ်မြင်

နော် (မှန်ပါ)၊ မနောဒွါရနဲ့ မြင်တာလို့ မှတ်ထားစမ်းပါ (မှန်ပါ)။

မနောဒွါရနဲ့မြင်တာ၊ အဲ့ဒီတော့ ဒီနေရာ ယားတယ်၊ ဒီနေရာကလေးပဲ ပျောက်သွားတယ်၊ ဒီနေရာ နာတယ် ဒီနေရာကလေးပဲ ပျောက်သွားတယ် အင်း ဒါသည်ကား လို့ဆိုရင် သင်္ခါရဒုက္ခ မြင်တာလို့၊ မောင်နိုင် မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘာမြင်တာပါလိမ့် (သင်္ခါရ ဒုက္ခမြင်တာပါ ဘုရား) သင်္ခါရဒုက္ခ ဆိုတာက မှန်တယ်တဲ့၊ ဒုက္ခ ဆိုတာကလဲ မှန်တယ်တဲ့နော် (မှန်ပါ)။

သင်္ခါရဆိုတာ

သင်္ခါရဆိုတာက သူများပြုပြင်လို့၊ အကြောင်းတရားက ပြုပြင်လိုက်လို့ ယားတယ် ဆိုလို့ ရှိရင်၊ ပိုးကောင်ကလေး တက်လို့လည်း ယားတတ်တယ်။ ချွေးဆိုတာ ထွက်ချင်လို့လည်း ယားတတ်တယ်၊ မိတ်ကလေး ပေါက်လို့လည်း ယားတတ်တယ် ဆိုတော့ မောင်နိုင်၊ တစ်ခုခုနဲ့ ထိခိုက်တာတော့ အထင်အရှား (ထင်ရှားပါတယ် ဘုရား) တစ်ခုခုက ပြုပြင်လို့ ပေါ်လာသောကြောင့် သူ့ကို ယားတဲ့ သဘော ကလေးဟာ သင်္ခါရလို့ မှတ်ပါ (မှန်ပါ)။

သူဟာ ဘာတုံး ဆိုတော့ ခန္ဓာထဲမှာ ပေါ်တဲ့ ဝေဒနာက္ခန္ဓာ ဖြစ်နေသောကြောင့် ခန္ဓာက ဒုက္ခသစ္စာ၊ သူ့ကိုက ဒုက္ခသစ္စာ (မှန်ပါ)။

ယားတာကလေးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)၊ ယားတာကလေးဟာ ဒုက္ခသစ္စာ ဆိုတော့ ေဩာ် သင်္ခါရ ဒုက္ခ ဆိုတာ မောင်နိုင် ပေါင်းမိပလား (မှန်ပါ ပေါင်းမိ ပါပြီ ဘုရား)၊ သင်္ခါရဆိုတာက သူ့ကို မပြုပြင်ဘဲနဲ့ ဦးဘရှင်း ပေါ်ပေါ့ မလား (မပေါ်ပါ ဘုရား)။

ခန္ဓာထဲက ဘာပေါ်ပေါ် ဒုက္ခသစ္စာ

ဒါဖြင့် ပြုပြင်လို့ ပေါ်လာသောကြောင့် သူ့ကို ဘာခေါ် ကြမယ် (သင်္ခါရပါ ဘုရား)၊ သင်္ခါရလို့ ခေါ်တယ်။ သို့သော် သူလည်း ဘာခန္ဓာတုံးမေးတော့ ဝေဒနာက္ခန္ဓာပဲ (မှန်ပါ)။

ဝေဒနာက္ခန္ဓာဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဒကာ ဒကာမတွေ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့်၊ ဒီခန္ဓာထဲက ဘယ်ခန္ဓာပေါ်ပေါ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သင်္ခါရဒုက္ခပါ

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ရှင်းရှင်းကလေး နားထဲမှာ ထောင်ပါ၊ ဪ သင်္ခါရ ဒုက္ခပါကလား၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဘာတဲ့တုံး- (သင်္ခါရတရားပါ ဘုရား)၊ သင်္ခါရ ဒုက္ခ၊ ပြုပြင်လို့ ပေါ်သောကြောင့် သင်္ခါရနော် (မှန်ပါ)၊ ပေါ်တဲ့ ခန္ဓာက ဒုက္ခသစ္စာဖြစ်လေ သောကြောင့် ဒုက္ခပဲ (မှန်ပါ)၊ ဒါဖြင့် သင်္ခါရ ဒုက္ခ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ သင်္ခါရ ဒုက္ခဆိုတာ၊ သင်္ခါရ ဆိုတာက – သူတစ်ပါးပြုပြင်လို့ခေါ်တဲ့ ယားမှုကလေး ဒကာကြီးလှိုင် (မှန်ပါ)၊ ဒုက္ခ ဆိုတာက ခန္ဓာပေါ်လာလို့ ဒုက္ခသစ္စာ (မှန်ပါ)၊ ဒါဖြင့် သင်္ခါရ ဒုက္ခသစ္စာ သစ္စာနောက်မှ ပိတ်လိုက်တာပေါ့နော် (မှန်ပါ)။

ကြိုးစားစမ်းပါဆိုတာ

ဘာဒုက္ခတဲ့တုံး (သင်္ခါရ ဒုက္ခပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေ ရှုခိုင်းပြီး သကာလ နေတော့ ဦးဘရှင်း ကြိုးစား ရှုစမ်းပါ၊ ဒကာကြီးလှိုင် ကြိုးစားရှုစမ်းပါ၊ ကိုဝတို့ ကြိုးစားရှုစမ်းပါ လို့ ဘုန်းကြီး ရောက်တိုင်း၊ အိမ်ဆွမ်းစား ရောက်တဲ့ အခါကျတော့ လုပ်ကြရဲ့လားဟေ့ နှလုံးသွင်း ကြရဲ့လားဟေ့ သင်္ခါရ ဒုက္ခ အကြည့်ခိုင်းတာ (မှန်ပါ)။

ကိုပေါ် ဘာအကြည့်ခိုင်းတာတုံး (သင်္ခါရ ဒုက္ခ အကြည့်ခိုင်းတာပါ)။

သင်္ခါရက သူများပြုပြင်လို့ ပေါ်လာတဲ့ဝေဒနာ, စိတ်ဖြင့် လည်း သူများပြုပြင်လာလို့ ပေါ်လာတဲ့စိတ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ သူများပြုပြင်လို့ ပေါ်လာသောကြောင့် သူ့ကို သင်္ခါရလို့ပဲ ခေါ်လိုက်၊ ပေါ်တဲ့ တရားကလေးကို (မှန်ပါ)။ ခန္ဓာဖြစ်နေ သောကြောင့် သူ့ကို ဘာသစ္စာဖွဲ့မလဲ (ဒုက္ခ သစ္စာပါ)။

အဲ ဒါဖြင့် နှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ သင်္ခါရ ဒုက္ခ (မှန်ပါ)၊ ဒုက္ခသစ္စာ ထည့်ချင်လည်းထည့်၊ မထည့်ချင် လည်း တိုတိုပြောချင်တော့ သင်္ခါရဒုက္ခ (မှန်ပါ)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

မဂ်၏ရှေ့ပြေးမြင်တာလို့မှတ်

ဘာဒုက္ခသစ္စာတုံး (သင်္ခါရဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ သင်္ခါရဒုက္ခမြင်တာက မဂ်၏ ရှေ့ပြေး မြင်တာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ)၊ လောကုတ္တရာမဂ်၏ ရှေ့ပြေး မြင်တာ။

သူမြင်ရင် ဒကာ ဒကာမတွေက ေဩာ် ဒါဖြင့် တစ် သံသရာလုံး နောက်က ဆိုးခဲ့တော့တဲ့ ကံတွေ ကိုလည်း ဖြတ်တော့ မှာပဲ၊ သူလာလို့ ရှိရင် (မှန်ပါ)၊ ဒီဘဝ မသိမလိမ္မာလို့ မိုက်ထားတဲ့ အကုသိုလ် အကြွေးတွေကိုလည်း၊ အင်း သင်္ခါရဒုက္ခ သိတဲ့ ဉာဏ်က ရှေ့ပြေး လာပြီ၊ ဒီကြွေးတွေ အကုန် ပြေးပြီး သကာလ အပါယ်တော့ဖြင့် ခန္ဓာနဲ့ မဆပ်ရတော့ဘူးလို့ မှတ်ပါ (မှန်ပါ)၊ ဒါ ရှေ့ပြေး မဂ်လို့ ခေါ်ကြတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဘယ်လိုခေါ်ကြမယ် (ရှေ့ပြေး မဂ်လို့ ခေါ်ပါတယ် ဘုရား)။

သင်္ခါရဒုက္ခမြင်ရင် ရှေ့ပြေးမဂ်

ဦးဝရေ သင်္ခါရဒုက္ခမြင်ရင် ဘာတဲ့တုံး (ရှေ့ပြေးမဂ်ပါ ဘုရား)။

အဲ စာလိုသုံးတော့ ပုရေစာရိက သမ္မာဒိဋ္ဌိ၊ မဟာ စတ္တာလီသသုတ်မှာ လာပါတယ်။ လုပ်လဲ လုပ်ကြပါ၊ လုပ်တဲ့ စခန်းချည်းပဲ ရှင်းအောင် ပြောနေတာလို့ ဦးဘရှင်း သေသေချာချာ မှတ်ပါ (မှန်ပါ)၊ ဒီပြင် တရား ပါသေးသလား (မပါပါ ဘုရား)။

မပါပါဘူးတဲ့၊ အလုပ်စခန်းမှာ ရှင်းဖို့ပဲ အရေးကြီးနေ တော့ ဒီပြင်တရားက ကိုဝတို့ ကိုပေါ်တို့က သေသေချာချာ မှတ်ပါ၊ ဒီဟာလုပ်ဖို့ အခြံအရံ တရားချည်းပဲမှတ်ပါ (မှန်ပါ)။

ဒါနတရား ဘုန်းကြီး ဟောတတ်ပါတယ်တဲ့၊ ဟောလိုက် ရင်လဲ အင်မတန် ကျေးဇူးများ အောင်ပဲ ဟောတတ်ပါတယ်။ သို့သော်လဲ သူ့ကိုတွေ့ဖို့ အခြံအရံတရား (မှန်ပါ)။

သင်္ခါရဒုက္ခမြင်မှု၏ အခြံအရံ

သီလတရားကို ဟောလိုက်ပြန်လို့ရှိရင်လဲ အင်မတန်ပဲ သီလ ဆောက်တည်ချင် လာအောင် ဘုန်းကြီးတို့ ဟောတတ် ပြောတတ်၊ ဆိုတတ်ပါတယ်၊ သီလ ကျေးဇူးကိုလဲ များအောင် ပြောတတ် ပါတယ်၊ သို့သော်လဲ ဒီဟာမြင်ဖို့ အခြံအရံတရား၊ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

သမထတရားတွေ ဟောလိုက်မယ် ဆိုလို့ ရှိရင်လဲ ဟောတတ်တာပဲတဲ့၊ ဒကာ ဒကာမတွေ နားလည်မှုကို ပြော တတ်ပါတယ်၊ ဆိုတတ်ပါတယ်၊ သို့သော်လဲတဲ့ ဒီဖြစ်ပျက်မှု၏။ သင်္ခါရ ဒုက္ခမြင်မှု၏ အခြံအရံပဲ ရှိသေးတယ် (မှန်ပါ့)။

ဪ ဒီပြင် ဟာတွေက အခြံအရံ အားပေးမှု လောက်ရှိတာပါကလား၊ တကယ် ပန်းဝင် အစစ်ကဖြင့် လှေပြိုင် လှည်းပြိုင်မှာ ပန်းဝင်ပြီး၊ ပန်းဆွတ်တဲ့ ဥစ္စာကဖြင့် သင်္ခါရဒုက္ခ စ-တွေ့မှပဲ (မှန်ပါ)၊ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သင်္ခါရဒုက္ခ ဆိုတဲ့ဥစ္စာ စားချင်တဲ့စိတ် ကလေး ပေါ်လာတယ်ဆို၊ စားစရာ မရှိဘဲနဲ့ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

စားချင်တဲ့စိတ်ကလေး

ဒါဖြင့် သူ့ကို စားချင်တဲ့ စိတ်ကလေးဟာ ခန္ဓာပဲ မဟုတ် လားကွ (မှန်ပါ) စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာပဲ မဟုတ်လား (မှန်ပါ)၊ သူက စားစရာ အာရုံကြောင့် ပေါ်လာသောကြောင့် သူ့ကို သင်္ခါရလို့ကော မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

စားစရာအာရုံက ပြုပြင်လိုက်လို့ ပေါ်လာတာ (မှန်ပါ)၊ ညှော်နံလို့ ထမင်းဆာ လာတယ်၊ ဥပမာ ညှော်တည်း ဟူသော အကြောင်းကြောင့် ဆာလောင်မွတ်သိပ်တဲ့ လောဘ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် သူ့ကို ဘာတရား ကလေးခေါ်မယ်၊ ဒီစိတ်ကလေး ကို (သင်္ခါရတရားပါ ဘုရား)၊ သင်္ခါရတရားလို့ပြော (မှန်ပါ)၊ သို့သော် သူက ခန္ဓာဖြစ်နေ သောကြောင့် ခန္ဓာဆိုလို့ ရှိရင်ဖြင့်

ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

သင်္ခါရဒုက္ခသစ္စာ

ဒါဖြင့် ဒီစားချင်တဲ့ စိတ်ကလေးကို နှစ်ခုပေါင်းလိုက်တော့ (သင်္ခါရဒုက္ခသစ္စာပါ ဘုရား) သင်္ခါရ ဒုက္ခသစ္စာလို့ ခေါ်ချင်ခေါ်၊ သင်္ခါရဒုက္ခလို့ တိုတို သုံးချင်သုံး (မှန်ပါ)။

ဒကာကြီးလှိုင် ကလေးတွေသင်သလို သင်တာနော် (မှန်ပါ)၊ ကလေးတွေသင်သလို သင်ပြီး သကာလ၊ သြော် သင်္ခါရဒုက္ခပဲ၊ ဒါဖြင့် ခန္ဓာထဲ ပေါ်သမျှ ကိုဝတို့၊ ကိုပေါ်တို့က မှတ်လိုက် သင်္ခါရချည်းပဲ (မှန်ပါ)။

ခန္ဓာထဲဘာပေါ်ပေါ် သင်္ခါရဒုက္ခ

ခန္ဓာထဲ ဘာပဲပေါ်ပေါ် (သင်္ခါရဒုက္ခပါ ဘုရား) သင်္ခါရဒုက္ခချည်းလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ)။

အဲဒီဒုက္ခကို ခင်ဗျားတို့ ဆရာဘုန်းကြီးက ပြလို့ မြင်ပလား၊ ဒါကလေးဟာ အခုယားလာတယ်၊ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ အင်း ဒါကလေးတွေ ဘာကလေး ပါလိမ့်မတုံးလို့ ခင်ဗျားတို့ အလုပ်ခွင် ကျတော့ တွေးလိုက်တာပေါ့၊ အလုပ်ခွင် မရောက်လို့ရှိရင်လဲ ထိုင်ရင်း ထမင်းစားတော့မယ် ထိုင်ရင်း သင်္ခါရဒုက္ခ ပေါ်ပဟလို့ သိလိုက် တာပေါ့ (မှန်ပါ့)။

အဲဒီလို သင်္ခါရဒုက္ခကို ကျုပ်တို့ နဂိုက မသိခဲ့ဘူး၊ အခုတော့ သင်္ခါရဒုက္ခ ပေါ်လာရင်ပဲ နောက်က အသိဉာဏ် ကလေးက မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

အဲဒီသမ္မာဒိဋ္ဌိသည် လောကုတ္တရာမဂ် ပေါ်မလို့ ရှေ့ပြေး အမြင်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

သောတာပန်ဖြစ်ဖို့ ရှေ့ပြေးအမြင်

ဪ ရှေးပြေးအမြင်၊ ဒါ အင်မတန်အရေး ကြီးပါကလား၊ လောကုတ္တရာ သောတာပတ္တိမဂ် ပေါ်တော့မလို့ သောတာပန် ဖြစ်တော့မလို့၊ ရှေ့ပြေး အမြင်လို့ မှတ်လိုက်စမ်း ပါ (မှန်ပါ ဘုရား) ကိုပေါ် သေချာပလား (သေချာပါပြီ)။

အင်း သင်္ခါရဒုက္ခ မြင်ရင် မဂ်၏ရှေ့ပြေး အမြင်လို့ မှတ်လိုက် (မှန်ပါ)၊ သောတာပန် တည်တော့ မည့် ပုဂ္ဂိုလ်၏ ရှေ့ပြေးအမြင်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

သင်္ခါရဒုက္ခမြင်လို့ရှိရင် ဘယ့်နှယ်ဆိုကြမယ် (ရှေ့ပြေးအမြင်ပါ) ဘယ်သူ၏ ရှေ့ပြေးတုံး မေးတော့ (သောတာပတ္တိ မဂ်၏ရှေ့ပြေးပါ) သောတာပတ္တိမဂ်၏ ရှေ့နားက

မြင်တဲ့ အမြင်လို့ ကိုဝ ရှင်းထားလိုက် (မှန်ပါ)။

ဒါဖြင့် သောတာပတ္တိ မဂ်ရှေ့နားမှာ သောတာပတ္တိမဂ်တော့ မဟုတ်သေးဘူးတဲ့ သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပဲနော် ရှေ့ပြေး သမ္မာဒိဋ္ဌိ (မှန်ပါ့) မောင်နိုင် ရှင်းပလား (ရှင်းပါပြီ)။

နောက်က ဒကာ ဒကာမတွေ ဘာတဲ့ (ရှေ့ပြေး သမ္မာဒိဋ္ဌိပါ ဘုရား)၊ ရှေ့ပြေးသမ္မာဒိဋ္ဌိ။

ဒါဖြင့် ဒီအမြင်ရလို့ရှိရင် ဘုန်းကြီးများက ချီးမြှောက် ပြောတယ်လို့ မယူနဲ့၊ ဘုရားဟောတာ အမှန်ကို ပြောနေတဲ့ အတွက်၊ ဒီအမြင်နဲ့ သေရင်လည်း အပါယ်မသွားဘူး (မှန်ပါ)။

ဒီအမြင်နဲ့ သေရင်လည်းသုဂတိ

ဒီအမြင်နဲ့ သေရင်လည်း (အပါယ်မသွားပါ ဘုရား)၊ အပါယ်မသွားဘဲနဲ့ သုဂတိသွားပြီး ရောက်ရောက်ခြင်း ခုနင်က မဂ်အစစ် မြင်လာတာပဲ (မှန်ပါ)၊ ဒီတော့ အမြင်လည်း သေးသေးသိမ်သိမ် အမြင်လို့ အားလုံးဒကာ ဒကာမတွေက မယူဘဲနဲ့ တယ်ကောင်းတဲ့ အမြင်ပါကလား (မှန်ပါ)။

အဲ့ဒီတော့ ခန္ဓာကိုယ်ကို ဒကာ ဒကာမတွေ စောင့်ကြည့် လိုက်တဲ့ အခါကျတော့ ကိုဝတို့၊ ကိုပေါ်တို့၊ အင်း ယားလာ လို့ရှိရင်လည်း သင်္ခါရဒုက္ခ ပေါ် ပဟလို့သာ နှလုံးသွင်းလိုက် ဟုတ် လား (မှန်ပါ)၊ နာလာရင်ကော (သင်္ခါရဒုက္ခ ပေါ်ပဟ ပါ) စားချင်တဲ့စိတ် ကလေး ပေါ်လာရင် (သင်္ခါရဒုက္ခ ပေါ်တာပါ ဘုရား) အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာရင် (သင်္ခါရဒုက္ခ ပေါ်တာပါ)။

ပေါ်သရွေ့သင်္ခါရဒုက္ခ

ပေါ်သရွေ့ ဘယ်နှယ့် ဆိုကြမလဲ (သင်္ခါရဒုက္ခပေါ် တာပါ ဘုရား)။

အင်း ခန္ဓာထဲက တောင့်တင်းလာတဲ့ သင်္ခါရဒုက္ခ၊ မူးဝေလာတယ် ဆိုတာကော (သင်္ခါရဒုက္ခပါ ဘုရား)။

အဲဒီသင်္ခါရဒုက္ခက ရှေ့ကမြင်တဲ့ ဉာဏ်ကလေးက ဪ သင်္ခါရဒုက္ခလို့ ပြောတာ မြင်တဲ့ဉာဏ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒီ အမြင် ဆိုလို့ရှိရင်ဖြင့် သစ္စာ နုလောမိက ဉာဏ်လည်း ဖြစ်ပါပြီ မောင်နိုင်ရာ (မှန်ပါ)၊ မဂ်၏ ရှေ့ပြေးဉာဏ်လည်း (ဖြစ်ပါတယ် ဘုရား)။

ဖြစ်ပါပြီလို့ သေသေချာချာမှတ်ပါ၊ ဒီအမြင်ဟာ ဘယ်လောက်ကြီးကျယ်တဲ့ ဉာဏ် အမြင်လည်း လို့ ဦးဘရှင်းက မေးလို့ ရှိရင်ဖြင့်၊ သံသရာဖြတ်တဲ့ အမြင် (မှန်ပါ)။ မှတ်မိကြ ပလား (မှန်မိပါပြီ)။

သံသရာဖြတ်တဲ့အမြင်

ဘာအမြင်ပါလိမ့် (သံသရာဖြတ်တဲ့အမြင်ပါ ဘုရား) သံသရာဖြတ်တဲ့ အမြင်ဆိုတော့ သံသရာ ရှေ့သွားရမည့် ဒုက္ခစက် ရဟတ်ကြီးကို ပြတ်တဲ့အမြင် (မှန်ပါ)။

သံသရာရှေ့ သွားရမည့် ဒုက္ခစက်ရဟတ်ကြီးကို (ပြတ်တဲ့အမြင်ပါ ဘုရား)။

ပြတ်တဲ့အမြင်ဆိုတော့ ဒီအမြင်ကို ကိုဝတို့က သေးသေး သိမ်သိမ် သာမည ကုသိုလ် ကလေးလို့ ယူမလား၊ အကြီးအကျယ် ကုသိုလ်လို့ ယူမလား (အကြီးအကျယ် ကုသိုလ်ပါ ဘုရား)။

သစ္စာနုလောမိကဉာဏ်

သေသေချာချာ မှတ်ကြပါ ဒကာ ဒကာမတို့ နားမလည် လည်အောင်ကို ပြောနေတယ်နော် (မှန်ပါ)။

ဪ ဒီအမြင်သည် ဝိပဿနာ အမြင်လည်း ဟုတ်ပါ၏၊ ရှေ့ပြေး သမ္မာဒိဋ္ဌိ အမြင်ဆိုလည်း ဟုတ်ပါ၏၊ သစ္စာ နုလောမိက ဉာဏ်ဆိုလည်း ဟုတ်ပါ၏လို့ပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ဒါ နာမည်သာ တပ်ထားတာ ပြောင်းနေတာ အတူတူပဲ (မှန်ပါ)။

မဂ်၏ ရှေ့ပြေးအမြင်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)၊ ဟုတ်တာပဲတဲ့။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေက ဝိပဿနာအမြင် ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)၊ ဟုတ်နေပြီနော် (မှန်ပါ)။

ကောင်းပြီ၊ ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ အမြင်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

ကောင်းပြီတဲ့ အင်မတန် ဒီအမြင်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ အဖိုးတန်တဲ့ အမြင်ဆိုတာ တရား တစ်ပွဲလုံးကပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အဲဒီအမြင်ရှိတဲ့ ပုဂ္ဂိုလ်သာလျှင် လိုက်ချွတ်တာဗျ. . . (မှန်ပါ)၊ ဒီအမြင်မပါတဲ့ ပုဂ္ဂိုလ်ကို (မချွတ်ပါ ဘုရား)။

ဘုရားကမချွတ်မနေရတဲ့အပြင်

ဒါက သံသရာများ ရှည်နေကြတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ရှိရင် လည်း ဒီအမြင် သူဘယ်တုံးက မြင်ဘူးပါလိမ့် ဆိုပြီး သကာလ၊ ဒီအမြင်ကို မြတ်စွာဘုရားက “ဒိဗ္ဗစက္ခုနဲ့ စေတောပရိယ အဘိဉာဏ်နဲ့ တစ်ခါတည်း တွေးရရှာတယ်၊ သူ ဘယ်တုန်း ကများ ဒီအမြင်ကလေး တစ်ခါ မြင်ဘူးပါလိမ့်မတုန်း လို့ဟာ ဘယ်တုံးက မြင်ဘူးတယ် ဆိုတော့မှ အဲဒီအမြင်ကလေး ရှိတဲ့ ပုဂ္ဂိုလ်ဆီ ကျတော့ မြန်မြန် ကြွတာပဲ (မှန်ပါ)၊ နောက် မဂ်ပေါ်ဖို့ရာ သူကူတော့မှာကိုး (မှန်ပါ)၊ လောကုတ္တရာ မဂ်ပေါ်ဖို့ ကူတော့မယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအမြင်ဟာ ဘုရားက မချွတ်မနေရတဲ့ အမြင် (မှန်ပါ)၊ ကိုယ်ဟာကိုယ်လည်း ကျွတ်နိုင်တဲ့ အမြင် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီအမြင်သည် (ဘုရားက မချွတ်မနေရတဲ့အမြင်ပါ) ဘုရားက ဒီအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကို မချွတ် မနေနိုင်ဘူး (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)၊ ကိုယ့်ဟာကိုယ်လည်း ကျွတ်တမ်း ဝင်မည့် အမြင် ဆိုရင်ကော (မလွဲပါ ဘုရား)။

စူဠပန်ရဟန်းဟာ သိပ်ဉာဏ်ထိုင်းတယ်

အဲ ဒီလိုဆိုတော့ ဘုန်းကြီး သက်သေ သာဓက ပြပါမယ်တဲ့ ခင်ဗျားတို့ ဂါထာလေး တစ်ဂါထာ၊ စူဠပန်ဆိုတဲ့ ရဟန်းဟာ သူ့အစ်ကိုက ဂါထာကလေး တစ်ဂါထာတည်း၊ တစ်ဂါထာဆိုတာ အက္ခရာ ရှစ်လေးလုံးလီပါတဲ့ ၃၂လုံး ရှိတယ်၊ အဲဒါ တစ်ဝါတွင်းကျက်တာ မရဘူးတဲ့ စာကလေး ၃၂-လုံးကို။

ကိုဝ ဘယ်လောက် ဉာဏ်ထိုင်းသတုံး (ထိုင်းပါတယ် ဘုရား)၊ စူဠပန်ဟာ သိပ်ဉာဏ်ထိုင်း တယ်တဲ့။

သို့သော်လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ သူ့အစ်ကိုကတော့ မင်း လူထွက် ပါတော့ကွာ သာသနာ တော်မှာ နေလို့ အလကားပါပဲ၊ မင်းလိုလူဟာ သာသနာ ကြီးပွားမှာ မဟုတ် ပါဘူး၊ ထွက်ရပ်လမ်း လည်းပေါက်မှာ မဟုတ်ပါဘူး။ သွားတော့ ဆိုတော့ သူမှိုင်ပြီး ငိုနေတယ်၊ သာသနာ တော်မှာလည်း ပျော်ရဲ့၊ သူ့ဉာဏ်ကလည်း မထိုးထွင်းနိုင်တော့ ဦးဘရှင်း၊ အစ်ကို ဩဇာကို ကြောက်ပြီး သကာလ၊ သူ့စိတ်ထဲမှာ အင်မတန် ဆုတ်နစ်တဲ့စိတ် ဖြစ်နေတယ်။

ရှင်ဘုရင်ဖြစ်စဉ်ကပိတ်ဖြူ

သို့သော် ဘုရားက ကြည့်တယ်၊ ဒီအမြင်ကလေးများ ပါရဲ့ လားလို့ ကြည့်လိုက်တယ်၊ ကြည့်လိုက်တဲ့ အခါကျတော့၊ ဟို ဘဝများစွာ သံသရာက ဆင်ဝေါ်မှာ ဆင်စီးပြီးသူ ရှင်ဘုရင် ဖြစ်စဉ် အခါတုန်းက ပိတ်ဖြူကလေးနဲ့ မောင်နိုင် မျက်နှာသုတ်တဲ့ အခါကျတော့ နဂိုအဖြူကလေးဟာ ချွေးနဲ့ထိ သွားတဲ့ အခါကျတော့ ညိုရောင် မည်းရောင်ကလေးတော့ မလာပေဘူးလား (လာပါတယ်ဘုရာ )။

ဪ ဒါဖြင့် ဒီအဖြူကလေးဟာလည်း အမြဲတမ်း မဟုတ်ဘူး၊ အဖြူကလေး ဟာလည်း အဖြူပျက် သွားတာပဲလို့ ဆိုတာ တစ်ချက်တည်း ထင်ဘူးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရဒုက္ခတစ်ချက်မြင်ဘူးတယ်

အဲဒါ ဘဝများစွာ တစ်သံသရာလုံး၊ ကိုဝ တစ်ချက်ထင် ဘူးတယ် . . (မှန်ပါ ဘုရား)။

အဖြူကလေးဟာ ညိုမည်းကလေးဖြစ်သွားတယ်၊ မမြဲလို့ဘဲ ဆိုတာကလေး သင်္ခါရဒုက္ခ ကလေး တစ်ချက် – မြင်ဘူးတယ် (မှန်ပါ)။

အဲဒီကျတော့မှ အဲဒီတုန်းကဟာ တွေးပြီး သကာလ ဪ သူအစ်ကိုလည်း အထွက်ခိုင်းနေပြီ သူကလည်း ဉာဏ် လေးလိုက်တာ လွန်လို့ (မှန်ပါ)၊ ဟိုကလည်း စရိုက် မသိလို့ ဖြစ်နေတာ (မှန်ပါ ဘုရား)။

ပိတ်ဖြူကလေး လက်နှင့်လှိမ့်နေပါ

စရိုက်မသိတော့ ဘာပေး ရမှန်း မသိဘူး (မှန်ပါ)၊ ဒီစာပဲ အကျက်ခိုင်းနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ကဲကွာ မင်းကြာလှတယ်၊ မင်းလူလဲ မထွက်နဲ့၊ မင်းအစ်ကို က အထွက်ခိုင်း ပေမယ့် ငါက မထွက်ရဘူး လို့ပြော ဆိုပြီး သကာလ၊ ဘုရားက ပိတ်ဖြူကလေး တန်ခိုးနဲ့ ဖန်ဆင်းပြီး သကာလ ဒါကလေးကို လက်နဲ့လှိမ့်နေကွာ။

နဂိုအဖြူရောင်က ညိုမည်းသွားတယ်။

ပိတ်ဖြူကလေး ဟို ကျုပ်တို့ ဗိုင်းတောင့်ကလေးလို ပေါ့ဗျာနော် ယက်ဖောက်ကလေးလိုပေါ့၊ ကိုဝ ဒီလို ပွတ်ပြီး လှိမ့်နေတော့ သူနဂို ထင်ဘူးတာကလေးက ဒီမှာကျေးဇူး ပြုထားတယ် (မှန်ပါ)။ နဂို အဖြူကလေး အခု ဘာဖြစ်သွားသတုံး (ညိုမည်း သွားပါတယ်)၊ ညိုမည်း သွားတဲ့ အဓိပ္ပာယ် ကလေး မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

စူဠပန်ရဟန္တာဖြစ်တယ်

အဲဒီတွင်မှ အဲဒီကနေပြီး ဒီဗဟိဒ္ဓ ပစ္စည်း လည်း ဒီလိုပဲ၊ ခန္ဓာထဲမှာလည်း ဘယ်တရားမဆို ဒီလိုဖြစ်ပြီး ဒီလို ဖောက်ပြန် ပျက်စီးတာ ချည့်ပဲ ဆိုတာ၊ သင်္ခါရဒုက္ခ သွားတွေး လိုက်တယ် (မှန်ပါ)၊ အဲဒီ အချိန်ကျမှ သူသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်တယ် (မှန်ပါ)။

ကိုင်း ဘုရားက ဒီလိုပုဂ္ဂိုလ်မ ှကိုဝရဲ့ လည်ဟောရ တော့. (မှန်ပါ)၊ ဒီသင်္ခါရဒုက္ခ တစ်ကြိမ်မှ မမြင်ဘူးတဲ့ ပုဂ္ဂိုလ် ကျတော့ ဘုရားဉာဏ်ထဲမှာ မပေါ်လာဘူး (မှန်ပါ)၊ ရှင်းကြ ပါလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရဒုက္ခမြင်မှလူဖြစ်ကျိုးနပ်တယ်

ဪ ဒါဖြင့် ဒို့ သင်္ခါရ မမြင်သေးလို့ရှိရင်ဖြင့် လူဖြစ်ရကျိုးကို မနပ်သေးဘူး (မှန်ပါ)၊ သာသနာတွင်း တရားလဲ ဉာဏ်ထဲ မရောက်သေးဘူး (မှန်ပါ)၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် အရေးတကြီး ပြောနေပါတယ် ဆိုတာကိုလဲ ခင်ဗျားတို့ မှတ်ကြစမ်းပါ (မှန်ပါ)။၊ ခန္ဓာထဲ သင်္ခါရဒုက္ခ တစ်ချက်ကို မမြင်ဘူးတဲ့ပုဂ္ဂိုလ် ဘုရားလည်း တွေ့လည်း မတွေ့ဘူးလို့၊ ကိုယ်မှတ်လိုက် (မှန်ပါ့)၊ ရှောင်သွားရမှာပဲ။

ဘုရားနဲ့ တွေ့ပေမယ့်လည်း ဘုရားက သူ့ကိုဘာမှ နှုတ်ဆက်မယ်လဲ မဟုတ်ဘူး၊ တရားထူး သွားမေးလိမ့်မယ်လို့ လည်း မောင်နိုင် ရည်ရွယ်ချက် မရှိဘူးတဲ့ (မှန်ပါ)၊ ဘာကြောင့်တုံး ဆိုတော့ သူ့မှာ ဥပနိဿယဆိုတဲ့ အားကြီးသော သင်္ခါရဒုက္ခမြင်တဲ့ တစ်ချက် မရှိဘူးတဲ့ (မှန်ပါ)၊ မရှိတဲ့ပုဂ္ဂိုလ်ကျတော့လည်း သွားလည်းမသွားဘူး (မှန်ပါ)၊ တွေ့ပြန်လည်းအများထဲ၊ ဘုရားက တွေ့တဲ့ ပုဂ္ဂိုလ်လည်း ကြည်ညိုရုံပဲ တတ်နိုင်တယ် (မှန်ပါ)၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရအောင် သူထိုးထွင်း မလာဘူး (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

တို့မရ ရအောင် လုပ်ထားမယ်

ဒါဖြင့် ဒီနေ့ ဒီအမြင်ကလေးဟာ အလွန် အရေးကြီးတဲ့ အမြင်ဖြင့် တို့ မရ-ရအောင် လုပ်ထားမယ် ဆိုတာ တရားတစ် ပွဲလုံး ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ကဲ ဒကာဒကာမတို့ ဒီအမြင်ကလေးဟာ ဘယ် လောက် အဖိုးတန်တယ် ဆိုတာ (တန်ပါတယ် ဘုရား)၊ မဂ်၏ ရှေ့ပြေးအမြင် (မှန်ပါ)၊ သမ္မာဒိဋ္ဌိ (အမြင်ပါ ဘုရား)။ ဝိပဿနာကော (အမြင်ပါ ဘုရား)၊ ကိုင်း ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီအမြင်မရှိတဲ့ ပုဂ္ဂိုလ် ဒီဘဝ နိဗ္ဗာန်ဝင်အသာ ထားစမ်းပါဦး၊ ဘုရားနဲ့ တွေ့တဲ့ အခါတောင်မှ ဒီအမြင် မပါတဲ့ ပုဂ္ဂိုလ်ကို ဘုရားသည် ရှောင်ကွင်း သွားတယ် (မှန်ပါ)။ ဒကာ ဒကာမတို့ ကိုယ်ကျိုး မနည်းဘူးလား (နည်း ပါတယ် ဘုရား)၊ ဒီအမြင် မပါရင်လေ (ရှောင်ကွင်း သွားပါ တယ် ဘုရား)။

ဘုရားချွတ်နိုင်တဲ့အမြင်

အဲဒီတော့ အခုဘုန်းကြီးဟောမှာက ဒီ ဒကာ ဒကာမ တွေ၊ ဒီအမြင်လည်း မြင်အောင် လုပ်ကြပါ၊ လုပ်တဲ့ ပုဂ္ဂိုလ်လည်း လုပ်နေကြတဲ့ ပုဂ္ဂိုလ်လည်း မြင်နေကြပါပြီ၊ မလုပ်သေးတဲ့ ပုဂ္ဂိုလ်ကလည်း ဒီအမြင်တော့ ရအောင် လုပ်ပါ၊ ဒီအမြင်ဟာ မဂ်ရတော့မည့် အမြင်ပေါ့ (မှန်ပါ)၊ ဘုရားချွတ်နိုင်တဲ့ အမြင် ဟေ့၊ ဘုရားနဲ့တွေ့လည်းပေါ့လေ (မှန်ပါ)။

ဟာ ကိုယ်ဟာကိုယ် ဆက်ကြိုးစားမယ်ဆိုလို့ရှိ ရင်လည်း၊ ဒီဘဝပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမယ့်အမြင်ပေါ့လို့ ဒကာကြီးလှိုင် သေသေချာချာ မှတ်ဗျ (မှန်ပါ) အားတော့ မလျော့ကြနဲ့ (မှန်ပါ)။

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဥပရိဏ္ဏာသ ပါဠိတော် မဟာစတ္တာလီသသုတ်မှာ လာပါတယ်။ “ပုရေစာရိက သမ္မာဒိဋ္ဌိ”ကွတဲ့၊ ပုရေက ရှေ့၊ စာရိက က ကျင့်တာ၊ သမ္မာဒိဋ္ဌိက အမှန်အကန် မြင်တာ၊ သဘောကျပလား (ကျပါပြီ)။

မဂ်၏ရှေ့ပြေးမြင်တဲ့အမြင်

အဲ မဂ်၏ ရှေ့ပြေးမြင်တဲ့ အမြင်ပါလားကွတဲ့ ဒီအမြင်ကို သေးသေးသိမ်သိမ်လို့ မမှတ်ပါနဲ့၊ လောကုတ္တရာမဂ် ကပ်နေပြီတဲ့ (မှန်ပါ)။

ကဲ ဒကာ ဒကာမတို့ ဘယ်လောက် အားရှိစရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီအမြင်ကလေးမှ မရလို့ရှိရင်ဖြင့် မသေနဲ့ဦးဆို တာတောင် ပြောဖို့ ဝတ္တရားရှိတယ် (မှန်ပါ ဘုရား)။

မသေပါနဲ့ဦး

ဒီအမြင် မရသေးခင် (မသေနဲ့ဦး)၊မသေပါနဲ့ဦးဆိုတာ တောင် ပြောဖို့ ဝတ္တရားရှိပါတယ်တဲ့၊ ဒီအမြင်ရလို့ သေရင် ဒုတိယဘဝ နတ်ပြည်ရောက်ပြီး သကာလ၊ နတ်ပြည်ရောက်မှန်း မသိခင် မဂ်က အရင်ပေါ်မယ် (မှန်ပါ)၊ ဒါလောက် ကျေးဇူး များမယ် (မှန်ပါ)။

ဟာ ဒါဖြင့် နက်ဖြန်ဘုရား ပွင့်မယ် ဆိုလို့ရှိရင်လည်း ဒီအမြင်ရှိပြီးသားပုဂ္ဂိုလ်ဟာ ဉာဏ်ထဲ လာထင်တယ် (မှန်ပါ)၊ သူ့ကို အရင်ချွတ်ရမယ်၊ နို့မဟုတ်ရင် ဉာဏ်ထဲကို မထင်လာဘူး (မှန်ပါ)။

ဉာဏ်ဆိုတာ ကို မှတ်ထားနော် အင်မတန်ကြီး ကျယ်တဲ့ မှန်ကြီးကို ဒီကနေ ထောင်လိုက်လို့ ရှိရင်ဖြင့်၊ အမြင့် ကနေထောင်လိုက်လို့ ရှိရင်ဖြင့် လေယာဉ်ပျံပေါ်က ပြဒါးသုတ်တဲ့ မှန်ကြီးပြမယ် ဆိုပြီး၊ ဒီမြို့ဟာ တစ်မြို့လုံးအိမ်တွေဟာ မပါတဲ့ အိမ်ရှိဖို့ အတော်ခဲယဉ်းတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လေယာဉ်ပျံပေါ်ကနေသာ ရိုက်စမ်းပါ၊ ဒီမြို့မှာရှိတဲ့ လူတွေလည်း မပါတဲ့ လူဟာ အတော်ရှားမယ် (ရှားပါတယ်) အိမ်တွေကော (ပါပါတယ် ဘုရား)။

ဘုရားဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်

အဲ ဘုရားဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဒီလေယာဉ်ပျံ မှန်ကြီးလိုပဲ ချိန်ထားတယ် (မှန်ပါ)၊ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ် ဒီထဲအရိပ်ဝင်တယ် (မှန်ပါ)။

အဲဒီသွားထင်တယ် (မှန်ပါ့) သင်္ခါရဒုက္ခမြင်ပြီးတဲ့ ပုဂ္ဂိုလ်မှ ဒီထဲသွားထင်တယ်၊ သူ့ဉာဏ် မှန်တော်ကြီးထဲမှာ သွားထင်တယ် (မှန်ပါ)။

အဲဒီပုဂ္ဂိုလ်ဆီကိုဖြင့် တစ်ခါတည်း ဆွမ်းမစား ရချင်နေပါ စေ သွားလိုက်တာပဲ၊ ကိုယ်တော် မြတ်ကြီး နေမကောင်းဘူး ဆိုရင် နေမကောင်းပေမယ့် ငါနေမကောင်းတာ အရေးမကြီးဘူး၊ သူကျွတ်တမ်းဝင်ဖို့ အရေးကြီးတယ် (မှန်ပါ)။

သူ နေမကောင်းလို့ ပရိနိဗ္ဗာန်စံလည်း သူ့မှာ ဘယ်လမ်းမှ သွားစရာ မရှိတော့ဘဲ နိဗ္ဗာန် စခန်းသာ ရှိတော့တာ ကိုး (မှန်ပါ)၊ သူ့ကို ငဲ့စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီဉာဏ်အမြင်ရှိတဲ့ ပုဂ္ဂိုလ်ဟာဖြင့် သူ့ဉာဏ် ဝမှာ လာထင်တယ် ဆိုတာ မောင်နိုင် ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)၊ စူဠပန်ထောက် (မှန်ပါ)။

စူဠပန်ထောက်တော့ သူ့အစ်ကိုလိုဖြင့် ဒီဂါထာ မရတာနဲ့ လူထွက်တော့၊ မင်းအလကားပဲ သာသနာဘောင်မှာ ကျေးဇူး မများဘူး ဆိုပြီး နှင်လို့ မျက်ရည်တွေ ကျနေတယ်၊ ဟိုက ဒီအမြင်မှန်း မသိဘူး (မှန်ပါ)။

ဘုရားကတော့ ဒီသဗ္ဗညုတ ဉာဏ်တော်ကြီးက ဉာဏ်မှန်တော်ကြီးက ရှိနေတော့ ကိုဝ စူဠပန် အရိပ်ကို လာထင်တယ် (မှန်ပါ)။

ခန္ဓာထဲဉာဏ်လှည့်လိုက်တယ်

ဟ ဒီကောင် ဒီလိုပေးလိုက်ရင် ခဏလေးနဲ့ရမယ် ဆိုတာ၊ ဒါကလေးပွတ်ပြီး ဖြူတာ မည်းတာနဲ့ပဲ ခန္ဓာဉာဏ်လှည့်တော့ ဪ ဒီခန္ဓာထဲလည်း ဒီလို့ဟာချည့်ပါကလား သင်္ခါရဒုက္ခ ချည်းပါလား ဆိုပြီး၊ သင်္ခါရဒုက္ခ ကြည့်ဖန် များတော့ ဆုံးသွားတယ်၊ ဆုံးသွားတော့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ)။ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မဂ်၏ရှေ့ပြေး သမ္မာဒိဋ္ဌိ ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို၊ သာမည ဆိုလို့ရှိရင်၊ အဖိုးတန်တဲ့ တရားဆိုလို့ ရှိရင်လဲ အခုနာရီဝက် တိုင်တိုင် ကို အပင်ပန်းခံ မပြောပါဘူး (မှန်ပါ)၊ ဒီဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ကိုသောင်တို့ ပေါ်ပလား (ပေါ်ပါပြီ)၊ ကိုဖူးညိုကြီး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရဒုက္ခမြင်အောင်ကြည့်ရမယ်

ဒါဖြင့် ဘာလုပ်ကြမလဲ သင်္ခါရဒုက္ခမြင်အောင် ကြည့်ရ မယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ နို့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ပေါ်လာသရွေ့၊ ရှိလေသရွေ့ဟာ ဘာတွေတုံး မေးကြရင် (သင်္ခါရဒုက္ခပါ ဘုရား)။

ဪ ခင်ဗျားတို့က ဆရာကောင်း မရတော့ ကြောင်တောင်ကွယ် ဖြစ်နေလို့သာ သင်္ခါရဒုက္ခ မတွေ့တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဆရာကောင်းမတွေ့တော့ ကြောင်တောင်ကွယ် ဖြစ်နေ တော့၊ မင်းဖြည်းဖြည်းမှ နိဗ္ဗာန်ရမှာ ပေါ့ကွာ ဆိုပြီး သင်္ခါရဒုက္ခကို ထိုးမပြဘူး (မှန်ပါ)၊ မင်းဟာ တစ်စတစ်စ လုပ်ရမှာပဲ ဆိုတဲ့ ဆရာနဲ့ သွားတွေ့မယ် ဆိုတော့ ကိုဝ သွားရောပေါ့ (မှန်ပါ ဘုရား)။

သင်္ခါရဒုက္ခဟာ ရှိတာလား မရှိတာလား (ရှိတာ ပါ ဘုရား)။

နို့ သင်္ခါရဒုက္ခ မြင်လို့ရှိရင်လည်း ဘုရားရှိရင်လည်း ဘုရား ဉာဏ်တော်ထဲမှာ ဒီပုဂ္ဂိုလ် အရင် ချွတ်ရမယ် (မှန်ပါ)၊ ဘုရား မရှိတဲ့ အခါကျလို့ရှိရင် သာသနာတွင်း ရှိနေရင်၊ သင်္ခါရဒုက္ခ နေပြီး ဆက်အားထုတ်တော့ သင်္ခါရဒုက္ခ မြင်တဲ့မဂ်ပြီးတော့ကို နိဗ္ဗာန်မြင်တဲ့ မဂ်လာတာပဲ (မှန်ပါ)၊ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိနဲ့ပြီးတော့ (နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိလာပါတယ်)၊ သမ္မာဒိဋ္ဌိနဲ့မဂ်ဟာအတူတူပဲ။

သိန်းသန်းတန်ကျောက်မရရင် နေပါစေ

ကဲ ဦးဘရှင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ထမင်းမစား ရချင် နေပါစေ၊

သိန်းတန်ကျောက်၊ သောင်းတန်ကျောက် မရချင်နေပါစေ၊ ဒကာ ဒကာမတို့ ဘာအရေးကြီး ရမလဲ (သင်္ခါရဒုက္ခမြင်ဖို့ အရေးကြီး ပါတယ် ဘုရား)။

အဲ သင်္ခါရဒုက္ခ မြင်ဖို့ရာဖြင့် အင်မတန် အရေးကြီး တယ် ဆိုတာမှတ်ပါ၊ သင်္ခါရဒုက္ခ မမြင်တဲ့ ပုဂ္ဂိုလ်များ အတွက်မှာ ဘုန်းကြီး ပြောပါ့မယ်၊ ခင်ဗျားတို့ ဆုတောင်း နေတာတွေ ကြားပါတယ်၊ မေတ္တယျဘုရား ပွင့်တဲ့အခါကျလို့ရှိရင် လက်ဦးစွာ ဖူးတွေ့ရပါလို၏ တစ်ချို့ပါတယ် (မှန်ပါ)၊ မပါဘူးလား (ပါပါ တယ် ဘုရား)။

သင်္ခါရဒုက္ခ မမြင်ရဘဲနဲ့ တွေ့လို့ရှိရင်လဲ တွေ့ရုံပဲတဲ့ ကျွတ်တမ်း မဝင်ဘူး (မှန်ပါ)။

သင်္ခါရဒုက္ခ ကိုယ်မဖြစ်ဘဲနဲ့ နေလို့ရှိရင် (ကျွတ်တမ်း မဝင်နိုင်ပါ ဘုရား)။

ကျွတ်တမ်း မဝင်နိုင်ဘူး ဆိုတော့ မရှုံးဘူးလား ပြုံးပါ တယ် ဘုရား)၊

မတွေ့ဘူးလားဆိုတော့ တွေ့ချင်လဲ တွေ့မယ် (မှန်ပါ)၊ တွေ့ပြီးသကာလ တစ်ခါတွေ့ကျိုး နပ်မနပ် ဝေဖန်ဦး (မနပ်ပါ ဘုရား)၊ မနပ်ဖူး ဆိုတာ၊ နောက်က ဒကာ ဒကာမတွေ သေချာ ပလား (သေချာ ပါပြီ ဘုရား)။

သင်္ခါရဒုက္ခကို မြင်စေချင်တယ်

အဲဒီတော့ ေဩာ် ဘုန်းကြီးက ဒီနေ့ ဘာအဓိက ထားပြီး သကာလ လိုရင်း ပြောနေပါလိမ့်မတုံး ဆိုတာကော တရား တစ်ပွဲလုံး ရိပ်မိပြီ (ရိပ်မိပါပြီ)၊ ဘာမြင် စေချင်တာတုံး (သင်္ခါရဒုက္ခ မြင်စေချင်တာပါ)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

သင်္ခါရဒုက္ခ မြင်ဖို့ပဲအရေးကြီးတယ်၊ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ဒါလောက်တောင် သယ်ယူ ပို့ဆောင်ပြီး သကာလ၊ ဒီဒကာ ဒကာမတွေ အရေးတကြီး ဒီစကားလုံး သုံးပါလိမ့်မတုံး ဆိုတော့ ဘုရားနဲ့ တွေ့လည်း သူမကျွတ်နိုင်တာ (မှန်ပါ့)၊

အခု သာသနာတွင်းမှာလည်း သူမှ လောကုတ္တရာ မဂ်ကိုရောက်အောင် ကျေးဇူးပြုနိုင်တယ် ဆိုတော့ သူ့ အတွက် ဟာ ဘယ့်နှယ် ဆိုကြမလဲ (အရေးကြီးပါတယ် ဘုရား)။

အကြီးတကာ့ အကြီးဆုံးမှာ ခင်ဗျားတို့ ဥပမာ လုပ်နေ တဲ့ ကျောက်တွေ၊ သံတွေ မရချင် ကိစ္စမရှိဘူး၊ ထမင်းတော့ မငတ်ပါဘူး ကိုဝရေ (မှန်ပါ)၊ သင်္ခါရဒုက္ခ မတွေ့လိုက်တာ ကဖြင့် ဒုက္ခ ပင်လယ်ဝေ လိမ့်မယ် (မှန်ပါ့)၊ မဝေပေဘူးလား (ဝေပါတယ် ဘုရား)။

အိမ်ရောက်ရင် လုပ်ဖြစ်အောင်လုပ်

သင်္ခါရဒုက္ခမြင်တဲ့ဉာဏ်သည် သံသရာ ပဋိစ္စသမုပ္ပါဒ်၊ နောက်လာမည့် ပဋိစ္စသမုပ္ပါဒ်လည်း သူဖြတ်တယ် (မှန်ပါ)၊ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။

အဲဒီတော့ သင်္ခါရဒုက္ခ သည်ကားလို့ဆိုရင်၊ သင်္ခါရဒုက္ခ မြင်တဲ့၊ သမ္မာဒိဋ္ဌိသည်ကားလို့ ဆိုလို့ရှိရင် ကို အရေးတကြီးပဲ အိမ်ရောက်ကြရင် လုပ်ဖြစ်အောင် လုပ်ပါ (မှန်ပါ)။

တစ်ချက်မြင်မြင်၊ နှစ်ချက်မြင်မြင်၊ များများမြင်မြင် မြင်လေ ကောင်းလေပဲ (မှန်ပါ)၊ များများ မြင်ရင်တော့ဖြင့် တကယ့် လောကုတ္တရာမဂ် လာတော့မလို့သာ မှတ်ပေတော့ (မှန်ပါ)၊ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဒါ သင်္ခါရဒုက္ခမြင် တဲ့ သမ္မာဒိဋ္ဌိသည် မဂ်၏ရှေ့ပြေး သမ္မာဒိဋ္ဌိ၊ လောကုတ္တရာ မဂ်၏ ရှေ့ပြေး သမ္မာဒိဋ္ဌိ (မှန်ပါ)၊ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

အသင်္ခတသုခ ကူးတော့မယ်

ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ကလည်း အားလည်း ထုတ်ပါပြီဘုရား ဒီသင်္ခါရ ဒုက္ခတွေလည်း ဟိုနေရာမှာ ဖြစ်လိုက် ပျက်လိုက်၊ ဒီနေရာမှာ ဖြစ်လိုက် ပျက်လိုက် ဝေဒနာလေး

တွေရှုလည်း ဖြစ်ပျက်တွေ့ ပါတယ်ဘုရား၊ စိတ်တွေရှုလည်း ဖြစ်ပျက်ပဲ တွေ့ပါတယ်၊ အဲဒါ သင်္ခါရဒုက္ခ တွေဖြင့် တပည့်တော်တို့ ကိုယ့်ဉာဏ်နဲ့ကိုယ် ပြောလာကြလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့ သင်္ခါရဒုက္ခပြီး လို့ရှိရင် အသင်္ခတသုခ ကူးတော့မယ် (မှန်ပါ)။

မှတ်မိပလား (မှတ်မိပါပြီ)၊ သင်္ခါရဒုက္ခပြီးရင် (အသင်္ခတသုခ ကူးတော့ပါမယ် ဘုရား)။

ဪ ဒါဖြင့် သူ့ကို ဆုံးအောင်လိုက်၊ သင်္ခါရဒုက္ခ တွေတွေ့တာကို လာသရွေ့ သာ သင်္ခါရဒုက္ခပဲ၊ သင်္ခါရဒုက္ခပဲ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်လို့ ဆိုချင်ဆို ဒီလိုရှုလို့ ရှိရင်ဖြင့် မောင်နိုင် သင်္ခါရဒုက္ခ ဆုံးသွားလိမ့်မယ် (မှန်ပါ)၊ မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

အဲ သင်္ခါရဒုက္ခဆုံးလို့ ရှိရင်ဖြင့် ရှေ့မဂ်ရှေ့ပြေး သမ္မာဒိဋ္ဌိကိစ္စ ကိုဝတို့၊ ကိုပေါ်တို့ ကုန်ပေါ့ (ကုန်ပါတယ် ဘုရား)၊ သူလည်း ကုန်ရောတဲ့ ဒကာ ဒကာမတွေ၊ မဂ်သမ္မာဒိဋ္ဌိ လာတာပဲ (မှန်ပါ့)။

အသင်္ခတဆိုတာ နိဗ္ဗာန်

သင်္ခါရဒုက္ခလည်း ဆုံးပါရော မဂ်သမ္မာဒိဋ္ဌိ ဝင်လာတယ်။ မဂ်သမ္မာဒိဋ္ဌိက ဘာနဲ့ သွားတွေ့သတုံး ဆိုတော့ မောင်နိုင် အသင်္ခတ သုခနဲ့ သွားတွေ့တယ် (မှန်ပါ)၊ အသင်္ခတ ဆိုတာ က နိဗ္ဗာန် ဘယ်သူမှ မပြုပြင်ဘူး၊ သုခဆိုတာ ချမ်းသာတာ (မှန်ပါ ဘုရား)။

ဒါဖြင့် သင်္ခါရဒုက္ခ ဆုံးလို့ရှိရင် အသင်္ခတသုခနဲ့ တွေ့ပါ လိမ့်မယ် (မှန်ပါ)၊ မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

သင်္ခါရဒုက္ခဆုံးရင် (အသင်္ခတသုခနဲ့ ကွေ့မှာပါ ဘုရား)။

ကဲ အားလုံး ဒကာ ဒကာမတွေ လူငယ်တွေရော၊ လူကြီးတွေရော၊ ဪ နိဗ္ဗာန်ဟာ သင်္ခါရဒုက္ခ တွေ့ရင် အနီးကလေး ပါကလား (မှန်ပါ)၊ မဂ်ဉာဏ် ရဖို့ရာကော (နီးပါတယ် ဘုရား)။

နီးပါတယ် ဆိုတဲ့ဥစ္စာ၊ အခု မဟာ စတ္တာလီသသုတ်က သေသေချာချာ ပြတယ် (မှန်ပါ)။

သင်္ခါရဒုက္ခမြင်တဲ့ ဝိပဿနာမဂ်

ဥပါရိပဏ္ဏာသ ပါဠိတော် မဟာစတ္တာလီသသုတ်က သေသေချာချာ ပြသောကြောင့်တဲ့ ဒကာ ဒကာမတို့၊ ဒီဥစ္စာ လေးလေးစားစားနဲ့၊ သင်္ခါရဒုက္ခ ရှာဖြစ်အောင် ရှာမှသာလျှင် သင်္ခါရဒုက္ခမြင်တဲ့ ဝိပဿနာမဂ် လာပြီးမှ သာလျှင်၊ အသင်္ခတ သုခမြင်တဲ့ လောကုတ္တရာမဂ် လာပါလိမ့်မယ်လို့ ကိုပေါ်တို့၊ ကိုဝ တို့မှတ် (မှန်ပါ)။

ဒါဖြင့် ရှေ့ သမ္မာဒိဋ္ဌိ ပြီးလို့ရှိရင်ဖြင့် သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိ၊ ပြီးလို့ရှိရင်ဖြင့် အသင်္ခတ သုခဆိုတဲ့ နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိလာဖို့ ရှိတယ် (မှန်ပါ)၊ ဒီထက် နီးတာတော့ (မရှိပါ ဘုရား)။

ကဲ ဒါဖြင့် နိဗ္ဗာန်ကို ခပ်နီးနီးနဲ့ တပည့်တော်တို့ ဘုရား အပါယ်လေးပါး တံခါးပိတ်တဲ့နိဗ္ဗာန်၊ ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ ကိလေသာ အပူဓာတ်၊ အလောင်ဓာတ်တို့ ငြိမ်းသတ်တဲ့ နိဗ္ဗာန်ကြီး ကိုဖြင့်၊ တပည့်တော်တို့ ဘာလုပ်လုပ် တောင်းပြီး သကာလ နေကြတဲ့ ပုဂ္ဂိုလ်ဖြစ်တာ တောင်းပင် တောင်း ငြားသော်လည်း သင်္ခါရဒုက္ခ မတွေ့သေးရင် မနီးသေးလို့မှတ် (မှန်ပါ)၊ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

သင်္ခါရဒုက္ခတွေ့မှသာလျှင် အသင်္ခတသုခ ကူးမှာကိုးဗျ (မှန်ပါ)၊ သူ့မှမတွေ့သေးဘဲနဲ့ ကျုပ်ရောက်ချင်လှချည့်ရဲ့လို့ ဆိုလို့တော့ဖြင့် (မရပါ ဘုရား)၊ မရနိုင်ဘူးဆိုတဲ့ ဥစ္စာကော ကိုထွန်းလှိုင်တို့ ကျေကျေနပ်နပ် မှတ်ပါ (မှန်ပါ)။

ယနေ့နှစ်လုံးပဲပြောမှာ

ကျေကျေနပ်နပ် မှတ်ကြစမ်းပါ ဒကာ ဒကာမတို့၊ ယနေ့ နှစ်လုံးပဲ ပြောမှာပဲ (မှန်ပါ)၊

(၁) သင်္ခါရဒုက္ခ မြင်တာရယ်၊

(၂) အသင်္ခတသုခမြင်တာရယ်၊ ဒီနှစ်ခုကိုပဲပြတယ် (မှန်ပါ)။

ဒါဖြင့် သင်္ခါရဒုက္ခမြင်တာက ဝိပဿနာ၊ အသင်္ခတ သုခ မြင်တာကမဂ်ဉာဏ်၊ ဝိပဿနာမဂ် ဉာဏ်နဲ့ လောကုတ္တရာ မဂ်ဉာဏ် အကူးအဆက်ပြတာပဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရဒုက္ခတွေ များများတွေ့ လို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ လက်ခမောင်းသာ ခတ်ပါတော့ (မှန်ပါ ဘုရား)။

သင်္ခါရဒုက္ခများများ တွေ့ရင် (လက်ခမောင်း ခတ်ပါ)၊ လက်ခမောင်း ခတ်တော့တဲ့၊ ငါ ဒီဘဝတော့ဖြင့် အပါယ်လေးပါး တံခါးပိတ်တဲ့ သေတာပန်တော့ဖြင့် တည်တော့မှာပဲ (မှန်ပါ)။

ဒကာကြီးလှိုင် သင်္ခါရဒုက္ခ များများတွေ့ရင် (သော တာပန် တည်တော့မှာပါ ဘုရား)။

ရှေ့ပြေးသမ္မာဒိဋ္ဌိ

မတည်မရှိပါဘူး (မှန်ပါ)၊ ဘာကြောင့်တုံးဆိုတော့ ပုရစာရိက ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိတဲ့၊ သမ္မာဒိဋ္ဌိနှစ် မျိုးပြတယ် (မှန်ပါ)။ ပုရေစာရိက သမ္မာဒိဋ္ဌိဆိုတာ ရှေးဦးစွာကျင့်ရမည့် သမ္မာဒိဋ္ဌိ (မှန်ပါ)၊ မဂ္ဂသမ္မာဒိဋ္ဌိ ဆိုတာက ပုရေစာရိကသမ္မာ ဒိဋ္ဌိရှေ့ပိုင်း ကျင့်ပြီးမှ ပေါ်လာမည့် သမ္မာဒိဋ္ဌိ၊ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း ရှေ့ပြေးသမ္မာဒိဋ္ဌိ ဒကာ ဒကာမတို့ နော် (မှန်ပါ)၊ သူဆုံးတဲ့ အခါကျလို့ရှိရင်ဖြင့် သောတာပတ္တိ မဂ်သမ္မာဒိဋ္ဌိ၊ သောတာပတ္တိမဂ်ဟာ သမ္မာဒိဋ္ဌိပဲ မောင်နိုင်ရ (မှန်ပါ)၊ မဂ်လို့ ခေါ်ချင်လည်းခေါ်၊ သမ္မာဒိဋ္ဌိလို့ကော (ခေါ် နိုင်ပါတယ် ဘုရား)။

ဒီတရားတွေ ရှေးကမဟောကြလို့

ခေါ်နိုင်တာပဲဆိုတော့၊ ကိုဝ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးရင် မဂ်သမ္မာဒိဋ္ဌိ လာတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေ့ပြေးသမ္မာဒိဋ္ဌိ လာပြီးရင် သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိ လာပြီးရင် (မဂ္ဂသမ္မာဒိဋ္ဌိ လာပါတယ်)၊ မဂ်သမ္မာဒိဋ္ဌိ လာတာ ပဲ ဆိုတာ မဟာစတ္တာလီသ သုတ်မှာ သေသေချာချာ လာတယ် (မှန်ပါ)။

အဲဒီတော့ ဒီတရားတွေက ရှေးကဟောလည်း မဟော ကြ၊ ပြောလည်း မပြောကြလို့သာ နိဗ္ဗာန် အဝေးကြီးပါကွာ၊ ဦးဘရှင်းတို့ ကြားမှာပေါ့ (ကြားပါတယ် ဘုရား)။

ဖြစ်ပျက်ဟာ သင်္ခါရဒုက္ခပဲ

အခုသေသေချာချာ ဘုရားဟောတော်မူတဲ့ ကျမ်းဂန်နဲ့ ဘုရားဟောတာကို ထောက်ပြီး သကာလ ရှင်းပေး နေတော့ သင်္ခါရဒုက္ခ မြင်တဲ့ သမ္မာဒိဋ္ဌိတို့ကို ဆရာဘုန်းကြီးက လည်း ပြောထား တယ်၊ တို့သန္တာန် ဖြစ်ပျက်ဟာ အဲဒါ သင်္ခါရဒုက္ခပဲ၊ အဲဒါ မြင်အောင်ကြည့်လို့ ရှိရင်ဖြင့် ရှေ့ပြေး သမ္မာဒိဋ္ဌိ သေချာ ပြီး (မှန်ပါ)၊ နောက်က မဂ်သမ္မာဒိဋ္ဌိ လိုက်ရုံပဲ ရှိတော့တယ် (မှန်ပါ)။

လောကုတ္တရာမဂ် သမ္မာဒိဋ္ဌိ (လိုက်ရုံပဲ ရှိပါတော့ တယ် ဘုရား)။

လိုက်ရုံပဲရှိတော့တယ် ဆိုတော့ မောင်နိုင်တို့က ေဩာ် အဝေးကြီးလို့ ဆိုမလားတဲ့၊ မသွား တတ်လို့ ဝေးနေတာလို့ ဆိုမလား (မသွားတတ်လို့ ဝေးနေတာပါ ဘုရား)။

မသွားတတ်လို့ ဝေးနေတာလို့၊ ခင်ဗျားတို့ခေါင်းဆောင် က ဝေး တော့ နောက်လိုက်က ပျင်းလာတာပေါ့ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

အခုတော့ ခေါင်းဆောင်က နီးပါတယ်လို့ ဆိုတာ ဘုရား ဟောနဲ့ သေသေချာချာ ပြောတယ်၊ ပြီးတော့လည်း ကိုယ်တိုင် လည်း လုပ်ကြည့်ပါ၊ အနီးကလေး ဆိုတာ ပြောပါလိမ့်မယ် (မှန်ပါ ဘုရား)။

ကိုယ်တိုင်လုပ်ကြည့်ရင် ပြောပါလိမ့်မယ်

ဒကာကြီးလှိုင် ကိုယ်တိုင်လုပ်ကြည့်ရင် (ပြောပါ လိမ့်မယ် ဘုရား)၊ အနီးကလေးလို့ ကိုယ့်ဉာဏ် ကကို ပြောပါ လိမ့်မယ် (မှန်ပါ့)။

အဲဒါကြောင့် တို့က ဉာဏ်လေးတယ် ခက်တယ်၊ အို ဉာဏ်လေးတာ ယားတာမှ မသိဘူးလား လို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (သိပါတယ် ဘုရား)၊ နာတာမှ မသိဘူးလား (သိပါတယ် ဘုရား)၊ ဝမ်းသာတာမှ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့ ဝမ်းသာတာ ကလေးဟာလည်း စဉ်းစားလိုက် တာပေါ့၊ ဝမ်းသာ တာကလေး ဟာလည်း ဝမ်းသာပြီး ပျောက်သွားတာပဲလို့၊ ဉာဏ်နဲ့ ဘယ်အခြေအနေ ကျအောင် ခင်ဗျားတို့ နောက်ကနေ စောင့်ပြီး ကြည့်လိုက်လို့ရှိရင် သူ့ အခြေအနေ စောင့် ကြည့်လိုက်လို့ရှိရင်၊ ဝမ်းသာတဲ့ သောမနဿ ဝေဒနာ ကလေးဟာလည်း ကိုဝ ဖြစ်ပြီး ပျောက်တာပဲ (မှန်ပါ)။

ဝမ်းသာလည်း နောက်ကသမ္မာဒိဋ္ဌိလိုက်ပါ

ဝမ်းသာတာ ကိုယ်ဝမ်းသာတာမှ ခင်ဗျားတို့က ဆက်ပြီး သကာလ၊ သမ္မာဒိဋ္ဌိ နောက်က မလိုက်တော့ မသိတာပေါ့ (မှန်ပါ)၊ အခုတော့ ဝမ်းသာလည်း နောက်က သမ္မာဒိဋ္ဌိလိုက်ပါ (မှန်ပါ)၊ ဝမ်းနည်းလည်း (သမ္မာဒိဋ္ဌိ လိုက်ပါဘုရား။)

အင်း ဝမ်းသာလည်း သမ္မာဒိဋ္ဌိလိုက်ဆိုတာ သောမနဿ ဝေဒနာ ဖြစ်ပျက် မြင်အောင် ပြောတာ (မှန်ပါ)၊ ဝမ်းနည်းလည်း သမ္မာဒိဋ္ဌိလိုက် ဆိုတော့ ဒေါမနဿ ဝေဒနာဖြစ် လည်း (လိုက်ပေး ရပါမယ်)၊ လိုက်တော့ ဒေါမနဿ ဝေဒနာ တွေ့သလား ဖြစ်ပျက်ပဲ တွေ့မလား (ဖြစ်ပျက် တွေ့ပါ မယ် ဘုရား)၊ ဒါဖြင့် သင်္ခါရဒုက္ခ တွေ့တာပဲ (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာတွေ့မလဲ (သင်္ခါရဒုက္ခ တွေ့ ပါမယ်)၊ သင်္ခါရဒုက္ခပဲ တွေ့တယ်ဆိုတော့ ကျုပ်တို့ အတွက်မှာ ဖြင့်၊ ဒါလောက်တော့ဖြင့် ဝမ်းသာတာနဲ့ ဝမ်းနည်းတာကို ကိုဝ၊ ကလေးတောင် သိပါတယ် (မှန်ပါ)။

ကျုပ်ဝမ်းသာလိုက်တာဗျာ ပြောတာ၊ ကျုပ်ဒီဟာ ကြားရတာဗျာ ဝမ်းနည်း လိုက်တာလို့တော့ ပြောတာ (မှန်ပါ)။ ပြောသာ ပြောတာ သမ္မာဒိဋ္ဌိက နောက်က မလိုက်တတ်ဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အခုတော့ဖြင့် လိုက်တတ်ကြပလား (လိုက်တတ် ပါပြီ)၊ ဝမ်းသာတာ ကလေးကိုလည်း ရှိသေးသလား မရှိသေးသလား ဆိုပြီး ကြည့်လိုက်တာပေါ့ (မှန်ပါ)၊ ကြည့် လိုက်တော့ ဘာတွေ့ သလဲ (မရှိတာတွေ့ပါတယ် ဘုရား)။

သင်္ခါရဒုက္ခဟာလည်း ဒုက္ခရောက်သွားတယ်

မရှိတော့ သင်္ခါရဒုက္ခ ကလေးဟာလည်း ဒုက္ခ ရောက်သွားတာပဲ ဆိုတာဟာ၊ မောင်နိုင် သူများ ပြောလား ကိုယ့်ရှေ့မှောက်မှာလား (ကိုယ့်ရှေ့မှောက် မှာပါ)။

ကိုယ့်ရှေ့မှောက်မှာ ဖြစ်နေတော့ ကိုပေါ်တို့၊ ကိုဝတို့က ဝိပဿနာ တယ်ခက်သကိုး ဘုရားလို့ ဆိုမလားတဲ့၊ ရှိတာ မသိဘူး လို့သာ ပြောကြပါတော့ (မှန်ပါ)၊ ခက်တာတော့ဖြင့် (မခက်ပါ ဘုရား)၊ ခက်တာတော့ဖြင့် မခက်ပါဘူး ဆိုတာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ)။

ကိုင်း ဒါဖြင့် ပုရေစာရိက သမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊

“ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိ တေဘူမက သင်္ခါရေ အနိစ္စာဒိဝသေန ပရိဝိမံသတိ။” (ဥပရိပဏ္ဏာသ- အဋ္ဌကထာ-၉၂)

တေဘူမက သင်္ခါရတို့ကို ပရိဝိမံသတိ သူ သုံးသပ်ပါ သတဲ့၊ သြော် ရှေ့ပြေး သမ္မာဒိဋ္ဌိက ဒီသင်္ခါရ ဒုက္ခကို သူသုံးသပ်တာပဲတဲ့ မောင်နိုင် (မှန်ပါ)။

သင်္ခါရဒုက္ခကို ဖြစ်ပျက် မြင်တာပဲ

သူဖြစ်ပျက်တာပဲတဲ့၊ သုံးသပ်တာ ဆိုတာ စာလိုသုံးတာ ဒကာ ဒကာမတွေ နားလည်မှုနဲ့ ဆိုတော့ ကိုယ့်သန္တာန် ပေါ်တဲ့ သင်္ခါရဒုက္ခကို ဖြစ်ပျက် မြင်တာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သူမြင်ပြီးတော့ကိုတဲ့ ဘာမြင်မှာတုံး ဆိုတော့ အို သူမြင်ပြီးရင် မဂ်သမ္မာဒိဋ္ဌိ လိုက်ပါလိမ့်မယ်ကွ၊ လောကုတ္တရာမဂ် သမ္မာဒိဋ္ဌိ ချက်ချင်းလိုက်မယ်တဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပါဠိက ဘယ်လိုဆိုသတုံးဆိုတော့ “မဂ္ဂသမ္မာဒိဋ္ဌိ ပရိဝီမံသန ပရိယေသာနေ” တဲ့၊ အဲဒီသင်္ခါရဒုက္ခကို အားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာတဲ့ အဲ့ဒီသင်္ခါရဒုက္ခ မမြင်ဘဲ ဖြစ်သွားလိမ့် မယ်တဲ့၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုဖြစ်သွားမယ် (သင်္ခါရဒုက္ခ မမြင်ဘဲ ဖြစ်သွားလိမ့်မယ်)။

သင်္ခါရဒုက္ခ မမြင်ဘဲ ဖြစ်သွားမယ်

သင်္ခါရဒုက္ခ မမြင်ဘဲ ဖြစ်သွားလိမ့်မယ်၊ အားထုတ်ရင်း မတ္တနဲ့ မမြင်ဘဲ ဖြစ်သွားလိမ့်မယ် (မှန်ပါ)၊ မမြင်တာက အဝိဇ္ဇာ ဝင်လို့လဲ မဟုတ်ဘူး၊ ရှုလျက်နဲ့ ပျောက်သွားတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။

ဘာပျောက်မလဲ (ရှုလျက်နဲ့ ပျောက်သွား ပါလိမ့် မယ်)။ အဲ ရှုလျက်နဲ့ ပျောက်သွားတော့ကိုတဲ့ သင်္ခါရဒုက္ခ ဆုံးသွားတယ် (မှန်ပါ)။

ရှုရင်းမတ္တနဲ့ဆုံးသွားတယ်

“မဂ္ဂသမ္မာဒိဋ္ဌိ ပန ပရိဝီမံသန ပရိယောသာနေ – သူသည် ကားလို့ဆိုရင် သုံးသပ်လိုက်တာတဲ့။ သင်္ခါရဒုက္ခ၊ ဟော သင်္ခါရ ဒုက္ခ၊ ဟော သင်္ခါရဒုက္ခ၊ ဟော သင်္ခါရဒုက္ခနဲ့ သူ ဖြစ်ပျက်တွေ ရှုနေတာ ပေါ့လေ (မှန်ပါ)၊

ရှုရင်းမတ္တနဲ့ မောင်နိုင်ရေ ပရိယေသာနေ ဆုံးသွားတယ်တဲ့ (မှန်ပါ)။

ဆုံးသွားတော့ ဘာဖြစ်သတုံး ဆိုတော့ မဂ္ဂသမ္မာဒိဋ္ဌိ ဟောတိ မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်တယ်တဲ့ (မှန်ပါ)။

မဂ္ဂသမ္မာဒိဋ္ဌိဖြစ်တယ်

သူဆုံးသွားလို့ရှိရင် (မဂ္ဂသမ္မာဒိဋ္ဌိဖြစ်ပါတယ် ဘုရား)၊ ကဲ တစ်ခါတည်း သောတာပတ္တိမဂ် ပုဂ္ဂိုလ် ဖြစ်သွား တယ် (မှန်ပါ)၊ ကြာသလား ဒကာ ဒကာမတို့ (မကြာပါ ဘုရား)။

မကြာဘူး ဆိုတော့ သူကရှေ့ပြေးပြီး နောက်လိုက်၊ ကိုဝ မလိုက်ပါနဲ့ ဆိုလို့ရမလား (မရပါဘူး)၊ သူ့ အစဉ်အတိုင်း ကိုနော် (မှန်ပါ)။

သူ့အစဉ်အတိုင်း ဆိုတော့ ခင်ဗျားတို့ ဘုန်းကြီး ပြမယ်တဲ့၊ ခင်ဗျားတို့ ရှင်းလင်းအောင်နော်၊ အနန္တရပစ္စယော – အခြား မရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ မလာဘူးလား (လာပါတယ်)။

အခြားမရှိကျေးဇူးပြုတတ်တဲ့အကြောင်း

နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုံး (အနန္တရ ပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း)။

ဪ အခြားမရှိဘူးတဲ့၊ ခုနင်က သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးလို့ ရှိရင်ကွာတဲ့၊ မဂ်သမ္မာဒိဋ္ဌိ ဟာတဲ့ ကြားထဲမှာ ဘယ်သူမှ မခိုတော့ပါဘူးတဲ့၊ မဂ်သမ္မာဒိဋ္ဌိ တစ်ခါတည်း ပေါ်ရ မယ်တဲ့ (မှန်ပါ)။

မဂ်သမ္မာဒိဋ္ဌိကအကျိုး

သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိက အနန္တရပစ္စည်း အကြောင်း ပါကွာတဲ့၊ မဂ်သမ္မာဒိဋ္ဌိက အကျိုးပါတဲ့၊ အခြားကိစ္စ မရှိပါဘူးတဲ့၊ မင်းတို့ ပွားသာပွားပါတဲ့ (မှန်ပါ)။

ဒီလိုဆိုတော့ ဒကာ ဒကာမတွေ အားငယ်စရာပါသေး လား (မပါပါ ဘုရား)၊ မလုပ်ဖြစ်မှာဘဲ စိုးရိမ်ရတယ်၊ အားငယ် စရာ ဘာမှမရှိပါဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲ့ဒီတော့ ဒီနေ့ဟောတဲ့တရားမှာ နှစ်လုံးတည်းနဲ့ပဲ တစ်နာရီစေ့မှာပါပဲ၊ မဂ်သမ္မာဒိဋ္ဌိ အခု ရောက်လာပါပြီတဲ့၊ မဂ် သမ္မာဒိဋ္ဌိက မောင်နိုင် ဘယ်အချိန် ပေါ်ပါလိမ့်မတုံး ဆုံးတဲ့ အချိန်ပေါ်တယ် (မှန်ပါ)။

သမ္မာဒိဋ္ဌိဘယ်အချိန်ပေါ်သတုံး

မဂ်သမ္မာဒိဋ္ဌိ ဘယ်အချိန် ပေါ် သတုံး (သင်္ခါရဒုက္ခ ဆုံးတဲ့အချိန် ပေါ်ပါတယ် ဘုရား)၊ အဲဒါက စာလို ပြောတဲ့ စကားနော် (မှန်ပါ့)၊ ဒကာ ဒကာမတွေ သိလုံးနဲ့ ပြောဖို့ စကားကတော့၊ ခင်ဗျားတို့ ဖြစ်ပျက်ဆုံး သွားတာ၊ ဖြစ်ပျက်ဆုံးလို့ ရှိရင်ဖြင့် မဂ်ဉာဏ် ပေါ်တာပဲ ဆိုတာနဲ့ အတူတူပဲ (မှန်ပါ)၊ မဂ်ဉာဏ်ပေါ်တာပဲဆိုတာနဲ့ (အတူတူပါ ဘုရား)၊

အဲဒီတော့ ကိုယ်က သင်္ခါရဒုက္ခကလေးကို လိုက်နေဖို့ရာဟာ၊ မောင်နိုင် အရေးကြီးတယ် (မှန်ပါ့)။

သင်္ခါရဒုက္ခအဆုံးမှာ သင်္ခါရဒုက္ခကို မြင်တဲ့ သမ္မာဒိဋ္ဌိ အဆုံးမှာ မောင်နိုင် မဂ်သမ္မာဒိဋ္ဌိ လာမလား (လာပါတယ် ဘုရား)၊ လာရမယ်တဲ့ မလာ မရှိတဲ့ ဒီဥစ္စာ၊ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် နီးသလား၊ ဝေးသလား ဆိုတာပဲ အကဲခတ်ပါတော့ (နီးပါတယ် ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒါဖြင့် ရှေ့ပြေး သင်္ခါရဒုက္ခ မြင်တဲ့ သမ္မာဒိဋ္ဌိ (မှန်ပါ)၊ သူဆုံးသွားရင် အသင်္ခတ, သုခမြင်တဲ့ သမ္မာဒိဋ္ဌိ လိုက်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အသင်္ခတ, သုခကိုမြင်တဲ့ (သမ္မာဒိဋ္ဌိ လိုက်ပါမယ်)၊ သမ္မာဒိဋ္ဌိ လိုက်မယ်ဆိုတော့ ေဩာ် နိဗ္ဗာန်ဟာ ရှေ့က မြင်ကောင်းတာကို မမြင်ရင်သာ ဝေးတာ (မှန်ပါ)၊ မြင်ကောင်း တာကို မှန်မှန်ကန်ကန် မြင်ရလို့ ရှိရင်ဖြင့် ကိုဝ နီးပြီ (မှန်ပါ)၊ ကိုပေါ် ဘယ့်နှယ် ဆိုမလဲ (နီးပါပြီ ဘုရား)။

ရှေ့ပိုင်းမှာ ဆရာမကူရင် မရဘူး

ဒါဖြင့် ရှေ့ပိုင်းမှာ ဆရာ မကူရင် မရဘူး (မှန်ပါ)၊ နောက်ပိုင်း ကူဖို့ မလိုဘူး (မှန်ပါ)၊ နောက်ပိုင်းတော့ သူ့သမ္မာ ဒိဋ္ဌိချင်း ဆက်ပြီး ကျေးဇူး ပြုသွားတယ်၊ အနန္တရပစ္စယော ကိုး (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ နှလုံး သွင်းမည့် ပုဂ္ဂိုလ်တွေရော ေဩာ် သမ္မာဒိဋ္ဌိ နှစ်ခုဟာဖြင့် ငါတို့သည် ကူးဖြစ်အောင် ကူးမှာပဲ၊ တစ်ခုက တစ်ခု ကူးဖြစ်အောင်

လုပ်မှပဲ ဆိုတဲ့ ဥစ္စာကို ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ဒါမရရင် မသေပါနဲ့ဦး

ဦးဘရှင်း ဒါမရရင် မသေနဲ့ဦးဗျာ (မှန်ပါ)၊ ကိုဝ တော်ပါ့မလား (မတော်ပါ)၊ မတော်သေးဘူးတဲ့၊ ဒါ မရလို့ မဂ်သမ္မာဒိဋ္ဌိကို မရဘူးဘုရား၊ တပည့်တော် ရှေ့ပိုင်း သမ္မာဒိဋ္ဌိ မရလို့ သေရတယ် ဆိုတော့ တစ်ဘဝ ပဋိသန္ဓေနေဦး မယ် (မှန်ပါ)၊ မနေရပေဘူးလား (နေရပါတယ် ဘုရား)။

တစ်ဘဝ ပဋိသန္ဓေ နေရတော့ နေရတဲ့ ပဋိသန္ဓေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒုက္ခဆိုတာဟာ မတွေ့တာအကောင်းဆုံး ပါပဲ (မှန်ပါ)၊ တစ်ခါတွေ့လည်း မကောင်းဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အဖန်ဖန်တွေ့မယ်ဆိုတော့ ဆိုဖွယ်ရာ မရှိအောင်ပဲ အရုပ်ဆိုး ပါတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဒီလိုမတွေ့ချင်ဘူး ဆိုတော့၊ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိ ဆုံးအောင် လိုက်-လိုက်ပါ လို့ဆိုတာ ကိုယ်တို့၊ ကိုဝတို့ ဘုန်းကြီးက မေတ္တာ ရှေ့ထားပြီးတော့ လုပ်ဖြစ်အောင် လုပ်ပါလို့ ပြောလိုက်တယ် (မှန်ပါ)။ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)၊ ရှင်းပြီနော် ဒကာ ဒကာမတို့ (ရှင်းပါပြီ)။

မဂ်သမ္မာဒိဋ္ဌိပေါ်တယ်

အဲဒီတော့ ကဲ ပုရစာရိက သမ္မာဒိဋ္ဌိကတော့ ဖြစ်ပျက် မြင်တာပါပဲ၊ အဲဒီ ဖြစ်ပျက် ဆုံးအောင် လိုက်နေ မင့် သမ္မာဒိဋ္ဌိနဲ့နော် (မှန်ပါ)၊ ဆုံးအောင်လိုက်တဲ့ အခါကျတော့ မောင်နိုင် ဆုံးလည်း ဆုံးရော၊ သင်္ခါရဒုက္ခ တွေလည်း မမြင်တော့ဘူး ဆိုလို့ရှိရင် ဖြင့် အသင်္ခတ, သုခကိုမြင်တဲ့ မဂ်သမ္မာဒိဋ္ဌိ ပေါ်တာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ပေါ်တဲ့အချိန်မှာ ဘယ်လိုများ တပည့်တော်တို့၊ ထူးထူး ခြားခြား ခန္ဓာကိုယ်ထဲမှာ ဖြစ်တတ် ပါသတုံး ဆိုတော့၊ သူကပဲ ပြောတယ်၊ သူကပဲ ပြောတယ်တဲ့၊ ဘယ်လို ပြောသတုံး ဆိုလို့ရှိရင် ဖြင့်

“မဂ္ဂသမ္မာဒိဋ္ဌိ ပန ပရိဝိမံသန ပရိယေသာနေ၊” သင်္ခါရဒုက္ခ ဆုံးတဲ့ အခါကာလ၌ “တေဘူမကဝဋ္ဋံ၊” တေဘူမကဝဋ် ဆိုတဲ့၊ မင်းတဲ့ အခု ဖြစ်ပျက်တွေဟာ ဝိပါက ဝဋ်တွေပါပဲ၊ နောက်က ပဋိသန္ဓေ ဆုတောင်းထားလို့ အကျိုးပေး နေတာ (မှန်ပါ)၊ ဖြစ်ပျက် ဖြစ်ပျက်ခန္ဓာကြီး ရ,ထားတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝဋ်တွေကျွတ်သွားတယ်

အဲဒီဝဋ်တွေဟာတဲ့ ဖြစ်ပျက်တွေ မမြင်တော့ဘူး ဆိုတဲ့ ဥစ္စာ ဝဋ်တွေ ကျွတ်သွားတာ သဘော ပါပလား (ပါပါတယ်) ဝိပါကဝဋ်တွေ ကျွတ်သွားတာ (မှန်ပါ)။

ဒကာ ဒကာမတွေဘာတဲ့တုံး (ဝိပါကဝဋ်တွေ ကျွတ်သွားတာပါ ဘုရား)။ ဝိပါကဝဋ်တွေ ကျွတ်သွားတာ ပါကွာတဲ့၊ ဒီဥစ္စာ ကြည့်လေ ကျုပ်တို့ နောက်ဘဝက ကိလေသာ ဝဋ်ကြောင့် ကမ္မဝဋ်၊ ကမ္မဝဋ်ကြောင့် ဒီဘဝ ရုပ်နာမ် ပေါ်လာတော့ ဝိပါကဝဋ်ကြီး ပေါ်နေတယ် (မှန်ပါ)၊ ရုပ်နာမ် ကြည့်လိုက် တော့လည်း ဖြစ်ပျက်တွေ မဟုတ် လား (မှန်ပါ)။

ဝိပါကဝဋ်ကျွတ်သွားတာ

ဒါဖြင့် သူ့ကို ဘာဝဋ်လို့ဆိုကြမလဲ (ဝိပါကဝဋ်ပါ ဘုရား)၊ အဲဒီသူ့ကိုပဲ မမြင်တော့ဘူး ဆိုတော့ ကိုယ့်ဝဋ်ကျွတ် သွားတာဗျ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

သူ့ကိုမမြင်တော့ဘူး ဆိုတော့ (ကိုယ့်ဝဋ်ကျွတ်သွား တာပါ ဘုရား)၊ အဲ ဝဋ်ကျွတ် သွားတယ် ဆိုတဲ့ အဓိပ္ပါယ် ကော ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပါကဝဋ် ကျွတ်သွားတာ (မှန်ပါ)၊ ပထမ ဝိပါက ဝဋ်နဲ့ သမ္မာဒိဋ္ဌိနဲ့ တွေ့နေတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကိုယ့်ဝဋ်ကိုယ် သိပြီ၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

အင်း မတွေ့တော့ဘူးဆိုတော့၊ ကိုပေါ်တို့ ကိုဝ တို့က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဝိပါက ဝဋ်ကျွတ်သွား တာပါ ဘုရား)။

ဝိပါကဝဋ် ကျွတ်သွားတာ ဆိုတော့၊ ဝိပါကဝဋ်ကျွတ်သွား တဲ့အကြောင်းကို၊ ကိုယ်ခန္ဓာ ကိုယ်ကြီး ဖြစ်ပျက် ဒုက္ခသစ္စာတည်း ဟူသော ဒုက္ခဝဋ်ကြီးမှ ကျွတ်သွားတယ် ကျွတ်သွားတဲ့အခါ ကျတော့ အသင်္ခတ ဘက်ကို ကူးသွားပါတယ်တဲ့၊ နိဗ္ဗာန်ဘက်ကို (မှန်ပါ)၊ ကူးသွားတော့ နိဗ္ဗာန် မြင်ရော ဆိုကြပါစို့၊ လောကုတ္တရာမဂ် ပေါ်လာတာ ကိုးဗျ (မှန်ပါ)။

မဂ်သမ္မာဒိဋ္ဌိ ပေါ်လာပြီ မောင်နိုင်ရေ (မှန်ပါ)၊ မပေါ် သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒုက္ခချုပ်တဲ့နိဗ္ဗာန်မြင်ရပြီ

အဲဒါ နိဗ္ဗာန်မြင်ရပြီတဲ့၊ ဪ ဒုက္ခချုပ်တာ နိဗ္ဗာန် ဆိုတဲ့ ဥစ္စာ ဟုတ်ပြီ ဆိုပြီး၊ တစ်ခါတည်း “တေဘူမက ဝဋ္ဋံ ဝူပသမယမာနာ”= ဒီဝဋ်တွေကို ငြိမ်းစေတယ်ကွတဲ့၊ မဂ်သမ္မာဒိဋ္ဌိ ဝင်လာတာ ဒီဝဋ်တွေ တစ်ခါတည်း ငြိမ်းသွားတယ်ကွတဲ့၊ ဒီဝဋ်တွေ မမြင်ရတော့ဘူးမောင်နိုင် (မှန်ပါ)။

ဒီ ဖြစ်ပျက် ဒုက္ခသစ္စာကြီးကို ဘာတဲ့ (မမြင် ရပါ ဘုရား)။ သင်္ခါရဒုက္ခ သစ္စာကြီးကော (မမြင်ရပါ ဘုရား)။

သင်္ခါရဒုက္ခနဲ့ ဖြစ်ပျက် ဒုက္ခသစ္စာ ဆိုတာ အတူတူပဲ (မှန်ပါ)၊ အဲဒါ မမြင်ရတော့ဘူးကွတဲ့၊ မမြင်ရတော့ ခန္ဓာကိုယ်ထဲ များ ဘယ်လိုများ ဖြစ်တတ်ပါလိမ့်မတုံး ဆိုတော့ “သီတုဒက ဃဋသဟဿံ အာသိဉ္စမာနာဝိယ ဟောတိ၊” သီတုဒက ဃဋသဟဿံ- ရေအိုးတစ်ထောင်နဲ့ လောင်းဘိ သကဲ့သို့ သဘောကျပလား (ကျပါပြီ)။

ငြိမ်းအေးတာပဲ ကျန်တော့တယ်

ခန္ဓာကိုယ်ထဲမှာ ရေအိုးတစ်ထောင်နဲ့ လောင်းလိုက်တဲ့ အခါမှာ၊ ဥပမာပေါ့လေ (မှန်ပါ)၊ အင်မတန် ပူနေတုန်း လာတဲ့အခါ စိမ့်တဲ့ရေအိုးနဲ့၊ လောင်းလိုက်တဲ့အခါ၊ ရေတွေ လောင်းလိုက်တဲ့ အခါ အေးသွားသလိုပေါ့လေ ခန္ဓာကိုယ် ထဲမှာ အေးတာပဲ ကျန်တော့တယ် (မှန်ပါ)၊ ငြိမ်းအေးတာပဲ ကျန်တော့တယ် စာကလာတာ (မှန်ပါ)။

မဂ်သမ္မာဒိဋ္ဌိ ပေါ်လာရင် ဘာတဲ့တုံး (ငြိမ်းအေး တာပဲကျန်ပါတယ် ဘုရား)။

ငြိမ်းအေးတာပဲ ကျန်တယ်ဆိုတာကို အဋ္ဌကထာဆရာ က၊ ဥပမာ ပြစရာ မရှိတာနဲ့ အလွန်ပူတဲ့ နေပူထဲက လာပြီးသကာ လ၊ ညအိပ်ရေ ဆိုတဲ့ ကျုပ်တို့ စိမ့်အိုးပေါ့ဗျာ (မှန်ပါ)၊ ရေစိမ့် နေတာ အောက်ဆီမှာတော့ စိမ့်တဲ့အိုးဟာ အေးတာကိုး ကိုဝ ရ (မှန်ပါ)။

အဲဒီ အိုးတစ်ထောင်နဲ့ လောင်းလိုက်တဲ့ အခါကျလို့ ရှိရင်၊ သူ့မှာ အကျေနပ်ကြီး ကျေနပ်သွားတဲ့ သဘောမျိုး မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒီမှာလဲတဲ့ မဂ်သမ္မာဒိဋ္ဌိ ကူးသွားတဲ့ အခါကျလို့ ရှိရင် ဒီအတိုင်းပဲ စိတ်ထဲမှာ ဝန်ကျသလို ဖြစ်သွားတယ်၊ အေးတာ ကတော့မဟုတ်ဘူး (မှန်ပါ)၊ ရေအေးသလို အေးတာ မဟုတ်ဘူး ဥပမာ ပြလိုက်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝန်ထုပ်ကြီးကျသွားသလိုအေးပေပေါ့

တစ်ခါတည်း ခန္ဓာကိုယ်ကြီးထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ဝန်ထုပ်ကြီးများ ကျသွားသလို ချမ်းသာ ပေပေါ့ အေးပေ ပေါ့ ဆိုတဲ့ဥစ္စာ၊ သူများမပြောဘဲကို မနေနိုင် လောက်အောင် ကိုယ့်ဝမ်းထဲမှာ ဝမ်းမြောက်တယ် (မှန်ပါ)၊သဘောကျပလား (ကျပါပြီ)၊ အဲဒါကျတော့လို့ရှိရင် မှတ်ပေတော့တဲ့ မဂ်သမ္မာ ဒိဋ္ဌိပေါ်တာပဲ (မှန်ပါ)။

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (မဂ်သမ္မာ ဒိဋ္ဌိပေါ်တာပါ ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိပေါ်တာ သေချာပလား (သေချာပါပြီ)။

ဪ ဒါဖြင့် မဂ်သမ္မာဒိဋ္ဌိ ပေါ်လာတာ သည်ကား လို့ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ဖြစ်ပျက်လဲ မမြင်ဘဲနဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခါ တည်း ချမ်းသာ သွားတာပဲ ရှိတာပဲ (မှန်ပါ)။

ဖြစ်ပျက်မမြင်ဘဲနဲ့ ဘာတုံး (ခန္ဓာထဲမှာ ချမ်းသာ သွားပါတယ် ဘုရား)။

ချမ်းသာသွားတာကို ရေအိုးပေါင်း တစ်ထောင်နဲ့ လောင်းပြီး သကာလ အပူထဲက လာတဲ့လူ၊ ရေအိုးတစ်ထောင် လောင်းလို့ အေးဘိသကဲ့သို့ ဆိုတာက၊ သူ ဥပမာပြတာ (မှန်ပါ)။

နိဗ္ဗာန်ဆိုတာ နိဗ္ဗာန်မြင်တဲ့ဉာဏ် ချမ်းသာပုံက ဦးဘရှင်း ရ၊ ပြောစရာ အတု မရှိဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ချမ်းသာပုံကပြောစရာအတုမရှိ

ပြောစရာ (အတုမရှိပါ ဘုရား)၊ ပြောစရာ အတုမရှိ ပါဘူးတဲ့၊ အင်မတန် ချမ်းသာတာကို မဂ်သမ္မာဒိဋ္ဌိက မြင်လိုက် တဲ့ အတွက် ဝဋ်ကျွတ်ပေါ့ပေါ့ အေးပေပေါ့ဟေ့၊ တစ်သံ သရာလုံး ကိလေသာ ကလည်း ဒိဋ္ဌိကိလေသာ၊ ဝိစိကိစ္ဆာ ကိလေသာ၊ ဒီ ကိလေသာတွေကလည်း နဂိုက ပူလောင် နေတာ ကိုး (မှန်ပါ)။

ငါ့သား ငါ့သမီး ငါ့မြေး ငါမြစ်နဲ့ ဒီလိုဟာ တွေကလည်း ရှုပ်နေတယ် (မှန်ပါ)၊ နက်ဖြန်စားဖို့ ဘယ်နှယ့် လုပ်မတုံး၊ သဘက်ခါ ဘယ့်နှယ်တုံး၊ ရှေ့နှစ် ဘယ့်နှယ်လုပ် မတုံး၊ အိုတော့ ဘယ့်နှယ် လုပ်မတုံးဆိုတဲ့ ဝိစိကိစ္ဆာ ဘယ့်နှယ့် လုပ်မတုံး ဝိစိကိစ္ဆာတွေကလည်း ရှုပ်နေတာ (မှန်ပါ)၊ မရှုပ် ဘူးလား (ရှုပ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရှုပ်ပြီး သကာလ နေတဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ တွေ၊ ငါ့သားငါ့သမီးလည်း ပြုတ်၊ ငါ့ကိုယ်လည်း ပြုတ်၊ နက်ဖြန် သဘက် ဘယ်လို ဖြစ်မှန်းမသိဘူး၊ အဲဒီတော့ ခက်သေးတယ်ဆို တဲ့ ဝိစိကိစ္ဆာတွေကလည်း ငါသေလည်း ဘာဖြစ်မှန်း မသိဘူး ဆိုတဲ့ဝိစိကိစ္ဆာတွေ၊ ဒါတွေဟာ တစ်ခါတည်း ဒီအပူတွေ အကုန်ငြိမ်း သွားတယ် (မှန်ပါ)။

အပူဓာတ်တွေ ငြိမ်းသွားတယ်

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ အပူဓာတ်တွေက မောင်နိုင် ဘယ့်နှယ် နေသလဲ (ငြိမ်းသွား ပါတယ် ဘုရား)။ အဲဒါ သူတို့ငြိမ်းလို့ အေးတဲ့ သဘောပြောတာ (မှန်ပါ)၊ စင်စစ် တကယ် ရေအေးသလို အေးသွားတဲ့ သဘောကို ပြောတာ မဟုတ်ဘူး (မှန်ပါ)၊ ဒီနှစ်ခု မရှိတဲ့အတွက် စိတ်ထဲ မှာ စိတ်ချလက်ချ ဖြစ်သွား တာကို ဆိုတာ (မှန်ပါ)၊ သဘောပါ ကြပလား (ပါပါပြီ)။

ဘယ်လိုဖြစ်သွားတာပါလိမ့် (စိတ်ချလက်ချ ဖြစ် သွားတာပါ ဘုရား)၊ စိတ်ချလက်ချ ဖြစ်သွားတာက ငါ အပါယ် မကျတော့ဘူး ဆိုတာ သူ့ဟာသူ သိတယ် (မှန်ပါ)၊ စိတ်ချလက်ချ ဖြစ်သွားတယ် (မှန်ပါ)။

ငါတော့ဖြင့် အခုဆရာသမား တွေကလည်း ဟောထား တယ်၊ ငါ့အမြင်လည်း ဒီအတိုင်းပဲ ငါတော့ဖြင့် “စတူဟာပါယေဟိစ ဝိပ္ပမုတ္တောပဲ၊” အပါယ်လေးမှ လွတ်ပေပြီ၊ ဘာ့ကြောင့်တုံး ငါသည် အမြင်မှန်ကို မြင်ရပြီ၊ အသင်္ခတ သုခ မြင်ရပြီ ဟုတ်လား (မှန်ပါ)၊ အပါယ်လေးပါးဖြင့် ကိုယ့်အတွက် ဖြင့် စိတ်အေးပေါ့ ဆိုတဲ့ ဘဝင် အေးသွားတာကို ဆိုတာပါ (မှန်ပါ)၊ စင်စစ် ရေလောင်းသလို အေးတာတော့ မဟုတ်ပါဘူး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

သမ္မာဒိဋ္ဌိကျေးဇူးပြုမှပေါ်တာ

အဲဒီတော့ ဒကာ ဒကာမတွေ၊ ဒီဥစ္စာလုပ်ထိုက် မလုပ် ထိုက်စဉ်းစားကြ (လုပ်ထိုက်ပါတယ် ဘုရား)။

လုပ်ထိုက်တော့ ကိုတဲ့ မဂ်သမ္မာဒိဋ္ဌိက ဆုတောင်းနဲ့ ပေါ်တာလား၊ ခုနင်က ရှေ့ပြေးသမ္မာဒိဋ္ဌိ ကျေးဇူးပြုပြီးမှ ပေါ်တာ လား (ရှေ့ပြေးသမ္မာဒိဋ္ဌိ ကျေးဇူးပြုမှ ပေါ်တာပါ ဘုရား)။

ဒါဖြင့် ကိုဝတို့က အချောင် လိုချင်လို့ မရဘူး (မှန်ပါ)၊ သင်္ခါရ ဒုက္ခ တွေ့အောင် ရှာနိုင်တဲ့ဉာဏ် ရမှပဲ၊ အသင်္ခတသုခ ရမှာပဲ (မှန်ပါ) နို့မဟုတ်လို့ ရှိရင်ဖြင့် (မရပါ ဘုရား)။

ပန်းတွေနဲ့ဆုတောင်းလို့မရဘူး

ပန်းတွေတစ်ဆုပ်ကြီးနဲ့ ဆုတောင်းလို့လည်း (မရပါ ဘုရား)၊ မရနိုင်ဘူး၊ မရနိုင်ဘူး၊ ဒါလုပ်ယူရင်တော့ ရမှာပဲ (မှန်ပါ)။

မောင်နိုင် ပေါ်ပလား (ပေါ်ပါပြီ)၊ ရေတွေ အမျိုးမျိုး လဲနေလို့လဲ (မရပါ ဘုရား)၊ မရနိုင်သေးဘူး၊ နိဗ္ဗာန်ရ ရပါလို၏ ဆိုပေမယ်လဲ၊ သူတော့ လုပ်ရဦးတော့မှာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သူတော့ဖြင့် မလုပ်လို့ရှိရင်ဖြင့်၊ မဖြစ်တဲ့အထဲ အပါအဝင်ကတော့ ဒကာ ဒကာမတွေက၊ အကုန် ဆုံးဖြတ်ချက် ချ (မှန်ပါ)၊ မချလို့ရှိရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ရှေ့ပြေးသမ္မာဒိဋ္ဌိ၊ နောက်လိုက် သမ္မာ ဒိဋ္ဌိ ကွဲကြပလား (ကွဲပါပြီ ဘုရား)။

ရှေ့ပြေး သမ္မာဒိဋ္ဌိက ဘာကိုမြင်သတုံးကွ (သင်္ခါရဒုက္ခ ကို မြင်ပါတယ်)၊ အဲ ဖြစ်ပျက်ဆိုတဲ့ သင်္ခါရဒုက္ခကို မြင်တယ် (မှန်ပါ)၊

နောက်ဖြစ်ပျက် မမြင်တဲ့ သမ္မာဒိဋ္ဌိကတော့ ဘာမြင် သတုံး (မဂ်စခန်းမြင်ပါတယ်)၊ အဲ နိဗ္ဗာန် မြင်တယ် ဆိုလိုက်ပါတော့ (မှန်ပါ) ဉာဏ်ကတော့ မဂ်ဉာဏ်ပေါ့လေ (မှန်ပါ)၊ မြင်တော့ ဘာမြင်သတုံး (နိဗ္ဗာန်မြင်ပါတယ် ဘုရား)။

အဲ တစ်ခု တစ်ခုတော့ မြင်ကြတာပေါ့ဗျာ (မှန်ပါ) ရှေ့ပြေး သမ္မာဒိဋ္ဌိကတော့ ဖြစ်ပျက်မြင်တယ်၊ နောက်လာ မည့် သမ္မာဒိဋ္ဌိက (နိဗ္ဗာန်မြင်ပါတယ် ဘုရား)။

သောတာပန်တည်တာပဲ

နိဗ္ဗာန်မြင်တယ် ဆိုတော့ ကိုယ်မြင်တာကို ကိုယ်အခဲခတ် ချင်တော့၊ ဘဝင် အေးတာကို ဖြစ်ပျက်လည်း မမြင်ဘူး၊ ဘဝင်ထဲ မှာလည်း စိတ်ထဲမှာ ဝန်ကျသွားတဲ့ အပြင် ရောက်ရှိလို့ ရှိရင်ဖြင့်၊ ဒါသည် ဒကာ ဒကာမတို့ သောတာပန် တည်တာပဲလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ)။

သောတာပန်တည်ဖို့ ရာ ဝေးသေးသလား (မဝေးပါ ဘုရား)။

ဒါကြောင့် အခုတရား တစ်နာရီစာ ရှိသွားတယ် ကိုဝ နှစ်ခုတည်း ပြောတာ (မှန်ပါ)၊ နားမလည် စရာကော ရှိသေး သလား (မရှိပါ ဘုရား)။

နားမလည်စရာလည်း မရှိဘူး၊ ေဩာ် ကိုယ့်ဟာ ကိုယ်လည်း ရှေ့ပြေးများများ တွေ့အောင် လုပ်ဖို့ (မှန်ပါ)၊ ရှေ့ပြေး အဆုံးမှာလည်း နောက်လိုက် လောကုတ္တရာမဂ်က လိုက်ဖို့ရာ ဟာလည်း အဆင့်သင့်ပဲ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အခါကာလတွေ၊ တွေးမနေပါနဲ့

ပါရမီတွေ ဘာတွေ လျှောက်ပြီး တွေးမနေပါနဲ့ ဟုတ်လား (မှန်ပါ ဘုရား)၊ အခါကာလတွေ တွေးမနေပါနဲ့။ ရှေ့ပြေးတွေ့ရင် ဒီဥစ္စာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ နောက်လိုက် မဂ်ဟာ အနန္တရ ပစ္စည်းလို့ ဟောထားသဖြင့် မောင်နိုင်က ဘာမှ ဆင်ခြေလဲစရာမလိုဘူး (မလိုပါ ဘုရား)။

အနန္တရပစ္စယော အခြားမရှိ၍ ကျေးဇူးပြုတယ် (မှန်ပါ ဘုရား)။

ရှေ့ပြေး သမ္မာဒိဋ္ဌိက နောက်သမ္မာဒိဋ္ဌိကို (အခြား မရှိကျေးဇူးပြုပါတယ် ဘုရား)။

ဒါဘုရားဟောချည့်ပဲ ကိုဝ ရဲ့ ခင်ဗျားတို့လည်း ညရွတ်ချင်လဲ ရွတ်နေတဲ့ လူတွေပါ (မှန်ပါ ဘုရား)၊ ကိုပေါ် တို့ကကော (ရွတ်တတ်ပါတယ် ဘုရား)။

ရွတ်ပေမယ့် ခင်ဗျားတို့ ရွတ်တာ ရှိတာကိုး (မှန်ပါ)၊ ခင်ဗျားဥစ္စာက၊ ရှေ့ပြေးသမ္မာဒိဋ္ဌိတော့ မလုပ်ဘဲနဲ့ သူ့ဟာသူ အင်း အနန္တရပစ္စယော အခြားမရှိဘူးတဲ့ဟေ့ ဘယ်သူနဲ့ ဘယ်သူတုံး မပြောတတ်ပါဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှေ့ပြေးသမ္မာဒိဋ္ဌိ ပြီးရင်

အဲ ကိုယ်လုပ်နေတဲ့အခါကျတော့ ငါ ဖြစ်ပျက်ကို မြင်ပြီဆိုတာ ရှေ့ပြေး သမ္မာဒိဋ္ဌိရပြီ၊ အနန္တရ ပစ္စည်းရပြီ (မှန်ပါ)၊ ဒီပစ္စည်း သည်ကားလို့ဆိုရင် များများရလို့ ရှိရင်ဖြင့် “အနန္တရပစ္စယုပ္ပန်” ဆိုတဲ့ မဂ်သမ္မာဒိဋ္ဌိ၊ မောင်နိုင် လာမှာလား (လာမှာပါ ဘုရား)။

နောက်သမ္မာဒိဋ္ဌိလိုက်မယ်

ဘာကြောင့်တုံး ရှေ့သမ္မာဒိဋ္ဌိပြီးရင် (နောက် သမ္မာဒိဋ္ဌိ လာရပါမယ်)၊ နောက်သမ္မာဒိဋ္ဌိ လိုက်မယ် ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဆုတောင်း အလုပ်လားတဲ့၊ အစဉ်အတိုင်း လုပ်ရမည့် အလုပ်လား (အစဉ်အတိုင်း လုပ်ရမည့်အလုပ် ပါ ဘုရား)။

ဆုတောင်းမပါဘူး ဒီအထဲမှာ (မှန်ပါ)၊ အစဉ် အတိုင်းသာ လုပ်လို့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ)။

မြင်တဲ့ဒုက္ခတွေဆုံးသွားရင်နိဗ္ဗာန်

အဲဒီတော့ ဝေဒနာ ကြိုက်လို့ရှိရင်၊ ဝေဒနာကို သင်္ခါရဒုက္ခ မြင်အောင်ကြည့်ကြ (မှန်ပါ)၊ စိတ်ကြိုက်လို့ ရှိရင် စိတ်၏ သင်္ခါရဒုက္ခကို (မြင်အောင် ကြည့်ရပါမယ် ဘုရား)။

အဲဒီမြင်တဲ့ ဒုက္ခအဆုံးမှာ၊ ဒီမြင်တဲ့ ဒုက္ခတွေ ဆုံးသွား လို့ရှိရင် နိဗ္ဗာန်တွေ့မှာပဲ (မှန်ပါ)၊ မတွေ့ပေဘူးလား (တွေ့ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။