291

ဒီငါးချက်နဲ့ ကြိုးစားကြပါ

အသံဖိုင်ခေါင်းစဉ်= သားကောင်ခြောက်ကောင်ဥပမာပြ အမှတ်(၂) တရားတော်

စာအုပ်ခေါင်းစဉ်= ဒီငါးချက်နဲ့ ကြိုးစားကြပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသောတရားတော်

ဒီငါးချက်နဲ့ ကြိုးစားပါ

(၃၀-၃-၆၁)

တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အင်္ဂါငါးပါး ပြည့်စုံလို့ရှိရင်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်တယ်လို့ ဗောဓိရာဇကုမာရ ကိုဟောထားတာရှိတယ်။ ဒါကြောင့် ဒကာ ဒကာမတွေ ဒီအင်္ဂါငါးပါးနဲ့ ပြည့်စုံအောင်လုပ်ပါဆိုတဲ့ဥစ္စာ ဘုန်းကြီးက တိုက်တွန်းတယ် (မှန်ပါ ဘုရား)။

တန်ခူးလသင်္ကြန်ကျတော့မယ်ဆိုတော့ ဒကာ ဒကာမတွေ ကိုယ်ရေးကိုယ်တာ ကြိုးစားတဲ့ အခါကျလို့ရှိရင် ဒီအင်္ဂါငါးပါးနဲ့ ပြည့်စုံအောင် လုပ်ကြလို့ရှိရင်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်တယ်၊ ကိုယ့်ပါရမီအလိုက်ပဲ ဆိုတဲ့ဥစ္စာ သေသေချာချာ ဟောထားတယ်နော် (မှန်ပါ့ ဘုရား)။

(၁) ယုံကြည်ရမယ်

၁-နံပါတ်က ဘာလို့မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတ ဉာဏ်တော်နဲ့ သိနေတဲ့ တရားတွေ ကိုယ်တော်မြတ်ကြီး ဟာ အကုန်သိပေတာပဲ မဟုတ်ရင် တစ်လုံးမှ မပြောဘူး မှန်တာချည်းပဲ ပြောတယ်။ မှန်တာကိုလည်း အင်မတန်သုံး လေ့ရှိတယ်။ သစ္စာဆိုက်အောင် ပြောတဲ့ ကိုယ်တော်ကြီး ဖြစ်လေသောကြောင့် သူ့ပေါ်မှာ ဂုဏ်တော်ကိုးပါးတွေ ရှိတာ၊ ယုံယုံကြည်ကြည်နဲ့ ဦးခင်မောင်တို့ ဒကာတို့ အားထုတ်ရလိမ့် မယ်နော် (မှန်ပါ)။ ဘုရားအပေါ်မှာ ယုံကြည်ရမယ်ပေါ့ဗျာ (မှန်ပါ)။

(၂) ကျန်းမာရမယ်

သူ့အပေါ် ယုံကြည်ငြား သော်လည်း ကိုယ်က မကျန်းမာ၊ ပြန်တော့လည်း အားထုတ်တဲ့ အရေးက နှောင့်နှေးလိမ့်မယ် (မှန်ပါ)။ ဒါကြောင့် ယုံကြည်ပြီးသည့် အခြားမဲ့၌၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျန်းမာရေး ကလေးလည်း ဂရုစိုက်ပါ (မှန်ပါ ဘုရား)။

တရားအားထုတ်တော့မယ် ဆိုတော့ ဘုရားကို ယုံကြည်တာရယ် ပြီးတော့ ကျန်းမာမှု ရယ် ဘယ်နှစ်ခုရှိသွားပြီလဲ (နှစ်ခုပါ ဘုရား)။ အဲယုံကြည်, ကျန်းမာ (မှန်ပါ)။

(၃) စိတ်ထားဖြောင့်ရမယ်

စိတ်ကိုလည်း ဖြောင့်ဖြောင့် ထားပါ။ ဖြစ်ပျက်မြင်ရင် ဖြစ် ပျက် မြင်တာပေါ့။ မုန်းရင် မုန်းတာပေါ့။ ဆုံးရင်ဖြင့် ဆုံးတယ်လို့ ဆရာသမားများ မေးမြန်းတဲ့ အခါကျလို့ရှိရင်၊ ဒကာ ဒကာမတို့ စိတ် ဖြောင့်ဖြောင့် ထားပြီး တရားအားထုတ်တဲ့ အခါ ပြောကြဆို ကြပါနော် (မှန်ပါ့)။ ဒါဖြင့် ယုံကြည်, ကျန်းမာ, စိတ်ဖြောင့် စွာဖြင့် သုံးခ ုရှိသွားပြီ (မှန်ပါ ဘုရား)။

(၄) လွန်စွာ အားထုတ်ရမယ်

ကိုင်း ဒါဖြင့် အားထုတ်တဲ့ အခါကျတော့ ဘယ်လိုအား ထုတ်ရမှာတုံးဆိုတော့၊ ဒကာ ဒကာမတို့ ကိုယ့်အပါယ်လေးပါး တံခါးကို ကိုယ်ပိတ်တဲ့ဥစ္စာပဲ နှေးနှေးပိတ်ရ တော်မလား အမြန် အားထုတ် ပိတ်ရရင်တော်မလား (အမြန်အားထုတ် ပိတ်ရ ရင်တော်ပါတယ် ဘုရား)။ ကိုယ့် အိုဘေးနာဘေး သေဘေးတွေ ကို ကိုယ်ပဲမလိုချင်လို့၊ ကိုယ်ပဲ အိုဘေးနာဘေး သေဘေးနဲ့ ခွဲတဲ့အလုပ် လုပ်တာကို အားစိုက်ပြီးအား ထုတ်ကြပါဆိုတဲ့ အားထုတ်မှုကလေးလည်း ဒကာ ဒကာမတွေ ဖြစ်ပျက်ရှုတဲ့အခါ အားစိုက်ပြီးရှုကြပါ (မှန်ပါ ဘုရား)။ ဒါဖြင့် လွန်စွာအားထုတ် (မှန်ပါ)။

နာမ်နဲ့ ရုပ်ကို

ဘယ်သူ့ အားထုတ်ရမှာတုံးဆိုတော့ နာမ်ကြိုက်ရင် နာမ်အားထုတ်ပါ။ ရုပ်ကြိုက်ရင် ရုပ်အားထုတ်ပါ။ ရုပ်လဲရင် နာမ်လဲတာပဲ။ ရုပ်ပြိုရင် နာမ်လည်း ပြိုတာပဲ ဆိုတာလည်း ဒကာ ဒကာမတွေကို ပြောထားလို့ သိနေပါပြီ (မှန်ပါ ဘုရား)။ လွန်စွာ အားထုတ်နာမ်နဲ့ရုပ်ကို (မှန်ပါ)။

(၅) ဖြစ်ပျက်မြင်ရမယ်

ဘယ်လိုမြင်ရမှာတုံးဆိုတော့ ဖြစ်, ချုပ်ဉာဏ်မြင်တဲ့။ ဖြစ်တာကလေးနဲ့ ချုပ်တာကလေးကို ဪ ဖြစ် သွားလို့ ပျက်တာပဲ ဪ ဖြစ်လို့ပျက်တာပဲ ဪ ဖြစ်လို့ပျက်တာပဲ ဆိုပြီး ဖြစ်ပျက်ကို မြင်ရလိမ့်မယ်နော် (မှန်ပါ ဘုရား) ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန်ပင်မဂ်ရကြောင်း၊ တဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ ဒါဟာပဓာနိယင်္ဂမတရား ငါးပါး လို့ခေါ်ပါတယ် (မှန်ပါ)။ ဗောဓိရာဇကုမာရ မင်းသားကိုလည်း ဟောပါတယ်၊ အင်္ဂုတ္တုရ်၊ ပါဠိတော်ကြီးမှာလည်း ဟိုနေရာ ဒီနေ ရာ ဆိုသလိုပဲ မဂ်ရကြောင်းတွေပြတဲ့ နေရာဌာနကျတော့ ဒကာ ဒကာမတို့ ဤငါးပါးဟာ ပါတာပဲ (မှန်ပါ)။ အကျဉ်းဆောင် ပုဒ်မှတ်ထားကြပါ။

‘‘ယုံကြည်, ကျန်းမာ, စိတ်ဖြောင့်စွာဖြင့်၊

လွန်စွာ အားထုတ်၊ နာမ်နှင့်ရုပ်ကို၊

ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊

မှန်ပင်မဂ် ရကြောင်း။

အရင်နှစ်တွေက ရပြီးသားပုဂ္ဂိုလ်တွေကတော့ ရပြီးသား ဖြစ်ကြလိမ့်မယ်နော်။ ဒီနှစ်မရသေးတဲ့ ပုဂ္ဂိုလ်များကတော့ ဒါလေးတော့ ရအောင် ဆိုကြရလိမ့်မယ် (မှန်ပါ)။

ဘာ့ကြောင့်တုံး တန်းခူးလမှာကို အားထုတ်တော့မှာ။ အားထုတ်တဲ့ အခါ ကျတော့ ဘုရားလည်းယုံ ကြည်ပါ၏, သံဃာလည်း ယုံကြည်ပါ ၏။ ဒါကြောင့် ယုံကြည် ကျန်းမာ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နဲ့ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင်မှန်ပင် မဂ်ရကြောင်းတဲ့ (မှန်ပါ)။

မဂ်ရဖို့အကြောင်း ငါးပါး

ဒကာ ဒကာမတို့

ယုံကြည်မှု (၁)နံပါတ်ဖြစ်ရမယ်နော် (မှန်ပါ)။

(၂) ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်နော် (မှန်ပါ)။

(၃) စိတ်ကိုလည်း ဖြောင့်ဖြောင့်ထားရမယ်၊ လိမ်ကောက်ကျစ်တဲ့စိတ်မပါပါစေနဲ့။ မမြင်တာကို မမြင်ဘူး, မြင်တာကို မြင်တယ်လို့ပဲပြောပါ (မှန်ပါ)။

(၄) လွန်စွာလည်း အားထုတ်ပါတဲ့၊ ဝီရိယစိုက်ပါနော် ဘယ်အပေါ်မှာ အားထုတ်ရ မှာတုံး မေးတဲ့ အခါကျတော့ နာမ်နဲ့ရုပ်အပေါ်မှာ တစ်ခုခုအပေါ်မှာ အားထုတ်ပါ (မှန်ပါ)။ နာမ်ကို အားထုတ်လို့ရှိရင်လည်း နာမ်တင် အားထုတ်တာက သာတောင်ကောင်းတယ်၊ ဉာဏ်နုံ့သူများမှာ (မှန်ပါ)။ ရုပ်ကိုအားထုတ်ရင်လည်း ရုပ်ပေါ်မှာ ဖိပြီးအား ထုတ်ပါ(မှန်ပါ) ဉာဏ်နုံ့သူ ဖြစ်လျှင် တွဲပြီးတော့ အားမထုတ်တာ ကပိုကောင်းပါတယ် (မှန်ပါ)။

(၅)ဖြစ်ချုပ်ဉာဏ်မြင် တဲ့ ဒကာ ဒကာမတို့ ဖြစ်တာနဲ့ ပျက်တာကိုမြင်ရမယ် (မှန်ပါ)။

ဒါနှင့် ပြည့်စုံရင်မဂ်ရမယ်

ဤငါးအင် အမှန်ပင်မဂ်ရကြောင်း တဲ့ ဒီငါးပါးနှင့် စုံလို့ရှိရင်ဖြင့်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဧကန်ရပြီး အပါယ်လေးပါး တံခါးပိတ် ကိုယ့်အိုဘေး နာဘေး သေဘေးတွေလည်း ကိုယ့်ဟာ ကို လွတ်ရေး ကျွတ်ရေး အဖြစ်နဲ့ပဲ ကိစ္စပြီးသွားတော့၊ ဒကာ ဒကာမတို့ ဒီအတိုင်း ကြိုးစားရင် မရမရှိပါဘူး (မှန်ပါ) သဘော ပါကြပလား (ပါပါပြီ)။

ဘယ်နှစ်ချက်ပါလိမ့် (ငါးချက်ပါ ဘုရား) ဒီငါးပါး ပြည့်စုံရင် ဘာတဲ့တုံး (မဂ်ရနိုင်ပါတယ်)။

ပဓာနိယင်္ဂတရားငါးပါး

အဲဒါမနှစ်က ဒကာ ဒကာမတွေ ရပြီးသားဖြစ်ပါပြီ၊ ယခု နှစ်မှလာတဲ့ ဒကာ ဒကာမတွေ သိကြားလိမ်မာပြီး သကာလ နောက်ကျနေတဲ့ ပုဂ္ဂိုလ်များအတွက်မှာ ဒါလေးကို ဪ ငါတို့သည် ဒီငါးပါးနဲ့ ပြည့်စုံရင်ဖြင့် အပါယ်လေးပါး တံခါးပိတ်မှာပါကလား။

အိုဘေး နာဘေး သေဘေးကင်းတဲ့ နိဗ္ဗာန်ကြီးကိုအရောက်ကြီး ရောက်မှာပါကလား ဆိုတာ မှတ်ထား လိုက်ကြစမ်းပါ (မှန်ပါ)။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ ပဓာနိယင်္ဂ တရား ငါးပါးလို့ မှတ်လိုက်ကြစမ်းပါ။

ဝစ္ဆပရိဗိုဇ်

ကဲဒါဖြင့် ဒကာ ဒကာမတို့ကို ပထမ စကတည်းက ဟောခဲ့တယ်။ ဝစ္ဆပရိဗိုဇ်က မေးတာကလေးကို မမေ့နဲ့နော် (မှန် ပါ)။ ဒကာသစ်မမေ့နဲ့။ ဝစ္ဆက ဘယ်လို မေးလိုက်သတုံးဆိုတော့ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါ့မလားလို့ ဘုရားကို မေးလိုက်တယ် (မှန်ပါ့)။

ဘယ်သူက မေးပါလိမ့်။ (ဝစ္ဆပရိဗိုဇ်က မေးပါတယ်)။ သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့။ ဒီတန်ခူးလမှာ ကြိုးစားရမှာဖြစ်နေလို့ (မှန်ပါ) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါ့မလား ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ မေးလိုက်တဲ့အခါ၊ ဒကာ ဒကာမတို့ ဘုရား က မရနိုင်ဘူးလို့ ဖြေလိုက်တယ် (မှန်ပါ)။

လူ့သံယောဇဉ် မစွန့်ရင် မဂ်ဉာဏ်မရ

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ မဂ်ဉာဏ်ဖိုလ် ဉာဏ်နိဗ္ဗာန် ရနိုင်ပါ့မလားလို့ ဝစ္ဆကမေးတယ်။ ဘုရားက ဘယ့်နှယ်သလဲ (မရဘူးလို့ ဖြေပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းရတော့မယ်။ ဒီလို အဓိပ္ပာယ်သာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလို့ရှိရင် တပည့်တော်တို့က သားနဲ့ သမီးနဲ့ အရောင်းနဲ့ အဝယ်နဲ့ ဒီအတိုင်း ဆိုရင်၊ တပည့်တော်တို့ရဖို့ရာ အတော်ခဲယဉ်းပါပေါ့ လားဘုရားဆိုပြီး၊ ချုံးပွဲချပြီး၊ ဘုတ်ထိုင်- ထိုင်ပြီး မျက်ရည်ကျ ဖို့ပဲရှိတော့တယ် (မှန်ပါ ဘုရား)။

ဒီလိုလည်း မဟုတ်သေးပါဘူး ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါ့မလား ဆိုတာကလေး မေးလိုက်တဲ့ အခါကျတော့၊ ဦးခင်မောင် ဘုရား ကဘာတဲ့တုံး (မရနိုင်ဘူး)။

မစွန့်တဲ့အချိန် စွန့်တဲ့အချိန်

မစွန့်တဲ့ အချိန်, စွန့်တဲ့အချိန်လို့ အချိန်ကလေး ခွဲလိုက် (မှန်ပါ) ကိုင်း ဒကာ ဒကာမတွေက ဘုရားကိုလည်း ယုံကြည် တယ်(မှန်ပါ) ကျန်းလည်းကျန်းမာတယ်၊ စိတ်လည်း ဖြောင့်ဖြောင့် ထားတယ်၊ အားလည်း ထုတ်တယ်၊ ခန္ဓာကိုယ်ကြီးကို ဝေဒနာ နုပဿနာ, စိတ္တာနုပဿနာ, ကာယာနုပဿနာတွေကို အား လည်းထုတ်တယ် ဆိုကြပါစို့ (မှန်ပါ) ဖြစ်ချုပ်လည်း မြင်တယ် ဆိုကြပါစို့ (မှန်ပါ)။

အဲဒီတော့ ခန္ဓာကိုယ်ကြီးကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက် ဖြစ်ပျက်နဲ့ ဝေဒနာ ကလေးတွေက ဟိုပေါ်ဒီပေါ်နဲ့ ဖြစ်ပျက် ကလေးတွေကို မမြင်ဘူးလား (မြင်ပါတယ်ဘု ရား) ဒါဖြင့် ဖြစ်ပျက်က အနိစ္စ မြင်တာက ဝိပဿနာမဂ္ဂ (မှန်ပါ)။

ဖြစ်ပျက်က အနိစ္စ၊ မြင်တာက (မဂ္ဂပါ ဘုရား) ဝိပဿနာမဂ္ဂ ထည့်လိုက်ဦးနော် (မှန်ပါ) ဝိပဿနာရှုတဲ့ မဂ်ဆိုတော့ ဒီအထဲမှာ ဒကာ ဒကာမတို့ဖြစ်ပျက်နဲ့ မဂ်နဲ့ သူ့ဟာသူ အံကျဖြစ်နေတော့၊ ဒီအချိန်မှာ အားထုတ်နေတဲ့ ယောဂီ မှာ သံယောဇဉ် ရှိသေးသလား (မရှိပါဘူး) ဒါဖြင့် ဒီအချိန် ကဆက်ပြီး အားထုတ်သွားလို့ ဖြစ်ပျက်မြင်ရင် ဦးခင်မောင် ဖြစ်ပျက်မုန်း, ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန် မရဘူးလား (ရပါမယ် ဘုရား)။

အလုပ်လုပ်နေတော့ စွန့်ပြီးသားဖြစ်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ မစွန့်ဘဲနဲ့ လုပ်ရင်သာ မရတာ ပါ။ ဒီအလုပ် လုပ်နေတော့ စွန့်ပြီးသား ဖြစ်နေတာ ကြောင့်လည်း မရနိုင်ဘူးလား (ရနိုင်ပါတယ်)။

အဲဒါကြောင့် ဒကာ ဒကာမတို့ကို ကျမ်းနှစ်ခုတွဲ ပြီး ပါတယ်၊ အင်္ဂုတ္တိုရ်ကလည်း ဒီငါးပါးစုံရင် ရမယ်လို့ လာတယ်၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်ကလည်း လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခ၏ အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရနိုင်ပါ့မလားလို့မေးတော့ မရနိုင်ဘူးလို့ဘုရားက ဖြေထားတယ်၊ ဒီတော့ အဲဒါနှစ်ခု စပ်ပြီး ယူတတ်ကြဖို့က ဝိပဿနာ အားမထုတ်လို့ သံယောဇဉ် တဒင်္ဂပ ဟာန်လောက်မှ မကင်းရင် မရနိုင်ဘူး (မှန်ပါ) ဝိပဿနာအား ထုတ်လို့ ဝိပဿနာမဂ်နဲ့ တဒင်္ဂပဟာန်စွန့်သွားရာမှ ဉာဏ်ရင့် သည်ထက်ရင့်ပြီး သမုစ္ဆေဒပဟာန်ထိအောင် တက်သွားရင် မဂ်ဖိုလ်ရနိုင် တယ်လို့ မှတ်ကြပါ (မှန်ပါ)။

ဒကာ ဒကာမတွေ ဥပမာမယ် ဒီစိတ်ကို ငါစွဲလမ်းရင် ရပါ့မလား (မရပါဘူး) ငါ့ဥစ္စာလို့ စွဲလမ်းရင်ကော (မရပါဘူး) ငါ အားထုတ်တယ် ဆိုရင်ကော (မရပါဘူး) ဒါတော့ ဘာရနိုင်မ လဲ၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း သံယောဇဉ် တန်းနေတယ် (မှန် ပါ) ဒီဟာ လူ့ သံယောဇဉ် စွန့်သေးရဲ့ လား (မစွန့်ပါဘူး) ဒါက စိတ်က လူစိတ်ပေါ့ဗျာ၊ ဒီက သံယောဇဉ်တွေက နောက် ကမတန်းဘူးလား (တန်းပါတယ်) အဲ တန်းနေရင်တော့ ဘယ့်နှယ်ဆိုကြမလဲ (မရပါဘူး) အဲ ဒီလိုပဋိစ္စသမုပ္ပါဒ် တန်းရင် မရဘူး (မှန်ပါ)။

မြင်စိတ်ပေါ်ရင်

ကိုင်း ဒါဖြင့် ဒီလိုထားပါ၊ ဒကာ ဒကာမတွေ မြင်စိတ်က လေးပေါ်လာရင် ဒကာ ဒကာမတွေက ဘယ်လိုရှုမယ် (ဖြစ်ပျက်လို့ ရှုရပါမယ် ဘုရား) ဖြစ်ပျက်လို့ ရှုလိုက်တော့ ဦးခင်မောင်တို့ ဒီမှာကြည့်၊ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ဒီမှာကြည့် ဟောဒါက မြင်စိတ်ဖြစ်ပျက် – ဟောဒါက ဝိပဿနာမဂ် (မှန်ပါ) ဝိပဿနာ မဂ်ဖြစ်နေတော့ ခုနင်က ငါဆိုတဲ့ ဒိဋ္ဌိပြတ်သွားတယ် (မှန်ပါ) ဒိဋ္ဌုပါ ဒါန်ကော (ပြတ်ပါတယ်) ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေကော (ပြတ်ပါ တယ် ဘုရား) ပြတ်သွားတော့ လူဟာ လူ့သံယောဇဉ်စွန့်တဲ့ အချိန် (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အားထုတ်လို့ ဖြစ်ပျက်မြင်တဲ့ အချိန်ဟာ ဘယ်အချိန် ပါလိမ့် (လူ့သံယောဇဉ်စွန့်တဲ့ အချိန်ပါ ဘုရား) လူ့သံယောဇဉ် စွန့်တဲ့အချိန်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝစ္ဆက မေးလို့ ဘုရားကဖြေတာ၊ လူဟာ သူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင် ပါ့မလားလို့ မေးလိုက်တဲ့အခါကျတော့ မရဘူးလို့ဆိုတာလည်း ခုနင်က ပဋိစ္စသမုပ္ပါဒ် (မှန်ပါ) ဒီလိုဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက် နေပြန်တော့လည်း ရနိုင်တယ်ဆိုတာ သေချာကြပလား (သေချာ ပါပြီ) ဒါက သူများ ပြောထားတဲ့ ဒကာ ဒကာမတွေ သံယောဇဉ်ဟာ၊ အခုချက်ချင်းကိုပဲ ရှုတဲ့အချိန်မှာ ပြတ်တာကိုဆိုတာလား (ပြတ်တာကို ဆိုတာပါ) သဘောကျပလား (ကျပါပြီ)။

ကချေသည် ယောကျ်ား

အေး ဒါကြောင့် ဒကာ ဒကာမတို့ အဋ္ဌက ထာများမှာ ထုတ်ပြတဲ့ ဝတ္ထုတွေရှိပါတယ်။ သံယောဇဉ်ပြတ်လို့ မဂ်ဖိုလ်ရတဲ့ ဝတ္ထုတွေရှိပါတယ်၊ သံယောဇဉ်ပြတ်လို့ မဂ်ဖိုလ်ရတဲ့ ဝတ္ထုတွေ။

ကချေသည် ယောက်ျား (ဘာဂျွမ်းသမား) အတောင်ခြောက်ဆယ်ရှိတဲ့ ဝါးပေါ်ကနေပြီး သကာလ၊ ဒကာ ဒကာမတို့ ကရင်းခုန်ရင်း ပြသရင်းနဲ့ပဲ တရားနာရတာနဲ့ သံယောဇဉ် ပြတ်သွားလို့ အဲဒီ အတောင်ခြောက် ဆယ်ဝါးပေါ်မှာပင် ရဟန္တာ ဖြစ်တာလည်း ရှိတယ် (မှန်ပါ) ဒါဘာဖြစ်လို့ ရသွားပါလိမ့် (သံ ယောဇဉ်ပြတ်လို့ပါ) ပြတ်တဲ့ အချိန်ရသွားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အလုပ်လုပ်တဲ့ အချိန်ပြတ်တယ်

ဒီလိုဝတ္ထုတွေကဖြင့် ကျမ်းဂန်လာတာတွေ၊ ဦးခင်မောင် မနည်းပါဘူး၊ (မှန်ပါ) ဒါဖြင့် သံယောဇဉ်ပြတ် မပြတ်ဆိုတာသည် ဒကာ ဒကာမတွေ ရှင်းလောက်ပါပြီ အလုပ်လုပ်တဲ့အချိန်မှာ (ပြတ်ပါတယ်) အလုပ် မလုပ်တဲ့အချိန်မှာ (မပြတ်ပါဘူး)။

အဲ သံယောဇဉ်ဆိုသဖြင့် ဒကာ ဒကာမတွေက ရှုပ်နေမှာစိုးရတယ်၊ အားလုံး ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ ပဋိစ္စသမုပ္ပါဒ် တန်းသွားရင် မရတော့ဘူး (မှန်ပါ) ပြတ်ရင် တော့ (ရပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တပေါင်းလပြည့်နေ့ဖြစ်လို့

ကောင်းပြီ ဒါဖြင့် ဒီဥစ္စာကို ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့ ပဓာနိယင်္ဂတရားငါးပါးနဲ့ အားထုတ်လို့ရှိရင် သံယော ဇဉ်က ပြတ်နေတယ် (မှန်ပါ) ဒါကြောင့် ဒီနှစ်ကျမ်းကို တွဲပြီးသ ကာလ ဒကာ ဒကာမတွေ ရှင်းသည်ထက်ရှင်း လင်းသည်ထက် လင်းအောင်ကို လပြည့်နေ့လည်း ဖြစ်နေတယ် အဖိုးလည်း အင်မ တန်တန်တဲ့ နေ့ကြီး ဖြစ်နေတော့၊ ဒကာ ဒကာမတို့ ခုနင်က ပြောတဲ့ ငါးချက်နဲ့ ညီညွတ်အောင် အားထုတ်နေလို့ရှိရင် ဒီမဂ်မလာ ပေဘူးလား (လာပါတယ်) လာရင် ဒီဝိပဿနာမဂ်ဟာ တော်တော်ကြာရ င့်သန်လာရင် လောကုတ္တရာမဂ်ဖြစ်မယ်၊ (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီတော့ ရထိုက်သလား မရထိုက်ဘူးလား (ရထိုက်ပါတယ် ဘုရား)။

ကြိုးစားပါ

အေး ဒါကြောင့် ကြိုးစားပါဆိုတာလည်း ဆရာဘုန်း ကြီးကလည်း တိုက်တွန်းတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် ဘုန်း ကြီးကလည်း လောကွက်တွေ ဒါလောက် များရပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက စွဲချက် တင်ချင်လည်း တင်ကြလိမ့်မယ်၊ မသိတဲ့ပုဂ္ဂိုလ်သန္တာန်ဟာ ဘယ်လို ဖြစ်နေသတုံး ဆိုတော့ လေးဘက် ကလေးကလေးနဲ့ တူနေတယ်။

လေးဘက်သွား ကလေးကလေးဟာ ဒုတ်ချောင်းလည်း မျိုလိုက်တာပဲ။ မန်ကျည်းစေ့ ကလေးလည်း မျိုလိုက်တာပဲ ဦးခင်မောင် (မှန်ပါ) ဒီလိုမျိုတာကို အမေအဖေက ကြည့်နေလို့ တော်ပါ့မလား (မတော်ပါဘူး) ဒုတ်ချောင်းမျိုလည်း ဥပါဒ်အန္တရာယ်ဖြစ်ချေရဲ့၊ မန်ကျည်းစေ့ မျိုလည်း ထွက်သက်ဝင်သက် ပိတ်ပြီး သေချေရဲ့ဆိုတော့၊ ဒကာ ဒကာမတွေကို ဘုရားက ကလေးသူငယ် သဖွယ်ထားပြီး သူတို့ မျိုတာကလေးတွေ ဆွဲဆွဲထုတ်ရတယ် (မှန်ပါ)။

ဒါကလေးဟာ ငါဆိုရင်မြင်လိုက်ပြီ (မှန်ပါ) မြင်တဲ့ စိတ်ကလေးဟာ ငါပဲဆိုလို့ရှိရင် ဒိဋ္ဌိနဲ့ မျိုလိုက်ပြီ (မှန်ပါ) မျိုလို့ရှိ ရင် အတွင်းရောက်သွားပြီ၊ ဒိဋ္ဌပါဒါန် အတွင်းရောက်သွားပြီ (မှန်ပါ) နောက်ဒိဋ္ဌိ အုပ်ချုပ်တဲ့ – ကံတွေကော မလာပေဘူးလား (လာပါတယ်)

ဒီလိုမျိုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမ တို့သံယောဇဉ်တွေက ဒီမှာသုံးချက် မတန်းဘူးလား (တန်းပါ တယ်) တဏှာ ဥပါဒါန်၊ ကံ သုံးချက် တန်းတယ်။ သဘောပါ ကြပလား (ပါပါပြီ)

ငါမြင်တယ်၊ ငါ့ကို မညာနဲ့တဲ့

ဘယ်လိုတန်းပါလိမ့် (တဏှာဥပါဒါန်ကံတန်း ပါတယ် ဘုရား) ဒိဋ္ဌိ ဥပါဒါန်ကံ အတူတူပဲ တဏှာဥပါဒါန် အတူ တူပဲ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။

မြင်စိတ်ကလေးကို ငါထင်လို့ရှိရင် သူ့ကိုဘာဆိုကြပါ မလဲ (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကဲ ဒါတွေကို ဒကာ ဒကာမတွေတော့ နေ့တိုင်းမျိုးနေ တာပဲ (မျိုပါတယ် ဘုရား) ငါမြင်တယ် ငါ့ကိုမညာနဲ့ ငါ့ကိုမလိမ် နဲ့တဲ့။ တကယ့်ကိုဒီစိတ်ကို ငါမထင်ကြဘူးလား (ထင်ပါ တယ် ဘုရား) မျိုးပြီလား မမျိုသေးဘူးလား (ရှိပါပြီ ဘုရား) ဒီ ရောက်ပြီ ဒီရောက်ပြီဆိုတော့ ဒီကလေးကို မကယ်တင်လို့ရှိရင် တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အပင် ပန်းခံပြီး သကာလ၊ ဪ ဒကာ ဒကာမတွေကလည်း ရိုင်းလိုက်တာ တွေ့ရာကို မျိုနေတာပဲ။ တွေ့ရာကို မမျိုဘူးလားဗျာ (မျိုပါတယ် ဘုရား)။

နံတဲ့စိတ်ကို ငါနံတယ်

တစ်ခါ ကြားတဲ့စိတ်ကလေးကိုလည်း ကြားတာဘာတုံး ငါပဲ။ မျိုပြန်ပြီဗျ။ ဒိဋ္ဌိနဲ့ မမျိုသေးဘူးလား (မျိုးပါ တယ် ဘုရား)။

နံတာကလေး ကိုလည်း နံတဲ့စိတ်ကလေးကိုလည်း ဘာဆိုပြန်သတုံး (ငါနံတယ်) စားပြန်တဲ့ စိတ်ကလေးကော (ငါစားတယ်)ယားယံတဲ့စိတ်ကလေးကော (ငါယားတယ်) ကြံစည် ပြန်တော့ကော (ငါကြံစည်တယ်) ဟော ခင်ဗျားတို့တွေ့ရာ ကောက်ပြီး မျိုတာပဲ (မှန်ပါ့)။

ဘယ်နှယ့်ဆိုကြပါမလဲ(တွေ့ရာကို ကောက်မျိုပါတယ်) အဲဒါကို အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်က ဘယ်လက်ကလေးနဲ့ ဒီ ကလေးကိုပွေ့၊ ညာဘက်လက်ညှိုးနဲ့ လက်မနဲ့ ကွေးကောက်ပြီး ဒီကလေးကို သူ့ဒုတ်ချောင်းကလေး မျိုနေတာကို ငိုချင်ငိုပါစေ ဆွဲထုတ်ရတယ် (မှန်ပါ) သူများတွေ မကြိုက်ကြိုက် ဒီဥစ္စာ ဆွဲ ထုတ်ရမယ် (မှန်ပါ) ခင်ဗျားတို့က ဒီဥစ္စာကို ငါစွဲ – စွဲနေတာပဲ ဦးခင်မောင် (မှန်ပါ)

အဲဒီတော့ လူကြီးတွေလား ကလေးတွေ လားလို့မေးရင် ဘယ့်နှယ်ဆိုကြမလဲ (ကလေးတွေလိုပါပဲ ဘုရား) ကလေးတွေလိုဖြစ်ပြီးသကာလ နေကြတော့ ခင်ဗျား တို့ အိမ်မှာ ဘာလုပ်နေကြသတုံးဆိုတော့ ခုနကပြောတဲ့ ဒုတ်ချောင်းတို့ မန်ကျည်းစေ့တို့ မျိုနေတယ် (မှန်ပါ) ဘာဖြစ်လို့မျိုသတုံး လေးဘက်သွားကလေးမို့ (မှန်ပါ)။

ငိုချင်ငိုပါစေ ဆွဲသာထုတ်ပါတဲ့

ဘာဖြစ်လို့ရှိသတုံး (လေးဘက်သွားကလေးမို့ပါ) အဲ ကိုယ့်အခြေအနေက ဒါလောက်ပဲ ရှိပြီး သကာလ နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုနေလို့ရှိရင် ကလေးကလေးကို ဘယ်ဘက်နဲ့ပွေ့ပြီးသကာလ၊ ညာဘက် လက်ညှိုးနဲ့ လက်မကောက်ပြီး သကာလ သူ့ပါးစပ်ထဲ ရှိတာကို ဆွဲထုတ်ပါ တဲ့။ ငိုချင်ငိုပစေ ဆွဲသာထုတ်တဲ့ (မှန်ပါ) ဒီမှာလည်း အခုဘုန်းကြီးတို့ တရားဟော နေတာဟာ ဆွဲထုတ်နေတာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့က ဘာနဲ့ တူသတုံး (ကလေးနဲ့တူပါတယ်) ကလေးမှ ဘယ်နှစ်ဘက်သွားနဲ့ တူသတုံး (လေးဘက်သွား နဲ့တူပါတယ်) အဲ လေးဘက်သွားနဲ့ တူနေတာကို ဦးခင်မောင်တို့ ဒကာဝတို့ ဆွဲထုတ်နေရတယ် (မှန်ပါ ဘုရား) မြင်တာကို ငါလုပ်ပြီး မျိုချလိုက်တာပဲ (မှန်ပါ) ကြားတာကော (ငါလုပ်မျိုချ ပါတယ် ဘုရား) ဒိဋ္ဌိနဲ့ မျိုချနေတာပဲ (မှန်ပါ). ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါတွေကို ဆရာသမားတွေက္ခမှ ဆွဲငင်ထုတ်ပြီး သကာလ၊ ဒိဋ္ဌိနဲ့မျိုချလိုက်တော့ တဏှာဥပါဒါန်ကံ၊ ဟိုဘက်ဇာတိ ဆိုတော့ ချောက်ကျသွားပြီဗျ (မှန်ပါ) မကျသေးဘူးလား (ကျပါပြီ ဘုရား) ဒါကြောင့် ဦးခင်မောင်တို့ ဒကာတို့ မဖြုတ်ရင် ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။ ဒါကြောင့် အရေးတကြီး ဖြုတ်ပါဆိုတာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ သတိပေး လိုက်ပါတယ် (မှန်ပါ ဘုရား)။

အပါယ်လေးပါးကျစရာမရှိ

ကိုင်း ဒါဖြင့် ဒါဟာ ဒီစကားစပ်မိလို့ပြောလိုက် တော့၊ လူဟာ လူ့သယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန် ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား) ဒါဖြင့် ဝိပဿနာ အလုပ်လုပ်နေ တယ်။ ဘယ်နှယ့်ဆိုကြမလဲ (ရနိုင်ပါတယ်) အလုပ်လုပ် နေတော့ သံယောဇဉ်ကရှိသေးရဲ့ လား (မရှိပါဘူး) မရှိတော့ ဘာဖြစ်ရမတုံး (ရပါတယ် ဘုရား) ရနိုင်တာပေါ့။

အလုပ်လုပ်လို့ ဒကာ ဒကာမ တို့ဉာဏ်တွေသာ တက်သွားပါစေ ယထာဘူတဉာဏ် တော်တော်ကြာ အလုပ်လုပ်ပါများတော့ ဦးခင်မောင် နိဗ္ဗိန္ဒဉာဏ် (မှန်ပါ) နောင်အလုပ် လုပ်ပါများ လာတော့ မဂ်ဉာဏ် (မှန်ပါ) မဂ်ဉာဏ်ကျတော့ ဒကာ ဒကာမတွေ သူနဲ့ပတ်သက်တဲ့ ဒိဋ္ဌိဒိဋ္ဌုပါဒါန် သူနဲ့ပတ်သက်တဲ့ ကံတွေဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား) အကုန်ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်) ကဲ အပါယ်လေးပါးကျစရာရှိသေးရဲ့လား (မရှိပါဘူး) သောတာ ပန်တည်ပေါ့လို့ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် သံယောဇဉ်စွန့် မစွန့် ဆိုတာက ကလေးပွေ့ထား တာကို ဆိုတာ မဟုတ်ပါဘူး။ ဝမ်းထဲကနေပြီး ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင် လုပ်နေရင်ပြီးတာပဲ (မှန်ပါ)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင် လုပ်ပါ

သေသေချာချာမှတ်ပါ။ ဒီစကား သိပ်အရေးကြီးပါတယ် ဘာနဲ့ ဘာကိုက်အောင်လုပ်ရမလဲ (ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက် အောင်လုပ်ရပါမယ် ဘုရား)။

အဲ ဖြစ်ပျက်နဲ့ မဂ်ကိုက်နေတော့ ဒကာ ဒကာမ တို့စဉ်းစားကြည့်ပါ၊ ဖြစ်ပျက်က မျက်လုံးထဲမှာပဲ ထားပါတော့၊ မြင်စိတ် မဂ်ကဝမ်းထဲမှာ ပေါ်နေတယ် (မှန်ပါ) ဒီအချိန်မှာ သံယောဇဉ် ကလည်း သူပေါ်ချင်ရင် ဝမ်းထဲပဲပေါ်ရမယ် (မှန်ပါ) ပေါ်ချိန်ရရဲ့လား (မရပါဘူး ဘုရား)

အဲဒါတွေကို သေသေချာချာ အကိုးအကား အ ထောက်အထားနဲ့ ဒကာ ဒကာမတွေက စိတ်နှစ်ခုပြိုင်ပြီး မဖြစ်နိုင်တာကို ထောက်ထားပြီး သကာလ၊ ဪ တို့ အားငယ်စရာ မရှိဘူးဟ။

‘‘ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်’’- ဒါပဲ ငါတို့ အရေးကြီးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန်ပင်မဂ် ရကြောင်းကို (မှန်ပါ) ညနေအားထုတ် မနက်ရနိုင်တယ်တောင် ဟော့လိုက်သေးတယ် ဘုရားက (မှန်ပါ) မနက်အားထုတ်ရင် (ညနေရနိုင်ပါတယ်)။

အဲ ဒါကြောင့် ဒီငါးချက်နဲ့ညီရင် ရနိုင်တယ်ဆိုတော့ ဒကာဝ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်အချိန် ဆိုတာ ပါလိမ့်ဗျာ (အားထုတ်တဲ့အချိန်ဆိုတာပါ) အဲ အားထုတ်တဲ့ အချိန်မှာဖြင့် လူသံယောဇဉ် ပြတ်ပါစေ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဥဂ္ဂါသေန၊ ရဟန္တာဖြစ်တယ်

နောက်ဒကာ ဒကာမတွေ အားထုတ်တဲ့အချိန် ဘယ် နှယ်ဆိုကြမလဲ (လူသံယောဇဉ် ပြတ်ပါတယ်) လူဟာ လူ့သံယောဇဉ် ပြတ်နေတာပဲ (မှန်ပါ) ဥဂ္ဂါသေနတို့ ဝါးအတောင် ခြောက်ဆယ် မြင်တဲ့ အပေါ်ကနေပြီး ရဟန္တာ ဖြစ်တယ် (မှန်ပါ) လူဝတ်ကြောင်ဘဝနဲ့ ကလျက် တီးလျက်၊ မှုတ်လျက် တန်းလန်းနဲ့ ဒကာ ဒကာမတို့၊ ဘုရားက တရားဟောလိုက်တာနဲ့ အတိတ် ခန္ဓာကြီး လည်းစွန့် ပစ္စုပ္ပန် ခန္ဓာလည်း မခင်နဲ့ အနာဂတ်ခန္ဓာ မတောင့်တနဲ့ဆိုပြီး ခန္ဓာတွေကို၊ ဖြစ်ပျက်အရှု ခိုင်းလိုက်တာ ဦးခင်မောင် အတောင်ခြောက်ဆယ်မြင့်တဲ့ အပေါ်ကနေပြီး ရဟန္တာဖြစ်ရတယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီဘု ရား)။

အဲဒီတော့ သူဟာကချေသည်လည်းဖြစ်ပါတယ်။ အောက်ကလည်း ခင်ပွန်းမတွေ အခြွေအရံ တွေနဲ့ ဆပ်ကပ်၊ ဇာတ်ပွဲမှ လူငါးရာလောက်ပါတဲ့ပွဲ၊ သူ့ဇာတ်ပွဲက နည်းနည်း နောနော မဟုတ်ဘူး။ အဲဒါတောင် ရသွားတယ် ဆိုတဲ့ဥစ္စာ သေချာပလား (သေချာပါပြီ ဘုရား)။

သန္တတိအမတ်ကြီး

သန္တတိ အမတ်ကြီးတို့ဟာလည်း ဘယက်တန်းဆာ ဒွါဒရာတွေနဲ့ တစ်ခါတည်း ဒကာ ဒကာမတို့၊ ဘုရားဆီသွားပြီး တရားနာရင်း မတ္တနဲ့ ခန္ဓာဉာဏ်စိုက်တာနဲ့ ရပါတယ်နော် (မှန်ပါ)။ သံယောဇဉ်ကြောင့်ကိုပဲ ဘုရားဆီ ရောက်သွားတာပဲ။ ဒါတောင် ဘာဖြစ်သွားသတုံး။ (ရသွားပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့်တာပေါ့။ သံယောဇဉ်စွန့် မစွန့်ဆိုတာ အလုပ်ခွင် ဝင်, မဝင်ကို ဆိုလိုတာ ပါကလား (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (သံယောဇဉ်စွန့်မစွန့် ဆိုတာ အလုပ်ခွင် ဝင်, မဝင်ကို ဆိုတာပါ) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာလုပ်ကြမယ် (အလုပ်ခွင်ဝင်ရပါမယ် ဘုရား)။

အလုပ်ခွင်ဝင်ရလိမ့်မယ်

အလုပ်ခွင် ဝင်ရလိမ့်မယ်။ ဆရာဘုန်းကြီးကလည်း အလုပ်ပဲ တိုက်တွန်းနေတာပဲ ဆိုတော့ အလုပ်မရှိတော့ဘူးဆိုလို့ ရှိရင် ငါ-ငါ့ဥစ္စာ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်တွေက မတန်းပေဘူးလား (တန်းပါတယ်) အဲ တန်းရင် အပါယ်လေးပါးမှ လွတ်စရာက (မရှိပါဘူး ဘုရား) ပေါ်သွားပြီ (ပေါ်ပါပြီ)။

ဒါကြောင့် ဦးခင်မောင်တို့ ဒကာဝတို့ ဒကာသစ်တို့ ကိုမြ ရွှေတို့ အလွန် အရေးကြီးတယ်နော် (ကြီးပါတယ်) သိထားဖို့ အရေးကြီးတယ်၊ ဘုရားဖြေတော်မူတာက လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား ဆိုတော့ မရနိုင်ဘူးလို့ ဆိုတာ၊ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပါ)။

ကိုယ့်ကိုယ် ကယ်တင်တဲ့အလုပ်

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အလုပ် မလုပ်ရင်တော့ မတော်တော့ဘူး (မှန်ပါ) အလုပ်ဟာ ဒကာ ဒကာမတို့ – သူများအလုပ်လား ကိုယ့်ကိုယ် ကယ်တင်တဲ့အလုပ်လား (ကိုယ့်ကို ကယ်တင်တဲ့ အလုပ်ပါ ဘုရား) ကိုယ့်ကိုယ် ကယ် တင်တဲ့ အလုပ်ဖြစ်ရင် ဘုန်းကြီး တိုက်တွန်း နေဖို့တောင် လိုသေး သလား (မလိုပါဘူး ဘုရား)။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ လုပ်သွားဖို့ အရေးကြီးတယ်။ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဘုန်းကြီး များကတော့ မတိုက်တွန်းဘဲလည်း နေမှာမဟုတ်ပါဘူး ခင်ဗျား တို့ မလုပ်မှာစိုးလို့ တွန်းရသေးတယ် (မှန်ပါ)။

ပထမပုစ္ဆာ

ဒါဖြင့် ပထမအမေးနဲ့ ပထမပုစ္ဆာအဖြေဖြင့် ဒကာဝ ကိုက်ပလား (ကိုက်ပါပြီ ဘုရား) လုပ်မှရမယ် ဆိုတာကော ဒကာ ဒကာမ တွေသိပလား (သိပါပြီ) လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရပါ့မလားမေးတော့ မရဘူးလို့ လိုက်တယ်။

ဒီတော့ စွန့်တဲ့အလုပ်ကို လုပ်ရလိမ့်မယ် (မှန်ပါ) စွန့်တဲ့အလုပ်က ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ)။ ဝိပဿနာ ရှုတဲ့အချိန်ကို ဒကာ ဒကာမတွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (စွန့်တဲ့အချိန်ပါ ဘုရား)။ လူ့သံယောဇဉ် စွန့်နေတဲ့ အချိန်ပဲ (မှန်ပါ) ကိုယ်ခန္ဓာကြီး မလိုချင်အောင် လုပ်နေတဲ့အချိန်ပဲ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် တရားပွဲတစ်ပွဲလုံး ဒကာ ဒကာမတို့ ဘာ မှအားမငယ်နဲ့ ကိုယ့်အပေါ်ကို မှီနေတယ် (မှန်ပါ ဘုရား) ဝိပဿနာရှုတဲ့ အလုပ်ပဲ အရေးတကြီးလိုတော့တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကို အရင်က နာဘူးတဲ့ ပုဂ္ဂိုလ်တွေ၊ တရားဟောစက ဒီဝတ္ထု ထုတ်ပြီးပါပြီး၊ သို့သော် ဘယ်နှယ့်ကြောင့် ပြန်ဟောရပါလိမ့် မတုံးဆိုတော့ ပဓာနိယင်္ဂ တရားငါးပါးနဲ့ ပြည့်စုံရင် ရရမယ် ဆိုတော့ ဪ ဒါဟာ သံယောဇဉ်စွန့်တဲ့ တရားပါလားဆို တာ ပေါ်လာတယ် (မှန်ပါ)။ မပေါ်လာဘူးလား။ (ပေါ်လာပါ တယ် ဘုရား)

‘‘ယုံကြည်, ကျန်းမာ, စိတ်ဖြောင့်စွာဖြင့် လွန်စွာ အားထုတ် နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန် ပင်မဂ်ရကြောင်း’’ ဆိုတော့ မသေချာဘူးလား (သေချာပါတယ်)။

ဒုတိယပုစ္ဆာ

ကဲ နောက်တစ်ခွန်း ကလေးလည်း သူနဲ့ဆက် သွယ်လာတာနဲ့ ဒကာဝတို့ နားထောင် လိုက်ကြပါဦး (မှန်ပါ)။ လူဟာ လူ့သံယောဇဉ် မစွန့်ပဲနဲ့ နတ်ရွာသုဂတိ ရောက်နိုင်ပါ့ မလားတဲ့။ ဝစ္ဆက မေးပြန်တယ် (မှန်ပါ)။ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက်နိုင်ပါ့မလား မေးလိုက် တော့၊ အရာ, အထောင် မကဘူးရောက်နိုင်တယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ)။

အရာအထောင်မကပါဘူးတဲ့ နတ်ပြည်ရောက်တဲ့ ပုဂ္ဂိုလ်တွေ။ သားမယားနဲ့ပဲ ပေးကမ်း လှူဒါန်းပြီး သကာ လ ရှင်ပြု၊ တယ်။ ရဟန်းခံပေးတယ်။ ကိုယ့်သားကလေးကို ချီးမြှောက်နေရတယ် ဆိုတဲ့ သံယောဇဉ်ကကော မပါဘူးလား။ (ပါပါတယ် ဘုရား) ခင်တဲ့ ပုဂ္ဂိုလ်မို့ပဲ ကြိုးစားပြီး သကာလ၊ အထမြောက်အောင် လုပ်ရတယ် ဆိုတော့ သံယောဇဉ်နဲ့ ဒါနတွေ လုပ်ရ တာပေါ့ဗျာ (မှန်ပါ)။ သဘောပါကြပလား (ပါပါပြီ)။

သုဂတိနတ်ပြည်ရောက်နိုင်ပါ့မလား

ဒါဖြင့် ဒကာ ဒကာမတို့ လူဟာလူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိနတ်ပြည် ရောက်နိုင် ပါ့မလားလို့ ဝစ္ဆကမေးတော့ ဘုရားက ဘယ်နှယ်ဖြေသ (ရောက်နိုင်ပါတယ် ဘုရား) အဲ နတ်ပြည်တော့ ရောက်နိုင်တယ် ဒကာ ဒကာမတို့၊ သံယောဇဉ် မစွန့်ရင် နိဗ္ဗာန်တော့ မရောက်ဘူးတဲ့(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီနှစ်လုံးဟာ ဒကာဝ အင်မတန် အရေးကြီးလို့ ပြောပါ တယ်။ (မှန်ပါ) ကဲ ၁ နံပါတ်က၊ ဒကာ ဒကာမတွေ လူဟာ – လူ့သံယောဇဉ် မစွန့်ဘဲနဲ့ဘာတဲ့တုံး (နိဗ္ဗာန်ရောက်ပါ့ မလားတဲ့) ဘုရားက ဘယ့်နှယ် ဖြေသတုံး (မရောက်နိုင်ပါဘူးတဲ့) အလုပ် လုပ်ရင်တော့ ဘယ်နှယ့်ဆိုမလဲ (ရောက်နိုင် ပါတယ်) ရှင်းပြီနော် (မှန်ပါ)။

ကဲ ဒုတိယပုစ္ဆာ မေးပြန်တော့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည် ရောက်နိုင်ပါ့မလား ဆိုတော့ ဘယ် – နှယ့် ဖြေမလဲ (ရောက်နိုင်ပါတယ်)။

ဘာဖြစ်လို့ ရောက်နိုင်သတုံး ဆိုတော့ အာသဝါဓမ္မာ အနာသဝါဓမ္မာ ဆိုတဲ့အတိုင်း၊ သူက အာသဝ၏ အာရုံဖြစ်တဲ့ နတ်ပြည် ရောက်တွေကိုးဗျ (မှန်ပါ) အာသဝက ဒကာ ဒကာမတို့ နုတ်ပြည်လည်း သူ့နယ်ဗျ (မှန်ပါ) အာသဝေါ တရားကုန်ရာ ဟုတ်ပါရဲ့ – လား (မဟုတ်ပါဘူး) အဲဒါကြောင့် ရောက်နိုင်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီငါးချက်နဲ့ ကြိုးစားကြပါ

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ကြန်နဲ့လည်း နီးတော့ ခင်ဗျားတို့ ဒီငါးချက်နဲ့ ကြိုးစားကြပါ။ (မှန်ပါ) ဒီဟာသာလုပ်လို့ ရှိရင် ဒကာ ဒကာမတို့ သံယောဇဉ် စွန့်ပြီးသား ဖြစ်နေပြီ (မှန်ပါ) မဖြစ်သေးဘူးလား (ဖြစ်ပါပြီ)။

သံယောဇဉ်က စွန့်ပြီးသားဖြစ်နေပြီ၊ ဘုရားကို ယုံ ကြည်တယ်ဆိုတာ ခင်ဗျားတို့ ပင်ကိုက ယုံကြည်ပြီးသား (မှန်ပါ)။ ကျန်းမာရေးကလည်း ရှိတဲ့ပုဂ္ဂိုလ်မှာ ရှိပြီးသား (မှန်ပါ)။ စိတ်ကလည်း ဖြောင့်ဖြောင့် ထားပါလို့ ဆရာသမား ဆုံးမထားတဲ့ အတိုင်း လိမ်လည် ကောက်ကျစ်တဲ့ စိတ်မထားကြပါဘူး (မှန်ပါ)။

လွန်စွာအားထုတ် ဆိုတော့ ဝီရိယကလေး စိုက်ပေးလိုက် ပါတဲ့။ ဘယ်သူ့အပေါ် စိုက်ရမှာတုံး ဆိုတော့ ဖြစ်တာနဲ့ ပျက် တာကလေးကို မြင်အောင် ဂရုစိုက်ပါ။ (မှန်ပါ ဘုရား) သဘော ကျပလား (ကျပါပြီ) အဲဒီလို မြင်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့မှန် ပင် မဂ်ရကြောင်းဆိုတော့ အမှန်ပင် မဂ်ရနိုင်တဲ့ လမ်းစဉ်ပါပဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် ဪ ဒါဟာ သံယောဇဉ် စွန့်နေတဲ့ အလုပ်ပါကလားလို့ နိဂုံးချုပ်လိုက် (မှန်ပါ)။

ဖြစ်ပျက်လုပ်နေတဲ့ အလုပ်ဟာ ဘာပါလိမ့် (သံယောဇဉ် စွန့်နေတဲ့ အလုပ်ပါ ဘုရား) သံယောဇဉ်စွန့်နေတဲ့အလုပ် ဖြစ်သောကြောင့် ခုနင်က အင်္ဂါငါးချက်နဲ့ ညီရင်ဖြင့်၊ မဂ်ရနိုင်ပါ တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

သုဘဒ်ပရိဗိုဇ်

ဒီအထဲမှာ ကြပ်ကြပ်ယုံကြည်အောင် ဘုန်းကြီးက အကိုး အကားကလေး တစ်ခု ထည့်ပေးပါမယ်။ ဆာဝါရဲ့ သားဟာ ဦးခင်မောင် မှတ်မိသေးရဲ့လား ဘယ်သူပါလိမ့် သုဘဒ်ပေါ့ (မှန်ပါ)။

သုဘဒ်ပရိဗိုဇ်က ဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ တင်းတိပ် ကာရံထားတဲ့ အထဲမှာ သွားပြီးမေးတယ်၊ အရှင်ဘုရား မရှိရင် သောတာပန် သကာဒါဂါမ် အနာဂါမ် ရဟန္တာတွေများ ကွယ်တော့မှာလား အဓိပ္ပာယ်မျိုးကို မေးလိုက်တယ် (မှန်ပါ) ဘုရားက ဒီလိုဖြေလိုက်တယ်။

‘‘ဣမေ ခေါ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျံ အသုညော လောကော အဿ အရဟန္တေဟိ။’’

ဘယ်တော့မှ ရဟန္တာမဆိတ်သုဉ်းပါဘူး

ဘယ်တော့မှ ရဟန္တာ မဆိတ်သုဉ်းပါဘူး ဒီအတိုင်းသာ ကောင်းမွန်စွာ ကျင့်နေစမ်းပါတဲ့ (မှန်ပါ) သဘောကျလား (ကျပါပြီ) ဒီအတိုင်းသာ ကျင့်နေလို့ရှိရင် ပဓာနိယင်္ဂမနဲ့သာ ကျင့်နေရင် ဘာတဲ့တုံး (ရဟန္တာ မဆိတ်သုဉ်းပါဘူး) ဒါဖြင့် ခင်ဗျားတို့လည်း လုပ်ရင်ရမှာပေါ့။ ဒီဘဝမရရင် နောက်ဘဝမှာ ပေါ့။ ကြိုစားမှု မလျှော့နဲ့ (မှန်ပါ)။ ဒီဘဝ ရထိုက်လို့ရှိရင် လည်း ရမှာပဲ။ ဒါကတော့ ခင်ဗျားတို့ အပေါ်မှာ မှီတယ် (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သုဘဒ်ပရိဗိုဇ်က မေးလို့ ဘုရားဖြေတော် မူတာကလည်း ဘယ်အခါမှ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မဆိတ်သုဉ်းဘူးဆိုတာကော ကျေနပ်ပလား (ကျေနပ် ပါပြီ)။

ဘာဖြစ်လို့ ဆိတ်နေသတုံး

ဒါဖြင့် ဘာဖြစ်လို့ ဆိတ်နေသတုံးဘုရားလို့ မေးလို့ရှိရင် အို မလုပ်တဲ့သူတွေရှိနေလို့ ဆိတ်တယ်လို့ ပြောရုံပဲရှိတယ် (မှန်ပါ့)။ ဒီပြင် ဘာအဖြေထွက်စရာ ရှိသေးသလား (မရှိပါဘူး) ပေါ်ကြပလား (ပေါ်ပါပြီ) ကဲဒါဖြင့်လုပ်ပေါ့ဗျာ (မှန်ပါ့)။

ကိုင်း ဒီဥစ္စာက ရှေ့ပိုင်းတရား ဦးခင်မောင် (မှန် ပါ့)။ ဒါဖြင့် ဆပ္ပါဏကောပမသုတ်ကို ပြောကြည့်တော့ (မှန်ပါ့)။

ပိုးကောင်ဘယ်နှစ်ကောင်တဲ့ (ခြောက်ကောင်ပါ ဘုရား) ပိုးကောင်ခြောက်ကောင်။ ဒါက သဠယတနဝဂ္ဂ သံယုတ်ပါဠိတော်မှာ လာတယ် (မှန်ပါ့)။

(၁) မျက်လုံးကမြွေနဲ့တူတယ်

ဒကာ ဒကာမတို့ ၁နံပါတ်က ပိုးကောင်က တခြားဟုတ်ပါ ရိုးလားမြွေဆိုတဲ့။ မျက်လုံးက ဘာနဲ့တူသတုံး (မြွေနဲ့တူပါ တယ် ဘုရား)မှတ်ထား၊ ဒကာ ဒကာမတို့ မျက်လုံးကမြွေနဲ့ တူ တယ်ဆိုတာ မှတ်ထားပါ (မှန်ပါ)။ မြွေဆိုတာက အရှုပ်ကြိုက် (မှန်ပါ)။ ဒကာ ဒကာမတွေ ပန်းချီများ ရေးထားတော့ တစ်ကြောင်းတည်း ဆွဲထားတာ ကြည့်ချင်သလား ပန်းလက်ပန်းခက် တွေ ဝေဆာနေအောင် ရေးသားထားတာကြည့်ချင်သလား (ဝေဆာအောင် ရေးထားတာကြည့်ချင်တာပါ)။

ဒါဖြင့် ပန်းလက်ပန်းခက်တွေ ရေထားတာမှ ကြည့်ချင် တယ်ဆိုရင် မျက်လုံးအရှုပ်ကြိုက်ပေါ့ (မှန်ပါ) မသေချာဘူးလား (သေချာပါတယ်)။

ဒါကြောင့် ဘုရားက မျက်လုံးဟာမြွေနဲ့တူတယ်လို့ ဟော တာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား) ဒီမြွေကို မနိုင်လို့ရှိရင် အရှုပ်ထဲ ပြေးလိမ့်မယ် (မှန်ပါ) အရှုပ်ထဲပြေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ မျက်လုံးကို မနိုင်တာနဲ့ အရှုပ်ထဲပြေးလို့ရှိရင် လူပါအရှုပ်ထဲ ရောက်ရချေရဲ့ (မှန်ပါ) မရောက်ပေဘူးလား။ (ရောက်ပါတယ်)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ မျက်လုံးဟာ မြွေနဲ့ တူတယ်ဆိုတဲ့ ဥစ္စာလည်း မှတ်မိပြီ။ ဒီဒကာ ဒကာမ တွေကလည်း ပုထုဇဉ်တွေဖြစ်ပြီးသကာလနေတော့၊ ဒီမျက်လုံး ဟာ ဒကာ ဒကာမတို့ သန္တာန်မှာရှိကြတော့ မျက်လုံး ဖွင့်ကြည့်တဲ့ အခါလည်း ပါသွားတာပဲ (မှန်ပါ) မပါဘူးလား (ပါပါတယ်) ဒီ မျက်လုံးကလေးလည်း ဒကာ ဒကာမတွေက တဏှာတည်းဟူသောကြိုးနဲ့ ခင်မနေဘူးလား (ခင်နေပါတယ်) ကျုပ်တို့ အဝတ်တို့ ဘာတို့ချုပ်နေရတယ် အမျိုးမျိုးအဖုံဖုံ လုပ်နေရတာ၊ ကိုယ့်မျက်လုံး ကလေးကိုယ် အားကိုး နေရတယ်။ ကိုယ့်မျက်လုံး ကလေးပဲ စောင့်ရှောက်နေရတယ်။ မျက်လုံးက လေးနဲ့ တဏှာနဲ့ တန်းမနေဘူးလား (တန်းနေပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် တဏှာတန်းကတည်းက အဝိဇ္ဇာက နောက်ကမသိအောင်လုပ်ထားပြီ (မှန်ပါ) ဒါဖြင့် မျက်လုံး နောက်က ကြိုးသည်တဏှာ။ အထုံးသည် အဝိဇ္ဇာ (မှန်ပါ)။

ကြိုးသည်(တဏှာပါ) အထုံးသည် (အဝိဇ္ဇာပါဘု ရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

(၂) နားကမိချောင်းနဲ့တူတယ်

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုတိယသား ကောင်ကတော့ ဘာတဲ့(မိကျောင်းပါ ဘုရား) မိကျောင်းကတော့ ဒကာ ဒကာမတို့ မျက်လုံးမှတ်ပြီးသကာလ၊ သူကတော့ အေးအေး ချမ်းချမ်း နေချင်တယ်နော် (မှန်ပါ)။

ဒကာ ဒကာမတွေ နားကလေး စွင့်ပြီး သကာလနေတဲ့ အခါကျတော့ ခပ်အေးအေးကလေး နေတဲ့နေရာ မနေချင် ဘူးလား (နေချင်ပါတယ်) နားစွင့်ပြီး သကာလ ဟိုကဘာ သံပါလိမ့်မတုံး ဟိုနားသွားချင်သေးတယ် ဆိုပြီးသကာလ၊ နားစွင့်ပြီး သကာလ နေတဲ့အခါများလည်း မကြားရပါဘူး ဟိုနား သွားဦးမယ်ဆိုပြီး နားကလေးများကော မပါဘူးလား၊ (ပါပါတယ်)။

မိကျောင်းလိုပဲ နားကလည်း ခပ်အေးအေးကြိုက်တယ်။ ကျုပ်က နားဆူတာမကြိုက်ဘူး တဲ့ (မှန်ပါ)။

ဦးခင်မောင်တို့ ဘာကြိုက်သတုံး (နားအေးအေး ကြိုက်ပါတယ် ဘုရား)အဲဒါကြောင့်သူက မိကျောင်းနဲ့တူတယ် ဒကာ ဒကာမတို့၊ ရေကြိုက် အအေးကြိုက်ပေါ့ဗျာ။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

(၃) နှာခေါင်းက ငှက်နဲ့တူတယ်။

ကောင်းပြီ ၃-နံပါတ်ကဘာနဲ့ပါလိမ့် (ငှက်ပါ ဘုရား) နှာခေါင်းက ဘာနဲ့တူပါလိမ့် (ငှက်နဲ့ တူပါတယ် ဘုရား)။

နှာခေါင်းဆိုတာ ဒကာ ဒကာမတို့ အောက်စိုက်ပြီးရှူချင် သလား ပွင့်ပွင့်လင်းလင်းလေး အပေါ်မော့ပြီး ရှူချင်တာလား (အပေါ်မော့ပြီး ရှူချင်ပါတယ် ဘုရား) အဲဒီတော့၊ သူသည်ကားလို့ ဆိုရင်ငှက်နဲ့ တူတယ်တဲ့ အပေါ်ကိုသာ သွား ချင်တာပဲ ဦးခင်မောင်ရေ အောက်ကိုမသွားချင်ဘူး (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

(၄) လျှာက အိမ်ခွေးနဲ့တူတယ်

ကိုင်းတစ်ခါသွားပါဦး ဒကာ ဒကာမတို့ ၄-နံပါတ်ကဘာ နဲ့တူသတုံး (အိမ်ခွေးနဲ့တူပါတယ်)။ အိမ်ခွေးနဲ့တူတယ် ဆိုတာ လျှာပဲ ဒကာ ဒကာမတို့ (မှန်ပါ) ဒီလျှာကတော့ ဒကာ ဒကာမတို့ မီးဖိုချောင်သာ ပြေးချင်တယ်။

ဘယ်ပြေးချင်သတုံး (မီးဖိုချောင်ပြေးချင်ပါ တယ်) အဲဒါကြောင့် အိမ်ခွေးသည် ဒကာ ဒကာမတို့ ဘယ်နေရာ မောင်းမောင်း မီးဖိုချောင်ကိုသာ လှည့်ဝင်တာပဲ (မှန်ပါ) မောင်းထုတ်လိုက် မီးဖိုချောင် လှည့်ဝင်လိုက်၊ မောင်းထုတ်လိုက် မီးဖိုချောင် လှည့်ဝင်လိုက်။ စားစရာကလည်း အဲဒီမှာရှိတယ်၊ ပြာပုံကလည်း အဲဒီမှာ ရှိတယ် ပြာပုံလည်းကြိုက်၊ စားစရာလည်း ကြိုက်ကိုး (မှန်ပါ) သဘောကျကြပြီလား (ကျပါပြီ ဘုရား)

ဒါကြောင့်လျှာသည် ဒကာ ဒကာမတို့ဘာနဲ့ တူပါလိမ့် (အိမ်ခွေးနဲ့တူပါတယ် ဘုရား) ဒါလည်း ဒကာ ဒကာမတွေက ငါ့လျှာပဲ သူကအရသာရှိလို့ ကျုပ်မှာ စားနိုင်သောက်နိုင်တယ် ဒါကြောင့်အခု ကျန်းမာရေး ကလေး ပြည့်စုံနေတယ်။ ဒါကြောင့် ဒီသား ဒီသမီးနဲ့ ဒီထမင်းအိုးကြီး ချီနိုင်တာပေါ့။ သူကိုလည်း ခင်လျက်ပဲလား ခင်ဗျားတို့က (ခင်ပါတယ် ဘုရား) လျှာက လေးကိုလည်း ခင်လျက်ပဲနော် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ဒါလည်း ခင်လျက်ပဲဆိုတော့ ကြိုး ဘယ်နှစ်ချောင်းရှိသွားပလဲ (လေးချောင်းရှိသွားပါပြီ ဘုရား)။

(၅) ကိုယ်က တောခွေးနဲ့တူတယ်

ကိုင်းတစ်ခါ ၅-နံပါတ်ကတော့ ဒကာ ဒကာမတို့ဘာတဲ့ (တောခွေးပါ ဘုရား) တောခွေး ဆိုတာက ဒကာ ဒကာမတို့ လူကိုလည်း အင်မတန် ကြောက်တယ်နော် (မှန်ပါ) သုဿာန်မှာ လူသားတွေ ဖော်စားပြီး သကာလ၊ တောထဲမှာတစ်နေ့လုံး အိပ်ချင်တဲ့ သတ္တိရှိတယ် (မှန်ပါ)။

အဲဒီအတိုင်းပဲ ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်ကြီးမှာ ကိုယ်ပေါက်ကတော့ ကိုယ်ပေါ်မှာပေါ်တဲ့ တရားတွေကတော့ အိပ် ချင်တယ် လှဲချင်တယ် လျောင်းချင်တယ် ဦးခင်မောင် (မှန်လှ ပါ)။

ဦးဇံရင်ကိုယ်က ဘာလုပ်ချင်ပါလိမ့် (အိပ်ချင်ပါတယ် ဘုရား) အမှီကလေးများ မရှိဘူးလားဗျာ ခင်ဗျားတို့ အိမ်မှာ နောက်မှီကုလားထိုင် ကလေးများ မရှိဘူးလား ထိုင်စရာ ကလေးများမရှိဘူး လား။ (မှန်ပါ) တရားနာတဲ့အခါ ဒကာ ဒကာမတွေ ကြည့်စမ်းပါလား အချို့ ထိုင်စရာကလေးတွေ ယူလာကြတယ်။ ဘယ့်နှယ့်ကြောင့် ယူလာကြတာတုံး ဆိုတော့ တောခွေးအလုပ်လေ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာလုပ်ကြတာပါလိမ့် (တောခွေး အလုပ်ပါ ဘုရား) တော ခွေးအလုပ်ဆိုတာကထိုင်ဖို့ နည်းနည်းကလေးညောင်း တော့ လှဲဖို့ပေါ့၊ ဒီထက်ညောင်းလာရင်မှီဖို့ (မှန်ပါ ဘုရား) ဒီထက်တာ ရှည်လာရင် အိပ်ဖို့ (မှန်ပါ) သူကလည်း ဒကာ ဒကာမတို့ တောခွေးတောပျော်နော် (မှန်ပါ)။

အဲဒါကိုလည်း ခင်ဗျားတို့က ကျုပ်ကျန်းမာရေးကလေး ဂရုစိုက်နေရတယ်၊ ဒီလိုမအိပ်ရ မနေရလို့ ရှိရင် ကိုယ့်မှာဘယ့်နှယ့် လုပ်မလဲ အခက်ကြီးပေါ့ ဆိုပြီး အိပ်ဖို့ကိုပဲ ဒကာ ဒကာတွေက ခင်ကြမင်ကြ ကြင်နာကြ ဆိုတာကော သဘောကျပလား (ကျပါပြီ)။

(၆) စိတ်ကမျောက်နဲ့တူတယ်

ကိုင်း ၆- နံပါတ် ပြောကြစမ်းပါဦး (မျောက်ပါ ဘုရား) မျောက်ဆိုတာက ဒကာ ဒကာမတို့ ဘယ်တော့မှ အောက် လွတ်လို့ မရဘူး(မှန်ပါ) မြင့်မြင့်တက်ချင်သလား နိမ့်နိမ့်တက်ချင် သလား (မြင့်မြင့်တက်ချင်ပါတယ်) မြင့်မြင့်တက်ပြီးတော့ သူဘာလုပ်ချင်သတုံး မေးတော့၊ ဟိုမျှော် ဒီမျှော် မျှော်ချင်တာ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။

ခင်ဗျားတို့ မနောစိတ်ကလည်း ဒီနားတွင်မနေဘူး ရန်ကုန်ကသားတွေ ဘယ့်နှယ့်နေပါလိမ့်၊ ရန်ကုန်အရောင်း အဝယ်တွေ ဘယ်လိုနေပါလိမ့်မတုံး။ ဟိုမှာသားကြီး၊ သားလတ် တွေဆီမှာ ဘယ်လို နေပါလိမ့်မတုံး။ ဟိုမှာသားကြီး၊ သားလတ်တွေ ဆီမှာ ဘယ်လိုနေပါလိမ့်မတုံး အဲဒီမှာများကုန် ဈေးနှုန်း ဘယ်လိုနေပါလိမ့်မတုံး အစရှိသည်နဲ့ အဝေးချည်းမျှော်ချင်နေတယ် (မှန်ပါ)။

မနောပေါက်က ဘယ်မျှော်ပါလိမ့် (အဝေးချည့်မျှော်ပါ တယ် ဘုရား) အဝေးချည့်မျှော်တာ ထောက်လိုက်တော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မျောက်နဲ့တူတဲ့ စိတ်ပဲဆိုတာ ပေါ်လာတော့တယ် (မှန်ပါ ဘုရား)။

ခင်သော ပုဂ္ဂိုလ်၏ ပစ္စည်း

ဒါတွေဟာ ငါ့ဟာချည့်ပဲ ဆိုရင်ကောလွဲသလား။ (မလွဲပါဘူး) ခင်သောပုဂ္ဂိုလ်၏ ပစ္စည်းချည့်ပဲ ဆိုရင်ကော လွဲပါ့မ လား (မလွဲပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ခင် သေခပုဂ္ဂိုလ်က ကြိုးဘယ်နှစ်ချောင်း နဲ့တွဲနေရသတုံး(ခြောက်ချောင်းပါ ဘုရား) ကြိုးချောက်ချောင်းနဲ့တွဲ ကိုင်နေရတယ်(မှန်ပါ)။

ဒါကိုခင်ဗျားတို့ တည့်အောင်ကော ကျောင်းနိုင်ပါ့မလား (မကျောင်းနိုင်ပါဘူး ဘုရား) သူတို့နောက်ကိုချည်း လိုက်နေရမယ်ဆိုလို့ ရှိရင်လည်း၊ ခင်ဗျားတို့ တောင်ပို့ထဲလည်း သေစရာ အကြောင်းရှိတယ် (မှန်ပါ့) အင်းအိုင်ထဲကော (သေစရာ အကြောင်းရှိပါတယ်) ကောင်းကင်မှာကော (သေစရာ အကြောင်းရှိပါတယ်)၊ မီးဖိုချောင်မှာကော (သေစရာအကြောင်း ရှိပါတယ်)၊ တောထဲမှာကော (သေစရာအကြောင်းရှိပါတယ်)၊ အမြင့်မှာကော(သေစရာအကြောင်းရှိပါတယ်)။

တစ်ယောက်တည်းနှင့် ခြောက်ကြိုးကိုင်ထားတယ်

ဪ ဒကာ ဒကာမတို့ မတည့်တဲ့ခြောက် ကောင်ကို ခင်ဗျားတို့ကျောင်းတဲ့ အလုပ် လုပ်နေရပါတယ် ((မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါက တရားနာနေတဲ့ ဒကာ ဒကာမတွေ အခုနောက်က ဟာက၊ ကြိုးကိုင်ထားရတာက တစ်ယောက်တည်းကနေပြီး ခြောက်ကြိုးကိုင်ထားရတယ် (မှန်ပါ) အဝိဇ္ဇာအထုံကြီးနဲ့ တဏှာကြိုးကြီးနဲ့ ဒကာ ဒကာမတွေ ကိုင်ပြီးတော့ထားကြပါ။ တယ် (မှန်ပါ)။

ဒါဖြင့် ဒီဒကာ ဒကာမတွေကို ယနေ့ဖြင့်ရှင်းရှင်းလင်း လင်းပဲပြောရတယ် ဪ ဒီဒကာ ဒကာမတွေ အိမ်ရှိလျက်နဲ့ အိမ်မနေတာလဲ ဘာကြောင့်ပါလိမ့် ဆွဲလို့ဘုရား ဒီကောင် ခြောက်ကောင်ထဲက တစ်ကောင်ကောင်က ဆွဲပြီး (မှန်ပါ) ထမင်းစားဖို့ အရှာထွက်ရတယ်ဘုရား။

ဒကာ ဒကာမတို့ အိမ်ကထွက်တာ ဘာလုပ်ကြတာတုံး (ထမင်းစားဖို့ အရှာထွက်ကြတာပါ ဘုရား)။

ထမင်းစားဖို့ အရှာထွက်တယ်ဆိုတာ

ထမင်းစားဖို့ အရှာထွက်ရတယ်ဆိုတော့ ဒကာ ဒကာမတွေ ဘယ်အကောင်က ဆွဲသွားတယ် ဆိုတာခင်ဗျားတို့ စဉ်းစားကြည့် (အိမ်ခွေးကဆွဲသွားပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အိမ်ခွေးက ဆွဲသွားတဲ့ အခါကျတော့ ကဲ-ထမင်းစားဖို့ ဆွဲသွားတာတော့ ဆွဲပါစေတော့ ဒကာဝ။ ထမင်းစားပြီး သကာလ ဒီအတိုင်း နေချင်သလား အိပ်ချင်သလား (အိပ်ချင်ပါတယ် ဘုရား) ဘယ်ခွေး က ဆွဲသွားပြန်သတုံး (တောခွေးက ဆွဲသွားပြန်ပါတယ်)။

ဦးခင်မောင် အိမ်ခွေးကဆွဲလိုက်၊ တောခွေးကဆွဲ လိုက် နဲ့ပါလား (မှန်ပါ)။

ဪ သားကလေး သမီးကလေးလည်း မမြင်ရ တာကြာပြီ တဲ့။ ဆွဲပြန်ပြီ။ (မှန်ပါ) ဘယ်သူက ဆွဲပြန်သတုံး (မြွေကဆွဲပါတယ်) ပဋ္ဌမမြင်ချင်တဲ့ မျက်လုံးကဆွဲတာ၊ မြွေကဆွဲတာလို့မှတ်ပါ (မှန်ပါ)။

မိချောင်းကဆွဲပြန်တယ်

ဒကာ ဒကာမတို့ သူတို့အသံကလေး မကြားရသေးပါ ဘူး၊ နေကောင်းတဲ့အသံလား နေမကောင်းတဲ့ အသံလား ဆိုတာ မစုံစမ်းဘူးလား စုံစမ်းသလား (စုံစမ်းပါတယ်) အဲဒါကျတော့ မိကျောင်းက ဆွဲပြန်တယ် (မှန်ပါ)။

ကိုင်း သူတို့အတွက်နဲ့ မောလှပြီ ပက်လက်ကလေးများ လှန်ပြီး အသက်ကလေး မှန်မှန်ရှူပါဦးမယ် လာလိုက်တဲ့ ဖြစ်ခြင်း၊ (မှန်ပါ) ဘယ်ကများ ဆွဲပြန်သံတုံး (ငှက်ကဆွဲပါ တယ်)။

ဒီလိုနေလို့ မဖြစ်သေးဘူးလေ ထမင်းစားချိန်ရောက် လည်း ထမင်းစားဦးမှပဲ ဆိုတော့ ဘယ်ကဆွဲလိုက်သတုံး (အိမ်ခွေးကဆွဲပါတယ်) ထမင်းစားငိုက်ငိုက်လာတယ် ဒကာ ဒကာမတို့ (တောခွေးကဆွဲပါတယ်)။

မျောက်ကဆွဲသွားပြန်တယ်

ဪ ဒီလိုထိနမိဒ္ဓများလို့တော့ ဘယ်မှာစီးပွား ရေး ဖြစ်နိုင်လိမ့်မတုံး လူဆိုတာ အကြံမရှိရင် အင်မတန် ခက်တယ် ကြံဦးစည်ဦးမှပဲဆိုပြီး မအိပ်နိုင်ဘူး ဒကာ ဒကာမတို့ ဘာလုပ် ပြန်သတုံး (မျောက်အလုပ် လုပ်ရပါတယ်)

မျောက်ကဆွဲသွားပြန်ပြီ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဒါကြောင့်ခင်ဗျားတို့ ဘယ်နှယ့်နေ သတုံး အားလပ်ခွင့်ကလေးများ ရကြရဲ့လားလို့ မေးတော့ (မရပါဘူး ဘုရား) မအားပါဘူးဘုရား။ မအားတဲ့အထဲကပဲဒီလိုပဲ နေလိုက်ရ တော့တာပဲ (မှန်ပါ) မအားတဲ့အထဲ ဒီလိုနေရုံ ရှိတော့ တာပေါ့ ဒီခြောက်ကောင်အလို ကိုလိုက်နေရတာ (မှန်ပါ)။

ဦးဇံရင် အားရဲ့လား (မအားပါဘူး ဘုရား) ဘာဖြစ်လို့ မအားတာတုံး (ခြောက်ကောင် အကြိုက်ကို လိုက်နေရ လို့ပါ ဘုရား)။

ဒကာ ဒကာမတို့ခြောက်ကောင်စလုံးကပဲ ပြိုင်ဆွဲသလား – (တစ်ကောင်ကောင်က အားသန်သန်နဲ့ ဆွဲပါတယ်) တစ်ကောင်ကောင်က အားသန်သန်နဲ့ ဆွဲတယ်ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အတွက်မှာဖြင့် ကျောင်းရတာကခြောက်ကောင်၊ အားသန်တဲ့အကောင်ကဆွဲပြန် တော့ ဟိုကောင်တွေကလည်း သူဆွဲတဲ့ဆီသာလိုက်တယ် ငါဆွဲ တဲ့ ဆီမလိုက်ဘူးဆိုပြီး၊ ဟိုကောင်တွေကလည်း အရွဲ့တိုက်ဦးမယ် (မှန်ပါ)။ မတိုက်ပေဘူးလား (တိုက်ပါတယ် ဘုရား)အရွဲ့တိုက် တော့ ဟိုကောင်တွေနောက်ကောမလိုက်ရပေဘူးလား (လိုက် ရပါတယ် ဘုရား)။

အိပ်ချိန်ကောရှိသေးရဲ့လား

အဲဒါကြောင့် ဒကာ ဒကာမတို့ အိပ်ချိန်များရှိသေး ရဲ့လား (မရှိပါဘူး) စားချိန်ကော ကောင်းကောင်း ရှိရဲ့လား (မရှိပါဘူး ဘုရား) စားချိန်လည်းကောင်းကောင်း မရှိဘူး၊ ထမင်း ကလေးမှ မြိန်မြိန်ရှက်ရှက် ကောင်းကောင်းစား လို့ ရကြရဲ့လား (မရပါဘူး) ထမင်းကလေးဘယ်မှာ မြိန်မြိန်ရှက်ရှက် စားလို့ရပါ့မလဲ။ ဟိုဟာကလေးက ငိုချင်လိုက်တဲ့အခါကျတော့ ထမင်းပွဲချပြီးပြေး ရတာ (မှန်ပါ) ဘယ်ဘက်ချည့် ပြေးရပြန်သလဲ ဒကာ ဒကာမ တို့ (မိကျောင်းဆွဲရာပြေးရ ပါတယ်။)။

ကလေးကလေး ချော့ကာမော့ကာနဲ့ ဘာမှမဖြစ်ပါ ဘူးလေ ဟန်ရပါတယ်ဆိုပြီး ပြန်ပြီး သကာလ၊ ဒီနေရာတွင်ပဲ နေရောတဲ့လား (မနေရပါဘူး) ထမင်းစားပွဲပြန်ရ တယ် (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ခင်ဗျားတို့ဟာ တစ်နေရာတည်းနေ လို့ဖြစ်ကြရဲ့လား (မဖြစ်ပါဘူး) အဲဒါကြောင့် ဒကာ ဒကာမတို့ ပုထုဇဉ်ကိုနှိပ်စက်နေတဲ့သားကောင် ခြောက်ကောင်ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ)။ ဒါဖြင့် ဒုက္ခပေးလေသမျှ သားကောင် ခြောက်ကောင်က (မှန်ပါ) သဘောပါကြပလား။ (မှန်ပါ)။

ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တယ်

ဒါဖြင့် ဒုက္ခဿ ပိဠနဋ္ဌော ဆိုတဲ့ မြင်စိတ်လည်း နှိပ်စက် တာပဲ (မှန်ပါ) ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်ပါတယ် (မှန်ပါ့) ကြားတဲ့စိတ်ကကော (နှိပ်စက်ပါတယ်) မိကျောင်း ကလည်း နှိပ်စက်တာပဲ။ ငှက်ကကော (နှိပ်စက်ပါ တယ်) အိမ်ခွေးကကော (နှိပ်စက်ပါတယ်) သူက လည်း ဆာလှပြီဆိုမှဖြင့် ဘယ်သူ့မှ မပြောချင်ဘူး ကျပ်တော့ ထမင်းဆာလွန်းလို့ စိတ်ကိုတိုနေတာပဲ၊ အဲတာ လေး ထမင်းဆာလို့ စိတ်တိုနေ လိုက်သေးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) အိပ်ကုန်ကြပြီသူများတွေ။

အနားလာပြီး စကားပြောနေလိုက်တာ၊ အလိုက်မသိလိုက်တာ ဒီလိုကော မလာဘူးလား ဒကာ ဒကာမတို့ (လာပါတယ်)၊ ဒီရုပ်သည်လောက် အရုပ်ဆိုးတာ ဘယ်ရှိ လိမ့်မလဲတဲ့။ ဦးခင်မောင် အိပ်ချိန်များ အနားလာပြီး စကား ပြောတာခင်ဗျားတို့ ကြိုက်ကြရဲ့လား (မကြိုက်ပါဘူး) ခင်ဗျားတို့ဘယ်သူ နောက်လိုက်မယ် စိတ်ကူးနေလို့လည်း (တောခွေးနောက် လိုက် မလို့ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အိပ်ချည်းနေ လို့လည်း မဖြစ်သေးဘူးဆိုပြီး သကာလ တစ်ယောက်ကနိုးပြန် တယ်၊ ဦးခင်မောင် ဒီဟာကလေးဟာ ဘယ်လိုလုပ်မတုံး ဘယ်လို ကိစ္စရှိသတုံး ဘယ်လိုကြံစည်ကြမတုံးဆိုတာကလေး လာပြန်တော့ လည်း အိပ်လို့ ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) ဒါကလေးဟာ မေ့နေတယ်။ ဒါကလေးဟာ ညအလုပ်လုပ်ရ မယ်၊ ကြံစည်ရမည့်အလုပ်ကလေး ရှိနေသေးတယ်ဆိုတော့ လည်း အိပ်ရာကနေ ထလာပြန်တယ် ဒကာ ဒကာမတို့။ ဘယ်သူဆွဲရာ ပါလာပြန်တာပါလိမ့် (မျောက်ဆွဲရာ ပါလာပါတယ် ဘုရား)။ ဒီဒကာ ဒကာမတွေဖြစ်တွေကဖြင့် သေခြင်းဆိုး မသေတာ တမယ်ပဲ ကျန်တော့တယ် သားကောင်ခြောက်ကောင်က နှိပ်စက် လိုက်တာ (မှန်ပါ) ပေါ်ကြပလား (ဧပ်ပါပြီ ဘုရား)။

ကိန်းရာပုဂ္ဂိုလ်က အနှိပ်စက်ခံသမား ဒါဖြင့် ဒါတွေက ဒုက္ခသစ္စာ။ ကိန်းရာပုဂ္ဂိုလ်က အနှိပ်စက်ခံသမား (မှန်ပါ) ‘‘ဒုက္ခဿ ပိဠနဋ္ဌော’’ ဒုက္ခဿ- သား ကောင်ခြောက်ကောင်ဆိုတဲ့ ဒုက္ခသစ္စာ၏ ပိဠနဋ္ဌော- ခင်ရာ ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တယ် (မှန်ပါ)

အိပ်ခွင့် လည်းမပေးဘူး၊ စားခွင့် (မပေးပါဘူး) နေခွင့်ထိုင်ခွင့် (မပေး ပါဘူး) ဘာမှ မပေးတော့ဘူး၊ ဒကာ ဒကာမတို့ (မှန်ပါ) ကျပ်ဖြင့် သေများ သေချင်တာပဲ ကိစ္စတွေက များလိုက် တာ။ ဒါတွေက များနေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကျုပ်မရှိရင် အခက်ကြီး

ကျုပ်အိမ်မှာလည်း ကျုပ်လူကြီးဖြစ်နေတော့ ကျုပ် မရှိရင် အခက်ကြီး (မှန်ပါ) ဒါတွေအကုန် ကျုပ်စွဲထားတယ် (မှန်ပါ) သားကောင်ခြောက်ကောင် ဘာလုပ်ထားသတုံး (ကျုပ်စွဲထားပါတယ်) ကျုပ်စွဲထားတော့ ဒကာ ဒကာမတွေ ကျုပ်စွဲထားတဲ့ အခါကျတော့ ဒါက ကိုယ်ပိုင်ကျုပ်တွေပေါ့ဗျာ၊ ငါ့ကိုယ် ငါ့ဟာတွေ အဓိပ္ပာယ်က မရဘူးလား။ (ရပါတယ် ဘုရား)

အဲဒါတွေကို ခင်ဗျားတို့က ဒုက္ခသစ္စာလို့ မသိသ၍ ကာလပတ်လုံး ခင်ဗျားတို့ သည် အနေကောင်း အစားကောင်း အဝတ်ကောင်းနဲ့ ဘယ်နည်းနဲ့မှ နေလို့မဖြစ်တော့ဘူး နှိပ်စက်နေမှာပဲ (မှန်ပါ့) ဒါဖြင့် သူတို့ကို ဘာသစ္စာတွေဆိုကြမလဲ (ဒုက္ခသစ္စာတွေပါ) ကိန်းရာ ပုဂ္ဂိုလ်ကို ဘာလုပ် ပါလိမ့် (နှိပ်စက်ပါတယ် ဘုရား) ညှာတာ မဖက် အမြဲနှိပ်စက် တတ်တယ် (မှန်ပါ)။

မျက်လုံးကလည်း ဒကာ ဒကာမတို့ ငါခိုင်းရာလုပ်ရမယ် ဆိုတော့ ဒီပုဂ္ဂိုလ်ဟာ တကောက်ကောက် လိုက်ရလိမ့်မယ် (မှန်ပါ) နားကလည်း ငါကြိုက်တဲ့ဆီသွားမယ်ဆိုတော့ ကိန်းရာ ပုဂ္ဂိုလ်က တကောက်ကောက် မလိုက်ရဘူးလား (လိုက်ရပါ တယ်)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နှိပ်စက်တိုင်းခံ နေရတာပေါ့ (မှန်ပါ)။ ဘယ်လိုဆိုကြမလဲ (နှိပ်စက်တိုင်းခံနေရပါတယ်)။

အဲဒါကြောင့် ဟောဒါတွေဟာ ဒုက္ခသစ္စာတွေ ဒါက အနှိပ်စက်ခံရတာ (မှန်ပါ) ဒါဖြင့် နှိပ်စက်တတ်တာ ဒုက္ခသစ္စာ၊ အနှိပ်စက်ခံရတာလဲ ဒုက္ခသစ္စာ (မှန်ပါ ဘုရား) ဒါကြောင့် နှိပ်စက်တယ် နှိပ်စက်တယ်ဆိုတဲ့ တရားနှစ်ခုကို နှစ်ခု စလုံးယူလိုက်ပါ (မှန်ပါ) နှိပ်စက်တတ်တာက ခြောက်ပါး၊ အနှိပ်စက်ခံရတာက ပုဂ္ဂိုလ်သတ္တဝါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) ပုဂ္ဂိုလ်သတ္တဝါ ကခင်တဲ့ တရားပေါ့ဗျာ (မှန်ပါ)။

သားကောင်ခြောက်ကောင်အလိုလိုက်နေရတယ်

ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံးဟာဖြင့်၊ အစား ကောင်း အဝတ်ကောင်း အနေကောင်းနဲ့ ကိုယ့်သဘောကိုယ့်အ ကြိုက် နေခဲ့ရမည့်ဘဝပြောစမ်းပါ (မရှိခဲ့ပါဘူး)သားကောင် ခြောက်ကောင် အလိုလိုက်နေရတယ် (မှန်ပါ)။

သားကောင်ခြောက်ကောင်ကလည်း တစ်ခါတလေကျ တော့ မျက်လုံးပေါက်ကသန်တဲ့အခါ မျက်လုံးပေါက်နောက် တကောက်ကောက်ပါသွားတယ် (မှန်ပါ့) နားပေါက်ကသန်တဲ့ အခါကျ တော့လည်း (တကောက်ကောက်ပါသွားတယ်) နှာခေါင်းပေါက်ကနေပြီး သန်တဲ့အခါကျတော့ (နှာခေါင်းပေါက် နောက် တကောက်ကောက်ပါသွားပါတယ်) ကဲ ခြောက် ပေါက်စလုံး သူသန်ရာ သူသန်ရာ ဆွဲသွားကြလို့ရှိရင်၊ ဒကာ ဒကာမတွေ ခင်တဲ့ပုဂ္ဂိုလ်ဟာ လိုက်လို့ပြီးသေးရဲ့လား (မပြီးပါဘူး)။

အပါယ်ရောက်ပေါင်းများလှပြီ

ဒါကြောင့် ခင်ဗျားတို့ မျက်လုံးပေါက်ကြောင့်လည်း အပါယ်ရောက်ခဲ့လှပြီ (မှန်ပါ) နားပေါက်ကြောင့်ကော -(အပါယ် ရောက်ခဲ့လှပြီ) နှာခေါင်းပေါက်ကြောင့်ကော-(အပါယ်ရောက်ခဲ့ လှပြီ) လျှာပေါက်ကြောင့်ကော (အပါယ်ရောက်ခဲ့လှပါပြီ) ကိုယ်ပေါက်ကြောင့်ကော- (အပါယ်ရောက်ခဲ့လှပြီ) မနောပေါက်ကြောင့်ကော (အပါယ်ရောက်ခဲ့လှပြီ) ဪ သူတို့ဆွဲဆွဲ ဆွဲဆွဲသွားလိုက်တာ ကိန်းရာပုဂ္ဂိုလ်မှာဖြင့် သေခြင်းလဲဘဝချည်း ရောက်ခဲ့ရတယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (သေခြင်းလဲ ဘဝချည်းရောက်ခဲ့ရ ပါတယ်) သေခြင်းလဲဘဝချည်း ရောက်ခဲ့ရတယ် ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ) အဲဒါဘုရားသာ သနာနဲ့ ကျုပ်တို့က မကြုံတော့သူတို့ဆွဲရာသာ ကျုပ်တို့ကပါပြီး သူတို့ကို တိုင်ခြေဝပ်အောင် မလုပ်နိုင်လို့ (မှန်ပါ) မှတ်မိ ကြပလား (မှတ်မိပါပြီ)။

တိုင်ခြေဝပ်အောင်လုပ်ကြပေတော့

ဘုရားသာသနာနဲ့မကြုံတော့ သူတို့ကို တိုင်ခြေ ဝပ် အောင် လုပ်နိုင်သေးရဲ့ လား (မလုပ်နိုင်ပါဘူး)။

ကဲ ယနေ့ကစပြီး ဒကာ ဒကာမတွေ တိုင်ခြေဝပ် အောင် လုပ်ကြပေတော့ (မှန်ပါ့)။

ဒါဖြင့် ဒီကြိုးနဲ့လည်း ဒီပုဂ္ဂိုလ်ကဆွဲထား၊ ၁-နံပါတ်လည်း ကြိုးနဲ့တန်းလန်း၊ ၂-နံပါတ်ကလည်း ကြိုးနဲ့တန်းလန်း၊ အကုန် ခြောက်ခုဟာ ကြိုးနဲ့တန်းလန်းမဟုတ်ဘူးလား (ကြိုးနဲ့တန်း လန်းပါ ဘုရား) ဟောဒီခင်တဲ့ပုဂ္ဂိုလ်နဲ့ တန်းလန်းနေတယ်နော် (မှန်ပါ)။

ကိုင်း ဒါဖြင့် ကြိုးခြောက်ချောင်းကိုလိမ်ကျစ်ပြီး ကွင်း လုပ်ကြ၊ ကွင်းလုပ်ပြီး သကာလ ဒကာ ဒကာမတို့၊ ငုတ်ကြီးကြီး စိုက်ပြီး ချည်ထားပါ။ ဒီခြောက်ကောင် ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါဘူး) သူတို့ကတော့ ပြေးဦးမှာပဲ။ အားရှိသ၍တော့ ဆွဲကြရုန်းကြဦးမှာပဲ (မှန်ပါ) ရုန်းပင် ရုန်းငြားသော်လည်း ငုတ်ကကြီး၊ ကြိုးကခိုင်မြဲတဲ့ သဘောတွေက ရှိနေသောကြောင့် ဒကာ ဒကာမတွေ အကုန်တိုင်ခြေမှာ လာဝပ်ရတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ)။

ဘယ်မှာလာဝပ်ရမတုံး (တိုင်ခြေ လာဝပ်ရပါမယ်) အဲ တိုင်ခြေလာဝပ်တဲ့အခါကျတော့မှ၊ တိုင်ခြေဆိုတာ တခြား မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ဉာဏ်အောက်မှာ သူတို့ဟာ ဖြစ်ပျက်အဖြစ်နဲ့ ရောက်လာလိမ့်မယ် (မှန်ပါ)။ ခင်ဗျားတို့ဉာဏ်အောက်မှာ (ဖြစ်ပျက်အဖြစ်နဲ့ ရောက် လာပါလိမ့်မယ်)။

ကဲ ဖြစ်ပျက်အဖြစ်နဲ့လာဝပ်တဲ့အချိန်ကျတော့၊ ဒကာ ဒကာမတွေသိတဲ့အတိုင်း တိုင်ကျိုးစရာ ရှိသေးရဲ့ လား – (မရှိပါဘူး) မျက်လုံးစိတ်လာလည်းဘာလုပ်မယ် (ဖြစ်ပျက် ရှုရပါတယ်) နားစိတ် လာပြန်ရင် (ဖြစ်ပျက် ရှုရပါကယ်) တိုင်ခြေလာဝပ်ပြီ (မှန်ပါ)။

ပေါ်မှာဖြစ်ပျက်ရှု

ဒါဖြင့် ပေါ်ရာကို ခင်ဗျားတို့ကရှု မြင်ရင်မြင်စိတ် ဖြစ်ပျက်ရှု၊ ကြားရင် (ကြားစိတ်ဖြစ်ပျက်ရှုရပါမယ်) နံရင် (နံစိတ်ကိုဖြစ်ပျက်ရှုရပါတယ်)၊ စားရင် (စားစိတ်ကို ဖြစ်ပျက် ရှုပါတယ်)၊ ယားရင် (ယားစိတ်ကိုဖြစ်ပျက်ရှုရပါတယ်)၊ ကြံစည်ရင် (ကြံစည်စိတ်ကို ဖြစ်ပျက် ရှုရပါတယ်) ဒါဖြင့် တိုင်ခြေလာဝပ်ပြီဗျ (မှန်ပါ) သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ကျုပ်တို့ဉာဏ်အောက်သို့၊ သူတို့ရောက်တဲ့အခါ ကျတော့ ဦးခင်မောင်တို့ ဒကာတို့ သူတို့ဆွဲရာ ကျုပ်တို့ပါသေး သလား (မပါ ပါဘူး) ကျုပ်တို့ ဉာဏ်အောက်ကို ဦးခင်မောင် အကုန် လာရောက်ပြီ (မှန်ပါ)။

ဉာဏ်အောက်လာရောက်တယ်

ဦးဇံရင် ဘယ်လာရောက်ပါလိမ့် (ဉာဏ်အောက်လာ ရောက်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ရောက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း၊ ဒီခြောက်ခုမှတစ်ပါးသော အပို ရှိသေးသလား , (မရှိပါဘူး) မရှိတော့ ဒီဥစ္စာတွေကို ဘာလုပ်ရမယ်ဆိုတာကော သဘော ပါပလား (ပါပါပြီ) ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့မြင်စိတ်လာရင်လည်း ဘာလုပ်ရ မယ်(ဖြစ်ပျက်ရှုရပါမယ်) ကြံတွေးတဲ့ စိတ်လာရင်ကော (ဖြစ်ပျက ်ရှုရပါမယ်) အကုန်ဖြစ်ပျက်ရှု၊ ဘာမှမရှိရင် ရှူတဲ့ ရှိုက်တဲ့စိတ်ရှု (မှန်ပါ) ရှုလိုက်တဲ့ အခါကျတော့ ဦးခင်မောင်၊ သူတို့ခြောက်ခုကဖြစ်ပျက် ကျုပ်တို့ရှုတာက (မဂ်ပါဘုရား)။

ဖြစ်ပျက်ရှုလို့ရပါတယ်

ဒါဖြင့် ဒကာ ဒကာမတို့ သူတို့က ကျုပ်တို့တိုင်ခြေလာဝပ် လို့မိအောင် ဖမ်းနိုင်လို့ ဖြစ်ပျက် တွေ့တာ (မှန်ပါ) သူတို့ဆွဲရာ လိုက်ရင် ဖြစ်ပျက်မတွေ့ဘူး (မှန်ပါ) သူတို့ကို မြဲအောင်ချည်ပြီး သကာလ၊ တိုင်ခြေမှာ ငုတ်ကြီးကြီးနဲ့ စိုက်လိုက်တဲ့အတွက်၊ သမာဓိကြီးကြီးနဲ့ စိုက်လိုက်တဲ့အတွက် ပညာတည်းဟူသော တရားက ဒကာဒကာမတို့ သားကောင်ခြောက်ကောင်ကို ဖြစ်ပျက်ရှုလို့ရပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)

သားကောင်ခြောက်ကောင်ကို ဘာလုပ်လို့ရသတုံး၊ (ဖြစ်ပျက်ရှုရပါမယ်) ဒါဖြင့်ဖြစ်ပျက်မဂ် ဆိုတော့ ဒကာ ဒကာမတို့ ဒီတဏှာ ကြိုးလာသေးရဲ့လား (မလာပါဘူး) ဥပါဒါန်ကြိုး ကော (မလာပါဘူး) ကံတည်းဟူသော စီမံတတ်တဲ့တရား (မလာပါဘူး) ဘယ်နှယ့်ကြောင့် မလာပါလိမ့်မတုံး ဆိုတော့၊ တိုင်ခြေ လာဝပ်ကြတဲ့အတွက် မနောပေါက်ကနေ တစ်ယောက်တည်း လာတယ် (မှန်ပါ)မနောပေါက်တည်းဟူသော တိုင်ခြေမှာ ကျုပ်တို့က သူတို့ပေါ် သ၍ ရှုပေးရမယ် (မှန်ပါ) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် မနောပေါက်တည်းဟူသော တိုင်ခြေမှာ လာဝပ် တဲ့အတွက်၊ ကျုပ်တို့ကမနောနဲ့ပဲ မျက်လုံးစိတ်ကိုလည်း မနောနဲ့ရှုပါ နားစိတ်ကိုလည်း (မနောနဲ့ရှုရပါတယ်) တိုင်ခြေလာဝပ် – တာ တိုင်ခြေမှာပဲ ရှုရမယ် (မှန်ပါ) နှာခေါင်းစိတ်ပေါ်ရင်ကော (မနောနဲ့ ရှုရပါမယ်) မနောနဲ့ချည်းရှုပါ။ (မှန်ပါ) ကိုင်း ဒီခြောက်ခု လာချင်ရာကလာ ဘယ့်နှယ့်လုပ်ကြမလဲ (မနောနဲ့ ရှုရပါမယ်)။

မနောကမှ ဖြစ်ပျက်မြင်တာ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဟာ မျက်လုံးနဲ့ရှု ရမှာလား နားနဲ့ ရှုရမှာလား၊ နှာခေါင်းနဲ့ ရှုရမှာလား၊ လျှာနဲ့ ရှုရမှာလား ကိုယ်နဲ့ ရှုရမှာလား၊ မနောနဲ့ ရှုရမှာလား (မနောနဲ့ ရှုရမှာပါ) မနောကမှ ဖြစ်ပျက်မြင်တာ။ မျက်လုံးက အဆင်းသာ မြင်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

နားက အသံကိုသာကြားတာ။ မနောကမှ ဖြစ်ပျက်မြင် တာ (မှန်ပါ) အသံကိုတော့ နားက ကြားပါရဲ့ အသံ၏ ပျက်မှုကျတော့ (မနောကမှမြင်ပါတယ် ဘုရား) ကြားတဲ့စိတ်ကလေး ကျတော့ ဘာနဲ့မှ မြင်မတုံး (မနောနဲ့မှမြင်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ တောင်ဘို့ ခြောက်ပေါက်ရှိတဲ့ နေရာမှာ ငါးပေါက်ပိတ်ပြီး တစ်ပေါက်ဖမ်း ဆိုတာနဲ့ ကော မကိုက်သေးဘူးလား (ကိုက်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီငါးခုလာသည်ကို တစ်ယောက်တည်း ကနေပြီး သူတို့ထွက်တာ ဖမ်းနေစမ်းပါ (မှန်ပါ) မနောပေါက်က နေပြီး မနော-မနောချင်းဖမ်းလိုက်ရင်လည်း ခြောက်ပေါက် ဖြစ်သွားမှာပဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်ကိုလုပ်တတ် ပလား (လုပ်တတ်ပါပြီ) ကိုယ့်စိတ် ကိုယ်ရှု(မှန်ပါ) ကိုယ့်စိတ် ကိုယ်ရှုဆိုတာ၊ ကိုယ့်သန္တာန် မြင်စိတ်ပေါ်ရင် (မြင်စိတ်ရှုရပါမယ်)

ကြားစိတ်ပေါ် ရင် (ကြားစိတ်ရှုရပါမယ်) နံစိတ်ပေါ်ရင် (နံစိတ်ရှုရ ပါမယ်) စားစိတ်ပေါ်ရင် (စားစိတ်ရှုရပါမယ်) ယားစိတ် ပေါ်ရင် (ယားစိတ်ရှုရပါမယ်) ကြံစိတ်ပေါ် ရင် (ကြံစိတ်ရှုရပါမယ်) ဘာ မှမရှိရင် ထွက်သက် ဝင်သက် အားထုတ်တဲ့ စိတ်ကိုရှုပါ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။

ဒီမဂ်ရင့်လာရင် သောတာပန်တည်လိမ့်မယ်

ဒါဖြင့် ဒီလိုရှုတော့ ဖြစ်ပျက်မဂ်ဆိုတော့ ဒီဘက်က သံ ယောဇဉ်တွေ လာသေးရဲ့လား (မလာပါဘူး) သံယောဇဉ် ဒီလိုပြတ်သွားတော့ ဒီမဂ်ရင့်လာလို့ ရှစ်ပါးဖြစ်လာရင် ခင်ဗျား တို့သည် သောတာပန်တည်ပါလိမ့်မယ် (မှန်ပါ)။ ရှင်းပြီးနော် (ရှင်းပါပြီ)။

ကိုင်း ယနေ့ နာရီစေ့ပြီ တော်ကြစို့။

သာဓု – သာဓု – သာဓု။