289

တရားသည်သာကိုးကွယ်ရာ

အသံဖိုင်ခေါင်းစဉ်= တရားအားထုတ်မှ နိဗ္ဗာန်ရပုံတရာတော်

စာအုပ်ခေါင်းစဉ်= တရားသည်သာကိုးကွယ်ရာ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားတော်မူသောတရားတော်

တရားသည်သာကိုးကွယ်ရာ

ဟောကြားသည့်နေ့

(၂-၁၂-၆၁)

ဒကာ ဒကာမတို့ သန္တာန်မှာပေါ်နေတဲ့ တရားနာတဲ့စိတ်၊ သီလယူတဲ့စိတ် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ’’ ဆိုတဲ့ ယူတဲ့စိတ်တွေဟာ ရှိပါတယ်နော် (ရှိပါတယ်)၊ ဒီစိတ်တွေကို သစ္စာဖွဲ့ ရလိမ့်မယ်နော် (မှန်ပါ့)။

ဒီစိတ်တွေကို သစ္စာဖွဲ့တော့ ဒကာ ဒကာမတို့သိတဲ့ အတိုင်း၊ ခင်ဗျားတို့ရထားတာက ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတော့ ဒီဒုတိယပိုင်းထဲမှာ လာနေတယ် (နေပါတယ် ဘုရား)။

မနာယတခုဆိုတာစိတ်ပဲ

ဪ -ဒီထဲမှာ သဠာယတနထဲပါတဲ့ မနာယတနဆိုတာ က စိတ်ပဲ (မှန်ပါ့)၊ ဒါဖြင့် ဒုတိယ ၂ နံပါတ်ထဲမှာ ပဋိစ္စ သမုပ္ပါဒ် စက်ဝိုင်းမှာပါနေတယ် (ပါနေပါတယ် ဘုရား)၊ ပါနေတော့ အခု တရားနာတဲ့ စိတ် ဟုတ်လား (မှန်ပါ့ ဘုရား)၊ တရားနာတဲ့စိတ်၊ သီလယူတဲ့စိတ်တွေဟာ ဪ ဒုတိယ ပိုင်းထဲပါနေပါကလားဆိုတာ သိပေးပါ (မှန်ပါ့)။

ဘာဖြစ်လို့တုံး ဆိုတော့ ခင်ဗျားတို့ရဲ့ အတိတ်ဘဝ က အဝိဇ္ဇာသင်္ခါရဆိုတာ မြင်တဲ့အတိုင်း ၁-နံပါတ်ကနော် (မှန်ပါ့ ဘုရား)။

အဲဒီအဝိဇ္ဇာသင်္ခါရကပြုလုပ်လိုက်တဲ့အတွက် ယခုအခါ မှာ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆို သဠာ ယတနထဲမှာ ခြောက်ခုမြောက် စိတ်ပါမလာဘူးလား (ပါ လာပါတယ် ဘုရား)။

ကောင်းပြီ ဒီစိတ်သည်ကားလို့ ဆိုရင်ဖြင့် အဝိဇ္ဇာ သင်္ခါရတည်းဟူသော သမုဒယသစ္စာကြောင့် ၁ နံပါတ် သမုဒယ သစ္စာကြောင့် ၂ နံပါတ်ဆိုတဲ့အထဲမှာ ယခုဘဝပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ အခုပေါ်တဲ့ စိတ်တွေ ဟူသရွေ့ သည် ၂ နံပါတ်ထဲမှာ ပေါ်တယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

စိတ်တွေဟာဒုက္ခသစ္စာ

အခုပေါ်တဲ့စိတ်တွေဟာ (၂ နံပါတ်ထဲမှာ ပေါ်ပါ တယ် ဘုရား)၊ ဒါဖြင့် ၁ နံပါတ် သမုဒယသစ္စာက လုပ်လိုက်လို့ ၂ နံပါတ် ဒုက္ခသစ္စာ စိတ်တွေ ပေါ်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ၂ နံပါတ်စိတ်ကို ဘာသစ္စာဆိုကြမယ် (ဒုက္ခ သစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ ဒီအထဲမှာ သဠာယတနဆိုတဲ့ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မန ထဲက မနဆိုတာ စိတ်လို့မှတ်ပါ (မှန်ပါ့)။

ဒါဖြင့် အခုတရားနာတဲ့ စိတ်တွေ၊ သီလယူတဲ့ စိတ်တွေ၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ စိတ်တွေ၊ ရောင်း ရေးဝယ်ရေးနဲ့ ပတ်သက်တဲ့ စိတ်တွေ ဒါတွေဟာ ၂ နံပါတ်ထဲမှာ ပါလာတယ် (ပါလာပါတယ် ဘုရား)၊ ပါတော့ ဒီစိတ်တွေကို ဒကာ ဒကာမတွေ ကြည့်လိုက်၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)။

ဘာဖြစ်လို့ဒုက္ခသစ္စာခေါ်ပါလိမ့်

ဪ ပဋိစ္စသမုပ္ပါယ်ဒေသနာတော်ကြီးက ပြနေ တော့ ဒုက္ခသစ္စာပဲဆိုတာ သိပြီနော် (သိပါပြီ ဘုရား)၊ ဒုက္ခ သစ္စာဆိုတာသည်ကား ဘာဖြစ်လို့ ဒုက္ခသစ္စာခေါ်ပါလိမ့်မလဲ မေးလို့ရှိရင်ဖြင့် စိတ်ကလေး တစ်ခု ပေါ်လာတယ်၊ သီလယူတဲ့ စိတ်ကလေးတစ်ခု ပေါ်လာတယ်၊ သီလယူတဲ့ စိတ်ကလေး ပေါ် လာလည်း ပျက်သွားတယ် (မှန်ပါ့)၊

တော်တော်ကြာ အား ထုတ်ပြန်ပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ပေါ်အောင်လုပ်တဲ့ စိတ်ကလေး အားထုတ်ရပြန်ပြီ၊ ပျက်သွားပြန်ပြီ (မှန်ပါ့ ဘုရား)၊ တော်တော်ကြာ ဘုန်းကြီးက ချပေးပြန်တော့ ဓမ္မံ သရဏံ ဂစ္ဆာမိ” ဆိုတော့ ဒကာ ဒကာမတွေကလည်း “ဓမ္မံ သရဏံ ဂစ္ဆာမိ”ဆိုတော့ ဒကာ ဒကာမတွေကလည်း “ဓမ္မံ သရဏံ ဂစ္ဆာမိ” ပေါ် အောင် စိတ်ကလေး လုပ်ရပြန်တယ် (လုပ်ရပါတယ် ဘုရား)။ နောက်ပြီးတော့ “သံဃံ သရဏံ ဂစ္ဆာမိ”ပေါ်အောင် စိတ်ကလေး လုပ်ရပြန်တယ်၊ မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား)။

ခဏခဏပေါ် ခဏခဏပျောက်

ဒါဖြင့် ဒီစိတ်ကလေးတွေဟာ ခဏခဏပေါ်, ခဏခဏ ပျောက်သောကြောင့် အနိစ္စ၊ ဒုက္ခသစ္စာ, (မှန်လှပါ)၊ အနိစ္စပဲ (ဒုက္ခ သစ္စာပါ)၊ အနိစ္စ လည်း ဟုတ်တာပဲ (ဟုတ်ပါတယ်)၊ ဒုက္ခသစ္စာလည်း (ဟုတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေကို ယခု သီလ ယူနေရတာ ခင်ဗျားတို့ကတော့ ကောင်းတယ်၊ သီလနဲ့ နေရတာ အကောင်းဆုံး၊ သီလ ဆောက်တည်ပြီး နေရတာ အကောင်းဆုံး၊ ဝိပဿနာ အားထုတ်ပြီး နေရတာ အကောင်းဆုံးလို့ ထင်တော့ ထင်ကြတာပဲ (မှန်ပါ့ ဘုရား)။

ကောင်းတော့ ကောင်းပါတယ်၊ နောင်ရေး ကောင်းတယ် ယခုလုပ်နေတာကတော့ဖြင့် ဒုက္ခသစ္စာပဲ (မှန်လှပါ)၊ ယခု ဖြစ်ပေါ်နေတာက (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီတော့ ဒကာကြွယ် ဒုက္ခသစ္စာ အထူးရှာစရာလား အခုပေါ်တဲ့စိတ်ကြည့်လိုက်ရင် ဒုက္ခသစ္စာ တွေ့တာပဲ မဟုတ်လား (တွေ့ပါတယ် ဘုရား)။

ဘာပဲပေါ်ပေါ် ဒုက္ခသစ္စာ

ဘာဖြစ်လို့လို့မေးတဲ့အခါကျတော့ ဒကာ ဒကာမ တွေ ရှင်းပြီးသား လင်းပြီးသားပဲတဲ့၊ ဒီခန္ဓာကိုယ်ထဲမှာ ယခုအချိန် ဘာပဲပေါ်ပေါ် ဒုက္ခသစ္စာတဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဖြစ်လို့တုံး၊ ၂ နံပါတ်ထဲမှာနေရတာကိုး (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာပစ္စယာသင်္ခါရာဆိုတဲ့ ၁ နံပါတ်ကအကြောင်း ဆက်လိုက်လို့ ၂ နံပါတ် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတော့ သဠာယတနထဲပါတဲ့ စိတ်တွေ ဟူသရွေ့ဟာ ဒကာကြွယ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒုက္ခသစ္စာလို့ အမှန်တကယ် သိဖို့ရာ သာ အရေးကြီးတယ်၊ ဒုက္ခသစ္စာကတော့ ရှိပြီးသားပါကလားလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ အနိစ္စလည်းရှိပြီးသား၊ ဒုက္ခသစ္စာ လည်းရှိပြီးသား (ရှိပြီးသားပါ ဘုရား)၊ အနိစ္စနဲ့ ဒုက္ခသစ္စာကို လည်း မောင်ဘသော်တို့က တခြားစီလို့ မှတ်မနေနဲ့ (မှန်လှ ပါ)၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မဟူသရွေ့ သည် ဒုက္ခသစ္စာချည်း မှတ်လိုက် (မှန်လှပါ ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားကို ဘာဆိုကြ မယ် (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာချည်း မှတ်ထားတော့ကိုတဲ့၊ ပဋိစ္စ သမုပ္ပါဒ်ကိုကြည့်ပါ၊ ၂ နံပါတ်ထဲမှာ ပေါ် သရွေ့တရား၊ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။

သမုဒယသစ္စာကြောင့်ဖြစ်တဲ့တရား

အဲဒီတော့ ဒကာကြွယ် ရှင်းနေပြီ (ရှင်းပါတယ် ဘုရား)၊ ၂ နံပါတ်ထဲ ပေါ်သရွှေ့တရားဟာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဘာကြောင့် ဒုက္ခသစ္စာတွေလို့ သူ့ကိုဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သမုဒယသစ္စာကြောင့် ဖြစ်တဲ့တရားတွေ (မှန်ပါ့)။

အဝိဇ္ဇာသင်္ခါရ ဆိုတာက၊ ဒီကြည့် ဒကာ ဒကာမတို့ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါ်တယ် (မှန်ပါ့ ဘုရား)၊ အဝိဇ္ဇာသင်္ခါရက သမုဒယသစ္စာ ရှင်းပြီလား (ရှင်းပါပြီ)၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေက (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် အခု တို့သန္တာန် ဘာတွေများ ရှိနေပါ လိမ့်မတုံးလို့ တွေးကြည့်ရင် သိပါပြီ (သိပါပြီ ဘုရား)၊ ဘာတွေရှိသလဲ (ဒုက္ခသစ္စာတွေရှိပါတယ် ဘုရား)၊ ဘာပဲ လုပ်လုပ် ခင်ဗျားတို့ ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမရှိဘူး (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာစိတ်ပဲ ရှိတော့တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဝိပဿနာရှုတော့ ဒီ ၂ နံပါတ်ပေါ်တဲ့ စိတ်တွေပဲရှိမှာပဲ (မှန်ပါ့)၊ ခင်ဗျားတို့ သန္တာန် ပေါ်တာ ၂ နံပါတ်စိတ် မှတစ်ပါး ၂ နံပါတ်အတွင်းမှာ ပါတဲ့ စိတ်မှတစ်ပါး တခြားသောစိတ်ရှိရဲ့လား (မရှိပါ ဘုရား)၊

မရှိတော့ ဒီတရားတွေကဖြစ်ပျက် ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာပဲလို့ ဆိုတာကို ဝိပဿနာ ရှုတော့ကို ဒကာ ဒကာမတွေ ရှာနေဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ ကိုယ့်သန္တာန် ပေါ်တဲ့ စိတ်ဟူသရွေ့ ဘာဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

နာကျင်မှဒုက္ခသစ္စာလို့ထင်နေတယ်

ဪ ဒကာကြွယ် ဒုက္ခသစ္စာ ရှာရသေးသလား (မရှာရပါ ဘုရား)၊ ရှေးတုန်းကတော့ ဒကာ ဒကာမတွေက ဒုက္ခသစ္စာဆိုတာ ဘာပါလိမ့်မတုံးဆိုတဲ့ တွေးလုံးတွေ ထုတ်နေတယ်၊ ဪ နာမှ ကျင်မှ ကိုက်မှ ခဲမှလို့ ဒါဒုက္ခသစ္စာလို့ ထင်နေကြတယ် (မှန်ပါ့ ဘုရား)၊ မဟုတ်ပါဘူးတဲ့၊ ခင်ဗျားတို့ သန္တာန်ထဲ ပေါ်ချင်တာပေါ်တဲ့၊ ရုပ်ပေါ်ပေါ်၊ နာမ်ပေါ်ပေါ် ပေါ်ချင်တာပေါ်ပါ။

ပေါ်တဲ့တရားဟူသရွေ့ဟာ ဖြင့် မောင်ဘသော် ဒုက္ခသစ္စာချည့်ပဲ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ၂ နံပါတ်ထဲပေါ်တဲ့ တရားဟူသရွေ့ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ်၊ ခန္ဓာကိုယ် ဉာဏ်လှည့်လိုက်လို့ ရှိရင် ဘာတွေ တွေ့မယ် ထင်သလဲ (ဒုက္ခသစ္စာတွေ တွေ့ပါ တယ် ဘုရား)၊ နာမည်သာပြောင်းတယ် (မှန်ပါ့)၊ နာမည် ပြောင်းလိုက်တော့ အနိစ္စ တွေ့ပါတယ်ဘုရား၊ ဒုက္ခ တွေ့ပါတယ် ဘုရား၊ အနတ္တ တွေ့ပါတယ်ဘုရား (မှန်လှပါ)၊ ဒုက္ခသစ္စာထဲ အကုန်ဝင်တာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာထဲ အကုန်ဝင်ပါလိမ့် (ဒုက္ခသစ္စာထဲ အကုန်ဝင်ပါတယ် ဘုရား)။

အဲဒီတော့ ဒုက္ခသစ္စာထဲဝင်တာတွေကို ဒကာ ဒကာမ တွေက ဥပမာ-ဘုန်းကြီးက စိတ္တာနုပဿနာ ပေးထားတယ်ဆို ပါတော့ (မှန်လှပါ ဘုရား)၊ စိတ္တာနုပဿနာ ပေးထားတော့ ဒကာကြွယ့် သန္တာန်၊ မောင်ဘသော်တို့ သန္တာန်၊ ဦးလှဘူးတို့ သန္တာန် စားချင်တဲ့စိတ်ပေါ်လည်း ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ အိပ်ချင်တဲ့စိတ် ပေါ်လည်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဘယ်နှယ်ကြောင့် သူ့ကို ဒုက္ခသစ္စာလို့ ဆိုင်းဘုတ် နာမည်ပေးရပါလိမ့်မလဲလို့ မေးလို့ရှိရင် သူဖြစ်ပြီး ပျက်တယ် (မှန်ပါ့)၊ ရှင်းပလား၊ (ရှင်းပါပြီ)။

ဘယ်လိုကြောင့်ပါလိမ့် (ဖြစ်ပြီးပျက်လို့ပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ တရားကို “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” ဒုက္ခသစ္စာ ပျက်စီးခြင်း လက္ခဏာရှိတယ် (မှန်ပါ့)၊ ဖြစ်ပြီးပျက်တဲ့ တရားကို (ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ)၊ ဒါဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အနိစ္စလည်း ဒုက္ခသစ္စာမှတ်ပါ

ဒါဖြင့် အနိစ္စလည်းဒုက္ခသစ္စာမှတ်လိုက် (မှန်ပါ့)၊ ဒုက္ခလည်း (ဒုက္ခသစ္စာပါ ဘုရား)၊ အနတ္တဟာလည်း (ဒုက္ခသစ္စာပါပဲ)၊ ဒုက္ခသစ္စာချည်းလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တဲ့ အခါကျတော့ ဪ တို့မှာဖြင့် တို့သန္တာန်ပေါ်သရွေ့ ဘယ်စိတ်ပေါ်ပေါ် ဒုက္ခသစ္စာလို့ရှုရုံပဲ (မှန်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကိုဖြစ်ပြီး ပျက်တာကလေး တွေ့လိုက် ပြန်တယ်၊ အင်း ဟင် အနိစ္စလို့ ဒကာကြွယ် ဆိုချင်လည်း ဆိုလိုက်၊ အနိစ္စလို့ မှတ်ချင်လည်း မှတ်လိုက်တာပေါ့ (မှန် လှပါ ဘုရား)၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ အနိစ္စလည်း ဒုက္ခသစ္စာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝိပဿနာရှုတဲ့ အခါကျတော့ ဒကာ ဒကာမတို့ စိတ်ကိုဝိညာဏ်လို့ ခေါ်တယ်နော် (မှန်လှပါ ဘုရား)၊ စိတ်ကို ဘယ်လိုခေါ်ပါလိမ့် (ဝိညာဏ်လို့ ခေါ်ပါတယ် ဘုရား)၊ ဝိညာဏ်လို့ ခေါ်တယ်ဆိုတာ သိပြီနော် (မှန်ပါ့ ဘုရား)။

မြင်စိတ်ကလေး

ဒါဖြင့် မြင်စိတ်ကလေးပေါ်လာတယ်၊ အဆင်းတစ်ခုကို မြင်တဲ့စိတ်ပေါ့ဗျာ (မှန်ပါ)၊ ဒါကလေးက မြင်ပြီး ပျက်တာပဲ (မှန်ပါ့ ဘုရား)၊ အဆင်းက ပျက်တာကို မယူလိုက်ပါနဲ့ (မှန်ပါ့)၊ မျက်လုံးထဲက မြင်တတ်တဲ့ စိတ်ကလေးဟာ မြင်ပြီး ပျက်တာကို ယူပါ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အဲဒီစိတ်ကလေးဟာ ဝိညာဏ်လို့ခေါ်တော့ ဝိညာဏံ အနိစ္စ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဝိညာဏံ (အနိစ္ပါ ဘုရား)၊ ဪ ဒါဖြင့် ဒီညာဏ် ကလေးဟာ ဒကာ ဒကာမတို့ သိတဲ့ အတိုင်းတဲ့၊ ဒီအထဲမှာ မနာယတနထဲမှာ ပါတဲ့ဝိညာဏ်သည် အနိစ္စတရားကလေး (မှန်ပါ့)၊ ဒီအနိစ္စ တရားကလေး ဘာပါလိမ့်မလို့ ဒကာကြွယ်က တွေးမနေပါနဲ့၊ ဒီကြည့်လိုက်၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒီထဲပါတာပဲ (မှန်ပါ့)၊ ဒီထဲပါတော့ ဪ ဒုက္ခ သစ္စာဟုတ် မဟုတ်ကို သေသေချာချာ ဝေဖန်ရင်တော့ သမုဒယ သစ္စာကလုပ်တဲ့တရားဟူသရွေ့ ဒုက္ခသစ္စာဆိုတော့ အဝိဇ္ဇာ သင်္ခါရက ဘာသစ္စာတဲ့ (သမုဒယသစ္စာပါ ဘုရား)၊ သူက ဆက်စပ်ပြီးလုပ်လိုက်တဲ့ အတွက် ဒီထဲပါတဲ့ စိတ်တွေဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ လာဖြစ်တယ် ဆိုတာသိသွားပြီ (သိသွားပါပြီ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ)။

ဒုက္ခသစ္စာမှတစ်ပါးမရှိ

ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးမှာ ဒကာ ဒကာမတွေသိတဲ့အတိုင်းတဲ့၊ ဒုက္ခသစ္စာမှ တစ်ပါး ခင်ဗျားတို့ ခန္ဓာထဲ ဘာမှမရှိဘူး (မရှိပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာဝိပဿနာ ရှုရမှာတုံးလို့ အခြေအမြစ်နဲ့တကွ သေသေချာချာ ရှာတဲ့အခါ ကျတော့ ဪ သမုဒယက ဖြစ်တဲ့တရား ဟူသရွေ့၊ ဒုက္ခသစ္စာချည်းလို့ မှတ်လိုက် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာပေါင်းလိုက်တော့ အဝိဇ္ဇာသင်္ခါရတည်းဟူ သော သမုဒယသစ္စာက ဖြစ်စေတဲ့ တရားကို ဒီဒုတိယဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့တရားတွေဟာ သမုဒယသစ္စာ ကြောင့်ဖြစ် သောကြောင့် အကုန်ဒုက္ခသစ္စာပဲ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ပုံစံတွေ ကြည့်ပါ၊ ပုံစံတွေကြည့်ပါ ဒကာ ဒကာမတွေ၊ ယခုပေးထားတဲ့ ပုံစံတွေကြည့်လိုက်တော့ ဘာသစ္စာ တွေ့သလဲ (ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)။

သူ့ကို ဘယ်နှယ်ကြောင့် ဒကာ ဒကာမတွေက ဒုက္ခ သစ္စာဆိုကြသတုံး (သမုဒယသစ္စာက ဖြစ်စေလို့ပါ ဘုရား)၊ သမုဒယသစ္စာက ဖြစ်စေတယ် (မှန်ပါ့)၊ ရွတ်ကြည့် ခင်ဗျားတို့ ရတဲ့ ပါဠိကို အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား)။

အဲဒီဝိညာဏ်ခန်းမှာ ကြည့်လိုက်တော့ ဒီမြားတွေပြပြီး အကျိုးတွေပြထားတော့ သူ့အတွင်းပါတာတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘာ့ကြောင့် ဒုက္ခသစ္စာပြောသတုံး

သူ့ကို ဒုက္ခသစ္စာလို့ ဘာဖြစ်လို့ ပြောကြရသတုံးဆိုတော့ ဒီသမုဒယသစ္စာက ဖြစ်စေလို့ ဒုက္ခသစ္စာဖြစ်ရမယ် (မှန်ပါ့ ဘုရား)၊ သမုဒယသစ္စာက အကြောင်း၊ ဒုက္ခသစ္စာက အကျိုး (မှန်လှပါ)။

ဒုက္ခသစ္စာသည်ကားလို့ဆိုရင် အလိုလို ပေါ်တာလားလို့ မောင်ဘသော်တို့ ဒကာကြွယ်တို့ မေးရင် ဘယ့်နှယ်ဆိုပါမလဲ (သမုဒယသစ္စာကြောင့်ဖြစ်တာပါ ဘုရား)၊ သမုဒယဖြစ်စေ တာ သူ့ဟာ ရှင်းနေပြီ၊ ဒီသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာထဲ ရောက်လာတယ်။

အဲဒီတော့ ကျုပ်တို့ရှုတော့ ဒီဥစ္စာ ဒုက္ခသစ္စာထဲ ရောက် လာတယ်သာသိရင် ဉာဏ်ထဲမှာ ဒုက္ခသစ္စာဖြစ်ဖို့ပဲ အရေးကြီးတော့တယ် (မှန်ပါ့ ဘုရား)။

မဂ်ဆိုက်မှာသေချာတယ်

အဲ ဒါကလေးဖြစ်သွားရင် မဂ်ဆိုက်မှာ သေချာ တယ် (မှန်လှပါ ဘုရား)၊ ဒါ ဒီဥစ္စာ စာကဖြင့် ဆိုထားတယ်၊ ခန္ဓာထဲမှာလည်း ဒီအတိုင်းတော့ ဖြစ်နေပြီ၊ ခန္ဓာထဲ ပေါ်သရွေ့ဟာဖြင့် ပေါ်တဲ့ စိတ်တွေဟာ ဒုက္ခသစ္စာပဲ ဆိုတာတော့ ဒကာကြွယ်တို့ မောင်ဘသော်တို့က ရှုသာနေ (မှန်ပါ့)၊ ရှုနေ လည်း သူဖြစ်ပျက်တွေ တွေ့နေမှာပဲ (တွေ့ပါတယ် ဘုရား)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်တွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)၊

တွေ့တာက ပထမ တွေ့နေတုန်း ကတော့ဖြင့် ဪ ဒါအနိစ္စတွေ့နေတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ပထမတွေ့တာတော့ အနိစ္စ တွေ့တာပဲ (မှန်ပါ့)၊ နောက်ရှုဖန် များပြီးတော့ အနိစ္စတွေ ဟာ ဪ မုန်းစရာတွေပါလား ဆိုတဲ့ နိဗ္ဗိန္ဒဉာဏ်တက်မယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗိန္ဒဉာဏ်တက်သွားတယ်

ဘာကြောင့်တုံးလို့ မေးတော့ သမ္မာပဿံ လို့ ဆိုသော ကြောင့် သမ္မာ-ကောင်းစွာ၊ ပဿံ- ဖြစ်ပျက်ကို မြင်သည်ရှိသော်၊ နိဗ္ဗိန္ဒတိ- ဖြစ်ပျက်ကိုငြီးငွေ့လာ၏၊ ဖြစ်ပျက်မြင်လို့ရှိရင် နောက်ပြီး ငွေ့လာမှာပဲတဲ့ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မြင်တာက ယထာဘူတ ဉာဏ်ပေါ့ဗျာ (မှန်ပါ့)၊ ယထာဘူတဉာဏ်က တက်လာတဲ့ အခါ ငြီးငွေ့တဲ့ နိဗ္ဗိန္ဒဉာဏ် တက်သွားတယ် (မှန်ပါ့ ဘုရား)၊ ဘုရားက ဒီအတိုင်းဟောတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)။

“နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ”တဲ့၊ နိဗ္ဗိန္ဒံ -နိဗ္ဗိန္ဒန္တော- ငြီးငွေ့ပြီးလို့ရှိရင်၊ ဝိရဇ္ဇတိ- မဂ်ပေါ်လာ၏ (မှန်လှပါ)၊ ဒီခန္ဓာကြီး မလိုချင်တဲ့ မဂ်ပေါ်လာ၏လို့ ဘုရားကဟောတယ် (မှန်ပါ ဘုရား)၊ ဘယ်နှယ့်ကြောင့် မဂ်ပေါ်လာသတုံး ဆိုတော့ ဒုက္ခကို ပိုင်ပိုင် သိလို့ မဂ်ပေါ်လာတယ် မှတ်ပါ (မှန်လှပါ ဘုရား)။

မဂ်ဆိုက်တော့မှာသေချာတယ်

ဒါဖြင့် ဖြစ်ပျက်ကို ကြိုးစားရှုလို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဥစ္စာဟာတဲ့၊ ကြာတော့ ဉာဏ်က ထက်ထက် ထက်ထက်ပြီး အပ်ကို သွေးပါများလို့ ထက်သလို (မှန်ပါ့ ဘုရား)၊ ဓားကိုသွေးပါများလို့ ထက်သလိုတဲ့ ဉာဏ်က ထက်ထက်လာတော့ နဂိုက ဖြစ်ပျက်အနိစ္စ မှတ်နေ တယ်၊ သေသေချာချာ ရှုရင်း-ရှုရင်း ဉာဏ်ကြီးလေလေ ဒုက္ခသစ္စာ ဖြစ်လေလေပဲ၊ မြင်လာရင် ဒုက္ခသစ္စာ အမှန်ဖြစ်လာလို့ရှိရင် ဒါမဂ်ဆိုက်တော့ မလို့သာ မှတ်ပေတော (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာ အမှန်မြင်လာရင် (မဂ်ဆိုက်မလို့ပါ ဘုရား)၊ မဂ် ဆိုက်တော့မလို့ဆိုတာ သေချာပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ)။

ဒါကြောင့် ဒကာ ဒကာမတွေ အခုပဋိစ္စသမုပ္ပါဒ်ဒေသနာ စက်ဝိုင်းကြီးပြပြီး ဒကာ ဒကာမတွေ လက်ခံရှိထားပြီး ပြတော့ ဪ ဒီထဲ ၂ နံပါတ်ထဲပေါ်လာတာတွေ ဘာသစ္စာတွေ ပေါ်သလဲ (ဒုက္ခသစ္စာတွေ ပေါ်ပါတယ် ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ သူဒုက္ခသစ္စာလို့ ခင်ဗျားတို့ ဘယ်သူက ပြောသတုံးဆိုတော့ ဘယ်သူကမှ မပြောပါဘူး၊ အဝိဇ္ဇာသင်္ခါရ ကြောင့်ဖြစ်တဲ့ တရားမို့ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘယ့်နှယ်ဆိုပါလိမ့် (အဝိဇ္ဇာသင်္ခါရကြောင့် ဖြစ်တဲ့ တရားမို့ပါ ဘုရား)။

သမုဒယသစ္စာဆိုတာ

ကောင်းပြီ အဝိဇ္ဇာသင်္ခါရက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)၊ သမုဒယသစ္စာ ဆိုတာသည် ဘာကို ဖြစ်စေသတုံး (ဒုက္ခသစ္စာကို ဖြစ်စေပါတယ် ဘုရား)။

ဒါဖြင့် ကိုက်နေတာပဲ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတာ သမုဒယသစ္စာ၊ သင်္ခါရပစ္စယာ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့က (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာပဲ ဆိုတာ ရှင်းနေတော့ ခင်ဗျားတို့ရှုတဲ့အခါကျ တော့ ဒုက္ခသစ္စာပဲဆိုတာ ရှင်းနေတော့ ခင်ဗျားတို့ရှုတဲ့အခါ ကျတော့ ခင်ဗျားတို့က အခု ခန္ဓာကြီး တရားနာနေ တယ်၊ အခုတရား အားထုတ်နေတဲ့ ခန္ဓာကြီးဟာ ၁ ထဲမှာလား ၂ ထဲမှာလား (၂ ထဲမှာပါ ဘုရား)။

ဒါဖြင့် ရုပ်ကြည့်လည်း ဒုက္ခသစ္စာတွေ့ရ ပါ (မှန်ပါ့)၊ နာမ်တွေကြည့်လည်း (ဒုက္ခသစ္စာ တွေ့ရမှာပါ ဘုရား)၊ ဒါတွေ့လို့ရှိရင်ဖြင့် ထိုတရားလွဲသေးတယ်၊ စောင်းသေး တယ်၊ တိမ်းသေးတယ်လို့ ဘယ်တော့မှ မရှိဘူး (မှန်ပါ့)၊ တရားမလွဲတော့ပါဘူး (မလွဲပါ ဘုရား)၊ လွဲစရာ အကြောင်း မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)၊

သမုဒယသစ္စာကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါး (မှန်ပါ့)၊ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ ခန္ဓာငါးပါးပဲ (မှန်လှပါ ဘုရား)၊ ဒီခန္ဓာငါးပါး-၂ နံပါတ် အချက်ထဲ ဝင်လာကတည်းက ဒကာကြွယ်တို့၊ မောင်ဘသော်တို့၊ ဦးလှဘူးတို့က စဉ်းစားတာပေါ့။ ဘာသစ္စာထဲ သူရောက်သလဲ (ဒုက္ခသစ္စာထဲ ရောက်နေပါတယ် ဘုရား)။

ဟုတ်မှဟုတ်ပါ့မလား

ဟုတ်မှ ဟုတ်ပါ့မလားလို့ ယုံမှားသံသယ ရှိရင် သူ့ဖြစ် ကြောင်းတွေးလိုက်တာပေါ့ (မှန်ပါ့)၊ သူဖြစ်ကြောင်းတွေး လိုက်တော့ ဘာပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် သမုဒယသစ္စာက ဖြစ်စေတဲ့တရားဟူသရွေ့တော့ ဖြင့် နိဗ္ဗာန်တော့ မဖြစ်နိုင်တာအမှန်ပဲ (မှန်ပါ့ ဘုရား)၊ ဘာသစ္စာဖြစ်သလဲ (ဒုက္ခသစ္စာကို ဖြစ်စေပါတယ် ဘုရား)၊ ဒါဖြင့်ခင်ဗျားတို့ စာရွက်ကို ကြည့်ပါ၊ ဒီထဲပါသရွေ့ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အခု ဒကာ ဒကာမတွေဟာ ၁-နံပါတ် အကွက်မှာ နေကြသလား၊ ၂-နံပါတ်အကွက်ထဲမှာ နေသလား (၂-နံပါတ်အကွက်ထဲမှာ နေပါတယ် ဘုရား)၊ ၂နံပါတ်အကွက်ထဲမှာ နေတယ်ဆိုတာ သေချာပါပြီး (သေချာ ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ၂-နံပါတ်အကွက်ထဲမှာနေတော့ ၂နံပါတ်အကွက်ထဲမှာ ဘာပဲပေါ်ပေါ် ဒကာ ဒကာမတွေ သန္တာန် မှာဖြင့် ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ဖဿပေါ် ပေါ် ဝေဒနာ ပေါ်ပေါ် စိတ်ပေါ်ပေါ်၊ သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါး ကြိုက်ရာသာရှု၊ ဒုက္ခသစ္စာသာတွေ့ရမှာပဲ (မှန်လှပါ)၊ တစ်ပါးပါးကို ကြိုက်ရာရှုပါ၊ ကြိုက်ရာရှုရင် ဘာတွေ့မလဲ (ဒုက္ခသစ္စာတွေ့ပါမယ် ဘုရား)၊ ကြိုက်ရာရှုရင် ဒုက္ခသစ္စာတွေ့မယ် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လည်း ဟောပါတယ်၊ ဝိညာဏံ =စိတ်ဝိညာဏ်ကို၊ အနိစ္စန္တိ = အနိစ္စဟူ၍၊ ပဿတိ = မြင်၍ (မှန်ပါ့)၊ ဪ ဝိညာဏ် ကလေးဟာ ဖြစ်ပြီး ပျက်တာပဲ၊ မြင်စိတ် ကလေးဟာဖြစ်ပြီး ပျက်တယ် (မှန်လှပါ)။

ကြားစိတ်ကလေး

ကြားစိတ်ကလေးကော (ဖြစ်ပြီးပျက် ပါတယ် ဘုရား)၊ နံစိတ်ကလေးကော (ဖြစ်ပြီး ပျက်ပါတယ် ဘုရား)၊ အင်း ဟင် လျှာအလယ်မှာ စားစိတ်ကလေး (ဖြစ်ပြီး ပျက်ပါတယ် ဘုရား)။

ကိုယ်ပေါ်မှာ ယားစိတ်၊ စိတ်၊ နာစိတ်ကလေးတွေက ကော (ဖြစ်ပြီးပျက်ပါတယ် ဘုရား)။

ကိုယ်ပေါ်မှာကောင်းတဲ့၊ ချမ်းသာတဲ့စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီးပျက်ပါတယ် ဘုရား)။

ဒီအကွက်က မထွက်ဘဲကိုးဗျ မထွက်တော့ ဖြစ်ပျက်ဒုက္ခ သစ္စာချည်းလာတာပဲ (မှန်ပါ့ ဘုရား)၊ ကဲ ဒီအကွက်ထဲမှာ တစ်ခါ လောဘကလေးပေါ်လာပြန်ရင်ကော (ဖြစ်ပြီး ပျက်ပါတယ် ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီအကွက်ထဲမှာပဲ ဒကာ ဒကာမတွေက နေရတော့ ဒေါသ ကလေး ပေါ်လာရင်ကော (ဖြစ်ပြီးပျက်ပါတယ် ဘုရား)၊

ဘာသစ္စာပေါ်သတုံး (ဒုက္ခသစ္စာပေါ်ပါတယ် ဘုရား)၊ ရှင်းပြီ (ရှင်းပါပြီ)။

ဒီအကွက်ထဲမှာပဲ ယုံမှားတဲ့ဝိစိကိစ္ဆာတို့၊ ပျံ့လွှင့်တဲ့ဥဒ္ဓစ္စ စိတ်တို့ ပေါ်လာရင် (ဖြစ်ပြီး ပျက်ပါတယ် ဘုရား)၊

ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘာသစ္စာတုံး

ဒီအကွက်ထဲမှာပဲ ခင်ဗျားတို့လှူကြ၊ တန်းကြတာလည်း ဒီဘက်မရောက်သေးပါဘူး၊ ဒီအကွက်ထဲ ကနေပြီး တဲ့၊ တန်းတဲ့ ကုသိုလ်စိတ် ပေါ်တာပဲ (မှန်ပါ့ ဘုရား)၊ ပေါ်ပြန် တော့ကော (ဖြစ်ပျက်ပါ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)၊ ဘာစိတ်ပေါ်ပေါ်ပေါ့ဗျာ (မှန်လှပါ)၊ ဒီအကွက်ထဲမှာပဲ ဘုရားရှေ့ သွားထိုင်ပြီးတော့ တစ်ခါ မေတ္တာ ပို့နေတယ် (မှန်ပါ့)၊ ကဲ ဒကာကြွယ်၊ မေတ္တာပို့တဲ့စိတ် ဘာစိတ်ခေါ်ကြမယ် (ဖြစ်ပြီးပျက်ပါတယ် ဘုရား)၊ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒီအကွက်ထဲနေတော့ ဒီအကွက်ထဲပေါ်တဲ့ စိတ်ဟူသရွေ့ဟာဖြင့် ဒုက္ခသစ္စာပဲ ပေါ်ပါတယ် (မှန်လှပါ)၊ အနိစ္စပေါ်တယ် ဒုက္ခသစ္စာ ပေါ်တယ် ဆိုတာ ရှင်းပြီလား (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် တို့ဝိပဿနာရှုနေရတာ အရှာခက် သလားလို့ ဒကာကြွယ်တို့၊ မောင်ဘသော်တို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မခက်ပါ ဘုရား)၊ မခက်ဘူးဆိုတာ သေချာပြီ တဲ့ (သေချာပါပြီ)၊ ဘာဖြစ်လို့တုံး ဆိုတော့ ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမပေါ်လာဘူး (မှန်ပါ့)၊ ဒိပြင်ဘာပေါ် သေးသတုံး (ဘာမှမပေါ်ပါ ဘုရား)၊ ဒုက္ခသစ္စာ ဆိုတာလည်း ဖြစ်ပျက်ပဲ (မှန်ပါ့)။

ဖြစ်ပြီးပျက်တယ်လို့ရှုနေပါ

ဒါဖြင့် ဒီအကွက်ထဲ ပေါ်တာတွေကို ဖြစ်ပျက် ဖြစ်ပြီး ပျက်တယ်။ ဖြစ်ပြီးပျက်တယ်လို့ ခင်ဗျားတို့ ရှုနေဖို့ အရေးကြီး ပါတယ် (မှန်ပါ့)၊ ရှုရင်းမတ္တနဲ့ပဲ ဒီဥစ္စာ ဉာဏ်ရင့်လာရင် ဒုက္ခ သစ္စာ ထင်လာတာပဲ (မှန်ပါ့)၊ ပထမတော့ဖြင့် ဖြစ်ပျက် အနိစ္စပဲမြင်မှာပဲ (မှန်ပါ့)၊ နောက်ဉာဏ်ကြီးကြီး လာတဲ့အခါ ကျတော့ ဒီဖြစ်ပျက်ဟာ တခြားလား အောက်မေ့နေတယ်၊ ဒုက္ခ ရောက်နေတာကိုး (မှန်လှပါ ဘုရား)။

ဒုက္ခရောက်တယ် ဆိုတော့ ဉာဏ်ကလေး ပြောင်းကြည့် လိုက်တာပေါ့ (မှန်ပါ့)၊ ဖြစ်တာသည် ပျက်စီးမလို့ ဖြစ်တာ (မှန်ပါ့)၊ ပျက်တာသည် ပျက်စီးသွားတာ (မှန်ပါ့)။

ဒါဖြင့် ပျက်စီးမလို့ဖြစ်တာနဲ့ ပျက်စီးသွားတာပဲ ပေါ် လာတယ် (မှန်ပါ့)၊ အဲဒါသူ့ကို ဘာသစ္စာ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကြောင့် သံယုတ်ပါဠိတော်ကြီးများက

“ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ ဒုက္ခံ နိရုဇ္ဇမာနံ နိရုဇ္ဇတိ”

ဆိုပြီး သဂါထာ ဝဂ္ဂသံယုတ်ပါဠိတော်မှာ ဟောတယ်၊ ဒုက္ခမေဝ = ဒုက္ခသည်သာ လျှင်၊ ဥပ္ပဇ္ဇမာနံ =ဖြစ်သည်ဖြစ်၍၊ ဥပ္ပဇ္ဇတိ = ဖြစ်၏။ မင်းတို့ သန္တာန်မှာ (မှန်ပါ့)၊ ဒုက္ခမေဝ = ဒုက္ခတရား သည်သာလျှင်၊ နိရုဇ္ဇမာနံ = ချုပ်သည်ဖြစ်၍၊ နိရုဇ္ဈတိ =ချုပ်၏ (မှန်ပါ့)။

ဒုက္ခဖြစ်ပြီးဒုက္ခချုပ်တာပဲ

မင်းတို့သန္တာန်ပေါ်တဲ့ တရားဟာ ဒုက္ခဖြစ်ပြီး ဒုက္ခချုပ်တာ ပဲရှိတယ် (မှန်ပါ)၊ သဘော ပါကြပလား (ပါပါတယ်)၊ ဒကာ ဒကာမတွေ သန္တာန် ၂ နံပါတ်အကွက်ထဲ နေကြသေးတာ ကိုး (မှန်ပါ)၊ ဒုက္ခသစ္စာ အကွက်ထဲကကို မရွှေ့နိုင်သေးဘူး (မရွှေ့နိုင်သေးပါ)၊

မရွှေ့နိုင်တော့ ဒီအထဲပေါ်လာတာသည် ဖြစ်တာလည်း ဒုက္ခသစ္စာ၊ ပျက်တာလည် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီအကွက်ထဲပေါ်လာတာဟူသရွေ့ ဒါပဲရှိပါတယ် (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါကြောင့် စိတ်တစ်လုံးတည်း ပေရှု (မှန်ပါ့)၊ ဝေဒနာ ကြိုက်တဲ့သူက ဝေဒနာ တစ်လုံးတည်း ပေရှု (မှန်ပါ့)၊ ရှုလိုက်ပြီ ဆိုမှဖြင့် နောက်တော့ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာလည်း စိတ်မတွေ့ဘူး၊ ဖြစ်ပျက် ဒုက္ခသစ္စာတွေ့တယ် (မှန်လှပါ)၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် ကလည်း ဝေဒနာမတွေ့ပါဘူး၊ ဘာတွေ့သတုံး (ဖြစ်ပျက် ဒုက္ခသစ္စာပဲတွေ့ပါတယ် ဘုရား)၊ ဖြစ်ပျက်ဒုက္ခသစ္စာပဲရှိတာကိုး (မှန်ပါ့)၊

ဝေဒနာဆိုတာ နာမ်ပဲ (မှန်ပါ့)၊ တကယ်ဉာဏ် နဲ့ကြည့်လိုက်တော့ ဝေဒနာ မဟုတ်ဘဲနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ သွားတွေ့တယ် (မှန်ပါ့)၊ ဘာသွားတွေ့သလဲ (ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲတွေ့ပါတယ် ဘုရား)၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ သွားတွေ့ တယ်ဆိုတော့ ဘုန်းကြီးက ဟောနေတာ မဟုတ်ဘူး၊ ဒီမှာ သွား ကြည့်တယ်၊ ဒီအထဲ ပေါ် သရွေ့ ဒုက္ခချည်းပဲ (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)၊ ၂ ထဲမှာရှိတဲ့ တရားဟူသရွေ့ ဘာတဲ့တုံး (ဒုက္ခသစ္စာချည်းပါ ဘုရား)။

ဖြစ်တာပျက်တာဒုက္ခသစ္စာ

ဒါဖြင့် ဖြစ်တာလည်း ဘာဆိုကြမယ် (ဒုက္ခသစ္စာ ပါ ဘုရား)၊ ပျက်တာလည်း (ဒုက္ခသစ္စာပါပဲ)၊ အဲ့ဒီတော့ ခင်ဗျားတို့ သန္တာန်စိတ်ကလေးတစ်ခု ပေါ်လာလည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ စိတ်လေးတစ်ခု ပျက်သွားရင် (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါတွေကြည့်နေရမယ်၊ ကြည့်နေပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ကြည့်တာကလေးက မဂ္ဂသစ္စာ (မှန်ပါ့)၊ ဖြစ်ပျက်က (ဒုက္ခသစ္စာပါ ဘုရား)။ ကြည့်တာကလေးက (မဂ္ဂသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မဂ္ဂသစ္စာ ပေါ်ဖို့ အရေးသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် တခြားအရေး မှ မဟုတ်ပါကလား (မှန်ပါ့)၊ ဖြစ်ပျက် ဒုက္ခသစ္စာမြင်မှ ပေါ်တာပါကလား (မှန်ပါ့ ဘုရား)။

ဒါကြောင့် မဂ်ဉာဏ်- ဖိုလ်ဉာဏ်ရ ရပါလို၏လို့ ဆုတောင်းရုံနဲ့ မရဘူးပြောတာ (မရပါ ဘုရား)၊ ဖြစ်ပျက် ကြည့်လိုက်ပြန်တော့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်ပျက် ကြည့် လိုက်ပြန်တော့ (ဒုက္ခသစ္စာပါ ဘုရား)၊ မဂ်ရတယ် – မဂ်ရတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရ, ရပါလို၏လို့ ဘုရားရှေ့သွားတောင်းလို့ ဘုရားက ရော့ အင့်လို့ မပေးနိုင်ဘူး (မှန်ပါ့)၊ ကိုယ်စိတ် ကလေး ကိုယ်ဖြစ်ပျက် ရှုလိုက်တော့ ဘာရသလဲ (မဂ်ဉာဏ် ရပါတယ် ဘုရား)။

မဂ်ဉာဏ်ဆိုတာ တရားကပေးမှရတာ

ဒါဖြင့် မဂ်ဉာဏ် ဆိုတာသည် ဒကာ ဒကာမတို့ ဘုရားပေးလို့ရတဲ့ တရားမျိုးမဟုတ်ဘူး (မဟုတ် ပါ ဘုရား)၊ တရားပေးမှရတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုရားပေးလို့ (မရပါ ဘုရား)၊ ဘယ်သူပေးမှ ရသတုံး (တရားပေးမှ ရပါတယ် ဘုရား)။

ဒီအထဲရှိတာတွေက ဘုရားတစ်ဆူမှ မပါဘူး၊ တရား ချည်းပဲ (မှန်ပါ့ ဘုရား)၊ ဝိညာဏ်ဆိုရင် ဝိညာဏဓမ္မ, နာမ်ရုပ် ဓမ္မ, ဟောဓမ္မချည်းပါနေတယ် (မှန်ပါ့)၊ သဠာယတနဓမ္မ တရားချည်းပဲ (မှန်ပါ့)၊ ဖဿဓမ္မ (တရားချည်းပါ ဘုရား)။ ဝေဒနာဓမ္မ (တရားချည်းပါ ဘုရား)၊ အဲဒီဓမ္မပေးမှ မဂ်ဉာဏ် ရတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ မဂ်ဉာဏ်ကို ဘယ်သူပေးမှ ရသတုံး (တရားပေးမှ ရပါတယ် ဘုရား)၊ ဘုရားပေးလို့ (မရပါ ဘုရား)၊ မရဘူး၊ အရှင်ဘုရား ပေးသနားတော်မူပါဆိုလို့ ဒကာကြွယ်မရဘူး (မရပါ ဘုရား)။

ခင်ဗျားတို့ သန္တာန်ရှိတဲ့ တရားကို အမြင်မှန်ကြည့်လိုက် လို့ရှိရင် တရားကပေးပါတယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် မဂ်သည် တရားပေးလို့ရတယ် (မှန်ပါ့)၊ မဂ်သည် (တရားပေးလို့ ရပါတယ် ဘုရား)၊ ဘုရားပေးလို့ (မရပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)၊

မဂ်ဘယ်သူပေးမှရသတုံး (တရားပေးမှရပါတယ်)၊ ဒကာကြွယ်တို့ အခုဥပမာမှာ ဖြစ်ပျက် ကလေးမြင်လို့ မြင်ပျက်ကလေး ဆုံးတယ်ဆိုတော့ ဘုရားက ပေးတာလား တရားကပေးတာလား (တရားက ပေးတာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘုရားဆီသွားတောင်းလို့မရ

ဘုရားက ဟောဖော်ရတယ် (မှန်ပါ့)၊ ဘုန်းကြီး ကလည်း ဘုရားတပည့်သားဖြစ်တဲ့အတိုင်း ဟောဖော်ရတာပဲ (မှန်ပါ့)၊ စင်စစ် တကယ့် မဂ်ဉာဏ် ပေးတာကတော့ ၂ နံပါတ် အကွက်က တရားတွေက ခင်ဗျားတို့ကို မဂ်ဉာဏ်ပေးတယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သည် ဘုရားဆီသွားတောင်း လို့ ရမရ (မရပါ ဘုရား)၊ တရားကို အမြင်မှန်နဲ့ ကြည့်ရင် (ရပါတယ် ဘုရား)၊ ဒကာကြွယ် ကဲ အဖိုးတန်ပလား (အဖိုးတန်ပါတယ် ဘုရား)၊ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ် လိုချင်လို့ရှိရင် တရားကြည့် ပေး (မှန်လှပါ)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် လိုချင်လို့ရှိရင် (တရားကြည့်ပေးရပါမယ်)၊ တရားကြည့်ပေးတော့ ၂ နံပါတ် အကွက်က တရားကို ကြည့်ရမယ်၊ ဒိပြင် တရားမကြည့်ရဘူး (မှန်လှပါ)၊

ဘယ်တရားကြည့်ရမယ် (၂ နံပါတ် အကွက်က တရားကို ကြည့်ရမယ်)၊ ၂-နံပါတ်ထဲမှာလည်း သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကိုကြည့် (မှန်လှပါ)။ ကာယာနုပဿနာဖြင့် ရုပ်ကြည့် (မှန်ပါ့)၊ ဝေဒနာနုပဿနာ ဖြင့် (ဝေဒနာကြည့်ရပါမယ်)၊ စိတ္တာနုပဿနာဖြင့် (စိတ်ကြည့်ရပါမယ် ဘုရား)။

အဲဒါတွေ တရားတွေ မဟုတ်လား (မှန်ပါ့)၊ အဲဒီ တရားတွေကို ခင်ဗျားတို့က ပေါ်တိုင်း ပေါ်တိုင်းကြည့်တော့ သူတို့က ကျုပ်တို့ဟာ ဖြစ်ပျက်ပါပဲ၊ သူတို့ကပြောတယ် (မှန်ပါ့ ဘုရား)၊ သူကပြောတဲ့ အခါကျတော့ ခင်ဗျားတို့က ဪ ဒါတွေဟာ ဖြစ်ပျက်တွေပဲ၊ အနိစ္စတွေပဲလို့ မသိဘူးလား (သိပါတယ် ဘုရား)။

အဲ သိတာက သမ္မာဒိဋ္ဌိ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ ဆိုတာ မဂ္ဂင်ပဲ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ ဆိုတာ (မဂ်ပါ ဘုရား)။ မဂ္ဂင် မဂ္ဂင် (မှန်ပါ)၊ မဂ်ဉာဏ်လည်း ဆိုနိုင်ပါတယ်၊ မဂ္ဂင်လည်း ဆိုပါတယ် (မှန်ပါ့ ဘုရား)၊ အတူတူပဲ။

မဂ်ဉာဏ်လိုချင်ရင် တရားအားထုတ်ပါ

ဒါဖြင့် ဒီသမ္မာဒိဋ္ဌိမဂ္ဂင်ကို မောင်ဘသော် ဘယ်သူပေး လို့ရပါလိမ့် (တရားပေးလို့ရပါတယ် ဘုရား)၊ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

ကောင်းပြီ ဒါကို တရားပေးလို့ရတယ်ဆိုတာတော့ ရှင်းပါပြီနော် (မှန်ပါ့)၊ ဒါဖြင့် မဂ်ဉာဏ်လိုချင် တရားအား ထုတ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ မဂ်ဉာဏ်ရချင် လိုချင်ရင် (တရား အားထုတ်ရပါမယ် ဘုရား)၊ နို ဘုရားရှေ့တပည့်တော်တို့ သွားတယ်၊ အဲဒါက သူ့ရှေ့သွား အားထုတ်တာ၊ ပေးတာတော့ တရားက ပေးတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊

ပေးတာကတော့ (တရားကပေးတာပါ ဘုရား)၊ တရားကသာ ဖြစ်ပြီးပျက်တာတွေ ပြတော့မှ ခင်ဗျားတို့က ဖြစ်ပျက်တွေ မမြင်ပေဘူးလား (မြင် ပါတယ် ဘုရား)၊ ဉာဏ်မြင်ပေါ့ဗျာ (မှန်ပါ့)။

မဂ်ဉာဏ်ဘယ်သူကပေးသတုံး

အဲဒီတော့ သမ္မာဒိဋ္ဌိမဂ္ဂင် ရတယ် (မှန်ပါ့)၊ ဟ ဒီမဂ္ဂင်ဘယ်သူက ပေးသတုံးလို့ မေးရင် (တရားကပေးပါ တယ် ဘုရား)၊ တရားမှာလည်း ၁-ကွက်မှာရှိတဲ့ တရား ၂ ကွက်မှာရှိတဲ့ တရားရှိတယ် ဘယ်တရားက ပေးပါလိမ့် (၂-ကွက်ထဲမှာ ရှိတဲ့တရားက ပေးပါတယ် ဘုရား)။

ခင်ဗျားတို့နေတာက ၂-ကွက်ထဲနေတော့ကို ၂-ကွက်ထဲ မှာပဲ တရားရှိတယ် (မှန်ပါ့)၊ ၁-ကွက်က လွန်ပြီးသား ဖြစ်နေ တယ်၊ အဝိဇ္ဇာသင်္ခါရာဆိုတဲ့ ၁-ကွက်က အတိတ်ဘဝကဟာ ပြီးခဲ့ပြီ (မှန်ပါ့)။

ယခု ပစ္စုပ္ပန်ဘဝ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ တရားက ခင်ဗျားတို့ ဆရာဘုန်းကြီးက ပေးတဲ့နည်းနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ခင်ဗျားတို့မှာ မဂ်ဉာဏ်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားကပေးမှ မဂ်ဉာဏ်ရ တယ် (မှန်ပါ)၊ ဘုရားကပေးလို့ (မရပါ ဘုရား)၊ မဂ်ဉာဏ် မရနိုင်ဘူးတဲ့ (မှန်ပါ့)။

ဒါကြောင့် ဘုရားဆီ သွားလို့ရှိရင်၊ ဘုရားက ဘယ်တရား ဘယ်တရား အားထုတ်ကြဟေ့ (မှန်လှပါ ဘုရား)၊ ဘုရားက အားထုတ်စဉ် တရားပေး လိုက်တယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီပေးတဲ့တရား ဘာလုပ်ရမလဲ (အားထုတ်ရ မယ်)၊ နောက်ဆုံးပိတ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဒီရဟန်း ရသွားတဲ့ အခါကျတော့ တရားကပေးလို့ရတာ (မှန်ပါ့ ဘုရား)၊ ဘုရားက၊ ဘယ်တရား, ဘယ်တရား အားထုတ်လို့ အားထုတ်စဉ် ပြောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဟိုပုဂ္ဂိုလ်တွေ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရတာကတော့ ဘယ်သူကပေးတာတုံး (တရားက ပေးတာပါ ဘုရား)။

ဖြစ်ပျက်သာကြပ်ကြပ်ကြည့်ပေးပါ

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီဒုက္ခသစ္စာကြီးကို ဖြိုင်ဖြိုင်သာကြည့်ပေး၊ သူကမဂ်ဉာဏ်, ဖိုလ်ဉာဏ် ခင်ဗျားတို့ကိုပေးပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ်)။

ခင်ဗျားတို့က ဖြစ်ပျက်သာ ကြပ်ကြပ်ကြည့်ပေး (မှန်ပါ့ ဘုရား)။ အနိစ္စဖြစ်ပျက်သာ ကြပ်ကြပ် ကြည့်ပေးလို့ရှိရင် အဲဒီ ဖြစ်ပျက်ကြောင့် မဂ်ဉာဏ်ဖြစ်ရမယ် (မှန်ပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)။

အဲဒါကြောင့် ပဋ္ဌာန်းပါဠိတော်ကြီးကျတော့ “သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” တဲ့ (မှန်လှပါ)၊

သင်္ခါရေ = သင်္ခါရတရားတွေကို၊ ဒါတရားတွေပေါ့ဗျာ (မှန်လှပါ)၊ အနိစ္စတော = အနိစ္စအားဖြင့် လည်းကောင်း ဒုက္ခတော =ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တတော =အနတ္တ အားဖြင့် လည်းကောင်း၊ ဝိပဿတိ = မြင်၏ ဆိုတော့ မြင်တဲ့ စိတ်က မဂ္ဂင် (မှန်လှပါ ဘုရား)။

ပြုပြင်လို့ပေါ်လာတဲ့တရား

ဒါက သင်္ခါရတရား၊ သင်္ခါရတရားကို ခင်ဗျားတို့က ရှုလိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ပေါ်တယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သင်္ခါရတရားဆိုတာ လည်း နားမယောင်ပါနဲ့၊ အဝိဇ္ဇာသင်္ခါရက ပြုပြင်လို့ ပေါ်လာတဲ့ တရားဖြစ်သောကြောင့် သူ့ကို သင်္ခါရတရား ခေါ်ပါတယ် (မှန်ပါ ဘုရား)၊ ၂ ကွက်ထဲပါတဲ့တရား၊ ဘာတရားတုံး (သင်္ခါ ရတရားပါ ဘုရား)၊ သင်္ခါရတရား ဆိုတာ ဖြစ်မှုပျက်မှု ရှိတာ သင်္ခါရ တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ သူများပြုလို့ ပေါ်လာတဲ့ တရားကော (သင်္ခါရတရားပါ ဘုရား)။

သင်္ခါရတရား ဆိုတာရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် ဝိပဿနာရှုရင် ပဋိစ္စသမုပ္ပါဒ်ကြီးမှာ အခုလေးမျိုးပြတယ် (မှန်ပါ့)၊ ဘယ်ထဲကဟာ ရှုရမှာ (၂ ထဲကဟာရှုရမှာပါ ဘုရား)၊ ၁-လည်းသွားမရှုနဲ့၊ ၃-တွေလည်းသွားရှုစရာမဟုတ်ပါ ဘူး (မဟုတ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ၄ အနာဂတ်ဆိုတာ မရောက်သေးလို့ ရှုစရာမရှိပါဘူး (မှန်ပါ ဘုရား)။

ဘယ်ဟာရှုကြရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဟာ ရှုကြရမယ် (၂ ထဲကဟာ ရှုရမှာပါ ဘုရား)၊ အဲ-၂ ကွက်ထဲမှာ ရှိတဲ့ဟာ သတိပဋ္ဌာန် လေးပါးပါတယ် (ပါပါတယ် ဘုရား)၊ ကာယာ နုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာနော် (မှန်ပါ့ ဘုရား)၊ အဲဒါတွေ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင် တစ်ခုခုဖိပြီး ရှုပါ (မှန်ပါ့)၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က (စိတ်ရှုရပါမယ်)၊ သဘောကျပလား (ကျပါပြီ)၊ ဝေဒနာကြိုက် တဲ့ပုဂ္ဂိုလ်က (ဝေဒနာရှုရပါမယ် ဘုရား)၊ သဘောပါသွား ပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ဒါတွေကို ခင်ဗျားတို့ကရှုလိုက်တော့ ၂ နံပါတ်ထဲကနေပြီးသကာလတဲ့၊ ၂ နံပါတ်က သမ္မာဒိဋ္ဌိ ပေးတယ် (မှန်ပါ ဘုရား)၊ ဆရာကောင်း သမားကောင်းတည်းဟူသော နည်းနာ နိဿယကောင်း ရပြီ ဆိုရင် ၂ နံပါတ်ထဲမှာ ရှိနေတဲ့ တရားတွေက ခင်ဗျားတို့ကို သမ္မာဒိဋ္ဌိပေးတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် သံယုတ်ပါဠိတော်နဲ့ ပြောကြစို့ (မှန်ပါ့)၊ သူကပေးတယ် မပေးတယ်သိရအောင် (မှန်ပါ့ ဘုရား)။

“ဘိက္ခဝေ ဧဝံ ဝိညာဏံ အနိစ္စတော ပဿတိ”

ဘိက္ခဝေ = ရဟန်းတို့၊ ဧဝံ =ဤသို့၊ ဝိညာဏံ =မင်းတို့သန္တာန်၌၊ ၂ ကွက်ထဲပါတဲ့စိတ်ကို၊ အနိစ္စတော = အနိစ္စ အားဖြင့်၊ ပဿတိ = ရှုစမ်းပါပေါ့ (မှန်ပါ့)။

ဖြစ်ပြီးပျက်တယ်လို့ရှုစမ်းပါ

၂ ကွက်ထဲပါတဲ့ စိတ်ကလေးတစ်လုံးကိုပေါ့လေ (မှန်ပါ့)၊ ဖြစ်ပြီး ပျက်တယ်လို့ စမ်းပါတဲ့ (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေ စိတ်ကလေးတစ်လုံး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်လို့ ရှုစမ်းပါတဲ့ (မှန်ပါ့)။

ကောင်းပြီး တပည့်တော်တို့ ရှူပါပြီဘုရားလို့ ဒကာကြွယ်ကပဲ လျှောက် ပါတော့ နော် (မှန်ပါ့)၊ မောင်ဘသော်က လျှောက်လျှောက်၊ ဦးလှဘူးက လျှောက် လျှောက်ပေါ့ဗျာ (မှန်လှပါ)။

“သာအယံ ဟောတိ သမ္မာဒိဋ္ဌိ”

အယံ = ဤဖြစ်ပျက်ကိုရှုခြင်းသည် ဖြစ်ပျက်ကိုရှုသော၊ သာ ထိုပညာသည်၊ သမ္မာဒိဋ္ဌိ သမ္မာဒိဋ္ဌိမည်၏။

အင်း – ဒကာ ဒကာမတို့ – ဖြစ်ပျက်ရှုတာ ဘာဒိဋ္ဌိလည်း (သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဟော – သမ္မာဒိဋ္ဌိ မဂ္ဂင်ပေါ်ပြီး (မှန်ပါ့)၊ ရှုလိုက်တော့ ဘာဖြစ်လာသလဲ (သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်လာပါတယ်)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိမဂ္ဂင် ပေါ်လာတယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ ဪ ဒါဟာ မဂ်ရချင်လို့ ဆုတောင်းလို့ ရတာလား တဲ့၊ ရှုလို့ရတာလား (ရှူလို့ရတာပါ ဘုရား)၊ ဘယ်သူ့ကို ရှုလိုက်ပါလိမ့် (ဖြစ်ပျက်ရှုလိုက်ပါတယ်)၊ ဖြစ်ပျက်ရှုလိုက် ပါတယ် (မှန်ပါ့)၊ ဖြစ်ပျက်ကို ရှုလိုက်ပါတယ်၊ ဖြစ်ပျက်ရှု လိုက်တော့ ခင်ဗျားတို့ ဘာရသတုံး (သမ္မာဒိဋ္ဌိ မဂ္ဂင်ရပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိမဂ္ဂင်ရတယ်

ဪ သမ္မာဒိဋ္ဌိမဂ္ဂင်ရတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ အင်း ဒါဖြင့် ဒီဖြစ်ပျက် ရှုလိုက်တော့ ဝမ်းထဲသမ္မာဒိဋ္ဌိမဂ္ဂင်ရတယ် (ရပါတယ် ဘုရား)၊ ဥပမာ မျက်လုံးစိတ် ကလေး ဖြစ်ပျက်ရှု လိုက်တော့ ဝမ်းထဲ ဘာရသလဲ (သမ္မာဒိဋ္ဌိမဂ္ဂင်ရပါတယ် ဘုရား)၊ နားထဲကြားစိတ်ကလေး ရှုလိုက်တော့ (သမ္မာဒိဋ္ဌိမဂ္ဂင်ရပါတယ် ဘုရား)၊ ဝမ်းထဲမှာပဲ တစ်ခါ လောဘစိတ် ကလေးပေါ်လာတာ ရှုလိုက်ပြန်တော့ (သမ္မာဒိဋ္ဌိမဂ္ဂင်ရပါတယ် ဘုရား)။

အင်း ဝမ်းထဲပေါ်လာတဲ့ဒေါသရှုလည်းသမ္မာဒိဋ္ဌိ မောဟ ရှုလည်း (သမ္မာဒိဋ္ဌိမဂ္ဂင်ပါ ဘုရား)၊ ကုသိုလ်စိတ် ကလေး ရှုလိုက်ပြန်တော့ (သမ္မာဒိဋ္ဌိမဂ္ဂင်ပါ ဘုရား)၊ အဒေါသဆိုတဲ့ မေတ္တာ စိတ်ကလေး ရှုလိုက်ပြန်တော့ (သမ္မာဒိဋ္ဌိမဂ္ဂင်ပါ ဘုရား)၊

သမ္မာဒိဋ္ဌိမဂ္ဂကလည်း ဒကာ ဒကာမတို့ ဓမ္မကပေးတာ ပါလား (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်ဓမ္မက ပေး တယ် (မှန်ပါ ဘုရား)၊ သမ္မာဒိဋ္ဌိမဂ္ဂင် ဘယ်သူကပေးပါလိမ့် (ဖြစ်ပျက် ဓမ္မကပေးပါတယ် ဘုရား)၊ ဖြစ်ပျက်ဓမ္မက ပေးတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဘိက္ခဝေ = ရဟန်းတို့၊ ဝိညာဏံ = စိတ်ကလေး တစ်ခု ကို အနိစ္စန္တိ = အနိစ္စဟူ၍၊ ပဿတိ ရှု၏ (မှန်ပါ့)။

စိတ်ကလေးတစ်ခုကို ခင်ဗျားတို့ကရှုတယ်တဲ့၊ ဖြစ်ပျက် ကို ရှုလိုက်တယ် (မှန်လှပါ)၊ အဲဒီလို ရှုတာကလေးက ဘာတုံး- အယံ- ဤသို့ရှုသော၊ သာ = ထိုပညာသည်၊ သမ္မာဒိဋ္ဌိ – သမ္မာဒိဋ္ဌိမည်၏ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။

လောကီမဂ္ဂင်ငါးပါး

အဲဒါ သမ္မာဒိဋ္ဌိပါလာတယ်ဆိုတော့ ဒကာကြွယ်တို့ သင်ထားတကာက သမ္မာဒိဋ္ဌိပါရင် သမ္မာသင်္ကပ္ပ ပါပြီ (မှန်ပါ့)၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ လောကီ မဂ္ဂင်ငါးပါး မပါသေးဘူးလား (ပါပါတယ် ဘုရား)၊ ငါးပါးဟာ တစ်ပြိုင်နက် ဖြစ်တယ် (မှန်ပါ)၊ ဒါဖြင့် အနိစ္စတစ်ချက် မြင်ရင် မဂ္ဂင်ဘယ်နှစ်ပါး ဖြစ်သလဲ (ငါးပါးဖြစ်ပါတယ် ဘုရား)၊ အနိစ္စ တစ်ချက်မြင်ရင် (မဂ္ဂင်ငါးပါး ဖြစ်တယ် ဘုရား)၊ မဂ္ဂင်ငါးပါး တစ်ခါတည်းရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အနိစ္စ တစ်ချက်မြင်ရင် (မဂ္ဂင်ငါးပါးဖြစ်ပါတယ် ဘုရား)။

ဪ မဂ္ဂကလည်း ဘယ်နေရာများ ပေါ်ပါလိမ့် မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ မဂ္ဂင်က ဘယ်နေရာ ပေါ်ရမတုံး၊ ဒကာ ဒကာမတို့ မဂ္ဂင်ဆိုတာသည် ဒုတိယအကွက်ထဲ ရှုတော့ကို ဒုတိယ အကွက်ထဲပဲ ပေါ်ရ တယ် (မှန်လှပါ)၊ ဒုတိယအကွက်ထဲမှာ ရှိတဲ့စိတ်ကို ဒကာ ဒကာမတွေက ဒုတိယအကွက်ထဲမှာ နေတာကိုး (မှန်လှပါ)၊

၂-နံပါတ်အကွက်ထဲနေတယ် (မှန်ပါ့)၊ နောက်ပြီးတော့ ဒီအထဲကတရားကို ရှုတော့ဒီအထဲမှာပဲ မဂ္ဂင်ပေါ်တယ် (မှန်လှပါ)။

မဂ်သည်လက်ငင်းရတယ်

ဒါကြောင့် မဂ္ဂင်သည် ဒီဘဝပေါ်တာလား၊ နောက်ဘဝမှ ပေါ်မှာလား (ဒီဘဝပေါ်တာပါ ဘုရား)၊ ဒီဘဝမှာ အခုပြော တဲ့စိတ်တွေ အခုရှုတာကိုးဗျ (မှန်လှပါ)၊ ဒါဖြင့် မဂ်သည် ဒကာ ဒကာမတို့ ဖြည်းဖြည်းမှ ရမှာလား လက်ငင်းရတာလား (လက်ငင်းရပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတွေကလည်း လျှာရှည်လိုက် တဲ့ဖြစ်ခြင်း၊ လက်ငင်းရတာ အကြွေး တောင်းနေတော့ အတော် ခက်တယ် (မှန်ပါ့)၊ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဆိုတော့ ဒကာကြွယ် အကြွေးတောင်းနေတယ် (တောင်းနေပါ တယ် ဘုရား)၊ ရတာက (လက်ငင်းရတာပါ ဘုရား)။ လက်ငင်းရတာလဲ မသိဘူး၊ အကြွေးသာ နင်းကန်တောင်းနေတာ ပဲ (မှန်လှပါ)။ ဒီလိုဆိုတော့ ဒကာကြွယ် ဒါရူးချက်သန်တာ (မှန်ပါ့)၊ မသန်ဘူးလား (သန်ပါတယ် ဘုရား)၊ ရတာက (လက်ငင်းပါ ဘုရား)။

ဒါဖြင့် အခုရတာ မလိုချင်သေးဘူး၊ နောက်မှပေးပါလို့ ဆိုတဲ့ အဓိပ္ပါယ်မျိုးကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် အခု အပါယ်သွားရပါစေဦးပေါ့ဗျာ (မှန်ပါ ဘုရား)၊ နောက်တစ်ခေါက် ပြန်မှယူပါရစေ (မှန်ပါ့)၊ အတော် ဆိုးတဲ့ စကားပဲ အဓိပ္ပါယ်ရတယ် (ရပါတယ် ဘုရား)။

အဲဒါ ဘုန်းကြီးက ဘယ့်နှယ်ကြောင့် ဒီလိုပြောရသတုံး ဆိုတော့ ခင်ဗျားတို့ အခု ၁-ကွက်ထဲမှာ ဖြစ်နေသလား၊ ၂-ကွက် ထဲမှာဖြစ်နေသလား (၂-ကွက်ထဲမှာပါ ဘုရား)၊ ၂-ကွက်ထဲ မှာနော် (မှန်လှပါ)၊ ၂-ကွက် ဆိုတော့ ယခုဘဝပါ (မှန်ပါ့)၊ ဟုတ်တယ်-မဟုတ်တယ် ဒီကြည့်လိုက်၊ ပစ္စုပ္ပန်လို့

မပါဘူးလား (ပါ-ပါတယ် ဘုရား)၊ ဒီမှာလည်း ပစ္စုပ္ပန်အကျိုး လို့ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဖြစ်ပျက်ကအနိစ္စ မြင်ကမဂ္ဂ

ဒါဖြင့် ယခု ရှိတာလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ယခုရှိနေတော့ ပစ္စုပ္ပန်ဘဝ (မှန်ပါ့)၊ အဲ ပစ္စုပ္ပန်ဘဝမှာပဲ ဆရာဘုန်းကြီးက ဒကာ ဒကာမတို့ စိတ်ကလေး တစ်လုံးကို ရှုလိုက်ပါလို့ ပြောတယ်၊ ခင်ဗျားတို့ကလည်း ဖြစ်ပြီး ပျက်တာ မြင်လိုက်ပြီဆိုပါတော့ (မှန်ပါ့)၊ ဖြစ်ပျက်က အနိစ္စ (မြင်တာက မဂ္ဂပါ ဘုရား)။

ကဲ အကျိုးထဲမှာလား အကြောင်းထဲမှာလား (အကျိုးထဲမှာပါ ဘုရား)၊ ဘယ်ထဲမှာရသတုံး (၂-ထဲမှာရပါ တယ် ဘုရား)၊ ၂-နံပါတ် အကွက်ထဲမှာရတယ် (မှန်ပါ့)၊ ဒကာကြွယ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊

ဆုတောင်းတဲ့ ပုဂ္ဂိုလ်က ၃-နံပါတ်အကွက်ကျမှ ယူပါရစေ၊ နောက်မှယူပါရစေ (မှန်ပါ့ ဘုရား)၊ ဆုတောင်းတဲ့ပုဂ္ဂိုလ်က ၄-နံပါတ်ကျမှယူပါရစေ (မှန်ပါ့ ဘုရား)၊ ဘာဖြစ်လို့တုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ရနေတာတောင်မှ ရမှန်း မသိဘူး (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (ရနေတာတောင်မှ ရမှန်းမသိပါ ဘုရား)။

ဝဋ်ဘဝတိုတိုနဲ့ မဂ်ရရပါလို၏

အဲဒါ ခင်ဗျားတို့ ဘုရားရှေ့သွားပြီးသကာလ တော်အောင်လျော်အောင် လိမ်မနေကြနဲ့ (မှန်ပါ ဘုရား)။ ဒကာကြွယ်တို့၊ သူတို့ဘုရားရှေ့ သွားပြီး ဤဆွမ်း၊ ဤကွမ်း ဤဖယောင်းတိုင် ဤမီး အလှူကြောင့် ဟုတ်လား (မှန်ပါ့)။ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဘုရား ဆိုတော့ နောက်တော့ မှ ရပါရစေဘုရား (မှန်ပါ့)၊ ဒီလိုဆိုတော့ လုပ်တာက အခုလုပ်နေတာ (မှန်ပါ့)၊ ရတာက (နောက်မှပါ ဘုရား)၊ မဟုတ်ဘူး အခုရှုတော့ကို (အခုရတာပါ ဘုရား)၊ အခုရှု- အခုရ နေတာဗျ (မှန်ပါ ဘုရား)၊ ခင်ဗျားတို့ ဆုတောင်းတာက နောက်မှ ရရပါလို၏တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘုရားရှေ့သွားပြီးအရူးထတာ

အဲဒီတော့ ဒီပုဂ္ဂိုလ်ဟာ တော်တော် ရူးသေးတယ်လို့ဆို (ဆိုရပါမယ် ဘုရား)၊ မောင်ဘသော် ဘယ့်နှယ်ဆိုမယ် (တော်တော်ရူးသေးပါတယ် ဘုရား)၊ တော်တော် ရူးတယ်လို့ ဆိုသာဆိုပါ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး ဆိုတော့ ဘုရားကလည်း သက်တော် ထင်ရှားက မရှိလို့ (မှန်ပါ့)၊

ရှိလို့ရှိရင် နင်လုပ်နေလို့ နင်အခု ရတာတော့ နင်မကြိုက်ဘူးလား၊ နောက်မှရတာကို နောက်ရရပါလို၏လို့ ငါ့ဆီ လာတောင်းတယ်၊ ငါလည်း မပေးနိုင်ဘူး၊ နောက်လည်း ရမှာမဟုတ်ဘူး၊ အခုရအောင်လုပ်လို့ ပြောမှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ၊

အဲဒီ ခင်ဗျားတို့က ဘုရားရှေ့သွားပြီး ဒကာကြွယ်တို့က၊ အရူးထတာက အတော်ဆိုး – တယ် (မှန်ပါ့ ဘုရား)။

ဘုန်းကြီးတွေကြွလာလို့ ကန်တော့ကျိုး ယူပြန်လို့ရှိရင် လည်း ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ, ရပါလို၏ ဘုရား (မှန်ပါ့ ဘုရား)။

လုပ်ပြန်ပြီခင်ဗျားတို့ (မှန်ပါ့)၊ ကိုယ်လုပ်နေတဲ့အလုပ် က အခု ရနေတာမသိလို့ ယူတဲ့ သဘောကလေးနဲ့ပေါ့လေ (မှန်ပါ့ ဘုရား)၊ ဒီမသိတာကလည်း ဒီပဋိစ္စသမုပ္ပါဒ်ကြီးက ကိုယ့်ခန္ဓာထဲမှာ အခုဖြစ်ပေါ်နေတာကို မသိဘူး (မှန်ပါ့ – ဘုရား)။

အခုဖြစ်ပျက်ရှိနေလို့ အခုသိတဲ့ မဂ်ဉာဏ်ပေါ်နေတာကို ပဲ မသိဘူးဆိုတော့ အင်း ခေါင်းမှာလည်း အနာတွေက ပိုးကျနေပြီ၊ သူကဖြင့် ပြုံးတုန်းပဲ ရှိသေးတယ် (မှန်လှပါ ဘုရား)၊ သေမှာက နက်ဖြန်၊ ယနေ့ထက်ထိ အနာတွေလည်း ပိုးကျလို့ ပြုံးတုန်းပဲ ဆိုတော့ ဒီပုဂ္ဂိုလ်ဟာ စိတ်ကောင်း၊ မကောင်း (မကောင်းပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီမှာလည်း ထိုနည်းအတူပဲ ဒကာ ဒကာမတို့ ကိုယ်ရနေ တော့ ရမှန်းမသိဘဲ နောက်မှ ဘုရားဆီလည်း သွားတောင်းတယ်၊ ဘုရားကလည်း မပေးနိုင်၊ နောက်မှလည်းမရဘူး၊ ရတာက အခုရ နေတာအော်တုန်း၊ ဟစ်တုန်းဆိုလို့ရှိရင်ဖြင့် ကိုယ့်အနာကိုယ် ပေါက်နေတာ မသိတဲ့လူပါပဲ (မှန်လှပါ)၊ အတော် ရူးတယ် (ရူးပါတယ် ဘုရား)။

ရထားတဲ့ဆုတောင်း ဖျက်ပစ်ပါတဲ့

ဒကာကြွယ် ဆိုထိုက်သလား (ဆိုထိုက်ပါ တယ် ဘုရား)၊ အင်မတန်ဖျင်းတဲ့ ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ ရထားတဲ့ ဆုတောင်းကို ဖျက်ပစ်ရမယ် (မှန်လှပါ ဘုရား)။ ဆုတောင်း ဖျက်ပစ်ရမယ်တဲ့၊ ဘယ့်နှယ်ကြောင့် ဆုတောင်းဖျက် ပစ်ရမယ်လို့ ဆိုရသတုံးဆိုတော့၊ ခင်ဗျားတို့ အလုပ်သမားတွေ ကိုး (မှန်လှပါ)။

အလုပ်သမားတွေ ဆိုတော့ အခုရနေတာက မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)၊ ဒီရတာချည်း ကျင့်ဖို့ပဲ အရေးကြီးတော့တယ် (မှန်ပါ့)၊ ရတာကတော့ ဧကန်ပဲ၊ မဂ္ဂင်ရှစ်ပါးရှိတဲ့ အနက်က ငါးပါးကိုရတယ် (ရပါတယ် ဘုရား)။

အဲဒီငါးပါးကို ရနေတဲ့ဥစ္စာ နောက်မှ ရရပါလို၏ဆိုတော့ ဒကာကြွယ်၊ သူ့ဟာက အတော် ရူးတယ် (ရူးပါတယ် ဘုရား)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့အခု ဆရာကောင်း တပည့်တွေ လည်းဖြစ်တော့၊ တော်တော်ကြာ ကျတော့ သိ-ကြား လိမ္မာတဲ့ ဆရာတွေနဲ့ တွေ့တဲ့အခါ မင်းတို့ဟာ ဝိပဿနာအလုပ် လုပ်နေတယ် ဆိုတယ်၊ ဝဋ်ဘဝတိုတိုနဲ့ မဂ်, ဖိုလ်ရ ရပါလို၏တဲ့ ဝဋ်တိုတိုဆိုတာ နောက်အများကြီး ကျန်သေး တယ်နော် တိုတယ် ဆိုတာလည်း နည်းတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

တိုတယ် ဆိုပေမယ့်လည်း အရှည်ကြီး (မှန်ပါ့ ဘုရား)။ မင်းလုပ်နေတာ အခုရနေတယ်၊ မင်းကလည်း တိုတိုရ, ရပါလို၏ ဆိုတော့ နောင်မှ ရရပါလို၏ ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ် – (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အလုပ်သမားမှန်က၊ မဂ်ရနေပါတယ်

အဲဒီတော့ ဆရာကောင်း- သမားကောင်းနဲ့တွေ့ရင် ဪ အလုပ်တခြား ဆုတောင်းတခြား ဖြစ်နေတယ် (မှန်ပါ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (အလုပ်တခြား ဆုတောင်း တခြားဖြစ်နေပါတယ် ဘုရား)။

အဲဒါတွေ ခင်ဗျားတို့ ဘုရားရှေ့ မသိအောင်လည်း သွားတောင်းမနေပါနဲ့ (မှန်ပါ့)၊ သိ-ကြား လိမ္မာတဲ့ ပုဂ္ဂိုလ်ရှေ့ မှာလည်း ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏လို့ လုပ်မနေနဲ့။ အလုပ်သမား မဂ်ရနေတာ (မှန်ပါ့ ဘုရား)၊

ရင့်-မရင့်ကလေးသာ အကဲခတ်ဖို့လိုပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)၊ အလုပ်သမားမှန်က (မဂ်ရနေပါတယ်)၊ ဖြစ်ပျက် လိုက်ရင် ဘာတုံး (မဂ်ပါ ဘုရား)၊ မဂ်ဟာ ဘယ်နှစ်ပါးရ သတုံး (ငါးပါးရပါတယ် ဘုရား)။

စာရှည်လေ လွဲလေပဲ

အဲဒါသိလျက် သားနဲ့ ဒကာကြွယ် ဝဋ်ဘဝ တိုတိုတွေ၊ ဘာတွေ၊ စာတွေ ရှည်မနေစမ်းပါနဲ့ (မှန်လှပါ ဘုရား)၊ စာရှည်လေ လွဲလေပဲ (မှန်ပါ့)၊ မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။

ကဲ ဒါတွေအကုန်ဖျက်ပါ (မှန်ပါ့ ဘုရား)၊ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် တောင်းတာကတော့ သူတောင်းချင်လို့ တောင်းတာ၊ မပေးနိုင်တဲ့ဆီ သွားတောင်းတာ၊ သူ့ဟာသူ အရူး ထတာ ဘုန်းကြီးက မဆိုလိုပါဘူး (မှန်ပါ့ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

မဂ်ကိုဘုရားပေးသလား

ဒါဖြင့် ခုနကပြောတဲ့ စကားနဲ့ပြန်ပြီး သကာလ အဓိပ္ပါယ် က ဟပ်ကြည့် ဒကာကြွယ် (မှန်ပါ့)၊ မဂ်ကို ဘုရား ပေးသလား တရားပေးသလား (တရားပေးပါတယ် ဘုရား)၊

တောင်းတာ ဘယ်သူ့ဆီ သွားတောင်းသလဲ (ဘုရားဆီ သွားတောင်းပါတယ်)၊ ဟော မပေးနိုင်ဘူး ဆိုတာ သေချာ ပြီ (မှန်ပါ့ ဘုရား)၊ မပေးနိုင်ဘူး ခင်ဗျားတို့ကို ဘယ်နည်းနှင့် မှ မပေးနိုင်ဘူး (မှန်ပါ့ ဘုရား)၊ ပေးနိုင်ပါ့မလား (မပေး နိုင်ပါ ဘုရား)၊ တရားကို ရှုကြည့်လိုက်တော့ ဘယ့်နှယ်တုံး (ရပါတယ် ဘုရား)။

ကဲ ဒါသက် သေသာဓက လုံလောက်အောင် ဘုန်းကြီးနည်းနည်း ပြောပါမယ်နော် (မှန်လှပါ ဘုရား)၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးဟာ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတယ်နော် (မှန်ပါ့)၊

ဘုရားဖြစ်လာပြီး သကာလ၊ လာတော့ ဪ ကိုယ့်အထက် ကိုးကွယ်စရာမရှိလို့ ရှိရင်တော့ ကိုယ့် သဘောနဲ့ ကိုယ်လုပ်နေတာ မကောင်းပါဘူးဆိုတော့ ဘုရားက မိမိစိတ်ထဲ တွေးတော် မူမိတယ်တဲ့ (မှန်ပါ့)။

ကိုးကွယ်စရာရှာဦးမှ

ဒီတော့ မိမိအတွက် ကိုးကွယ်စရာတော့ ရှာဦးမှပဲ (မှန်ပါ့ ဘုရား)၊ ဘုရားဖြစ်ပလား မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)၊ ဘုရားဖြစ်ပြီးမှ ရှာတာ (မှန်ပါ့ ဘုရား)၊ ဒါနဲ့ သဗ္ဗညုတဉာဏ်နဲ့၊ ဣန္ဒိယ ပရောပရိယတ္တိ ဉာဏ်တွေနဲ့၊ အာသာယာနုသယဉာဏ်တွေနဲ့ ကမ္ဘာကြီးကို အကနိဋ္ဌ ဗြဟ္မာ ပြည်တိုင်အောင် ဘုံတွေ အောက်လည်းအကုန်၊ အထက်လည်း အကုန် ဉာဏ်နဲ့ လျှောက်ရှာ တော်မူတယ် (မှန်ပါ့ ဘုရား)။

ငါ့ထက် သီလသာတဲ့ ပုဂ္ဂိုလ်ရှိရင်လည်း ငါကိုးကွယ်မယ် (မှန်ပါ့)၊ ငါ့ထက် သမာဓိသာတဲ့ ပုဂ္ဂိုလ် ရှိရင်လည်း (ကိုးကွယ်မှာပါပဲ ဘုရား)၊ ငါ့ထက် ပညာသာတဲ့ ပုဂ္ဂိုလ်ရှိရင်လည်း (ကိုးကွယ်မှာပဲ ဘုရား)၊ ကိုးကွယ်မယ်ဆိုပြီး လိုက်ပြီး ရှာတော်မူတယ် (မှန်ပါ့)၊ တစ်ယောက်မှ မတွေ့ဘူး (မှန်ပါ့)၊ မတွေ့ပါဘူး၊ ဒကာကြွယ်တွေ့ ရဲ့ လား (မတွေ့ပါ ဘုရား)၊ မတွေ့ဘူးနော် (မှန်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်ဘုရားဖြစ်လာပါလိမ့်

ဒါနဲ့ ဘုရားကပြန်ပြီးတော့ စဉ်းစားတော်မူတယ်၊ ငါ့ထက် သီလ, သမာဓိ, ပညာသာတဲ့သူ တစ်ယောက်မှ မရှိပါကလား၊ ပုဂ္ဂိုလ်ထဲကဆိုရင် ကိုးကွယ်ရာ မရှိပါကလားလို့ ဆိုတာကို တွေးမိတော်မူတယ် (မှန်လှပါ)၊ သဘောပါပလား (ပါ-ပါတယ် ဘုရား)၊ နောက်တော့မှ တတိယ ပြန်စဉ်းစား တော်မူတယ်၊ ဪ ငါဘယ့်နှယ်ကြောင့် ဘုရား ဖြစ်လာပါ လိမ့်မလဲလို့ (မှန်ပါ့)။

တရားတွေ့လို့ဘုရားဖြစ်လာတာ

ဟာ တရားတွေရှုလို့ ဘုရား ဖြစ်လာတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်လိုကြောင့် ပါလိမ့် (တရားတွေ ရှုလို့ ဘုရားဖြစ်တာပါ ဘုရား)၊ တရားတွေ ရှုလို့ဘုရား ဖြစ်တော့ တရား ကိုးကွယ်မှပဲ (မှန်ပါ့)၊ ဒီလိုဆုံးဖြတ်ချက် ချတော်မူတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကိုဘုန်းကြီးက ခင်ဗျားတို့ တရားပေးမှ ရတယ်ဆိုတာ မယုံမှာစိုးလို့ ဝတ္ထုထုတ်ပြတာပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဝတ္ထုက မဆုံးသေးပါဘူး ဒကာကြွယ်ရ၊ ဒီတွင်မှ သဟမ္ပတိ ဗြဟ္မာကြီးက ဆင်းလာတယ် (မှန်ပါ့)။

တရားသာလျှင်ကိုးကွယ်ရာ

အရှင်ဘုရား အရှင်ဘုရားတွေးလုံးဟာ သိပ်တည့် ပါကလားတဲ့ (မှန်ပါ့)၊ အရှင်ဘုရား၏ နောင်တော် ဖြစ်တော် မူကြတဲ့ ကကုသန်၊ ကောဏာဂုံ, ကဿပမြတ်စွာဘုရားတွေ လည်း တရားပဲ ကိုးကွယ်သွားကြတယ် (မှန်ပါ့)၊ တပည့်တော်က ဘုရား ၂ ဆူမီတဲ့ ဗြဟ္မာကြီးဖြစ်တဲ့ အတွက် အရှင်ဘုရား စိတ်ကူးသိပ်ပြီး တည့်ပါပေတယ်၊ အရှင်ဘုရားထက် သီလ, သမာဓိ, ပညာသာတဲ့ ပုဂ္ဂိုလ် မရှိဘူး၊ ဒါကြောင့် ကိုးကွယ် စရာမရှိဘူး အရှင်ဘုရား၊ ဘုရားဖြစ်လာတဲ့တရားကို အရှင်ဘုရား၊ ကိုးကွယ်မယ် ဆိုတာဖြင့် ရှေးဘုရားတို့ကလည်း ဒီလိုပဲ ကိုးကွယ် သွားကြပါတယ်ဆိုတာ သူက ထောက်ခံချက်ပေးတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊

ဒါဖြင့် မဂ်ဘယ်သူပေးမှ ရမလဲ (တရားပေးမှရပါမယ် ဘုရား)၊ ဒါဖြင့် ဘုရားရှေ့သွား မတောင်းနဲ့နော် (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့က တော်တော် လျှာရှည်တဲ့လူတွေ၊ မပေးနိုင်တဲ့ဆီကို သွားပြီးတောင်းလို့ ရှိရင် မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊

မပေးနိုင်တဲ့သူကို တောင်းတယ် ဆိုတာ နတ်ကို ထမင်းပေးပါလို့ တောင်းလို့ရှိရင်ဖြင့်၊ နတ်က နတ်သြဇာ စားနေတဲ့သူ ထမင်းမှ မရှိဘဲ (မှန်ပါ့)၊ ဘယ့်နှယ်လုပ်ပေးနိုင်မလဲ (မပေးပါ ဘုရား)၊ ဗြဟ္မာသွားပြီး ထမင်းပေးပါ တောင်းလို့ရှိရင်၊ ဗြဟ္မာက ဒကာ ဒကာမတို့ သိတဲ့အတိုင်း ပီတိစားနေတာ (မှန်ပါ့)၊ ပီတိဆိုတဲ့ ဝမ်းမြောက်လုံးကလေးနဲ့ ဗြဟ္မာကို ထမင်းပေးပါ သွားတောင်းရင် မောင်ဘသော်ရ-မရ (မရပါ ဘုရား)၊ ဒါဖြင့် နတ်ဆီ ထမင်းသွားတောင်းရင် (မရပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊ ဗြဟ္မာဆီ ထမင်းသွားတောင်းရင် (မရပါ ဘုရား)၊ ဘာဖြစ်လို့တုံး မပေးနိုင်လို့ (မှန်ပါ့)၊ စားစရာ လည်းမရှိဘူး၊ ပေးလည်း မပေးနိုင်ဘူး (မှန်ပါ့)၊ သူတို့ဆီမှာ စပါးပင်စိုက်ပြီး လယ်ထွန်နေတာမှ မရှိဘဲ (မှန်ပါ့)၊ သဘော ပါပလား (ပါ-ပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ဘုရားဆီသွားပြီး မဂ်ဖိုလ်ပေးပါဆို လို့ရှိရင် မပေးနိုင်ဘူး (မှန်ပါ့ မပေးနိုင်ပါ ဘုရား)၊ မပေးနိုင် ဘူး၊ နည်းတော့ပေးလိုက်လိမ့်မယ် (မှန်ပါ့)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

မဂ်ဉာဏ်ဆိုတာ တရားကပေးမှရမယ်

ဒါဖြင့် ဘယ်သူပေးမှရမလဲ (တရားပေးမှရပါမယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ဘုရားဆီ သွားတောင်းတဲ့ပုဂ္ဂိုလ်တွေ တွေ့လို့ရှိရင်ဖြင့်တဲ့၊ တပည့်တော် သာဝကဆု, ဘာဆုတွေဆိုတော့ သာဝကဖြစ်ချင်တာပေါ့ဗျာ (မှန်ပါ့)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တော့ မပေးနိုင်တာ အမှန်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အခု ဒါဖြင့် ဗြဟ္မာကြီးက ထောက်ခံလိုက်တော့လည်း မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

ခန္ဓာထဲကတရားရှာပါ

ကိုင်း ဒါဖြင့် အခု ခင်ဗျားတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် လိုချင်လို့ရှိရင်ဖြင့် ခန္ဓာထဲကတရားရှုပါ (မှန်ပါ့)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် လိုချင်ရင် (ခန္ဓာထဲက တရားရှုပါ ဘုရား)၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးရှုပါ (မှန်ပါ့)၊ သတိပဋ္ဌာန် လေးပါးဆိုတာ ခန္ဓာထဲက တရားကိုဆိုတာ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီလိုဆိုရင် ဒကာကြွယ် မရဘဲ နေမလား ရမလား (ရပါမယ် ဘုရား)။

ကြိုးစားနေရမှာ မတောင်းရဘူး

ဒါကြောင့် ခုနက နှစ်မျိုးခွဲပြောလိုက်တယ် (မှန်ပါ့)။ ဘာမှမလုပ်တတ်တဲ့လူ၊ သွားတောင်းတာ ကတော့ သူ့ဟာသူ တောင်းချင်တောင်း မတောင်းချင်နေ၊ လုပ်တဲ့ပုဂ္ဂိုလ်ကတော့ဖြင့် ဒါ- အထမြောက် ရပါလို၏ ဆိုပြီး ဒါ-အထမြောက်ခြင်းကိုသာ ကြိုးစားနေရမှာ မတောင်းရဘူး (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဝီရိယပိုပေးလိုက်၊ ပညာပိုပေးလိုက်၊ အချိန်ပိုပေး လိုက် (မှန်လှပါ)၊ မရဘဲ ရှိပါ့မလား (ရပါတယ် ဘုရား)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။ ခင်ဗျားတို့က ဒီဆုတောင်းကြီးကို ကျက်ထား သေးသလား (အရင်ကတော့ ကျက်ထားပါတယ် ဘုရား)၊ အရင်ကတော့ ကျက်ထားတယ် ဟုတ်လား (မှန်ပါ)၊ အခုတော့ ဘယ့်နှယ် ရှိခိုးသလဲ၊ ပြောပဲ ပြောစမ်းပါဦး တော်တော်များများ တိုသွား ကြပလား၊ တိုမှဖြစ်မှာဗျ (မှန်ပါ့ ဘုရား)၊ ချက်ချင်း တပည့်တော် အားထုတ်တဲ့တရား၊ ချက်ချင်းအထမြောက် ရပါလို၏ ဆိုရင်ကောင်းတယ် (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ဝဋ်ဘဝတိုတိုနဲ့ဆိုတော့ ဟိုဝဋ်တွေက ရှည်သွား ဦးမှာကိုး (မှန်ပါ့)၊ နည်းတာတွေမှ မဟုတ်ဘဲ (မှန်ပါ့)။

ဝိုင်းတာ အတိုဖြစ်အောင်မတတ်နိုင်ဘူး

အဲဒါတွေကို တိုရဦးမယ် ဆိုပေမယ့်လို့ ဝဋ်ပေါင်းက ဘယ်လောက်မှန်းလည်းမသိဘူး (မှန်ပါ့)၊ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဆိုရင် နဂိုကမှ ဝိုင်းနေတာ (မှန်ပါ)၊ ဝိုင်း တာအတိုဖြစ်အောင်လည်း မတတ်နိုင်ဘူး (မှန်ပါ)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)၊ ဝိုင်းတာ အတိုဖြစ်အောင် (မတတ် နိုင်ပါ ဘုရား)၊ ကိလေသဝဋ်ပြီး ဘာလာသတုံး ဒကာကြွယ် (ကမ္မဝဋ်ပါ ဘုရား)၊ ကမ္မဝဋ်ပြီးတော့ ဘာလာတုံး (ဝိပါကဝဋ် ပါ ဘုရား)၊ ဝိပါကဝဋ်ထဲက ဘာတွေ ပေါက်ပွားလာသတုံး (ကိလေသဝဋ်ပါ ဘုရား)။

ဟောဒါဖြင့် ဝိုင်းသွားပြီခင်ဗျားတို့ (မှန်ပါ့)၊ ဘယ်မှာ ဝဋ်တိုရမှာတုံးခင်ဗျားတို့ (မှန်ပါ့)၊ လုံးတောင် ပစ်သေးတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီအထဲက ဝဋ်တိုတိုနဲ့ဆိုတော့ ဒကာကြွယ် ခင်ဗျား ကျက်ထားတဲ့စာဟာ အတော် ခက်နေပါကလား၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒီလိုပဲ ဆရာကောင်း- သမားကောင်း နည်းနာကောင်းနဲ့ မတွေ့လို့ရှိရင်ဖြင့်၊ စာတိုစာရှည်က ဘာတွေ အင်းဒါကလေးဖြင့် ငါကြိုက်တယ်ဆိုပြီး ကျက်ထား လိုက်တာပဲ (မှန်ပါ့) ငါကြိုက်တာကလည်း အလွဲချည်းပဲ (အလွဲချည်းပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်သူ့မှ လည်းမပေး၊ ကိုယ်ကလည်း ဘာမှမပါ ဟုတ်လား (မှန်ပါ)။ အဲဒီလိုဖြစ်နေတော့ ဒကာကြွယ် အားကြီးမခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အေး ဒီကရှေ့ စာကလေး ကြည့်မယ်ကြံလို့ရှိရင် ကိုယ်ဉာဏ်နဲ့ ကိုယ့်ခန္ဓာထည့်ပြီး စဉ်းစားပါ (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ်ဆိုတာ ဘယ်သူက ပေးတာပါလိမ့်မတုံးလို့ (မှန်ပါ့)၊ အခုတော့ ဘယ်သူက ပေးသတုံး (တရားကပေးပါတယ် ဘုရား)၊ ဟောဒီတရားသာရှု၊ ခင်ဗျားတို့ ၂-နံပါတ်အကွက်ထဲက တရားသာရှု (မှန်ပါ့)၊ ခင်ဗျားတို့ခန္ဓာကိုယ်က ၂-နံပါတ် ထဲမှာ (မှန်ပါ့)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကလည်း တရားချည်း ပဲ (မှန်ပါ့)၊ ဒီပြင် တခြားရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီတရားတွေကိုသာ ဉာဏ်ကလေးနဲ့ရှု ရှုပေးနေလို့ ရှိရင်၊ သူက မဂ်ပေးလိမ့်မယ် (မှန်လှပါ ဘုရား)။

တရားသည်သာကိုးကွယ်ရာ

ဒါကြောင့် “အတ္တာဟိ အတ္တနော နာထော” (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ “အတ္တာဟိ အတ္တာဧဝ” – မိမိ အားထုတ်သော တရားသည်ပင်လျှင်၊ အတ္တနော – မိမိ၏။ နာထော ကိုးကွယ်ရာတည်း ဆိုတော့၊ မိမိခန္ဓာကိုယ်ကို မိမိ ကြည့်ပြီးအားထုတ်သည့် တရားသည်သာလျှင် ခင်ဗျားတို့၏ ကိုးကွယ်ရာ (မှန်လှပါ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ ကိုးကွယ်ရာဆိုတာ ခင်ဗျားတို့ အားထုတ်တဲ့တရား၊ ခင်ဗျားတို့အားထုတ်ရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒီလိုလုပ်ကြပေတော့

ဒါဖြင့် ဒီလိုလုပ်ကြပေတော့၊ အလုပ်စဉ်ကလေးပါ ပေးလိုက်မယ်နော် (မှန်ပါ့)၊ အလုပ်စဉ် ကလေး ပေးလိုက် မယ်တဲ့၊ ဥပမာ စိတ်ကလေးတစ်ခု ဘယ်စိတ်ပေါ်ပေါ် ခင်ဗျားတို့ သန္တာန် ပုထုဇဉ် တွေကိုးဗျ (မှန်ပါ့)၊ ပုထုဇဉ် စိတ်ပဲပေါ်မှာပဲ (မှန်ပါ့)၊ ပေါ်တဲ့စိတ်ကို မောင်ဘသော်က ဘာလုပ်မလဲ (ဖြစ်ပျက်ရှုပါမယ် ဘုရား)။

အဲ “ဝိညာဏံ အနိစ္စန္တိ ပဿတိ” ဝိညာဏံ အခု ပေါ်လာတဲ့ ပုထုဇဉ်စိတ်ကလေးကို၊ အနိစ္စန္တိ = အနိစ္စဟူ၍၊ ပဿတိ =ရှု၏၊ သာ =ထိုသို့ရှုသော ပညာသည်၊ သမ္မာဒိဋ္ဌိ =သမ္မာဒိဋ္ဌိဖြစ်၏ (မှန်လှပါ ဘုရား)၊ မဂ္ဂင်ဖြစ်သွားရော (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့်ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့ စိတ်ကလေးကို ဖြစ်ပျက် ရှုလိုက်တော့ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်သွားတယ် (ဖြစ်ပါတယ် ဘုရား)၊ သမာဒိဋ္ဌိ ဖြစ်ကတည်းက သူနဲ့အဖော်လေးခုကလည်း ပါလာတယ် (မှန်ပါ့)၊ သဟဇာတ အဖြစ်နဲ့ ပါလာတယ်၊ တကွဖြစ်ဖော်ဖြစ်ဖက်ကိုး (မှန်လှပါ)၊ မဂ္ဂင်လေးပါး ပါမလာ ဘူးလား (ပါလာပါတယ် ဘုရား)။

ယထာဘူတသမ္မာဒိဋ္ဌိ

အင်း ဒါဖြင့် မဂ္ဂင်ငါးပါး မရပေဘူးလား (ရပါ တယ်)၊ အဲဒီတော့ ရရုံကလေးနဲ့ မင်းမကျေနပ် နဲ့တဲ့၊ ဘုရားက (မှန်ပါ့)၊ ဒါက ယထာဘူတသမ္မာဒိဋ္ဌိကွတဲ့ (မှန်ပါ့ ဘုရား)၊ တက်လိုက်ကွ ဒီတွင်မနေနဲ့ ဆိုပြီးသကာလ တစ်ခါတည်း မောင်ဘသော်တို့ ဒကာကြွယ်တို့က ရှုပေး (မှန်ပါ့ ဘုရား)၊

“သမ္မာပဿံ နိဗ္ဗိန္ဒတိ” အဲဒီဖြစ်ပျက် များများမြင်လာလို့ရှိရင် နိဗ္ဗိန္ဒဉာဏ်ဆိုတာ ပေါ်လိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗိန္ဒဉာဏ်

ဖြစ်ပျက်ကို သမ္မာဒိဋ္ဌိနဲ့ များများမြင်လာတော့ ဘယ်ဉာဏ်တိုးတက်လာသလဲ (နိဗ္ဗိန္ဒဉာဏ် တိုးတက်လာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ နိဗ္ဗိန္ဒဉာဏ် တိုးတက်လာလိမ့်မယ်ကွတဲ့ (မှန်ပါ့)၊

ဒါသံယုတ်ပါဠိတော် မှာလာတယ် သမ္မာ = ကောင်းစွာ၊ ပဿံ= ရှုသည်ရှိသော်၊ နိဗ္ဗိန္ဒတိ = ငြီးငွေ့လာလိမ့်မယ်တဲ့ (မှန်လှပါ)၊ ရှင်းပြီနော် ( ရှင်းပါပြီ)၊ နှစ်ဉာဏ်ရသွားပြီ (မှန်ပါ့)၊ ခုနက သမ္မာ ဒိဋ္ဌိဉာဏ် ယထာဘူတပေါ်လာကတည်းက သမ္မာဒိဋ္ဌိဉာဏ် ရတယ် (မှန်ပါ့)၊ အခုတော့ နိဗ္ဗိန္ဒဉာဏ်တက်တယ် (မှန်ပါ့)။

ကဲ နိဗ္ဗိန္ဒဉာဏ်တွင် ရပ်မနေနဲ့လို့ ဘုရားက တစ်ခါ ဟောပြန်တယ် (မှန်ပါ့)၊ နိဗ္ဗိန္ဒဉာဏ် တွင်ရပ်မနေနဲ့၊ သမ္မာ ပဿံ နိဗ္ဗိန္ဒတိတွင် ရပ်မနေနဲ့ဦးတဲ့၊ ‘‘နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ’’ တဲ့၊ မလိုချင်အောင် ရှုပစ်လိုက်တဲ့ (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်ကို ဘာတဲ့ (မလိုချင်အောင် ရှုပစ်ရပါမယ် ဘုရား)၊

နိဗ္ဗိန္ဒံ နိဗ္ဗိန္ဒန္တော= ငြီးငွေ့ပြီးသည်ရှိသော်၊ ဝိရဇ္ဇတိ =တဏှာနဲ့မငြိအောင် ရှုပစ်၊ (ဝါ) မလိုချင်အောင် ရှုပစ်လိုက် (မှန်လှပါ ဘုရား)၊ မလိုချင်အောင် ရှုပစ်လိုက်တယ် ဆိုတော့ ဖြစ်ပျက် ခန္ဓာကြီး ဟောဒီ ဒကာ ဒကာမတွေ အခုပြောခဲ့တဲ့ ၂-နံပါတ်မှာရှိတဲ့ ဒီငါးခုစလုံး အကုန် ပျောက်တယ် (မှန်လှပါ ဘုရား)။

မဂ်ဉာဏ်ပေါ်လာတယ်

ငါးခုစလုံး အကုန်ပျောက်တော့ ဘာသစ္စာပျောက်သွား သတုံး (ဒုက္ခသစ္စာပျောက်သွားပါတယ် ဘုရား)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါတွေ တစ်ခုရှုလိုက်ရသဖြင့် ငါးခု စလုံး ပျောက်သွားတော့၊ ဘာသစ္စာတွေ ပျောက်သွားသလဲ (ဒုက္ခသစ္စာတွေ ပျောက်သွားပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ့)၊ ဒုက္ခတွေ ချုပ်သွားတာ (နိဗ္ဗာန်လို့ ခေါ်ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် သူပျောက်သွားရင် နိဗ္ဗာန်ပေါ်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ “နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ နိဗ္ဗိန္ဒံ နိဗ္ဗိန္ဒန္တော” – ငြီးငွေ့တဲ့ဉာဏ် တက်ပြီးသည် ရှိသော်၊ ဝိရဇ္ဇတိ = မဂ်ဉာဏ် ပေါ်လာ၏ (မှန်ပါ့)၊ မဂ်ဉာဏ် ပေါ်လာလို့ရှိရင် ဟောဒီ ၂-နံပါတ်ထဲက ခန္ဓာငါးပါးကို ဝိညာဏ်, နာမ်ရုပ်, သဠာ ယတန၊ ဖဿ, ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါး၊ ပဋိစ္စသမုပ္ပါဒ် ခန္ဓာဆိုတော့ ငါးပါး (မှန်ပါ့)၊ ဒကာကြွယ် ဒါပေါ်သေးရဲ့လား (မပေါ်လာပါ ဘုရား)။

ဒုက္ခချုပ်ရင်နိဗ္ဗာန်

ဒါချုပ်သွားတော့ကို ဒီမှာ စာကလေးဆွဲလိုက်၊ ဒုက္ခနိရောဓော (နိဗ္ဗာန်ပါ ဘုရား)၊ ဟော- ဒုက္ခချုပ်ရင် နိဗ္ဗာန် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒုက္ခချုပ်တယ်ဆိုတော့ ချုပ်မှာပဲတဲ့၊ ဒီဘက်ကူးတဲ့ တဏှာကော ကူးသေးသလား (မကူးပါ ဘုရား)၊ ၃-နံပါတ်က အဆက်လည်း ပြတ်သွားတယ် (ပြတ်သွားပါတယ် ဘုရား)၊ မပြတ်ဘူးလား (ပြတ် ၂ ပါတယ် ဘုရား)၊ ၃-နံပါတ် အဆက်ပြတ်တာက မဂ်ကဖြတ်တာ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊

မဂ်က ဖြတ်လည်း ဖြတ်တယ်၊ ဒုက္ခကိုလည်း ချုပ်စေတယ် (မှန်ပါ့)၊ မဂ်သည် (ဖြတ်လဲ ဖြတ်တယ်၊ ဒုက္ခကိုလည်း ချုပ်စေပါတယ်)၊ ကိလေသာ ကို လည်း ဖြတ်တယ်၊ နိဗ္ဗာန် ကို လည်း အာရုံပြုတယ် (မှန်ပါ့)။

ဒါကြောင့် ဒုက္ခချုပ်သွားတာ၊ သူပိုင်းခြားလို့ ချုပ်သွားတာ (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါ-ပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်သုံးဉာဏ်နဲ့ တက်ပစ်လိုက် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။

ဝိပဿနာမဂ်ဖြစ်အောင်အရင်လုပ်

ရှေးဦးစွာ “အနိစ္စန္တိ ပဿတိ သာယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ” သမ္မာဒိဋ္ဌိဉာဏ်ရအောင် အရင် လုပ်ပစ်လိုက် (မှန်လှပါ ဘုရား)၊ ဝိပဿနာမဂ် ဖြစ်အောင် အရင်လုပ်ပစ်လိုက် (မှန်ပါ့)၊ အဲဒါ ယထာဘူတ ဉာဏ်ခေါ်လိုက် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်မြင်ရင်ဘာဉာဏ် (ယထာဘူတဉာဏ်ပါ ဘုရား)။

ကဲ တစ်ခါတက်လိုက်ဦး “သမ္မာပဿံ နိဗ္ဗိန္ဒတိ” ခုနက ကောင်းကောင်းမြင်ပြီးရင် ငြီးငွေ့အောင် လုပ်စမ်းတဲ့ (မှန်ပါ့)၊ ဘာပြန်တက်လာသလဲ (နိဗ္ဗိန္ဒဉာဏ် တက်လာပါ တယ် ဘုရား)၊ နိဗ္ဗိန္ဒဉာဏ် တက်လာတယ် (မှန်ပါ့)၊ ဒီဖြစ်ပျက် ပဲသုံးတာပဲ (မှန်ပါ့)၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ ဆိုရင် ဒုက္ခသစ္စာပျောက် ပြီ (မှန်ပါ့)၊ နိရောဓသစ္စာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)၊ ရှင်းပလား ဒကာသစ် (ရှင်းပါပြီ ဘုရား)။

သောတာပန်တည်တယ်

ဒါဖြင့် ၂-ကွက်ထဲမှာ အားထုတ်လို့ ၂-ကွက်ထဲမှာပဲ သူသောတာပန် တည်တယ် (မှန်ပါ့ ဘုရား)၊ ဆက်လုပ်ရင် သကဒါဂါမ် အနာဂါမ် ရဟန္တာ ၂-ထဲမှာဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ဒီဘက် ၃-ကူးသေးရဲ့လား (မကူးပါ ဘုရား)၊ ၄-ဖြစ် စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဟောဒီဘက်က သမုဒယသစ္စာလည်း ပျောက်တယ်၊ ၃-နံပါတ် သမုဒယသစ္စာလေ (ပျောက်ပါ တယ် ဘုရား)၊ ၄-နံပါတ် ဒုက္ခသစ္စာ (ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် သမုဒယ ဒုက္ခသစ္စာ ချုပ်တယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။