290

ဘာကို အရေးတကြီး လုပ်ရမှာတုံး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသောတရားတော်

ဘာကို အရေးတကြီး လုပ်ရမှာတုံး

(ရှင်ဥပဝါဏနှင့် ရှင်သာရိပုတ္တရာ)

ပဋိစ္စသမုပ္ပာဒ်ဆက်ခန်း ဖြတ်ခန်းကို မစမီ ဝဋ်ကို အဆုံး ပြုနိုင်တဲ့တရားကို စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟော ထားတာနဲ့ ဒကာ ဒကာမတွေ ကျေးဇူးများသည်ထက် များအောင်၊ ရှင်ဥပဝါဏက မေးလို့ ရှင်သာရိပုတ္တရာက ဖြေတဲ့တရား ကို ရှေ့ပိုင်းက နာရလိမ့်မယ်။

အမေးသမားက ရှင်ဥပါဝါဏ, အဖြေသမားက ရှင်သာရိပုတ္တရာလို့ ဒကာ ဒကာမတွေ မှတ်ထား ကြပါ။ (မှန်ပါ့)။

ဝိဇ္ဇာနဲ့ စရဏ

ကောင်းပြီ၊ ဘယ်လိုမေးလိုက်သတုံးလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတွေ ဘုရားရှိခိုးထဲမှာ ပါ,ပါတယ်။ ဝိဇ္ဇာစရဏ သမ္ပန္နော လို့ မပါကြဘူးလား (ပါ,ပါတယ် ဘုရား)၊ ဝိဇ္ဇာစရဏ သမ္ပန္နောဆိုတာ ဒကာ ဒကာမတို့ လူတိုင်း ရကြပါတယ်။ ဗုဒ္ဓ ဘာသာမှန်လို့ရှိရင် ကလေးသူငယ်ကစပြီး များသော အားဖြင့် ရတာက များတယ်လို့ ကိုစောမောင်တို့၊ ကိုစံလှတို့ မှတ်ထားကြပါ။ (မှန်ပါ့)။

အဲဒီတော့ ရှင်ဥပဝါဏက ဒီ ဝိဇ္ဇာနဲ့ စရဏနဲ့ အထူးကို သိချင်တယ်။ (မှန်ပါ့)၊ ဝိဇ္ဇာနဲ့ စရဏဟာ ဘယ်လိုတုံး။ ဝိဇ္ဇာနဲ့ပဲ နိဗ္ဗာန်ရောက်မှာပဲလားဆိုတာ သူ့စိတ်ထဲမှာ သံသယတော့ ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မယူနဲ့၊ သူလည်း ရဟန္တာပဲ၊ ဖြေဆိုသည့် ရှင်သာရိပုတ္တရာကလည်း ရဟန္တာပဲလို့ မှတ်ထားကြပါ။ (မှန်ပါ့)။

စိတ်ချလက်ချ အားထုတ်ရစ်ကြပါစေ

အဲဒီတော့ ရဟန္တာမေးဖြေကြတဲ့ အဖြေကို နောင်လာ နောက်သားတွေ သံသယ မရှိဘဲနဲ့ အားထုတ်ရစ်ကြပါစေဆိုတဲ့ အာသီသဆန္ဒကြောင့် ရှင်ဥပဝါဏ ရဟန္တာက မေးပြီး၊ ရှင်သာရိပုတ္တရာ ရဟန္တာက ဖြေတယ်လို့ မှတ်ကြပါ။ တစ်ပါးက မသိလို့ တစ်ပါးက အဖြေပေးရတဲ့ အနေမျိုးကို မောင်ကိုတို့၊ မောင်ဘမှီ တို့က မမှတ်ပါနဲ့။ (မှန်ပါ့)၊ သက်သက် နောင်လာနောက်သား ဒကာ ဒကာမတွေ အလုပ်- လုပ်တတ်အောင်လို့ ပြတော်မူရှာတဲ့ ရဟန္တာ နှစ်ပါးလို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။

ဝိဇ္ဇာဆိုဘာက ပညာ

သီလ သမာဓိ။ သီလနဲ့ သမာဓိက တစ်ခုပေါ့လေ။ ဝိဇ္ဇာဆိုတာက ပညာ။ သီလဆိုတာက ဒကာ ဒကာမတွေ – ဆောက်တည်တဲ့ သီလ သိပါလိမ့်မယ်နော်။ (မှန်ပါ့)၊ သီလ၊ သမာဓိက တစ်ခု, ပညာ က တစ်ခု၊ တိုတိုမှတ်ကြတော့ ဒီဘက်က စရဏ, ဒီဘက်က ဝိဇ္ဇာပေါ့ဗျာ။ (မှန်ပါ့)။

သီလသမာဓိက ဘာခေါ်ကြမယ် (စရဏပါ ဘုရား)၊ ပညာ ဘာခေါ်ကြမယ် (ဝိဇ္ဇာပါ ဘုရား)။ သီလ, သမာဓိ, ပညာ-ကျုပ်တို့ သိပြီးသားပါပဲ။ (မှန်ပါ့)၊ ပါဠိလိုပြောတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ ရှုပ်နေမှာစိုးတဲ့ အတွက် သီလ, သမာဓိက စရဏ၊ ပညာက ဝိဇ္ဇာ။ (မှန်ပါ့)၊ အဲဒီတော့ ဝိဇ္ဇာနဲ့ စရဏဟာ ဝိဇ္ဇာစရဏ သမ္ပန္နော ဆိုတာပါပဲ။ (မှန်ပါ့)။

စရဏဆိုတာက သီလ သမာဓိ

ဒီဟာ ပြန်မေးတယ် ဒကာ ဒကာမတို့ တရားကို ဒီဘက် နှစ်ခုက စရဏလို့ခေါ်တယ်။ သီလ သမာဓိ (မှန်ပါ့)၊ ဒီဘက် က ပညာ တစ်ခုတည်းက (ဝိဇ္ဇာပါ ဘုရား)၊ ကျုပ်တို့ နားလည်ထားတာက သီလ သမာဓိ ပညာကိုးဗျ။ အဲဒါနဲ့ တွဲပြော မှ မောင်နိုင်၊ မောင်ဘမှီတို့က ရှင်းမယ်။ (မှန်ပါ့ ဘုရား)။

ရှင်ဥပဝါဏက မေးတယ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ရှင်ဥပဝါဏက မေး တယ်။ ဝိဇ္ဇာနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလား တဲ့။ (မှန်ပါ့)။

ဘယ့်နှယ်မေးပါလိမ့် (ဝိဇ္ဇာနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ မေးပါတယ်)။

တိုတိုပြောကြစို့ ဆိုတော့ ဝိဇ္ဇာချည့် သက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ မေးလိုက်တယ်။ (မှန်ပါ့)၊ ရှင်သာရိပုတ္တရာက မရောက်နိုင်ဘူးလို့ ဖြေလိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဝိဇ္ဇာသက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလား

ဝိဇ္ဇာသက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ ရှင် ဥပဝါဏက မေးတယ်။ ရှင်သာရိပုတ္တရာက ဘယ့်နှယ်သလဲ။ (မရောက်နိုင်ပါ ဘုရား)။

ဒါ သေသေချာချာမှတ်နော် ဒကာ ဒကာမတွေ၊ စတုက္က နိပါတ် အင်္ဂုတ္တိုရ်မှာ အင်မတန် အရေးကြီးလို့ ဒကာ ဒကာမတွေ ဒီစကားကို သုံးနေတယ်၊ နှုန်းနေတယ်ဆိုတဲ့ဥစ္စာ မောင်နိုင်တို့၊ မောင်ဘမှီတို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့)။

ပညာတစ်ခုတည်းနဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလား

အဓိပ္ပာယ် ပေါ်ပါလိမ့်မယ် ဒကာ ဒကာမတို့၊ ဝိဇ္ဇာ ဆိုတာ ပညာပေါ့၊ ခင်ဗျားတို့ ဝိပဿနာရှု နေတဲ့အခါကျလို့ရှိရင် ဖြစ်ပျက်ကလေးတွေမြင်တာ ပညာပဲ။ (မှန်ပါ့)၊ အဲဒီ ပညာ ကလေး တစ်ခုတည်းနဲ့၊ ဝိဇ္ဇာဆိုတဲ့ ပညာ တစ်ခုတည်းနဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့မလားလို့ ဘယ်သူက မေးသတုံး။ (ရှင်ဥပဝါဏ က မေးပါတယ်)၊ ရှင်ဥပဝါဏက မေးတော့ ရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေသလဲ။ (မရောက်နိုင်ပါ ဘုရား)။

ဝိဇ္ဇာယ အန္တကရော ဟောတိလို့ ပါဠိလိုတော့ မေး တယ်။ သို့သော် ဒကာ ဒကာမတွေ နားရှုပ်နေမှာ စိုးသောကြောင့် ဝိဇ္ဇာ တစ်ခုတည်းနဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့မလားလို့ လိုရင်းထိထိ မြန်မာလို ပြောပါတယ်။

ရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေ သလဲ။ (မရောက်နိုင်ပါ ဘုရား)၊ မှတ်ထားကြနော် ဒကာ ဒကာမတွေ၊ ပညာတစ်ခုတည်းနဲ့ နိဗ္ဗာန် မရောက်နိုင်ဘူးတဲ့။ ဒါကို သေသေချာချာ မှတ်ထားပါ။ ကိုစောမောင် အရေးမကြီး ဘူးလား။ (ကြီးပါတယ် ဘုရား)။

ပညာသက်သက်နဲ့ နိဗ္ဗာန်မရောက်နိုင်

အားလုံး ဒကာ ဒကာမတွေ ဝိဇ္ဇာဆိုတဲ့ ပညာတစ်ခု တည်းနဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ ရှင်ဥပဝါဏက မေးတော့ ရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေသလဲ။ (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူး။ “နောဟိဒံ အာဝုသော” ဆိုတဲ့အတိုင်းပဲ မရောက်နိုင်ဘူးလို့ ဖြေလိုက်တယ် ဆိုတော့ ပညာ ချည့်သက်သက်နဲ့လည်း နိဗ္ဗာန် မရောက်နိုင်ပါကလားလို့ ဆိုတာ ခပ်စောစောကလေး မှတ်ထားလိုက်စမ်းပါ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

စရဏသက်သက်နဲ့ နိဗ္ဗာန်မရောက်ဘူးလား

ဒုတိယတစ်ခါမေးပြန်တော့ စရဏသက်သက်နဲ့ကော နိဗ္ဗာန်မရောက်နိုင်ဘူးလားတဲ့။ သီလ, သမာဓိ သက်သက်နဲ့ ကော နိဗ္ဗာန် မရောက်နိုင်ဘူးလားလို့ ဒုတိယ ပုစ္ဆာ မေးပြန်တယ်။

ဘယ်သူက မေးတာတုံး။ (ရှင်ဥပဝါဏက မေးပါတယ် ဘုရား)၊ ရှင်သာရိပုတ္တရာက မရောက်နိုင်ဘူးလို့ပဲ ဖြေတယ်။ (မှန်ပါ့)၊ ဘယ်နှခုရှိသွားပလဲ။ (နှစ်ခုရှိသွားပါပြီ)။

ဝိဇ္ဇာချည့်သက်သက်နဲ့ ရောက်နိုင်သလားလို့မေး တော့ (မရောက်နိုင်ပါ ဘုရား)၊ စရဏ သက်သက်နဲ့ ရောက်နိုင်သလားလို့ မေးတော့ကော (မရောက်နိုင်ပါ ဘုရား)။

ရှင်သာရိပုတ္တရာက ဖြေတယ်

အရှင်သာရိပုတ္တရာက ဖြေနေတယ်ဆိုတာ ဒကာ၊ ဒကာမတွေ မှတ်ထားပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် မေးစရာ ဘယ်ကဲ့သို့ အကွက်ပေါ်လာ သတုံးလို့ဆိုတော့ နှစ်ခုပေါင်း မေးရုံမှ တစ်ပါး မောင်နိုင်၊ မောင်ဘမှီ ဘာမေးစရာရှိသတုံး။ (မရှိတော့ပါ ဘုရား)။

ဝိဇ္ဇာ၊ စရဏ နှစ်ခုနဲ့ကော ရောက်နိုင်မလား

ဒါဖြင့် ရှင်ဥပါဝါဏက ဒီ ဝိဇ္ဇာရော စရဏရော နှစ်ခုနဲ့ ကော နိဗ္ဗာန် မရောက်နိုင်ဘူးလားတဲ့ မေးပြန်တော့ ရှင်သာရိပုတ္တရာက မရောက်နိုင်ဘူးတဲ့။ (မှန်ပါ့)၊ ဟော- တော်တော် ခွကျသွားပြီ။ မရောက်နိုင်ဘူးဘဲ ဖြေတယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ သဘောကျပလား။ (ကျပါပြီ)၊ သီလ, သမာဓိရော ပွားလို့ရှိရင် နိဗ္ဗာန် မရောက်နိုင်ဘူးလားဘုရား လို့ ရှင်ဥပဝါဏက မေးတော့ ရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေ သတုံး။ (မရောက်နိုင်ပါဘုရားလို့ ဖြေပါတယ်)။

ကိုစောမောင်၊ ကိုစံလှတို့ မရောက်နိုင်တာချည့်ပါနေ တယ်။ (မှန်ပါ့)၊ ဒါဖြင့် ကန့်လန့်ပဲ မေးရုံကျန်တော့ တယ်။ (မှန်ပါ့)။

ဝိဇ္ဇာ စရဏ မရှိဘဲနဲ့ကော

ဒါဖြင့် ဝိဇ္ဇာ စရဏ မရှိဘဲနဲ့ကော နိဗ္ဗာန်မရောက်နိုင်ဘူး လားတဲ့ မေးပြန်တာပဲ။ မရောက် နိုင်ဘူးတဲ့ ဖြေလိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဘယ်နှခုရှိသွား ပလဲ။ (လေးခု ရှိသွားပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒါက အတော်ကလေးကို ဂရုစိုက်ပြီး သကာလ မှတ်ပါ။ ပြီးတော့ အဖြေက ရှင်းလာလိမ့် မယ်။ ကိုစံလှ အမေးရှင်းထားမှ အဖြေက ရှင်းမှာကိုး။ (မှန်ပါ့)၊ အမေး နားမလည်တဲ့ ပုဂ္ဂိုလ် ဘယ်လို အဖြေထွက်နေစေကာမူ အဖြေရယ်လို့ သိပါ့မလား။ (မသိပါ ဘုရား)၊ သဘောကျပလား မောင်နိုင်။ (ကျပါပြီ ဘုရား)။

ပြန်မေးပါဦးမယ် ဒကာ ဒကာမတို့၊ သီလ, သမာဓိက စရဏနော်။ (မှန်ပါ့)၊ ပညာက (ဝိဇ္ဇာပါ ဘုရား)။

ရဟန္တာနှစ်ပါး အမေးအဖြေ

အဲ ဒါကို မှတ်ထားပါ။ ကျုပ်တို့ မှတ်ထားတာက သီလ သမာဓိ ပညာစုံရင် ပြီးတာပါပဲ တဲ့၊ နိဗ္ဗာန်ရောက်နိုင် တာပဲ အစရှိ သည်နဲ့ မယူကြဘူးလား။ (ယူပါတယ် ဘုရား)၊ အဲဒီတော့ ကျုပ်တို့ နဂိုက ယူထားတဲ့ အယူတွေကို ရဟန္တာနှစ်ပါး မေးတာ ဖြေတာကို အကဲခတ်ပါ။ (မှန်ပါ့)၊

ရှင်ဥပဝါဏက မေးတယ် ဒကာ ဒကာမတို့ မရှင်း-ရှင်းအောင်လို့ တစ်ခေါက်ပြန် ဟောတယ် လို့ပဲ မှတ်လိုက်ပါတော့။ (မှန်ပါ့)၊ ဝိဇ္ဇာ သက်သက်နဲ့ ဝဋ်ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန် မရောက် နိုင်ဘူးလားလို့ မေးတယ်၊ ရှင်သာရိပုတ္တရာက ဘယ့်နှယ်ဖြေသတုံး။ (မရောက်နိုင်ပါ ဘုရားတဲ့)၊ ဒါဖြင့် သီလ, သမာဓိဆိုတဲ့ စရဏ နှစ်ခုနဲ့ကော၊ ဝဋ် အဆုံးဖြစ်တဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးလားလို့ မေးပြန်တော့ကော (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင် ချည့်ပဲ ဖြေနေတယ်။ (မှန်ပါ့)။

မရောက်ဘူးချည့် ဖြေတယ်

ဒါဖြင့် ဝိဇ္ဇာရော စရဏရော နှစ်ခုပေါင်းနဲ့ကော နိဗ္ဗာန် မရောက်နိုင်ဘူးလားလို့ မေးပြန်တယ်။ (မရောက်ပါဘုရား လို့ပဲ ဖြေပါတယ်)၊ ဒီအဖြေဟာ အခက်ဆုံးပဲ (မှန်ပါ့)။

ဒီအဖြေဟာ အရေးတကြီး ခက်တာပဲ။ (မှန်ပါ့)၊ ကျုပ်တို့ကလည်း အားကိုးထားလိုက်တာ၊ သီလ, သမာဓိ, ပညာစုံရင် နိဗ္ဗာန်ရောက်တာပဲတဲ့၊ ဒီက သီလ, သမာဓိ, ဒီက ပညာကိုးဗျ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် စတုတ္ထမေးခွန်း မေးရုံပဲ မောင်နိုင်၊ မောင်ဘမှီတို့ ရှိတော့တယ်။ (မှန်ပါ့)၊ ဝိဇ္ဇာစရဏ မှတစ်ပါး တခြားသော တရားနဲ့ကော နိဗ္ဗာန်မရောက်နိုင်ဘူးလား၊ မေးရုံပဲရှိတော့ မယ်။ (မှန်ပါ့)၊ မရောက်နိုင်ဘူးဘဲ ရှင်သာရိပုတ္တရာက ဖြေတယ်။ သဘောကျပလား။ (ကျပါပြီ)။

အမေး ဘယ်နှချက်ပါလိမ့်။ (လေးချက်ပါ ဘုရား)၊ အဖြေကလည်း လေးချက်ပဲ။ ရောက်နိုင်တာများ ပါရဲ့လား။ (မပါ,ပါ ဘုရား)။

ရှင်သာရိပုတ္တရာဆိုတာ

ဒီတော့ အခု တရားနာနေကြတဲ့ ပုဂ္ဂိုလ်တွေ တရား အကွက်မလည်ခင် ဆိုလို့ရှိရင်ဖြင့် အတော် ခက်ပါပေါ့လား။ ရှင်သာရိပုတ္တရာ ဆိုတာကလည်း ဘုရားရှင်ကလွဲရင် ပညာအရာမှာ အလွန် ကြီးမားလွန်းလို့ ပညာဧတဒဂ်ရ ပုဂ္ဂိုလ် ကြီး၊ ဘုရားအောက် သူတစ်ပါးသာ ရှိတယ် ဆိုတော့ သူဖြေတာ ကလည်း နိဗ္ဗာန်ကို ပညာသက်သက်နဲ့လည်း မရောက်နိုင်ဘူး၊ သီလ, သမာဓိ, ပညာ ပေါင်း၍လည်း (မရောက်နိုင်ပါ ဘုရား)။

သီလ, သမာဓိ, ပညာမှ တစ်ပါးသော၊ အခြားသော တရားနဲ့လည်း (မရောက်နိုင်ပါ ဘုရား)၊ တစ်ပါးသော တရားနဲ့လည်း မရောက်နိုင်ဘူးလို့ ဆိုပြန်တော့ ဒကာ ဒကာမ တွေ ကျန်တဲ့ ဒါနသက်သက် အစရှိသည်တို့နဲ့ ဆိုရင်လည်း ဝေးကွာနေတဲ့ အဓိပ္ပာယ် ရောက်နေတယ်။ (မှန်ပါ့)၊ မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)၊ အင်မကန် ဉာဏ်ပညာကြီးကျယ်တဲ့ ပုဂ္ဂိုလ်ပါလား ဆိုတာ ဒကာ ဒကာမတွေ နောက် အရေလည်လာတဲ့ အခါကျတော့ မောင်နိုင်၊ မောင်ဘမှီတို့ ရှင်းမှာပေါ့။ (မှန်ပါ့)။

အခုအတိုင်း သာမည ပြန်ကြည့်လို့ရှိရင် ရှင်သာရိပုတ္တရာ အဖြေဟာ နားလည်နိုင်စရာတောင် မရှိဘူး။ (မှန်ပါ့ ဘုရား)၊ ရှင်ဥပဝါဏ အနေနဲ့ကြည့်မယ်ဆိုတော့ အရှင်ဘုရား အဖြေဟာ သိပ်ခက်နေပါပြီ ပြောဖို့သာ ရှိတော့တာပေါ့။ (မှန်ပါ့)၊ ဒိပြင် ဘာပြောဖို့ ရှိသေးသတုံး။ (မရှိပါ ဘုရား)၊

ကြည့်လေ ဝိဇ္ဇာ သက်သက်နဲ့ကော ဝဋ်အဆုံးဖြစ်တဲ့ နိဗ္ဗာန် ရောက်ပါသလားလို့ မေးတော့ မရောက်ဘူးတဲ့။ (မှန်ပါ့)၊ စရဏဆိုတဲ့ သီလ, သမာဓိနဲ့ ရောက်နိုင်သလားလို့ မေးပြန်တော့ လည်း မရောက်နိုင်ဘူးလို့ ဖြေပြန်တယ်။ နှစ်မျိုးပေါင်းနဲ့ ရောက်မလားလို့ မေးပြန်တော့လည်း (မရောက်နိုင်ပါ ဘုရား)။

ဒါဖြင့် သူတို့နှစ်ခုမှ တစ်ပါးသော၊ တခြားသော တရားနဲ့ နိဗ္ဗာန်ရောက်မလားလို့ မေးပြန်တော့လည်း (မရောက်နိုင်ပါ ဘုရား)၊ ဒါဖြင့် တပည့်တော်ဖြင့် မတတ်နိုင်တော့ဘူး၊ အရှင် ဘုရားပဲ အဖြေထုတ်ပါတော့ အဓိပ္ပာယ်မျိုးပြောရတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ပညာသက်သက်ဟာ ဥပါဒါန်ရှိနေတယ်

အဲဒီတော့ ပညာ သက်သက်နဲ့ ပညာဆိုတာ ဝိဇ္ဇာပေါ့ ဗျာ။ (မှန်ပါ့)၊ ပညာသက်သက်နဲ့ နိဗ္ဗာန်ရောက်ရမယ် ဆိုလို့ ရှိရင်လည်း စွဲလမ်းခြင်း ရှိနေတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်တယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နေတယ်။ (မှန်ပါ့)၊ စွဲလမ်းခြင်း ဥပါဒါန် ရှိနေသေးတယ်။ ဥပါဒါန် ရှိနေသေးတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရောက်တယ် လို့ပြောလိုက်ရာ ရောက်ပါတယ်တဲ့။ ဥပါဒါန် မကင်းသေးဘူး ဆိုတယ်။ ပညာသက်သက်နဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ပညာသက်သက်နဲ့ဖြင့် (ဥပါဒါန် မကင်းသေးပါ ဘုရား)၊ ဒါဖြင့် ဥပါဒါန် မကင်းသေးလို့ရှိရင် ဥပါဒါနပစ္စယာ ဘယ့်နှယ်ဆိုကြမလဲ။ (ဘဝေါပါ ဘုရား)၊ ဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ အဲဒါဖြေတာပဲ၊ ပညာသက်သက်နဲ့ မရနိုင်သေးဘူး။ (မှန်ပါ့)။

ဥပါဒါန်ရှိနေလို့ နိဗ္ဗာန်မရောက်

ပညာသက်သက်ဟာ ဥပါဒါန်ရှိသေးတယ်တဲ့။ (မှန်ပါ့)၊ ပညာ သက်သက်နော်။ ဒီဘက်က သီလ, သမာဓိ မပါဘူးနော်။ (မှန်ပါ့)၊ ပညာသက်သက်နဲ့ ဆိုရင် ဘာတဲ့ (ဥပါဒါန် ရှိပါသေးတယ်)၊ ဥပါဒါန်ရှိပြီး သကာလ နေတဲ့အတွက် ဥပါဒါန ပစ္စယာ ဘယ့်နှယ်ဆိုမတုံး။ (ကမ္မ ဘဝ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိရတော့ ဘယ်မှာ နိဗ္ဗာန်ပါသေးသတုံး။ (မပါ,ပါ ဘုရား)။

သူ့သက်သက်နဲ့ဖြင့် ဥပါဒါန် ရှိသေးတယ်။ ထိုကဲ့သို့ ဥပါဒါန် ရှိနေတဲ့အတွက် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ပါ့ မလား။ (မရောက်ပါ ဘုရား)၊ မရောက်ပုံ ဘုန်းကြီးက ရှင်းပြ တယ်၊ ဥပါဒါန် ရှိနေသေးလို့ရှိရင် ဥပါဒါနပစ္စယာ ကမ္မဘဝ။ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား)၊ နိဗ္ဗာန်ပါရဲ့ လား၊ ဒီအထဲမှာ။ (မပါ,ပါ ဘုရား)၊ နိဗ္ဗာန် မပါ, ပါဘူး။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပဲ ပါ တယ်။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဥပါဒါန်မကင်းလို့ နိဗ္ဗာန်မရောက်ပါဘူးတဲ့။ ပညာ သက်သက်နဲ့ ဥပါဒါန်မချုပ်ဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

သူတို့လည်း ဥပါဒါန်ရှိနေသေးတယ်

နို့ တပည့်တော်က သီလသမာဓိ သက်သက်နဲ့ ကာ နိဗ္ဗာန် မရောက်ဘူးလား မေးတော့ အရှင်ဘုရားက မရောက်ဘူးလို့ ဖြေတာကို ရှင်းပြပါဦး ဆိုတော့ သူလည်း ဥပါဒါန် ရှိတာပဲတဲ့။ (မှန်ပါ့)၊ ဥပါဒါန် ရှိနေသေးလို့ သီလ, သမာဓိသက်သက်ရှိတဲ့ ပုဂ္ဂိုလ်ဟာလည်း သီလ, သမာဓိ သက်သက်နဲ့ ဥပါဒါန် ချုပ်အောင် မလုပ်နိုင်ပါဘူးတဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဥပါဒါန်ရှိလို့ရှိရင် ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား)၊ နိဗ္ဗာန်ပါရဲ့လား။ (မပါ, ပါ ဘုရား)။

ဒါဖြင့် သီလ, သမာဓိ သက်သက်နဲ့လည်း မောင်နိုင်၊ မောင်ဘမှီတို့ နိဗ္ဗာန် မရောက်နိုင် သေးဘူး။ (မှန်ပါ့)၊ ပညာသက်သက်နဲ့တော့ (မရောက်နိုင်သေးပါ ဘုရား)၊ မရောက်နိုင်တာ ရှင်းပလား။ (မှန်ပါ့)၊ ဥပါဒါန်ရှိနေတယ်တဲ့။ (မှန်ပါ့)၊ သီလ, သမာဓိ သက်သက်ကလည်း ဥပါဒါန်ချုပ်ကဲ့လား။ (မချုပ်ပါ ဘုရား)၊ ပညာချည့် သက်သက်ကော ဥပါဒါန်ချုပ်အောင် လုပ်နိုင်ရဲ့လား။ (မလုပ်နိုင်ပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

သို့သော် ဒီအဖြေသည် ရှင်းအောင်လို့သာ ဆရာဘုန်းကြီး က ရှင်းပြီး ရှင်သာရိပုတ္တရာ ရှင်းတာကို ရှင်းပြောနေတာပါ။ (မှန်ပါ့)။ ဒီနှစ်ခုပေါင်းလည်း ဥပါဒါန်ရှိတာပဲ ဒါဖြင့် ဒီနှစ်ခုပေါင်းလိုက် ရလို့ရှိရင် နိဗ္ဗာန် မရောက်နိုင်ဘူး လားလို့ မေးပြန်တော့လည်း ဥပါဒါန် ရှိတာပဲကွတဲ့။ (မှန်ပါ့)၊ ဒီနှစ်ခုပေါင်းလည်း ဥပါဒါန်ရှိပြီး သကာလ နေတဲ့အတွက်၊ စွဲလမ်းမှု ရှိနေတဲ့အတွက် ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သွားဦးမှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

နှစ်ခုပေါင်းနဲ့ကော (မရောက်နိုင်ပါ ဘုရား)၊ မရောက် နိုင်ဘူးဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီပြင် ကျန်တဲ့ စတုတ္ထမေးခွန်းပဲ အဖြေထုတ်ရုံရှိတော့တယ် (မှန်ပါ့)၊ ဒါဖြင့် သီလ, သမာဓိရော ပညာရော ကင်းပြီး သကာလ နိဗ္ဗာန်ရောက် သလားလို့ မေးလိုက်ပြန်တော့လည်း မရောက်ဘူးတဲ့။ (မှန်ပါ့)၊ မရောက်ခြင်း၏ အကြောင်း ငါဖြေပါ့မယ်၊ သီလ, သမာဓိ ပညာ ကင်းတာ ပုထုဇဉ်တဲ့။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ)။

ဝိဇ္ဇာ၊ စရဏ မရှိရင် ပုထုဇဉ်

ဒါဖြင့် သီလ, သမာဓိ, ပညာမှ တစ်ပါးသော တရားနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုရင်လည်း ပုထုဇဉ်တွေ အကုန်ရောက်မှာပဲ။ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သီလ, သမာဓိ, ပညာကင်းတဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်ရောက် မယ်ဆိုရင်လည်း (ပုထုဇဉ်တွေ နိဗ္ဗာန်ရောက်ကုန်မှာပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် အဖြေလေးချက် မဖြေသေးဘူးလား။ (ဖြေပါပြီ ဘုရား)၊ နိဗ္ဗာန်ရောက်တာကို ပါရဲ့လား။ (မပါ,ပါ ဘုရား)၊ အဲဒါ ရှင်သာရိပုတ္တရာ ဉာဏ်ကြီးတာ ခင်ဗျားတို့ ပေါ်ရော့မယ်။ (မှန်ပါ့)၊ ရှင်သာရိပုတ္တရာ ဉာဏ်ကြီးတာ သေသေချာချာ ပေါ်မယ် ဒကာ ဒကာမတို့၊ အခု အကုန်ပယ်ချ လိုက်တာ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဝိဇ္ဇာ သက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်မလားဆိုတော့ ဥပါဒါန် ရှိတယ်တဲ့။ မရောက်နိုင်ဘူးတဲ့။ (မှန်ပါ့)။

ငါတတ်တယ်၊ ငါသိတယ်ဆိုတဲ့ ဥပါဒါန်

ဝိဇ္ဇာသက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်သလား။ (မရောက်နိုင်ပါ ဘုရား)၊ ဘာရှိနေလို့လဲ။ (ဥပါဒါန် ရှိနေပါတယ်)၊ ငါ တတ်တယ်, ငါသိတယ် ဆိုတဲ့ ဥပါဒါန်က ရှိနေ တယ်။ (မှန်ပါ့)၊ ဒိဋ္ဌပါဒါန်တွေက မရှိဘူးလား။ (ရှိပါတယ်)၊ အဲဒီ ဥပါဒါန်တွေရှိနေတဲ့အတွက် ပညာသက်သက် နဲ့ဖြင့် ဘာတဲ့တုံး။ (နိဗ္ဗာန် မရောက်နိုင်ပါ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ)။

ငါသိ, ငါတတ်ဆိုတာက မလာဘူးလား။ (လာပါ တယ်)၊ ငါသိ, ငါတတ်ဆိုတော့ ဒကာ ဒကာမတို့၊ ပညာ သက်သက်နဲ့ ပုဂ္ဂိုလ်ဟာ ဥပါဒါန်ရှိတယ်။ ဥပါဒါန်ရှိတော့ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ ဘုရား)၊ ကမ္မဘဝ ဆိုတော့ ကံလာဦး မယ်။ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ အဲဒါကြောင့် ပညာသက်သက်နဲ့ ဆိုလို့ရှိရင်ဖြင့် ဥပါဒါန် ရှိနေလို့မရနိုင်ဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အချို့ဗြဟ္မာတွေ နိဗ္ဗာန်မရောက်

ဒါဟာ ဒုတိယအကြိမ် ခင်ဗျားတို့ကို ထပ်ပြီး သကာလ ပြောပြန်တာလို့ မှတ်ပါ။ (မှန်ပါ့)၊ သီလ, သမာဓိ သက်သက်နဲ့ ဆိုပြန်လို့ ရှိရင်လည်း ဥပါဒါန် ရှိတာပဲတဲ့၊ သီလကို သီလဆိုတဲ့ အစွဲက မရှိဘူးလား။ (ရှိပါတယ်)၊ သမာဓိကိုလည်း ငါ့သမာဓိ ဆိုပြီး သကာလ စွဲနေလို့ အချို့ဗြဟ္မာတွေ နိဗ္ဗာန် မရောက်တာ လည်း ထင်ရှားကြပါလိမ့်မယ်။ မထင်ရှားဘူးလား။ (ထင်ရှားပါတယ် ဘုရား)၊ အဲဒီတော့ သူတို့ ဥပါဒါန် ပြုတ်ရဲ့ လား။ (မပြုတ်ပါ ဘုရား)၊ မပြုတ်လို့ရှိရင် ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိ ပစ္စယာ (ဇရာ,မရဏပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

အစွဲတွေ အသီးသီးရှိနေကြတယ်

ကောင်းပြီ၊ ဒါဖြင့် သီလ, သမာဓိ, ပညာရော မရောက်နိုင်ဘူးလားလို့ မေးပြန်တယ်။ မရောက်နိုင်ဘူးတဲ့ ရှင်သာရိပုတ္တရာက (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ သူ့အစွဲ- သူ့အစွဲတွေ အသီးသီး ရှိနေကြတယ်။ မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ သီလ, သမာဓိလည်း သူစွဲတာပဲ။ ပညာလည်း သူစွဲနေတဲ့အတွက် ဒကာ ဒကာမတို့ ဥပါဒါနပစ္စယာ၊ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ၊ ဇရာမရဏဆိုတဲ့ ဝဋ်ဒုက္ခဘက် ဝဲလှည့်နေ တယ်။ (မှန်ပါ့)။

ဘယ်လှည့်နေသလဲ။ (ဝဋ်ဒုက္ခဘက် လှည့်နေ ပါတယ် ဘုရား)၊ ဝဋ်ဒုက္ခဘက် လှည့်သွားတယ် ဆိုကာ ဒကာ ဒကာမတို့ ကောင်းကောင်းကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ပုထုဇဉ်နိဗ္ဗာန်ဆိုတာ မရှိ

ဒါဖြင့် သူတို့မှတစ်ပါး အခြားသော တရားနဲ့လည်း နိဗ္ဗာန် ရောက်သလားဆိုတော့လည်း ဒီလိုဆိုရင် ပုထုဇဉ်တွေ နိဗ္ဗာန် ရောက်ကုန်မှာပေါ့လို့ ဖြေလိုက်တယ် (မှန်ပါ့)၊ ပုထုဇဉ်ဟာ နိဗ္ဗာန် ရောက်နိုင်ရဲ့လား။ (မရောက်နိုင်ပါ ဘုရား)၊ ပုထုဇဉ်လောက် ကိလေသာ ပေါတာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ဒီတော့ ဘယ်မှာ နိဗ္ဗာန်ရောက်နိုင်မှာတုံး ဒကာ ဒကာမတို့။

ရောက်နိုင်ရဲ့လား။ (မရောက်နိုင်ပါ ဘုရား)၊ ပုထုဇဉ်ရောက် တဲ့ နိဗ္ဗာန်ရယ်လို့လည်း ကြားဖူးသလား။ (မကြားဖူးပါ ဘုရား)၊ မရှိပါဘူး၊ အရိယာတို့၏ ဆိုင်ရာဌာန သက်သက်သာ နိဗ္ဗာန်ရှိပါ တယ်။ (မှန်ပါ့)၊ ပုထုဇဉ် နိဗ္ဗာန်ရယ်လို့ ရှိပါရဲ့လား။ (မရှိပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

စရဏ မပြည့်စုံရင် ဝိဇ္ဇာမဖြစ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ရှင်သာရိ ပုတ္တရာ အင်မတန် နက်နက်နဲနဲတယ် ဆိုတာ ပေါ်တော့ မယ်။ (မှန်ပါ့)၊ အဲဒီတော့ သီလ, သမာဓိကို စဉ်းစား လိုက်။ (မှန်ပါ့)၊ သီလ သမာဓိကို စဉ်းစားပါ မောင်နိုင်တို့၊ မောင်ဘမှီတို့က (မှန်ပါ့)၊ စရဏ မပြည့်စုံလို့ရှိရင် ဝိဇ္ဇာ ဘယ်တော့မှ မဖြစ်ဘူးတဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။

ယထာဘူတဉာဏ် မရတော့

စရဏမပြည့်စုံရင် (ဝိဇ္ဇာဘယ်တော့မှ မဖြစ်ပါ ဘုရား)၊ သီလ သမာဓိ မရှိရင် ပညာ မဖြစ်နိုင်ဘူးတဲ့။ ဒီအဓိပ္ပာယ် ရတယ်။ (မှန်ပါ့)၊ ဒီတော့ သီလ သမာဓိ မရှိရင် ပညာ မဖြစ်နိုင်ဘူးဆိုတာ ဒကာ ဒကာမတွေ မှတ်ရမယ်။ (မှန်ပါ့)၊ သီလ, သမာဓိ မရှိခဲ့တဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် ယထာ ဘူတဉာဏ်ကို မရတော့ဘူး။ (မှန်ပါ့)။

ယထာဘူတဉာဏ်ကို (မရတော့ပါဘူးတဲ့)၊ မရ တော့ ဘယ့်နှယ်လုပ်ပြီး ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန် ရအောင် မျက်မှောက်ပြုနိုင်ပါ့မလဲ။ (မပြုနိုင်ပါ ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် သီလသမာဓိ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကျပြန်တော့ စရဏ နဲ့ပြည့်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါမူကား သီလ, သမာဓိက ပြည့်စုံ မနေဘူးလား။ (နေပါတယ် ဘုရား)၊ ပြည့်စုံနေတော့ ယထာဘူတဉာဏ် အလိုလိုတက်သွားတယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ပြည့်စုံရင် အလိုလိုတက်မယ်

သီလ, သမာဓိ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာတဲ့။ (ယထာဘူတဉာဏ် တက်သွားပါတယ် ဘုရား)၊ ယထာဘူတ ဉာဏ်အလိုလို တက်သွားမယ်တဲ့။ အဲဒီတော့ ဝိဇ္ဇာပေါ်လာမယ် လို့ ပြောတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သီလ, သမာဓိဆိုတဲ့ဥစ္စာ တော်တော် အရေးကြီးတယ်ဆိုတာ ပေါ်လာပလား။ (ပေါ်လာပါပြီ ဘုရား)၊ သီလ, သမာဓိပြည့်စုံလို့ရှိရင် (ဝိဇ္ဇာဟာ ပေါ်လာပါမယ် ဘုရား)၊ ပေါ်လာမယ်တဲ့၊ ဟုတ်တိုင်းမှန်စွာ သိလာမယ်တဲ့။ သိလာလို့ရှိရင်ဖြင့် ဒုက္ခအဆုံး ဖြစ်တဲ့ နိဗ္ဗာန် ရောက်မယ်တဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ)။ ထူးခြားပလား။ (ထူးခြားပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျား သီလ, သမာဓိ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါမူ ကား ဝိဇ္ဇာလာပါလိမ့်မယ်ဆိုတော့ စရဏတရားကိုလည်း ခင်ဗျား တို့က စရဏတရား တစ်ဆယ့်ငါးပါးကို ကြားဖူးမယ်။ (မှန်ပါ့)၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါးလို့ ကြားဖူးတယ်။ (မှန်ပါ့)။

သူတော်ကောင်းရတနာ (၇) ပါး

အဲဒီတော့ ဒီအထဲမှာ သီလက သေသေချာချာ မပါဘူး လား။ (ပါ,ပါတယ် ဘုရား)၊ သမာဓိကကော။ (ပါ,ပါ တယ် ဘုရား)၊ ရူပဈာန်ဆိုတဲ့ဥစ္စာ သမာဓိတွေပဲ။ (မှန်ပါ့)၊ ဒိပြင် သူတော်ကောင်းတရား ခုနစ်ပါးကလည်း ပါသေးတယ်။

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိ, သြတ္တပ္ပ-ဆိုတော့ ဒါတွေ သည် ဝိဇ္ဇာမဂ်ဉာဏ် အစစ်သာ မဖြစ်သေးတာ ဒကာ ဒကာမတို့၊ ဒီအထဲမှာလည်း ပညာကပါနေတယ်။ စရဏ ထဲမှာ။(မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

စရဏပြည့်စုံရင် ပညာရပါတယ်

ဒါဖြင့် စရဏပြည့်စုံခဲ့လို့ရှိရင် ပညာရပါမယ်။ ဒီတော့ စရဏထဲမှာလည်း ပညာက ပါနေသေးတယ်။ (မှန်ပါ့)၊ ရိပ်မိကြ ပလား။ (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒီစရဏ မပြည့်စုံဘဲနဲ့လည်း ဟောဒီ ဝိဇ္ဇာပညာလည်း မဖြစ်နိုင်ဘူး။ (မှန်ပါ့)၊ ဒီအထဲမှာ သီလလည်း ပြည့်စုံရမယ်၊ သမာဓိကော (ပြည့်စုံရပါမယ်)၊ သူတော်ကောင်းရတနာ ခုနစ်ပါး ဆိုတဲ့အထဲမှာ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိ, ဩတ္တပ္ပ ဆိုတော့ စရဏထဲမှာ ပါမနေဘူးလား။ (ပါနေပါတယ်)၊ ပါနေတော့ စရဏပြည့်စုံရင် ဒီက ဝိဇ္ဇာဆိုတာ ရနိုင်တော့တာပါပဲလို့ ဖြေလိုရင်းပဲ။ သဘောကျ ပလား။ (ကျပါပြီ)။

စရဏ အရေးကြီးတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးနေတယ် ဆိုတာ ပေါ်လာပြီ။ (ပေါ်လာပါပြီ)၊ ဘာတုံးဗျာ။ (စရဏပါ ဘုရား)၊ အဲ သူတော်ကောင်း ရတနာ ခုနစ်ပါး သီလဆောက်တည်။ (မှန်ပါ့)၊ ငါးပါး သီလကို ဘုရားရှေ့ ယူကြ ပေါ့ဗျာ၊ လူသီလကိုး။ (မှန်ပါ့)၊ ပြီးတော့ သူတော်ကောင်း ရတနာ ဆိုတဲ့ သဒ္ဓါတရား ကလေးကလည်း လုပ်တဲ့ အလုပ် အပေါ်မှာ၊ ဘုရားအပေါ်မှာ, တရားအပေါ်မှာ, သံဃာအပေါ်မှာ ယုံကြည်ရမယ်။ (မှန်ပါ့)၊ သူတော်ကောင်းတရား ခုနစ်ပါးက လည်း မပြည့်စုံရ ပေဘူးလား။ (ပြည့်စုံရပါမယ်)၊

အဲ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရိဩတ္တပ္ပ ဆိုတဲ့သူတော်ကောင်းတရားထဲမှာ ပါနေတယ်။ (မှန်ပါ့)။

ပြီးတော့ သမာဓိစခန်းလည်း ပေါက်ရောက်အောင် လုပ် မယ်ဆိုလည်း၊ ရူပဈာန်လောက် ပေါက်ရောက်အောင် လုပ်မယ် ဆိုလည်း ရူပဈာန်ကလည်း လေးပါးရှိတယ်။ ဈာန်ငါးပါးကို စတုတ္ထနည်းနဲ့ လေးပါး ပြင်လိုက်ရင် လေးပါးဖြစ်တာပဲ။ (မှန်ပါ့)၊ ပေါင်းလိုက်တော့ စရဏက တစ်ဆယ့်ငါးပါး မရှိဘူးလား။ (ရှိပါတယ် ဘုရား)။

အဲဒီတော့ စရဏတစ်ဆယ့်ငါးပါး ပြည့်စုံလို့ရှိရင် ဝိဇ္ဇာ ဟာ ဖြစ်ပေါ်လာနိုင်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

အပျက်နဲ့ မဂ်နဲ့သာ ကိုက်နေပါစေ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နားရှုပ်နေ မှာ အင်မတန်စိုးတဲ့အတွက် ဒကာ ဒကာမတို့ သီလလည်း ပြည့်စုံ ကြပါစေ။ (မှန်ပါ့)၊ ဘုန်းကြီး ဟောနေတဲ့တရား ပညာနဲ့ လည်း ဉာဏ်ထဲမှာ ဟောတိုင်း ဟောတိုင်း ဪ ဘယ်ဟာ လုပ်ရမယ်၊ ဘယ်ဟာလုပ်ရမယ် စိတ်ဆိုရင်ဖြင့် ဘယ်စိတ်ကို ရှုရမယ်, ဝေဒနာဖြစ်ရင်လည်း ဘယ်ဝေဒနာပေါ်လာရင် ဘယ်လိုရှုမယ် ဆိုတဲ့ အဲဒီပညာလည်း ပြည့်စုံပါစေနော်။ (မှန်ပါ့)၊ ဒီအထဲမှာ အာရုံလာတိုင်း လာတိုင်းလည်း ဝိပဿနာ အာရုံဘက်မှာ တည်ကြည်ပြီး သကာလ အပျက်နဲ့မဂ်နဲ့ ကိုက်အောင်၊ ဝိပဿနာ မဂ်နဲ့ကိုက်အောင် လုပ်နေမယ်ဆိုလို့ရှိရင် စရဏက ပြည့်စုံသွားနိုင်တယ်။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

စရဏ ပြည့်စုံပါတယ်

အပျက်နဲ့ ဝိပဿနာမဂ်နဲ့ ကိုက်အောင် လုပ်နေရင် ဘာတုံး ဒကာ ဒကာမတို့ (စရဏ ပြည့်စုံပါတယ် ဘုရား)၊ အဲ စရဏပြည့်စုံနေလို့ ရှိရင်ဖြင့် ဟောဒီ ဝိဇ္ဇာပြည့်စုံရပါလို၏ လို့ မတောင်းနဲ့တော့၊ သူ့ဟာသူ ကြီးရင့်ပြီး ရသွားမှာပဲ။ (မှန်ပါ့)။

သူ့ဟာသူ ကြီးရင့်ပြီး ဘာတဲ့တုံး။ (ရသွားပါမယ် ဘုရား)။

အင်မတန် ဉာဏ်ပညာ နက်နဲတဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်လား။ (မှန်ပါ့)၊ ဒါဖြင့် သူဟောတဲ့ ဝိဇ္ဇာချည်း သက်သက်လည်း မရောက်ဘူး၊ စရဏချည်း သက်သက်လည်း (မရောက်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ နှစ်ခုပေါင်းလို့လည်း-(မရပါ ဘုရား)၊ ဝိဇ္ဇာ စရဏနှစ်ခု မှတစ်ပါး တခြားတရားနဲ့လည်း (မရပါ ဘုရား)၊ အဲ စရဏ ရင့်ကျက်ရင် ဘာဖြစ်ရမတုံး။ (ဝိဇ္ဇာဖြစ်ရပါ မယ်)၊ ဒါဖြင့် အလုပ်-လုပ်မှ ရမယ်ပြောတာ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

စရဏ ရင့်ကျက်ရင် ဝိဇ္ဇာပေါ်မယ်

စရဏရင့်ကျက်ရင် ဝိဇ္ဇာ အလိုလို ပေါ်လာမယ်။ စရဏ ရင့်ကျက်ရင် ဝိဇ္ဇာဖြစ်ရုံ ရှိတော့ တာပေါ့။ (မှန်ပါ့)၊ ဖြစ်ပျက်မြင် လို့ ဖြစ်ပျက်မုန်း လာလို့ရှိရင်ဖြင့် ဖြစ်ပျက်အဆုံး ဆိုတဲ့ မဂ်ဟာ မလာ ပေဘူးလား။ (လာပါတယ် ဘုရား)၊ တော်တော် သဘောပါ သလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ၁-နဲ့ ၂- ဘယ်ဟာအရေးကြီး သလဲ။ (၁-အရေးကြီးပါတယ် ဘုရား)၊ ၁-အရေးကြီးတော့ ၂-ကို လာပါစေတော့ ဆိုရမှာလား။ (အချိန်ရောက်ရင် တွေ့မှာပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဟာ အရေးကြီးသတုံး။(၁-အရေးကြီး ပါတယ် ဘုရား)၊ ၁-အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကြီးကြီးနဲ့ မှတ်စမ်းပါ။ (မှန်ပါ့)၊ စရဏပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ ဟုတ်တိုင်း မှန်စွာ သိပြီးတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရလွယ်တယ်။ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူ့ချည်းသက်သက်တော့လည်း မရနိုင်ဘူး။ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)၊ စရဏချည့်သက်သက် (မရနိုင်ပါ ဘုရား)၊ ဝိဇ္ဇာချည့်သက်သက် (မရနိုင်ပါ ဘုရား)၊ ဝိဇ္ဇာနဲ့ စရဏ ပေါင်းလို့လည်း (မရနိုင်ပါ ဘုရား)၊ မရနိုင်ဘူး တဲ့၊ ဝိဇ္ဇာနဲ့စရဏ ကင်း၍ကော (မရနိုင်ပါ ဘုရား)၊ ဒါဖြင့် စရဏများများ ကြိုးစားတဲ့ပုဂ္ဂိုလ် ဝိဇ္ဇာဖြစ်လိမ့်မယ်လို့ ပြောတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်များများရှုတဲ့ပုဂ္ဂိုလ် မဂ်ရမှာပဲ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်ပျက်များများ ရှုနိုင်တဲ့ပုဂ္ဂိုလ်ဟာ မဂ်ရမှာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ဆီကို ထောက်ခံချက်ပေးသလို ပါပဲ ကိုစောမောင်။ (မှန်ပါ့)၊ ဖြစ်ပျက် များများမြင်တဲ့ ပုဂ္ဂိုလ် စရဏ စုံနေပြီ။ မစုံဘူးလား။ (စုံပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ဝိဇ္ဇာ လာပါစေတော့၊ မဂ်ရပါစေတော့ ဆိုရမှာလား၊ သူ့ဟာသူ ရင့်ကျက်ပြီး ရသွားမှာလား။ (သူ့ဟာသူ ရင့်ကျက်ပြီး ရသွားမှာပါ ဘုရား)။

သရက်သီးသာ သီးပါစေ

သရက်ပင်စိုက် သီးသာသီးပါစေ၊ မှည့်ပါစေတော့လို့ မောင်နိုင် ဆုတောင်းဖို့လိုသေးသလား။ (မလိုပါ ဘုရား)၊ သီးအောင် အားထုတ်ရတာတော့ဖြင့် ကိုစောမောင် ထုတ်ရလိမ့် မယ်။ (မှန်ပါ့)၊ မောင်ဘမှီ မထုတ်ရပေဘူးလား။ (ထုတ်ရပါမယ် ဘုရား)၊

ရင့်ပါစေတော့လို့ ဆုတောင်းရဦးမှာ လား။ (မတောင်းရပါ ဘုရား)၊ အမှည့်ကလေးဖြစ်ပါစေ၊ လို့ (မတောင်းရပါဘူး)၊ သူ့ဟာသူပဲ အချိန်ကျတာ ဘာတုံး (မှည့်လာမှာပါ ဘုရား)၊ အဲ ဒီမှာလည်း ခင်ဗျားတို့ ခင်ဗျားတို့ အားသာထုတ်ပါ၊ သေသေချာချာ ရနိုင် ပါလိမ့်မယ်။ မဂ်ရမယ်။ ဒါကို ထောက်ခံချက် ပေးတာပဲ။ (မှန်ပါ့)၊ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာလာတယ်။ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဝိဇ္ဇာ အလိုလိုဖြစ်ပါတယ်

ဒါဖြင့် ပြန်မေးပါဦးမယ်။ ဝိဇ္ဇာချည့် သက်သက်ရနိုင်၊ ပါ့မလား။ (မရနိုင်ပါ ဘုရား)၊ စရဏချည့် သက်သက် (မရနိုင်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ နှစ်ခုပေါင်းလို့ကော (မရပါ ဘုရား)၊ ဝိဇ္ဇာစရဏ မှတစ်ပါး တခြားတရားနဲ့ကော (မရပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုမှရမတုံး ဆိုတော့ စရဏရင့်ကျက်ရင် ဝိဇ္ဇာ အလိုလိုဖြစ်၏လို့ ရှင်သာရိ ပုတ္တရာ ဖြေလိုရင်းပဲ။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်တွေ့မှာပဲ

ခင်ဗျားတို့ ဖြစ်ပျက်များများတွေ့၊ အနိစ္စများများတွေ့ လို့ရှိရင်ဖြင့် နိဗ္ဗာန်ဟာ တွေ့ရပါ လိမ့်မယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ အဲဒါကြောင့် ဒကာ ဒကာမတွေ ဖြစ်ပျက်သာ များများ တွေ့ပါစေ။ တော်တော်ကြာ ဖြစ်ပျက်ဆုံးရင်ဖြင့် နိဗ္ဗာန်တွေ့မှာပဲ။ (မှန်ပါ့)။

နိဗ္ဗာန်ဟာ ကိုယ်က ခေါ်ယူတာလား၊ ဖြစ်ပျက်များများ တွေ့တဲ့ ပုဂ္ဂိုလ်၏ပစ္စည်းလား။ (ဖြစ်ပျက် များများတွေ့တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်းပါ ဘုရား)။

ဒါဖြင့် ရှေ့ပိုင်းမှာ အားလုံး ဒကာ ဒကာမတွေ ကျေနပ် ပလား။ (ကျေနပ်ပါပြီ ဘုရား)၊ ကဲ ရှေ့ပိုင်းမှာ ကျေနပ် လို့ရှိရင်ဖြင့် ဖြစ်ပျက်ဉာဏ်ကို ရှင်သာရိပုတ္တရာ ထောက်ခံချက်ပေး သည် ဖြစ်လေ သောကြောင့် သီလဝိသုဒ္ဓိဖြစ်အောင် သီလ ကလေးခံယူပြီး သကာလ၊ လောကီ သမာဓိပညာနဲ့ ကြိုးစားလိုက် ကြပြီ ဆိုမှဖြင့် ဖြစ်ပျက်မြင်လာတယ်။ (မှန်ပါ့)၊ မမြင်ကြဘူးလား။ (မြင်ပါတယ် ဘုရား)။

ဖြစ်ပျက်မရှိတဲ့ဘက် ဉာဏ်ကူးသွားတယ်

မြင်လာလို့ရှိရင် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပျက် အဆုံး နိဗ္ဗာန်ကိုမြင်ဖို့ရာ မြင်ချင်လှချည်ရဲ့ ဆိုလို့ မြင်တာလား၊ ရှုရင်းမတ္တနဲ့ ဖြစ်ပျက်တွေ ချုပ်ပြီး သကာလ ဖြစ်ပျက် မရှိတဲ့ဘက် ဉာဏ်ကူး သွားတာလား ဆိုတာ သတိထားလိုက်။ (မှန်ပါ့)၊ ဘယ်လိုဆိုကြပါ့မယ်။ (ဖြစ်ပျက်မရှိတဲ့ဘက် ဉာဏ်ကူးသွား တာပါ ဘုရား)၊ ဖြစ်ပျက်ရှုရင်း မတ္တနဲ့ ဖြစ်ပျက်မရှိတဲ့ဘက်ကို ဉာဏ်ဟာ ကူးထွက် သွားတယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)။

ဆရာဘုန်းကြီးပေးတဲ့နည်းကိုယူ

ဒါဖြင့် ဒကာ ဒကာမတို့ ၁-နံပါတ်ဟာ တော်တော် အရေးကြီးနေပြီ။ (ကြီးပါတယ် ဘုရား)၊ အဲ ၁-နံပါတ် , ဟာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အခု ဆရာဘုန်းကြီး နေ့တိုင်း ပေးနေတာဟာ ၁-နံပါတ် ပဲ။ (မှန်ပါ့)၊ ၂-နံပါတ်က ခင်ဗျားတို့ လုပ်ယူရမယ်။ ၁-နံပါတ်က ဆရာဘုန်းကြီးပေးတဲ့ နည်းကိုယူ။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ၁-နံပါတ် မလုပ်ခဲ့လို့ရှိရင် ၂-နံပါတ် ပြည့်စုံလိမ့်မယ် ဆိုတာက သူ့တန်းနဲ့သူ တက်ရတော့ မောင်နိုင်၊ မောင်ဘမှီတို့ တက်နိုင်ပါ့မလား။ (မတက်နိုင်ပါ ဘုရား)။

ဒါဖြင့် ၁-နံပါတ် သက်သက်နဲ့လည်း မရောက်နိုင်သေး ဘူး။ (မှန်ပါ့)၊ ၂-နံပါတ် သက်သက်နဲ့လည်း။ (မရောက်နိုင်ပါ ဘုရား)၊ ၁-နံပါတ်၊ ၂-နံပါတ် ပေါင်းလို့လည်း။ (မရောက် နိုင်သေးပါ ဘုရား)၊ ၁-နံပါတ်၊ ၂-နံပါတ်တို့မှ တစ်ပါး တခြားသော တရားနဲ့လည်း (မရောက်နိုင်သေးပါ ဘုရား)၊

အရေးကြီး တာက ၁-နံပါတ် ရင့်မှ ၂-နံပါတ် အလိုလို ပေါ်မှာကိုး။ (မှန်ပါ့)၊ အဲဒီတော့ မရောက်ဘူးချည့် ဖြေတာ ကိုစောမောင်တို့၊ ကိုစံလှတို့က မှားတယ်လို့ ဆိုချင်သေးသလား။ (မဆိုချင်ပါ ဘုရား)၊ ၁-နံပါတ်ရင့်လာရင် ၂-နံပါတ် လာပါစေတော့လို့ ဆုတောင်းရမှာလား။ (မတောင်းရပါ ဘုရား)။

ဒါဖြင့် ၁-ချည့် သက်သက်လည်း မရဘူး၊ ၂-ချည့် သက်သက်ကော (မရပါ ဘုရား)၊ နှစ်ခုပေါင်း နဲ့ကော (မရပါ ဘုရား)၊ နှစ်ခုကင်း၍လည်း (မရပါ ဘုရား)၊ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ။ (၁-ရင့်ရင် ၂-အလိုလို ပေါ်ပါမယ်)၊ ၁-ကို အရေးတကြီး လုပ်နေလို့ရှိရင် ၂-အလိုလိုပေါ်လာ မယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ကို ဖြိုင်ဖြိုင်သာ ရှုနေပါ

ကိုယ့်သန္တာန်မှာ ဒကာ ဒကာမတို့ ဖြစ်ပျက် ကလေးတွေ ကို ဖြိုင်ဖြိုင်သာ ရှုနေပါတဲ့။ ရှုနေတဲ့ဉာဏ်သည် ဖြစ်ပျက်ကို မြင်ရာ ကနေပြီး မဖြစ်မပျက်တဲ့ ဘက်ကို သေသေချာချာ ပြောင်းပါလိမ့် မယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဘယ်သူ့လုပ်လို့မှ မဖြစ်တဲ့တရား

ဖြစ်ပျက်ကို မြင်တဲ့ဉာဏ်သည် ရှုဖန်များလာတော့ ဘယ် ပြောင်းမတုံး။ (မဖြစ်မပျက်တဲ့ ဘက်ကို ပြောင်းပါမယ်)၊ မဖြစ် မပျက်တဲ့နေရာ ဆိုတာ နိဗ္ဗာန်။ (မှန်ပါ့)၊ နိဗ္ဗာန် ဆိုတာ ဘယ်သူလုပ်လို့ ဖြစ်တဲ့တရားတုံး။ (မဟုတ်ပါ ဘုရား)၊ အဲဒါကြောင့် ဘယ်သူလုပ်လို့မှ မဖြစ်သောကြောင့် ဒကာ ဒကာမတို့ ဘယ်အခါကာလမှ ပျက်သေးရဲ့လား။ (မပျက်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အိုဘေး၊ နာဘေး၊ သေဘေး, မွဲဘေး, ကွဲဘေးတွေ ရှိသေးသလား။ (မရှိပါ ဘုရား)။

ဆုံးအောင်လိုက်လို့ မဖြစ်မပျက်တွေ့တာ

အဲဒါ ဘယ်ကနေ သွားနေကြမှာတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ ဖြစ်ပျက်ကို ဆုံးအောင် လိုက်လို့ မဖြစ်မပျက်တာ တွေ့တာ။ (မှန်ပါ့)။ ကိုစောမောင် ဘာတဲ့တုံး။ (ဖြစ်ပျက်ဆုံးအောင် လိုက်လို့ မဖြစ်မပျက်တွေ့တာပါ ဘုရား)။

ဒါဖြင့် စရဏကို ဆုံးအောင်လိုက်တဲ့အတွက် ဝိဇ္ဇာ ရောက်သွားတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

စရဏဆုံးအောင် ကြိုးစားလိုက်တဲ့ အတွက် ဝိဇ္ဇာရသွား တယ်ဆိုတော့ တို့ဆရာ ဘုန်းကြီး ဟောနေတာ အတော် ကြာပြီ၊ ဘယ်အချက်ကို တို့အပေါ်၌ အရေးအကြီးဆုံး ပေးနေတာတုံးဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ကို ၁-ကို နေ့တိုင်းအရေး တကြီးပေး နေတာ။ (မှန်ပါ့)၊ ၂-ကို ဘယ်သူမှ မပေးနိုင်ဘူး။ ဘုရားလည်း မပေးနိုင်ဘူး၊ ရှင်သာရိပုတ္တရာကော။ (မပေးနိုင် ပါ ဘုရား)၊ ၁-ကို လုပ်ယူလို့ ၁-ရင့်လာရင် ၂-ဟာ သူ့အလိုလို ဖြစ်ပေါ်လာမှာ၊ ဘယ်သူကပေးလို့မှ မရဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

၂-က အလိုလိုပေါ်လာမှာ

၁-ရင့်လာရင် ဘာတုံး။ (၂-ဟာ သူ့အလိုလို ဖြစ်ပေါ်လာမှာပါ ဘုရား)။

ဒါဖြင့် ဘုရားကိုယ်တော်တိုင် ရှိနေရင်လည်း ဒီ ၁-ပဲ ပေးမှာပဲ။ (မှန်ပါ့)၊ ရဟန္တာ အရှင်မြတ် များက ဟောကြရင် လည်း (၁-ပဲ ဟောမှာပါ ဘုရား)၊ ၂-ကျတော့ ဘယ်သူမှ မပေးနိုင်ဘူး၊ ကိုယ့်ဟာကိုယ် ၁-ကို လုပ်ယူရင် အလိုလိုပေါ်လာ မှာ။ (မှန်ပါ့)၊ ၁-ရင့်တဲ့ ပုဂ္ဂိုလ် ၂-ပိုင်ဆိုင်လာမယ်။ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ။ (၁-ရင့်တဲ့ပုဂ္ဂိုလ် ၂-ပိုင်လာ မှာပါ ဘုရား)၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်ပျက်များများ ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် ရောက်လိမ့်မယ်။ (မှန်ပါ့)။

မှတ်ချက်။ ။ ၁-သည် ဝိပဿနာ။ ၂-သည် မဂ်ဖိုလ်ကို ဆိုလိုသည်။ မဂ်ဖိုလ်ကို ရော့ဟဲ့ အင့်ဟဲ့-လို့ ပေးလို့မရ။ မဂ်ဖိုလ်ကို ရနိုင်တဲ့ ဝိပဿနာနည်းကိုသာ ပေးလို့ရသည်။ ဝိပဿနာလုပ်ရင် မဂ်ပေါ်လာမည်။

စရဏတရား ပြည့်စုံနေပြီ

ကိုစောမောင် ဖြစ်ပျက်များများ ရှုနိုင်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် ရောက်လိမ့်မယ်ဆိုတာ လွဲသလား။ (မလွဲပါ ဘုရား)၊ စရဏနဲ့ ပြည့်စုံနေတယ်။ (မှန်ပါ့)၊ သီလ ရှိလို့လည်း သူတွေ့တာကိုးဗျ၊ သမာဓိ ရှိလို့ကော (တွေ့တာပါ ဘုရား)၊ သုတမယပညာနဲ့၊ သူ့ကိုယ်ပိုင်ပညာနဲ့ ကြီးထွားသွားလို့လည်း ဖြစ်ပျက်တွေ့ရတာ၊ သူတော်ကောင်း ရတနာက သူ့အထဲမှာ ပါမနေဘူးလား။ (ပါနေပါတယ်)၊

သူတော်ကောင်းရတနာ ဆိုတာ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ဆိုတော့ ပညာက ပါမနေဘူး လား။ (ပါနေပါတယ် ဘုရား)၊ အဲ ဒါကြောင့် စရဏတရားဟာ တစ်ဆယ့်ငါးပါး ပြည့်တာကိုး။ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင် စရဏ ပြည့်စုံတယ်

အဲ သူတော်ကောင်း ရတနာပညာနဲ့ ပြည့်စုံသွား တော့ ဒီအထဲမှာ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်မှာ သီလလုံခြုံလို့လည်း တွေ့တယ်၊ ဆရာပေးတဲ့ ပညာနဲ့ ကိုက်ကြည့်လို့လည်း၊ ပညာနဲ့ လည်း ဖြစ်ပျက် တွေ့ရတယ်။ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါ တယ် ဘုရား)၊ သမာဓိရှိလို့လည်း မြင်တယ်ဆိုတော့ စရဏက ပြည့်စုံမနေဘူးလား။ (ပြည့်စုံပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် ဘာပြည့်စုံသလဲ။ (စရဏ ပြည့်စုံပါတယ် ဘုရား)၊ အဲဒီ ပုဂ္ဂိုလ်သည် မဂ်ရရပါလို၏။ နိဗ္ဗာန် ရရပါလို၏လို့ ဆုတောင်းရမှာလား။ (မတောင်း ရပါ ဘုရား)၊ သူရင့်ကျက်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်, နိဗ္ဗာန် ကိုယ်တိုင်ရတာချည့်ပဲမှတ်။ (မှန်ပါ့)၊ ဆုတောင်းမနေပါ နဲ့တော့၊ ဖြစ်ပျက်သာ ဖြိုင်ဖြိုင်ရှုပေး ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်သာရိပုတ္တရာက ထောက်ခံချက် ပေးလိုက်သည်။ (မှန်ပါ့ ဘုရား)၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)၊ ဒါမလုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် (မရပါ ဘုရား)။

စရဏက ခြေထောက်၊ ဝိဇ္ဇာက နှုတ်သီး

ဒါကြောင့် စရဏက ခြေထောက်နဲ့ တူတယ်လို့ အဋ္ဌ ကထာများမှာ ဆိုတယ်။ အရင် ပြောခဲ့တာက ပါဠိတော်လာတဲ့ အဓိပ္ပာယ်။ (မှန်ပါ့)၊ အဋ္ဌကထာများမှာတော့ စရဏက ခြေထောက်နဲ့ တူတယ်၊ ဝိဇ္ဇာက နှုတ်သီးနဲ့တူတယ်။ ခြေမပါဘဲနဲ့ နှုတ်သီးချည့် ရှိနေရင် ဘယ်သစ်သီးကို သွားပြီး ကိုက်မတုံး ဗျ။ (မရပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့်ခြေထောက်နဲ့ နှုတ်သီး ဘယ်ဟာက အရေးကြီးသတဲ့။ (ခြေထောက်က အရေးကြီး ပါတယ် ဘုရား)၊ နှုတ်သီးကတော့ တွေ့တဲ့နေရာမှာ ထိုးဆိတ်ပြီး စားရသောက်ရမှာ၊ ခြေထောက် မပါရင်တော့ စားစရာ ရှိတဲ့ဆီကို သွားလို့ရသေးရဲ့လား။ (မရပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဖြစ်ပျက် များများရှုတဲ့ ဝိပဿနာ ဉာဏ်ပြည့်စုံရင် မဂ်ဉာဏ် ရပါလိမ့်မယ်လို့ မှတ်ပေတော့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဆုတောင်းနေရမှာလား

ဖြစ်ပျက်များများ ရှုနေမယ်၊ ဝိပဿနာလည်း ဆိုချင်ဆို၊ စရဏလို့လည်း ဆိုချင်ဆို ဤစရဏ ပြည့်စုံလို့ရှိရင် ဝိဇ္ဇာ မဂ် ဉာဏ်ကို (ရမှာပါ ဘုရား)၊ ဆုတောင်းနေရမှာလား၊ မတောင်းရ ဘူးလား။ (တောင်းစရာတောင် မလိုပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မတောင်းရသတုံး။ (စရဏ သူ့ဟာသူ ရင့်လာတဲ့ အတွက် ဝိဇ္ဇာကို သူ့ဟာသူ ဥပနိဿယသတ္တိနဲ့ ပို့သွားတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

သူ့ဟာသူ ပို့သွားတယ်။

စရဏရင့်သွားတဲ့အတွက် (သူ့ဟာသူ ပို့သွားပါ တယ်)၊ ဥပနိဿယပစ္စယောကို မရကြဘူးလား။ (ရပါတယ် ဘုရား)၊ အဲ စရဏဥပနိဿယသတ္တိနဲ့ ဝိဇ္ဇာကို ပို့လိုက်တယ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ကိုစောမောင် ဒါဖြင့် ခင်ဗျားတို့က အလုပ်တော့ မလုပ်ကြဘူး၊ မဂ်ဖိုလ် ရရပါလို၏လို့ ဆုတောင်းရုံ တောင်းနေ တဲ့ ပုဂ္ဂိုလ်တွေနဲ့ တော့ ကွာနေပြီ (မှန်ပါ့)၊ စရဏပြည့်စုံမှ ဘာဖြစ်မတုံး (ဝိဇ္ဇာဖြစ်မှာပါ ဘုရား)၊ ဝိဇ္ဇာဖြစ်မယ်ဆိုတာ ကောင်းကောင်း မကျေနပ်သေးဘူးလား။ (ကျေနပ်ပါ တယ်)၊ ခုနင်က အမေးတွေက မရှင်းသေးဘူးလား။ (ရှင်းပါ တယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကြိုးစားလုပ်ပါ ဆိုတာဖြင့် နိဂုံးချုပ်ပေးလိုက်တယ်။ (မှန်ပါ့)၊ ဖြစ်ပျက် မြင်တာသည် စရဏပြည့်စုံတာ။ (မှန်ပါ့)။ ဖြစ်ပျက်ဆုံးသွား လို့ရှိရင်ဖြင့် ဝိဇ္ဇာနဲ့တကွ ပြည့်စုံတယ်။ (မှန်ပါ့)၊ မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ်)။

စရဏရင့်ဖို့ပဲ အရေးကြီးတယ်

ဒါကြောင့် စရဏချည့် သက်သက်လည်း မရောက်နိုင်၊ ကိုစောမောင်။ (မှန်ပါ့)၊ ဝိဇ္ဇာချည့် သက်သက်လည်း (မရောက်နိုင်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ နှစ်ခုရောလို့လည်း (မရောက်နိုင်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ ကင်း၍လည်း (မရောက်နိုင်ပါ ဘုရား)၊ ဒါဖြင့် စရဏများများ ရင့်ဖို့ပဲ အရေး ကြီးတယ်။ (မှန်ပါ့)၊ စရဏများများ ရင့်ရင် ဝိဇ္ဇာဖြစ်တာ ပဲ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊ တယ်လည်း အားရှိစရာ ကောင်းပါလား။ (ကောင်းပါတယ် ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

အနိစ္စများများ မြင်အောင်သာ

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက် များများမြင်တဲ့ ပုဂ္ဂိုလ် အနိစ္စ များများ မြင်အောင်သာရှု။ ဘုန်းကြီးပေးတဲ့ နည်းအတိုင်း စိတ် ကြိုက်ရင် စိတ်ရှုလေ၊ ဝေဒနာကြိုက်ရင် (ဝေဒနာရှုရပါမယ်)၊ ရုပ်ကြိုက်ရင် (ရုပ်ရှုရပါမယ်)၊ ဒုက္ခသစ္စာကြိုက်ရင် (ဒုက္ခသစ္စာ ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက် ကလေးတွေဟာ ဒုက္ခသစ္စာပဲလို့သာ ဉာဏ်နဲ့ တည့်ပေးနေပါ။ ဖြစ်ပျက်တိုင်း ပျက်တိုင်းသာ တည့်ပေးနေရမယ် ဆိုလို့ရှိရင် စရဏတွေ မပြည့်စုံ သေးဘူးလား။ (ပြည့်စုံပါတယ် ဘုရား)၊ သူရင့်လာရင် ဘာဖြစ်မတုံး။ (ဝိဇ္ဇာဖြစ် ပါ့မယ်)၊ ဝိဇ္ဇာဆိုတာ မဂ်မဟုတ်လား။ (မှန်ပါ့)၊ မဂ်ဟာ တောင့်တ ယူရတာလား၊ စရဏရင့်လို့ ပေါ်တာလား။ (စရဏရင့်လို့ ပေါ်တာပါ ဘုရား)။

ဒါဖြင့် သရက်ပင်စိုက်ရတာဟာ အရေးကြီးပါတယ်။ သရက်ပင်စိုက်ပြီး သရက်သီး သီးလာတာကို ခင်ဗျားတို့ မှည့်ပါ စေတော့ဆိုတာတော့ ဆုမတောင်းရပါဘူး (မှန်ပါ့)၊ လေနဲ့ ရေနဲ့ မြေနဲ့ နေနဲ့ ပေါင်းဆုံရင် သူ့ဟာသူ ရင့်လာတာပဲဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဒီမှာလည်း စရဏ အားထုတ်ပါများရင် ဘာဖြစ်မယ်ထင်သတုံး။ (ရင့်လာပါ တယ် ဘုရား)၊ ဝိဇ္ဇာဆိုတာ မပေါ်ပေဘူးလား။ (ပေါ်ပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် နေ့တိုင်း ထိုင်ကြ ရှုကြတာတွေ သည် ဘာလုပ်နေတာတုံး ဆိုတော့ စရဏလုပ်နေတာပဲ။ (မှန်ပါ့)၊ အဲဒါ ခင်ဗျားတို့က ဘုရားရှေ့သွားပြီး ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ စသည်ဖြင့် ရှိခိုးရုံလောက်လုပ် နေကြတော့ ကိုယ်မှာ ဝိဇ္ဇာစရဏ ရောက်အောင် လုပ်ချင်ကြတာ မဟုတ်ဘူး။ ဝိဇ္ဇာစရဏနဲ့ ပြည့်စုံတော်မူတဲ့ ကိုယ်တော်မြတ်ကြီး ကို ချီးကျူးရုံ လောက်ပဲ လုပ်နေကြတယ်။ (မှန်ပါ့)။

ဗုဒ္ဓါနုဿတိနဲ့ ကျေနပ်မနေနဲ့

ချီးကျူးတယ်ဆိုတာ လောကီအသုံးအနှုန်းပြောတာ၊ လောကုတ္တရာ သာသနာ့ဝေါဟာရနဲ့ ပြောတော့ ဂုဏ်တော် ကြည်ညိုနေတာ၊ ဗုဒ္ဓါနုဿတိ သွားဖြစ်တယ်။ (မှန်ပါ့)၊ ဗုဒ္ဓနုဿတိ ဖြစ်နေတော့ ဗုဒ္ဓါနုဿတိနဲ့သာ တင်းတိမ်ကျေနပ်နေရင်တော့ သုဂတိတော့ ရောက်မှာပဲ ဒကာ ဒကာမတို့၊ နိဗ္ဗာန်တော့ မရောက်သေးဘူး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါ ပြီ)၊

မှတ်ချက်။ ။ဗုဒ္ဓါနုဿတိအာရုံပြုမှုသည် အလွန်ကြီးမားသည့် သမထကုသိုလ်မျိုး ဖြစ်၏။ သုဂတိရောက်ဖို့ သေချာလှ၏။ နိဗ္ဗာန်မဂ်ဖိုလ်သွားလိုရာ၌ ဗုဒ္ဓါနုဿတိ ပီတိကိုခွာပြီး ဝိပဿနာတင်ရသည်။ သို့မှသာ ဝိပဿနာလမ်းသို့ ရောက်၏။

ကိုယ်ကိုယ်တိုင် စရဏဖြစ်လို့ရှိရင် ကိုယ်ကိုယ်တိုင် သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာဖြစ်မယ်။ (မှန်ပါ့)၊ သံသရာ စခန်းသတ်မယ်။ ရှင်းပလား။ (ရှင်းပါပြီ)။

အဲဒီတော့ ဘုရားကိုလည်း ရှိခိုးပါ၊ သီလကလေး ဘာ ကလေး ဆောက်တည်ပြီး သကာလ ပညာနဲ့ ကိုယ့်ခန္ဓာကိုယ် ကြည့်ပြီးတော့ စရဏ ဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းရပြန် တယ်။ (မှန်ပါ့)၊ စရဏလုပ်ဖို့ တိုက်တွန်းရင် ဝိဇ္ဇာ ဘာဖြစ် လာသတုံး။ (ပေါ်လာပါတယ်)၊ စရဏဆိုတာ ဖြစ်ပျက် မြင်ရင် စရဏ ဆိုကတည်းက သိရောပေါ့ဗျာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဖြစ်ပျက်အမြင်များဖို့လိုတယ်

အဲဒီတော့ ဝိဇ္ဇာဥဒပါဒိ ဖြစ်ဖို့ရာသည် ဒကာ ဒကာမတို့ ဘာရင့်မှဖြစ်မှာတုံး။ (စရဏရင့်မှ ဖြစ်ပါမယ်)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် အမြင်များဖို့ရာ အတော် အရေးကြီးတယ်။ (မှန်ပါ့)၊ မကြီးဘူးလား။ (ကြီးပါ တယ် ဘုရား)၊ ဝိဇ္ဇာစစ်ပလား ဆိုတော့ ဝိဇ္ဇာဆိုတဲ့ မဂ်တော့ မစစ်သေးဘူး၊ သူတော်ကောင်း ရတနာထဲကပါတဲ့ လောကီ ပညာပဲ ရှိသေးတယ်လို့ မဆိုထိုက် ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)၊ တကယ့် ဝိဇ္ဇာကတော့ဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ ချုပ်အောင် လုပ်တာကိုးဗျ။ အခု ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကတော့ ရှုတုန်းသာ အဝိဇ္ဇာ ချုပ်တာကိုးဗျ၊ မရှုတဲ့အချိန် သူပြန် ရောက် နေတာပဲဆိုတာ သဘောကျပလား။ (ကျပါပြီ)၊ တစ်နည်း အားဖြင့် အနုသယသဘောနဲ့ ကိန်းအောင်း နေတယ် ဆိုရင်ကော လွဲသလား။ (မလွဲပါ ဘုရား)၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ)။

ဒါဖြင့် ဒီနေ့ည ရှေ့ပိုင်းက ဘာလုပ်စေချင်လို့ ရှင်ဥပဝါဏ နဲ့ ရှင်သာရိပုတ္တရာ အမေးအဖြေကို ဒါလောက် နာရီ ၃၀လောက် ထည့်ပြီး ပြောနေတာလည်းဆိုတာ ခင်ဗျားတို့ သဘော ပါကြပလား။ (ပါ,ပါပြီ)၊ ဘယ်လိုများ ပါ,ပါလိမ့်။ (စရဏကျင့်ရပါမယ် ဘုရား)၊ စရဏကို အရေးတကြီး လုပ်ပါစေတော့ ဆိုတဲ့ စိတ်ထားပြင်းပြပြီး ဒီဝတ္ထုတွေကို ထုတ်လာ တယ်။ (မှန်ပါ့)။

ဒါဖြင့် ဘုရားရှေ့သွားပြီးတော့ ဆုတောင်းရုံကလေး လုပ်နေလို့တော့ တော်တော်နဲ့ ရမှာ မဟုတ်သေးဘူး။ (မှန်ပါ့)၊ ဘုရားညွှန်ပြတဲ့အတိုင်း ကိုယ့်ဟာကိုယ် လုပ်ယူရင်တော့ မြန်မြန်ရမယ်။ (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် သီလ, သမာဓိ ဝိပဿနာပညာခေါ်တဲ့ လောကီပညာနဲ့ ပြည့်စုံရင် ဝိဇ္ဇာဆိုတဲ့ လောကုတ္တရာ ပညာဟာ ဘယ့်နှယ်နေမတုံး။ (ရပါမယ် ဘုရား)၊ သေချာပလား။ (သေချာပါပြီ ဘုရား)။

စာအုပ်ကြည့်နေရုံနဲ့ မရသေးဘူး

ဒါဖြင့် စာအုပ်ကြည့်နေရုံနဲ့လည်း မရသေးဘူး၊ နည်းပဲရ မယ်။ အလုပ်မလုပ် သေးရင်ဖြင့် (မရပါ ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ)၊ ဘုရားရှိခိုးနေရုံနဲ့ ကိစ္စမပြီးသေးဘူး။ ကိုယ့်ဟာကိုယ် အလုပ် လုပ်လို့ ဖြစ်ပျက်ကလေး မြင်ရင်ဖြင့် စရဏရပြီ။ (မှန်ပါ့)၊ ဖြစ်ပျက်ကလေး ဆုံးသွားရင် ဝိဇ္ဇာ ရပြီ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဖြစ်ပျက်မြင်ရင် (စရဏရပါပြီ)၊ ဖြစ်ပျက်ဆုံးသွားရင် (ဝိဇ္ဇာရပါပြီ)၊ အဲ အလုပ်ပေါ်မှာ မှီတယ် ဆိုတာဖြင့် ဘာငြင်း စရာ လိုသေးသတုံး။ (မလိုပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကြပ်ကြပ်ကြိုးစားပါ

ကဲ ကိုစံလှ ဘယ့်နှယ်လုပ်မတုံး၊ ဒီကရှေ့ကို (စရဏလုပ်ရပါမယ် ဘုရား)၊ စရဏကိုများများ ကြိုးစားပါ။ သီလ, သမာဓိ, ပညာကို ကြပ်ကြပ် ကြိုးစားပါ။ (မှန်ပါ့)၊ သီလ, သမာဓိ, ပညာ ကြပ်ကြပ် ကြိုးစားတော့ ဒီက လောကီဝိဇ္ဇာ၊ ဟောဒီမှာ လောကုတ္တရာဝိဇ္ဇာ ပေါ်လာလိမ့်မယ် ကိုစောမောင် (မှန်ပါ့)၊ မပေါ်ပေဘူးလား။ (ပေါ်ပါတယ် ဘုရား)၊

၁-နံပါတ်ပြည့်စုံရင် (၂-နံပါတ် ပေါ်လာမှာပါ ဘုရား)။ အဲဒါကြောင့် ၁-ချည့်သက်သက်လည်း မရောက်သေးဘူး။ စားစရာ ဆီကို ခြေထောက် မပါဘဲနဲ့ သွားစားလို့မရဘူး။ (မှန်ပါ့)၊ (၂-ချည့် သက်သက်ကော (မရနိုင်သေးပါ ဘုရား)၊ ၂ချည့်သက်သက်ကလည်း မရောက်နိုင်သေးဘူးတဲ့ ဒကာ ဒကာမ တို့၊ ကိလေသာဖြတ်တော့ သူက တဒင်္ဂ, သူက သမုစ္ဆေဒ ဖြတ်ရ တာကိုး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ၁နဲ့ ၂-နဲ့ ပေါင်းလို့ ကော (မရပါ ဘုရား)၊ ၁-နဲ့ ၂-မှတစ်ပါး တခြား တရားနဲ့ကော (မရပါ ဘုရား)။

ဒါဖြင့် အရေးအကြီးဆုံးဟာဖြင့် ၁-ရင့်မှုကို ရှင်သာရိ ပုတ္တရာ ဟောတာပဲ။ (မှန်ပါ့)။ ဘာပါလိမ့်။ (၁-ရင့်ဖို့ ဟောတာပါ ဘုရား)၊ ၁-မရင့် ရင်ဘယ်တော့မှ ၂-မလာဘူး။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၁-ရင့်ရင် ၂-လာပါစေတော့လို့ ဆုတောင်းရသလား။ (မတောင်းရပါ ဘုရား)၊ ကျေနပ် ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဝိဇ္ဇာရင့်မှ စရဏဖြစ်မှာ

အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိဇ္ဇာချည့်သက်သက် လည်း နိဗ္ဗာန်မရောက်နိုင်ဘူး။ စရဏချည့် သက်သက်လည်း (နိဗ္ဗာန် မရောက်နိုင်ပါ ဘုရား)၊ ဝိဇ္ဇာစရဏနှစ်ခု ဖြုန်းခနဲ လည်း ပေါင်းနိုင်တာမျိုး ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)၊ ဘယ်ဟုတ်လိမ့်မတုံးဗျ၊ စရဏရင့်မှ ဝိဇ္ဇာဖြစ်မှာ။ (မှန်ပါ့)၊ တစ်ခါ ပေါင်းပြီး သူတို့နဲ့ ရောက်တယ်လို့ ပြောလို့ကော တော်ပါ့ မလား (မတော်ပါ ဘုရား)၊ စရဏရင့်မှ ဝိဇ္ဇာဖြစ်မှာ၊ ရောပြီး မပေါင်းနဲ့။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

စရဏရင့်မှ (ဝိဇ္ဇာဖြစ်မှာပါ ဘုရား)၊ အဲဒီတော့ ပေါင်းပေးတဲ့ ပုဂ္ဂိုလ်က ရောပြီးမေးတာကိုးဗျ။ (မှန်ပါ့)၊ အဲဒီ အမေးကိုကော ရတယ်-မရတယ်လို့ ဘယ့်နှယ်ဖြေကြမလဲ။ (မရပါ ဘုရား)။

ဒါဖြင့် သူတို့နှစ်ပါးမှ ကင်းတဲ့ တရားနဲ့ကော (မရနိုင် ပါ ဘုရား)၊ ဘယ်မှာကင်းလို့ ရနိုင်မလဲ၊ ကင်းလို့ရတယ်ဆိုရင် ပုထုဇဉ်တွေ နိဗ္ဗာန်ရောက်ကုန်မှာပေါ့တဲ့။ (မှန်ပါ့)။

ဝိဇ္ဇာကို စရဏက ပို့ပါတယ်

အဲဒီတော့ ရှင်သာရိပုတ္တရာ၏ စိတ်ထားထက်မြက်ပုံ သိပလား။ (သိပါပြီ)၊ သူ ဘာအရေးတကြီး ပြောသတုံး။ (စရဏ အရေးတကြီး ပြောပါတယ် ဘုရား)၊ စရဏသာ ရင့်သန်ပါစေတဲ့၊ ဝိဇ္ဇာကို သူက ပို့ပါတယ်လို့ မပြောဘူးလား။ (ပြောပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

‘‘စရဏသမ္ပန္နော ယထာဘူတံ ဇာနာတိ ပဿတိ။ ယထာဘူတံ ဇာနံ ပဿံ အန္တကရော ဟောတိ။’’ (စတုက္ကနိပါတပါဠိ၊ ဥပဝါဏသုတ္တံ၊ ၄၈၂)

ဒကာ ဒကာမတို့ ‘‘စရဏသမ္ပန္နော ယထာဘူတံ ပဇာနာတိ’’ ကိုးဗျ။ ဒုက္ခဿ အန္တကရော ဟောတိ တဲ့။ စရဏနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင် ယထာဘူတဉာဏ်ရတယ်။ ရရင် မဂ်ဉာဏ်က ရ, ရတော့မယ်။ (မှန်ပါ့)၊ မရပေဘူးလား။ (ရမှာပါ ဘုရား)၊

ယထာဘူတဉာဏ်ရရင် နိဗ္ဗိန္ဒဉာဏ်ရမယ်။ နိဗ္ဗိန္ဒဉာဏ်ရရင် (မဂ်ဉာဏ်လည်း ရမှာပါ ဘုရား)၊ မဂ်ဉာဏ် ရနိုင်တော့မယ် ဆိုတော့ မောင်နိုင်၊ မောင်ဘမှီတို့ ဘာအရေးကြီး သတုံး။ (စရဏနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ် ဘုရား)၊ အဲ စရဏကလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်ပျက် မြင်တာဟာ ဘာခေါ်ကြမလဲ။ (စရဏပါ ဘုရား)၊ ခြေထောက်တပ် ပြီးပြီဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ခြေရှိတဲ့ ပုဂ္ဂိုလ်သွားနိုင်ပြီ။ သို့သော် ဟိုကျတော့ မစား တတ် မသောက်တတ် ဖြစ်နေတော့ ဒကာ ဒကာမတို့ ခေါင်း ကလေးတပ်ပါဦး။ (မှန်ပါ့ ဘုရား)၊ စရဏရင့်ရင် ခေါင်းပေါ် လာလိမ့်မယ်။ (မှန်ပါ့)၊ စရဏ မရင့်ရင်။ (ခေါင်းမပေါ်သေးပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါက လူလိမ္မာအလုပ်

ဒါဖြင့် ဒီဥစ္စာ ကျေနပ်ကြပလား။ (ကျေနပ်ပါပြီ ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒါ လူလိမ္မာ အလုပ်တွေဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့မနေ့က ဗာလ ပဏ္ဍိတသုတ်မှာ ဝိဇ္ဇာနဲ့ သူနဲ့ဖြတ်လိုက်လို့ရှိရင် လူလိမ္မာနဲ့ လူမိုက်လည်း ကိုစောမောင် မကွဲပေဘူးလား။ (ကွဲပါတယ် ဘုရား)။

လူမိုက်ဘယ်က စသတုံး

ကဲ ဒါဖြင့် လူမိုက်ဘယ်က စသတုံး။ (အဝိဇ္ဇာ က စပါတယ်)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ)၊ မသိလို့ ကုသိုလ် သင်္ခါရပြုတယ်၊ ကုသိုလ်ပြုပြီး ဘုံဘဝဆုတောင်းတယ်၊ ဘုံဘဝ ဆုတောင်းလို့ ဇာတိ ချောက်ထဲကျတယ်။ သင်္ခါရပစ္စယာ ဝိညာဏံ၊ မရဘူးလား။ (ရပါတယ်)၊ ဝိညာဏ်ရှိရင် နာမ်ရုပ် လာရမယ် ကိုစောမောင်။ (လာမှာပါ ဘုရား)၊ နာမ်ရုပ် လာလို့ရှိရင်ဖြင့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာတွေပေါ်မှာပဲ သဠာယတနတွေလာမယ်။ သဠာယတနခြောက်ပါး မလာပေ ဘူးလား။ (လာပါ တယ် ဘုရား)။

သဠာယတနလာရင် (ဖဿလာပါတယ်)၊ ဖဿ လာလို့ရှိရင် (ဝေဒနာလာပါတယ်)၊ ဝေဒနာလာလို့ရှိ ရင် (တဏှာလာပါတယ် ဘုရား)၊ တဏှာလာရင် (ဥပါဒါန်လာပါမယ်)၊ ဥပါဒါန် စွဲလမ်းမှုလာပြီနော်။ (မှန်ပါ့)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိ ပါ ဘုရား)၊ အဲ နောက် ဇာတိပြန်ရတယ်၊ မရဘူးလား။ (ရပါတယ်)၊ ဒါက အနာဂတ်ဘဝကိုး (မှန်ပါ့)၊ ဇာတိ ပစ္စယာ (ဇရာမရဏပါ ဘုရား)၊ ဒါ ဘယ်သူ၏ ပဋိစ္စသမုပ္ပာဒ် တုံး။ (လူမိုက်၏ ပဋိစ္စသမုပ္ပာဒ်ပါ ဘုရား)။

လူမိုက်မှာ ဝိဇ္ဇာစရဏ မပါဘူး

လူမိုက်၏ ပဋိစ္စသမုပ္ပာဒ် ဘာလိုနေသတုံး ဆိုတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ တဏှာကြားမှာ သူ့မှာ ဝိဇ္ဇာနဲ့စရဏ မပါဘူး။ (မပါ,ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘာမပါတာပါလိမ့်။ (ဝိဇ္ဇာနဲ့ စရဏ မပါ,ပါ ဘုရား)၊ ဝိဇ္ဇာနဲ့ စရဏ မပါဘူးဆိုတော့ တိုတိုပြောကြပါစို့ ဆိုတော့ သူ့မှာ ဝိဇ္ဇာ အသာထားဦး၊ စရဏကို မပါဘူး။ (မှန်ပါ့)၊ စရဏ မပါတဲ့ အတွက် ဝိဇ္ဇာကို သူရလိုက်သေးရဲ့လား။ (မရလိုက်ပါ ဘုရား)၊ မရလိုက်တော့ ဒကာ ဒကာမတို့ လူမိုက်သည် နောက် ပဋိသန္ဓေရတယ်။ (မှန်ပါ့)၊ အဲ ဗာလပဏ္ဍိတမှာ ပေါ် ပလား။ (ပေါ်ပါပြီ)။

ဒါဖြင့် လူမိုက်ဆိုတာ အားလုံး ဒကာ ဒကာမတွေ သူများကို ဓားနဲ့လိုက်ခုတ်၊ သူများကို သေနတ်နဲ့ လိုက်ပစ်နေတာ လူမိုက် မဟုတ်သေးဘူး။ နောက် ပဋိသန္ဓေ တောင်းတလုပ်တဲ့ ပုဂ္ဂိုလ်များ (လူမိုက်ပါ ဘုရား)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

နောက်ပဋိသန္ဓေ တောင်းတတဲ့ ပုဂ္ဂိုလ်များ လူမိုက်ဆိုတာ ဘယ့်နှယ်ကြောင့် တောင်းတ ပါလိမ့်မတုံးလို့ အမေးထုတ်ရင်၊ ကိုစောမောင် ဘာလိုနေသတုံး။ (စရဏလိုနေပါတယ် ဘုရား)၊ ဝေဒနာနဲ့ တဏှာကြားမှာ စရဏမသွင်းလို့ သူလူမိုက် ဖြစ်တာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် လူမိုက်ဖြစ်ရပါလိမ့်

ဘယ့်နှယ်ကြောင့် လူမိုက်ဖြစ်ရပါလိမ့်။ (ဝေဒနာနဲ့ တဏှာကြားမှာ စရဏ မသွင်းလို့ပါ ဘုရား)၊ စရဏမသွင်းဘူးဆိုတာ ဥပမာ၊ ဝေဒနာကို ဖြစ်ပျက်ရှုတယ်ဆိုတော့ စရဏမသွင်း ဘူးလား။ (သွင်းပါတယ်)၊ ဒီဘက်က ဝိညာဏ်တွေ ဖြစ်ပျက် ရှုရင်ကော။ (ကိုက်ပါတယ် ဘုရား)၊ နာမ်ရုပ်ကို နာမ်ကိုရှုချင် ရှု, ရုပ်ကို ရှုချင်ရှုကော မရဘူးလား။ (ရပါတယ် ဘုရား)၊ ဖဿခြောက်မျိုးရှုချင်ရှုဗျာ။ (ရပါတယ် ဘုရား)၊

ဒါဖြင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ- ဒီခြောက်ခုတစ်ခုခုကို သူဖြစ်ပျက် မရှုနိုင်တဲ့အတွက်သူ့မှာ စရဏ ကင်းနေ တယ်။ (မှန်ပါ့)၊ စရဏ ကင်းတဲ့အတွက် တဏှာ၊ ဥပါဒါန်ကံ အနာဂတ်ဘဝ အကြောင်းတွေ မလာဘူးလား။ (လာပါ တယ် ဘုရား)၊ အဲဒါကြောင့် အနာဂတ် အကျိုးဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ်တွေ ဘယ့်နှယ်နေသတုံး။ (ရပါတယ် ဘုရား)၊ ဒါ ဘယ်သူရဲ့ လမ်းပါလိမ့်။ (လူမိုက်ရဲ့ လမ်းပါ ဘုရား)။

စရဏကင်းတဲ့ ပုဂ္ဂိုလ်လူမိုက်

ဒါဖြင့် စရဏကင်းတဲ့ ပုဂ္ဂိုလ်ကိုလည်း ဘာဆိုကြမလဲ။ (လူမိုက်ပါ ဘုရား)။

ဒါဖြင့် လူမိုက်သည် လာတုန်းကလည်း အဝိဇ္ဇာအမှောင်ထဲက လာတယ်။ (မှန်ပါ့)၊ ဟိုမှာ ဇာတိ အမိဝမ်းခေါင်း မှောင်ထဲကော မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် အမှောင်ထဲက လာ၍ (အမှောင်ထဲသွားပါ တယ်)၊ အမှောင်ထဲရောက်ရရှာတယ်။ လာတုန်း ကလည်း အမှောင်ထဲက လာပါတယ်)၊ ရောက်ရာဌာနကလည်း (အမှောင်ထဲ ရောက်ပါတယ်)၊ နေတုန်းကလည်း (အမှောင် ထဲပဲ နေပါတယ်)၊ နေတုန်းကလည်း စရဏ ဘယ်တော့မှမပါဘူး။ (မှန်ပါ့)၊ ဝိဇ္ဇာကော (မပါ,ပါ ဘုရား)၊

ဒါဖြင့် အလာ အမှောင်, အနေအမှောင်, အရောက်အမှောင်- မှောင်သုံးချက်၊ ဒကာ ဒကာမတွေ ဒါ ဘယ်ပုဂ္ဂိုလ် ပါလိမ့်ဗျာ။ (လူမိုက်ပါ ဗျာ)၊ လူမိုက် ပဋိစ္စသမုပ္ပာဒ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ရှုတဲ့ဉာဏ် ဝင်လိုက်တယ်

ကဲ လူလိမ္မာ ပဋိစ္စသမုပ္ပာဒ် ကျတော့ ဒကာ ဒကာမ တွေ သိတဲ့အတိုင်း၊ လူလိမ္မာလည်း နောက်ဘဝက မသိတာက ဘာတုံး။ (အဝိဇ္ဇာပါ ဘုရား)၊ မသိလို့ဘဲ၊ သူလည်း ကုသိုလ် ပြုပြီး သကာလ ဘုံဘဝ တပ်နှစ်သက်တဲ့ တဏှာနဲ့ သင်္ခါရလုပ်ပြီး ဆုတောင်းပြန်တယ်။ တောင်းတော့ ဒကာ ဒကာမတွေ ဝိညာဏ် မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ သဘောကျပလား။ (ကျပါတယ် ဘုရား)၊

နာမ်ရုပ်ကော (ပေါ်ပါတယ်)၊ သဠာယတနဆိုတဲ့ ခြောက်ခုလည်းမပေါ်ဘူးလား။ (ပေါ်ပါ တယ်)၊ သဠာယတနပစ္စယာ (ဖဿ)၊ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)၊ ဝေဒနာလာတော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ အဲ သူက ဒီတဏှာ မလာဘူးတဲ့ ဒကာ ဒကာမတို့၊ ဒီကြားမှာ သူက စရဏနဲ့ ဝင်လိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

မဂ္ဂင်ငါးပါး ဝင်လိုက်တယ်

ဘာဝင်လိုက်သလဲ။ (စရဏ ဝင်လိုက်ပါတယ် ဘုရား)၊ ဖြစ်ပျက်ရှုတဲ့ဉာဏ် ဝင်လိုက်တယ်။ (မှန်ပါ့ ဘုရား)၊ မဂ္ဂင်ငါးပါး ဝင်လိုက်တယ်။ (မှန်ပါ့)။

မဂ္ဂင်ငါးပါးထဲမှာ ခင်ဗျားတို့ စဉ်းစားကြည့်ပါလား။ လောကီသီလကလည်း ပါနေပြီ။ မပါဘူးလား။ (ပါ,ပါတယ် ဘုရား)၊ လောကီသီလဟာ ခင်ဗျားတို့ အလုပ်လုပ်နေတော့ မယုံ လား။ (ယုံပါတယ် ဘုရား)၊ အဲ လောကီသီလက ပါနေတော့ စရဏက မပါသေးဘူးလား။ (ပါ,ပါတယ် ဘုရား)၊ ဖြစ်ပျက်ရှုနေတော့ သူတော်ကောင်း ရတနာ ပညာကလည်း ပါမနေဘူးလား။ (ပါနေပါတယ် ဘုရား)၊ ဖြစ်ပျက်မြင်ပါ ဆိုကတည်းက သမာဓိက တည်ငြိမ်အောင် မပြရင် ဖြစ်ပျက် မြင်ပါ့မလား။ (မမြင်ပါ ဘုရား)။

သူတော်ကောင်းနဲ့ သူယုတ်မာ ဘာထူးသလဲ

ဒါကြောင့် ဒကာ ဒကာမတို့ သူတော်ကောင်းနဲ့ သူယုတ်မာသည် ဘာထူးသလဲဆိုတာ၊ သူက ဝေဒနာ နောက်မှာ ကိုစောမောင် ဘာလာသလဲ။ (စရဏ လာပါတယ်)၊ ဒီ စရဏ ရင့်ကျက်တော့ ဘာဖြစ်သွားမလဲ။ (ဝိဇ္ဇာဖြစ်သွားပါ မယ်)၊ ဝိဇ္ဇာဖြစ်တော့ မဂ္ဂင်ရှစ်ပါး မလာဘူးလား။ (လာပါ တယ်)၊ လာကတည်းက ဒီက တဏှာဥပါဒါန်ဆိုတဲ့ သမုဒယက (ချုပ်ပါတယ်)၊ အနာဂတ်ဘဝတွေက (ချုပ်သွားပါတယ်)၊ ကဲ သဘောပါပလား (ပါ, ပါပြီ)။

ဪ ဒါဖြင့် ဒီစရဏကိုဖြင့် ဆရာဘုန်းကြီး ဆရာ ဘုန်းကြီး နည်းပေးတာ အားကိုး ရတော့မှာပဲ၊ သူ့ကိုမှ အားမကိုး လို့ရှိရင်ဖြင့် လူမိုက်တို့၏ သွားရာလမ်းကို သွားရမလား? (သွားရမှာပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ လူမိုက် ပဋိစ္စသမုပ္ပာဒ်နဲ့ လူလိမ္မာ ပဋိစ္စ သမုပ္ပာဒ်ကို အခုဒါဟာ သံယုတ် ပါဠိတော် လာတဲ့ ဗာလပဏ္ဍိတ သုတ်ကို ရှင်းပေးတာ။ (မှန်ပါ့)၊ ခုနင်က စရဏနဲ့ ဝိဇ္ဇာဆိုတာ က အင်္ဂုတ္တိုရ်က လာတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ နှစ်သုတ်ပေါင်းပြီး ဟောနေတယ်ဆိုတာ သဘော ပါကြပလား။(ပါ,ပါပြီ ဘုရား)၊

လူမိုက်ပဋိစ္စသမုပ္ပာဒ်က အနာဂတ် ဘဝနဲ့ဆက်တယ်။ လူလိမ္မာပဋိစ္စသမုပ္ပာဒ်က အနာဂတ်ဘဝ ပြတ်တယ်။ (မှန်ပါ့)၊ ဘာ့ကြောင့်တုံး ဆိုတော့ အနာဂတ် အကြောင်းဖြစ်တဲ့ တဏှာဥပါဒါန်ကံက ဘယ့်နှယ်နေ သတုံး။ (ချုပ်ပါတယ် ဘုရား)၊

ဒါကြောင့် အနာဂတ် အကျိုး တွေ ဘာဖြစ်သတုံး။ (ချုပ်သွားပါတယ် ဘုရား)။

လူလိမ္မာဖြစ်ချင်ရင် စရဏကြိုးစားပါ

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာဖြစ်ချင်ရင် စရဏ ကြိုးစားပါ။ ဖြစ်ပျက် မြင်အောင်လုပ်ပါ။ သဘောကျပလား။ (ကျပါပြီ)၊ စရဏမှတစ်ပါး ကျုပ်တို့ ကိုးစားစရာ ရှိရဲ့လား။ (မရှိပါ ဘုရား)၊ အဲ စရဏကနေပြီး စ,လိုက်လို့ရှိရင် ဝိဇ္ဇာ ရောက်မယ်။ (မှန်ပါ့)၊ ရှင်သာရိပုတ္တရာ မဖြေလား။ (ဖြေပါတယ်)၊ စရဏရင့်ရင် ဝိဇ္ဇာလာပါစေတော့လို့ တောင့်တ ရသေးသလား။ (မတောင့်တရပါ ဘုရား)။

ဒါ့ကြောင့် စရဏချည်း သက်သက်လည်း နိဗ္ဗာန်မရောက် ဘူးလို့ ဟောတော်မူသည်။ ဝိဇ္ဇာချည့် သက်သက်နဲ့ကော (မရောက်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ ပေါင်းပြီးသကာလ နေလို့ကော (မရောက်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ ကင်း၍ကော (မရောက်ပါ ဘုရား)၊ စရဏရင့်ကျက်ရင် (ဝိဇ္ဇာလာပါမယ်)၊ ဝိဇ္ဇာပေါ်လို့ရှိရင် အနာဂတ်အကြောင်း ဘာဖြစ်မလဲ (ပြတ်ပါ တယ်)၊ အနာဂတ် အကျိုးကော (ချုပ်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန် တည်တာတောင် ပညာရှိဖြစ်ပါပြီ။ (မှန်ပါ့)၊ သကဒါဂါမ်, အနာဂါမ် ရဟန္တာ မဖြစ်ပါနဲ့ဦး၊ သောတာပန် တည်တာတောင် ဒကာ ဒကာမတို့ ပညာရှိထဲ ပါ,ပါပြီ၊ ဝိဇ္ဇာ ဖြစ်လာပါပြီ။ (မှန်ပါ့)၊ အလွန် ခုနစ်ဘဝ ဆိုတော့ သူများလို အသေဆိုး အနန္တရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ဟာ တစ်ခါတည်းပဲ လေးမဂ်တန်းပြီး ရအောင် ကြိုးစားပါမယ်ဆိုတော့လည်း တကယ့်ပညာရှိထဲမှာ ကောင်းကောင်းကြီး ဝင်မသွားဘူးလား။ (ဝင်သွားပါပြီ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဘယ့်နှယ်ကြောင့် သံသရာရှည်ပါလိမ့်

ဒါဖြင့် ကျုပ်တို့ သံသရာရှည်တာ ဘယ့်နှယ်ကြောင့် ရှည်ခဲ့ပါလိမ့်မတုံး ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဘယ့်နှယ်ပေါ်ကြပါလိမ့်။ (စရဏ မလုပ်ခဲ့လို့ပါ)၊ စရဏကို လည်း ထူထူထဲထဲ မရှိခဲ့ဘူး။ (မှန်ပါ့)၊ ဒါ့ကြောင့် ဝိဇ္ဇာက ဘယ်တော့မှ မပေါ်ခဲ့ဘူး။ မပေါ်ခြင်းကြောင့် လူမိုက်တို့၏ သွားရာလမ်း ဖြစ်တဲ့ အမှောင်ထဲကလာ, အမှောင်ထဲမှာပဲနေ, သေတော့ (အမှောင်ထဲပြန်ရောက်)၊ နောက်တစ်ခါ အမှောင် ထဲကနေပြီးသကာလ အမှောင်တွေပဲ ဒါပြန်လှည့်တယ်။ (မှန်ပါ့)၊ အင်မတန်ကြောက်စရာ မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဗာလပဏ္ဍိတသုတ်နဲ့ကော ကိုက်ပလား။ (ကိုက်ပါပြီ)၊ ဗာလပဏ္ဍိတ သုတ်ကို ဘုရားက ဟောလိုက်တာက လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုံး။ လူမိုက်က နောက်ပဋိသန္ဓေ ရှိတယ်။ (မှန်ပါ့)၊ လူလိမ္မာက (နောက်ပဋိသန္ဓေမလာပါဘူး)၊ နောက် ပဋိသန္ဓေ မလာတာ ဘာခေါ်ကြမလဲ။ (လူလိမ္မာပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် လူမိုက်နဲ့ လူလိမ္မာသည် ပဋိသန္ဓေ နေမှု, မနေမှု ကွာရသတုံး ဆိုတော့ ဝိဇ္ဇာစရဏ မရှိတဲ့ ပုဂ္ဂိုလ်မှာ နောက်ပဋိသန္ဓေ မနေရဘူးလား။ (နေရပါတယ်)၊ လူမိုက် ထဲ မဝင်လား။ (ဝင်ပါတယ် ဘုရား)၊ ဝိဇ္ဇာစရဏရှိတဲ့ ပုဂ္ဂိုလ်မှာ (နောက်ပဋိသန္ဓေ မနေရပါ ဘုရား)၊ မနေရတော့ဘူး ဆိုတော့ ဪ ဝိဇ္ဇာစရဏ အတော်အရေးကြီးပါ ကလား။ (ကြီးပါတယ်)၊ ဒကာ ဒကာမတွေ ဝိဇ္ဇာစရဏ အရေးကြီးပုံ ပေါ်ပလား။ (ပေါ်ပါပြီ)။

ဘာကို အရေးတကြီးလုပ်ရမှာတုံး

ဒါဖြင့် ခင်ဗျားတို့ ဝိဇ္ဇာစရဏနှစ်ပါးတို့ကို ဘာအရေး တကြီးလုပ်ရမတုံး ကိုစောမောင်။ (စရဏကို အရေးတကြီး လုပ်ရပါမယ်)၊ စရဏရင့်လာရင် ဘာဖြစ်သတုံး။ (ဝိဇ္ဇာ အလိုလို ရမှာပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ကိုင်း စရဏရင့်လာရင်တော့ ဒီတဏှာတွေက လာသေးရဲ့လား။ (မလာပါ ဘုရား)၊ တဏှာဥပါဒါန်ကံ မချုပ်ဘူးလား။ (ချုပ်ပါတယ် ဘုရား)၊ စရဏထဲမှာလည်း လောကီပညာ ပါနေသောကြောင့် လောကီဝိဇ္ဇာ ပါမနေဘူးလား။ (ပါ,ပါတယ်)၊ ဒါဖြင့် သူက အဝိဇ္ဇာလည်းချုပ်တယ်။ ဒီနောက်က လိုက်မည့်တဏှာကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာက အဝိဇ္ဇာတဏှာချုပ် တယ်။ လူမိုက်က အဝိဇ္ဇာတဏှာ မချုပ်ပါ ဘုရား)၊ မချုပ်တဲ့အပြင် တဏှာဥပါဒါန်ကံဆိုတော့ ဒီအထဲမှာ အဝိဇ္ဇာကလည်း တွဲလျက် မနေဘူးလား။ (နေပါတယ်)၊ ဒီက စွမ်းရည်သတ္တိ လွတ်ကဲ့ လား။ (မလွတ်ပါ ဘုရား)၊

တစ်နည်းအားဖြင့်လည်း လောဘဖြစ်လို့ရှိရင် အဝိဇ္ဇာကပါတယ်။ (မှန်ပါ့)၊ ဥပါဒါန် ဖြစ်လည်း (ပါ,ပါ တယ်)၊ သဟဇာတအဖြစ်နဲ့ ပါလျက်ပဲ ဆိုတာ ငြင်းနေဖို့လိုသေးသလား။ (မလိုပါ ဘုရား)၊ အဲဒီ တော့ သူက အဝိဇ္ဇာနဲ့ တဏှာချုပ်ပါရဲ့လား။ (မချုပ်ပါ ဘုရား)၊ မချုပ်လို့ နောက်ပဋိသန္ဓေ လာတယ်။ (မှန်ပါ့)။

စရဏရင့်ရင် ဝိဇ္ဇာဖြစ်တော့မယ်

ဒီကတော့ စရဏနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်မြင် ကတည်းက ဝိဇ္ဇာမဖြစ်သေးဘူးလား။ (ဖြစ်ပါတယ်)၊ မြင်နေတဲ့ပုဂ္ဂိုလ်လည်း နောက်က တဏှာလာသေးရဲ့ လား။ (မလာပါ ဘုရား)၊ တဏှာ မလာတော့ အဝိဇ္ဇာနဲ့ တဏှာ မချုပ်လား။ (ချုပ်ပါတယ်)၊ တကယ်တမ်း စရဏရင့်လို့ ဝိဇ္ဇာ ဖြစ်တော့မယ် ဆိုလို့ရှိရင်၊ ဆိုင်ရာဆိုင်ရာ အဝိဇ္ဇာနဲ့ ဆိုင်ရာ ဆိုင်ရာ တဏှာတွေ ကော ပျမ်းမျှကြေး မချုပ်ပေဘူးလား။ (ချုပ်ပါတယ် ဘုရား)၊ ရဟန္တာဖြစ်အောင် ရှုလိုက်မယ်ဆိုရင် အကုန် မချုပ် သေးဘူးလား။ (ချုပ်ပါတယ်)၊ ချုပ်ခဲ့သော် ဒီတဏှာတွေ လာသေးရဲ့လား။ (မလာပါ ဘုရား)၊ ဒီ ဇာတိ, ဇရာ, မရဏ တွေကော။ (မလာတော့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာဖြစ်အောင် စရဏက နေပြီး ဝိဇ္ဇာဖြစ်အောင်လုပ်မှ ပဋိသန္ဓေ လွတ်မယ်။ (မှန်ပါ့)၊ နို့မဟုတ်ရင် လွတ်စရာ မြင်သေးရဲ့လား။ (မမြင်ပါ ဘုရား)၊ ဒီတော့ အင်မတန် အရေးကြီးတယ်ဆိုတာ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)။

ဘယ်နေရာမှာ စရဏသွင်းရမှာတုံး

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ စဉ်းစားစမ်းပါ၊ ဘယ် နေရာမှာ စရဏသွင်းရမှာတုံး။ (ဝေဒနာနဲ့ တဏှာကြားမှာ သွင်းရမှာပါ)၊ ပေါ်ပလား။ (ပေါ်ပါပြီ)။

ဒါ စာသံပါအောင် ပြောတော့၊ ဝေဒနာနဲ့ တဏှာကြား မှာ စရဏဖြစ်အောင် သွင်းရမယ် မပြောဘူးလား။ (ပြောပါ တယ်)၊ ဟုတ်ပါတယ် ဒကာ ဒကာမတို့၊ ဝေဒနာနောက်က တဏှာ မလိုက်လို့ ရှိရင်ဖြင့် စရဏသာ လိုက်တယ်။ (မှန်ပါ့)၊ စရဏ လိုက်ပေးတဲ့အခါကျတော့ ရှေ့ပိုင်းက ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ မရှိဘူးလား။ (ရှိပါတယ်)၊ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ် ဘာရှုရမတုံး။ (ဝေဒနာရှုရပါမယ်)၊ ဝေဒနာရှုလို့ရှိရင် ဝေဒနာက ဖြစ်ပျက်၊ ရှုတာက စရဏ။ (မှန်ပါ့)။

ဝေဒနာက ဖြစ်ပျက်၊ ရှုတာက စရဏ

ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား)၊ ဝေဒနာက အနိစ္စ ထားပါ။ ဝေဒနာက အနိစ္စ ရှုတာက (မဂ်ပါ ဘုရား)၊ အဲ စရဏပဲထားပါတော့။ မဂ္ဂလည်း ဟုတ်တာပဲ၊ စရဏကကော (ဟုတ်ပါတယ် ဘုရား)၊ မဂ်ဆိုတာက လောကီမဂ်ကိုး ဗျ။ ရိပ်မိပလား။ (ရိပ်မိပါပြီ)။

တစ်ခါ ဝေဒနာ မရှုချင်ပါဘုရား၊ ဖဿကို တပည့်တော် ဝါသနာပါတယ် ဆိုရင်ဖြင့် ရှုလိုက်တော့ ဖဿက အနိစ္စဖြစ်မယ်။ ရှုတာက (စရဏပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

အနိစ္စနဲ့ စရဏ တွဲလိုက်ပါ

ဒါဖြင့် အနိစ္စနဲ့ စရဏ တွဲလိုက်လို့ရှိရင်လည်း၊ ဒကာ ဒကာမတို့ ဒီဘက်က တဏှာဟာ ခဏခဏသေတယ်။ (မှန်ပါ့)၊ ဒီစရဏ ရင့်လာလို့ရှိရင် ဝိဇ္ဇာဖြစ်ရမယ်။ ဝိဇ္ဇာဖြစ်ရင် ဒါတွေလုံးလုံး သေတယ်။ (မှန်ပါ့)၊ ကိုက်ပလား။ (ကိုက်ပါပြီ ဘုရား)၊ တော်တော် အရေးကြီးပါလား ဆိုတာ မပေါ် ဘူးလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိဇ္ဇာနဲ့စရဏသည် အင်မတန် အရေးကြီးတယ်။ (မှန်ပါ့)၊ သို့သော် သူတို့နှစ်ခု မှာလည်း ဝိဇ္ဇာစရဏလို့သာ ဆိုရတယ်၊ ဘယ်သူက အရင်းခံ အရေးကြီး သလဲ။ (စရဏက အရေးကြီးပါတယ်)၊ စရဏရင့်တော့ ဝိဇ္ဇာ လာခဲ့လို့ ခေါ်ရသလား၊ အလိုလို ပေါ်သလား။ (အလိုလို ပေါ်ပါတယ် ဘုရား)၊ အလိုလိုပေါ်တော့ ကျုပ်တို့ သံသယ ရှိဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

လူလိမ္မာဖြစ်ချင်ရင်

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ္မာဖြစ်ချင်ရင် စရဏ ကြိုးစားပါ။ (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ)။

လူလိမ္မာဖြစ်ချင်ရင် (စရဏကြိုးစားရပါမယ် ဘုရား)၊ စရဏကြိုးစားလို့ လူလိမ္မာလည်း ဖြစ်ပါရော၊ ဒကာ ဒကာမတို့ နောက်သံသရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

ဒါဖြင့် ရှုစရာဘယ်နှမျိုးတုံး။ (ပဋိစ္စသမုပ္ပာဒ်နဲ့ ဝေဖန်လို့ ရှိရင်၊ ဝိပါကဝဋ်ရှုရင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဒီငါးခုဟာ ရှုစရာချည့်ပဲ။ သူ့နောက်က စရဏလိုက်ပေးပါ။) (မှန်ပါ့)။

ပစ္စုပ္ပန်ရှုရမယ်

ရှေ့ပိုင်းက ရှုစရာ ဘယ်နှမျိုးပါလိမ့်။ (ငါးမျိုးပါ ဘုရား)၊ အဝိဇ္ဇာသင်္ခါရ ကိုစောမောင်၊ အတိတ်ဘဝက နေခဲ့လို့ လွန်ခဲ့ပြီ။ (မှန်ပါ့)၊ ရှုလို့ဖြစ်သေးရဲ့လား။ (မဖြစ်ပါ ဘုရား)၊ အခုရှုရမှာက ဘာပါလိမ့်။ (ပစ္စုပ္ပန်ပါ)၊ ပစ္စုပ္ပန် ရှုရမယ် ဆိုတော့ ဘယ်နှမျိုးရှိသတုံး။ (ငါးမျိုးရှိပါတယ် ဘုရား)၊ ဘယ်ဟာတွေတုံး။ (ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာပါ ဘုရား)၊ အဲဒါတွေထဲက ကြိုက် ရာရှု။ (မှန်ပါ့)၊ ဝေဒနာ ရှုချင်လည်းရှု။ ဖဿရှုချင်ကော (ရှုရပါမယ်)၊ တစ်ခုရှုရင်လည်း အကုန်ပါ နိုင်တယ် ဆိုတာလည်း မှတ်လိုက်ကြတာပေါ့။(မှန်ပါ့)၊ ဒါက ဘုန်းကြီးဟောပြီးသား ပဲ၊ ခင်ဗျားတို့ သိပြီးသားတွေပဲ၊ သဟဇာတ သဘောတွေ ပဲ။ (မှန်ပါ့)။

ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုပါ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှုစရာလည်း ရှေ့ပိုင်းကပြပြီ။ နောက်က စရဏ ကလေး လိုက်လိုက်ပေးပါ ဆိုတာလည်း သေချာပြီ၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဆိုတော့ ခင်ဗျားတို့ ထမင်းစားတာ, ကျောက်ဝယ်တာ, ကျောက်ဝယ်လို့ကောင်းတဲ့ဆီကျအောင် မသွားဘူးလား။ (သွားပါတယ် ဘုရား)၊

အဲဒါကလေး ပေါ်တိုင်းပေါ်တိုင်း ဘာလုပ် ရမလဲ။ (ဖြစ်ပျက်ရှုရပါတယ်)၊ ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်က အနိစ္စ, ရှုတာက စရဏ (မှန်ပါ့)၊ အဲဒီ စရဏ ရင့်ရင် ဘာဖြစ်မတုံး။ (ဝိဇ္ဇာဖြစ်ပါမယ်)၊ ဆုတောင်းနေရ ဦးမှာလား။ (မတောင်းရပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဖြေဟာ အင်မတန် နက်နဲတယ်

ဒါကြောင့် ရှင်သာရိပုတ္တရာအဖြေဟာ အင်မတန် နက်နဲ တယ်ဆိုတာပေါ်လာပြီ။ (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုများ နက်နဲသတုံးဆိုတော့ ဝိဇ္ဇာချည့်သက်သက် နိဗ္ဗာန် ရောက်သလား ဆိုတော့ (မရောက်ပါ ဘုရား)၊ စရဏသက်သက်နဲ့ ချည့်ကော (မရောက်ပါ ဘုရား)၊ ဘယ်စရဏနဲ့ ရောက်မလဲ၊ စရဏရင့်မှ ဝိဇ္ဇာရောက်မယ်။ (မှန်ပါ့)၊ အဲဒီတော့ ရင့် မရင့်ကို သိချင်တာ။ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘာဟောလိုတာပါလိမ့်။ (စရဏရင့်မှ ဝိဇ္ဇာလာမှာ ပါ ဘုရား)၊ စရဏရင့်မှ ဝိဇ္ဇာလာမယ် ဆိုတော့ သူတို့သက်သက် ချည့် မေးနေရင် မရဘူးချည့် ဖြေရမှာပဲ။ (မှန်ပါ့)၊ မဖြေထိုက် ဘူးလား။ (ဖြေလိုက်ပါတယ် ဘုရား)။

စရဏရင့်မှု အဓိက

ဒါဖြင့် ၁-နံပါတ်က ဝိဇ္ဇာသက်သက်နဲ့ နိဗ္ဗာန်ရောက် မလား။ (မရောက်ပါ ဘုရား)၊ စရဏ သက်သက်နဲ့ (မရောက်ပါ ဘုရား)၊ ဝိဇ္ဇာစရဏ ရောနေလို့ကော (မရောက် ပါ ဘုရား)၊ ဝိဇ္ဇာစရဏမှ တစ်ပါးသော တရားနဲ့ကော (မရောက်ပါ ဘုရား)၊ ဒါဖြင့် ဘယ်လိုမှ ရောက်မလဲ။ (စရဏ ရင့်မှ ဝိဇ္ဇာလာပါမယ်)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ စရဏရင့်မှုကို ပဓာနထားပြီ။ (မှန်ပါ့)။

တစ်ခုတည်းနဲ့တော့ မရောက်ဘူး ပြောကတည်းက ဘာကို ပဓာနထားသတဲ့။ (စရဏရင့်မှုကို ပဓာနထားပါတယ်)၊ စရဏရင့်မှုကို အဓိက မထားဘူးလား။ (ထားပါတယ် ဘုရား)၊ စရဏရင့်တော့ ဝိဇ္ဇာ လာပါစေတော့လို့ ကိုစောမောင်က ဆုတောင်းရဦးမှာလား။ (မတောင်းရပါ ဘုရား)၊ ဒါ့ကြောင့် ခုနင်က တစ်ခုစီပြောင်းမေးရင် အကုန်ပယ်တဲ့ သဘော ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)။

စရဏဆိုတာ ဖြစ်ပျက်ရှုတာ

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလိုနေပါလိမ့်။ (စရဏ လိုနေပါတယ်)၊ စရဏဆိုတာ ဘာပါလိမ့်မလဲ မေးတော့ ဖြစ်ပျက် ရှုတာ (မှန်ပါ)၊ အဲဒါရင့်သွားရင် (ဝိဇ္ဇာဖြစ်ပါတယ်)၊ ဝိဇ္ဇာ ဆိုတာ မဂ်ပဲမဟုတ်လား။ (မှန်ပါ့)။

ကိုင်း ဒါဖြင့် အားငယ်စရာများကော ပါသေး သလား။ (မပါ,ပါ ဘုရား)၊ လူလိမ္မာကော ဖြစ်ပလား။ (ဖြစ်ပါပြီ ဘုရား)၊ လူလိမ္မာဖြစ်တာ ဘယ်အကြောင်းကြောင့် သိရသတုံးဆိုတော့ သူ့နောက်က တဏှာက လာသေးသလား။ (မလာပါ ဘုရား)၊ ဥပါဒါန် (မလာပါ ဘုရား)၊ ကံကော (မလာပါ ဘုရား)။

ဪ လူမိုက်နဲ့ လူလိမ္မာ ဘာထူးပါလိမ့်ဆိုတော့ ဝေဒနာနဲ့ တဏှာကြားမှာ လူလိမ္မာက စရဏ သွင်းတယ်။ (မှန်ပါ့)၊ လူမိုက်က။ (မသွင်းနိုင်ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဒါဖြင့် လူမိုက် လူလိမ္မာဟာ ဒါကို အဓိကထားပြီး ခွဲတာ။ သဘောကျပလား။ (ကျပါပြီ)။

ဝေဒနာနောက်က စရဏလိုက်ပါ

ဒါကြောင့် မနေ့ကပြောခဲ့တယ်၊ ခင်ဗျားတို့ သောတာပန် တည်ချင်လို့ရှိရင်လည်း ဝေဒနာ နောက်က စရဏလိုက်ပါ။ (မှန်ပါ့)၊ သကဒါဂါမ်, အနာဂါမ် တည်ချင်လို့ရှိရင်ကော (ဝေဒနာနောက်က စရဏလိုက်ရပါမယ် ဘုရား)၊ ရဟန္တာဖြစ်ချင် ရင်ကော (ဝေဒနာနောက်က စရဏလိုက်ရပါမယ် ဘုရား)၊ ဘုရား ဖြစ်တာတောင် (ဝေဒနာနောက်က စရဏလိုက်ရ ပါမယ် ဘုရား)၊ စရဏ လိုက်ပေးရမယ်။ တဏှာ လာနေရင်တော့ ဖြစ်မှာမဟုတ်ဘူး။ (မှန်ပါ့)။

ဒါကြောင့် မနေ့က ခင်ဗျားတို့ ထူးထူးခြားခြားပဲ ပြော လိုက်တယ်။ ဘုရားက ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တယ် ဆိုတာဟာ ဝေါဟာရပါ။ (မှန်ပါ့)၊ ဝေဒနာနဲ့ တဏှာကြား မှာ စရဏ ဝင်လိုက်တာ ဘာဖြစ်သွားသတုံး။ (ဘုရားဖြစ် သွားပါတယ် ဘုရား)၊ အဲ ဝိဇ္ဇာစရဏသမ္ပန္နဆိုတာ ဒီနေရာမှာ ဖြစ်တာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဗောဓိပင်နဲ့ ရွှေပလ္လင်က ကံကြောင့်ဖြစ်တာ။ (မှန်ပါ့)၊ ဒါက သီလ, သမာဓိ, ပညာကြောင့်ဖြစ်တာ။ (မှန်ပါ့)။

ဒါဖြင့် ဘုရားအစစ်က ဗောဓိပင်နဲ့ ရွှေပလ္လင်က ဘုရား လား ကိုစောမောင်။ (မဟုတ်ပါ ဘုရား)၊ ဝိဇ္ဇာစရဏနဲ့ ပြည့်စုံ တာကမှ (ဘုရားအစစ်ပါ ဘုရား)၊ ခင်ဗျားတို့လည်း ဝိဇ္ဇာ စရဏ ပြည့်စုံရင် ကိုယ့်သောတာပန်, ကိုယ့်သကဒါဂါမ်, ကိုယ့် အနာဂါမ်ဖြစ်မယ်၊ ကိုယ်နဲ့ ထိုက်တန်သလို (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အာသဝေါတရားကုန်တဲ့ဉာဏ်

ဘုရားမှာတော့ ပုဒိအာ ဆိုတော့ ဝိဇ္ဇာသုံးပါးကိုးဗျ။၊ ကျုပ်တို့မှာတော့ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်တော့ ရမှာ မဟုတ်ဘူး။ အာသဝေက္ခယ ဉာဏ်တော့ ရနိုင်ပါလိမ့်မယ်။ (မှန်ပါ့)၊ အာသဝေါ တရားကုန်တဲ့ ဉာဏ်ကတော့ မရနိုင်ပေဘူးလား။ (ရနိုင်ပါတယ် ဘုရား)၊

အဲဒါက ဒကာ ဒကာမတို့ သူ့ပါရမီနဲ့ သူကိုးဗျ။ ကျုပ်တို့မှာ တော့ တစ်ဉာဏ်တော့ ရနိုင်ပါ လိမ့်မယ်။ အာသဝေါကုန်တဲ့ ဉာဏ်တော့ (ရနိုင်ပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရား ဘယ်နေရာမှာဖြစ်သတုံး။ (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)၊ ဝေဒနာနဲ့ တဏှာ ကြားမှာ ဝိဇ္ဇာနဲ့ စရဏပေါ်တယ်။ (မှန်ပါ့)။

ဘုရား၊ ရဟန္တာ၊ ဘယ်နေရာမှာဖြစ်သတုံး

သောတာပန် ဘယ်နေရာဖြစ်သတုံး။ (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)၊ သကဒါဂါမ်, အနာဂါမ် ဘယ်နေရာမှာ ဖြစ်သတုံး။ (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)၊ ဒီနေရာ မှာ ဝိဇ္ဇာနဲ့စရဏ ပေါ်တယ်။ (မှန်ပါ့)၊ ရဟန္တာ ဘယ်နေရာ ဖြစ်သတုံး။ (ဝေဒနာနဲ့ တဏှာကြားမှာပါ ဘုရား)၊ ဘာပေါ် သတုံး (စရဏပေါ်ပါတယ်)၊ စရဏပေါ်လို့ ဝိဇ္ဇာကော မရပေဘူးလား။ (ရပါတယ် ဘုရား)။

အဲဒါကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တော် မူတယ်။ ဘယ်တောင်ခေါင်း လိုဏ်ဂူမှာ ရဟန္တာ ဖြစ်သွားတယ် ဆိုတာက ဗဟိဒ္ဓနေရာဌာနပါ။ (မှန်ပါ့)၊ အဇ္ဈတ္တက ဘုရား ဖြစ်တာ၊ ရဟန္တာ ဖြစ်တာ အစစ်က ဝေဒနာနဲ့ တဏှာကြားမှာ စရဏဝင်လို့ချည့် မှတ်ပါ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။