292

ကိုယ့်စိတ်ကိုသာ နိုင်အောင်ထိန်းပါ

အသံဖိုင်ခေါင်းစဉ်= ရှေ့သွားခေါင်းဆောင်စိတ် တရားတော်

စာအုပ်ခေါင်းစဉ်= ကိုယ့်စိတ်ကိုသာ၊ နိုင်အောင်ထိန်းပါ

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုက်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသောတရားတော်

ကိုယ့်စိတ်ကိုသာ၊ နိုင်အောင်ထိန်းပါ

(သားကောင် ခြောက်ကောင်)

(၃၀-၉-၆၂)

တရားအားထုတ်ကြတယ်ဆိုတဲ့ဥစ္စာ ကိုယ့်စိတ်ကို ကိုယ် နိုင်ပြီး သကာလ၊ ဒီစိတ်ကို ငြိမ်အောင် ထိန်းတဲ့ အလုပ်ပဲ။ (မှန်ပါ့)

ကိုယ့်စိတ်ကိုသာ နိုင်အောင်လုပ်ပါ

ကိုယ့်စိတ်ကလေးသာ ကိုယ်နိုင်အောင်လုပ်။ လုပ်လို့ ဒီစိတ်ကို နိုင်လို့ငြိမ်ပလားဆိုလို့ရှိရင် ကိုယ်ခိုင်းချင်တဲ့ဆီကို ခိုင်းတဲ့အလုပ်ဟာတဲ့၊ ဒါတရားအားထုတ်တဲ့ အလုပ်ပဲ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်တုံးဆိုတော့ “စိတ္တေန နိယျတေ လောကေ” တဲ့ လောကော= လောက ကြီးကို။ စိတ္တေန = စိတ် သည်။ နိယျတေ = ဆောင်အပ်၏ တဲ့။

‘‘စိတ္တနေ ပရိကဿတိ’’ စိတ်ကပဲ ပြုပြင်တယ်တဲ့။ ‘‘စိတ္တဿ ဧကဓမ္မဿ’’ = စိတ်ဆိုသော တစ်ခုသော တရား၏ ဝသံ = အလိုနိုင်ငံသို့။ ‘‘သဗ္ဗေဝ ဝသမနွဂူ’’ =အလုံးစုံသော သတ္တဝါတို့ဟာ စိတ်အလိုလိုက်ကြရတယ်။ စိတ်ဆောင်တဲ့ဆီ ရောက်သွားကြတယ် (မှန်ပါ့)။

၁။ စိတ်ကခေါင်းဆောင်တယ်

စဉ်းစားကြည့်ပါတဲ့။ စိတ်ဆိုတာသည်ကားလို့ ဆိုလို့ ရှိရင် သူဆောင်တဲ့ဆီကိုကျန်တဲ့ ရုပ်နာမ်က လိုက်ရတယ် (မှန်ပါ့) စိတ်က ခေါင်းဆောင်၊ ကျန်တဲ့ ရုပ်နာမ်က နောက်လိုက်လို့ မှတ်ထား စမ်းပါနော် (မှန်ပါ့)။

စိတ်ကဘာတုံး (ခေါင်းဆောင်ပါ) ကျန်တဲ့ ရုပ်နာမ်က (နောက်လိုက်ပါ ဘုရား)။

နောက်လိုက်ဖြစ်တော့ကို ဒီစိတ်ကိုမနိုင်တော့ဘူး ဆိုတော့ကို ခက်တယ် တဲ့။ ဒီစိတ်ကို မနိုင်တော့ဘူး ဆိုတော့ကို ဘာဖြစ်သွားမလဲ လို့ မေးတဲ့အခါကျတော့ “ပါပသ္မိံ ရမတိ မနော”တဲ့ ဘုရားက။ ပါပသ္မိံ =မကောင်းမှု၌။ မနော =စိတ်သည်။ ရမတိ =မွေ့လျော်၏။

စိတ်ကလည်း မကောင်းမှုမှာဘဲ မွေ့လျော်တယ် ဆိုတော့ သူကလည်း ခေါင်းဆောင် နေသေးတယ်။ ခေါင်းဆောင်တဲ့ တရားကလည်း မကောင်းမှု၌ မွေ့လျော်တယ်ဆိုတော့ သူ့နောက် လိုက်ရတဲ့ ပုဂ္ဂိုလ်တွေက ကျွမ်းထိုး မှောက်ခုံချည်း ဖြစ်နေတယ် (မှန်ပါ့)။

ဒါကြပ်ကြပ် သတိထားပါဆိုတာကို သတိပေးနေ တယ် (မှန်ပါ့) ခုနင်ကပါဠိကို သံယုတ် ပါဠိတော်လို့ မှတ်ပါ (မှန်ပါ့)။

‘‘စိတ္တေန နိယျတေ လောကော၊

စိတ္တေန ပရိကဿတိ။

စိတ္တဿ ဧကဓမ္မဿ၊

သဗ္ဗေဝ ဝသမန္တဂူ။’’(သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ၃၆)

စိတ်နောက် အကုန်လိုက်ကြတယ်တဲ့ သမ္ပယုတ္တဓမ္မ တွေကော၊ ရုပ်တွေကော (မှန်ပါ့)။

ဒီစိတ်ကလဲ၊ တစ်ခါများသောအားဖြင့် “ပါပသ္မိံ ရမတိ မနော”တဲ့။ မနော =စိတ်သည်။ ပါပသ္မိံ =မကောင်းတဲ့ အာရုံ၌။ ရမတိ =မွေ့လျော်၏ ဆိုထားပြန်တော့ သူဆွဲဆောင် ရာလည်း လိုက်ရ သေးတယ်။ သူကလည်း မကောင်းဆီဘဲ မွေ့လျော်သေးတယ်ဆိုတော့ မောင်သစ်တို့၊ ဘယ်မှာ သတ္တဝါ ကောင်းစားတယ် ရှိနိုင်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ပါဠိတော်နှစ်ခုစပ်ဟောထားတာ

ဒါ နှစ်ခုစပ်ဟောတယ်လို့ မှတ်ပါ။ ဓမ္မပဒပါဠိတော်နဲ့ သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် နှစ်ခုစပ်ပြီး ကြည့်လိုက်တော့ကို၊ နှစ်ခု စပ်ပြီး ကြည့်လိုက်တဲ့အခါကျတော့ ခေါင်းဆောင်တာက မောင်သစ် ဘယ်သူပါလိမ့် (စိတ်ပါ ဘုရား)။

သူက ဘယ်နေရာ မွေ့လျော်တတ်သတုံး မေးပြန်တော့ ဘယ့်နှယ်ဖြေမတုံး (မကောင်းမှု၌ မွေ့လျော်တတ်ပါတယ် ဘုရား)။

ဒါ သွားရော မောင်သစ်။ ခေါင်းကလည်း ဆောင် ပြန်။ မကောင်းမှု၌လည်း မွေ့လျော်တတ်တဲ့ သဘောရှိပြန်တော့ ကို – တဲ့၊ ဒါဟာ ဒကာဒကာမတွေမှာ ဒီစိတ်တစ်လုံး မနိုင်လို့ရှိရင် ဦးတင်- ဒုက္ခရောက်တော့မယ် ဆိုတာ သေချာပြီးသား မှတ် (မှန်ပါ့) ရှင်းကြရဲ့ လား (ရှင်းပါတယ် ဘုရား)။

၂။ စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်တယ်

စိတ်တစ်လုံးမနိုင်ရင် သေချာပြီးသား မှတ်ရမယ်ဆိုတဲ့ ဥစ္စာ အဓိပ္ပာယ်ရှင်းကြပါ နော် (မှန်ပါ့)။

လောကကြီး ဘယ်သူက ဆောင်နေသတုံး (စိတ် က ဆောင်နေပါတယ် ဘုရား) စိတ်ကလည်း ဘယ်လှည့်သွား သလဲ (မကောင်းမှုဘက် လှည့်သွားပါတယ် ဘုရား)။

အဲ သူကလည်း ခေါင်းဆောင်ပြီး သကာလ သတ္တဝါ တွေ ဆွဲခေါ်နေသေးတယ်။ သူကလည်း မကောင်းမှု၌ မွေ့လျော် တတ်တဲ့ ဝါသနာအထုံကလေးကလည်း ကြီးပြန်တယ်ဆိုတော့ ကို၊ ဘယ်မှာ သတ္တဝါတွေထွက်ရပ်လမ်းဖြစ်တဲ့ အေးချမ်းတဲ့ နိဗ္ဗာန်ကြီးကိုရောက်နိုင်ဖို့ မြင်ကိုမမြင်ဘူး (မမြင်ပါ) မြင်ကြ ရဲ့ လား (မမြင်ပါ ဘုရား)။

၃။ စိတ်သည် နိဗ္ဗာန်ကိုလည်း ဆောင်နိုင်တယ်

အဲဒါကြောင့် “စိတ္တံ ဒန္တံ သုခါဝဟံ” စိတ္တံ =စိတ်ကို။ ဒန္တံ =ကိုယ်က ယဉ်ကျေးအောင် ဆုံးမလို့ ကိုယ်ခိုင်းတဲ့ဆီကို လိုက်သည် ရှိသော်။ သုခါဝဟံ = နိဗ္ဗာန်ကိုဆောင်သည်။ ဟောတိ = ဖြစ်၏ (မှန်ပါ့)။

စိတ်ကို ယဉ်ကျေးအောင် ကိုယ်ကမွေးပြီး သကာလ ထားလို့၊ သူ့ကို ကိုယ်ခိုင်းတဲ့ဆီကို စိတ်က လိုက်ပြီဆိုလို့ရှိရင် နိဗ္ဗာန်ရောက်ပြန်တာပဲ (မှန်ပါ့)။

ဒီတော့ ဒီနေ့ စိတ်တစ်လုံးကို သုံးမျိုးသော အဓိပ္ပာယ်နဲ့ ပြောလိုက်ခြင်းသည် အလွန် မှတ်စရာကောင်း။ အလွန် အရေးကြီးတဲ့ အချက်တွေပါလာပြီဆိုတာ မှတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

လောကကြီး စိတ်ကဆောင်နေတယ်

လောကကြီး ဘယ်သူဆောင်နေသတုံး (စိတ် ဆောင်နေပါတယ် ဘုရား)။

အဲ စိတ်ကဆောင်တယ်။ ဟို ဘုံရောက်သွားလဲ စိတ်နဲ့ရောက်ရတာဘဲ။ ဒီဘုံရောက် သွားတာကော (စိတ်နဲ့ ပါ) မြို့ထဲရွာထဲ ဟိုသွား, ဒီသွားဖြစ်တာကော (စိတ်နဲ့ပါ ဘုရား) စိတ်လှည့်ရာကို ကျန်တဲ့ ရုပ်နာမ်က မလိုက်ရဘူးလား (လိုက်ရပါတယ် ဘုရား)။

ကျန်တဲ့ရုပ်နာမ်က လိုက်ရတယ်လို့ မှတ်ထားလိုက် တော့မှ ဪ ကဲ လိုက်တာ လိုက်ပါရစေတော့ ကောင်းတဲ့ဆီ ဆွဲဆောင်သလား။ ဆိုးဝါးတဲ့ဆီ ဆွဲဆောင် သလားဆိုတာ “ပါပသ္မိံ ရမတိ မနော” (မှန်ပါ့)။ ပါပသ္မိံ =မကောင်းမှု၌။ မနော= စိတ်က။ ရမတိ = မွေ့လျော်၏၊ လို့ဆိုပြန် တော့လည်း သွားပြန်ပြီ (မှန်ပါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

သူကလည်း ခေါင်းဆောင်သေးတယ်။ မကောင်းတဲ့ အလုပ်တွေလည်း ပျော်မွေ့တတ်တဲ့ သဘော သူပင်ကိုက ရှိပြန် တယ်။ အဲဒီတော့ သူ့ကိုမနိုင်လို့ရှိရင်ဖြင့် ဘယ်မှာသာလျှင် ဒကာ ဒကာမတွေ ချမ်းသာခြင်း၊ အေးချမ်းခြင်းဆိုတာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါကြောင့် ဒီစိတ်တစ်လုံးကိုဖြင့် ဒကာ, ဒကာမတို့ ဝိပဿနာ မရှုတတ်၊ တည်တန့်အောင် မလုပ်တတ်သ၍ ကာလ ပတ်လုံး၊ ငါဖြင့် မျောသမား, မြုပ်သမားပဲ ဆိုတဲ့ ဥစ္စာ သေသေ ချာချာမှတ်။ ဘာမှ သံသယမရှိနဲ့ (မှန်ပါ့)။

ပျော်ပျော်နေသေခဲဆိုတဲ့သူ

ပျော်ပျော်နေသေခဲဆိုတဲ့ လူကတော့ဖြင့် သေလည်း မပြန်လာဘူးသာ မှတ်ပေတော့ (မှန်ပါ့) ပျော်ပျော်နေသေခဲ ဆိုတဲ့ အသွားတွေဟာ မြုပ်မှုတွေဘဲ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေမှာ အခုစိတ်လိုက် မာန်ပါ ကျုပ်ကလုပ်ရမှာ ကျေနပ်တယ်။ ဒီလို ဆိုလေ့ရှိတယ် (မှန်လှပါ ဘုရား)။

စိတ်လိုက်မာန်ပါ လုပ်ရမှ ကျုပ်က ကျေနပ်တယ်ဆိုပြီး လူကြီးတွေ၊ ဩဇာရှိတွေက ဒီလိုသုံးလေ့, နှိုင်းလေ့ရှိကြတာ ဒီသဘောတွေ နားမလည်လို့ (မှန်ပါ့)။

အဲဒါ လောကကြီး ပြုပြင်တာလဲ၊ လောကကြီးထဲမှာ မထွက်နိုင်အောင်လုပ်တာလဲ၊ သူပဲဆိုတာ မသိဘူးလား (သိပါတယ် ဘုရား) သူက မကောင်းမှု၌ မွေ့လျော်တတ်တဲ့ သဘောဆိုတာလည်း မသိတော့ ဒါပြောမိပြောရာ, ဆိုမိဆိုရာ၊ နှုတ်တက်ရာကို အသုံးချနေတယ်လို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

စိတ်ကိုနိုင်ရင် နိဗ္ဗာန်သို့ဆောင်နိုင်

ကြပ်ကြပ်စဉ်းစားပါ။ ဒါကြောင့် ဘုရားသခင်ကိုယ် တော်မြတ်ကြီးက “စိတ္တံ ဒန္တံ သုခါဝဟံ” စိတ္တံ – စိတ်ကို။ ဒန္တံ – ယဉ်ကျေးအောင် ပြုလုပ်ခဲ့သည်ရှိသော်။ သုခါဝဟံ = နိဗ္ဗာန်သို့ ဆောင်နိုင်သည်။ ဟောတိ- ဖြစ်၏ (မှန်ပါ့)။

သူ့ယဉ်ကျေးအောင် လုပ်ပြီး၊ ကိုယ်က ခိုင်းတဲ့ဆီကို ဒီစိတ်ကို ရလို့ရှိရင် ဒကာ ဒကာမတို့ အိုဘေး, နာဘေး၊ သေဘေး ကင်းတဲ့ နိဗ္ဗာန်ကိုရောက်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒါမနေ့က၊ တရားကိုပဲ ရှေ့ပိုင်းကနေပြီး အမျိုးမျိုး ခွဲပြလိုက်တာ (မှန်ပါ့) ရှေ့ပိုင်းက နေပြီး အမျိုးမျိုးခွဲပြီး သကာလ မနေ့ကလဲ၊ စိတ်ခြောက်မျိုးကိုး (မှန်ပါ့)။

အဲဒီစိတ်ခြောက်မျိုးကို ကောင်းတယ်, မကောင်းတယ် ယနေ့ ဝေဖန်နိုင်အောင်၊ ပင်ကို သဘောတွေကို ထုတ်ဖော် ပြောနေတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မျောသမား၊ မြုပ်သမား

ကဲ ဒါဖြင့် “စိတ္တံ ဒန္တံ သုခါဝဟံ” စိတ္တံ = စိတ်ကို။ ဒန္တံ = ယဉ်ကျေးအောင် ပြုလုပ်နိုင်သော ပုဂ္ဂိုလ်သည်။ သုခါဝဟံ – ချမ်းသာ ကိုရွက်ဆောင်နိုင်သည်။ ဟောတိ = ဖြစ်၏။ (ဝါ) နိဗ္ဗာန်ကိုဆောင် သည်။ ဟောတိ = ဖြစ်၏ – လို့ ဘုရားက ဓမ္မပဒမှာ သေသေချာချာ ဟောတဲ့အတွက် ဪ ဒီစိတ် မနိုင်လို့ရှိရင်ဖြင် ဒို့မျောသမား, မြုပ်သမားအဖြစ်မှ၊ ဘယ်နည်းနဲ့မှ လွတ်တော့မှာ မဟုတ်တော့ဘူး ဆိုတာ ဒကာဒကာမတွေ သေသေချာချာမှတ်ရမယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကြည့်စမ်း ဒကာ ဒကာမတွေ သားက ရမက်ဆွဲလိုက်, သားဆီပြေးလိုက်။ သမီးက ရမက်ဆွဲလိုက်, သမီးဆီပြေး လိုက်ဟင် (မှန်ပါ့) ဥယျာဉ်ပန်းမန်တွေက ဆွဲလိုက်ရင် ဥယျာဉ် ပန်းမန်တွေဆီ ပြေးလိုက်။ ဟုတ်လား (မှန်ပါ့) အထူးအဆန်း ကြည့်စရာ, ရှုစရာရှိတဲ့ နေရာကနေ ဆွဲလိုက် လို့ရှိရင် အထူးအဆန်းရှိတဲ့နေရာကို စိတ်ဆွဲရာကို ပြေးလိုက်၊ ကျုပ်က ဒီသွားမယ်ဆိုရင် မရဘူး၊ ကျန်တာတွေက တားလို့ကို မရဘူး၊ တော်တော့်ကိစ္စ ချိတ်ထားပစ်ခဲ့ဆိုပြီး သကာလ စိတ်ဆောင်ရာကို လိုက်နေကြရတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘယ်ကိုလိုက်နေကြရသလဲ (စိတ်ဆောင်ရာ လိုက်နေကြရပါတယ် ဘုရား)။

စိတ်ကိုမနိုင်ရင် နိဗ္ဗာန်မရ

ဒါဖြင့် စိတ်ကို မနိုင်သ၍ ကာလပတ်လုံး ခင်ဗျားတို့ နိဗ္ဗာန်မရဘူးဆိုတဲ့တရားဟာ ယနေ့ ဟောတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကဲ ဒါဖြင့် စိတ်ကိုနိုင်အောင် ဘာလုဗ်ရမတုံး မေးလို့ရှိ ရင် စိတ္တာနုပဿနာစိတ်ကို အဖန်ဖန် ရှုလော့ တဲ့ (မှန်လှပါ ဘုရား)။

ကဲ မင်းက လုပ်ချင်တာ လုပ်ပေမယ့်လည်း မင်းလုပ်ချင်တာ မလုပ်ရအောင်၊ မင်းကအဖေါ် သဟဲတွေနဲ့ လုပ်ချင်တာ လုပ်နေတဲ့ဥစ္စာ မင့်အဖေါ်သဟဲတွေကို တို့ခွဲပစ် လိုက်မယ်၊ မင်းလည်း ပယ်ဖျောက် ပစ်လိုက်မယ်ဆိုတော့၊ မင်းကို အနိစ္စရှုပစ်လိုက်တဲ့အခါ ပယ်ဖျောက်ပစ်လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အနိစ္စရှုလိုက်တော့ ဘာဖြစ်သတုံး

အနိစ္စရှုလိုက်တော့ ဘာဖြစ်သတုံး (ပယ်ဖျောက်ပါ တယ် ဘုရား)။

ပယ်ဖျောက် ပစ်လိုက်တဲ့အခါကျတော့ ဦးတင် သူ့နောက် လိုက်တွေကော လာသေးရဲ့လား (မလာပါ ဘုရား)။

စိတ်နောက်ကနေပြီး စိတ်ကြောင့်ဖြစ်တဲ့ တဏှာ, ဥပါဒါန် ကံ, စိတ်ကြောင့်ဖြစ်တဲ့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ၊ သူ့အကြောင်း ကောင်းကောင်းမသိတဲ့ အဝိဇ္ဇာ, သင်္ခါရဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး၊ မနေ့က ပြောခဲ့တာတွေဟာတဲ့ စိတ်ပင်ကို သဘောကို မင်းသဘော ငါသိပြီ၊ မင်းဟာ ဒုက္ခ သစ္စာပဲ၊ မင်းဟာ အနိစ္စပဲလို့ သူ့ သဘောကိုသာ ရှုနေလို့ရှိရင်ဖြင့် ဒီစိတ်သည် ပြေးချင်တဲ့ဆီ ပြေးငြား သော်လည်း တဲ့၊ အနိစ္စ ဉာဏ်နဲ့ အုပ်လိုက်တဲ့ အခါကျတော့ အဖော်သဟဲတွေဟာ နောက်လိုက် မရှိတော့ သူအားရှိသလောက် လုပ်နိုင်သေးရဲ့ လား (မလုပ်နိုင်ပါ ဘုရား)။

မလုပ်နိုင်ဘူးတဲ့၊ တဏှာ, ဥပါဒါန် အဖော်မရတော့ဘူး (မှန်ပါ့) ဒေါသ, သောက အဖော် ရသေးရဲ့ လား (မရပါ)၊ အဝိဇ္ဇာ, သင်္ခါရတည်းဟူသော အဖော်တွေကော (မရပါ ဘုရား)။

ယထာဘူတဉာဏ်

မရတော့ဘူး၊ မရတဲ့အခါကျတော့မှ သူ့ကိုလည်း တစ်ခါ ဝိပဿနာဉာဏ်နဲ့ ချေမှုန်း ပစ်လိုက်တော့ မင်းဟာဖြစ်ပြီး ပျက်တဲ့ အနိစ္စပဲဆိုပြီး၊ ဒီကနေပြီးသကာလ၊ သူ့ဖြစ်ပျက်ကို မြင်ပြီး ဒီကနေ ရှုလိုက်တဲ့အခါကျတော့ စိတ်ဟာ စိတ်မဟုတ်တော့ဘူး၊ အနိစ္စ ဖြစ်သွားတယ် (မှန်ပါ့)။

ဒါကြောင့် စိတ္တာနုပဿနာလို့ ဆိုငြားသော်လည်း စိတ်ကို ရှုလို့ဆိုငြားသော်လည်း၊ သမုဒယဓမ္မာနုပဿီ ဝါ အဖြစ်လည်း ရှုပါ (မှန်ပါ့) ဝယဓမ္မာနုပဿီ ဝါ ပျက်မှုလည်း ရှုပါဆိုတော့ စိတ်ကို ရှုတာ မဟုတ်တော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖြစ်ပျက်ကို ရှုရာ ရောက်သွားတယ်လို့ မှတ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

အဲဒီဖြစ်ပျက်ရှုရာ ရောက်သွားတဲ့ပုဂ္ဂိုလ် ဖြစ်ပျက်ကို ရှုတဲ့အခါကျတော့မှ စိတ်၏ပင်ကို သဘောကို သိလို့၊ ယထာ ဘူတဉာဏ် ဆိုတာ ရောက်လာတယ် (မှန်ပါ့) စိတ်၏ ပင်ကို သဘောက ဖြစ်ပျက်ကိုး (မှန်ပါ့)။

အဲဒါသိလိုက်တော့မှ ဘာ, ဉာဏ်ရသလဲ (ယထာ ဘူတ ဉာဏ်ရပါတယ် ဘုရား)။

ဟုတ်တိုင်းမှန်တဲ့ သဘောကို ရှုတဲ့ဉာဏ်

ယထာဘူတဉာဏ်ရတယ်၊ အဲဒီတော့ ယထာဘူတ ဉာဏ်၊ ယထာဘူတဉာဏ် ဆိုတာက “ယထာသဘာဝဇာန ဉာဏံ” သူ့သဘောကို ယထာသဘာဝ၊ ဟုတ်တိုင်း မှန်တဲ့ သဘောကို ရှုတဲ့ဉာဏ်ဟာ ယထာဘူတဉာဏ် (မှန်ပါ့)။

စိတ်ပင်ကို သဘောက ဖြစ်တတ် ပျက်တတ်တဲ့ သဘော၊ ဒုက္ခသဘော, အနတ္တသဘော, အနိစ္စသဘော။

အဲ သူ့သဘောတွေ သိတဲ့ဉာဏ်နဲ့ ကျုပ်တို့က နေကြ လို့ ရှိရင်ဖြင့် တဲ့ သူ့ဟာ ပြေးနိုင်၊ လွှားနိုင်၊ ဆွဲနိုင်၊ ဆောင့်နိုင် သေးသလား၊ သူ့ကို ပင်ကိုသဘော သိတဲ့အတွက်တဲ့ မဂ်ဉာဏ်နဲ့ အဖော်သဟဲတွေ ဖက်သတ်ပစ် လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ်နဲ့ အဖော်သဟဲတွေ ဖက်သတ်ပစ်လိုက်တဲ့ အခါကျတော့ကိုတဲ့၊ အဖော်သဟဲ အသင်းအပင်း မရှိတဲ့လူဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ကောင်ကြွက်ဆိုလို့ရှိရင် ဘာမှ အလုပ် လုပ်လို့ အထမမြောက်သလို၊ စိတ်မှာလည်း အဖော် သဟဲ နောက်လိုက်တွေ၊ ပဋိစ္စသမုပ္ပါဒ် နောက်လိုက်တွေ၊ မောင်သစ် ဖျက်ပစ်လိုက်တယ် (မှန်ပါ့)။

အဲဒါကြောင့် စိတ်တစ်လုံး နိုင်လို့ရှိရင် နိဗ္ဗာန်ရောက်နိုင် တယ်ဆိုတဲ့ ဥစ္စာလည်း ပေါ်ကြပလား (ပေါ်ပါပြီ) စိတ်တစ်လုံး နိုင်မှ နိဗ္ဗာန်ရောက်မယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ)။

သီလဆိုတာ စိတ်ကိုအကြမ်းထိန်းတာ

အေး ဒါကြောင့် ဒကာဒကာမတွေ၊ အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာက “မင်းတို့က သီလဆိုတာ စိတ်ကို အကြမ်းထိန်းတာ (မှန်ပါ့) ဝိပဿနာ ဆိုတာက စိတ်ကိုအကြမ်း မဟုတ်တော့ဘူးတဲ့ စိတ်ကိုဖျက်ချလိုက်တယ်၊ စိတ်သဘောကို ဖျက်ချလိုက်တယ် (မှန်ပါ့)။ သီလဆို တာကတော့ စိတ်ကိုမင်းပြေးချင်တဲ့ ဆီ မပြေးရအောင် ကာယကံ ဝစီကံနဲ့ ထိန်းထားတာ (မှန်ပါ့) သူက စိတ်ကို မဖြတ်နိုင်ဘူး၊ မပြေးအောင်, မလွှားအောင်ဘဲ သူချုပ်နိုင်တယ် (မှန်ပါ့) ဒါကိုသီလ ခေါ်တယ်၊ စောင့်ရှောက်တာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဝိပသနာက စိတ်သဘောကို ဖျက်ချလိုက်တာ

ဝိပဿနာကတော့ဖြင့် စိတ်သဘောကို ဖျက်ချလိုက် တယ် (မှန်ပါ့) မင်း စိတ်သဘောကို မနေနဲ့တော့၊ မင်း အနိစ္စ ပဲဆိုပြီးသကာလ၊ အနိစ္စ ဉာဏ်နဲ့ သူ့ကိုခြေမှုန်းပစ် လိုက်တဲ့အခါကျတော့ စိတ်ဟာ စိတ်အလုပ်ကို လုပ်နိုင်သေး ရဲ့ လား (မလုပ်နိုင်ပါ ဘုရား)။

အဲဒီတော့ သီလက စိတ်ကိုတားဆီးတယ်၊ မင်း မထွက်ပါနဲ့ကွာဆိုပြီး၊ ပြင်ဘက်ကနေပြီး ကာကွယ်တဲ့ သဘောကလေးလောက် ရတယ်၊ ဒါကြောင့် သီလချည်းသက်သက် နိဗ္ဗာန်မရနိုင် (မှန်ပါ့) စိတ်ကို ခြေမှုန်း မပစ်နိုင်ဘူး (မှန်ပါ့)။

ခြေမှုန်းပစ်နိုင်မှ “ပါပသ္မိံ ရမတိ မနော”ဆိုတဲ့ ဥစ္စာက မကောင်းမှု၌မွေ့လျော်တဲ့စိတ်ကို ကျုပ်တို့က ခြေမှုန်းလို့နိုင်မှ သာလျှင်၊ တစ်ခါတည်း ကျုပ်တို့လိုရာကို ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပါပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာလည်း စိတ်လိုက်မာန်ပါ အလုပ်တွေ ဟူသ၍ဟာဖြင့် အလွဲချည်းပဲလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

စိတ်လိုက်မာန်ပါ အလုပ်ဟူသ၍ ဘယ်လိုဆုံးဖြတ် ချက်ချမလဲ (အလွဲချည်းပါ ဘုရား)။

ဝိပဿနာဉာဏ်နဲ့အုပ်

အလွဲချည်းပဲ ဆိုတော့ အဲဒီတော့ကို စိတ်ကို ခင်ဗျားတို့ ဆိုလို့ရှိရင် ဝိပဿနာဉာဏ်နဲ့အုပ်မှ မအုပ်လို့ရှိရင်ဖြင့် စိတ်ဟာ အာယတနလို့ခေါ်တယ်၊ မနာယတနလို့ခေါ်တယ်နော် (မှန်ပါ့)။

မျက်လုံးပေါက်ကစိတ်ကလဲ၊ သူက ရူပါရုံရှိရာသာ ပြေးချင်တယ် (မှန်ပါ့)။

မျက်လုံးစိတ်က ဘယ်ပြေးချင်သတုံး (ရူပါရုံ ရှိရာသာ ပြေးချင်ပါတယ် ဘုရား) အဆင်းရှိရာ ပြေးချင်တယ် (မှန်ပါ့)။

အဆင်းပဲ ရှင်းတဲ့ဆီပြေးချင်သလား ရှုပ်ရှုပ်ရှက် ရှက်ရှိတဲ့ဆီမှ ပြေးချင်သလားလို့ မေးလို့ရှိရင် လူများများရှိရင် သွားကြည့်ဦးမှ ပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဘာတုံး၊ အရှုပ်ကြိုက်တယ် (မှန်ပါ့ အရှုပ်ကြိုက်ပါတယ် ဘုရား)။

လူများများရှိလို့ရှိရင် ဘယ့်နှယ်တဲ့ (သွားကြည့်ဦး မှပဲ ဘုရား)။

ဘာဖြစ်တာတုံးဆိုတာ သွားကြည့်ဦးမှပဲဆိုတော့ ရှင်းရှင်းလင်းလင်းကြီး ဆိုလို့ရှိရင် ကြောက်သလိုလို, လန့်သလို လိုနဲ့ (မှန်ပါ့) မသွားဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မျက်စိစိတ်ဟာ မြွေနဲ့တူတယ်

ဪ ရှုပ်ရှုပ်ကြီး ဆိုလို့ရှိရင်၊ ဥပမာ အန္တရာယ်ဖြစ်နေတဲ့ နေရာကျတော့ မီးလောင်လို့သော် လည်းကောင်း လူချင်းရိုက်လို့သော်လည်းကောင်း ပုလိပ်က ဖမ်းထားလို့ စစ်ဆေးနေတဲ့ နေရာသော် လည်းကောင်း ဒီလိုနေရာကျတော့ ဘာဖြစ်ပါလိမ့်မတုံး သွားစုံစမ်း လိုက်ဦးမှပဲ၊ မျက်စိက အရှုပ် ကြိုက်တယ် (မှန်ပါ့)။

ဒါကြောင့် မျက်စိစိတ်ဟာ မြွေနဲ့တူတယ် (မှန်ပါ့) မြွေများသည် မြေပေါ်လွှတ်ထားလို့ရှိရင် အရှုပ်ရှာတာပဲ၊ အဲဒီ ဘက် ခေါင်းလှည့်ပြီးပြေးတာပဲ (မှန်ပါ့)။

“ပါပသ္မိံ ရမတိ မနော “ဆိုတာ မကိုက်သေးဘူး လား (ကိုက်ပါတယ် ဘုရား) မကောင်းမှုရှိရာ၌ မွေ့လျော် , တယ်၊ အရှုပ်ရှိတဲ့ နေရာမှ ဘာဖြစ်သတုံး (မွေ့လျော်ပါ တယ် ဘုရား)။

မွေ့လျော်တယ်ဆိုတာ၊ ဘယ်မှာ လူစည်တယ် ဆိုမှ ဘယ် ဘုရားပွဲက ခြောက်တောက်ကြီး ဆိုလို့ရှိရင် ဘယ်သူမှ မသွားချင်ဘူး၊ သွားသေးရဲ့လား (မသွားပါ ဘုရား)။

ဘယ်ဘုရားပွဲကဖြင့် စည်လိုက်တာတဲ့၊ ဘယ် ဘုရားပွဲ ထက်နှစ်ဆ, သုံးဆသာသတဲ့ ဆိုလို့ရှိရင်၊ သွားဘူးတယ် ရှိအောင်သွားဦးမှပဲ (မှန်ပါ့) ဘုရားပွဲသာ ပြောတာ၊ အပြီး သတ်တော့ အရှုပ်ဆီသွားတာ (မှန်ပါ့) ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

စိတ်သည် မကောင်းမှု၌ ပျော်ပိုက်၏

ဘယ်သွားတာတုံး (အရှုပ်ဆီ သွားတာပါ) အရှုပ်ဆီ သွားတာဆိုတဲ့ဥစ္စာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲ ဒါကြောင့် ပါပသ္မိံ ရမတိ မနော၊ မနော – စိတ်သည် ပါပသ္မိံ = မကောင်းမှု၌ (ဝါ) ရှုပ်ရှက်ခတ်တဲ့ နေရာ၌၊ ရမတိ = ပျော်ပိုက်၏၊ (ဝါ) မွေ့လျော်၏ဆိုတဲ့ဥစ္စာ။ သဘော ကျပလား (ကျပါပြီ ဘုရား)။

အေး ဒါကြောင့် ဒီစိတ်မနိုင်သ၍ ကာလပတ်လုံး၊ ငါဖြင့် အရှုပ်ထဲက ထွက်နိုင်ဖို့အရေး မမြင်သေးဘူး ဆိုတဲ့ဥစ္စာ မှတ်ရမယ် (မှန်ပါ့)။

အိမ်မှာ ကလေးတွေ များများရှိနေတဲ့အခါ အမေမိဘ တွေက ဆူတယ်သာပြောတာ။ ပျော်နေတာပဲ (မှန်ပါ့) ကလေးတွေက ကျောင်းအသီးသီးသွားလို့ အိမ်မှာ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေလို့ရှိရင် တို့အိမ်ဇရပ်ကြီးပဲ၊ နေရတာ ကျက်သရေမရှိဘူး၊ ပြောချင်ပြောနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရက်ကစေ့ခဲလိုက်တာ

ဘာတုံး ဒါဟာ (အရှုပ်ကြိုက်တာပါ) အရှုပ်ကြိုက် တာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အေး ဒါကြောင့် အခုလို ယောဂီကျောင်းတိုက်တွေ လာနေတဲ့ အခါကျတော့ ရှင်းလို့ လင်းလို့နေတဲ့ အခါကျလို့ရှိရင်ဖြင့်၊ ရက်ကစေ့ခဲ လိုက်တာများ ညည်းချင် ညည်းသေးတယ်၊ ဘာဖြစ်လို့တုံး မရှုပ်လို့ (မှန်ပါ့)။

မျက်စိက ရှင်းတဲ့နေရာကျလို့ရှိရင် မြွေလိုကိုးကွ (မှန်ပါ့) မြွေကရှင်းတဲ့နေရာ လွှတ်လို့ရှိရင် တစ်ခါတည်း ချုံရှိရာ၊ တွင်းရှိရာ မောင်ချစ်စိန် မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

အဲဒါကြောင့် မင်းတို့စိတ် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်နေရာမှာ မွေ့လျော်လေ့ ရှိတယ်ဆိုတဲ့ဥစ္စာ၊ ဘာမှဘုရားက အထူးဟောစရာ မလိုဘူး၊ ကိုယ့်စိတ်နဲ့ ကိုယ့်အလိုက်ကြည့် လိုက်ရင် ပေါ်လာတာပဲ (မှန်ပါ့)-မပေါ်သေးဘူးလား (ပေါ်ပါပြီ) ပေါ်နိုင်သည်တဲ့၊ သေသေချာချာ မှတ်ကြပါ။

သားကောင်ခြောက်အောင်

ဒါကြောင့် ခင်ဗျားတို့သည် (၁) စိတ်က မြွေနဲ့တူပါ တယ်၊ အရှုပ်ကြိုက်ပါတယ်၊

(၂) နားက မိကျောင်းနဲ့တူပါတယ်၊ခပ်အေးအေး ကြိုက်တယ်နော် (မှန်ပါ့)၊

(၃) နှာခေါင်းက ငှက်နဲ့တူတယ်၊ မော့ပြီး ရှူချင်, ကြိုက်ချင်တဲ့သဘော သတ္တိရှိ ပါတယ်လို့ မနေ့ကပြောခဲ့တယ်၊

(၄) လျှာက အိမ်ခွေးနဲ့တူတယ်၊ မီးဖိုချောင်ထဲမှာ ပျော်လေ့ရှိတယ်၊ ပြာယက်ပြီး သူအိပ်နေရမှ၊ ထ-စားလိုက်၊ ပြာယက်ပြီး သူခွေအိပ်လိုက်၊ ဒီလိုမှ တာ ကိုးနော် လျှာ,ကလေ (မှန်ပါ့)။

(၅) ကိုယ်ပေါက် ကတော့ တောခွေးနဲ့တူတယ်တဲ့၊ နေစမ်းပါဦး ကျော ကလေး ခင်းပါရစေဦး၊ တစ်နေ့လုံးဟာ ကောင်းကောင်း နေရတယ်လို့ မရှိဘူးဆိုပြီး သကာလံ ကုလားထိုင်ပေါ် ထိုင်ပြီး အမျိုးမျိုး အဖုံဖုံ ဒီလိုနေရတဲ့အခါကျတော့ ကိုယ်ပေါက်ကလည်း ဖောဋ္ဌဗ္ဗာရုံမှာ မွေ့လျော်တယ်နော် (မှန်ပါ့)။

(၆) မနော ပေါက်ကတော့ ကြံစည်နေရမှ၊ အကြံအစည်မရှိရင် သူလည်း စိတ်ထဲ ပျင်းခြောက်တယ် (မှန်ပါ့) ဟိုဟာ ကလေး ကြံရ။ ဒီဟာကလေး ကြံရ၊ တစ်ခါတည်း ကြံစည် နေရလို့ရှိရင် စိတ်ဟာ ပျော်နေတာပဲ (မှန်ပါ့)

ဒါကြောင့် မနောပေါက်ကတော့ဖြင့် မျောက်နဲ့တူတယ်၊ အမြင့်တက်ပြီး ဟိုဪ ဒီမျှော် မျှော်နေရမှ မျောက်ဟာ အောက်ချထားလို့မရဘူး၊ အမြင့်တက်ပြီး သကာလ၊ ဂွကြားကနေ ဟိုဘက်ကူးလိုက် ဒီဘက်ရွေ့လိုက်၊ ဒီလို မျှော်နေရမှ ကျေနပ်တဲ့ သဘောရှိတော့၊ သားကောင် ခြောက်ကောင် ကျောင်းနေရတဲ့၊ သီလမရှိတဲ့ ပုထုဇဉ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

သီလမရှိတဲ့၊ ပုထုဇဉ်

သားကောင်ခြောက်ကောင် ကျောင်းနေရတဲ့ သီလ မရှိတဲ့ ပုထုဇဉ်တဲ့ (မှန်ပါ့)။

အဲဒီတော့ ဘုရားက ရှေးဦးစွာ ဘာဟောလိုက်သတုံး မေးတော့မှ မင်းတို့မှာကွာ တဲ့ အနာတွေက အပြည့်ရှိပြီး သကာလနေတဲ့အထဲမှာ၊ ဆူးထဲချည်း တိုးလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းတဲ့ ဥစ္စာတွေလည်း ဖြစ်ရတော့မှာ ငါမြင်တယ် ဆိုတဲ့ အကြောင်း ဟောတာပဲ (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ်သုံးမျိုး

ခန္ဓာကိုယ်ထဲမှာ အနာခြောက်မျိုးရှိတယ် (မှန်ပါ့) ရူပါရုံ ဆူးက စူးလိုက်လို့ရှိရင် မျက်လုံး တစ်ခါတည်း တဏှာ, ဥပါဒါန်, ကံတွေက လာတာပဲ (မှန်ပါ့) သဒ္ဓါရုံဆူးက စူးလိုက်လို့ ရှိရင်လည်း နားပေါက်က ကြားတဲ့စိတ်က-နေပြီး သကာလ လိုချင်တယ်, ပြစ်မှားတယ်, တွေဝေတယ်ဆိုတဲ့ ပဋိစ္စ သမုပ္ပါဒ် သုံးမျိုး မလာဘူးလား (လာပါတယ် ဘုရား) လာတာပဲ။

နှာခေါင်းပေါက်ကလည်း အပုပ်နံ့နံရင် ဒေါမနဿ ဖြစ်တာပဲ၊ ဒါဝိညာဏ်မပေါ်ဘဲနဲ့ မောင်သစ် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဝိညာဏ်ပေါ်ပြီးသည့်နောက်မှာနံတယ်ဆိုရင် နံတဲ့ ဝိညာဏ်ကလေး ပေါ်ပြီးသည့်နောက်မှာ ဒကာ ဒကာမတွေ ပြစ်မှားတယ်၊ ဘယ်အိမ်က ဘယ်သူကြော်ပါလိမ့်မတုံး အစရှိ သည်နဲ့ ပြစ်မှားတဲ့ ဒေါသ, သောကတွေ မလာဘူးလား (လာပါတယ် ဘုရား)။

အချိုစားချင်တယ်

ကောင်းပြီး လျှာပေါက်ကလည်း ထို့အတူပဲ၊ အချိုစား ချင်လို့ အချိုကြိုက်တဲ့လူက အချိုစား မိပြန်လို့ တဏှာ, ဥပါဒါန်, ကံလာတယ်နော် (မှန်ပါ့) အချိုမကြိုက်တဲ့ ပုဂ္ဂိုလ်က အ စားမိတဲ့ အခါဆိုတော့ ဒေါသ, သောက လာပြန်တယ်၊ အချိုရ လို့ရှိရင် အချိုရသ, ရုပ်ကိုဖြစ်ပျက် မရှုမိတဲ့ ပုဂ္ဂိုလ်၊ တစ်နည်း အားဖြင့် အချို့ကိုသိတဲ့စိတ်ကို ဖြစ်ပျက် မရှုမိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် အဝိဇ္ဇာ, သင်္ခါရ လာတယ်။

အဲဒါကြောင့် သူကလည်း အိမ်စောင့်ခွေးနဲ့ တူတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ပြရပြန်တယ်ဆိုတော့၊ ကဲ ဒီဥစ္စာ မနေ့ကလည်း ဟောပြီးသားဖြစ်လေသောကြောင့် ဒီနေ့ ငုတ်စိုက်ရမည့် အခြေအနေ၊ အလုပ်စခန်း သွင်းရမည့် အခြေအနေ ရောက်နေတော့။

တဏှာကြိုးနဲ့ အဝိဇ္ဇာခရီး

သားကောင် ခြောက်ကောင်ကို လည်ပင်းကြိုးတတ်ပြီး သကာလ၊ ပုထုဇဉ် တစ်ယောက်တည်း တဏှာတည်းဟူသော ကြိုးနဲ့ချည်ပြီး သကာလ အဝိဇ္ဇာတည်းဟူသော ခရီးကိုကိုင် လိုက်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သားကောင်ခြောက်ကောင်ကို တဏှာတည်းဟူသော ကြိုးနဲ့ချည်ပြီး အဝိဇ္ဇာခရီး ကိုင်လိုက် နေတော့၊ နေခြင်းဆိုးနဲ့ သေခြင်းဆိုး ဖြစ်ပါလိမ့်မယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သေပွဲဝင်ကြရတယ်

(၁) မျက်လုံးနောက် လိုက်သွားပြန်လို့ရှိရင် အရှုပ်ထဲ သေပွဲနဲ့ဝင် (မှန်ပါ)

(၂) နားပေါက် လိုက်သွားပြန်လို့ရှိရင်လည်း ထို့အတူပဲ ရေကဲ သေပွဲဆင်းရဦးမယ်၊ မိကျောင်းကြိုက်တဲ့ နေရာကိုး (မှန်ပါ့ ဘုရား)။

(၃) နှာခေါင်းပေါက်လိုက်သွားပြန်လို့ရှိရင် ကောင်းကင်၊ ငှက် ကြိုက်တဲ့နေရာဖြစ်နေတော့ ကောင်းကင်မှာပဲ အိုပွဲ သေပွဲတွေ ဖြစ်ရတဲ့ အခြေအနေ ရောက်ပါလိမ့်မယ်။

(၄) လျှာပေါက် လိုက်သွားပြန်တော့ မီးဖိုချောင်ထဲမှာပဲ စားရင်း, သောက်ရင်းနဲ့ သေကြတဲ့ လူလည်း ရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

(၅) ကိုယ်ပေါက်လိုက်သွားတော့ အိပ်ရာ အိပ်ခန်းမှာ အိပ်ပြီး မနက်မထနိုင်ဘဲ သေပွဲ ဝင်တာတွေကော (ရှိပါတယ်) ရှိတာပဲတဲ့။

(၆) မနောပေါက်ကလည်း ကြံရင်းစည်ရင်းနဲ့ နှလုံးနာ ဖြစ်ပြီး သကာလ ဟုတ်လား၊ နှလုံးထိခိုက်ပြီး သကာလ သေပွဲဝင် သွားတာတွေကော (ရှိပါတယ်)။ နန်းရင်းဝန်ကြီးတွေ၊ ဘာကြီးတွေ၊ သမ္မတကြီးတွေ သေကြတာတွေလေ (မှန်ပါ့) နှလုံးထိသွားတယ်၊ ကြံရင်း စည်ရင်း သေသွားတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ပုထုဇဉ် တစ်ယောက်တည်းက အကြိုက် မတူတဲ့ သားကောင် ခြောက်ကောင်ကို ကျောင်းနေရတယ် (မှန်ပါ့ ဘုရား)။

အနေဆိုး အသေဆိုး

ပုထုဇဉ် တစ်ယောက်သည် အကြိုက်မညီတဲ့ သားကောင် ခြောက်ကောင်ကို တဏှာကြိုးနဲ့ သူတို့ကိုလည်းခင်နေတော့၊ အဝိဇ္ဇာနဲ့ မသိသလို ကျောင်းနေပြန်တော့ ကျောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဖြင့် အနေဆိုး အသေဆိုးပဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကျောင်းတဲ့ပုဂ္ဂိုလ်ဟာ (အနေဆိုး- အသေဆိုးပါ ဘုရား) အနေဆိုး, အသေဆိုးပဲ။

အနေဆိုးဆိုတာ ဒီသားကောင် ခြောက်ကောင်သန် ရာကို လိုက်နေရတာ၊ အဲဒီတော့ ဘယ့်နှယ် ဆိုကြမလဲ (အနေဆိုးပါ ဘုရား)။

ဒီခြောက်ကောင် သန်ရာလိုက်ရင်း မတ္တနဲ့ ဒီဒကာ ဒကာမတွေ သေပွဲဝင်ရတဲ့ အခါကျတော့ ဘယ့်နှယ်ဆိုကြမယ် (အသေဆိုးပါ ဘုရား)။

အနေကောင်း အသေကောင်း

ဒါဖြင့် ဒီသားကောင် ခြောက်ကောင်ကို ခင်ဗျားတို့ ကိုယ်က မနိုင်လို့ သူကနိုင်သွားရင် တော့ဖြင့်၊ မောင့်သစ် အနေဆိုး အသေဆိုးပဲ (မှန်ပါ့) ကိုယ်က နိုင်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အနေကောင်း အသေကောင်းပဲ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါလောက်နက်တဲ့တရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်ရမှ ဟောနိုင်တယ် (မှန်ပါ့) သဗ္ဗညုတဉာဏ်မရရင် (မဟောနိုင်ပါ ဘုရား)။

မဟောနိုင်ဘူးတဲ့၊ ဒီဥပမာထုတ်ပြီးသကာလ ဟောဖို့ရာ၊ တစ်ဦး တစ်ယောက်လောက် ပေါ်လာဖို့ ရာ အတော်ခဲ ယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား) အတော်ခဲယဉ်းတယ်တဲ့။

နို့သေသေချာချာ စဉ်းစားပြီး ကြည့်လိုက်တဲ့အခါ ကျတော့လဲ၊ ဒီအတိုင်းဖြစ်နေကြတယ် (မှန်ပါ့) သူတို့ဆွဲရာ လိုက်နေကြတာပဲ၊ ကိုယ့်သဘောကို ပါသေးရဲ့ လား (မပါပါ ဘုရား)။

အမောဆိုက်လည်း လိုက်နေတာပဲ (မှန်ပါ့) ရောဂါကြီး နဲ့ကော (လိုက်နေပါတယ် ဘုရား)။

မကင်းတရားတွေ

လိုက်နေတာပဲ၊ မကင်းတရားဘုရာ့၊ မကောင်းတရား ဘုရာ့နဲ့ဟာ ရှုပ်နေတာပဲ (မှန်ပါ့) မကင်းတရားတွေ မကောင်းတရားတွေနဲ့ လိုက်လိုက်တဲ့ဖြစ်ခြင်းဟာ တစ်ခါတည်း ရထားနဲ့ လိုက်ရတယ်, လေယာဉ်ပျံနဲ့ လိုက်ရတယ်, အောက်ခြေ လျင် လိုက်ရတယ်ဆိုတဲ့ ကိစ္စတွေဟာ မောင်ချစ်စိန် ဘာထင်သတုံး၊ သားကောင်ခြောက်ကောင် သန်ရာဆွဲသွားတာ မနိုင်လို့ လိုက်ရတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မနေ့ကပြောခဲ့တဲ့ နိစ္စသဘော – ဓုဝသဘောနဲ့ တယ်ဝေးပလား (ဝေးပါတယ်) ခိုင်မြဲတဲ့ သဘော ဟုတ်လား -တည်တံ့တဲ့သဘော ကျုပ်တို့မှာမရှိဘူး (မှန်ပါ့) ဒါ စိတ်မနိုင်လို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

စိတ်မနိုင်တဲ့အတွက် ခိုင်မြဲတဲ့သဘော တည်တံ့တဲ့ သဘော ဘယ်နှယ်တုံး (မရှိပါ) မရှိဘူးဆိုတာ ဒကာ ဒကာမ တွေ သေချာကြပလား (သေချာပါပြီ ဘုရား)။

အေး ဒါကြောင့် “စိတ္တံ ဒန္တံ သုခါဝဟံ” ဆိုတဲ့ ဥစ္စာ၊ ဒီနေ့ စိတ္တံ =စိတ်ကို၊ ဒန္တံ =ယဉ်ကျေးအောင် ဆုံးမပြီးသည် ရှိသော်၊ သုခါဝဟံ = နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတိ= ဖြစ်၏၊ ဆိုတော့ ဦးတင် ဟောသင့်, မဟောသင့် (ဟောသင့်ပါတယ်) မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

အသုံးချတတ်ရင် နိဗ္ဗာန်

ဒါဟာ အသုံးမချတတ်လို့ အသုံးချတတ်လို့ရှိရင် ဒီစိတ်ကို ယဉ်ကျေးအောင်လုပ်ပြီး သူ့ခိုင်းလို့ ရှိရင်လည်း နိဗ္ဗာန်ရောက်သွားမှာပဲ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ်) သူက အာရုံ ပြုရတာကိုး၊ နိဗ္ဗာန် အာရုံပြုတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် မောင်ချစ်စိန် သားကောင်ခြောက် ကောင်ပဲ ကျောင်းနေမလားတဲ့၊ ကိုယ်ခိုင်းတဲ့ဆီကို သူတို့ရအောင်လုပ်မလားလို့ မေးဖို့အချိန် ရောက်လာပါပြီ (မှန်ပါ့ ဘုရား)။

မေးဖို့ အချိန်ရောက်လာပြီ ဒကာ ဒကာမတို့ သားကောင် ခြောက်ကောင်ကို သူဆွဲရာ လိုက်မလား ကိုယ်နေစေချင်တဲ့ နေရာကို သူ့ကိုနေစေဖို့ရာကို၊ ထားဖို့အချိန်ရောက်ပလား ဆိုတာကို မေးဖို့သင့် ပြီ (မှန်ပါ့) မသင့်သေးဘူးလား (သင့်ပါပြီ ဘုရား)။

သူတို့ဆွဲရာလိုက်မလား

အဲဒီတော့ သူတို့နောက် လိုက်နေမယ်ဆိုရင် တစ် သံသရာလုံးလိုက်ခဲ့လို့ သေခြင်းဆိုး, နေခြင်းဆိုး ဖြစ်ခဲ့ပေါ့ (မှန်ပါ့) ဒါရိပ်မိလောက်ပါပြီ (မှန်ပါ့) သူတို့နောက် လိုက်ခဲ့လို့ မောင်သစ် (သေခြင်းဆိုး နေခြင်းဆိုးနေခဲ့ ရပါတယ် ဘုရား)။

ရေထဲမသေဘူးလား မေးတော့ (သေခဲ့ပါတယ်) ကုန်းပေါ်ကော (သေခဲ့ပါတယ် ဘုရား) ကောင်းကင်မှာကော (သေခဲ့ပါတယ် ဘုရား)။

အဲဒါတွေက သူတို့နောက်လိုက်လို့ အနေဆိုး အသေဆိုး ဖြစ်ရတဲ့အဖြစ်တွေပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့်- သူတို့ကို နိုင်အောင် ကျုပ်တို့က ငုတ်ရိုက်ပြီး သကာလ ငုတ်စိုက်ပြီး ချည်ရလို့ရှိရင်၊ မောတော့ တိုင်လာပြီး ဝပ်ကြမယ် (မှန်ပါ့) မဝပ်ပေဘူးလား (ဝပ်ပါတယ် ဘုရား)။

တိုင်ခြေလာဝပ်တဲ့ အခါကျတော့ ကိုယ်က နိုင်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အဲဒီတော့ ကိုယ့်စိတ် ကိုယ်နိုင်မှသာလျှင် ရမယ်ဆိုတာ မောင်သစ် သေသေ ချာချာမှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မိုးနဲ့မြေကြီးဟာ နီးသေးတယ်

ဒါကြောင့် မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီး တရားတော်နဲ့၊ လူတွေရောင်းဝယ် ဖောက်ကား, စားသောက်ပြီး သကာလ ကြံကြစည်ကြ, ကိုယ့်အလုပ်တွေနဲ့ ကိုယ်ကြံကြ စည်ကြနဲ့ ဆိုတော့ အို တကယ့် မိုးနဲ့မြေကြီးဟာ နီးသေး တယ်၊ ဟင် (မှန်ပါ့) မိုးနဲ့ မြေကြီးဟာ နီးသေးတယ်လို့ မောင်ချစ်စိန် မှတ်ရမယ် (မှန်ပါ့) သူတော်ကောင်းတရားနဲ့ သူယုတ်မာတရား ဒိထက်ဝေးတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သူတော်ကောင်းနဲ့ သူယုတ်မာ ဒီထက်ဝေးတယ်

မိုးနဲ့မြေကြီးဟာ (နီးသေးတယ်) သူတော် ကောင်းတရားနဲ့ သူယုတ်မာတရားက (ဝေးပါတယ် ဘုရား) အဲဒါ အင်္ဂုတ္တုရ်ပါဠိတော်မှာ အဲဒီအတိုင်းလာပြီး သကာလနေတော့ ဪ ဒီတရားတွေ ဒီလို သိရတော့မှ ဟုတ်သကိုးကွ၊ တို့မှ ဘယ်အပေါက်မှလည်း မနိုင်ဘူး၊ သန်ရာ ဆွဲပြီး ဆွဲရာလိုက်နေတာပဲ (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား) သန်ရာဆွဲနေတာပဲ၊

မျက်လုံးပေါက်က သန်ရာဆွဲလို့ရှိရင် ဘိုင်စကုတ် ဓာတ်ရှင်ရောက်၊ နားပေါက်က ဆွဲလို့ရှိရင် ရေဒီယိုထဲ ရောက်ချင်ရောက်သွားတာပဲ၊ နှာခေါင်း ပေါက်က ဆွဲလိုက်တယ်ဆိုလို့ရှိရင် အမွှေးအကြိုင် ရှိတဲ့ဆီ ဥယျာဉ်ပန်းခြံထဲ ရောက်ချင်ရောက်သွားတာပဲ၊ လေကောင်း လေသန့်ရှိတဲ့ဆီကော (ရောက်ပါတယ် ဘုရား) ပင်လယ် လေညှင်းခံထွက်တယ် ဆိုတာဒါတွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။

လျှာပေါက်က ဆွဲလိုက်တယ်ဆို၊ ဟိုတယ် အမျိုးမျိုးတွေ အကောင်းချည်းလျှောက်ရှာကြတယ် (မှန်ပါ့) မရှာကြ ဘူးလား (ရှာပါတယ် ဘုရား)။

အင်း ကိုယ်ပေါက်ကလဲ၊ ဘယ်နေရာက အိပ်ရာ ထိုင်ခင်း ကောင်းတယ်ဆိုတဲ့ နေရာမျိုးကို၊ ဒါက ကိုယ်ပေါက် အတွက် တိုက်ကြီး တာကြီးတွေ တည်လိုက်ရတာဟင် (မှန်ပါ့) သူတည်နေတာနဲ့ပဲ ဒီမှာ သူတော်ကောင်းအလုပ် လုပ်ချိန်တောင်မရှိဘူး။ ကိုယ်ပေါက် အလိုလိုက်နေရတာနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လူဆိုတာ အကြံရှိမှတော်တယ်

မနောပေါက်က လူဆိုတာ အကြံရှိမှ တော်တယ်ဆိုပြီး တစ်သက်လုံးကြံတယ်၊ ကြံရင်းမှာ သေသွားတာပဲ၊ ပြီးတယ်လို့ လည်း မရှိဘူး၊ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒီ အလို လိုက်ပြီးနေတဲ့ သဘောတွေဟာက သားကောင် ခြောက်ကောင်မနိုင်တဲ့ သဘောတွေ၊ တိုင်ခြေ ဝပ်အောင် မလုပ်နိုင်လို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာဖြစ်လို့တုံး (တိုင်ခြေ ဝပ်အောင် မလုပ်နိုင်လို့ ပါ ဘုရား)

တိုင်ခြေဝပ်အောင် မလုပ်နိုင်လို့ ဆို တော့ ဒါဖြင့် မင်းတို့ ကဲ ယနေ့ဖြင့် မောင်သစ်တို့ ဦးတင်တို့ တိုင်တစ်ခုတော့ ပေးထားမှပဲ၊ သူတို့ကို ကိုယ်ကနိုင်အောင်၊ ဒီတိုင်ခြေ လာဝပ် ကြပေါ့၊ ဒါ လုပ်မှတော်တာ (မှန်ပါ့) ဆိုတော့ စိတ္တာနုပဿနာကို တစ်ခါတည်း မင်းတို့နောက်စိတ်လည်း မလာဘူး၊ နောက် ပဋိစ္စသမုပ္ပါဒ်တွေ မလာနိုင်ဘဲနဲ့ ကိုယ့်ပေါ်တဲ့ စိတ်ကလေးကိုပဲ၊ ဒီစိတ်ကို တိုင်လုပ်တယ်၊ စာကတော့ ကာယနုပဿနာလို့ ဆိုတယ် (မှန်ပါ့) ဆိုပေမယ့်လည်း စိတ္တာနုပဿနာနဲ့ ရှုလည်း ရတာပဲ၊ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးဟာ အမှန်ချည်းပဲ (မှန်ပါ့)။

စိတ်ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှု

အဲဒီစိတ် ပေါ်တိုင်း ပေါ်တိုင်း ဒကာဒကာမတွေက ဖြစ်ပျက် ရှုရမယ် (မှန်ပါ့)။

ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) စိတ်ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုရပါမယ် ဆိုတဲ့ အဓိပ္ပာယ် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) ဟ ဘယ်စိတ်တုံးလို့ မေးမနေနဲ့၊ ဘယ်စိတ်တုံး မေးလို့ရှိရင် ခင်ဗျားတို့ ကိုယ့်ဟာ ကိုယ်ပေါ်တာ မသိလို့ဖြစ်ပါ လိမ့်မယ် (မှန်ပါ့) ခင်ဗျားတို့ သန္တာန်၌ အရိယာစိတ်မပေါ်ပါဘူး (မှန်ပါ့) ပုထုဇဉ်မို့ ဘာစိတ်ပေါ်မယ် (ပုထုဇဉ်စိတ်ထဲ ပေါ်ပါမယ် ဘုရား)။

ပုထုဇဉ်မို့ ပုထုဇဉ်ပေါ်တော့ ပုထုဇဉ်စိတ်ဟူသ၍ဟာ လည်း မရှုကောင်းတဲ့စိတ်ရှိရဲ့လား (မရှိပါ ဘုရား) မရှိဘူးတဲ့ ဘဝင်စိတ် ချန်လှပ်၊ ကျန်တာတွေ အကုန်ရှု၊ သဘောကျပလား (ကျပါပြီ)။

အိပ်စိတ် ဘဝင်စိတ်ချန်လှပ်

ဘဝင်စိတ်ချန်လှပ် ဆိုတာကတော့ ဘဝင်စိတ်က အိပ်စိတ်ကိုး၊ ကိုယ်အိပ်တာမှ ကိုယ်မသိတော့ သူ့ရှုဖို့ မလိုပါဘူး (မှန်ပါ့) ပေါ်လာတဲ့ စိတ်တွေဟူသ၍ ကိုဖြင့်၊ မြင်စိတ်လာ မြင်စိတ်ရှု၊ ကြားစိတ်လာ (ကြားစိတ် ရှုရပါမယ် ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ ဒီစိတ်တွေက သူလိုရာ ပြီးနိုင် သေးရဲ့ လား (မပြီးနိုင်ပါ ဘုရား)။

မပြီးနိုင်တဲ့ အခါကျလို့ ရှိရင်ဖြင့် သူ့နောက်လိုက် တွေလည်း ဒီနေရာ၊ တဏှာလည်း ဒီနေရာ ဝပ်ပေးရမှာပဲ၊ ဒေါသကော (ဒီနေရာ ဝပ်ပေးရပါမယ် ဘုရား) ဒီနေရာတွင် မလာဘဲနဲ့သေရမယ် (မှန်ပါ့) မောဟကော (ဒီနေရာဝပ် သေရမှာပဲ ဘုရား)။

အဲ နို့ ဒီနေရာဝပ်သေဆိုတော့ သူလည်း မလာဘဲနဲ့ သေရမယ် (မှန်ပါ့)။

ဝိပဿနာဉာဏ် အားကိုးပါ

အဲဒီတော့ကို ဒကာ ဒကာမတို့ ဝိပဿနာ ဉာဏ်သည် ခင်ဗျားတို့စိတ်တွေကို အခြံအရံနှင့် တကွ သတ်နိုင် တယ်၊ နိုင်အောင် လုပ်နိုင်တယ်ဆိုတာ သူအရေးကြီးတယ် (မှန်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

သူအရေးကြီးတယ်၊ စိတ်ကိုနိုင်တဲ့ ဝိပဿနာဉာဏ်ပဲ ကျုပ်တို့မှာ ခိုကိုးရာ အားထားရာ ရှိတာကိုး (မှန်ပါ့)။ ဒိပြင်ဟာ တွေတော့ဖြင့် ဒါနကလေး လုပ်လိုက်ပြန်လို့ ရှိရင်လည်း၊ တဏှာက မင်းပြုတဲ့ဒါနကြောင့် နတ်ပြည် ဆုတောင်းပါလားကွ ဆိုပြီး သူဆွဲရာပါသွားလို့ ဟိုနတ်ပြည်မှာ ဒုက္ခလှလှကြီး ရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်သွားတာပဲတဲ့။ သမထ ကလေးလုပ်မည့်ကြံ မင်းပြုတဲ့ သမထကြောင့် သေသည်၏ အခြားမဲ့၌ သမထ ဆောင်ရာ ဗြဟ္မာပြည်ရောက်ပြီး သက်ဆိုးရှည်ကြီး ဖြစ်နေတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါကြောင့် ဒါစိတ်မနိုင်တဲ့ ပုဂ္ဂိုလ်တွေသည် စိတ်ကိုခိုင်း တော့ ခိုင်းတာပဲ၊ ခိုင်းပင်ခိုင်းငြား သော်လည်း လမ်းဆုံးမခိုင်း တတ်တဲ့အတွက် လိုရာခရီး အကောင်းဆုံးကို မရောက်ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

စိတ္တာနုပဿနာ အားကိုးပါ

ဒါဖြင့် အကောင်းဆုံးရောက်အောင် ကျုပ်တို့ ဘယ့် နှယ်လုပ်မတုံးဆိုတော့ စိတ္တာနုပဿနာ အားကိုးရမယ် (မှန်လှပါ ဘုရား)။

မောင်ချစ်စိန် ဒါဖြင့် စိတ္တာနုပဿနာဟာ သားကောင် ခြောက်ကောင်တို့၏ ချည်တိုင်ပဲ (မှန်ပါ့)။

စိတ်တစ်လုံးကို ရှုနေလို့ရှိရင် ဒီစိတ်တွေဟာ ပြေးနိုင် သေးရဲ့ လား (မပြေးနိုင်ပါ ဘုရား)။

အေး မြွေနဲ့တူတဲ့စိတ် ဟုတ်လား (မှန်ပါ့) မိကျောင်းနဲ့ တူတဲ့စိတ် နားစိတ်ပေါ့လေ (မှန်ပါ့) ငှက်နဲ့ တူတဲ့ နှာခေါင်းစိတ်၊ အိမ်ခွေးနဲ့တူတဲ့ လျှာစိတ်၊ တောခွေးနဲ့တူတဲ့ ကိုယ်စိတ်၊ မျောက်နဲ့တူတဲ့ ကြံစိတ် စည်စိတ်၊ ဒါကို တစ်ခါတည်း ကျုပ်တို့က လာသ၍ ဖြစ်ပျက်ရှုနေ (မှန်ပါ့)။

လာသ၍ ဖြစ်ပျက်ရှုပြီး သကာလ နေတော့ အင်း, သတိထားပြီး သတိတည်းဟူသော ချည်တိုင်မှာ သတိတည်း ဟူသော တရားနဲ့ ချည်ထားလိုက်တဲ့အခါကျတော့ ခုနင်က တဏှာကြိုး တွေဟာ တန်းလန်းကြီးပြေးသေးရဲ့လား (မပြေး ပါ ဘုရား) တဏှာ, ဥပါဒါန်, ကံကြိုးတွေကော လိုက်သေးရဲ့ လား (မလိုက်ပါ) သောက, ပရိဒေဝ, ဒေါမနဿ ကြိုးတွေကော (မလိုက်ပါ) အဝိဇ္ဇာ, သင်္ခါရကြိုးတွေကော (မလိုက်ပါ ဘုရား)။

မဂ္ဂင်ခြေရင်းမှာ သေကြတာ

မလိုက်တော့ကို တစ်ခါတည်း ဒကာ ဒကာမတို့၊ စိတ္တာနုပဿနာ ချည်တိုင်မှာ မဂ္ဂင်ခြေရင်းမှာ ခေါင်းစင်းပြီးသေကြ တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်တည်းဟူသော ကျားအောက်မှာ ဝိညာဉ်ပျောက် ကြတယ်ဆိုရင်ကော မှန်တာပဲ (မှန်ပါ့)။

မဂ္ဂင်တည်းဟူသော ကျားအောက်မှာ ဝိညာဉ်ပျောက် တယ်ဆိုတာလည်း မှန်တာပဲ (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ မဂ္ဂင်နဲ့ စိတ်လာတိုင်း ဖြစ်ပျက်ရှုပါ (မှန်ပါ့)။

စိတ်တည်းဟူသော ချည်တိုင်အောက်မှာပဲ၊ ခုနင်က တဏှာတည်းဟူသော ကြိုးတွေဟာလည်း ဒီနေရာမှာပဲ ပုံပြီးသကာလ ဆွေးကြ, မြည့်ကြမှာပဲ၊ အဝိဇ္ဇာတည်းဟူသော အထုံးကြီးဟာလည်း ဒီနေရာမှာပဲ ပြေရမှာပဲဆိုတာ မဂ်က ဝိဇ္ဇာဖြစ်တယ် (မှန်လှပါ) တဏှာကြိုးကတော့ မဂ်ဉာဏ် ဖြတ်ပစ်လိုက်တယ်နော် (မှန်ပါ့)။

မဂ်ဉာဏ်က တဏှာကြိုးကိုဖြတ်တယ်

ဒါဖြင့် မဂ်ဝိဇ္ဇာလမ်းနဲ့ တဏှာကြိုးကိုဖြတ်တဲ့အလုပ် သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မဂ်တည်းဟူသော တရားသာလျှင် ကျုပ်တို့ သည် ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ အစဉ်တစိုက် ရှုပြီးနေကြမယ် ဆိုလို့ရှိရင်ဖြင့် စိတ်ဆွဲဆောင်တိုင်း ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။

မရောက်တော့ ခင်ဗျားတို့ မြင်စိတ်လာလည်း မြင်စိတ် ဖြစ်,ပျက်ရှုပါ၊ ကြားစိတ်လာလည်း ကြားစိတ် ဖြစ်ပျက်ရှုပါဆိုပြီး ဆယ့်နှစ်ချက် ပေးထားတဲ့အနက်က အမြဲရှုရမှာလည်း ပါပါတယ်၊ ပေါ်မှ ရှုရမှာလည်း ပါပါတယ် ဆိုတာက စိတ္တာနုပဿနာ အဖြစ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် စိတ္တာနုပဿနာတည်းဟူသော ချည်ခုံ၌ ဝပ်နေပါ စေ (မှန်ပါ့)။

တဏှာ, ဥပါဒါန်, ကံတွေကော သေသွားပြီ၊ ဒေါသ, သောကတွေကော (သေသွားပါပြီ)၊ အဝိဇ္ဇာ, သင်္ခါရတွေ ကော (သေသွားပါပြီ ဘုရား)။

ဒီမှာပဲ သေပါစေဆိုတော့ကို အဲဒီကြိုးတွေ၊ သမုဒယ သစ္စာတွေ အကုန်ချုပ်ပါတယ် ဆိုတော့ သဘောပါပလား (ပါပါပြီ ဘုရား)။

ဖြစ်ကြောင်းတွေ သေသွားပြီ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဪ တို့အလုပ်သည်ကားလို့ဆိုရင် စိတ္တာနုပဿနာ ချည်တိုင်မှာဘဲ ပဋိစ္စသမုပ္ပာဒ် သုံးမျိုး သေလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဖြစ်ကြောင်းတွေ သေသွားပြီ (မှန်ပါ့)။

ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတွေ တတိယ အကွက် မှာကြည့် (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ် တတိယအကွက်မှာနော် (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်, ကံ, ဒေါသ, သောက အဝိဇ္ဇာ, သင်္ခါရဆိုတဲ့ သမုဒယသစ္စာသည် နှစ်ကွက် စလုံး သေတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) အတိတ်ကဟာလည်း ပစ္စုပ္ပန်ထဲ ဝင်သေတာပဲ (မှန်ပါ့)။

အတိတ်ကဟာလည်း (ပစ္စုပ္ပန်ထဲ ဝင်သေပါ တယ် ဘုရား) အဲ အတိတ်ကဟာတော့ လိုက်ပြီး မသတ် နိုင်ဘူး၊ ပစ္စုပ္ပန် ပေါ်မည့်တရားထဲမှာ ရောသေသွားတယ်၊ ၃-နံပါတ်ရောသေသွားတယ် (မှန်ပါ့) သဘော ကျပလား (မှန်ပါ့)။

တဏှာ, ဥပါဒါန်, ကံဆိုတဲ့ ၃-နံပါတ်ထဲမှာ အတိတ် ( အဝိဇ္ဇာ, သင်္ခါရ သေတာပဲ၊ ဒေါသ, သောက, ပရိဒေဝတွေကော (သေပါတယ် ဘုရား)။

သေတော့ကို သမုဒယဟူသည်မှာ စိတ္တာနုပဿနာ တည်းဟူသောဓမ္မကို ရှုလိုက်တဲ့အတွက်၊ မဂ်ဝိဇ္ဇာက အဆုံးကို လည်း ဖြတ်ကြိုးကိုလည်း ဖြတ်ပြီးသွားတဲ့ အတွက်၊ ဒီကြိုးကို ဖြတ်တဲ့ အတွက်-တဲ့၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ လိုချင်တဲ့ဆီ ရောက်ပါတယ်၊ အဝိဇ္ဇာ, တဏှာချုပ်ပါတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါ အဝိဇ္ဇာ, တဏှာချုပ်တော့မှ အဲဒီ အဝိုင်းကြီးရှိတဲ့ အလယ်မှာ အဝိဇ္ဇာ, တဏှာဝင်ရိုးလို့ မပါဘူးလား (ပါ- ပါတယ် ဘုရား)။

သံသရာလှည့်တဲ့ဝင်ရိုး ကျိုးသွားတယ်

ပဋိစ္စသမုပ္ပာဒ် အဝိုင်းကြီးဟာ အဝိဇ္ဇာ, တဏှာ ဘာတဲ့တုံး (ဝင်ရိုးပါ) အဲဒီဝင်ရိုးကို ကျိုးသွားတယ် (မှန်ပါ့ ဘုရား)။

သံသရာလှည့်တဲ့ ဝင်ရိုးကြီး ဘာဖြစ်သွားသတုံး (ကျိုးသွား ပါတယ်) သံသရာလှည့်တဲ့ ဝင်ရိုး ကျိုးသွားတယ်၊ ဝင်ရိုးကျိုးတော့ ခုနင်က ပုညာဘိသင်္ခါရဆိုတဲ့ အကန့်တွေ၊ အပုညာဘိ သင်္ခါရ အာနေဉ္စာဘိသင်္ခါရ ဆိုတဲ့ အကန့်တွေဟာ သူ့ဟာသူ ပုံကျတယ်၊ ဝင်ရိုး ကျိုးပကော (မှန်ပါ့ ဘုရား)။

ဝင်ရိုးကျိုးတော့ လှည့်နိုင်သေးရဲ့လား (မလှည့်နိုင်ပါ) မလှည့်နိုင်တော့ ပုံကျတယ်၊ ဇရာ, မရဏတည်း ဟူသော – အကွပ်တွေ လည်နိုင်သေးရဲ့လား (မလည်နိုင်ပါ ဘုရား)။

တဏှာကိုဖြတ်တယ်

မလည်နိုင်တော့ သော် ဒါကြောင့် အဝိဇ္ဇာနဲ့ တဏှာကို စိတ္တာနုပဿနာကို ရှုတဲ့အခါ ဉာဏ်က တဏှာကို တော့ ဖြတ်တယ်၊ အဝိဇ္ဇာကိုတော့ ဝိဇ္ဇာဖြစ်စေတယ် (မှန်ပါ့) ဒါကလေးနှစ်လုံး မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါကလေးနှစ်လုံးမှတ်ပါ၊ တဏှာကိုတော့၊ (ဖြတ်ပါတယ်) အဝိဇ္ဇာကိုတော့ (ဝိဇ္ဇာဖြစ်စေပါတယ်) ဝိဇ္ဇာဖြစ်စေတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်စေတယ်

တဏှာကိုတော့ (ဖြတ်ပါတယ်) အဝိဇ္ဇာကိုတော့ (ဝိဇ္ဇာ ဖြစ်စေပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ၂-နံပါတ်အကွက်မှာရှိတဲ့ စိတ်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာကို ၂-နံပါတ်အကွက်ကြားထဲက နေပြီး သကာလ ဆရာဘုန်းကြီးပြောထားတယ်၊ ရေးထားတယ်၊ မဂ်သွင်းလိုက်ပါ (မှန်ပါ့) မပြောဘူးလား (ပြောပါ တယ် ဘုရား)။

သာသနာတွင်းရောက်တယ်

မဂ်သွင်းလိုက်တဲ့အခါကျတော့ ဘာဖြစ်သွားသတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ မဂ်သွင်းလိုက်တော့ သာသနာတွင်း ရောက်တယ်၊ မဂ်မသွင်းရင် သာသနာပ (မှန်ပါ့) မဂ်မသွင်းရင် (သာသနာပပါ ဘုရား)။

မဂ်မသွင်းရင် သာသနာပ၊ မဂ်သွင်းလို့ရှိရင် သာသနာ တွင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သာသနာ (၅၀၀၀) အမှတ်ထားလို့မဖြစ်

ဒါဖြင့် သာသနာပ, သာသနာတွင်း ဆိုတာ ဒကာ ဒကာမတွေက ငါးထောင်အမှတ်ထားပြီး နေလို့မဖြစ်ဘူး (မှန်ပါ့) ငါးထောင် အတွင်းမှာ မိစ္ဆာဒိဋ္ဌိတွေက ဘာမှမဆိုင်ဘူး (မှန်ပါ့ ဘုရား)။

ငါးထောင်အတွင်းမှာ ကျုပ်တို့ဝေဒနာနဲ့ တဏှာကြားမှာ ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ မဂ်သွင်းနိုင်တဲ့ ပုဂ္ဂိုလ်သာသနာတွင်း (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ်သွင်းနိုင်ရင် (သာသနာတွင်းပါ) မသွင်းနိုင်တဲ့ ပုဂ္ဂိုလ် (သာသနာပပါ) သာသနာပ ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါကြောင့် ဒီထဲမှာ အခု တရားနာနေကြတဲ့ဥစ္စာ တော်တော် များတယ်၊ ရှုနေရင် သာသနာတွင်း ရောက်နေတယ် (မှန်ပါ့) မရှုရင် သာသနာ့ပြင်ဘက်ရောက်နေတယ် (မှန်ပါ့ ဘုရား)။

မရှုရင် သာသနာပ

ရှုနေရင် (သာသနာတွင်းရောက်နေပါတယ်) မရှုလို့ရှိရင် (သာသနာပရောက်ပါတယ် ဘုရား)။၊

မရှုတော့ တပည့်တော်တို့ ဒါန, သီလတွေနဲ့ နေသားပဲဆို တော့၊ အို ဒါန, သီလက သာသနာပ မှာလည်းရှိသားပဲ သာသနာပပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါန၊ သီလက သာသနာတရား

ဒါန, သီလက (သာသနာပ, ပါ) သာသနာတွင်း တရား မဟုတ်ပါဘူး၊ သာသနာတွင်းတရားက ဝိပဿနာအစမှ၊ သာသနာတွင်းအစကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒါန, သီလကလေးနဲ့ ဒကာ ဒကာမတွေက တင်းတိမ်ပြီး မနေဘဲနဲ့၊ သာသနာတွင်း အလုပ်တွေကိုလည်း လုပ်မှသာလျှင် သာသနာ၏အရောင်ကို ခို,ရမှာ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် သာသနာ၏ အရောင်ဖြစ်တဲ့ နိဗ္ဗာန် တည်းဟူသော, အရောင်အောက် ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။

မရောက်နိုင်တော့ဘူး၊ ဒါန, သီလသည် သာသနာ ပတရား၊ ဝေလာမပုဏ္ဏားတို့ သာသနာပ လှူတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒေဝီလဆရာကြီး ကောင်းကင်ပျံနိုင်

အင်း ဒါန, သီလ, သမထတွေတောင်မှ ဒေဝီလ ဆရာကြီးတို့ဟာ ဘုရားမပွင့်ခင် သာသနာပမှာ ကောင်းကင်ပျံ၊ မြေလျှိုးနေတာပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

ဒေဝီလတို့လေ အာဠာရဥဒကတို့လေ (မှန်ပါ့) ဘုရားမပွင့်ခင် သာသနာရှိသလား (မရှိပါ ဘုရား) မရှိပေမယ့် ဒါန, သီလ, သမထတွေက ရှိနေတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒီကြားထဲမှာ မဂ်သွင်းပါဆိုတဲ့ အသွားမပါဘူး (မှန်ပါ့) ၂-နဲ့ ၃-အတွင်းမှာ မဂ်ဝင်ပါဆိုတဲ့ အသွားကို ဘယ်သူမှ မဟောနိုင်ဘူး (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

၂ နဲ့ ၃-အတွင်းမှာ မဂ်ဝင်ပါ

၂-နဲ့၃-အတွင်းမှာ မဂ်ဝင်ပါ ဆိုတဲ့ဥစ္စာ ဘယ်သူတစ်ဦး တစ်ယောက်မှ မဟောနိုင်ဘူး (မှန်ပါ့) ဟောရင် သစ္စာတွေ့သွားမယ် (မှန်ပါ့)။

ဒီနေရာ မဂ်ဝင်လိုက်တော့ ၂-နံပါတ်ဟာ ဒုက္ခသစ္စာ သွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ်) ၂-နဲ့ ၃ ကြားထဲမှာ အဆက်ကလေးပြထားပါတယ်၊ အဲ့ဒီဥစ္စာမဂ်နဲ့ ဖြတ်လိုက်လို့ရှိရင် မောင်သစ် သာသနာတွင်းသွားဖြစ်တယ် (မှန်ပါ့) မဂ်နဲ့မဖြတ်လို့ရှိရင် ဒီဘက်ပြန်လှည့်တယ် (မှန်ပါ့) သာသနာပအတိုင်း-သာသနာ ပရိုးရာအတိုင်းဖြစ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ သာသနာတွင်း သာသနာပ ဆိုတာလည်း ဘာပါလိမ့်မတုံးဆိုတာ ယနေ့ ပိုရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) ၂-နဲ့ ၃ ကြားမှာ ဝိပဿနာမဂ် ဝင်နိုင်ရင် သာသနာတွင်း (မှန်ပါ့) မဝင်ပါဘူးဆိုတဲ့ သူကတော့ (သာသနာပပါ ဘုရား) သာသနာပပဲ ဆိုတဲ့ အဓိပ္ပာယ် ဟာပေါ်သွားပြီ (ပေါ်သွား ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘုရားဘယ်နေရာမှာဖြစ်သတုံး

အဲဒီတော့ ဒကာ ဒကာမတို့ မနှစ်ကလည်းဟော၊ တမြန် မနှစ်ကလည်း ဟောပါတယ်၊ မောင်သစ်တို့ ကြားပါ လိမ့်မယ်။ အို ဘုရား က ဘယ်နေရာဖြစ်သတုံးဆိုတော့ ဝေဒနာနဲ့ တဏှာကြား ဖြစ်တယ် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘုရား ဘယ်နေရာဖြစ်သတုံး (ဝေဒနာနဲ့တဏှာ ကြား ဖြစ်ပါတယ် ဘုရား) ဝေဒနာနဲ့ တဏှာကြားမှာ၊ ဘုရားက ဒီဉာဏ် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်, သဗ္ဗညုတဉာဏ်ကို ဒီကြားမှာ ရသွားတယ် (မှန်ပါ့) ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တာ မဟုတ်ပါဘူး (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်သလား ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်သလား (ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်ပါတယ် ဘုရား) ဟိုဘက်ကူးလိုက်ရင် ဘုရားဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား)။

မဖြစ်တော့ဘူးတဲ့ (မှန်ပါ့) ဒါဖြင့် ဝေဒနာနဲ့ တဏှာကြားမှာ ဝိပဿနာမဂ်, လောကုတ္တရာမဂ် အပြည့်အစုံပေါ်လို့ သာလျှင် ဘုရားဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ၊ ဘာမှအငြင်းပွားဖို့ မလိုဘူး (မလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပရမတ်သဘော

ဒါဖြင့် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာဘုရားဖြစ်တယ် ဆိုတာက ပညတ် သမားကပြောတာ။ ပရမတ် သမားကပြောတော့ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ်လို့ ပြောရမယ် (မှန်လှပါ ဘုရား)။

ပညတ်သဘော

ပညတ်သမားကဖြင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ဘုရားဖြစ်တယ်လို့ ဆိုရမှာပဲနော် (မှန်ပါ့) ပရမတ်သမား ကတော့ ဗောဓိပင်နဲ့ ရွှေပလ္လင်တက်ပြီး ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်ပြီး ဝိပဿနာ ရှုလိုက်တော့မှ ဘာဖြစ် လာသတုံး (ဘုရားဖြစ်ပါတယ်) ဘုရားဖြစ်လာတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုရားဖြစ်တဲ့နေရာဟာ ခင်ဗျားတို့ အိန္ဒိယမှာပဲ ဖြစ်သလား တဲ့။ ဘုရားခန္ဓာထဲမှာပဲ ဘုရားဖြစ်သလား (ဘုရား ခန္ဓာထဲမှာဘုရားဖြစ်ပါတယ်) ဒါဖြင့် ဗောဓိပင်နဲ့ ရွှေပလ္လင်ကိုမပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အာသဝေါကုန်သွားတယ်

အဲဒီဥစ္စာ ဒီနေရာနဲ့ပြော ပညတ်ကိုပယ်ပြီး ပရမတ် စစ်စစ်နဲ့ ပြောတော့ ဝေဒနာနဲ့ တဏှာကြားမှာ အာသဝေါ ကုန်သွားတယ် (မှန်ပါ့) သဘောပါပလား (ပါ- ပါတယ်)။

ဝေဒနာနဲ့တဏှာကြားမှာ (အာသဝေါကုန်သွား တယ်) ကုန်တာ – မကုန်တာ ဘုန်းကြီး ရှင်းပြတော့မှ ဒကာ ဒကာမတွေ ပိုမိုပြီး ရှင်းလင်းပါလိမ့်မယ် ဆိုတော့ ဖြစ်ပျက်ရှု နေတယ် ဆိုကတည်းက အဝိဇ္ဇာသဝကုန်သွားတယ် (မှန်ပါ့) မကုန်သေးဘူးလား (ကုန်ပါတယ်)။

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဟိုဘက်က တဏှာ, ဥပါဒါန်တွေ လာသေးရဲ့ လား (မလာပါ ဘုရား)။

အဲဒီထဲမှာ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝက ဟိုဘက် က ကုန်သွားတယ် (မှန်ပါ့) အာသဝေါ လေးပါးကို ကုန် သွားတယ် (မှန်ပါ့) အာသဝေါလေးပါးကို ကုန်သွား တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် အာသဝေါကုန်လို့ ဘုရားဖြစ်တာ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

ဘယ့်နှယ်ကြောင့်တုံး (အာသဝေါကုန်လို့ ဘုရား ဖြစ်တာပါ ဘုရား)။

အာသဝေါကုန်လို့ ဘုရားဖြစ်တာ

အာသဝေါကုန်လို့ ဘုရားဖြစ်တာဆိုတော့ – ဒီကြား ကုန်တာကိုးဆိုတာ မပေါ်လာသေးဘူးလား (ပေါ်ပါပြီ)။

ကဲ ဒါဖြင့် ဒီဒကာ ဒကာမတွေမှာလဲ၊ သောတာပန် တည်ချင်လည်း ဒီကြားမဂ်သွင်းရမယ် (မှန်ပါ့) သကဒါဂါမ်တည်ချင်လဲ (ဒီကြားမဂ်သွင်းရပါမယ်) အနာဂါမ်တည်ချင်လဲ (ဒီ ကြား မဂ်သွင်း ရပါမယ်) ဒီကြားထဲ ဝေဒနာနဲ့ တဏှာကြားပဲ မဂ်သွင်းရမယ် (မှန်ပါ့)။

အဲဒီကြားကနေပြီး ၂-နံပါတ်ဖြစ်တဲ့ ဒုက္ခသစ္စာကိုပဲ စိတ် ကြိုက်ရင် စိတ်ရှု။ ဝေဒနာကြိုက်ရင် ဝေဒနာရှု (မှန်လှပါ ဘုရား)။

စိတ်ကြိုက်ရင် (စိတ်ရှုပါ) သစ္စာကြိုက်ရင် (သစ္စာရှု) အဲ ဓမ္မာနုပဿနာဆိုရင် သစ္စာရှု၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီနေရာမှတစ်ပါး ရှုတဲ့နေရာ၊ နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ် အပေါင်း၊ အာသဝေါ ကုန်သွားတဲ့ ပုဂ္ဂိုလ် အပေါင်းဟာ ဒီနေရာမှာ မူတည်ကြတာချည်းပဲ (မှန်ပါ့) ပေါ် ပလား ဦးတင် (မှန်ပါ့)။

သဗ္ဗညုတဉာဏ်ကြောင့် ရတာမဟုတ်

ဘုရားဘယ်နေရာဖြစ်တယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ)။ ဝေဒနာနဲ့ တဏှာကြားမှာ၊ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို ကာမာသဝနဲ့ ဆုတောင်း ယူလို့ရတာ (မှန်ပါ့) ဘုရားဖြစ်လို့ ရတာ မဟုတ်ဘူး၊ သဗ္ဗညုတဉာဏ်ကြောင့် ရတာမဟုတ်ဘူး နော် (မှန်ပါ့)။

သူအဓိဋ္ဌာန်တာ ကြည့်ပါ။ ဗောဓိပင်နဲ့ ရွှေပလ္လင် မာရ်နတ်ကြီးက လာလုတဲ့အခါ၊ ငါဝေဿန္တရာမင်း လက်ထက်က လှူထားလို့ ပေါ်လာတာကွ ပြောနေတာ (မှန်ပါ့) သဗ္ဗညုတဉာဏ် ကြောင့် ရတာ မဟုတ်ဘူး၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

ဒိပြင်ဟာတွေများ အသာထားပါဦးကွ ဝေဿန္တရာမင်း လက်ထက်က လှူထားတဲ့ ကုသိုလ်တွေကြောင့် ရတဲ့ ပလ္လင်ပါလို့ ဆိုတာ၊ ဘုရားကိုယ်တိုင် မြေကြီးကို သစ္စာပြုလိုက်တော့ မြေကြီးက အိုးထိန်းစက်ကဲ့သို့ လှုပ်ပြီး မာရ်နတ်မင်း စစ်တပ်တွေ ပြေးရတာ ထောက်တော့ သဗ္ဗညုတဉာဏ်နဲ့ တစ်ခြားစီ (မှန်ပါ့) ကာမာဝစရ ကုသိုလ်ကြောင့်ရတာ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဒီအပေါ်မှာ ဘုရားဖြစ်တယ်လို့ မယူနဲ့

အဲဒီတော့ ဗောဓိပင်နဲ့ ရွှေပလ္လင် အပေါ်မှာ ဘုရားဖြစ်တယ်လို့ မယူပါနဲ့ တဲ့။ ခန္ဓာပဋိစ္စသမုပ္ပာဒ် ကြားထဲမှာ ဘုရားဖြစ်တာ (မှန်ပါ့) ခန္ဓာပဋိစ္စသမုပ္ပာဒ် နောက်မဆက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပာဒ် နောက်က တဏှာ, ဥပါဒါန် မဆက်ဘူး (မဆက်ပါ) ဒေါသ, သောက မဆက်လို့ (မှန်ပါ့) အဝိဇ္ဇာ, သင်္ခါရ (မဆက်လို့ပါ) မဆက်လို့ ဘုရားဖြစ်သွား တာဆိုတော့ ဪ ဘုရားဖြစ်တဲ့ နေရာလည်း သိပဟ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဝေဒနာနဲ့ တဏှာကြားမှာ

ဘယ်နေရာပါလိမ့် (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား) အဲ ခင်ဗျားတို့ သောတာပန် တည်ချင်လည်း ဘယ်နေရာလုပ်ရမလဲ (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)။

ဝေဒနာနဲ့ တဏှာကြားစိတ်ရှုတော့၊ စိတ်ပေါ်မှာ ဒိဋ္ဌိကို ဝေဒနာနဲ့ တဏှာကြားပေါ်မှာ ရှုတဲ့မဂ်က သတ်ပစ်လိုက်တယ် (မှန်ပါ့)။

ငါ့စိတ်ဟုတ်လား။ ငါမြင်တယ်။ ငါကြားတယ် ဆိုတာ စိတ်ကိုစွဲနေတာ။ စိတ်က ကြားတာကိုးဗျ (မှန်ပါ့)။

ငါမြင်တယ်၊ ငါကြားတယ်၊ ငါလှူတယ်၊ ငါစားတယ်၊ ငါယားတယ်၊ ငါနာတယ်၊ ငါသိတယ် လုပ်နေတယ်။ ဟုတ်လား ငါမေတ္တာပို့နေတယ်။ အစရှိသည်ဟာ ဒါစိတ်ပေါ်မှာ စွဲတဲ့ ဒိဋ္ဌိတွေကို မောင်သစ် စိတ်ပေါ်တိုင်း ဖြစ်ပျက်ရှုလိုက်တော့ စိတ်ပေါ်မှာ ဒိဋ္ဌိ နေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။

မနေနိုင်တော့ ပဋ္ဌမမဂ်သည် ဒိဋ္ဌိသတ်တာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သောတာပန်တည်ချင်ရင်

ဒါဖြင့် ပဋ္ဌမမဂ်က ဒိဋ္ဌိသတ်တဲ့အတွက် ဒီ ဒကာ ဒကာမတွေ မှာတဲ့ သောတာပန် တည်ချင်လည်း ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ပေါ်အောင် လုပ်ပေတော့။ စိတ်ရှုပေးပါနော် (မှန်ပါ့) ရှင်းကြရဲ့ လား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ရေးပေးထားတဲ့ စာရွက်ကလေးဟာ သာမညအဖိုးတန်တယ်လို့ မယူလိုက်ပါနဲ့။ အပါယ်လေးပါး တံခါးပိတ်တဲ့နည်း (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (အပါယ်လေးပါး တံခါးပိတ် တဲ့ နည်းပါ ဘုရား)။

အပါယ်လေးပါး တံခါးပိတ်တဲ့နည်း

အပါယ်လေးပါး တံခါးပိတ်တဲ့နည်းကို ပေးတဲ့အတွက် စိတ္တာနုပဿနာဟာ အင်မတန် အဖိုးတန်သွားတယ် (မှန်ပါ့) စိတ္တာနုပဿနာ အောင်မြင်ပြီးတဲ့ ဒကာ ဒကာမတွေ ကျတော့ ဘုန်းကြီးတို့က တစ်ခါ ဝေဒနာနုပဿနာ ပေးဦးမယ်နော် (မှန်လှပါ ဘုရား)။

အဲဒီတော့ သူ့အကန့်နဲ့သူ သွားမှသာလျှင်လည်း လမ်းစဉ်က ဖြောင့်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သူ့အကန့်နဲ့သူ မသွားလို့ရှိရင် လမ်းစဉ်ဖြောင့်ပါ့မလား (မဖြောင့်ပါ ဘုရား) မဖြောင့်ဘူးတဲ့။ ကဲ ဒါ့ဖြင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာ ချည်တိုင်အောက်မှာ မြွေနဲ့တူတဲ့ သတ္တဝါတွေက ဒီတိုင်ခြေ လာဝပ်ပါစေ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

စိတ်ကို၊ ကိုယ်ကနိုင်သွားပြီ

ဒီတိုင်ခြေ လာဝပ်ကြလို့ရှိရင်ဖြင့် ကိုယ်က ချည်တိုင်နဲ့ ကဲ မင်းတို့ အကုန် ဒီတိုင်ခြေ ဝပ်ကြ, ဒီတိုင်ခြေ သေကြဆိုတော့ ဒီစိတ်ကို ကိုယ်နိုင်ရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သူတို့ဆွဲရာ ကိုယ်ပါသေးရဲ့ လား (မပါပါ ဘုရား)။

စိတ်ဆောင်ရာကို၊ ကိုယ်ကမပါတော့ဘူး

“စိတ္တေန နိယျတေ လောကော”ဆိုတဲ့အတိုင်း သူဆောင် ရာကို ကျုပ်တို့မပါတော့ဘူး (မှန်ပါ့)။

“စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ” ဆိုတဲ့အတိုင်း အလုံးစုံသော သတ္တဝါတွေသည်၊ စိတ်၏အလို စိတ် နောက်ကို လိုက်ကြရတယ်ဆိုတဲ့ ဥစ္စာလည်း မလိုက်ဖြစ်တော့ဘူး (မှန်ပါ့)။

မကောင်းမှု၌ မမွေ့လျော်တော့ဘူး

“ပါပသ္မိံ ရမတိ မနော”ဆိုတဲ့အတိုင်း စိတ်နောက်လိုက်လို့ ရှိရင် မကောင်းမှု၌ မွေ့လျော်ခြင်း ကြောင့် ပဋိစ္စသမုပ္ပာဒ် သုံးမျိုး ထွက်မယ်ဆိုတာလည်း သေချာသွားတဲ့အတွက် ဒါကိုကော နိုင်သွားပြီလို့ မောင်သစ်ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ) စိတ္တာ နုပဿနာချည်းဖြစ်ပျက်ရှု (မှန်ပါ့)။

ဘယ်စိတ်လာလာ ဖြစ်ပျက်ရှု

ဘယ်စိတ်လာလာ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်) ဘာမှရှုစရာမရှိရင် ဘယ်စိတ် ရှုကြမယ် (အိမ်သည်စိတ်ကို ရှုရပါမယ် ဘုရား)။

အိမ်သည်စိတ်နှစ်ခုဆိုတဲ့ လေကိုထုတ်တဲ့စိတ်, လေကို ပြန်သွင်းတဲ့စိတ်၊ ဒီနှစ်ခုကို အမြဲတမ်းရှု (မှန်ပါ့)။

အပြင်ဧည့်သည်လာရင် (အပြင်ဧည့်သည် ရှုရပါ မယ် ဘုရား) အတွင်းဧည့်သည်လာရင် (အတွင်းဧည့်သည် ရှုရပါမယ် ဘုရား) အတွင်းဧည့်သည် ရှုလိုက်တဲ့ အခါကျတော့ ရှုတော့် စိတ်တွေ့သလား ဒကာ ဒကာမတို့ ဖြစ်မှု ပျက်မှု ဒုက္ခသစ္စာတွေ့သလား (ဖြစ်မှု ပျက်မှု, ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)။

သာသနာတွင်းသားဖြစ်ပြီ

ဟာ ဒုက္ခသစ္စာတွေ့လို့ရှိရင် သစ္စာနုလောမိက ဉာဏ်ရပြီ (မှန်ပါ့) သာသနာပ မဟုတ်တော့ဘူး (မှန်ပါ့) ကမ္မဿကတ ဉာဏ်ရရင် သာသနာပ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သစ္စာ နုလောမိကဉာဏ် ရရင် (သာသနာတွင်းပါ ဘုရား) ရှင်ပလား (ရှင်းပါပြီ ဘုရား)။

ကျောင်းဆောက်, ဘုရားတည်, ဆွမ်းကွမ်းဖို့၊ ကမ္မဿကတ ဉာဏ်လောက်ကတော့ သာသနာပ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ပေါ်တိုင်း ပေါ်တိုင်း ဒီဒကာ ဒကာမတွေက ဖြစ်လိုက်, ပျက်လိုက် ဖြစ်လိုက်, ပျက်လိုက် ကလေးတွေ သိနေတော့ ဖြစ်ပျက် က ဒကာ ဒကာမတို့ ဒုက္ခသစ္စာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုတိယကွက်မှာ ဒုက္ခသစ္စာပဲရေးတယ် (မှန်ပါ့) စိတ်ကလည်း အဲဒီထဲမှာပဲရှိတယ် (မှန်ပါ့) မနာယတန ဆိုတဲ့စိတ်ကလည်း ဒုတိယွက်မှာပဲရှိတယ် (မှန်ပါ့)။

အဲဒါသည် စိတ် အကွက်က ဒုက္ခသစ္စာ၊ ဟောဒီ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှု ပျက်မှုပဲ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

အဲ ဖြစ်မှု ပျက်မှုပဲ တွေ့လိုက်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာနုလောမိက ဉာဏ်ကို ရပါတယ် (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ဉာဏ် ဘာဉာဏ်လဲ

ဖြစ်ပျက်ကို မြင်တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (သစ္စာ နုလောမိကဉာဏ်ပါ ဘုရား)။

သစ္စာနုလောမိကဉာဏ် မှတ်လိုက်စမ်းပါ၊ သစ္စာနု လောမိက ဉာဏ်ရမှ သာသနာတွင်း ရောက်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်ရမှ (သာသနာတွင်း ရောက်ပါ တယ် ဘုရား)။

(ဖြစ်ပျက်ကိုမှ မတွေ့ဘဲနဲ့ သေသွားလို့ရှိရင် သာသနာပ မွေးလို့ သာသနာပ သေသွားပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လိုသေးတယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သာသနာတွင်းနဲ့ သာသနာပ

လိုသေးတယ်လို့ ဆိုလိုက်တယ် ဘုရားက ဒါကြောင့် ပဏ္ဏာသပါဠိတော်တွေ ကျတော့လည်း သာသနာတွင်း၊ သာသနာပ ဘာထူးသတုံးကွ မေးတဲ့အခါကျတော့ သာသနာပမှာ ကမ္မဿကတ ဉာဏ်သာ ရှိတယ် (မှန်ပါ့)။

သာသနာတွင်းကျတော့ ကမ္မဿကတဉာဏ်ရော, သစ္စာ နုလောမိကဉာဏ်ရောရှိတယ်၊ ဒါထူးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ သစ္စာနုလောမိကဉာဏ်နဲ့ ကမ္မဿကတဉာဏ် နှစ်ခု စလုံးရရင် သာသနာတွင်း (မှန်ပါ့) တစ်ခုတည်းနေရင် (သာသနာပပါ ဘုရား)။

ကမ္မဿကတဉာဏ်

အေး ကမ္မဿကတဉာဏ်လောက် လှူတာ, ပေးတာ, ကမ်းတာနဲ့ ငါလုပ်, ငါရဆိုတာလေးနဲ့ နေလို့ရှိရင်ဖြင့် တဲ့ သာသနာပပဲ ရှိသေးတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်

ဒါဖြင့် သစ္စာနုလောမိကဉာဏ် ဆိုတာ ဘာတုံးလို့ မေးလို့ရှိရင် ဖြစ်ပျက်မြင်တဲ့ဉာဏ် (မှန်ပါ့) သဘောပါ ကြပလား (ပါပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်ဆိုတာ (ဖြစ်ပျက် မြင်တဲ့ဉာဏ်ပါ ဘုရား) ဖြစ်ပျက်မြင်တဲ့ဉာဏ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဖြစ်ပျက်မြင်ဖို့ရာ သိပ်အရေးကြီးတယ်

ဖြစ်ပြီးပျက်တာသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် သစ္စာကိုမြင်တာပဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒီတရားအားထုတ်လာကြတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်မြင်ဖို့ရာ သိပ်အရေးကြီး ပါတယ် (မှန်ပါ့) နောက်မှ ဖြစ်ပျက် မုန်းရမှာ၊ မြင်ပြီးမှ မုန်းဆိုတာ လာနိုင်တယ် (မှန်ပါ့) မုန်းပြီးမှ ဆုံးဆိုတာ (လာနိုင် ပါတယ်) နို့မဟုတ်ရင် လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။

ကဲ ဒီအတိုင်းကြိုးစားရမယ်၊ မြင်ပြီးမှ မုန်း၊ မုန်းပြီးမှ (ဆုံးပါတယ် ဘုရား)။

ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်

အဲ ဆုံးတော့တဲ့၊ ဆုံးတော့ ဖြစ်ပျက်ဆုံး ဆိုတာ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ ဖြစ်ပျက်ချည်းပဲ၊ သူဆုံး သွားတယ် ဆိုရင်ဖြင့် နိဗ္ဗာန်ပေါ့ (မှန်ပါ့)။

ဒိပြင် ဘာဆိုစရာ ရှိသေးသတုံး (မရှိပါ ဘုရား) ကဲ ဒါဖြင့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ငုတ်ရိုက်တတ်ပလား (ရိုက်တတ်ပါပြီ) စိတ်ကလေး၊ မြင်စိတ်လာလည်း မြင်စိတ် ဖြစ်ပျက်ရှု (မှန်ပါ့)။

ကြားစိတ်လာလည်း ကြားစိတ် ဖြစ်ပျက်ရှု ဆိုတော့၊ တဏှာ, ဥပါဒါန်တွေက ဒီမှာဝပ်ဝပ်ပြီး သေသွားတယ် (မှန်ပါ့) ဒေါသ, သောကတွေကကော (ဒီမှာ ဝပ်ဝပ် သေသွားပါတယ် ဘုရား)။

စိတ္တာနုပဿနာရှုတိုင်း ဝပ်တယ် ဟုတ်လား (မှန်ပါ့) သောက, ပရိဒေဝတွေကကော (ဝပ်ပါတယ်)။

ဒီနေရာမှာရှိတဲ့ အဝိဇ္ဇာ, သင်္ခါရကကော (ဝပ်ပါ တယ်) အဲ စိတ်နောက်က သူလိုက်ရမှာကိုး (မှန်ပါ့) စိတ်ကို အရင်ခေါင်းချိုးထားလိုက်၊ ခြေမှုန်းထားလိုက်တဲ့ အခါကျတော့ မောင်သစ်ရေ စိတ္တာနုပဿနာ ချည်တိုင်က ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါ ဘုရား)။

အနေဆိုး အသေဆိုးဇာတ်သိမ်းတယ်

အဲ မပြေးနိုင်တဲ့အခါကျတော့ သားကောင် ခြောက်ကောင်ဆွဲရာကို ကျုပ်တို့ မလိုက်ရတဲ့ အတွက် အနေဆိုး, အသေဆိုးဆိုတဲ့ ကိစ္စတွေ ဇာတ်သိမ်းတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အနေဆိုး ဇာတ်သိမ်းတယ်၊ အသေဆိုးကော (ဇာတ်သိမ်းပါတယ် ဘုရား)။

အဲ ဇာတ်သိမ်းတဲ့ အလုပ်ဟူသ၍ဟာဖြင့် ဒါသည် အနေဆိုး ဇာတ်သိမ်းတယ် ဆိုတာကလည်း ဒုက္ခသိမ်းတာဆိုတာ (မှန်ပါ့) အသေဆိုး ဇာတ်သိမ်းတယ်ဆိုတာ မရဏ မရှိတော့ဘူးပြောတာပဲ၊ အမတဖြစ်ပါတယ် (မှန်ပါ့) မသေရာမှန် ပြည် နိဗ္ဗာန်ရောက်တယ် လို့ဆိုတဲ့ သဘောဟာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အနာရှိတဲ့ပုဂ္ဂိုလ် ဆူးတောမတိုးနဲ့

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ကို မှာလိုက်တာကို ပြန်လည် အကျဉ်းချုံးလိုက်၊ အနာရှိတဲ့ ပုဂ္ဂိုလ်ဆူးတော မတိုးနဲ့ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး (အနာရှိတဲ့ပုဂ္ဂိုလ် ဆူးတောမတိုးရပါ) အဲ ဆူးတောတိုးရင် အနာထကြမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဆေးဖြင့် ကုနေပါ

အဲဒီတော့ အနာရှိတဲ့ပုဂ္ဂိုလ် ဆူးတောမတိုးဘဲနဲ့ ဒီအနာ တွေကို အနာပေါက်တိုင်း အနာရှိတယ် ရှိတယ်လို့သိပြီး သကာလ၊ အနာကို မဂ်ဆေးဖြင့် ပေါ်တိုင်း ပေါ်တိုင်း ကုနေကြ မယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘယ်နည်းနဲ့မှ ကျုပ်တို့နိဗ္ဗာန် မရောက်မရှိဘူး။ နိဗ္ဗာန်ဆိုတာ အနာပျောက်တာကို နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့) ဝိရာဂေါ နိဗ္ဗာန်ကိုး ဗျနော် (မှန်ပါ့ – ဘုရား)။

အဲဒီတော့ ရောဂတော ဆိုတော့ အရောဂေါ နိဗ္ဗာန် (မှန်ပါ့) ရောဂါရှိတာ ရောဂါကခန္ဓာ၊ အရောဂါ ဆိုတာက နိဗ္ဗာန်၊ သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။

မဖြစ်မပျက်တဲ့နိဗ္ဗာန်ပေါ်လိမ့်မယ်

အဲဒါကြောင့် ဒကာဒကာမတွေသည် စိတ္တာနုပဿနာ စိတ်ဆယ့်နှစ်ချက်ကို ရှုတတ်အောင် ကြည့်ပြီး သကာလ၊ ဒါနဲ့သာ အချိန် ကုန်လို့ရှိရင်ဖြင့် ရှေးဦးစွာ ဖြစ်မှုပျက်မှု မြင်ပါလိမ့်မယ်၊ နောက်ရင့်ကျက်လာရင် ဖြစ်မှုပျက်မှု မုန်းပါလိမ့်မယ်။ နောက် ဖြစ်မှု ပျက်မှုသည် ဒုက္ခ သစ္စာ အစစ်ပဲလို့ ကိုယ့်ဉာဏ်နဲ့ ဆုံးဖြတ် ချက်ချနိုင်လို့ရှိရင်၊ ဖြစ်မှု ပျက်မှုတွေပျောက်ပြီး မဖြစ်မပျက်တဲ့ နိဗ္ဗာန်ပေါ်လိမ့်မယ် (မှန်ပါ့) သဘောပါပလား (ပါ- ပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။