293

ကတဉာဏ် (သောတာပန်ဖြစ်ဖို့အနီးဆုံးရှုနည်း)

အသံဖိုင်ခေါင်းစဉ်= ကိစ္စဉာဏ် သန္တာပဋ္ဌသဘောတရားတော်

စာအုပ်ခေါင်းစဉ်= ကတဉာဏ် (သောတာပန်ဖြစ်ဖို့အနီးဆုံးရှုနည်း)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသောတရားတော်

ကတဉာဏ် (သောတာပန်ဖြစ်ဖို့အနီးဆုံးရှုနည်း)

(၃၀-၆-၆၁)

ဒကာ ဒကာမတို့၊ သန္တာန်မှာ ကိန်းအောင်းနေတဲ့ အဝိဇ္ဇာ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ ဒကာ ဒကာမတွေအား ဘယ်လို စီမံ ရလိမ့်မယ် ဆိုတဲ့ဥစ္စာ ဦးဘရှင်းတို့ မေးဖို့ လိုတယ်နော် (မှန်ပါ)။

သစ္စာမသိတဲ့အဝိဇ္ဇာ

ဒီဒကာ ဒကာမတွေကို သစ္စာမသိတဲ့ အဝိဇ္ဇာကကွာတဲ့ မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒီချောက်ထဲ ဆင်းလို့ရှိရင် ခုန်ချနိုင်လို့ ရှိရင်ဖြင့်၊ အောက်ရောက်ရင် နတ်သမီး ရလိမ့်မယ်လို့ အဝိဇ္ဇာက တရား ဟောတော့ ပုထုဇဉ်တွေကလည်း အဝိဇ္ဇာ မပယ် နိုင်သေးတော့ ခုန်ချတာနဲ့ တူတယ် (မှန်ပါ)၊ ဟိုကျတော့ မောင်နိုင် နတ်သမီး ရသလား၊ သေပွဲ ရသလား (သေပွဲရပါ တယ် ဘုရား)။

ဒီမှာလဲတဲ့ ကိုပေါ်တို့ လူစု ကိုဝတို့ လူစု၊ အဝိဇ္ဇာက သစ္စာ မသိတော့ လူ့ပြည် နတ်ပြည်ဟာ ဒုက္ခသစ္စာတွေ ကွာ ဆိုတာ မသိတော့၊ တစ်ခါတည်း ဒကာ ဒကာမတွေက လူ့ပြည် ရောက်ကြောင်း နတ်ပြည် ရောက်ကြောင်းတွေကို ခုန်ချ လိုက်တာပဲ (မှန်ပါ)။

ခုန်ချလိုက်တဲ့ အခါကျတော့ လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင်တွေ ဖြစ်ပြီး သကာလ၊ သေပွဲတွေ မရဘူးလား (ရပါတယ် ဘုရား)၊

ဘယ်သူက ခုန်ချခိုင်းတာတုံး

အင်း ဘယ်သူက ခုန်ချခိုင်းတာ ပါလိမ့်မတုံး ဆိုရင် ကော သိကြပလား (သိပါပြီ)၊ ဘယ်သူ ပါလိမ့် (အဝိဇ္ဇာ ပါ ဘုရား)။

ခုန်ချလိုက်တာ ဒကာ ဒကာမတို့၊ ပုညာဘိ သင်္ခါရဆိုတဲ့ ဘုံဘဝ တောင်းတဲ့ ကုသိုလ်မျိုး၊ အပါယ် သွားစေတတ်တဲ့ အကုသိုလ်မျိုး၊ အဲ့ဒီ ကုသိုလ်၊ အကုသိုလ် နှစ်ခုက ခုန်ချလိုက်တာ ပဲ (မှန်ပါ)။

ခုန်ချတဲ့ဟာ အကုသိုလ်နဲ့လည်း တူပါတယ်၊ ကုသိုလ်နဲ့ လည်းတူပါတယ် (မှန်ပါ)၊ အဲဒီတော့ ဒကာ ဒကာမတွေ သည် သစ္စာမသိသေးလို့ ရှိရင်ဖြင့် လူ့ပြည် နတ်ပြည် အပါယ် လေးပါး ဆိုတာကို ခုန်ချည့် ချနေတာပဲ (မှန်ပါ)။

ဘာဖြစ်လို့ ခုန်ချတာတုံးဆိုတော့၊ အကုသိုလ်နဲ့ ခုန်ချ တာကလည်း သားတွေ မယားတွေ၊ စားဖို့ သောက်ဖို့ ဆိုတော့ အကုသိုလ် မရှောင်နိုင်ဘဲကိုး (မှန်ပါ)။

မရှောင်နိုင်တော့ အကုသိုလ် သင်္ခါရတွေ လုပ်မိတာပေါ့ (မှန်ပါ)၊ ဪ ငါသည် ဒုက္ခ ရောက်လိမ့်မယ် ဆိုတာကို မသိအောင် ဖုံးထားတာက အဝိဇ္ဇာ၊ သားသမီး အရေးနဲ့ စီးပွားရေး နဲ့ မုသား မရှောင် ဘာမရှောင်နဲ့ ပရိယာယ် မရှောင်နဲ့၊ လုပ်ကြ ကိုင်ကြတာက ခုန်ချတာ၊ အပုညာဘိ သင်္ခါရ ဆိုတဲ့ အကုသိုလ် က ခုန်ချလိုက်တာ အပါယ် ရောက်တယ် (မှန်ပါ)၊ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ခုန်ချတာ သိလို့လား၊ မသိလို့လား

သြော် ဒါ ဘယ်သူ ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ခုန်ချ တာကတော့ အကုသိုလ်က ခုန်ချတာပဲ၊ သိလို့ ခုန်ချတာလား၊ မသိလို့ ခုန်ချတာလား (မသိလို့ ခုန်ချတာပါ ဘုရား)၊ ဒါဖြင့် မသိတာက အဝိဇ္ဇာ ခုန်ချတာက အကုသိုလ်ပေါ့ဗျာ (မှန်ပါ)၊ တစ်ခါ အလှူကြီး အတန်းကြီး သားကလေးကြီး လာလို့ သမီးကလေး နားဖောက် ချင်လို့ လုပ်တဲ့ ကုသိုလ်တွေ ကြည့်လိုက် ပြန်တော့ လည်းကွာ၊ တို့ပိုလာတာပဲ၊ သူတို့လည်း အရွယ်ရောက် ကုန်ပြီကွ၊ တစ်ဘဝ တစ်နပ်စာ နဲ့လည်း မပြီးသေးတော့ ကုသိုလ် ရေးကလေး ဘာလေးလည်း၊ နောင်ဘဝ ချမ်းသာရေးကလေး လုပ်ကြည့်ဦး စို့ကွယ် ဆိုပြီး လင်နဲ့မယား တိုင်ပင်ကြပါတယ်၊ လင်နဲ့ မယား တိုင်ပင်ပြီး ကိုဝတို့၊ မဏ္ဍပ်ထိုးပြီး သကာလ၊ ကုသိုလ်လုပ် ကြမယ် (မှန်ပါ)။

ဒီဘဝ ဆင်းရဲတော့ နောက်ဘဝ ချမ်းသာချင်တာကိုးဗျ (မှန်ပါ)။

အဲဒီတော့ သူနောက်ဘဝ ဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါဘုရား)။

နတ်သမီး ရမယ်၊ နတ်သား ရမယ်လို့သာ သူသိတယ် (မှန်ပါ)၊ နတ်သမီး၊ နတ်သား ရမယ်လို့ သူသိတဲ့ အတွက်တဲ့ ကုသိုလ်ကလည်း ခုန်ချ လိုက်တာပဲ (မှန်ပါ)။

သိလို့ ခုန်တာလား၊ မသိလို့ ခုန်တာလား (မသိလို့ ခုန်တာပါ)၊ မသိလို့ ခုန်တာဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာ ဆိုတာ မောင်နိုင် သဘောကျပလား (ကျပါပြီ ဘုရား)။

မသိလို့ ခုန်ချလိုက်တာ နတ်ပြည် ရောက်သွားတယ် (မှန်ပါ)၊ ခုန်လဲချ ပါရော နတ်ပြည် ရောက်တဲ့ အခါကျတော့ ဦးဘရှင်း သေပွဲ တွေ့ရတယ် (မှန်ပါ)၊ မတွေ့ချင်ပါဘူး ဆိုလို့ (မရပါ ဘုရား)။

မတွေ့ချင်ပါဘူး ဆိုတော့ (မရပါ ဘုရား)၊ အဲဒါ သူများ သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲ လားလို့၊ ကိုပေါ်တို့ ကိုဝတို့ မေးရင် ဘယ့်နှယ်ဖြေပါ့မယ် (သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲပါ ဘုရား)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်၏အလှူ

ဒါဖြင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲသည် နတ်သမီး ရလိမ့်မယ်၊ နတ်သား ဖြစ်လိမ့်မယ် ဆိုပြီး ခုန်ချလိုက်တာ (မှန်ပါဘုရား)။

ဟိုကျတဲ့ အခါကျတော့ နတ်ပြည်ရောက်တဲ့ အခါ ကောင်းကောင်း နေရသလား အိုပွဲ၊ နာပွဲ၊ သေပွဲတွေပဲ ခင်းရ သလား ဆိုတာ အကဲခတ်ပါ (အိုပွဲ၊ နာပွဲ၊ သေပွဲတွေပဲ ခင်းရပါတယ် ဘုရား)။

အိုပွဲ၊ နာပွဲ၊ သေပွဲတွေပဲ ခင်းရတယ်ဆိုတာ မရှင်းသေး ဘူးလား (ရှင်းပါပြီဘုရား)။

ဘယ့်နှယ်ကြောင့် အိုပွဲ၊ နာပွဲ၊ သေပွဲ ရှိတဲ့ဆီ ခုန်ချပါ လိမ့်မလဲလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ သစ္စာမသိတဲ့ အဝိဇ္ဇာက အုပ်ချုပ်တာနဲ့ ဒကာ ဒကာမတွေကလည်း ကုသိုလ်နဲ့ ခုန်ချလိုက် ရလို့ ရှိရင်ဖြင့် အိုပွဲ၊ နာပွဲ၊ သေပွဲ လွတ်လိမ့်မယ်၊ နတ်သမီး နတ်သား ဖြစ်လိမ့်မယ် ဆိုပြီး ခုန်ချ လိုက်တာ ဟိုကျတော့၊ ကိုဝ သေပွဲ သွားတွေ့တယ် (မှန်ပါ)၊ ဘယ်သူ့ သတ္တိ ဆိုတာ ပေါ်ကြပလား (အဝိဇ္ဇာ သတ္တိပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ်သူ့သတ္တိပါလိမ့် (အဝိဇ္ဇာသတ္တိပါဘုရား)။

အဲဒါကြောင့် အလှူပင် လှူငြားသော်လည်း ဦးဘရှင်း ရေ ကြောက်စရာကြီး (မှန်ပါ)။

အဝိဇ္ဇာနဲ့လှူတဲ့အလှူ

ဘယ်လိုပုဂ္ဂိုလ် ကြောက်စရာ ကောင်းပါလိမ့်မတုံးဆို တော့ ဒီတရား တစ်ပွဲလုံးပဲ အဖြေ ထွက်ကြပါ တော့တဲ့၊ သစ္စာ မသိတဲ့ အဝိဇ္ဇာနဲ့ လှူတဲ့အလှူ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာနဲ့ လှူတဲ့အလှူပါလိမ့် (သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ လှူတဲ့ အလှူပါ ဘုရား)။

သစ္စာမသိတော့၊ အဝိဇ္ဇာ အုပ်ချုပ်ပြီး သကာလ မင်းခုန်သာချ၊ အောက်ချောက်ထဲ ရောက်ရင် နတ်သမီး နတ်သား ရလိမ့်မယ် ဆိုပြီး ခုန်ချ လိုက်တာ ကုသိုလ် ပုညာဘိသင်္ခါရက ခုန် ခုန်ချလိုက်တာ (မှန်ပါ)။

ခုန်ချလိုက်တဲ့အခါကျတော့ ဟိုမှာ နတ်ပြည်မှာ လည်း အိုပွဲ၊ သေပွဲ၊ နာပွဲ၊ ဆွေးပွဲ၊ မျက်ရည်ကျပွဲ တွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီလောက် ခုန်ချရဲပါလိမ့် မလဲလို့၊ ကိုယ်တို့ ကိုဝတို့ မေးလို့ရှိရင် ဘယ့်နှယ် ပြောကြမယ် (မသိလို့ ခုန်ချတာပါ)၊ မသိလို့၊ မသိတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါဘုရား)၊ ခုန်ချတာက သင်္ခါရ (မှန်ပါ)။

မသိတာက (အဝိဇ္ဇာပါဘုရား)၊ ခုန်ချတာက (သင်္ခါရပါဘုရား)။

အသေရှိတဲ့ဆီ ခုန်ချလိုက်ကာ

သင်္ခါရ ဆိုတော့ ဒါဖြင့် ဒီထဲမှာလည်း အားလုံး အရင်း အချာတွေ ဖြစ်နေတော့ သြော် ငါတို့ပြုတဲ့ ကုသိုလ်သည် ကားလို့ဆိုရင်ဖြင့်၊ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် ခုန်ချလိုက်တာပဲ၊ အသေ ရှိတဲ့ဆီ ခုန်ချ လိုက်တာ (မှန်ပါ)၊ အသေလွတ်တဲ့ ဆီကို အဝိဇ္ဇာက အသိမှ မပေးဘဲကိုး (မှန်ပါ)။

“ဒုက္ခနိရောဓ အညာဏံ ဒုက္ခနိရောဓ =ဒုက္ခ၏ ချုပ်ရာ ဖြစ်သော နိဗ္ဗာန်၌၊ အညာဏံ = မသိတာသည်၊ အဝိဇ္ဇာ= အဝိဇ္ဇာ ပဲဆိုတော့ နိဗ္ဗာန်ကို သူ, မသိဘူး (မှန်ပါ)။

မသိတော့ ဒီချောက် ခုန်ချလိုက်လို့ ရှိရင်ဖြင့် အောက်ကျ ရင်ဖြင့် နတ်သမီး နတ်သား ဖြစ်လိမ့်မယ်၊ ရလိမ့်မယ် ဆိုပြီး ခုန်ချ လိုက်တော့ ဟိုကျတော့ အိုပွဲ၊ နာပွဲ၊ သေပွဲ၊ ဆွေးပွဲနဲ့ပဲ မတွေ့ရ ဘူးလား (တွေ့ရပါတယ် ဘုရား)။

ကိုဝ ဒါဖြင့် ဘယ်သူ့ သတ္တိပါလိမ့်မတုံး (အဝိဇ္ဇာ သတ္တိပါ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဒီလိုခုန်ချတဲ့ ပုဂ္ဂိုလ် ပေါင်း ဘယ်လောက် များသတုံး လို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြ မလဲ (မရေတွက်နိုင်ပါ ဘုရား)၊ ဒကာကြီးလှိုင် ပေါ်ပလားဗျာ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အလှူကို ဘယ်လို အလှူတွေလှူလို့လဲ ဒီအထဲကပဲ ဆုံးဖြတ်ချက် ချပါတော့ ဆိုတော့၊ သစ္စာမသိတဲ့ အလှူတွေ (မှန်ပါ)၊ မသေရာတော့ မသွားတတ်ဘူး၊ သေရာတော့ ခုန်ချရဲတယ် (မှန်ပါ)၊ အတော် ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေတော့ သစ္စာ သိအောင် ဘုန်းကြီးက၊ ခင်ဗျားတို့ နတ်ပြည် ရောက်လည်း ဒုက္ခသစ္စာ ပဲနော် ဗြဟ္မာပြည်ထဲ ရောက်လည်း (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒုက္ခသစ္စာပဲ၊ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဆင်းရဲ အမှန်ပဲ ရမယ် (မှန်ပါ)။

ငွေကုန်ရင်လူချမ်းသာပါစေ

ဒါဖြင့် ခင်ဗျားတို့ ငွေကုန် လူပန်း မလုပ်ပါနဲ့၊ ငွေကုန်လို့ ရှိရင် လူချမ်းသာပါစေ (မှန်ပါ)၊ ပြောထိုက် မပြောထိုက် (ပြောလိုက်ပါတယ် ဘုရား)။

ငွေကုန်လို့ရှိရင် (လူချမ်းသာ ပါစေ)၊ လူချမ်းသာပါ စေ၊ အခု သစ္စာမသိတဲ့ ပုဂ္ဂိုလ်များ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြတာဖြင့် ငွေကုန်ပြီး သကာလ၊ နောက်ဘဝ ဒုက္ခသစ္စာ ရလို့ ပန်းရပါတယ် (မှန်ပါ)၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင် ပါတယ်)၊ အင်မတန် မနစ်နာဘူးလား (နစ်နာ ပါတယ် ဘုရား)။

ဒါကလည်း အခု ဆရာကောင်း သမားကောင်းက ကိုပေါ်၊ ကိုဝတို့ အင်မတန် ရှင်းအောင် ပြောလို့နော် (မှန်ပါ)။ ရှင်းအောင်သာ မပြောဘူး ဆိုလို့ ရှိရင်ဖြင့် တို့ကွာ နိဗ္ဗာန်လည်း ရမှာ မဟုတ်တော့ နိဗ္ဗာန် မရမီစပ်ကြား ချမ်းသာကို လူ့ပြည်၊ နတ်ပြည် အစုန်အဆန် ခံစားချင် သေးတယ်ကွာ ဆိုတဲ့ အဓိပ္ပာယ်ကော မလာဘူးလား (လာပါတယ် ဘုရား)။

အစုန်အဆန်သေနေရတာ

အစုန်အဆန် ခံစားတာလား အစုန်အဆန် သေနေ ရတာလား (အစုန်အဆန် သေနေရတာပါ ဘုရား)၊ အစုန် အဆန် သေနေရတာ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် သစ္စာမသိတဲ့ ဒဏ်ချက်လောက် ဦးဘရှင်း၊ ပြင်းထန်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာကလေး လှူလှူ၊ ဘာကလေး တန်းတန်း လူမဖြစ်ချင်ပါနဲ့၊ လူဖြစ်ချင်ရင် အသေ ရပါလိမ့်မယ် (မှန်ပါ)။ နတ်မဖြစ်ချင်ပါနဲ့ (နတ်ဖြစ်ရင် အသေ ရမှာပါ ဘုရား)၊ ဗြဟ္မာမဖြစ်ချင်ပါနဲ့ (ဗြဟ္မာဖြစ်ရင် အသေ ရမှာပါ ဘုရား)။

အသေရမှာ ဆိုတော့ ဒါ ကိုဝ ငြင်းဖို့ လိုသေးသလား (မလိုပါဘုရား)၊ ဒါ ဘယ်ပုဂ္ဂိုလ်၏ အလှူတဲ့ဗျာ (သစ္စာ မသိတဲ့ ပုဂ္ဂိုလ်၏ အလှူပါ)၊ နိဗ္ဗာန် ရသလား ဒုက္ခ ရသလား (ဒုက္ခရပါတယ် ဘုရား)။

ဒါကြောင့်တဲ့ ခင်ဗျားတို့ အဝိဇ္ဇာ၏ ဒဏ်ချက်၊ အတော် ပြင်းထန်တယ် ဆိုတာ၊ ကျုပ်တို့ သံသရာ ရှည်တာ၊ သူပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုရား ဖြစ်စဉ်နဲ့ ဘုရား ဖြစ်ခါနီး ကျတော့၊ ငါသည် သတ္တဝါ ဖြစ်ကြောင်းလည်း သိပြီကွ သတ္တဝါ ချုပ်ကြောင်းလည်း သိပြီကွာ ဆိုထာ နှစ်ချက် သိမှ သူ့ခမျာ ဘုရား ဖြစ်တယ် (မှန်ပါ)။

ဘုရားဘယ်အချိန်ဖြစ်သလဲ

သတ္တဝါ ဖြစ်ကြောင်းလည်း သူသိပြီ (မှန်ပါ)၊ အဝိဇ္ဇာ ကစတယ်ဟေ့ ဆိုတာ သူသိတဲ့ အတွက် ဘုရား ဖြစ်တာပဲ (မှန်ပါ)၊ သတ္တဝါ ချုပ်ကြောင်း သြော် အဝိဇ္ဇာ ချုပ်မှ ချုပ်မှာ ပါကလား ဆိုတာလည်း မသိဘူးလား (သိပါတယ်)၊ အဲဒီ သိတဲ့အချိန်မှာ၊ ကိုဝ ဘုရား ဖြစ်တယ် (မှန်ပါ)။

ဘုရားဘယ်အချိန်ဖြစ်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ခင်ဗျားတို့ သိထားတာက အရုဏ်တက်ဘုရားဖြစ်တယ် သာ သိနေတယ် (မှန်ပါ)။

မောင်နိုင်တို့ သိထားတာကဘာပါလိမ့် (အရုဏ် တက်ဘုရား ဖြစ်ပါတယ် ဘုရား)။

အရုဏ်တက် ဘုရားဖြစ်တယ်ဆိုပြီး မိုးမလင်းခင် အနေကဇာတင် ရအောင် ဒါလောက်သာ သိနေတာကိုး (မှန်ပါဘုရား)။

ဘုရားဖြစ်ခြင်း၏အကြောင်း ဝါ စင်စစ်တော့ အဲဒါက ဘုရားဖြစ်တဲ့အချိန်ကို သိတာပါ တဲ့ ဘုရားဖြစ်ခြင်း၏အကြောင်းက အဝိဇ္ဇာချုပ်တဲ့အချိန်မှာ ဘုရားဖြစ်တာ (မှန်ပါ)၊ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ ဘယ်အချိန် ချုပ်သတုံး ဆိုတဲ့ အခါကျလို့ ရှိရင်ဖြင့် နံနက် လင်းခါနီးမှာ အဝိဇ္ဇာ ချုပ်သွားတယ် အဝိဇ္ဇာ ဖြစ်ကြောင်းကိုလည်း၊ အဝိဇ္ဇာကြောင့် ဒုက္ခ ရောက်ရတဲ့ အကြောင်း ကိုလည်း ဘုရားက အစ သိတယ်နော် (မှန်ပါ)။

နောက်ကျတော့ အဝိဇ္ဇာချုပ်သွားတော့ ဘုရားမဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)။

ကိလေသာမာန်အောင်ပွဲယူတယ်

အဲဒီတွင်မှ ငါဘုရားဖြစ်ပြီ ဆိုပြီး “ဝိဓူပယံ တိဋ္ဌတိ မာရသေနံ” ဆိုတဲ့ ကိလေသာ မာန်အောင်ပွဲ ယူပကွာ ဆိုပြီး သကာလ၊ ဘုရား ဖြစ်တဲ့ အကြောင်းကို ခင်ဗျားတို့ နံနက် အနေကဇာတင်တော့ ပါပါတယ် (ပါပါတယ် ဘုရား)၊ မပါ ကြဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပာဒ် သိလို့၊ ဖြစ်ကြောင်း သိလို့လဲ ဘုရား ဖြစ်တယ်၊ ချုပ်ကြောင်း သိလို့လဲ (ဘုရားဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ချင်ကြလို့ ရှိရင်လဲ အဝိဇ္ဇာ၏ ဖြစ်ကြောင်း၊ ဒုက္ခ ပေးကြောင်း ကိုလဲ သိပါမှ (မှန်ပါ)၊ အဝိဇ္ဇာချုပ်မှ ဒုက္ခ ဟူသရွေ့ ချုပ်မယ် ဆိုတာလဲ သိပါမှ သောတာပန် တည်မယ် (မှန်ပါဘုရား)၊ နို့ မဟုတ်ရင် တည်နိုင်ကြပါ့မလား (မတည်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သြော် ဒီအရေးဟာဖြင့် သာမည အရေး မဟုတ်ပါလား၊ ကြီးကျယ် ခမ်းနားတဲ့ အရေးပါ လား ဆိုပြီး ဒီတရားကို ဂရုစိုက်ပါ (မှန်ပါ)။

ခင်ဗျားတို့ ရေလဲ ပန်းတွေ မီးတွေ ပူဇော်ကြပြီး သကာလ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန် မဂ်ဖိုလ် ရရပါလို၏ ဆိုလို့ရှိရင်၊ အဝိဇ္ဇာက မချုပ်ရင်၊ ကိုဝ ရ မရ (မရပါ)၊ အဝိဇ္ဇာ ဖြစ်နေရင်ကော (မရပါ)၊ မချုပ်သေးရင်ကော (မရပါ)၊ မရသေးပါဘူး ဆိုတာ သေချာပလား (သေချာပါပြီ)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသည် အဝိဇ္ဇာကို ဒုက္ခဖြစ်ကြောင်းလို့ မသိသေးဘူး၊ ထိုအခါမှာ ငါ့ကိုယ်ငါ ဘုရား ဖြစ်ပြီလို့ ဝန်မခံသေး (မှန်ပါ)၊ ပေါ် ကြပါလား (ပေါ်ပါပြီ)။

အဝိဇ္ဇာသည် ဒုက္ခဖြစ်ကြောင်းလို့ ငါ့ဉာဏ် ထဲမှာဖြင့်၊ ကိစ္စ ကို ဉာဏ်နဲ့ မသိသေး၊ ထိုအခါ ငါသည် ဘုရားဖြစ်ပြီလို့ လောကကြီး ထဲမှာ ကြော်ငြာ မပေးသေးဘူး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဝိဇ္ဇာချုပ်တဲ့အကျင့် ကျင့်လိုက်လို့

အကြင်အခါ၌ အဝိဇ္ဇာ ချုပ်သွား၏၊ ခန္ဓာထဲမှာ အဝိဇ္ဇာ ချုပ်တဲ့ အကျင့် ငါကျင့်လိုက်လို့ ချုပ်သွား၏။ ထိုအခါ၌ ငါသည် ဘုရား ဖြစ်ပြီဟု သုံးလောက ဓာတ်မှာ ကြော်ငြာ ပေးလိုက်၏၊ (မှန်ပါ)။

ကဲ ဘယ်သူ လိုရင်းဆိုတာ မောင်နိုင် ပေါ်ရောပေါ့ (ပေါ်ပါပြီဘုရား)။

နောက်က ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာပေါ် ပါလိမ့်ဗျာ (အဝိဇ္ဇာ ချုပ်မှပါ ဘုရား)။

အဝိဇ္ဇာချုပ်မှ ဘုရား ဖြစ်တယ် (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)၊ အဝိဇ္ဇာ ဖြစ်ကြောင်း သိမှလည်း ဘုရား ဖြစ်တယ် (မှန်ပါ)။

အဝိဇ္ဇာချုပ်ကြောင်းလည်း (သိမှ ဘုရား ဖြစ်ပါ တယ်)၊ ကိုင်း ဒါဖြင့် အဝိဇ္ဇာ ချုပ်အောင် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့်၊ ဦးဘရှင်းရေ ဘယ်နည်းနဲ့ နိဗ္ဗာန်ရမလဲ (မရ နိုင်ပါ)၊ မရနိုင်ဘူး ဆိုတာကော သေချာပလား (သေချာပါ ပြီ)။

အေး ဒါကြောင့် ဒီနေ့ည ကိစ္စဉာဏ်ကို သေသေ ချာချာ ပြောပါ့မယ်၊ ဒကာ ဒကာမတို့ ကြိုးကြိုး စားစားနဲ့ နားထောင်ပြီး သကာလ ဪ ဒါရှုရင် ဒီလို ရှုရမှာ ကလား ဆိုတာ မှတ်ရ တော့မယ် (မှန်ပါ)။

သန္တာပဋ္ဌောဆိုတဲ့ကိစ္စဉာဏ်

ပီဠနဋ္ဌောကို အရင်ရက်က ဟောခဲ့ပြီ၊ သင်္ခတဋ္ဌောဆိုတဲ့ ကိစ္စဉာဏ် ကိုလည်း မနေ့က ဟောခဲ့ပါပြီ၊ ဒီနေ့တော့ သန္တာပဋ္ဌော ဆိုတဲ့ ကိစ္စဉာဏ်ကို ဟောလိမ့်မယ် (မှန်ပါ)။

သန္တာပဋ္ဌော ဆိုတဲ့ ကိစ္စဉာဏ် ဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်ပါ)။

သန္တာပဋ္ဌော ဆိုတာ ပူလောင်တာ၊ ဒုက္ခသစ္စာကြီး ရှိနေလို့ရှိရင် အမြဲ ပူလောင်တာပဲ ဒကာ ဒကာမတွေ။

ဒီ ဒုက္ခသစ္စာကြီး ခန္ဓာကြီး ရှိနေရင် အမြဲ ပူလောင်နေမှာပဲ (မှန်ပါ)၊ ဘယ့်နှယ် ပူလောင် နေသတုံး လို့ မေးတဲ့အခါကျ တော့မှ ဒကာ ဒကာမတို့၊ ကိလေသာမီးက ခန္ဓာကြီးလောင် နေတာကိုး (မှန်ပါ)။ ကိလေသာမီးက (ခန္ဓာကြီး လောင်နေပါတယ် ဘုရား)။

ကိလေသာမီးက လောင်နေတယ်

ကိလေသာမီးက ခန္ဓာကြီးလောင်တော့ အိပ်လို့မပျော်၊ စားလို့မဝင် တွေးလုံးတွေနဲ့ ဆွေးလုံး တွေကလာ၊ အင်း ဘယ့်နှယ်ကြောင့် ဒီခန္ဓာကြီး ဖောက်ပြန် နေပါလိမ့် မတုံးလို့ ကို မေးလို့ ရှိရင် ကိလေသာ မီးလောင်လို့ အပူဓာတ်တွေ လောင်နေလို့ ဆိုရင်၊ လွဲပါ့မလား (မလွဲပါ)။

ဒါဖြင့် သန္တာပဋ္ဌော ကိလေသာမီး၊ ဒုက္ခမီးတို့ဖြင့် ပြီးပြီး တောက်ပြောင် အမြဲ လောင်ကျွမ်း၍ နေတာ ကိုလည်း ခင်ဗျားတို့ မြင်ရမယ် (မှန်ပါ)။

ကိလေသာ မီးကလည်း (အမြဲ လောင်ပါတယ်)၊ ဒီခန္ဓာပဲ လောင်တယ် (မှန်ပါ)။

ကာယိကဒုက္ခ စေတသိကဒုက္ခ မီးတွေကကော (အမြဲ လောင်ပါတယ် ဘုရား)၊ ဒီခန္ဓာပဲ လောင်နေတာ ကိုတဲ့ အရိယာ မျက်လုံး တပ်ပေးမည့်သူ မရှိရင် မြင်ကို မမြင်ရပါဘူး (မှန်ပါ)။

အရိယာ မျက်လုံး တပ်ပေးမည့်သူ ရှိတဲ့ အခါကျတော့မှ ဪ ခန္ဓာကြီး ဉာဏ်နဲ့ စိုက်လိုက်တဲ့ အခါကျတော့မှ ကိုဝ ရေ ဟိုနေရာက နာပြန်တာလည်း အင်း ဒုက္ခ မီးလောင် ပြန်ပြီ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

အခုပြောမယ်လို့ ဆိုကာ ရှိသေးတယ်၊ မေ့သွားပြန်ပြီ ဆိုတဲ့ ဥစ္စာ၊ စဉ်းစား ကြည့်လေ အဝိဇ္ဇာ ဆိုတဲ့ ကိလေသာမီးက ခင်ဗျားတို့ ပြောချင်တဲ့ စိတ်ကလေး လောင်ပစ်လိုက်တာ (မှန်ပါ)။

ပြောချင်တဲ့စိတ်ကလေးကို (လောင်ပစ်လိုက် တာပါ)၊ အဝိဇ္ဇာက လောင်ပစ် လိုက်တာ (မှန်ပါ)။

အဲဒီတော့ မောင်နိုင်တို့က အသံထွက်လာတယ်၊ ကျုပ် ပြောမလို့ မေ့သွားတယ်။

မောင်နိုင် ပြောချင်တဲ့ စိတ်ကလေးကို ဘယ်သူက လောင်ပစ် လိုက်သတဲ့ (အဝိဇ္ဇာက လောင်ပစ် လိုက်ပါတယ် ဘုရား)။

အဝိဇ္ဇာဆိုတဲ့ ကိလေသာမီးက လောင်ပစ်လိုက်တယ် (မှန်ပါ)။

တော်တော် ကြာကျလို့ ရှိရင် ဘာကလေး ယူခဲ့မလို့၊ ဘာကလေး လှူမလို့၊ ဘာကလေး တန်းမလို့ စိတ်ကူး လိုက်တယ် မောင်နိုင် (မှန်ပါ)၊ တော်တော်ကြာ ကျလို့ရှိရင် မေ့ပစ်ခဲ့တယ် (မှန်ပါ)၊ လှူချင် တန်းချင်တဲ့ စိတ်ကလေးကို အဝိဇ္ဇာ ဆိုတဲ့ ကိလေသာမီးက လောင်ပစ် လိုက်တယ် (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

မေ့တိုင်းမေ့တိုင်းလောင်နေတယ်

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ကိလေသာမီးဟာ မေ့တိုင်း နေ့တိုင်း လောင်နေတယ် (မှန်ပါ)။

ဒါ ခင်ဗျားတို့ကလည်း ကျက်သရေယူတယ်၊ ဒကာ ဒကာမတွေက ကျက်သရေယူတယ်၊ ကျုပ်က မေ့တတ်တယ်၊ ဗွေမယူပါနဲ့၊ ကိုဝ ဒီလို ပြောလေ့ရှိတယ် (မှန်ပါ)။

ကျုပ်ကဘာတဲ့ (မေ့တတ်ပါတယ်)၊ ပြီးတော့ ဘယ်လိုဖုံးလိုက်သတုံး (ဗွေမယူပါနဲ့တဲ့)။

ဗွေမယူပါနဲ့ အံမယ်လေး ကြောက်စရာ ကြီးပါလား၊ သူ့ဟာ ပြောရင်လည်း ဒကာ ဒကာမတွေ ဒီလို ပြောလိုက် စမ်းပါ။ ကျုပ်က ကိလေသာ ပေါပါတယ်၊ ဒါ့ကြောင့် ကိလေသာ မီးတွေက လောင်လောင် ပစ်သောကြောင့် သန္တာပဋ္ဌ မီးက ကျုပ်ကို အမြဲ လောင်နေသောကြောင့် ကျုပ်အတွက်ဖြင့် ဘယ်လိုမှ မစဉ်းစား ကြပါနဲ့၊ ကိလေသာ ပေါများ လွန်လို့ လောင်တတ်တဲ့ တရားတွေ က လောင်လွန်းလို့ ပြောလိုက် သော်လည်း ကျက်သရေ မရှိလို့၊ ကိုဝ မသုံးဘူးဗျ (မှန်ပါ)။

စင်စစ်တော့ မေ့တယ်ဆိုတာ ဘယ်သူ လောင်တာတုံး (ကိလေသာမီး လောင်တာပါ)၊ အဝိဇ္ဇာဆိုတဲ့ ကိလေသာမီး ၊လောင်တာ (မှန်ပါ)။

သူတော်ကောင်းအလုပ်မေ့တယ်

တဏှာဆိုတဲ့ ဒိပြင် ကိစ္စတွေကို လုပ်နေရတာနဲ့ သူတော် ကောင်းအလုပ် မေ့တယ် ဆိုတာလည်း ကိုဘရှင်း၊ ဒါ လောကီ အရောင်း အဝယ် လောဘ ကိစ္စတွေ ကလည်း ကုသိုလ် စိတ်တွေကို ဘာလုပ် ပစ်သလဲ (လောင်ပစ် ပါတယ်)။

လောင်ပစ် လိုက်တယ်၊ လောင်ပစ်လိုက်တဲ့ အခါကျတော့ သတိရသေးရဲ့လား (မရပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေမှာ ဒီလို သွားမယ်ကြံလို့၊ ဆင် မည့်ပြင်မည့် အလုပ်တွေ ကိစ္စတွေကို ဟိုဟာ အချိုးမကျ၊ ဒီဟာ အချိုးမကျ၊ ဟာ-ကိုဝ- ဘာဖြစ်သတုံး (ကိလေသာမီး လောင်တာပါ ဘုရား)။

အဲဒါ ဘယ်သူမှမသိဘူး (မှန်ပါ)၊ ဘယ်သူ့ကို လောင်သတုံး မေးတဲ့ အခါကျတော့ ခုနက ကောင်းတဲ့ စိတ်ကလေး ကို လောင်လိုက်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါ ပြီဘုရား)၊ ကောင်းတဲ့ စိတ်ကလေး လောင်တော့ မောင်နိုင်ရေ ရုပ်ကော မလောင်ဘူးလား (လောင်ပါတယ်)၊ စိတ်နဲ့ ရုပ်ဟာ တွဲလျက်ပါလား (မှန်ပါ)။

ဒါဖြင့် စိတ်ရော ရုပ်ရော ဘယ့်နှယ်နေသတုံး (လောင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ အခုလို သစ္စဉာဏ်၊ ကိစ္စဉာဏ်နဲ့ ပြောလိုက်တော့မှ သြော် ကိလေသာမီးဟာ တယ်လောင်ချက် ပြင်းပါကလား ဆိုတဲ့ဥစ္စာ သူက လောင်ခြင်း ကိစ္စရှိတာကိုး (မှန်ပါ)။

ကိလေသာမီးဟာ ဘာလုပ်သလဲ (လောင်ခြင်းကိစ္စ ရှိပါတယ် ဘုရား)။

ဟိုဟာမေ့၊ ဒီဟာအချိုးမကျ

လောင်ခြင်းကိစ္စ ရှိတာနဲ့ပဲတဲ့၊ ဒကာ ဒကာမတွေ ဟိုဟာ မေ့ ဒီဟာ အချိုးမကျ၊ အလုံးစုံ အကုန် ဖြစ်နေတာ မောင်နိုင် ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ ဘာလောင်တာတုံး (ကိလေသာမီး လောင်တာပါ)။

ကိလေသာမီး လောင်လိုက်တာ ဒကာ ဒကာမတွေ ပစ်ထားခဲ့၊ ဘယ်လိုဖြစ်နေခဲ့ ဗလဗွေ ကျဲ နေရစ် တံခါး မပိတ်မိ ကိုဝ ဘာတွေဖြစ်နေတာ (ကိလေသာမီး လောင်နေတာ ပါဘုရား)။

ကိလေသာမီး လောင်နေတာနော် အခု ပြောမည့် ဥစ္စာကလေး ကိုဝ ဟိုပြောမည့် ဟာကလေး မပြောဖြစ်၊ ဟိုဘက် ရောက်သွားလိုက်၊ ဘာဖြစ်တာတုံး မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ကိလေသာ မီးလောင်တာပါ ဘုရား)။

ဘာကိုလောင်ပါလိမ့်

ဪ ဒါဖြင့် ကိလေသာမီးဟာ ဘာကို လောင်ပါ လိမ့်မတုံး မေးတဲ့ အခါကျတော့ စိတ်ကိုလည်း လောင်တယ် ရုပ်ကိုကော (လောင်ပါတယ် ဘုရား)။

ရုပ်ကိုလောင်တာများ သိသာလိုက်တာ ဟိုဘက် သွားမယ်လို့ လုပ်နေတဲ့ဥစ္စာ၊ ဒီဘက် ပြန်လှည့်ချင် လှည့်လာတယ် (မှန်ပါဘုရား)။

ဟိုဘက်သွားတဲ့ရုပ်ကို လောင်ပစ်လိုက်တာ၊ ဒီဘက် ပြန်တဲ့ ရုပ်ပြန် ဖြစ်မလာ ဘူးလား (လာပါတယ်)၊ ဒါဘယ်သူ လောင် လိုက်တာပါလိမ့် (ကိလေသာမီး လောင်တာပါ)။

အချို့များ အထဲဝင် အပြင်ထွက်ကိုပဲ ပြီးနိုင်သေးရဲ့ လား (မပြီးနိုင်ပါ ဘုရား)။

ဟာ ဘာဖြစ်နေတာတုံးမေးရင် ဘယ့်နှယ်ပြောပါ့ မယ် (ကိလေသာမီး လောင်တာပါ ဘုရား)။

မေ့လိုက်၊ မေ့လိုက်လို့ ကိလေသာက လောင်လိုက်၊ လောင်ပြီး သကာလ၊ တစ်ခါ သတိရတဲ့ စိတ်ကလေး ပေါ်လာ လိုက်၊ သတိရပြန်၊ အတွင်းကျ ပြန်လို့ရှိရင် မေ့လိုက် ဆိုတော့ ထဲဝင် ပြင်ထွက် ကိုမောင်နိုင် အားသေးရဲ့လား (မအားပါဘုရား)။

ဒါ ဘာဖြစ်ကြတာတုံး မေးရင် (ကိလေသာမီးလောင် တာပါ ဘုရား)။

အမြဲအလောင်ခံနေရတဲ့ခန္ဓာကြီး

ဒါဖြင့် သန္တာပဋ္ဌော ကိလေသာမီး၊ ဒုက္ခမီးတို့ဖြင့် ပြီးပြီး တောက်ပြောင် အမြဲ အလောင်ခံ နေရတဲ့ ခန္ဓာကြီးပါလား (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစား ကြည့်တဲ့ အခါကျတော့မှ အမြဲ အလောင်ခံ နေရတာ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဟာ- ဒုက္ခမီးကလည်း ဟိုနေရာက -လောင်ပြီး သကာလ ကျန်တဲ့ နာမ်တွေ ရုပ်တွေ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

သုခမီးကအေးအေးနဲ့လောင်တယ်

သုခမီးကလည်း ဒကာ ဒကာမတွေ ဝမ်းသာသလိုလိုနဲ့ သောမနဿ ကလေးပေါ်တာ၊ သူဝမ်းသာ သလိုလိုနဲ့ သူတော်ကောင်း စိတ်တွေများ ပျောက်သွား လိုက်တာ (မှန်ပါ)၊ အင်း သုခမီး မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

သုခမီးက အေးအေးနဲ့ လောင်တယ် (မှန်ပါ)၊ ဒုက္ခမီး က ပူပူနဲ့ လောင်တယ် (မှန်ပါ)၊ မောဟမီးက အလုံးစုံ သတိမရအောင် လောင်ပစ်တယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ မီးဆယ့်တစ်မီးရှိတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ ကိုဝရေ မီးလောင်ခြင်းကိစ္စ ရှိ-မရှိ (ရှိပါတယ်ဘုရား)။

ဒါဖြင့် မီးလောင်ခြင်းကိစ္စရှိသောကြောင့် ခန္ဓာကြီးကို ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ခန္ဓာရှိရင် မီးဆယ့်တစ်မီးလောင်မှာပဲ

ကိုင်း ဒကာ ဒကာမတို့ ခန္ဓာရှိရင်ဖြင့် မီးဆယ့်တစ်မီး လောင်မှာပဲ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဆယ့်တစ်မီးလောင်ခံနေရတဲ့ဥစ္စာဟာ အချိန်ဘယ်အချိန် တုံးမေးလို့ရှိရင်ဖြင့်တဲ့ အချိန် တိုင်း ပါပဲ (မှန်ပါ)။

မောင်နိုင် ဘယ့်နှယ် ဆိုပါ့မယ် (အချိန်တိုင်းပါပဲ ဘုရား)၊ အချိန်တိုင်း လောင်နေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကိလေသာ မီးကများ လောင်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဟိုပြေးရတော့မလို ဒီသွားရတော့မလို၊ ဟိုလည်း စိတ်မချ၊ ဒီလည်း စိတ်မချနဲ့ အင်း လှေကားထစ်များ ချော်ကျ၊ လမ်းမှာ ခလုပ်ကြီးတွေ မမြင်၊ ဟတ်ထိုးလဲ၊ ဟာ ဘာဖြစ်တာတုံးလို့ ကိုပေါ် မေးရင် ဘယ့်နှယ် ဖြေပါ့မယ် (ကိလေသာမီး လောင်တာပါ ဘုရား)။

ကိလေသာမီး လောင်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် တစ်ခါ တည်း အိပ်လို့ကော ပျော်သေး ရဲ့လား (မပျော်ပါ)၊ လမ်းသွား လို့ကော၊ လမ်းက အတို ကလေးတောင်မှ အမောများ ဆိုက်နေ လိုက်သေးတယ် (မှန်ပါ)၊ ဘာဖြစ်ကြတာတုံး မေးရင် ဘယ့်နှယ် ဖြေပါ့မလဲ (ကိလေသာမီး လောင်တာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်မှာ အလောင်ခံခြင်းကိစ္စရှိ တယ် (မှန်ပါ)။

အလောင်ခံခြင်းကိစ္စရှိတယ်

ခန္ဓာကိုယ်ကြီးဟာ (အလောင်ခံခြင်း ကိစ္စ ရှိပါတယ် ဘုရား)၊ အလောင်ခံခြင်း ကိစ္စ ရှိတယ် ဆိုတာ ဝိပဿနာ ရှုလိုက်တဲ့ အခါကျတော့ စိတ်ကလေး တစ်ခု ပျောက်သွားရင် ဪ လောင်လို့ ပျောက်သွားတယ် (မှန်ပါ့)၊ ရုပ်ကလေး တစ်ခု ပျောက်သွားရင်ကော (လောင်လို့ ပျောက်သွား တာပါ ဘုရား)။

လောင်လို့ ပျောက်သွားတာပဲ ဆိုတာ မောင်နိုင် ကျေနပ်ပြီ လား (ကျေနပ်ပါပြီ ဘုရား)။

အဲ ပျောက်တိုင်း ပျောက်တိုင်း သြော် လောင်ခြင်း ကိစ္စကြောင့် လောင်သွားပြီ လောင် သွားပြီ၊ သန္တာပဋ္ဌော ဆိုတဲ့ ကိလေသာမီး ဒုက္ခမီးတို့ဖြင့် ငြီးငြီးတောက်ပြောင် အမြဲ အလောင် ခံနေရတဲ့ သဘောဟာ ဒီခန္ဓာပဲ (မှန်ပါဘုရား)။

ဒီလို ရှုရမယ်နော် ဒကာ ဒကာမတွေ(မှန်လှပါ ဘုရား)၊ ဒါရှုဖို့ ဟောနေတယ် ဆိုတာ ကျေနပ်ကြပြီလား (ကျေနပ်ပါ ပြီဘုရား)။

ကိုင်း ဒါဖြင့် ဒီခန္ဓာကြီးထဲမှာ ရုပ်ကို လောင်နေတာ လည်း ရှိတာပဲ၊ နာမ် လောင်နေတာ ကော (ရှိပါတယ် ဘုရား)။ ရှိနေတော့ မောင်နိုင်၊ ခန္ဓာကိုယ် နဂိုရှိတာကမှ ရုပ်နာမ် ရှိတယ်၊ ရုပ်ကိုလည်း ရုပ်မီးက လောင်လျက်ပဲ (မှန်ပါဘုရား)၊ နာမ် တွေကော (နာမ်မီးက လောင်လျက်ပါ ဘုရား)။

မီးလောင်ခံရပါလို၏

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ဖြင့် ကိုဝ အလွဲနှင့် အချော်ချည့်ပဲ (မှန်လှပါဘုရား)၊ မီးလောင်ခံရပါလို ၏ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီဘုရား)။

မီးလောင်ခံရပါလို၏ ဆိုတာနဲ့ ဘာထူး သေးသတုံး (မထူးပါဘူး ဘုရား)၊ တောင်း ကောင်းတဲ့ ဆုလား၊ မတောင်းကောင်းတဲ့ ဆုလား (မတောင်း ကောင်းတဲ့ဆုပါ ဘုရား)။

အဲ့ဒါ ဘယ်နှယ့်ကြောင့် တောင်းကြပါလိမ့်မတုံး ဆိုတော့၊ ခုနက သန္တာပဋ္ဌ ကိစ္စ အမြဲ အလောင်ခံ နေရတဲ့ကိစ္စကို အဝိဇ္ဇာက မမြင်အောင် ဖုံးထား လိုက်တယ် (မှန်ပါ ဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာက မမြင်အောင် ဖုံးထားလိုက်တဲ့ အတွက်တဲ့၊ ကျုပ်တို့သည် မီးပုံထဲပဲ ဆင်းကြတာပဲ (မှန်လှပါဘုရား)၊ မီး အလောင်ခံတဲ့ဆီပဲ ကျုပ်တို့ သွားဖြစ်အောင် သွားကြတာပဲ (မှန်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

သန္တာပဋ္ဌကိစ္စ

ဒါဖြင့် လူ့ပြည် နတ်ပြည် ဆင်းကြတဲ့ ပုဂ္ဂိုလ်များသည်။ ခုနကလို ခုန်ချတဲ့ ပုဂ္ဂိုလ်များသည် ဒကာ ဒကာမတို့၊ သန္တာပဋ္ဌ ကိစ္စ ဆိုတဲ့ ကိစ္စဉာဏ် ရပြီလား၊ မရဘူးလား (မရပါဘူး ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်မရသရွေ့ ကာလပတ်လုံး သံသရာ လည်လေဦးတော့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ဒါကြောင့် ဒကာ ဒကာမတို့ သန္တာပဋ္ဌ ကိစ္စကို ယနေ့ အကြီးအကျယ် ပြောပါတယ် (မှန်လှပါဘုရား)။

အဇာတသတ်

ဒီ သန္တာပဋ္ဌ ကိစ္စဟာ သူတော်ကောင်း စိတ်ကလေးတွေ ပေါ်လာတဲ့ အခါလည်း၊ ဦးဘရှင်း လောင်ပြန်တာပဲ (မှန်ပါ ဘုရား)၊ နောက်ဘဝတွေက ပါရမီတွေ စုထားတာတွေကော (လောင်ပါတယ် ဘုရား)၊ ဪ ခက်လိုက်တဲ့ ဖြစ်ခြင်း ဒကာ ဒကာမတို့၊ ဘုန်းကြီး ဥပမာ ထုတ်ပြ ပါ့မယ် မီးလောင်ပစ်တဲ့ ဥစ္စာဟာ ဘယ်လောက် ထိအောင် ဆိုးဝါးတယ် ဆိုတာ အဇာတသတ်ဟာ ကိုဝ မှတ်လိုက်စမ်း၊ သာမည ဖလသုတ် ကို ဘုရားဟောတဲ့ အခါ သူ သောတာပန် ဖြစ်ရမယ် (မှန်ပါ ဘုရား)။

ပါရမီပြည့်ပြီးသား

ပါရမီ ပြည့်ပြီး သား နော် (မှန်ပါဘုရား)၊ ပါရမီ ဘယ်နှယ့် နေကြသတုံး (ပြည့်ပြီးသားပါ ဘုရား)၊ အဲ့ဒါ ထီးနန်း အာရုံ ကာမဂုဏ်ကို ငယ်ငယ်က ခံစားချင်တော့ တစ်ခါတည်း၊ အဖ သတ်မှ သာလျှင် ငါငယ်ငယ်က ခံစားရမှာပဲ ဆိုတဲ့ ဒေါသမီး ထီးနန်း အာရုံ လိုချင်တဲ့ လောဘမီး၊ အဲ့ဒီ လောဘမီး နှစ်ခုက လောင်ပစ်လိုက်တာနဲ့ အဖသတ် ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။

အဖသတ် ဖြစ်သွားတော့ကို ဒကာ ဒကာမတို့ ရှိပြီးသား ပါရမီတွေကို၊ လောဘနှင့် ဒေါသက ရှို့ ပစ်လိုက်တာနဲ့ ကိုဝ ရဟန္တာဖြစ်သေးရဲ့လား (မဖြစ်ပါဘူးဘုရား)။

ကဲ သန္တာပဋ္ဌ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာ ဒကာ ဒကာမတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ သန္တာ ပဋ္ဌ ဆိုတဲ့ ကိလေသာမီး၊ ဒုက္ခမီးဟာ ပါရမီ မျိုးစေ့တွေ ကိုလည်း ဘာလုပ်ပစ်လိုက်တုံး (လောင်ပစ်ပါတယ် ဘုရား)။

သောတာပန်မြန်မြန်တည်အောင်လုပ်

ဒါဖြင့် ခင်ဗျားတို့ဟာ မြန်မြန်သာ သောတာပန်တည် အောင် လုပ်ကြပါတော့၊ နို့မဟုတ်ရင် ဒီဘဝက ဘုန်းကြီး ပေးထား တဲ့ မျိုးစေ့လေးတွေ တည်အောင် မလုပ်ဘူး ဆိုရင်ဖြင့်၊ နောက်ဘဝ သန္တာပဋ္ဌမီး လောဘ၊ ဒေါသနှင့် ရောက်ရာ ပျော်တဲ့ လောဘ ရောက်ရာမှာ မတည့်တဲ့ ဒေါသ တွေဟာ လောင်ပစ်လိုက်လို့ ရှိရင် ပါရမီဟာ ကုန်သွားတယ် (မှန်ပါဘုရား)။

ဘဝကူးရင်လောင်လိမ့်မယ်

ဒကာကြီးလှိုင် မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)၊ အဲ့ဒါကြောင့် ခင်ဗျားတို့ အရင်းအခြာတွေ ဖြစ်နေတော့၊ ကိုင်း ခင်ဗျားတို့ ဘဝမကူးနဲ့နော်၊ ဘဝကူးရင် လောင်လိမ့် မယ် (မှန်ပါဘုရား)။

ယခုပေးထားတဲ့ ဥစ္စာလေးဟာ ယခုပဲ အညွန့် အညှောက် ပေါက်အောင် လုပ်ကြပါဆိုတာ တိုက်တွန်းတယ် (မှန်ပါ ဘုရား)၊ ဟိုဘဝ ကူးသွားရင် ဘာဖြစ်မယ် ထင်သတုံး (လောင်မှာပါ ဘုရား)၊ လောင်မှာပဲ ဆိုတာက အမိဝမ်းခေါင်းထဲ လူဖြစ်လို့ရှိရင် ကိုးလခွဲ၊ ဆယ်လ နေရမယ် (မှန်ပါဘုရား)။

ကိလေသာအဝိဇ္ဇာနဲ့နေရမယ်

အဲ့ဒါ ဘာမှမသိတဲ့ ကိလေသာ အဝိဇ္ဇာနဲ့ နေရမယ် (မှန်ပါဘုရား)၊ နောက်ကျတော့ ဒီအဝိဇ္ဇာနဲ့ နေတဲ့ အပြင် အမေက အချဉ်စားလိုက်၊ အချိုစားလိုက်၊ ရေနွေး သောက်လိုက် ဆိုလို့ရှိရင် ကလေးမှာ ဒေါသမီးနဲ့လည်း မနေရပေဘူးလား (နေရပါတယ် ဘုရား)။

သူ့ရောက်ရာ ပျော်နေတဲ့ လောဘမီးနဲ့ကော (နေရပါ တယ်ဘုရား)၊ အဲဒီ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ဟာ ဒီကလေးမှာ အမြဲရှိပြီး သကာလ နေတော့ ဘဝ အဆက်ဆက်က ပါခဲ့တဲ့ ပါရမီတွေ အဲဒီဝမ်းထဲတွင် ပြောင် တယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝမ်းထဲတွင် ဘယ်နှယ့် နေသတုံး (ပြောင်ပါတယ် ဘုရား) ဘာမီးလောင် လိုက်တာပါ လိမ့်မတုံး (ကိလေသာမီး လောင်လိုက်တာပါ ဘုရား)။

အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးတ သန္တပဋ္ဌော ကိလေသာမီး၊ ဒုက္ခမီး တို့ဖြင့် ငြီးငြီး တောက်ပြောင် အမြဲ အလောင်ခံနေရတဲ့ ကိစ္စ ရှိသကွတဲ့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ပျောက်အောင်လောင်ခြင်းကိစ္စရှိတယ်

ဒါဖြင့် ခန္ဓာကိုယ်ကြီး ရတဲ့ ပုဂ္ဂိုလ်များ ဘယ်ကိစ္စရှိပါလိမ့် မတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ပျောက်အောင် လောင်ခြင်း ကိစ္စရှိတယ် (မှန်ပါဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဝေဒနာရှုရှု၊ စိတ်ရှုရှု၊ ပျောက် ပျောက်သွားတာ၊ သြော် မီးလောင်လို့ ပျောက်သွားတာ (မှန်ပါဘုရား)၊ မီးလောင်ခြင်း ကိစ္စကြောင့် (ပျောက်ပျောက် သွားပါတယ် ဘုရား)။

ရုပ်ကလေးမှာကော ဇာတိ ဇရာ မရဏမီးက မလောင် ဘူးလား (လောင်ပါတယ် ဘုရား)။ နာမ်ကလေးမှာကာ လောဘ၊ ဒေါသ၊ မီးတွေက (လောင်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရှုတိုင်းရှုတိုင်း ပျောက်သွားတဲ့ ကိစ္စ ကလေးတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်နှယ့် ပေါ်ပါလိမ့်၊ ကိလေသာမီး လောင်လို့ ပျောက်သွားတယ် ဆိုတော့ ဒုက္ခသစ္စာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒုက္ခအစစ်ဆိုတာ ရေမရောပါဘူး

အဲ့ဒီလို ဒကာ ဒကာမတွေ ဝိပဿနာ ရှုတော့ အင်း ရှုလိုက်၊ ပျောက်သွားလိုက်၊ အင်း အခု ပေါ်လာတဲ့ တရား လေးတွေ ပျောက်သွားလိုက်၊ အင်း ကိလေသာမီး၊ ဒုက္ခမီး လောင်ခြင်း ကိစ္စကြောင့် သူပျောက် သွားတာကိုး၊ ဒါကြောင့်ပဲ ဒုက္ခအစစ် ဆိုတာ ရေမရောပါဘူး၊ ဒီလို ပိုင်ပိုင်နိုင်နိုင် သိရမယ် (မှန်ပါ ဘုရား)။ ကိစ္စဉာဏ်နဲ့။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာ မပျောက်တဲ့ တရားရှိရဲ့လား (မရှိပါဘူးဘုရား)။ ပျောက်တိုင်း ပျောက် တိုင်း မီးလောင်လို့ ပျောက်တယ်လို့ ဉာဏ်ကလေးနဲ့ ရှုပေးစမ်း (မှန်လှပါ ဘုရား)။ ပျောက်တိုင်း ပျောက်တိုင်း (ဉာဏ် ကလေးနဲ့ ရှုပေးရမှာပါ ဘုရား)။

မီးလောင်လို့ပျောက်တယ်လို့ချပေး

မီးလောင်လို့ ပျောက်တယ်လို့၊ ကိုယ်၊ ကိုဝတို့က ရှုပေးလိုက်လို့ ရှိရင်ဖြင့် ဒါ ကိစ္စဉာဏ် ရပါတယ် (မှန်ပါဘုရား)၊ သန္တာပဋ္ဌ ကိစ္စဉာဏ် ရပါတယ် (မှန်ပါဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်ဉာဏ် ရပါလိမ့် (သန္တာပဋ္ဌ ကိစ္စဉာဏ် ရပါ တယ် ဘုရား)၊ အင်း မီးလောင်လို့ ပျောက်သွားပြီ၊ နာမ်က လေး ပေါ်လာတာလည်း မီးလောင်လို့ ပျောက်သွားတာပဲ။ ရုပ်ကလေး ပေါ်လာရင်ကော (မီးလောင်လို့ ပျောက်သွားတာ ပါဘုရား)၊ မီးလောင်လို့ ပျောက်သွားတာပဲ။

အဲ့ဒီ ပျောက်တာလေးတွေဟာ အလိုလို ပျောက်တာ လား ဒကာ ဒကာမတို့၊ သန္တာပဋ္ဌ ဆိုတဲ့ ကိလေသာမီး၊ ဒုက္ခမီး လောင်လိုက်တာလား (ကိလေသာမီး၊ ဒုက္ခမီး လောင်လိုက်တာပါ ဘုရား)၊ ကိလေသာမီး၊ ဒုက္ခမီး လောင်လိုက် တာဆိုတာ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

အဲ့ဒီတော့ ခန္ဓာကြီးလဲလောင်၊ ခန္ဓာထဲမှာ ရှိတဲ့ အတွင်းသား အပြင်သား ဆိုတာ၊ မောင်နိုင် အကုန်လောင်တာ (မှန်ပါဘုရား)။

ဒါဖြင့် သူသည် အလောင်ခံခြင်း ကိစ္စ ရှိတယ် (မှန်ပါ ဘုရား)၊ ခန္ဓာကြီးသည် (အလောင် ခံခြင်း ကိစ္စရှိပါတယ် ဘုရား)၊ ဒါ ကိစ္စဉာဏ်ကို ပြောနေပါတယ်၊ အလောင်ခံခြင်း ကိစ္စ ရှိတယ် ဆိုတာ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဉာဏ်ကလေးနဲ့စိုက်လိုက်စမ်းပါ

အဲ့ဒီတော့ ဘုန်းကြီးက အရိယာ မျက်လုံး တပ်ပေးလိုက် တယ်၊ ဒကာ ဒကာမတို့ သမာဓိ ကောင်းကောင်းနဲ့ ကိုယ့်ခန္ဓာ ကိုယ် စိုက်လိုက် စမ်းပါ၊ ဉာဏ်ကလေးနဲ့ စိုက်လိုက်စမ်းပါ။ ဘုန်းကြီးက သင်ပေးတယ် (မှန်ပါဘုရား)။

သင်ပေးလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အို ဒီခန္ဓာကြီး ကလည်း လောင်လို့ ပျောက်ပျောက်၊ ပျောက်ပျောက် သွားတာ တွေ ရုပ်ဘက်ကလည်း နည်းပါ့မလား (မနည်းပါဘူး ဘုရား)၊ နာမ်ဘက်ကကော (မနည်းပါဘူး ဘုရား)။

ဟာ ဒါဖြင့် အကောင်းကို မပါပါလား (မပါပါ ဘုရား)၊ မီးလောင်စာ ဖြစ်နေတာကြီးမှ တစ်ပါး ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)၊ ဒါ သန္တာပဋ္ဌ ကိစ္စဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မီးလောင်ခံခြင်း ကိစ္စထက် ကြီးကျယ်တဲ့ ကိစ္စကော ကိုပေါ်၊ ကိုဝရှိ သေးရဲ့လား (မရှိပါဘူး ဘုရား)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီကိစ္စ၊ သူ့မှာ မီးလောင်ခံခြင်း ကိစ္စ ရှိတယ်။ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်မှာ မီးလောင်ခံခြင်း ကိစ္စ ရှိတယ်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကော (စိတ်မှာ မီးလောင်ခံခြင်း ကိစ္စရှိပါတယ် ဘုရား)။

မီးလောင်လို့ပျောက်သွားသည်

မီးလောင်ခံခြင်း ကိစ္စ ရှိတယ်၊ ပျောက်ပျောက် သွားတာ ဟာ ဘယ်နှယ့်ကြောင့် ပါလိမ့် မတုံးလို့၊ ယနေ့က စပြီး သံသယ မရှိပါနဲ့ (မှန်ပါဘုရား)၊ မီးလောင်လို့ ပျောက်သွားသည် (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘယ်လိုရှုကြမတုံး ( မီးလောင်လို့ ပျောက်သွားတာပါ ဘုရား)။

မီးလောင်လို့ ပျောက်သွားသည်။ ရုပ်မှာလည်း ဇာတိမီး၊ – ဇရာမီး၊ မရဏမီး၊ နာမ်မှာ ကိလေသာမီး၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒါတွေ အကုန်လောင်လို့ ပျောက်ပျောက် ပျောက် ပျောက်သွားတာ၊ ဪ ဒါ ပျောက်တတ်တဲ့ အမျိုး၊ အနိစ္စမို့ ပျောက်တယ်လို့ ဒီလို မယူဘဲနဲ့ ကိစ္စဉာဏ်နဲ့ ရှုလိုက်စမ်းပါ (မှန်ပါဘုရား)၊ ဘာဉာဏ်နဲ့ ရှုကြမတုံး (ကိစ္စဉာဏ်နဲ့ ရှုရမှာပါ ဘုရား)။

ဒါ ဝိပဿနာ ရှုနည်းကိုဖြင့် သစ္စာရှုနည်းကို ကိုယ်၊ ကိုဝ အကြီးအကျယ် သင်နေတာပဲ (မှန်ပါဘုရား)။

ဒါဖြင့် ခင်ဗျားတို့သန္တာန် ပျောက်ပျောက်သွားတာလည်း ဧကန်ပဲ မဟုတ်လား (မှန်ပါ ဘုရား)၊ ဘယ်နှယ့်ကြောင့် ပျောက်သွားပါလိမ့် (မီးလောင်လို့ ပျောက်တာပါ ဘုရား)။

ဘာကိစ္စရှိသတုံး

ဒါဖြင့် အဲ့ဒီ ရုပ်ကလေး၊ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်၊ အဲ့ဒီ ရုပ်ကလေး၊ နာမ်ရှုတဲ့ပုဂ္ဂိုလ် အဲ့ဒီ နာမ် ကလေးမှာ ဘာကိစ္စ ရှိသတုံး ( မီးလောင်ခြင်း ကိစ္စ ရှိပါတယ် ဘုရား)။ မီးလောင်ခံခြင်း ကိစ္စရှိတယ် ဆိုတာ ဒကာ ဒကာမတွေက ဉာဏ်နဲ့ ကြည့်လိုက်တော့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

ဒါဖြင့် မီးလောင်ခံခြင်းကိစ္စနဲ့ ဉာဏ်နဲ့ တွဲလိုက်တဲ့အခါ ကျတော့ကို ကိစ္စဉာဏ် (မှန်ပါဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မီးလောင်ခံခြင်း ကိစ္စကို ဉာဏ်က မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ မြင်တဲ့ အခါ ကျတော့ကို ဟို ကိစ္စကို သွားမြင် တဲ့အတွက် ကိုဝ ဘယ့်နှယ် ဆိုမယ် (ကိစ္စဉာဏ်)။ အဲ့ဒီ ဉာဏ်ရလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့ သောတာပန်တည်ဖို့ ကပ်နေပြီ (မှန်ပါဘုရား)။ သောတာပန်တည်ဖို့ (ကပ်နေပါပြီ ဘုရား)။

ရှုလိုက်တဲ့အခါပျောက်ပျောက်သွားတယ်

ဒါဖြင့် ရှုလိုက်တဲ့အခါ ပျောက်ပျောက် သွားတယ်ဘုရား၊ ရုပ်ကလေးတွေ ကလည်း ရုပ်လှည့် ရှုလိုက် ရုပ်ပျောက် သွားတယ်၊ နာမ်လှည့် ရှုလိုက်တဲ့ အခါ နာမ်ပျောက် သွားတယ်၊ ပျောက်ချင် လို့ ပျောက်တာလား၊ အလောင်ခံရလို့ ပျောက်တာလား (အလောင်ခံရလို့ ပျောက်တာပါ ဘုရား)။

ဒါဖြင့် အဲ့ဒီ ရုပ်မှာ ဘာကိစ္စရှိသတုံး (အလောင်ခံခြင်း ကိစ္စ ရှိပါတယ် ဘုရား)။ နာမ်မှာ ဘာကိစ္စ ရှိသတုံး (အလောင်ခံခြင်း ရှိပါတယ် ဘုရား)။

ဉာဏ်ကသိသိပေးရမယ်

အဲ့ဒါလေးတွေ ခင်ဗျားတို့ ဉာဏ်က သိပေးရမယ် (မှန်ပါဘုရား)။ သဘောကျပြီလား (ကျပါပြီဘုရား)။

ဉာဏ်က သိပေးလိုက်တော့ ကိစ္စနဲ့ ဉာဏ်နဲ့ ဒကာ ဒကာမတွေ ပေါင်းလိုက် (ကိစ္စဉာဏ်ပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဪ ဒီလိုရှုရမှာပါလား ကိုပေါ်၊ ကိုဝ အလွယ် ဆုံးနည်း၊ အလွန်နီးတဲ့ တရားလို့ ဆုံးဖြတ် ချက် ချလိုက်စမ်းပါ (မှန်ပါ ဘုရား)။ ဒကာကြီးလှိုင် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

သောတောပန်ဖြစ်ဖို့အနီးဆုံးရှုတဲ့နည်း

သောတာပန်ဖြစ်ဖို့ အနီးဆုံးရှုတဲ့ နည်းကို ယနေ့ သင်နေ ပါတယ် (မှန်ပါဘုရား)။ ဘယ်ဉာဏ်နဲ့ ရှုရမယ် (ကိစ္စ ဉာဏ်နဲ့ ရှုရမှာပါ ဘုရား)။

ဪ နဂိုတုန်း ကတော့၊ မသိခင် တုန်းကတော့ ကိစ္စဉာဏ် ဆိုတဲ့ဥစ္စာ ခဲခဲရင်းရင်းကြီး မှတ်နေတာ၊ ခုတော့ ကိုယ်ရှုတဲ့ ဖြစ်ပျက်ဟာ အလောင်ခံတဲ့ ကိစ္စရှိလို့ ပြောင်တာပဲ (မှန်ပါဘုရား)။

ကိုယ်ရှုတဲ့ သဘောလေးဟာ (အလောင်ခံတဲ့ကိစ္စ ရှိလို့ ပြောင်ပါတယ် ဘုရား)။ သူ့မှာ အလောင်ခံခြင်း ကိစ္စမှ တစ်ပါး၊ ဘာကိစ္စ ရှိသေးသတုံး (မရှိပါဘုရား)။ အဲ့ဒီကိစ္စ ပေါ်တိုင်း ပေါ်တိုင်း ကျုပ်တို့က ဉာဏ်ကလေးနဲ့ သိပေး စမ်းပါ။

အလောင်ခံခြင်းကိစ္စ သိတဲ့ဉာဏ်

ဉာဏ်ကလေးနဲ့ သိပေးလိုက်တဲ့ အခါကျတော့ အလောင်ခံခြင်း ကိစ္စ သိတဲ့ ဉာဏ် (မှန်ပါဘုရား)။ ဒကာကြီးလှိုင် ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။ အလောင်ခံခြင်း ကိစ္စ သိ တဲ့ (ဉာဏ်ပါ ဘုရား)။

ဒါ တိုတိုခေါ်တော့ ကိစ္စဉာဏ်၊ ရှည်ရှည်ပြောတော့ အလောင်ခံခြင်း ကိစ္စသိတဲ့ဉာဏ်။ ဒါဖြင့် ဒကာ ဒကာမ ရုပ်ကလေး တွေလည်း အလောင် ခံရတာပဲ၊ နာမ်ကလေးတွေ ကော (အလောင်ခံ ရပါတယ် ဘုရား)။

အဲ့ဒီတော့ ရုပ်ပျက်တာကို ကြည့်ကြည့်၊ ရုပ်ပျောက် တာကို ကြည့်ကြည့်၊ နာမ်ပျောက် တာကို ကြည့်ကြည့် အလိုလိုတော့၊ ပျောက်တာပဲ (မှန်ပါဘုရား)။ အလိုလို ပျောက် တယ် ဆိုရင် ကိစ္စဉာဏ် မပါဘူး (မှန်ပါဘုရား)။ သဘောကျပြီလား (ကျပါပြီဘုရား)။

ဒါဖြင့် ဒီလို သိပြီး သကာလ နေတဲ့ ဒကာ ဒကာမတွေကျ တော့ ရှေ့က ဒုက္ခသစ္စာက ဒုက္ခကိစ္စပေါ့ဗျာ၊ ဒုက္ခရောက်တဲ့ ကိစ္စ မရှိဘူးလား (ရှိပါတယ် ဘုရား)။ မီးလောင်ခံရတဲ့ ကိစ္စထက် ကြီးတာ ကိုဝ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ကိုယ့်ကိစ္စ ကိုယ်သိပြီ

ဒါဖြင့် အဲ့ဒီ မီးလောင်ခံရတဲ့ ကိစ္စကို ကိုယ်ကဉာဏ် ကလေးနဲ့ ကြည့်ပြီး သကာလ နေတော့၊ ဪ ကိုယ့်ကိုကိုယ် သိပြီ၊ ကိုယ့်ကိစ္စက ဘာပါလိမ့်ဗျာ (မီးလောင်ခံနဲ့ ကိစ္စဘုရား)။ ကိုယ်သိပြီ၊ သူ့ကိစ္စက ဘယ်လိုများ ဖြစ်နေပါလိမ့် အလောင်ခံရတဲ့ကိစ္စ။

အဲ့ဒီကိစ္စကို ဒကာ ဒကာမတွေ သြော် ခန္ဓာရတဲ့ ကိစ္စဟာ အလောင်ခံရတဲ့ ကိစ္စပါလားလို့ မသိဘူးလား (သိပါတယ်ဘုရား)။ ခန္ဓာရတဲ့ ကိစ္စဟာ (အလောင်ခံရတဲ့ ကိစ္စပါ ဘုရား)။

အလောင်ခံ ရတဲ့ ကိစ္စလို့ ဒကာ၊ ဒကာမတွေ က သိသွားတော့ သြော် ဒီထက်ကြီးတဲ့ ဒုက္ခကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ သုခများ ပါသေးရဲ့လား (မပါပါဘူး ဘုရား)။

ဉာဏ်ချည့်ကျန်နေရစ်တယ်

အဲ့ဒီကဲ့သို့ ကိစ္စဉာဏ်နဲ့ ပိုင်ပိုင် နိုင်နိုင် သိလိုက်ပြန်လို့ရှိ ရင်လည်းတဲ့၊ ဖျတ်ဆို အလောင်ခံတဲ့ ကိစ္စလည်း ရပ်စဲပြီး၊ ဉာဏ်ချည့် ကျန်နေရစ်တယ် (မှန်ပါဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)၊ အလောင်ခံတဲ့ကိစ္စ (ရပ်စဲပါ တယ် ဘုရား)။ ရပ်စဲပြီး ဉာဏ်ကျန် နေရစ်တယ်။

ဉာဏ်ကျန်နေရစ်တဲ့ အခါကျတော့ ဪ အသေ လွတ်သွား ပါပေါ့လား၊ လောင်စာသိမ်း သွားပါပေါ့လား၊ ဒကာ ဒကာမတို့ ဘယ်လို ထင်လာသတုံး (လောင်စာ သိမ်းသွားပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာ

အို ရှေ့ပိုင်းမှာ လောင်စာကလည်းမရှိ၊ မီးကကော (မရှိပါဘုရား)။ ဪ လောင်စာ သိမ်း၍ မီးငြိမ်းတယ် ဆိုတဲ့ ဥစ္စာ နောက်ထပ် မပျောက် ပျက်တာ၊ ပျောက်ပျက်မှု မလာတာကို ဆိုတာ ပါလား (မှန်လှပါ ဘုရား)။ သေချာ မှတ်ပါ၊ သေချာမှတ်ပါ။

ကိစ္စဉာဏ်မှ ကတဉာဏ်သို့ကူးပုံ

ဒကာ ဒကာမတို့ ဒီ ကိစ္စဉာဏ်က နေပြီး သကာလ၊ ကတ ဉာဏ် နည်းနည်း ကူးပုံ ပြောပြ ပါ့မယ်၊ ကိုဝ (မှန်ပါ ဘုရား)။

အလောင်ခံခြင်း ကိစ္စတွေ မြင်နေတုန်း ကတော့ ဘာဉာဏ် တဲ့ (ကိစ္စဉာဏ်ပါ ဘုရား)၊ နောက်ကျ လာတော့ အလောင် ခံတဲ့ ကိစ္စတွေက ရှုလို့ ကိုပဲ မမြင်တော့ဘူး၊ ရှုလို့ မမြင်တော့ ပါဘူး၊ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)၊ မမြင်တော့ သြော် မီးလောင်ခံခြင်း ကိစ္စတွေ သိမ်းပါ ပေါ့လား၊ မထင် ကြဘူးလား (ထင်ပါတယ် ဘုရား)၊ မီးလောင်ခံခြင်း ကိစ္စတွေ (သိမ်းပါတယ် ဘုရား)။

နိဗ္ဗာန်မြင်တာလို့မှတ်လိုက်စမ်း

သြော် မီးလောင်ခံခြင်း ကိစ္စ သိမ်းသွားတဲ့ အခါကျ လို့ရှိရင်ဖြင့်တဲ့ လောင်စာလည်း မရှိဘူးပေါ့၊ မီးလည်း မရှိဘူးလို့ ဉာဏ်က မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ အဲ့ဒါ လောင်စာ သိမ်း၍ မီးငြိမ်းတဲ့ နိဗ္ဗာန် မြင်တာလို့ မှတ်လိုက် စမ်း (မှန်ပါ ဘုရား)။

အဲဒီဉာဏ်ကတော့ ကတဉာဏ်

ဘယ်လို မှတ်ကြမယ် (လောင်စာ သိမ်း၍ မီးငြိမ်း တဲ့ နိဗ္ဗာန် မြင်တာပါ ဘုရား)၊ အဲ့ဒီ ဉာဏ်ကတော့ ကတဉာဏ်၊ ခုနက ကိစ္စတွေ သိနေတဲ့ ဉာဏ်ကတော့ (ကိစ္စဉာဏ်ပါ ဘုရား)။

မောင်နိုင် ဒါ အသေအချာ မှတ်ပါနော်၊ ဒီ နှစ်လုံးနဲ့ အင်မတန် အရေးကြီး နေတယ် ဆိုတာ ဒကာ ဒကာမတွေ တစ်ပွဲလုံး မှတ်စမ်းပါ (မှန်ပါဘုရား)။

ပျောက်ပျောက်၊ ပျောက်ပျောက် သွားတာ လေးတွေမြင် နေတဲ့ ဉာဏ်က ဘာ ဉာဏ်တုံး (ကိစ္စဉာဏ်ပါ ဘုရား)၊

ဪ သန္တာပဋ္ဌ ကိစ္စ သွားမြင်တယ် (မှန်ပါ ဘုရား)၊ အမြဲ အလောင်ခံခြင်း ကိစ္စကို သွားမြင်တော့ တကယ့် ဒုက္ခသစ္စာပဲ၊ ကိုယ့်မှာ ရုပ်နာမ်ပဲ ရှိတယ်၊ ရုပ်မှာလည်း အလောင်ခံပြီး ပျောက်ရ ရှာတယ်၊ နာမ်လည်း (အလောင်ခံပြီး ပျောက်ပါ တယ် ဘုရား)။

အလောင်ခံပြီး ပျောက်သွားတာပဲ ဆိုတော့ ကိစ္စဉာဏ် က ရင့်ကျက်လာပြီ ဆိုပါတော့ဗျာ၊ ရင့်ကျက်လာတော့ ခုနက လောင်စာနဲ့မီး ရှေ့ပိုင်းမှာ မြင်ရသေးရဲ့ လား (မမြင်ရပါ ဘူး ဘုရား)၊ ကိစ္စဉာဏ်က ရင့်ကျက်သွားတဲ့ အခါကျတော့ ဒါကြီး ကိုဖြင့် ဘယ်နည်းနဲ့မှ ရချင်စရာ မရှိဘူး ဆိုတဲ့ ဥစ္စာ မလာ ဘူးလား (လာပါတယ် ဘုရား)။

ကတဉာဏ်ဆိုတဲ့မဂ်ဉာဏ်ပြောင်းသွားတယ်

အဲ ဘယ်နည်းနဲ့မှ ရချင်စရာ မရှိဘူး ဆိုတော့ ဖျတ်ဆို ကိစ္စဉာဏ်က နေပြီး သကာလ၊ ကတဉာဏ် ဆိုတဲ့ မဂ်ဉာဏ် ပြောင်း သွားတယ် (မှန်ပါဘုရား)၊ ပြောင်းသွားတော့ ရှေ့မှာ လောင်စာ သိမ်း၍ မီးငြိမ်းရာ သွားမြင်တယ် (မှန်ပါဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာသွားမြင်သတုံး (လောင်စာ သိမ်း၍ မီးငြိမ်းရာ မြင်ပါတယ် ဘုရား)၊ အဲ့ဒီကျတဲ့ အခါကျတော့ ဘယ်လို ဖြစ်တတ် သတုံးလို့ မေးတဲ့ အခါကျတော့၊ ဒကာ ဒကာမတွေ ဒီအရေးလေး ကြီးတယ်နော်။

“ဟဒယ သုသီလျ မဂ္ဂဒသနေန၊ သန္တာပဋ္ဌော”

ဟဒယ သုသီလျ မဂ္ဂဒသနေန – နှလုံး၌ ငြိမ်းအေးခြင်း သဘောလေး ပေါ်လာသော၊ နှလုံး၌ ငြိမ်းအေးခြင်း၏ အချင်း အရာ၊ နှလုံး၌ ငြိမ်းသော သဘော ဆိုတဲ့ မဂ်ကလေး ပေါ်လာ သောကြောင့်၊ သန္တာပဋ္ဌော – ပူပန်တဲ့ ကိစ္စတွေ ငြိမ်းသွားခြင်း သည်၊ ဟောတိ – ဖြစ်၏။

ခုနက – ရှေ့ပိုင်းက လောင်စာ သိမ်း၍ မီးငြိမ်းကော့ ဝမ်းထဲမှာ မဂ်ကလေးတင် ကျန်နေ တော့ ဪ ဒီမဂ်မို့လို့ အေးတာပဲ၊ ဒီဖိုလ်မို့ အေးတာပဲလို့ ကိုယ့်ဟာကိုယ် သိလာတယ်၊ (မှန်လှပါ ဘုရား)၊ သေချာ စဉ်းစားပြီး နားထောင်ပါ ဒကာ ဒကာမတို့ ဒီအရေးဟာ မသေးလို့ ပြောနေ ပါတယ် (မှန်လှ ပါ ဘုရား)။

အထူးအရေးကြီးလို့မှတ်ပါ

အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် အထူး အရေးကြီး တယ် ဆိုတာ အသေအချာ မှတ်ပါ (မှန်ပါ ဘုရား)။

ကိစ္စဉာဏ်ကနေ ကတဉာဏ် ကူးသွားတဲ့အခါ အေးလာ တယ် (မှန်ပါ ဘုရား)၊ ဘာကြောင့်တုံး ဆိုတော့ လောင်စာ သိမ်း၍ မီးငြိမ်းတာ မြင်လိုက် ရတာကိုး မောင်နိုင်ရ (မှန်ပါ ဘုရား)၊ အရင်တုန်း ကတော့ လောင်စာနဲ့မီး လောင်နေတာကို မြင်ရတယ် (မှန်ပါ ဘုရား)။

အဲ့ဒီတော့ အဲ့ဒီတုန်းကတော့ အမြင်ကောင်းရဲ့လား (မကောင်းပါဘူး ဘုရား)၊ မကောင်းဘူး၊ မကောင်းဘူး၊ မီးလောင်ခံ နေရတာကြီး ကြည့်နေရတယ်၊ မီးလောင်လို့ ပျောက်ပျက် သွားတာကြီးပဲ ကြည့်နေ ရတယ်၊ ဒါ ဦးဘရှင်းက ဘာဉာဏ် ဆိုမယ် (ကိစ္စဉာဏ်ပါ ဘုရား)။

ဉာဏ်ထဲမှာအလိုလိုပေါ်ပါလိမ့်မယ်

နောက်ကျလာတဲ့ အခါကျတော့ ဪ ဒီဒုက္ခ အကြီးဆုံး ပါလား၊ မီးလောင်ခံရတဲ့ ကိစ္စ အကြီးဆုံးပါလား ဆိုတာ ခင်ဗျားတို့ ဉာဏ်ထဲမှာ အလိုလို ပေါ်ပါလိမ့်မယ် (မှန်ပါ ဘုရား)၊ ရင့်ကျက်ပြီး မပေါ်လာပေ ဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ပေါ်လာတဲ့ အခါကျတော့ ဒီခန္ဓာ၊ ဒီရုပ်၊ ဒီနာမ်ဖြင့် ကိုဝ လိုချင် သေးတဲ့ သဘော လာမလား၊ မလိုချင်တဲ့ သဘော လာမလား (မလိုချင်တဲ့ သဘော လာပါတယ် ဘုရား)၊ အဲ့ဒီ မလိုချင်တဲ့ သဘော လာတာဟာ မဂ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)၊ မလိုချင်တဲ့ သဘောလေး လာရင် (မဂ်ပါ ဘုရား)။

အဲ့ဒီ မဂ်လာလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ရှေ့မှာ ဘာတွေတွေ့ ရသတုန်း ဆိုတော့ လောင်စာလည်း မတွေ့ဘူး၊ မီးလည်း မတွေ့တော့ဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ပဲလို့မှတ်လိုက်စမ်းပါ

ဘာတွေ့သတုံး ဆိုတော့ လောင်စာ သိမ်း၍ မီးငြိမ်း သွား တာပဲ အခု တွေ့ရပြီ ဆိုတဲ့ ဥစ္စာ၊ အဲ့ဒါ နိဗ္ဗာန်ပဲလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ ဘုရား)၊ လောင်စာ သိမ်း၍ မီးငြိမ်း သွားတာ (နိဗ္ဗာန်ပါ ဘုရား)။

ဒကာ ဒကာမတွေ ယနေ့ နာရတဲ့ အဓိပ္ပါယ်ဟာ ကိစ္စ ဉာဏ်က နေပြီး ကတဉာဏ် ကူးပုံကို ပြောပါတယ် (မှန်ပါ ဘုရား)၊ ဘယ်ဉာဏ်က ဘယ်ဉာဏ် ကူးပုံ ပြောတာတုံး (ကိစ္စဉာဏ်က ကတဉာဏ် ကူးပုံ ပြောတာပါ ဘုရား)။

ကိစ္စဉာဏ် ရင့်လာရင် ကတဉာဏ်

အဲ့ဒါ ခင်ဗျားတို့ သြော် ဒါဖြင့် ကိစ္စဉာဏ်ကို မှန်မှန် ရှုနေလို့ ရှိရင်ဖြင့်၊ ကိုပေါ်တို့ ကိုဝတို့က ကတဉာဏ်ဟာ ရင့်လာရင် ပေါ်တာပဲ (မှန်ပါ ဘုရား)၊ မရှုဘဲနဲ့တော့ (မပေါ်ပါဘူး ဘုရား)။

မီးငြိမ်းတာမြင်တာ ကတဉာဏ်

ကိစ္စဉာဏ် မရင့်ဘဲနဲ့ (မပေါ်ပါဘူး ဘုရား)၊ ကတဉာဏ် မပေါ်ဘူး၊ ကတဉာဏ်က သူ့ကြည့်လေ၊ ကတဉာဏ် က လောင်စာ သိမ်း၍ မီးငြိမ်းတာ မြင်တာ ကတဉာဏ်၊ လောင်စာနှင့် မီးလောင် နေတာ မြင်တာက ကိစ္စဉာဏ် (မှန်ပါ ဘုရား)၊ ထူးခြားပြီလား (ထူးခြားပါပြီ ဘုရား)။ သေသေချာချာ မှတ်ပါ၊ သေသေချာချာ မှတ်ပါ။

ကိစ္စဉာဏ်က လောင်စာနှင့် မီးလောင်ပြီး သကာလ ပျောက်ပျောက် သွားတာ မြင်တာက (ကိစ္စဉာဏ်ပါ ဘုရား)၊ နောက်ထပ် လောင်စာနှင့်မီး တစ်ခါတည်း တွဲလျက်ကြီး ဆိုပြီး လောင်နေတာ မလာတာ မြင်တာက (ကတဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်နဲ့ကတဉာဏ်တခြားစီ

သြော် ကိစ္စဉာဏ်နဲ့ ကတဉာဏ်နဲ့ တခြားစီပါလား (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘာတုံး (ကိစ္စဉာဏ်နဲ့ ကတဉာဏ်ဟာ တခြားစီပါ ဘုရား)၊ ကိစ္စဉာဏ်နဲ့ ကတဉာဏ် တခြားစီနော် (မှန်ပါ ဘုရား)။

ကတဉာဏ်ဆိုသော ကိစ္စပြီးတဲ့ဉာဏ်

လောင်နေတာ မြင်တာက (ကိစ္စဉာဏ်ပါ ဘုရား)၊ လောင်တာ မရှိတာကို မြင်တာက (ကတဉာဏ်ပါ ဘုရား)၊

ဪ ဒါဖြင့် ကတဉာဏ် ဆိုတာက ကိစ္စပြီးတဲ့ ဉာဏ် (မှန်ပါ ဘုရား)၊ အလုပ်လုပ်နေတဲ့ ဉာဏ်က ကိစ္စဉာဏ် (မှန်ပါ ဘုရား)၊ ကိုဝ ဘာတဲ့တုံး၊ အလုပ်ပြီး သွားတာကို မြင်တဲ့ ဉာဏ်က (ကတဉာဏ်ပါ ဘုရား)။

ဪ ဒါဖြင့် လောင်စာနှင့် မီးလောင် နေတာ မြင်တဲ့ ဉာဏ်က ဝမ်းထဲမှာ မြင်တဲ့ ဉာဏ်က၊ ဘာဉာဏ်တဲ့ (ကိစ္စ ဉာဏ်ပါ ဘုရား)၊ နောက်ကျတော့ မလိုချင်တဲ့ အခါကျတော့ လောင်စာနှင့် မီးဟာ ရှိသေးသလား (မရှိပါဘူး ဘုရား)၊ မရှိတာကို မြင်တဲ့ ဉာဏ်ကတော့ ဘာဉာဏ် ဆိုကြမတုံး (ကတဉာဏ်ပါ ဘုရား)။

အဲ့ဒီတော့ကိုတဲ့ ဥပမာပြမယ် ဘုန်းကြီးတို့ကနော် ဥပမာပြပါ့မယ် ဒကာ ဒကာမတို့၊ ဒကာကြီးလှိုင် အသေအချာ မှတ်စမ်းပါ (မှန်ပါဘုရား)၊ ဥပမာပြပါ့မယ်တဲ့။

ဒွန်းစဏ္ဍားဥပမာ

ဥပမာ ပြတော့ကို သုဿန်ထဲမှာ နေတဲ့ ဒွန်းစဏ္ဍာလေး တွေကို မောင်နိုင် ဥပမာ ပြရမယ် (မှန်ပါ ဘုရား)၊ ဒွန်းစဏ္ဍား တွေဟာ နန်းတော် အိမ်တော် မရောက်ဖူး ဘူးနော်။

သုဿန်ထဲ မွေးပြီး သုဿန်ထဲ ကြီးရ ရှာရတယ်။ သို့သော် သူတို့မှာတော့ ဒီနေရာမွေး၊ ဒီနေရာကြီး ဆိုတော့ သူတို့ အရေး က မြေတူး ရမယ်၊ တချို့ မီးရှို့ချင်တဲ့ အလောင်း လာလို့ ရှိရင် မီးရှို့ ပေးရမယ်၊ ဒါ သူတို့ ကိစ္စလို့ မဆိုနိုင်ပေဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

ကြောက်ခြင်းလန့်ခြင်းမရှိတော့

အဲ့ဒါတွေချည့် လုပ်နေတော့ သူတို့မှာတော့ ရိုးရာ ဖြစ်နေ တော့ ကြောက်ခြင်း၊ လန့်ခြင်း၊ ရွံ့ခြင်း ရှိသေးရဲ့လား (မရှိပါ ဘူး ဘုရား)၊ မလာမှာပဲ စိုးနေတယ် (မှန်ပါ ဘုရား)၊ မလာရင် ငွေဝင် နည်းတယ် (မှန်ပါ ဘုရား)။

မလာရင် (ငွေဝင် နည်းပါတယ် ဘုရား)၊ အဲ့ဒီ တော့ မလာရင် ငွေဝင်နည်းပြီး သကာလ နေတော့၊ မောင်နိုင် သူတို့ကတော့ဖြင့် မီးရှို့ နေရတဲ့ ကိစ္စဟာ သူတို့ ကိစ္စဟာ အကြိုက် ဖြစ်နေတယ် (မှန်ပါ ဘုရား)၊ ငိုသံကြားရင် သူတို့ ဘာတုံး (အကြိုက် ဖြစ်နေပါတယ် ဘုရား)။

ငိုသံကြားရင်ဝမ်းသာတယ်

ဟိုကဖြင့် ငိုသံ အတော်များပြီဟေ့၊ လူစုပြီး ဆွေကြီး မျိုးကြီး သေတာနဲ့ တူတယ်လို့ ကြားလို့ ရှိရင် ဒီ ဒွန်းစဏ္ဏားက ဝမ်းသာတယ် (မှန်ပါဘုရား)၊ ဘာကြောင့်တုံး ဆိုလို့ ရှိရင်ဖြင့် မသာကြီးချ ဆိုလို့ ရှိရင်ဖြင့် ကွမ်း၊ ဆေး၊ လက်ဖက် အစရှိသည် တို့ ပေါလိမ့်မယ်၊ ကျင်းတူးခ၊ မီးရှို့ခ ဆိုသလို ငွေများ လိမ့်မယ်ဆို ပြီး သကာလ၊ မသိခင်တုန်း ကတော့ဖြင့်၊ သူ့ကိစ္စ ဒွန်းစဏ္ဍား အလုပ်ကို ဒွန်းစဏ္ဍား အလုပ်လို့ မသိခင်တုန်းကတော့ ဒါတွေ လာလေ ပျော်ပါး ကောင်းလေ (မှန်ပါ ဘုရား)။

ဘယ်နှယ့်တုံး (ဒါတွေ လာလေ ပျော်ပါး ကောင်းလေ ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒွန်းစဏ္ဍားပျော်

ဒီမှာလဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နဂိုတုန်းက တော့ဖြင့် ဒီခန္ဓာ ကိုယ်ကြီးဟာ အသုဘ၊ ဒုက္ခမီး လောင်နေတာ၊ ခဏ ခဏ မီးရှို့ နေရတာပဲ၊ သို့သော် မသိခင် တုန်းကတော့၊ လူ့ဘဝ အရတော်သေးရဲ့၊ သားနဲ့ သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့ တော်သေးရဲ့ ဆိုတော့ ခင်ဗျားတို့ ပျော်နေတာ သည်ကား ဒွန်းစဏ္ဍားပျော်ပဲ (မှန်ပါ ဘုရား)။

ကိုယ့်ဟာလေးနဲ့ ကိုယ် ပျော်နေတဲ့ အပျော်ဟာလေ (မှန်ပါ ဘုရား)၊ ဘာပြုလို့တုံး ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့ အတိုင်းတဲ့၊ အဝိဇ္ဇာက ဖုံးပြီး သကာလ ထားတဲ့ အခါကျတော့ ကိစ္စ ဉာဏ်က မဝင်သာဘူး (မှန်ပါ ဘုရား)။

ကိစ္စဉာဏ် မဝင်လာတော့ တဏှာက ကိုဝ၊ ဒွန်းစဏ္ဍာ ပျော် ပျော်နေတယ် (မှန်ပါ ဘုရား)၊ ဒီ အသုဘခန္ဓာ ကိုယ်ကြီး ရနေတာ ဘယ်နှယ့် ဖြစ်နေသတုံး (ပျော်နေပါ တယ် ဘုရား)၊ အသုဘ ခန္ဓာကြီး လောင်နေတာ မြင်လိုက်ပြန်ရင် လည်း (ပျော်နေပါတယ် ဘုရား)။

အင်း လောင်နေတာ မြင်လိုက် ပြန်တော့ မီးရှို့ခဆို တော့ ပိုရတယ်ကွ ဆိုပြီး သကာလ ဒီလို ပျော်နေတယ် (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒွန်းစဏ္ဍားအိမ်

ခန္ဓာကိုယ်ကြီး အကြောင်း မသိခင်တုန်း ကပေါ့ဗျာ (မှန်ပါ)၊ နောက်ကျ လာတဲ့ အခါ ကျတော့ ဒွန်းစဏ္ဏား သည်ကား ဆိုရင်၊ သူ့အိမ် သူ့ရာ ကြည့်ပြန် တော့လည်း ဦးဘရှင်းရေ၊ တလား ပျက်တို့ လောင်တိုက် ပျက်တို့ ခေါင်းစင်တို့နဲ့ ကာရံထား တာတွေ (မှန်ပါ ဘုရား)၊ သူ့အိမ် ကလည်း ကျက်သရေ ရှိရဲ့လား (မရှိပါဘူးဘု ရား)၊ သူလုပ် နေရတဲ့ အလုပ်ကကော (ကျက်သရေ မရှိပါ ဘုရား)။

မရှိပေမယ့် လည်း သူပျင်း သလား၊ ပျော်သလား မေးတော့ (ပျော်ပါတယ် ဘုရား)၊ ကိုင်း ကိုဝ၊ သူ့ဟာနဲ့သူ ပျော်နေတာ ပေါ်ပြီလား သိပျော်လား၊ မသိပျော်လား (မသိပျော်ပါ ဘုရား)။

မီးလောင်နေတာမသိလို့

ဒီမှာလည်း ဒကာ ဒကာမတွေမှာတဲ့ ကိစ္စဉာဏ် မရခင် တုန်းက ကိုယ့်သားနဲ့ သမီးနဲ့၊ ကိုယ်ကလည်း ကျန်းကျန်း မာမာနဲ့ ခုနက မီးလောင် လောင်နေတာကို မမြင်ဘဲ ကိုးဗျ (မှန်ပါ ဘုရား)။

မမြင်တော့ ပျော်မနေ ဘူးလား (ပျော်ပါတယ် ဘုရား)၊ ဟ ! ဘာပျော်ပါလိမ့်မတုံး မေးရင် (ဒွန်းစဏ္ဍား ပျော်ပါ ဘုရား)၊ ဒွန်းစဏ္ဏားပျော်၊ မသိလို့ ပျော်တာ (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

မသိလို့ပျော်ရှာတာ

ဘာပျော်ပါလိမ့် (ဒွန်းစဏ္ဏားပျော်ပါ ဘုရား)၊ သူတို့မှာ မီးရှို့ နေရတာကို အပျော်ကြီးကိုဗျ (မှန်ပါ ဘုရား)၊ တလားပျက်၊ လောင်တိုက်ပျက် အိမ်ဆောက် နေရတာ ကိုကော (ပျော်ပါတယ် ဘုရား)။

မြေပုံပေါ် ကစား နေရတာ ကိုကော (ပျော်ပါ တယ် ဘုရား)၊ ဘာကြောင့်တုံး လို့ မေးတဲ့ အခါကျတော့ မသိလို့ ပျော်ရှာတာ (မှန်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

မီးလောင်ခံနေရတာ ပျော်နေတယ်

ကိစ္စဉာဏ် မရသေးတော့ မောင်နိုင်၊ ဒီ ဒကာ ဒကာမတွေ ကိုယ်ရတဲ့ ဘဝကလေးမှာ ကိုယ်ပျော်ပြီး သကာလ နေတာသည်၊ ခဏခဏ မီးလောင် ခံနေရတဲ့ ကိစ္စကြီးကိုပဲ သူ့မှာ ပျော်နေတယ် (မှန်ပါ ဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒွန်းစဏ္ဍား ပျော် ဆိုတာ နာစရာ ရှိရဲ့လား (မရှိပါဘုရား)၊ သဘောပါ ကြပြီလား (ပါပါပြီ ဘုရား)။

နောက်ကျတော့ ကတဉာဏ်ဘက် ကူးသွားတော့ ဒကာ ဒကာမတို့၊ နန်းတော် အိမ်တော်ကြီးကို သူမျက်စိ လည်ပြီး ရောက်သွားတဲ့ အခါကျတော့မှ၊ သူ တလားပျက်၊ လောင်တိုက် ပျက်တွေကို သူ အရုပ်ဆိုးမှန်း သူ မသိပေဘူးလား (သိပါတယ်)၊ မြို့နန်းတော် အိမ်တော်ထဲ ရောက်သွားတဲ့ အချိန် ကျတော့လေ (မှန်ပါ ဘုရား)။

ဒွန်းစဏ္ဏားအိမ်နှင့်နန်းတော်

သူ့မှာ စားရတာလည်း ကူတို့ခနဲ့ စားရတယ်၊ မြေတူးစား ရတယ်၊ ကွမ်းဆေး လက်ဖက် ကလည်း အကျန် အကြွင်းတွေ စားရတယ်၊ အိမ်ဆောက် နေရပြန်လည်း တလားပျက် လောင် တိုက်ပျက်တွေ နဲ့ ဆိုတာ၊ ခုနက နန်းတော် အိမ်တော် ရောက်သွားတော့မှ ကိုယ်ကျိုး နည်းပဟေ့ ဆိုတာ သူ့ဟာသူ သိတယ် (မှန်ပါ)။

ဒီမှာလည်း ကိစ္စဉာဏ် က နေပြီး ခုနက လောင်စာ မီးငြိမ်း တာ မြင်လိုက်တဲ့ အခါ ကျတော့မှ၊ ကိုဝရေ နန်းတော် အိမ်တော် ရောက်သွားတာကိုး (မှန်ပါ)၊ သူနေခဲ့တာတွေ ကျက်သရေ ရှိတယ်လို့ ယူသေးရဲ့လား (မယူပါ ဘုရား)။

ငိုသံကြားရင်ပျော်သေးရဲ့လား

ခုနက ငိုသံကြားနဲ့ ပျော်သေးရဲ့လား (မပျော်ပါ)၊ ပြောင်း မသွား သေးဘူးလား (ပြောင်းသွား ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဉာဏ်က ဘယ်ဉာဏ် ပြောင်းပုံကို ဥပမာ ပေးတာလဲ ဆိုတာကော ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဉာဏ်က ဘယ်ဉာဏ်ပါလိမ့် (ကိစ္စဉာဏ်က ကတဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်တုန်း ကတော့ အလောင်ခံ နေရတဲ့ ကိစ္စသာ သူသိတယ်၊ ဒါ ထုံးစံပဲ ခုရမှာပဲ ဆိုတာသာ သိတယ် (မှန်ပါ့)၊ မသိဘူးလား (သိပါတယ်ဘုရား)။

လောင်ခြင်းကိစ္စကို မြင်အောင် ကြည့်နေရတာ ကိုးဗျ (မှန်ပါ)။

နောက်တော့ ဒီ မြင်ဖန်များလာတဲ့ အခါကျလို့ ရှိရင် ဒီ အဖြစ်ကိုဖြင့် လိုပဲ မလိုချင်ပါဘူး၊ ဒီကိစ္စလောက် ဆိုးဝါးတာ လည်း ရှာမတွေ့ပါဘူး၊ ဒီကိစ္စမျိုးဖြင့် မကြုံချင် တော့ပါဘူး ဆိုတဲ့ ဉာဏ်လာ တော့၊ ခုနက လောင်စာသိမ်း မီးငြိမ်းတဲ့ ဆီကို ဉာဏ်က မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်သွားတဲ့ အခါကျတော့မှ နန်းတော် အိမ်တော် ရောက်သွားတော့၊ ကိုယ့်ဟာတွေ ပြန်လွမ်းသေးရဲ့လား (မလွမ်း ပါ ဘုရား)။

ကတဉာဏ်ကျမှ အဖိုးတန်သွားတယ်

အဲ ကိစ္စဉာဏ်တုန်းက အသိနည်း သေးလို့ (မှန်ပါ)၊ ကတဉာဏ်ကျမှ အဖိုးတန် သွားတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကိစ္စဉာဏ် တုန်း ကတော့ (အသိနည်းပါ သေးတယ်)၊ ကတဉာဏ် ကျတော့ (အဖိုးတန် ပါတယ်)၊ အသိဆုံးပြီ ကိုးဗျ (မှန်ပါ)၊ ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ကိစ္စဉာဏ် မပါဘဲနဲ့လည်း ကတဉာဏ် ဆိုတာ မပေါ်နိုင်ဘူး (မှန်ပါ)၊ ပေါ်နိုင် ပါ့မလား (မပေါ်နိုင် ပါ ဘုရား)။

ကိုယ်လုပ်နေတဲ့ အလုပ်ကို၊ မီးလောင်ခံနေရတဲ့ ကိစ္စကြီး ကို ဒကာ ဒကာမတွေ ဖြိုင်ဖြိုင် သိပါမှ မီးလောင်တာသည်ကား လို့ဆိုရင်၊ ဒုက္ခအစစ်ကို ပိုင်ပိုင်နိုင်နိုင် သိတော့မှ၊ ဒီအဖြစ် ဟာဖြင့် အဆိုးဝါးဆုံး ဒုက္ခပဲလို့ ဉာဏ်ထဲမှာ ရင့်လာတော့မှ မီးလောင်တဲ့ ကိစ္စက ရုပ်သိမ်း သွားတယ် (မှန်ပါ)။

ရုပ်သိမ်းသွားတော့ ဘာဖြစ်သတုံး မေးတော့၊ ဘာမြင် ရသတုံး မေးတော့ လောင်စာသိမ်း၊ မီးလည်း ငြိမ်းတာ သွားမြင် တယ် (မှန်ပါဘုရား)။

လောင်စာလည်းသိမ်း၊ မီးလည်းငြိမ်း

လောင်စာလည်းသိမ်း မီးလည်းငြိမ်းတာ သွားမြင်တာ က၊ ကိုယ့်ခန္ဓာ သွားမြင်တယ် (မှန်ပါ)။

ကိုယ့်ခန္ဓာထဲမှာ လောင်စာကော တွေ့သေးရဲ့လား (မတွေ့ပါ)၊ မီးကော (မတွေ့ပါ ဘုရား)။

အဲ မီးသိမ်းတာက နောက်က ကိလေသာ သေတာ၊ လောင်စာ သိမ်းတာတွေက ရုပ်ရှုရင် ရုပ်ချုပ်တာ (မှန်ပါ)၊ နာမ်ရှုရင် (နာမ်ချုပ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

မီးသိမ်းတာက၊ နောက်က မဂ္ဂသစ္စာက ဒိဋ္ဌိ ဝိစိကိစ္ဆာ ဆိုတဲ့ မီးတွေ သိမ်းပစ် လိုက်တာ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီဘုရား)။

အင်း ရှေ့မှာ ဖြစ်ပျက် ဒုက္ခတွေ မတွေ့တာက လောင်စာ သိမ်းတာ (မှန်ပါ)။

ရှေ့မှာ ဖြစ်ပျက် မတွေ့တာက (လောင်စာ သိမ်းတာ ပါဘုရား)။

နောက်က တဏှာ ဒိဋ္ဌိ မလာတာ (ကိလေသာငြိမ်း တာပါ)၊ မီးသိမ်းတာ၊ မီးငြိမ်းတာ၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ရှေ့ပိုင်းဖြစ်ပျက် မရှိတာက (လောင်စာ သိမ်းတာ ပါ)၊ လောင်စာ သိမ်းတာ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အင်း ကိလေသာ မီးတွေကကော၊ နောက်ပိုင်းက ငြိမ်းတာ ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ကတဉာဏ်ကျမှမြင်တယ်

အဲဒါ ဘယ်ဉာဏ်ကျမှ ဒီ လောင်စာ သိမ်း၍ မီးငြိမ်းတာ ဆိုတာ မြင်ရမလဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘယ်ဉာဏ် ကျမှလဲ (ကတဉာဏ် ကျမှပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်က လောင်စာနဲ့ မီးလောင် နေတာကို မြင်တဲ့ ဉာဏ်သည် ဘာဉာဏ်တုံး (ကိစ္စဉာဏ်ပါ ဘုရား)။

ရှင်းကြပြီနော် (မှန်ပါ)၊ လောင်စာနဲ့ မီးလောင်နေ တာ မြင်ရတာသည် (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်၊ သို့သော်လည်း သူလည်း တဏှာတော့ သတ်ပါတယ်၊ ဒိဋ္ဌိကော (သတ်ပါ တယ်)၊ သူ့ဟာသူ လောင်နေတာ သေသေချာချာ မြင်ပေါ့ကိုးဗျ (မှန်ပါ)။

အဲဒီတော့ သူရင့်လာတဲ့ အခါကျလို့ရှိရင် ဒီအဖြစ်မျိုး ကြုံ ချင်သေးရဲ့လား (မကြုံချင်ပါ ဘုရား)။

အဲ မကြုံချင်တဲ့ အချိန်ဉာဏ် ရင့်လာလို့ မကြုံချင် တာသည် ကိစ္စဉာဏ် ရင့်တယ် (မှန်ပါ)။

ဖြစ်ပျက်လဲရှာမတွေ့တော့ဘူး

ရင့်နိုင်သရွေ့ ရင့်လို့၊ ရှုဖန်များလို့ ရင့်သွားတဲ့ အခါကျ တော့ လောင်စာ ကကော မြင်သေးရဲ့ လား (မမြင်ရပါ ဘုရား)၊ ဖြစ်ပျက်လည်း ရှာမတွေ့ဘူး (မှန်ပါ)၊ နောက်က ဒိဋ္ဌိ ဝိစိကိစ္ဆာကကော (ငြိမ်းပါတယ် ဘုရား)။

ဒါဖြင့် အဲဒါကတော့ ဘယ်လို ဆိုကြ မတုံးလို့ မေးတော့ ကိုယ့်သန္တာန်မှာ လောင်စာလည်း သိမ်း၍ ကိုယ့် ကိလေသာမီး ငြိမ်းတာ (မှန်ပါ)။

ကိုယ့်သန္တာန်မှာ (လောင်စာ သိမ်း၍ မီးငြိမ်းပါတယ်)၊ လောင်စာ သိမ်းပြီ (မှန်ပါ)၊ ဒီဉာဏ်က နေပြီး ဖြတ် လိုက်တာ နောက်ပိုင်းက မီးတွေကကော (ငြိမ်းသွားပါတယ် ဘုရား)။

ရှေ့ပိုင်းက လောင်စာ သိမ်းတယ်၊ နောက်ပိုင်းက (မီးငြိမ်း သွားပါတယ် ဘုရား)။

မီးငြိမ်းတာ ကိုတဲ့၊ ဒကာ ဒကာမတွေ ခုနက ဉာဏ် ကလေးက မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

မြင်ရတဲ့ အခါကျတော့ ဖြစ်ပျက်တွေ မရှိဘူး ဘုရား ချုပ်သွားပြီ၊ ဘာမှကို တပည့်တော်ဖြင့် မတွေ့ဘူး ဆိုတော့မှ ဒွန်းစဏ္ဏား ဘဝ ကျွတ်သွားတယ် (မှန်ပါ)၊ နန်းတော်၊ အိမ်တော် မြင်ရပြီကွ (မှန်ပါ)။

ဒကာ ဒကာမတွေ ကိန်းရာ ဌာန ဖြစ်တဲ့ နိဗ္ဗာန်ကြီးကို (မြင်ရပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာတုံး

အဲဒါကြောင့် ယနေ့ဟောတဲ့ တရားမှာ နိဗ္ဗာန် ဆိုတာ ဘာတုံးလို့ မေးတဲ့ အခါကျမှ လောင်စာ သိမ်း၍ မီးငြိမ်းတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန် ဆိုတာ မြို့ကြီးလား ပြကြီးလား မေးရင် ဘယ့်နှယ် ဖြေကြမလဲ (လောင်စာ သိမ်း၍ မီးငြိမ်းတာပါ ဘုရား)။

ဒါဖြင့် လောင်စာနဲ့ မီးလောင် နေတာမှ ကိစ္စဉာဏ် မရဘဲ နဲ့ ကိုပေါ် ကိုဝ တို့က လောင်စာ သိမ်း၍ မီးငြိမ်းတာကို ဘယ့်နှယ်နည်း ရောက်မလဲ (မရောက်ပါ ဘုရား)။

သူ့ကို ရွံ့မုန်းပြီး သကာလ၊ မလိုချင်မှ ဟိုဘက်ရမှာ (မှန်ပါ)၊ ကတဉာဏ်က ပေါ်မှာ (မှန်ပါ)။

ဒါဖြင့် ကိစ္စဉာဏ် မပေါ်ဘဲနဲ့ ငါ နိဗ္ဗာန် ရခဲ့တယ် ဆိုလို့ရှိ ရင်ဖြင့် ကိုပေါ် ကိုဝ ယုံကြမလား (မယုံပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဖြစ်ပျက်နေတာ ကိစ္စဉာဏ်လုပ်နေတာ

အဲဒီတော့ ခင်ဗျားတို့ အလုပ်လုပ်နေတဲ့ ဖြစ်ပျက် ရှုနေတာ၊ ကိစ္စဉာဏ် လုပ်တယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။

ခင်ဗျားတို့ အလုပ်လုပ်နေတာ (ကိစ္စဉာဏ် လုပ် နေတာပါ ဘုရား)။

ကိစ္စဉာဏ် လုပ်နေတာ (မှန်ပါ)၊ တစ်နေ့လည်း ဘုရား ဒီဖြစ်ပျက်ပဲ ဖြစ်လိုက် ပျောက်သွား တာပဲ မြင်နေ တာပဲ၊ ဖြစ်လိုက် ပျောက်သွားတာပဲ၊ မြင်တာပဲ၊ ဒီ ဖြစ်ပျက်ပဲ ဉာဏ်အောက် ကကို မထွက်သေးပါဘူး ဆိုတဲ့ ဥစ္စာ၊ ကိစ္စဉာဏ် မရင့်သေးဘူး (မှန်ပါ)၊ ကိစ္စဉာဏ်ကို မြင်နေ တာပဲ (မှန်ပါ)။

နောက်ကျ လာတော့ မြင်ဖန် များပြီး သကာလ၊ လာတဲ့ အခါကျတော့ ဦးဘရှင်းရေ ဒီလောင်စာ သိမ်း၍ မီးငြိမ်း ချင်တဲ့ စိတ်ဟာ ပေါ်မလာ ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်လာတဲ့ အချိန်ကျတော့ ခုနက လောင်စာနဲ့ မီးတွေ သည် ငြိမ်းချင်တဲ့ သဘောလည်း ပေါ်ပါရော၊ ဖျတ်ဆို ဖြစ်ပျက် ချုပ်တာပဲ (မှန်ပါ)။

ဖြစ်ပျက် ချုပ်သွားတာကို သူ မမြင်ရဘူးလား (မြင် ရပါတယ်)၊ ရှုတဲ့ ဉာဏ်ကတော့ အစဉ်အတိုင်း မြင်ရမှာပဲ (မှန်ပါ ဘုရား)။

ကိစ္စဉာဏ်ရှေ့သွားပြီးမှကတဉာဏ်

အဲဒီ မြင်တဲ့ ဉာဏ်သည် ကတဉာဏ် (မှန်ပါ)၊ မီး လောင်နေတာ မြင်တဲ့ဉာဏ်က (ကိစ္စဉာဏ် ပါ)၊ လောင်စာ သိမ်း၍ မီးငြိမ်းတာ မြင်တဲ့ဉာဏ်က (ကတဉာဏ်ပါ ဘုရား)။

ဒါဖြင့် တရား တစ်ပွဲလုံးပဲ ယနေ့ အင်မတန် အဖိုးတန်တဲ့ စကား နှစ်လုံးတည်းပဲ သုံးပါတယ် (မှန်ပါ့)၊ ဖြစ်ပျက် မြင်တာသည် (ကိစ္စဉာဏ်ပါ)၊ ဖြစ်ပျက်ဆုံး သွားတာ မြင် တာသည် (ကတဉာဏ် ပါ ဘုရား)။

ဪ ဒါဖြင့် ကိစ္စဉာဏ်ရှေ့သွားရှိမှ ကိုဝ ကတဉာဏ် လိုက်မယ် (မှန်ပါ)။

နောက်က ဒကာ ဒကာမတွေ (ကိစ္စဉာဏ် ရှေ့ သွားပြီးမှ ကတဉာဏ် လိုက်ပါမယ် ဘုရား)။

ကိစ္စနှင့်ကတ ဝေးသလား

ဒါဖြင့် ကိစ္စနဲ့ ကတ ဝေးသလားလို့ မေးတော့ ဦးဘရှင်း က ဘယ့်နှယ်ဖြေမလဲ (အနီးပါ ဘုရား)၊ အနီး ကလေး။

အဲဒါကြောင့် ဘုရားက သံယုတ် ပါဠိတော်ကျတော့

“ယဿာ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိသဿဝါ။

သဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေဝ သန္တိကေ။”

နိဗ္ဗာနဿဝ =နိဗ္ဗာန်၏ သာလျှင်၊ သန္တိကေ= ကိစ္စဉာဏ် ရလို့ရှိရင်ဖြင့် အနီးကလေးကွာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိစ္စဉာဏ် ရရင် (အနီးကလေးပါ ဘုရား)၊ ဒါဖြင့် ကိစ္စဉာဏ် ဆိုတာ ခင်ဗျားတို့ ရှုနေတဲ့ ဖြစ်ပျက် (မှန်ပါ)၊ ကတဉာဏ် ဆိုတာသည် ခင်ဗျားတို့ ရှုနေတဲ့ ဖြစ်ပျက်ဆုံး တာကို မြင်တဲ့ ဉာဏ်ဟာ (ကတဉာဏ်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။