288

တွေးလုံးပိုင်မှ ကမ္မဋ္ဌာန်းခွင် ဝင်ပါ

အသံဖိုင်ခေါင်းစဉ်= ဦးအောင်ဇံဝေ ဦးသံဒိုင် တို့အား ဟောကြားသည့် တရားတော်

စာအုပ်ခေါင်းစဉ် = တွေးလုံးပိုင်မှ ကမ္မဋ္ဌာန်းခွင် ဝင်ပါ

အသံမကြည်ပါ။

မှတ်ချက်။ ။ဥက္ကဌကြီးဦးအောင်ဇံဝေနှင့် ဥက္ကကြီးဦးသံဒိုင်တို့ နှစ်ဦးအား သီးခြားဟောသော တရားတော် ဖြစ်ပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

တွေးလုံးပိုင်မှ ကမ္မဋ္ဌာန်းခွင် ဝင်ပါ

(တရားထိုင်သူများအတွက်)

(၂၁-၁၁-၆၁)

ရှုမှတ်တဲ့စိတ်လဲဒုက္ခသစ္စာ

ခန္ဓာငါးပါးတွင်တစ်ပါးမေးလည်း ဒုက္ခသစ္စာ၊ ရုပ်မေး လည်း ဒုက္ခသစ္စာ နာမ်ခန္ဓာလေးပါး မေးလည်း ဒုက္ခသစ္စာ၊ ဒါသေသေချာချာ မှတ်ပါ။ ဒုက္ခသစ္စာမှတစ်ပါး မရှုမမှတ်တဲ့ အချိန်မှာ ဘာမှမရှိဘူးလို့ မှတ်ပါ။ ရှုမှတ်တဲ့စိတ်ကလေးတောင် ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါ ကျတော့ ဘုန်းကြီးတို့ ဒကာနှစ်ယောက်က မှတ်ရမယ် ဪ သူလည်းဖြစ်မှု ပျက်မှုပဲ။ ဟိုကိုတော့ ရှုတယ်၊ ရှုပြီးတော့ သူကလည်း ဖြစ်မှုပျက်မှုရှိတယ်၊ ဖြစ်မှုပျက်မှု ရှိသောကြောင့် သူလည်း ဒုက္ခသစ္စာပဲ။ ဒုက္ခ ဒုက္ခချင်း အာရုံပြုနေတာ ဒီလို မှတ်ရမယ် (မှန်ပါ)၊ ဒုက္ခ ဒုက္ခချင်း အာရုံ ပြုနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

ဒုက္ခ၊ ဒုက္ခချင်းအာရုံပြုနေတယ်

ကောင်းပြီ ဒုက္ခ ဒုက္ခချင်း အာရုံပြုနေတော့ ဒီဒုက္ခ က ဉာဏ်ပါတဲ့ဒုက္ခ၊ အမြင်ခံရတဲ့ ဒုက္ခက ဉာဏ်မပါတဲ့ဒုက္ခ ဒါပဲထူးခြားတယ် (မှန်ပါ)။

ဒီကဒုက္ခက ဉာဏ်ဦးစီးတဲ့ဒုက္ခ၊ ဟိုကဉာဏ်မပါတဲ့ ဒုက္ခ၊ ဒါကြောင့် ဉာဏ်ဦးစီးတဲ့ဒုက္ခက ဉာဏ်မပါတဲ့ဒုက္ခကို သိမ်းနိုင်တယ် ဆိုတာ မှတ်ထားပါ (မှန်ပါ)။

ဉာဏ်ဦးစီးတဲ့ဒုက္ခ

ဉာဏ်ဦးစီးတဲ့ ဒုက္ခက ဉာဏ်မပါတဲ့ဒုက္ခကိုသိမ်းနိုင်တယ်။ ဘာဖြစ်လို့သိမ်းနိုင်သတုံး ပဋိစ္စသမုပ္ပါဒ်ပြတ်လို့သိမ်းနိုင် တယ်။ ပဋိစ္စသမုပ္ပါဒ်မပါရင် တရားမဖြစ်ဘူး။

ကောင်းပြီး ဒီလိုသိထားတော့ ဒီဒုက္ခသစ္စာဟာ ဒု-က စက်ဆုတ်စရာ၊ ခ-က အသုံးမကျတာ၊ သစ္စာ-က မှန်တာ။ (ဒု+ခ+သစ္စာ)၊ စက်ဆုပ်စရာ အသုံးမကျတာမှန်တယ်၊ ဒီသုံးနာမည်ရတယ်။ ခန္ဓာငါးပါးမှာသုံးနာမည်ရတယ် (မှန်ပါ)။

ဉာဏ်နဲ့ကြည့်လို့ရှိရင်ဖြင့် စက်ဆုပ်စရာအသုံးမကျတာ အမှန်၊ ဪ ဒါကြောင့် ဒုက္ခသစ္စာလို့ဆိုတာပဲ။

ဒုက္ခသစ္စာမှာ ဘာသတ္တိရှိသတုံး

အဲဒီဒုက္ခသစ္စာမှာ ဘာသတ္တိရှိသတုံးလို့မေးဖို့ လိုလာပါ တယ်။ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို ညှာတာမဖက်အမြဲနှိပ်စက် တတ်တယ်။ ဆုမတောင်းတပုဂ္ဂိုလ်မလိုချင်တဲ့ပုဂ္ဂိုလ်၊ ဒုက္ခချုပ် သွားတဲ့ ပုဂ္ဂိုလ်ကျတော့ မနှိပ်စက်နိုင်တော့ဘူး (မှန်ပါ)။

ဆုတောင်းတဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တယ်

ခင်ဗျားတို့ အခုခန္ဓာကိုယ်မှာ ဥဒယဗ္ဗယနဲ့ အမြဲတမ်း နေရတာ ကံမကောင်း အကြောင်း မသင့်လို့ မဟုတ်ပါဘူး။ တဏှာလုပ်ထားလို့ ဒုက္ခသစ္စာပေါ်နေတာလို့သေသေချာချာ မှတ်ပါ (မှန်ပါ)၊ တဏှာ သမုဒယက ဆုတောင်းအဖြစ်နဲ့သော်လည်းကောင်း၊ ဆုမတောင်းဘဲနဲ့သော်လည်းကောင်း လုပ်ပြီးထားလို့ ဒုက္ခသစ္စာ ဖြစ်ရပါတယ် (မှန်ပါ)။

ဆုတောင်းတပုဂ္ဂိုလ်ကို နှိပ်စက်တယ်

ကောင်းပြီ ဒီဒုက္ခသစ္စာက ဘယ်သတ္တိရှိသတုံးဆိုတော့ ဆုတောင်းထားတပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တယ်။(မှန်ပါ)။

ဘယ်သူ့ကိုနှိပ်စက်သတုံး (တောင်းထားတပုဂ္ဂိုလ် ကို ညှာတာမဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)၊ နှိပ်စက်ဆိုတာ သည် အထည်ပျောက် နှိပ်စက်တယ် လို့မှတ်ပါ (မှန်ပါ)။

နှိပ်စက်တာ အမျိုးမျိုးရှိတယ်

နှိပ်စက်တာကလည်း အမျိုးမျိုးရှိတယ်၊ အထည်ပျောက် အောင်နှိပ်စက်တာလည်းရှိတယ်၊ အထည်မပျောက်ဘဲနဲ့ နှိပ်စက်တာလည်းရှိတယ်။ အခု ဒုက္ခသစ္စာအစစ်က အထည်ပျောက် နှိပ်စက်တာ ကိုဆိုပါတယ်၊ ဒါကိုလည်း ထူးထူး ခြားခြားမှတ်ပါ (မှန်ပါ)၊ ဒါကြောင့် ဉာဏ်နဲ့ ရှုလိုက်တဲ့အခါ ကျတော့ မရှိတာချည်းတွေ့နေတယ်၊ မရှိတာချည်းတွေ့ နေတော့ ဒါဘာတွေ့ သတုံး အထည်ပျောက်နှိပ်စက်ပစ် လိုက်လို့မရှိတာတွေ့တာ၊ အဲဒီမရှိတာတွေ့မှ သော် ဒုက္ခရောက်သွားတာ အမှန်ပါလားဆိုတာ ပေါ်လာတယ်။ အထည်ပျောက် ပျောက်သွားမှ ဒုက္ခရောက်တာ အမှန်လို့သိ တယ် (မှန်ပါ)။

အထည်မကျန်ရင်ဒုက္ခသစ္စာ

လောကီဥပမာ ပြောကြပါစို့ဆိုတော့၊ ဂျပန်ခေတ်က ဗုံးတွေကျတယ်။ အိုးတိုခွက်စ တိုင်တွေ ကျန်ရစ်တယ်။ အဲဒါ အထည်ပျောက်မဟုတ်လား (မှန်ပါ)၊ ဘာမှကိုရှာမတွေ့အောင်ပျက်မှ ဒုက္ခသစ္စာ၊ အထည်ကျန်နေရင် မရဏထဲသွင်းပါ။ အထည်မကျန်ရင် ဒုက္ခသစ္စာထဲသွင်းပါ (မှန်ပါ)။

အထည်ကျန်ရင် (မရဏထဲသွင်းပါ)၊ မရဏ အထည်ကျန်တယ်။ ဒုက္ခသစ္စာက အထည် မကျန်ရဘူး (မှန်ပါ)၊ အဲဒီတော့ မရဏက သမထဘက်ကိုအားပေးတယ်။ ဒုက္ခသစ္စာက ဝိပဿနာဘက် အားပေးတယ်။ ဒီလိုထူးထူးခြား ခြားလည်း မှတ်ပါဘူး။

သို့သော်မရဏာနုဿတိသည် ဒုက္ခသစ္စာ နဲ့နီးတယ်။ နှလုံးသွင်းတဲ့ပုဂ္ဂိုလ်မှာ ဒုက္ခသစ္စာ ဟောလိုက်တဲ့ အခါမှာ သူဟာ နိဗ္ဗာန်ရ လွယ်တယ်။ မရဏာနုဿတိအားကြီးတဲ့ ပုဂ္ဂိုလ်က (မှန်ပါ)၊ ဘာကြောင့်တုံးမေးလိုက်တဲ့အခါ ကျတော့ သူက ဥပနိဿယသတ္တိနဲ့ အနိစ္စကိုသွားပြီး ကျေးဇူးပြု တယ်(ဝါ)ဒုက္ခသစ္စာကို သွားပြီး ကျေးဇူးပြုတယ်။ ဒါကြောင့် မရဏာနုဿတိဟာ ဒုက္ခသစ္စာကို အကူအညီ ပေးတယ် (မှန်ပါ)။

ဒါကြောင့် မရဏာနုဿတိကို အိပ်ရာဝင်တဲ့အခါ နှလုံးသွင်းပြီးတော့ သူ့ကိုနှလုံးသွင်းပြီးမှ ဒီဒုက္ခသစ္စာကို ရှုလို့ ရှိရင် ပိုမိုပြီးကောင်းပါတယ် (မှန်ပါ)။

များများခင်ရင် များများနှိပ်စက်တယ်

ကောင်းပြီ ဒါဖြင့် ဘယ်သူ့ကိုနှိပ်စက်သတုံးဆို တော့ နှစ်ယောက်မရှိဘဲနဲ့ နှစ်ယောက် ပြောနေရခြင်းဟာ သမုဒယသစ္စာ အားကြီးတပုဂ္ဂိုလ်ကို ဒုက္ခသစ္စာက နှိပ်စက်တာပဲ (မှန်ပါ)၊ သမုဒယနည်းနည်း ရှိတဲ့ပုဂ္ဂိုလ်ကို နည်းနည်းပဲ နှိပ်စက်တယ်။ သမုဒယများများရှိတဲ့ပုဂ္ဂိုလ်ကို များများနှိပ်စက် တယ်လို့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)။

ဘယ်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျလို့ ရှိရင် နည်းနည်းခင်တော့ နည်းနည်း ဒုက္ခရောက်တာကို ထောက်ကြည့်၊ များများခင်လို့ များများဒုက္ခရောက်တာကိုထောက်ကြည့်ပါ၊ အကြမ်းအားဖြင့် အလွန့်အလွန်ခင်ရင် အလွန့်အလွန်ဒုက္ခ ရောက်တယ်ဆိုတာ ခင်ဗျားတို့ ခင်လို့ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒုက္ခဿ ပိဠနဋ္ဌော တဲ့။ ကိန်းရာပုဂ္ဂိုလ်ကို ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို ဆုတောင်းလို့ ရထားတဲ့ပုဂ္ဂိုလ်ကို သမုဒယသစ္စာသမားကို ညှာတာမဖက် အမြဲနှိပ်စက်တယ်။ သဘောကျပြီလား (မှန်ပါ)၊ ဘာနဲ့အရင်နှိပ်စက်သတုံးဆိုတော့ ကာယိကဒုက္ခနဲ့ ရှေးဦးစွာနှိပ်စက်တယ်၊ ပြီးတော့မှ စေတသိကဒုက္ခနဲ့ နှိပ်စက်တယ် (မှန်ပါ)။

ကာယိကဒုက္ခ စေတသိကဒုက္ခ

ကာယိကဒုက္ခ ဆိုတာ ခန္ဓာကိုယ်၌ ဆင်းရဲမှုတွေ ၉၆ ပါးသော ရောဂါဝေဒနာစသည် ကိုယ်ပေါ် ရောက်လာတာ မျိုးဆိုပါတယ်။ စေတသိက ဒုက္ခဆိုတာရောက်လာတဲ့အတွက် မခံနိုင်တဲ့ ဒေါမနဿ ဝေဒနာကိုဆိုပါတယ် (မှန်ပါ)။ ကာယိကဒုက္ခက ဒုက္ခ သဟဂုက်ကာယဝိညာဏ်ကိုဆိုပါတယ်။

ကာယိကဒုက္ခနဲ့ အရင်နှိပ်စက်ပြီး စေတသိကဒုက္ခကို ကြီးပွားအောင်လုပ်တယ်။ ဘယ်သူ့ကို လုပ်သတုံးဆိုတော့ ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဒီနှစ်ခုပေးလိုက်ပါတယ်။ ဒုက္ခသစ္စာက (မှန်ပါ)။

နောက်မှ သူတို့၏အဖော်တွေဖြစ်တဲ့ ကာယိကဒုက္ခ စေတသိကဒုက္ခတို့၏ အဖော်ဖြစ်တဲ့ ၉၆ ပါးတွေကို အံဝင်ခံ တယ်။ ကာယိကဒုက္ခ စေတသိကဒုက္ခက (မှန်ပါ)၊ ဒီ ပုဂ္ဂိုလ် ဆုတောင်း ပြည့်အောင် အလုံးစုံ အကုန်နှိပ်စက်မဟေ့ ဆိုပြီး သကာလ သူသည် သူ့အဖော် သူ့အသင်း အပင်းနဲ့ တကွ လာပြီး နှိပ်စက်တယ်လို့ ဦးသံဒိုင်တို့ ဦးအောင်ဇံဝေတို့ မှတ်ရမယ် (မှန်ပါ)။

တစ်ခုတည်းနှိပ်စက်သည်မဟုတ်ဘူး။ စေတသိကဒုက္ခ လာတော့ မခံသာတဲ့ဒေါသ ပျောက်ချင်တဲ့ လောဘစသည့်တွေ ဒါတွေလည်း လာတော့တာပဲ (မှန်ပါ)၊ လာတဲ့အတွက် ထောင့်ငါးရာ ကိလေသာ ဝိုင်းတာပဲ။ ထောင့်ငါးရာ ကိလေသာ၏ အဖော်တွေဖြစ်တဲ့ ၉၆ ပါးသော ရောဂါတွေ ၂၅ ပါးသော ဘေးတွေ ဒါတွေဟာ ကာယိက ဒုက္ခ စေတသိက ဒုက္ခရှိတဲ့ ပုဂ္ဂိုလ်ကိုမှ နှိပ်စက်ခြင်း ရှိပါတယ် (မှန်ပါ)။

ဒုက္ခမျိုးစုံပေးတယ်

ဒါကြောင့် ဒီခန္ဓာကိုယ်ကြီးကို ခဏခဏပြောင်းချင် တာသည် ကာယိကဒုက္ခ၊ မပြောင်းခင်က ကာယိကဒုက္ခ၊ မခံနိုင်လို့ ပြောင်းပြန်တော့၊ စေတသိကဒုက္ခ (မှန်ပါ)၊ ဖြစ်ပေါ်စ ကာယိကဒုက္ခ၊ မခံနိုင်လောက်အောင်ဖြစ်လာရင် စေတသိက ဒုက္ခ။ ဒီဒုက္ခ နှစ်ခုနဲ့ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို ဆုတောင်း ပြည့်အောင် လုပ်ပါတယ် (မှန်ပါ)၊ လူခန္ဓာရရ ပါလို၏ နတ်ခန္ဓာရရပါလို၏ဆိုတဲ့ တဏှာနဲ့တောင်းထားတဲ့ ပုဂ္ဂိုလ်ကို ဒုက္ခသစ္စာ မှန်းမသိလို့ တောင်းထားတဲ့ ပုဂ္ဂိုလ်ကို ဒုက္ခမျိုးစုံ ပေးပါတယ် (မှန်ပါ)။

ဒုက္ခမျိုးစုံပေးတယ်ဆိုတော့ ကာယိကဒုက္ခ စေတသိက ဒုက္ခ၏ အဖော် ဘယ်သူတုံး ၉၆ ပါးသော ဘေး၊ ၂၅ ပါးသော ဘေး၊ ၃၂ ပါးသော ကံကြမ္မာတွေ၊ ဘာကြောင့်တုံး အညံ့ ရှိလို့ ယင်အုံတာ (မှန်ပါ)၊ အဲဒီလိုနှိပ်စက်ပြီးသကာလ နေခြင်းကြောင့် ဒီလက်ရှိခန္ဓာကိုယ်ငါးပါး ဥပါဒါနက္ခန္ဓာကြီးဟာ စက်ဆုပ်စရာ အသုံးမကျတာအမှန်ဖြစ်တယ်လို့ ဒီကျအောင် ဖြစ်တဲ့ဟာ ဒါတွေကို ဖြစ်ပျက်ကနေပြီး သစ္စာရောက်အောင် ဉာဏ်ကသွားပေးရမယ် (မှန်ပါ)။

သစ္စာမြင်မှ တဏှာသေတယ်

ဖြစ်ပျက်ကနေပြီး သစ္စာရောက်အောင် ဉာဏ်ကသွား ပစ်လိုက်တဲ့ အခါကျတော့ တရားလမ်းဆုံးနိုင် တယ် (မှန်ပါ)၊ ဖြစ်ပျက်ဟာ ဉာဏ်ထဲမှာလမ်းမဆုံးသေးဘူး။ ဘာကြောင့်တုံး ဖြစ်ပျက်သည် အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာကိုသာပြ၍ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ဆီကို မရောက်သေးဘူး။

စက်ဆုပ်စရာအသုံးမကျတာ အမှန်ဆိုတဲ့ ဆီကိုရောက်သွားမှ ဘုန်းကြီးတို့ဒကာ ဒကာမတွေ၌ တဏှာဟာ ပိုမိုပြီး သကာလ ပါးသွားတယ် (မှန်ပါ)၊ အသိကြီးလို့ အပါးပိုသွားတယ်၊ ကိလေသာ ပါးတာပို သွားတယ် (မှန်ပါ)၊ အသိနည်းလို့ရှိရင် အနိစ္စလောက်သိနေရင် ကိလေသာမပါးသေးဘူး။ အနိစ္စကခံသာတဲ့အဖြစ်ကို သူသွား မြင်နေသေးတယ်။

ဒုက္ခသစ္စာက မခံသာတဲ့အဖြစ်ကို သွားမြင်တော့ ခံသာမှုနဲ့ မခံသာမှုသည် မခံသာမှုက တဏှာကိုသေစေ နိုင်တယ် (မှန်ပါ)၊ သစ္စာမြင်မှ တဏှာသေတယ်။ အနိစ္စ မြင်ခြင်းကြောင့် တဒင်္ဂပဲ သေတယ်။ ဘာကြောင့်တုံး စက်ဆုပ်စရာအသုံးမကျတာ အမှန်ဆိုတာကို ဉာဏ်မထိုးထွင်းနိုင်လို့ သူက တဒင်္ဂ (မှန်ပါ)၊ ဟို စက်ဆုပ်စရာ အသုံးမကျတာ အမှန်တကယ်အစစ်ကိုမြင်သွားလို့ရှိရင် တဏှာဒိဋ္ဌိက သူ့ထုံးစံ အတိုင်း လေးပိုင်းတစ်ပိုင်း ပါးသွားရမယ် (မှန်ပါ)။

သစ္စာမြင်မှအမြစ်ပြုတ်တယ်

အဲ့ဒီတော့ သစ္စာမြင်မှုနဲ့ အနိစ္စ ရိုးရိုးမြင်မှုနဲ့ ဒီနေ့ညမှာ ခြားခြားနားနားပေါ်တယ်လို့ အောက်မေ့ရမယ် (မှန်ပါ)၊ သစ္စာမြင်က ကိလေသာကိုပိုပြီးပါးတယ် (မှန်ပါ)၊ အနိစ္စ မြင်မှုသည် ပါးပါတယ်၊ ပါးပင်ပါးငြားသော်လည်း တဒင်္ဂပဲ ပါးတယ်။ သစ္စာမြင်လိုက်ရင် အမြစ်ပြုတ်တယ်ဆိုတော့ အများကြီးကွာခြားပါတယ် (မှန်ပါ)။

ဝုန်းခနဲ့တက်လို့ရပါသလားလို့ အခုတရားနာတဲ့ ပုဂ္ဂိုလ်တွေမေးတော့ ဝုန်းခနဲတက်လို့မရဘူး၊ သူအမြင်သန်မှ သစ္စာသွားဆိုက်တာ (မှန်ပါ)၊ အပြောသစ္စာမဟုတ်ဘူး၊ ဉာဏ်တက်သွားတဲ့ သစ္စာကိုဆိုပါတယ် (မှန်ပါ)၊ အပြော သစ္စာမဟုတ်ဘူး၊ ဉာဏ်တက်သွားတဲ့ သစ္စာ (မှန်ပါ)၊ အနိစ္စက နေပြီး ကူးတဲ့ဉာဏ်တက်သွားတဲ့ သစ္စဉာဏ်ကို ဆိုပါ တယ် (မှန်ပါ)။

သစ္စဉာဏ်ရမှကိစ္စဉာဏ်ရတယ်

အဲဒီသစ္စဉာဏ်ရမှီ ပိဠနဋ္ဌော ဆိုတဲ့ ကိစ္စဉာဏ်က ရပါတယ် (မှန်ပါ)၊ သစ္စာသိတာက သစ္စဉာဏ်၊ နှိပ်စက် တာကိုသိတာက ကိစ္စဉာဏ် (မှန်ပါ)၊ နောက်ကိစ္စဉာဏ် ရင့်သန်လာတဲ့အခါ ကျတော့မှ ကတဉာဏ်ဆိုတာလာပါတယ် (မှန်ပါ)၊ ဉာဏ်သုံးဉာဏ် မှတ်ထားပါ (မှန်ပါ)။

ဒါသစ္စာမြင်မှလာတဲ့ဉာဏ်၊ ဖြစ်ပျက်မြင်နေတုန်းက မလာသေးဘူး၊ ဖြစ်ပျက်ရှုလို့ ဉာဏ်ရင့်လာတဲ့အခါကျတော့မှ ဪ နှိပ်စက်တယ်ဆိုတာ သူ့ကိုပဲ ဒုက္ခသစ္စာဆိုတာ ပေါ်လာ ပါတယ် (မှန်ပါ)၊ ပေါ်လာတဲ့အခါ ဉာဏ်ဖြန့်လိုက် တဲ့အခါကျတော့မှ ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက် တယ်ဆိုတဲ့ ကိစ္စဉာဏ် ဝင်လာပါတယ်။ ကိစ္စဉာဏ်ရင့်သန်တော့ မှ ဖျပ်ဆို ကတဉာဏ် ဝင်လာပါတယ်။ သင်္ခါရချုပ်ရာကိုမြင်တော့ ကတဉာဏ် (မှန်ပါ)၊ ရှင်းပြပြီးနော် (မှန်ပါ)။

အဲဒီလို ဒကာ ဒကာမတွေက ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကို သစ္စဉာဏ်ခေါ်တယ်။ ဖြစ်ပျက်မြင်ရင် သစ္စာဉာဏ်၊ ကိစ္စဉာဏ် ကျမှ ဖြစ်ပျက်တွေဆက်လာတာ (မှန်ပါ)၊ ဘာဖြစ်လို့ ပျက်ပါလိမ့်မတုံး နှိပ်စက်လို့ ပျက်တယ် ဆိုတဲ့ ဥစ္စာပါလာ ပါတယ် (မှန်ပါ)။

နှိပ်စက်လို့ ပျက်နေတော့ဖြင့် သြော် ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာ သူဟာအမြဲနှိပ်စက်နေပါတယ်၊ ဘယ်နည်းနဲ့မှ ရှောင်လို့ မရဘူးဆိုတဲ့ ဥစ္စာတွေ ဉာဏ်မြင်တော့မှ ခန္ဓာလိုချင်တဲ့ တဏှာကို ခန္ဓာရရင် ဒီလိုဖြစ်မှာပဲ ဒီလိုပဲ အနှိပ်စက်ခံနေရမှာပဲ ဒီလိုပဲ အနှိပ်စက်ခံနေရမှာပဲဆိုတာ သစ္စဉာဏ်နဲ့ တွေးလိုက် တာ့မှ ကိလေသာ ါးတယ် (မှန်ပါ)၊

ကိလေသာပါးလို့မို့ ဒီထက် ဉာဏ်တက်လာတော့ ဖျပ်ဆို ကိလေသာချုပ်သွားတော့ ကတဉာဏ်ဝင်လာတယ် (မှန်ပါ)၊ အဲဒီကတဉာဏ်ဝင် လာလို့ရှိရင်ဖြင့် ခင်ဗျားတို့ သာတာပတ္တိမဂ် ပြီလို့ အောက်မေ့ တော့၊ ကတဉာဏ် ဝင်သေးရင် မရသေးဘူး (မှန်ပါ)။

ကတဉာဏ် ဆိုတာ နိဗ္ဗာန်ကိုမြင်တဲ့ဉာဏ်၊ ပြီးပြီလို့ သိတဲ့ဉာဏ်ဟာ တကဉာဏ် (မှန်ပါ)၊ ပစ္စဝေက္ခဏဉာဏ် ကိုဆိုပါတယ် ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ဘယ်သွားစေချင်လို့အခိုင်းတာတုံး

အဲဒီလိုမှတ်လိုက်တော့မှ ဪ တို့ကို ဆရာဘုန်း ကြီးက ဖြစ်ပျက်ရှုခိုင်းနေတာ ဘာပါလိမ့်မလဲ သစ္စာ ဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်တက်ဖို့ အရှုခိုင်း တာပါကလား။ နားလည်ကြပြီနော် (မှန်ပါ)။

ဖြစ်ပျက်အရှုခိုင်းတာ ဘယ်သွားစေချင်လို့ပါလိမ့် (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် တက်စေချင်လို့ပါ ဘုရား)။

ကောင်းပြီ ဒီဉာဏ်တွေသည်ကားလို့ဆိုလို့ရှိရင် ဒီသုံးခု အစဉ်မလာလို့ရှိရင် ဒီတရားဟာ မှားတယ်၊ ဟောတဲ့ဆရာလည်း မှားတယ်၊ လုပ်တဲ့ပုဂ္ဂိုလ်မှာလည်း ဒီသုံးဆင့်မတက်နိုင်ဘဲနဲ့ မဂ်ရတယ် ထင်လို့ရှိရင် မှားပါလိမ့်မယ် (မှန်ပါ)။

ဒါကြောင့် ညှာတာ မဖက်အမြဲနှိပ်စက်တာ သိလို့ရှိရင် ဖြင့် ဒါဟာ ဆင်းရဲတာ အမှန်လောက် ဆိုလို့ရှိရင် သစ္စဉာဏ်၊ အနှိပ်စက်ခံရလို့ ဆင်းရဲတယ်လို့သိလို့ ရှိရင် ကိစ္စဉာဏ်၊ အနှိပ်စက်ခံရတဲ့ တရားတွေ ဆုံးရှုံးသွားတာ ပျောက်ပျက်သွား တာသိလို့ရှိရင် ကတဉာဏ် (မှန်ပါ)၊ ဒါကိုသေသေချာချာ မှတ်ပါ၊ ဒါဟာအင်မတန် နက်နဲတဲ့စကားတွေလို့ မှတ်ပါ (မှန်ပါ)။

ကိစ္စဉာဏ်က ဘယ်နှစ်မျိုးရှိသတုံး

ကောင်းပြီ ဒီဉာဏ်ရအောင် တက်လိုက်တဲ့အခါကျ တော့ ကိစ္စဉာဏ်က ဘယ်နှစ်မျိုးရှိသတုံးလို့ မေးဖို့လိုလာလိမ့် မယ်။ ခုနင်က ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲ နှိပ်စက်တတ်တဲ့ကိစ္စ တစ်ကိစ္စ၊ သင်္ခတဋ္ဌောပေါ့ဗျာ (မှန်ပါ)၊

‘‘သင်္ခတဋ္ဌော -တဏှာယောက်ျား၊ လက်သမား၏ ဆိုးဝါးယုတ်မာ၊ပြုပြင်ရာကို ရံခါမသွေ၊ အမြဲခံနေရသောကြောင့်လည်း ဒီခန္ဓာ ငါးပါးဟာ ဒုက္ခသစ္စာ’’ ပဲ၊

တဏှာပြုပြင်သလိုခံနေရတာပဲ (မှန်ပါ)၊ တဏှာကအပါယ်ပို့လိုက်လည်း ဒုက္ခသစ္စာကြီးက အပါယ်သွားတယ်။ တဏှာက သုဂတိပို့လိုက်လည်း အိုဘေး နာဘေး သေဘေးရှိတဲ့ဆီ သွားလိုက်တာပဲ။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကြီးကို ဒုက္ခရောက်အောင် ဘယ်သူက စီမံနေသတုံးလို့ မေးတဲ့ အခါကျတော့ သင်္ခတဋ္ဌော တဏှာယောက်ျား၊ လက်သမား၏၊ ဆိုးဝါးယုတ်မာ၊ ပြုပြင်ရာကို ရံခါမသွေ၊ အမြဲခံနေရသောကြောင့်လည်း ဒုက္ခသစ္စာ၊ ဒါ ကိစ္စဉာဏ်ကိုဟောနေတယ် (မှန်ပါ)။

တဏှာယောက်ျား လက်သမားဆိုတာက ခန္ဓာကို ဆောက်တဲ့လူကို ဆိုပါတယ်။ ခန္ဓာအိမ်ကို ဆောက်တတ်တဲ့ လက်သမားကိုဆိုပါတယ်။ သူဟာ တဏှာပဲ (မှန်ပါ)၊ လက်သမားကို ဆိုပါတယ်။ သူဟာတဏှာပဲ (မှန်ပါ)။

ပသာဒရုပ်တွေ လုပ်ပေးတာ တဏှာပဲ၊ ဘာကြောင့် တဏှာဆို ရသတုံးဆိုတော့ ခင်ဗျားတို့ကို တစ်နေ့ကပြောခဲ့ပါတယ်။ ကံကလုပ်တာဆိုပေမယ့် ကံကတဏှာလက်ညှိုးညွန်ရာ လုပ်ရတာ (မှန်ပါ)။ ကံကတဏှာလက်ညှိုးညွန်ရာ လုပ်ရတာ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

ကံကတဏှာခိုင်းတာလုပ်ရတာ

ကံကသူချည်း လုပ်နိုင်သလား၊ တဏှာက ဒါလုပ်ပေး ဆိုတာ လုပ်ရတာလား (တဏှာက လုပ်ပေးဆိုတာလုပ်ရတာ ပါ) တဏှာက လုပ်ပေးဆိုတာလုပ်ရတော့ ခေတ်သုံး သုံးလို့ရှိရင် သူက မန်နေဂျာ ဟိုကအလုပ်သမား (မှန်ပါ)။

အဲဒီတော့ မန်နေဂျာနဲ့ အလုပ်သမားသည် ဘယ်သူ့ကို ကြောက်စရာ ကောင်းသတုံးလ မေးတဲ့အခါကျတော့ စီမံတဲ့လူကို ကြောက်စရာကောင်းပါတယ် (မှန်ပါ)၊ စီမံတဲ့လူ မရှိရင် အလုပ်သမားသွားမှာပဲ (မှန်ပါ)၊ အဲဒီတော့ စီမံတဲ့လူဟာ ဘယ်သူတုံးဆိုတော့ တဏှာယောက်ျား လက်သမားပဲ (မှန်ပါ)၊ ဒါကြောင့် ကံယောကျာ်းလက်သမားလို့မဆိုဘူး။ တဏှာယောက်ျား လက်သမားလို့ ဆိုလိုက်ပါတယ်ဘုရားက (မှန်ပါ)။

တဏှာ၏လက်အောက်ခံကျွန်

ဘယ့်နှယ်ကြောင့် တဏှာယောက်ျားလက်သမားလို့ ဆိုလိုက်သတုံးဆိုတော့ တဏှာရှိတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ ကံကမလုပ် ချင်ပါဘူးဆို၍ မရပါဘူး။ တဏှာ၏လက်အောက်ခံကျွန်ဖြစ်နေ လို့ တဏှာက ပြဋ္ဌာန်းတယ်၊ ကံက မပြဋ္ဌာန်းပါဘူး။ ဒါကြောင့် သစ္စာဖွဲ့တဲ့အခါမှာ ကမ္မသစ္စာမပါဘူး၊ တဏှာသစ္စာပါတယ်၊ ရှင်းပလား (ရှင်းပါပြီ)။ သမုဒယသစ္စာသာရှိတယ်၊ ကံသစ္စာ လို့ သစ္စာလေးပါးမှာ မရှိဘူး (မှန်ပါ)၊

အဲဒီကတည်းက ဪ တဏှာချုပ်မှ နိဗ္ဗာန် ဆိုတာပေါ်လာတယ်။ တဏှာ ချုပ်ရင် ကံအလိုလို ပါသွားတယ် (မှန်ပါ)၊ ရေသည်ရေယူ ခဲ့ဆိုရင်ဖြင့် ရေခွက်ကိုင်ကတည်းက ရေပါလာပြီ (မှန်ပါ)။

အဲဒီအတိုင်းပါပဲ သူသည်ကားလို့ဆိုရင်ဖြင့် တဏှာ ယောက်ျား၊ လက်သမား၏ ဆိုးဝါးယုတ်မာ၊ ပြုပြင်ရာကို ရံခါ မသွေ၊ အမြဲခံနေရသောကြောင့် ခင်ဗျားတို့ ဥပါဒါနက္ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သေသေချာချာမှတ်ပါ (မှန်ပါ)။

တဏှာ၏အရှိန်အစော်ကျန်တယ်

ကိုင်း ဒါဖြင့် အခုဖြစ်နေတဲ့ ခန္ဓာကြီး တဏှာအရှိန် အစော်ကို မကုန်သေးဘူး။ သူချုပ်သွားပြီ မဟုတ်လား ဘုရားဆိုတော့ အေးလေ ချုပ်တော့ချုပ်သွားပြီ။ ချုပ်ပင်ချုပ်သွား ငြားသော်လည်း သူ့အရှိန်အစော် အာနုဘော်တွေ ကျန်နေ တယ်။ မီးပင် သေသွားသော်ငြားလည်း အငွေ့တွေ ကျန်နေ ရစ်တယ် (မှန်ပါ)၊ ထို့နည်းအတူပဲ တဏှာသည် အတိတ် ဘဝက ချုပ်ခဲ့ငြားသော်လည်း သူ့အရှိန်အစော် အာနုဘော်တွေ ကြောင့် ခင်ဗျားတို့သူစီမံတာ အကုန်ခံနေတယ် (မှန်ပါ)။

လောကီ ဥပမာပြောကြပါစို့ဆိုလို့ ရှိရင် ရှင်ဘုရင် သေသွားသော်လည်း ရှင်ဘုရင်၏ ဥပဒေစည်းကမ်းကို လိုက်နာ ရသလိုပဲ၊ ရှင်ဘုရင်တော့မရှိတော့ဘူး ဥပဒေကကျန်နေရစ် တယ် (မှန်ပါ)၊ ဥပဒေက ကျန်နေတော့ ဥပဒေအတိုင်း ဒီကဖြစ်နေကြရတယ် (မှန်ပါ)၊

ထို့နည်းတူပဲ တဏှာယောက်ျား လက်သမားသည် ခန္ဓာဖြစ်အောင် တည်ထောင်ပြီး သူချုပ်သွားတယ်၊ ချုပ်သွားငြားသော်လည်း သူသည်နဂိုက လည်းသတ္တိပဲ။ သတ္တိကလေးကိုပဲ ချုပ်သွားတယ်၊ ချုပ်ပင် ချုပ်သွားငြား သော်လည်း အရှိန်အစော် အာနုဘော်တွေ ကျန်နေ ရစ်တယ် (မှန်ပါ)၊ အဲဒီလိုကျန်နေရစ်တဲ့အတွက် ကိုယ်ဖြစ် ချင်သလိုမဖြစ်ရဘူး၊ သူစီမံထားတဲ့အတိုင်း ပျက်လိုက် ဖြစ်လိုက် ဖြစ်နေရတယ်၊ ဖြစ်ပျက်ဒုက္ခနဲ့ပဲနေ ရတယ် (မှန်ပါ)၊ အဲဒါဘယ်သူ၏ စွမ်းရည်သတ္တိတုံးလို့ မေးတဲ့အခါကျတော့ သင်္ခတသဘော သတ္တိရှိတဲ့ တဏှာ၏ စွမ်းရည်သတ္တိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

တဏှာပို့ရာသွားနေရတယ်

ကောင်းပြီ ဒါဖြင့် ဟိုဘုံရောက်လိုက် ဒီဘုံရောက် လိုက်နဲ့ ဒုက္ခသစ္စာဘောလုံးကြီးဟာ ဟိုခြေထောက်ရောက်သွား ဒီခြေထောက်ရောက်သွား၊ ဟိုကကန်လွှတ်လိုက်၊ ဒီက ကန်လွှတ် လိုက်နဲ့ ခန္ဓာတွေဟာ ဘောလုံးဖြစ်နေတယ်။ တဏှာပို့ရာသွား နေရတယ် (မှန်ပါ)၊ တဏှာပို့ရာ သွားနေရတဲ့ အတွက် ကိုယ့်သဘော လုံးလုံးမပါဘူး။

ဘာဖြစ်လို့တုံး တဏှာစီမံရာကို လိုက်နာပြီး နေရတဲ့အတွက် ဒီဒကာ ဒကာမတွေ့၌ ဒီတဏှာ မသေသရွေ့ သူ့ ရဲ့ သင်္ခတသတ္တိကို ဘယ်တော့မှ လွှတ်မယ် မဟုတ်ဘူး (မှန်ပါ)၊ တဏှာက တစ်ကြိမ်တည်း ဖြစ်လို့ရှိရင်တော့ တော်ပါသေးရဲ့၊ တဏှာသည် အကြိမ်ပေါင်းများစွာဖြစ် တယ်။ အကြိမ်ပေါင်းများစွာလည်း လက်သမား၏ အနာဂတ် ပြုပြင်မယ်။ ဥပပတ္တိဘဝကြီးတွေကို ပြုပြင်မယ်၊ ဘဝတွေဆက် ဆက် ပြီးပြုပြင်မယ်ဒါကြောင့် တဏှာသိုနီလို့ အင်္ဂုတ္တိုရ် ပါဠိတော်စသည်များမှာ ဟောတော်မူတယ်။

တဏှာ -တဏှာ သည် သိဗ္ဗိနီ-အပ်ချုပ်သမားနဲ့တူ၏။ စုတိနဲ့ ပဋိသန္ဓေ္ဓကို ဆက်ပေးတာ သူပဲ (မှန်ပါ)။

ဒုက္ခနှစ်ခုကို ဆက်ပေးတောတဏှာ

စုတိနဲ့ပဋိသန္ဓေ္ဓကို ဆက်ပေးတာ တဏှာပဲ။ ဒီဒုက္ခနှစ်ခု ကို ဆက်ပေးတယ်၊ စုတိကလည်း ဒုက္ခသစ္စာ၊ ပဋိသန္ဓေ္ဓလည်း (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီဒုက္ခနှစ်ခုကို ကြားမခြားရအောင် ဆက်ပေးတယ်။ ဒါကြောင့် အဂုတ္ထိုရ်ပါဠိတော်မှာ တဏှာကို သိဗ္ဗိနီ လို့ ဟောတော်မူတယ်၊ တဏှာ – တဏှာသည် သိဗ္ဗိနီ- ဒုက္ခချင်း ဆက်စပ်ပေးတဲ့လူပဲ။ ပုဆိုးကို ဆက်စပ်ချုပ်ပေးတဲ့ သဘောကို ဒုက္ခချင်းဆက်ပေးသောကြောင့် အပ်ချုပ်သမားတဲ့ ဘုရားက ဟောတော်မူတယ် (မှန်ပါ)။

ဒါဖြင့် တဏှာရှိတဲ့ ပုဂ္ဂိုလ်မှာ ဘာမှဆက်စပ်မပေးဘူး ဒုက္ခချည်းဆက်စပ်ပေးတယ် (မှန်ပါ)။

ဘယ်တော့မှသုခနဲ့မဆက်တတ်ဘူး

တဏှာကိန်းနေတဲ့ ပုဂ္ဂိုလ်မှာ ဘာတွေများ ဆက်စပ်ပေး မယ်ထင်ကြသတုံး (ဒုက္ခချင်း ဆက်စပ် ပေးပါတယ် ဘုရား)၊ ဒုက္ခချင်းသာဆက်ပေးမယ်၊ ဘယ်တော့မှ သုခနဲ့သူ မဆက် တတ်ဘူး (မှန်ပါ)၊ ဝိပ္ပလ္လာသရှိတဲ့ ပုဂ္ဂိုလ်မှာသာ- သြော် သုခရှိလို့ တော်သေးရဲ့ဆိုကြပါတယ် (မှန်ပါ)၊ မဟုတ် ပါဘူး၊

ကဲ သူ့စွမ်းရည်သတ္တိက လေးလေးနက်နက် မှတ်ပါ၊ ဒုက္ခချင်းသာ ဆက်တတ်ပါတယ်။ သုခနဲ့နည်းနည်းမှ မဆက်တတ်ပါဘူး (မှန်ပါ)၊ ဝိပ္ပလ္လာသ ရှိတဲ့ ဖောက်ပြန် နေတဲ့ ပုဂ္ဂိုလ်သာ သူပို့လိုက်လို့ နတ်ပြည်ရောက်တယ်လို့ ထင်ပါတယ်။ စင်စစ်တော့ လူ့စုတိ ဒုက္ခနဲ့ နတ်ပဋိသန္ဓေ္ဓ ဒုက္ခနဲ့ ဆက်ပေးလိုက်တာကြီးပဲ (မှန်ပါ)။

လူ့စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ နတ်ပဋိသန္ဓေ္ဓ ကကော ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ)၊ ဒါဖြင့်ဒုက္ခ ချင်းဆက်ပေးတာကို ခင်ဗျားတို့က သူပို့လို့ကံကောင်းလို့ရောက် တယ်လို့ပြောနေကြတယ် (မှန်ပါ)၊ ဘယ်ဟုတ်ရမတုံး အမြစ်အရင်းနဲ့တကွ ဟောကြားညွှန်ပြဆုံးမတဲ့ ဆရာသမားများ နဲ့ မတွေ့ခင်သာ ပြောနေတဲ့စကားတွေပါ (မှန်ပါ)။

အနန္တရပစ္စယာ

စုတိနဲ့ ပဋိသန္ဓေ္ဓ နဲ့ဆက်ပြီးသည့်နောက် ပဋိသန္ဓေ္ဓ နောက်ကနေပြီး တစ်ခါသတ္တဝါကို ကျေးဇူးပြုတဲ့စိတ်ကလေး တွေ ဆက်လာတယ်။ အဲဒီစိတ်ကလေးတွေနဲ့လည်း ပဋိသန္ဓေ္ဓ က ဆက်ပေးတာပဲ။ ပဋိသန္ဓေ္ဓက ဆက်ပေးတော့ ပဋိသန္ဓေ္ဓပြီး တော့ ဘဝင်ဆိုတာလာတယ် (မှန်ပါ)၊ ဘဝင်က ဘာသစ္စာ တုံးမေးတော့ (ဒုက္ခသစ္စာပါပဲ)၊ ပဋိသန္ဓေ ဘာသစ္စာတုံး မေးပြန်တော့ကော (ဒုက္ခသစ္စာပါ)၊

အဲဒုက္ခသစ္စာ ဒုက္ခသစ္စာ ချင်း ဆက်ပေးသောကြောင့် ဒီနေရာမှ အနန္တရပစ္စယော ဒုက္ခအခြား မရှိအောင် ကျေးဇူးပြုတယ် (မှန်ပါ)၊ အနန္တရ ပစ္စယောကို ရိုးရိုးအကြောင်းအကျိုးဆက်တာကို မယူဘဲနဲ့ ဒုက္ခချင်း ဆက်ပေးတာကိုယူပါ (မှန်ပါ)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)၊ အနန္တရပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားသည်လည်းကောင်း ဆိုတာ ဟုတ်ပါတယ်။

ဘာအခြား မရှိအောင်တုံးဆိုတော့ ဒီကြားထဲမှာ သုခ မပါ။ ပဋိသန္ဓေနဲ့ ဘဝင်ကြားထဲမှာ သုခ မပါ ကျေးဇူးပြု တယ်။ အနန္တရပစ္စည်း လည်းဟုတ်တယ်။ ဒီလိုသဘောကို ဒီနေရာမှာယူရင် ပိုပြီးတော့ ဒုက္ခသံသရာ အကြောင်း လေးနက် လာပါတယ် (မှန်ပါ)။

အနန္တရပစ္စည်း သူပြုပြင်ချင်သလို ပြုရတာလားလို့ မေးလို့ရှိရင် တဏှာက ဒီလိုဆက်ပါ၊ ဒီလိုဆက်ပါ၊ ဒီလိုဆက်ပါ သူကအော်ဒါပေးနေတာ (မှန်ပါ)။

တဏှာပြုပြင်တာချည်းပဲ

ဒါကြောင့် တဏှာပြုပြင်တာချည်းပဲ၊ ဒီခန္ဓာတစ်တန်း လုံးဟာ ဒုက္ခသစ္စာဆိုတော့ သူပြုပြင်တာချည်း ဆိုတာပေါ်လာ တယ် (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)။

ဘယ်နေရာမှာ ကံကောင်း အကြောင်းသင့်ပါလိမ့်မတုံး လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးမနေနဲ့၊ ကံကောင်း အကြောင်းသင့်တဲ့နေရာရယ်လို့ တစ်ချက်မှ မပါဘူး။ ပဋိသန္ဓေ ပြီးတော့ ကျုပ်တို့ဘဝင်စိတ်လာတာပဲ။ ဘဝင်စိတ်ပြီးတဲ့အခါ ကျတော့ အာဝဇ္ဇာန်းစိတ်လာတယ် ဆင်ခြင်တဲ့စိတ်၊ ဆင်ခြင်တဲ့ စိတ်ကြီးတွေ ကိုယ့်ဘဝကိုယ် နှစ်သက်တဲ့ လောဘဇောလာ တယ်၊ တဏှာပဲပြန်ရောက်တာပဲ (မှန်ပါ)။

ဒါဖြင့် စိတ်စဉ်တွေက ဘာသစ္စာတုံး ဒုက္ခသစ္စာ၊ စိတ်စဉ်တွေကို ဆက်ပေးသမားက ဘယ်သူတုံးအနန္တရပစ္စည်း၊ အနန္တရပစ္စည်း ဆက်ပေးရအောင် ဩဇာပေး အုပ်ချုပ်နေတာက ဘယ်သူတုံး တဏှာ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ရှေ့၌ဘာ သစ္စာလာမှာတုံး

ဒါဖြင့် သူကဩဇာပေးတဲ့အဆက်တွေဖြစ်နေသော ကြောင့် ရှေ့၌ဘာသစ္စာလာမှာတုံးလို့ မေးဖို့မလိုဘူး။ ပထမ စိတ်လည်းဒုက္ခသစ္စာလာမှာပဲ၊ ဒုတိယစိတ်ကော (ဒုက္ခသစ္စာပါပဲ)၊ တတိယစိတ်ကော့ (ဒုက္ခသစ္စာပါပဲ)။

ဒါကြောင့် ခင်ဗျားတို့ဉာဏ်ရှေ့မှာ ကျုပ်ဒုက္ခသစ္စာပါပဲ၊ ကျုပ်ဒုက္ခသစ္စာပါပဲ၊ ကျုပ်ဒုက္ခသစ္စာ ပါပဲလို့ လျှောက်လျှောက် ပြသွားတယ်၊ ခင်ဗျားတို့ရှုလိုက်တဲ့အခါကျတော့ ကျုပ်ဟာ ဒုက္ခပါပဲ၊ ကျုပ်ဟာ ဒုက္ခပါပဲလို့ သမ္မာဒိဋ္ဌိမျက်လုံးကို သမ္မာသင်္ကပ္ပ မျက်မှန်တပ်ကြည့်လိုက်လို့ရှိရင် ဒါရှင်းနေတာပဲ (မှန်ပါ)။

သမ္မာဒိဋ္ဌိ မျက်လုံးကို သမ္မာသင်္ကပ္ပ မျက်မှန်တပ်ပြီးကြည့် လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒုက္ခဆက်နေတာပဲ တွေ့တယ်။ သဘောပါပြီလား (ပါပါပြီ)၊ ဒါဘယ်သူကဆက်ပေး နေတာတုံး ဆိုရင် ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေအမြဲ ခံနေရတာ။ သူကကျေးဇူးပြုလိုက်တာ အနန္တရကလည်း သူ့ လက်အောက်ရောက်လာတယ်။ မင်းဒုက္ခဆက်ပေးလိုက်စမ်းပါ။ အပ်ချုပ်သမားကို (မှန်ပါ)၊ ဒီဒုက္ခနဲ့ ဟိုဒုက္ခ ဆက်ပေးလိုက်စမ်းပါ၊ ဒီအပူနဲ့ ဟိုအပူ ဆက်ပေးလိုက်စမ်းပါ၊ သဘောကျပြီလား (ကျပါပြီ)။

ဒါကြောင့် သူ့မှာ သင်္ခတသဘောသတ္တိ ရှိတယ်၊ ဒုက္ခသစ္စာမှာ (မှန်ပါ)၊ ဒုက္ခသစ္စာသည် တဏှာ၏ ပြုပြင် ရာကို စီမံခံပြီး သကာလ သူ့သြဇာတစ်ပဲသားမရှိ၊ တဏှာသြဇာ အကုန်ခံပြီး သကာလ နေရသောကြောင့်လည်း သင်္ခတသဘော သတ္တိရှိသောကြောင့် သင်္ခတသဘောကို မလွန်နိုင်တဲ့ စွမ်းရည် သတ္တိရှိသောကြောင့် သူဟာ ဒုက္ခသစ္စာပဲ သွားရတယ်။ သူ့ကို အသင်္ခတလို့ ဆိုလို့မရဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

တဏှာပြုပြင်စီမံရာခံနေရတယ်

သူ့မှာ တဏှာပြုပြင်စီမံရာကို ခံနေရတဲ့ဥစ္စာ သူက သင်္ခတတရားသွားဖြစ်တယ်။ ဒါကြောင့် သင်္ခတဒုက္ခသစ္စာ၊ သင်္ခတဆိုတာ တဏှာပြုပြင်ရာကိုခံလို့ ပေါ်နေတဲ့တရားကို သင်္ခတဆိုပါတယ် (မှန်ပါ)။

တဏှာစီမံလို့ပေါ်နေတဲ့ တရားဟူသရွေ့ ဘာတရားဆို ကြမယ် (သင်္ခတတရားပါ)။

အဲဒီသင်္ခတတရားဖြစ်နေသောကြောင့် အခြားမရှိ အောင် နှိပ်စက်စမ်းပါ၊ ပဋိသန္ဓေ္ဓပြီး ဘဝင် – ဘဝင်ပြီး ဘဝနိတန္တိကလောဘဇော လောဘဇောပြီးနောက် စိတ်တွေလာ၊ လာတဲ့ စိတ်တွေဟူသရွေ့ လည်း ဒုက္ခသစ္စာပဲလာရမယ်။ နိရောဓသစ္စာ မလာနိုင်ဘူး (မှန်ပါ)၊ လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။

သူ့ဩဇာနယ်ကမလွန်နိုင်ဘူး

ဘာကြောင့် မလာနိုင်သတုံးလို့ သေသေချာချာမေး တော့မှ သူ့ဩဇာသူ့နယ်က မလွန်နိုင်ဘူး၊ သူက ကာမာသဝကိုး (မှန်ပါ)၊ ကာမာသဝနယ်က လွန်ပြီးတော့ ဘယ်မှ မထွက် ရဘူး – ဒုက္ခချင်း ဆက်ပြီးတော့ (မှန်ပါ)၊

ဘယ်သူက ဆက်ပေးသတုံး၊ သမုဒယသစ္စာ၊ အနန္တရပစ္စည်း ပေါ်ဘယ်သူ က ဩဇာ ပေးနေသတုံး (တဏှာက ဩဇာပေးပါတယ်)၊ ကဲ ခင်ဗျားတို့ပစ္စည်းပိုင်း ဟာနေရစ်တာပဲ။ သစ္စာနဲ့ ဖွဲ့လိုက်တော့ သူ့လက်အောက်ခံဖြစ်သွားတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

သစ္စာနဲ့ကြည့်လိုက်မှ သြော် သူဆက်ချင်လို့ ဆက် ရတာမဟုတ်ပါလား၊ တဏှာစီမံသလို သူက ဆက်ပေးရပါလား (မှန်ပါ)။

သင်္ခတနယ်ကြီးကို တဏှာချယ်လှယ်နေတာ

ဒါကြောင့် သူသည် သင်္ခတနယ်ကိုဖြင့် ငါထင်သလို ချယ်လှယ်မယ်ဆိုပြီးသကာလ တဏှာဟာ သုံးဆယ့်တစ်ဘုံ သင်္ခတနယ်ကြီးကို သူချယ်လှယ်နေတာပဲ (မှန်ပါ)။

သုံးဆယ့်တစ်ဘုံကြီးကို တစ်ခါတည်းစုတိနဲ့ပဋိသန္ဓေ္ဓနဲ့ ဆက်ဖြစ်အောင် ကံနဲ့အကျိုးပေး နေတာ အဆက်ဖြစ်အောင် သင်္ခတနဲ့ ဝိညာဏ်တစ်စပ်တည်း ဖြစ်အောင် ဘယ်သူလုပ်ပေး သတုံး (တဏှာပါ ဘုရား)၊

တဏှာ သမုဒယက လုပ်ပေးတာ၊ အနန္တရက လုပ်ချင်လို့ လုပ်ရတာလား၊ ဩဇာ မလွန်ဆန်နိုင်လို့ လုပ်ရတာလား (မလွန်ဆန်နိုင်လို့ လုပ်ရတာပါ)၊ ဒါကြောင့် တဏှာကို သိဗ္ဗိနီလို့ ဟောတော်မူတယ်။ သိပ္ပိနီ ဆိုတာ အပ်ချုပ်သမား၊ ရှေ့ဒုက္ခနဲ့ နောက်ဒုက္ခကို မင်းဆက်မိအောင် လုပ်ပေး။ ဒါမှ ဒုက္ခရောက်မယ်။

ဒုက္ခချင်းသာဆက်တတ်တယ်

ဒါဖြင့် တဏှာသည်ကားလို့ဆိုလို့ရှိရင် လက်ရှိခင်ဗျားတို့ မှာရှိနေသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ကသာ ကျေးဇူးရှင်ကြီး ထင်ပြီး နေငြားသော်လည်း ကျုပ်စွမ်းရည်သတ္တိအမှန်ကို ကျုပ်ပြောလို့ရှိရင် ဒုက္ခချင်းသာ သူဆက်တတ်တယ်လို့ သူပြော လိမ့်မယ် (မှန်ပါ)၊ သူခနဲ့သူ မဆက်တတ်ဘူး၊ သဘောပါပြီ လား (ပါပါပြီ)။

ဘာချင်းဆက်တတ်သတုံး (ဒုက္ခချင်းသာဆက် တတ်ပါတယ်)၊ ဒုက္ခချင်းဆက်တတ်တာ ခင်ဗျားတို့ခန္ဓာကိုယ် ထဲမှာ ဘယ်ပစ္စည်းဘယ်ပစ္စည်း ဘာဘဲရေးနေနေ ငါ့ဩဇာ ဒုက္ခချင်းသာ ဆက်တယ်ဆိုတော့ သစ္စာမှာ နိဂုံးချုပ်လိုက်တဲ့ အခါကျတော့ ပဋ္ဌာန်းပစ္စည်းတွေက သူ့ဩဇာခံ သွားဖြစ်နေ တယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒါကြောင့် ပဋ္ဌာန်းချည်း သက်သက် မဟုတ်ဘဲ သစ္စာသိအောင်သွားမှ နိဗ္ဗာန်ခရီးရောက် နိုင်တယ်ဆိုတာ ဒီနေ့ပေါ်သွားပြီ (မှန်ပါ)။

ပဋ္ဌာန်းမှာမဂ္ဂပစ္စည်းချန်လှပ်

ပဋ္ဌာန်းမှာမဂ္ဂပစ္စည်း ချန်လှပ်၊ ကျန်တဲ့ပစ္စည်းဟာ ငါစီမံ ထားတာ၊ လောကီမဂ် လောက် များတော့ ငါစီမံပေးမယ် တဏှာက (မှန်ပါ)၊ လောကီမဂ်လောက်ကျတော့ သူက စီမံနိုင်တယ် (မှန်ပါ)။ လောကုတ္တရာမဂ် ကျတော့မှ သူက နောက်ဆုတ်ပစ်တာ၊ သဘောပါပြီလား (ပါပါပြီ)၊ အတော် ကြောက်စရာကောင်းတဲ့ တရားပါကလား (မှန်ပါ)။

ဒါဖြင့် ဒုက္ခသစ္စာ ဒုက္ခသစ္စာဆိုတာတဏှာပြုပြင်ရာ ခံနေရသောကြောင့်လည်း ဒုက္ခသစ္စာပဲလို့ ရှုတဲ့အခါမှာပေါ်လာ ရင်ကောင်းတယ် (မှန်ပါ)၊ ဖြစ်ပျက်တာ ဒုက္ခသစ္စာ နောက် ဟာလည်းဖြစ်ပျက်ပဲ၊ နဂိုရ်ကဖြစ်ပျက်က ကျေးဇူးပြုလို့ ဖြစ်ပျက် ပဲလာတယ် (မှန်ပါ)။

ဒုက္ခဆက်လေသမျှတဏှာကချည်းမှတ်

ဖြစ်ပျက်ကကျေးဇူးပြုလို့ ဘာလာသတုံး (ဖြစ်ပျက် ပဲလာပါတယ် ဘုရား)၊ နောက် အဲဒီဖြစ်ပျက်က ကျေးဇူးပြုပြန် ရင်ကော (ဖြစ်ပျက်ပဲလာပါတယ်)၊ ဒါဖြင့် ဒုက္ခဆက်နေ တာမှတစ်ပါး ဒီပြင်ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး)၊ ဒုက္ခဆက်နေတာမှတစ်ပါး ဒီပြင်ဘာမှမရှိတော့ဘူးဆိုတာ ပေါ်လာတော့မှ ဆက်လက် ဆက်လက်ပြီး ဒုက္ခ သစ္စာချင်း အဆက်မပြတ်အောင်ဆက်ပေးနိုင်တဲ့ စွမ်းရည်သတ္တိ အကြီးဆုံးဟာ ဘယ်သူပါလိမ့်မတုံးလိုက်ရှာ။ ဘာတွေ့သတုံး (တဏှာတွေ့ပါတယ်)၊ ဒုက္ခဆက်လေသမျှ သူကချည်း မှတ်ပါ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

လောကီဥပမာပြောကြပါစို့၊ ထမင်းစားတဲ့ဒုက္ခပေးတာ လည်း တဏှာပဲ၊ ရေချိုးတဲ့ ဒုက္ခပေးတာလည်း (တဏှာ ပါပဲ)၊ ကျင်ကြီးကျင်ငယ်စွန့်ရတဲ့ ဒုက္ခပေးတာကော (တဏှာပါပဲ)၊ တဏှာပဲ။ ဒုက္ခဟူသရွေ့ သူပေးတတ်တာသူ့စွမ် ရည်သတ္တိက သုခဆိုရင်ကျုပ် မပေးတတ်ဘူးဗျ။ ခင်ဗျားတို့ကတော့ မရိပ်မိဘူး။ သူ့စွမ်းရည်ကတော့ ဒါပဲတဲ့ (မှန်ပါ) သူ့စွမ်းရည်ကတော့ ဒုက္ခပေး တတ်တဲ့ သတ္တိဒုက္ခဆက်တတ်တဲ့ သတ္တိဟာ ကျုပ်၏စွမ်းရည်သတ္တိအကုန်ပဲတဲ့။ တဏှာက ပြောခဲ့ ရင် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တဏှာက ဘယ့်နှယ်ပြောတတ်သတုံး (ဒုက္ခပေး တတ်တာသူ့ရဲ့စွမ်းရည်သတ္တိပါ ဘုရား)၊ အဲ က္ခဆက်ပေးတာ။ ပထမပေးတဲ့ဒုက္ခလည်းသူပဲ။ နောက်ဒုက္ခဆက်ပေးတာလည်း (သူပါပဲ)၊ နောင်တစ်ခါ သံသရာ မဆုံးအောင် ဆက်ပေး တာကော (သူပါပဲ ဘုရား)၊ ဒါဖြင့် ဒုက္ခစက်ရဟတ် ကြီးကို လည်အောင် လုပ်နေတာဖြင့် သြော် ကံမကောင်း အကြောင်းမသင့်လို့ လည်ရတာ မဟုတ်ပါဘူး၊ ဒုက္ခစက်လည်အောင် လုပ်နိုင်တာက တဏှာမပယ်တဲ့ ပုဂ္ဂိုလ် တွေလုပ်တာ တဏှာ၏ စွမ်းရည်သတ္တိပဲ (မှန်ပါ)။

လက်သည်ရှာရင်တဏှာတွေ့မယ်

တဏှာ၏စွမ်းရည်သတ္တိကို အကုန်လုံးခံနေရတဲ့ သစ္စာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ တဏှာလုပ်သ၍ ခံနေရတဲ့ဆင်းရဲမှုဟူသ၍ ဒုက္ခသစ္စာပဲ၊ လက်သည် ရှာရင် တဏှာတွေ့မယ် (မှန်ပါ)။

တယ်လည်း စွမ်းရည်သတ္တိပြင်းပါကလားလို့ မေးတော့ကို ဗြဟ္မာ ဘုံကျအောင် သူ့နယ်ပဲ (မှန်ပါ)၊ ကာမာသဝနယ် ဘဝါ သဝနယ်တွေ ဘုံဘဝတွေဟာ (မှန်ပါ)၊ ဘဝါသဝဆိုတာလည်း ထူးတာမဟုတ်ဘူး၊ ဘုံဘဝလိုချင်လို့သာ ဘဝါသဝထဲ ကလည်း တဏှာရတယ် (မှန်ပါ)၊

သို့သော်သူ့ကိုဘယ်နှယ်ကြောင့် ဘဝါသဝလို့ဆိုလိုက်သတုံးလို့ မေးတဲ့အခါကျတော့ ပုဂ္ဂိုလ်ချင်း ခြားနားနေလို့ ကာမာသဝက သောတာပန် သကဒါဂါမ်ဆိုရင် အထိုက်အလျောက် တန်ရာကိုပယ်ပြီး အနာဂါမ်ကျတော့ ပယ်နိုင်တယ်။ ဘဝါသဝက ရဟန္တာ ကျမှပယ်နိုင်တယ်။ ဒါကြောင့် ပုဂ္ဂိုလ်အစွမ်းကို အစွမ်းကြောင့် ခွဲခြားပြီးခေါ်နေ ရတာ။ တဏှာတစ်လုံးတည်းပဲ (မှန်ပါ)၊ တဏှာအကြမ်း တဏှာအနု-သို့မဟုတ် တဏှာကြီးတဏှာကလေးပဲ၊ ပေါ်ကြပြီလား (မှန်ပါ ဘုရား)။

ဒုက္ခပေးလေသမျှတဏှာက

အဲဒီလိုမှတ်ပြီး သကာလ ထားလိုက်တော့မှ သော် ဒုက္ခပေးလေသမျှ တဏှာက ဒုက္ခပေးလေ သမျှ တဏှာက၊ တဏှာ ကပဲမှတ်ထားပါ (မှန်ပါ)၊ ဒါရှုတဲ့အခါမှာရှု၊ တွေးတဲ့အခါ မှာတွေးပါ၊ ရှုတဲ့အခါမှာ မတွေးနဲ့၊ တွေးတဲ့ အခါမှာ မရှုနဲ့၊ တွေးပြီးမှ တစ်ခါပြန်ရှု၊ ဒီလိုပဲ နှစ်ချက်ရှိသေးတယ်၊ ဝိပဿနာ အလုပ်သမားမှာ (မှန်ပါ)။

တွေးလုံးပိုင်တော့လိုက်ပါ

အခုဘုရားဟောကို ဆရာသမားက တစ်ဆင့်ဟော ထားတဲ့နည်း၊ ဪ တဏှာ ဆက်ပေးထားတဲ့ ဒုက္ခတွေ ပါကလားဆိုတော့ ဒုက္ခကို မမြင်ချင်နေပါစေအုံး၊ တွေးလုံးတော့ ပိုင်ပေစေ၊ ပိုင်ပြီးတော့မှ ရှုလိုက်ပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

(အမေး) (အလုပ်ခွင်မှာတော့ မတွေးရဘူးလားဘုရား။)

အလုပ်ခွင်မှာတွေးမနေနဲ့

အဲ အလုပ်ခွင်မှာ တွေးမနေနဲ့၊ မတွေးပါနဲ့ မတွေးတော့ ဘာဖြစ်သွားသတုံးလို့ မေးတဲ့ အခါကျတော့ တွေးလုံး သည်ကားလို့ဆိုရင် စိန္တာမယသွားဖြစ်တယ်၊ ဘာဝနာမယသွား ပြီးမဖြစ်ပါဘူး။ သဘောပါပြီလား (ပါပါပြီ)၊ စိန္တာမယ ဉာဏ်သွားဖြစ်တယ်၊ ဘာဝနာမယ ဉာဏ်သွားပြီးမဖြစ်ဘူး။ ဒါကြောင့် သူ့ကိုတွေးချိန်ကို တခြားထား ရှုချိန်ကိုတခြားထား၊ စိန္တာမယ တခြားထား၊ ဘာဝနာမယ ဉာဏ်ကို တခြားထားပါ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘာဝနာမယက ပွားများအား

စိန္တာမယကတွေးတာ ဘာဝနာမယကပွားများတာ (မှန်ပါ)၊ ဒါကြောင့် ရောလို့မရဘူး။ ဘာကြောင့်တုံး ဟိုက ကိလေသာကြားဝင်နိုင်တယ်၊ စိန္တာမယက၊ ဘာဝနာမယ က ဝင်လို့မရဘူး၊ အဲဒါရှင်းပြီလား (မှန်ပါ)၊ ဥဒ္ဓစ္စလည်း ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်လေ ဥဒ္ဓစ္စဘက်လှည့်ချင်လဲ လှည့်သွားမယ်၊ ကုက္ကုစ္စကလဲ လာချင်လာပစ်လိုက်မယ်၊ ဝိစိကိစ္ဆာကကော (လာချင်လာမှာပါ ဘုရား)၊ အဲ ကိုယ်မပိုင်ရင် ကြားခိုမယ် (မှန်ပါ)။

ပက်လက်ကုလားထိုင်နှင့်နေတဲ့အချိန်

အဲဒါကြောင့် ဒီဟာတွေကိုလဲ တို့သည်ကားလို့ဆိုရင် ရှောင်ရရှားရမှာတွေပါကလား၊ သူ့နေရာနဲ့ သူလုပ်ရမယ်။ ကုလားထိုင်ပေါ်မှာ ပက်လက်လှန်နေတဲ့အချိန်မှာ မရှုချင်လို့ ရှိရင် ဒီသစ္စာဖြစ်ထိုက် မဖြစ်ထိုက်ကို ဘုရားဟောထားတာပဲ။ ဪ ဖြစ်ထိုက်တယ်ဆိုတဲ့ တွေးလုံး လာအောင်သာ တွေးလိုက်ပါ။ အခုဘုန်းကြီးဟောလာတဲ့အတိုင်း (မှန်ပါ)။

ဒီလိုတွေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဪ တယ်လဲ ထူးခြားပါကလား၊ တယ်လဲ စွမ်းရည်သတ္တိ ရှိတဲ့ တဏှာပါကလား ဒုက္ခဆက်ပေးလေသမျှတော့ဖြင့် သူချည်းပဲ၊ ဒီပြင် ဘာမှမပါဘူးဆိုတဲ့ အဓိပ္ပာယ်သည် ရှင်းသွား ပါလိမ့်မည် (မှန်ပါ)။

တွေးလုံးသန်တော့မှ ကောက်ရှုလိုက်ပါ

ဒါကြောင့် ဒီဒကာ ဒကာမတွေ၌ ဒီဒုက္ခဆက်မှုသစ္စာ မှတစ်ပါး တခြားဘာမှမရှိဘူးဆိုတာ ဆုံးဖြတ်ချက်ချထားပါ (မှန်ပါ)။ အဲဒီကျတော့မှ၊ တွေးလုံးသန်တော့မှ ဒုက္ခဆုံးချင် တဲ့ ဉာဏ်လာတဲ့ အချိန်မှာ ကောက်ရှုလိုက်ပါ။ တွေးလုံးပိုင်ပြီ ဪ ဒီဒုက္ခဆုံးမှ အေးမှာပဲ ဆိုတဲ့ဉာဏ်မှာ ပြောသံကြား လို့မဟုတ်တော့ဘူး၊ ကိုယ့်ဟာကိုယ် တွေးလုံးပိုင်ပြီ (မှန်ပါ)။

ပိုင်တဲ့အချိန်ကျမှ ကောက်ပြီးထရှုချလိုက်ပါ။ ထရှုလိုက်တော့ သူကပဲ ဒုက္ခကလဲ လက်တွေ့ဖြစ်လာတယ်။ လက်တွေ့ဖြစ်လာ တဲ့ အခါကျတော့ သမုဒယကလဲအနားမှာ သီနိုင်သေးရဲ့ လား (မသီနိုင်ပါဘူး)၊ မသီနိုင်တဲ့အချိန်မှာ ဖျက်ခနဲချုပ်သွား နိုင်တာပဲ (မှန်ပါ)၊

ဒါကြောင့် စိန္တာမယကို တစ်ချိန်ထား၊ ဘာဝနာမယကို တစ်ချိန်ထား၊ ဒါလဲ အင်္ဂုတ္တိုရ်မှာ လာတယ် (မှန်ပါ)၊ စိန္တာမယဆိုတာ သူ့ကို သစ္စာဆိုက် မဆိုက် ကြံနေ တာ။

ဘုရားဟောထားတာကို ဆရာသမားများက ဟောတာ ဪ ဖြစ်ထိုက်တယ်၊ အဟုတ်ကို ဖြစ်ထိုက်တယ် ဆိုပြီး သကာလ ဒီလိုမြင်လာတဲ့ အချိန်ကျမှပဲ ဘာဝနာမယဘက် ကူးလိုက်ဦးမယ် ဆိုပြီး ကူးလိုက်တာပေါ့။ ကူးလိုက်တဲ့အခါ ဒါနဲ့ တစ်ထပ်တည်းသွားဖြစ်တယ်။

စိန္တာမယနှင့်ဘာဝနာမယ

ဒီတုန်းကတော့ ကိလေသာ ခြားနိုင်တယ်၊ ဘာဝနာမယ မှာတော့ မခြားနိုင်ဘူး၊ စိန္တာမယမှာ အချိန်တွေ အများကြီး အား နေတယ်။ ဘာဝနာမယ ကျတော့ ဝင်နိုင်သေးရဲ့လား (မဝင် နိုင်ပါဘူး)၊ မဝင်နိုင်တော့ ဘာကွာသွားသတုံးဆိုတော့ တိုတို ပြောကြပါစို့၊ ဆိုတော့ ဘဝင်ကျဲတာနဲ့ ဘဝင်စိပ်တာ ကွာတယ် (မှန်ပါ)၊ ဘဝင်ဆိုတာက စိတ်တစ်ခု၊ စိတ်တစ်ခုကြားမှာ အတိတ်အာရုံပြုနေတဲ့စိတ် ကြားဝင်ခိုတာ။ အဲဒါများနေတာက စိန္တာမယ၊ အဲဒါနည်းသွားရင် ဘာဝနာမယ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဆင်ချင်လုံးကိုရှေ့ထားပါ

ဘဝင်များသွားရင် (စိန္တာမယဉာဏ်ပါ) ဘဝင်စိပ် သွားရင် (ဘာဝနာမယဉာဏ်ပါ) အဲဒီတော့ တွေးတုန်းတော့ ဘယ်သူမဆိုပဲ ဘဝင်က ခြားခြားသွားတယ်။ အများကြီးခြားခြား သွားတယ်။ တွေးလုံးကိုဗျ (မှန်ပါ ဆင်ခြင်တာပါတယ်) ဆင်ချင်တာပေါ့။ စိန္တာမယကိုးဗျ၊ ကြံစည်တယ်၊ ဆင်ခြင်တယ် တူတူပါပဲ (မှန်ပါ)။

အဲဒီလိုလဲ မဆင်ခြင်ဘဲနဲ့တော့ သွားပြီး မလုပ်လိုက်ပါနဲ့၊ ဆင်ခြင်လုံးကိုလည်း ရှေ့ထားပါ၊ ဆင်ခြင်လုံးကလဲ တရားနာမှ ရတာကိုး။ တရားမနာရင် (မရပါဘူး)။

ဖြစ်ထိုက် မဖြစ်ထိုက် ဆုံးဖြတ်ချက်ချပါဦး

အဲဒါကြောင့် ခင်ဗျားတို့ကို အခုဒီမှာ အားထုတ်လာကြ တာ ဆင်ခြင်တဲ့အချိန်ကို တစ်ချိန် ထားပါ၊ ပွားများတဲ့အချိန် တစ်ချိန်ထားပါ၊ မထိုင်ခင် ဆင်ခြင်နေလိုက်ပါဦး။ ဖြစ်ထိုက် မဖြစ်ထိုက် ဆုံးဖြတ်ချက်ချပါဦး၊ သဘောကျပြီလား ကျပြီဆို ရင် ကဲ ဘာဝနာမယတော့ လုပ်မယ်ဆိုပြီးတော့ ဒကာ ဒကာမ တွေက ဘာဝနာမယနဲ့ လုပ်လိုက်ကြလို့ရှိရင် ဒါဟာ အမြန်ဆုံး ပေါက်နိုင်တယ်။ ဒါဒီနေ့ပေးတဲ့နည်းဟာ အင်မတန်အရေးကြီး ပါတယ်။

(အမေး) (ဘာဝနာမယဆိုတာ ဖြစ်ပျက်ရှုတာကိုပဲခေါ်တယ် မဟုတ်လားဘုရား။?)

ဖြစ်ပျက်ရှုတာကို ဘာဝနာမယ

အဲ ဖြစ်ပျက်ရှုတာကို ဘာဝနာမယ ခေါ်ပါတယ်။ ကိုယ့်ခန္ဓာကြီးကို ဒုက္ခသစ္စာအစစ်ပဲလို့ စိန္တာမယနဲ့ ဆုံးဖြတ်ချက် ချပြီးမှ ပွားများယူပါ။ ပွားယူတော့ ကိလေသာကြားမခိုနိုင်တော့ – ဘူး (မှန်ပါ)။

ဘဝင်ခြားတာအနည်းအများ

ဒါကြောင့် ခုနက ရှင်းအောင် ပြောခဲ့ပါတယ်။ စိန္တာမယ မှာ ဘဝင်တွေများပါတယ် (တစ်နည်း)၊ ဒီပြင်ကိလေသာ တွေပဲ သူဝင်ချင်ဝင်လာမှာပဲ။ဒါကတော့ အနုဆုံးပြောတာ (မှန်ပါ)၊ ဘာဝနာမယမှာ ဘဝင်နည်းတယ်၊ ဘဝင်အခြားနည်း ပါတယ် (မှန်ပါ)။ ဒါဖြင့် ဘဝင်အခြားနည်းတဲ့ပုဂ္ဂိုလ်နဲ့ အခြားများတဲ့ ပုဂ္ဂိုလ် ဘာထူးသတုံးလို့မေးဖို့မလိုဘူးလား (လိုပါတယ်)၊ ဒါကတော့ ဒီလိုပါတဲ့။

၁။ ဘဝင်အခြားများတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခပဋိပဒါ ပုဂ္ဂိုလ်၊

ဒုက္ခပဋိပဒါ ဆိုတာ ပင်ပန်းစွာ ကျင့်ရတဲ့ပုဂ္ဂိုလ်၊ ဒဠာဘိညာဆိုတာ နှေးနှေးမှ ရမယ့်ပုဂ္ဂိုလ်၊ ဘဝင်အခြားများရင် ဒုက္ခပဋိပဒါ၊ ဒီဘဝင်ကြောက်နေရတာ ဘဝင်အခြားများရင် ဒုက္ခပဋိပါဒါ၊ နောက်က ကိလေသာထူခဲ့လို့ ဘဝင်ကများတာကိုး (မှန်ပါ)၊

၂။ ဘဝင်အခြားနည်းသွား လို့ရှိရင် သုခပဋိပဒါပဲ။ ခိပ္ပါဘိညာသွားဖြစ်မှာပဲ။

ဒါကြောင့်နောက်က ကိလေသာကအကြောင်း။ ဘဝင်ကလဲ ကိလေသာ၏ အကျိုးဆိုတာ ခုနက ပြောခဲ့တာနဲ့ စပ်သွားပြီ (မှန်ပါ)၊ မစပ်သေးဘူးလား (စပ်ပါတယ် ဘုရား)။

ဉာဏ်ထက်တုန်းကြိုးစားလိုက်

အဲဒါကြောင့် ခင်ဗျားတို့ စိန္တာမယကိုလဲ လက်မ လွှတ်ပါနဲ့။ စိန္တာမယက ကြံလုံးပိုင်လို့ရှိရင် ဘာဝနာမယကို ကြိုးစားဖြစ်အောင် ကြိုးစားပါဆိုတာကို ပြောရတယ်။ ဉာဏ် ထက်တုန်း ကြိုးစားလိုက်လို့ ရှိရင် ခရီးပေါက်နိုင်ပါလိမ့်မယ်။ ဉာဏ်မထက်ခင် စာကလဲ မရှိ၊ ဉာဏ်ပေါ်မှာလဲ အဝိဇ္ဇာ တွေကဖုံး ရောဂါတွေက ဖုံးနေလို့ရှိရင် ဒါဟာ လုပ်ပင်လုပ်ငြား သော်လဲ ဒန္ဓာဘိညဖြစ်မယ်၊ နှေးနှေးမှရမယ် (မှန်ပါ)။ တွေးလုံးနဲ့ မှန်မှန်ကြီးလုပ်လို့ရှိရင် ဆုံးဖြတ်ချက်ချပြီးမှ လုပ်လို့ ရှိရင် မြန်မြန်ကြီးဖြစ်နိုင်မယ် (မှန်ပါ)။

ခင်ဗျားတို့နှစ်ယောက်ကိုဆုံးမလိုက်ပါတယ်

ဒါကြောင့် အခုခင်ဗျားတို့နှစ်ယောက်ကို ဆုံးမလိုက်ပါ တယ်။ တွေးတဲ့အချိန် တစ်ချိန်ထားပါ၊ လုပ်တဲ့ အချိန်တစ်ချိန် ထားပါ၊ သို့သော် အတွေးမကြာပါစေနဲ့ (မှန်ပါ)၊ မြန်မြန် ဆုံးဖြတ်ချက် ချနိုင်အောင် တွေးပါ။ ပြီးတော့ အလုပ်ချိန်များပေး ပါ။ ဒီလိုဆိုရင် မကြာပါဘူး၊ ရှင်းပြီးနော် (မှန်ပါရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာမှာ အခု ပိဠနဋ္ဌော အခုပြောပြီးပြီး။ သင်္ခတဋ္ဌော ကပြောဆဲ ရှိသေးတယ်။ ပြောနေတာက သင်္ခတပြောနေတာ (မှန်ပါ)။

တဏှာကအပ်ချုပ်သမား

ဒါဖြင့် တဏှာသည် ဘာနဲ့ဆက်ပေးပေး လောကီခန္ဓာ တွေကို ရုပ်နဲ့နာမ် ဆက်ပေးတာလဲ သူပဲ၊ နာမ်နာမ်ချင်း ဆက်ပေးတာလဲ သူပဲ။ နာမ်နဲ့ရုပ်နဲ့ဆက်ပေးတာလဲ (သူပါပဲ)၊ သူပဲ။ သူရှိလို့ ဖြစ်ပေါ်နေကြရတာ (မှန်ပါ)။ သူမရှိလို့ရှိရင် နာမ်ရုပ်ဟာ ချုပ်ပြီကော (မှန်ပါ)။

ဒါကြောင့် နာမ်နာမ်ချင်း ဆက်ပေးတာလဲ သိဗ္ဗိနီ အပ်ချုပ်သမားပဲ၊ သူပဲ တဏှာပဲ (မှန်ပါ)၊ နာမ်နဲ့ရုပ်နဲ့ ဆက်ပေးလိုက်တာလဲ (သူပါပဲ ဘုရား)၊ သိဗ္ဗိနီ။ ဒါကြောင့် အနန္တရပစ္စည်းမျိုးတင် မယူပါနဲ့၊ သဟဇာတပစ္စည်းမျိုးလဲ ဪ တဏှာ၏စွမ်းရည်သတ္တိကြောင့် ပေါ်နေတာပဲ။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါကြောင့် ခုနကချုံးပြီး ပြောလိုက်တယ်။ ၂၄ ပစ္စည်းမှာ ဖြင့်မဂ္ဂပစ္စည်းတစ်ခုပဲ သူကြောက်တယ်၊ ကျန်တဲ့ပစ္စည်းဟူ သရွေ့ သူခြယ်လှယ်နိုင်တယ် (မှန်ပါ)၊ မဂ္ဂပစ္စည်းတော့ ဆန့်ကျင်ဘက်မို့ ကြောက်တယ်။ ဒီပြင်ဈာနပစ္စည်းလောက်ဆို ရင် သူကမကြောက်ဘူး (မှန်ပါ)၊ ဘာဖြစ်လို့ မကြောက် သတုံးဆိုတော့ ဈာန်လောက်တော့ သူကလှည့်စားနိုင်တယ်။ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်တဏှာယောက်ျားလက်သမား၏ ဆိုးရွားယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတယ် ဆိုတော့ ရံခါမသွေပါနေကတည်းက ခုနကပြောခဲ့သလို စိတ်ချင်းဆက်တာလဲသူပဲ၊ ရုပ်နဲ့ဆက်တာလဲသူပဲ။

ဘဝသစ်ကိုဖြစ်စေတာတဏှာ

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာပေါ်လေသမျှဖြစ်ပေါ်သမျှ ရုပ်နာမ်ဖြစ်ပေါ်သမျှ၊ ရုပ်တွေဟူသရွေ့ သူ့လက်ချက်ချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ဘာကြောင့်ဆရာဘုန်းကြီး ဒါလောက်တောင် ပြောပါလိမ့်မတုံးလို့ ခင်ဗျားတို့မေးတော့ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဆိုတဲ့ဥစ္စာဟာ ရှင်းရှင်းပြောတော့ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ- ဘဝသစ်ကိုဖြစ်စေတယ်ဆိုတဲ့ ဥစ္စာ အကုန်ပဲ (မှန်ပါ)၊

ဘဝသစ် ဖြစ်စေတယ်ဆိုတာ အခု ခင်ဗျားတို့ဟာ ဘဝသစ်ပဲ၊ ဟိုဘက်ဘဝကမရှိခဲ့ဘူး၊ ဒီဘက်မှာ ဘဝသစ်မကျဘူးလား၊ အဲဒီတော့ ဘဝသစ်လုပ် ထားတာ ဘယ်သူတုံးမေးလိုက်ပါလား၊ ယာယံတဏှာလို့ ဖြေရ မယ်၊ အကြင်တဏှာပဲ (မှန်ပါ)။

ဝိပဿနာမလုပ်လို့မဂ်မဆိုက်သေးရင်

ဒါအခုခင်ဗျားတို့က ဝိပဿနာမလုပ်လို့ မဂ်မဆိုက် သေးလို့ရှိရင် ပေါနောဗ္ဘဝိကာတဲ့၊ နောင်တစ်ဖန်ဘဝလာလိမ့် ဦးမယ်ပြောတာပဲ (မှန်ပါ)၊ ဘာကြောင့်တုံးဆိုတော့ နန္ဒိရာဂ သဟဂတာတဲ့ အခုရထားတာကြီးကို ဒုက္ခသစ္စာမှန်း မသိတော့၊ နှစ်သက်တယ်ဆိုတော့ နောက်ရတာတွေလဲ နှစ်သက်မှာပဲ (မှန်ပါ)၊

အဲဒါကြောင့် နန္ဒိရာဂ သဟဂတာ တဲ့ နှစ်သက်ခြင်းနဲ့တကွဖြစ်နေတာ (မှန်ပါ)၊ သူနှစ်သက် ခြင်းက မရပ်ဘူး၊ ရပ်ကဲ့လား (မရပ်ပါဘူး)၊ မရပ်တာ ထောက်တော့မှ သိဗ္ဗိနီ ပေါ်လာတယ်၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ မရပ်တာထောက်လိုက်တော့မှ စုတိပဋိသန္ဓေ ဆက်စပ်တယ်၊ ကံနဲ့ အကျိုးပေးတယ် စုတိနဲ့ ပဋိသန္ဓေကို သူပဲဆက်ပေးတယ်၊ ကံနဲ့ အကျိုးပေး တယ် (မှန်ပါ)၊ သူကဆက်တယ် ဆိုတာ သဘောကျပြီလား (မှန်ပါ)၊

သင်္ခါရပစ္စယာ ဝိညာဏံ၊ ကမ္မပစ္စယော ဒါတွေဟာ သူကလုပ်ထားတာ (မှန်ပါ)၊ ကံနဲ့အကျိုးပေးနဲ့ဆက်ပေး လိုက်တာ သူပဲမဟုတ်လား (မှန်ပါ)၊ သင်္ခါရနဲ့ဝိညာဏ်ကော (သူပဲဆက်ပါတယ်)၊ စုတိနဲ့ ပဋိသန္ဓေကော (သူပဲ ဆက်ပေးပါတယ်)။

မဂ္ဂပစ္စည်းမှတစ်ပါး သူ့လက်အောက်ချည်းမှတ်

အဲဒါက ခပ်ကျဉ်းကျဉ်းပြောတာ။ အကျယ်ပြောစမ်းပါ ဆိုတော့ မဂ္ဂပစ္စည်းကိုချန်လှပ်၊ ကျန်ပစ္စည်းတွေဟူသရွေ့ သူအလုပ်ခိုင်းလို့ လုပ်နေရတာ။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ မဂ္ဂပစ္စည်းကိုချန်လှပ်၊ ကျန်တဲ့ပစ္စည်းတွေဟူသရွေ့ဖြင့် သူ့လက်အောက်ချည်းမှတ်ပါ။

လောကီဥပမာပြောကြပါစို့ဆိုလို့ဆိုရင် ဘုရားကို စစ်တိုက်တော့ မာရ်နတ်ကြီးဟာ အကုန် ခေါ်လာတာပဲ။ သူ့လက်အောက်တွေကိုး။သူ့ဘက်က သက်သေလိုက်ကြတာပဲ။

ဗောဓိပင်မှ ပလ္လင်ဟာ ဘုရားပလ္လင် မဟုတ်ဘူး။ မာရ်နတ်ကြီး ပလ္လင်ပါတဲ့ လက်အောက် ကဟာတွေကိုး (မှန်ပါ)။ အဲ ဒီမှာ ခင်ဗျားတို့ခန္ဓာထဲမှာ ဖြစ်သရွေ့ ဒုက္ခသစ္စာဟာ သူ့လက်အောက် ချည်း မှတ်ပါ။ ဘယ်သူက ပြုလုပ်တဲ့ ဒုက္ခသစ္စာ ရယ်လို့မဆိုပါနဲ့။ သူလုပ်တဲ့ဒုက္ခချည်းပဲ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ သဘောပါကြပြီလား (မှန်ပါ ပါပါပြီ။)

ကောင်းပြီ ဒါဖြင့် ဒီက ဒကာ ဒကာမတွေမှာ သင်္ခတ သဘောကို နားလည်သွားပြီ (မှန်ပါ)၊ ဟိုဘဝ ဒီဘဝကို လဲ သူပြုပြင်ထားတယ်ဆိုတာ ဒါသင်္ခတဟောနေတာ (မှန်ပါ)၊ စုတိနဲ့ ပဋိသန္ဓေ ဆက်တာလဲသူပဲ။ ကံနဲ့အကျိုးပေး ဆက်တာလဲ (သူပါပဲ)၊ သင်္ခါရနဲ့ဝိညာဏ် ဆက်လိုက်တာ လည်း (သူပါပဲ ဘုရား)၊ သောကပရိဒေဝ စသည်နဲ့ အဝိဇ္ဇာ သင်္ခါရ ဆက်လိုက်တာကော (သူပါပဲ)၊ သူပဲဆိုတဲ့ အဝိုင်းဖြစ်အောင် ချုပ်တတ်တာသူပဲ။

သတ္တဝါတွေ အဝိုင်းဖြစ်အောင် ချုပ်တတ်တယ်

လူ့ဘဝကနေ ခွေးဘဝ၊ ငှက်ဘဝ၊ ကြက်ဘဝ စသည်နဲ့ ဝိုင်းပြီးတော့ ဘဝတွေ ဘယ်သူ့ ဘယ်သူမှ မပြတ်ရအောင် စုတိပဋိသန္ဓေနဲ့ကံနဲ့အကျိုးပေးသောသင်္ခါရနဲ့ဝိညာဏ် ရော ဆက်လိုက်တော့ ဝိုင်းသွားတာပဲ (မှန်ပါ)၊ ဒါကြောင့် ဝဋ ဆိုတာအလုံးအဝိုင်းကို ဆိုပါတယ်။ သဘောကျပြီလား (ကျပါပြီ) လုံးနိုင်တယ် ဝိုင်းနိုင်တယ်၊ ဘယ်သူတုံးလို့ လက်သည် ရှာတော့မှ သူ့ကိုပဲသွားတွေ့တယ် (မှန်ပါ)။

တွေးလုံးလာပြီးမှပွားလိုက်ပါ

ကျုပ်တို့ဝိုင်းချင်လို့ ဝိုင်းရတာလား သူဝိုင်းပေးလို့လား (သူဝိုင်းပေးလို့ပါ ဘုရား)၊ ဒါဖြင့် သူပြုပြင်ရာ ကျုပ်တို့ခံနေ ရတာပေါ့ (မှန်ပါ)။

ဒါဖြင့် သင်္ခတသဘောသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဪ ဒုက္ခသစ္စာကြီးဟာ ဘယ်နှယ့်ကြောင့် ဒုက္ခသစ္စာ ဖြစ်နေပါလိမ့်မလဲဆိုတော့ တဏှာ ပြုပြင်ရာ ခံနေရလို့ဆိုတဲ့ တွေးလုံးကို ဒါပဲမှတ်ထားပါ (မှန်ပါ)။

သူချုပ်သွားရင် နိဗ္ဗာန်ပေါ်လာတယ်

အဲဒီတွေးလုံးလာပြီးတော့မှ မင်းသန္တာန်မှာကွာ ခဏခဏသေ ခဏခဏဖြစ် ခဏခဏ ပျက်နေတာ ဒုက္ခ ကြီး ကျယ်လိုက်တာ။ ဘယ့်နှယ်ကြောင့် ဒီဒုက္ခကြီးအဆက်မပြတ် ပါလိမ့်မတုံးလို့ ကြည့်လိုက်စမ်းပါ၊ တဏှာသိဗ္ဗနီလို့ ဘုရား အဟောသားပဲ၊ ရှေ့ဒုက္ခနဲ့ နောက်ဒုက္ခကို ဆက်ပေး တယ်၊ အဲဒီလို တွေးပါ၊

တွေးပြီးတော့မှ တွေးလုံး ပိုင်ပလား၊ သံသယ ဝိစိကိစ္ဆာ ချုပ်ငြိမ်းပလား၊ ဆရာပြောတဲ့အတိုင်း ဘုရားဟောကို ယုံကြည်ပြီလား၊ ယုံကြည်ပြီးသည်၏ အခြားမဲ့၌ အလကား မနေပါနဲ့၊ပွားလိုက်ရင် ဒီအတိုင်းပေါ်တယ် (မှန်ပါ)၊ ဒီအတိုင်းပေါ်ရင် ချက်ချင်း ဆုံးဖြတ်ချက်ချ ဆုံးဖြတ်ချက်ချသည်နဲ့ တစ်ပြိုင်နက်တည်း သူချုပ်သွားရင် နိဗ္ဗာန်ပေါ်လာတာ ပဲ။ နိဗ္ဗာန်ကို မြင်ရတာပဲ (မှန်ပါ)။

ဒီနှစ်လုပ်ကိုအမြဲထားပါ

ဒါကြောင့် ခင်ဗျားတို့ တစ်ခါတလေ တွေးရမယ်။ တစ်ခါတလေ ထပြီးရှုရမယ်၊ ဒီနှစ်လုပ်ကို အမြဲထားပါ။ တွေးတဲ့အချိန်တစ်မျိုး၊ ရှုတဲ့အချိန်တစ်မျိုး (မှန်ပါ)၊ ဒါအမြဲ တမ်းသုံးရမှာပဲ၊ ဘုရားအလောင်း၊ သူတော်ကောင်းတွေ ဒီအတိုင်းသုံးတာပဲ။

အတွေးမသန်ရင် ဉာဏ်မမှန်ဘဲရှိတတ်တယ်

ဒါမပါရင်လဲမရဘူး၊ အတွေးမသန်လို့ရှိရင်လဲ ဟိုက ဉာဏ်မမှန်ဘဲရှိတတ်တယ် (မှန်ပါ)၊ ဒါသိပ်အရေးကြီးပါ တယ်၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့သစ္စာနှစ်ခုပြီးသွားတယ်၊ ဒုက္ခသစ္စာမှာ လေးချက်ရှိတဲ့အနက်က နှစ်ချက်ပြီးသွားတယ် (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဒုက္ခသစ္စာကို ညှာတာမဖက် အမြဲနှိပ် စက်တယ်ဆိုတော့၊ ဘယ်သူများ နှိပ်စက်ပါလိမ့်မတုံး ကောက် မေးတဲ့အခါကျတော့ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်တယ် လို့ တစ်ချက်မှတ်၊ ဆုတောင်းထားလို့ရှိရင်၊ ဆုတောင်း ပြည့်အောင် လုပ်ပေးနေတာက တဏှာ (မှန်ပါ)၊ ဆုတောင်းထား တဲ့ပုဂ္ဂိုလ်ကိုနှိပ်စက်တာက၊ နှိပ်စက်ခြင်းကြောင့်လဲ ဒုက္ခ သစ္စာသဘောကျပြီလား (ကျပါပြီ) ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်၏ အလိုကိုမပြည့်မရှိအောင် အမြဲတမ်းပြုပြင်ပေးနေတာ ကလဲ တဏှာပဲ။ သဘောပါပြီလား (မှန်ပါ)။

ဝိပဿနာရှုတယ်ဆိုတာ

ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တာလဲ (တဏှာပါပဲ)၊ အဲဒါက ပိဠနဋ္ဌ က လာတယ် (မှန်ပါ)၊ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို ဒုက္ခကြား မညှပ်ရအောင် ဆက်လက် ပေးနေတာ (တဏှာပါပဲ)၊ သူပဲလုပ်တာပဲဆို သဖြင့် ကျုပ်တို့ က သူလုပ်တဲ့ ဒဏ်ရာ ကိုကြည့်ဖို့ ဟာက ဝိပဿနာ။ အလုပ်သမားကို မကြည့်ပါနဲ့ဦး၊ အလုပ်သမား၏ လုပ်ထားတဲ့ဒဏ်ရာကိုကြည့်ပါ (မှန်ပါ)၊ အလုပ်သမား ကလဲ ချုပ်သွားတာပဲ။ ကျုပ်တို့ဝိပဿနာရှုတယ်ဆိုတာ သူ့ဒဏ်ရာကိုကြည့်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဘယ်သူ့ ဒဏ်ရာကိုကြည့်တာတုံး (အလုပ်သမား ရဲ့ ဒဏ်ရာကိုကြည့်တာပါ) အလုပ်သမား ၏ လက်ချက်မိနေ တာကိုး (မှန်ပါ)၊ ဆေးရုံမှာဘယ်လောက်ပြေးသွားတယ်၊ တိုင်းသလိုပေါ့ဗျာ။ ရိုက်သွားတဲ့ လူတော့ ဘယ်မှာရှာတွေ့မလဲ။ နောက်မှသာ တွေ့ချင်တွေ့မှာပေါ့ (မှန်ပါ)၊ ဖမ်းလို့မမိသေး ခင်တော့ ဒီဒဏ်ရာပဲတိုင်းနေရမှာပဲ (မှန်ပါ)။

နှိပ်စက်တတ်သောကြောင့်ဒုက္ခသစ္စာ

ဒါဖြင့် နှိပ်စက်တတ်သောကြောင့်လဲ ဒုက္ခသစ္စာ၊ သဘောကျပြီလား (ကျပါပြီ)၊ ပြုပြင်မှု အမျိုးမျိုး ခံနေရတာ ကြောင့်လဲ (ဒုက္ခသစ္စာပါ)၊ အဲ ပြုပြင်မှု အယုတ် တမာတရားတို့၏ ပြုပြင်မှုကို အမျိုးမျိုး ခံနေရသောကြောင့်လဲ ဒုက္ခသစ္စာ (မှန်ပါ)၊ နောက်ဟာကအကြောင်းနဲ့ တကွပြတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ မထူးခြားဘူးလား (ထူးခြားပါတယ်)။

ဘာလုပ်နေရသတုံး (ပြုပြင်သလိုခံနေရပါတယ် ဘုရား)၊ ကိုယ့်သဘောပါရဲ့လား (မပါပါဘူး)။

ပြုပြင်သလိုခံရသောကြောင့် ဒုက္ခသစ္စာ

ပြုပြင်သလိုခံတာကတော့ ခံရပါစေတော့ သူက အရမ်း ပြုပြင်တာလား ကိုယ်က အနှိပ်စက် ခံချင်လို့လားလို့ မေးပြန်တော့ ဘယ့်နှယ်ဖြေပါ့မတုံး (အနှိပ်စက်ခံချင်လို့ပါ ဘုရား)၊ အဲဒီကျတော့ ပီဠနဋ္ဌလဲ သွားတယ် (မှန်ပါ)၊ ပီဠနဋ္ဌကိုလဲ သွားပါ။ ဒီနှစ်ချက်ကို ပိုင်နေအောင် ခင်ဗျားတို့ ဒီနေ့တွေးပါ၊ တွေးပြီးတော့မှ အားထုတ်ပါ (မှန်ပါ)။

ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို ဆုတောင်းပြည့်အောင် နှိပ်စက်ညှင်ပန်းတာလဲသူပဲ၊ သဘော ကျပြီလား (ကျပါပြီ)၊ အဲဒါပီဠနဋ္ဌပဲ။ သဘောကျပြီလား (ကျပါပြီ)။

သင်္ခတဋ္ဌက ဆုတောင်ထားတဲ့ ပုဂ္ဂိုလ်ကို နောက်ကနေ ပြီး အစဉ်မပြတ်အားပေးပြီး နှိပ်စက်ဖို့ အားပေးနေခြင်းကြောင့် လဲ အနှိပ်စက်အမြဲခံနေရတယ်ဆိုတော့ အကြောင်းပေါ် တယ်သူက။ သဘောကျပြီလား (ကျပါပြီ)၊ အရင်ဟာက က အကြောင်းမပေါ်ဘူး၊ နောက်ဟာက အကြောင်း ပေါ်တယ် ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)။

နှိပ်စက်တတ်၊ နှိပ်စက်အပ်နှစ်မျိုးရှိတယ်

အဲဒီလိုဆိုတော့ သြော် ဘာဖြစ်နေပါမလဲလို့ တွေးဖို့မလိုတော့ဘူး၊နှိပ်စက်တတ် နှိပ်စက်အပ်နှစ်မျိုးရှိတယ် ကိုးလို့မှတ်ပါ (မှန်ပါ)၊ နှိပ်စက်အပ်ဆိုတဲ့ဥစ္စာဒကာ ဒကာမတွေက မှတ်ဖို့ရာက သူက အခံဘက်က ထားတာ (မှန်ပါ)၊ နှိပ်စက်တတ်တယ် ဆိုတာက ရုပ်-ရုပ်ချင်း နှိပ်စက်တတ်၊ တေဇောက အာပေါပထဝီကို လောင်ပစ်လိုက်တယ်။ အဲဒါက နှိပ်စက်တတ်တာ (မှန်ပါ)၊ နှိပ်စက်အပ်ဆိုတာကတော့ သူကဘယ်သူလာလာ လက်ခံတာကို နှိပ်စက်အပ်လို့ ဆိုတယ် (မှန်ပါ)။

ဒါဖြင့် နှိပ်စက်တတ်၊ နှိပ်စက်အပ်သောကြောင့်လဲ ဒုက္ခသစ္စာ (မှန်ပါ)၊ မှတ်မိပြီလား (မှန်ပါ)။

ပီဠနဋ္ဌောမှာ နှစ်ချက်ရှိတယ်

အနှိပ်စက်ခံရခြင်းကြောင့်လဲ (ဒုက္ခသစ္စာပါ)၊ နှိပ်စက်တတ်သောကြောင့်လဲ (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် သူ့မှာနှစ်ချက်ရှိတယ်။ ဒါ ပီဠနဋ္ဌော မှာ နှစ်ချက်ရှိတယ် (မှန်ပါ)၊ အနှိပ်စက် ခံရသော ကြောင့်လဲ ဒုက္ခသစ္စာ၊ သူတို့ သူတို့ချင်းနှိပ်စက်နေသောကြောင့်လဲ (ဒုက္ခသစ္စာ)၊ ရုပ် ရုပ်ချင်း နှိပ်စက်တယ်၊ နာမ်-နာမ်ချင်းကော (နှိပ်စက်ပါတယ်)၊ ဒီလိုသိနေခြင်းကြောင့် ဒါဟာ ဒုက္ခသစ္စာပါပဲ။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် သင်္ခတဋ္ဌ ကတော့ ဒီအမြင်မဟုတ်ပါ ဘူး၊ သင်္ခတဋ္ဌ အမြင်က ဒါမဟုတ်ပါဘူး၊ သင်္ခတဋ္ဌအမြင် ကတော့ ဪ ကိုယ်သမုဒယသစ္စာ ကိုယ်အမှားကြီးမှား ခဲ့လို့ အခုတော့ဖြင့် သူစီမံသလိုခံရုံပဲ သိတာက သင်္ခတဋ္ဌသဘော သိတာ (မှန်ပါ)၊ ခုနကလို နှိပ်စက်တတ် နှိပ်စက်အပ် မဟုတ်ပြန်ဘူး သူက မခြားနားဘူးလား (ခြားနားပါတယ်)။

တွေးလုံးပိုင်မှ ကမ္မဋ္ဌာန်းခွင်ပြေးပါ

အဲ့ဒီခြားနားမှုကိုလဲ တွေးလုံးပိုင်ပါစေ၊ ဒါက စာကတိုတိုလေး၊ ကိုယ့်ဉာဏ် တွေးလိုက်တဲ့ အခါကျတော့ ရှည်လာလိမ့် (မှန်ပါ)၊ ရှည်လာပြီတော့ကို ဆုံးဖြတ်ချက် ချနိုင်အောင်တွေးပါ၊ ဆုံးဖြတ်ချက် ချနိုင်အောင် တွေးလိုက်လို့ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုရင် ကမ္မဋ္ဌာန်းခွင် ပြေးပါ (မှန်ပါ)၊ ပြေးလို့ ဆုံးဖြတ်ချက် ချတဲ့အတိုင်း ဟိုမှာသွားကိုက်လို့ရှိရင်၊ ကိုက်တဲ့အချိန်မှာ ခင်ဗျားကို ဒုက္ခချုပ် ပါလိမ့်မယ်၊ သဘောပါ သလား (ပါပါပြီ)။

ကဲ ဒီနေ့ ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။