284

နိဗ္ဗာန်ကို သွားကြပါစို့

အသံဖိုင်ခေါင်းစဉ် = အဖုံးနှစ်ချပ်ဖွင့်မှ နိဗ္ဗာန်မြင်မည်

မှတ်ချက်။ (၁၆-၁၁-၁၉၆၁) ဟောတရား (၁၁)မိနစ်ခန့်က စတင်သည်။

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ကို သွားကြပါစို့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားတော်မူခဲ့သောတရားတော်

နိဗ္ဗာန်ကို သွားကြပါစို့

(၁၆-၁၁-၁၉၆၁)

နိဗ္ဗာန်ကိုရောက်စေသော အကြောင်းကတော့ဖြင့် ခင်ဗျားတို့ နေ့တိုင်းကြိုးစားနေတဲ့ ဖြစ်ပျက်ကို ရှုနေတဲ့ မဂ်ဟာ ‘‘နိဗ္ဗာနံ ဂစ္ဆတိ မဂ္ဂေါ’’-လို့ဆိုသောကြောင့် သူက နိဗ္ဗာန်တော့ ရောက်အောင်” ပို့လိမ့်မယ် (မှန်ပါ)။ ပို့တတ်တာပဲရှိတယ်။ သူလုပ်ထားတာလားလို့ မေးတော့ (မဟုတ်ပါ ဘုရား)။

လောကီ ဥပမာပြောကြစို့ ဆိုလို့ရှိရင်ဖြင့် ရှင်ဘုရင်က နန်းတော်ကြီးလည်း ဆောက်ထားတာပဲ။ သို့သော် ရောက်လိုတဲ့ ပုဂ္ဂိုလ်မှာ ပို့ပေးတဲ့ ပုဂ္ဂိုလ်ရှိမှပဲ ရောက်မှာပဲ ဆိုသလိုပဲ၊ နိဗ္ဗာန်က တော့ဖြင့် ဘုရားမပွင့်လည်း ရှိတာပဲ။ ဘုရားပွင့်လည်း ရှိတာပဲ (မှန်ပါ)၊ ဘာဖြစ်လို့တုံး။ ဘုရားလုပ်ထားတာမှ မဟုတ်ဘဲ၊ အချိန်မရွေးရှိတယ်။ သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန်သည် အချိန်မရွေးရှိတယ်

ဒါဖြင့် နိဗ္ဗာန်သည် အချိန်မရွေးရှိတယ်ဆိုတော့ ‘‘အတ္ထိ ဘိက္ခဝေ နိဗ္ဗာနံ’’၊ ဘိက္ခဝေ-ရဟန်းတို့၊ နိဗ္ဗာနံ- နိဗ္ဗာန်သည်။ အတ္ထိ- ရှိ၏။ ကိုယ်တော်တိုင်ဟောခဲ့တာ (မှန်ပါ့)။ နိဗ္ဗာန်ဟာ ရှိတယ်၊ ဘာတုံးမေးတော့

(၁) အဇာတံ-ပဋိသန္ဓေမနေတဲ့နိဗ္ဗာန်ရှိတယ် (မှန်ပါ)။

(၂) အဘူတံ-တဲ့၊ ဘယ်သူမှ မပြုလုပ်တဲ့ နိဗ္ဗာန် ရှိနေတယ်။

(၃) အသင်္ခတံ-တဲ့၊ ဘယ်သူမှ မပြုပြင်ဘဲနဲ့ သဘာဝဓမ္မ ရှိနေတဲ့ နိဗ္ဗာန်ရှိနေတယ်။ ဒါဟာ ဥဒါန်းပါဠိတော်မှာ ကိုယ်တော်တိုင်ဟောတာ (မှန်ပါ)။

ဥဒါန်းပါဠိတော်လာ စကားကို နည်းနည်းကလေး ရှင်းပြီးပြချင်ပါတယ် ဒကာ ဒကာမတွေကို ဘယ်သူမှ မမေး မလျှောက်ဘဲနဲ့ သူ့ဟာသူ ဟောတဲ့ တရားဒေသနာကို ဥဒါန်း ပါဠိတော် (မှန်ပါ)၊ အမေးပုဂ္ဂိုလ်မရှိဘူး။ မြတ်စွာဘုရားစိတ်ထဲမှာ သူများ သံသယရှိမှာစိုးလို့ ဟောတော်မူတာ (မှန်ပါ)။

ဒါဖြင့် နိဗ္ဗာန်ဟာ ရှိသလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ‘‘အတ္ထိ ဘိက္ခဝေ နိဗ္ဗာနံ အဇာတံ အဘူတံ အသင်္ခတံ’’ ဆိုတဲ့ ဥဒါန်းပါဠိတော်အရ (မှန်ပါ)၊ ဥဒါန်းပါဠိတော်ဆိုတာ ဒကာ၊ ဒကာမတွေ သံသယ ရှိနေမှာစိုးလို့ ဘယ်သူမှ မတောင်း ပန်ဘဲနဲ့ ကိုယ်တော်မြတ်ကြီး အလိုတော်အတိုင်း ရွတ်ဆိုတော်မူတာ (မှန်ပါ)။

ဘယ်သူ့က ပြုလုပ်ထားတာတုံး

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ရှိတယ်ဆိုတာ သေချာပြီ (မှန်ပါ)။ ဘယ်သူပြုလုပ်ထားတာတုံးလို့ မေးတော့ ဦးသံဒိုင် ဘယ့်နှယ်ဖြေမတုံး (ဘယ်သူမှ မပြုပါ ဘုရား)။

အဲ ဘယ်သူမှ မပြုလုပ်ဘူး၊ အပစ္စယာ ဓမ္မာ၊ အသင်္ခတာ ဓမ္မာပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါ-ခိုင်လုံတဲ့ ပါဠိကိုပြတာ ဦးသန်းမောင် (မှန်ပါ)။ ဒါ ဓမ္မသင်္ဂဏီပါဠိတော်၊ ဓမ္မသင်္ဂဏီဆိုတာ အဘိဓမ္မာ ခုနစ်ကျမ်းထဲ က အစပဲ (မှန်ပါ)။ ဒါဖြင့် နိဗ္ဗာန်ဟာ ရှိသလား၊ မရှိဘူးလား မေးတော့ (ရှိပါတယ် ဘုရား)။ ဘယ်သူက ရှိတယ်လို့ ပြောသ တုံးဆိုတော့ ဘုရားက ရှိတယ်လို့ ဟောတာ (မှန်ပါ)။ ဘယ်နေ ရာမှာ ဟောသတုံး၊ ဥဒါန်းပါဠိတော်မှာ ဟောခဲ့တယ်။

ဘယ်ကထွက်မှ နိဗ္ဗာန်ရောက်မှာတုံး

ဒါဖြင့် နိဗ္ဗာန်သွားချင်လို့ရှိရင်ဖြင့် ဘယ်ကနေ ထွက်ရ မှာတုံး၊ သင်္ခတကနေပြီး ထွက်ရ လိမ့်မယ် (မှန်ပါ)။ ပြုပြင် တဲ့ နယ်ထဲကထွက်မှ မပြုပြင်တဲ့နယ် ရောက်မယ် (မှန်ပါ)။

ပြုပြင်တဲ့ ခန္ဓာကိုယ်ထဲက ထွက် (မှန်ပါ)။ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကတော့ အစားနဲ့ ပြုပြင်ရ၊ အဝတ်နဲ့ ပြုပြင်ရ၊ ဆေးနဲ့ပြုပြင်ရ၊ ဝါးနဲ့ပြုပြင်ရနဲ့။ ပြုပြင်တဲ့ နယ်ထဲက ထွက်ချင် တဲ့ပုဂ္ဂိုလ်ဖြင့် ရောက်မယ် (မှန်ပါ)။ ပြုပြင်တဲ့နယ်ထဲက မထွက် ချင်တဲ့ပုဂ္ဂိုလ်ဖြင့် (မရောက်ပါ ဘုရား)။

ဒါဖြင့် ဘုရားသခင် ဟောတော်မူတာ ကိုက်ပြီ။ သိတာ ဓမ္မာ တဲ့၊ သင်္ခတာ ဆိုတာ ပြုပြင်အပ်တဲ့ တရား၊ ခန္ဓာငါးပါးကို ဆိုလိုပါတယ်။ အသင်္ခတာ ဆိုတာ ခန္ဓာငါးပါးမှ လွတ်တာ၊ ပြုပြင်ခြင်းမရှိဘဲနဲ့ ဖြစ်နေတဲ့ နိဗ္ဗာန်လို့ ဆိုလိုက်ပါတယ် (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ဘုရားပွင့်မှ ရောက်ကြသလဲ

ဒါဖြင့် နိဗ္ဗာန်သည် သဘာဝဓမ္မအားဖြင့် အမြဲရှိနေတယ် လို့ ဦးသန်းမောင်တို့က မှတ်ရမယ် (မှန်ပါ)။ နိဗ္ဗာန် အမြဲရှိပါ လျက်သားနဲ့ ဘယ့်နှယ်ကြောင့် ဘုရားပွင့်မှ ရောက်ကြသလဲလို့ မေးလို့ရှိရင် ရောက်ကြောင်းကို ဘုရားကမှ ဟောတတ်တယ်။ နိဗ္ဗာန်ဖြစ်နေအောင် ဘုရားလုပ်တာ မဟုတ်ဘူးနော် (မှန်ပါ)။ နိဗ္ဗာန်ရောက်ကြောင်းကို တော့ ဟောတော်မူတတ်တယ် (မှန်ပါ)။ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် အဲဒါ ထောက်ဆသဖြင့်လည်း ဪ နိဗ္ဗာန်ဆို တဲ့ တရားသည်ကားလို့ ဆိုရင်ဖြင့် ပြုပြင်တဲ့အကြောင်းတရား မရှိဘူး၊ သဘာဝဓမ္မအားဖြင့် ရှိနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

သဘာဝဓမ္မ အားဖြင့် အမြဲတမ်းရှိနေလို့ ရှိရင်ဖြင့် တစ်ယောက်နဲ့ မတိုးမိရင် တစ်ယောက်နဲ့ တိုးမိရမယ် ဆိုတဲ့ ဆင်ခြေမျိုးလည်း လာနိုင်တယ် (မှန်ပါ)။ မလာနိုင် ဘူးလား (လာနိုင်ပါတယ် ဘုရား)။

လူတိုင်း ဘာ့ကြောင့် မရောက်သတုံး

မတိုးမိနိုင်ဘူးတဲ့၊ ဘာ့ကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် ရန်ကုန် ရထားစီးမိမှ ရန်ကုန်ရောက်မှာ။ မြင်းခြံရထားစီးမိရင် မြင်းခြံ ရောက်မှာပဲ၊ မဟုတ်ဘူးလား (မှန်ပါ)။ အဲဒီတော့ ရထားစီးက လည်း လိုသေးတယ် (မှန်ပါ)။

ရထားစီးက လိုသေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပေါ်လာတဲ့ အခါကျတော့ မဂ္ဂင် ရထားစီးကြလို့ ဘုရားက ဒါကို ဟောတော်မူတယ် (မှန်ပါ)။ မဂ္ဂင်ရထားစီးကြလို့ ဟောတော့ ကျုပ်တို့က မဂ္ဂင်အလုပ်ကို လုပ်တဲ့ ပုဂ္ဂိုလ်မှလည်း ရောက်တယ်၊ လူတိုင်းဘာ့ကြောင့် မရောက်သတုံး ဆိုတော့ ရထားစီးက လွဲနေလို့ (မှန်ပါ)၊ ရှင်း ပလား (ရှင်းပါပြီ)။

ရထားသုံးစီးရှိတယ်

ရထားက မဂ္ဂပစ္စယော ပဲ။

(၁) ဒုဂ္ဂတိမှ သုဂတိသွားတဲ့ ရထားလည်းရှိတယ်၊ သဘောကျပလား (ကျပါပြီ)။

(၂) သုဂတိက ဒုဂ္ဂတိသွားတဲ့ ရထားလည်းရှိတယ်။

(၃) နိဗ္ဗာန်သွားတဲ့ ရထားလည်းရှိတယ်။ ရထားသုံးစီး ရှိတယ် (မှန်ပါ)။

ဒုဂ္ဂတိ အပါယ်လေးဘုံက သုဂတိတက်ပြီး ပို့တဲ့ရထား လည်းရှိတယ်။ ဦးသန်းမောင် မှတ်ထားပါနော် (မှန်ပါ)။ အပါယ်လေးဘုံက လူ့ဘုံ၊ နတ်ဘုံပို့တဲ့ ရထားကော (ရှိပါတယ် ဘုရား)။ အဲဒီမဂ္ဂင်လည်း ရှိသေးတာပဲ (မှန်ပါ)။

သုဂတိကနေပြီး ဒုဂ္ဂတိ အပါယ်လေးပါးကို ရောက် အောင်ပို့တဲ့ မဂ္ဂင်ကော (ရှိပါတယ် ဘုရား)၊ ဒီရထားကလည်း ရှိတယ်။

နိဗ္ဗာန်သွား ရထားကကော (ရှိပါတယ် ဘုရား)။

အဲ ဘုရားမပွင့်တော့ ဟိုရထားနှစ်စင်းသာ ခင်ဗျားတို့ လှည့်ပြီးပြေးနေတယ်။ နိဗ္ဗာန်ရထားကို မစီးမိဘူး၊ မစီးမိတော့ မရောက်ကြဘူး (မှန်ပါ)။

ရထားစီး မလွဲစေနဲ့

အခုတော့ ဘုရားသာသနာ ရှိတဲ့အခါကျတော့ ဘုန်းကြီး တို့က ဘုရားတပည့်သား ဖြစ်တဲ့ အတွက် ဦးသံဒိုင်ကြီး မဂ္ဂင် ရထားစီးနော်၊ ရထား မလွဲစေနဲ့၊ သတိမပေးရဘူးလား (ပေးရ ပါတယ် ဘုရား)။ ပေးရမယ်၊ ဒါက ဘုရားပွင့်တုန်း ပေးနိုင်တာ (မှန်ပါ)။ ဘုရားမပွင့်ဘဲနဲ့ ရထားစီးမှန်တာ ပစ္စေကဗုဒ္ဓါပဲရှိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်မရှိဘူး (မှန်ပါ)။

ဘုရားမပွင့်ဘဲ ရထားစီးမှန်တာကတော့ (ပစ္စေကဗုဒ္ဓါ ပဲရှိပါတယ်)၊ ပစ္စေကဗုဒ္ဓါ ဆိုတာလည်း ခင်ဗျားတို့မှတ်ထားစရာ က ဘုရားငယ်ပဲ၊ ဘုရားငယ်မို့ ရောက်သွားတာ (မှန်ပါ)၊ ဒိပြင် ပုဂ္ဂိုလ်တွေဖြင့် ရထားစီး လွဲတာချည်းပဲဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။

သားရေး၊ သမီးရေး၊ စီးပွားရေးကိုလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ လိမ်လိုက်၊ ကောက်လိုက်၊ ကျစ်လိုက်၊ မလွှဲသာတွေပြောလိုက် ဆိုလိုက်တဲ့ ပုဂ္ဂိုလ်ဟာ သုဂတိမှာ အရောင်းအဝယ် လုပ်ပြီး ဒုဂ္ဂတိရထား စီးနေတာ (မှန်ပါ)။

ရထားစီးက လွဲသွားပြီ

အရောင်းအဝယ်လုပ်နေတဲ့ပုဂ္ဂိုလ်များ မုသားမပါ လင်္ကာ မချောတွေနဲ့ ပရိယာယ် မပါလို့ရှိရင် မကောင်းတာတွေနဲ့၊ လိမ် လည် ကောက်ကျစ်တာတွေနဲ့ ဒါတွေဟာ သုဂတိသမားက ဒုဂ္ဂတိ ရထားစီးနေတာ၊ ရထားစီးက လွဲသွားပြီ (မှန်ပါ)၊ မလွဲဘူးလား (လွဲပါတယ်)၊ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

အပါယ်လေးပါးရောက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဘယ် တော့များ သုဂတိရောက်ပါ့မလဲလို့ တောင့်တကြောင့်ကြပြီး သကာလ နေလို့ သူတို့မှာဖြင့် သုဂတိရောက်ဖို့မှတစ်ပါး ဘယ် စိတ်မှ မပေါ်ဘူး၊ ဆင်းရဲလွန်းလို့ (မှန်ပါ)။

အဲဒီပုဂ္ဂိုလ်တွေကိုတော့ ကံဟောင်းတွေ ကုန်တဲ့အခါကျတော့ ကံသစ်က ဒါန သီလ မဂ္ဂင်တွေက ဆွဲဆောင်ပို့လိုက်ပြန်တော့လည်း ဖားနတ်သား စသည်တို့လို ဖြစ်သွားတယ် (မှန်ပါ)။ ဖားနတ်သားလို့ မရှိဘူးလား (ရှိပါတယ် ဘုရား)။ ခွေးနတ်သား ဒုဂ္ဂတိက သုဂတိဆောင် ပို့လိုက်တယ်၊ ပစ္စေကဗုဒ္ဓါ လိုက်ပို့တယ်၊ ပစ္စေက ဗုဒ္ဓါအတွက် ကာကွယ်ရေးလုပ်ပေးတဲ့ စေတနာနဲ့တကွ တရားတွေက နေပြီးသကာလ သုဂတိ ပို့လိုက်တယ်။

နိဗ္ဗာန်သွားမည့်ရထားစီးသူ မည်သူမျှမရှိ

အဲဒီရထားတွေသာ စီးနေတာပဲ၊ ဒုဂ္ဂတိက သုဂတိသွား တဲ့ ရထား၊ သုဂတိက ဒုဂ္ဂတိ သွားတဲ့ရထား၊ ဒါပဲ အစီးများတယ် (မှန်ပါ)။ နိဗ္ဗာန်သွားမည့်ရထားကျတော့ စီးမည့်သူကို မရှိဘူး (မှန်ပါ)။

ဘာဖြစ်လို့ စီးမည့်သူမရှိသတုံး လို့ မေးတဲ့အခါကျ တော့ နိဗ္ဗာန်ရှိမှန်း မသိလို့ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့ စီးမည့်သူမရှိသတုံး လို့ မေးတဲ့အခါကျ တော့ နိဗ္ဗာန်ရှိမှန်းမသိလို့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့ စီးမည့်သူမရှိသတုံး (နိဗ္ဗာန်ရှိမှန်းမသိလို့ပါ ဘုရား)။ နိဗ္ဗာန်ကို ပန်းချီကလည်း မပြဘူး၊ နတ်ပြည်တွေကျတော့ ပန်းချီတွေက ပြတယ်၊ ပန်းချီကြည့်ပြီးတော့လည်း သိနိုင် ကြသေးတယ်။ နတ်ပြည် ဆိုတာရှိတယ်။ ဒီလိုစားရ တယ်၊ ဒီလိုဝတ်ရတယ်ဆိုပြီးသကာလ သူတို့ ဆုတောင်းကြ တယ် (မှန်ပါ)။

နိဗ္ဗာန်ကို ဘာဖြစ်လို့ ပန်းချီ မရေးနိုင်ပါလိမ့်မတုံး၊ ပန်းပု က မထုနိုင်ပါလိမ့်မတုံးဆိုတော့ နိဗ္ဗာန်ဟာ လုံးရပ်ပုံသဏ္ဌာန် ပုံဟန်နိမိတ်က မရှိဘူးတဲ့ (မှန်ပါ)။ လုံးရပ်လည်းမရှိဘူး၊ သဏ္ဌာန်လည်း မရှိဘူး၊ ပုံဟန်နိမိတ်ကော (မရှိပါ ဘုရား)၊ မရှိတော့ ပန်းချီ ဘာသွားရေးမှာလဲ။

ဒါ မောင်ထွန်းရင် မင်းကိုစောင်းပြောနေတယ်လို့ အောက်မေ့မနေနဲ့နော် (မှန်ပါ)။

တစ်ခါရောက်၊ တစ်ခေါက်မပြန်

ဒါဖြင့် နိဗ္ဗာန်ဟာ ဘယ်သူမှ မရေးနိုင်၊ ပုံသဏ္ဌာန်နှင့် မပြနိုင်ဘူးဆိုတော့ အတုကလေးတောင် ပြမည့်သူ မရှိဘူး (မှန်ပါ)၊ နိဗ္ဗာန်ဆိုတာ ဒီလိုပဲဟေ့လို့ အတုကလေးတောင် ပြမည့် သူ မရှိတော့ ဪ ဒီဟာ ထောက်ကြည့်လိုက်လို့ရှိရင်ဖြင့် မဂ္ဂင် ရထားစီးတဲ့ ပုဂ္ဂိုလ်ဖြင့် ရောက်လိမ့်မယ် (မှန်ပါ)၊

သူရောက်ပြန်တော့လည်း တစ်ခါ ရောက်သွား တစ်ခေါက်မပြန်ဆိုတဲ့အတိုင်း ဘယ်တော့မှ မပြန်တော့ဘူး (မပြန်ပါ ဘုရား)၊ ဘယ်သူ့ကို လာပြီးသကာလ ပန်းချီရေးဖို့ သင်မတုံးဆိုလို့ရှိရင် မောင်ထွန်းရင် က ဘယ့်နှယ်ဖြေမလဲ (မသင်ပါ ဘုရား)၊ ပြန်မှမလာတော့ဘဲ (မှန်ပါ)၊ နတ်ပြည်က ပြန်လာနေကျတော့ နတ်ရုပ်ကလေး သူရေးတတ်၊ ပြောတတ်တာကိုး (မှန်ပါ)။

ကဲ ဒါဖြင့် လုံးရပ်သဏ္ဌာန် ပုံဟန်နိမိတ် ကင်းဆိတ်ပြီး သကာလ နေသောကြောင့်လည်း သဘောမှတ်လိုက်တော့ ပျက်စရာ မရှိဘူးလို့မှတ် (မှန်ပါ)၊ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဪ ပျက်စရာ မရှိလို့ရှိရင်ဖြင့် ဒီနေရာဟာ အကောင်း ဆုံးနေရာပဲလို့ ခင်ဗျားတို့ အခုဆုံးဖြတ်ချက်ချ (မှန်ပါ)။

အခုရှိတာတွေက တိုက်တာတွေ၊ နှစ်ပေါင်းတစ်ရာကြာ မယ်ဆိုပေမယ့် ငလျင်နဲ့တွေ့ပြန် သွားပြန်တာပဲ (မှန်ပါ)၊

ဒါဖြင့်လောကကြီးထဲမှာ သင်္ခတနယ်ထဲရှိတဲ့ ပစ္စည်းတွေကတော့ နတ် များမှာ ဘုံပါ ပျောက်တယ် (မှန်ပါ)၊ ဗြဟ္မာတွေ အထည်ပါ ပျောက်တယ် ဆိုတော့ သင်္ခတနယ်ထဲကနေတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ချ လက်ချ နေခွင့် ဘယ်အခါကာလမျှမရှိဘူး (မှန်ပါ)၊ ဒါကြောင့် ခင်ဗျားတို့ သင်္ခတနယ်က ထွက်မှ အသင်္ခတရောက်မယ် (မှန်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

သင်္ခတကထွက်မှ အသင်္ခတ

နိဗ္ဗာန်ရောက်ချင်ရင် ဘယ်ကထွက်မလဲ (သင်္ခတနယ် ထဲက ထွက်ရပါမယ်)၊ ဪ သင်္ခတ နယ်ထဲကထွက်မှ အသင်္ခတနိဗ္ဗာန်ရောက်မယ် (မှန်ပါ)၊ သင်္ခတနယ်ထဲက မထွက် ချင်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့ နိဗ္ဗာန်ရောက်ရိုး ထုံးစံမရှိ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒါကြောင့် ခင်ဗျားတို့ကို ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ် လိုက်-ပျက်လိုက်ကလေးတွေကို ရှုစမ်းပါ၊ အဲဒါ သင်္ခတတရားတွေ။ ဖြစ်ပျက်ကို ရှုစမ်းပါလို့ ဦးသန်းမောင်ကြီးတို့ကို ဘုန်းကြီး အများကြီး တိုက်တွန်းတယ် (မှန်ပါ)၊ ဦးညွန့်တို့လည်း တိုက် တွန်းတယ် (မှန်ပါ)၊ ဘာဖြစ်လို့တုံး၊ သင်္ခတ တရားတွေကို မြင်စေချင်တယ်၊ သင်္ခတ တရားတွေကို မုန်းစေချင်တယ်၊ သင်္ခတ တရားမှ ထွက်စေ ချင်တယ်။ ဒီဉာဏ်ပေါ်အောင်လို့ ဝိပဿနာ လုပ်ရပါတယ် (မှန်ပါ)။

နေ့တိုင်း ဖြစ်ပျက်ရှုပါ

သင်္ခတနယ်က ထွက်ချင်တဲ့ ဉာဏ်တွေ ထွက်လာအောင် လို့ ခင်ဗျားတို့ကို နေ့တိုင်းရှုပါ နေ့တိုင်းရှုပါ ဒီခန္ဓာကိုယ်ကြီး ဟာ သင်္ခတ တရားပါ၊ သင်္ခတာ ဓမ္မာပါ၊ သင်္ခတနယ်က မထွက် လို့ရှိရင် အသင်္ခတကို ဘယ်နည်းနဲ့မှ မရောက်နိုင်လို့ပါဆိုတာ ဦးသံဒိုင် ဟောသင့်တယ် (မှန်ပါ)၊ မဟောသင့် ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာလုပ်တာသည် ဘာကို ရှုရတာတုံး ဆိုတာကော ယနေ့ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။ ဘာရှုရတာတုံး (ဖြစ်ပျက်ရှုရတာပါ)၊ ဖြစ်ပျက်ဆိုတာ သင်္ခတတရားပဲ၊ သင်္ခတ တရားကို ရှုရမယ် (မှန်ပါ)။

မုန်းအောင်ရှုပါ

သင်္ခတရှုလို့ နိဗ္ဗာန်ရောက်တာလားလို့ မေးတဲ့အခါ သင်္ခတရှုရုံနဲ့တော့ ဘယ်ဟုတ်ဦးမလဲ၊ သင်္ခတကို မုန်းဦးမှ (မှန်ပါ)၊ သင်္ခတဆုံးအောင် လိုက်နိုင်မှ အသင်္ခတရောက်မယ် (မှန်ပါ)။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ရင် သင်္ခတဆုံးအောင်လိုက် (မှန်ပါ)၊ ဒါကြောင့် ဘုန်းကြီးက မေးလေ့ ရှိတယ်၊ ဦးသန်းမောင်ကြီး ဖြစ်ပျက်ဆုံးပလား လို့မေးတာ၊ သင်္ခတ ဆုံးပလား – မေးတာ (မှန်ပါ)၊ ဦးညွန့် ဖြစ်ပျက်ဆုံးပလား လို့မေးတာကော (သင်္ခတ ဆုံးပလားလို့ မေးတာပါ)၊

သင်္ခတဆုံးရင် တွေ့ ပြီ (မှန်ပါ)၊ သင်္ခတအဆုံးမှာ အသင်္ခတ ကပ်နေတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်အဆုံးမှာ အသင်္ခတ ရှိတယ်

သင်္ခတဆိုတာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်အဆုံးမှာ(အသင်္ခတ ရှိပါတယ်)၊ အသင်္ခတ ကပ်နေလို့။

ဘုရားက သံယုတ်ပါဠိတော်ကျတော့ ဘယ်လိုဟောသ ဆိုတော့

‘‘နိဗ္ဗာနဿေဝ သန္တိကေ။’’ နိဗ္ဗာနဿေဝ- နိဗ္ဗာန်၏ သာလျှင်၊ သန္တိကေ-ခရီးမဝေး အနီးကလေး၊ ခင်ဗျားတို့ သင်္ခတ အဆုံးမှာရှိတယ် (မှန်ပါ)။

ဦးသန်းမောင် ဘယ်မှာရှိသတုံး (သင်္ခတအဆုံးမှာ ရှိပါ တယ်)၊ ဒါဖြင့် တစ်ကိုယ်လုံးဟာ သင်္ခတ။ ဒါချုပ်သွားရင်တွေ့ပြီ (မှန်ပါ)။

ဪ ဒါဖြင့် နိဗ္ဗာန်ဟာ ဝေးသလား၊ နီးသလားဆို တော့ တစ်လံမျှလောက်သော ခန္ဓာထဲမှာ ရှာပါ ဆိုပြီးတော့ ရောဟိတဿကို ဟောတယ် (မှန်ပါ)၊ မဟောဘူးလား (ဟော ပါတယ် ဘုရား)၊ ဒီအဆုံးမှာ ရှိတာကွတဲ့၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခတချုပ်သွားရင် နိဗ္ဗာန်တွေ့မယ်

ဒါဖြင့် ခင်ဗျားတို့က နိဗ္ဗာန် ဆိုတာကွာ အဝေးကြီးဆိုတဲ့ လူဟာ အတော့ကို ရှော်တဲ့လူ ဖြစ်လိမ့်မယ် (မှန်ပါ)။

သင်္ခတနယ် အဆုံးမှာ ရှိပါတယ်ဆိုကတည်းက ကိုယ့်အလံနဲ့ကိုယ် တိုင်း ကြည့်ရင် တစ်လံပဲရှိတယ်၊ လူတစ်ယောက်မှာ (မှန်ပါ)၊ အဲဒါ ကလေးကို အမြီးပြန် ခေါင်းပြန် ဖြစ်ပျက်တွေ လျှောက်ပြီးရှုတော့ ဒီသင်္ခတတွေမြင်၊ ဒီသင်္ခတတွေမုန်း၊ ဒီသင်္ခတတွေ ဒုက္ခသစ္စာ ရယ်လို့ အမှန်သိလို့ ဖျတ်ဆို ဒီသင်္ခတတွေ ချုပ်သွားရင် နိဗ္ဗာန် တွေ့မှာပဲ (မှန်ပါ)၊ အသင်္ခတနိဗ္ဗာန် ဒီနေရာမှ မြင်လိမ့်မယ် (မှန်ပါ)။

ဦးသန်းမောင်တို့ ငယ်ငယ်တုန်းက ဘိုင်စကုတ်ကြည့်ဖူး တယ်နော် (မှန်ပါ)၊ ဇာတ်သိမ်းတော့ ဘာပေါ်သတုံးမေးတော့ ကားဖြူပေါ်တယ်၊ ပိတ်ဖြူကြီး ပေါ်လာတယ် (မှန်ပါ ဘုရား)၊ ဇာတ်မသိမ်းခင် တုန်းကတော့ ပိတ်ဖြူပျောက်နေတယ်၊ အရုပ်တွေ ပဲ သွားလာလှည့်ပတ်နေတယ် (မှန်ပါ)၊ ဇာတ်သိမ်း လိုက်တော့ ဘာပေါ်လာသတုံး (ကားအဖြူပေါ်လာပါတယ်)။

ခန္ဓာဇာတ်သိမ်းမှ နိဗ္ဗာန်ပေါ်လာ

ဒါဖြင့် ကားအဖြူနဲ့ ဇာတ်နဲ့ သည်ကားလို့ ဆိုရင်ဖြင့် ဇာတ်သိမ်းမှ ပေါ်မယ် (မှန်ပါ)၊ ဒီမှာလည်း သင်္ခတဖြစ်တဲ့ ခန္ဓာတွေ ဇာတ်သိမ်းမှ နိဗ္ဗာန်ပေါ်လာမယ် (မှန်ပါ)၊ နောက်နားမှ ကပ်နေတဲ့ အဓိပ္ပာယ်ပဲ (မှန်ပါ)၊ ဒါကြောင့်

‘‘ယာသာ ဧတာဒိသာ ယာနံ၊ ဣတ္ထိယာ ပုရိသဿ ဝါ။

သဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေဝ သန္တိကေ။’’

မဂ္ဂင်နဲ့ သွားရင် ခဏကလေးတဲ့ (မှန်ပါ)၊ ဒါကြောင့် ခင်ဗျားတို့ကို ကြိုးစားပါဆိုတာ ဒီနေ့ည တိုက်တွန်းတယ် (မှန်ပါ)၊ ဒီခန္ဓာချုပ်လို့ ပျောက်လို့ရှိရင် နိဗ္ဗာန် ဒီနားရောက်မယ်၊ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)၊ နီးလျက်နဲ့ ဘာ ဖြစ်လို့ နေသတုံးဆိုရင် မကျော်နိုင်လို့ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခတကို မကျော်နိုင်တာဆိုတာ ဒုတိယစကား၊ သင်္ခတ တွေ့ဖို့ရာ လူကိုက အတော် ရှားတယ်၊ ကျော်ဖို့ အသာထားစမ်း ပါဦး (မှန်ပါ)၊ ဒီဖြစ်ပျက်တွေ့ဖို့ရာ လူကိုက အတော်ရှားတယ်၊ ကျော်ဖို့ အသာထားစမ်းပါဦး (မှန်ပါ)၊ ဒီဖြစ်ပျက်တွေ့ဖို့ရာ လူကိုက အတော်ရှားတယ်။ ဖြစ်ပျက်ဆိုတာ သင်္ခတ တရား (မှန်ပါ)။

အဲဒီ တွေ့ဖို့ရာ လူကိုက အတော်ရှားတော့ သင်္ခတကျော် ဖို့ရာ အရေးဟာ သင်္ခတတွေ့မှ ကျော်လို့ ဖြစ်မှာကိုး (မှန်ပါ)၊ ဟ တုံးကျော်သွားလို့ ပြောပေမယ့် တုံးမှမတွေ့တဲ့ ပုဂ္ဂိုလ်ဟာ ကျော်တယ်ဆိုတဲ့ အားစိုက်မှု အလုပ်ကြီး လုပ်ပါ့မလား (မလုပ် ပါ ဘုရား)၊ ဘာဖြစ်လို့တုံး၊ တုံးမတွေ့လို့ (မှန်ပါ)။

အနိစ္စမတွေ့လို့ နိစ္စနိဗ္ဗာန်မရောက်တာ

အဲဒီတော့ ဘုန်းကြီးပြောလိုတဲ့ အဓိပ္ပာယ်က ခင်ဗျားတို့ အနိစ္စကို မတွေ့ သောကြောင့် နိစ္စ နိဗ္ဗာန်ကို မရောက်တာဘဲ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။

အနိစ္စကို မတွေ့တာနဲ့ (နိစ္စနိဗ္ဗာန် မရောက်တာပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ နိဗ္ဗာန် မရှိလို့လား (ရှိပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ မှတ်စရာက မြတ်စွာဘုရားက ကောင်းစွာဟောထားတဲ့ တရားကို၊ အခု နိဗ္ဗာန် တစ်လုံးတည်းကို ယနေ့ည ပြောနေတော့ ဘယ့်နှယ်ကြောင့်ပြောရပါလိမ့်မတုံး ဆိုလို့ရှိရင်၊

ဝေးတယ်ဆိုရင်လည်း ခင်ဗျားတို့က နောက်ဆုတ် မယ် (မှန်ပါ)၊ နီးတယ်ဆိုရင်လည်း ခင်ဗျားတို့က မရှာတတ် ဘူး (မှန်ပါ)၊ ခင်ဗျားတို့မှာ ဒီစိတ်နှစ်ခုက သိပ်ကြောက်စရာ ကောင်းတာ (မှန်ပါ)၊ ဒီစိတ်နှစ်ခုက သိပ်ကြောက်စရာကောင်း တာ (မှန်ပါ)။

နိဗ္ဗာန်ဆိုတာ အဝေးကြီးပါကွာတဲ့

တချို့ကလည်း ပြောကြတာက နိဗ္ဗာန်ဆိုတာအဝေးကြီး ပါကွာတဲ့။ နှုတ်က တက်နေကြတယ် (မှန်ပါ)။

နိဗ္ဗာန်ဆိုတာ ဘာတဲ့တုံး (အဝေးကြီးပါတဲ့)၊ အဝေး ကြီးဆိုတော့ ခင်ဗျားတို့ကလည်း နိဗ္ဗာန်မသိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့၊ နဂိုကမှ ဘယ်နေရာရှာရမှန်းမသိတဲ့ ပုဂ္ဂိုလ်ဖြစ်နေ တယ်၊ ဝေးတယ်လို့လည်း ပြောပြန်၊ ရှာလည်း ရှာတတ်တဲ့ ဉာဏ်က မရှိပြန်ဆိုတော့ ဟယ် ဖြည်းဖြည်းပေါ့ ပါရမီ တစ်စ တစ်စ လုပ်ရတာပေါ့တဲ့၊ ပါရမီဘက် လှည့်လာတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ပါရမီဘက် လှည့်ဖို့မလိုပါဘူး

ပါရမီ လှည့်ချတတ်တယ်။ ပါရမီလှည့်ဖို့ မလိုလှပါဘူး။ မဂ္ဂင်ရထားစီးဖို့သာ အရေးကြီးပါတယ် (မှန်ပါ)။

ပါရမီလှည့်ပြီး အပြစ်ချနေဖို့ လိုသလား၊ မဂ္ဂင်ကိုယ်ပိုင် ရဖို့လိုသလား (မဂ္ဂင်ကိုယ်ပိုင်ရဖို့ အရေးကြီးပါတယ် ဘုရား)။

ဒါကြောင့် မဂ္ဂင်အလုပ်ကို တိုက်ရိုက်ပေးလိုက်မယ်ဆို တော့ ခင်ဗျားတို့ ပါရမီကိုလှည့်ပြီး အပြစ်ချမနေကြပါနဲ့ (မှန်လှပါ)။

ဒါကြောင့် ပေဋကောပဒေသ၌ (၁) သစ္စာတရားနာ ပြီး (၂) သစ္စာကို မှန်မှန်နှလုံးသွင်းလိုက်ရင် တွေ့တာပါပဲ (မှန်ပါ)၊ မဝေးပါဘူး (မှန်ပါ)။

သစ္စာတရားနာ၍ သစ္စာကို ယောနိသော မနသိကာရနဲ့ သစ္စာအစစ်ဖြစ်အောင် နှလုံးသွင်း လိုက်လို့ ရှိရင်ဖြင့် ဒုက္ခသစ္စာ ချုပ်သွားရင် နိရောဓသစ္စာကို ဘွားခနဲမြင်တာပါပဲ (မှန်ပါ)၊ ကဲ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)။

သစ္စာတရားနာမှုက (၁)နံပါတ်တဲ့ (မှန်ပါ)၊ ဒီသစ္စာကို မှန်မှန်ကန်ကန် ယောနိသော မနသီကာရနဲ့၊ ဒါ ဒုက္ခသစ္စာ အစစ် ပဲလို့၊ ကိုယ့်ဉာဏ်ထဲ ဆုံးဖြတ်ချက်ချလို့ နှလုံးသွင်း တည့်သွားလို့ ရှိရင်လည်း ဒုက္ခချုပ်တဲ့နေရာ နိဗ္ဗာန်ပဲ (မှန်ပါ)၊ ကဲ ပေါ် မလာဘူးလား (ပေါ်လာပါတယ်)။

ဒုက္ခသစ္စာချုပ်ရင် သုခသစ္စာ

ဒါဖြင့် ဦးသန်းမောင်က တွေး၊ ဦးညွန့်က တွေး၊ အရှင် ဘုရားဟာ ဖြစ်ပျက်တာ ဒုက္ခသစ္စာ၊ သူချုပ်သွားလို့ ရှိရင်ဖြင့် တပည့်တော်တို့ ဘာသစ္စာတွေ ရမှာတုံးဆိုတော့၊ ဪ မေးဖို့ မလိုပါဘူး၊ ဒုက္ခသစ္စာချုပ်ရင် သုခသစ္စာ လာရုံပဲရှိတယ်။ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒုက္ခသစ္စာချုပ်ရင် (သုခသစ္စာ လာမှာပါ ဘုရား)။

သုခသစ္စာ လာပါစေတော့လို့ တောင့်တရသလား။ ကိုယ်က ကိုယ့်ဒုက္ခ မလိုချင်တဲ့ စွမ်းရည် သတ္တိဟာ ပဓာနလား (စွမ်းရည်သတ္တိဟာ ပဓာနပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ကို နိဗ္ဗာန်လာချင်လို့ရှိရင် ဒုက္ခရှေ့က ကွယ်နေတာကြီး၊ ဒုက္ခမှန်း မသိတာ ကြီးကို ဒုက္ခမှန်းသိအောင် ဟောလိုက်လို့ရှိရင် နိဗ္ဗာန်ဟာ ခဏကလေးနဲ့တွေ့မယ် (မှန်ပါ)၊ သဘော ပါပလား (ပါ-ပါပြီ ဘုရား)၊ မောင်ချစ်စိန် ကျေနပ်ပါလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဝေးလို့ မရောက်တာလား၊ နီးလျက် နဲ့ မရောက်တာလား၊ နီးလျက်နဲ့ မရှာတတ်တာလား (နီးလျက် နဲ့ မရှာတတ်တာပါ ဘုရား)၊

ဟာ ဒါဖြင့် ဒါဟာ အသည်းနာစရာ ကောင်းတာပေါ့ (မှန်ပါ)၊ နီးလျက်နဲ့ မရှာတတ်တာ၊ မောင်ထွန်း ရင် အသည်းနာစရာ ကောင်းတယ် (မှန်ပါ)၊ ဝေးလို့ မရောက် ရင်လည်းအပြစ် ဆိုပါဦးတော့။ အခုတော့ နီးလျက်နဲ့ မရောက်တာတော့ ကိုယ့်အဖြစ်ဆိုးပဲ (မှန်ပါ)။

ဆရာသမား သိပ်လိုဘယ်

အဲဒီကျတော့ နေ့တိုင်း ပြောနေကျ ပြောရတော့မယ် ဦးသန်းမောင်ရေ (မှန်ပါ)၊ ကလျာဏမိတ္တ သိပ်လိုတယ် (မှန် ပါ)၊ ကလျာဏ,က ကောင်းတာ၊ မိတ္တက အဆွေခင်ပွန်း ဆရာ သမား (မှန်ပါ)၊ သူမပါရင်တော့ မရောက်ပေဘူး (မှန်ပါ)၊ ဒကာသစ်တို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ အဝေးမှာ ရှိသလား၊ အနီးရှိသလား (အနီးမှာ ရှိပါတယ် ဘုရား)၊ ဘာကြောင့် မရောက်ကြပါလိမ့် မတုံး၊ မရှာတတ်လို့ (မှန်ပါ)၊ ရထားစီး လွဲနေကြလို့ (မှန် ပါ)၊ ရထားတွေက အပါယ်ခုတ်သွားလိုက်၊ သုဂတိ ပြန်မောင်း လာလိုက်၊ ဒီရထားတွေသာ နင်းပြီး စီးနေတာပဲ (မှန်ပါ)၊ နိဗ္ဗာန် တိုက်ရိုက်ဝင်တဲ့ ရထားကို (မစီးမိပါ ဘုရား)၊ မစီးမိတော့ လောကုတ္တရာ မဂ္ဂင်ရထားကို ကျုပ်တို့က မစီးမိဘဲနဲ့ လောကီ မဂ္ဂင်ရထားတွေကိုသာ သွား-သွားပြီး စီးတာကိုး (မှန်ပါ)။

အဲဒီမှာ ရထားစီး လွဲတာနဲ့ပဲ သုဂတိက ဒုဂ္ဂတိပို့တဲ့ ရထားကလည်း အပါယ်လေးပါးမှာ မင်းခံရော့ကွ ဆိုပြီး ပို့ချ လိုက်တယ်၊ ဒုဂ္ဂတိက သုဂတိပို့တဲ့ ရထားကလည်း မင်းကို အိုပွဲ၊ နာပွဲ၊ သေပွဲဆီ ပို့ရဦးမယ်ဆိုပြီး အဲဒီကို ပို့လိုက်ပြန်တယ် (မှန်ပါ)၊ မအို၊ မနာ၊ မသေတဲ့ဆီ ပို့တဲ့ ရထားကို ခင်ဗျားတို့က လည်း စီးကို မစီးမိဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ရထား စီးနေတာ

ကဲ ဒါဖြင့် ယနေ့ကစပြီး ဦးသန်းမောင်တို့၊ ဦးညွန့်တို့ စီးကြပါတော့ (မှန်ပါ)၊ ဒါ ဝိပဿနာ အလုပ် လုပ်တာဟာ မဂ္ဂင်ရထားကို စီးနေတာပဲ (မှန်ပါ)၊ ရောက်မှ ရောက်ပါ့မလား ဆိုတော့ ရထားမှန် တက်မိသွားဖို့ အရေးကြီးတယ် (မှန်ပါ)၊ ဒီအတိုင်းသာ မလျှော့ဘဲနဲ့ ဒီရထားကို ကိုယ်ပိုင်ရအောင် လုပ်ပါ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီရထားကို (ကိုယ်ပိုင်ရအောင် လုပ်ရမယ်)၊ ကိုယ့်အထဲ မှာကို မဂ်ရလာအောင် လုပ်ရမယ်၊ ဒါ-ကိုယ်ပိုင်ရတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူပိုတင်လို့ မရဘူး

ဒီရထားကလည်း တစ်ခါမှတ်ကြပါဦး။ ကိုယ်ရရင် ကိုယ် ပဲစီးရတယ်၊ သားမယား မတင်နိုင်ဘူး၊ ဒီရထားကလည်း ရထား ဆန်း (မှန်ပါ)၊ ကိုယ့်ရထားနဲ့ ကိုယ်ပဲ၊ စပယ်ယာ လူပိုတင်လို့ မရဘူး (မှန်ပါ)၊ ဒါလောက် ထူးခြားတယ်။ ရှင်းပလား (ရှင်းပါပြီ)။

အမျှပေးလို့ မရဘူး

စပယ်ယာ လူပိုတင်လို့ မရဘူးဆိုတာက ဘာဖြစ်လို့တုံး လို့မေးတော့ သူတို့စီးထားတဲ့ ရထားက သူတို့လမ်းနဲ့ သူတို့ သွားမှာကိုး (မှန်ပါ)၊ သူများကို တင်လို့ရမယ်ထင်သလား (မရပါ ဘုရား)၊ ဒါကြောင့် မဂ်တို့၊ ဖိုလ်တို့ကို အမျှပေးလို့ မရပါ ဘူးဆိုတာကို ပြောတာ (မှန်လှပါ)၊ အမျှဆိုတာ အဖို့ဘာဂ၊ ဝေစုပေးလို့မရဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကို အဋ္ဌကထာ ဆရာများကလည်း သေသေချာချာ ပြပါတယ်၊ တစ်ယောက်သောသူ၏ ခေါင်းမှာ ပန်ထားတဲ့ပန်း ဟာ ဒီဘက်မှာ တစ်ယောက်သော ပုဂ္ဂိုလ်မှာ လှပတယ်လို့ ထုံးစံ မရှိဘူးတဲ့ (မှန်ပါ)၊ သူ့ခေါင်းပေါ် ပန်ထားရင် သူသာလှတာပဲ။ ဒိပြင် ဘေးကလူတွေ (မလှပါဘူး)၊

ထို့အတူပဲ မဂ္ဂင်အလုပ်ဆို တာ ခင်ဗျားတို့က တချို့များ ဆွမ်းတော်ပွဲ တစ်ပွဲတည်းကိုပင် ဟိုလက်ကူး- ဒီလက်ကူးနဲ့ ရှိသေးတယ် ဦးသန်းမောင် (မှန်ပါ)၊ နင်လည်း တင်လိုက်ဦး၊ နင်လည်း တင်လိုက်ဦး၊ တစ်ဖွဲ့ တည်းကို နင်လည်းတင်လိုက်ဦး၊ နိဗ္ဗာန် အတူတူ ရောက်အောင် တဲ့။ ဒီလို လုပ်တာတောင် ရှိကြသေးတယ် (မှန်ပါ)။

မဂ္ဂင်အလုပ်ဆိုတာက ‘‘ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ’’ လို့ ဟောတယ်။

ပစ္စတ္တံ- အသီးသီး၊ ဝိညူဟိ- မဂ္ဂင်ပညာရှိတဲ့ ပုဂ္ဂိုလ် တို့သည်သာလျှင် ဝေဒိတဗ္ဗော-သိနိုင်၊ ရနိုင်တယ်တဲ့ (မှန်ပါ)၊ ဦးသန်းမောင်က လုပ်လို့ ဒေါ်ကောက် မရနိုင်ဘူး၊ စိတ်သာချ၊ ဦးသန်းမောင်ပဲ ရမယ် (မှန်ပါ)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အလုပ်လုပ်တဲ့သူသာလျှင် ရတယ်

ဒါကို သေသေချာချာ မှတ်ကြပါ။ ဒီအလုပ်က ခင်ဗျားတို့ ဒါန သီလတို့လို အမျှဝေလို့ မရဘူးဆိုတာ သေသေချာချာမှတ် ပါ (မှန်လှပါ)၊ ပါဠိရွတ်ပါ။

ပစ္စတ္တံ ဝေဒိတဗောဝိညူဟိ၊ ဝိညူဟိ- မဂ်ပညာကို အားထုတ်သော ပုဂ္ဂိုလ်တို့သည်သာလျှင်။ ပစ္စတ္တံ- အသီးသီး။ ဝေဒိတဗ္ဗော- သိအပ်၊ ရအပ်၏။ သူသာလျှင် ရတာ တဲ့။ မအေလုပ်လို့ သားမရနိုင်ဘူး၊ (မှန်လှပါ)။

ဒါဖြင့် အမျှဝေလို့ ရတဲ့ တရားမျိုးလား အမျှဆိုတာ အဖို့ဘာဂကိုးဗျ။ ဒီလို ပေးဝေတာနဲ့ ဟိုမှာသွားပြီး ရရဲ့လား (မရပါ ဘုရား)၊ ယသော်ဓရာ နိဗ္ဗာန်ဝင်တယ်၊ မောင်ကြီးဖြစ်သူ ဒေဝဒတ် အပါယ်သွားတယ် (မှန်ပါ)၊

အဲဒါ ပစ္စတ္တံ-အသီးသီး ပေါ့ဗျာ (မှန်ပါ)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ အသီး သီးပဲ ရသွားကြတာပဲ၊ သူလည်း မဟုတ်တဲ့ အသီးပဲ ရတယ်။ ယသော်ဓရာကလည်း ဟုတ်တဲ့ အသီးပဲ ရတယ် (မှန်ပါ)။

တကယ်လိုချင်ရင် ညီရင်းအစ်ကို မောင်ရင်းနှစ်မဆိုတာ ကြည့်ဖို့ရှုဖို့ ကောင်းပါသေးတယ် ဆိုတာမျိုးကို ဒါက ကြည့်ရှု နိုင်တဲ့ တရားမျိုးကို မဟုတ်ဘူး (မှန်ပါ)၊ ပေါ်ပလား (ပေါ် ပါပြီ ဘုရား)။

ကိုယ်လုပ်မှ ကိုယ်ရတယ်

အဲဒီတော့ ဒီ တရားဟာ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့ ဥစ္စာ၊ ဦးသန်းမောင် ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် နိဗ္ဗာန်ရှိသလား၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)၊ နီးလျက်သားနဲ့ ဘယ့်နှယ်ကြောင့် မရောက်ကြသတုံး၊ ရထားစီးလွဲလို့ အဖြေပါသွားပြီ (ပါသွားပါပြီ ဘုရား)၊ နိဗ္ဗာန်ရထား မစီးမိ ဘဲနဲ့၊ ဒုဂ္ဂတိက သုဂတိသွားတဲ့ ရထားကို စီးလိုစီး၊ ဒုဂ္ဂတိက သုဂတိပြန်တဲ့ရထားကို စီးလိုစီး၊ ရထားစီး လွဲနေကြတယ် (မှန်ပါ)။

ဒါဖြင့် ကျုပ်တို့၊ ခင်ဗျားတို့ အခု ရထားစီး မလွဲအောင် နေ့တိုင်းချိန်းပေးနေတယ်၊ ဆရာဘုန်းကြီးက (မှန်ပါ)။

ရထားစီးတာ လွဲချင်ပြန်ပြီ

ဦးသန်းမောင် ဘာလုပ်ပေးနေသလဲ (နေ့တိုင်းချိန်းပေး နေပါတယ်)၊ ဒီအထဲကတောင် ခင်ဗျားတို့က ချော်ချော်ပြီး တက်ချင်သေးတာ (မှန်ပါ)၊ ပြန်ဦးမှပဲ ထင်ပါရဲ့။ အင်း ရထား စီး လွဲချင်ပြန်ပြီ (မှန်ပါ)၊ သုဂတိက ဒုဂ္ဂတိသွားနိုင်တဲ့ ရထားကို စီးတော့မလို့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပြန်ဦးမှ ထင်ပါရဲ့ဆိုတဲ့ အသွားဟာ ခင်ဗျားတို့ သာမည နဲ့တော့၊ ဪ သူတို့ ဝတ္တရား ကလည်း ရှိသေးတယ်ဆိုတော့ တခြားသော ပုဂ္ဂိုလ်များကတော့ လျှော့ပေးချင်လည်း လျှော့ပေးလိမ့်မပေါ့၊ ဘုန်းကြီးကတော့ မပေးဘူးတဲ့၊ ခင်ဗျားတို့ သဘောနဲ့ ခင်ဗျားတို့ ပြန်တာတော့ မတတ်နိုင်ဘူး၊ ရထားစီး လွဲသွားတယ် (မှန်ပါ)။

ဘယ်ရထားစီးမိသလဲ

ဦးညွန့် ဘာရထားစီးမလို့တုံး သုဂတိက ဒုဂ္ဂတိသွား တဲ့ ရထား စီးမလို့ပါ ဘုရား)၊ အဲ နေတာက သုဂတိရောက်နေ တယ် (မှန်ပါ)၊ ပြန်ဦးမယ်ဆိုတော့ ဒုဂ္ဂတိ လှည့်ချင်သေးလို့ ကိုး (မှန်ပါ)၊ ကိစ္စရှိလို့ကိုး၊ မလွှဲသာလို့ (မှန်ပါ)၊

မလွှဲသာ ဆိုကတည်းက ဥပါဒါန်ကြီးတဲ့ကိစ္စ (မှန်ပါ)၊ တဏှာ ဥပါဒါန် ကြီးတဲ့ကိစ္စ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ အဲဒီတော့ ဘယ် ရထားစီးမိသလဲ (ဒုဂ္ဂတိရထား စီးပါတယ်)၊ အဲ နေတာက သုဂတိ၊ စီးတာက (ဒုဂ္ဂတိ)၊ သွားချင်လည်း သွားကြပေတော့ ဗျာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော်ဆိုးနေပြီ ဦးညွန့် (မှန်ပါ)။

စကားသုံး ယဉ်သလောက် နစ်နာတယ်

ကဲ ခင်ဗျားတို့ မလွှဲသာဆိုတာက စကားသုံး ယဉ်သ လောက် နစ်နာတာပေါ့ (မှန်ပါ)၊ စကားသုံးကတော့ (ယဉ်ပါတယ်)၊ ယဉ်ပင် ယဉ်ငြားသော်လည်းတဲ့၊ နစ်နာမှုကတော့ ကြီး သွားတယ် (မှန်ပါ)။

ဦးသန်းမောင် စကားသုံးကတော့ ယဉ်ပါတယ်၊ ဆရာ ဘုန်းကြီးနဲ့လည်း မခွဲချင်ဘူး၊ နေ့တိုင်း ကျေးဇူးများနေတာ သိတယ်။ ဒါပေမယ့် မလွှဲသာတဲ့ ကိစ္စက ရှိနေတယ် (မှန်ပါ)၊ ဘယ်မှာ မလွှဲသာ တာတုံး။ အပါယ်သွားဖို့ မလွှဲသာတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်သွားဖို့ မလွှဲသာတာ

ဘယ်သွားဖို့ မလွှဲသာတာတုံး (အပါယ်သွားဖို့ပါ)၊ အပါယ်သွားဖို့ မလွှဲသာတာ။ ရဲရဲကြီး ပြောစမ်းပါ မောင်ထွန်းရင် ရ (မှန်ပါ၊ အပါယ်သွားဖို့ မလွှဲသာတာပါ)၊ အခု ဒီဥစ္စာ ဘယ် ရထား စီးမိတာတုံး၊ ရထားစီးလွဲမှာစိုးလို့ ဒီနေ့ည ဒါ ခင်းတာပဲ ကွ (မှန်ပါ)၊ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ၊ အလုပ် ကိစ္စမှတစ်ပါး ဦးသံဒိုင် ဒိပြင် ဘာမှပြောစရာ မရှိဘူး (မှန်ပါ)၊ မလွှဲသာတာသည် ဘာတုံး၊ စွဲလမ်းတာ၊ စွဲလမ်းမှု ဘယ်က လာတာတုံး။ တဏှာက လာတယ်၊ တဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန်ကြောင့် ကံပေါ်လာတယ်၊ ကာယကံ၊ ဝစီကံ ပေါ်လာ တယ် (မှန်ပါ)။

ဒီ ကာယကံ၊ ဝစီကံ ဘယ်ရထား စီးမိတာတုံး မေးတော့ သုဂတိက ဒုဂ္ဂတိရထား စီးမိတာ (မှန်ပါ)၊ လက်မှတ်ခံ သေသေ ချာချာ လွဲတာပဲ (မှန်ပါ)၊ မလွဲသေးဘူးလား (လွဲပါတယ်)၊ ပြန်မယ့် ကြံရင် ဒါကလေးတွေ စဉ်းစားရတယ် (မှန်ပါ)၊

ငါ ရထားစီး မှားမှာလား၊ ရထားတက် မှန်မှာလားဆိုတဲ့ ဥစ္စာလည်း ဝေဖန်ရလိမ့်ဦးမယ် (မှန်ပါ)၊ မဝေဖန်ရပေဘူးလား (ဝေဖန် ရပါတယ်)၊ ဟာ ပေါက်သည့်နဖူး မထူးဘူးဆိုရင်လည်း သွားတော့ပေါ့၊ ဒါပဲ ရှိတာပဲ (မှန်ပါ)။

မဂ္ဂပစ္စယောက သုံးမျိုးရှိတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ရထားသုံးစင်းရှိတာ တော့ ယနေ့ည ရှင်းပါပြီ (မှန်ပါ)၊ အဲဒါ ဘယ်က လာသတုံး မေးတော့ မဂ္ဂပစ္စယောက လာတယ် (မှန်ပါ)၊ ပဋ္ဌာန်းပါဠိတော် မှာ မဂ္ဂပစ္စယောလို့ မပါကြဘူးလား (ပါ-ပါတယ်)၊ အဲဒါက လာတာ။

သုဂတိမှ ဒုဂ္ဂတိသွားတာလည်း မဂ္ဂပစ္စယောပဲ ထွက် သွားတာ၊ ဒီနေရာက ထွက်ရင် မဂ္ဂချည်းပဲ (မှန်ပါ)၊

ဒုဂ္ဂတိက သုဂတိ ထွက်လာရင်လည်း မဂ္ဂပစ္စယော-ပဲ၊

သုဂတိကနေ နိဗ္ဗာန် ထွက်သွားရင်လည်း မဂ္ဂပစ္စယောပဲ။ သဘောကျပလား (ကျပါ ပြီ)၊ မဂ္ဂပစ္စယောဟာ သုံးမျိုးရှိတယ်လို့ မှတ်လိုက်ပါ။ ဦးသံဒိုင် အတော်ခိုင်လုံသွားပြီ (မှန်ပါ)၊ မခိုင်လုံသေးဘူးလား (ခိုင်လုံ ပါတယ် ဘုရား)။

ရထားစီး လွဲမှာ စိုးရိမ်တယ်

အဲဒါကြောင့် မောင်ထွန်းရင် မင်းကို စောင်းဟောနေတာ မဟုတ်ပါဘူး၊ ဦးသံဒိုင်ပြောမှ ငါ သိတာပါ (မှန်ပါ)၊ ရထားစီး လွဲမှာတော့ အင်မတန် စိုးရိမ်တယ် (မှန်ပါ)၊ တစ်သံသရာလုံး ဟာ ရထားစီး လွဲလို့ချည်း ဒုက္ခရောက်ခဲ့တာ (မှန်ပါ)၊ ဘာမှ လက်သည်ရှာမနေနဲ့ (မှန်ပါ)။

ဦးသန်းမောင် တစ်သံသရာလုံး အောက်ရောက်လိုက်၊ အထက်ရောက်လိုက်နဲ့ ဘာဖြစ်နေတာတုံး (ရထားစီး လွဲတာပါ ဘုရား)။

အဲဒီတော့ ရထားသုံးစင်းရှိသည့်အနက် အလယ်စင်းကို မစီးမိဘူး။ အောက်သွားတဲ့ ရထားရယ်၊ အထက်ဆန်တဲ့ ရထား ရယ် ဒါပဲ စီးမိတော့တယ်။ တစ်ခါတည်း ငြိမ်းအေးရာ သွားတဲ့ ရထားကို စီးကို မစီးမိတော့ဘူး (မှန်ပါ)၊ မစီးမိတော့ ခင်ဗျားတို့ သာသနာတွင်း မရောက်ခဲ့ကြဘူး၊ နောက်ဘဝတွေက (မှန်ပါ)၊ သာသနာတွင်းရောက်ရင် ဝိပဿနာရှုမိမယ်၊ ဝိပဿနာ ရှုမိလို့ ရှိရင် အလယ်ရထား စီးမိရမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ပြင်ပေးမည့်သူ တွေ့ဖို့မလွယ်ဘူး

ဒီတစ်ခါ လွဲရင်ဖြင့် ပြင်ပေးမည့်သူ တွေ့ဖို့ တော်တော်နဲ့ မလွယ်ဘူး၊ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

ရထားပြင်ပေးမည့်သူ (မရှိပါ ဘုရား)၊ မောင်ထွန်းရင် ဒီရထားသာစီး၊ ဒီရထားသာစီးလို့။ မင်း အသေရထားတွေ မစီးနဲ့၊ အပါယ်ရထားတွေ မစီးနဲ့၊ ငြိမ်းချမ်းတဲ့နေရာ ရောက်တဲ့ ရထား စီးကွ အစရှိသည်နဲ့ ပြောမည့်သူကို အင်မတန်ရှားတယ် (မှန်ပါ)၊ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့က များနေသတုံး ဆိုတော့ မင်း သား-မယား စားဖို့ မင်းလုပ်ကွ၊ မင်းမလုပ်ရင် အကုန်ငတ် ကုန်မှာပေါ့ ဆိုတော့ သူကပဲ သုဂတိက ဒုဂ္ဂတိဘုံကို ရထားတွေ အစီးခိုင်းနေတယ် (မှန်ပါ)၊ တိုက်တွန်းကြတယ်၊ ခင်လို့ပြောရှာ ကြတာပဲလို့တောင် အောက်မေ့သေးတယ်-ခင်ဗျားတို့က (မှန်ပါ)။

ခင်တဲ့လူက အပါယ်ချလိုက်တယ်

ဘယ်လိုများ အောက်မေ့သတုံး (ခင်လို့ပြောရှာတာပဲ လို့ အောက်မေ့ပါတယ်)၊ တော်တော်ခင်တဲ့လူ၊ အပါယ်ကို ထိုးချ လိုက်တယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တော်တော် ခင်တဲ့လူက ဘယ်ထိုးချလိုက်ပါလိမ့် (အပါယ်ထိုးချပါတယ်)၊

မင်း သား-မယားတွေကွာ၊ မင်းမှ မပြုစုရင်ဖြင့် မင်း ဝတ္တရား အကုန်ပျက်မှာပေါ့၊ အဲဒီတော့ တို့က ကောင်းစေချင်လို့ ပြောတာ လို့တောင် ပြောလိမ့်ဦးမယ် (မှန်ပါ)၊ ဖုံးတောင် ဖုံးလိုက်သေး တယ်၊ စီးရတဲ့ ရထားက ဘယ်ရထားသွားပြီး စီးမိတာပါလိမ့် (ဒုဂ္ဂတိသွားတဲ့ ရထား စီးမိတာပါ)၊ သူ သုဂတိ နေတာ ကြည့်ချင် ပုံမရဘူး၊ ဦးညွန့် ရိပ်မိပလား (မှန်ပါ)၊

ခင်ဗျားတို့ကတော့ ဒီဥစ္စာကို ဪ အကျိုးအကြောင်း အတော် အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်မို့ ပြောရှာတာပဲတဲ့၊ ကိုယ်စီးရတဲ့ရထား ဘာရထားလို့ သိသေးရဲ့ လား (မသိပါ ဘုရား)၊ မသိတော့ သေသေချာချာ လွဲသွားပြီ၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

တချို့ကျတော့လည်း မင်းကွာ တစ်ဘဝ တစ်နပ်စာ ကလေးနဲ့ မလုပ်နဲ့ကွ၊ နောက်ဘဝ ကောင်းစားရေးကလည်း ရှိသေးတယ်၊ အဲဒီရထားကို အစီးခိုင်းပြန်တယ်၊ အဲဒီရထားက လည်း ဟိုမှာ သေမည့်ရထား (မှန်ပါ)၊ မသေရပေဘူးလား (သေရပါမယ်)၊ အဲဒီရထား အစီးခိုင်းတဲ့လူကလည်း မနည်းလှဘူး (မှန်ပါ)။

ဝိပဿနာမလုပ်နဲ့ဦး ငယ်သေးတယ်တဲ့

ခုနင်က ပြောတဲ့ ငြိမ်းချမ်းရေးရထား၊ အသေလွတ်တဲ့ ရထားကို အစီးခိုင်းဖို့ရာကျတော့ ငယ်ပါသေးတယ်ကွာလို့တောင် ပြောချင်ပြောနေသေးတာ (မှန်ပါ)၊ ငယ်ပါသေးတယ်ကွာ၊ မင်း ဝိပဿနာ အလုပ်ကို မလုပ်ပါနဲ့ဦး၊ ဟိုရထားနှစ်ခုသာ လှည့်ပြီး စီးပါဦး (မှန်ပါ)၊ ဒီလိုဖြစ်နေလို့ ခင်ဗျားတို့ ဒီအသက်အရွယ် ရောက်ကြတာ (မှန်ပါ)၊ ဒါ မိတ်ဆွေကောင်းတွေနဲ့ ပေါင်းလိုက် မိတာ၊ တော်တော်နာတာ၊ မနာဘူးလား (နာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒါတွေက နောင်ကို သတိထားဖို့ ဆုံးမတဲ့ အသွားလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ)၊ နောင်ကို သတိထားဖို့ ဆုံးမတဲ့ အသွားလို့ သေသေချာချာ မှတ်ပါ။

မြတ်စွာဘုရားက ဟောကြားတော်မူခဲ့တဲ့ ရထားသုံးစင်း (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဆောင်ရမည့်တရား၊ ရှောင်ရမည့်တရား

မြတ်စွာဘုရားက ကောင်းစွာ ဟောကြားတော်မူခဲ့တဲ့ ရထားဘယ်နှစင်းလဲ (သုံးစင်းပါ)၊ သူကတော့ မကောင်းတာတော့ မကောင်းဘူး ဟောတာလည်း တရားပဲ၊ အလတ်စား ကလေး သက်သာခွင့် ရတာကလည်း တရားပဲ၊ အချွန်ဆုံး၊ အမွန် ဆုံး ကောင်းတာလည်း (တရားပါပဲ ဘုရား)၊

ဘုရားကတော့ တရားသမားမို့ တရားသုံးမျိုးကို ပြောရမယ် (မှန်ပါ)၊ ဟောဒါ ပယ်ရမည့်တရား၊ ဟောဒါက ခြေကန်ရမည့်တရား၊ ဟောဒါက ရှောင်ရမည့်တရား၊ ဟောဒါက ဆောင်ရမည့်တရား စသည်ကို တရားက ဟောမှာပဲ (မှန်ပါ)၊

ကျုပ်တို့က သုံးမျိုးမှ မဝေဖန် တတ်တော့ ဝေဖန်တတ်တဲ့ ပုဂ္ဂိုလ်က ဟောရမယ် (မှန်ပါ)၊ အကောင်းအဆိုး ရွေးတတ်အောင် မဟောရပေဘူးလား (ဟောရပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သွာက္ခာတော ဘဂဝတာ ဓမ္မာ-ဆိုတာ အကုသိုလ်တွေလည်း ဘုရားက ထည့်ဟောတာပဲ။ ဟောဒါက အကုသိုလ်တဲ့။ ဒါ ရှောင်ဖို့ ဟောတာ (မှန်ပါ)၊ ဒါက သုဂတိ သွားတဲ့ ရထားတဲ့၊ ဒါလည်း အကောင်းစားကြီး မဟုတ်ဘူးဆိုပြီး ဟောပြန်တာပဲ (မှန်ပါ)၊

အကောင်းကြီး မဟုတ်ဘူး ဆိုပြီး ညက ပြောသလိုပေါ့ ဗျာ၊ သဂ္ဂကထာ ပြောပြီးသကာလ ကာမာနံ အာဒီနဝကထာကို ဟောပြန်တာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)၊ နတ်ပြည် ရောက်တဲ့ စကားကို ဘုရားကိုယ်တော်တိုင်က ဖွင့်ထုတ်ဟောပြီးတော့မှ နတ်ပြည်အပြစ်ဟာ ကျီး , တစ်ကောင် အမဲသားတစ် ရသလိုပဲကွ၊ မဟောဘူးလား (ဟော ပါတယ်)၊ မြက်မီးရှူးကလေး ကိုင်ပြီး လေလာတဲ့ဘက် တိုးသလိုပဲကွဆိုပြီး အကုန်ဖျက်ချတာပဲ (မှန်ပါ)။

တရားကို မရွေးတတ်တာခတ်တယ်

အဲဒီတော့ ဘုရားဟာ အလတ်စားကိုလည်း အလတ်စား အလိုက် ဟောတာပဲ။ အကုသိုလ် ကိုလည်း အကုသိုလ်လို့ ဟောတာပဲ။ မဂ်ကိုလည်း မဂ်လို့ ဟောတာပဲ။ ဒီတော့ ဘုရားမှာတော့ ဖြင့် ပယ်ရမည့်တရား ဟောရမယ်၊ အလတ်စားဖြစ်တဲ့ တရား ဟောရမယ်၊ အကောင်းဆုံးဖြစ်တဲ့ တရားကို သူ့ဝတ္တရားက ဟောရမှာပဲ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။ အဲဒီတော့ ကျုပ်တို့က မရွေးတတ်တာက ခက်တယ် (မှန်ပါ)။

မောင်ချစ်စိန် ဘာခက်သတုံး (မရွေးတတ်တာက ခက် ပါတယ် ဘုရား)၊ မရွေးတတ်တာနဲ့ ခက်တာပဲ။ သရက်သီး ရွေး သလိုဖြစ်နေပြီ။ သရက်သီး အလုံးသေးသေးက ချိုပင် ချိုငြား သော်လည်း အလုံးကြီးတာမှ ကြိုက်တယ်လို့၊ ချဉ်ချင် ချဉ်နေတာ (မှန်ပါ)၊ ကျုပ်တို့ဟာ အလုံးကြီးကြိုက် ဖြစ်ချင် ဖြစ်နေတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မရွေးတတ်တော့လည်း အလုံးတော့ ကြီးပါရဲ့၊ အချို မရဘဲနဲ့ ချဉ်နေတယ်၊ ဒီလိုမနေ ဘူးလား (နေပါတယ်)။

အလယ်လမ်းဟာ အကောင်းဆုံး

အဲဒီတော့ အခု ရွေးတတ်ရမယ်၊ အလယ်လမ်းလိုက်မှာ ပဲလား၊ အလယ်လမ်းဟာ အကောင်းဆုံး ပဲလား၊ မအို၊ မသေ၊ အမြဲနေတဲ့ နေရာပို့တဲ့ ရထားပဲလား (မှန်ပါ)၊ သဘောပါက ပလား (ပါ-ပါပြီ)။

ဒါဖြင့် ဘယ်လမ်း လိုက်မလဲ (အလယ်လမ်း လိုက်ရ ပါမယ်)။

အဲဒါ အလယ်လမ်းလိုက်ချင်တာက နိဗ္ဗာန်သဘောကျ လို့ လိုက်ချင်တာ (မှန်ပါ)၊ နိဗ္ဗာန်မှာ ဥစ္ဆေဒဒိဋ္ဌိ မပြုတ်တဲ့ပုဂ္ဂိုလ် အလယ်ရထားကို ဘယ်သူမှ မစီးချင်ဘူး (မှန်လှပါ)။

ဥစ္ဆေဒဒိဋ္ဌိနဲ့ ဟောနေတာ ရှိတယ်

ဒါကြောင့် တရားဟောတဲ့ ပုဂ္ဂိုလ်များမှ အတော်ချင့်ချိန် ရသေးတယ်၊ သူကိုယ်တိုင် ဥစ္ဆေဒဒိဋ္ဌိ ကြီးနဲ့ ဟောနေတာ ရှိသေး တယ် (မှန်ပါ)၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊ နိဗ္ဗာန်ကို သူမှ သဘောမကျဘဲ (မှန်ပါ)၊ သူတို့က ရှိနေတယ်၊ နိဗ္ဗာန်ရှိ သလားဆိုတော့ ရှိတယ်တဲ့။ ရှိရင် ဘယ်လိုရှိသလဲ ဆိုပြန်တော့ မသိပါဘူးလေ။ ဒါဟာ သူ နိဗ္ဗာန်သဘောမကျဘူး (မှန်ပါ)၊ နိဗ္ဗာန် သဘောမကျဘဲနဲ့ ဟောနေလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိနဲ့ ဟောနေတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်သဘောမကျဘဲနဲ့ ဟောရင် (ဥစ္ဆေဒဒိဋ္ဌိနဲ့ ဟော တာပါ)၊ နိဗ္ဗာန်ဆိုတာဟာ ခန္ဓာလည်း မရှိဘူး ဆိုတော့ ဘာများ ရှိပါလိမ့်မတုံး၊ မပြောတတ်ပါဘူးလေ ဆိုတော့ နိဗ္ဗာန်ကို သူ သဘော ကျသေးရဲ့ လား (မကျပါ ဘုရား)၊ သဘောမကျရင် သူ့မှာ ဥစ္ဆေဒဒိဋ္ဌိ နဲ့ တရားဟောနေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှင်းသွားပြီ (မှန်ပါ)။

နိဗ္ဗာန်ကို သွားကြပါစို့

ကဲ ဒါဖြင့် နိဗ္ဗာန်ကို သွားကြပါစို့ဆိုတော့ နိဗ္ဗာန်သွား ချင်လို့ရှိရင်ဖြင့် ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟိ ဆိုတဲ့ မဂ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုတာပဲ။ အသီးအသီး ကိုယ်ပိုင်မဂ် ရချင်လို့ရှိရင် ဖြင့် မနေ့ကဟာ ပြန်ဆက်လိုက်၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော လိုက်မှ အသီးအသီး ကိုယ်ပိုင် မဂ်ရမယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ရှိရင် ဖြင့် သူကိုယ်တိုင်လိုက်လို့ သူရတဲ့ မဂ်က သူများ မတင်နိုင်ဘူး၊ ဒီမဂ္ဂင်ရထားက (မှန်ပါ)၊ သူများကို တင်နိုင်ရဲ့ လား (မတင် နိုင်ပါ ဘုရား)။

ဒါဖြင့် လုပ်သော ပုဂ္ဂိုလ်သာ ရတယ်၊ မလုပ်သောပုဂ္ဂိုလ် (မရပါ ဘုရား)၊ ဒါဖြင့် ဆုတောင်းရုံ တောင်းရတဲ့ကိစ္စ မဟုတ် ဘူး၊ လုပ်ယူရမယ် (မှန်ပါ)၊ သဘောပါပလား (ပါ-ပါပြီ)။

ခေါ်ရာကို မဂ္ဂင်နဲ့ လိုက်လိုက်ပါ

အခု ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ ဒကာသစ် ကပဲ လိုက်လိုက်ပါ၊ ဘာနဲ့ လိုက်သတုံးမေးရင် ဘယ့်နှယ်ဖြေကြ မလဲ (မဂ္ဂင်နဲ့ပါ ဘုရား)၊ ဒါဖြင့် သန္ဒိဋ္ဌိကောက မဂ္ဂင်ဟောနေတာ (မှန်ပါ)။

မဂ္ဂင်နဲ့လိုက်လို့ ကျုပ်တို့သည် ဧဟိပဿိကော ခေါ်ရာကို တဏှာနဲ့ မလိုက်နဲ့၊ ဒေါသနဲ့ မလိုက်နဲ့၊ မောဟနဲ့ မလိုက်နဲ့၊ သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ၊ သူကတော့ အမြဲခေါ်နေမှာပဲ (မှန်ပါ)၊ မနေ့ကလည်း သင်ပြီးပြီ (မှန်ပါ)၊ ဒါ မေ့ဖို့မကောင်းဘူးနော် (မှန်ပါ)။

ဦးသံဒိုင် ဒါ ဘယ့်နှယ်နေသတုံး (မေ့ဖို့မကောင်းပါဘူး ဘုရား)၊ လုံးဝ မေ့ဖို့မကောင်းဘူး (မှန်ပါ)၊ အလိုက်မှားတွေ ရှိသေးတာကိုး (မှန်ပါ)၊ တဏှာနဲ့ လိုက်တာလည်း ရှိတယ်၊ ဒေါသနဲ့ လိုက်တာကော (ရှိပါတယ်)၊ မောဟနဲ့ လိုက်တာကော (ရှိပါတယ် ဘုရား)။

အဲဒါတွေ ရှိနေတော့ ဘုရားက ဒီလို လိုက်ဖို့လာတာ မဟုတ်ဘူး၊ ဧဟိ-လာခဲ့ပါ၊ ပဿ-ရူပါလို့ ရုပ်နာမ်ကလည်း ခေါ်တယ်၊ နိဗ္ဗာန်ကလည်း ခေါ်တယ် (မှန်ပါ)၊ ဒါကြောင့် သူတို့ ကို အာရမ္မဏ ပစ္စည်းထဲမှာ ထည့်ထားတာ (မှန်ပါ ဘုရား)၊ သန္ဒိဋ္ဌိကော ကတော့ ဘာတုံးဆိုတော့ အာရမ္မဏိက တဲ့။ သူက ဟိုဟာကို အာရုံပြုရမယ် (မှန်ပါ)။

အာရုံ အာရမ္မဏိက လိုက်ရမယ်

ဒါဖြင့် ဧဟိပဿိကောက အာရုံ၊ သန္ဒိဋ္ဌိကော-က (အာရမ္မဏိကပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ အာရုံ အာရမ္မဏိက လိုက်ရင်တော့ဖြင့် ခင်ဗျားတို့ သည် ရထားစီး မလွဲတော့ပါဘူး (မှန်ပါ)၊ လွဲသေးသလား (မလွဲပါ ဘုရား)။

ဒကာ ဒကာမတွေ သေသေချာချာ မှတ်ကြပါနော်၊ ဒီ ဥစ္စာက သဘောချည်း ပြောနေတဲ့ အတွက် တော်တော်ကလေး ခဲခဲယဉ်းယဉ်းပဲ (မှန်ပါ)။

ဒါဖြင့် သန္ဒိဋ္ဌိကော ခေါ်ရာကို တပည့်တော် ယားရင် ယားတဲ့နေရာ လိုက်ပါ့မယ်၊ ပျက်စီးရင် ပျက်စီးတဲ့နေရာလည်း တပည့်တော် ကြည့်ပါမယ်၊ ပေါ်လာရင် ပေါ်လာတဲ့နေရာ ကြည့် ပါ့ မယ်၊ ပျက်ရင် ပျက်တဲ့နေရာ ကြည့်ပါ့မယ်ဆိုလို့ရှိရင်ဖြင့် ဦးသန်းမောင် ဖြစ်ပျက်ကိုမြင်ပြီ (မှန်ပါ)၊ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊

ဘယ်သူက ခေါ်သတုံး (ပျက်စီးတဲ့ သဘောက ခေါ်ပါတယ်)၊ ဧဟိပဿိကော ဆိုတာ ဖြစ်ပျက်က ခေါ်တာ (မှန်ပါ)၊ ဦးသန်းမောင်တို့က ဘာနဲ့လိုက်မတုံး (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)၊ ကိုယ်တိုင်မြင်အောင် လိုက် ပစ်လိုက်ပါ (မှန်ပါ)၊ ကိုယ်တိုင်မြင်အောင် လိုက်ပစ်တဲ့အခါကျ တော့ သင်္ခတက သွားပြီးတွေ့တယ် (မှန်ပါ)၊ နဂိုက နိဗ္ဗာန်ကို သင်္ခတ ဖုံးနေတာ (မှန်ပါ)။

နိဗ္ဗာန်ကို ဘာဖုံးနေပါသလဲ (သင်္ခတ ဖုံးနေပါတယ် ဘုရား)၊ သင်္ခတ ဖုံးနေတယ်ဆိုတော့ ဒါကြောင့် သင်္ခတကိုမုန်း၊ အဖုံးဖြစ်တဲ့ သင်္ခတကိုတော့ အခုတွေ့ပြီ။ နောက်ကျတော့ မင်းတို့ သင်္ခတတွေ ဆုံးရင် ကောင်းတယ်ဆိုတဲ့ သစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတဲ့ သင်္ခတအဆုံးကို သင်္ခတဟာ ဒုက္ခသစ္စာ (မှန်ပါ)၊ အဲဒီ အဆုံးရောက်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ အသင်္ခတ တွေ့လိမ့်မယ်၊ အသင်္ခတက ဒီဘက်မှာ ကပ်နေတယ် (မှန်ပါ)၊ မကပ်ဘူးလား (ကပ်ပါတယ်)။

နိဗ္ဗာန်မရောက်တာ အဖုံးမဖွင့်တတ်လို့

ဒါဖြင့် အသင်္ခတနိဗ္ဗာန်ကို အဖုံးမဖွင့်တတ်လို့ ကျုပ်တို့ ခင်ဗျားတို့ မရောက်ကြတာပဲ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အဖုံးသုံးချက်ကို မောင်ထွန်းရင် ဖွင့်တတ်ပလား (မှန်ပါ)၊ အခု ဟောရတာက ယဉ်ကျေး ပြီးသားတွေ ဟောရလို့ တော်သေးတယ်နော် (မှန်ပါ)၊ တချို့က သင်္ခတကို မတွေ့ဘူး (မှန်ပါ)၊ သင်္ခတမှ မတွေ့တော့ သင်္ခတ မုန်းဖို့ ဆိုတာ ဒုတိယ အချက်ဝေးသွားပြီ (မှန်ပါ)၊ သင်္ခတ ဆုံးဖို့ ဆိုတာကော (ပိုဝေး သွားပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခဆုံးမှ နိဗ္ဗာန်တွေ့မယ်

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အရုဏ ဝတီသုတ်မှာ

‘‘ဒုက္ခဿ အန္တံ ကရိဿတိ” တဲ့။ ဒုက္ခဿ- ဒုက္ခ၏၊ အန္တံ- အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို၊ ကရိဿတိ- မျက်မှောက် ပြုနိုင်လတ္တံ့တဲ့ (မှန်ပါ)၊ ဒီဒုက္ခဆုံးမှ နိဗ္ဗာန်တွေ့မယ်တဲ့ (မှန်ပါ)၊ သဘောပါပလား (ပါ-ပါပြီ)၊

ဒုက္ခဿ အန္တံ ကရိဿတိ- ဒုက္ခအဆုံးကို မျက်မှောက်ပြုနိုင်လတ္တံ့- ဆိုတော့ နိဗ္ဗာန်ဟာ ဒုက္ခဖုံးနေတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒုက္ခကို ဘယ်သူဖုံး သတုံးမေးတော့ အဝိဇ္ဇာ တဏှာက ဖုံးနေ တယ် (မှန်ပါ)။

နိဗ္ဗာန်ကိုတော့ ဘယ်သူက ဖုံးသတုံး (ဒုက္ခက ဖုံးပါ တယ်)၊ ဒီဒုက္ခ မမြင်အောင် ဘယ်သူက ဖုံးသတုံး (အဝိဇ္ဇာ တဏှာက ဖုံးပါတယ်)။

ဉာဏ်ပေါ်မှာ အဝိဇ္ဇာတဏှာ ဖုံးတယ်

ဒါဖြင့် ဉာဏ်ပေါ်မှာ အဝိဇ္ဇာနဲ့ တဏှာက တစ်ချက်ဖုံး လိုက်တယ်၊ နိဗ္ဗာန်ကို ဒုက္ခက တစ်ချက်ဖုံး လိုက်တယ်၊ ဒါတွေမှ ဖွင့်ပေးတဲ့ ဆရာနဲ့ မတွေ့လို့ရှိရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မှန်ပါ)၊ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

မမြင်တော့ဘူး၊ ဖုံးထားတာက ဉာဏ်ပေါ်မှာတော့ ကိလေသာက ဖုံးတယ်၊ နိဗ္ဗာန်ပေါ်မှာတော့ (ဒုက္ခက ဖုံးပါ တယ်)၊ အဖုံးကို ဘယ်နှချက် လှန်ရမှာတုံး (သုံးချက်လှန်ရမှာ ပါ ဘုရား)၊ သုံးချက် လှန်ရမှာ ကိလေသာကို တစ်ချက်လှန်၊ ဒုက္ခကို တစ်ချက်လှန်မှ နိဗ္ဗာန်ကို တွေ့မှာကိုး (မှန်ပါ)။

အဲဒီတော့ ဒီလှန်နည်း နိဿရည်းကိုမှ ပေးတတ်တဲ့ ဆရာနဲ့မှ မတွေ့လို့ရှိရင်ဖြင့် ဦးသံဒိုင် ငိုချင်းချ သေဖို့ပဲ ရှိတော့ တယ် (မှန်ပါ)၊ ရမှာလည်း မဟုတ်တော့ဘူး (မှန်ပါ)၊ ဒီအဖုံး ဖွင့်နည်းက အင်မတန် အရေးကြီးနေတာ (မှန်ပါ)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

နိဗ္ဗာန်ကို ဒုက္ခဖုံးတယ်

ဒါဖြင့် နိဗ္ဗာန်ကို တွေ့ဖို့ ဉာဏ်ပေါ်မှာ ဘယ်သူဖုံးသတုံး (အဝိဇ္ဇာတဏှာ ဖုံးတယ်)၊ ကိလေသာ ဖုံးတယ် ဆိုလိုက်ပါတော့ စုံသွားအောင် (မှန်ပါ)၊ နိဗ္ဗာန်ကို ဘယ်သူဖုံးသတုံး (ဒုက္ခ ဖုံးပါတယ် ဘုရား)။

ဒါဖြင့် ဒီဉာဏ်သည် ကြားထဲမှာ နှစ်ချက် ကန့်လန့်ခံ နေကတည်းက လေးခုမြောက် နိဗ္ဗာန်ကို မြင်ဖို့ရာ ဦးသံဒိုင် အတော်ဝေးပါတယ် (ဝေးပါတယ် ဘုရား)။

ဖြစ်ပျက်တွေ့တော့ ကိလေသာ ပွင့်သွားတယ်

ဒါကြောင့် ခင်ဗျားတို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေ၊ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘုန်းကြီးက ဟောတယ် ဖြစ်ပျက် တွေ့ ပလား (မတွေ့သေးပါ ဘုရား)၊ မတွေ့သေးရင် ဉာဏ်ပေါ် မှာ ကိလေသာ ဖုံးတယ် (မှန်ပါ)၊ ဖြစ်ပျက် တွေ့ပြန်တော့ ကိလေ သာက ပွင့်ထွက်သွားတယ်၊ နိဗ္ဗာန်ဖုံး ကျန်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါ သေသေချာချာ နားထောင်ပါ၊ ဒီဥစ္စာ သဘောက အလွန်အရေးကြီးပါတယ် (မှန်ပါ)။

ဖြစ်ပျက်ကို မမြင်တာက ဘယ်သူဖုံးသတုံး (ကိလေ သာ ဖုံးပါတယ်)၊ ခန္ဓာကြီးကတော့ အနိစ္စာ ဝတ သင်္ခါရာတွေပဲ။ ဖြစ်လိုက် ပျက်လိုက်နဲ့ ချည်း နေတာပဲ၊ ဘယ်သူက ဖုံးလို့ မမြင် ပါလိမ့် (ကိလေသာ ဖုံးလို့ မမြင်တာပါ)၊ ကိလေသာက ဘယ် အပေါ်မှာ ဖုံးသတုံး (ဉာဏ်အပေါ်မှာ ဖုံးပါတယ်)၊ ဉာဏ်အပေါ် မှာ မဂ္ဂင်ဖုံးပေါ့ဗျာ (မှန်ပါ)၊ ဉာဏ်နဲ့ မဂ္ဂင် အတူတူပါပဲ (မှန်ပါ)။

အဲဒီ အဖုံးမဖွင့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်ကို မတွေ့ဘူး (မှန်ပါ)၊ တစ်ခါ ဖြစ်ပျက်တွေ့တဲ့ ပုဂ္ဂိုလ်ကလည်း တွေ့တော့ တွေ့ပြီ၊ နိဗ္ဗာန်တွေ့အောင် ဒီအဖုံးကြီး ဖွင့်ရဦးမှာ (မှန်ပါ)၊ အဖုံး ဖွင့်တော့ ဖြစ်ပျက်တွေ့လို့ရှိရင်ဖြင့် သူ့ကိုမမုန်းသေးလည်း မတွေ့သေးဘူး (မှန်ပါ)။

နိဗ္ဗာန်ကို အချောင်လိုချင်လို့မရ

သူ့ကို ဒုက္ခသစ္စာလို့ မလိုချင်တဲ့ ဉာဏ်နဲ့ ဆုံးအောင် မလုပ်နိုင်လို့ရှိရင်လည်း နိဗ္ဗာန် မတွေ့သေးဘူး ဆိုတော့ ဒီအဖုံးတွေ ဖွင့်ပြီး သကာလမှ နိဗ္ဗာန် တွေ့ရမှာ ဖြစ်နေတော့ ဪ နိဗ္ဗာန် ကို အလုပ်နဲ့သွားရမှာကိုး (မှန်ပါ)၊ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်ကို (အလုပ်နဲ့ သွားရမှာပါ ဘုရား)၊ အလုပ်နဲ့ သွား ရမယ်နော်၊ အချောင်လိုချင်လို့တော့ မရဘူး (မှန်ပါ)။ ဘယ့်နှယ်ဆိုကြမလဲ (အချောင်လိုချင်လို့ မရပါ ဘုရား)။

နိဗ္ဗာန်မှာ ဘယ်နှချက် ဖုံးသတုံး

ကဲ ဒါဖြင့် နိဗ္ဗာန်မှာ ဘယ်နှချက်ဖုံးသတုံးလို့ မေးတော့

(၁) ကိလေသာကဖုံး၊

(၂) ဒုက္ခသစ္စာက ဖုံး (မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)၊

ဒီအဖုံးနှစ်ခု မဖွင့်နိုင်တဲ့ ပုဂ္ဂိုလ် ဦးသန်းမောင်က စဉ်းစား၊ ဦးညွန့်က စဉ်းစား၊ ဘယ်နည်းနဲ့မှ နိဗ္ဗာန်ကို မမြင်ရပါဘူး (မှန်ပါ)၊ မြင်ရပါ့မလား (မမြင်ရပါ ဘုရား)၊ ဒီအဖုံးနှစ်ချက် ဖွင့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် (မြင်ရပါတယ် ဘုရား)။

ဒိဋ္ဌဓမ္မော မြင်တာပဲ

မြင်တယ်ဆိုတာသည် ဒိဋ္ဌဓမ္မော မြင်တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊

ပတ္တဓမ္မော၊ ဝိဓိတဓမ္မော-တဲ့။ ဆုံးဖြတ်ချက်ချတယ်၊ ဒါ နိဗ္ဗာန်အစစ်ပဲ (မှန်ပါ)၊

(၁) ပရိယောဂါဠဓမ္မော-တဲ့။ ဉာဏ်နှင့် သက်ဝင်ပြီး သိတာပဲ (မှန်ပါ)။

(၂) တိဏ္ဏဝိစိကိစ္ဆော ဝိစိကိစ္ဆော- လွန်မြောက်ပြီး ဝိစိကိစ္ဆာ ကင်းပြီး သိတာပဲ (မှန်ပါ)၊

(၃) ဝိဂတကထံကထာတဲ့ သံသယကင်းပြီး မြင်တာပဲ (မှန်ပါ)၊

(၄) ဝေသာရဇ္ဇပ္ပတ္တာတဲ့။ ဒါမြင်လိုက်ရင် ငါ အပါယ်မကျဘူး ဆိုတာ တစ်ခါတည်း ရဲရဲ တင်းတင်း ထွက်လာတာပဲ၊ သဘောကျပလား(ကျပါပြီ)၊

(၅) အပရပ္ပစ္စယော-သူပြော လူပြော မဟုတ်ဘူး၊ ကိုယ်တိုင်တွေ့ဆိုတာလည်း ဖြစ်လာပါတယ် တဲ့။

ဒါကြောင့် ယနေ့ညမှာ နိဗ္ဗာန်တစ်လုံးတည်းကို ဒကာ ဒကာမတွေကို ဟောနေတာသည် နိဗ္ဗာန် လိုချင်ရင် ကိလေသာကို အရင်ဖောက်ထွင်းရမယ် (မှန်ပါ)၊ ကိလေသာ ဖောက်ထွင်းမှ ဖြစ်ပျက် ဒုက္ခသစ္စာ တွေ့မယ် (မှန်ပါ)၊ အဲဒီ ဒုက္ခက ကွာပြီး သုခက ဒီဘက်မှာ ထိုးပေါ်လာတယ် (မှန်ပါ)၊ သဘောပါ ပလား (ပါ-ပါပြီ)၊ ဒါ အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒါဖြင့် တရားလည်း နိဂုံးချုပ်ပါတော့မယ်၊ ဒကာ ဒကာမ တို့၊ နိဗ္ဗာန်မှာ ဘယ်နှချက် ဖုံးနေသတုံး (နှစ်ချက် ဖုံးပါတယ်)၊ ကိလေသာက တစ်ချက်၊ ဒုက္ခက တစ်ချက် (မှန်ပါ)၊ ဒုက္ခဖုံး နေတော့ ဒုက္ခဆုံးမှ တွေ့မှာကိုး (မှန်ပါ)။

အကြီးဆုံးရန်သူဟာ ကိလေသာ

ဒါဖြင့် ဒကာ ဒကာမတို့၊ ပထမရှေးဦးစွာ အကြီးဆုံး ရန်သူဟာ ကိလေသာ၊ ဒုတိယရန်သူက ဒုက္ခသစ္စာမှန်း မသိလို့ ဒုက္ခသစ္စာကို တစ်ခါတည်း မဝေဖန်နိုင်တာနဲ့၊ ဒုတိယရန်သူ ကလည်း လာဖုံးတယ် (မှန်ပါ)၊ ဘယ်သူ့ ကို ဖုံးသလဲ (နိဗ္ဗာန်ကို ဖုံးပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ရှေးဦးစွာ ကိလေသာ ရန်သူကို အောင်ပွဲ ယူလိုက်ပါဦး (မှန်ပါ)၊ ပြီးတော့မှ ဒုက္ခသစ္စာကြီး ကိုလည်း ခင်ဗျားတို့ ဖယ်နိုင် ရှားနိုင်တဲ့ ဉာဏ်နဲ့ ဒုတိယအလုပ် လုပ်ပါဦး (မှန်ပါ)၊ ဒါမှသာလျှင် ဒုက္ခအဆုံး နိဗ္ဗာန်ကို တွေ့မယ် (မှန်ပါ)၊ နို့မဟုတ်ရင် မတွေ့သေးပါဘူး (မှန်ပါ)။

ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် မသိလို့

ဒါဖြင့် ဒီနေ့ည တရားမှာ ဪ ဖြစ်ပျက်မမြင်သေးရင် ကိလေသာရန်သူကို မနိုင်သေး။ နိဗ္ဗာန်ကို မမြင်သေးရင် ဒုက္ခကို မပိုင်းခြားနိုင်သေး (မှန်ပါ)၊ သဘောပါပလား (ပါ-ပါပြီ)။

ဖြစ်ပျက် မမြင်သေးရင် ကိလေသာ ရန်သူကို မနိုင်သေး လို့ (မှန်ပါ)၊ ဖြစ်ပျက်တော့ မြင်ပြီ၊ နိဗ္ဗာန်တော့ မမြင်သေးဘူး ဘုရား ဆိုတော့ ဘယ့်နှယ်ဆိုမလဲ (ဒုက္ခကို မပိုင်းခြားနိုင်သေးလို့ ပါ)၊ ဒုက္ခကို ခင်ဗျားတို့ ပိုင်ပိုင်နိုင်နိုင် မသိသေးလို့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိလေသာ ရန်သူလည်းနိုင်၊ ဒုက္ခကိုလည်း ပိုင်ပိုင်နိုင်နိုင် သိမယ်ဆိုရင် နိဗ္ဗာန်ဟာ အနီးကလေး၊ ဟိုဘက် မှာ ကပ်နေတယ်ဆိုတာ သဘောပါပလား (ပါ-ပါပြီ)။

ဒုက္ခဆုံးရင် နိဗ္ဗာန်

ဒါဖြင့် အားထုတ်ကြ၊ ကိလေသာရန်သူနိုင်အောင် (မှန်ပါ)၊

သူ့နိုင်ပြီးလို့ ရှိရင်ဖြင့် ဒုက္ခကိုတွေ့ပြီ (မှန်ပါ)၊ ဒုက္ခကို တွေ့ပြီးသကာလ မင်း ဒုက္ခအစစ်ပဲဆိုတဲ့ ဉာဏ်ထက်အောင် လုပ်လိုက်လို့ရှိရင် ဒုက္ခချုပ်လိမ့်မယ်။

ဒုက္ခဿ- ဒုက္ခ၏၊ အန္တံ- အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို၊ ကရိဿတိ- သစ္ဆိကရိဿတိ၊ သေသေ ချာချာ မြင်ရပါလိမ့်မယ်၊ မျက်မှောက်ပြုနိုင်ပါလိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒီနေ့ည ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။